စုန်းထီးကြီးဦးဘသာနှင့် နတ်ရဲချောင်း၏ဒဏ္ဍာရီ
အတွဲ(၁) စာစဉ်(၆၁)
(၁)
ကျုပ်တဟီးဟီးနဲ့ငိုနေမိတယ်၊ လယ်တဲထဲမှာဆိုတော့လည်း ဘယ်သူမှမသိဘူးလေဗျာ၊ လယ်သိမ်းချိန်ရောက်ပြီဆိုတော့ ရိုးပြတ်တွေကလည်း ထိုးထိုးထောင်ထောင်ပဲ၊ ကျုပ်ငိုနေရတာလည်း အကြောင်းရှိတယ်၊ ကျုပ်နဲ့ဘာလိုလိုဖြစ်နေတဲ့ ရွာထဲက မိန်းကလေးတစ်ယောက်က လင်နောက်လိုက်သွားလို့ဗျို့။ နောက်ဆုံးတော့ ရင်ထဲကခံစားချက်တွေကို မထိန်းထားနိုင်တော့တာပဲ ဘယ်သူမှမရှိတဲ့လယ်တဲထဲမှာ လာပြီးငိုနေမိတာ။ ဒီအနားမှာ လူမရှိဘူးဆိုတော့ အေးရာအေးကြောင်း ငိုလို့ရတာပေါ့ဗျာ။
“ဟဲ့ ပြိတ္တာကောင် ငိုမနေစမ်းနဲ့ ပြိတ္တာတို့မျက်ရည် မြေမကျကောင်းဘူး၊ သွားစမ်း . . .”
ငိုနေတုန်း တဲဘေးနားကနေ အသံကြားလိုက်ရတယ်၊ အသံက ဦးဘသာအသံပဲ၊ ပြိတ္တာတို့မျက်ရည် မြေမကျကောင်းဘူးဆိုတော့ ကျုပ်ကိုများ ပြိတ္တာလို့ပြောလိုက်တာများလားဗျာ။
“ဦးဘသာ ကျုပ်ပါဗျ”
ဦးဘသာက ဒီဘက်ကိုလျှောက်လာရင်း
“ဟေ . . . အလတ်ကောင်ပါလားကွ၊ ဒါဆို ငိုနေတာမင်းလားကွ”
“ဟုတ်တယ်လေဗျာ၊ ဒါနဲ့ ပြိတ္တာတို့မျက်ရည် မြေမကျကောင်းဘူးဆိုတာ ကျုပ်ကိုစောင်းပြောတာမဟုတ်လား”
ဦးဘသာက ရယ်ကျဲကျဲနဲ့
“မဟုတ်ပါဘူးကွာ၊ လယ်သိမ်းတဲ့အချိန်ဆိုတော့ လယ်တဲထဲမှာ ဘယ်သူမှမရှိဘူးမဟုတ်လားကွ၊ ဒီအချိန် ငိုသံကြားရတယ်ဆိုတော့ လူဖြစ်နိုင်ပါ့မလား၊ သရဲတစ္ဆေတစ်ကောင်များး စားရမဲ့သောက်ရမဲ့ဖြစ်နေလို့ ငိုနေတာလားဆိုပြီး ပြောမိတာပါကွာ မင်းကလဲ”
“မဟုတ်ပါဘူး၊ ဦးဘသာက ကျုပ်ငိုနေမှန်းသိလို့ တမင်ပြောတာနေမှာပါ”
“ထင်ချင်သလိုထင်ကွာ၊ ဒါနဲ့ မင်းက ယောက်ျားရင့်မာကြီးဖြစ်နေပြီး ဘာဖြစ်လို့ငိုယိုနေရတာလဲကွ၊ ဘာလဲ မင်းရည်းစားလင်နောက်လိုက်သွားလို့ ငိုနေတာလား”
“ဦးဘသာ သိသိကြီးနဲ့ ကျုပ်ကိုမနောက်နဲ့ဗျာ”
ဦးဘသာက တအံ့တသြနဲ့
“ငါက တမင်စနောက်ပြီးပြောတာပါကွ၊ ဒါဆို ငါပြောတာမှန်နေတာပေါ့၊ မင်းရည်းစားက လင်နောက်လိုက်သွားပြီလား”
“လိုက်သွားတာမှဗျာ၊ ကျုပ်ကို သူ့ဆွေမျိုးတွေဆီ သွားလည်မယ်ဆိုပြီး သေတ္တာကြီးကတစ်လုံး အထုပ်ကတစ်ထုပ် ထမ်းခိုင်းလိုက်သေးတယ်၊ ကျုပ်မှာတော့ ရွာအပြင်ဇရပ်အထိ ထမ်းပြီးပို့ပေးလိုက်ရတာဗျာ၊ လှည်းလာတော့လည်း လှည်းပေါ်တောင်လိုက်တင်ပေးလိုက်သေးတယ်၊ သူကျုပ်ကို သစ္စာဖောက်သွားတာကို မနာပါဘူး ဦးဘသာရာ၊ လင်နောက်လိုက်ဖို့ အဝတ်ထုပ်တွေသယ်ခိုင်းရက်တာကို တွေးမိတိုင်း ဟောဒီရင်ဘတ်ထဲက တဆစ်ဆစ်နဲ့ နာတာဗျ အီး . . .ဟီး”
ဦးဘသာက ကျုပ်စကားကိုကြားတော့ ခွက်ထိုးခွက်လန်ကိုရယ်ပါလေရောဗျာ။ ကျုပ်ဖြင့် တစ်ခါတလေဆို ဦးဘသာကြီးကို အရမ်းအမြင်ကပ်တယ်၊ အခုလိုလှောင်ရယ်နေတဲ့အချိန်ဆို ပိုဆိုးတယ်။
“မင်းအဖြစ်ကလည်း ငိုချင်စရာပါပဲအလတ်ကောင်ရာ၊ တစ်ဖက်ကလှည့်တွေးပြန်ရင်လည်း မင်းကုသိုလ်ရပါတယ်ကွ၊ သူများခိုးရာလိုက်တာကို အပင်ပန်းခံပြီးကူညီပေးခဲ့တယ်ဆိုတော့ မင်းအလှည့်ကျတော့လည်း ကူညီမယ့်လူ ပေါ်မှာပေါ့ကွ”
“တော်စမ်းပါဦးဘသာရာ”
“မင်းလည်းစိတ်ကိုလျော့ထားလိုက်တော့အလတ်ကောင်၊ မင်းရဲ့ဇာတာက တစ်ရွာသူနဲ့ညားမယ့်ဇာတာကွ၊ တို့ရွာကမိန်းကလေးတွေနဲ့ ညားမှာမဟုတ်ဘူး၊ ဒါကြောင့် လျှောက်ပြန်သံပေးလုပ်မနေနဲ့၊ တို့ရွာသူတွေကို အပင်ပန်းခံပြီး နောက်ပိုးလိုက်မနေနဲ့”
“တကယ်ဟုတ်လို့လား ဦးဘသာရာ”
“ငါက မင်းပင်ပန်းမှာစိုးလို့ပြောတာပါ၊ ယုံတာမယုံတာ မင်းအပိုင်းပေါ့”
“ဒါနဲ့ ဦးဘသာကြီးက လူမရှိတဲ့တဲမှာ ဘာလာလုပ်နေတာလဲ”
“ဒီလိုပဲ လုပ်စရာလေးရှိလို့ပေါ့ကွာ၊ ကဲ သွားပြီဟေ့၊ ဆက်ငို ဆက်ငို၊ ဒါနဲ့ မင်းမျက်ရည်တွေကိုတော့ မြေပေါ်မကျပါစေနဲ့အလတ်ကောင်ရာ”
“ဟာ . . .ဦးဘသာက လုပ်ပြီဗျာ”
ဦးဘသာက ရယ်ကျဲကျဲနဲ့တဲထဲကထွက်သွားတော့တယ်၊ ကျုပ်ဖြင့် ငိုရမယ့်ဖီလင်တောင်မှ ဘယ်ပျောက်သွားမှန်းမသိဘူးဗျာ၊ ဆက်မငိုချင်တော့တာနဲ့ ရွာထဲကိုပဲပြန်လာခဲ့လိုက်တော့တယ်၊ ရွာထဲရောက်တော့ ရွာကလူတွေအကုန်လုံးက ကျုပ်ကိုပြုံးဖြီးဖြီးနဲ့ ကြည့်နေကြသဗျာ၊ သူတို့ရဲ့အကြည့်တွေ သူတို့ရဲ့အပြုံးတွေက ကျုပ်ကိုလှောင်နေသလိုပါပဲ၊ ကျုပ်တို့ရွာငယ်ကလေးမှာ သတင်းတစ်ခုခုပြန့်နှံ့ဖို့ဆိုရင် ဘီဘီစီမှမလိုပဲဗျ။ ကျုပ်သတင်းကိုရွာကလူတွေအကုန်လုံး ကြားလောက်ပြီပေါ့။
ကာလသားတွေဆိုရင် ကျုပ်ကို မထိတထိစနောက်ကြတယ်၊ ကျုပ်လည်း မခံနိုင်တော့တဲ့အဆုံး အိမ်ကိုပဲဒုန်းစိုင်းပြေးလာခဲ့လိုက်တယ်၊ အိမ်ထဲလှမ်းဝင်ရုံရှိသေးတယ် ခုံတန်းမှာထိုင်နေတဲ့အဖေက ကျုပ်ကိုကြည့်ရင်း
“အလတ်ကောင်၊ ဦးဘသာ သွားခေါ်စမ်းကွာ”
“ဗျာ . . . ဘာလုပ်မလို့လဲအဖေရ”
“မြို့နယ်ကောင်စီက စာပို့လိုက်တယ်ကွ၊ သဘက်ခါ နတ်ချောင်းရွာမှာ စိုက်ပျိုးရေးဌာနက နွေစပါးသရုပ်ပြစိုက်ပျိုးပွဲရှိတယ်၊ အဲဒါ ရပ်ရွာလူကြီးတွေနဲ့ စပါးစိုက်တဲ့တောင်သူတွေ မဖြစ်မနေတက်ရောက်ရမယ်တဲ့ကွ”
“အဲဒါနဲ့ ဦးဘသာနဲ့ဘာဆိုင်လို့လဲအဖေရ”
“ဟ၊ ဦးဘသာက စပါးကိုသေသေချာချာစိုက်တဲ့လူလေကွာ၊ သူ့လောက်စနစ်ကျတဲ့လူ ဘယ်သူရှိလို့လဲ၊ နောက်ပြီး ရွာကလူတွေက ရှေးရိုးစွဲတွေကွ၊ တစ်ခုခုဆိုမလုပ်ကြည့်ရသေးဘူး မဖြစ်နိုင်ပါဘူးလို့ စပြောတဲ့လူမျိုးတွေပဲ၊ တခြားလူတွေထက် ငါကတော့ ဦးဘသာကြီးကိုပဲ မျက်လုံးထဲတန်းမြင်တယ်၊ နောက်ပြီးတော့ ဝင်းကြည်တစ်ယောက်ရှိသေးတယ်”
“အဲဒါဆိုရင်လည်း ဦးဘသာကြီးကိုခေါ်ရင်း ကိုဝင်းကြည်ကိုပါ ဝင်ခေါ်ခဲ့မယ်ဗျာ”
ဒီအချိန်အမေက ရေနွေးကရားအိုးကိုင်ပြီး အိမ်နောက်ဖေးကနေထွက်လာတယ်။
“ဟဲ့ ဘယ်သူကိုယ်ဝန်ရလို့လဲဟဲ့”
အမေလှမ်းမေးလိုက်တော့ ကျုပ်တို့သားအဖနှစ်ယောက် ကြောင်အမ်းအမ်းနဲ့ဖြစ်နေကြတယ်။
“မဟုတ်မှလွဲရော အလတ်ကောင် နင်ဘယ်သူ့သမီးနဲ့ လွန်လွန်ကျူးကျူးတွေဖြစ်ထားတာလဲ၊ နင်တို့သားအဖချည်းကြိတ်ပြီးရှင်းမနေနဲ့ ငါ့ကိုလည်းပြောပြအုံးဟဲ့”
“ဟာ . . .အမေကလည်း ကျုပ်က ကံငါးပါးလုံအောင်ထိန်းတဲ့လူပါဗျ၊ ကာမေသုတွေ မလုပ်ပါဘူး”
“မသိဘူးလေ နင်တို့သားအဖ ခုနကပြောတော့ ကိုယ်ဝန်ကြီးနဲ့ဆို”
အမေကတော့ နားစွန်နားဖျားကြားပြီး လုပ်ပြန်ပြီဗျာ၊ အဖေက အမေ့ကိုကြည့်လိုက်ရင်း
“ဟဲ့မသန်း၊ နင်ကတော့ နားစွန်နားဖျားကြားတာနဲ့ ရမ်းတုတ်နေပြန်ပါပြီ၊ ငါတို့သားအဖပြောနေတာ ကိုယ်ဝန်ကြီးကိုပြောတာမဟုတ်ဘူး ဝင်းကြည်ကိုပြောတာဟ ဝင်းကြည်ကိုပြောတာ၊ ငါအကြမ်းပန်းကန်လုံးနဲ့ ကောက်ပေါက်ရင် နင်နာတော့မယ်”
“မသိဘူးလေ တော်တို့ပဲ ကိုယ်ဝန်ကြီးဆိုလား ပြောနေတော့ ကျုပ်လည်းသိချင်တာပေါ့၊ ဒါနဲ့ နေစမ်းပါအုံး၊ ကျုပ်ဒါလေးမှားမိတာကို ရှင်က အကြမ်းပန်းကန်လုံးနဲ့ ကောက်ပေါက်ချင်ရအောင် ရှင့်ကိုယ်ရှင်ဘာမှတ်နေလဲ၊ ရှင်ဘာဖြစ်ချင်နေတာလဲ ကိုဘမောင်၊ ကျုပ်နဲ့တစ်ပွဲတစ်လမ်းလောက် အကဲစမ်းချင်တာလား”
အဖေနဲ့အမေကြားမှာ အခြေအနေသိပ်မဟန်တော့တာနဲ့ ကျုပ်ဘက်မြားဦးလှည့်မလာခင် အိမ်ကနေ အသာကလေး လစ်ထွက်လာခဲ့ရတယ်ဗျာ။
(၂)
ဦးဘသာဆီကို သိပ်တော့မလာချင်ဘူးဗျ၊ သူက ခုနက ကျုပ်ကိုလှောင်ထားတာမဟုတ်လား၊ သူ့အိမ်သွားကြည့်တော့လည်း သူလည်းမရှိဘူး၊ ဒီအချိန်လောက်ဆို ရွာပြင်မှာ နွားတွေသွားကျောင်းနေတာပဲဖြစ်မှာ၊ ရွာပြင်ထွက်ခဲ့တော့ ရွာထိပ်မှာ ဦးဘသာရဲ့နွားနီကြီးကိုတွေ့တယ်ဗျာ၊
“ဟေ့ကောင်ကြီး မင်းသခင်ဘယ်သွားလဲ”
ကျုပ်လည်းတမင်မေးလိုက်တာ၊ နွားနီကြီးက ကျုပ်စကားကိုနားလည်သလိုလိုနဲ့ တစ်နေရာကိုလှမ်းကြည့်ပြီးတော့ မေးငေါ့ပြတယ်၊ သူပြတဲ့နေရာကိုကြည့်လိုက်တော့ သစ်ပင်အောက်မှာ ဦးဘသာက မျက်နှာကိုခမောက်ကြီးနဲ့အုပ်ပြီး အိပ်နေပါရော၊ ကျုပ်လည်း ဦးဘသာကိုစချင်တာနဲ့ သူအိပ်နေတဲ့အနားကို တိုးတိုးလေးကပ်လာခဲ့လိုက်တယ်၊ အနားရောက်တော့မှ ဦးဘသာကြီးကို လှန့်မယ်ဆိုတဲ့ အကြံဆိုးနဲ့ပေါ့ဗျာ၊ တကယ်က ဒီလိုမလုပ်သင့်မှန်းကျုပ်သိပါတယ်၊ လန့်တတ်တဲ့လူဆို ဒီလိုလှန့်လိုက်ရင် နှလုံးသွေးတွေဘာတွေရပ်သွားတတ်တယ်မဟုတ်လား၊ ဒါပေမယ့် ဦးဘသာကို သက်သက်စချင်လို့ကို လာခဲ့တာ။
ခြေငါးလှမ်းလောက်အကွာကိုရောက်တော့ ဦးဘသာက
“အလတ်ကောင် ဘာလာရှုပ်ပြန်တာလဲ”
ခမောက်ကိုတောင်မဖွင့်ဘဲ တပ်အပ်ပြောထည့်လိုက်တာဗျာ၊ သူ့ကိုစမယ်ဆိုတဲ့ ကျုပ်ရဲ့ဖီလင်တွေ တစ်ခါထပ်အောက်သွားပြန်တယ်၊
“အဖေက ဦးဘသာကိုအိမ်လာခဲ့ပါဆိုလို့”
“ဟေ၊ ဘာဖြစ်ပြန်ပြီလဲ နွားတွေရောဂါကျပြန်ပြီလား”
“မဟုတ်ပါဘူးဗျာ၊ သဘက်ခါ နတ်ချောင်းရွာမှာ နွေစပါး ဘာလုပ်တယ်ဆိုတဲ့ ပွဲဆိုလား၊ သင်တန်းဆိုလား အဲဒါရှိလို့တဲ့ဗျ၊ အဲဒါဦးဘသာကိုပါ ခေါ်သွားမလို့တဲ့”
“မင်းပြောတာနဲ့ ငါတောင်တော်တော်စိတ်ဝင်စားသွားပြီ အလတ်ကောင်ရေ၊ ဒါနဲ့ မင်းငိုလို့ဝပြီလား”
“ဟာဗျာ၊ ဦးဘသာ ကျုပ်ကိုမနောက်နဲ့”
ကျုပ်လည်း ဦးဘသာအနားမှာ ဆက်မနေတော့ဘဲ ကိုဝင်းကြည်တို့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ ကိုဝင်းကြည်တို့အိမ်က ရွာဦးဘုန်းကြီးကျောင်းအနားမှာဗျ၊ အိမ်သွားမေးကြည့်တော့ ဘုန်းကြီးကျောင်းဘက်ထွက်သွားတယ်ဆိုတာနဲ့ အသာလိုက်လာခဲ့ရတယ်၊ ကိုဝင်းကြည်က အသက်သုံးဆယ့်ငါးနှစ်ကျော် လူပျိုဟိုင်းကြီးလို့ ပြောလို့ရတယ်၊ အမေနဲ့ညီမတွေကို စပါးစိုက်ကျွေးနေတဲ့လူတစ်ယောက်ပေါ့ဗျာ။ သူကလည်း ဟိုစပ်စပ်ဒီစပ်စပ်ရှိတယ်၊ စပါးတွေအထွက်တိုးအောင်ဆိုပြီး နည်းအမျိုးမျိုးတီထွင်တတ်တယ်၊ ဒါကြောင့် သူ့ကိုအဖေက ခေါ်ခိုင်းလိုက်တာဖြစ်မယ်။
တွေ့ပါပြီဗျာ၊ ကိုဝင်းကြည်က ဘုန်းကြီးကျောင်းအနောက်ဘက်ထောင့်က ဘိုးတော်ဇော်ကြီးတည်သွားတဲ့ စေတီကလေးအနားမှာ တစ်ယောက်တည်းထိုင်နေတာဗျ၊ အဲဒီနေရာကလေးက သစ်ရိပ်ဝါးရိပ်နဲ့အေးအေးချမ်းချမ်းရှိတယ်၊ လက်ထဲမှာလည်း စာအုပ်တစ်အုပ်ကိုင်ထားပြီး ကိုဝင်းကြည်က စာအုပ်ကိုမျက်နှာနဲ့အပ်ပြီးဖတ်နေပါရော၊ ကျုပ်အနားရောက်သွားတာကိုတောင် သတိမထားမိဘူးဗျာ။
“ဗျို့ ကိုဝင်းကြည်”
ကျုပ်အော်ထည့်လိုက်တော့ ကိုဝင်းကြည်က လန့်သွားတယ်၊ ပုဆိုးကိုကပြာကယာနဲ့ပြင်ဝတ်လိုက်ရင်း
“ဟေ . . . အလတ်ကောင်ပါလား၊ လာလေကွာ”
“ကိုဝင်းကြည်ဘာစာအုပ်တွေဖတ်နေတာလဲ”
ကိုဝင်းကြည်က စာအုပ်ကလေးကို အသာမှောက်လိုက်ရင်း
“ဘာမှမဟုတ်ပါဘူးအလတ်ကောင်ရာ”
“ကျုပ်လာတာကိုမသိဘူးဆိုတော့ စာအုပ်က တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ထင်တယ်၊ ကျုပ်ကိုခဏပေးဗျာ ဖတ်ကြည့်မယ်”
“ဟာ . . .မလုပ်ပါနဲ့အလတ်ကောင်ရာ”
“ပေးမှာသာပေးစမ်းပါဗျာ”
စာအုပ်ကိုအတင်းလုယူပြီးကြည့်လိုက်တော့ စာအုပ်က မျက်နှာဖုံးမှာဗြောင်ကြီးဗျို့၊ အထဲက စာတွေကိုဖတ်ကြည့်လိုက်တော့မှ ကျုပ်ရင်တွေထိတ်သွားတယ်။
“ကိုဝင်းကြည်၊ ဟောဒါ ဟို . . ဟိုစာအုပ်ကြီးပဲ”
“ငါ့ကိုပြန်ပေးစမ်းပါ အလတ်ကောင်ရာ၊ လူတွေသိကုန်ပါအုံးမယ်ကွ”
“ခင်ဗျားဗျာ ဖတ်စရာရှားလို့ ဒီမှာလာဖတ်ရတယ်လို့”
“ဒီမှာက လွတ်လွတ်လပ်လပ်ရှိတာကိုးကွ”
ကိုဝင်းကြည်က ကျုပ်လက်ထဲကစာအုပ်ကိုဆွဲယူလိုက်တယ်။
“နေအုံး ခင်ဗျားတစ်ယောက်ထဲမဖတ်နဲ့လေ၊ ကျုပ်လည်းအတူတူဖတ်မယ်”
“အေးကွာ၊ ဒါဆိုရင်လည်း လာကွာ”
စာအုပ်ကိုရှေ့ချပြီး ကျုပ်တို့နှစ်ယောက် အတူတူဖတ်နေကြတယ်ဗျ၊ ဒီလိုစာအုပ်မျိုးဆိုတာ လူငယ်တွေကို သိပ်ပြီးဆွဲဆောင်နိုင်တယ်မဟုတ်လားဗျာ၊ ကျုပ်နဲ့ ကိုဝင်းကြည်နဲ့ စာအုပ်ထဲမျက်နှာအပ်ပြီးဖတ်နေုတုန်း ကျုပ်တို့အနောက်ကို လူတစ်ယောက်ရောက်လာတာကို သတိမထားမိလိုက်ဘူးဗျာ။
“ဟေ့ကောင်တွေ မင်းတို့ဘာစာအုပ်တွေဖတ်နေတာလဲကွ”
လှည့်ကြည့်လိုက်တော့မှ ရွာဦးကျောင်းဆရာတော်ဖြစ်နေတယ်ဗျာ၊ ကျုပ်နဲ့ ကိုဝင်းကြည်လည်း ကြောက်ကြောက်လန့်လန့်နဲ့ ငေါက်ခနဲထထိုင်လိုက်ရတယ်။ ကိုဝင်းကြည်က စာအုပ်ကိုကျုပ်လက်ထဲကိုထိုးထည့်ပေးပြီး
“ဒါ၊ အလတ်ကောင်စာအုပ်ပါဘုရား”
ကျုပ်လည်း အယောင်ယောင်အမှားမှားနဲ့စာအုပ်ကိုကိုင်ထားမိတယ်၊ ဦးဇင်းက အရှေ့ကပ်လာပြီး
“အလတ်ကောင် အဲဒီစာအုပ် ငါ့ကိုပေးစမ်း”
“ဗျာ . . . အရှင်ဘုရားတို့နဲ့ မသင့်တော်ပါဘူးဘုရား”
“ရှာမရှည်နဲ့ ပေးဆိုပေးစမ်း”
ကျုပ်တုန်တုန်ယင်ယင်နဲ့ ဦးဇင်းကိုစာအုပ်ထိုးပေးလိုက်ရတယ်၊ ဦးဇင်းက စာအုပ်ကိုဖွင့်ကြည့်ပြီးတော့ မျက်မှောင်တဖြည်းဖြည်းကြျတ်လာတယ်။
“ခွေးကောင်တွေ ငါ့ကျောင်းထဲလာပြီး မဟုတ်ကဟုတ်က စာအုပ်တွေလာဖတ်နေတယ်ပေါ့လေ၊ မင်းတို့တော့ နာပြီသာမှတ်”
လှည့်ကြည့်လိုက်တော့ ကိုဝင်းကြည်တစ်ယောက် ပြေးလိုက်တာမှုန်နေတာပဲဗျာ။
“မဟုတ်ပါဘူး အရှင်ဘုရား တပည့်တော် ရှင်းပြပါရစေအုံး”
“လက်ပူးလက်ကြပ်မိနေမှတော့ မင်းဘာငြင်းချင်လဲကွ၊ လာခဲ့စမ်း”
ဦးဇင်းက ပြောပြောဆိုဆိုနဲ့ ကျုပ်နားသယ်မွှေးတွေကို လက်နဲ့ဖမ်းဆုပ်ထည့်လိုက်တယ်ဗျာ၊ သူ့လက်ကြီးကလည်း သန်လိုက်တာပြောမနေပါနဲ့တော့ ၊ ကျုပ်ကိုနားသယ်မွေးဆွဲပြီး ကျောင်းအရှေ့ကိုခေါ်ချသွားတယ်၊ နောက်တော့ ကြိမ်လုံးနဲ့လှိမ့်ဆော်ပါရောဗျာ၊
“ရော့ မင်းစာအုပ်မင်းယူပြီးပြန်တော့၊ နောက်တစ်ခါဒါမျိုးထပ်ဖြစ်ရင် ဒီထက်နာမယ်”
ကျုပ်ရွာလယ်လမ်းအတိုင်း တဟီးဟီးအော်ငိုရင်းပြန်လာခဲ့လိုက်တယ်၊ ရွာဦးကျောင်းဆရာတော်ရိုက်ခံရတယ်လို့ ပြောလိုက်ရင် အားလုံးကနားလည်ကြပါတယ်၊ ရွာဦးကျောင်းဆရာတော်က အမြင်မတော်တာတွေ့ရင် လူကြီးဖြစ်ဖြစ် ကလေးဖြစ်ဖြစ် ကြိမ်နဲ့ရိုက်ပြီး ဆုံးမတတ်တာကိုးဗျာ။
အိမ်ရောက်တော့ ဦးဘသာနဲ့အဖေနဲ့စကားပြောနေကြတယ်၊ ကျုပ်ငိုပြီးဝင်လာတာကိုမြင်တော့ အဖေက ကြောင်အမ်းအမ်းနဲ့
“အလတ်ကောင် မင်းဘာဖြစ်လို့ငိုလာတာလဲ”
ကျုပ်ဘာမှပြန်မဖြေဘဲ ခေါင်းပဲခါပြလိုက်ပါတယ်ဗျာ၊ ပြီးတော့ အိမ်ပေါ်ကိုအပြေးတက်လာခဲ့လိုက်တယ်၊ ကျုပ်ရင်ထဲမှာ ဖီလင်တွေဖြစ်နေပြီဗျ၊ ရည်းစားလင်နောက်လိုက်သွားတဲ့ဖီလင်ရယ်၊ သူများစာအုပ်ကို ကိုယ့်စာအုပ်ပါဆိုပြီး အရိုက်ခံလိုက်ရတဲ့ ဖီလင်ရယ် ရင်ဘတ်ထဲမှာ ပြည့်နှက်နေပြီဗျ၊ ဒီအချိန်မငိုရင် ဘယ်အချိန်ငိုရတော့မလဲဗျာ။
မနက်ရောက်တော့ အမေကကျုပ်ကိုနှိုးတာနဲ့ ထလာခဲ့လိုက်ရတယ်၊
“အလတ်ကောင်ရယ်၊ အိပ်ပုတ်ကြီးမနေစမ်းပါနဲ့၊ ဒီနေ့ခရီးသွားမှာသိရက်နဲ့ ထတော့”
အိပ်ရာထဲက လူးလဲထလိုက်ရင်း ခေါင်းကုပ်နေတဲ့အချိန် အမေက ခေါင်းအုံးနားက စာအုပ်ကလေးကိုကြည့်ပြီးတော့
“အလတ်ကောင် ဟိုစာအုပ်ကလေးက ဘာစာအုပ်ကလေးလဲ”
ကျုပ်လည်းပြာပြာသလဲနဲ့ စာအုပ်ကလေးကို ကောက်ယူလိုက်ပြီးတော့
“ဘာမှမဟုတ်ပါဘူးအမေရာ၊ ဘာမှအရေးမကြီးပါဘူး”
“မဟုတ်ဘူးဆိုရင်လည်း ပြီးတာပါပဲဟယ်၊ ဘယ်လိုဖြစ်လို့အသည်းအသန်ဖြစ်နေတာလဲ”
တိုင်မှာချိတ်ထားတဲ့လွယ်အိတ်ထဲကို အဲဒီစာအုပ်ကလေးပစ်ထည့်လိုက်ပြီးတော့ လွယ်အိတ်ကို ကိုယ်နဲ့မကွာအောင်လွယ်ထားလိုက်တယ်၊ အိမ်အောက်ရောက်တော့ ဦးဘသာနဲ့ ကိုဝင်းကြည်တို့တောင်ရောက်နေကြပြီ၊ ကျုပ်က ကိုဝင်းကြည်အနားကိုတိုးသွားရင်း
“ကိုဝင်းကြည်၊ ခင်ဗျားစာအုပ် ခင်ဗျားပြန်ယူ”
“ဘာစာအုပ်လဲ ဘယ်ကစာအုပ်လဲ ငါမသိပါဘူးကွာ”
လူကြီးတွေရှေ့မှာမို့ ကိုဝင်းကြည်က ဘူးခံငြင်းတာထင်တယ်ဗျ၊ အကိုကြီးက လှည်းဆင်ပြီးလို့အသင့်ဖြစ်နေပြီ။
“အကိုကြီးရော လိုက်မှာလား”
“မလိုက်တော့ပါဘူးအလတ်ကောင်ရာ ငါကသားနဲ့မယားနဲ့ဖြစ်နေပြီကွ၊ မင်းလိုလူပျိုလူလွတ်မဟုတ်ဘူး”
“သိပါတယ်ဗျာ အကိုကြီးက ဂွင်ရမယ့်အခွင့်အရေးလောက်ပဲစောင့်နေတာမဟုတ်လား၊ ဒီလို ဘာမှမရမယ့်ကိစ္စကျတော့ ဘယ်စိတ်ဝင်စားပါ့မလဲ”
အဖေတို့က လှည်းပေါ်တက်ကုန်ကြတယ်၊ အဖေနဲ့ကျုပ်နဲ့ အင်္ကျီတစ်ယောက်နှစ်စုံစီလောက်ထည့်လာခဲ့တယ်၊ ဦးဘသာကတော့ ထုံးစံအတိုင်းလွယ်အိတ်တစ်လုံးပဲပါတယ်၊ ကွမ်းအစ်ကတော့ မပါမဖြစ်မို့လား၊ ကိုဝင်းကြည်က လွယ်အိတ်အသေးကလေးလွယ်ထားပြီးတော့ ထန်းခေါက်ဖာသေးသေးတစ်လုံးပါသေးတယ်။ လှည်းမောင်းတာဝန်ကတော့ ကျုပ်ပေါ့ဗျာ၊
(၃)
နတ်ချောင်းဆိုတဲ့ရွာက ကျုပ်တို့ရွာနဲ့ အတော်လှမ်းတဲ့ရွာဗျ၊ မြိုင်သာဘက်ကိုသွားတဲ့လမ်းအတိုင်းသွားပြီးရင် မြိုင်သာမရောက်ခင် မြောက်ဘက်ကိုချိုးပြီး တာလမ်းမကြီးအတိုင်းတော်တော်ဆက်သွားရတယ်၊ ရိုးမတောင်တန်းကြီးနဲ့ဆိုရင် တစ်မိုင်သာသာလောက်ပဲဝေးမယ်ထင်တယ်၊ လှည်းစီးလာရင် အဖေနဲ့ဦးဘသာက ရှေးဟောင်းနှောင်းဖြစ်တွေပြောနေကြတယ်။
“ဦးဘသာကြီး နတ်ချောင်းကိုရောက်ဖူးသလားဗျ”
“လေးငါးခေါက်လောက်တော့ရောက်ဖူးပါတယ်သူကြီး”
ကျုပ်က လှည်းမောင်းရင်း
“နတ်ချောင်းရွာလို့ ဘာလို့ခေါ်ကြတာလဲ ဦးဘသာ”
“အဲဒီရွာရဲ့မြောက်ဘက်မှာ နတ်ရဲချောင်းလို့ခေါ်တဲ့ ချောင်းတစ်ခုရှိတယ်ကွ အလတ်ကောင်ရ၊ အဲဒီချောင်းအနားမှာ တည်ထားတဲ့ရွာမို့လို့ နတ်ရဲချောင်းရွာလို့ ခေါ်ကြရာကနေ နောက်တော့ နတ်ချောင်းရွာဆိုပြီး ဖြစ်သွားတာပဲ”
“နတ်ရဲချောင်းတဲ့လား နာမည်ကတော့ ခပ်ကြမ်းကြမ်းပဲနော်”
“နာမည်ကြမ်းသလို တကယ်လည်းကြမ်းတဲ့ ချောင်းကြီးကွ၊ မိုးကျလာပြီဆိုရင် နတ်ရဲချောင်းက တောင်ကျရေတွေ ဝါးလုံးထိုးကျလာတတ်တယ်၊ ကျလာတဲ့တောင်ကျရေတွေကလည်း မြန်လွန်းလို့ နှစ်တိုင်း လူတွေသေကြ၊ နွားတွေသေကြတာ အမြဲလိုလိုကြားနေရတယ်ဆိုပဲကွ၊ ခုတော့ နတ်ရဲချောင်းထိပ်မှာ တမံပိတ်လိုက်လို့ အရင်လိုရေတွေ ဝါးလုံးထိုးမကျတော့ လူတွေမသေတော့ဘူးပေါ့ကွာ၊ တမံရဲ့အကျိုးနဲ့ ဆယ့်နှစ်ရာသီပတ်လုံး ရေရတော့ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးပွားလုပ်ကိုင်လာရာကနေ အခုတော့ ရွာကြီးဖြစ်နေပြီပေါ့ကွာ”
“ဒါနဲ့ နတ်ရဲချောင်းသခင်မဆိုလား ရှိသေးတယ်ဆိုဗျ”
အဖေက သူကြားဖူးတာကိုဝင်မေးတယ်၊ ဦးဘသာက ကွမ်းတစ်ယာ ယာနေရင်း
“ဟုတ်တယ်သူကြီး၊ နတ်ရဲချောင်းအထက်ဘက်နားမှာ ကမ်းပါးကြီးတစ်ခုရှိတယ်၊ အဲဒီကမ်းပါးကြီးပေါ်မှာ သစ်တံခါးပင်လို့ခေါ်တဲ့ အပင်ကြီးတစ်ပင်ရှိတယ်၊ အဲဒီအပင်ကြီးမှာ နတ်ရဲချောင်းသခင်မနေတယ်လို့ပြောတယ်ကွ၊ နတ်ရဲချောင်းသခင်မကလည်း နှယ်နှယ်ရရမဟုတ်ဘူးနော်၊ သူကလည်း ရာဇဝင်ရှိတယ်”
“ဒါဆိုရင်လည်း ပြောပြပါအုံးဗျာ၊ လှည်းစီးရင်း အပျင်းပြေတာပေါ့”
“ငါလည်းသေချာတော့မသိဘူးဟ၊ ရှေးလူကြီးတွေပြောတာတော့ ပုဂံခေတ်က မြိုင်သာမြို့နေရာမှာ ပဉ္စသေလနိဂုံးရွာလို့ခေါ်တဲ့ ရွာတစ်ရွာရှိတယ်၊ ရွာသူူကြီးဆီမှာ သမီးကလေးတစ်ယောက်ရှိတယ်ဆိုပဲကွ၊ သူ့နာမည်က စောမြကြည်ဆိုလား စောမြတ်ကြည်ဆိုလားပဲ၊ ငါလည်း သိပ်တော့မမှတ်မိတော့ဘူး၊ ထားပါတော့ကွာ အဲဒီနယ်မှာ မြေရှင်ကြီးတစ်ဦးလဲရှိတယ်၊ အဲဒီမြေရှင်ကြီးက သူများမြေတွေကို မတရားလုပ်ပြီးသိမ်းယူတာကို သူကြီးကသိတော့ အပြစ်ပေးလိုက်တယ်ပေါ့၊ မြေရှင်က မကျေနပ်တော့ သူကြီးက ရှင်ဘုရင်ကိုပုန်ကန်ဖို့ကြံစည်ပါတယ်ဆိုပြီး ဘုရင့်ဆီသတင်းပို့လိုက်တာ ဘုရင်က သူကြီးကိုဖမ်းစေတာပေါ့၊ မင်းချင်းတွေက ဘုရင့်အမိန့်နဲ့သူကြီးကိုဖမ်းဆီးသတ်ဖြတ်တော့ သူကြီးသမီးမိန်းကလေးက ပြေးရင်းလွှားရင်း အဲဒီနတ်ရဲချောင်းကိုရောက်သွားတယ်၊ နတ်ရဲချောင်းအနားမှာ မိန်းကလေးကိုဖမ်းမိတော့ မင်းချင်းတွေက ကမ်းပါးက သစ်ပင်ကြီးတစ်ပင်မှာဆွဲကြိုးချပြီး သတ်တယ်ဆိုပဲ၊ သူကြီးသမီးက မသေခင် သူတို့သားအဖနှစ်ယောက်က အပြစ်ကင်းစင်ပါတယ်ဆိုပြီး သစ္စာဆိုလိုက်တာ တောင်ကျရေတွေဝါးလုံးထိုးဆင်းလာပြီးတော့ မင်းချင်းတွေအကုန်မျောပါကုန်တယ်တဲ့ကွာ”
ဦးဘသာက ယာပြီးသားကွမ်းကို လက်ထဲကိုင်ထားရင်း
“အဲဒါနဲ့သူလည်းပဲ နတ်စိမ်းဖြစ်သွားတယ်ပေါ့ကွာ၊ တစ်နေ့ မဏိစည်သူမင်းကြီးက ရတနာဖောင်စြက်ာနဲ့ တိုင်းခမ်းလှည့်လည်လာရင်း နတ်ရဲချောင်းနားကိုရောက်တော့ နတ်ရဲချောင်းသခင်မက ဖောင်ကိုဆွဲထားလို့ ဖောင်က သွားမရဘူးဖြစ်နေသတဲ့ကွ၊ မဏိစည်သူမင်းက ကြိမ်စြက်ာနဲ့ရိုက်ခေါ်တဲ့အခါမှ သခင်မကပေါ်လာခဲ့တယ်၊ သူတို့သားအဖ အပြစ်ကင်းရဲ့သားနဲ့ မင်းချင်းတွေကစီစဉ်သတ်ဖြတ်တာကို မကျေနပ်လို့ဆွဲထားပါတယ်လို့ ပြောတော့မှ မင်းကြီးက နတ်ရဲချောင်းတစ်ဝိုက်ကို အပိုင်စားပေးခဲ့တယ်ဆိုပဲ”
ဦးဘသာက ပြောတဲ့အခါ ကိုဝင်းကြည်က
“ဦးဘသာကတော့ မဖြစ်နိုင်တာတွေပြောတော့မယ်ဗျာ၊ ကျုပ်တို့ဒေသက ဒီလောက်ကုန်းခေါင်ခေါင်ကြီးဟာကို မဏိစည်သူမင်းကြီးက ဖောင်နဲ့ဘယ်လိုလာမလဲဗျ”
“ဟ၊ ဒါတော့ ငါလည်းမသိဘူးလေကွာ၊ ရှေးလူကြီးတွေပြောတဲ့ ရာဇဝင်ပါဆိုနေမှ”
“ရှေးလူကြီးတွေဆိုတာ ဒီလိုပဲခြောက်လှန့်ပြီးပြောခဲ့တာပါ ဦးဘသာရာ၊ ဒါနဲ့နောက်တစ်ခုက အဲဒီသစ်စကားပင်ဆိုလား သစ်တံခါးပင်ဆိုလား အဲဒီအပင်ကြီးက ပုဂံခေတ်ကတည်းက ရှိနေခဲ့တာဆိုတာ ယုံစရာမကောင်းဘူးလေဗျာ၊ သစ်ပင်တစ်ပင်က ဒီလောက်သက်တမ်းရှိပါ့မလား”
“ငါက ပြောဆိုလို့ ပြောပြရတာ ယုံတာမယုံတာ မင်းတို့အပိုင်းပဲဟေ့”
ကိုဝင်းကြည်က ခေတ်လူငယ်ဆိုတော့ ဦးဘသာစကားတွေကို အယုံအကြည်မရှိတဲ့ပုံပဲဗျာ၊ စကားတပြောပြောနဲ့သွားကြရင်း နတ်ချောင်းရွာကိုရောက်တော့ ညနေလေးနာရီလောက်ရှိနေပြီ၊ ရွာမဝင်ခင်မှာပဲ နတ်ချောင်းရွာသူကြီးက ကျုပ်တို့ကို ရွာထိပ်မှာထွက်စောင့်နေတယ်။ အဖေက နတ်ချောင်းရွာသူကြီးကိုတွေ့တော့
“ဟာ၊ ကိုဖိုးမှန် ဒီမှာဘာလုပ်နေတာလဲဗျ”
“ဘာလုပ်ရမလဲဗျာ၊ ဒီတစ်ခါကျင်းပတဲ့ပွဲက ကျုပ်တို့ရွာမှာလုပ်တာဆိုတော့ ကျုပ်တို့က ဧည့်သည်တွေကို ကြိုဆိုရမှာပေါ့”
နတ်ချောင်းရွာသူကြီး ဦးဖိုးမှန်က ကျုပ်တို့လှည်းပေါ်တက်ပြီးလိုက်လာခဲ့တယ်၊ ဦးဖိုးမှန်က အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်နီးပါးရှိပုံပဲဗျ၊ ဝတ်တာစားတာလည်း ရှေးလူကြီးပုံစံပါပဲဗျာ၊ ရိုးရိုးသားသားရှိပုံလဲပေါ်ပါတယ်၊ အဖေနဲ့ စကားစမြည်ပြောနှုတ်ဆက်နေရင်း မကြာခင် ရွာအဝင်ကိုရောက်လာခဲ့တယ်၊ ရွာအပြင်တာလမ်းနံဘေးမှာ တဲအိမ်ကလေးတစ်အိမ်ရှိတယ်၊ ဦးဖိုးမှန်က စကားပြောရင်းနဲ့
“ဟေ့သူငယ်၊ ဟိုတဲကလေးအရှေ့ရောက်ရင် လှည်းကိုခဏရပ်လိုက်ပါကွယ်”
“ဒါတခြားလူမဟုတ်ဘူး ဦးဖိုးမှန် ကျုပ်သား အလတ်ကောင်ပဲ၊ နာမည်ကတော့ ခင်မောင်တဲ့”
“ဒီကလေးတောင် ဒီအရွယ်ရောက်နေပြီတဲ့လား၊ အင်းလေ ကျုပ်တို့အသက်တွေလည်း ငယ်တော့တာမှမဟုတ်တာပဲဗျာ”
ဦးဖိုးမှန်ပြောတာနဲ့ တဲကလေးအရှေ့မှာ လှည်းရပ်လိုက်ရတယ်၊ တဲကလေးက သေးသေးကုပ်ကုပ်ကလေးပဲဗျ၊ ဦးဖိုးမှန်က လှည်းပေါ်ကနေဆင်းသွားရင်း
“လာခဲ့ ကိုဘမောင်၊ ခင်ဗျားတို့ကို အမေကြီးနဲ့မိတ်ဆက်ပေးရအုံးမယ်၊ လှည်းပေါ်ကလူတွေလည်း ဆင်းလိုက်လာခဲ့ကြပါ”
ဘယ်ကအမေကြီးလည်းတော့မသိဘူးဗျ၊ သူကြီးက ဆင်းဆိုတော့လည်း ကျုပ်တို့ဆင်းလိုက်လာခဲ့ရတာပေါ့ဗျာ၊ တဲထဲကိုဝင်လိုက်တော့ တဲက ပြောင်သလင်းခါနေတာပဲဗျာ၊ အထဲမှာ စားအိုးစားခွက်၊ အိုးခွက်ပန်းကန်၊ အိပ်ရာလိပ်တွေတောင်မရှိဘူးဗျ၊ ဦးဖိုးမှန်က တဲထဲကိုကြည့်ုလိုက်ရင်း
“အမေကြီး . . . ဘယ်သွားနေတာလဲ အမေကြီးရဲ့”
“လာပါပြီဟယ်၊ ဖြည်းဖြည်းသက်သာခေါ်စမ်းပါ”
တဲအနောက်ဘက်ကနေ အဘွားကြီးတစ်ယောက်ထွက်လာတယ်၊ အဘွားကြီးက ဘီးဆံပတ်ကြီးထုံးထားတယ်၊ အဝတ်အစားတွေက ခပ်နွမ်းနွမ်းဆိုပေမယ့် ဝတ်ထားတာ သပ်သပ်ရပ်ရပ်ရှိတယ်၊ သနပ်ခါးတွေ ခြေဆုံးခေါင်းဆုံးလိမ်းထားတာ ဖွေးနေတာပါပဲဗျာ။ ဦးဖိုးမှန်က ရိုရိုကျိုးကျိုးနဲ့
“ဟောဒါ ဇီးကုန်းရွာက သူကြီးဦးဘမောင်ပါ၊ ဒါကတော့ သူတို့ရွာကလာကြတဲ့ ရွာသားတွေပါ၊ ရွာမှာ သရုပ်ပြပွဲရှိလို့ လာခဲ့ကြတာပါအမေကြီး”
မသိရင် သူ့ကိုသတင်းဝင်ပို့နေရသလိုပဲဗျာ၊ အဘွားကြီးက ကျုပ်တို့ကိုမျက်စောင်းထိုးကြည့်ရင်း
“ပညာသည်တွေလည်း ပါလာသေးသကိုး”
ဦးဖိုးမှန်က ကျုပ်တို့ကိုလက်အုပ်ချီခိုင်းတယ်၊ သူလည်း လက်အုပ်ချီတယ်၊ ကျုပ်ကတော့ သူကလက်အုပ်ချီဆိုရင် ချီလိုက်တာပါပဲ၊ မချီတာ နှစ်ယောက်ရှိတယ်ဗျ၊ အဲဒါကတော့ အဖေနဲ့ ကိုဝင်းကြည်ပဲ။ အဖေက လက်အုပ်မချီဘဲ လက်အနောက်ပစ်ထားတယ်၊ ကိုဝင်းကြည်က ခါးထောက်ပြီး ဦးဖိုးမှန်ကိုကြည့်ရင်း
“ကျုပ်တို့က ဘာလို့လက်အုပ်ချီရမှာလဲ၊ ဒီမိန်းမကြီးက ဘာမို့လို့ ကျုပ်တို့က ကန်တော့ရမှာလဲ”
“ကန်တော့တယ်တော့ မဟုတ်ဘူးပေါ့ မောင်ရင်ရာ၊ လူကြီးသူမကို ရိုသေသမှုနဲ့ နှုတ်ဆက်ယုံတင်ပါ”
“အိုဗျာ၊ လူလူချင်းဘာကန်တော့စရာလိုလဲဗျ၊ ဘုန်းကြီး သီလရှင်မို့ ကန်တော့ရတယ်ဆိုရင်ထားပါတော့”
ကိုဝင်းကြည်ပြောလိုက်တဲ့အခါ ဦးဖိုးမှန်က လန့်သွားတယ်ဗျ။
“ဘယ်လိုပြောလိုက်တာလဲ မောင်ရင်ရယ်”
ဘွားတော်က ကျုပ်တို့ကိုတစ်ချက်စောင်းကြည့်ပြီး
“ရပါပြီ၊ သွားကြတော့၊ ငါလည်း အဝတ်လျှော်ရအုံးမယ်”
ဦးဖိုးမှန်က
“အမေကြီးရယ်၊ တရွာသားတွေ ပြောမှားဆိုမှားရှိရင် ခွင့်လွတ်ပါနော်”
“အေးအေး ဒါပဲမဟုတ်လား”
ဘွားတော်က ပြောဆိုပြီး အိမ်နောက်ဖေးကိုပြန်ဝင်သွားတယ်၊ ဦးဖိုးမှန်က ကျုပ်တို့ကိုလက်ကုပ်ပြီး လှည်းပေါ်ပြန်လာခဲ့ကြတယ်၊ ကိုဝင်းကြည်က သိပ်ကျေနပ်ပုံမရသေးဘူး။
“ဒီမိန်းမကြီးက ဘယ်သူလဲ၊ ဘာမို့လို့ ကျုပ်တို့က ကန်တော့ရမှာလဲ၊ သူကြီးနဲ့ ဆွေမျိုးတွေဘာတွေတော်လို့လား”
“မဟုတ်ဘူး မောင်ရင်ရဲ့၊ တို့ရွာကိုလူစိမ်းဝင်လာတိုင်း အမေကြီးကို ဂါရဝပြုရတယ်၊ အဲဒါထုံးစံပဲ”
ဦးဖိုးမှန်ပြောတာကို ကျုပ်ကနားထောင်မိတော့
“နေစမ်းပါအုံး သူကြီး၊ အဲဒီမိန်းမကြီးက စုန်းမကြီးများလား၊ ကျုပ်ကြားဖူးတာကတော့ စုန်းမကြီးတွေစွမ်းရင် ရွာကိုမဝင်ခင် အရင်ရှိခိုးရတယ်ဆိုလားပဲ”
ဦးဖိုးမှန်က မျက်နှာတော်တော်ပျက်နေတယ်ဗျ၊ နောက်တော့ ကျုပ်ပြောတာကို ခေါင်းညိတ်ပြတယ်။ အဲဒီမှာ အယုံအကြည်မရှိတဲ့ ကိုဝင်းကြည်နဲ့တွေ့ပါလေရော။
“သူကြီးက တော်တော်ရှေးရိုးဆန်တဲ့လူပဲဗျာ၊ စုန်းဆိုတိုင်း ကျုပ်တို့က ကြောက်ရမှာလားဗျ၊ ဒီအဘွားကြီးက ဘာမှစွမ်းပုံမရပါဘူးဗျာ၊ သူကြီးတို့ရင်ထဲက ကြောက်စိတ်က သူကြီးတို့ကိုပြန်ပြီးခြောက်လှန့်နေတာဗျ”
“တော်ပါတော့ မောင်ရင်ရာ၊ ရွာထဲရောက်အောင် အရင်သွားကြပါစို့”
အဖေက ကိုဝင်းကြည်ကို ဆက်မပြောနဲ့တော့ဆိုတဲ့ အဓိပ္ပါယ်နဲ့ မျက်ရိပ်ပြလိုက်တယ်၊ ကိုဝင်းကြည်လည်း ဘာမှဆက်မပြောတော့ဘူး၊ မကြာခင် ရွာထဲကိုရောက်လာခဲ့ကြတယ်၊ ရွာလယ်မှာ ခြံကျယ်ကြီးတစ်ခုရှိတယ်၊ ခြံထဲမှာလည်း ရေနံချေးတွေဝနေအောင်သုတ်ထားတဲ့ အိမ်မည်းကြီးတစ်လုံးလည်းရှိသေးတယ်၊ အိမ်မဲကြီးက တော်တော်ကြီးတာဗျ၊ ကျုပ်တို့အိမ်ရဲ့ နှစ်ဆလောက်ရှိမယ်ထင်တယ်၊ အဖေက အိမ်ကြီးကိုကြည့်လိုက်ရင်း
“ဒါ ခင်ဗျားတို့အိမ်မဟုတ်ပါလား ကိုဖိုးမှန်”
“ဟုတ်တယ် ကိုဘမောင်၊ ကျုပ်အိမ်က မိသားစုလည်းများတယ် ကျဉ်းလည်းကျဉ်းတယ်ဆိုတော့ သူကြီးတို့ နေရထိုင်ရတာ ခက်ခဲနေမှာစိုးလို့ ဒီအိမ်ကြီးကိုစီစဉ်ပေးထားတာပါ၊ ဒီအိမ်က ကျယ်ကျယ်ဝန်းဝန်းလည်းရှိတယ်၊ အိမ်ရှင်တွေကလည်း သားအဖနှစ်ယောက်တည်းဆိုတော့ သူကြီးတို့ လွတ်လွတ်လပ်လပ်တည်းလို့ရတာပေါ့ဗျာ”
အိမ်ကြီးအရှေ့မှာ ရွာသားတစ်ယောက်က စောင့်နေတယ်၊ သူကြီးက အဆင်သင့်ဖြစ်ပြီလားလို့မေးတော့ ဒီလူက ခြံတံခါးကိုအသင့်ဖွင့်ပေးတယ်ဗျာ၊ ခြံထဲကိုနွားလှည်းမောင်းဝင်လိုက်တာနဲ့ ကျုပ်ရင်ထဲ စိမ့်ခနဲအေးသွားသလိုခံစားလိုက်ရတယ်၊ ခြံကြီးထဲမှာ သီးပင်စားပင် နှစ်ရှည်ပင်ကြီးတွေက တစ်ပင်နဲ့တစ်ပင် ခပ်စိတ်စိတ်ပေါက်နေကြတာဆိုတော့ နေရောင်မထိုးဘဲ အေးစိမ့်နေတာပဲဗျာ၊ ခြံအလယ်မှာတော့ ခုနကပြောတဲ့ အိမ်မဲကြီးတစ်လုံးရှိတယ်၊ အိမ်ကြီးရဲ့အောက်ဘက်မှာ နဖူးပြောင်ပြောင်နဲ့အဘိုးကြီးတစ်ယောက် မတ်တပ်ရပ်ပြီး ကျုပ်တို့ကိုပြုံးပြနေတယ်။
လှည်းရပ်ပြီးအိမ်ထဲကိုဝင်လိုက်ကြတယ်၊ အိမ်ရှေ့မှာ စားပွဲခုံနဲ့ သစ်သားထိုင်ခုံတွေအသင့်ခင်းထားတယ်၊ စားပွဲပေါ်မှာလည်း စားစရာမုန့်တွေအပြည့်ပဲဗျို့။
“ဇီးကုန်းရွာက သူကြီးတွေလာတည်းမယ်ဆိုတာနဲ့ ကျွန်တော်အသင့်ပြင်ဆင်ထားပြီး စောင့်နေတာကြာလှပေါ့”
ထိပ်ပြောင်ကြီးက ပြောဆိုပြီး ကျုပ်တို့ကိုခုံမှာထိုင်ခိုင်းတယ်။ နောက်တော့ အိမ်ထဲကိုလှမ်းကြည့်ပြီး
“သမီးရေ၊ ဧည့်သည်တွေအတွက် ရေနွေးပူပူလေး ယူလာခဲ့စမ်းပါ”
သူကြီးဦးဖိုးမှန်က
“ဟောဒါကတော့ ဦးထွန်းညွန့်လို့ခေါ်ပါတယ် ကိုဘမောင်၊ လူတွေတော်တော်များများကတော့ မျက်လှည့်ဆရာကြီး ဦးပေါက်စီလို့သိကြပါတယ်”
ဦးဘသာက
“အော်၊ ဦးပေါက်စီဆိုတာ ခင်ဗျားကိုး ဒါကြောင့် အိမ်ထဲဝင်လာကတည်းက မြင်ဖူးပါတယ်ဆိုပြီးကြည့်နေမိတာ”
“ကျုပ်တို့တော့ မတွေ့ဖူးပါဘူး ဦးဘသာရာ”
ဦးပေါက်စီက ရယ်ရင်းနဲ့
“ကျုပ်မျက်လှည့်လောက ကနေ အနားယူခဲ့တာပဲ အနှစ်နှစ်ဆယ်လောက်ရှိပြီလေ၊ မောင်ရင်တို့လို လူငယ်တွေ ဘယ်မီလိုက်ပါ့မလဲ”
“သြော်၊ ဒါကြောင့်ဖြစ်မယ်”
ဦးဖိုးမှန်က အဖေ့ကိုလက်ညှိုးထိုးပြရင်း
“ဟောဒါက ဇီးကုန်းရွာသူကြီး ဦးဘမောင်ပါ၊ ဟောဒါကတော့ သူကြီးရဲ့သားအလတ်ကောင်ပါ သူ့နာမည်က ဘယ်သူဆိုလဲ”
ကျုပ်ကိုမိတ်ဆက်ပေးနေတဲ့အချိန်မှာပဲ အိမ်နောက်ဖေးကနေ မိန်းကလေးတစ်ယောက်က ဓါတ်ဘူးထည့်ထားတဲ့ ဗန်းကလေးကိုင်ပြီးထွက်လာတယ်၊ ဒီမိန်းကလေးက တော်တော်ချော တော်တော်လှတာပဲဗျာ၊ သူ့မျက်နှာက ထင်းထင်းကလေးဗျ၊ တစ်ခါမြင်လိုက်ရုံနဲ့ မှတ်မိသွားစေနိုင်တဲ့မျက်နှာမျိုးဗျ၊ ပါးပြင်မှာ စံပယ်တင်မှဲ့ကလေးတစ်လုံးပါသေးတယ်။
ဦးဖိုးမှန်က ကျုပ်လက်ကိုတို့ရင်း
“ဟေ့ မောင်ရင် မောင်ရင့်နာမည်က . . .”
“လှတယ်”
ကျုပ်ပါးစပ်ကနေ လွတ်ခနဲထွက်သွားတယ်၊ လူကြီးတွေအကုန်လုံးက ကျုပ်ကိုဝိုင်းကြည့်နေကြတယ်၊ ကျုပ်လည်း ရှက်ကိုးရှက်ကန်းနဲ့
“ဟိုလေ မှားလို့ ကျုပ်နာမည်က ခင်မောင်ပါ”
ကျုပ်ဖြေလိုက်တော့ အားလုံးက တဟားဟားနဲ့ရယ်ကြတယ်၊ ဟိုမိန်းကလေးက ရေနွေးခွက်တွေချပေးရင်းနဲ့
“မသိပါဘူးရှင် ကျွန်မက ရှင့်နာမည်ကို ကိုလှတယ်လို့မှတ်နေတာ”
အဲဒီလိုပြောရင်း ကျုပ်ကိုကြည့်ပြီးရယ်ပါရော။
“ဒါနဲ့ ဒီကမိန်းကလေးကရော”
“ဒါက ကျုပ်သမီးပါ၊ သူ့နာမည်က စံပယ်လို့ခေါ်ပါတယ်”
နာမည်ကလေးကလည်းလှသလို၊ လူကလည်းလှတယ်ဗျာ၊ မစံပယ်က အသက်သုံးဆယ်ကျော်လောက်ဖြစ်မယ်ဗျ၊ သူလှတဲ့အလှက အသက်ငယ်တဲ့မိန်းကလေးတွေလှတဲ့အလှမျိုးမဟုတ်ဘဲ သက်လတ်ပိုင်းအရွယ် တည်ငြိမ်ရင့်ကျက်တဲ့အလှမျိုးပဲဗျ။ ကျုပ်တို့စကားပြောနေရင်းနဲ့
“ကိုဖိုးမှန်၊ ဒီအိမ်မှာ ကျုပ်တို့ချည်းနေရမှာလားဗျ”
“ဟုတ်ပါတယ်၊ နယ်ဝေးက ညအိပ်ညနေလာကြတဲ့လူတွေကို ရွာထဲမှာ အိမ်ခွဲပြီးဧည့်ခံတာပါ၊ ဒီနားအနီးအပါးရွာက လူတွေကတော့ မနက်စောစောလာကြမယ်ထင်ပါတယ်”
ဦးပေါက်စီက
“ကျုပ်တို့အိမ်မှာ ဒီသားအဖနှစ်ယောက်ပဲ နေကြတာပါဗျာ၊ အိမ်ကြီးကလည်း အကျယ်ကြီးပါ၊ သူကြီးတို့ လွတ်လွတ်လပ်လပ်နေနိုင်ပါတယ်”
“ကျုပ်က ခင်ဗျားတို့ကိုအားနာလို့ပါ”
“ရပါတယ်သူကြီး၊ ကျုပ်တို့က ဧည့်သည်တောင်မျှော်နေရတာပါ”
“ဒါဆို ကိုဘမောင်တို့ ဒီအိမ်မှာပဲ နားလိုက်ကြပါတော့၊ မနက်ဖြန်မနက် ကျုပ်လာခေါ်ပါ့မယ်၊ ဘာမှအားမနာကြပါနဲ့၊ လိုတာရှိရင်လည်းပြောပါ”
နတ်ချောင်းရွာသားတွေရဲ့ ဧည့်ဝတ်ကျေမှုကတော့ အတိုင်းထက်အလွန်ပါပဲဗျာ၊ ဦးပေါက်စီတို့သားအဖကလည်း သဘောကောင်းတယ်၊ မစံပယ်က ကျုပ်တို့ကိုခပ်ရှိန်ရှိန်မနေဘဲ အလိုက်သင့်ကလေးပြောဆိုတယ်ဆိုတော့ ပေါင်းရသင်းရလွယ်ပါတယ်။
ရေချိုးတဲ့နေရာက ခြံထောင့်နားက ရေတွင်းမှာချိုးရတယ်၊ တစ်နေကုန်လှည်းစီးလာပြီး ပင်ပန်းလာတာဆိုတော့ ရေတွင်းထဲက ရေအေးအေးကလေးက ချိုးလို့ကောင်းလိုက်တာ ပြောမနေပါနဲ့ဗျာ၊ ကိုဝင်းကြည်နဲ့ ကျုပ်နဲ့ရေအတူတူချိုးနေကြတုန်း မစံပယ်က အနားကိုရောက်လာတယ်ဗျ၊ မစံပယ်က ကျုပ်တို့နှစ်ယောက်ရေချိုးနေတာကို စူးစူးစိုက်စိုက်ကြီးကြည့်နေလို့ ကျုပ်ဖြင့် ရှက်ကိုးရှက်ကန်းနဲ့ ရင်ဘတ်ကိုလက်နဲ့ကာထားလိုက်မိတယ်၊ ကိုဝင်းကြည်က ပြန်စိုက်ကြည့်လိုက်မှ မစံပယ်က ရှက်ကိုးရှက်ကန်းနဲ့
“အဟင်း . .ဟိုလေ ရှင်တို့ရေသုတ်ဖို့ သဘက်လာပေးတာပါ”
မစံပယ်က သဘက်နှစ်ထည်ကို စဉ့်အိုးအဖုံးပေါ်ကိုတင်သွားတယ်၊ ပြန်ခါနီးတောင်မှ ကျုပ်တို့ကိုပြီတီတီနဲ့လှည့်ကြည့်သွားသေးတယ်ဗျာ၊ လူပျိုဆိုပေမယ့် မိန်းကလေးတစ်ယောက် စိုက်ကြည့်တာခံရတော့ ရှက်မိတာအမှန်ပဲဗျာ။
“အလတ်ကောင်ရေ ဒီမိန်းမကြီးက ဘာကြီးလဲတော့မသိဘူးကွ၊ လှတာတော့ လှချက်ပဲဟေ့”
“တော်ပါတော့ ကိုဝင်းကြည်ရာ၊ အရိပ်နေနေအခက်ချိုးချိုးမလုပ်စမ်းပါနဲ့ဗျ၊ တော်ကြာအဖေသိသွားလို့ ကျုပ်တို့ဆူခံထိနေပါအုံးမယ်”
ကိုဝင်းကြည်ကိုသာပြောလိုက်မိပေမယ့် ကျုပ်စိတ်ထဲမှာလည်း မစံပယ်က တစ်မျိုးတော့ တစ်မျိုးပဲဗျ။
ညစာကျွေးတော့လည်း ဟင်းတွေကို အလျှံပယ်ပါပဲဗျာ။ ဒီလူတွေ စေတနာကောင်းချက်ကတော့ ပြောမနေပါနဲ့တော့၊ ညစာစားပြီးတော့ ဦးပေါက်စီက ကျုပ်တို့မပျင်းရအောင်ဆိုပြီး မျက်လှည့်ပြကွက်လေးတွေပြတယ်၊ ကျုပ်တို့လည်း အထူးအဆန်းဆိုတော့ ပျော်တာပေါ့ဗျာ၊ ဦးဘသာကတော့ ကွမ်းဝါးရင်း အေးအေးလူလူထိုင်နေတယ်၊ ခဏကြာတော့ မစံပယ်က မင်းသမီးဝတ်စုံဝတ်ပြီးထွက်လာတယ်၊ ခါးထောင်အင်္ကျီ၊ ချိတ်ထိုင်မသိမ်းနဲ့ဆိုတော့ ကြည့်ရတာ တကယ့်မင်းသမီးလေးတစ်ပါးနဲ့တောင် တူပါသေးတယ်ဗျာ၊ မစံပယ်ထွက်လာတော့ ဦးပေါက်စီက ဒေါသထွက်သွားပုံရတယ်၊
“သမီး၊ ဒါဘာလုပ်တာလဲ”
“ဧည့်သည်တွေကို သမီးတတ်တဲ့ပညာနဲ့ ဖျော်ဖြေမလို့လေ အဖေရဲ့”
ဦးပေါက်စီရုပ်ကြီးခက်ထန်သွားတာကိုမြင်လိုက်ရတော့ ကျုပ်တို့တွေ ထိတ်လန့်သွားမိတယ်၊ မစံပယ်က ဦးပေါက်စီလက်ကိုဆွဲလိုက်ပြီး
“သူတို့ဘာမှမသိပါဘူးအဖေရယ်၊ အသာထားလိုက်စမ်းပါ”
ဒီတော့မှ ဦးပေါက်စီက ခေါင်းညိတ်ပြီး
“အင်းလေ၊ ဒါဖြင့်ရင်လည်း သမီးစိတ်တိုင်းကျ စီစဉ်ပေတော့”
ဦးပေါက်စီက ခုံတစ်လုံးအပေါ်တင်ထားတဲ့ ဓါတ်ပြားဖွင့်စက်ကြီးကို ဂေါက်တံကြီးနဲ့လှည့်ပြီး သံပတ်ပေးနေတယ်၊ နောက်တော့ ဓါတ်ပြားတစ်ချပ်ထည့်လိုက်ပြီး ဖွင့်တော့တယ်ဗျ၊ သီချင်းကတော့ အငြိမ့်သီချင်းပုံစံမျိုးပဲ၊ မစံပယ်က ဓါတ်ပြားထဲက ထွက်လာတဲ့ ဆိုင်းသံအတိုင်း လိုက်ပြီးကနေတယ်၊ အကကလည်း တအားကောင်းတာပဲဗျို့၊ ကျုပ်တို့လို ဇာတ်ကြိုက်တဲ့လူ အငြိမ့်ကြိုက်တဲ့လူတွေက မင်းသမီး အက ကောင်းမကောင်းကို တန်းသိတယ်မဟုတ်လား၊ မစံပယ်ရဲ့အကဟာ သာမန်ဝါသနာရှင်ပုံစံမျိုးမဟုတ်ဘဲ တကယ့်အငြိမ့်မင်းသမီးကြီးလို အကကောင်းတာ အံ့သြစရာကြီးဗျာ။
ဓါတ်စက်ကပြီးသွားပေမယ့် ကျုပ်တို့လက်ခုပ်တီးဖို့ မေ့နေကြတယ်၊ မစံပယ်အကမှာ အားလုံးစီးမျောခံစားနေမိတယ်ဗျာ၊ ဦးဘသာကြီးဆိုရင် မစံပယ်ကို ချီးကျူးလို့ကိုမဆုံးဘူးဗျ။
“ဒီက မိန်းကလေးရဲ့အကပုံစံက သာမန်ဝါသနာရှင်ပုံစံနဲ့မတူဘဲ အနှစ်နှစ်အလလလေ့ကျင့်ကပြခဲ့တဲ့ ဇာတ်မင်းသမီးတစ်ယောက်ရဲ့ အကနဲ့တူနေပါတယ်၊ မဟုတ်မှလွဲရော ဇာတ်တွေဘာတွေများ ကခဲ့ဖူးသလား”
ဦးဘသာမေးတော့ ဦးပေါက်စီတို့ သားအဖနှစ်ယောက် မျက်လုံးပြူးကုန်ကြတယ်၊ ဦးပေါက်စီက
“ဟုတ်ပါတယ်၊ သမီးကလေးဟာ တစ်ချိန်က မြစံပယ်နာမည်နဲ့ အငြိမ့်ကခဲ့ဖူးပါတယ်”
“ဒါကြောင့် အကကောင်းနေပါတယ်မှတ်တာ၊ ဒါနဲ့ အရွယ်လည်းကောင်းသေးတာပဲ၊ ဘာဖြစ်လို့ ဆက်မကတော့တာလဲ”
ဦးပေါက်စီက မျက်စိမျက်နှာပျက်သွားပြီးတော့
“ကိုယ်ရေးကိုယ်တာအကြောင်းတစ်ခုကြောင့်လို့ပဲ ပြောရမှာပေါ့ဗျာ၊ ကဲ သမီး၊ အဝတ်အစားတွေသွားလဲတော့၊ ဒီကဆရာကြီးတွေလည်း အိပ်ချင်ရှာရော့မယ်”
ဦးပေါက်စီက ပြောချင်ပုံမရဘူးဗျ၊ ဒီအတိုင်းဆိုရင် မစံပယ်ရဲ့အတိတ်မှာ နာကျည်းစရာတစ်ခုခု ဖုံးကွယ်ထားစရာတစ်ခုခုရှိနေမယ်လို့ကျုပ်ထင်လိုက်မိတယ်၊ မစံပယ်ရဲ့ဖျော်ဖြေမှုအပြီးမှာတော့ ကျုပ်တို့တွေအိပ်ရာဝင်ခဲ့ကြတယ်၊ နှစ်ထပ်အိမ်ကြီးရဲ့အပေါ်ထပ်မှာ ကျုပ်တို့လူတစ်စုအိပ်တယ်၊ မစံပယ်နဲ့ ဦးပေါက်စီကတော့ အောက်ထပ်က အခန်းတွေထဲမှာ အိပ်ကြတယ်ထင်တယ်၊ အပေါ်ထပ်က ဟောတိုက်ကြီးဆိုတော့ တံခါးတွေဖွင့်ပြီးအိပ်တာ လေတဖြူးဖြူးနဲ့အိပ်လို့သိပ်ကောင်းတာပဲဗျာ။
(၄)
ညသန်းခေါင်လောက်ရောက်တော့ ကိုဝင်းကြည်က တအားအားနဲ့ထအော်တယ်ဗျာ၊ အော်သံက အတော်ကျယ်တော့ ကျုပ်တို့လန့်နိုးကုန်ကြတယ်၊ ကျုပ်က ကိုဝင်းကြည်ဆီကိုပြေးသွားဖက်လိုက်တော့ ကိုဝင်းကြည်ရဲ့အသားတွေက ကြက်ကိုယ်လုံးကို ပူကျက်နေတာပဲဗျာ၊
“ကိုဝင်းကြည် ခင်ဗျားဘာဖြစ်တာလဲ”
“ငါ . . .ငါ လှုပ်လို့မရတော့ဘူးကွ”
ကိုဝင်းကြည်တစ်ကိုယ်လုံးက သစ်တုံးကြီးလိုတောင့်နေတာပဲဗျာ၊ လည်ပင်းအောက်ပိုင်းကစပြီး လှုပ်လို့လုံးဝမရတော့ဘူး၊ ကျုပ်ဖြင့်မယံုံလို့ ကိုဝင်းကြည်ရဲ့လက်ကိုအသားကုန်ဆွဲဲပြီးခွာလိုက်တာတောင်မှ လက်က ကပ်ပြီးခွာမရဘူးဗျာ။
“ခင်ဗျား လေဖြတ်တာထင်တယ်ဗျ”
ဦးဘသာက မျက်မှောင်ကြုတ်ရင်း
“ငယ်ငယ်ရွယ်ရွယ်နဲ့လေဖြတ်ပါ့မလားကွ”
ကျုပ်က အဖေ့ဘက်ကိုလှည့်ပြီး
“အဖေရေ၊ ဒီမှာ ကိုဝင်းကြည်ဘာဖြစ်သလဲမသိဘူးဗျ”
အဖေကလည်း ငုတ်တုတ်ကြီးထိုင်နေတယ်၊
“ငါ့ ခြေထောက်တွေ လှုပ်လို့မရတော့ဘူး အလတ်ကောင်”
ကိုဝင်းကြည်တစ်ယောက်တည်းဖြစ်တာဆိုရင် သာမန်လို့ယူဆလို့ရသေးတယ်၊ ဒါပေမယ့် အဖေပါဖြစ်တာဆိုတော့ စဉ်းစားရခက်သွားပြီဗျ။
“ဦးဘသာ တစ်ခုခုလုပ်ပါအုံးဗျာ”
“ဒါ စုန်းမပြုစားထားတာကွ”
“ဟုတ်ပါ့မလား ဦးဘသာ”
“သိပ်ဟုတ်တာပေါ့ကွာ၊ တို့ရွာထိပ်မှာတွေ့ခဲ့တဲ့ ဘွားတော်က စုန်းမကြီးပဲကွ၊ ငါက စိတ်ထဲကနေ သူတို့ကိုဘာမှမလုပ်ပါနဲ့ဆိုပြီး တောင်းပန်ထားတာကိုတောင် ဘွားတော်က လာပြုစားလိုက်သေးတယ်”
တုံးလုံးကြီးဖြစ်နေတဲ့ ကိုဝင်းကြည်က
“ဟုတ်မယ် ဦးဘသာ၊ ကျုပ်အိပ်နေတုန်း အိပ်မက်လိုလို တကယ်လိုလိုနဲ့ ဟောဟိုခြေရင်းပြတင်းပေါက်ကနေ ဆံပင်လုံးကြီးတစ်လံုံးက ပျံပြီးဝင်လာတယ်ဗျာ၊ အဲဒီဆံပင်လုံးကြီးက ကျုပ်ခေါင်းရင်းကိုကျတော့ အဘွားကြီးတစ်ယောက်ဖြစ်သွားတယ်၊ အဘွားကြီးက ထမီကိုအထက်ဆင်ဇောက်ထိုးကြီးဝတ်ထားတယ်၊ ကျုပ်ကိုစိုက်ကြည့်ရင်း သူ့မျက်လုံးတွေက နီရဲလာလိုက်တာဗျာ၊ ကျုပ်ကြောက်ကြောက်နဲ့ လန့်နိုးလာတော့ ဒီလိုဖြစ်သွားတာပဲ”
“ဟေ၊ ငါလည်း ဒီလိုမျိုးခပ်ဆင်ဆင်အိပ်မက်တစ်ခုမက်တယ်ကွ”
“ဟာ ဒါဆိုရင်တော့ဟုတ်တယ်၊ ဘွားတော်ကို လက်အုပ်မချီတာ အဖေနဲ့ ကိုဝင်းကြည်နဲ့မဟုတ်လား”
ဦးဘသာက ကွမ်းအစ်ထဲက ကွမ်းရွက်နှစ်ရွက်ထုတ်လိုက်ပြီးတော့
“ဘာမှမပူပါနဲ့ ကျုပ်တစ်ယောက်လုံးရှိတာပဲ၊ အလတ်ကောင် ဟောဒီကွမ်းရွက်ကို သူကြီးရဲ့နဖူးမှာသွားကပ်ပေးလိုက်”
ဦးဘသာက ကွမ်းရွက်နှစ်ရွက်ကို ခပ်ဖွဖွကလေးလိပ်လိုက်ပြီး တစ်ရွက်ကိုလှမ်းပေးတယ်၊ ကွမ်းရွက်က အရည်ကလေးတွေထွက်လာတယ်ဆိုတော့ အဖေ့နဖူးမှာကပ်လိုက်တော့ ကော်နဲ့ကပ်သလို ကပ်သွားတော့တာပေါ့ဗျာ။
“ဦးဘသာ ဘယ်လိုလုပ်မလဲ”
“ပညာက မြင့်တယ်၊ ငါကုလို့မရဘူးဟ၊ စုန်းမကိုရှာပြီး သူ့ပညာသူပြန်နှုှုတ်ခိုင်းမှရမှာ”
ဦးဘသာကပြောရင်း လက်ခုပ်တစ်ချက်တီးလိုက်တယ်၊ သူတီးလိုက်တဲ့အချိန် ကျုပ်နင်းထားတဲ့ကြမ်းပြင်ကြီးက ငလျင်လှုပ်သလို ဘေးတိုက်ကြီးရွေ့သွားတယ်ဗျာ၊ ကျုပ်ဆိုရင် ခေါင်းတွေပါမူးလာလို့ ဦးဘသာပုခုံးကိုလက်တစ်ဖက်နဲ့ထိန်းကိုင်ထားလိုက်ရတယ်။ ပြန်ငြိမ်သွားတဲ့အခါကျတော့ ကျုပ်ခြေထောက်အောက်က ကြမ်းပြင်ကြီးက မြေပြင်ကြီးဖြစ်နေပြီဗျာ၊ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ကျုပ်နဲ့ဦးဘသာက တစ်နေရာကိုရောက်နေတာဗျ။ အသေအချာကြည့်လိုက်တော့မှ နတ်ချောင်းရွာအပြင်ဘက်က စုန်းမကြီးရဲ့အိမ်ရှေ့ဖြစ်နေတယ်။ ဦးဘသာက ခါးထောက်ပြီးတော့ တဲဘက်ကိုကြည့်လိုက်ရင်း
“ဟေ့ဘွားတော် ထွက်ခဲ့၊ အခုချက်ချင်းထွက်ခဲ့”
စုန်းမကြီးက တဲထဲကနေထွက်လာတယ်ဗျာ၊ မနက်ကတွေ့ခဲ့တုန်းက သပ်သပ်ရပ်ရပ်ဆိုပေမယ့် အခုတော့ ဆံပင်ကြီးကဖွာလန်ကျဲနေပြီးတော့ ထမီတစ်ထည်ကို ဇောက်ထိုးဝတ်ထားပြီး ရင်လျားထားတယ်။
“ဘွားတော် ခင်ဗျားကိုကျုပ်အတန်တန်မှာပါတယ်၊ သူကြီးနဲ့ဟိုကောင်လေးကို ခွင့်လွတ်လိုက်ပါလို့ ကျုပ်ပြောခဲ့တယ်မဟုတ်လား”
“ဟင်၊ ဦးဘသာကြီးက ဘယ်တုန်းကပြောခဲ့လို့လဲ”
“သြော်၊ စုန်းအချင်းချင်းကြားအောင်ပြောတာကွ မင်းကဘယ်ကြားမလဲ မင်းအသာနေစမ်းပါအလတ်ကောင်ရာ”
ဦးဘသာက စုန်းမကြီးကိုတစ်ခုခုပြောလိုက်ပုံရတယ်၊ ဒါကြောင့်နေမှာဗျ၊ ကျုပ်တို့ပြန်ခါနီးကျတော့ ဦးဖိုးမှန်က တောင်းတောင်းပန်ပန်ပြောတော့ အင်းပါ သွားသွားဆိုပြီး လှည့်ထွက်သွားတယ်မဟုတ်လား။ စုန်းမကြီးက ခါးထောက်ပြီး
“နင်ငါ့ကို အဲဒီလိုဘွားတော်လို့ခေါ်လို့ လုပ်ထည့်လိုက်တာဟေ့”
“ဘာဆိုင်လို့လဲ”
“နင့်အသက်နဲ့ငါ့အသက်ကိုတွက်ကြည့်အုံး၊ နင့်ရုပ်နင့်ရည်ကိုပြန်ကြည့်အုံး စုန်းထီးရဲ့၊ နင်နဲ့ငါ အလွန်ဆုံးအသက်ကွာလှ ဆယ်နှစ်ပေါ့ဟာ အဲဒါကိုများ ငါ့ကိုဘွားတော် ဘွားတော်နဲ့ ခေါ်စရာလား၊ ငါစိတ်ဆိုးတယ်၊ နင့်ကိုမကျေနပ်လို့လုပ်လိုက်တာ”
“ဒါဆို အဖေတို့ဒီလိုဖြစ်အောင်ခင်ဗျားလုပ်တာပေါ့”
“ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့လားလို့ မေးမနေစမ်းပါနဲ့ အလတ်ကောင်ရာ”
“ကျုပ်က သေချာအောင်မေးတာပါဗျ ဦးဘသာရ”
“ဟုတ်တယ်ဟေ့၊ ငါလုပ်တာ၊ ငါ့ကိုလက်အုပ်မချီတဲ့နှစ်ယောက်ကို မှတ်သွားအောင်လုပ်ထည့်လိုက်တာ၊ ဒါတောင် ဟိုသူကြီးက ဘုရားတရားမြဲလို့ တစ်ကိုယ်လုံးသေအောင်လုပ်လို့မရဘူး၊ ဟိုကောင်လေးကတော့ ထိသွားရှာတယ်”
ဦးဘသာက စုန်းမကြီးကိုလက်ညှိုးထိုးရင်း
“ကျုပ်ရှည်ရှည်ဝေးဝေးမပြောချင်ဘူး၊ သူတို့ကိုလုပ်ထားတဲ့ ပညာတွေပြန်နှုတ်ပေးလိုက်ပါ”
“မနှုတ်ပေါင်၊ နင်နှုတ်ပေးဆိုတိုင်း နှုတ်ပေးစရာလားဟဲ့၊ ထုံးစံအတိုင်း ငါ့ကိုကန်တော့ပွဲတစ်ပွဲပေးပြီး ဆန်တစ်ပြည် ငွေတစ်မတ်နဲ့တောင်းပန်ကန်တော့မှ ကျေနပ်မယ်၊ မှတ်ထား၊ ဒီရွာကိုလာရင် ငါ့ကိုမကန်တော့တဲ့လူမှန်သမျှ ဒီလိုဖြစ်စေရမယ်”
“ခင်ဗျားက တော်တော်ခေါင်းမာတာပဲ၊ ကဲဗျာ ကျုပ်ဘယ်လိုလုပ်မှ ခင်ဗျားသူတို့ကိုပြုစားထားတဲ့ပညာတွေကို ပြန်နှုတ်ပေးမှာလဲ”
“နင်ဘာမှမလုပ်ပေးနိုင်ဘူးစုန်းထီး”
“ဒါဆို ခင်ဗျားကိုနိုင်ရင်ရော”
ဦးဘသာပြောတော့ ဘွားတော်က တဟားဟားနဲ့ရယ်ရင်း
“အောင်မာ၊ ဒီနယ်မှာ ငါ့ကိုယှဉ်နိုင်သူမရှိလို့ အခုလိုပေါ်ပေါ်ထင်ထင်နေရဲတာဟဲ့၊ နင်က ငါ့ကိုစိန်ခေါ်မတဲ့လား”
“စိန်ခေါ်တယ်ဗျာ၊ ခင်ဗျားကို ကျုပ်နိုင်ရင် ခင်ဗျားသူတို့နှစ်ယောက်ကို ပြုစားထားတဲ့ပညာတွေကိုပြန်နှုတ်ပေးရမယ်၊ ကျုပ်ရှုံးရင်တော့ ခင်ဗျားကျုပ်ကိုခိုင်းချင်ရာခိုင်း”
စုန်းမကြီးကခေါင်းညိတ်ပြီး
“ကောင်းတယ်၊ ငါကြိုက်တယ်၊ ပညာမပြိုင်ရတာလဲကြာပြီဆိုတော့ ပြိုင်ကြတာပေါ့”
ဦးဘသာပြောတော့ ဘွားတော်က တဟားဟားနဲ့ရယ်ရင်း
“အောင်မာ၊ ဒီနယ်မှာ ငါ့ကိုယှဉ်နိုင်သူမရှိလို့ အခုလိုပေါ်ပေါ်ထင်ထင်နေရဲတာဟဲ့၊ နင်က ငါ့ကိုစိန်ခေါ်မတဲ့လား”
“စိန်ခေါ်တယ်ဗျာ၊ ခင်ဗျားကို ကျုပ်နိုင်ရင် ခင်ဗျားသူတို့နှစ်ယောက်ကို ပြုစားထားတဲ့ပညာတွေကိုပြန်နှုတ်ပေးရမယ်၊ ကျုပ်ရှုံးရင်တော့ ခင်ဗျားကျုပ်ကိုခိုင်းချင်ရာခိုင်း”
စုန်းမကြီးကခေါင်းညိတ်ပြီး
“ကောင်းတယ်၊ ငါကြိုက်တယ်၊ ပညာမပြိုင်ရတာလဲကြာပြီဆိုတော့ ပြိုင်ကြတာပေါ့”
“ကဲ ခင်ဗျားကြိုက်တဲ့နည်းနဲ့ပြိုင်ပေတော့”
“တို့တွေ အင်းတိုအင်းရှည်တိုက်မယ်”
“စိန်လိုက်လေဗျာ ကြာသလားလို့”
ဘွားတော်က သူတို့နှစ်ယောက်အလယ်က မြေကြီးကိုလက်ညှိုးထိုးလိုက်တော့ မြေကြီးမှာ မျဉ်းတစ်ကြောင်းပေါ်လာတယ်။
“ဦးဘသာ အင်းတိုအင်းရှည်ဆိုတာဘာလဲဗျ”
“စုန်းတွေသုံးတဲ့အင်းတွေရှိတယ် အဲဒီအင်းတွေနဲ့ပြိုင်ပြီးတိုက်ကြတာပေါ့ကွာ”
ပထမဆုံး ဦးဘသာရော ဘွားတော်ရော ကွမ်းရွက်တစ်ရွက်ဆီယူလိုက်တယ်၊ ဘွားတော်က မြေပေါ်မှာဆောင့်ကြောင့်ထိုင်လိုက်ပြီးတော့ ကွမ်းရွက်ထိပ်ဖျားကို လက်နဲ့ဆိတ်ဖြုတ်လိုက်ပြီး ဆံထိုးလိုအရာကလေးတစ်ခုနဲ့ ကွမ်းရွက်ပေါ်မှာ အင်းချတယ်၊ ဦးဘသာက မုဆိုးထိုင်ထိုင်လိုက်ပြီးတော့
“ဘွားတော်က ကွမ်းရွက်ရဲ့ထိပ်ကို လက်နဲ့ဆိတ်ပုံထောက်တော့ ဂုမ္ဘန်အင်းကိုစီရင်နေတာဟေ့”
ဦးဘသာကပြောပြောဆိုဆိုနဲ့ထောင်နေတဲ့ဒူးတစ်ဖက်ပေါ် ကွမ်းရွက်တင်လိုက်ပြီး လက်သည်းနဲ့ခြစ်လို့ အင်းတစ်ကွက်ဆွဲတယ်ဗျာ၊ ဆွဲနေရင်း ပါးစပ်ကလည်း မန္တန်တွေရွတ်တယ်၊ မန္တန်ရွတ်ပုံကလည်း ဆောင့်ဆောင့်အောင့်အောင့်နဲ့ကိုရွတ်တာ၊ ထူတွေရော ထွမ်တွေရော စုံတော့စုံသားဗျ၊ ကျုပ်အထင် မိနစ်ဝက်လောက်ပဲကြာမယ် ဦးဘသာအင်းချတာ ပြီးသွားပါရော၊ ဒူးပေါ်တင်ထားတဲ့ အင်းကွက်ကို လက်ဝါးနဲ့တဖန်းဖန်းရိုက်နေတယ်။
“ဦးဘသာက ဘာအင်းချတာလဲ”
“ယက္ခအင်းကွ”
“သူက ဂုမ္ဘန်အင်း ဦးဘသာက ယက္ခအင်း၊ ဂုမ္ဘန်ဆိုတာလည်းဘီလူး၊ ယက္ခဆိုတာလည်းဘီလူးလေဗျာ၊ တူတူပဲမဟုတ်ဘူးလား”
“နဂါး၊ ဂဠုန်၊ ဂုမ္ဘန်၊ ယက္ခ၊ ဂန္ဓဗ္ဗတဲ့ကွ၊ ဘီလူးချင်းတူပေမယ့် ယက္ခက ဂုမ္ဘန်ထက်တစ်ဆင့်ပိုစွမ်းတယ်”
“ဒါနဲ့ ဘာဖြစ်လို့မုဆိုးထိုင် ထိုင်ရတာလဲဗျာ”
“အင်းဆိုတာ ရေးနည်းရေးဟန်လည်း လိုသေးသကွ၊ ယက္ခအင်းက မုဆိုးထိုင်ထိုင်ပြီး ဒွါရကြီးလို့ခေါ်တဲ့ စအိုကို ဖနောင့်နဲ့ပိတ်ပြီး ချရတယ်”
ဘွားတော်ကလည်း ထလာပြီးတော့ ကွမ်းရွက်ကိုလက်ခုပ်နှစ်ဖက်ကြားထဲထည့်ပြီး လက်ခုပ်တီးသလိုတီးနေတယ်၊
“ဘွားတော် အင်းနှိုးနေပြီကွ”
ဦးဘသာကလည်း ဒူးပေါ်က ကွမ်းရွက်ကို လက်နဲ့ပုတ်ပြီးနှိုးတယ်၊ ပြီးတာနဲ့ နှစ်ယောက်သားတစ်ပြိုင်နက်တည်း ကွမ်းရွက်ကိုလုံးချေပြီး တစ်ယောက်ကိုတစ်ယောက် ကောက်ပေါက်ထည့်လိုက်တယ်ဗျာ၊ ကွမ်းရွက်ဆိုတော့ ဝေးဝေးဘယ်ရောက်မှာလည်းဗျာ၊ အရှေ့နား ခပ်လှမ်းလှမ်းကိုကျတာပေါ့၊ မြေပေါ်ကိုကျတယ်ဆိုရင်ပဲ မြေကြီးထဲက ဟုန်းခနဲမီးခိုးလုံးကြီးတက်လာပြီးတော့ ဘီလူးကြီးတစ်ကောင်ထွက်လာတယ်၊ တော်တော်ရုပ်ဆိုးတဲ့ဘီလူးကြီးပဲဗျာ၊ ဘွားတော်ဘက်မှာလည်း ဘီလူးကြီးတစ်ကောင်ကျလာတယ်၊ ဒါပေမယ့် ဘွားတော်ခေါ်လိုက်တဲ့ဘီလူးကြီးက ကိုယ်တုံးလုံးကြီးဗျ၊ ခါးမှာ နံငယ်ပိုင်းလိုဟာကလေးပတ်ထားတယ်၊ ခေါင်းတုံးကြီးက ပြောင်နေသေးတယ်ဗျာ၊ ဦးဘသာခေါ်လိုက်တဲ့ဘီလူးကျတော့ အင်္ကျီလက်ပြတ်ဝတ်ထားတယ်၊ အောက်မှာက ပုဂံခေတ်ကလူတွေဝတ်သလိုမျိုး အဝတ်စကြီးဝတ်ထားတယ်၊ ဘီလူးကြီးနှစ်ကောင်က တစ်ကောင်နဲ့တစ်ကောင်ပြေးပြီးတိုက်ကြတယ်၊ စည်းအနားလည်းရောက်ရော တစ်ဖက်နဲ့တစ်ဖက်လက်ဝါးကြီးတွေနဲ့ တွန်းထည့်လိုက်တာ ဝုန်းခနဲဒိုင်းခနဲအသံကြီးတွေဖြစ်ကုန်ကြတယ်၊ ဘီလူးကြီးနှစ်ကောင်က စည်းကိုခွပြီး တစ်ယောက်နဲ့တစ်ယောက် လက်ဝါးကြီးတွေနဲ့ အားပြိုင်တွန်းကြတာ ဆူမိုကြီးတွေရဲ့တိုက်ပွဲကိုကြည့်နေရသလိုပဲဗျာ၊
ခဏကြာတော့ အင်္ကျီဝတ်ထားတဲ့ဘီလူးကြီးက အားနဲ့ဆောင့်တွန်းထည့်လိုက်တာ ဘွားတော်ရဲ့ဘီလူးကြီးက အနောက်ကိုယိုင်လဲပြီး ဝုန်းခနဲလဲကျသွားပါလေရော၊ မြေပေါ်ကိုလဲကျသွားတာနဲ့ ဘွားတော်ရဲ့ဘီလူးကြီးလည်း တစ်ခါတည်းပျောက်သွားတော့တယ်။ ဦးဘသာက အောင်နိုင်သူအပြုံးနဲ့ပြုံးလိုက်ရင်း
“ကဲ ဘွားတော် ခင်ဗျားရှုံးပြီ”
“တစ်ကြိမ်တည်းရှုံးတာကို ရှုံးတယ်လို့ခေါ်မလား”
ဘွားတော်က လက်နှစ်ဖက်ကိုမိုးပေါ်မြှောက်တင်လိုက်ပြီး တစ်ခုခုကိုရွတ်ထည့်လိုက်တယ်၊ သိပ်မကြာပါဘူးဗျာ၊ ဘယ်ကမှန်းမသိတဲ့ ကျောက်တုံးကြီးတစ်တုံးက မိုးပေါ်ကနေပြုတ်ကျလာတယ်၊ ကျောက်တုံးဆိုပေမယ့် အရွယ်အစားက ဘောလုံးတစ်လုံးအရွယ်အစားလောက်ပဲရှိတယ်၊ ဘောလုံးကြီးလို လုံးလုံးဝိုင်းဝိုင်းကြီးဗျို့၊ အဲဒီဘောလုံးကြီးကို ဘွားတော်ကလက်နဲ့ပုတ်ထည့်လိုက်တာ ဦးဘသာဆီကို တလိမ့်လိမ့်နဲ့လိမ့်လာတယ်ဗျာ၊ လိမ့်လာရင်း လိမ့်လာရင်းနဲ့ ကျောက်လုံးကြီးက တဖြည်းဖြည်းကြီးလာပြီး အိမ်လောက်ရှိတဲ့ကျောက်တုံးကြီးဖြစ်သွားတယ်၊ ဦးဘသာက ကျုပ်ကိုတွန်းထုတ်လိုက်ပြီးတော့ ကျောက်တုံးကြီးကို လက်နှစ်ဖက်နဲ့ဖမ်းတားလိုက်တယ်၊ ဦးဘသာ တားထားတာတာင်မှ ကျောက်တုံးကြီးက ဆက်လိမ့်နေတုန်းပဲဗျာ၊ ဦးဘသာက အနောက်ကို ခြေသုံးလေးလှမ်းလောက်ဆုတ်လိုက်ရတယ်၊ ပြီးတော့ ကျောက်တုံးကြီးကို လက်နှစ်ဖက်နဲ့ အားစိုက်ပြီး အသားကုန်တွန်းပါလေရော၊ ကျုပ်ဖြင့် ဦးဘသာကြီး ကျောက်တုံးပိသွားပြီမှတ်တာဗျ၊ ကျောက်တုံးကြီးက နည်းတာကြီးမှ မဟုတ်တာဗျာ။
ကျောက်တုံးကြီးကိုတွန်းရင်းနဲ့ ဦးဘသာကြီးက တစ်လှမ်းချင်းအရှေ့တက်လာတယ်ဗျ၊ ဘွားတော်က တော်တော်စွမ်းစွမ်းပဲဗျာ၊ ဦးဘသာကြီးနဖူးမှာချွေးတွေက တပေါက်ပေါက်နဲ့စီးကျလာတယ်၊ နဖူးကချွေး ခြေမအထိကျတယ်ဆိုတာ ဒီလိုအဖြစ်မျိုးကိုပြောတာဖြစ်မယ်၊ အစပိုင်းမှာတော့ ဦးဘသာက ခြေတစ်လှမ်းကို တော်တော်အရှိန်ယူပြီးလှမ်းနေရတယ်ဆိုပေမယ့် နောက်ပိုင်းကျတော့ ခြေလှမ်းတွေက တော်တော်မြန်လာပြီးတော့ သွက်လာတယ်ဗျာ၊ အဲဒီကျောက်တုံးကြီးကု ဘွားတော်ဆီကိုအရှိန်နဲ့ပြန်လှိမ့်ပေးလိုက်ပါရော၊ ဘွားတော်က ကာတော့ကာသေးတယ်ဗျ၊ ကာနေရင်းနဲ့ကျောက်တုံးကြီးက သူ့အပေါ်ကိုဝုန်းခနဲပိသွားတော့တယ်၊ သာမန်လူဆိုရင် ကျောက်တုံးအောက်ကိုရောက်ရင် သေမှာဆိုပေမယ့် ဘွားတော်က မသေဘူးဗျာ၊ ဘွားတော်က ကျောက်တုံးအောက်ကနေ ပြန်ပြီးပင့်နေလိုက်သေးတယ်၊ ဦးဘသာက ကျောက်တုံးကိုလက်တစ်ဖက်နဲ့ကိုင်ထားတာဆိုတော့ ဘွားတော်ထွက်မရဘူးဖြစ်နေတယ်၊ ဒီတော့မှ ရယ်ကျဲကျဲနဲ့
“ဟဲ့ စုန်းထီး၊ ငါ့ကိုနည်းနည်းပါးပါးလျော့ပေးလေဟာ”
“ခင်ဗျားအရှုံးကိုလက်ခံလိုက်ပါဘွားတော်”
“အေးပါဟယ်၊ ငါလက်ခံပါတယ်၊ ငါ့ကိုလွတ်ပေးပါတော့”
“ဒါဆိုရင် ကတိအတိုင်း သူကြီးနဲ့ ဝင်းကြည်ကို ပြုစားထားတဲ့ပညာစက်တွေ ပြန်ထုတ်ပေးပါ”
ဘွားတော်ခေါင်းညိတ်တော့မှ ဦးဘသာက ကျောက်တုံးကြီးကို ဘေးဖက်တစ်နေရာကိုတွန်းထည့်လိုက်တယ်ဗျာ၊ ကျောက်တုံးကြီးက တလိမ့်လိမ့်နဲ့ လိမ့်သွားရင်း ဘွားတော်ရဲ့တဲကိုတက်နင်းထည့်လိုက်တာ တဲကြီးက ဝုန်းခနဲပြားသွားပါလေရော၊ တဖြည်းဖြည်းလိမ်းရင်းနဲ့ သေးသေးသွားပြီး နောက်ဆုံး ကျောက်တုံးကလေးတစ်ခုအဖြစ်ပြောင်းလဲသွားတော့တယ်၊
“တကယ်ဆိုရင် ခင်ဗျားက ရွာခံပဲ ဘွားတော်ရ၊ ခင်ဗျားရွာကိုလာတဲ့လူတွေ အန္တရာယ်မဖြစ်အောင် စောင့်ရှောက်ပေးသင့်တာ”
“ဟုတ်ပါတယ် စောင့်ရှောက်ပေးပါ့မယ်”
ဦးဘသာက လက်ခုပ်တစ်ချက်တီးပြန်တယ်၊ ခုနကအတိုင်း မြေပြင်ကြီးက ဘေးတိုက်ကြီးကိုလှုပ်နေတာဗျို့၊ လှုပ်ချက်က တော်တော်ပြင်းပြင်းဆိုတော့ ကျုပ်ဖြင့်ခေါင်းတွေ မူးဝေလာပြီး မိုက်ခနဲတစ်ချက်ဖြစ်သွားတယ်။
“အလတ်ကောင်ရေ ထတော့ဟ”
နားထဲမှာ ကိုဝင်းကြည်အသံကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ မိုးတောင်လင်းနေပြီဗျာ၊ အိမ်ပေါ်မှာ ကျုပ်တစ်ယောက်တည်း ဆန့်ဆန့်ကြီးအိပ်ပြီးကျန်နေခဲ့တာ၊ ကိုဝင်းကြည်က ကျုပ်ကိုလာနှိုးပုံရတယ်။
“မင်းကလည်း အိပ်ပုတ်ကြီးလိုက်တာကွာ သူကြီးဦးဖိုးမှန်တို့ ရောက်လာကြတော့မယ်ကွ”
“ဟင် . . .ကိုဝင်းကြည် ခင်ဗျားပြန်ကောင်းသွားပြီလား”
ကိုဝင်းကြည်က တအံ့တသြနဲ့
“ဟေ၊ ငါက ဘာဖြစ်နေလို့ ပြန်ကောင်းရမှာလဲကွ”
“ဟာဗျာ၊ ညက ခင်ဗျားတစ်ကိုယ်လုံး တောင့်တင်းပြီး လှုပ်မရတော့လို့ဆိုဗျ”
“ကြံံကြံဖန်ဖန်အလတ်ကောင်ရာ၊ ငါ့မှာ ခြေအကောင်းလက်အကောင်းကြီးပါကွ”
ကိုဝင်းကြည်က သူ့လက်မောင်းတွေကိုလှုပ်ပြတယ်၊ ကျုပ်ဖြင့် မစဉ်းစားတတ်တော့ဘူးဗျာ။ ဒါဆို ညကအဖြစ်တွေက အိပ်မက်တွေလား၊ တကယ်ပဲဖြစ်ခဲ့တာလားဆိုတာ ကျုပ်ဖြင့်မတွေးတတ်တော့ဘူး၊ ရေမိုးချိုးပြီး မစံပယ်တို့ ကျွေးတဲ့မနက်စာကိုစားပြီးတဲ့အချိန် ဦးဖိုးမှန်တို့တွေက ကျုပ်တို့ကိုလာခေါ်ကြတယ်။
သရုပ်ပြစိုက်ခင်းက ရွာပြင်မှာဆိုတော့ ကျုပ်တို့တွေရွာပြင်ကိုထွက်လာခဲ့လိုက်တယ်၊ စပါးခင်းတွေဘေးနားမှာ မဏ္ဍာပ်ကြီးထိုးထားပြီး အထဲမှာလူတွေတောင် တော်တော်စုံနေပြီပေါ့ဗျာ၊ ရွာပြင်ကိုထွက်လာရင်း မနေ့က ဘွားတော်ရဲ့အိမ်ကိုကြည့်လိုက်တော့ အိမ်ကြီးက ပြားချပ်လို့ဗျ၊ ဘွားတော်က အိမ်ဘေးနားမှာ ငုတ်တုတ်ထိုင်နေတယ်၊ ဦးဖိုးမှန်က တအံ့တသြနဲ့
“အမေကြီးအိမ်က ဘယ်လိုဖြစ်တာလဲ၊ ဆင်နင်းခံထားရသလို ပြားချပ်လို့ပါလား”
ဦးဖိုးမှန်အမေးကို ဘွားတော်က ဘာမှပြန်မဖြေဘဲ ရယ်ကျဲကျဲလုပ်နေတယ်ဗျာ၊ ကျုပ်ဖြင့် ခေါင်းနားပန်းတွေကြီးသွားမိတယ်၊ ဘွားတော်အိမ်ကြီး ပြားချပ်နေပုံထောက်ရင် ညကအဖြစ်တွေက အိပ်မက်မဟုတ်ဘူးပေါ့၊ ကျုပ်က ဦးဘသာကိုလှည့်ကြည့်တော့ ဦးဘသာက ကျုပ်နဲ့အကြည့်ချင်းမဆုံဘဲ ဟိုကြည့် ဒီကြည့်လုပ်နေတယ်၊ ကြည့်ရတာ ညကအဖြစ်တွေမေ့သွားအောင် ဦးဘသာက လုပ်ထည့်လိုက်တဲ့ပုံပဲ၊ ဒါကြောင့် အဖေနဲ့ကိုဝင်းကြည်က ဘာမှ မမှတ်မိတာဗျ။
(၅)
မဏ္ဍာပ်ထဲမှာ စားပွဲဝိုင်းတွေချထားတယ်၊ ကျေးရွာတွေက တက်လာကြတဲ့ သူကြီးတွေ၊ လယ်သမားတွေက စားပွဲဝိုင်းကြီးတွေမှာထိုင်တယ်၊ စိုက်ပျိုးရေးက အရာရှိတွေက နွေစပါးနဲ့ပတ်သက်တဲ့အကြောင်းတွေအကုန် ရှင်းပြတယ်၊ ကျုပ်ရယ်၊ ကိုဝင်းကြည်ရယ်၊ အဖေရယ်က တစ်ဝိုင်းထဲထိုင်ကြတယ်၊ ဦးဘသာကတော့ သူတို့ပြောတာ သိပ်မကြားရလို့ဆိုပြီး ဟိုးအရှေ့က စားပွဲမှာသွားထိုင်တယ်။
သူတို့သင်နေတုန်း ကျုပ်လည်း လွယ်အိတ်ထဲက ကိုဝင်းကြည်စာအုပ်ကိုထုတ်လိုက်ပြီးတော့ ကိုဝင်းကြည်ဆီကိုအသာလှမ်းပေးလိုက်တယ်။
“ကိုဝင်းကြည် ခင်ဗျားစာအုပ် ခင်ဗျားပြန်ယူတော့နော်၊ ဒီစာအုပ်ကြောင့် ကျုပ်တစ်နေ့က ဆရာတော်ရိုက်တာ တော်တော်ခံလိုက်ရတယ်”
“မယူတော့ပါဘူးကွာ မင်းပဲယူထားလိုက်ပါ”
“ဒီလိုမလုပ်ပါနဲ့၊ ကျုပ်က ဒီစာအုပ်ကိုဘာလုပ်ဖို့ယူထားရမှာလဲဗျ”
ကျုပ်နဲ့ ကိုဝင်းကြည်နဲ့ စာအုပ်ကို သူယူထား၊ ငါယူထားဆိုပြီး တွန်းထိုးနေကြတုန်း အဖေက ကျုပ်ကိုကြည့်လိုက်ရင်း
“အတော်ပဲ အလတ်ကောင် အဲဒီစာအုပ်ငါ့ကိုပေးစမ်း”
“ဗျာ . . . အဖေက ဒီစာအုပ်ကိုဘာလုပ်မလို့လဲ”
“သူတို့ပြောတာတွေ လိုက်မှတ်မလို့ကွာ၊ စာအုပ်ယူလာဖို့မေ့လာခဲ့တယ်၊ အဲဒီစာအုပ်ပေးစမ်းပါ”
ကျုပ်က စာအုပ်ကိုရင်ဘတ်ထဲထည့်အုပ်ထားလိုက်ရင်း
“မရဘူးလေအဖေ၊ ဒီစာအုပ်က အလွတ်မှ မဟုတ်တာ”
“လွတ်တဲ့နေရာကလေး ကပ်သပ်ရေးရတာပေါ့ကွာ၊ မြန်မြန်ပေးစမ်းပါကွ”
အဖေကတောင်းလွန်းတာနဲ့ ကျုပ်လည်းစာအုပ်ကို လှမ်းပေးလိုက်ရတယ်၊ အဖေက စာအုပ်အနောက်ကျောဖုံးမှာ ခဲတံနဲ့လိုက်ရေးနေတယ်၊ ဒီစာအုပ်က အရှေ့ဖုံးရော အနောက်ဖုံးပါ ဘာစာမှမပါတဲ့ ဗြောင်ဖုံးကြီးလေဗျာ။ ကျုပ်ဖြင့် စိတ်ထဲ တထင့်ထင့်ပဲဗျ။ အဖေက နောက်ကျောဖုံးပြည့်သွားတော့ တစ်ဖက်ကိုလှန်လိုက်တယ်၊ စာအုပ်ရဲ့အတွင်းဘက် ကျောဖုံးမှာ ရေးမှတ်နေတယ်၊ ရေးနေရင်းနဲ့ ဒီဘက်စာမျက်နှာက စာတွေကိုအမှတ်မထင်ဖတ်သွားမိတယ်နဲ့တူပါတယ်၊ အဖေ့မျက်နှာက အထိတ်တလန့်နဲ့ဖြစ်သွားတယ်၊ စာရွက်တွေကိုလှန်လှောဖတ်ကြည့်ရင်းနဲ့ သူခိုးလူမိတဲ့မျက်နှာလိုဖြစ်သွားပြီး စာအုပ်ကိုဗြန်းခနဲပိတ်လိုက်တယ်၊ ကျုပ်ကိုအဖေက စိုက်ကြည့်ရင်း ဘာလုပ်တာလဲဆိုတဲ့ မျက်နှာထားလုပ်ပြတယ်၊ ကျုပ်လည်း ဇက်ကိုအသာကလေးပုလို့ ပုခုံးနှစ်ဖက်ကိုပြန်တွန့်ပြလိုက်ရတယ်ဗျာ။
ကောင်စီလူကြီးက စားပွဲဝိုင်းတွေအနားမှာ လမ်းလျှောက်သွားနေရင်း
“ကိုဘမောင်၊ ရေးလှချည်လားဗျာ၊ ခင်ဗျားဘာတွေရေးမှတ်နေတယ်ဆိုတာ ပြစမ်းပါအုံး”
အဖေတော့ ပျားတုပ်ပြီဗျာ၊ စာအုပ်ကိုလက်နဲ့အုပ်ထားရင်း
“ဟိုလေ ဒီလိုပါပဲလူကြီးရာ”
“ကိုဘမောင်ဘာတွေမှတ်နေတယ်ဆိုတာ သင်တန်းမှူးကိုပြရတာပေါ့ဗျာ၊ မှားနေတာတွေရှိရင် သင်တန်းမှူးလဲ ပြင်လို့ရတာပေါ့”
သင်တန်းမှူးက မိန်းမကြီးတစ်ယောက်ဗျ၊ စိုက်ပျိုးရေးဌာနက ပညာရှင်ဖြစ်မယ်ထင်တယ်၊ သူက အနားကိုတိုးလာပြီး
“ဟုတ်ပါတယ် သူကြီး၊ သူကြီးရဲ့မှတ်စုကို ခဏကြည့်ချင်တယ်”
အဖေ့နဖူးက ချွေးစေးတွေထွက်လာတယ်။
“မလုပ်ပါနဲ့ သင်တန်းမှူးရာ၊ ကျုပ်လက်ရေးက တော်တော်ညံ့လို့ပါ”
အဖေက အကြောက်အကန်ငြင်းရှာတယ်၊ ဒီစာအုပ်သာ သင်တန်းမှူးလက်ထဲရောက်သွားပြီး ဟိုစာတွေသာဖတ်မိရင် အဖေတော့ အရှက်ဗြန်းဗြန်းကွဲပြီပေါ့ဗျာ။ ကောင်စီလူကြီးက စိတ်မရှည်တော့ဘူး။
“ဒီမှာ ကိုဘမောင် ခင်ဗျားဘာဖြစ်နေတာလဲ၊ ဒီစာလေးပြရမှာကို ဘာဖြစ်လို့သေမလောက်ကြောက်နေရတာလဲ”
“ဟုတ်ပါတယ်ရှင်၊ မှားလည်းဘာမှမပူပါနဲ့ ကျွန်မပြန်ပြင်ပေးပါ့မယ်”
အဖေက မတ်တပ်ထရပ်လိုက်ပြီးတော့ စာအုပ်ကိုလက်နှစ်ဖက်နဲ့ကိုင်ရင်း သင်တန်းမှူးဆီကို တရိုတသေပေးတယ်၊ အဖေ့ရဲ့လက်တွေက တုန်ယင်နေတာကိုတွေ့လိုက်ရတယ်၊ သင်တန်းမှူးက လှမ်းယူမလို့လုပ်နေတုန်းမှာ အဖေကဘာစိတ်ကူးပေါက်တယ်မသိဘူး စာအုပ်ကို မဏ္ဍာပ်အပြင်ဘက် ဟိုးအဝေးကြီးကိုလှမ်းပစ်ထည့်လိုက်တယ်၊ စာအုပ်က တဝီဝီနဲ့ပျံသန်းသွားရင်း ရေလွှတ်မြောင်းကြီးထဲကို ဘုတ်ခနဲကျသွားပြီး ရေစီးနဲ့မျောပါသွားပါရောဗျာ၊ လူကြီးတွေအကုန်လုံး ဘာမှမပြောနိုင်တော့ဘဲ စာအုပ်မျောသွားတဲ့အနောက်ကို မျက်စိတစ်ဆုံးလိုက်ကြည့်ကြတယ်၊ တော်ပါသေးရဲ့ဗျာ၊ မြောင်းထဲကျသွားတာလည်း ခပ်ကောင်းကောင်းပဲ၊ ဒီစာအုပ်က ဗြဟ္မာ့မင်းအုပ်ခေါင်းလို ဘယ်နားထားရမလဲမသိတဲ့စာအုပ်ဗျ၊ အခုလိုပျက်စီးသွားလို့ တော်သေးတာပေါ့ဗျာ၊ ကျုပ်တို့သားအဖနှစ်ယောက် သက်ပြင်းပြိုင်တူချလိုက်မိတယ်၊ အဖေကတော့ မင်းငါနဲ့တွေ့မယ်ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်တာပေါ့ဗျာ။
နေ့လယ်စာထမင်းစားသောက်ပြီးတော့ ကျုပ်လည်းသင်တန်းဆက်မတက်ချင်တော့ဘူး၊ သင်တန်းတက်ရတာပျင်းတယ်၊ အဲဒီစိုက်ရေးပျိုးရေးတွေကို စိတ်မဝင်စားဘူးဗျ၊ ဒါနဲ့ နွားနှစ်ကောင်ကိုအစာကျွေးမယ်လို့အကြောင်းပြပြီး မစံပယ်တို့အိမ်မှာပဲနေခဲ့လိုက်တယ်။ မစံပယ်တို့အိမ်မှာ နွားမရှိဘူးဗျ၊ နွားတွေကို အိမ်နောက်ဖေးမှာ ဒီအတိုင်းချည်ထားရတာ၊ နွားစာခွက်တွေဘာတွေလည်း မရှိဘူးဆိုတော့ ဒီနွားတွေစားဖို့ စီစဉ်ပေးရပြန်တာပေါ့။
နွားတွေကိုရေတိုက်နေတုန်း မစံပယ်က အနားကိုရောက်လာတယ်။
“မင်းလိုက်မသွားဘူးလား မောင်လေး”
“နွားတွေကို အစာကျွေးရအုံးမယ် မစံပယ်ရဲ့”
“တို့ကိုမစံပယ်လို့ မခေါ်ပါနဲ့ကွာ၊ မမလို့ခေါ်ရင်ရတာပဲ”
“ဟုတ်ကဲ့ မစံပယ် . . . အဲ မမ”
“နွားစာကျွေးပြီးရင် ရွာထဲကဘုရားတွေသွားဖူးကြရအောင်၊ ရောက်တုန်းရောက်ခိုက် စုံအောင်ဖူးသွားပေါ့ မမလိုက်ပို့မယ်လေ”
ကျုပ်လည်း အိမ်မှာနေရမှာ ပျင်းနေမယ့်အတူတူ မစံပယ်နဲ့လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။ မစံပယ်အဆွယ်ကောင်းတာလည်းပါမယ်ထင်တယ်၊ ဒါမှမဟုတ် ကျုပ်ကလည်း မဆွတ်ခင်ကတည်းက ညွတ်ချင်ချင်ဖြစ်နေလို့များလားပဲဗျာ၊ မစံပယ်စကားပြောတာ သြဇာရှိတယ်လို့ထင်တယ်၊ သူက လေသံမာမာနဲ့ပြောတာတော့မဟုတ်ပေမယ့် သူပြောလိုက်ရင် ကျုပ်အလိုလိုလက်ခံပြီး ခေါင်းညိတ်မိတယ်ဗျာ။
မစံပယ်နဲ့ကျုပ်နဲ့ အိမ်ကနေထွက်လာခဲ့တော့ သုံးနာရီလောက်ရှိနေပြီဗျ၊ မစံပယ်က သနပ်ခါးဖွေးနေအောင်လူးထားပြီး နောက်တွဲဆံထုံးကလေးထုံးထားတယ် ဆံထုံးကလေးမှာလည်း ဇီဇဝါပန်းကလေးတစ်ပွင့် ပန်ထားသေးတယ်ဗျာ၊ ရွာထဲကိုရောက်တော့ ကိုဝင်းကြည်နဲ့ပက်ပင်းတိုးတယ်၊ ကိုဝင်းကြည်က သူလည်း သင်တန်းဆက်မတက်ချင်တော့လို့ အိမ်သာတက်ချင်တယ်လို့ပြောပြီး ထွက်လာတာတဲ့ဗျာ၊ ကျုပ်တို့တွေ ဘုရားဖူးသွားကြမယ်လို့ပြောတော့ သူလည်းလိုက်ပါရစေဆိုတာနဲ့ သူ့ကိုပါခေါ်လာခဲ့ရတယ်။
ကိုဝင်းကြည်က မစံပယ်ကို တော်တော်ကိုငမ်းတာဗျ၊ လူပျိုသိုးဆိုတော့လည်း မရှက်တတ်ဘူးထင်ပါတယ်၊ မစံပယ်က ရွာအပြင်တောင်ခြေအနားက ဘုရားကလေးကိုခေါ်သွားတယ်၊ ရွာဘုရားဆိုတော့လည်း လူသူရှင်းတယ်ပေါ့ဗျာ၊ ဘုရားတစ်ဆူလုံးမှာ ကျုပ်တို့သုံးယောက်ပဲရှိတာ၊ ဘုရားဖူးပြီးတော့ တောင်ထွဋ်ကလေးအပေါ်က လွမ်းစေတီကလေးကို သွားဖူးကြမယ်တဲ့၊ သူခေါ်တော့လည်း ကျုပ်တို့လိုက်ရတာပေါ့ဗျာ၊ တောင်ခြေကနေဆက်တက်သွားပြီး တောင်ကုန်းကလေးတစ်ခုအပေါ်မှာ စေတီသေးသေးကလေးတစ်ဆူရှိတယ်။
“ဟောဒီစေတီကလေးက စောမြကြည်တို့ တည်ဆောက်ထားတဲ့လွမ်းစေတီကလေးပေါ့”
“ဟာ၊ စောမြကြည်ဆိုတော့ နတ်ရဲချောင်းသခင်မပေါ့”
“ဟုတ်တယ်၊ ဟိုအရှေ့နားကိုဆက်သွားလိုက်မယ်ဆိုရင် နတ်ရဲချောင်းကမ်းပါးကိုရောက်တယ်၊ သွားကြည့်ကြရအောင်”
ကိုဝင်းကြည်က စေတီကလေးရှေ့မှာ ကျကျနနထိုင်ပြီး ဘုရားရှိခိုးနေတယ်။
“နေအုံးဗျ၊ ကိုဝင်းကြည်ကိုလည်းသွားခေါ်လိုက်အုံးမယ်”
ကျုပ်ပြောတော့ မစံပယ်က ကျုပ်လက်ကိုဆွဲရင်း
“တော်စမ်းပါ၊ အဲဒီလူကြီးကိုမခေါ်ပါနဲ့၊ မမနဲ့ မောင်လေးနဲ့ပဲ သွားရအောင်”
မစံပယ်က ကျုပ်လက်ကိုဆွဲပြီး တောလမ်းကလေးအတိုင်း ဝင်ပြေးပါရောဗျာ၊ မိန်းကလေးတစ်ယောက်ဆွဲပြေးတယ်ဆိုမှတော့ ကျုပ်လည်း ဘယ်ငြင်းလို့ရပါတော့မလဲ၊ ပြီးတော့ မစံပယ်လက်ဖဝါးကလေးက နူးနူးညံ့ညံ့ အိအိကလေးဗျ။ ပြေးရင်းလွှားရင်းနဲ့ ချောက်ကမ်းပါးကြီးတစ်ခုအနားရောက်သွားတယ်၊ ချောက်ကမ်းပါးက လူသုံးလေးရပ်စာလောက်တော့မြင့်မယ်ဗျ၊ ချောက်အောက်ဘက်မှာတော့ ကျောက်တုံးကျောက်ဆောင်တွေကြားကနေ တသွင်သွင်စီးနေတဲ့ နတ်ရဲချောင်းကြီးရှိတယ်၊ အရင်က တောင်ကျရေတွေ ဝါးလုံးထိုးကျတတ်တဲ့ချောင်းက အခုတော့ ထိပ်ဘက်မှာဆည်ပိတ်လိုက်လို့ ဖြည်းဖြည်းညင်ညင်ကလေးစီးဆင်းနေလေရဲ့ဗျာ။
ချောင်းဟိုဘက်ကမ်း၊ ဒီဘက်ကမ်းက ကျုပ်စိတ်ထင် ပေတစ်ရာလောက်တော့ရှိမယ်ထင်တယ်၊ ထူးဆန်းတာတစ်ခုကတော့ ချောက်ကမ်းပါးထိပ်နားက သစ်ပင်ကြီးပဲဗျာ၊ သစ်တံခါးပင်ကြီးလို့ ဦးဘသာကပြောဖူးတယ်၊ အပင်ပုံစံက လက်ပံပင်လိုလိုပုံစံမျိုးဗျ၊ သစ်ပင်ကြီးက သစ်ခြောက်ပင်ကြီးလို အရိုးပြိုင်းပြိုင်းထနေပြီးတော့ သစ်ကိုင်းဖျားမှာပဲ သစ်ရွက်ကလေးတွေ ရှိတယ်။ အပင်ကြီးနဲ့ကပ်ပြီး သစ်သားနတ်စင်ကလေးတစ်ခုရိုက်ထားတယ်၊ နတ်စင်ဆိုပေမယ့် နန်းတော်ပုံစံငယ်ကလေးလိုပါပဲ၊ စင်အထဲမှာတော့ တစ်မိုက်လောက်ရှိမယ့် သစ်သားပန်းပုရုပ်ကလေးတစ်ရုပ်ရှိတယ်။
“ဟောဒါ နတ်ရဲချောင်းသခင်မ စောမြကြည်ရဲ့ နတ်နန်းပဲ မောင်လေးရဲ့”
“ထူးတော့ထူးတယ်ဗျနော်၊ ကျောက်သားတွေချည်းရှိတဲ့နေရာမှာ ဒီအပင်ကြီးပေါက်နေတာကလည်း ထူးဆန်းမှုတစ်မျိုးပဲ၊ ချောက်ကြီးကလည်း တော်တော်နက်တယ်၊ ဒီအပင်ကြီးကိုကြည့်ပြီး မင်းခယောက်ျား ကမ်းနားသစ်ပင်ဆိုတဲ့ စကားပုံကိုတောင် သွားသတိရတယ်”
စကားပြောနေတုန်း သစ်ပင်ကြီးအပေါ်က ပုတ်သင်ညိုခေါင်းစိမ်းတစ်ကောင်က ကျုပ်တို့အနားကို ဘုတ်ခနဲပြုတ်ကျလာတယ်ဗျာ၊ မစံပယ်က ယောင်ယမ်းအော်ဟစ်ပြီးတော့ ကျုပ်ကိုပြေးဖက်တယ်၊ ကျုပ်လည်း လန့်ပြီးသူ့ကိုအသာကလေးဖက်ထားလိုက်ရတယ်ဗျာ၊ ခဏကြာတော့ မစံပယ်က ကျုပ်မျက်နှာကိုမော့ကြည့်နေတယ်၊ မစံပယ်ရဲ့ မျက်ဝန်းနက်နက်နဲ့အကြည့်တွေကိုမြင်ရတာ ကျုပ်စိတ်ထဲ အညို့ခံထားရသလိုလိုကြီးဖြစ်လာတယ်၊ လူနှစ်ယောက် ပူးကပ်ထားတာဆိုတော့ အထိအတွေ့နဲ့တင် ကျုပ်တစ်ကိုယ်လုံး ဖိန်းတိန်းရှိန်းတိန်းဖြစ်လာတယ်ပေါ့ဗျာ။
မစံပယ်ကိုအားနာတာနဲ့ ကျုပ်အနောက်ဆုတ်ဖို့လုပ်တဲ့အချိန်မှာ မစံပယ်က ကျုပ်ကိုပြန်ဆွဲပြီးဖက်ထားတယ်၊ ကျုပ်ရဲ့ရင်ဘတ်ထဲမှာ ခေါင်းကိုအပ်ထားပြီးတော့ သူ့နှုတ်ခမ်းတွေနဲ့ ကျုပ်ရင်ဘတ်ကိုဖွဖွကလေးနမ်းနေတယ်ဗျာ။
“မမ . . . ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ”
“မမကိုတစ်ခုလောက်ကူညီပါ မောင်လေး”
“ဘာ . . . ဘာကူညီရမလဲ”
“မမကို ကြင်နာပေးပါ”
“ဗျာ . . .”
“ဟုတ်တယ်၊ မမ မောင်လေးဆီက အကြင်နာတွေလိုချင်တယ်”
ကျုပ်တစ်ကိုယ်လုံး ကြက်သီးတွေ တဖြန်းဖြန်းထသွားတယ်၊ မစံပယ်က ကျုပ်ရဲ့လည်တိုင်ကို ခပ်ဖွဖွကလေးနမ်းတော့ ကျုပ်တစ်ကိုယ်လုံး ယားတက်လာပြီး ဘယ်လိုမှ မနေနိုင်အောင်ဖြစ်သွားတယ်၊ ဒါနဲ့ မစံပယ်ကိုတွန်းထုတ်လိုက်တယ်။
“ဘာလုပ်တာလဲ မောင်လေး”
“ဒီလိုတော့ မဖြစ်သင့်ဘူးထင်တယ် မမ၊ ကျုပ်ဒါမျိုးမလုပ်ချင်ဘူး”
မစံပယ်က ညုတုတုအကြည့်တွေနဲ့ ကျုပ်ကိုကြည့်ရင်း
“ဘာလဲ မောင်လေးက မမကိုမချစ်ဘူးလားဟင်”
“ဒါတော့ ကျုပ်မသိဘူး၊ ဒါပေမယ့် ကျုပ် . . .ကျုပ်ဒီလိုမလုပ်ချင်ဘူး”
“မင်းက တော်တော်မိုက်မဲတာပဲမောင်လေး၊ မိန်းကလေးတစ်ယောက်က သူ့ရဲ့အရှက်နဲ့သိက္ခာကိုစွန့်ပြီး ပေးဆပ်တာကိုတောင် ငြင်းပယ်တယ်ဆိုကတည်းက မင်းကလူမိုက်ပဲ”
“လူမိုက်လို့ သတ်မှတ်ရင်လည်း သတ်မှတ်လိုက်ပါ မမ၊ ကျုပ်ကိုဒီလိုဆက်မလုပ်ပါနဲ့ ကျုပ်အနေရခက်တယ်”
မစံပယ်က ဒေါသထွက်သွားတဲ့ပုံပဲ
“အေး၊ မင်းကမယူမှတော့ မင်းငါ့အကြောင်းသိရသေးတာပေါ့”
မစံပယ်က လက်ကိုလေပေါ်မြှောက်လိုက်ပြီး ကျုပ်ကိုသေသေချာချာစိုက်ကြည့်နေတယ်၊ ဒါပေမယ့် မစံပယ်ရဲ့မျက်နှာက ချက်ချင်းပြောင်းလဲသွားတယ်၊ သရဲတစ္ဆေကိုမြင်ပြီး ကြောက်လန့်နေသလိုမျိုးပဲဗျ။ နောက်တော့ ခေါင်းခါခါ လက်ခါခါနဲ့တောလမ်းကလေးအတိုင်း ပြန်ပြေးဝင်သွားတယ်၊ မစံပယ်ဘာဖြစ်မှန်းမသိလို့ ကျုပ်ယောင်ယမ်းပြီး ကြောင်ကြည့်နေမိတယ်၊ ဒီအချိန် ကိုဝင်းကြည်ရောက်လာတယ်။
“မင်းတို့က ဒီရောက်နေတာကိုးကွ၊ နေပါအုံးအလတ်ကောင် မစံပယ်က ဘာဖြစ်လို့ပြေးထွက်သွားတာလဲကွ”
“မသိပါဘူးဗျာ”
“ဟေ့ကောင် လူပျိုလက်ဝက်မြှီးဆိုသလို မစံပယ်ကိုလူရှင်းတယ်ဆိုပြီး အကြမ်းဖက်လိုက်လို့ ဟိုကထွက်ပြေးသွားတာများလား”
“မဟုတ်ပါဘူးဆို ကိုဝင်းကြည်ကလဲ”
ကျုပ်ဒေါသထွက်ထွက်နဲ့အောက်လိုက်မိတယ်၊ ကိုဝင်းကြည်က ရယ်ကျဲကျဲနဲ့
“သိပါတယ်ကွ၊ ငါက မင်းကို သက်သက်စတာပါ၊ ဒါနဲ့ နတ်ရဲချောင်းသခင်မဆိုတာ ဒီအပင်ကြီးမှာနေတာပေါ့”
ကိုဝင်းကြည်က အပင်ကြီးနားကိုတိုးကပ်သွားတယ်၊
“ဦးဘသာကြီးပြောပုံအရဆိုရင် ဒီအပင်ကြီးမှာ နတ်ရဲချောင်းသခင်မကို ဆွဲကြိုးချပြီးသတ်ခဲ့တာပေါ့၊ ကြည့်စမ်းပါအုံးကွာ ပုဂံံခေတ်က အပင်ကြီးက ဒီလောက်လေးပဲရှိပါ့မလားကွ”
ကိုဝင်းကြည်က သစ်ပင်ကြီးအောက်မှာ ခါးထောက်ကြည့်နေရင်း
“ငါကတော့ မယုံဘူးဟေ့၊ ပုံပြင်တွေ ဒဏ္ဍာရီတွေဆိုတာ လူကြားကောင်းအောင် ကြံဖန်ရေးထားတာတွေချည်းပဲ”
ဒီအချိန်သစ်ပင်အပေါ်ကနေ တောက်ခေါက်သံအကျယ်ကြီးကြားလိုက်ရတယ်၊ ကိုဝင်းကြည်က ကျုပ်ဘက်ကိုလှည့်လိုက်ပြီး
“အလတ်ကောင် မင်းဘာဖြစ်လို့ တောက်ခေါက်ရတာလဲ”
“ကျုပ်မခေါက်ပါဘူးဗျာ”
“လိမ်မနေစမ်းပါနဲ့ကွာ ဒီနေရာမှာ မင်းနဲ့ငါနဲ့နှစ်ယောက်တည်းရှိတာ မင်းမခေါက်ရင် ဘယ်သူက ခေါက်မှာလဲကွ၊ ဘာလဲ မင်းက ငါ့ကိုတောက်ခေါက်သံံပေးပြီးတော့ သရဲကတောက်ခေါက်တယ်ဆိုပြီး ခြောက်မလို့မဟုတ်လား၊ ဟား ဟား ငါ့နာမည်ဝင်းကြည်ပါကွ၊ သေမှာကလွဲရင် ဘာမှမကြောက်တတ်ဘူး”
“တော်ပါတော့ဗျာ၊ ကျုပ်လုပ်မိတယ်ပဲထားလိုက်ပါ၊ လာပါ သွားကြပါစို့”
ကိုဝင်းကြည်တော့မသိဘူး ကျုပ်တော့ တစ်ကိုယ်လုံးကြက်သီးတွေထလာပြီး ခေါင်းမွှေးတွေထောင်လာတယ်လို့ခံစားရတယ်၊ ဒါနဲ့ ကျုပ်တို့နှစ်ယောက် အဲဒီနေရာကနေ အမြန်ပြေးလာခဲ့လိုက်တယ်၊ အပြန်လမ်းရောက်တော့ မစံပယ်က ကျုပ်ကိုစကားမပြောဘူး၊ ကျုပ်ကိုလှည့်တောင်မကြည့်တော့ဘူး၊ ကိုဝင်းကြည်နဲ့တော့ စကားပြောလိုက် ရယ်လိုက်နဲ့ လေပေးဖြောင့်နေတယ်၊ ကျုပ် မစံပယ်ကို တကယ်ပဲနားမလည်နိုင်တော့ဘူးဗျာ။
အိမ်ပြန်ရောက်တော့ သင်တန်းကနေပြန်လာကြတဲ့ အဖေနဲ့ဦးဘသာတို့ရောက်နေပြီ၊ သင်တန်းက နက်ဖြန်တစ်ရက်ကျန်သေးတယ်ပြောတယ်၊ ကျုပ်လည်း အဖေ့နားကိုကပ်လာခဲ့လိုက်ပြီး
“အဖေ၊ ကျုပ်ဒီအိမ်မှာ မနေတော့ဘူး”
ကျုပ်ထပြောလိုက်တော့ အဖေက အံ့သြသွားတယ်။
“မင်းဘယ်လိုပြောလိုက်တာလဲ အလတ်ကောင်”
“ကျုပ် ဒီအိမ်မှာ မတည်းချင်တော့ဘူးလို့ပြောတာအဖေ”
ဒီအခါ အိမ်ရှင်ဦးပေါက်စီက မျက်စိမျက်နှာပျက်သွားပြီးတော့
“ဦးလေးတို့ ဧည့်ဝတ်မကျေတာများ ရှိလို့လား မောင်ရင်”
“မဟုတ်ပါဘူး ဦးလေးတို့ ဧည့်ဝတ်ကျေပါတယ်၊ ဧည့်ဝတ်ကျေလွန်းလို့ကို ကျုပ်ကအားနာနေမိတာပါ”
“အားနာစရာမလိုပါဘူး မောင်ရင်ရယ်”
အဖေက စိတ်ပျက်နေတဲ့မျက်နှာပေးနဲ့ ကျုပ်ကိုလှမ်းကြည့်ရင်း
“အလတ်ကောင် မင်းဘာထဖြစ်ရပြန်တာလဲ”
“ဘာပဲဖြစ်ဖြစ် ကျုပ်ဒီအိမ်မှာ မတည်းတော့ဘူးအဖေ၊ အဖေတို့ပဲဆက်တည်းပါ”
“ဒါဖြင့်ရင်လည်း သူကြီးဦးဖိုးမှန်ကိုပြောပြီးတော့ စီစဉ်ခိုင်းလိုက်မယ်”
“မလုပ်ပါနဲ့အဖေ၊ တစ်ရက်တစ်လေပဲဆိုတော့ ဘယ်မှာအိပ်အိပ်ဖြစ်ပါတယ်”
ပြောဆိုပြီးတော့ ကျုပ်အိမ်ထဲကနေထွက်လာခဲ့လိုက်တယ်၊ အဖေတို့ ဦးဘသာတို့ကတော့ ကျုပ်ဘာဖြစ်သွားသလဲဆိုတာ သိကြမှာမဟုတ်ဘူးဗျ၊ ကျုပ်မျက်နှာပူတယ်၊ ဒီအိမ်မှာ မစံပယ်နဲ့အတူတူမနေနိုင်ဘူး၊ ဒါကြောင့် ကျုပ်ကထွက်သွားဖို့ဆုံးဖြတ်လိုက်တာ၊ အိမ်မှာဆက်နေလို့ မစံပယ်က ရှေ့ထပ်မတိုးဘူးလို့လည်း မပြောနိုင်ဘူးလေ၊ မတော်လို့ ခြင်ထောင်လာလှန်ပြီး ခြင်ထောင်ထဲရောက်နေရင် ဘယ့်နှယ့်လုပ်ပါ့မလဲ။
(၆)
ညဘက်ဆိုတော့ တည်းဖို့အိမ်လိုက်ရှာမနေတော့ဘူးဗျာ၊ ရွာထိပ်က ဇရပ်ကြီးအပေါ်ကိုပဲတက်လာခဲ့လိုက်တော့တယ်၊ လွယ်အိတ်ကို ခေါင်းအုံးပြီး ဇရပ်ပေါ်မှာလှဲအိပ်ချလိုက်ရတယ်၊ ဇရပ်ဆိုတော့လည်း ကြမ်းပြင်တွေမှာသဲတွေဖုန်တွေ လူးကပ်နေတာပေါ့ဗျာ၊ ဦးဘသာလည်း ဇရပ်ဆီရောက်လာတယ်ဗျ၊ ကျုပ်ကိုစိတ်မချလို့ဖြစ်မယ်။ သူလည်းကျုပ်ဘေးမှာ ခွေခွေကလေး လာထိုးအိပ်တယ်၊ ဘာမှတော့ မပြောဘူး၊ သူပြောရင်လည်း ကျုပ်ပြန်မပြောချင်ပါဘူးဗျာ။
ဇရပ်ခေါင်းရင်း ချုံပုတ်ထဲက ပုဇင်းရင်ကွဲအော်သံတွေက ဆူညံနေတာပါပဲဗျာ၊ ကြမ်းကြားထဲကနေ ကြမ်းပိုးတွေက တစ်ချက်တစ်ချက် ဆစ်ခနဲဆစ်ခနဲထိုးတတ်သေးတယ်၊ အိပ်ချင်နေပေမယ့် လူကဘယ်လိုမှကို အိပ်မပျော်ဘူးဗျာ။ ကျုပ်က ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်လုပ်နေတော့ ဘေးနားက ဦးဘသာကလည်း အိပ်ရမယ်မထင်ဘူးဗျ၊ အတော်ကြာတော့မှ
“မင်းအဖြစ်က ဝက်သားဟင်းကို ချဉ်ပေါင်ဟင်းနဲ့ လဲစားတဲ့အဖြစ်နဲ့တူနေပြီကွ အလတ်ကောင်ရ၊ ဘယ့်နှယ့်ကွာ၊ ဦးပေါက်စီတို့အိမ်မှာဆိုရင် တို့တွေဘယ်လောက်ဇိမ်ကျလိုက်သလဲ၊ အခုတော့ ကြမ်းပိုးကကိုက်၊ ခြင်ကကိုက်နဲ့ ဒီကြားထဲ ပုစဉ်းရင်ကွဲကလည်း အော်နေသေးတယ်”
“လူပဲဗျာ၊ ကောင်းကောင်းနေချင်၊ ကောင်းကောင်းစားချင်တာပေါ့ဗျ”
“ဒါဖြင့် ဘာဖြစ်လို့ဟိုအိမ်ကနေထွက်လာခဲ့ရတာလဲ၊ မဟုတ်မှလွဲရော မင်းဆီမှာ ကိစ္စတစ်ခုခုရှိနေပုံရတယ်”
ကျုပ် ပြောရင်ကောင်းမလား၊ မပြောရင်ကောင်းမလားဆိုပြီး စဉ်းစားနေမိတယ်၊ ဒါပေမယ့် ဦးဘသာက ပါးစပ်လုံတယ်ဆိုတော့ နောက်ဆုံးပြောဖို့ဆုံးဖြတ်လိုက်ပြီး ဖြစ်သမျှအကြောင်းစုံကို ဦးဘသာကြီးကိုပြောပြလိုက်တော့တယ်၊ ဦးဘသာကြီးဆို ငုတ်တုတ်တောင် ထထိုင်တယ်ဗျာ။
“မင်းဟာက အဆန်းပဲအလတ်ကောင်ရ၊ အဲဒီ မစံပယ်ကလည်း ဘာကြီးလဲကွ”
“ဟုတ်ပါတယ်ဆို ဦးဘသာရာ ကျုပ်လည်း ဒါကြောင့်ဆက်မနေရဲတာ”
ဒီအချိန် ဇရပ်ထောင့်နားကနေ အသံတစ်ခုထွက်လာတယ်။
“အဲဒီ မစံပယ်ဆိုတာ လင်တရူးဟဲ့”
အသံကြားတဲ့နေရာကိုလှည့်ကြည့်လိုက်တော့ ဇရပ်ထောင့်မှာ အမေကြီးဆိုတဲ့ ဘွားတော်ကြီးထိုင်နေတာဗျို့။
“ဘွားတော်ပါလား၊ ဘာလာရှုပ်တာလဲ”
“ငါက ဘာရှုပ်ရမှာလဲ၊ လာရှုပ်တာက နင်တို့ဟဲ့၊ ငါ့မှာ အိမ်ပျက်သွားလို့ ဇရပ်ပေါ်လာအိပ်မယ်ကြံကာမှ နင်တို့နှစ်ယောက်က ဘေးနားကနေတွတ်ထိုးနေကြတယ်”
“ထားပါတော့ဘွားတော်ရာ၊ ဒါနဲ့ မစံပယ်အကြောင်း ဘွားတော်သိသလား”
“ငါက ဒီရွာမှာ ငယ်မွေးခြံပေါက်ဆိုတော့ သိတာပေါ့ဟဲ့”
“သိရင်ပြောစမ်းပါဗျာ၊ ဘာဖြစ်လို့သူက လင်သိပ်လိုချင်နေရတာလဲ”
“ပေါက်စီဆိုတာ မြန်မာပြည်အနှံ့ လှည့်လည်သွားလာရင်း မျက်လှည့်ပြစားနေတဲ့လူပေါ့ဟာ၊ ဆယ့်နှစ်ပွဲဈေးသည်တွေနဲ့အတူတူလိုက်ရင်း နတ်ချောင်းရွာ ဘုရားပွဲမှာ တို့ရွာက ရွာသူတစ်ယောက်နဲ့အိမ်ထောင်ကျတယ်၊ ရွာသူနာမည်က သင်းကြည်တဲ့၊ ပေါက်စီက အောက်လမ်းတွေဘာတွေလည်းတတ်တယ်၊ ဒါပေမယ့် အများကြီးတတ်တာတော့မဟုတ်ပါဘူး၊ သင်းကြည်နဲ့တစ်နှစ်လောက်ပေါင်းပြီးတော့ သမီးလေးတစ်ယောက်မွေးတယ်၊ ကလေးနာမည်က သင်းမွေးတဲ့၊ သင်းကြည်က ကလေးအခါလည်လောက်မှာဆုံးသွားရှာတယ်”
“ဦးပေါက်စီရဲ့သမီးက မစံပယ်မဟုတ်ဘူးလား”
“သူ့နာမည်အရင်းက သင်းမွေးတဲ့၊ ပေါက်စီက စားဝတ်နေရေးလည်းရှိသေးတော့ ကလေးကိုရွာကအမျိုးတွေဆီအပ်ပြီး နယ်လှည့်မျက်လှည့်ပြစားတယ်၊ သင်းမွှေးအပျိုပေါက်အရွယ်ရောက်တော့ ဖအေအနောက်လိုက်ချင်တယ်ဆိုတာနဲ့ မျက်လှည့်လိုက်ပြကြရင်း ဇာတ်ဆရာတစ်ယောက်နဲ့တွေ့သွားကြတယ်၊ ဇာတ်ဆရာက သင်းမွှေးကို ပြဇာတ်ထဲမှာ စမ်းကခိုင်းရာကနေ သင်းမွေးကအနုပညာကို ဝါသနာပါပြီး အငြိမ့်မင်းသမီးဖြစ်သွားတော့တာပဲ၊ မြစံပယ်ဆိုတာ သူ့မင်းသမီးနာမည်ပေါ့၊ ရွာထဲကလူတွေတောင် သူ့ကို သင်းမွှေးလို့မသိကြတော့ဘဲ မြစံပယ်ပဲခေါ်ကြတာ”
“ဒါကြောင့်ကိုးဗျ”
“ဆက်ပြောရရင် မြစံပယ်က အရည်အချင်းရှိတယ် စန်းရှိတယ်ဆိုတော့ ဇာတ်ဆရာက သူ့သားနဲ့ပေးစားပြီးသိမ်းသွင်းဖို့လုပ်တယ်၊ ဇာတ်ဆရာရဲ့သားကလည်း မင်းသားလုပ်ဖို့ကြံရွယ်ထားတဲ့လူဆိုပဲ၊ မန္တလေး ပန်တျာကျောင်းဆင်းပေါ့၊ ဒါပေမယ့် ပညာမစုံသေးလို့ သူ့အဖေက ပွဲမထုတ်ရသေးဘူး၊ သူတို့နှစ်ဦးကလည်း ဇာတ်နောက်လိုက်ရင်း တစ်ယောက်နဲ့တစ်ယောက် ရည်ငံနေကြတယ်ဆိုပဲ၊ အဲဒါနဲ့ ဇာတ်ဆရာက ပွင့်လင်းရာသီရောက်တော့ သူတို့နှစ်ဦးကို ပေးစားလိုက်တယ်၊ မြစံပယ်ရဲ့ဆွေမျိုးတွေက ဒီရွာမှာရှိတာရယ်၊ ဒီရွာကလေးက သူ့အမေ သင်းကြည် ခေါင်းချခဲ့တဲ့ရွာကလေးဖြစ်တာရယ်ကြောင့် မင်္ဂလာဆောင်ကို ဒီရွာမှာအရင်ကျင်းပကြတယ်”
“မင်္ဂလာဆောင်ခါနီးတစ်ရက်အလိုမှာ လွမ်းစေတီကလေးကို ဘုရားဖူးထွက်ကြရင်း သတို့သားက နတ်ရဲချောင်းထဲကို ကျပြီးသေပါလေရော၊ ကမ်းပါးက သိပ်မမြင့်ဘူးဆိုပေမယ့် အောက်ကကျောက်တုံးနဲ့ခေါင်းနဲ့ရိုက်မိပြီးသေတာ၊ သူများတွေပြောတာတော့ နတ်ရဲတောင်သခင်မက မကျေနပ်လို့သတ်လိုက်တာဆိုပဲ၊ မြစံပယ်လည်း အရူးတစ်ပိုင်းဖြစ်သွားရှာတယ်”
“ဒါပေါ့ဗျာ၊ မင်္ဂလာဆောင်ခါနီးတစ်ရက်အလိုမှ သေတယ်ဆိုတော့ ရူးလည်းရူးချင်ရှာမှာပေါ့”
“အဲဒီနောက်ပိုင်းကတည်းက မြစံပယ်တစ်ယောက် ဇာတ်မကတော့တာ ခုထိပဲ၊ သူတို့အခုနေတဲ့ အိမ်ကြီးနဲ့ ခြံကြီးက သတို့သားဘက်က လက်ဖွဲ့ပေးခဲ့တဲ့ ပစ္စည်းတွေပဲ၊ သားဖြစ်သူ သေသွားကတည်းက ဇာတ်ဆရာက ဒီနတ်ချောင်းရွာဘက် ခြေဦးတောင်မလှည့်တော့ဘူး”
ဦးဘသာက သက်ပြင်းချပြီး
“သူ့ဘဝကလေးက သနားစရာကလေးပါကွာ”
“ဒါပေမယ့် သူ့ယောက်ျားလောင်းသေလို့ သူက လင်တရူးနေတာတော့ သိပ်မဆိုင်သလိုပဲနော်”
ဘွားတော်က တံတွေးတစ်ချက်ထွေးထုတ်လိုက်ရင်း
“လူတွေမသိသေးတာတစ်ခုရှိတယ်၊ တကယ်တော့ ဇာတ်မင်းသားကလေးသေတာ မတော်တဆဖြစ်တာမဟုတ်ဘူး၊ ဇာတ်မင်းသားကလေးက နတ်ရဲတောင်သခင်မရဲ့ လက်အောက်ခံလူတစ်ယောက် လူဝင်စားတာဆိုပဲ၊ သခင်မက သူ့လူကိုပြန်ခေါ်လိုက်တဲ့သဘောပေါ့၊ ဒါပေမယ့် မြစံပယ်စိတ်ထဲမှာ အစွဲတစ်ခုဖြစ်နေတယ်၊ အဲဒါကတော့ နတ်ရဲချောင်းသခင်မကို လူစားတစ်ယောက်ပေးနိုင်ခဲ့တယ်ဆိုရင် သူ့ယောက်ျားလောင်းကို ပြန်ရမယ်ဆိုတဲ့အစွဲပဲ၊ ဒါကြောင့်လည်း ညနေက နင့်ကိုချောက်ကမ်းပါးအနား ခေါ်သွားတာပေါ့ ကောင်လေးရဲ့”
“ဗျာ . . . ကျုပ် ချောက်ကမ်းပါးအနားရောက်တာကို ခင်ဗျားသိနေတယ်လား”
“ဒီရွာက ငါ့ရွာပဲဟယ်၊ ဘာပဲဖြစ်ဖြစ် ငါသိတာပေါ့၊ နင့်ကို မြစံပယ်က မြှူဆွယ်မရလို့ အောက်လမ်းနည်းနဲ့သတ်ဖို့ကြံနေတာ၊ ငါရောက်လာပြီး ကိုယ်ထင်ပြလိုက်လို့ မြစံပယ်က အခြေအနေမဟန်မှန်းသိပြီး ပြန်ထွက်ပြေးသွားတာဟဲ့”
“ဟုတ်မယ်ဗျာ၊ မစံပယ်က လက်တွေဘာတွေမြှောက်လိုက်သေးတယ်၊ ဒါပေမယ့် နောက်တော့ တစ္ဆေသရဲမြင်သလို ကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးသွားတာ၊ လက်စသတ်တော့ ဘွားတော်လက်ချက်ကိုး”
“ငါသာအရောက်နောက်ကျရင် နင်သေတာကြာပေါ့ ကောင်လေးရဲ့”
တော်သေးတာပေါ့ဗျာ၊ ဦးဘသာက ဘွားတော်ကို တစ်ရွာသားကိုစောင့်ရှောက်ဖို့ဆိုပြီး မှာထားခဲ့ပေလို့သာပေါ့၊ ဒီအချိန်မှာ ကျုပ်ခေါင်းထဲအတွေးတစ်ခုက ဝင်လာတယ်။
“ဟာ၊ သွားပါပြီဗျာ”
ကျုပ်ထအော်ထည့်လိုက်တာ ဘွားတော်ရော ဦးဘသာပါလန့်သွားကြတယ်။
“ဘာဖြစ်တာလဲ အလတ်ကောင်ရာ”
“ကိုဝင်းကြည် . . .ကိုဝင်းကြည်ဗျ”
“ဝင်းကြည်က ဘာဖြစ်လို့လဲကွ”
“မစံပယ်က ကျုပ်ကိုသိမ်းသွင်းတာမအောင်မြင်ပေမယ့် လက်လျော့မှာမဟုတ်ဘူးဗျ၊ ဒါကြောင့် နောက်တစ်ယောက်ကိုသားကောင်ရှာလိမ့်မယ်၊ ဘုရားကပြန်လာတော့ ကိုဝင်းကြည်နဲ့ မစံပယ်တို့က လေပေးဖြောင့်လို့ဗျ”
“ဖြစ်ပါ့မလား အလတ်ကောင်ရာ”
“ဖြစ်ကိုဖြစ်မှာ ဦးဘသာရ၊ ကိုဝင်းကြည်က လူပျိုသိုးကြီး၊ ပြီးတော့ တဏှာကလည်း ခပ်ထန်ထန်ဆိုတော့ မစံပယ်ရဲ့ ပရိယာရ်ကနေ သူရုန်းထွက်နိုင်မှာမဟုတ်ဘူးဗျ”
ကျုပ်ပြောလိုက်မှ ဦးဘသာက လန့်သွားတယ်။
“ဟ . . .ဒါဆိုရင်တော့ ပြဿနာပဲဟေ့၊ တို့တွေ အချိန်မနှောင်းခင် ဝင်းကြည်ကို သွားခေါ်ထုတ်လာရအောင်ဟေ့”
ကျုပ်နဲ့ဦးဘသာနဲ့ ရွာထဲကိုပြေးဝင်လာခဲ့ကြတယ်၊ အချိန်က ညဆယ်နာရီလောက်ရှိမယ်ထင်တယ်။ မစံပယ်တို့အိမ်ကြီးက တိတ်ဆိတ်ငြိမ်သက်လို့ဗျို့။ ခြံထဲဝင်မယ်လုပ်တော့ ခြံတံခါးအရှေ့မှာ မည်းမည်းအကောင်ကြီးတစ်ကောင် ပေါ်လာတယ်။
“ဘယ်သူလဲ၊ တို့ခြံထဲကို ဘာကိစ္စဝင်မှာလဲ”
“အရေးကြီးလို့ပါ မောင်သရဲရာ၊ မင်းဖယ်စမ်းပါ”
“မဖယ်ဘူး၊ ဆရာကြီးက ဘယ်သူမှ မဝင်ရ မထွက်ရဘူးလို့မှာထားတယ်”
ဦးဘသာက ဒေါသထွက်ထွက်နဲ့
“ဖယ်ခိုင်းနေတုန်း မြန်မြန်ဖယ်လိုက်စမ်း မောင်သရဲ မင်းမဟုတ်ရင် ငါ့အကြောင်းသိမယ်”
သရဲကြီးက ထိုင်နေရင်းကနေ မတ်တပ်ထရပ်လိုက်တာ သူ့အရပ်က ဝါးတစ်ပြန်လောက်ရှိတယ်ဗျာ၊ တစ်ကိုယ်လုံးလည်း အမွှေးတွေနဲ့ ကြောက်စရာကြီးဗျ၊ ဦးဘသာက ပုဆိုးလှန်လိုက်ပြီးတော့ မောင်သရဲရဲ့ ခြေထောက်ကို ကန်ထည့်လိုက်တာ မောင်သရဲတစ်ယောက် လေပေါ်ကိုမြောက်တက်သွားပြီး ဟိုးအဝေးကြီးကိုလွင့်ထွက်သွားတယ်ဗျာ။ အသံရှည်ကြီးနဲ့လည်း အော်ဟစ်သွားသေးတယ်။
“ဦးဘသာ ဘယ်လိုလုပ်လိုက်တာလဲဗျာ”
“အရေးထဲ သရဲကလာရှုပ်နေလို့ ရွာပြင်ကိုကန်ထုတ်ထည့်လိုက်တာဟေ့”
ခြံတံခါးကိုဖွင့်ပြီးတော့ ကျုပ်တို့ဝင်ခဲ့တယ်၊ အိမ်ပေါ်ထပ်ကိုတက်ကြည့်တော့ ခြင်ထောင်ထဲမှာ အဖေတစ်ယောက်တည်းအိပ်နေတယ်ဗျာ။ ကိုဝင်းကြည်ကို မတွေ့ရတော့ဘူး။
“ဦးဘသာရေ ကိုဝင်းကြည်မရှိတော့ဘူးဗျ”
“အပေါ့အပါးများ သွားသလားမသိဘူး၊ အိမ်ထဲလိုက်ရှာကြည့်ကွာ”
ကိုဝင်းကြည်က အိမ်ထဲကအခန်းတွေထဲမှာလည်း ရှိမနေပြန်ဘူး၊ လှေကားအတက်ဆင်းရောက်တော့ ကိုဝင်းကြည်ဖိနပ်ကိုမတွေ့ရဘူး။
“သေချာပြီ ဦးဘသာရေ၊ ဖိနပ်မရှိပုံထောက်ရင် ကိုဝင်းကြည်အပြင်ထွက်သွားပြီထင်တယ်”
“မစံပယ်က ငါတို့ထက်ခြေတစ်လှမ်း စောနေပြီထင်တယ်ကွ”
ဦးဘသာက ကျုပ်ပုခုံးကိုကိုင်လိုက်ရင်း
“အလတ်ကောင်ရေ ငါ့ကိုမြဲမြဲကိုင်ထား၊ ဒီတစ်ခါနည်းနည်းကြမ်းမယ်”
“ဗျာ . . . ဘာ . . ဘာကြမ်းမှာလဲ”
ပြောလို့တောင်မဆုံးသေးဘူးဗျာ၊ ခြေထောက်အောက်က မြေကြီးတွေက ဘေးတိုက်ကြီးရွေ့ကုန်တယ်၊ လူတစ်ကိုယ်လုံးကို ကိုင်လှုပ်လိုက်သလိုပါပဲဗျာ၊ ဒီတစ်ခါ တကယ်ကြမ်းတယ်ဗျ၊ ကျုပ်ဖြင့် မတ်တပ်တောင်မရပ်နိုင်ဘဲ လဲကျသွားတော့တယ်၊ ဦးဘသာခြေသလုံးကို လက်နှစ်ဖက်နဲ့ဆွဲကိုင်ရင်း အော်နေမိတယ်၊ လူကလည်း ဆီးဖြူသီးကို ဗန်းထဲထည့်ပြီးလှိမ့်သလို လိမ့်နေတယ်ဗျာ။
ခဏကြာတော့ ချောက်ကမ်းပါးဘေးကိုရောက်သွားတယ်၊ ထင်တဲ့အတိုင်းပါပဲဗျာ၊ ချောက်ကမ်းပါးဘေးမှာ မစံပယ်က ကိုဝင်းကြည်ကို မြူဆွယ်ပွတ်သပ်နေတယ်၊ ဦးဘသာက အရှေ့ကိုလှမ်းလိုက်ရင်း
“ဟေ့ မြစံပယ်၊ မင်းလုပ်နေတာတွေ ရပ်တန်းက ရပ်လိုက်စမ်း”
မစံပယ်က ကျုပ်တို့နှစ်ယောက်ကိုမြင်တော့ တော်တော်လန့်သွားတဲ့ပုံပဲဗျာ၊ ကိုဝင်းကြည်က ကြောင်အမ်းအမ်းနဲ့ဗျ၊ မသိရင် စိတ်ညှို့ခံထားရတဲ့လူလိုပဲ။ မစံပယ်က ကျုပ်တို့ဆီကို ဆေးလုံးကလေးတွေလှမ်းပစ်ထည့်လိုက်တယ်၊ ဆေးလုံးကလေးတွေက မြေပေါ်မှာပေါက်ကွဲထွက်ပြီးတော့ မီးခိုးလုံးတွေဖြစ်သွားတယ်ဗျာ၊ မစံပယ်က တစ်ချိန်တည်းမှာပဲ သစ်ပင်ကြီးကိုမော့ကြည့်လိုက်တယ်။
“သခင်မလိုချင်တဲ့ လူစားရပါပြီ၊ ကျွန်မယောက်ျားကို ပြန်ပေးပါတော့”
ပြောပြောဆိုဆိုနဲ့ ကိုဝင်းကြည်ရဲ့ ရင်ဘတ်ကို တွန်းထည့်လိုက်တယ်၊ ကမ်းပါးမှာပေါက်နေတဲ့ သစ်တံခါးပင်ကြီးရဲ့ ပင်စည်ကြီးက အသက်ဝင်လာသလိုလို လှုပ်ရှားလာပြီးတော့ ဘေးတစ်ဖက်တစ်ချက်ကို နှစ်ခြမ်းကွဲထွက်သွားတယ်၊ ပင်စည်ကြီးက အခုမှ တံခါးကြီးတစ်ချပ်လိုဖြစ်သွားတော့တယ်၊ တံခါးထဲက နွယ်ရှင်ကြီးတွေလိုမျိုး မည်းမည်းနွယ်ကြီးတွေထွက်လာပြီး ကိုဝင်းကြည်ရဲ့ခြေလက်တွေကို ဖမ်းချုပ်ရစ်ပတ်လိုက်တယ်၊ တဖြည်းဖြည်းနဲ့ တံံခါးပေါက်ကြီးထဲကို ဆွဲထည့်တယ်ဗျာ။
ဦးဘသာက သစ်ပင်ကြီးကို စက်လက်နက်တွေ ပစ်လွတ်လိုက်တယ်၊ ဒါပေမယ့် ဘာမှမဖြစ်ဘူးဗျာ၊ သစ်ပင်ကြီးရဲ့အကိုင်းတွေက ကျုပ်တို့ကိုလှမ်းလှမ်းပြီး ရိုက်ပုတ်တယ်ဗျာ၊ ဒီအကိုင်းကြီးနဲ့ ရိုက်မိလိုက်လို့ကတော့ အရိုးတွေအကုန်ကျိုးကျေကုန်လိမ့်မယ်ထင်တယ်ဗျ။ ဦးဘသာက သစ်ကိုင်းတွေကို ရှောင်ကွင်းပြီးတော့ သစ်ပင်ကြီးရဲ့ပင်စည်ကို လက်ဝါးနဲ့ထိထားလိုက်တယ်၊ သစ်ပင်ကြီးက လူးလွန့်နေတာပဲဗျာ၊ ခဏကြာတော့ နည်းနည်းငြိမ်သွားတယ်ဗျ။
“အလတ်ကောင်၊ ဝင်းကြည်ကိုဆွဲထုတ်စမ်း”
သစ်တံခါးပေါက်ထဲ ကိုယ်တစ်ပိုင်းလောက်ဝင်နေတဲ့ ကိုဝင်းကြည်ကို ကျုပ်က ပြေးဆွဲရတယ်၊ ကိုဝင်းကြည်ရဲ့ခြေလက်တွေမှာ ပတ်နေတဲ့ နွယ်ကြိုးတွေကိုလည်း ဖြေထုတ်နေရသေးတယ်၊ ဒီအချိန် သစ်တံခါးပေါက်ထဲကနေ ယောက်ျားတစ်ယောက်ထွက်လာတယ်၊ အဲဒီယောက်ျားက အသက်နှစ်ဆယ်ကျော်လောက်ပဲရှိမယ်၊ တစ်ကိုယ်လုံးမှာ အဝတ်အစားမပါဘူး၊ လူပုံကတော့ ခပ်ချောချောခပ်ဖြောင့်ဖြောင့်ပဲဗျ၊ ဒီလူကိုမြင်တော့ မစံပယ်က မျက်လုံးအပြူးသားနဲ့ကြည့်နေတယ်။
“မောင် . . . မောင် အပြင်ကိုလာခဲ့လေ မောင်ရဲ့၊ အဲဒီအထဲကနေ ထွက်လာခဲ့စမ်းပါ”
“မောင်ထွက်လာလို့မရဘူး မစံပယ်၊ သခင်မက ခွင့်မပြုဘူး”
“မောင်ထွက်လာလို့မရဘူးဆိုရင် စံပယ်လိုက်လာခဲ့မယ်”
မစံပယ်က ပြောပြောဆိုဆိုနဲ့သစ်တံခါးထဲကို ပြေးဝင်သွားတယ်ဗျာ၊ မစံပယ်တို့နှစ်ယောက် သစ်တံခါးပေါက်အထဲမှာ တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်လိုက်ကြတယ်။
“အလတ်ကောင် ဆွဲထားကွ”
ကျုပ်လည်း သူတို့ကိုကြည့်မနေတော့ဘဲ ကိုဝင်းကြည်ကို အားကုန်ဆွဲထုတ်လိုက်ရတယ်၊ ကိုဝင်းကြည်ရော ကျုပ်ရော အားလွန်ပြီး သစ်ပင်အနားကနေ ဒလိမ့်ခေါက်ကွေးလိမ့်ကျကုန်တယ်၊ ဦးဘသာက သစ်ပင်ကိုထိထားတဲ့လက်ကို ဖြုတ်လိုက်တဲ့အချိန်မှာ သစ်တံခါးပေါက်ကြီးက တဖြည်းဖြည်းပြန်ပိတ်သွားတယ်၊ မစံပယ်က ကျုပ်ကိုကြည့်ရင်း တစ်ချက်ပြုံးပြတယ်ဗျ၊ သူ့အပြုံးက အခုအချိန်အထိ လူတကာကို ဖမ်းစားနိုင်ဆဲပါပဲဗျာ။
သစ်တံခါးကြီးပြန်ပိတ်သွားတော့ အရာအားလုံးက ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်၊ သစ်ပင်ကြီးတည်ငြိမ်သွားတာများ သူမဟုတ်သလိုပဲဗျာ။ ဒီအချိန်မှာ ကိုဝင်းကြည်က သတိပြန်ဝင်လာပြီး
“မစံပယ် . . . မစံပယ်ဘယ်ရောက်သွားတာလဲ၊ မစံပယ်ကို ကျုပ်ချစ်တယ် . . .”
ကျုပ်လည်း အမြင်ကပ်လာတာနဲ့
“မစံပယ်သေပြီ၊ ခင်ဗျားသိပ်ချစ်တယ်ဆိုရင်လည်း သေရွာကိုသာ လိုက်သွားပေတော့”
ကိုဝင်းကြည်က တစ်ချက်တွန့်သွားပြီး
“ဟေ . . အဲလိုတော့လည်း မဟုတ်ဘူးလေကွာ”
ဦးဘသာက ကျုပ်ကိုခေါင်းခါပြပြီးတော့ ကိုဝင်းကြည်နဖူးကိုလက်ဝါးနဲ့ရိုက်ထည့်လိုက်တာ ကိုဝင်းကြည်က ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီးဖြစ်သွားတယ်၊ ဦးဘသာက ကိုဝင်းကြည်နားအနားကိုကပ်လိုက်ပြီး
“မင်းအိမ်ပြန်တော့၊ မစံပယ်ဆိုတာကို မင်းမေ့လိုက်တော့”
ခပ်တိုးတိုးကလေးကပ်ပြောလိုက်ပြီးတဲ့နောက် ကိုဝင်းကြည်က ကြောင်စီစီနဲ့ ကျုပ်တို့နဲ့အတူတူပြန်လိုက်လာခဲ့ပါရောဗျာ။
မနက်မိုးလင်းတော့ ဦးပေါက်စီက ငိုကြီးချက်မနဲ့ဖြစ်နေတယ်ဗျ၊ ကျုပ်တို့တောင် ဘာမှရှင်းပြစရာမလိုပါဘူး၊ မစံပယ်က သူ့ကိုအိပ်မက်ပေးတယ်ဆိုပဲ၊ အိပ်မက်ထဲမှာ သူ့သတိုးသားလောင်းအနောက်ကို လိုက်သွားပြီလို့ပြောတယ်တဲ့ဗျာ၊ သင်တန်းတက်ပြီး နောက်တစ်ရက်နေတော့မှ မစံပယ်ရဲ့အလောင်းကို သစ်ပင်ကြီးအောက်မှာပြန်တွေ့ကြတယ်၊ မစံပယ်ရဲ့မျက်နှာက ပြုံးနေတာပဲတဲ့ဗျာ၊ သေနေတယ်ဆိုပေမယ့်လည်း တောင့်တင်းမနေဘဲ အသားတွေက ပျော့ပျော့ကလေးဖြစ်နေတယ်ဆိုပဲဗျ၊ ကျုပ်တို့က ကြာကြာနေလို့မရတော့ဘူးလေဗျာ၊ မစံပယ်အလောင်းကိုတွေ့ပြီး အဲဒီမနက်ခင်းမှာပဲ နတ်ချောင်းရွာကနေ ပြန်လာခဲ့ကြတယ်။ ဘာဆက်ဖြစ်သွားသလဲဆိုတာတော့ မသိတော့ဘူးပေါ့ဗျာ၊ ကျုပ်ပြောနိုင်တာတစ်ခုကတော့ ဒီအချိန်လောက်ဆိုရင် မစံပယ်နဲ့ သူ့ချစ်သူတို့ နတ်ရဲချောင်းသခင်မရဲ့လက်အောက်မှာ ပျော်ပျော်ရွှင်ရွှင်ပေါင်းသင်းနေကြရပြီထင်တာပါပဲ။
ကျုပ်လှည်းမောင်းနေရင်း ပျင်းလာတာနဲ့ သီချင်းတစ်ပိုဒ်ကိုဆိုလိုက်မိတယ်။
“ပန်းစံပယ် နန်းလယ်မပေါ်ခိုက်ဟာမို့ xxxxx အလိုက်တော်တန်သင့်ရုံပ ခံပွင့်ကို ကုံးရတယ်”
တွံတေးသိန်းတန်အသံကိုတုပြီး ဆိုလိုက်မိတယ်၊ ကျုပ်ဆိုတာကြားတော့ ကိုဝင်းကြည်က
“အဲဒီ စံပယ်ဆိုတဲ့အသံကိုကြားလိုက်တော့ ငါ့ရင်ထဲတစ်မျိုးကြီး ဖြစ်သွားတယ်အလတ်ကောင်ရာ”
ကျုပ်ဖြင့် ပြုံးလိုက်မိတယ်။ ဦးဘသာကတော့ ကျုပ်ကိုဆက်မဆိုဖို့အတွက် မျက်ရိပ်ပြလိုက်တယ်။ ဒါနဲ့ ကျုပ်လည်းသီချင်းမဆိုတော့ဘဲ ကဗျာပဲဆိုဖို့ဆုံးဖြတ်လိုက်တယ်။
“စံပယ်တဲ့ လေးရုံ၊
ပျိုတို့မောင် မပန်ထိုက်တယ်၊
ပန်းပြတ်ခိုက်ကြုံ။
အပွင့်ရယ်ကုန်၊
တစ်ငုံဖြင့် ကျန်ပါသေး။
ပန်ချင်ရင် ပျို့မောင်ကြီးရယ်၊
ခေါင်းဖြီးခဲ့လေး။”
ဒီကဗျာကြားတော့လည်း ကိုဝင်းကြည်တစ်ယောက် ငိုမဲ့မဲ့ဖြစ်သွားပြန်သဗျို့။
ပြီးပါပြီ။