စုန်းထီးကြီးဦးဘသာနှင့် ရွာဝှက်ကြီး
အတွဲ(၁) စာစဉ်(၆၃)

(၁)

“ဟဲ့အလတ်ကောင်ရေ . . . အမသန်းရေ၊ အိမ်မှာဘယ်သူမှမရှိကြဘူးလား”

မိန်းမကြီးတစ်ယောက်က အသံကုန်အော်ဟစ်ပြီးတော့ ကျုပ်တို့အိမ်ထဲကိုအမောတကောနဲ့ဝင်လာတယ်၊ အချိန်ကတော့ ညနေစောင်းကြီးပေါ့ဗျာ၊ ဝါဆိုဝါခေါင်မိုးတွင်းကြီးဆိုတော့ ကောင်းကင်ကြီးက အုံ့မှိုင်းနေတယ်၊ အသံကြားလိုက်တာနဲ့ ဘယ်သူလဲဆိုတာကို ကျုပ်သိပြီးသားပါ။

“အလတ်ကောင်၊ အကြီးကောင် . . . ဟောတော် အိမ်မှာဘယ်သူမှမရှိကြဘူးလား”

ကျုပ်လည်း လှေကားပေါ်ကပြေးဆင်းလာရင်းနဲ့

“ရှိပါတယ် ဒွေးလေးရာ၊ ထိုင်ပါအုံးဗျ”

ဒွေးလေးက အမောတကောနဲ့ထိုင်လိုက်တယ်၊

“ထောက်ရှာရိုးကနေ အမောတကောနဲ့လာရအောင် ဘာကိစ္စများထူးလို့လဲ ဒွေးလေးရဲ့”

ဒွေးလေးက ရေနွေးတစ်ခွက်ကို ငှဲ့နေရင်းနဲ့

“အလှူကိစ္စဟေ့ အလှူကိစ္စ၊ ဒါနဲ့ နင့်အမေ ငါ့အမ အိမ်မှာမရှိဘူးလား”

“ခုနကတော့ မီးဖိုချောင်ထဲရှိသေးတယ်၊ အခုတော့ ဘယ်ရောက်သွားသလဲမသိဘူး”

ပြောနေတုန်း အမေက ယောက်မကြီးကိုင်ပြီး မီးဖိုချောင်ထဲကနေ ထွက်လာခဲ့တယ်။

“ရှိပါ့တော် ရှိပါ့၊ ညည်းအသံကြီးကို ဟိုးတစ်ခေါ်လောက်ကတည်း ကြားပြီးသားပါ၊ ပြောပါအုံး ဘာကိစ္စ”

“ဘကြီးက လွှတ်လိုက်တာ အမရဲ့”

အမေက မျက်မှောင်ကြုတ်လိုက်ပြီး

“ဘကြီးဆိုတော့ မဟုတ်မှလွဲရော ဘကြီးသန်းဝင်းလား”

“ဒါပေါ့ အမရဲ့ ဘကြီးဘယ်နှစ်ယောက်ရှိလို့လဲ”

အမေက ခါးထောက်လိုက်ပြီးတော့

“စိုက်မယ့်ပျိုးမယ့်အချိန်ကြီး ဒီကိုလွှတ်လိုက်တာဆိုတော့ မဟုတ်မှလွဲရော ဘကြီးက ငါတို့ဆီက စိုက်ပျိုးစရိတ်ချေးဖို့ထင်တယ်၊ ငါ့ကို သူကြီးကတော်ဆိုပြီး တော်တော်ချမ်းသာနေတယ်လို့ ထင်နေပုံရတယ်၊ မချေးနိုင်ဘူးအေ၊ သူ့ကိုတစ်ပြားမှ မချေးနိုင်ဘူး”

“ကျုပ်ပြောတာ ဆုံးအောင်နားထောင်ပါအုံး အမရာ၊ ဘကြီးက ပိုက်ဆံချေးဖို့လွှတ်လိုက်တာ မဟုတ်ဘူး သူအလှူလုပ်မလို့ ဖိတ်ခိုင်းလိုက်တာ”

အမေ့မျက်မှောင်က ပိုပြီးကြုတ်တက်သွားတယ်။

“အောင်မယ် အောင်မယ်၊ သူ့လိုခြူးတစ်ပြားမှမရှိတဲ့သူက အလှူလုပ်အုံးမတဲ့လား၊ ဧကန္တ ငါထင်နေတာမှန်ပြီထင်တယ်၊ ဒီရွာအထိ တကူးတကလာဖိတ်ခိုင်းတယ်ဆိုတော့ ငါတို့ကို ကူခိုင်းမလို့ထင်တယ်”

“အမကတော့ စိတ်ထင်တာတွေ သိပ်ပြောတာပဲ၊ ဘာမှကူစရာမလိုဘူး ဒီအလှူက ငွေကူလက်မခံဘူးအမရဲ့”

“ဟောတော် ငွေကူလက်မခံဘူးဆိုတော့ ဒင်းကဘယ်လောက်တောင်ချမ်းသာနေလို့လဲ”

“အခု ဘကြီးက ချမ်းသာသွားပြီ အမရဲ့၊ လွန်ခဲ့တဲ့တစ်လလောက်တုန်းက လယ်ကွင်းထဲမှာ လယ်ထွန်ရင်း ရွှေအိုးတစ်လုံးကောက်ရတယ်ဆိုပဲ”

ရွှေအိုးဆိုတဲ့စကားကြားတော့ အမေ့မျက်နှာက တော်တော်ထူးဆန်းသွားတယ်။ ဒွေးလေးက ရေနွေးတစ်ကျိုက်မော့ချလိုက်ရင်း

“အဲဒါ ရွှေအိုးရတဲ့အတွက် ဝါတွင်းကြီးပဲ အလှူလုပ်မှာတဲ့အမရဲ့၊ ထမင်းရေချောင်းစီး မောင်းတီးပြီးတော့ သုံးရက်သုံးလီ မီးခိုးတိတ်လှူမယ်တဲ့”

“ဘုရားရေ ဘကြီးက တော်တော်ချမ်းသာသွားတာပဲ”

“ရွှွှေအိုးရပြီဆိုတော့ ချမ်းသာတာပေါ့အမရယ်၊ အဲဒါ အမကိုဖိတ်ခိုင်းလိုက်လို့လာဖိတ်တာ”

အမေက တစ်ချက်တွေဝေသွားရင်း

“သူနဲ့ငါနဲ့ စကားမပြောတာ လေးငါးနှစ်ရှိရောပေါ့၊ နင်လည်း ငါတို့အကြောင်းသိရဲ့သားနဲ့ဟာ၊ ငါမလိုက်ချင်ပါဘူး၊ သူ့ဟာသူ အလှူလုပ်ပါစေ”

“မလိုက်ရင် ငတ်မှာပေါ့ အမရဲ့”

“အောင်မယ်လေး အစားတစ်လုပ်နဲ့တော့ ဒုက္ခခံပြီး သွားမနေတော့ပါဘူးအေ၊ မသန်းတို့က သူများအလှူမှာမဟုတ်လဲ ကိုယ့်ဟာကိုယ်စားနိုင်သောက်နိုင်ပါတယ်အေ့”

“အဲဒါကို ပြောတာမဟုတ်ဘူးအမရဲ့၊ ဘကြီးက သူရွှေအိုးရတဲ့အထိန်းအမှတ်နဲ့ တူတွေ တူမတွေကို တစ်ယောက်သုံးထောင်စီပေးမလို့တဲ့”

အမေ့မျက်လုံးတွေပြူးထွက်သွားတယ်။

“သုံးထောင် ဟုတ်လား . . . ငါရောရမှာလား”

“အမလည်း သူ့တူမပဲဟာ ရမှာပေါ့”

“သူနဲ့ငါက ရန်ဖြစ်ပြီး မခေါ်မပြောဘူးလေဟာ”

“ဘကြီးက စိတ်လျော့လိုက်ပြီထင်ပါတယ်၊ အခုတောင် ဇီးကုန်းရွာက နင့်အမ မသန်းကိုသွားခေါ်ပေးဆိုလို့ ကျုပ်ထွက်လာခဲ့ရတာ အမရဲ့၊ အမကိုမပေးချင်ရင် ရွာမှာပဲ ကျန်တဲ့လူတွေကို ပေးလိုက်မှာပေါ့၊ အမကိုလည်း အမွေပေးချင်လို့ တကူးတကခေါ်ခိုင်းလိုက်တာနေမှာ”

အမွေဆိုတဲ့စကားကြားတော့ အမေ့မျက်နှာကြီးပြုံးဖြီးသွားတယ်၊ သုံးထောင်ဆိုတာလည်း နည်းတာမှမဟုတ်ဘဲ၊

“ဘကြီးက အားတော့ကိုးရသားဟ၊ ငါ့ကိုစကားမပြောပေမယ့် မမေ့ဘူးပဲ”

“ရွေမျိုးတွေကိုး အမရဲ့၊ အမလည်း တင်းခံမနေပါနဲ့ ဘကြီးကိုပြန်ခေါ် ပြန်ပြောပြီး အရင်လိုပဲ ဆက်ဆံလိုက်ပါ”

“အေးပါဟာ၊ ငါသိပါတယ်၊ ရွှွှေမျိုးဆိုတာ မခေါ်ချင်လို့ရတယ် မတော်ချင်လို့မရဘူးမဟုတ်လား၊ ကဲပါ အလှူနေ့က ဘယ်နေ့လဲ”

“ရှေ့လာမယ့် တနင်္ဂနွေနေ့ပဲ အမရဲ့”

“နီးနေပြီ၊ ဒီနေ့ပဲ ကြာသပတေးဖြစ်နေပြီ၊ တို့ မြန်မြန်သွားရတော့မှာပေါ့”

အမေက ယောက်မကြီးကိုင်ပြီး ပြက္ခဒိန်ကိုကြည့်လို့ ဟိုရက်ဒီရက်တွက်ချက်နေသဗျာ၊ ပြီးတော့ အလှူသွားဖို့ အစီအစဉ်ဆွဲကြတယ်၊ ဒွေးလေးကတော့ ပင်ပန်းလို့ဆိုပြီး ခြေထောက်တွေကို နှိပ်နေတယ်ဗျာ၊

အမေက ထောက်ရှာရိုးရွာဇာတိဗျ၊ ဇီးကုန်းရွာက အမျိုးတွေဆီကိုလာလည်ရင်း အလှူတစ်ခုမှာ ပုတ်သင်ညိုတစ်ကောင် ကောင်းမှုနဲ့ အဖေနဲ့ညားသွားခဲ့ကြတယ်၊ ထောက်ရှာရိုးဆိုတာ ကျုပ်တို့ရွာနဲ့ တော်တော်လှမ်းတဲ့ရွာဗျ၊ ရွာကနေ လှည်းနဲ့မနက်အစောကြီးထသွားရင် ဟိုကို မိုးစုန်းစုန်းချုပ်မှ ရောက်တယ်ဗျာ၊ ဒွေးလေးဆိုတာကတော့ အမေ့ရဲ့ညီမဗျ၊ သူ့နာမည်က မအေးသိန်းတဲ့၊ အမေနဲ့ဘကြီးက တစ်ချိန်တုန်းက ဘာကြောင့်မှန်းမသိ ပြဿနာတစ်ခုဖြစ်ဖူးပြီး တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြ၊ မျက်နှာချင်းမဆိုင်ကြတာ အခုထိပဲဗျ၊ ထောက်ရှာရိုးရွာကိုသွားလည်ရင်တောင် အမေက ဘကြီးကိုနှုတ်မဆက်ဘူး၊ ကျုပ်တို့ကိုလည်း ဘကြီးနဲ့မပေါင်းဖို့ မခေါ်ဖို့ မှာထားလို့ ကျုပ်တို့နဲ့ နည်းနည်းစိမ်းနေတယ်ဆိုပါတော့၊ ဘကြီးက ဆင်းရဲတယ်ဗျ၊ အသောက်အစားလည်းရှိတယ်၊ တစ်ကိုယ်တည်းလူပျိုကြီးဆိုတော့ ဘဝကိုဖြစ်သလိုနေတယ်၊ အမေပြောတာတော့သိပ်ပျင်းတဲ့လူဆိုပဲ၊ ဘကြီးအမွေရတဲ့ လယ်တွေက ရွာနဲ့နီးတဲ့ နေရာကောင်းတွေချည်းရတာဆိုပဲ၊ ဘကြီးက ပျင်းတော့ လယ်တွေဈေးကောင်းတဲ့အခါ ရောင်းချလိုက်ပြီးတော့ ဟိုးရွာနဲ့ဝေးတဲ့ လယ်ရိုင်းတွေဝယ်ပြီး လယ်စိုက်တယ်ဆိုပဲဗျာ။

အမေက အလှူသွားဖို့ အစီအစဉ်ချတယ်၊ အဖေကတော့လိုက်မရဘူး၊ သူက ရွာလူကြီးဆိုတော့ ရွာမှာမရှိလို့မဖြစ်ဘူး၊ အကိုကြီးကိုခေါ်ပေမယ့် အကိုကြီးကလည်း လယ်တွေရှိသေးတယ်ဆိုတော့ မလိုက်ချင်ဘူး၊ ဝါဆိုလဆိုတော့ မျိုးစပါးတွေသန်နေပြီ၊ မကြာခင် ကောက်စိုက်ရတော့မယ့်အချိန်ပေါ့ဗျာ၊ ပုံမှန် ကျုပ်တို့အညာမှာ အလှူလုပ်ရင် မိုးလေကင်းလွတ်တဲ့ သီတင်းကျွတ်တန်ဆောင်မုန်းလောက် လုပ်ရင်လုပ်တယ်၊ ဒါမှမဟုတ်ရင် လယ်သိမ်း ယာသိမ်းပြီးတဲ့ တပေါင်း၊ တန်ခူးလို လတွေမှာလုပ်ကြတယ်မဟုတ်လား၊ အခုလိုမိုးတွင်းကြီးတော့ လုပ်တဲ့လူရှားတယ်ဗျာ။

နောက်ဆုံးတော့ လှည်းမောင်းဖို့တာဝန်က ကျုပ်အပေါ်ရောက်လာတယ်၊ သုံးထောင်ရမှာဆိုတော့ မသွားလို့ကလည်းမကောင်းဘူးမို့လား၊ ဒါကြောင့် ကျုပ်ရယ်၊ အမေရယ်၊ ဒွေးလေးရယ်၊ အငယ်ကောင်ရယ် လေးယောက်သား သွားကြမယ်ပေါ့ဗျာ၊ နောက်တစ်နေ့မနက်မိုးမလင်းခင်မှာပဲ ကျုပ်တို့ရွာကနေထွက်ခဲ့ကြသဗျ။ တစ်လမ်းလုံး လှည်းစီးရတာ ဖင်တွေပါကြိမ်းတယ်ဗျာ၊ ထောက်ရှာရိုးရွာကိုရောက်တော့ ညနေ နွားရိုင်းသွင်းချိန်လောက်ပေါ့၊ ရွာထိပ်မှာ မဏ္ဍာပ်ကြီးကို ဟီးနေအောင်ထိုးထားတယ်ဗျာ၊ မဏ္ဍာပ်တောင်မှ ရိုးရိုးမဏ္ဍပ်မဟုတ်ဘဲ သက်ကယ်တွေနဲ့ ဝါးထရံတွေကာပြီး လေလုံမိုးလုံဆောက်ထားတဲ့ မဏ္ဍပ်ကြီးဗျ၊ မိုးထားတဲ့သက်ကယ်တွေကိုဖျက်လိုက်ရင် အိမ်သုံးလေးလုံးလောက်တော့ အသာကလေးပြန်မိုးလို့ရတယ်။

အမေနဲ့ဘကြီးလည်း ပြန်ခေါ်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြောကြ ပြန်တည့်သွားကြနဲ့ ပျော်စရာကြီးပါဗျာ။ အလှူကလည်း ခြိမ့်ခြိမ့်သဲပဲဗျ၊ မိုးတွင်းအလှူအတန်းပါးချိန်ဆိုတော့ ဆိုင်းကောင်းကောင်းငှားထည့်ထားတာ ကြည့်လို့သိပ်ကောင်းတာပေါ့ဗျာ၊ အဲဒီလိုနဲ့ အလှူကြီးပြီးသွားတော့ ဘကြီးသန်းက အမေတို့မောင်နှမတွေအားလုံးကို တစ်ယောက်သုံးထောင်စီပေးတယ်၊ ကျုပ်တို့လိုမြေးတွေကိုတော့ တစ်ယောက်နှစ်ရာပေးတယ်ဗျာ၊ ကျုပ်ဖြင့်ပျော်လိုက်တာပြောမနေပါနဲ့တော့၊ အလှူပြီးတဲ့နေ့မှာ ကျုပ်တို့တွေ ပြန်ဖို့ပြင်ဆင်ကြတာပေါ့၊ အဲဒီနေ့က မနက်ပိုင်းမှာနေတွေသာနေတယ်၊ ကောင်းကင်ကြီးကလည်း ကြည်လင်နေပါရော။

ဘကြီးကလှည်းပေါ်ပစ္စည်းတွေတင်နေတဲ့ ကျုပ်တို့သားအမိတွေကိုကြည့်ပြီးတော့

“မင်းကိုငါ ဖြတ်လမ်းတစ်ခုပြလိုက်မယ် အလတ်ကောင်ရေ”

“ဘာဖြတ်လမ်းလဲဗျ”

“ငါတွေ့ထားတာသိပ်မကြာသေးတဲ့ဖြတ်လမ်းကွ၊ ပုံမှန်လမ်းအတိုင်းသွားမယ်ဆိုရင် ရွာစဉ်တွေဖြတ်ပြီး ကွေ့ပတ်သွားရတာဆိုတော့ မင်းတို့ရွာကိုရောက်ဖို့ တစ်နေကုန်အောင်ကြာတတ်တယ်မဟုတ်လားကွ၊ အခုဖြတ်လမ်းကသွားရင် တစ်နေမကုန်ဘူးကွ၊ ခုချိန်ထွက်ရင် ညနေ သုံးနာရီ လေးနာရီလောက်ဆိုရင် မင်းတို့ရွာကိုရောက်ပြီ”

“ဟ၊ ဟုတ်လှချည်လားဘကြီးရ”

“အေးကွ၊ အဲဒီလမ်းကိုရှမ်းလမ်းဟောင်းလို့ခေါ်ကြတယ်၊ ရှေးက ရှမ်းကုန်သည်တွေလာတဲ့အခါ အဲဒီလမ်းကိုသုံးတယ်ဆိုပဲကွ၊ လှည်းလမ်းဟောင်းကြီးတစ်ခုပေါ့ကွာ”

“လမ်းဟောင်းဆိုတော့ သွားရတာအဆင်ပြေပါ့မလား ဘကြီးရ”

“ပြေပါတယ်ကွာ၊ လှည်းလမ်းဟောင်းကို ဒိုးလုံးတွေချည်းခင်းထားတာကွ”

ဒီအခါဘေးနားမှာထိုင်နေတဲ့အငယ်ကောင်က

“ဒိုးလုံးဆိုတာဘာကိုပြောတာလဲ ဘကြီးရဲ့၊ ကျုပ်တို့ပစ်ပြီးဆော့တဲ့ ကျောက်ဒိုးကိုပြောတာလား”

“အေးပေါ့ကွာ၊ မင်းတို့ဒီဘက်ခေတ်မှာတော့ လမ်းတွေကိုကျောက်ခင်း၊ ကတ္တရာခင်းကြတာဆိုတော့ ခေတ်လူတွေက ဒိုးလုံးကိုဘယ်ကြားဖူးတော့မှာလဲကွ၊ ရှေးခေတ်က လမ်းခင်းဖို့ကျောက်ဆိုတာ လွယ်လွယ်မှရှာမရတာကွ၊ ဒိုးလုံးဆိုတာ ရွံ့မြေကိုဥသျှစ်သီးအရွယ်လောက်လုံးပြီးတော့ မီးနဲ့ကျက်အောင်ဖုတ်ထားတဲ့အရာကိုခေါ်တာကွ၊ တစ်ချို့ဒေသတွေမှာ ဒီလုံးလို့လည်းခေါ်ကြတယ်”

“ရွံ့ကိုမီးဖုတ်တာဆိုတော့ အုတ်ပုံစံဖြစ်သွားတာပေါ့”

“ဒါပေါ့ကွ၊ ဒါပေမယ့် ဒိုးလုံးက အုတ်ထက်မာတယ်၊ လှည်းလမ်းကိုအဲဒီဒိုးလုံးတွေနဲ့ခင်းထားရင် လှည်းဘယ်လောက်နင်းနင်း ဒိုးလုံးတွေပဲ့ထွက်သွားတယ်ဆိုတာရှားတယ်ကွ၊ အနင်းခံတယ်အကြမ်းခံတယ်ပေါ့ကွာ၊ ခုနက လှည်းလမ်းဟောင်းကြီးကလည်း ဒိုးလုံးတွေချည်းခင်းထားတာကွ၊ ခုထိကို မြေသားက မာကျစ်နေတုန်းပဲ”

ဘကြီးက တံတွေးမျိုချလိုက်ရင်း

“ဒီလမ်းက ရွာတွေကိုရှောင်ပြီးဖောက်ထားတဲ့လမ်းဆိုတော့ ရွာဆက်တော့ကျဲသကွာ၊ ရွာစဉ်မဖြတ်ရဘူးဆိုတော့ မြန်တာတော့ အတော်မြန်တယ်၊ ခုခေတ်စကားနဲ့ပြောရင် မြို့ရှောင်လမ်းလို့ ပြောရမလားပဲ”

“ဒါဆိုလည်း အဲဒီလမ်းကသွားမယ်၊ ဘကြီးလမ်းညွှန်လိုက်ဗျာ”

“လမ်းကရှင်းရှင်းလေးပါကွာ၊ တို့ရွာကထွက်ပြီး ကွမ်းတစ်ယာညက်လောက်မောင်းလိုက်ရင် လှည်းလမ်းကြောင်းကြီးတစ်ခုဖြူးနေတာတွေ့လိမ့်မယ် အဲဒီလမ်းကြီးအတိုင်းသာမောင်းချသွားပေတော့၊ ဘယ်ကိုမှမကွေ့နဲ့၊ လမ်းဆုံးရင် တန်းမြင့်ရွာနဲ့ မင်းတို့ရွာကြားက ဖိုးခေါင်ဇရပ်နားကနေ လမ်းပြန်ပေါက်တယ်ကွ”

“စမ်းကြည့်ရတာပေါ့ဗျာ၊ အဲဒီလမ်းသာတကယ်ဟုတ်လို့ကတော့ သွားရလာရတာ ပိုနီးသွားမှာ”

“ဟုတ်ပါတယ်ဆိုမှကွာ အဲဒီလမ်းကို ငါကိုယ်တိုင်သုံးလေးခါသွားခဲ့ဖူးတယ်၊ တခြားလူတွေကတော့ သိပ်မသုံးကြဘူး၊ ရွာဆက်ကျဲလို့ဖြစ်မယ်ထင်တယ်ကွ”

“လူသိပ်မသွားတဲ့လမ်းဆိုတော့ လူဆိုးဓါးပြတွေများရှိနေမလားဘကြီးရာ”

“အလတ်ကောင်ရာ မင်းကတော်တော်ဝေးတဲ့ကောင်ပဲကွ၊ ကဲပါ မထူးဘူး၊ မင်းတို့နဲ့အတူတူ ငါပါလိုက်ခဲ့မယ်၊ မင်းတို့အဖေနဲ့လည်း မတွေ့တာကြာပြီဆိုတော့ စကားလေးဘာလေး ပြောရတာပေါ့ကွာ”

ဘကြီးလိုက်မယ်ဆိုတော့ ကျုပ်တို့ဝမ်းသာသွားမိတယ်။ ဒါနဲ့ပဲ အမေ့ရွာကနေ ထွက်လာခဲ့ကြတယ်။

(၂)

လှည်းမောင်းရင်း ကောင်းကင်ကြီးကိုကြည့်လိုက်တော့ ကောင်းကင်ကြီးက ပြာလို့ဗျ၊ တိမ်ပါးပါးကလေးတွေပဲရှိတယ်၊ မိုးတွင်းဆိုပေမယ့် နွေရာသီလိုမျိုး နေက ခြစ်ခြစ်တောက်ပူနေတယ်။

“အမေရေ ဒီပုံစံအတိုင်းဆိုရင်တော့ ညနေမိုးရွာလိမ့်မယ်ထင်တယ်ဗျ”

“တောက်တီးတောက်တဲ့အလတ်ကောင်ရယ်၊ ဘယ်မှာ မိုးရိပ်ရှိလို့လဲဟ၊ နေစမ်းပါအုံး ညနေမိုးရွာမယ်လို့ နင့်ကိုဘယ်သူကပြောလို့လဲ”

“ဦးဘသာပြောတာဗျ၊ ဦးသာက တစ်ခါတုန်းကပြောဖူးတယ်၊ ခုလိုမိုးတွင်းကြီးမှာဆိုရင် မနက်မိုးရွာခမောက်ပါ၊ မနက်နေသာရေဘူးပါတဲ့ဗျ၊ အဓိပ္ပါယ်ကတော့ မနက်ခင်းနေသာရင် ညနေမိုးရွာမယ်၊ မနက်ခင်းမိုးရွာရင် ညနေ နေသာတတ်တယ်ဆိုပဲ”

“အရူးပြော အရူးယုံပါအေ၊ ဒီမယ်အလတ်ကောင် နင်မဟုတ်မဟတ်လူတွေနဲ့ပေါင်းပြီး မဟုတ်တာတွေ တတ်နေတယ်မဟုတ်လား”

ဘကြီးကလည်း ကွမ်းမြုံ့နေရင်း

“ဟုတ်ပါ့အလတ်ကောင်ရာ၊ ဒီလောက်နေပူနေတာ မိုးကရွာပါ့မလားကွ”

သူတို့က ကျုပ်စကားဆိုရင် အရူးအပေါစကားလိုပဲ သဘောထားကြတာဗျ၊ အိမ်ကလူတွေဆို ပိုဆိုးတာပေါ့၊ ဒါနဲ့ ကျုပ်လည်းဆက်မပြောတော့ဘဲ ဆက်မောင်းလာခဲ့လိုက်တယ်၊ လမ်းဘေးတစ်ဖက်တစ်ချက်မှာတော့ မြက်ရိုင်းတွေပေါက်နေတဲ့ ကွင်းကြီးတွေပဲရှိတယ်၊ တစ်ခါ တစ်ခါတော့ တောတန်းကလေးကိုဖြတ်သွားရတယ်၊ ဟိုးအဝေးမှာ လှမ်းမြင်နေရတဲ့ အိမ်ခေါင်မိုးလေးတွေကို ဘကြီးကလက်ညှိုးထိုးပြပြီး အဲဒါဘယ်ရွာ၊ ဟိုရွာကတော့ ဘာရွာဆိုပြီးရှင်းပြနေသေးတယ်။

တစ်ခါတစ်ခါကျတော့ ရေညှိတက်နေတဲ့ အုတ်ဂူဖြူဖြူကြီးတွေက လမ်းဘေးမှာ အစီအရီရှိနေကြတယ်၊ တစ်ခါကျတော့လည်း လွမ်းစေတီလိုလို စေတီပျက်ကလေးရဲ့ ဘေးကနေဖြတ်ရပြန်တယ်၊ နေ့လည်ရောက်တော့ နေကအတော်ပူနေပြီ၊ နွားတွေကလည်းပင်ပန်းနေတာနဲ့ လမ်းဘေးက သစ်ပင်ကြီးတစ်ပင်အောက်မှာ နွားလှည်းကိုနားလိုက်တယ်၊ နွားတွေကိုဖြုတ်ပြီး အနီးအနားက မြက်ခင်းပြင်ထဲကို ကြိုးရှည်ရှည်တုပ်ပြီး လှန်ထားလိုက်ရတယ်၊ လူတွေလည်း မောပန်းလာတာဆိုတော့ ထမင်းစားသောက်ကြတာပေါ့ဗျာ၊ ထမင်း၊ ဟင်းတွေက ထောက်ရှာရိုးရွာက ထွက်လာကတည်းက ချက်ပြုတ်ပြီးထည့်လာကြတာ၊ ထမင်းစားနေတုန်း ကျုပ်တို့ခေါင်းပေါင်က သစ်ပင်ကြီးက လေမတိုက်ဘဲ တရှဲရှဲနဲ့လှုပ်လာတယ်၊ နောက်ပြီးတော့ ဘေးနားကချုံပုတ်တွေကလည်း တရှုံ့ရှုံ့နဲ့ လှုပ်ရှားနေကြသဗျာ။

“ဘကြီး သစ်ပင်တွေ ချုံပုတ်တွေက လေမတိုက်ဘဲလှုပ်နေပါလား ကျုပ်တို့တော့ သရဲအခြောက်ခံရပြီထင်တယ်”

ဘကြီးက အေးအေးလူလူပဲ ထမင်းစားနေရင်း

“မဖြစ်နိုင်ပါဘူးအလတ်ကောင်ရာ၊ နေ့ခင်းကြောင်တောင်ကြီး ဘယ်ကသရဲရှိမှာလဲကွ၊ သစ်ပင်လှုပ်တာ ငှက်တွေဘာတွေ သွားလာနေလို့ဖြစ်မှာ၊ ရှဉ့်တွေကြောင့်လည်းဖြစ်နိုင်တယ်၊ ချုံလှုပ်တာကတော့ ယုန်တွေလူသံကြားလို့ထွက်ပြေးတာဖြစ်မှာပါကွ၊ ဒီလမ်းက လူသိပ်မသွားတော့ တောကောင်ကလေးတွေ မင်းမူနေတဲ့လမ်းပေါ့ကွာ”

“ဟုတ်ရဲ့လားဘကြီးရယ်၊ တမင်သက်သက်စိတ်ဖြေတွေးနေတာမဟုတ်ဘူးလား”

“ဘကြီးကတော့ အဲဒီသရဲတစ္ဆေဆို့ စုန်းကဝေတို့ကို ယုံလည်းမယုံဘူး၊ ဒီအသက်ဒီအရွယ်အထိ ကြုံလည်းမကြုံဖူးပါဘူးကွာ”

သရဲဆိုတဲ့အသံကြားတော့ အငယ်ကောင်က မျက်စိမျက်နှာပျက်နေပြီ၊ ဒီကောင်က သိပ်ကြောက်တတ်တယ်မဟုတ်လား၊

“မဟုတ်ဘူးနော် ဘကြီး၊ သရဲတစ္ဆေတို့ နာနာဘာဝတို့ဆိုတာ မယုံလို့မရဘူး၊ တကယ်ရှိတယ်၊ ကျုပ်ကိုယ်တိုင်လည်း ကြုံဖူး . . .”

ပြောလို့တောင်မဆုံးသေးဘူး အမေကကျုပ်ကို ဘေးနားက ဒန်အိုးဖုံးကောက်ပြီး ခေါင်းကိုခေါက်ထည့်လိုက်တယ်။

“တော်တော့အလတ်ကောင် နင့်ပါးစပ်ကိုပိတ်ထားစမ်း၊ လူကြီးက မရှိဘူးဆိုရင် မရှိဘူးပေါ့၊ နင်က ဘာတွေအထွန့်တက်နေတာလဲ”

ကျုပ်က ကျေတော့မကျေနပ်ဘူးဗျ၊ ကျုပ်ကြုံတွေ့ထားတဲ့ နာနာဘာဝအကြောင်းတွေကို ဘကြီးယုံသွားအောင်ပြောခြချင်တာ၊ ဒါပေမယ့် အမေ့လက်သံလည်းကြောက်ရသေးတယ်၊ ဒန်အိုးဖုံးလောက်နဲ့ မရပ်ရင် ဒန်အိုးကြီးတစ်ခုလုံး ကျုပ်ခေါင်းပေါ် ကျလာလောက်တယ် မဟုတ်လားဗျာ။ စားသောက်ပြီးတော့ ခရီးဆက်ခဲ့ကြတယ်၊ ဖုန်ထူထူလမ်းကြီးအတိုင်း လှည်းမောင်းရတာ သိပ်ပျင်းဖို့ကောင်းတယ်ဗျာ၊ အငယ်ကောင်နဲ့အမေက ထမင်းစားပြီးတော့ ငိုက်ရင်းလိုက်လာခဲ့ကြတယ်၊ ဘကြီးနဲ့ကျုပ်သာ မငိုက်ဘဲလိုက်လာကြတာ၊ ဘကြီးက ကွမ်းတပျစ်ပျစ်ဝါးရင်း

“အလတ်ကောင် မင်းသီချင်းဆိုပါလားကွာ”

“ဟဲ ဟဲ ဦးကြီးက ကျုပ်အသံကို နားထောင်ချင်တယ်နဲ့တူတယ်”

“အေးဟ လှည်းမောင်းရင်းပျင်းတယ်ကွာ၊ မင်းအသံကိုပဲ ရေဒီယိုမှတ်ပြီး နားထောင်ရတော့မယ်၊ ဆိုစမ်းကွာ”

ပရိသတ်က တောင်းဆိုလာပြီဆိုတော့လည်း ကျုပ်လည်း တတ်သည့်ပညာမနေသာဆိုသလို ဆိုရတော့မှာပေါ့ဗျာ၊ အသက်၀၀ရှူလိုက်ပြီး လည်ချောင်းတစ်ချက်ရှင်းလိုက်ရင်း

“ခေါင်းလောင်းသံ . . . တညံညံပေး . . ဟေး . . ဟေး .. တဲ့၊ ရွာကျောင်းကို အဲ . . . ပြေးမြင်မိတယ် . . . အဲ . .သတိရနေတယ် သူငယ်ချင်းရေ . . . အဲ . . . တို့များငယ်ငယ်တုန်းက . . . အဲ . . .ရွာအဝင်လမ်းဆီကနေ အဲ . . .”

“အလတ်ကောင် တအဲအဲနဲ့ ဘာဖြစ်နေတာလဲ”

ငိုက်နေတဲ့အမေကတောင် ထမေးယူတယ်။

“ဟာ အမေတို့ကတော့ လုပ်ချလိုက်ပြန်ပြီဗျာ၊ တွံ့တေးသိန်းတန်လည်း အဲဒီလိုပဲ တအဲ အဲ နဲ့ထည့်ဆိုတာပဲလေ”

“တွံတေးသိန်းတန်က အဲထည့်ပေမယ့် နင့်အဲက ပိုများနေသလားလို့”

“ဟုတ်တယ်အလတ်ကောင်ရာ တခြားသီချင်းပြောင်းဆိုစမ်းကွာ”

ဘကြီးက ပြောင်းဆိုဆိုတာနဲ့ ကျုပ်လည်း တခြားသီချင်းတစ်ပုဒ်ဆိုရတယ်။

“ဟိုးတောင်ပေါ်၊ ဟိုတောင်ပေါ်ရိုးဆီက မြူခိုးတွေ လွင် . . ဟင် . .ဟင် . .ဟင်း . .ဟင်း . .ဟင်း . .ဟင်း”

အမေက မျက်မှောင်ကြုတ်ပြီး

“မြူခိုးလွင်တာက ဟုတ်ပါပြီ အနောက်က ဟင်းဟင်းဟင်းဟင်းဆိုတာ ဘာလဲ၊ ငှက်ဖျားတတ်တာလား”

“အမေတို့က နားမလည်ဘဲ မပြောစမ်းပါနဲ့ဗျာ၊ မြန်မာသီချင်းဆိုတာ အဲဒီလိုအနောက်က အဆွဲအငင်လေးထည့်ပြီးဆိုရတာဗျ၊ ကိုအံ့ကြီးလည်း ဟင်းဟင်းဟင်း ထည့်တာပဲ”

“ဆက်ဆိုစမ်းပါ အလတ်ကောင်ရာ၊ မင်းအမေပြောတာ နားမထောင်ပါနဲ့”

“ဟိုးတောင်ပေါ်၊ ဟိုတောင်ပေါ်ရိုးဆီက မြူခိုးတွေလွင် . . . ဟင် ဟင်ဟင် ဘာတဲ့”

ကျုပ်က ဘာတဲ့လို့ပြောတော့ ဘကြီးကထောက်ပေးတယ်။

“မိုးရွာမယ်မထင်မိပါလို့လေကွာ”

“ဟုတ်သားပဲ၊ မဆိုတာကြာလို့ စာသားနည်းနည်းမေ့နေလို့ပါ ဘကြီးရယ်”

ကျုပ်က ဝမ်းခေါင်းသံကြီးနဲ့ဆက်ဆိုတယ်။

“မိုးရွာမယ် . . . မထင်မိပါလို့ . . . ပါ . .လာ . .သည့် ဘာတဲ့”

“ရှန်တဘက်ကလေး ခေါင်းပေါ်တင်လေကွာ”

“အဲ . . . ခုံဖိနပ်ကလေး . . . ခေါင်းပေါ်တင်”

ဒီအချိန်အမေက ကျုပ်ကျောကုန်းကိုလက်သီးနဲ့ထုပြီး

“ဟဲ့အလတ်ကောင် ရှန်တဘက်ဟဲ့ ရှန်တဘက် နင့်အလှည့်ကျမှ ခုံဖိနပ်ခေါင်းပေါ်တင်ဖြစ်ကုန်ပြီ”

“စာသားမေ့နေလို့ပါအမေရာ”

“အေး၊ နင်ဆက်ဆိုစမ်းပါ၊ ငါစီးထားတဲ့ခုံဖိနပ် နင့်ခေါင်းပေါ်ရောက်သွားမယ်၊ ဘယ့်နှယ့်အေ ကိုအံ့ကြီးသီချင်းကိုမှ ဖျက်လိုဖျက်ဆီး”

အမေက ကိုအံ့ကြီးဖန်ဗျ၊ သွားရှုပ်လို့တော့မရဘူး၊ ကျုပ်လည်း ခုံဖိနပ်ခေါင်းပေါ်တင်ခံရမှာ ကြောက်တာနဲ့ တခြားသီချင်းပြောင်းရတယ်။

“ဟုတ်ပြီ ၊ ဒီတစ်ခါသီချင်းကတော့ အခုကျုပ်တို့အဖြစ်နဲ့သွားဆင်နေတယ်ဗျာ”

“ဆိုစမ်းပါအုံးကွာ ဘာသီချင်းများလဲ”

“မွေးဌာနီ . . . အညာအရပ်ဆီသို့ . . .ရော်ရီမျှော်မှန်းစိတ်ဝယ်တမ်းတ . . .မှန်းဆကာရည် . . . တမ်းတပါသည် . . . လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်ထာ . . . မြင်ယောင်သေးတော့သည် . . . အညာဌာနီ . . .တစ်ခါလာသည် . . . ကျွန်တော့်အတွက်တော့ မေ့မရပါလေပြီ”

သန်းထွန်းလေးရဲ့ မမေ့သောအညာသီချင်းကို အင်ထရိုကောင်းကောင်းလေးဝင်လိုက်တယ်ဗျာ၊ ဒီအခါ အနောက်က ထိုင်နေတဲ့ပရိသတ်ကြီးက ဘာမှမပြောတော့ဘူးဗျ၊ မြန်မာသီချင်းတွေထုံးစံက သီချင်းတစ်ပိုဒ်ကို နှစ်ကျော့ပြန်ပြန်ဆိုလေ့ရှိတယ်ဆိုတော့ အင်ထရိုကို နောက်တစ်ကျော့ပြန်ဝင်ရတယ်။

“မွေးဌာနီ . . .မွေးဌာ . . . မွေး . . . မွေး . . . အောင်မယ်လေး မြွေကြီးဗျ”

ကျုပ်ယောင်ယမ်းပြီးထအော်လိုက်မိတယ်၊ မြွေစိမ်းမြှီးချောက်တစ်ကောင်က သစ်ပင်ပေါ်ကနေ ဘုတ်ခနဲ ကျုပ်ပုဆိုးပေါ်ကိုပြုတ်ကျတာဗျာ၊ ကျုပ်လည်း လန့်လန့်နဲ့ မတ်တပ်ရပ်ပြီး ပုဆိုးကိုခါထည့်လိုက်တာ မြွေခမျာ ဘယ်ကိုလွင့်မှန်းမသိ လွင့်ထွက်သွားပါရော၊ ကျုပ်က မြွေဆိုရင်တော့ သေအောင်ကြောက်တာဗျာ၊ ဘကြီးက ဒီအဖြစ်ကိုလည်းမြင်ရော တဟားဟားနဲ့ထရယ်တော့တာပဲ။

“ဟား၊ ဟား အလတ်ကောင်ရာ လက်မလုံးလောက်ရှိတဲ့မြွေကို မြွေကြီးဆိုပဲကွ”

“အမှတ်တမဲ့ဆိုတော့ လန့်သွားလို့ပါ ဘကြီးရာ”

“အေးပါကွာ ဆက်ဆို ဆက်ဆို ဒီတစ်ခါတော့ မြွေကြီးဆိုပြီးမလုပ်နဲ့တော့ ဟုတ်ပြီလား”

ဒီမြွေလုပ်တာနဲ့ ဖီလင်ပါပျက်တယ်ဗျာ၊ ဒါနဲ့ ရသမျှဖီလင်ကိုပြန်စုပြီးတော့ သီချင်းဆက်ဆိုလာလိုက်တယ်၊ အမေကတော့ သူ့ကိုချော့သိပ်နေတယ်လို့ ထင်သလားမသိပါဘူး၊ လှည်းနံရံကိုမှီပြီး ဇက်ကြီးကိုကျိုးလို့ဗျ၊ လမ်းကွေ့ကလေးတစ်နေရာရောက်တော့ မိန်းကလေးတစ်ယောက်က တောင်းကြီးရွက်လို့ ကျုပ်တို့လှည်းကိုရပ်စောင့်နေတယ်၊ ကျုပ်လည်း လှည်းကိုရပ်လိုက်တော့ ဘကြီးက လှမ်းမေးတယ်။

“ဟဲ့ ငါ့တူမ၊ ဘယ်သွားမလို့လဲ”

“ဟိုးအရှေ့နားက ရွာကိုသွားမလို့ပါ၊ သီချင်းသံကြားလို့ ရပ်နားထောင်နေတာ ဒါနဲ့ ခုနက သီချင်းဆိုတာ အဘကြီးလား”

ဘကြီးက ခေါင်းခါပြီးတော့ ကျုပ်ကိုမေးငေါ့ပြလိုက်တယ်၊

“သီချင်းက ကျုပ်ဆိုတာပါဗျာ၊ ဘာလဲ နားထောင်မကောင်းဘူးလား”

“နားထောင်ကောင်းလွန်းလို့ ရပ်ပြီးတော့တောင် နားထောင်မိနေတာ၊ နောက်တစ်ပုဒ်လောက် ထပ်ဆိုပြပါလား”

ကျုပ်ဘဝင်မြင့်သွားမိတာတော့အမှန်ပဲဗျ၊ အမေက ကျုပ်ကိုအမျိုးမျိုးဝေဖန်နေပေမယ့် ဒီမိန်းကလေးက နားထောင်ကောင်းလွန်းလို့တဲ့ဗျာ၊ သူစိမ်းဆိုတော့ မျက်နှာလိုက်ပြီးပြောတာမဖြစ်နိုင်ဘူးဗျ၊ တကယ်ကောင်းလို့ ကောင်းတယ်ပြောတာဖြစ်မှာ”

“ဒါနဲ့ တူမကြီးက ဘယ်သွားမလို့လဲ”

“ဟိုးအရှေ့နားဆို ကျွန်မတို့ရွာရောက်ပါပြီ”

“ဒါဆိုလမ်းကြုံနေတာပဲ ကျုပ်တို့နဲ့လိုက်ခဲ့ပါလား၊ လမ်းလျှောက်နေရင် ပင်ပန်းတာပေါ့”

ကျုပ်တို့ခေါ်တော့ မိန်းကလေးက နည်းနည်းကြောက်လန့်နေတဲ့ပုံပဲဗျ၊ သုံးလေးခါခေါ်တော့မှ လှည်းနောက်မြှီးမှာတက်လိုက်လာတယ်၊ ဘကြီးက

“ကဲ အလတ်ကောင်ရေ၊ မင်းရဲ့အမာခံပရိသတ်တစ်ယောက်တော့ တောင်းဆိုနေပြီကွ၊ သီချင်းလေးဘာလေး ဆိုပြလိုက်စမ်းပါအုံးကွာ”

တောင်းတဲ့လူက တောင်းနေပြီဆိုတော့ ကျုပ်လည်း အသံကုန်ဟစ်ပြီးဆိုရတော့တာပေါ့ဗျာ။ သီချင်းဆိုကောင်းနေတုန်း ဂျိန်းခနဲမိုးခြိမ်းသံကြီးကြောင့် ကျုပ်လန့်ဖျပ်သွားမိတယ်၊ ကောင်းကင်ကိုကြည့်လိုက်တော့ မိုးတိမ်တောင်ကြီးတွေက ကောင်းကင်တစ်ခွင်လုံးကို ဖုံးအုပ်နေတယ်ဗျာ၊ အိပ်နေတဲ့အမေတောင်မှ လန့်ပြီးနိုးသွားတယ်။ လှည်းပေါ်ကိုကြည့်လိုက်ရင်း

“ဟဲ့အလတ်ကောင် နင်တို့ဘယ်ကဟာမကြီး ခေါ်တင်လာတာတုံးဟဲ့”

“အမေကလည်းဗျာ၊ လမ်းကြုံတာနဲ့ လှည်းကြုံခေါ်တင်လာတာပါဗျ”

အမေက ကောင်းကင်ကိုကြည့်ရင်း

“ဟောတော်၊ မိုးရွာတော့မယ်ထင်တယ် ဘယ်လိုလုပ်ကြမလဲ ဘကြီး”

“မိုးရွာတော့လည်း စိုရုံပေါ့ဟာ၊ နောက်တစ်နာရီနှစ်နာရီလောက် ဆိုရင်ရပြီဟ”

“ဒီမိုးက နောက်နှစ်နာရီလောက်အထိ နေမယ်မထင်ဘူး၊ အလတ်ကောင်ရာ မြန်မြန်မောင်းစမ်းပါ”

အမေက တွန်းတာနဲ့ ကျုပ်လည်းနွားတွေကို ကြိမ်နဲ့တွန်းရတော့တယ်၊ သွားရင်းသွားရင်းနဲ့ မိုးတွေတဖွဲဖွဲကျလာပါရောဗျာ၊

“ကျုပ်ပြောသားပဲအမေရာ မနက်နေသာရင် ညနေမိုးရွာတတ်တယ်ဆိုတာလေ”

“အေးဟယ် ငါလည်းနင့်စကားကိုနားထောင်လိုက်ရမှာ၊ အခုက ရာသီဥတုကောင်းတယ်ဆိုပြီးတော့ ခမောက်တောင်ယူမလာခဲ့မိဘူး”

မိုးတွေက အုံ့မှိုင်းပြီးတော့ မိုးမှောင်ကြီးကျလာတယ်ဗျာ၊ နေ့လည်တစ်ချက်တီး၊ နှစ်ချက်တီးလောက်ပဲရှိမယ်ဆိုပေမယ့် ညမိုးချုပ်သွားတဲ့ပုံစံမျိုး မှောင်ကျသွားတယ်၊ မိုးတွေကလည်း သည်းလိုက်တာပြောမနေပါနဲ့ဗျာ၊ မိုးပေါက်အလုံးကြီးတွေကလည်း အကြီးကြီးတွေပဲဗျ၊ မသိရင် မိုးသီးတွေကျနေတယ်လို့ထင်ရတယ်၊ မှောင်မှောင်မဲမဲနဲ့ဆိုတော့ နွားလှည်းကိုလည်းထိန်းမောင်းနေရတယ်၊ မိုးခိုဖို့အပင်တွေဘာတွေရှာတော့လည်း ဘာအပင်မှမရှိဘဲ ကွင်းခေါင်ခေါင်ကြီးဖြစ်နေတယ်။

ဒီအချိန်လှည်းပေါ်ပါလာတဲ့မိန်းကလေးက

“မိုးတွေ တော်တော်သည်းနေတာပဲ၊ ဒီအတိုင်းဆိုရင် အဘကြီးတို့တော့မလွယ်ဘူး၊ အရှေ့နားဆိုရင် ကျွန်မတို့ရွာကလေးကိုရောက်တော့မယ်၊ ရွာမှာ ခဏမိုးဝင်ခိုပါလား၊ မိုးတိတ်တော့မှ ဆက်သွားကြပေါ့ရှင်”

ကျုပ်က အမေ့ကိုကြည့်ုလိုက်တယ်၊ လှည်းပေါ်ပါလာတဲ့လူတွေအားလုံးလည်း ကြွက်စုတ်ကလေးတွေလိုဖြစ်နေကြပြီ၊ ဘကြီးက

“အေး၊ အဲဒီအကြံကောင်းတယ်ကွ၊ မိုးရေထဲကြာကြာဆက်သွားရင် ဖျားနာကုန်ကြလိမ့်မယ်”

ဘကြီးက လှည်းပေါ်မှာအကြီးဆုံးဆိုတော့ သူ့စကားကိုလက်ခံလိုက်ကြတာပေါ့ဗျာ၊ မိန်းကလေးကသာ ရှေ့နားမှာရွာရှိတယ်လို့ပြောနေပေမယ့် ကျုပ်ကတော့ ကွင်းပြင်ကြီးကလွဲရင် ဘာဆိုဘာမှမရှိပါဘူးဗျာ။

“ခင်ဗျားတို့ရွာက ဘယ်မလဲဗျ၊ ကျုပ်တော့ဘာမှမတွေ့ဘူးနော်”

မိန်းကလေးက လမ်းညာဘက်ခြမ်းတစ်နေရာကိုလက်ညှိုးထိုးပြလိုက်တယ်၊ သူပြတဲ့နေရာကို သေသေချာချာကြည့်လိုက်တော့မှ တန်းစီနေတဲ့အိမ်ခေါင်မိုးကလေးတွေကို မိုးရေတွေကြားထဲမှာ လှမ်းမြင်လိုက်ရတယ်၊ မိုးက အသားကုန်ရွာနေတာဆိုတော့ ပတ်ဝန်းကျင်တစ်ခွင်လုံးကလည်း မှုန်ဝါးနေတယ်၊ ရွာနဲ့တဖြည်းဖြည်းနီးလာတော့ အိမ်လေးတွေကို သေသေချာချာမြင်လာရတယ်ဗျာ၊ နောက်တော့ လှည်းလမ်းမကြီးကနေခွဲထွက်ပြီး သူတို့ရွာထဲဲဝင်တဲ့ လမ်းကနေဝင်လာခဲ့လိုက်တယ်။

ရွာလေးက သစ်ပင်တွေနဲ့အုပ်အုပ်ဆိုင်းဆိုင်းပဲဗျ၊ ဒါပေမယ့် ရွာပုံက ရွာတန်းရှည်တော့မဟုတ်ဘူးဗျ၊ ရွာအလယ်မှာ မြေကွက်လပ်ကလေးတစ်ခုရှိတယ်၊ အဲဒီမြေကွက်လပ်ကလေးကို သက်ကယ်မိုး ထရံကာထားတဲ့အိမ်ကလေးတွေက မျက်နှာလှည့်ပြီး ဆောက်ထားကြတယ်၊ အိမ်ကလေးတွေက အလုံးသုံးဆယ်လောက်ရှိတယ်၊ ရွာဝိုင်းဆိုတာ ဒါကိုပြောတာဖြစ်မယ်ဗျ။ အိမ်ကလေးတွေအားလုံးက ရှေးတုန်းကအိမ်ကလေးတွေလိုပဲဗျ၊ မိုးထဲရေထဲမှာ ကလေးလေးေတွေက ကိုယ်လုံးတီးနဲ့ပြေးလွှားဆော့နေကြတယ်၊ မိန်းကလေးက သစ်သားအိမ်ကြီးတစ်အိမ်ကို လက်ညှိုးထိုးပြပြန်တယ်၊ ဒီရွာမှာ အဲဒီသစ်သားအိမ်ကြီးက အကြီးဆုံးပဲဗျာ၊ ခြေတံရှည်ပုံစံကြီးဆောက်ထားတာဗျ၊ လှည်းကိုအဲဒီအိမ်ရှေ့မှာရပ်လိုက်တာနဲ့ မိန်းကလေးက ပြေးဆင်းသွားတယ်၊ ကျုပ်နဲ့ကျန်တဲ့လူတွေလည်း လှည်းပေါ်ကဆင်းပြီးတော့ အိမ်ပေါ်ကိုတက်လိုက်လာခဲ့ကြတယ်။

အိမ်ပေါ်ရောက်တော့ ဘကြီးက ကြမ်းခင်းပေါ်မှာထိုင်ချလိုက်တယ်၊ ကျုပ်တို့ကိုလည်းကြည့်ပြီးတော့

“အလတ်ကောင်တို့ လာကြ ထိုင်ကြလေကွာ”

ကျုပ်တို့လည်း ဘကြီးဘေးနားမှာ ဝင်ထိုင်လိုက်ကြတယ်၊ အိမ်ထဲကိုဝေ့ကြည့်လိုက်တော့ အထဲမှာ ခေတ်ပေါ်ပစ္စည်းဆိုလို့ ဘာတစ်ခုမှကိုမတွေ့ရဘူးဗျာ၊ ဖျာလိပ်တွေ၊ ထန်းခေါက်ဖာတွေနဲ့ အိမ်ထရံမှာချိတ်ထားတဲ့ လွယ်အိတ်လောက်ပဲတွေ့ရတယ်၊ ဒီလောက်အိမ်ကြီးက ဘာပရိဘောဂမှမရှိဘူးဆိုတော့ ထူးတော့ထူးတာအမှန်ပဲ၊ ခုနကမိန်းကလေးက ဆီမီးခွက်တစ်ခုကိုထွန်းတယ်၊ ဆီမီးခွက်ကလည်း ကျုပ်တို့အခုသုံးနေတဲ့ ရေနံဆီမီးခွက်လိုမဟုတ်ဘူးဗျာ၊ အာလာဒင်မီးခွက်လိုလိုပုံစံကြီးဗျ၊ ဆီကလည်း ဘာဆီတွေထည့်ထွန်းတယ်မသိဘူး ညှော်ကလည်းညှော်သေးသဗျာ။

ကျုပ်စိတ်ထဲ သံသယတွေဖြစ်လာတယ်၊ ကျုပ်တို့ရောက်နေတာ လူတွေနေတဲ့ရွာမှဟုတ်ရဲ့လားလို့၊ ကျတ်တွေဘာတွေနေတဲ့ ကျတ်ရွာကြီးကိုများရောက်နေသလားပဲဗျာ၊ ဒီခေတ်မှာဗျာ ဆင်းရဲတယ်ဆိုရင်တောင် ရေနံဆီမီးခွက်တို့၊ သေတ္တာတို့သုံးနိုင်ကြပါတယ် အခုက သူတို့အိမ်ထဲက ပစ္စည်းတွေက အကုန်ရှေးဟောင်းပစ္စည်းတွေလိုပဲ။ ထရံတစ်နေရာမှာတော့ ငှက်ကြီးတောင်ဓါးကြီးနှစ်လက်ကို ကြက်ခြေခတ်ပုံစံအလှဆင်ပြီးချိတ်ဆွဲထားတယ်။ လှည်းကြုံလိုက်လာတဲ့ မိန်းကလေးက အိမ်ထဲကိုကြည့်လိုက်ရင်း

“မမရေ၊ ဒီမှာ ဧည့်သည်တွေပါတယ် ထွက်ကြည့်ပါအုံး”

အိမ်ခန်းထဲက ထွက်လာတဲ့ မိန်းကလေးကိုမြင်လိုက်တော့မှ ကျုပ်သံသယတွေဟာ တကယ်သေချာသွားတော့တယ်၊ အဲဒီမိန်းကလေးက ဆံထုံးကြီးတစ်ခုထုံးထားတယ်၊ ထမီကိုရင်လျားဝတ်ထားပြီး အပေါ်က အင်္ကျီတစ်ထည်ကို ရင်ဖွင့်ပြီးဝတ်ထားတယ်ဗျာ၊ သူ့ပုံစံကြည့်ရတာ ရာဇဝင်ကားတွေထဲက လုံမတွေဝတ်တဲ့ပုံစံ ဝတ်စားထားတာဗျ၊ သေချာနေပါပြီဗျာ၊ ဒီမိန်းမနှစ်ယောက်က လူမဟုတ်နိုင်ဘူး။ အခန်းထဲကထွက်လာတဲ့ မိန်းကလေးက ကျုပ်တို့ကိုသေချာကြည့်ပြီး

“ဧည့်သည်က သုံးယောက်တောင်ပါလား ညီမရဲ့”

“ဟုတ်တယ် မမ၊ ညီမကို လမ်းကြုံတယ်ဆိုပြီးခေါ်တင်လာတာ”

“တကယ်လုံးလည်း မိုးရေတွေရွှဲနေပါလား၊ အင်္ကျီအပိုပါရင် လဲထားကြပါလား”

အမေက ပြုံးရင်း

“အဝတ်အစားအပိုကတော့ ပါပါတယ် တူမရယ်၊ ဒါပေမယ့် အဝတ်အိတ်တွေလည်း မိုးစိုကုန်လို့ ဝတ်စရာမရှိတော့ဘူး”

“ဒါများအဒေါ်ရယ်၊ ကျွန်မ မီးကင်ပေးမှာပေါ့၊ ဒီအတိုင်းအစိုကြီးနဲ့နေရင် ဖျားသွားလိမ့်မယ်”

ဟုတ်တယ်ဗျ၊ ကျုပ်တို့တစ်ကိုယ်လုံး မိုးတွေစိုရွှဲနေပြီး လက်မှာလည်း ပဲကြီးရေတွေတွန့်ထနေတယ်၊ အငယ်ကောင်ဆို ချမ်းလွန်းလို့ မေးချင်းရိုက်နေတယ်ဗျာ၊ ဒါနဲ့ အဝတ်အစားအိတ်ထဲက အဝတ်အစားတွေ ထုတ်ပေးလိုက်ရတယ်၊ မမဆိုတဲ့မိန်းကလေးက ရေစိုနေတဲ့အဝတ်အစားတွေကိုယူပြီး အိမ်နောက်ဘက်ဝင်သွားတယ်၊ ကွမ်းတစ်ယာမညက်ခင်မှာပဲ အပြင်ကိုပြန်ထွက်လာတယ်၊ သူ့လက်ထဲက အဝတ်အစားတွေက သွေ့ချောက်ကုန်ပြီဗျာ၊ ဒါနဲ့ ကျုပ်တို့အဝတ်အစားတွေလဲလိုက်ရတယ်၊ ကျုပ်က မဝတ်ခင်အဝတ်ကိုနမ်းကြည့်လိုက်တော့ ထင်းနဲ့ မီးသင်းနဲ့မရဘူးဗျ၊ မိုးတွင်းမှာ အဝတ်တွေမခြောက်ရင် ဒီလိုပဲ ထင်းမီးဖိုပေါ်မှာ မီးကင်ရတယ်၊ မီးကင်ရင် ထင်းနဲ့၊ မီးသင်းနဲ့တော့ ရတတ်တာပဲဗျာ၊ အခုဒီမိန်းကလေးယူလာတဲ့အဝတ်တွေက ဘာနံ့မှကိုမရဘူး၊ ကျုပ်ဖြင့် ရိုးမှရိုးရဲ့လားလို့တွေးမိတယ်၊ သူအဝတ်တွေယူသွားတာလဲ ကွမ်းတစ်ယာညက်မကြာဘူးဗျာ၊ အလွန်ဆုံးရှိလှ ဆယ့်ငါးမိနစ်ပေါ့၊ ဒီအချိန်နဲ့ ဒီအဝတ်တွေအကုန်လုံး ခြောက်သွားတာကို ကျုပ်က သင်္ကာမကင်းဖြစ်နေတယ်။

အမေနဲ့ ဘကြီးတို့ကို ဒီမိန်းမတွေ့ ကျတ်တွေပါလို့ ပြောချင်ပေမယ့် သူတို့က ယုံမှာမဟုတ်ဘူး၊ မယုံတဲ့အပြင် ကျုပ်ကိုပျက်ရယ်ပြုကြမယ်၊ ကျတ်တွေက ကျုပ်က ကျတ်တွေမှန်းသိနေတယ်ဆိုရင် ကျုပ်ကိုဒုက္ခပေးမှာ အသေအချာပါပဲဗျာ။ ဒါနဲ့ပြေးဖို့အပေါက်အလမ်းရှာပြီး မသိမသာလေးဆက်ထိုင်နေရတယ်၊ ကျတ်မှန်းသိအောင် အမေနဲ့ဘကြီးကို သက်သေပြချင်သေးတယ်။

ညနေသုံးနာရီလောက်ရှိတော့မယ်၊ မိုးတွေကလည်း မစဲသေးဘူးဗျို့။

“ညီမလေးရေ ဧည့်သည်တွေ ဗိုက်ဆာရောပေါ့၊ ထမင်းလေးဘာလေး ခူးခပ်ကျွေးပါအုံး”

ကျုပ်က လက်ကာပြလိုက်ပြီး

“ဟာ၊ ရပါတယ်၊ ကျုပ်တို့မစားချင်ပါဘူး”

ဒီအခါ ဘကြီးက

“အလတ်ကောင်ကလည်းကွာ သူများက စားစေချင်လို့ကျွေးတာကို ငြင်းလွှတ်တော့ ကောင်းပါ့မလားကွ၊ ဒီမယ်မိန်းကလေး သူမစားဘူးဆိုရင် အဘကြီးစားမယ်”

“အဘကြီး သူတို့ကျွေးတာကို စားလို့မဖြစ်ဘူးဗျ”

ကျုပ်ထအော်လိုက်တော့ အားလုံးက ကျုပ်ကိုဝိုင်းကြည့်ကြတယ်၊ ကျတ်ညီအမနှစ်ယောက်ဆိုရင်လည်း ကျုပ်ကိုစားမလို ဝါးမလိုမျက်လုံးကြီးတွေနဲ့ စိုက်ကြည့်နေပါရောဗျာ၊ ကျုပ်ဖြင့် ဘာလုပ်ရမလဲမသိတော့ဘူး။

“ဟို . . . ဟိုလေ စားလို့မဖြစ်ဘူးဆိုတာက ဘကြီးမှာ သွေးတိုးရှိတယ်မဟုတ်လားဗျ”

“သွေးမတိုးအောင် ချက်ကျွေးပါ့မယ်ရှင်၊ ကဲ ညီမလေးရ၊ ဧည့်သည်တွေစားဖို့ သွားပြင်ပါအုံး”

အမဖြစ်သူက ထမင်းစားပွဲဝိုင်းကြီး လှိမ့်ချလာတယ်၊ မကြာပါဘ့ူး ညီမဖြစ်သူက ထမင်းဟင်းတွေကို ထည့်ပြီးတစ်ခွက်ချင်းသယ်လာတယ်၊ ထမင်းဟင်းတွေက မြေပန်းကန်တွေနဲ့ထည့်လာတာဗျာ၊ ဒီခေတ်မှာ မြေပန်းကန်သုံးတဲ့လူရှိသေးလို့လား၊ ကြွေရည်သုတ်ပန်းကန်၊ သံပန်းကန်တွေ တော်တော်များများ သုံးနိုင်နေကြပါပြီ။ အမေက စားပွဲပေါ်က ဟင်းတွေကိုကြည့်လိုက်ပြီးတော့

“ဟင်းတွေက ဟင်းကောင်းတွေပါလား၊ စားရမှာတောင် အားနာပါတယ် တူမကြီးတို့ရယ်”

“စားမှာသာစားပါ အဒေါ်ရယ်၊ အကြိုက်သာစား ဟင်းတွေထမင်းတွေ အများကြီးရှိနေသေးတယ်”

ဘကြီးက လက်ဆေးပြီးတာနဲ့ ထမင်းဟင်းတွေကို ခူးခပ်စားပါလေရော၊ ဘကြီးစားတယ်ဆိုတော့ အမေနဲ့အငယ်ကောင်က လိုက်စားတယ်၊ ကျုပ်သာ မစားဘဲ ထမင်းဝိုင်းမှာ ငူငူကြီးထိုင်နေမိတယ်။ စားလို့ဖြစ်မလားဗျ၊ သူတို့က ကျတ်တွေမဟုတ်လား၊ ကျတ်တွေက အစားအသောက်တွေကျွေးရင် သစ်ရွက်ခြောက်တွေ၊ လောက်ကောင်တွေ ကျွေးတယ်လို့ကြားဖူးတယ်၊ ဒါကြောင့် စားဖို့နည်းနည်းလက်တွန့်နေမိတယ်။

အမေနဲ့အငယ်ကောင်တို့ကတော့ စားလိုက်တာ မြိန်ရေရှက်ရည်ပဲဗျာ။ သူများကျွေးတာဆိုတော့ သိပ်စားကောင်းနေတဲ့ပုံပဲဗျ၊ ငါးကျည်းကြော်ကလေးတွေကို တကျွတ်ကျွတ်ကိုက်ဝါးရင်း

“ငါးကျည်းကြော်ကလေးက စားလို့ကောင်းလိုက်တာ ကျွတ်နေတာပဲ”

“ကြိုက်ရင် စားသာစားအဒေါ်ရေ၊ အဲဒါ အခုမှဖမ်းပြီးကြော်ထားတာ”

“ဒါကြောင့်မို့ ဒီလောက်ချိုနေတာဖြစ်မယ်”

ကျုပ်ကတော့ စိတ်ထဲကသိနေတယ်၊ သူတို့စားနေတဲ့ ငါးကျည်းကြော်ဆိုတာ သစ်ရွက်ခြောက်ကြီးဖြစ်ချင်ဖြစ်နေမှာဗျ။ အမေတို့က ခေါင်းမဖော်အောင်စားနေပြီး ကျုပ်က ဘာမှမထိမကိုင်ဘူးဆိုတော့ ဟို ကျတ်ညီမရဲ့အကြည့်က ကျုပ်ဆီရောက်လာကြတယ်။

“ဒီက မောင်လေးက စားလေ၊ မဆာဘူးလား”

“ဟို . . ဟိုလေ ကျုပ် လေ . . . လေခံနေလို့ ထမင်းမစာဘူးဖြစ်နေတယ်”

အမေက ပလုပ်ပလောင်းနဲ့

“မဆာရင်လည်း နည်းနည်းပါးပါးတော့ စားထားဟဲ့၊ လေခံလို့ဆိုပြီး မစားရင် လေနာရောဂါရတတ်တယ်”

အောင်မယ် အမေက ပြောနေရင်းနဲ့ ငါးကြော်တစ်ကောင်ကို ဂျွတ်ခနဲကိုက်လိုက်သေးသဗျာ၊

“တော် . . . တော်ပါပြီ၊ ကျုပ်မစားတော့ပါဘူး၊ စားမိရင် အန်ထွက်မှာစိုးလို့ပါ”

ကျုပ်မှာ အလိမ္မာကလေးနဲ့ငြင်းနေရတယ်၊ ဒါတောင်မှ ထမင်းမစားချင်ရင် အသီးတွေစားပါလားဆိုပြီး ဖီးကြမ်းငှက်ပျောသီးကြီးတစ်ခိုင်နဲ့ လူကြီးလက်သီးဆုပ်လောက်ကြီးတဲ့ မာလကာသီးကြီးတွေလာချပေးသေးတယ်၊ အဲဒီခေတ်က ကီလိုမာလကာဆိုတာ မပေါ်သေးဘူးဗျ၊ ဗမာ မာလကာသီးဆိုတာ ဒီလောက်မှမကြီးပဲဗျ။

မိုးကနည်းနည်းတော့စဲသွားတယ်၊ မိုးရေထဲထွက်ဆော့နေကြတဲ့ ကလေးနှစ်ယောက်က အိမ်ထဲကိုပြေးဝင်လာကြတယ်၊ သူတို့ထဲက ကလေးလေးတစ်ယောက်လက်ထဲမှာ ဖြူဖြူအလုံးကလေးတစ်လုံးကို ကိုင်ထားတယ်၊ အစတော့ကျုပ်က ဘောလုံးလို့ပဲထင်နေတာ၊ နောက်တော့သေချာကြည့်တော့မှ လူအရိုးခေါင်းခွံကြီးဖြစ်နေတယ်ဗျာ၊ အရိုးခေါင်းက လူကြီးအရိုးခေါင်းတော့ ဟုတ်မယ်မထင်ဘူး၊ ကလေးတစ်ယောက်ရဲ့ အရိုးခေါင်းဖြစ်မယ်ဗျ၊ ကျုပ်က သူ့ကိုစိုက်ကြည့်နေတာနဲ့ ဒီကလေးလေးက ကျုပ်ဘက်ကိုလှည့်ပြီးပြုံးပြတယ်ဗျာ၊ သူ့သွားတွေက လူသွားနဲ့မတူဘဲ လွှသွားက အဆူးချွန်တွေလို အချွန်ကြီးတွေဗျ၊ ကျုပ်ဖြင့်လန့်ပြီး တုန်သွားမိတယ်။

“အမေရေ၊ စားသောက်ပြီးသွားရင် သွားကြတာပေါ့ မိုးလည်းနည်းနည်းစဲသွားပြီပဲဗျာ”

ကျုပ်ထပြောတော့ အိမ်ရှင်ညီအမက

“အို၊ မိုးပုံစံကြည့်ရတာ ထက်ရွာအုံးမယ့်ပုံပဲ၊ ဒီတစ်ညတော့ ဒီမှာပဲတည်းလိုက်ကြပါလား အဒေါ်တို့ရယ်”

အမေက ခေါင်းတွေဘာတွေညိတ်တယ်။

“အေး၊ အိပ်လိုက်ရင်ကောင်းမယ်ထင်တယ်”

အမေနဲ့ဘကြီးက တစ်စိတ်တစ်ဝမ်းထဲဗျ၊ ဒါနဲ့ ကျုပ်လည်းထတားရတယ်။

“အမေရာ အဖေစိတ်ပူနေပါအုံးမယ်၊ ပြန်ကြပါစို့ဗျာ”

ဘကြီးကထပြီးတော့

“အလတ်ကောင်ရာ ခုချိန်ပြန်ရင် ရွာကိုမှောင်ကြီးမည်းကြီးထဲ မောင်းရမှာကွ၊ မတော်လို့ လမ်းမှာတစ်ခုခုဖြစ်နေရင်ဒုက္ခဖြစ်နေအုံးမယ်၊ သူတို့ပြောသလို ဒီမှာတစ်ညတည်းလိုက်ပြီး မနက်လင်းတော့မှ တို့တွေထပြန်ကြရင်မကောင်းဘူးလား”

ကျုပ်က ဘာမှမပြောဘဲ အမေတို့ကို မျက်ရိပ်မျက်ချည်နဲ့ ပြူးပြဲပြပေမယ့် အမေတို့ကတော့ ငတုံးကြီးတွေလို အင်းမလှုပ်၊ အဲမလှုပ်ကြီးတွေဖြစ်နေတယ်၊ ဒီကျတ်တွေနဲ့ ညအထိဘယ်လိုနေမလဲဗျာ၊ ဒါနဲ့ ကျုပ်လည်း မတ်တပ်ထရပ်လိုက်ပြီး ထရံမှာချိတ်ထားတဲ့ ငှက်ကြီးတောင်ဓါးကြီးကိုဆွဲထုတ်လိုက်တယ်။ ဘကြီးက ကျုပ်ကိုကြည့်ပြီး

“အလတ်ကောင်၊ မင်း ဒါဘာလုပ်တာလဲ”

“ဘာဖြစ်ရမလဲ ဘကြီးရ၊ ဟောဒီမိန်းကလေးတွေက လူမဟုတ်ဘူး၊ ကျတ်တွေ၊ ကျတ်တွေဗျ”

“ဘာကွ၊ မင်းဘာပြောလိုက်တာလဲ အလတ်ကောင်ရာ၊ အိမ်ရှင်တွေကို အားနာစရာကြီးကွာ”

“ဘကြီးမလိမ်နဲ့၊ ဘကြီးလည်းသူတို့နဲ့ အလိုတူအလိုပါပဲမဟုတ်လား”

ကျုပ်ပြောထည့်လိုက်တော့ ဘကြီးမျက်နှာက ကွက်ခနဲဖြစ်သွားတယ်။

“မင်းက ဘယ်လိုလုပ်ပြီးသိတာလဲအလတ်ကောင်”

“ဘယ်လိုသိရမလဲဗျာ၊ ကျုပ်နဂိုကတည်းက စိတ်ထဲထင်နေပြီးသား၊ ဒီလမ်းကိုညွန်တာလဲ ဘကြီးပဲ၊ ကျုပ်ကိုသီချင်းဆိုခိုင်းတာလဲ ဘကြီးပဲ၊ ဟောဒီက ကျတ်မကိုလှည်းကြုံတင်မယ်ဆိုတာလည်း အဘကြီးတိုက်တွန်းခဲ့တာပဲ၊ မိုးရွာလို့ ရွာကိုလိုက်ခဲ့ပါဆိုတာကိုလည်း ဘကြီးက ဦးဆောင်ခေါင်းညိတ်ခဲ့တာပဲမဟုတ်လား၊ ကျုပ်တို့ တစ်ခုခုသိသွားမှာစိုးလို့ ကာဆီးကာဆီးလုပ်ခဲ့တာလည်း ဘကြီးပဲမဟုတ်လား၊ နောက်တစ်ခုရှိသေးတယ် ဒီကျတ်မကြီးက ဧည့်သည်တွေသုံးယောက်တောင်ပါလားလို့ပြောတယ်မဟုတ်လား၊ တကယ်ဆို ကျုပ်တို့က လေးယောက်လာတာဗျ၊ ဒါနဲ့ တစ်ယောက်ကတော့ ဧည်သည့်မဟုတ်ဘူးလို့တွေးမိတာ၊ မှန်မှန်ပြောစမ်းပါ ဘကြီးက ကျတ်တွေနဲ့ပေါင်းပြီး ကျုပ်တို့ကို တမင်ခေါ်လာခဲ့တာမဟုတ်လား”

ဘကြီးက တဟားဟားနဲ့အော်ရယ်တယ်။

“အလတ်ကောင် . . . အလတ်ကောင်၊ မင်းကိုငါက တုံးတယ်လို့ထင်ထားတာ အခုတော့ မင်းက တို့ထက်တောင်လည်နေပါလားကွ”

“ဘကြီး ကျုပ်တို့ကို ဒီခေါ်လာတာ အကြံအစည်တစ်ခုခုရှိတယ်မဟုတ်လား”

“ရှိတာပေါ့ကွာ၊ သိပ်ရှိတာပေါ့ကွ၊ အေးလေ မင်းတို့တွေရှင်းသွားအောင် ငါပြောပြရသေးတာပေါ့”

(၃)

“ဒီလှည်းလမ်းဟောင်းကို လူတွေအသုံးမပြုကြဘူးဆိုတာက တကယ်တော့ ကျတ်တွေ၊ သရဲတစ္ဆေတွေရှိလို့ပဲကွ၊ ဒါပေမယ့် ငါက သရဲဆိုတာ အရင်တုန်းက ယုံတဲ့လူမဟုတ်ဘူး၊ ဒါကြောင့်ဒီလမ်းကနေ သွားသွားလာလာလုပ်ခဲ့တယ်၊ လွန်ခဲ့တဲ့တစ်လလောက်က တန်းမြင့်ရွာက ငါ့သူငယ်ချင်းဆီကနေ မျိုးစပါးယူဖို့အတွက် ဒီလမ်းကနေလှည်းနဲ့ဖြတ်လာခဲ့တယ်၊ တစ်ယောက်တည်းဖြတ်လာရင်း ဘာရယ်မဟုတ်ဘဲ သီချင်းဆိုမိတယ်၊ အဲဒီအခါ မိန်းကလေးတစ်ယောက်က လှည်းကြုံလိုက်စီးခဲ့တာပေါ့ကွာ၊ သွားရင်းလာရင်းနဲ့မိုးမှောင်ကြီးကျပြီး မိုးတွေရွာလာတာနဲ့ တို့တွေအခုဖြစ်ခဲ့သလို သူ့ရွာကိုခေါ်တယ်၊ ငါလည်းလိုက်လာရင်း တစ်ညအိပ်မိတယ်၊ သူတို့ကိုလည်းကျတ်တွေလို့ မသိခဲ့ဘူး၊ ညရောက်တော့ သူတို့တွေအကုန်လုံးက လူရုပ်သွင်တွေပျောက်ပြီး ကျတ်တွေဖြစ်သွားတယ်၊ ငါ့ကိုလည်း စားမယ်သောက်မယ်ဆိုပြီးလုပ်ကြတယ်၊ ငါက သူတို့ကိုအတန်တန်တောင်းပန်ပြီး ကတိတစ်ခုပေးလိုက်ရတယ်”

“ဘာကတိလဲ ဘကြီး”

“ငါ့ကိုမစားဘူးဆိုရင် ငါဒီကိုလူတွေထပ်ခေါ်လာမယ်ဆိုတဲ့ ကတိပေါ့ကွာ၊ ငါရွာကိုပြန်ရောက်တော့ ရွာက အရူးမောင်မိုးကို ဒီကိုလိမ်ပြီးခေါ်လာခဲ့တယ်၊ ကျတ်တွေက အရူးမောင်မိုးကိုရတော့ ငါ့ကိုကျေးဇူးတင်တယ်ဆိုပြီး ရွှေအိုးတစ်အိုးပေးလိုက်တယ်လေကွာ”

“ဗျာ . . . ဒါဆို အခုလည်း ဘကြီးက ကျုပ်တို့ကို ရောင်းစားဖို့ခေါ်လာခဲ့တာပေါ့”

“ဒါပေ့ါကွာ၊ မင်းတို့သုံးယောက်ဆိုရင်တော့ ရွှေအိုးသုံးအိုးလောက်တော့ အသာကလေးရမှာပေါ့ကွ”

ဘကြီးက ပြောဆိုပြီးရယ်မောနေပါရောဗျာ၊

“သြော်၊ လတ်စသတ်တော့ ဘကြီးက ကျုပ်တို့အပေါ်ကောင်းပါတယ်လို့ထင်နေခဲ့တာ”

“ကောင်းစရာလားကွာ၊ မင်းအမေက တစ်ချိန်တုန်းက ငါ့ကိုစော်ကားသွားခဲ့တာကွ၊ အဲဒါကို ငါအခုထိ မမေ့နိုင်သေးဘူးကွ”

“ဘကြီးက တော်တော်ယုတ်မာတဲ့လူပဲဗျာ”

“ယုတ်မာတာတွေ မယုတ်မာတာတွေလုပ်မနေနဲ့တော့ အခုမင်းတို့အားလုံး သေရတော့မယ်ကွ”

ကျုပ်ကသာ ပြောနေပေမယ့် အမေတို့က စိတ်မနှံ့တဲ့လူတွေလိုမျိုး ကြောင်စီစီကြီးတွေဖြစ်နေကြတယ်ဗျာ၊

“အမေတို့ထတော့ ကျုပ်တို့သွားရအောင်”

ကျုပ်ပြောတော့ အမေကထဖို့ပြင်တယ်၊ ဒီအခါကျတ်မက

“ပြန်ထိုင်လိုက်ကြစမ်း”

လို့ပြောလိုက်တာနဲ့အမေနဲ့အငယ်ကောင်က ပြန်ထိုင်လိုက်ကြတယ်ဗျာ၊ ကြည့်ရတာ ကျတ်တွေကျွေးထားတဲ့အစာကို စားမိပြီးတော့ သူတို့ခိုင်းတဲ့အတိုင်း လိုက်လုပ်နေကြရတယ်ထင်တယ်။ ကျတ်မတစ်ယောက်က အနားကပ်လာတာနဲ့ ကျုပ်လည်း ဓါးကိုမြှောက်လိုက်ပြီး

“ကပ်မလာနဲ့နော်၊ ကပ်လာရင် ခုတ်ထည့်လိုက်မယ်၊ ဟောဒီမှာ ဓါး၊ တွေ့တယ်မဟုတ်လား”

ကျတ်မက မကြောက်ဘဲ အနားကိုတဖြည်းဖြည်းလျှောက်လာတယ်၊ ကျုပ်လည်း ဓါးခုတ်မယ်ဆိုပြီးရွယ်လိုက်တာ ဓါးက သစ်ကိုင်းခြောက်တစ်ခုဖြစ်သွားတယ်ဗျာ၊ ကျတ်မက လက်ဖျောက်တစ်ချက်တီးလိုက်တော့ ပတ်ဝန်းကျင်တစ်ခုလုံးက ေ၀ဝါးသွားပြီး အိမ်တွေ၊ အိမ်တွင်းပစ္စည်းတွေအကုန်လုံး ပျောက်ကွယ်သွားတယ်၊ ကျုပ်တို့ရောက်နေတဲ့နေရာက အုတ်ဂူကြီးတွေအစီအရီနဲ့ သချိုင်းကုန်းကြီးတစ်ခုဖြစ်နေတယ်၊ ခုနက ကျုပ်တို့ထိုင်နေတဲ့နေရာကလည်း အုတ်ဂူကြီးအပေါ်မှာဖြစ်နေတယ်ဗျာ၊ ကျုပ်လည်း သချိုင်းကုန်းကနေပြေးထွက်လာခဲ့ပြီး နွားလှည်းပေါ်ကိုခုန်တက်လိုက်တော့ နွားနှစ်ကောင်လုံးမရှိတော့ဘဲ လှည်းချည်းကျန်နေတော့တယ်၊ ကျတ်တွေက ဟိုကြား ဒီကြားကနေ တဖြည်းဖြည်းနဲ့တိုးထွက်လာကြတယ်။

အဝတ်အစားတွေက စုတ်ပြတ်ပြီးတော့ အသားတွေကလည်း ဟိုတစ်ကွက်ဒီတစ်ကွက်ပဲရှိကြတယ်၊ တစ်ချို့နေရာမှာဆိုရင် အရိုးဖြူဖြူကြီးတွေတောင်ပေါ်လို့ပေါ့ဗျာ၊ ပါးစပ်ထဲမှာလည်း အစွယ်ကြီးတွေက နည်းတာကြီးတွေမဟုတ်ဘူးဗျာ၊ ကျတ်တွေက ကျုပ်လှည်းဆီကိုလာပြီး ဝိုင်းကြတယ်၊ ခုနကတွေ့ခဲ့တဲ့ ကျတ်ကလေးလေးက မျောက်ကလေးတစ်ကောင်ကိုပြေးလာပြီး ကျုပ်ရဲ့နောက်ကျောကို ခုန်တက်ထည့်လိုက်တယ်၊ ပြီးတော့ ကျုပ်လည်ကုပ်ကို ကိုက်ထည့်လိုက်တာ ပူခနဲပဲဗျာ၊ ကျုပ်လည်း ဂုတ်ပေါ်တက်နေတဲ့ ဒီကောင့်ကိုအတင်းဖမ်းဆွဲပြီးတော့ လွှင့်ပစ်ထည့်လိုက်ရတယ်၊ လှည်းပေါ်က ခုန်ဆင်းပြီး တွေ့ရာသစ်ကိုင်းကြီးတစ်ခုကို ကောက်ယူလိုက်ရတယ်၊ အမေတို့ကို ကယ်ချင်ပေမယ့် ဒီအချိန်မှာ ကိုယ်လွတ်ရုန်းရတော့မယ်ဗျာ၊ ဒါနဲ့ ကျုပ်အရှေ့က လမ်းပိတ်ပြီးရပ်နေတဲ့ ကျတ်ရဲ့ခေါင်းကို တုတ်နဲ့တအားပိတ်ပြီးရိုက်ထည့်လိုက်တာ ကျတ်ကောင်ရဲ့ခေါင်းက ပြုတ်ထွက်သွားပြီးတော့ ဘောလုံးကြီးတစ်လုံးလို မြေပေါ်မှာလိမ့်ကျသွားတယ်၊ ခေါင်းပြုတ်သွားပေမယ့် ဒီကောင်ကြီးက မသေဘူးဗျာ၊ ကျုပ်အနောက်ကိုဆက်ပြီးလိုက်လာသေးတယ်၊ အရေးထဲ ပုဆိုးကျွတ်နေလို့ ပုဆိုးကိုလက်တစ်ဖက်က ဆွဲပြီးပြေးရတယ်၊ ဟိုးအရှေ့မှာတော့ သချိုင်းအထွက် လှည်းလမ်းကြောင်းကြီးကိုမြင်နေရပြီဗျာ၊ ကျုပ်လည်း အသားကုန်အားစိုက်ပြီးပြေးထည့်လိုက်တယ်၊ ပြေးနေတုန်းမှာပဲ ပတ်ဝန်းကျင်က ချာလပတ်လည်သလို လည်ထွက်သွားပြီးတော့ အရာအားလုံးက မှုန်ဝါးကုန်တယ်ဗျ၊ ပြန်ပြီးကြည်သွားတဲ့အခါ ကျုပ်က သချိုင်းကုန်းကြီးထဲပြန်ရောက်နေတယ်။

ဘကြီးက ကျုပ်ကိုလက်ညှိုးထိုးပြီးရယ်နေတယ်၊

“ဒီလောက်လွယ်လွယ်နဲ့ ပြေးလို့ရမလားကွ၊ အလတ်ကောင်ရ၊ ဒီရွာထဲ ဝင်လိုက်မိရင် မင်းမှာထွက်လမ်းမရှိတော့ဘူးကွ”

ကျတ်တွေက ကျုပ်ကိုလာထပ်ဝိုင်းကြတယ်၊ ဒီတစ်ခါတော့ ကျုပ်လွတ်လမ်းမရှိတော့ဘူး၊ ကျုပ်လက်သီးကိုကျစ်နေအောင်ဆုပ်ထားလိုက်ရင်း လာသမျှအကောင်ကို ထိုးထည့်မယ်လို့တွေးထားလိုက်တယ်။

ဒီအချိန်မှာပဲဗျာ၊ မိုးပေါ်ကနေ မီးရှူးမီးပန်းတက်သွားသလို တရှူးရှူးနဲ့အသံတွေကြားလိုက်ရတယ်၊ ပြီးတော့ အဝါရောင်အလင်းတွေထိန်လင်းနေတဲ့ မီးလုံးကြီးတစ်လုံးက မိုးပေါ်ကနေတဖြည်းဖြည်းကျလာတယ်၊ ကျတ်ကောင်တွေလည်း ခေါင်းမော့ပြီး ဒီမီးလုံးကြီးကိုကြည့်နေကြတယ်။ မီးလုံးကြီးက တဖြည်းဖြည်းဆင်းလာရင်း မြေပေါ်ရောက်တော့ ဦးဘသာကြီးဖြစ်သွားတယ်ဗျာ။ ဒါပေမယ့် ကိုယ်လုံးတော့မပါဘူးဗျ၊ ခေါင်းကြီးပဲပါတယ်၊ ကျုပ်ကြားဖူးသလို စုန်းတွေက ခေါင်းဖြုတ်ပြီး လေပေါ်ပျံကြတယ်ဆိုတာ ဒါမျိုးဖြစ်မယ်ထင်တယ်။

“ဦးဘသာ ကျုပ်ကိုကယ်ပါအုံးဗျာ”

“ကယ်ဖို့ရောက်နေပြီဆိုမှ ကယ်ပါအုံးဆိုတော့ ငါကဘာလုပ်ရမှာလဲကွ”

ဦးဘသာက ဟိုညီအမကိုကြည့်လိုက်ရင်း

“ဟဲ့ မိစ္ဆာမတွေ ဒီလူတွေကို ပြန်လွှတ်ပေးလိုက်စမ်း”

“အောင်မာ၊ လွှတ်ပေးစရာလား”

“ဦးဘသာ ဒီကျတ်မတွေကို မှတ်လောက်သားလောက်အောင် ဆော်သာထည့်လိုက်ဗျာ”

“ဒါကျတ်တွေမဟုတ်ဘူး အလတ်ကောင်ရ၊ ဒါ မိစ္ဆာမတွေပဲ”

“ဟင်၊ ဒီရွာကကျတ်ရွာမဟုတ်ဘူးလား၊ ဒီကောင်တွေကရော ကျတ်တွေမဟုတ်ဘူးလား”

“ဒီရွာကို ရွာဝှက်ကြီးလို့ခေါ်တယ်ကွ၊ ရွာဝှက်ကြီးဆိုတာ မိစ္ဆာရွာပေါ့ကွာ၊ ဒါပေမယ့် မိစ္ဆာတွေအများကြီးနေတဲ့ရွာမဟုတ်ဘူး၊ ဒီ မိစ္ဆာညီအမနှစ်ယောက်ပဲနေတာ၊ ဟိုကောင်တွေက သူတို့ဖမ်းစားထားတဲ့လူတွေ၊ သူတို့ရဲ့တပည့်တွေဖြစ်သွားကြတယ်ဆိုပါတော့”

“ရွာဝှက်ကြီးတဲ့လားဗျာ၊ အခုမှပဲကြားဖူးတော့တယ်”

ဦးဘသာက မိစ္ဆာညီအမနှစ်ယောက်ကို ကြည့်ရင်း

“ငါ သိပ်များများမပြောချင်ဘူး၊ သူတို့က ငါ့မိတ်ဆွေတွေပဲ နင်တို့လွှတ်ပေးလိုက်ကြပါ”

“နင့်လိုစုန်းက ငါတို့ကို ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါနဲ့ပြောနေရအောင် နင်က ဘယ်လောက်စွမ်းလို့လဲ”

မိစ္ဆာမက အမိန့်ပေးလိုက်တော့ မိစ္ဆာအစားခံထားရတဲ့လူတွေက ဦးဘသာကြီးဆီကိုပြေးဝင်လာကြတယ်၊ ဦးဘသာက ချောင်းဆိုးသလို အသံကြီးနဲ့ ဟိန်းထည့်လိုက်တာ ဒီလူတွေအကုန်လုံး အရိုးစုကြီးတွေဖြစ်သွားပြီးတော့ မြေပေါ်ကိုလဲကျသွားပြီး အရိုးပုံကြီးတွေအဖြစ်ပြောင်းလဲသွားကြတယ်။

“မင်းတို့တွေအကုန်လုံးကို ငါလွှတ်ပေးလိုက်ပြီ၊ မင်းတို့တွေသွားကြတော့”

ဦးဘသာပြောလိုက်တော့ အရိုးပုံကြီးတွေထဲကနေ မီးခိုးလိုလို အရိပ်လိုလိုပုံစံတွေက လေပေါ်ပျံတက်ပြီးထွက်သွားကြတယ်။ မိစ္ဆာမနှစ်ယောက်တော့ နည်းနည်းဖြုံသွားတဲ့ပုံပဲဗျာ၊ မိစ္ဆာမ အကြီးမက ဦးဘသာကို ပညာတွေနဲ့ဆော်ပါလေရာ၊ မီးရှုးမီးပန်းတွေလို ရှူးရှူးဝုန်းဝုန်းနဲ့ ဘာတွေဖြစ်ကုန်မှန်းကို မသိဘူးဗျို့၊ မိစ္ဆာမကလည်း ခပ်စွမ်းစွမ်းပဲဗျ၊ ဦးဘသာပစ်တဲ့စက်လက်နက်တွေထိပေမယ့် ဘာမှကိုမဖြစ်ဘူးဗျာ၊ တစ်ချီမှာတော့ မိစ္ဆာမက ဦးဘသာကို ပိုးစုန်းကြူးလို အရာမျိုးနဲ့လှမ်းပစ်ထည့်လိုက်တာ ဦးဘသာက လေနဲ့ပြန်မှုတ်လိုက်တော့ အဲဒီအလုံးကလေးက နောက်ပြန်လွင့်ထွက်သွားပြီး အမေတို့ထိုင်နေတဲ့အနားက အုတ်ဂူတစ်လုံးအပေါ်ကိုကျသွားတယ်၊ အုတ်ဂူက ဝုန်းခနဲပေါက်ကွဲထွက်ပြီးတော့ အထဲက အရိုးစုက အပိုင်းပိုင်းပြတ်ထွက်သွားတယ်၊ ဒီအခါ လှည်းကြုံလိုက်လာတဲ့ ညီမဆိုတဲ့ မိစ္ဆာမက သူ့အမကိုကြည့်ရင်း

“မမ . . . မမဘယ်လိုလုပ်လိုက်တာလဲ”

ညီမဖြစ်သူက ပြောနေရင်းနဲ့ သူ့ကိုယ်ကလည်း အပိုင်းပိုင်းပြတ်ကျသွားတယ်ဗျ၊ ကျုပ်သိလိုက်ပြီဗျ၊ ဒီအုတ်ဂူနှစ်လုံးက သူတို့ညီအမရဲ့ အုတ်ဂူဖြစ်မယ်၊ ဒီအုတ်ဂူထဲကသူတို့အလောင်းကောင်တွေကို ဖျက်ဆီးနိုင်ရင် သူတို့သေတယ်ထင်တာပဲ၊ ဒါနဲ့ ကျုပ်လည်း ကျန်ရှိနေတဲ့အုတ်ဂူတစ်ခုဆီကို ပြေးသွားလိုက်တယ်၊ မိစ္ဆာမကလည်း ကျုပ်ကိုစက်တွေနဲ့လှမ်းပစ်တယ်ဗျာ၊ ဦးဘသာက ကျုပ်ကိုပစ်တဲ့စက်တွေကို ကြားကနေဝင်ဖျက်ပေးတယ်။

“အလတ်ကောင်ရေ မြန်မြန်လုပ်ဟ”

အုတ်ဂူနားကိုရောက်သွားတော့ ဘကြီးက အသင့်စောင့်နေတယ်၊ ပြေးဝင်လာတဲ့ကျုပ်ကို လက်သီးတစ်လုံးပစ်သွင်းထည့်လိုက်တယ်၊ လက်သီးက ကျုပ်ပါးစောင်းကိုထိပြီး ကျုပ်ခေါင်းတောင်မူးဝေသွားတယ်ဗျာ။

“မင်းတို့ဒီလိုလုပ်လို့မရဘူးကွ”

ကျုပ်လူးလဲထပြီးတော့ ဘကြီးနဲ့ထိုးကြိတ်ကြတယ်၊ ဘကြီးက အသက်ကြီးနေပြီဆိုပေမယ့် သန်သန်မာမာတော့ရှိနေသေးတယ်။ ဘကြီးက အရင်က လူမိုက်ဖြစ်ခဲ့တယ်ဆိုတော့ တိုက်တတ်ခိုက်တတ်တယ်ဗျ၊ ဘကြီးက ကျုပ်ကိုတစ်ချက်ပြီးတစ်ချက် ခွပ်ခနဲ ခွပ်ခနဲထိုးထိုးထည့်တာ၊ ကြာတော့ ကျုပ်ပဲခံရတယ်၊ ကျုပ်လည်း နောက်ဆုံးတိုက်ကွက်ထုတ်သုံးမယ်ဆိုပြီး ဘကြီးဆီကိုတစ်ဟုန်ထိုးပြေးဝင်လို့ ဘကြီးရဲ့ ခါးကို တအားပြေးဖက်ထည့်လိုက်တယ်၊ ဘကြီးက ကျုပ်ကျောကုန်းကို တံတောင်ဆစ်နဲ့ ထုပါလေရော၊ ကျုပ်လည်း အားထည့်ပြီး ဘကြီးကိုတအားတွန်းလှဲလိုက်တဲ့အခါ ဘကြီးရော ကျုပ်ပါအားလွန်ပြီး ဘေးနားက အုတ်ဂူကြီးအပေါ်ကို နှစ်ယောက်သားလဲကျသွားတယ်၊ အုတ်ဂူက ဘယ်ခေတ်ကတည်းက လုပ်ထားမှန်းမသိတော့ အုတ်တွေကဆွေးနေပြီဗျ၊ ကျုပ်တို့နှစ်ယောက် ကျတဲ့အရှိန်နဲ့ အုတ်ဂူကြီးက ပြိုပျက်သွားတယ်။

အုတ်ဂူအထဲမှာတော့ အရိုးစုတစ်ခုတွေ့ရတယ်၊ ကျုပ်လည်း အချိန်ဆွဲမနေတော့ဘဲ အရိုးစုကို လက်နဲ့အသားကုန်ဆွဲထည့်လိုက်တာ အရိုးစုက အပိုင်းပိုင်းပြတ်ထွက်သွားတယ်ဗျာ၊ ဒီအခါ ဦးဘသာနဲ့တိုက်နေတဲ့ မိစ္ဆာမလည်း တအားအားနဲ့အော်ဟစ်ပြီး သူ့လက်တွေခြေတွေက သဲမှုန်တွေလို လွင့်ကျကုန်တယ်၊ နောက်တော့ သူ့တစ်ကိုယ်လုံး အမှုန့်ဖြစ်ပြီး လျှောသွားတော့တာပါပဲဗျာ၊ ဘကြီးခေါင်းက သွေးတွေစီးကျနေတယ်၊ ခုနက အုတ်ဂူနဲ့ထိလိုက်တဲ့အချိန်မှာ ခေါင်းနဲ့အုတ်နီခဲနဲ့ရိုက်မိသွားပုံရတယ်၊ ဘကြီးက တကျွတ်ကျွတ်နဲ့အသံမြည်ရင်း ကုန်းထလာလို့ ကျုပ်လည်း ဘကြီးကိုသတ်မယ်ဆိုပြီးပြေးသွားလိုက်တယ်။

“နေပါစေအလတ်ကောင်ရာ”

“နေလို့ရမလားဗျ၊ ဒီလူက ဘကြီးဆိုပေမယ့် ကျုပ်တို့သေမယ်မှန်းသိသိကြီးနဲ့ကို ဒီအထိခေါ်လာခဲ့တာမဟုတ်လား”

“သူ့အကုသိုလ်က သူ့ကိုစီရင်သွားပါလိမ့်မယ်ကွာ”

ဘကြီးက ကုန်းထလိုက်ရင်း ဟိုဟိုဒီဒီကိုကြည့်လိုက်တယ်၊ ခေါင်းပြတ်ဦးဘသာကိုတွေ့တော့ မျက်လုံးကြီးပြူးပြီး အသံကုန်ဟစ်အော်လို့ တစ်ချိုးတည်းပြေးတော့တာပါပဲဗျာ။

“ဦးဘသာက ကျုပ်တို့ဒီမှာရှိတယ်ဆိုတာကို ဘယ်လိုသိတာလဲဗျ”

“ကင်းလှည့်ရင်းသိတာကွ”

“စုန်းက ကင်းလှည့်တယ်တဲ့လား”

“မင်းကို ငါရှင်းပြဖို့အချိန်မရှိဘူးအလတ်ကောင်ရေ၊ တောထဲက ငါ့ကိုယ်လုံးကြီးကို သူများတွေတွေ့သွားရင် ပြဿနာတက်ကုန်မယ်ဟ”

“ဒါနဲ့အမေတို့ကိုဘယ်လိုလုပ်မလဲ”

ဦးဘသာက ပါးစပ်ထဲကနေ ထွီခနဲလုပ်လိုက်တော့ တံတွေးလေးနှစ်စက်က အမေနဲ့အငယ်ကောင်နဲ့ကို သွားထိတယ်။

“မင်းတို့အမေ ငုတ်တုတ်မေ့နေပြီကွ၊ မင်းသူတို့ကိုခေါ်သွားလိုက် ရွာထိပ်ရောက်တော့မှ သူတို့သတိပြန်ဝင်လာလိမ့်မယ်”

“ဒါဆို ဘကြီးကရောဗျာ”

“မင်းဘကြီးက စိတ်ဖောက်သွားပြီကွ၊ ဒီလိုပြောလိုက်ကွာ၊ မင်းတို့ကိုရွာအထိပို့ပြီး လှည်းလမ်းဟောင်းကအပြန်မှာ သရဲတွေ့ပြီးရူးသွားတယ်ဆိုရင် လူတွေယုံလိမ့်မယ်”

ဦးဘသာက ပြောပြီးတော့ မိုးပေါ်ပျံတက်သွားတယ်၊ ကျုပ်လည်း နွားနှစ်ကောင်ပြန်ရှာ၊ လမ်းဆင်ပြီးတော့ အမေနဲ့အငယ်ကောင်ကိုတင်ပြီး ရွာပြန်ခဲ့တာပေါ့ဗျာ၊ ဦးဘသာပြောတဲ့အတိုင်း အမေနဲ့အငယ်ကောင်က ရွာထိပ်ရောက်တော့မှ သတိရကြတယ်၊ ဆေးမိထားတဲ့လူတွေကို ကြောင်စီစီကြီးဖြစ်နေတယ်၊ အဖေမေးတော့ ဦးဘသာသင်ပေးတဲ့အတိုင်းပြောလိုက်တယ်၊ ဘကြီးကတော့ ကျုပ်တို့ကိုလိုက်ပို့ပြီး ရွာပြန်သွားတယ်လို့ ပြောလိုက်ရတာပေါ့ဗျာ၊ ထူးဆန်းတာတစ်ခုက ကျုပ်တို့သာမိုးတွေမိပေမယ့် ရွာဘက်မှာ ဘာမိုးမှမရွာဘူးတဲ့ဗျာ၊ ကျုပ်စိတ်ထင် မိစ္ဆာမတွေက မိုးရွာအောင်လုပ်တာလား၊ ဒါမှမဟုတ် ကျုပ်တို့စိတ်ကိုလှည့်စားထားတာများလား။

ဘကြီးကတော့ ရူးသွားတာအမှန်ပဲ၊ ရူးသွားတာမှ သွက်သွက်ခါအောင်ရူးသွားတာ၊ နောက်တစ်နှစ် နှစ်နှစ်လောက်နေတော့ ဘကြီးဆုံးသွားတယ်၊ ဦးဘသာပြောသလို သူ့အကုသိုလ်က သူ့ကိုစီရင်သွားတာဖြစ်မယ်ထင်ပါတယ်ဗျာ။

ပြီးပါပြီ။