စာစဉ်(၄၁)
(၁)
ကိုသင်နှင့် ကိုခင်တို့မှာ နယ်မြို့ကလေးတစ်မြို့သို့ခရီးထွက်သွားကြလေသည်။ ထိုမြို့ကလေးတွင်တော့ နာမည်ကြီးသိုက်ဆရာကြီးတစ်ဦးရှိသည်။ ထိုသိုက်ဆရာကြီးမှာ ဗမာလူမျိုးတစ်ယောက်မဟုတ်ဘဲ အိန္ဒိယနွယ်ဖွား ကုလားကြီးတစ်ဦးဖြစ်ကာ ဂျာဒူးဟုအမည်ရသည်။
သိုက်နန်းအကြောင်းကိုပြောပြလိုက်သည့်အခါ ဆရာကြီးဂျာဒူးမှာ အလွန်စိတ်ဝင်စားသွားသည်။ ကိုသင်က ဖြစ်ပျက်ခဲ့သည့်အကြောင်းများကိုတစ်လုံးမကျန်ပြောပြပြီးနောက်
“အဲဒါပါပဲဆရာကြီးရယ်၊ ကျွန်တော်ပြောတာတွေကို လူတွေက မယုံကြဘူးဆရာကြီး”
ဂျာဒူးမှာ တွဲလောင်းကျနေသည့် မုတ်ဆိတ်မွှေးကြီးများကိုပွတ်သပ်နေရင်း ခေါင်းညိတ်ကာ
“မောင်မင်းမယုံပေမယ့် ကျုပ်ကတော့ ယုံတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က အိန္ဒိယနိုင်ငံ မဏိပူရနယ်တစ်ကြောက ရတနာသိုက်တွေကို လိုက်လံတူးဖော်ခဲ့တဲ့လူတစ်ယောက်ပဲ၊ ပြီးတော့ ကျုပ်အခုဗမာပြည်ရောက်နေတယ်ဆိုတာကလည်း ဒီမှာရှိတဲ့မြို့ဟောင်းတွေကို လေ့လာပြီး သိုက်လိုက်တူးနေခဲ့တာပဲ”
ဂျာဒူးက ပြောဆိုလိုက်ပြီး တပည့်နှစ်ယောက်အား ကုလားစကားဖြင့်အော်ပြောလိုက်သည့်အခါ တပည့်နှစ်ဦးမှာ သားရေပြားအချပ်အလိပ်ကြီးတစ်ခုကိုယူဆောင်လာခဲ့သည်။ ထိုသားရေပြားအချပ်အလိပ်ကြီးအား ကိုသင်နှင့်ကိုခင်တို့အရှေ့ ကြမ်းပြင်တွင်ခင်းချပြလိုက်သည်။ သားရေပြားကြီးမှာ ဖျာကြီးတစ်ချပ်စာမျှ ကြီးမားလှလေသည်။ ဂျာဒူးက ကြိမ်လုံးသေးသေးကလေးတစ်ခုကိုယူလိုက်ကာ သားရေပြားချပ်ကြီးပေါ်တွင် ရေးသားထားသည့် ရုပ်ပုံများကိုထိုးညွှန်ပြလျှက်
“ဟောဒါကတော့ လက္ခဏုမြို့ဟောင်း၊ ဟောဒါကတော့ တီနိမြို့ဟောင်းပဲ”
ကိုသင်နှင့် ကိုခင်မှာ ဂျာဒူးထိုးပြသမျှကို အူလည်လည်နှင့်ကြည့်နေမိသည်။ အတန်ကြာသည့်အခါ ကိုခင်က စိတ်မရှည်တော့ဘဲ
“ဒါနဲ့ဆရာကြီး ကျွန်တော်တို့ပြောတဲ့သိုက်တူးမယ့်အလုပ်နဲ့၊ ဒီမြို့ဟောင်းကြီးတွေနဲ့က ဘာဆိုင်လို့လဲဗျ”
“ဆိုင်တာပေါ့ကွာ၊ သိပ်ဆိုင်တာပေါ့၊ ဒီမြို့ကြီးတွေဆိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်း လေးထောင်လောက်ကတည်းက တည်ရှိခဲ့တဲ့ မြို့ကြီးတွေပဲ၊ တစ်ချိန်ကတော့ ဒီမြို့ကြီးတွေဟာ တစ်မြို့နဲ့တစ်မြို့အဆက်အသွယ်အချိတ်အဆက်ရှိပြီးတော့ စည်စည်ကားကားနဲ့ ကူးသန်းရောင်းဝယ်ခဲ့ကြတာပေါ့”
ဂျာဒူးကပြောရင်း တစ်နေရာသို့ထောက်ညွှန်ပြလိုက်လေသည်။
“ဟောဒီမြို့ကိုတော့ ဟိရာဏမြို့ဟောင်းလို့ခေါ်တယ်၊ ဟိရာဏဆိုတာဟာ ရှေးကျတဲ့ သက္ကတဘာသာအရတော့ မှော်ဆန်တဲ့မြို့၊ မှော်ဆရာတွေနေတဲ့မြို့လို့ အဓိပ္ပါယ်ရတယ်”
ကိုသင်မှာ မြေပုံကိုသေချာကြည့်ရှုပြီးနောက်
“ဟာ မြေပုံနဲ့ဆိုရင် တော်တော်တူတာပဲဆရာကြီး၊ အဲဒီနေရာမှာ မြို့ပျက်ကြီးရှိပြီးတော့ အခုမြေပုံထဲကလိုမျိုး တောင်ကုန်းသုံးခုက ပတ်ခြာလည်ဝိုင်းရံထားသေးတယ်”
“ငါလည်း သိပြီးသားပါကွ၊ မင်းတို့တောင်ကုန်းသုံးလုံးအလယ်မှာရှိတယ်လို့ပြောကတည်းက ဒီမြို့လို့ ငါကကောက်ချက်ချလိုက်ပြီးသား၊ ငါဒီနယ်တကြောမှာ ဟိရာဏမြို့အကြောင်းကို စုံစမ်းနေတာကြာခဲ့ပြီ၊ အခုမင်းတို့နဲ့တွေ့မှာပဲ သိရတော့တယ်”
“ဆရာကြီးက မြို့ကိုဘာဖြစ်လို့ရှာနေတာလဲ”
“မြို့နာမည်ကိုက မှော်ဆန်တဲ့မြို့လို့ဆိုတယ်မဟုတ်လား၊ ကျမ်းစာတွေအရတော့ အဲဒီမြို့ကို မှော်ဆရာမတစ်ဦးအုပ်ချုပ်တယ်၊ မြို့ဆိုပေမယ့် မြို့က ကျဉ်းကျဉ်းကလေးပါ၊ မြို့မှာနေတဲ့လူတွေကလည်း မှော်အတတ်ပညာတွေကို လေ့လာဆည်းပူးနေတယ်လို့ဆိုတယ်မဟုတ်လား၊ အခုနက မင်းတို့တွေ့ခဲ့တဲ့ပုံအတိုင်းဆိုရင်တော့ ဒီဟာငါရှာနေတဲ့မြို့ဖြစ်နိုင်တယ်၊ ဒီမြို့ကြီးက သိုက်ကိုသာ တူးလို့ရလို့ကတော့ ရှေးဆန်တဲ့မှော်အတတ်တွေကို ပြန်လည်ရရှိမယ်ကွ၊ ဒါက ငါ့ရှာဖွေမှုအတွက် ကြီးမားတဲ့အောင်မြင်မှုကြီးဖြစ်နိုင်တယ်”
“ဒါဆိုဘယ်တော့စမလဲ ဆရာကြီး”
“အခုပဲ ငါ့လူတွေခေါ်ပြီး မင်းတို့အနောက်ကိုလိုက်ခဲ့မယ်”
ကိုသင်နှင့်ကိုခင်တို့မှာ ဂျာဒူးနှင့်သူ့လူသုံးဆယ်ခန့်အနောက်လိုက်လာခဲ့ကြသည်။ ထိုအချိန်တွင် မကြာမှာ ကိုယ်ဝန်နေ့စေ့လစေ့နှင့် မီးဖွားတော့မည့်ဆဲဆဲဖြစ်သည်။ ကိုသင်တို့ရွာတွင် ဂျာဒူးကနေထိုင်ပြီး သိုက်ဖော်ရန်လိုအပ်သည်များပြင်ဆင်နေကြသည်။ ဂျာဒူးက သူ့အားဧည့်ခံနေသည့် မိကြာကိုတစ်ချက်ကြည့်ပြီးနောက်
“မောင်သင်၊ ဒီမိန်းကလေးက မင်းရဲ့မိန်းမ မဟုတ်လား”
“ဟုတ်ပါတယ်၊ သူ့ရဲ့ဗိုက်ထဲက ကလေးလေးက အဲဒီညောင်ပင်ကြီးမှာ သားဆုပန်ရင်း ရလာခဲ့တာပါ”
“ဒါဆိုရင်တော့ ဒီကလေးက အဲဒီမြို့ဟောင်းနဲ့တစ်ခုခုဆက်စပ်နေရမယ်၊ ဒါကြောင့် ငါသိုက်ဖော်ဖို့သွားတဲ့အခါ မင်းမိန်းမကိုပါ အဲဒီနေရာကိုခေါ်သွားရမယ်”
“ဗျာ၊ ဖြစ်ပါ့မလားဗျာ၊ မိကြာက ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ဗျ”
“ဖြစ်ပါတယ်ကွာ၊ ငါ့တပည့်တွေနဲ့ ထမ်းစင်လုပ်ပြီးသယ်မယ်၊ သိုက်ဖော်တဲ့အရေးမှာ မင်းမိန်းမရဲ့ဗိုက်ထဲက ကလေးကလည်း အရေးကြီးတဲ့နေရာမှာ ပါတာကြောင့် ငါမဖြစ်မနေခေါ်ရမှာပဲ”
သို့နှင့် မိကြာအတွက်ပါ ဝါးထမ်းစင်ပြုလုပ်ပြီး ဂျာဒူး၏တပည့်များက ထမ်းပိုးကာခေါ်ဆောင်လာရသည်။ မိကြာမှာ သိုက်တူးသည့်အရေးကို သိသွားလျှင် ကန့်ကွက်မည်စိုးရိမ်သဖြင့် ဂျာဒူးက မူးဝေမိန်းမောစေသည့် ဘိန်းများတိုက်ကျွေးကာခေါ်ဆောင်လာသဖြင့် မိကြာမှာ မှေးစင်းရင်းလိုက်ပါခဲ့ရခြင်းဖြစ်သည်။ သာမန်ခြေလှမ်းနှင့်သွားလျှင် ထိုနေရာရောက်ရန်အတွက် တစ်နေ့တိတိကြာမြင့်သော်လည်း လူဦးရေများပြားခြင်းနှင့် ဂျာဒူးတို့အဖွဲ့မှာ တောမကျွမ်းခြင်းတို့ကြောင့် နောက်တစ်နေ့မနက်ရောက်မှ ညောင်ပင်ကြီးဆီသို့ရောက်လာခဲ့တော့သည်။
ညောင်ပင်ကြီးနှင့် ပြိုပျက်နေသည့်် အဆောက်အဦးများကိုတွေ့သည့်အခါ ဂျာဒူးက အားရဝမ်းသာနှင့်ရယ်မောလေသည်။
“တွေ့ပြီကွ၊ ငါရှာနေတာတွေ့ပြီ”
“ညောင်ပင်ကြီးတွေ့တာပဲ ဒီလောက်ပျော်နေရသလား ဆရာကြီးရာ”
“ဟာ ဟေ့ကောင်တွေရ၊ ညောင်ပင်ဆိုတာက အပင်တွေအားလုံးထဲမှာ ထူးဆန်းတဲ့အစွမ်းသိဒ္ဓိတွေပိုင်ဆိုင်ထားတဲ့ အပင်တစ်မျိုးပဲကွ၊ ညောင်ပင်တွေဆီမှာ မှော်ဆန်တဲ့အစွမ်းတွေနဲ့ ထူးခြားဆန်းပြားတဲ့ သဘာဝလွန်အစွမ်းတွေပိုင်ဆိုင်ထားကြတယ်၊ ဒီညောင်ပင်ကြီးဒီလောက်ကြီးတာ တော်တော်နှစ်ချို့နေပြီထင်တယ်ဟေ့”
“နှစ်ချို့တာကတော့ မပြောပါနဲ့ ကျွန်တော်တို့က မျိုးရိုးသုံးဆက်တိတိ ဒီရွာမှာ မုဆိုးလုပ်လာခဲ့တဲ့လူတွေပါ၊ ဒီအပင်ကြီးဟာ ကျုပ်အဘိုးလက်ထဲကတည်း ဒီအတိုင်းရှိနေခဲ့တာ အခုအရွယ်အထိ ဒီလိုပုံစံပါပဲ”
ဂျာဒူးမှာ ညောင်ပင်ကြီးကိုလှည့်ပတ်ကြည့်ရှုနေလေသည်။ ညောင်ပင်ကြီးမှာ ကျောက်တုံးများဖြင့်ဆောက်လုပ်ထားသည့် မျှော်စင်ကဲ့သို့ စင်မြင့်ကြီးတစ်ခုကို ကုပ်ဖက်တွယ်ကာ ပေါက်ရောက်နေခြင်းဖြစ်သည်။ ဂျာဒူးကထိုသစ်ပင်ကြီးကိုသေချာပွတ်သပ်ကြည့်ရင်း
“ဒါနဲ့ မောင်သင်၊ မင်းပြောတဲ့ သစ်ပင်ကြီးထဲကို ဝင်လို့ရတဲ့အပေါက်ကြီးဆိုတာ ဘယ်နားမှာလဲကွ”
“ဟာ ဆရာကြီး၊ အဲဒါက ဒီအတိုင်းရှာလို့မရဘူးဗျ၊ ပိုးစုန်းကြူးတွေအများကြီးထွက်လာပြီးတော့ စိမ်းဖန့်ဖန့်အလင်းရောင်တွေထွက်လာတဲ့အချိန်မှာ တံခါးပေါက်ကြီးပွင့်သွားတာပဲ”
ဂျာဒူးက ကိုသင်ပြောသည့်စကားများကိုကြားသည့်အခါ ရယ်ပြုံးလိုက်ပြီး
“မင်းကတော့ တော်တော်နောက်တဲ့ကောင်ပဲကွ”
ထိုသို့ပြောလိုက်ပြီးနောက် ပုဆိန်တစ်ခုကိုလှမ်းယူလိုက်ကာ ပုဆိန်အရိုးဖြင့် ညောင်ပင်ကြီး၏ ပင်စည်ကိုလိုက်လံခေါက်နေလေသည်။ ထိုသို့ခေါက်နေရင်း တစ်နေရာသို့ရောက်သည့်အခါ ပင်စည်ထုသံမှာ တဒုန်းဒုန်းနဲ့လှိုဏ်ခေါင်းသံဟိန်းနေသည်။ ဂျာဒူးက တပည့်များကို အမိန့်ပေးပြီးထိုနေရာကို ခုတ်ထွင်စေလိုက်ရာ သိပ်ကြာကြာမခုတ်လိုက်ရသေးခင်မှာပင် ပင်စည်ကြီးအနောက်မှ လူတစ်ကိုယ်ဝင်စာခန့်ရှိသည့် တံခါးပေါက်ကြီးတစ်ခုပေါ်ပေါက်လာသည်။ တံခါးဘောင်များကို ကျောက်တုံးကျောက်သားများဖြင့်ပြုလုပ်ထားသည်။
“ဘယ့်နှယ့်လဲ၊ မောင်သင်ရ မင်းပြောတဲ့မှော်တံခါးကြီးဆိုတာ ဒါနဲ့တူတယ်မဟုတ်လား”
ကိုသင်က ခေါင်းညိတ်လိုက်သည်။ ကျောက်တံခါးကြီးအတွင်းဘက်တွင် မှောင်မိုက်နေသည်မို့ မီးရှူးတိုင်များပြင်ဆင်သွားကြပြီး အတွင်းသို့ဆက်ဝင်လိုက်သည့်အခါ အောက်ဘက်သို့ဆင်းသွားရသည့် ကျောက်လှေကားထစ်များကိုတွေ့ရသည်။
“ဒီလှေကားထစ်တွေအတိုင်း ကျွန်တော်တို့လင်မယား ပြုတ်ကျသွားတာပဲဆရာကြီး၊ လှေကားအောက်ဘက်မှာတော့ လူ့ကိုယ်ခန္ဓာထဲက အစိတ်အပိုင်းတွေနဲ့တူတဲ့ အခန်းကြီးတစ်ခုရှိတယ်”
ဂျာဒူးတို့မှာ ဆက်လက်ဆင်းသွားသည့်အခါအောက်ထပ်တွင် ရေညှိ၊ ရေမှော်ပင်များနံရံအပြည့်ပေါက်ရောက်နေသည့်အခန်းကြီးတစ်ခုအတွင်းသို့ရောက်သွားကြသည်။ ဂျာဒူးက အခန်းအတွင်းသို့လိုက်လံကြည့်ရှုနေစဉ်မှာပင် အခန်းနံရံမှ မိန်းမကြီးတစ်ဦးက တိုးထွက်လာလေသည်။ တစ်ကိုယ်လုံးကိုစိမ်းပြာရောင်ရေညှိများက ဖုံးအုပ်ထားကာ ဆံပင်များမှာဖွာလန်ကျဲနေသည်။ လူဟုသာဆိုသော်လည်း အလွန်ပိန်ကပ်ပြားချပ်နေသည့် ဝမ်းဗိုက်နှင့် ဝါးလုံးများကဲ့သို့သွယ်လျှ ဖြောင့်တန်းနေသည့် လက်တံခြေတံများရှိသည်။
“မင်းတို့ဒီကိုဘာလာလုပ်ကြတာလဲ၊ ဒီနေရာက မင်းတို့နဲ့မဆိုင်ဘူး၊ ပြန်တော့ မင်းတို့ပြန်ကြတော့”
ထိုအခါဂျာဒူးက သူ့တပည့်များခေါ်လာကြသည့် မိကြာကိုဆွဲယူလိုက်ကာ နေ့စေ့လစေ့ဗိုက်ကို ဓါးနဲ့ထောက်လိုက်ရင်း
“ကဲ မင်းရဲ့သိုက်ရတနာတွေကိုပြတော့၊ မပြရင် ဟောဒီကလေး သေရလိမ့်မယ်ဟေ့”
ထိုအခါ ထိုမိန်းမကြီးက အားရပါးရရယ်မောလေသည်။
“အရူးတွေ၊ အရူးတွေ၊ မင်းတို့ခြိမ်းခြောက်တိုင်း ငါကကြောက်လို့ လိုက်လုပ်နေတယ်များထင်နေတာလားဟဲ့”
ဂျာဒူးက တပည့်များကိုအမိန့်ပေးလိုက်သည်နှင့် တပည့်များမှာ ဆေးရောင်စုံအမှုန့်များဖြင့် ထိုမိန်းမကြီးကို ဝိုင်းပက်ကြလေသည်။ ဆေးရောင်စုံအမှုန့်များမှာ ထိုမိန်းမကိုထိသော်လည်း မည်သို့မှပင်မဖြစ်ပေ၊ ထိုမိန်းမကြီးမှာ အသံကွဲကြီးနှင့်တစ်ချက်အော်ဟစ်လိုက်ပြီးနောက် ရှည်လျားလှသည့် လက်ချောင်းကြီးများထိပ်မှ ဓါးသွားများကဲ့သို့ချွန်ထက်စူးရှသည့် စူးချွန်ကြီးများထိုးထွက်လာကာ ဂျာဒူး၏တပည့်များကို စူးချွန်များဖြင့်ထိုးနှက်သတ်ဖြတ်လေသည်။
ဂျာဒူးနှင့်အတူတူပါလာသည့် တပည့်သုံးဆယ်ခန့်မှာ ထိုအခန်းကြီးအတွင်းမှာပင် ဇီဝိန်ချုပ်သွားတော့သည်။ ဂျာဒူးက လက်ကိုမြှောက်လိုက်ကာ မိကြာဗိုက်ထဲသို့ ဓါးကိုထိုးထည့်ရန်ပြင်လိုက်စဉ်မှာပင် ကိုသင်က ဂျာဒူးလက်မှဓါးကိုပြေးလုယူသည်။
“ဟေ့လူ အဲဒါကျုပ်မိန်းမဗျ”
“မောင်သင်၊ မင်းဗိုက်ထဲက ကလေးက ဟောဒီမိန်းမရဲ့ အမွှာညီမပဲကွ၊ ဒီမိန်းမက ဟိရာဏမြို့စောင့်တဲ့ စုန်းအမပဲ၊ မင်းမိန်းမက ကလေးဆုပန်တယ်ဆိုပြီး ယူချသွားတာ သူ့ညီမတစ်ယောက်ပဲ၊ မင်းမိန်းမဗိုက်ထဲက ကလေးတစ်ခုခုဖြစ်မှာသူသိပ်ကြောက်တယ်၊ မင်းဖယ်စမ်းကွာ”
ဂျာဒူးက ကိုသင်ကိုတွန်းဖယ်ထုတ်လိုက်ပြီး မိကြာအား ဓါးဖြင့်ထိုးရန်ပြေးသွားလိုက်သည်။ ကိုသင်က အလွတ်မပေးဘဲ ဂျာဒူးကိုဖမ်းချုပ်ဆုပ်ကိုင်ရင်း နှစ်ဦးသား နပမ်းလုံးကြလေသည်။ ပြောင်ချောနေသည့် ကြမ်းပြင်ပေါ်တွင် လုံးထွေးကြရင်း ဂျာဒူးကိုင်ဆောင်ထားသည့်ဓါးမှာ ကိုယ့်ရင်ဝကိုယ်ထိုးမိပြီး ဂျာဒူးတစ်ယောက်သေဆုံးသွားရတော့သည်။
စုန်းမကြီးမှာ အငြိုးတကြီးဖြင့် ကိုသင်အနီးသို့တိုးကပ်လာလေသည်။
“အရူးတွေ၊ နင်တို့အရူးတွေပဲ၊ နင်တို့လိုအရူးတွေရဲ့ဝမ်းထဲ ငါ့ညီမရောက်ရတာ သိပ်ကံဆိုးတယ်”
စုန်းမကြီးက ကိုခင်ထံသို့ပြေးသွားလိုက်ပြီး ရင်ဘတ်အားလက်သည်းချွန်ကြီးများဖြင့်ထိုးချလိုက်သည်။ ကိုခင်သေပြီးသည့်နောက် ကိုသင်ဆီသို့ပြေးလာပြန်သည်။
“ငါ့စိတ်ထဲကအတိုင်းဆိုရင် နင့်ကိုသတ်လိုက်ချင်ပေမယ့် နင်က ငါ့ညီမရဲ့အဖေဖြစ်နေတော့ နင့်ကိုငါခွင့်လွှွတ်ပေးလိုက်မယ်”
ထိုသို့ပြောဆိုပြီး ကိုသင်၏ခြေထောက်တစ်ဖက်ကို လက်သည်းချွန်ကြီးများဖြင့် ကုတ်ဖြတ်လိုက်လေရာ ကိုသင်မှာအကြောများပြတ်တောက်ပြီး လဲကျသွားရသည်။ တစ်ဖန် ကိုသင်၏မျက်လုံးများကိုလည်း လေဖြင့်မှုတ်ထည့်လိုက်ရာ ကိုသင်မှာအလွန်ပူစပ်သည့်ဝေဒနာကိုခံစားရပြီး မျက်စိအမြင်အာရုံများလည်း ကွယ်ပျောက်သွားရပြန်သည်။
ထိုစဉ်အချိန်မှာပင် မိကြာဗိုက်ထဲမှ ကလေးမှာ မွေးချိန်စေ့သဖြင့်် ရေမွှာများပေါက်ကျလာသည်။ စုန်းမကြီးက ဗိုက်ထဲမှ ကလေးလေးအားမွေးဖွားသန့်စင်ပေးလိုက်ပြီးသည့်နောက် ကလေးကိုသေချာထွေးပွေ့ကြည့်လိုက်ကာ
“ငါ့ညီမလေး၊ ငါ့ညီမလေး လူပြန်ဖြစ်ပြီဟေ့”
ထိုသို့ပြောဆိုအော်ဟစ်လိုက်ပြီး ကလေးကိုမြှောက်ချီလိုက်တော့သည်။
(၂)
မွေးလာသည့် ကလေးမှာ မိပိန်ဖြစ်သည်။ မိပိန်မှာ ငယ်စဉ်ကတည်းက ပိန်ပိန်ရိုးရိုးနှင့်ဖြစ်သည်။ ဖခင်ဖြစ်သူ ကိုသင်မှာ မျက်စိမမြင်သည့်အပြင် ခြေထောက်တစ်ဖက်စာနေသည့် ဒုက္ခိတကြီးတစ်ယောက်ဖြစ်ကာ မိခင်ဖြစ်သူ မိကြာမှာတော့ ကောက်စိုက်၊ ပျိုးနှုတ်၊ တောတက် စသည့်အလုပ်ဖြင့် လင်ယောက်ျားဖြစ်သူနှင့် သမီးဖြစ်သူအား ပင်ပန်းခက်ခဲစွာလုပ်ကိုင်ကျွေးမွေးနေရသည်။
မိခင်ဖြစ်သူက အလုပ်သွားလုပ်နေရသဖြင့် အိမ်တွင် မိပိန်နှင့် ကိုသင်သာ အနေများလေသည်။ ကိုသင်မှာ မိပိန်ကိုမွေးထားသော်လည်း စိတ်ထဲမှအခဲမကျေသဖြင့် မိပိန်ကိုစိုးစဉ်းမျှပင်မချစ်နှစ်သက်ပေ။ ထိုစဉ်က မိပိန်မှာအသက်ဆယ်နှစ်ခန့်ရှိနေပြီဖြစ်သည်။ မိခင်ဖြစ်သူမှာ အလုပ်သွားသဖြင့် မိပိန်က ဒေါင်းလန်းစုတ်ကလေးထဲတွင် ထမင်းဟင်းများထည့်လာကာ ကိုသင်အနီးသို့တိုးကပ်လာလေသည်။ ကိုသင်၏ အရှေ့တွင် ဒေါင်းလန်းကိုချလိုက်ပြီး
“အဖေ၊ ထမင်းစားလို့ရပြီ”
“ဘာ၊ နင်ငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ စုန်းမရဲ့”
“အဖေလို့ခေါ်လိုက်တာလေ”
“ဘာအဖေလဲ၊ ဘာအဖေလဲ ငါကနင့်အဖေမဟုတ်ဘူး၊ နင်ငါ့ကိုလည်း အဖေလို့ခေါ်စရာမလိုဘူး၊ နင်ကလူမဟုတ်ဘူး၊ နင်က စုန်းမ . . . ငါ့ကို ဒီလိုဒုက္ခိတဘဝရောက်အောင် လုပ်ခဲ့တဲ့စုန်းမ၊ ထွက်သွား နင်ထွက်သွား”
ကိုသင်က အနားတွင်ရှိသည့်တောင်ဝှေးဖြင့် မိပိန်ထံသို့လှမ်း၍ ရိုက်ခတ်လိုက်ရာ မိပိန်က မရှောင်နိုင်သည်မို့ ခေါင်းကိုတည့်တည့်ထိမှန်ပြီး နဖူးစောင်းမှ သွေးများယိုစီးကျလာလေသည်။ မိပိန်က ငိုယိုလျှက်
“အဖေရယ် လုပ်ရက်လိုက်တာ သမီးက အဖေနဲ့ရထားတဲ့သမီးပါ အဖေရဲ့”
“ဘာအဖေလဲ၊ နင်ကငါ့သမီးမဟုတ်ဘူး၊ သွားစမ်း၊ နင်သွားတော့၊ မဟုတ်ရင်ငါရိုက်သတ်မိလိမ့်မယ်”
ကိုသင်က ပတ်ဝန်းကျင်ကိုတောင်ဝှေးနှင့်လိုက်လံရိုက်ခတ်နေလေရာ မိပိန်မှာအလွန်စိတ်ဆင်းရဲလျှက် အိမ်ပေါ်မှပြေးဆင်းလာခဲ့သည်။
မိပိန်မှာငယ်စဉ်ကတည်းက တိရစ္ဆာန်များ၏ ဝမ်းတွင်းကလီစာများကို ပိုမိုကြိုက်နှစ်သက်လေသည်။ မိခင်ဖြစ်သူကလည်း အခွင့်အခါသာသည့်အခါတိုင်း ဝမ်းတွင်းကလီစာများကိုသာချက်ကျွေးသည်။ မိပိန်အသက်ဆယ်နှစ်ပြည့်ပြီး နောက်ပိုင်းတွင်တော့ ထူးခြားမှုတစ်ခုဖြစ်လာလေသည်။ ထိုသည်မှာ လပြည့်လကွယ်နေ့မျိုးတွင် မိပိန်တစ်ယောက် ထိန်းမရနိုင်အောင်ဆာလောင်ခြင်းမျိုးဖြစ်လာသည်။ ဆာလောင်သည်မှာလည်း အခြားမဟုတ်ဘဲ သွေးသံရဲရဲနှင့်ဝမ်းတွင်းကလီစာများကို စားသောက်လိုခြင်းဖြစ်သည်။
စင်စစ်အားဖြင့် မိပိန်၏ခန္ဓာကိုယ်အတွင်း ပုန်းအောင်းငုပ်လျှိုးနေထိုင်သည့် စုန်းစိတ်များမှာ ပေါက်ဖွားကြီးရင့်လာကြသော်ကြောင့်ဖြစ်သည်။ လပြည့်လကွယ်ညမျိုးတွင် မိပိန်မှာ အိပ်ရာဝင်လိုက်သော်လည်း လူခြေတိတ်သွားသည့်အခါမျိုးတွင်တော့ မိပိန်၏မသိစိတ်နှိုးဆွသဖြင့် အိပ်ရာမှထထွက်သွားကာ ကျေးရွာတွင်မွေးမြူထားသည့် ကျွဲ၊ နွား၊ ဆိတ်များ၏ ဝမ်းတွင်းကလီစာများကို ဖောက်ထုတ်၍ စားသောက်ပစ်လေသည်။ မနက်နိုးလာသည့်အခါ ဝမ်းတွင်းကလီစာများကိုစားထားရသဖြင့် အာသာပြေနေမိသည်။
သို့သော်ရွာသားများမှာ လပြည့်လကွယ်နေ့တိုင်း အိမ်မွေးတိရစ္ဆာန်များလက်သည်မပေါ်ဘဲ သေဆုံးနေကြသဖြင့် ထူးဆန်းနေမိသည်။ အစပထမပိုင်းတွင်တော့ အကောင်ငယ်လေးများသေဆုံးသဖြင့် သိပ်ဂရုမပြုမိကြသော်လည်း နောက်ပိုင်း ကျွဲနွားများသေဆုံးလာကြသည့်အခါတွင်တော့ ညဘက်တွင်စောင့်ဖမ်းရန်ကြံစည်လိုက်ကြသည်။
လပြည့်ညတစ်ညတွင် ရွာသားများမှာ ကင်းပုန်းဝပ်ကာ စောင့်ကြည့်နေလေသည်။ အိပ်မောကျပြီးတိတ်ဆိတ်နေသည့်ရွာကလေးမှာ ငြိမ်သက်နေသည်။ ထိုအခိုက် အိမ်တံအိမ်မှတံခါးပွင့်လာပြီး တံခါးဆီမှမိန်းကလေးတစ်ဦးက ခုန်ထွက်လာသည်။ အိမ်ခေါင်မိုးပေါ်သို့ နောက်ကျွမ်းပစ်၍ ခုန်တက်လိုက်သည့်အခါ ရွာသားများမှာ လရောင်အလင်းဖြင့် မိန်းကလေးတစ်ယောက်အား ထင်ရှားစွာတွေ့မြင်လိုက်ရလေသည်။
“ဟာ အဲဒါမိပိန်ပဲ”
“ဒါဆို မိပိန်က သူ့အဖေပြောသလို စုန်းမဆိုတာများလား”
မိပိန်မှာ အိမ်ခေါင်မိုးများအပေါ်မှ လွှားခနဲလွှားခနဲပြေးလွှားသွားရင်း ရွာမြောက်ဘက်ပိုင်းရှိ ခြံတစ်ခြံအတွင်းသို့ ခုန်ဝင်သွားသည်။ ထိုခြံရှိ နွားတင်းကုပ်မှ နွားများနှာမှုတ်သံကို ကြားလိုက်ရပြီးသည့်နောက်တွင် မိပိန်မှာ နွားကြီးတစ်ကောင်ကို ပုခုံးပေါ်တွင်ထမ်းတင်လျှက် ရွာပြင်သို့ပြေးထွက်သွားသည်ကိုတွေ့ရသည်။
“လိုက်ဟေ့၊ လိုက်ကြဟ၊ မိပိန်က စုန်းမပဲဟေ့”
ရွာသားများမှာ အိုးခွက်များကိုတီးခေါက်လျှက် မီးတုတ်ကိုင်စီကိုင်ကာ မိပိန်အနောက်သို့ပြေးလိုက်လာခဲ့ကြသည်။ တောစပ်တစ်နေရာအရောက်တွင်တော့ မိပိန်က ငုတ်တုတ်ထိုင်နေပြီး သူထမ်းယူသွားသည့် နွားကြီး၏ဝမ်းဗိုက်ကိုဖောက်ကာ ကလီစာများကို အစိမ်းလိုက် အငမ်းမရဝါးကိုက်စားနေသည်ကိုတွေ့လိုက်ကြရသည်။
“ဟုတ်တယ် မိပိန်ကစုန်းပဲဟေ့”
ရွာသားများမှာ မိပိန်ကိုဝန်းရံလိုက်ကြသည်။ ထိုစဉ်မိခင်ဖြစ်သူ မိကြာက လူအုပ်အတွင်းမှတိုးထွက်လာကာ
“မဟုတ်ပါဘူးရှင်၊ ရှင်တို့ထင်တာမှားနေတာပါ၊ ကျွန်မသမီးလေးက စုန်းမဟုတ်ပါဘူး”
“ဟဲ့ မိကြာ ဒီလောက်လက်ပူးလက်ကြပ်မိနေတာကို နင်ကမယုံနိုင်သေးဘူးလားဟဲ့”
“ဒါကြောင့် သူ့အဖေကိုသင်က အမြဲပြောနေခဲ့တာပေါ့၊ မိပိန်က လူမဟုတ်ဘူး၊ ဒီကလေးက လူမဟုတ်ဘူးတဲ့”
ရွာသားများမှာ ထိုစကားသံများကိုရေရွတ်ကြလေသည်။
“မိပိန်ကလူမဟုတ်ဘူး၊ သူက လူမဟုတ်ဘူး”
မိပိန်မှာထိုစကားများကိုကြားသည့်အခါ ခေါင်းများထိုးကိုက်လာလေသည်။ နားနှစ်ဖက်ကိုလက်နှင့်ထိုးပိတ်လိုက်ပြီးသည့်နောက် အသံပြဲကြီးနှင့် တစ်ချက်အော်ဟစ်လိုက်တော့သည်။ မိပိန်အော်ဟစ်လိုက်သည့်အခါ ရွာသားများမှာ တိတ်ဆိတ်ငြိမ်သက်ကုန်ကြသည်။ မိပိန်၏ ဦးခေါင်းရှိဆံပင်များမှာ ဖွာလန်ကျဲတက်သွားပြီး လက်ထဲတွင်လည်း လက်သည်းရှည်ကြီးများပေါ်ပေါက်လာခဲ့သည်။ မိပိန်မျက်လုံးကြီးနှစ်လုံးက အနီရောင်ကြီးလင်းလက်လာပြီး ရွာသားများဘက်သို့ကြည့်ကာ အော်ဟစ်ရင်း
“သတ်မယ်၊ နင်တို့အကုန်လုံးကိုသတ်မယ်”
မိပိန်က ရွာသားများထံသို့ပြေးဝင်လိုက်စဉ်မှာပင် တစ်ကိုယ်လုံး လေပေါ်သို့မြောက်တက်သွားသည်။ မိပိန်ကြည့်လိုက်သည့်အခါ အနက်ရောင်ဝတ်စုံဝတ်ထားသည့် မိန်းမကြီးတစ်ယောက်က မိပိန်အားလက်ညှိုးဖြင့်ထိုးချိန်ထားသည်ကိုတွေ့ရသည်။
“မင်းရဲ့စိတ်ကို မင်းမထိန်းချုပ်နိုင်ဘူးဆိုရင် ဟောဒီရွာတစ်ရွာလုံးကလူတွေအကုန် သေကုန်ကြလိမ့်မယ်”
မယ်တော်ပြောလိုက်သည့်အခါ မိပိန်မှာ စိတ်တည်ငြိမ်သွားပြီးနောက် လူအသွင်ပြန်ဖြစ်သွားသည်။
“ဒီနေရာက မင်းနဲ့မကိုက်ညီဘူး၊ မင်းငါ့အနောက်လိုက်ခဲ့ရမယ်၊ မင်းငါနဲ့အတူတူလိုက်နေရမယ်”
“မလိုက်ချင်ဘူး၊ ကျုပ် အဖေနဲ့အမေနဲ့ပဲနေမယ်”
“မင်းကို သားသမီးလို့တောင်မသတ်မှတ်တဲ့လူကို မင်းကအဖေတဲ့လား၊ ပြီးတော့ လူတွေအားလုံးက မင်းကိုသတ်ဖြတ်ရန်ရှာဖို့လုပ်နေတာကို ကာကွယ်မပေးနိုင်တဲ့မိန်းမကိုရော မင်းက အမေလို့ခေါ်ချင်နေသေးတာလား”
မိပိန်က ခေါင်းငိုက်စိုက်ချလိုက်တော့သည်။ မယ်တော်က မိပိန်ကို ကောင်းကင်ခရီးဖြင့်ဆွဲခေါ်သွားလေသည်။
မိပိန်အဖြစ်ကိုနားထောင်နေသည့် မယ်ပျင်းမှာ မျက်ရည်စများဝဲလာလေသည်။
“ဒါဆို ဒီလိုနဲ့ ဟောဒီနန်းဆောင်ကြီးကိုရောက်လာခဲ့တာပေါ့နော်”
မိပိန်က ခေါင်းသာညိတ်ပြသည်။
“ဒါနဲ့ နင်ဘယ်လိုဆက်ဖြစ်သွားတာလဲ”
“ငါဒီကိုရောက်တော့ ဟောဒီနန်းဆောင်ကြီးမှာ ငါနဲ့အတူတူ မိန်းကလေးတစ်ယောက်ပဲရှိသေးတယ်”
“ဟုတ်လား သူကဘယ်သူလဲ”
“ဒေဝီပဲ”
မယ်ပျင်း မျက်လုံးပြူးသွားသည်။
“ဒါဆို မဟုတ်မှလွဲရော ဒေဝီက နင့်ကိုပညာတွေဘာတွေသင်ပေးခဲ့သေးသလား”
“နင်မှန်းတာ မှန်တယ် မယ်ပျင်း၊ ဒေဝီက ငါ့ရဲ့ပညာအမပဲ”
မယ်ပျင်းမှာ ပိုမိုထိတ်လန့်သွားမိသည်။
“ဒါကြောင့် ဒေဝီက သူ့မှာတပည့်တစ်ယောက်ရှိဖူးတယ်လို့ပြောခဲ့တာကိုး၊ ဒါနဲ့ ဒေဝီနဲ့နင်နဲ့ ဘာတွေဆက်ဖြစ်ခဲ့ကြသေးသလဲ”
မိပိန်က သက်ပြင်းချလျှက်
“ထားလိုက်ပါတော့ဟာ၊ မကောင်းတဲ့အကြောင်းတွေ ပြန်ပြီးပြောမနေချင်တော့ပါဘူး”
မိပိန်ကမပြောချင်တော့ဘူးဆိုသဖြင့် မယ်ပျင်းမှာသိချင်သော်လည်း မြိုသိပ်ထားလိုက်ရသည်။
“နင့်ရဲ့ပညာအမကရော ဘယ်သူများလဲ”
“နင်နဲ့ငါနဲ့တိုက်ဆိုင်တယ်ပြောရမယ် ငါ့ရဲ့ပညာအမကလည်း ဒေဝီပဲ”
မိပိန်က မယ်ပျင်းစကားကြားသည့်အခါ မျက်လုံးပြူးသွားပြီး
“ဒေဝီက အကျင့်မကောင်းဘူး၊ ဒေဝီက စိတ်ပုတ်တယ်”
“ဘယ်လိုအကျင့်မကောင်းတာလဲ”
“မင်းကိုငါတစ်ခုပြမယ် ငါ့အနောက်လိုက်ခဲ့”
မိပိန်က မယ်ပျင်းလက်ကိုဆွဲထိလိုက်သည့်အခါ မယ်ပျင်းခေါင်းတစ်ခုလုံးပူထူသွားပြီး ပတ်ဝန်းကျင်မှာလည်း ချာချာလည်လာခဲ့သည်။ ပတ်ဝန်းကျင်က ပြန်လည်ကြည်လင်လာခဲ့သည့်အခါ သင်ကြားရေးအခန်းတစ်ခုအတွင်းရောက်နေခြင်းဖြစ်သည်။ ထိုအခန်းအတွင်း ဒေဝီနှင့် မယ်ပိန်တို့က လေ့ကျင့်နေလေသည်။ မယ်တော်က သူတို့နှစ်ဦးအရှေ့တွင်ထိုင်ကာ အကဲခတ်ကြည့်ရှုနေသည်။
“ဒေဝီ မင်းက သူ့ထက်အရင်ခြောက်လလောက် ဒီကိုရောက်လာခဲ့တာနော်၊ ဒါတောင်မှ မင်းရဲ့အဆင့်က ဘာမှတိုးတက်မလာသေးဘူး၊ နောက်ဆိုရင် မိပိန်က မင်းရဲ့ပညာအမဖြစ်ချင်ဖြစ်သွားနိုင်တယ်၊ မိပိန်ဆီက မင်းက ပြန်ပြီးသင်ယူရလိမ့်မယ်”
မယ်တော်၏ စကားကြောင့်ဒေဝီမှာအလွန်ဒေါသထွက်ရလေသည်။ မိပိန်ကတော့ ရယ်ကျဲကျဲနှင့်သာ နေလေသည်။ ထိုစဉ်က မိပိန်နှင့်ဒေဝီမှာ အသက်သိပ်မကွာလှသေးပဲ တစ်နှစ်ခန့်သာ ကွာခြားမည်ဟုထင်ရသည်။
ထိုစဉ်မှာပင် ဗဟိုရ်စည်ကြီးမှ စည်တီးသံသုံးချက်တိတိကိုကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် မိပိန်မှာ ထိတ်လန့်တကြားဖြစ်သွားသည်။ ထို့နောက် မိန်းကလေးများအိပ်နေသည့် အိပ်ဆောင်ဘက်သို့ပြေးထွက်သွားလေသည်။ မယ်ပျင်းက အနောက်မှလိုက်သွားလေရာ အိပ်ဆောင်အနီးအရောက်တွင် မိပိန်မှာပျောက်ခြင်းမလှပျောက်သွားပြန်သည်။
(၃)
ညဗဟိုရ်လေးချက်တီးသည့်အချိန်တွင် ဒေဝီနှင့်ယောကတော်ရှင်ဦးတို့မှာ နန်းဆောင်တစ်နေရာတွင် လှို့ဝှက်စာတွေ့ဆုံကြလေသည်။ ရှင်ဦးမှာ အိပ်ပျော်နေသည့် သားဖြစ်သူအားပိုက်လျှက် ပွတ်သပ်ပေးနေသည်။ ဒေဝီရောက်လာသည့်အခါ ဒေဝီအားမျက်စောင်းထိုးကြည့်ရင်း
“ဒေဝီ၊ မင်းကိုငါခိုင်းထားတာ အခြေအနေဘယ်လိုရှိသလဲ”
“ကျွန်မ အကောင်းဆုံးကြိုးစားနေပါတယ် ယောကတော်”
“အကောင်းဆုံးကြိုးစားနေရုံတယ်မလုံလောက်သေးဘူး၊ ခပ်မြန်မြန်အကောင်အထည်ဖော်ဖို့လဲ လိုအပ်တယ်၊ ငါကတော့ ဒီကိစ္စကို မြန်မြန်ပြီးသွားစေချင်ပြီ”
“အရမ်းတော့ လောလို့ဘယ်ရမလဲ မယ်ပျင်းရောက်တာ အခုမှတစ်ပတ်တောင်မပြည့်သေးဘူးမဟုတ်လား”
“တစ်ပတ်ပြည့်တာမပြည့်တာ အသာထားစမ်းပါ၊ ညည်းလိုချင်တာကိုကျတော့ ငါကမဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင်လုပ်ပေးရတယ်လေ၊ ဒိဗ္ဗကျမ်းကို ငါ့ညီမမသိအောင်ခိုးယူရတာ လွယ်တယ်လို့များ ညည်းထင်နေသလားဟဲ့၊ ဘာလဲ ညည်းက ညည်းလိုချင်တာရပြီဆိုတော့ ငါခိုင်းတာကိုမလုပ်ပေးချင်တော့ဘူးလား”
ဒေဝီမှာ မျက်လုံးအပြူးသားနှင့် ရှင်ဦးကိုစိုက်ကြည့်နေမိသည်။
“ယောကတော်ဘာတွေပြောနေတာလဲ၊ ဒိဗ္ဗကျမ်းက ဘယ်မှာလဲ”
“ညည်းအခုမှ မသိချင်ယောင်ဆောင်မနေစမ်းပါနဲ့အေ၊ ငါတစ်ခွန်းထဲပြောမယ်၊ ညည်း မိပိန်ကိုအပြတ်ရှင်းလိုက်သလိုမျိုး အခုမယ်ပျင်းကို ခပ်မြန်မြန်အပြတ်ရှင်းလိုက်တာပဲ လိုချင်တယ်၊ မယ်ပျင်းကိစ္စရှင်းသွားပြီဆိုရင် ငါလည်းပြန်မယ်”
“ဒါနဲ့ မယ်ပျင်းကိုဘာလို့ရှင်းထုတ်ချင်နေရတာလဲ”
ယောကတော်မှာ တစ်ဖက်သို့လှည့်သွားလိုက်ပြီး
“ဒါကတော့ ညည်းသိစရာမလိုဘူး”
“မိပိန်တုန်းကလည်း ယောကတော်ခိုင်းတဲ့အတိုင်း ကျမ်းစာတိုက် ဝင်္ကပါထဲမှာ ပိတ်လှောင်ခဲ့ရတယ်မဟုတ်လား၊ အဲဒီတုန်းကလည်း ဘာကြောင့်သူ့ကိုဒီလိုလုပ်ခဲ့ရတယ်ဆိုတာ ယောကတော်မပြောခဲ့ဘူး၊ ကျွန်မမှာ အခုထက်ထိ မိပိန်အကြောင်းခေါင်းထဲရောက်လာတိုင်း တုန်လှုပ်နေရဆဲပဲ၊ မိပိန်က ညညဆို အိပ်မက်ထဲမှာ ငိုသံပေးပြီး ခြောက်လှန့်နေဆဲပဲ ယောကတော်၊ ဒါကြောင့် အခုမယ်ပျင်းကို ဘာဖြစ်လို့ရှင်းရမှာလဲဆိုတဲ့အကြောင်းပြချက်ကို မပြောပြဘူးဆိုရင် မယ်ပျင်းကိစ္စကို အကောင်အထည်မဖော်ပေးနိုင်ဘူး၊ ဒိဗ္ဗကျမ်းကိုလည်း မယူဘူး”
ယောကတော်မှာ ဒေဝီ့စကားကြားသည့်အခါ ဒေါသထွက်သွားပြီး ဒေဝီအားလှည့်ကြည့်လိုက်ကာ
“ဒေဝီ မင်းက ငါ့ကိုတောင်ပြန်ပြီးအာခံတယ်ပေါ့ဟုတ်လား”
“ကျွန်မက ရှင့်ရဲ့တူမဆိုပေမယ့် ရှင့်ရဲ့သားသမီးမဟုတ်ဘူး၊ ရှင်မွေးထားတဲ့ ကျေးကျွန်မဟုတ်ဘူး၊ ဒီတော့ ကျွန်မဖာသာလုပ်မယ်မလုပ်ဘူးက ကျွန်မကိစ္စပဲ၊ ရှင် ကျွန်မကိုလာပြီးလွှမ်းမိုးလို့မရဘူး”
ယောကတော်မှာ တဟင်းဟင်းနှင့်ရယ်မောနေလေသည်။ ဒေဝီကိုအကြမ်းနည်း အပေးအယူနည်းဖြင့် သိမ်းသွင်းမရမှန်းသိလိုက်သဖြင့် အနုနည်းဖြင့် အချိုသပ်ရန်ကြံစည်လိုက်သည်။
“ဒေဝီ . . . ဒေဝီ၊ မင်းဟာ တော်တော်သနားဖို့ကောင်းတဲ့ လူပဲ၊ ကဲပါ မင်းသိချင်တယ်ဆိုရင်လည်း ငါပြောပြရသေးတာပေါ့၊ မင်းတို့မေမေကြီးလို့ခေါ်တဲ့ ရှင်ထူးက ကလေးဆိုရင်မချစ်တတ်တာ ဟိုးအစကတည်းကပဲ၊ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ဆယ့်တစ်နှစ်လောက်မှာ ဘာကြောင့်မှန်းမသိဘဲ သူက ကလေးတွေကိုမွေးစားတတ်လာတယ်၊ ပထမတော့မင်း၊ ဒုတိယတော့ မိပိန်ကိုပဲ”
“တကယ်တော့ မင်းတို့ကိုမွေးနေတယ်ဆိုတာက ချစ်လွန်းလို့မဟုတ်ဘူး၊ သူ့အကျိုးတစ်ခုအတွက် အသုံးချစရာရှိလို့ပဲ၊ ပြောရရင်တော့ မင်းတို့ဟာ ဖားကောင်လေးတွေနဲ့တူတယ်၊ ရှင်ထူးဖန်တီးထားတဲ့ ပလိုင်းကြီးထဲမှာ မင်းတို့ကိုကျွေးမွေးထားပြီး အစာဝလင်လာတဲ့အခါ သူ့စိတ်ကြိုက် နှိုက်စားနိုင်အောင်လို့ စီစဉ်ထားတာပဲ”
“ရှင်မဟုတ်တာတွေ မပြောနဲ့”
“ကြည့်ပါလား၊ မင်းတောင်မှ အခုဘယ်လောက်တောင်နားဝင်နေပြီလဲဆိုတာသာကြည့်တော့၊ အင်းပေါ့လေ၊ ဆယ်နှစ်ဆယ်မိုးလောက် ကျွေးမွေးလာတဲ့လူကို မယုံဘဲနေပါ့မလား၊ ဒါပေမယ့် ငါပြောရဲတာက ရှင်ထူးမင်းတို့အပေါ်ဆက်ဆံနေတယ်ဆိုတာက အပေါ်ယံတွေပဲ၊ ပိုပြီးသိသာသွားစေခဲ့တာကတော့ မိပိန်တစ်ယောက်ရောက်လာတဲ့အချိန်ကပဲ”
“မိပိန်က ဘာဆိုင်လို့လဲ”
“မိပိန်ကထူးခြားတယ်၊ ကလီစာတွေစားတဲ့စုန်း၊ ပြီးတော့ လူစင်စစ်ကနေ နှစ်တစ်ထောင်စုန်းမအသွင်ကို ကူးပြောင်းနိုင်တဲ့စုန်းမပဲ၊ ဒါကို ရှင်ထူးကသိလို့ သူခိုင်းဖို့အတွက်ခေါ်လာခဲ့တာ၊ မိပိန်ကိုအသုံးချပြီးတော့ သူ့ကိုယ်ကျိုးရှာဖို့အတွက် ကြိုးစားနေခဲ့တာပဲ၊ ဒါကို ကဝေသာရဘိုးဘိုးကြီးက ကြိုသိတဲ့အတွက် မဖြစ်သင့်တာ မဖြစ်ရအောင်ဆိုပြီး ငါ့ကိုတားဆီးခိုင်းခဲ့တယ်၊ ငါကနေတဆင့် မင်းကိုတာဝန်ပေးပြီးတော့ တားဆီးခိုင်းလိုက်ရတာပဲ၊ ဘာပဲပြောပြော မိပိန်သေသွားတဲ့အတွက် ရှင်ထူးရဲ့အစီအစဉ်တွေ ပျက်ယွင်းသွားခဲ့ရတာတော့အမှန်ပဲ”
ဒေဝီမှာ အံ့သြလျှက်
“ဒါဆို မိပိန်ကတော့ ဟုတ်ပါပြီ၊ အခုမယ်ပျင်းကရော”
“မယ်ပျင်းကလည်း မိပိန်လိုပါပဲ၊ ကဝေခုနစ်ယောက်က ဖန်တီးခဲ့တဲ့ လူသားလက်နက်တစ်ခုပဲ၊ အဲဒါကြောင့် ဒီလက်နက်ကို ရှင်ထူးအသုံးချလို့မရခင် ငါတို့က ဖျက်ဆီးပစ်ရမယ်၊ မယ်ပျင်းသာ အစွမ်းတွေထက်လာပြီဆိုရင် သူဟာ လူသားလောကကြီးကို ဒုက္ခပေးမယ့်သူတစ်ယောက် ဖြစ်လာမှာအမှန်ပဲ”
ဒေဝီမှာ တွေဝေနေလေသည်။ ရှင်ဦးက သူ့စကားနားဝင်သွားပြီဖြစ်သည့် ဒေဝီအနားသို့ကပ်ကာ
“လုပ်ပါဒေဝီ၊ မင်းလုပ်နေတာက ကြီးကျယ်မြင့်မြတ်တဲ့အလုပ်တစ်ခု၊ လူသားတွေကို ဘေးရန်မကျအောင် တားဆီးကာကွယ်တဲ့အလုပ်တစ်ခုပါ”
နောက်ဆုံးတော့ ဒေဝီကခေါင်းညိတ်လိုက်လေသည်။
“မင်း မိပိန်ကိုလုပ်ခဲ့သလိုမျိုးသာ လုပ်လိုက်စမ်းပါ၊ မယ်ပျင်းလည်း မိပိန်နည်းတူသေရမယ်၊ အပေးအယူအနေနဲ့ကတော့ ငါကမင်းကိုကူညီပေးမယ်”
“ဘယ်လိုကူညီမှာလဲ”
“ရှင်ထူးက မင်းတို့ကို ထားရာနေ စေရာသွားလုပ်ခိုင်းပြီး ပညာတွေကိုလည်း ကန့်သတ်ထားတယ်၊ တစ်နေ့နေ့တစ်ချိန်ချိန်မှာ မင်းကိုဘယ်လိုအသုံးချခံရမလဲဆိုတာ မင်းကိုယ်တိုင်တောင်သိမှာမဟုတ်ဘူး၊ အဲဒီကနေလွတ်မြောက်ဖို့ဆိုရင်တော့ မင်းက ရှင်ထူးလေ့လာဖို့ ပိတ်ပင်ထားတဲ့အတတ်တွေကို လေ့လာထားမှရမယ်၊ တစ်နည်းပြောရရင်တော့ ရှင်ထူးဖန်တီးထားတဲ့ ပခြုပ်ထောင်ထဲကနေ ထွက်ဖို့လမ်းကို ရှာထားရမယ်”
“ကျွန်မနားလည်ပါပြီ ယောကတော်”
“လုပ်ပါ ဒေဝီ၊ မင်းလုပ်နေတာ မွန်မြတ်တဲ့အလုပ်တစ်ခု၊ ကောင်းမွန်တဲ့အလုပ်တစ်ခုပါ”
ဒေဝီမှာ ခေါင်းညိတ်ကာ နန်းဆောင်အတွင်းသို့ပြန်လည်ဝင်ရောက်သွားလေသည်။
နောက်တစ်နေ့ သင်ကြားရေးအခန်းအတွင်းသို့ရောက်သည့်အခါ ဒေဝီမှာ မယ်ပျင်းအား သေသေချာချာသင်ကြားပေးနေလေသည်။
“မန္တန်ရွတ်ဖတ်တယ်ဆိုတာက သူ့ချည်းသက်သက်တော့သိပ်မစွမ်းဘူး၊ စုန်းပညာထက်မြက်ဖို့အတွက် အချက်လေးချက်လိုအပ်တယ်၊ ပထမကတော့ စွမ်းအင်၊ နောက်တစ်ခုကတော့ ပညာ၊ နောက်တစ်ချက်ကတော့ စိတ်အာရုံစူးစိုက်မှုနဲ့ နောက်ဆုံးအချက်ကတော့ ဝစီလို့ခေါ်တဲ့ နှုတ်ကနေရွတ်ဖတ်မှုပဲ၊ အဲဒီလေးချက်စလုံး စုံလင်မှသာ ပညာတစ်ခုက အစွမ်းထက်တယ်”
“ဒါကြောင့် မန္တန်ရွတ်ဖတ်တယ်ဆိုတာက သူ့ချည်းသက်သက်မစွမ်းပေမယ့် အစွမ်းထက်တဲ့ ပညာရပ်တွေကို နှိုးဆွပေးနိုင်တဲ့ ပညာတစ်ခုပဲ၊ မင်းနားလည်အောင်ပြောရရင်တော့ မန္တန်ဆိုတာ မီးမွှေးသလိုနဲ့တူတယ်၊ လောင်စာတွေအများကြီး မီးဖိုထဲထည့်ထားပေမယ့် သေးငယ်တဲ့မီးစလေးတစ်ခုကနေပြီး စတင်စွဲညှိရသလိုမျိုး မင်းရဲ့ပညာတွေအများကြီးအစွမ်းထက်ဖို့အတွက် မန္တန်က နှိုးဆွပေးနိုင်တယ်ဆိုတာပဲ”
“ဒါပေမယ့် အခုသင်ထားတဲ့ မန္တန်တွေက ဘာမှမစွမ်းသလိုပဲ”
မယ်ပျင်းပြောသည့်အခါ ဒေဝီမှာ မျက်စိမျက်နှာပျက်သွားသည်။
“မမဒေဝီသင်ပေးတဲ့ မန္တန်ကို အခေါက်ပေါင်းတစ်ထောင်ရွတ်ပေမယ့် ဘာမှထူးထူးခြားခြား မသိသာသလိုပဲ”
“အို၊ အစကတော့ ဒီလိုပါပဲ၊ ဒါပေမယ့် မန္တန်တွေက ချက်ချင်းကြီးမသိသာသေးဘူး၊ ငါခုနကပြောသလို စုန်းပညာနဲ့ပေါင်းဖက်မှာ အစွမ်းတက်တာဆိုတော့ ဒီအတိုင်းသိပ်ပြီး မသိသာသေးတာပါ၊ နောက်ပိုင်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်လာတဲ့အခါမှာ ပိုပြီးသိသာလာလိမ့်မယ်”
“ဒါဆို ဒီနေ့ရော ဘာမန္တန်သင်ပေးမှာလဲ မမဒေဝီ”
“ဒီနေ့ကတော့ မန္တန်ကျမ်းရဲ့ ဒုတိယပိုင်းကိုသင်ပေးမယ်၊ ဒါပေမယ့် ခက်တာက ဒုတိယပိုင်းသင်ရမယ့် ကျမ်းစာထုပ်က ဒီမှာရှိမနေဘူး”
ဒေဝီစကားကြားသည့်အခါ မယ်ပျင်းက မျက်မှောင်ကြုတ်လျှက်
“ဟိုနေ့ကပဲ မန္တန်ကျမ်းကို စာဂျပိုးဘိုးဘိုးဆီကနေ ယူလာခဲ့တယ်မဟုတ်လား”
“အဲဒါတွေက သင်လို့ကုန်ပြီလေ”
“ဟုတ်လို့လား၊ နည်းနည်းပဲသင်ရသေးသလားလို့”
ဒေဝီမှာဒေါသထွက်သွားပြီး
“မယ်ပျင်း ညည်းကဆရာလား ငါကဆရာလား”
ဒေဝီထအော်သဖြင့် မယ်ပျင်းမှာ ခေါင်းငုံ့လျှက်
“မမဒေဝီက ဆရာပါ”
“အေး၊ အဲဒါဆိုရင် ငါခိုင်းတာသာလုပ်စမ်းဟာ၊ ကျမ်းစာတိုက်ထဲကိုသွား မန္တန်ကျမ်း ဒုတိယပိုင်းဆိုတာကိုသာ ယူလာခဲ့”
မယ်ပျင်းက ပေကပ်ကပ်လုပ်နေသဖြင့်
“ဟဲ့ သွားလေ ဘာလုပ်နေတာလဲ”
“အဲဒီအထဲမှာ မှောင်တယ်၊ ပြီးတော့ စာဂျပိုးဘိုးဘိုးက ပုံမှန်ဆိုရင် ပညာအမတွေက ကျမ်းစာတွေလာယူပေးကြရတာတဲ့”
ဒေဝီမှာ သက်ပြင်းတစ်ချက်ချလိုက်လေသည်။
“အင်းလေ၊ ငါပါလိုက်ခဲ့မယ်”
ဒေဝီပြောလိုက်သည့်အခါမှ မယ်ပျင်းမှာပျော်ရွှင်သွားသည်။ ထို့နောက် ဒေဝီနှင့်အတူ အခန်းကြီးအတွင်းမှထွက်လာခဲ့သည်။ ဒေဝီက အစကနဦးပိုင်းက မယ်ပျင်းနှင့်မလိုက်ချင်သော်လည်း မယ်ပျင်းအား သေကြောင်းကြံစည်ရန်အတွက် သူကိုယ်တိုင်လိုက်လာခဲ့ခြင်းဖြစ်သည်။ ဘီလူးရုပ်စောင့်သည့် တံခါးကြီးမှ ကျမ်းစာတိုက်အတွင်းသို့ ဝင်လာခဲ့သည့်အခါ အတွင်းတွင် မှောင်မိုက်နေလေသည်။
မယ်ပျင်းက စာဂျပိုးဘိုးဘိုးပြထားသည့် ကြိုးတစ်ချောင်းကိုဆွဲထည့်လိုက်သည့်အခါ ကျမ်းစာတိုက်ကြီးအတွင်း ဂျိန်းခနဲအသံကြီးမြည်ကာ အလင်းရောင်များလင်းလက်လာသည်။ ကျမ်းစာတိုက်ခေါင်မိုးကြီးမှာ စက်ဝိုင်းပုံကြီးဖြစ်ကာ ခေါင်မိုးတွင် နက္ခတ်တာရာ ကြယ်ပုံစံများကို ဖန်တီးထားသည်။ ထိုကြယ်ပုံစံများ ဂြိုလ်များမှ အလင်းရောင်စုံများ တိုးထွက်လာကြပြီး ကျမ်းစာတိုက်ကြီးတစ်ခုလုံးကို ဖြန့်ကျက်ကာ လင်းထိန်သွားလေသည်။
“ဟာ ခေါင်မိုးကြီးက သိပ်လှတာပဲ၊ ဒါမျိုးတစ်ခါမှကို မမြင်ဖူးဘူး”
“ဒီခေါင်မိုးက ကောင်းကင်ပေါ်က ကြယ်တာယာတွေပုံစံအတိုင်း ထပ်တူညီကျအောင် ပြုလုပ်ထားတာပဲ”
မယ်ပျင်းမှာ တဖိတ်ဖိတ်ဝင်းလက်နေသည့် ကြယ်တာရာများကိုကြည့်နေမိသည်။ ထိုအချိန် စာဂျပိုးဘိုးဘိုးက မယ်ပျင်းတို့အနီးသို့ရောက်လာလေသည်။
“ဒေဝီပါ ပါလာတာကိုး၊ ဘာများလိုချင်လို့လဲ”
ဒေဝီက လက်တစ်ဖက်ကိုဆန့်တန်းလိုက်ကာ စာဂျပိုးဘိုးဘိုး၏မျက်နှာကိုလက်နှင့်ကပ်လိုက်ပြီး မန္တန်တစ်ခုကိုရွတ်ဆိုလိုက်လေသည်။ ထိုအခါ စာဂျပိုးဘိုးဘိုး၏ အလင်းရောင်ထွက်နေသည့်မျက်လုံးကြီးမှာ တဖြည်းဖြည်းမှိတ်သွားပြီးသည့်နောက် စာဂျပိုးဘိုးဘိုးမှာ အိပ်မောကျသွားလေသည်။
“မမဒေဝီ၊ သူ့ကိုဘာလုပ်လိုက်တာလဲ”
“ဒီအဘိုးကြီးက သိပ်စကားရှည်တယ်ဟ”
“သူက ကျမ်းစာတွေရှာပေးမှာ မဟုတ်လား”
“ဒီလောက်ကတော့ ငါတို့ဖာသာရှာနိုင်ပါတယ်ဟာ၊ ကဲလာ သွားကြရအောင်”
ကျမ်းစာပုံများဖြင့် ပြည့်နှက်နေသည့် အခန်းကြီးအတွင်းသို့ဝင်လာခဲ့ကြသည်။ ဒေဝီက တစ်ချက်ပြုံးလျှက်
“အရှေ့ရောက်ရင် ကျမ်းစာဝင်္ကပါကြီးထဲ သူ့ကိုထားခဲ့လိုက်မယ်၊ မိပိန်လိုမျိုး ဒီဝင်္ကပါထဲမှာ ပိတ်မိပြီးတော့ တစ်သက်လုံးထွက်မရဘဲ ဖြစ်နေစမ်း မယ်ပျင်းရေ”
ဒေဝီက စိတ်ထဲမှကြံရွယ်ရင်း ကျမ်းစာဝင်္ကပါကြီးအတွင်းသို့ ခြေချဝင်လိုက်သည်။
“ကဲမယ်ပျင်း ဟောဟိုအရှေ့က ကျမ်းစာပုံထဲမှာ အဖုံးအနီနဲ့ကျမ်းစာတစ်ထုပ်ရှိတယ်၊ အဲဒါကိုယူလာခဲ့စမ်း”
မယ်ပျင်းမှာ ဒေဝီပြောသည့်အတိုင်းအရှေ့သို့တိုးသွားလိုက်သည်။ ကျမ်းစာများမှာ တစ်ခုနှင့်တစ်ခု ထပ်လျှက်တိုင်ကြီးတစ်ခုလို မြင့်မားနေလေသည်။ မယ်ပျင်းက ထိုကျမ်းစာပုံထဲသို့ မွှေနှောက်ရှာဖွေသော်လည်း အဖုံးအနီနှင့်ကျမ်းစာတစ်စောင်မှ မတွေ့ရသဖြင့် ခေါင်းကုပ်ရင်း
“မမဒေဝီ၊ အဖုံးအနီနဲ့ကျမ်းစာ ဒီထဲမှာ မရှိပါလား”
မယ်ပျင်းကပြောရင်းလှည့်ကြည့်လိုက်သည့်အခါ ဒေဝီမရှိတော့ပေ။
“မမဒေဝီ . . . မမဒေဝီ”
မယ်ပျင်းက အသံကျယ်ကျယ်နှင့်အော်ခေါ်လိုက်သော်လည်း အသံမှာပဲ့တင်ထပ်လျှက်ရှိနေသည်။
“ဘယ်သွားတာလဲမသိဘူး၊ ငါသူ့ကိုလိုက်ရှာမှပဲ”
မယ်ပျင်းမှာ ဒေဝီကိုတွေ့နိုးနိုးနှင့် ကျမ်းစာဝင်္ကပါကြီးအတွင်း လှည့်လည်သွားလာနေမိသည်။ ဝင်္ကပါဆိုသည့်အတိုင်း အတွင်းမှ ကျမ်းစာပုံများမှာ တစ်ခုနှင့်တစ်ခုတူညီနေကြပြီး ကျမ်းစာပုံများအကြားရှိ လမ်းကျဉ်းကလေးများမှာလည်း တစ်ခုနှင့်တစ်ခု ပုံသဏ္ဍာန်တူနေကြသဖြင့် မယ်ပျင်းမှာ ဝင်္ကပါအတွင်း တဝဲလည်လည်ဖြစ်နေမိသည်။
ဒေဝီက ကျမ်းစာဝင်္ကပါအတွင်းမှထွက်လာရင်း အခန်းတံခါးဝအနီးသို့ရောက်လာသည်။ အိပ်ပျော်နေသည့် စာဂျပိုးဘိုးဘိုး၏ ငယ်ထိပ်အားလက်နှင့်ပွတ်သပ်လျှက်
“ရှင် အဲဒီမိန်းကလေးကို မေ့လိုက်တော့၊ မယ်ပျင်း ဒီအထဲရောက်နေတယ်ဆိုတာကို မေ့ပစ်လိုက်တော့”
ဒေဝီက အခန်းတံခါးဝအနီးသို့ရောက်လာခဲ့ပြီး တွဲလောင်းကျနေသည့် ကြိုးတစ်ချောင်းကိုလက်နှင့်ကိုင်လိုက်ကာ ကောက်ကျစ်သောအပြုံးနှင့် ပြုံးလိုက်လေသည်။
“ကဲ အမှောင်ထဲမှာ လမ်းမှန်ရှာတွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် မယ်ပျင်းရေ”
ဒေဝီက ကြိုးကိုဆွဲထည့်လိုက်သည့်အခါ ကျမ်းစာတိုက်ခေါင်မိုးတွင် ထွန်းလင်းနေကြသည့် နက္ခတ်တာရာများမှာ ချက်ချင်းပင် မီးအလင်းများပိတ်ကျသွားပြီး ကျမ်းစာတိုက်အတွင်းမှောင်အတိကျသွားလေသည်။ ဒေဝီက ကျမ်းစာတိုက်အတွင်းမှ ထွက်ရန်ပြင်လိုက်သည့်အခါ အဝင်တံခါးမအနီးတွင် လူတစ်ယောက်က အမှောင်ထဲမတ်တပ်ရပ်နေလေသည်။
“ဟဲ့ ဘယ်သူလဲ တံခါးဝအနားကနေဖယ်စမ်း”
ထိုလူက ခေါင်းမော့လိုက်ကာ ဒေဝီကို မီးဝင်းဝင်းတောက်နေသည့် မျက်လုံးကြီးများဖြင့်စိုက်ကြည့်လိုက်လေသည်။ ထိုတော့မှ ဒေဝီမှာ အလွန်ထိတ်လန့်ကြောက်ရွံ့သွားသည်။
“ဟင် . . . မိပိန်၊ မိပိန်ပါလား”
“ဟုတ်တယ်ဒေဝီ ငါဒီအထဲမှာ နင့်ကိုစောင့်နေတာ ခြောက်နှစ်ကျော်ခဲ့ပြီ”
“နင်က ဒီမှာစောင့်ပြီး ဘာလုပ်မလို့လဲမိပိန်”
“ဘာလုပ်ရမလဲ ငါ့ကိုဒီအထဲမှာပိတ်မိအောင်လုပ်ခဲ့တဲ့ နင့်ကို ပြန်ပြီးလက်စားချေမလို့ပေါ့”
ဒေဝီက မိပိန်အား စက်လက်နက်တစ်ခုဖြင့် ပစ်ခတ်လိုက်လေသည်။ စက်လက်နက်မှာ မိပိန်၏ကိုယ်လုံးကိုဖောက်ထွက်သွားပြီး အနောက်မှတံခါးကိုထိမှန်သွားသည်။ မိပိန်က ရယ်မောလိုက်ကာ
“နင်က ငါ့ကိုတစ်ခါပဲသတ်လို့ရမယ်၊ နှစ်ခါတော့ သတ်မရဘူးဒေဝီ”
မိပိန်မှာ လက်သည်းရှည်ကြီးများထုတ်လိုက်ပြီး ဒေဝီကိုခုန်အုပ်လေသည်။ ဒေဝီက အနောက်သို့အလျှင်အမြန်ရှောင်လိုက်သော်လည်း လက်သည်းရှည်ကြီးများက ဒေဝီ၏ ညာဘက်လက်မောင်းအား ကုတ်ခြစ်မိသွားသဖြင့် ဝတ်ထားသည့်အဝတ်အစားများပြဲစုတ်သွားကာ လက်မောင်းရင်းတွင် ကုပ်ဖဲ့ဒဏ်ရာကြီးရသွားလေသည်။ ဒေဝီမှာ ကြောက်ကြောက်လန့်လန့်နှင့် ကျမ်းစာဝင်္ကပါကြီးအတွင်းသို့ ပြေးဝင်သွားတော့သည်။ မိပိန်က ဒေဝီကိုကြည့်ရင်း ရယ်မောလျှက်
“ဟား ဟား ဒီဝင်္ကပါထဲမှာ ငါပိတ်မိပြီးသေသွားသလိုမျိုး နင်လည်း ထပ်တူညီတဲ့ကံကြမ္မာမျိုး ခံစားရလိမ့်မယ် ဒေဝီ”
မိပိန်ပြောသည့်အတိုင်း ဒေဝီမှာ ကျမ်းစာဝင်္ကပါကြီးအတိုင်း ကြောက်ကြောက်လန့်လန့်နှင့် ပြေးလွှားလာခဲ့သည်။ အချိန်အတန်ကြာအောင် ပြေးလွှားလာပြီးသည့်အခါမှ မိမိပါ ဝင်္ကပါအတွင်း ပိတ်မိနေသည့်အဖြစ်ကို ရိပ်စားမိလိုက်သည်။
“သွားပြီ၊ ငါလည်း ဝင်္ကပါထဲပိတ်မိနေပြီ၊ ဒုက္ခပါပဲ”
ဒေဝီမှာ ဝင်္ကပါအတွင်း တဝဲလည်လည်ဖြင့် ကြိုးစားသွားသော်လည်း အချိန်အတော်ကြာသည်အထိ မူလနေရာကိုသာ ပြန်ရောက်ရောက်လာသည်မို့ နောက်ဆုံး စိတ်ဓါတ်ကျကာ ကျမ်းစာပုံတစ်ခုအနီးတွင်ထိုင်ချမိလိုက်သည်။ မှောင်မိုက်နေပြီး မျက်စိတစ်ဆုံးကျယ်ပြောလွန်းလှသည့် ကျမ်းစာအုပ်များကိုကြည့်ပြီး ဒေဝီမှာ စိတ်အားငယ်လာမိသည်။ လက်မောင်းတွင်ရရှိသည့် ဒဏ်ရာမှာလည်း နာကျင်လှပေသည်။ ဒေဝီမှာ ဒူးနှစ်ဖက်ပေါ် မျက်နှာအပ်လျှက် ငိုကြွေးနေမိသည်။
“ငါသေရတော့မှာလား၊ ဒီအမှောင်တောကြီးထဲမှာ ငါသေရတော့မှာပါလား”
ဒေဝီမှာတွေးရင်း ကြောက်လန့်နေလေသည်။ ခေါင်းထဲတွင်လည်း မိမိအားကယ်တင်နိုင်မည့်သူကို တွေးဆနေရင်း နောက်ဆုံးတော့ မယ်ပျင်းကိုသတိရသွားမိသည်။
“ဟုတ်သားပဲ၊ ဒီဝင်္ကပါကြီးထဲမှာ ငါတစ်ယောက်တည်းရှိတာမှမဟုတ်တာ၊ မယ်ပျင်း . . . မယ်ပျင်းလဲ ရှိနေတာပဲ”
ဒေဝီက မတ်တပ်ထရပ်လိုက်ကာ မယ်ပျင်းနာမည်ကို အသံကုန်ဟစ်အော်ကာ ခေါ်လိုက်မိသည်။
မယ်ပျင်းမှာလည်း ဝင်္ကပါအတွင်းလမ်းပျောက်နေသဖြင့် စိတ်ဓါတ်ကျနေချိန်ဖြစ်သည်။ လျှောက်ရလွန်းသဖြင့် ခြေထောက်များညောင်းချိနေသောကြောင့် ငုတ်တုတ်ထိုင်ချလိုက်ကာ အမောဖြေနေမိသည်။ ထိုအခိုက် နံဘေးနားသို့ မိပိန်ရောက်လာလေသည်။
“ဟင် မိပိန်၊ နင်ဘယ်လိုလုပ်ပြီး ဒီအထဲကိုရောက်လာတာလဲ”
“နင်ဘာဖြစ်လို့ ဒီဝင်္ကပါထဲမှာ ပိတ်မိနေသလဲဆိုတာ နင်သိလား”
မယ်ပျင်းက ခေါင်းခါပြလိုက်သည်။
“အဲဒါဒေဝီဆိုတဲ့မိန်းမကြောင့်၊ ဒေဝီက ငါ့တုန်းကလည်း ဒီကျမ်းစာ ဝင်္ကပါအထဲကိုခေါ်လာပြီး ငါ့ကိုမျက်စိလည်အောင် တစ်ယောက်တည်းပစ်ထားခဲ့တယ်”
“ဟင် မမဒေဝီက ဘာကြောင့်ဒီလိုမျိုးလုပ်တာလဲ”
“အသိသာကြီးပါဟာ၊ ငါက သူ့ထက်ပညာအရာမှာသာလွန်သွားမှာကို မနာလိုလို့လုပ်တာဟ၊ ငါ့မှာတော့ ဒီကျမ်းစာဝင်္ကပါကြီးထဲမှာ လူမသိသူမသိ အေးအေးစက်စက်နဲ့တစ်ယောက်တည်း သေသွားခဲ့ရတယ်”
မယ်ပျင်းမှာတုန်လှုပ်သွားပြီး
“ဒါဆို ဒီဝင်္ကပါကြီးထဲကထွက်လမ်းမရှိဘူးပေါ့၊ ငါလည်း နင့်လိုပဲ သေရတော့မှာပေါ့နော် မိပိန်”
မိပိန်က ခေါင်းခါလိုက်ပြီး
“မဟုတ်ဘူးမယ်ပျင်း၊ ငါသေပြီးတော့မှ ဒီဝင်္ကပါကြီးထဲက ထွက်တဲ့လမ်းကိုရှာတွေ့ခဲ့တယ်၊ နင်က ငါ့သူငယ်ချင်းဆိုတော့ နင့်ကိုတော့သေအောင်မလုပ်ပါဘူးဟာ၊ နင့်ကိုထွက်တဲ့လမ်းကိုပြမယ်၊ နင်ငါ့အနောက်ကိုလိုက်လာခဲ့”
မယ်ပျင်းမှာ မိပိန်သွားသည့်အနောက်သို့လိုက်လာခဲ့သည်။ မိပိန်မှာ လမ်းလျှောက်နေရင်း
“ကျမ်းစာဝင်္ကပါထဲက ထွက်ဖို့ဆိုရင် အောက်ကိုကြည့်လို့မရဘူး မယ်ပျင်း၊ အပေါ်ကိုကြည့်ရတယ်”
“အပေါ်ကို ဘယ်လိုကြည့်ရတာလဲ”
မိပိန်က လက်အတွင်းမှ မီးလုံးကြီးတစ်လုံးကို မိုးပေါ်ပစ်တင်လိုက်သည့်အခါ မီးလုံးကြီးမှာ အခန်းမျက်နှာကျက်ကိုထိမှန်သွားပြီး နက္ခတ်တာရာများကို ထိမှန်ကာ လင်းထိန်သွားလေသည်။
“ဒီနက္ခတ်တာရာတွေဆိုတာ အလကားလုပ်ထားတာမဟုတ်ဘူးမယ်ပျင်းရေ၊ ဟောဒီဝင်္ကပါကြီးထဲကနေ ထွက်နိုင်မယ့်လမ်းကို ညွှန်ပြနေတယ်”
ထိုအချိန် အော်သံတစ်ခုကိုကြားရသည်။ မယ်ပျင်းက နားစွင့်ထောင်လိုက်သည့်အခါ သူ့နာမည်ကို အော်ခေါ်နေခြင်းဖြစ်သည်။ မယ်ပျင်းက အသံကိုနားထောင်ရင်း
“နေအုံး၊ ဒီထဲမှာတစ်ယောက်ယောက်ရှိတယ်၊ တစ်ယောက်ယောက်က ငါ့နာမည်ကိုခေါ်နေတယ်”
“အဲဒါဒဝေီပဲ”
“ဟုတ်တယ်၊ မမဒေဝီလဲ ဒီထဲရောက်နေတာပဲ”
“ငါ့ကိုသူဝင်္ကပါထဲပိတ်ထားခဲ့သလိုမျိုး သူကိုယ်တိုင်ပြန်ပြီးခံစားရအောင်လို့ သူ့ကိုပိတ်ထားခဲ့တာပဲ၊ လာစမ်းပါ မယ်ပျင်းရယ်၊ အဲဒီဟာမကို ဂရုစိုက်မနေစမ်းပါနဲ့”
မိပိန်က ဆက်လျှောက်သွားသော်လည်း မယ်ပျင်းမှာ ရပ်တန့်ကာနေခဲ့လေသည်။ မိပိန်က လှည့်ကြည့်ပြီး
“ဟဲ့ မယ်ပျင်း၊ လာလေ၊ နင်အဲဒီမှာ ဘာရပ်လုပ်နေတာလဲ”
“မမဒေဝီက ငါ့ရဲ့ပညာအမပဲ၊ သူ့ကိုပါ ကယ်သင့်တယ်လို့ထင်တယ်”
“နင်ရူးနေတာလားမယ်ပျင်း၊ နင့်ကိုဒီထဲမှာ ထည့်ပိတ်ဖို့ကြံခဲ့တဲ့လူက ဒေဝီဟ၊ နင့်ကိုမကောင်းကြံခဲ့တဲ့လူက ဒေဝီ၊ ဒါတောင်မှ နင်ကသူ့ကိုကယ်တင်ချင်နေတာလား”
“နင်ခံစားခဲ့ရတာတွေကို ငါနားလည်ပါတယ် မိပိန်၊ ဒါပေမယ့် ငါကတော့ ဟောဒီကျမ်းစာတိုက်ကြီးထဲမှာ ဘယ်သူ့ကိုမှပိတ်မိပြီးမသေစေချင်ဘူး”
“မယ်ပျင်း၊ နင်အတည်ပြောနေတာလား၊ တကယ်လို့ နင်သူ့ကိုကယ်တင်ချင်တယ်ဆိုရင် ငါနင့်ကိုထွက်မယ့်လမ်းကို မပြတော့ဘူး”
“နင်မပြချင်ရင်လည်း နေပေါ့ မိပိန်၊ ငါကတော့ လူတစ်ယောက်ကိုဒီအထဲပိတ်ခဲ့ပြီး ကိုယ်လွတ်ရုန်းပြီးတော့ ထွက်မသွားချင်ဘူး”
မိပိန်က မယ်ပျင်းစကားကြားသည့်အခါ အလွန်စိတ်ဆိုးသွားပြီး
“မယ်ပျင်း၊ နင်အရူးပဲ၊ နင်ဟာအရူးတစ်ယောက်ပဲ”
မိပိန်မှာ ကျမ်းစာအုပ်များအကြားတွင် ပျောက်ကွယ်သွားလေသည်။ မယ်ပျင်းက အသံကိုသေချာအာရုံခံနားထောင်ပြီး လိုက်လာခဲ့ရာ မကြာခင် ဒေဝီနှင့်ဆုံတွေ့လေသည်။
“မမဒေဝီ”
“ဟင် မယ်ပျင်း၊ နင်ငါ့ဆီကိုလိုက်လာတယ်နော်”
“လာ မမဒေဝီ၊ ဒီထဲကနေ အတူတူထွက်ကြမယ်”
ဒေဝီမှာ တွေဝေငေးမောသွားပြီး မယ်ပျင်းလက်ကိုလွှတ်ချလိုက်သည်။
“မယ်ပျင်း နင့်ကိုအခုလိုမျိုး ဝင်္ကပါထဲပိတ်မိအောင်လုပ်ခဲ့တာ ဘယ်သူလဲဆိုတာ နင်သိသလား”
“သိတယ်၊ မမဒေဝီလုပ်ခဲ့တာမဟုတ်လား”
ဒေဝီမှာ အံ့သြလျှက်
“ငါနင့်အပေါ်ကို ယုတ်မာခဲ့တာတောင်မှ နင်က ငါ့ကိုကယ်အုံးမတဲ့လား မယ်ပျင်းရဲ့”
“မိပိန်ပြောလို့ အရာအားလုံးကို သိခဲ့ရပါပြီ မမဒေဝီ၊ မိပိန်ကလည်း ထွက်လမ်းကို လမ်းပြမယ်လို့ပြောပါတယ်၊ ဒါပေမယ့် ကျုပ်တစ်ယောက်တည်း ဒီထဲကနေ ထွက်မသွားချင်ဘူး မမဒေဝီ”
“ဘာလို့လဲ၊ တကယ်ဆိုရင် နင့်ကိုပိတ်မိအောင် တမင်လုပ်ခဲ့တဲ့ငါ့ကို နင်ထားခဲ့ရမှာမဟုတ်လား”
“မေမေကြီးက တစ်ခါပြောဖူးတယ်၊ ပညာညီအမတွေဆိုတာ သာမန်ညီအမတွေထက် သွေးပိုနီးတယ်တဲ့၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အမှီသဟဲပြုနေကြရတဲ့လူတွေတဲ့၊ ဒါကြောင့် ကျုပ်တစ်ယောက်တည်း အပြင်ကိုထွက်ရမယ်ဆိုရင်တောင်မှ မမဒေဝီကို မထားခဲ့ရက်နိုင်ဘူး”
ဒေဝီမှာသည်းထန်စွာငိုကြွေးလျှက်
“မယ်ပျင်းရေ၊ ငါမှားပါတယ်၊ နင်က ငါ့ကိုအမတစ်ယောက်လို သဘောထားခဲ့ပေမယ့် ငါကနင့်ကို ညီမတစ်ယောက်လို သဘောမထားခဲ့နိုင်ဘူး၊ ငါမှားပါတယ်၊ ငါနင့်အပေါ်လုပ်ခဲ့မိတာတွေအတွက် ငါတောင်းပန်ပါတယ်”
မယ်ပျင်းက ဒေဝီအားပွေ့ဖက်လိုက်ကာ
“ငိုမနေပါနဲ့တော့ မမဒေဝီရယ်၊ အရင်ဆုံး ဟောဒီအထဲကနေ အတူတူထွက်ကြတာပေါ့”
မယ်ပျင်းနှင့် ဒေဝီမှာ မတ်တပ်ရပ်လိုက်သည့်အခါ သူတို့အရှေ့တွင် မိပိန်က ဘွားခနဲပေါ်လာခဲ့သည်။
“နင်တို့နှစ်ယောက် ဘယ်ကိုမှမသွားရဘူး”
မယ်ပျင်းတို့ခြေလှမ်းများ တုန့်ဆိုင်းကုန်လေသည်။
“အစကတော့ နင့်ကိုလွှတ်ပေးမလို့ပဲမယ်ပျင်း၊ ဒါပေမယ့် နင်က ကိုယ့်အပေါ်ယုတ်မာတဲ့လူကို ပြန်ပြီးကယ်ချင်နေတယ်မဟုတ်လား၊ ငါ့ရန်သူရဲ့မိတ်ဆွေက ငါ့ရဲ့ရန်သူပဲမယ်ပျင်း၊ ဒါကြောင့် နင်တို့နှစ်ယောက်စလုံး ဒီနေ့ ဒီနေရာမှာ အတူတူသေကြရမယ်ဟဲ့”
“ဟဲ့မိပိန်၊ နင်ကသေပြီးသားလူပဲ၊ နင်ကငါတို့ကို ဘယ်လိုလုပ်ပြီးသတ်လို့ရမလဲ”
“ငါက သေပြီးသားဆိုပေမယ့် ငါ့ကိုယ်ထဲက စုန်းမကတော့ မသေသေးဘူးလေ”
မိပိန်က ပြောဆိုပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အသံကြီးနှင့်ဟစ်အော်လိုက်သည်။ မိပိန်၏ဆံပင်များမှာ မိုးပေါ်သို့ထောင်တက်လာကြပြီး အရိုးပြိုင်းပြိုင်းကျနေသည့် လက်ချောင်းများအတွင်းမှ လက်သည်းရှည်ကြီးများထွက်ပေါ်လာလေသည်။ ပြီးသည်နှင့် မိပိန်က မယ်ပျင်းတို့ထံသို့ ခုန်အုပ်ကာ တစ်ဟုန်ထိုးတစ်ခိုက်လေသည်။ ဒေဝီက ဘယ်ဘက်လက်တွင် ဒိုင်းပုံစံစက်ပြားဝိုင်းကြီးတစ်ခုဖန်တီးလိုက်ကာ မိပိန်၏လက်သည်းချက်များကိုခုခံလိုက်သည်။ မိပိန်၏ ခုတ်ချက်များမှာ စက်ပြားအဝိုင်းကြီးနှင့်ထိတွေ့သည့်အခါ မီးပွင့်မီးပွားများဖွာထွက်လာလေသည်။ သို့သော် ဒေဝီ၏ စက်ပြားကိုတော့မထိုးဖောက်နိုင်ပေ။
“မယ်ပျင်း ငါတို့ဆက်ပြီးတိုက်ခိုက်လို့မဖြစ်ဘူး၊ ငါတို့ဒီထဲကနေ မြန်မြန်ထွက်မှဖြစ်မယ်”
“ထွက်တဲ့နည်းလမ်းက ကောင်းကင်မှာရှိတာတဲ့ ကောင်းကင်က တာရာတွေက အထွက်လမ်းကိုလမ်းညွှန်ပြပေးလိမ့်မယ်တဲ့”
ဒေဝီက ကောင်းကင်ကိုမော့ကြည့်ရင်း
“ဟိုဟာ ကဏန်းတာရာပဲ၊ ဒါပေမယ့် သူ့ရဲ့လက်မတစ်ဖက်ဟာ မထောင်ဘဲနဲ့ကွေးကောက်နေတယ်၊ ကြည့်ရတာ အဲဒီလက်မက ထွက်လမ်းကိုညွန်ပြနေတာပဲဖြစ်ရမယ်”
မယ်ပျင်းနှင့် ဒေဝီတို့မှာ ကဏန်းလက်ညွန်ပြသည့်လမ်းအတိုင်းပြေးလာရင်း လမ်းနှစ်သွယ်ရှိသည့်နေရာတစ်ခုသို့ရောက်လာခဲ့ကြသည်။ ဒေဝီက ကောင်းကင်ကိုမော့ကြည့်ကာ
“ချိန်ခွင်တာရာရဲ့ လျှာက အလယ်တည့်တည့်မှာမရှိဘဲ တစ်ဖက်ကိုထိုးပြနေပါလား၊ ငါ့အထင်တော့ သူထိုးပြတဲ့ဘက်က လမ်းကိုရွေးပြီးသွားရမယ်ထင်တယ်”
အနောက်မှ မိပိန်ကလည်း ခုန်ဆွခုန်ဆွဖြင့်လိုက်လာလေရာ နှစ်ဦးသားမှာ ချိန်ခွင်လျှာထိုးပြသည့်လမ်းသို့ထပ်မံပြေးခဲ့ကြပြန်သည်။ သို့နှင့် ကြယ်တာရာများမှ ထူးထူးခြားခြားပြသသည့် လမ်းအတိုင်းလိုက်လာခဲ့ကြရင်း နောက်ဆုံးတွင်တော့ စာအုပ်ပုံများဝိုင်းရံထားသည့် မြေကွက်လပ်တစ်ခုဆီသို့ရောက်လာခဲ့သည်။ ထိုမြေကွက်လပ်အလယ်တွင် အရိုးစုတစ်ခုက ပုံလျှက်သားလဲကျနေလေသည်။
“အရိုးစုကြီးပါလား၊ ဒါဘယ်သူဖြစ်နိုင်မလဲ”
“ဘယ်သူဖြစ်ရမလဲမယ်ပျင်း၊ မိပိန်ရဲ့အရိုးစုပဲဖြစ်မှာပေါ့”
သူတို့ပြောနေစဉ် မိပိန်က အနောက်သို့ရောက်လာခဲ့သည်။ မိပိန်က အတင်းခုန်ဝင်ကာတိုက်ခိုက်သဖြင့် ဒေဝီမှာခုခံကာကွယ်နေရလေရာ ထွက်လမ်းကိုပင် မရှာဖွေနိုင်တော့ပေ၊ မယ်ပျင်းမှာ ငေးမောကြည့်နေစဉ် အကြံတစ်ခုရသွားသည်။
“ဟုတ်ပြီ၊ မိပိန်ကသေပြီးသားလူပဲ၊ သေပြီးသားဆိုတော့ သရဲ၊ ပရလောကဘုံသားပဲ၊ ပရလောကဘုံသားတွေကို မွေးမြူထိန်းကျောင်းပြီး ကိုယ်လိုချင်တာခိုင်းတဲ့အတတ်ကို ငါတတ်တာပဲ၊ မိပိန်ကိုထိန်းချုပ်ခိုင်းစေနိုင်ရင် သူ့ကိုရပ်တန့်နိုင်မှာပဲ”
မယ်ပျင်းက စဉ်းစားလိုက်ကာ အနားသို့ကြည့်လိုက်ပြီး
“ဒီလိုလုပ်ဖို့က သေသွားတဲ့လူရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခုလိုတယ်၊ ဟာ ဟုတ်ပြီ ဟိုမှာ မိပိန်ရဲ့အရိုးစုပဲ”
မယ်ပျင်းမှာ မိပိန်၏အရိုးစုမှ ဦးခေါင်းခွံကိုကိုင်ဆောင်လိုက်ကာ ကဝေကြီးများသင်ပေးထားသည့် ပရလောကနယ်စည်းကိုဖွင့်ချလိုက်လေသည်။ ပြီးသည့်နောက် အရိုးခေါင်းအားကြည့်ရင်း
“မိပိန် . . .မိပိန်၊ အခုအချိန်ကစပြီးတော့ မင်းကိုငါ့ရဲ့လက်အောက်ငယ်သား အစေအပါးအဖြစ် ထိန်းသိမ်းချုပ်နှောင်မယ်၊ မင်းရဲ့စိတ်ဝိညာဉ်ကို ငါ့ကိုအပ်နှင်းတော့ဟဲ့”
မယ်ပျင်းအော်ဟစ်လိုက်သည့်အခါ အရိုးခေါင်းအတွင်းမှ ဖြူဝင်းသည့်အလင်းရောင်များထွက်ပေါ်လာကာ တစ်လောကလုံးကိုဖြန့်ကျက်လွှမ်းခြုံသွားလေသည်။ မှောင်မိုက်နေသည့် ကျမ်းစာတိုက်ကြီးအလယ်တွင် မိပိန်က ကျုံ့ကျုံ့ကလေးထိုင်ကာ ငိုရှိက်နေသည်။ မယ်ပျင်းက အနားသို့တိုးကပ်သွားလိုက်ကာ
“မိပိန် နင်ငိုစရာမလိုတော့ဘူး နင်ဒီထက်ငိုစရာမလိုတော့ပါဘူးဟာ၊ နင့်အဖေနဲ့အမေကိုသိပ်လွမ်းနေတယ်မဟုတ်လား၊ ငါတစ်ချိန်က ပြောဖူးတယ်လေ တစ်နေ့ကျရင် နင့်အဖေနဲ့အမေရှိတဲ့နေရာကို ငါလိုက်ပို့ပေးမယ်ဆိုပြီးတော့”
မိပိန်က အားတက်သရောမျက်ဝန်းများဖြင့် မယ်ပျင်းအားကြည့်သည်။
“အမှန်တော့ နင်က ဒီကျမ်းစာဝင်္ကပါကြီးထဲမှာ သေဆုံးသွားပြီး အလောင်းကောင်ကိုစွဲကပ်နေလို့ သွားချင်တဲ့နေရာကို သွားမရဖြစ်နေတာပဲ၊ အခုငါနင့်ကိုယ်ခန္ဓာကိုယူဆောင်ပြီးတော့ နင်နေတဲ့ရွာ နင့်မိဘတွေရှိတဲ့အရပ်ဆီကို ပို့ပေးမယ်၊ ဟုတ်ပြီလား”
“တကယ်လားမယ်ပျင်း၊ ဒါဆိုရင် ငါပြန်ရတော့မှာပေါ့နော်”
မယ်ပျင်းက ခေါင်းညိတ်လိုက်လေသည်။ ထိုအခါမှ ဒေဝီအား ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည့် မိပိန်တစ်ဖြစ်လဲ စုန်းမကြီးမှာ ကျောက်ရုပ်ကြီးတစ်ရုပ်အလား ငြိမ်သက်သွားတော့သည်။
သို့နှင့် ပြဿနာများအားလုံးပြေရှင်းသွားခဲ့သည်။ မိပိန်၏အလောင်းကောင်ကို အမေဖြစ်သည့် မိကြာထံသို့သွားရောက်ပေးအပ်လိုက်ပြီးသည့်နောက်တွင် ငွေရောင်နန်းဆောင်အတွင်း ငိုသံများကိုမကြားရတော့ပေ။ မယ်တော်က အဖြစ်အပျက်များအား အလုံးစုံသိသွားသည့်အခါ အလွန်ဒေါသထွက်နေလေသည်။
“ဒေဝီ ငါကအစပိုင်းတုန်းက မိပိန်သေတာ မတော်တဆဖြစ်ပြီး သေခဲ့တယ်လို့ထင်ခဲ့တာ၊ အခုမှပဲ မင်းရဲ့အကြံအစည်ဆိုတာ သိရတော့တယ်”
“မှားပါတယ် မေမေကြီး၊ သမီးမှားပါတယ်”
“ဘာပဲဖြစ်ဖြစ် ပညာညီမတစ်ယောက်ကို ညှင်းပန်းနှိပ်စက်ပြီးတော့ ကိုယ်တိုင်အကွက်ချပြီးသတ်ခဲ့တာကို ငါခွင့်မလွှတ်နိုင်ဘူးဒေဝီ၊ ဒီတော့မင်းကိုငါ အပြစ်ပေးရမယ်၊ ငါတို့နန်းဆောင်ရဲ့ အကြီးမားဆုံးအပြစ်ဒဏ်ကိုမင်းခံရမယ်”
ဒေဝီမှာ မျက်လုံးပြူးမျက်ဆန်ပြူးနှင့်
“မလုပ်ပါနဲ့မေမေကြီး၊ မေမေကြီး သမီးကိုရိုက်ချင်သလိုရိုက်၊ နှိပ်စက်ချင်သလိုနှိပ်စက်ပါ၊ သမီးခံပါ့မယ် အဲဒီပြစ်ဒဏ်ကိုတော့ မပေးပါနဲ့”
“တော်စမ်းဒေဝီ၊ ငါကနင့်ကိုခွင့်လွှတ်ချင်တယ်ဆိုရင်တောင် ဟောဒီနန်းဆောင်ကြီးမှာထုတ်တားထဲ့စည်းကမ်းအရ ခွင့်လွှတ်လို့မရဘူး၊ နင်ဒီလိုအပြစ်ဒဏ်မျိုး မခံစားချင်ဘူးဆိုရင် အစကတည်းက အပြစ်မဖြစ်အောင်နေပေါ့အေ”
မယ်တော်က ဒေဝီဆီသို့လျှောက်လှမ်းလာပြီး ဒူးထောက်ထိုင်နေသည့် ဒေဝီ၏ဦးခေါင်းကို လက်ဝါးနှင့်အုပ်ထည့်လိုက်သည်။
“ဒေဝီ၊ နင့်ကိုငါသင်ပေးထားတဲ့ ပညာတွေအကုန်ပြန်သိမ်းတယ်၊ ပြီးတော့ ဟောဒီနန်းဆောင်ကြီးကနေ နင့်ကိုနှင်ထုတ်လိုက်တယ်၊ ဒီနေ့ဒီအချိန်ကစပြီး နင်ဟာနန်းဆောင်ကြီးနဲ့ ဘာမှမပတ်သက်တော့ဘူး၊ နင်က ငါ့သမီးမဟုတ်တော့ဘူး”
ဒေဝီမှာငိုကြွေး၍သာနေလေသည်။ ညနေလေးချက်တီးသည့်အချိန်တွင် ဒေဝီမှာ အရပ်ဝတ်ဖြင့် နန်းဆောင်ကြီးပေါ်မှဆင်းလာခဲ့သည်။ ထိုအခါ ဒေဝီညှင်းပန်းမှုများကို ခံခဲ့ရသည့်မိန်းကလေးများက ဒေဝီအား အမျိုးမျိုးလှောင်ပြောင်ပြစ်တင်ပြောဆိုကြလေသည်။ ဒေဝီကဆင်းလာရင်း လှေကားအရင်းသို့အရောက် မယ်ပျင်းနှင့်တွေ့ဆုံမိလေသည်။ ဒေဝီက မယ်ပျင်းလက်ဖဝါးကလေးများကို ဖွဖွကလေးဆုပ်ကိုင်လိုက်ကာ
“မင်းကိုတစ်ခုသတိပေးချင်တယ်မယ်ပျင်း”
“ပြောပါ မမဒေဝီ”
“ဒီဖြစ်ရပ်တွေရဲ့အနောက်မှာ ကြီးမားတဲ့ ပြဿနာကြီးတစ်ခုရှိသေးတယ်၊ အရေးအကြီးဆုံးကတော့ ဘယ်သူပြောတာကိုမှ မယုံပါနဲ့၊ သူများပြောတာကို ယုံလွယ်တဲ့လူဟာ အသုံးချခံရတတ်တယ်တဲ့”
ဒေဝီကပြောဆိုရင်း ခပ်လှမ်းလှမ်းတွင်ရပ်နေသည့် ယောကတော်ရှင်ဦးအား အလွန်နာကျည်းစွာဖြင့် ကြည့်လိုက်ကာ လှည့်ထွက်သွားသည်။ ရှင်ဦးက ဒေဝီနောက်ကျောအားကြည့်ရင်း
“မင်းအသုံးမကျဘူး၊ ဘာမဟုတ်တဲ့ကိစ္စကလေးကိုတောင်မှ မဖြေရှင်းနိုင်ဘူး၊ အခုတော့ ဒီကိစ္စကို ငါကိုယ်တိုင်ပဲ ကိုင်တွယ်ရတော့မယ်”
ရှင်ဦးကစိတ်ထဲမှ ရေရွတ်ပြောဆိုလိုက်လေသည်။