• June 19, 2025
  • admin
  • 0

ဖျာပုံလှမိုးနွယ်
စည်းကျော်သော ရေမုဆိုး

ကဆုန်လဆုတ်ရေက ယခုနှစ်ဦး ပင်လယ်မုန်တိုင်းအရှိန်ကြောင့် အမှတ်မထင် မြင့်တက်နေသည်။ ထိုကာလမှာပင် မြို့နှင့်ဝေးသော တောနက်ထဲသို့ ကိုလှဒန် ခရီးထွက်ခဲ့ရပါသည်။

ပန်းရနံ့တို့ ပါလာသော လေကိုရှူရှိုက်မိသည်။ မိုးသက်ရနံ့တို့လည်း ပါလာတတ်၏။

မိုးဦးကျတော့မည့် ကာလ မြစ်ဝကျွန်းပေါ် တောအလယ်တွင်ဖြစ်၍ သစ်ပင်ပေါင်းစုံသည် ဖူးကြသည် လည်းရှိ၏။ ပွင့်ကြသည်လည်း ရှိ၏။ ပန်ရနံ့စုံသည်။ ထုံ၏၊ သင်း၏၊ မွှေးကြ၏။

ကိုလှဒန် သက်ပြင်းရှည်ကို ရှိုက်သည်။ လူသူကင်းဆိတ်သော အမှောင်ထုလွှမ်းခြုံစ ဝန်းကျင်ကို လှည့်ပတ်ကြည့်သည်။ မြင့်မားသော သစ်ပင်တုတ်တုတ်ကြီးများ၊ ချောင်းရိုးဝဲယာ ချုံနွယ်ပိတ်ပေါင်းများတွင် အိပ်တန်းဝင်သော ကျေးငှက်တို့ အော်မြည်ဆူညံနေကြ၏။ သစ်ကိုင်းသစ်ရွက်တို့သည် ရေစီးအတိုင်း မျောပါသွားကြသည်။

ကိုလှဒန်၏ သမ္ဗန်လေးသည် ပဲ့တိုင်ဦးတိုင်စိုက်လျက် ပဲ့ကြိုးဦးကြိုး ချည်ထားသည်။ ပဲ့စင်ပေါ်တွင် ကိုလှဒန်ထိုင်၍ ပတ်ဝန်းကျင်ကို ငေးမောနေခြင်း ဖြစ်သည်။

ဤနေရာ ဤပတ်ဝန်းကျင်၌ သက်ရှိလူသားအဖြစ် ကိုလှဒန်တစ်ဦးတည်းရှိ၏။ ကမ်းနဖူးထက် တဲငယ်ပေါ်တွင် ကိုမောင်သိန်း၏ ခွေးနှစ်ကောင် ရှိသည်။ တဲရှေ့ကွက်လပ်တွင် ကနစိုထင်းပေါက်ခြမ်းများ၊ မဒမမျောသားများ၊ ဖြတ်လက်စထင်းတုံးကြီးများ ရှိနေကြ၍ ခွေးနှစ်ကောင်သည် စောစောက ကိုလှဒန် အစာကျွေးထားပြီး ဖြစ်သည်။

ပြေးလွှားဆော့ကစားနေကြသည်။ ခုနစ်တောင်မျှ ရှည်သော တံတားပေါ်မှတစ်ဆင့် ဆိုက်ကပ်ထားသော ဝါးပိုးဖောင်ပေါ် အထိ ဆင်းလာကြသည်။

တံတားထိပ်တွင် ကမ်းနှင့်ယှဉ်၍ ဝါးပိုးခုနစ်လုံး တွဲထားသည်။ ထိုဖောင်ထိပ်တွင် ဦးကပ်၍ ချီထားသော ကိုလှဒန် သမ္ဗန်ပေါ်ကို ရောက်ကြသည်အထိ ခွေးနှစ်ကောင် ဗြောင်းဆန်အောင် ဆော့ကြပါပေသည်။

ပြေးလွှားနေသော သူတို့ကိုကြည့်ရင်း ကိုလှဒန်အဖို့ သူနှင့်အတူ ဤဝန်းကျင်တွင် အတူရှိနေသော သက်ရှိသတ္တဝါများ ဖြစ်သည်ဟု တွေးမိပါသည်။

ကြုံမှကြုံရတတ်ပလေဟု ဆိုရမည်။

ကိုလှဒန်သည် ကျော်မြင့်ကို ငှား၍ ကနစိုတောထဲ ထွက်ခဲ့ပါသည်။ နှစ်ညအိပ်၊ သုံးရက်ခရီးအဖြစ် ဆင်ကူးဝဲချောင်းရှိ ကိုအောင်သိန်းမိသားစု နေထိုင်ရာ တဲကလေးသို့ ရောက်ခဲ့ကြသည်။

သူတို့လို ထင်းခုတ်ရင်း အမဲလိုက်၊ ပိုက်ထောင် လုပ်ကိုင်ကြသော မိသားစုတဲတို့မှာ တစ်တဲနှင့်တစ်တဲ တစ်ခေါ်မက ဝေးသည်လည်းရှိ၏။

အလုပ်ကွက်ချင်း မထပ်အောင် လူနေတဲကလေးများ ကမ်းနဖူးတွင် ဖြစ်သလို ဆောက်လုပ်နေထိုင်ခဲ့ကြသည်။

နေ့လယ်က ကိုအောင်သိန်း တဲသို့ ရောက်ခဲ့သည်။ ကိုအောင်သိန်းဇနီး မတင်အေးသည် ကျော်မြင့်အစ်မ တစ်ဝမ်းကွဲတော်စပ်သည်။

အစ်မ မတင်အေးမိသားစုထံမှ လိုအပ်သော ထင်းခွဲခြမ်းဝယ်ပါဟု ပြောခဲ့သည်။ မြို့နှင့် နှစ်ညအိပ်ခရီးဝေးသော တောထဲသို့ ကျော်မြင့် ခေါ်လွန်းသဖြင့် ကိုလှဒန် လိုက်လျောခဲ့၍ ရောက်ခြင်းဖြစ်သည်။

ယခင်က လူနေရွာကြီးများနှင့် နီးသော ထင်းတော အလုပ်သမားများထံမှ ဝယ်သည်။ ဈေးများသော်လည်း ကိုလှဒန်သည် တောကဝယ်၍ မြို့တွင် ပြန်ရောင်းနှင့် ကူသယ် ခေါက်သည် ခပ်သွက်သွက် ရောင်းဝယ်နိုင်ခဲ့ပါသည်။ ကိုအောင်သိန်းတို့နှင့် မခင်မီကတည်းက သိကျွမ်းရင်းနှီးပြီးဖြစ်ပါသည်။

ကိုလှဒန်နှင့် ကျော်မြင့်တို့သည် မိသားစုလေးယောက်ရှိသော ကိုအောင်သိန်းတဲသို့ ရောက်ပြီး တစ်နာရီမျှအကြာတွင် ကိုယ်ဝန်အရင့်အမာနှင့် မတင်အေး မွေးဖွားရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။ တစ်ခေါ်မျှဝေးသော တဲများမှ ကျွမ်းကျင်သူ အမျိုးသမီးနှစ်ယောက်ကို နံနက်ပိုင်းထဲက ခေါ်ထားခဲ့ပြီ။ သူတို့လည်း ကြိုးစားကြသည်။ မတတ်နိုင် … ကျန်းမာရေးမှူးနှင့် သားဖွားဆရာမ ရှိသောရွာသို့ သွားရန်ပြင်ကြသည်။ ကျော်မြင့်လည်း လှေလှော်ကူညီရန် လိုက်ပါသွားရသည်။

“ခရီးရောက်မဆိုက်ဗျာ၊ ကိုလှဒန်ကို အားလည်းနာပါရဲ့။ မတင်အေး ပြဿနာနဲ့မှ လာတိုးရတယ်။ အလတ်ကောင်ကို ဒီမှာပဲမွေးတာ အလွယ်လေးဗျ။ ဟောဒီ မခင်မြနဲ့ မဘုမတို့ပဲ မွေးပေးခဲ့တာဗျ။ ခုလို အခက်အခဲမရှိဘူး။ ကျန်းမာရေးမှူးနဲ့ သားဖွားဆရာမရှိတဲ့ ရွာကို သုံးနာရီလောက် လှေလှော်ပြီး သွားပို့ရမယ်။ မွေးပြီးပြီးချင်း ပြန်လာပါမယ်။ ခင်ဗျားသမွန်အတွက် ထင်ခြမ်း တစ်သောင်းကို ဖြတ်ပြီးသား ထင်းတုံးတွေရှိလို့ တစ်ရက်တည်း ပေါက်ချပေးနိုင်ပါတယ်”

ကိုအောင်သိန်းခမျာ ကိုလှဒန်ကို အားနာလွန်းစွာ တောင်းပန်စကားဆိုသည်။ သူချစ်လှသော အမဲလိုက်ခွေးထီး၊ ခွေးမနှစ်ကောင်ကို တဲကလေးနှင့်အတူ အပ်ခဲ့သည်။

“ကျုပ်ခွေးတွေကို အစာကလေးတော့ ကျွေးပါဗျာ။ ဆန်၊ ငါးခြောက်၊ ပုစွန်ခြောက်တို့ တဲကုန်းစပ်မှာရှိတဲ့ မီးဖိုပေါ်က ကျပ်စင်ပေါ်မှာ အပြည့်အစုံ ရှိတယ်။ တစ်ခုလည်း သတိပေးရဦးမယ်။

လွန်ခဲ့တဲ့ တစ်ပတ်လောက်က တစ်ဖက်ကမ်းက တောထဲ ဖွတ်လိုက်ပြီးအပြန် ဒီချောင်းမထဲအရောက် လှေဦးက ခွေး တစ်ကောင်ကို မိကျောင်းက ပုတ်ချပြီး ချီပြေးသွားတယ်။ ကျုပ်ရဲ့ အဖိုးတန် အမဲလိုက်ခွေးတစ်ကောင် အလစ်အငိုက်ခံရလို့ မိကျောင်းစာဖြစ်သွားတယ်။ ကျုပ် မှိန်းနဲ့ပစ်ထိုးပေမဲ့ မမိလိုက်ဘူး။ သိပ်အတင့်ရဲ ပါးနပ်တဲ့အကောင်ဗျ။ တစ်ချီ တစ်မောင်းတော့ တွေ့ကြဦးမှာပါဗျ။

ကျုပ်ခွေးတွေ ရေထဲမဆင်းအောင် ခြောက်ပေးပါဗျာ။ အဲဒီအကောင်ကြီး ဒီနားမှာ လာလာရစ်တယ်ဗျာ။ ကျုပ်ရဲ့ ဓားတွေ၊ လှံတွေ၊ မှိန်းတွေ တဲပေါ်မှာ အစုံရှိတယ်။ တွေ့ရင် လက်ဦးအောင်ချဗျာ”

ကိုအောင်သိန်း ပြောဆိုသတိပေးခဲ့သည်ကို ကြားယောင်နေသည်။ ကိုလှဒန်မှာ ကိုအောင်သိန်း၏ အမဲလိုက်လှံတစ်ချောင်းကို လိုလိုမည်မည် ယူထားခဲ့ပါ သည်။

ချောင်းရေ လျှံတက်လာသည်။ ပိုင်းဖြတ်ထားသော ထင်းတုံးများကို ဖင်ရေစွဲလာသည်။ တဲကလေးအရှေ့ရှိ ကုန်းမြင့်မှာ ရေမြုပ်စပြုလာသည်။ မှောင်ရီ သမ်းချိန် အလင်းရောင်အားပျော့ချိန် ဖြစ်သည်။

အမဲလိုက်ခွေးနှစ်ကောင်သည် တဲရှေ့ထင်းတုံးပေါ်တွင် ပြေးလွှားနေကြရာက အလန့်တကြား ထိုးဟောင်လိုက်သည်။

ဆိပ်ခံတံတားက ရေအောက်ရောက်နေသည်။ ချောင်းကမ်းနှစ်ဖက် ရေပြည့်ရေလျှံနေသည်။ ဘုတ်ငှက်တစ်ကောင်သည် တဘူဘူအော်သည်။ အိပ်တန်း ဝင်သော ငှက်ပေါင်းစုံတို့၏အသံတို့ကလည်း ဆူညံနေသည်။ ရေတက်ရေစီး အားကောင်းဆဲဖြစ်သည်။ ရွက်ကြွေနှင့် သစ်တုံး၊ သစ်ကိုင်းတို့သည် မျောပါ လျက်ရှိသည်။

ရွှံ့ညွှန်ထူထပ်သော သစ်တောမြေအနှံ့ တက်ရေ တစ်စတစ်စ ဖုံးလွှမ်းနေသည်။ မုန်တိုင်းအရှိန်ကြောင့် ဒီရေတက်ခြင်းဖြစ်သည်။

“ဝုန်း. . . ဖျောင်း”

“ဝုတ်… ဝုတ်… ဝုတ်… ဝုတ်… ဝုတ်”

အိုင်း… အိုင်… အိုင်”

ကိုလှဒန် နေရာမှ ရုတ်ခနဲထသည်။ လိုလိုမည်မည်ယူထားသော အမဲလိုက်လှံက ညာလက်မှာ အသင့်ပါလာသည်။

သခင်မဲ့သော ခွေးနှစ်ကောင်သည် ရေစပ်ရောက်အောင် ပစ်တင်ထားသော ကနစိုတုံးများပေါ်တွင် ပြေးလွှားဆော့ကစားနေစဉ် မလှမ်းမကမ်း ငှက်ကြီးတောင် ဗျိုက်တောစပ်မှ လှုပ်ရှားမှုကိုတွေ့ပြီး အသံပြုဟောင်သည်။

ကိုလှဒန် ဖျတ်ခနဲ လှမ်းအကြည့်တွင် ဆယ်ပေခန့်ရှိသော မိကျောင်းတစ်ကောင်သည် ပြေး၍ ခွေးတစ်ကောင်ကို အမြီးနှင့်ရိုက်ပုတ်သည်။ ရိုက်ပုတ်လိုက်သော အမြီးသည် သားကောင်ကိုသယ်၍ ဖြဲဟလိုက်သောပါးစပ်တွင်းသို့ ရောက်စေမည်ဖြစ်သော်လည်း ခွေးနှစ်ကောင်လုံး ဖင်တရွတ်ဆွဲမတတ် ဟောင် ရင်း အော်ရင်း အပြေးဦးသဖြင့် ထင်းတုံးငယ်တစ်ခုသာ အမြီးနှင့်ရိုက်ပါလျက် မိကျောင်းပါးစပ်ထဲ ရောက်သွားသည်။

ညိုမည်း၍ အဖုအထစ်များရှိသော မိကျောင်းကိုယ်လုံးကြီးသည် တစ်ပေခန့်နက်သော ရေထဲမှ လူးလွန့်ရင်း ကိုယ်ထည်နှင့် တစ်တိုင်းတည်းဖြစ်သော အမြီးကို ဘယ်ပြန်ညာပြန် ရိုက်ပုတ်သည်။ လူးလိမ့်သည်။ သွားစွယ်ဖွေးဖွေး၊ အာခေါင်နီညိုညိုကို မြင်ရသည်။ ကိုက်ဝါးရန် မာန်သွင်းထားသော ပါးစပ်ပြဲနှင့် ခေါင်းတယမ်းယမ်း ဒေါသဖြစ်နေသည်။

ချောင်းတက်ရေ တစ်ပေလောက်တွင် ထင်းတဲလေး၏ တစ်ဖက်ရပ်မိုးထားသော အဖီတဲကုန်းထဲအထိ မိကျောင်းသည် ရဲရင့်စွာတက်လာပြီး သောင်းကျန်းနေခြင်းဖြစ်သည်။

မုဆိုး မရှိသော တဲထဲသို့ အရောက်တက်၍ မုဆိုးအလွန်အားထားခဲ့သည့် အမဲလိုက်ခွေးနှစ်ကောင်ကို ရေမုဆိုးမိကျောင်းက ဝါးမျိုရန် တိုက်ခိုက်သည့်အဖြစ်ကို ကိုလှဒန် ကြုံရခြင်းဖြစ်သည်။

သူသည် သမ္ဗန်ဦးပေါ် ပြေးထွက်လာပြီးမှ ကုန်းပေါ်ကို တက်မရ ဖြစ်နေသဖြင့် တံတားက ရေအောက်မြုပ်နေသည်။ မြင်ကွင်းထဲတွင် ပြန့်ကျဲနေသော
ထင်းတုံးများအကြား ရောက်နေသော မိကျောင်းနှင့် ပြန်လည်ကိုက်ခဲသတ်ပုတ်ရန် မနီးမဝေး ထင်းတုံးများပေါ်မှ ဒေါသနှင့်ဟောင်နေသော ခွေးနှစ်ကောင်ကို မြင်နေရပါသည်။

“တောက်. . . ကုန်းပေါ်အထိ တက်သောင်းကျန်းတဲ့အကောင်ပဲ။ မင်းနဲ့ငါ တွေ့ကြသေးတာပေါ့”

မြင်ကွင်းကိုကြည့်ရင်း စိတ်ထဲမှာ တင်းခနဲဖြစ်မိသည်။ သူ့ရင်ထဲမှာ ဒေါသစိတ်ဖြင့် တဒိတ်ဒိတ်ခုန်လာသည်။

သူ၏သမ္ဗန်သည် ကမ်းပေါ်မှ သစ်ပင်တို့နှင့် ဦးတိုင်ပဲ့တိုင် ဦးကြိုးပဲ့ကြိုးတို့ဖြင့် ဆိုက်ကပ်ချီထားခြင်းဖြစ်သည်။ ဦးတိုင်ကြိုးကို ဖြေသည်။ ဦးကြိုးဆွဲ၍ ကမ်းကိုရောက်အောင် ကပ်သည်။ သူနှင့် မိကျောင်းမှာ ပေသုံးဆယ်ခန့်သာ ကွာသည်။ ကမ်းပေါ်ရှိ ထင်းတုံးပေါ် ခုန်တက်လိုက်သည်။

သူ့ကိုမြင်၍ ခွေးနှစ်ကောင်က အားတက်သွားသည်။ မိကျောင်းနဲ့ အနီးဆုံးရောက်အောင် ပြေးသွားကိုက်ဆွဲတော့မလို ဒေါသတကြီး ဟိန်းဟောက်သည်။ တစ်ဖက်တစ်ချက်တွင် ခွေးနှစ်ကောင်ရှိနေသည်။ နီးရာခွေးထီးကို မိကျောင်းက ထိုးဟပ်ရင်း အမြီးနှင့် ရိုက်သည်။ လျင်မြန်သောခွေးထီးက ခုန်ရှောင်ပြီး ဖြစ်နေသည်။ ရိုက်ချက်လွဲ၍ အရှိန်ကုန်သော အမြီးဖျားကို ကိုက်ဆွဲဖြစ်အောင် ဆွဲလိုက်သည်။

မှန်းချက်မကိုက်လေတိုင်း ရေထဲတွင် လူးလွန့်ရင်း အမြီးနှင့် တဝုန်းဝုန်း ဘယ်ညာရိုက်ပုတ်နေသည်။ တစ်ဖက်ရပ် အဖီတဲခေါင်းရင်းတိုင်လုပ်ထားသော လက်မောင်းလုံးခန့် ကနစိုမျောသားဟောင်းမှာ မိကျောင်း၏ အမြီးရိုက်ချက်ကြောင့် ကျိုးသွားသည်။ အဖီတဲခေါင်းရင်းဘက်အမိုး ပြိုကျသည်။

ဖရိုဖရဲ ထင်းတုံးများကို ခုန်နင်းပြီး ကိုလှဒန် အကျအန ရပ်လိုက်သည်။ သူ့ကိုမြင်၍ မိကျောင်းသည် ထင်းတုံးများတစ်ဖက် ရေပေါ်လှိမ့်ဆင်းသည်။

ဗိုက်သားဖွေးဖွေးကြီးကို စူးစိုက်ကြည်ရင်း ကိုလှဒန်သည် လှံကို ချိန်ရွယ်ပစ်လွှတ်လိုက်သည်။

မိကျောင်းသည် ပါးနပ်လျင်မြန်လှသည်။ အလောတကြီးပစ်လိုက်သော လှံသည် မိကျောင်းဘေးမှ ကပ်၍ မြေမှာ စိုက်ဝင်သွားသည်။ လက်နက်မဲ့သွား သော ကိုလှဒန်သည် ခြေထောက်အောက်တွင် ရှိနေသော ကနစို ထင်းခွဲခြမ်းများကို ကောက်ယူ၍ မိကျောင်းကို အဆက်မပြတ် ပစ်ပေါက်သည်။

မိကျောင်း၏ ကိုယ်ပေါ်ကို ထင်းခွဲခြမ်းများ ထိမှန်ပါသည်။ လူးလွန့်ရင်း အမြီးနှင့် ရိုက်ပုတ်လိုက်သည်။ တဲဆင့်ပေါ် ခုန်တက်လိုက်သော ခွေးမကို ပြေးဆွဲသည်။

ကိုလှဒန် က ထင်းခွဲခြမ်းများ၊ သစ်သားများနှင့် ပစ်ပေါက်သည်။ ခွေးမသည် လွတ်သွားသည်။ ရှောင်းရင်းတစ်ချက် ကိုက်ဆွဲသည်။ ကိုလှဒန် လှံကို ပြေး၍ နုတ်ယူလိုက်သည်။

ပတ်ဝန်းကျင်မှာ အလင်းရောင်မှိန်မှိန်သာ ရှိတော့သည်။ တောကိုလေတိုးသဖြင့် တဝေါဝေါမြည်ဟည်းနေသည်။ လူတစ်ယောက်၊ ခွေးနှစ်ကောင်၊ ရေမုဆိုး မိကျောင်းတစ်ကောင်တို့၏ တိုက်ပွဲကား မပြီးဆုံးသေးပါ။

မိကျောင်းသည် ခွေးထီးကို လှည့်၍ကိုက်သည်။ အမြီးနှင့်ရိုက်သည်။ ခွေးထီးက ရှောင်သည်။ မိကျောင်းအမြီးရင်းကိုလည်း ကိုက်မိအောင် ကိုက်လိုက်သည်။

ကိုလှဒန်သည် ခွေးကို မကိုက်မီ ဆယ်ပေခန့်အကွာမှ လှံနှင့် ပစ်ထိုးပါသည်။ စိတ်လှုပ်ရှား၍ မကြုံဖူးသော အတွေ့အကြုံကြောင့် ပါးနပ်သောမိကျောင်းကို လှံချက်မထိပါ။ သစ်သားတုံးများ၊ ထင်းခွဲခြမ်းများနှင့် ကိုလှဒန် ပစ်ပေါက်နေရသည်။ ခွေးနှစ်ကောင် တဲကလေးပေါ် ရောက်သွားသည်။

တဲဆင့်ပေါ်မှ လှမ်းကိုက်သော ခွေးထီးကို မိကျောင်းက အမြီးနှင့် ရိုက်လိုက်သည်။ ခွေးကိုမထိဘဲ တဲကုန်းအဖီထဲတွင် ရှိနေသော ကျပ်ခိုးစင်တိုင်ကို ရိုက်မိ၍ ကျိုးသည်။ စင်ပေါ်မှ အိုးခွက်ပန်းကန်နှင့် ပုလင်းအချို့ လွင့်စဉ်ကြသည်။

“ခွပ်.. ချလွမ်”

“ဟာ… ပုလင်းကြီးကွဲပြီဟ”

ကြီးမားသော ပုလင်းကြီးတစ်လုံးသည် ထင်းတုံးတစ်ခုပေါ် ကျ၍ ကွဲကြေသွားသည်။ ပုလင်းထဲ အပြည့်ရှိသော အမှုန့်များ ပြန့်ကျဲ၍ ဝန်းကျင်အနှံ့ ရောက်သွားသည်။ အတွေ့အကြုံ၊ အချိန်အဆမရှိသော ကိုလှဒန်၏လှံချက် မထိသော်လည်း သစ်သားတုံးများနှင့် ပစ်ပေါက်ထိမှန်ခံရသော မိကျောင်းသည် ထင်းတုံးများဘေးသို့ ရှောင်တိမ်းခိုဝင်လိုက်စဉ် အနီးတွင် ပုလင်းကွဲကြေ၍ ပုလင်းထဲမှ အမှုန့်များ သူ့ကိုယ်ပေါ် ပြန့်ကျဲကျကုန်သည်။

ထောင်းထောင်းထသော ရနံ့ကိုလည်း ရှူမိသည်။
အမှုန့်များနှင့် တစ်ကိုယ်လုံး လိမ်းကျံခံလိုက်ရသလိုလည်း ရှိသည်။

ထို့ကြောင့် မိကျောင်းသည် အဏုမြူဗုံး ထိမှန်ခံရသလို လူးလှိမ့်ခုန်ပေါက်သည်။ ကျွဲတစ်ကောင်လို အသံထွက်၍အော်သည်။ တစ်ရှူးထိုးပြေး၍ ချောင်းထဲ ခုန်ချသည်။ အရိပ်အခြည်မမြင်ရအောင် ငုပ်ပြေးသည်။

“အမယ်လေးဗျာ၊ အံ့ရော … အံ့ရော။ မုဆိုးကြီးကိုအောင်သိန်း သူ့မိန်းမ မီးဖွားရင်သောက်ဖို့ထားတဲ့ နနွင်းပုလင်းကြီးဗျို့။ မိကျောင်းနား ကျကွဲပြီး နနွင်းနဲ့ အနယ်ခံရသလို ဖြစ်တော့ အဏုမြူဗုံးထိသလို ရေထဲက မိကျောင်းမုဆိုးကြီး အထိနာသွားတာဟေ့။ မီးနေသောက်ဖို့ နနွင်းကလည်း နံလိုက်ပါဘိဗျာ”

နောက်တစ်နေ့တွင် ကိုအောင်သိန်းနှင့် ကျော်မြင့်တို့ လှေတစ်စင်းနှင့် ပြန်ရောက်လာသည်။

သူ့ဇနီးမတင်အေးသည် ကျန်းမာရေးမှူးနှင့် သားဖွားဆရာမများ ကျေးဇူးကြောင့် တတိယမြောက်သားကို မွေးနိုင်ခဲ့ပါသည်။ ပါသွားသော ဒေါ်ဘုမတို့ နှင့် အမျိုးများထံ အပ်ခဲ့သည်။

ကိုလှဒန်၏ မကြုံစဖူး နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လိုက်ရသော ခွေးတစ်ကောင် စားခဲ့ရပြီး ထပ်မံ၍စားရဦးမည်အထင်ဖြင့် မြေပေါ်မုဆိုး ကိုအောင်သိန်း တဲအိမ်၏ အဖီမိုးကုန်းထဲအရောက် ကိုက်ခဲတိုက်ခိုက်သွားသော ရေမုဆိုးမိကျောင်းအဖြစ်ကို ကြားသိရသောအခါ ကိုအောင်သိန်း ဒေါသဖြစ်သည်။ ဤမျှရဲရင့်သော မိကျောင်းမျိုးမှာ ကြုံခဲသဖြင့် အံ့သြသည်။ တွေး၍စဉ်းစားရင်း အားပါးတရလည်း ရယ်သည်။

“မုဆိုးချင်း စည်းမစောင့်ဘူးဗျ။ ကျုပ်ရဲ့အမဲလိုက်ခွေးတစ်ကောင်ကို သူ စားပစ်လိုက်တယ်။ ကျုပ်ရဲ့ အမဲလိုက်ခွေးနှစ်ကောင်ကလည်း သင်းရေမုဆိုး ကို မိအောင်ကိုက်လိုက်နိုင်တယ်။

ပြီးတော့ မိတင်အေး မီးဖွားရင်သုံးဖို့ ကျုပ် ထောင်းထားတဲ့ မေ့ကျန်ခဲ့တဲ့ ဆန်လွတ်နနွင်းမုန့်နဲ့ တစ်ကောင်လုံး လောင်းပြီး ဒဏ်ရာတွေကို သိပ်ပေးလိုက်သလိုဖြစ်လို့ မိကျောင်းတစ်ကောင်အဖို့ လှံချက် မိတာထက် အဆပေါင်းများစွာ အခံရဆိုးမယ်ဗျ။ ဘယ်သောင်ဘယ်ကမ်းပေါ်မှာ သေခဲ့တယ်ဆိုတာ သတင်းကြားရမှာပါဗျာ။ မိကျောင်းနဲ့နနွင်းဟာ လုံးဝမတည့်ဘူးဗျ”

ကိုအောင်သိန်းက ဤသို့ဆိုသည်။ ကိုလှဒန်သည် နေပျောက်မထိုးသာအောင် ချုံနွယ်သစ်ပင် ထူထပ်သော ပတ်ဝန်းကျင်တောကို ငေးကြည့်၍ တီးတိုး ရေရွတ်နေမိပါသည်။

“ကျွန်တော့်တစ်သက်မှာ ဒီလိုအတွေ့အကြုံမျိုး ဒီတစ်ကြိမ်ပဲ ကြုံရပါစေဗျာ”

– ပြီး –

စာရေးသူ – ဖျာပုံလှမိုးနွယ်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *