စာစဉ်(၂၂)

(၁)

မယ်ပျင်းမှာ ရွှေဂဲအားသတ်ဖြတ်ပြီးသည့်အခါ အလွန်နာကျင်မောပန်းလျှက် အိပ်ရာထဲလဲနေလေသည်။ မယ်ပျင်းအားစုန်းဖြစ်မှန်းသူကြီးက သိသွားသည်မို့ အလွန်ထိတ်လန့်နေမိသည်။ သို့နှင့် အဘွားဖြစ်သူ ကြီးဒေါ်ရှင်နှင့် အမေဖြစ်သူ မမယ်ဖြူတို့ကိုခေါ်ကာ တိုးတိုးတိတ်တိတ်တိုင်ပင်ရလေသည်။ သူကြီးက အခန်းအတွင်းသို့ရောက်သည့်အခါ လိုက်ကာတင်းတိမ်များကို လိုက်လံပိတ်နေသေးသည်။ ပြီးနောက်မှ မမယ်ဖြူအနီးတွင် ထိုင်လိုက်ကာ

“ညည်းတို့နှစ်ယောက် မယ်ပျင်းဟာစုန်းကလေးဆိုတာ သိနေကြသလားဟဲ့”

ကြီးဒေါ်ရှင်နှင့် မမယ်ဖြူမှာအလွန်အံ့အားသင့်သွားပြီးနောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြလေသည်။ သူကြီးဦးရွှေမောင်မှာ မမယ်ဖြူတို့၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်လိုက်ပြီးနောက်

“ဒါဆိုရင် ညည်းတို့က သိတောင်သိနေကြပြီပေါ့၊ ငါလည်းအစကတည်းက ထွန်းမောင်ပြောတာ ယုံလိုက်ရင်အကောင်းသား”

ထိုအခါ မမယ်ဖြူက သူကြီးဦးရွှေမောင်၏ ခြေသလုံးကို ပြေးဖက်လိုက်လေသည်။

“ဒီလိုတော့မလုပ်ပါနဲ့သူကြီးရယ်၊ ကျွန်မသမီးလေးကို စုန်းဆိုပြီးတော့ မစီရင်လိုက်ပါနဲ့”

ကြီးဒေါ်ရှင်ကလည်း ဦးရွှေမောင်ကိုပြေးဆွဲပြန်သည်။

“ဟုတ်ပါတယ်ရွှေမောင်ရယ်၊ ငါ့မြေးကလေးက စုန်းဆိုပေမယ့် သူ့စိတ်ကဖြူဖြူစင်စင်ကလေးပါကွယ်၊ သူ့ကိုမသတ်ပါနဲ့”

ဦးရွှေမောင်က မမယ်ဖြူလက်ကိုဆွဲဖြုတ်လိုက်ကာ

“ညည်းတို့ဘယ်လိုဖြစ်နေတာလဲ မယ်ဖြူ၊ ငါကလည်း မယ်ပျင်းကလေးကို သတ်ဖို့မလုပ်ပါဘူးဟဲ့”

မမယ်ဖြူမှာ အလွန်အံ့သြသွားကာ

“ဘယ်လိုပြောလိုက်တာလဲသူကြီး”

“မယ်ပျင်းကစုန်းဆိုပေမယ့် မနေ့က ငါ့အသက်ကိုကယ်ခဲ့တယ်၊ ဒီတော့ ငါ့အပေါ်ကျေးဇူးကြွေးရှိသွားပြီလို့ ဆိုလို့ရတယ် မယ်ဖြူ”

“ဒါဆိုရင်လည်း ကျွန်မသမီးလေးကို ကာကွယ်ပေးပါ၊ ကျွန်မသမီးဆိုတော့ အခု ဒီကောင်မလေးက အကိုကြီးသမီးပါပဲ အကိုကြီးရယ်”

“အေးပါ၊ ငါသိပါတယ် မယ်ဖြူရဲ့၊ အခုညည်းတို့ကိုခေါ်ရတာလည်း မယ်ပျင်းကလေးကိစ္စကို တိုင်ပင်ချင်လို့ခေါ်လိုက်တာပါ၊ မယ်ပျင်းကလေးက ငါ့အပေါ်မှာလည်း ကျေးဇူးရှိခဲ့တယ်ဆိုတော့ သူ့ကိုငါတတ်နိုင်သလောက်တော့ ကာကွယ်ပေးပါ့မယ်၊ ငါ့ရဲ့သူကြီးအာဏာသုံးပြီးတော့ ကာကွယ်ပေးပါ့မယ်ဟ၊ နင်တို့ဘာမှစိတ်မပူနဲ့ ဟုတ်ပြီလား”

ထိုတော့မှ မမယ်ဖြူနှင့်ကြီးဒေါ်ရှင်မှာ သက်ပြင်းချနိုင်တော့သည်။

“ဒါပေမယ့် တစ်ခုတော့ရှိတာပေါ့ဟာ၊ မယ်ပျင်းကလေးက အခုအတိုင်း သိုသိုသိပ်သိပ်နေရင်တော့ ကိစ္စမရှိဘူးပေါ့၊ ဒါပေမယ့် လူမြင်ကွင်းမှာ စုန်းမှန်း ပေါ်ပေါ်ထင်ထင်လုပ်လာခဲ့ပြီဆိုရင်တော့ အဲဒီအခါကျရင် ငါလည်း သူကြီးအာဏာသုံးပြီး ကာကွယ်နိုင်မှာမဟုတ်တော့ဘူး မယ်ဖြူ၊ ဒီတစ်ချက်ကိုတော့ ညည်းတို့ကြပ်ကြပ်မှတ်ထားကွဲ့”

“ကျေးဇူးကြီးပါတယ် အကိုကြီးရယ်၊ ကျေးဇူးကြီးပါတယ်”

သူတို့ပြောဆိုနေသည်ကို မောင်မဲတစ်ယောက် ကုလားကာအပြင်ဘက်မှနားထောင်နေရင်း ကြားသွားလေတော့သည်။ ထိုစဉ်မှာပင် ဆေးဆရာကြီးမှာ ဆေးလွယ်အိတ်ကြီးလွယ်လျှက် အိမ်ပေါ်သို့တက်လာလေသည်။

“သူကြီး၊ သူကြီးပင့်ထားတဲ့ ဆေးဆရာကြီးရောက်နေပါပြီ”

မောင်မဲကအော်လိုက်သည့်အခါ သူကြီးတို့သုံးယောက်မှာ ပြာပြာသလဲနှင့် အခန်းအတွင်းမှပြေးထွက်လာခဲ့ကြသည်။ မယ်ပျင်းကလေးကို ဆေးဆရာကြီးက သွေးခုန်နှုန်းစမ်းသပ်ပြီးသည့်အခါ ခေါင်းကိုခါပြလိုက်လေသည်။ မမယ်ဖြူက အလွန်စိတ်ပူသွားကာ

“ဘယ်လိုလဲဆရာကြီး၊ ကျွန်မသမီးလေးက ကုသလို့မရတဲ့ရောဂါများဖြစ်နေသလား”

“ကျုပ်ဆေးကုလာတာ နှစ်ပေါင်းလေးဆယ်ကျော်ပြီ၊ လူနာတွေဆိုရင်လည်း တွေ့ခဲ့ဖူးတာ မနည်းတော့ဘူး၊ ဒါပေမယ့် ဒီလိုထူးဆန်းတဲ့ရောဂါကိုတော့ ကျုပ်တစ်သက်တစ်ခါမှမတွေ့ဖူးသေးဘူး”

သူကြီးဦးရွှေမောင်က မျက်မှောင်ကြုတ်လျက်

“ဘယ်လိုရောဂါမျိုးပါလိမ့်”

“ကျုပ်လည်း မတွေ့ဖူးဘူးဆိုတော့ ပြောရတော့ခက်တယ်၊ သူ့ရဲ့သွေးထဲမှာ သွေးမဟုတ်တာတစ်ခုခုပါဝင်နေတယ်၊ အဲဒီအရာက သူ့ရဲ့ကိုယ်လက်အင်္ဂါတွေဆီကိုသွားတဲ့ သွေးတွေကိုထိန်းချုပ်နေတယ်သူကြီး”

“ကျုပ်တို့ဘယ်လိုကုသရမလဲ”

“ဒါတော့ ကျုပ်လည်းမပြောနိုင်ဘူး၊ သူကြီးက အဆက်အသွယ်များတယ်ဆိုတော့ ဒီမိန်းကလေးကို ကုသဖို့ နောက်ထပ်ဆရာတစ်ယောက်သာ ထပ်ရှာလိုက်ပါ၊ ကျုပ်ကတော့ သူ့ရောဂါကို မကုသပေးနိုင်လို့ ကျုပ်ကိုပြန်ခွင့်ပြုပါအုံး”

ဆေးဆရာကြီးမှာ ရှက်ရှက်နှင့်ဆေးပစ္စည်းများကို သိမ်းဆည်းကာ အိမ်ပေါ်မှဆင်းသွားတော့သည်။ သူကြီးက မောင်မဲကိုကြည့်လိုက်ပြီး

“မောင်မဲ အခုတစ်ယောက်လည်းမဟန်ပါလား၊ နောက်ဆေးဆရာတစ်ယောက် ပြောင်းစုံစမ်းကြည့်ပါအုံးကွာ”

“သူကြီးရယ်၊ အခုဆရာကြီးနဲ့ဆို ဆရာသုံးယောက်ရှိပါပြီ သူကြီးရဲ့၊ ဒီဆရာကြီးတွေဆိုတာလည်း ဒီနားပတ်ပတ်လည်က ရွာတွေမှာ ကုသပေးပြီး ဆေးစွမ်းပြနေကြတဲ့ ဆရာကြီးတွေပါ၊ သူတို့တောင် မကုတတ်ဘူးဆိုမှတော့ ဘယ်သူကများ ကုတတ်မှာပါလဲ”

ထိုအခိုက် အိမ်အောက်တွင် ဆူညံသံများကိုကြားရလေသည်။ အိမ်တော်စောင့်များနှင့် တစ်စုံတစ်ယောက်အချင်းများနေခြင်းဖြစ်မည်မို့ မောင်မဲက အသံပေးလိုက်လေသည်။

“ဟေ့ အိမ်အောက်မှာ ဘာတွေဖြစ်နေကြတာလဲဟေ့၊ အိမ်ပေါ်မှာ လူနာရှိတာ မသိဘူးလား”

ထိုအခိုက် လှံကိုင်ထားသည့် အိမ်တော်စောင့်တစ်ဦးက ပြေးတက်လာကာ

“ဒီလိုပါ ကိုမဲ၊ အိမ်ရှေ့မှာ ဆေးဆရာဆိုတဲ့ ကုလားကြီးတစ်ယောက်ရောက်နေပါတယ်၊ သူက ဒီအိမ်က ကောင်မလေးတစ်ယောက်မှာ ဖြစ်နေတဲ့ရောဂါကို ကုသပေးမယ်လို့ဆိုပါတယ်”

ထိုစကားကိုကြားသည့်အခါ ဦးရွှေမောင်က အားရဝမ်းသာဖြစ်သွားလေသည်။

“ဟေ၊ ဒါဆိုရင်တော့ အမြန်ခေါ်လိုက်၊ အဲဒီကုလားကြီးကို အိမ်ပေါ်ကိုအမြန်ပင့်လိုက်”

မကြာခင် အိမ်တော်စောင့်နှစ်ဦးမှာ ကုလားကြီးတစ်ယောက်အားခေါ်ဆောင်လာခဲ့လေသည်။ ကုလားကြီးမှာ ညစ်ထေးနေသည့်အဝတ်စကြီးကို ခေါင်းပေါင်းပေါင်းထားပြီး မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးများမှာလည်း ဆွတ်ဆွတ်ဖြူနေသေးသည်။ ကိုယ်ခန္ဓာအောက်ပိုင်းတွင် ဒိုတီပတ်ထားပြီး အဖြူရောင်လွယ်အိတ်ကြီးတစ်လုံးကိုလည်း လွယ်ထားသေးသည်။ ကုလားကြီးက ထိုင်လိုက်သည့်အခါ သူကြီးက အကဲခတ်ကြည့်ရင်း

“ကဲ ဆရာကြီး၊ ဟောဒီကလေးရဲ့ရောဂါကို ခင်ဗျားကုသတတ်သလား”

ကုလားကြီးက ခေါင်းညိတ်လိုက်ကာ မယ်ပျင်း၏ ခြေလက်များကိုစမ်းသပ်လေသည်။ ထို့နောက် သူကြီးဘက်သို့လှည့်လိုက်ကာ

“ကုသနိုင်ပါတယ်သူကြီး၊ ဒါပေမယ့် ကျုပ်ငွေဒင်္ဂါးငါးပြား အရင်လိုချင်ပါတယ်”

ထိုအခါ မောင်မဲက

“အောင်မယ်၊ ခင်ဗျားက ကုဖြင့်မကုရသေးဘူး ငွေကအရင်တောင်းနေပြန်ပါပြီ၊ ငွေငါးပြားယူပြီး ခင်ဗျားမကုတတ်ဘူးဆိုတော့ ဘယ့်နှယ့်လုပ်မလဲ”

ထိုအခါ သူကြီးက မောင်မဲကိုဟန့်တားလိုက်ပြီးနောက် ခါးကြားတွင် ကြိုးဖြင့်ချည်ထားသည့် ငွေအသပြာထည့်သည့် ပိုးအိတ်ကလေးကိုဖွင့်လိုက်ကာ ကျပ်စေ့ခန့်အရွယ်အစားရှိသည့် ငွေဒင်္ဂါးငါးပြားကိုထုတ်ပေးလိုက်လေသည်။

“ကောင်းပြီ၊ ခင်ဗျားကုသနိုင်ရင် ကုသပေတော့”

ကုလားကြီးက သူကြီးပေးသည့် ငွေပြားငါးပြားကိုယူလိုက်ပြီးနောက် မယ်ပျင်းကလေး၏ နဖူးအပေါ်သို့တစ်ပြားတင်လိုက်ကာ လက်နှစ်ဖက်ပေါ်သို့လည်း တစ်ပြားစီတင်လိုက်ပြီး ခြေမျက်စိတစ်ဖက်တစ်ချက်တွင် တစ်ပြားစီထပ်တင်လိုက်လေသည်။ အားလုံးတင်ပြီးသည့်အခါ မယ်ပျင်းရင်ဘတ်ပေါ်သို့ သစ်ရွက်ခြောက်တစ်ချို့တင်လိုက်ကာ မီးရှို့လိုက်လေသည်။ သစ်ရွက်ခြောက်များမီးလောင်သဖြင့် အခန်းအတွင်း မီးခိုးလုံးများနှင့်ဖုံးအုပ်သွားသည်။ ပြီးသည့်အခါ မယ်ပျင်းကိုယ်တွင် တင်ထားကြသည့် ငွေဒင်္ဂါးပြားများမှာ တဖြည်းဖြည်းအရောင်ပြောင်းလာကာ အပြာရောင်များဖြစ်လာလေသည်။ မယ်ပျင်းမှာလည်း တအွတ်အွတ်နှင့် အဖြူရောင်အရည်များကိုအန်လေတော့သည်။ ငွေဒင်္ဂါးပြားများမှာလည်း အပြာရောင်မှတဆင့် အနက်ပုပ်ရောင်အဖြစ်ပြောင်းလဲသွားသည်။

မယ်ပျင်းမှာ ငေါက်ခနဲကောက်ထထိုင်လိုက်ပြီး ပျို့အန်လေတော့သည်။ ကုလားကြီးက လျှင်မြန်စွာပင် ထွေးခံတစ်ခုကိုလှမ်းယူလိုက်ကာ မယ်ပျင်းပါးစပ်အရှေ့တွင်ခံပေးထားလိုက်သည်။ မယ်ပျင်းမှာ ထိုအဖြူအရည်များကို ထွေးခံကြီးနှင့်အပြည့် ပြန်အန်ပြီးသည့်နောက်တွင် သတိလည်လာလေသည်။

“ကိုင်း သူကြီးသမီးကို ကုသလို့ပြီးပါပြီ”

“သူ ဘာရောဂါဖြစ်တာလဲ”

ကုလားကြီးက ဘေးဘီကိုတစ်ချက်ကြည့်လိုက်ပြီးနောက်သူကြီးအနားသို့ထသွားလိုက်သည်။ မောင်မဲမှာ ကုလားကြီးကိုဓါးဖြင့် တားလေသည်။ သို့ရာတွင် သူကြီးက လက်ကာပြလိုက်သည်မို့ ဓါးကိုပြန်ချလိုက်သည်။ ကုလားကြီးက သူကြီး၏ နားအနီးသို့ နှုတ်ခမ်းကိုကပ်လိုက်ပြီးနောက် သူကြီးအားတစ်ခုခုကိုတီးတိုးပြောဆိုလိုက်သည်။ သူကြီးမှာ ကုလားကြီးစကားကိုနားထောင်လိုက်ကာ မျက်လုံးပြူးသွားလေသည်။ ကုလားကြီးမှာ သူကြီးအား အရိုအသေပြုပြီးနောက် အိမ်အောက်သို့ပြန်ဆင်းသွားလေတော့သည်။ စင်စစ်ထိုကုလားကြီးမှာ အခြားသူမဟုတ်ဘဲ ကဝေကြီးရာဗီ ရုပ်ဖျက်၍ ရောက်လာခြင်းဖြစ်သည်။

ကုလားကြီးစကားကိုကြားပြီးသည့် သူကြီးမှာအနည်းငယ်ထိပ်ထိပ်ပြာပြာဖြစ်နေလေသည်။ ကျန်သည့်သူများကလည်း ကုလားကြီးဘာပြောသွားသည်ကို သိချင်နေကြသည်။ မောင်မဲမှာ အောင့်အီးမနေနိုင်တော့သဖြင့်

“သူကြီး၊ ခုနက ကုလားသမားတော်ကြီးက သူကြီးကိုဘာပြောသွားတာလဲ”

“အို ဘာမှမဟုတ်ပါဘူးကွာ၊ မင်းတို့မသိချင်ပါနဲ့၊ မယ်ပျင်းကလေးကို အားရှိမယ့်အစာတွေ များများကျွေးထားဟုတ်ပြီလား”

“ဒါနဲ့သူကြီး၊ သူကြီးသား ဖိုးမောင်တစ်ယောက် ဘယ်ပျောက်သွားတာလဲ၊ မဟုတ်မှလွဲရော ဓါးပြတွေက သူကြီးသားကိုဖမ်းခေါ်သွားတာများလား”

“ဓါးပြက ဖမ်းတာမဟုတ်ဘူးဟေ့၊ ဖိုးမောင်ကိုဖမ်းတာက သူ့အမေ မယ်ဖော့ဟ”

“ဗျာ”

“ဟုတ်တယ် မယ်ဖော့က ဖိုးမောင်ကိုခုတုံးလုပ်ပြီး ဖမ်းသွားတာပဲ၊ အခုလောက်ဆို ဒီသားအမိနှစ်ယောက် သောင်ပြင်လွတ်တဲ့ခွေးလို ဦးတည်ရာမဲ့ ဖြစ်နေလောက်ပြီကွ”

သူကြီးပြောသည့်အတိုင်းတော့ မယ်ဖော့တို့သားအမိမှာ ဦးတည်ရာမဲ့မဖြစ်ပေ၊ မယ်ဖော့အဖေ ဦးဖော၏ အရိပ်အောက်တွင် ခိုလှုံနေကြပြီဖြစ်သည်။ ဦးဖောမှာလည်း မြေးဖြစ်သူ ဖိုးမောင်ကလေးကိုချစ်ရှာသည်။

“သမီးမယ်ဖော့၊ ညည်းတို့အခု ဘယ်လိုဆက်လုပ်ကြမလဲ၊ ညည်းအဆွယ်ကောင်းလို့ ရွှေဂဲကြီးလည်း ညည်းနဲ့ပါသွားပြီးတော့ အခုသေရှာပြီမဟုတ်လား၊ တခြားသူသေတာ အကြောင်းမရှိပေမယ့် ရွှေဂဲကြီးသေသွားတာကတော့ အဖေ့စီးပွားရေးကို ထိခိုက်တယ်သမီးရဲ့”

“စိတ်ချပါအဖေရာ၊ အဲဒီစုန်းမလေးသာ ဝင်မရှုပ်ရင် အခုအချိန်လောက်ဆို သူကြီးဦးရွှေမောင် နာရေးဖြစ်နေလောက်ပါပြီ၊ သူကြီးကိုရှင်းဖို့ဆိုရင် အဲဒီစုန်းမကလေးကိုပါရှင်းပစ်ရမယ်မဟုတ်လား”

ဖိုးမောင်က မယ်ဖော့စကားကိုနားထောင်ရင်း

“ဟုတ်တယ်အမေ၊ မယ်ပျင်းက စုန်းမဗျ၊ သူက သစ်ရွက်ခြောက်ကြီးကိုတောင်မှ ငါးကြော်ကြီးတစ်ကောင်အဖြစ်ပြောင်းလဲနိုင်တယ်အမေရ၊ ကျုပ်က အစကသူ့ကိုမျက်လှည့်တတ်တယ်လို့ထင်နေတာ”

“ဒါနဲ့ ဗိုလ်ကျော်စွာဆိုတဲ့လူကိုရော ငါ့သားသိသလား”

“သိတာပေါ့အမေရာ ဗိုလ်ကျော်စွာဆိုတဲ့လူက မယ်ပျင်းအပြောအရတော့ ဘုရင့်တပ်ကလူတဲ့ဗျ၊ အခုနယ်ချဲ့ကုလားဖြူတွေကို ပုန်ကန်တော်လှန်ရင်း အခြေအနေမကောင်းလို့ လူစုခွဲပြီးထွက်ပြေးနေရတဲ့လူတဲ့ဗျ၊ ရွာပြင်သုဿန်မှာ ပုန်းနေရတဲ့သူပေါ့၊ မယ်ပျင်းက ဗိုလ်ကျော်စွာကို ထမင်းပို့ရတဲ့၊ မယ်ပျင်းပြောပုံအရဆိုရင်တော့ ဗိုလ်ကျော်စွာရောက်နေတာကို သူကြီးလည်းသိတဲ့ပုံပဲ”

ထိုအခါ ဦးဖောမျက်လုံးများမှာ အရောင်လက်သွားလေသည်။

“အဲဒီလူက တကယ်ပဲ ဗိုလ်ကျော်စွာဆိုတာ သေချာသလား သားလေး”

“သေချာပါတယ်၊ သူတို့နယ်ချဲ့တွေနဲ့ ဘယ်လိုတိုက်ခိုက်တယ်ဆိုတာတွေ ပြောပြတတ်သေးတယ်”

ဦးဖောက အားရဝမ်းသာနှင့်

“သူသာ ဗိုလ်ကျော်စွာအစစ်ဆိုရင်တော့ အဖေတို့ပွတာပဲ သမီးရဲ့”

“ဘာဖြစ်လို့လဲအဖေ”

“ဗိုလ်ကျော်စွာဆိုတာ ဟောဒီငန်းမြာရွာအရှေ့ဘက်က တောင်တန်းတွေပေါ်မှာ လူသူစုဆောင်းပြီး အင်္ဂလိပ်မင်းတွေရဲ့ ဘဏ္ဍာလှည်းတွေ၊ ရိက္ခာတော်လှည်းတွေကို တိုက်ခိုက်လုယက်နေတဲ့လူတစ်ယောက်ပေါ့သမီး၊ ဗိုလ်ပြုံးသေပြီးကတည်းက သူတို့အဖွဲ့တွေ တပ်ပျက်သွားကြတာ၊ ဒါပေမယ့် အဖေရခဲ့တဲ့ သတင်းစကားအရဆိုရင်တော့ သူတို့က လူသစ်တွေစုဆောင်းပြီးတော့ တစ်ခါပြန်ပြီး ပုန်ကန်ကြလိမ့်မယ်၊ ဖက်လိပ်ရွာကိုရောက်နေတာသာ ဗိုလ်ကျော်စွာဆိုရင်တော့ အဖေတို့အတွက် အကျိုးအများကြီးရှိတယ်”

“ဘယ်လိုအကျိုးရှိတာလဲအဖေ”

“အရင်ဆုံး ဖက်လိပ်ရွာသူကြီးဦးရွှေမောင်ကို သူပုန်သူကန်တွေဖမ်းပေးဖို့ဆိုပြီး အင်္ဂလိပ်အရေးပိုင်မင်းတွေနဲ့သွားဖိအားပေးရမယ်၊ ရွှေမောင်က အရင်က ဘုရင့်တပ်သားပီပီ မျိုးချစ်စိတ်ဓါတ်ပြင်းထန်တဲ့လူတစ်ယောက်ဆိုတော့ ဘယ်နည်းနဲ့မှ ဗိုလ်ကျော်စွာကိုဖမ်းပေးမှာမဟုတ်ဘူး၊ ဒီအခါ အဖေတို့က ဖိုးမောင်သတင်းပေးတယ်ဆိုပြီး ဗိုလ်ကျော်စွာကိုဝင်ဖမ်းလိုက်ရင် ဗိုလ်ကျော်စွာကိုဖမ်းမိလို့ အဖေလည်းမျက်နှာရမယ်၊ ရွှေမောင်ကတော့ ဗိုလ်ကျော်စွာက သူ့ရွာမှာပုန်းနေတာကို မဖမ်းပေးဘူးဆိုပြီး အင်္ဂလိပ်မင်းတွေ အမျက်သင့်သွားနိုင်တယ်၊ ဒါတင်မကဘဲ ဗိုလ်ကျော်စွာကိုဖမ်းမိဖို့အတွက် လမ်းပြတဲ့လူက ဖိုးမောင်ဆိုရင် အင်္ဂလိပ်မင်းတွေက ဖိုးမောင်ကိုဆုတွေဘာတွေချီးမြှင့်ကြလိမ့်မယ်၊ ဒီအချက်နဲ့ ဖိုးမောင်လည်း အင်္ဂလိပ်မင်းတွေဆီ ဝင်ထွက်သွားလာပြီး ရင်းနှီးသွားရင် ဖက်လိပ်ရွာသူကြီးဖြစ်ဖို့က ဖိုးမောင်အတွက် သိပ်မခက်ခဲတော့ဘူပေါ့ သမီးရဲ့”

မယ်ဖော့မှာ အဖေဖြစ်သူ၏ အကြံအစည်ကိုကြားလိုက်ရသည့်အခါ အလွန်အားတက်သွားသည်။

“အဖေ့အကြံက ကောင်းလိုက်တာအဖေရာ၊ တစ်ချက်ခုတ်နှစ်ချက်ပြတ်တဲ့အကြံမျိုးမဟုတ်ဘဲ တစ်ချက်ခုတ်တာနဲ့ သုံးလေးချက်လောက် ပြတ်မယ့်အကြံပဲအဖေရဲ့”

“ဒါကတော့သမီးရယ်၊ ခရုမှာလဲ အဆံနဲ့ လူ့မှာလည်း အကြံနဲ့မဟုတ်လားသမီးရဲ့၊ ဟောဒီလူ့ဘောင်လောကကြီးမှာ ချမ်းသာကြွယ်ဝဖို့၊ ဂုဏ်သတင်မွှေးပြီးအောင်မြင်ဖို့ဆိုတာ အကြံကောင်းကောင်းရှိဖို့လိုတယ်သမီးရဲ့၊ အခုအောင်မြင်နေတဲ့ ဘုရင်ခံကြီးတွေ၊ အရာရှီကြီးတွေကိုကြည့်လိုက်စမ်းသမီး သူတို့တွေအားလုံးက အကြံကောင်းကောင်းနဲ့ လှည့်ပတ်အသုံးချတတ်ကြလို့ပဲ သမီးရဲ့၊ အင်္ဂလိပ်မင်းတွေ အကြံပိုင်ချက်ကိုပဲ ကြည့်ပါလားသမီးရယ်၊ ဗမာဘုရင်နဲ့ပြည်သူတွေကို အကြံကောင်းကောင်းနဲ့လှည့်စားနိုင်ခဲ့လို့ ဗမာဘုရင်တွေခမြာ ကြက်ကလေးငှက်ကလေးဖမ်းသလို အဖမ်းခံခဲ့ရတယ်မဟုတ်လား”

“ထားလိုက်ပါတော့ အဖေရာ၊ ဒါနဲ့ ဒီအကြံကိုဘယ်တော့အကောင်အထည်ဖော်မလဲ”

“ရှေ့လကျရင် မြိုင်သာရွာကို ဒိစတြိတ်(ဒိစတိတ်) မြို့အဖြစ် အဆင့်မြှင့်တင်ပြီး မြို့ထဲက အရာရှိကြီးတွေက ဒါဘာပွဲကျင်းပကြလိမ့်မယ်၊ ဒီအခါ မြို့အနီးပတ်ဝန်းကျင်ရွာက သူကြီးတွေ မတက်မဖြစ်တက်ရမှာဆိုတော့ အဲဒီပွဲမတိုင်မီ ကြည့်စီစဉ်ကြတာပေါ့သမီးရယ်”

မယ်ဖော့မှာ ကျေနပ်အားရစွာနှင့် ခေါင်းညိတ်လိုက်သည်။

(၂)

“သူကြီးရေ ကျားဗျို့ . . . ကျား . . .ကျား”

မနက်မိုးမလင်းမီမှာပင် ရွာထဲတွင်ဆူညံနေကြလေသည်။ သူကြီးအိမ်ပေါ်တက်လာသည့် ကာလသားကို မောင်မဲကကြည့်လိုက်ပြီး

“ဟေ့ကောင် ဘာကျားလဲကွ”

“ဟိုလေ ရွာမြောက်ပိုင်းက နွားမွေးတဲ့ကိုတွန်တစ်ယောက် ကျားဆွဲခံရလို့တဲ့ဗျ”

“ဟေ၊ တကယ်လားကွ”

“တကယ်ပါဆိုနေမှဗျာ၊ အခုရွာထဲမှာတောင် လူတွေအုတ်အုတ်ကျက်ကျက်ဖြစ်နေကြပြီ၊ ကာလသားတွေလည်း ဓါးလှံလက်နက်တွေအသင့်ပြင်ထားကြပြီ”

သို့နှင့် သူကြီးဦးရွှေမောင်မှာ မနေသာတော့ဘဲ ဒူးလေးကြီးတစ်လက်ကိုဆွဲလျှက် နောက်လိုက်နောက်ပါများနှင့်အတူ ရွာထိပ်သို့ထွက်လာခဲ့လေသည်။ ရွာထိပ်တွင်တော့ ရွာသားများဖြင့် စည်ကားနေလေသည်။

“ဘယ်လိုဖြစ်ရတာလဲ”

“ကိုတွန်တစ်ယောက် မနေ့ညကတည်းက သူ့နွားတစ်ကောင်ပျောက်နေတာ ရှာလို့မတွေ့ဘူးပြောတယ်သူကြီး၊ အခုဒီမနက်တော့ နွားဝင်ရှာမယ်ဆိုပြီး ဖိုးအေးတို့နဲ့ တောအုပ်ထဲဝင်သွားတာ တောအုပ်ထဲမှာ ကျားနဲ့ပက်ပင်းတိုးပြီးတော့ ကျားက ကိုတွန်ကိုချီပြီး ပြေးတယ်ဆိုပဲ”

“ဘယ်မလဲ ဖိုးအေး”

သူကြီးမေးသည့်အခါ ဖိုးအေးကိုခေါ်လာကြသည်။ ဖိုးအေးမှာ မျက်လုံးအပြူးသားနှင့် တစ်ကိုယ်လုံးလည်း တုန်ယင်နေလေသည်။

“ဖိုးအေး၊ မင်းတွေ့တာ တကယ်ပဲလားကွ”

“ကျားကြီး . . . ကျားကြီး၊ အား . . . မလာနဲ့”

ဖိုးအေးမှာ အကြောက်လွန်ကာ သည်းခြေပျက်ပြီးရူးသွားပုံရသည်။ သို့နှင့်ရွာသားများစုစည်းပြီး တောနင်းရှာကြလေရာ မကြာခင်မှာပင် ကိုတွန်၏အလောင်းကောင်ကို သစ်ပင်ခြေရင်းတစ်နေရာတွင်တွေ့ရလေသည်။ ကိုတွန်အလောင်းမှာ မှောက်လျက်သားဖြစ်နေသဖြင့် ပြေးလှန်ကြည့်လိုက်ရာ ကိုတွန်၏ရင်ဘတ်မှာ ဟောင်းလောင်းပွင့်နေလျှက်ရှိပြီး အတွင်းမှကလီစာများမှာ လုံးလုံးမရှိတော့ပေ။

ကိုတွန်အလောင်းတွေ့သည်ဆိုသဖြင့် ရွာမှရွာသူရွာသားများမှာ လာရောက်ကြည့်ရှုကြလေသည်။ သူကြီးမှာလည်း အလောင်းအားစစ်ဆေးကြည့်ရှုနေသည်။

“ကျားတော့မဖြစ်နိုင်ဘူးဗျ”

သူကြီးကြည့်နေစဉ်တွင် ရွာခံမုဆိုး ဘိုးတေရောက်လာခဲ့လေသည်။

“ဘိုးတေ၊ ဘယ်လိုဖြစ်လို့ ကျားမဟုတ်ဘူးလို့ ပြောနိုင်ရတာလဲ”

“ခင်ဗျားတို့က ကျားဆိုပြီးတော့သာ ပြောနေတာ ဘယ်မလဲကျားခြေရာ”

“ဟေ ဟုတ်ပါရဲ့၊ ဒီနားက မြေနုပေမယ့် ကျားခြေရာမကိုမကျန်ခဲ့ဘူး”

“ပြီးတော့ ကျားအထွေး ဖင်ကလွေးတဲ့ဗျ၊ ကျားမှန်ရင် သားကောင်ကိုစားတဲ့အခါ ဖင်ပိုင်းက စပြီးစားတယ်၊ အခုကြည့်ရတာ ရင်ခွဲပြီး ကလီစာတွေနှုတ်စားသွားပုံရတော့ ကျုပ်ဖြင့် ကျားလို့တောင်မှမထင်တာ”

“ဖိုးအေးကတော့ ကျားလို့ပြောတာပဲ”

“သူကရော သေချာမြင်လိုက်တာမှမဟုတ်တာ”

“ဒါပေမယ့် ငါတို့ဖက်လိပ်ရွာဆိုတာက ကျားတွေနေတတ် ကျက်စားတတ်တဲ့ တောမှမရှိတာပဲ”

“ဒီလိုတော့ ဘယ်ပြောလို့ရမလဲသူကြီးရဲ့၊ ကျားဆိုတာ တစ်နေရာမကောင်းရင် တစ်နေရာပြောင်းတတ်တဲ့သဘောရှိတယ်မဟုတ်လား၊ ကျုပ်အထင်တော့ ဒီကျားက အနောက်ဖက်တောင်ရိုးပေါ်ကနေ ဆင်းလာတပဲဖြစ်ရမယ်၊ ဘာပဲဖြစ်ဖြစ်ပါ ဒီကျားတော့ သေချင်တဲ့ကျား တောပြောင်းတယ်လို့သာမှတ်လိုက်ပေတော့သူကြီးရေ”

“ဒီကျားကို မင်းပစ်နိုင်မလားဘိုးတေ”

“ကျုပ်က ကျားချည်းငါးကောင်တိတိပစ်ခဲ့တာပါဗျ၊ ကျားဆိုတဲ့သတ္တဝါဆိုတာ အသားလတ်လတ်ဆတ်ဆတ်ထက် ပုပ်အက်အက်အသားကိုမှ ပိုကြိုက်တာဗျ၊ ဒီနားမှာလင့်ထိုးပြီးစောင့်နေရင် ဒီကောင်ကြိမ်းသေပြန်လာမှာပါ”

“ကောင်းပါပြီ ဘိုးတေ၊ ဒီကျားကိုမင်းကြိုက်သလိုသာစီစဉ်စမ်းကွာ၊ ဒါထက် မင်းတစ်ယောက်တည်းဖြစ်ပါ့မလား”

“တစ်ယောက်တည်းက သာတောင်ကောင်းသေးတာပေ့ါသူကြီးရ၊ လူများတော့မှ ကျားက လူနံ့ရပြီးတော့ မလာဘဲနေရင် ဝေးဝေးလံလံလိုက်ရှာနေရပါအုံးမယ်”

“အေးကွာ၊ ဒီကျားကိုသာ မိအောင်ပစ်စမ်း၊ ကျားရလို့ကတော့ မင်းကိုငါ အသပြာငွေ ငါးဆယ်တိတိချီးမြှင့်မယ်ဟေ့”

ဘိုးတေက ခပ်ပြုံးပြုံးနှင့် သူကိုင်နေကျ လက်စွဲတော်ဒူးလေးကြီးကို ပုခုံးပေါ်ထမ်းလိုက်လေသည်။ ထိုနေ့တွင် သူကြီးအမိန့်ဖြင့် ရွာသားများတောမတက်ရသလို ကျားသတင်းကြောင့် တောတက်ဝံ့သူမရှိတော့ပေ၊ ထို့ကြောင့် မယ်ပျင်းမှာလည်း တောအုပ်ထဲသို့မဝင်နိုင်ဘဲဖြစ်နေလေသည်။ မယ်ပျင်းက စိတ်ညစ်နေစဉ်မှာပင် နားထဲတွင်အသံကြားရသည်။ ဖထီး၏ အသံပင်ဖြစ်သည်။

“ဖထီး ကျုပ်တောထဲလာလို့မရတော့ဘူးတော့”

“မလိုပါဘူး ဖိုးမူရာ၊ ဖိုးမူက အခု အမြင်ပညာ၊ အကြားပညာတွေတတ်နေပြီပဲ၊ အိမ်ကနေထိုင်ပြီးတော့ အာရုံလွှင့်ပြီး တောထဲကိုလာခဲ့စမ်းပါ”

“ဟင်၊ ဟုတ်သားပဲ”

မယ်ပျင်းမှာ လူရှင်းသည့်အိမ်ထောင့်တစ်နေရာသို့သွားလိုက်ပြီးနောက် အကြားအာရုံ၊ အမြင်အာရုံများကိုဖြန့်ကျက်လျှက် ဖထီးနှင့်စိတ်ချင်းဆက်သွယ်ကာ သင်ယူလေတော့သည်။ မယ်ပျင်း၏ ကိုယ်ခန္ဓာမှာ အိမ်တွင်သာရှိနေသော်လည်း စိတ်အစဉ်နှင့် အမြင်အကြားအာရုံမှာတော့ တောနက်အတွင်းရှိ ဂူကြီးတစ်ခုအထဲတွင်ရောက်ရှိနေလေသည်။

“ရွာအနားက တောအုပ်ထဲမှာ ကျားတစ်ကောင်သောင်းကျန်းနေတယ်ဆိုလို့ ရွာပြင်ထွက်ခွင့်ကို ပိတ်ပင်ထားတယ် ဖထီး”

“ဟုတ်တယ်၊ အဲဒီကျားကို တွေ့နေရတာ လေးငါးဆယ်ရက်ရှိနေပြီ၊ ဒီကျားဟာ သာမန်ကျားတစ်ကောင်မဟုတ်ဘူး”

“သာမန်ကျားမဟုတ်ဘူးဆိုတာ ဘာသဘောလဲ”

“ဒီကျားဟာ မှော်ကျင့်စဉ်တစ်ခုအောင်မြင်ထားတဲ့ စုန်းကျားတစ်ကောင်ပဲ”

“ဒါဆိုရင် နာနာရုပ်အတတ်နဲ့ စုန်းကနေကျားပုံစံပြောင်းထားတာကိုပြောတာလား”

“မဟုတ်ဘူးကွဲ့၊ ကျားမှော်ကျင့်စဉ်ကို အောင်မြင်ပေါက်မြောက်အောင် ကျင့်ထားတဲ့စုန်းတစ်ယောက်ပဲ၊ ကျားမှော်ကျင့်စဉ်က သေသေချာချာအချိန်ယူပြီးကျင့်ရလို့ နာနာရုပ်စုန်းတွေ ပြောင်းလဲတဲ့ကျားထက် အဆပေါင်းများစွာပိုပြီးအစွမ်းထက်တယ်”

“ဒီကျင့်စဉ်က ဘယ်လိုကျင့်ရတာလဲ”

“ပြောနေရင် ရှည်ပါတယ်၊ ကျင့်စဉ်ကိုးဆင့်ကျင့်ရင်း နောက်ဆုံးအဆင့်ရောက်တဲ့အခါကျရင် လူကိုးယောက်ရဲ့နှလုံးသည်းပွက်ကို ကျားအဖြစ်နဲ့ဖောက်စားရတယ်၊ အဲဒါမှ ကျင့်စဉ်အောင်တာ”

“ဒါဆို ဒီလူက ကျားကျင့်စဉ်အောင်မြင်တော့မှာပေါ့”

“ကျားကျင့်စဉ်က အောင်မြင်ပြီးသားပါ၊ ဒီကျင့်စဉ်အောင်မြင်ပြီးတဲ့ ကျားဟာ ကိုးနှစ်မှာတစ်ကြိမ် ကျားကျင့်စဉ်ကို ဆက်လက်ထိန်းသိမ်းထားရတယ်၊ အခုလူရဲ့နှလုံးတွေစားနေတာကလည်း ကိုးနှစ်ပြည့်ကျင့်စဉ်ထိန်းတဲ့အနေနဲ့ ပြန်လည်စားသုံးနေတဲ့ပုံစံပါပဲ”

“ဒီကျားက ဘယ်သူများပါလိမ့်”

“ကိုယ့်ကိစ္စမဟုတ်ဘူး မယ်ပျင်းရေ၊ ကဲ ငါတို့သင်ခန်းစာတွေ ဆက်သင်ကြရအောင်”

ဖထီးပြောလိုက်သဖြင့် မယ်ပျင်းမှာ ပညာခန်းများကိုဆက်လက်သင်ယူရတော့သည်။ သို့သော် ပညာသင်ရာတွင်လည်း စိတ်မပါပေ၊ မယ်ပျင်းစိတ်အစဉ်က ကျားထံသို့သာရောက်နေလေသည်။

“ဒါဆိုရင်တော့ မုဆိုးဘိုးတေ ဒုက္ခရောက်လိမ့်မယ်၊ မဖြစ်ဘူး သူကြီးကိုအမြန်အသိပေးမှဖြစ်မယ်”

မယ်ပျင်းက တွေးတောလိုက်ကာ အာရုံများကို ပြန်လည်စုစည်းလိုက်လေသည်။ ဖထီးမှာတစ်ယောက်တည်း သင်ကောင်းကောင်းနှင့်သင်ရင်း မယ်ပျင်းအားမေးလိုက်လေရာ မယ်ပျင်းမရှိတော့သည်ကို သိသည်မို့ ဒေါသထွက်နေမိသည်။ ကျန်သည့် ကဝေကြီးများက ဖထီးအဖြစ်ကိုကြည့်ကာ ရယ်မောကြလေသည်။

“သူက အိမ်ကသင်တာဆိုတော့ ကျောင်းပြေးဖို့လွယ်သွားတာပေါ့ကွ၊ ဟား ဟား”

မယ်ပျင်းမှာ သူကြီးအမြဲနေထိုင်သည့် အိမ်ဦးခန်းဆီသို့ပြေးလာခဲ့လေသည်။ သူကြီးမှာ ရေနွေးသောက်လျှက် မမယ်ဖြူပြင်ဆင်ပေးသည့် လက်ဖက်အုပ်ကလေးကိုဖွင့်စားနေလေသည်။ မယ်ပျင်းက သူကြီးဆီအပြေးသွားလိုက်ပြီး

“သူကြီး ဒီအတိုင်းဆိုရင် မုဆိုးကြီးမှာ အသက်အန္တရာယ်ရှိနေပါပြီ၊ မုဆိုးကြီးက ဒီကျားကိုပစ်ခတ်နိုင်မှာမဟုတ်ပါဘူး”

သူကြီးက ရယ်မောရင်း

“သမီးမယ်ပျင်း၊ သမီးက သူများကိုလည်း စိုးရိမ်တတ်တာပဲကိုး၊ ဘာမှမစိုးရိမ်ပါနဲ့သမီးရယ် ဘိုးတေက လုပ်တတ်ကိုင်တတ်ပါတယ်ကွဲ့၊ ဘိုးတေဆိုတာ ဆွေမျိုးသုံးဆက်တိုင်တိုင် မုဆိုးအဖြစ်အသက်မွေးခဲ့တဲ့လူကွဲ့၊ တို့ဖက်လိပ်ရွာမှာနေတယ်ဆိုပေမယ့် ကျားဆိုးရှိတယ်၊ တောကောင်တွေဆိုးတယ်ဆိုရင် ဘိုးတေပဲ လိုက်ပြီး နှိမ်နင်းပေးရတယ်မဟုတ်လား၊ သူပြောတော့ ကျားချည်းငါးကောင်တိတိပစ်သတ်ခဲ့တယ်ဆိုပဲ၊ ဒါကြောင့် သမီးဘာမှစိတ်ပူစရာမလိုပါဘူးကွယ်”

“မဟုတ်ဘူးသူကြီး၊ ဒီကျားက မှော်ဝင်စုန်းကျားဆိုတော့ မုဆိုးဘိုးတေ ပစ်နိုင်မှာမဟုတ်ပါဘူး”

“သမီးရယ်၊ စိတ်ပူတတ်ရန်ကော၊ မုဆိုးက မုဆိုးအလုပ်လုပ်မှာပါ၊ သမီးက သမီးအလုပ်လုပ်စမ်းပါ၊ သမီးကျန်းမာအောင်သာ နေပါ ဟုတ်ပြီလား”

မယ်ပျင်းမှာ လုံးဝတားမရသည့်အဆုံး သူကိုယ်တိုင်တားမြစ်မည်ဟု ဆုံးဖြတ်လိုက်ကာ အိမ်ပေါ်မှဆင်းရန်ကြံစည်လိုက်သည်။ ထိုအခါ သူကြီးဦးရွှေမောင်က မယ်ပျင်းအားကြည့်လိုက်ပြီး

“ဟဲ့ မောင်မဲ၊ မင်းလူတွေကိုသတိပေးထား၊ မယ်ပျင်းကလေးကို အိမ်ကနေလုံးဝမထွက်သွားစေနဲ့၊ အိုကွာ မင်းတို့မျက်စိအောက်ကကို အပျောက်မခံနဲ့ကွ၊ ကြားလား”

သို့နှင့်မယ်ပျင်းအား အိမ်တော်စောင့်တစ်ဦးက အနောက်မှထပ်ကြပ်မကွာလိုက်နေသဖြင့် မယ်ပျင်းမှာ မတတ်သာဘဲရှိနေလေသည်။

(၃)

ညရောက်ပြီဖြစ်သည် တောအုပ်အတွင်းတွင် သစ်ရိပ်ဝါးရိပ်ကြောင့် ညအမှောင်က ပိုမိုသိပ်သည်းလှသည်။ မုဆိုးကြီးဘိုးတေမှာ လူသေကောင်နှင့်မနီးမဝေးတွင်ရှိသည့် သစ်ပင်ကြီးတစ်ပင်ပေါ်တွင် လင့်စင်ထိုးကာ စောင့်ကြပ်နေလေသည်။ ထိုအခိုက်ရွာဘက်ဆီမှ ဆွဲဆွဲငင်ငင်အူလိုက်သည့် ခွေးအူသံများကိုကြားလိုက်ရပြီးနောက် ဆူညံအော်ဟစ်သံများကိုလည်းထပ်မံကြားလိုက်ရပြန်သည်။

“အလို ကျားက ငါစောင့်နေတဲ့နေရာကိုမလာဘဲ ရွာထဲကိုများဝင်ဆွဲနေပြီလား”

မုဆိုးကြီးမှာ ဒူးလေးကိုစွဲကာ ရွာဘက်သို့ထွက်လာခဲ့လေသည်။ မုဆိုးကြီးထင်သည့်အတိုင်း ရွာထဲတွင်ငရဲပွက်သမျှ ဆူညံပွက်လောရိုက်နေလေသည်။ ရွာသားများက အိုးခွက်ပန်းကန်များ၊ ကြေးမောင်းများကို တဒေါင်ဒေါင်ထုကာ ကျားကြီးအားခြောက်လှန့်နေကြသည်။ မောင်မဲတစ်ယောက် သူကြီးအိပ်ခန်းတံခါးကို အပြေးထုနှက်ပြီး

“သူကြီးရေ ရွာထဲကျားဝင်နေလို့တဲ့ဗျ”

သူကြီးဦးရွှေမောင်မှာ ငေါက်ခနဲထလျှက်

“တောက်၊ ကျားက ရွာကိုဝင်ရတယ်လို့ကွာ၊ ဒီကျားကတော့ ငါ့ကိုစော်ကားလိုက်တာပဲ၊ မောင်မဲ မြင်းပြင်စမ်းဟဲ့”

အင်္ကျီပင်မဝတ်နိုင်ဘဲ သူကြီးဦးရွှေမောင်မှာ ပုဆိုးခါးတောင်းကျိုက်လျှက် အိမ်ပေါ်မှဆင်းလာသည်။ အိမ်အောက်တွင်ထောင်ထားသည့် အဲမောင်းလှံတစ်ချောင်းကို ဆွဲယူပြီးသောအခါ မောင်မဲအသင့်ယူဆောင်လာပေးသည့် မြင်းညိုကြီးကိုစီးလျှက် ရွာထဲသို့ထွက်လာခဲ့သည်။

ကျားကြီးမှာ ရွာလယ်လမ်းအတိုင်း အေးအေးလူလူလမ်းလျှောက်လာသည်ကိုတွေ့ရသည်။ လရောင်အောက်တွင် ကျားကြီးကိုအတိုင်းသားမြင်နေရသည်။ ကျားမှာအတော်ကြီးမားပြီး အရပ်ပင် ကိုးတောင်ခန့်ရှိပေလိမ့်မည်၊ ရွာသားများမှာ ဓါးလှံလက်နက်များကိုင်ဆောင်ထားကြသော်လည်း ကျားကြီးကိုတွေ့သည့်အခါ အလွန်တုန်လှုပ်နေကြသည်။

ကျားကြီးက လက်နက်ကိုင်ထားသည့် ရွာသားများဘက်သို့လှည့်လိုက်ကာ ပါးစပ်ကြီးဖြဲပြီး ဝေါင်းခနဲဟိန်းဟောက်လိုက်လေရာ ရွာသားများမှာ ကိုင်ထားသည့်လက်နက်များကိုပင် မြေသို့ပစ်ချပြီး ခြေဦးတည့်ရာထွက်ပြေးကြသည်။ မကြာမီမြင်းစီးလာသည့် သူကြီးမှာ ကျားကြီးနှင့်ပက်ပင်းတိုးလေတော့သည်။ ကျားကိုတွေ့သည်နှင့် သူကြီးက လက်ထဲမှလှံတံဖြင့် အားကုန်လွှဲပစ်ထည့်လိုက်ရာ လံှတံက ကျားကြီးထံသို့တန်းတန်းမတ်မတ်တိုးဝင်သွားသော်လည်း ကျားကြီးက လက်နှင့်ပုတ်ချလိုက်သဖြင့် လှံတံကြီးမှာထက်ပိုင်းကျိုးလျှက် မြေသို့ကျဆင်းသွားတော့သည်။

ကျားကြီးမှာသူ့အားရန်ပြုသည့် သူကြီးအား တစ်ချက်စိုက်ကြည့်လိုက်ကာ အလွန်ကျယ်လောင်သည့် မာန်သံပေးလျှက် သူကြီးဆီသို့အပြေးဝင်လာသည်။ သူကြီးမှာလည်း လက်ထဲတွင်လက်နက်မရှိတော့သည်မို့ မြင်းကိုပြန်လှည့်ကာ ဒုန်းစိုင်းပြေးတော့သည်။ ကျားကြီးမှာ အခြားသူများကို အာရုံမထားတော့ဘဲ သူကြီးအနောက်သို့သာ အပြေးလိုက်လာခဲ့သည်။

ရွာလယ်လမ်းမကြီးပေါ်တွင် အရှေ့မှ သူကြီးက မြင်းတစ်စီးနှင့်ပြေးနေကာ အနောက်မှ ကိုးတောင်ရှိသည့်ကျားကြီးကလည်း အပြေးလိုက်လာခဲ့သည်။ သူကြီးမှာ မြင်းကိုဒုန်းစိုင်းစီးလာရင်း ရွာပြင်ရိုးပြတ်တောကိုဖြတ်ပြေးလေသည်။ ထိုအခါ ကျားကြီးမှာ သူကြီးမြင်းကိုတဖြည်းဖြည်းမီလိုက်လာပြီးနောက် မြင်းတင်ပါးကို လက်နှင့်ပုတ်ထည့်လိုက်ရာ မြင်းနောက်ခြေထောက်မှာ ပြတ်ထွက်သွားပြီး သူကြီးလည်းမြင်းပေါ်မှဒလိမ့်ခေါက်ကွေး ကျတော့သည်။

သူကြီးမှာ မြေပေါ်မှထပြေးရန်ကြိုးစားသော်လည်း ခြေထောက်များက နာကျင်နေသဖြင့် မပြေးနိုင်တော့ပေ၊ ကျားကြီးက နာကျင်စွာအော်ဟစ်နေသည့် မြင်းကြီး၏လည်မြိုကို ပါးစပ်ဖြင့်တစ်ချက်ကိုက်ထည့်လိုက်ပြီး ဆွဲခါထုတ်လိုက်လေရာ မြင်း၏လည်ပင်းမှ အသားအတစ်လိုက်ကြီးပြုတ်ထွက်သွားကာ မြင်းကြီးလည်း ဆန့်ငင်ဆန့်ငင်နှင့်လဲကျသွားလေသည်။

ထို့နောက် ကျားကြီးက သူကြီးထံသို့ တစ်လှမ်းချင်းလာလေသည်။ သူကြီးဦးရွှေမောင်က လက်နှစ်ဖက်နှင့် တရွတ်တိုက်ဆွဲကာ ပြေးပြန်သည်။ သို့သော် ကျားကြီးလက်မှ မလွတ်တော့ပေ၊ ကျားကြီးက သူကြီးကိုလက်ဖြင့်တစ်ဖက်သို့ဆွဲလှန်လိုက်ပြီးနောက် ရှည်လျားချွန်မြနေသည့် လက်သည်းကောက်ကြီးဖြင့် သူကြီးရင်ဘတ်အား ထိုးခွဲရန်အတွက် လက်ကိုမြှောက်လိုက်လေသည်။

သို့သော် ထိုအချိန်မှာပင် ကျယ်လောင်သည့်ကျားဟိန်းသံကြီးတစ်ခုကို ထပ်မံကြားလိုက်ရသဖြင့် ကျားကြီးမှာ အံ့သြကာလှည့်ကြည့်မိသည်။ ရိုးပြတ်တောအတွင်း တစ်လှမ်းချင်းလှမ်းလာနေသည့် ကျားကြီးတစ်ကောင်ကို ထပ်မံတွေ့လိုက်ရသည်။ ထိုကျားကြီးမှာလည်း ယခုကျားကြီးကဲ့သို့ပင် ကိုးတောင်နီးပါးအရွယ်အစားရှိလေသည်။

ကျားကြီးနှစ်ကောင်မှာ တစ်ကောင်နှင့်တစ်ကောင် ဟိန်းသံပေးလျှက် ရိုးပြတ်တောအတွင်းလုံးထွေးသတ်ပုတ်ကြလေသည်။ တစ်ကောင်နှင့်တစ်ကောင် ဒေါသတကြီး အပြင်းအထန်သတ်ပုတ်ကြသည်မို့ သူကြီးဦးရွှေမောင်မှာ အလွန်အံ့သြနေရလေသည်။ သို့နှင့်တိုက်ခိုက်ကြရင်း ပထမကျားကြီးမှာ အနောက်သို့ခုန်ဆုတ်လိုက်ကာ ကျယ်လောင်သည့်ဟိန်းသံကြီးပေးလိုက်လေသည်။ တစ်ချိန်တည်းမှာပင် ထိုကျားကြီး၏ အရွယ်အစားမှာ တဖြည်းဖြည်းကြီးထွားလာကာ ကိုးတောင်ပင်မကတော့ဘဲ အတော်ကြီးမားသည့်ကျားကြီးဖြစ်သွားသည်။

ဒုတိယကျားမှာလည်း ထိုနည်းတူပင် ဟိန်းဟောက်လျက် ပထမကျားကြီးထက်ပိုမိုကြီးမားသည့် အရွယ်အစားကိုဖန်တီးပြလိုက်လေသည်။ ပထမကျားကြီးထက် နှစ်ဆခန့်ကြီးမားသွားပြီးနောက် ကျားကိုယ်ကြီးမှာ ဘုန်းကြီးကျောင်းကိုယ်လုံးကြီးနှယ် ကြီးမားလှပေသည်။ အစပထမကျားကြီးမှာ အလွန်ထိတ်လန့်တုန်လှုပ်နေသည်။ ဒုတိယကျားကြီးက တစ်ဖန် ဦးခေါင်းသုံးလုံးဖြစ်အောင် ဖန်ဆင်းလိုက်ပြီး ပထမကျားကြီးကို လိုက်လေရာ ပထမကျားကြီးမှာ အမြီးကုပ်ပြီးလှည့်ပြေးရလေတော့သည်။ ခေါင်းသုံးလုံးနှင့်ကျားကြီးမှာ ပထမကျားကြီးနောက် အပြေးလိုက်သွားပြီး ဟိန်းဟောက်နေသေးသည်။ ပထမကျားကြီးကို မှီသွားသည့်အခါ ခေါင်းသုံးလုံးနှင့်ကျားကြီးမှာ ကျားအမြီးကိုဆောင့်နင်းလျှက် ကျားကြီး၏မျက်နှာကို လက်သည်းချွန်ကြီးများရှိသည့် လက်ကြီးများဖြင့် ဘယ်ပြန်ညာပြန်ပုတ်လေတော့သည်။ အချက်နှစ်ဆယ်ခန့် ပုတ်ပြီးသည့်အခါ ကျားကြီးမှာ ခွေကျသွားတော့သည်။ ထိုအခါ ခေါင်းသုံးလုံးနှင်းကျားကြီးမှာ ခြေများလက်များနှင့် စိစိညက်ညက်ကျေအောင် တက်နင်းပြီးနောက် ကျားကြီးမှာကျားအဖြစ်မှ လူယောက်ျားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ခေါင်းသုံးလုံးနှင့် ကျားကြီးမှာ သူကြီးဦးရွှေမောင်ထံသို့ လမ်းလျှောက်လာလေရာ သူကြီးမှာအလွန်ထိတ်လန့်နေမိသည်။ လမ်းလျှောက်လာရင်း အနားရောက်လာသည်နှင့် တဖြည်းဖြည်းသေးငယ်သွားပြီးနောက် မယ်ပျင်းအဖြစ်ပြောင်းလဲသွားသည်။ သူကြီးဦးရွှေမောင်မှာ အံ့သြ၍ မဆုံးတော့ပေ။

“မယ်ပျင်း၊ သမီး မယ်ပျင်း”

မယ်ပျင်းမှာ မြေပြင်သို့လဲခွေကျသွားသည်။ သူကြီးဦးရွှေမောင်က မယ်ပျင်းအားပြေးပွေ့လိုက်ကာ

“မယ်ပျင်း၊ သမီးက သမီးက အဖေ့အသက်ကို ကယ်ခဲ့ပြန်တာပါလား”

မယ်ပျင်းမှာ မျက်လုံးကိုအသာဖွင့်ကြည့်ရင်း

“သူကြီးကိုပြောသားပဲ၊ ဒီကျားက ရိုးရိုးကျားမဟုတ်ပါဘူးဆို”

“သမီးသာမကယ်ရင် အဖေတော့ မတွေးဝံ့စရာပဲ သမီးရယ်၊ သမီးလေးကို ကျေးဇူးတင်ပါတယ်ကွယ်”

သူကြီးပြောဆိုနေရင်းမှာပင် မယ်ပျင်းမှာမေ့မြောသွားလေတော့သည်။ ကျားဟိန်းသံများ ပျောက်ကွယ်သွားသဖြင့် ရွာသားများမှာ မီးတုတ်များကိုယ်စီစွဲကိုင်လျှက် ရိုးပြတ်တောကြီးအတွင်းသို့ပြေးလာခဲ့ကြသည်။ သူကြီးဦးရွှေမောင်နှင့် မယ်ပျင်းကိုတွေ့သည့်အခါ ရွာထဲသို့ သယ်ဆောင်သွားကြလေတော့သည်။

ဒဏ်ရာအများအပြားဖြင့် ဒယိမ်းဒယိုင်ရောက်လာကာ နန်းဆောင်ရှေ့တွင်လဲကျသွားသည့် လူအား မယ်တော်က ထကြည့်လိုက်လေသည်။ နန်းဆောင်အတက်အဆင်း လှေကားရင်းတွင် လဲကျနေသည့်သူအားတွေ့သည့်အခါ အလွန်အံ့သြသွားသည်။

“ရဲခေါင်၊ မင်းဘယ်လိုဖြစ်လာတာလဲ၊ မင်းပြောတော့ ကျားမှော်ကျင့်စဉ်အဆင့်မြှင့်ဖို့အတွက် လူကိုးယောက်ရဲ့နှလုံးသည်းပွက်ကို သွားစားတာဆို၊ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်လာရတာလဲ၊ မင်းကိုဘယ်သူလုပ်လိုက်တာလဲ”

“ဖက်လိပ်ရွာက စုန်းမတစ်ယောက်လုပ်လိုက်တာပါ”

မယ်တော်က မျက်မှောင်ကြုတ်လျက်

“ငါ့ရဲ့စီးတော်ကျားကို ဆော်လိုက်နိုင်လောက်တဲ့လူ ဖက်လိပ်ရွာမှာ ရှိလို့လား”

“ရှိ . . .ရှိပါတယ်၊ ကလေးမလေး တစ်ယောက်ပါ”

“ကလေးမလေး ဟုတ်သလား”

“ဟုတ်ပါတယ်၊ သူက တော်တော်စွမ်းပါတယ်၊ ကျုပ်ထက်အဆပေါင်းများစွာကြီးတဲ့ ခေါင်းသုံးလုံးနဲ့ကျားကြီးဖန်ဆင်းပြီးတော့ ကျုပ်ကိုဖွက်ဖွက်ညက်ညက်ကျေအောင် ဆော်ထည့်လိုက်တာပါ မယ်တော်”

“ကလေးမလေးဆိုတော့ မယ်ပျင်းတစ်ယောက်ပဲရှိတာ၊ မယ်ပျင်းက ဒီလောက်စွမ်းလို့လား”

ပြောရင်းဆိုရင်း ရဲခေါင်အမည်ရ မယ်တော်၏စီးတော်ကျားကြီးမှာ လဲကျသေဆုံးသွားလေတော့သည်။ မယ်တော်က ရဲခေါင်၏ မျက်လုံးကိုလက်ဝါးနှင့်အုပ်လိုက်ပြီးနောက် ထိုလက်ဝါးကို မိမိမျက်လုံးတွင်အုပ်လိုက်လေရာ ရဲခေါင်ကြုံတွေ့ဖြစ်ပျက်ခဲ့သည့် အမြင်များအားလုံးကို မြင်တွေ့လိုက်ရသည်။ ထို့နောက် တောက်တစ်ချက်ခေါက်လိုက်ပြီး

“တောက်၊ မယ်ပျင်း၊ ညည်းက ငါ့စီးတော်ကျားကို သတ်ပစ်လိုက်တယ်ဆိုတာ ငါ့ကိုစော်ကားလိုက်တာပဲ၊ ငါအနေအေးလို့ ငါ့ကိုဘာများမှတ်နေသလဲ၊ အရှေ့၊ အနောက်၊ မြောက်၊ တောင် အရပ်လေးမျက်နှာရှိတဲ့အနက် အရှေ့အရပ်က မြို့ကိုးမြို့၊ နယ်ကိုးနယ်၊ ရွာကိုးဆယ်ရဲ့ စုန်းချုပ်၊ ကဝေချုပ်ဖြစ်တဲ့ ငါ့လိုမယ်တော်ကို မင်းကလာပြီးစော်ကားရဲတယ်တဲ့လား၊ မယ်ပျင်းရေ ညည်းကိုတော့ ငါဘာမှန်းသိအောင် ငါ့အကြောင်းပြရတော့မယ်ဟဲ့”

“မယ်တော့်အကြောင်းတော့ ကျုပ်ကသိပြီးသားပါ မယ်တော်ရဲ့”

ထိုအခိုက် မယ်တော်နေသည့်နန်းဆောင်အရှေ့သို့ လူတစ်ဦးလာရပ်လေသည်။ မယ်တော်က ထိုလူအားကြည့်ရင်း

“အို ဘယ်သူများလဲလို့ ငန်းမြာရွာက မယ်အိုပါလား”

“ဟုတ်ပါတယ်မယ်တော်၊ ငန်းမြာရွာက မြောက်ဘက်အပိုင်ဆိုပေမယ့် အရှေ့ဘက်အပိုင်မှာ စာရင်းရှင်းစရာကလေးတစ်ခုရှိလို့ မယ်တော့်ဆီမှာ လာပြီးခွင့်တောင်းရတာပါ”

“နင်က ငါ့ဆီခွင့်တောင်းတယ်ဆိုတော့ တစ်ဖက်သတ်ရှင်းမယ့်ပုံစံပေါ့”

“မှန်ပါတယ်မယ်တော်”

“ကောင်းပြီ၊ နင်ဘယ်သူ့ကို ရှင်းချင်တာလဲ၊ ဘယ်အပိုင်ကလဲ”

“မယ်တော်ရဲ့အပိုင် ဖက်လိပ်ရွာက မယ်ပျင်းနဲ့ မယ်ဖြူဆိုတဲ့ စုန်းနှစ်ယောက်ကိုပါ”

မယ်ပျင်းဆိုသည့်အသံကြားလိုက်ရသဖြင့် မယ်တော်တစ်ယောက် မျက်လုံးများအရောင်လက်သွားသည်။

“မယ်ပျင်းကို ညည်းကဘာအတွက်ကြောင့် ရှင်းချင်တာလဲ”

“ဒီလိုပါပဲမယ်တော်၊ မယ်ပျင်းနဲ့ရန်ငြိုးရှိတဲ့လူက ကျုပ်ကိုလုပ်ခိုင်းလို့ လုပ်ရတာပါ”

“ကောင်းပြီ၊ မယ်ပျင်းဆိုရင်တော့ ငါခွင့်ပြုတယ်၊ ဒါပေမယ့် ဒီကောင်မလေးကို မင်းသတ်ခွင့်မရှိဘူး”

“ဘယ်လိုပြောလိုက်ပါလိမ့်မယ်တော်ရယ်၊ မယ်ပျင်းရော မယ်ဖြူကိုရော သတ်ရပါမယ်ဆိုနေမှ မသတ်လို့ရမလား”

“မယ်ပျင်းကိုရရင် ညည်းငါ့ဆီခေါ်လာခဲ့စမ်းပါ၊ ငါ့ရဲ့စီးတော်ကျားကို ဒင်းသတ်ပစ်လိုက်တယ်အေ့၊ ဒင်းကိုမိတဲ့အခါ ဒင်းကိုတစ်သက်လုံးငါတက်စီးဖို့ စီးတော်ကျားလုပ်ခိုင်းရမယ်အေ့”

ဒေါ်ဘွားအိုမှာ ရယ်မောလိုက်ကာ

“ပေါက်ပြီ၊ သဘောပေါက်ပြီ၊ ဒါဆိုရင် မယ်ပျင်းဆိုတဲ့ကလေးမက မယ်တော်နဲ့လည်း ရန်ငြိုးရန်စရှိတာပါလား၊ စိတ်ချပါမယ်တော်၊ ကျုပ်အစွမ်းကိုမယ်တော်သိတယ်မဟုတ်လား၊ မယ်တော်အပင်ပန်းမခံပါနဲ့ ဒီကလေးမကို ကျုပ်ကပဲ မယ်တော့်ကိုယ်စား မှတ်လောက်အောင်ဆုံးမပြီးတော့ မယ်တော့်ဆီကိုခေါ်လာခဲ့ပါ့မယ်”

“ကောင်းပြီမယ်အို၊ ညည်း စိတ်ရှိသလိုသာလုပ်ပေတော့၊ မယ်ပျင်းကိုဆုံးမဖို့ ညည်းကိုငါအာဏာကုန်လွဲအပ်လိုက်ပြီ”

ဒေါ်ဘွားအိုမှာ တစ်ချက်ရယ်မောလိုက်ပြီးနောက် ခေါင်းပေါ်ခြုံထားသည့် အဝတ်စကို လေပေါ်လွှင့်တင်လိုက်ကာ အဝတ်စတစ်စအဖြစ်နှင့် မိုးပေါ်သို့ပျံတက်သွားလေတော့သည်။