စာစဉ်(၂၆)

(၁)

မယ်ပျင်းကလေးမှာ သေရွာမှပြန်လာပြီးနောက် ကဝေကြီးများနေထိုင်သည့် ကျောက်ဂူကြီးအတွင်းတွင်သာ နေထိုင်ရလေသည်။ ကဝေကြီးများအလစ်တွင် ကျောက်ဂူကြီးအပြင်သို့ပြေးထွက်မည်ကြံထားသော်လည်း ကဝေကြီးများမှာ မယ်ပျင်းအားအလွတ်မပေးဘဲ အချိန်ပြည့်စောင့်ကြပ်ကြည့်ရှုနေသည်။

ယခုတစ်ဖန်အလှည့်ကျသင်ပေးရသူက မွန်ကဝေကြီး ရာမန်ဖြစ်သည်။ မွန်ကဝေကြီးမှာ ယက္ခဇော်ဂနီဖြစ်သည့်အလျှောက် မယ်ပျင်းအား မှင်စာ၊ သရဲ၊ ဘီလူးနှင့် အမနုဿများကို ဖမ်းယူထိန်းချုပ်စေစားနိုင်သည့် ပညာရပ်ကိုသင်ပေးရလေသည်။

“ငါတို့ ယက္ခဇော်ဂနီတွေဆိုတာ လက်ပါးစေမွေးမြူခြင်းအတတ်မှာ တစ်ဖက်ကမ်းခတ်တတ်မြောက်တယ်ကွဲ့၊ အနည်းဆုံးတော့ စုန်းတစ်ယောက်မှာ လက်ပါးစေတစ်ကောင်တော့ရှိရတယ်”

“ဒါဆို ဦးလေးကြီးမှာရေ လက်ပါးစေဘယ်နှကောင်ရှိသလဲဟင်”

“အရင်ကတော့လက်ပါးစေတွေအများကြီးရှိခဲ့တာပေါ့၊ အခုကျတော့ လက်ပါးစေကတစ်ကောင်မှမရှိတော့ဘူး”

မယ်ပျင်းမှာ နှုတ်ခမ်းစူလိုက်ပြီး

“ဟွန်း သူကျတော့ တစ်ကောင်မှမရှိဘဲနဲ့များ သူများကိုလာသင်နေသေးတယ်”

“ဒီပညာတွေဟာ သမီးကလေးကို လွှဲပြောင်းပေးလိုက်လို့ပေါ့”

“လက်ပါးစေဆိုတာ ဘာလုပ်လို့ရသလဲဟင်”

“သူ့အစွမ်းအစအပေါ်မူတည်ပြီး လက်ပါးစေဆိုတာ အစုံခိုင်းလို့ရတယ်၊ စွမ်းအင်တန်ခိုးလုံးဝမရှိတဲ့ မှင်စာကလေးတွေကစပြီးတော့ စွမ်းအင်တန်ခိုးကြီးမားတဲ့ နတ်၊ နဂါး၊ ဂဠုန်၊ ယက္ခဘီလူးတွေကိုတောင်မှ လက်ပါးစေအဖြစ်အသုံးချလို့ရနိုင်တယ် သမီးရဲ့”

“အဲဒါဆိုရင် ဘယ်တော့စသင်မှာလဲ”

“အရင်ဆုံး ပရလောကဆိုတာကို နားလည်ထားမှဖြစ်မယ့်အတွက် ညနေရောက်ဖို့အထိစောင့်ဖို့လို့တယ်သမီး”

“ဒါဆို အခုမနက်မှာ ဘာမှလုပ်စရာမရှိဘူးပေါ့နော်”

ရာမန်ကခေါင်းညိတ်လိုက်လေသည်။ ကျန်သည့်ကဝေကြီးများမှာ လက်ဖက်ရည်ကရားတစ်အိုးရှေ့ချကာ စကားစမြည်ပြောဆိုနေကြသည်။ မယ်ပျင်းမှာ ကဝေကြီးများအနီးတွင်သွားထိုင်ကာ ထိုသူများပြောသည့်စကားကို နားထောင်နေလေသည်။ မကြာခင် ကုလားကြီးရာဗီက ဖက်ရွက်တစ်ရွက်ကိုကိုင်ကာ ကျောက်ဂူကြီးအတွင်းသို့ပြေးဝင်လာခဲ့သည်။

“ထောတာပဲဟေ့၊ ဒီနေ့ကတော့ ကံကောင်းတာပဲ”

“ဘာတွေများကံကောင်းနေတာလဲ ရာဗီရဲ့”

“ရေနွေးကြမ်းဝိုင်းလဲရှိတယ်ဆိုတော့ အဆင်သင့်လိုက်လေဗျာ၊ ဟောဒီမှာ ကျုပ်ဘာတွေ့ထားသလဲဆိုတာသာ ကြည့်လိုက်”

ရာဗီက လက်ထဲမှဖက်ရွက်ကို ကဝေကြီးများအရှေ့သို့ချပေးလိုက်လေသည်။ ထိုအခါ မယ်ပျင်းက ဖက်ရွက်အားသေချာကြည့်လိုက်ရာ ဖက်ရွက်ထဲတွင် လူကြီးလက်ညှိုးခန့်အရှည်ရှိသည့် ဖြူဖျော့ဖျော့ လောက်ကောင်ကြီးများက တွန့်လိမ်ကာ လူးလွန့်နေကြလေသည်။ မယ်ပျင်းက ထိုလောက်ကောင်များကိုကြည့်လိုက်ရင်း

“ဒါကြီးက ဘာတွေလဲ”

“အဲဒါ သစ်ပအောင်းကောင်လို့ခေါ်တဲ့၊ သစ်ပင်ကြီးတွေထဲမှာ ဒီအကောင်တွေက ပေါက်ဖွားပြီးတော့ သစ်သားတွေကိုကိုယ်ယူချေဖျက်စားသောက်ကြတဲ့အကောင်တွေ၊ သစ်တောက်ငှက်တွေ သိပ်ကြိုက်တဲ့အကောင်ပေါ့ကွာ”

“ဒါတွေရတာများ ဒီလောက်တောင်ပျော်စရာလားကွ ရာဗီရ”

“ဇော်ဆိုင်းကတော့ ပြောတော့မယ်၊ ခင်ဗျားတစ်ကောင်လောက်စားကြည့်လိုက်စမ်းပါအုံးဗျာ”

ကချင်ကဝေကြီးဦးဇော်ဆိုင်းက ထိုပိုးကောင်ကြီးတစ်ကောင်ကို လက်ဖြင့်ဆွဲယူလိုက်ကာ ပါးစပ်နှင့်ကိုက်ဖြတ်လိုက်သည်။ ထိုပိုးကောင်ကြီးမှာ ရွှီးခနဲတစ်ချက်အော်ပြီးနောက် သူ၏ကိုယ်ခန္ဓာအတွင်းမှ ပျစ်ချွဲချွဲဝါကျင့်ကျင့်အရည်များ ပန်းထွက်လာလေသည်။ ကုလားကြီးရာဗီက အလန့်တကြားဖြင့်

“ကိုဇော်ဆိုင်း၊ ခင်ဗျားစားတာမဟုတ်သေးဘူးဗျ၊ ဒီအကောင်က သစ်ပင်ရဲ့အူတိုက်ကိုဖောက်စားထားတော့ သစ်ပင်ရဲ့အနှစ်တွေအကုန် ဒီကောင့်ကိုယ်ထဲရောက်ပြီး အဆီအနှစ်တစ်မျိုးဖြစ်နေတာ၊ ဒီလိုကောင်ကိုစားတဲ့အခါ ကိုက်ဖြတ်မစားရဘူး၊ ဒီအကောင်ရဲ့အနှစ်တွေက အရသာမို့ ပါးစပ်ထဲအကုန်ထည့်ပြီးစားရတယ်ဗျ”

ထိုအခါ တရုတ်ကဝေကြီးဦးတီက အကောင်ကြီးတစ်ကောင်ကို ကောက်ယူပြီး ပါးစပ်ထဲသို့ဝါးထည့်လိုက်သည်။ အစပိုင်းတွင် ထူးဆန်းသည့်မျက်နှာအနေအထားရှိသော်လည်း ဝါးပြီးသည့်အခါ မျက်နှာအမူအရာမှာပြောင်းလဲသွားသည်။

“ဟာ တော်တော်အရသာရှိတဲ့အကောင်ပဲကွ၊ သူ့အဆီအနှစ်တွေက ပါးစပ်ထဲရောက်တာနဲ့အရည်ပျော်သွားပြီးတော့ အရသာကချိုချိုအီအီ စိမ့်စိမ့်လေးပါလား၊ စားလို့ကောင်းလိုက်တာ ရာဗီရာ၊ တို့မဟာမြိုင်တောထဲရှိတုန်းက ဒါမျိုးကျတော့ရှာမကျွေးဘူး”

“မဟုတ်ဘူး ဦးတီရ၊ မဟာမြိုင်တောကြီးက မိုးတွေအုံ့ပြီးအေးမြနေတော့ ဒီလိုအကောင်တွေမနေနိုင်ဘူးဗျ၊ ဟောဒီအညာကျတော့ အပူပိုင်းရာသီဆိုတော့ ပိုးကောင်မွှားကောင်တွေ ပေါတာတော့အမှန်ပဲ”

ကဝေကြီးများမှာ ပိုးကောင်များကိုစားသောက်နေရင်း မယ်ပျင်းကလေးကတော့ ပိုးကောင်များအားမစားဝံ့ဘဲ ကြည့်သာကြည့်နေမိသည်။

“ဒါနဲ့ အဲဒီမယ်တော်ဆိုတာက ဘယ်သူလဲ၊ သူကဘာဖြစ်လို့ ဒီလောက်စွမ်းနေတာလဲ”

ဦးကောင်းမှာ ရေနွေးတစ်ကျိုက်မော့သောက်လိုက်ရင်း

“မယ်တော်ရဲ့အကြောင်းတွေကို လုံးစေ့ပတ်စေ့နားလည်အောင်ဆိုရင်တော့ စတုမဟာရာဇ်နတ်ဘုံကနေစပြီးပြောရမယ်ထင်တယ်”

ဦးစိုင်းနော်က ခေါင်းညိတ်ရင်း

“ပြောသာပြောဗျာ၊ ကလေးက သိချင်နေပြီ”

“ဒီလိုမယ်ပျင်းရဲ့ မယ်တော်ဆိုတာ စတုမဟာရာဇ် နတ်အဆင့်ဝင်တဲ့ နတ်တစ်ပါးပဲ၊ စတုမဟာရာဇ်နတ်ဘုံဆိုတာ လူ့ပြည်နဲ့အနီးဆုံးဖြစ်တဲ့အတွက် အဲဒီနတ်ဘုံက နတ်တွေဟာ လူတွေနဲ့ကူးလူးဆက်သွယ် သွားလာနိုင်ကြတယ်၊ စတုမဟာရာဇ်နတ်မင်းတွေကို အဆင့်တွေနဲ့ခွဲရင် အဆင့်ဆယ့်ငါးဆင့်ရှိတယ်၊ စတုမဟာရာဇ်ဘုံကို အပိုင်စားရတဲ့ နတ်မင်းကြီးလေးပါးက အမြင့်ဆုံးအဆင့်ဆယ့်ငါးပဲ၊ သူ့အောက်မှာ တန်ခိုးနိမ့်တဲ့နတ်တွေကို အစဉ်လိုက်စဉ်လာတဲ့အခါကျတော့ မယ်တော်ဆိုတာ အဆင့်တစ်ဆယ်လောက်သွားချိတ်တယ်၊ ဒါကြောင့်် မယ်တော်ဆိုတာ နတ်တစ်ပါးပေါ့”

“အဲဒီအဆင့်တွေကို ပြောပြပါလား ဦးကြီး”

“ပြောရရင်ရှည်ပါတယ်၊ အဆင့်အနိမ့်ဆုံးကတော့ လမိုင်းလို့ခေါ်တဲ့ ပရလောကသားတစ်မျိုးပဲ၊ သူ့အပေါ်ကရွာတော်ရှင်တွေရှိတယ်၊ အဆင့်သုံးကတော့ ဆေးဂမုန်း ဝါးဂမုန်းတွေဆိုစောင့်ကြပ်ကြတဲ့ ဂမုန်းစောင့်တွေပေါ့၊ အဆင့်လေးက မြေဖုတ်ဘီလူး၊ ဘုမ္မစိုးတွေ၊ အဆင့်ခုနစ်ကျတော့ ရုက္ခစိုးတွေ၊ အဆင့်ကိုးက နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခတွေပေါ့ကွဲ့၊ အဆင့်တစ်ဆယ်က မယ်တော်လေးပါး၊ အဆင့်ဆယ့်နှစ်ကျတော့ ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီတွေလို့ပြောလို့ရတယ်၊ ဒါကြောင့် မယ်တော်တွေဆိုတာ ဝိဇ္ဇာတွေထွက် တစ်ဆင့်နိမ့်ပြီး နဂါး၊ ဂဠုန်တွေထက် တစ်ဆင့်မြင့်တဲ့ရာထူးပေါ့”

“နားလည်သလိုလိုတော့ရှိပြီ၊ ဒါနဲ့အဲဒီမယ်တော်တွေက ဘယ်သူတွေများလဲ”

“မယ်တော်ဆိုတာက ရာထူးတစ်မျိုးပဲကွဲ့၊ ပြောရရင်တော့ ဟိုးရှေးအတည်အတေ ပေါက္ကံပြည်ကြီး စည်ကားစည်ကပေါ့ကွယ်၊ အဲဒီတုန်းက ပေါက္ကံပြည်ကို တမ္ပဝတီပြည် လို့ခေါ်ကြတယ်၊ တမ္ပဝတီပြည်ကြီးမှာ ဗုဒ္ဓသာသနာမထွန်းကားလေတော့ အဲဒီအချိန်က မကောင်းတဲ့မိစ္ဆာ၊ အရည်း၊ စုန်းကဝေတွေ မင်းမူနေတဲ့အချိန်လို့ပြောလို့ရတယ်၊ စုန်းအသင်းတွေ ဂိုဏ်းကြီးတွေဖွဲ့ပြီး စုန်းပညာရပ်တွေကို လေ့လာဆည်းပူး ပြန့််ပွားနေတဲ့အချိန်တစ်ခုပဲ၊ အုပ်ချုပ်တဲ့ဘုရင်ကိုယ်တိုင်တောင်မှ စုန်းကဝေတွေကို မလွန်ဆန်နိုင်လို့ သူ့ပိုင်နက်နယ်မြေအလိုက် နယ်မြေတွေခွဲပေးပြီး အဆင့်ဆင့်တင်းကြပ်ပြီးအုပ်ချုပ်စေခဲ့တယ်”

“ပေါက္ကံပြည်ကို ဗဟိုပြုပြီး အရှေ့၊အနောက်၊ မြောက်၊ တောင်ဆိုပြီးတော့ အရပ်လေးမျက်နှာခွဲပြီး မယ်တော်လေးပါးကို အုပ်ချုပ်စေခဲ့တယ်၊ မယ်တော်လေးပါးရဲ့အထက်မှာ ဘုရင်ပဲရှိတယ်၊ အဲဒီမယ်တော်လေးပါးက တစ်ပါးတစ်ပါးကို ခရိုင်ကိုးခုစီခွဲပြီး အုပ်ချုပ်ရတယ်၊ မယ်တော်လေးပါးရဲ့လက်အောက်မှာတော့ သက်ဆိုင်ရာ ဒေသတွေကိုအပိုင်စားရတဲ့ သခင်ကြီး၊ သခင်မကြီးတွေ၊ နယ်ပိုင်၊ မြို့ပိုင်၊ ရွာပိုင်တွေရှိကြတယ်၊ မယ်တော်လေးပါးရဲ့ အဓိကအလုပ်ကတော့ သူတို့ပိုင်နက်နယ်မြေတွေမှာရှိတဲ့ စုန်းကဝေတွေကိုအုပ်ချုပ်ရတာပဲ၊ အဓိကအားဖြင့်ကတော့အဲဒီခေတ်က မင်းမူခဲ့တဲ့ဘုရင်တွေကို အာခံပုန်ကန်တဲ့စုန်းတွေ၊ တွေ့သမျှသတ်ဖြတ်နေတဲ့ စုန်းရဲတွေကို အရေးယူ အပြစ်ပေးဖို့ပဲ”

“ခုနောက်ပိုင်းတော့ အုပ်ချုပ်တဲ့မင်းတွေက စုန်းကဝေတွေနဲ့ အဆက်အဆံမလုပ်ကြတော့ဘူးဆိုပေမယ့်လည်း မယ်တော်တွေကို ရှိရင်းစွဲ နတ်တွေလို့သတ်မှတ်ပြီးတော့ ဆက်ပြီးခွင့်ပြုထားခဲ့ကြတယ်၊ သူ့အရပ် သူ့ဒေသမှာတော့ မယ်တော်တွေကိုဆက်ပြီးကိုးကွယ်နေကြတုန်းပဲ”

“အဲဒီမယ်တော်တွေဆိုတာ တော်တော်စွမ်းမှာပေါ့နော်”

“စွမ်းတာပေါ့၊ စွမ်းရအောင်ကလည်း သူတို့က နတ်တစ်ပိုင်းဖြစ်နေတာကိုး၊ တို့စုန်းကဝေတွေဘယ်လောက်စွမ်းစွမ်း လူသားဘဝဖြစ်နေလေတော့ နတ်နဲ့တော့ဘယ်ယှဉ်သာပါ့မလဲ၊ ငါတို့ခုနစ်ယောက်က ကဝေအတတ်ကိုတစ်ဖက်ကမ်းခတ် တတ်မြောက်တဲ့အချိန်ကတောင်မှ တို့ခုနစ်ယောက်ပေါင်းပြီး မယ်တော်ရဲ့ပညာကို သွားယှဉ်လို့မရဘူး”

“ဒါဆို မယ်တော်ဖြစ်ချင်ရင်ဘယ်လိုလုပ်ရသလဲ”

“ကြားဖူးနားဝရှိတာကတော့ မယ်တော်ဖြစ်ချင်ရင် လက်ရှိမယ်တော်ဖြစ်နေတဲ့လူကို လူသိထင်ရှားစိန်ခေါ်ပြီး ပညာပြိုင်ရမယ်၊ နိုင်တဲ့လူကို လက်ရှိမယ်တော်က မယ်တော်ရာထူးအပ်နှင်းပြီးတော့ သူက မယ်တော်နေရာကနေ ရာသက်ပန်အနားယူလိုက်ရတယ်လို့ကြားဖူးတယ်၊ ဒါပေမယ့် ခက်တာက အခုအချိန်အထိ မယ်တော်တွေကို ပညာပြိုင်ဝံ့တဲ့ စုန်း၊ ကဝေဆိုတာ မပေါ်ဖူးသေးဘူးကွဲ့”

မယ်ပျင်းမှာ မယ်တော်များအကြောင်းနားထောင်ရင်း စိတ်ဝင်စားနေလေသည်။

“မယ်တော်လေးပါးမှာ စီးတော်ယာဉ်လို့ခေါ်တဲ့ သတ္တဝါတွေရှိပြီးတော့ မယ်တော်တစ်ပါးတစ်ပါးစီကလည်း နတ်လက်နက်တွေကိုပိုင်ဆိုင်ကြတယ်၊ အရှေ့မယ်တော်က ကိုးတောင်ကျားကိုစီးပြီးတော့ လက်က နတ်လွန်းပျံချည်လုံးကို ကိုင်စွဲထားတယ်၊ အနောက်မယ်တော်က နဂါးနက်ကိုစီးပြီး မြွေနဂါးပုဝါကိုခြုံထားတယ်၊ မြောက်ဘက်မယ်တော်က သိမ်းစွန်ငှက်ကြီးကိုစီးပြီးတော့ လိုတရပတ္တမြားမျက်ရှင်တစ်လုံးကို ကိုင်စွဲထားပြီး တောင်ဘက်မယ်တော်က လိပ်ကြီးစီးပြီးတော့ လက်ထဲမှာ သမုဒ္ဒရာရေကို လိုသလိုစေခိုင်းနိုင်တဲ့ ခရုဝန်းတစ်ခုကိုကိုင်စွဲထားတယ်”

“ခုနက ဦးကြီးပြောတော့ တောင်အရပ်ကို ပြည်မြို့အထိပဲ မယ်တော်က စားရတယ်ဆိုတော့ အဲဒီအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသတွေကိုတော့ ဘယ်သူက အုပ်စိုးသလဲ”

“ကောင်းတဲ့မေးခွန်းပဲ၊ အောက်ပြည်ဘက် ပဲခူးခရိုင်ဘက်မှာတော့ ပဲခူးမယ်တော်က စုန်းချုပ်၊ ကဝေချုပ်အဖြစ် အုပ်စိုးတယ်၊ ပဲခူးမယ်တော်က ပဲခူးအပြင် မွန်တလိုင်းသုံးရပ်ကိုပါ အုပ်ချုပ်ပိုင်စားတယ်ဆိုတော့ အောက်အကြေတစ်ခုလုံးကို ပဲခူးမယ်တော်ကပဲ စီရင်ဆုံးဖြတ်နေတယ်လို့ယူဆရတယ်၊ မြစ်ဝကျွန်းပေါ်နဲ့ ပင်လယ်ဒေသတွေကိုတော့ ရေငန်ပိုင်ဦးရှင်ကြီးဆိုတဲ့နတ်က အုပ်ချုပ်တယ် စီရင်တယ်”

“ဒါဆို အဲဒီမယ်တော်တွေထဲမှာ ဘယ်မယ်တော်က အစွမ်းဆုံးလဲ ဦးလေးကြီး”

ကရင်ကြီးဖထီးက တဟားဟားနှင့်ရယ်မောလျှက်

“ဒါကိုသိချင်ရင်တော့ ဖိုးမူကိုယ်တိုင် မယ်တော်တွေကိုရန်တိုက်ပေးပြီး ဘယ်သူအစွမ်းဆုံးလဲဆိုတာ ပညာပြိုင်ခိုင်းပေတော့ဟေ့ ဟား ဟား”

ဖထီးရယ်သဖြင့် ကျန်သည့်ကဝေကြီးများမှာလည်း ရယ်မောကြသည်။ ဦးကောင်းက

“ဘယ်သူစွမ်းတယ်ဆိုတာထက် ဘယ်သူသက်တမ်းအရင့်ဆုံးလဲဆိုတာကို ကြည့်ရင်ရမယ်၊ လက်ရှိမယ်တော်တွေထဲ သက်တမ်းအရင့်ဆုံးနဲ့ ပညာအမြင့်ဆုံးကတော့ အနောက်မယ်တော်လို့ခေါ်ကြတယ် ရေယဉ်ကတော်ပဲ၊ သူက လူစင်စစ်ကနေ နတ်ဖြစ်ထားတဲ့လူ၊ ပြီးတော့ သူ့ဘဝအစကလည်း ပုဂံခေတ် အလောင်းစည်သူမင်းကြီးလက်ထက်ကဆိုတော့ မယ်တော်တွေထဲမှာ အစွမ်းအရှိဆုံးနဲ့ သက်တမ်းအရင့်ဆုံးလို့ပြောလို့ရတယ်၊ ရေယဉ်ကတော် စောနန်းမူက ပညာလည်းအရမ်းစွမ်းသလို မဟုတ်မခံစိတ်ရှိတဲ့သူတစ်ယောက်ပဲ၊ ပညာစွမ်းတဲ့လူတွေကိုလည်း သိပ်ချစ်သိပ်မြတ်နိုးရှာတယ်ကွဲ့”

“ဒါဆို အရှေ့မယ်တော်ဆိုတာကရော”

“လက်ရှိအရှေ့မယ်တော်ကတော့ မယ်ယမင်းလို့ခေါ်တဲ့ မိန်းကလေးတစ်ဦးပဲ၊ သူက အင်းဝခေတ်လောက်မှာ မယ်တော်ဖြစ်ခဲ့တာပဲ”

“သူ့အကြောင်းကိုသိချင်တယ် ဦးလေးကြီးရော သိရဲ့လားဟင်”

“မယ်တော်တွေရဲ့အကြောင်းကိုတော့ စုန်းကဝေလောကမှာ လူတိုင်းသိကြပါတယ်၊ ကဲပါ သမီးလေးသိချင်ရင် ဦးကြီးပြောပြမယ်၊ ဖြစ်ပုံက ဒီလိုကွဲ့”

(၂)

အင်းဝပြည်ကြီးစည်ကားစဉ်က လယ်တွင်းကိုးခရိုင်တွင်ပါဝင်သည့် ကျောက်ဆည်ခရိုင်တွင် ပန်းတောင်းဟူသည့် ရွာကြီးတစ်ရွာရှိသည်။ ထိုရွာကြီးတွင် ကိုပေါစံနှင့် မယ်ယမင်းဆိုသည့် မောင်နှမနှစ်ဦးရှိသည်။ မိဘများမှာ တောင်သူလယ်သမားများဖြစ်သည့်အတိုင်း လယ်ခင်းယာခင်းများကို စိုက်ပျိုးကြလေသည်။ မယ်ယမင်းအခါလည်သာသာ ရှိသည့်အချိန်တွင် မိဘနှစ်ပါးက မယ်ယမင်းအားထားခဲ့ကာ လယ်တောအတွင်းသို့ဆင်းခဲ့ကြသည်။ နေ့လည်ထမင်းစားချိန်အရောက်တွင် ထမင်းထည့်ထားသည့် တောင်းကိုဖွင့်လိုက်သည့်အချိန်တွင် ဘယ်အချိန်ကတည်းက တောင်းထဲရောက်နေမှန်းမသိသည့် မြွေဟောက်ကြီးမှာ အဆိပ်များမှုတ်ထုတ်ပြီး ပေါက်လိုက်သဖြင့် မယ်ယမင်း၏ မိဘနှစ်ပါးစလုံးမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးလေတော့သည်။

ထို့ကြောင့် မယ်ယမင်းနှင့် ကိုပေါစံတို့မောင်နှမနှစ်ယောက်သာကျန်ခဲ့သည်။ မယ်ယမင်းမှာ အသက်တစ်ဆယ့်နှစ်နှစ်အရွယ်သို့ရောက်သည့်အခါ ရက်ကန်းခတ်သည့်ပညာကို တစ်ဖက်ကမ်းခတ်တတ်မြောက်ခဲ့လေသည်။ ထိုခေတ်က မိန်းကလေးများမှာ အိမ်ထောင်အတွင်းလိုအပ်သည့် အဝတ်အထည်များကိုရက်လုပ်ပေးကြရလေရာ ရက်ကန်းမခတ်တတ်သည့် မိန်းကလေးဟူ၍ မရှိပေ။

သို့သော် မယ်ယမင်းမှာတော့ ထူးခြားသည့်ပါရမီတစ်ခုပါလာသည်ထင်သည်။ မယ်ယမင်းဗိုင်းငင်သည့်အခါ ထွက်လာသည့် ချည်လုံးများမှာ အလွန်သေးငယ်ပေါ့ပါးပြီး ချောမွေ့လှပေသည်။ ချည်ခင်များဆက်သည့်အခါတွင်လည်း ရှည်လျားခိုင်မာသည့်ချည်ခင်များကို ပြုလုပ်နိုင်သကဲ့သို့ ချည်ခင်များကိုဆေးဆိုးသည့်အခါတွင်လည်း အရပ်သူများသုံးလေးရှိသည့် ဆေးဆိုးနည်းလမ်းများကိုအသုံးမပြုဘဲ ဆေးဆိုးနည်းအသစ်များကိုတီထွင်ဖန်တီးလုပ်ကိုင်သဖြင့် မယ်ယမင်းဆေးဆိုးသည့် ချည်ခင်များမှာ ဆေးရောင်စုံစိုပြေရုံသာမက အရောင်ဆန်းမျိုးစုံကိုပါ ရရှိလေသည်။

တစ်ဖန်ရက်ကန်းခတ်သည့်အခါတွင်လည်း အဆင်ဒီဇိုင်းမျိုးစုံ ပေါင်းစပ်ကာ ရက်လုပ်တတ်သဖြင့် မယ်ယမင်းရက်သည့်အဝတ်အထည်များမှာ အရောင်အသွေးစုံလင်လှသလို အဆင်များမှာလည်း ဆန်းပြားလေရာ ပန်းတောင်းရွာတစ်ရွာလုံးနီးပါးတွင် မယ်ယမင်းသတင်းက မွှေးနေလေသည်။ အမှန်စင်စစ်အားဖြင့် မယ်ယမင်းမှာ စုန်းပညာတတ်မြောက်နေခြင်းဖြစ်သည်။ သူရက်လုပ်ပြီးသည့်အထည်အား စုန်းပညာဖြင့် ပြုစားပွတ်သပ်လိုက်လေရာ ထိုအထည်ကိုမြင်သူတိုင်းက ငေးမောလိုချင်ကြလေတော့သည်။

မယ်ယမင်းအသက်ဆယ့်လေးနှစ်ကျော်ပြီးသည့်အခါတွင်တော့ အကိုကြီးဖြစ်သူ ကိုပေါစံမှာ မိန်းမယူလိုက်လေသည်။ မယ်ယမင်းကလေးမှာ အကိုအုပ်ချုပ်သူဖြစ်သဖြင့် အကိုအိမ်တွင်သာ ကပ်နေရသည်။ ကိုပေါစံယူသည့် မိန်းမမှာ တစ်ဖက်ရွာမှာ ကွမ်းတောင်ကိုင်အလှပဂေးဖြစ်ကာ မယ်ယမင်းနှင့်ရန်ဘက်များဖြစ်နေသည်။ အကြောင်းမှာ ထိုမိန်းကလေးမှာလည်း တစ်ဖက်ရွာတွင် ရက်ကန်းအတတ်ကို တစ်ဖက်ကမ်းခတ်တတ်မြောက်သူတစ်ဦးဖြစ်သည်။ ထိုခေတ်အခါက ရက်ကန်းခတ်တတ်သူမိန်းကလေးများအကြားတွင်လည်း ရက်ကန်းခတ်တော်သူ၊ ချည်ထည်များကိုအဆန်းထွင်ရက်လုပ်နိုင်သူများမှာ ကျော်ကြားလေ့ရှိသည့်အတိုင်း ယခုတော့ မယ်ယမင်းနှင့် အကိုကြီးကိုပေါစံ၏ မိန်းမ မယ်ပျော့တို့မှာ တစ်အိမ်တည်းနေရန်ဘက်များဖြစ်လာလေတော့သည်။

ညလာသာချိန်တွင် မယ်ယမင်းကလေးက ဗိုင်းငင်တတ်သလို နေ့လည်နေ့ခင်းအချိန်များတွင်လည်း အဆင်ဆန်းများကို ရက်ကန်းခတ်လေ့ရှိသည်။ မယ်ပျော့အိမ်ရောက်သည့်အခါ မယ်ယမင်း၏ ရက်ကန်းစင်နံဘေးတွင်ပင် ရက်ကန်းစင်ထောင်ကာ အတူတူရက်လုပ်ကြသည်။ အစပိုင်းတွင် သမီးယောက်မနှစ်ယောက် သင့်မြတ်ကြသော်လည်း ပတ်ဝန်းကျင်မှလူများက သွေးထိုးစကားဆိုကြလေသည်။

“ဟာ ကြည့်ပါအုံး တို့ရွာက ရက်ကန်းအကျော် မယ်ယမင်းနဲ့ တစ်ဖက်ရွာက ရက်ကန်းအကျော်အမော် မယ်ပျော့တို့ ရက်ကန်းစင်ပြိုင်ပြီးတွေ့ကြပြီဟေ့”

“အိုတော် မယ်ပျော့ကတော်တယ်ဆိုပေမယ့် ကျုပ်တို့မယ်ယမင်းကလေးကိုတော့ ယှဉ်နိုင်ပါ့မလားတော့”

“ကျုပ်ဖြင့် ရက်ကန်းအကျော်အမော်နှစ်ယောက်ဆီက ထွက်လာမယ့် ချည်ချောထည်ကို ဘယ်ဟာကပိုပြီးကောင်းမလဲဆိုတာ ကြည့်ချင်စမ်းတယ်တော်”

ထိုသို့ပတ်ဝန်းကျင်မှရွာသားများက သွေးထိုးလှုံဆော်ပေးနေကြသဖြင့် မယ်ယမင်းနှင့် မယ်ပျော့တို့မှာ အစကနဦးပိုင်းက အေးအေးလူလူရက်ကန်းခတ်နေရာမှ ယခုအခါ အပြိုင်အဆိုင်ဖြစ်လာကြသည်။ နှစ်ဦးစလုံး၏ လက်အရည်အသွေးမှာလည်း မတိမ်းမယိမ်းဖြစ်နေသကဲ့သို့ ထွက်ရှိလာသည့်အဆင်အထည်များမှာလည်း မည်သူက ပိုသာမည်မှန်း ခန့်မှန်း၍မရအောင် တူညီလွန်းလှပေသည်။ ရွာသားများမှာ ထိုအဆင်အထည်များကို ကိုင်တွယ်ကြည့်ရှုပြီး

“ဟယ် မယ်ယမင်းချုပ်ထားတဲ့အဆင်လေးက ဆန်းလဲဆန်းပြီး အရောင်အသွေးကလည်း စိုတောက်နေတာပါပဲကလား”

“ညည်းတို့ဒီလိုမပြောပါနဲ့အေ၊ မယ်ပျော့ချုပ်ထားတဲ့အဆင်က ပိုပြီးကောင်းတာပါအေ့၊ သူ့အဆင်ကို တို့ကပိုကြိုက်တယ်”

“ညည်းမဟုတ်တာမပြောနဲ့ မယ်ယမင်းရဲ့အဆင်က ပိုပြီးလှတာဟဲ့”

“အို မယ်ပျော့အထည်က ပိုပြီးတောက်ပါတယ်ဆိုနေမှ”

မိန်းမကြီးများမှာ ငြင်းခုန်ကြရင်း ဒေါသမထိန်းနိုင်ဘဲ တစ်ဦးနှင့်တစ်ဦးလုံးထွေးကာ သတ်ပုတ်ကြလေသည်။ မယ်ယမင်းတို့ ခြံဝန်းထဲတွင် ရွာထဲမှမိန်းမကြီး လေးငါးဆယ်ယောက်က တစ်ဦးနှင့်တစ်ဦး ဆံပင်များဆွဲ၊ ပါးများရိုက်ကာ သတ်ပုတ်နေကြသဖြင့် နောက်ဆုံး ပန်းတောင်းရွာသူကြီးက ဝင်ရောက်ဖြန်ဖြေရတော့သည်။

“ခင်ဗျားတို့ဗျာ၊ အသက်အရွယ်တွေဖြင့် သားတွေမြေးတွေရနေပြီ ခလေးတွေကို မြေမှာဖက်ပြီး နပမ်းလုံးနေရတယ်လို့ ကြားလို့မှကောင်းကြသေးရဲ့လားဗျာ”

“အိုတော်၊ ကျုပ်တို့က ပျော်လို့လုံးမလား ပြဿနာတစ်ခုကို ဝေခွဲမရဖြစ်နေလို့ နပမ်းလုံးနေကြတာပါ”

“ခင်ဗျားတို့ ပြဿနာက ဘာများလဲ၊ ကျုပ်ကသူကြီးတစ်ယောက်အနေနဲ့ ခင်ဗျားတို့ပြဿနာကိုကြားဝင်ဖြေရှင်းပေးမယ်ဟုတ်ပြီလား”

“ဒီလိုပါသူကြီးရယ်၊ ဟောဒီထမီနဲ့ ဟောဒီဘက်က ထမီနှစ်ခု ဘယ်ဟာက ပိုပြီးကောင်းသလဲဆိုတာ ငြင်းခုန်ရင်း ဆုံးဖြတ်နေကြတာပါ”

“ကောင်းပြီ၊ ဒီကိစ္စကို ကျုပ်ဖြေရှင်းပေးမယ်၊ ကျုပ်ဆုံးဖြတ်တာကို ခင်ဗျားတို့ကျေကျေနပ်နပ်နဲ့လက်ခံရမယ် ဟုတ်ပြီလား”

နှစ်ဖက်စလုံးမှငြင်းခုံနေကြသူများမှာ ခေါင်းညိတ်လိုက်ကြလေသည်။ သူကြီးက ထမီအဆင်နှစ်ခုစလုံးကိုကြည့်ပြီး အဆင်အကွက်၊ ဆေးရောင်အရည်အသွေးကိုကြည့်ကာ ဆုံးဖြတ်ရခက်နေလေသည်။ သူကိုယ်တိုင်လည်း ဘယ်ထမီပိုလှမှန်းဝေခွဲရခက်ဖြစ်နေတော့သည်။ ရွာသူများကလည်း အဆုံးအဖြတ်ပေးခိုင်းနေပြီမို့ နောက်ဆုံးတော့ တွေ့ရာထမီတစ်ထည်ကိုလက်ညှိုးထိုးလိုက်ကာ

“ကဲ ဒီထမီက ပိုပြီးလှတယ်ဟေ့ ဟုတ်ပြီလား”

သူကြီးလက်ညှိုးထိုးသည့် ထမီမှာ မယ်ပျော့၏ထမီဖြစ်နေလေသည်။ ထိုအခါ မယ်ယမင်းထမီအကွက်ကို ကြိုက်နှစ်သက်ကြသည့် ရွာသူများမှာမကျေမနပ်ဖြစ်ကြလေသည်။

“သူကြီးဒါကတော့ ဘက်လိုက်တာပဲ၊ သူကြီးက မိန်းကလေးမဟုတ်တော့ ဘယ်ဟာပိုလှမှန်း ဘယ်သိပါ့မလဲ”

“တော်စမ်း၊ နင်တို့ပဲ ငါဆုံးဖြတ်တာကိုလက်ခံမယ်လို့ပြောတယ်မဟုတ်လား၊ အခုငါဆုံးဖြတ်ပြီးပြီ နင်တို့ငြင်းခုံမနေကြနဲ့တော့”

ထိုအခါ သူကြီးဘေးတွင်ထိုင်နေသည့် သူကြီးကတော်မှာ

“ဟုတ်တယ်၊ ရှင်က ယောက်ျားဆိုတော့ ဘယ်သိပါ့မလဲ၊ အမှန်က ဟိုဘက်ကအဆင်က ပိုလှတာတော့်”

သူကြီးက သူကြီးကတော်ကိုကြည့်ရင်း

“မိန်းမ၊ မင်းအသာနေစမ်းပါကွာ”

“အိုတော်၊ သူများတွေဘယ်လိုနေနေ ကျုပ်ကတော့ရှင်ဆုံးဖြတ်တာ မှားတယ်လို့ပဲထင်တယ်၊ ဟိုဘက်ကအဆင်ကမှကောင်းတာပါ၊ အဲဒီအဆင်ကိုသာရွေးစမ်းပါ”

“ဟဲ့ နင်ငါဆုံးဖြတ်ပြီးသားကို ပြင်ဖို့မကြိုးစားနဲ့”

“အောင်မာ ရှင်ဆုံးဖြတ်တာ ပြင်မလား မပြင်ဘူးလား၊ ရှင် ကျုပ်အကြောင်းသိပါတယ် ဟင်း ဟင်း”

သူကြီးမှာ သူကြီးကတော်က တွန်းအားပေးနေသဖြင့် ရွေးချယ်ရခက်နေလေသည်။

“ကဲတော်ပြီ၊ ဒီကိစ္စကို ကျုပ်လည်းမဆုံးဖြတ်တော့ဘူး၊ ဒီလိုလုပ်၊ ရွာထဲကလူတွေအကုန်လုံးကိုခေါ်ပြီး ဒီထမီနှစ်ခုထဲက ဘယ်ထမီက ပိုပြီးလှသလဲဆိုတာကို မဲပေးရွေးချယ်ခိုင်းမယ်၊ မဲအများဆုံးရတဲ့လူက အနိုင်ပေါ့ ဟုတ်ပြီလား”

သူကြီးစကားမှာ တရားနည်းလမ်းကျသဖြင့် ရွာသားများကထောက်ခံကြသည်။ သို့နှင့် တစ်ရွာလုံးရှိ ကလေးလူကြီးပါမကျန် လူမှန်သမျှကို ထမီနှစ်ထည်ပြပြီး မေးမြန်းလေသည်။ ရွာသားများမှာ ထမီနှစ်ထည်အားရွေးချယ်ကြပြီး နောက်ဆုံးမဲအရေအတွက် ရေတွက်ကြည့်လိုက်သည့်အခါ ထမီနှစ်ထည်လုံးမှာ မဲအရေအတွက်တူညီနေလေသည်။

“တိုက်တိုက်ဆိုင်ဆိုင် လူအရေအတွက်ကလည်း လာတူနေရတယ်လို့၊ ကျုပ်ဖြင့်ဘယ်လိုလုပ်ရမယ်ကို မသိတော့ဘူး”

ထိုသို့ဖြင့် ပြဿနာမှာ တစ်စထက်တစ်စ ကြီးထွားလာလေရာ နောက်ဆုံး မြို့ဝန်မင်း၏နားသို့ရောက်သွားလေသည်။ မြို့ဝန်မင်းကိုယ်တိုင်လည်း မဖြေရှင်းနိုင်သဖြင့် ရေမြေ့သနင်းပြည့်ရှင်မင်းထံသို့ နားတော်ပေါက်သွားလေသည်။ ဘုရင်မင်းမြတ်လည်း အလွန်စိတ်ဝင်စားသွားသဖြင့် ပြိုင်ပွဲတစ်ခုကျင်းပရန်ပြင်ဆင်လိုက်သည်။ ထိုပြိုင်ပွဲမှာ ချည်ခင်များကို ဝါဂွမ်းအဆင့်မှ နောက်ဆုံးချည်ချောရသည်အထိရက်လုပ်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုချည်ထည်နှစ်ထည်အား ဘုရင်မင်းမြတ်မှ ရွေးချယ်ပေးရမည်ဖြစ်သည်။ ထိုပြိုင်ပွဲတွင် အနိုင်ရသူအား ဘုရင်မင်းမြတ်က ချီးမြှောက်မည်ဖြစ်သည့်အပြင် တော်ဝင်မိသားစုအတွက် အဝတ်အစားရက်လုပ်သည့် ရက်ကန်းတော်တွင်လည်း ရာထူးကြီးခန့်ကာ အုပ်ချုပ်စေမည်မို့ မယ်ယမင်းတို့အတွက် အခွင့်အရေးကြီးတစ်ခုဖြစ်နေလေသည်။ ထိုသို့ပြုလုပ်ရန်အတွက် အချိန်အားဖြင့် သုံးလမျှကြာမြင့်နိုင်လေသည်။

ထို့ကြောင့် မယ်ယမင်းနှင့် မယ်ပျော့တို့မှာ ချည်ခင်များရက်လုပ်ရန်အတွက် လှို့ဝှက်လုပ်ဆောင်ကြရလေသည်။ မယ်ပျော့မှာ ရွာရှိနေအိမ်တွင်ပင် လုပ်ကိုင်နေသည်မို့ မယ်ယမင်းမှာ မိမိလုပ်ရပ်များကို မယ်ပျော့မမြင်သာစေရန်အတွက် တောအုပ်အတွင်းသို့ သွားရောက်ကာ လုပ်ကိုင်လေသည်။

တောအုပ်အတွင်း စမ်းချောင်းကလေးတစ်ခု၏နံဘေးတွင် အလွန်ကြီးမားသည့် ပညောင်ပင်ကြီးတစ်ပင်ရှိလေသည်။ ထိုပညောင်ပင်ကြီးအောက်တွင် ကျောက်ဖျာကြီးတစ်ခုရှိလေရာ ထိုနေရာသည် မယ်ယမင်းအတွက် ချည်သားထုတ်လုပ်ရန်အကောင်းဆုံးနေရာဟု မယ်ယမင်းက သတ်မှတ်လိုက်လေသည်။ ချည်ထည်ထုတ်လုပ်ရာတွင် ရေကိုနိုင်နိုင်သုံးရသည်မို့ စမ်းချောင်းအနီးနေရာကလေးမှအဆင်ပြေလှသည်။ ချည်စာကျွေးခြင်း၊ ချည်နင်းခြင်း၊ ဆေးဆိုးခြင်းများပြုလုပ်ရာတွင်လည်း ကျောက်ဖျာနေရာမှာလျှော်ဖွတ်ထုထောင်းရန်အဆင်ပြေသည်မို့ မယ်ယမင်းက ထိုနေရာကိုရွေးချယ်လိုက်ခြင်းဖြစ်သည်။

ဝါဂွမ်းမှစကာ ဝါကြိတ်ခြင်း၊ ဝါဖတ်ခြင်း၊ ဗိုင်းတောင့်လိပ်ခြင်း၊ ဗိုင်းငင်ခြင်းစသည့်လုပ်ငန်းစဉ်များအကုန်လုံးကို မယ်ယမင်းက ထိုသစ်ပင်ကြီးအောက်တွင် တစ်ဦးတည်း သီချင်းတအေးအေးဖြင့်လုပ်ကိုင်လေသည်။ တစ်လခန့်ကြာသည့်အခါ ချည်ခင်များမှာဆေးဆိုးရန်အသင့်ဖြစ်နေပြီဖြစ်သည်။ ဆေးဆိုးရာတွင် သဘာဝသစ်ဥသစ်ဖုများကို ပြုတ်၍ ဆေးဆိုးရခြင်းဖြစ်ကာ ချည်ထည်ကောင်းတစ်ခုရက်လုပ်ရာတွင်လည်း ဆေးဆိုးခြင်းမှာအရေးကြီးသဖြင့် မယ်ယမင်းတစ်ယောက် ထိုသစ်ပင်ကြီးအောက်တွင် နေ့မနားညမနား ချည်ခင်များကိုဆေးဆိုးလေသည်။ ဆေးဆိုးပြီးသည့်အခါ နေရောင်ပြင်းပြင်းတွင်လှမ်းရသည့််ဆေးရှိသလို နေရောင်မထိဘဲ ညလရောင်ကိုအသုံးပြုကာ လှမ်းရသည့်လုပ်ငန်းစဉ်လည်းရှိပေရာ မယ်ယမင်းမှာ ထိုသစ်ပင်ကြီးအောက်မှာပင် မီးခွက်ကလေးထွန်းလျှက် ချည်ထည်များကိုဆေးဆိုးနေလေသည်။

ညသန်းခေါင်ရောက်သည့်အခါ မယ်ယမင်း၏ဆေးဆိုးလုပ်ငန်းပြီးစီးသွားသည်။ မယ်ယမင်းမှာ ကျောက်ဖျာကြီးပေါ်တွင်လှဲချလိုက်ကာ အမောဖြေနေလိုက်သည်။ တစ်နေကုန်အလုပ်လုပ်နေရသဖြင့် ပင်ပန်းနေပြီမို့ မယ်ယမင်းတစ်ယောက် ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားတော့သည်။

“သမီးလေး၊ သမီးလေး ထစမ်းပါအုံးသမီးလေးရဲ့”

လှုပ်နှိုးသံကြားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ မယ်ယမင်းမှာ အသက်လေးဆယ်ခန့်ရှိသည့် မိန်းမကြီးတစ်ဦးကိုတွေ့လိုက်ရလေသည်။

“အလို ရှင်ကဘယ်သူများလဲ”

“သမီးလေးက အမေ့ကိုတောင်မမှတ်မိဘူးလား၊ အင်းပေါ့လေ အမေနဲ့အဖေဆုံးပါးသွားတုန်းက သမီးလေးက အခါလည်တောင်မရှိသေးဘူးကိုး”

မယ်ယမင်းမှာ အံ့သြသွားလေသည်။

“အမေ၊ ရှင်က ကျုပ်ရဲ့အမေလား”

ထိုမိန်းမကြီးမှာခေါင်းညိတ်ပြပြီး မယ်ယမင်းအား နှစ်နှစ်ကာကာပြုံးပြနေလေသည်။

“အမေက အခုဒီကိုဘာလာလုပ်တာလဲ”

“ငါ့သမီးလေးအလုပ်လုပ်နေတာကို အမေက ဟောဒီပညောင်ပင်ကြီးပေါ်ကနေ နေ့တိုင်းကြည့်နေခဲ့တာပါ၊ အမေ အခုလာခေါ်တာက ပညောင်ပင်မှာနေတဲ့ နတ်မင်းကြီးက သမီးလေးကိုအခေါ်လွှတ်လို့ လာခဲ့ရတာ၊ သမီး အမေနဲ့လိုက်ခဲ့နော်”

မယ်ယမင်းမှာ ပညောင်ပင်အားကြည့်လိုက်သည့်အခါ ကြီးမားသည့်ပညောင်ပင်ကြီး၏ ပင်စည်တွင် ရွှေရောင်များဝင်းလက်နေသည့် တံခါးကြီးတစ်ချပ်ရှိနေလေသည်။ မယ်ယမင်း၏ မိခင်မှာ ထိုတံခါးပေါက်ကြီးဆီသို့သွားကာ တံခါးပေါက်ကိုဖွင့်လိုက်သည်။ အတွင်းမှ ရွှေရောင်အလင်းရောင်များတိုးထွက်နေသဖြင့် မယ်ယမင်း မျက်စိကျိန်းနေလေသည်။

“လာသမီး၊ အမေနဲ့လိုက်ခဲ့ နတ်မင်းကြီးက သမီးကိုတွေ့ချင်လို့တဲ့”

မယ်ယမင်းမှာ မိခင်ခေါ်ဆောင်သည့်အနောက်သို့လိုက်ခဲ့သည်။ တံခါးကြီးအားဖြတ်ကျော်ပြီးသည့်အခါ အတွင်းတွင် နန်းတော်ကြီးတမျှကြီးကျယ်ခမ်းနားလှသည့် ဘုံဗိမ္မာန်ကြီးတစ်ခုကိုတွေ့ရသည်။ ဘုံဗိမ္မာန်ကြီး တွင်လည်း မြောက်များလှစွာသော အလုပ်သမားများက အလုပ်လုပ်ကိုင်နေကြလေသည်။

“သမီးလေး ရောက်လာပြီလား”

ရွှေရောင်ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားကာ လှံရှည်ကြီးတစ်လက်ကိုင်ဆောင်ထားသည့် လူကြီးတစ်ဦးက မယ်ယမင်းထံသို့ပြေးလာခဲ့သည်။ ထိုလူကြီးကို မယ်ယမင်းကကြည့်ရင်း

“ရှင်ကဘယ်သူလဲ”

“ရက်စက်လိုက်တာသမီးလေးရယ်၊ အဖေက သမီးလေးရဲ့အဖေလေကွဲ့”

“ဟုတ်တယ်သမီး၊ အဖေနဲ့အမေက လယ်အထွက်ကောင်းရင် မြေစောင့်နတ်ကို ဗလိနတ်စာကျွေးမယ်ဆိုပြီး တိုင်တည်ဆုတောင်းခဲ့ပေမယ့် ဗလိနတ်စာပေးဖို့ မေ့လျော့ခဲ့လို့ အဖေတို့နှစ်ယောက်ကို မြေစောင့်နတ်က မြွေဟန်ဆောင်ပြီး သတ်ဖြတ်ပစ်ခဲ့ကြတာပဲ၊ ဒါပေမယ့် အဖေတို့ကို ဟောဒီက ပညောင်ပင်စောင့် နတ်မင်းကြီးက ကယ်တင်ခဲ့တယ်၊ အဖေနဲ့အမေက အခုဆိုရင် ပညောင်ပင်စောင့်နတ်မင်းကြီးရဲ့ အမှုထမ်းတွေဖြစ်နေပြီ၊ အဖေက ပညောင်ပင်ကြီးရဲ့ဝင်ပေါက်ထွက်ပေါက်ကို စောင့်ကြပ်ရသလို သမီးရဲ့အမေကလည်း ပညောင်ပင်စောင့်နတ်မင်းကြီးရဲ့ ခါးဝတ်ပုဆိုး အဝတ်အထည်တွေကိုရက်လုပ်ပေးရတဲ့ အလုပ်သမားဖြစ်နေပါပြီ”

“ကဲ ရှင်စကားရှည်မနေနဲ့ နတ်မင်းကြီးက အချိန်မီခေါ်မလာလို့ ကျုပ်ကိုအပြစ်ပေးနေပါအုံးမယ်”

မိခင်ဖြစ်သူက မယ်ယမင်းအား ဆွဲခေါ်သွားလေသည်။ ဘုံဗိမ္မာန်ကြီးအပေါ်သို့တက်လိုက်သည့်အခါ ခန်းမကြီးတစ်ခုရှိပြီး ပလ္လင်ကြီးတစ်လုံးရှိသည်။ ထိုပလ္လင်ကြီးအပေါ်တွင် အစိမ်းရောင်အဝတ်တန်ဆာများဝတ်ဆင်ထားသည့်နတ်မင်းကြီးတစ်ဦးရှိနေကာ ပလ္လင်ကြီးဘေးနားတွင်တော့ အလွန်ချောမောလှပသည့် နတ်မိဖုရားခြောက်ယောက်မှာ တန်းစီးရပ်တန့်နေလေသည်။

“နတ်မင်းကြီး ကျွန်မသမီးလေးကိုခေါ်လာခဲ့ပါပြီ”

နတ်မင်းကြီးက မယ်ယမင်းကိုသေချာကြည့်ရှုလိုက်ပြီး

“မင်းနာမည် မယ်ယမင်းလား”

“ဟုတ်ပါတယ်နတ်မင်းကြီး”

“ကျုပ်ကြားဖူးသလောက်ကတော့ ပန်းတောင်းရွာမှာ မင်းက ရက်ကန်းအတတ်ကိုတစ်ဖက်ကမ်းခပ်ပြီး ကျွမ်းကျင်ပိုင်နိုင်တယ်ဆို”

“ဟုတ်ပါတယ် နတ်မင်းကြီး”

“ဒါဆိုအတော်ပဲ မင်းကိုငါတစ်ခုခိုင်းစရာရှိတယ်၊ အဲဒါကတော့ တခြားမဟုတ်ပါဘူး နောက်ခုနစ်ရက်ကြာရင် နတ်မင်းတွေစုံညီတဲ့ နက္ခတ်သဘင်ပွဲကြီး ကျင်းပလိမ့်မယ်၊ အဲဒီမှာ နတ်မင်းကြီးတွေသာမကဘဲ နတ်မိဖုရားတွေကပါ အလှချင်းပြိုင်ပြီး အစွမ်းကုန်လှပကြလိမ့်မယ်၊ အဲဒီပွဲမှာ ဝတ်ဆင်ဖို့အဝတ်အစားတွေကို မင်းတတ်ကျွမ်းတဲ့ရက်ကန်းခတ်တဲ့ပညာနဲ့ ငါ့မိဖုရားတွေဝတ်ဆင်ဖို့ အဆင်ဆန်းတွေကို ရက်လုပ်ပေးနိုင်မလားဆိုတာပါ”

“ကျွန်မက လူအဝတ်တွေတော့ရက်လုပ်ပေးဖူးပေမယ့် နတ်ဝတ်နတ်စားတွေကိုတော့ မရက်လုပ်ဖူးပါဘူး”

“လူအဝတ်အစားနဲ့ နတ်ဝတ်နတ်စားဆိုတာ သိပ်ပြီးမကွာခြားလှပါဘူး၊ သုတိတာ၊ ယာမာနတ်ပြည်က နတ်မျိုးတွေကျတော့ နတ်ဝတ်နတ်စားတွေကို ချုပ်လုပ်စရာမလိုဘဲ စိတ်ကတောင့်တလိုက်တာနဲ့ရရှိတတ်ပေမယ့် ကျုပ်တို့လို စတုမဟာရာဇ်နတ်တွေကျတော့ လူတွေလိုပဲ စားဖို့သောက်ဖို့အစားအသောက်တွေကို ချက်ပြုတ်ပြင်ဆင်ရသလို ဝတ်ဆင်ဖို့အဝတ်အစားတွေကိုလည်း ရက်လုပ်ရတယ် မိန်းကလေး၊ ဒါကြောင့် လူ့အဝတ်အစားရက်လုပ်တာနဲ့ ဘာမှမခြားပါဘူး”

“လုပ်ဆိုရင်တော့ လုပ်နိုင်ပါတယ်၊ ဒါပေမယ့် ပြိုင်ပွဲကလည်းရှိနေတယ်ဆိုတော့”

“ကောင်းပြီ၊ မင်းအချိန်တိုင်းလုပ်စရာမလိုဘူး၊ နေ့ခင်းပိုင်းမှာ မင်းလုပ်စရာရှိတာတွေလုပ်၊ အခုလိုညဘက်ရောက်တဲ့အခါ ငါတို့ဆီကိုလာပြီး အလုပ်တွေလုပ်ပေးရမယ်၊ ဒီလိုလုပ်ပေးတဲ့အတွက် မင်းအတွက်အကျိုးမနည်းစေရပါဘူး၊ မင်းလိုချင်တဲ့ဆုတစ်ခုကို ငါကဖြည်းဆည်းပေးမှာပါ”

“ကောင်းပါပြီ၊ လူတွေအဝတ်အစားရက်လုပ်တာနဲ့ သိပ်မကွာဘူးဆိုရင် လုပ်ပေးပါ့မယ်”

မယ်ယမင်းကို နတ်မိဖုရားတစ်ပါးက ဦးဆောင်ကာ ခေါ်ဆောင်သွားလေသည်။ ဗိမ္မာန်ကြီးအတွင်းရှိ အခန်းတံခါးတစ်ခုကိုဖွင့်လိုက်သည့်အခါ ရွှေသားအတိဖြင့်ပြုလုပ်ထားသည့် ရက်ကန်းစင်ကြီးတစ်ခုကိုတွေ့ရသည်။ ထိုရက်ကန်းစင်ကြီး အနီးတွင်လည်း အရောင်အမျိုးမျိုးစုံလင်လှသည့် ချည်ခင်များကိုချပေးထားသည်။ ချည်ခင်များကိုကိုင်တယ်လိုက်သည့်အခါ တိမ်စိုင်တိမ်လိပ်များကို ကိုင်တွယ်လိုက်ရသည့်နှယ် နူးညံ့ပျော့ပြောင်းလှကာ အရောင်အသွေးမှာလည်း တလက်လက်ဝင်းပနေလေသည်။

မယ်ယမင်းက ရက်ကန်းစင်ကြီးအားကြည့်လိုက်ပြီးနောက်

“ရှင်တို့ခြောက်ယောက်ဝတ်ဖို့အတွက် အဝတ်အစားတွေရက်လုပ်ဖို့ ခုနစ်ရက်ဆိုတဲ့အချိန်ဟာ မလောက်ဘူးနော်”

နတ်မိဖုရားမှာပြုံးလျှက် မယ်ယမင်းကို ရက်ကန်းစင်တွင်ထိုင်ခိုင်းလိုက်လေသည်။ ပြီးနောက် ရွှေသားအတိဖြင့်ပြုလုပ်ထားသည့် လွန်းဆန်တစ်ခုကိုလက်ထဲသို့ပေးလိုက်သည်။ ပြီးနောက် လွန်းဆန်အား မယ်ယမင်းရင်ဘတ်တွင်အပ်ထားလိုက်ကာ

“မင်းစိတ်ထဲမှာ လိုချင်တဲ့အဆင်ကိုသာ အာရုံခံထားလိုက်စမ်းပါ၊ ဒီလွန်းဆန်က သူ့အလိုလိုပျံသန်းပြီးတော့ မင်းစိတ်ကူးထဲကအတိုင်းအဆင်တွေကို ဖန်တီးရက်လုပ်ပေးလိမ့်မယ်”

မယ်ယမင်းမှာ မယုံမကြည်နှင့် မျက်လုံးကိုမှိတ်လိုက်သည်။ ထို့နောက် မျက်စိအမြင်အာရုံတွင်အဆင်တစ်ခု၏ပုံကို အာရုံထဲတွင်ဖော်နေမိသည်။ ထိုအခိုက်မှာပင် သူကိုင်ထားသည့်လွန်းဆန်မှာလည်း ရက်ကန်းစင်ပေါ်သို့ပျံတက်သွားပြီးနောက် ရှေ့တိုးနောက်ငင်လျှင်မြန်စွာပျံသန်းကာ ရက်လုပ်လေသည်။ မယ်ယမင်းက စိတ်ကူးထဲတွင် အရောင်များကိုအမျိုးစုံပြောင်းလဲသည့်အခါ လွန်းပျံအတွင်းမှ ချည်သားများမှာလည်း သူ့အလိုလိုအရောင်ပြောင်းလဲပြီးနောက် ရက်လုပ်နေလေသည်။

မယ်ယမင်းမှာ ထိုလွန်းပျံကိုအံ့သြစွာကြည့်နေမိသည်။ အဆင်များမှာလည်း သူစိတ်ကူးထားသည့် အဆင်များအတိုင်း တစ်သွေမတိမ်းဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ ထိုနည်းဖြင့် ထိုညတွင်တော့ မိဖုရားတစ်ယောက်အတွက် ဆန်းသစ်ရောင်စုံလှပသည့် အဝတ်စတစ်ခုကိုရက်လုပ်ပြီးစီးလေသည်။ ထိုမိဖုရားမှာ မယ်ယမင်းရက်လုပ်ပေးသည့်အဆင်ကိုကြည့်ကာ လွန်စွာနှစ်သက် သဘောကျနေလေသည်။

ရက်လုပ်ပြီးစီးသည့်အခါ နတ်မင်းကြီးက အလွန်ကျေနပ်ပြီး မယ်ယမင်းအား ရေတစ်ခွက်တိုက်လေသည်။

“ဟောဒါနတ်ရေစင်ပဲ၊ မင်းက တစ်ညလုံးမအိပ်ရဘဲ အလုပ်တွေလုပ်နေရလို့ပင်ပန်းပြီး အားနည်းနေတော့မယ် နတ်ရေစင်ကိုသောက်မှ အားအင်မကုန်ခမ်းမှာ”

မယ်ယမင်းက ရေခွက်ကိုလှမ်းယူမည်လုပ်နေစဉ်မှာပင် နတ်မင်းကြီးက လက်ကိုသိမ်းလိုက်ပြီး

“တစ်ခွက်လုံးမသောက်ရဘူး၊ တစ်စက်ပဲသောက်ရမယ်”

မယ်ယမင်းက ပါးစပ်ကိုဟထားလိုက်သည့်အခါ နတ်မင်းကြီးက ရေခွက်အတွင်းကို လက်တစ်ချောင်းနှစ်လိုက်ပြီးနောက် မယ်ယမင်းပါးစပ်အပေါ်တွင်ချလိုက်လေသည်။ နတ်ရေစင်တစ်စက်မှာ မယ်ယမင်းကိုယ်ခန္ဓာအတွင်းသို့ဝင်သွားသည်နှင့် မယ်ယမင်းမှာ ပြောမပြနိုင်သည့် အင်အားများတိုးပွားလာလေသည်။

ထို့နောက် မယ်ယမင်း၏ မိခင်က ပြန်ခေါ်သွားလေသည်။ နတ်မင်းကြီးဗိမ္မာန်မှ ထွက်သည့်တံခါးပေါက်အရောက်တွင် မယ်ယမင်းဖခင်က ပွေ့ဖက်နှုတ်ဆက်လေသည်။ ပြီးသည့်နောက် မယ်ယမင်းမှာ ထိုတံခါးမကြီးဆီမှထွက်လာခဲ့သည်။

(၃)

နားထဲတွင် ကျေးငှက်သာရကာများ၏ သီဆိုသံများကိုကြားရသဖြင့် မယ်ယမင်းမှာ မျက်လုံးများကိုဖွင့်ကြည့်လိုက်လေသည်။ ထိုအခါ ပညောင်ပင်ကြီး၏ အကိုင်းအခက်များကိုတွေ့ရသည်။ မယ်ယမင်းတစ်ယောက် အိပ်မက်မက်နေသည်ဟုပင် အစကထင်မိလေသည်။ သို့သော် တစ်ကိုယ်လုံးပေါ့ပါးကာ ကြည်လင်နေသည်ကိုခံစားရသဖြင့် အိပ်မက်မက်နေသည်လား တစ်ကယ်ဖြစ်နေသည်လားကိုပင် ဝေခွဲမရတော့ပေ။

ထိုနည်းအတိုင်း ခြောက်ရက်တိတိညနက်သည့်အခါတိုင်း ပညောင်ပင်ကြီးဆီသို့သွားရောက်ကာ နတ်ဗိမ္မာန်ကြီးအတွင်း ရက်လုပ် လုပ်ကိုင်ပေးပြီးသည့်နောက် မယ်ယမင်းမှာ မဟုတ်မမှန်သည့်အကြံတစ်ခုကိုရရှိလိုက်လေသည်။

“အမေ၊ ကျုပ် အဲဒီရွှေလွန်းပျံကို လိုချင်တယ်”

မယ်ယမင်းက တိုင်ပင်သည့်အခါ မိခင်ဖြစ်သူနှင့် ဖခင်ဖြစ်သူမှာ အလွန်ထိတ်လန့်သွားကြသည်။

“ရွှေလွန်းပျံက နတ်မင်းတွေရဲ့ကိရိယာတစ်ခုပဲ သမီးကဘာဖြစ်လို့လိုချင်တာလဲ”

“သမီးသာ အဲဒီလွန်းပျံကိုရရင် လူတွေတစ်ခါမှ စိတ်တောင်မကူးဖူးတဲ့အဆင်ဆန်းတဲ့အထည်တွေရက်လုပ်နိုင်မှာအမေရဲ့၊ ပြီးတော့ ဘုရင်မင်းမြတ်ကိုယ်တိုင်ကြည့်ရှုမဲ့ ပြိုင်ပွဲမှာ သမီးအနိုင်ရတော့မှာ၊ သမီး အဲဒီလွန်းပျံကိုလိုချင်လို့ပါ အမေရာ၊ အမေတို့ ကူညီရင်ကူညီပေးကြပါ”

“ဖြစ်မယ်မထင်ပါဘူးသမီးရယ်”

မယ်ယမင်းအဖေက ဝင်ပြောသည်။ မယ်ယမင်းက ငိုယိုလျှက်

“အဖေနဲ့အမေက သမီးအတွက်ဘာလုပ်ပေးခဲ့တာရှိလို့လဲ၊ သမီးမှာ ငယ်စဉ်ကတည်းက အဖေနဲ့အမေရဲ့မေတ္တာကို ရရှိခဲ့ဖူးတာမဟုတ်ပါဘူး၊ ဒီဟာလေးတစ်ခုတော့ အဖေနဲ့အမေ သမီးကိုကူညီပေးပါ၊ သမီးအဲဒီလွန်းပျံကိုလိုချင်တယ် အဖေနဲ့အမေ”

မယ်ယမင်း၏ မိဘများမှာတစ်ဦးမျက်နှာတစ်ဦးကြည့်လိုက်ကြသည်။ အတန်ကြာသည့်အခါမှ ဖခင်ဖြစ်သူက သက်ပြင်းချလျှက်

“ကောင်းပြီသမီး၊ သမီးကိုကူညီလို့ အဖေတို့ဒုက္ခတွေအများကြီးရောက်သွားနိုင်တယ်၊ ဒါပေမယ့်လည်း သမီးကိုအဖေတို့ကူညီမယ်၊ ခုနစ်ရက်ပြည့်သွားတာနဲ့ နတ်မင်းကြီးက သမီးကိုနတ်နန်းထဲပေးဝင်မှာမဟုတ်တော့ဘူး၊ ဒါကြောင့် ခုနစ်ရက်ပြည့်တဲ့နေ့ မှာ ရိုးရိုးလွန်းပျံတစ်ခုကို ရွှေချပြီးယူလာခဲ့ပါ၊ ပြီးတော့ နတ်လွန်းပျံနဲ့လဲလှယ်ပြီးထားခဲ့ပါ၊ နတ်မင်းကြီးမရိပ်မိခင်မှာပဲ နတ်နန်းဆောင်အတွင်းကနေ အပြေးထွက်သွားပါတော့၊ အမေနဲ့အဖေက နတ်မင်းကြီးသမီးအနောက်ကို လိုက်မလာနိုင်အောင် တားမြစ်ထားမယ်၊ သမီးက ပညောင်ပင်ကြီးအောက်ကနေ လွတ်အောင်ပြေးနိုင်ပြီဆိုရင် နတ်မင်းကြီးရဲ့ အန္တာရယ်စက်ကွင်းထဲက လွတ်သွားပြီဖြစ်တဲ့အတွက် သမီးဘေးကင်းမှာပါ”

ဖခင်ပြောသည့်အကြံကို မယ်ယမင်းကခေါင်းညိတ်လိုက်လေသည်။

ထိုနေ့က ခုနစ်ရက်ပြည့်သည့်နေ့ပင်ဖြစ်သည်။ မယ်ယမင်းမှာ ထိုနေ့တွင်တော့ မိဖုရားများအတွက် အဝတ်အစားများကိုမရက်လုပ်ရတော့ဘဲ နတ်မင်းကြီးကိုယ်တိုင်ဝတ်ဆင်ရန် အဝတ်အစားများကိုရက်လုပ်ရမည်ဖြစ်သည်။ ထိုသို့ရက်လုပ်နေရင်း အဝတ်အစားများပြီးစီးသောအခါ မယ်ယမင်းမှာ ရင်ဘတ်အတွင်းခိုးဝှက်ယူလာသည့် သစ်သားလွန်းပျံကိုထုတ်လိုက်လေသည်။ ဖခင်ဖြစ်သူခိုင်းထားသည့်အတိုင်း သစ်သားလွန်းပျံကို ရွှေပိန်းချထားသဖြင့် အမှတ်တမဲ့ကြည့်လျှင် ရွှေလွန်းပျံနှင့်ပုံစံတူလှပေသည်။ ထိုလွန်းပျံအတုကို ရက်ကန်းစင်ပေါ်တွင်တင်ထားလိုက်ပြီး ရွှေလွန်းပျံကိုမူ ရင်ဘတ်အတွင်းသို့ ထိုးထည့်ကာ ခိုးဝှက်ထားလိုက်လေသည်။

နတ်မင်းကြီးမှာ အလွန်လှပသည့် ပုဆိုးကိုကြည့်ကာ ဝမ်းသာအားရနေလေသည်။ မယ်ယမင်းမှာ ပြန်ချင်ဇောသာရှိနေသဖြင့် နတ်ဗိမ္မာန်ကြီးအဝင်ဝသို့အပြေးပြန်လာခဲ့သည်။ ထိုအခိုက် မယ်ယမင်းအနောက်မှ နတ်မင်းကြီးက ဘွားခနဲပေါ်လာသည်။

“အသင်မိန်းကလေး သင်ဘယ်ကိုသွားမလို့လဲ”

မယ်ယမင်းမှာ အလွန်စိုးရိမ်ထိတ်လန့်သွားပြီးနောက်

“ပြိုင် . . ပြိုင်ပွဲနီးပြီမို့ မြန်မြန်ပြန်ပြီး လုပ်စရာရှိတာလုပ်မလို့ပါ”

“ဒါဖြင့်ရင်လည်း နတ်ရေစင်တစ်ပေါက်လောက် သောက်ချသွားပါအုံး”

မယ်ယမင်းက ပါးစပ်ကိုဟထားလိုက်သည်။ နတ်မင်းကြီးက ရေစင်ခွက်ကို ကိုင်လိုက်လေသည်။ ထိုအချိန်မှာပင် မယ်ယမင်းဘေးနားတွင်ရပ်နေသည့် မိခင်ဖြစ်သူက နတ်မင်းကြီးထံမှ နတ်ရေစင်ခွက်ကိုလုယူလိုက်ပြီးသည့််နောက် မယ်ယမင်းပါးစပ်အတွင်းသို့ ရေစင်များကိုအကုန်အစင်လောင်းချလိုက်တော့သည်။

မယ်ယမင်းမှာ ရုတ်တရက်မို့ ရေစင်များကိုမော့သောက်ချလိုက်မိသည်။ နတ်မင်းကြီးက အံ့သြနေစဉ်မှာပင် မယ်ယမင်း၏ မိခင်က နတ်မင်းကြီးကိုပြေးဖက်ကာ ဆွဲထားလေသည်။

“သမီးလေး၊ ပြေး . . . ပြေးနိုင်သမျှ မြန်မြန်ပြေးတော့”

ထိုအခါ မယ်ယမင်းမှာ အနောက်သို့လှည့်ပြေးလေသည်။ နတ်ဗိမ္မာန်ကြီးအဝင်ဝသို့ရောက်သည့်အချိန်တွင် ဖခင်ဖြစ်သူက ပုဆိန်ကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်ကိုတွေ့ရသည်။ ဖခင်ဖြစ်သူက မယ်ယမင်းအား ကြည့်လိုက်ပြီးနောက်

“သမီးလေး ပြေးတော့၊ အဖေတို့တွေ ငါ့သမီးလေးလိုချင်တာကို ရအောင်ယူပေးလို့ သမီးလေး ကျေနပ်တော့နော်”

မယ်ယမင်းက တံခါးပေါက်မှထွက်လိုက်သည့်အခါ ဖခင်ဖြစ်သူက တံခါးပေါက်ကျည်းဘောင်များအား ပုဆိန်ဖြင့်ပေါက်ကာ ဖြိုဖျက်ချလိုက်လေသည်။ အလွန်ကျယ်လောင်သည့် တော်လဲသံကိုကြားလိုက်ရပြီး မယ်ယမင်းတစ်ယောက် အပြင်လောကကြီးဆီသို့ပြန်ရောက်လာခဲ့သည်။ မိခင်ကြီးမှာကြားလိုက်သည့်အတိုင်း ပညောင်ပင်ကြီးအောက်မှ အလျှင်အမြန်ပြေးထွက်လေသည်။

ပညောင်ပင်ကြီးမှာ တဝေါဝေါလှုပ်ခတ်နေပြီးနောက် ပညောင်ပင်ကြီးထိပ်တွင် နတ်မင်းကြီးပေါ်လာလေသည်။ နတ်မင်းကြီးက မယ်ယမင်းကိုလက်ညှိုးထိုးပြီး

“အို အသင်လူသားမိန်းကလေး၊ နတ်ပစ္စည်း နတ်ကိရိယာဆိုတာ နင်တို့လူသားတွေနဲ့မထိုက်တန်ဘူး၊ ဟောဒီရွှေလွန်းပျံဟာဆိုရင်လည်း စတုမဟာရာဇ်နတ်မင်းကြီးလေးပါးရဲ့ ရက်ကန်းရုံတော်က ငှားလာခဲ့တဲ့ပစ္စည်းပဲ၊ အဲဒီလွန်းပျံငါ့ကိုပြန်ပေးရင်ပေး မပေးရင်တော့ ငါ့အဆိုးမဆိုနဲ့”

မယ်ယမင်းမှာ ခေါင်းခါလိုက်ပြီး ဆက်လက်ပြေးပြန်သည်။ နတ်မင်းကြီးက အလွန်ဒေါသထွက်ထွက်ဖြင့် ဟစ်အော်လိုက်လေရာ တစ်တောလုံးတစ်တောင်လုံးရှိ သစ်ပင်ကြီးငယ်တို့မှာ တဖြန်းဖြန်းလှုပ်ခတ်ကြပြီး သစ်ပင်ကြီးများမှာ မယ်ယမင်းထံသို့ကိုင်းကျလျှက် သစ်ခက်သစ်လက်များမှာ လက်ချောင်းကြီးများသဖွယ်ဖြစ်ကုန်ကာ မယ်ယမင်းအားဝိုင်းဆွဲကြသည်။ မယ်ယမင်းမှာ ထိုသစ်ခက်ကြီးများကိုရှောင်ရှားရင်း ဆက်ပြေးလွှားလိုက်ရာ အရှေ့တွင်ရှိနေသည့် လျှိုကြီးကို ဂရုမမူမိဘဲ လျှိုအတွင်းသို့ လိမ့်ကျသွားလေတော့သည်။

လျှိုအောက်ထဲရောက်သည့်အခါ မယ်ယမင်းမှာ မထနိုင်တော့ပေ၊ အကြောင်းမှာ လျှိုအောက်သို့ပြုတ်ကျရင်း ရင်ဘတ်ထဲထည့်ထားသည့် ရွှေလွန်းပျံမှ လွန်းအချွန်စမှာ မယ်ယမင်း၏ ရင်ဝကိုထိုးဖောက်ကာ နှလုံးအိမ်အတွင်းသို့စိုက်ဝင်၍ သေဆုံးသွားသောကြောင့်ဖြစ်သည်။ မယ်ယမင်းမှာ အသက်သေဆုံးသွားသည့်အခါ နတ်ရေစင်များအများအပြားသောက်ထားသည့်အတွက်ကြောင့် လူအဖြစ်မှ နတ်စိမ်းအဖြစ်သို့ပြောင်းလဲသွားပေသည်။ ပညောင်ပင်စောင့်နတ်မင်းကြီးမှာ နတ်စစ်သည်များခြံရံလျှက် မယ်ယမင်းထံသို့ရောက်လာကြသည်။

“မယ်ယမင်း မင်းက ငါတို့ပစ္စည်းကို ခိုးယူသွားတဲ့အတွက် မင်းကိုစီရင်ရလိမ့်မယ်”

ထိုအခါ မယ်ယမင်းက မတ်တပ်ထလိုက်ရင်း

“နတ်မင်းကြီးပြောထားတယ်မဟုတ်လား ခုနစ်ရက်ပြည့်လို့ အလုပ်ပြီးတဲ့အခါ ကျွန်မလိုချင်တဲ့ ဆုတစ်ခုကို နတ်မင်းကြီးကဖြည့်ဆည်းပေးမယ်လို့လေ၊ နတ်မင်းကြီးပဲ ကတိပေးထားတယ်မဟုတ်လား”

နတ်မင်းကြီးက ခေါင်းညိတ်လျှက်

“ကောင်းပြီ၊ မင်းအလိုရှိရာကိုသာပြောတော့”

“ကျွန်မ ဟောဒီရွှေလွန်းပျံကိုလိုချင်တယ်”

နတ်မင်းကြီးမှာ မပေးချင်ပေ၊ သို့သော်လည်း မိမိကတိစကားမှာလည်း ကျွံသွားပြီမို့ နောက်ဆုံးတော့ မယ်ယမင်းအားထို ရွှေလွန်းပျံကိုပေးလိုက်ရလေသည်။ မယ်ယမင်းမှာ ရွေလွန်းပျံရသော်လည်း နတ်စိမ်းဖြစ်၍နေလေသည်။

ပြိုင်ပွဲနေ့တွင် မယ်ယမင်းမပြိုင်နိုင်သဖြင့် မယ်ပျော့မှာတစ်ဦးတည်းယှဉ်ပြိုင်ကာ အနိုင်ရရှိသွားသည်။ ဘုရင်မင်းမြတ်မှာ မယ်ပျော့ရက်လုပ်သည့် အဆင်ပုဆိုးကိုအလွန်သဘောတွေ့နေမိသည်။ ထိုပုဆိုးကို ဘုရင်မင်းက ကိုင်လိုက်သည့်အခါတွင် ပုဆိုးမှာ ပူခနဲဖြစ်သွားပြီးနောက် အနက်ရောင်အခိုးအငွေ့များပျံတက်ကာ ချက်ချင်းပင်သွေ့ခြောက်ကျသွားသည်။ ထိုအဖြစ်ဖြစ်အောင် မယ်ယမင်းက စီစဉ်လိုက်ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် မယ်ယမင်းမှာ မူးမတ်တစ်ဦးကို ပူးကပ်လိုက်ပြီးနောက်

“အဲဒါ စုန်းပဲ၊ ဒီမိန်းကလေးဟာ စုန်းမတစ်ယောက်ပါ၊ အဝတ်အထည်တွေကို စုန်းအတတ်နဲ့ဖန်တီးပြီးတော့ လူအများကိုလှည့်စားနေခြင်းဖြစ်ပါတယ်”

မူးမတ်ပြောစကားအရရော လက်တွေ့အဖြစ်အပျက်အရပါ ထပ်တူညီနေသဖြင့် ဘုရင်မင်းမြတ်မှာအလွန်ဒေါသထွက်သွားကာ မယ်ပျော့ကို ချက်ချင်းဖမ်းဆီးစေလေသည်။ မယ်ပျော့မှာ လက်ကာကာ ခြေကာကာဖြင့်ငြင်းဆန်သော်လည်း ငြင်းမရပေ၊ ဘုရင်မင်းက မယ်ပျော့အား နေမကွယ်ခင်မှာပင် ကားစင်တင်၍ အရှင်လတ်လတ်မီးကင်သတ်စေသည်။

ရဲမက်များမှာ မယ်ပျော့ကိုလူသတ်ကုန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြစဉ် လမ်းမတစ်ခုပေါ်တွင် ပံ့သကူသင်္ကန်းအားရှာဖွေနေသည့် ရဟန်းတစ်ပါးနှင့်ဆုံတွေ့လေသည်။ မယ်ပျော့က ပါးကွက်သားများကိုတောင်းပန်ပြီး သူ့ပုခုံးပေါ်တွင် ခြုံထားသည့် ခြုံထည်ပုဝါအား လှူဒါန်းလိုက်လေသည်။ ပါးကွက်သားများက မယ်ပျော့အားခေါ်ဆောင်သွားပြီး လူသတ်ကုန်းတွင် သံတိုင်တစ်တိုင်စိုက်ထူလျှက် ထိုသံတိုင်အောက်တွင် ထင်းတုံးလောင်စာများ၊ ကညင်ဆီများလောင်းကာ ထင်းပုံပေါ်တွင် မယ်ပျော့ကိုထိုင်စေလျှက် သံတိုင်နှင့်တွဲကာ ကြိုးတုပ်ချည်နှောင်လိုက်ကြသည်။

ပါးကွက်သားများက ထင်းပုံကြီးကို မီးညှိလိုက်သည့်အခါ လောင်စာများကြောင့် မီးမှာတဟုန်းဟုန်းထတောက်လေသည်။ ထိုအခါ မယ်ယမင်းက ကိုယ်ထင်ပြလျှက် မယ်ပျော့သေဆုံးသည်ကို လာရောက်ကြည့်ရှုနေလေသည်။

“ဘယ်လိုလဲမယ်ပျော့ရဲ့၊ ညည်းပူမှပူရဲ့လား”

မယ်ပျော့မှာ မယ်ယမင်းအားကြည့်လျှက်

“ဒါ . . ဒါတွေအကုန်လုံးကို နင်လုပ်တာမဟုတ်လား မယ်ယမင်း”

“သေချာတာပေါ့၊ ဒီလိုအဖြစ်တွေအားလုံးဖြစ်အောင် ငါလုပ်ခဲ့တာပဲ၊ ငါက အခုသာမန်လူမဟုတ်တော့ဘူး အစွမ်းရှိတဲ့ နတ်စိမ်းတစ်ပါးဖြစ်သွားပြီ”

မယ်ပျော့မှာ မယ်ယမင်းအား မကျေမနပ်နှင့်ကြည့်လျှက်

“အို လောကပါလနတ်မင်းတို့၊ ကျွနု်ပ်သည် ယခုလူသတ်ကုန်းသို့ လာရာလမ်းတွင် ပုခုံးတင်သဘက်ကို ရဟန်းတစ်ပါးအား လှူဒါန်းခဲ့ပါသည်၊ ဤစကားသည် မှန်သောစကားဖြစ်ပါသည်။ ဤမှန်သော ဝစီသစ္စာစကားကို ဆိုရခြင်းကြောင့် ဖြစ်လေရာဘဝဆက်တိုင်း မယ်ယမင်းထက်စွမ်းသောသူဖြစ်ရပါစေ၊ မယ်ယမင်းကို နှိပ်စက်ညှင်းပန်းပြီး အနိုင်ယူနိုင်တဲ့သူ ဖြစ်ရပါစေသား”

မယ်ပျော့မှာ အသံနက်ကြီးနှင့်အော်ဟစ်ရင်း မီးညွန့်တလူလူကြားထဲတွင် အသက်ဇီဝိန်ချုပ်ငြိမ်းသွားခဲ့လေသည်။ မယ်ပျော့သေဆုံးပြီး ရက်ပေါင်းများစွာကြာသည်အထိ မယ်ယမင်းမှာ နတ်စိမ်းဘဝနှင့်ကျင်လည်နေခဲ့ရသည်။ သို့သော် တစ်ရက်တွင်တော့ ကဝေမကြီးတစ်ဦးက မယ်ယမင်းထံသို့ရောက်လာလေသည်။

“မင်းနဲ့ငါတိုင်ပင်စရာရှိလို့လာခဲ့တာပဲ”

“ဆိုစမ်းပါအုံး”

“ငါက အရှေ့မယ်တော်ကို စိန်ခေါ်တိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့လူဖြစ်တယ်၊ ဒါပေမယ့် မယ်တော်ကိုတိုက်ခိုက်ဖို့ဆိုတာ သာမန်လက်နက်နဲ့မရဘဲ နတ်အစွမ်းအစရှိတဲ့ နတ်လက်နက်တစ်မျိုးပါမှသာ တိုက်ခိုက်အနိုင်ယူနိုင်မှာဖြစ်တယ်၊ ဒါကြောင့် မင်းရဲ့လက်နက်ကို င့ါကိုခဏငှားစေချင်တယ်”

“ကျုပ်က ငှားလိုက်ပါပြီတဲ့ ရှင်ကဘာလုပ်မလို့လဲ”

“ဘာလုပ်ရမလဲ ငါက အဲဒီလက်နက်ရယ် ငါတတ်ထားတဲ့ပညာအစွမ်းတွေရယ်ကို ပေါင်းစပ်လိုက်ပြီးတော့ အရှေ့မယ်တော်ကို စိန်ခေါ်မယ်၊ ငါနိုင်ရင် ငါကမယ်တော်လုပ်မယ်၊ မင်းကိုလက်နက်ပြန်ပေးပြီးတော့ မင်းရဲ့အကျိုးကိုလည်း ငါကြည့်ပေးမယ်”

“ရှုံးရင်ရော”

“ရှုံးဖို့ဆိုတာမရှိဘူး၊ ဘာလို့လဲဆိုတော့ အရှေ့မယ်တော်က မကြာသေးခင်က စုန်းအရေးအခင်းတစ်ခုကိုဝင်ရောက်ဖြန်ဖြေရင်း တန်ခိုးစွမ်းအားတွေ အတော်အတန်သုံးမိသွားလို့ အင်အားနည်းနေတယ်၊ ဒီအချိန်သာ သူ့ကိုစိန်ခေါ်နိုင်တယ်ဆိုရင် အနိုင်ရဖို့များတယ်”

သို့နှင့် မယ်ယမင်းနှင့် ထိုကဝေမကြီးမှာ သဘောတူလိုက်လေသည်။ ကဝေမကြီးမှာ မယ်တော်အားတရားဝင်လူသိရှင်ကြားစိန်ခေါ်လေသည်။ မယ်တော်ရာထူးမှာ စိန်ခေါ်သူရှိလာလျှင် မဆိုင်းမတွပြိုင်ဆိုင်ရလေရော ထိုကဝေမကြီးနှင့်ပြိုင်ဆိုင်ရတော့သည်။ ကဝေမကြီးမှာ ကဝေပညာရပ်ကိုတစ်ဖက်ကမ်းခတ်ကျွမ်းကျင်ရုံသာမက မယ်ယမင်း၏ လွန်းပျံလည်းရှိသဖြင့် တန်ခိုးအင်အားနည်းပါးနေသည့် အရှေ့မယ်တော်အား ပြိုင်ဆိုင်၍ အနိုင်ရသွားလေသည်။

သို့နှင့် ကဝေမကြီးမှာ မယ်တော်ဖြစ်သွားလေသည်။ မယ်တော်အဖြစ် နန်းတက်ပြီးသော် ကဝေမကြီးမှာ ရွှေလွန်းပျံကို မယ်ယမင်းထံပြန်ပေးရန် စိတ်ကူးမရှိပေ၊ မြွေမြွေချင်းခြေမြင်သည့်အလား မယ်ယမင်းမှာလည်း ထိုအရေးကိုမှန်းဆသိထားသူဖြစ်သည်။ မယ်တော်ဖြစ်သွားသည့် ကဝေမကြီးအား နတ်လွန်းပျံဖြင့် အလွန်လှပသည့်အဆင်တန်ဆာများကိုရက်လုပ်ပေးမည်ဟု အကြောင်းပြကာ ရွှေလွန်းပျံဖြင့်ပင် လှပဆန်းသစ်သည့် ထမီတစ်ထည်နှင့် ခြုံလွှာတစ်ခုကို ရက်လုပ်ပေးလိုက်လေသည်။

ထိုထမီနှင့်ခြုံလွှာကို မယ်တော်အသစ်က ဝတ်ဆင်လိုက်သည့်အခါ မယ်ယမင်းက ခြုံလွှာနှင့်ထမီအား အမိန့်ပေးကာ မယ်တော်အား ဖမ်းချုပ်ရစ်ပတ်ထားစေသည်။ စင်စစ်အားဖြင့် ထိုရွှေလွန်းပျံကို အပြည့်အဝအသုံးချနိုင်သူမှာ မယ်ယမင်းပင်ဖြစ်သည်။

ထိုသို့ရစ်ပတ်ပြီးသည့်အခါ မယ်တော်၏ရင်ဘတ်အတွင်းသိမ်းဆည်းထားသည့် ရွှေလွန်းပျံအားစိတ်အာရုံဖြင့်ဆက်သွယ်ကာ မယ်တော်၏ ရင်ဘတ်နှလုံးသည်းပွက်ကိုထိုးဖောက်ခိုင်းလိုက်သည်။ ရွှေလွန်းပျံနတ်လက်နက်ဖြင့် မယ်တော်အားအသေအကြေသတ်ဖြတ်ပြီးသည့်အခါ မယ်တော်မှာသေဆုံးသွားရရှာသည်။ ရှင်ဘုရင်ကိုသတ်လျှင် ဘုရင်ဖြစ်သည့်ခေတ်မို့ မယ်တော်ကိုသတ်သူမှာလည်း မယ်တော်ဖြစ်ရသောကြောင့် မယ်ယမင်းတစ်ယောက် အရှေ့မယ်တော်ရာထူးကို ရရှိသွားတော့သည်။

ထိုအချိန်မှစ၍ မယ်ယမင်းမှာ ကိုးတောင်ရှိသည့်ကျားကိုစီးရပြီး လက်နက်အဖြစ် မိမိအသုံးပြုခဲ့သော ရွှေလွန်းပျံကိုအသုံးပြုရသည်။ မယ်ယမင်းမှာ အင်းဝခေတ်မှစ၍ မယ်တော်လုပ်ခဲ့ပြီး မိမိအားယှဉ်ပြိုင်လာနိုင်ချေရှိသူများကို ကြိုတင်သုတ်သင်ဖြေရှင်းခဲ့သောကြောင့် ယနေ့ယခုအချိန်အထိ မယ်တော်ဆက်လက်ဖြစ်နေခဲ့ကာ သက်ဆိုးရှည်နေခြင်းဖြစ်သည်။ သို့သော် မယ်ယမင်းတွင် အကြောက်ဆုံးအရာတစ်ခုရှိသည်။ ထိုအရာမှာ ရဟန်းအား သဘက်လှူသွားပြီး သစ္စာဆိုကာ သေဆုံးသွားသည့် မယ်ပျော့တစ်ယောက် လူပြန်ဖြစ်လာမည်ကိုစိုးရိမ်နေခြင်းဖြစ်သည်။

စကားပြောပြီးသွားသည့်အခါ ဦးကောင်းမှာ ရေနွေးတစ်ခွက်ကို ကောက်သောက်လိုက်လေသည်။ စိတ်ဝင်စားစွာနားထောင်နေကြသည့် ကဝေကြီးများအနက်မှ ကဝေကြီးဦးတီမှာ တအံ့တသြဖြင့်

“ဒါဆို မယ်တော်ကြောက်တာက အဲဒီမယ်ပျော့ကိုပေါ့၊ မယ်ပျော့တစ်နေ့ပြန်လာပြီး လက်စားချေမှာကိုပေါ့”

“အမှန်ပဲပေါ့ဦးတီရာ၊ မယ်တော်က သူနဲ့ပြိုင်ဘက်ဖြစ်လာမယ့်လူတွေကို ကြိုတင်ရှင်းလင်းထားတယ်လို့ကျုပ်ပြောဖူးပါပကော၊ အဲဒီအထဲမှာမှာ ကြာသပတေးနံ နာမည်မှည့်ထားတဲ့လူတွေကို ပိုပြီးအလေးထားပြီးရှင်းလင်းတယ်၊ အကြောင်းအရင်းကတော့ မယ်ပျော့ဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ပဲ”

“ဒါပေမယ့် စနေသမီးကလေးမဟုတ်လား”

“စနေသမီးဆိုပေမယ့် သူ့မွေးနာမည်ပျောက်ပြီးတော့ ကြာသပတေးနံ ဖြစ်နေတယ်လေ၊ နာမည်ကလည်း မယ်ပျင်းဆိုတော့ မယ်ပျော့ဆိုတာနဲ့သွားနီးစပ်နေလေတော့၊ မယ်တော်အတွက် မယ်ပျင်းကလေးသာ မယ်ပျော့ဖြစ်ခဲ့ရင်ဆိုပြီး စိတ်လေးစရာဖြစ်နေတာပေါ့”

“ဒါကြောင့်လည်း မယ်ပျင်းကလေးကို သူများတွေထက် ပိုပြီးအငြိုးအတေးထားနေတာ ဖြစ်မှာပေါ့နော်”

“ကျုပ်လည်းဒီလိုပဲထင်တာပဲ”

“ဒါဆိုရင် မယ်ပျင်းကလေးကို အခုသူက သေပြီလို့ပဲထင်နေမှာပဲ၊ သူကိုယ်တိုင် ကူးတို့သမားကို တစ်ဖက်ကမ်းကိုပို့ခိုင်းခဲ့တာကိုး၊ ပြီးတော့ ကျုပ်တို့လုပ်ထားတဲ့အစီအရင်အရလည်း မယ်ပျင်းကို သူ့ပညာနဲ့ကြည့်တဲ့အခါ သေပြီလို့ထင်မှတ်ကြမှာပဲမဟုတ်လား”

ဦးကောင်းက ခေါင်းညိတ်လိုက်ပြီး

“ဘယ်လောက်ကြာကြာ မယ်တော်လက်က ပုန်းနေနိုင်မလဲဆိုတာကိုတော့ ကျုပ်စိတ်ပူမိတယ်”

ကဝေကြီးများမှာ သက်ပြင်းအလီလီချလိုက်ကြသည်။ မယ်ပျင်းက မုန်းတီးနေသည့်အကြည့်ဖြင့်

“ကျုပ်တော့ အဲဒီမယ်တော်ကို စိန်ခေါ်ပြီး အနိုင်တိုက်ယူပစ်လိုက်ချင်တယ်”

“စိတ်မလောစမ်းပါနဲ့သမီးလေး၊ မယ်တော်ကိုနိုင်ဖို့ဆိုရင် တစ်အချက် သမီးက ပညာပြည့်စုံရမယ်၊ နှစ်အချက်က နတ်လက်နက်ပစ္စည်းတစ်ခုခုရှိနေရမယ်ဆိုတာပဲ၊ ဒီလိုအချက်တွေနဲ့ပြည့်စုံမှ မယ်တော်ကိုစိန်ခေါ်သင့်တယ်၊ မဟုတ်ရင်တော့ မယ်တော်ရဲ့လက်မှာ သွားပြီးအသေခံတာနဲ့အတူတူပဲ”

“ကျင့်မယ် . . . အဲဒီပညာတွေရအောင် ကျုပ်ကျင့်မယ်ဗျာ”

ဦးရာမန်က ပြုံးလျှက်

“ကိုင်း ဒါဖြင့်ရင်လည်း ညနေစောင်းလာပြီဆိုတော့ တို့ကျင့်စဉ်တွေ စလို့ရတော့မယ်”

“အဆိုးထဲက အကောင်းလို့ပြောရမှာကတော့ သူ့စည်းတံဆိပ်ပျက်စီးသွားတာကိုပဲ”

“ဘယ်လိုဗျ၊ မယ်တော်ခတ်ထားတဲ့စည်းတံဆိပ်က ပျက်စီးသွားပြီလား”

“စည်းတံဆိပ်ဆိုတာ လူတစ်ယောက်ရဲ့အသက်ကိုတစ်ခါပဲခတ်လို့ရတယ်မဟုတ်လား၊ အခု ငါတို့သမီးလေးက သေဆုံးသွားခဲ့ပြီး ပြန်လည်ရှင်သန်လာပြီဆိုတော့ သူ့အသက်ကိုခတ်ထားတဲ့စည်းကလည်း အလိုလိုကျိုးပျက်ခဲ့ပြီပေါ့”

ကဝေကြီးများမှာ အားတက်သရောဖြင့် မယ်ပျင်းကလေးအားစိုက်ကြည့်နေမိသည်။