စာစဉ်(၂)

(၁)

ထိုနောက်ပိုင်းတွင်တော့ မောင်ကံတင့်မှာ လူယုံတော်မောင်ရွှေခဲအား အခေါ်လွှတ်ကာ မမယ်ဖြူနှင့်အချိန်းအချက်လုပ်ဆောင်စေသည်။ မမဲတူက လူယုံတော်မောင်ရွှေခဲလာသည့်အခါ မမယ်ဖြူယောင်ဆောင်ကာ လက်ခံတွေ့ဆုံပြီးနောက် ရွာပြင်ခပ်လှမ်းလှမ်းတွင် အချိန်းအချက်ပြုလေသည်။ ဖက်လိပ်ရွာမြောက်ဘက် တောတန်းကလေးအနီးတွင် ထုံးဖြူဖြူလွမ်းစေတီကလေး တစ်ဆူရှိရာ ထိုနေရာသည် မောင်ကံတင့်နှင့် မမဲတူယောင်ဆောင်ထားသူ မမယ်ဖြူတို့ ချိန်းဆိုတွေ့ကြသည့် နေရာဖြစ်နေလေတော့သည်။ မမယ်ဖြူမှာတော့ ထိုအဖြစ်များကိုမသိဘဲနေလေ၏။

တစ်ရက်တွင်တော့ ရွာမှကာလသားတစ်ဦးက မမဲတူတို့အိမ်ဆီသို့ရောက်လာခဲ့လေသည်။ ထိုကာလသားမှာ ခြံဝင်းအတွင်းသို့ မဝင်ရဲဘဲ ခြံအတွင်းသို့ချောင်းမြောင်းကြည့်ရှုနေလေရာ ထိုသူအား မမဲတူက တွေ့မြင်သွားလေသည်။

“ဟဲ့ သာဂိ၊ နင်ဘာချောင်းနေတာလဲ”

သာဂိမှာ သူခိုးလူမိသလိုဖြစ်သွားပြီး

“ဟို၊ ဟိုလေ နင်တို့အိမ်မှာ မယ်ဖြူမရှိဘူးလားဟ”

“ရှိပါ့တော်၊ ဒါနဲ့ တော်ကဘာလုပ်ချင်လို့လဲ”

“မယ်ဖြူနဲ့တွေ့ချင်တယ်ဟာ၊ ငါ့ကိုခေါ်ပေးစမ်းပါ”

“အိုတော်၊ အားအားယားယား ဘာလို့ခေါ်ပေးရမှာလဲ၊ ဘာကိစ္စလဲဆိုတာကိုသာ ကျွန်မကိုပြောပါရှင်”

“လူယုံတော်မောင်ရွှေခဲက ငါ့ကိုမှာလိုက်လို့ဟ၊ ရွာစားသားတော်ကလေးက ဒီလလပြည့်ညရောက်ရင် လွမ်းစေတီကလေးကို လာခဲ့မယ်ဆိုပဲ၊ အဲဒီအကြောင်းကို မယ်ဖြူကိုပြောပေးစမ်းပါ”

“အလိုတော်၊ ရွာစားသားတော်က လူယုံတော်မောင်ရွှေခဲကိုပဲ လွှတ်နေကျပါတော့”

“ဟုတ်ပါတယ်ဟာ၊ လူယုံတော်မောင်ရွှေခဲက ရွာကိုလာရင်း လမ်းခရီးမှာ မြင်းခြေကျိုးသွားလို့ မလာနိုင်ဘူးတဲ့ဟ၊ အဲဒါ ငါ့ကိုမှာလိုက်တာပဲ၊ မယ်ဖြူဆီကို ဒီစကားဆက်ဆက်ပြောပေးပါတဲ့”

မမဲတူလည်း ထိုတော့မှ ခေါင်းညိတ်လိုက်ပြီး

“အင်းအင်း၊ ပြောပေးမယ်၊ ပြောပေးမယ်”

ထိုတော့မှ သာဂိမှာပြုံးရယ်သွားကာ ပြန်သွားလေတော့သည်။ မမဲတူမှာလည်း ထိုနေ့ညတွင် အမဖြစ်သူယောင်ဆောင်ကာ သွားမည်ဟုဆုံးဖြတ်လိုက်လေသည်။

ထိုညက လမင်းကြီးက ဝင်းဝင်းပပသာနေလေသည်။ မမဲတူလည်း မောင်ကံတင့်နှင့်ချိန်းဆိုထားသည်မို့ ညစောစောအိပ်ရာဝင်ဟန်ဆောင်ခဲ့ကာ ညည့်နက်သည့်အချိန်တွင်မှ အိမ်နောက်ဖေးမှ တိုးတိုးကလေးထွက်လာခဲ့လေသည်။ ရွာပြင်လွမ်းစေတီကလေးဆီသို့ရောက်သည့်အခါ မည်သူ့ကိုမှမတွေ့ရပေ။ မမဲတူလည်း လွမ်းစေတီကလေးအနီးတွင် စောင့်နေခိုက် ခြေသံများကိုကြားလိုက်ရလေသည်။

“ဘယ်သူလဲ၊ မောင်ကြီးကံတင့်လား”

ထိုအခါ အရိပ်ထဲမှ လူများထွက်လာကြလေသည်။ ထိုလူမှာ မမဲတူမျှော်နေသည့် မောင်ကံတင့်မဟုတ်ဘဲ ရွာမှလူဆိုးလူမိုက် ကိုကျောက်လုံးဖြစ်နေလေသည်။

“ဟောတော်၊ ကိုကျောက်လုံးတို့ ဒီကိုဘာလာလုပ်ကြတာလဲ”

“ဘာလုပ်ရမလဲ မယ်ဖြူရ နင့်ကိုငါတို့စောင့်နေတာပေါ့ဟာ”

ကိုကျောက်လုံးနှင့်အတူ အခြားယောက်ျားနှစ်ဦးလည်းပါသည်။ တစ်ဦးမှာ သာဂိဖြစ်ကာ အခြားတစ်ဦးမှာတော့ မမဲတူမြင်ဖူးသည့်လူမဟုတ်ပေ။

“ရှင်တို့က ဘာလို့စောင့်နေကြတာလဲ”

ကိုကျောက်လုံးမှာရယ်မောလိုက်ပြီးနောက်

“ဒါလောက်တောင်ရှင်းနေတာကို နင်မရိပ်မိသေးဘူးလား မယ်ဖြူရဲ့၊ အမှန်က ဒီကိုငါတို့ကလွဲလို့ ဘယ်သူမှမလာဘူးဟ”

“ဒါဆို မောင်ကြီးကံတင့် မလာဘူးပေါ့”

“ကံတင့်ဆိုတဲ့ကောင်က လာမလားဟ၊ အခုအချိန်လောက်ဆိုရင် ဒီကောင်အိပ်ကောင်းကောင်းနဲ့အိပ်နေမှာ၊ နင်နဲ့ချိန်းထားတယ်ဆိုတာလည်း ငါတို့က ညာပြောတာ၊ တကယ်တော့ ဒိနေရာကိုဘယ်သူမှမလာဘူး”

မမဲတူမှာ ထိတ်လန့်သွားပြီးနောက် သာဂိကိုကြည့်လိုက်ကာ

“သာဂိ၊ ဒါနင့်လက်ချက်မဟုတ်လား”

သာဂိက ပြုံးရယ်ကာခေါင်းညိတ်ပြသည်။ ကျောက်လုံးက အရှေ့သို့ပြေးတက်လာကာ

“အလှလေးမယ်ဖြူရေ၊ မင်းကိုငါမေတ္တာရှိလွန်းလို့ ကြံမိကြံရာ ကြံမိတာပါကွာ၊ ငါတို့ကိုစိတ်မဆိုးပါနဲ့ကွ”

ကျောက်လုံးက မမဲတူလက်ကိုအတင်းဝင်ဆွဲော့သည်၊ မမဲတူမှာ ပြန်လည်ရုန်းကန်သော်လည်း ယောက်ျားနှင့်မိန်းမ အားမတန်သည်မို့ မရုန်းကန်နိုင်ဘဲဖြစ်နေတော့သည်။

“သူတောင်းစားတွေ၊ လွှတ်နော်၊ ကျုပ်လက်ကိုချက်ချင်းလွတ်”

သာဂိက ကျောက်လုံးကိုကြည့်ရင်း

“ဆရာသမား သိပ်မကြမ်းနဲ့နော်ဗျ၊ ကျုပ်တို့ကိုလည်း အလှည့်ပေးအုံးနော်”

ကျောက်လုံးက မျက်နှာကိုမဲ့လိုက်ပြီး

“ဒီအကြံက ငါ့အကြံလေကွာ၊ ဒီတော့ ငါအရင်ပေါ့ကွ၊ ပြီးရင် မင်းတို့သူ့ကိုလုပ်ချင်တာလုပ် ဟုတ်ပြီလား”

မမဲတူက တောက်တစ်ချက်ခေါက်လိုက်ပြီး

“ရှင်အခု ကျုပ်ကိုလွှတ်နော် ကျောက်လုံး”

“ဟား၊ ဟား ငါးကြီးငါးကောင်းမိထားမှာတော့ ဘာလို့ပြန်လွှတ်နေရမှာလဲ အချစ်ကလေးရ”

မမဲတူလည်း လက်ဝါးကိုအားယူလိုက်ပြီးနောက် ကျောက်လုံး၏ပါးကို ရိုက်ချထည့်လိုက်လေသည်။ လက်ဝါးရိုက်ချက်မှာ အလွန်ပြင်းထန်လှပြီး ဖြောင်းခနဲအသံမြည်သွားပြီးနောက် ကျောက်လုံးမှာ တစ်ဖက်သို့လည်ထွက်သွားတော့သည်။ ကျောက်လုံးက သူ့ပါးကိုသူလက်နှင့်ဖိရင်း ပါးစပ်အတွင်းမှ သွေးများစီးကျလာလေသည်။ သွေးများနှင့်အတူ သွားများပါကျွတ်ထွက်လာတော့သည်။

“ဟာ၊ ဒီကောင်မက တယ်စွာနေပါလား”

အသားနာသွားသဖြင့် ကျောက်လုံးမှာ အလွန်ဒေါသထွက်သွားပြီး ကျောတွင်လွယ်ထားသည့် ငှက်ကြီးတောင်ဓါးကိုထုတ်လိုက်ကာ မမဲတူကိုဝင်ခုတ်တော့သည်။ မမဲတူအား ဓါးကိုမိုးခုတ်လိုက်စဉ်မှာပင် သူကိုင်ထားသည့်ဓါးကြီးမှာ သစ်ကိုင်းခြောက်ကလေးတစ်ခုအဖြစ်ပြောင်းလဲသွားတော့သည်။ မမဲတူ၏ ခေါင်းကိုရိုက်မိသော်လည်း ပိန်လှီခြောက်သွေ့နေသော သစ်ကိုင်းခြောက်ကလေးမှာ ဖြောက်ခနဲကျိုးကျသွားလေသည်။ ကျောက်လုံးမှာ သူ့လက်ကိုသူပြန်ကြည့်ပြီး အလွန်အံ့အားသင့်နေမိသည်။ ထို့နောက် မမဲတူအား လက်ညှိုးထိုးလျှက်

“မယ်ဖြူ၊ နင် . . . နင်ကစုန်းမပဲ”

“အောင်မာ စုန်းဆိုတော့ရောဘာဖြစ်လဲ၊ ရှင်တို့သုံးယောက် သေပြီသာမှတ်”

ကျောက်လုံးတို့သုံးဦးမှာ အနောက်သို့လှည့်ကာ ထွက်ပြေးကြလေသည်။ မမဲတူက အနီးတွင်ကျနေသည့် သစ်ကိုင်းခြောက်ကလေးကို ကောက်ယူလိုက်ပြီးနောက် ပြေးထွက်သွားသည့် ကျောက်လုံး၏ နောက်ကျောသို့လှမ်းပစ်ထည့်လိုက်သည်။ သစ်ကိုင်းခြောက်ကလေးမှာ လေပေါ်တွင်ပျံဝဲသွားကာ ကျောက်လုံး၏နောက်ကျောတည့်တည့်တို့ တိုးစိုက်ဝင်သွားလေသည်။ ကျောက်လုံး၏ အသားနှင့်ထိသည့်အခါ ထိုသစ်ကိုင်းမှာ ငှက်ကြီးတောင်ဓါးအဖြစ်ပြန်လည်ပြောင်းလဲသွားကာ ကျောက်လုံး၏နောက်ကျောကိုဖောက်ထွက်သွားပြီးနောက် ရင်ဝသို့ပင် ဓါးဦးပေါက်ထွက်လျှက် ကျောက်လုံးမှာလဲကျပြီး သေဆုံးလေတော့သည်။ သာဂိနှင့်အခြားလူတစ်ဦးတို့မှာ ခြေဦးတည့်ရာထွက်ပြေးသွားကြလေသည်။ လွမ်းစေတီကလေးအနီးတွင်တော့ မမဲတူ၏ရယ်သံများက ပဲ့တင်ထပ်မျှ ပေါ်ထွက်နေလေတော့သည်။

(၂)

မမယ်ဖြူ၏ သတင်းက ရွာအတွင်းတောမီးပမာပျံ့နှံ့သွားလေတော့သည်။ သာဂိမှာ အလွန်သေးပျက်ကာ ရူးကြောင်ကြောင်ဖြစ်နေသည်။

“မယ်ဖြူ၊ မယ်ဖြူက စုန်းမကြီးပဲ၊ သူလူသတ်လိုက်တယ်”

သာဂိပြောသည့်အတိုင်း သူကြီးဦးရွှေမောင်နှင့်တပည့်တပန်းများက လွမ်းစေတီကလေးဆီသို့ သွားရောက်စုံစမ်းကြသည့်အခါတွင် နောက်ကျောတွင် ဓါးစိုက်ကာ ထုတ်ချင်းခတ်သေနေသည့် လူမိုက်ကျောက်လုံးကိုတွေ့လိုက်ရလေသည်။ ရွာသူရွာသားများမှာ ကျောက်လုံး၏အလောင်းကို မြှုပ်နှံလိုက်ကြသည်။ ရူးကြောင်မူးကြောင်ဖြစ်နေသည့် သာဂိပြောသည့်စကားများနှင့် ကျောက်လုံး၏သေဆုံးမှုမှာ ထပ်တူညီနေသဖြင့် ရွာသူကြီး ဦးရွှေမောင်မှာ ထိုလူသတ်မှုကို စုံစမ်းရတော့မည်ဖြစ်သည်။

“မင်းပြောတာ အမှန်တွေပဲလား သာဂိ”

“အမှန်အတိုင်းပါပဲသူကြီးမင်း၊ ကျုပ်မညာပါဘူး”

“မင်းပြောတာအမှန်ဆိုရင်တော့ မင်းကိုအရင်အပြစ်ပေးရမယ်သာဂိ၊ မင်းတို့ ဒီလိုမျိုးပူးပေါင်းပြီး မိန်းကလေးတစ်ယောက်ရဲ့ ကာမကိုရယူဖို့ကြိုးစားတယ်ဆိုတာ ကောင်းတဲ့အကျင့်မဟုတ်ဘူး၊ မင်းကို ငါ့အိမ်အောက်မှာထိပ်တုံးခပ်ထားမယ်”

သို့နှင့် သူကြီးဦးရွှေမောင်မှာ သာဂိအားထိပ်တုံးခတ်ထားလိုက်တော့သည်။ ထို့နောက် နောက်လိုက်နောက်ပါ တပည့်သုံးလေးယောက်ကိုခေါ်ကာ မယ်ရှင်၏ အိမ်သို့ထွက်လာခဲ့ကြသည်။ ခြံဝသို့ရောက်သည်နှင့် ခြံအတွင်းအဝတ်လှန်းနေသည့် မမယ်ဖြူကိုတွေ့လိုက်ကြရသည်။ ရွာသားများမှာ သာဂိထံမှသတင်းများကြားထားသည်မို့ မမယ်ဖြူအား ခပ်လန့်လန့်ဖြစ်နေကြသည်။ သူကြီးဦးရွှေမောင်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး

“ဟဲ့ မယ်ဖြူ၊ နင့်ကြီးဒေါ် မယ်ရှင်ရှိသလား”

မမယ်ဖြူတစ်ယောက် သူကြီးကိုတွေ့လိုက်သဖြင့် အပြေးလာပြီး

“ကြီးဒေါ်ရှင်က ဘယ်ထွက်သွားသလဲမသိဘူးသူကြီး၊ အိမ်ထဲကြွပါအုံးရှင်၊ ထိုင်ပါအုံး”

သူကြီးက ခေါင်းခါလိုက်ပြီး

“နင့်ကြီးဒေါ်မရှိလည်း ဘာမှမဖြစ်ဘူး၊ ငါတို့လာတာ နင့်ဆီကိုလာခဲ့တာ”

မမယ်ဖြူမှာ မျက်လုံးအဝိုင်းသားဖြင့်

“ရှင်၊ ကျွန်မဆီကိုလား၊ ဘာကိစ္စများလဲသူကြီးရှင့်”

“နင် ကျောက်လုံးကိုသတ်လိုက်တယ်ဆိုတာ တကယ်လား”

“အလို၊ ကျောက်လုံးဆိုတာ ဘယ်သူများလဲ လူမိုက်ကျောက်လုံးကိုပြောတာမဟုတ်လား”

“အေးလေ၊ နင်တကယ်ပဲမသတ်ဘူးလား”

“သူကြီးရယ်၊ လူမိုက်ကျောက်လုံးဆိုတာ ဒီရွာက ယောက်ျားလေးတွေတောင် သွားပြီးစော်ကားရဲတာမဟုတ်ဘူး၊ တစ်ယောက်တစ်ယောက်ချင်းလဲ ပြိုင်ဝံ့တဲ့လူမရှိပါဘူးရှင်၊ ကျွန်မလို မိန်းကလေးတစ်ယောက်က သူ့ကိုသတ်လိုက်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား”

သူကြီးက မျက်မှောင်ကြုတ်ပြီး

“ဒီအတိုင်းတော့ ဘယ်ဖြစ်နိုင်မှာလဲဟာ၊ နင်က ပညာနဲ့သူ့ကိုသတ်လိုက်တယ်လို့ သာဂိပြောတယ်”

“ဘယ်လို ပညာနဲ့သတ်လိုက်တာလဲ သူကြီးရယ်”

“နင့်ကို သာဂိက စုန်းမတဲ့”

“ကြံကြီးစည်ရာသူကြီးရယ်၊ သာဂိက အဲဒီလိုပဲပြောသလား”

“ဟုတ်တယ်၊ ညကနင့်ကို ရွာအပြင်လွမ်းစေတီမှာ ချိန်းချက်ပြီးတော့ လွမ်းစေတီရောက်တဲ့အခါ နင်က ကျောက်လုံးကို စုန်းပညာနဲ့သတ်လိုက်တယ်ပြောတာပဲ”

မမယ်ဖြူမှာ အံ့သြနေရာမှ မိမိအား လူသတ်သမားတစ်ယောက်အဖြစ်ပင်မက၊ စုန်းမတစ်ယောက်အဖြစ် စွပ်စွဲသည်ကို သိလိုက်ရသည့်အခါ အလွန်ဒေါသထွက်လာရတော့သည်။

“ဒီမှာသူကြီး၊ သူကြီးကို ဘယ်သူက ဘာပြောလိုက်တယ်ဆိုတာ မသိပေမယ့်၊ ကျွန်မပြောနိုင်တာကတော့ ကျွန်မက စုန်းပညာဆိုတာ သိလဲမသိဘူး၊ သူကြီးပြောနေတာတွေကိုလည်း တစ်ခုမှမကြားဖူးဘူး၊ မနေ့ညက ကြီးဒေါ်ရှင်က ခြေထောက်တွေကိုက်တယ်ဆိုလို့ သူ့အိပ်ခန်းထဲ သွားနှိပ်ပေးနေရင်း ညည့်နက်ပြီး ကျွန်မပါ သူ့အိပ်ခန်းထဲမှာ အိပ်လိုက်တာပါရှင်၊ ဘယ်လိုလုပ်ပြီးတော့ လွမ်းစေတီဆီကိုရောက်သွားမလဲ၊ နောက်တစ်ခု ပြောပါအုံးမယ်၊ ကျွန်မလိုမိန်းကလေးက တောထဲက လွမ်းစေတီကို ညကြီးသန်းခေါင်ထသွားစရာလား၊ အဲဒီနေရာကို ဒီရွာက ယောက်ျားလေးတွေတောင်မှ တစ်ယောက်တည်းသွားရဲလို့လားသူကြီးရဲ့၊ မဖြစ်နိုင်တာတွေကို လိုက်တွေးမနေပါနဲ့၊ သူကြီးကို ဘယ်သူက ဘယ်လိုပြောပြော၊ သူကြီး နည်းနည်းပါးပါးတော့ စဉ်းစားသင့်တယ်”

မမယ်ဖြူက ဒေါသထွက်လာကာ သူကြီးအားလက်ညှိုးငေါက်ငေါက်ထိုးပြီးပြောလေသည်။ သူကြီးက ခေါင်းတဆတ်ဆတ်ညိတ်လျှက်

“အေးပါ၊ ငါလည်းမဖြစ်နိုင်ဘူးလို့ထင်ပါတယ်”

ထိုအချိန်မှာပင် ကြီးဒေါ်ရှင်တစ်ယောက် ရွာလယ်လမ်းအတိုင်းလျှောက်လာခဲ့ကာ သူကြီးအားလက်ညှိုုးငေါက်ငေါက်ထိုး၍ ပြောဆိုနေသည့် မမယ်ဖြူကိုတွေ့သွားလေသည်။ ကြီးဒေါ်ရှင်က အပြေးတစ်ပိုင်းနှင့်ပြေးလာပြီးတော့

“ဟဲ့ မယ်ဖြူ၊ ညည်းကလည်းအေ သူကြီးကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့စရာလားဟဲ့”

“အို၊ ကြီးဒေါ်ရှင်က ဘာသိလို့လဲ၊ သူကြီးက ကျုပ်ကိုစုန်းမတဲ့တော်၊ ပြီးတော့ လူမိုက်ကျောက်လုံးသေတာလည်း ကျုပ်သတ်တာတဲ့”

မမယ်ဖြူစကားကြားလိုက်ရသည့်အခါ ကြီးဒေါ်ရှင်မှာ အလွန်ဒေါသထွက်သွားပြီး

“ဟုတ်လားသူကြီး၊ သူပြောတာတကယ်ပဲလား”

သူကြီးက ဘာမှမပြောတော့ဘဲ ခေါင်းသာညိတ်ပြလိုက်သည်။ ကြီးဒေါ်ရှင်က လက်နှစ်ဖက်ကိုခါးပေါ်ထောက်ခါ ဟန်ပါပါဖြင့်

“နေစမ်းပါအုံး၊ ကျုပ်တူမကို စုန်းမလို့ သူကြီးကိုဘယ်သူက ကုန်းတိုက်လိုက်တာလဲ”

“သာဂိပြောတာပဲဟ၊ ဒီကောင့်ပြောစကားအရ နင့်တူမ မယ်ဖြူက ညသန်းခေါင်တုန်းက လွမ်းစေတီနားမှာ ကျောက်လုံးကို စုန်းပညာနဲ့သတ်လိုက်တယ်ဆိုတာပဲ”

“သာဂိလို ငမူးငရူးကောင်ရဲ့စကားကိုများ သူကြီးက ယုံသတဲ့လား၊ သာဂိဆိုတာ အချိန်ပြည့်ထန်းရည်ကလေးတမြမြနဲ့ နေတဲ့လူ၊ ပြီးတော့ တစ်နှစ်က ရန်ဖြစ်ကြရင်း ဝါးရင်းတုတ်တဲ့ခေါင်းကိုအရိုက်ခံရလို့ ရူးပေါပေါဖြစ်နေတယ်ဆိုတာ သူကြီးမသိဘူးလား”

“သိပါတယ်မယ်ရှင်ရာ”

“သိရဲ့သားနဲ့များ၊ ဒီလိုငရူူးငပေါစကားကို အဟုတ်မှတ်ပြီး ကျုပ်တူမကို စုန်းလို့များစွပ်စွဲရသလားသူကြီးရယ်၊ ကျုပ်ရင်ထဲ မချိလိုက်တာ”

သူကြီးဦးရွှေမောင်က ထိုတော့မှလေသံပျော့သွားပြီး

“ကျုပ်ကိုလည်း အတိုင်ဖွင့်တာဆိုတော့ ကျုပ်က လာမေးမြန်းရတာပါ၊ ဒါနဲ့ ညက မယ်ဖြူခင်ဗျားနဲ့အိပ်တယ်ဆိုတာ တကယ်ပဲလား”

“တကယ်ပေါ့၊ အစစ်ပေါ့၊ မနက်တုန်းကတောင် ကျုပ်တို့အတူတူအိပ်ရာထခဲ့တာပဲ၊ ဒီမှာသူကြီး၊ ကျုပ်တစ်ခါတည်းပြောလိုက်မယ်နော်၊ ကျုပ်တူမကို မဟုတ်တမ်းတရားတွေနဲ့ မစွပ်စွဲနဲ့”

“ကောင်းပါပြီဗျာ၊ ဒါဆိုရင်တော့ ခင်ဗျားပြောသလိုပဲ ဖြစ်မှာပါ၊ ဟိုကောင်သာဂိ နေပါစေအုံးတော့၊ မင်းနဲ့ငါနဲ့တွေ့အုံးမယ်”

သူကြီးက ကြိမ်းမောင်းကာ ထွက်သွားလေတော့သည်။ မမယ်ဖြူနှင့် ကြီးဒေါ်ရှင်တို့မှာ ခြံဝတွင်ဒေါသထွက်ထွက်နှင့် ကြည့်နေကြစဉ် ရွာရိုးကိုးပေါက်လှည့်ကာ ပြန်လာသည့် မမဲတူက တွေ့သွားလေရာ

“စောစောစီးစီး ဒီတူအရီးနှစ်ယောက် ဘာတွေဒေါသတွေဖြစ်နေကြတာလဲ”

“ဘာဖြစ်ရမလဲ မဲတူရယ်၊ တို့သူကြီးပေါ့၊ နင့်အမကိုများ စုန်းမတဲ့ဟယ်၊ လာပြီး စစ်လားမေးလားနဲ့”

“ဟောတော်၊ စုန်းမလို့ ဘယ်သူကပြောတာလဲ”

“ငရူးကောင်သာဂိပေါ့ဟယ်၊ ဒီကောင်လည်း ဘာကြောင်တာလဲမသိဘူး၊ သူကြီးကိုဘာတွေ သွားတိုင်သလဲမှမသိတာ”

မမဲတူမှာ ရင်ထဲထိတ်လန့်သွားလေသည်။ အမှန်မှာ ညကဖြစ်ခဲ့သည့်အဖြစ်အပျက်မှာ မမဲတူပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မမယ်ဖြူပုံသဏ္ဍာန် ဟန်ဆောင်ထားသည်မို့ သာဂိတို့က မမယ်ဖြူဟုသာ ထင်နေကြခြင်းဖြစ်သည်။ မမဲတူမှာ အလွန်ဒေါသထွက်သွားပြီး

“တောက်၊ နှမပေးသာဂိ၊ တွေ့မယ်၊ နင်ငါ့ပါးစပ်နဲ့တွေ့မယ်”

မမဲတူမှာ သူကြီးတို့လူစုအနောက်သို့ အပြေးတစ်ပိုင်းနှင့်လိုက်သွားလေသည်။

သူကြီးတို့လူစုမှာ ခြံဝိုင်းအတွင်းသို့ ပြန်ရောက်လာခဲ့ကြသည်။ သူကြီးက အိမ်အောက်တစ်နေရာတွင် ထိပ်တုံးခတ်ထားသည့် သာဂိဆီသို့ တန်းတန်းမတ်မတ်သွားလေသည်။

“ဟေ့ကောင်သာဂိ၊ မင်းရူးကြောင်မူးကြောင်နဲ့ မဟုတ်တာတွေမပြောစမ်းနဲ့၊ ငါမမယ်ဖြူဆီသွားပြီးသွားပြီ ညကကိစ္စသူမသိပါဘူးတဲ့ကွ၊ သူလည်း အိမ်မှာတစ်ညလုံးရှိနေတာပါကွာ”

“မဟုတ်ပါဘူးသူကြီးရယ်၊ ကျုပ်မျက်စိနဲ့ကို တပ်အပ်မြင်ခဲ့တာဗျ မယ်ဖြူမှ၊ မယ်ဖြူအစစ်ပါ”

“ဟေ့ကောင်၊ မင်းပေါက်ကရမပြောစမ်းနဲ့ကွ၊ မယ်ဖြူက စုန်းဖြစ်ရအောင်ကလည်း သူတို့မျိုးရိုးမှာ စုန်းမျိုးမှမရှိဘဲကွာ၊ တို့ရွာမှာလည်း စုန်းဆိုတာ ခပ်ရှားသားရယ်၊ မင်းတို့ကောင်တွေ မူးရူးပြီး အမြင်မှားနေတာပဲဖြစ်မှာပါ”

မမဲတူမှာ သူကြီးတို့အနောက်မှ မယောင်မလည်နှင့်လိုက်လာပြီးနောက် သာဂိအားကြည့်လိုက်လေသည်။ သာဂိမှာသူကြီးကို ဖြစ်ကြောင်းကုန်စင်ရှင်းပြနေသဖြင့်

“ဟာ၊ မဖြစ်ဘူး၊ ဒီကောင်လျှောက်ပြောတော့မှ မဟုတ်တာတွေဖြစ်ကုန်တော့မယ်၊ ဒီကောင့်ကိုပါ ညတုန်းက တစ်ခါတည်းသတ်လိုက်ရမှာ”

မမဲတူက ပြောဆိုရင်း အံကြိတ်လိုက်ကာ သာဂိကိုစိုက်ကြည့်လိုက်လေသည်။ စိတ်ထဲမှလည်း သာဂိအား သေပါစေ၊ နင်သေစမ်းဟု ပြောဆိုရေရွတ်နေမိသည်။ မကြာမီအချိန်မှာပင် သူကြီးအားလက်ဟန်ခြေဟန်ဖြင့် ပြောပြနေသည့် သာဂိတစ်ယောက် ဂျွတ်ခနဲအသံကြီးမြည်ကာ ခေါင်းငိုက်စိုက်ကျသွားလေသည်။ သူကြီးက သာဂိအားကြည့်ရင်း

“ဟာ၊ ဒီအရူးကောင်ကတော့ ပြောရင်းဆိုရင်း ဘာထဖြစ်တာတုန်းဟ”

သူကြီးတပည့်တစ်ဦးက သာဂိအားပြေးဆွဲထူကြည့်လိုက်လေရာ သာဂိမှာမျက်လုံးကြီးပြူးလျှက် လျှာကြီးတစ်လစ်ထွက်နေသည်။ ထိုသူက သာဂိခေါင်းကိုထောင်လိုက်လေရာ လည်ဂုတ်ရိုးမှာကျိုးနေပြီး ခေါင်းကပျော့ခွေနေလေသည်။

“ဟာ၊ သူကြီး၊ သာဂိ . . .သာဂိ ဂုတ်ကျိုးပြီးသေနေပြီ”

သူကြီးမှာ အလွန်အံ့သြလျှက် သာဂိအားစမ်းသပ်ကြည့်သည်။

“အေးကွာ၊ ဘယ်လိုဖြစ်တာလဲမသိဘူးနော်၊ ခုနက စကားပြောဆိုနေတာ အကောင်းပါကွ”

“ကျုပ်တို့လည်း မတွေးတတ်တော့ပါဘူး သူကြီးရာ”

ထိုအချိန် မမဲတူမှာ တစ်ချက်ပြုံးရယ်လိုက်ပြီးနောက် သူကြီးခြံအတွင်းမှ မသိမသာကလေးပြေးထွက်လာခဲ့သည်။ သူကြီးနှင့်တပည့်များမှာ ကိုယ့်အာရုံနှင့်ကိုယ်မို့ မမဲတူပြေးထွက်သွားသည်ကို သတိမထားမိလိုက်ကြပေ။

(၃)

ထိုအတောအတွင်း မောင်ကံတင့်ရောက်မလာသည်မှာ ကြာရှည်ခဲ့ပြီဖြစ်သည်။ မမယ်ဖြူက မသိကျိုးကျွန်နေသော်လည်း မမဲတူမှာတော့ နေမထိထိုင်မသာဖြစ်နေပြန်သည်။

“အမဖြူ၊ ကိုကံတင့်မလာတာ တော်တော်ကြာပြီနော်”

“သူက ဘာဖြစ်လို့လာရမှာလဲ”

မမဲတူမှာ မျက်နှာပျက်သွားပြီ

“ဘာရယ်မဟုတ်ဘူး ဒီလိုပဲတွေးကြည့်တာပါ အမဖြူရဲ့”

စင်စစ်အားဖြင့် မမယ်ဖြူမှာ မောင်ကံတင့်အား ချစ်ကြိုက်နေသော်လည်း မိန်းကလေးမို့ သိုသိုသိပ်သိပ်သာနေရသည်။ မမဲတူမှာတော့ မမယ်ဖြူယောင်ဆောင်ကာ မောင်ကံတင့်နှင့်ချိန်းတွေ့ပြီး ချစ်ကြိုက်နေသည်မို့ မမယ်ဖြူထက်စာလျှင် မမဲတူက ပိုပြီးခံစားနေရခြင်းဖြစ်ပေသည်။

မမဲတစ်ယောက် ဗိုက်ရစ်နာလာပြီး တောထိုင်ရန်အတွက် အိမ်နောက်ဖေးသို့ ဆင်းပြေးလာခဲ့သည်။ ခြံဝန်းနှင့်ခပ်လှမ်းလှမ်း ကွင်းစပ်သို့ရောက်သည့်အခါ ကိစ္စကိုရှင်းလိုက်ရသည်။ ထိုစဉ်အချိန်မှာပင် သူ့အရှေ့သို့ လူတစ်ယောက်ရောက်လာသည်။ ထိုလူမှာ စုတ်ပြတ်သပ်နေသည့်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဦးခေါင်းရှိသျှောင်ထုံးမှာလည်း ပြေလျော့နေကာ ဆံပင်ဖားလျားကြီးနှင့်ဖြစ်နေသည်။ မမဲတူမှာ ထိုလူပေါ်လာသည့်အတွက် ကမန်းကတန်းဖြင့် မတ်တပ်ရပ်လိုက်ရသည်။

“ရှင်ဘယ်သူလဲ၊ မိန်းကလေးတစ်ယောက် အလေးသွားနေတာကို လာချောင်းကြည့်တာလား”

ထိုလူက ခေါင်းခါရင်း

“ငါကမင်းရဲ့ စောင့်ရှောက်သူပဲ”

“ဟင်၊ စောင့်ရှောက်သူတဲ့လား”

“မင်း စုန်းမကြီးမယ်အိုဆီကနေ ပညာတွေယူခဲ့တယ်မဟုတ်လား၊ အဲဒီပညာတွေနဲ့အတူတူ ငါလည်းပါလာခဲ့တာပဲ”

“ဒါဖြင့်ရှင်ကဘယ်သူလဲ”

“ငါက မစင်စားတဲ့စုန်းတစ်ကောင်ပဲ၊ မယ်အိုနဲ့ပညာပြိုင်ရင်း ရှုံးသွားရာကနေ မယ်အိုက ငါ့ကိုသူ့အစောင့်အဖြစ်ထားခဲ့တာပဲ၊ မင်းအလိုရှိသမျှ ငါ့ကိုခိုင်းပါ၊ ငါလုပ်ပေးပါ့မယ်”

“ဒါ၊ ဒါဆိုရင် မနက်က သာဂိကိုသေအောင်လုပ်လိုက်တာက . . . ရှင်ပေါ့”

“ဟုတ်တယ်၊ မင်းက သူ့ကိုသေစေချင်တယ်ဆိုတာနဲ့ ငါသူ့ကို ဂုတ်ချိုးပြီးသတ်လိုက်တာ”

မမဲတူ အတော်ထိတ်လန့်သွားသည်။

“အခုငါမင်းရှေ့မှာပေါ်လာရတာကလည်း မင်းဆီက အစားအသောက်တောင်းချင်လို့ပါ”

“ကောင်းပြီလေ၊ ရှင်ဘာစားချင်သလဲ”

ထိုအခါ ထိုလူက မမဲတူ၏ ချေးပုံကြီးကိုလက်ညှိုုးထိုးပြလေသည်။ မမဲတူပင် ချေးပုံကိုကြည့်ကာ ရွံရှာသွားပြီး

“တခြားဟာစားပါလားရှင်၊ ဒါကြီးကတော့ စားမကောင်းဘူးထင်တယ်”

ထိုလူကြီးမှာ လျှာကိုပင်သပ်လိုက်ပြီး

“ငါ့အတွက်တခြားဟာ မလိုဘူး၊ ဒါရှိရင်ရပြီ”

“စားမယ်ဆိုရင်လည်း စားပါ၊ ကျုပ်ခွင့်ပြုပါတယ်”

မမဲတူပြောလိုက်သည့်အခါ ထိုလူကြီးမှာ ချေးပုံနဘေးသို့ ခုန်ဝင်လိုက်ပြီး သူ၏လက်များဖြင့်ကျုံးကာ မြိန်ရေရှက်ရေ စားသောက်နေလေသည်။ မမဲတူလည်း ရွံ့ရှာလွန်းလှသဖြင့် ဆက်မကြည့်တော့ဘဲ ခြံအတွင်းသို့ပြေးဝင်လာခဲ့သည်။

အိမ်ရှေ့ရောက်သည့်အခါ ကြီးဒေါ်ရှင်မှာ တောင်းကြီးတစ်တောင်းကိုကိုင်လာပြီး မမဲတူကိုတွေ့သည်နှင့်

“မဲတူ၊ ညည်းငါနဲ့လိုက်ခဲ့”

“ဘယ်သွားမလို့လဲ ကြီးဒေါ်ရဲ့”

“မန်ကျည်းသီးသွားဆွတ်မလို့ပေါ့ဟာ”

“ဟာ၊ မလိုက်ချင်ပါဘူး၊ အမဖြူကိုခေါ်သွားပါလား”

“ဟဲ့ နင့်အမ မန်ကျည်းပင်ပေါ်တက်တော့ တစ်ရွာလုံးက ကာလသားတွေ မန်ကျည်းပင်အောက်ရောက်လာကုန်မှာပေါ့ဟ၊ မလိုဘူး၊ နင်ပဲလိုက်ခဲ့”

မမဲတူမှာ အလွန်စိတ်ပျက်သွားသည်။ သို့သော်လည်း မလိုက်၍မရသဖြင့် ဝါးလုံးတစ်ချောင်းယူလိုက်ကာ ကြီးဒေါ်ရှင်အနောက်သို့ လိုက်လာခဲ့ရသည်။ ရွာအရှေ့ပိုင်းရှိ ခြံဝန်းတစ်ခုတွင် မန်ကျည်းပင်ကြီးတစ်ပင်ရှိသည်။ ထိုမန်ကျည်းပင်ကြီးမှာ ကြီးဒေါ်ရှင်လည်းး ဘုံဆိုင်သည့် မန်ကျည်းပင်ကြီးဖြစ်သည်။ ယခုနှစ်တွင် ကြီးဒေါ်ရှင်ခူးအလှည့်ဖြစ်သည်မို့ မန်ကျည်းသီးခူးရန်လာခဲ့ရခြင်းဖြစ်သည်။

မန်ကျည်းပင်အောက်ရောက်သည့်အခါ ကြီးဒေါ်ရှင်က မမဲတူအားကြည့်ပြီး

“ဟဲ့ မဲတူ၊ မန်ကျည်းပင်ပေါ်တက်စမ်း”

မမဲတူမှာ မတက်ချင်တက်ချင်နှင့် မန်ကျည်းပင်ပေါ်သို့တက်ရသည်။ ထို့နောက် ဝါးလုံးကိုယူလိုက်ကာ မန်ကျည်းသီးများကို ဝါးလုံးနှင့် ရိုက်ချရတော့သည်။ နှုတ်မှလည်း

“တော်တော်ခိုင်တဲ့မန်ကျည်းသီးတွေပါလား၊ ကျစမ်းဟာ၊ အကုန်ကျစမ်း”

ထိုအချိန်မှာပင် မန်ကျည်းပင်ကြီးက ဝုန်းခနဲလှုပ်ခတ်သွားသဖြင့် မမဲတူပင် ဝါးလုံးကိုလွှတ်ချလိုက်ကာ မန်ကျည်းကိုင်းကိုဖက်ထားလိုက်ရသည်။ မန်ကျည်းပင်ကြီးမှာ တသိမ့်သိမ့်ဖြင့်လှုပ်ခါနေလေရာ အောက်ကကြည့်နေသည့် ကြီးဒေါ်ရှင်ပင် အလွန်အံ့သြနေမိသည်။ မန်ကျည်းသီးများမှာ တဖြုတ်ဖြုတ်နှင့် မိုးရွာသကဲ့သို့ ကြွေကျလာတော့သည်။ မမဲတူက အပင်ပေါ်သို့မော့ကြည့်လိုက်ရာ ချေးစားသည့်သူကြီးက မန်ကျည်းကိုင်းများကို တွဲလောင်းခိုကာ ဆွဲလှုပ်ယမ်းနေသည်ကိုမြင်တွေ့ရပြန်သည်။

ကြီးဒေါ်ရှင်မှာ အပင်အောက်တွင် ခုန်ဆွခုန်ဆွနှင့်

“ကုန်ပါပြီတော် မန်ကျည်းသီးတွေ ကုန်ပါပြီ”

“ကြီးဒေါ်ကလည်း မန်ကျည်းသီးတွေ သူ့အလိုလိုကြွေတော့ ခူးရသက်သာတာပေါ့”

“ဒီလိုကြွေတာအကြောင်းမဟုတ်ဘူးဟ၊ အခု မန်ကျည်းပင်တစ်ပင်လုံးက မန်ကျည်းသီးစိမ်းတွေရော၊ အနုတွေရော အကုန်ကြွေကုန်ပြီလေ၊ ဒါဆိုရင် ဒီနှစ် ဒီအပင်က မန်ကျည်းသီးမှည့် ဘယ်ထွက်တော့မလဲဟဲ့၊ အောင်မလေး ကုန်ပါပြီ”

ကြီးဒေါ်ရှင် တငိုငိုတရယ်ရယ်ဖြစ်နေသည်ကိုကြည့်ပြီး မမဲတူက ပြုံးမိသည်။

“အဟိ၊ ကောင်းတယ်၊ အဲဒါ မဲတူကို ခိုင်းချင်တာကိုး”

မမဲတူမှာ မန်ကျည်းပင်အောက်တွင်ရပ်နေသည့် ထိုလူကြီးအား တစ်ချက်ပြုံးပြလိုက်သေးသည်။

မန်ကျည်းသီးတောင်းများကို ရွက်ပြီး ရွာထဲသို့ပြန်လာသည့်အခါ ရွာသူတစ်ယောက်က ကြီးဒေါ်ရှင်ထံသို့ပြေးလာလေသည်။

“မယ်ရှင်၊ မယ်ရှင်၊ ညည်းကြားပြီးပြီလား”

“မပုမတို့ လုပ်လိုက်ရင် အလန့်တကြားပဲ၊ ကဲ ဘာဖြစ်တာလဲ”

“ဘာဖြစ်ရမှာလဲ မြိုင်သာရွာစားကြီး ဦးသာတင့်က လွန်ခဲ့တဲ့တစ်ပတ်လောက်က ဆုံးသွားလို့တဲ့ဟ၊ မြိုင်သာမှာ အသုဘကို ခမ်းခမ်းနားနားလုပ်ကြတာ”

“အို သူ့ဟာသူ သေတာ ကျုပ်နဲ့ဘာဆိုင်သလဲ”

“သူသေတော့ ဘုရင်က သူ့သားမောင်ကံတင့်ကိုပဲ ရွာစားဆက်ခန့်တယ်ဆိုပဲ”

“ရွာစားဖြစ်တော့ ကောင်းတာပေါ့တော်၊ ဒါက ကျုပ်နဲ့ဘာဆိုင်သလဲလို့”

“အခု အဲဒီရွာစားကလေး မောင်ကံတင့်က ညည်းတို့အိမ်ကိုရောက်နေပြီ”

“ဟင်၊ ဘယ်လိုဖြစ်တာလဲ”

“မောင်ကံတင့်က မမယ်ဖြူကို တင်တောင်းဖို့ဆိုပဲ၊ လူကြီးစုံရာနဲ့ အခမ်းအနားနဲ့လာတာ၊ ညည်းတို့ပျောက်နေလို့ ငါ့မှာလိုက်ရှာနေရတာ၊ ညည်းအိမ်မှာတောင် လူတွေစုံနေပြီ”

ကြီးဒေါ်ရှင်နှင့် မမဲတူတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျှက် အိမ်သို့ခပ်မြန်မြန်ပြေးလာခဲ့ကြသည်။ အိမ်ရှေ့တွင်တော့ ပန်းပွားများ၊ ပန်းများဖြင့်အလှဆင်ထားသည့် လှည်းယှဉ်ကြီးတစ်စီးစိုက်ထားလေသည်။ ထို့အပြင် မြင်းစီးထားသည့်လူများလည်းရှိသည်။ ရွာသူရွာသားများက ထိုလှည်းယှဉ်ကို ဝိုင်းကြည့်နေကြသည်။ ခြံထဲတွင်လည်း ပိတ်အုပ်များ၊ စားသောက်ဖွယ်ရာများ၊ ဆန်ထည့်သည့်ပုတ်ကြီးများ၊ ဆီအိုးကြီးများကိုလည်း ချထားလေသည်။

ကြီးဒေါ်ရှင်နှင့် မမဲတူမှာ အိမ်ပေါ်ပြေးတက်လိုက်သည့်အခါ အိမ်ဦးခန်းတွင်ထိုင်နေသည့် မောင်ကံတင့်ကိုမြင်တွေ့လိုက်ရသည်။ မောင်ကံတင့်မှာ အလွန်ကောင်းမွန်သည့် ပိုးသားအင်္ကျီကိုဝတ်ဆင်ထားကာ ရွှေစလွယ်၊ ရွှေဓါးများလွယ်ထားသေးသည်။ မမဲတူအဖို့ မောင်ကံတင့်ကိုမြင်လိုက်ရသည်မှာ မိုးပေါ်မှနတ်သက်ကြွေလာသည့် နတ်သားလေးအလားဟုပင်ထင်ရသည်။ ကြီးဒေါ်ရှင်တို့ဝင်လာသဖြင့် မောင်ကံတင့်က

“ကြီးဒေါ်တို့ကို စောင့်နေတာပါ”

“ဘာဖြစ်လို့ပါလဲ ရွာစားကလေးရယ်”

“မမယ်ဖြူနဲ့ ကျုပ်နဲ့လက်ဆက်ဖို့ရာအတွက် လူကြီးစုံရာနဲ့ အစဉ်အလာနဲ့အညီ လာရောက်တောင်းရမ်းတာပါ”

ထိုသို့ပြောဆိုပြီး ဖလားကြီးတစ်လုံးကိုထိုးပေးလိုက်သည်။ ထိုဖလားကြီးကို ရွေသားအတိဖြင့်ပြုလုပ်ထားပြီး ဖလားထဲတွင်လည်း ရွှေဒင်္ဂါးပြားများကို အတိုင်းသားတွေ့ရသည်။ ထို့နောက် ငွေဖလားကြီးတစ်လုံးကို ထိုးပေးပြန်သည်။ ငွေဖလားကြီးအထဲတွင်လည်း ဒေါင်းတံဆိပ်ခတ်နှိပ်ထားသည့် ငွေဒင်္ဂါးပြားများကိုတွေ့ရသည်။

“ကျွန်တော် ရှင်းရှင်းပဲပြောပါ့မယ်ကြီးဒေါ်၊ ကြီးဒေါ်ရဲ့တူမကို ကျွန်တော်လက်ထပ်ထိမ်းမြားချင်ပါတယ်၊ ကြီးဒေါ်ကြီး ခွင့်ပြုမပြုသိလိုပါတယ်”

ကြီးဒေါ်ရှင်မှာ ရွှေဖလားကြီးအား လက်နှင့်လှမ်းဖက်လိုက်ပြီး

“တူပါတယ်၊ ငါကတော့ သဘောတူပြီးသားပါ”

ထိုအခါ မောင်ကံတင့်က နှစ်ခြိုက်စွာပြုံးလိုက်ပြီး မမယ်ဖြူအားတစ်ချက်ကြည့်လိုက်လေသည်။ မမယ်ဖြူကလည်း ရှက်ပြုံးကလေးပြုံးပြီး ခေါင်းငုံ့သွားတော့သည်။ ချစ်သူနှစ်ဦးကြည်နူးနေချိန်တွင် ရင်ထဲအသည်းထဲ မီးတောက်ကျွမ်းနေသူတစ်ဦးရှိသည်။ ထိုသူကတော့ မမဲတူပင်ဖြစ်သည်။

“မဖြစ်ဘူး၊ မဖြစ်ရဘူး၊ အမဖြူနဲ့မောင်ကြီးနဲ့ လက်မထပ်ရဘူးူ”

“မောင်ကြီးချစ်တာ ငါ့ကို၊ ငါ့ကိုမောင်ကြီးက ချစ်နေတာပဲ”

မမဲတူမှာ အလွန်စိတ်ထိခိုက်သွားလေသည်။ သို့နှင့် မတ်တပ်ထရပ်လိုက်ပြီး

“မဖြစ်ဘူး၊ သဘောမတူဘူး၊ အမဖြူနဲ့ မောင်ကြီးနဲ့ကို သဘောမတူဘူး”

မမဲတူက ထပြောလိုက်သဖြင့် အားလုံးက မမဲတူအားလှည့်ကြည့်ကြသည်။ ထိုအခါ ကြီးဒေါ်ရှင်က

“ဟဲ့ မဲတူမ၊ ငါလိုအုပ်ထိန်းသူကတောင် လက်ခံသဘောတူနေပါပြီဆိုမှ နင်ကဘာထဖြစ်တာလဲ”

“သဘောမတူဘူး၊ လုံးဝသဘောမတူဘူး”

“ဘယ်လိုဖြစ်နေတာလဲမဲတူ၊ နင်ကအငယ်၊ ဟိုကအကြီး၊ ဒီကိစ္စမှာ နင်သဘောတူတယ် မတူဘူးဆိုတာ ပြောခွင့်မရှိဘူးဟဲ့”

မမဲတူမှာ မျက်ရည်များစီးကျလာလေသည်။ ထို့နောက် မျက်ရည်များကို လက်ခုံဖြင့်သုတ်လိုက်ကာ အိမ်ပေါ်မှပြေးဆင်းလာခဲ့တော့သည်။

“မရဘူး၊ မောင်ကြီး အမနဲ့မယူရဘူး၊ မောင်ကြီးချစ်တာ ကျုပ်ကို၊ ကျုပ်နဲ့ပဲ ယူရမယ်၊ ကျုပ်မောင်ကြီးတို့ကို ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ရအောင်ခွဲမယ်”

မမဲတူမှာ ပြောဆိုရေရွတ်လျှက် ရွာအပြင်သို့ တစ်ဦးတည်းထွက်ပြေးခဲ့တော့သည်။