စာစဉ်(၂၃)

(၁)

ဒေါ်ဘွားအိုမှာ မယ်ပျင်းအားသုတ်သင်ရန်အတွက် အရှေ့မယ်တော်ထံမှ ခွင့်ပြုချက်ရလာခဲ့သည်မို့ ငန်းမြာရွာသူကြီး ဦးဖောထံသို့လာခဲ့သည်။ ဦးဖောထံမှ မြင်းလှည်းကြီးတစ်စီး ငှားယူလေသည်။

“သူကြီး ကျုပ်သွားဖို့အဆင်သင့်ဖြစ်ပါပြီ”

ထိုအခါ မယ်ဖော့ကလည်း အဝတ်အစားများပြင်ဆင်လိုက်ပြီးနောက်

“ကျုပ်လည်းလိုက်ချင်တယ် ဒေါ်ဘွားအို”

ဦးဖောက မယ်ဖော့အားကြည့်လိုက်ရင်း

“စုန်းတွေ၊ ပညာသည်တွေအချင်းချင်းတိုက်ခိုက်ကြမှာပဲသမီးရယ်၊ သမီးက ဘာပညာမှတတ်တဲ့လူမဟုတ်ဘူး၊ ဒီတော့ သမီးလိုက်မသွားစမ်းပါနဲ့”

“အိုအဖေကလည်း သမီးက မယ်ပျင်းတို့သားအမိ အသေဆိုးနဲ့သေတာကိုကြည့်ချင်လို့ပါအဖေရဲ့၊ ဒေါ်ဘွားအို ကျွန်မလိုက်လို့ရတယ်မဟုတ်လား”

ဒေါ်ဘွားအိုက မယ်ဖော့အားမျက်စောင်းတစ်ချက်ထိုးလိုက်ရင်း

“ပုံမှန်ဆိုရင်တော့ ငါကအလုပ်လုပ်ရင် တစ်ယောက်တည်းလုပ်တာဟေ့၊ ညည်းငါနဲ့လိုက်ချင်တယ်ဆိုရင်တော့ ကတိတစ်ခုပေးရမယ်၊ ညည်းက ငါသွားမယ့်လမ်းမှာ ဝန်ထုပ်ဝန်ပိုးဖြစ်နေတာမျိုး၊ ငါ့လုပ်ရပ်တွေကို နှောင့်နှေးစေတာမျိုး မဖြစ်စေရပါဘူးလို့ ကတိပေးတယ်ဆိုရင် ငါနဲ့လိုက်ခဲ့လို့ရတယ်”

မယ်ဖော့က ခေါင်းကိုသွက်သွက်ညိတ်လျှက်

“ရပါတယ် ဒေါ်ဘွားအို ကျွန်မကြောင့် ဒေါ်ဘွားအိုလုပ်တဲ့ကိုင်တဲ့နေရာမှာ အနှောင့်အယှက်မဖြစ်စေရပါဘူး”

“ကောင်းပြီ၊ ငါတို့ အခုညနေပဲ ခရီးထွက်ကြမယ်၊ ဖက်လိပ်ရွာကို နောက်တစ်နေ့မနက်မှရောက်လိမ့်မယ်၊ ဒါပေမယ့် နေ့ဘက်တော့ တိုက်ခိုက်လို့မရဘူး၊ ညဘက်ကျမှ ငါတို့လုပ်ငန်းစမယ်”

ဦးဖောက ဒေါ်ဘွားအိုအားကြည့်ကာ

“ညဘက်ကြီးသွားတော့ မြင်းတွေက လမ်းကိုမြင်ရမှာမို့လို့လား”

ဒေါ်ဘွားအိုက ခေါင်းခါရင်း

“ကျုပ်အတွက် မဖြစ်နိုင်ဘူးဆိုတဲ့အရာမရှိဘူးသူကြီး”

ဒေါ်ဘွားအိုက ဘာမှမပြောတော့ဘဲ သူကြီးအိမ်ပေါ်မှဆင်းလာခဲ့သည်။ အချိန်မှာ နေဝင်ပြီး နွားရိုင်းသွင်းချိန်ဖြစ်နေပြီမို့ ပတ်ဝန်းကျင်တစ်ခွင်တွင် အမှောင်ထုက ဖုံးလွှမ်းနေပြီဖြစ်သည်။ သူကြီးအိမ်ရှေ့တွင် မြင်းနှစ်ကောင်ဆွဲထားသည့် မြင်းလှည်းတစ်ခုအသင့်ဖြစ်နေသည်။ မြင်းလှည်းအိမ်မှာ သစ်သားဖြင့်ပြုလုပ်ထားပြီး နှီးပေါင်းမိုးတပ်ဆင်ထားသည့် လှည်းအိမ်တစ်ခုဖြစ်သည်။

“မယ်ဖော့၊ မြင်းလှည်းပေါ်တက်စမ်း”

ဒေါ်ဘွားအိုပြောသဖြင့် မယ်ဖော့ကမြင်းလှည်းအိမ်ပေါ်တက်လိုက်သည်။ ဒေါ်ဘွားအိုကလည်း မြင်းလှည်းအပေါ်ကိုတက်လိုက်ကာ ထိုင်လိုက်လေသည်။ ထို့နောက် မြင်းနှစ်ကောင်အားလက်ညှိုးထိုးရင်း

“ဘယ်ဘက်မြင်းမှာသားကြီးတက်၊ ညာဘက်မြင်းမှာ သားငယ်စီး၊ လမ်းတစ်လျှောက်မြင်းကိုသေသေချာချာမောင်းနော်၊ ငါက မြင်းလှည်းစီးရင် ကြွကြွရွရွလေးပဲဖြစ်ချင်တယ်၊ ကြမ်းကြမ်းတမ်းတမ်းဖြစ်လို့ကတော့ အမေ့ဒေါသကို သားတို့သိတယ်မဟုတ်လား”

ထိုအခါ မြင်းကြီးနှစ်ကောင်က ဟီခနဲအသံပေးလိုက်လေသည်။

“ကဲရပြီ၊ ဖက်လိပ်ရွာကို ရောက်အောင်သာမောင်းပေတော့”

ဒေါ်ဘွားအိုကပြောပြီး မြင်းလှည်းအိမ်အတွင်းတွင် ထိုင်ချလိုက်သည်။ ထိုအခါ မြင်းလှည်းမှာ မောင်းသူမပါဘဲ တလိမ့်လိမ့်ဖြင့်ထွက်ခွာလာခဲ့လေသည်။ မယ်ဖော့မှာ ဒေါ်ဘွားအိုအားကြည့်ရင်း အံ့သြမဆုံးတော့ပေ။

“ဒါနဲ့ မြင်းလှည်းကို ဒီလိုမောင်းလို့ဖြစ်ပါ့မလား၊ ဘယ်သူတွေမောင်းနေကြတာလဲ”

ဒေါ်ဘွားအိုက ဆေးပြင်းလိပ်ကြီးခဲလျှက် လှည်းအရှေ့ပိုင်းသို့ကြည့်လိုက်ကာ

“ကဲ သားတို့ရေ မင်းတို့လှည်းမောင်းနေတာကိုမြင်ချင်လို့တဲ့၊ သူ့ကိုမြင်အောင် ကိုယ်ထင်ပြလိုက်ကြစမ်းပါကွယ်”

ဒေါ်ဘွားအိုပြောလိုက်သည့်အခါ မယ်ဖော့မှာ မြင်းညိုကြီးနှစ်ကောင်ကိုလှမ်းကြည့်မိလိုက်သည်။ ထိုအခါ မြင်းညိုကြီးများအပေါ်တွင် ဦးခေါင်းတွင်မီးများတောက်လောင်နေသည့် အရိပ်သဏ္ဍာန်မည်းမည်းကြီးနှစ်ကောင်က ဆောင့်ကြောင့်ထိုင်လျှက် လိုက်ပါလာခဲ့ကြသည်။ ထိုအကောင်ကြီးများက ခေါင်းကိုချာခနဲအနောက်သို့လှည့်လိုက်ပြီး မယ်ဖော့အားပြုံးပြလိုက်လေရာ မယ်ဖော့မှာ အလွန်ကြောက်လန့်သွားပြီး မျက်စိကိုစုံမှိတ်ထားလိုက်တော့သည်။

“အောင်မယ်လေး ကြောက်ဖို့ကောင်းလိုက်တာ”

“ညည်းပဲ ကြည့်ချင်သပဆို၊ ကိုင်း ငါ့သားတို့ သူ့ကိုမပြကြနဲ့တော့၊ တော်ကြာမင်းတို့ကိုမြင်ပြီး လန့်သေသွားလို့ ပွဲကြီးပွဲကောင်းမကြည့်လိုက်ရဘဲ နေအုံးမယ်ဟေ့ ဟား ဟား”

ဒေါ်ဘွားအိုမှာ ဆေးလိပ်ဖွာလျှက် ရယ်မောရင်းလိုက်ပါလာသည်။ အတန်ကြာသည့်အခါမှ မယ်ဖော့က မျက်စိကိုမရဲတရဲဖွင့်ကြည့်ုလိုက်ရာ မြင်းပေါ်စီးနင်းနေသည့် အကောင်ကြီးများအား မတွေ့ရတော့ပေ။ မယ်ဖော့ ဒေါ်ဘွားအိုကိုကြည့်ရင်း

“အဘွားပညာက သိပ်စွမ်းတာပဲနော်၊ ကျွန်မဖြင့် အဘွားလိုပညာမျိုးတောင် တက်ချင်လာပြီ”

ဒေါ်ဘွားအိုက မယ်ဖော့ကိုမျက်စောင်းထိုးလျှက်

“တော်စမ်းပါအေ၊ အစိမ်းသရဲမြင်တာတောင်မှ လန့်နေတဲ့လူက စုန်းပညာကိုလိုချင်သေးတယ်တဲ့လား၊ နင်စုန်းလုပ်မယ်ဆိုရင် ဒါမျိုးအကောင်တွေ ရာထောင်ချီမြင်ရမှာအေ့”

မယ်ဖော့မှာ အနည်းငယ်တွန့်သွားလေသည်။

“ဒါနဲ့ မယ်ပျင်းတို့သားအမိကို အဘွားရဲ့ပညာနဲ့ ဒီအတိုင်းသတ်လိုက်လို့မရဘူးလား”

“ငါ့ပညာနဲ့ဆိုရင် ဒင်းတို့လောက်တော့ အပျော့ပေါ့အေ၊ ဒါပေမယ့် စုန်းကဝေတွေ လိုက်နာရတဲ့စည်းကမ်းရှိနေလို့သာ ချက်ချင်းသွားသတ်လို့မရတာအေ့”

“အလို၊ စုန်းကဝေတွေကလည်း လိုက်နာရတဲ့စည်းကမ်းရှိသေးတယ်တဲ့လား”

“ရှိတာပေါ့၊ စုန်းတွေဆိုတာလည်း ဂိုဏ်းထောင်ပြီး ဂိုဏ်းဝင်ထားကြတဲ့စုန်းတွေရှိတယ်၊ တစ်ခါ အသင်းအဖွဲ့ထောင်ထားတဲ့စုန်းအသင်းတွေလည်းရှိတယ်၊ ဘယ်ဂိုဏ်းဘယ်အသင်းမှ မဝင်ဘဲ သီးသန့်နေတတ်တဲ့စုန်းတွေကိုတော့ သင်းကွဲစုန်းလို့ခေါ်ကြတယ်၊ ငါ့လိုပေါ့အေ”

“စုန်းတွေရှိတာသာကြားဖူးတာ ဂိုဏ်းတွေအသင်းတွေရှိတာကို မကြားဖူးဘူး ဒေါ်ဘွားအို”

“အသင်းတွေ ဂိုဏ်းတွေဖွဲ့တယ်ဆိုတာ တကယ်တော့ စုန်းပညာတိုးတက်ပြန့်ပွားဖို့ ပညာအဆင့်မြင့်ဖို့ ဖွဲ့ကြတာပဲ၊ ဥပမာ ဂိုဏ်းတွေဆိုရင် စုန်းပညာရပ်တစ်မျိုးမျိုးကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းပြီးသင်ကြားပေးတတ်ကြတယ်၊ စုန်းတွေမှာ ဂိုဏ်းတက်တာ ဂိုဏ်းဆင်းတာဆိုတာရှိတယ်၊ စုန်းပညာတစ်ခုကို ကိုယ်ကမတတ်သေးဘူးဆိုရင် ဂိုဏ်းထဲဝင်ပြီး သူတို့သင်ပေးတဲ့စုန်းပညာကို တတ်အောင်သင်ယူရတယ်၊ အချိန်တစ်ခုကြာလို့ အဲဒီပညာကို တတ်မြောက်ပြီးပြီ၊ ဆရာတွေကလည်း တကယ်တတ်မတတ် စစ်ဆေးပြီးလို့ ဂိုဏ်းပညာကို တကယ်တစ်ဖက်ကမ်းခတ် တတ်မြောက်ပြီးပြီဆိုရင် အဲဒီဂိုဏ်းကနေ ဂိုဏ်းဆင်းခွင့်ပေးလိုက်တယ်၊ ဂိုဏ်းဆင်းလာပြီးတဲ့ စုန်းတစ်ယောက်က နောက်ထပ်ပညာတွေလိုချင်ရင် တခြားဂိုဏ်းတစ်ခုကို ဂိုဏ်းပြန်တက်ပြီးတော့ ပညာထပ်လေ့လာရတယ်”

“စုန်းဂိုဏ်းတွေကလဲ ပွဲကျောင်းတွေ ပညာသင်ပေးသလိုပဲနော် အဘွား”

“အေးပေါ့၊ ပွဲကျောင်းနဲ့မတူတာကတော့ ဂိုဏ်းပညာက တစ်သက်လုံးလေ့လာလို့ကုန်တယ်ဆိုတာမရှိဘူး၊ လောလောဆယ်တော့ စုန်းဂိုဏ်းပေါင်းကိုးရာ၊ ပညာရပ်ပေါင်း ကိုးထောင်တိတိရှိကြတယ်အေ့၊ ဂိုဏ်းသမားတွေလိုက်နာရမယ့်စည်းကမ်းကတော့ ဂိုဏ်းတစ်ခုတက်ပြီး ပညာမစုံလို့ ဂိုဏ်းမဆင်းရသေးဘူးဆိုရင် တခြားဂိုဏ်းကို သွားတက်လို့မရဘူးဆိုတာပဲ၊ တခြားဂိုဏ်းကလည်း ဂိုဏ်းမဆင်းရသေးတဲ့လူတစ်ယောက်ကို လက်မခံဘူး”

“ဒါဆိုရင် တစ်ချိန်တည်း သုံးလေးဂိုဏ်း ပြိုင်တက်လို့မရဘူးပေါ့”

“ဒါပေါ့၊ ဒါကြောင့် စုန်းပညာလိုက်စားတဲ့လူက သေတဲ့အထိ ပညာတွေကိုထပ်ဖြည့်ရင်း ဂိုဏ်းပေါင်းစုံမှာ ကျင်လည်နေကြရတယ်”

“ဒါဖြင့် အသင်းဆိုတာကရော၊ ဂိုဏ်းနဲ့မတူဘူးလား”

ဒေါ်ဘွားအိုက ခေါင်းခါလိုက်ပြီးနောက်

“မတူဘူး၊ အသင်းဆိုတာကျတော့ ပညာသင်တယ်ဆိုပေမယ့် ဂိုဏ်းတွေလိုမဟုတ်ဘူး၊ အသင်းဆိုတာကျတော့ ရပ်ရွာအခြေပြု၊ နယ်အခြေပြု ဖွဲ့စည်းကြတာများတယ်၊ အသင်းထဲဝင်ထားတဲ့လူက ဂိုဏ်းတွေထဲလည်းဝင်ခွင့်ရှိတယ်၊ ပြောရရင်တော့အေ ညည်းတို့ငန်းမြာရွာ စုန်းအသင်းလိုပေါ့၊ အဲဒီစုန်းအသင်းထဲမှာ ငန်းမြာရွာနဲ့ ရွာအနီးက စုန်းတွေအကုန်လုံးဝင်ထားကြတယ်၊ အသင်းထဲမှာ အဆင့်ပညာရပ်အလိုက် နေရာတွေပေးထားပြီးတော့ အုပ်ချုပ်ကြတယ်၊ အသင်းတွေက ရပ်ရွာအရေးကိုပိုအလေးထားတယ်၊ အသင်းထဲက အဆင့်နိမ့်တဲ့စုန်းတွေကို ပညာပေးတာမျိုး၊ သွန်သင်ပေးတာမျိုးလုပ်ကြတယ်၊ တစ်နှစ်ကိုနှစ်ကြိမ် တော်သလင်းလနဲ့ တန်ခူးလမှာ အသင်းတွေတွေ့ဆုံပြီး ပညာပြိုင်တာတွေ၊ ပညာရပ်ဆွေးနွေးတာတွေလုပ်ကြတယ်”

“ဒါဆိုနောက်ဆုံး သင်းကွဲဆိုတာကရော”

“အဲဒါတွေကတော့ ကိုယ့်ကိုယ်ကိုယ်ပညာစုံပြီ၊ ကိုယ့်ပညာတွေက ထပ်သင်စရာမလိုဘူးလို့ထင်တဲ့စုန်းတွေကျတော့ ဘယ်ဂိုဏ်းဘယ်အသင်းထဲမှ မဝင်တော့ဘဲ တစ်ယောက်တည်းသီးသန့်နေတတ်တဲ့စုန်းတွေကိုပြောတာပါ၊ အဲဒီလို သင်းကွဲစုန်းမျိုးက ရှားတော့ရှားတယ်၊ စုန်းရဲ့အသက်က ပညာဆိုတော့ စုန်းတစ်ယောက်က သူ့ပညာတွေအမြဲတိုးပွားနေအောင်လို့ ဂိုဏ်းတွေ အသင်းတွေထဲဝင်ပြီးတော့ အမြဲလေ့လာဆည်းပူးနေရတတ်တယ်”

“နည်းနည်းတော့ရှင်းပါပြီ၊ ဒါဆို ဂိုဏ်းတွေအသင်းတွေထဲဝင်ထားတဲ့လူတွေက ပညာကိုသုံးချင်တိုင်းသုံးမရဘူးပေါ့”

“ဒီလိုလည်းမဟုတ်သေးဘူး၊ စုန်းတွေအားလုံးကို အပေါ်စီးကနေ ချုပ်ကိုင်ထားတဲ့ စုန်းချုပ်ဆိုတာရှိတယ်၊ တို့အညာဘက်ကို အရှေ့၊ အနောက်၊ မြောက်၊ တောင်ဆိုပြီးတော့ လေးပိုင်းခွဲပြီး မယ်တော်လေးပါးက အုပ်ချုပ်တယ်၊ သူတို့က အဲဒီနယ်တွေရဲ့ စုန်းချုပ်၊ ကဝေချုပ်တွေပေါ့၊ ဒါပေမယ့် မယ်တော်ဆိုတာ ဘယ်သူဘယ်ဝါရယ်လို့ ပုံသေမရှိဘူး၊ မယ်တော်ဆိုတာ ရာထူးတစ်ခုပဲ၊ လက်ရှိမယ်တော်ကို ပညာပြိုင်ပြီးရှုံးနိမ့်အောင်လုပ်နိုင်တဲ့လူက မယ်တော်ရာထူးကိုရတယ်”

“အရှေ့နယ် အနောက်နယ်တွေကို ဘယ်လိုခွဲထားသလဲအဘွား”

“ဟိုးရှေးယခင် ပေါက္ကံပြည်ကြီးကို အလယ်စုရပ်ထားပြီးတော့ အရှေ့နယ်အဖြစ် တောင်သာ၊ မြင်းခြံ၊ မြစ်သား၊ ကျောက်ဆည်နယ်တွေကို အရှေ့နယ်တွေဆိုပြီးသတ်မှတ်တယ်၊ အနောက်နယ်ကတော့ ဆော၊ မြိုင်၊ ပေါက်၊ ဂန့်ဂေါ၊ ထီးလင်း ကတော့ အနောက်ပေါ့၊ အထက်ဘက်ကတော့ ကောလင်း၊ ဝန်းသို၊ ကသာ၊ အင်းတော်အထိက အထက်မြောက်ဘက်နယ်ဖြစ်ပြီး အောက်ဘက် တောင်ဘက်နယ်ကတော့ မကွေး၊ မင်းလှ၊ မြေထဲ(အောင်လံ)၊ တောင်တွင်းကြီး၊ ပြည်မြို့ကိုတော့ တောင်ဘက်နယ်တွေဆိုပြီးသတ်မှတ်တယ်၊ အဲဒီအညာလေးနယ်က စုန်းကဝေတွေကို မယ်တော်လေးပါးက အပိုင်စားရပြီး စုန်းကဝေနဲ့ပတ်သက်တဲ့ စီစဉ်စရာရှိတာတွေကို သူက စီစဉ်ပေးရတယ်”

“ဘယ်လိုအရာတွေကို စီစဉ်ရတာလဲ အဘွား”

“စုန်းအချင်းချင်းဖြစ်တဲ့ပြဿနာတွေပေါ့၊ စုန်းတွေမှာက နှစ်ဦးနှစ်လုံးလိုလားလို့ ပညာပြိုင်ကြတယ်ဆိုရင် မယ်တော်ကဝင်ပါစရာမလိုဘူး၊ ကိုယ်ကတိပေးထားတဲ့အတိုင်း ကိုယ်ဖြစ်ကိုယ်ခံပဲ၊ အဲဒီလိုမှမဟုတ်ဘဲ တစ်ဖက်သတ်ပညာပြိုင်မယ်ဆိုရင်တော့ မယ်တော်ရဲ့ခွင့်ပြုချက်လိုအပ်တယ်၊ အခု မယ်ပျင်းတို့နဲ့ ငါ့လိုပေါ့၊ မယ်ပျင်းက အခုအချိန်အထိ ငါသူနဲ့ပြိုင်မယ်ဆိုတာကို မသိလောက်သေးဘူး၊ ဒါပေမယ့် မယ်တော်ရဲ့ခွင့်ပြုချက်ကို ငါရသားပြီးဖြစ်လို့ မယ်ပျင်းက ဒီပညာပြိုင်ပွဲကို ငြင်းလို့မရဘူး၊ သူ့မှာရွေးချယ်စရာက ငါနဲ့တိုက်ဖို့ပဲ၊ ငါနဲ့တိုက်ခိုက်လို့ သူရှုံးရင် ငါပေးတဲ့အပြစ်ဒဏ်ကိုခံရမယ်၊ ငါက သူ့ကိုသေစေချင်တယ်ဆိုရင် သူကသေပေးရမယ်”

“တကယ်လို့ အဘွားက ရှုံးခဲ့တယ်ဆိုရင်ရော”

မယ်ဖော့မေးလိုက်သည့်အခါ ဒေါ်ဘွားအိုမှာ စိတ်တိုသွားပုံရသည်။ ထို့နောက်လက်သုံးချောင်းထောင်ပြပြီး

“ငါ့တစ်သက်မှာ တစ်ဖက်သတ်ပညာပြိုင်လာတာ ပွဲပေါင်းသုံးရာကျော်ပြီ၊ အဲဒီပွဲသုံးရာကျော်မှာ ငါတစ်ပွဲမှာ မရှုံးဖူးသေးဘူး၊ နင်ဒီလောက်ဆို သဘောပေါက်လောက်မှာပါ မယ်ဖော့”

မယ်ဖော့က ခေါင်းညိတ်ပြလိုက်လေသည်။

“ဒါနဲ့အဘွားက စုန်းပညာတွေအများကြီးတတ်တယ်ဆိုတော့ အဘွားကဘယ်လိုစုန်းမျိုးများလဲ၊ ပြီးတော့ အဝတ်စကြီးလုပ်ပြီးမိုးပေါ်ပျံလို့လည်းရသေးတယ်မဟုတ်လား”

“အဝတ်စကြီးလုပ်ပြီး မိုးပေါ်ပျံတဲ့ပညာကို ချည်နံပိုင်းစုန်းပညာလို့ခေါ်တယ်၊ ဟောဒီခေါင်းပေါင်းကို မိုးပေါ်ကိုပစ်တင်လိုက်တာနဲ့ ခေါင်းပေါင်းစထဲကို ရုပ်ရောနာမ်ရော ညွှတ်ပြီး ကိန်းလိုက်သွားတဲ့ပညာပဲ၊ ငါကစုန်းပညာတွေအများကြီးတတ်တယ်ဆိုပေမယ့် တကယ်တမ်းငါ့ကိုတော့ လင်ခေါင်းစား၊ သားခေါင်းစား စုန်းလို့ခေါ်လို့ရတယ်”

“အဲဒီလင်ခေါင်းစား၊ သားခေါင်းစားဆိုတာ ဘယ်လိုမျိုးလဲဟင်”

“လင်ခေါင်းစားဆိုတာ ကိုယ်ယူထားတဲ့လင်တစ်ယောက်ကို ကိုးလတိတိပေါင်းပြီးတော့ အဲဒီလင်ကို စုန်းကဝေပညာရပ်တွေ တိုးတက်စေတဲ့ ဂမုန်းတွေ၊ ဥတွေ၊ ရှားပါးဆေးမြစ်တွေနဲ့ ကိုးလတိတိကောင်းကောင်းမွန်မွန်ကျွေးရတယ်၊ ကိုးလပြည့်တဲ့ ညသန်းခေါင် လပြည့်နေ့ကျရင် ကိုယ်ကျွေးထားတဲ့ ဂမုန်းတွေ၊ ဆေးတွေက တန်ခိုးအာနိသင်တွေထက်ပြီး အဲဒီလင်ရဲ့ခေါင်းမှာ အခိုးအငွေ့တွေစုဝေးနေတဲ့အချိန် ကိုယ့်လင်ရဲ့ခေါင်းကိုဖြတ်ပြီးစားတာကို လင်ခေါင်းစားတာလို့ခေါ်တယ်”

“ကြောက်စရာကြီးပါလား”

“သိပ်တော့ကြောက်စရာမကောင်းပါဘူး၊ တို့အင်္ဂလိပ်မင်းတွေ ကြက်ဆင်ရဲ့ဝမ်းဗိုက်ထဲကို အစာပလာတွေသွပ်ပြီး ကင်စားကြသလိုပါပဲ”

“သားခေါင်းစားဆိုတာကျတော့ရော”

“သားခေါင်းစားက လင်ခေါင်းစားထက် ပိုပြီးအဆင့်မြင့်တယ်၊ သူက ကိုယ်မွေးထားတဲ့သားကို ကိုးနှစ်တိုင်တိုင်ပြုစုစောင့်ရှောက်ကျွေးမွေးပြီးတော့မှ အဲဒီသားတွေကိုပြန်စားတာပဲ”

“အလို ရက်စက်လှချည်လား”

“စုန်းတွေမှာပညာအရေးအကြီးဆုံးဆိုတာ ဒါကိုပြောတာဟဲ့၊ စုန်းမှန်ရင် ကိုယ့်ပညာတိုးတက်ဖို့က ပထမပဲ၊ လင်တွေသားတွေဆိုတာကို ခေါင်းထဲကိုထည့်ကိုမနေဘူးအေ”

“ဒါကြောင့်ကိုး၊ ဒါကြောင့် ခုနက မြင်းကြီးတွေကိုစီးခိုင်းတာ သားကြီး၊ သားငယ်ဆိုပြီးပြောတာကြားလိုက်တယ်၊ ဒါဆို ဒီသရဲကြီးတွေက အဘွားရဲ့သားတွေပေါ့နော်”

ဒေါ်ဘွားအိုက ဆေးလိပ်ကိုဖွာကာ ခေါင်းညိတ်ပြလိုက်လေသည်။ မယ်ဖော့မှာ ကိုယ့်လင် ကိုယ့်သားကိုပြန်စားသည့် ဒေါ်ဘွားအိုအားကြည့်ရင်း အလွန်ထိတ်လန့်ကြောက်ရွံ့နေမိသည်။ ဒေါ်ဘွားအိုက မယ်ဖော့ကိုတစ်ချက်စောင်းကြည့်လိုက်ပြီး

“ဘယ်လိုလဲအေ့၊ ကိုယ့်လင် ကိုယ့်သားကိုစားတယ်ဆိုပြီးတော့ ညည်းငါ့ကိုတော်တော်ကြောက်နေပြီမဟုတ်လား”

မယ်ဖော့မှာ ခေါင်းညိတ်ရခက် ခေါင်းခါရခက်ဖြစ်နေသည်။

“ငါလင်ကိုးယောက်တိတိစားပြီး သားချည်းကိုးယောက်စားခဲ့တာသာနင်သိရင် နင်ပိုပြီးကြောက်နေမှာပဲအေ့”

“ဘုရားရေ၊ ကိုးယောက်တိတိတောင်စားထားတာတဲ့လား၊ စားပြီးတော့ သူတို့တွေဘာဖြစ်သွားသလဲ”

“ဘာဖြစ်ရမလဲ ငါ့လင်၊ ငါ့သားတွေကို ငါချစ်လို့ခေါ်ထားတာပေါ့အေ၊ ဟောဒီလှည်းပေါ်မှာတောင် ဒင်းတို့ပါလာသေးတာ အများကြီးပဲ”

ဒေါ်ဘွားအိုပြောဆိုလိုက်သည်နှင့် လှည်းအိမ်အတွင်းတွင် အရိပ်ကဲ့သို့ မည်းမည်းအကောင်ကြီးများ အများအပြားမှာ ပြွတ်သိပ်ကြပ်ညပ်အောင် ထိုင်လျှက်လိုက်ပါလာကြသည်ကိုတွေ့ရသည်။ မယ်ဖော့အနီးတွင်လည်း မည်းမည်းအကောင်ကြီးများရှိလေရာ မယ်ဖော့မှာ ထိုအကောင်ကြီးများကိုကြည့်ရင်း ထိတ်လန့်အော်ဟစ်ကာ လဲကျသွားတော့သည်။ ဒေါ်ဘွားအိုက မယ်ဖော့အဖြစ်အားကြည့်ရင်း အသံနက်ကြီးဖြင့် တဟားဟားရယ်မောလျှက် မြင်းလှည်းကြီးမှာ ညအမှောင်တွင် မောင်းနှင်လာခဲ့လေသည်။

(၂)

ဖက်လိပ်ရွာရှိ သူကြီးအိမ်တွင်တော့ မယ်ပျင်းကလေးမှာ မေ့မြောနေပြန်သည်။ သူကြီးဦးရွှေမောင်က အိမ်ဦးခန်းတွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ကာ စိတ်ပူပန်နေမိသည်။ ထိုစဉ် မောင်မဲမှာ အိမ်ပေါ်သို့ပြေးတက်လာလေသည်။ သူကြီးဦးရွှေမောင်မှာ မျှော်လင့်တကြီးမျက်နှာနှင့်

“မောင်မဲ၊ ဘာထူးသေးလဲကွ၊ ဟိုနေ့က ကုလားကြီးကိုမင်းတွေ့ခဲ့သေးတယ်မဟုတ်လား”

မောင်မဲမှာ မျက်စိပျက်မျက်နှာပျက်နှင့်

“မတွေ့ခဲ့ပါဘူးသူကြီးရာ၊ ရွာလေးခွင်လေးရပ်ရှာဖွေပေမယ့် အဲဒီကုလားကြီးကိုမတွေ့ခဲ့ပါဘူး”

ဦးရွှေမောင်မှာ နဖူးကိုလက်ဝါးနှင့်ပုတ်လျှက်

“ပြဿနာပဲဟေ့၊ မယ်ပျင်းကလေးရဲ့ရောဂါကို သူတစ်ယောက်တည်း ကုသနိုင်တာ၊ ကုလားကြီး ပြန်များသွားပြီလားမသိဘူး”

ထိုအခိုက် အိမ်အပြင်မှ အသံတစ်သံကြားရလေသည်။

“မပြန်ပါဘူးသူကြီးရဲ့၊ ကျုပ်ရောက်လာပါပြီ”

အသံမှာ ကုလားဆေးဆရာကြီးအသံဖြစ်နေသဖြင့် ဦးရွှေမောင်မှာ အံ့သြသွားကာ

“ဟော၊ ကုလားဆရာကြီးလာပြီ၊ မောင်မဲရေ အိမ်ပေါ်ကိုသာပင့်ခဲ့တော့ဟေ့”

ထိုကုလားဆရာကြီးမှာ အိမ်ပေါ်သို့တစ်ခါတက်လာပြန်သည်။ သူကြီးက ငွေဒင်္ဂါးပြားငါးပြားပေးလိုက်သည့်အခါ ကုလားကြီးက ခေါင်းခါလိုက်လေသည်။

“ဒီတစ်ခါတော့ ရောဂါကပိုကျွမ်းပြီးတော့ အဆင့်မြင့်သွားပြီသူကြီး၊ ဒါကြောင့် ငွေပြားနဲ့မရတော့ဘူး၊ သူ့ကိုယ်က သွေးအဆိပ်ကိုစုပ်ထုတ်နိုင်ဖို့ရာအတွက် ရွှေဒင်္ဂါးပြားငါးပြားလိုအပ်တယ်”

သူကြီးမှာ မဆိုင်းမတွပင် အိမ်ခန်းထဲသို့ဝင်ရောက်သွားကာ ရွှေပြားငါးပြားကိုယူကာ ကုလားကြီးကိုပေးလိုက်လေသည်။ ကုလားကြီးမှာ ရွှေပြားငါးပြားကို မယ်ပျင်းကလေး၏ ဦးခေါင်း၊ လက်နှစ်ဖက်၊ ခြေနှစ်ဖက်တွင် တင်လိုက်ပြီးနောက် ရင်ဘတ်ပေါ်တွင် သစ်ရွက်ခြောက်များကို စုပုံလိုက်သကဲ့သို့ ချက်ပေါ်တွင်လည်း သစ်ရွက်ခြောက်များကိုစုပုံလိုက်လေသည်။ ပြီးနောက် သစ်ရွက်ခြောက်နှစ်ပုံကို မီးတို့လိုက်သည့်အခါမှ မယ်ပျင်းကလေးမှာ တဝေါ့ဝေါ့နှင့်ထအန်ပြန်သည်။ ယနေ့အန်သည့် အရာများမှာတော့ မည်းပုပ်ပုပ်အရည်များသာဖြစ်သည်။ သူကြီးမှာ ကုလားဆေးဆရာကြီးအား အလွန်ကျေးဇူးတင်ကာ ရွှေငွေရတနာများ ပေးသနား၍ ကျေးဇူးဆပ်လေသည်။

မောင်မဲမှာ သူကြီးအားကြည့်ရင်း

“သူကြီး၊ ရွှေငွေရတနာတွေက မများလွန်းဘူးလားသူကြီးရယ်၊ ဒီကလေးတစ်ယောက်အတွက်နဲ့ ဒီလောက်ပေးရတာ တန်လို့လား”

“မင်းမသိဘဲ ဘာမှဝင်မပြောနဲ့မောင်မဲ၊ မယ်ပျင်းကလေးဟာ ငါ့အသက်ကိုနှစ်ခါတိတိကယ်ထားတာကွ၊ ငါသူ့ကိုကယ်ဖို့အတွက် တစ်အိမ်လုံးကိုချွတ်ပေးရမယ်ဆိုရင်လည်း ပေးမှာပဲ”

“သူကြီးကိုသူက ကယ်တယ်ပြောရအောင် သူကဘယ်လိုများကယ်တင်ခဲ့လို့လဲ”

“ဒါကိုတော့ မင်းကိုငါမပြောချင်ဘူး၊ မင်းမသိချင်စမ်းပါနဲ့ကွာ”

သူကြီးဦးရွှေမောင်က ကုလားကြီးဘက်သို့လှည့်လိုက်ပြီးနောက်

“ဆရာကြီး ဟောဒီရတနာတွေကို ဆရာကြီးရဲ့ပညာကြေးအဖြစ်ယူဆောင်ပါ”

သူကြီးက ကုလားကြီးကို ရတနာပုံကြီးတွန်းပေးလိုက်လေသည်။ ကုလားကြီးက ထိုရတနာပုံကြီးကိုတစ်ချက်ကြည့်ပြီး သူကြီးအားပြန်တွန်းပေးလိုက်ကာ

“ကျုပ် ရတနာတွေမလိုချင်ဘူး၊ ဒီသမီးလေး ဘေးကင်းဖို့ကိုပဲလိုချင်တယ်လို့ သူကြီးကိုပြောခဲ့တယ်မဟုတ်လား”

“ဟုတ်၊ ဟုတ်ပါတယ်”

“ကျုပ်ဒီနေ့တော့ ခင်ဗျားတစ်ယောက်တည်းကို တီးတိုးမပြောတော့ဘူး၊ တစ်အိမ်သားလုံးကြားနိုင်အောင်ပြောရတော့မယ်၊ အခုဆို ဒီသမီးကလေး ဒီလိုဖြစ်တာ နှစ်ခါရှိပြီ၊ နှစ်ခါစလုံးလည်း ကျုပ်တတ်တဲ့ပညာကုန်နဲ့ ကုသပေးပြီးပြီ၊ ဒါပေမယ့် သုံးခါမြောက်ကျရင် ကျုပ်ကုသနိုင်မှာမဟုတ်တော့ဘူး”

တစ်အိမ်လုံးမှာ အံ့သြနေလေသည်။

“သုံးခါမြောက် ဒါမျိုးထပ်ဖြစ်တာနဲ့ သူ့ရင်ဘတ်ပေါ်မှာ သစ်ရွက်မီးရှို့တာလောက်နဲ့မရတော့ဘဲ၊ သူ့တစ်ကိုယ်လုံးကိုမီးရှို့ပြီး သဂြိုဟ်ပေးရလိမ့်မယ်၊ ခင်ဗျားတို့ ဒီလောက်ဆို ကျုပ်ပြောတာကိုနားလည်မှာပါ”

“ဒါဆို သမီးလေးက နောက်တစ်ခေါက်ထပ်ပြီးဒီလိုဖြစ်ရင် သေတော့မှာပေါ့နော်”

“သိပ်သေချာတာပေါ့ မယ်ဖြူရယ်”

မယ်ပျင်းမှာ ထိုကုလားကြီးကိုကြည့်ရင်း တစ်နေရာတွင်မြင်ဖူးသည်ဟုထင်နေမိလေသည်။

“ဒီကလေးကို ခင်ဗျားတို့ နေ့နေ့ညညဂရုစိုက်ထားပါ၊ ဒီကလေးဟာ နောက်တစ်ကြိမ်ဒါမျိုးထပ်ဖြစ်ရင် သေဖို့ပဲဖြစ်လာမှာပါ၊ ခင်ဗျားတို့ သေသေချာချာဂရုစိုက်ပါလို့ပဲ ကျုပ်ပြောချင်တယ်”

ကုလားကြီးမှာပြောဆိုရင်း အိမ်ပေါ်မှဆင်းသွားလေတော့သည်။ သူကြီးဦးရွှေမောင်တို့လည်း မယ်ပျင်းကလေးအတွက် အခက်တွေ့နေမိသည်။

“ငါ့လူတွေအားလုံးကို ငါမှာထားမယ်၊ မယ်ပျင်းကလေးကို ခြံထဲကခြံပြင်တောင်မထွက်စေနဲ့”

သူကြီးအမိန့်ဖြင့် ခြံကို လူသူလက်နက်အင်အားများဖြင့် စောင့်ကြပ်ကြလေသည်။ သူကြီးခြံမှာ သစ်လုံးသစ်ပြားများဖြင့် ကာရံထားသည်မို့ ခြံထဲသို့တော်ရုံမဝင်ရောက်နိုင်ပေ၊ ခြံစည်းရိုးများပေါက်ပြဲနေသည်များရှိပါကလည်း ဝိုင်းဝန်းပြင်ဆင်ဆောင်ရွက်ကြလေသည်။

မယ်ပျင်းမှာ မယ်တော်၏စည်းတံဆိပ်အားဆန့်ကျင်ပြီး နှစ်ကြိမ်တိုင်တိုင်စုန်းပညာများကိုထုတ်သုံးခဲ့သည်မို့ ထိုသို့ခံစားနေရခြင်းဖြစ်သည်။ မယ်ပျင်းသုံးသည့် စုန်းပညာရပ်မှာ အမာနည်းစနစ်ဖြစ်သည့် သူတစ်ပါးအားထိခိုက်သေစေလိုသည့် ပညာရပ်မဖြစ်သည်မို့သာ အသက်မသေဘဲရှိနေခြင်းဖြစ်သည်။ မယ်ပျင်းကလေးမှာ မေ့မျောနေရာမှ နိုးထလာသည့်အခါ ဗိုက်ဆာလာလေသည်။ ထို့ကြောင့် မိခင်ဖြစ်သူ မမယ်ဖြူက မယ်ပျင်းအား စားဖိုဆောင်အတွင်းသို့ခေါ်သွားကာ ကြက်ဥပြုတ်ပေးရန်စီစဉ်လေသည်။

ထိုအခိုက် မယ်ဖော့နှင့်ဒေါ်ဘွားအိုမှာ ဖက်လိပ်ရွာအပြင်ဘက် တောတန်းတစ်နေရာရှိ အရိပ်ကောင်းသည့် သစ်ပင်ကြီးတစ်ပင်အောက်တွင်ရောက်ရှိနေပြီဖြစ်သည်။ ဒေါ်ဘွားအိုမှာ သူမွေးထားသည့် အစိမ်းသရဲကြီးများကို ရွာတွင်းသို့စုံစမ်းရန်စေလွှတ်လိုက်သည်။ သရဲကြီးများမှာ နေ့လည်နေ့ခင်းအချိန်မို့ မြေပေါ်မှမသွားနိုင်ဘဲ မြေအောက်မှတိုးလျှိုးပျောက်ကွယ်သွားကြသည်။

“ကိုင်း၊ မင်းတို့အားလုံး ဖက်လိပ်ရွာမြေပေါ်မြေအောက်မကျန် သွားပြီး မယ်ပျင်းရဲ့ချက်မြှုပ်ထားသလားဆိုတာကို ရအောင်ရှာလာခဲ့ကြ”

သရဲကြီးများမှာ ခေါင်းညိတ်လျှက် မြေအောက်သို့တိုးဝင်ပျောက်ကွယ်သွားလေသည်။

“ချက်ဆိုတာ ဘာလဲ အဘွား”

“ချက်ဆိုတာက လူတွေမွေးပြီးရင် ချက်ကြိုးကိုမြှုပ်တတ်ကြတယ်မဟုတ်လား၊ စုန်းတွေမွေးတဲ့အခါလည်း ချက်ကြိုးကိုမြှုပ်ထားတယ်ဆိုရင် အဲဒီချက်ကြိုးကို အပိုင်ရတဲ့လူဟာ အဲဒီစုန်းကိုနိုင်သတဲ့၊ ပြီးတဲ့အခါ အစွမ်းထက်တဲ့ စုန်းကဝေတွေက ကိုယ့်အသက်ခန္ဓာကိုယ် ကိုယ့်ကိုယ်ထဲမှာမထားဘဲ ဘူးနဲ့ထည့်ပြီး မြှုပ်ထားလေ့ရှိတယ်၊ ဒီလိုစုန်းတွေကို သာမန်နည်းလမ်းနဲ့သွားသတ်ရင် ဘယ်လိုသတ်သတ်မသေနိုင်ဘူး၊ သူ့ရဲ့ဘူးကိုရတော့မှ သတ်လို့သေနိုင်တယ်”

“ဒါဖြင့်ရင်လည်း အခုချက်ချင်း သွားပြီးသတ်လိုက်ပါတော့လား”

“မဖြစ်ဘူး မယ်ဖော့ရဲ့၊ ငါ့ရဲ့အားနည်းချက်က နေရောင်နဲ့ထိလို့မရတာပဲ၊ နေရောင်ထဲထွက်ရင် ငါ့အစွမ်းတွေသိသိသာသာသာကျသွားတယ်၊ ဒါကြောင့် ဒင်းကိုနေ့ခင်းကြောင်တောင်ဝင်ဆော်လိုက်လို့မရတာပေါ့၊ ဒီနေ့ခင်းမှာ သူ့ရဲ့ချက်တို့၊ ဘူးတို့ကို မြေလှန်ပြီးရှာထားမယ်၊ ညရောက်တဲ့အခါမှ ဒင်းနဲ့ချိန်းချက်ပြီး ပညာပြိုင်ရင်း ဘူးတွေကိုဖျက်ပြီး တစ်ခါတည်းသတ်ရမှာပေါ့”

“ဒါဖြင့်ရင် ဘယ်လိုချိန်းမလဲ”

“ချိန်းတာကတော့လွယ်ပါတယ်၊ ငါ့ကိုသစ်ရွက်တစ်ရွက်ခူးပေးစမ်း”

မယ်ဖော့က အနီးသို့ထလိုက်ကာ လူကြီးခါးစောင်းခန့်ရှိသည့် ချုံပင်ကလေးတစ်ပင်မှ သစ်ရွက်တစ်ရွက်ကိုခူးပေးလိုက်သည်။ ထိုအခါ ဒေါ်ဘွားအိုက သစ်ရွက်ကိုလျှာဖြင့်လျက်ကာ တံတွေးနှင့်သုတ်လိုက်ပြီးနောက်

“ကဲ၊ ရွာတော်ရှင်၊ ငါနင့်ကိုအခုခေါ်တယ်၊ နင်ငါ့ရှေ့မှာပေါ်လာရမယ်”

ဒေါ်ဘွားအိုပြောဆိုပြီးမကြာခင်မှာပင် ဦးလေးကြီးတစ်ယောက်က ချုံအကွယ်မှထွက်လာလေသည်။ ထိုဦးလေးကြီးကို မယ်ဖော့ကကြည့်ရင်း

“ဟာ၊ ဟေ့လူကြီး၊ ဘာလာရှုပ်တာလဲ သွားစမ်းပါ”

မယ်ဖော့က မောင်းထုတ်သော်လည်း ထိုဦးလေးကြီးက အရှေ့သို့သာတိုးလာသည်။

“မယ်ဖော့ ညည်းဘာတွေမောင်းထုတ်နေတာလဲ၊ အဲဒါ ငါခေါ်လိုက်တဲ့ရွာတော်ရှင်ပဲဟဲ့၊ ဖက်လိပ်ရွာရဲ့ ရွာတော်ရှင်”

“အိုတော်၊ ရွာတော်ရှင်ဆိုလို့ နတ်ဝတ်နတ်စားတွေ၊ ခေါင်းပေါင်းမကိုဋ်တွေလည်း မပါပါလားတော့”

“ညည်းဟာ ပြောရသိပ်ခက်တာပဲ၊ ရွာတော်ရှင်ဆိုတာ နတ်စိမ်းဆိုပေမယ့် အဆင့်နိမ့်တယ်ဟဲ့၊ သူ့ကိုယ်ယောင်ကိုယ်ဝါရှိသလောက်ပဲနေရတာ၊ ညည်းအသာနေစမ်းပါအေ”

ရွာတော်ရှင်က အရှေ့တိုးလာသည့်အခါ ဒေါ်ဘွားအိုက သစ်ရွက်ကို ပါးစပ်နားကပ်လိုက်ပြီး

“ဟဲ့ကောင်မ၊ နင်တို့သားအမိ ကနေ့ည သန်းခေါင်အချိန်ကျတာနဲ့ ရွာအပြင်တောစပ်က ကုက္ကိုပင် ကြီးအောက်ကို လာခဲ့ကြ၊ နင်တို့နဲ့ပညာပြိုင်ဖို့ ငါရောက်နေတယ်၊ ဒီပညာပြိုင်ပွဲက တစ်ဖက်သတ်ပညာပြိုင်ပွဲမို့ နင်မလာရင် နင်အရှုံးပဲဟဲ့”

ထိုသို့ပြောဆိုလိုက်ပြီးနောက် သစ်ရွက်အားရွာတော်ရှင်ကိုလှမ်းပေးလိုက်ပြီး

“ဒီသတင်းစကားကို မယ်ပျင်းနားကိုရောက်အောင် မင်းပို့ပေးရမယ်၊ တိမ်းစောင်းတာတွေ၊ လွဲချော်တာတွေ ငါမလိုချင်ဘူးနော်၊ ဟုတ်ပြီလား”

ရွာတော်ရှင်မှာ သစ်ရွက်အားလက်နှင့်ထိလိုက်သည်နှင့် တိမ်လိုလေလိုပျောက်ကွယ်သွားပြီးနောက် သစ်ရွက်ကလေးမှာလည်း မိုးပေါ်သို့ပျံတက်သွားလေသည်။ ဒေါ်ဘွားအိုမှာ ဆေးလိပ်ဖွာရင်း အေးအေးလူလူထိုင်ကြည့်နေလေသည်။

“ပညာပြိုင်တာမှာ နှစ်မျိုးရှိတယ်အေ့၊ နေ့ပွဲနဲ့ ညပွဲဆိုပြီးတော့ပေါ့၊ ပညာမပြိုင်ခင်နေ့မှာတော့ ပညာသည်နှစ်ဦးက တစ်ယောက်နဲ့တစ်ယောက် သမားပညာတွေကို သူ့ထက်ငါအထူးအဆန်းလုပ်ပြကြတယ်၊ ဒါကို ပညာစဉ်ပြတယ်၊ သမားစဉ်ပြတယ်လို့ခေါ်တယ်”

သစ်ရွက်ကလေးမှာ ရွာကိုဖြတ်၍ ပျံသန်းလာရင်း နောက်ဆုံး သူကြီးအိမ်ခြံဝန်းကိုဖြတ်သန်းလာခဲ့ကာ စားဖိုဆောင်အတွင်း ထမင်းစားရန်ပြင်ဆင်နေသည့် မယ်ပျင်းအနီးသို့ရောက်လာခဲ့သည်။ မမယ်ဖြူမှာ ရေနွေးအိုးတည်ရန် ရေသွားယူနေသဖြင့် စားဖိုဆောင်အတွင်းတွင် မယ်ပျင်းတစ်ယောက်သာရှိသည်။ သစ်ရွက်ကလေးမှာ မယ်ပျင်းအနားသို့ရောက်လာသည့်အခါ ဒေါ်ဘွားအိုပြောလိုက်သည့် စကားကို အတိုင်းသားကြားလိုက်ရလေသည်။ မယ်ပျင်းမှာ ဒေါ်ဘွားအိုစကားကိုကြားသည့်အခါ အလွန်ဒေါသထွက်သွားသည်။

“တောက်၊ စကားပြောတာလဲရိုင်းလိုက်တာ၊ ငါ့ကိုများရာရာစစ ကောင်မတဲ့လား”

မယ်ပျင်းမှာ ဒေါသထွက်သွားပြီးနောက် သစ်ရွက်စိမ်းကလေးအား ဖမ်းယူလိုက်ကာ နံဘေးရှိထင်းမီးဖိုအတွင်းသို့ ပစ်ထည့်ပေးလိုက်သည်။ သစ်ရွက်ကလေး ပြာကျသွားသည့်အခါ ဒေါ်ဘွားအိုမှာ အလွန်ပူလောင်သည့်အထိအတွေ့ကို ခံစားလိုက်ရလေသည်။

“တယ်၊ ဒီကလေးမ၊ ငါကအကောင်းပြောနေတာကို ငါ့ကိုနှောင့်ယှက်ရတယ်လို့၊ တွေ့မယ် ဒင်းနဲ့ငါနဲ့တွေ့မယ်”

ဒေါ်ဘွားအိုက ပြောဆိုပြီးသည့်အခါ တုတ်တစ်ချောင်းကို ကောက်ယူလိုက်ပြီးနောက် သူထိုင်နေသည့်အရှေ့မြေပြင်တွင် ဘဲဥပုံစက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်လေသည်။ မယ်ဖော့က ကြည့်နေရင်း

“အဲဒီအဝိုင်းက ဘာလုပ်ဖို့လဲ”

“ငါ့ကိုစော်ကားတဲ့ဟာမလေးကို ဂယ်ပေါက်ဖောက်ပြီးတော့ ခြေထောက်နေဆောင့်ဆွဲပြီး ဒီနေရာကိုခေါ်မလို့ဟဲ့”

“ဂယ်ပေါက်ဆိုတာ ဘာလဲအဘွား”

“ရှေးလောကီနည်းပညာတစ်ခုပေါ့အေ၊ ဂယ်ပေါက်ဆိုတာ ဘဲဥပုံစံစက်ဝိုင်းတစ်ခုဆွဲပြီး ဂါထာစုတ်၊ မန္တန်တွေမန်းမှုတ်ပြီးတော့ အဲဒီဘဲဥပုံအပေါက်ထဲကို လက်နှိုက်ရင်း တစ်ဖက်တစ်နေရာ ကိုယ်လိုချင်တဲ့နေရာက အရာတစ်ခုကိုလှမ်းနှိုက်တာကိုပြောတာအေ့”

“သြော်၊ သိပြီ သိပြီ၊ ငယ်ငယ်ကကြားဖူးတာ စုန်းတွေက ကြမ်းကိုအပေါက်လုပ်ပြီး အဝေးကအရာတွေကို လှမ်းနှိုက်နိုင်တယ်ဆိုတာထင်တယ်”

“ဒါပေါ့အေ၊ ဒါပေါ့၊ ဒီကောင်မလေးကို ဂယ်ပေါက်ကနေခြေထောက်ဆွဲခေါ်ပြီး ပါးချည်းဘယ်ပြန်ညာပြန် ရိုက်ထည့်ပစ်လိုက်စမ်းမယ် လာလေရော့”

ပြောဆိုပြီးသည့်အခါ ဒေါ်ဘွားအိုမှာ ဂယ်ပေါက်အပေါ်တွင်လက်တင်လျှက် ပါးစပ်မှပွစိပွစိနှင့်မန်းမှုတ်လိုက်ပြီးနောက် ဂယ်ပေါက်အားလက်နှင့်ပွတ်သပ်လိုက်သည့်အခါ မြေကြီးတွင်ရှိသည့်ဘဲဥပုံ၏ အတွင်းအလယ်တွင် အရိပ်တစ်ခုသဖွယ် မည်းမှောင်သည့် အဝန်းအဝိုင်းတစ်ခုဖြစ်သွားလေတော့သည်။ ဒေါ်ဘွားအိုက သူ့လက်ကိုဂယ်ပေါက်အတွင်းသို့ ထိုးလိုက်သည့်အခါ လက်မှာ ရေအိုင်တစ်ခု၊ တွင်းပေါက်တစ်ခုအတွင်းသို့ တိုးဝင်သွားသည့်နှယ် နှစ်ဝင်သွားလေသည်။

မယ်ပျင်းထမင်းထိုင်စားနေသည့် သစ်သားစားပွဲဝိုင်းအောက်ဘက်တွင် အနက်ရောင်စက်ဝိုင်းတစ်ခုပေါ်လာပြီးနောက် ဒေါ်ဘွားအို၏ လက်တစ်ဖက်ထွက်လာကာ မယ်ပျင်း၏ ညာဘက်ခြေကျင်းဝတ်ကို လက်နှင့်ထိထိမိမိကိုင်ထည့်လိုက်သည်။ ထမင်းစားနေရင်း ခြေထောက်အဆွဲခံရသည်မို့ မယ်ပျင်းမှာလန့်ဖျပ်သွားကာ အောက်သို့ငုံ့ကြည့်လိုက်သည်။

“သြော်၊ ဟိုစုန်းမက ငါ့ခြေထောက်ကိုတောင်လာဆွဲနေပါလား၊ ဒီကောင်မတော့ နာအုံးမယ်”

မယ်ပျင်းက ရေရွတ်လိုက်ကာ မိမိခြေထောက်အစား ထင်းမီးဖိုအတွင်းမှ တောက်လောက်လက်စ ထင်းချောင်းတုံးကြီးကို ပညာဖြင့်လဲလှယ်ထည့်ပေးလိုက်သည်။ မယ်ပျင်းခြေထောက်အား စမ်းမိသည့် ဒေါ်ဘွားအိုမှာ အလွန်ကျေနပ်အားရသွားလေသည်။

“လာစမ်းကောင်မလေး၊ နင့်ကိုပါးချည်းဆွဲရိုက်ပစ်ထည့်လိုက်မယ်”

ပြောရင်းဆိုရင်း လက်ကိုဆွဲထုတ်လိုက်လေရာ လက်အတွင်းမယ်ပျင်းပါမလာဘဲ လောင်လက်စထင်းတုံးကြီးသာပါလာခဲ့သည်။

“အောင်မယ်လေး ပူလိုက်တာ ပူလိုက်တာ”

ဒေါ်ဘွားအိုမှာ ထင်းတုံးကြီးအားလွှင့်ပစ်လိုက်လေသည်။ သူ့လက်ဝါးတစ်ခုလုံးလည်း မီးလောင်ဒဏ်ရာသင့်ပြီး အရေပြားများမှာ လောင်ကျွမ်းနေလေတော့သည်။ ထိုအခါ မယ်ဖော့ က တဟားဟားနှင့်ရယ်လေသည်။ ဒေါ်ဘွားအိုလည်း သူ့မာနကိုထိခိုက်သွားပြီမို့ ဒေါသထွက်လျှက်ရှိသည်။

“ဒင်းက လူငယ်ပေမယ့် အဆိပ်မသေးပါလား၊ ငါ့အကြောင်း ကောင်းကောင်းသိမယ်”

ဒေါ်ဘွားအိုက မီးလောင်နေသဖြင့် စုတ်ပြတ်သပ်နေသည့် လက်ဖဝါးကို နောက်လက်ဖဝါးတစ်ဖက်နှင့်ပွတ်သပ်လိုက်သည့်အခါ ဒေါ်ဘွားအို၏ လက်ဖဝါးမှာ အကောင်းပကတိဖြစ်သွားတော့သည်။

“ဒီကလေးမကို ငါကိုယ်တိုင်ပညာပေးမယ်ဟေ့”

ဒေါ်ဘွားအိုက ကြိမ်းမောင်းလိုက်ပြီးနောက် ခေါင်းပေါင်းထားသည့် အဝတ်စကို မိုးပေါ်သို့ပစ်တင်လိုက်သည်။ ထို့နောက် ဒေါ်ဘွားအိုလည်း သစ်ပင်အောက်တွင်ထိုင်လျှက် အာရုံခံနေလိုက်လေသည်။ ခေါင်းပေါင်းစမှာ လေပေါ်တွင်ပျံသန်းရင်း သူကြီးအိမ်အပေါ်တွင် ဝဲပျံလျှက် မယ်ပျင်းကိုအကဲခတ်နေမိသည်။

မယ်ပျင်းမှာ ထမင်းစားရန် ကြက်ဥပြုတ်ခွာနေစဉ်မှာပင် လေပေါ်တွင်ဝဲပျံနေသည့် ခေါင်းပေါင်းစကိုမြင်တွေ့လိုက်ရလေသည်။

“သြော်၊ နေ့ခင်းကြောင်တောင်ကြီး ဘယ်က အဝတ်စုတ်က မိုးပေါ်ပျံနေသလဲမသိဘူး”

မယ်ပျင်းက ခေါင်းပေါင်းစကိုလက်ညှိုးထိုးလိုက်ကာ

“အဝတ်စုတ်စ မြေကိုကျဟဲ့”

ဟုရေရွတ်လိုက်လေရာ ဒေါ်ဘွားအို၏ ခေါင်းပေါင်းစမှာ မြေပေါ်သိုဖုတ်ခနဲပြုတ်ကျလေသည်။ ဒေါ်ဘွားအိုက မြေသို့ကျပြီးသည်နှင့် ခေါင်းပေါင်းစအဖြစ်နှင့်ပင် မယ်ပျင်းဆီသို့ပြေးဝင်လာလေရာ မယ်ပျင်းမှာ ထိုခေါင်းပေါင်းစကိုခြေထောက်တစ်ဖက်နှင့်ဖိထားလိုက်သည်။ ဒေါ်ဘွားအိုက အမျိုးမျိုးကြိုးစားသော်လည်း မယ်ပျင်းခြေထောက်အောက်မှ ရုန်းမထွက်နိုင်ပေ။

“တောက်၊ ငါခေါင်းပေါင်းစဖြစ်နေလို့ပေါ့ကွာ”

ဒေါ်ဘွားအိုမှာ မကျေမနပ်နှင့်ရေရွတ်လိုက်သည်။ ထိုအခါ မမယ်ဖြူမှာ စားဖိုဆောင်အတွင်းသို့ပြေးဝင်လာသည်။ သူတည်ထားသည့် ရေနွေးအိုးမှာ ပွက်ပွက်ဆူကာ အငွေ့များပင်ထွက်နေပြီဖြစ်သည်။

“ဟော၊ ရေနွေးတွေတောင်ဆူနေပါရောလား၊ ဒါထက် လက်နှီးစုတ်ဘယ်ရောက်သွားသလဲမသိဘူး”

ထိုအခါ မမယ်ဖြူက မယ်ပျင်းခြေထောက်နှင့်ဖိထားသည့် အဝတ်စကိုတွေ့လိုက်လေသည်။ မယ်ပျင်းကလည်း ထမင်းစားရင်း

“လက်နှီးစုတ်မရှိရင် ဒီအဝတ်စုတ်နဲ့သာ လက်ခုလုပ်လိုက်အမေရေ”

မမယ်ဖြူက မယ်ပျင်းခြေထောက်အောက်မှ ခေါင်းပေါင်းစကိုကောက်လိုက်ကာ ရေနွေးအိုးလက်ကိုင်ကို ကိုင်ထည့်လိုက်သည်။ ပူကျက်နေသည့် ရေနွေးအိုးလက်ကိုင်နှင့် ခေါင်းပေါင်းစထိမိသည့်အခါ ကုက္ကိုပင်ကြီးအောက်တွင်ထိုင်နေသည့် ဒေါ်ဘွားအိုမှာ ခေါင်းကိုလက်နှစ်ဖက်ဖြင့်ကိုင်လျှက် ညည်းညူနေလေသည်။ သို့သော် မျက်လုံးကိုမဖွင့်သေးပေ။

မမယ်ဖြူမှာ ရေနွေးအိုးထည့်ပြီးသည့်အခါ ဒယ်အိုးကင်းကိုယူလိုက်ပြီး မီးဖိုပေးတင်လိုက်သည်။ ခေါင်းပေါင်းစကိုလက်ခုလုပ်ကာ ဒယ်အိုးနှင့်ဟင်းလျာများကိုချက်ပြုတ်ဆီသတ်နေသည်။ ခေါင်းပေါင်းစမှာ ရှည်လျားသည်မို့ ခေါင်းပေါင်းစတစ်စမှာ ထင်းမီးဖိုအတွင်းသို့ လျှောကျကာ မီးစွဲလောင်လေရာ ကုက္ကိုပင်အောက်တွင်ထိုင်နေသည့် ဒေါ်ဘွားအိုတစ်ယောက် အားခနဲအင်းခနဲညည်းညူနေပြီးနောက် သူ၏ဆံပင်များမှပင် မီးခိုးလုံးများအူထွက်လာလေတော့သည်။

မမယ်ဖြူက လက်ခုစမီးလောင်နေသဖြင့် လန့်ကာ စားဖိုဆောင်အပြင်သို့လွှင့်ပစ်လိုက်လေသည်။ ခေါင်းပေါင်းစက မြေပေါ်သို့ကျသည်နှင့် မိုးပေါ်ပျံတက်ပြေးရန် ကြိုးစားသော်လည်း ထမင်းစားပြီး လက်ထွက်ဆေးသည့် မယ်ပျင်းက ခေါင်းပေါင်းစကို လက်နှင့်ဆွဲကိုင်ထားလေသည်။

“ဒီအတိုင်းပြေးလို့ ဘယ်ဖြစ်မလဲ အဝတ်စုတ်ရဲ့၊ ပြာတွေပေ၊ မီးတွေလောင်ထားတော့ ညစ်ပတ်စုတ်ပြတ်နေတာပဲ၊ လာလာ နင့်ကိုလျှော်ပေးထည့်လိုက်မယ်”

မယ်ပျင်းက ခေါင်းပေါင်းစအားယူသွားကာ ရေထည့်ထားသည့်အင်တုံထဲသို့ထည့်ပြီး ရေတွင်နှစ်လိုက် ပွတ်ချေလိုက်နှင့်လုပ်နေလေသည်။ ကုက္ကိုပင်အောက်တွင်ထိုင်နေသည့် ဒေါ်ဘွားအို၏ ဦးခေါင်းမှ ရေများစီးကျလာပြီး နှာခေါင်းပေါက် ပါးစပ်ပေါက်များမှာလည်း ရေများထွက်လာပြန်သည်။ နံဘေးမှထိုင်ကြည့်နေသည့် မယ်ဖော့တစ်ယောက် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ဆက်လက်စောင့်ကြည့်နေမိသည်။

မယ်ပျင်းက အဝတ်အား စိတ်ကြိုက်ရေနှစ်ပြီးသည့်အခါ အဝတ်ကိုဖြန့်ကြည့်လျှက်

“တော်တော်ချေးထူတဲ့လူ သုံးထားတဲ့အဝတ်ပဲဖြစ်မယ်၊ အဝတ်က ချေးတွေချည်းပဲ၊ ဆပ်ပြာတိုက်ပြီး နာနာဖွပ်ခါမှ တော်ခါကျမယ်”

မယ်ပျင်းက အနားတွင်ရှိသည့် သဲဆပ်ပြာများကို လက်တစ်ဆုပ်နှိုက်ယူလိုက်ကာ ခေါင်းပေါင်းစပေါ်သို့ဖြူးလျှက် လက်ဖြင့်ပွတ်လျှော်လေသည်။ တစ်ဖက်တွင်ထိုင်နေသည့် ဒေါ်ဘွားအိုမှာလည်း ပါးစပ်မှ အမြှုပ်များပင်ထွက်လာသည်။ မယ်ပျင်းက အဝတ်ရိုက်သည့် လက်ရိုက်တုတ်တစ်ချောင်းကိုယူကာ ခေါင်းပေါင်းစကို တုတ်ဖြင့်အကြိမ်များစွာရိုက်တော့သည်။

“အောင်မယ်လေး သေပါပြီ၊ ခေါင်းတွေလည်း စိစိညက်ညက်ကျေပါပြီ၊ တော်ပါတော့ တော်ပါတော့”

ဒေါ်ဘွားအိုမှာ ပါးစပ်မှအသံထွက်ပြီးရေရွတ်မိသည်။ မယ်ဖော့မှာ ဒေါ်ဘွားအိုလက်အားဆွဲယူပြီး

“အဘွား၊ ဘာတွေဖြစ်နေတာလဲအဘွား”

ဒေါ်ဘွားအိုမှာ မယ်ဖော့အားပြန်မပြောနိုင်ပေ၊ တစ်ဖက်မှ မယ်ပျင်းက လက်ရိုက်တုတ်ဖြင့် ကျောက်ပြားပေါ်လှိမ့်ကာ ရိုက်ပုတ်နေသဖြင့် ငယ်ထိပ်များကွဲမတတ်ခံစားနေရသည်။ တစ်ဖန် မယ်ပျင်းက အဝတ်အားလက်နှစ်ဖက်နှင့်လိမ်ကာ ညှစ်ပြန်သည်။ စိတ်တိုင်းကျ ညှစ်လျှော်ပြီးသည့်အခါမှ ခေါင်းပေါင်းစကိုဖြန့်လိုက်သည်။

“အင်း၊ အခုမှပဲ ခေါင်းပေါင်းက ဖြူသွားတော့တယ်၊ ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူတယ်ဆိုတာ ဒါကိုပြောတာဖြစ်မယ်”

ထိုစဉ်သူကြီးလူယုံတစ်ယောက်မှာ မြင်းဇောင်းအတွင်းမှထွက်လာကာ မြင်းတစ်စီးကိုစီးနင်းလိုက်လေသည်။ မယ်ပျင်းက အကြံရသွားပြီး ခေါင်းပေါင်းစကို ကြိုးတစ်ချောင်းဖြင့်ချည်နှောင်ကာ မြင်းအမြီးတွင်ချည်နှောင်ပေးလိုက်လေသည်။

“ကဲ သွားပေတော့ဟေ့၊ ဟား ဟား”

မြင်းမှာ ဒုန်းစိုင်းထွက်သွားလေရာ ခေါင်းပေါင်းစမှာလည်း မြင်းခွာအယက်အကန်ခံရပြီးနောက် မြင်းအနောက်သို့တရွတ်တရွတ်နှင့်ပါသွားလေသည်။ ထိုအခါ သစ်ပင်အောက်တွင်ထိုင်နေသည့် ဒေါ်ဘွားအိုတစ်ယောက် မြေပြင်ပေါ်သို့ ဝမ်းလျားထိုးလဲကျပြီးနောက် မြေတွင်တရွတ်တိုက်လျှက် လျှောပါသွားတော့သည်။

“ဟောတော်၊ အဘွားဘာဖြစ်တာလဲမသိဘူး”

မယ်ဖော့မှာလည်း ဒေါ်ဘွားအိုအနောက်သို့ပြေးလိုက်သွားရသည်။ ဒေါ်ဘွားအိုမှာ မြေတွင်တရွတ်တရွတ်တိုက်ဆွဲကာ ဖုန်တထောင်းထောင်းနှင့် ကွင်းပြင်ကြီးအတိုင်း လိုက်ပါသွားတော့သည်။

(၃)

ဒေါ်ဘွားအိုမှာ မြင်းဖြင့်အဆွဲခံရသဖြင့် ရုပ်မှာရစရာမရှိတော့ပေ၊ အသွေးအသားများမှာ အသားနီလန်နေကာ အရိုးများပင်စိစိညက်ညက်ကျေနေလေသည်။ မန်ကျည်းကိုးပင်ရွာသုဿန်ရှိ ဇရပ်တွင်ပက်လက်ကလေး အမောဖြေနေရရှာသည်။ မယ်ဖော့က ဒေါ်ဘွားအိုကိုကြည့်ကာ သနားနေမိသည်။ ထိုအခိုက် ဇရပ်ပေါ်သို့ မိန်းမတစ်ယောက်တက်လာလေသည်။

“ပြောတော့လေကြီးလေကျယ်နဲ့ အခုတော့ သမားစဉ်ပြတဲ့နေရာမှာတင် ရှုံးနိမ့်ခဲ့ပါပေါ့လား မယ်အိုရဲ့၊ ဟင်း ဟင်း”

ဒေါ်ဘွားအိုက ကုန်းထလိုက်ကာ ထိုအမျိုးသမီးကိုလက်အုပ်ချီလိုက်သည်။

“ကျွန်မ ပေါ့လျော့မိပါတယ် မယ်တော်”

“ပေါ့လျော့တာကတော့ ပြောမနေနဲ့မယ်အို၊ ရှင်ဟာ သူ့ကိုကလေးတစ်ယောက်ဆိုပြီး အထင်အမြင်သေးခဲ့မိတယ်၊ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတယ်၊ ကျုပ် စည်းတံဆိပ်ခတ်ထားတဲ့ ကလေးတစ်ယောက်ကိုတောင် နိုင်အောင်မဆုံးမနိုင်တာ ရှင်ညံ့ဖျင်းလွန်းရာ ကျတယ်မဟုတ်လား”

“ကျုပ်သူ့ကို မနိုင်ပါဘူးမယ်တော်၊ မယ်တော်ပဲ စီရင်ဆုံးဖြတ်ပေးပါ”

“အိုး၊ ဒီလိုတရားမဲ့လုပ်လို့ဖြစ်မလား၊ သူက စည်းတံဆိပ်ခတ်ထားခံရတာပဲရှိတာ၊ ဘာကိုမှကျူးလွန်ထားတာမရှိသေးဘူး၊ ဒီလိုလူတစ်ယောက်ကို မယ်တော်က အတင်းအကျပ်ကိုင်တွယ်တယ်ဆိုရင် မယ်တော်အာဏာပြရာရောက်တယ်၊ တခြားမယ်တော်တွေက ကျုပ်ကိုပြောဆိုကုန်မှာပေါ့၊ စုန်းတွေကြားထဲမှာလည်း ကျုပ်ဘယ်လိုမျက်နှာပြရမလဲ၊ ကျုပ်သူ့ကိုတိုက်ရိုက်ကိုယ်တွယ်မရလို့ ရှင့်ကို ကိုင်တွယ်ခိုင်းခါမှ၊ ရှင်ဟာလေး လုံးဝကို အသုံးမကျတဲ့လူပဲ”

မယ်တော်မှာ အလွန်ဒေါသထွက်နေလေသည်။

“တော်သေးတာပေါ့၊ ဟိုကလေးကို ရှင်က သမားစဉ်မှာတင်ရှုံးလို့၊ မတော်လို့ ပညာပြိုင်တဲ့အခါမှာ ရှုံးရင် ဟိုကသေဆို ရှင်သေပေးနေရမှာသိရဲ့လား၊ တော်ပြီ ရှင့်လိုအရှုံးသမားကို ကျုပ်မကြည့်ချင်တော့ဘူး၊ သွားတော့ ကျုပ်အရှေ့ကနေထွက်သွားတော့”

ဒေါ်ဘွားအိုမှာ ခေါင်းငိုက်စိုက်ကျသွားကာ ဇရပ်ပေါ်မှဆင်းသွားလေသည်။ မယ်ဖော့ကလည်း ဒေါ်ဘွားအိုကိုကြည့်ကာ

“ပွဲသုံးရာမှာ ရှုံးပွဲမရှိဘူးသေးတဲ့လား၊ အခုတော့ ရှုံးရှာပြီပေါ့ အဘွားကြီး”

မယ်တော်က မယ်ဖော့ဘက်သို့လှည့်လိုက်ရင်း

“ညည်းရော သူနဲ့လိုက်မသွားဘူးလား”

“မလိုက်သွားဘူး၊ ဒေါ်ဘွားအိုမစွမ်းရင် ကျုပ်နောက်တစ်ယောက်ရှာမယ်၊ အဲဒီ မယ်ဖြူနဲ့ မယ်ပျင်းဆိုတဲ့သားအမိ မသေသရွေ့ ကျုပ်တစ်ရက်မှ ကောင်းကောင်းအိပ်ပျော်ရမှာမဟုတ်ဘူး၊ သူတို့သားအမိကို ကျုပ်နည်းလမ်းမျိုးစုံသုံးပြီးတော့ သတ်ပစ်ရမယ်”

မယ်တော်က ကုန်းလိုက်ပြီး မယ်ဖော့၏မေးစေ့ကိုလက်နှင့်ဆွဲကာ ခေါင်းကိုမော့လိုက်သည်။ ပြီးနောက် မယ်ဖော့၏မျက်လုံးကိုသေသေချာချာစေ့စေ့ကြည့်လိုက်လေသည်။

“မင်းမှာ သူများကိုမကောင်းဖြစ်စေချင်တဲ့စိတ်၊ မနာလိုတဲ့စိတ်တွေသိပ်များတာပဲ၊ ဒီမှာကောင်မလေး မင်းသူတို့ကို ကိုယ်တိုင်မသတ်ချင်ဘူးလား”

“သတ်ချင်တာပေါ့ မယ်တော်ရာ၊ ဒါပေမယ့် သူတို့ကပညာသည်တွေလေ၊ ကျုပ်က ပညာမှမရှိတာ”

“စုန်းကဝေတွေမှာ သူတစ်ပါးကို မုန်းတဲ့စိတ်က အဓိကပဲ၊ စုန်းပညာကမီးတောက်ဆိုရင် အမုန်းတရားက လောင်စာတစ်ခုပဲ၊ မင်းမှာ အမုန်းတရားလို့ခေါ်တဲ့ လောင်စာတွေပြည့်နှက်နေတယ်၊ ဒီအလိုအချိန် စုန်းပညာမီးတောက်ကလေး ချပေးလိုက်တာနဲ့ မင်းဟာ မီးပုံကြီးတစ်ခုလိုဖြစ်သွားနိုင်တယ်”

“မယ်တော်ဘာတွေပြောနေတာလဲ”

“မင်းလိုချင်တဲ့ပညာကို ငါပေးမယ်ကောင်မလေး၊ မင်းလုပ်ရမှာတစ်ခုကတော့ မယ်ပျင်းဆိုတဲ့ကလေးကို အပြတ်ရှင်းဖို့ပဲ”

ထိုသို့ပြောဆိုလိုက်ပြီးနောက် မယ်တော်က ပါးစပ်ကိုဖွင့်လိုက်လေသည်။ မယ်တော်၏ လျှာမှာကြည့်နေရင်းပင် မြွေတစ်ကောင်ဖြစ်သွားပြီးနောက် မယ်ဖော့ပါးစပ်ဆီသို့ကူးသန်းလာသည်။ မယ်ဖော့မှာလည်း ပါးစပ်ဖွင့်ထားလိုက်သည့်အခါ ငန်းတော်ကြားအနက်ရောင်ကြီးမှာ မယ်ဖော့ပါးစပ်အတွင်းသို့တိုးဝင်သွားလေသည်။ မြွေဝင်သွားပြီးသည်နှင့် မယ်ဖော့တစ်ယောက် အလွန်ပျို့တက်လာကာ အန်ချလေတော့သည်။

မယ်တော်က ခပ်မျဉ်းမျဉ်းပြုံးပြီး

“မင်းကိုငါ့ရဲ့ လျှာစက်၊ အာဏာစက်ပညာတွေ ပေးလိုက်ပြီ၊ ဒီပညာတွေရယ် မင်းရဲ့ရင်ထဲက အမုန်းတရားမီးတောက်တွေနဲ့ဆိုရင်တော့ မယ်ပျင်းကိုရှင်းပစ်ဖို့အတွက်က လွယ်လွယ်ကလေးဖြစ်သွားမှာပါ”

မယ်ဖော့မှာ အော့အန်ပြီးသည့်နောက် တဟားဟားနှင့်ကျေနပ်စွာရယ်မောနေလေသည်။

“စိတ်ချပါမယ်တော်၊ ဒီတစ်ခေါက်တော့ မယ်ပျင်းသေပြီလို့သာမှတ်လိုက်ပါ”

မယ်တော်က ဇရပ်ပေါ်မှဆင်းသွားရင်း

“မင်းငါ့ကို စိတ်ပျက်အောင်မလုပ်နဲ့နော် မယ်ဖော့”

မယ်တော်ကပြောဆိုပြီးနောက် အရိပ်ထဲသို့ဝင်ကာ လှစ်ခနဲပျောက်ကွယ်သွားလေသည်။ မယ်ဖော့မှာ မယ်ပျင်းအကြောင်းကိုတွေးကာ လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်သည်။

“မယ်ပျင်း ညည်းလဲစုန်း၊ ငါလဲစုန်းဖြစ်သွားပြီ၊ ဒီပွဲမှာ ညည်းသေရင်သေ၊ မသေရင် ငါသေမယ်၊ ဒါမှမဟုတ် ငါတို့နှစ်ယောက်စလုံး အတူတူသေကြတာပေါ့”

မယ်ဖော့က ရေရွတ်လိုက်လေသည်။