စာစဉ်(၃၇)
(၁)
ရှင်ထူးတစ်ယောက် ပုံတောင်ပုံညာတောင်တန်းကြီးတွင် ပုန်းအောင်းနေသည့်အချိန်တွင် တောင်ကြီးနှစ်လုံး၏အလယ်ရှိ ကျောရွာဟုအမည်ရသည့် ရွာကလေးတစ်ရွာအနီးတွင် ကျားဆိုးကြီးတစ်ကောင်သောင်းကျန်းနေလေသည်။ ကျားဆိုးကြီးမှာ ကျောရွာနှင့်အနီးတစ်ဝိုက် ရွာစဉ်များသို့လှည့်လည်ကာ လူသားများကိုတစ်နေ့တစ်ယောက်ကျဖမ်းဆီးစားသောက်နေလေရာ ရွာခံပြည်သူများမှာ အလွန်ကြောက်ရွံ့နေကြလေသည်။
ရှင်ထူးပုံတောင်ကြီးပေါ်ရောက်နေသည့်အချိန်မှာပင် ထိုညတွင် ကျားကြီးမှာ ကျောရွာအားဝင်မွှေလေသည်။ ထိုကျားကြီးမှာ ကလေးမိခင်တစ်ဦး၏ အနောက်သို့အပြေးလိုက်လာခဲ့သည်။ ကလေးမိခင်မှာ တစ်နှစ်သားကလေးကို ရင်ခွင်တွင်ပိုက်လျှက် တောအုပ်အတွင်းတွင် လှည့်ပတ်ပြေးလွှားနေသည်ကို ရှင်ထူးကတွေ့ရှိသွားလေသည်။ ကလေးမိခင်အနောက်တွင်တော့ ကိုးတောင်ရှိသည့်ကျားကြီးမှာ ကလေးမိခင်အား ကလူကျီစယ်ဆော့ကစားလျှက် အပြေးလိုက်လာခဲ့လေရာ ရှင်ထူးက မနေနိုင်နေတာ့သည်မို့ ကလေးမိခင်ကို ဝင်ကယ်ရလေသည်။
သို့သော် ထိုကျားမှာ သာမန်ကျားတစ်ကောင်မဟုတ်ဘဲ စုန်းကျား၊ စီးတော်ကျားကြီးဖြစ်နေလေသည်။ သို့သော်လည်း ရှင်ထူးက ထိုကျားအားစုန်းပညာဖြင့် နှိမ်နင်းလိုက်လေရာ ကျားကြီးမှာ မရှုမလှခံစားရပြီး ထွက်ပြေးရတော့သည်။ ထိုဒေသတစ်ဝိုက်မှ ရွာခံများလည်း ရှင်ထူးမှာ ကျားကိုခြောက်လှန့်မောင်းထုတ်ပေးသည့် လူစွမ်းကောင်းတစ်ဦးဟု သတ်မှတ်လိုက်ကြကာ တရိုတသေဆက်ဆံကြသည်။
ထိုစဉ်က အနောက်အရပ်ကိုအုပ်ချုပ်နေသည့် မယ်တော်မှာ ငန်းတော်သခင်မြွေနက်ရှင်ဖြစ်သည်။ မြွေပညာများကိုတစ်ဖက်ကမ်းခတ်တတ်မြောက်သည့် စုန်းကဝေမယ်တော်ကြီးဖြစ်ကာ သူ၏နတ်လက်နက်မှာတော့ မြွေနဂါးနှစ်ကောင်အမြီးချင်းဆက်နေသည့် မြွေနဂါးခြုံလွှာထည်ဖြစ်သည်။ ရှင်ထူးတစ်ယောက် အနောက်အရပ်တွင် မင်းပြစ်မင်းဒဏ်ကြောင့် ပုန်းအောင်းနေသည့်အကြောင်းကို ကြားရသည့်အခါ မဏိစည်သူမင်းကြီးအမိန့်နှင့် ရှင်ထူးအားလာရောက်ဖမ်းဆီးလေသည်။
ရှင်ထူးမှာ ယောနယ်ဒေသခံများ၏ ဆောက်လုပ်ပေးသည့် တဲနန်းကြီးတွင် နေထိုင်နေသည့်အချိန် ငန်းတော်မြွေနက်ရှင်က ရောက်ရှိလာခဲ့လေသည်။
“ဟဲ့စုန်းမ၊ မင်းကို ရေမြေ့သနင်းပြည့်ရှင်မင်း မင်းမိန့်အာဏာနဲ့ဖမ်းဆီးခိုင်းထားတာမို့ ငါမင်းကိုဖမ်းဆီးရလိမ့်မယ်၊ ဒါကြောင့် မင်းအေးအေးလူလူနဲ့ ပညာစက်တွေအဖြတ်ခံပြီး ငါနဲ့အတူတူလိုက်ရင်လိုက်ခဲ့၊ မဟုတ်ရင်တော့ မင်းနာကျင်ရလိမ့်မယ်ဟဲ့”
မဟုတ်မခံရှင်ထူးမှာ မြွေနက်ရှင်စကားကြားသည့်အခါ အလွန်ဒေါသထွက်သွားပြီး
“အောင်မာ၊ ရှင်စွမ်းရင် အရှေ့တိုးလာခဲ့လိုက်စမ်းပါလား”
မြွေနက်ရှင်မမှာ ရှင်ထူးအား စက်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်လေသည်။ ရှင်ထူးလက်ထဲတွင် ရှိနေသည့်လက်နက်မှာလည်း နတ်မင်းများကဆက်သထားရသည့် နတ်ပန်းပဲဖိုထွက် ကျောက်စီဓါးနက်ဖြစ်နေလေရာ ရှင်ထူးက မြွေနက်ရှင်ပစ်လွှတ်သမျှ စက်လက်နက်များကို တားဆီးခုတ်ဖြတ်ချလိုက်သည်။
မြွေနက်ရှင်မှာ တစ်ဖန် အလွန်အဆိပ်ပြင်းသည့် စုန်းမြွေစိမ်းတစ်ကောင်နှင့်ပစ်ခတ်တိုက်ခိုက်ပြန်သည်။ စုန်းမြွေစိမ်းကိုမြင်လျှင် ရှင်ထူး၏ရင်အတွင်းဝယ် အလွန်သနားကျင်နာသွားမိသည်။ စုန်းမြွေစိမ်းမှာ ခေါင်းထောင်လျှက် ရှင်ထူးအားပေါက်သတ်ရန်ကြိုးပမ်းနေသော်လည်း ရှင်ထူးက မြွေအားကြည့်လျှက်
“သနားစရာမြွေကလေးပါလား မြွေဖြစ်နေရဲ့သားနဲ့ တခြားမြွေတွေလို လွတ်လွတ်လပ်လပ်မနေရဘဲ သူများခိုင်းသမျှ လုပ်နေရတဲ့မြွေကလေးပါလား”
ရှင်ထူးမှာ ထိုသို့ရေရွတ်ပြီး မြွေကလေးအားစိုက်၍သာကြည့်နေလေသည်။ မြွေစိမ်းမှာ ရှင်ထူးအားမပေါက်သေးဘဲ အပြန်ပြန်အလှန်လှန်ကြည့်နေကာ ရပ်တန့်နေလေသည်။ ငန်းတော်ရှင်မမှာ မြွေစိမ်းကိုလက်ညှိုးထိုးလိုက်ပြီး
“ဟဲ့မြွေစိမ်းမ၊ ညည်းငါခိုင်းတဲ့အတိုင်း သူ့ကိုသတ်လိုက်ပါတော့လား၊ ညည်းငါ့အမိန့်ကိုလွန်ဆန်မယ်ဆိုရင်တော့ ညည်းကို ညှင်းပန်းတဲ့နည်းလမ်းအမျိုးမျိုးနဲ့ ငါနှိပ်စက်ပစ်မယ်”
မြွေနက်ရှင်ပြောသည့်အခါ မြွေစိမ်းမှာ မြွေနက်ရှင်အားတစ်ချက်လှည့်ကြည့်ပြီးသည့်နောက် ရှင်ထူးအနီးသို့တိုးသွားကာ ရှင်ထူးအားပွတ်သပ်နေလေသည်။ ရှင်ထူးကလည်း မြွေစိမ်းကလေးကို မေတ္တာရှိသည်မို့ မြွေ၏ဦးခေါင်းကို လက်နှင့်သပ်ပေးနေလိုက်သည်။ ထိုမြင်ကွင်းကို မြွေနက်ရှင်မြင်သည့်အခါ အလွန်ဒေါသထွက်သွားပြီး မြွေစိမ်းကလေးကို စက်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်လေသည်။ ရှင်ထူးက စက်လက်နက်များကို ကြားဖြတ်တားဆီးပြီးသော်
“ဟယ် အယုတ်တမာမ၊ ကိုယ့်လက်အောက်ငယ်သားကို မကြင်နာပဲ ကိုယ်တိုင်ပြန်သတ်စရာလားဟဲ့”
မြွေနက်ရှင်မှာ ဘာမှမပြောတော့ဘဲ သူ့ခေါင်းတွင်ပေါင်းထားသည့် ခေါင်းပေါင်းစကို ဖြေချလိုက်လေသည်။ ထိုအခါ ခေါင်းပေါင်းစအောက်ဘက် မြွေနက်ရှင်၏ ဆံထုံးထဲတွင် မြွေအမျိုးစုံတို့မှာ လူးလွန့်ကာသွားလာနေကြသည်။ မြွေနက်ရှင်က ထိုမြွေများအားလုံးကို အမိန့်ပေးလိုက်ကာ ရှင်ထူးကို ပေါက်သတ်စေသည်။ မြွေများမှာ ရှင်ထူးအနီးသို့ရောက်လာသည့်အခါ ရှင်ထူးထားသည့် မေတ္တာဓါတ်ကိုခံစားမိသဖြင့် ရှင်ထူးအားမပေါက်သည့်အပြင် ရှင်ထူးနှင့်ပွတ်သပ်ကာ ဆော့ကစားနေလေသည်။
မြွေနက်ရှင်မှာ မြွေပေါင်းစုံထုတ်၍ တိုက်ခိုက်သော်လည်း ထိုမြွေများမှာ ရှင်ထူးအားရန်မပြုသည့်အပြင် မိတ်ကောင်းဆွေမွန်များကဲ့သို့ ချစ်ခင်ရင်းနှီးနေသည်ကိုတွေ့ရသဖြင့် မြွေနက်ရှင်တိုက်ခိုက်သမျှ အချည်းနှီးသာဖြစ်နေသည်။ နောက်ဆုံးတွင်တော့ မြွေနက်ရှင်မှာ အလွန်ကြီးမားသည့် မြွေကြီးတစ်ကောင်အဖြစ် မိမိကိုယ်ကိုယ်ဖန်တီးလိုက်ကာ ရှင်ထူးအားတိုက်ခိုက်လေတော့သည်။
ရှင်ထူးနှင့်မြွေနက်ရှင်တို့မှာ အပြင်းအထန်တိုက်ခိုက်ကြပြီးသည့်နောက် မြွေနက်ရှင်မှာ ပိုမိုကြီးမားသည့်မြွေကြီးအဖြစ်ဖန်တီးရင်း နောက်ဆုံးမြွေကြီးမှာ တောင်ကြီးတမျှကြီးထွားသွားကာ ရှင်ထူးအားသတ်ဖြတ်ရန်ပြင်ဆင်သည်။ ရှင်ထူးကလည်း လက်ထဲမှ ကျောက်စီဓါးနက်နှင့် တစ်ချက်ပင့်ခုတ်ထည့်လိုက်ရာ တောင်ကြီးပါနှစ်ခြမ်းကွဲထွက်သွားပြီး ငန်းတော်သခင်မြွေနက်ရှင်မလည်း နတ်ဝိညာဉ်တန်ခိုး ကုန်ခမ်းကာ ဇီဝိန်ချုပ်သွားလေသည်။
မယ်တော်ကိုသတ်ဖြတ်သူမှာ မယ်တော်ဖြစ်ရစမြဲမို့ မြွေနက်ရှင်မှာ သူမသေဆုံးသေးခင်အချိန်ကလေးမှာပင် ရှင်ထူးကို အနောက်မယ်တော်အဖြစ်တင်မြှောက်က နဂါးခြုံလွှာကို ပေးအပ်ခဲ့သည်။ သို့နှင့် ရှင်ထူးမှာ အလိုလိုနေရင်း အနောက်အရပ်ကိုပိုင်စားသည့် အနောက်မယ်တော်ဖြစ်သွားခဲ့လေသည်။ ယခင်ရှိပြီးသည့် စုန်းပညာတန်ခိုးများမှာလည်း ပိုမိုအစွမ်းထက်လာခဲ့သည်။ တစ်ချိန်က မိမိနှိမ်နင်းခဲ့သည့် ကျားကြီးမှာလည်း အနောက်မယ်တော်၏ စီးတော်ကျားကြီး မောင်ပိုဖြစ်နေသဖြင့် စီးတော်ကျားပါရသွားခဲ့သည်။ မယ်တော်များမှာ နတ်များဖြစ်ကြသော်လည်း ရှင်ထူးမှာ မယ်တော်ရာထူးကို လူဘဝနှင့်ပင်ရယူလိုက်သည့်အတွက် လူစင်စစ်မှနေ၍ နတ်တစ်ပိုင်းဖြစ်သွားရလေသည်။ မြွေနက်ရှင်၏ တန်ခိုးများကိုလည်း ရရှိပိုင်ဆိုင်သွားခဲ့ရသည်။
ခုနစ်ရက်ခန့်ကြာသည့်အခါ မိမိနာမည်အားခေါ်သံကြားသဖြင့် ပုံတောင်ကြီးထိပ်ဆီမှ လှမ်းကြည့်လိုက်လေရာ အလွန်ဝေးကွာသည့်အရပ်တစ်နေရာရှိ ချောင်းကလေးနံဘေးတွင် မြင်းစီးကာ ဓါးနီတော်ကိုထမ်းထားသည့် အကိုဖြစ်သူကိုတွေ့လိုက်ရသည်။ ထို့ကြောင့် ရှင်ထူးက အကိုဆီသို့ ထွက်လာခဲ့သည်။
ရှင်ထူးမှာ ချောင်းတစ်ဖက်ကမ်းသို့ရောက်သည့်အခါ အားရဝမ်းသာနှင့် အကိုဖြစ်သူအား လှမ်းခေါ်လေသည်။ ထိုနေ့မှလည်း မိုးကရွာနေသဖြင့် ချောင်းအတွင်းတောင်ကျချောင်းရေများက တဝေါဝေါနှင့်စီးဆင်းနေလေသည်။
“အကိုကြီး ညီမဆီကိုလာ၊ ညီမလေးဆီကိုလာခဲ့ပါ”
မင်းကျော်စွာက ခေါင်းခါရင်း
“မရဘူးနှမထွေး၊ နှမထွေးသာ အကို့ဆီကိုလာခဲ့ပါ”
“မလာဘူးအကိုကြီး၊ အဲဒီနေရာဟာ အနောက်နယ်ရဲ့အစပ်ပဲ သူများနယ်ထဲကို ညီမလေးခြေမချချင်ဘူး၊ ဟိုဘုရင်စုတ်က ညီမကိုလုပ်ကြံသတ်ဖြတ်နေတယ်မဟုတ်လား”
“နှမထွေး တကယ်မလာဘူးလား”
“မလာဘူးအကိုကြီး၊ ညီမလေးပြောတာနားထောင်ပါ၊ အကိုကြီးသာ ဒီဘက်ကမ်းကိုကူးလာခဲ့ပါ၊ ညီမလေးက အခုအနောက်အရပ်ကိုပိုင်စားရတဲ့ အနောက်မယ်တော်ဖြစ်နေပါပြီအကိုကြီး၊ ညီမနေတဲ့နယ်ကိုလာရင် အကိုကြီးကို ညီမလေးကာကွယ်ပေးထားမယ်”
မင်းကျော်စွာမှာ ရှင်ထူးကိုခေါ်၍မရသည်မို့ နောက်ဆုံးဓါးနီကိုထုတ်လိုက်ပြီး
“နှမထွေး ဒီဘက်ကိုလာခဲ့ပါ၊ ဘုရင်မင်းကြီးက အကိုကြီးရဲ့သစ္စာစောင့်သိမှုကို စမ်းသပ်တဲ့အနေနဲ့ နှမထွေးရဲ့ဦးခေါင်းကိုဖြတ်ခိုင်းဖို့လွှတ်လိုက်တယ်ကွဲ့”
“ဘာ . . . ဘာပြောတယ်အကိုကြီး”
“နှမထွေးရဲ့ဦးခေါင်းကိုမရရင် ဘုရင်မင်းမြတ်က အကိုကြီးကို သစ္စာဖောက်တယ်လို့စွပ်စွဲပြီး ကွပ်မျက်လိမ့်မယ်၊ ပြီးတော့ မင်းနေပြည်တော်မှာဖမ်းခံထားရတဲ့ ရှင်ဦး၊ ရှင်ဗြူးနဲ့ ရှင်ကြူးတို့ကိုလည်း အရှင်လတ်လတ်မီးလောင်တိုက်သွင်းပြီး သတ်ပစ်ကြလိမ့်မယ်နှမထွေးရဲ့”
ရှင်ထူးမှာ ထိုအကြောင်းကို ကြားသိရသည့်အခါ မျက်ရည်များကျဆင်းလာလေသည်။
“အဲဒါအကိုကြီးကတော့ ရှင်ဘုရင့်အပေါ် သစ္စာရှိကြောင်း ပြသရမယ်နှမထွေး၊ နှမထွေးခေါင်းမမာစမ်းပါနဲ့ကွယ်၊ နှမထွေးကြောင့် အကိုကြီးနဲ့ ညီအမတွေအကုန်လုံး သေကြေပျက်စီးကုန်မှာကို နှမထွေးကြည့်ရက်နိုင်သလား”
ရှင်ထူးမှာ ငိုယိုလျှက်ခေါင်းခါလိုက်လေသည်။
“အကိုကြီးက အမေအဖေတို့မရှိတော့တဲ့အချိန်ကတည်းက ဥမမယ်စာမမြောက် နှမလေးတို့တစ်တွေကို ပြုစုလုပ်ကိုင်ရှာကျွေးခဲ့တယ်မဟုတ်လားနှမထွေး၊ အခုတော့ အကိုကြီးက နှမထွေးကိုတစ်ခုတောင်းဆိုချင်ပါတယ်၊ နှမထွေးစိတ်ကိုလျော့လိုက်ပါတော့၊ ကျန်တဲ့မောင်နှမတွေအကုန်လုံးရဲ့အသက်ဟာ နှမထွေးဦးခေါင်းအပေါ်မှာရှိနေတာကြောင့်မို့လို့ နှမထွေးခေါင်းထပ်မမာပါနဲ့တော့”
ရှင်ထူးမှာ စမ်းချောင်းကိုလွှားခနဲခုန်ကျော်ကာ မင်းကျော်စွာအရှေ့သို့ရောက်လာခဲ့သည်။ အကိုကြီးဖြစ်သူအရှေ့တွင် ဒူးထောက်ထိုင်ချကာ လည်စင်းပေးရင်း
“တကယ်လို့ ညီမလေးရဲ့ဦးခေါင်းကို ဘုရင့်ထံကိုဆက်သနိုင်မယ်ဆိုရင် အကိုကြီးတို့ ဘာဆက်ဖြစ်မှာလဲဟင်”
“ဘုရင်မင်းမြတ်က အမိန့်ချထားတယ်၊ နှမထွေးရဲ့ဦးခေါင်းကိုသာ ဆက်သနိုင်မယ်ဆိုရင် တောင်ဦးနယ်တင်မကဘဲ မြို့ကိုးမြို့ကို အပိုင်စားရတဲ့ မြို့စားအဖြစ် အကိုကြီးကိုခန့်အပ်မယ်၊ ပြီးတော့ ကျန်တဲ့ညီမတွေကိုလည်း သူကောင်းပြုပြီး သူတို့ရဲ့ကိုယ်အလေးချိန်နဲ့ညီမျှတဲ့ ရွှေစင်ရွေသားတွေကို ဆုချမယ်တဲ့ နှမထွေးရဲ့”
ရှင်ထူးမျက်ရည်မှာ တပေါက်ပေါက်စီးကျလာရင်း
“ကောင်းပါပြီအကိုကြီးရယ်၊ ဒါဖြင့်ရင်လည်း ညီမလေးလည်ပင်းကိုသာ တိခနဲပိုင်းချလိုက်ပါတော့၊ ညီမလေးအတွက်ကြောင့်နဲ့ အကိုကြီးနဲ့ မမတို့ ဒုက္ခရောက်တာကို မမြင်ရက်ပါဘူး အကိုကြီးရယ်၊ ညီမလေးကိုသာ သတ်လိုက်စမ်းပါ၊ အကိုကြီးတို့ကောင်းစားဖို့ ညီမလေး ကိုယ့်အသက်ကို စတေးခံလိုက်ပါ့မယ်အကိုကြီး”
ရှင်ထူးက အကိုဖြစ်သူအားလှည့်ကာ လက်အုပ်ချီလျှက်ရှိခိုးပြီး
“ညီမလေးရဲ့အသက်နဲ့ ညီမလေးက မောင်နှမတွေကိုဘယ်လောက်ချစ်သလဲဆိုတာကို သက်သေပြပါ့မယ်အကိုကြီးရယ်၊ ညီမလေးကိုသတ်လိုက်ပါတော့”
ရှင်ထူးက လည်စင်းပေးလိုက်သည်။ ထိုအခါ မင်းကျော်စွာက ဓါးနီတော်ကို ကိုင်မြှောက်ပြီး ရှင်ထူးဇက်ပိုးအားခုတ်ချရန် ကြံရွယ်လိုက်သည်။ သို့သော်လည်း မခုတ်ရက်ဘဲ လက်သာတဆတ်ဆတ်တုန်ယင်နေလေသည်။ ထို့နောက်တွင်တော့ ဓါးနီတော်ကို မြေပေါ်ပစ်ချပြီး
“အကိုကြီးမှားသွားတယ်နှမထွေး၊ အကိုကြီး သိပ်ကိုမှားခဲ့တယ်”
“ဘာမှားတာလဲအကိုကြီး”
“အကြီးက အငယ်ကိုစောင့်ရှောက်ရမယ့်တာဝန်ရှိပေမယ့် အကိုကြီးက အငယ်တွေကိုမစောင့်ရှောက်နိုင်တဲ့အပြင် အငယ်ဆုံးနှမထွေးရဲ့အသက်နဲ့ လူ့စည်းစိမ်ကို လဲဖို့တွေးခဲ့တာ အကိုကြီးသိပ်မှားတယ်၊ တကယ်လို့ နှမထွေးကိုသတ်ဖြတ်ပြီး လူ့လောကမှာ ကောင်းကောင်းမွန်မွန်နေထိုင်ရမယ်ဆိုရင်တောင်မှ အကိုကြီးက သေဆုံးသွားတဲ့မိဘနှစ်ပါးနဲ့ လူ့လောကတစ်ဝှမ်းက လူပုံအလယ်မှာ ဘယ်လိုမျက်နှာပြရတော့မလဲနှမထွေးရယ်”
“ဒါကြောင့် နှမထွေးသာ မင်းပြစ်မင်းဒဏ်က လွတ်အောင်ပြေးပေတော့၊ အခုအချိန်ဟာ ခုနစ်ရက်တင်းတင်းပြည့်တဲ့အချိန်ဖြစ်လို့ နေပြည်တော်မှာကျန်ခဲ့တဲ့ နှမသုံးယောက်ကိုလည်း ဘုရင်ကမီးနဲ့ရှို့ပြီး သတ်ဖြတ်လိုက်မှာအမှန်ပါပဲ၊ အကိုကြီးမှာ လုပ်စရာမရှိတော့ဘူးနှမထွေးရေ၊ နှမထွေးလွတ်မြောက်ဖို့အတွက် အကိုကြီးနဲ့ အကြီးတွေက စတေးခဲ့တယ်လို့ နှမထွေးမှတ်ယူလိုက်ပါတော့”
ထိုသို့ပြောပြီးသည်နှင့် မင်းကျော်စွာမှာ ရေများအလုံးအရင်းနှင့်စီးဆင်းနေသည့် စမ်းချောင်းကြီးအတွင်းသို့ လျှင်မြန်စွာခုန်ချသွားလေသည်။ ရှင်ထူးမှာ ထိုအဖြစ်ကိုအံ့အားသင့်ပြီး ကြောင်ကြည့်နေမိသည်။ အတန်ကြာသည့်အခါမှ သတိရကာ အကိုကြီးကိုဟစ်အော်ခေါ်လိုက်သော်လည်း ဝါးလုံးထိုးကျဆင်းနေသည့် တောင်ကျရေများအကြားတွင် အကိုဖြစ်သူ မင်းကျော်စွာကို မတွေ့ရတော့ပေ။
ရှင်ထူးမှာ ဝမ်းနည်းကာငိုကြွေးနေရင်းမှ ထိုအကြောင်းအရင်းများဖြစ်ခဲ့ရသည့် အချက်ကိုသေချာစဉ်းစားမိသွားလေသည်။ ထို့ကြောင့် အလွန်နာကျည်းစွာဖြင့် တောက်တစ်ချက်ခေါက်လိုက်ပြီး ပေါက္ကံပြည်ဘက်သို့ ဦးတည်လိုက်ကာ
“ငါလာပြီဘုရင်စုတ်၊ နင့်လိုဘုရင်ကို နှိမ်နင်းဖို့ ငါလာပြီဟေ့”
ဟုအော်ဟစ်ကာ အကိုပစ်ချထားခဲ့သည့် ဓါးနီတော်ကို လက်တစ်ဖက်တွင်ကိုင်လျှက် မိမိရရှိထားသည့် ဓါးနက်ကျောက်စီကို လက်တစ်ဖက်တွင်ကိုင်ကာ မင်းနေပြည်တော်ဆီသို့ လှမ်းလျှောက်လာခဲ့လေသည်။
(၂)
တစ်ဖက် ပေါက္ကံမင်းနေပြည်တော်တွင်လည်း ခုနစ်ရက်ပြည့်မြောက်သည့်တိုင် မင်းကျော်စွာပြန်မလာသေးသဖြင့် မိဖုရား နာဂသိန်က ဓါးစာခံအဖြစ်ဖမ်းဆီးထားသည့် ရှင်ဦးတို့ညီအမသုံးယောက်ကို မြို့ပြင်တစ်နေရာသို့ ဖမ်းထုတ်လာခဲ့လေသည်။ ရှင်ဦးတို့ညီအမသုံးယောက်မှာ ငိုကြွေးလျှက် ရဲမက်များအနောက်သို့လိုက်ပါခဲ့ကြသည်။
မြို့ပြင်တစ်နေရာတွင်အလွန်ခြောက်သွေ့နေသည့် သစ်ခြောက်ပင်ကြီးတစ်ပင်ရှိသည်။ ထိုသစ်ခြောက်ပင်ကြီးအောက်တွင် ရဲမက်များက ရှား၊ အင်၊ ကညင်၊ ထင်းရှူး အစရှိသည့် မီးလောင်လွယ်သည့် သစ်သားများကို လူတစ်ရပ်အမြင့်ခန့်စုပုံထားပြီး ထိုထင်းပုံကြီးအပေါ်တွင် ညီအမသုံးဦးကို ရပ်စေကာ သစ်ခြောက်ပင်ကြီးတွင်ကပ်ခိုင်းကာ ကြိုးနှင့်ချည်နှောင်ထားလေသည်။ စုန်းမများကို မီးနှင့်ရှို့သတ်မည်ဟု ကြေငြာထားသဖြင့် လူအများကလည်း စုဝေးကာရောက်ရှိနေကြလေသည်။
နာဂသိန်မိဖုရားက ငိုကြွေးနေကြသည့် ညီအမများကိုကြည့်ရင်း
“ဟဲ့ကောင်မတွေ ငိုမနေကြနဲ့တော့၊ နင်တို့ကို အခုလာကယ်မယ့်သူမရှိတော့ဘူး၊ နင်တို့သေရတာ ငါ့ကြောင့်လို့မထင်လိုက်နဲ့၊ တကယ်က နင်တို့သုံးယောက်သေရတာ နင်တို့ရဲ့ညီမအငယ်ဆုံး ရှင်ထူးဆိုတဲ့ ဟာမကြောင့် သေရတာဟဲ့”
ရှင်ဦးက မိဖုရားအားကြည့်ပြီး
“ဟဲ့ စုန်းမရဲ့၊ အခုလိုဖြစ်ရတာ နင့်ကြောင့်ဟဲ့၊ ငါမသေခင် နင့်ကိုနောက်ဆုံးအနေနဲ့ ကျိန်စာတိုက်လိုက်မယ်၊ ငါတို့သုံးယောက်မသေခင် နင်အရင်ဆုံးသေပါစေဟဲ့ စုန်းမ မိဖုရားရဲ့”
ရှင်ဦးကျိန်စာတိုက်သည့်အခါ နာဂသိန်မှာ ဒေါသူပုန်ထသွားပြီးနောက် ရဲမက်တစ်ဦးကိုင်ဆောင်ထားသည့် မီးတုတ်တစ်ချောင်းကိုဆွဲယူလိုက်ကာ ထင်းပုံကြီးအတွင်းသို့ပစ်ထည့်လိုက်လေသည်။ ထင်းပုံအထဲတွင်လည်း မီးလောင်အားကောင်းသည့် လောင်စာထင်းများရှိနေသည်မို့ ခဏအတွင်းမှာပင် မီးကူးစက်ကာ မီးတောက်မီးလျှံများက တောက်လောင်လာလေသည်။ ညီအမသုံးယောက်မှာ မီးဟပ်သဖြင့်ပူအိုက်ကာ တွန့်လိမ်နေလေသည်။ ထိုအဖြစ်ကို နာဂသိန်ကကြည့်နေရင်း အားရပါးရရယ်မောကာ
“သေကြစမ်း၊ လူစင်စစ်ကနေ မီးသွေးပြာတုံးဖြစ်ပြီး သေကြစမ်းဟဲ့ ဟား ဟား”
ထိုအချိန်တွင် လူအုပ်ကြားထဲမှ မြားတံတစ်ချောင်းက ပျံသန်းထွက်လာကာ နာဂသိန်၏လည်ပင်းတည့်တည့်သို့ ထိုးဖောက်စိုက်ဝင်သွားလေသည်။ နာဂသိန်မှာရယ်မောနေရင်းပင် ရှုံ့မဲ့သွားကာ လည်ပင်းကိုလက်နှင့်ဖိအုပ်ကိုင်လိုက်သည်။ မြှားတံမှာ လည်ချောင်းအတွင်းမှ သွေးကြောမကြီးကိုဖောက်ထွက်သွားသဖြင့် သွေးများမှာ တားမနိုင်ဆီးမရ ပန်းထွက်လာလေသည်။
နာဂသိန်မှာ အလွန်ထိတ်လန့်အံ့သြနေသည့်အကြည့်ဖြင့် ရှင်ဦးတို့အားမော့ကြည့်လိုက်သည်။ ရှင်ဦးမှာ သူ၏ကျိန်စာထိမှန်သွားပြီမို့ အားရပါးရရယ်မောနေမိသည်။
“မမလေးတွေကို ကယ်ကြဟေ့”
လူအုပ်အတွင်းမှ ကတူးကနန်းလူမျိုးများက တိုးထွက်လာကြသည်။ ထိုလူများမှာ သူတို့နှင့်အတူတူ နေပြည်တော်သို့ လိုက်ပါပို့ဆောင်ပေးကြသည့် လူသုံးကျိပ်ဖြစ်သည်။ မင်းကျော်စွာက မြို့ပြင်တွင်စောင့်ခိုင်းထားသည်မို့ စောင့်ဆိုင်းနေကြရင်း ခုနစ်ရက်ပြည့်ပြီးသည့်အခါ ရှင်ဦးတို့သုံးယောက်ကိုတွေ့သဖြင့် ကယ်ထုတ်ကြရန်အတွက် ရုပ်ဖျက်ကာ လိုက်လာကြခြင်းဖြစ်သည်။
ထိုလူတစ်ကျိပ်အားခေါင်းဆောင်သည့် ဗိုလ်လေးမှာ လည်ပင်းမြားထိကာ မတ်တပ်ရပ်နေသည့် နာဂသိန်အား ကျောကုန်းမှပြေးကန်လိုက်လေရာ နာဂသိန်မှာသူ့အရှေ့ရှိ မီးပုံကြီးအတွင်းသို့ ချော်လဲကျသွားကာ သူ့တစ်ကိုယ်လုံးအား မီးများစွဲလောင်နေလေသည်။
လာရောက်ကယ်ဆယ်သူများက မီးမလောင်သေးသည့် မီးပုံနေရာများသို့ ကုပ်ဖက်တက်ကာ သစ်ခြောက်ပင်တွင်ချည်ထားသည့် ကြိုးများကိုဖြတ်တောက်ပြီး ရှင်ဦး၊ ရှင်ဗြူးနှင့် ရှင်ကြူးအား လွှတ်ပေးလိုက်ကြသည်။ ရဲမက်များမှာ ထပ်ရောက်လာသဖြင့် မီးလောင်ကုန်းတစ်ဝိုက် ရှုပ်ထွေးနေလေသည်။ ဗိုလ်လေးမှာ ညီအမသုံးယောက်အား သူတို့အသင့်ယူဆောင်လာသည့် မြင်းလှည်းတစ်စီးပေါ်သို့ တက်စေလိုက်သည်။
“မမလေးတို့ မြင်းလှည်းကိုမောင်းပြီး ဒီကနေဝေးနိုင်သမျှ ဝေးအောင်သွားကြပေတော့၊ ကျွန်တော်မျိုးတို့ မမလေးတို့အနောက်ကို လိုက်လာမယ့် ရဲမက်တွေကို ခုခံထားလိုက်မယ်”
ရှင်ဦးက ခေါင်းဆောင်၍ မြင်းလှည်းကိုမောင်းကာ ထွက်ပြေးလာခဲ့ကြသည်။ ကတူးကနန်းလူမျိုးများမှာ ရဲမက်များဖြင့်တိုက်ခိုက်နေရင်း အင်အားမမျှတော့သည်မို့ အတုံးအရုံးသေဆုံးကုန်ကြသည်။
ညီအမသုံးဦးမှာ မြင်းလှည်းစီးရင်း ကျောက်ဆည်နယ်ဘက်သို့ပြေးလာခဲ့ကြသည်။ သုံးရက်တိတိပြေးလွှားပြီးသည့်အခါ တစ်ညနေတွင်တော့ ညီမဖြစ်သူရှင်ဗြူးနှင့်ရှင်ကြူးတို့မှာ ဆာလောင်လှသည်ဟုပြောသဖြင့် ရှင်ဦးမှာ လှည်းပေါ်မှဆင်းကာ အနီးအပါးရွာသို့ ထမင်းတောင်းရန်ဆင်းလာခဲ့သည်။
လှည်းနှင့်အတော်လှမ်းလှမ်း ရွာတစ်ရွာသို့ရောက်သည့်အခါ ထမင်းချက်နေသည့် လယ်သူမတစ်ဦး၏ တဲမှ ထမင်းအိုးကိုဝင်ရောက်ခိုးယူးလေရာ လယ်သူမမှာတွေ့ပြီးအော်သဖြင့် ရှင်ဦးကိုလယ်သမားများက ဝိုင်းဝန်းဖမ်းဆီးလိုက်ကြသည်။ ထို့နောက် ခိုးမှုဖြင့်ရွာသူကြီးထံသို့ တိုင်တန်းကြသည်။ ရှင်ဦးမှာ ရာဇဝတ်ဘေးဖြင့်ပြေးလာသူဖြစ်သည့်အတွက် ထပ်မံအဖမ်းအဆီးမခံလိုတော့ပေ၊ သို့နှင့် ရွာသူကြီးအား ဘုရင့်ရဲမက်များလက်သို့မအပ်ရန်အတွက် အထပ်ထပ်အခါခါတောင်းပန်နေသည့်အချိန်တွင် ရွာသူကြီးအိမ်တွင် တည်းခိုနေသည့် စော်ဘွားကလေးမှာ ရှင်ဦးကိုတွေ့ကာ သဘောကျသွားလေသည်။ ထိုစော်ဘွားကလေးမှာ ယောနယ်မြောက်ပိုင်းထီးလင်းနယ်ဘက်မှ စော်ဘွားဖြစ်ကာ ဆန်နှင့်ကုန်ပစ္စည်းများကို လာရောက်လဲလှယ်ဝယ်ယူခြင်းဖြစ်သည်။ ထို့ကြောင့် စော်ဘွားကလေးက သူကြီးအားနှုတ်ပိတ်ခအဖြစ် လက်ဆောင်များပေးကာ ရှင်ဦးအားကယ်တင်ထားလိုက်သည်။ ရှင်ဦးမှာ ညီမနှစ်ဦးရှိသေးကြောင်းပြောသဖြင့် စော်ဘွားလေးတို့မှာ လှည်းထံသို့လိုက်လာခဲ့ရာ လမ်းဘေးတွင် လှည်းကမရှိတော့ပေ။
ညီမနှစ်ဦးမှာ အမဖြစ်သူ ထမင်းသွားရှာသည်ကို စောင့်နေခိုက်တွင် လှည်းလမ်းကြီးအတိုင်း ဘုရင့်တံခွန်လွှင့်ကာ ချီတက်လာကြသည့် မြင်းစီးရဲမက်များကိုမြင်တွေ့သည်နှင့် သူတို့အားလိုက်လံဖမ်းဆီးသူများဟု ထင်မှတ်ကာ မြင်းလှည်းကို ဒုန်းစိုင်းမောင်းနှင်လာခဲ့ကြသည်။ စင်စစ်အားဖြင့် ထိုရဲမက်များမှာ သူတို့အားလိုက်လံဖမ်းဆီးသည့်ရဲမက်များမဟုတ်ကြပေ။
ရှင်ဗြူးမှာ မြင်းလှည်းမမောင်းတတ် မောင်းတတ်ဖြင့် အမြန်ဒုန်းစိုင်းမောင်းနှင်လာရင်း ညနေနေဝင်ရီတရောအချိန်မို့ အလင်းရောင်အားနည်းလာပြီဖြစ်ရာ မြင်းလှည်းမှာ လမ်းတစ်နေရာအရောက်တွင် ဆည်မြောင်းလက်တံကြီးတစ်ခုအတွင်းသို့ ထိုးကျသွားလေသည်။ ညီမနှစ်ယောက်မှာ မြင်းလှည်းအောက်မှထွက်ကာ ကြောက်ကြောက်လန့်လန့်နှင့် ဆည်မြောင်းလက်တံကြီးအတိုင်း ဆန်တက်ပြေးလာခဲ့ကြသည်။
ထိုဆည်မြောင်းကြီးမှာ မင်းအမိန့်ဖြင့် ဖောက်လုပ်နေသည့် ဆည်မြောင်းကြီးဖြစ်သည်။ သို့သော်လည်း ဆည်မြောင်းမှာအပြီးမသတ်ရသေးပေ၊ ဆည်ကြီးတစ်နေရာတွင်ဆောက်ပြီးပါက အခြားနေရာတွင် မြေပြန်ပြိုကျနေလေ့ရှိသည်။ ထို့ကြောင့် ဆည်တွင်အဖျက်ရှိသည်ဟုယူဆ၍ ဟူးရားအမတ်များနှင့် တိုင်ပင်တွက်ချက်ကြည့်ရာ ဆည်မြောင်းအတိုင်းဆန်တက်လာမည့် မိန်းမပျိုနှစ်ဦးအား သတ်ဖြတ်ကာစတေးရမည်ဖြစ်ကြောင်း တွက်ချက်ဟောပြောထားသဖြင့် ဆည်အား လက်စမသတ်သေးဘဲ ဆည်မြောင်းအတိုင်းပြေးတက်လာမည့်မိန်းမပျိုကို ရှာဖွေနေကြခြင်းဖြစ်သည်။
ရှင်ဗြူးနှင့်ရှင်ကြူးတို့မှာ ဆည်မြောင်းကြီးအတိုင်းပြေးတက်လာကြရင်း ဆည်ထိပ်ရှိကင်းတဲနေရာသို့အရောက်တွင် ဆည်စောင့်သည့်ရဲမက်များက ဟူးရားများကြိုတင်နိမိတ်ဖတ်ပြောထားသည့်အတိုင်း မိန်းကလေးနှစ်ဦးအားတွေ့လိုက်ကြရာ ဖမ်းဆီးပြီးအပျိုဟုတ်မဟုတ် မေးမြန်းကြရာ မိန်းမပျိုများဖြစ်နေသဖြင့် ဆည်အတွက်စတေးရမည့်သူများဟု သတ်မှတ်ကာ ရှင်ဗြူးကိုဆည်မြောင်းကြီးအတွင်းစတေးလိုက်ကာ ဆည်ကိုစောင့်ရှောက်ရန်အတွက် အစောင့်အနေနှင့် စီရင်လိုက်လေသည်။ ရှင်ကြူးကိုတော့ ထိုဆည်ထိပ်ရှိ ကင်းစခန်းကိုစောင့်ရှောက်ရန်အတွက် စတေးလိုက်လေရာ ရှင်ဗြူးမှာ ဆည်ကတော်ဟုအမည်ရသည့် နတ်စိမ်းတစ်ပါးဖြစ်သွားပြီး ရှင်ကြူးမှာတော့ ကင်းကတော်ဟုအမည်ရသည့် နတ်စိမ်းဖြစ်သွားလေသည်။
(၃)
ရှင်ထူးမှာ မီးလောင်ကုန်းဆီသို့ရောက်လာသည့်အခါ မီးလောင်ကျွမ်းကာပြာဖြစ်နေသည့် အရိုးပြာများကိုတွေ့ရသည်။ ထိုအခါ ညီမဖြစ်သူများ သေဆုံးသွားသည်ဟုထင်မှတ်ကာ နေပြည်တော်ကြီးကိုမျက်စောင်းထိုးကာကြည့်လျှက်
“တောက်၊ တော်တော်ယုတ်မာတဲ့ လူတွေပါလား၊ ငါတို့မောင်နှမတွေကို ရက်ရက်စက်စက်သတ်ပစ်ခဲ့တဲ့ မင်းဆိုးမင်းညစ်ကို ငါပြန်ပြီးသတ်ပစ်မယ်၊ ဒါတင်မကသေးဘူး ဟောဒီပေါက္ကံနေပြည်တော်ကြီးတစ်ခုလုံးကိုလည်း မြေမှုန့်သဲမှုန့်ဖြစ်အောင် စိစိညက်ညက်ကြေသွားအောင်လို့ အကုန်ဖျက်ဆီးပစ်မယ်ဟေ့”
ရှင်ထူးမှာ ငန်းတော်သခင်မြွေနက်ရှင်မထံမှ ရရှိထားသည့်ပညာရပ်များနှင့် သူ၏စုန်းစွမ်းအင်များကိုစုပေါင်းလိုက်ကာ အလွန်ကြီးမားသည့် စုန်းမြွေကြီးတစ်ကောင်ကိုဖန်ဆင်းလိုက်လေသည်။ စုန်းမြွေကြီး၏ကိုယ်လုံးမှာ လှည်းအစင်းတစ်ရာစုပေါင်းရပ်ထားသည်ထက်ပင်ကြီးမားလှသည်။ စုန်းမြွေကြီးအမြီးှနှင့်ခတ်လိုက်သည့်အခါ တောင်ကုန်းများပင် အစိတ်စိတ်အမွှာမွှာကွဲထွက်ကာ မြေပြန့်လွင်ပြင်ဖြစ်သွားပြီး စုန်းမြွေကြီးလျှောတိုက်လာရာလမ်းတစ်လျှောက်ရှိ ကျေးရွာများမှာ မြွေကိုယ်နှင့်ဖိမိသဖြင့် ရွာလုံးကျွတ် ပြားပြားဝပ်ကာ ကြေမွသွားရလေသည်။
အလွန်ကြီးမားလှသည့် မြွေကြီးမှာ ပေါက္ကံပြည်ကြီးဆီသို့ ဦးတည်လာနေသည့်အခါ တိုင်းသူပြည်သားများမှာ အလွန်ထိတ်လန့်ကြောက်ရွံ့နေကြလေသည်။ စုန်းမြွေကြီးမှာ လမ်းခရီးတစ်လျှောက်ရှိ တောင်ကုန်းများ သစ်တောများကို လျှောတိုက်လာခဲ့သဖြင့် ထိုတောင်ကုန်းများမှာ ကွယ်ပျောက်ကုန်ကာ ပေါက္ကံမြို့အနီးတစ်ဝိုက်တွင် ကွင်းပြင်လွင်ပြင်ကြီးများဖြစ်ကုန်လေသည်။
ထိုသို့ဖြစ်ပွားသည့်အခါ နတ်တို့သနင်းသိကြားမင်းကြီးက ကြားသိသွားပြီးသည့်နောက် လူ့ပြည်သို့ဆင်းသက်လာခဲ့လေသည်။ ရှင်ထူး၏အရှေ့တွင် သိကြားမင်းကိုယ်ထင်ပြလိုက်ပြီးနောက်
“ဒီမယ်မိန်းကလေး၊ ပေါက္ကံပြည်ဆိုတာ ရှေးမင်းအစဉ်အဆက် ထီးနန်းစိုက်ခဲ့ကြပြီးတော့ သာသနာတော်ထွန်းကားပြီး စွယ်တော်မြတ်တွေရှိတဲ့နေပြည်တော်တစ်ခုပဲ ဒီလိုနေပြည်တော်ကြီးကို မင်းဖျက်ဆီးလို့မဖြစ်ဘူး”
“အောင်မာ ကျုပ်ကိုတားရအောင် ရှင်ကဘယ်သူလို့လဲ”
“ငါက နတ်တို့သနင်း ဒေဝါသိကြားမင်းပဲ”
“သိတာတွေ ကြားတာတွေ ကျုပ်နားမလည်ဘူး၊ ကျုပ်ရဲ့စုန်းမြွေကို ရှင်တားနိုင်ရင်တား၊ မတားနိုင်ရင်တော့ ရှင်ရှုံးပြီပဲ”
ရှင်ထူးပြောလိုက်ပြီးသည့်အခါ သိကြားမင်းမှာလေပေါ်သို့ခုန်ပျံတက်သွားပြီးနောက် ရှင်ထူးဖန်တီးထားသည့် စုန်းမြွေကြီးကို ဝရဇိန်လက်နက်ဖြင့် ပစ်ခတ်ထည့်လိုက်ရာ စုန်းမြွေကြီးမှာသုံးပိုင်းပြတ်ထွက်သွားပြီး မြွေကိုယ်ထည်ကြီးမှာလည်း လွင့်ထွက်သွားလေသည်။
သုံးပိုင်းပြတ်သွားသည့် မြွေကိုယ်ထည်အနက် မြွေ၏ဦးခေါင်းပိုင်းမှာ ယင်းမာပင်နယ်ဘက်သို့ ကျရောက်လေသည်။ ကျရောက်ပြီးသည့်အခါ မြွေခေါင်းကြီးမှ စုန်းအဆိပ်ပညာရပ်များပြန့်ကျဲထွက်သွားကာ ထိုနယ်တစ်ကြောမှ မြွေများထံသို့အဆိပ်များရောက်ရှိသွားသဖြင့် ထိုနယ်တစ်ဝိုက်တွင် အဆိပ်မဲ့သင့် မြက်လျှောမြွေ၊ ရေမြွေပင်ဖြစ်လင့်ကစား မြွေပွေးကဲ့သို့ အဆိပ်ပြင်းထန်လှပေသည်။
တစ်ဖန်မြွေကြီး၏ အမြှီးပိုင်းမှာ မုံရွာနယ်အတွင်းသို့ပြုတ်ကျသဖြင့် မုံရွာနယ်အနီးတစ်ဝိုက်ရှိ မြွေများမှာအဆိပ်ကင်းမဲ့ကြသည်။ မြွေကြီး၏ စုန်းပညာစွမ်းအင်အမြောက်အများတည်ရှိသည့် မြွေကိုယ်လုံးဝမ်းဗိုက်ပိုင်းမှာ ယောနယ်ဆောနယ်အတွင်းသို့ ပြုတ်ကျလေရာ ထိုနယ်တစ်ဝိုက်မှ လူများမှာ မွေးကင်းစအချိန်ကတည်းက စုန်းပညာများကိုသူ့အလိုလိုတတ်မြောက်ကြသည်ဟု အဆိုရှိသည်။
သိကြားမင်းက မြွေကြီးအားတားဆီးနိုင်ခဲ့သည်မို့ ရှင်ထူးလည်း လက်ခံလိုက်ရသည်။ ထိုအခါ သိကြားမင်းက ရှင်ထူးအား နတ်ဝိဇ္ဇာစွမ်းအင်များကိုပေးသနားလိုက်ပြီးသည့်နောက် လူသားများအကျိုးပြုရန်မှာကြားကာ စိမ့်ရေစမ်းရေမှစ၍ ချောင်းမြောင်းအင်းအိုင်နှင့်တကွ လူသားများအကျိုးပြုစေမည့် ရေယဉ်ကို လိုသလိုအသုံးပြုနိုင်သည့်အစွမ်းအားပေးသနားလိုက်သဖြင့် ရေယဉ်ကတော်ဟုအများကခေါ်ဝေါ်ကြသည်။ အနောက်မယ်တော်အား အနိုင်ရထားသဖြင့် အနောက်မယ်တော်လည်းဖြစ်ပြန်သည်။ ဤနေရာတွင် ရေယဉ်နှင့်ရေရိုင်းနှစ်မျိုးကို အများသိအောင်ရှင်းပြပါမည်။
ရှေးမြန်မာတို့က အယဉ်နှင့် အရိုင်းဟု နှစ်မျိုးနှစ်စားခွဲခြားကုန်သည်။ ဆင်များပင်ဖြစ်လင့်ကစား လူသားများကထိန်းချုပ်ပြီး လိုရာခိုင်းစေနိုင်သည့်ဆင်ကို ဆင်ယဉ်ဟုသတ်မှတ်ကာ တောထဲတောင်ထဲနေထိုင်၍ လူသားများကိုဒုက္ခပေးတတ်သည့် ဆင်များကို ဆင်ရိုင်းဟုခေါ်သည်။ တစ်ဖန် ကျွဲနွားများကိုလည်း ကျွဲယဉ်၊ ကျွဲရိုင်းဟုခေါ်တတ်သည့်နည်းတူ ရေကိုလည်း လူသားများအကျိုးအတွက်အသုံးပြုနိုင်သည့် သောက်ရေ၊ တွင်းရေ၊ ချောင်းရေ၊ ကန်ရေကို ရေယဉ်ဟုခေါ်ဝေါ်ကာ လူသားများကို အကျိုးပျက်စီးစေတတ်သည့် တောင်ကျရေ၊ ရွံ့ရေ၊ နွံရေ၊ ရေပူ၊ ရေငံများကို ရေရိုင်းစာရင်းသွင်းခဲ့ကြသည်။ ထို့ကြောင့် ရေယဉ်ဆိုသည်မှာ လူသားများအသုံးပြုနိုင်သည့်ရေ တစ်နည်းအားဖြင့် ရေချိုကိုပြောဆိုခြင်းဖြစ်သည်။
စော်ဘွားတစ်ဦး၏ မိဖုရားအဖြစ် တော်ကောက်ခံရသည့် ရှင်ဦးမှာ ယောနယ်မြောက်ဘက်ပိုင်းတွင် စော်ဘွားနှင့်အတူနေထိုင်စဉ် ကလေးမီးဖွားရင်း သေဆုံးသွားသည့်အခါ အယူတိမ်း၍ နတ်စိမ်းဖြစ်သွားသည်။ ရှင်ဦးအား ယောကတော်ဟုခေါ်ကြသလို မြောက်ဘက်ရှင်မဟုခေါ်ကြသည်။ အကိုအကြီးဆုံး တောင်ဦးနယ်စား မင်းကျော်စွာမှာလည်း နတ်စိမ်းဖြစ်သွားပြီး တောင်ဦးနတ်ဘုရင်ဟူ၍လည်းကောင်း အချို့ကလည်း ဇီးတောနယ်ရှိချောင်းအတွင်း သေဆုံးသူကျော်စွာဖြစ်သဖြင့် ဇီးတောကျော်ဟူ၍လည်းကောင်းခေါ်ဝေါ်ကြသည်။ သို့နှင့် မောင်နှမငါးဦးစလုံးမှာ နတ်စိမ်းများဖြစ်ကာ မိမိဒေသတစ်ဝိုက်တွင်နေထိုင်ကြသော်လည်း အငယ်ဆုံးဖြစ်သည့် ရှင်ထူးမှာ နဂိုကတည်းက ယောနယ်သူနယ်သားများ၏ အားကိုးခြင်းကိုခံရသည့်အပြင် နတ်သိကြားမင်းပေးသည့် အစွမ်းများပါရရှိထားသည်ကတစ်ကြောင်း စုန်းကဝေများကိုအုပ်ချုပ်ရသည့် မယ်တော်ဖြစ်သည်ကတစ်ကြောင်းမို့ တန်ခိုးအထက်ဆုံးဖြစ်လေသည်။
သိကြားမင်းမှာ မဏိစည်သူမင်းကြီးအား မင်းကျင့်တရားဆယ်ပါးနှင့်အညီအုပ်ချုပ်မင်းလုပ်ရန် သွန်သင်ဆုံးမခဲ့ပြီးနောက် တန်ခိုးရှိသည့် မိစ္ဆာများ၊ ပရလောကသားများကို ဆုံးမသွန်သင်နိုင်ရန်အတွက် တန်ခိုးရှိသည့် ကြိမ်စြက်ာကိုအပ်နှင်းခဲ့ပြီး ပြန်သွားလေသည်။ မဏိစည်သူမင်းကြီးလည်း ထိုနောက်ပိုင်းတွင် သံဝေဂရကာ ကောင်းကောင်းမွန်မွန်အုပ်ချုပ်လေသည်။
မောင်နှမများမှာ သူ့နေရာနှင့်သူ သူ့ကိုးကွယ်သူနှင့်သူ အဆင်ပြေနေကြသော်လည်း ဇီးတောချောင်းအတွင်းကျဆင်းကာ သေဆုံးသွားခဲ့သည့် အကိုအကြီးဆုံးမှာမူ နေရာအတည်တကျမရသေးဘဲဖြစ်နေလေသည်။ မဏိစည်သူမင်းကြီးက ဖောင်စြက်ာဖြင့်တိုင်းခန်းလှည့်လည်သည့်အခါတွင် မင်းကြီးအားကိုယ်ထင်ပြကာ သူလူဖြစ်စဉ်တုန်းက အပိုင်စားရခဲ့သည့် တောင်ဦးနယ်အားး အပိုင်စားပေးရန်တောင်းဆိုလေသည်။ သို့သော်မင်းကြီးမှာ လွယ်လွယ်နှင့်မပေးချင်သဖြင့် သူနှင့်ကြက်တိုက်လောင်း၍ နိုင်သည့်အခါ ပေးမည်ဟုဆိုလေရာ မင်းကျော်စွာလည်း မဏိစည်သူမင်းကြီးနှင့် ကြက်လောင်းရလေသည်။
ပထမဆုံးလောင်းသည့်ပွဲတွင် မင်းကျော်စွာရးနိမ့်သွားလေသည်။ ထိုအခါ မင်းကျော်စွာက ဘုရင်အားအသနားခံပြီး သုံးကြိမ်သုံးခါ လောင်းမည်ဖြစ်ကြောင်းနှင့် ပထမဆုံးအနေဖြင့် သုံးကြိမ်အနိုင်ရသူသာ အနိုင်ဖြစ်ကြောင်းပြောလေရာ မင်းကြီးကလည်းသဘောတူလိုက်သည်။ ထို့နောက် ဒုတိယအကြိမ်ထပ်မံလောင်းပြန်ရာ မင်းကြီးသာအနိုင်ရသည်။ နောက်ဆုံးအကြိမ်တွင်တော့ ဘုန်းကံကြီးသည့်မင်းကြီးအား မင်းကျော်စွာမှာမလောင်းဝံ့တော့ပေ၊ တစ်ဖက်ကလည်း မိမိအပိုင်နယ်မရမည်ကို စိုးရိမ်၍ နေလေရာ နှမထွေးဖြစ်သူ ရှင်ထူးက ထိုအကြောင်းကိုသိမြင်သွားပြီး ဖောင်တော်ရှေ့တွင်ထမီစွန်တောင်ဆွဲလျှက် ရေမျက်နှာပြင်ပေါ်တွင် ပုံတော်ဖိနပ်ဖြင့်နင်းကာ ကူးချည်သန်းချည်ပြုလုပ်ပြလိုက်သည်။
အကိုဖြစ်သူကမြင်သည့်အခါ ယခုတစ်ကြိမ်ကြက်လောင်းသည့်အခါ ရှင်ထူးကလောင်းပါမည်ဟုပြောဆိုသည်။ ထိုတစ်ကြိမ်ကြက်လောင်းသည့်အခါတွင်တော့ မင်းကြီးရှုံးနိမ့်ကာ ရှင်ထူးသာအနိုင်ရသည်။ ရှင်ထူးက အောင်ပွဲရသည့်အခါ နဂါးခြုံလွှာကိုခြုံရင်း လက်တစ်ဖက်က မင်းကြီး၏ ဓါးနက်ကျောက်စီကို ကိုင်စွဲလျှက် အခြားလက်တစ်ဖက်က ဓါးနီတော်ကိုင်ဆောင်ကာ ဟန်ရေးပြနေလေရာ မင်းကြီးက ဆက်လောင်းလျှင် သူသာရှုံးနိမ့်မည်ကို သိလိုက်ရသဖြင့် ကြက်မလောင်းတော့ဘဲ မင်းကျော်စွာကိုတောင်ဦးနယ်ကို အပိုင်စားပေးအပ်လိုက်လေတော့သည်။
ထိုအကြောင်းများက မယ်အိုက အာပေါင်အာရင်းသန်သန်ပြောဆိုနေသည့်အခါ မယ်ပျင်းကလည်း အားတက်သရောနားထောင်နေမိသည်။
“ဒါဆို ဘွားမယ်အိုကရော ဘယ်လိုရောက်လာတာလဲ”
“အဘွားက ငန်းတော်သခင်မြွေနက်ရှင်ရဲ့ညီမတော်စပ်သူပဲ၊ ငန်းတော်သခင်မြွေနက်ရှင် အမတော်က အနောက်မယ်တော်ရဲ့လက်အောက်မှာ ခစားခဲ့ဖို့မှာကြားခဲ့လို့ အခုအချိန်အထိ စီးတော်နဂါးအဖြစ်နဲ့ ခစားနေခဲ့တာပဲ”
“ဟင် ဒါဆို မောင်ပိုကရော”
“မောင်ပိုက စီးတော်ကျားလေ၊ မယ်တော်က အနီးအပါးနယ်မြေတွေကိုဆိုရင် ကျားစီးပြီးကြွပေမယ့်၊ တစ်နယ်မြေခြားဆိုရင်တော့ နဂါးကြီးစီးပြီးကြွတတ်တာပဲ၊ မင်းတို့နယ်က အရှေ့နယ်ဆိုတော့ ကျားလောက်နဲ့မရဘဲ နဂါးစီးသွားရတာပေါ့”
မယ်ပျင်းမှာခေါင်းညိတ်လိုက်လေသည်။ ထိုအချိန် ရွှေရောင်နန်းဆောင်အပေါ်ရှိ စည်တော်ကြီးမှာ နှစ်ချက်တီးမြည်သွားလေရာ မယ်အိုမှာ လန့်သွားပြီး
“အလို ညဗဟိုရ်တောင် နှစ်ချက်တီးနေပါလား၊ ဒါဆို ညသန်းခေါင်ရောက်နေပြီပဲ၊ ကဲ မယ်ပျင်းရေ ပုံပြင်နားထောင်ပြီးပြီဆိုရင်တော့ အိပ်တော့နော်”
မယ်ပျင်းက ခေါင်းညိတ်လိုက်ပြီးနောက် ကြိမ်ခေါင်းအုံးပေါ်တွင်ခေါင်းချလိုက်လေရာ အိပ်ပျော်သွားတော့သည်။
(၃)
မယ်ပျင်းအိပ်စက်နေစဉ်တွင် နတ်ဘုံနတ်နန်းတမျှ လှပသည့် နန်းဆောင်တစ်ခုကိုမြင်တွေ့လိုက်ရသည်။ ထိုနန်းဆောင်ကြီးထဲတွင်တော့ သူကြီးဦးရွှေမောင်ကိုတွေ့ရလေသည်။ သူကြီးဦးရွှေမောင်၏နံဘေးတွင် မယ်ပြုံးတစ်ယောက်ထိုင်နေသည်ကို မြင်တွေ့ရပြန်သည်။ မယ်ပျင်းမှာ နတ်ဘုံနတ်နန်းကြီးအတွင်း ပြေးလွှားဆော့ကစားနေသည့်အခိုက်တွင် မိခင်ဖြစ်သူက မမယ်ဖြူကိုလည်း နတ်သမီးအဆင်တန်ဆာများဝတ်ဆင်ထားလျှက် မြင်တွေ့လိုက်ရသည်။
မမယ်ဖြူက မယ်ပျင်းအားကြည့်ရင်း
“သမီးလေး၊ အမေ့ဆီလာခဲ့ပါအုံးကွယ်”
မယ်ပျင်းလည်း မိခင်အားတွေ့ရသဖြင့် ပျော်ရွှင်သွားကာ မမယ်ဖြူထံသို့ပြေးသွားလေသည်။ ထိုအချိန်တွင် နားထဲမှ ငိုသံသဲ့သဲ့ကိုကြားလိုက်ရသဖြင့် အနောက်သို့လှည့်ကြည့်လိုက်မိသည်။ ထိုအခိုက် ကြမ်းပြင်မှတစ်စုံတစ်ရာနှင့် ခလုပ်တိုက်မိပြီးလဲကျသွားသည်။
အမှန်စင်စစ်အားဖြင့် မယ်ပျင်းမှာအိပ်မက်မက်နေခြင်းဖြစ်သည်။ မျက်လုံးဖွင့်၍ ကြည့်လိုက်သည့်အချိန်တွင် နန်းဆောင်အတွင်းကလေးငယ်များ၏ ဟောက်သံများမှတပါးတိတ်ဆိတ်ငြိမ်သက်နေလေသည်။ သို့သော်လည်း ငိုသံသဲ့သဲ့က နားအတွင်းသို့ဝင်လာသည်။
“ဘယ်သူငိုနေတာပါလိမ့်”
မယ်ပျင်းက ရေရွတ်လိုက်ကာ အိပ်ရာမှထလိုက်သည်။ ငိုသံအနောက်သို့ အသံနားထောင်ပြီးလိုက်ခဲ့ရင်း ငွေရောင်နန်းဆောင်အပြင်ဘက်နားဆီသို့ရောက်ခဲ့သည်။ နန်းဆောင်ပေါ်တက်သည့် လှေကားထစ်အချိုးအကွေ့တစ်နေရာတွင် မိန်းကလေးတစ်ဦးက ကျုံ့ကျုံ့ကလေးထိုင်နေကာ ငိုယိုနေလေသည်။ မယ်ပျင်းမှာ ထိုမိန်းကလေးအနားသို့ တိုးကပ်ခဲ့ပြီး မိန်းကလေး၏နောက်ကျောကိုလက်ဖြင့်တို့ထိလိုက်သည်။ ထိုမိန်းကလေးမှာ အလန့်တကြားနှင့် မယ်ပျင်းအားလှည့်ကြည့်သည်။
“နင်၊ နင်ဘယ်သူလဲ”
“နင်ကရောဘယ်သူလဲ၊ ဘာဖြစ်လို့ ဒီနေရာမှာလာပြီးငိုနေရတာလဲ”
ထိုမိန်းကလေးက မျက်နှာကိုငုံ့လိုက်ပြီး
“ငါ့မိဘတွေကို အောက်မေ့လွန်းလို့ပါဟာ”
မယ်ပျင်းက ထိုမိန်းကလေးဘေးနားတွင်ထိုင်ချလိုက်ရင်း
“ငါလည်း ငါ့အမေကိုသိပ်သတိရတာပါပဲဟာ”
ထိုမိန်းကလေးမှာ တဟီးဟီးနှင့်ထပ်မံငိုနေပြန်သည်။
“သတိရတိုင်းအခုလိုငိုနေတော့နင်ပဲပင်ပန်းတာပေါ့ဟ၊ နင့်မိဘတွေက ဘယ်ရောက်သွားကြလို့လဲ၊ ဒါမှမဟုတ်သေသွားကြတာလား”
“မဟုတ်ပါဘူး၊ ငါ့မိဘတွေက အသက်ရှင်လျက်ရှိနေကြပါသေးတယ်”
“ဒါများဟယ်၊ သူတို့အသက်ရှင်နေတယ်ဆိုရင်လည်း တစ်ရက်တော့ သူတို့ဆီကိုသွားတွေ့လို့ရတယ်မဟုတ်လား”
“မဟုတ်ဘူး၊ သူတို့ဆီကို ငါသွားလို့မရဘူး သူတို့က ငါသေသွားပြီလို့ပဲ ထင်နေကြတာ”
“ဒါဆိုလည်း နင်သွားပြီး မသေဘူးဆိုတာကိုပြောပြလိုက်ပေါ့ဟ”
“ပြောလို့မရဘူး၊ မေမေကြီးက ငါ့ကိုမိဘတွေဆီကိုပြန်မသွားနဲ့တဲ့”
“ဘာလို့မသွားခိုင်းတာလဲ”
ထိုမိန်းကလေးမှာ ခေါင်းသာခါလိုက်လေသည်။ ထပ်ပြီးငိုယိုရန်ပြင်ဆင်နေသဖြင့် မယ်ပျင်းက လက်ကိုဆွဲလိုက်ကာ
“တော်ပါတော့ဟာ ထပ်ပြီးငိုမနေပါနဲ့တော့၊ ဒါနဲ့ ငါ့နာမည်က မယ်ပျင်းတဲ့”
“နင့်နာမည်ကို ငါသိပြီးသားပါ”
“ဒါဆိုနင့်နာမည်ကရော”
“ငါ့နာမည်က မိပိန်တဲ့”
မယ်ပျင်းက ထိုစကားကိုကြားလိုက်သဖြင့် ခွိခနဲပြုံးရယ်လိုက်လေသည်။ မိပိန်က မယ်ပျင်းကိုမျက်စောင်းထိုးကြည့်ပြီး
“ဘာလဲ နင်ကငါ့ကိုလှောင်တာလား”
“မဟုတ်ပါဘူးဟာ၊ ဒီနာမည်နဲ့နင်နဲ့လိုက်လို့ပါ၊ နင့်ကိုယ်ကလည်း ပိန်ပိန်နဲ့ဆိုတော့ မိပိန်ဆိုတဲ့နာမည်နဲ့ နင်နဲ့လိုက်ဖက်ပါတယ်”
ထိုအခါ ထိုမိန်းကလေးမှာ ပါးစပ်ကိုဖြဲလျှက် ထပ်ပြီးငိုပြန်သည်။
“ဟော အခုက ဘာဖြစ်ပြန်တာလဲ”
“နင်ပဲ ငါ့နာမည်နဲ့ငါနဲ့လိုက်တယ်ဆိုဟ”
“အေးလေ၊ အဲဒါဘာဖြစ်သလဲ”
“တကယ်တော့ အဲဒီနာမည်က ငါပေးထားတာမဟုတ်ဘူး၊ ဒေဝီတို့က ငါ့ကိုဝိုင်းခေါ်ကြရင်း လူတွေအကုန်လုံးက ငါ့ကိုဝိုင်းခေါ်ကြတာဟ၊ ငါ့ကိုအဲဒီလိုအခေါ်ခံရတိုင်း ငါဝမ်းနည်းလို့ပါဟာ”
“ဝမ်းနည်းတာလည်း ဝမ်းနည်းတာပေါ့၊ ဒါနဲ့ပဲ အသံပြဲကြီးနဲ့အော်ငိုရသလား၊ ကဲ တိတ်တော့၊ နင်အဲဒီလောက်အောက်မေ့နေရင် နောက်နေ့ကျ နင့်မိဘတွေဆီကိုသွားကြတာပေါ့”
“ဟာ ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်ဟာ၊ ငါတို့အခုလိုညဘက်သွားမယ်လေ၊ ဒါဆိုရင်တော့ ဘယ်သူမှတွေ့မှာမဟုတ်ဘူး”
“နင် . . နင်တကယ်ပြောတာနော် မယ်ပျင်း”
“တကယ်ပေါ့ဟ၊ နင့်မိဘတွေဆီကို ငါတစ်နေ့ကျလိုက်ပို့မယ်ဟုတ်ပြီလား မငိုနဲ့တော့”
မိပိန်မှာပျော်ရွှင်သွားလေသည်။ မယ်ပျင်းက မိပိန်လက်ကိုဆွဲကာ နန်းဆောင်ကြီးအပေါ်သို့တက်လာခဲ့သည်။
ပတ္တမြားရောင်ဝင်းလက်တောက်ပနေသည့် နန်းဆောင်ကြီးအတွင်းတွင် ကဝေသာရဘိုးဘိုးကြီးမှာ ထိုင်နေလေသည်။ ထိုအခိုက် ဘိုးဘိုးကြီးအနားတွင် အရိပ်သုံးခုက ရိပ်ခဲပေါ်ပေါက်လာလေသည်။ အရိပ်ကြီးသုံးခုမှာ ဘိုးဘိုးကြီးအားအရိုအသေပေးလိုက်ကြသည်။
“ဘိုးဘိုးကြီး ကျွန်မတို့ကိုခေါ်တာ ဘာကိစ္စများလဲ”
“မင်းတို့ညီမအငယ်ဆုံး ရှင်ထူးအကြောင်းကို တိုင်ပင်ချင်လို့ခေါ်လိုက်တာ”
“ရှင်ထူးက ဘာတွေလုပ်လို့လဲ”
ဘိုးဘိုးကြီးက မုတ်ဆိတ်မွှေးကိုလက်ဖြင့်သပ်ရင်း
“ဘာတွေလုပ်သလဲဆိုတာတော့ ငါမသိသေးဘူး၊ ဒါပေမယ့် ငါ့စိတ်ထဲမှာတော့ မကောင်းတာတစ်ခုခုကြံစည်နေတယ်လို့ ထင်တာပဲ”
“ဘယ်လိုမကောင်းတာများလဲ”
“အတိအကျတော့မသိသေးဘူးဆိုပေမယ့် အခုသူ့ဆီကို အစွမ်းထက်တဲ့လက်နက်တစ်ခုရောက်နေတယ်”
“ညီမထွေးက လက်နက်ပစ္စည်းတွေစုဆောင်းတာ ဝါသနာထုံတဲ့လူမဟုတ်လား၊ အခုရော ဘယ်လိုလက်နက်ကိုရထားလို့လဲ”
“ဒီလက်နက်က သူ့မှာရှိတဲ့မှော်လက်နက်တွေ နတ်လက်နက်တွေထက်ပိုပြီး အစွမ်းထက်တဲ့ လူသားလက်နက်ပဲ”
“လူသားလက်နက်ဆိုတာ ဘာများလဲ၊ ပြီးတော့ လူသားဆိုတာ ဘယ်လောက်များအစွမ်းထက်မှာမို့လို့လဲ”
“မဟုတ်ဘူး ကတော်တို့၊ ဒီကလေးက လူသားဆိုပေမယ့် သူ့ကိုလူအဖြစ်နဲ့မွေးဖွားလာတာမဟုတ်ဘူး၊ အမုန်းတရားတစ်ခုကြောင့် လက်နက်တစ်ခုအဖြစ်ဖန်တီးထားခဲ့တာပဲ”
“ညီမထွေးက ပညာရပ်ပိုင်းမှာ တစ်ဖက်ကမ်းခတ်အောင်မြင့်မားပြီးသားပါဘိုးဘိုးရဲ့ သူ့အတွက်စိုးရိမ်စရာလိုလို့လား”
“သူအရင်တုံးက စုဆောင်းခဲ့တဲ့လက်နက်တွေဆိုတာ သက်မဲ့လက်နက်တွေ၊ သူထားရာနေ သူစေရာသွားပြီး သူထုတ်သုံးမှထွက်တဲ့လက်နက်တွေပဲ၊ အခုလက်နက်ကတော့ လူသားလက်နက် တစ်နည်းအားဖြင့်ပြောရင် သက်ရှိလက်နက်ပဲ၊ သက်မဲ့လက်နက်တွေက ခံစားချက်ကင်းတဲ့အတွက် သူခိုင်းတဲ့အတိုင်းလုပ်နိုင်တယ်ဆိုပေမယ့် ဒီလက်နက်ကတော့ သက်ရှိဖြစ်နေပြီးခံစားချက်တွေအများကြီးရှိနေတဲ့အတွက် တစ်နေ့ ဒီလက်နက်ဟာ သူ့ခံစားချက်ကို မထိန်းသိမ်းနိုင်ခဲ့ရင် မင်းတို့ညီမထွေးအတွက် အန္တရာယ်ရှိနိုင်တယ်”
“ဘိုးဘိုးပြောတာကိုသဘောပေါက်ပါပြီ၊ ဒါဆို ကျုပ်တို့ကဘယ်လိုလုပ်ကြမလဲ”
“မင်းတို့ရဲ့တာဝန်က လက်နက်ကိုစောင့်ကြည့်နေရမယ်၊ ပြီးတော့ အဲဒီလက်နက်က တစ်ခုခုထူးဆန်းနေတယ်ဆိုရင် အဲဒီလက်နက်ကို မင်းတို့ညီမထွေးမရိပ်မိခင်မှာပဲ ဖျက်ဆီးပစ်ဖို့လုပ်ရမယ်”
“ကောင်းပါပြီဘိုးဘိုး၊ အဲဒီလက်နက်ကို ကျွန်မတို့အမြဲစောင့်ကြည့်နေပါ့မယ်”
“တကယ်တော့ မင်းတို့ညီမထွေးက အခုနှစ်တွေအတွင်း မိန်းကလေးတွေကို ချစ်လို့ဆိုပြီး မွေးစားနေတာကိုက ထူးဆန်းနေတာကွဲ့”
“ဒါကတော့ သူတကယ်ချစ်လို့ မွေးစားတာလဲဖြစ်နိုင်တာပဲလေဘိုးဘိုး”
ကဝေသာရဘိုးဘိုးကြီးက ခေါင်းခါလိုက်ကာ
“မတူဘူး၊ မင်းတို့က သူနဲ့ခပ်ကင်းကင်းနေခဲ့ကြပေမယ့် ငါကတော့ သူနဲ့နှစ်ပေါင်းရှစ်ရာလောက်အတူတူနေခဲ့ကြတာဆိုတော့ သူ့အကြောင်းကိုငါအသိဆုံးပဲ၊ သူက ထူးဆန်းနေတယ်၊ သူက သူနဲ့မတူတော့ဘူး”
ဘိုးဘိုးကြီးမှာ ကတော်များဘက်သို့ကြည့်လျှက်
“ဒီကိစ္စကို ညည်းတို့သိုသိုသိပ်သိပ်ရှိပါစေနော်၊ ရှင်ထူးကို လုံးဝမသိစေနဲ့”
“စိတ်ချပါ ဘိုးဘိုး၊ သူမသိစေရပါဘူး”
ကတော်သုံးပါးမှာပျောက်ကွယ်သွားကြလေသည်။ ကဝေသာရဘိုးဘိုးကြီးမှာ နောင်ဖြစ်လာမည့်အဖြစ်အပျက်များကို ကြိုတင်စဉ်းစားကာ သက်ပြင်းတစ်ချက်ချလျှက် ခေါင်းကိုခါရမ်းလိုက်လေသည်။