စုန်းမကြီးဒေါ်ပျင်းနှင့် မွေးရာပါရန်သူ
စာစဉ်(၆)
(၁)
မမယ်ဖြူမှာ လက်ဝတ်လက်စားများကို အထုပ်နှင့်ထုပ်ကာ ဖွက်လျက် ဖက်လိပ်ရွာအတွင်းသို့ အပြေးဝင်လာခဲ့လေသည်။ နှစ်များကြာမြင့်သွားသော်လည်း မမယ်ဖြူမွေးရပ်မြေ ဖက်လိပ်ရွာကလေးမှာ မည်သို့မှမပြောင်းလဲဘဲ ရှိမြဲအတိုင်းရှိနေခဲ့သည်။ မမယ်ဖြူတစ်ယောက် ဗိုက်ကြီးတကားကားနှင့်ပြေးလာသည်ကို ရွာသားများက မြင်တွေ့သည့်အခါ အလွန်အံ့သြကြသည်။
“မယ်ဖြူပါလား၊ နင်ဘယ်ကိုသွားနေတာလဲ”
“ဟုတ်ပမယ်ဖြူရာ၊ နင်ဘယ်တွေရောက်နေတာလဲ”
မမယ်ဖြူမှာ ရွာသားများမေးသည်ကို မဖြေတော့ဘဲ အိမ်သို့သာအပြေးပြန်လာခဲ့လေသည်။ ကြီးဒေါ်ရှင်၏ ခြံဝိုင်းကလေးမှာ ယခင်အတိုင်းပင်ရှိနေလေသည်။ မမယ်ဖြူမှာ ခြံဝိုင်းအတွင်းသို့ပြေးဝင်လိုက်ပြီး
“ကြီးဒေါ်ရှင် . . .ကြီးဒေါ်ရှင်”
မမယ်ဖြူ၏ အော်သံကိုကြားရသည့်အခါ ကြီးဒေါ်ရှင်တစ်ယောက် အိမ်ပေါ်မှခေါင်းပြူကြည့်ရင်း
“ဟင်၊ မယ်ဖြူ၊ မယ်ဖြူ ညည်းပြန်လာတယ်ဟုတ်လား”
“ဟုတ်တယ် ကြီးဒေါ်ရှင် သမီးပြန်လာပြီလေ”
ကြီးဒေါ်ရှင်က မမယ်ဖြူ၏လက်ကိုပြေးဆွဲကိုင်ရင်း
-မယ်ဖြူရယ်၊ ညည်းကို ဘုရင့်မူးမတ်တွေ တော်ကောက်သွားပြီးကတည်းက ဘာမှအဆက်အသွယ်မရတော့တာ၊ ညည်းဘယ်မှာ ဘာတွေလုပ်နေသလဲဟဲ့၊ ငါကတော့ ညည်းက မိဖုရားဖြစ်ပြီး ကောင်းစားသွားလို့ စိတ်ကြီးဝင် ဘဝင်ဆောင့်တက်ပြီး ရွာကိုမေ့သွားတယ်ထင်နေတာဟဲ့၊ ရွာကလူတွေကတော့ ညည်းကိုစုန်းလို့သမုတ်ပြီး သတ်ပစ်လိုက်ကြတယ်ဆိုလို့ ငါတော်တော်ဝမ်းနည်းနေတာ-
-အဲဒါတွေ နောက်တော့ပြောပြပါ့မယ် ကြီးဒေါ်ရှင်ရယ်၊ ဒါနဲ့ ရွာစားလေးမောင်ကံတင့်ရော၊ သူဘာဖြစ်နေသလဲဟင်-
ကြီးဒေါ်ရှင်မှာ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်
-မောင်ကံတင့်က ဘာဖြစ်မှန်းတော့မသိဘူး တစ်လောက စိတ်တွေလေပြီး ထန်းရည်သမားဖြစ်သွားတယ်၊ လူတွေပြောတာတော့ ရွာစားအဆောင်အယောင်တွေ ရုတ်သိမ်းခံရလို့ စိတ်ညစ်သွားတယ်လို့တော့ပြောတယ်၊ အဲဒီကနေတစ်ခါ ရွှေဘိုနယ်ဘက်မှာ နယ်ချဲ့တွေကို တော်လှန်ကြမယ်ဆိုပြီး မင်းသားတချို့က လူစုတော့ အဲဒီတော်လှန်ရေးတပ်ထဲဝင်သွားရာကနေ တိုက်ပွဲဖြစ်ရင်း ရန်သူပစ်တဲ့ကျည်သင့်ပြီး သေပါလေရောလား-
မမယ်ဖြူမှာ ထိုအဖြစ်ကိုကြားလိုက်ရသည့်အခါ အလွန်ဝမ်းနည်းသွားပြီး မူးမေ့လဲမတတ်ဖြစ်သွားသည်။
-အဖြစ်ဆိုးလှချည်လား မောင်ကြီးကံတင့်ရယ်၊ အဖြစ်ဆိုးလှချည်လား-
မမယ်ဖြူမှာ ကြီးဒေါ်ရှင်ကိုတွဲလျှက် မတ်တပ်ထရပ်လိုက်သည်။ ထိုစဉ် ဆွဲခြင်းတောင်းကလေးကိုဆွဲလျှက် ခြံဝန်းထဲသို့ မိန်းကလေးတစ်ဦးဝင်လာလေသည်။ ထိုမိန်းကလေးမှာ မမယ်ဖြူကိုမြင်တွေ့လိုက်သည်နှင့် အလွန်အံ့သြသွားကာ လက်ထဲကိုင်ထားသည့် ဆွဲခြင်းတောင်းပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
“ဟင်၊ အမ . . . အမမယ်ဖြူ”
ခြံဝိုင်းအတွင်းဝင်လာသူကတော့ အခြားသူမဟုတ်ပေ၊ မမယ်ဖြူအား ဒုက္ခရောက်စေရန်အတွက် အစအဆုံးကြံစည်ခဲ့သည့် မမဲတူပင်ဖြစ်နေလေတော့သည်။ မမဲတူမှာ မျက်လုံးအပြူးသားနှင့် မမယ်ဖြူအားကြည့်နေမိသည်။ ကြီးဒေါ်ရှင်က
“ဟဲ့မဲတူ၊ နင့်အမ မယ်ဖြူပြန်လာတာကို နင်ဝမ်းမသာဘူးလားဟဲ့”
“ဝမ်း . . .ဝမ်းသာပါတယ် ကြီးဒေါ်ရှင်”
မမဲတူမှာ မမယ်ဖြူအား မချိသွားဖြဲနှင့်ကြည့်လျှက် အနားသို့ကပ်လာလေသည်။ မမယ်ဖြူကတော့ မမဲတူကိုကြည့်ကာ
“ဟင်၊ ညီမလေးကလည်း မပေါ့မပါးကြီးနဲ့ပါလား၊ ဘယ်လိုဖြစ်ရတာလဲ”
မမဲတူမှာ ဘာမှမပြောဘဲ ခေါင်းသာငုံ့လိုက်လေသည်။ ကြီးဒေါ်ရှင်က မမဲတူအားမျက်စောင်းထိုးလိုက်ကာ
“မဲတူအကြောင်းတော့ ငါမပြောချင်ပါဘူးအေ၊ မဲတူမက အိမ်ကနေထွက်ပြေးသွားပြီး ဘယ်သူနဲ့ရမှန်းမသိတဲ့ ကိုယ်ဝန်တစ်ခုကျန်ခဲ့တယ်အေ့”
မမယ်ဖြူမှာ မမဲတူ၏အဖြစ်ကိုကြည့်ကာ သနားဂရုဏာသက်မိသွားသဖြင့် မမဲတူ၏လက်ကိုဆွဲကိုင်လိုက်ပြီး
“ဘာမှစိတ်အားငယ်မနေပါနဲ့ ညီမလေးရယ်၊ အမအခုပြန်လာပါပြီ၊ ဒါနဲ့ ညီမဗိုက်က တော်တော်ကြီးနေပြီပဲနော်၊ ဘယ်တော့ မွေးမှာတဲ့လဲ”
“လက်သည်အဘွားချိုကတော့ ရှေ့နှစ်လလောက်ဆို မွေးမယ်လို့မှန်းထားတာပဲ အမဖြူရဲ့”
“ကဲပါအေ၊ ညည်းတို့တွေ ဘာမှစိတ်မကောင်းဖြစ်မနေကြနဲ့၊ ညည်းတို့ဘာဖြစ်ဖြစ် ငါရှိပါတယ်အေ့၊ ညည်းတို့က ငါ့တူမတွေဆိုပေမယ့် ငါမွေးထားတဲ့ သားသမီးတွေလိုပါပဲအေ၊ ကဲ လာကြလာကြ၊ မဲတူရေ ဒီနေ့တော့ ဟင်းကောင်းကောင်းချက်ဟေ့၊ တို့တူအရီးတွေ ပြန်ဆုံတုန်း ဟင်းကောင်းလေးချက်စားရအောင်ဟေ့”
ကြီးဒေါ်ရှင်က ပြောဆိုပြီး မမယ်ဖြူ၏လက်ကိုဆွဲကာ အိမ်ပေါ်သို့တက်သွားလေသည်။ မမဲတူကတော့ မြေပြင်ပေါ်ကျနေသည့် ခြင်းတောင်းကိုကောက်ယူလိုက်ကာ အိမ်နောက်ဖေးသို့ဝင်ခဲ့လေသည်။
“အမဖြူ၊ နင်ဘယ်လိုလုပ်ပြီးတော့ အိမ်ကိုပြန်ရောက်လာရတာလဲ၊ နင်ဟာ ရေချခံရလို့ သေပြီမဟုတ်လား၊ ဘာပဲဖြစ်ဖြစ် သူပြန်ရောက်လာတာ ငါ့အတွက်မကောင်းဘူး၊ ဒီကိစ္စတွေအားလုံးကို ငါလုပ်တာမှန်းသိရင် ပြဿနာတွေပိုပြီးရှုပ်ကုန်တော့မယ်”
မမဲတူမှာ အလွန်ထိတ်လန့်ပြီးတုန်လှုပ်နေလေသည်။
“မဖြစ်ဘူး၊ ငါဒီလောက်အထိလုပ်ခဲ့ပြီးမှတော့ ဆက်ပြီးတွေဝေနေစရာအကြောင်းမရှိဘူး၊ အမဖြူ အမက အစကတည်းက သေသွားသင့်တာ၊ ရေအောက်နစ်ပြီးတော့ သေသွားခဲ့သင့်တာ”
မမဲတူက အလွန်ကောက်ကျစ်သည့်အပြုံးနှင့်ပြုံးလိုက်ပြီးနောက်
“ဘယ်လိုပဲဖြစ်ဖြစ် အမကိုကျုပ်က လက်စသတ်ပေးမှာပါ၊ အမကိုသူများကသတ်လို့မသေပေမယ့် ဒီတစ်ခါတော့ ကျုပ်လက်ချက်နဲ့သေရမယ်”
မမဲတူက အိမ်နောက်ဖေးဘက်သို့ထွက်လိုက်လေသည်။ အိမ်တွင်မွေးမြူထားသည့် ကြက်များမှာ ခြံအတွင်းလှည့်ပတ်သွားလာနေကြလေရာ မမဲတူက ကြက်မတစ်ကောင်ကိုလက်ညှိုးဖြင့်ထိုးလိုက်ပြီး စက်လက်နက်ဖြင့်ပစ်ခတ်လိုက်သည့်အခါ ကြက်မမှာ ဘုန်းခနဲလဲကျ၍ သေဆုံးသွားလေတော့သည်။ မမဲတူက ထိုကြက်မအား ခြေထောက်နှစ်ချောင်းမှကိုင်ဆွဲကာ မြှောက်ကြည့်လိုက်ပြီးနောက်
“အမဖြူနောက်ဆုံးစားမယ့်ထမင်းဝိုင်းကို ဖွယ်ဖွယ်ရာရာလေးဖြစ်အောင် ချက်ပေးရမှာပေါ့ အမဖြူရယ်၊ ဟင်း . .ဟင်း”
မမဲတူက ထိုသို့ကြိမ်းဝါးပြီးနောက် မီးဖိုချောင်အတွင်းသို့ ဝင်သွားလေတော့သည်။
(၂)
မမဲတူမှာ မီးဖိုအတွင်းသို့ရောက်သည်နှင့် အရင်ဦးစွာ ကြက်ကိုအမွှေးများနှုတ်ပစ်လေသည်။ ထိုအချိန် အိမ်ရှေ့တွင်ကြီးဒေါ်ရှင်နှင့် မမယ်ဖြူတို့မှာ စကားပြောဆိုနေကြသည်။ ကြီးဒေါ်ရှင်က ရယ်မောနေလျှက်
“မဲတူရေ၊ နင့်အမစားဖို့ လက်ဖက်လေးဘာလေး လုပ်ပါအုံးဟ၊ ရေနွေးကြမ်းလေးဘာလေးလည်း ချပေးစမ်းပါအုံးအေ”
မမဲတူက နှုတ်ခမ်းကိုစူလိုက်သည်။
“ကြီးဒေါ်ရှင်ကတော့ ငါ့ကိုဆိုရင် ခိုင်းဖို့ချည်းပဲ၊ သူ့တူမလည်း ခြေအကောင်းလက်အကောင်းပါ၊ ဒီအဘွားကြီးက ငါ့ကိုဆိုရင် အမြဲနှိမ်တာပဲ”
မမဲတူက ရေရွတ်လိုက်လေသည်။ ဆီနှင့်နှပ်ထားသည့် လက်ဖက်အိုးကလေးအတွင်းမှ လက်ဖက်များကိုနှိုက်ယူရင်း အကြံတစ်ခုရသွားလေသည်။
“ဟင်း၊ ရှင်းမယ့်ရှင်းတော့ စောစောစီးစီးရှင်းရင် အေးရောပေါ့၊ တွေ့မယ်၊ တွေ့မယ်”
မမဲတူက လက်ဖက်နှပ်များကို လက်တစ်ဆုပ်ခန့်နှိုက်ယူပြီးသည့်အခါ ပါးစပ်အနီးတွင်တေ့လျက်
“ဒီလက်ဖက်ကို မမယ်ဖြူဆိုတဲ့ ကြာသပတေးသမီးစားမိရင် သွေးပွက်ပွက်အန်ပြီးသေပါစေ၊ နှလုံးကွဲပြီးသေပါစေ”
ထိုသို့ကျိန်စာတိုက်လိုက်ပြီးသည့်နောက် ပါးစပ်အတွင်မှ တံတွေးတစ်ချက်ထွေးထည့်လိုက်ပြီးမှ လက်ဖက်များကိုနှီးလက်ဖက်အုပ်ကလေးအတွင်းသို့ထည့်ပေးလိုက်လေသည်။ ထို့နောက် နှမ်းလှော်နှင့် ပဲလှော်များကိုအပေါ်မှဖြူးပေးရင်း
“စားလိုက်အမဖြူရေ၊ တစ်လုတ်လောက် စားကြည့်လိုက်စမ်းပါ၊ ဟောဒီလက်ဖက်က အမဖြူအတွက် အထူးလုပ်ပေးထားတဲ့ စက်လက်ဖက် . . . စက်လက်ဖက်တော်ရေ၊ ဟား . . ဟား”
တစ်ဖန် မမဲတူက ရေနွေးကရားအိုးကိုယူလိုက်ပြီးနောက် ရေနွေးများကဲ့ထဲ့ရင်း ရေနွေးအတွင်းသို့လည်း စုန်းကဝေအတတ်ပညာများဖြင့် အသက်သေစေသည့် မကောင်းသည့် ပညာစက်များကိုထည့်သွင်းလိုက်ပြီးသည့်နောက် ရေနွေးအိုးနှင့်လက်ဖက်ပန်းကန်ကို လင်ပန်းကလေးတစ်ခုနှင့်ထည့်ယူခဲ့ကာ အိမ်ရှေ့သို့ထွက်လာခဲ့သည်။
အိမ်အနောက်မှ တက်လာသည့် မမဲတူကိုမြင်သည့်အခါ မမယ်ဖြူက လှမ်းကြည့်ပြီး
“ဟာ၊ ညီမလေး၊ မပေါ့မပါးကြီးနဲ့ ဘာဖြစ်လို့ဒီလိုအပင်ပန်းခံနေရတာလဲကွယ်၊ အမဖြူကိုပြောရောပေါ့၊ အမဖြူဝိုင်းကူညီပေးမှာပေါ့”
“ရပါတယ်အမဖြူရယ်၊ ညီမကတော့ ဒီအိမ်အလုပ်တွေကို ပင်ပန်းတယ်လို့ကို မထင်တော့ပါဘူး”
မမဲတူက လင်ပန်းကလေးကို မမယ်ဖြူအရှေ့တွင်ချလိုက်ကာ
“ကဲ အမဖြူ၊ လက်ဖက်စားပါအုံး၊ ငယ်ငယ်ကဆိုရင် ညီမနှပ်ပေးတဲ့လက်ဖက်ကို အမဖြူသိပ်ကြိုက်တယ်မဟုတ်လား”
မမယ်ဖြူက ပြုံးလိုက်ပြီးနောက် လက်ဖက်အုပ်ကိုဖွင့်လိုက်ကာ လက်ဖက်အနည်းငယ်ကိုလက်ဖြင့်ကောက်ယူပြီး ပါးစပ်အတွင်းသို့ ထည့်ကာမြုံ့လိုက်လေသည်။
“နှစ်တွေဘယ်လောက်ပြောင်းသွားပေမယ့် ငါ့ညီမနှပ်တဲ့လက်ဖက်ကတော့ မပြောင်းလဲပါလား၊ အရင်အတိုင်းပဲ စားရတာ အရမ်းအရသာရှိတာပဲ”
မမဲတူက မမယ်ဖြူလက်ဖက်ဝါးနေသည်ကိုကြည့်ရင်း
“စားထားအမဖြူရေ၊ အမဖြူသိပ်ကြိုက်တဲ့လက်ဖက်လေးစားပြီးတော့ ဘဝကူးတော့နော်”
မမဲတူက စိတ်ထဲမှရေရွတ်ကာ ကြိတ်ပျော်နေလေသည်။ ကြီးဒေါ်ရှင်က မမယ်ဖြူအားကြည့်ရင်း
“ဒါထက် ညည်းကိုတော်ကောက်သွားပြီးတော့ စုန်းလို့စွပ်စွဲပြီး သတ်ပစ်လိုက်ကြလို့ သေပြီဆိုကွဲ့”
မမယ်ဖြူမှာ မျက်နှာတစ်ချက်ပျက်သွားပြီး
“ကောလာဟလတွေပါ ကြီးဒေါ်ရှင်ရယ်၊ ဘယ်သူကများ ဒီစကားပြောပါလိမ့်”
“ဒီလိုပဲ ရွာထဲမှာပြောဆိုနေကြလို့ပါအေ၊ ငါတောင် အဲဒီတုန်းက သူတို့စကားကိုယုံပြီးတော့ ညည်းအတွက်ရည်စူးပြီ အလှူလေးလုပ်ပေးလိုက်သေးတယ်အေ့”
“မဟုတ်ပါဘူး ကြီးဒေါ်ရှင်ရယ်၊ ကျွန်မ အကုန်ပြောပြပါ့မယ်၊ ရတနာပုံ နေပြည်တော်ကိုရောက်တော့ ကျွန်မကို တော်ဝင်သူတစ်ယောက်ဟုတ်မဟုတ်ဆိုပြီး စစ်ဆေးကြတယ်၊ အဲဒီလိုစစ်ဆေးကြတဲ့အခါ အားနည်းချက်တစ်ခုတွေ့လို့ တော်မကောက်တော့ဘဲ ပြန်လွှတ်လိုက်တယ်လေ”
“ဟဲ့၊ ဒါဆိုလည်း တို့ရွာကိုပြန်လာခဲ့ပေါ့အေ”
“ရွာကိုပြန်လာခဲ့ပါတယ် ကြီးဒေါ်ရှင်ရယ်၊ ဒါပေမယ့် ဖြစ်ချင်တော့ လမ်းတစ်နေရာမှာ ကျွန်မတို့စီးလာတဲ့လှည်းကို ခိုးသားဓါးပြတွေက တိုက်ခိုက်လုယက်ပြီးတော့ ကျွန်မကိုလည်း ဖမ်းခေါ်သွားပါရော”
“ဟယ်၊ ဒါဆို ဒီဗိုက်က ခိုးသားတွေနဲ့ရတာလား”
“ကျွန်မပြောတာ ဆုံးအောင်နားထောင်ပါအုံး ကြီးဒေါ်ရယ်၊ ခိုးသားဓါးပြတွေ ဖမ်းခေါ်သွားပြီး နောက်တစ်နေ့မှာပဲ ဘုရင့်တပ်က ရဲမက်တွေက ခိုးသားဓါးပြတွေစခန်းချတဲ့နေရာကို ဝင်ရောက်တိုက်ခိုက်ပြီးတော့ ကျွန်မတို့ကိုကယ်တင်ခဲ့ပါရော၊ အဲဒီမှာရဲမက်တွေကို ခေါင်းဆောင်လာတဲ့ တပ်မှူးလေးက ကျွန်မကိုမြင်မြင်ချင်းချစ်မိသွားပြီးတော့ လက်ထပ်ပေါင်းသင်းခွင့်တောင်းတယ်ကြီးဒေါ်၊ ကျွန်မကလည်း ကိုယ့်အသက်ကိုကယ်ထားတဲ့သူဆိုတော့ သူ့တောင်းဆိုချက်ကို လိုက်လျောလိုက်မိပါတယ်”
“ဟယ်၊ တပ်မှူးလေးနဲ့ညည်းနဲ့ညားခဲ့တာပေါ့၊ ဒါများအေ ရွာကိုဆွေပြမျိုးပြတောင် ခေါ်မလာဘူး၊ ဒါထက် အခုပြန်လာတော့ရော ညည်းယောက်ျားကို ခေါ်မလားခဲ့ဘူလား”
မမယ်ဖြူက သိမ်ငယ်သွားသည့်ဟန်ဖြင့်
“သူမရှိရှာတော့ပါဘူး ကြီးဒေါ်ရှင်ရယ်၊ လွန်ခဲ့တဲ့သုံးလလောက်ကပဲ နယ်ချဲ့တွေကို တော်လှန်ပုန်ကန်ရင်း သေရှာပြီ ကြီးဒေါ်ရှင်ရဲ့”
“ညည်းအဖြစ်ကလည်း ဆိုးလိုက်တာအေ၊ ကဲပါ ဘာပဲဖြစ်ဖြစ် အခုဘာမှမပူနဲ့တော့၊ ငါတစ်ယောက်လုံးရှိတယ်၊ ညည်းငါ့အိမ်မှာနေရင် စားဖို့သောက်ဖို့ကအစ ဘာမှပူစရာမလိုဘူး”
မမဲတူမှာ မမယ်ဖြူကိုကြည့်ရင်း အားမလိုအားမရဖြစ်နေလေသည်။
“ဘယ်လိုဖြစ်တာလဲ၊ ဒီလက်ဖက်တွေကို စားလိုက်တာနဲ့ အမဖြူက သေသွားရမှာမဟုတ်လား၊ အခုဘယ်လိုဖြစ်လို့ မသေတာများပါလိမ့်”
မမဲတူက စိတ်ထဲမှရေရွတ်ရင်း ရေနွေးကြမ်းခရားအိုးမှ ရေနွေးတစ်ခွက်ငှဲ့လိုက်ပြီးနောက် မမယ်ဖြူထံသို့ တိုးပေးလိုက်ကာ
“စကားတွေပြောရတာ မောနေပါအုံးမယ် အမဖြူရဲ့၊ ဟောဒီမှာ ရေနွေးလေးသောက်လိုက်ပါအုံး”
မမယ်ဖြူက မမဲတူထိုးပေးသည့် ရေနွေးခွက်ကို ကောက်ယူလိုက်ကာ မော့သောက်လိုက်လေသည်။ မမဲတူတစ်ယောက် ပြုံးပြုံးကြီးနှင့် ကျေနပ်စွာကြည့်နေမိသည်။
“ရေနွေးကလည်း သောက်ကောင်းလိုက်တာနော်၊ လက်ဖက်ခြောက်ကောင်းကောင်းခပ်ထားလို့ထင်ပါရဲ့၊ ဒီလိုလက်ဖက်ခြောက်ကောင်းကောင်းခပ်ထားတဲ့ ရေနွေးတောင် မသောက်ရတာကြာပေါ့”
မမယ်ဖြူက ရေနွေးတစ်ခွက်ထပ်ငှဲ့လိုက်ကာ ထပ်သောက်လိုက်ပြန်သည်။ မမယ်ဖြူက ရေနွေးသောက်လိုက်၊ လက်ဖက်ကိုကောက်စားလိုက်နှင့် စားသောက်နေသော်လည်း မမဲတူ၏ ပညာစက်များအစွမ်းမပြသည့်အပေါ် မမဲတူက အလွန်ထူးဆန်းနေမိသည်။ မမဲတူက မမယ်ဖြူနံဘေးတွင်ထိုင်ရင်း မမယ်ဖြူကို အကဲခတ်နေလေရာ ကြီးဒေါ်ရှင်က မမဲတူအားလှည့်ကြည့်ကာ
“ဟဲ့မဲတူ၊ ထမင်းတွေဟင်းတွေချက်ဖို့လုပ်လေဟယ်၊ နေတောင်မြင့်နေပြီ၊ ထမင်းစားနောက်ကျနေအုံးမယ်အေ့”
“ဟုတ်ကဲ့ ကြီးဒေါ်ရှင်”
မမဲတူမှာ အိမ်နောက်ဖေးဘက်သို့ ပြန်လာခဲ့လိုက်သည်။ စိတ်ထဲတွင်လည်း စနိုးစနောင့်ဖြစ်နေမိသည်က အမှန်ဖြစ်သည်။
“ဘယ်လိုဖြစ်တာလဲ ငါ့ပညာစက်တွေက မစွမ်းတော့လို့များလား၊ ကဲပါ ဒီတစ်ခေါက်ကတော့ အမှားအယွင်းတစ်ခုခုဖြစ်တာကြောင့်နေမယ်၊ နေ့လည်ထမင်းစားတဲ့အခါတော့ ငါမမှားစေရတော့ဘူး”
မမဲတူက ထမီလျော်သည့်ရေနှင့် ဆန်ကိုဆေးလိုက်ကာ ထမင်းတစ်အိုးချက်လိုက်လေသည်။ ထို့နောက် ကြက်သားဟင်းကိုလည်း အရသာရှိအောင်ချက်လိုက်ပြန်သည်။ မကြာမီ ထမင်းလည်းကျက်၊ ဟင်းလည်းကျက်လေပြီ၊ မမဲတူက မိမိဦးခေါင်းမှဆံပင်များကို နှုတ်ယူလိုက်ကာ ပါးစပ်နားသို့တေ့ရင်း မှော်မန္တန်များကို ရွတ်ဖတ်လိုက်သည်။
“ကဲ၊ ဒီထမင်း၊ ဒီဟင်းကိုစားတဲ့လူ၊ အသေဆိုးနဲ့သေပါစေ၊ ကုန်းလမ်းခရီးသွားရင် မြွေပေါက်၊ နွားဝှေ့ပြီးသေပါစေ၊ ရေလမ်းသွားရင် လှေမှောက်ရေနစ်ပြီးသေပါစေ၊ စားသမျှထမင်းစေ့က အဟာရမဖြစ်ဘဲ အပင်းဖြစ်ပါစေ၊ ရန်သူငါးပါးနဲ့တွေ့ပါစေ၊ ဘေးဆယ်မျိုးနဲ့ သေပါစေ၊ သေပြီးရင်လည်း သရဲ၊ ဖုတ်ကောင်၊ ပြိတ္တာဖြစ်ပြီး ဒုက္ခအတိခံစားရပါစေ”
မမဲတူ၏ ကျိန်စာများမှာ ပြင်းထန်လှပေသည်။ မမဲတူက သူတတ်သည့် ပညာစက်များအကုန်လုံးနီးပါးကို အသုံးပြုကာ ချက်ချင်းသေစေတတ်သည့် ကျိန်စာကိုကျိန်ဆိုပြီးသည့်နောက် ဆံပင်များကို ထမင်းများဟင်းများအတွင်းသို့ ဖြန့်ထည့်လိုက်လေသည်။ ထမင်းဟင်းများနှင့်ထိတွေ့သည်နှင့်တပြိုင်နက် မမဲတူ၏ ဆံပင်များမှာ ထမင်းဟင်းများအတွင်းသို့ နစ်မြုပ်ကာ ပျောက်ကွယ်သွားတော့သည်။ မမဲတူက ထိုထမင်းဟင်းများကို ဒေါင်းလန်းအငယ်ကလေးထဲသို့ တစ်ယောက်စာခူးထည့်ပြီးနောက် အိမ်ရှေ့သို့သယ်ဆောင်လာခဲ့သည်။
“ကဲ အမဖြူ၊ စားသာစားနော်၊ အမဖြူကြိုက်တဲ့ ကြက်သားဟင်းချက်ထားတယ်”
“ကျေးဇူးတင်ပါတယ်ညီမလေးရယ်”
မမယ်ဖြူက လက်ဆေးပြီးသည့်အခါ ကြက်သားဟင်းနှင့်ထမင်းကို နယ်ဖတ်နေလေသည်။
“ဒါနဲ့ ညီမလေးရော မစားသေးဘူးလား၊ ကြီးဒေါ်ရှင်ရော တစ်ခါတည်းစားလေ”
မမဲတူက မျက်နှာပျက်သွားပြီး
“ဟိုလေ၊ ညီမက အခုတလော ထမင်းစားချင်စိတ်သိပ်မရှိလို့ပါ”
“အေး၊ ငါလည်း အသက်ကြီးလာလို့ထင်တယ် ရင်ပြည့်ပြီး စားချင်သောက်ချင်စိတ် သိပ်မရှိဘူးဟဲ့၊ စားမှာသား စားစမ်းပါ မယ်ဖြူရာ”
မမယ်ဖြူက ခေါင်းညိတ်လိုက်ပြီး ကြက်သားဟင်းနှင့်ထမင်းကိုနယ်ဖတ်စားနေလေသည်။ ကြီးဒေါ်ရှင်က မမယ်ဖြူစားသောက်နေသည့် ဒေါင်းလန်းအားကြည့်လိုက်ပြီး
“ဟဲ့ နေပါအုံး၊ ဟိုမှာ ဆံပင်ကျီကြီးပါလားအေ့”
ကြီးဒေါ်ရှင်က ဒေါင်းလန်းအတွင်းမှ ဆံပင်တစ်ချောင်းကို ဆွဲယူလိုက်လေသည်။
“ဘာဖြစ်လဲကြီးဒေါ်ရှင်ရဲ့၊ ဒီဆံပင်က ညီမလေးရဲ့ဆံပင်ပဲဖြစ်မှာ၊ ကျွန်မက မရွံတတ်ပါဘူး”
“အင်းပေါ့၊ ညည်းညီမဆံပင်မို့ပေါ့၊ တခြားသူသာဆိုရင် ဒီထမင်းကို ဆက်စားမှာမဟုတ်ဘူး”
“ဘာဖြစ်လို့လဲ ကြီးဒေါ်ရဲ့”
“ဟဲ့ နင်မသိဘူးလား၊ စုန်းမတွေက လူတစ်ယောက်ကို အစာပင်းခတ်ချင်ရင် သူတို့ခေါင်းကဆံပင်ကိုဖြုတ်ပြီး အစာထဲထည့်ကြသတဲ့၊ ဒါကြောင့် လူတော်တော်များများက အစားအစာထဲ ဆံပင်ကျီပါရင် ဆက်မစားကြတာပေါ့”
“စားပါအမဖြူရယ်၊ ဒီဆံပင်က ညီမလေးချက်ရင်းပြုတ်ရင်း ခေါင်းကနေကျွတ်ပြီး ကျသွားတာဖြစ်မှာပါ”
မမယ်ဖြူမှာ ဘာမှမပြောတော့ဘဲ ဆက်သာစားနေလေသည်။ မမယ်ဖြူမှာ ဒေါင်းလန်းတစ်ဝက်ခန့်စားသောက်ပြီးသည့်အခါ လက်ဆေးလိုက်လေသည်။
“စားပါအုံး အမဖြူရဲ့ အစားနည်းလိုက်တာ”
“သိပ်စားလို့မရဘူး ညီမလေးရေ၊ များများစားရင် ဗိုက်အင့်တယ်၊ ဗိုက်ထဲက ကလေးက ခိုးလိုးခုလုဖြစ်နေတယ်ညီမရဲ့”
မမဲတူမှာ ဒေါင်းလန်းကိုသိမ်းဆည်းလိုက်ပြီး အိမ်နောက်ဖေးသို့ဆင်းလာခဲ့သည်။
“မဟုတ်ဘူးနော်၊ မဟုတ်တော့ဘူး၊ ဒီထမင်းစားပြီးရင် ဒီကောင်မ သေရမယ့်ဟာကို ဘယ့်နှယ့်ကြောင့် မသေပါလိမ့်၊ ဖြစ်နိုင်တာက ငါ့အစွမ်းတွေကို အသုံးမပြုတာကြာလို့များ အစွမ်းတွေနည်းကုန်တာလားပဲ”
မမဲတူက ထူးဆန်းစွာဖြင့် ဒေါင်းလန်းကို အိမ်အနောက်ဘက်သို့ယူလာခဲ့သည်။ အိမ်အနောက်ဘက် ရေကပြင်အောက်တွင် ခွေးပိန်မတစ်ကောင်နေထိုင်လေရာ ကျန်ရှိနေသည့်ထမင်းဟင်းများကို ခွေးပိန်မ၏ စားခွက်အင်တုံအတွင်းသို့ လောင်းထည့်လိုက်တော့သည်။ ခွေးပိန်မမှာ ကြက်သားအနံ့ရသဖြင့် ထမင်းများကိုကျုံးစားတော့သည်။ သုံးလုတ်ပင်မပြည့်သေး ခွေးပိန်မခမျာ တအီအီနှင့်အော်လျက် ပါးစပ်မှ အမြှုပ်များထွက်ကာ စင်းစင်းသေလေတော့သည်။
“မဖြစ်ဘူး၊ ဒါဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုဖြစ်ရတာများလဲ၊ ငါ့အတွေ့အကြုံတွေက နုသေးတယ်၊ ရွာထဲက ရွာသူဆယ့်နှစ်ကြိုး အဘွားချိုဆီသွားပြီး မေးစမ်းကြည့်ရမယ်၊ သူဆိုရင်တော့ ဘာကြောင့်ဆိုတာကို ကြိမ်းသေသိမှာပဲ”
မမဲတူမှာ အစားအသောက်များကိုသိမ်းဆည်းပြီးသည့်အခါ ခမောက်တစ်လုံးဆောင်းလျက်
“ကြီးဒေါ်ရှင်ရေ သမီး ရွာထဲက အဘွားချိုတို့အိမ်ဘက်ကို ကူးလိုက်အုံးမယ်”
“အေးအေး၊ ပြီးရော”
မမယ်ဖြူက ထိုစကားကိုကြားသည့်အခါ
“နေအုံး၊ အမဖြူလည်းလိုက်မယ်”
“အမဖြူက ဘာလိုက်လုပ်မလို့လဲ အမရဲ့”
“အဘွားချိုက အရပ်လက်သည်မဟုတ်လား၊ အမဖြူလည်း ရှေ့နှစ်လလောက်နေရင် မွေးတော့မှာဆိုတော့ အဘွားချိုဆီကိုလိုက်ပြီးတော့ ဗိုက်လိုက်အပ်ချင်တယ်”
မမဲတူလည်း ပြောမရတော့သဖြင့် မမယ်ဖြူပါခေါ်ဆောင်ကာ အတူတကွထွက်လာခဲ့ကြလေသည်။
(၃)
အဘွားချို၏ ခြံကလေးမှာ ရွာစွန်တွင်ရှိသည်မို့ ညီအမနှစ်ယောက်ရွာမှထွက်လာခဲ့ကြလေသည်။ ရွာပြင်တစ်နေရာအရောက်တွင် လမ်းဘေးရှိမြက်ပင်များအတွင်းမှ မြွေတွန်သံများကို ကြားရလေသည်။ မမယ်ဖြူတို့ ညီအမနှစ်ယောက် အံ့သြနေသည့်အချိန်မှာပင် ချုံအတွင်းမှ မြွေပွေး၊ မြွေဟောက်၊ မြွေဆိုးများက အကောင်သုံးဆယ်ခန့် အပြေးထွက်လာကြလေသည်။
“ဟား၊ ဟား ငါ့ကျိန်စာ အသက်ဝင်တာပဲနေမယ်”
မမဲတူမှာ ကျေနပ်စွာပြုံးလိုက်ပြီးနောက် အနောက်သို့ဆုတ်လိုက်လေသည်။ မမယ်ဖြူမှာ မြွေများကိုမြင်တွေ့ကာ ထိတ်လန့်နေမိသည်။ သို့သော် ထိုမြွေများမှာမမယ်ဖြူအား ရန်မပြုဘဲ အနောက်ဆုတ်သွားသည့် မမဲတူထံသို့ ပြေးဝင်လာကြသည်။ မမဲတူမှာ မျက်လုံးပြူးသွားပြီး မြွေများကိုလက်ညှိုးထိုးလိုက်ကာ
“ဟဲ့မြွေတွေ၊ ရပ်စမ်း၊ ရပ်ကြစမ်း”
မမဲတူက ပြောဆိုလိုက်ပြီးနောက် မြွေများကို စုန်းပညာဖြင့်တားဆီးလိုက်လေသည်။ သို့သော် မြွေများမှာ မရပ်တန့်ဘဲ မမဲတူထံသို့ ဆက်လက်ပြေးလာကြသည်မို့ မမဲတူမှာ အနောက်သို့ဆုတ်နေရသည်။ မြွေများကို ပညာစွမ်းဖြင့်ရပ်တန့်သော်လည်း မရပ်တန့်သည်မို့ မမဲတူက နောက်ဆုံးတော့ တစ်ဖက်သို့လှည့်ကာ ကွေ့ပတ်ပြေးရလေသည်။
“အမဖြူရေ လုပ်ပါအုံး၊ မြွေတွေ၊ မြွေတွေလိုက်နေပြီ၊ ကယ်ပါအုံး”
မမယ်ဖြူက အနောက်သို့လှည့်ကြည့်လိုက်ပြီးနောက်
“ဟဲ့ မြွေတွေ ရပ်လိုက်ကြစမ်း”
မမယ်ဖြူအော်ဟစ်လိုက်သည့်အခါ အရှိန်အဟုန်နှင့်ပြေးလွှားနေသည့် မြွေများမှာ ရပ်တန့်သွားရုံသာမက မြွေအသေကောင်များကဲ့သို့ တုတ်တုတ်ပင်မလှုပ်ဘဲ ငြိမ်သက်သွားကြလေသည်။ မမယ်ဖြူလည်း အံ့သြစွာဖြင့် မြွေများကိုကြည့်နေမိသည်။
“ဟဲ့ မြွေတွေ၊ သွားကြတော့”
မမယ်ဖြူတစ်ချက်ပြောလိုက်သည့်အခါ မြွေဆိုးများမှာ လမ်းဘေးရှိမြက်တောအတွင်းသို့ ပြန်လည်တိုးဝင်ကာ ပျောက်ကွယ်သွားကြလေသည်။ မမဲတူမှာ အလွန်ထိတ်လန့်နေမိသည်။
“ညီမလေး အဆင်ပြေရဲ့လား”
မမယ်ဖြူက မမဲတူလက်ကိုပြေးဆွဲလိုက်သည့်အခါ မမဲတူက ခေါင်းညိတ်လိုက်မိသည်။ ထို့နောက် ညီအမနှစ်ယောက် ဆက်လက်ထွက်ခွာလာခဲ့သည်။
အဘွားချိုနေထိုင်သည့် ခြံဝိုင်းကလေးသို့မရောက်မီတွင် စားကျက်ပြင်တစ်ခုကိုဖြတ်သန်းရလေသည်။ စားကျက်ပြင်အတွင်း နွားအချို့ကိုလွှတ်ကျောင်းထားကြသည်။ ညီအမနှစ်ယောက် စကားတပြောပြောနှင့်လျှောက်လာလေရာ စားကျက်ပြင်ကိုအဖြတ်တွင်တော့ စားကျက်အတွင်းမြက်စားနေသည့် နွားသိုးကြီးတစ်ကောင်က ခေါင်းထောင်ကာကြည့်လေသည်။ ထို့နောက် နှာများတရှူးရှူးနှင့်မှုတ်ကာ မမယ်ဖြူတို့ထံသို့ ပြေးဝင်လာပြန်သည်။ ချိုနှင့်ဆောင့်ထိုးရန်အတွက် ချိုကော့ကော့ကြီးကိုလည်း အသင့်ပြင်ဆင်ထားသေးသည်။
မမဲတူက နွားသိုးကြီးပြေးလာသည်ကိုမြင်သည့်အခါ
“အလို၊ နွားသိုးကြီးပြေးလာတာပါလား၊ ဒီတစ်ခါတော့ အမဖြူဆီတည့်တည့်ပြေးလာတာဖြစ်မယ်”
မမဲတူက ခြေသုံးလှမ်းခန့် အနောက်ဆုတ်လိုက်သည်။ မမယ်ဖြူက အရှေ့သို့ဆက်သွားနေရင်း နွားသိုးကြီးပြေးလာသည်ကိုမြင်ရသည်အခါ လန့်သွားတော့သည်။ သို့သော် နွားသိုးကြီးက မမယ်ဖြူထံသို့ ပြေးလာခြင်းမဟုတ်ဘဲ၊ မမဲတူထံဦးတည်၍ ပြေးလာနေခြင်းဖြစ်သည်။
မမဲတူက နွားသိုးကြီးသူ့ထံပြေးလာသည်ကိုသိလိုက်ရသဖြင့် မန္တန်များရွတ်ဖတ်၍ နွားသိုးကိုတားဆီးသော်လည်း တားဆီး၍မရပေ၊ နွားသိုးကြီးမှာ ပြေးလာရင်း တဖြည်းဖြည်း နီးသထက် နီးလာလေသည်။
“အမဖြူရေ၊ နွားသိုးကြီးလာနေပြီ၊ ကယ်ပါအုံး”
မမယ်ဖြူက အသံကုန်ဟစ်ကာ အော်ထည့်လိုက်သည်။
“ဟဲ့နွား၊ ရပ်လိုက်စမ်း”
နွားကြီးမှာ ခြေလေးချောင်းစလုံး တန့်ခနဲရပ်တန့်သွားတော့သည်။
“ဒီကိုဘာလာလုပ်တာလဲ၊ သွားစမ်း၊ ကိုယ့်ဟာကိုယ် မြက်သွားစားနေစမ်း”
နွားသိုးကြီးမှာ ချက်ချင်းတစ်ဖက်သို့လှည့်သွားကာ စားကျက်ကွင်းအတွင်းသို့ ပြေးထွက်သွားတော့သည်။ မမဲတူမှာ တစ်ကိုယ်လုံးချွေးစေးများပြန်နေကာ အလွန်ထိတ်လန့်လျှက်ရှိသည်။
“ဒီနွားသိုးကတော့ ဘာစိတ်ရူးထတယ်မသိပါဘူး၊ ကဲလာ ညီမသွားကြစို့”
မမယ်ဖြူက မမဲတူလက်ကိုဆွဲကာ အဘွားချိုတို့ခြံဆီသို့ ဆက်ထွက်လာခဲ့သည်။ ရွာအစွန်တွင်ရှိသည့် အဘွားချို၏ခြံမှာ သီးပင်စားပင်များဖြင့် အုပ်ဆိုင်းလျှက်ရှိလေသည်။
“အဘွားချို၊ အဘွားချိုအိမ်မှာရှိသလား”
“အေးရှိတယ်၊ ဘယ်သူလဲ ဝင်လာခဲ့”
ခြံအတွင်းဝင်လိုက်သည့်အခါ အိမ်ပေါက်ဝတွင်ထိုင်နေသည့် အဘွားချိုမှာ မမယ်ဖြူအား အလွန်အံ့သြစွာကြည့်လျက်
“အလို၊ နင်မယ်ဖြူမဟုတ်လား၊ နင်ဘယ်လိုလုပ်ပြီးတော့ ရွာကိုပြန်ရောက်လာတာလဲ”
“ဒီလိုပါပဲအဘွားဖြူရယ်”
“နင့်မှာလည်း ကိုယ်ဝန်ကြီးနဲ့ပါလားအေ့”
“ဟုတ်တယ် အဘွားချိုရေ၊ အဲဒီ ကျွန်မဗိုက်ထဲက ကလေးလေး မွေးဖို့ဖွားဖို့အတွက် အဘွားချိုကိုအပ်ချင်လို့ပါ”
အဘွားချိုက ခေါင်းညိတ်လျှက်
“အေး၊ နင့်ဗိုက်က နည်းနည်းတော့လိုသေးတယ်၊ ဒီအတိုင်းဆိုရင်တော့ မဲတူနဲ့နင်နဲ့ ပြိုင်တူလောက်နီးနီးကို မွေးမှာဟဲ့၊ နင်တို့ညီအမတွေက လိုက်လဲလိုက်ပါတယ်အေ၊ ညီအမလို့မပြောရဘူး ဗိုက်ကြီးတာတောင်မှ အတူတူကြီးကြတယ်အေ့”
မမဲတူက အဘွားချိုအားစိုက်ကြည့်လိုက်လျှက် စိတ်ထဲမှ
“အဘွားချို၊ အဘွားချိုနဲ့ အရေးကြီးတဲ့ကိစ္စတိုင်ပင်စရာရှိလို့ လာခဲ့တာပဲ”
မမဲတူနှုတ်မှထုတ်မပြောဘဲ စုန်းကဝေအချင်းချင်း ပညာစက်ဖြင့်ပြောဆိုလိုက်ခြင်းဖြစ်သည်။ အဘွားချိုကလည်း ထိုစကားကိုကြားလိုက်သည်မို့
“မယ်ဖြူ၊ နင်ဒီမှာ ခဏစောင့်နေအုံးနော်၊ မဲတူဗိုက်ကို ငါပြင်ပေးလိုက်အုံးမယ်အေ့”
အဘွားချိုက ထိုသို့ပြောကာ အိမ်ထဲဝင်သွားလေသည်။ မမဲတူလည်း အနောက်မှလိုက်ဝင်သွားသည်။ မမယ်ဖြူသာ အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်လျက် ကျန်နေခဲ့တော့သည်။ မမဲတူက အိမ်ခန်းထဲသို့ရောက်သည်နှင့်
“ထူးဆန်းတာတစ်ခုပြောချင်လို့ အဘွားချိုရဲ့၊ ကျွန်မပညာစက်တွေထုတ်သုံးပေမယ့် အဲဒီပညာစက်တွေက တစ်ဖက်သားကို သွားမထိဘူးဖြစ်နေတယ်၊ အဲဒါဘာကြောင့်ဖြစ်တာများလဲ”
အဘွားချိုက မျက်မှောင်ကြုတ်လိုက်ပြီး
“နင်လုပ်လိုက်တဲ့လူက သာမန်လူလား၊ စုန်းလားအေ့”
“သာမန်လူပါ အဘွားချိုရယ်၊ စုန်းမဟုတ်ပါဘူး၊ အဲဒီလူသေအောင်လို့ သေစေတဲ့ကျိန်စာတွေတိုက်ပေမယ့် အဲဒီလူက သေဖို့နေနေသာသာ ဘာမှတောင်မဖြစ်ဘူးအဘွားချို”
“အင်း၊ ထူးတော့ထူးနေပြီ၊ စုန်းကဝေမို့ ပညာစက်တွေကို ဖျက်တတ်တာထားပါတော့၊ အခုသာမန်လူက ပညာစက်တွေမထိဘူးဆိုတာတော့ ထူးတော့ထူးဆန်းတယ်”
“အဲဒါဆိုရင်လည်း ကျုပ်ကိုစစ်ကြည့်ပေးပါလား အဘွားချိုရယ်”
“ကိုင်း ဒါဖြင့်ရင်လည်း အိပ်လိုက်”
အဘွားချိုအခန်းထဲတွင် ပြင်ဆင်ထားသည့် ဖျာကြမ်းပေါ်တွင် မမဲတူက ပက်လက်လှန်ကာအိပ်ချလိုက်သည်။ အဘွားချိုက မမဲတူ၏ ခေါင်းရင်းဘက်တွင်ထိုင်လိုက်ကာ မမဲတူအားလက်မြှောက်စေလျက် ထိုလက်နှစ်ဖက်ကို သူ့လက်နှစ်ဖက်နှင့်ဆုပ်ကိုင်လိုက်ကာ ပါးစပ်မှတတွတ်တွတ်ရွတ်လျှက် မျက်စိကိုစုံမှိတ်ကာ အာရုံခံနေလေသည်။
ခဏကြာသည့်အခါ အဘွားချိုမှာ တုန်ယင်သွားလေသည်။ မျက်လုံးကိုအမြန်ဖွင့်လိုက်ကာ
“အောင်မယ်လေး၊ ကြောက်စရာကောင်းလိုက်တာ”
“ဘာဖြစ်လို့လဲအဘွားချို”
“နင့်မှာ အရမ်းကြောက်စရာကောင်းတဲ့ ကျိန်စာတစ်ခု မိခံထားတယ် မဲတူ”
“ကြောက်စရာကောင်းတဲ့ ကျိန်စာတဲ့လားအဘွားချို”
“ဟုတ်ပအေ၊ ဒီကျိန်စာကိုတိုက်တဲ့လူက တော်တော်ယုတ်မာတဲ့လူပဲ၊ ကုန်းလမ်း ရေလမ်းသွားရင်ဘေးတွေ့ပါစေ၊ ရန်သူမျိုးငါးပါး၊ ဘေးဆယ်ပါးနဲ့တွေ့ပါစေဆိုပြီး ကျိန်စာတိုက်ထားတာပဲ”
မမဲတူကတော့ ထိုကျိန်စာကိုတိုက်ခဲ့သူမှာ မိမိကိုယ်တိုင်ပင်ဖြစ်ကြောင်းသိလိုက်လေသည်။ မိမိက ကျိန်စာတိုက်လိုက်သော်လည်း ထိုကျိန်စာကို မိမိကိုယ်တိုင်ပြန်မိရခြင်းမှာ မည်သို့ကြောင့်ဖြစ်သည်ဆိုသည်ကို မမဲတူမစဉ်းစားတတ်ပေ။
“ဒါ့ကြောင့်ဖြစ်မယ်၊ ဒါကြောင့် ငါရွာပြင်ကိုထွက်တော့ မြွေဆိုးတွေက ငါ့ဆီကိုလာတာ၊ စားကျက်ကိုဖြတ်တော့လည်း နွားသိုးကြီးက ငါ့ကိုပြေးဝှေ့တာပဲ၊ လတ်စသတ်တော့ ငါလုပ်တဲ့ပညာက ငါ့ကိုယ်ငါ ပြန်ထိနေပါရောလား”
မမဲတူက ရေရွတ်လိုက်ပြီး
“ဒါနဲ့ အဘွားချိုကို မသိလို့မေးပါရစေအုံး၊ ကိုယ်သုံးလိုက်တဲ့ပညာ၊ ကိုယ်တိုက်လိုက်တဲ့ကျိန်စာက တိုက်တဲ့သူကိုမထိဘဲ ကိုယ့်ကိုယ်ကိုယ်ပြန်ထိတာမျိုးကို အဘွားချို ကြားဖူးသလား”
“ရှိတာပေါ့အေ၊ စုန်းပညာဆိုတာ သမုဒ္ဒရာရေလို ကျယ်ပြန့်တယ်လို့ နင့်ကိုငါ ပြောခဲ့ဖူးတယ်မဟုတ်လား၊ အဲဒီပညာရပ်တွေထဲမှာ တန်ပြန်တဲ့ပညာရပ်ဆိုတာလည်းရှိတယ်၊ အဆင့်မြင့်တဲ့ ကဝေကြီးတွေကတော့ “မှော်ကြေးမုံမှန် နင့်ဆီပြန်”ဆိုတဲ့ ပညာရပ်ကိုသုံးကြတယ်၊ အဲဒီပညာသုံးထားတဲ့လူကို တခြားလူက ပညာနဲ့တိုက်ရင် တိုက်တဲ့လူပဲ ပြန်ပြီးထိတဲ့ပညာမျိုးပေါ့ဟာ”
မမဲတူက သက်ပြင်းတစ်ချက်ချလိုက်ရင်း
“ဒါဆိုရင် အဲဒီကျိန်စာကို ထုတ်ပေးလို့ရမလားအဘွားချို”
“အေးရတယ်၊ ဒါပေမယ့် ဒီအတိုင်းထုတ်လို့တော့မရဘူး၊ နင့်ရဲ့သွေးတစ်ခွက်ကို ဖောက်ထုတ်ပစ်မှရမယ်”
အဘွားချိုက ပြောဆိုရင်း ထွေးခံတစ်ခုကိုယူလိုက်လေသည်။ ထို့နောက် မမဲတူ၏ ညာဖက်လက်မောင်းအား လက်ညှိုးဖြင့်ထိ၍ အသာဆွဲလိုက်လေရာ မမဲတူလက်မောင်းအသားမှာ ဓါးဖြင့်ခွဲလိုက်သကဲ့သို့ ကွဲထွက်သွားပြီး အတွင်းမှသွေးများမှာ စီးကျလာလေသည်။ အဘွားချိုက သွေးများကို ထွေးခံနှင့်ခံလိုက်ပြီးနောက် လက်မောင်းပြတ်ရာအား လက်ဖြင့်အသာပြန်ပွတ်လိုက်ရာ လက်မောင်းအသားမှာ အမာရွတ်ပင်မကျန်ဘဲ အကောင်းပကတိအတိုင်းပြန်ဖြစ်သွားတော့သည်။
အဘွားချိုက ထိုထွေးခံခွက်ကို လက်နှစ်ဖက်နှင့်ကိုင်မြှောက်လိုက်ပြီးနောက် ပါးစပ်အနားသို့ကပ်၍ ရွတ်ဖတ်နေလေသည်။ ထွေးခံအတွင်းမှသွေးများမှာ တဖြည်းဖြည်းဆူပွက်လာကြပြီး နောက်ဆုံးတွင်သွေးများမှာမည်းနက်သွားလျှက် ထွေးခံအတွင်းခြောက်ခမ်းသွားတော့သည်။ အဘွားချိုက ထွေးခံကိုပြန်ချလိုက်ပြီး နဖူးတွင်စီးကျနေသည့် ချွေးများကိုသုတ်လိုက်လေသည်။
“နင်ငါနဲ့တွေ့တာ ကံကောင်းတာပဲ၊ အတွေ့နောက်ကျလို့ကတော့ ဟောဒီကျိန်စာက နင့်အသက်ကိုနှုတ်ယူသွားမှာဟဲ့”
“ကျေးဇူးတင်ပါတယ် အဘွားချိုရယ်၊ အဘွားချိုရဲ့ကျေးဇူးကို ကျွန်မမမေ့ပါဘူး၊ ဒါထက် ကျွန်မဗိုက်ထဲက သားလေးကိုကြည့်ပေးပါ့အုံး”
အဘွားချိုက မမဲတူ၏ဗိုက်ကို လက်ဖြင့်လက်ယာရစ်အတိုင်း သုံးလေးရစ်ခန့်ပွတ်သပ်နေလေသည်။
“နင့်သားက အခြေအနေကောင်းပါတယ်ဟဲ့၊ တစ်ကိုယ်လုံးလည်း ရဲနေတာပဲဟယ်၊ ဘယ်သူနဲ့တူလို့လည်းတော့မသိဘူး နင့်သားက ဖြူဖြူချောချောကလေးဟဲ့”
အဘွားချိုပြောသည့်အခါ မမဲတူမှာ ပျော်ရွှင်သွားမိသည်။
“ကလေးက ဖြူဖြူချောချောလေးဆိုပါလား၊ ဧကန္တမောင်ကြီးကံတင့်နဲ့ တူတာဖြစ်မယ်”
မမဲတူအား စစ်ဆေးပြီးသည့်နောက် အဘွားချိုက မမယ်ဖြူအား အိမ်ထဲသို့ခေါ်ယူကာ စစ်ဆေးလေသည်။ မမယ်ဖြူ၏ ဝမ်းဗိုက်ကို လက်ဖြင့်ပွတ်သပ်လိုက်သော်လည်း အဘွားချိုမှာ မည်သည့်အကြောင်းအရာကိုမှ မမြင်ရဘဲရှိနေလေသည်။
“အလို၊ ထူးဆန်းလိုက်တာ၊ ဒီလိုဗိုက်မျိုး ငါတစ်ခါမှကိုမမြင်ဖူးဘူး”
မမယ်ဖြူက အိပ်လျက်
“အဘွားချို၊ ဘယ်လိုလဲ၊ ကျွန်မရဲ့ကလေးက အခြေအနေကောင်းရဲ့လား”
“အေး . . အေး ကောင်းတယ်လို့ပဲ ဆိုပါတော့ကွယ်၊ ငါ့ရဲ့ဝမ်းဆွဲခဲ့တဲ့ အတွေ့အကြုံအရပြောရမယ်ဆိုရင် နင့်ဗိုက်က မိန်းကလေးဗိုက်ဟဲ့”
“ဟင် အဘွားချိုက ယောက်ျားလေးမိန်းကလေးဆိုတာကို မမွေးသေးဘဲနဲ့ သိတယ်တဲ့လား”
“ပညာပေါ့အေ၊ မှတ်ထား မယ်ဖြူရဲ့၊ ယောက်ျားလေးမွေးမယ့်ဗိုက်က ချွန်ချွန်ကလေးဖြစ်နေတတ်တယ်၊ မိန်းကလေးမွေးမယ့်ဗိုက်ကျတော့ ခပ်လုံးလုံးအေ့၊ နင့်ဗိုက်က ခပ်လုံးလုံးဆိုတော့ ကလေးက မိန်းကလေးပဲနေမှာ၊ လအရတွက်ကြည့်ရင် နင်ကမိန်းကလေးဆိုတော့ ကိုးလနဲ့မွေးလိမ့်မယ်၊ မဲတူက ယောက်ျားလေးဆိုတော့ ကိုးလလောက်ကျော်ပြီး ဆယ်လနီးပါးမှ မွေးမှာအေ့၊ မဲတူဗိုက်က နင့်ထက်တစ်လလား ပိုကြီးတယ်ဆိုပေမယ့် မွေးမယ့်အချိန်ကျတော့ သွားတူလောက်တယ်၊ မီးတွင်းတောင် အတူတူဝင်ရမယ်ထင်တာပဲ”
မမယ်ဖြူနှင့် မမဲတူတို့မှာ အဘွားချိုကိုနှုတ်ဆက်ပြီးနောက် အိမ်ထဲမှထွက်လာခဲ့ကြသည်။ အဘွားချိုက မမဲတူအားလက်ကုပ်ပြီးအိမ်နောက်ဖေးသို့ ခဏဆွဲခေါ်သွားလေသည်။
“ဟဲ့ နင့်အမက ရိုးရဲ့လားဟဲ့”
“ဘာရိုးတာလဲ အဘွားချိုရဲ့”
“သူ့ဗိုက်ထဲက ကလေးက ထူးဆန်းနေတယ်အေ”
“ဘယ်လိုများထူးဆန်းလို့လဲ”
“ငါဝမ်းဆွဲသည်လုပ်လာတာ နှစ်ပေါင်းငါးဆယ်လောက်ရှိပြီအေ့၊ ငါ့ရဲ့စုန်းပညာနဲ့ ကလေးတစ်ယောက်မမွေးခင် ဘာကလေးလဲ၊ ဘယ်လိုအနေအထားရှိသလဲဆိုတာကို ကြည့်လို့ရပေမယ့် မယ်ဖြူ့ဗိုက်ထဲက ကလေးကိုတော့ ဘာမှကြည့်လို့မရဘူးအေ့”
“ဒါ ဘာသဘောများလဲ အဘွားချို”
“ငါ့အထင်ပြောရရင် မယ်ဖြူဗိုက်ထဲက ကလေးက ဝမ်းတွင်းပါစုန်းတစ်ယောက်များဖြစ်နေမလားပဲ၊ ငါ့အမေ ဝမ်းဆွဲလက်သည်ဆရာမကြီးပြောတာကြားဖူးတယ်၊ မွေးကတည်းက ဝမ်းတွင်းမှာ ပညာပါလာတဲ့ကလေးတွေက မမွေးခင်အချိန်အထိ တခြားပညာသည်တွေ နှောင့်ယှက်လို့မရအောင် သူ့အလိုလိုအကာအကွယ်ပါလာတယ်ဆိုပဲ”
မမဲတူမှာ စဉ်းစားသွားလေသည်။
“ဖြစ်နိုင်တယ်၊ အများကြီးဖြစ်နိုင်တယ်၊ အမဖြူကို ရေချနေတာ ငါကိုယ်တိုင်တွေ့ခဲ့တာပဲ၊ ရေချလို့တောင်မသေဘူးဆိုတော့ အမဖြူက တကယ်ပဲ စုန်းမ၊ ကဝေမများလား”
“ဟဲ့ ဘာတွေတွေးနေတာလဲ မဲတူရဲ့”
“ဘာမှမဟုတ်ပါဘူး အဘွားချို၊ ကျွန်မတို့သွားတော့မယ်နော်”
မမဲတူမှာ အိမ်ရှေ့သို့ပြေးထွက်ခဲ့သည်။ အိမ်အပြန်လမ်းရောက်သည့်အခါ မမယ်ဖြူက
“ဒါနဲ့ အဘွားချိုနဲ့အရေးကြီးကိစ္စ တိုင်ပင်ချင်တယ်ဆိုတာ ဘာများလဲ ညီမလေး”
မမဲတူမှာ မျက်လုံးပြူးသွားသည်။
“ဟင်၊ အမက ဘယ်လိုသိတာလဲ”
“ဘယ်လိုသိရမှာလဲ ညီမရယ်၊ ခုနက အဘွားချိုအိမ်ရောက်တော့ ညီမပဲပြောလိုက်တာမဟုတ်လား၊ ပြီးတော့ ညီမတို့နှစ်ယောက် အခန်းထဲဝင်သွားတယ်လေ”
“ဟောတော်၊ အမဖြူက ငါတို့ပညာနဲ့ပြောတာကို ကြားနေတယ်ဆိုပါလား၊ ဒါဆိုအမဖြူကလည်း စုန်းပဲပေါ့၊ စုန်းပညာကိုတတ်လို့သာ ငါတို့ပြောတာ ကြားတာပေါ့”
“ညီမလေး ဘာတွေစဉ်းစားနေတာလဲ”
“သြော်၊ ဟို ဘာမှမဟုတ်ဘူး အမဖြူရယ်၊ အရေးကြီးတဲ့ကိစ္စဆိုတာကလည်း အဘွားချိုအတွက် ညီမလေးကရွာထဲမှာ အကြွေးချေးထားပေးတဲ့ ကိစ္စပါအမရဲ့ ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး”
ညီအမနှစ်ယောက် အိမ်သို့ပြန်လာခဲ့ကြလေသည်။ အိမ်ရောက်သည့်အခါ ကြီးဒေါ်ရှင်က အိမ်ရှေ့တွင်ထိုင်လျှက်
“နင်တို့ညီမလည်း အခုမှပြန်လာတော့တယ်၊ အိမ်နောက်ဖေးမှာ ခွေးပိန်မ ဘာဖြစ်လို့လဲတော့မသိဘူး ပါးစပ်က အမြှုပ်တွေထွက်ပြီး သေနေတယ်အေ့”
“ဟောတော်၊ အစားမှားတာများလားမသိဘူး”
“မဲတူမရေ၊ အဲဒီခွေးပိန်မကို တစ်နေရာသွားပြီး လွင့်ပစ်လိုက်စမ်းပါ”
“ဟုတ်ကဲ့ ကြီးဒေါ်ရှင်”
မမဲတူက အိမ်အနောက်သို့ဝင်သွားကာ လဲကျသေဆုံးနေသည့် ခွေးပိန်မ၏အလောင်းအား ခြေထောက်မှဆွဲကာ အိမ်မှထွက်ခဲ့လေသည်။ ခြံပြင်ရောက်သည့်အခါ ရွာလယ်လမ်းအတိုင်းသွားလာနေရင်း
“အမဖြူ၊ အမဖြူက ကျုပ်အတွက်တော့ ဂြိုလ်ဆိုးပဲ၊ ဒီကလေးကလည်း မွေးမလာခင်ကတည်းက ကျုပ်ကိုဒုက္ခပေးနေတာပဲ၊ ဒီအတွက် အမတို့ကို ဒီအတိုင်းထားလို့မဖြစ်တော့ဘူး၊ အမနဲ့အမဗိုက်ထဲက ကလေးလေးကို တစ်နည်းမဟုတ်ရင်တစ်နည်းနဲ့ ရအောင်သတ်ပစ်ရမယ်”
မမဲတူက ကြိမ်းဝါးလိုက်ကာ ရွာအပြင်သုဿန်ဆီသို့လာခဲ့လေသည်။ သုဿန်ဇရပ်ပေါ်တွင်တော့ စောင်ကြီးကို ခေါင်းမြီးခြုံထားသည့် လူကြီးတစ်ယောက်က ထိုင်နေလေသည်။ မမဲတူက ခွေးသေကောင်ကို သုဿန်ဇရပ်အောက်တွင်ချလိုက်ကာ ထိုလူကြီးထံသို့ လှမ်းလျှောက်သွားတော့သည်။
“မဲတူ၊ နင်တောင်မလာတာ ကြာပါပြီကော”
မမဲတူက ထိုလူကြီးအရှေ့တွင် မတ်တပ်ရပ်နေလေသည်။
“အခုမှပေါ်လာပုံထောက်တော့ နင်ဘာလိုချင်ပြန်ပြီလဲ”
“ဒီတစ်ခါလိုချင်တာကတော့ တခြားမဟုတ်ဘူး လူတစ်ယောက်ရဲ့အသက်၊ အဲ . . .လူတစ်ယောက်ထဲတော့ မဟုတ်ဘူး၊ တစ်ယောက်နဲ့တစ်ပိုင်းပေါ့”
“လတ်စသတ်တော့ ဗိုက်ကြီးသည်တစ်ယောက်ကို ပြောတာဖြစ်မယ်”
“သိပ်မှန်တာပေါ့ ဆရာနောင်၊ ရှင်အဲဒီဗိုက်ကြီးသည်ကို သတ်နိုင်တယ်မဟုတ်လား”
ထိုအခါ စောင်ခြုံထားသည့်လူကြီးက တဟားဟားနဲ့ရယ်မောလေသည်။
“င့ါအတွက်တော့ လူတစ်ယောက်ရဲ့အသက်ကို နှုတ်ယူဖို့ဆိုတာ ထမင်းစားရေသောက်သလောက်ပဲရှိပါတယ် မဲတူရာ ဟား . . .ဟား”
“ဒါဖြင့်ရင်လည်း အဲဒီလူကို သေအောင်သတ်ပေးပါ”
“အလုပ်သဘောအရ အပေးအယူဆိုတာတော့ ရှိတာပေါ့ မဲတူရာ၊ ကဲပြောစမ်း၊ နင်ခိုင်းတဲ့လူကို ငါကသတ်ပေးပါပြီတဲ့ နင်ကငါ့ကိုဘာပေးမှာလဲ”
“ရှင်အလိုချင်ဆုံးအရာတစ်ခုကိုပေးမယ်”
ထိုလူကြီးက တဟင်းဟင်းနှင့်ရယ်လျှက်
“သေချာလား မဲတူ၊ အဲဒီလူတစ်ယောက်အတွက်နဲ့ ငါ့လို အနူဝဲစားတစ်ယောက်ရဲ့မယားအဖြစ်ခံတော့မယ်ပေါ့ “
“လုပ်မှာသာလုပ်ပေးစမ်းပါ၊ အဲဒီလူသေပြီဆိုလို့ကတော့ အဲဒီနေ့မှာပဲ ကျွန်မက ရှင့်ရဲ့မိန်းမဖြစ်ပြီလို့သာ မှတ်လိုက်ပေတော့၊ မဲတူတို့က ကတိတည်တယ်”
“ဟား၊ ဟား ကြိုက်ပြီ၊ ကြိုက်ပြီ၊ ကဲ ပြောစမ်း၊ ငါကဘယ်သူ့ကိုသတ်ပေးရမှာလဲ”
“မမယ်ဖြူကို သတ်ပေးရမှာ”
ထိုလူကြီးက အံ့သြသွားပြီး
“ဟဲ့ မဲတူ၊ မယ်ဖြူဆိုတာ နင့်အမအရင်းလေ”
မမဲတူက အလွန်နာကျည်းစွာဖြင့်
“ဟုတ်တယ်၊ ညီအမဆိုပေမယ့် အမဖြူက ကျုပ်အတွက်တော့ရန်သူ၊ ကျုပ်ရဲ့ မွေးရာပါ ရန်သူတစ်ယောက်ပဲ”
မမဲတူက ပြောဆိုလိုက်သည့်အခါ ဆရာနောင်က ခေါင်းညိတ်လျှက် သုဿန်ဇရပ်ပေါ်မှ ထထွက်သွားလေတော့သည်။