စာစဉ် (၄၂)

(၁)

ညရောက်သည့်အခါ မယ်ပျင်းအိပ်ပျော်နေသည့်အခိုက် ခေါ်သံတစ်ခုကိုနားထဲကြားရသည်။

“မယ်ပျင်း၊ ဒီကိုလာ ငါ့ဆီကိုလာခဲ့”

မယ်ပျင်းမှာ အိပ်နေရာမှထလိုက်ကာ ခေါ်သံကိုနားစွင့်နေမိသည်။

“ငါ့ကိုခေါ်နေတာပဲ”

မယ်ပျင်းက စူးစမ်းချင်သည်မို့ အိပ်ရာမှအသာထပြီး ခေါ်သံအနောက်သို့လိုက်လာခဲ့မိသည်။ ခေါ်သံမှာ ငွေရောင်နန်းဆောင်ကြီးအပြင်ဘက် ရွှေရောင်နန်းဆောင်ကြီးအပေါ်သို့ တက်သည့် လှေကားမှကြားနေရခြင်းဖြစ်သည်။ မယ်ပျင်းတစ်ယောက်လှေကားသို့ရောက်သည့်အခါ ခေါ်သံမှာ ရွှေရောင်နန်းဆောင်အဝင်တံခါးကြီးနောက်ကွယ်မှ ထွက်ပေါ်နေခြင်းဖြစ်သည်။

“မယ်ပျင်း၊ ဒီကိုလာ၊ မင်းကိုငါစောင့်နေတာကြာပြီ”

မယ်ပျင်းမှာ ရွှေရောင်တံခါးကြီးအား လက်နှင့်ထိမည်ဟု လှမ်းရွယ်လိုက်စဉ်မှာပင် ရွှေရောင်နန်းဆောင်တံခါးကြီးမှာ ဂျိန်းခနဲမြည်လျှက် ပွင့်ထွက်သွားလေသည်။ ရွှေရောင်တံခါးကြီးအနောက်တွင်တော့ မယ်တော်က ရပ်နေကာ မယ်ပျင်းကို စူးစူးစိုက်စိုက်ကြည့်နေလျှက်

“မယ်ပျင်း ညည်းဒီမှာဘာလုပ်နေတာလဲ”

“ဟိုလေ၊ အသံတစ်ခုကြားရသလားလို့”

“ရွှေရောင်နန်းဆောင်ကို မင်းတို့တွေဝင်ခွင့်မရှိဘူးလို့ပြောထားတယ်မဟုတ်လား၊ သွား အခုပြန်ပြီးအိပ်တော့”

မယ်တော်မှာ မယ်ပျင်းတစ်ခါမှမကြုံဖူးလောက်အောင် ဒေါသထွက်နေသည်မို့ မယ်ပျင်းမှာကြောက်ကြောက်လန့်လန့်ဖြင့် လှေကားကြီးအတိုင်းပြေးဆင်းလာခဲ့သည်။

မနက်ခင်းမိုးလင်းစအချိန်ရောက်သောအခါ ရှင်ဦးက ကလေးချီလျှက် မယ်တော်ထံသို့ရောက်လာလေသည်။

“ရှင်ထူး၊ ငါနင့်ဆီက ကျမ်းတစ်စောင်ငှားချင်လို့”

“ငှားလေ ဘာကျမ်းငှားမှာလဲ”

“ဒိဗ္ဗကျမ်းဆိုတဲ့ ကျမ်းတစ်စောင်နင့်မှာရှိသလား”

မယ်တော်က ခေါင်းညိတ်လျှက်

“ဒိဗ္ဗကျမ်းဆိုတာ နတ်ဘုံနတ်နန်း နတ်အစွမ်းတွေရရှိအောင် ကျင့်ကြံနိုင်တဲ့ကျမ်းတစ်ခုပဲ၊ ဒါနဲ့ အမတော်က ဘာဖြစ်လို့ ဒီကျမ်းကိုစိတ်ဝင်စားနေတာလဲ”

“ငါလည်း နတ်အစွမ်းတွေရအောင် ကျင့်ချင်လို့ပါ ရှင်ထူးရယ်”

“ဟောတော်၊ အခုလည်း အမတော်က နတ်မဟုတ်လား၊ ယောဒေသမြောက်ပိုင်းတစ်ခွင်ကို အပိုင်စားရထားတဲ့ယောကတော်ကများ အခုဘာစိတ်ကူးပေါက်လို့ ဒိဗ္ဗကျမ်းကိုလိုချင်တာလဲ”

“လျာမရှည်ပါနဲ့ရှင်ထူးရယ်၊ နင်မငှားချင်ဘူးဆိုရင် မငှားဘူးလို့ပြောလိုက်စမ်းပါ”

“အင်းလေ၊ အမအရင်းဆိုတော့လည်း မငှားလို့ကောင်းမလား”

မယ်တော်က ရွှေအတိချထားသည့် စာထည့်သေတ္တာပုံးကြီးအနီးသို့တိုးကပ်သွားလိုက်သည်။ ပြီးသည့်နောက် ထိုသေတ္တာပုံးကြီးအား လက်နှင့်ပွတ်သပ်လိုက်သည့်အခါ သေတ္တာကြီးမှာသူ့အလိုလိုပွင့်ထွက်သွားသည်။ မယ်တော်က သေတ္တာအတွင်းသို့ကြည့်လိုက်ရင်း အံ့သြသွားလျှက်

“အလို၊ ဒီထဲက ဒိဗ္ဗကျမ်းက ဘယ်ကိုရောက်သွားတာလဲ”

“ဟုတ်လို့လား ရှင်ထူးရယ်၊ နင်တစ်နေရာရာမှာ အထားမှားတာမဟုတ်ဘူးလား”

“မဖြစ်နိုင်ပါဘူး၊ အဲဒီကျမ်းကို ဟောဒီသေတ္တာကြီးထဲမှာ သေသေချာချာသိမ်းထားခဲ့တာပါ အခုဘယ်လိုလုပ်ပြီးမရှိတော့တာလဲ”

ခင်ဦးက မျက်စိပျက်မျက်နှာပျက်ဖြင့်

“ဒါဆို တစ်ယောက်ယောက်များခိုးယူသွားတာလား”

“အမကတော့ အတွေးကြောင်နေစမ်းပါပြီ၊ ဒီလောက်လုံခြုံတဲ့ ရွှေနန်းဆောင်ထဲကို ဘယ်သူကလာပြီး ခိုးဝှက်ရဲမှာလဲ”

“ငါ့ညီမက ဒါတော့ညံ့သွားပြီ၊ ငွေရောင်နန်းဆောင်ထဲမှာ ညည်းရဲ့မွေးစားသမီးလေးတွေရှိတယ်မဟုတ်လား”

“သူတို့က ဒီနန်းဆောင်ထဲကိုမဝင်ရဲပါဘူး အမတော်ရယ်၊ ဝင်တယ်ပဲထားပါအုံး စုန်းပညာနဲ့ချိတ်ပိတ်ထားတဲ့ သေတ္တာကြီးကို ဖွင့်တတ်အုံးမှရမှာမဟုတ်လား”

“သစ်ကောက်ဝါးကောက်သာ အကဲခတ်လို့လွယ်တယ်၊ လူ့စိတ်ဆိုတာ အကဲခတ်လို့မလွယ်ဘူးလို့ပြောကြတယ်မဟုတ်လား ရှင်ထူး၊ ငါ့အထင်တော့ညည်းရဲ့သမီးတွေထဲက ပညာထက်တဲ့တစ်ယောက်ယောက်ကများ လာပြီးခိုးယူသွားတာများလား”

မယ်တော်မှာ ယမန်နေ့ညက မယ်ပျင်းတစ်ယောက် ရွှေတံခါးကြီးအနီးသို့ ရောက်လာခဲ့သည်ကိုသတိရသွားကာ တစ်ချက်တွေးတောနေမိသည်။

“မဖြစ်နိုင်ပါဘူး အမတော်ရယ်”

“ဖြစ်နိုင်တာ မဖြစ်နိုင်တာ အသာထား၊ ကျမ်းတစ်စောင်ပျောက်သွားပြီဆိုတော့ ရှာရဖွေရတော့မယ်မဟုတ်လား၊ မပြေးသော်ကန်ရာရှိဆိုသလို ကလေးတွေကိုလည်း အလျော့မပေးဘဲ သေသေချာချာရှာဖွေကြည့်သင့်တယ်”

“ကောင်းပြီလေအမတော်၊ ဒါဆို ကလေးတွေဆီမှာ သွားရှာကြည့်ကြတာပေါ့”

မယ်တော်နှင့် ယောကတော်မှာ ကလေးများအိပ်စက်သည့် နန်းဆောင်အတွင်းသို့လာခဲ့သည်။ မိုးလင်းခါစအချိန်မို့ ကလေးအချို့မှာ နိုးနေကြသော်လည်း အချို့မှာတော့ အိပ်စက်နေကြဆဲဖြစ်သည်။ မယ်တော်က အဆောင်အဝင်ဝတွင် ခါးထောက်ရပ်လိုက်ပြီးနောက် လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်သည်။ ထိုအခါ ငွေသင်ဖြူးဖျာကြီးများက အိပ်စက်နေသည့်ကလေးများကို ခါချလိုက်ကာ သူ့အလိုလိုရုတ်သိမ်းသွားသည်။ အိပ်ပျော်နေသည့်ကလေးများလည်း အားလုံးလန့်နိုးသွားကြသည်။

မယ်တော်က အနားရှိငွေသားတိုင်လုံးကြီးကို လက်နှင့်ပုတ်လိုက်သည့်အခါ တိုင်လုံးကြီးဆီမှ ဒေါင်ခနဲအသံကြီးတစ်ခုက ကျယ်လောင်စွာမြည်ဟီးသွားသည်။

“ကဲ အားလုံးပဲနားထောင်ကြ၊ ငါ့နန်းဆောင်မှာ အမြတ်တနိုးသိမ်းထားတဲ့ ကျမ်းတစ်စောင် ညကခိုးယူခံရတယ်”

မိန်းကလေးများမှာ ထိတ်လန့်သွားကြသည်။

“အဲဒါ မင်းတို့အထဲမှာ ဒီကျမ်းစာကိုယူထားတဲ့လူရှိရင် အခုချက်ချင်းဝန်ခံလိုက်ပြီးတော့ ငါ့ကိုပြန်အပ်မယ်ဆိုရင် အပြစ်တွေကိုပေါ့လျော့ပေးမယ်”

မိန်းကလေးများတစ်ယောက်မှ တုတ်တုတ်မျှပင်မလှုပ်ပေ။ မယ်တော်က အရှေ့သို့တစ်လှမ်းချင်းလှမ်းတက်လာလိုက်ပြီး

“တကယ်လို့ ငါရှာတော့မှ အဲဒီကျမ်းကိုတွေ့ရတယ်ဆိုရင် ခိုးတဲ့လူကို သားရဲတွင်းကြီးထဲကိုချပြီး အပြစ်ပေးမယ်”

မိန်းကလေးများမှာ တုန်ယင်ထိတ်လန့်သွားကြသည်။ မယ်တော်က လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်သည့်အခါ ငွေရောင်ထန်းခေါက်ဖာများမှာ သူ့အလိုလိုပျံသန်းလာကြပြီး မယ်တော်၏အရှေ့တွင်စုပြုံကာရောက်ရှိလာလေသည်။

“မယ်အိုနဲ့ မောင်ပို၊ သူတို့ထန်းခေါက်ဖာတွေကို မွှေနှောက်ပြီးရှာကြစမ်း”

မယ်တော်အမိန့်ပေးလိုက်သည့်အခါ မောင်ပိုက ထန်းခေါက်ဖာတစ်လုံးကိုကိုင်စွဲလိုက်ကာ မယ်တော်အရှေ့တွင်ချပေးလိုက်သည်။ မယ်တော်က ထန်းခေါက်ဖာကိုလက်ညှိုးထိုးလိုက်သည့်အခါ ထန်းခေါက်ဖာမှာ သူ့အလိုလိုအဖုံးပွင့်သွားလေသည်။ မောင်ပိုက ထန်းခေါက်ဖာအတွင်းရှိ ပစ္စည်းများကိုလှန်လှောရှာဖွေလိုက်ရင်း

“မရှိပါဘူး မယ်တော်”

သို့နှင့် မယ်အိုနှင့်မောင်ပိုမှာ ထန်းခေါက်ဖာများကိုရှာဖွေရင်း နောက်ဆုံးတော့ မယ်ပျင်း၏ထန်းခေါက်ဖာအလှည့်ရောက်လာသည်။ မယ်အိုက ထန်းခေါက်ဖာအတွင်းလှန်လှောရှာဖွေပြီး ထမီတစ်ထည်အားဆွဲယူကြည့်လိုက်ရာ ထမီခေါက်အတွင်းမှ အနက်ရောင်ကျမ်းက ကြမ်းပြင်ပေါ်သို့ ဒေါက်ခနဲပြုတ်ကျလာလေသည်။ မောင်ပိုက ထိုကျမ်းကိုဆွဲယူလိုက်ကာ မယ်တော်ထံသို့ ပေးအပ်လိုက်သည်။ မယ်တော်က ကျမ်းကိုသေချာကြည့်သည့်အခါ ပျောက်ဆုံးသွားသည့် ဒိဗ္ဗကျမ်းဖြစ်နေသည်ကိုတွေ့ရသည်။

“မယ်ပျင်း . . . မင်းဒါကိုဘယ်လိုရှင်းပြမလဲ”

မယ်ပျင်းမှာကြောက်ရွံ့သဖြင့် တုန်လှုပ်နေမိသည်။

“မ . . မဟုတ်ပါဘူးမေမေကြီး၊ ဒါ သမီးလုပ်တာမဟုတ်ပါဘူး”

ထိုအခါ ရှင်ထူးက

“မယ်ပျင်း ညည်းကို ငါ့ညီမက ပစားပေးထားတယ်ဆိုပြီး ညည်းကအခု ခိုးတဲ့ဝှက်တဲ့အလုပ်ပါ လုပ်တတ်နေပြီလားဟဲ့”

မယ်တော်မှာ မယ်ပျင်းလက်အားဆွဲလိုက်ပြီး

“မယ်ပျင်း၊ ညည်းက အပြင်မှာသင်လာခဲ့တဲ့ပညာတွေက ပိုစွမ်းတယ်ဆိုပြီးတော့ အခုငါ့နန်းဆောင်ကိုခိုးဝင်၊ ငါ့စည်းကမ်းတွေကိုချိုးဖောက်ပြီး လုပ်ချင်သလိုလုပ်နေတယ်ပေါ့ဟုတ်သလား”

“မဟုတ်ပါဘူး မေမေကြီး၊ ဒီကျမ်းက သမီးခိုးတာမဟုတ်ပါဘူး၊ ဒီကျမ်းက ဟောဟိုက ယောကတော်ပေးတာပါ”

ရှင်ဦးက မျက်လုံးပြူးသွားပြီး

“အောင်မယ် ဒီကောင်မလေးက ခိုးတတ်ဝှတ်တတ်ရုံတင်မကဘူး လိမ်လဲလိမ်ပြောတတ်သေးတာပဲ၊ ဟဲ့ မယ်ပျင်း ငါကညည်းကိုဘာကိစ္စ ဒီကျမ်းပေးရမှာလဲဟဲ့”

မယ်တော်က ခေါင်းညိတ်လိုက်ကာ

“မယ်ပျင်း၊ ညည်းဘာမှမပြောနဲ့တော့၊ ဒီကျမ်းကိုခိုးယူခဲ့တဲ့အတွက် ညည်းကိုငါအပြစ်ပေးရလိမ့်မယ်”

“ရှင်ထူး၊ နင်ခုနကပြောတော့ ဒီကျမ်းကိုခိုးထားတဲ့လူကို သားရဲတွင်းထဲပစ်ချမယ်လို့ ပြောခဲ့တယ်မဟုတ်လား”

မယ်တော်မှာ ရှင်ဦးစကားကြားသည့်အခါ ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။

“အမတော်ရယ်၊ ဒီအရွယ်ကလေးကို သားရဲတွင်းထဲပစ်ချရမယ်ဆိုတော့ . . .-

“ဘာလဲရှင်ထူး၊ ညည်းက ညည်းစကားကိုမတည်တော့ဘူးလား၊ မယ်တော်တစ်ယောက်လုပ်နေပြီး ကိုယ်နှုတ်ကထွက်တဲ့စကားကိုယ် တာဝန်မယူနိုင်တာ သူများတွေသိရင်ရှက်စရာကြီးအေ၊ ပြီးတော့ ကိုယ့်မွေးစားသမီးဖြစ်နေလို့ ပြစ်ဒဏ်ကိုလျော့ပေါ့ပေးလိုက်တယ်ဆိုတာလည်း လူကြားမကောင်းဘူးအေ့၊ နောက်တစ်ခုကတော့ အကယ်၍များ ညည်းက မယ်ပျင်းကို အပြစ်မပေးလိုက်ဘူးဆိုရင် ဟောဒီနန်းဆောင်ကြီးက မိန်းကလေးတွေအကုန် ညည်းရဲ့ရွှေနန်းဆောင်ထဲကို ခိုးဝင်သွားလာကြပြီး ညည်းရဲ့အဖိုးတန်ပစ္စည်းတွေအားလုံးကို ခိုးယူဆော့ကစားကြလိမ့်မယ်ဟဲ့”

မယ်တော်မှာ မယ်ပျင်းအားငုံ့ကြည့်ရင်း တွေဝေနေလေသည်။ ရှင်ထူးက အနားသို့ကပ်လာကာ

“ငါက ညည်းကိုကောင်းစေချင်လို့ပြောတာပါ ရှင်ထူးရယ်၊ အားလုံးကို မှတ်လောက်သားလောက်ဖြစ်သွားအောင်လို့ မယ်ပျင်းကို နမူနာအနေနဲ့ အပြစ်ပေးပြလိုက်မှ တော်ကာကျမယ် ရှင်ထူးရဲ့”

မယ်တော်မှာသက်ပြင်းတစ်ချက်ချလိုက်ပြီး

“မယ်ပျင်း၊ ဒီနန်းသုံးဆောင်မှာ ငါထုတ်ထားတဲ့စည်းကမ်းကို ဖောက်ဖျက်ရဲတဲ့လူမရှိသေးဘူးဟဲ့၊ ပြီးတော့ငါကိုယ်တိုင်ကလည်း ပုဂ္ဂိုလ်ရေးရာခင်မင်မှုထက် စည်းကမ်းကိုပိုအလေးထားတာမို့လို့ စည်းကမ်းဖောက်ဖျက်တဲ့အခါ ငါ့သွေးသားပဲဖြစ်ဖြစ်၊ ငါ့ဆွေမျိုးပဲဖြစ်ဖြစ် ငါကခွင့်မလွှတ်တတ်ဘူးဆိုတာ အားလုံးအသိပဲ၊ ဒါကြောင့် ဟောဒီ ဒိဗ္ဗကျမ်းကို ခိုးယူမှုအတွက် ညည်းကိုငါ အပြစ်ပေးရလိမ့်မယ် မယ်ပျင်း”

မယ်ပျင်းမှာ တစ်ဖက်သတ်စွပ်စွဲကာ ချောက်ချခံရသဖြင့် တစ်ကိုယ်လုံးပူထူနေကာ ဘာလုပ်၍ဘာကိုင်ရမှန်းမသိအောင်ဖြစ်နေသည်။

“မယ်ပျင်းကိုအခုချက်ချင်းဖမ်းချုပ်ပြီးတော့ သားရဲတွင်းကြီးထဲကို ပစ်ချလိုက်စမ်းဟေ့”

မယ်အိုနှင့် မောင်ပိုမှာ မယ်တော်အမိန့်ပေးသော်လည်း မယုံနိုင်အောင်ဖြစ်နေမိသည်။ မယ်အိုက အနားသို့ကပ်လာပြီး

“မယ်တော်၊ ဒီအရွယ်ကလေးကို သားရဲတွင်းထဲပစ်ချမယ်ဆိုတာ သူ့ကိုသတ်ပစ်တာနဲ့အတူတူပဲနော် မယ်တော်ရဲ့”

“ဟဲ့မယ်အို၊ နင်က ငါပြောတာကို မနာခံဘူးလား နင်ငါ့ကိုအာခံချင်တာလား”

“မဟုတ်ပါဘူးမယ်တော်”

“မဟုတ်ဘူးဆိုရင်လည်း အခုချက်ချင်း မယ်ပျင်းကိုဖမ်းချုပ်ပြီးတော့ သားရဲတွင်းထဲကို ချလိုက်တော့”

မယ်အိုမှာ မလုပ်ရက်သော်လည်း မယ်တော်အမိန့်ကြောင့် မယ်ပျင်းအား နဂါးကျော့ကွင်းတစ်ခုဖြင့် ဖမ်းဆီးချုပ်နှောင်လိုက်လေသည်။ ပြီးသည့်အခါ ငွေရောင်နန်းဆောင်ကြီးအောက်လက်သို့ဆင်းလာခဲ့ကြသည်။ အနောက်မှ မယ်တော်အပါအဝင် မိန်းကလေးများမှာ တန်းစီလျှက်လိုက်ပါလာခဲ့ကြသည်။

(၂)

ငွေနန်းဆောင်ကြီး၏ အနောက်ဘက် တောင်ကုန်းကလေးတစ်ခုအပေါ်သို့တက်ခဲ့သည့်အခါ တောင်ကုန်းအလယ်တွင် ချိုင့်ဝှမ်းကြီးတစ်ခုဖြစ်ပေါ်နေလေသည်။ ထိုချိုင့်ဝှမ်းကြီးကို သစ်လုံးတိုင်ကြီးများဖြင့် ပတ်ပတ်လည်ကာရံထားသည်။ မယ်အိုက မယ်ပျင်းအား ချိုင့်ဝှမ်းအလယ်သို့ လှမ်းပစ်သွင်းလိုက်လေသည်။

မယ်ပျင်းမှာ မြေကြီးနှင့်ထိတွေ့သည့်အခါမှ နဂါးကျော့ကွင်းမှာ လျော့ကျသွားကာ မြေပေါ်တွင်ပျောက်ကွယ်သွားသည်။ ချိုင့်ဝှမ်းကြီးတခွင်တွင်တော့ အရိုးစုများနှင့်ပြည့်နှက်နေလေသည်။ အရိုးခေါင်းခွံများ၊ အရိုးဖြူဖြူများနှင့် နံရိုးချွန်ချွန်များမှာ မြေပေါ်တွင်ပြန့်ကျဲနေသည်။

မယ်တော်က သစ်လုံးကြီးတစ်ခု၏ထိပ်တွင် မတ်တပ်ရပ်လိုက်ပြီး

“မယ်ပျင်း၊ ဒီနေရာက မင်းရဲ့အပြစ်တွေအတွက် ပြန်လည်ပေးဆပ်ရမယ့်နေရာပဲ၊ အရင်ကတော့ အပြစ်ကြီးကြီးကျူးလွန်ထားကြတဲ့ ရာဇဝတ်သားတွေကို ပြစ်ဒဏ်ပေးစီရင်တဲ့နေရာပဲ၊ မင်း ဒီနေရာကနေ လွတ်မယ့်လမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကတော့ ဟောဒီသားရဲတွင်းကြီးထဲက သားရဲကောင်ကြီးရဲ့သတ်ဖြတ်တာကို ခံရပြီးတော့ သေသွားတာပဲ၊ နောက်တစ်လမ်းကတော့ သားရဲကောင်ကြီးကို သေအောင်သတ်ပြီးတော့ မင်းရဲ့ဖြူစင်မှုကို သက်သေပြတဲ့နည်းလမ်းပဲ”

မယ်ပျင်းက မယ်တော်ကိုမော့ကြည့်ပြီး

“ကျုပ်ဖြူစင်တယ်မယ်တော်၊ ကျုပ် အဲဒီကျမ်းစာကို မခိုးယူခဲ့ဘူး၊ ဒါက ကျုပ်သက်သက်ချောက်ချခံရတာ”

မယ်တော်က လက်နှစ်ဖက်ကိုဘေးသို့ဆန့်တန်းလိုက်ပြီး

“ဒါဆိုရင်လည်း ဒီသားရဲကောင်ကြီးကို သတ်ပြီးတော့ မင်းရဲ့ဖြူစင်မှုကို သက်သေပြပေတော့”

မိန်းကလေးများအားလုံးလည်း သစ်လုံးတိုင်များအကြားမှ ချောင်းကြည့်ကြလေသည်။ ထိုအခိုက် မယ်အိုနှင့်် မောင်ပိုမှာ မယ်တော်ထံသို့အပြေးလာခဲ့သည်။

“မယ်တော်ကြီး၊ သေသေချာချာပြန်စဉ်းစားသုံးသပ်ပါအုံး”

“ငါက ဘာကိုသုံးသပ်ရမှာလဲ”

“ဒီကျမ်းကို မယ်ပျင်းကလေးခိုးတယ်ဆိုတာ လုံးဝကိုမဖြစ်နိုင်ပါဘူး မယ်တော်”

“လက်ပူးလက်ကြပ်မိနေတာတောင်မှ မင်းတို့က သူ့ကိုကာကွယ်ပေးနေချင်ရအောင်၊ သူက မင်းတို့ကို ဘာတွေပေးထားလို့လဲ”

“မဟုတ်ပါဘူးမယ်တော်၊ မယ်တော်ရဲ့မှားယွင်းတဲ့ယူဆချက်ကြောင့် အပြစ်မဲ့တဲ့ကလေးတစ်ယောက် အသက်ဆုံးသွားမှာကိုစိုးရိမ်လို့ပါ”

“ပြောစမ်းပါအုံး၊ မင်းတို့က ဘယ်လိုယူဆထားကြသလဲ”

မယ်အိုက ခေါင်းညိတ်လိုက်ပြီး

“တစ်အချက်ကတော့ မယ်ပျင်းကလေးဟာ ကဝေကြီးတွေဆီက ပညာတွေတတ်လာခဲ့တယ်ဆိုပေမယ့် သေသေချာချာစနစ်တကျသင်ထားတာမဟုတ်တာရယ်၊ ပြီးတော့ ဒီနန်းဆောင်ကြီးရဲ့အကြောင်းတွေကို မသိသေးတာရယ်ကြောင့် သူပညာဘယ်လောက်စွမ်းစွမ်း ရွှေနန်းဆောင်တံခါးကို ခိုးဖွင့်နိုင်မှာမဟုတ်ပါဘူး”

“ဒါပဲလား”

မယ်အိုက လက်နှစ်ချောင်းထောင်လိုက်ပြီး

“နောက်တစ်ချက်ကတော့ မယ်ပျင်းကလေးက နန်းဆောင်ထဲကိုခိုးဝင်လို့ရတယ်ဆိုရင်တောင်မှ ဒိဗ္ဗကျမ်းထားတဲ့နေရာကို သိနိုင်ဖို့မလွယ်ပါဘူး၊ မယ်တော်ရဲ့ရွှေနန်းဆောင်ထဲမှာ တခြားအဖိုးတန်ထူးဆန်းတဲ့ပစ္စည်းတွေ အများကြီးရှိနေရဲ့သားနဲ့ ဘာဖြစ်လို့ စာတိုက်ပုံးထဲသေချာသိမ်းထားတဲ့ ဒိဗ္ဗကျမ်းကိုမှ လိုချင်ရတာလဲ၊ အဲဒါ ထူးဆန်းမနေဘူးလား”

“ဒိဗ္ဗကျမ်းဆိုတာ နတ်တို့ရဲ့တန်ခိုးအစွမ်းတွေကို ဖန်တီးရရှိနိုင်တဲ့ ကျမ်းကြီးတစ်ခုပဲလေ၊ သူက အဲဒါကိုစိတ်ဝင်စားလို့ဖြစ်မှာပေါ့”

“စိတ်ဝင်စားတယ်ပဲထားပါအုံးမယ်တော်ရယ်၊ မယ်ပျင်းက စာတစ်လုံးမှ ဖတ်မတတ်တာ၊ ဒီကျမ်းကြီးကို သူရတော့လည်း ဘယ်လိုလုပ်ပြီးတော့ လေ့လာလို့ရမှာလဲမယ်တော်ရဲ့”

မယ်တော်မှာ အတန်ကြာအောင်စဉ်းစားနေလေသည်။

“ဒါကြောင့် မယ်ပျင်းကလေးကိုအပြစ်ပေးမယ့်အရေး ပြန်ပြီးစဉ်းစားသင့်ပါတယ် မယ်တော်”

“ငါ့ကို မင်းတို့အကြံလာပေးစရာမလိုဘူး”

မယ်အိုနှင့်မောင်ပိုမှာ အံ့သြသွားကြသည်။

“ဘာလုပ်ရမယ်ဆိုတာကို ငါသိပြီးသား၊ မင်းတို့က ငါ့ရဲ့အစေအပါးတွေပဲ၊ ငါ့ကိုဘယ်လိုလုပ်ပါ ဘယ်လိုကိုင်ပါဆိုပြီးတော့ အကြံပေးစရာမလိုဘူး၊ ကိုယ့်နေရာ ကိုယ်သိကြဟဲ့”

မယ်တော်အော်ငေါက်လိုက်သဖြင့် မယ်အိုနှင့်မောင်ပိုမှာ မျက်နှာငယ်ကလေးများကိုယ်စီနှင့် အနောက်ဆုတ်သွားကြလေသည်။ မယ်တော်က လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး

“ကဲ သားရဲကောင်ကြီးကို ခေါ်ထုတ်လာခဲ့ကြတော့ဟေ့”

မယ်တော်အော်ဟစ်ပြီးသည့်အခါ သားရဲတွင်းကြီးတစ်ဖက်ခြမ်းရှိ လှိုဏ်ဂူကြီးတစ်ခုအတွင်းမှ တဂျိန်းဂျိန်းနှင့်အသံများကိုကြားရသည်။ မယ်ပျင်းက လှိုဏ်ဂူကြီးအတွင်းသို့ အသေအချာစူးစိုက်ကြည့်နေလေရာ အစိမ်းရောင်မီးလုံးကြီးတစ်လုံးက ထွန်းလင်းလျှက် တဖြည်းဖြည်းနီးကပ်လာလေသည်။ အနားသို့ရောက်သည့်အခါ အစိမ်းရောင်မီးလုံးကြီးမှာ တစ်လုံးမှ နှစ်လုံး၊ နှစ်လုံးမှသုံးလုံးအဖြစ် တဖြည်းဖြည်းများပြားလာပြီး အစိမ်းရောင်မီးလုံးအမြောက်အများဖြစ်ပေါ်သွားသည်။

တော်လဲသံကဲ့သို့ အသံကြီးနှင့်အတူ မြေပြင်များတုန်လှုပ်လာကာ လှိုဏ်ခေါင်းအတွင်းမှ သားရဲကောင်ကြီးက တိုးထွက်လာလေသည်။ သားရဲကောင်ကြီးတွင် မျက်လုံးပေါင်းဆယ့်ခြောက်လုံးရှိကာ တောဝက်ကဲ့သို့ကြီးမားသည့် ခန္ဓာကိုယ်ကြီးရှိသည်။ ခြေလက်နှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို သင်းခွေချပ်၏ အကြေးခွံကဲ့သို့ ကြေးဝါရောင် ဝင်းလက်ပြောင်နေသည့် အကြေးခွံကြီးများက ဖုံးအုပ်ထားကာ ကျောကုန်းပေါ်တွင်လည်း ဖြူဆူးကဲ့သို့ ကြီးမားလှသည့် ဆူးချွန်ကြီးများက ပြည့်နှက်နေလေသည်။ အမြီးကြီးမှာ မြွေတစ်ကောင်၏ကိုယ်လုံးကဲ့သို့ရှည်လျားကာ အဆူးများဖြင့်ပြည့်နှက်နေသည်။ အမြီးထိပ်တွင်တော့ ကျောက်တုံးကြီးတစ်တုံးအရွယ်ရှိသည့် အဆူးလုံးကြီးတစ်ခုလည်းပါရှိသည်။

မယ်ပျင်းမှာ သားရဲကောင်ကြီးကိုကြည့်ပြီး အလွန်ထိတ်လန့်နေမိသည်။ သားရဲကောင်ကြီးမှာ ပါးစပ်ကြီးကိုဖြဲလိုက်၍ အသံကျယ်ကြီးဖြင့်ဟစ်အော်လိုက်သည့်အခါ မိန်းကလေးများအားလုံး ထိတ်လန့်ကြောက်ရွံ့ကုန်ကြသည်။ သားရဲကောင်ကြီးမှာ မယ်ပျင်းကို အသေအချာစိုက်ကြည့်လိုက်ပြီး မယ်ပျင်းထံသို့ တဟုန်ထိုးပြေးဝင်လာလေသည်။

မယ်ပျင်းကလည်း လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်ကာ ခြေထောက်ကိုနှစ်ဖက်ခွဲရပ်လိုက်ရင်း အသင့်အနေအထားပြင်ဆင်လိုက်လေသည်။

“လာစမ်းပါ၊ မင်းကိုသတ်ပြီးတော့ ငါ့ရဲ့ဖြူစင်မှုကို သက်သေပြရမယ်”

သားရဲကောင်ကြီးမှာ ပြေးဝင်လာပြီး မယ်ပျင်းအား အစွယ်ကြီးဖြင့်ထိုးကော်ထည့်လိုက်သည်။ သားရဲကောင်ကြီး၏ ပါးစပ်နှစ်ဖက်တွင် တောဝက်အစွယ်ကဲ့သို့ အစွယ်ကြီးခြောက်ချောင်းပါရှိသည်။ မယ်ပျင်းက အနောက်သို့ခြေသုံးလှမ်းခန့်ဆုတ်ရှောင်လိုက်သည့်အခါ သားရဲကောင်ကြီး၏အစွယ်များက မယ်ပျင်းမျက်နှာအနီးမှ ဝှီးခနဲဖြတ်သန်းသွားလေသည်။

မယ်ပျင်းက အချိန်ဆွဲမနေတော့ဘဲ သားရဲကောင်ကြီး၏ လက်ပြင်အား စက်လက်နက်တစ်ခုဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်သည်။ သို့သော် မယ်ပျင်းပစ်လွတ်လိုက်သည့် စက်လက်နက်မှာ သားရဲကောင်ကြီး၏ အကြေးခွံကြီးအားထိမှန်ပြီးနောက် ပြန်ကန်ထွက်လာကာ မြေပေါ်သို့ကျဆင်းသွားသည်။

သားရဲကောင်ကြီးမှာ အစွယ်နှင့်ထိုးချက်လွတ်သွားသဖြင့် မယ်ပျင်းအား အဆူးချွန်များအပြည့်ရှိသည့် သူ၏ခန္ဓာကိုယ်ကြီးနှင့် ပြေးတိုက်ပြန်သည်။ မယ်ပျင်းက မိုးပေါ်သို့အမြန်ခုန်တက်လိုက်ကာ သားရဲကောင်ကြီး၏ ကျောကုန်းမှဆူးချွန်ကြီးတစ်ချောင်းကို လက်နှင့်ဖက်ကိုင်ထားရသည်။ သားရဲကောင်ကြီးမှာ မယ်ပျင်းကျောကုန်းပေါ်တွင်ရှိသည်ကို သိလိုက်သဖြင့် မြေတွင်လှိမ့်ချလိုက်ကာ မြေကြီးနှင့်ပွတ်သပ်လေသည်။ မယ်ပျင်းမှာ အဆူးချွန်ကိုအမြန်လွှတ်ချလျှက် မြေပေါ်သို့ဆင်းပြေးလိုက်သည့်အတွက် သီသီကလေးလွတ်သွားတော့သည်။ အကယ်၍ သားရဲကောင်ကြီး၏ ကိုယ်လုံးနှင့်ပွတ်သပ်မိပါက တစ်ကိုယ်လုံးစိစိညက်ညက်ကျေသွားနိုင်ပေသည်။

တစ်ဖန် သားရဲကောင်ကြီးမှာ အမြီးရှည်ကြီးကိုလေတွင် လွှဲယမ်းလိုက်ပြီး အမြီးထိပ်မှ ဆူးလုံးကြီးနှင့် မယ်ပျင်းအား လွှဲကာရိုက်နှက်သည်။ ဆူးလုံးကြီးမှာ အရှိန်ပြင်းထန်လှသလို လျှင်လည်းလျှင်မြန်လှသည်ဖြစ်ရာ မယ်ပျင်းတစ်ယောက် ဗိုလ်ကျော်စွာထံမှ သင်ကြားထားသည့် ကိုယ်ခံအရှောင်အတိမ်းပညာရပ်များထုတ်သုံးကာ ရှောင်ရှားနေရခြင်းဖြစ်သည်။

တွင်းကြီးအပေါ်မှ မယ်တော်အပါအဝင် ကြည့်ရှုနေသူများမှာ မယ်ပျင်းနှင့်သားရဲကောင်ကြီးတို့၏ တိုက်ပွဲကိုရင်သပ်ရှုမောစွာနှင့် ကြည့်နေကြသည်။ ရှင်ဦးက ကလေးချီလျှက်ကြည့်နေရင်း

“ဒီကလေးမ တော်တော်အစွမ်းထက်တာပဲ၊ ငါမကူရင် လွယ်လွယ်နဲ့ဇာတ်သိမ်းမှာ မဟုတ်လောက်ဘူး”

ရှင်ဦးက စိတ်ထဲမှရေရွတ်လိုက်ပြီးသည့်နောက် မြေပြင်ပေါ်သို့ တံတွေးတစ်ချက်ထွေးချလိုက်သည်။ ပြီးသည့်အခါ နှုတ်မှ တတွတ်တွတ်နှင့် မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်လေရာ တံတွေးများမှာ မြေပြင်ပေါ်တွင် မြွေတစ်ကောင်ကဲ့သို့ လျှောတိုက်သွားလာနေသည်။

မယ်ပျင်းက အခွင့်သင့်သည့်အချိန်တိုင်း သားရဲကောင်ကြီးကို စက်လက်နက်များဖြင့်ပစ်ခတ်သော်လည်း သားရဲကောင်ကြီး၏ အကြေးခွံများကို ဖောက်ထွင်းနိုင်ခြင်းမရှိဘဲ ပြန်ကန်ထွက်၍သာနေသည်။ မယ်တော်အနီးတွင် ကြည့်ရှုနေသည့် မောင်ပိုက အားမလိုအားမရဖြစ်ကာ

“မယ်ပျင်း၊ သားရဲကောင်ကြီးရဲ့အပြင်ဘက်ကို စက်လက်နက်နဲ့တိုက်ခိုက်လို့မရနိုင်ဘူး”

မောင်ပိုက အသားကုန်ကျုံးအော်ထည့်လိုက်သည့်အတွက် မယ်တော်က မောင်ပိုကိုလှည့်ကြည့်သည်။ မောင်ပိုက ပုခုံးတွန့်ပြပြီး

“သားရဲတွင်းထဲကလူကို လှမ်းမအော်ရဘူးဆိုတဲ့ စည်းကမ်းမရှိဘူးလေမယ်တော်ရဲ့”

မယ်တော်မှာ ဘာမှမပြောတော့ဘဲ မယ်ပျင်းကိုသာဆက်လက်ကြည့်ရှုနေသည်။ သားရဲကောင်ကြီးက တွင်းကြီးအတွင်းလှည့်ပတ်ပြေးလွှားနေပြီး တစ်နေရာအရောက်တွင် ရပ်တန့်လိုက်ကာ မယ်ပျင်းအားစူးစိုက်ကြည့်လျှက် တစ်ဟုန်ထိုးပြေးလာပြန်သည်။ မယ်ပျင်းက ပြေးလွှားရှောင်ရှားရန်ပြင်ဆင်လိုက်သည့်အခါ သူ့ခြေဖဝါးနှစ်ဖက်တွင် ညောင်စေးကဲ့သို့ စေးကပ်သည့်အရာများကပ်နေပြီး ခြေထောက်ကြွ၍ပင်မရတော့ပေ။ မယ်ပျင်းတစ်ယောက် အလွန်တုန်လှုပ်သွားမိသည်။

“မယ်ပျင်းရေ၊ ပြေးဟ၊ ပြေးဟ”

“ဟုတ်တယ်မယ်ပျင်းရေ၊ ရှောင်ဟ ရှောင်လိုက်စမ်းပါ”

အများက အော်ဟစ်ပြောဆိုကြသော်လည်း မယ်ပျင်းမှာခြေထောက်များလှုပ်မရတော့ဘဲဖြစ်နေသည်။ ထိုသို့ဖြစ်ရသည့်အကြောင်းမှာ ယောကတော်ရှင်ဦး ထွေးချလိုက်သည့်တံတွေးများအစွမ်းဖြစ်သည်။ လှုပ်ရှားမရတော့သည့် မယ်ပျင်းထံသို့ သားရဲကောင်ကြီးမှာ တစ်ဟုန်ထိုးပြေးဝင်လာပြီး မယ်ပျင်းအားအစွယ်ကြီးနှင့်ထိုးချလိုက်သည်။

ဝုန်းခနဲအသံကြီးတစ်ခုကြားလိုက်ရပြီး ပြင်းထန်သည့်လေပွေလှိုင်းတစ်ခုကထွက်လာကာ ပတ်ဝန်းကျင်အနှံ့ဖြန့်ကျက်သွားသည်။ ကြည့်ရှုနေသူများပင် လေဟပ်ပြီးအဝတ်အစားများ လွင့်မြောကုန်ကြသည်။ မယ်ပျင်းက သူ့ထံတစ်ရှိန်ထိုးပြေးလာသည့် သားရဲကောင်ကြီး၏ အစွယ်အား လက်နှစ်ဖက်ဖြင့်ဖမ်းချုပ်ထားကာ အားကုန်တွန်းထုတ်နေလေသည်။ သားရဲကောင်ကြီးမှာလည်း အံသွားကြီးများကိုကြိတ်ကာ ခြေကိုအရှေ့သို့တိုးလှမ်းပြန်သည်။ မယ်ပျင်းက အစွယ်ကိုပြန်ပြီးလက်နှစ်ဖက်နှင့် တွန်းနေသည်။ ကြီးမားသည့် သားရဲကောင်ကြီးူနှင့် သေးငယ်လှသည့် မယ်ပျင်းတို့မှာ ခွန်အားချင်း ပြိုင်ဆိုင်နေကြခြင်းဖြစ်သည်။

“လုပ်စမ်းပါ မယ်ပျင်း၊ လုပ်လိုက်စမ်းပါ”

ကြည့်ရှုနေသည့် မယ်တော်ပင်လျှင် မယ်ပျင်းကို အားမလိုအားမရဖြစ်ကာ ရေရွတ်နေမိသည်။ မယ်ပျင်းက အားကုန်ထုတ်သုံးလိုက်ပြီး အသံကျယ်ကြီးနှင့်ဟစ်အော်လိုက်ကာ သားရဲကောင်ကြီး၏အစွယ်ကို လက်နှစ်ဖက်နှင့်ချိုးချထည့်လိုက်သည်။ သားရဲကောင်ကြီးမှာ အစွယ်အရင်းမှကျိုးထွက်သွားသဖြင့် အလွန်နာကျင်စွာဟစ်အော်လျှက် မြေပေါ်သို့လဲကျသွားသည်။ ရှင်ဦးမှာ အလွန်အံ့အားသင့်လျှက် မန္တန်ဆက်မရွတ်ဖတ်နိုင်တော့သဖြင့် မယ်ပျင်း၏ခြေထောက်များမှာ ပြန်လည်လှုပ်ရှား၍ ရသွားလေသည်။ မယ်ပျင်းက သူ့ကိုယ်တစ်ပိုင်းနီးပါး ရှည်လျားလှသည့် အစွယ်ကြီးကို ကိုင်မြှောက်ကာ မယ်တော်ဘက်သို့လှည့်လိုက်လေသည်။

“ဟေး မယ်ပျင်းကွ”

ကြည့်ရှုနေသည့် မိန်းကလေးများက လက်ခုပ်လက်ဝါးတီး၍ အားပေးကြသည်မှာ မိုးလုံးညံမျှ ဖြစ်နေလေသည်။ မယ်ပျင်းမှာလည်း အောင်နိုင်သူအပြုံးနှင့်ပြုံးလျှက် မယ်တော်ကိုကြည့်နေသည်။ မယ်တော်ကလည်း မယ်ပျင်းကို အလွန်ကျေနပ်အားရသည့်အပြုံးနှင့်ပြုံးကာ ပြန်လည်ကြည့်ရှုနေမိသည်။

“မယ်ပျင်း သတိထား”

မောင်ပိုက အထိတ်တလန့်ဖြင့်ထအော်လိုက်သည်။ မယ်ပျင်းအနောက်တွင်လဲကျနေသည့် သားရဲကောင်ကြီးက သူ၏ပါးစပ်ကြီးကိုဖြဲလိုက်ကာ မယ်ပျင်းအား ကိုက်ချလိုက်သည်။ သားရဲကောင်ကြီးကို နောက်ပြန်ကျောပေးနေသည့် မယ်ပျင်းမှာ အနောက်သို့လှည့်ကြည့်လိုက်မိစဉ်မှာပင် သားရဲကောင်ကြီး၏ ပါးစပ်က မယ်ပျင်းတစ်ကိုယ်လုံးအား ကိုက်ဖြတ်လျှက် ဝါးမြိုချလိုက်တော့သည်။

အားပေးနေကြသူများ၏ အသံများမှာ တိတ်ဆိတ်သွားကြသည်။ သားရဲကောင်ကြီးက မယ်ပျင်းကို ကိုက်ဝါးပြီးသည့်အခါ အောင်ပွဲခံသည့်အနေဖြင့် သားရဲတွင်းကြီးအတွင်း ပတ်ပြေးနေလေသည်။ မောင်ပိုမှာ ငိုင်ကျသွားကာ

“သွားပြီ၊ မယ်ပျင်းသေရှာပြီ”

ဟုရေရွတ်လျှက် ခြေပစ်လက်ပစ်လဲကျသွားသည်။ မယ်တော်မှာလည်း နားထင်ကိုလက်တစ်ဖက်နှင့်ထောက်လိုက်ရင်း အလွန်စိတ်ပျက်သွားသည့်ဟန်ဖြင့် မှိုင်ကျသွားသည်။

“သွားပြီ၊ မယ်ပျင်းကို ငါစမ်းသပ်လိုက်တာ များသွားပြီထင်တယ်”

မိန်းကလေးများအားလုံးလည်း မယ်ပျင်းအစား စိတ်မကောင်းဖြစ်နေမိသည်။ ထိုစဉ် တွင်းထဲပတ်ပြေးနေသည့် သားရဲကောင်ကြီးမှာ မျက်လုံးပြူးသွားကာ စူးစူးဝါးဝါးအော်ဟစ်လေသည်။ ပြေးရင်းလွှားရင်း ပြေးချက်များနှောင့်နှေးလာပြီး အရှေ့တစ်နေရာအရောက်တွင် မြေပေါ်သို့ဝုန်းခနဲလဲကျသွားသည်။ လဲကျပြီးသည့်အခါ ခြေလက်လေးဘက်ကို မိုးပေါ်သို့ထောင်လိုက်ကာ ခန္ဓာကိုယ်ကြီးမှာ မြေပြင်တွင်လူးလိမ့်နေပြန်သည်။ ကြည့်ရှုနေသူများအားလုံးမှာ အထူးအဆန်းဖြစ်နေမိသည်။

“သားရဲကောင်ကြီး ဘာဖြစ်နေတာလဲ”

“မယ်ပျင်းကိုစားလိုက်ရလို့ ပျော်နေတာဖြစ်မယ်”

အမျိုးမျိုးမှတ်ချက်ပေးနေကြသည့်အချိန်မှာပင် သားရဲကောင်ကြီး၏ ဝမ်းဗိုက်သားမှာ တဖြည်းဖြည်းစူထွက်လာပြီး ပူဖောင်းကြီးတစ်လုံးကဲ့သို့ တဖြည်းဖြည်းကြီးထွားလာလေသည်။ ဗိုက်သားကြီးမှာ ငါးပူတင်းကြီးသဖွယ် ဖောင်းကားလာပြီးသည့်နောက် ဝုန်းခနဲပေါက်ကွဲထွက်သွားသည်။ သားရဲကောင်ကြီး၏ ဝမ်းတွင်းကလီစာများနှင့် အသားများ၊ အသွေးများမှာ ပြင်းထန်သောအရှိန်ဖြင့် မိုးပေါ်သို့ပျံတက်ကုန်သည်။ ပေါက်ထွက်သွားသည့် ဗိုက်ကြီး၏အလယ်တွင်တော့ မယ်ပျင်းက သွေးအလိမ်းလိမ်းပေကျံလျှက် မတ်တပ်ရပ်နေလေသည်။

“ဟာ၊ သားရဲကောင်ကြီးသေပြီ၊ သားရဲကောင်ကြီးကို မယ်ပျင်းသတ်လိုက်ပြီဟေ့”

မောင်ပိုက လက်ခုပ်လက်ဝါးတီးကာ အားရပါးရအော်ဟစ်လိုက်သည်။ ထိုတော့မှ ကြည့်ရှုနေသူအပေါင်းက အော်ဟစ်အားပေးကြလေသည်။ မယ်ပျင်းက မယ်တော်အားတစ်ချက်စိုက်ကြည့်လိုက်သည့်အခါ မယ်တော်က အလွန်ကျေနပ်စွာပြုံးလျှက် လက်ခုပ်တီးနေသည်ကိုတွေ့လိုက်ရသည်။ သားရဲကောင်ကြီးဝမ်းဗိုက်မှ အသွေးအသားအပိုင်းအစများမှာ မိုးရွာသကဲ့သို့ ရွာသွန်းနေတော့သည်။

မယ်တော်မှာ မတ်တပ်ရပ်လိုက်ရင်း

“အောင်ပြီမယ်ပျင်း၊ မင်းအောင်မြင်သွားခဲ့ပြီ၊ မင်းရဲအပြစ်တွေအကုန်လုံးကို မင်းကဆေးကြောသန့်စင်နိုင်ခဲ့ပြီ”

မယ်တော်မှာ အားတက်သရောပြောဆိုလိုက်သော်လည်း ရှင်ဦးမှာ လုံးဝမကျေနပ်ပေ။

“ရှင်ထူး၊ နင်သူ့ကိုဒီလောက်နဲ့ လွတ်ပေးလိုက်လို့မရဘူး၊ သူဟာ ဒိဗ္ဗကျမ်းကို ခိုးယူထားတဲ့သူပဲ”

မယ်တော်က ယောကတော်ကိုကြည့်လိုက်ကာ

“ဒီမှာအမတော်၊ ဒိဗ္ဗကျမ်းပျောက်သွားတာ ဘယ်သူ့လက်ချက်လဲဆိုတာကို ကျုပ်မသိဘူးလို့ထင်နေတာလား”

ရှင်ဦးမှာ အလွန်အံ့သြသွားသည်။

“ဒါ . . . ဒါဆို”

“ဟုတ်တယ်၊ ဒိဗ္ဗကျမ်းကို အမတော်ယူသွားတယ်ဆိုတာ ကျုပ်သိပြီးသား၊ ပြီးတော့ ဒေဝီကိုခိုင်းစေပြီး မိပိန်တုန်းကလိုမျိုး လုပ်ခိုင်းခဲ့တာကိုလည်း ကျုပ်မသိဘူးထင်နေသလား”

“ဟင် ဒါဆိုနင်ကအကုန်သိနေတာပေါ့၊ အကုန်သိနေတာတောင် နင်က ဘာမှမပြောဘူးလား”

“အမတော်တို့အကြံအစည်ကို အကုန်သိပြီးသားပါ၊ ဒါပေမယ့် ကျုပ်မယ်ပျင်းကို စမ်းသပ်တဲ့အနေနဲ့ လွှွတ်ထားပေးတာပဲ၊ အခု ဒိဗ္ဗကျမ်းကို မယ်ပျင်းမခိုးဘူးဆိုတာသိပေမယ့် မယ်ပျင်းက သားရဲကောင်ကြီးကို သတ်ဖြတ်နိုင်ပါ့မလားဆိုတာကို အရည်အချင်းစစ်ချင်တဲ့အနေနဲ့ တမင်မသိချင်ယောင်ဆောင်ပေးခဲ့တာပဲအမတော်”

ရှင်ဦးမှာ ဘာမှမပြောသာတော့ပေ။

“ဒါကြောင့် အမတော် ဒီထပ်ထက်ပြီး ရှေ့ဆက်မတိုးပါနဲ့တော့၊ ပြီးတော့ ကဝေသာရဘိုးဘိုးကြီးကိုလည်း ပြောလိုက်စမ်းပါ၊ ကျုပ်ရဲ့အကြံအစည်တွေက တဖြည်းဖြည်းနဲ့အောင်မြင်လာနေပြီ၊ ကျုပ်နဲ့မယ်ပျင်းကို ဘယ်သူကမှ တားဆီးလို့မရနိုင်ဘူးဆိုတာ ဘိုးဘိုးကြီးသိအောင် ပြောပြလိုက်စမ်းပါ”

ရှင်ဦးမှာ တောက်တစ်ချက်ခေါက်ပြီး ထိုနေရာမှထွက်သွားလေသည်။ မောင်ပိုမှာ သားရဲတွင်းထဲသို့ပြေးဆင်းသွားပြီး မယ်ပျင်းအား လည်ကုတ်ပေါ်တင်ထမ်းကာ ထွက်လာခဲ့သည်၊ ငွေနန်းဆောင်မှ မိန်းကလေးများလည်း သားရဲကောင်ကြီးကိုသတ်ဖြတ်နိုင်ခဲ့သည့်မယ်ပျင်းအား သူရဲကောင်းတစ်ဦးသဖွယ် ချီးကျူးမြှောက်စားကြလေသည်။

စမ်းချောင်းတစ်နေရာအရောက်တွင် မယ်အိုက လက်ဖဝါးကိုဖြန့်လိုက်လေရာ လက်ဖဝါးအလယ်မှ အလွန်မွှေးကြိုင်သောရနံ့ရှိသည့် ရေများပန်းထွက်လာကာ မယ်ပျင်းအားဆေးကြောပေးလေသည်။ မယ်ပျင်းကိုယ်တွင်ပေကျံနေသည့် ညှီစော်နံနေသည့် သားရဲကောင်၏ သွေးစက်များမှာ တစ်ခဏအတွင်း သန့်စင်သွားလေသည်။ မောင်ပိုက အနားသို့ကပ်လာပြီး

“ဒါနဲ့မယ်ပျင်း၊ မင်းက ဘယ်လိုလုပ်ပြီးတော့ သားရဲကောင်ကြီးကိုသတ်ဖြတ်နိုင်ခဲ့တာလဲ”

“ဦးလေးအော်တာကြားလိုက်လို့လေ”

“ဘယ်လို ငါအော်တာ ကြားလိုက်လို့တဲ့လား”

“ဦးလေးပဲအော်တယ်လေ၊ သားရဲကောင်ကြီးကို အပြင်ဘက်ကနေ ထိခိုက်အောင်လုပ်လို့မရဘူးလို့ ပြောတယ်မဟုတ်လား၊ အဲဒီမှာ သမီးလည်းအကြံရသွားပြီးတော့ ဒီအကောင်ကြီးဝါးမြိုတာခံလိုက်ရတဲ့အချိန် သူ့ကိုယ်ထဲဝင်ပြီး ဖောက်ခွဲတိုက်ခိုက်လိုက်တာပဲ”

“သိပ်ဉာဏ်ကောင်းလိုက်တဲ့ကလေးပါလား”

မယ်ပျင်းအား ပြန်လည်ခေါ်ဆောင်လာကြသည့်အခါ မယ်တော်က မိန်းကလေးများကိုစုဝေးစေပြီး

“ကဲ အခုအချိန်ကစပြီး ငါတစ်ခုကြေငြာမယ်၊ အခုအချိန်ကစပြီးတော့ မယ်ပျင်းကို ဒီမိန်းကလေးတွေထဲမှာအမြင့်ဆုံးဖြစ်တဲ့ ဒေဝီရာထူးကိုအပ်နှင်းမယ်၊ ဘယ်သူကန့်ကွက်ချင်ကြသလဲ”

မည်သူမှ ကန့်ကွက်မည့်သူမရှိသည့်အပြင် အားလုံးကလည်း ထောက်ခံနေကြသည်မို့ မယ်တော်၏စကားမှာအတည်ဖြစ်သွားလေတော့သည်။ မယ်တော်က ရွှေသားဖြင့်ပြုလုပ်ထားသည့် ခြုံပုဝါတစ်ခုကို မယ်ပျင်းအားလွှမ်းခြုံပေးလိုက်သည်။

“ကဲ မယ်ပျင်း၊ ဒီနေ့ကစပြီး မင်းဟာ ငွေရောင်နန်းဆောင်ကြီးမှာနေစရာမလိုတော့ဘူး၊ ရွှေရောင်နန်းဆောင်ထဲမှာနေပြီးတော့ ငါ့အပါးမှာ အမြဲခစားရမယ်ကွဲ့”

မယ်ပျင်းမှာအံ့သြနေမိသည်။

“ဒါနဲ့ မေမေကြီး၊ အရင်တုန်းကပြောတော့ ရွှေရောင်နန်းဆောင်ထဲကို ကျုပ်တို့တွေဝင်ခွင့်မရှိဘူးဆို”

“ဟုတ်တယ် သူများတွေဝင်ခွင့်မရှိပေမယ့် အခုငါ့ဆီကနေ ရွှေခြုံထည်ရသွားတဲ့မင်းကတော့ ဝင်ခွင့်ရှိတယ်မယ်ပျင်း၊ ရွှေရောင်နန်းဆောင်ထဲကို တံခါးမရှိ ဓါးမရှိဝင်နိုင်ထွက်နိုင်ပြီ”

မယ်ပျင်းမှာ ကလေးပီပီပျော်ရွှင်သွားမိသည်။

“ဒါနဲ့ နန်းဆောင်ထဲဝင်လို့ပဲရတာနော်၊ မဟုတ်တဲ့ပစ္စည်းတွေကို လိုက်ပြီးမကိုင်တွယ်ရဘူးနော်”

မယ်ပျင်းမှာခေါင်းညိတ်လိုက်တော့သည်။

(၃)

ရွှေရောင်နန်းဆောင်ကြီးမှာ ငွေရောင်နန်းဆောင်ထက်စာလျှင် ဆယ်ဆခန့်ပိုမိုလှပသည်။ ထိုနန်းဆောင်၏ လက်ဝဲဘက်တွင် အခန်းများကန့်ထားကာ မယ်တော်ထံသို့ လာရောက်လည်ပတ်ကြသည့် ဧည့်သည်တော်များတည်းခိုသည့်နေရာဖြစ်သည်။ ထိုနေရာတွင် မယ်ပျင်းအတွက် သီးသန့်အခန်းတစ်ခုကိုရရှိလေသည်။ အခန်းအတွင်းတွင်တော့ ရွှေဖြင့်ပြုလုပ်ထားသည့် ညောင်စောင်းတစ်ခုရှိကာ ယခင်ကလို ငွေသင်ဖြူးဖျာများမဟုတ်ဘဲ ခန်းဝင်အိပ်ရာ ကတ္တီပါများဖြင့် ပြင်ဆင်ထားသည်ကိုတွေ့ရသည်။

ညောင်စောင်းကြီးအပေါ်သို့ဖင်ထိုင်ချလိုက်သည့်အချိန်တွင် ညောင်စောင်းပေါ်တွင်ခင်းထားသည့် ကတ္တီပါအိပ်ရာခင်းကြီးအတွင်းသို့ နစ်ဝင်သွားသည်။ ကတ္တီပါအခင်းကြီးမှာ တိမ်စိုင်များကဲ့သို့ နူးညံ့လှကာ ရေမျက်နှာပြင်သဖွယ်ပျော့ပျောင်းပြီး အိစက်ညက်ညောနေသည်။ မယ်ပျင်းမှာ အိပ်ရာခင်းကိုသဘောကျပြီး ခုန်ပေါက်လိုက်၊ ရေတွင်ကူးသကဲ့သို့ လူးလိမ့်ကူးခတ်လိုက်နှင့် အပျော်ကြီးပျော်နေမိသည်။

ညရောက်သည့်အခါ ယောကတော်ရှင်ဦးမှာ ကောက်ကျစ်သည့်အကြံတစ်ခုကို ရသွားသည်။ သို့နှင့် သားဖြစ်သူကိုချီပွေ့ရင်း မျက်နှာကို အသေအချာကြည့်ကာ

“သားလေး၊ သားလေးရဲ့အစွမ်းတွေကိုပြသဖို့အချိန်ရောက်ပြီကွဲ့”

ရှင်ဦးက ပြောဆိုပြီးသည့်အခါ သားဖြစ်သူကို ရွေပုခက်အတွင်းသို့ထည့်လိုက်ပြီး ရွှေရောင်နန်းဆောင်ကြီးကိုတစ်ချက်အကဲခတ်ကြည့်လိုက်သည်။

“ဒီလိုညနေအချိန်ဆိုရင် ရှင်ထူးက ယောတစ်ခွင်တစ်ပတ်ကို နဂါးနဲ့လှည့်ပြီးကြည့်ရှုနေတဲ့အချိန်ပဲ၊ ဒီအချိန်ဟာ မယ်ပျင်းကိုရှင်းလင်းဖို့အတွက် အချိန်ကောင်းပဲ”

ရှင်ဦးက ပြောဆိုပြီးသည့်နောက် သားငယ်ကိုထားခဲ့ကာ ရေအိမ်ဆီသို့ပြေးလာခဲ့လေသည်။ ရှင်ဦး၏ သားကလေးမှာ မိခင်နှင့်အတန်ကြာခွဲခွာရသဖြင့် အသံကုန်ဟစ်ကာ ငိုကြွေးနေလေသည်။ ထိုအချိန် တစ်ဖက်အခန်းရှိ ညောင်စောင်းပေါ်တွင်ဆော့ကစားနေသည့် မယ်ပျင်းက ကြားသိသွားကာ ခေါင်းထောင်ကြည့်လိုက်သည်။

“အလို ကလေးငိုနေပါလား”

ကလေးမှာ စူးစူးဝါးဝါးအော်ဟစ်ငိုကြွေးနေသဖြင့် မယ်ပျင်းက အခန်းထဲမှထွက်လာကာ ရှင်ဦးနေထိုင်သည့်အခန်းထဲပြေးဝင်ခဲ့သည်။ ရွှေပုခက်ပေါ်တွင် တစ်နှစ်ခွဲအရွယ်ခန့် ကောင်လေးမှာ ငိုကြွေးနေသည်။

“ဟောတော်၊ ဒါ ယောကတော်ရဲ့သားလေးပဲဖြစ်မယ်၊ ယောကတော် ဘယ်များသွားလို့ပါလိမ့်”

မယ်ပျင်းမှာကလေးကိုငုံ့ကြည့်ရင်း

“ကောင်လေးရယ်၊ မင်းအမေပြန်လာလိမ့်မယ် မငိုနဲ့တော့နော်”

ကလေးမှာ မယ်ပျင်းမျက်နှာကိုမြင်တွေ့သည့်အခါ ပိုမိုငိုယိုတော့သည်။ မယ်ပျင်းက အမျိုးစုံချော့မြူသော်လည်း ချော့မြူ၍မရသဖြင့် နောက်ဆုံးတော့ ပုခက်ဘေးတွင်ချထားသည့် ပလုပ်တုတ်ကလေးတစ်ခုကိုဆွဲယူကာ တီးခတ်လိုက်လေသည်။ ပလုပ်တုတ်အသံကြားသည့်အခါ ကလေးငယ်မှာ ချက်ချင်းအငိုတိတ်သွားပြီး ပလုပ်တုတ်အား လိုက်လံကြည့်ရှုနေသည်။

“ဟုတ်ပြီကလေးရယ်၊ ကဲ မငိုပါနဲ့ ပလုပ်တုတ်အသံလေးနားထောင်နော်”

ကလေးငယ်မှာ ပလုပ်တုတ်ကိုကြည့်ရင်း မျက်လုံးများနီရဲတက်လာလေသည်။ ပြီးသည့်အခါ မယ်ပျင်းလက်အတွင်းမှ ပလုပ်တုတ် ကိုဆွဲယူလိုက်ပြီး သူ့လက်များနှင့်ကိုယ်တိုင်တီးခတ်နေသည်။ ကလေးငယ်မှာ ပလုပ်တုတ်ကို အဆက်မပြတ်တီးခတ်သောကြောင့် ကြာလာသည့်အခါ မယ်ပျင်းမှာအလွန်နားငြီးလာသည်။ သို့နှင့် ကလေးလက်ထဲမှ ပလုပ်တုတ်ကိုဆွဲလုယူလိုက်သည်။

ကလေးငယ်မှာ မယ်ပျင်းအားကြည့်ကာ ဒေါသထွက်လာသည်။ အံကိုကြိတ်ရင်း တဂျစ်ဂျစ်နှင့်အသံပေးပြီးသည့်နောက် တဖြည်းဖြည်းကြီးထွားလာခဲ့သည်။ ရွှေပုခက်တွင်အိပ်နေရာမှ ပုခက်ကြိုးပြတ်ကျပြီး ကြမ်းပြင်ပေါ်ရောက်လာသည်။ ကြမ်းပြင်ပေါ်တွင် ပုံ့ပုံ့ကြီးထိုင်နေရာမှ ကိုယ်လုံးမှာတဖြည်းဖြည်းပုတ်တောင်းအရွယ်ခန့် ကြီးမားလာသည်။

မယ်ပျင်းကြည့်နေစဉ်မှာပင် ကလေးမျက်လုံးများမှာ အနီရောင်အဖြစ်ပြောင်းလဲသွားပြီး အလင်းတန်းများဖြင့်ပစ်ခတ်လိုက်လေရာ မယ်ပျင်းမှာ ရှောင်ချိန်မရလိုက်ဘဲ အလင်းတန်းများထိမှန်ပြီး လွင့်ထွက်သွားရသည်။ မယ်ပျင်း လွင့်ထွက်သွားသည်ကိုမြင်သည့်အခါ ကလေးလေးက ရယ်မောလေသည်။ မယ်ပျင်းက ကြမ်းပေါ်မှကုန်းထရင်း

“အောင်မယ်၊ ဒီကလေးက ငါထိတာကို သဘောကျနေပါလား”

ကလေးလေးမှာ မယ်ပျင်းအားလက်ဖြင့်ဆောင့်ဆွဲလေသည်။ မယ်ပျင်းက ရုန်းထွက်လိုက်ပြီး အနောက်သို့လှည့်ပြေးသည့်အခါ ကလေးက ပါးစပ်မှလေများကိုစုပ်ယူပြန်သည်။ မယ်ပျင်းမှာအရှေ့သို့ပြေးသော်လည်း အနောက်မှလေဖြင့်အစုပ်ခံနေရသောကြောင့် အရှေ့သို့မရောက်ဘဲ အနောက်သို့တရွတ်တိုက်လျောပါသွားရာ ကလေးလေးက မယ်ပျင်းအား ခါးမှဖမ်းချုပ်ကိုင်လိုက်ပြီး လေးငါးချက်ခန့် လှုပ်ယမ်းလိုက်ကာ မျက်နှာကျက်အပေါ်သို့မြှောက်တင်လိုက်သည်။ မယ်ပျင်းမှာ မျက်နှာကျက်နှင့်တိုက်မိပြီး အောက်သို့ပြုတ်ကျလာသည်ကို ကလေးလေးက ကြည့်ကာ လက်ခုပ်လက်ဝါးတီးလျှက် ရယ်မောနေသည်။

“အား ကျွတ် ကျွတ်၊ ဒီကလေးက သူများကိုလုပ်ရတာကို သိပ်ပျော်နေပုံပဲ၊ အင်း ငါသာပြန်လုပ်လိုက်ရင်တော့ ဒင်းနာပြီးငိုတော့မယ်”

ကလေးမှာ မယ်ပျင်းအား အမျိုးစုံဆော့ကစားနေလေရာ မယ်ပျင်းက လိုက်လံရှောင်ရှားနေရသည်။ မယ်ပျင်းမှာ အခန်းအပြင်သို့ပြေးထွက်၍ အခန်းတံခါးကို ပိတ်ထားလိုက်သည်။ သို့သော်လည်း ကလေးမှာ လမ်းမလျှောက်တတ်လျှောက်တတ်နှင့် လျှောက်လိုက်လာပြီး အခန်းတံခါးအား ခြေထောက်ဖြင့်ဆောင့်ကန်ထည့်လိုက်ရာ အခန်းတံခါးချပ်ကြီးပါလွင့်ထွက်သွားပြီး မယ်ပျင်းပါ တံခါးနှင့်အတူ လွင့်ထွက်သွားရသည်။ မယ်ပျင်းက ကလေးကိုကြည့်လိုက်သည့်အခါ ကလေး၏ကိုယ်လုံးမှာ ဆင်ကြီးတစ်ကောင်၏ ကိုယ်လုံးကဲ့သို့ ကြီးမားနေသည်ကိုတွေ့ရသည်။

ကလေးက မယ်ပျင်းကိုလက်ယပ်ခေါ်ရင်း ဆော့မယ် ဆော့မယ်ဟု မပီမသစကားဖြင့်ပြောဆိုသည်။ မယ်ပျင်းက ခါးထောက်လျှက်

“မဆော့ဘူး၊ နင်က အဆော့ကျမ်းတယ်၊ နင်နဲ့မဆော့ချင်ဘူး”

မယ်ပျင်းပြောလိုက်သည့်အခါ ကလေးမှာဝမ်းနည်းသွားကာ မယ်ပျင်းအားကြည့်လျှက် စူးဝါးသောအသံနှင့်ဟစ်အော်လိုက်လေသည်။ ကလေးပါးစပ်အတွင်းမှလည်း အသံလှိုင်းများထွက်ပေါ်လာကာ မယ်ပျင်းအားတန်းတန်းမတ်မတ်ထိမှန်သည်။ အသံလှိုင်းများမှာ အလွန်ဆိုးဝါးလှသည်မို့ မယ်ပျင်းက နားပိတ်ပြီးအော်ဟစ်နေမိသည်။

“ဟာ တော်တော်နားညီးတဲ့ကလေးပဲ”

မယ်ပျင်းက ဒေါသထွက်သွားပြီး ကလေးမျက်နှာကို စေ့စေ့ကြည့်လိုက်ကာ ကလေးအော်သည်ထက် ပိုမိုကျယ်လောင်စူးရှသည့်အော်သံဖြင့် ပြန်လည်ဟစ်အော်လိုက်လေရာ အော်ငိုနေသည့်ကလေးပင် အငိုတိတ်သွားလေသည်။

“တွေ့လား နင့်လောက်ကတော့ငါလည်းအော်နိုင်တယ်”

ကလေးမှာ လန့်ဖျပ်သွားပြီး အော်ငိုလေသည်။ ထိုတော့မှ တိုင်ကွယ်တစ်ခုတွင် ပုန်းအောင်းနေသည့် ယောကတော်ရှင်ဦးက ပြာပြာသလဲနှင့်ပြေးထွက်လာကာ

“အလို ဟဲ့ မယ်ပျင်း၊ နင်ငါ့သားကိုဘာလုပ်တာလဲ”

မယ်ပျင်းက ရှင်ဦးကိုကြည့်ရင်း

“ဘာမှမလုပ်ပါဘူး၊ ကလေးငိုနေလို့ ထိန်းပေးနေတာပါ”

“ဟဲ့ကောင်မ၊ နင်ဗြောင်လိမ်ဗြောင်စားမလုပ်နဲ့ ငါ့သားကို နင်အနိုင်ကျင့်နေတာကို ငါ့မျက်စိနဲ့တပ်အပ်မြင်တယ်ဟဲ့”

ရှင်ဦးက ပြောပြောဆိုဆိုနှင့် သူဝတ်ထားသည့် အပေါ်ထပ်ရင်စေ့အင်္ကျီမှ ကြယ်သီးကိုဆွဲဖြုတ်လိုက်သည့်အခါ ဖြူဝင်းထွားကျိုင်းသည့် သားမြတ်နှစ်ခုမှာ အတိုင်းသားပေါ်ပေါက်လာသည်။ ထိုသားမြတ်နှစ်မွှာထိပ်မှ စက်လက်နက်များတရစပ်ထွက်ပေါ်လာကာ မယ်ပျင်းအားပစ်ခတ်လေတော့သည်။ မယ်ပျင်းမှာ ပြန်လည်မတိုက်ခိုက်ချင်သောကြောင့် နန်းဆောင်ကြမ်းပြင်တွင် ခုန်ပေါက်ကျွမ်းထိုးကာ ရှောင်ရှားနေရသည်။ ရှင်ဦးပစ်ခတ်လိုက်သည့် စက်လက်နက်များမှာ ကြမ်းပြင်ကိုထိမှန်သည့်အခါ ကြမ်းပြင်တွင် ကျပ်ပြားဝိုင်းခန့် အပေါက်များဖြစ်ပေါ်သွားလေသည်။

“ငါ့သားကို အနိုင်ကျင့်တဲ့ နင့်ကိုအရှင်မထားဘူး၊ သေပေတော့”

ရှင်ဦးမှာ စက်လက်နက်များကို တရစပ်မပစ်ခတ်တော့ဘဲ မိုးပေါ်သို့တစ်ချက်ပြီးတစ်ချက်ပစ်တင်လိုက်သည်။ လေပေါ်ရောက်သည့်အခါ စက်လက်နက်များမှာ ပျားပိတုန်းများကဲ့သို့ အုံလိုက်ကျင်းလိုက် ပျံသန်းလာပြီး မယ်ပျင်းအား လိုက်လံထိမှန်လေသည်။

မယ်ပျင်းရှောင်ရှားနေရင်း တစ်ချီတွင်တော့ ကျွမ်းထိုးရင်း ကလေးငယ်အနီးသို့ရောက်သွားသည်၊ ရှင်ဦး၏ သားကလေးမှာ မယ်ပျင်း၏ခြေကျင်းဝတ်ကို လက်နှင့်ဖမ်းဆုပ်ကိုင်လိုက်ကာ မယ်ပျင်းကိုဇောက်ထိုးဆွဲထားလိုက်သည်။ ရှင်ဦးက ရယ်မောလျက်

“စားပစ်လိုက်သားလေး၊ သားကိုအနိုင်ကျင့်တဲ့ သူ့ကို စားသာစားပစ်လိုက်”

ကလေးငယ်မှာ ပါးစပ်ကြီးဖြဲလျှက် မယ်ပျင်းအား ပါးစပ်အတွင်းသို့ ဆွဲထည့်ရန်ပြင်ဆင်နေသည်။

“ဒါက ဘာတွေလုပ်နေကြတာလဲ”

နန်းဆောင်အတွင်းတစ်နေရာမှ အသံကြား၍ ကြည့်လိုက်သည့်အခါ မယ်တော်က ခါးတစ်ဖက်ထောက်လျှက် မတ်တပ်ရပ်နေသည်ကိုတွေ့ရသည်။ ရှင်ဦးက ထိတ်လန့်သွားပြီး

“ဟင် . . .ညီမရှင်ထူး၊ အခုအချိန်ဆိုရင် ညီမက နဂါးစီးပြိး နယ်တစ်ခွင်လှည့်ပတ်နေရမယ့်အချိန်မဟုတ်လား၊ ဘယ်အချိန်က ပြန်ရောက်လာတာလဲ”

“ဒီနေ့မသွားဖြစ်ဘူး တစ်ရက်နားတယ်”

“ဒါ ဒါဖြင့်ရင်”

“ဒါဖြင့် ကျုပ်မေးပါအုံးမယ်၊ အမတော် ဘာလုပ်နေတာလဲ”

“ဟိုလေ မယ်ပျင်း . . . မယ်ပျင်းက”

“မယ်ပျင်းကိုလွှဲမချပါနဲ့အမတော်၊ အမတော် ဒါဘာလုပ်တာလဲ”

“မယ်ပျင်းက ငါ့သားလေးကိုအနိင်ကျင့်တယ်အေ၊ အဲဒါ ငါက အမေတစ်ယောက်အနေနဲ့မခံမရပ်နိုင်လို့ လုပ်မိတာ အဲဒါဘာဖြစ်လဲ”

“အမတော်၊ ကျုပ်မှာ မျက်စိတွေနားတွေမပါဘူးလို့ အမတော်ထင်နေတာလား”

မယ်တော်ပိတ်ဟောက်လိုက်သည့်အခါမှ ရှင်ဦးမှာ ခေါင်းငုံ့သွားသည်။

“ကျုပ်ခုနက အသံတွေကြားကတည်းက ထွက်ကြည့်နေတာကြာပြီ၊ မယ်ပျင်းက ကလေးကိုလုပ်ဖို့နေနေသာသာ အမတော်ကပဲ မယ်ပျင်းကို စက်လက်နက်တွေနဲ့ပစ်ခတ်လိုက်၊ အမတော်ရဲ့သားက မယ်ပျင်းကို ထုလိုက်နှက်လိုက်နဲ့လုပ်နေတာပဲတွေ့တယ်၊ မယ်ပျင်းက ဒီတစ်ကြိမ်သည်းခံပေလို့ပေါ့ သည်းမခံရင်တော့ အမတော်နဲ့မယ်ပျင်းနဲ့ကြားထဲမှာ သူသေကိုယ်သေ သတ်ပွဲတွေဖြစ်လာမှာအမှန်ပဲ”

ရှင်ဦးဘာမှမပြောနိုင်တော့ပေ၊ ရှင်ဦး၏ သားကလေးမှာတဖြည်းဖြည်းသေးငယ်သွားပြီး ပုံမှန်အရွယ်အစားအဖြစ်ပြန်လည်ပြောင်းလဲသွားသည်။ ယောကတော်က ကလေးကိုကောက်ချီယူလိုက်သည့်အခါ မယ်တော်က

“သူများအိမ်ကိုလာလည်တဲ့အခါ ဧည့်သည်က ဧည့်သည်လိုနေရတယ် အမတော်ရဲ့၊ အမတော်ကို အကြီးတွေက သင်မပေးဘူးလား”

“ဟဲ့ ရှင်ထူး၊ နင်ဘယ်လိုပြောလိုက်တာလဲ ငါကနင့်အမပါ၊ နင်နဲ့တစ်ဥတည်းကပေါက်ထားတဲ့အမပါဟဲ့၊ ညည်းအေ၊ သွေးမတော်သားမစပ် ကောင်မလေးတစ်ယောက်အတွက်နဲ့များ အမအရင်းကို မှိုချိုးမျှစ်ချိုးပြောနေလိုက်တာ ညည်းကိုရော အကြီးတွေက မသင်ပေးဘူးလားအေ့”

“ထားလိုက်ပါတော့အမတော်၊ အမတော်ရောက်နေတာ ကျုပ်ရဲ့နန်းဆောင်မှာပါ၊ ဒီနေ့က စပြီး ကျုပ်ရဲ့နန်းဆောင်မှာဆက်နေမယ်ဆိုရင် မယ်ပျင်းကို သွားမထိပါနဲ့၊ ကျုပ်ပြောတာတောင်မှ အဖက်မလုပ်ဘဲ လုပ်မြဲအတိုင်းဆက်လုပ်နေမယ်ဆိုရင်တော့ ကျုပ်အမတော်ကို အကြမ်းနည်းနဲ့ နှင်ချရလိမ့်မယ်”

ရှင်ဦးမှာ မယ်တော်အားအလွန်မုန်းတီးသည့်အကြည့်နှင့်ကြည့်ကာ တောက်တစ်ချက်ခေါက်လိုက်လေသည်။

“ရှင်ထူး၊ ညည်းက ပညာဂုဏ်မောက်နေတဲ့ မိန်းမပဲ၊ အေးလေ ငါတို့က နင့်လိုမယ်တော်မဟုတ်တော့ နင်က ငါတို့ကို အငယ်တစ်ယောက်လိုဆက်ဆံတာမဆန်းပါဘူး၊ ညည်းရဲ့နန်းဆောင်မှာလည်း ငါမနေဘူး ငါ့မှာလည်း ငါ့နန်း ငါ့အိမ်ရှိတယ်၊ နင်နှင်ထုတ်စရာမလိုဘူး ငါ့ခြေထောက်နဲ့ငါပြန်မယ်”

ရှင်ဦးက ကလေးချီပြီးလှည့်ထွက်လိုက်သည်။ သုံးလေးလှမ်းခန့်ရောက်သည့်အခါမှ မယ်တော်ဘက်သို့လှည့်ကြည့်ပြီး

“ဟဲ့ ရှင်ထူး၊ အဲဒီမယ်ပျင်းဆိုတဲ့ကလေးမကို နင်ကြပ်ကြပ်မျက်နှာသာပေးစမ်း၊ တစ်နေ့ မယ်ပျင်းက နင့်ကိုစိန်ခေါ်ပြီး နင့်ရဲ့မယ်တော်ရာထူးကို လုယူသွားလိမ့်မယ်ဟဲ့ နင်နားလည်လား”

မယ်တော်က ရှင်ဦးကို မထီမဲ့မြင်အကြည့်ဖြင့် ကြည့်လိုက်ကာ

“အမတော်၊ ပြန်မယ်ဆိုရင်လည်း ပါးစပ်ပိတ်ပြီး အေးအေးဆေးဆေးပြန်စမ်းပါ၊ သူများတွေကြားထဲ ကုန်းမတိုက်စမ်းပါနဲ့၊ ကြုံတုန်းတစ်ခါတည်းပြောထားလိုက်ရအုံးမယ်၊ ကျုပ်ရှင်ထူးက မယ်တော်ဆိုတဲ့ရာထူးကို မက်မောပြီးဖက်တွယ်နေတဲ့လူမဟုတ်ဘူး၊ ကျုပ်ထက်တော်တဲ့လူ၊ စွမ်းတဲ့လူပေါ်လာတယ်ဆိုရင် ကျုပ်က ကြည်ကြည်ဖြူဖြူနဲ့ ဟောဒီနဂါးခြုံထည်ကို သူ့ကိုယ်ပေါ်မှာ ကိုယ်တိုင်လွှမ်းခြုံပေးလိုက်မယ့် လူတစ်ယောက်ပါ”

“အေးပါ၊ နင်တကယ်ကြုံတဲ့အချိန်မှ အခုလိုပြုံးနိုင်ပါစေလို့ပဲ ငါဆုတောင်းပေးပါတယ်”

ရှင်ဦးမှာ နန်းဆောင်ကြီးအတွင်းမှဆင်းသက်သွားလေသည်။ မယ်ပျင်းမှာ တိုင်လုံးတစ်ခုအနီးတွင် ခပ်ကုတ်ကုတ်ကလေးရပ်နေသည်။

“မယ်ပျင်း မင်းလည်းသွားနားတော့”

“တောင်းပန်ပါတယ်မေမေကြီး၊ သမီးကြောင့် မေမေကြီးတို့မောင်နှမအချင်းချင်း ကတောက်ကဆဖြစ်ရပြီ”

မယ်တော်က သက်ပြင်းတစ်ချက်ချလျှက်

“ဘာမှစိတ်မကောင်းဖြစ်မနေနဲ့မယ်ပျင်း၊ ဒါဟာ မင်းနဲ့ဘာမှမဆိုင်ဘူး၊ ငါ့အမတွေအကြောင်း ငါသိပြီးသား၊ တစ်ဖင်ထဲထွက်ထားတဲ့ မောင်နှမတွေဆိုပေမယ့် စိတ်နေစိတ်ထားမတူရင် ပေါင်းစပ်လို့မရတာထုံးစံပဲလေ၊ ဒီကိစ္စကို ဒီမှာပဲရှိစေတော့၊ ခေါင်းရှင်းရှင်းထားပြီး စောစောအနားယူလိုက်၊ မနက်ဖြန်ရောက်တာနဲ့ မင်းနဲ့ငါနဲ့ သင်ကြားရေးစတင်ကြမယ်”

မယ်ပျင်းမှာ မျက်လုံးပြူးသွားကာ

“မေမေကြီးနဲ့ သင်ကြားရေးဆိုတော့”

“ဟုတ်တယ်လေ၊ မင်းကိုသင်ကြားပေးမယ့် ပညာအမမှမရှိတော့တာ၊ ဒီတော့ ငါကိုယ်တိုင်ပဲ မင်းကိုသင်ကြားပေးမယ်၊ ဒါပေမယ့် ငါကစိတ်မြန်တယ်၊ ထက်မြက်တာပဲကြိုက်တယ်၊ တစ်ခါသင်ပြီးသားကို နောက်တစ်ခါထပ်မသင်ပေးချင်ဘူး၊ တစ်ခါပြောပြီးသားစကားကိုလည်း နောက်တစ်ခါထပ်မပြောချင်ဘူးဆိုတော့ မင်းသေသေချာချာအာရုံစူးစိုက်ပြီး သင်ယူမှဖြစ်မယ် မယ်ပျင်း”

မယ်ပျင်းမှာ စိတ်အားတက်ကြွသွားကာ ခေါင်းတစ်ချက်ညိတ်ပြလိုက်တော့သည်။