စုန်းမကြီးဒေါ်ပျင်းနှင့် သေရွာပြန်မယ်ပျင်း
စာစဉ်(၂၅)
(၁)
မယ်တော်၏ ကျွဲချိုမှုတ်သံကြားရပြီးသည်နှင့် မယ်တော်၏လက်အောက်ခံ ကဝေများနှင့် မယ်တော်အားအလုပ်အကျွေးပြုနေရသည့် စုန်းများမှာစုရုံးလိုက်ကြလေသည်။ မယ်တော်မှာ အတွင်းခန်းနန်းဆောင်သို့ဝင်လိုက်ပြီးနောက် အလွန်လှပစွာရက်လုပ်ထားသည့် အဝတ်အစားများကိုဝတ်ဆင်လိုက်သည်။ မယ်တော်၏ အဝတ်အစားများမှာ နတ်အဝတ်အစားများတမျှ လှပဆန်းကြယ်လှသည်။ ခေါင်းပေါ်တွင်လည်း ခေါင်းပေါင်းကိုပေါင်းလိုက်ကာ ခေါင်းပေါင်းစနှစ်ဖက်ကို ဘေးဘယ်ညာတွင်ထောင်လိုက်လေသည်။ ထိုနန်းဆောင်အတွင်း သလွန်ကြီးလေးခုကြီးပြီး သလွန်လေးခု၏အလယ်တွင် အလွန်ကြီးမားသည့် ကြေးလင်ဗန်းကြီးရှိသည်။ မယ်တော်က ကြေးလင်ပန်းကိုလက်ဖျားနှင့်ထိလိုက်သည့်အခါ ကြေးလင်ဗန်းအတွင်းတွင် ရွှေရောင်အရည်များနှင့် ပြည့်နှက်သွားလေသည်။
မကြာခင်အချိန်မှာပင် သိမ်းစွန်ငှက်၏ အော်မြည်သံကိုကြားလိုက်ရပြီး ထိုလင်ဗန်းကြီးအတွင်းမှ ငှက်ကြီးတစ်ကောင်ထွက်ပေါ်လာလေသည်။ ငှက်ကြီးမှာ လူတစ်ဦးမက ကြီးမားပြီး နန်းဆောင်အတွင်းပျံသန်းနေကာ သလွန်တစ်ခုအပေါ်တွင် တက်နားလေသည်။ ထိုငှက်ကြီး၏ ကျောကုန်းပေါ်တွင်တော့ ကလပ်တစ်ခုပေါ်တွင် ပတ္တများမျက်ရှင်တစ်လုံးတင်ထားကာ အနီရောင်ရဲရဲတောက်နေသည့် အဝတ်အစားကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက ထိုကလပ်ကိုကိုင်ထားသည်။
မယ်တော်က ထိုအမျိုးသမီးကိုကြည့်လိုက်ပြီးနောက်
“မြောက်အရပ်ကိုအစိုးရတဲ့ သိမ်းစွန်မင်းစီးနင်းပြီး ပတ္တများမျက်ရှင်အပိုင်စားရတဲ့ မြောက်ဘက်မယ်တော်တောင် ရောက်လာပြီကိုး”
တစ်ချိန်တည်းမှာပင် လင်ဗန်းကြီးအတွင်းမှ ကြီးမားသည့် ကမ္ဘာလိပ်ကြီးတစ်ကောင်ထွက်လာကာ ထိုလိပ်ပေါ်တွင်အမျိုးသမီးတစ်ဦးက လိုက်ပါလာလေသည်။ ကမ္ဘာလိပ်ကြီးမှာ လေထဲတွင်ကူးခတ်သွားလာရင်း သလွန်တစ်ခုပေါ်တွင်တက်နားလိုက်သည်။ ထိုလိပ်ကြီး၏ အရွယ်အစားမှာလည်း လူနှစ်ကိုယ်၊ သုံးကိုယ်စာမျှ ကြီးမားလေသည်။ လိပ်အပေါ်တွင်ထိုင်ထားသည့်အမျိုးသမီးမှာတော့ အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး လက်တွင်ခရုခွေတစ်ခုကို ကိုင်စွဲထားသည်။
“တောင်အရပ်ကိုအပိုင်စားရတဲ့ တောင်ဘက်မယ်တော်တောင် ရောက်လာမှကိုး”
“ငါကလိပ်စီးတယ်ဆိုပေမယ့် နှေးတော့မနှေးပါဘူး အရှေ့မယ်တော်ရဲ့”
ထိုအခိုက် လင်ပန်းကြီးအတွင်းမှ ရေများပွက်ပွက်ဆူလာကာ နဂါးအနက်ကြီးတစ်ကောင်ထွက်လာလေသည်။ ထိုနဂါးကြီးမှာ လွှားခနဲခုန်ပျံလိုက်ပြီးနောက် သလွန်ပေါ်တွင် အထပ်ထပ်ရစ်ဖွဲ့ကာ ပါးပျဉ်းမိုးလိုက်လေသည်။ ထိုပါးပျဉ်းအတွင်းတွင်တော့ အနက်ရောင်ပြောင်လက်နေသည့် ဝတ်စုံကိုဝတ်ဆင်ထားသည့် အနောက်မယ်တော်က ထိုင်လျှက်ဘွားခနဲပေါ်ထွက်လာသည်။ အနောက်မယ်တော်မှာ မြွေနဂါးပုဝါကို လည်တွင်ပတ်ထားကာ ပုဝါအမြိတ်ကို ဘယ်တစ်ဖက် ညာတစ်ဖက်ချထားသည်။ မြွေနဂါးပုဝါ၏ အမြိတ်များမှာ နဂါးများအမောက်ထောင်နေသည်နှင့်တူညီပြီး တထောင်ထောင်နှင့်ဖြစ်နေလေသည်။
“ငါတို့တွေအားလုံးကို ရွှေဂျိုသံပေးပြီးခေါ်ပုံထောက်တော့ အရေးကြီးတဲ့ကိစ္စတစ်ရပ်ရပ် ရှိနေပြီထင်ပါ့ အရှေ့မယ်တော်”
အရှေ့မယ်တော်က သလွန်တစ်ခုပေါ်တွင်တက်ထိုင်လိုက်ပြီး
“အရမ်းဆိုးသွမ်းတဲ့လူတစ်ယောက် ပေါ်ပေါက်နေတဲ့အတွက် သူ့ကိုဆုံးမဖို့ မယ်တော်တို့နဲ့တိုင်ပင်ချင်လို့ပါ”
“ဆိုးသွမ်းတဲ့စုန်းရဲတွေ ကဝေဆိုးတွေကို နှိမ်နင်းဖို့က မယ်တော်ရဲ့အလုပ်မဟုတ်လား၊ မယ်တော်တောင်မှ ကျုပ်တို့ကိုခေါ်ပြီးတိုင်ပင်ရပုံထောက်တော့ ဒီလူဟာ တော်တော်ဆိုးသွမ်းနေတဲ့လူဖြစ်ရမယ်၊ အရှေ့မယ်တော်က ဒီလူကို မနိုင်ဘူးလား”
ထိုအခါ မြောက်ဘက်မယ်တော်က လက်ထောင်လိုက်ပြီး
“နိုင်တာမနိုင်တာ အသာထားစမ်းပါ၊ ဒီလူက ဘယ်လောက်တောင်ဆိုးရွားနေလို့လဲ”
ထိုအခါ အရှေ့မယ်တော်က ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်လေသည်။ ကျန်သည့်မယ်တော်များက နားထောင်ပြီးနောက် တောင်ဘက်မယ်တော်က
“ဒါဖြစ်သင့်တာပဲ၊ သူလူတွေသတ်တယ်ဆိုတာ သူ့ကိုယ်သူ ခုခံကာကွယ်ခဲ့တာပဲမဟုတ်ဘူးလား၊ သူ့မှာကြီးလေးတဲ့အပြစ်တစ်စုံတစ်ရာဖြင့် မတွေ့သေးပါဘူး”
“အရေးအကြီးဆုံးကတော့ ဒီကလေးမလေးဟာ တစ်ချိန်မှာလူသားတွေကိုရော ကျုပ်တို့စုန်းကဝေတွေကိုပါ ဒုက္ခပေးပြီးတော့ လူသားလောကကြီးကို ဖျက်ဆီးမယ့်ကလေးမလေးတစ်ယောက်ဆိုတာပါပဲ”
အနောက်မယ်တော်က အရှေ့မယ်တော်ကိုကြည့်လိုက်ပြီးနောက်
“နေပါအုံး အဲဒါကိုနင့်ကိုဘယ်သူပြောတာလဲ”
“ဟောတိုင်းမှန်တဲ့ ပုဏ္ဍားကြီးဘထီးက ပြောတာပါ”
“ဟား၊ ဟား မယ်ယမင်း၊ ညည်းက လူတစ်ယောက်ကို ဗေဒင်ဆရာက မကောင်းဘူးပြောတာနဲ့ ဖမ်းပြီးသတ်တော့မတဲ့လား”
အနောက်မယ်တော်က ထရယ်လိုက်သဖြင့် ကျန်သည့်မယ်တော်များကလည်း ရယ်မောလိုက်ကြလေသည်။ ကျန်မယ်တော်များက ရယ်မောကြသဖြင့် အရှေ့မယ်တော်တစ်ယောက် ဒေါသထွက်သွားလေသည်။
“ကျုပ်ပြောနေတာကို ရှင်တို့က ရယ်စရာပြောနေတယ်လို့ထင်တယ်ပေါ့၊ ရှင်တို့ကြပ်ကြပ်သတိထားစမ်းပါ၊ ကျုပ်ပြောတဲ့အတိုင်း တစ်နေ့ဖြစ်လာလိမ့်မယ်”
“ဖြစ်လာမယ်ဆိုရင်လည်း ညည်းက အရှေ့အရပ်ကိုပိုင်စားတဲ့မယ်တော်ပဲ၊ ညည်းဖြေရှင်းပေါ့အေ၊ အခုက မဖြစ်သေးတဲ့ပြဿနာကို ရေးကြီးခွင်ကျယ်လုပ်နေတာပဲ”
“ဟုတ်ပါ့၊ မယ်ယမင်းရယ် ညည်းအဖြစ်က အစေ့ကပေါက်ခါစ သစ်ပင်ပေါက်ကလေးကို ပေါက်ဆိန်နဲ့လွှဲခုတ်ချင်သလိုဖြစ်နေတယ်မဟုတ်လား”
“ဒီမှာ အဲဒီကလေးက တစ်ချိန်မှာ ကျုပ်တင်မကဘူး ကျုပ်တို့လေးယောက်စလုံးကို ခေါင်းမီးတောက်စေမယ့်ကလေးဆိုတာ ရှင်တို့သိထားစမ်းပါ”
“ကဲပါ မယ်ယမင်းရယ် စိတ်ကိုအေးအေးထားလိုက်စမ်းပါ၊ ရွှေဂျိုသံပေးပြီး အခေါ်ထောက်လို့ ဘာများလဲမှတ်တယ်၊ ညည်းရဲ့စီးတော်ကျားကိုသတ်ပစ်လိုက်လို့ ကလေးတစ်ယောက်ကို အငြိုးအတေးဖွဲ့နေတာပဲမဟုတ်လား၊ စီးတော်ကျားတစ်ကောင်မရှိတော့လည်း နောက်တစ်ကောင်ပေါ့ ဘာတွေပူစရာလိုလို့လဲ၊ မဟုတ်မှလွဲရော ညည်းက ဒီမိန်းကလေးက ညည်းအတွက်ပြိုင်ဘက်ဖြစ်လာနိုင်တယ်လို့ တွေးနေတယ်မဟုတ်လား၊ ညည်းနေရာကို လုယူမှာကို ညည်းစိုးရိမ်နေတယ်မဟုတ်လား”
အရှေ့မယ်တော်က ဘာမှမပြောနိုင်တော့ပေ၊ တောင်ဘက်မယ်တော်က
“ဒီမှာ မယ်ယမင်း၊ မယ်တော်ဆိုတာ ရာထူးတစ်ခု ဂုဏ်ပုဒ်တစ်ခုထက် ဘာမှမပိုဘူး၊ ညည်းထက်စွမ်းတဲ့လူမပေါ်သေးရင် ညည်းမယ်တော်ဖြစ်နေမယ်၊ ညည်းထက်စွမ်းတဲ့လူပေါ်လာပြန်ရင်တော့ အဲဒီနေရာကို ညည်းဖယ်ပေးရမယ်မဟုတ်လား၊ ဘာတွေကိုဖက်တွယ်ချင်နေသေးတာလဲ”
“ဖက်တွယ်ချင်တာ တော့မဟုတ်ပါဘူး၊ ကျုပ်က ဒီကလေးကိုအပြတ်ရှင်းတော့မှာ၊ ဒီတော့ အခုမယ်တော်တို့ကိုခေါ်လိုက်တယ်ဆိုတာလဲ တိုင်ပင်ချင်လို့ခေါ်လိုက်တာမဟုတ်ဘူး၊ ဒီကလေးကို ကျုပ်က မယ်တော်ပညာတွေနဲ့ သတ်တော့မယ်ဆိုတဲ့အကြောင်းကို အားလုံးသိအောင် အသိပေးတာ”
“ဒီမှာမယ်ယမင်း အရှေ့နယ်မှာ ညည်းလုပ်ချင်တာလုပ်လို့ရတယ်မဟုတ်လား၊ ဒီတော့ ညည်းစိတ်တိုင်းကျသာ လုပ်ပေတော့”
ထိုအခါ အရှေ့မယ်တော်မှာ ပြုံးလိုက်လေသည်။ အနောက်မယ်တော်က သလွန်မှထလိုက်ပြီးနောက်
“ဒါပေမယ့်တစ်ခုတော့ရှိတယ်၊ အထက်နတ်မင်းကြီးတွေချမှတ်ထားတဲ့စည်းကမ်းကို ညည်းဖောက်ရင်တော့ အထိနာမယ့်လူဟာ ဟောဟိုကလေးမဟုတ်ဘဲ ညည်းဖြစ်သွားလိမ့်မယ်ဆိုတာ မမေ့နဲ့အေ့”
အနောက်မယ်တော်က ပြောဆိုပြီးသော် နဂါးကြီးက အနောက်မယ်တော်အား အုပ်မိုးပြီးကြေးလင်ဗန်းကြီးအတွင်းပြန်လည်ဝင်ရောက်သွားလေသည်။ ထိုနည်းတူစွာပင် လိပ်ကြီးမှာလည်း လေပေါ်ဝဲပျံကာ ပျံဝင်သွားသလို သိမ်းစွန်ငှက်ကြီးမှာလည်း နန်းဆောင်အတွင်းလှည့်ပတ်ပျံသန်းကာ လင်ဗန်းအတွင်းသို့ဝင်ရောက်ပြီး ပျောက်ကွယ်သွားတော့သည်။ နန်းဆောင်အခန်းအတွင်း အရှေ့မယ်တော်တစ်ယောက်သာ ကျန်နေခဲ့လေသည်။ မယ်တော်က ခပ်ထေ့ထေ့ပြုံးလိုက်ပြီး
“မယ်ပျင်းရေ၊ ညည်းကိုတော့ ငါတရားဝင်စစ်ကြေငြာလိုက်ပြီဟေ့”
ထိုစဉ်မယ်တော်နန်းဆောင်အတွင်းသို့ လက်အောက်ခံအစေအပါးကဝေတစ်ယောက်ဝင်လာလေသည်။ မယ်တော်အားဒူးတစ်ဖက်ထောက်လျှက် ခစားလိုက်ပြီး
“သတင်းထူးပါတယ်မယ်တော်”
“ဘာများလဲ”
“မယ်ပျင်းကလေးသေရှာပြီတဲ့”
မယ်တော်မှာ မျက်လုံးပြူးသွားသည်။
“ဟုတ်ရဲ့လား၊ မယ်ပျင်းလိုအဆိပ်ပြင်းတဲ့ကလေးက ဘာကြောင့်များလွယ်လွယ်ကူကူနဲ့သေမှာတဲ့လဲ”
“အဲဒီလိုလည်းမဟုတ်သေးဘူးမယ်တော်၊ မယ်တော်က မယ်ပျင်းကို စည်းတံဆိပ်ခတ်ထားတယ်မဟုတ်လား၊ စည်းတံဆိပ်က အမာစုန်းပညာကိုသုံးရက်ချက်ချင်းသေစေတယ်ဆိုပေမယ့် အပျော့စုန်းပညာကိုအသုံးပြုပြီးသူများကိုတိုက်ခိုက်တယ်ဆိုရင်တော့ သွေးဆိပ်သင့်ပြီး သုံးခါမြောက်ရင်သေတတ်တဲ့သဘောရှိတယ်မဟုတ်လားမယ်တော်”
“အင်း မင်းပြောတာဖြစ်နိုင်တယ်၊ မယ်ပျင်းတကယ်သေမသေဆိုတာကို ငါကိုယ်တိုင်အတည်ပြုချင်သေးတယ်”
မယ်တော်က သလွန်ပေါ်မှထလိုက်ပြီးနောက် လေသာပြတင်းပေါက်အနီးသို့ တိုးကပ်သွားလေသည်။ ထို့နောက် လေသာပြတင်းပေါက်အား လက်ဖြင့်ပွတ်သပ်လိုက်ရင်း
“ဖက်လိပ်ရွာရဲ့ ရွာတော်ရှင်၊ ငါ့ကိုအမြင်အပ်စမ်းဟဲ့”
ထိုအခါ ပြတင်းပေါက်အပြင်မှရုပ်ပုံများမှာ ပြောင်းလဲသွားပြီးသည့်နောက် ဖက်လိပ်ရွာမြင်ကွင်းကိုလွှမ်းခြုံမြင်နေရလေသည်။ ပျက်စီးသွားသည့် သူကြီးအိမ်ကြီးပေါ်တွင် ရွာသူရွာသားများမှာ သေဆုံးသွားသည့် အလောင်းကောင်များကို ကောက်ယူသိမ်းဆည်းနေလေသည်။ ထိုအနက်မှ မယ်ပျင်းကလေးကို မမယ်ဖြူက ပွေ့ချီကာ ငိုကြွေးနေသည့်မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
မယ်တော်မှာ သူ၏စုန်းမျက်စိဖြင့် မယ်ပျင်းတစ်ယောက် အသက်ကုန်မကုန်ကိုကြည့်လိုက်သောအခါ မယ်ပျင်းမှာ အသက်ဝိညာဉ်ကင်းမဲ့နေကြောင်းသိလိုက်ရလေသည်။ မယ်တော်က ယဲ့ယဲ့ကလေးပြုံးလိုက်ကာ
“ဒီလိုကျတော့လည်း ငါ့လက်နဲ့တောင်မထိလိုက်ရဘဲ ဒီကောင်မလေး သွားရှာပါရောလား၊ ဒါပေမယ့် ဒီလောက်နဲ့မကျေနပ်နိုင်သေးဘူး၊ မင်းသေတာသေချာသွားအောင် ဟိုဘက်ကမ်းအထိ အရောက်ပို့ပေးမှဖြစ်မယ်”
မယ်တော်က ရေရွတ်လျှက် နန်းဆောင်အတွင်းမှထွက်ခွာသွားလေသည်။
(၂)
သူကြီးအိမ်မှာ အတော်ပျက်စီးသွားသဖြင့် သူကြီးဦးရွှေမောင်မှာ စံအိမ်ကိုရွှေ့ပြောင်းရန်အတွက်ကြံစည်နေရသည်။ အိမ်တော်အတွင်းသေဆုံးသွားသည့်လူများအတွက်လည်း သဂြိုဟ်ရန်ကိစ္စများကိုစီစဉ်နေရသည်။ ယမန်နေ့ညက ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များမှာ ကျားဆိုးတစ်ကောင်သောင်းကျန်းသောကြောင့်ဖြစ်ပျက်ခဲ့သည်ဟု ပြောဆိုသော်လည်း ရွာသားများမှာ မယုံသင်္ကာဖြစ်နေကြလေသည်။
သေဆုံးသွားသည့်အလောင်းကောင်များကို ဖျာနှင့်ပတ်ကာ ရွာပြင်တွင် ကပ်တစ်ခုရိုက်ပြီးတင်ထားရလေသည်။ အချို့အလောင်းကောင်များဆိုလျှင် မြင်ရက်စရာမရှိတော့ပေ။ ထိုအလောင်းများနံဘေးတွင်တော့ သေဆုံးသွားသည့် မယ်ပျင်းအလောင်းကိုတင်ထားလေသည်။ ကြီးဒေါ်ရှင်နှင့် မမယ်ဖြူမှာ မယ်ပျင်းအလောင်းကိုဖက်၍ ငိုမဝတော့ပေ။
“အောင်မယ်လေး သမီးရယ်၊ အဖြစ်ဆိုးလှလေချင်း”
“သွားတဲ့သူက သွားပြီပဲ မယ်ဖြူရယ်၊ ညည်းစိတ်ကိုထိန်းစမ်းပါ”
“ထိန်းနိုင်မလား ကြီးဒေါ်ရှင်ရဲ့ သားသမီးသေသွားတဲ့ မိခင်တစ်ယောက် ဘယ်လောက်ပူဆွေးရသလဲဆိုတာကို ကြီးဒေါ်ရှင်က ခံစားတတ်မှာမဟုတ်ဘူး”
“ငါလည်းခံစားရပါတယ်အေ၊ ဒါပေမယ့် ငါတို့ငိုနေလို့လည်း မယ်ပျင်းကလေးက ပြန်ထလာမှာမှ မဟုတ်တော့တာပဲအေ့”
ထိုသို့ငိုနေသည့်အခိုက်တွင် ကုလားဆေးဆရာကြီးက လွယ်အိတ်ကြီးလွယ်လျှက်ရောက်ချလာလေသည်။ မယ်ပျင်းကလေးကိုတွေ့သည်နှင့် သူကြီးအားကြည့်လိုက်ကာ
“ကျုပ်ပြောခဲ့တယ်မဟုတ်လား၊ သုံးကြိမ်သုံးခါဆိုရင် ဟောဒီကလေးသေသွားမယ်လို့ဆိုတာလေ”
“ခင်ဗျားပြောတာဟုတ်ပါတယ်ဗျာ၊ ကျုပ်တို့လည်း ဒီကလေးကို မကာကွယ်နိုင်ခဲ့ဘူးဗျ”
“ပြီးခဲ့တာတွေ ပြီးပါစေတော့သူကြီး၊ ကျုပ်ခင်ဗျားတို့ကို အပြစ်မတင်ပါဘူး၊ ကျုပ်အခုလာရတာက ဟောဒီကလေးရဲ့ အလောင်းကို လာအလှူခံတာ”
“အလို၊ ခင်ဗျားက သူ့အလောင်းကိုယူပြီးဘာလုပ်မလို့လဲ”
“ကျုပ်ရဲ့ဆေးဝါးလေ့လာမှုတွေမှာ အသုံးပြုမလို့ပေါ့”
မမယ်ဖြူက ခေါင်းခါခါနှင့်
“မပေးနိုင်ပါဘူး၊ သေသွားပြီးပြီဆိုပေမယ့် ဒါကျုပ်သမီးလေးပဲ ကျုပ်မပေးနိုင်ပါဘူး”
ကုလားဆေးဆရာကြီးက သူကြီးအားတစ်ချက်ကြည့်ပြီး
“ဒီကလေးကို ပထမအကြိမ် ရောဂါဖြစ်တော့လည်းကျုပ်ပဲကယ်ခဲ့တယ်၊ ကျုပ်ခင်ဗျားဆီက ခြူးတစ်ပြားမှ မယူခဲ့ဘူး၊ ဒုတိယတစ်ကြိမ်ဖြစ်တော့လည်း ကျုပ်ပဲကုသပေးခဲ့တယ်၊ အဲဒီတုန်းကလည်း သူကြီးက ရတနာတွေထုတ်ပေးတာတောင် ကျုပ်မယူခဲ့ဘူး၊ အခုနောက်ဆုံးတစ်ကြိမ်တော့ ဒီကလေးရဲ့ကိုယ်လုံးကိုကျုပ်ယူမယ်၊ ဒါဟာ ပထမတစ်ကြိမ်နဲ့ဒုတိယတစ်ကြိမ်သူ့ကိုကယ်ပေးခဲ့တဲ့ ဆေးဖိုးဝါးခလို့ပဲ သတ်မှတ်လိုက်ပါသူကြီး”
သူကြီးဦးရွှေမောင်က ခေါင်းညိတ်ပြီး မမယ်ဖြူပုခုံးကိုလက်ဖြင့်ဆုပ်ကိုင်လိုက်သည်။
“ပေးလိုက်စမ်းပါ မယ်ဖြူရာ၊ ဒီအလောင်းကောင်ကြီးကို ငါတို့ကဘာမှလုပ်လို့မရဘူးမဟုတ်လား”
မမယ်ဖြူက မယ်ပျင်းအလောင်းကိုပွေ့ဖက်ထားပြီး
“မပေးနိုင်ဘူး၊ လုံးဝမပေးနိုင်ပါဘူးရှင်”
သူကြီးက ကြီးဒေါ်ရှင်အားမျက်စောင်းထိုးလိုက်ရာ ကြီးဒေါ်ရှင်ကလည်း
“ဟုတ်ပါတယ် မယ်ဖြူရယ်၊ ပေးလိုက်စမ်းပါ”
“အို မပေးနိုင်ဘူး မပေးနိုင်ဘူးရှင့်”
ထိုအခါ သူကြီးနှင့်ကြီးဒေါ်ရှင်တို့မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးနောက် မမယ်ဖြူအားသိုင်းချုပ်လိုက်လေသည်။ မမယ်ဖြူအားအတင်းဆွဲခေါ်ပြီး ခပ်လှမ်းလှမ်းသို့လာခဲ့ကြကာ
“ကဲ ဆေးဆရာကြီး ခင်ဗျားအတွက် ကျုပ်သမီးလေးအလောင်းက တန်ဖိုးရှိတယ်ဆိုရင်လည်း ယူမှာဖြင့် မြန်မြန်သာ ယူသွားစမ်းပါဗျာ”
ကုလားဆေးဆရာကြီးက ခေါင်းညိတ်ပြီး အလောင်းစင်ပေါ်တင်ထားသည့် မယ်ပျင်း၏အလောင်းအား ကောက်ယူပွေ့ချီလျှက်ထွက်လာခဲ့တော့သည်။ မယ်ပျင်းမှာ ညပိုင်းကတည်းက သေဆုံးသွားခြင်းဖြစ်သဖြင့် အလောင်းကောင်မှာ တောင့်ပင်တောင့်နေချေပြီ။
ကုလားကြီးရာဗီမှာ အလောင်းကောင်ကိုထမ်းကာ တောအုပ်အတွင်းသို့ပြေးဝင်လာခဲ့သည်။ တောအုပ်အတွင်း ကျောက်ဂူကြီးအနီးသို့ရောက်သည့်အခါ ကဝေကြီးခြောက်ဦးမှာ အသင့်စောင့်ကြိုနေလေသည်။ ကျောက်ဂူအတွင်းရှိ ကျောက်ကုတင်ကြီးတစ်ခုအပေါ်တွင် မယ်ပျင်းကလေးအား တင်ထားလိုက်လေသည်။ ကဝေကြီးများမှာလည်း ပူဆွေးဝမ်းနည်းသဖြင့် ငိုယိုနေကြလေသည်။
“ကဲ သိပ်လည်းငိုမနေကြပါနဲ့ အချိန်သိပ်မရှိဘူး”
“မင်းယူလာတာ နောက်တောင်ကျနေပါပြီကော ရာဗီရယ်”
“ဒါတောင် ကျုပ်က အတင်းအဓမ္မသွားယူခဲ့ရတာ၊ သူတို့ထုံးစံအတိုင်းဆိုရင် သုံးလေးရက်လောက်တောင် ထားမလားမသိဘူး”
ကုလားကြီးရာဗီပြောဆိုလိုက်သည့်အခါ ကဝေကြီးဦးကောင်းက မယ်ပျင်း၏ ရင်ဘတ်ပေါ်သို့ နားရွက်ဖြင့်တင်လျှက် နားထောင်ကြည့်လေသည်။
“ဘယ်လိုလဲ ကျုပ်တို့သူ့ကိုပြန်ခေါ်လို့ရနိုင်သေးသလား”
“သေသေချင်းဆိုရင်တော့ ဝိညာဉ်ဖလှယ်တာတို့ လိပ်ပြာပြန်ခေါ်တာတို့လုပ်လို့ရပေမယ့် အခုကတော့ နည်းနည်းနောက်ကျနေပြီကွ”
“ဟာ၊ ဒါဆို မျှော်လင့်ချက် မရှိတော့ဘူးပေါ့နော်”
“ဒီလိုလည်းမဟုတ်သေးဘူးကွ၊ ပြန်ခေါ်လို့တော့ရချင်လည်းရမယ်၊ မရချင်လည်းမရဘူး တစ်ဝက်စီပေါ့”
“ဒါများ ဘာလို့အချိန်ဆွဲနေရသေးသလဲ ဦးကောင်းရာ၊ တစ်ဝက်ရရင်ကိုပဲ ကျုပ်တို့အတွက် အခွင့်အရေးတော်တော်များနေပြီမဟုတ်လား”
ဦးကောင်းက ခေါင်းညိတ်လိုက်ပြီး
“ကံကောင်းထောက်မလို့ မြစ်ကိုမဖြတ်ရသေးဘူးဆိုရင်တော့ သူ့ကိုငါတို့ပြန်ခေါ်နိုင်မှာပါ”
တရုတ်ကြီးဦးတီက
“လူကသေနေပြီလေ ဘယ်လိုလုပ်ပြီးတော့ မြစ်ကိုဖြတ်မှာလဲ”
“လူတွေသေပြီးတဲ့အခါ သူ့ကိုသေမင်းက လမ်းပြခေါ်ဆောင်သွားတယ်၊ တမလွန်မြစ်လို့ခေါ်တဲ့ မြစ်ကိုကူးဖြတ်ပြီးရင် အစစ်အဆေးခံဖို့အတွက် ယမမင်းဆီသွားရလိမ့်မယ်၊ တမလွန်မြစ်ကိုကူးဖြတ်ပြီးတဲ့လူက ဒီဘက်ဘဝကို လုံးဝပြန်မလာနိုင်တော့ဘူး”
“ဒါဆိုလည်း အဲဒီမြစ်က ဘယ်မှာလဲ၊ မြန်မြန်သွားပြန်ခေါ်လေဗျာ”
ဦးကောင်းက ဖထီးအားကြည့်လိုက်ပြီး
“တမလွန်မြစ်ကိုဖြတ်ရမယ့်လမ်းဝက သေဆုံးသွားတဲ့လူရဲ့ နှလုံးသားမှာရှိတယ်လို့ကြားဖူးတယ်၊ သူ့ရဲ့စိတ်နှလုံးသားထဲရောက်အောင် ငါ့ကိုစွမ်းဆောင်ပေးနိုင်မလား ဖထီး”
ဖထီးက ခေါင်းညိတ်ကာ
“ကျုပ်မှာရှိသလောက်အစွမ်းအကုန်သုံးပြီး လုပ်ပေးပါ့မယ်”
ဖထီးကပြောဆိုလိုက်ကာ မယ်ပျင်း၏ နားထင်နှစ်ဖက်ကို လက်ညှိုးနှစ်ချောင်းဖြင့်ထောက်ထားလိုက်သည်။ ပြီးနောက် မျက်လုံးကိုတင်းကြပ်စွာမှိတ်ပြီး
“မယ်ပျင်းရဲ့စိတ်တံခါးပွင့်၊ စိတ်တံခါးပွင့်လိုက်စမ်းဟေ့”
ဖထီးမှာတစ်ကြိမ်ပြီးတစ်ကြိမ်ကြိုးစားသော်လည်း အချည်းနှီးသာဖြစ်နေလေသည်။
“ဖထီးဘယ်လိုဖြစ်တာလဲ”
“လူက သေသွားတာကြာပြီဆိုတော့ စိတ်တံခါးပွင့်ဖို့တော့ တော်တော်ခက်တယ်၊ ဒါပေမယ့် ကျုပ်ကြိုးစားကြည့်အုံးမယ်”
ဖထီးက အံ့ကိုကြိတ်လိုက်ပြီးနောက် မယ်ပျင်း၏စိတ်တံခါးကိုဖွင့်ရန်ကြိုးစားသည်။ ဖထီး၏ နဖူးမှ ချွေးများက ရေချိုးသကဲ့သို့ စီးကျနေသောကြောင့် ဖထီးမည်မျှကြိုးစားနေမှန်းကို သိနိုင်ပေသည်။ အတန်ကြာသည့်အခါမှ
“ရပြီ နည်းနည်းလေးပဲပွင့်၊ ဟုတ်ပြီ နည်းနည်းလေးပဲ ပွင့်လိုက်စမ်း”
ဖထီးမှာ အသံကုန်ဟစ်ပြီးအော်လိုက်ပြန်သည်။ မကြာခင်မှာပင်
“စိတ်တံခါးပွင့်သွားပြီဦးကောင်း၊ မြန်မြန်လုပ် ခင်ဗျားမြန်မြန်ဝင်မှရမယ်”
ဦးကောင်းမှာခေါင်းညိတ်လိုက်ပြီး မယ်ပျင်းပါးစပ်အားဖွင့်လိုက်ကာ ပါးစပ်အတွင်းထည့်ပေးထားသည့် ကူးတို့ခအကြွေစေ့ကို ထုတ်ဖယ်လိုက်လေသည်။ ထို့နောက် သူ၏လက်ဖဝါးအား ဖထီး၏နဖူးထံသို့ပူးကပ်ထည့်လိုက်သည်။ ထို့နောက် မျက်စိအစုံကိုမှိတ်ချလိုက်ပြီး စိတ်ကိုလျှော့ချလိုက်လေရာ ဖထီး၏စိတ်အတွင်းမှတဆင့် မယ်ပျင်း၏စိတ်အစဉ်ထဲသို့ တိုးဝင်သွားလေတော့သည်။
(၃)
“မယ်ပျင်း မင်းမျက်လုံးတွေကိုဖွင့်လိုက်တော့”
မယ်ပျင်းနားထဲတွင် အသံကြားသဖြင့် မျက်လုံးများကိုဖွင့်ကြည့်လိုက်သည့်အခါ လေထန်သည့်ကုန်းကြီးတစ်ခုတွင်ရောက်ရှိနေလေသည်။ ပတ်ဝန်းကျင်တစ်ခွင်မှာ မှိုင်းပြပြကြီးလင်းလက်နေလေသည်။ ထိုကုန်းကြီးထိပ်တွင်တော့ ပေါင်လယ်ခန့်ရှိသည့် မြက်ရိုင်းရှည်များမှာ လေတိုက်သဖြင့် လူးလွန့်ကာယိမ်းနွဲ့နေလေသည်။
မယ်ပျင်း၏ အရှေ့နားတွင်တော့ လူကြီးတစ်ယောက်က မတ်တပ်ရပ်နေသည်။ ထိုလူကြီးမှာ အနက်ရောင်ခေါင်းပေါင်းစကြီးပေါင်းထားပြီး အနက်ရောင်ချည်ကြမ်းအင်္ကျီထည်ကြီးကိုဝတ်ဆင်ထားကာ အောက်တွင်လည်း အနက်ရောင်ပုဆိုးတစ်ထည်ကိုဝတ်ဆင်ထားသည်။ ထိုလူကြီး၏ မျက်နှာနှင့်အသားအရည်များမှာ လူသေကောင်ကဲ့သို့ ဖြူဆွတ်ကာ ပုပ်အက်အက်အရောင်ကြီးဖြစ်နေလေသည်။
“ဦးလေးကြီးက ဘယ်သူလဲ”
“ငါက မင်းကိုလိုက်ပို့ပေးမယ့်သူပေါ့”
ထိုလူကြီးအနောက်သို့ မယ်ပျင်းကလိုက်သွားရသည်။ လေထန်သည့်တောင်ကုန်းကြီးတွင် လေများကတဝူးဝူးတိုက်ခတ်နေပြီး လေသံကြီးများမှာလည်း လေတိုက်သည့်အသံနှင့်မတူဘဲ မကောင်းဆိုးဝါးများအော်ဟစ်ညည်းညူနေကြသည့်အသံနှင့်တူနေသည်။ လေထန်ကုန်းကြီးတစ်နေရာတွင်တော့ ကုန်းဆင်းလမ်းတစ်ခုရှိပြီး ကုန်းဆင်းလမ်းအဆုံးတွင်တော့ အလွန်ကြီးမားသည့် သစ်ခြောက်ပင်ကြီးတစ်ပင်ရှိကာ သစ်ခြောက်ပင်ကြီးအနီးတစ်နေရာတွင် လှေဆိပ်ကလေးတစ်ခုရှိကာ ထိုလှေဆိပ်ကလေးတွင်လည်း လောင်းလှေကလေးတစ်စီးက ဆိုက်ကပ်ထားလေသည်။
အရှေ့မှသွားနေသည့် ဦးလေးကြီးက လှေဆိပ်ကိုတစ်ချက်ကြည့်လိုက်ကာ
“ကူးတို့သမားတောင် ရောက်နေပြီပဲ၊ ငါတို့မြန်မြန်သွားကြမယ်”
ထိုလူကြီးမှာ ကုန်းဆင်းလမ်းအတိုင်းဆင်းချသွားရာ မယ်ပျင်းလည်းအနောက်မှလိုက်လာခဲ့မိသည်။ မကြာမီသစ်ခြောက်ပင်ကြီးအောက်သို့ ရောက်လာခဲ့သည်။ သစ်ခြောက်ပင်ကြီးအောက်တွင် ပိန်ချုံးကာ အရိုးပေါ်အရေတင်ဖြစ်နေသည့် လူကြီးတစ်ဦးက ဆောင့်ကြောင့်ထိုင်နေပြီး လှော်တက်ရှည်ကြီးကို ပုခုံးတွင်ထမ်းထားလေသည်။ သူတို့အနားရောက်သည့်အခါ
“မယ်ပျင်း မင်းသူနဲ့လိုက်သွားရမယ်”
လှော်တက်ထမ်းထားသည့်လူကြီးက မယ်ပျင်းအရှေ့တွင်လက်ကိုဖြန့်လိုက်လေသည်။ အရိုးပေါ်အရေတင်လက်ကြီးက ပိန်ခြောက်ခြောက်နှင့် အရိုးစုလက်ကြီးနှင့်ပင်တူညီလှသည်။
“ပေးလေ”
“ဘာပေးရမှာလဲ”
“ဟိုဖက်ကမ်းကိုရောက်ဖို့ဆိုရင် ကူးတို့ခပေးရမယ်”
“ကူးတို့ခက ဘယ်မှာလဲ”
ထိုအခါ မယ်ပျင်းအားခေါ်လာသည့်လူကြီးက
“မင်းပါးစပ်ထဲမှာ မရှိဘူးလား”
မယ်ပျင်းက ပါးစပ်ဟပြလိုက်ရာ ပါးစပ်အတွင်းမည်သည့်အရာမှရှိမနေပေ၊ ထိုအခါ လှေသမားကြီးနှင့် မယ်ပျင်းအားခေါ်လာသည့် အနက်ရောင်လူကြီးမှာ အံ့အားသင့်သွားလေသည်။
“ကူးတို့ခမရှိရင် မင်းဟိုဖက်ကမ်းကိုကူးလို့မရဘူးနော်”
“မင်းက ဒီဘက်ကမ်းမှာပဲ ဝေ့လည်ဝေ့လည်နဲ့ဖြစ်နေရလိမ့်မယ်”
ထိုအခိုက်သစ်ခြောက်ပင်ကြီးမှာဖြန်းခနဲလှုပ်ခါသွားလေသည်။
“ကူးတို့ခက ဒီမှာပါ”
မယ်ပျင်းလှည့်ကြည့်လိုက်သည့်အခါ မယ်တော်ဖြစ်နေလေသည်၊ မယ်တော်က အကြွေပြားကလေးတစ်ပြားကို ကိုင်ဆောင်လာပြီး လှေသမားလူကြီး၏ လက်အတွင်းသို့ထည့်ပေးလိုက်သည်။
“မင်းအတွက် ကူးတို့ခကို ငါထည့်ပေးလိုက်ပါတယ်မယ်ပျင်း၊ မင်း ဟိုဘက်ကို အေးအေးလူလူရောက်ပါစေ”
လှေသမားဦးလေးကြီးမှာ မယ်ပျင်းလက်ကိုဆွဲလိုက်သည်။ မယ်ပျင်းမှာ ရုန်းကန်ချင်သော်လည်း ရုန်းမရပေ၊ ထို့နောက် လှေကလေးပေါ်သို့ ဆွဲခေါ်တင်သွားကာ လှေကိုလှော်ခတ်လိုက်လေသည်။ မြစ်ရေပြင်ကြီးဟုဆိုသော်လည်း အနီးကပ်ကြည့်သည့်အခါမှ မြစ်ရေပြင်အောက်တွင် မရေမတွက်နိုင်အောင်များပြားသော လူသေကောင်ကြီးများက နစ်မြျုပ်နေကြလျှက် မြောပါနေကြသည်။
မယ်တော်က မယ်ပျင်းအား လက်ပြနှုတ်ဆက်နေပြီးသည့်နောက် ရုတ်ချည်းပျောက်ကွယ်သွားတော့သည်။ မယ်ပျင်းတို့လှေကလေးမှာလည်း ကမ်းစပ်နှင့်အတော်ဝေးဝေးသို့ရောက်နေပြီဖြစ်သည်။
ဦးကောင်းမှာ ထိုတော့မှ အကြွေစေ့ကလေးတစ်စေ့ကိုင်လျှက် လှေဆိပ်သို့ရောက်လာခဲ့သည်။ မယ်ပျင်းအားတင်ဆောင်သွားသည့် လှေကလေးမှာ လှေဆိပ်မှအတော်ပင်လှမ်းနေပြီဖြစ်သည်။
“ဟေ့ ပြန်လာခဲ့၊ လှေကိုပြန်လှည့်လာခဲ့၊ ကူးတို့ခမရှိဘဲ လှေသွားလို့မဖြစ်ဘူးလေကွာ”
ထိုအခါ လှေထိုးသည့်လူကြီးမှာ အနောက်သို့လှည့်ကြည့်ပြီး
“သူ့အတွက်ကူးတို့ခကို တခြားသူတစ်ယောက်က ပေးလိုက်ပြီ”
“ဒါဆိုရင်လည်း ပြန်လာခဲ့၊ ကျုပ်ကိုလာခေါ်၊ ကျုပ်ကိုလာခေါ်ပါအုံး”
“နောက်ကျသွားပြီနောင်ကြီးရေ၊ သူ့ကိုပို့ပြီးတော့မှ နောင်ကြီးကိုလာခေါ်မယ်ဟုတ်ပြီလား”
မယ်ပျင်းက ခြေကားယားလက်ကားယားနှင့်အော်ဟစ်နေသည့် ဦးကောင်းကိုတွေ့သည့်အခါ လှုပ်လှုပ်ရွရွဖြစ်သွားလေသည်။
“ဦးကြီး လှေကိုပြန်လှည့်ပေးပါ”
“ဘယ်တော့မှမရဘူး၊ ငါ့လှေက အသွားပဲရှိတယ်၊ အပြန်ဆိုတာမရှိဘူး”
မယ်ပျင်းမှာလှေပေါ်မှ ထရပ်လိုက်လေသည်။ ထို့နောက် ဟိုဟိုဒီဒီကြည့်နေမိသည်။ လှေသမားကြီးက
“မင်းရေထဲခုန်ဆင်းမယ်တော့ မကြံနဲ့ဟေ့၊ ရေထဲဆင်းလိုက်တာနဲ့ မင်းလည်းဒီလူတွေလို တမလွန်မြစ်ကြောင်းထဲမှာ ထာဝရနစ်မြောနေရလိမ့်မယ်”
ဦးကောင်းမှာ ကြံရာမရတော့သဖြင့် လူအကုန်ခေါ်ရလေသည်။
“ဇော်ဆိုင်းတို့၊ ဦးတီ၊ ရာဗီအကုန်လာခဲ့ကြဟေ့”
ဦးကောင်းခေါ်လိုက်သည်နှင့် ကျန်သည့်ကဝေကြီးများမှာ မယ်ပျင်းအားလက်နှင့်ဝိုင်းထိလိုက်ပြီး စိတ်တံခါးပေါက်ဆီမှတိုးဝင်လာခဲ့ကြလေသည်။ ကဝေကြီးခုနစ်ယောက်အနက် ဖထီးမှလွဲ၍ ကဝေကြီးခြောက်ယောက်တိတိရောက်ရှိလာကြသည်။
“ငါတို့တွေဘယ်လိုလုပ်ကြမလဲ”
ဦးကောင်းမှာ ဘေးဘီသို့ကြည့်လျှက်
“ဟောဟိုသစ်ခြောက်ပင်ကြီးက မြစ်ဘက်ကိုချွန်ထွက်နေတဲ့သစ်ကိုင်းကြီးဆီကိုသွားကြမယ်”
ဦးကောင်းမှာပြောရင်းဆိုရင်း သစ်ခြောက်ပင်ကြီးပေါ်ကိုပြေးတက်သွားသည်။ သစ်ခြောက်ပင်ကြီး၏ ပင်စည်မှာ လူကြီးဆယ်ယောက်ဖက်စာခန့်ကြီးမားပြီး သစ်ကိုင်းကြီးတစ်ကိုင်းတစ်ကိုင်းမှာလည်း လူကြီးနှစ်ဖက်စာခန့်ရှိသဖြင့် လူတစ်ယောက်တက်ပြေးရန်အတွက် မခဲယဉ်းလှပေ၊ ဦးကောင်းပြေးသည့်အနောက်သို့ ကျန်သည့်ကဝေကြီးများမှာလည်း လိုက်လာကြလေသည်။
ဦးကောင်းတစ်ယောက် သစ်ခြောက်ပင်အကိုင်းဖျားသို့ရောက်သည့်အခါ မယ်ပျင်းစီးနင်းနေသည့် လှေနှင့်သိပ်မဝေးတော့ပေ၊ ဦးကောင်းက မယ်ပျင်းကိုကြည့်လျှက်
“သမီး မယ်ပျင်း၊ ပြန်လာခဲ့၊ ဒီထက်နည်းနည်းဆက်သွားမိရင် သမီးပြန်လာလို့ရမှာမဟုတ်တော့ဘူး”
မယ်ပျင်းက လှေထိပ်တွင်ရပ်လိုက်ကာ ရေထဲသို့တစ်ချက်ကြည့်လိုက်သည်။ ပြီးနောက် ထမီကိုဒူးအထက်နားအထိခိုင်ခိုင်ဆွဲဝတ်လိုက်ပြီးနောက် လှေထိုးသမားကြီးဆီသို့တန်းတန်းမတ်မတ်ပြေးလာခဲ့သည်။ လှေထိုးသမားကြီးမှာ မယ်ပျင်းအားကြည့်ရင်း အံ့သြနေမိသည်။
“ဟေ့ ကလေးမ၊ မင်းဘာလုပ်မလို့လဲ”
မယ်ပျင်းမှာ လှေထိုးသမားကြီးကို ကုပ်ဖက်တက်လိုက်ပြီး လှေထိုးသမားကြီး၏ ပုခုံးနှစ်ဖက်ကိုခြေဖြင့်နင်းလျှက် အားယူလိုက်ကာ အနောက်သို့လှည့်၍ ခုန်ထည့်လိုက်တော့သည်။ တစ်ချိန်တည်းမှာပင် ဦးကောင်းကလည်း မယ်ပျင်း၏လက်ကို သစ်ကိုင်းထိပ်ဖျားမှ လှမ်းဆွဲယူလိုက်သည်။
မယ်ပျင်း၏ ခုန်ချက်ကြောင့် ဦးကောင်းလက်နှင့် ထိမိတော့မလိုဖြစ်သွားသော်လည်း လက်တစ်ကမ်းအလိုအရောက်တွင် မယ်ပျင်းခုန်အားမှကုန်ခမ်းသွားပြီး မယ်ပျင်းမှာ မြစ်ရေပြင်အတွင်းသို့ကျဆင်းသွားတော့သည်။ မြစ်ရေပြင်အတွင်းရောက်သည့်အခါ ငြိမ်သက်စွာလဲလျောင်းမြောပါနေကြသည့် လူသေကောင်များမှာ မျက်လုံးကြီးများပွင့်လာကြသည်။ လူသေကောင်များ၏ မျက်လုံးများမှာ မျက်ဆန်များပင်မမြင်ရဘဲ မျက်လုံးများမှာ အနက်ရောင်ချည်းသာဖြစ်နေလေသည်။ မယ်ပျင်းက ရေထဲတွင်ယက်ကန်ယက်ကန်ဖြင့်ကူးခတ်နေရသည်။ လူသေကောင်ကြီးများမှာ မယ်ပျင်း၏ ခြေလက်များကို ဝိုင်းဆွဲကြလေသည်။
မယ်ပျင်းမှာ ရေမျက်နှာပြင်ပေါ်သို့ရောက်အောင် အားသွန်ခွန်စိုက် ကူးခတ်နေရသော်လည်း ရေအောက်မှ လူသေကောင်လက်များက မယ်ပျင်း၏ ခြေထောက်ကိုဆွဲကာ ရေအောက်သို့ ဆွဲနှစ်ယူကြသဖြင့် မယ်ပျင်းမှာ ရုန်းကန်ကူးခတ်သော်လည်း တဖြည်းဖြည်းရေအောက်သို့နစ်မြှုပ်သွားရတော့သည်။
ထိုစဉ် ဦးကောင်းမှာအနောက်သို့ခုန်ဆုတ်လိုက်ပြီး
“ငါ့ခြေထောက်ကို သေသေချာချာဖမ်းဆုပ်ကိုင်ထားကြနော်၊ မင်းတို့မဖမ်းနိုင်ရင်ငါလည်း ဒီမြစ်ထဲမှာ ထာဝရမြောနေရတော့မှာကွ”
ဦးကောင်းက ပြောဆိုလိုက်ပြီးနောက် သစ်ကိုင်းအဖျားမှရေထဲသို့ခုန်ဆင်းသွားလေသည်။ ဦးကောင်း၏ ခြေကျင်းဝတ်ကို ဦးဇော်ဆိုင်းက လှမ်းဆွဲထားလိုက်သည်။ ဦးဇော်ဆိုင်း၏ ခြေထောက်ကို ဦးစိုင်းနော်ကလည်းကောင်း အဆင့်ဆင့်ဆွဲကိုင်ကြပြီး ဦးကောင်းမှာရေအောက်သို့နစ်မြုပ်သွားလေသည်။
ရေအောက်အနက်သို့ရောက်နေသည့် မယ်ပျင်းထံသို့ ဦးကောင်းက တိုးဝင်ရောက်ရှိလာပြီး မယ်ပျင်း၏ လက်နှစ်ဖက်ကိုမိမိရရဖမ်းဆုပ်ထားလိုက်သည်။ ထို့နောက် ကဝေကြီးများက ဦးကောင်းအား အဆင့်ဆင့်ဆွဲတင်ကြသဖြင့် ဦးကောင်းမှာရေပေါ်သို့ပြန်ပေါ်လာသည်။ မြစ်ရေပြင်အတွင်းမှ လက်ကြီးများက မယ်ပျင်းအားဝိုင်းဝန်းဆွဲကြပြန်သေးသည်။ သို့သော် ကဝေကြီးများဆွဲယူသည့်အားက ပိုမိုပြင်းထန်လှသဖြင့် မယ်ပျင်းတစ်ယောက် ကဝေကြီးများလက်အတွင်းသို့ ပြန်လာလိုက်ပါလာခဲ့သည်။
လှေထိုးသမားကြီးမှာ ထိုအဖြစ်ကိုတွေ့ပြီး တစ်ဖက်ကမ်းသို့လှေကိုလှည့်လိုက်သည်။ ပြီးနောက် အသံကျယ်ကြီးဖြင့် တစ်ခုခုကိုအော်ဟစ်လိုက်လေသည်။ ထိုအခါ မြစ်ပြင်ကျယ်ကြီးအတွင်းမှ အလွန်ကြီးမားသည့် ငါးကြီးတစ်ကောင်က ဘွားခနဲပေါ်လာခဲ့သည်။
“မဖြစ်ဘူး၊ အဲဒီငါးကြီးပါးစပ်ထဲရောက်သွားလို့မဖြစ်ဘူး၊ ပြေး . . .ပြေးကြ”
ကဝေကြီးများမှာ မယ်ပျင်းလက်အားဆွဲရင်း သစ်ခြောက်ပင်အကိုင်းကြီးပေါ်မှပြေးလွှားကြလေသည်။ ထိုငါးကြီးမှာ သစ်ခြောက်ပင်အကိုင်းပေါ်တွင် ပြေးလွှားနေသည့် ကဝေကြီးများအား ခုန်ကာဟပ်လေသည်။ ကဝေကြီးများက အပြေးသန်၍သာ တော်သေးသည်။ ထိုငါးကြီးမှာ သစ်ခြောက်ပင်အကိုင်းကြီးကိုသာ ကိုက်ဖြတ်ရယူပြီး ရေအောက်သို့ပြန်လည်ငုပ်လျှိုးဝင်ရောက်သွားသည်။
“ပြေးထားကြဟေ့၊ ကုန်းပေါ်မရောက်ခင်အထိ ဒီကောင်ကြီးလက်က မလွတ်သေးဘူးကွ”
ငါးကြီးမှာရေအောက်သို့ပြန်လည်ငုပ်လျှိုးပြီး တစ်ဖန်ပြန်လည်ပေါ်လာပြန်သည်။ ထိုအခါတွင်လည်း သစ်ခြောက်ပင်ကိုင်းပေါ်ပြေးလွှားနေသည့် ကဝေကြီးများအားလှမ်း၍ ဟပ်ပြန်သည်။ သို့ရာတွင်သစ်ခြောက်ပင်အကိုင်းကြီးကိုသာ ဟပ်မိပြီး ငါးကြီးမှာသစ်ကိုင်းကိုမလွှတ်ဘဲ ကိုက်ခဲထားလေသည်။ ပြီးနောက် သင်္ဘောကြီးတမျှကြီးမားလှသည့် သူ၏ကိုယ်လုံးကြီးအား လွှဲယမ်းလှုပ်ခတ်လေရော သစ်ခြောက်ပင်ကြီးမှာ တဖြန်းဖြန်းလှုပ်ခတ်ပြီး ခါယမ်းနေလေတော့သည်။
“သေချာကိုင်ထားကြဟေ့၊ ကျသွားရင်တော့ မတွေးရဲစရာပဲနော်”
ငါးကြီးမှာ သစ်ပင်ကြီးအားစိတ်တိုင်းကျလှုပ်ခါပြီးသည့်အခါမှ ရေအောက်သို့ပြန်လည်ငုပ်လျှိုးသွားပြန်သည်။ ထိုတစ်ခေါက်တွင်တော့ ကဝေကြီးများမှာ သစ်ခြောက်ပင်ကြီးပေါ်မှတဆင့် မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်နိုင်ခဲ့ကြသည်။ တောင်ကုန်းကြီးပေါ်သို့ အလျှင်အမြန်ပြေးတက်ခဲ့ကြပြီး အနောက်သို့ပြန်လှည့်ကြည့်ကြရာ လှေဆိပ်တွင်မကျေမနပ်နှင့်အော်ဟစ်နေသည့် လှေထိုးသမားကြီးကိုတွေ့လိုက်ရပြီး မြစ်ထဲတွင်လည်း ငါးကြီးမှာ လူးလွန့်ကာကူးခတ်နေလေသည်။
“ဟူး၊ တော်သေးတာပေါ့၊ ကံကောင်းလို့ မသေတယ်”
ကဝေကြီးများမှာ မြက်ခင်းပြင်ပေါ်တွင်လှဲချလိုက်ရင်း အမောဖြေနေကြသည်။ ထိုအခိုက် အနက်ရောင်ဝတ်စုံဝတ်ထားသည့်လူကြီးမှာ ခပ်လှမ်းလှမ်းမှနေ၍ သူတို့အားစိုက်ကြည့်နေလေသည်။ မယ်ပျင်းက ထိုလူကြီးကိုတွေ့သွားသည့်အခါ လက်ညှိုးထိုးရင်း
“ဟိုမှာ ခုနကလူကြီး၊ အနက်ရောင်ဝတ်စုံနဲ့လူကြီး”
ကဝေကြီးများမှာ ထိုလူကြီးထံသို့ကြည့်လိုက်ကြသည်။ ထိုလူကြီးမှာအံကြိတ်ထားရင်း သူ့ကိုယ်မှအနက်ရောင်အခိုးအငွေ့များက တိုးထွက်လာကြသည်။ ပြီးနောက် ထိုလူကြီးမှာလေးဘက်ကုန်းထိုင်ချလိုက်လေရာ လူကြီးတစ်ယောက်အဖြစ်မှ အလွန်ကြီးမားသည့် ခွေးနက်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ကဝေကြီးခြောက်ယောက်မှာ အလွန်အံ့အားသင့်စွာဖြင့် ကြည့်နေစဉ်မှာပင်
“ပြေးဟေ့၊ အဲဒါသေမင်းပဲ၊ သူအကိုက်ခံရရင် မလွယ်ဘူးနော်၊ ပြေးကြဟေ့”
ဦးကောင်းမှာ အော်ဟစ်လိုက်ပြီး စပြေးလေတော့သည်။ ဦးကောင်းအော်သည့်အခါ ကျန်သည့်ကဝေကြီးများလည်း ဦးကောင်းအနောက်သို့ပြေးလိုက်ကြသည်။
“ဖထီးရေ ငါတို့ပြန်မယ်၊ မယ်ပျင်းရဲ့ စိတ်တံခါးပေါက်ကို အမြန်ဖွင့် . . .အမြန်ဖွင့်ဟ”
ဦးကောင်းတို့အနောက်သို့ ခွေးနက်ကြီးက အပြေးလိုက်လာလေသည်။ ဦးကောင်းတို့မှာပြေးလွှားရင်းမကြာခင် သူတို့အရှေ့တွင် အနက်ရောင်စက်ဝိုင်းကြီးတစ်ခုပေါ်ပေါက်လာခဲ့သည်။
“အဲဒါက စိတ်ထွက်ပေါက်တံခါးပဲ အဲဒီထဲကိုအကုန်ဝင်ပြေးကြ၊ ကျန်နေခဲ့တဲ့လူကတော့ ဟိုဘက်ဘဝကိုပြန်မရောက်နိုင်ဘူးလို့သာ မှတ်လိုက်ပေတော့”
ကဝေကြီးများမှာ တံခါးပေါက်အတွင်းသို့ခုန်ဝင်ကြသည်။ ထိုအခါ ခွေးနက်ကြီးမှာသူတို့နှင့်ခပ်နီးနီးသို့ရောက်ရှိလာလေသည်။ ခွေးနက်ကြီးက နောက်ကျနေသည့် ကုလားကြီးရာဗီအား ကိုက်ဆွဲရန်လုပ်သည့်အချိန်မှာပင် မယ်ပျင်းက ပါးစပ်ကိုဖွင့်ကာ အလွန်စူးရှသည့်အသံကြီးနှင့်အော်ဟစ်လိုက်လေသည်။ အသံမှာပျင်းထန်လွန်းလှသဖြင့် ကဝေကြီးများပင် နားများအူထွက်ကာ နားပင်းသွားကြသည်။ အနောက်မှလိုက်လာသည့်ခွေးနက်ကြီးမှာ အကြောများတုန့်ဆိုင်းသည့်နှယ်ဖြစ်သွားပြီး ဆန့်ငင်ဆန့်ငင်ဖြစ်နေလေသည်။ ကဝေကြီးများမှာ အချိန်ဆွဲမနေတော့ဘဲ အပေါက်ကြီးထဲသို့ခုန်ချလိုက်ကြသည်။ နောက်ဆုံးတွင်တော့ မယ်ပျင်းကိုချီပိုးထားသည့် ဦးကောင်းမှာ အပေါက်ကြီးအတွင်းသို့ခုန်ချလိုက်လေတော့သည်။
ကဝေကြီးများအားလုံး အိပ်မက်မှနိုးထလာသကဲ့သို့ နိုးထလာခဲ့သည်။ သူတို့ကိုယ်ခန္ဓာတွင်လည်း ချွေးစေးများက ရေချိုးသကဲ့သို့ စီးကျနေလေသည်။ ကဝေကြီးများအားလုံးမှာ မယ်ပျင်းကိုဝိုင်းကြည့်လိုက်ကြသည်။
“မယ်ပျင်းလည်းငါတို့နဲ့အတူတူပါလာခဲ့တယ်မဟုတ်လား”
“ဟုတ်ပါတယ်၊ ပါလာတာ သေချာပါတယ် ကျုပ်ကိုယ်တိုင် သူ့ကိုထမ်းပြီးခေါ်လာတာပါ”
“ဒါဖြင့် ငါတို့အားလုံးက ပြန်ရောက်နေပြီ သူကဘာဖြစ်လို့ ပြန်မလာသေးတာလဲ”
“မသိဘူးလေ၊ ငါလည်း တစ်ခါမှဒီလိုမကြုံဖူးဘူး”
ဖထီးမှာလည်း အလွန်မောပန်းနေပြီဖြစ်သည်။ ကဝေကြီးဦးကောင်းက
“ဒါနဲ့ တစ်ခုထူးဆန်းတာက မယ်ပျင်းကလေးက မရဏသေမင်းနယ်မြေမှာတောင်မှ စုန်းပညာကို အသုံးချနိုင်တာ မထူးဆန်းဘူးလားကွဲ့”
“ဟုတ်တယ် ဦးကောင်း၊ လူပဲဖြစ်ဖြစ် ဘယ်လောက်အစွမ်းရှိတဲ့လူဖြစ်ဖြစ် မရဏနယ်မြေကိုရောက်တဲ့အခါ အစွမ်းတန်ခိုးတွေအကုန်လုံး ပျောက်ပြယ်သွားတယ်မဟုတ်လား၊ ဒါပေမယ့် မယ်ပျင်းက သေမင်းရဲ့ခွေးနက်ကြီးပြေးလိုက်တဲ့အခါ ပညာတစ်ခုကိုထုတ်သုံးလိုက်ကာ ကျုပ်တို့အမြင်ပဲမဟုတ်လား”
“ဒီကလေးဟာ ထူးတော့ထူးနေပြီကွဲ့”
“မရဏနယ်မြေမှာ ပညာသုံးနိုင်ပုံထောက်ရင်တော့ သူက နိရယခေါ်တဲ့ သေမင်းနယ်မြေနဲ့ဆက်စပ်တဲ့လူတစ်ဦးဖြစ်ရမယ်”
ကဝေကြီးများစကားပြောနေစဉ်မှာပင် မယ်ပျင်းမှာ မျက်လုံးများပြူးကြောင်လျှက်ပွင့်လာလေသည်။ ထို့နောက် လှိုက်ဖိုစွာငိုရှိုက်လျှက် အလွန်မောပန်းနေလေသည်။ ကဝေကြီးများမှာ မယ်ပျင်းအား ဝိုင်းဖက်ထားကြရသည်။
“ဘာမှမဖြစ်ဘူးသမီးလေး၊ ဘာမှမကြောက်နဲ့ ငါတို့တွေရှိတယ်”
မယ်ပျင်းကလေးမှာ တုန်ယင်နေသဖြင့် ဦးကောင်းက ကျောကိုသပ်ပေးနေရသည်။
“သမီးဘယ်တွေရောက်နေတာလဲ၊ အဖေတို့ဖြင့် စိတ်ပူလိုက်ရတာ”
“ကြောက်လိုက်တာ . . . တွင်းနက်ကြီးထဲခုန်ချပြီးတော့ လူကြီးတစ်ယောက်နဲ့တွေ့တယ်၊ အဲဒီလူကြီးက သူလာခဲ့မယ်လို့ပြောနေတယ်၊ သူ့ရုပ်ကြီးမြင်ရတာကြောက်လိုက်တာရှင်”
“ဘာမှဂရုစိုက်မနေပါနဲ့၊ အဲဒါက အိပ်မက်ဆိုးတွေပါ၊ ဘာမှမဖြစ်ဘူးသမီး ဟုတ်ပြီလား”
ကဝေကြီးများမှာ မယ်ပျင်းကလေးကို ပြုစုကြလေသည်။
“သမီး မေမေ့ကိုလွမ်းတယ်၊ သမီးအိမ်ပြန်ချင်တယ်”
ဦးကောင်းက ခေါင်းခါလိုက်ပြီး
“သမီးအိမ်ပြန်လို့မဖြစ်ဘူး၊ အဲဒီအိမ်ဟာ သမီးအတွက်မလုံခြုံတော့ဘူး၊ ပြီးတော့ သမီးလေးက အခုအချိန်မှာ လူတွေအားလုံးက သေသွားပြီလို့ ထင်မှတ်ထားကြတဲ့လူပဲ၊ သမီးမရှိတာက ပိုပြီးလုံခြုံပါတယ်၊ သမီးဟောဒီဂူကြီးထဲမှာပဲ အဖေတို့နဲ့နေရမယ်”
“သမီးအမေ့ကိုလွမ်းတယ်၊ သမီးအိမ်ပြန်ချင်တယ်”
“မဆိုးနဲ့မယ်ပျင်း၊ ဒါတွေအားလုံးက မင်းကောင်းဖို့အတွက်စီစဉ်ခဲ့တာ၊ မင်းက အိမ်မှာဆိုရင်ပညာသင်ယူတဲ့အခါမှာ အခက်အခဲရှိတယ်၊ ဒါကြောင့်မို့ ဒီကျောက်ဂူကြီးထဲမှာပဲ နေရမယ်၊ ငါတို့ခုနစ်ယောက်က တစ်ယောက်ကိုခုနစ်ရက်နဲ့ပညာတွေသင်ပေးပြီးတဲ့အထိ သမီးဒီဂူထဲမှာနေရမယ်”
“ဒါဆို ပညာတွေစုံသွားပြီဆိုရင်တော့ ပြန်လို့ရပြီပေါ့၊ ဟုတ်လား”
ကဝေကြီးများက တစ်ဦးနှင့်တစ်ဦးကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။
“အခုဆို သုံးဦးတိတိပညာသင်ပြီးပြီဆိုတော့ နှစ်ဆယ့်တစ်ရက်ကျော်လွန်သွားပြီ၊ နောက်ထပ်နှစ်ဆယ့်ရှစ်ရက်ထပ်နေပြီးပြီဆိုရင် သမီးဟာပညာစုံသွားပြီ၊ ဒီတော့မှ အိမ်ပြန်လို့ရမယ်”
ဖထီးက မယ်ပျင်းအားပွေ့ဖက်လိုက်ရင်း
“ဖိုးမူလေးရယ် နှစ်ဆယ့်ရှစ်ရက်ဆိုတာ တစ်လတောင်မကြာပါဘူး၊ ဟောဒီဂူကြီးထဲမှာပဲ ဖေဖေတို့နဲ့နေရမယ်နော်၊ ဟုတ်ပြီလား”
မယ်ပျင်းကလေးမှာ မကျေနပ်သော်လည်း ခေါင်းညိတ်လိုက်ရသည်။ ဦးဇော်ဆိုင်းက
“မယ်ပျင်းကလေးကို မယ်တော်က ငြိုးတေးနေတယ်မဟုတ်လား၊ ဒီအတွက် မယ်တော်ရဲ့အာရုံတွေကို ရှောင်လွှဲထားကာမှ တော်ကာကျနိုင်မယ်၊ မဟုတ်လို့ကတော့ မယ်တော်က သူ့ကိုအလွတ်ပေးမှာမဟုတ်ဘူး”
ဦးစိုင်းနော်က
“ဒါကိုတော့ ကျုပ်တာဝန်သာထားလိုက်စမ်းပါ”
ထိုသို့ပြောဆိုပြီး ထန်းလက်ခြောက်ကြီးတစ်လက်ကို မယ်ပျင်း၏အရပ်နှင့်တိုင်းကာ ပိုင်းဖြတ်လိုက်သည်။ ပြီးသည့်နောက် မယ်ပျင်း၏ဆံပင်များကို လက်လေးသစ်ခန့်ဖြတ်တောက်လိုက်ပြီး ထန်းလက်ကြီး၏ထိပ်ဦးတွင်တပ်ဆင်ချည်နှောင်လိုက်သည်။ တစ်ဖန် မယ်ပျင်းဝတ်ဆင်ထားသည့် အင်္ကျီမှ အင်္ကျီစတစ်စကိုလည်းကောင်း၊ မယ်ပျင်းထမီမှ ထမီစတစ်စကိုလည်းကောင်းဆွဲဆုတ်လိုက်ကာ ထန်းလက်ကြီးတွင် စတိသဘောဖြင့် ချည်နှောင်ပေးလိုက်သည်။ ထိုထန်းလက်အလယ်တွင်မီးသွေးခဲဖြင့် မယ်ပျင်းဟုရေးလိုက်ကာ ကျောက်ဂူအပြင်သို့ထုတ်ခဲ့လေသည်။
တစ်တောင်ခန့်တူးဖော်ထားသည့် မြေတွင်းကြီးထဲသို့ ထန်းလက်ကြီးကိုပစ်ထည့်လိုက်ပြီးနောက်
“သမီးလေးမယ်ပျင်းရဲ့ ပထမကိုယ်ဟာ သေဆုံးသွားခဲ့ပြီ”
ထိုသို့ပြောဆိုပြီး ကဝေကြီးများက မြေစာခဲများကိုကောက်ယူကာ ဝိုင်းဝန်းမြှုပ်နှံလိုက်ကြလေသည်။ မယ်ပျင်းမှာ ထိုအဖြစ်ကိုအံ့အားသင့်စွာဖြင့် ကြည့်နေလေသည်။
“ဒါ ဘာလုပ်တာလဲ”
“သမီးကသေသွားပြီဆိုပြီး စတိသဘော မြေမြှုပ်လိုက်တာပေါ့ကွဲ့၊ အခုအချိန်ကစပြီး သမီးကလေးက ရိုးရိုးမယ်ပျင်းမဟုတ်တော့ဘူး သေရွာပြန်မယ်ပျင်း . . . သေရွာပြန်မယ်ပျင်း ဖြစ်သွားပြီကွဲ့”
မယ်ပျင်းအား ကဝေကြီးများက ကျောက်ဂူကြီးအတွင်းသို့ခေါ်ဆောင်လာခဲ့သည်။
“မင်းလုပ်တာက စွမ်းပါ့မလားစိုင်းနော်ရဲ့”
“စွမ်းပါတယ် အနည်းဆုံးခြောက်လကနေ အများဆုံးခြောက်နှစ်အထိ ဒီလူရဲ့အသက်ကို ကွယ်ဖျောက်ထားနိုင်တယ်၊ လူကိုယ်တိုင်တွေ့ပြီး မစမ်းသပ်သရွေ့ မယ်ပျင်းကလေးကို သေနေပြီလို့ပဲ အားလုံးကထင်ယူကြလိမ့်မယ်”
“ကောင်းတာပေါ့ကွယ်၊ ကဲ ရာဗီ၊ မင်းရဲ့အားဆေးတွေနဲ့ မယ်ပျင်းကလေး ထူထူထောင်ထောင်ဖြစ်လာအောင် တိုက်ကျွေးလိုက်စမ်းပါအုံးကွာ”
ကုလားကြီးရာဗီမှာ အမျိုးမျိုးသော ဆေးမြစ်ဆေးဥများကို စားချင်စဖွယ်ပြင်ဆင်ကာ ချက်ပြုတ်ကျွေးလေသည်။