စုန်းမကြီးဒေါ်ပျင်းနှင့် ငွေနန်းဆောင်မှလှို့ဝှက်ချက်
စာစဉ်(၃၉)
(၁)
နံနက်စာစားသည့်အချိန်တွင် မယ်ပျင်းနှင့် မယ်ပွင့်တို့မှာ စကားစမြည်ပြောဆိုနေကြသည်။ မယ်ပျင်းက စားသောက်နေသည့်မိန်းကလေးများကိုတစ်ချက်ဝေ့ကြည့်ကာ တစ်ယောက်ယောက်ကိုရှာဖွေနေပုံရသည်။ မိပွင့်ကတော့ ထမင်းနှင့်ဟင်းများကို အငမ်းမရစားသောက်နေရင်း
“ဟဲ့ မယ်ပျင်း၊ နင်မစားဘဲ ဘာတွေလိုက်ရှာနေတာလဲ”
“မဟုတ်ဘူးဟ၊ ညကတွေ့ခဲ့တဲ့ မိန်းကလေးတစ်ယောက်ကိုရှာနေတာ”
“ဘယ်သူလဲ ဘယ်ကမိန်းကလေးလဲ”
“သူ့နာမည်က မိပိန်တဲ့ဟ၊ ရုပ်ကတော့ ပိန်ပိန်ပါးပါးကလေးပဲ”
ထိုအသံကြားသည့်အခါ မယ်ပွင့်မှာမျက်လုံးပြူးသွားသည်။ မယ်ပျင်းက တစ်ခုခုထူးခြားနေပြီမှန်းရိပ်စားမိလိုက်သည်မို့
“ဘာလဲ မယ်ပွင့်၊ နင်ရော မိပိန်ကိုသိနေတာလား”
မယ်ပွင့်က ပလုပ်ပလောင်းနှင့်ဝါးရင်း ခေါင်းခါသည်။
“ဘာလဲ နင်က မိပိန်ကိုမသိဘူးလား”
“သိတယ်၊ ဒါပေမယ့် နင်နဲ့တွေ့တယ်ဆိုတာကိုမယုံတာ”
“ဟဲ့ ဘာဖြစ်လို့လဲဟဲ့”
“မိပိန်ဆိုတာ လူမှမဟုတ်တာ”
မယ်ပျင်းမှာ မျက်လုံးပြူးသွားသည်။
“ဘာ၊ လူမဟုတ်ဘူး ဟုတ်လား”
“မိပိန်ဆိုတာ ညညဆိုရင် အိမ်လွမ်းတယ်ဆိုပြီး ထထငိုနေတတ်တဲ့ကောင်မလေးတဲ့၊ ငါတော့မကြုံဖူးပါဘူး ကြုံဖူးတဲ့လူပြောတာ”
“ဒါဆို အဲဒီကြုံဖူးတဲ့လူက ဘယ်သူလဲ”
“မရှိတော့ဘူး သေပြီ”
မယ်ပျင်းမှာ ဇက်ပုသွားသည်။
“လူတွေပြောကြတာကတော့ ဟောဒီနန်းဆောင်ကြီးထဲမှာ မိပိန်ဆိုတဲ့မိန်းကလေးကို မြင်ဖူးတဲ့လူတိုင်း မကြာခင်သေကြရတယ်တဲ့၊ ဒါကြောင့် မိပိန်ဆိုတာ သေခြင်းရဲ့နိမိတ်ပဲလို့ပြောကြတယ်၊ ဒါကြောင့် နင်နဲ့မိပိန်နဲ့တွေ့ခဲ့တယ်ဆိုတာကို ငါမယုံတာ၊ တကယ်လို့ တွေ့တာသေချာတယ်ဆိုရင် နင်မကြာခင် အသက်အန္တရာယ်ရှိတော့မယ့် သဘောပဲ”
မယ်ပျင်းမှာ ဘာမှမပြောနိုင်တော့ပေ၊ စားသောက်ပြီးသည့်အခါ စည်နှစ်ချက်တီးသံကြားလိုက်ရသည်။ ထိုအခါ အသက်အရွယ်ကြီးသည့်မိန်းကလေးများက သူတို့၏ပညာညီမများကိုအသီးသီးခေါ်ဆောင်သွားကြသည်။ မယ်ပျင်းအနီးသို့ ဒေဝီကလည်းရောက်ရှိလာသည်။
“ဟဲ့ မယ်ပျင်း၊ သင်ကြားချိန်ရောက်နေပြီ၊ လာ ငါနဲ့လိုက်ခဲ့”
မယ်ပျင်းလည်း ဒေဝီအနောက်သို့လိုက်သွားရသည်။ ငွေရောင်နန်းဆောင်ကြီး၏ လက်ယာဘက်အဆောင်ကြီးမှဆက်၍သွားသည့်အခါ တံခါးပေါက်ကြီးတစ်ခုရှိသည်။ ထိုတံခါးပေါက်မှာ အတော်အတန်ကြီးများပြီး တံခါးဘောင်ကို ရုပ်လုံးရုပ်ကြွများ ပန်းကနုတ်များဖြင့်အလှဆင်ထားသည်။ တံခါးပေါက်တစ်ဖက်တစ်ချက်တွင်တော့ သံလျက်ကိုင်ထားသည့် ဘီလူးရုပ်တုနှစ်ခုရှိပြီး စတုရန်းကွက်များဖော်ထားသည့် တံခါးချပ်ကြီးများရှိသည်။ ထိုတံခါးအတွင်းသို့ မိန်းကလေးများမှာ အလျှိလျှိုဝင်ရောက်ကြကုန်သည်။ နောက်ဆုံးတော့ ဒေဝီနှင့်မယ်ပျင်းအလှည့်ရောက်လာသည်။ တံခါးဘောင်နဖူးစီးထိပ်တွင်တော့ ဘီလူးကြီးတစ်ကောင်က ဇောက်ထိုးဆွဲကာ ပန်းခွေကိုကိုင်ထားသည့် အရုပ်ကြီးရှိသည်။ တံခါးအနီးသို့ကပ်လိုက်သည့်အခါ ဘီလူးကြီး၏မျက်နှာမှာ အသက်ဝင်လာပြီးနောက်
“ဘယ်ကိုသွားမှာလဲ”
ဒေဝီက ဘီလူးမျက်လုံးအနီးသို့လက်ဝါးကပ်လိုက်ပြီး
“ငါ့ရဲ့သင်ကြားရေး အခန်းထဲကိုသွားမလို့ဟေ့”
ဘီလူးကြီးက ပြုံးပြလိုက်ပြီး မျက်လုံးနှစ်လုံးမှာ ဝင်းခနဲဖြစ်သွားသည်။ ထိုအခါ ဒေဝီက ငွေတံခါးချပ်ကို တွန်းဖွင့်လိုက်ကာ အတွင်းသို့ဝင်သွားလေသည်။ တံခါးပေါက်အတွင်းမှ အလင်းရောင်များတိုးထွက်နေသဖြင့် မယ်ပျင်းက ထူးဆန်းအံ့သြစွာဖြင့် ငေးကြည့်နေမိသည်။
ဒေဝီက မယ်ပျင်းအားလှည့်ကြည့်ပြီး
“ဘယ်လုပ်နေတာလဲမယ်ပျင်း လိုက်မလာဘူးလား”
မယ်ပျင်းလည်း ဒေဝီဝင်သွားသည့်အနောက်သို့လိုက်ခဲ့သည်။ တံခါးချပ်အတွင်းသို့ဝင်လိုက်သည့်အခါ ကျယ်ဝန်းလှသည့်အခန်းကြီးတစ်ခုအတွင်းသို့ရောက်သွားသည်။ တံခါးချပ်မှာလည်း သူ့အလိုလိုပြန်လည်ပိတ်သွားကာ ဝုန်းခနဲမြည်သံကြီးက အခန်းအတွင်းပဲ့တင်ထပ်သွားသည်။
အခန်းဟုဆိုသော်လည်း တစ်ဖက်ခြမ်းတွင်တော့ တောတောင်ရေမြေသဘာဝရှုခင်းများကိုလှမ်းမြင်နေရသည့် လေသာပြတင်းပေါက်ကြီးများရှိသည်။ အခန်းနံရံနှစ်ဖက်စလုံးတွင် စင်ကြီးများဖြင့်တင်ထားသည့် ပစ္စည်းပစ္စယများမှာ ပြည့်နှက်နေသည်။ အခန်းအလယ်တွင်တော့ သစ်သားကြမ်းပြင်ကျယ်ကြီးရှိကာ သစ်သားကြမ်းပြင်ပေါ်တွင် စက်ဝိုင်းပုံသဏ္ဍာန်များကိုရေးဆွဲထားပြန်သည်။ မယ်ပျင်းက တအံ့တသြနှင့်ကြည့်နေလိုက်ကာ
“ဒါ ဘယ်နေရာလဲ”
“ဒါကတော့ ငါ့ရဲ့ကိုယ်ပိုင်သင်ကြားရေးအခန်းပဲ”
မယ်ပျင်းမှာ အံ့သြနေသကဲ့သို့ ကျေနပ်ပီတိဖြစ်နေမိသည်။
“ခုနက တံခါးကနေဝင်လိုက်ရင် ဒီကိုရောက်နိုင်တာလား”
“လူတိုင်း လူတိုင်းက အဆင့်ငါးဆင့်တတ်မြောက်ပြီးတဲ့အခါ ဒီလိုကိုယ်ပိုင်သင်ကြားရေးအခန်းတွေ ရရှိတယ်၊ ကိုယ့်ရဲ့လက္ခဏာမှာပါတဲ့ အမှတ်အသားကိုပြပြီး ကိုယ့်ရဲ့ကိုယ်ပိုင်သင်ကြားရေးခန်းထဲဝင်ရောက်နိုင်တယ်၊ ဒါက ငါ့အခန်းဆိုတော့ ဒီအခန်းထဲကို တခြားလူတွေဝင်မရဘဲ ငါနဲ့ ငါခွင့်ပြုတဲ့လူပဲဝင်လို့ရတယ်”
မယ်ပျင်းမှာ အခန်းအတွင်းသို့ လိုက်လံကြည့်ရှုသည့်အခါ ဖုန်များထုတက်နေသည့် ပေစာထုပ်များနှင့် အသုံးအဆောင်များကိုတွေ့ရသည်။ ဒေဝီက သလွန်တွင်ထိုင်ရန်ပြင်ဆင်လိုက်ပြီးသည့်နောက် သလွန်အားပါးစပ်နှင့်မှုတ်လိုက်ရာ ဖုန်မှုန့်များက တထောင်းထောင်းထသွားသည်။
“ကဲ မင်းရဲ့ပထမဆုံးသင်ခန်းစာကတော့ ဒီအခန်းကိုသန့်ရှင်းရေးလုပ်ဖို့ပဲ”
ဒေဝီက လက်ညှိုးတစ်ချောင်းကိုထောင်လိုက်ပြီး လေပေါ်တွင်သုံးလေးပတ်ခန့် ဝှေ့ယမ်းလိုက်သည့်အခါ လက်ထဲတွင် ဖုန်သုတ်သည့်ကြက်တောင်မွှေးတစ်ချောင်းပေါ်ပေါက်လာလေသည်။ ထိုကြက်တောင်မွှေးအား မယ်ပျင်းကိုလှမ်းပေးလိုက်ပြီး လေသာပြတင်းအနားသို့သွားကာ အပြင်သို့ငေးမောကြည့်နေသည်။
မယ်ပျင်းလည်း ကြက်တောင်မွှေးကိုလှမ်းယူလိုက်ပြီး သလွန်ကိုဖုန်သုတ်နေလိုက်သည်။
“ဒါနဲ့ သင်ကြားရေးအခန်းကလည်း ဖုန်တွေချည်းပဲနော်”
ဒေဝီက သက်ပြင်းတစ်ချက်ချလိုက်ကာ
“ငါ့ဘဝသက်တမ်းတစ်လျှောက်မှာ လူနှစ်ယောက်ကိုပဲ ပညာအမအဖြစ်တာဝန်ယူဖူးတယ်၊ အခုကတော့ မင်းပေါ့၊ နောက်တစ်ယောက်ကတော့ . . .-
ဒေဝီမှာပြောဆိုနေရင်း အသံတိမ်ဝင်သွားသည်။ မယ်ပျင်းက သိချင်သဖြင့် ဒေဝီအားကြည့်လိုက်ကာ
“နောက်တစ်ယောက်က ဘယ်သူလဲ”
ထိုအခါ ဒေဝီက ခေါင်းခါရင်း
“မယ်ပျင်း အမေးအမြန်းမထူစမ်းနဲ့၊ ကိုယ့်ကိုယ်ခိုင်းထားတာကိုသာ ပြီးအောင်လုပ်”
မယ်ပျင်းမှာ အခန်းအတွင်းမှဖုန်များကို ကြက်တောင်မွှေးနှင့်လိုက်သုတ်နေရင်း စဉ်းစားမိသည်။
“ဟင်း၊ ဒီဖုန်တွေအားလုံးကိုသာ ဒီကြက်တောင်မွှေးနဲ့လိုက်သုတ်ရရင် ဒီနေ့မပြောနဲ့ နောက်တစ်လလောက်အထိ ရှင်းလို့ပြီးစီးမှာကိုမဟုတ်ဘူး”
ထို့နောက်မယ်ပျင်းက အကြံရသွားကာ အခန်းတံခါးအနီးသို့ပြေးသွားလိုက်သည်။ ပြီးနောက် လေကို၀၀လင်လင်ရှုထည့်လိုက်လေရာ မယ်ပျင်း၏ရင်ဘတ်ကြီးမှာ ဖားခုံညင်းကြီးတစ်ကောင်ကဲ့သို့ ဖောင်းတက်လာခဲ့လေသည်။ ဒေဝီမှာ မယ်ပျင်းအား ကျောပေးထားပြီး အပြင်သို့ကြည့်နေသည်မို့ မယ်ပျင်းပြုလုပ်နေသည်များကို မမြင်တွေ့ပေ။ လေကိုအပြည့်အဝရှုပြီးသည့်မယ်ပျင်းမှာ ပါးစပ်ကိုဖွင့်လိုက်ပြီး ထိုလေများကို အားပြင်းပြင်းနှင့်မှုတ်ထုတ်ချလိုက်လေသည်။
မယ်ပျင်းပါးစပ်မှ အားပြင်းသည့်လေများထွက်ရှိလာကာ အခန်းအတွင်းမှဖုန်မှုန့်များကို တိုက်ယူသွားပြီးနောက် အခန်းအပြင်ဘက်လေသာပြတင်းပေါက်မှတဆင့် ဖုန်မှုန့်များက အလုံးအရင်းနှင့်ထွက်ကြလေသည်။ ထိုအခါ လေသာပြတင်းပေါက်အနီးတွင်ရပ်တန့်နေသည့် ဒေဝီကိုလည်း ဖုန်မှုန့်လုံးကြီးက ပွတ်တိုက်သွားကာ ဒေဝီတစ်ကိုယ်လုံး ဖုန်အလူးလူးနှင့်ဖြစ်သွားရသည်။
သို့သော် မယ်ပျင်း၏လေအားမှာပြင်းထန်လှသဖြင့် ဖုန်မှုန့်များသာမကဘဲ အခန်းအတွင်းမှ ပေစာရွက်များ၊ ပုရပိုက်များနှင့် အခြားပစ္စည်းများပါ လေသာပြတင်းပေါက်အပြင်သို့ထွက်ကျကုန်သည်။ ဒေဝီသည်ပင် အပြင်သို့လွင့်ပျံကျတော့မလိုဖြစ်နေသဖြင့် လေသာပြတင်းပေါက်လက်ရန်းကို အားဖြင့်အတင်းဖမ်းဆွဲထားရသည်။ ရှုထုတ်လိုက်သည့်လေများကုန်စင်သွားသည့်အခါ သင်ကြားရေးအခန်းကြီးအတွင်း မည်သည့်ပစ္စည်းမှမရှိတော့ဘဲ ဟာလာဟင်းလင်းကြီးဖြစ်သွားတော့သည်။ လက်ရန်းကိုဖက်တွယ်ထားရသည့် ဒေဝီမှာ မယ်ပျင်းအနီးသို့ ဒေါသတကြီးနှင့်ပြေးလာခဲ့သည်။
“မယ်ပျင်း၊ နင်ဒါ သက်သက်လုပ်တာမဟုတ်လား”
မယ်ပျင်းမှာ လက်ရှိန်လွန်သွားပြီမို့ ပါးစပ်ကိုလက်ဝါးနှင့်အုပ်လိုက်ကာ ခေါင်းခါပြလိုက်သည်။
“ကုန်ပါပြီဟယ်၊ ငါ့ပစ္စည်းတွေတော့ သွားပါပြီ၊ နင်ဘယ်လိုလုပ်လိုက်တာလဲ မယ်ပျင်းရဲ့”
“ဖုန်တွေကုန်သွားအောင်လို့ လေနဲ့မှုတ်ထည့်လိုက်တာ၊ လေအားက နည်းနည်းများသွားလို့ . . .-
“နင်နဲ့တော့ ခက်တာပါပဲ မယ်ပျင်းရယ်၊ အခု ပေစာထုပ်တွေလဲပါသွားပြီဆိုတော့ ငါတို့ဘာကိုသွားသင်မှာလဲဟဲ့၊ နင့်ကိုခိုင်းမိတာကိုက ငါ့အမှားပါ”
ဒေဝီက မယ်ပျင်းကိုလှိမ့်ဆူနေသဖြင့် မယ်ပျင်းက ပါးကလေးဖောင်းပြီး အခန်းနံရင်တွင်ကပ်နေလိုက်လေသည်။ ဒေဝီက မယ်ပျင်းအားစိတ်ကြိုက်ဆူငေါက်ပြီးသည့်နောက်
“ကဲပါ၊ နင့်ကိုဆူလဲ ငါမောတာပဲအဖတ်တင်မယ်၊ တစ်ခုတော့ကောင်းသွားတာပေါ့လေ၊ အရင်ပစ္စည်းတွေမရှိတော့ဘူးဆိုတော့ ဒီအခန်းကို ပစ္စည်းအသစ်တွေထပ်ဖြည့်ပြီး စိတ်ကြိုက်ပြန်ပြင်ဆင်လို့ကောင်းသွားတာပေါ့”
ဒေဝီက မယ်ပျင်းဘက်သို့လှည့်လိုက်ပြီး
“ကဲ မယ်ပျင်း၊ လောလောဆယ် နင့်ကို မန္တန်ကျမ်းပထမအဆင့်သင်ပေးရမယ်၊ ဒါပေမယ့် ကျမ်းကမရှိတော့ဘူးဆိုတော့ နင်ကျမ်းတစ်စောင်သွားယူလာချေ”
“ဘယ်မှာသွားယူရမှာလဲ”
“တံခါးပေါက်ကနေအပြင်ကိုပြန်ထွက်လိုက်၊ တံခါးစောင့်ဘီလူးကို ကျမ်းစာတိုက်ကိုသွားမယ်လို့ပြောလိုက်ရင် ရောက်လိမ့်မယ်”
“တစ်ယောက်ထဲသွားရမှာလား”
“ဒီကျမ်းစာတွေအကုန်လုံး လေနဲ့ပါသွားအောင်နင်လုပ်လိုက်တာလေ၊ နင်ပဲသွားယူရမှာပေါ့၊ အရင်ဆုံးတော့ မန္တန်ကျမ်းတစ်စောင်ပဲ အရင်ယူလာခဲ့အုံး”
မယ်ပျင်းက ခေါင်းညိတ်လိုက်ပြီးသည့်နောက် အခန်းတံခါးမှအပြင်သို့ပြန်ထွက်လာခဲ့သည်။
(၂)
အပြင်တွင် တိတ်ဆိတ်နေလေသည်။ လူသူတစ်ဦးတစ်ယောက်မှပင်မရှိပေ၊ မယ်ပျင်းက တံခါးကြီးကိုပြန်လှည့်ကြည့်လိုက်ပြီး တံခါးရွက်အားလက်နှင့်ထိကိုင်ရန်ပြင်လိုက်စဉ်မှာပင် တံခါးတစ်ဖက်တစ်ချက်ရှိဘီလူးကြီးနှစ်ကောင်က လက်ထဲမှတင်းပုတ်ကြီးများဖြင့် တံခါးကိုကာကွယ်ထားလိုက်သည်။ တံခါးအပေါ်ဘက် ဘောင်မှ ဇောက်ထိုးဆွဲကျနေသည့်ဘီလူးကြီးက မယ်ပျင်းအား မျက်စောင်းထိုးကြည့်လိုက်ကာ
“ဘယ်ကိုသွားမှာလဲ”
“ကျမ်း . . .ကျမ်းစာတိုက်ကိုသွားချင်လို့ပါ”
ဘီလူးကြီးမှာပြုံးသွားပြီး မျက်လုံးမှအရောင်များတောက်သွားပြန်သည်။ တံခါးဘေးမှဘီလူးကြီးများက လက်နက်များပြန်ဖယ်လိုက်သည်မို့ မယ်ပျင်းက တံခါးရွက်အားတွန်းလိုက်ပြီး အတွင်းသို့ဝင်ရောက်သွားသည်။ အခန်းတံခါးဖွင့်လိုက်သည်နှင့် အမှောင်ထုကြီးကိုသာ အရင်ဆုံးမြင်တွေ့လိုက်ရသည်။ မြင်လေရာအကုန် မှောင်မိုက်နေသည်မို့ မယ်ပျင်းက ခေါင်းကုပ်ပြီးစဉ်းစားနေမိသည်။
“ဒီနေရာက ကျမ်းစာတိုက်ဆိုတာ ဟုတ်လို့လား၊ ခုနက ဘီလူးတွေများ ငါ့ကိုနေရာမှားပြီးပို့လိုက်တာလား”
ထို့နောက် မယ်ပျင်းက လက်ဝါးဖြန့်လိုက်ကာ မီးအလင်းရောင်တစ်ခုကိုဖန်တီးလိုက်သည်။ ထိုတော့မှ မယ်ပျင်းအရှေ့တွင် တောင်ကြီးတစ်လုံးကဲ့သို့ မြင့်မားလှသည့်ကျမ်းစာအထပ်ကြီးများကိုတွေ့မြင်လိုက်ရလေသည်။ ကျမ်းစာပုံကြီးမှာ မယ်ပျင်းအရပ်ထက် သုံးလေးဆမကပင် မြင့်မားလေသည်။ ကျန်သည့်နေရာများတွင်လည်း ကျမ်းစာများမှာ ဟိုတစ်ပုံ ဒီတစ်ပုံနှင့် ရှိနေကြသည်။ မယ်ပျင်းက မြောက်များလှစွာသော ကျမ်းစာများကိုကြည့်ရင်း ခေါင်းကုပ်နေမိသည်။
“ဒုက္ခပဲ၊ ဒီလောက်များတဲ့ ကျမ်းစာတွေထဲက ငါကဘယ်ကျမ်းကိုယူရမှာလဲ”
ကျမ်းစာအုပ်များအကြားတွင် လှည့်ပတ်သွားလာနေပြီးနောက် ကျမ်းစာများကိုကြည့်ရှုပြန်သော်လည်း မယ်ပျင်းက စာမတတ်သဖြင့် ကျမ်းစာအဖုံးတွင် ရေးထားသည်ကို မဖတ်တတ်ဘဲဖြစ်နေသည်။
“ဘာပဲပြောပြော ဒီနန်းဆောင်ကလူတွေက သန့်ရှင်းရေးသိပ်အားနည်းကြတာပဲ၊ ခုနကလည်း အခန်းက ဖုန်တွေအမှုန်တွေနဲ့ ရှုပ်ပွနေတာပဲ၊ အခု ဒီအခန်းကျတော့လည်း ကျမ်းစာထုပ်တွေကို ဖြစ်သလိုစီပြီး စုပုံထားပြန်ပါလား”
မယ်ပျင်းက ကျမ်းစာများအကြားသွားနေစဉ်မှာပင် အနောက်မှခြေသံများကိုကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်မိသည်။ သို့သော် မည်သည့်အရာများရှိမနေဘဲပိန်းပိတ်အောင်မှောင်နေသည့် အမှောင်ထုကြီးနှင့် ကျမ်းစာအုပ်အပုံကြီးများသာရှိသည်။
“ငါခြေသံတစ်ခုကြားလိုက်ရပါတယ်”
မယ်ပျင်းက ရေရွတ်လိုက်သည့်အခါတွင် သူ့နောက်ကျောဘက်တွင် ထပ်မံ၍ခြေသံများကိုကြားရပြန်သည်။ မယ်ပျင်းပြန်လှည့်ကြည့်သည့်အခါတွင်လည်း မည်သည့်အရာမှရှိမနေပေ။ နောက်ဆုံးတော့မယ်ပျင်းက မျက်စိကိုပိတ်လိုက်ပြီး အကြားအာရုံကိုစွင့်ထုတ်လိုက်လေသည်။ အခန်းကြီးက တိတ်ဆိတ်နေသည်မို့ နားထဲတွင်မည်သည့်အသံများမှ မကြားရပေ၊ သို့သော် ခဏအကြာတွင် ခြေသံတဒေါက်ဒေါက်ကိုထပ်ကြားရသည်။ မယ်ပျင်းက ထိုခြေသံကြားရာသို့ နားစွင့်နေမိသည်။ ခြေသံများမှာ လူခြေသံကဲ့သို့မဟုတ်ဘဲ ခြေထောက်များများဖြင့် ကြမ်းပြင်ပေါ်တွင် တဒေါက်ဒေါက်လျှောက်နေသည့်အသံဖြစ်သည်။
မယ်ပျင်းမှာ စူးစမ်းချင်သည့်စိတ်ကြောင့် ခြေသံများအနောက်သို့ နောက်ယောင်ခံလိုက်သွားသည်။ မကြာခင် ကျမ်းစာအုပ်ပုံများအကြားတွင် ပိုးဟပ်ကဲ့သို့ ခန္ဓာကိုယ်အောက်ပိုင်းရှိပြီး အပေါ်ပိုင်းတွင် လူကိုယ်ထည်ရှိသည့် သတ္တဝါကြီးတစ်ကောင်ကိုမြင်တွေ့လိုက်ရသည်။ ထိုသတ္တဝါကြီး၏ မျက်လုံးကြီးမှာ မီးမောင်းကြီးများထိုးထားသကဲ့သို့ လင်းလက်နေလေသည်။ မယ်ပျင်းလက်အတွင်းမှ မီးရောင်ကိုမြင်လိုက်ရသည့်အခါ ထိုသတ္တဝါကြီးက မယ်ပျင်းကိုလှည့်ကြည့်လိုက်သည်။
ပြီးသည့်နောက် မယ်ပျင်းထံသို့ပြေးလာလေသည်။ မယ်ပျင်းမှာ မိမိအားရန်မူရန်ပြေးလာသည်မို့ လက်မှစက်လက်နက်တစ်ခုဖြင့်ပစ်လွှတ်တိုက်ခိုက်လိုက်လေသည်။ ထိုစက်လက်နက်မှာ သတ္တဝါကြီး၏ မာကြောလှသည့်အကြေးခွံများကိုထိမိသည့်အခါ ပြန်ကန်ထွက်လာပြီးကျမ်းစာအုပ်တစ်ခုကို သွားရောက်ထိမှန်လေသည်။
“မင်းက ဒီမှာလာပြီးဖျက်ဆီးနေတာပဲသူခိုးလေး”
သတ္တဝါကြီးကအော်ဟစ်ပြီး မယ်ပျင်းအား သူ့ရှေ့ခြေများနှင့်တိုက်ခိုက်လေသည်။ ရှေ့ခြေများတွင် ကတ်ကြေးကဲ့သို့ချွန်ထက်နေသည့် ညှပ်ကြီးများရှိကာ တစ်ချပ်အညှပ်ခံလိုက်ရသည်နှင့် ကိုယ်တစ်ပိုင်းလုံးပြတ်ထွက်သွားမည့် သယောင်ဖြစ်နေသည်။
“ကျုပ်ဒီကိုခိုးဖို့လာတာမဟုတ်ဘူး”
မယ်ပျင်းက ပြောဆိုအော်ဟစ်ရင်း သတ္တဝါကြီး၏ လက်များကိုကုပ်ဖက်တွယ်တက်လိုက်ကာ မျက်နှာကိုလက်သီးဖြင့်ခပ်နာနာထိုးချလိုက်သည်။ သတ္တဝါကြီးမှာ နာကျင်စွာအော်ဟစ်လျှက်
“မင်း၊ မင်းဘယ်သူလဲ”
“ကျုပ်မယ်ပျင်းပဲ”
“ဒီကိုဘာလာလုပ်တာလဲ”
“ပညာအမက ကျမ်းစာအုပ်သွားယူခိုင်းလို့ လာယူတာ”
သတ္တဝါကြီးမှာ ထိုတော့မှပြုံးသွားပြီး
“ဒါဖြင့်လည်း စောစောက ပြောမှပေါ့၊ ကဲ ငါ့အနောက်လိုက်ခဲ့”
သတ္တဝါကြီးက မယ်ပျင်းအား သူ့လက်များဖြင့်ဆွဲခေါ်လိုက်ပြီးနောက် ကျောကုန်းပေါ်သို့တင်ကာ ကျမ်းစာပုံများအကြားတွင်သွားလာနေလသည်။ ထိုသတ္တဝါကြီး၏ ခါးအထက်ပိုင်းမှာ လူပုံစံအသွင်ဖြစ်ကာ လူလက်နှစ်ဖက်လည်းပါဝင်သည်။ မျက်နှာမှာလည်း နှာခေါင်းရှည်ရှည်နှင့် အဘိုးကြီးတစ်ဦးအသွင်ဖြစ်ကာ ခေါင်းပေါင်းတစ်ခုကိုလည်း ပေါင်းထားသေးသည်။
“ငါ့ကျမ်းစာတိုက်ကို လူမလာတာကြာတော့ ငါကမင်းကို သူခိုးလို့ပဲထင်နေတာပါ၊ ကဲ မင်းက ဘာကျမ်းလိုချင်တာလဲ”
“မန္တန်ကျမ်းတစ်စောင်လိုချင်တာပါ”
“မန္တန်ကျမ်းလောက်နဲ့များ ကျမ်းစာတိုက်ကိုလာရတယ်တဲ့လား၊ သူများဆီက ငှားလိုက်ရင်ပြီးတာပဲကို”
“မသိဘူးလေ၊ အမဒေဝီက သွားယူဆိုတော့လည်း လာရတာပေါ့”
“ဒါဆို ဒေဝီကမင်းကိုလာယူခိုင်းတာပေါ့ ဟုတ်လား”
“အဲဒါဘာထူးဆန်းလို့လဲ”
“မဟုတ်ပါဘူး အရင်ကလည်း ကလေးမလေးတစ်ယောက်ကို ဒေဝီက ဒီလိုပဲ လွှတ်ပြီးယူခိုင်းလိုက်သေးတယ်၊ အခုလည်း မင်းကိုဒီကိုတစ်ယောက်တည်း ထပ်လွှတ်ပြန်ပြီ”
မယ်ပျင်းမှာထူးဆန်းသွားပြီး
“အဲဒီကလေးမလေးက ဘယ်သူလဲ”
“ငါလည်း သူ့နာမည်မသိဘူး၊ သူ့ကိုမတွေ့တာတော့ အတော်ကြာပြီ၊ သြော် ဒါနဲ့ငါ့ကိုလည်းမှတ်ထားအုံးနော်၊ ငါ့နာမည်က စာဂျပိုးတဲ့”
မယ်ပျင်းက ခွိခနဲရယ်လိုက်မိလေသည်။
“ဘာလဲ စာဂျပိုးဆိုတဲ့နာမည်က ရယ်စရာကောင်းနေလို့လား”
“ရယ်စရာကောင်းတာပေါ့ ဘိုးဘိုးရဲ့”
စာဂျပိုးဘိုးဘိုးမှာ ကျမ်းစာအုပ်များကိုမွှေနှောက်ရှာဖွေနေလေသည်။ မယ်ပျင်းက ကျမ်းစာများကိုကြည့်ပြီး
“ဘာဖြစ်လို့ ကျမ်းစာတွေ ဒီလောက်များရတာလဲ၊ ပြီးတော့လည်း မှောင်မဲနေတာပဲ”
“ကျမ်းစာဆိုတာ အလင်းရောင်နဲ့မတွေ့လေ ကောင်းလေပဲ၊ အလင်းရောင်နဲ့တွေ့တဲ့အခါ ကျမ်းစာတွေမှာရေးထားတဲ့ စာသားတွေကို အလင်းရောင်က လျှက်ပြီးတော့ စာတွေက ပါးသွားတတ်တယ်”
“ဘိုးဘိုးပြောတာလည်း အထူးအဆန်းပါပဲလား”
မကြာခင် စာဂျပိုးဘိုးဘိုးက ကျမ်းစာထုပ်တစ်ခုကိုယူလိုက်ကာ မျက်လုံးမှအလင်းရောင်များနှင့်အသေအချာဖတ်ကြည့်လိုက်သည်။
“တွေ့ပြီ၊ ဟောဒါက မန္တန်ကျမ်းတစ်စောင်ပဲ၊ ဒါကိုယူသွားလိုက်တော့”
မယ်ပျင်းက ကျမ်းစာထုပ်ကိုပိုက်လိုက်သည့်အခါ စာဂျပိုးဘိုးဘိုးက မယ်ပျင်းအား ကျမ်းစာတိုက်အဝင်ဝသို့ပြန်ပို့ပေးလိုက်သည်။ အဝင်ဝသို့ရောက်သည့်အခါ တံခါးပေါက်နံဘေးနားတွင် တွဲလောင်းကျနေသည့် ကြိုးတစ်ချောင်းကိုလက်ညှီုးထိုးပြပြီးနောက်
“နောက်ဆို တစ်ခုခုလိုချင်တာရှိရင် ဟောဒီကြိုးကိုဆွဲပြီးဝင်လာခဲ့၊ ကြိုးမဆွဲဘဲ ခုနကလိုဝင်လာခဲ့လို့ကတော့ ထောင်သောင်းချီတဲ့ ကျမ်းစာဝင်္ကပါထဲမှာ တစ်သက်လုံးပျောက်ရင်ပျောက်သွားမယ်၊ ဒါမှမဟုတ်လို့ကတော့ ငါကသူခိုးဆိုပြီး သတ်လို့သေမှာပဲ”
“ဟုတ်ကဲ့ပါ ဘိုးဘိုး”
မယ်ပျင်းမှာ ကျမ်းစာထုပ်ပိုက်ပြီး တံခါးမှပြန်ထွက်လာခဲ့သည်။ တံခါးအပြင်ရောက်သည့်အခါ ဘီလူးကြီးအား သင်ကြားရေးအခန်းသို့သွားမည်ဟုဆိုကာ အခန်းအတွင်းပြန်ဝင်လာခဲ့သည်။
ဒေဝီက မယ်ပျင်းဝင်လာသည်ကို သတိထားမိပုံမရသေးပေ၊ သင်ကြားရေးအခန်းကြီးအတွင်း လက်ညှိုးတစ်ချောင်းထောင်ကာ စဉ်းစားနေလေသည်။
“ဟိုနေရာမှာတော့သလွန်ကြီးထားမယ်”
ထိုသို့ရေရွတ်လိုက်ကာ တစ်နေရာသို့လက်ညှိုးထိုးလိုက်သည့်နောက် ထိုနေရာတွင် သလွန်ကြီးတစ်ခုပေါ်လာခဲ့လေသည်။ မယ်ပျင်းက ချောင်းဟန့်သံပြုလိုက်သည့်အခါမှ ဒေဝီက မယ်ပျင်းအားလှည့်ကြည့်ပြီး
“မင်းတောင်ရောက်လာပြီကိုး ဘယ်လိုလဲ ကျမ်းစာတိုက်ကိုရောက်ခဲ့သေးတယ်မဟုတ်လား”
မယ်ပျင်းက ခေါင်းညိတ်ပြလိုက်ပြီး လက်ထဲပိုက်လာသည့် ကျမ်းစာကိုချပေးလိုက်လေသည်။
“ရော့ အဲဒါမန္တန်ကျမ်းဆိုတာပဲ”
ဒေဝီက ခပ်ယဲ့ယဲ့ကလေးပြုံးလိုက်ပြီး
“ကျမ်းရလာပြီဆိုတော့ လေ့လာရမှာမင်းရဲ့အပိုင်းပဲလေ”
“ကျုပ်မှစာမဖတ်တတ်တာ၊ ဒီကျမ်းကိုဘယ်လိုလုပ်ပြီး လေ့လာနိုင်မှာလဲ”
ဒေဝီမှာ နဖူးကိုလက်ဝါးနှင့်ရိုက်ချလိုက်ပြီး
“သေပါတော့ဟယ်၊ စာမတတ်တဲ့နင့်ကို မန္တန်တွေဘယ်လိုသင်ပေးရမပါ့မလဲ”
“ကျုပ်က စာမဖတ်တတ်ပေမယ့် နားတော့ထောင်တတ်ပါတယ်၊ အရှေ့ကနေတိုင်ပေးရင် အနောက်ကနေလိုက်ဆိုမှာပေါ့”
ဒေဝီက စိတ်မပါတပါဖြင့် မန္တန်ကျမ်းကို ကောက်ယူလိုက်ပြီး သလွန်တွင်ထိုင်ချလိုက်သည်။ ကျမ်းထုပ်ကိုဖြေရင်း ပထမစာမျက်နှာကိုကြည့်လိုက်ကာ
“ကဲ လိုက်ဆို၊ အရင်ဆုံးသင်မယ့် မန္တန်ကတော့ ကိုယ့်ရဲ့ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ မှော်စွမ်းအင်တွေကို နိုးကြားအောင် နှိုးယူပေးမယ့် မန္တန်ပဲ”
ဒေဝီက ပြောဆိုပြီးနောက် မယ်ပျင်းအား မန္တန်တိုင်ပေးရန် ပါးစပ်ကိုဟလိုက်သည်။ သို့သော် သူ့ခေါင်းထဲသို့ အတွေးတစ်ခုဝင်ရောက်လာခဲ့သည်။
“သူက စာဖတ်တတ်တာမှမဟုတ်တာ၊ ငါသင်ပေးတဲ့ မန္တန်တွေ ဟုတ်သလား မဟုတ်သလားဆိုတာကို သူသိမှာမဟုတ်ဘူး၊ ဒီတော့ အကောင်းသင်ပေးမယ့်အစား မန္တန်တွေကို မဟုတ်တာတွေပြောပြီး သင်ပေးရင် သူကမှန်မမှန် မသိဘဲ လိုက်ဆိုအုံးမှာပဲ”
ဒေဝီကတွေးလိုက်မိရင်း တစ်ချက်ပြုံးရယ်လိုက်လေသည်။ မယ်ပျင်းက ဒေဝီကိုအကဲခတ်ကြည့်နေသည်မို့ ဒေဝီက မျက်နှာကိုတည်လိုက်ရင်း
“ကဲ လိုက်ဆိုနော်၊ မန္တန်ဆိုတာ ရွတ်ဖတ်မှုဖြစ်လို့ ဌာန်ကရိုဏ်းကျကျ အသံနေအသံထားနဲ့ ရွတ်ဖတ်နိုင်ဖို့လိုတယ်၊ ငါဆိုတဲ့အတိုင်း အနောက်ကနေ တစ်သွေမတိမ်းလိုက်ဆိုစမ်း”
ဒေဝီက ပြောဆိုပြီးသည့်နောက် မယ်ပျင်းအား မန္တန်များကို သင်ကြားပေးလေသည်။ သို့သော်လည်း မယ်ပျင်းမတတ်မြောက်စေရန်အတွက် မန္တန်များရှိ အချို့စာသားများကို ကျော်ချပြီးသင်ပေးသကဲ့သို့ အချို့စာသားများကိုလည်း မဟုတ်မမှန်သည့်စာသားများဖြင့် အစားထိုးကာ သင်ကြားပေးလေသည်။
(၃)
ညည့်နက်လာပြီဖြစ်သည်။ မယ်ပျင်းမှာ အိပ်ရန်ပြင်ဆင်နေစဉ် မယ်အိုနှင့််စကားပြောဖြစ်သည်။
“ကဲ ဒီညရော ပုံပြင်ပြောပြရအုံးမလား”
မယ်ပျင်းက ခေါင်းခါလိုက်ပြီးနောက် ငွေသင်ဖြူးပေါ်တွင်ထိုင်ချလိုက်ကာ
“ဒါနဲ့ ဒီခေါင်းအုံးကတစ်မျိုးပဲနော်”
မယ်အိုက ရယ်လျှက်
“အဲဒီခေါင်းအုံးကို မွေ့လျော်ခေါင်းအုံးလို့ခေါ်တယ်၊ ခေါင်းအုံးကို အုံးပြီးအိပ်လိုက်တဲ့အချိန်မှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ကိုယ့်စိတ်ထဲကရှိတဲ့အတိုင်းဖြစ်ပေါ်စေတယ်၊ အိပ်မက်ထဲမှာ ကိုယ်သွားချင်တဲ့အရပ်ကိုရောက်နိုင်သလို ကိုယ်တွေ့ချင်တဲ့လူတွေနဲ့တွေ့ပြီးတော့ ကိုယ်ဖြစ်ချင်တာတွေကိုဖြစ်ပေါ်စေတဲ့အစွမ်းရှိတယ်”
“ဒါဆို ညက အမေ့ကိုနတ်ပြည်မှာတွေ့လိုက်ရတာက တကယ်မဟုတ်ဘူးပေါ့”
“မင်းအမေက မသေသေးဘူးမဟုတ်လား၊ အဲဒါတွေက တကယ်မဟုတ်ပါဘူး၊ ခေါင်းအုံးကိုအုံးလိုက်တဲ့အခါ ခေါင်းအုံးရဲ့အစွမ်းနဲ့ဖန်တီးထားတဲ့ အိပ်မက်တစ်ခုပါ”
“ဒါဆို ဘာကြောင့်ဒီခေါင်းအုံးတွေနဲ့ အိပ်ရတာလဲ”
“အိပ်စက်ခြင်းဆိုတာ လူသားတွေအတွက်အရေးကြီးသလို စုန်းတွေအတွက်တော့ ပိုပြီးအရေးကြီးတယ်ကွဲ့၊ အိပ်စက်နေတဲ့အချိန်မှာ မှော်စွမ်းအင်တွေကို စုစည်းနိုင်ပြီးတော့ ကုန်ဆုံးသွားတဲ့စွမ်းအင်တွေကိုလည်း ပြန်ပြီးဖြည့်ဆည်းပေးတယ်မဟုတ်လား၊ စုန်းပညာဆိုတာ စိတ်နဲ့ဆိုင်တဲ့ပညာတစ်ခုဖြစ်တော့ ကိုယ့်စိတ်ကြည်လင်နေဖို့ ရှင်းလင်းနေဖို့အတွက်က ခေါင်းကြည်နေဖို့လိုအပ်တယ်၊ ဒါကြောင့် ကောင်းမွန်တဲ့အိပ်စက်မှုလိုအပ်တာပေါ့၊ ကောင်းကောင်းနဲ့ကြာကြာအိပ်နိုင်ဖို့ဆိုတာ အိပ်မက်ကောင်းမက်မှမဟုတ်လား၊ အိပ်စက်ခြင်းကို အနှောင့်အယှက်အဖြစ်စေနိုင်အောင်လို့ မယ်တော်ကိုယ်တိုင် စီမံပေးထားတဲ့ မွှေ့လျော်ခေါင်းအုံးတွေပဲ”
မယ်ပျင်းမှာခေါင်းအုံးပေါ်သို့အိပ်ချလိုက်လေသည်။ တစ်နေကုန်ပင်ပန်းထားသည်မို့ မကြာခင်အချိန်အတွင်းမှာပင် မယ်ပျင်းမှာအိပ်မောကျသွားသည်။
အိပ်မက်ထဲတွင်တော့ ရွာကိုပြန်ရောက်နေလေသည်။ ရွာအပြင်တွင် ရွှေဝါရောင်လွှမ်းနေသည့် လယ်ကွင်းကြီးများရှိသည်။ ထိုလယ်ကွင်းကြီးများအလယ်တွင် လှည်းကြီးတစ်စီးရှိကာ လှည်းပေါ်တွင်မယ်ပျင်းက ထိုင်စီးနေလေသည်။ လှည်းကိုမောင်းနှင်နေသူမှာ ဗိုလ်ကျော်စွာဖြစ်နေပြီး လှည်းအနောက်တွင်တော့ အဘွားဖြစ်သူ ကြီးဒေါ်ရှင်က ထိုင်လျှက်လိုက်ပါလာသည်။ မယ်ပျင်းက ကြီးဒေါ်ရှင်အားထွေးပွေ့ဖက်လိုက်သည့်အခါ သူတို့အရှေ့တွင်သူကြီးဦးရွှေမောင်က ထိုင်နေရင်း ပြုံးလျှက်ငေးကြည့်နေလေသည်။
အရှေ့ဘက် ရွာအဝင်လမ်းတွင်တော့ မမယ်ဖြူက မတ်တပ်ရပ်နေကာ မယ်ပျင်းကိုပြုံးလျှက်ကြည့်နေသည်။ မယ်ပျင်းမှာ မမယ်ဖြူအားတွေ့သည့်အခါပျော်ရွှင်သွားပြီး လှည်းပေါ်မှခုန်ဆင်းချလိုက်သည်။ ပြီးသည့်နောက် မမယ်ဖြူထံသို့အပြေးသွားလိုက်ပြန်သည်။ ထိုအခိုက် နားထဲတွင်ငိုသံတစ်ခုကိုကြားလိုက်ရသည်။ မယ်ပျင်းမှာ ထိုငိုသံကြားသည့်အခါ အမှတ်တမဲ့နှင့်အနောက်သို့လှည့်ကြည့်လိုက်မိသည်။ ထိုအချိန်မှာပင် လယ်ကန်သင်းရိုးတစ်ခုနှင့်ခြေထောက်တိုက်မိပြီး အရှေ့သို့ဟပ်ထိုးလဲကျသွားကာ အိပ်ပျော်နေရာမှ လန့်နိုးသွားသည်။
“လာပြန်ပြီ ဒီငိုသံပဲ”
နန်းဆောင်တစ်ခုလုံးရှိ မိန်းကလေးများမှာ တန်းစီ၍အိပ်စက်နေကြသော်လည်း မယ်ပျင်းတစ်ယောက်သာလန့်နိုးသွားသည်။ ငိုသံသဲ့သဲ့မှာ နန်းဆောင်အပြင်ဘက်မှ တိုးတိုးကလေးကြားနေရသည်။
“မိပိန်ပဲဖြစ်မယ်”
မယ်ပျင်းက ရေရွတ်ပြီးအိပ်စက်နေရာမှပြေးဆင်းလာခဲ့သည်။ နန်းဆောင်မှဆင်းသည့်လှေကားကြီးဆီသို့ရောက်သည့်အခါတွင် ထင်သည့်အတိုင်းပင် မိပိန်က ဒူးနှစ်ဖက်ထောင် မျက်နှာအုပ်လျှက်ခွေခွေကလေး ငိုကြွေးနေပြန်သည်။ မယ်ပျင်းက မိပိန်နံဘေးသို့သွားလိုက်ကာ ထိုင်ချလိုက်သည်။
“နင်ငိုနေပြန်ပြီလား မိပိန်”
“ဟင် မယ်ပျင်းပါလား”
“ဘာလဲ အခုရော နင့်မိဘတွေကိုလွမ်းနေတုန်းပဲလား”
မိပိန်က ခေါင်းညိတ်လိုက်ကာ ထပ်မံငိုကြွေးနေပြန်သည်။
“ဒါနဲ့ မိပိန် နင့်ကိုငါမေးစရာရှိတယ်၊ နင်ကဘာဖြစ်လို့နန်းဆောင်ထဲမှာ မနေတာလဲ”
မိပိန်မှာဘာမှမပြောဘဲ ဆက်သာငိုနေလေသည်။
“ပြီးတော့ နင်က လူမဟုတ်ဘူးဆို”
ထိုစကားမေးလိုက်သည့်အခါ မိပိန်က မယ်ပျင်းအားလှည့်ကြည့်ပြီးနောက် ပါးစပ်ပြဲကြီးနှင့်အော်ထည့်လိုက်လေသည်။ မိပိန်၏ ပါးစပ်ကြီးမှာ အောက်သို့တဖြည်းဖြည်းရှည်ကျလာပြီး မျက်တွင်းကြီးများမှာလည်း နက်လာကာ မကောင်းဆိုးဝါးမျက်နှာကြီးသဖွယ်ဖြစ်သွားသည်။ မိပိန်၏လက်များမှာလည်း စာခြောက်ရုပ်ကဲ့သို့ပိန်ပိန်ရိုးရိုးဖြစ်သွားကာ လက်သည်းရှည်ကြီးများလည်းထွက်ပေါ်လာလေသည်။ မယ်ပျင်းကိုကြည့်ကာ အလွယ်ကျယ်လောင်သည့် အသံကြီးဖြင့် အော်ဟစ်နေလေရာ မယ်ပျင်းမှာ နားမခံသာတော့သည့်အတွက်ကြောင့် နားကိုလက်နှစ်ဖက်နှင့်ပိတ်ထားလိုက်ရသည်။
“တော်ပါတော့မိပိန်ရာ နင်စိတ်ဆိုးသွားတာလား”
မိပိန်မှာအော်ဟစ်ရင်း လှေကားအတိုင်းတက်ပြေးလေသည်။ မယ်ပျင်းမှာ မိပိန်အနောက်သို့အပြေးလိုက်လာခဲ့သည်။ ငွေရောင်နန်းဆောင်ကြီးအတွင်းသို့ရောက်သည့်အခါ မိပိန်မှာ မိန်းကလေးများအိပ်စက်နေသည့် အိပ်ဆောင်ဘက်သို့ပြေးပြန်သည်။ ပြေးရင်းလွှားရင်းနှင့်လည်း ကျယ်လောင်စူးရှသည့်အသံကြီးနှင့်အော်ဟစ်ကာ ပြေးနေသည်။ မိန်းကလေးများအိပ်စက်သည့်နေရာသို့ရောက်သော်လည်း အခြားလူများမှာ ထိုငိုသံကိုမကြားရသည့်နှယ် အေးအေးလူလူအိပ်စက်နေကြသည်။ အိပ်ဆောင်တစ်နေရာသို့ရောက်သည့်အခါ မိပိန်မှာ ပျောက်ခြင်းမလှပျောက်သွားလေသည်။
“မိပိန် . . . မိပိန်၊ နင်ဘယ်မှာလဲ”
မယ်ပျင်းမှာလိုက်လံရှာဖွေသော်လည်း မိပိန်ကိုအရိပ်အယောင်ပင်မမြင်ရတော့ပေ၊ နန်းဆောင်အတွင်းအော်ဟစ် ခေါ်ရင်း နန်းဆောင်အပြင်သို့ပြန်လည်ပြေးထွက်လာသည့်အခါ အဝင်ဝတံခါးအနီးတွင် မယ်အိုနှင့်ဝင်တိုက်တော့သည်။ မယ်အိုမှာလည်း မယ်ပျင်းနှင့်တိုက်မိသဖြင့် ယိုင်လဲသွားသည်။
“ဟဲ့ မယ်ပျင်း၊ အခုအချိန်အထိ မအိပ်သေးဘဲနဲ့ ဘာလုပ်နေတာလဲ”
“မိပိန် . . . မိပိန်ကိုလိုက်ရှာနေတာ”
ထိုအခါ မယ်အိုက မျက်နှာကွက်ခနဲပျက်သွားလေသည်။
“ဘာမိပိန်လဲ ဘယ်ကမိပိန်လဲ”
“ပိန်ပိန်ပါးပါးနဲ့ အဖေနဲ့အမေကိုလွမ်းတယ်ဆိုပြီးတော့ ငိုယိုနေတဲ့မိပိန်လေ”
မယ်အိုက မယ်ပျင်းလက်မောင်းအားဆွဲချုပ်လိုက်ကာ
“တော်စမ်းပါမယ်ပျင်းရယ်၊ ဟောဒီနန်းဆောင်ထဲမှာ ဘာမိပိန်မှမရှိပါဘူး၊ ကဲ လာ ကိုယ်အိပ်တဲ့နေရာမှာ သွားပြန်ပြီးအိပ်ချေ”
မယ်အိုက ဆွဲခေါ်လာသဖြင့် မယ်ပျင်းမှာတရွတ်တရွတ်နှင့်လိုက်လာခဲ့ရသည်။ မယ်အိုက မယ်ပျင်းအား အိပ်ရာသင်ဖြူးထက်တွင်နေရာချပေးလိုက်ပြီး
“ကဲ မယ်ပျင်း၊ ဟိုဟိုဒီဒီတွေ လျှောက်မသွားနေနဲ့၊ အိပ်စရာရှိတာ အိပ်တော့”
မယ်ပျင်းမှာ မကျေနပ်သေးသော်လည်း မယ်အိုကကြည့်နေသဖြင့် မျက်လုံးအစုံကို မှိတ်ချလိုက်လေသည်။ သို့သော်စိတ်ထဲတွင်တော့ အခဲမကျေသေးဘဲ မိပိန်အကြောင်းကိုစဉ်းစားနေမိသည်။
“မိပိန်ဆိုတာဘယ်သူလဲ၊ သူက ဘာဖြစ်လို့လူမဟုတ်ရတာလဲ”
စဉ်းစားနေရင်း မယ်ပျင်း၏ မျက်ခွံများလေးကျလာကာ အိပ်ပျော်သွားလေတော့သည်။
အိပ်မက်ထဲတွင်တော့ ရေတဝေါဝေါနှင့်စီးဆင်းနေသည့် စမ်းချောင်းကလေးတစ်ခုအနီးသို့ရောက်လာခဲ့သည်။ စမ်းချောင်းကလေးမှာ တောင်ကျချောင်းကလေးတစ်ခုဖြစ်မည်ထင်ရပြီး ကြည်စိမ်းပြာလဲ့နေသည့် ရေများကစီးဆင်းနေသည်။ စမ်းချောင်းကလေးနံဘေးတွင်တော့ မိန်းကလေးတစ်ယောက်က စမ်းချောင်းမှရေများကို ဆော့ကစားနေသည်ကိုတွေ့ရသည်။
“ဟင်၊ အဲဒါ မိပိန်ပဲ”
မယ်ပျင်းက ရေရွတ်လိုက်ကာ မိပိန်ထံသို့ပြေးသွားလိုက်သည်။ ရေဆော့ကစားနေသည့် မိပိန်မှာ မယ်ပျင်းကိုတွေ့သည့်အခါ အလွန်ထိတ်လန့်အံ့သြသွားလေသည်။
“မိပိန် ၊ ငါလေ မယ်ပျင်းလေ”
မိပိန်က ခေါင်းခါလျှက်
“မဟုတ်ဘူး၊ မလာနဲ့၊ ငါ့ဆီကိုမလာနဲ့”
“ငါပါဟ မိပိန်ရ၊ ငါနင့်ကိုဘာမှမလုပ်ပါဘူးဟာ”
မိပိန်က စမ်းချောင်းနံဘေးမှထကာ အနောက်သို့လှည့်ပြန်ထွက်ပြေးလေသည်။ မယ်ပျင်းက မိပိန်အနောက်သို့ပြေးလိုက်ရန်အတွက် စမ်းချောင်းအတွင်းသို့ဆင်းလိုက်သော်လည်း အရှေ့တွင်မမြင်နိုင်သည့် အရာတစ်ခုက မယ်ပျင်းအားတားဆီးထားသဖြင့် ပြေးလွှားမရဘဲဖြစ်နေသည်။
“မိပိန်၊ နင်ဘယ်ကိုပြေးတာလဲ၊ ငါ့ကိုစောင့်ပါအုံး၊ ငါလာချင်တယ်”
“မလာနဲ့မယ်ပျင်း မလာနဲ့၊ နင်ကအခု ခေါင်းအုံးထဲက ကမ္ဘာတစ်ခုထဲကိုရောက်နေတာ၊ နင်အခုရောက်နေတဲ့နေရာက အဲဒီခေါင်းအုံးက ဖန်တီးထားတဲ့ ကမ္ဘာအတုနဲ့ အပြင်လောကနဲ့ကို ပိုင်းခြားထားတဲ့ စမ်းချောင်းကလေးပဲ”
“ဒါဆိုရင်လည်း ငါတို့ဒီလိုပဲပြောကြရအောင်လေ၊ နင်ဘာကြောင့် ဒီလိုငိုနေတာလဲ၊ နင်ဘာဖြစ်လို့ ဒီလိုဖြစ်သွားခဲ့တာလဲ”
မိပိန်က ခေါင်းခါလျှက်
“ငါဒီထဲမှာ မပြောချင်ဘူး မယ်ပျင်း၊ ဒီခေါင်းအုံးတွေက မယ်တော်ကိုယ်တိုင်ထိန်းချုပ်ထားတဲ့ ခေါင်းအုံးတွေပဲ၊ ဒီအထဲက ကမ္ဘာက အစစ်မဟုတ်ဘူး၊ အကုန်လုံးက အတုအယောင်တွေပဲ၊ နင်သိချင်ရင်တော့ မနက်ဖြန်ညဘက်နင်နဲ့ငါနဲ့တွေ့နေကျ လှေကားကိုလာခဲ့”
“ဟုတ်ပြီ ငါလာခဲ့မယ်၊ ဒါပေမယ့် နင်ကဘာဖြစ်လို့ လူမဟုတ်ဘူးလို့ပြောလိုက်ရင် အော်အော်ပြီးပြေးတာလဲ”
မယ်ပျင်းမေးလိုက်သည့်အခါ မိပိန်မှာမျက်လုံးပြူးကြောင်ကြီးဖြင့် တုန်တုန်ယင်ယင်ဖြစ်နေလေသည်။ ပြီးနောက် နှုတ်ခမ်းများတုန်ယင်လာကာ
“လူမဟုတ်ဘူး . . . ငါကလူမဟုတ်ဘူးတဲ့လား”
ထိုသို့ရေရွတ်ရင်း မိပိန်မှာ စမ်းချောင်းတစ်ဖက်ကမ်းရှိ ကိုင်းတောကြီးအတွင်းသို့ ပြေးဝင်သွားကာ ပျောက်ကွယ်သွားတော့သည်။
“တကယ်ပဲ မိပိန်က ဘာများလဲ”
မယ်ပျင်းမှာရေရွတ်နေမိသည်။