စာစဉ်(၅)
(၁)
ကုန်းဘောင်မင်းဆက်ကုန်ဆုံးသွားပြီဖြစ်သဖြင့် မင်းမိန့်ဖြင့် နှယ်နှင်ခံထားရသည့် မဟာမြိုင်တောကြီးအတွင်းမှ ကဝေကြီးများမှာ မိမိတို့ရပ်ရွာဇာတိမြေသို့ ပြန်ရတော့မည်ဖြစ်သဖြင့် အလွန်ပျော်မြူးနေကြသည်။ ကဝေကြီးများသာ ပျော်မြူးသည်မဟုတ်ဘဲ မမယ်ဖြူမှာလည်း ပျော်မြူးနေမိပြန်သည်။ သို့သော် မိမိ၏ယခုလက်ရှိအခြေအနေကိုတွေးတောကာ များစွာစိတ်မကောင်းဖြစ်မိလေသည်။
“အခုအခြေအနေမှာ မောင်ကြီးကံတင့်က ငါ့ကိုမြင်ရင် သူပျော်ရွှင်သွားမယ်ဆိုပေမယ့် ငါ့ရဲ့လက်ရှိအခြေအနေကိုသိရင် သူဘယ်လိုမှ ပျော်ရွှင်နိုင်မှာမဟုတ်ဘူး၊ ယောက်ျားခုနစ်ယောက်ရဲ့ မိန်းမဖြစ်ခဲ့တယ်ဆိုတာ သိသွားရင် မောင်ကြီးကံတင့်က ငါ့ကိုခွင့်လွှတ်ပေးနိုင်ပါ့မလား”
မမယ်ဖြူမှာ ထိုစိတ်ဖြင့် မစားနိုင်မသောက်နိုင်ပဲ တမှိုင်မှိုင်တတွေတွေနှင့်ဖြစ်နေလေသည်။ ကဝေကြီးများမှာလည်း အစပိုင်းတွင်ပျော်ရွှင်ကာ အထုပ်အပိုးများကိုသိမ်းဆည်းခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ မမယ်ဖြူကဲ့သို့ တမှိုင်မှိုင်တတွေတွေနှင့် ဖြစ်နေကြလေသည်။ လပြည့်ညတစ်ညတွင်တော့ သူတို့အားလုံး မီးပုံကြီးတစ်ခုအနီးတွင်စုထိုင်ကာ စကားစမြည်ပြောဆိုဖြစ်ကြသည်။
“ကဲ၊ မင်းတို့က ဌာနေနေရပ်ကို ဒီလပြည့်ပြီး မနက်ဖြန်ကြရင်ပြန်တော့မှာဆိုတော့ ငါတစ်ခုတော့ပြောချင်တယ်ကွာ”
ကုလားကြီးရာဗီမှ ထိုကဲ့သို့ စကားဦးသန်းလိုက်ရာ အခြားကဝေများက အားတက်သရောနားထောင်နေကြလေသည်။
“ငါ့ရွာကနေ စုန်းမှန်းသိလို့ ဖမ်းဆီးခံရပြီး ရေချလို့မသေတဲ့အပြင် မင်းမိန့်နဲ့အနှင်ခံရတာ အခုဆိုရင် နှစ်ပေါင်းသုံးဆယ်ကျော်လို့ လေးဆယ်နီးပါးရှိခဲ့ပြီကွ၊ ဒါပေမယ့် အခုအချိန်မှ ရွာကိုပြန်ရင် ငါ့ကိုသိကြတဲ့လူရှိပါတော့မလား၊ ပြီးတော့ ငါကအခုလို တောနက်ကြီးထဲမှာ မင်းတို့နဲ့နေထိုင်ရင်း လူ့အသိုင်းအဝိုင်းကနေ ရှောင်ဖယ်ခဲ့တာ ကြာပြီဆိုတော့ ရွာပြန်ပြီးလူ့အသိုင်းအဝိုင်းနဲ့ တစ်ခါပြန်ပြီးဆက်ဆံရရင် အဆင်ပြေပါ့မလား၊ ငါအမြဲဒီလိုတွေးနေမိတယ်”
ကျန်သည့် ကဝေကြီးများမှာလည်း မျက်နှာများမှိုင်ကျသွားကာ ခေါင်းညိတ်ကြလေသည်။
“ဒီနေရာမှာ နှစ်ပေါင်းလေးဆယ်လောက်နေခဲ့တော့ ဒီနေရာနဲ့ငါနဲ့က ကျင့်သားရနေပါပြီကွာ၊ ဒါကြောင့်မို့ မင်းတို့ရွာကိုပြန်ချင်ရင်ပြန် ငါကတော့ မပြန်တော့ဘူး၊ ဒီနေရာမှာ သေတဲ့အထိ တစ်သက်လုံးနေသွားမယ်လို့ပဲ ဆုံးဖြတ်လိုက်ပြီ”
ကုလားကြီးရာဗီက ပြောဆိုသည့်အခါ တရုတ်ကြီးကလည်း
“ဟုတ်တယ်ရာဗီ၊ မင်းပြောတာမှန်တယ်လို့ငါထင်တယ်၊ ငါလည်း ဒါကိုပဲတွေးနေမိတာ၊ တကယ်လို့ ငါနေထိုင်ခဲ့တဲ့ ပြည်မကြီးကိုပြန်မယ်ဆိုရင်တောင်မှ ငါကတခြားလူဖြစ်သွားပြီလေ၊ ငါလည်းမင်းအတွေးနဲ့တူတူပဲ၊ မင်းနေခဲ့မယ်ဆိုရင် ငါလည်း ဒီမှာပဲနေတော့မယ်၊ ပြည်မကြီးကို မပြန်တော့ဘူး”
ဦးစိုင်းနော်အမည်ရ ရှမ်းကဝေကြီးမှာလည်း နှုတ်ခမ်းမွှေးကွေးကွေးကြီးကို လက်နှင့်ပွတ်သပ်နေရင်း
“မောင်တီနဲ့ ရာဗီပြောတာ ငါပြောမယ့်စကားတွေကို ကြိုပြောသွားသလိုပဲ၊ ငါကတော့ ဟောဒီမဟာမြိုင်ခေါင်နန်းကြီးကနေ ထွက်သွားဖို့အစီအစဉ်ကိုမရှိတာဒါကြောင့်လည်း မင်းတို့အထုပ်အပိုးတွေပြင်တော့ ငါက ဘာမှတောင်မပြင်မဆင်ထားဘူးမဟုတ်လား”
သို့နှင့် မပြန်မည့်သူများက မဲခွဲဆုံးဖြတ်လေရာ နောက်ဆုံးတွင် ကဝေကြီးခုနစ်ဦးစလုံးမှာ တစ်ဦးတစ်ယောက်မှ ရွာပြန်မည့်သူမရှိဘဲ ခေါင်နန်းတွင်သာ ဆက်လက်နေထိုင်ရန်ဆုံးဖြတ်လိုက်ကြသည်။ ထိုအခါ မမယ်ဖြူမှာ သည်းထန်စွာငိုကြွေးလေတော့သည်။
“နှမလေး ဘယ်လိုဖြစ်လို့ ငိုနေတာလဲ”
“မောင်ကြီးတို့က တစ်ယောက်မှမပြန်ချင်ပေမယ့် နှမကတော့ ဟောဒီတောနက်ကြီးထဲမှာပဲ တစ်သက်လုံးမနေနိုင်ဘူးရှင့်”
မမယ်ဖြူငိုယိုနေသည်ကိုကြည့်ကာ ကဝေကြီးများက ဂရုနာသက်သွားမိသည်။
“ကဲပါ နှမလေးမနေချင်ဘူးဆိုတော့လည်း ပြန်ဖို့အတွက် မောင်ကြီးတို့ကူညီပေးပါ့မယ်”
“ဟင်၊ တကယ်ပြောတာလား မောင်ကြီး”
“ဟုတ်တယ်၊ နောက်ရှစ်လကြာတဲ့အခါ နှမကလေး ဟောဒါတောနက်ထဲကနေထွက်ပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ရစေမယ်လို့ မောင်ကြီးတို့အာမခံပါတယ်”
မမယ်ဖြူမှာ အိမ်သို့ပြန်ရမည်ဆိုသဖြင့် အလွန်ပျော်ရွင်သွားမိသည်။
(၂)
နောက်တစ်ရက်ကြာသည့်အခါ ကဝေကြီးများက မမယ်ဖြူမသိအောင် တောအုပ်တစ်နေရာတွင် စုဝေးကြလေသည်။ သစ်ပင်ကြီးများထူထပ်စွာပေါက်ရောက်နေသည့် တောအုပ်ကြီးအတွင်းတွင် ကဝေကြီးများမှာ စုဝေးထိုင်နေကြလေသည်။ ကဝေများထဲတွင် အသက်အကြီးဆုံးဖြစ်သည့် ဗမာကဝေကြီးဦးကောင်းမှာ စကားစပြောလေသည်။
“အိမ်း၊ မင်းတို့အကုန်လုံးကို ဒီကိုခေါ်လိုက်ရတယ်ဆိုတာကတော့ ငါအရေးကြီးတဲ့ ကိစ္စတစ်ခုကို တိုင်ပင်ချင်လို့ကွ”
“ပြောပါ ဦးကောင်း”
“ငါတို့အသက်တွေကြီးလာကြပြီမဟုတ်လား၊ သေခြင်းတရားဆိုတာကို ငါတို့ရဲ့ပညာရပ်နဲ့ ဆွဲဆန့်ထားလို့ရတယ်ဆိုပေမယ့် တားဆီးလို့တော့မဖြစ်နိုင်ဘူးလေ၊ဒီတော့ ငါတို့တစ်ချိန်ကျရင် သေဆုံးကြရမယ်မဟုတ်လား”
“သေစကားတွေမပြောပါနဲ့ဗျာ၊ ခင်ဗျားက သေချင်နေပြီလား”
“ရှင်းရှင်းပြောရရင်တော့ ငါသေချင်တာကြာပြီ၊ ငါအသေမဖြောင့်ဘူးဖြစ်နေတယ်ဆိုတာက ငါတစ်သက်လုံးကျင့်ကြံလေ့လာဆည်းပူးထားရတဲ့ ကဝေပညာတွေကို လက်ဆင့်ကမ်းပေးရမယ့် မျိုးဆက်မရှိတာပဲ၊ ဒီအတိုင်းသေသွားရင် ငါ့ပညာတွေအကုန် ငါနဲ့ပျောက်ကွယ်ကုန်မှာကို ငါစိုးရိမ်တယ်”
“ဒါတော့ ဟုတ်တယ်၊ ကျုပ်တို့လဲ ဒီအတိုင်းပဲ”
“အစကတော့ မမယ်ဖြူရောက်လာတဲ့အခါ ငါတို့ပညာကိုလက်ဆင့်ကမ်းနိုင်မလားဆိုပြီး အားတက်သရောဖြစ်ခဲ့ပေမယ့် မမယ်ဖြူကလေးဟာ ကဝေပညာမှာ အထုံပါရမီမပါတာကြောင့်မို့လို့ ငါတို့ပညာတွေအကုန်လုံး သင်ယူဖို့နေနေသာသာ အခြေခံစုန်းပညာတွေတောင်မှ အခုအချိန်အထိ လောက်လောက်လားလားမတတ်သေးတာကိုကြည့်ပြီး စိတ်ပျက်မိတယ်”
“ဒါဆို ဦးကောင်းက ဘာလုပ်ချင်လို့လဲ”
“မမယ်ဖြူကလေးဟာ ပျိုမြစ်နုနယ် ငယ်ရွယ်တဲ့အချိန်ဖြစ်လို့ သူ့ဆီကိုငါတို့ရဲ့ မျိုးစေ့တွေချပေးလို့ရတယ်”
“ဦးကောင်းဆိုလိုတာက ဘာသဘောလဲ”
“ရှင်းရှင်းပြောရရင်ကွာ၊ မမယ်ဖြူကို ပဋိသန္ဓေ ကိုယ်ဝန်ဆောင်ခိုင်းပေးဖို့ပဲ၊ ပြီးတဲ့အခါ သူ့ဝမ်းဗိုက်ထဲက သနွေ္ဓသားကို ငါတတ်ထားတဲ့ပညာတွေအကုန်အစင်သွင်းပေးမယ်၊ ဒီအခါ ဒီသန္ဓေသားကလေးက လူမဖြစ်ခင်ကတည်းက ငါ့ပညာတွေကိုရရှိပြီး မွေးလာတဲ့အခါ စုန်းကဝေတစ်ဦးဖြစ်လာမယ်မဟုတ်လား”
ထိုအခါ ကျန်သည့်ကဝေကြီးများမှာ ခေါင်းညိတ်ကြလေသည်။
“ကဝေပညာတွေအကုန်ထည့်ပေးပြီးသွားပြီဆိုရင် ငါလည်းမနေချင်တော့တာကြောင့်မို့လို့ ခန္ဓာစွန့်တော့မယ်လို့ စိတ်ကူးထားတယ်”
“ကောင်းမွန်တဲ့အကြံအစည်ပါပဲ ဦးကောင်း၊ ဒါပေမယ့် ဒီလောက်ကောင်းတဲ့အကြံကို ကျုပ်တို့ကိုဘာဖြစ်လို့မပြောတာလဲ”
“မင်းတို့ကို အခုပြောပြီမဟုတ်လား”
ထိုအခါ မွန်ကရင်ကြီး ရာမန်က
“ကျုပ်လည်း ဒီအတွေးရနေတာကြာပါပြီ အခုဦးကောင်းရတော့မှ ကျုပ်အမြင်တွေကြည်လင်သွားပြီ၊ တကယ်လို့ မမယ်ဖြူကလေး ပဋိသန္ဓေရတဲ့အခါ ကျုပ်တတ်မြောက်ထားတဲ့ ကဝေပညာရပ်တွေကိုလည်း ဒီကလေးကို လက်ဆင့်ကမ်းပေးချင်တယ်”
“ခင်ဗျားတို့ပဲ ပေးလို့ရမလားဗျ၊ ကျုပ်လည်း ပညာအမွေတွေ ပေးချင်တာပေါ့ဗျာ”
“ဟုတ်မှလဲလုပ်နော် ကိုဇော်ဆိုင်း၊ ကဝေပညာအမွေပေးတယ်ဆိုတာ ခင်ဗျားနားလည်ရဲ့လား”
ကချင်ကဝေကြီး ဇော်ဆိုင်းက
“နားလည်ပြီးသားပါကွာ၊ ကဝေပညာကို အသက်အရွယ်ပြည့်ပြီးသူ လူတစ်ယောက်ကိုလက်ဆင့်ကမ်းရင် ကိုယ်တတ်ထားတဲ့ပညာရဲ့တစ်ဝက်ကို လက်ဆင့်ကမ်းနိုင်တယ်မဟုတ်လား၊ ဒါပေမယ့် မမွှေးဖွားသေးတဲ့ သန္ဓေသားကို လက်ဆင့်ကမ်းမယ်ဆိုရင်တော့ ပညာအပြည့်နဲ့ လက်ဆင့်ကမ်းရမယ်မဟုတ်လား”
“ပညာအပြည့်ပေးတယ်ဆိုတာ မလွယ်ဘူးနော် ကိုဇော်ဆိုင်း၊ ပညာကုန်ပေးပြီးရင် ခင်ဗျားဟာ ကျန်နေတဲ့တစ်သက်လုံး ပညာမတတ်ဘဲ နေထိုင်သွားရလိမ့်မယ်နော်၊ စုန်းကဝေဟာ ပညာမရှိရင် တစ်ရက်တောင်မနေနိုင်ဘူးဆိုတာ ခင်ဗျားကြားဖူးတယ်မဟုတ်လား”
“ဟား၊ ဟား စိတ်ချစမ်းပါကွာ၊ ငါကလည်း မင်းတို့လိုပဲ သေရမှာမကြောက်ပါဘူးကွ၊ င့ါပညာတွေ ငါသေရင် အကုန်မြေကြီးထဲရောက်မှာကိုပဲ နှမြောနေတာ”
“ဒါဆို မင်းတို့အကုန်လုံး ဒီကိစ္စကိုလက်ခံကြတယ်မဟုတ်လား၊ ကဝေသားပိုက်လုပ်တဲ့အခါ ပညာမပေးဘဲ နေလိုတဲ့လူက နေနိုင်တယ်နော်”
ကဝေကြီးများအားလုံးခေါင်းညိတ်လိုက်ကြပြီး
“ကျုပ်တို့ကလည်း ဒီလိုအခွင့်အရေးကိုရှာနေတာကြာပေါ့ ဦးကောင်းရာ၊ ကျုပ်တို့လည်း ကဝေသားပိုက်မှာ ပါဝင်ချင်တယ်၊ ဦးကောင်းက အကြီးဆုံးဆိုတော့ ကဝေသားပိုက်အစီအရင်ကို ဦးကောင်းကိုယ်တိုင် စဗျာ”
“အေး၊ ကောင်းသကွာ၊ ဒါဖြင့်ပြောနေကြာပါတယ်၊ တို့ဒီညပဲ စကြတာပေါ့ဟေ့”
ကဝေကြီးများအားလုံး ဝမ်းသာအားရနှင့် ခေါင်းညိတ်လိုက်ကြလေသည်။ ဦးကောင်းမှာ ခေါင်နန်းကြီးဆီသို့ ပြန်လည်ရောက်ရှိသည့်အခါ ကျောက်သေတ္တာကြီးတစ်လုံးအတွင်းတွင်ထည့်ထားသည့် ကြေးပုရပိုက်ကြီးတစ်ခုကိုထုတ်ယူလိုက်လေသည်။ ကြေးပုရပိုက်ကြီးမှာ ကြေးပြားများကို ပါးလှပ်နေအောင်ခတ်ထားပြီး ထိုပေါ်တွင် ရှေးဟောင်း ဗြဟ္မီအက္ခရာများဖြင့် ရေးသားထားလေသည်။ ဦးကောင်းက ထိုကြေးပုရပိုက်အထူကြီးအား ဆွဲထုတ်လိုက်ကာ လှန်လှောရှာဖွေနေလေသည်။
“ဦးကောင်း၊ ဘာတွေလှန်လှောပြီးရှာနေတာတုန်းဗျ”
“ကဝေသားပိုက်အစီအရင်လုပ်ဖို့ပေါ့ကွာ၊ ငါလည်း ဒီအစီအရင်ကိုမသုံးဖူးဘူးဆိုတော့ မေ့တေ့တေ့ဖြစ်နေပြီကွ”
တစ်နေရာရောက်သည့်အခါ ဦးကောင်းမှာ ပုရပိုက်ကိုသေချာစိုက်ကြည့်နေလေသည်။ လက်ညှိုးတစ်ချောင်းဖြင့် ပုရပိုက်ပေါ်မှစာသားများကိုထောက်ကာ မျက်မှောင်ကြုတ်လျှက် ဖတ်ရှုနေလေသည်။ အခြားကဝေများမှာ ထိုအက္ခရာများကို မဖတ်ရှုတတ်သဖြင့် ဦးကောင်းပြုမူနေသည်များကိုသာ ငေးကြည့်နေမိသည်။
“ဒီစာထဲမှာ ရေးထားတဲ့အတိုင်းဆိုရင်တော့ အရင်ဆုံး သန္ဓေဆောင်ဖို့လိုအပ်တယ်ကွ၊ သန္ဓေဆောင်ဖို့အတွက်ကလည်း မိန်းကလေးက သူချစ်နှစ်သက်တဲ့လူနဲ့ ပေါင်းဖက်ပြီးရလာတဲ့ သန္ဓေဖြစ်ဖို့လိုသကွာ”
“ဟာ၊ မမယ်ဖြူက ကျုပ်တို့ကိုချစ်လို့ ကျုပ်တို့နဲ့ပေါင်းသင်းနေတာမဟုတ်ဘူးလား”
“မင်းတော်တော်ညံ့တာပဲ ဖထီးရာ၊ သူက ကျုပ်တို့လို အိုကြီးအိုမတွေကို တကယ်ချစ်လို့ပေါင်းသင်းနေတယ်လို့ ထင်နေတာလားကွ၊ သူ့ခမျာမတတ်သာလို့သာ ငါတို့နဲ့ပေါင်းသင်းနေရတာ”
“ဒါဆိုရင် သူချစ်တဲ့လူဘယ်သူလဲဆိုတာကို ရှာရမယ်မဟုတ်လား”
ဦးကောင်းက ခေါင်းညိတ်လျှက်
“ဟုတ်တယ်၊ မမယ်ဖြူက တစ်ခါတလေ တစ်နေရာရာကို ပူဆွေးပြီးငေးကြည့်နေတတ်တယ်၊ ငါတို့တွေလစ်တဲ့အချိန်မှာလည်း မောင်ကြီးဆိုလား ရေရွတ်နေလေ့ရှိပုံထောက်တော့ သူ့ဇာတိ သူ့ရပ်ရွာမှာ သူနဲ့ချစ်ကျွမ်းဝင်ခဲ့တဲ့ ချစ်သူတစ်ဦးတစ်လေ ရှိမှာသေချာတယ်”
ဦးကောင်းက ပြောဆိုပြီးနောက်
“ရာဗီ၊ မင်းက သူ့ရဲ့အစားအစာထဲမှာ မေ့မြောစေအောင်လုပ်လိုက်စမ်းကွာ၊ ဖထီး မင်းက လူတွေရဲ့စိတ်ကို ဖမ်းစားတဲ့အတတ်မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တယ်ဆိုတော့ သူမေ့မြောနေတဲ့အချိန်မှာ မင်းက သူ့အတွင်းစိတ်ထဲကိုဝင်ပြီး သူ့ချစ်သူဘယ်သူလဲဆိုတာကို စုံစမ်းကြည့်စမ်း”
“စုံစမ်းလို့ရပါပြီတဲ့ ကျုပ်တို့ဘယ်လိုဆက်လုပ်မလဲ”
“ညရောက်တဲ့အခါ ငါတို့က သူ့ရဲ့ခန္ဓာကိုယ်ကို သူ့ချစ်သူဆီကို သယ်ဆောင်သွားပေးရမယ်၊ သူ့ချစ်သူနဲ့အတူတူ ညရောက်ရင်ပေါင်းဖက်ဖို့ ဘေးကနေကူညီပေးရမှာပေါ့ကွာ၊ ပေါင်းဖက်ပြီးတဲ့အခါလည်း တစ်ညတည်းနဲ့ သန္ဓေတည်နိုင်အောင်လုပ်ရမယ်ဟေ့၊ ပြီးရင် မမယ်ဖြူကို ဟောဒီနေရာကိုပြန်ခေါ်လာပြီး ကဝေသားပိုက်အစီအရင်တွေ စီရင်ကြရင် မကောင်းဘူးလား”
“ကောင်းတယ်ဦးကောင်း၊ ဒါဆို ဦးကောင်းအစီအစဉ်အတိုင်းလုပ်ကြတာပေါ့”
သို့နှင့် ညစာစားသည့်အခါ ကဝေကြီးများက အစီအစဉ်စကြလေသည်။ ရာဗီက မမယ်ဖြူအတွက် ခူးပေးသည့် ထမင်းဒေါင်းလန်းအတွင်းတွင် အသိစိတ်လွင့်စေနိုင်သည့် ဆေးရည်တစ်မျိုးကို ရောထည့်ပေးလိုက်သည်။ မမယ်ဖြူမှာ ထမင်းစားပြီးသည်နှင့် မူးဝေလာကာ လဲကျသွားတော့သည်။ မမယ်ဖြူကို သလွန်ပေါ်သို့တင်ဆောင်ပြီးနောက် ကရင်ကဝေကြီးဖထီးက မမယ်ဖြူ၏ ခေါင်းရင်းတွင် မတ်တပ်ရပ်ကာ မမယ်ဖြူ၏ နားထင်ကိုလက်ညှိုးနှင့်ထောက်လျှက် မျက်စိကိုစုံမှိတ်ချလိုက်သည်။
ဖထီး၏ အတွေးပုံရိပ်ထဲတွင် ရွာကြီးတစ်ရွာကို မြင်ယောင်နေမိသည်။ ထိုရွာကြီးအလယ်တွင် ကြီးမားသည့် အိမ်ကြီးတစ်လုံးရှိသည်။ အိမ်ကြီးထံတွင် အစောင့်အကြပ်များ၊ ကျေးကျွန်များကိုပါ တွေ့ရသဖြင့် ရွာစားတစ်ဦးနေထိုင်သည့် အိမ်ဖြစ်မှန်းသိလိုက်ရသည်။
အိမ်အတွင်းသို့ စိတ်လွှင့်ကာ ဆက်လက်ဝင်ရောက်လာခဲ့ရာ အိမ်ဦးခန်းတွင် ဖျာချောခင်းကာထိုင်နေသည့် လူတစ်ဦးကိုတွေ့ရသည်။ ထိုလူမှာ ယောက်ျားပီသသည့် ရုပ်သွင်ရှိကာ ခန့်ညားချောမောလေသည်။ ထိုစဉ် အိမ်အတွင်းမှ မိန်းကလေးတစ်ဦးထွက်လာလေသည်။ ထိုမိန်းကလေးကိုတွေ့လိုက်သည့်အခါ ဖထီးတစ်ယောက် အလွန်အံ့သြသွားမိသည်။ အဘယ့်ကြောင့်ဆိုသော် ထိုမိန်းကလေးမှာ မမယ်ဖြူနှင့် တစ်ထေရာတည်း တူညီနေသည့်အတွက်ကြောင့်ဖြစ်သည်။
“အလို မမယ်ဖြူပါလား၊ မယ်ဖြူက ဘာဖြစ်လို့ ဒီကိုရောက်နေတာပါလိမ့်”
မမယ်ဖြူမှာ ထိုလူနံဘေးတွင်ဝင်ထိုင်လိုက်သည်။ မမယ်ဖြူ၏ ဝမ်းဗိုက်မှာ မသိမသာကလေး ပူထွက်နေသည်။ ထိုလူက မမယ်ဖြူအားကြည့်ရင်း
“ရှင်မ၊ ဘာဖြစ်လို့အပင်ပန်းခံပြီး အရှေ့ထွက်လာရတာလဲ၊ ရှင်မကြောင့် မောင်တို့ရဲ့ရင်သွေးကလေး ပင်ပန်းနေပါအုံးမယ်၊ တစ်ခုခုလိုအပ်ရင် အထိန်းတော်ကြီးကို ခိုင်းလိုက်ရင်ပြီးတာပဲကို”
“အို၊ မောင်ကြီးကံတင့်ရဲ့အနားမှာရှိနေချင်တာက အထိန်းတော်ကြီးကို ခိုင်းလို့ရရိုးလား မောင်ကြီးရဲ့”
မောင်ကံတင့်နှင့် မမယ်ဖြူတို့မှာ တစ်ဦးလက်ကိုတစ်ဦးဆွဲကိုင်ကာ ရယ်မောနေလေသည်။ ဖထီးမှာ မမယ်ဖြူကိုကြည့်နေရင်း
“အလို၊ ဒီမိန်းကလေးက သာမန်မဟုတ်ဘူး၊ သူ့အနားကနေ မှော်ပညာသုံးထားတဲ့ အရိပ်အယောင်တွေ သမ်းနေပါလား၊ ဧကန္တတော့ ဒီမိန်းမက စုန်းမတစ်ယောက်ဖြစ်လိမ့်မယ်၊ မှန်းစမ်း၊ ဒီစုန်းမကို ငါ့ပညာနဲ့အမှန်မြင်အောင် ကြည့်ထည့်လိုက်မယ်၊ လာလေရော့”
ဖထီးကြည့်လိုက်သည့်အခါ စုန်းမမှာ မမယ်ဖြူအသွင်ပျောက်ပြီး အသားမဲမဲအရုပ်ဆိုးဆိုးမိန်းမတစ်ယောက်အသွင် ပြောင်းလဲသွားလေသည်။ ထိုတော့မှ ဖထီးက သဘောပေါက်သွားတော့သည်။
“လတ်စသတ်တော့ ဒီမိန်းမက သူ့ကိုယ်သူ မမယ်ဖြူအသွင်ယောင်ဆောင်ပြီး ဒီလူနဲ့ပေါင်းသင်းနေတာကိုး၊ ဒီလူကြည့်ရတာလည်း မမယ်ဖြူကိုတော်တော်ချစ်ပုံရတယ်၊ ဒါဆိုရင် ဒီလူက မမယ်ဖြူရဲ့ချစ်သူဖြစ်နိုင်တယ်”
ဖထီးက မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ ကဝေကြီးများက အနားကပ်လာကြလေသည်။
“ဘယ်လိုလဲ ဖထီး၊ မမယ်ဖြူရဲ့ချစ်သူကိုတွေ့ခဲ့ရဲ့လား”
“တွေ့ခဲ့တာပေါ့၊ အညာဒေသက မြိုင်သာဆိုတဲ့ရွာကြီးမှာနေတဲ့ ရွာစားမောင်ကံတင့်ဟာ မမယ်ဖြူရဲ့ချစ်သူပဲ၊ အခုတော့ ရွာစားမဟုတ်တော့ပေမယ့် ဆင်ပိန်ကျွဲလောက်ဆိုသလို ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံနဲ့ နေထိုင်နေပါတယ်”
“နေရာသိပြီဆိုတော့ ငါတို့လုပ်ငန်းစကြတာပေါ့ကွာ၊ ကဲ ငါက စွန်ကြီးတစ်ကောင်အဖြစ်အသွင်ပြောင်းပြီး မမယ်ဖြူကို ခေါင်းကနေကိုက်ချီမယ်၊ ဇော်ဆိုင်းနဲ့ မောင်တီက လက်နှစ်ဘက်ကိုချီ၊ ရာဗီနဲ့ ရာမန်က ခြေထောက်နှစ်ဖက်ကိုချီစမ်းဟေ့”
ကဝေကြီးများမှာ အလွန်ကြီးများသည့် စွန်ကောင်ကြီးများအဖြစ်ပုံပြောင်းလိုက်ကြကာ သလွန်ပေါ်တွင်လဲလျောင်းနေသည့် မမယ်ဖြူအား ခြေထောက်များဖြင့်ကုပ်ချီလျက် ကောင်းကင်ခရီးဖြင့် မြိုင်သာရွာကြီးဆီသို့ ပျံသန်းလာခဲ့ကြလေသည်။ ညည့်သည်းခေါင်နီးသည့်အချိန်တွင် မြိုင်သာရွာသို့ ချဉ်းကပ်ဝင်ရောက်လာခဲ့ကြသည်။ စွန်ကြီးတစ်ကောင်အဖြစ် ဟန်ဆောင်ထားသည့် ဖထီးက အိမ်ကြီးအားစောင့်ကြပ်နေကြသည့် အစောင့်အကြပ်များ၊ အခိုင်းအစေကျွန်များကို အိပ်မွှေ့ချလိုက်လေသည်။ ထို့နောက် ကျန်သည့်စွန်ကြီးများက မမယ်ဖြူအား အိပ်ခန်းအတွင်းသို့ မချီသယ်ဆောင်လာခဲ့ကြသည်။ အိပ်ခန်းအတွင်းတွင် အမှောင်ကျနေသည်မို့ ရှမ်းကဝေကြီး ဦးစိုင်းနော်က လက်ဖျောက်တစ်ချက်တီးလျက် စုန်းမီးတောက်တစ်ခုကိုဖန်တီးလိုက်သည်။
“အလို၊ ဒီမှာအိပ်နေတာလည်း မမယ်ဖြူပါလား”
ဦးကောင်းက အံ့သြသွားမိသည်။ ထိုအခါ ဖထီးက ကုတင်ပေါ်တွင်အိပ်စက်နေသည့် မမယ်ဖြူ၏ နဖူးအား လက်ဖြင့်ထောက်လိုက်လေရာ မမယ်ဖြူအသွင်ပျောက်ပြီး အသားမဲမဲအရုပ်ဆိုးဆိုးနှင့် မမဲတူအဖြစ် ပြောင်းလဲသွားလေသည်။
“ဒီမိန်းကလေးက စုန်းမတစ်ယောက်ပါ၊ မမယ်ဖြူအသွင်ပြောင်းပြီးတော့ ဟောဒီက မမယ်ဖြူချစ်သူကို လှည့်စားပြီး ယူထားပုံရပါတယ် ဦးကောင်း”
“ဟယ်၊ ရုပ်ဆိုးသလောက် တော်တော်အကျင့်ယုတ်တဲ့ဟာမပဲ၊ ကဲ စိုင်းနော်၊ မင်းရဲ့ပညာတွေထုတ်ပြဖို့အချိန်ရောက်ပြီဟေ့”
ဦးစိုင်းနော်က မမဲတူအနားသို့တိုးကပ်လိုက်ပြီး လက်ညှိုးထောင်လျှက် တစ်ခုခုကိုရွတ်ဆိုလိုက်သည်။ ထို့နောက် မမဲတူ၏ နဖူးအားလက်ဖြင့် တို့ထိလိုက်ကာ ကြက်ခြေခတ်ပုံသဏ္ဍာန်ရေးဆွဲလိုက်လေသည်။
“ကိုင်း၊ ဒီမိန်းကလေးတော့ သူ့နဂိုရုပ်သွင်ကနေ ပြောင်းလဲလို့မရအောင် ပုံစံပြောင်းထားလိုက်ပြီ၊ သူ့ပညာနဲ့ ဘယ်လိုပြောင်းပြောင်း နဂိုရုပ်ကနေ မပြောင်းနိုင်တော့ဘူး”
“အဲဒါအရေးမကြီးဘူး၊ ဒီကုတင်ပေါ်က ရုပ်ဆိုးမကို ဖယ်ပေးကြအုံးလေ”
ကဝေကြီးဇော်ဆိုင်းက မမဲတူအား ပညာဖြင့် ချီမလိုက်ပြီးနောက် အိမ်နောက်ဖေး မြင်းစောင်းအတွင်းသို့ ရွှေ့ပြောင်းထားလိုက်လေသည်။ မမဲတူအား ပညာဖြင့် အိပ်မွှေ့ချထားသဖြင့် မမဲတူမှာ လူသေကောင်အလား တုတ်တုတ်မျှပင်မလှုပ်တော့။
“ကဲ သူတို့နှစ်ယောက်ငြားအောင် ကူညီပေးဖို့အချိန်ရောက်ပြီဟေ့”
ကုလားကြီးရာဗီက အိပ်ထောင်အတွင်းမှ ဆေးရည်တစ်ချို့ကိုထုတ်ကာ မောင်ကံတင့်၏ ပါးစပ်အတွင်းသို့ တစ်စက်နှစ်စက်ချပေးလိုက်လေသည်။ ထိုနည်းတူ မမယ်ဖြူ၏ အာခံတွင်းအသွင်းသို့လည်း အစက်အနည်းငယ်ချပေးလိုက်သည်။
“ရာဗီ၊ မင်းဒါဘာလုပ်တာလဲကွ”
“သူတို့နှစ်ဦးပေါင်းဖက်ပြီး သန္ဓေတည်နိုင်အောင်လို့ သန္ဓေအားဆေးပြင်းပြင်း တိုက်ပေးလိုက်တာလေ ဦးကောင်းရ၊ ဒီဆေးနဲ့ဆို ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ကာမရာဂတွေထကြွလာပြီး အားကောင်းစေလာမယ်ဗျ”
ထိုအခါ ဦစိုင်းနော်ကလည်း ပြာမှုန့်ဖြူဖြူကလေးများကို အခန်းတွင်းကျဲပက်လိုက်လေရာ အခန်းကြီးတစ်ခုလုံးမှာ သာမန်အိမ်တစ်လုံးနှင့်ပင် မတူညီတော့ပဲ နတ်ဘုံနတ်နန်းတမျှ လှပသွားလေသည်။ တစ်ဖန် တရုတ်ကြီးမောင်တီက မမယ်ဖြူနှင့် မောင်ကံတင့်တို့အား နတ်သားနတ်သမီးများဝတ်ဆင်သည့် နတ်ဝတ်တန်ဆာကဲ့သို့ အလွန်လှပသည့် အဝတ်အစားများကိုစီမံပေးလိုက်သည်။ ကဝေကြီးဇော်ဆိုင်းကမူ အခန်းတစ်ခုလုံး မွှေးပျံ့သင်းကြိုင်သွားစေရန်အတွက် ပန်းပေါင်းစုံရနံ့များကိုထုတ်လွှတ်ပေးသကဲ့သို့ အလွန်ညိမ့်ညောင်းသာယာလှသည့် တေးသံသာများကိုလည်း တင်ဆက်ပေးလိုက်လေသည်။
“ကဲ အားလုံးတော့ပြည့်စုံသွားပြီဟေ့၊ ဖထီး မင်းအလှည့်ရောက်ပြီ”
ကဝေကြီးများမှာ ကိုယ်ယောင်ဖျောက်လိုက်ကြပြီးနောက် ဖထီးမှာ မောင်ကံတင့်နှင့် မမယ်ဖြူတို့၏ ဦးခေါင်းထက်တွင် လက်ကိုဝှေ့ယမ်းလျှက်
“ကိုင်း ဒီကောင်လေးကလည်း မမယ်ဖြူကိုတမ်းတစမ်း၊ မမယ်ဖြူကလည်း ဒီကောင်လေးကို အချစ်စိတ်တွေတဖွားဖွားနဲ့ လွမ်းဆွတ်နေကြစမ်းဟေ့”
ဖထီးရေရွတ်ပြီးသည့်အခါ ကုတင်ပေါ်တွင် အိပ်စက်နေသည့် မမယ်ဖြူရော မောင်ကံတင့်ပါ လှုပ်လှုပ်ရွှရွှဖြစ်လာကြသည်။ ဖထီးက အားရဝမ်းသာဖြင့် လက်ခုပ်တစ်ချက်တီးလိုက်ပြီး
“ကဲ မင်းတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို စလိုက်ကြတော့ဟေ့”
ဖထီးရေရွတ်ပြီး မကြာခင်မှာပင် မမယ်ဖြူက အိပ်မှုန်စုန်မွှားဖြင့် နိုးထလာလေသည်။ နံဘေးတွင်အိပ်နေသည့် မောင်ကံတင့်အားတွေ့သည့်အခါ
“အလိုမောင်ကြီး၊ နတ်ဘုံနတ်နန်းတွေ၊ နတ်ဝတ်နတ်စားတွေနဲ့ဆိုတော့ အိပ်မက်ထဲရောက်နေတာများလား”
မောင်ကံတင့်မှာလည်း ချက်ချင်းပင်နိုးထလာကာ
“မယ်ဖြူ၊ နှမကလေး၊ ကြည့်စမ်းပါအုံးကွာ၊ နှမကလေးက လှရက်နေတာ နတ်သမီးတွေတောင် အရှုံးပေးရမယ့်ပုံစံမျိုးပဲ”
ထို့နောက် ချစ်သူနှစ်ဦးပွေ့ဖက်လိုက်ကြလေသည်။
“မောင်ကြီးရယ်၊ မောင်ကြီးကို နှမအောက်မေ့လိုက်တာ”
“ဘယ်လိုပြောလိုက်ပါလိမ့်နှမရယ်၊ အခုမောင်ကြီးက နှမဘေးမှာရှိနေပြီပဲ၊ ဘာကိုအောက်မေ့နေအုံးမှာလည်း”
ရာဗီတိုက်ထားသည့် အားဆေးများလည်း အစွမ်းပြလာကြကာ ချစ်သူနှစ်ဦးကြင်နာစွာပေါင်းဖက်ကြတော့သည်။
(၃)
ကြက်ဦးတွန်ချိန်ရောက်ခဲ့ပြီဖြစ်သည်။ ကဝေကြီးများက မမယ်ဖြူအနီးတွင်စုဝေးလိုက်ကြပြီးနောက်
“ဦးကောင်း မမယ်ဖြူသန္ဓေရသွားတယ်ဆိုတာ သေချာသလား”
ဦးကောင်းက မမယ်ဖြူက ချက်အားလက်ဖြင့်ရစ်ပတ်လိုက်ရင်း
“ရပြီဟေ့၊ ရပြီ၊ ရာဗီရေ မင်းရဲ့ဆေးက သိပ်စွမ်းသကိုးကွ”
“ရရင်ဖြင့် ကျုပ်တို့သွားကြပါစို့၊ တော်ကြာလူတွေနိုးလာမှဖြင့် ကျုပ်တို့ကို မြင်သွားအုံးမယ်”
ကဝေကြီးများမှာ စွန်ငှက်များအသွင်ပြန်လည်ဖန်ဆင်းလိုက်ကြပြီးနောက် မမယ်ဖြူကိုချီပိုးကာ ပျံသန်းလာခဲ့ကြသည်။ ကဝေကြီးများ ထွက်သွားသည်နှင့် အိမ်ကြီးတစ်ဆောင်လုံးမှာ နဂိုအတိုင်းပင် အကောင်းပကတိပြန်ဖြစ်သွားလေသည်။
မနက်လင်းသည့်အခါ မမယ်ဖြူလန့်နိုးလာလေသည်။ နံဘေးသို့ဝေ့ကြည့်လိုက်ရာ မဟာမြိုင်တောအတွင်းရှိ ခေါင်နန်းဆောင်ကြီးထဲမှာပင်ဖြစ်နေ၏။ မမယ်ဖြူမှာ သလွန်ပေါ်မှ မထနိုင်သေးဘဲ ညတုန်းက မြင်မက်ခဲ့သည့် အိပ်မက်ကိုပြန်လည်တွေးတောကာ ကျေနပ်နေမိသည်။
“နှမလေး နိုးလာပြီလား”
ကဝေကြီးများကို မြင်တွေ့လိုက်တော့မှ မမယ်ဖြူ၏ အတွေးစများပြတ်တောက်သွားရသည်။
မမယ်ဖြူ နံနက်စာစားသောက်နေချိန်တွင် ကဝေကြီးများမှာ စုဝေးမိကြပြန်သည်။
“ဦးကောင်း လုပ်ငန်းစတော့မလား”
“စမယ်ကွာ၊ ဒီနေ့ပဲ စမယ်၊ ငါကအကြီးဆုံးဆိုတော့ ငါအရင်စမယ်၊ ကဝေသားပိုက်ဖြစ်ဖို့က သန္ဓေသားထဲကို ပညာတွေထည့်ပေးဖို့အရေးကြီးတယ်၊ ပညာတွေထည့်ပေးတဲ့နေရာမှာလည်း လေးငါးနည်းရှိပေမယ့် ငါကတော့ လွယ်ကူတဲ့ ရေထဲကနေ ပညာထည့်တဲ့နည်းကို ရွေးချယ်လိုက်တယ်”
“ရေထဲကနေ ဘယ်လိုထည့်မှာလဲ”
“အရင်ဆုံး မမယ်ဖြူရေချိုးမယ့်ကန်ထဲကို ဝင်ရမယ်၊ ပြီးတော့ ကိုယ့်ရဲ့ပညာရပ်တွေကို ရေထဲကိုစွန့်ထုတ်ရမယ်၊ ရေထဲရောက်သွားတဲ့ပညာရပ်တွေကို မမယ်ဖြူရဲ့ ဝမ်းကြာတိုက်ထဲက သနွေ္ဓသားဆီရောက်အောင် ပို့လွှတ်ပေးရမယ်”
သို့နှင့် အစီအစဉ်အတိုင်း နေ့လည်ခင်းရောက်သည့်အခါ မမယ်ဖြူမှာ ရေချိုးနေကျ ကြာဖြူကန်ဆီသို့ဆင်းသက်လာလေသည်။ ထိုအခါ ဦးကောင်းက ကန်တစ်ဖက်တွင်ဆင်းသက်လိုက်ပြီးနောက် မမယ်ဖြူကို မမှိတ်မသုန်ကြည့်နေလေတော့သည်။
“အလို မောင်ကြီး၊ ဘာလို့ရေကန်ထဲဆင်းလာရတာလဲ”
“နှမနဲ့ အတူတူရေချိုးချင်လို့ပေါ့ နှမရယ်”
မမယ်ဖြူမှာ ဘာမှမပြောတော့ဘဲ ရေသာချိုးနေမိသည်။ ကြာကန်အတွင်း ကိုယ်တစ်ပိုင်းကို ရေနှစ်လျက်ချိုးနေခြင်းဖြစ်လေရာ ဦးကောင်းက သူ၏စုန်းကဝေပညာများကို ရေထုအတွင်းသို့ စွန့်ထုတ်လွှတ်လိုက်လေသည်။ ဦးကောင်းထံမှ ပညာများစွန့်ထုတ်ပြီးသည့်အခါ ရေကန်အတွင်းပေါက်ရောက်နေသည့် ကြာဖြူပင်များမှာ ချက်ချင်းပင် ညှိုးလျော်နွမ်းကျသွားတော့သည်။ မမယ်ဖြူမှာ ထိုအဖြစ်ကိုကြည့်ရင်း အံံသြနေမိသည်။ ထိုအခိုက် ကန်ရေအတွင်းမှ စုန်းကဝေပညာရပ်များမှာ မမယ်ဖြူထံသို့ လျှင်မြန်စွာစီးဝင်နေသည်ကို မမယ်ဖြူက မသိသော်လည်း ဦးကောင်းက တွေ့မြင်နေရသည်။ အချိန်ခဏအတွင်းမှာပင် ပညာရပ်များကုန်ခမ်းသွားကာ ကန်အတွင်းရှိကြာဖြူပင်များမှာလည်း ငွားငွားစွင့်စွင့် ပွင့်လန်းလာကြသည်။ ဦးကောင်းက ကိစ္စကြီးတစ်ခုအောင်မြင်သွားပြီမို့ ကျေနပ်စွာပြုံးလျက် ကန်ပေါ်သို့ပြန်တက်လာခဲ့သည်။
“ဦးကောင်း အဆင်ပြေရဲ့လား”
“ပြေပါတယ်၊ မမယ်ဖြူရဲ့ သန္ဓေသားထဲကို ငါတတ်မြောက်ထားတဲ့ စုန်းကဝေပညာရပ်တွေ အကုန်အစင်ရောက်သွားခဲ့ပြီ၊ ဒါပေမယ့် မင်းတို့ရဲ့ပညာရပ်တွေကို မထည့်ကြနဲ့အုံး၊ မင်းတို့ရဲ့ပညာရပ်တွေကို ရက်ပိုင်းအတွင်းစုပြုံပြီးထည့်လိုက်ရင် သန္ဓေသားကလေး ထိခိုက်သွားနိုင်တယ်ကွ၊ ဒါကြောင့် ငါစီရင်ပြီး တစ်လတင်းတင်းပြည့်တဲ့နေ့မှ မင်းတို့တွေ တစ်ယောက်ပြီးတစ်ယောက် စီရင်ရလိမ့်မယ်၊ ငါမှာခဲ့တဲ့အတိုင်း ကြီးစဉ်ငယ်လိုက် စီရင်ပြီး ခုနစ်လပြည့်လို့ ခုနစ်ယောက်မြောက်စီရင်ပြီးတဲ့အခါ မမယ်ဖြူကို ရွာရောက်အောင်ပို့ဆောင်ပေးလိုက်ပါ၊ ဟုတ်ပြီလား”
ကျန်သည့်ကဝေကြီးများမှာ ခေါင်းညိတ်ကြသည်။ ဦးကောင်းက အဝတ်အစားများဝတ်ဆင်ပြီးသောအခါ လွယ်အိတ်ကြီးကိုလွယ်လိုက်လေသည်။
“ကိုင်း၊ ငါသွားတော့မယ်”
“စောလိုက်တာ ဦးကောင်းရာ၊ ချက်ချင်းပဲသွားတော့မလို့လား”
“မင်းပြောတာမှန်တယ်ရာမန်၊ ကဝေတစ်ယောက်က ပညာမရှိဘဲ တစ်ရက်တောင်မနေနိုင်ဘူးဆိုတာ တကယ်ကွ၊ အခုငါလည်း နောက်နေ့ကူးအောင် မနေချင်တော့ပါဘူးကွာ၊ ဒီမှာလည်း သေလို့မဖြစ်ဘူးဆိုတော့ ဟောဒီမဟာမြိုင်တောကြီးထဲကိုသွားပြီး ငါ့ဖာသာ အေးအေးလူလူဘဝဆုံးချင်တယ်”
ထိုစဉ် မမယ်ဖြူမှာ အနီးသို့ရောက်လာရင်း
“အလို မောင်ကြီးကောင်းက အထုပ်အပိုးတွေနဲ့ဆိုတော့ ဘယ်ကိုသွားတော့မလို့လဲ”
ဦးကောင်းမှာ မျက်နှာပျက်သွားပြီး
“အစကတော့ မပြန်ဘူးနေမလို့ပဲ၊ ဒါပေမယ့် ရွာမှာကျန်ခဲ့တဲ့ ငါ့မိန်းမနဲ့သမီးကို တွေ့ချင်လွန်းလို့ ဟောဒီတောကြီးထဲကနေ ပြန်တော့မယ် နှမလေးရဲ့”
မမယ်ဖြူမှာ ဦးကောင်းပြန်တော့မည်ဟု သိလိုက်သဖြင့် စိတ်မကောင်းဖြစ်မိသွားလေသည်။
“ဒါပေမယ့် စိတ်ချပါနှမလေး၊ ကျုပ်တို့အားလုံး နေရပ်ဌာနေကို ပြန်ကြမယ်ဆိုရင် နှမကလေးကို ကတိပေးထားတဲ့အတိုင်း နှမလေးရဲ့ ဇာတိရပ်ရွာကို ပြန်လည်ပို့ဆောင်ပေးပါ့မယ်”
ဦးကောင်းက ပြောဆိုရင်း သုံးလေးလှမ်းခန့်လှမ်းလျှောက်သွားကာ
“ဒါဆို အားလုံးပဲ၊ ငါသွားပြီဟေ့”
ဟုပြောလျှက် တောအုပ်ကြီးအတွင်းသို့ ဝင်ရောက်သွားလေတော့သည်။ ကျန်သည့် ကဝေကြီးခြောက်ယောက်မှာတော့ နှစ်ရှည်လများအတူတူနေထိုင်ခဲ့ကြသည့် ကဝေကြီးတစ်ဦးထွက်ခွာသွားသည်မို့ စိတ်မကောင်းဖြစ်နေမိကြလေသည်။
(၄)
မမဲတူတစ်ယောက် အိပ်ရာမှနိုးလာသည့်အခါ မြင်းချေးများနံစော်နေသည့် မြင်းဇောင်းအတွင်းရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် အလွန်အံ့သြသွားလေသည်။
“အလို၊ ညက ငါအိပ်တာ အိမ်ထဲမှာပါ ဘယ်လိုလုပ်ပြီးတော့ မြင်းဇောင်းထဲရောက်နေရတာလဲ”
မမဲတူမှာ အိပ်ရာထလိုက်ပြီး အိမ်ပေါ်သို့လှမ်းတက်လိုက်သည်။ ထိုစဉ် အိမ်ပေါက်ဝတွင် အထိန်းတော်ကြီးနှင့် ပက်ပင်းတိုးမိတော့သည်။ အထိန်းတော်ကြီးမှာ မမဲတူကို အံ့သြစွာဖြင့်ကြည့်လျှက်
“ဟဲ့ နင်ဘယ်သူလဲ၊ အိမ်ထဲကို ဘာဝင်လုပ်မလို့လဲ”
မမဲတူမှာ အံ့သြသွားပြီးနောက်
“အထိန်းတော်ကြီး၊ ရှင်ဘယ်လိုဖြစ်နေတာလဲ၊ ကျုပ်က ရှင်တို့သခင်မ မမယ်ဖြူလေ၊ ရှင်မမှတ်မိတော့ဘူးလား”
“အောင်မယ်၊ နင့်လိုအရုပ်ဆိုးအကျည်းတန်မက ပေါက်ပေါက်ရှာရှာ သခင်မလေးတဲ့လား၊ ငါတို့သခင်မလေးရဲ့ ရုပ်ရည်နဲ့ နင့်ရုပ်ရည်က နံ့သာဆီနဲ့အီးလို တခြားစီပဲအေ”
“အောင်မာ၊ အထိန်းတော်ကြီးကတော့ ကောင်းကောင်းပြောနေတာမရဘူးထင်တယ်၊ ကဲ အိမ်တော်စောင့်တို့ လာကြစမ်း”
မမဲတူအော်ဟစ်လိုက်သဖြင့် အိမ်ခြံဝန်းအပြင်တွင်စောင့်ကြပ်နေသည့် အိမ်တော်စောင့်များမှာ လှေကားအတက်သို့ပြေးလာကြလေသည်။
“ဟဲ့ အိမ်တော်စောင့်တွေ၊ အထိန်းတော်ကြီးက ငါ့ကိုတောင်မမှတ်မိဘဲ ပြောမရဆိုမရဖြစ်နေတယ်၊ သူ့ကိုဖမ်းဆီးကြစမ်း”
အိမ်တော်စောင့်များမှာ မမဲတူအနီးသို့ကပ်လိုက်ကာ
“ဖမ်းမယ့်ဖမ်း မင်းကိုဖမ်းရမှာ၊ ဒီအကျည်းတန်မက ဘယ်လိုလုပ်ပြီး ခြံဝင်းထဲရောက်နေတာလဲ၊ လတ်စသတ်တော့ ခိုးဖို့ဝှက်ဖို့ပဲဖြစ်ရမယ်”
မမဲတူမှာ အလွန်ပူပန်သွားပြီး မိမိ၏ပညာဖြင့် မျက်နှာကိုပွတ်သပ်ကာ ရုပ်ပြောင်းလိုက်လေသည်။ သို့သော် သူ၏ရုပ်မှာ မပြောင်းလဲဘဲ နဂိုအတိုင်းရှိနေလေသည်။ အိမ်ရှေ့တွင်ဆူညံပူညံဖြစ်နေသဖြင့် မောင်ကံတင့်မှာ အိမ်ထဲမှထွက်လာသည်။
“အထိန်းတော်ကြီး ဘာတွေဆူဆူညံညံဖြစ်နေတာလဲ”
“ဒီမှာ ဒီမိန်းကလေးပေါ့ အိမ်တော်ပေါ်ကိုတက်ဖို့ ချောင်းကြည့်နေတယ် သခင်လေး၊ ကြည့်ရတာ သူခိုးသူဝှက်များလား မသိပါဘူးရှင်”
မောင်ကံတင့်မှာ မမဲတူအားကြည့်လျှက်
“အလို၊ သူ့ကိုငါသိတယ်၊ သူက ငါနဲ့မမယ်ဖြူနဲ့ လက်ထပ်ခါနီးမှာ ရွာကနေထွက်သွားတဲ့ မမယ်ဖြူရဲ့ညီမ မမဲတူမဟုတ်လား”
မမဲတူမှာ ဘာမှမပြောသာတော့ပေ။
“ဒါနဲ့ မယ်ဖြူဘယ်ရောက်သွားသလဲ အထိန်းတော်ကြီး”
“သခင်မလေး အိမ်ခန်းထဲမှာပဲ ရှိမှာပေါ့ သခင်လေးရဲ့၊ ဘယ်များသွားလို့လဲ”
“မသိပါဘူး အထိန်းတော်ကြီးရာ၊ မယ်ဖြူတစ်ယောက် အိမ်ခန်းထဲမရှိလို့ ကျုပ်လိုက်ရှာနေတာ”
ထိုအခါ မမဲတူက
“မမယ်ဖြူဆိုတာ မရှိတော့တာကြာပြီ မောင်ကြီး၊ မောင်ကြီးနဲ့ ပေါင်းသင်းနေတဲ့သူက ကျွန်မအမ မမယ်ဖြူမဟုတ်ဘဲ ကျွန်မပါပဲရှင်”
“ဟာ၊ ဒီမိန်းကလေးနှယ် စောစောစီးစီး အဓိပ္ပါယ်မရှိတာတွေ လာပြောနေတယ်၊ ကဲ အိမ်တော်စောင့်တို့ ဒီမိန်းကလေးကို ပိုက်ဆံနည်းနည်းပေးပြီး အိမ်ကနေ မောင်းထုတ်လိုက်ကြစမ်း”
“မလုပ်ပါနဲ့ မောင်ကြီးရယ်၊ မလုပ်ပါနဲ့ နှမရှင်းပြပါရစေ၊ နှမရဲ့ဗိုက်ထဲမှာလည်း မောင်ကြီးနဲ့ရတဲ့ ရင်သွေးကလေးရှိနေပါပြီ”
အထိန်းတော်ကြီးက လှေကားအတိုင်းဆင်းလာပြီးနောက်
“နင်တော်တော်မျက်နှာပြောင်တဲ့မိန်းကလေးပဲ၊ အခုသခင်မလေးပျောက်သွားလို့ စိတ်ညစ်နေပါတယ်ဆိုမှ နင်က ပွဲလန့်တုန်းလာဖျာခင်းနေတယ်၊ ငါတို့သခင်လေးက နင့်လို အကျည်းတန်ရုပ်ဆိုးတဲ့ လူနဲ့ ပေါင်းသင်းစရာလားအေ”
အထိန်းတော်ကြီးက အိမ်တော်စောင့်များကို မျက်စပစ်ပြလိုက်သည့်အခါ အိမ်တော်စောင့်များက မမဲတူအား ချိုင်းနှစ်ဖက်မှ ဆွဲယူသွားကြကာ ဝိုင်းဝန်းရိုက်ပုတ်ကြလျှက် ခြံအပြင်သို့မောင်းထုတ်လိုက်ကြလေသည်။ မမဲတူမှာ ရွာလယ်လမ်းမပေါ်တွင် ငုတ်တုတ်ထိုင်ကာ ငိုကြွေးနေမိတော့သည်။
မမဲတူမှာ စိတ်တိုင်းကျငိုကြွေးပြီးသည့်အခါတွင်တော့ လဲကျနေရာမှ လူးလဲထလျှက် ခြေဦးတည့်ရာအတိုင်း ပြေးထွက်သွားလေတော့သည်။
သို့နှင့် ကဝေကြီးများတစ်ယောက်ပြီးတစ်ယောက် တစ်လပြီးတစ်လ မမယ်ဖြူထံသို့ ပညာထည့်သွင်းပြီး ပြန်သွားကြလေရာ ခုနစ်လမြောက်ရောက်သည့်အခါတွင်တော့ ကဝေကြီးများထဲတွင် အငယ်ဆုံးဖြစ်သည့် ကုလားကြီးရာဗီသာ ကျန်နေခဲ့လေသည်။ ယခင်က ကဝေကြီးများနှင့် စိုစိုပြေပြေရှိခဲ့သည့် မဟာမြိုင်ခေါင်နန်းတော်ကြီးမှာ ယခုတော့ တိတ်ဆိတ်ခြောက်ကပ်လျှက်ရှိသည်၊ မမယ်ဖြူ၏ ကိုယ်ဝန်မှာလည်း ခုနစ်လအရွယ် လရင့်နေခဲ့ပြီဖြစ်သည်။
နောက်ဆုံးကျန်သည့် ကုလားကြီးရာဗီက မမယ်ဖြူနှင့်အတူ ရေချိုးလိုက်ပြီးနောက် မမယ်ဖြူအား နှုတ်ဆက်လိုက်သည်။
“နှမကလေး မယ်ဖြူ၊ ဒီနေ့တော့ မောင်ကြီးထွက်သွားရတော့မယ်”
မမယ်ဖြူမှာ မျက်ရည်များစီးကျလာလေသည်။
“နှမကလေးနဲ့ မောင်ကြီးက ပထမဆုံးဆုံတွေ့ခဲ့ကြရပြီး အခုခွဲခွာရပြန်တော့လည်း နောက်ဆုံးမှ ခွဲခွာကြရတယ်နော်”
မမယ်ဖြူမှာ ငို၍သာနေသည်။
“ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့နှမကလေးရာ၊ နှမကလေးကို မောင်ကြီးတို့ ကတိပေးထားတဲ့အတိုင်း နှမကလေးရဲ့ရပ်ရွာဆီကိုရောက်အောင် ပို့ပေးမှာပါ၊ ကဲ လာလာ မောင်ကြီးအနောက်ကိုလိုက်ခဲ့”
ရာဗီက မမယ်ဖြူအား နန်းဆောင်အတွင်းတစ်နေရာသို့ခေါ်ဆောင်သွားသည်။ ထို့နောက် ရွှေစင်ရွှေသားများဖြင့် ပြုလုပ်ထားသည့် လက်ဝတ်လက်စားများ၊ ဘယက်၊ သရဖူခေါင်းဆောင်းများကို ဝတ်ဆင်စေသည်။
“နှမကလေး ရွာကိုပြန်ရောက်တဲ့အခါ လုပ်ကိုင်စားသောက်နေထိုင်ဖို့အတွက် ဒီပစ္စည်းတွေက လောက်ငှမှာပါ”
ထိုသို့ပြောဆိုလိုက်ပြီး ကျောက်သေတ္တာကြီးတစ်လုံးကိုဖွင့်လိုက်သည်။
“ကဲ နှမလေး၊ ဟောဒီသေတ္တာထဲကိုဝင်လိုက်ပါ၊ ဟောဒီသေတ္တာကို နေရပ်ပြန်ရောက်စေမယ့် မှော်ပညာတွေနဲ့ စီရင်ထားတယ်၊ ဒီသေတ္တာထဲကို ဝင်လိုက်တာနဲ့ နှမကလေးရဲ့ မွေးရပ်ဇာတိကို ပြန်လည်ရောက်ရှိသွားပါလိမ့်မယ်”
မမယ်ဖြူမှာ စိတ်မကောင်းဖြစ်ရုံမှလွဲ၍ တခြားမတတ်နိုင်တော့ပေ၊ သို့နှင့် ရာဗီပြောသည့်အတိုင်း သေတ္တာကြီးအတွင်းသို့ ဝင်ရောက်လိုက်လေသည်။ ရာဗီမှာ မမယ်ဖြူကိုကြည့်ရင်း မျက်ရည်များကျဆင်းလာခဲ့သည်။
“မောင်ကြီး ဒီတစ်သက်စာအတွက် နှုတ်ဆက်လိုက်ပါတယ် နှမလေး”
ရာဗီက ပြောပြောဆိုဆိုနှင့် ကျောက်သေတ္တာအဖုံးကြီးကို ဆွဲပိတ်လိုက်လေသည်။ သေတ္တာထဲတွင်အမှောင်ကျသွားပြီးနောက် မမယ်ဖြူမှာ အသူတရာနက်ရှိုင်းသည့် ချောက်နက်ကြီးအတွင်းသို့ ကျဆင်းသွားသလိုခံစားလိုက်ရသည်။
ပတ်ဝန်းကျင်တစ်ခွင်လုံး အမှောင်ကျသွားရာမှ မကြာခင်အချိန်တွင် ပြန်လည်လင်းလက်လာလေသည်။ မမယ်ဖြူမှာ ဘေးပတ်ဝန်းကျင်သို့လှည့်ပတ်ကြည့်ရှုလိုက်လေရာ ဖက်လိပ်ရွာအပြင်ဘက် ရွာအဝင်လမ်းကလေးဖြစ်နေလေသည်။ မမယ်ဖြူက ရွာကလေးကိုလှမ်းကြည့်လိုက်ကာ
“အလိုရွာကိုတောင် ပြန်ရောက်လာပါရောလား၊ ကြီးဒေါ်ရှင်ရော ရှိသေးရဲ့လား၊ ညီမလေး မဲတူရော ရှိနေပါ့မလား”
မမယ်ဖြူမှာ ရွာသို့အပြေးလာခဲ့လေသည်။ သို့သော် လက်ဝတ်လက်စားများ၊ ဘယက်များကိုသတိရသွားကာ ဝတ်ဆင်ထားသမျှကို ချွတ်လျှက် ပုဝါတစ်ထည်နှင့်ထုပ်ယူပြီး ရွာသို့အပြေးတစ်ပိုင်းပြန်လာခဲ့တော့သည်။