စာစဉ်(၃)

(၁)

မမဲတူတစ်ယောက် အမဖြစ်သူအား ချစ်ရသူရွာစားမင်း မောင်ကံတင့်နှင့် သဘောမတူဘဲ ရွာအပြင်သို့ပြေးထွက်လာခဲ့သည်။ ရွာအပြင်သုဿန်ဇရပ်ကြီးပေါ်တွင်ထိုင်လိုက်ပြီး တစ်ယောက်တည်းငိုကြွေးနေမိသည်။

“မရဘူး၊ မောင်ကြီးကံတင့််က ငါ့ကိုချစ်ခဲ့တာ၊ အမမယ်ဖြူကိုချစ်ခဲ့တာမဟုတ်ဘူး”

မမဲတူမှာ ငိုကြွေးနေရင်း အမဖြစ်သူအား အသားလွတ်နာကျည်းနေမိသည်။

“ဒါနင့်ကြောင့်ပဲ၊ နင့်ကြောင့် ဒီလိုဖြစ်နေခဲ့ရတာ၊ နင်သာရုပ်မချောဘူးဆိုရင် ဒီလိုမျိုးဖြစ်လာမှာမဟုတ်ဘူး၊ နင်တို့ကိုရအောင်ခွဲမယ်၊ နင်တို့ကိုရအောင်ခွဲမယ်”

မမဲတူမှာအကြံအစည်များထုတ်နေပြီးနောက် အကြံတစ်ခုရသွားသဖြင့် ရွာအပြင်လမ်းအတိုင်းတစ်ယောက်တည်းခရီးဆက်လာမိသည်။

ညကအတော်ညည့်နက်နေပြီဖြစ်သည်။ ခုနစ်စင်ကြယ်ပင်အမြီးထောင်နေသည့်အချိန်ဖြစ်သည်။ မြိုင်သာရွာစားကြီး သေဆုံးသည့်အတွက်ကြောင့် မင်းနေပြည်တော်မှ လာရောက်ကြသည့်အမှုထမ်းများမှာလည်း မြိုင်သာရွာရှိ ရွာစားကြီးအိမ်တွင်ပင် တည်းခိုနေကြလေသည်။ ထိုအခိုက် မမဲတူမှာ အမှောင်ရိပ်ကိုအကာအကွယ်ပြုကာ ရွာစားကြီးအိမ်အနီးသို့တိုးကပ်လာသည်။ ရွာစားကြီးအိမ်မှာ သစ်လုံးတိုင်ကြီးများဖြင့် အခိုင်အခန့်ဆောက်လုပ်ထားသည့်အိမ်ဖြစ်ကာ အိမ်ပတ်ပတ်လည်တွင်လည်း မြင့်မားသည့် သစ်လုံးများကို ကာရံထားသကဲ့သို့ အစောင့်အကြပ်ရဲမက်များပါရှိနေသဖြင့် မမဲတူတစ်ယောက် အိမ်အတွင်းသို့ဝင်ရောက်ရန်အတွက် ခက်ခဲနေမိသည်။

“စောင့်ရှောက်သူရေ ထွက်လာခဲ့ပါအုံး”

မမဲတူပြောဆိုလိုက်သည့်အခါ သူ့ကိုယ်အတွင်းမှာ စောင့်ရှောက်သူမှာထွက်လာခဲ့လေသည်။

“ဘာများအမိန့်ရှိပါမလဲ”

“အမိန့်တွေဘာတွေလုပ်မနေနဲ့၊ ငါဒီအိမ်ထဲကိုဝင်ချင်တယ်၊ နင်ကြံပေးစမ်း”

“မလိုပါဘူး၊ မင်းကိုယ်တိုင် ထမီခြုံရင်လင်းတဖြစ်နေမှတော့ ငါကကူညီပေးစရာလိုသေးလို့လား”

“အလို၊ ငါက ထမီခြုံရင်လင်းတဖြစ်သတဲ့လား”

မမဲတူမှာပြောဆိုရင်း ငုတ်တုတ်ထိုင်ချလိုက်သည်။ ထို့နောက် သူဝတ်ထားသည့်ထမီအားဖြေလိုက်ကာ ခေါင်းပေါ်သို့ခြုံလွှမ်းလိုက်ပြီး

“ငါက ဘယ်လိုလုပ်ပြီး လင်းတဖြစ်မှာလဲ”

“ဖြစ်ချင်စိတ်ရှိရင်ဖြစ်ပါတယ်”

“အေးဟယ်၊ ဒါဆိုရင်လဲ လင်းတဖြစ်စေ၊ လင်းတဖြစ်စေသတည်း”

မမဲတူမှာ ဘာရယ်မဟုတ်ဘဲရေရွတ်လိုက်မိသည်။ ထိုအခိုက်မှာပင် မမဲတူတစ်ယောက် ကိုယ်ခန္ဓာမှာ တဖြည်းဖြည်းသေးငယ်သွားသည်ဟု ထင်မှတ်လိုက်ရကာ ခြုံထားသည့်ထမီကြီးပင် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။ မမဲတူက ထမီအားလက်ဖြင့်ဖယ်ရန်အတွက် လက်လှမ်းလိုက်ရာ သူ့လက်များမှာ လက်မဟုတ်တော့ဘဲ အမွှေးအတောင်များနှင့် အတောင်ပံတစ်ခုဖြစ်နေသည်ကိုတွေ့ရသည်။

“ဟာ၊ ငါဘာဖြစ်တာလဲ”

ကျန်သည့်လက်တစ်ဖက်မှာလည်း အတောင်ပံဖြစ်နေသကဲ့သို့ ခြေထောက်များမှာလည်း ကြက်ခြေထောက်သဖွယ်ခြေထောက်များဖြစ်နေလေတော့သည်။ စောင့်ရှောက်သူက မမဲတူအနီးသို့လာရောက်ပြီး

“လင်းတဖြစ်သွားပြီဆိုတော့ ပျံဖို့ပဲလိုတော့တာပေါ့”

“ငါက ပျံမှမပျံတတ်တာ”

“ငှက်ဆိုတာ တောင်ပံခတ်ရင် ပျံတာပဲမဟုတ်လား၊ ဒီတော့ တောင်ပံခတ်ကြည့်လိုက်ပေါ့”

မမဲတူက တောင်ပံကိုခတ်ထည့်လိုက်ရာ မိုးပေါ်သို့တဟုန်ထိုးပျံတက်သွားလေသည်။ တောင်ပံကိုခတ်လေခတ်လေ အမြင့်သို့ရောက်သွားလေဖြစ်ရာ မကြာခင်တိမ်စိုင်တိမ်လိပ်များအကြား ပျံသန်းနေမိသည်။ တိမ်စိုင်တိမ်လိပ်များကို ဖြတ်ကျော်ပြီးအထက်သို့တက်သွားချိန်တွင် လုံးဝန်းလှပနေသည့် လမင်းကြီးနှင့် တိမ်မျှင်လွှလွှများကိုမြင်တွေ့လိုက်ရသည်။

“လှလိုက်တာ၊ နောက်ဆုံးတော့ ငါမိုးပေါ်ပျံနိုင်ပြီ၊ ငါပျံနိုင်ပြီ”

စောင့်ရှောက်သူမှာလည်း မမဲတူအနီးတွင်ပေါ်ပေါက်လာကာ မမဲတူနှင့်အတူတူ ကောင်းကင်တွင်ပျံသန်းနေလေသည်။ မမဲတူက အောက်သို့ငုံ့ကြည့်သည့်အခါ မြို့ရွာကလေးများကို မထင်မရှားတွေ့ရသည်။

“ဟာ၊ ဟိုဟာ ငါတို့ရွာဖြစ်မယ်၊ ဒီအောက်နားက ရွာကြီးက မြိုင်သာရွာကြီးလား”

မမဲတူကဆက်လက်ပျံသန်းနေလေရာ စောင့်ရှောက်သူကပင်

“သခင်မ၊ အချိန်အကြာကြီးဆွဲမနေပါနဲ့၊ လာရင်းကိစ္စကိုမေ့သွားပြီလား”

“ဟုတ်သားပဲ၊ ငါလာတာ ဟိုအိမ်ထဲဝင်ဖို့ပဲ၊ ဟုတ်ပြီ၊ အောက်ကိုပြန်ဆင်းရမယ်”

မမဲတူမှာ စိတ်ညွတ်လိုက်သည်နှင့် သူ့အလိုလိုပျံသန်းသွားကာ ရွာစားမင်းစံအိမ်အထက်နားတွင် ဝဲပျံနေလိုက်သည်။ ရွာစားမင်းစံအိမ်ရှိ လေသာပြတင်းတံခါးတစ်ချပ်မှာ ပွင့်ဟနေသည်ကိုတွေ့လိုက်ရသဖြင့် မမဲတူမှာ ထိုပြတင်းတံခါးမှဆင်းလိုက်ပြီးနောက် အခန်းအတွင်းသို့ဝင်ခဲ့သည်။

အခန်းအတွင်း ကတ္တီပါကွပ်ထားသည့်် သင်ဖြူးဖျာထက်တွင် လူကြီးတစ်ဦးကအိပ်မောကျနေလေသည်။ ထိုလူကြီးအနီးတွင်လည်း မူးကြီးမတ်ကြီးများဝတ်ဆင်သည့်အဆင်တန်ဆာများ၊ အသုံးအဆောင်များကိုတွေ့လိုက်ရသဖြင့် ရွာစားမင်းထံသို့ရောက်နေသည့် မူးမတ်တစ်ဦးဖြစ်မည်ဟု ယူဆလိုက်ကာ ထိုလူကြီးကိုအော်ခေါ်နှိုးလိုက်လေသည်။

“ဟေ့လူကြီး၊ ထစမ်း၊ ထစမ်း”

ထိုလူကြီးမှာ ကုန်းထလာလေသည်။

“ဟင်၊ လင်းတကြီး လင်းတကြီးပါလား”

“ဟုတ်တယ်၊ နင့်ကိုအသိပေးစရာရှိလို့ လာခဲ့တာပဲ၊ ဖက်လိပ်ရွာမှာ မမယ်ဖြူလို့ခေါ်တဲ့ ရုပ်ဆင်းအင်္ဂါနဲ့ပြည့်စုံတဲ့ မိန်းမကောင်းတစ်ယောက်ပေါ်နေတယ်ကြားတယ်၊ မိန်းမကောင်းမှန်ရင် မင်းဘဏ္ဍာဖြစ်လို့ ရှင်ဘုရင်က သိမ်းယူမြှောက်စားရမယ်မဟုတ်လား”

“ဒါ . . . ဒါတော့မဖြစ်ဘူးထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုနန်းတွင်းမှာ သီပေါဘုရင်မင်းလုပ်နေတယ်၊ နန်းတွင်းတစ်ခုလုံးကိုလည်း စုဖုရားတို့တစ်စုက ခြယ်လှယ်အုပ်ချုပ်နေတယ်မဟုတ်လား၊ စုဖုရားက မိန်းမကိစ္စနဲ့ပတ်သက်ပြီး တင်းကြပ်လေတော့ မဖြစ်သင့်ဘူးထင်တယ်နော်၊ သီပေါဘုရင်က ဒီမိဖုရားကို ကောက်ပါ့မလား”

“ရှင်ဘုရင်ကြိုက်တာမကြိုက်တာသူ့အလုပ်၊ မိန်းမကောင်းမှန်ရင် တော်ကောက်ရမှာရှင်တို့အလုပ်ပဲ၊ ဒီတော့ ရှင်တို့ဒီမိန်းကလေးကိုသွားရောက်ကြည့်ရှုပြီးတော့ ကြန်အင်အချက်အလက်များနဲ့ပြည့်စုံတယ်ဆိုရင် မင်းဘဏ္ဍာအဖြစ်သိမ်းသွင်းကြရမယ်”

“မင်းပြောတိုင်း ငါကဘာဖြစ်လို့လုပ်ရမှာလဲကွ”

“ကောင်းပြီလေ၊ ကျုပ်နာမည်မှတ်ထား မြိုင်သာက လင်းတစုန်းတဲ့၊ ရှင်သူ့ကိုတော်မကောက်ရင် နောင်သုံးရက်ပြည့်တာနဲ့ သွေးပွက်ပွက်အန်ပြီးသေရလိမ့်မယ်”

မမဲတူခြိမ်းခြောက်လိုက်လေရာ ထိုလူကြီးမှာလည်းအလွန်ကြောက်ရွံ့သွားလေသည်။ မမဲတူက မှတ်လောက်သားလောက်ဖြစ်အောင်ဟုဆိုကာ ထိုလူကြီးနံဘေးတွင်ချထားသည့် ရတနာကျောက်စီဓါးအား စက်လက်နက်များဖြင့်ပစ်ခတ်ကာ အပိုင်းပိုင်းဖြတ်ပြလိုက်တော့သည်။

“တွေ့လား၊ အခုကတော့ ရှင့်ရဲ့ဓါးအလှည့်၊ ရှင်ကျုပ်ပြောတဲ့အတိုင်းမလုပ်ရင် နောက်တစ်ခါရှင့်ရဲ့လည်ပင်းအလှည့်ပေါ့”

မမဲတူက ပြောဆိုကာ မိုးပေါ်သို့ပျံသန်းသွားလေတော့သည်။ ထို့နောက် ဝေဟင်ခရီးဖြင့် ဖက်လိပ်ရွာသို့ပြန်ကာ အိမ်တွင်ပြန်လည်ဝင်ရောက်ကာ အိပ်စက်နေလိုက်တော့သည်။

(၂)

မနက်လင်းပြီဖြစ်သည်။ ရွာစားအသစ်ဖြစ်သွားသည့် မောင်ကံတင့်မှာ အိမ်တွင်ရောက်နေသည့် ကင်းဝန်ထောက်မင်းအား စားသောက်ဖွယ်ရာများနှင့်ဧည့်ခံတော့သည်။ ကင်းဝန်ထောက်မင်းမှာ စားသောက်နေရသော်လည်း မျက်နှာမကြည်မလင်ဖြစ်နေလေသည်။ မောင်ကံတင့်က သတိထားမိသည်မို့

“ဝန်ထောက်မင်းခင်ဗျား၊ မျက်နှာကလည်း မအီမသာဖြစ်နေပါလား၊ ညက အိပ်ရေးမဝလို့များလား”

“မဟုတ်ပါဘူးရွာစား၊ ကျုပ်ဘာမှမဖြစ်ပါဘူး”

ဝန်ထောက်မင်းက ရွာစားမောင်ကံတင့်ဘက်သို့ကြည့်လိုက်ရင်း

“ဒါထက် ဒီအနီးအနားမှာ ဖက်လိပ်ရွာဆိုတဲ့ရွာများ ရှိသလား အမောင်ရွာစား”

“ရှိပါတယ် ဝန်ထောက်မင်း”

“အဲဒီရွာမှာ မမယ်ဖြူဆိုတဲ့ မိန်းမချောမိန်းမကောင်းတစ်ယောက် ရှိတယ်ဆိုကွ”

ဝန်ထောက်မင်းမေးလိုက်သဖြင့် မောင်ကံတင့်မျက်စိမျက်နှာပျက်သွားရတော့သည်။ မောင်ကံတင့်ချက်ချင်းမဖြေနိုင်သည်ကို ဝန်ထောက်မင်းက သိသည့်အတွက်

“ငါမေးနေတယ်နော် အမောင်”

“ရှိ . . . ရှိပါတယ် ဝန်ထောက်မင်း”

“အဲဒီ မမယ်ဖြူဆိုတာ တော်တော်ချော၊ တော်တော်လှဆိုကွ”

“ဒါကတော့ အများကချဲ့ကားပြီးပြောဆိုကြတဲ့စကားတွေပါ ဝန်ထောက်မင်း၊ ကျေးလက်တောသူ အညာသူတစ်ယောက်က ဝန်မင်းတို့ရွှေမြို့တော်က နန်းတွင်းသူတွေလောက်နီးနီး ချောလှကြပါ့မလား”

ဝန်ထောက်မင်းက ခေါင်းညိတ်ကာ

“အေးကွယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိန်းကလေးရဲ့ ကြန်အင်လက္ခဏာတွေကို ငါကြည့်ချင်သေးတယ်”

မောင်ကံတင့်ရင်ထဲမှာ ဒိန်းခနဲဖြစ်သွားပြီးနောက်

“ဘာကြောင့်များပါလဲ ဝန်ထောက်မင်းခင်ဗျား”

“မိန်းမချော မိန်းမကောင်းပေါ်တယ်ဆိုရင် ရွှေနန်းရှင်ဘုရင်နဲ့ သင့်တော်မသင့်တော်၊ မင်းဘဏ္ဍာအဖြစ် သိမ်းသင့်မသိမ်းသင့်ကို ကြည့်ရှုပြီး အထက်ကင်းဝန်မင်းကို သတင်းပို့ဖို့က ကျုပ်တို့ဝန်ထောက်တွေရဲ့တာဝန်မဟုတ်လား အမောင်ရဲ့၊ ဒါကြောင့် ရောက်လက်စနဲ့ အဲဒီမိန်းကလေးဟာ တော်ဝင်အဆင့်မီတဲ့ မိန်းကလေးတစ်ယောက်ဟုတ်မဟုတ်ဆိုတာကို ကျုပ်သွားပြီးလေ့လာကြည့်ချင်တယ်”

“မလေ့လာပါနဲ့ ဝန်ထောက်မင်းခင်ဗျား၊ ကျွန်တော်မျိုးပြောတာကိုယုံပါ၊ ဒီမိန်းကလေးက သာမန်ရွက်ကြမ်းရေကျို မိန်းကလေးတစ်ယောက်ပါ၊ ရွှေနန်းရှင်နဲ့ မထိုက်တန်ကြောင်းပါ”

မောင်ကံတင့်က အတင်းအကြပ်တားမြစ်လေရာ ဝန်ထောက်မင်းက တစ်ချက်ကြည့်လိုက်ပြီး

“အမောင်ရွာစား၊ အမောင့်အလုပ်ကို အမောင်လုပ်စမ်းပါ၊ ကျုပ်အလုပ်က ဘာဆိုတာကို ကျုပ်သိတယ်၊ ကျုပ်အလုပ်တာဝန်ကို မောင်မင်းဟန့်တားရဲသလား”

“မ . . . မတားဝံ့ပါဝန်ထောက်မင်းခင်ဗျား”

“ဒါဖြင့်ရင် ရဲမက်တွေအသင့်ပြင်ဆင်ထားခိုင်းလိုက်တော့ အခုချက်ချင်းပဲ ငါကိုယ်တိုင် ဒီမိန်းကလေးရဲ့ ကြန်အင်လက္ခာဏာတွေကို သွားရောက်ကြည့်ရှုမယ်”

ဝန်ထောက်မင်းပြောဆိုလိုက်သည့်အခါ မောင်ကံတင့်တစ်ယောက် ရင်ဝကိုဖနောင့်နှင့်အပေါက်ခံလိုက်ရသကဲ့သို့ အလွန်နာကျင်စွာခံစားလိုက်ရလေသည်။

“မယ်ဖြူ၊ မဖြစ်ဘူး၊ မယ်ဖြူကို ဒင်းတို့တွေ့ရင် ဒင်းတို့တွေတော်ကောက်သွားမှာ၊ မဖြစ်ပါဘူးလေ”

မောင်ကံတင့်မှာ အိမ်ပေါ်မှအမြန်ပြေးဆင်းလာပြီးနောက် မြင်းတစ်စီးကိုဆွဲယူလိုက်ကာ ဖက်လိပ်ရွာဘက်သို့ အတင်းနှင်မောင်းခဲ့လေတော့သည်။ ဝန်ထောက်မင်း၏ လူယုံတော်များ၊ ရဲမက်များမှာတော့ ဝန်ထောက်မင်းစီးနင်းမည့် မြင်းရထားကိုပြင်ဆင်နေသည်မို့ ကျန်နေခဲ့ကြလေသည်။

မောင်ကံတင့်မှာ မြင်းနက်ကြီးကို ဒုန်းစိုင်းမောင်းနှင်လာခဲ့ရင်း ဖက်လိပ်ရွာသို့ နေ့လည်မရောက်ခင် ရောက်လာခဲ့သည်။ ထိုအခါ ဖက်လိပ်ရွာထိပ်အရောက်တွင် ပိတ်အုပ်များကိုင်ဆောင်လာသည့် မမယ်ဖြူနှင့်တွေ့ဆုံတော့သည်။

“မယ်ဖြူ၊ မယ်ဖြူ”

မောင်ကံတင့်မှာ မမယ်ဖြူအနီးတွင် မြင်းကိုရပ်လိုက်ကာ မြင်းပေါ်မှခုန်ဆင်းလိုက်လေသည်။

“လာနေပြီ၊ သူတို့တွေလာနေပြီ”

“မောင်ကြီးရယ်၊ မထိတ်သာမလန့်သာရှိလိုက်တာ၊ ဘယ်သူတွေလာတာလဲ”

“သူတို့တွေလာနေကြပြီ၊ ရှင်ဘုရင်ရဲ့လူယုံတွေ၊ ဝန်ထောက်မင်းတွေ ဒီရွာကိုလာနေကြပြီ”

“သူတို့လာတာဘာဖြစ်လို့လဲ မောင်ကြီးရဲ့”

“သူတို့လာတာ မယ်ဖြူ့ဆီကိုလာတာ၊ မယ်ဖြူရဲ့သတင်းကိုကြားပြီး ကြန်အင်လက္ခဏာတွေကိုစုံစမ်းဖို့ဆိုပြီးလာတာ၊ တကယ်လို့များ နှမကလေးက မိဖုရားဖြစ်လောက်တဲ့ လက္ခဏာတွေနဲ့ ပြည့်စုံနေတယ်ဆိုရင် နှမကလေးကို တော်ကောက်ဖို့လုပ်ယူကြမှာ”

မမယ်ဖြူမှာအလွန်ထိတ်လန့်သွားပြီး

“ဒါဆို မယ်ဖြူက မယ်ဖြူက မောင်ကြီးနဲ့ဝေးရတော့မှာပေါ့၊ ဘယ်လိုလုပ်ကြမလဲ”

ထိုအခါ မောင်ကံတင့်က မမယ်ဖြူလက်အားဆွဲလိုက်ကာ

“မောင်ကြီးကို ဘယ်လိုမှသဘောမထားပါနဲ့မယ်ဖြူရာ၊ မောင်ကြီး မယ်ဖြူ့ကို မခွဲနိုင်ဘူး၊ ဒီတော့ အခုပဲမောင်ကြီးနဲ့လိုက်ခဲ့ပါ၊ ဟိုးအနောက်ဘက်တောင်ရိုးတွေပေါ်မှာ မယ်ဖြူနဲ့မောင်ကြီးနဲ့သွားပုန်းနေကြမယ်၊ သူတို့တွေလာပြီး မယ်ဖြူကိုမတွေ့လို့ ပြန်သွားတဲ့အချိန်မှ မယ်ဖြူ့ကိုမောင်ကြီးက ခမ်းခမ်းနားနားလက်ထပ်ယူပါ့မယ်၊ မယ်ဖြူမောင်ကြီးကို ယုံတယ်မဟုတ်လားဟင်”

မမယ်ဖြူက ခေါင်းညိတ်လိုက်ကာ

“ယုံပါတယ်မောင်ကြီးရယ်”

“ဒါဆိုရင်အခုပဲ မောင်ကြီးနဲ့လိုက်ခဲ့တော့နော်”

မမယ်ဖြူက ခေါင်းထပ်ညိတ်ပြလိုက်သည့်အခါ မောင်ကံတင့်က မမယ်ဖြူ၏ သွေးသွယ်သည့်ခါးကလေးမှ ပင့်တင်လိုက်ကာ မြင်းပေါ်သို့တင်လိုက်သည်။ ထို့နောက် သူကလည်း မြင်းပေါ်ကိုလွှားခနဲခုန်တက်လိုက်ပြီးနောက် မြင်းနက်ကြီးအား အနောက်ဘက်တောင်ရိုးဆီသို့ ဒုန်းစိုင်းမောင်းနှင်ခဲ့လေသည်။

တောင်ရိုးပေါ်ရှိ လူသူမနီးသည့်ကျောက်ဂူကြီးတစ်ခုအထဲတွင် မမယ်ဖြူနှင့်မောင်ကံတင့်တို့မှာ နှစ်ကိုယ်တူချစ်ချစ်ခင်ခင်နေထိုင်ကြလေသည်။ မမယ်ဖြူကတော့ ပြုံး၍ပျော်၍မဆုံးတော့ပေ။ ထို့နောက် တဟင်းဟင်းနှင့်အားရပါးရ ရယ်မောနေလေသည်။

“မယ်ဖြူဘာတွေသဘောကျနေတာတုန်း”

မမယ်ဖြူက ရယ်မောနေသည်ကို ရပ်တန့်လိုက်ကာ မောင်ကံတင့်၏လက်ကိုဆွဲယူလိုက်ပြီးနောက်

“မောင်ကြီးနဲ့ အခုလိုနှစ်ယောက်တည်း အတူတူနေရတာကို ပျော်လို့ပါ”

“မောင်ကြီးလည်း ပျော်ပါတယ်မယ်ဖြူရယ်၊ မောင်ကြီးတို့ဒီမှာ ငါးရက်ကြာအောင်ပုန်းနေကြမယ်၊ ငါးရက်ကြာပြီးတော့မှ ပြန်ကြတာပေါ့”

ထိုသို့ပြောလိုက်ပြီးနောက် မောင်ကံတင့်က မမယ်ဖြူ၏နဖူးကလေးအား နှုတ်ခမ်းဖြင့်ဖွဖွကလေးနမ်းလိုက်လေသည်။ စင်စစ်အားဖြင့် ထိုသူမှာ မမယ်ဖြူအစစ်မဟုတ်ဘဲ မမယ်ဖြူယောင်ဆောင်ထားသည့် မမဲတူဖြစ်နေမှန်းကို မောင်ကံတင့်တစ်ယောက် လုံးလုံးမသိခဲ့ပေ။

အိမ်တွင်ရှိနေသော မမယ်ဖြူထံသို့ ဝန်ထောက်မင်းနှင့်လူတစ်စုရောက်လာခဲ့ကြလေသည်။ ဝန်ထောက်မင်းကိုယ်တိုင်မမယ်ဖြူကိုမြင်တွေ့ပြီး သဘောကျနှစ်ခြိုက်သွားလေသည်။ စိတ်ထဲမှလည်း

“အင်း၊ ဟိုလင်းတစုန်းမကြီးပြောတာတကယ်ပဲ၊ ဒီမိန်းကလေးဆီမှာ အမှန်တကယ်ပဲ တော်ဝင်တဲ့အလှအပတွေ ပိုင်ဆိုင်ထားပါလား”

ကင်းထောက်ဝန်မင်းမှာ ချက်ချင်းပင်အိမ်အား ရာဇမတ်ကွက်ကာခဲ့ကာ အိမ်ပတ်ပတ်လည်ကိုသဲဖြူခင်းလိုက်ပြီး မင်းတံခွန်လွှင့်ထူလိုက်လေသည်။ ကင်းမြို့ဝန်အား ထိုအကြောင်းကိုတင်ပြပြီး သုံးရက်အတွင်းပင် နန်းမြို့အတွင်းသို့ ပို့ဆောင်ရန်ကြံစည်လေသည်။ ထိုအခိုက် မမယ်ဖြူမှာ ချစ်သူနှင့်ကွေကွင်းရမည့်အရေးကိုတွေးကာ ပူဆွေးသောကရောက်နေရလေသည်။ ဖက်လိပ်ရွာမှလူကြုံလွှတ်ကာ ရွာစားမင်းမောင်ကံတင့်ထံသို့ဆက်သွယ်ခဲ့သော်လည်း မည်သည့်အကြောင်းမှမထူးခဲ့ခြေ၊ သုံးရက်ခန့်ကြာမြင့်ပြီးသည့်အခါ လှည်းယာဉ်များနှင့် မမယ်ဖြူအား ရတနာပုံနေပြည်တော်သို့ ခေါ်ဆောင်သွားလေတော့သည်။

(၃)

“တောက်၊ မောင်မင်းတို့က ဒါငါ့ကိုမခန့်လေးစားလုပ်တာပေါ့လေ”

စုဖုရားလတ်၏ ကြိမ်းမောင်းသံက နန်းတော်အတွင်းဝယ်ပြန့်နှံ့သွားလေသည်။ ဝန်မင်းများက ကပြာကယာဖြင့်

“မှန်ပါ၊ သည်းခံတော်မူပါ နန်းမတော်ဘုရား၊ ကျွန်တော်မျိုးတို့မှာ ဝန်မင်းတို့လုပ်အပ်တဲ့လုပ်ရိုးထုံးစံရှိသည်နှင့်အညီ မိန်းမကောင်းအင်္ဂါပြည့်စုံသူကို တော်ကောက်ရခြင်းဖြစ်ပါတယ် နန်းမတော်ဘုရား၊ ကျွန်တော်မျိုးတို့ရဲ့တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ရတာဖြစ်ခြင်းကြောင့် နန်းမတော်အနေနဲ့ ကျွန်တော်မျိုးတို့ကိုအပြစ်တော် မမြင်စေလိုပါဘူး”

ဝန်မင်းများက အသနားခံတင်လျှောက်သည့်အခါ စုဖုရားလတ်မှာသလွန်ထက်တွင်ပြန်လည်ထိုင်ချလိုက်သည်၊ သို့သော် လုံးလုံးလျားလျားမကျေနပ်သေးပေ။

“အေးလေ၊ မောင်မင်းတို့က မောင်မင်းတို့အလုပ် မောင်မင်းတို့လုပ်သလို၊ ငါကလည်း ငါ့အလုပ်ကိုငါ လုပ်ရတာပ၊ ကဲ မောင်မင်းတို့ပြန်နိုင်ပြီ၊ ဒါနဲ့အဲဒီမိန်းကလေးကို ဘယ်တော့ ရှေ့တော်သွင်းမယ်တဲ့လဲ”

“ဒါတော့ ကျွန်တော်မျိုးကြီးတို့လည်း မသိသေးပါဘုရား၊ ပုဏ္ဏားဝန်နဲ့ ဟူးရားကြီးတို့က နေ့ကောင်းရက်သာရွေးပြီးတဲ့အချိန်မှ မင်းကြီးရှေ့တော်မှောက် သွင်းရမှာပါဘုရား”

“ကောင်းပြီလေ၊ မောင်မင်းတို့ပြန်တော့၊ ခင်မမင်းဝန် မောင်ယံကို အခစားသွင်းစေ”

ဝန်မင်းများပြန်သွားသည့်အခါ ခင်မမင်းဝန် ဦးယံမှာ စုဖုရားလတ်၏အရှေ့တော်သို့ ဝင်လာခဲ့လေသည်။ ခင်မမင်းဝန်အား အများစုက နန်းမတော်ဝန်ဟုခေါ်ဆိုကြသည်။ ထိုတာဝန်မှာ မိဖုရားခေါင်ကြီးများ၏ အရေးကိစ္စများကို အနီးကပ်ဆောင်ရွက်ပေးရသည့် ဝန်ကြီးတာဝန်ဖြစ်သည်။

“မောင်ယံ၊ မမယ်ဖြူဆိုတဲ့ မိန်းကလေးအကြောင်း မင်းကြားပြီးပြီလား”

“မှန်ပါ့၊ ကြားလဲကြားပြီးပါပြီ၊ မြင်လဲမြင်ပြီးပါပြီ၊ ဒီမိန်းကလေးကို ရတနာဆင်နဲ့တင်ဆောင်ပြီး မြို့တော်သွင်းခဲ့တဲ့အခါမှာ သူ့ရဲ့ရုပ်ရည်သွင်ပြင်ကိုကြည့်ရှုပြီး နန်းမြို့သူမြို့သားအပေါင်း အုတ်အော်သောင်းတင်းဖြစ်ခဲ့ကြောင်းပါ”

“မောင်မင်းပြောပုံထောက်တော့ ဒီမိန်းကလေးက တော်တော်မှချောရဲ့လှရဲ့လား”

“ချောပါလှပါတယ်ဘုရား၊ ဒါပေမယ့် နန်းမတော်မိဖုရားကြီးလိုတော့ ရာဇသွေးရာဇမာန်မပါဘဲ ကြည့်မကောင်းလှကြောင်းပါ”

“ကဲပါ၊ ထားပါတော့၊ ငါ့ရဲ့စိတ်ဓါတ်ကို မောင်မင်းသိမှာပါ၊ ငါကတော့ ဘယ်မိန်းကလေးကိုမှ မင်းတရားကြီးအနားကို မကပ်စေချင်ဘူးကွဲ့”

“မှန်ပါ၊ ဒါအရေးအတွက် မပူပန်ပါနှင့် ဘုရား၊ ကျွန်တော်မျိုးအသင့် ပြင်ဆင်ပြီးကြောင်းပါ”

စုဖုရားလတ်မှာ မျက်လုံးများအရောင်လက်သွားပြီး

“မောင်မင်းက ဘယ်လိုပြင်ဆင်ထားတာလဲ”

“အခုဒီမိန်းကလေးကို နန်းအပြင်ကဇရပ်တော်မှာ ယာယီတည်းခိုစေပြီး နန်းတော်တွင်းကိုသွင်းပြီး သိမ်းပိုက်ဖို့အတွက် နေ့ကောင်းရက်သာ တွက်ချက်နေတုန်းပါ နန်းမတော်ဘုရား၊ ဒီအချိန် ကျွန်တော်မျိုးကြီးက ဒီမိန်းကလေးကို လုပ်ကြံစွပ်စွဲပြီးတော့ မင်းတရားကြီးနဲ့မတွေ့စေဘဲ နန်းတွင်းကနေ နှင်ထုတ်ပြီး အစဖျောက်ဖို့ ကြံရွယ်ထားကြောင်းပါ”

“ဘယ်လိုလုပ်ကြံစွပ်စွဲမှာတဲ့လဲ မောင်ယံရဲ့”

“ဒီမိန်းကလေးကို စုန်းမကဝေမဆိုပြီး စွပ်စွဲမှာပါ နန်းမတော်”

“မရှိခိုးနိုး၊ မလှစုန်းရိုးလို့သာကြားဖူးတယ် မောင်ယံ၊ မင်းအကြံအစည်က ဖြစ်ပါ့မလား”

“ကျွန်တော်မျိုးကြံရင် မဖြစ်တာဘယ်နှခါရှိဖူးလို့လဲ နန်းမတော်ဘုရားရဲ့၊ စိတ်ချပါ၊ ဒီအရေးကို ကျွန်တော်မျိုးဖြေရှင်းပေးပါ့မယ်၊ ဒီမိန်းကလေးက မင်းတရားကြီးနဲ့မျက်နှာချင်းတောင် မဆိုင်စေရပါဘူး”

“မောင်ယံ၊ မောင်ယံ မင်းကတော့ ငါ့စိတ်ကိုသိနိုင်လွန်းပါပေတယ်၊ ကဲ မောင်မင်းစီစဉ်ထားတဲ့အတိုင်းသာ ဆောင်ရွက်ပေတော့၊ တစ်ခုခုလိုအပ်တာမျိုးရှိရင် ငါ့အရေးတော်လို့သာ ပြောလိုက်စမ်းပါ၊ ဒီအရေးအောင်မြင်တော်မူရင် မောင်မင်းအတွက် ငွေဒင်္ဂါးသုံးရာနဲ့ ပိုးထည်ပုဆိုးတွေချီးမြှင့်မယ်”

“မှန်လှပါနန်းမတော်ဘုရား”

နောက်တစ်နေ့မနက်ရောက်သည့်အခါတွင် ရတနာပုံနေပြည်တော်တွင် ထူးဆန်းသည့်အဖြစ်အပျက်များဖြစ်ပွားလေသည်။ အကြောင်းမှာ ငါးစိမ်းသည်တစ်ဦး၏ ခုတ်ဖြတ်ထားသည့် ငါးခေါင်းများမှာ အသက်ဝင်လာခြင်းဖြစ်သည်။ အလားတူဈေးအတွင်းရှိ ငါးအသေကောင်များမှာလည်း အသက်ဝင်လာကြကာ လမ်းမကြီးအတိုင်းခုန်ပေါက်ဆင်းလျှက် နောက်ဆုံးကျုံးရေပြင်အတွင်းသို့ ခုန်ဆင်းသွားကြလေသည်။ ငါးများကျုံးရေပြင်အတွင်းဝင်ရောက်ပျောက်ကွယ်သွားသည့်အခါ ကျုံးရေပြင်တစ်ခုလုံး အနီရောင်အဖြစ်နီရဲသွားတော့သည်။ ထိုအဖြစ်ကိုလာရောက်ကြည့်ရှုကြရင်း မင်းနေပြည်တော်တစ်ခွင်တွင် အုတ်အော်သောင်းတင်းဖြစ်နေပြန်တော့သည်။

တစ်ဖန် ညနေစောင်းအချိန်တွင် မြို့တော်၏ အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်လေးမျက်နှာမှ ခွေးနက်ကြီးများပြေးလာကြကာ နန်းမြို့အတွင်းသို့ကြည့်လျှက် ဆူညံစွာအော်ဟစ်ကြလေသည်။ နန်းမြို့အတွင်းတွင်လည်း လင်းတများဝဲပျံနေသဖြင့် လေးသည်တော်များက ပစ်ခတ်ကြရသည်။

မြို့တွင်းမှာ မြောက်များစွာသော ကျီးငှက်တို့သည့် အသံကုန်ဟစ်ကျွေးလျှက်ပျံသန်းလာကြပြီး နန်းတော်အရှေ့ဇရပ်တွင် အုပ်ဖွဲ့ကာပျံသန်းနေကြသည်မှာလည်း အရေအတွက်မနည်းပေ၊ ထိုအဖြစ်များဖြစ်ပျက်ပြီး နောက်တစ်နေ့ မင်းညီလာခံတွင် ဆိုင်ရာမြို့ဝန်မြို့အုပ်များက ဘုရင့်အားတင်လျှောက်လေတော့သည်။

“မှန်လှပါ၊ မင်းကြီး ယမန်နေ့က နန်းမြို့တော်တစ်ခွင် ထူးဆန်းတဲ့အဖြစ်အပျက်များဖြစ်ပေါ်ပြီးတော့ မြို့သူမြို့သားများ အလွန်ထိတ်လန့်နေကြကြောင်းပါ”

“ဒါဘယ်လိုဖြစ်ရတာလဲ မောင်မင်းရဲ့”

ထိုအခါ စုဖုရားလတ်က ရွှေမြို့တော်ဝန်အား တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ရာ ရွှေမြို့တော်ဝန်က

“မှန်ပါ၊ မြို့တော်အတွင်း မငြိမ်မသက်ဖြစ်နေခြင်းမှာ မကောင်းယုတ်မာသူတစ်ဦး ရောက်ရှိနေခြင်းကြောင့် ဖြစ်ပါလိမ့်မည်ဘုရား”

“ဘယ်လိုဖြစ်လို့ပါလိမ့်”

ထိုအခါ ပုဏ္ဏားဝန်က အရှေ့သို့တက်လာပြီး

“မှန်ပါမင်းကြီး၊ ကျွန်တော်မျိုးတို့တွက်ချက်မှုအရ မင်းကြီးသိမ်းပိုက်မယ်ဆို၍ ရောက်ရှိနေသည့် အပျိုမမယ်ဖြူဟာ မကောင်းတဲ့နက္ခတ်သဘင်တွေ ကြုံကြိုက်တဲ့အခါမှာ မွေးဖွားလာတာဖြစ်လို့ မကောင်းတဲ့အတတ်ပညာတွေ တတ်မြောက်တဲ့ စုန်းကဝေမတစ်ဦး ဖြစ်နေပါတယ်ဘုရား”

“အလို၊ အဲဒီ မမယ်ဖြူဆိုတာ စုန်းမတဲ့လား”

ထိုအခါ စုဖုရားလတ်က

“ဒီလိုစုန်းမကိုမှ ရွေးပြီး တော်ကောက်ရသလား မင်းချင်းတို့ရဲ့၊ ဒီလိုစုန်းမကို နန်းတွင်းသွင်းမိမယ်ဆိုရင်ဖြင့် ရွှေနန်းတော်တစ်ခုလုံး သူ့ကြောင့်အခက်ဗျာပါ ကြုံရနိုင်တယ်မဟုတ်လား”

သီပေါမင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး

“ကိုင်း၊ ဒီမိန်းကလေးက စုန်းမဆိုတာ သေချာနေတယ်ဆိုရင်လည်း ရှေးဘုရင်တွေ စီရင်တဲ့အတိုင်း သတ္တဝေဠုနည်းနဲ့ ဒီမိန်းကလေးကို စီရင်တော်မူစေ မောင်မင်းများ”

“မှန်လှပါဘုရား”

မူးမတ်များက တစ်ယောက်မျက်နှာတစ်ယောက် မသိမသာကြည့်လိုက်ကာ ပြုံးလိုက်ကြလေသည်။ ထိုသူများအနက် နှစ်နှစ်ကာကာပြုံးလိုက်သူတစ်ဦးမှာတော့ စုဖုရားလတ်ပင်ဖြစ်သည်။

နေ့လည်ရောက်သည်နှင့် နန်းတော်တွင်းမှ ရဲမက်များထွက်လာကြကာ မမယ်ဖြူကိုဖမ်းဆီးချုပ်နှောင်လိုက်ကြတော့သည်။ နာခံတစ်ဦးက ပေလွှာကိုဖွင့်လိုက်ကာ

“ယခုနန်းရှေ့ဇရပ်တွင်တည်းခိုနေသည့် အပျိုမမယ်ဖြူအား ပုရောဟိတ်၊ ပုဏ္ဍား၊ ဟူးရားတို့၏တွက်ချက်မှုအရ စုန်းမတစ်ဦးဖြစ်ကြောင်း အတိအလင်းတွေ့ရှိရသည့်အတွက် ယခုချက်ချင်းပင် သတ္တဝေဠုနည်းဖြင့် ရေတွင်ချ၍ ဖျောက်စေ၊ အမိန့်တော်”

မမယ်ဖြူမှာ အလွန်အံ့သြသွားပြီး

“အလို၊ ကျုပ်က စုန်းမဟုတ်ပါဘူး၊ ကျွန်မက စုန်းမဟုတ်ပါဘူးရှင်”

“လျှာမရှည်နဲ့၊ ဘုရင့်အမိန့်တော်ဆိုတာ လွန်ဆန်မရဘူးဟဲ့၊ ကိုင်း ရဲမက်တို့ ဒီမိန်းကလေးကိုအခုချက်ချင်းပဲဖမ်းပြီး စီရင်ပေတော့”

အမိန့်ပေးလိုက်သည်နှင့် ရဲမက်များက မမယ်ဖြူကိုဖမ်းဆီးကာ အဝတ်အစားများကိုချွတ်ပစ်ကြပြီး ထဘီအဖြူကြီးကို ဝတ်ဆင်ပေးလိုက်ကြသည်။ ထို့နောက် လက်မနှစ်ဖက်၊ ခြေမနှစ်ဖက်ကိုပူး၍ ကြိုးဖြင့်ချည်ကာ ဝါးကပ်ပေါ်တွင်တင်ဆောင်လျှက် ထမ်းရွက်လာခဲ့ကြသည်။

“အဲဒါဟာ စုန်းမတဲ့”

“ဟင်၊ စုန်းမတဲ့လား”

“ဟုတ်ပ၊ ရုပ်ကလေးက ချောသားနဲ့အေ၊ စုန်းဖြစ်နေရတယ်လို့”

“အို၊ ရှင်တို့ဘာသိလဲ အဲဒီလိုရုပ်ချောအောင်လည်း စုန်းပညာနဲ့လုပ်ထားတာပဲဖြစ်မှာ”

မမယ်ဖြူအား ခေါ်ဆောင်သွားသည့်လမ်းတစ်လျှောက်ရှိ ပြည်သူများမှာ မမယ်ဖြူကိုကြည့်ရင်း အမျိုးစုံကဲ့ရဲ့နေကြသည်။ မမယ်ဖြူကတော့ ကပ်ပေါ်တွင်ပက်လက်လိုက်ရင်း

“မဟုတ်ဘူး၊ ကျုပ်က စုန်းမမဟုတ်ဘူး”

ဟု ရေရွတ်လျှက်လိုက်ပါသွားတော့သည်။ များမကြာမီအချိန်တွင် ဧရာဝတီမြစ်ကမ်းစပ်ဆီသို့ရောက်ခဲ့သည်။ မြစ်ကမ်းစပ်ရောက်သည့်အခါ မမယ်ဖြူ၏ ဦးခေါင်းမှဆံပင်များကို ဆံထုံးခုနစ်ထုံးရအောင်ထုံးဖွဲ့ကြသည်။ ထို့နောက်သမန်းကြိုးဖြင့် ခါးတွင်ခုနစ်ပတ် ပတ်ချည်သည်။ လည်တွင်လည်း သမန်းကြိုးထုံးခုနစ်ခုကို ပူးချည်နှောင်လျှက် မတ်တပ်ရပ်ခိုင်းကာ အိမ်ခုနစ်အိမ်မှာ ချီးရေသေးရေ မစင်ရေများကို မမယ်ဖြူ၏ ဦးခေါင်းငယ်ထိပ်မှစတင်၍ လောင်းချလေတော့သည်။

မမယ်ဖြူအား စုန်းမဟုဆိုကာ ရေချခြင်းအခမ်းအနားကို လာရောက်ကြည့်ရှုကြသူများမှာလည်း ကမ်းလုံးပြည့်နီးပါးဖြစ်နေကြသည်။ မမယ်ဖြူကိုလည်း အမျိုးစုံ ဆဲရေးတိုင်းထွာကြပြန်သည်။ မမယ်ဖြူက ထိုလူများကိုကြည့်ရင်းငိုနေမိသည်။ ထိုအခိုက်လူကြားထဲမှ မိန်းကလေးတစ်ဦးထွက်လာလေသည်။ ထိုမိန်းကလေးမှာတော့ သူ၏ညီမ မမဲတူဖြစ်သည်။

“မဲတူ ညီမလေး”

မမဲတူမှာ အနားသို့ကပ်လာပြီး

“အမ မယ်ဖြူ”

“ညီမလေး အမကိုကယ်ပါအံုံးကွယ်”

မမဲတူက ခေါင်းခါလိုက်ရင်း

“ညီမလေး အမကိုနောက်ဆုံးအနေနဲ့လာနှုတ်ဆက်တာပါအမ၊ ပြီးတော့ ညီမလေးနဲ့ မောင်ကြီးကံတင့်နဲ့က ရွှေလက်ဆက်ပြီးအကြင်လင်မယားတွေဖြစ်သွားကြပါပြီ”

“ဘာ၊ ဘာပြောတယ်ညီမလေး၊ မဟုတ်ဘူး၊ မောင်ကြီးက အဲဒီလိုလူမျိုးမဟုတ်ဘူး”

“အမဖြူ မယုံရင်လည်း မတတ်နိုင်ပါဘူး၊ ဟောဒါက မောင်ကြီးကံတင့်က ညီမလေးကို ချစ်သက်လက်ဆောင်အဖြစ်ပေးထားတဲ့ ရွှေနော်ဇာကုန်းပါ”

“မဟုတ်ဘူး၊ မောင်ကြီးကံတင့်က ဒီလိုသစ္စာဖောက်မဲ့လူမဟုတ်ဘူး”

“အော် ခက်တာပဲအမဖြူရယ်၊ ကဲပါ အမဖြူမယုံနိုင်လည်း မတတ်နိုင်ဘူး၊ အခုတော့ အမဖြူသေလမ်းကိုသွားနှင့်အုံးပေါ့၊ နောက်နောင်ဘဝမှာလည်း ဒီလိုမကောင်းတဲ့အတတ်ပညာတွေကို မတတ်ပါစေနဲ့လို့ပဲ ညီမဆုတောင်းပေးလိုက်ပါတယ်”

“ဟင်၊ ငါစုန်းမဟုတ်ဘူး၊ ငါစုန်းမဟုတ်ဘူး မဲတူမရဲ့”

“ဟုတ်လို့ကျော်၊ ပုပ်လို့ပေါ်တယ်တဲ့အမဖြူရဲ့၊ အမဖြူက စုန်းမို့လို့ အခုလိုရဲမက်တွေက စီရင်နေပြီမဟုတ်လား”

မမဲတူက ပြောဆိုရင်း လူအုပ်ကြားထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။ ထိုအခိုက်ရဲမက်များမှာ မမယ်ဖြူအား ဝါးကပ်ပေါ်တင်ကာ လောင်းလှေနှစ်စီးဖြင့် မြစ်အတွင်းသို့လှော်ခတ်လာခဲ့သည်။ မမယ်ဖြူတစ်ယောက်ကတော့ ငိုယိုလျှက်ရှိသည်။

“ရက်စက်လိုက်တာ မောင်ကြီးရယ်၊ မောင်ကြီး ဒီလိုမျိုးလုပ်ရက်တယ်လား၊ အမကိုမရလို့ နှမကိုကောက်ယူလိုက်ရသတဲ့လား”

ရေအနက်ခုနစ်လံခန့်ရောက်သည့်အခါ ရဲမက်များက လောင်းလှေနှစ်စီးကို ယှဉ်ရပ်လိုက်ကြပြီးနောက် မမယ်ဖြူအားတင်ဆောင်ထားသည့် ဝါးကပ်ကိုလှေနံနှစ်ဖက်ပေါ်တွင် တင်လျှက် လောင်းလှေ၏ ဝမ်းကိုဖောက်ချလိုက်ကြတော့သည်။

“သေစမ်း စုန်းမ၊ နင်ရေနစ်ပြီးသေစမ်း”

ရဲမက်တစ်ယောက်က ကြိမ်းဝါးလိုက်ပြီးနောက် ရေထဲသို့ခုန်ဆင်းသွားတော့သည်။ စုန်းမရေချခြင်းမှာ လှေနှစ်စင်းရော စုန်းမပါရေထဲနစ်သွားစေရန်ဖြစ်သည်။ သို့သော် ရေမနစ်ခင် မမယ်ဖြူတစ်ယောက် ငိုကြွေးနေမိရာမှ အလွန်နာကျည်းလာခဲ့သည်။

“လူတွေ၊ လူတွေ ငါကစုန်းမမဟုတ်တာကို စုန်းမဆိုပြီး စွပ်စွဲကြတယ်၊ အေးအေး၊ နင်တို့ပြောတဲ့အတိုင်း ငါစုန်းမဖြစ်ပါစေ၊ စုန်းမဖြစ်စမ်းပါစေဟယ်”

မမယ်ဖြူကြိမ်းဝါးလိုက်သည့်အခါ မိုးကောင်းကင်ပေါ်တွင်ပျံသန်းနေသည့် ကျီးအကြီးတစ်ကောင်က မမယ်ဖြူ၏ပါးစပ်အတွင်းသို့ငှက်ချေးပါချလိုက်လေသည်။ ငှက်ချေးများကလည်း တိုက်တိုက်ဆိုင်ဆိုင်မမယ်ဖြူ၏ ပါးစပ်အတွင်းသို့တိုးဝင်သွားသည်။

ခုနစ်လံနက်သည့်ရေတွင် မမယ်ဖြူက ကိုယ်အောက်ပိုင်းနစ်မြုပ်သွားသော်လည်း ရင်ညွန့်နေရာမှစတင်ကာ မနစ်မြှုပ်တော့ဘဲ ပေါလောပေါ်နေလေသည်။ ထိုအဖြစ်ကိုတွေ့မြင်ကြပြီး ရဲမက်များသာမက ကြည့်နေသူများအားလုံးပါ အံ့သြသွားကြသည်။

“ဟာ၊ စုန်းမကြီးက ရေမနစ်ဘူးဟေ့”

“ဟုတ်တယ်၊ ရေနှစ်ပြီးသတ်လို့ မသေဘူးဟ”

စုန်းမစီရင်ခြင်းထုံစံတွင် ရေနှစ်သတ်၍ မသေသည့်စုန်းမအား မင်းမိန့်ဖြင့် ဝေးလံခေါင်သီကာ လူသူအရောက်အပေါက်နည်းသည့် နေရာသို့ နှင်လွှတ်ကြရိုးထုံးစံဖြစ်သည်နှင့်အညီ၊ မမယ်ဖြူကိုလည်း ရေထဲမှဆယ်လိုက်ကာ ဝါးဖောင်တစ်ခုပေါ်တွင်တင်လိုက်ပြီး မင်းမိန့်ဖြင့် မြိုင်ရပ်သို့နှင်လိုက်လေတော့သည်။ ထူးထူးဆန်းဆန်းပင် မမယ်ဖြူစီးနင်းလာသည့် ဝါးဖောင်မှာ ရေအောက်သို့မစုန်ဘဲ ဧရာဝတီမြစ်အတိုင်း ရေဆန်တက်သွားသည်ကို အားလုံးက အံ့သြဖွယ်တွေ့မြင်လိုက်ကြရသည်။ မမယ်ဖြူလည်း အလွန်ထူးဆန်းနေမိသည်။

“အလို ငါဘာများဖြစ်တာပါလိမ့်၊ ငါဆုတောင်းလိုက်လို့ ငါပါစုန်းဖြစ်သွားတာများလား”

ထိုအခိုက် ကျီးအကြီးတစ်ကောင်မှာ ဝါးဖောင်ထိပ်တွင်ဆင်းသက်လာလေသည်။ ဆင်းသက်ပြီးသည်နှင့်တပြိုင်နက် ကျီးအမှာ လူအဖြစ်ပြောင်းလဲသွားတော့သည်။ အသားအရေမည်းနက်နေသည့် ကုလားအဘိုးကြီးတစ်ဦးအသွင်ဖြစ်သည်။

“ရှင်၊ ရှင်ဘယ်သူလဲ”

“မင်းကိုကယ်လိုက်တာငါပဲကွ၊ ငါ့ပညာတွေကို ချေးအဖြစ်နဲ့မင်းပါးစပ်ထဲ ထည့်လိုက်နိုင်လို့ မင်းမသေတာပဲ”

“ကျေးဇူးတင်ပါတယ်ရှင် ဒါနဲ့ ရှင်ကဘယ်သူလဲ”

“ငါ့နာမည် ရာဗီ၊ ငါကလည်း မင်းလိုမျိုးရေချရင်းမသေလို့ မြိုင်ရပ်နှင်ခံရတဲ့ ကဝေကြီးပေါ့ကွာ၊ ဒီနေ့ မြို့တော်မှာ စုန်းမတစ်ယောက်ရေချမယ်လို့ကြားလို့ လာကြည့်ရင်း မင်းကိုတွေ့လို့ ကယ်တင်ခဲ့တာပဲ”

“ဒါဆို အခုကျွန်မတို့ဘယ်ကိုသွားနေတာလဲ”

“မင်းကို ငါ့အိမ်ကိုခေါ်သွားမလို့ဟေ့”

“ဘယ်နေရာကိုများလဲ”

“ငါတို့တွေနေတဲ့ မဟာမြိုင်တောအုပ်ကြီးထဲကိုပေါ့ကွာ၊ ဟား၊ ဟား”

အဘိုးကြီးရာဗီက ပြောဆိုပြီးသည့်နောက် ဝါးဖောင်ကြီးမှာ အလွန်လျှင်မြန်စွာဖြင့် ရေစုန်အတိုင်း စုန်ဆင်းလာခဲ့လေတော့သည်။