အတွဲ(၁) စာစဉ် (၅၇)

(၁)

“ဟာ၊ ဟုတ်ပါ့မလားကိုငွေတိုးရဲ့”

“ဟုတ်ပါတယ်ဆိုအလတ်ကောင်ရ ဟုတ်သမှ တဟုတ်ဟုတ်နဲ့တောင်မြည်နေပါသေးတယ်ကွ”

ကိုငွေတိုးက ရွှေမန်းတင်မောင်ဇာတ်ထဲက ဝန်ကြီးလေသံနဲ့ပြောတယ်ဗျ၊ ကျုပ်ကတော့ သူပြောတဲ့စကားကိုမယုံချင်ဘူး၊ လယ်တဲမှာ ကျုပ်တို့နှစ်ယောက်ငြင်းခုံနေကြတုန်း ဦးဘသာကြီးက ကြိမ်လုံးကြီးချိုင်းကြားငြပ်လို့ တဲထဲဝင်လာတယ်၊ လယ်တဲထဲရောက်တာနဲ့ ရေနွေးကြမ်းခရားအိုးကို အရင်ပြေးငှဲ့ပြီး ရေနွေးတစ်ခွက် ကောက်သောက်ထည့်လိုက်ပါရော။

“ရေနွေးလေးသောက်လိုက်ရမှ နည်းနည်းအမောပြောသွားသလိုပဲဟေ့၊ ဒါနဲ့ငွေတိုး မင်းကိုမမြင်တာတောင် ကြာပါရောလား၊ ဘယ်ပျောက်နေတာလဲကွ”

“ပျောက်ဆို ကျုပ်က ဆယ့်နှစ်ပွဲဈေးသည်တွေနဲ့ အဖွဲ့ကျပြီး အခု ဗမာတစ်ပြည်လုံးပတ်ပြီး ပွဲဈေးတွေမှာ ဈေးလိုက်ရောင်းနေတယ်လေ ဦးဘသာရဲ့”

“ဒါနဲ့အဆင်ပြေတယ်မဟုတ်လား”

“အဆင်ပြေတယ်လို့လဲ ပြောလို့မရသလို အဆင်မပြေဘူးလို့လဲ ပြောလို့မရပါဘူးဗျာ”

“ဟ၊ မင်းစကားက တစ်မျိုးပဲကွ”

“ဟုတ်တယ်ဦးဘသာ၊ ဆယ့်နှစ်ပွဲဈေးမှာ ဈေးရောင်းရတာ ဈေးတော့ရောင်းရပါရဲ့ ဒါပေမယ့် လက်ထဲဘာမှစုမိဆောင်းမိမရှိဘဲ ငွေက ဝင်လိုက်ထွက်လိုက်နဲ့လက်ထဲမမြဲဘူးဖြစ်နေတယ်ဗျာ၊ အခုရွာကိုပြန်လာရတာလဲ အရင်းအနီးကလေး ပြုတ်သွားလို့ အကိုကြီးငွေစိုးဆီကနေ အရင်းအနှီးလေးနည်းနည်းပါးပါးလောက် ချေးငှားရအောင်ပြန်လာခဲ့တာပဲဗျို့”

“မင်းအဖြစ်ကြားရတာလည်း လှေထိုးရင်း ရေနစ်နေတဲ့အဖြစ်နဲ့တောင်တူနေပါရောလားကွာ၊ မင်းဟာက သူများတွေလို အလုပ်မလုပ်ဘဲရေသာခိုအချောင်လိုက်နေတာလည်းမဟုတ်၊ ကြိုးစားရုန်းကန်ပြီး လုပ်ကိုင်နေပါရက်နဲ့ ဘာမှမဖြစ်ထွန်းဘူးဆိုတော့ မင်းရဲ့ကံကိုပဲ ရိုးမယ်ဖွဲ့ရမယ်ထင်ပါရဲ့”

ကိုငွေတိုးက စိတ်ညစ်ညစ်နဲ့ရေနွေးကြမ်းတစ်ခွက်ကိုကောက်သောက်လိုက်တယ်။ ဦးဘသာကလည်း ရေနွေးကိုဇိမ်ခံသောက်နေရင်း

“ဒါနဲ့ ငါခုနက မင်းတို့တဲအနားရောက်လာတော့ မင်းတို့နှစ်ယောက် ဟုတ်တယ်၊ မဟုတ်ဘူးနဲ့ ဘာတွေငြင်းခုန်နေကြတာလဲကွ”

“ဒီလိုဦးဘသာရ ကိုငွေတိုးက ဈေးရောင်းကောင်းတဲ့အစီအရင်တစ်ခု လုပ်မလို့တဲ့ဗျ”

“ဟေ၊ ဘာအစီအစဉ်တုန်းကွ”

ဦးဘသာမေးတော့ ကိုငွေတိုးက ကျုပ်ကိုမျက်မှောင်ကြုတ်ကြည့်ရင်း

“လုပ်မယ်မလုပ်ဘူးကလည်း မသေချာပါဘူးဗျာ၊ ကျုပ်က ကြားဖူးနားဝရှိတာပြောပြတာပါ၊ ဘာမှထွေထွေထူးထူးတော့မဟုတ်ပါဘူး”

ဦးဘသာက ခေါင်းညိတ်လိုက်ရင်း

“လောကီအစီအရင်တွေဆိုတာ တကယ်တတ်ကျွမ်းတဲ့လူတွေမဟုတ်ဘဲ ရမ်းသမ်းပြီးမလုပ်သင့်ဘူးကွ”

“ကျုပ်လည်း မလုပ်ပါဘူးဦးဘသာရာ၊ ဒါတွေကို ယုံကိုမယုံတာဗျ”

ကိုငွေတိုးက မယုံဘူးပြောတော့ ကျုပ်တောင်မှ တော်တော်အံ့သြသွားတယ်၊ ဒါနဲ့ ကိုငွေတိုးမျက်နှာကိုကြည့်လိုက်တော့ ကိုငွေတိုးက ကျုပ်ဘက်လှည့်ပြီး ဦးဘသာဘက်ကိုမျက်ရိပ်ပြတယ်၊ ပါးစပ်ကလည်း မဲ့ရွဲ့ပြီးလုပ်ပြနေတော့ ကျုပ်အထင် ဦးဘသာကိုမသိစေချင်ဘူးလို့ ယူဆလိုက်တယ်၊ ဒါနဲ့ ဘာမှဆက်မပြောတော့ဘူး။

ဦးဘသာယာတဲထဲကထွက်သွားပြီးတော့မှ ကိုငွေတိုးက ကျုပ်ပုခုံးကိုပုတ်ရင်း

“မင်းကိုဘယ်သူ့ကိုမှမပြောပါနဲ့လို့ မှာထားရဲ့သားနဲ့အလတ်ကောင်ရာ”

“ဟာဗျာ၊ ဦးဘသာက သူစိမ်းမှမဟုတ်တာ”

“သူစိမ်းမကလို့ ဆွေမျိုးပဲဖြစ်ဖြစ် မင်းကိုနှုတ်လုံဖို့ ငါမှာထားတယ်လေကွ၊ င့ါမှာ မင်းကိုအဖော်ခေါ်ရမှာ ခပ်လန့်လန့်ပဲဟေ့၊ မင်းက နှုတ်သိပ်ဖွာတာကိုးကွ”

“ဟာ၊ ဒီလိုတော့မလုပ်နဲ့ဗျာ၊ ကျုပ်ကိုငွေတိုးကို ကူညီပါ့မယ်ဗျ၊ စိတ်သာချ၊ ကျုပ်အခုအချိန်ကပြီး ပါးစပ်ကို အပ်နဲ့ချုပ်ပြီး ပိတ်လိုက်ပြီဗျာ၊ ဦးဘသာကမကလို့ အဖေမေးရင်တောင်မှ မပြောတော့ဘူး”

ကိုငွေတိုးက ခေါင်းညိတ်ရင်း

“အေး၊ ကောင်းတယ်၊ မင်းပါးစပ်ကို လုံပါစေနော်၊ ဒီနည်းလမ်းက ငါလွယ်လွယ်ကူကူနဲ့ရခဲ့တာမဟုတ်ဘူးကွ၊ ငါနှစ်တစ်ဝက်စာလောက်စုဆောင်းထားတဲ့ငွေတွေကို ပုံအောပေးပြီးမှ ရခဲ့တဲ့နည်းလမ်းကွ”

“ခင်ဗျားပြောတာနဲ့ ကျုပ်တောင်သိပ်သိချင်နေပြီဗျာ၊ အဲ၊ ဒါပေမယ့် သိပ်တော့မယုံရဲဘူးဗျ”

“မင်းက ဘာကိုမယုံတာလဲကွ”

“ဟုတ်တယ်လေဗျာ၊ ကိုငွေတိုးခုနကပြောတော့ သင်္ချိုင်းကုန်းမှာ ဈေးရောင်းထွက်ဖို့ဆိုဗျ”

“အေးလေ၊ အဲဒါဘာဖြစ်လဲ”

“ကိုငွေတိုးရာ ခင်ဗျားစိတ်ဖောက်သွားပြီလား၊ သင်္ချိုင်းကုန်းဆိုတာ လူတွေစည်ကားအပ်တဲ့အရပ်မှမဟုတ်တာ၊ မသာချတဲ့အချိန်တောင်မှ ဆွေမျိုးမျက်နှာနဲ့ မကောင်းတတ်လို့ ခပ်မြန်မြန်လာပြီး ခပ်သုတ်သုတ်ပြန်ကြတဲ့နေရာကို ခင်ဗျားမို့လို့ ဈေးရောင်းထွက်ချင်သေးတယ်”

“အလတ်ကောင်ရာ၊ ဒီလောက်တော့ ငါလည်းသိတာပေါ့ကွ၊ ငါပြောတာက သင်္ချိုင်းကုန်းမှာ လူတွေကိုဈေးသွားရောင်းရမှာမဟုတ်ဘူးကွ၊ သရဲတွေကို ဈေးသွားရောင်းရမှာ”

ကိုငွေတိုးပြောလိုက်တော့မှ ကျုပ်ခေါင်းနားပန်းကြီးသွားတယ်။

“ဗျာ၊ သရဲတွေကိုဈေးရောင်းရမယ်တဲ့လား”

“ဟုတ်တယ်အလတ်ကောင်၊ ကဲ မင်းကြောက်တယ်ဆိုရင် နေခဲ့လို့ရသေးတယ်နော်အလတ်ကောင်၊ မင်းမလုပ်ချင်ရင် တခြားသူကို ငါအဖော်ခေါ်လိုက်မယ်”

ကျုပ်လည်းပြာပြာသလဲနဲ့ ကိုငွေတိုးကိုတားရတယ်။

“ဒီလိုတော့ မရက်စက်ပါနဲ့ကိုငွေတိုးရာ၊ ဒါပေမယ့် ကျုပ်ခင်ဗျားကိုကူညီရင် ခင်ဗျားကျုပ်ကို ပီယအဆောင်ပေးရမယ်နော်”

“စိတ်ချပါကွ၊ ငါက ကတိဖျက်တတ်တဲ့ကောင်မှမဟုတ်တာ၊ င့ါရဲ့ဈေးသည်မှော်အောင်မြင်လို့ကတော့ ဟောဒီပီယအဆောင်ကလေးက မင်းအတွက်ဖြစ်မှာပဲကွ”

ကိုငွေတိုးက ပြောရင်း သူ့ခါးကြားထဲ လိပ်ထည့်ထားတဲ့ လက်ကိုင်ပုဝါအထုပ်ကလေးကိုထုတ်လိုက်တယ်၊ လက်ကိုင်ပုဝါကလေးကို ဖြေချလိုက်တော့ အထဲမှာ မြေပဲတောင့်အရွယ် အညိုရောင်အတောင့်ကလေးတစ်ခုကိုတွေ့ရတယ်ဗျာ”

“ဒါက တကယ်စွမ်းရဲ့လား ကိုငွေတိုး”

“ငါကိုယ်တိုင်သုံးဖူးလို့ စွမ်းမှန်းသိတာပေါ့ကွ၊ ဟောဒီပီယဆေးတောင့်ကလေးကို ဆောင်ထားလိုက်တာနဲ့ လူတိုင်းက ကိုယ့်ကိုမြင်ရင် နှုှုတ်မဆက်ဘဲမနေနိုင်အောင်ဖြစ်တယ်ကွ၊ ဆေးတောင့်ကလေးသွေးပြီး မျက်လုံးမှာကွင်းထားလိုက်လို့ကတော့ ကိုယ်နဲ့မျက်စိချင်းဆုံတဲ့ မိန်းကလေးဟာ ပြေးမလွတ်နိုင်ဘူးဆိုပဲ၊ ဆေးတောင့်ကလေးသွေးပြီး လျှာမှာတို့ထားရင် ပြောတိုင်းချစ်တယ်ဆိုပဲကွာ၊ အထူးသဖြင့် ဆန့်ကျင်ဘက်လိင်တွေဆိုရင် ပိုအောင်တယ်ကွ”

ကျုပ်လည်း ကိုငွေတိုးပြတဲ့ဆေးတောင့်ကလေးကို အနီးကပ်ကြည့်နေမိတယ်။

“ဆေးစွမ်းတာကတော့ မယုံမရှိနဲ့အလတ်ကောင်၊ ဟောဒီဆေးတောင့်ကိုလက်ကိုင်ပုဝါထဲထုပ်ပြီး ခါးကြားလိပ်သွားယုံနဲ့ မိန်းကလေးတွေက သူ့အလိုလိုကို ပြီတီတီလုပ်လာကြတာကွ၊ ရွာက ခင်သက်ထားတို့ လှယမင်းတို့ဆိုရင် ငါ့ကိုရေလာမြောင်းပေးချင်သလိုလိုနဲ့ သူ့အလိုလိုလာရောတာကွ၊ ဂျမ်းစိန်မတို့၊ မိသဲတို့ဆိုရင် တော်တော်ဆိုးဆိုးပဲဆိုပါတော့ကွာ”

ကိုငွေတိုးပြောတာလည်းဟုတ်တယ်ဗျ၊ ကိုငွေတိုးရွာပြန်ရောက်ပြီး ရက်ပိုင်းလောက်ပဲရှိသေးတာတောင် ရွာကတော်ရုံယောက်ျားတွေနဲ့ စကားမပြောတဲ့ ခင်သက်ထားတို့ လှယမင်းတို့လို့လူတွေက ကိုငွေတိုးနဲ့ ပြုံးလိုက်ရယ်လိုက်နဲ့ စကားပြောတာကို ကျုပ်မျက်စိနဲ့တပ်အပ်မြင်ဖူးတယ်ဗျာ၊ ဂျမ်းစိန်မဆိုရင်လည်း ကိုငွေတိုးကို အိမ်လာပြီးထမင်းစားပါဆိုပြီးတော့ ထမင်းစားဖိတ်နေတာ၊ ဒါတွေမြင်တော့ ကျုပ်လည်းအားကျတာပေါ့ဗျာ။

“ကဲဗျာ၊ အဲဒီဆေးတောင့်ရမယ်ဆိုရင် ကိုငွေတိုးကို ကျုပ်ရေဆုံးမြေဆုံးအထိရောက်ပါလေ့စေ ကူညီပါ့မယ်”

“ကြိုက်ပြီအလတ်ကောင်ရာ”

“ဒါနဲ့ ကိုငွေတိုးက ဒီနည်းလမ်းကို ဘယ်ကရခဲ့တာလဲဗျ၊ ဦးဘသာက မှာထားဖူးတယ်နော်၊ ယောင်ခြောက်ဆယ်ဆရာတွေဆီက လောကီအစီအရင်နည်းတွေကို မကျွမ်းကျင်ဘဲ မှန်းသမ်း ရမ်းလုပ်ရင် ဒုက္ခရောက်တတ်တယ်တဲ့ဗျ၊ အရင်ကလည်း ဒုက္ခရောက်ဖူးတဲ့ သာဓကတွေ ရှိခဲ့တာကိုး”

“ဒါတော့စိတ်ချစမ်းပါကွာ၊ ငါနဲ့တွေ့ခဲ့တဲ့လူကြီးက နှယ်နှယ်ရရဆရာမဟုတ်ဘူးကွ၊ တကယ့်ကို ဆရာ့ဆရာကြီး၊ ဗမာပြည်က ဆေးဆရာကြီးတွေရဲ့ ဆရာကြီးဆီက ရခဲ့တာကွ”

ကိုငွေတိုးက စကားပလ္လင်ခံရုံရှိသေးတယ် ကျုပ်ကသိပ်စိတ်ဝင်စားနေမိပြီဗျ။

“ပြောစမ်းပါအုံးဗျာ၊ ဘယ်လိုရခဲ့သလဲဆိုတာ”

“ဒီလိုအလတ်ကောင်ရ၊ ငါတို့ဆယ့်နှစ်ပွဲဈေးက ဈေးသည်ဆိုတာ ရပ်ရွာတစ်ခုမှာ ပွဲဈေးတစ်ခုပြီးသွားပြီဆိုရင် အဲဒီကနေမရှေးမနှောင်းကျင်းပတဲ့ ပွဲဈေးတစ်ခုဆီကို ဈေးသည်အုပ်စုတွေ ကားကြီးတွေနဲ့ချီတက်ပြီးတော့ သွားရောင်းကြရတယ်မဟုတ်လား၊ ဒီတော့ နယ်အစုံကိုလည်းရောက်ဖူးသလို ဒေသအစုံက လူအစုံနဲ့လည်း သိကျွမ်းကြရတယ်ကွ”

ကိုငွေတိုးက ရေနွေးကြမ်းတစ်ကျိုက်မော့သောက်လိုက်ပြီး

“ရှမ်းပြည် သီပေါနယ်က ဘော်ကြိုဘုရားပွဲဆိုတာ နာမည်ကြီးပဲကွ၊ တပေါင်းလဆန်း ခုနစ်ရက်ကနေ လပြည့်ကျော်တစ်ရက်နေ့အထိ ကျင်းပကြတာ၊ မီးရထားလမ်းရော ကားလမ်းနဲ့ပါလမ်းသင့်တယ်ဆိုတော့ လူတွေစည်ကားတာ ကြိတ်ကြိတ်တိုးပေါ့ကွာ၊ ငါတို့လည်း ဘော်ကြိုဘုရားပွဲဆိုရင် မသွားမဖြစ်သွားပြီးရောင်းချကြတယ်ပေါ့၊ ဒီနှစ်မှာ ထူးထူးခြားခြား အဲဒီဆရာကြီးနဲ့တွေ့ခဲ့တာကွ”

“ဘုရားပွဲမှာ တိုင်းရင်းဆေးတွေ၊ မြစ်ချင်းပြီးတဲ့ပရဆေး၊ သစ်ဥသစ်ဖုတွေ ချရောင်းတတ်တာ မင်းအသိပဲမဟုတ်လား၊ ငါလည်း ပုပ္ပါးနယ်ဘက်ကနေ ရခဲ့တဲ့ ဆေးမြစ်တွေဘာတွေချရောင်းတာပေါ့ကွာ၊ အဲဒီလိုရောင်းရင်း ရှမ်းဆရာကြီးတစ်ယောက်ကို သတိထားမိတယ်ကွ၊ အဲဒီရှမ်းဆရာကြီးက နေ့လည်လောက်ဆိုရင် ပုတ်တောင်းကြီးထမ်းပြီး ရောက်ချလာပါရောကွာ၊ ရောင်းချစရာတွေကလည်း အဲဒီပုတ်တောင်းကြီးနဲ့အပြည့်ပဲကွ၊ ဆတ်ချို၊ သမင်ချိုနုတွေကအစ ကျောက်သွေး၊ ဆေးဒန်းအထိ ဆေးပစ္စည်းတွေ အစုံပါတယ်၊ သူဆိုင်ခင်းပြီးတာနဲ့ မကြာဘူး ဝယ်သူတွေရောက်လာပြီး သူရောင်းတဲ့ပစ္စည်းတွေကို အလုအယက်ဝယ်ကြတယ်ကွ၊ ညနေခင်းလောက်ဆိုရင် ပုတ်တောင်းကြီးနဲ့ပါလာတဲ့ သူ့ပစ္စည်းတွေက အကုန်ကုန်ရောပဲ၊ ဆေးမြစ်ချင်းအတူတူ ငါတို့ရောင်းတဲ့ဆေးမြစ်ကြတော့မဝယ်ဘဲ သူ့ဆေးမြစ်တွေချည်းဝယ်တာကွ”

“ဒါကတော့ သူ့မိတ်နဲ့သူရှိမှာပေါ့ဗျာ”

“ငါလည်းအစက အဲဒီလိုထင်တာ၊ နောက်နေ့ကျ ရှမ်းကြီးက ပုတ်တောင်းကြီးထမ်းလာပြန်ရော၊ ဒီတစ်ခါကျတော့ ခေါပုတ်တွေ၊ လက်ဖက်ခြောက်၊ ပဲပုတ်ပြားတွေအစုံပါလာပြန်တယ်၊ ဒီအခါလည်း သိပ်မကြာဘူး၊ သူ့ပစ္စည်းတွေရောင်းကုန်ပြန်တာပဲ၊ မနက်ခင်းထဲက ထိုင်ရောင်းနေတဲ့လူတွေတောင်မှ ပစ္စည်းတွေမကုန်သေးဘူး သူက အကုန်ကုန်ပြန်တာပဲ”

ကျုပ်က စကားပြောဖို့လုပ်တော့ ကိုငွေတိုးက ကျုပ်ကိုလက်လှမ်းတားလိုက်တယ်။

“ဒါလည်း သူ့မိတ်နဲ့သူလို့ပြောမလို့မဟုတ်လား၊ ဒီလိုတော့မဟုတ်ဘူးကွ၊ အဲဒီရှမ်းကြီးက ပွဲတော်ရက်အတွင်းမှာ တစ်နေ့တစ်မျိုးမထပ်ရအောင်လို့ ရောင်းတာပဲဟေ့၊ သူဘာရောင်းရောင်း သုံးနာရီအပြင်ပိုမရောင်းရဘူးဟေ့ ရောင်းစရာမရှိတော့လောက်အောင်ကို ရောင်းရတာ၊ ဒါနဲ့ငါလည်း သူ့ဆီမှာ ဆေးကောင်းဝါးကောင်း အဆောင်ကောင်းရှိရမယ်ဆိုပြီးတော့ သူနဲ့သွားမိတ်ဖွဲ့လိုက်တယ်၊ ငါးရက်လောက်ကြာတော့ သူနဲ့ငါကောင်းကောင်းသိနေပြီပေါ့ကွာ၊ အစကတော့ သူကမပြောဘူးကွ၊ ငါ့ဆေးမြစ်စုံတွေကလည်း အရောင်းထိုင်းတယ်ဆိုတော့ ငါက သွားပြီးအကူအညီတောင်းရတယ်၊ ဆရာကြီးရယ်၊ ကျုပ်ဆေးမြစ်စုံလေးတွေ ရောင်းထွက်အောင်လို့လုပ်ပေးပါ၊ ကျုပ်ငွေအရင်းတော်တော်မြုပ်နေလို့ပါလို့ အသနားခံပြီးပြောတော့မှ ရှမ်းကြီးက ခေါင်းညိတ်တယ်ကွ”

“သူက ဘာပြောလဲဆိုတော့ သူနေတဲ့ရွာကလေးကို လမ်းညွှန်လိုက်တယ်၊ မနက်ဖြန် နေ့လည်ဆယ့်နှစ်နာရီမထိုးခင် ရောင်းကုန်တွေယူပြီး သူ့ရွာကိုလာခဲ့ပါတဲ့ကွာ၊ သူ့ရွာက သိပ်မဝေးပါဘူး အဲဒီဘော်ကြိုဘုရားနဲ့ဆိုရင် လေးငါးမိုင်လောက်ပဲရှိမှာ၊ ငါလည်း ဒေသခံတွေကိုမေးစမ်းပြီးတော့ လိုက်သွားတော့ ရှမ်းကြီးအိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ပဲရောက်သွားတာကွ၊ သူ့ကိုငါက ဆင်းရဲမယ်ထင်ထားတာ သူ့အိမ်ရောက်မှ တက်တက်စင်အောင်လွဲတာပဲကွာ၊ ရှမ်းကြီးက အိမ်ကြီးအကြီးကြီးနဲ့ကိုနေတာကွ၊ အိမ်ထဲမှာလည်း ဇိမ်ခံပစ္စည်းတွေအပြည့်ပဲ၊ ငါ့ကိုလည်း စားကောင်းသောက်ဖွယ်တွေနဲ့ဧည့်ခံတယ်၊ ပြီးတော့ ငါ့ပစ္စည်းတွေကိုယူပြီး သူ့ပုတ်တောင်းကြီးထဲကိုထည့်လိုက်တယ်၊ ပြီးတာနဲ့ ပစ္စည်းတန်ဖိုးကိုတွက်ပြီး တစ်ခါတည်းငွေချေလိုက်တယ်”

“မင်းပစ္စည်းက အခုငါ့ပစ္စည်းဖြစ်သွားပြီဆိုပြီး ငါ့ကိုသုံးခါလောက်မေးသေးတယ်ကွ၊ ငါလည်းလုပ်စရာမရှိတော့သူနဲ့စကားပြော၊ ပြီးတော့ သူဈေးရောင်းထွက်တဲ့အချိန် အတူတူထွက်လာခဲ့ကြတယ်၊ လှည်းနဲ့ထွက်လာပြီး ဘုရားပွဲဈေးတန်းနားရောက်မှ ပုတ်တောင်းကြီးထမ်းပြီးဆင်းလာခဲ့ကြတယ်၊ ငါ ခုနစ်ရက်လောက်ရောင်းမှ လေးငါးတွဲလောက်ရောင်းရတဲ့ ဆေးမြစ်စုံဆိုတာ ရှမ်းကြီးရောင်းတော့ တစ်ညနေခင်းထဲနဲ့ အကုန်ပြတ်ပါရောလားကွာ၊ ငါလည်း သူ့ကိုတော်တော်လေးစားသွားတာနဲ့ ကျန်တဲ့နေ့တွေဈေးမရောင်းတော့ဘဲ သူ့တပည့်ခံလိုက်တယ်၊ သုံးရက်လောက်နေတော့မှ သူကငါ့ကိုပြောတယ်ကွ၊ သူဘာလို့ဈေးရောင်းကောင်းတာလဲဆိုရင် ဈေးသည်မှော် အောင်ထားလို့တဲ့ကွာ”

“ဈေးသည်မှော်ဆိုတာ ကျုပ်ဖြင့်အခုမှကြားဖူးတာပဲ”

“ငါလည်း အဲဒီတုန်းက တော်တော်ထူးဆန်းနေတာကွ၊ ဒါပေမယ့် သူကအဲဒီအထိ ငါ့ကိုဘယ်လိုလုပ်ပါ ဘယ်ဝါလုပ်ပါနဲ့မပြောသေးဘူးနော်၊ အရင်ဆုံး ငါ့ကိုစိန်ခေါ်တယ်ကွ၊ အဲဒါက ဘာလဲဆိုတော့ အရောင်းအထိုင်းဆုံးအရာကို သူ့ဆီကိုယူလာခဲ့ပါတဲ့၊ သူရအောင် ရောင်းပေးမယ်တဲ့ကွာ၊ ဒီလိုနဲ့ငါလည်း တော်တော်စဉ်းစားလိုက်ရတယ်ကွ၊ ပွဲခင်းထဲမှာ အရောင်းအထိုင်းဆုံးအရာကို စဉ်းစားရင်းနဲ့နောက်ဆုံး ဈေးသညအချင်းချင်းစုံစမ်းလိုက်တော့ နိဗ္ဗာန်ကုန်တွေရောင်းတဲ့ဆိုင်နဲ့ သွားစပ်မိတယ်ကွ၊ အဲဒီဆိုင်မှာ စကျင်ကျောက်နဲ့လုပ်ထားတဲ့ သိမ်တိုင်တွေရှိတယ်၊ အဲဒီသိမ်တိုင်တွေကို ရောင်းရနိုး ရောင်းရနိုးနဲ့ သယ်လာခဲ့တာ၊ အခုဆိုသုံးနှစ်တောင်ရှိပြီ လုံးဝမရောင်းရဘူးတဲ့ကွ၊ ဒါနဲ့ငါလည်း သိမ်တိုင်တွေကို ဝယ်တော့ အဲဒီဆိုင်က အရှုံးခံပြီးတော့ကို ရောင်းလိုက်တာ၊ သိမ်တိုင်တွေသယ်မသွားရတော့ ဝန်ပေါ့သွားတာနဲ့တင် ငါ့ကိုကျေးဇူးတင်သတဲ့ကွာ၊ ငါလည်း သုံးနှစ်သုံးမိုး မရောင်းရတဲ့သိမ်တိုင်တွေကို ရှမ်းကြီးဆီကိုပေးလိုက်တော့ ရှမ်းကြီးကပြုံးပြတယ်၊ မင်းသိမ်တိုင်တွေလောက်ကတော့ ပွဲခင်းထဲတောင်သွားရောင်းစရာမလိုပါဘူးကွာ၊ အခုပဲ ငါ့အိမ်မှာရောင်းထွက်အောင်လုပ်ပေးလိုက်မယ်တဲ့ကွ”

“တကယ်ရောင်းထွက်သွားလားဗျာ”

“အေးပါဆိုကွာ၊ ငါဖြင့်ယုံတောင်မယုံနိုင်ဘူး၊ သိပ်မကြာဘူး ရှမ်းဘုနု်းကြီးတွေနဲ့ လူကြီးတွေလိုက်လာကြတယ်၊ သူတို့သိမ်တိုင်တွေလိုချင်တာကြာပြီတဲ့ ပွဲခင်းထဲမှာရှိမလားဆိုပြီးလိုက်ရှာရင်း ငါသယ်လာတဲ့သိမ်တိုင်တွေတွေ့လို့ ငါ့အနောက်ကိုလိုက်လာခဲ့ကြတာတဲ့ကွ၊ ဒီလိုနဲ့ ရှမ်းကြီးဆီက သိမ်တိုင်တွေကို ဝယ်ပြီး လှည်းပေါ်တင်မောင်းကြသွားပါရော”

“ထူးဆန်းလိုက်တာဗျာ”

“ဒါနဲ့ ငါလည်းမပြန်တော့ဘူးကွာ၊ သူ့ဆီမှာတပည့်ခံရင်း ဆရာကြီးတတ်တဲ့ပညာကျွန်တော့်ကိုသင်ပေးပါဆိုပြီးတော့ ငါ့မှာပါတဲ့ငွေလုံးငွေရင်းတွေ အကုန်ပုံပေးလိုက်တော့မှ သူက ဈေးသည်မှော်ကျင့်နည်းကို ထုတ်ပြောတာကွ၊ ငါလည်း သူပြောတဲ့အတိုင်း ဗလာစာအုပ်နဲ့သေသေချာချာမှတ်လာခဲ့တယ်”

“ဒါဆို လုပ်ဖြစ်ပြီလို့သာမှတ်လိုက်ဗျာ၊ ကျုပ်ခင်ဗျားကိုကူညီမယ် ကိုငွေတိုး”

“မင်း အာကျယ်အာကျယ်မလုပ်နဲ့ကွ၊ လုပ်ရမှာကတော့ သိပ်မခက်ဘူး၊ လကွယ်ညမှာ သချိုင်းကုန်းထဲသွားပြီးတော့ ဈေးဆိုင်ဖွင့်ရောင်းရမှာပဲ”

“လကွယ်ညဆိုတော့ သန်ဘက်ခါပေါ့ဗျာ”

“အေးပေါ့ နီးနေပြီပေါ့”

“လုပ်တာက ရွာသင်္ချိုင်းမှာပဲပေါ့”

“သူက သင်္ချိုင်းကြီးလို့ပြောတာကွ၊ တို့ရွာသင်္ချိုင်းက ရွာကလူလောက်ပဲချတာဆိုတော့ သင်္ချိုင်းကသေးတယ်ကွ”

“ဒါဆို ဘယ်သင်္ချိုင်းကိုသွားမလဲ မြိုင်သာ သင်္ချိုင်းလောက်ဆိုရင်ရော”

“မလိုပါဘူးကွာ၊ ငါတွေးထားတာက တန်းမြင့်ရွာဘက်က သင်္ချိုင်းကုန်းဆိုရင်လည်း ကြီးတာပဲမဟုတ်လား၊ ရှေးအစဉ်အဆက်ကတည်းက အဲဒီမှာမြှုပ်လာခဲ့သလို အနီးအပါးကရွာတွေလည်းမြှုပ်ကြတော့ အတော်အတန်ကြီးတယ်မဟုတ်လား”

တန်းမြင့်ရွာ သင်္ချိုင်းဆိုတာနဲ့ ကျုပ်လည်း ကျောထဲစိမ့်ခနဲအေးသွားပြီးတော့ ကြက်သီးတွေထလာတယ်။

“ဖြစ် . . .ဖြစ်ပါ့မလား ကိုငွေတိုးရာ တန်းမြင့်ရွာသင်္ချိုင်းက သရဲအရမ်းခြောက်တယ်တဲ့နော်”

“မင်းကြောက်ရင်မလုပ်နဲ့ပေါ့အလတ်ကောင်၊ ငါ့ဖာသာ တခြားကာလသားတစ်ယောက်ခေါ်သွားမယ်”

ကိုငွေတိုးက တဲထဲကထထွက်သွားဖို့လုပ်နေတာနဲ့ ကျုပ်လည်းလှမ်းဆွဲထားလိုက်ရတယ်။

“မလုပ်ပါနဲ့ကိုငွေတိုးရာ ခင်ဗျားကလည်းစိတ်ချည်းပဲ၊ ကျုပ်လိုက်မှာပါဗျ”

“ဒါဆို မနက်ဖြန်ညနေလောက် ငါတို့တန်းမြင့်ရွာဘက်ကိုသွားမယ်ကွာ၊ အဲဒီမှာ ငါ့သူငယ်ချင်းအိမ်ရှိတယ်၊ သူ့အိမ်မှာတစ်ရက်လောက်တည်းပြီး ညဘက်ကျရင်တို့အစီအစဉ်ကို အကောင်အထည်ဖော်မယ်၊ အောင်မြင်ပြီဆိုတာနဲ့ ရွာကိုပြန်ကြမယ်ကွာ”

“ချသာချဗျာ”

ကျုပ်လည်းခေါင်းညိတ်လိုက်တော့တယ်၊ နည်းနည်းတော့ လန့်တယ်ဆိုပေမယ့် ကိုငွေတိုးဆီက ပီယဆေးတောင့်ကလေးကို လိုချင်တာတော့အမှန်ပဲဗျာ၊ ညနေရောက်တော့ ကိုငွေတိုးနဲ့ရွာထဲပြန်လာခဲ့တယ်၊ ကိုငွေတိုးအဆောင်က စွမ်းတာတော့အဟုတ်ပဲဗျ၊ ရွာလယ်ရေတွင်းမှာ ရေလာခပ်တဲ့မိန်းကလေးတွေက ကိုငွေတိုးကို ပြီတီတီကြည့်တဲ့လူနဲ့ ပြုံးပြတဲ့လူနဲ့၊ စကားခေါ်ပြောတဲ့လူနဲ့ဗျ၊ ကျုပ်ကိုတော့ ဖုတ်လေတဲ့ငါးပိရှိတယ်လို့ကိုမထင်ကြတာ။

ကျုပ်လည်း အပျိုချောတွေကိုကြည့်ပြီး စိတ်ထဲကနေကြိမ်းဝါးလိုက်မိတယ်။

“နင်တို့နေနှင့်ကြအုံးပေါ့ဟာ၊ ငါ ပီယဆေးတောင့်ရတော့မှ ပီယဆေးကိုလျှာမှာပွတ်လိမ်းပြီး တစ်ရွာလုံးကို ရည်းစားစကားလိုက်ပြောလိုက်အုံးမယ်”

(၂)

ပြောဖို့မေ့နေလို့ဗျ၊ ကိုငွေတိုးတို့က ညီအကိုနှစ်ယောက်ရှိတယ်၊ သူ့အကိုက ကိုငွေစိုးတဲ့၊ သူတို့အဖေကျတော့ ဦးငွေပေါတဲ့ဗျာ၊ ငွေမျိုးငွေနွယ်လို့ပြောရင်မမှားဘူးဗျ၊ ကိုငွေစိုးနဲ့ ကိုငွေတိုးက အသက်တစ်နှစ်လောက်ပဲကွာတယ်၊ ညီအကိုနှစ်ယောက်က အမွှာလို့ပြောရလောက်အောင်ကို ရုပ်ရည်ရော ကိုယ်လုံးကိုယ်ပေါက်ပါဆင်တူတယ်ဗျ၊ ကျုပ်တို့တောင် တစ်ရွာတည်းသားမို့လို့ အကြောင်းသိသွားလို့ခွဲတတ်တာ၊ ညီအကိုနှစ်ယောက်မှာ နည်းနည်းကွဲတာဆိုလို့ ကိုငွေတိုးက လမ်းလျှောက်ရင် ခါးနည်းနည်းစောင်းနေတတ်တာပဲ၊ ဒါလည်း တစ်ချိန်က ကူလီထမ်းရင်းဒဏ်ဖြစ်သွားတာလို့ပြောတယ်၊ ဒါပေမယ့် နာမည်စည်းတယ်လို့ပဲပြောရမယ်ထင်တယ်၊ သူ့အဖေဆိုရင်လည်း ငွေတွေပေါပေါများများရရှိအောင် ဦးငွေပေါလို့နာမည်မှဲ့ခဲ့ပေမယ့် တစ်သက်လုံး ငွေတစ်ရာတောင်ပြည့်အောင်ကိုင်မသွားရဘူးတဲ့ဗျ၊ အမြဲတမ်းအကြွေးတွေပတ်လည်ဝိုင်းနေတယ်ဆိုပဲ၊ သူမွေးတဲ့သူ့သားနှစ်ယောက်ကိုလည်း တစ်ယောက်ကိုငွေစိုး၊ တစ်ယောက်ကိုငွေတိုးဆိုပြီးနာမည်တွေပေးထားပေမယ့် ညီအကိုနှစ်ယောက်က မွဲလိုက်ကြတာမှ ဖွတ်ကအဖေခေါ်ရမယ့်လူတွေပေါ့ဗျာ။

ကိုငွေစိုးဆိုတာကလည်း ရွာမှာအဆင်းရဲဆုံးစာရင်းဝင် စာရင်းငှားပေါ့၊ စာရင်းငှားတောင်မှ ထမင်းစားကျွန်ခံပုံစံမျိုးဗျ၊ အလုပ်ကတော့လုပ်ရှာတယ်၊ ရလာသမျှပိုက်ဆံလည်း အရက်ဖိုးနဲ့တင်ကုန်တာပဲ၊ သောက်သောက်စားစားလူ့မင်းသားပေါ့ဗျာ၊ လူကသာအရက်သမားဆိုပေမယ့် ပွေတာတော့ တော်တော်ပွေတယ်၊ တစ်ခုလပ် မုဆိုးမ တစ်လင်ကွာတွေနဲ့ ခပ်ရှုပ်ရှုပ်ရယ်ဗျ၊ အဖေကဆို ကိုငွေစိုးနဲ့ပေါင်းဖို့သင်းဖို့မပြောနဲ့ စကားရပ်ပြောတာတောင်မကြိုက်ဘူး။

ကိုငွေတိုးကတော့ တစ်ရွာမကောင်းသူကောင်းမဖြစ်ဆိုပြီး ရွာကထွက်ပြီး နယ်လှည့်အလုပ်လုပ်တယ်၊ ဒါပေမယ့် မဆိုးဘူးဗျ၊ အခုတော့ သူက ချမ်းသာမဲ့လမ်းကြောင်းတစ်ခုပေါ်ကိုရောက်နေပြီလို့ပြောလို့ရတယ်၊ တကယ်လို့ ဈေးသည်မှော်သာအောင်မြင်သွားရင် ကိုငွေတိုးတစ်ယောက် စီးပွားဖြစ်မှာအမှန်ပဲ။ ကျုပ်ကတော့ သူတို့စီးပွားဖြစ်တာ မဖြစ်တာကို ဂရုမစိုက်ပါဘူးဗျာ၊ ကိုငွေတိုးအစီအရင်အောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ၊ သူနဲ့အဖော်လိုက်ရတဲ့ကျုပ်က သူ့ဆီက ပီယဆေးတောင့်ရမှာမို့လို့ ပျော်နေမိတယ်၊ ညဘက်ဆိုရင်လည်း ပီယဆေးတောင့်သုံးပြီး ဟိုလူ့ကိုလိုက်ပြောရမလား၊ ဒီလူ့ကိုအီစီကလီလုပ်ရမလားဆိုပြီးတွေးနေလို့ အိပ်ရေးတောင် တော်တော်ပျက်တယ်ဗျာ။

ဒီလိုနဲ့ အတိုချုပ်ပြောရရင် လကွယ်ညမတိုင်ခင် တစ်ရက်အလိုမှာ ကျုပ်နဲ့ကိုငွေတိုးလည်း ရွာကနေထွက်ခဲ့ကြတယ်၊ အဖေ့ကိုတော့ ကိုငွေတိုးနဲ့သွားမယ်လို့မပြောဘဲ သူငယ်ချင်းတစ်ယောက်နဲ့သွားမယ်ဆိုပြီး ထွက်ခဲ့တာပေါ့ဗျာ၊ ဒီလိုနဲ့ ရွာကထွက်ခါနီး ဦးဘသာကိုနှုှုတ်ဆက်မယ်ဆိုပြီး သူ့အိမ်ကိုတောင်လှမ်းကြည့်မိလိုက်သေးတယ်၊ ဒါပေမယ့် ဦးဘသာကိုမတွေ့ပါဘူးဗျာ။

တန်းမြင့်ရွာအစွန်ဘက်နားမှာ ကိုငွေတိုးသူငယ်ချင်းတစ်ယောက်နေတယ်၊ ဒီလူက အရက်စွဲနေတဲ့အရက်သမားဆိုတော့ အိမ်ကလည်းတော်တော်စုတ်စုတ်ပဲဗျ၊ အဲဒီအိမ်မှာ တစ်ညတလေ သည်းခံအိပ်ပြီး နောက်နေ့မနက်ကျတော့ ကိုငွေတိုးနဲ့ကျုပ်နဲ့ သင်္ချိုင်းကုန်းဆီကိုထွက်ခဲ့တယ်၊ တန်းမြင့်ရွာသင်္ချိုင်းက နှစ်ခုရှိတယ်ဗျ၊ ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ သင်္ချိုင်းက ပြန့်ပြန့်ပြူးပြူးနဲ့ တောအုပ်ကြီးလိုဖြစ်လို့ဗျ၊ မြေပုံတွေဆိုရင်လည်း ခပ်မို့မို့အရာလေးတွေပဲရှိတော့တယ်၊ ကုက္ကိုပင်ကြီးတွေ ထနောင်းပင်ကြီးတွေက အုပ်ဆိုင်းနေတယ်၊ ခပ်လှမ်းလှမ်းမှာတော့ ဘုန်းကြီးကျောင်းပျက်ကြီးတစ်ခုရှိတယ်၊ ဘုန်းကြီးကျောင်းကြီးက ဟိုးရှေးခေတ်ကတည်းက ရှိခဲ့တာဆိုတော့ ရစရာမရှိအောင်ကို ပြိုပျက်နေပါပြီဗျာ။ သင်္ချိုင်းအသစ်ကတော့ ကားလမ်းမဟိုဘက်ခြမ်းမှာရှိတာဗျ၊ အုတ်ဂူတွေကိုစီတန်းပြီးတော့ ညီနေတာပဲ၊ တန်းမြင့်ရွာရဲ့ဓလေ့တစ်ခုက ဆင်းရဲတဲ့လူသေသေ၊ ချမ်းသာတဲ့လူသေသေ အုတ်ဂူနဲ့မြှုပ်တဲ့ဓလေ့ရှိတယ်၊ ဆင်းရဲတဲ့လူသေရင်လည်း ရပ်ရွာက ပိုက်ဆံစိုက်ထုတ်ပြီးအုတ်ဂူဆောက်ပေးတော့ သချိုင်းကုန်းအသစ်မှာ အုတ်ဂူတွေက မှိုလိုပေါက်နေပါရော၊ ဟာလာဟင်းလင်းမှာရှိတာဆိုတော့ သိပ်လည်းကြောက်စရာမကောင်းဘူး။ ဇရပ်တောင်မှအသစ်ဗျာ၊ သင်္ချိုင်းထဲလည်း လျှပ်စစ်မီးတွေဘာတွေသွယ်တန်းထားသေးတယ်။

“ကိုငွေတိုး ကျုပ်တို့သင်္ချိုင်းကုန်းအသစ်မှာပဲ လုပ်ရင်မကောင်းဘူးလားဗျာ”

ကိုငွေတိုးက ခေါင်းခါတယ်။

“ငါကတော့မကြိုက်ဘူးကွ၊ အုတ်ဂူတွေပြည့်နေတာဆိုတော့ နေရာလည်းကျဉ်းတယ်၊ ပြီးတော့ ကားလမ်းမနံဘေး ဟာလာဟင်းလင်းကြီးမှာဆိုတော့ မတော်လို့ ငါတို့လုပ်နေတာတွေကိုလူတွေမြင်သွားရင်ခက်မယ်ကွ၊ သင်္ချိုင်းကုန်းအနားမှာလည်း ကုလားတွေစုနေတာဆိုတော့ လူမြင်ကွင်းကြီးဖြစ်နေတယ်”

“ဒါဖြင့် ဘယ်မှာလုပ်ကြမလဲ”

“သင်္ချိုင်းကုန်းအဟောင်းပဲ အဆင်ပြေမယ်ထင်တယ်ကွ”

“ဟာဗျာ၊ လူသေမှမမြှုပ်တော့တာ ဖြစ်ပါ့မလား”

“ဖြစ်ပါတယ်ကွာ၊ ငါကတော့ သင်္ချိုင်းကုန်းအဟောင်းပဲကြိုက်တယ်ဟေ့”

ကျုပ်ကတော့ ကျောထဲစိမ့်သွားတယ်၊ ဘာပဲဖြစ်ဖြစ် သူ့ဆီကလိုချင်တာရှိတယ်ဆိုတော့လည်း လုပ်ရမှာပေါ့ဗျာ၊ အဲဒီသင်္ချိုင်းအဟောင်းကလည်း အခြောက်အလှန့်မှာ နာမည်သိပ်ကြီးတယ်ဗျ၊ ဒါကြောင့် ကျုပ်က သင်္ချိုင်းကုန်းအသစ်မှာလုပ်ဖို့သူ့ကိုဆွယ်နေတာ”

ညခုနစ်နာရီလောက်ကျတော့ စားသောက်ပြီး ကိုငွေတိုးက သူ့သူငယ်ချင်းအရက်သမားနဲ့အတူတူအရက်တွေသောက်နေတယ်၊ ကျုပ်လည်းအစကတော့ မသောက်ချင်ပါဘူး၊ ဒါပေမယ့် ညကြီးသန်းခေါင် သင်္ချိုင်းကုန်းထဲသွားရမှာဆိုတော့ ရဲဆေးတင်တဲ့အနေနဲ့သောက်လိုက်တာပေါ့ဗျာ၊ အရက်သောက်ပြီး ဘုရားရှိခိုးမယ်လုပ်တော့ ကိုငွေတိုးက ကျုပ်ကိုတားတယ်။

“အလတ်ကောင် မင်းဘာဖြစ်လို့ ဘုရားရှိခိုးမှာလဲကွ”

“ဟာဗျာ၊ သရဲကြောက်လို့ပေါ့ဗျ”

“လခွမ်း၊ သချိုင်းကုန်းထဲသွားပြီး သရဲနဲ့သွားတွေ့မယ့်ဟာကို မင်းကဘုရားရှိခိုးတော့ သရဲကလာပါအုံးမလားကွ၊ ငါပြောထားမယ်နော်အလတ်ကောင် မင်းသင်္ချိုင်းကုန်းထဲရောက်ရင် ဘုရားလည်းမရှိခိုးနဲ့ ဘုရားစာလည်းမရွတ်နဲ့၊ သရဲမလာလို့ အကြံအစည်မအောင်ရင် မင်းရဲ့ပီယဆေးတောင့် မရတော့ဘူးလို့သာမှတ်လိုက်ပေတော့”

ကျုပ်လည်း ဘုရားမရှိခိုးတော့ဘူးပေါ့ဗျာ၊ ညသန်းခေါင်ရောက်အောင် အတော်ကြာကြာစောင့်လိုက်ရတယ်၊ အရက်သမားသူူငယ်ချင်းကတော့ အရက်မူးပြီးတခူးခူးနဲ့အိပ်ပျော်နေပြီ၊ ညသန်းခေါင်ကျော်ပြီး တစ်ချက်တီးလောက်မှ နှစ်ယောက်သားအိမ်ကထွက်လာခဲ့တယ်၊ ကိုငွေတိုးက တောင်းကြီးတစ်လုံးထမ်းလာတယ်၊ ကျုပ်ကတော့ ဖျာစုတ်တစ်ချပ်ကို ချိုင်းကြားညှပ်ပြီး ရေနံဆီမီးခွက်တစ်လုံးကိုလက်ကကိုင်ထားတယ်၊ သင်္ချိုင်းအဟောင်းနားရောက်တော့ လေစိမ်းတစ်ချက်ဝှေ့လိုက်တာ ကျုပ်ဖြင့်ကျောထဲစိမ့်သွားတာပဲဗျာ။

သချိုင်းကုန်းထဲရောက်တော့ ကိုငွေတိုးက နေရာတစ်နေရာရှာပြီးထိုင်ချလိုက်တယ်၊ အနားမှာ ကုန်းမို့မို့တွေနဲ့ဆိုတော့ အရင်က မြေပုံတွေဖြစ်မယ်၊ အဲဒီမှာ ဖျာစုတ်ကိုခင်းလိုက်ပြီး ဖျာပေါ်မှာတက်ထိုင်လိုက်ကြတယ်၊ ကိုငွေတိုးက ထုံးဘူးကိုဖွင့်ပြီး ဖျာပေါ်မှာလေးထောင့်စပ်စပ် စည်းဝိုင်းတစ်ခုကို ထုံးနဲ့ကွင်းလိုက်တယ်။

“အလတ်ကောင် ဟောဒီထုံးဝိုင်းထဲမှာပဲနေနော်ကွ၊ ပုဆိုးစတောင် အပြင်မထွက်စေနဲ့၊ မဟုတ်လို့ကတော့ မင်းကိုသရဲကစည်းဝိုင်းအပြင်ဆွဲထုတ်ပြီး ဂုတ်ချိုးသတ်စားလိမ့်မယ်”

သူပြောတာနဲ့ကျုပ်တောင်ထိုင်ရမှာခပ်လန့်လန့်ပဲ၊ ဒါနဲ့ ပုဆိုးစတွေသိမ်းပြီးဆောင့်ကြောင့်ကလေးထိုင်လိုက်ရတယ်၊ ကျုပ်တို့အရှေ့နားမှာတော့ သချိုင်းကုန်းက ဇရပ်ပျက်ကြီးရှိတယ်၊ ဇရပ်ကြီးမရှိတော့ဘဲ သစ်သားတိုင်လုံးကြီးတွေပဲ ထိုးထိုးထောင်ထောင်နဲ့ရှိနေတယ်၊ ဟိုးခပ်လှမ်းလှမ်းမှာတော့ ဘုန်းကြီးကျောင်းပျက်ဖြူဖြူကြီးကိုလှမ်းတွေ့ရတယ်။ ကိုငွေတိုးက ငှက်ပျောဖက်ထဲမှာ လက်ဖက်တစ်ပုံပုံပြီး နှမ်းတွေကြက်သွန်ကြော်တွေဖြူးတယ်၊ ပြီးတော့ ကွမ်းသုံးရာကို အဲဒီလက်ဖက်ပုံဘေးနားမှာတင်ပြီးတော့ စည်းဝိုင်းအပြင်ဖျာစပ်နားကိုချလိုက်တယ်။

“သချိုင်းကုန်းမှာရှိတဲ့ ပိုင်ရာဆိုင်ရာအစောင့်အကြပ်များကို လက်ဖက်ပွဲနဲ့မြှောက်ပါတယ်၊ ကျုပ်တို့တွေ သင်္ချိုင်းကုန်းမှာ ဈေးရောင်းတော့မှာဖြစ်တဲ့အတွက် သချိုင်းစောင့်က သင်္ချိုင်းအတွင်းက မကျွတ်မလွတ်တဲ့နာနာဘာဝတွေကို ထိန်းသိမ်းစောင့်ရှောက်ကြပါ”

ကိုငွေတိုးက လက်အုပ်ချီပြီးသုံးလေးခါလောက်ရွတ်လိုက်တယ်၊ ဒီအချိန် လေအေးတစ်ချက်ဝှေ့သွားလို့ ကျုပ်ဖြင့်ကျောကုန်းမှာ ကြက်သီးတွေဖြန်းခနဲထလာတယ်ဗျာ။

“ကိုငွေတိုး တောင်းထဲကဘာတွေလဲဗျ”

“အမဲသားစိမ်းတွေပေါ့ကွ”

“ဗျာ၊ အမဲသားစိမ်းတွေလား”

“အေးလေ၊ သရဲကိုဈေးလာရောင်းပါတယ်ဆိုမှ အမဲသားပဲရောင်းမှာပေါ့ကွ၊ လျှာမရှည်နဲ့အလတ်ကောင်၊ မီးခွက်ကိုထွန်းပြီးချလိုက်စမ်း”

ကျုပ်လည်းမီးခွက်ကိုထွန်းပြီးတော့ ဖျာစပ်နားမှာချလိုက်တယ်၊ ကိုငွေတိုးက တောင်းကိုအုပ်ထားတဲ့လင်ပန်းကို သားလှီးဓါးနဲ့ခေါက်ရင်း

“လာကြနော်၊ အမဲသားတွေရမယ်၊ အမဲသားတွေလတ်တယ်၊ ဈေးလည်းတန်တယ်ဗျာ၊ လာဝယ်ကြနော်၊ မိုးမလင်းခင်လာဝယ်ကြ”

ဈေးသည်တစ်ယောက်အော်သလိုမျိုးအော်လိုက်ပြီး မကြာပါဘူး၊ အနားက ကုက္ကိုပင်ကြီးက သစ်ကိုင်းတွေက တရှဲရှဲနဲ့လှုပ်လာတယ်၊ သစ်ကိုင်းတွေပေါ်ကိုလှမ်းကြည့်လိုက်တော့ ရေနံဆီမီးခွက်အလင်းရောင်နဲ့ သစ်ကိုင်းတွေအပေါ်မှာ အရိပ်ကြီးတွေက ဟိုခုန်ဒီခုန်နဲ့ ခုန်နေကြတယ်ဗျာ၊ ပြီးတော့ သစ်သီးတွေကြွေကျသလိုမျိုး မြေပေါ်ကိုတဘုတ်ဘုတ်နဲ့ပြုတ်ကျလာကြတယ်၊ ဆီမီးခွက်အလင်းရောင်အောက်မှာ ဘာအကောင်အထည်မှတော့မတွေ့ရပေမယ့် မြေပြင်ပေါ်မှာတော့ အရိပ်ကြီးတွေက ရှည်ရှည်မြောမြောကြီးနဲ့ ကြောက်စရာကြီးတွေဗျာ၊ ပြန်ပြောရင်း ကြက်သီးတောင်ထတယ်။

“ကိုငွေတိုး . . . လာ . . လာကြပြီဗျ၊ ဘာဆက်လုပ်ရမှာလဲ”

“မင်းအသာနေစမ်းပါအလတ်ကောင်ရာ၊ လာဝယ်တဲ့လူတွေထဲက ဈေးမဆစ်ဘဲလာဝယ်တဲ့ တမတ်စေ့ရရင်အိုကေပြီကွ”

နောက်တော့ ဖျာစပ်ကိုလက်မဲမဲကြီးတွေက လာဆွဲကြတယ်ဗျာ၊ ဒါပေမယ့် သူတို့လက်တွေက ကိုငွေတိုးတားထားတဲ့ ထုံးစည်းဝိုင်းကိုတော့ ကျော်မရဘူးဗျ၊ ကိုငွေတိုးက တိုးဝင်လာတဲ့လက်တွေကို တစ်တောင်လောက်ရှိတဲ့ တုတ်တစ်ချောင်းနဲ့ရိုက်ချရင်း

“ဟေ့ကောင်တွေ၊ ငါဈေးရောင်းနေတာ၊ အလကားဝေနေတာမဟုတ်ဘူး၊ စားချင်ရင် မင်းတို့မှာရှိတဲ့ပိုက်ဆံနဲ့ဝယ်စားကြ”

ဒီအခါ အကောင်းမည်းမည်းကြီးတစ်ကောင်က နောက်ပြန်ကြီးလမ်းလျှောက်လာသဗျာ၊ အရပ်ကတော့ တော်တော်ရှည်တာ ကျုပ်တို့ဖျာအရှေ့လည်းရောက်ရောမြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်၊ သူ့ကျောကုန်းကြီးကတင် ခပ်လုံးလုံးကြီးဗျာ၊ မီးခွက်အလင်းရောင်နဲ့ဆိုတော့ သူ့အသားအရေကိုအတိုင်းသားမြင်နေရတယ်၊ အသားက ခပ်ကြမ်းကြမ်းနဲ့ အမွှေးရှည်ရှည်တွေကလည်း ကျိုးတို့ကျဲတဲ့ပေါက်နေတယ်ဗျာ၊ ဆင်ရဲ့အရေပြားနဲ့တောင်ဆင်တယ်။ ဒီကောင်ကြီးက အသံအက်အက်ကွဲကွဲကြီးနဲ့ ဘယ်လောက်လဲဆိုပြီးမေးတယ်။ တစ်ဆယ်သားတစ်မတ်လို့ ကိုငွေတိုးကပြောလိုက်တော့ ဒီအကောင်ကြီးက ဘာမှန်းမသိတဲ့အကြွေစေ့တွေကို ဖျာပေါ်လှမ်းပစ်တင်လိုက်ပါရောဗျာ၊ အကြွေစေ့တွေက ခပ်ပြားပြားခပ်ထူထူတွေဗျ၊ ဘယ်ခေတ်က အကြွေစေ့မှန်းကို မှန်းလို့မရဘူး။ ကြေးပြားတွေဖြစ်လောက်တယ်ဗျ၊ ကြေးအညှိတွေတက်ပြီးတော့ ခပ်စိမ်းစိမ်းဖြစ်နေတယ်။

“ကိုငွေတိုး ဘယ်လိုလုပ်မလဲ”

“ဒီကောင့်ဟာက တစ်မတ်စေ့မှမဟုတ်တာကွ၊ မပေးရင်လည်းမကောင်းဘူး၊ ဒီကောင်ကြီးပွဲထကြမ်းနေအုံးမယ်၊ ဒီတော့ တစ်ဆယ်သားလောက်လှီးပြီးပေးလိုက်မယ်ကွာ”

ကိုငွေတိုးက တောင်းကိုဖွင့်ပြီး အသားလှီးဓါးနဲ့ အမဲသားခပ်ရွယ်ရွယ်တစ်တုံးတုံးပြီး လှမ်းပစ်ပေးလိုက်တော့ ဒီကောင်ကြီးက လက်နောက်ပြန်နဲ့လေပေါ်မှာဖမ်းလိုက်တယ်၊ ပြီးတော့ ပါးစပ်ထဲတစ်ခါတည်းထည့်လိုက်တာပဲ။ ပလပ်ပလပ်နဲ့ဝါးတဲ့အသံကြီးကိုကြားရပြီးတော့ ဒီကောင်ကြီးက အသံပြဲကြီးနဲ့ထပ်စားအုံးမယ်ဆိုပြီးပြောတယ်၊

“စားမယ်ဆိုရင် ပိုက်ဆံထပ်ပေး”

“မရှိတော့ဘူး၊ ကုန်ပြီ”

“ဈေးရောင်းနေပါတယ်ဆိုမှ အလကားကျွေးလို့ရမလား၊ စားချင်ရင်ပိုက်ဆံထပ်ယူခဲ့၊ ဒီမှာနေပြီးရှုပ်မနေနဲ့၊ သချိုင်းစောင့်နဲ့ရိုက်ပုတ်ခိုင်းလိုက်ရမလား”

ကိုငွေတိုးက သရဲကိုအသံမာမာနဲ့ပြောလိုက်တော့ သရဲကြီးက ငိုက်စိုက်ငိုက်စိုက်နဲ့ထထွက်သွားပါရောဗျာ၊ ကိုငွေတိုးကသာ သရဲကိုအသံမာမာနဲ့ပြောနိုင်တာ ကျုပ်ဆိုကြောက်လွန်းလို့ အသံတောင်မထွက်ရဲဘူးဗျာ။

“ကိုငွေတိုး၊ ခင်ဗျားမကြောက်ဘူးလား”

“ငါလခွမ်း ကြောက်တာပေါ့ဟ၊ ဒါပေမယ့် တစ်ဘဝလုံးကောင်းစားမယ့်အရေးဆိုတော့ ကြောက်ကြောက်နဲ့လုပ်နေရတာပေါ့ကွာ”

မကြာပါဘူးဗျာ၊ ကျုပ်တို့ဆီကို တဘုတ်ဘုတ်နဲ့ခြေထောက်ပြတ်ကြီးတွေလျှောက်လာကြတယ်၊ လက်ပြတ်ကြီးတွေလည်းပါတယ်၊ ခြေထောက်ပြတ်တွေက ခြေသလုံးလောက်အထိပဲမြင်ရတယ် အပေါ်ပိုင်းကိုဘာမှမမြင်ရဘူး၊ လက်ပြတ်တွေဆိုရင်လည်း တံတောင်ဆစ်နား၊ လက်ဖျံနားလောက်အထိပဲ မြင်ရတယ်။

အကြွေစေ့တွေကို ဖျာပေါ်ပစ်တင်ပြီးပေးလိုက်ကြတာ ဘာအစေ့တွေမှန်းကိုမသိပါဘူးဗျာ၊ စုံနေတာပဲ၊ တစ်ခါတစ်ခါကျတော့ သံပြားလိုဟာတွေရော၊ နောက်ပြီးလက်ဝတ်လက်စား လက်စွပ်တွေ၊ နားဋောင်းတွေ စုံနေတာပါပဲ၊ ဒါပေမယ့် ကိုငွေတိုးက အဲဒါတွေကိုတစ်ခုမှမယူဘဲ ဖျာပေါ်ဒီအတိုင်းပုံထားတယ်။

“ကိုငွေတိုး ဟိုလက်စွပ်ကလေးက ရွှေအစစ်ထင်တယ်ဗျ၊ တန်ဖိုးတော့ရှိမယ်နဲ့တူတယ်”

“ဟာ အလတ်ကောင်ရ၊ ဈေးသည်မှော်အောင်ဖို့က တစ်မတ်စေ့ပဲလိုတာကွ၊ ကျန်တာငါ့အတွက် ဘာမှအရေးမကြီးပါဘူးဗျာ”

ကျုပ်က အမဲသားတောင်းထဲကိုကြည့်လိုက်တော့ အမဲသားက တစ်ပိဿာလောက်တောင်မရှိတော့ဘူးဖြစ်နေတယ်။

“ကြည့်လဲလုပ်အုံးနော် ကိုငွေတိုး၊ တော်ကြာအမဲသားကုန်ပြီး မတ်စေ့မရတော့မှ ကျုပ်တို့အကြံအစည်မအောင်ဘူးဖြစ်နေမယ်”

“အေးကွ၊ပြဿနာပဲ”

“ဘာခက်သလဲကိုငွေတိုးရာ၊ ဒီတစ်ခါလာဝယ်ရင် တစ်မတ်စေ့ယူလာခဲ့ဆိုပြီး ပြောလိုက်ရုံပေါ့ကွ”

“အေး၊မင်းအကြံကောင်းတယ်နော်”

ဒီအချိန်ကျုပ်တို့အရှေ့မှာ မီးအလင်းရောင်ကလေးတစ်ခုမြင်ရတယ်ဗျ၊ တဖြည်းဖြည်းနီးလာတော့မှ မီးခွက်ကိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေတယ်၊ မိန်းကလေးက အသက်နှစ်ဆယ်လောက်ပဲရှိမယ်ဗျ၊ ဆံပင်ကိုတစ်ပတ်ရစ်ဆံထုံးထုံးထားပေမယ့် သူ့ဆံပင်ရှည်ကြီးတွေက ကျောလယ်လောက်ထိကျနေတယ်၊ ဝတ်ထားစားထားတာလည်း သန့်သန့်ပြန့်ပြန့်ပဲဗျာ။ မျက်နှာမှာလည်း သနပ်ခါးပါးကွက်ကြားက အဖွေးသားနဲ့ဗျို့။

“အကိုတို့ ညီမကိုအမဲသားတစ်ပိဿာလောက်ရောင်းပါရှင်”

ကိုငွေတိုးက အကဲခတ်ကြည့်နေတယ်၊ ကျုပ်လည်း မီးရောင်အောက်မှာသေချာကြည့်တော့ ဒီမိန်းကလေးက သရဲမဟုတ်ဘူးဗျာ၊ လူမှလူအစစ်။

“ဟဲ့သရဲမ၊ တစ်ပိဿာတော့မရဘူး တစ်ဆယ်သားပဲရမယ်၊ တစ်ဆယ်သားကိုတစ်မတ်”

“တစ်ဆယ်သားနဲ့ ဘယ်လိုလုပ်စားလောက်မှာလဲရှင်၊ ပြီးတော့ ကျွန်မက သရဲမဟုတ်ပါဘူး၊ လူပါ၊ ကျွန်မတို့မိသားစုက ဟိုနားက ကုန်းကလေးမှာနေကြတယ်၊ အကိုတို့ မီးရောင်လက်လက်ကိုမြင်တော့ ဘာလဲဆိုပြီးထွက်ကြည့်ရာကနေ အမဲသားရောင်းမှန်းသိလို့ အမဲသားကစားရခဲတယ်ဆိုပြီး လာထွက်ဝယ်တာပါ”

“သွားစမ်းပါ၊ မင်းဘာပြောပြောငါမယုံဘူး၊ တစ်ဆယ်သားကိုတစ်မတ်၊ ဝယ်ချင်ဝယ် မဝယ်ချင်နေ”

မိန်းကလေးက အရှေ့တိုးလာပြီးတော့ သူ့လက်ကိုစည်းဝိုင်းထဲကျော်ထည်ပြီး တစ်မတ်စေ့လှမ်းပေးတယ်၊ စည်းဝိုင်းကျော်လာလို့ ကျုပ်နဲ့ကိုငွေတိုးနဲ့လန့်သွားပြီးကြောင်ကြည့်နေမိတယ်၊ ကိုငွေတိုးက တစ်မတ်စေ့ကိုသေချာပွတ်သပ်ကြည့်ပြီး အိတ်ကပ်ထဲထည့်လိုက်တယ်။

“ရပြီအလတ်ကောင်ရေ”

“ဟ၊ ကိုငွေတိုး ခင်ဗျားဟုတ်မှလဲလုပ်နော်၊ ဒီမိန်းကလေးက လူအစစ်ထင်တယ်ဗျ”

“မင်းမေကြီးဒေါ် လူအစစ်ဖြစ်ရမှာလားကွ၊ ဒီအချိန် ဒီလိုနေရာကြီးကို ဘယ်မိန်းကလေးကတစ်ယောက်တည်းလာပြီးတော့ ဈေးဝယ်ရဲမှာလဲကွ၊ မင်းရူးနေသလား”

“ဒါပေမယ့် ကိုငွေတိုးရဲ့ထုံးမန်းစည်းဝိုင်းထဲကို သရဲတစ္ဆေတွေ နာနာဘာဝတွေက ဝင်မရဘူးဆိုဗျ၊ ခုနက သူ့လက်က ကျော်ထွက်လာတာ ခင်ဗျားမြင်တယ်မဟုတ်လား”

ကျုပ်ပြောတော့ ကိုငွေတိုးလည်း နည်းနည်းကြောင်စီစီဖြစ်သွားတယ်။

“အေးကွ၊ မင်းပြောသလို လူများလား၊ လူဆိုရင်တော့ ဒီတစ်မတ်စေ့က အသုံးမဝင်ဘူးပေါ့”

ကျုပ်နဲ့ကိုငွေတိုးနဲ့တီးတိုးပြောနေတုန်း ဒီမိန်းကလေးက ချောင်းဟန့်သံပေးတယ်ဗျ။

“ရှင်တို့ဘယ်လိုဖြစ်နေတာလဲ၊ ပိုက်ဆံပေးပြီးပြီလေ၊ အသားပေးမှပေါ့”

ကိုငွေတိုးက အသားတုံးတစ်ခုကိုလှီးလိုက်ပြီးတော့ မိန်းကလေးဆီပစ်ပေးဖို့လုပ်တယ်၊ ကျုပ်က ကိုငွေတိုးလက်ကိုတားလိုက်ပြီး

“ခင်ဗျားဘယ်လိုလုပ်လိုက်တာလဲဗျာ၊ သူက သရဲမှမဟုတ်တာ၊ ပစ်ပေးလို့ကောင်းပါ့မလား၊ ကျုပ်ကိုပေးစမ်းပါ”

ကျုပ်လည်းကိုငွေတိုးလက်ထဲက အသားတစ်ကိုယူလိုက်ပြီးတော့ မိန်းကလေးဆီကိုလက်ကမ်းပြီးလှမ်းပေးလိုက်တယ်၊ မိန်းကလေးက အသားတစ်ကိုယူရင်း ကျုပ်လက်ကိုပါဖမ်းဆုပ်ပြီးကိုင်လိုက်တယ်၊ လက်ချင်းထိလိုက်တော့မှ သူ့အသားက အေးစက်ပြီး ကြမ်းရှရှကြီးဖြစ်နေတာကိုခံစားမိလိုက်ရသဗျ၊ ကျုပ်လည်း ချက်ချင်းဒိန်းခနဲဖြစ်သွားပြီးတော့ လက်ကိုအတင်းပြန်ဆွဲပေမယ့် မိန်းကလေးက ကျုပ်ကိုစည်းအပြင်ကနေပြန်ဆွဲထားတယ်။

“ကိုငွေတိုး . . . လုပ် . . .လုပ်ပါအုံးဗျာ”

ကိုငွေတိုးက မိန်းကလေးမျက်နှာကိုလက်ညှိုးထိုးလိုက်ရင်း

“သ . . .သရဲမကြီးပါလား”

ကျုပ်လည်းမိန်းကလေးမျက်နှာကိုမော့ကြည့်လိုက်တော့ ပါးစပ်ကြီးက ဒီဘက်နားရွက်ကနေ ဟိုဘက်နားရွက်ထိအောင်ပြဲလန်နေပြီး ပါးစပ်ထဲမှာလည်း အစွယ်ကြီးတွေက ငေါထွက်နေသဗျ၊ ပါးစပ်ထဲကသွားတွေအားလုံးက သစ်ချွန်ဝါးချွန်တွေလို ချွန်မြနေပြီးတော့ တစ်ခုနဲ့တစ်ခု အတိုအရှည်လည်းမညီကြဘူးဗျ၊ ကျုပ်က အားကုန်ရုန်းပေမယ့် ရုန်းမရပဲဖြစ်နေတယ်။ သရဲမက ကိုငွေတိုးကိုကြည့်ရင်း

“ရှင်ကျုပ်ကိုမမှတ်မိဘူးလား”

ကိုငွေတိုးက ကြောင်စီစီနဲ့ဗျ။

“ရှင်လာမယ်ဆိုလို့ ကျုပ်စောင့်နေခဲ့တာလေ၊ အခုတော့ ရှင့်ကိုပြန်ခွင့်မပေးနိုင်တော့ဘူး”

ကျုပ်လည်းတော်တော်ထိတ်လန့်လာတာနဲ့

“ကိုငွေတိုး ကျုပ်ကိုကယ်ပါအုံးဗျာ”

ကိုငွေတိုးက ဝုန်းခနဲမတ်တပ်ထရပ်လိုက်ပြီးတော့ ကျုပ်ကျောကုန်းကို ခြေထောက်နဲ့ဆောင့်ကန်ထည့်လိုက်တယ်၊ သူကန်ထည့်လိုက်တော့ ကျုပ်က အရှိန်လွန်ပြီးတစ်ခါတည်းသရဲမရင်ခွင်ထဲကို ရောက်ချသွားတော့တယ်ဗျာ၊ ပြီးတော့ အမဲသားတောင်းကြီးကို ကျုပ်တို့ဆီကိုလှမ်းပစ်ပေးပြီး

“သင်္ချိုင်းကုန်းထဲက လူတွေရေ၊ နင်တို့ကိုအမဲသားရော၊ လူသားပါကျွေးလိုက်ပြီ၊ စားကြ အဲ့ကောင်ကိုစားကြ”

အဲဒီလိုပြောပြီးတော့ တစ်ချိုးတည့်လစ်ပြေးတာပဲဗျာ၊ သရဲမက ယောင်ယမ်းပြီးတော့ ကျုပ်ကိုဖက်ထားသေးသဗျ၊ ကျုပ်လည်း ကြောက်ကြောက်နဲ့သရဲမကိုဖက်ထားမိတယ်၊ သရဲမကလည်း သရဲမဆိုပေမယ့် သနပ်ခါးနံ့လေးက သင်းနေတာပဲဗျာ၊ ကိုယ်လုံးကလည်း ခါးသေးရင်ချီ ငါးရံ့ကိုယ်လုံးကလေးဆိုတော့ ဟီး ဟီး ဖက်လို့တော့ကောင်းတယ်ဗျ။

နောက်တော့မှ သရဲမက သတိဝင်လာပြီး ကျုပ်ကိုဆောင့်တွန်းထည့်လိုက်တယ်၊ ကျုပ်လည်း မြေပြင်ပေါ်ကိုလဲကျသွားတာပေါ့ဗျာ၊ သရဲမက ကျုပ်ကိုမကြည့်ပါဘူး၊ ထွက်ပြေးသွားတဲ့ ကိုငွေတိုးကိုကြည့်ပြီး

“လူယုတ်မာ၊ လူယုတ်မာ ရှင့်ကိုသတ်မယ်၊ ရှင့်ကိုကျုပ်သတ်မယ်”

လို့အော်ပြီး ပြေးလိုက်သွားတာပဲ၊ ကျုပ်ကတော့ သရဲမကိုလိုက်ကြည့်နေမိတယ်။

“ဟေ့လူတွေ နေကြအုံးလေ၊ ကျုပ်ကိုစောင့်ကြအုံးလေဗျာ”

ကျုပ်လဲကျနေရာကနေ ကုန်းထလိုက်တော့ အရိပ်မည်းမည်းကြီးတွေက ကျုပ်အနားကိုတဖြည်းဖြည်းဝိုင်းအုံလာကြတယ်၊ ဖျာပေါ်မှာထွန်းထားတဲ့ဆီမီးခွက်က မငြိမ်းသေးဘူးဆိုတော့ အရိပ်ကြီးတွေကို အတိုင်းသားမြင်နေရတယ်ဗျ၊ ပြီးတော့ ကုက္ကိုကိုင်းကြီးတွေကလည်း တဖြန်းဖြန်းနဲ့လှုပ်လာပြီး အကိုင်းတစ်ခုနဲ့တစ်ခုကိုခုန်ကူးနေတဲ့အရိပ်ကြီးတွေကိုမြင်နေရတယ်။

ကျုပ်လည်းကြောက်ကြောက်နဲ့လှည့်ပြေးလိုက်တဲ့အချိန် ကျုပ်အနားမှာ မှောက်ခုံကျနေတဲ့ အမဲသားတောင်းကြီးကို မမြင်ဘဲနင်းချထည့်လိုက်တာ တောင်းဖင်ကကျွံထွက်ပြီးတော့ ကျုပ်ခြေထောက်တစ်ဖက်မှာလာစွပ်နေတယ်၊ အနောက်က အကောင်ကြီးတွေက တဟီးဟီးနဲ့လိုက်လာပြီဆိုတော့ ကျုပ်လည်း တအားပြေးတာပေါ့ဗျာ။ ဖြစ်ချင်တော့ အဲဒီတောင်းကြီးက ကျုပ်ခြေထောက်မှာ ဘတ်လက် ဘတ်လက်နဲ့ပါနေတာဆိုတော့ ပြေးသာပြေးရတယ် စိတ်ရှိတိုင်းမရောက်ဘူးဖြစ်နေတယ်ဗျာ။

“ကယ်ကြပါအုံး၊ အမေရေ ကယ်ပါအုံး”

ကျုပ်အော်ပြီးပြေးပေမယ့် ပေသုံးဆယ်လောက်အကွာရောက်တော့ တောင်းနှုှုတ်ခမ်းက ဂွေကြီးက ကျုပ်နောက်ထပ်ခြေထောက်တစ်ဖက်ကိုပါ စွပ်မိပြီးတော့ လူကတစ်ခါတည်းမြေပေါ်ကိုဟပ်ထိုးလဲကျသွားတယ်၊ ကျုပ်ပြန်ကုန်းထမယ်လုပ်တုန်းမှာ လက်ကြမ်းကြီးတွေက ကျုပ်တစ်ကိုယ်လုံးကို ဝိုင်းပြီးကိုင်ကြတယ်၊ ကျုပ်ဖြင့်ကြောက်ကြောက်နဲ့ အဲဒီတော့မှ ဘုရားစာရွတ်ဖို့သတိရသွားတယ်။ ဒါနဲ့ သမ္ဗုဒ္ဓေဂါထာရွတ်မယ်ဆိုပြီး ရွတ်လိုက်ပေမယ့် သံဗုဓ် သံဗုဓ်ဆိုတဲ့အသံပဲထွက်ပြီး အနောက်ကစာသားတွေမေ့နေတယ်ဗျာ၊ ကြောက်ကြောက်နဲ့ဆိုတော့ ဘာမှကိုဆက်ရွတ်လို့မရတော့ဘူးဗျို့။

ကျုပ်လည်း သေမှာကြောက်တာနဲ့ အသံပြဲကြီးနဲ့ထပြီးအော်တာပဲဗျို့၊ ဒီအချိန် ရှဲခနဲရှဲခနဲအသံကြားလိုက်ရပြီးတော့ ကျုပ်ကိုဝိုင်းကိုင်တွယ်နေကြတဲ့လက်ကြီးတွေအကုန်လုံး ပျောက်ကုန်ကြတယ်၊ အရိပ်နက်လိုအကောင်မည်းကြီးတွေက ဟိုဟိုဒီဒီကြည့်နေကြပြီးတော့ နောက်ဆုံး မျောက်ကြီးတွေကို ကုန်းကုန်းကြီးနဲ့ သင်္ချိုင်းကုန်းထဲ ဝင်ပြေးကြကုန်တာပဲဗျာ။

ကျုပ်ကတော့ ကျုပ်ရွတ်လိုက်တဲ့ ဘုရားစာကြားလို့ ဒီကောင်တွေထွက်ပြေးတယ်ပဲထင်လိုက်မိတယ်၊ ဒါပေမယ့် တရှဲရှဲအသံက အနောက်ကနေကြားရတုန်းပဲ၊ ဒါနဲ့အမြန်ထပြီး အနောက်ကိုလှည့်ကြည့်လိုက်တော့ လူတစ်ရပ်အမြင့်လောက်ကနေ မီးလုံးကြီးတစ်လုံးက ပျံလာတာဗျာ၊ တရှဲရှဲနဲ့အသံတွေလည်းမြည်လို့ပေါ့။

“အောင်မယ်လေး၊ စုန်း . . . စုန်းမီးလုံးကြီးဗျ”

ကျုပ်အော်ပြီးထပြေးရတော့တယ်၊ ခြေထောက်မှာစွပ်နေတဲ့ တောင်းစုတ်ကြီးကိုဖြုတ်မရတော့တာနဲ့ မထူးပါဘူးကွာဆိုပြီး ယုန်လိုခြေစုံခုန်ပြီးပြေးနေမိတယ်။ လေးငါးချက်လောက်ခုန်ပြီးတော့မှ

“အလတ်ကောင်ရာ အကြောက်လွန်မနေစမ်းပါနဲ့၊ ငါပါကွ”

ကျုပ်နားထဲကြားတာ ဦးဘသာအသံပဲဗျ၊ ဒါနဲ့အနောက်ကိုလှည့်ကြည့်လိုက်တော့ ဦးဘသာက မီးတုတ်ကြီးကိုင်ပြီးလမ်းလျှောက်လာတယ်။

“အလတ်ကောင်၊ မင်းဘာဖြစ်နေတာလဲ”

ကျုပ်လည်း ဒီတော့မှ ခြေထောက်က တောင်းစုတ်ကြီးကိုချွတ်လိုက်ပြီးတော့ မတ်တပ်ထရပ်လိုက်တယ်၊ ဦးဘသာ ကျုပ်အရှေ့ကိုရောက်လာတော့မှ လက်သီးကိုကျစ်နေအောင်ဆုပ်ပြီး ဦးဘသာမျက်နှာကို အားကုန်ထိုးချထည့်လိုက်တယ်။ ခွပ်ခနဲအသံမြည်ပြီးတော့ ဦးဘသာက အနောက်ကိုယိုင်လဲသွားတယ်၊ ပြီးတော့ အံ့အားသင့်နေတဲ့မျက်နှာပေးနဲ့

“အလတ်ကောင်၊ မင်းငါ့ကိုဘာလုပ်တာလဲကွ”

ကျုပ်က လက်ခုပ်တီးပြီးတော့ ခွက်ထိုးခွက်လန်ရယ်လိုက်ရင်း

“ဟား၊ ဟား သရဲမ၊ နင့်အကြံဒါအကုန်ပဲလား၊ ငါ့ကိုဦးဘသာယောင်ဆောင်ပြီး ဖမ်းစားလို့ရမယ်လို့ နင်ထင်နေတာလား”

“အလတ်ကောင် မင်းရူးသွားပြီလား”

“ကျုပ်က ရူးမလားဗျ၊ ဒီမှာသရဲမ၊ ဦးဘသာက ငါတို့ရွာမှာနေတာ၊ ငါတို့ရွာကနေ ဒီတန်းမြင့်ရွာကိုလာမယ်ဆိုရင် အနည်းဆုံးသုံးလေးနာရီတော့ ကြာတာပဲ၊ နောက်ပြီး ဦးဘသာက ငါဒီကိုရောက်နေတာ ဘယ်သိမှာလဲ၊ ဒါကြောင့် မင်းဟာဘယ်နည်းနဲ့မှ ဦးဘသာမဖြစ်နိုင်ဘူး၊ မင်းက သရဲမ၊ ငါ့ကို ဦးဘသာယောင်ဆောင်ပြီးတော့ ဖမ်းစားမဲ့သရဲမပဲ၊ မင်းကိုအသေသတ်မယ်၊ မင်းကိုငါ အသေသတ်မယ်ကွ”

ကျုပ်လည်း ပြောပြောဆိုဆိုနဲ့ဘေးနားကျနေတဲ့ သစ်ကိုင်းကြီးဆွဲကောက်ပြီး ဦးဘသာဆီကိုပြေးဝင်သွားလိုက်တယ်၊ ဦးဘသာကို အားကုန်လွှဲရိုက်ချလိုက်ပေမယ့် ဦးဘသာကိုယ်လုံးနဲ့ထိတော့ သစ်ကိုင်းကြီးကနေ အပ်ချည်ကြိုးကလေးတစ်ချောင်းဖြစ်သွားတယ်။

“အောင်မယ် သရဲမက စွမ်းနေပါလား၊ သေပေတော့”

ကျုပ်လည်း ဦးဘသာကိုအတင်းခုန်ဝင်ပြီး နပမ်းလုံးလိုက်တယ်ဗျာ၊ ဦးဘသာကလည်း ကျုပ်ကိုပြန်လုံးတယ်ဗျ၊ နောက်တော့ ကျုပ်လက်နှစ်ဖက်ကိုသူ့လက်နဲ့ချုပ်ပြီး ကျုပ်အပေါ်တက်ခွထိုင်တယ်။

“အလတ်ကောင်ရာ ငါပြောတာဆုံးအောင်နားထောင်ပါအုံးကွ”

ကျုပ်လည်း ဦးဘသာမျက်နှာကိုတံတွေးနဲ့ထွေးထည့်လိုက်တယ်။

“ဟဲ့ သရဲမ၊ ငါ့ကိုတက်စီးပြီး စားချင်စားစမ်းပါ၊ ငါမကြောက်ဘူး ငါသေမှာမကြောက်ဘူးကွ”

“အလတ်ကောင်ရာ ငါဦးဘသာအစစ်ပါကွ”

“မဖြစ်နိုင်ဘူး ဦးဘသာအစစ်က ဒီအချိန် ဒီကိုဘယ်လိုရောက်နိုင်မှာလဲ”

“မနေ့ကတည်းက ငါဒီရွာကိုရောက်နေတာကွ၊ နွားသိုးငှားဖို့အတွက် လာခဲ့တာကွ”

ကျုပ်တော်တော်အံ့သြမိသွားတယ်။

“တကယ်လား ဦးဘသာ”

“မင်းကိုငါကလိမ်ရမှာလားကွ၊ ငါမနေ့က နေ့လည်ခင်းပိုင်းကတည်းက ရွာကထွက်လာခဲ့တာ၊ သာဝတို့တောင်ငါနဲ့အတူတူပါသေးတယ်”

ကျုပ်လည်းကုန်းပြီးထလိုက်တယ်။

“ဒါဖြင့်ရင် ဒီဟာက ဦးဘသာအစစ်ပေါ့နော်”

“အစစ်ပေါ့ကွ၊ ညနေက မင်းတို့နှစ်ယောက်ကိုမြင်လိုက်တာနဲ့ ငါစုံစမ်းကြည့်တော့ ရွာစွန်က အရက်သမားအိမ်မှာတည်းနေတယ်ဆိုတာကြားတယ်၊ မနက်ဖြန်မှ မင်းတို့နဲ့အတူတူပြန်မယ်ဆိုပြီးတွေးနေတုန်း ငါ့ခေါင်းထဲကို မင်းရဲ့စကားတစ်ခုက ဝင်လာတယ်၊ မင်းနဲ့ငွေတိုးနဲ့ ဈေးရောင်းကောင်းတဲ့အစီအစဉ်အကြောင်းပြောတာရယ်၊ ပြီးတော့ မင်းတို့နှစ်ယောက် ဒီရွာကိုရောက်နေတာရယ်ကို ဆက်စပ်တွေးမိပြီး ဟုတ်များဟုတ်မလားဆိုပြီး သင်္ချိုင်းကုန်းထဲလာခဲ့တာကွ”

ကျုပ်ကုန်းထပြီး ဦးဘသာကိုထိုင်ကန်တော့ရတော့တယ်။

“တောင်းပန်ပါတယ် ဦးဘသာရာ၊ ကျုပ်ဦးဘသာမှန်းမသိလို့ပါဗျ”

“မင်းကတော့ကွာ အမြဲလုပ်လိုက်ရင် မဆင်မခြင်နဲ့ချည်းပဲ၊ ဒါနဲ့ ငါရောက်တာအချိန်ကိုက်ဖြစ်သွားတယ်၊ မဟုတ်ရင် မင်းတော့ဒီသင်္ချိုင်းကုန်းက သရဲတွေဝိုင်းစားလို့ အရိုးတောင်ကျန်ပါ့မလားပဲ”

ဦးဘသာပြောမှ ကျုပ်လည်းကျောထဲစိမ့်သွားတယ်။

“နေပါအုံး ဦးဘသာရဲ့၊ ကျုပ်တို့ဈေးရောင်းမယ့်အစီအရင်လုပ်တာကို ဒီနေရာမှာလုပ်မယ်လို့ ဦးဘသာကဘယ်လိုသိသွားတာလဲ”

“ဈေးရောင်းမယ့်အစီအရင်က ဈေးသည်မှော်သွင်းတာလေကွာ၊ မင်းတို့နှစ်ယောက်က ဟိုနေ့က ငါ့ရှေ့မှာ မယုံပါဘူးတို့ မလုပ်ပါဘူးတို့ပြောနေပေမယ့် အခုရွာကိုနှစ်ယောက်ပူးရောက်နေကြတာရယ်၊ ပြီးတော့ ငွေတိုးသူငယ်ချင်းအရက်သမားက ဖျာစုတ်ရယ်၊ တောင်းရယ်၊ အမဲသားရယ်ရှာနေတာကြားတာနဲ့ ကြိမ်းသေပြီဆိုပြီးတော့ တွေးမိလို့ကွ”

“ဒါဆို ဦးဘသာက ဈေးသည်မှော်သွင်းနည်းကို သိတယ်ပေါ့”

“သိပ်သိတာပေါ့ကွာ၊ နေစမ်းပါအုံး ငွေတိုးကမင်းကိုဘာပြောထားလဲ၊ ဘာတွေမက်လုံးပေးထားလို့ မင်းကကူညီပေးတာလဲ”

“ဟိုဟာဗျာ၊ သူအောင်မြင်ရင် ကျုပ်ကို ပီယဆေးတောင့်ပေးမယ်တဲ့ဗျာ”

“မင်းတော့သေတော့မှာပဲအလတ်ကောင်ရာ၊ ဟိုကောင်က မင်းကိုအစီအရင်အကြောင်းအကုန်မပြောပြဘူးထင်တယ်ကွ”

ကျုပ်လည်း ခေါင်းခါလိုက်တယ်။

“ဈေးသည်မှော်သွင်းရင် မှော်အောင်ပြီဆို ခေါ်သွားတဲ့အဖော်ကို သချိုင်းကုန်းကသရဲတွေစားဖို့ ကျွေးခဲ့ရတယ်ကွ၊ ဒါမှတစ်ယောက်က လွတ်တာ၊ အေးပေါ့လေ၊ မင်းကိုသူက သရဲစာကျွေးဖို့အစီအစဉ်ရှိတော့ မင်းကိုဘယ်ပြောပါ့မလဲ”

ကျုပ်တော်တော် အံ့သြသွားတယ်၊ ဒေါသလည်းထွက်သွားတယ်။

“ဟာဗျာ၊ ဒီလူကျုပ်အပေါ်လုပ်ရက်တယ်ဗျာ၊ ကျုပ်ကတော့သူ့ကိုကူညီလိုက်ရတာ၊ သူက ကျုပ်ကိုသရဲစာကျွေးမလို့တဲ့လား”

“မင်းနဲ့သူနဲ့က သူစိမ်းကွအလတ်ကောင်ရ၊ ပြီးတော့ လူဆိုတာ ကိုယ်ကောင်းဖို့အတွက်နဲ့ သူများကိုချနင်းဖို့ဝန်လေးတဲ့လူတွေမဟုတ်ဘူး၊ ဒီငွေတိုးဆိုတဲ့ကောင်ကလည်း ဒီလိုလူစားပဲနေမှာ”

“ကျုပ်ဖြင့်သူ့ကိုအထင်ကြီးလိုက်ရတာဗျာ၊ နေပါစေအုံး ဒီလူကျုပ်နဲ့တွေ့အုံးမယ်”

“တွေ့တာနောက်မှတွေ့၊ အခုဒီမှာဆက်နေလို့မကောင်းဘူး၊ ဒီသင်္ချိုင်းကုန်းအဟောင်းက သိပ်ဆိုးတဲ့နေရာကွ၊ မင်းမို့လို့လာရဲတယ်အလတ်ကောင်ရာ”

ဒီအခါ သစ်ပင်ပေါ်ကနေ မည်းမည်းအကောင်ကြီးတွေက ဟေးခနဲ ဝါးခနဲအသံတွေနဲ့ခြောက်လှန့်ရင်း ကျုပ်တို့ဆီကိုဆင်းလာမယ့်ပုံစံနဲ့ တကဲကဲလုပ်နေကြတယ်၊ ဦးဘသာက တောက်တစ်ချက်ခေါက်လိုက်တော့မှ ဒီကောင်တွေငြိမ်ကျသွားတာဗျ။ ဒါနဲ့ဦးဘသာနဲ့ကျုပ်လည်း သင်္ချိုင်းကုန်းထဲကနေထွက်လာခဲ့တာပေါ့ဗျာ။ ဦးဘသာကိုင်ထားတဲ့မီးတုတ်ကြီးက တရှဲရှဲနဲ့ဗျ၊ ကျုပ်အထင်တော့ ရေနံထဲမှာ ရေပါလို့ထင်တာပဲ။

သင်္ချိုင်းကုန်းထဲကထွက်လာပြီး တန်းမြင့်ရွာအထွက်လမ်းနားရောက်တော့ မြေပေါ်မှာကျနေတဲ့ ဖြူဖြူအရာကလေးတစ်ခုကိုကျုပ်တွေ့လိုက်တယ်၊ သေချာကောက်ကြည့်လိုက်တော့မှ လက်ကိုင်ပုဝါအထုပ်ကလေးဖြစ်နေတယ်ဗျ၊ ကျုပ်လည်း ဝမ်းသာသွားပြီးသေချာဖွင့်ကြည့်လိုက်တော့ အထဲမှာပီယဆေးတောင့်ကလေးဗျာ။ ကျုပ်ဖြင့်ပျော်လိုက်တာမှ ပြောမနေပါနဲ့၊ ကြည့်ရတာ ကိုငွေတိုးတစ်ယောက် ပြေးရင်းလွှားရင်း ပုဆိုးကြားလိပ်ထိုးထားတဲ့ ပီယဆေးက ပြုတ်ကျခဲ့ပုံပဲ။

ညည့်နက်နေတာနဲ့ ကျုပ်တို့ရွာကိုမပြန်တော့ဘူး၊ တန်းမြင့်ရွာပဲပြန်မယ်ဆိုပြီး လာကြရင်း ရွာထိပ်နားရောက်တော့ လူတစ်ယောက်က သစ်ပင်ကြီးတစ်ပင်အောက်မှာ ငုတ်တုတ်ကြီးထိုင်နေတယ်ဗျ၊ သေချာကြည့်တော့မှ ကိုငွေတိုးဖြစ်နေတယ်၊ ကိုငွေတိုးက မျက်စိအပြူးသားနဲ့ ပါးစပ်ကလည်းအမြှုပ်တွေထွက်လို့ဗျို့၊ သေချာစမ်းကြည့်တော့မှ ကိုငွေတိုးတစ်ယောက်အသက်မရှိတော့ဘူးဗျာ။

“ဘာဖြစ်တာလဲဦးဘသာ”

“အသက်နှုတ်ခံရတယ်ထင်တယ်ကွ”

ကိုငွေတိုးက တစ်ခုခုကိုကြောက်အားလန့်အားနဲ့ကြည့်ပြီး အသက်ထွက်သွားတဲ့ပုံစံပဲဗျာ။

“ဒါနဲ့ခုနက သရဲမသတ်လိုက်တာဖြစ်မယ်ဗျ”

“ဟေ၊ ဘာသရဲမလဲကွ”

ကျုပ်လည်း ဦးဘသာကိုဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တယ်။ ဦးဘသာနားထောင်ပြီးတော့ တော်တော်အံ့သြနေတယ်။

“သေလိုက်ပါတော့အလတ်ကောင်ရာ၊ သရဲမက လူမှားပြီးသတ်လိုက်မိပြီထင်တယ်ကွ”

“ဘာကိုပြောချင်တာလဲဦးဘသာ”

“မင်းပြောပုံအရဆို သရဲမက ဒီရွာက မြစိန်ဖြစ်မယ်ဟ၊ မြစိန်က အရင်တုန်းက လင်ကြီးရှိရက်နဲ့ ကြာကူလီကောင်ငွေစိုးနဲ့ ခပ်ရှုပ်ရှုပ်ဖြစ်ခဲ့တာကွ၊ အဲဒါ ဟောဒီသင်္ချိုင်းကုန်းကြီးထဲမှာ ငွေစိုးနဲ့ချိန်းတွေ့နေတုန်း လင်ကြီးကရောက်လာပြီး ဓါးနဲ့ခုတ်သတ်လို့ မြစိန်ကပွဲချင်းပြီးသေသွားတယ်၊ ငွေစိုးကလည်း ကျောကုန်းမှာ ဓါးဒဏ်ရာရပြီး သေမလိုဖြစ်ခဲ့တာကွ၊ မြစိန်ရဲ့လင်ကြီးတောင်မှ လူသတ်မှုနဲ့ထောင်ကျနေတာ လွတ်ပြီလား မလွတ်သေးဘူးလား မသိသေးဘူး”

“ဟာ၊ ဒါဆို ကိုငွေစိုးနဲ့ကိုငွေတိုးက ရုပ်ချင်းအတော်ဆင်တာပဲ၊ ကိုငွေတိုးကို မြစိန်က ကိုငွေစိုးထင်ပြီးသတ်လိုက်တာဖြစ်မှာ၊ ဖြစ်တော့ဖြစ်နိုင်တယ်ဗျ၊ သရဲမက သူ့ကိုမမှတ်မိဘူးလားတို့၊ ရှင်က လူယုတ်မာတို့နဲ့ ပြောဆိုနေလိုက်တာဗျာ”

“ဘာပဲပြောပြော လူမိုက်တို့သွားရာလမ်းပေါ့ကွာ၊ ငွေစိုးက လူလည်ကွ၊ အဲဒါဖြစ်ပြီးကတည်းက ဟောဒီသင်္ချိုင်းကုန်းကို နေ့ခင်းဖက်တောင်မလာရဲဘူး၊ အခုငွေတိုးကတော့ သူ့အကိုရဲ့ဆိုးမွေကို ဘုမသိဘမသိနဲ့ခံသွားရတာပဲ”

“ဘာပဲဖြစ်ဖြစ် ဒီလူသေတာကောင်းတယ်ဗျာ၊ ကျုပ်ကိုကျတော့ သရဲစာကျွေးသေကြောင်းကြံပြီး သူကျကိုယ်လွတ်ရုန်းပြီး ပြေးခဲ့တဲ့လူကြီး”

“ဒေါသထိန်းစမ်းပါအလတ်ကောင်ရာ၊ သူ့အကုသိုလ်က သူ့ကိုပြန်ပြီးအကျိုးပေးသွားတယ်လို့ပဲမှတ်လိုက်ပေါ့၊ ကဲ ငါတို့လည်းရွာထဲမြန်မြန်ဝင်ရအောင်ဟေ့၊ တော်ကြာ ဒီလူသေအလောင်းကြီးနဲ့ ငါတို့နဲ့ကိုအတူတူမိသွားမှ ရှင်းရလင်းရခက်နေအုံးမယ်”

ကျုပ်က ကိုငွေတိုးအလောင်းကိုခြေထောက်နဲ့သုံးလေးချက်လောက်ကန်လိုက်ပြီး ရွာထဲဝင်လာခဲ့လိုက်တယ်၊ ထင်တဲ့အတိုင်းပါပဲ နောက်နေ့မနက်ကျတော့ တန်းမြင့်ရွာကလူတွေ ကိုငွေတိုးသေတဲ့အမှုနဲ့ ရှုပ်ယှက်ခတ်နေကြတယ်၊ ကျုပ်နဲ့ဦးဘသာကတော့ နွားသိုးကြီးမောင်းပြီး ပြန်လာခဲ့ကြတယ်။

တန်းမြင့်ရွာကနေ ကုန်းကြောင်းလျှောက်လာရင်း ရွာထိပ်နားက ချောင်းရိုးကလေးဆီရောက်တော့ နွားကိုရေတိုက်မယ်ဆိုပြီး ချောင်းရိုးစပ်ကိုမောင်းချလာခဲ့တာပေါ့ဗျာ၊ ကိုငွေတိုးသေသွားတယ်ဆိုပေမယ့် ကျုပ်အတွက်တော့ အဖိုးတန်တာလေးတစ်ခုရလိုက်တယ်မဟုတ်လား၊ ဒါနဲ့ ပီယဆေးတောင့်ဆိုတာကလေးကို ထုတ်ကြည့်မိတယ်၊ ကိုယ့်စိတ်ကူးနဲ့ကိုယ် ပျော်နေမိတယ်ဆိုပါတော့၊ ဦးဘသာက ကျုပ်ကိုကြည့်ရင်း

“အလတ်ကောင် မင်းမျက်နှာကြီးက ပြုံးနေပါလားကွ၊ မင်းလက်ထဲကိုင်ထားတာ ဘာလဲ”

“ဒါက ကိုငွေတိုးရဲ့ ပီယဆေးတောင့်ဗျ၊ ညက လမ်းမှာကောက်ရခဲ့တာ”

ကျုပ်လည်း လက်ကိုင်ပုဝါထဲက ဆေးတောင့်ကလေးကိုထုတ်ပြတော့ ဦးဘသာက မြေပဲတောင့်လိုအတောင့်ကလေးကို နမ်းကြည့်တယ်။ ပြီးတော့ ကျုပ်ကိုပြန်ပေးရင်း

“မင်းဟာက ကြောင်ချေးတုံးကြီးပါအလတ်ကောင်ရာ၊ ကြောင်ချေးတုံးက ချောက်နေတာပါ ဘယ်ကပီယဆေးမှာလဲ”

“မဖြစ်နိုင်ပါဘူး ဦးဘသာရာ၊ ဒီပီယဆေးက တကယ်စွမ်းတာဗျ၊ ကိုငွေတိုးက ဒါလေးဆောင်ထားရုံနဲ့တင် ရွာက ဂျမ်းစိန်မတို့၊ ခင်သက်ထားတို့ဆို သူ့ကိုရေလာမြောင်းပေး အရေးတယူနဲ့ဆက်ဆံတာဗျ”

“မင်းကလဲကွာ၊ ငွေတိုးကို ဒီကောင်မလေးတွေက စကားပြောမှာပေါ့ကွ၊ ငွေတိုးက ပွဲဈေးမှာဈေးရောင်းတဲ့လူဆိုတော့ သူတို့မိန်းကလေးအကြိုက် ပစ္စည်းဆန်းလေးတွေ မိတ်ကပ်တွေ၊ မျက်နှာချေတွေပါလာတတ်တာကိုး၊ မင်းကတော့ သိပ်ကြောင်တာပဲအလတ်ကောင်ရာ ကြောင်ချေးတုံးကိုများ ပီယဆေးတဲ့”

ဦးဘသာပြောတာနဲ့ ကျုပ်လည်း လက်ထဲကဆေးတောင့်ကိုနှာခေါင်းနားကပ်ကြည့်တယ်၊ ဒီတော့မှ ကြောင်ချေးနဲ့ကို ခံစားမိတယ်ဗျ၊ ကြောင်ချေးက ချောက်နေတာဆိုတော့ ဒီအတိုင်းအနံ့မထွက်ပေမယ့် သေချာနမ်းကြည့်ရင်တော့ နံလိုက်တာဗျာ။ ဒီကြောင်ချေးကို ပီယဆေးတောင့်အမှတ်နဲ့ ရေနဲ့သွေးပြီး လျှာပေါ်မှာလိမ်းမယ့် ကိုယ့်အဖြစ်ကိုတွေးပြီး အော့နှလုံးနာသွားမိတယ်။

“ဖွီ၊ ကိုငွေတိုး ကိုငွေတိုး ခင်ဗျားက သေတာတောင်မှ ဒီအတိုင်းမသေဘူး ကျုပ်ကို လိမ်သွားသေးတယ်”

ကျုပ်လည်း စိတ်ညစ်ညစ်နဲ့ ကြောင်ချေးတုံးကို ရိုးချောင်းအလယ်တည့်တည့်ကို လှမ်းပစ်ထည့်လိုက်တော့တယ်။ ဦးဘသာက တစ်ခုခုကိုတွေးနေရင်းနဲ့

“နေအုံးအလတ်ကောင်ရ၊ ငါကြားဖူးတာတစ်ခုရှိတယ်”

“ဘာလဲဦးဘသာ”

“ကြောင်ကတိုးကောင်အနက်ရဲ့ချေးတုံးက ပီယသိဒ္ဓိစွမ်းတယ်တဲ့ကွ၊ ငါအခုမှတွေးမိတယ်၊ မင်းဟာက ကြောင်ချေးတုံးဆိုတော့ ပီယသိဒ္ဓိဝင်နေတဲ့ ပီယဆေးလည်းဖြစ်ချင်ဖြစ်နိုင်တယ်”

ကျုပ်စိတ်ထဲ ဟာခနဲဖြစ်သွားတယ်။ ဒါနဲ့လွယ်ထားတဲ့လွယ်အိတ်ကို ချောင်းကမ်းဘေးပစ်ချ၊ ဝတ်ထားတဲ့အင်္ကျီကိုအမြန်ချွတ်ပြီး ပုဆိုးကိုခါးတောင်းကျိုက်လိုက်တယ်။

“အလတ်ကောင် မင်းဘာလုပ်မလို့လဲကွ”

“ဘာလုပ်ရမလဲ ရေငုပ်ဖို့ပေါ့ဗျ”

ဦးဘသာကိုတစ်ခွန်းပဲပြန်ပြောပြီး ချောင်းရေထဲကို ဒိုင်ဗင်ထိုးချလိုက်တော့တယ်။ ကျုပ်တစ်နေကုန်တစ်နေခမ်း ရေငုပ်ရှာပေမယ့် အဲဒီကြောင်ချေးတုံး . . . အဲမဟုတ်ပါဘူး . . အဲဒီပီယဆေးတောင့်ကို လုံးဝကိုမတွေ့တော့ပါဘူးဗျာ။ ဦးဘသာကိုလည်းစိတ်နာတယ်၊ ကိုငွေတိုးကိုလည်း စိတ်နာတယ်ဗျာ။ နေပူထဲကလာပြီး ရေငုပ်လိုက်တော့ ကျုပ်အပူအအေးမမျှဘဲ သုံးရက်လောက်ဖျားပါလေရောဗျာ။

ကျုပ်ပြောဖူးသားပဲ ကျုပ်ဆိုတဲ့ကောင်က အဲဒီလိုပစ္စည်းဆန်းတွေ၊ အဆောင်အဆန်းတွေနဲ့ အကျိုးမပေးပါဘူးလို့။

ပြီးပါပြီ။