အပိုင်း(၁)
မည်သည့်အတွဲနှင့်မျှ မချိတ်ဆက်ထားသည့် ဇာတ်လမ်းဖြစ်ပါသည်၊ အတွဲအနေနှင့်ဆိုလျှင် အတွဲ(၁)၏ ဟိုးအစောပိုင်းအချိန်ဖြစ်ပါသည်။
(၁)
ယာခင်းတွေပြီးတဲ့အချိန် နွေရာသီဟာ တကယ်ကိုပျင်းစရာကောင်းတဲ့အချိန်ပါပဲဗျာ၊ အမြဲတမ်းအလုပ်တွေ လုပ်နေရလို့လားတော့မသိဘူး အားအားယားယားနေနေရတော့ မနေတတ်ဘူး၊ အဖေတို့လူကြီးတွေကတော့ ရှေ့လကျရောက်တော့မယ့် အခါတွင်းအတွက် တိုင်ပင်ဆွေးနွေးကြတယ်၊ တန်ခူးလဆိုရင် အလှူပွဲတွေကလည်း ဆက်နေတတ်တယ်ဆိုတော့ အလုပ်မအားဘူးပေါ့ဗျာ၊ အဖေက ရွာသူကြီးဆိုတော့ ရပ်ရေးရွာရေး သာရေးနာရေးမှာ သူပဲဦးစီးပြီးတော့ စီမံနေရာတာကိုး၊ ကျုပ်လည်းပျင်းရင်ရွာထဲသွားလိုက် အိမ်မှာစာဖတ်လိုက်နဲ့လုပ်နေရင်း ညနေမိုးစုန်းစုန်းချုပ်ကာမှ ရေချိုးနေမိတယ်၊ ဒီအချိန် ခြံရှေ့ကို လူလေးယောက်ရောက်လာကြတယ်၊ အဲဒီထဲက လူလတ်ပိုင်းတစ်ယောက်က ကျုပ်ကိုကြည့်ပြီး
“ညီလေး အိမ်ထဲမှာသူကြီးရှိလား”
“မရှိဘူးဗျ ရွာထဲထွက်သွားတယ်ထင်တယ် အဖေနဲ့တွေ့ချင်ရင် ခဏစောင့်နေလိုက်ပါ ထမင်းစားချိန်နီးပြီဆိုတော့ အဖေပြန်လာပါလိမ့်မယ်”
အားလုံးက ယောက်ျားသားတွေချည်းပဲဗျ၊ တစ်ယောက်ကတော့ အသက်လေးဆယ်ငါးဆယ်လောက်ရှိမယ်၊ ကျန်တဲ့သုံးယောက်ကတော့ အသက်နှစ်ဆယ်ကျော် သုံးဆယ်အရွယ်တွေပဲ၊ ဝတ်ထားစားထားတာတွေကလည်း ကာကီရောင်အင်္ကျီတွေ၊ တောတွင်းဆောင်းတဲ့ဦးထုပ်၊ စစ်ဖိနပ်တွေနဲ့ဆိုတော့ ဒီလူတွေကြည့်ရတာ စစ်သားတွေလိုလို ဘာလိုလိုပဲဗျ၊ အနောက်ဆုံးက တစ်ယောက်ကတော့ သေနတ်ကြီးလွယ်လို့ဗျာ၊ ဒါနဲ့ ကျုပ်လည်း ရေတောင်ဆက်မချိုးတော့ဘဲ ဒီလူတွေအနောက်က ပြေးလိုက်လာခဲ့တယ်။
လှေကားပေါ်ကနေ လေကလေးတချွန်ချွန်နဲ့ဆင်းလာတဲ့အကိုကြီးက ဒီလူတွေကိုတွေ့တော့ လန့်သွားတယ်၊ လှေကားပေါ်ပဲပြန်ပြေးတက်ရမလို အောက်ပဲဆင်းရမလိုနဲ့ဖြစ်နေတယ်၊ ဒီလူတွေ အဖေထိုင်လေ့ရှိတဲ့ခုံကလေးမှာ ဝင်ထိုင်ကြတယ်၊ အငယ်မတွေဆိုရင်လည်း သူတို့အခန်းထဲကိုဝင်ပြေးတော့တာပဲ၊ ဟိုလူက သေနတ်ကြီးကိုင်ထားတယ်မဟုတ်လား၊ ကျုပ်မှာ ရေစိုပုဆိုးကြီးနဲ့ မီးဖိုချောင်ထဲပြေးဝင်လိုက်ရတယ်။
“အမေရေ ပြဿနာတော့တက်ပြီဗျ”
“ဟဲ့ အလတ်ကောင် ဘာဖြစ်လာတာလဲ”
“အိမ်ထဲကို သေနတ်ကိုင်ထားတဲ့လူတွေဝင်လာကြတယ်”
“ဟင် သူတို့က ဘယ်သူတွေလဲ ဘယ်ဝါတွေလဲ”
“မသိဘူးလေဗျာ၊ အဖေနဲ့တွေ့ချင်လို့တဲ့ဗျ”
“သောက်ကျိုးတော့နည်းပါပြီအလတ်ကောင်ရယ်၊ သေနတ်တွေနဲ့ဆိုတော့ မဟုတ်မှလွဲရော ဓါးပြတွေများလား၊ တလောက ထောက်ရှာရိုးရွာက သူကြီးက ဓါးပြဂိုဏ်းကလူတွေကိုဖမ်းဆီးပေးလိုက်တယ်ဆိုလို့ ဓါးပြတွေက အိမ်အထိလာပြီး သေနတ်နဲ့ပစ်သတ်သွားတယ်မဟုတ်လား”
“အမေကလဲဗျာ၊ အဖေက ဓါးပြဂိုဏ်းကို ဖမ်းပေးဖူးတာမှ မဟုတ်တာ”
“ဟဲ့အလတ်ကောင် နင့်ပထွေးဓါးပြတွေက လက်ယားနေတာဟဲ့၊ ငါတို့တော့ ငါးပါးမှောက်ပြီနဲ့တူပါတယ်”
“အမေက လူကြီးပဲဗျာ၊ အမေထွက်တွေ့လိုက်ပေါ့”
“အေး . . .အိမ်ထဲအထိရောက်လာပြီဆိုမှတော့ ဘယ်တတ်နိုင်ပါ့မလဲ သူတို့ကိုပဲ တောင်းပန်ကြည့်ရမှာပေါ့”
အမေက မီးဖိုချောင်ထဲက ထွက်သွားတယ်၊ ကျုပ်လည်း အမေ့အနောက်ကနေ ကုပ်ချောင်းချောင်းနဲ့လိုက်လာခဲ့တယ်၊ အကိုကြီးဆို လှေကားပေါ်မှာတင် ငုတ်တုတ်ထိုင်နေတယ်၊ ဟိုလူတွေကတော့ အေးအေးဆေးဆေးပဲဗျာ၊ စားပွဲပေါ်တင်ထားတဲ့ ရေနွေးကြမ်းအိုးထဲကနေ ရေနွေးတွေငှဲ့ပြီးသောက်နေကြတယ်။
“ဟိုလေ မောင်ရင်တို့က ဘာကိစ္စရှိလို့ သူကြီးနဲ့တွေ့ချင်ကြတာလဲကွဲ့”
အမေ့အသံတွေက ကြောက်စိတ်ကြောင့် တုန်တုန်ယင်ယင်ဖြစ်နေတယ်။
“ကျွန်တော်တို့က ဘ.ဓ.ရ ကပါ၊ သူကြီးဦးဘမောင်နဲ့တွေ့ချင်လို့လာတာပါ”
အမေက မပြောမဆိုနဲ့ မြေပြင်မှာဒူးထောက်ထိုင်ချလိုက်ပြီး လက်အုပ်ချီလိုက်တယ်။
“အဒေါ်တောင်းပန်ပါတယ် မောင်ရင်တို့ရယ်၊ အဒေါ့်ယောက်ျားကို မသတ်ပါနဲ့နော်၊ သူက လူရိုးလူမှန်ကြီးပါ၊ ရိုးလွန်းမှန်လွန်းလို့ကို ခက်နေတာပါ၊ ကျေးဇူးပြုပြီး သူ့ကိုမသတ်ပါနဲ့နော်”
အမေက ကျုပ်ကိုလှည့်ကြည့်ပြီး
“ဟဲ့ အလတ်ကောင် ဘာလုပ်နေတာလဲ နင်လည်းဝိုင်းတောင်းပန်လေ”
ကျုပ်လည်း ဘုမသိဘမသိနဲ့ မြေပေါ်မှာဆောင့်ကြောင့်ထိုင်ချလိုက်ပြီးတော့ လက်အုပ်ချီလိုက်တယ်၊ ကိုရင်ဘဝက ထွက်ထားတာမကြာသေးတော့ ဘုရားရှိခိုးရင်ထိုင်နေကျအတိုင်း ထိုင်ချလိုက်မိတာပေါ့ဗျာ။
“ဟုတ်ပါတယ် အကိုတို့ရယ်၊ အဖေ့ကိုမသတ်ပါနဲ့၊ အဖေက သမာသမတ်ကျတဲ့လူပါ သူများပြောတာတွေကို မယုံပါနဲ့နော်”
ဟိုလူတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တိုင်ပင်နေကြသလိုပဲဗျ၊ သေနတ်ကိုင်ထားတဲ့လူက မတ်တပ်ထရပ်လိုက်ပြီး
“ဒါဆိုရင်လည်း အဒေါ့်ကို . . .”
အဒေါ့်ကိုလို့ပဲပြောရသေးတယ် အမေက ငယ်သံပါအောင်အော်ပြီးတော့ လက်နှစ်ဖက်ကိုမိုးပေါ်မြှောက်ထားလိုက်တယ်။
“မလုပ်ပါနဲ့ ကျွန်မကိုလည်းမသတ်ပါနဲ့တော်”
ဒီအချိန်အဖေက ခြံထဲကိုဝင်လာတယ်၊ မြေပြင်ပေါ်မှာ ဒူးထောက်လက်မြှောက်နေတဲ့အမေနဲ့ ဆောင့်ကြောင့်ထိုင်ထားပြီး လက်အုပ်ချီထားတဲ့ကျုပ်ကိုတွေ့လိုက်တော့ ထူးဆန်းသွားပုံရတယ်၊ အဖေက အိမ်ဘက်ကိုလျှောက်လာတော့
“ကိုဘမောင်၊ ရှင်ဒီကိုမလာနဲ့၊ ရှင်ပြေးတော့ ဒီလူတွေက ရှင့်ကိုသတ်ဖို့ရောက်လာကြတာတဲ့”
အဖေတောင် အရှေ့ကိုဆက်လျှောက်ရမလား အနောက်ပဲပြန်လှည့်ပြေးရမလားဆိုပြီး ဒွိဟဖြစ်သွားတယ်။ ဒီအခါ အသက်လေးဆယ်လောက်ရှိတဲ့လူကြီးက
“ခင်ဗျားတို့ အထင်မှားနေကြပါပြီဗျာ၊ ကျုပ်တို့က သူကြီးကိုသတ်ဖို့လာခဲ့တာမဟုတ်ပါဘူးဗျ”
အမေက ပြူးတူးပြဲတဲနဲ့
“ဒါဆို ကျွန်မကိုသတ်ဖို့လာခဲ့တာပေါ့နော်”
“ကျုပ်ပြောတာဆုံးအောင်နားထောင်ပါအုံးဗျာ၊ ကျုပ်တို့က ဘယ်သူ့ကိုမှ သတ်ဖို့လာခဲ့တာမဟုတ်ပါဘူး၊ နေပါအုံး ခင်ဗျားတို့ကို ကျုပ်တို့က သတ်ဖို့လာတာလို့ ဘယ်သူပြောတာလဲ”
ကျုပ်လည်း မတ်တပ်ရပ်လိုက်ပြီး
“ခင်ဗျားတို့ပဲ ဘ.ဓ.ရ တွေဆိုဗျ”
“ဟုတ်တယ်လေ”
“ဘ.ဓ.ရ ဆိုတာ ဗ.က.ပ တွေနဲ့ အတူတူပဲမဟုတ်လား”
“ဟာဗျာ၊ ခင်ဗျားတို့ကတော့ လွဲနေပြီ၊ ဘ.ဓ.ရ ဆိုတာ ဘူမိဗေဒလေ့လာရေးနဲ့ဓါတ်သတ္တုရှာဖွေရေးအဖွဲ့ အဲဒါကိုပြောတာဗျ၊ ဘယ်က ဗ.က.ပ တွေဆွဲထည့်လာတာလဲဗျာ”
“သြော်၊ မသိပါဘူး၊ ဒါနဲ့သေနတ်ကြီးလည်းပါတယ်ဆိုတော့ ဓါးပြတွေလား၊ ဗ.က.ပတွေလားလို့ ထင်လိုက်မိတာပါ”
အမေက ကျုပ်တို့ပြောတာကို ကျီးကြည့်ကြောင်ကြည့် လိုက်ကြည့်နေတယ်၊ ကျုပ်လည်း အမေ့လက်ကိုဆွဲလိုက်ပြီး
“အမေထတော့ သူတို့က အဖေ့ကိုသတ်ဖို့လာတာမဟုတ်ပါဘူးဗျာ၊ အမေ့ကိုလည်းမသတ်ပါဘူး”
ဒီတော့မှ အမေက ထနိုင်တယ်ဗျာ၊ ဒါတောင် သူ့ဒူးတွေက တုန်နေသေးတယ်၊ ကျုပ်ဖြင့်အမေ့အဖြစ်ကိုကြည့်ပြီး ခွက်ထိုးခွက်လန်ရယ်လိုက်ချင်တာ၊ ဟိုလူတွေရှိနေလို့သာပေါ့။
“မင်းတို့က တော်တော်အတွေးခေါင်တဲ့လူတွေပဲကွ”
အဖေက ခုံတန်းမှာဝင်ထိုင်လိုက်တယ်။
“ခင်ဗျားတို့ ဘ.ဓ.ရ ကဆိုတော့ ဦးမောင်လွင်ဆိုတာ ခင်ဗျားပဲဖြစ်မယ်ထင်တယ်”
အဖေက အဲဒီလူတွေထဲက အသက်ကြီးကြီးလူကြီးကိုပြောလိုက်တယ်၊ ဟိုလူကြီးက ခေါင်းညိတ်ရင်း
“သူကြီးက ကျုပ်နာမည်ကိုတောင် သိနေတာလား”
“သိတာပေါ့ဗျာ၊ သိဆို ခင်ဗျားဦးဆောင်တဲ့ ဘ.ဓ.ရ အဖွဲ့က ရွာကိုလာမယ်ဆိုပြီး မြိုင်သာမြို့ကောင်စီက ကျုပ်ဆီကိုစာပို့ထားတာ နှစ်ပတ်လောက်ရှိရောပေါ့၊ ခင်ဗျားတို့လာရင် လိုအပ်တာတွေ ကူညီပေးလိုက်ပါတဲ့ဗျ၊ ကဲ ခင်ဗျားတို့က ကျုပ်တို့ရွာကို ဘာလာလုပ်တာလဲ၊ ကျုပ်တို့က ဘာကူညီပေးရမလဲ”
ဦးမောင်လွင်က
“အရင်ဆုံး ကျုပ်တို့အဖွဲ့နဲ့မိတ်ဆက်ပေးတာပေါ့ဗျာ၊ ကျုပ်နာမည်က ဦးမောင်လွင်ပါ၊ ဒီအဖွဲ့ရဲ့အဖွဲ့မှူးပေါ့၊ ဟောဒီသူငယ်ကတော့ မောင်မောင်တာလို့ခေါ်ပါတယ်၊ ဒီသူငယ်က မောင်မြင့်မောင်တဲ့၊ သူတို့နှစ်ယောက်ကတော့ ကျုပ်ရဲ့အဖွဲ့သားတွေပါ၊ လုပ်သက်လည်း နည်းပါးကြပါသေးတယ်၊ ဟောဟိုက သေနတ်ကိုင်ထားတာကတော့ ကျုပ်တို့ကို လုံခြုံရေးယူဖို့တာဝန်ကျတဲ့ ပြည်သူ့ရဲတပ်သား မောင်ဦးပါပဲ”
“ဟ၊ ခင်ဗျားတို့အဖွဲ့က နာမည်တွေကလည်း မောင်တွေချည်းပါပဲလားဗျ၊ ကျုပ်အဖေသူကြီးကလည်း ဦးဘမောင်တဲ့ဗျာ၊ မောင်တွေအချင်းချင်း စုမိကြပြီပေါ့”
ကျုပ်က ရယ်ကျဲကျဲနဲ့ဝင်ပြောလိုက်တော့ အဖေက ကျုပ်ကိုမျက်စောင်းထိုးပြီးကြည့်တယ်၊ သဘောကတော့ မင်းဝင်မပါနဲ့ဆိုတဲ့သဘောပဲ။
“ဟုတ်ပါရဲ့ဗျာ၊ ကျုပ်တို့အလုပ်ကတော့ ဘယ်နယ်မြေဒေသတွေမှာ ဘယ်လိုမြေမျက်နှာသွင်ပြင်ရှိတယ်၊ ဘယ်လိုကျောက်တွေရှိတယ်၊ ဘယ်လိုဓါတ်သတ္တုတွေရှိပြီး နိုင်ငံအကျိုးအတွက် တူးဖော်လို့ရမရ အဲဒါတွေကို စူးစမ်းလေ့လာကြပါတယ်၊ အခုတစ်ခေါက် ဒီရွာကိုရောက်လာတယ်ဆိုတာက ဒီရွာရဲ့တောင်ရိုးနဲ့ ရိုးမတောင်ကြီးအပေါ်ကို လေ့လာဖို့ရောက်လာတာပဲဖြစ်ပါတယ်”
အဖေက ခေါင်းတညိတ်ညိတ်နဲ့လုပ်နေတယ်။
“ကျုပ်တို့အလုပ်ကတော့ အဲဒီတောင်တွေရဲ့ တောင်ကျချောင်းတွေ၊ တောင်ကြောပြတ်ကြီးတွေအပေါ်ကိုတက်ပြီးတော့ မြေကြီးနမူနာ၊ ဓါတ်သတ္တုနမူနာတွေကို ပြန်ယူလာဖို့ပဲဖြစ်ပါတယ်သူကြီး၊ ဒါကြောင့် ကျုပ်တို့မှာ ဒီနယ်ဝန်းကျင်ကို ကျွမ်းကျင်ပြီး ကြမ်းကြမ်းတမ်းတမ်းလုပ်ကိုင်နိုင်တဲ့ ဒေသခံယောက်ျားသားနှစ်ယောက်လောက်လိုပါတယ်၊ ပြီးတော့ နည်းနည်းပါးပါးမေးစမ်းကြည့်ဖို့အတွက် ရှေ့မီနောက်မီ လူကြီးတစ်ယောက်လောက်လည်း လိုအပ်ပါတယ်”
အဖေက စဉ်းစားနေပုံပဲဗျ။
“အလကားတော့ မခိုင်းပါဘူးဗျာ၊ ဒီလူတွေကို ကာလပေါက်ဈေးနဲ့ နေ့စားကြေးတွက်ချက်ပြီး လုပ်ငန်းသိမ်းတဲ့အခါ ရက်တွက်နဲ့ ပြန်ရှင်းမှာပါ”
“ဒါဆို လစာရမယ့်သဘောပေါ့နော်”
အကိုကြီးက အဲဒီလိုမေးပြီးလှေကားပေါ်ကနေ ပြေးဆင်းလာတယ်။ ဦးမောင်လွင်က အကိုကြီးအမေးကို ခေါင်းညိတ်ပြီးပြန်ဖြေတယ်၊ အကိုကြီးက အဖေ့ကိုကြည့်ပြီး
“အဖေ၊ သားလိုက်သွားမယ်ဗျာ၊ ရွာမှာ အလုပ်မရှိမယ့်အတူတူ သူတို့နဲ့လိုက်သွားချင်တယ်၊ လစာလည်းရသလို သူတို့ဆီက ပညာရတာပေါ့အဖေရ”
အဖေက အကိုကြီးကိုတစ်ချက်ကြည့်လိုက်ပြီးတော့
“ဦးမောင်လွင်တို့ အလုပ်နဲ့ ကျုပ်သားနဲ့ကိုက်ပါ့မလား”
“ရပါတယ် သူကြီး၊ သူကလည်း အရွယ်ကောင်း၊ လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်ဆိုတော့ အဆင်ပြေပါတယ်၊ ဒါပေမယ့် နယ်မြေကျွမ်းကျင်မှုရှိပါ့မလား”
“နယ်မြေကျွမ်းတာကတော့ ပြောမနေနဲ့ဗျာ၊ ကျုပ်က မုဆိုးတစ်ပိုင်းဖြစ်နေပြီဗျ၊ အဲဒီတောင်ရိုးတွေ ရိုးမတောင်ကြီးတွေဆိုတာ ဟိုသားကောင်ပစ် ဒီသားကောင်လိုက်နဲ့ အိမ်ဦးနဲ့ကြမ်းပြင်လိုဖြစ်နေပါပြီဗျာ၊ ညဘက် အလင်းရောင်မပါဘဲသွားရင်တောင် လမ်းမှားမှာမဟုတ်ဘူးဗျ”
အကိုကြီးက သူ့ကိုယ်သူ ကြော်ငြာဝင်လိုက်တယ်၊ အကိုကြီးရဲ့စကားမှာ ဟိုလူကြီးတွေ နစ်မြောသွားတဲ့ပုံပါပဲ။
“ဒါဆိုရင်တော့ အဆင်ပြေတယ်၊ နောက်ထပ် လူငယ်တစ်ယောက်လောက် ထပ်ရှာရမယ်”
ဒီအခါ အကိုကြီးက ကျုပ်ကိုလှမ်းဆွဲပြီးတော့
“ရှာမနေပါနဲ့ဗျာ၊ ဟောဒီမှာ အလတ်ကောင်ရှိတယ်”
ကျုပ်က မဆီမဆိုင် ဘုမသိဘမသိဖြစ်နေတယ်။
“အကိုကြီး၊ ကျုပ်က လိုက်လို့ရရဲ့လား”
ဦးမောင်လွင်က ကျုပ်ကိုကြည့်ပြီး
“ဒီကောင်လေးက ငယ်သေးသလားလို့၊ ပြီးတော့ လုပ်နိုင်ပါ့မလားး”
“မပူပါနဲ့ဗျာ၊ အလတ်ကောင်က ရူးရုးပေါပေါဆိုပေမယ့် လက်ကြောတင်းပါတယ်ဗျ၊ အလတ်ကောင်ရေ မင်းလက်မောင်းက သွေးကြောကြီးကို တင်းပြလိုက်စမ်းကွာ”
ကျုပ်လည်း အကိုကြီးခိုင်းတဲ့အတိုင်းလုပ်ပြလိုက်မိတယ်၊ ဦးမောင်လွင်က
“အင်းလေ၊ လုပ်နိုင်မယ်ဆိုရင်ပြီးတာပဲ၊ ညီအကိုအရင်းတွေဆိုတော့ အဖော်ရတာပေါ့၊ ပြီးတော့ သူကြီးရဲ့သားတွေဆိုတော့လည်း တခြားလူတွေထက်စာရင် စိတ်ချရတာပေါ့ဗျာ၊ ဒါနဲ့သူကြီး သူတို့ကိုခေါ်သွားဖို့ သူကြီးခွင့်ပြုပါတယ်နော်”
“ခွင့်ပြုပါတယ်ဗျာ”
“ဒါဆိုရင်တော့ သူတို့နှစ်ယောက်ကိုထိန်းဖို့ရယ်၊ ဒီက တောအကြောင်း တောင်တွေအကြောင်းကို သိတဲ့ ရှေ့မီနောက်မီလူကြီးတစ်ယောက်လောက်ပဲ လိုတော့တယ်”
“ဒါကတော့ ဦးဘသာကြီးနဲ့ဆိုရင် ကွက်တိပဲဗျာ”
ကျုပ်က ကြားဖြတ်ပြီးပြောလိုက်မိတယ်၊ ဦးမောင်လွင်က အဖေ့ကိုကြည့်ပြီး
“သူကြီး သူပြောတဲ့ဦးဘသာဆိုလား အဲဒီလူက ကျုပ်တို့ပြောတဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီသလား”
အဖေက မေးစေ့ကိုပွတ်နေရင်း ခေါင်းညိတ်တယ်။
“ဦးဘသာက ဒေသန္တရ ဗဟုသုတလည်းရှိတဲ့အပြင် အရင်က တပ်ထဲမှာလည်း အလုပ်လုပ်ဖူးတယ်ဆိုတော့ သူနဲ့ဆိုရင် အဆင်ပြေမှာပါ”
“ဒါဆိုရင် သူကြီးပဲ သူ့ကိုခေါ်ပြီးပြောပေးပါ၊ ပြီးတော့ ရိက္ခာလည်းနည်းနည်းဝယ်ချင်ပါတယ်”
“ရိက္ခာအတွက်ကတော့ မဝယ်ပါနဲ့၊ ကျုပ်တို့ရွာက စီစဉ်ပေးလိုက်ပါ့မယ်၊ ကဲ အလတ်ကောင် ဦးဘသာကြီးကိုသွားခေါ်စမ်းကွာ”
ကျုပ်ဦးဘသာကိုပြေးခေါ်ရတယ်၊ ဦးဘသာနဲ့ အဖေတို့စကားပြောပြီးတော့ ဦးဘသာက ချက်ချင်းခေါင်းညိတ်လိုက်တယ်။
“တိုင်းပြည်အကျိုးအတွက်ပဲ ကူညီရမှာပေါ့ သူကြီးရယ်”
“ဒါဆို ခင်ဗျားတို့ရဲ့ မောင်အဖွဲ့ထဲမှာ ကျုပ်တို့မောင်နှစ်ယောက်လည်း ထပ်ပေါင်းမိပြီပေါ့ဗျာ၊ ကျုပ်နာမည်က ထွေးမောင် လူတွေကတော့ အကြီးကောင်လို့ခေါ်တယ်၊ ဟောဒါက အလတ်ကောင် ခင်မောင်ပေါ့ဗျာ”
ကျုပ်ဖြင့်ပျော်လိုက်တာ အတိုင်းထက်အလွန်ပါပဲ၊ ဦးဘသာကြီးနဲ့ အတူတူခရီးမသွားရတာ ကြာပြီမဟုတ်လား။
(၂)
ဒီလူတွေ သယ်လာတဲ့ပစ္စည်းတွေက မနည်းဘူးဗျ၊ အိပ်ရာခင်းလိုလို မိုးရေကာဖျင်ကြီးတွေလည်းပါတယ်၊ ကျုပ်နဲ့အကိုကြီးကတော့ သူတို့သယ်လာတဲ့ပစ္စည်းတွေကို ခြင်းကြီးတွေထဲထည့်ပြီးတော့ ထမ်းရတယ်၊ ရိက္ခာအတွက်ကတော့ ဆန်နဲ့ ကုလားပဲလောက်ပဲယူတယ်၊ သူတို့ဆီမှာ ဆီသွပ်ဘူးတွေ၊ စားစရာတွေ အစုံပါတယ်ဆိုပဲဗျ။ ခြင်းကြီးနှစ်ခြင်းကို ယှဉ်ပြီးချထားတယ်၊ တစ်ခြင်းထဲမှာတော့ ရိက္ခာဆန်အိတ်၊ ပဲအိတ်နဲ့ပြည့်နှက်နေတယ်၊ နောက်တစ်ခြင်းကတော့ ဖျင်စကြီးတွေ စောင်လိုဟာတွေပဲပါတယ်၊ အကိုကြီးက လူလည်ဗျ၊ သူကတော့ ပေါ့တဲ့ခြင်းတောင်းယူပြီး ကျုပ်ကိုကျတော့ ရိက္ခာခြင်းကြီးထမ်းခိုင်းတယ်။ နောက်တစ်နေ့မနက် နေမတက်ခင်မှာပဲ ကျုပ်တို့စထွက်လာခဲ့ကြတယ်။ ဦးဘသာကတော့ ထုံးစံအတိုင်း သူ့လွယ်အိတ်ကြီးလွယ်ပြီး ကွမ်းအစ်ပိုက်လို့ပေါ့ဗျာ၊ လွယ်အိတ်ကလည်း ဘာတွေထည့်လာသလဲတော့မသိဘူး ခေါင်းအုံးကြီးလို ပူဖောင်းလို့ဗျ။
အရင်ဆုံး တောင်ရိုးကလေးဆီကိုသွားပြီးတော့ တောင်ရိုးအောက်ဘက်က စမ်းချောင်းကလေးအတိုင်း လှမ်းလျှောက်လာခဲ့ကြတယ်၊ ဒီစမ်းချောင်းကလေးက ဟိုးရိုးမတောင်ကြီးပေါ်က မြစ်ဖျားခံပြီးစီးဆင်းလာတဲ့ တောင်ကျချောင်းကလေးပေါ့ဗျာ၊ ချောင်းရေတွေကတော့ ခမ်းကုန်ပြီ၊ ဟိုနားရေတစ်ကွက် ဒီနားမှာ ရေတစ်ကွက်လောက်ပဲကျန်တော့တယ်။ အရှေ့က လူတွေကတော့ ဟိုကြည့်ဒီကြည့်၊ ဟိုချောင်းကမ်းပါးက ကျောက်ကိုတူးကြည့်၊ ဒီကျောက်ကိုဖဲ့ကြည့်နဲ့ ဘာတွေလုပ်နေမှန်းကိုမသိဘူး။
ဦးမောင်လွင်ကတော့ သူ့တပည့်နှစ်ယောက်ကို ကျောက်အကြောင်းတွေရှင်းပြ ပြောပြနဲ့ပေါ့ဗျာ၊ ကျုပ်တို့တော့ နားမလည်ပါဘူး။ နေ့လည်ရောက်တော့ ချောင်းရိုးထဲက ကျောက်တုံးကြီးတစ်ခုအပေါ်မှာပဲ စခန်းချပြီးတော့ ရွာကထည့်လာကြတဲ့ ထမင်းထုပ်တွေဖြေစားကြတယ်။ ဦးမောင်လွင်က ထမင်းစားရင်းနဲ့
“ငါတို့ ဟိုး ချောင်းထိပ်ဘက်အထိကိုသွားမယ်ကွာ၊ အဲဒီမှာ နမူနာတွေရတော့မှ ချောင်းရိုးအတိုင်းပြန်ဆင်းလာကြမယ်၊ ရွာနဲ့နီးတဲ့နေရာတွေကိုတော့ နောက်မှသွားမယ်၊ ဒီကနေ နမူနာတွေယူပြီးသွားရင် ဟိုးချောင်းရိုးထိပ်ဘက်ရောက်တော့ ငါတို့လေးနေမယ်ကွ”
“ဆရာကြီးပြောတာဟုတ်တယ်၊ လမ်းမှာတွေ့တဲ့ ကျောက်သားနမူနာတွေကို မှတ်သားထားခဲ့ကြမယ်”
ဦးမောင်လွင်က ဦးဘသာကိုကြည့်ရင်းနဲ့
“အဘကြီး ဒီချောင်းက တော်တော်ရှည်သလားး”
ဦးဘသာက ပါးစပ်ထဲက ထမင်းလုပ်ကိုမြိုချရင်း
“ရှည်တာကမှ တော်တော့်ကိုရှည်တာ၊ ဒီချောင်းရိုးရဲ့အထက်ပိုင်းကို ဘယ်သူမှမရောက်ဖူးကြဘူး၊ ဒီချောင်းရိုးဘယ်ကစလာတာလဲဆိုတာကို ဘယ်သူမှမသိကြဘူး၊ ဒီချောင်းရိုးက တောင်မကြီးပေါ်ကနေ ဆင်းလာတဲ့တောင်ကျချောင်းတစ်ခုပဲ၊ ဒီဒေသက လူတွေယုံကြည်ကြတာတော့ ဒီချောင်းက နဂါးကြီးတစ်ကောင်သွားလာခဲ့လို့ ကျန်နေခဲ့တဲ့ ချောင်းတဲ့ဗျ”
ဒီအခါ ထမင်းစားနေတဲ့ မောင်မောင်တာဆိုတဲ့လူက ရယ်လိုက်ရင်း
“နဂါးဆိုတာ တကယ်မှမရှိတာပဲဗျာ၊ နဂါးသွားတိုင်းသာ ချောင်းပေါက်ကြေးဆိုရင် ဒီနယ်မှာ ချောင်းတွေအများကြီးဖြစ်နေတော့မှာပေါ့၊ တကယ်က ရေနိမ့်ရာစီး မီးမြင့်ရာလောင်ဆိုတဲ့စကားအတိုင်း ရေတွေက မြေနိမ့်ရာအရပ်ကို စီးဆင်းရင်း တဖြည်းဖြည်းနဲ့ရေတိုက်စားလို့ ချောင်းဖြစ်သွားတာပါ”
ဒီလူက လှောင်သလိုလိုနဲ့ပြောတာဗျ။ သူ့ဘေးနားက မြင့်မောင်ဆိုတဲ့လူကလည်းဝင်ပြောတယ်။
“ဟုတ်တယ်ဗျ၊ ခင်ဗျားတို့တွေက တောသူတောင်သားတွေဆိုတော့ သိပ္ပံသဘောတရားတွေကို နားမလည်ဘဲ မဖြစ်နိုင်တဲ့ ယုံတမ်းစကားတွေကိုယုံနေကြတာကိုး၊ အဲဒါ ဘာလို့လဲဆိုတော့ ပညာမတတ်လို့ဗျ”
ဒီလူပြောတဲ့စကားက ပိုတောင်ဆိုးသွားသေးတယ်ဗျာ၊ ကျုပ်တို့ကို တောသားတွေဆိုပြီး နှိမ်ချင်ပုံရတယ်၊ ဦးဘသာက မျက်နှာ ခပ်တန်းတန်းဖြစ်သွားပြီး
“ဆင်သွားရင်လမ်းဖြစ် နဂါးသွားရင်ချောင်းဖြစ်သတဲ့ မောင်ရင်တို့ရဲ့၊ နဂါးက နေရာအနှံ့ကိုသွားနေတာမှမဟုတ်တာ၊ သူ့အသိုက်ကို အဝင်တစ်လမ်း အထွက်တစ်လမ်းပဲထားတာ ဒီလမ်းကနေ အမြဲဝင်ထွက်သွားလာနေတော့ ကြာတော့ ချောင်းရိုးကြီးဖြစ်သွားခဲ့တာ၊ ဒီချောင်းရိုးက တကယ်တမ်းသေချာလိုက်သွားရင် နဂါးကြီးးတစ်ကောင် ကွေ့ပတ်ပြီးသွားထားသလို ကွေ့ကွေ့ပတ်ပတ်ကြီးဖြစ်နေတာ၊ ရှေးလူကြီးတွေကတော့ အဲဒီတောင်မကြီးအပေါ်မှာ နဂါးကြီးတစ်ကောင်နေတယ်ဆိုပဲ”
“ပုံပြင်လေးက နားထောင်လို့ကောင်းလိုက်တာဗျာ၊ ဆက်ပြောပါအုံး”
မြင့်မောင်ပြောလိုက်တော့ ဦးဘသာက မျက်နှာကြီးမဲ့သွားတယ်၊ ဦးမောင်လွင်က မြင့်မောင်ကိုကြည့်ရင်း
“မြင့်မောင်ရေ၊ တို့တွေအလုပ်က ကျောက်တုံးတွေချည်းကြည့်တာမဟုတ်ဘူးကွ၊ ဒေသခံတွေနဲ့လည်း ဆက်ဆံရသေးတယ်၊ ဒါကြောင့် ဒေသခံတွေရဲ့ ရိုးရာဓလေ့ ယုံကြည်မှုတွေကို မင်းမနောက်ပြောင်မိစေနဲ့”
ဦးမောင်လွင်ပြောလိုက်တော့မှ မြင့်မောင်က ပါးစပ်ပိတ်သွားတယ်။ ထမင်းစားပြီးတော့ ကျုပ်တို့လည်း ခရီးဆက်လာခဲ့ကြတယ်၊ ချောင်းရေက ခမ်းနေပြီဆိုတော့ သွားရတာ ခရီးတွင်တယ်၊ ရဲသား မောင်ဦးက သေနတ်တကားကားနဲ့အရှေ့ဆုံးကနေသွားတယ်၊ သူ့အနောက်က ဟိုလူသုံးယောက်က ဟိုကြည့်ဒီကြည့်လုပ်ရင်း ကျုပ်တို့နားမလည်တဲ့ စကားတွေနဲ့ တစ်ယောက်နဲ့တစ်ယောက်ပြောနေကြတယ်၊ နားမလည်ဘူးဆိုတာ သူတို့က အင်္ဂလိပ်လိုတွေ ရောရောပြောတာကိုး၊ ဦးဘသာနဲ့ ကျုပ်နဲ့ကတော့ အနောက်ကနေ အေးအေးဆေးဆေးစကားပြောရင်း လိုက်လာခဲ့ကြတယ်။
“ဦးဘသာ ပြောတာဟုတ်တယ်ဗျာ၊ ချောင်းရိုးက ဘယ်ကိုကွေ့သွားလိုက် ညာကိုကွေ့သွားလိုက်နဲ့ စီးနေတာဗျ၊ ကျုပ်ဖြင့်အခုမှပဲ သတိထားမိတယ်”
“ဒီချောင်းကို မင်းဘယ်လောက်ဝေးဝေးအထိရောက်ဖူးသလဲအလတ်ကောင်”
“ဘယ်ရောက်ဖူးမှာလဲဗျာ၊ တောင်ရိုးအကျော် သဲဆပ်ပြာကျုံးတဲ့နေရာလောက်ပဲ ရောက်ဖူးတာပေါ့”
“ရှေ့ဆက်သွားရင် နဂါးမြေအောက်ဝင်ပြီးလျှိုဆင်းထားတဲ့နေရာတို့ နဂါးတွေဖောက်ထားတဲ့တွင်းတို့ အများကြီးမြင်ရအုံးမှာကွ”
ဆက်လျှောက်လာကြရင်းနဲ့ ဆပ်ပြာကျုံးတဲ့နေရာကို ကျော်ခဲ့တော့ တဖြည်းဖြည်းနဲ့ချောင်းရိုးက မြေအောက်ကိုနိမ့်ဆင်းသွားတယ်၊ ချောင်းဘေးနားက ကမ်းပါးတွေကလည်း လူတစ်ရပ်မကမြင့်တက်သွားပြီးတော့ ခေါင်းပေါ်မှာလည်း ပေါင်းမိုးကြီးလို အမိုးကိုင်းကြီးလိုလို မြေကြီးတွေက ဆက်သွားပြီး ဂလိုင်ပေါက်ကြီးလိုဖြစ်နေတယ်၊၊ မသိရင် တကယ့်မြွေကျင်းကြီးနဲ့ကိုတူတာ၊ ချောင်းက အဲဒီဂလိုင်ပေါက်ကြီးထဲကနေ ဖြတ်သန်းပြီးစီးဆင်းနေပါရောဗျာ။
မြေအောက်ချောင်းကြီးကို ဦးမောင်လွင်တို့တွေလည်း တော်တော်ထူးဆန်းနေကြတယ်။ မြေအောက်ဂလိုင်ကြီးထဲမှာ အလင်းရောင်သေချာမမြင်ရတာပဲ မှုန်ဝါးဝါးနဲ့ဖြစ်နေတယ်၊ တစ်နေရာရောက်တော့ အရှေ့ဆုံးကသွားတဲ့ ရဲသားမောင်ဦးကို ဦးဘသာက လှမ်းအော်လိုက်တယ်။
“မောင်ဦးရေ ရပ်လိုက်ဟေ့”
ရဲသားမောင်ဦးလှမ်းနေတဲ့ခြေလှမ်းတွေက တန့်သွားတယ်၊ ဦးမောင်လွင်တို့က ဦးဘသာကိုလှည့်ကြည့်ပြီး
“ဘာဖြစ်လို့လဲ အဘ”
“အဲဒီအရှေ့မှာ နဂါးတွင်းလို့ခေါ်တဲ့ တွင်းတွေရှိတယ်၊ အဲဒီတွင်းတွေကို နဂါးတွေကဖောက်သွားတယ်လို့ပြောတယ်၊ ဒီတွင်းတွေက အဆုံးအစမဲ့အောင် နက်ရှိုင်းကြတယ်၊ လူသာကျသွားလို့ကတော့ ပြန်တက်လာနိုင်မှာမဟုတ်ဘူး”
ဦးမောင်လွင်က ဓါတ်မီးကိုထုတ်လိုက်တယ်၊ ဓါတ်မီးကလေးတွေက ခေါင်းမာတပ်လို့ရတဲ့ သိုင်းကြိုးလေးတွေပါတယ်ဗျာ၊ ဓါတ်မီးတွေဖွင့်ပြီးကြည့်လိုက်တော့မှ ရဲသားမောင်ဦးရဲ့ အရှေ့တစ်လှမ်း နှစ်လှမ်းလောက်အကွာမှာ တွင်းကြီးတစ်တွင်းကိုတွေ့လိုက်ရတယ်ဗျာ၊ ရဲသားမောင်ဦးဆိုရင် လန့်ပြီးတော့ အနောက်ကိုသုံးလှမ်းလောက်ဆုတ်လိုက်တယ်။
တွင်းက လူကြီးတစ်ကိုယ်ဝင်စာလောက်ပဲ ကျယ်တယ်၊ အထဲမှာလည်း ရေတွေအပြည့်နဲ့ဗျ၊ ချောင်းရဲ့အောက်ခံကျောက်သားပေါ်မှာ ဖြစ်နေတဲ့တွင်းပဲ။ ဦးမောင်လွင်တို့လူတစ်စုလည်း တွင်းဘေးမှာထိုင်လိုက်ကြတယ်။
“ဆရာကြီး ဒါဘာတွင်းတွေလဲ”
ဦးမောင်လွင်က တွင်းကိုသေသေချာချာကိုင်တွယ်ကြည့်နေတယ်၊ တွင်းဘေးနားနံရံတွေက တစ်ခုခုနဲ့ပွတ်တိုက်ထားသလို ပြောင်ချောနေတာပဲဗျာ။
“ရေတိုက်စားလို့ဖြစ်တဲ့ တွင်းဖြစ်မယ်ထင်တယ်နော်ဆရာကြီး”
“ဒါတော့ ငါလည်းမပြောတတ်ဘူး၊ ရေတိုက်စားတာ ဒီလိုအနက်ကြီးဖြစ်ပါ့မလား၊ ငါ့အထင်တော့ မြေမျက်နှာသွင်ပြင်ထူးခြားပြီး သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့တွင်းတွေဖြစ်မယ်”
“အဘကြီးကတော့ နဂါးတွင်းလို့ပြောတယ်၊ အဲဒါရော ဟုတ်ပါ့မလား”
မြင့်မောင်အမေးကို ဦးမောင်လွင်က ဘာမှပြန်မဖြေဘူး၊ မောင်မောင်တာက
“ဒီအတွင်းတွေက အဆုံးအစမရှိအောင် နက်တယ်ဆိုတာရောဖြစ်နိုင်ပါ့မလား”
ခေတ်လူငယ်နှစ်ယောက်ကတော့ ယုံချင်ပုံမရဘူး။
“ကဲ ငါတို့ဆက်သွားကြစို့ဟေ့”
“မသွားဘူးဆရာကြီး၊ ဒီနဂါးတွင်းတွေက တကယ်ပဲအဆုံးအစမရှိဘူးလားဆိုတာ ကျွန်တော်တို့ စမ်းသပ်ကြည့်ချင်သေးတယ်”
ဦးမောင်လွင်က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး
“ငါတို့ခရီးဖင့်နေမယ်ကွ၊ လာစမ်းပါကွာ၊ ဒါတွေက အရေးမကြီးပါဘူး”
မြင့်မောင်က မကျေနပ်သေးဘူး။
“ကျွန်တော့်အတွက်တော့ အရေးကြီးတယ် ဆရာကြီး၊ ဒီတွင်းက နဂါးဖောက်ထားတဲ့တွင်းဆိုတာ လုံးဝမဖြစ်နိုင်ဘူး၊ အစရှိရင် အဆုံးရှိမှာပဲ၊ အဲဒီအဆုံးကို ကျွန်တော်ရှာချင်တယ်၊ ဒီတွင်းက နဂါးတွင်းမဟုတ်ဘူးဆိုတာကိုလည်း ဒီဒေသခံတွေကို သက်သေပြချင်တယ်”
“မင်းတို့ဘယ်လိုလုပ်ကြမလို့လဲ”
“ကျွန်တော်တို့မှာ ကြိုးတွေပါတာပဲဆရာကြီး၊ ကြိုးထိပ်မှာ ကျောက်တုံးချည်ပြီးတော့ ဒီတွင်းထဲကို ချကြည့်မယ်ဗျာ၊ တကယ်လို့ ကြိုးကဆက်မကျသွားဘဲ ရပ်တန့်သွားတယ်ဆိုရင် အောက်ကကြမ်းပြင်နဲ့ ထိနေပြီပေါ့၊ မကြာပါဘူးဆရာကြီးရာ အလွန်ဆုံးကြာရင် ဆယ့်ငါးမိနစ်ပေါ့”
ဦးမောင်လွင်ကလည်း တပည့်နှစ်ဦးအပြောကို လက်ခံလိုက်တယ်။ မောင်မောင်တာက ကျောက်တုံးခပ်ကြီးကြီးတစ်တုံးကိုယူပြီးတော့ ကြိုးထိပ်မှာချည်နှောင်နေတယ်။ ဦးမောင်လွင်က ဦးဘသာအနားကိုကပ်လာပြီးတော့
“ဒီတွင်းတွေက နဂါးတွင်းတွေဆိုတော့ ဒီတွင်းနဲ့ပတ်သက်တဲ့ အယူအဆတွေရှိမှာပေါ့နော် အဘ”
“သိပ်ရှိတာပေါ့၊ လူတွေပြောကြတာကတော့ မြေအောက်မှာပင်လယ်ကြီးတစ်ခုရှိတယ်လို့ပြောတယ်၊ နဂါးတွေက တစ်နေရာနဲ့တစ်နေရာသွားချင်ရင် အဲဒီမြေအောက်ပင်လယ်ကနေ ကူးခတ်လာပြီးတို့ ကိုယ်အလိုရှိတဲ့နေရာရောက်တဲ့အခါ မြေပေါ်ကိုဖောက်တတ်ကြတယ်လို့ဆိုတယ်၊ အဲဒီအခါ ဒီလိုတွင်းကြီးတွေဖြစ်ကျန်ခဲ့တယ်”
“ဒါဆို ရှေးအယူအဆအရ ဒီတွင်းကြီးတွေက မြေအောက်ရေနဲ့တစ်နည်းတစ်ဖုံ ဆက်စပ်နေတယ်ဆိုတဲ့သဘောပေါ့၊ ဒါနဲ့ နဂါးတွေက မိုးပေါ်ပျံနိုင်တယ်မဟုတ်လား၊ ဘယ်လိုဖြစ်လို့ မြေအောက်ကနေလာတာလဲ”
“နဂါးမှာလည်း အမျိုးအစားအမျိုးမျိုးရှိတယ်၊ နဂါးချင်းတူပေမယ့် တန်ခိုးစွမ်းအင်ကလည်း တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး၊ ပြီးတော့ တစ်နေရာကိုသွားတဲ့အခါမှာ ကိုယ်အဆင်ပြေရာနည်းလမ်းနဲ့သွားကြပုံပဲ၊ ကျုပ်တို့လူတွေလိုပေါ့ဗျာ၊ ဥပမာ ရန်ကုန်ကနေ မန္တလေးကို ရထားစီးပြီးသွားတဲ့လူလည်းရှိမယ်၊ ကားစီးသွားတဲ့လူလည်းရှိမယ်၊ ကိုယ်ပိုင်ကားနဲ့သွားတဲ့လူလည်းရှိမှာပေါ့၊ တတ်နိုင်တဲ့လူကျတော့ လေယာဉ်စီးရင်စီးမယ်မဟုတ်လား၊ ဒီလိုပဲ ကိုယ်အဆင်ပြေရာအတိုင်းသွားကြတာပဲ ဦးမောင်လွင်ရဲ့”
ဦးမောင်လွင်က ခေါင်းညိတ်ပြီး
“ဟုတ်ပါတယ်၊ အဘပြောတာကို ကျုပ်လက်ခံပါတယ်”
“ကျွန်တော်တို့ကတော့ လက်မခံဘူးဗျို့၊ အခုပဲ တွင်းထဲကို ကြိုးချကြည့်တော့မယ်၊ ဒီကြိုးက ပေသုံးရာရှိတယ်ဆရာကြီး”
မောင်မောင်တာနဲ့ မြင့်မောင်နဲ့က ကြိုးကိုချကြည့်တယ်၊ ကျုပ်တို့တွေလည်း စိတ်ဝင်စားလို့ ဘေးနားကနေဝိုင်းကြည့်နေတာပေါ့ဗျာ။
“အဘ၊ ကျုပ်တို့ဒီလိုလုပ်လို့ အဘအတွက် အနှောင့်အယှက်မဖြစ်ပါဘူးနော်”
“ဘာမှမဖြစ်ပါဘူး၊ လူငယ်ဆိုတော့ လေ့လာစူးစမ်းချင်တာ သဘာဝပဲမဟုတ်လား၊ လူဆိုတာ ကိုယ်တိုင်လေ့လာစူးစမ်းပြီးမှ လက်ခံယုံကြည်ကြတဲ့အမျိုးကိုဗျ”
ဦးဘသာက ရယ်ကျဲကျဲနဲ့ပြောလိုက်ရင်း ကွမ်းအစ်ကြီးဖွင့်လို့ ကွမ်းယာစားနေတယ်။ ပေသုံးရာရှည်တဲ့ကြိုးခွေက မျက်စိအောက်မှာတင်ပဲ အောက်ကိုခပ်မြန်မြန်လျှောကျသွားပြီး ကုန်သွားတော့တယ်၊ မြင့်မောင်က ကြိုးအစွန်းကိုဆွဲထားလို့သာ တွင်းထဲကျမသွားတာဗျို့။
“ပေသုံးရာရှည်တဲ့ကြိုးတောင် တစ်ပေနှစ်ပေပဲကျန်တယ်ဆိုရင် ဒီတွင်းက ပေသုံးရာထက်နက်တဲ့ပုံပဲ”
မြင့်မောင်က သိပ်တော့မကျေနပ်သေးဘူး။
“မောင်မောင်တာ ငါ့ကို နောက်ကြိုးခွေတစ်ခွေပေးစမ်းကွာ”
မောင်မောင်တာက ကြိုးခွေတစ်ခွေထပ်ယူလာပြီးတော့ ထပ်ဆက်တယ်၊ ပြီးတော့ ဆက်ချတယ်၊ အဲဒီကြိုးခွေလည်း ခဏအတွင်းမှာပဲ ကုန်သွားတယ်။
“ငါ့ကို ကြိုးထပ်ပေးပါအုံး”
“မြင့်မောင်၊ တို့ယူလာတဲ့ ကြိုးသုံးခွေထဲက ပေသုံးရာနှစ်ခွေကုန်သွားပြီကွ၊ နောက်တစ်ခွေက ပေတစ်ရာ့ငါးဆယ်ပဲရှိတယ်”
“ပေးမှာသာ ပေးစမ်းကွာ မောင်မောင်တာရာ ငါစမ်းကြည့်ချင်လို့ပါ”
ပေတစ်ရာ့ငါးဆယ်ကြိုးခွေကိုလည်း ထပ်ဆက်လိုက်ကြတယ်၊ အဲဒီကြိုးခွေကလည်း တစ်ခါတည်းကုန်တာပဲ။
“ငါတို့မှာ ကြိုးကုန်ပြီမြင့်မောင်ရ၊ ပေခုနစ်ရာ့ငါးဆယ်တောင်မှ အဆုံးမရှိသေးဘူးဆိုရင် ဒီတွင်းထဲကိုလူကျသွားလို့ကတော့ ပြန်တက်လာဖို့ခဲယဉ်းမှာပဲကွ၊ ကြိုးကိုပြန်ဆွဲတင်လိုက်တော့ကွာ”
အခုမှ မြင့်မောင်လည်း နည်းနည်းယုံချင်သွားတယ်၊ ဒါနဲ့ကြိုးကိုပြန်ဆွဲရင်း ဆယ်ပေလောက်ဆွဲထုတ်အပြီးမှာတော့ ကြိုးက တစ်ခုခုနဲ့ချိတ်မိသလိုမျိုး တန့်ခနဲရပ်သွားတယ်၊ မြင့်မောင်က ကြိုးကို အားနဲ့ဆောင့်ဆွဲပေမယ့် ကြိုးက ဆက်တက်မလာတော့ဘူး။
“ဟ၊ အောက်က ကျောက်တုံးတစ်ခုခုနဲ့ချိတ်မိနေတာများလား”
“အေး၊ ဖြစ်နိုင်တယ်ကွ၊ လာကွာ တို့နှစ်ယောက် အတူတူဆွဲကြည့်ကြရအောင်”
မြင့်မောင်နဲ့ မောင်မောင်တာနဲ့ ကြိုးကိုနှစ်ယောက်ဝိုင်းဆွဲကြတယ်၊ သူတို့နှစ်ယောက်အားနဲ့ဆွဲတော့ ကြိုးက အပေါ်ကိုတဖြည်းဖြည်းတက်လာတယ်၊ ဒါပေမယ့် သုံးပေလောက်တက်ပြီးတော့ တစ်ခါပြန်ပြီးတန့်သွားတယ်။
“ဘာဖြစ်နေလဲမသိပါဘူးကွာ”
မြင့်မောင်က ညည်းညူလိုက်တယ်ဗျာ၊ ဦးဘသာက သူတို့နှစ်ယောက်ကိုကြည့်ပြီး မျက်လုံးပြူးမျက်ဆန်ပြူးနဲ့
“ဟေ့၊ မင်းတို့ ကြိုးကိုလက်လွတ်လိုက်ကြတော့၊ အဲဒါ အောက်က နဂါးကြီးကဆွဲနေတာကွ”
“ဟာဗျာ၊ ကြိုးဆွဲမရပါဘူးဆိုနေမှ အဘကြီးကတစ်မှောင့်၊ နဂါးကဆွဲတာဖြစ်နိုင်ပါ့မလားဗျ၊ ကြိုးထိပ်က ကျောက်တုံးနဲ့ တွင်းအောက်က တစ်ခုခုနဲ့ငြိနေတာဖြစ်မှာ”
မြင့်မောင်နဲ့မောင်မောင်တာက ဝိုင်းဆွဲကြတယ်၊ ရဲသားမောင်ဦးကပါ သေနတ်ကို ဘေးနားမှာချထားပြီးတော့ သုံးယောက်သား ဝိုင်းဆွဲတယ်၊ ကြိုးက အပေါ်ကိုတက်လာလိုက် ပြန်ပြီးဆင်းသွားလိုက်နဲ့ သူတို့ကိုကြည့်ရတာ လွန်ဆွဲပွဲတစ်ခုနဲ့တောင်ဆင်တူနေတယ်ဗျာ။ ဦးဘသာက ခေါင်းခါရင်း
“မဟုတ်သေးဘူး၊ အောက်မှာ တစ်ခုခုနဲ့ငြိနေတာလုံးဝမဟုတ်ဘူး၊ ဒီလိုငြိနေတာဆိုရင် ကြိုးကတက်လိုက်ဆင်းလိုက် ဖြစ်နေပါ့မလားကွ”
ဦးဘသာပြောလို့တောင်မဆုံးသေးဘူး ကြိုးက တစ်ချက်တင်းမာသွားပြီး ဝုန်းခနဲဆောင့်ဆွဲသလိုဖြစ်သွားတယ်ဗျာ၊ ကြိုးကိုဝိုင်းဆွဲနေတဲ့ ယောက်ျားသားယောက်စလုံး အရှေ့ကိုအားလွန်လဲကျသွားပြီးတော့ တွင်းထဲကို လျှောကျသွားတယ်၊ အကိုကြီးက ပြေးခုန်ပြီး ကြိုးစကိုဆွဲထားလိုက်တယ်၊ အကိုကြီးဆွဲတော့ ကြိုးက နည်းနည်းတန့်သွားပေမယ့် ထပ်ပြီးဆွဲနေတုန်းပဲဗျာ။ ကျုပ်လည်းအမြန်ပြေးသွားလိုက်ပြီး ကြိုးကိုဆောင့်ဆွဲလိုက်တယ်၊ အနားမှာ ကျောက်ထပ်ကြီးတစ်ခုရှိတာကြောင့် အဲဒီကျောက်ထပ်ကို ခြေကုန်ပြီး အသားကုန်ပြန်ဆောင့်ဆွဲရတယ်ဗျာ၊ ယောက်ျားသား ငါးယောက်ဆွဲတာတောင်မှ ကြိုးက ပြန်တက်မလာတဲ့အပြင် အောက်ကို တဝုန်းဝုန်းနဲ့ဆောင့်ဆွဲနေတာဗျ၊ ဒီအချိန် ဦးမောင်လွင်က ပြေးဆင်းလာပြီး သူ့ရဲ့တောခုတ်တဲ့ဓါးကြီးနဲ့ ကြိုးစကိုခုတ်ဖြတ်ထည့်လိုက်တော့မှ ကြိုးက ထောင်းခနဲပြတ်ပြီး ကျုပ်တို့တွေအကုန်လုံး အနောက်ကိုဖင်ထိုင်လျှက်သားလဲကျသွားတယ်။
မြင့်မောင်နဲ့ မောင်မောင်တာဆို လက်တွေပွန်းပြီး နီရဲနေတာပဲဗျာ၊ သူတို့လည်း တော်တော်ထိတ်လန့်သွားကြတယ်။
“မင်းတို့ယုံပြီမဟုတ်လားကွ၊ ဒီတွင်းတွေအောက်မှာ နဂါးတွေရှိတယ်ဆိုတာ”
မောင်မောင်တာက ခေါင်းညိတ်လိုက်တယ်။
“ထူးဆန်းတယ်ဗျာ၊ တကယ်ကိုထူးဆန်းတာ”
“ဟုတ်တယ်၊ ဒီတွင်းတွေက ဒီအနားကလူတွေအကုန်လုံးက နဂါးတွင်းလို့ယုံကြည်ထားတယ်၊ ရေဘယ်လောက်ရှားရှား ဒီတွင်းတွေထဲက ရေကိုမသုံးဘူး၊ ဒီတွင်းတွေအနီးမှာ ကျင်ကြီးကျင်ငယ်မစွန့်ဘူး၊ မဟုတ်တဲ့စကားတွေ မပြောကြဘူး”
ဦးဘသာပြောတော့မှ ကျုပ်တောင်လန့်သွားတယ်။
“ကဲ မြင့်မောင်တို့ မောင်မောင်တာတို့ ထတော့ကွာ၊ ငါတို့လာတဲ့ကိစ္စကိုပဲ အာရုံစိုက်ကြ၊ ညမိုးမချုပ်ခင် ငါတို့ဒီချောင်းကြီးရဲ့ အဖျားဘက်ရောက်အောင် သွားကြရမယ်ကွ”
ဦးမောင်လွင်က အရှေ့ကနေဆက်သွားတယ်၊ ဒီဂလိုင်ကြီးအောက်မှာ နဂါးတွင်းတွေ သုံးလေးတွင်းထပ်တွေ့ရသေးတယ်၊ ဦးမောင်လွင်အနောက်က ရဲသားမောင်ဦးလိုက်တယ်၊ ပြီးတော့ ဦးဘသာနဲ့ ကျုပ်တို့ညီအကိုလိုက်လာကြတယ်၊ မြင့်မောင်နဲ့ မောင်မောင်တာကတော့ သူတို့အထုပ်အပိုးတွေကို ပြန်ကောက်ပြီးတော့ အနောက်ဆုံးကနေ လိုက်လာခဲ့ကြတယ်။
ဂလိုင်ကြီးထဲကနေ ဆယ်မိနစ်လောက်ကြာအောင်လျှောက်တော့မှ အပြင်ကိုပြန်ရောက်လာခဲ့တော့တယ်၊ ဆက်သွားကြရင်း တဖြည်းဖြည်းနဲ့တောတောင်ထူထပ်လာတယ်၊ ချောင်းရိုးကလည်း လျှောက်နေရင်းနဲ့ကို တဖြည်းဖြည်းမြင့်တက်သွားတယ်၊ ချောင်းဘေးက ကမ်းပါးတွေကလည်း လူတစ်ရပ်ကျော် နှစ်ရပ်နီးပါးဖြစ်ကုန်တယ်၊ ဦးမောင်လွင်ကတော့ ထုံးစံအတိုင်းပေါ့ဗျာ၊ ချောင်းရိုးအတိုင်းသွားရင်း တစ်ခါတစ်ခါ ချောင်းကြမ်းပြင်က ကျောက်တုံးတွေကိုကြည့်လိုက်၊ တစ်ခါတစ်ခါ ချောင်းကမ်းပါးက ကျောက်သားတွေကိုကြည့်လိုက်နဲ့ ခရီးဆက်ခဲ့ကြတယ်၊
ညနေနေဝင်သွားတဲ့အခါ ချောင်းရိုးကြီးထဲမှာပဲ စခန်းချလိုက်ကြတယ်၊ နွေရာသီမှာ ချောင်းရေက ဆက်မဆင်းတော့ဘူးဆိုတော့ ချောင်းရိုးကြမ်းပြင်က ကျောက်တုံးကြီးတွေက သွေ့ချောက်နေတယ်၊ ကျောက်တုံးကြီးတွေကို ရေတိုက်စားထားလို့ ကျောက်ဖျာတွေလို ပြောင်ချောကြီးတွေဖြစ်နေကြတယ်။
ကျုပ်တို့စခန်းချတဲ့နေရာရဲ့ အထက်ဘက်နားမှာ ကျောက်ချိုင့်ကြီးတစ်ခုရှိပြီး ရေစပ်စပ်ရှိနေသေးတယ်၊ တစ်နေ့လုံးပင်ပန်းခဲ့တာဆိုတော့ အဲဒီရေအိုင်ထဲမှာ ခြေလက်ဆေး မျက်နှာသစ်ပေါ့ဗျာ၊ အကိုကြီးက မျက်နှာသစ်နေရင်း
“ဟာအလတ်ကောင်၊ ရေအိုင်ထဲမှာ ငါးတွေပါလားကွ”
အကိုကြီးပြောမှ သေချာကြည့်မိတယ်ဗျ၊ ဟုတ်တယ်ဗျာ၊ ဆယ်ပေလောက်ရှိတဲ့ ရေအိုင်ထဲမှာ ငါးတွေဗျ၊
“ရေနည်းငါးတွေ ဒီနေရာမှာ စုနေတာထင်တယ်အလတ်ကောင်ရေ ငါတို့တော့ စားရကံကြုံတာပဲ”
အကိုကြီးက စခန်းကိုပြန်သွားပြီး ခြင်းကြားကြီးပြေးယူတယ်၊ ခြင်းကြားကြီးနဲ့ ငါးဖမ်းတာ ငါးတွေတော်တော်ရတယ်၊ တစ်ချို့ငါးတွေဆိုရင် တစ်တောင်လောက်ကိုရှိတာ”
ငါးဖမ်းပြီးပြန်လာတော့ မောင်မောင်တာတို့က ရွက်ဖျင်ကြီးတွေကိုထုတ်နေကြတယ်၊ ဦးမောင်လွင်က
“ငါတို့ ယာယီစခန်းပဲချမယ်၊ နောက်နေ့ တောထဲရောက်မှ အခြေစိုက်စခန်းချမယ်ကွာ”
ယာယီစခန်းဆိုတာ ရွက်ဖျင်တွေဘာတွေမထိုးဘဲ ဒီအတိုင်းနေရတဲ့စခန်းကိုပြောတာတဲ့ဗျာ၊ ဒါနဲ့ တဲတွေမထိုးတော့ဘဲ မီးပုံတစ်ပုံဖိုပြီး မီးပုံဘေးမှာ စောင်တွေ၊ ရွက်ဖျင်တွေကို ခေါင်းအုံးလုပ်၊ အခင်းလုပ်ပြီးအိပ်ကြရတယ်၊ ဦးဘသာက ထမင်းချက်၊ ရေနွေးအိုးတည်တယ်၊ အကိုကြီးက ငါးတွေကင်တယ်၊ ဒန်အိုးဒန်ခွက်တွေက ရွာကအထွက်ကတည်းက ချက်ဖို့ပြုတ်ဖို့ဆိုပြီး ယူလာကြတော့ ဟန်ကျတယ်။ ထမင်းစားတော့ ဟိုလူတွေက စည်သွပ်ဘူးတွေဖောက်တယ်၊ တစ်ဘူးက ငါးဘူးဗျ၊ ငါးကလေးတွေ ငါးကောင်လားပါတယ်၊ တစ်ဘူးကတော့ ဘာလချောင်ကြော်ဘူး၊ နောက်တစ်ဘူးကတော့ ပဲတွေထည့်ထားတဲ့ပဲဘူးဗျ၊ အစပ်အဟပ်တည့်ပြီး စားလို့ကောင်းတယ်၊ ဦးဘသာကတော့ ထမင်းစားရင်း
“ပဲဘူးမြင်တော့မှ တို့တပ်ထဲမှာ ရာရှင်ရပြီး စာခဲ့ရတာကို ပြန်သတိရသွားတယ်ဟေ့”
တစ်နေ့လုံးပင်ပန်းထားတာနဲ့ ဆန်လေးလုံးချက်လောက်ကို ဝိုင်းစားလိုက်တာ ပြောင်သွားတာပါပဲ၊ စားပြီးသွားတော့ ဦးမောင်လွင်က စာအုပ်တစ်အုပ်နဲ့ ခရီးစဉ်အကြောင်းကိုရေးနေတယ်၊ မောင်မောင်တာနဲ့ မြင့်မောင်ကလည်း ဘာတွေလုပ်နေမှန်းမသိ အလုပ်ရှုပ်နေတယ်၊ ရဲသားမောင်ဦးကတော့ သေနတ်တစ်လက်ကိုင်ပြီး ဟိုကြည့်ဒီကြည့်နဲ့ပေါ့ဗျာ။
ဦးဘသာက ဦးမောင်လွင်ကိုကြည့်ပြီးတော့
“ဒါနဲ့ ခင်ဗျားတို့ ဓါတ်သတ္တုလေ့လာရေးက ဘာဖြစ်လို့ချောင်းထဲလာပြီးလေ့လာရတာလဲ”
“ဒါက ဒီလိုပါအဘ၊ တောင်ကြီးတွေကိုလေ့လာဖို့ဆိုရင် အပေါ်ယံမြေဆီလွှာကိုလေ့လာလို့မရပါဘူး၊ အဲဒီတောင်ရဲ့ ကျောက်တုံးထူထပ်တဲ့အရပ် အတွင်းပိုင်းကို လေ့လာဖို့လိုပါတယ်၊ ဒီတောင်တွေရဲ့ အတွင်းပိုင်းက ကျောက်သားတွေကိုလေ့လာဖို့အကောင်းဆုံးနေရာကတော့ အဲဒီတောင်တွေကိုဖြတ်သန်းစီးဆင်းလာတဲ့ မြစ်တွေ ချောင်းတွေကို လေ့လာတာက အကောင်းဆုံးပါပဲ၊ ဒီချောင်းတွေ မြစ်တွေက တောင်ကြီးတွေကို ထက်ပိုင်းဖြတ်ထားသလို ဖြတ်သန်းစီးဆင်းလာတာဆိုတော့ မြေဆီလွှာအောက်က ကျောက်တွေကို တူးဖော်စရာမလိုဘဲ လေ့လာနိုင်တဲ့နေရာတစ်ခုပါ၊ ပြီးတော့ နွေရာသီဆိုတာကလည်း ဒီတောင်ကျချောင်းတွေ ရေကုန်သွားတဲ့အချိန်ဖြစ်တာမို့ လေ့လာလို့အကောင်းဆုံး နေရာတစ်ခုပါပဲ”
ဦးမောင်လွင်ပြောတာ သဘာဝကျပါတယ်။ ကိစ္စတွေပြီးတော့ ဦးမောင်လွင်က သူပတ်ထားတဲ့နာရီကိုကြည့်လိုက်တယ်။
“ည ခုနစ်နာရီထိုးပြီဆိုတော့ ကျုပ်တို့အိပ်ကြတာပေါ့၊ တောထဲတောင်ထဲဆိုတော့ ဒီအတိုင်းအိပ်လို့မကောင်းဘူး၊ ကျုပ်တို့ ညကင်းချပြီးအိပ်မယ်၊ ရဲသားမောင်ဦးက ညဦးပိုင်းကနေ ညဆယ့်နှစ်နာရီရောက်အောင် ကင်းစောင့်ပါ၊ မြင့်မောင် မင်းကတော့ ညဦးပိုင်းကိုအိပ်လိုက်၊ ဆယ့်နှစ်နာရီထိုးရင် မောင်ဦးနဲ့ကင်းလဲပြီးစောင့်ရမယ်၊ မနက်ငါးနာရီမှာ အားလုံးအိပ်ရာကနေထပြီးတော့ ခရီးဆက်ကြမယ် ဟုတ်ပြီလား”
အားလုံးက ဦးမောင်လွင်ရဲ့အကြံအစည်ကို လက်ခံလိုက်ကြတယ်၊ ပြီးတော့ အိပ်ရာဝင်ဖို့ပြင်ဆင်ကြတာပေါ့ဗျာ၊ ကျုပ်တို့အိပ်မလို့ရှိသေးတယ် ဘေးနားက တောအုပ်ကြီးတစ်ခုလုံးက သစ်ပင်ကြီးတွေက တဖြန်းဖြန်းလှုပ်ခတ်ပြီးတော့ တဝေါဝေါ တဒိုင်းဒိုင်းနဲ့အသံကြီးတွေမြည်ကုန်တယ်ဗျာ၊ ချောင်းဘေး နှစ်ဖက်လုံးက ပြိုင်တူဖြစ်နေတာ၊ အသံကြီးတွေဆိုရင် ဆူလွန်းလို့ နားကွဲထွက်မတတ်ဘဲဗျ။ ရဲသားမောင်ဦးက သေနတ်ကိုမောင်းတင်ပြီး အသင့်ပြင်ထားလိုက်တယ်၊ ဦးဘသာကမတ်တပ်ထရပ်ပြီးတော့
“အားလုံးမကြောက်ကြပါနဲ့ ဒါတောကြီးတစ္ဆေတွေ ခြောက်လှန့်ကြတာပါ၊ တောခြောက်တယ်လို့လည်းခေါ်ပါတယ်၊ သူတို့က လူသားတွေသူတို့ပိုင်နက်ထဲကို ဝင်လာကြတဲ့အတွက် ခြောက်လှန့်ကြတာပါ”
ဦးမောင်လွင်က မျက်နှာပျက်နေတယ်။ ဦးဘသာက လက်နှစ်ဖက်ကိုအနောက်ပစ်လိုက်ပြီး
“တောတောင်ကိုပိုင်စိုးတဲ့ တောကြီးသခင်၊တောပိုင်၊ တောင်ပိုင်ကြီးများခင်ဗျား၊ ကျွန်တော်တို့ ဒီတောဒီတောင်ကိုလာခဲ့တာ သခင်ကြီးအရှင်ကြီးတို့ကို ဒုက္ခပေးဖို့လာတာမဟုတ်ပါဘူး၊ ကျွန်တော်တို့အလုပ်ကိစ္စနဲ့လာကြတာပါ၊ သခင်ကြီး အရှင်ကြီးတို့ကို ဒုက္ခပေးပါဘူး၊ ဒီတောဒီတောင်ကိုလည်း မဖျက်ဆီးပါဘူး၊ ဒါကြောင့် ကျွန်တော်တို့ကိုလည်း မခြောက်မလှန့်ဘဲ စောင့်ရှောက်ပေးတော်မူပါ”
ဦးဘသာက အသံသြသြကြီးနဲ့အော်ပြောလိုက်တယ်၊ ဒီလိုပြောပြီး မကြာခင်မှာပဲ အဲဒီအသံဗလံတွေအကုန်လုံးက ရုတ်ဖြည်းပျောက်ကွယ်သွားပြီးတော့ တစ်တောတစ်တောင်လုံးက တိတ်ဆိတ်သွားတယ်။
“ဘာမှမဖြစ်တော့ပါဘူး အေးအေးဆေးဆေးအိပ်ကြပါ”
“အဘကြီး ပါလာလို့သာပေါ့ဗျာ၊ ကျုပ်တို့ချည်းဘဲဆိုရင် ဘာမှလုပ်တတ်မှာမဟုတ်ဘူးဗျ”
မြင့်မောင်က ထပြီးတော့
“ဒါတောခြောက်တာဟုတ်လို့လားဗျာ၊ တောထဲက မျောက်အုပ်တွေ၊ ငှက်အုပ်တွေ လာကြတာမဟုတ်ဘူးလား”
ဦးဘသာက ဘာမှပြန်မပြောတော့ဘူး။ ဦးမောင်လွင်က ထပြီးတော့
“ဟေ့ မြင့်မောင်၊ အပိုတွေပြောမနေနဲ့ အိပ်တော့ကွာ”
ဦးမောင်လွင်ဟန့်လိုက်မှ မြင့်မောင်က ပြန်လှဲအိပ်သွားတော့တယ်၊ အကိုကြီးကိုကြည့်လိုက်တော့ ဖျင်စလိပ်ကြီးကို ခေါင်းအုံးပြီးအိပ်နေတာများ တခေါခေါနဲ့ဗျာ။ ကျုပ်လည်း အကိုကြီးဘေးနားမှာအိပ်လိုက်တယ်၊ ဦးဘသာက ကျုပ်ဘေးနားမှာအိပ်တယ်။
ိအိပ်နေရင်းနဲ့ တစ်ရေးလောက်လဲရရော မြေကြီးပေါ်ကနေ ပွတ်တိုက်ပြီးလာနေတဲ့အသံကိုကြားလိုက်ရတယ်၊ ကျုပ်တို့က မြေကြီးပေါ်မှာအိပ်နေတာဆိုတော့ အားလုံးကြားနေရတယ်ဗျာ၊ အသံကတဖြည်းဖြည်းနီးလာပြီးတော့ မြေကြီးတွေပါတုန်လာတယ်၊ ကျုပ်အစက အိပ်မက်မက်နေတယ်ထင်တာ၊ မျက်လုံးဖွင့်ကြည့်လိုက်ပြီး ထထိုင်လိုက်တော့ ချောင်းရိုးအတိုင်း နဂါးကြီးတစ်ကောင်တက်လာတယ်ဗျာ၊ နဂါးကြီးဆိုပေမယ့် သူ့ပုံစံက ငါးရှဉ့်နဲ့တူတယ်၊ ခေါင်းကလည်း ငါးရှဉ့်ခေါင်းလို ခပ်ချွန်ချွန်ကြီး၊ ပုံတွေထဲကလို အမောက်တွေဘာတွေလည်းမပါဘူးဗျာ။ ကြီးတာတော့ အတော်ကြီးကြီးပဲဗျာ၊ မျက်လုံးကြီးတွေကနေ အဝါရောင်အလင်းတန်းကြီးတွေထွက်နေသေးတယ်။ ကျုပ်ဘေးနားက အကိုကြီးကိုနှိုးပေမယ့် အကိုကြီးက မနိုးဘူးဗျာ၊ အကိုကြီးတွေ ပါးတွေဘာတွေရိုက်ပြီး နှိုးပေမယ့် အကိုကြီးက ဘယ်လိုမှကိုမနိုးတာ။
ကျုပ်ကြည့်လိုက်တော့ အကုန်လုံးက အိပ်နေတာ လုံးဝကိုမနိုးဘူးဗျာ၊ ကင်းစောင့်နေတဲ့ ရဲသားမောင်ဦးလည်း သေနတ်ကြီးပိုက်ပြီးအိပ်နေတယ်၊ မအိပ်တဲ့လူကတော့ မြင့်မောင်ပဲဗျာ၊ မြင့်မောင်က ငူငူငိုင်ငိုင်ကြီးရပ်နေတယ်၊ နဂါးကြီးက မြင့်မောင်ကို သူ့မျက်လုံးက ဝါဝါအလင်းရောင်ကြီးတွေနဲ့ ဆလိုက်ထိုးသလိုမျိုးထိုးလိုက်တယ်၊ ငူငူကြီးရပ်နေတဲ့မြင့်မောင်က နဂါးကြီးဆီကို တစ်လှမ်းချင်းလျှောက်သွားတယ်၊ နဂါးကြီးက မြင့်မောင်ကို ကိုက်စားဖို့အတွက် သူ့ပါးစပ်ကြီးကိုဖြဲလိုက်တယ်၊ ပါးစပ်ထဲက သွားကြီးတွေက သင်တုန်းဓါးလို ထက်နေတာဗျို့။
နဂါးကြီးက မြင့်မောင်ကိုလှမ်းဟပ်ထည့်လိုက်တာဗျာ၊ ဒီအချိန် နဂါးကြီးရဲ့ခေါင်းကို အနီရောင်အလင်းကြီးတစ်ခုထိပြီးတော့ နဂါးကြီးက တစ်ချက်တွန့်သွားတယ်။ ကြည့်လိုက်တော့ ဦးဘသာကြီးဖြစ်နေတယ်။
“နဂါးကြီး မင်းဘာလုပ်တာလဲ”
“ဘာလုပ်ရမလဲ ဒီကောင့်ကိုငါစားမယ်၊ ငါ့ကိုစော်ကားတဲ့ ဒီကောင့်ကို ငါစားမယ်”
“တွင်းကိုကျောက်တုံးထဲချတာ စော်ကားတာမဟုတ်ပါဘူး”
“မင်းဘာသိလို့လဲဲ၊ ဒီကောင်က ငါ့တွင်းထဲကို ကျင်ငယ်စွန့်တယ်၊ ငါ့ကိုလည်း နဂါးကြီးရင်ထွက်လာခဲ့ဆိုပြီးစိန်ခေါ်တယ်”
ကျုပ်တောင်လန့်သွားမိတယ်။ ကျုပ်အခုမှပြန်တွေးမိတယ်ဗျာ၊ ဂလိုင်ကြီးထဲကထွက်လာတော့ မြင့်မောင်နဲ့ မောင်မောင်တာတို့က နောက်ဆုံးမှထွက်လာတာလေဗျာ၊ ကျုပ်အထင် အဲဒီအချိန်တုန်းက မြင့်မောင်က ဒီလိုလုပ်လိုက်တယ်ထင်တာပဲ။
“သူ့ကို မစားပါနဲ့လို့ ငါမေတ္တာရပ်ခံပါတယ်”
“မရဘူး စားမှာပဲ”
“ဒါဆိုငါ အပေးအယူတစ်ခုလုပ်မယ်၊ မင်းသူ့ကိုမစားပါနဲ့၊ သူ့ကိုစားမယ့်အစား ငါ့ကိုစားစမ်းပါဟုတ်ပြီလား”
ကျုပ်က ဦးဘသာဆီကိုပြေးသွားပြီး
“ဦးဘသာ ခင်ဗျားဘာပြောတာလဲဗျာ၊ ဦးဘသာ သေလို့မဖြစ်ဘူးလေဗျာ”
ဦးဘသာက ကျုပ်ရင်ဘတ်ကိုတွန်းလွှတ်လိုက်တယ်၊ ဒီအချိန် နဂါးကြီးက ဦးဘသာကို တစ်ချက်တည်းဟပ်ထည့်လိုက်ပြီးတော့ ပါးစပ်ထဲဆွဲသွင်းလိုက်တယ်၊ ပါးစပ်ထဲရောက်တော့ သုံးလေးချက်လောက်ဝါးထည့်လိုက်တာ သွေးတွေဆိုတာ ရေပုံးနဲ့ပက်လိုက်သလို မြေပေါ်ကိုစီးကျလာခဲ့တယ်၊ နဂါးကြီးက ကျေနပ်သွားတဲ့ပုံစံနဲ့ တစ်ဖက်ကိုလှည့်ထွက်ဖို့လုပ်လိုက်တဲ့အခါမှာ ခေါင်းကတဖြည်းဖြည်းခါရမ်းသွားတယ်၊ နောက်တော့ ဘယ်ဘက်ကိုယမ်းလိုက် ယာဘက်ကိုယမ်းလိုက်နဲ့ အမူးသမားလိုဖြစ်နေတယ်၊ နဂါးကြီးက ချောင်းကမ်းပါးနံဘေးက ကျောက်တုံးကြီးတွေနဲ့ သူ့ခေါင်းကိုသူ ပြေးပြေးရိုက်တာ တဘုန်းဘုန်းနဲ့ဗျာ၊
နဂါးကြီးက လည်ချောင်းထဲတစ်ခုခုနင်နေသလို တခွိခွိနဲ့ဖြစ်သွားပြီးတော့ ဝေါ့ခနဲအန်ထုတ်လိုက်တာ ဦးဘသာကြီးက ပါးစပ်ထဲကနေ ပြန်ထွက်လာတယ်ဗျာ၊ သွေးတွေက နဂါးကြီးရဲ့ပါးစပ်ထဲကနေ စီးကျလို့ဗျာ၊ ဦးဘသာတစ်ကိုယ်လုံးလည်း အကျိအချွဲတွေနဲ့ ပြည့်နှက်နေတယ်။
“ဟေ့ကောင် နဂါး၊ မင်းငါ့ကိုစားချင်တယ်ဆိုကွာ၊ စားစမ်းပါ လာပြီးစားစမ်းပါကွ”
နဂါးကြီးက ဦးဘသာကိုတစ်ချက်ကြည့်ပြီးတော့ ချောင်းရိုးအတိုင်း တဝေါဝေါနဲ့ဆင်းချသွားပါရောဗျာ၊ ဦးဘသာက အကျိအချွဲတွေကို လက်နဲ့ပွတ်သပ်ချနေတယ်။
“ဒီကောင့်ကိုကြည့်ရတာ နဂါးတွင်းကို သေးသွားပန်းခဲ့ပုံပဲကွ”
“မှန်တာပေါ့ဦးဘသာရာ၊ နဂါးကိုမယုံဘူးဆိုတဲ့ကောင်ကို နဂါးကြီးနဲ့ပက်ပင်းတွေ့စေချင်တယ်ဗျာ”
“မလုပ်စမ်းပါနဲ့အလတ်ကောင်ရာ၊ သူတို့က တာဝန်နဲ့လာတာကွ၊ နဂါးတွေ့ပြီး ဖျားသွားလို့ အလုပ်ပျက်သွားပါအုံးမယ်”
မြင့်မောင်တစ်ယောက် ငူငူကြီးရပ်နေတုန်းပဲ၊ စိတ်နဲ့လူနဲ့လည်း ကပ်ပုံမရဘူး။
“သူ့ကို နဂါးက ညှို့ထားတာကွ၊ ဒီလူတွေအားလုံးကိုလည်း အိပ်မွေ့ချထားပုံပဲ”
ဦးဘသာက မြင့်မောင်ပုခုံးကိုလက်နဲ့ပုတ်လိုက်တော့ မြင့်မောင်က ခွေခနဲလဲကျသွားတော့တယ်၊ ဦးဘသာလည်း အဝတ်အစားတွေလဲပြီးတော့ ခုနက အကျိအချွဲတွေပေနေတဲ့အဝတ်တွေကို ရေနဲ့ဆေးကြောပြီး ကျောက်တုံးပေါ်မှာတင်ထားလိုက်တယ်။
“အလတ်ကောင် မင်းလည်းပင်ပန်းလာတယ်မဟုတ်လား အိပ်တော့၊ ငါလည်းအိပ်တော့မယ်”
ဦးဘသာက ကျုပ်ဘေးမှာလဲှချလိုက်ပြီးတော့ ခွေခွေကလေးအိပ်ပျော်သွားတယ်ဗျာ၊ ဒီအချိန်ဘယ်လိုဖြစ်သလဲမသိဘူး ကျုပ်မျက်လုံးတွေ မဖွင့်နိုင်တော့ဘဲနဲ့ ကျုပ်အိပ်ပျော်သွားမိတယ်။
မနက်မိုးလင်းလို့ ဦမောင်လွင်နှိုးမှပဲ ကျုပ်နိုးသွားတယ်၊ မြင့်မောင်ကိုကြည့်ရတာ ညတုန်းက အဖြစ်တွေကို တစ်ခုမှ မမှတ်မိတဲ့ပုံပဲ၊ ဦးဘသာကတော့ ကျောက်တုံးပေါ်ဖြန့်လှန်းထားတဲ့ အဝတ်အစားတွေကို ယူပြီးသိမ်းလိုက်တယ်၊ မနက်စာအဖြစ် ဦးမောင်လွင်တို့သယ်လာတဲ့ ဘီစကစ်ကို ရေနဲ့မျောချလိုက်ပြီးတဲ့အခါ ကျုပ်တို့ခရီးဆက်ထွက်လာခဲ့ကြတယ်။