စာစဉ်(၄)
(၁)
ကုလားအဘိုးကြီးရာဗီ၏ ခေါ်ဆောင်မှုနှင့် မမယ်ဖြူတစ်ယောက် မဟာမြိုင်တောကြီးအတွင်းသို့ ရောက်ရှိလာခဲ့တော့သည်။ မဟာမြိုင်တောကြီးမှာ မဟာမြိုင်ဆိုသည့် အမည်အတိုင်းပင် သစ်တောသစ်ပင်များမှာ တစ်ပင်နှင့်တစ်ပင်၊ တစ်ကိုင်းနှင့်တစ်ကိုင်း ယှက်တင်နေကာ သစ်ရိပ်ကြောင့် နေပျောက်ပင်မထိုးဖောက်နိုင်အောင် နက်ရှိုင်းလှလေသည်။ သစ်ကြီးဝါးကြီးများမှာအလွန်မြင့်မားစွာ ပေါက်ရောက်နေကြသကဲ့သို့ ပင်ခြေမြေပြင်တွင်လည်း ချုံနွယ်ပိတ်ပေါင်းများက တိုးမပေါက်နိုင်အောင် ခပ်စိပ်စိပ်ပေါက်နေပြန်သည်။ ညနေစောင်းအချိန်တွင် အဘိုးကြီးရာဗီနှင့် မမယ်ဖြူတို့မှာ မဟာမြိုင်တောအုပ်ကြီးအစပ်သို့ ခြေချမိကြလေသည်။ မမယ်ဖြူမှာ တောနက်ကြီးကို မြင်တွေ့လိုက်သဖြင့် အလွန်ထိတ်လန့်တုန်လှုပ်နေမိသည်။
“ဒီထဲကိုဝင်ရမှာလား”
“ဝင်ရမယ်၊ ဝင်ကိုဝင်ရမယ်၊ ဒီအထဲမှာ ငါတို့အိမ်ရှိတယ်၊ ငါတို့နန်းရှိတယ်”
မမယ်ဖြူမှာ ချုံပင်ကြီးများကိုကြည့်လျှက်
“ဒီလောက်ပိတ်ထူနေတဲ့ ချုံပင်တွေကြားကို ဓါးမပါဘဲနဲ့ ဘယ်လိုတိုးရမလဲ ဦးကြီးရယ်၊ ဓါးပါတယ်ဆိုရင်တောင် တော်တော်ခုတ်ထွင်ယူပြီး လမ်းရှင်းကာမှ လူတစ်ကိုယ်စာတိုးလို့ ရလောက်မယ်မဟုတ်လား”
အဘိုးကြီးရာဗီက ပြုံးလျှက်
“မလိုပါဘူး၊ ငါ့အတွက် ဓါးမလိုပါဘူး”
ထို့နောက် အဘိုးကြီးက လက်ညိုးတစ်ချောင်းကိုထောင်လိုက်ပြီး တစ်ခုခုကိုရေရွတ်လိုက်လေသည်။ ပြီးသည့်အခါ တောအုပ်ကြီးအတွင်းသို့ လက်ညှိုးညွန်လိုက်ကာ
“သစ်ရိပ်ဝါးမှောင် တောကြီးခေါင်၊ အဆင်းလှပ မြေဘာဂ လမ်းကြောင်းမှန်ကိုပြ”
အဘိုးကြီးက ရေရွတ်လိုက်ပြီးသည့်အခါ ချုံပင်၊ နွယ်ပင်၊ ပေါင်းပင်များမှာ တရှဲရှဲနှင့်လှုပ်ရှားသွားကြပြီးနောက် သူ့အလိုလိုပင်ရွှေ့လျားသွားကြကာ လူနှစ်ယောက်ရင်ဘောင်တန်းကာ သွားလာနိုင်သည့် တောလမ်းကလေးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ မမယ်ဖြူမှာ ထိုအဖြစ်ကိုကြည့်ပြီး အလွန်အံ့အားသင့််နေမိသည်။
“ဒါ . . ဒါဘယ်လိုလုပ်လိုက်တာလဲ”
“မှော်အစွမ်း၊ စုန်းအစွမ်းနဲ့ပေါ့ကွာ”
အဘိုးကြီးရာဗီက ပြောပြောဆိုဆိုနှင့် ထိုလမ်းအတိုင်းလိုက်ဝင်သွားရာ မမယ်ဖြူလည်း အနောက်မှလိုက်လာခဲ့ရသည်။ သူတို့မသွားခင် လမ်းအရှေ့နေရာတွင် ချုံပင်များတရှဲရှဲနှင့်လှုပ်ခတ်ကာ လမ်းသစ်ပေါ်နေသကဲ့သို့ သူတို့ဖြတ်သန်းသွားပြီးသည့် အနောက်မှ ချုံပင်များကလည်း တရှဲရှဲနှင့််ရွှေလျားကာ လမ်းပြန်ပိတ်သွားပြန်သည်။ ထူးဆန်းသည့် မှော်အစွမ်းများကို မမြင်ဖူးသည်မို့ မမယ်ဖြူတစ်ယောက် ထိုအဖြစ်ကို အဆန်းတကြယ်ဖြစ်နေမိသည်။
လမ်းအတိုင်းသွားသည်မှာ ခရီးတွင်သည်ဆိုသော်လည်း တောမှာအတော်နက်သည်မို့ တစ်တောင်ဆင်းတစ်တောင်တက်နှင့် ခရီးနှင်ပြီးသည့်အခါ တောကြီးမှာအမှောင်ကျသွားလေတော့သည်။ ထိုအခါ အဘိုးကြီးရာဗီက တောအုပ်အတွင်းသို့ကြည့်ကာ
“အပြာလဲ့ရောင် စုန်းမီးတောက်၊ အလင်းကိုယ်ရောင်တောက်ဟဲ့”
ပြောဆိုရေရွတ်ရင်း လက်ခုပ်သုံးချက်တီးလိုက်သည့်အခါ သစ်ပင်ကြီးများအကြားမှ အပြာလဲ့ရောင်မီးတောက်ကလေးများထွက်လာကြလေသည်။ မီးတောက်ကလေးများမှာ အစပိုင်းတွင် မီးစ၊ မီးပွားကလေးများအရွယ်ခန့်သာရှိသော်လည်း တဖြည်းဖြည်းတောက်လောင်ကျွမ်းလာပြီး နောက်ဆုံးတွင်တော့ ဆီးသီးလုံးခန့်ကြီးမားသည့် မီးတောက်ကလေးများအဖြစ်သို့ ပြောင်းလဲသွားကြလေသည်။ မီးတောက်ကလေးများမှ အလင်းရောင်များမှာ ညအမှောင်တွင် ထိန်လင်းလျှက်ရှိနေလေတော့သည်။ မမယ်ဖြူမှာ မီးတောက်ကလေးများကိုတွေ့သည့်အခါ အလွန်ပျော်ရွှင်သွားမိသည်။
“ဆန်းလိုက်တာ ဆရာကြီးရယ်၊ ကျုပ်သာဒီမီးတောက်တွေဖန်တီးနိုင်လို့ကတော့ ညမှောင်ရင်ဆီမီးထွန်းစရာမလိုတော့ဘူးပဲ”
“မင်းသိပ်ပြီး အံ့သြသွားပြီလား မိန်းကလေး၊ တို့ကဝေတွေအတွက်တော့ ဒီလောက်က ဘာမှမဟုတ်သေးဘူး၊ လာလာ ငါနဲ့လိုက်ခဲ့၊ မင်းကိုငါတို့က ဒီထက်နက်နဲတဲ့ပညာရပ်တွေ သင်ပေးရအုံးမယ်”
အဘိုးကြီးရာဗီအနောက်သို့ ဆက်လိုက်သွားရာ စုန်းမီးတောက်ကလေးများမှာလည်း မှိတ်ကာလင်းကာဖြင့် သူတို့အနီးမှပျံသန်းလာခဲ့ပြီးနောက် တောအုပ်ကြီးကိုဆက်လက်ဖြတ်သန်းလာခဲ့ကြသည်။ သို့နှင့် တစ်တောင်ဆင်းတစ်တောင်တက်နှင့် ဖြတ်သန်းပြီးသည့်အခါတွင်တော့ အရှေ့တွင် မီးအလင်းရောင်များထိန်လင်းနေသည့် နေရာတစ်ခုကိုလှမ်းမြင်လိုက်ရသည်။ သစ်ပင်များအကြားမှ အနီရောင်အလင်းတန်းများ၊ အစိမ်းရောင်အလင်းတန်းများ၊ ရွှေရောင်အလင်းတန်းများမှာ တဖိတ်ဖိတ်တောက်လျှက် ဝင်းပနေလေတော့သည်။
“ရှေ့မှာ ရွာတွေဘာတွေများရှိသလားပဲနော်”
မမယ်ဖြူက ရေရွတ်လိုက်သည့်အခါ အဘိုးကြီးရာဗီက ပြုံးလျှက်
“ရွာဘယ်ဟုတ်မလဲ၊ အရှေ့မှာရှိတာက နန်းတော်၊ ငါတို့နေတဲ့နန်းတော်ကြီးပဲ”
“အလို အဘကြီးတို့က နန်းတော်မှာနေတယ်ဆိုတော့ ဘာတွေများလဲဟင်”
“ညည်းနှယ်တုံးလိုက်ရန်ကောအေ၊ နန်းတော်မှာနေပါတယ်ဆိုနေမှ ဘုရင်တွေမို့လို့နေကြတာပေါ့၊ ငါတို့က ဘုရင်၊ ဟောဒီတောကြီးထဲမှာ ငါတို့ကဘုရင်တွေပဲ၊ ဒီအနားကလူတွေကတော့ ငါတို့ကိုမင်းခုနစ်ပါးလို့ ခေါ်ကြသကွဲ့”
မမယ်ဖြူမှာ အဘိုးကြီးရာဗီစကားကိုနားထောင်ပြီးအလွန်အံ့သြနေမိသည်။ သူတို့ဆက်လက်လျှောက်လှမ်းလာပြီး မကြာခင်တွင် တောင်ကြားချိုင့်ဝှမ်းကြီးတစ်ခုအတွင်းသို့ ရောက်လာခဲ့သည်။ တောအုပ်ကြီးကိုဖြတ်သန်းစီးဆင်းလာသည့် ချောင်းတစ်ချောင်းမှာ ထိုချိုင့်ဝှမ်းအား ရစ်ပတ်ခွေလျှက်စီးဆင်းနေလေသည်။ ချိုင့်ဝှမ်းအလယ်တွင်တော့ အုတ်ချပ်၊ ကျောက်သားများနှင့်တည်ဆောက်ထားသည့် နန်းဆောင်ကြီးတစ်ဆောင်ရှိလေသည်။ နန်းဆောင်အရှေ့တွင် ရင်ပြင်ငယ်တစ်ခုရှိပြီး ထိုရင်ပြင်ငယ်၏အလယ်တွင် လေးထောင့်ပုံစံရှိသည့် အုတ်ရေကန်ကလေးတစ်ခုရှိသည်။ ရေကန်ကလေးအထဲတွင် ကြာဖြူကြာနီပန်းများက ဖူးပွင့်နေပြန်သေးသည်။ မမယ်ဖြူမြင်တွေ့ရသည့် အနီရောင်၊ ရွှေရောင်အလင်းရောင်များမှာ နန်းဆောင်ကြီးအတွင်းမှ ထွက်ပေါ်နေခြင်းဖြစ်လေသည်။
“ဟေ့ကောင်တွေ၊ မင်းတို့ကောင်တွေကွာ၊ ငါလာတာတောင်မှ ထွက်မတွေ့ကြတော့ဘူးလား”
အဘိုးကြီးရာဗီက တောစပ်မှနေ၍ ခါးထောက်ပြီးအော်ဟစ်လိုက်သည့်အခါ နန်းဆောင်အတွင်းမှ အလင်းလုံးကြီးများမှာ လေတွင်ပျံဝဲလျှက်အပြင်သို့ထွက်လာကြသည်။ အလင်းလုံးကြီးများမှာ အရောင်တစ်မျိုးစီတောက်ပနေကာ စုစုပေါင်းအရောင်ခြောက်ရောင်ရှိသည်။ အလင်းလုံးကြီးများက ပျံသန်းလာရင်း မမယ်ဖြူအနားရောက်သည့်အခါ မမယ်ဖြူကို ကွေ့ပတ်ပျံဝဲနေကြသည်။ မမယ်ဖြူက အလင်းလုံးကြီးများကို အသေအချာစိုက်ကြည့်လိုက်သည့်အချိန်မှ အလင်းလုံးကြီးများမှာ လူခေါင်းပြတ်ကြီးများဖြစ်နေလေသည်။ မမယ်ဖြူလည်း အလွန်ထိတ်လန့်သွားကာ အနောက်သို့ဆုတ်လိုက်မိသည်။
“မကြောက်ပါနဲ့မိန်းကလေး၊ ငါတို့က မင်းကို ကိုက်မစားပါဘူးကွ”
“အောင်မလေး၊ သရဲ . . .သရဲတွေပါလား”
“သရဲတွေမဟုတ်ပါဘူး၊ ငါတို့က ဘုရင်တွေပါကွ၊ ဟား . . .ဟား”
ခေါင်းပြတ်ကြီးများက စကားပြောသဖြင့် မမယ်ဖြူမှာထိတ်လန့်နေမိသည်။ အဘိုးကြီးရာဗီက ခေါင်းပြတ်ကြီးများကိုကြည့်ရင်း
“ဟေ့ကောင်တွေ၊ အခုမှရောက်လာတဲ့ဧည့်သည်ကို ဒီလိုပုံစံနဲ့ ကြိုဆိုစရာလားကွ၊ ကဲကဲ နန်းဆောင်ထဲကိုပြန်ဝင်ကြစမ်းပါ”
အဘိုးကြီးရာဗီပြောလိုက်ပြီးသည်နှင့်် အလင်းလုံးကြီးများမှာ နန်းဆောင်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြလေသည်။ မမယ်ဖြူလည်း အဘိုးကြီးရာဗီအနောက်သို့လိုက်လာခဲ့မိသည်။ နန်းဆောင်များမှာ အုတ်များဖြင့်ဆောက်လုပ်ထားကာ အပျောက်အမွှန်းများတပ်ထားကြသော်လည်း အများစုမှာ ကျိုးပဲ့ပျက်စီးနေကြပြီဖြစ်သည်။ ပြိုပျက်နေသည့် အဆောက်အဦများ နံရံများကလည်း အုတ်ပုံကြီးများဖြစ်နေကြသည်။ နန်းဆောင်ကြီးဆီသို့ ဆင်းသွားသည့်လမ်းမှာ ရေညှိတက်နေသည့် အုတ်ခင်းလမ်းဖြစ်ရာ မမယ်ဖြူမှာသတိထားကာ လျှောက်လှမ်းနေရသည်။ မကြာခင် နန်းဆောင်ကြီးကို တွေ့လိုက်ရသည်။ လရောင်အောက်တွင် နန်းဆောင်ကြီးမှာ ဖြူဖြူကြီးဖြစ်ကာ ထိန်လင်းနေသည်ဟုထင်ရသည်။
ကြာဖြူကြာနီများပေါက်နေသည့် လေးထောင့်ရေကန်ကလေးအနီးမှ ဖြတ်သန်းသွားသည့်အခါတွင် အလွန်မွှေးကြိုင်သည့် ကြာပန်းရနံ့များကို ရှူရှိုက်လိုက်ရသည်။ မမယ်ဖြူမှာ မိန်းကလေးပီပီ အလွန်ထွားကျိုင်းကာ ပွင့်လန်းနေသည့် ကြာပန်းကြီးများကိုကြည့်ရင်း ကျေနပ်နေမိသည်။
“နှမလေးရောက်လာပြီလား”
အသံကြားသဖြင့် လှည့်ကြည့်လိုက်လေရာ နန်းဆောင်အတွင်းမှ လုလင်ပျိုေခြာက်ယောက်က တန်းစီကာထွက်လာကြသည်။ ထိုလူများမှာ မင်းညီမင်းသားများကဲ့သို့ အကောင်းစားအဝတ်အစားများကို ဝင်ဆင်ထားကြသည်။ မမယ်ဖြူပင် ထိုလုလင်များကိုကြည့်ကာ အံ့အားသင့်နေမိသည်။ အားလုံး၏ ရုပ်ရေအဆင်းသဏ္ဍာန်မှာလည်း အပြစ်ပြောစရာမလိုအောင် ချောမောလှပသည့် လူများဖြစ်ကြသည်။
“အလို၊ မောင်ကြီးတို့က ဒီမှာနေတဲ့ မင်းသားတွေများလား”
“မင်းသားတွေမဟုတ်ပါဘူး နှမလေး၊ မောင်ကြီးတို့က ဟောဒီမဟာမြိုင်တောကြီးကို အုပ်စိုးမင်းမူနေကြတဲ့ ဘုရင်ခုနစ်ပါးပါ”
မမယ်ဖြူမှာ ထိုလုလင်များကိုလိုက်လံရေတွက်ကြည့်ပြီးနောက်
“ဘုရင်ခုနစ်ပါးသာပြောရတယ်၊ ခြောက်ယောက်ပဲရှိနေပါလား”
ထိုအခါ မမယ်ဖြူအနီးတွင်ရပ်နေသည့် အဘိုးကြီးရာဗီက
“ငါလဲပါသေးတယ်လေ မိန်းကလေးရဲ့”
ပြောပြောဆိုဆိုနှင့် သူ့နဖူးကို လက်ညှိုးနှင့် သုံးပတ်ရစ်ပတ်လိုက်သည့်အခါ အိုမင်းရွတ်တွနေသည့် ကုလားအဘိုးကြီးအသွင်ပျောက်ကာ အလွန်လှပချောမောကာ ကြည့်ကောင်းလှသည့် ကုလားလုလင်ပျိုကလေးအဖြစ်ပြောင်းလဲသွားလေသည်။
“ဟင်၊ ရှင် . . . အဲ ဆရာကြီးက လူငယ်ကလေးတွေလား၊ ကိုယ့်ကိုယ်ကိုယ်အသက်ကြီးဟန် ဆောင်ထားကြတာလား”
မမယ်ဖြူပြောလိုက်သည့်အခါ လုလင်ပျိုများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျှက် တဟားဟားနှင့်ရယ်မောကြလေသည်။ မမယ်ဖြူမှာ လုလင်ပျိုများကို အထူးအဆန်းနှင့်ကြည့်နေမိသည်။
“နှမလေးက ချောလွန်းလှလွန်းလို့ အကိုတို့ကလည်း ချောအောင်လှအောင်ပြင်ဆင်ထားကြတာပါ”
ထိုအခါ တရုတ်တစ်ဦးနှင့်ဆင်တူသည့် လုလင်က
“ဟာကွာ၊ တို့တွေဒီပုံစံနဲ့ ကြာကြာမနေတတ်ပါဘူးကွာ၊ ငါကတော့ ငါ့ပုံစံအတိုင်းပဲ ငါနေမယ်ကွ”
ပြောပြောဆိုဆိုနှင့် သူ့နဖူးကိုသူပြန်ရိုက်ထည့်လိုက်လေရာ လုလင်ပျိုအသွင်ပျောက်ကွယ်ပြီး ခါးကုန်းကုန်း၊ နဖူးပြောင်ပြောင်၊ သွားကျိုးတိုးကျဲတဲနှင့် တရုတ်အဘိုးကြီးတစ်ယောက်အဖြစ် အသွင်ပြောင်းသွားရာ မမယ်ဖြူပင်အံ့သြထိတ်လန့်သွားရသည်။ တရုတ်ကြီးပြောင်းလဲပြီးမကြာခင်မှာပင် အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ပြောင်းလဲသွားကြရာ မကြာခင်မှာပင် မမယ်ဖြူအရှေ့တွင်ရပ်နေသူများမှာ လုလင်ပျိုများမဟုတ်ကြတော့ဘဲ ခါးကုန်း၊ ဆံပင်ဖြူနေသည့် သက်ကြားအိုအဘိုးကြီးများအဖြစ် ပြောင်းလဲသွားကြလေသည်။
“အို ရှင်တို့ကဘာတွေလဲ”
“ပြောပြီးသားပဲ ငါတို့က ကဝေတွေပါဆို၊ မင်းမိန့်မင်းဒဏ်သင့်ပြီး နယ်နှင်ခံရလို့ ဟောဒီမဟာမြိုင်တောကြီးထဲ ရောက်နေကြတဲ့ ကဝေကြီးတွေပဲ”
“အို၊ ရှင်တို့ကို ကျွန်မကြောက်တယ်၊ ကျွန်မဒီမှာမနေချင်ဘူး၊ ကျွန်မကိုရွာပြန်ပို့ပေးပါ”
မမယ်ဖြူပြောဆိုသည့်အခါ အဘိုးကြီးရာဗီက
“အောင်မာ၊ ဒီမယ်မိန်းကလေး မင်းကိုငါကယ်တယ်ခဲ့တာ မင်းမမေ့နဲ့နော်၊ ငါသာမကယ်တင်ခဲ့ဘူးဆိုရင် မင်းအခုအချိန် ရေအောက်ရောက်ပြီး သေနေပြီဆိုတာ မင်းမမေ့နဲ့”
မမယ်ဖြူမှာ ဘာမှမပြောနိုင်ပေ။
“မင်းမှာ အမေပေးတဲ့အသက်ကုန်သွားပြီ၊ ငါကမင်းကိုကယ်လိုက်တဲ့အတွက် မင်းက ငါ့အပေါ်အသက်ကြွေးတင်သွားပြီကွ၊ အသက်ကြွေးတင်သွားရင် ဘာလုပ်ရတယ်ဆိုတာ မင်းသိတယ်မဟုတ်လား”
“သိ . . . သိပါတယ်ရှင်၊ အသက်ကြွေးတင်သွားရင် ကျေးဇူးရှင်ကို လုပ်ကိုင်ကျွေးမွေးပြုစုရပါတယ်”
“ဟား၊ ဟား ဒီတော့ မင်းဒီမှာနေရမယ်၊ ဒါပေမယ့် ငါတို့ကို လုပ်ကိုင်ကျွေးမွေးစရာတော့မလိုဘူး၊ ငါတို့က မင်းလိုချင်တာအကုန်လုံးဖြစ်အောင်လုပ်ပေးနိုင်တယ်”
“ဒါဆို ကျွန်မက ဒီမှာဘာလုပ်ရမှာလဲဟင်”
“ဒီတောကြီးထဲမှာ ဘုရင်တွေပဲရှိတယ်၊ မိဖုရားမရှိသေးဘူး၊ ဒီတော့ မင်းက ငါ့မိဖုရားလုပ်ရမယ်”
“ရှင် . . .”
အဘိုးကြီးရာဗီက ပြောဆိုပြီးသည့်အခါ အားရပါးရရယ်မောနေလေသည်။ ထိုအခါ ကျန်သည့်အဘိုးကြီးများက
“ဟေ့ကောင်ရာဗီ၊ နွားအိုမြက်နုကြိုက်ဆိုသလို မင်းက မိန်းမချောရှာလာတာပဲကွ၊ ဒါပေမယ့် မင်းလည်းယောက်ျား၊ ငါတို့လည်းယောက်ျားပဲ၊ ငါတို့လဲ မိဖုရားလိုချင်တယ်”
“ဟုတ်တယ်ဟေ့ကောင်၊ မင်းတစ်ယောက်ထဲမအိုချင်စမ်းပါနဲ့၊ ငါလည်း အိုချင်သေးတယ်”
“ဟေ့ကောင်တွေ၊ မင်းတို့စွမ်းရင် တက်လာကြလေကွာ၊ ငါနဲ့ပြိုင်လို့ နိုင်တဲ့လူ ဒီမိန်းကလေးကိုယူဟေ့”
အဘိုးကြီးရာဗီပြောလိုက်သည်နှင့် ကျန်သည့်အဘိုးကြီးများမှာ အဘိုးကြီးရာဗီအား ဝိုင်းဝန်းတိုက်ခိုက်ကြလေသည်။ ကဝေကြီးများအချင်းချင်းတိုက်ခိုက်ရင်း ရောင်စုံအလင်းလုံးကြီးများနှင့် တစ်ဦးကိုတစ်ဦးပတ်ခတ်ကြသည်။ အလင်းလုံးကြီးမှာ ကဝေကြီးများကိုမထိဘဲ အဆောက်အဦးများကိုထိသည့်အခါ အဆောက်အဦးများမှာ ပဲ့ကြေထွက်ကုန်ကြသည်။ မြေကြီးပေါ်ကျသည့်အခါ တဝုန်းဝုန်းနှင့်ပေါက်ကွဲကုန်သည်။
ထိုအခွင့်အရေးကို မမယ်ဖြူက အခွင့်ကောင်းယူကာ တောအုပ်အတွင်းသို့ ပြန်လည်ပြေးဝင်ခဲ့သည်။ တောအုပ်မှာအလာတုန်းကနှင့်မတူဘဲ သစ်ပင်ချုံပင်များနှင့် ထူထပ်နေသည်မို့ မနည်းတိုးဝှေ့ကာ ပြေးလွှားခဲ့ရသည်။ အဘိုးကြီးများမှာ မမယ်ဖြူပြေးလွှားနေသည်ကို သတိထားမိပုံမရဘဲ အချင်းချင်းစက်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြနေတော့သည်။
မမယ်ဖြူမှာ တစ်ညလုံးနီးပါး တောအုပ်အတွင်းသို့ ခြေဦးတည့်ရာ ထွက်ပြေးနေမိသည်။ သစ်ကိုင်းများ၊ ဆူးချွန်များနှင့် ထိုးခြစ်မိသည်မို့ မမယ်ဖြူတစ်ကိုယ်လုံး ထိခိုက်ဒဏ်ရာများရကာ သွေးစိမ်းရှင်ရှင်ထွက်နေပြီဖြစ်သည်။ ခြေထောက်များမှာလည်း ဟက်တက်ကွဲကာ သွေးအလိမ်းလိမ်းနှင့်ဖြစ်နေပြန်သည်။ အတော်ကြာပြေးလွှားပြီးသည့်နောက် မမယ်ဖြူမှာ ရေဆာလာခဲ့သည်။ ပြေးရင်းလွှားရင်း တစ်နေရာအရောက်တွင် စမ်းရေစီးသံကိုကြားလိုက်ရသည့်အတွက် ရေရှိမည်အမှတ်နှင့် အပြေးလိုက်လာခဲ့လေရာ မကြာခင် စမ်းချောင်းကလေးတစ်ခုကိုတွေ့လိုက်ရသည်။
အလွန်မောပန်းကာ ရေဆာနေပြီမို့ စမ်းချောင်းအတွင်းသို့ ခုန်ဆင်းလိုက်ကာ စမ်းရေများကို အငမ်းမရခပ်သောက်နေမိသည်။ ခန္ဓာကိုယ်တွင်ရရှိထားသည့် ဒဏ်ရာများမှာ ရေနှင့်ထိတွေ့သဖြင့် စပ်ဖျဉ်းဖျဉ်းဖြစ်ကာ အလွန်နာကျင်လှပေသည်။ ရေသောက်ရင်းအမောပြောသည့်အခါမှ မမယ်ဖြူမှာ ပတ်ဝန်းကျင်ကိုတစ်ချက်မော့ကြည့်လိုက်မိသည်။ ထိုအခါ စမ်းချောင်းကလေးပတ်လည်ဝန်းရံထားသည့် နန်းဆောင်ကြီးများကိုတွေ့လိုက်ရလေတော့သည်။ ထိုတော့မှ သူထွက်ပြေးလာခဲ့သည့် နေရာသို့ ပြန်ရောက်လာမှန်း သိလိုက်မိတော့၏။
“မပြေးစမ်းပါနဲ့ မိန်းကလေးရာ၊ မင်းဘယ်လောက်ပြေးပြေး ငါတို့လက်ကနေ လွတ်အောင်ပြေးနိုင်မှာမဟုတ်ဘူးကွ”
မမယ်ဖြူအနီးတွင် ကဝေကြီးခုနစ်ယောက် ပေါ်လာခဲ့သည်။ မမယ်ဖြူလည်း ဘာမှမလုပ်နိုင်တော့ဘဲ စမ်းချောင်းနံဘေးတွင်ထိုင်လျှက် ငိုယိုနေမိသည်။ ငိုယိုနေရင်း အားပြတ်သွားသည်မို့ မမယ်ဖြူတစ်ယောက် လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားလေတော့သည်။
(၂)
မမယ်ဖြူတစ်ယောက်ပြန်လည်နိုးထလာသည့်အခါ အလွန်အိစက်ညက်ညောလှသော သားမွှေးများခင်းကျင်းထားသည့် သလွန်ညောင်စောင်းတစ်ခုအပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ မမယ်ဖြူအလွန်လန့်သွားကာ အိပ်ရာမှထလိုက်သည့်အခါတွင်လည်း သူရရှိထားသည့် ဒဏ်ရာများမှာ အကုန်ပျောက်ကင်းနေကာ နဂိုအသားအရည်အတိုင်းပြန်ဖြစ်နေသည်။ သူ့ကိုယ်တွင်လည်း စုတ်ပြဲနေသည့် အဝတ်အစားများမရှိတော့ဘဲ ပိုးသားဖြင့်ပြုလုပ်ထားသည့် ဝါကျင့်ကျင့်အဝတ်အထည်ကိုဝတ်ဆင်ထားရကာ လက်ကောက်များ၊ ရွှေခြေကျင်းဝတ်များနှင့် အဆင်တန်ဆာများကိုဆင်ယင်ခင်းကျင်းပြီးသားဖြစ်နေလေတော့သည်။
“နှမနိုးလာပြီလား”
အသံကြားရာသို့လှည့်ကြည့်လိုက်သည့်အခါ လုလင်ပျိုတစ်ယောက်မှာ ရွှေဒေါင်းလန်းကြီးတစ်ခုကိုကိုင်စွဲလာကာ အနားသို့ရောက်လာလေသည်။ ရွှေဒေါင်းလန်းအတွင်းမှ အစားအစာများမှာ အလွန်မွှေးကြိုင်လှသည်မို့ မမယ်ဖြူတစ်ယောက် ဗိုက်ဆာဆာနှင့် အငမ်းမရစားသောက်နေမိသည်။ ထိုစဉ်မှာပင် လုလင်များအားလုံးမှာ မမယ်ဖြူအရှေ့သို့ရောက်လာခဲ့သည်။
“တို့တွေအားလုံးတိုင်ပင်လိုက်ပြီ၊ ငါတို့တွေက ကဝေအရာမှာတော့ ပြိုင်စံရှားလောက်အောင် တစ်ဖက်ကမ်းခပ်တဲ့လူတွေပဲ၊ ငါတို့အချင်းချင်း တစ်ညလုံးလုံးတိုက်ခိုက်ပေမယ့် ဘယ်သူမှအရှုံးအနိုင်မကွဲဘူးမဟုတ်လား၊ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်နေတာထက် သင့်သင့်မြတ်မြတ်နေကြတာ ပိုပြီးကောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်”
မမယ်ဖြူမှာ ထမင်းကိုသာ အားရပါးရငုံ့စားနေလေသည်။
“ဒီတော့မိန်းကလေး၊ မင်းကို ရာဗီတစ်ယောက်တည်းမပေါင်းရဘူး၊ ငါတို့အားလုံး ဝိုင်းပြီးတော့ ပေါင်းသင်းကြမယ်”
မမယ်ဖြူမှာအံ့သြသွားပြီး စားသောက်နေသည့်ထမင်းပင် နင်သွားရတော့သည်။
“ဘယ်လိုရှင့်၊ ရှင်တို့အားလုံးနဲ့ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ”
“သီတင်းပတ်တစ်ပတ်မှာ ခုနစ်ရက်ရှိတယ်၊ ဒီတော့ တစ်ရက်ကိုတစ်ယောက်ကျစီနှုန်းနဲ့ မင်းကို ငါတို့ခုနစ်ဦးစလုံးက ပေါင်းသင်းကြမယ်”
မမယ်ဖြူမှာ ထမင်းစားရင်းစက်လက်နှင့်ပင် မျက်ရည်များစီးကျလာလေရာ လုလင်များက
“ထမင်းစားနေတုန်း မငိုရဘူး မိန်းကလေးရဲ့၊ အမှန်ဆိုရင် မိန်းကလေးက ပျော်တောင်ပျော်ရအုံးမှာ၊ မိန်းကလေးလိုအပ်တဲ့အရာမှန်သမျှကို ငါတို့ဖြည့်ဆည်းပေးမယ်၊ ငါတို့ကမင်းကို မိဖုရားတစ်ယောက်လို လိုလေသေးမရှိထားမယ်”
မမယ်ဖြူကတော့ သူ့အဖြစ်ကိုတွေးရင်း မြိုင်သာရွာတွင်ကျန်နေခဲ့သည့် ချစ်ဦးသူ မောင်ကံတင့်အား လှမ်းကာ ဦးညွတ်တောင်းပန်မိသည်။
“မောင်ကြီးရေ၊ ဘယ်ဘဝက ကံအကျိုးတွေကြောင့်လဲမသိ၊ ဒီဘဝမှာ မောင်ကြီးနဲ့ကျွန်မ မဆုံခဲ့ကြပေမယ့် ဖြစ်လေရာဘဝဆက်တိုင်း မောင်ကြီးနဲ့ဆုံပါရစေ . . . မောင်ကြီးကို ကျွန်မဒီလောက်နဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ်”
နန်းတော်ဟောင်းကြီးအတွင်းတွင် ပစ္စည်းမျိုးစုံရှိလေသည်။ ရွှေအိုး၊ ငွေအိုးများမှအစ၊ မြရေတကောင်း၊ ကျောက်ပန်းတောင်းများလည်းရှိသည်။ ထိုနေ့ နေ့လည်မှာပင် မမယ်ဖြူက နန်းတော်ကြီးကိုလှည့်ပတ်ကြည့်ရှုလေသည်။ ကဝေကြီးများမှာ လုလင်ပျိုအသွင်ဖန်ဆင်းလျှက် မမယ်ဖြူအနီးတွင် ပန်းပွင့်ကလေးတစ်ပွင့်ကို ဝဲအုံနေကြသည့် ပျားကောင်များပမာ အနောက်မှ ထပ်ကြပ်မကွာလိုက်လာကြသည်။
“ဒီနန်းတော်ကြီးက အခုလိုပျက်စီးနေတာတောင်မှ တော်တော်ခမ်းနားသေးတယ်နော်၊ ဟိုအရင်ကဆိုရင် ဘယ်လောက်များခမ်းနားလိုက်မလဲ”
မမယ်ဖြူမှာလိုက်လံကြည့်ရှုရင်း နန်းတော်ကြီးအလယ်ရှိ ခန်းမကြီးတစ်ခုအတွင်းသို့ရောက်လာခဲ့သည်။ ကျောက်ဖြူတိုင်များဖြင့် အလှဆင်ထားသည့် ခန်းမကြီး၏ တစ်ဖက်စွန်းတွင် ကြာပွင့်ပုံသဏ္ဍာန် ပုလ္လင်ကြီးတစ်ခုရှိလေသည်။ ပုလ္လင်ကြိးကို စကျင်ကျောက်အဖြူသားနှင့် ထုဆစ်ထားသည်မို့ တကယ့်ကြာပန်းကြီးတပွင့် ပွင့်နေသည်နှင့် တူညီလှသည်။ ထိုကြာပုလ္လင်ပေါ်တွင်တော့ တင်ပလ္လင်ခွေထိုင်နေသည့် ကျောက်သားရုပ်တုတစ်ခုရှိသည်။ ထိုရုပ်တုမှာ မိန်းကလေးပုံစံရုပ်တုဖြစ်ပြီး ဦးခေါင်းတွင် ရတနာကိုးပါးနှင့် စီခြယ်ထားသည့် မကိုဋ်ဥသျှောင်တစ်ခုကိုဝတ်ဆင်ထားကာ လက်ထဲတွင်တော့ ရွှေသန်လျက်ဓါးကြီးတစ်ခုအား ကိုင်ဆွဲထားပြန်သည်။ မမယ်ဖြူက ထိုအရိုးစုအားသေချာကြည့်လိုက်ရင်း
“ဒီလူက ဘယ်သူများလဲ”
ထိုအခါ လုလင်တစ်ယောက်က
“ဒီနတ်ရုပ်က ဗိဿနိုးအရှင် ပန်ထွာဘုရင်မရဲ့ ရုပ်တုပဲ”
“ပန်ထွာဘုရင်မဆိုတာ ဗိဿနိုးပြည်ကြီးကိုအုပ်စိုးခဲ့တဲ့ ဘုရင်မကြီးမဟုတ်လား”
“ဟုတ်တာပေါ့နှမရယ်၊ ပန်ထွာဘုရင်မက ဒွတ္တဘောင်ဘုရင်ကြီးကို စစ်ရှုံးခဲ့ရပေမယ့် စိတ်ထဲမှာတော့ အခဲမကြေဘူးဖြစ်နေတယ်၊ ဒီလိုနဲ့ အခွင့်သင့်တဲ့အခါ ဒွတ္တဘောင်မင်းကြီးကို မကောင်းတဲ့အကြံအစည်နဲ့ လုပ်ကြံခဲ့တယ်၊ ပန်ထွာဘုရင်မ သေဆုံးပြီးတဲ့အခါမှာ နတ်အဖြစ်နဲ့ ဗိဿနိုးပြည်သူတွေကို လမ်းပြပြီး ဟောဒီနေရာမှာ မြို့ကြီးတစ်ခုတည်ဆောက်ပြီး သူက အုပ်ချုပ်ခဲ့သေးတယ်”
“ထူးဆန်းလိုက်တာရှင်၊ ဒါဆိုရင် ဒီနေရာက အရင်ကမြို့ကြီးတစ်မြို့ပေါ့နော်၊ အခုကျတော့ ဘာဖြစ်လို့လူမရှိတော့ဘဲ မြို့ပျက်ကြီးဖြစ်နေရတာလဲ”
“ဘုရင်မကြီးက ဒီနေရာမှာ မြို့တည်ခဲ့ပေမယ့် ဒီနေရာကြီးက ဝေးလံခေါင်သီလွန်းတာကြောင့် မကြာခင်မှာပဲ မြို့ခံတွေ ထွက်ပြေးကုန်ပြီး မြို့ကြီးကောသွားတယ်၊ ဒါပေမယ့် သစ္စာရှိသူရဲကောင်းသုံးကျိပ်က ဒီနန်းဆောင်ကြီးထဲကို အသက်ပေးပြီးကာကွယ်နေတာအခုထိပဲ၊ သူတို့မြို့ကို မကောင်းတဲ့လူတွေလာရောက်ပြီး ဖျက်ဆီးမှာစိုးလို့ နာနာဘာဝတွေအဖြစ်နဲ့ ဟောဒီတောကြီးထဲမှာနေရင်း ကာကွယ်ပေးနေတာပဲ၊ ဒါကြောင့် ဒီတောကြီးက တောကြမ်းတယ်၊ မြေကြမ်းတယ်လို့ လူတိုင်းကသတ်မှတ်ကြပြီးတော့ တော်ရုံလူ ဒီတောထဲမလာရဲတာပေါ့”
“ကြောက်စရာကြီးနော်၊ ဒါဆို အဲဒီနာနာဘာဝတွေက ဒီနန်းဆောင်အထဲမှာရှိနေတာလား”
“မပူပါနဲ့ နှမရယ်၊ ကျုပ်တို့က ကဝေတွေပါ၊ ကဝေဆိုတာ နာနာဘာဝလောက်တော့ အပျော့ကလေးပါ၊ သူတို့ကိုသွားပြီးတော့ မပူပန်စမ်းပါနဲ့”
ပုလ္လင်ကြီးအရှေ့တွင် လှံထောက်ကာ မတ်တပ်ရပ်နေသည့် လူအရိုးစုကြီးနှစ်ခုလည်းရှိသေးသည်။ ထိုမျှမကသေး ပုလ္လင်၏ ဝဲယာပတ်ပတ်လည်တွင် လက်အုပ်ချီထားသည့် အရိုးစုများကိုလည်းအများအပြားတွေ့ရသည်။ အရိုးစုများမှာ ဓါးလှံလက်နက်များအသင့်ပြင်ထားကာ သံခမောက်များ၊ ချပ်ဝတ်တန်ဆာများကိုလည်း ဝတ်ဆင်ထားကြသည်။ မမယ်ဖြူမှာ ထိုအရိုးစုများကိုကြည့်ရှုရင်း ကြမ်းပြင်တွင်ကျနေသည့် ဓါးမြှောင်ကလေးတစ်ချောင်းကို အသာကောက်ယူလိုက်လေသည်။ နံဘေးမှ လုလင်ပျိုမှာ အခြားတစ်နေရာသို့ ငေးကြည့်နေသဖြင့် မမယ်ဖြူဓါးကောက်ယူလိုက်သည်ကို မမြင်တွေ့လိုက်ရပေ။
ညရောက်သည့်အခါတွင်တော့ ကဝေကြီးများအလုပ်များနေကြသည်။ မမယ်ဖြူကို သလွန်ပေါ်တွင်တင်ကာ သူအရင်တက်မည်၊ ငါအရင်တက်မည်ဟု လုနေကြလေသည်။
“ဟေ့ကောင်တွေ၊ ရန်မဖြစ်နဲ့တော့ကွ၊ ကိုင်း ဒီမိန်းကလေးနဲ့ ဘယ်သူအရင်ပေါင်းသင်းရမလဲဆိုတာကို မျှမျှတတဖြစ်သွားအောင်လို့ အံစာပစ်ပြီး ဆုံးဖြတ်ကြမယ်ဟေ့”
ကဝေကြီးတစ်ယောက်၏ အကြံပေးချက်ကို အားလုံးက လက်ခံလိုက်ကြပြီးနောက် ကဝေတစ်ယောက်မှာ အမိုးပေါ်မှ ပြိုကျနေသည့် စကျင်ကျောက်တုံးကြီးတစ်တုံးကို ကဝေပညာဖြင့် မျက်နှာပြင်များချောမွေ့သွားအောင်ဖြတ်လိုက်ပြီး အံစာတုံးတစ်တုံးအသွင် ဖန်ဆင်းလိုက်လေသည်။
“ဟေ့ကောင်ရ၊ အံစာတုံးက ခြောက်မျက်နှာတည်းရှိတာ၊ ငါတို့ကခုနစ်ယောက်လေကွ၊ ဘယ်လိုလုပ်ကြမလဲ”
“မလိုပါဘူးဗျာ၊ အံစာတုံးကို ပညာမသုံးဘဲ လူတိုင်းလှိမ့်ကြမယ်၊ တကယ်လို့ တစ်ချည်းသုံးခါကျတဲ့လူက ဒီမိန်းကလေးနဲ့ ပထမဆုံးပေါင်းဖက်ရမယ်ပေါ့ဗျာ”
“အေး၊ မင်းအကြံမဆိုးဘူးကောင်းတယ်”
သို့နှင့် ကဝေကြီးများ တစ်ယောက်တစ်လှည့်အံစာလှည့်ကြရာ နောက်ဆုံး ကုလားလုလင်အဖြစ်အသွင်ဆောင်ထားသည့် ကုလားကြီးရာဗီအလှည့်အရောက်တွင် အံစာတုံးမှာ တစ်ချည်းသုံးခါကျလေသည်။ အခြားကဝေကြီးများမှာ မကျေနပ်ကြသော်လည်း ကံတရားအတိုင်းမို့ မပြောသာတော့ပေ၊ ကုလားလုလင်မှာ မမယ်ဖြူရှိသည့် သလွန်ပေါ်သို့ တက်ရောက်မည့်ဆဲဆဲအချိန်တွင် မမယ်ဖြူက သလွန်ပေါ်တွင် မတ်တပ်ထရပ်လိုက်သည်။
“ဒီမှာ၊ ကျုပ်ဒီလိုအဖြစ်မျိုးအဖြစ်မခံနိုင်ဘူး၊ ရှင်တို့ခုနစ်ယောက်နဲ့ ပေါင်းမဲ့အစား ကျုပ်အသက်ပဲ အသေခံလိုက်မယ်”
မမယ်ဖြူမှာ ပြောပြောဆိုဆိုနှင့် နေ့လည်ကကောက်ယူထားသည့် ဓါးမြှောင်ကလေးကိုထုတ်ယူူလိုက်ကာ ကိုယ့်လည်ပင်းကိုယ် ဖြတ်ချထည့်လိုက်သည်။ ချွန်မြနေသည့် ဓါးသွားက မမယ်ဖြူ၏လည်ပင်းကို ပိုင်းဖြတ်သွားသော်လည်း မမယ်ဖြူမှာ မည်သည့်နာကျင်မှုမျိုးကိုမှ မခံစားရပေ၊ ထို့အတူ လည်ပင်းမှ ပြတ်ရှထားသည့် ဒဏ်ရာမှာလည်း သူ့အလိုလိုပြန်လည်ပိတ်စေ့သွားလေတော့သည်။ မမယ်ဖြူမှာ ကိုယ့်မျက်လုံးပင် ကိုယ်မယုံနိုင်တော့ပေ။
“ဟင်၊ ဘယ်လိုဖြစ်တာလဲ”
ထိုအခါ ကဝေကြီးများက ဝိုင်းဝန်းရယ်မောကြလေသည်။
“ဟား၊ ဟား ကဝေတွေနဲ့ပေါင်းမှတော့ နင်လည်းကဝေဖြစ်တော့မပေါ့ မိန်းကလေးရ၊ ငါတို့ကျွေးတဲ့ထမင်းကိုစား၊ ငါတို့ကျွေးတဲ့ရေကို သောက်ထားတဲ့နင်က ငါတို့ရဲ့ပညာတွေရထားပြီလေဟ”
လုလင်ပျိုအဖြစ်ဖန်ဆင်းထားသည့် ကုလားကြီးရာဗီမှာ အဘိုးကြီးအသွင်ပြန်လည်ဖန်ဆင်းလိုက်ပြီးနောက်
“ကဲ ကိုယ့်လူတော့၊ ငါတို့ခုနစ်ယောက်က တစ်ဦးနဲ့တစ်ဦး သွေးမတော်သားမစပ်ပေမယ့် ဘုရင့်ရဲ့နယ်နှင်မိန့်နဲ့ ဟောဒီမဟာမြိုင်တောကြီးထဲကို ရောက်လာကြပြီးတော့ ညီအကိုတွေလို အတူတူနေထိုင်လာခဲ့ကြတာ နှစ်ပေါင်းများစွာကြာခဲ့ပြီမဟုတ်လား၊ ဒါကြောင့် ငါကလည်း မင်းတို့အပေါ်မှာ တသီးတခြားလုပ်ပြီး အခွင့်အရေးမယူတော့ပါဘူးကွာ၊ ငါတို့ခုနစ်ယောက်စလုံး အခုဒီညမှာပဲ ဟောဒီမိန်းကလေးနဲ့ အတူတူပေါင်းသင်းကြတာပေါ့ကွ”
“ဟာ၊ ကောင်းတယ်”
“ဟုတ်တယ်ရာဗီ၊ ဒီအချက်ကိုငါလည်းထောက်ခံတယ်”
မမယ်ဖြူမှာရုန်းကန်ရန်ကြိုးစားသော်လည်း လှုပ်ရှားမရတော့ပေ၊ ထိုအခိုက် အဘိုးကြီးခုနစ်ယောက်မှာ အလွန်ကျေနပ်အားရစွာဖြင့် ရယ်မောကြလျှက် မမယ်ဖြူအနီးသို့ တိုးကပ်လာကြတော့သည်။ မမယ်ဖြူ၏ ငိုညည်းသံမှာ နန်းဆောင်ကြီးအတွင်း ပဲ့တင်ထပ်မျှ ထွက်ပေါ်လာတော့သည်။
(၃)
သို့နှင့် မမယ်ဖြူနှင့် ကဝေကြီးများပေါင်းသင်းနေကြသည်မှာ ငါးနှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကဝေကြီးများမှာ မမယ်ဖြူအား လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးသော်လည်း မမယ်ဖြူကတော့ ချစ်သောသူနှင့်ကွေကွင်းရသည့်အတွက် တစ်နေ့တစ်ရက်မှ စိတ်ပျော်ရွှင်ရသည်ဟူ၍ မရှိခဲ့ပေ။ ကဝေကြီးများထဲတွင် ကုလားအဘိုးကြီးရာဗီ၊ တရုတ်ကဝေကြီး မောင်တီ၊ ရှမ်းကဝေကြီး ဦးစိုင်းနော်၊ ကရင်ကဝေကြီး ဖထီး၊ မွန်ကဝေကြီး ရာမန်၊ ကချင်ကဝေကြီးဇော်ဆိုင်းနှင့် ဗမာကဝေကြီး ဦးကောင်းတို့ ခုနစ်ဦးတိတိဖြစ်သည်။
ထိုကဝေကြီးများမှာ စုန်းကဝေပညာရပ်များကို တစ်ဖက်ကမ်းခတ်တတ်ကျွမ်းကြသူများဖြစ်သည်။ အများစုကတော့ ထိုကဝေကြီးများကို ဇော်ဂနီကြီးများဟုခေါ်သည်။ ကဝေကြီးများမှာ နာနာရုပ်အတတ်ဖြင့် တိရစ္ဆာန်ပုံစံပေါင်းစုံ ဖန်ဆင်းကြကာ အနီးအပါးရှိမြို့ရွာများထံသို့သွားရင်း ခြောက်လှန်းခြိမ်းခြောက်ကာ စားသောက်လေ့ရှိသည်။ အချို့လူများမှာတော့ ကဝေကြီးများကိုကြောက်လန့်သည့်အတွက် မဟာမြိုင်တောစပ်ရှိ ညောင်ပင်ကြီးအောက်တွင် စားစရာများ၊ အုန်းပွဲငှက်ပျောပွဲများ၊ အသားငါးများနှင့် လာရောက်ပူဇော်တတ်ကြလေရာ ကဝေကြီးများအတွက် ဟန်ကျနေလေတော့သည်။
မမယ်ဖြူစားသောက်သည့်ထမင်းမှာ အလွန်စားကောင်းလှသည်။ ထမင်းအတွင်းတွင် အစေ့အဆံများလည်းပါဝင်ကာ နတ်သုဒ္ဓါတမျှ မွှေးပျံ့သင်းကြိုင်လှသည်။ ထို့ကြောင့် မမယ်ဖြူက စပ်စုကြည့်တော့သည်။ ကဝေကြီးခုနစ်ယောက်မှာ ခေါင်နန်းဆောင်အတွင်းနေထိုင်ကြရင်း တစ်ဦးနှင့်တစ်ဦး တာဝန်ကိုယ်စီခွဲထားကြလေရာ ထမင်းချက်ဟင်းချက်တာဝန်မှာတော့ မမယ်ဖြူအားခေါ်ဆောင်လာခဲ့သည့် ကုလားကြီးရာဗီ၏ တာဝန်ဖြစ်သည်။
“မောင်ကြီးရာဗီချက်တဲ့ ထမင်းဟင်းတွေက သိပ်စားကောင်းတာပဲနော်၊ အဲဒါ ဘယ်လိုများချက်ပြုတ်သလဲ မောင်ကြီးရဲ့”
မမယ်ဖြူမှာ ကဝေကြီးများကို မောင်ကြီးဟုသာ ခေါ်ဝေါ်ရလေသည်။ ကုလားကြီးရာဗီက မမယ်ဖြူအား ခေါင်နန်းအနောက်ဘက်ရှိ အမိုးများပြိုကျနေသည့် နန်းဆောင်တစ်ခုအတွင်းသို့ခေါ်သွားရာ အတွင်းတွင် မည်သည့်အရာမှ မရှိဘဲ ကြေးအိုးကြီးတစ်လုံးသာရှိလေသည်။
“ဒီအိုးကြီးက ဘာလုပ်တာလဲ”
“ဒါနှယ်နှယ်ရရအိုးမဟုတ်ဘူး၊ ဟင်ဒီရိုးရာ မှော်ပညာနဲ့စီရင်ထားတဲ့ နတ်သုဒ္ဓါကြေးအိုးကြီးပဲ”
“ဒီအိုးကြီးနဲ့ ဘယ်လိုများချက်ပြုတ်သလဲရှင်”
ရာဗီက အနီးတွင်ထောင်ထားသည့် ပုတ်တောင်းကြီးအတွင်းမှ စပါးများကိုလက်တစ်ဆုပ်ခန့် ခပ်ယူလိုက်ပြီးနောက် စကောဝိုင်းတစ်ခုအတွင်းသို့ထည့်လေသည်။
“ဟောတော်၊ စပါးလက်တစ်ဆုပ်လောက်နဲ့ ခုနစ်ယောက်၊ အဲလေ ကျွန်မပါရင် ရှစ်ယောက် ဘယ်လိုများစားလောက်ပါ့မလဲ”
“မင်းက ငါ့ကိုအထင်သေးတယ်ပေါ့လေ၊ ဟုတ်သလား”
ရာဗီက စကောဝိုင်းအတွင်းသို့ စပါးစေ့များထည့်ကာ စကောကို လှည့်ကာဝိုင်းလေတော့သည်။ မမယ်ဖြူကြည့်နေသည့်အချိန်မှာပင် စကောအတွင်းရှိစပါးလုံးများမှာ တဖြည်းဖြည်းများပြားလာလေသည်။ စကောဝိုင်းအချပ်ကြီး ပြည့်လုပြည့်ခင်အထိ စပါးများပြည့်လျှံသွားသည့်အခါမှ ရာဗီမှာရပ်တန့်လိုက်တော့သည်။
“ဟယ်တော်၊ အံ့သြစရာပဲ၊ စပါးတွေက တဖြည်းဖြည်းပွားလာတာလား”
“အစစ်ပေါ့ ချစ်နှမလေးရဲ့”
“ဒါပေမယ့် မောင်းဆုံမှမရှိတာ၊ စပါးကိုဒီအတိုင်းချက်စားလို့ မရဘူးမဟုတ်လား မောင်ကြီးရာဗီရဲ့”
ရာဗီက တစ်ချက်ပြုံးလိုက်ပြီး စကောကြီးကိုကိုင်ပြီးနောက် စပါးစေ့များကို လေဖြင့်အသာကလေးမှုတ်လိုက်လေသည်။ ထိုအခါ စပါးစေ့များမှာ စကောအတွင်းတစ်ဖက်သို့လန်သွားကြကာ ဖြူဖွေးနေသည့် ဆန်စေ့များအဖြစ်သို့ပြောင်းလဲသွားတော့သည်။
“အလို၊ စပါးတွေက ဆန်တွေဖြစ်ကုန်ပါလား”
ရာဗီက ဆန်များအား ကြေးအိုးကြီးအတွင်းသို့လောင်းထည့်လိုက်လေသည်။ စကောတစ်ခုစာရှိသည့် ဆန်မှာ ကြီးမားလှသည့် ကြေးအိုးကြီးအတွင်းတွင် ဖင်ကပ်ရုံလောက်သာရှိသည်။ တစ်ဖန်ရာဗီက ဝါးဆစ်ဘူးတစ်ခုအတွင်းမှ အစေ့အဆန်များကို အိုးကြီးအတွင်းသို့ထည့်သည်။ ထို့နောက် ပန်းဝတ်မှုန်များ၊ သစ်ဥသစ်ဖုများကို ထည့်သွင်းလိုက်ကာ ရေလက်တစ်ဆစ်ခန့်မြုပ်အောင်ထည့်သွင်းလိုက်ပြန်သည်။ ရာဗီလုပ်နေသည်ကို မမယ်ဖြူက တအံ့တသြနှင့်ကြည့်နေမိသည်။
“ထမင်းချက်တာကတော့ဟုတ်ပါပြီ၊ မီးမှမရှိတာ မောင်ကြီးရဲ့၊ ကျွန်မ မီးမွှေးပေးရမလား”
ရာဗီက မမယ်ဖြူအား လက်ကာပြလိုက်ပြီးနောက် ကြေးအိုးကြီးကို အဖုံးတစ်ခုနှင့်အုပ်ဆိုင်းလိုက်ကာ ထင်းချောင်းတစ်ချောင်းကိုကောက်ယူလိုက်ပြီး ကြေးအိုး၏ နှုတ်ခမ်းအနားများကို တဒေါင်ဒေါင်နှင့်ခေါက်နေလေသည်။ နှုတ်မှလည်း သီချင်းဆိုသကဲ့သို့ သံစဉ်တစ်ခုကို ညည်းဆိုနေလေသည်။ မကြာခင်မှာပင် ကြေးအိုးကြီးမှာလှုပ်ခါလာကာ အတွင်းမှ အလွန်မွှေးကြိုင်သည့်ရနံ့များလည်း တိုးထွက်လာသည်။ ရာဗီက သီချင်းဆိုနေသည်ကိုရပ်တန့်ပြီး ကြေးအိုးကြီးအဖုံးကိုဖွင့်လိုက်ရာ ကြေးအိုးအတွင်း ထမင်းများရောက်ရှိနေပြီး အိုးနှုတ်ခမ်းအပြည့် ပြည့်လျှံနေတော့သည်။ ထမင်းစေ့များမှာလည်း ဖြူဝင်းကာ ကော့စင်းလျှက် အလွန်မွှေးကြိုင်သည့် ရနံ့ကြောင့် စားချင်ဖွယ်အတိဖြစ်နေလေတော့သည်။
“အံ့သြစရာကြီးနော် မောင်ကြီး”
“ဒါအကင်းပဲရှိသေးတယ်ဟ၊ နှမကလေး တတ်ချင်တယ်ဆိုရင် မောင်ကြီးသင်ပေးမယ်”
ကဝေကြီးများက မမယ်ဖြူအား ကဝေပညာ စုန်းပညာများကိုသင်ပေးကြသော်လည်း မမယ်ဖြူမှာ ပါရမီမပါ၍လားမပြောတတ် စုန်းပညာအနည်းအကျဉ်းသာ တတ်မြောက်လေသည်။
တစ်ရက်တွင်တော့ ဗမာကဝေကြီးဦးကောင်းမှာ လင်းတအသွင်ကိုဆောင်ကာ ခေါင်နန်းကြီးအတွင်းသို့ ဆင်းသက်လာလေသည်။ ခြေထောက်နှင့်မြေကြီးထိလိုက်သည်နှင့် လူအဖြစ်ပြောင်းလဲသွားတော့သည်။
“ဟေ့ကောင်တွေ၊ ဟေ့ကောင်တွေ အရေးကြီးတဲ့ သတင်းတစ်ခုပါတယ်ဟေ့”
ဦးကောင်းက ဆိုလိုက်သဖြင့် ကျန်သည့်ကဝေကြီးများမှာ စုဝေးလာကြလေသည်။ ဦးကောင်းက
“ဗမာဘုရင်ကို လူမျိုးခြားတွေက ဖမ်းဆီးသွားပြီးတော့ နန်းချလိုက်ပြီတဲ့ဟေ့၊ အခု အဲဒီလူမျိုးခြားတွေကပဲ နန်းတက်ပြီး တိုင်းပြည်ကိုအုပ်ချုပ်တော့မတဲ့ကွ”
ထိုအခါ အခြားကဝေကြီးများမှာ အံ့သြသွားကြကာ
“ဟေ၊ ဒါဆိုရင် မင်းဆက်ပြတ်ပြီပေါ့၊ ကုန်းဘောင်မင်းဆက် ပျက်ပြီပေါ့ကွ”
ဦးကောင်းက ခေါင်းညိတ်လိုက်သည့်အခါ ကဝေကြီးများမှာ အလွန်ပျော်ရွှ့င်သွားကြကာ ကလေးများကဲ့သို့ ခုန်ပေါက်အော်ဟစ်လျှက် ကခုန်နေကြတော့သည်။ မမယ်ဖြူက ကဝေကြီးများကိုကြည့်ရင်း
“မင်းဆက်ပျက်တာ မောင်ကြီးတို့က ဘာဖြစ်လို့အပျော်ကြီးပျော်နေကြတာလဲရှင့်”
“ဒီလိုနှမရဲ့၊ တို့တွေအားလုံးကို ကုန်းဘောင်မင်းတွေက မင်းမိန့်နဲ့နှယ်နှင်ခဲ့တာမဟုတ်လား၊ အခုမင်းဆက်ပျက်ပြီဆိုတော့ ကုန်းဘောင်မင်းတွေရဲ့ အမိန့်အာဏာစက်ကလည်း ပျက်သွားခဲ့ပြီ၊ ဒီတော့ ငါတို့ကိုနှင်ထားတဲ့ အာဏာလည်းမရှိတော့ဘူးပေါ့၊ ငါတို့လည်း အိမ်ပြန်လို့ရပြီပေါ့”
“အိမ်ပြန်လို့ရပြီဟုတ်လား၊ ဒါဖြင့်် ကျွန်မရော၊ ကျွန်မရော ပြန်လို့ရပြီပေါ့နော်”
“အစစ်ပေါ့ နှမကလေးရယ်၊ ဘာမှမပူနဲ့ နှမကလေးရဲ့ ရွာကိုရောက်အောင် မောင်ကြီးတို့လိုက်ပို့ပေးမယ်”
ကဝေကြီးများမှာ အလွန်ပျော်ရွှင်သွားကြကာ အထုပ်အပိုးများကိုပြင်ဆင်ကြလေတော့သည်။ မမယ်ဖြူမှာလည်း ရွာပြန်ရမည်ဆိုသဖြင့် ပျော်ရွှင်သွားမိသည်။ မြိုင်သာရွာစား ချစ်သူ မောင်ကံတင့်နှင့် တွေ့ဆုံရတော့မည်မို့ စိတ်ထဲအတိုင်းမသိ ဝမ်းသာကြည်နူးမိနေလေတော့သည်။
တစ်ဖက်တွင်လည်း မောင်ကံတင့်တစ်ယောက် မမယ်ဖြူအသွင်ဟန်ဆောင်ထားသည့် မမဲတူနှင့်ပေါင်းသင်းနေသည်မှာ အချိန်ကြာရှည်နေပြီဖြစ်သည်။ မောင်ကံတင့်က အိမ်ထဲသို့လှမ်းဝင်လိုက်ပြီးနောက် မမဲတူအရှေ့တွင်ထိုင်ချလိုက်သည်။ မမဲတူက မောင်ကံတင့်အနီးသို့တိုးကပ်သွားရင်း
“ဘယ်လိုဖြစ်တာလဲ မောင်ကြီးရယ်”
“တို့ ဗမာဘုရင်တွေကို အင်္ဂလိပ်နယ်ချဲ့တွေက ဖမ်းဆီးပြီးတော့ ကုလားပြည်ကိုပို့လိုက်ပြီတဲ့ဟ၊ အခု ဘယ်သူမင်းဖြစ်မလဲဆိုတာမသိပေမယ့် အင်္ဂလိပ်နယ်ချဲ့တွေက မင်းအသစ်တင်မှာထက် သူ့တို့ကိုယ်တိုင် တို့တိုင်းပြည်ကိုအုပ်ချုပ်မယ်လို့ ပြောဆိုသံတွေကြားနေရတယ်”
“ဟေတော်၊ ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ”
“မောင်ကြီးတော့ မတွေးတတ်ဘူး မယ်ဖြူ၊ ရွာစားရာထူးကတော့ နယ်ချဲ့တွေပေးရင်လဲရမယ်၊ မပေးဘူးဆိုရင်လဲ ပျက်မှာပါပဲ”
မမဲတူက မောင်ကံတင့်လက်အားဆွဲလိုက်ကာ ထွေးပွေ့ထားလိုက်သည်။
“ဒါနဲ့ မယ်ဖြူ၊ အခု ဗမာမင်းတွေမရှိတော့ဘူးဆိုတော့ မယ်ဖြူနဲ့မောင်ကြီးနဲ့ လူသိရှင်ကြား တရားဝင်ပေါင်းသင်းလို့ ရနိုင်ပြီမဟုတ်လား၊ ပြီးခဲ့တဲ့နှစ်တွေတုန်းက ဘုရင့်မူးမတ်တွေရှိသေးလို့ ရာဇဒဏ်သင့်မှာကြောက်ပြီး အမြှောင်မယားတစ်ယောက်လို ပေါင်းသင်းနေရတာကို မောင်ကြီးသဘောမတွေ့လှပါဘူးကွယ်”
“မောင်ကြီးက ဘယ်လိုလုပ်ချင်လို့လဲ”
“ဖက်လိပ်ရွာပြန်ကြမယ်၊ မယ်ဖြူကို ကြီးဒေါ်ရှင်ရဲ့လက်ကိုပြန်အပ်ပြီးတော့မှ ကြီးကြီးကျယ်ကျယ်အခမ်းအနားလုပ်ပြီး မိန်းမကောင်းတစ်ယောက်လို လက်ထပ်ယူပါ့မယ် မယ်ဖြူ”
မမဲတူမှာ အလွန်မျက်နှာပျက်သွားကာ
“အလို၊ အဲဒီလိုတော့ မလုပ်ပါနဲ့ မောင်ကြီးရယ်၊ မယ်ဖြူသာ ဒီအတိုင်းရွာကိုပြန်သွားလိုက်ရင် ကြီးဒေါ်ရှင်က မယ်ဖြူကိုသတ်မှာတော့၊ ပြီးတော့ မိန်းကလေးတန်မဲ့ ယောက်ျားလေးအနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားတယ်ဆိုတာ ရွာကလူတွေသိသွားရင် မယ်ဖြူဘယ်မျက်နှာနဲ့နေရပါ့မလဲ”
“မောင်ကြီးက မယ်ဖြူ့အတွက်တွေးမိလို့ပြောတာပါ”
“နေပါစေမောင်ကြီးရယ်၊ မယ်ဖြူက မောင်ကြီးအတွက် အရာအားလုံးကိုစွန့်လွှတ်ခဲ့ပြီးပြီပဲ၊ မယ်ဖြူက ပွဲတွေအခမ်းအနားတွေမလိုပါဘူး၊ ဟောဒီက မောင်ကြီးနဲ့အတူတူ အခုလိုရှိနေရတာကိုပဲ ကျေနပ်နေပါပြီမောင်ကြီးရယ်”
မောင်ကံတင့်က သက်ပြင်းချလိုက်ပြီး
“အင်း၊ ဒါဆိုလည်း မယ်ဖြူ့သဘောပါ၊ မောင်ကြီး မယ်ဖြူ့ဆန္ဒကို မငြင်းဆန်ပါဘူးကွယ်”
မောင်ကံတင့်မှာ မမဲတူအားကြည့်လိုက်ပြီးနောက် တစ်ဦးနှင့်တစ်ဦးတင်းကြပ်စွာဖက်လိုက်ကြလေတော့သည်။