August 29, 2025

စုန်းထီးကြီးဦးဘသာနှင့် ကဝေမျက်နှာဖုံး

စုန်းထီးကြီးဦးဘသာနှင့် ကဝေမျက်နှာဖုံး

(၁)

စနေမိုးဆိုတဲ့အတိုင်းပဲ မိုးကဘာကြောင့်မှန်းမသိ ညကတည်းက စွေပြီးရွာနေတယ်ဗျ၊ ဆောင်းလယ်ကြီးဆိုပေမယ့် အချိန်အခါမဟုတ် မိုးတွေထရွာနေတာဆိုတော့ ထူးဆန်းနေတယ်၊ မုန်တိုင်းတွေဘာတွေရှိလို့လားတော့ မသိဘူး၊ ကျုပ်တို့လို တောရွာတွေအတွက်တော့ မိုးလေဝသဆိုတာကလည်း တစ်နှစ်တစ်ခါထွက်တဲဲ့ မန္တလေးမဟာသင်္ကြန်စာထဲဲက မိုးဦးကောင်းမည် မိုးနှောင်းကောင်းမည် ဒီဟာလောက်ပဲသိကြတာကိုးဗျ၊ ပြောရအုံးမယ်ဗျ၊ ကျုပ်တို့အညာသားဆိုတာ မိုးရွာရင်အင်မတန်ပျင်းကြတာဗျို့၊ အခုလိုမိုးအေးပုံမျိုးဆိုရင် အိပ်ရာထဲစောင်ခြုံပြီးကွေးပဲနေချင်တာ၊ ဆိုင်ဖွင့်ထားတဲ့လူကလည်း ဆိုင်ပိတ်၊ ဈေးရောင်းတဲ့လူကလည်း ဈေးရောင်းနား၊ ကျုပ်တို့လိုတောင်သူလယ်သမားတွေလည်း တစ်ရက်တစ်လေ လယ်ထဲယာထဲ မဆင်းတော့ဘူးကွာဆိုပြီး နားနေကြတဲ့အချိန်ပေါ့၊ ဒါကြောင့်လားမသိဘူး ဒီလိုမိုးမျိုးကို ဆင်းရဲသားထမင်းငတ်တဲ့မိုးလို့ ခေါ်ကြတာနေမှာဗျ၊ မိုးစွေတယ်ဆိုတဲ့အတိုင်း မိုးကဝုန်းခနဲဒိုင်းခနဲရွာတာလည်းမဟုတ် တိတ်တာလည်းမဟုတ်ဘဲ ဖြောက်တောက်ဖြောက်တောက်ကျလိုက် တခါ တဖွဲဖွဲနဲ့ရွာလိုက်နဲ့ ဒီလိုချည်းဖြစ်နေတယ်၊ ယာထဲဲဆင်းရမှာပျင်းတဲ့ ကျုပ်တို့ညီအကိုလည်း အိမ်ရှေ့ထိုင်ပြီး မိုးအေးအေးနဲ့ရေနွေးကြမ်းပူပူလေးသောက်ပြီး ဇိမ်ယူနေတယ်ဆိုပါတော့၊ မိုးလင်းရင် ရွာရိုးကိုးပေါက်လျှောက်သွားတတ်တဲ့အဖေတောင်မှ အခုအိမ်ကပ်နေတယ်ဆိုပါတော့။

ဆောင်းတွင်းရွာတဲ့မိုးက မိုးနဲ့ဆောင်းနဲ့ရောပြီးတော့ အေးနေတာပဲဗျာ၊ လေတစ်ချက် တစ်ချက်တိုက်လိုက်ရင် ကျောထဲစိမ့်ခနဲကိုဖြစ်ဖြစ်သွားတယ်၊ ညနေစောင်းနေပေမယ့် မိုးကတိတ်မသွားသေးဘူး၊ ဒီလိုအချိန် ရေနွေးကြမ်းပူပူကလေးကို တဖူးဖူးမှုတ်ပြီးသောက်ရတဲ့အရသာက ဘယ်လိုကောင်းမှန်းမသိတဲ့ အရသာတစ်မျိုးပဲဗျ၊ ရေနွေးတစ်အိုးဟာ ကျုပ်တို့တွေဝိုင်းသောက်လို့ ပြိုက်ခနဲကိုကုန်တာပဲဗျာ၊ အမေက ရေနွေးကရားအိုးကြီးကိုင်ပြီး ရေနွေးတွေလာဖြည့်ပေးတယ်၊ အဖေကတော့ အမိုးတံစက်မြိတ်ကနေ တစက်စက်ကျနေတဲ့မိုးရေတွေကိုကြည့်ရင်း

“ကြုံတုန်း မင်းတို့ကိုဆုံးမရအုံးမယ် ငါ့သားတို့၊ လူဆိုတာကလေ ဘာပဲလုပ်လုပ် ဖြစ်ဖြစ်မြောက်မြောက်လုပ်ရတယ်တဲ့ကွ”

အဖေက စကားအစချီလိုက်တယ်၊ ကျုပ်တို့ညီအကိုကတော့ မျက်နှာကို ပြိုင်တူရှုံ့မဲ့နေလိုက်ကြတယ်၊ သိနေတယ်လေဗျာ၊ အဖေက တစ်ရွာလုံးပတ်ပြီး သြဝါဒမပေးရတော့၊ အိမ်ကလူတွေကို သြဝါဒပေးတော့မယ်လို့ ထင်နေပြီးသား၊ ဒီအခြေအနေရောက်မှ ထထွက်သွားရင်မကောင်းဘူးလေ၊ မတတ်နိုင်ဘူးပေါ့ဗျာ၊ အဖေ့ရဲ့သြဝါဒတွေကို နားထောင်ရတော့မှာပေါ့။

“ကိုယ့်ကိုမင်းသားဆိုင်းတီးပေးနေပြီဆိုရင် မင်းသားပီပီသသ ကွေးနေအောင်ကရမယ်၊ တကယ်လို့ ဘီလူးဆိုင်းတီးပေးနေပြီဆိုရင်တော့ ဘီလူးပီသအောင် ကြမ်းပြရမ်းပြနိုင်ရမယ်ကွ”

“ဒါဘယ်လိုဖြစ်နိုင်မှာလဲအဖေရာ၊ ကျုပ်တို့က မင်းသားအကတွေ ဘီလူးအကတွေ ကတတ်တာမှမဟုတ်တာ၊ ရွာက ဒိုးပတ်ဝိုင်းနဲ့တွဲပြီး ဦးရွှေရိုးလောက် ကတတ်တာအဖေရ၊ အဖေပြောသလိုသာဆို ပန်တျာကျောင်းတက်ပြီး အက သင်ရမလိုဖြစ်နေပြီ”

ကျုပ်ထပြောလိုက်တော့ အဖေက တော်တော်စိတ်ပျက်သွားတဲ့ပုံစံနဲ့ ကျုပ်ကိုကြည့်ရင်း

“မင်းဟာလေ တော်တော်ဒုံးဝေးတဲ့ကောင်ပဲကွ”

ဘေးက ရေနွေးသောက်နေတဲ့အကိုကြီးကလဲ

“ဟုတ်ပါ့အလတ်ကောင်ရာ၊ မင်းက ရူးပါ့ကွာ၊ အဖေပြောနေတာကို မင်းမသိဘူးလားကွ၊ တစ်နှစ်က မဟာစေတီဘုရားပွဲမှာ မန္တလေးသိန်းတန်ဆိုလား၊ ဒလသိန်းဇော်ဆိုလား သူကသွားတဲ့ ဇာတ်ထုတ်ထဲမှာ ပြောသွားတဲဲ့စာသားကွ၊ မင်းက ဒါလေးတောင်မမှတ်မိဘူး”

အကိုကြီးထပြောတော့ အဖေကပိုပြီးဒေါသထွက်သွားတယ်။

“တိတ်စမ်းအကြီးကောင်၊ ဘိန်းစားချင်းတစ်လုံးပိုမရှုချင်နဲ့၊ မင်းတို့ကောင်တွေအတူတူပဲကွ”

“ဟုတ်သားပဲ အကိုကြီးရာ၊ အဖေဆုံးပါစေအုံးဗျ”

“ဘာကွ . . .အလတ်ကောင်၊ မင်း . . . မင်းဘာပြောလိုက်တာလဲ”

“ဟို . . . ဟိုလေ အဖေဆုံးအောင်ပြောပါစေအုံးလို့ ပြောတာပါအဖေရာ၊ နည်းနည်းလောသွားလို့ စကားချော်သွားတာပါ ဟီး . .ဟီး”

“မင်းစကားကြီးကို ငါသိနေတယ်နော်အလတ်ကောင်၊ ဟင်း . . .ဟင်း ငါမပြောလိုက်ချင်ဘူး”

“မပြောချင်ရင်လည်း ပြီးတာပဲအဖေရာ ကျုပ်တို့သွားတော့မယ်”

အခွင့်သင့်တုန်း အဖေ့ရှေ့ကနေထထွက်သွားဖို့လုပ်တော့ အဖေက စားပွဲခုံကိုလက်နဲ့ထုပြီး

“ဟေ့ကောင်တွေ၊ ပြန်ထိုင်စမ်း၊ မပြောချင်ဘူးလို့ပြောတာက မင်းတို့ကိုပြောချင်လို့ ပြောစရာရှိလို့ ပြောရတာကွ”

“မသိဘူးလေဗျာ၊ အဖေတစ်ယောက်တည်း ပြောတာတွေရော မပြောတာတွေရော ရှုပ်နေတာပဲ၊ ပြောမှာဖြင့် ပြောစမ်းပါအဖေရာ”

“အေး . . . ပြောမယ်၊ ပြောမယ်၊ ဒါနဲ့ ငါခုနက ပြောတာဘယ်ရောက်သွားပြီလဲ”

“မင်းသားဆိုင်းတွေရော ဘီလူးဆိုင်းတွေရော ရောက်သွားပြီ”

“သြော် . . . အေးအေး၊ ငါက အဲဒီဇာတ်ထုပ်ထဲက စကားကိုကြိုက်လို့ အခုအချိန်အထိမှတ်ထားတာကွ၊ မင်းသားဆိုင်းတွေ ဘီလူးဆိုင်းတွေဆိုတာ မင်းတို့ ကဖို့ခုန်ဖို့ပြောတာမဟုတ်ဘူး၊ လောကကြီးဆိုတာ သိပ်ကိုဆန်းကြယ်တယ်၊ သိပ်ကိုမာယာများတယ်၊ အေး . . . အဲဒီလောကကြီးမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်ချင်တဲ့လူဟာ လောကကြီးရဲ့အထာကိုသိရတယ်ကွ၊ အဲဒီအထာက ဘာလဲဆိုတာ မင်းတို့သိလား”

“အဖေရော မသိဘူးလား၊ မသိရင်လည်း ပြောမနေပါနဲ့အဖေရာ”

“ဟေ့ကောင်တွေ၊ အကောင်းပြောနေတာ ဗွေမဖောက်နဲ့၊ ငါသိလို့ မင်းတို့ကိုသိလားလို့မေးတာပေါ့ကွ”

ကျုပ်ဖြင့် ခေါင်းကိုတဗြင်းဗြင်းကုပ်ရင်း

“မသိလို့ နားထောင်နေတာပေါ့အဖေရာ၊ သိမှတော့ အဖေ့ကို ဆရာပြန်လုပ်တာပေါ့ဗျ”

“အေး . . .မသိရင် မသေမချင်းမှတ်ထား၊ လောကကြီးမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်ချင်တယ်ဆိုရင် ဘာလုပ်လုပ် ဖြစ်ဖြစ်မြောက်မြောက်လုပ်ရမယ်ကွ၊ ဘာအလုပ်ပဲဖြစ်ဖြစ် ဖြစ်မြောက်အောင်လုပ်နိုင်တဲ့လူက အောင်မြင်တာပဲကွ၊ ခုနက ငါပြောတဲ့ မင်းသားဆိုင်းတို့ ဘီလူးဆိုင်းတို့ဆိုတာ တင်စားပြီးပြောတာ၊ ဆိုလိုချင်တဲ့အဓိပ္ပါယ်ကတော့ ဘဝက ကိုယ့်ကိုဘယ်လိုအခြေအနေပေးလာပါစေ အဲဒီအခြေအနေကိုအသုံးချပြီး လိုက်လျောညီထွေဖြစ်အောင်နေရမယ်၊ ဘဝက နုခိုင်းနေပြီဆိုရင်လည်း မင်းသားတစ်ယောက်လို နုဖတ်နေအောင်ကျင့်ရမယ်၊ ဘဝက ကြမ်းခိုင်းနေပြီဟေ့ဆိုရင်လည်း ဘီလူးကြမ်းသလို ကမ်းကုန်အောင်ကြမ်းရမယ် အဲဒါကိုပြောချင်တာ”

အကိုကြီးက သူသောက်လက်စ ရေနွေးခွက်ကို စားပွဲခုံပေါ်ဒေါက်ခနဲချလိုက်ရင်း

“ဟုတ်ပြီအဖေ၊ ကျုပ်နားလည်ပြီ၊ အဖေပြောလိုက်မှ ကျုပ်အကြံရပြီဗျ၊ ကျေးဇူးတင်လိုက်တာအဖေရာ အဖေ့ရဲ့စကားတွေက ကျုပ်ရဲ့အသိအာရုံကို အမြင်ဖွင့်ပေးလိုက်သလိုပါပဲ”

အကိုကြီးထပြောတော့ အဖေက တော်တော်ဘဝင်ကျသွားတဲ့ပုံပဲဗျ၊

“မင်းကတော့ ချက်ဆိုရင် နားခွက်က မီးတောက်တာပဲ အကြီးကောင်ရ၊ ကဲပြောစမ်း၊ မင်းဘာအကြံတွေရသွားတာလဲ၊ အဖေ့စကားကို နားထောင်ပြီး ဘာစိတ်ကူးအသစ်တွေရသွားတာလဲ”

“ဖားဗျ အဖေရဲ့ ဖား . . . ဖား၊ ဒီလိုမိုးရွာပုံနဲ့ဆိုရင် မိုးကုန်ပြီဆိုပြီး တွင်းထဲဲအောင်းနေတဲ့ စားဖားကြီးတွေ ထွက်လာကြမှာပဲဗျာ၊ ဒီည ဖားသွားကောက်ရင် ညနေဟင်းစားတစ်ခွက်တော့ ရမှာအမှန်ပဲအဖေရ၊ ကျေးဇူးတင်တယ်အဖေရာ၊ ကျုပ် အဖေ့အတွက် ဖားများများရအောင် ကောက်ခဲ့မယ်နော်”

အကိုကြီးက ပြုံးပျော်ရွှင်ပြီး ထထွက်သွားတော့တာပါပဲဗျာ၊ ခမောက်တစ်ခု၊ လွယ်အိတ်တစ်လုံး၊ တုတ်တစ်ချောင်းနဲဲ့ သူကိုင်နေကျ ဖားလိုက်တဲ့မီးအုပ်ဆောင်းကလေးလွယ်ပြီး အိမ်ထဲကနေခပ်သုတ်သုတ်ထွက်သွားလေရဲ့ဗျာ၊ အဖေကတော့ အကိုကြီးနောက်ကျောကိုကြည့်ရင်း ခေါင်းခါလိုက်တယ်။

“ဒီကောင်ကတော့ အားရင် ဖားရှာ ငါးရှာ ငှက်ပစ်ဖို့လောက်ပဲ တွေးနေတဲ့ကောင်ပါလား၊ ဒီကောင်မျိုးက ဒီတစ်သက် ကြီးပွားမယ့်အကောင်မျိုးမဟုတ်ဘူးကွ”

“ဟုတ်ပါ့အဖေရာ၊ အဖေပြောတဲဲ့စကားတွေက သိပ်တန်ဖိုးရှိတာကို သူက ဖားရှာဖို့များသတိရသွားသတဲ့”

အဖေက ကျုပ်ကိုပြုံးပြုံးကြီးကြည့်ရင်း

“ဟုတ်တယ်အလတ်ကောင်၊ ဘာပဲပြောပြော မင်းက ရူးရူးပေါပေါနိုင်တယ်ဆိုပေမယ့် မိဘစကားနားထောင်တဲ့နေရာမှာတော့ ဟောဒီအိမ်မှာ မင်းပထမပဲကွ၊ တစ်ခါတလေ နားထောင်လွန်းလို့တောင်ခက်နေတယ်ကွာ”

“ဟဲ ဟဲ အဖေတကယ်ပြောတာလား အဖေရ”

“တကယ်ပြောတာပေါ့ကွ၊ လာပါအုံးအလတ်ကောင်ရာ၊ မိုးက ခပ်အေးအေးဆိုတော့ ငါ့ဇက်ကြောတွေ နည်းနည်းတောင့်နေတယ်ကွ၊ တစ်ချက်နှစ်ချက်လောက် နှိပ်ပေးစမ်းပါအုံးကွာ”

“လာပြီအဖေ၊ လာပြီဗျ၊ ကျုပ်က မိဘစကားနားထောင်တဲ့သားမဟုတ်လား”

“ဒါပေါ့ကွ၊ တခြားလူတွေနဲ့ယှဉ်လိုက်ရင် မိဘစကားနားထောင်တဲ့သားဆိုတာ အလိုလိုတစ်ဆင့်မြင့်ပြီးသားကွ၊ လုပ်ပါကွာ ဒီဘက်ကို အေး . . . အေး နာနာလေးနှိပ်စမ်းပါကွ”

“ရမယ်ဗျာ၊ ရမယ် ဘာမှမပူနဲ့အဖေ”

“တစ်မိပေါက်တစ်ယောက်ထွန်းဆိုတဲ့ စကားရှိတယ်အလတ်ကောင်ရဲ့၊ မင်းအကိုကြီးကတော့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိဘဲ ဟိုစပ်စပ် ဒီစပ်စပ်ပဲ သိတဲ့ကောင်ကွ၊ ဖဲရိုက်ရင်လည်း ငပွားတို့လို အိမ်တစ်ဆောင်မီးတပြောင်နေနိုင်အောင်ရိုက်ပါတော့လားကွ၊ ကြက်တိုက်ရင်လည်း ငဂျမ်းတို့လို တစ်ပွဲတစ်ပွဲ သောင်းချီနိုင်အောင် တိုက်နိုင်တာမဟုတ်ဘူးကွ၊ လယ်ဆိုလည်း စိတ်မပါလို့၊ ယာဆိုလည်းပျင်းလို့နဲ့ မုဆိုးဆိုတော့လည်း ဟုတ်တိပတ်တိလုပ်တာမဟုတ်ဘူး၊ ဒီလိုဟိုစပ်စပ် ဒီစပ်စပ်လူဟာ ဘယ်တော့မှ မဖြစ်ထွန်းဘူးကွ၊ ဒါပေမယ့် အဖေအားမလျှော့ပါဘူးအလတ်ကောင်ရာ၊ မင်းအကိုကြီးက မထွန်းပေါက်ပေမယ့် မင်းတစ်ယောက်လုံးရှိသေးတယ်မဟုတ်လားကွ”

“ရပြီအဖေ ဒီလောက်ဆိုရပြီ၊ ဘာမှမပူနဲ့ အဖေ့ကို ဇက်ကြောတင်မဟုတ်ဘူး တစ်ကိုယ်လုံးက အကြောပါ လျော့သွားအောင် နှိပ်ပေးမယ်၊ ပြုစုပေးမယ်ဗျာ၊ ဟဲ ဟဲ ဟဲ”

ကျုပ်ဖြင့် အဖေ့ဇက်ကြောတွေကို ဆယ့်ငါးမိနစ်လောက်နှိပ်ပေးလိုက်ရတာ လက်တွေကိုညောင်းလို့ဗျာ၊ ဒီလိုညောင်းပေမယ့်လည်း နှိပ်ရကျိုးနပ်ပါတယ်ဗျာ၊ ကျုပ်က မိဘစကားနားထောင်တဲ့သား၊ တစ်မိပေါက်တစ်ယောက်ထွန်းမယ့်သားလို့ အဖေကပြောနေတယ်မဟုတ်လားဗျ။ ဒီအချိန် အမေက ရေနွေးတစ်အိုးကိုင်ပြီးထွက်လာတယ်။

“ဟဲ့ အလတ်ကောင်၊ ဘာမှအကျိုးမရှိတာတွေလုပ်မနေနဲ့၊ နင့်အဖေကို နှိပ်ပေးလို့ ဘာမှမရဘူး၊ သွားစမ်း . . . ခမောက်ယူပြီး နင့်အကိုကြီးနောက်လိုက်သွား၊ နှစ်ယောက်ရှာတော့ နှစ်ဆရတာပေါ့ဟဲ့၊ ဟင်းစားအပြင်ပိုရတော့လည်း တခြားသူတွေနဲ့ ဟင်းလေးဘာလေး လဲစားလို့ရတာပေါ့ဟယ်၊ တကယ်ပါပဲ အိမ်ကယောက်ျားတွေများ တစ်ယောက်မှကို လာဘ်မမြင်ဘူး၊ အားရင်ဇိမ်ခံဖို့လောက်ပဲတတ်တယ်”

အမေပြောတော့မှ အဖေက လက်ကာပြလိုက်ပြီး

“သွားတော့အလတ်ကောင်ရေ မင်းအမေပွမ်နေပြီဟ”

“အဖေပဲခုနကပြောတော့ ဖားကောက်တာမကောင်းဘူးဆိုဗျာ”

“မင်းက မိဘစကားနားထောင်တဲ့သားလေကွာ၊ အခု မင်းအမေပြောနေပြီပဲကွ၊ မင်းလုပ်ရမှာပေါ့မဟုတ်ဘူးလား”

“သြော်၊ ဟုတ် . . . ဒါပေါ့ လုပ်ရမှာပေါ့အဖေရ”

ကျုပ်က ပလိုင်းကလေးတစ်လုံးလွယ်လိုက်တော့ အဖေက ကျုပ်ကိုကြည့်ရင်း

“ဘာလုပ်လုပ် ဖြစ်ဖြစ်မြောက်မြောက်လုပ်နော်အလတ်ကောင်၊ ဖားများများသာကောက်ခဲ့၊ မိုးကုန်ကတည်းက မစားခဲ့ရတဲ့ဖားသားကို တဝကြီးစားချင်သကွာ”

ကျုပ်က မိဘစကားနားထောင်တဲ့သားဆိုတော့ လုပ်ရတော့မှာပေါ့ဗျာ၊ မဟုတ်ဘူးလား။

(၂)

အညာမှာတော့ ဖားရိုက်တယ်မခေါ်ဘူးဗျ၊ ဖားကောက်တယ်ပဲခေါ်တယ်၊ အောက်ပြည်အောက်ရွာက ဖားတွေကျတော့ လျင်တယ်၊ မြန်တယ်၊ ဒါကြောင့် ဖားကိုတွေ့ရင် တုတ်နဲ့ရိုက်ပြီးတော့မှ ဖမ်းရတဲ့အတွက် ဖားရိုက်တယ်လို့ခေါ်ကြတာ၊ ကျုပ်တို့အညာဖားတွေကတော့ ဒီလိုမဟုတ်ဘူးဗျ၊ မီးနဲ့ထိုးလိုက်တာနဲ့ မီးရောင်ကိုကြောင်ပြီး ငေးကြည့်နေကြတယ်၊ ဒီအချိန် ခပ်သွက်သွက်ကလေးကောက်လိုက်ရုံပဲဗျာ၊ ဒါကြောင့် ကျုပ်တို့ဘက်တော့ ဖားကောက်တယ်လို့ပဲခေါ်ကြတာဗျ။ ဖားတွေကလည်း နာမည်အမျိုးမျိုးရှိသေးတယ် စားဖား၊ ဖားလက်စစ်၊ ဖားအိုင့်၊ ပုစဉ်းငနွား စုံလို့ပေါ့ဗျာ၊ ပုစဉ်းငနွားဆိုတဲ့ဖားက အောက်ပြည်အောက်ရွာက ဖားပြုပ်လိုမျိုးပဲ၊ ဒီကောင်ကျတော့ စားမရဘူးပေါ့ဗျာ။

ကျုပ်ရွာပြင်ကိုရောက်တော့ တော်တော်မှောင်နေပြီဗျ၊ အချိန်က ခြောက်နာရီလောက်ပဲရှိမယ်၊ ဒါပေမယ့် မိုးက အုံ့မှိုင်းနေတာဆိုတော့ ဒီအချိန်လောက်နဲ့ကို တော်တော်မှောင်ကျနေတာဗျ၊ မိုးက တဖွဲဖွဲကလေးကျနေတယ်၊ မီးအုပ်ဆောင်းဆိုတာက ဘီစကစ်သံပုံးလို သံပုံးကို တစ်ဖက်ဖွင့်ထားတဲ့ဟာကိုပြောတာဗျ၊ တချို့လည်း သံဖြူနဲ့ တမင်သက်သက်ကို မီးအုပ်ဆောင်းလုပ်ကြတယ်၊ လုပ်ထားတဲ့မီးအုပ်ဆောင်းက တြိဂံပုံစံလေးဗျ၊ အထဲမှာလည်း အလင်းပြန်အားကောင်းအောင်လို့ ပြောင်နေအောင်ပွတ်ထားတဲ့ သံစတွေ၊ ဒါမှမဟုတ် မှန်စလေးတွေထည့်ထားတယ်။ တစ်ဖက်ဖွင့်ထားတဲ့ မီးအုပ်ဆောင်းထဲကို ဖယောင်းတိုင်ဖြစ်ဖြစ် ရေနံဆီမီးခွက်ဖြစ်ဖြစ်ထည့်ထွန်းလိုက်ရင် ဖွင့်ထားတဲ့ဘက်ကနေ အလင်းရောင်က တိုးထွက်လာတယ်ဆိုပါတော့၊ အဲဒီခေတ်က ဓါတ်မီးတွေက ရွာမှာသိပ်မတွင်ကျယ်သေးတော့ ဒါနဲ့ပဲသုံးရတယ်၊ အိမ်မှာတောင် အရေးကြီးရင်သုံးဖို့ဆိုပြီး ဓါတ်မီးတစ်လက်ပဲရှိတာကလား၊ ဓါတ်ခဲကလည်း ဝယ်ရခက်သေးတာကိုး။

ရိုးချောင်းနားမရောက်ခင်ကတည်းက ဖားပေါင်းစုံရဲ့အော်သံတွေကိုကြားနေရပြီ၊ ဒီအထဲမှာ ဖားကြီးတွေရဲ့အော်သံလည်းကြားရသဗျာ၊ ဖားကြီးအော်သံက ခပ်သြသြနဲ့ကိုး၊ ခုနက ထွန်းထားတဲ့ မီးအုပ်ဆောင်းကို မြေပြင်အနားမှာ ရှပ်ပြီးထွန်းလိုက်ရင် ချုံစပ်တွေ၊ သဲပြင်တွေကြားကနေ နီကျင်ကျင်အရောင်လေးတွေ ပြန်ဟပ်လာတယ်ဆိုရင် အဲဒါဖားပဲဗျ၊ ဖားမျက်လုံးက မီးရောင်နဲ့တွေ့ရင် အနီရောင်လေးတွေလင်းတယ်လေ၊ အဲဒါဆိုရင် ဖားမျက်လုံးတွေ့တဲ့နေရာကို အသာကလေးသွားရတယ်၊ ဖားက မီးရောင်ကိုပြူးကြည့်နေတုန်းမှာ လက်တစ်ဖက်နဲ့ ဖားကိုဆတ်ခနဲဆွဲဖမ်းလိုက်ရင်ရပြီပေါ့ဗျာ၊ အညာဖားက ဖမ်းရလွယ်ပါတယ်။

အကိုကြီးနဲ့ကျုပ်နဲဲ့ ရွာပြင်မှာတွေ့ကြတယ်၊ အကိုကြီးက ချောင်းရိုးကလေးအတိုင်း ဖားလိုက်ရှာနေတယ်။

“အကိုကြီးရေ ကျုပ်လည်းကူရှာမယ်ဗျာ”

“နှစ်ယောက်အတူတူရှာလို့ရမလားကွ၊ ဖားက ဒီလောက်ပေါတာမှမဟုတ်ဘဲ၊ ငါဒီမှာ ရှာမယ်ကွာ၊ မင်းက ဟိုဘက်နားသွားရှာ၊ အဲဒီမှာ ချုံတွေပေါတော့ ဖားကျင်းတွေရှိမယ်ထင်တယ်ကွ”

အကိုကြီးပြောတာလည်းဟုတ်တယ်၊ မိုးတွင်းလို ဖားပေါတဲ့ရာသီမဟုတ်တော့ ဖားထွက်နည်းမှာဗျ၊ ကျင်းတွေထဲကနေ ထွက်လာကျတဲ့ဖားတွေကိုလိုက်ရှာရတာဆိုတော့ လူခွဲသွားမှတော်ကာကျမယ်မဟုတ်လား၊ ချောင်းရိုးအောက်ကိုလှမ်းကြည့်လိုက်တာ ကျုပ်တို့လိုပဲ ဖားရှာတဲ့လူတွေက ဟိုနားမီးလက်လက် ဒီနားမီးလက်လက်နဲ့ရယ်။

ဒါနဲဲ့ ကျုပ်လည်း အကိုကြီးပြောတဲ့နေရာကိုထွက်လာခဲ့ရတယ်၊ အဲဒီနေရာက ရွာသုဿန်ရဲ့အနောက်ဘက်နားကျတယ်ဗျ၊ ကျုပ်ဖြင့်ချုံတွေထဲလိုက်ရှာရင်းနဲ့ စားဖားတွေ တစ်ကောင်နှစ်ကောင်လောက်ရလိုက်သေးတယ်၊ အကိုကြီးပြောတဲ့ ဒီနေရာက ဖားပေါတယ်ဗျ၊ နာရီဝက်လောက်ရှာတာ ဖားဆယ်ငါးကောင်လောက်ရတယ်၊ တချို့အကောင်တွေဆိုရင် ဆယ့်ငါးကျပ်သား နှစ်ဆယ်သားလောက်ရှိမယ်ထင်တယ်၊ ဒီလိုနဲ့လိုက်ရှာရင်း မိုးတွေက တဖြည်းဖြည်းသဲလာပြန်တယ်၊ ဆီးတောချုံအစပ်နားက ဖားအော်သံကြားလို့ လှမ်းကြည့်လိုက်တဲ့အခါ စားဖားကြီးတစ်ကောင်က မိုးရွာတာကိုပျော်ပြီး အသံပေးနေသဗျာ၊ စားဖားကြီးက အကြီးကြီးပဲဗျ၊ ငါးဆယ်သားလောက်ကတော့ ပြေးမလွတ်ဘူး။ ကျုပ်လည်း ဒီဖားကြီးအနားသွားပြီး လက်နဲ့အသာကောက်ထည့်လိုက်တာ ဖားကြီးက အခုန်နဲ့ဆိုတော့ လွဲသွားသဗျာ၊ ဖားကြီးက ကျုပ်ကိုမြင်တော့ သူ့အသက်ဘေးမို့ လန့်ပြီးထခုန်ပြေးတော့တယ်၊ ချုံပင်တွေထဲ ဝင်ပြေးတာဆိုတော့ လိုက်ရတာ နည်းနည်းတော့လက်ပေါက်ကပ်တယ်၊ ဒီလိုအကောင်ကြီးကို အလွတ်ပေးလို့မဖြစ်တာနဲ့ ဆက်လိုက်သွားရင်း ဒီကောင်ကြီးက သချိုင်းကုန်းထဲဝင်ပြေးသွားပါရောဗျာ။

ကျုပ်ကတော့ ဖားရလိုဇောကပ်နေတာဆိုတော့ သချိုင်းကုန်းထဲလဲ ဆက်လိုက်သွားတော့တာပါပဲ၊ သချိုင်းကုန်းထဲက မြေပုံတွေကြား၊ အုတ်ဂူတွေကြားထဲကို ဖားကဝင်သွားပြီး ဘယ်ပျောက်သွားသလဲမသိပါဘူးဗျာ၊ ကျုပ်ဖြင့် တော်တော်စိတ်ညစ်သွားမိတယ်၊ အခုမှ မြေပုံတွေကြည့်ပြီး လူကကြောက်စိတ်နည်းနည်းဝင်လာတယ်ဗျ၊ မိုးရွာနေတော့ သချိုင်းထဲမှာ အတော်မှောင်ကျနေတယ်၊ လေတစ်ချက်တိုက်လိုက်တိုင်း သစ်ပင်ကြီးတွေက တရှဲရှဲအသံပေးလို့ လှုပ်နေကြတာမြင်ရတော့ ကြက်သီးတောင်တဖြန်းဖြန်းထလာခဲ့တယ်၊ ဒါနဲ့ပဲ သချိုင်းကုန်းထဲကနေ ခပ်သုတ်သုတ်ပြန်ထွက်လာခဲ့လိုက်တာ မြေပုံတစ်ခုအနားကဖြတ်တော့ ကျုပ်ခြေထောက်ကိုလူတစ်ယောက်က ဆွဲထားသလိုခံစားလိုက်ရတယ်၊ ကျုပ်လှည့်ကြည့်လိုက်တော့ လက်ဖြူဖြူကြီးတစ်ဖက်ဖြစ်နေသဗျာ၊ ကျုပ်လန့်ပြီးထအော်ထည့်လိုက်တာ အသံကိုအကျယ်ကြီးပဲဗျ၊ အစကတော့ သရဲလက်ကြီးတစ်ဖက်ထင်နေတာဗျ၊ သေချာကြည့်လိုက်တော့မှ မြေပုံဘေးနားမှာ လူကြီးတစ်ယောက်လဲကျနေတယ်။

“ကျုပ် . . . ကျုပ် ခင်ဗျားတို့ကို နှောင့်ယှက်တာမဟုတ်ပါဘူးဗျာ၊ ကျုပ်ကိုမချောက်ပါနဲ့”

“ဟေ့ကောင်လေး၊ ငါသရဲမဟုတ်ပါဘူးကွ”

ဒီလူ့ဆီက အသံဖျော့ဖျော့ကလေးကြားလိုက်ရတယ်၊ ဒီလူကြီးက အသက်ငါးဆယ်လောက်ရှိမယ်ထင်တယ်၊ အသားက ခပ်ဖြူဖြူပဲဗျ၊ နက်ပြာရောင် ရှမ်းဝတ်စုံကို အထက်အောက်ဝတ်ထားတယ်၊ လွယ်အိတ်အနက်ကြီးတစ်လုံးလည်း လွယ်လို့ဗျို့၊ မျက်နှာမှာလည်း မုတ်ဆိတ်မွှေးတွေ နှုတ်ခမ်းမွှေးတွေနဲ့ဗျ၊ ဒါပေမယ့် ဒီလူကြီးရဲ့ ဥပဓိရုပ်က ခပ်ကောင်းကောင်းပဲ၊ သူ့ရုပ်ကိုကြည့်လိုက်တာနဲ့ သူဟာ သူခိုးဂျပိုးတစ်ယောက်နဲ့မတူဘဲ အထက်လမ်းဆရာကြီးလိုလို သိုင်းဆရာကြီးလိုလိုပုံစံပဲဗျ။

“ငါ့ . . . ငါ့ကို ကယ်ပါကွာ”

ကျုပ်လည်း သူ့ကိုဆွဲထူပြီးတော့ အနားက သုဿန်ဇရပ်ပေါ်ကိုဆွဲတင်လိုက်ရတယ်၊ သုဿန်ဇရပ်ထဲက မိုးလုံတဲ့နေရာတစ်နေရာကို တွဲခေါ်သွားပြီး နံရံမှာ မှီပေးထားလိုက်တယ်၊ ဒီလူကြီးက တစ်နေ့လုံးမိုးတွေမိထားလို့ထင်တယ်ဗျ၊ ခိုက်ခိုက်ကိုတုန်နေတာပဲ။ သူ့တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ ညိုမည်းတွေစွဲလို့ဗျ။

“ခင်ဗျားဒဏ်ရာရထားတာပဲဲ၊ ကျုပ်ရွာပြန်ပြီး လူကြီးတွေကိုသွားပြောလိုက်မယ်”

ကျုပ်ပြောလိုက်တော့ ဒီလူကြီးက ကျုပ်လက်မောင်းကိုအတင်းဆွဲပြီး

“မပြောနဲ့ . . . မပြောပါနဲ့ကွာ၊ သူတို့တွေ ဒီအနားမှာရှိနေနိုင်သေးတယ်ကွ၊ ငါမသေဘူးဆိုတာ သူတို့တွေသိရင် ငါ့ကိုသတ်ကြလိမ့်မယ်”

“သူတို့တွေဆိုတာ ဘယ်သူများလဲဗျာ”

“ငါ့နာမည်က စက်ရောင်လို့ခေါ်တယ်၊ သိုက်ဆရာလောကမှာ ဆရာကြီးစက်ရောင်ဆိုရင် မသိတဲ့လူနည်းတယ်ကွ”

ဒီလူကြီးက သိုက်ဆရာကြီးတဲ့ဗျာ။

“ငါ သိုက်တစ်ခုတူးရင်း ကဝေတွေရဲ့ နှောင့်ယှက်မှုကိုခံလိုက်ရတယ်ကွာ၊ ငါ့တပည့်တစ်ယောက်က ကဝေတွေရဲ့ခြောက်လှန့်တာကို ကြောက်ပြီး ထွက်ပြေးမိတော့ စည်းပေါက်သွားတာကွ၊ အဲဒီမှာ သိုက်နန်းရှင်တွေကရော ကဝေတွေကပါ ငါတို့ကိုဆော်ထည့်လိုက်တာ၊ အခုလိုဖြစ်သွားတယ်ဆိုပါတော့ကွာ၊ ရွာကလူတွေကို မင်းဒီအကြောင်းတွေပြောလိုက်ရင် ငါမသေဘူးဆိုတာကို ကဝေတွေက တစ်နည်းမဟုတ်တစ်နည်းသိသွားလိမ့်မယ်ကွ၊ ဒီတော့ငါ့ကိုလာသတ်ကြလိမ့်မယ်”

“သြော်၊ လတ်စသတ်တော့ ဒီလိုကိုးဗျ၊ ကျုပ်ထင်တော့ထင်သား၊ ဆရာကြီးမျက်နှာကြည့်လိုက်တာနဲ့ လူဆိုးလူမိုက်တစ်ယောက် မဖြစ်နိုင်ဘူးဆိုတာ ခန့်မှန်းမိပြီးသားပါ”

“မင်းငါ့ကို ကူညီပါကောင်လေးရာ၊ ငါလည်း မင်းကိုပြန်ပြီးကူညီပါ့မယ်”

“မပူပါနဲ့ဆရာကြီး၊ ကျုပ်ကူညီပါ့မယ်”

“ငါဗိုက်ဆာတယ်ကွာ၊ ပြီးတော့ အဝတ်အစားနဲ့ ဆေးတွေလည်းလိုချင်တယ်”

“ရတယ် ဆရာကြီး၊ ဖြစ်စေရမယ် ဘာမှမပူပါနဲ့”

“ဒီအကြောင်းတွေကို နှုတ်တော့လုံပါစေနော်၊ ငါ ဒီသချိုင်းကုန်းမှာနေသရွေ့ ကဝေတွေက ငါ့ကိုရှာမတွေ့နိုင်ဘူးကွ၊ မင်းသူများကိုပြောလို့ သူတို့သိသွားမှာပဲ ငါစိုးရိမ်တာကွ၊ ကဝေဆိုတာ စုန်းတွေနဲ့အဆက်အသွယ်ရှိတယ်၊ မင်းတို့ရွာမှာ စုန်းတွေရှိတယ်မဟုတ်လား”

ကျုပ်ခေါင်းညိတ်လိုက်တယ်၊ ဦးဘသာက စုန်းဆိုပေမယ့် ဒီအကြောင်းတွေကိုပြောမှာတော့မဟုတ်ဘူး၊ ဒါပေမယ့် တခြားစုန်းတွေလည်း ရွာမှာရှိသေးတယ်ဆိုတော့ ဆရာကြီးစက်ရောင် ဆေးကုသမှုခံနေရတယ်ဆိုတဲ့သတင်းကြားရင် ကဝေတွေလာသတ်နိုင်တယ်ဗျ။ ဒါနဲ့ပဲ ဆရာကြီးကိုကတိပေးပြီးတော့ ရွာထဲကိုပြန်လာခဲ့လိုက်တယ်။ ပလိုင်းထဲလဲ ဖားဘယ်နှကောင်ပါလို့ပါမှန်းမသိတော့ဘူး၊ ရွာရောက်တော့ အိမ်ပြန်ပြီးအဝတ်အစားတွေယူခဲ့ရတယ်၊ ဖားနည်းနည်းပဲရလာလို့ အမေက သိပ်တော့မကြည်ဘူးဗျ၊ မကြည်လည်းမတတ်နိုင်ဘူးလေ လူ့အသက်တစ်ချောင်းက အရေးကြီးတယ်မဟုတ်လား၊ ကျုပ်ရဲ့ပုဆိုးတွေအဝတ်တွေယူပြီးတော့ အိမ်မှာရှိတဲ့ ဒဏ်ကြေဆေးတွေ၊ ပရုပ်ဆီတွေယူရပြန်တယ်၊ ပြီးတော့ တောင်းကလေးတစ်လုံးထဲ အမေတို့မသိအောင်ခိုးထည့်ရတယ်၊ အမေက ဖားတွေကိုအိမ်နောက်ဖေးက ရေသုံးတဲ့နေရာမှာထွက်ကိုင်နေတယ်၊ အမေမရှိတဲ့အချိန် မီးဖိုထဲအမြန်ဝင်ပြီးတော့ ဇလုံတစ်ခုထဲကို ထမင်းတွေဟင်းတွေအမြန်ခူးခပ်ထည့်ပြီး ပြေးထွက်လာခဲ့လိုက်တယ်၊ ခုနက တောင်းကလေးထဲ ထမင်းဇလုံပစ်ထည့်ပြီးတော့ ခမောက်တစ်ချပ်နဲ့အုပ်လို့ ဘယ်သူမှမသိအောင် ခပ်မြန်မြန်ပြေးထွက်လာခဲ့ရတယ်ဗျာ၊

မိုးက ခုနကလောက် မသည်းတော့ပေမယ့် တဖွဲဖွဲတော့ကျနေတုန်းဗျ၊ သချိုင်းကုန်းထဲပြန်ဝင်ပြီး ဇရပ်ပေါ်တက်လာခဲ့တယ်၊ ဆရာကြီးစက်ရောင်ကို အင်္ကျီအဝတ်အစားတွေလဲပေးပြီး ထမင်းကျွေးရတယ်၊ ဆရာကြီးက ထမင်းစားတာ အားရပါးရပါပဲဗျာ၊ မသိရင် ခုနစ်ရက်လောက် ထမင်းငတ်လာတယ်ထင်ရတယ်။

“အားနာပါတယ် ဆရာကြီးရယ်၊ ကျုပ်တို့အိမ်မှာ ဆရာကြီးကိုကျွေးစရာ အသီးအရွက်ဟင်းပဲရှိတယ်ဗျ”

“ရပါတယ်ကွာ၊ ဘာမှမဖြစ်ပါဘူးကွ”

ထမင်းစားပြီးတော့ ဆရာကြီးရဲ့ဒဏ်ရာတွေကို ဆေးထည့်ပေးရတယ်၊ ဒဏ်ရာတွေက တစ်ကိုယ်လုံးမှာ မနည်းဘူးဗျာ၊ အရင်က ဒဏ်ရာရခဲဲ့ဖူးတဲ့ အမာရွတ်ကြီးတွေကလည်း အစင်းလိုက် အမြှောင်းလိုက်ကြီးတွေဖြစ်နေတယ်ဗျ၊ သူ့ကိုယ်က ဒဏ်ရာတွေ အမာရွတ်တွေကြည့်ပြီး ဒီအလုပ်က ဘယ်လောက်အန္တရာယ်များလိုက်သလဲဆိုတာကို တွေးနေမိတယ်။

“ဒဏ်ရာတွေကလည်း များလိုက်တာဆရာကြီးရာ၊ ဘယ်လိုဖြစ်ခဲ့ကြတာလဲဟင်”

“အေး . . . မင်းက ငါ့အသက်ကိုကယ်ခဲ့တာဆိုတော့ မင်းကိုငါပြောပြမယ်၊ ဒီလိုကွ ငါက သိုက်တွေတူးတဲ့လူပေါ့ကွာ၊ သိုက်ဆိုပေမယ့် ငါက ဘုရားသိုက်တို့၊ ကုလားသိုက်တို့လို တွေ့ကရာသိုက်တွေလိုက်တူးနေတဲ့လူမဟုတ်ဘူးကွ”

“ဒါဖြင့် ဘာသိုက်တွေတူးတာလဲဆရာကြီး”

“ဒီလိုသိုက်တွေဟာ နောင်သံသရာအတွက်ရည်မှန်းထားတာကွ၊ သာသနာတော်အတွက်ရည်မှန်းထားတာဆိုတော့ ဒီလိုသိုက်တွေကိုတော့ငါလက်ရှောင်တယ်၊ အေး . . . ငါလိုက်တူးတာကတော့ ရှေးသူဌေးသူကြွယ်တွေ မြှုပ်နှံထားကြတဲ့သိုက်တွေ၊ စစ်အတွင်းက အင်္ဂလိပ်တွေ ဂျပန်တွေ မြှုပ်ခဲ့ကြတဲ့သိုက်တွေကို လိုက်ဖော်နေတာကွ”

“ဒါဖြင့် ဆရာကြီးက တော်တော်ချမ်းသာမှာပေါ့နော်”

“ဒီလောက်လည်းမဟုတ်ပါဘူးကွာ၊ ငါသိုက်တူးတဲ့အခါ သစ္စာအဓိဌာန်တစ်ခုပြုတယ်ကွ၊ အဲဒါကတော့ သိုက်တူးလို့ရတနာတွေရလာခဲ့ရင် တစ်ဝက်တိတိကို ဘုရားတည်မယ်၊ ကျောင်းဆောက်မယ်၊ လှူမယ်တန်းမယ်ဆိုပြီးတော့ သစ္စာပြုပြီးတူးတာကွ၊ ဒါကြောင့်လည်း ငါတူးတဲ့သိုက်တော်တော်များများက အောင်ခဲ့တာပဲ၊ ငါလှူထားတာလည်းမနည်းဘူးကွ၊ အဲ . . . ကျန်တဲ့ငွေတစ်ဝက်ကိုတော့ သိုက်တူးတဲ့အခါမှာ ကူညီတဲ့လူတွေ၊ တပည့်တပန်းတွေကို ဝေခွဲပေးတာနဲ့သိပ်ပြီးမကျန်ပါဘူးကွာ”

“ဆရာကြီးရဲ့စိတ်ထားက တကယ်ကိုမြင့်မြတ်တာပါပဲဆရာကြီးရာ၊ တခြားသိုက်ဆရာတွေဆိုရင် သိုက်ကရသမျှကို ယူပြီး နောက်လိုက်တွေ၊ တပည့်တပန်းတွေကို မပေးချင်လို့တောင် လက်စဖျောက်ကြ၊ သတ်ပစ်ကြတာကြားဖူးတယ်ဗျ”

“လောဘဖက်ရင် မှားတာပေါ့ကွာ၊ ငါကတော့ ရလာတဲ့ရတနာတွေကို ထုခွဲရောင်းချပြီး လှူတယ်တန်းတယ်၊ ဒီပစ္စည်းတွေကို မြှုပ်နှံခဲ့တဲ့လူတွေ၊ စောင့်ကြပ်နေကြရတဲ့လူတွေကိုလည်း အမျှအတန်းပေးဝေတယ်၊ ကျွတ်လွတ်ကုန်တဲ့ ဥစ္စာစောင့်ပြိတ္တာတွေလည်း အများကြီးပဲကွ၊ ကျန်တာကို ကိုယ်လည်းစားတယ်၊ တပည့်တွေလည်းခွဲပေးတယ်၊ အားလုံးချမ်းချမ်းသာသာနေကြရတယ်၊ မြွေမသေတုတ်မကျိုး၊ ရှည့်လဲလျှောက်သာ ပျားလဲစွဲသာဆိုတာမျိုးပေါ့ကွာ”

“ကောင်းပါတယ်ဆရာကြီးရယ်၊ ဒါနဲ့ အခုဘယ်လိုဖြစ်လာရတာလဲ ဆရာကြီးရဲ့”

“ပြောရရင် ဒီတစ်ခေါက်သိုက်က နည်းနည်းထူးဆန်းတယ်လို့ပြောရမယ်ကွ၊ ဒီသိုက်က ကဝေသိုက်ဖြစ်နေတယ်”

“ဗျာ . . . ကဝေသိုက်ဆိုတာ ဘာကိုပြောတာလဲဆရာကြီး”

“သိုက်ကိုစောင့်တဲ့လူက ရိုးရိုးတန်းတန်း တစ္ဆေသရဲမဟုတ်ဘဲ ကဝေသရဲကြီးဖြစ်နေလို့ပေါ့ကွ၊ ငါသိုက်တူးတဲ့အချိန် ကဝေသရဲကြီးက ဝင်ပြီးနှောင့်ယှက်တာပေါ့ကွာ၊ ဖြစ်ချင်တော့ ငါတို့အဖွဲ့ထဲမှာ တပည့်အသစ်တစ်ယောက်ပါလာတယ်၊ ဒီကောင့်ကို မကြောက်ပါနဲ့လို့ပြောပေမယ့် ဒီကောင်က ကဝေသရဲကြီးခြောက်တာကိုကြောက်လန့်ပြီးတော့ ထပြေးတယ်ကွာ၊ အဲဒီမှာစည်းပေါက်ပြီး တို့တွေအကုန်လုံး ဒုက္ခရောက်ကုန်ကြတာပဲဟေ့၊ ကဝေတွေက တော်တော်ဆိုးဆိုးကွ ငါ့ကိုဝိုင်းသတ်ကြတာ ငါဖြင့်မနည်းလွတ်အောင်ပြေးလာရတယ်”

“နေပါအုံး ဒါနဲ့ဆရာကြီးတူးတဲ့ကဝေသိုက်ဆိုတာ ဘယ်နားလေးလဲဗျ၊ ဒီရွာနဲ့ တော်တော်လှမ်းသလား”

“သိပ်တော့မလှမ်းဘူးကွ၊ နိဗ္ဗာန်တိုက်နယ်ဆိုတာကို မင်းကြားဖူးသလား”

“သြော် ဟုတ်ပြီ၊ နိဗ္ဗာန်တိုက်နယ်ဆိုတာက ကျုပ်တို့မြိုင်သာမြို့နယ်ရဲ့ ဟိုဘက်ကနယ်ပေါ့ဗျ၊ ကျုပ်တို့နဲ့ဆိုရင် ဆယ်ရွာလောက်လှမ်းတယ်၊ ဒီရွာကနေ ရွာစဉ်လှည့်သွားမယ်ဆိုရင်တော့ တစ်ရက်နဲ့တစ်ပိုင်းလောက်ကြာတယ်၊ တောလမ်းကသွားမယ်ဆိုရင်တော့ တစ်နေ့ကုန်အောင်သွားရတယ်ဗျ”

“အေး . . . မင်းကိုအတိအကျတော့ပြောလို့မရဘူးကွ၊ သိုက်က အဲဒီ နိဗ္ဗာန်တိုက်နယ်ထဲက ရွာကလေးတစ်ရွာမှာရှိတာ”

“အဲဒီကနေ ဒီအထိကိုဆရာကြီးဘယ်လိုများပြေးလာရသလဲဗျာ”

“အသက်လုပြေးရပါတယ်ဆိုမှကွာ နေ့နေ့ညညကိုပြေးရတာဟေ့၊ လမ်းမှာတွေ့တဲ့ရွာတွေမှာလည်း မတည်းခိုရဲဘူးကွ၊ အဲဒီကဝေတွေက ငါ့အနောက်ကိုအဆက်မပြတ်လိုက်နေတာကွ၊ ရွာခံစုန်းတွေနဲ့လည်း ချိတ်ဆက်ပြီး စက်တွေဖြန့်ထားတာဆိုတော့ ငါရွာထဲဝင်တာနဲ့ သူတို့တန်းသိတာပဲကွ”

“ဒါဖြင့် အခုရောဘယ်လိုလုပ်မလဲ၊ ဆရာကြီးဒီမှာတည်းနေတာကို သူတို့မသိဘူးလား”

“လောလောဆယ်တော့ သူတို့မသိလောက်သေးဘူးကွ၊ ဒါပေမယ့် အခုတော့ သူတို့မသိအောင်လုပ်ရမှာပေါ့ကွာ”

ဆရာကြီးက လွယ်အိတ်ထဲက အလုံးလေးတွေထုတ်လိုက်တယ်ဗျ၊ ကြေးလုံးကလေးတွေလိုပုံစံမျိုးပဲ၊ သေချာကြည့်လိုက်တော့မှ စီးကရက်ဘူးတွေထဲမှာပါတဲ့ ရွှေစက္ကူလိုဟာမျိုးကို လုံးထားတဲ့ဥစ္စာဖြစ်နေတယ်၊ အဲဒီအလုံးကလေး ရှစ်လုံးတိတိရှိတယ်၊ ဒီအလုံးကလေးတွေကို ကောက်ကိုင်လိုက်ပြီးတော့ ပါးစပ်နားတေ့ပြီး ပွစိပွစိရွတ်တယ်၊ ပြီးတဲ့အခါ အရပ်မျက်နှာတစ်ဖက်ကို တစ်လုံးစီပစ်ထည့်လိုက်တယ်။ အကုန်လုံးပစ်ပြီးတော့မှ

“ကဲရပြီ၊ အခုတော့ ငါ့ရဲ့ အကာအကွယ်အင်းတွေနဲ့ ဟောဒီသချိုင်းကုန်းကြီးရဲ့ အရပ်ရှစ်မျက်နှာကို စည်းတွေချထားလိုက်ပြီ၊ ဒီစည်းအတွင်းက မထွက်သရွေ့ ငါဒီမှာရှိတယ်ဆိုတာကို ဘယ်သူမှမသိနိုင်တော့ဘူး”

“ဒါဆို ဆရာကြီးဘာဆက်လုပ်မှာလဲ”

“ငါဒီမှာ သုံးရက်လောက်နေပြီးရင် ပြန်မယ်ကွာ၊ အဲဒီသုံးရက်အတွင်း မင်းကင့ါကိုကူညီပေးပါ၊ ငါပြန်ကောင်းသွားတာနဲ့ ဒီပညာသည်တွေ ငါ့ကိုယှဉ်နိုင်မှာမဟုတ်တော့ဘူးကွ”

“စိတ်ချပါဗျာ၊ ကျုပ် နေ့တိုင်းထမင်းဟင်းပို့ပေးပါ့မယ်၊ ဆရာကြီးလိုတာရှိရင်လည်းပြောပါ”

“ဒါဆိုရင် ငါတစ်ခုလောက်တောင်းဆိုချင်တယ်၊ မင်းမနက်ဖြန် ငှက်ပျောသီးမှည့်တစ်ဖီးလောက် ဒီကိုယူလာခဲ့ရမယ်၊ ဟောဒီငွေကိုယူသွားပြီး တစ်နေရာရာကနေဝယ်လာခဲ့ကွာ”

ဆရာကြီးက ကျုပ်ကိုငွေဒင်္ဂါးပြားလေးတွေထုတ်ပေးတယ်။

“ဆရာကြီး ဒီခေတ်က ငွေဒင်္ဂါးသုံးတဲ့ခေတ်မှမဟုတ်တာ”

“မင်းက တော်တော်ဒုံးဝေးတာပဲကွ၊ ဒါကိုထုခွဲရောင်းချပြီးတော့ ရအောင်ကြိုးစားလာခဲ့ပေါ့ကွ၊ ဒါနဲ့ ငါမင်းကိုသေသေချာချာမှာမယ်နော် ကောင်လေး၊ မင်း ငါဒီကိုရောက်နေတယ်ဆိုတဲ့အကြောင်းကို ဘယ်သူ့ကိုမှမပြောရဘူး၊ ကိုယ့်မိဘ၊ ဆွေမျိုးကိုတောင်မှမပြောရဘူး၊ နောက်ထပ်ပြီး မင်းအရမ်းယုံကြည်ရပါတယ်ဆိုတဲ့လူတွေကိုတောင် လုံးဝမပြောရဘူး”

“စိတ်ချပါဗျာ၊ ကျုပ်ဘယ်သူ့ကိုမှ မပြောပါဘူး”

ကျုပ်ဇရပ်ပေါ်ကဆင်းမယ်လုပ်လိုက်တော့ ဦးစက်ရောင်က ကျုပ်ကိုလှမ်းခေါ်တယ်။

“နေအုံး၊ မင်းကို ငါပေးစရာတစ်ခုရှိတယ်”

လွယ်အိတ်ထဲက ဆွဲနှိုက်လိုက်တော့ ပရုပ်ဆီပုလင်းလို ပုလင်းကလေးတစ်လုံးပါလာတယ်၊ ဒီပုလင်းလေးကိုဖွင့်ပြီး အထဲက ဆီလိုလိုအရာလေးတွေကို လက်နဲ့နှိုက်ရင်း ကျုပ်ရဲ့နဖူးကိုတစ်စက်၊ နားရွက်ထိပ်နှစ်ဖက်ကိုတစ်စက်စီ တို့ပေးတယ်၊ ပြီးတော့ မျက်လုံးနှစ်ခုအကြားကိုလည်း တစ်စက်ထပ်ပြီးတို့ပေးသေးတယ်ဗျာ။

“အဲဒါ ဘာလုပ်တာလဲ ဆရာကြီး”

“မင်းကိုအကာအကွယ်နည်းနည်းလုပ်ပေးလိုက်တာကွ၊ ဟောဒါက ခွက်ပေါက်ဆီမန်းလို့ခေါ်တယ်၊ ကဲ သွားပေတော့၊ မင်းနှုတ်တော့လုံစေနော်”

ကျုပ်ကိုအတန်တန်မှာပြီး ပြန်လွှတ်လိုက်တယ်၊ ရွာထိပ်ရောက်တော့ ရွာအပြင်ပတ်ပတ်လည်မှာ ပိုးစုန်းကြူးလိုအကောင်လေးတွေ တဖြတ်ဖြတ်လက်နေတာကိုတွေ့လိုက်ရတယ်၊ အစကတော့ ပိုးစုန်းကြူးလို့ပဲထင်တာ၊ ဒါပေမယ့် ပိုးစုန်းကြူးရဲ့အလင်းရောင်က အစိမ်းရောင်တောက်တောက်ဗျ၊ အခုဟာကျတော့ အမွှေးတိုင်မီး ခြင်ဆေးမီးလို အနီရောင်မီးပွားလေးတွေဖြစ်နေတယ်၊ ကျုပ်ဖြင့် ခေါင်းနားပန်းကြီးသွားတာပဲဗျာ၊ အဲဒီလိုအရာလေးတွေက ရွာပတ်ပတ်လည်မှာ လေထဲပျံဝဲနေသလို ဝဲပျံနေကြတယ်၊

တစ်နေ့လုံးမိုးရွာထားတော့ လမ်းဘေးမှာရေအိုင်ကလေးတွေဖြစ်နေတယ်၊ လက်ထဲက မီးအုပ်ဆောင်းနဲ့ ရေအိုင်အစပ်ကိုထိုးလိုက်တာ အနီရောင်မျက်လုံးကလေးနှစ်လုံးက ရဲနေတာပဲဗျာ၊ မျက်လုံးနှစ်လုံးက ရေအောက်ကနေသာသာကလေးထွက်နေတာဆိုတော့ ကြည့်ရတာ ရေစိမ်နေတဲ့ ဖားကြီးဖြစ်မယ်ဗျ၊ မျက်လုံးပုံစံနဲ့ ခေါင်းကိုမှန်းကြည့်လိုက်တာ လူကြီးလက်သီးဆုပ်လောက်နီးပါးရှိတယ်။ ခေါင်းတင်ဒီလောက်ရှိတယ်ဆိုရင် ကိုယ်လုံးကတော့ နည်းမှာမဟုတ်ဘူးဗျာ၊ ရေအိုင်ကလည်း ဗွက်အိုင်ဆိုတော့ ဖားရဲ့ကိုယ်လုံးကို လှမ်းမမြင်ရဘူးဖြစ်နေတယ်။ ဖားကလည်း ကျုပ်ကိုမြင်ပုံမရတာနဲ့ ရေအိုင်ကလေးအနောက်ကိုအသာပတ်လိုက်ပြီး ဖမ်းဖို့စိတ်ကူးလိုက်တယ်၊ ဖားကကြီးရင် လက်တစ်ဖက်နဲ့ဖမ်းလို့မရမှာစိုးလို့ လက်ထဲက မီးအုပ်ဆောင်းကိုမြေမှာအသာချလိုက်ပြီး ဖားရဲ့နောက်ကျောကနေပတ်လို့ ဇက်ပိုးနေရာလောက်ကိုမှန်းပြီး လက်နှစ်ဖက်နဲ့ မိမိရရကိုဆွဲဖမ်းထည့်လိုက်တယ်။

“မိပြီကွ၊ မင်းဘယ်ပြေးမလဲ”

ဖားခေါင်းကိုလက်နဲ့ဖမ်းမိပြီး ဆွဲမြှောက်လိုက်တော့မှ ဖားကိုယ်လုံးက အရှည်ကြီးဖြစ်နေမှန်းသိလိုက်ရတယ်ဗျာ၊ မီးအုပ်ဆောင်းအရောင်နဲ့ ငုံ့ကြည့်လိုက်တော့မှ မြွေကြီးတစ်ကောင်ဖြစ်နေမှန်းသိလိုက်ရတယ်၊ မြွေက တစ်ကိုယ်လုံးနက်နေတဲ့ မြွေဟောက်ကြီးဗျ၊ လုံးပတ်က လူကြီးလက်ကောက်ဝတ်မရှိတရှိရှိတယ်၊ ရှည်တာကတော့ နှစ်တောင်ကျော်ကျော်လောက်ရှိတယ်ထင်တာပဲ၊ ဖြစ်ချင်တော့ ကျုပ်ဖမ်းမိထားတဲ့နေရာက မြွေရဲ့ခေါင်းအနောက်တည့်တည့်ဖြစ်နေတယ်၊ မြွေကလည်း လန့်ပြီးရုန်းကန်တော့တာပဲဗျာ၊ ကျုပ်လည်း လက်ကိုတင်းကြပ်နေအောင်ဆုပ်ကိုင်ထားရတယ်၊ လွှတ်လိုက်လို့ကတော့ ဒီကောင်က ကျုပ်ကိုလှည့်ပေါက်မှာအသေအချာပဲဗျ၊ အစကတော့ ဒီမြွေကြီးကိုလွှင့်ပစ်လိုက်ဖို့ စိတ်ကူးရသေးတယ်၊ ဒါပေမယ့် ဒီမြွေက ကြောက်ကြောက်လန့်လန့်နဲ့ ကျုပ်လက်ကိုသူ့ကိုယ်လုံးနဲ့ရစ်တယ်ဗျာ၊ ကျုပ်က မြွေခေါင်းကိုလက်နှစ်ဖက်နဲဲ့ကိုင်ထားမိတာဆိုတော့ လက်နှစ်ဖက်ကို ကြိုးနဲ့ချည်ခံလိုက်ရသလိုဖြစ်သွားတယ်၊ မြွေရဲ့ရုန်းအား ရစ်အားကလည်း တော်တော်သန်သန်ပဲဗျ၊ ဒါတောင် မြွေဟောက်လောက်မို့လို့သာတော်သေးတယ်၊ စပါးကြီး စပါးအုံးတွေ ညှစ်အားသိပ်ကောင်းတယ်ဆိုတာ တကယ်ဟုတ်မယ်။ ကြည့်ရတာ ဒီမြွေလည်း ကျုပ်တို့လို ဖားထွက်ရှာတဲ့ ဖားမုဆိုးဖြစ်မှာဗျ၊ အခုတော့ မုဆိုး မုဆိုးချင်းတွေ့ပြီး ပြဿနာတက်ပြီပေါ့ဗျာ။

ကျုပ်ဘာလုပ်ရမှန်းကိုမသိတော့ဘူး၊ လူတစ်ကိုယ်လုံးလည်းထူပူလာတယ်၊ ဒီမြွေကိုဘယ်လိုလုပ်ကြမလဲ၊ လွှတ်လိုက်ရင်တော့ ကျုပ်ကိုလှည့်ပေါက်မှာသေချာတယ်၊ ဒါပေမယ့် အကြာကြီးလည်းကိုင်ထားလို့မရဘူး၊ ဒီကောင်က တအားရုန်းနေတာဆိုတော့ ကြာလာရင် လက်ကနေချောပြီးလွတ်ထွက်သွားမှာအသေအချာပဲ၊ ဘေးဘီကိုကြည့်လိုက်တော့လည်း လူကရှင်းနေသဗျာ၊ ဖားကောက်နေတဲ့လူတွေကလည်း ဘယ်ရောက်ကုန်တယ်မသိဘူး၊ ဖြတ်သွားဖြတ်လာလည်းတစ်ယောက်မှကိုမရှိတာ၊ မိုးအေးအေးနဲ့ ကွေးနေကြပြီထင်တယ်၊ နောက်ဆုံးတော့ ကျုပ်ရွာထဲကိုသွားဖို့ စိတ်ကူးရသွားတယ်၊ ရွာထိပ်က ဦးတရုတ်ကြီးဆိုင်လောက်ကိုသွားမိရင် ဒီလူတွေ ကျုပ်လက်ထဲကမြွေကို ကူဖြတ်ပေးမယ်ထင်တာပဲ၊ ပြေးပြီးတော့လည်း မသွားရဲဘူးဗျ၊ မတော်လို့ချော်လဲသွားရင် မြွေလွတ်သွားမယ်မဟုတ်လား၊ ကျုပ်ဖြင့် မီးအုပ်ဆောင်းတောင်မယူနိုင်တော့ဘဲ ရွာဘက်ကိုဖြေးဖြေးလျှောက်ပြီးပြန်လာခဲ့ရတယ်။

ရွာထိပ်နတ်စင်မှာ ဆီမီးလေးတွေလင်းနေတယ်၊ နတ်စင်ရှေ့ရပ်နေတဲ့လူကိုကြည့်လိုက်တော့ ဦးဘသာကြီးဖြစ်နေသဗျာ၊ ကျုပ်ဖြင့်ပျော်သွားတာ ထခုန်မိမတတ်ပဲဲ၊ ဦးဘသာအနားကပ်ခဲ့ပေမယ့် ဦးဘသာက ကျုပ်ကိုမြင်ပုံမရဘူးဗျ၊ နတ်စင်ကိုကြည့်ရင်း စကားပြောနေသလိုပဲ၊ ကျုပ်က ဦးဘသာကြီးကိုအော်ခေါ်လိုက်ရတယ်။

“ဦးဘသာရေ ကျုပ်ကိုကယ်ပါအုံးဗျာ”

“ဟာ . . . အလတ်ကောင်၊ မင်းဘာဖြစ်နေတာလဲ”

“အဖြစ်က ပြောကိုမပြောချင်တော့ပါဘူးဗျာ၊ ဒီမှာသာကြည့်ပါတော့”

“ဟ မြွေဟောက်ကြီးပါလားကွ၊ မြွေဟောက်ကို ဇက်ကနေကိုင်လာတယ်ဆိုတော့ မင်းတော်တော်သတ္တိကောင်းပါလားကွ”

“အလကားတော့ ကိုင်ပါ့မလားဗျာ၊ ဖားထင်လို့ကောက်လိုက်တာ မြွေဖြစ်နေတာဗျ”

“အင်း . . . မင်းကတော့ ဖြစ်ရမယ်အလတ်ကောင်ရေ၊ ပေး ပေး”

ဦးဘသာက မြွေရဲ့ခေါင်းကိုလက်နဲ့အသာလေးပွတ်သပ်လိုက်တယ်၊ သုံးချက်လောက်ပွတ်ပြီးတဲ့အချိန်မှာ မြွေက ရန်မူချင်တဲ့ပုံစံမျိုးမဟုတ်တော့ဘဲ တဖြည်းဖြည်းနဲ့ငြိမ်ကျသွားတယ်။

“ကဲအလတ်ကောင် မြေပေါ်ချပြီးလွှတ်လိုက်တော့”

“ဒီအတိုင်းလွှတ်လို့ ရပါ့မလားဗျာ”

“ရပါတယ်အလတ်ကောင်ရာ၊ မင်းကိုသူ ရန်မပြုတော့ပါဘူးကွ”

ကျုပ်ဖြင့်အခုမှပဲ မြွေခေါင်းကိုလက်ကနေလွှတ်ပေးလိုက်ရတယ်၊ မြွေက ကျုပ်လက်ကနေအသာကလေးဆင်းပြီး ဘေးကချုံထဲကိုလျှောခနဲဝင်သွားတော့တာပဲဗျာ၊ ကျုပ်ညှစ်ထားလို့ သူ့လည်ပင်းတောင်မှ နည်းနည်းသိမ်ချင်နေတယ်။ အခုမှပဲ ကျုပ်သက်ပြင်းချနိုင်တော့သဗျာ။

“နေပါအုံး ဦးဘသာက ဒီမှာဘာရပ်လုပ်နေတာလဲ”

“နေအုံး မင်းကရော ဘာလုပ်နေတာလဲ”

“ဟာဗျာ၊ ခုနက ပြောပြီးပါပြီကော၊ မိုးရွာလို့ ဖားထွက်ကောက်တာဗျ”

“အေး၊ ငါလည်း ဒီလိုပါပဲကွာ”

ဦးဘသာက ဘာကြောင့်ဆိုတာမပြောချင်ဘူးဗျ၊ ကြည့်ရတာ သူလည်းရွာခံစုန်းဆိုတော့ ဦးစက်ရောင်အကြောင်းတွေ တစ်ခုခုသိထားလို့နေမယ်။

“ဒါနဲ့ဦးဘသာ ရွာပတ်ပတ်လည်မှာ ပိုးစုန်းကြူးလိုပုံစံနဲဲ့ နီနီအကောင်လေးတွေ အများကြီးတွေ့သဗျာ၊ အဲဒါ ဘာအကောင်လေးတွေလဲဟင်”

ဦးဘသာက အံ့သြသွားတဲ့ပုံနဲ့

“မင်းက အဲဒါတွေကိုမြင်ရတယ်တဲ့လား”

“မြင်ရတာပေါ့ဗျာ၊ အဲဒါက ဘာများလဲဗျ”

“ပညာသည်တွေ စက်ဖြန့်ထားတာလို့ခေါ်တယ်ကွ”

“အဲဒါက စက်ဖြန့်ထားတာလား၊ မသိပါဘူးဗျာ၊ ကျုပ်က မီးလင်းတဲ့ပိုးကောင်လေးတွေလို့ပဲထင်နေတာ၊ ဒါနဲ့ ဘာဖြစ်လို့ စက်ဖြန့်ထားရတာလဲဗျ”

“စက်ဖြန့်တယ်ဆိုတာ စည်းချသလိုပေါ့ကွာ၊ ပညာစက်တွေကို ဖြန့်ကျက်ချထားတာကွ၊ တို့ရွာမှာ ဒီလိုလုပ်တာရှားတယ်၊ ပညာသည်စက်ဖြန့်ထားရင် နာနာဘာဝတွေ မကောင်းဆိုးဝါးတွေတောင်မှ ရွာထဲကိုမဝင်နိုင် မထွက်နိုင်ဘူးကွ၊ ငါ့အထင်ပြောရရင်တော့ သူတို့တွေ လူတစ်ယောက်ယောက်ကို ရှာနေတဲ့ပုံပဲ”

“ဘယ်သူ့ကိုရှာနေသလဲဆိုတာ ဦးဘသာမသိဘူးလား”

“ငါက တစ်ယောက်တည်းသမားလေကွာ၊ ဘယ်သူကတော့ ငါ့ကို ကျွန်တော်စက်ဖြန့်ပါ့မယ်လို့ လာပြောမှာလဲကွ၊ ကဲပါ အဲဒါတွေထားလိုက်စမ်းပါ၊ မင်းလည်း မိုးချုပ်ချုပ်မှာ တစ်ယောက်တည်းသွားလာမနေနဲ့၊ အခုလိုမြွေပါးကင်းပါးလည်းကြောက်ရတယ်၊ နောက်ပြီး ပညာသည်တွေ စက်ဖြန့်ထားတာဆိုတော့ တစ်ခုခုဖြစ်မှာလဲ စိုးရိမ်ရတယ်ကွ”

ဦးဘသာနဲ့ကျုပ်နဲ့ စကားတပြောပြောနဲ့ ရွာထဲဝင်လာခဲ့လိုက်တယ်၊ ရွာပြင်မှာ ကျန်ခဲ့တဲ့ မီးအုပ်ဆောင်းနဲ့ တောင်းကိုတောင်သွားမယူရဲတော့ဘူးဗျာ။

“ပညာသည်က ဘာလို့စက်ဖြန့်ထားတာလဲဦးဘသာ၊ တကယ်လို့ သူတို့ရှာနေတဲ့လူ ဝင်လာခဲ့ရင် ဘာဖြစ်မလဲ”

“စက်ဖြန့်တယ်ဆိုတာ ကြိုတင်ကာကွယ်တဲ့သဘောပဲ၊ ရွာခံပညာသည်တွေကို အန္တရာယ်ပြုမယ့်လူရှိလို့ ဖြန့်ထားတာကွ၊ ပညာသည်တိုင်းဖြန့်လို့မရဘူး၊ ရွာတစ်ရွာမှာ အဲဒီရွာက စုန်းတွေကိုချုပ်တဲ့ စက်ကိုင်ဆိုတဲ့လူရှိတယ်၊ သူ့အပေါ်မှာ စက်အုပ်တို့စက်ချုပ်တို့ဆိုပြီးရှိသေးတယ်၊ မင်းနားလည်အောင်ပြောရမယ်ဆိုရင်တော့ စက်ကိုင်က တစ်ရွာတစ်ယောက်နီးပါးရှိတယ်၊ စက်အုပ်ဆိုတာ လေးငါးရွာကိုပေါင်းပြီးအုပ်ထားတယ်၊ စက်အုပ်တွေအပေါ်မှာ စက်ချုပ်ဆိုတာရှိတယ်၊ လူတွေလိုပြောရရင် ရွာသူကြီး၊ နယ်ပိုင်၊ မြို့အုပ် အဲဒီလိုပုံစံပေါ့ကွာ၊ စက်ဖြန့်မယ်ဆိုရင် စက်ချုပ်ကိုသတင်းပို့ရတယ်၊ စက်ချုပ်က စက်အုပ်နဲ့တိုင်ပင်ပြီး ဖြန့်သင့်မဖြန့်သင့် ဆုံးဖြတ်ရတယ်၊ စက်ဖြန့်ဟေ့ဆိုရင် စက်အုပ်က စက်ကိုင်ကိုဖြန့်ခိုင်းလိုက်တာ”

“ဦးဘသာတို့ ဟာကလည်း စက်တွေကိုရှုပ်နေတာပါပဲဗျာ”

“စက်ဖြန့်ထားတဲ့ရွာကို အပြင်က ပညာသည်မဝင်သလို ရွာထဲက ပညာသည်လဲမထွက်ကြဘူး၊ ပညာသည်တစ်ယောက်ဝင်လာရင်လည်း ချက်ချင်းသိကြတယ်ကွ”

“ဒါဆိုအရေးကြီးတယ်လို့ပြောရမှာပေါ့”

“ဒါပေါ့ကွ၊ ဒီရက်ပိုင်း တို့ရွာကိုရောက်လာတဲ့ လူစိမ်းတွေကို သတိကြပ်ကြပ်ထားအလတ်ကောင်ရေ”

ကျုပ်လည်း ဦးဘသာကြီးကို နှုတ်ဆက်ပြီး အိမ်ဘက်ကိုပြန်လာခဲ့လိုက်တယ်ဗျာ။

(၃)

ညရောက်တော့ ရှဲခနဲ ဝုန်းခနဲအသံတွေကိုကြားလိုက်ရတယ်၊ အိပ်နေရင်းနဲ့လန့်တောင်နိုးတယ်ဗျာ၊ ပြီးတော့ ရွာထိပ်ဘက်ကနေ အော်သံတွေကိုကြားရတယ်၊ လူတွေအများကြီးက ဝိုင်းအော်ဟစ်နေတဲ့ပုံပဲဗျ၊ ဒါနဲ့ ဘေးနားအိပ်နေတဲဲ့အငယ်ကောင့်ကိုနှိုးရတယ်။

“အငယ်ကောင်ရေ ထစမ်းပါအုံးကွာ၊ ရွာထဲမှာဘာဖြစ်မှန်းမသိဘူးကွ”

အငယ်ကောင်က မျက်လုံးပြူးမျက်ဆန်ပြူးနဲ့

“ဘာဖြစ်တာလဲ အကိုလတ်”

“ဒီလောက်ဆူညံနေတာ မင်းမကြားဘူးလားကွ”

အငယ်ကောင်က နားစွင့်ထောင်ရင်း ခေါင်းခါပြတယ်။

“မင်းနားလေးနေသလားကွ၊ သေချာနားထောင်စမ်းပါ”

“နားထောင်တာပဲ အကိုလတ်ရာ၊ ခွေးအူသံတစ်ချက်တစ်ချက်ကလွဲဲဲလို့ ဘာမှကိုမကြားရပါဘူးဗျာ”

ကျုပ်တို့ညီအကိုနှစ်ယောက်ပြောဆိုနေတုန်း အဖေကနိုးလာတယ်ဗျ၊ အခန်းထဲကနေပဲ အသံပြန်ပေးတယ်။

“ဟိုနှစ်ကောင်၊ မင်းတို့ မိုးချုပ်သန်းခေါင်ကြီး ဘာထဖြစ်ကြတာလဲ”

“ရွာထဲမှာ လူအော်သံတွေကြားနေရလို့အဖေရ၊ လူတွေ ရုံးရုံးစုစုနဲ့ အော်နေ စကားပြောနေကြသလိုပဲ”

အဖေ့အသံက ခဏတိတ်သွားတယ်။

“ငါတော့ ဘာမှမကြားရပါလားအလတ်ကောင်ရာ”

“ဟော . . ဟော အော်နေပြန်ပြီ၊ ငှက်ဆိုးထိုးသံလို အသံကြီးကလည်း ကြောက်စရာကြီးပါလားဗျာ”

အမေ့အသံက အိပ်ခန်းထဲကထွက်လာတယ်။

“အလတ်ကောင်ကတော့ ကံနိမ့်နေတယ်ထင်တယ်၊ ငါတို့တော့ ဘာသံမှ မကြားရပါဘူးဟယ်၊ ညမိုးချုပ်မှ အိမ်ပြန်လာပြီး မကောင်းဆိုးဝါးတွေ ကပ်ပါလာတာထင်တယ်၊ ထ . . .ထ ဘုရားသောက်တော်ရေကိုစွန့်ပြီးသောက်လိုက်”

အမေပြောသလိုထလုပ်လိုက်ပေမယ့် ကြားနေရတုန်းပဲဗျ၊ ဒီတော့မှ ကျုပ်စဉ်းစားမိတာက ကျုပ်ကိုဆရာကြီးစက်ရောင်က ဆီမန်းနဲ့နားတွေမျက်လုံးတွေကိုပွတ်ပေးလိုက်တယ်မဟုတ်လားဗျာ၊ ဒါကြောင့် သူများတွေဘာမှမကြားပေမယ့် ကျုပ်က ကြားနေမြင်နေရတာဖြစ်မယ်၊ ဟုတ်ပါရဲ့၊ ညနေက စုန်းတွေစက်ဖြန့်ထားတာကိုမြင်ရတယ်မဟုတ်လား၊ ဦးဘသာကတောင် ကျုပ်ကိုဘယ်လိုမြင်ရတာလဲဆိုပြီး အံ့သြနေသေးတယ်၊ ဒါနဲ့ ကျုပ်လည်းဘာမှဆက်မပြောတဲ့ဘဲဲ အိပ်ရာထဲအသာပြန်အိပ်နေလိုက်တယ်။ ချက်ချင်းတော့အိပ်လို့မပျော်ဘူးဗျ၊ စုန်းတွေဖြန့်ထားတဲ့စက်ကို နာနာဘာဝတွေဝင်တိုက်မိလို့ အော်ကြတာများလား၊ ဒါမှမဟုတ် သုဿန်ထဲက ဆရာကြီးစက်ရောင်ကိုများ ကဝေတွေကတွေ့သွားပြီး တိုက်ပွဲတွေဖြစ်နေကြတာများလားဗျာ။ မနက်မှ သုဿန်ထဲတစ်ခေါက်လောက်သွားကြည့်အုံးမှပဲ။

မနက်မိုးလင်းလင်းချင်းမှာပဲ အိမ်ကထွက်ဖို့ပြင်လိုက်တယ်၊ အမေက ဟင်းတစ်ခွက်လက်ထဲကိုင်လာရင်း

“ဟဲ့အလတ်ကောင် နင်ဘယ်သွားမလို့လဲ၊ အတော်ပဲဟယ် အပြင်ထွက်လက်စနဲ့ ဒီဖားစပ်ကြော်ကလေးကို ရွာမြောက်ပိုင်းက နင့်ဦးကြီးတို့အိမ်ကိုပို့ပေးစမ်းပါ၊ သူက ဖားသားဆိုသိပ်ကြိုက်တာဟဲ့”

အမေပေးလိုက်တဲ့ ပန်းကန်ကလေးကိုင်ပြီးတော့ ရွာမြောက်ပိုင်းဘက်ကိုထွက်လာခဲ့လိုက်တယ်၊ လမ်းတစ်နေရာရောက်တော့ ဆရာကြီးစက်ရောင် ရွာထဲလမ်းလျှောက်နေတာကိုမြင်လိုက်ရတယ်ဗျာ၊ ကျုပ်ဖြင့် ဆရာကြီးအနားကိုအသာကပ်သွားပြီး

“ဆရာကြီးရာ ဘာဖြစ်လို့ရွာထဲကိုလာခဲ့တာလဲဗျ၊ ဆရာကြီးလိုတဲ့ ငှက်ပျောသီးကို ကျုပ်ယူလာပေးပါ့မယ်၊ ပညာသည်တွေက ရွာပတ်ပတ်လည်မှာ စက်တွေဖြန့်ထားတယ်ဆိုပဲဆရာကြီးရ၊ ဆရာကြီးပြန်ပါတော့ဗျာ၊ ကျုပ်ခဏနေလာခဲ့ပါ့မယ်”

ဆရာကြီးက ကျုပ်ကိုပြူးကြောင်ပြီးကြည့်နေတယ်၊ နောက်တော့မှ ခေါင်းညိတ်လိုက်ရင်း ရွာပြင်ကိုပြန်ထွက်သွားပါရော၊ ကျုပ်လည်း အမေခိုင်းတဲ့အတိုင်း ဦးကြီးတို့အိမ်ကိုဟင်းသွားပို့ရတယ်၊ ဟန်ကျလိုက်တာဗျာ ဦးကြီးတို့အိမ်မှာ ငှက်ပျောခိုင်တစ်ခိုင်မှည့်လို့ ငှက်ပျောဖီးတွေဖြတ်နေပါရော၊ ဦးကြီးဆီက ငှက်ပျောတစ်ဖီးတောင်းဝယ်ပေမယ့် ဦးကြီးက အဖေစားဖို့ထင်ပြီးတော့ အလကားပေးလိုက်တယ်၊ ငှက်ပျောဖီးရတာနဲ့ အိမ်ကိုတောင် တန်းမပြန်တော့ဘဲ ရွာအပြင်ကိုထွက်လာခဲဲ့လိုက်တယ်။ မနေ့က မိုးတွေစွေနေသလောက် ဒီနေ့တော့ ကောင်းကင်ကြီးက ကြည်လင်ပြီးပြာလဲ့နေသဗျာ၊ ရွာအထွက်လမ်းမှာတော့ ယာခင်းထဲဆင်းတဲ့လူတွေ၊ တောတက်ပြီး ဟင်းရွက်ခူးကြမယ့်လူတွေနဲ့ စည်ကားနေတယ်၊ ရွာထိပ် ချောင်းကူးတံတားနားရောက်တော့ ဦးဘသာက သူ့နွားတွေကိုချောင်းဘေးကိုမောင်းချနေတာတွေ့လိုက်ရတယ်၊

အစကတော့ သုဿန်ဆီအရင်သွားမလို့ပဲဗျ၊ ဒါပေမယ့် ဦးဘသာကိုတွေ့တော့ ညကအဖြစ်အပျက်တွေမေးချင်တာနဲ့ ချောင်းဘေးကိုဆင်းလာခဲ့လိုက်တယ်။ ဦးဘသာက ကျုပ်ကိုလည်းတွေ့ရော ချောင်းရိုးထဲကနေပြေးတက်လာခဲ့တာ ကျုပ်တို့နှစ်ယောက် ချောင်းစပ်က သစ်ပင်ကြီးအောက်မှာဆုံကြပါရော။

“မင်းကိုတွေ့ချင်လို့စောင့်နေတာကွ အလတ်ကောင်ရ”

“ကျုပ်လည်း ဦးဘသာကိုတွေ့ချင်လို့လာတာဗျ၊ ညကဗျာ တစ်ညလုံးငှက်ဆိုးထိုးသံတွေ ကောင်းကင်ပေါ်ကအော်သံတွေကြားရတယ်၊ ဒါ့အပြင် ရွာထိပ်နားကနေလည်း လူအုပ်ကြီးတစ်ခုက အော်ဟစ်နေကြသလိုမျိုး အသံတွေကြားရသေးတယ်ဗျ၊ အဲဒါ ဘာတွေများဖြစ်တာလဲဗျာ”

“မင်းက ဘယ်လိုလုပ်ပြီးကြားနေရတာလဲ အလတ်ကောင်ရ၊ ထူးတော့ထူးနေပြီ”

“အဲဒါအသာထားပါ ဒီအသံတွေက ဘာဖြစ်တာလဲဆိုတာသာ ပြောပါ”

“အေးကွ၊ ညက စုန်းတွေစုပြီးတော့ ခေါစာကြီးချတယ်၊ မင်းကိုငါမနေ့က ပြောခဲ့တဲ့ စက်ချုပ်ကိုယ်တိုင်လာတယ်ကွ၊ လူသံတွေဆိုတာ အဲဒီ ခေါစာကြီးပွဲကလာတာဖြစ်မှာကွ”

“ခေါစာကြီးပွဲဆိုတာဘာလဲ”

“သရဲကိုပစ်တာ ခေါစာပေ့ါကွာ၊ ခေါစာကြီးဆိုတာ သရဲကြီးတွေထက်ကြီးတဲ့ ကွင်းပိုင်ကြီးတွေ၊ သဘက်ကြီးတွေကိုကျွေးတာကွ၊ ဘာလို့ကျွေးရသလဲဆိုရင် ကိုယ့်နယ်ပယ်မှာ လူစိမ်းရောက်မရောက် သတင်းပို့ခိုင်းတာပေါ့ကွာ၊ ငါထင်တာမှန်တယ်ကွ၊ စက်ချုပ်တွေ စက်အုပ်တွေအပြင် စုန်းတွေက လူတစ်ယောက်ကိုလိုက်ရှာနေတာတဲ့ကွ၊ အဲဒီလူနာမည်က သက်ထွေးတဲ့”

“သက်ထွေး . . .သက်ထွေး သက်ထွေးဆိုတော့ သေးထွက် . . .ဟာ . .နာမည်ကြီးကလည်း မကောင်းပါဘူးဗျာ”

“ဟဲ့ကောင် ဒါပေါ့ပေါ့တန်တန်ပြောနေတာမဟုတ်ဘူးကွ၊ အဲဒီသက်ထွေးဆိုတဲ့လူက ကဝေ့မျက်နှာဖုံးကိုရသွားတယ်ဆိုပဲကွ”

“ဘာလဲဗျ ကဝေမျက်နှာဖုံးဆိုတာ”

“ကဝေအတတ်နဲ့စီရင်တဲ့ မျက်နှာဖုံးဆိုပါတော့ကွာ၊ ကဝေနဲ့စုန်းနဲ့ မတူတာ အဲဒါတွေပဲကွ၊ စုန်းဆိုတာ ပညာအားကိုးတယ်၊ ကဝေကျတော့ အစီအရင် ဟိုအရုပ် ဒီအရုပ်ကို အားသန်ကြတယ်၊ စုန်းပညာက မိရိုးဖလာပညာရပ်ဆိုပေမယ့် ကဝေပညာကျတော့ ထွင်ရင်ထွင်သလောက် ဆန်းရင်ဆန်းသလောက် အဆန်းအကြယ်တွေဖြစ်တတ်တယ်”

“မသိပါဘူးဗျာ၊ ကျုပ်က စုန်းနဲ့ကဝေနဲ့ တူတူပဲထင်တာ”

“လက်ဖမိုးနဲ့ လက်ဖဝါးလို ယောင်ယောင်လေးကွဲတာပေါ့ကွာ၊ တချို့ကလည်း စုန်းကြီးရင်ကဝေလို့ခေါ်တယ်၊ ဒါလည်း ဖြစ်နိုင်တယ်ကွ၊ ပညာရပ်လမ်းဆိုတာ ရှေးနည်းဟောင်းဆိုတော့ နည်းနည်းပျင်းဖို့ကောင်းတယ်၊ ဒါရွတ်ပြီး ဒီလိုလုပ်ရင် ဒါဖြစ်တယ်ဆိုရင် အဲဲဒီလိုဖြစ်တာပဲ၊ ပုံသေကားကျဆန်တယ်ပြောရမှာပေါ့၊ ပညာရပ်လမ်းကိုထူးချွန်သွားတဲ့လူကျတော့ ခုနကပြောသလို အဆန်းလေးတွေထွင်ချင်ကြတယ်၊ ကဝေကျတော့ ပညာရပ်တွေကနေ နည်းနည်းထပ်ကွန့်ပြီး နည်းသစ်ရှာတဲ့လူတွေလို့ပြောလို့ရတယ်၊ တနည်းပြောရရင် သိပ္ပံပညာရှင်တွေ တီထွင်ကြသလိုပေါ့၊ ဒါကြောင့် စုန်းနဲ့ကေ၀ ဘယ်ဟာက ပိုစွမ်းသလဲလို့မေးရင် ဖြေရခက်တယ်၊ စုန်းကလည်း ပညာလမ်းကို တကယ်လိုက်ထားတယ်ဆိုရင် ပညာလမ်းခုလတ်ကနေ ပညာအသစ်ထွင်ချင်တဲ့ ကဝေတွေထွက် စွမ်းရင်စွမ်းနေနိုင်တယ်၊ ကဝေကျတော့လည်း ကိုယ်ထွင်လိုက်တဲ့ ပညာရပ်တစ်ခုက အောင်မြင်သွားတယ်၊ အသစ်အဆန်းဖြစ်သွားတယ်ဆိုရင် စုန်းရဲ့ပညာဟောင်းကို နည်းလမ်းအသစ်နဲ့ နိုင်နိုင်တယ်၊ ဒီလိုပေါ့ကွာ၊ အဲဒီလို ကဝေတွေထွင်ကြတဲ့ပညာမှာ ကဝေဓါး၊ ကဝေခေါင်းပေါင်း၊ ကေ၀၀တ်ရုံ အစရှိသဖြင့်ပေါ့ကွာ အဲဒီအထဲမှာ ငါခုနကပြောတဲ့ ကဝေမျက်နှာဖုံးဆိုတာလည်းပါသကွ”

“စိတ်ဝင်စားစရာပဲဗျာ၊ ဒါဖြင့် အဲဒီမျက်နှာဖုံးက တော်တော်စွမ်းစွမ်းပေါ့နော်”

“ငါလည်း ကဝေမဟုတ်တော့ မသိဘူးကွ၊ ကြားဖူးတာကတော့ မိုးနဲ့မြေကိုတောင် ပြောင်းပြန်လုပ်နိုင်သတဲ့ကွာ၊ ဒီမျက်နှာဖုံးက သာမန်ကဝေမျက်နှာဖုံးတွေထက် အစွမ်းထက်တဲ့ ရွှေမျက်နှာဖုံးကွ၊ စွမ်းတာကတော့ သုံးဆလောက်စွမ်းတယ်”

“နေပါအုံး ဒီလောက်စွမ်းတဲ့ပစ္စည်းကို ခုနက သေးထွက် . . . အဲ သက်ထွေးဆိုတဲ့လူက ဘယ်လိုရသွားတာလဲ”

“စက်ချုပ်ပြောတာကတော့ ကဝေသိုက်ပေါက်သွားတယ်ပြောတယ်ကွ၊ ကဝေမျိုးရိုးသုံးဆက်တိတိ အဲဒီမျက်နှာဖုံးကို အသုံးပြုခဲ့ကြတယ်၊ နောက်ဆုံးကဝေမျိုးဆက်က သူတို့ရဲ့ကဝေမျက်နှာဖုံးကို တစ်နေရာရာမှာ အစောင့်အရှောက်တွေနဲ့ သိုက်ပုံစံမျိုးလုပ်ပြီး ဝှက်ထားခဲ့ကြတယ်ဆိုပဲ၊ အခု အဲဒီသိုက်ကို လူတစ်စုက ဖောက်မိပြီး ကဝေမျက်နှာဖုံးကိုရသွားတယ်၊ အခု မြိုင်သာနယ်က စုန်းတွေ၊ ကဝေတွေအကုန်လုံး အဲဒီသိုက်ဆရာကို မြေလှန်ပြီးရှာနေကြတယ်၊ ဒီသိုက်ဆရာက ဒီနားရောက်မှ ပျောက်သွားတယ်ဆိုတာပဲကွ”

“ဒီလိုစွမ်းတဲ့ မျက်နှာဖုံးကို သုံးလိုက်ရင် တကယ်စွမ်းတဲ့လူဖြစ်သွားမှာလား”

ဦးဘသာက ခေါင်းခါရင်း

“မဖြစ်နိုင်ဘူးကွ၊ ကဝေမျက်နှာဖုံးက တကယ်စွမ်းတယ်ဆိုပေမယ့် မျက်နှာဖုံးပိုင်ရှင်နဲ့ သွေးသားတော်စပ်တဲ့လူပဲ သုံးလို့ရမှာ၊ တခြားလူသုံးရင် ကဝေမျက်နှာဖုံးကစားပစ်လိုက်မှာကွ၊ ဒါကြောင့် ဒီလောက်စွမ်းမှန်းသိနေပေမယ့် ဘယ်စုန်းကဝေမှ စိတ်မဝင်စားကြတာပေါ့”

“ဒါဆိုရင် ဒီလူက ဘာဖြစ်လို့ယူသွားတာလဲ”

“သေချာတာတစ်ခုကတော့ ကဝေမျိုးဆက်ကို သူသိနေလို့ဖြစ်မှာပဲ၊ ဒါမှမဟုတ် သူကိုယ်တိုင်ပဲ ကဝေမျိုးဆက်ဖြစ်နေတာပဲဖြစ်မှာ၊ ဒီလူသာ ကဝေမျိုးဆက်ဆိုရင် သိပ်ကိုအန္တရာယ်များတယ်အလတ်ကောင်၊ တကယ်လို့ ရွာနားမှာ လူစိမ်းသူစိမ်းမြင်ရင် သတိသာထားပေတော့”

“ဟုတ်ပါပြီ၊ ဦးဘသာ၊ ဒါနဲ့ ကျုပ်သွားစရာလေးရှိသေးလို့သွားတော့မယ်”

ကျုပ် ဦးဘသာကိုနှုတ်ဆက်ပြီးတော့ ထွက်လာခဲ့လိုက်တယ်၊ ကျုပ်စိတ်ထဲမှာ ဒွိဟဖြစ်နေတယ်ဗျ၊ ဆရာကြီးစက်ရောင်ပြောပုံအရဆိုရင် သူလည်းကဝေသိုက်ကိုဖော်ခဲ့တယ်မဟုတ်လား၊ ကဝေတွေကလည်း သူ့အနောက်ကိုအသေအကြေလိုက်နေတယ်ဆိုတော့ မဟုတ်မှလွဲရော သက်ထွေးဆိုတဲ့လူက သူများလားဗျာ။ ဒါဆိုသူက တကယ်ပဲလူကောင်းလား၊ မဟုတ်ရင် စုန်းတွေယူဆသလို လူဆိုးကြီးတစ်ယောက်လား။ ဘာပဲဖြစ်ဖြစ် အဖြစ်မှန်အလုံးစုံကိုသိဖို့က သူ့ကိုမေးကြည့်မှပဲရတော့မှာ၊ ကျုပ်လည်း သုဿန်ထဲကိုအပြေးတစ်ပိုင်းနဲ့ဝင်လာခဲ့လိုက်တယ်။