စာစဉ် (၂၄)
(၁)
မယ်ဖော့မှာ မန်ကျည်းကိုးပင်ရွာမှ ထွက်လာခဲ့လေသည်။ လူမှာလည်း ဒယိမ်းဒယိုင်နှင့် မနည်းလမ်းလျှောက်နေရလေသည်။ တစ်ခါတစ်ခါခေါင်းထဲမှ ထိုးထိုးကိုက်သည်မို့ နားထင်နှစ်ဖက်ကိုလက်နှင့်အုပ်ထားရသည်။ ရင်ဘတ်အတွင်း တစ်ဆို့ဆို့ကြီးဖြစ်နေပြန်သည်မို့ ထိုးထိုးအန်နေသေးသည်။ မန်ကျည်းကိုးပင်ရွာသားများမှာ ရွာလယ်လမ်းအတိုင်းလမ်းလျှောက်လာသည့် မယ်ဖော့အား အံ့အားသင့်စွာဖြင့် ငေးကြည့်နေကြသည်။ မယ်ဖော့မှာ ရင်များအလွန်ပူလောင်လာလေသည်။ သို့နှင့် မန်ကျည်းကိုးပင်ရွာအထွက် ရေချိုတွင်းသို့ ရောက်လာခဲ့ကြသည်။ ညနေခင်းမို့ ရွာသူများမှာ ရေခပ်ဆင်းနေကြသည့်အချိန်ဖြစ်သည်။ မယ်ဖော့မှာ မြေပြင်တွင်လဲကျပြီးနောက် တရွတ်တရွတ်နှင့် ရေချိုတွင်းဆီသို့ တွားသွားလာလေသည်။
“အောင်မယ်လေး ပူလိုက်တာ၊ ရေပေးပါ . . . ရေပေးပါရှင်”
မယ်ဖော့မှာပြောဆိုလျှက် ရေတွင်းအနားသို့ရောက်လာလေသည်။ ရွာသူတစ်ဦးက မယ်ဖော့အားပြေးဆွဲလိုက်ပြီး
“အလို၊ ရှင်အဆင်ပြေရဲ့လား၊ ဘာဖြစ်လာတာလဲ”
မယ်ဖော့မှာ ဒေါသထွက်ထွက်နှင့် ထိုမိန်းကလေးအားဆောင့်တွန်းထည့်လိုက်ရာ ထိုမိန်းကလေးမှာ အတောင်သုံးဆယ်ခန့်ကွာဝေးအောင် လွင့်ထွက်သွားပြီးမြေပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။
“ငါရေဆာတယ်လို့ပြောနေတယ်မဟုတ်လား”
အလွန်ကြောက်စရာကောင်းသည့် အသံကြီးနှင့်ပြောသည်မို့ ရေတွင်းတွင်ရေခပ်နေကြသည့် လုံမပျိုများမှာ အော်ဟစ်လျှက်ပြေးလွှားကုန်ကြသည်။ မယ်ဖော့က ရေတွင်းအနီးသို့တိုးကပ်လာပြီး လုံမပျိုများရေခပ်ထားသည့် ရေအိုးများမှာ ရေများကိုအငမ်းမရမော့သောက်လေတော့သည်။ ရေအပြည့်နှင့်ရေအိုးကြီးမှာ မယ်ဖော့သောက်သုံးပြီးသည့်နောက် အကုန်ကုန်စင်သွားသော်လည်း ရင်များပူနေဆဲဖြစ်သည်။ သို့နှင့်ရေအိုးတစ်အိုးပြီးတစ်အိုး သောက်သုံးပြီးသော်လည်း ရင်ပူမရပ်သဖြင့် ရေတွင်းထဲသို့ခုန်ချလိုက်လေတော့သည်။
မန်ကျည်းကိုးပင်ရွာသူများမှာ ရွာသားများကိုပြေးခေါ်ယူပြီးနောက် ရေချိုတွင်းဆီသို့ပြေးလာကြလေသည်။ ရွာသားအချို့မှာလည်း တုတ်များ၊ ဓါးများကို ကိုင်စွဲထားကြသည်။ ရေတွင်းအနီးပတ်လည်တွင် ရှာဖွေသော်လည်း လုံမပျိုများပြောသည့်မိန်းမကိုမတွေ့ပေ၊ နောက်ဆုံးတော့ ရွာသားများမှာ ရေတွင်းထဲသို့ငုံ့ကြည့်ကြသည်။
“ဟာ၊ ဟိုမှာတွေ့ပြီ၊ ရေတွင်းထဲမှာကျနေတာပဲ”
“ဟုတ်ပါရဲ့ကွာ၊ ရေတွင်းထဲက ရေတွေရော ဘယ်မှာလဲကွ”
“ဟုတ်ပါ့ကွာ၊ တို့ရွာရေချိုတွင်းဆိုတာက နွေရာသီတောင်ရေမခမ်းတဲ့ဟာ၊ အခုမှ ဘယ်လိုဖြစ်လို့ရေတွေကုန်သွားတာလဲ”
“အဲဒါတွေပြောမနေစမ်းပါနဲ့၊ ဒီမိန်းကလေး သေသလားရှင်သလားသိရအောင်သူ့ကိုကယ်ထုတ်မှဖြစ်မယ်”
ရွာသားတစ်ဦးမှာ ခါးတွင်ကြိုးကိုချည်လျှက် ရေတွင်းထဲသို့ဆင်းကြည့်လေသည်။ ရေတွင်းအောက်ခြေတွင် ပုံမှန်အားဖြင့် နှုန်းများရှိရမည်ဆိုသော်လည်း ယခုတော့ နှုန်းပင်မရှိတော့ပေ၊ ရေတွင်းအောက်ခြေတွင် ပက်ကြားအက်နေလေသည်။ ရွာသားမှာ ရေတွင်းအောက်သို့ရောက်သည်နှင့် လဲကျနေသည့် မယ်ဖော့အားပြေးထူလိုက်သည်။
“မိန်းကလေး၊ မိန်းကလေး သတိထားပါအုံး”
ရွာသားက မယ်ဖော့ကိုလှုပ်နှိုးသော်လည်း မယ်ဖော့မှာ နိုးမလာပေ။
“ဒုက္ခပဲ၊ သေပြီထင်တယ်”
ရွာသားခေါင်းကုပ်နေစဉ်မှာပင် မယ်ဖော့မျက်လုံးကြီးများမှာ ပြူးကြောင်လျှက်ပွင့်လာလေသည်။ ထို့နောက်ရွာသား၏ လည်ပင်းအားသူ့လက်ဖြင့်ဖမ်းချုပ်လိုက်ပြီးသည့်နောက် ရွာသား၏ လည်ပင်းကို အားကုန် ကုန်းကိုက်ထည့်လိုက်သည်။ လည်ချောင်းသွေးကြောကိုဖောက်ပြီးသည့်နောက် ထိုရွာသားကိုယ်မှသွေးများအား စုပ်ယူလိုက်လေသည်။ မိနစ်ပိုင်းအတွင်းမှာပင် ထိုရွာသားတစ်ကိုယ်လုံး ဖြူဖွေးဆွတ်ကာ သွေးဆုတ်ပြီးသေသွားလေသည်။
“ဟာ၊ လူသွေးသောက်မှ ငါ့ရင်တွေအေးသွားတာပါလား”
မယ်ဖော့က ပြောဆိုပြီးနောက် ရေတွင်းပေါ်သို့မော့ကြည့်လိုက်သည်။ ပြီးသည်နှင့် ရေတွင်းအပေါ်သို့ ဝုန်းခနဲခုန်တက်သွားတော့သည်။ ရေတွင်းထိပ်တွင် ဝိုင်းအုံကြည့်နေသည့် ရွာသားများမှာ မယ်ဖော့လွှားခနဲခုန်တက်လာသည့်အခါ အကုန်လုံးအနောက်ကိုခုန်ဆုတ်ကြလေသည်။ မယ်ဖော့က လေတွင်ပျံဝဲလျှက် သူ့ကိုယ်တွင်ဝတ်စားထားသည့် အဝတ်အစားများကို ဆွဲချွတ်ချလိုက်လေသည်။ မယ်ဖော့၏ ဆံထုံးမှာလည်း ပြေလျော့သွားကာ ဆံပင်များမှာ လေပေါ်သို့လွင့်နေလေတော့သည်။
“နင်တို့ကိုငါသတ်မယ်၊ နင်တို့ရဲ့သွေးတွေကို ငါဖောက်သောက်မယ်”
ရွာသူရွာသားများမှာ မယ်ဖော့ကိုကြည့်ကာ ကြောက်လန့်ပြီးအကုန်ထွက်ပြေးကြတော့သည်။ မယ်ဖော့မှာ ရွာအထွက်လမ်းအတိုင်း ဖက်လိပ်ရွာဘက်သို့ဦးတည်ကာ လှမ်းလျှောက်လာလေသည်။
်မန်ကျည်းကိုးပင်ရွာ အပြင်ဘက်တွင် ထန်းတောတစ်ခုရှိလေသည်။ မယ်ဖော့တစ်ယောက် ဝတ်လစ်စားလစ်ဖြင့် ထန်းတောအနီးမှဖြတ်သွားသည့်အခါ ထန်းတောအတွင်းမှထွက်လာသည့် ယစ်ထုပ်ကြီးများနှင့်တွေ့လေသည်။ ယစ်ထုပ်ကြီးများမှာလည်း ထန်းရည်အတော်မူးနေပြီမို့ အဝတ်အစားမဲ့သည့်မိန်းကလေးတစ်ဦးကိုတွေ့သည့်အခါ ပယောပရီလုပ်ရန်အတွက် အနားသို့တိုးကပ်လာခဲ့ကြသည်။
မယ်ဖော့အားတွေ့သည့်အခါ ထန်းရည်သမားငါးယောက်က ဝန်းရံံလိုက်ကြပြီးနောက်
“ဒီကနှမကလေးက အဝတ်အစားသာမပါတာ အချောကလေးပဲကွ”
“ဟေ့ကောင်ပွကြီး၊ ဒီမိန်းကလေးကြည့်ရတာ စိတ်မနှံ့ဘူးထင်ပါရဲ့ကွာ”
ပွကြီးဆိုသူက ပြီတီတီရယ်မောလိုက်ကာ
“ငါတို့က စိတ်နှံ့တာမနှံ့တာကို လိုချင်တာမဟုတ်ဘူးကွ၊ ကိုယ်နှံ့ရင်ရပြီ ကိုယ်နှံ့ရင်ရပြီ ဟား ဟား ဟား”
ပွကြီးကပင် မယ်ဖော့အနီးသို့တိုးကပ်သွားလိုက်ကာ
“ဒီကနှမကလေးက ဘယ်သွားမလို့တုန်း”
မယ်ဖော့မှာ အသံကွဲကြီးနှင့်
“ဖက်လိပ်ရွာ”
ခပ်ပြတ်ပြတ်သာပြန်ဖြေလိုက်သည်။ ပွကြီးမှာပိုမိုနီးကပ်လာကာ
“ဖက်လိပ်ရွာဆိုရင် တော်တော်ဝေးသေးတာပဲ၊ နှမကလေး ခြေကျင်သွားရင် ဟိုရောက်တော့မိုးချုပ်နေမှာပေါ့၊ အကိုကြီးအိမ်ကိုလိုက်ခဲ့နော်၊ နှမကလေးကို အကိုကြီးအိမ်မှာ တစ်ညလောက်ပြုစုပါရစေ၊ မနက်မိုးလင်းတော့ အကိုကြီးက လှည်းနဲ့လိုက်ပို့ပေးမှာပေါ့ မဟုတ်ဘူးလား”
ပြောရင်းဆိုရင်းပွကြီးက မယ်ဖော့ပုခုံးကိုဆွဲဖက်လိုက်လေသည်။ ထိုအခါ မယ်ဖော့က မီးဟုန်းဟုန်းတောက်နေသည့် မျက်လုံးများဖြင့် ပွကြီးအားစူးစိုက်ကြည့်လိုက်ပြီးနောက် ပွကြီး၏ လည်ပင်းကိုလက်ဖြင့်ဆုပ်ကိုင်ကာ လေပေါ်မြှောက်တင်လိုက်လေသည်။ ပွကြီးမှာ ခြေကားယားလက်ကားယားဖြင့် လေပေါ်သို့မြောက်တက်သွားကာ ခြေထောက်နှင့်မြေကြီးလွတ်သွားလေသည်။ ထန်းရည်သမားတစ်သိုက် အံ့သြနေစဉ်မှာပင် မယ်ဖော့၏ ပါးစပ်မှာပွင့်ထွက်သွားပြီးနောက် ပါးစပ်အတွင်းမှ အနက်ရောင်တီကောင်ကြီးတစ်ကောင်နှင့်တူသည့် လက်တံကြီးတစ်ခုမှာထွက်လာကာ ပွကြီး၏ရင်ဘတ်ဆီသို့တိုးကပ်လာလေသည်။ ထိုလက်တံကြီး၏ထိပ်အဝဘက်တွင် သွားကြီးငါးချောင်းပါဝင်ကာ ထိုသွားငါးချောင်းအလယ်တွင်တော့ အခေါင်းပေါက်ကြီးတစ်ခုပါလေသည်။ လက်တံကြီးမှာ ပွကြီးရင်ဘတ်သို့ထိုလိုက်သည်နှင့် သွားကြီးငါးချောင်းဖြင့် ရင်ဘတ်ကိုထိုးစိုက်ခွဲချလိုက်ကာ ပွကြီးနှလုံးမှသွေးများကို လက်တံကြီးက တဂွက်ဂွက်ဖြင့်စုပ်ယူလေသည်။ ပွကြီးတစ်ကိုယ်လုံးရှိသွေးကြောများမှာ အသားအတွင်းသို့တိုးဝင်နစ်မြှုပ်သွားပြီး ပွကြီးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးကုန်ကာ ဆွတ်ဆွတ်ဖြူလျှက် သေဆုံးသွားလေသည်။ ပွကြီးထံမှသွေးကုန်သွားသည့်အခါ လက်တံကြီးမှာ မယ်ဖော့ပါးစပ်အတွင်းသို့ ပြန်လည်တိုးဝင်သွားသည်။
ထန်းရည်သမားများမှာ ထိုအဖြစ်ကိုကြည့်ရင်း အလွန်ထိတ်လန့်တုန်လှုပ်သွားကြပြီး ခြေဦးတည့်ရာထွက်ပြေးကြတော့သည်။ ထိုအခါ မယ်ဖော့မှာ မြေကြီးပေါ်သို့ခြေထောက်ဖြင့်ဆောင့်လိုက်သည့်အခါ သူ၏ခြေထောက်များအတွင်းမှ အနက်ရောင်တီကောင်ကြီးများ မြောက်မြားစွာထွက်ပေါ်လာကာ ထွက်ပြေးကြသည့် ထန်းရည်သမားလေးယောက်ကို ဆွဲငင်ဖမ်းဆီး ချုပ်နှောင်လိုက်လေသည်။ ပြီးသည့်အခါ ထိုလူများထံမှ သွေးများကိုစုပ်ယူစားသုံးတော့သည်။ ထိုလူများထံမှ သွေးများကုန်သွားသည့်အခါ မယ်ဖော့မှာတစ်ချက်ကြုံးဝါးလိုက်လေသည်။
“သွေးတွေလိုသေးတယ်၊ ငါ့အစွမ်းတွေအတွက် သွေးတွေအများကြီးလိုနေသေးတယ်”
အချိန်မှာ ညနေစောင်းပြီး မိုးချုပ်လုပြီဖြစ်သည်။ ထိုစဉ် ထန်းတောထဲမှ ထမီရင်လျားဖြင့် အမျိုးသမီးတစ်ယောက်က ပြေးထွက်လာလေသည်။ ထိုအမျိုးသမီးမှာ အသက်ငါးဆယ်ခန့်ရှိပြီဖြစ်ပြီး ခန္ဓာကိုယ်မှ ၀၀ဖိုင့်ဖိုင့်နှင့်ဖြစ်ကာ ဆံပင်ကိုလည်း ဘီးတစ်ချောင်းဖြင့်ပတ်ကာထုံးဖွဲ့ထားသည်။
“ဟဲ့ စုန်းမ၊ နင်ကများ ငါတို့ရွာမှာလာပြီး စုန်းအတတ်နဲ့မော်ကြွားချင်တာလား”
ထိုမိန်းမကြီးက မယ်ဖော့ကိုတားဆီးလိုက်လေသည်။ တစ်ချိန်တည်းမှာပင် မယ်ဖော့အနီးကောင်းကင်ထက်တွင် ကျီးကန်းများအုပ်ဖွဲ့ကာ လှည့်ပတ်ပျံသန်းနေကြလေသည်။ ထိုကျီးကန်းများမှာ မကြာခင် မြေပြင်ထက်သို့ဆင်းသက်ကာရပ်နားလိုက်ကြသည်။ မြေကြီးနှင့်ထိလိုက်သည်နှင့် ကျီးကန်းများမှာ လူများအဖြစ်ပြောင်းလဲသွားကြသည်။ လူငါးဦးက မယ်ဖော့အား ပတ်ပတ်လည်ကာ ဝိုင်းလိုက်ကြသည်။ လူငါးဦးအနက် ယောက်ျားကြီးများ၊ မိန်းမကြီးများ အစုံပါဝင်သည်။ ထိုအထဲမှ အသက်ခပ်ကြီးကြီးယောက်ျားကြီးတစ်ယောက်က ခါးထောက်လျှက်
“ဟဲ့ စုန်းမ၊ ညည်းဟာညည်းဘယ်လောက်စွမ်းစွမ်း ငါတို့ရွာမှာလာပြီး ရွာသားတွေကိုအလဟဿတိုက်ခိုက်တာကိုတော့ ငါတို့မန်ကျည်းကိုးပင်ရွာစုန်းအသင်းက လက်မခံနိုင်ဘူးအေ့၊ ဒီတော့ နင်ငါတို့ကိုပြန်တောင်းပန်ရမယ်၊ မဟုတ်ရင် နင်ငါ့တို့အဆိုးမဆိုနဲ့”
မယ်ဖော့က ဘာမှမပြောဘဲ ထိုလူများကိုဆက်သာကြည့်နေလေသည်။
“အောင်မာ၊ နင်လူစကားနားမလည်ဘူးလားစုန်းမ၊ နင်အခုပြန်တောင်းပန်ရင်တောင်းပန်၊ မဟုတ်ရင်တော့ နင့်ကိုငါတို့ဝိုင်းဖမ်းပြီး နင့်စုန်းပညာရပ်တွေကို ဖျက်ဆီးပစ်မယ်”
မယ်ဖော့က အလွန်ရယ်စရာကောင်းသည့် ဟာသတစ်ပုဒ်ကိုကြားလိုက်ရသကဲ့သို့ အူလှိုက်သည်းလှိုက်ဖြင့် တဟားဟားရယ်မောလေသည်။ ထိုစဉ် မိန်းမကြီးတစ်ဦးက သူ့ခေါင်းမှဆံထိုးတစ်ချောင်းကိုဖြုတ်လျှက် မယ်ဖော့အား ပစ်ခတ်လိုက်လေသည်။ ထိုဆံထိုးတွင်လည်း စုန်းပညာရပ်များပါဝင်နေလေရာ သာမန်လူတစ်ဦးအနေဖြင့် ထိုဆံထိုးနှင့်ထိုးမိလိုက်လျှင်ပင် တစ်ကိုယ်လုံးအရည်ပျော်ကျသွားနိုင်ပေသည်။ သို့သော် မယ်ဖော့က သူ့လက်အတွင်းမှ လက်တံကြီးများကိုထုတ်ယူလိုက်ကာ ထိုဆံထိုးကိုဖမ်းယူပြလိုက်သည်။ ပြီးသည့်အခါ အနားတွင်ရှိနေသည့် အခြားစုန်းတစ်ဦးအား ဆံထိုးနှင့်ပေါက်ထည့်လိုက်ရာ ထိုစုန်းမမှာထိမှန်သွားပြီး လွင့်ထွက်သွားတော့သည်။
စုန်းများမှာ မယ်ဖော့အား အထင်မသေးရဲတော့ပေ၊ သို့နှင့် စုန်းလေးဦးအပြိုင်တိုက်ခိုက်မည်ဟု ပြုစဉ်မှာပင် မြေကြီးအောက်မှ အနက်ရောင်တီကောင်ကြီးများတိုးထွက်လာကြပြီး ထိုစုန်းများအားရစ်ပတ်ချုပ်နှောင်ကာ ပါးစပ်ကြီးများနှင့်ကိုက်ခဲလျှက် သွေးများကိုစုပ်ယူကြသည်။
“စုန်းသွေးက ပိုကောင်းသားပဲ၊ နင်တို့စုန်းတွေအကုန်လုံးရဲ့ သွေးတွေကို ငါဖောက်သောက်ပစ်မယ်ဟေ့”
စုန်းငါးယောက်ကိုသတ်ဖြတ်လိုက်ပြီး သွေးစုပ်ပြလိုက်သည့်အခါ မန်ကျည်းကိုးပင်ရွာစုန်းအသင်းမှ စုန်းများလည်း အရှေ့သို့ဆက်တိုးမလာရဲတော့ဘဲ ကျီးကန်းများအဖြစ်နှင့် ကစဉ့်ကလျားပျံသန်းသွားကြလေတော့သည်။ မယ်ဖော့ကမူ လက်တံကြီးများကိုပင် ပြန်မသိမ်းတော့ဘဲ ဖက်လိပ်ရွာဆီသို့ တီကောင်ကြီးတစ်ကောင်နှယ် တွားသွားနေတော့သည်။
မယ်တော်မှာ ရွှေချထားသည့် သလွန်ကြီးပေါ်တွင် ထိုင်နေရာ မယ်ဖော့အဖြစ်ကို အမြင်အာရုံလွှင့်၍ ကြည့်နေလေသည်။ အရာအားလုံးကို မြင်တွေ့ပြီးသည့်နောက် မယ်တော်မှာ မျက်လုံးကိုပြန်ဖွင့်လိုက်သည်။
“မင်းရဲ့အမုန်းတရားတွေက မင်းရဲ့သွေးတွေကိုအဆိပ်သင့်စေခဲ့တာပဲ မယ်ဖော့၊ ငါက မင်းကိုစုန်းအဖြစ်ပညာပေးလိုက်ပေမယ့် မင်းရဲ့အမုန်းတရားတွေက ကြီးမားလွန်းလို့ မင်းက သွေးစုပ်မိစ္ဆာကြီးတစ်ကောင်တောင် ဖြစ်သွားပါရောလား”
ထိုစဉ်မှာပင် မယ်တော်၏ နန်းဆောင်အတွင်းသို့ တောကျီးကန်းတစ်ကောင်က လေသာပြတင်းပေါက်မှတဆင့်ပျံသန်းဝင်ရောက်လာကာ မယ်တော်ထိုင်နေသည့် ကြမ်းပြင်ပေါ်တွင်ရပ်နားလိုက်သည်။ ကျီးကန်းမှာ မကြာခင်လူကြီးတစ်ယောက်အဖြစ်ပြောင်းလဲသွားတော့သည်။
“မယ်တော့်ကို အရေးကြီးတဲ့ကိစ္စတစ်ခု တိုင်တန်းစရာရှိလို့ပါ”
“ပြောစေ”
“မန်ကျည်းကိုးပင်ရွာစုန်းအသင်းကို အမျိုးအမည်မသိ၊ ဇာတိမသိတဲ့ စုန်းတစ်ယောက်က အကြောင်းမဲ့တိုက်ခိုက်သတ်ဖြတ်သွားပါတယ် မယ်တော်”
“မင်းတို့ဟာက ဟုတ်ရောဟုတ်ရဲ့လားကွဲ့”
“ဟုတ်ပါတယ်မယ်တော်၊ ကျွန်တော်တို့ မယ်တော်ကိုမလိမ်ဝံ့ပါဘူး”
“အင်းလေ၊ ဒီညတော့ရှိစေတော့ မနက်ဖြန်မနက်ရောက်တဲ့အခါကစပြီး ဒီကိစ္စကို ငါစုံစမ်းတော်မူမယ်”
ထိုလူကြီးက မယ်တော်ကိုတစ်ချက်မော့ကြည့်ပြီး
“မယ်တော်ဘုရား၊ ဒီကိစ္စက အချိန်ဆွဲနေလို့ မသင့်ဘူးထင်ပါတယ်၊ အခုချက်ချင်း ဆောင်ရွက်ကာမှ တော်ခါကျပါမယ် မယ်တော်”
ထိုအခါ မယ်တော်မှာ အမျက်ချောင်းချောင်းထွက်သွားပြီး သလွန်ပေါ်မှ မတ်တပ်ထရပ်လိုက်လေသည်။
“ဟဲ့ မောင်တိုး၊ မင်းကမယ်တော်လား ငါကမယ်တော်လား”
မောင်တိုးဆိုသည့်လူကြီးမှာ ဘာမှမပြောဝံ့တော့ပေ။
“မင်းလိုစုန်းအဆင့်က ငါ့လိုမယ်တော်ကိုလာပြီး ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါလို့ အမိန့်ပေးလို့ရမယ်ထင်နေသလား”
“မ . . . မထင်ပါဘူး မယ်တော်”
“မင်းကိုငါစကားကုန်ပြောပြီးပြီ၊ ဒီကိစ္စကို မနက်ဖြန်မနက် နေထွက်တာနဲ့ ငါကိုယ်တိုင်စုံစမ်းမယ်လို့ ပြောထားတယ်မဟုတ်လား၊ မင်းငါ့နန်းဆောင်ကနေ ပြန်သင့်ပြီထင်တယ်”
“ပြန်ပါ့မယ် မယ်တော်”
မောင်တိုးဆိုသည့်လူက ထထွက်သွားရန်ပြင်သည်။
“နေအုံး မင်းကိုအစကတော့ ဒီအတိုင်းပြန်လွှတ်မလို့ပဲ၊ ဒါပေမယ့် မင်းက ငါ့ကိုဟိုလိုလုပ်သင့်တယ် ဒီလိုလုပ်သင့်တယ်နဲ့ ငါ့ကိုစော်ကားမော်ကားပြောခဲ့တာကြောင့်မို့ မင်းကိုဒဏ်ခတ်မယ်မောင်တိုး၊ မင်းရဲ့ပါးစပ်က စကားတစ်လုံးတစ်ပါဒမှ မပြောနိုင်ပဲ ခြောက်လတိတိ မင်းနှုတ်ကိုငါ အာစေးထည့်ပေးလိုက်မယ် လာလေရော့”
မယ်တော်ကပြောဆိုပြီး မောင်တိုးကိုလက်ညှိုးထိုးလိုက်သည့်အခါ မောင်တိုးပါးစပ်မှာ အသံတိမ်ဝင်သွားသည်။ မောင်တိုးက သူ့လည်ပင်းကို သူညှစ်ပြီး ကြောက်လန့်တကြားအော်ဟစ်သော်လည်း မည်သည့်အသံမှထွက်မလာဘဲရှိနေလေသည်။ မယ်တော်က မောင်တိုးအဖြစ်ကိုကြည့်ကာ တဟားဟားနှင့်ကျေနပ်စွာရယ်မောပြီးနောက် မောင်တိုးရင်ဝအားခြေထောက်ဖြင့်ကန်ထည့်လိုက်ရာ မောင်တိုးတစ်ယောက်အနောက်ပြန်လိမ့်ပြီး ဘောလုံးတစ်လုံးသဖွယ်ဖြစ်ကာ နန်းဆောင်အတွင်းမှ ပြုတ်ကျသွားလေတော့သည်။
“မှတ်ထား၊ မယ်တော်ကို မိချောင်းမင်းရေခင်းပြစရာမလိုဘူး၊ ငါအကုန်သိတယ်၊ ငါအကုန်တတ်တယ်၊ ငါ့ကိုဝေဖန်တဲ့လူမှန်သမျှ သေရင်သေ မသေရင်လည်း ဒုက္ခိတဖြစ်စေရမယ်ဟေ့”
မယ်တော်၏ ကြိမ်းဝါးသံမှာ နန်းဆောင်အတွင်းပျံ့လွင့်နေလေတော့သည်။
(၂)
မယ်ပျင်းမှာ နေပြန်ကောင်းသွားပြီဖြစ်သော်လည်း စုန်းပညာစွမ်းအင်များအလွန်အကျွံထုတ်သုံးလိုက်ရသဖြင့် လွန်စွာမှအားနည်းနေလေသည်။ သူကြီးဦးရွှေမောင်ကိုယ်တိုင် မယ်ပျင်းကလေးအား အားရှိစေမည့် ပျားရည်၊ ကြက်ဥ၊ ငှက်ပျောသီးများကို ကျွေးမွေးကာ အရိပ်တကြည့်ကြည့်နှင့်စောင့်လျှောက်နေလေသည်။ ညနေစောင်း သက်ငယ်ခေါင်းချသည့်ကြက်တွန်သည့်အခါ မမယ်ဖြူမှာ မယ်ပျင်းအား စောစောအိပ်ရာဝင်စေကာ သူကိုယ်တိုင်လည်း မယ်ပျင်းကလေးအနီးတွင်စောင့်ကြပ်အိပ်လေသည်။ ကြီးဒေါ်ရှင်မှာ သူ့အိမ်နှင့်သူကြီးအိမ်သို့ ခေါက်သွားခောက်ပြန်လုပ်ကာ နေထိုင်သဖြင့် ညစဉ်မစောင့်ကြပ်နိုင်သောကြောင့်ဖြစ်သည်။
မမယ်ဖြူပေါ်မလာသည့်အတွက် ညအိပ်ချိန်တွင် သူကြီးဦးရွှေမောင်မှာ မယ်ပျင်းအိပ်သည့်အခန်းသို့ရောက်လာခဲ့လေသည်။ မမယ်ဖြူမှာ သူကြီးရောက်လာသဖြင့် အလွန်အားနာနေလေသည်။
“ဘယ်လိုဖြစ်လို့ ဒီအထိလိုက်လာရတာလဲ အကိုကြီးရယ်၊ ကိုယ့်အခန်းမှာကိုယ် အိပ်ရောပေါ့”
သူကြီးဦးရွှေမောင်က ပြုံးလျှက် မယ်ပျင်းကလေးဘေးနားတွင်ဝင်ထိုင်သည်။
“မယ်ပျင်းကလေးကို စိတ်ပူလို့ပါ မယ်ဖြူရဲ့”
မမယ်ဖြူမှာ သူကြီးအားကြည့်ကာ ပြုံးလိုက်ရင်း
“ဘာလဲ အကိုကြီးက နှမကလေးမရှိရင် အိပ်မပျော်လို့ ဒီအထိရောက်လာတာမဟုတ်လား”
သူကြီးမှာ ရှက်ပြုံးပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။
“အကိုကြီးရယ်၊ တစ်ညတစ်လေပဲ တစ်ယောက်တည်းအိပ်လိုက်ပေါ့၊ သမီးကလေးကို မျက်စိဒေါက်ထောက်ပြီး စောင့်ကြည့်ရမယ်လို့ အကိုကြီးပဲ တစ်အိမ်လုံးကလူတွေကို အမိန့်ပေးထားတာမဟုတ်ဘူးလား”
သူကြီးမှာခေါင်းကုပ်လျှက်
“ကိုယ်ပေးမိတဲ့အမိန့်ကြောင့် ကိုယ်ပြန်ပြီးဒုက္ခရောက်ရတယ်ဆိုတာ ဒါကိုပြောတာဖြစ်မယ်”
“ကဲပါအကိုကြီးရယ်၊ အကိုကြီးအခန်းထဲပြန်ပြီးသွားအိပ်လိုက်ပါတော့၊ အကိုကြီးမအိပ်တတ်ရင်လည်း မိနှဲနဲ့မိသေးရှိတာပဲမဟုတ်ဘူးလား”
“သူတို့ရှိတာဘာလုပ်ရမှာလဲ၊ အကိုကြီးက သူတို့ကိုလိုချင်တာမှမဟုတ်တာ၊ အကိုကြီးလိုချင်တာက ဟောဒီက မယ်ဖြူ့ကို”
မမယ်ဖြူမှာရှက်ပြုံးပြုံးပြီး
“အကိုကြီးကလေ ရွာသားတွေအရှေ့မှာတော့ ဦးဆောင်ဦးရွက်လုပ်တဲ့ သူကြီးတစ်ယောက်ဆိုပေမယ့် နှမနဲ့တွေ့တော့ ကလေးလေးတစ်ယောက်လိုပါပဲလား”
“လူတွေက ကိုယ်ချစ်ခင်တဲ့သူ၊ ကိုယ်အားကိုးတဲ့သူရဲ့အရှေ့ရောက်ရင် ကလေးလိုဖြစ်သွားတတ်ကြတယ်တဲ့၊ အဲဒီစကားကို နှမကလေး မကြားဖူးဘူးလား”
ပြောရင်းဆိုရင်း သူကြီးမှာထိုင်နေရာမှထလာကာ မမယ်ဖြူဘေးနားသို့ဝင်ထိုင်လိုက်ပြီး မမယ်ဖြူအားပွေ့ဖက်လိုက်လေသည်။
“အကိုကြီးနော် အသက်ကြီးမှ တော်တော်ဆိုး . . . ဟွန်း”
“နှမကလေးမယ်ဖြူကို သိပ်ချစ်လွန်းလို့ပါမယ်ဖြူရဲ့”
“တိုးတိုးပြောပါ အကိုကြီးရယ်၊ သမီးလေးနိုးသွားပါအုံးမယ်”
“ဒီလိုလုပ်ပါလား မယ်ဖြူရယ်၊ မယ်ပျင်းကလေးလည်း အိပ်နေပြီပဲမဟုတ်လား၊ ဒီတော့ မယ်ပျင်းကလေးကို မိနှဲနဲ့မိသေးကိုအစောင့်ခိုင်းထားပြီး မယ်ဖြူက အကိုကြီးအခန်းကိုလာခဲ့ပေါ့”
“မဖြစ်ပါဘူးအကိုကြီးရယ်၊ မိနှဲနဲ့မိသေးဆိုတာက သိပ်ပြီးအိပ်ပုတ်ကြီးတဲ့ဟာတွေ၊ နမော်နမဲ့လဲ သိပ်နိုင်တာပဲ၊ သူတို့နဲ့သမီးလေးကို ဘယ်လိုလုပ်ပြီးစိတ်ချလက်ချ ထားခဲ့နိုင်မှာလဲ”
“ဒါဖြင့်ရင်လည်း မယ်ပျင်းကလေးကို အကိုကြီးအခန်းထဲကိုခေါ်ခဲ့မယ်ဆိုရင်ရော”
မမယ်ဖြူက ခေါင်းညိတ်လိုက်သည့်အတွက်သူကြီးဦးရွှေမောင်မှာ အိပ်ပျော်နေသည့် မယ်ပျင်းကိုပွေ့ချီလိုက်ကာ အပြင်သို့ထွက်လာခဲ့သည်။ လျှောက်လမ်းအတိုင်းလျှောက်လှမ်းလာစဉ်မှာ လှေကားထိပ်နားအရောက်တွင်
“ရှင်တို့သားအမိသားအဖတွေ တော်တော်ပျော်နေကြတယ်ပေါ့၊ ဟုတ်လား”
အသံကြားရာသို့ လှည့်ကြည့်လိုက်သည့်အခါ အဝတ်အစားမပါသည့် မယ်ဖော့ကိုတွေ့လိုက်ကြရလေသည်။ သူကြီးမှာ အလွန်အံ့အားသင့်သွားပြီး
“ဟင် မယ်ဖော့၊ မင်းဘယ်လိုဖြစ်လို့ ပြန်ရောက်လာတာလဲ၊ အစောင့်တွေ . . . အစောင့်တွေ”
သူကြီးဦးရွှေမောင်အော်လိုက်သဖြင့် အိမ်တော်စောင့်များမှာ လှေကားမှပြေးတက်လာကြသည်။ သူကြီးအိပ်ခန်းအနီးတွင်စောင့်ကြပ်နေသူများမှာလည်း လှေကားထိပ်သို့ပြေးထွက်လာကြလေသည်။ အစောင့်များက မယ်ဖော့အား ဓါးလှံလက်နက်များဖြင့်ချိန်ရွယ်လျှက် ဝိုင်းရံထားကြသည်။
“မယ်ဖော့၊ မင်းကိုဒီရွာကိုခြေမချနဲ့လို့ ငါအမိန့်ထုတ်ထားတာကို မင်းမေ့နေပြီလား”
မယ်ဖော့က သူကြီးအမေးကိုပြန်မဖြေဘဲ မမယ်ဖြူကိုစိုက်ကြည့်လိုက်ပြီး
“ကောင်မ၊ ညည်းဖြစ်ချင်တာ ဒီလိုမဟုတ်လား၊ ဒီလိုမျိုးဖြစ်ချင်လို့ ငါနဲ့ငါ့သားကို အကြောင်းအမျိုးမျိုးရှာပြီး အိမ်ကနေ နှင်ထုတ်ခဲ့တာမဟုတ်လား”
မမယ်ဖြူမှာလည်း မယ်ဖော့အားကြည့်လျှက်
“မယ်ဖော့၊ ညည်းလိုရာဆွဲမတွေးနဲ့၊ ငါက ညည်းတို့သားအမိထွက်သွားရပါစေဆိုပြီး စိတ်ထဲတစ်ခါမှတောင်မကြံဖူးဘူး၊ ညည်းသာ ငါတို့သားအမိသေအောင်လို့ နည်းအမျိုးမျိုးနဲ့ အကောက်ကြံခဲ့တာ ငါမသိဘူးမှတ်နေသလား”
မယ်ဖော့မှာ ဆံပင်များကိုလက်နှင့်ဆွဲရင်း အသံသေးအသံကြောင်ဖြင့်တစ်ချက်အော်ထည့်လိုက်သည်။
“မဟုတ်ဘူး၊ ဒီလိုမဖြစ်ရဘူး၊ ဒါငါ့အိမ်၊ ထွက်သွားချင်းထွက်သွား နင်တို့ပဲထွက်သွားရမှာ၊ နင်တို့သားအမိပဲထွက်သွားရမှာ”
မယ်ဖော့မှာ ပြောဆိုရင်း ခေါင်းငိုက်စိုက်ကျသွားသည်။ သူကြီးဦးရွှေမောင်က အိမ်တော်စောင့်များကို မျက်စပစ်ပြလိုက်လေရာ အိမ်တော်စောင့်များက မယ်ဖော့အားဖမ်းချုပ်ရန်အတွက် အရှေ့သို့တိုးလာခဲ့ကြသည်။
ထိုအခါ မယ်ဖော့၏ကျောကုန်းအတွင်းမှ လက်တံကြီးများထွက်လာကြကာ အနားသို့ကပ်လာသည့် အစောင့်ခြောက်ဦး၏ ရင်ဝကိုထိုးဖောက်ဝင်ရောက်သွားကြလေသည်။ အစောင့်ခြောက်ဦးမှာ တဆတ်ဆတ်တုန်ယင်သွားကာ မယ်ဖော့လက်တွင်သေဆုံးကုန်လေသည်။ မယ်ဖော့မှာ ခေါင်းကိုပြန်လည်မတ်လိုက်သည့်အခါ မျက်လုံးများမှာ အနီရောင်စူးစူးရဲရဲလင်းလက်နေလေသည်။
“ဒီနေ့ဟာ အားလုံးဇာတ်သိမ်းတဲ့နေ့၊ ငါတို့အားလုံးသေရင် ဒါတွေပြီးပြီ၊ တို့အားလုံးသေရင် ဒါတွေအကုန်ပြီးပြီဟေ့”
သူကြီးမှာ ချာခနဲလှည့်ပြေးလေသည်။ ထိုအခိုက် မယ်ဖော့က လက်မောင်းများအတွင်းမှ တီကောင်လက်တံပျော့ကြီးများကိုထုတ်လိုက်ကာ သူကြီးနှင့်မမယ်ဖြူတို့အနောက်သို့ လက်တံကြီးနှစ်ချောင်းကို ပစ်လွှတ်လိုက်လေသည်။ လက်တံကြီးများမှာ သူကြီးကိုထိလုဆဲဆဲတွင် မောင်မဲက ခုန်ဝင်လာကာ ထိုလက်တံကြီးနှစ်ချောင်းကို ဓါးဖြင့်ခုတ်ဖြတ်လိုက်သည်။ လက်တံကြီးများပြတ်ကျသွားသည့်အခါ အတွင်းမှ ပျစ်ချွဲမည်းညစ်နေသည့် အရည်များက ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲနေလေသည်။
“အလို ငမဲပါလား၊ နင်က ဘာဝင်ရှုပ်တာလဲ၊ သခင်အားရအောင် ကျွန်ပါးဝပြတာလား”
မောင်မဲက သူကြီးဦးရွှေမောင်တို့ဘက်လှည့်ကြည့်ကာ
“သူကြီးပြေးတော့ . . . ဒီမကောင်းဆိုးဝါးမကို ကျုပ်ရှင်းထားလိုက်မယ်”
သူကြီးဦးရွှေမောင်နှင့် မမယ်ဖြူတို့မှာ သုတ်ခြေတင်ထွက်ပြေးကြလေသည်။
“ငါတို့ဒီအတိုင်းပြေးလို့ရမှာမဟုတ်ဘူး၊ အိမ်တစ်နေရာရာမှာ ပုန်းအောင်းနေမှဖြစ်မယ်”
သူကြီးဦးရွှေမောင်ကပြောလိုက်ပြီး အနီးရှိအခန်းတစ်ခုထဲသို့ဝင်ပြေးလေသည်။ ပြီးနောက် အခန်းထောင့်တစ်နေရာတွင် ပုန်းအောင်းနေကြသည်။
မောင်မဲထံသို့ မယ်ဖော့က လက်တံတစ်ချောင်းပစ်လွတ်လိုက်လေသည်။ မောင်မဲက ကိုယ်ကိုတစ်ပတ်လှည့်လိုက်ပြီး ထိုလက်တံကိုရှောင်ရှားလိုက်ကာ လက်ထဲမှဓါးဖြင့် ထိုလက်တံအား ခုတ်ပိုင်းချလိုက်ပြန်သည်။ မယ်ဖော့က ရယ်မောလျှက်
“ငမဲရယ်၊ နင်က လက်သံတွေပြောင်နေပါလားဟ”
ငမဲက မယ်ဖော့အားကြည့်ကာ
“မကောင်းဆိုးဝါးမ၊ နင့်ကိုငါသတ်မယ်၊ နင့်ကိုငါသတ်မယ်”
မောင်မဲကပြောဆိုရင်း ဓါးကိုဝင့်ကာပြေးဝင်သွားသည်။ မယ်ဖော့က ခြေကိုဆောင့်လိုက်သည့်အခါ ကြမ်းအောက်မှ လက်တံကြီးနှစ်ချောင်းက ဖောက်ထွက်လာပြီး မောင်မဲ၏ခြေထောက်နှစ်ဖက်ကို ဖမ်းဆုပ်ကိုင်လိုက်လေသည်။ တစ်ဖန် မိုးပေါ်မှလက်တံနှစ်ချောင်းထွက်လာကာ မောင်မဲ၏ လက်နှစ်ဖက်ကိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြန်သည်။ မောင်မဲမှာ မရုန်းသာတော့ပေ။ မယ်ဖော့က မောင်မဲမျက်နှာအနီးသို့တိုးကပ်လာပြီး
“နင်က ငါ့ကိုကူညီဖူးတဲ့ကျေးဇူးရှိလို့ ငါနင့်ကိုတော့ သက်သက်သာသာဖြစ်အောင်သတ်ပေးပါ့မယ်”
ထိုသို့ပြောဆိုလိုက်ပြီး မောင်မဲ၏ ခြေလက်လေးဘက်ကို လက်တံကြီးများဖြင့် ဆွဲဆန့်ထည့်လိုက်သည်။ မောင်မဲမှာအလွန်နာကျင်စွာဟစ်အော်လျှက် ခြေလက်လေးဘက်မှ အရိုးအဆစ်များက တဗြုတ်ဗြုတ်၊ တဂျွတ်ဂျွတ်နှင့်ပြုတ်ထွက်ကုန်သည်။ နောက်ဆုံးတွင် လက်တံကြီးများ၏ ဆွဲအားပြင်းထန်လှသဖြင့် မောင်မဲ၏ ခြေလက်များမှာ အရင်းမှပြုတ်ထွက်ကုန်ကာ မောင်မဲတစ်ယောက် ခြေလက်လေးဘက်ပြုတ်ထွက်ပြီး အသေဆိုးနှင့် သေလေတော့သည်။
မယ်ဖော့က အိမ်ကြီးကိုတစ်ချက်ကြည့်လိုက်စဉ် သူ့ရင်ဝသို့ လှံတံတစ်ချောင်းက လာရောက်စူးဝင်သည်။ လှံပစ်သည့်သူများကိုကြည့်လိုက်ရာ အိမ်တော်စောင့်လေးငါးဦးဖြစ်နေသည်။ မယ်ဖော့မှာ လက်တံကြီးတစ်ချောင်းကိုလွှတ်လိုက်ပြီး အိမ်ဘေးနားတွင်ပေါက်နေသည့် လူနှစ်ရပ်ခန့်မြင့်သည့် သစ်ပင်တစ်ပင်ကိုရစ်ပတ်လိုက်ကာ အမြစ်မှဆွဲနှုတ်ထည့်လိုက်သည်။ ပြီးသည့်နောက် ထိုသစ်ပင်ကြီးဖြင့် အိမ်တော်စောင့်များကို လွှဲလွှဲရိုက်လေရာ အိမ်တော်စောင့်များမှာ သစ်ပင်ရိုက်ချက်ကြောင့် အလူးအလဲထိခိုက်ပြီး သေဆုံးကုန်ကြသည်။
မယ်ဖော့မှာ လက်တံကြီးများအစွမ်းဖြင့် လေပေါ်ဝဲပျံနေလေသည်။ ပြီးနောက် အဆောင်များတစ်ခုချင်းဆီကိုကြည့်ရင်း
“အောင်မယ်၊ နင်တို့က ငါနဲ့တူတူပုန်းတမ်း ဆော့ချင်သေးတယ်ပေါ့ဟုတ်သလား”
မယ်ဖော့မှာ လက်တံကြီးငါးခုကို အဆောင်တစ်ခု၏ ခေါင်မိုးပေါ်သို့ပစ်တင်လွှတ်လိုက်သည်။ လက်တံကြီးများမှာ အဆောင်ခေါင်မိုးအားဆုပ်ကိုင်ပြီးနောက် ခေါင်မိုးကြီးကိုဖြုတ်ထည့်လိုက်လေသည်။ အဆောင်ခေါင်မိုးပွင့်သွားသည့်အခါ အဆောင်အတွင်းမှ အော်သံကြားရသည်။ ထိုအဆောင်ကား အခြားမဟုတ်ပေ၊ မိနှဲနှင့် မိသေးတို့နေထိုင်သည့်အဆောင်ဖြစ်ပေသည်။ မိနှဲနှင့်မိသေးတို့မှာ တိုက်ခိုက်သံများကြားရသော်လည်း အိပ်ရာထဲတွင် စောင်ခြုံကာ ပုန်းအောင်းနေခြင်းဖြစ်သည်။ ပွင့်သွားသည့် အဆောင်ခေါင်မိုးကြီးပေါ်မှ မယ်ဖော့က ငုံ့ကြည့်လိုက်လေရာ အိပ်ရာထဲတွင် သေးဗြန်းဗြန်းထွက်ကာ ကြောက်လန့်နေသည့် မိနှဲနှင့်မိသေးတို့ကိုတွေ့လိုက်ရသည်။
“အလကားဟာမတွေ၊ နင်တို့လည်း သုံးစားလို့ရတဲ့ဟာမတွေမဟုတ်ဘူး”
မယ်ဖော့ကပြောဆိုရင်း လက်တံကြီးတစ်ဖက်ကို အဝတ်အစားထည့်သည့် ကျွန်းသေတ္တာကြီးတစ်လုံးအား ပတ်၍ သယ်ဆောင်လိုက်သည်။ ထို့နောက် ထိုကျွန်းသေတ္တာကြီးဖြင့် မိနှဲအား တင်းပုတ်တစ်ခုထုသည့်နှယ် အချက်ပေါင်းများစွာ ထုနှက်ထည့်လိုက်သည်။ မိနှဲမှာ စိစိညက်ညက်ကျေကာ သေသွားလေသည်။ အခန်းတစ်ခုလုံးလည်း မိနှဲ၏ အသားစများ၊ သွေးစများက ပြန့်ကျဲနေလေသည်။ မိသေးမှာထိုအဖြစ်ကိုကြည့်ရင်း သွေးပျက်ကာ ရူးသွပ်သွားလေသည်။ မယ်ဖော့က မိသေးအားလက်တံကြီးတစ်ခုဖြင့် ဂုတ်မှဆွဲယူလိုက်ပြီး မိုးပေါ်သို့ပစ်တင်ထည့်လိုက်သည်။ အလွန်ပြင်းထန်စွာပစ်တင်လိုက်သည့်အရှိန်ကြောင့် မိသေးမှာ တိမ်စိုင်တိမ်လိပ်များနှင့်ပင် ထိလုနီးနီးဖြစ်သွားသည်။ ထို့နောက် အမြင့်မှပြန်လည်ပြုတ်ကျကာ သစ်ပင်တစ်ပင်ခွကြားတွင်တင်လျှက် သေသွားလေတော့သည်။
“ဟား၊ ဟား အကုန်သတ်မယ်၊ အကုန်သတ်ပစ်မယ်”
မယ်ဖော့မှာ သူကြီးအိမ်ရှိအဆောင်များအား လက်တံများဖြင့်မွှေ့ကာ ဖျက်ဆီးနေလေသည်။
“ဟဲ့မယ်ဖော့၊ နင်သတ္တိရှိရင် ငါ့ကိုလာသတ်စမ်း”
မယ်ဖော့မှာ အသံကြားရာသို့လှည့်ကြည့်လိုက်လေရော ကျောက်စီဓါးတစ်လက်ကိုင်ကာ ရပ်နေသည့် သူကြီးဦးရွှေမောင်ကိုတွေ့လိုက်ရသည်။ သူကြီးဦးရွှေမောင်မှာ ခါးတောင်းကျိုက်ထားပြီး လက်ထဲတွင်ဓါးကို ကိုင်ထားကာ အသင့်အနေအထားနှင့်ရပ်နေလေသည်။
“ဟင်း ဘယ်သူများလဲလို့ သူကြီးပါလား၊ ရှင်ရောဘာထူးလဲ၊ အခု ဒီပြဿနာတွေဖြစ်ရတာ အကုန်ရှင့်ကြောင့်၊ ရှင်သာ နောက်မိန်းမထပ်မယူဘဲ အေးအေးလူလူနေမယ်ဆိုရင် ဒီလိုကိစ္စတွေဖြစ်လာစရာအကြောင်းမရှိဘူး၊ ဒါတွေအားလုံးဟာ ရှင့်ကြောင့်ပဲ”
မယ်ဖော့ကပြောဆိုရင်း သူကြီးထံသို့ လက်တံကြီးများလွှတ်လိုက်သည်။ ထိုအခါ သူကြီးကလည်း သူ့ထံသို့လာသည့် လက်တံများကို ဓါးနှင့််ခုတ်ချနေလေသည်။ မယ်ဖော့၏လက်တံများမှာ တစ်ခုပြတ်ထွက်သွားသော်လည်း နောက်ထပ်တစ်ခုထပ်မံထွက်လာသဖြင့် နောက်ဆုံးတွင် သူကြီးမှာမောပန်းလာလေသည်။ သူကြီးလက်ပန်းကျလာသည့်အချိန် မယ်ဖော့၏လက်တံမှာ သူကြီး၏ခြေထောက်နှစ်ဖက်အား ချုပ်ကိုင်ထားလိုက်လေသည်။
“သူကြီး ရှင့်ကိုကျုပ် နှစ်ခြမ်းခွဲပစ်မယ်၊ ပြီးတော့ ရှင့်လိုဖောက်ပြားတဲ့လူရဲ့အသည်းကို ခွေးကျွေးပစ်မယ်”
သူကြီးဦးရွှေမောင်မှာ တည်ငြိမ်သောအမူအရာနှင့်
“နင်လုပ်ချင်တာသာလုပ်တော့ မယ်ဖော့၊ ငါ့ကံက ညည်းလက်ထဲသေဖို့ကံပါလာတယ်ဆိုရင်လည်း နင်ငါ့ကိုအမြန်သာသတ်လိုက်တော့”
မယ်ဖော့က သူကြီးအားဆွဲမည်အလုပ်တွင် ရှဲခနဲအသံကြီးမြည်ကာ မီးလုံးကြီးတစ်လုံးမှာမယ်ဖော့လက်တံကိုထိမှန်ကာ မီးစွဲလောင်လေသည်။ မယ်ဖော့မှာ မီးလုံးပစ်လွှတ်လိုက်သည့်သူကိုကြည့်လိုက်ရာ မမယ်ဖြူဖြစ်နေလေသည်။
“မယ်ဖြူ၊ ညည်းအစွမ်းဒါအကုန်ပဲလားဟေ့၊ လုပ်စမ်းပါ ညည်းအစွမ်းရှိသလောက် ငါ့ကိုတိုက်စမ်းပါ”
မမယ်ဖြူမှာ လက်နှစ်ဖက်ဆီမှ မီးလုံးများကိုထုတ်လွှတ်ကာ တစ်လုံးပြီးတစ်လုံးပစ်ခတ်တိုက်ခိုက်နေလေသည်။ ထိုမီးလုံးများမှာ မယ်ဖော့ဆီတန်းတန်းမတ်မတ်လာသော်လည်း မယ်ဖော့မှာ လက်တံကြီးများနှင့်ပုတ်ပုတ်ချနေသဖြင့် မည်သို့မှထိခိုက်မှုမရှိပေ။ မီးလုံးအလုံးနှစ်ဆယ်ခန့်ပစ်ခတ်ပြီးသည့်နောက် မမယ်ဖြူမှာ မောပန်းကာ လက်မှိုင်ကျသွားတော့သည်။
“ကိုင်းမယ်ဖြူ၊ ငါအကြံတစ်ခုရပြီ၊ နင်နဲ့သူကြီးနဲ့ဒီလောက်ချစ်ကြတာဆိုတော့ နင်တို့နှစ်ယောက်ကို တစ်ခါတည်း အတူတူသတ်ပေးရမယ်၊ နင်တို့ချစ်တဲ့သူတွေ နောက်ဘဝကျမှ ဆက်ပေါင်းကြပေါ့အေ”
မယ်ဖော့မှာ လက်တံကြီးတစ်ခုထုတ်ကာ မမယ်ဖြူအားဆွဲယူလိုက်သည်။ တစ်ခါ သူကြီးဦးရွှေမောင်ကိုလည်း မမယ်ဖြူနှင့်ကျောချင်းဆွဲကပ်ပေးလိုက်ကာ တစ်ကိုယ်လုံးအားလက်တံများနှင့်ရစ်ပတ်၍ တစ်ရစ်ထပ်တစ်ရပ် တိုးကာညှစ်တော့သည်။ မမယ်ဖြူနှင့် သူကြီးမှာလည်း အလွန်နာကျင်စွာအော်ဟစ်လျှက်
“ဒါတွေအားလုံးဟာ ငါ့ကြောင့်ပါမယ်ဖြူ၊ ငါမင်းကို တောင်းပန်ပါတယ်”
“မဟုတ်တာပဲသူကြီး၊ ဒီလိုတွေဖြစ်ရတာ ကျွန်မကြောင့်ပါ၊ ကျွန်မက သူကြီးကိုအားနာပါတယ်ရှင်”
မယ်ဖော့၏လက်တံများမှာ ဖြစ်ညှစ်လေသောကြောင့် သူကြီးနှင့်မမယ်ဖြူမှာ အစ်နေကြချိန်တွင် ချွင်ခနဲအသံတစ်ချက်မြည်သွားပြီး ဝင်းလက်သည့်အရာတစ်ခုက လက်တံများကိုဖြတ်သန်းသွားတော့သည်။ မမယ်ဖြူတို့အား ချုပ်နှောင်ထားသည့်လက်တံများမှာ မြေပြင်ပေါ်သို့ လျှော့ကျကုန်သည်။ ဓါးတစ်ချောင်းမှာ စြက်ာတစ်ခုကဲ့သို့ လေပေါ်တွင်လည်ပတ်ကာ ဝဲပျံလျှက် မယ်ဖော့ထံသို့တိုးဝင်လာသည်။ မယ်ဖော့က ထိုဓါးအားလက်တံတစ်ချောင်းဖြင့်ပုတ်ချလိုက်ရသည်။ ထိုဓါးလာရာဘက်သို့ကြည့်လိုက်သည့်အခါ မယ်ပျင်းမှာ လက်မောင်းတစ်ဖက်ကိုလက်နှင့်ဖိလျှက် မတ်တပ်ရပ်နေသည်ကိုတွေ့ရသည်။
“သြော်၊ ဘယ်သူများလဲလို့ မယ်ပျင်းပါလား”
“ရှင်ကျုပ်အဖေနဲ့အမေကို အခုလွှတ်လိုက်စမ်း”
“ဟား၊ ဟား အဖေနဲ့အမေတဲ့လား၊ ညည်းက သူကြီးကိုအဖေလို့ခေါ်ရအောင် ညည်းကိုသူကြီးနဲ့စပ်ပြီးမွေးထားလို့လားဟဲ့”
“ဘာပဲပြောပြော သူကြီးက ကျုပ်အဖေပဲ၊ မမယ်ဖြူက ကျုပ်အမေပဲ၊ သူတို့နှစ်ယောက်ကိုလွှတ်လိုက်၊ ရှင်ဒီကိုလာခဲ့တာ ကျုပ်အတွက်လာခဲ့တာဆိုရင် ကျုပ်နဲ့နှစ်ယောက်ချင်း ရှင်းကြတာပေါ့”
“ကလေးကများ ကြီးကြီးကျယ်ကျယ်နဲ့ လာပြီဟေ့”
မယ်ဖော့မှာ မယ်ပျင်းထံသို့ လက်တံများကိုစေလွှတ်ပြန်သည်။ မယ်ပျင်းမှာ သေဆုံးနေကြသည့် အစောင့်များထံမှ ဓါးများကိုကောက်ယူကာ လေပေါ်ပစ်တင်၍ ခုတ်ဖြတ်နေရသည်။ သို့သော် မယ်ဖော့လက်တံများမှာ ခုတ်လိုက်သဖြင့်တိုသွားသည့်တိုင်အောင် မကြာခင်မှာပင် အသစ်ပြန်လည်ဖြစ်ပွားနေခြင်းကြောင့် ဓါးဖြင့်ခုတ်သော်လည်း ထင်သလောက် ခရီးမပေါက်ပေ။
မယ်ပျင်းထံသို့ လက်တံများရောက်လာကြသဖြင့် မယ်ပျင်းမှာ ကြမ်းပြင်ပေါ်လှိမ့်ကာ ရှောင်ရှားနေရသည်။ ထိုအခိုက်လက်တံကြီးတစ်ခုက မယ်ပျင်းအနီးသို့ရောက်လာသည့်အချိန်တွင် ကြီးမားသည့်ဓါးတစ်လက်က မယ်ပျင်းထံလာသည့် လက်တံကြီးကိုခုတ်ဖြတ်လိုက်လေသည်။
“ဟင် ဗိုလ်ကျော်စွာပါလား”
ဗိုလ်ကျော်စွာမှာ အိုးကလေးတစ်လုံးကို လက်ထဲတွင်ကိုင်ထားပြီး မယ်ဖော့ထံသို့ ထိုအိုးကိုပစ်လွတ်လိုက်လေသည်။ မယ်ဖော့မှာ အိုးကိုလက်တံဖြင့်ပုတ်ထည့်လိုက်ရာ အိုးကွဲပြီး အိုးအတွင်းမှအရည်ပျစ်ပျစ်များက မယ်ဖော့ကိုယ်ပေါ်သို့စီးကျကုန်လေသည်။
“ငါမီးလိုတယ်၊ ကညင်ဆီတွေ မီးတောက်ဖို့ မီးလိုတယ်”
မြေပြင်ပေါ်ခွေလဲကျနေသည့် မမယ်ဖြူမှာ ကုန်းထလိုက်ကာ အားအင်များကိုစုစည်းလိုက်ပြီး မီးလုံးကြီးတစ်လုံးနှင့်ပစ်ထည့်လိုက်လေရာ မယ်ဖော့အားထိမှန်သွားသည်နှင့် ကညင်ဆီများကိုမီးစွဲလောင်ကာ မယ်ဖော့တစ်ကိုယ်လုံးမီးလောင်လေတော့သည်။ မယ်ဖော့မှာ ကိုယ်လုံးမီးလောင်နေသဖြင့် လူးလွန့်နေသည်။ ဗိုလ်ကျော်စွာက မယ်ပျင်းကလေးကိုဆွဲထူလိုက်ရင်း
“မယ်ပျင်းအဆင်ပြေရဲ့လား”
မယ်ပျင်းမှာ ခေါင်းညိတ်လျှက်မတ်တပ်ရပ်လိုက်သည်။
“တကယ်ပဲ ဒီဟာမကြီးကိုဘယ်လိုသတ်မှသေမှာလဲ”
(၃)
“သူဟာအမုန်းတရားတွေနဲ့ပြည့်နှက်နေတယ် ဖိုးမူ”
မယ်ပျင်းနားထဲတွင် အသံကြားလိုက်ရသည်။
“ဖထီး . . .ဖထီးပြောနေတာလား”
“ဟုတ်တယ်၊ ငါမင်းကို မနောအာရုံနဲ့ဆက်သွယ်နေတာပဲ”
“ဒါဆိုရင်လည်း ကူညီပါအုံးဖထီး၊ ဖထီးရဲ့အမြင်ဓါတ်နဲ့ သမီးကိုကူညီပေးပါအုံး”
“ငါကူညီလို့မရဘူးဖိုးမူ၊ ဖိုးမူကို ဖထီးကပညာတွေသင်ပေးထားတယ်ဆိုတော့ ဒီတစ်ကောင်ကို ဖိုးမူကိုယ်တိုင် နှိမ်နင်းရမယ်၊ ဒါဟာ ဖိုးမူကို ပညာတတ်မတတ်စစ်ဆေးတာပဲ”
“ဒီဟာကြီးကိုဘယ်လိုလုပ်ရမလဲ”
“ဖိုးမူရဲ့ အာရုံတွေကိုစုစည်းလိုက်၊ အမြင်အာရုံ၊ အကြားအာရုံ၊ အသိအာရုံတွေကိုစုစည်းပြီးတော့ သူ့ရဲ့အတွေးထဲကို ထိုးဖောက်ပြီးဝင်ရောက်ရမယ်၊ သူ့ရဲ့စိတ်ကိုကျက်စားမိတော့မှ သူ့ရဲ့အားနည်းချက်ကိုသိနိုင်မယ်”
မယ်ပျင်းမှာခေါင်းညိတ်လိုက်ပြီးနောက် ခြေနှစ်ဖက်ကိုခွဲကာ မားမားမတ်မတ်ရပ်တည်လိုက်သည်။ ပြီးနောက် ဗိုလ်ကျော်စွာအားကြည့်လိုက်ရင်း
“သမီး အချိန်နည်းနည်းလိုတယ်”
“ကောင်းပြီ ငါသူ့ကိုအာရုံလွှဲပြီး အချိန်ဆွဲပေးထားမယ်၊ ဒါပေမယ့် သိပ်တော့ကြာကြာရမယ်မထင်ဘူး”
မယ်ပျင်းမှာခေါင်းညိတ်လိုက်ပြီး မျက်လုံးကိုမှိတ်လိုက်သည်။ ပထမဆုံးအကြားအာရုံကိုဖြန့်ကျက်လိုက်ကာ မယ်ဖော့ထံသို့ပို့လွှတ်လိုက်လေသည်။ တစ်ဖန် မျက်လုံးကိုဖွင့်လိုက်ပြီး အမြင်အာရုံကိုဖြန့်ကျက်ကာ မယ်ဖော့ထံသို့စူးစိုက်လိုက်သည်။ အမြင်နှင့်အကြားပေါင်းစုံပြီးသည့်နောက် မယ်ဖော့၏ ဦးခေါင်းအတွင်းသို့ စိတ်စွမ်းအင်ဖြင့်ထိုးဖောက်ဝင်ရောက်လိုက်ကာ မယ်ဖော့ဦးခေါင်းအတွင်းရှိအရာများကို အသိအာရုံဖြင့်လိုက်လံဖတ်ရှုနေမိသည်။
မယ်ဖော့ခေါင်းအတွင်းတွင် အလွန်များပြားလှသည့် အကြောင်းအရာများက ပြည့်နှက်နေသည်။ ထိုအကြောင်းအရာများအတွင်းမှ အများစုမှာ အမုန်းတရားများဖြစ်သည်။
“အမုန်းတွေများလိုက်တာ၊ အမုန်းတရားတွေများလွန်းလို့ နတ်ဆိုးမိစ္ဆာက မယ်ဖော့ရဲ့နှလုံးသားမှာအမြစ်တွယ်နေခဲ့တာပဲ၊ အမုန်းကိုနိုင်တာ ဘာဖြစ်မလဲ၊ အမုန်းကိုနိုင်တာ ဘာဖြစ်မလဲ”
မယ်ပျင်းမှာစဉ်းစားရင်း
“ဟုတ်ပြီ၊ အမုန်းကိုနိုင်တာ အချစ်၊ အမုန်းကိုနိုင်တာအချစ်ပဲ”
မယ်ပျင်းမှာ ပျော့ကွက်အားတွေ့သွားပြီသည့်အချိန်တွင် ဗိုလ်ကျော်စွာမှာလည်း မဟန်တော့ပေ၊ မယ်ဖော့ ကဗိုလ်ကျော်စွာ၏ ခြေထောက်တစ်ဖက်ကိုဆွဲယူလိုက်ကာ မိုးပေါ်တွင်တွဲလောင်းဆွဲထားလိုက်လေသည်။
“ရှင်လည်းဘာထူးလဲ၊ ရှင်သာဝင်မရှုပ်ရင် ဟိုနေ့က ဟိုအဘိုးကြီးသေတာကြာလှပေါ့၊ ရှင့်ကိုလည်း အပြတ်ရှင်းရမယ်”
ထိုအချိန်တွင် မယ်ဖော့နားထဲခေါ်သံတစ်ခုကိုကြားလိုက်ရလေသည်။
“အမေ . . .အမေ”
ခေါ်သံကြားရာသို့လှမ်းကြည့်လိုက်သည့်အခါ သားဖြစ်သူဖိုးမောင်ကလေးဖြစ်နေသည်။
“သား . . . သားဘာဖြစ်လို့ ဒီကိုလိုက်လာရတာလဲ”
ဖိုးမောင်က ခေါင်းတခါခါနှင့်
“အမေဒီလိုမဟုတ်ဘူး၊ အမေဒီလိုမလုပ်ရဘူး”
“ဖိုးမောင် သားလေး၊ မင်းက ဘာနားလည်လို့လဲဖိုးမောင်ရဲ့၊ အမေအခုလိုလုပ်နေရတာ ဘယ်သူ့ကြောင့်လို့ သားထင်သလဲ၊ ဒါတွေအားလုံးဟာ သားကြောင့်ပဲကွဲ့”
“မဟုတ်ဘူး၊ အမေအခုလုပ်နေတာ အမေ့အတ္တတွေအတွက်လုပ်နေတာ သားအတွက်လုပ်နေတာမဟုတ်ဘူး”
မယ်ဖော့မှာ ဖိုးမောင်စကားကြားသည့်အခါ အနည်းငယ်တည်ငြိမ်သွားသည်။ ဖိုးမောင်က ဆက်လက်ပြီး
“သားက သူကြီးသားပါ၊ အမေနဲ့ သူကြီးနဲ့ရထားတဲ့သားပါအမေရဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီအိမ်မှာယောက်ျားသားမရှိလို့ သူကြီးက သားပဲဖြစ်မှာပါအမေ၊ ဒါပေမယ့် အမေက တခြားသူတွေကိုရန်ငြိုးဖွဲ့ပြီးတော့ ပြဿနာတွေလိုက်ရှာခဲ့တယ်၊ ပြီးတော့ ဒီလိုလုပ်ရတာ သားအတွက်လို့ပြောတယ်၊ တကယ်က သားအတွက်မဟုတ်ပါဘူး၊ အမေ့အတွက်အမေလုပ်နေတာ၊ အမေ့ရဲ့အာဃာတတွေ၊ အမေ့ရဲ့အငြိုးအတေးတွေအတွက် လက်စားချေချင်လို့ အမေလိုက်လုပ်နေတာမဟုတ်လား”
“မပြောပါနဲ့သားရယ်၊ အမေ့ကိုအဲဒီလိုတော့မပြောပါနဲ့”
“အမေဒီလိုတွေလျှောက်လုပ်နေတာ ကျုပ်ကိုချစ်လို့လုပ်နေတာလားဗျာ”
“မပြောပါနဲ့တော့သားရေ၊ အမေ့ကို တစ်လောကလုံးကလူတွေဘယ်လိုပြောပြော အမေခါးစည်းခံနိုင်တယ်၊ သားပြောတာကိုတော့ အမေမခံနိုင်ဘူး”
“ဒါဖြင့်ရင်လည်း အမေစိတ်လျော့လိုက်ပါအမေရာ၊ သား သူကြီးဖြစ်ရတာတွေဘာတွေမလိုအပ်ပါဘူး၊ အရင်ကလို အမေနဲ့ပဲအတူတူနေချင်တယ်၊ သားဘဝမှာ သူကြီးဆိုတဲ့ရာထူးထက် အမေ့ကိုပိုပြီးမက်မောတယ်၊ အမေ သားဆီပြန်လာခဲ့ပါနော်”
မယ်ဖော့၏ အမုန်းတရားများမှာ ဖိုးမောင်ကိုတွေ့သည့်အခါ တဖြည်းဖြည်းလျော့နည်းလာသဖြင့် အစွမ်းများမှာလည်း တဖြည်းဖြည်းကျဆင်းလာလေသည်။ ဖိုးမောင်က မယ်ဖော့အားလက်ကမ်းပြီး
“အမေ၊ သားဆီကိုလာခဲ့ပါ”
“သားလေး၊ သားလေး”
မယ်ဖော့က ဖိုးမောင်အားပွေ့ဖက်ရန်လက်လှမ်းလိုက်သည့်အခါတွင်တော့ ဖိုးမောင်ရုပ်မှာရုတ်တရက်ကွယ်ပျောက်ပြီး မယ်ပျင်းအဖြစ်သို့ပြောင်းလဲသွားသည်။ မယ်ပျင်းမှာတစ်ချက်ပြုံးလိုက်ပြီးနောက် သူ၏ညာဘက်လက်ကို မယ်ဖော့၏ရင်ဝတည့်တည့်သို့ထိုးသွင်းလိုက်လေသည်။ မယ်ပျင်းလက်မှာ မယ်ဖော့အသားများကိုထိုးဖောက်ပြီးအတွင်းသို့ဝင်ရောက်သွားသည့်အချိန်တွင် မယ်ပျင်းက မယ်ဖော့၏နှလုံးကိုလက်ဖြင့်ကိုင်စမ်းကာ နှလုံးတွင်တွယ်ကပ်နေသည့် မကောင်းသည့်မိစ္ဆာနတ်ဆိုးနှလုံးသားကို ဆွဲခွာထုတ်လေသည်။ လေးငါးချက်ခန့်အားဖြင့်ဆွဲထုတ်ပြီးသည့်အခါ မည်းနက်ပျစ်ချွဲသည့်အရာတစ်ခုသည် မယ်ပျင်းလက်အတွင်းသို့ပါလာခဲ့လေသည်။ ထိုပျစ်ချွဲသောအရာမှာ မယ်ပျင်းလက်အတွင်းမှခုန်ဆင်းကာ ကြမ်းပေါ်သို့ကျသွားသည်နှင့် နက်မှောင်နေသည့်ငန်းတော်ကြားတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီးနောက် ကြမ်းပြင်တွင်အလျှင်အမြန်ထွက်ပြေးလေတော့သည်။
မယ်ပျင်းက ထိုမြွေကိုအမြှီးမှကိုင်တွယ်လိုက်ပြီးနောက် ပါးစပ်အတွင်းသို့ထည့်ကာ မြိုချလိုက်လေသည်။ မယ်ဖော့မှာ ရင်နှစ်ခြမ်းကွဲထွက်ပြီး ရင်ဘတ်ဟောင်းလောင်းနှင့်လဲကျသွားသည်။ မိုးပေါ်သို့မျက်လုံးသေကြီးနှင့်မော့ကြည့်ရင်း
“သားလေး . . . သားလေး”
ဟုပြောဆိုကာ အသက်ထွက်သွားတော့သည်။
မယ်တော်မှာ အလွန်ဒေါသထွက်သွားပြီး ခုံတစ်လုံးကိုလက်နှင့်ပုတ်ထည့်လိုက်သည်။ မယ်တော်အရှေ့တွင်ရှိသည့် သစ်သားစားပွဲခုံကလေးမှာ မယ်တော်လက်သီးချက်ကြောင့် တစ်စစီကွဲကျေကာ အမှုန့်ဖြစ်သွားလေသည်။
“အရူးမ . . . အရူးမ၊ ဒီပညာတွေက ငါဆယ်နှစ်ဆယ်မိုးမက ကျင့်ကြံထားတဲ့ ပညာတွေဟဲ့၊ ဒီလိုအရူးမမျိုးကိုမှ ငါက ပညာစက်တွေ၊ အာဏာစက်တွေ ထည့်ပေးရတယ်လို့”
မယ်တော်တစ်ယောက် ဒေါသအိုးပေါက်ကွဲကာ နန်းဆောင်အတွင်းရှိ ပစ္စည်းများကိုပေါက်ခွဲနေလေသည်။ ထို့နောက်နန်းဆောင်အတွင်းခန်းသို့ဝင်လိုက်ကာ မှော်ကြေးမုံကြီးတစ်ချပ်အရှေ့တွင်ရပ်လိုက်သည်။ မှော်ကြေးမုံကြီးမှာ ဘဲဥပုံသဏ္ဍာန်ရှိပြီး ကြေးဝါကိုပြောင်နေအောင်ပွတ်သပ်ချောမွေ့ထားသဖြင့် မှန်တစ်ခုသဖွယ်အလင်းပြန်နေသည်။ မယ်တော်မှာ မှန်ကြေးမုံကြီး၏ နံဘေးဘောင်ကိုလက်ဖြင့်ပွတ်သပ်လိုက်လေရာ မကြာခင်မှာပင် ကြေးမုံပြင်အတွင်း လူကြီးတစ်ယောက်ပေါ်လာလေသည်။ ထိုလူကြီးမှာ ပုဏ္ဍားတစ်ဦးသဖွယ်ဝတ်စားဆင်ယင်ထားလေသည်။
“ဘထီး၊ မယ်ပျင်းက ဒီတစ်ခါလည်းလွှတ်သွားပြန်ပြီ”
“ကျုပ်ပြောပြီးသားပဲမယ်တော်ရာ ကံကြမ္မာကို ယတြာချေပြီးတားလို့မရပါဘူးဆို၊ အဲဒီမယ်ပျင်းဆိုတဲ့ကလေးမလေးက တစ်ချိန်ကျရင် ခင်ဗျားတို့မယ်တော်လေးပါးစလုံးကို ထုံးလိုချေရေလိုနှောက်ပြီး ဒုက္ခပေးအုံးမယ့်ကလေးမလေးတစ်ဦးပဲ၊ အထူးသဖြင့်ကတော့ ခင်ဗျားကိုပေါ့”
မယ်တော်မှာ တောက်တစ်ချက်ခေါက်လိုက်လေသည်။ ကြေးမုံကြီးအတွင်းမှ ပုဏ္ဍားကြီးက
“ဒီမိန်းကလေးကို ကြာသပတေးနာမည်မပေးဖို့ ကျုပ်ပြောခဲ့တာပဲ၊ အခုလည်း သူ့အလိုလိုနာမည်ကပေးဖြစ်သွားတယ်မဟုတ်လား၊ သေချာတာကတော့ ကံစေရာအတိုင်းဆိုရင် ဒီကလေးက ခင်ဗျားကိုတော်တော်ဒုက္ခပေးမှာပဲ၊ ပြီးတော့ သူကပဲ ခင်ဗျားကိုဖြုတ်ချပြီး အရှေ့မယ်တော်အသစ်ဖြစ်လိမ့်မယ်”
“မဖြစ်စေရဘူး၊ လုံးဝမဖြစ်စေရဘူး၊ ငါအရှေ့မယ်တော်ဖြစ်တာ နှစ်ပေါင်းသုံးရာကြာခဲ့ပြီ၊ ဒီနှစ်သုံးရာအတွင်း ဘယ်သူမှငါ့ကိုစိန်မခေါ်ရဲသလို ငါ့ကိုစိန်ခေါ်မယ့် ဘယ်သူ့ကိုမှလဲ ငါကအရှင်ထားခဲ့တာမဟုတ်ဘူး”
“ဘယ်အရာမှမတည်မြဲဘူးမယ်တော်ရဲ့၊ မယ်တော်ဆိုတာကလည်း ရာထူးတစ်ခုပဲ၊ ခင်ဗျားအပါအဝင် ရှေ့လူအဆက်ဆက်လက်ဆင့်ကမ်းလာခဲ့တာမဟုတ်လား၊ ရာထူးဆိုတာ ကိုယ့်ထက်စွမ်းတဲ့လူပေါ်လာရင်တော့ ဖယ်ပေးရစမြဲပေါ့”
“ရှင် ကျုပ်ဒေါသကို ဆွနေတာလား ဘထီး၊ ရှင့်ကိုမယ်ပျင်းက သတ်ထားတာကို ကျုပ်ကကယ်ပေးထားတာနော်၊ ရှင်အမေကျော်ပြီး ဒွေးတော်လွမ်းမနေနဲ့”
“ကျုပ်ကလည်း ကျုပ်တစ်သက်ဗေဒင်ဟောလာခဲ့တာ မှားဖူးတယ်ဆိုတာမရှိခဲ့ဖူးဘူးမယ်တော်ရဲ့၊ ပြီးတော့ အနိုင်ရထားတဲ့လူဆိုတာ အရှုံးလာမယ်ဆိုတာကို လက်ခံထားရတယ်မယ်တော်၊ ဒီကလေးက အသက်ခုနစ်နှစ်လောက်မှာတင် ဒီလောက်စုန်းပညာတွေစွမ်းနေတာ၊ မယ်တော်တောင်မှ အသက်ဆယ့်ငါးနှစ်မှ စုန်းပညာစသင်တာမဟုတ်လား”
မယ်တော်မှာ ဒေါသထွက်ထွက်နှင့် ကြေးမုံပြင်ကိုလက်ညှိုးဖြင့်ထိုးလိုက်လေသည်။ ထိုအခါ ကြေးမုံပြင်အတွင်းရှိ ပုဏ္ဍားကြီးဘထီးမှာ နာကျင်စွာအော်ဟစ်လျှက် ပျောက်ကွယ်သွားတော့သည်။
“ရှင့်ဟောချက်တွေ ဒီတစ်ခါတော့ လွဲစေရမှာပါ ဘထီးရယ်၊ ကျုပ်ဘဝမှာ အနိုင်ဆိုတာပဲရှိခဲ့တယ်၊ အရှုံးဆိုတာ မရှိခဲ့ဖူးဘူး”
မယ်တော်မှာ ထိုသို့ပြောလိုက်ပြီးနောက် အခန်းအတွင်းမှထွက်ခဲ့သည်။ နန်းဆောင်ကြီး၏ထိပ်တွင် ရွှေချထားသည့် ကျွဲချိုကြီးတစ်ခုကို ရတနာငါးပါးစီခြယ်ထားသည့် ကလပ်ပေါ်တွင်တင်ကာ ထားလေသည်။ မယ်တော်က ထိုကျွဲချွဲကြီးကိုဖြုတ်ယူလိုက်ပြီးနောက် ကျွဲချိုအဖျားမှနေ၍ မှုတ်လိုက်လေသည်။ အလွန်ကျယ်လောင်သည့်အသံကြီးတစ်ခုက မြည်ဟီးထွက်လာကာ ပတ်ဝန်းကျင်ကိုပျံ့နှံ့သွားလေသည်။ မယ်တော်၏ လက်ပါးစေများဖြစ်သည့် ကဝေများမှာ မယ်တော်ထံသို့ပြေးလာကြသည်။
“မယ်တော် ရွှေကျွဲချိုကိုမှုတ်ပြီဆိုတော့ အရေးကြီးတဲ့ကိစ္စများ ရှိနေပြီလား”
“ရှိတာပေါ့၊ မကြာခင် မယ်တော်လေးပါး တွေ့ဆုံပြီး ဒီအရေးကိုဆွေးနွေးကြမယ်၊ မယ်တော်လေးပါးကို ကြိုဆိုဖို့ပြင်ထားကြဟဲ့”
မယ်တော်က ပြောဆိုပြီး သလွန်ပေါ်တွင် ဟန်ကျကျပြန်ထိုင်နေလိုက်သည်။
တိုက်ခိုက်မှုများပြီးဆုံးသည့်အခါ မယ်ပျင်းမှာခွေခနဲလဲကျသွားလေသည်။ မမယ်ဖြူမှာ မယ်ပျင်းကလေးအား ပြေးပွေ့လိုက်ပြီး လှုပ်နှိုးလိုက်သည်။
“သမီးလေး၊ သမီးလေး”
သူကြီးရော မမယ်ဖြူပါ မယ်ပျင်းကလေးကို ဝိုင်းနှိုးကြသော်လည်း မယ်ပျင်းကလေးမှာ နိုးမလာခဲ့ပေ။ သူကြီးမှာ အလွန်စိုးထိတ်လျှက်ရှိသည်။
“ကုလားကြီးပြောထားတာ တကယ်ဖြစ်နေပြီထင်တယ်”
“ဘာပြောထားတာလဲ”
“သုံးခါဖြစ်ရင် သေမယ်ဆိုတာလေ”
မမယ်ဖြူမှာအလွန်အံ့သြထိတ်လန့်သွားသည်။ သူကြီးဦးရွှေမောင်မှာ မယ်ပျင်း၏ နှာခေါင်းဝသို့ လက်ဖြင့်လေခံကြည့်လိုက်ပြီးနောက်
“မယ်ဖြူရေ၊ မယ်ပျင်းကလေး အသက်မရှူတော့ဘူးဟ”
“ဟင် ဟုတ်ရဲ့လား ကျုပ်စမ်းကြည့်ပါရစေအုံး”
မမယ်ဖြူမှာ မယ်ပျင်း၏ နှာခေါင်းထိပ်သို့ ပါးကိုအပ်လိုက်လေသည်။ ထို့နောက်မျက်ရည်ပူများကျဆင်းလာပြီး
“ဟုတ်ပါ့တော်၊ ကျုပ်သမီးလေး သေပြီ၊ ကျုပ်သမီးလေး သေရှာပြီတော့”
မမယ်ဖြူမှာ မယ်ပျင်းအလောင်းကိုဖက်လျှက် ငိုယိုလေတော့သည်။ သူကြီးဦးရွှေမောင်လည်း ဘာမှမတတ်နိုင်သဖြင့် မမယ်ဖြူကျောကုန်းကိုသာ လက်နှင့်သပ်ပေးနေမိသည်။