စာစဉ်(၂၁)

(၁)

မယ်ဖော့မှာ ဖခင်ဖြစ်သူ ဦးဖောအုပ်ချုပ်နေသည့် ငန်းမြာရွာသို့ ရောက်ရှိနေခြင်းဖြစ်သည်။ သားဖြစ်သူဖိုးမောင်ကလေးအား သတိရသော်လည်း ဦးရွှေမောင်က တစ်ချက်လွှတ်အမိန့်နှင့် ရွာမှနှင်ထုတ်ထားသည်မို့ မသွားရဲဘဲဖြစ်နေလေသည်။ မယ်ဖော့တို့ မိဘအိမ်မှာ ဟိုးယခင်အချိန်များထက် ပိုမိုကြီးပွားတိုးတက်လာလေသည်။ အိမ်တွင်လည်း နိုင်ငံခြားဖြစ် စားပွဲခုံများ၊ ပရိဘောဂများနှင့် ခေတ်မီအသုံးအဆောင်ပစ္စည်းများရှိလေသည်။ အိမ်တွင်ရှိသည့် အခိုင်းအစေပင် အယောက်နှစ်ဆယ်ထက်မနည်းရှိကာ အင်္ဂလိပ်မျက်နှာဖြူအရာရှိများနှင့် လက်အောက်ခံအလိုတော်ရိများ ဥဒဟိုဝင်ထွက်သွားလာ စားသောက်နေကြလေသည်။

ညအချိန်တွင် ဦးဖောတစ်ယောက် နိုင်ငံခြားဖြစ်အကောင်းစား ဘရန်ဒီအရက်ကို နိုင်ငံခြားဖြစ်ဒိန်ခဲစားစရာများနှင့် အေးအေးလူလူပင် ဆက်ရက်မင်းစည်းစိမ်ခံလေ့ရှိသည်။ ဦးဖောဆိုသည့်နာမည်အတိုင်း အစားကောင်းအသောက်ကောင်းများ စားသောက်ပြီး ဇိမ်ယစ်ကာနေထိုင်သဖြင့် ကိုယ်လုံးမှာဖိုင့်ဖိုင့်ကြီးဖြစ်နေလေသည်။ မဟော်ဂနီသားဖြင့်ပြုလုပ်ထားသည့် ရှေ့တိုးနောက်ငင်လှုပ်ထိုင်နိုင်သည့် ကုလားထိုင်ကြီးတွင်ထိုင်ကာ ကုလားအနှိပ်သည်များက ခြေသလုံးသားနှင့်ပေါင်များကို နင်းနှိပ်ပေးနေကြသည်။

“ဒါနဲ့ အဖေက တော်တော်ချမ်းသာလာတာပဲနော်၊ ခုနောက်ပိုင်း ပိုပိုပြီးချမ်းသာလာသလိုပဲ”

“ဒါကတော့ ဒီလိုပဲ လုပ်စားကိုင်စားရတာပေါ့သမီးရယ်၊ အင်္ဂလိပ်မင်းတွေနဲ့ နားလည်မှုယူထားတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အခင်အမင်မပျက်ဆက်ဆံနေရတာပေါ့၊ အဖေက အင်္ဂလိပ်မင်းတွေစိတ်ကျေနပ်အောင် အလိုက်သိထားတာဆိုတော့ အင်္ဂလိပ်မင်းတွေကလည်း အဖေ့ကိုဆိုရင် အရေးပေးပြီးဆက်ဆံကြတယ်”

“အင်္ဂလိပ်မင်းတွေ အရေးပေးဆက်ဆံတာနဲ့ ဒီလိုချမ်းသာစရာလားအဖေရဲ့”

ဦးဖောက တဟင်းဟင်းနှင့်ရယ်မောလိုက်ရင်း

“ဒီအတိုင်းတော့ ဘယ်ရပါ့မလဲ သမီးရဲ့၊ ဒီလိုပဲ လုပ်ကိုင်စားသောက်တတ်ရတောပေါ့၊ ဒါနဲ့ သမီးဒီရွာအနီးတစ်ဝိုက်မှာ သောင်းကျန်းနေတဲ့ ဓါးပြကြီး ရွှေဂဲဆိုတာကို သိသလား”

မယ်ဖော့မှာ ခေါင်းညိတ်လိုက်ရင်း

“ဟိုတစ်ရက်က ဈေးထဲသွားတော့ ကြားမိသေးတာ၊ ဓါးပြကြီးရွှေဂဲဆိုတာ တော်တော်ရက်စက်ကြမ်းကြုတ်တဲ့သူတစ်ယောက်ဆိုပဲ၊ လူတွေကိုဖမ်းပြီး ပြန်ပေးဆွဲတယ်၊ ဓါးပြတိုက်တယ်၊ ဘုရားပုထိုးတွေကိုလည်း ဖျက်ဆီးပြီး ဌာပနာပစ္စည်းတွေကို လုယူတယ်ဆိုပဲ၊ ပိုပြီးဆိုးတာက မိန်းကလေးတွေကို နိုင်ထက်စီးနင်းပြုတာပဲတဲ့”

ဦးဖောက ခေါင်းညိတ်ရင်း

“ရွှေဂဲက အရင်တုန်းကတော့ ဘုရင့်တပ်က တပ်ကဲ အကြပ်တပ်သားတစ်ဦးပဲကွဲ့၊ နာမည်အရင်းက ကျော်ခေါင်တဲ့၊ ရဲရင့်လို့ သူရဘွဲ့ချီးမြှင့်ခံရတဲ့လူပေါ့၊ ဒါပေမယ့် သီပေါဘုရင်လက်ထက် မြင်းခင်းသဘင်ပွဲကျင်းပတဲ့အခါမှာ ကျော်ခေါင်ရဲ့မိန်းမက စကားမှားပြောမိရာကနေ မင်းအမျက်သင့်ပြီးတော့ တစ်မိသားစုလုံးကို ကွပ်မျက်စေခဲ့တာပဲ၊ ကံကောင်းထောက်မလို့ ထောင်မှူးနဲ့ကျော်ခေါင်က သူငယ်ချင်းအရင်းတွေဖြစ်နေတော့ ကျော်ခေါင်တစ်ယောက် ကိုယ်လွတ်ရုန်းပြီးထွက်ပြေးနိုင်ခဲ့တယ်၊ သူ့မိသားစုကတော့ သေသွားခဲ့တာပေါ့၊ အဲဒါကြောင့် ဗမာဘုရင်ကိုမကျေနပ်ဘဲ ပုန်ကန်ရာကနေ အခုဆိုရင် ဓါးပြကြီးလုံးလုံးဖြစ်လို့တောင်နေပြီပေါ့”

“နေပါအုံး အဖေက အဲဒီဓါးပြကြီးရွှေဂဲအကြောင်းကို ထဲထဲဝင်ဝင်သိနေပါလား”

“သိဆို ရွှေဂဲက ငါ့တပည့်ကိုး သမီးရဲ့”

“ဘယ်လိုပြောလိုက်တယ်အဖေ”

“ဟုတ်တယ်၊ ရွှေဂဲဓါးပြတိုက်တဲ့အမှုတွေမှာ အဖေကိုယ်တိုင်လက်ထောက်ချပြီးတိုက်ခိုင်းတာကွဲ့၊ ရွှေဂဲဓါးပြတိုက်လို့ ရလာတဲ့ ပစ္စည်းတွေကို လေးပုံပုံပြီးတော့ အဖေကသုံးပုံယူတယ်၊ ရွှေဂဲက ကျန်တဲ့တစ်ပုံယူတာပေါ့”

“ဟင်၊ အဲဒီရွှေဂဲဆိုတဲ့လူက ကျေနပ်တာပဲလား”

“ကျေနပ်တာပေါ့ဗျာ၊ သိပ်ကျေနပ်တာပေါ့”

ဦးဖောက မဖြေရသေးခင်မှာပဲ အရပ်မြင့်မြင့် ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်းနှင့်လူတစ်ဦးက အခန်းအတွင်းသို့ဝင်လျှက်ပြောဆိုလိုက်လေသည်။ ဦးဖောက အနှိပ်သည်များကို မျက်ရိပ်ပြလိုက်သည့်အခါ အနှိပ်သည်များက အခန်းအတွင်းမှထွက်သွားကြတော့သည်။

“ဒါနဲ့ရှင်က ဘယ်သူလဲ”

“ကျုပ်နာမည်ကျော်ခေါင်၊ ခင်ဗျားတို့ပြောပြောနေတဲ့ ရွှေဂဲဆိုတာ ကျုပ်ပဲ”

မယ်ဖော့မှာ အံ့အားသင့်ကာ ထိတ်လန့်သွားမိသည်။ ရွှေဂဲဆိုသည့် ဓါးပြမှာ သားသားနားနားထောင်ထောင်မောင်းမောင်းနှင့်ဖြစ်ပြီး အဝတ်အစားကိုလည်း သူဌေးသူကြွယ်တစ်ဦးနှယ် ကောင်းကောင်းမွန်မွန်ဝတ်စားထားလေသည်။ တောပုန်းဓါးပြမို့ မုတ်ဆိတ်မွှေးပါးသိုင်းမွှေးများဖြင့် ညစ်ပတ်စုတ်ပြတ်မည်ဟု တွေးထင်ထားသော မယ်ဖော့အထင်မှာ တက်တက်စင်အောင်လွဲတော့သည်။

“ဒါ . . .ဒါဆိုရင် ရှင်က ဓါးပြကြီးရွှေဂဲဆိုတာ တကယ်လား”

“သိပ်သေချာတာပေါ့ဗျာ”

“ဒါနဲ့ ခုနက စကားပြတ်သွားလို့ ဆက်ပြောရအုံးမယ် ဓါးပြတိုက်တော့ ရှင်ကတိုက်ရတယ်၊ ရလာတဲ့ငွေထဲက တစ်ပုံပဲရတယ်ဆိုတော့ ရှင်ကျေရော ကျေနပ်ရဲ့လား”

ရွှေဂဲက ခေါင်းညိတ်လိုက်လေသည်။ ဦးဖောက အရက်တစ်ငုံသောက်လိုက်ပြီး

“ဒီလိုသမီးရဲ့၊ ရွှေဂဲဓါးပြတိုက်တယ်ဆိုတာက သူကနည်းနည်းပါးပါးပဲ အားထုတ်ရတာပါ၊ သူဘယ်ကို ဓါးပြတိုက်ရမလဲ၊ ဘယ်အိမ်မှာ ဘာတွေရှိနေသလဲဆိုတာကို လက်ထောက်ချတာလဲ အဖေပဲ၊ အဲဒီအိမ်ရဲ့အခင်းအကျင်းနဲ့ လူဦးရေဘယ်လောက်ရှိသလဲဆိုတာကို လေ့လာသတင်းပေးရတာလဲ အဖေပဲ၊ ဒါတင်မကပဲ ရွှေဂဲရဲ့ဓါးပြမှုတွေကို အထက်လူကြီးတွေ အာရုံမစိုက်အောင် ဖုံးဖိပေးထားဖို့ တံစိုးလက်ဆောင်တွေ လာဘ်ထိုးရတာလည်း အဖေပဲလေကွဲ့”

မယ်ဖော့မှာ ထိုတော့မှ သဘောပေါက်လေတော့သည်။

“သြော်၊ ဒါကြောင့် ဓါးပြကြီးရွှေဂဲက လူတွေပါးစပ်ဖျားမှာသတင်းကြီးနေပေမယ့် အင်္ဂလိပ်မင်းတွေ မဖမ်းမဆီး၊ အရေးမယူတာဟာ ဒါကြောင့်ကိုး”

“ဒါပေါ့ ပုံမှန်အချိန်ဆိုရင် ရွှေဂဲက စပါးပွဲစားလေး မောင်ကျော်အဖြစ်နဲ့ ဇာတ်မြှုပ်ပြီးနေရတာပေါ့သမီးရဲ့”

ထိုအခါ ရွှေဂဲက သူကြီးဦးဖောကိုမော့ကြည့်ရင်း

“ဒါနဲ့ သူကြီးကျုပ်ကိုခေါ်တာ ဘာအတွက်များလဲ”

“ငါတို့အတွက် ဝင်ငွေရမယ့်အပေါက်အလမ်းတစ်ခုတွေ့ထားလို့ကွ ရွှေဂဲရ”

“ဘယ်နေရာမှာလဲ သူကြီး”

“သိပ်ဝေးဝေးလံလံတော့မဟုတ်ပါဘူးကွာ၊ ငန်းမြာရွာမြောက်ဘက်ခပ်လှမ်းလှမ်းက တဲအိမ်စုကလေးမှာပါ”

ရွှေဂဲက ခေါင်းညိတ်ရင်း

“တဲအိမ်စုကဆိုတော့ ကိုသာဝတို့ အိမ်ကထင်ရဲ့”

“မင်းက သိတောင်သိပြီးနေပြီကိုး”

“ကိုသာဝတို့ လင်မယား ယာထွန်ရင်း ရွှေအိုးတစ်လုံးရတယ်ဆိုတာ ရွာထဲကလူတွေ တော်တော်များများသိကြပါတယ်သူကြီး”

“အေး၊ အဲဒီရွှေအိုးကို ငါလိုချင်တယ်၊ သာဝတို့လင်မယားကလည်း ရိုးရိုးသားသားပါကွာ၊ ရွှေအိုးတွေ့တဲ့နေ့ကဆိုရင် ငါ့ဆီကိုရွှေအိုးလာအပ်တယ်ကွ၊ မြေဆိုတာ မင်းပိုင်ပစ္စည်းမို့ မြေထဲကရတဲ့ ရတနာကို သူတို့မသုံးရဲဘူးဆိုပြီး လာအပ်တယ်”

“အဲဒီနေ့က ယူထားလိုက်ရင်ပြီးရောပေါ့သူကြီးရာ”

“ဟ၊ ယူလို့ရမလားကွ၊ သူတို့ရွှေအိုးကို ငါယူလိုက်ရင် သူများတွေ့ထားတာကို ယူတယ်ဆိုပြီးတော့ ငါနာမည်ပျက်သွားမှာပေါ့ကွ၊ အခုအချိန်အထိ ရွာသားတွေတော်တော်များများက ငါ့ကိုထောက်ခံတယ်ဆိုတာ ငါ့ကိုသူတော်ကောင်းကြီးတစ်ယောက်ဆိုပြီး အထင်ကြီးဆက်ဆံကြတာမဟုတ်လား၊ ငါသာ သူတို့ရွှေအိုးကိုယူလိုက်ရင် လူယုတ်မာကြီးဖြစ်သွားမှာပေါ့ကွ”

“ဒါလည်းဟုတ်တာပဲ”

“အဲဒါနဲ့ငါလည်း မင်းတို့နဲ့ထိုက်လို့ မင်းတို့ရတာ မင်းတို့ပဲယူလိုက်ဆိုပြီးတော့ ပြန်ပေးလိုက်တယ်”

ရွှေဂဲက သွားများပေါ်အောင်ပြုံးဖြီးလိုက်ရင်း

“အခုတော့ အဲဒီရွှေအိုးက သူတို့နဲ့မထိုက်တော့ဘူးပေါ့”

“ဒါပေါ့ကွ၊ အခု ဒီရွှေအိုးက မင်းနဲ့ငါ့အတွက်ပဲ ရွှေဂဲရေ၊ အဲဒါ မင်းရဲ့လူတွေခေါ်ပြီးတော့ မင်းလှုပ်ရှားပေတော့”

“ခေါ်စရာမလိုပါဘူးဗျာ၊ ကိုသာဝတို့လို လူတစ်စုအတွက်တော့ ကျုပ်တစ်ယောက်တည်းနဲ့လည်း အဆင်ပြေပါတယ်ဗျ”

“ဟုတ်မှလဲလုပ်နော် ရွှေဂဲ၊ အခု တဲအိမ်စုဘက်မှာ သာဝတို့က လူတွေစုပြီး ရွှေအိုးကို နေ့နေ့ညညစောင့်ကြပ်နေတယ်ဆိုပဲကွ”

“ဒီလို အနုတ်စုတ်ဂုတ်စုတ် လယ်သမားတွေလောက်ကတော့ ကျုပ်အတွက်စာမဖွဲ့ပါဘူးဗျာ”

“ကောင်းပြီ၊ မောင်မင်းအောင်မြင်တယ်ဆိုတဲ့ အသံပဲကြားချင်တယ်နော်”

“စိတ်ချစမ်းပါသူကြီးရာ၊ ကျုပ်လုပ်တာ ဘယ်တုန်းကများ မအောင်မြင်တာရှိခဲ့လို့လဲဗျ”

သူကြီးဦးဖောနှင့် ရွှေဂဲတို့မှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တဟင်းဟင်းနှင့်ရယ်မောလိုက်ကြလေသည်။

“ဒါနဲ့ သမီးလည်းလိုက်ချင်တယ်အဖေ”

“ဟေ၊ သမီးလိုက်လို့ဖြစ်ပါ့မလား”

ရွှေဂဲက မယ်ဖော့အားလှည့်ကြည့်လိုက်သည်။

“သမီးလည်း သူတို့တိုက်ခိုက်တာတွေကို ကြည့်ချင်လို့ပါ အဖေရဲ့”

“ရပါတယ်သူကြီး၊ သူလိုက်လို့ရပါတယ်”

“မင်းအဆင်ပြေရင် ပြီးတာပဲ၊ ဒါနဲ့ လုပ်ငန်းဘယ်တော့စမလဲ”

“ပြောနေကြာပါတယ်သူကြီးရာ၊ အခုည သန်းခေါင်ကျော်ရင် စလိုက်တာပေါ့”

(၂)

လဆုတ်ညမို့ လခြမ်းကွေးကွေးကလေးက မှိန်ပြပြထွန်းလင်းနေလေသည်။ သန်းခေါင်ကြက်တွန်ပြီးသည့်အခါ မြင်းနက်ကြီးတစ်စီးက ငန်းမြာရွာထဲမှထွက်လာကာ ခပ်မှန်မှန်သွားလာနေသည်။ ထိုမြင်းနက်ကြီးပေါ်တွင်တော့ လူနှစ်ယောက်လိုက်ပါလာသည်။ တစ်ဦးမှာ ရွှေဂဲဖြစ်ပြီး နောက်တစ်ဦးမှာတော့ မယ်ဖော့ဖြစ်သည်။ မယ်ဖော့မှာ ရှမ်းဘောင်းဘီတစ်ထည်နှင့် အကျီတစ်ထည်ကိုဝတ်ဆင်ထားသလို ရွှေဂဲမှာလည်း အနက်ရောင်ရှမ်းဘောင်းဘီရှည်ကိုဝတ်ဆင်ထားကာ အပေါ်ပိုင်းဗလာကျင်းနှင့်ဖြစ်သည်။ လေးတောင်နီးပါးရှည်လျားသည့် ဓါးရှည်ကြီးတစ်လက်ကိုလည်း ကျောတွင်လွယ်လာကာ မျက်နှာကိုအနက်ရောင်အဝတ်စတစ်ခုဖြင့် ဖုံးအုပ်ထားလေသည်။

မယ်ဖော့မှာ ရွှေဂဲ၏ ခါးကိုဖက်လျှက် မြင်းအနောက်မှလိုက်လာခဲ့သည်။ တဲအိမ်စုအနားသို့ရောက်သည့်အခါ ရွှေဂဲက မယ်ဖော့ကိုချပေးလိုက်လေရာ မယ်ဖော့မှာ ကုက္ကိုပင်ကြီးတစ်ပင်အနောက်သို့ ပြေးဝင်လိုက်ပြီးနောက် အမှောင်ထုအတွင်းမှ ချောင်းကြည့်နေမိသည်။ တဲအိမ်စုလေးအလယ်တွင်တော့ မြေကွက်လပ်တစ်ခုရှိပြီး ထိုမြေကွက်လပ်တွင် မီးပုံတစ်ပုံကိုဖိုထားလေသည်။ မီးပုံပတ်ပတ်လည်တွင်တော့ ဝါးချွန်များ၊ ဓါးလှံလက်နက်များကို ကိုင်ဆောင်ထားသည့် ရွာသားအယောက်နှစ်ဆယ်ခန့်ထိုင်နေကြလေသည်။

“လူတွေကအများကြီးပဲနော်၊ ရှင်ဖြစ်ပါ့မလား”

“ဒီလောက်လူကိုတော့ ကျုပ်က ချွေးတောင်မထွက်ပါဘူးဗျာ၊ ခင်ဗျားအသာစောင့်ကြည့်နေစမ်းပါ”

ရွှေဂဲက မြင်းပေါ်သို့လွှားခနဲခုန်တက်လိုက်ပြီးနောက် တဲအိမ်စုထံသို့ မြင်းကိုဒုန်းစိုင်းအပြေးဝင်သွားလိုက်သည်။ မြင်းခွာသံကြားသဖြင့် စောင့်ကြပ်နေသူများမှာလည်း ရွှေဂဲအားလှည့်ကြည့်လိုက်ကြလေသည်။ ရွှေဂဲမှာ မြင်းနက်ကြီးကို ပဒတ်ရပ်လိုက်ကာ မြင်းဟီသံတစ်ချက်ပေးလိုက်လေသည်။

“မတစ်ထောင်တစ်ကောင်ဘွား . . . ငါဟဲ့ယောက်ျား”

ရွှေဂဲပါးစပ်မှာလည်း အသံနက်ကြီးနှင့်အော်ဟစ်လိုက်တော့သည်။ ရွာသားများမှာ ရွှေဂဲအားကြည့်၍ ထိတ်လန့်နေကြသည်။

“ဒါ . . .ဒါ တောပုန်းကြီးရွှေဂဲပဲဟေ့”

“ဓါးပြကြီး ရွှေဂဲလာပြီဟေ့”

ရွာသားများမှာ ရွှေဂဲအားတိုက်ခိုက်ရန်အတွက် စုဝေးလိုက်ကြသည်။ လေးကိုင်ထားသည့် ရွာသားသုံးဦးမှာ ရွှေဂဲအား ထိုးချိန်လိုက်ကြသည်။ ရွှေဂဲက မြင်းကြီး၏ တင်ပါးကို ဓါးသွားဖြင့်တစ်ချက်ပုတ်လိုက်ပြီး ရွာသားများထံသို့ ဒုန်းစိုင်းပြေးဝင်လာလေသည်။ လေးကိုင်ထားသည့် ရွာသားများမှာ ရွှေဂဲအား မြှားတို့ဖြင့် ပစ်ခတ်သော်လည်း ရွှေဂဲမှာမြင်းပေါ်မှပင် အမျိုးစုံကျွမ်းထိုး၍ ရှောင်ရှားလိုက်လေသည်။ ရွာသားများအနီးသို့အရောက်တွင် မြင်းပေါ်မှ လွှားခနဲခုန်ချလိုက်ပြီး ဓါးရှည်ကြီးကိုလွှဲကာ ရွာသားများကိုတိုက်ခိုက်လေတော့သည်။

ရွှေဂဲ၏ ဓါးချက်များက လေလိုမိုးကြိုးလို လျှင်မြန်လှပေသည်။ ရွှေဂဲတိုက်ခိုက်ပြီးမကြာခင်မှာပင် ရွာသားဆယ်ဦးခန့်မှာ ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားကြလေတော့သည်။ ကျန်သည့်ရွာသားများမှာလည်း ရွှေဂဲအားဆက်လက်မတိုက်ခိုက်ဝံ့တော့ဘဲ ထွက်ပြေးကုန်ကြသည်။ ရွှေဂဲက ဓါးကိုဝင့်လျှက် တဲအိမ်ကလေးတစ်ခုအနီးသို့ တိုးကပ်သွားသည့်အခါတွင် တဲအိမ်ပေါ်မှလူတစ်ဦးက ဆင်းသက်လာလေသည်။

“ကိုသာဝ၊ ခင်ဗျားရဲ့ရွှေအိုး ကျုပ်ကိုပေးစမ်း”

သာဝမှာထွက်ပြေးရန်ကြံစည်လိုက်သည့်အချိန် ရွှေဂဲက သူ့ခါးတွင်ထိုးထားသည့် ဓါးမြှောင်ကလေးတစ်လက်ဖြင့် သာဝကိုလှမ်းပစ်လိုက်ရာ သာဝပေါင်ရင်းကို ဓါးမြှောင်ကထိမှန်ပြီး ခွေကျသွားလေသည်။ ထိုအခိုက် တဲအိမ်ကလေးပေါ်မှ မိန်းကလေးတစ်ဦးက အော်ဟစ်လျှက် သာဝထံသို့ပြေးဆင်းလာသည်။

“အဖေ၊ အဖေဘာဖြစ်သွားသေးလဲ”

ရွှေဂဲက ဓါးကိုပုခုံးပေါ်ထမ်းလိုက်ရင်း

“ကဲ ကိုသာဝ၊ ကျုပ်ရှည်ရှည်ဝေးဝေးမပြောချင်ဘူးနော်၊ ရွှေအိုးဘယ်မလဲ”

“ဘာရွှေအိုးလဲ၊ ကျုပ်ဘာမှမသိဘူး၊ ကျုပ်ဘာမှမသိဘူး”

ထိုအခါ ရွှေဂဲမှာ ဓါးကိုဆုပ်ကိုင်လိုက်ပြီးနောက် သာဝနံဘေးတွင် ထိုင်နေသည့် မိန်းကလေးကို ခုတ်ချထည့်လိုက်သည်။ ဓါးခုတ်ချက်မှာ အလွန်မြန်ဆန်တိကျပြီး ထိုမိန်းကလေး၏ ညာဘက်လက်မှာ လက်မောင်းရင်းမှနေ၍ တိခနဲပြတ်ကျသွားလေသည်။ မိန်းကလေးမှာ နာကျင်လွန်းလှသဖြင့်အော်ဟစ်နေလေတော့သည်။

“ရွှေအိုးဘယ်မှာရှိသလဲဆိုတာ ပြောရင်ပြော မပြောရင် နောက်ဓါးချက်တစ်ချက်က ဒီကောင်မလေးရဲ့လည်ပင်းကို ကျသွားလိမ့်မယ်”

“မလုပ်ပါနဲ့၊ ကျုပ်သမီးလေးကိုမလုပ်ပါနဲ့၊ ရွှေအိုးကို အိမ်နောက်ဖေးက ရေအိုးထဲမှာ ထည့်ထားပါတယ်”

ရွှေဂဲက အိမ်နောက်ဖေးသို့ပြေးသွားလိုက်ပြီး ရေပြည့်နေသည့် ရာဝင်အိုးကြီးအတွင်းလက်နှိုက်ကာစမ်းသပ်လိုက်သည်။ ထိုအခါ ရေအိုးအောက်ခြေတွင် အိုးကလေးတစ်လုံးကိုစမ်းမိလေသည်။ ထိုအိုးကလေးကို ယူကြည့်လိုက်သည့်အခါ အတွင်းတွင် ရွှေထည်ပစ္စည်းများကိုတွေ့ရသည်။ ရွှေဂဲမှာ ကျေနပ်စွာရယ်မောရင်း ရွှေအိုးကိုပိုက်ကာ အိမ်အပြင်သို့ထွက်လာခဲ့သည်။

အိမ်အပြင်အရောက်တွင်တော့ သာဝ၏ သမီးကလေး၏လည်ပင်းကို ဓါးချက်တစ်ချက်ခုတ်သွင်းလိုက်လေသည်။ သာဝမှာ အလွန်အံ့သြစွာဖြင့်

“မင်းဘာလုပ်တာလဲ ဓါးပြကောင်”

“ခင်ဗျားသမီးကို တစ်သက်လုံး ဒုက္ခိတဘဝနဲ့ အသက်ဆက်မရှင်စေချင်လို့ လုပ်ပေးလိုက်တာလေဗျာ”

ထိုသို့ပြောပြီးနောက် ရွှေဂဲက သာဝ၏ရင်ဘတ်အား ဓါးဦးချွန်ဖြင့်စိုက်ထိုးချလိုက်သည်။

“မင်း . . .မင်း”

“ဒါကတော့ ခင်ဗျားသမီးအသတ်ခံရပြီး ခင်ဗျားတစ်ဘဝလုံး စိတ်မကောင်းဖြစ်နေရမှာစိုးလို့ ကျုပ်က သတ်ပေးလိုက်တာ၊ ခင်ဗျားကောင်းဖို့အတွက် သတ်ပေးလိုက်တာဗျ၊ ခင်ဗျား ကျုပ်ကို ကျေးဇူးတောင်တင်သင့်တယ်”

ရွှေဂဲက ဓါးကိုဆွဲထုတ်လိုက်သည့်အခါ သာဝတစ်ယောက် ခွေလဲကျသွားတော့သည်။ ရွှေဂဲက ကုက္ကိုပင်ကြီးကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး မြင်းနက်ကြီးစီးကာ ထိုနေရာမှထွက်ခွာသွားလေသည်။ ထိုအဖြစ်အပျက်များကို အစအဆုံးကြည့်နေသည့် မယ်ဖော့မှာ ရွှေဂဲလုပ်ရပ်များကို အလွန်အားရကျေနပ် သဘောတွေ့နေမိသည်။

“ဒီလူ တော်တော်စွမ်းတာပဲ၊ သူ့အစွမ်းလောက်နဲ့ဆိုရင် သူကြီးဦးရွှေမောင်တစ်ယောက် ကားခနဲဖြစ်သွားမှာ မြင်ယောင်သေးတယ်”

သို့နှင့် မယ်ဖော့မှာ ရွှေဂဲအားစည်းရုံးပြီး သူကြီးဦးရွှေမောင်သား သတ်ဖြတ်ရန်ကြံစည်လေတော့သည်။

(၃)

မယ်ပျင်းနှင့်ဖိုးမောင်မှာ တစ်ချိန်က ရန်ဘက်များဖြစ်ခဲ့ကြသော်လည်း ယခုရက်ပိုင်းတွင်တော့ နှစ်ဦးသားပြေလည်ကာ သင့်မြတ်နေပြီဖြစ်သည်။ မယ်ပျင်းမှာ မနက်အစော ရွာလယ်သို့ထွက်လာခဲ့စဉ်မှာပင် ဖိုးမောင်နှင့်ဆုံတွေ့လေတော့သည်။

“ဟဲ့ မယ်ပျင်း”

“အောင်မယ် ဖိုးမောင်ပါလား၊ နင်ဒီနေ့လည်း ငါ့ကိုဘာဒုက္ခပေးအုံးမလို့လဲ”

ဖိုးမောင်မှာ မျက်နှာငယ်ကလေးနှင့်

“ငါအရင်က နင့်အပေါ်ဆိုးခဲ့မိုက်ခဲ့တာတွေအတွက် နင့်ကိုတောင်းပန်ပါတယ် မယ်ပျင်းရာ”

ဖိုးမောင်တောင်းပန်သဖြင့် မယ်ပျင်းမှာ အလွန်အံ့သြသွားမိသည်။

“ကျားသားမိုးကြိုး နင်ကငါ့ကို တောင်းပန်တယ်တဲ့လား”

“ဟုတ်ပါတယ်၊ ငါဘာကြောင့်မှန်းမသိဘူး နင့်ကိုကြည့်မရဘဲ နင့်ကို ဒုက္ခဖြစ်အောင် မကောင်းကြံမိပါတယ် မယ်ပျင်းရာ နင်ငါ့ကိုခွင့်လွှတ်ပါဟာ”

မယ်ပျင်းက ကလေးပီပီဖိုးမောင်အား ခွင့်လွတ်လိုက်လေသည်။

“အေးလေ၊ ပြီးခဲ့တာတွေလည်း ပြီးတာပါပဲ၊ ဒါပေမယ့် ရှေ့လျှောက်နင်ငါ့အပေါ် မကောင်းကြံလို့ကတော့ နင့်ကိုငါ ခွင့်လွှတ်မှာမဟုတ်ဘူးဖိုးမောင်”

“ဒါနဲ့ နင်အခုဘယ်သွားမလို့လဲ မယ်ပျင်း”

“ဟို . . . ဟိုလေ ရွာပြင်ဘက်နား သွားမလားလို့”

ဖိုးမောင်က မယ်ပျင်းအနားသို့တိုးကပ်လာကာ လေသံကလေးဖြင့်

“ဘာလဲ ရွာပြင်သုဿန်က ဗိုလ်ကျော်စွာနဲ့သွားတွေ့မလို့မဟုတ်လား”

မယ်ပျင်းက မည်သို့ဖြေရှင်းရမည်မသိသဖြင့် ခေါင်းသာညိတ်ပြလိုက်သည်။

“ငါသိသားပဲ၊ အဲဒါကြောင့် ငါမုန့်တွေဝယ်လာတာဟ”

ဖိုးမောင်က သူ့လွယ်အိတ်အတွင်းထည့်လာသည့် ဖက်နှင့်ထုပ်ထားသည့် အထုပ်တစ်ထုပ်ကိုပြလိုက်သည်။ ပြီးနောက် ဖိုးမောင်နှင့်မယ်ပျင်းတို့နှစ်ယောက် သုဿန်ဆီသို့ဦးတည်လာခဲ့သည်။ ဗိုလ်ကျော်စွာမှာ မြေပုံတစ်ခုအနီးထိုင်လျှက် မျက်ရည်များကျဆင်းနေသည်ကိုတွေ့ရသည်။ ဖိုးမောင်တို့နှစ်ယောက်ကိုတွေ့သည့်အခါမှ မျက်ရည်များကို ကပြာကယာသုတ်လိုက်လေသည်။

“မင်းတို့နှစ်ယောက် အလာထူးပါလားကွ၊ ဘာကိစ္စလဲ”

ဖိုးမောင်က မုန့်ထုပ်ကိုထုတ်ပေးလိုက်သည်။ ဗိုလ်ကျော်စွာက မုန့်ထုပ်ကိုဖြေကြည့်လိုက်သည့်အခါ အတွင်းတွင် မုန့်ဆီကြော်များကိုတွေ့ရလေသည်။ ဗိုလ်ကျော်စွာက မုန့်ဆီကြော်တစ်ခုကိုကောက်ယူလိုက်ပြီး အားရပါးရစားသောက်လိုက်စဉ် မယ်ပျင်းနှင့်ဖိုးမောင်မှာ ဗိုလ်ကျော်စွာကိုကြည့်နေလေသည်။

“ဘာလဲ မင်းတို့ရောစားချင်တာလား”

မယ်ပျင်းမှာ ခေါင်းညိတ်ပြလိုက်သည်။ ဗိုလ်ကျော်စွာက မုန့်နှစ်ခုယူလိုက်ပြီးမယ်ပျင်းနှင့် ဖိုးမောင်ကိုပေးလိုက်သည်။ သုံးဦးသား သုဿန်ထဲတွင် စားသောက်ရင်း ပျော်ရွှင်စွာ စကားပြောနေမိသည်။

“ဖိုးမောင် နင်ပြန်တော့ ငါတောထဲဝင်စရာရှိသေးတယ်”

“တောထဲမှာဒီလောက် အန္တရာယ်များတာကို မယ်ပျင်းရယ်၊ ဟိုနေ့ကတောင်မှ ကျားကြီးတစ်ကောင်တွေ့ထားတယ်မဟုတ်လား၊ နင်ဘာသွားလုပ်မလို့လဲ”

“ဒီလိုပါပဲ၊ ကိစ္စကလေးတစ်ခုရှိလို့ပါ”

“ငါကတော့ နင့်ကိုဘာမှလှို့ဝှက်မထားဘဲ အကုန်ပြောပြတယ်နော် မယ်ပျင်း၊ နင်ကတော့ ငါ့ကိုဘာကြောင့်ဆိုတာ မပြောဘူးနော်၊ နင်က ငါ့ကိုမခင်ဘူးလား၊ အခုထိ ငါ့ကိုမယုံနိုင်သေးဘူးလား”

ဖိုးမောင်ပြောစကားကိုကြားသည့်အခါ မယ်ပျင်းမှာခေါင်းကုတ်နေမိသည်။ အစကနဦးကတော့ ဖိုးမောင်အားထိုအကြောင်းများမပြောပြရန်ရည်ရွယ်ထားသော်လည်း ယခုတော့ ပြောပြမှဖြစ်တော့မည်မို့

“ဒီလိုဟ၊ တောထဲမှာ ငါ့အဖေခုနစ်ယောက်လို့ပြောတဲ့ လူကြီးခုနစ်ယောက်ရှိတယ်၊ အဲဒီလူကြီးတွေက ငါ့ကိုပညာတွေသင်ပေးတယ်”

“ဘယ်လိုပညာတွေလဲဟ”

မယ်ပျင်းက သစ်ရွက်တစ်ရွက်ကို ကောက်ယူလိုက်ပြီးနောက်

“ကဲ ဒီသစ်ရွက်ကနေ ငါးကြော်ကြီးဖြစ်စမ်းဟေ့”

မယ်ပျင်းက ရေရွတ်ပြီး သစ်ရွက်ကိုလက်နှင့်ပုတ်လိုက်သည့်အခါ သစ်ရွက်ကြီးမှာ ငါးကြော်အပြားကြီးတစ်ခုဖြစ်သွားလေသည်။ အနံ့မှာလည်း အလွန်မွှေးကြိုင်လှလေသည်။ ဖိုးမောင်မှာ ထိုငါးကြော်ကြီးကိုကြည့်ကာ အံ့သြနေမိသည်။

“နင် . . . နင်ဘယ်လိုလုပ်လိုက်တာလဲ”

“အဲဒါ ဟိုလူကြီးတွေသင်ပေးတဲ့ပညာပေါ့ဟ၊ ကဲ နင်စားကြည့်စမ်း”

ဖိုးမောင်က မရဲတရဲနှင့် မယ်ပျင်းလက်ထဲမှ ငါးကြော်ကောင်ကြီးကိုလှမ်းယူလိုက်သည်။ ထို့နောက် ငါးကြော်ကိုတစ်ဖဲ့ဖဲ့ပြီး စားသောက်လိုက်လေသည်။ ငါးကြော်မှာ အလွန်စားကောင်းလှသည်ဖြစ်ရာ ဖိုးမောင်တစ်ယောက် ငါးကြော်ကိုအငမ်းမရစားသောက်တော့သည်။ ထိုအခိုက်မယ်ပျင်းမှာ လက်ဖြောက်တစ်ချက်တီးလိုက်သည့်အခါ ဖိုးမောင်ကိုက်ဝါးနေသည့်ငါးကြော်ကြီးမှာ သစ်ရွက်ခြောက်ကြီးပြန်ဖြစ်သွားလေသည်။ ဖိုးမောင်မှာ ဝါးနေရင်း အရသာပြောင်းသွားသဖြင့် တဖူးဖူးနှင့်မှုတ်ထုတ်လိုက်တော့သည်။ မယ်ပျင်းမှာ ထိုအဖြစ်ကိုကြည့်လျှက် ခွက်ထိုးခွက်လန်ရယ်မောနေမိသည်။

“ဒါ နင်လုပ်တာမဟုတ်လားမယ်ပျင်း”

“ဟုတ်တယ်၊ ဟုတ်တယ် ဟား . . .ဟား”

“ဒါဆို နင်က မျက်လှည့်တွေ၊ မှော်ပညာတွေ တတ်နေတာပေါ့”

“အေး၊ ဒီလိုပဲပေါ့ဟာ”

“ထူးဆန်းလိုက်တာမယ်ပျင်းရာ”

“ဒီထက်ထူးဆန်းတာတွေ အများကြီးရှိသေးတယ် ဖိုးမောင်၊ ကဲပါ ငါတောထဲသွားဖို့ နောက်ကျနေပြီ၊ ငါသွားတော့မယ်”

“နေပါအုံး မယ်ပျင်းရာ၊ ငါ့ကိုလည်းခေါ်စမ်းပါ ငါလည်းလိုက်ချင်တယ်၊ ငါလည်းလိုက်ပြီး နင့်လိုမျက်လှည့်မှော်ပညာတွေ သင်ချင်တယ်”

“အေး၊ လိုက်ချင်ရင်လည်း လိုက်ခဲ့လေ၊ နင့်ကိုငါ့အဖေတွေက သင်ပေးမသင်ပေးကတော့ သူတို့ကိုမေးကြည့်ပေါ့”

ဖိုးမောင်နှင့် မယ်ပျင်းတို့နှစ်ယောက်သား တောအုပ်အတွှွင်းသို့ထွက်လာခဲ့ကြသည်။

တစ်ဖက်တွင်လည်း မယ်ဖော့မှာ တောပုန်းကြီးရွှေဂဲအား စည်းရုံးကာ ဖက်လိပ်ရွှာအနီးသို့ ရောက်ရှိနေပြီဖြစ်သည်။ ဖက်လိပ်ရွာအနီး တောတန်းထဲတွင် ခိုနားကာ အရိပ်အခြည်ကြည့်နေကြသည်။

“ကဲ ကျုပ်တို့ဘာဆက်လုပ်မှာလဲ မယ်ဖော့”

“ဘာဆက်လုပ်ရမလဲဆိုတော့ သူကြီးရွာကနေထွက်လာအောင်လုပ်ရမယ်”

“အေးလေ၊ အဲဒါဘယ်လိုလုပ်ရမလဲ”

“နည်းကတော့ လွယ်ပါတယ်၊ သူကြီးက ကျုပ်သားဖိုးမောင်လေးကို အလွန်တန်ဖိုးထားတယ်၊ ဒါကြောင့် ကျုပ်သားကလေးကို တောထဲခေါ်ပြန်ပေးဆွဲပြီးတော့ သူကြီးကို ငွေနဲ့လာရွေးဖို့ စာပို့လိုက်မယ်”

“သူကြီးက လာပါ့မလား”

“လာမှာပါ၊ သူကျိန်းသေလာမှာပါ၊ ဒါပေမယ့် သူ့တပည့်တွေတော့ ခေါ်လာမယ်ထင်တယ်”

“ဒီလောက်ကတော့ အပျော့ပါ၊ ကိုင်း ခင်ဗျားရဲ့သားဖိုးမောင်ကို ခင်ဗျားဘယ်လိုခေါ်မလဲ”

ထိုအခိုက် စကားပြောသံများကိုကြားလိုက်ရသဖြင့် မယ်ဖော့တို့မှာ ချုံကွယ်တစ်ခုအတွင်းသို့ ပြေးဝင်ကာပုန်းအောင်းလိုက်လေသည်။ မြက်ပင်များထူထပ်နေသည့် တောလမ်းကလေးအတိုင်း လမ်းလျှောက်လာကြသူမှာ အခြားသူများမဟုတ်ဘဲ ဖိုးမောင်နှင့်မယ်ပျင်းဖြစ်နေလေသည်။

“လတ်စသတ်တော့ ကလေးနှစ်ယောက်ပဲ”

မယ်ဖော့မှာ ပြုံးရယ်လျှက်

“ဟန်ကျလိုက်တာရှင်၊ အဲဒီကလေးနှစ်ယောက်ထဲမှာ ယောက်ျားလေးက ကျုပ်ရဲ့သား ဖိုးမောင်ပဲ၊ ဟိုဘက်က ကောင်မလေးကတော့ ကျုပ်ရန်သူရဲ့သမီးပဲ”

“နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်ဆိုတာမျိုးပါလား၊ ကျုပ်သူတို့နှစ်ယောက်စလုံးကိုဖမ်းရမလား”

“မလိုပါဘူး၊ ကျုပ်သားဖိုးမောင်ကိုဖမ်းပြီးတော့ ဟောဟိုကောင်မကလေးကိုတော့ တစ်ခါတည်းသာ ခုတ်သတ်ပစ်လိုက်တော့”

ရွှေဂဲမှာခေါင်းညိတ်လိုက်ပြီးနောက် မယ်ပျင်းတို့နှစ်ဦး အနီးသို့ရောက်လာသည့်အခါ ချုံကွယ်အတွင်းမှ လွှားခနဲခုန်ထွက်လိုက်လေသည်။ ကျောတွင်လွယ်ထားသည့် ဓါးရှည်ကြီးကိုဆွဲထုတ်လိုက်ကာ မယ်ပျင်းအား အုပ်မိုးကာခုတ်ချလိုက်သည်။ သို့သော် မယ်ပျင်းမှာ ချုံတိုးသံကြားလိုက်ရပြီး အနောက်သို့အလျှင်အမြန်လှည့်ကြည့်လိုက်လေရာ လွှားခနဲခုန်ထွက်လာသည့် ရွှေဂဲကိုတွေ့လိုက်ရသဖြင့် အရှေ့သို့ကျွမ်းတစ်ပတ်ထိုးကာ လှိမ့်ရှောင်လိုက်လေရာ ဓါးသွားမှာ မယ်ပျင်းအားမထိဘဲ မြေကြီးပေါ်သို့သာကျလေသည်။

ဖိုးမောင်လည်းအလွန်ထိတ်လန့်သွားသည်။ ရွှေဂဲမှာလည်း မိမိအလစ်အငိုက်ဝင်ခုတ်သည့်ဓါးချက်ကို လှစ်ခနဲရှောင်တိမ်းလိုက်နိုင်သည့် မယ်ပျင်းအားတွေ့ကာ အလွန်အံ့သြမိသွားသည်။ နောက်တစ်ချက်ဓါးနှင့်ထပ်ခုန်ရန်ကြံရွယ်လိုက်စဉ်မှာပင် ဖိုးမောင်က ရွှေဂဲ၏ခြေထောက်နှစ်ဖက်အား လက်ဖြင့်အတင်းဝင်ဖက်ထားလေတော့သည်။

“ပြေးတော့ မယ်ပျင်း၊ ပြေးတော့ . . .”

မယ်ပျင်းမှာ ဖိုးမောင်လုပ်ရပ်ကိုတွေ့ကာ ကြောင်အမ်းအမ်းဖြစ်နေလေသည်။

“ပြေးတော့မယ်ပျင်း . . .ငါဒီလူကြီးကိုဆွဲထားမယ်”

ရွှေဂဲမှာဖိုးမောင်ဆွဲထားသဖြင့် လှုပ်ရှားမရဘဲရှိနေလေသည်။ ထို့ကြောင့် ဖိုးမောင်ကိုခြေထောက်ဖြင့်ကန်ကြောက်လိုက်ပြီး မယ်ပျင်းအနောက်သို့လိုက်တော့သည်။ မယ်ပျင်းလည်း ကြောက်ကြောက်လန့်လန့်နှင့်ထွက်ပြေးလေသည်။ ရွှေဂဲက တစ်နေရာအရောက်တွင်ရပ်တန့်လိုက်ပြီး

“မင်းတို့သူကြီးကိုပြောလိုက် တောပုန်းကြီးရွှေဂဲရောက်နေပြီလို့၊ သူကြီးသားကိုပြန်လိုချင်ရင် ရွေငါးပိဿာနဲ့အတူ တောထဲကိုလာရွေးပါလို့ ပြောလိုက်စမ်းပါကွ ဟား . .ဟား”

မယ်ပျင်းမှာကြောက်အားလန့်အားနှင့်ပြေးလာရင်း အိမ်သို့ရောက်မှန်းမသိရောက်လာခဲ့သည်။

“သူကြီး . . .သူကြီးရေ”

အမောတကောနှင့်အိမ်ပေါ်တက်လာသည့် မယ်ပျင်းကို သူကြီးဦးရွှေမောင်က မြင်သည့်အခါ

“ဟဲ့ မယ်ပျင်း အမောတကောနဲ့ ဘာဖြစ်လာတာလဲဟဲ့”

“ဟိုလေ၊ ဖိုးမောင် . . . ဖိုးမောင်ကို ရွာပြင်မှာ တောပုန်းကြီးရွှေဂဲဆိုတဲ့လူက ဖမ်းသွားလို့”

သူကြီးဦးရွှေမောင်မှာ ထိုစကားကြားသည်နှင့် ငေါက်ခနဲမတ်တပ်ရပ်လိုက်လေသည်။

“တောက်၊ ငါ့သားကိုများ ရာရာစစ ပြန်ပေးဆွဲရတယ်လို့ကွာ”

သူကြီးဦးရွှေမောင်မှာ ကျောက်စီဓါးကိုလက်မှဆွဲကာ အိမ်ပေါ်မှဆင်းလာလေသည်။ အိမ်ရှိလူယုံတော်များကို ဓါးလှံလက်နက်များကိုင်စေလျှက် လူစုကာ တောအုပ်ဆီသို့ချီတက်လာခဲ့သည်။ ရွာပြင်အရောက်တွင်တော့ နွားကျောင်းသားကလေးများမှာ ရွာဆီသို့ပြေးလာကြလေသည်။

“သူကြီး . . .သူကြီး လူတွေအများကြီးနဲ့သွားလို့မဖြစ်ဘူး”

“ဟာ၊ ဘာဖြစ်လို့လဲကွ”

“ဖိုးမောင်ကိုဖမ်းသွားတဲ့လူကြီးကပြောတယ်၊ လူတွေအများကြီးခေါ်လာရင် သူကြီးသားရဲ့ခေါင်းကိုပဲ ပြန်ရမယ်တဲ့ဗျ”

“တောက် ဒီကောင်ကများ ငါ့ကိုစိန်ခေါ်တယ်ပေါ့လေ၊ ဟေ့ကောင်တွေ မင်းတို့တွေနေခဲ့ကြ”

သူကြီးလူယုံများက သူကြီးအားဝိုင်းဆွဲကြသည်။ မောင်မဲက

“သူကြီးတစ်ယောက်တည်းသွားလို့ ဘယ်ဖြစ်ပါ့မလဲဗျ၊ ဓါးပြတွေက ဘယ်နှယောက်တောင်လဲမှမသိတာ သူကြီးကိုဝိုင်းခုတ်လို့ သေနေပါအုံးမယ်”

“ဟုတ်တယ်သူကြီး သူကြီးတစ်ယောက်တည်း သွားလို့မဖြစ်ဘူး”

“မင်းတို့လိုက်လာလို့ ဟိုကောင်ကတွေ့ပြီး ဖိုးမောင်ကိုသတ်လိုက်တော့ ဘယ့်နှယ့်လုပ်မလဲကွ”

“ဒီလူက ငွေလိုချင်လို့ သူကြီးသားကိုပြန်ပေးဆွဲတာ နေမှာပါသူကြီးရာ၊ ငွေမရမချင်းတော့ သူကြီးသားကို သတ်မှာမဟုတ်ပါဘူး၊ သူကြီးစိတ်လျော့ပါ၊ ရပ်ထဲရွာထဲတိုင်ပင်ပြီးမှ သေသေချာချာဆွေးနွေးပြီးလုပ်ကြတာပေါ့”

“ဟာကွာ၊ သူကြီးရဲ့သားကိုမှ ပြန်ပေးဆွဲပြီး ငွေတောင်းတယ်ဆိုတာ ငါ့နားရွက်ကို တံတွေးဆွတ်လိုက်တာပဲဟေ့၊ ဒီလိုကောင်ကို ငါကကြောက်နေစရာလိုသေးလို့လားကွ၊ မောင်မဲ ငါ့ကိုလွတ်စမ်းကွာ၊ ငါလည်း တစ်ချိန်က ဘုရင့်တပ်သားပါကွ”

သူကြီးဦးရွှေမောင်မှာ မောင်မဲရင်ဝကိုဆောင့်ကန်ပြီးနောက် တောအုပ်အတွင်းသို့ တစ်ယောက်တည်းဝင်သွားလေသည်။ လက်နက်မျိုးစုံကိုင်ဆောင်ထားကြသည့် ရွာသူရွာသားများလည်း တောစပ်ဆီသို့ရောက်လာခဲ့ကြသည်။ ထိုအထဲတွင် မမယ်ဖြူနှင့် မယ်ပျင်းလည်းပါလာခဲ့သည်။ သူကြီးလူယုံများက ရွာသားများကို တားဆီးကြသည်။

“ခင်ဗျားတို့မသွားနဲ့၊ လူတွေပါလာရင် သူကြီးသားကိုသတ်ပစ်မယ်လို့ ဓါးပြက ပြောတယ်”

ထိုအခိုက် မယ်ပျင်းကလေးမှာ လူယုံများတားသည့် လက်အောက်မှအတင်းတိုးကာ တောအုပ်ဆီသို့ပြေးလေသည်။ မမယ်ဖြူက မယ်ပျင်းအားကြည့်ရင်း

“ဟဲ့ သမီး၊ ပြန်လာခဲ့၊ ပြန်လာခဲ့”

မယ်ပျင်းက အနောက်သို့လှည့်ကြည့်လိုက်ကာ

“ပြန်မလာဘူးအမေ၊ သမီး ဖိုးမောင်ကိုသွားကယ်မယ်၊ ဖိုးမောင်ကို သွားကယ်ရမယ်”

မယ်ပျင်းက ပြောဆိုရင်း တောအုပ်အတွင်းသို့ပြေးဝင်လိုက်သည်။ မမယ်ဖြူက ရင်ဘတ်ကိုလက်နှင့်ဖိရင်း

“ဒီကောင်မလေးနဲ့တော့ ခက်ပါတယ်အေ”

ဟု ရေရွတ်လိုက်လေသည်။

(၄)

ဖိုးမောင်မှာ ရွှေဂဲလက်အတွင်း အားကုန်ကန်ကြောက်ရုန်းကန်သော်လည်း မရုန်းနိုင်ဘဲ ရွှေဂဲခေါ်ဆောင်ရာအနောက်သို့လိုက်လာခဲ့ရသည်။ ရွှေဂဲမှာ ဖိုးမောင်အား တောင်ကျချောင်းကလေးတစ်ခုနံဘေးရှိ ဝါးရုံပင်တစ်ပင်အောက်သို့ခေါ်ဆောင်လာခဲ့သည်။ ထိုအခါ ဝါးရုံပင်အနောက်မှ မိခင်ဖြစ်သူ မယ်ဖော့ထွက်လာသည်ကို တွေ့လိုက်ရသဖြင့် ဖိုးမောင်အံ့သြသွားမိသည်။

“ဟင်၊ အမေ၊ အမေပါလား”

“ဟုတ်တယ်ငါ့သား”

“အမေ့ကိုရော ဒီလူကြီးက ပြန်ပေးဆွဲလာတာလား”

“မဟုတ်ဘူးသား၊ သားကိုပြန်ပေးဆွဲခိုင်းလိုက်တာ အမေပဲ”

“ဟင်၊ အမေက ဘယ်လိုဖြစ်လို့ သားကိုပြန်ပေးဆွဲရတာလဲ”

“သားကိုပြန်ပေးဆွဲတဲ့အခါ ဟိုတဏှာရူး သူကြီးက သားအနောက်ကိုလိုက်လာမယ်မဟုတ်လား၊ ဒီတော့မှ ဟောဒီက တောပုန်းကြီးရွှေဂဲက အဲဒီလူကြီးကို သတ်ပစ်နိုင်မှာမဟုတ်လားသားရဲ့”

“အမေ၊ ဘာပဲပြောပြော သူကြီးက အမေ့ရဲ့ယောက်ျားလေ၊ သားရဲ့အဖေလေ အမေရဲ့၊ အမေက ကိုယ့်ယောက်ျားကိုယ် ပြန်သတ်မလို့လား”

“ဟင်း၊ ဘာယောက်ျားလဲ၊ ဒင်းက ငါ့ကိုတောင် သူ့မယားလို့မသတ်မှတ်ဘဲ နှင်ထုတ်လိုက်တာဆိုတော့ ငါကလည်းသူ့ကို လင်ယောက်ျားဆိုပြီး မသတ်မှတ်တော့ပါဘူး၊ ဒီအဘိုးကြီး မြန်မြန်သေမှ အားလုံးအေးမှာ”

“အမေဘယ်လိုလုပ်နေတာလဲအမေ၊ အမေဘာတွေလျှောက်လုပ်နေတာလဲ”

“တိတ်စမ်းသား၊ အမေအခုလိုလုပ်နေရတယ်ဆိုတာ ငါ့သားကောင်းစားဖို့အတွက်ပဲလုပ်နေရတာ၊ မင်းဘာမှဝင်မပါနဲ့ ဟုတ်ပြီလား”

ဖိုးမောင်မှာ အော်ဟစ်ရန်ကြိုးစားနေသည်မို့ ရွှေဂဲက ဖိုးမောင်၏ လည်ကုတ်အား လက်ဝါးစောင့်ဖြင့် ခပ်သာသာထုနှက်လိုက်သည့်အခါ ဖိုးမောင်မှာ မေ့လဲကျသွားတော့သည်။

မကြာခင်မှာပင် တောအုပ်အတွင်းသို့ သူကြီး ဦးရွှေမောင်ရောက်လာလေသည်။ စမ်းချောင်းကလေးအနီးသို့အရောက်တွင် ဓါးရှည်ကြီးတစ်လက်ထမ်းကာ ရပ်နေသည့်သူတစ်ဦးနှင့် ပက်ပင်းတိုးတော့သည်။ သူကြီးဦးရွှေမောင်က ဓါးကိုအသင့်ချွတ်လိုက်ပြီး

“ဟေ့ကောင်၊ ငါ့သားကိုပြန်ပေးဆွဲထားတာ မင်းမဟုတ်လားကွ”

“အစစ်ပေါ့၊ ခင်ဗျားပုံစံကြည့်ရသလောက်တော့ ခင်ဗျားက သူကြီးဦးရွှေမောင်ပဲဖြစ်ရမယ်”

“ဟေ့ကောင်၊ ငါ့သားအကိုအခုလွတ်ရင်လွတ်ပေး၊ မဟုတ်ရင်တော့ မင်းငါ့ဓါးချက်နဲ့ သေရလိမ့်မယ်ကွ”

ရွှေဂဲက တဟားဟားနှင့်အော်ရယ်လိုက်ပြီး

“ကောင်းပြိလေဗျာ၊ ခင်ဗျားဓါးချက်နဲ့ ကျုပ်ပဲသေမလား၊ ကျုပ်ဓါးချက်နဲ့ ခင်ဗျားပဲသေမလားဆိုတာ ကြည့်ကြသေးတာပေါ့”

ရွှေဂဲက ဓါးကိုဝင့်လျှက် အပြေးခုန်အုပ်လေသည်။ ဦးရွှေမောင်မှာ ရွှေဂဲခုတ်သည့်ဓါးချက်ကို အသာငုံ့ရှောင်ကာ ရွေဂဲကိုပြန်လည်တိုက်ခိုက်လေသည်။ ဦးရွှေမောင်မှာလည်း ဓါးပညာတွင်ခေသူမဟုတ်သဖြင့် ရွှေဂဲမှာ လွယ်လွယ်နှင့်တိုက်ခိုက်၍ မရဘဲဖြစ်နေလေသည်။ ငါးချီခန့်တိုက်ခိုက်ပြီးသည့်အခါ နှစ်ဦးသားမှာ အနောက်သို့ခုန်ဆုတ်လိုက်ကာ အမောဖြေနေကြသည်။

“မဆိုးပါဘူး ကျုပ်နဲ့ငါးချီလောက်တောင် တိုက်နိုင်ပုံထောက်တော့ ခင်ဗျားကလည်း ကျားတစ်ကောင်ပဲ”

“ဟေ့ကောင်၊ မင်းအခု အနောက်ဆုတ်လိုက်ပြီး ငါ့သားကိုလွှတ်ပေးလိုက်ရင်ကောင်းမယ်နော်”

“ဟား ဟား ခင်ဗျားက ကျားဆိုပေမယ့် အခုတော့ကျားအိုကြီးဖြစ်နေပါပြီဗျာ၊ နောက်ငါးချီကို ခင်ဗျားခံနိုင်မလားဆိုတာ ကြည့်ကြရသေးတာပေါ”

သူကြီးနှင့်ရွှေဂဲတို့မှာ ထပ်မံတိုက်ခိုက်ကြပြန်သည်။

မယ်ပျင်းမှာတောအုပ်အတွင်းတွင် ပြေးလွှားနေမိသည်။ မည်သည့်နေရာသို့ ပြေးလွှားရမှန်းမသိသဖြင့် တောအုပ်အတွင်းရပ်လိုက်ပြီးနောက် ဖထီးသင်ပေးထားသည့် အမြင်ဓါတ်ဖြင့် ပတ်ဝန်းကျင်အား လေ့လာရန်ကြံရွယ်လိုက်သည်။ လက်နှစ်ဖက်နှင့်မျက်လုံးအား ဖြဲလိုက်ပြီးနောက် မိုးကောင်းကင်ပေါ်သို့မော့ကြည့်လိုက်ကာ

“စွန်တစ်ကောင်၏ အမြင်အာရုံရပါစေ၊ သိမ်းငှက်တစ်ကောင်၏ အမြင်အာရုံမျိုးကိုရရှိပါစေ”

ထိုသို့ပြောလိုက်ရင်း မကြာခင်မှာပင် မယ်ပျင်းတစ်ယောက် မိုးကောင်းကင်ပေါ်ပျံတက်သွားသကဲ့သို့ခံစားရသည်။ စင်စစ်အားဖြင့် မိုးကောင်းကင်ပေါ်သို့ပျံတက်သွားခြင်းမဟုတ်ဘဲ အမြင်အာရုံသာ ပျံတက်သွားခြင်းဖြစ်သည်။ အလွန်မြင့်မားသည့် အမြင့်တစ်နေရာမှ အောက်သို့ငုံ့ကြည့်နေရသည်မို့ အောက်မှအရာအားလုံးကို အတိုင်းသားမြင်နေရလေသည်။ တောအုပ်အပေါ်သို့ ဝေ့ကြည့်လိုက်သည့်အခါ စမ်းချောင်းနံဘေးတွင် လူနှစ်ဦးလှုပ်ရှားတိုက်ခိုက်နေသည်ကိုတွေ့ရသည်။ ထိုလူနှစ်ဦးထံသို့ အမြင်အာရုံကိုဆွဲယူချဲ့ကြည့်လိုက်လေရာ ဦးရွှေမောင်နှင့် ဓါးပြရွှေဂဲတို့ အသေအကြေတိုက်ခိုက်နေသည်ကိုတွေ့လိုက်ရလေသည်။ မယ်ပျင်းလည်း ထိုနေရာကိုမှတ်သားလိုက်ပြီး ဆက်လက်ပြေးလွှားလာခဲ့သည်။

သူကြီးဦးရွှေမောင်မှာ တိုက်ခိုက်ရင်း လက်ပန်းကျလာပြီဖြစ်သည်။ တစ်ချီတွင်တော့ ရွှေဂဲက သူကြီးဦးရွှေမောင်၏ ဓါးအား သူ၏ဓါးဖြင့် လှန်ခုတ်ထည့်လိုက်ရာ သူကြီးဦးရွှေမောင်လက်တွင်ကိုင်စွဲထားသည့် ဓါးမှာခပ်လှမ်းလှမ်းဆီသို့ လွင့်ထွက်သွားတော့သည်။ သူကြီးဦးရွှေမောင်မှာ လက်နက်မဲ့သွားပြီဖြစ်ရာ ရွှေဂဲက သူ့ဓါးကြီးဖြင့် ထိုးချိန်ထားလိုက်သည်။

“ကဲ ခင်ဗျားတို့ထွက်လာလို့ရပြီ”

ရွှေဂဲပြောလိုက်သည့်အခါ ဝါးရုံပင်အနောက်မှ မယ်ဖော့ကထွက်လာလေသည်။ သူကြီးဦးရွှေမောင်မှာ မယ်ဖော့ကိုမြင်သည်နှင့် အလွန်အံ့အားသင့်သွားသည်။

“ဟင် မယ်ဖော့ . . . မင်းကဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ”

မယ်ဖော့က ခပ်မျဉ်းမျဉ်းရယ်မောလိုက်ပြီးနောက်

“ရှင်တွေ့တဲ့အတိုင်းပဲလေ ဦးရွှေမောင်ရဲ့”

“ဒါဆို ဒါတွေအားလုံးက မင်းလက်ချက်တွေပေါ့”

“ဒါပေါ့သူကြီးရယ်၊ ကျုပ်ကို ရက်ရက်စက်စက်အိမ်ကနှင်ချခဲ့တဲ့ရှင့်ကို ကျုပ်က အရှင်ထားမယ်လို့ထင်နေလို့လား”

“တောက်၊ မင်းတော်တော် ယုတ်မာတဲ့မိန်းမပဲကွ”

“အချိန်လွန်မှ သိရတာစိတ်မကောင်းပါဘူးသူကြီးရေ၊ ကဲ ကိုရွှေဂဲ၊ ဒီအဘိုးကြီးကို နောက်ဘဝကို ပို့ပေးလိုက်ပါတော့”

ရွှေဂဲက ခေါင်းညိတ်လိုက်ကာ ဓါးကြီးကိုမြှောက်တင်လိုက်ပြီး ခုတ်ချလိုက်လေသည်။ ထိုအခိုက် ချွင်ခနဲအသံကြားလိုက်ရပြီး မီးပွားများပွင့်ထွက်သွားတော့သည်။ ရွှေဂဲက ကြည့်လိုက်သည့်အခါ သူ့လိုပင် ဓါးကြီးကိုင်ဆောင်ထားသည့် လူတစ်ဦးက သူ့ဓါးချက်ကို ခုခံလိုက်သည်ကိုတွေ့ရသည်။ ထိုသူမှာအခြားသူမဟုတ်ဘဲ သုဿန်တွင်နေထိုင်သည့် ဗိုလ်ကျော်စွာပင်ဖြစ်သည်။ ရွှေဂဲက ဗိုလ်ကျော်စွာကိုတစ်ချက်ကြည့်လိုက်ပြီး

“မင်းဘယ်သူလဲ၊ ဘာကြောင့် သူများကိစ္စမှာ ဝင်ပါရတာလဲ”

ဗိုလ်ကျော်စွာက ရွှေဂဲအားတစ်ချက်အကဲခတ်လိုက်ပြီးနောက်

“ငါ့နာမည် ဗိုလ်ကျော်စွာ၊ ငါက နယ်ချဲ့တွေကိုပုန်ကန်တော်လှန်နေတဲ့ တော်လှန်ရေးတပ်က လူတစ်ယောက်ပဲ၊ ဒါနဲ့ မင်းကိုကြည့်ရတာ ငါ့လိုမျိုး နန်းဓါးကို ကိုင်ထားတယ်ဆိုတော့ မဟုတ်မှလွဲရော မင်းလည်းအရင်က မင်းမှုထမ်းတစ်ယောက်ဖြစ်ရမယ်”

“သိပ်ဟုတ်တာပေါ့ ဗိုလ်ကျော်စွာရယ်၊ ကျုပ်နာမည်က ကျော်ခေါင်၊ သူရဘွဲ့ရထားတဲ့ သူရကျော်ခေါင်ပဲ”

“ခင်ဗျားက ဘုရင့်တပ်သားတစ်ယောက်ဖြစ်ပြီး ဘာဖြစ်လို့ ဒီလိုအောက်တန်းကျတဲ့ ဓါးပြလုပ်ရတာလဲ”

“အောက်တန်းကျတယ်၊ ဓါးပြအလုပ်က အောက်တန်းကျတယ်တဲ့လား၊ ဒါဆိုရင်လည်း ပြောစမ်းပါအုံး ဘုရင့်တပ်သားလုပ်ရတာ ဘာတွေများအထက်တန်းကျနေလို့လဲ”

ရွှေဂဲအမေးကို ဗိုလ်ကျော်စွာမဖြေနိုင်ပေ။

“ဘုရင့်တပ်သားလုပ်ပြီး ကိုယ့်ရဲ့အသက်ကို တိုင်းပြည်အတွက် နှင်းအပ်ထားပါလျှက်နဲ့၊ စကားလေးတစ်ခွန်းမှားမိလို့ တစ်ဆွေလုံးတစ်မျိုးလုံး အသတ်ခံလိုက်ရတာ ကျုပ်ပဲ၊ ဘုရင့်တပ်သားလုပ်ရတာ ဘာကောင်းသလဲ၊ ဒီလို မာနထောင်လွှားတဲ့မင်းဆိုးမင်းညစ်ကို ကျုပ်က ကာကွယ်မယ့်အစား အခုလိုဓါးပြတိုက်စားပြီး ကိုယ့်ဝမ်းရေးကိုယ်ဖြည့်တာက ပိုကောင်းတယ်မဟုတ်လား”

ိထို့နောက် ဗိုလ်ကျော်စွာနှင့် ရွှေဂဲတို့မှာတိုက်ခိုက်ကြလေသည်။ နှစ်ဦးစလုံးမှာလည်း လက်သစ် ခြောက်ဆယ့်ခုနစ်အလျားရှိသည့် နန်းဓါးကို ကိုင်စွဲထားကြခြင်းပင်ဖြစ်သည်။ နန်းဓါးဆိုသည်မှာ ကြီးမားသည့် ဓါးကြီးတစ်လက်ဖြစ်ပြီး သုံးတောင်ခန့်ရှည်လျားကာ အခြားဓါးများဖြစ်သည့် ငှက်ကြီးတောင်ဓါး၊ လေးကိုင်းဓါးများထက်ပိုမိုကြီးမားသည်။ နန်းဓါးကိုင်ဆောင်သူများမှာ ကိုယ်ကာယထွားကျိုင်းသူများဖြစ်ပြီး နန်းဓါးမှာလည်း ဓါးရေး ခုနစ်ဆယ့်လေးချင်းရှိသဖြင့် အလွန်ကျွမ်းကျင်သည့် သူများသာ ကိုင်ဆောင်ရသည့်ဓါးဖြစ်သည်။ ယခုလည်း ရွှေဂဲနှင့် ဗိုလ်ကျော်စွာတို့မှာ နန်းဓါးကိုယ်စီကိုယ်လျက် အပြင်းအထန်တိုက်ခိုက်နေကြသည်။

နန်းဓါးကိုင်ဆောင်သူများမှာ အသွားလက်ခြောက်သစ်ရှိသည့် ပေါက်ဓါးကလေးတစ်ချောင်းကို ဆောင်ထားလေ့ရှိသည်။ ဓါးချက်စက်ဝန်းအပြင်မှ ရန်သူများကိုတိုက်ခိုက်ရာတွင် ထိုပေါက်ဓါးဖြင့် ပစ်ပေါက်တိုက်ခိုက်လေ့ရှိသည်။ ဗိုလ်ကျော်စွာမှာ ပေါင်တွင်ဒဏ်ရာရထားသူမို့ ကြာကြာတိုက်သည့်အခါ မဟန်တော့ပေ၊ ထို့ကြောင့် ခါးကြားထိုးထားသည့် ပေါက်ဓါးကိုထုတ်ယူလိုက်ကာ ရွှေဂဲအားပစ်ခတ်တိုက်ခိုက်လိုက်သည်။ ရွှေဂဲက ပေါက်ဓါးကို နန်းဓါး၏ ဓါးပြားဖြင့်ကာကွယ်၍ ခတ်ထုတ်လိုက်လေရာ ဗိုလ်ကျော်စွာ၏ ဓါးပေါက်ချက်မှာ လွဲသွားတော့သည်။

“ဟား၊ ဟား ခင်ဗျားဓါးက လွဲသွားပြီ၊ ဒီတစ်ခါ ကျုပ်အလှည့်”

ရွှေဂဲမှာ ခါးကြားမှပေါက်ဓါးကိုဆွဲထုတ်လိုက်ကာ ဗိုလ်ကျော်စွာကိုပစ်ခတ်ရန်ပြင်ဆင်လိုက်သည်။ ထိုအချိန် မယ်ပျင်းကလေးမှာ ဝါးရုံပင်အနီးသို့ရောက်လာခဲ့လေသည်။ ရွှေဂဲမှာ ပေါက်ဓါးကို ဗိုလ်ကျော်စွာအားမပစ်ခတ်တော့ဘဲ မယ်ပျင်းထံသို့ချိန်ရွယ်ကာ ပစ်ခတ်လိုက်လေသည်။

“မယ်ပျင်း . . . မလုပ်နဲ့”

ဗိုလ်ကျော်စွာနှင့် သူကြီးတို့မှာ ပြိုင်တူအော်ဟစ်ကြသည်။ ပေါက်ဓါးကလေးမှာ မယ်ပျင်းထံသို့ အရှိန်ဖြင့်ပံျသန်းဝင်ရောက်လာသော်လည်း မယ်ပျင်းနှင့်မထိခင် လက်တစ်ကမ်းအလိုတွင် ရပ်တန့်သွားလေသည်။ မယ်ပျင်းက လေပေါ်တွင်ရပ်တန့်နေသည့် ပေါက်ဓါးကို မျက်စေ့နှင့် စေ့စေ့ကြည့်ကာ

“နင်က ငါ့ကိုဓါးတစ်စင်းနဲ့ပေါက်တယ်ပေါ့ဟုတ်လား၊ နင့်ကိုငါက ဓါးအစင်းတစ်ရာနဲ့ ပြန်ပေါက်သတ်မယ်ဟေ့၊ လာလေရော့”

ပေါက်ဓါးကလေးမှာ တစ်ဖက်သို့ပြန်လည်ထွက်သွားကာ ရွှေဂဲထံသို့ ဦးတည်သွားလေသည်။ ထို့နောက် ပြင်းထန်သည့်အရှိန်ဖြင့် ပျံသန်းလာလေသည်။ ဓါးကလေးမှာ လေပေါ်တွင်ပျံသန်းရင်း ဓါးတစ်စင်းမှာ နှစ်စင်းအဖြစ်သို့လည်းကောင်း၊ နှစ်စင်းမှာ လေးစင်းအဖြစ်သို့လည်းကောင်း ဆတိုးပွားသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အစင်းပေါင်းရာချီဖြစ်သွားပြီး တောပုန်းကြီးရွှေဂဲအား ထိမှန်လေတော့သည်။ ရွှေဂဲမှာ သူ့ဓါးဖြင့်ကာကွယ်သော်လည်း မြောက်များစွာသော ဓါးချက်များကိုမရှောင်နိုင်ဘဲရှိနေလေရာ ဓါးချက်ပေါင်းများစွာကိုယ်တွင်စိုက်ဝင်ပြီး စင်းစင်းကြီးလဲကျကာ သေဆုံးသွားလေတော့သည်။

မယ်ပျင်းလုပ်ရပ်ကို အားလုံးက အံ့အားသင့်ကာ ငေးကြည့်နေမိကြသည်။ သူကြီးဦးရွှေမောင်က အရှေ့တိုးလာပြီး

“မယ်ပျင်း၊ ညည်း ညည်းက စုန်းတစ်ယောက်ပဲ”

“ဟုတ်တယ် မယ်ပျင်းကလေးက ပညာသည်တစ်ယောက်ပဲ”

ဗိုလ်ကျော်စွာနှင့်သူကြီးတို့ရေရွတ်နေစဉ်မှာပင် မယ်ဖော့တစ်ယောက် သားဖြစ်သူဖိုးမောင်အား ပွေ့ချီလျှက် တောအုပ်အတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားလေသည်။ မယ်ပျင်းမှာ ရွှေဂဲအားသတ်ဖြတ်ပြီးသည်နှင့် လက်မောင်းတစ်ဖက်ကို လက်နှင့်ဖိကာ အလွန်နာကျင်စွာ အော်ဟစ်လျှက် မေ့မြောသွားလေတော့သည်။ မယ်ဖော့မှာ ငန်းမြာရွာသို့ပြန်လာခဲ့လေသည်။ ရွှေဂဲအကြောင်းတော့ မည်သူမှမသိအောင် ရေငုံနှုတ်ပိတ်ထားသည်။ မယ်ပျင်းက စုန်းမှန်းသိသွားသဖြင့် မယ်ဖော့မှာအခဲမကျေနိုင်ဖြစ်နေမိသည်။

“လတ်စသတ်တော့ မယ်ပျင်းကလေးက စုန်းကိုး၊ ဒါဆိုရင် အရပ်ထဲမှာပြောကြသလို သူ့အမေ မယ်ဖြူကလည်း စုန်းတစ်ယောက်ဖြစ်ရမယ်၊ ကောင်းလိုက်တာ . . . ဒင်းတို့သားအမိ စုန်းတွေဆိုရင်တော့ ပိုပြီးရှင်းလို့ကောင်းသွားတာပေါ့”

ထိုသို့ကြံရွယ်ကာ အဖေဖြစ်သူဦးဖောအနီးသို့တိုးကပ်ခဲ့လေသည်။

“အဖေ၊ ဒီအနီးအနားမှာ စုန်းနိုင်တဲ့လူများမရှိဘူးလား”

“သမီးက ဘာဖြစ်ချင်လို့လဲ”

“စုန်းသားအမိကိုရှင်းချင်လို့ပါ အဖေရဲ့”

“စုန်းနိုင်တဲ့ စုန်းတော့အဖေသိတယ်”

“ဟင် ပြောပါအုံးအဖေ”

“အဖေရွာသူကြီးလုပ်နေတော့ အဖေ့ကိုမနာလိုတဲ့လူတွေက စုန်းပညာတွေနဲ့ပြုစားဖို့လုပ်ကြတယ်၊ ဒါကြောင့် အဖေကလည်း စုန်းမကြီးတစ်ယောက်ကို ငွေကြေးပေးပြီးတော့ အဖေ့ကိုပြုစားဖို့လုပ်တဲ့စုန်းတွေကို တန်ပြန်တိုက်ခိုက်ခိုင်းဖူးတယ်သမီးရဲ့၊ အခုထိလည်း နှစ်တိုင်း ဝါဝင်ဝါထွက်တစ်နှစ်ကိုနှစ်ကြိမ် အဲဒီစုန်းမကြီးအတွက် စုန်းပွဲပြင်ပြီး ပသပေးရသေးတယ်”

“ဒါဖြင့် ဟန်ကျလိုက်တာအဖေရာ၊ အဲဒီစုန်းမကြီးကို အဖေခေါ်ပေးပါလား”

“ကောင်းပြီသမီး၊ အဖေခေါ်ပေးမယ်”

ဦးဖောက မတ်တပ်ရပ်လိုက်ကာ အိမ်အပေါ်ထပ်ပြတင်းပေါက်ကိုဖွင့်လျှက် ဟိုးခပ်လှမ်းလှမ်းတွင် ရေးရေးကလေးမြင်နေရသည့် တောင်ရိုးကြီးကိုတစ်ချက်ငေးကြည့်လိုက်ရင်း

“ဒေါ်ဘွားအို ခင်ဗျားကိုကျုပ်ဆင့်ခေါ်ပါတယ်၊ ခင်ဗျားကျုပ်ဆီကိုလာခဲ့ပါ”

ထိုသို့သုံးကြိမ်ပြောဆိုကာ ကုလားထိုင်တွင်ပြန်ထိုင်နေလိုက်သည်။ မယ်ဖော့မှာ အလွန်ထူးဆန်းစွာဖြင့်

“အဖေရာ ဟိုးအဝေးကြီးကလူကို ဒီလိုခေါ်လို့ရရိုးလားအဖေရဲ့”

“ဒေါ်ဘွားအိုဆိုတာ စုန်းအဆင့်ကိုကျော်ပြီး ကဝေကြီးတစ်ယောက်ဖြစ်နေပြီသမီးရဲ့၊ ကဝေဆိုတာမျိုးက မိုင်တွေဘယ်လောက်ပဲဝေးနေပါစေ ကိုယ့်ကိုမှန်းပြီး တမ်းတလိုက်တဲ့လူရဲ့စကားကို ကြားရတတ်တယ်တဲ့၊ ငါ့သမီးအသာကြည့်နေပါ မကြာခင် ဒေါ်ဘွားအို ရောက်လာလိမ့်မယ်”

မယ်ဖော့မှာ အတန်ကြာအောင်စောင့်ဆိုင်းနေရလေသည်။ မကြာခင်အချိန်မှာပင် ဖြူလွလွအဝတ်ပိုင်းကြီးတစ်ခုက မိုးပေါ်မှပျံသန်းလာကာ ဖွင့်ထားသည့်ပြတင်းပေါက်မှနေ၍ အိမ်အတွင်းသို့ပျံသန်းဝင်ရောက်လာလေသည်။ အိမ်ကြမ်းပြင်သို့ကျသည့်အခါ ထိုအဝတ်စကြီးမှာ တဖြည်းဖြည်းကြီးမားလာပြီးနောက် အဝတ်အောက်မှ တစ်စုံတစ်ခုက တိုးထွက်လာကာ ချက်ချင်းပင် ဆံပင်များဖြူဖွေးနေသည့် အဘွားကြီးတစ်ဦးအဖြစ်ပြောင်းလဲသွားသည်။ အဘွားကြီးမှာ ကြမ်းပြင်တွင် ဆောင့်ကြောင့်ထိုင်လျှက်ရှိသည်။

“သူကြီးမင်းအခေါ်ထောက်တော့ တစ်ခုခုထူးပြီမှတ်တယ်”

“ဒီမှာ ဒေါ်ဘွားအို ကျုပ်သမီးက စုန်းသားအမိနှစ်ယောက်ကို ရှင်းပေးစေချင်တယ်၊ အဲဒါ ဒေါ်ဘွားအိုလုပ်နိုင်ပါ့မလား”

“စုန်းတစ်ယောက်ရဲ့အသက်ကို လက်ဖြောက်တစ်ချက်တီးလိုက်တာနဲ့ နှုတ်ယူနိုင်ပါတယ်၊ ပြောစမ်း အဲဒီစုန်းသားအမိက ဘယ်မှာလဲ”

“ဖက်လိပ်ရွာမှာပါ ဒေါ်ဘွားအို”

“ဖက်လိပ်ရွာက ငါ့အပိုင်တော့မဟုတ်ဘူး၊ ဒါပေမယ့် ရပါတယ်၊ ဆိုင်ရာပိုင်ရာတွေကို ခွင့်တောင်းပြီးတော့ ငါကိုယ်တိုင်လိုက်သတ်ပေးမယ်၊ အချိန်သုံးရက်လောက်တော့ စောင့်ပေးအေ၊ သုံးရက်ပြည့်တဲ့အခါ ဖက်လိပ်ရွာကို ငါသွားမယ်”

“ကောင်းပါပြီ ဒေါ်ဘွားအို၊ ဖက်လိပ်ရွာမှာ မယ်ဖြူနဲ့ သူ့သမီးမယ်ပျင်းဆိုရင် လူတော်တော်များများသိကြပါတယ်၊ သူတို့နှစ်ယောက်စလုံးက စုန်းတွေပဲ၊ သူတို့သေတာကိုပဲ မြင်ချင်ပါတယ်”

“သူတို့ချည်းပဲလားအေ့”

မယ်ဖော့ကပြုံးလိုက်ကာ

“ရမယ်ဆိုရင်တော့ သူကြီးဦးရွှေမောင်ဆိုတဲ့လူကြီးကိုပါ တစ်ခါတည်း ကိစ္စတုံးပေးစေချင်ပါတယ်”

“စိတ်သာချစမ်းအေ့၊ ဒါနဲ့ ကိစ္စအောင်မြင်ရင် ငါ့ကိုမမေ့နဲ့နော်”

ထိုအခါ ဦးဖောက

“စိတ်သာချပါ ဒေါ်ဘွားအို၊ အားလုံးအောင်မြင်ရင် ခင်ဗျားအတွက် စုန်းပွဲတစ်ပွဲပြင်ဆင်ပေးမယ်၊ ပြီးတော့ ရွှေငွေရတနာတွေလည်း ခင်ဗျားအတွက်ကျုပ်ပြင်ဆင်ပေးပါ့မယ်”

“ရွှေငွေရတနာတွေ ငါမလိုချင်ဘူး၊ ငါ့အတွက် မိန်းမတစ်ယောက်ရှာပေးရင်တော်ပြီ”

“ကောင်းပါပြီ၊ ခင်ဗျားလိုချင်တာကို ရစေရမယ်၊ ကျုပ်အာမခံတယ်”

“နင်တို့ကိစ္စ အောင်မြင်ပြီလို့သာ မှတ်လိုက်စမ်းဟေ့”

ဒေါ်ဘွားအိုကပြောဆိုပြီးသည့်အခါ သူ့ကိုယ်သူအဝတ်စကြီးနှင့်အုပ်ထည့်လိုက်ပြီးနောက် ပြတင်းပေါက်မှတဆင့်ပျံသန်းကာ ထွက်ခွာသွားလေတော့သည်။