စာစဉ် (၄၀)

(၁)

မနက်မိုးလင်းသည်နှင့် စည်သံတစ်ချက်ကိုကြားလိုက်ရသည်။ မယ်ပွင့်ကပြေးလာသည့်အခါ မယ်ပျင်းမှာ သွားတိုက်မျက်နှာသစ်ပြီးအဆင်သင့်ဖြစ်နေပြီဖြစ်သည်။ မယ်ပွင့်က ပြုံးလျှက်

“တော်သေးတာပေါ့ မယ်ပျင်းရယ်၊ ဒီနေ့လည်း မနေ့ကလိုမျိုးနောက်ကျတော့မလားလို့”

မယ်ပွင့်နှင့်အတူတူ မယ်ပျင်းက မနက်ခင်းစည်းဝေးသဘင်ထံသို့ လျှောက်လှမ်းလာခဲ့သည်။ စည်းဝေးခန်းသဘင်မှာ ငွေရောင်နန်းဆောင်ကြီး၏ အလယ်တည့်တည့်အခန်းကြီးတွင် ကျင်းပသည်ဖြစ်ပြီး မယ်ပျင်းကဲ့သို့ မိန်းကလေးအငယ်များမှာ တစ်ဆင့်နှိမ့်ထားသည့် ကြမ်းပြင်အောက်ဘက်ရှိ တစ်ယောက်ထိုင်သင်ဖြူးဖျာကလေးများခင်းကာ ကိုယ့်နေရာနှင့်ကိုယ်ထိုင်ရသည်။ သင်ဖြူးဖျာမှာတစ်ယောက်နှင့်တစ်ယောက်အကြား တစ်တောင်ခန့်အကွာသာ ခြားထားသောကြောင့် နီးနီးကပ်ကပ်ထိုင်နိုင်ပေသည်။ သင်ဖြူးဖျာများကို ဝဲဘက်ယာဘက် သပ်သပ်စီခင်းထားပြီး အလယ်တွင်တော့ လျှောက်လမ်းတစ်ခုပေးထားသည်။

တစ်မိုက်ခန့်မြင့်သည့် ကြမ်းပြင်တွင်တော့ အသက်ကြီးသည့်မိန်းကလေးများက သင်ဖြူးဖျာများနှင့် အစီအရီထိုင်ကြသည်။ ထိုနေရာမှဆက်သွားလိုက်လျှင် နှစ်တောင်ခန့်မြင့်သည့် စင်မြင့်ပုံစံ ကြမ်းခင်းတစ်ခုရှိကာ လှေကားထစ်များဖြင့်တက်ရလေသည်။ ထိုအပေါ်တွင်မှ ငွေသားဖြင့်ပြုလုပ်ထားသည့် ပလ္လင်ကြီးတစ်ခုရှိပြီး နဂါးရုပ်များခံထားလေသည်။ ပလ္လင်အနောက်ဘက် တံကဲတွင်လည်း ငွေရောင်နဂါးများတစ်ကောင်နှင့်တစ်ကောင်ပွတ်သပ်လိမ်ယှက်နေသည့် ပုံစံပြုလုပ်ကာ အလှဆင်ထားလေသည်။

မယ်ပျင်းတို့မှာစောရောက်နေသဖြင့် ခန်းမအတွင်းလူမစုံသေးပေ။

“မယ်ပွင့် နင့်ရုပ်ကဘာဖြစ်နေတာလဲ”

မယ်ပွင့်မှာ ဝမ်းဗိုက်ကိုပွတ်သပ်လျှက် မအီမသာဖြစ်နေပုံရသည်။

“ဗိုက်ဆာလို့ပါဟ”

“နင်ကလည်းဟာ မိုးလင်းတာနဲ့ ဗိုက်ဆာတာပဲလားဟ”

“ဆာတာကတော့ ဆာတာပေါ့ဟာ”

“ဒါကြောင့်လည်း နင်အခုလိုဝတုတ်ကြီးဖြစ်နေတာ မယ်ပွင့်ရဲ့ နင့်ကိုဒေဝီက ဘုတ်ထိုင်းလို့ခေါ်တာကို နင်မရှက်ဘူးလား”

“သူဘယ်လိုခေါ်ခေါ်ပေါ့အေ၊ အရေးကြီးတာကတော့ ကိုယ်ဗိုက်ပြည့်ဖို့ပဲ လိုတာမဟုတ်လား”

“ကဲပါ၊ ဗိုက်အကြောင်းတွေခဏရပ်လိုက်၊ ဒါနဲ့ ငါတစ်ခုလောက်မေးချင်လို့ဟ စည်တီးသံတွေ ကြားကြားနေရတာ အဲဒါဘာသံတွေလဲ”

“ဗဟိုရ်စည်သံလေ မယ်ပျင်းရဲ့”

“ဗဟိုရ်စည်ဆိုတာဘာလဲ”

မယ်ပွင့်က ခေါင်းကုပ်လျှက်

“ရွှေရောင်နန်းဆောင်ကြီးအပေါ်မှာ စင်ကြီးတစ်ခုရှိတယ်ဟ၊ အဲဒီစင်ကြီးမှာ ဗဟိုရ်စည်လို့ခေါ်တဲ့ စည်ကြီးဆွဲထားတယ်၊ အဲဒီစည်ကြီးက တီးစရာမလိုဘဲ သူ့အလိုလို နေ့ဗဟိုရ်၊ ညဗဟိုရ်ရောက်တိုင်း တီးခတ်ပြီးအချက်ပေးတယ်၊ စည်တီးသံကိုနားထောင်ပြီး အလုပ်တွေလုပ်ရတာပေါ့”

“ထူးဆန်းလိုက်တာ၊ ဒါနဲ့ စည်သံကိုဘယ်လိုနားထောင်ရသလဲဟင်”

“မနက်ခင်းလင်းလို့ စည်သံတစ်ချက်တီးလိုက်တဲ့အချိန်က အခုလိုသဘင်ပွဲစတင်မည့်အချိန်ဟ၊ သဘင်ပွဲပြီးလို့ စားကြသောက်ကြပြီးပြီဆိုရင် စည်သံနှစ်ချက်တီးတဲ့အချိန်က သင်ကြားရေးလုပ်ရမယ့်အချိန်ပဲ၊ စည်သံသုံးချက်တီးမှာ သင်ကြားရေးရပ်ပြီးတော့ နေ့လည်စာစားကြတယ်၊ နေ့လည်စာ စားပြီးကနေ စည်သံလေးချက်တီးတဲ့အချိန်အထိကတော့ ငါတို့ဆော့ဖို့အချိန်ပေါ့ဟာ၊ အဲဒါက မနက်ခင်းစည်တီးတဲ့သံတွေပဲ၊ ညနေခင်း စည်သံတစ်ချက်တီးရင် ညစာစားကြတယ်၊ ညဘက်စည်သံနှစ်ချက်တီးတဲ့အချိန်ဟာ အိပ်ချိန်ပဲ”

မယ်ပျင်းမှာ စည်တီးသံများကိုမှတ်သားနေလိုက်သည်။ မကြာခင် သဘင်ခန်းမကြီးအတွင်း လူစုံလာသဖြင့် မောင်းတီးသံကြီးတစ်ချက်ကြားလိုက်ရသည်။ ပြီးသည်နှင့် ငွေရောင်ပလ္လင်ကြီးထက်တွင် မယ်တော်က ဘွားခနဲပေါ်လာလေသည်။

“မင်္ဂလာနံနက်ခင်းပါသမီးတို့”

“မင်္ဂလာပါ မေမေကြီး”

အချင်းချင်းနှုတ်ဆက်ပြီးသည့်နောက် မယ်တော်က ကလေးများ၏ ပညာရေးအခြေအနေတိုးတက်မှုများကို ပညာအမများထံသို့မေးမြန်းကာ လမ်းညွှန်ပေးလေသည်။ ပြီးသည့်အခါ နန်းဆောင်အရေးနှင့်ပတ်သက်သည့် ကိစ္စများကိုပြောဆိုကြပြီးနောက် တာဝန်များကိုခွဲဝေပေးလေသည်။ မောင်ပိုက ပေစာရွက်တစ်ခုကို ကိုင်ဆောင်လာကာ

“မယ်တော်၊ ဒီနေ့ အနောက်ဘက်တောင်ခြေက ရွာကလေးတစ်ရွာမှာ ရေတွင်းတူးနေပါတယ်၊ ရေကောင်းမထွက်တာကြောင့်မို့လို့ မယ်တော့်ကို ကိုးပြီး ပွဲတစ်ခုပေးနေပါတယ်”

မယ်တော်က ခေါင်းညိတ်လိုက်ကာ

“ရေနဲ့ပတ်သက်တဲ့ကိစ္စဆိုတော့ ငါကဖြေရှင်းပေးရတော့မှာပေါ့”

မယ်တော်က မိန်းကလေးများကိုတစ်ချက်ကြည့်လိုက်ပြီး

“မယ်ပျင်း၊ မင်းငါနဲ့လိုက်ခဲ့ရမယ်”

ထိုအခါ အခြားမိန်းကလေးအကြီးများက ကန့်ကွက်ကြလေသည်။ သို့သော်လည်း မယ်တော်က ဆုံးဖြတ်ချက်ခိုင်မာသူမို့

“နင်တို့တွေအသာနေစမ်း၊ မယ်ပျင်းကလေးက အခုမှဒီကိုရောက်တာဆိုတော့ ရေနဲ့ပတ်သက်တဲ့ကိစ္စတွေကို သူသိအောင်လို့ ခေါ်သွားမှာဟဲ့ နောက်အခေါက်ကျမှ နင်တို့လိုက်ကြစမ်း”

မယ်တော်ကပြောဆိုပြီးသည်နှင့် ပလ္လင်ပေါ်မှဆင်းကာ လျှောက်လမ်းအတိုင်းလျှောက်လာခဲ့သည်။ မယ်ပျင်းအနီးသို့ရောက်သည့်အခါ မယ်ပျင်းကိုလက်ကမ်းကာ လှမ်းခေါ်သည်။ မယ်ပျင်းတစ်ယောက် ကြောင်တောင်တောင်နှင့်မတ်တပ်ထရပ်လိုက်ပြီး မယ်တော်၏လက်အားထိလိုက်သည့်အချိန်မှာပင် ပတ်ဝန်းကျင်တစ်ခွင်က ချာချာလည်သွားကာ အမြင်အာရုံများ မှုန်ဝါးသွားရလေသည်။

မယ်ပျင်းဦးခေါင်းမှာ ပိုမိုလေးလံလာသည်ဟုထင်ရပြီး ခေါင်းကမူးလာသဖြင့် လက်နှစ်ဖက်နှင့်ထိန်းထားရသည်။ မကြာခင် အမြင်အာရုံများမှာ ပြန်လည်ကြည်လင်လာခဲ့သည်။ မယ်ပျင်းရောက်နေသည့်နေရာမှာ တောင်ခြေအနားရှိ ရွာကလေးတစ်ရွာ၏ အဝင်လမ်းဖြစ်နေလေသည်။

“ဟဲ့ မယ်ပျင်း၊ ငါနဲ့လိုက်ခဲ့စမ်း”

နံဘေးမှအသံကြားသဖြင့် မယ်ပျင်းကမော့ကြည့်လိုက်ရာ အိုမင်းရွတ်တွနေပြီး မွဲခြောက်ခြောက်အဆင်ရှိသည့် ထမီအဟောင်းတစ်ထည်ကိုဝတ်ဆင်ထားသည့် အဘွားကြီးတစ်ဦးကိုတွေ့ရသည်။

“ဟင် ရှင်ကဘယ်သူလဲ”

“ဟဲ့ နင်ငါ့ကိုတောင် မမှတ်မိတော့ဘူးလား မယ်ပျင်းရဲ့”

“ဟင် ဒါဆို အခုမြင်နေရတာက မယ်တော်လား”

“အေးပေါ့ဟဲ့၊ လူ့လောကကိုသွားရတာဆိုတော့ သာမန်ပုံစံနဲ့သွားလို့ဘယ်ဖြစ်ပါ့မလဲ၊ လူတွေမရိပ်မိအောင်လို့ အခုလိုရုပ်ဖျက်ပြီးသွားမှတော်ကာကျတာအေ့၊ လာ ညည်းငါနဲ့လိုက်ခဲ့၊ အခုငါတို့က မယ်တော်နဲ့မယ်ပျင်းမဟုတ်တော့ဘူးနော်၊ ဈေးရောင်းထွက်တဲ့ ဈေးသည်မြေးအဘွားနှစ်ယောက် ဖြစ်နေပြီနော်”

“ဈေးသည်ဟုတ်လား”

မယ်ပျင်းကတွေးလိုက်ပြီး လက်ကိုမြှောက်လိုက်သည့်အခါ ခေါင်းပေါ်တွင်တောင်းကြီးတစ်ခု ရွက်ထားသည်ကိုတွေ့လိုက်ရသည်။

“သြော်၊ ဒါကြောင့် ငါ့ခေါင်းက လေးသွားတာကိုး၊ မေမေကြီးတို့များ သဏ္ဍာန်လုပ်တာတောင်မှ ပိုင်ချက်ပဲ”

“လျှာမရှည်နဲ့မယ်ပျင်း၊ ဟိုရှေ့က ဆိုင်းသံဗုံသံတွေကြားရတယ်၊ လာ သွားကြည့်ရအောင်”

မယ်ပျင်းနှင့်မယ်တော်မှာ ရွာကလေးဆီသို့လှမ်းလျှောက်လာခဲ့ကြသည်။

(၂)

ရွာအနားသို့နီးလာသည်နှင့် အသံများဆူညံစွာကြားရသည်။ ရွာအဝင်တွင် နတ်ကွန်းစင်ကလေးရှိပြီး ထိုနေရာအရှေ့တွင် ထန်းကြောဖျာကြမ်းများခင်းကျင်းလျှက် နတ်ပွဲကျင်းပနေပုံရသည်။ ဒိုးပတ်ဝိုင်းတစ်ခုမှ တူရိယာမစုံလင်သော်လည်း နတ်ဒိုးတစ်ခုကို အားတက်သရောတီးခတ်ပေးနေလေသည်။ ထိုလူများအလယ်တွင် မိန်းမကြီးတစ်ဦးက ပုဝါစုံချလျှက် ကွေးနေအောင်ကခုန်နေလေသည်။

ကခုန်ပြီးသည့်နောက် လက်နှစ်ဖက်ကိုလက်အုပ်ချီကာနဖူးတွင်ကပ်ထားလိုက်သည်။ မကြာခင် ထိုလက်နှစ်ဖက်မှာ တဆတ်ဆတ်တုန်ယင်လာပြီးသည့်နောက် ပါးစပ်မှာလည်း တဟင်းဟင်းအသံများမြည်ကာ နှုတ်ခမ်းများလှုပ်လာသည်။

“ဟာ အမေကြီးကြွပြီဟေ့”

ရွာသားများမှာ နတ်ကနေသည့် မိန်းမကြီးအရှေ့တွင် ဒူးထောက်လိုက်ကြကာ လက်အုပ်များချီလိုက်သည်။

“ရေယဉ်ကတော်အမေကြီးဘုရား ကျွန်တော်မျိုးတို့ ရေတွင်းတူးနေသည်မှာ အတောင်တစ်ရာကျော်ပါပြီအမေကြီး၊ အခုထိရေချိုမပြောနဲ့ ရေငန်တောင်မထွက်သေးလို့ အမယ်ကြီးကယ်မပေးတော်မူပါ”

နတ်ကနေသည့် မိန်းမကြီးမှာ ဒေါသထွက်သည့်ဟန်ဖြင့် မျက်စောင်းကြီးခဲပြီး

“အဲဒါ မင်းတို့တွေ ငါ့ကိုမေ့ထားကြလို့ပေါ့ဟဲ့၊ ဒီနယ်တကြောမှာ ရေနဲ့ပတ်သက်တာဆိုရင် ငါမပါလို့ ပြီးပါ့မလား၊ မင်းတို့ငါမပါဘဲ ဆက်သာတူးစမ်း၊ အတောင်နှစ်ရာနက်လည်း ရေမထွက်စေရဘူးဟေ့”

နတ်ဝင်သည် မိန်းမကြီးကပြောလိုက်သဖြင့် ရွာသားများမှာ ကြောက်လန့်ကုန်ကြသည်။

“ဒါကြောင့်လည်း အမေကြီးကို စားတော်တိုက်ပါတယ်၊ ပွဲစုံခင်းပေးပါတယ်အမေကြီး၊ အမေကြီး ကယ်မပေးတော်မူပါ”

ထိုအခါ နတ်ဝင်သည်က ဖလားတစ်လုံးကိုလက်တွင်ကိုင်လိုက်ကာ ရွာသားများဘက်သို့ထိုးပေးပြီး

“ဒါဆိုရင်လည်း အမေကြီးကိုနတ်ရေစင်ဖိုးဆက်သကြဟဲ့၊ နင်တို့တွေရဲ့ စေတနာ သဒ္ဓါတရားအပေါ်ကိုကြည့်ပြီး အမေကြီးက ကယ်တော်မူမယ်၊ မ,တော် မူမယ်ကွဲ့”

မယ်ပျင်းက မယ်တော်ကိုတစ်ချက်ကြည့်လိုက်လေသည်။ မယ်တော်မှာ နတ်ဝင်သည်ကြီးကို ပြုံးပြုံးကြီးကြည့်နေလေသည်။ ရွာသားများမှာ ရေရမည့်အရေးကတစ်ကြောင်း အမေကြီးမကျေနပ်မည်စိုး၍ ကတစ်ကြောင်းမို့ ရှိစုမဲ့စုငွေလေးများစုပေါင်းကာ ဖလားထဲသို့ထည့်ဝင်ကြလေသည်။ နတ်ဝင်သည်ကြီးက ဖလားကိုခေါက်ကြည့်ပြီး

“တော်ပြီလားဟဲ့၊ စေတနာဆိုတာ အသွားအပြန်ရှိသတဲ့ဟဲ့နော်၊ မင်းတို့ပေးသလောက် မင်းတို့ပြန်ရမှာပဲ၊ ဒီလောက်နတ်ရေစင်ပမာဏလောက်နဲ့ကတော့ မင်းတို့တူးနေတဲ့ရေတွင်းကို ကျွဲသောက်၊ နွားသောက် ရေနောက်တွေဘဲထွက်လာအောင် ငါဖွင့်ပေးလိုက်မယ်”

“မလုပ်ပါနဲ့အမေကြီးရယ်၊ လူတွေသောက်လို့ သုံးလို့ရအောင် စီစဉ်ပေးတော်မူပါ”

နတ်ဝင်သည်မိန်းမကြီးကဖလားကြီးကိုလူအုပ်အရှေ့သို့ ထပ်မံထိုးထည့်လိုက်ပြန်သည်။ ထိုအခါ ရွာသားများက ငွေကြေးများထပ်မံထည့်ကြသလို အချို့ကလည်း နားရွက်တွင်ပန်ဆင်ထားသည့် နားကပ်နားဋောင်းများ၊ လက်တွင်ဝတ်ဆင်ထားသည့် လက်စွပ်များကိုထည့်ပေးကြသည်။ မိန်းကလေးတစ်ဦးမှာ သူဝတ်ထားသည့် နားကပ်ကိုဖြုတ်ရင်း နှမြောနေသယောင်ဖြစ်နေသည်။ သို့နှင့် အဖေဖြစ်သူက

“ထည့်လိုက်စမ်းပါသမီးရယ်၊ တို့ဒေသက ရွှေကိုမလို ရေကိုလိုတဲ့ အညာဒေသမဟုတ်လားကွဲ့၊ ရေကောင်းရေသန့်ရဖို့က ပိုအရေးကြီးပါတယ်၊ နောက်နှစ် ယာသိမ်းတော့ သမီးကိုအဖေ နားကပ်ပြန်လုပ်ပေးမယ် ဟုတ်ပြီလား”

မိန်းကလေးမှာ နှမြောသော်လည်း အဖေဖြစ်သူစကားကြောင့် နားကပ်ချွတ်ကာဖလားအတွင်းသို့ထည့်ပေးလိုက်သည်။ နတ်ဝင်သည်မိန်းမကြီးမှာ တစ်ကိုယ်လုံးတွင်ရွှေများအိနေအောင်ဝတ်ထားကာ ကခုန်နေသည်မို့ တချွင်ချွင်အသံများထွက်ပေါ်နေလေသည်။ မကြာခင် လက်ထဲကိုင်ထားသည့်ဖလားမှာ ငွေများသာမက ရွှေငွေလက်ဝတ်ရတနာများပါ ပြည့်ှနှက်နေလေသည်။

“ဒါသက်သက်လိမ်စားနေတာပဲ မေမေကြီး”

မယ်ပျင်းက နတ်ဝင်သည်ကြီးကိုကြည့်ပြီး မယ်တော်အားပြောလိုက်သည်။ မယ်တော်ကမူ ဘာမှမပြောသေးဘဲ ပြုံးရင်းသာဆက်ကြည့်နေသည်။ တွက်ခြေကိုက်ပြီဖြစ်သဖြင့် နတ်ဝင်သည်မိန်းမကြီးမှာ လက်သီးလက်မောင်းတန်းပြီး

“သားတော်ကြီး၊ သမီးတော်ကြီးတို့ရဲ့ စေတနာကို အမေကြီးက သိပ်ပြီး ကျေနပ်တော်မူတယ်၊ အားရတော်မူတယ်၊ ဒါကြောင့် အခုပဲ ရေတွင်းထဲကနေ ရေကောင်းရေသန့်တွေထွက်အောင် ဆောင်ရွက်ပေးမယ်ဟဲ့”

ထို့နောက် တူးလက်စရေတွင်းအနီးသို့လူအုပ်ကြီးက ချဉ်းကပ်လာခဲ့သည်။ မယ်တော်က မယ်ပျင်းကိုတစ်ချက်ကြည့်ရင်း

“မယ်ပျင်း ဒီကိစ္စကို ညည်းကိုတာဝန်ပေးမယ် ညည်းလုပ်နိုင်ရဲ့လား”

မယ်ပျင်းမှာခေါင်းညိတ်လိုက်ပြီး

“ဒီလို သူများကိုလိမ်စားချောက်စားတဲ့လူကိုမှတ်လောက်အောင် ပညာပြပေးလိုက်မယ်”

မယ်ပျင်းမှာ တောင်းကြီးရွက်ပြီး ရေတွင်းအနီးသို့တိုးကပ်ခဲ့သည်။ ရေတွင်းမှာ အဝအတော်ကျယ်ပြီး အတော်တစ်ရာကျော်တူးဖော်ထားသည်မို့ အောက်တွင်လည်းအတော်နက်လှသည်။ ရေတွင်းအောက်ခြေတွင်တော့ လူတစ်ယောက်ကိုခပ်ရေးရေးတွေ့ရသည်။ မယ်ပျင်းက သေချာစူးစိုက်ကြည့်သည့်အခါမှ ထိုလူမှာ လူမဟုတ်ဘဲ အစိမ်းသရဲတစ်ကောင်ဖြစ်နေသည်ကိုတွေ့ရသည်။

“အလို အစိမ်းသရဲက ဘာဖြစ်လို့ဒီအောက်ကိုရောက်နေတာပါလိမ့်”

မယ်ပျင်းမှာ အခြားလူများမတွေ့စေရန်အတွက် မိမိ၏ကိုယ်ကိုယ်ဖျောက်ကွယ်ပြီးသည့်နောက် ရေတွင်းထဲသို့ခုန်ဆင်းလာခဲ့သည်။ တွင်းအောက်ရောက်သည့်အခါ အဝတ်အစားမပါဘဲ ပုဆိုးခါးတောင်းကျိုက်သာပါသည့် လူဝကြီးတစ်ယောက်မှာ ရေတွင်းအောက်ခြေမြေပြင်တွင် ဆောင့်ကြောင့်ကြီးထိုင်နေလေသည်။

“ဟဲ့ အစိမ်းသရဲကောင် နင်ဘာဖြစ်လို့ ဒီမှာလာပြီးငုတ်တုတ်ထိုင်နေရတာလဲ”

ထိုလူကြီးက မယ်ပျင်းအား ခြေဆုံးခေါင်းဆုံးကြည့်လိုက်ကာ

“အောင်မာ၊ ဟဲ့ မှင်စာမလေး၊ ငါ့ဖာသာဘာလုပ်လုပ်မင်းနဲ့မဆိုင်ဘူး၊ မင်းဝေးဝေးသွားနေစမ်း၊ မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့”

“ငါ့များမှင်စာတဲ့”

မယ်ပျင်းက အရှေ့သို့ဆက်တိုးကြည့်လိုက်သည့်အခါ အစိမ်းသရဲမှာ မယ်ပျင်းအားလက်ဝါးကြီးနှစ်ဖက်ဖြင့် ခြင်ရိုက်သကဲ့သို့ လှမ်းရိုက်ထည့်လိုက်လေသည်။ မယ်ပျင်းက ထိုရိုက်ချက်ကိုငုံ့ရှောင်လိုက်သည်။ အစိမ်းသရဲမှာ မယ်ပျင်းအားအမျိုးစုံတိုက်ခိုက်သော်လည်း ထိုင်နေရာမှ မထဘဲတိုက်ခိုက်နေသည်ကိုတွေ့ရသဖြင့် မယ်ပျင်းမှာ အစိမ်းသရဲကြီးအောက်ဘက်တွင် တစ်ခုခုရှိနေပြီမှန်းသိလိုက်လေသည်။

အပေါ်ဘက်တွင်လည်း နတ်ဝင်သည်က သပြေပန်းခက်များကိုင်ဆောင်ကာ တူးဖော်လက်စရေတွင်းကို သုံးပတ်ပြည့်အောင်ပတ်ကာ ကခုန်နေလေသည်။ သုံးပတ်ပြည့်သည့်အခါ လက်သီးလက်မောင်းတန်းလိုက်ပြီး

“တစ်ပြည်ကျော်တဲ့ ရေယဉ်ကတော်အမေကြီးတဲ့ဟေ့၊ အခုချက်ချင်း ပိတ်နေတာတွေပွင့်ပြီး ရေတွင်းထဲကို ရေတွေစိမ့်ဝင်လာကြစမ်း”

ပြောဆိုပြီးနောက် နတ်ဝင်သည်က ခြေထောက်ကိုမြှောက်လိုက်ကာ ဟန်ပါပါဖြင့်မြေကြီးအား ဖနောင့်နှင့်ပေါက်ထည့်လိုက်လေသည်။ ထိုအခါ ရွာသားများမှာရေတွင်းကြီးထဲသို့ငုံ့ကြည့်ကြသည်။ ရေတွင်းထဲတွင် ရေကတစ်စက်မှထွက်လာသေးပေ။ နတ်ဝင်သည်က မျက်စိမျက်နှာပျက်သွားပြီးနောက်

“အို၊ ဘယ်ဖနောင့်နဲ့မရရင် ညာဖနောင့်နဲ့ပေါက်ထည့်လိုက်မယ် ရေအဟုန်မြေကြီးထဲက ထွက်စမ်းဟေ့”

နတ်ဝင်သည်က ကိုယ်ကိုတစ်ပတ်လှည့်ပြီးနောက် ဟန်ပါပါဖြင့် မြေကြီးကိုဖနောင့်နဲ့ပေါက်ထည့်လိုက်ပြန်သည်။ ရွာသားများမှာ ရေတွင်းအားကြည့်ရင်း

“ဟေ့ကောင်တွေ ရေထွက်ပြီလားဟ”

“ဟာ၊ မထွက်သေးပါဘူးဗျာ၊ ရေထွက်ဖို့နေနေသာသာ မြေကြီးတောင်မစိုသေးဘူး”

နတ်ဝင်သည်မှာ အလွန်ထိတ်လန့်နေပြီဖြစ်သည်။ ရေတွင်းအောက်တွင်တော့မယ်ပျင်းနှင့် အစိမ်းသရဲမှာ တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်ရိုက်ပုတ်နေသည်။ မယ်ပျင်းက အစိမ်းသရဲလက်နှင့်ပုတ်သည်ကို ရှောင်တိမ်းလိုက်ပြီး အစိမ်းသရဲ၏ မျက်နှာကို လက်ဝါးဖြင့် ဘယ်ပြန်ညာပြန်ရိုက်ထည့်ပေးလိုက်ရာ အစိမ်းသရဲမှာ အလွန်နာကျင်သွားပြီး ထခုန်ပြေးလေသည်။ ကြောက်ကြောက်လန့်လန့်နှင့် ရေတွင်းပေါ်သို့ ကုပ်ဖက်တက်ပြေးသည်။ ထိုအခါ သူထိုင်ခဲ့သည့်နေရာအောက်တွင် မှောက်လျက်သားချထားသည့် ကျောက်ပျဉ်ကိုတွေ့လိုက်ရသည်။ ကျောက်ပျဉ်နောက်ကျောဘက်တွင်လည်း ဆေးအနီဖြင့်ရေးထားသည့် အင်းကွက်များ အင်းစာများကိုတွေ့ရသည်။

မယ်ပျင်းက ကျောက်ပြင်ကိုကြည့်လိုက်ပြီး

“အော်၊ လက်စသတ်တော့ ဒင်းက အစိမ်းသရဲကိုရေမထွက်အောင်လို့ ကျောက်ပျဉ်ကိုအင်းချပြီး ဖင်ပိတ်ထိုင်ခိုင်းထားတာပဲ၊ ဟုတ်ပြီ၊ ငါသဘောပေါက်ပြီ၊ သူကအစိမ်းသရဲကိုရေမထွက်အောင်ခိုင်းပြီးတော့မှ သူလုပ်လို့ထွက်သယောင်ယောင် တမင်ဇာတ်တိုက်ပြီး လူတွေဆီက ငွေတွေလှိမ့်ယူနေတာပဲ”

မယ်ပျင်းက ကျောက်ပျဉ်ချပ်ကို ဆွဲယူလိုက်သည့်အခါ အောက်မှရေများကစိမ့်ထွက်လာလေသည်။ အပေါ်မှ နတ်ဝင်သည်ကလည်း

“သုံးကြိမ်သုံးခါမြောက်မှတော့ အရေးတော်အောင်မှာပေါ့၊ ကိုင်း ရေထွက်စမ်း”

ဖနောင့်နှင့်တစ်ချက်ပေါက်ထည့်လိုက်ရာ ရွာသားများက ရေတွင်းအောက်သို့ငုံ့ကြည့်ကြပြန်သည်။

“ဟာ ရေထွက်လာပြီဟေ့၊ မြေကြီးတွေစိုလိုက်လာပြီကွ”

မယ်ပျင်းက ကျောက်ပျဉ်ချပ်ကို ပြန်အုပ်လိုက်ပြီးနောက် တွင်းအပေါ်သို့လွှားခနဲခုန်တက်ခဲ့လိုက်သည်။ ပြီးသည့်အခါ အဘွားကြီးအိုပုံစံဟန်ဆောင်ထားသည့် မယ်တော်အနားသို့တိုးကပ်သွားလိုက်ပြီး

“မေမေကြီး၊ ဒီလူက လူလိမ်ပါ၊ သူမွေးထားတဲ့ အစိမ်းသရဲကိုအသုံးချပြီးတော့ ရေမထွက်အောင် အင်းကျောက်ပျဉ်နဲ့စီရင်ပြီး သူလုပ်မှ ရေထွက်အောင်အမိန့်ပေးထားတာပါ”

“ဒီကိစ္စကို မင်းဘယ်လိုလုပ်ချင်သလဲမယ်ပျင်း၊ မင်းလုပ်ချင်တဲ့အတိုင်း ငါခွင့်ပြုတယ်၊ ငါ့ကိုအသုံးချပြီး လိမ်စားနေတဲ့လူကို အပြစ်ပေးမှကိုရမယ်”

မယ်ပျင်းကတစ်ချက်ပြုံးလိုက်ကာ ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် နတ်ဝင်သည်ကို မမှိတ်မသုန်ကြည့်လိုက်ပြီး နားထင်ကိုလက်နှစ်ဖက်နှင့် ထောက်လိုက်လေသည်။ ဖထီးသင်ကြားပေးထားသည့် စိတ်ကိုစေခိုင်းသည့်ပညာရပ်ဖြင့် နတ်ဝင်သည်အားညှို့ယူလိုက်ခြင်းဖြစ်သည်။

“ကဲ ငါ့မျက်လုံးကိုကြည့်စမ်း၊ ငါ့မျက်စိကိုသေချာကြည့်စမ်း”

နတ်ဝင်သည်မှာ လူအများကိုကြည့်ရှုနေရင်း သူ့အရှေ့နားမှစိုက်ကြည့်နေသည့် မယ်ပျင်းကိုတွေ့သွားကာ နှစ်ဦးသားမျက်လုံးချင်းဆုံသွားသည်နှင့် နတ်ဝင်သည်မှာ တဆတ်ဆတ်တုန်ယင်လာလေသည်။

“ကဲ အမေကြီးက ရေလည်းရအောင်ပေးသလို သားတော်သမီးတော်တို့ကို ငွေတွေရွှေတွေလည်း ရအောင်ပေးမှာပေါ့ကွဲ့”

ပြောပြောဆိုဆိုနှင့် ဖလားထဲမှ ငွေများကို ရွာသားများဆီသို့ သွန်ချပေးလိုက်သည်။ အတွင်းမှရွှေထည်များကိုလဲ ကျဲချပေးလေသည်။ ရွာသားများမှာ အထူးအဆန်းနှင့်ကုန်းကောက်ကြသည်။ ထို့နောက် သူ့ကိုယ်တွင်ဝတ်ဆင်ထားသည့် နားကပ်များ လက်ဝတ်လက်စားများကိုဖြုတ်ယူလိုက်ကာ ရွာသားများလက်အတွင်းသို့ ထိုးထည့်ပေးနေပြန်သည်။

“မင်းတို့ကို ဝမ်းဝအောင်လည်း ကျွေးအုံးမှာ”

နတ်ပွဲတွင်ပြင်ဆင်ထားသည့် အုန်းငှက်ပျောပွဲများ၊ စားသောက်စရာများကိုလည်း ရွာသားများအားဝေငှပေးပြန်သည်။

“တစ်လက်စတည်းနဲ့တော့ မထူးတော့ပါဘူးအေ”

နတ်ဝင်သည်က သူ့ကိုယ်တွင်ဝတ်ဆင်ထားသည့် တောက်ပြောင်ဝင်းလက်နေသည့် အဝတ်အစားများကိုချွတ်ပစ်ကာ ရွာသားများဆီသို့ကျဲချပေးလိုက်လေသည်။ နတ်ဝင်သည်မှာ မိမွေးတိုင်းဖမွေးတိုင်းဖြစ်သွားပြီး ကခုန်လျှက် ရွာအပြင်သို့အရူးတစ်ပိုင်းဖြင့် ပြေးထွက်သွားလေတော့သည်။ ထိုအဖြစ်ကို မယ်ပျင်းကကြည့်ပြီး ရယ်မောလေသောအခါ မယ်တော်ကလည်း ခွက်ထိုးခွက်လန်ရယ်မောရှာလေသည်။

“ငါ့နာမည်ကို အလွဲသုံးစားလုပ်ပြီး လိမ်စားတဲ့မိန်းမ၊ ညည်း ရူးနေတာပဲကောင်းတယ်ဟဲ့”

ရွာသားများမှာ နတ်ဝင်သည်ကိုကြည့်ပြီး

“ဟေ့ကောင်၊ နတ်ဝင်သည်ကြီး ရူးများသွားပြီလားကွ”

“ရူးသွားတာမဟုတ်ဘူး ပေါက်သွားတာကွ ပေါက်သွားတာ”

ထိုသူများစကားပြောနေစဉ်မှာပင် မယ်တော်က ခြေဖနောင့်တစ်ချက်ကို မသိမသာလေးပေါက်ချလိုက်သည်။ ထိုအခါ ရေတွင်းကြီးအတွင်းမှ ဝုန်းခနဲအသံတစ်ချက်မြည်ထွက်သွားပြီး မီးခိုးငွေ့များတက်လာလေသည်။ မယ်တော်က မယ်ပျင်းအားလက်ကမ်းလိုက်ပြီး

“ကဲ ငါတို့ကိစ္စတော့ပြီးပြီ၊ လူတွေသတိမထားမိခင် သွားကြစို့”

“နေအုံးလေ မေမေကြီးရဲ့ ရေကရောထွက်ရဲ့လား”

“ငါလုပ်ထားပြီပြီဆိုတော့ထွက်မှာပါအေ”

မယ်ပျင်းက ရေတွင်းအနီးသို့ပြေးသွားလိုက်ကာ ငုံ့ကြည့်လိုက်လေသည်။ ထိုအခါ ရေတွင်းအောက်ခြေမှ ရေများက တဝေါဝေါနှင့်တိုးထွက်လာကြသည်။

“ဟော၊ ရေတွေထွက်လာပြီ၊ ရေတွေထွက်လာပြီဟေ့ နောက်ဆုတ်နေကြ”

ရေလုံးကြီးမှာ ရေတွင်းအပေါ်သို့ခုန်ထွက်လာပြီးနောက် မိုးပေါ်သို့ဝုန်းခနဲပျံတက်သွားလေသည်။ ထိုအခါ ရေမှုန်ရေမွှားများမှာ မိုးရွာသကဲ့သို့ လူအုပ်ကြီးအပေါ်က ရွာကျလေသည်။ လူအုပ်ကြီးမှာ ရေစက်ရေပေါက်များအောက်တွင် ပျော်ရွှင်မြူးတူးစွာ ကခုန်နေကြသည်။ ရေတွင်းကြီးမှာတော့ ရေများပြည့်လျှံလျက် ဘောင်ဘင်ခတ်နေလေတော့၏။

မယ်တော်နှင့် မယ်ပျင်းတို့မှာ ရွာအပြင်ရောက်သည်အထိ လမ်းလျှောက်လာခဲ့ကြသည်။ မယ်ပျင်းက မယ်တော်အားကြည့်လိုက်ပြီး

“ဒါနဲ့မေမေကြီး သမီးတစ်ခုမေးစရာရှိတယ်”

“ဘာမေးမှာလဲ မေးလေ”

“မိပိန်ဆိုတာဘယ်သူလဲ”

မယ်ပျင်းမေးလိုက်သည့်အခါ မယ်တော်မျက်နှာမှာ ပြုံးနေရာမှာ တည်ငြိမ်သွားလေသည်။

“အတိတ်ဆိုတာ လူတိုင်းမှာရှိတယ်၊ ပြီးတော့ အဲဒီအတိတ်တွေထဲမှာလည်း ပြန်တွေးပြီးတော့ သင်ခန်းစာယူနိုင်မယ့်အတိတ်တွေရှိသလို ပြန်တွေးလို့လည်း ဘာမှအကျိုးမရှိတဲ့ အတိတ်ဖြစ်ရပ်တွေဆိုတာလည်းရှိတယ်၊ အခု မိပိန်ကိစ္စဆိုတာကလည်း ပြန်ပြီးသိလို့ ဘာအကျိုးမှမရှိတဲ့ ကိစ္စတစ်ခုပဲ ဒါကြောင့် လိုက်ပြီးစုံစမ်းမနေပါနဲ့မယ်ပျင်း၊ ငါက မင်းအတွက်ပြောတာ”

မယ်ပျင်းမှာ ခေါင်းကိုအသာညိတ်ပြလိုက်လေသည်။

(၃)

ထိုနေ့က မယ်ပျင်းမှာ မယ်တော်နှင့်လိုက်သွားရသဖြင့် ဒေဝီနှင့်မတွေ့ဆုံဖြစ်ဘဲရှိနေသည်။ ညနေစောင်းသည့်အခါ မယ်ပျင်းတို့ကလေးတစ်သိုက်မှာ ငွေနန်းဆောင်ကြီးအတွင်းဆော့ကစားနေကြလေသည်။ မိန်းကလေးများမို့ ထုပ်ဆီးတိုးတမ်းဆော့ကစားဖြစ်ကြလေသည်။ မယ်ပျင်းနှင့် မယ်ပွင့်မှာ ဆော့နေသူများဘက်သို့သွားလိုက်ရင်း

“ဟဲ့ ငါတို့လဲပါချင်တယ်”

“နင်ပါချင်ရင်ပါလို့ရတယ်၊ ဒါပေမယ့် ဘုတ်ထိုင်းပါလို့မရဘူး”

ကလေးတစ်ယောက်ပြောသည့်စကားကိုကြားလိုက်ရသည့်အခါ မယ်ပွင့်မှာ မျက်နှာကလေးညှိုးကျသွားသော်လည်း မယ်ပျင်းကတော့ မခံချင်ဘဲဖြစ်သွားသည်။

“ဟဲ့ သူလည်းဆော့ချင်တာပေါ့၊ သူ့ကိုဘာလို့မခေါ်တာလဲ”

“ဘုတ်ထိုင်းပါရင် ပါတဲ့ဘက်က ရှုံးမှာဟ၊ သူက လေးတိလေးကန်နဲ့ဆိုတော့ သူ့ကိုခေါ်မဆော့ချင်ပါဘူး”

“ရပါတယ်မယ်ပျင်းရာ နင်ပဲသူတို့နဲ့ဆော့စမ်းပါ”

မယ်ပွင့်ကထိုသို့ပြောပြီး တစ်နေရာသို့ထွက်သွားလေရာ မယ်ပျင်းမှာ ဆော့ကစားနေသည့် မိန်းကလေးများကိုကြည့်ရင်း ဒေါသထွက်သွားမိသည်။ သို့နှင့်

“အေး အေး သူနဲ့မဆော့ချင်တဲ့နင်တို့လည်း ကောင်းကောင်းဆော့ရမယ်မကြံနဲ့”

မယ်ပျင်းက ကြိမ်းဝါးလိုက်ပြီး ငွေနန်းဆောင်ကြီးအတွင်းသို့ဝင်လာခဲ့သည်။ ခပ်လှမ်းလှမ်းတွင်တော့ ဒေဝီနှင့် မိန်းကလေးများက ထိုင်ကာ စကားပြောဆိုလျှက် ရယ်မောနေကြသည်။ မယ်ပျင်းက ဒေဝီအားစေ့စေ့ကြည့်နေသည့်အခါ

“ဟဲ့ မယ်ပျင်း ဘာကြည့်နေတာလဲ”

“ဘာ . . ဘာမှမဟုတ်ပါဘူး မမဒေဝီ”

“ရုပ်ကိုက အူကြောင်ကြားနဲ့ ဘာမှမဟုတ်ရင်လဲ ထွက်သွား”

မယ်ပျင်းမှာ ဒေဝီအနီးမှထွက်လာခဲ့ပြီးသည့်နောက် နန်းဆောင်ကုလားကာအကွယ်တစ်ခုအနီးသို့ရောက်သည်နှင့် မိမိမျက်နှာကိုလက်ဝါးနှင့်ပွတ်သပ်လိုက်ကာ ဒေဝီပုံစံဖန်ဆင်းလိုက်လေသည်။ မယ်ပျင်းမှာ ပုံတူကူးပွားခြင်းအတတ်နှင့် ပြောင်းလဲလိုက်လေရာ ဒေဝီနှင့် တစ်ထေရာတည်းခွဲမရအောင်ဆင်တူသွားသည်။

ထို့နောက် လက်ကိုအသာနောက်ပစ်လျှက် ဆော့ကစားနေကြသည့် ကလေးငယ်များထံသို့ လှမ်းလျှောက်လာသည်။

“ဟဲ့ နင်တို့ဘာတွေဆော့နေကြတာလဲ”

ကလေးငယ်များမှာ ဒေဝီအားမြင်တွေ့သည်နှင့် ဆော့ကစားနေသည်ကိုရပ်တန့်လိုက်ကြပြီး

“ဟို . . ဟို ထုပ်ဆီးတိုးတမ်းဆော့နေကြတာပါ မမဒေဝီ”

“ဒီမှာလာဆော့မနေနဲ့ ငါနားညီးတယ်၊ မျက်စိနောက်တယ် သွားကြ”

မိန်းကလေးတစ်သိုက်မှာ ဒေဝီမောင်းထုတ်သည်အထင်နှင့် ပြေးထွက်သွားကြလေသည်။ မယ်ပျင်းမှာ ထိုတော့မှ ခွက်ထိုးခွက်လန်ရယ်မောနေမိသည်။

“အင်း၊ သူများပုံနဲ့ဟန်ဆောင်ရတာ သိပ်ပျော်စရာကောင်းတာပဲ၊ မယ်အိုတို့ဆီသွားပြီး ချောက်လှန့်ကြည့်အုံးမှ”

မယ်ပျင်းက လက်ကလေးအနောက်ပစ်ကာ လက်ယာဘက်နန်းဆောင်အတွင်းသို့ဝင်လာခဲ့သည်။ ထိုနေရာတွင် မောင်ပိုနှင့် မယ်အိုမှာ စကားစမြည်ပြောဆိုနေကြသည်။ မယ်ပျင်းက ချောင်းဟန့်သံပေးလိုက်သည့်အခါ နှစ်ဦးစလုံးက လှည့်ကြည့်ပြီး

“ဒေဝီပါလား၊ ဘာများအလိုရှိလို့ပါလိမ့်”

“ဘာရယ်တော့မဟုတ်ပါဘူး၊ ဒါနဲ့ရှင်တို့ဘာတွေပြောနေကြတာလဲ”

“ဘာမှမဟုတ်ပါဘူးဒေဝီရယ်၊ သြော် ဒါနဲ့မယ်ပျင်းဆိုတဲ့ ကလေးမလေးကလေ ဟိုနေ့က ငါ့ကို မိပိန်အကြောင်းတွေမေးနေတယ်၊ ငါလည်း မဖြေချင်တာနဲ့ သူ့ကိုမရှိပါဘူးဆိုပြီး လှီးလွှဲပြီးပြောလိုက်ရတယ်”

“မိပိန်က ဘာဖြစ်လို့လဲ”

မယ်ပျင်းမေးလိုက်သည့်အခါ မယ်အိုက ထူးဆန်သည့်အကြည့်နှင့်ကြည့်ပြီး

“မိပိန်အကြောင်းကို ဒေဝီက မမှတ်မိတော့ဘူးလား”

ထိုတော့မှမယ်ပျင်းက ခေါင်းညိတ်ကာ

“မှတ်မိပါတယ်၊ ဒါပေမယ့် မကောင်းတဲ့အတိတ်တွေမို့လို့ မေ့ထားလိုက်လို့ပါ”

“အင်းပေါ့လေ၊ ဒီအတိတ်တွေက ဒေဝီ့အတွက်တော့ စိတ်ထိခိုက်စရာတွေချည်းပဲမဟုတ်လား”

မယ်အိုပြောသည့်အခါ မောင်ပိုက လက်ကိုကုတ်လိုက်ပြီး

“တိတ်တော့မယ်အို၊ မယ်တော်က နန်းဆောင်ထဲမှာ ဒီအကြောင်းကို ဘယ်သူမှမပြောရဘူးလို့မှာထားတယ်မဟုတ်လား၊ တော်ကြာ ကြားသွားမှဖြင့် ဆူခံထိနေပါအုံးမယ်”

မယ်ပျင်းလည်း ထိုနေရာမှထထွက်လာခဲ့သည်။

“ဒေဝီနဲ့ မယ်ပိန်က တစ်ခုခုဆက်စပ်နေပုံရတယ်၊ ဒေဝီအတွက် စိတ်ထိခိုက်စရာတွေဆိုတာ ဘာကိုပြောတာလဲ”

မယ်ပျင်းက နန်းဆောင်ကြီးလျှောက်လမ်းအတိုင်း ဆက်လက်လျှောက်လှမ်းလာစဉ်မှာပင်

“ဟေ့ ဒေဝီ၊ ခဏလာအုံး”

အနောက်မှခေါ်သံကြားလိုက်သဖြင့် လှည့်ကြည့်လိုက်သည့်အခါ ကလေးပိုက်ထားသည့် ယောကတော်ရှင်ဦးဖြစ်နေသည်ကိုတွေ့ရသည်။ မယ်ပျင်းက ဒေဝီအဖြစ်ယောင်ဆောင်ထားမှန်းကို ယောကတော်သိပုံမရပေ။ မယ်ပျင်းက အနားသို့တိုးကပ်သွားလိုက်သည့်အခါ ယောကတော်က ခါးပိုက်ဆောင်အတွင်းမှ ချည်သားဖြင့်ပတ်ထားသည့် အထုပ်ကလေးတစ်ခုကိုထုတ်ပေးသည်။ မယ်ပျင်းကလှမ်းယူလိုက်ပြီး အထုပ်အားဖွင့်ကြည့်လိုက်ရာ အတွင်းတွင်တော့ ပေရွက်အနက်ရောင်များဖြင့်ရေးသားထားသည့် ကျမ်းတစ်စောင်ဖြစ်နေသည်။

မယ်ပျင်းမှာ ဘာကျမ်းမှန်းမသိသဖြင့် အူလည်လည်ဖြစ်နေလေသည်။ ယောကတော်က

“ဒါက မင်းလိုချင်တဲ့ ဒိဗ္ဗကျမ်းပဲ၊ ငါ့ညီမမသိအောင်လို့ ရွှေရောင်နန်းဆောင်ထဲကနေ ခက်ခက်ခဲခဲခိုးထုတ်ယူလာခဲ့ရတာ”

မယ်ပျင်းမှာခေါင်းညိတ်လိုက်ပြီး ကျမ်းထုပ်ကိုသိမ်းဆည်းလိုက်သည်။

“ဒါနဲ့မင်းကဘာဖြစ်လို့ ဒီကျမ်းကိုလိုချင်ရတာလဲ”

“ဒီ . . ဒီလိုပါပဲ၊ ကျုပ် . . .ကျုပ်သွားတော့မယ်”

“နေအုံးဒေဝီ၊ မင်းလိုချင်တာကို ငါလုပ်ပေးခဲ့တယ်နော်၊ ဒီတော့ မင်းလည်း ငါခိုင်းထားတာကိုသာ အောင်မြင်အောင် လုပ်စမ်းပါ”

မယ်ပျင်းက ခေါင်းညိတ်လိုက်ကာ အပြေးထွက်လာခဲ့လိုက်သည်။ လူကွယ်သည့်တစ်နေရာရောက်မှ မိမိနဂိုပုံစံအတိုင်း ပြောင်းလဲလိုက်ကာ သက်ပြင်းချနိုင်တော့သည်။

“ဟူး၊ သူများပုံစံပြောင်းရတာလဲ မကောင်းပါလား၊ ဒေဝီက ယောကတော်နဲ့ ဘာတွေအပေးအယူလုပ်ထားတာလဲ၊ ဟောဒီ ဒိဗ္ဗကျမ်းဆိုတာကလည်း ဘာကြီးလဲ၊ သေချာတာကတော့ သူတို့တွေနောက်ကွယ်မှာ တစ်ခုခုရှုပ်ရှုပ်ထွေးထွေးတော့ရှိနေပုံပဲ”

မယ်ပျင်းက စဉ်းစားရင်း

“ကျမ်းကိုဒေဝီကိုသွားပေးရမလား၊ သွားမပေးရဘူးလား၊ သွားပေးရင်လည်း သူတို့လှို့ဝှက်ချက်တွေသိကုန်ပါတယ်ဆိုပြီး ငါ့ကိုဆူနေရင်အခက်သား၊ ဒီတော့ ငါ့ဖာသာငါပဲ သိမ်းထားလိုက်တာကောင်းပါတယ်လေ”

မယ်ပျင်းက အိပ်ဆောင်အတွင်းသို့ပြန်လာကာ ငွေထန်းခေါက်ဖာကိုဖွင့်လိုက်ပြီး ဒိဗ္ဗကျမ်းကိုထည့်ကာ အဝတ်အစားတစ်ချို့နှင့်ဖုံးအုပ်ထားလိုက်လေသည်။

ညရောက်ပြီဖြစ်သည်။ မယ်ပျင်းက မွေ့လျော်ခေါင်းအုံးပေါ်တွင်ခေါင်းမအုံးဘဲ ငွေသင်ဖြူးဖျာပေါ်တွင်သာ အသာလှဲအိပ်လိုက်သည်။ ငိုသံကြားရနိုးဖြင့် စောင့်နေသော်လည်း ညသန်းခေါင်ရိုက်ချိန်နီးသည်အထိ ငိုသံကိုမကြားရပေ၊ မယ်ပျင်းက မနေနိုင်တော့ဘဲ အိပ်ရာမှထကာ နန်းဆောင်အပြင်ဘက်သို့ဆင်းလာခဲ့လေသည်။ ထိုအခါ လှေကားတွင်ထိုင်နေသည့် မိပိန်ကိုတွေ့ရသည်။

“နင်လာတာ နောက်ကျလိုက်တာ မယ်ပျင်း”

“ငါက နင့်ရဲ့ငိုသံကြားမလားဆိုပြီးစောင့်နေတာ”

“ငါမငိုတော့ဘူးမယ်ပျင်းရယ်၊ ပြီးတော့ မနေ့က နင်နဲ့တွေ့မယ်ဆိုပြီးတော့ ချိန်းဆိုထားတယ်မဟုတ်လား”

“ကဲ အခုငါရောက်ပြီလေ၊ ဒီတော့ ငါသိချင်တာလေးတွေရှိတယ်”

“နင်သိချင်နေတာ ငါ့ဘဝအကြောင်းမဟုတ်လား”

မယ်ပျင်းက ခေါင်းညိတ်လိုက်မိသည်။ ထိုအခါ မိပိန်က မယ်ပျင်းအား သူမဘဝအကြောင်းအရာများကို ပြောပြလေသည်။

(၄)

ပုံတောင်ပုံညာတောင်တန်းကြီးနှင့် အနီးအပါးရှိတောင်တန်းကြီးများတွင် သဘာဝမိုးသစ်တောကြီးများဖြင့် အုပ်ဆိုင်းကာတည်ရှိနေလေသည်။ ထိုသစ်တောနက်ကြီးများကို အားကိုးအားထားပြု၍ ဒေသခံတစ်ချို့မှာ အသက်မွေးလုပ်ကိုင်ကြသည်။ ထိုအထဲတွင် ကိုသင်နှင့် မိကြာဟူသည့် လင်မယားနှစ်ယောက်လည်းပါဝင်သည်။ ကိုသင်တို့မှာ တောင်ခြေရွာကလေးတစ်ခုတွင်နေထိုင်ကြကာ ကိုသင်က တောင်ကြီးပေါ်တွင် အမဲလိုက်ပစ်ခတ်သည့် မုဆိုးအလုပ်ဖြင့်အသက်မွေးပြီး မိကြာမှာတော့ တောင်ပေါ်ဝါးရုံကြီးများပေါ်မှ ထွက်ပေါ်လာသည့် မျှစ်များ၊ မှိုများနှင့် ဟင်းသီးဟင်းရွက်များကို ခူးဆွတ်ရှာဖွေရောင်းချကာ အသက်မွေးသူဖြစ်သည်။

လင်ရောမယားပါ တောတောင်ကိုအမှီပြုကာ အသက်မွေးကြရသူများဖြစ်သည်မို့ မနက်လင်းသည်နှင့် ကိုသင်က တောအုပ်အတွင်းသို့ဝင်ရန် ဒူးလေးကိုအသင့်ပြင်နေသကဲ့သို့ မိကြာမှာလည်း တောင်းကြီးတောင်းငယ်အသွယ်သွယ်နှင့် တောတက်ရန်ပြင်ဆင်နေပြီဖြစ်သည်။

အသင့်ဖြစ်သည်နှင့် လင်မယားနှစ်ယောက်မှာ မနက်ဝေလီဝေလင်းအချိန်တွင် ရွာမှထွက်လာခဲ့ကြသည်။ ကိုသင်တို့လင်မယားမှာ အိမ်ထောင်သက်တမ်း ငါးနှစ်ကျော်လာခဲ့ပြီဖြစ်သော်လည်း သားသမီးတစ်ယောက်မှ မရသေးပေ၊ လမ်းလျှောက်လာရင်း မိကြာက စကားစလေသည်။

“ကိုသင်၊ တော်က မုဆိုးဆိုတော့ တစ်ခုမေးရအုံးမယ်၊ တောင်သုံးလုံးရဲ့အလယ်မှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ်ဆိုတာ တော်ကြားဖူးသလား”

“ကြားဖူးရုံတင်ဘယ်ကမလဲ၊ အဲဒီနေရာကို ရောက်လဲရောက်ဖူးပါ့၊ ဒါနဲ့ မင်းက ဒီနေ့ကျမှ ဘာဖြစ်လို့ အဲဒီညောင်ပင်ကြီးအကြောင်းကိုသိချင်နေရတာလဲ”

“ဒီလိုပါ ကိုသင်ရယ်၊ ရွာထဲကလူတွေကပြောကြတယ်၊ ရှေးလူကြီးတွေပြောစကားအရ သားသမီးမရတဲ့လူက အဲဒီတောင်သုံးလုံးကြားက ညောင်ပင်ကြီးဆီကိုသွားပြီးတော့ ကလေးဆုတောင်းရင် ဆုတောင်းပြည့်တယ်ဆိုပဲ”

“ဟုတ်မှလည်းလုပ်ပါ မိကြာရယ်၊ အဲဒီနေရာကိုရောက်ဖို့ တောနက်ကြီးကိုဖြတ်သွားရတယ်၊ ပြီးတော့ အဲဒီနေရာကလည်း နတ်ကြီးတယ်၊ အခြောက်အလှန့်ကြမ်းတယ်ဆိုပြီးတော့ နာမည်ကြီးလို့ တော်ရုံလူတွေမသွားဝံ့ကြတဲ့နေရာကွ”

သို့သော်လည်း မိကြာက သွားချင်လှသဖြင့် ထိုအကြောင်းကိုသာ ခေါင်းထဲစဉ်းစားနေမိသည်။ သုံးလေးရက်ကြာသည်အထိ ဇနီးဖြစ်သူမှာ တမှိုင်မှိုင်တတွေတွေနှင့်ဖြစ်နေသည်မို့ နောက်ဆုံးတော့ ကိုသင်တစ်ယောက် ဇနီးဖြစ်သူစိတ်တိုင်းကျ လိုက်လျောလိုက်ရန် သဘောတူလိုက်လေသည်။

“ကဲ မိကြာရေ၊ မင်း မှိုင်တွေမနေနဲ့တော့ဟေ့၊ မင်းသွားချင်တဲ့ ညောင်ပင်ကြီးဆီကို ငါရောက်အောင်ပို့ပေးမယ်ကွ”

မိကြာမှာအလွန်ပျော်ရွှင်သွားကာ

“တကယ်ပြောတာလား ကိုသင်”

“တကယ်ပေါ့ကွာ၊ လိုအပ်တာတွေသာ ပြင်ဆင်ထားလိုက်၊ မနက်မိုးမလင်းခင် ငါတို့တောတက်ကြမယ်ဟေ့”

မိကြာမှာ ညောင်ပင်စောင့်နတ်မင်းကြီးအား ပူဇော်ပသရန်အတွက် ထမင်းဟင်းများကိုချက်ပြုတ်ကာ တောင်းထဲသို့ထည့်ခဲ့သည်။ လင်မယားနှစ်ယောက် မနက်မိုးမလင်းခင်မှာပင် ရွာမှထွက်ခွာလာခဲ့ကြသည်။ တောကျွမ်းသည့် ကိုသင်က အရှေ့မှဦးဆောင်ကာ ခေါ်ဆောင်သွားသည်။ တောလမ်းခရီးမှာ အလွန်ကြမ်းတမ်းလှပြီး ချောက်ကမ်းပါးကြီးများ၊ တောင်ဆင်းတောင်တက်လမ်းများနှင့် ပြည့်နှက်နေသည်။ တောတက်နေကျ မိကြာပင်လျှင် ထိုလမ်းကိုမနည်းသွားယူနေရသည်။ တစ်နေကုန်တစ်နေခမ်း ခရီးနှင်ပြီးသည့်နောက် ညနေတောင်စွယ် နေကွယ်သွားသည့်အချိန်မှ ထိုညောင်ပင်ကြီးအနားသို့ရောက်လာခဲ့သည်။

ညောင်ပင်ကြီးမှာ တောင်ကြီးသုံးလုံး၏အလယ်တွင်တည်ရှိပြီး စိမ့်စမ်းအိုင်ကြီးတစ်ခုအတွင်းတည်ရှိသည်။ ညောင်ပင်ကြီး၏ အနီးတစ်ဝိုက်တွင်လည်း ရှေးခေတ်ကာလ လူသားများတည်ဆောက်ထားခဲ့သည့် ကျောက်သားအိမ်ကြီးများ၊ လှေကားထစ်များနှင့်နန်းဆောင်ကြီးများမှာ ပြိုပျက်လျှက်တည်ရှိနေလေသည်။ နှစ်ကာလ ကြာရှည်ခဲ့သည်မို့ ကျောက်သားများမှာ ရေညှိများကပ်နေကာ စိမ်းစိုနေလေသည်။

နေအလင်းရောင်ကျဆင်းသွားပြီဖြစ်သဖြင့် ပတ်ဝန်းကျင်က မှောင်မိုက်လာသည်။ ထိုအခိုက် အနီးရှိချုံပုတ်များအတွင်းမှ ပိုးစုန်းကြူးကလေးများမှာ တစ်ကောင်စနှစ်ကောင်စထွက်ပေါ်လာကြရင်း မကြာခင် ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ပိုးစုန်းကြူးကလေးများနှင့် ပြည့်နှက်သွားတော့သည်။ ထောင်သောင်းချီသည့် ပိုးစုန်းကြူးကလေးများမှ ထုတ်လွှတ်သည့်အလင်းရောင်ကြောင့် ပတ်ဝန်းကျင်မှာ စိမ်းဖန့်ဖန့်ကြီးဝင်းလက်နေလေသည်။

“ယောက်ျားရေ ကျုပ်တို့တော့ တစ်ခုခုထူးပြီတော့”

ညောင်ပင်ကြီးအောက်ခြေသို့ဝင်လာခဲ့သည့်အခါ ကျောက်တုံးဖြင့်ပြုလုပ်ထားသည့် ယဇ်ပလ္လင်ပုံစံ စင်မြင့်ကလေးတစ်ခုကိုတွေ့ရသည်။ မိကြာက သူအသင့်ယူဆောင်လာသည့် ထမင်းထုပ်အားဖြေလိုက်ပြီး ထိုကျောက်တုံးပေါ်တွင်တင်လိုက်ကာ ဒူးထောက်ထိုင်ချလိုက်သည်။

“ညောင်ပင်စောင့်နတ်မင်းကြီးကို တိုင်တည်ပါတယ်၊ ကျွန်မတို့လင်မယားအတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေးသနားတော်မူပါ”

မိကြာဆုတောင်းပြီးသည့်အချိန် ညောင်ပင်ကြီးမှာ ငလျင်လှုပ်ခတ်သကဲ့သို့ တဝုန်းဝုန်းနှင့်လှုပ်ခတ်သွားလေသည်။ ပြီးသည့်နောက် ညောင်ပင်ကြီး၏ ပင်စည်တွင် လူတစ်ဦးဝင်နိုင်လောက်သည့် အပေါက်ကြီးတစ်ခုဖြစ်သွားသည်။ အပေါက်ကြီးအတွင်းမှ စိမ်းဖန့်ဖန့်အလင်းရောင်များက တိုးထွက်နေပြန်သည်။

“လာခဲ့၊ မင်းတို့ဝင်ခဲ့ကြ”

လင်မယားနှစ်ယောက် ကြောက်အားလန့်အားနှင့် တစ်ယောက်ကိုတစ်ယောက်ဖက်ထားမိသည်။

“မိကြာရေ တို့တော့ သရဲခြောက်ခံနေရပြီထင်တယ်ဟ”

ကိုသင်က ကြောက်ရွံ့နေသော်လည်း မိကြာကမူ ပင်စည်တွင်ပေါ်လာသည့် အပေါက်ကြီးကိုသာ မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်နေလေသည်။

“ကိုသင်ရေ၊ ကျုပ်တို့ကို သစ်ပင်ကြီးက ခေါ်နေတာရှင့်”

“အဲဒါ သရဲခြောက်နေတာဖြစ်မှာပါကွာ”

မိကြာက ကိုသင်လက်မှရုန်းထွက်လိုက်ကာ ပင်စည်ရှိအပေါက်ကြီးဆီသို့ပြေးသွားလေသည်။ ကိုသင်လည်း ဇနီးဖြစ်သူမိကြာအနောက်သို့ အမြန်လိုက်သွားမိသည်။

“မိကြာ မသွားနဲ့ ပြန်လာခဲ့”

မိကြာမှာ မရပ်တန့်တော့ဘဲ အပေါက်ကြီးထဲသို့ခုန်ဝင်သွားရာ ကိုသင်လည်းအနောက်မှ ခုန်ဝင်လိုက်ခဲ့သည်။ အပေါက်ကြီးအတွင်းသို့ရောက်သည့်အခါ အောက်ဘက်သို့ဆင်းရန် လှေကားတစ်ခုရှိသည်။ ကိုသင်က ခုန်ဝင်လိုက်ခြင်းကြောင့် လှေကားထစ်အားမနင်းမိဘဲ အရှိန်လွန်ပြီး လှေကားအောက်သို့ ဒလိမ့်ခေါက်ကွေးနှင့်ပြုတ်ကျသွားလေသည်။ လှေကားအဆုံးသို့ရောက်သည့်အခါ မြေကြီးနှင့်မတူညီဘဲ အိစက်ညက်ညောသည့် မြေပြင်တစ်ခုထံသို့ရောက်သွားသည်။

ကိုသင်က ပတ်ဝန်းကျင်အားလှည့်ကြည့်လိုက်သည့်အခါ လူ့ကိုယ်ခန္ဓာအတွင်းပိုင်းနှင့်တူညီသည့် နေရာတစ်ခုဖြစ်နေလေသည်။ နံရံများမှာလည်း သွေးကြောများ၊ အသားစိုင်များနှင့်ဖွဲ့စည်းတည်ဆောက်ထားသည့်နှယ် ဖြစ်နေသည်။ သူတို့လင်မယားနှစ်ယောက်အရှေ့သို့ အသက်ကြီးကြီး မိန်းမကြီးတစ်ယောက်က ရောက်လာခဲ့သည်။

“မင်းတို့နှစ်ယောက်က ငါတို့နဲ့ရေစက်ရှိလို့ ဒီနေရာကို တိုက်တိုက်ဆိုင်ဆိုင်ရောက်လာခဲ့ကြတာပဲ၊ ဒါကြောင့် မင်းတို့လိုချင်တာကို ပြောကြပါ”

မိကြာက ဝမ်းသာအားရဖြင့်

“ကျွန်မကတော့ ရင်သွေးကလေးကို လိုချင်ပါတယ်”

ထိုမိန်းမက တစ်နေရာသို့ထိုးပြလိုက်သည့်အခါ အခန်းတံခါးပေါက်တစ်ခုကိုတွေ့ရပြန်သည်။

“အဲဒီအခန်းထဲကိုဝင်သွား၊ ပြီးတော့ လိုချင်တဲ့အရာတစ်ခုကိုပဲ လက်တစ်နိုင်ယူရမယ်”

မိကြာမှာ အခန်းထဲသို့ပြေးဝင်သွားသည်။ အခန်းထဲတွင် ရွှေငွေကျောက်သံပတ္တမြားနှင့် အဖိုးထိုက်ရတနာများက ပုံအောလျက်တည်ရှိနေသည်။ အခန်းတစ်နေရာတွင်တော့ ကလပ်ဖြင့်တင်ထားသည့် ကလေးတစ်ဦးမှာ ငိုယိုနေသည်ကိုတွေ့ရသည်။ မိကြာမှာ ကလပ်ပေါ်တင်ထားသည့် မွေးကင်းစ ကလေးကိုဆွဲယူလိုက်ပြီးနောက် အပြင်သို့ပြန်ထွက်လာခဲ့သည်။

ကိုသင်မှာလည်း အခန်းအတွင်းသို့ ယောင်လည်လည်နှင့်ဝင်လာခဲ့သည်။ အခန်းတွင်းရှိ ရတနာများကိုမြင်သည့်အခါ ကိုသင်တစ်ယောက်အံ့သြမဆုံးတော့ပေ။

“ဒါမဟုတ်ဘူး၊ ဒါတွေက တကယ်မဟုတ်ဘူး၊ ငါတို့တောခြောက်ခံရတာဖြစ်မှာပဲ”

မယုံသင်္ကာနှင့်မို့ တခြားအရာများမယူတော့ဘဲ ကျပ်ပြားဝိုင်းခန့်ရှိသည့် ရွှေပြားကလေးတစ်ပြားကိုကောက်ယူလိုက်ကာ ခါးပုံစထဲထည့်ပြီး ပြန်ထွက်လာခဲ့သည်။ အပြင်သို့ထွက်လိုက်သည်နှင့် ကိုသင်တစ်ယောက် ခေါင်းမူးလာကာ ပျော့ခွေလဲကျသွားလေသည်။

မနက်ခင်း ကျေးငှက်အော်မြည်သံများကို ကြားရသည့်အချိန်မှာ ကိုသင်မှာ မျက်လုံးဖွင့်ကြည့်မိသည်။ သူတို့လင်မယားမှာ ညောင်ပင်ကြီးအောက်တစ်နေရာရှိ ကျောက်ဖျာကြီးတစ်ချပ်ပေါ်တွင် အိပ်ပျော်နေခြင်းဖြစ်သည်။

“မိကြာ၊ မိကြာရေ ထစမ်းပါအုံးကွာ”

မိကြာအား နှိုးလိုက်ပြီး လင်မယားနှစ်ယောက် ညကဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကိုပြောဆိုနေမိသည်။

“အဲဒါ ငါတို့အိပ်မက်မက်နေတာပဲနေမှာကွ”

“အိပ်မက်ဆိုရင်လည်း ကျွန်မတို့နှစ်ယောက်လုံး အတူတူမက်ကြတာက ထူးဆန်းတယ်”

ကိုသင်က ထလိုက်ပြီး ပုဆိုးပြင်ဝတ်လိုက်သည့်အခါ ခါးပုံစအကြားမှ ရွှေပြားကလေးတစ်ပြားက ထွက်ကျလာခဲ့သည်။ ထိုတော့မှ သူတို့လင်မယားနှစ်ယောက် တွေ့ကြုံခဲ့သည်မှာ အိပ်မက်မဟုတ်မှန်းသိလိုက်ရသည်။

“ဟာ၊ သွားပါပြီကွာ၊ ဒါဆို ဒီအဖြစ်က တကယ်ပေါ့၊ ဒီလိုမှန်းသိရင် ရွှေတွေများများယူပါတယ်ကွာ”

ကိုသင်က ယူကျုံးမရသည့် ပုံစံနှင့်ပြောဆိုနေသော်လည်း မိကြာမှာတော့ မိမိလိုချင်သည့်ရင်သွေးရလာသည်မို့ ပျော်ရွှင်နေမိသည်။ တကယ်လည်း မိကြာမှာ သားသမီးရလာခဲ့သည်။ ကိုသင်မှာ ရွှေပြားကလေးကိုထုခွဲရောင်းချလိုက်ကာ အိမ်အသစ်ဆောက်လုပ်လိုက်လေသည်။ အိမ်သစ်ဖွင့်ပွဲတွင် ရွာသူရွာသားများကို ထမင်းဖိတ်ကျွေးရင်း ကိုသင်မှာ စိမ်ရေမူးကာ ထိုအဖြစ်များကို လွှတ်ခနဲပြောထွက်သွားသည်။ ထိုအဖြစ်ကိုကြားသည့်ရွာသူရွာသားများမှာ အလွန်ထိတ်လန့်သွားသည်။

“ငသင်၊ မင်းကတော့ လုပ်ချလိုက်ပြီဟေ့၊ အဲဒီလိုကလေးတောင်းရင် ရတယ်လို့ မင်းကိုဘယ်သူပြောတာလဲကွ”

“မသိဘူးလေဗျာ၊ မိကြာပြောတာပဲ”

“အဲဒီတောင်သုံးလုံးကြားမှာရှိတာ စုန်းသိုက်ကွ၊ မင်းမိန်းမ မိကြာကို စုန်းတစ်ယောက်ယောက်က တမင်သက်သက်ပြောခဲ့တာပဲဟေ့၊ တကယ်လို့ မင်းအခုမွေးမဲ့ကလေးက အဲဒီနေရာကနေ ရလာခဲ့တယ်ဆိုတာ သေချာလို့ကတော့ သေချာပေါက် အဲဒီကလေးဟာ စုန်းကလေးပဲဟေ့”

“စုန်းဆိုလည်း ကျုပ်က ဂရုမစိုက်ပါဘူးဗျာ၊ စုန်းဖြစ်တော့လည်း တစ်ခုကောင်းတာပဲပေါ့၊ သူများတွေလို အလုပ်လုပ်စားစရာမလိုဘဲ လူတွေကိုခြောက်လှန့်ပြုစားပြီးတော့ အေးအေးလူလူစားနိုင်တာပေါ့ဗျာ”

“မင်းကတော့ တကယ့်ကောင်ပဲ ငသင်ရာ”

သို့သော် ရွာသားအတော်များများမှာ ကိုသင်ပြောဆိုသည့်အကြောင်းအရာများကို မယုံကြည်ကြပေ၊ သို့သော် ယုံကြည်သည့်သူတစ်ဦးတော့ရှိသည်။ ထိုသူမှာ ကိုသင်၏ ညီဖြစ်သူ ကိုခင်ဖြစ်သည်။

“ငါ့အကိုက စိမ်ရေမူးရင် ရူးရူးပေါပေါ ဟောဟောဒိုင်းဒိုင်းပြောတတ်တယ်ဆိုပေမယ့် လိမ်ပြောတတ်တဲ့လူမဟုတ်ဘူး၊ ဒီတော့ သူပြောတာတွေက အမှန်တွေပဲဖြစ်မယ်၊ အမှန်ဆိုရင်တော့ ငါတော့ဌေးပြီပဲ”

ကိုခင်က ကြိမ်းဝါးလိုက်လေသည်။ ထိုနောက်ပိုင်းတွင် ကိုသင်တစ်ယောက် အမဲလိုက်သည့်အလုပ်ကို တစိုက်မတ်မတ်မလုပ်တော့ဘဲ တောအုပ်ထဲသို့ တစ်ခါတစ်ရံသာ သွားတတ်သည်။ သို့သော်လည်း စားဝတ်နေရေးမှာ အဆင်ပြေနေရုံသာမက ကိုသင်မှာ အချိန်ပြည့်စိမ်ရေမူးကာ အေးအေးလူလူနှင့်ဖြစ်နေသည်။ ထိုအဖြစ်ကိုသတိထားမိသည့် ကိုခင်က ကိုသင်အနောက်ကို နောက်ယောင်ခံလိုက်သွားရန်အတွက် ဆုံးဖြတ်လိုက်လေသည်။

တစ်လခန့်ကြာသည့်အခါ ကိုသင်မှာ ဒူးလေးကိုင်ပြီး တောတက်ရန်ပြင်ဆင်နေသည်မို့ ကိုခင်မှာ အနောက်မှ မသိမသာလိုက်လာခဲ့သည်။ သူထင်ထားသည့်အတိုင်းကိုသင်သွားနေသည့်နေရာမှာ တောင်ကြီးသုံးလုံးဆီသို့ဖြစ်သည်။ တောအုပ်အတွင်းတစ်ရက်ခန့် ခရီးနှင်ပြီးသည့်အခါမှ ညောင်ပင်ကြီးဆီသို့ ညနေစောင်းအချိန်တွင်ရောက်သွားသည်။

ကိုသင်က စိမ်ရေသောက်လျှက် သစ်ပင်ကြီးအောက်သို့သွားလိုက်ပြီး

“ကဲ သိုက်နန်းရှင်တို့ ကျုပ်ရောက်ပြီ၊ ကျုပ်ကိုတံခါးလေးဘာလေး ဖွင့်ပေးကြပါအုံး”

ထိုအခါ ညောင်ပင်ကြီးအတွင်းမှ မိန်းမကြီးတစ်ဦးက ထွက်ပေါ်လာလေသည်။

“ဟဲ့ ငမူးကောင်၊ နင်ရောက်လာပြန်ပြီလား”

“ကျုပ်အသုံးစရိတ်ပြတ်သွားလို့ ကျုပ်ကိုရွှေပြားလေးနည်းနည်းပါးပါးပေးစမ်းပါဗျ”

“နင်လာတာ ဘယ်နှခေါက်ရှိနေပြီလဲ၊ ဒီတစ်ခါတော့ မပေးနိုင်တော့ဘူးဟေ့”

“သြော်၊ ခင်ဗျားကြီးက မပေးချင်ဘူးလား၊ မပေးချင်လဲရတယ်လေ၊ ကျုပ်မိန်းမဗိုက်ထဲမှာရှိနေတာ ခင်ဗျားတို့သိုက်က ညီမလေးမဟုတ်လား၊ ခင်ဗျားရွှေပြားမပေးရင် ကျုပ်လည်း ကျုပ်မိန်းမကိုထမင်းမကျွေးဘူး၊ အမျိုးစုံ နှိပ်စက်မယ်ဗျာ”

“တိတ်စမ်း၊ ငါတို့ညီမလေးမျက်နှာကြောင့် မင်းသက်သာသွားတယ်မှတ်ပါ”

ထိုမိန်းမကြီးက ရွှေပြားသုံးပြားကိုလှမ်းပစ်ပေးလိုက်လေသည်။ ကိုသင်က ရွှေပြားများကို ကောက်ယူလိုက်ရင်း

“ပေးမယ့်ပေးတော့ နည်းနည်းပါးပါး ပိုပေးပေါ့ဗျာ၊ ဒါဆိုရင် ကျုပ်လည်း ကဒီးကဒီး လာနေစရာမလိုတော့ဘူးပေါ့”

ထိုမိန်းမကြီးမှာ သစ်ပင်အတွင်းသို့ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။ ကိုသင်က ရွှေပြားများကိုရေတွက်ရင်း ပြန်လှည့်ထွက်လာလေရာ ညီဖြစ်သူ ကိုခင်နှင့်မျက်နှာချင်းဆိုင်တွေ့ဆုံသွားသည်။

“ဟင် ငခင်၊ မင်း . . .မင်း ငါလုပ်နေတာတွေ တွေ့လိုက်တာလား”

ကိုခင်က ခေါင်းညိတ်လိုက်ပြီး

“အကိုကြီးရာ အကိုကြီးက ရတနာသိုက်ကြီးတွေ့နေတာတောင်မှ သူဌေးမဖြစ်သေးဘူးကိုး”

“ဟ၊ ငါလည်း သူတို့ပေးသလောက်ယူရတာဟ၊ ငါ့ဖာသာငါသယ်ဆိုရင်တော့ လှည်းနဲ့တိုက်ပြီးသယ်မှာပေါ့ကွ”

“ဒါကြောင့် အကိုကြီးကိုညံ့တယ်လို့ပြောတာ၊ ကျုပ်အသိထဲမှာ သိုက်ဆရာကြီးတစ်ယောက်ရှိတယ်ဗျ၊ အဲဒီသိုက်ဆရာကြီးကိုဆက်သွယ်ပြီးတော့ ဟောဒီသိုက်ကြီးကိုတူးမယ်ဗျာ၊ သူနဲ့တစ်ယောက်တစ်ဝက် ခွဲယူရမယ်ဆိုရင်တောင် ကျုပ်တို့အတွက် မနည်းဘူးကျန်မှာမဟုတ်လား”

ကိုသင်မှာ အံ့သြသွားကာ

“ဟာ၊ ငခင် မင်းတော်လှချည်လား၊ ငါဘာဖြစ်လို့ အစောကြီးကတည်းက ဒါမျိုးမတွေးမိတာလဲမသိဘူးကွာ၊ ဟုတ်တယ်ကွ၊ သူတို့ပေးစာကမ်းစာ စားနေရတာထက် သိုက်တူးလိုက်ာ အချီကြီးမြတ်မယ်”

“ကဲ ဒါဆို ကျုပ်အကုန်လုံး စီစဉ်ပေးမယ် အကိုကြီး ကျုပ်ကိုဘယ်လောက်ပေးမှာလဲသာပြော”

“အိုကွာ၊ ညီအကိုချင်းပဲ ပြောစရာလိုလို့လားကွ၊ သိုက်ထဲက ပစ္စည်းတွေသာရလို့ကတော့ သိုက်ဆရာကြီးတောင်းသလောက် ပေးပြီးရင် မင်းနဲ့ငါနဲ့ ကျန်တဲ့ပစ္စည်းတွေကို တစ်ယောက်တစ်ဝက် ခွဲယူကြတာပေါ့ဟေ့”

ညီအကိုနှစ်ယောက်မှာ တဟားဟားနှင့် ရယ်မောလိုက်ကြသည်။