စာစဉ်(၇)

(၁)

မမဲတူတစ်ယောက် အမဖြစ်သူမမယ်ဖြူအား သတ်စေရန်အတွက် ဖက်လိပ်ရွာသုဿန်တွင်နေထိုင်ကြသည့် အောက်လမ်းနောင်ကြီးအား ရွာအတွင်းသို့လွှတ်လိုက်လေသည်။ အောက်လမ်းနောင်ကြီးမှာ ကိုယ်ရေပြားရောဂါရရှိနေသူဖြစ်သည်။ တစ်နည်းပြောရလျင် နူနာစွဲနေသူတစ်ဦးပင်၊ တစ်ကိုယ်လုံးရှိအသားများမှာ အနူပိုးကိုက်သဖြင့် ချိုင့်ခွက်များဗရပွဖြစ်နေသည်။ အသားနုသည့် ခြေလက်နှင့်မျက်နှာတို့မှာလည်း အသားများပုပ်ပွရိရွဲကာ လူရုပ်ပင်မပေါ်အောင်ရှိသည်။ နောင်ကြီးမှာ ဖက်လိပ်ရွာသားမဟုတ်သော်လည်း အကြောင်းတစ်ခုကြောင့် ဖက်လိပ်ရွာသို့ရောက်နေခြင်းဖြစ်သည်။

နောင်ကြီးမှာ လက်တစ်ဖက်တွင်တောင် ခွက်စုတ်တစ်လုံးကို ကိုင်စွဲလျက် ဖက်လိပ်ရွာအတွင်းသို့ ဝင်လာခဲ့သည်။ ဖက်လိပ်ရွာအတွင်းရောက်သောအခါ ရွာမှခွေးများက ဝတ်ရုံရှည်ကြီးဝတ်ဆင်ကာ မျက်နှာကိုလည်း မျက်လုံးများသာ ဖော်ထားသည့် နောင်ကြီးအားတွေ့သည့်အခါ ဝိုင်းဟောင်ကြလေတော့သည်။ ကစားနေသည့် ကလေးများကလည်း နောင်ကြီးအား ခဲလုံးများဖြင့်ပစ်ပေါက်ကြသည်။

“သွားစမ်းအနူကြီး၊ ငါတို့အနားကိုလာလို့ ငါတို့ပါကူးနေအုံးမယ်”

နောင်ကြီးမှာ ရွာအတွင်းရှိအိမ်တစ်အိမ်အရှေ့တွင်ရပ်လိုက်လေသည်။ ခွက်ကလေးအတွင်းရှိ အကြွေပြားကလေးနှစ်စေ့ကို အသာခေါက်ကာ

“သနားကြပါ၊ သနားကြပါခင်ဗျာ”

ထိုအခါ ထိုအိမ်အတွင်းမှ မိန်းမတစ်ယောက်က ရေအင်တုံတစ်ခုကိုကိုင်စွဲလျှက်ထွက်လာလေသည်။ ထိုအင်တုံအတွင်းမှရေများဖြင့် နောင်ကြီးကိုလှမ်းပက်လိုက်ရာ နောင်ကြီးတစ်ကိုယ်လုံး ရွှဲရွှဲစိုသွားတော့သည်။ နောင်ကြီးမှာ ထိုရေများထိသည့်အခါ စပ်ဖျဉ်းလာကာ ယားယံလာတော့သည်။

“အား ရေတွေက စပ်တယ်၊ စပ်တယ်”

“စပ်မှာပေါ့ နင့်ကိုယ်က အနူတွေပျောက်အောင်လို့ သဲဆပ်ပြာတွေဖျော်ထည့်ပေးထားတာ၊ သွားစမ်း၊ ကျက်သရေမရှိဘူး ငါ့အိမ်ကနေအခုထွက်သွား”

တဖြည်းဖြည်းနှင့်် နောင်ကြီးမှာရွာလယ်သို့ရောက်လာလေသည်။

မမယ်ဖြူမှာ မုန့်လုံးစားချင်သဖြင့် ရွာလယ်ရှိမုန့်ဆိုင်တွင် မုန့်လုံးဝယ်လေသည်။ မုန့်လုံးဆိုင်တွင် ရွာမှ ဆွေမျိုးနီးစပ်များနှင့်တွေ့ဆုံသဖြင့် စကားပြောဆိုနေမိသည်။

“ဟောတော့ မယ်ဖြူ ညည်းလည်းမပေါ့မပါးကြီးနဲ့ပါလားအေ့၊ အခုရွာကိုအပြီးပြန်လာတာလား”

“ဟုတ်တယ်အရီး၊ ဒီရွာမှာပဲ အပြီးနေဖို့ပြန်လာခဲ့တာ”

သူတို့ပြောဆိုနေချိန်တွင် မုန့်လုံးဆိုင်အရှေ့တွင် နောင်ကြီးကရပ်တန့်လိုက်ကာ တောင်းရမ်းလေသည်။ ထိုအခါ မုန့်လုံးရောင်းသည့် အဒေါ်ကြီးက ရေများနှင့်ပက်လွှတ်သဖြင့် နောင်ကြီးတယောက် ပြေးရပြန်လေသည်။ မမယ်ဖြူက နောင်ကြီးကိုမျက်စိတစ်ဆုံးငေးကြည့်ရင်း

“ဒီလူက ဘယ်သူလဲ၊ အရင်က ရွာမှာ သူ့ကိုမမြင်ဖူးပါဘူး”

“သူ့နာမည်က ဘာဆိုလားပဲအေ့၊ အနူတွေစွဲနေတဲ့ အနူကြီးတစ်ယောက်ပေါ့အေ၊ ဘယ်ကရောက်လာမှန်းတော့မသိပါဘူး၊ တို့ရွာထိပ်ကိုရောက်လာပြီးတော့ သုဿန်ဇရပ်မှာ နေတာပဲ၊ ဗိုက်ဆာလာရင်တော့ ရွာထဲလာပြီး အခုလိုတောင်းရမ်းစားတတ်တယ်အေ့”

“သနားပါတယ်နော်”

“သနားမနေနဲ့မယ်ဖြူ၊ အနူဆိုတာ ကူးတတ်တယ်၊ ဒီလိုလူမျိုး ကိုယ့်အနားရောက်မလာအောင် မောင်းထုတ်ထားနိုင်မှ တော်ကာကျတာ”

မမယ်ဖြူမှာ မုန့်လုံးကြီးသုံးခုကိုဝယ်ယူလိုက်ကာ ဖက်နှင့်ထုပ်လျှက် ဆိုင်ထဲမှအပြေးထွက်လာခဲ့လေသည်။ ရွာလယ်လမ်းလေးခွဆုံတွင် နောင်ကြီးအား ခွေးများက ဝိုင်းအုံကာ ထိုးဟောင်နေကြသည်။ မမယ်ဖြူက ခွေးများကိုမောင်းထုတ်လိုက်ပြီးနောက် နောင်ကြီးအနီးသို့တိုးကပ်သွားကာ

“ရှင်ဗိုက်ဆာနေပြီထင်တယ်၊ ဟောဒီ မုန့်လုံးတွေစားလိုက်ပါ”

မမယ်ဖြူက ဖက်နှင့်ထုပ်ပိုးထားသည့် မုန့်လုံးများကို နောင်ကြိးထံသို့လှမ်းပေးလေသည်။ နောင်ကြီးမှာ ဗိုက်ဆာနေသဖြင့် မုန့်လုံးများကိုလှမ်းယူလိုက်ကာ အငမ်းမရဝါးစားနေလေတော့သည်။ မမယ်ဖြူမှာ နောင်ကြီးစားသောက်နေသည်ကိုကြည့်ကာ ဂရုဏာသက်နေမိသည်။ သို့နှင့် ခါးတွင်ချည်ထားသည့် အိတ်ရှုံကလေးအတွင်းသို့နှိုက်လိုက်ကာ ပါလာသည့် ငွေအသပြာအချို့ကို နောင်ကြီးထံသို့ ကမ်းပေးလိုက်သည်။

“ဟောဒီအသပြာကိုယူပါရှင်၊ ရှင်နောက်နေ့ကျရင် သုံးလို့ရတာပေါ့”

နောင်ကြီးကလည်း သူ့အပေါ်ကောင်းသည့် မမယ်ဖြူကိုကြည့်လိုက်ရင်း

“မိန်းကလေးက တော်တော်စိတ်ကောင်းရှိတာပဲနော်၊ တခြားလူတွေဆိုရင် သူတို့အိမ်ရှေ့ရပ်တာတောင်မှ မကြိုက်ကြဘူး၊ ဒါနဲ့ မိန်းကလေးကို အရင်က ဒီရွာမှာမမြင်ဖူးပါဘူး၊ မိန်းကလေးက ဘယ်သူလဲ”

“ကျွန်မနာမည် မယ်ဖြူပါ”

ထိုအခါ နောင်ကြီးမှာမျက်လုံးပြူးသွားလေသည်။

“မယ်ဖြူဆိုတာ ကြီးဒေါ်ရှင်ရဲ့တူမအကြီး၊ မမဲတူရဲ့ အမမဟုတ်လား”

“ဟုတ်ပါတယ်”

ထိုအခါ နောင်ကြီးမှာ စားလက်စ မုန့်လုံးများကို မြေပေါ်သို့ပေါက်ချလိုက်လေသည်။ မမယ်ဖြူပင် နောင်ကြီး၏လုပ်ရပ်ကိုကြည့်ကာ အလွန်အံ့သြသွားမိသည်။

“ရှင်ဘာလုပ်တာလဲ”

“မစားဘူး၊ ခင်ဗျားကျွေးတာ ကျုပ်မစားဘူး၊ ခင်ဗျားပေးတာလည်း ကျုပ်မယူဘူးဗျာ”

နောင်ကြီးကပြောဆိုလိုက်ပြီးနောက် မမယ်ဖြူကမ်းပေးသည့် အသပြာများကိုပုတ်ချလိုက်ကာ ထိုနေရာမှ အပြေးတစ်ပိုင်းနှင့်ထွက်လာခဲ့လေသည်။ ရွာပြင်သုဿန်အတွင်းဝင်လိုက်သည့်အခါ မမဲတူမှာ ဇရပ်တွင်ခြေချိတ်ထိုင်နေလျှက်

“ဘယ်လိုလဲ၊ ရှင်းပြီးပြီလား”

နောင်ကြီးမှာ မျက်နှာပျက်သွားပြီး

“ငါ့ကိုအချိန်နည်းနည်းပေးပါ”

မမဲတူက မျက်နှာကိုရှုံ့မဲ့လိုက်ကာ

“ဘယ်လိုလဲရှင် ပြောတော့ လူတစ်ယောက်ကိုသတ်ဖို့က အခက်ပါဘူး ဘာညာဆိုပြီး အခုတော့ ဒီအတိုင်းပြန်လာတယ်တဲ့လား”

“ဟဲ့မဲတူ ငါလုပ်ရမှာ ငါသိတယ်၊ မပူနဲ့၊ နင့်ပါးစပ်ကိုပိတ်ထား၊ မနက်ဖြန်မိုးလင်းတာနဲ့ နင့်အမအသက်ပျောက်နေပြီလို့သာမှတ်ဟဲ့”

နောင်ကြီးတစ်ယောက် အလွန်ဒေါသထွက်နေပြီမို့ မမဲတူက

“ကဲပါ၊ မနက်ဖြန်ရောက်လို့မှ ကျုပ်အမ မသေသေးဘူးဆိုရင်တော့ ရှင်နဲ့ကျုပ်နဲ့တည်ထားတဲ့ကတိလည်း ပျက်ပြီသာမှတ်လိုက်ပေတော့”

မမဲတူက အကြပ်ကိုင်လိုက်ပြီးနောက် သုဿန်အတွင်းမှပြန်ထွက်လာခဲ့သည်။

(၂)

ညအချိန်ရောက်ပြီဖြစ်သည်။ မမယ်ဖြူတို့အိမ်တွင် အိမ်ခန်းနှစ်ခန်းသာရှိသည်။ ထို့ကြောင့် ယခင်အတိုင်းပင် ကြီးဒေါ်ရှင်ကတစ်ခန်းအိပ်ပြီး မမယ်ဖြူနှင့် မမဲတူမှာ တစ်ခန်းထဲတွင်အတူတူအိပ်စက်ကြလေသည်။ ထိုစဉ်အောက်လမ်းနောင်ကြီးက မမဲတူတို့အိမ်ရှေ့သို့ ရောက်နေပြီဖြစ်သည်။

နောင်ကြီးက မှိုင်းကိုင်စက္ကူသားဖြင့် ရေးသားထားသည့် အင်းချပ်များကိုထုတ်ယူလိုက်လေသည်။ ထိုအင်းချပ်များမှာ တစ်တစ်ဆစ်ခန့်ကျယ်ကာ အရှည်မှာတော့ တစ်တောင်နီးပါးရှည်လျားလေသည်။ နောင်ကြီးကို ထိုကဲ့သို့ အင်းရှည်သုံးချပ်ကိုထုတ်ယူလိုက်ပြီးနောက် မမယ်ဖြူတို့အိမ်ပေါက်ဝတွင် ချလိုက်လေသည်။

ထို့နောက် ပါးစပ်မှ တတွတ်တွတ်ရွတ်ရင်း ထိုအင်းချပ်များကို လက်နှင့်ပုတ်ထည့်လိုက်လေရာ အင်းချပ်များမှာ ချက်ချင်းပင်ဖောင်းကြွကာ အသက်ဝင်လာကြပြီးနောက် မြွေဖြူသုံးကောင်ဖြစ်သွားလေတော့သည်။ နောင်ကြီးက မြွေဖြူများကိုသေချာကြည့်ုလိုက်ရင်း

“ဟောဒီအိမ်ထဲက ကြာသပတေးသမီး မမယ်ဖြူသေအောင် မင်းတို့ပေါက်သတ်ကြတော့”

နောင်ကြီးက အောက်လမ်းနည်းဖြင့် တိုက်မြွေများကိုလွှတ်လိုက်ခြင်းဖြစ်သည်။ တိုက်မြွေသုံးကောင်မှာ ပိတ်ထားသည့်တံခါးရွက်အောက်ကြား ဟနေသည့်နေရာမှ အိမ်အတွင်းသို့ တိုးဝင်သွားကြသည်။ မြွေဖြူသုံးကောင်မှာ ကြမ်းပြင်အတိုင်း လျှောတိုက်လာကြရင်း မမယ်ဖြူအိပ်နေသည့် အိပ်ခန်းအတွင်းသို့ဝင်လိုက်သည်။ မမဲတူက မြွေသုံးကောင်ကိုမြင်သဖြင့် နံရံဘက်သို့ပြေးဆုတ်လိုက်လေသည်။ မမယ်ဖြူမှာတော့ မြွေများတက်လာသည်ကိုမသိပေ၊ မြွေသုံးကောင်က မမယ်ဖြူအနီးတွင်ဝိုင်းလိုက်ကာ တစ်ကောင်မှာ မမယ်ဖြူ၏ ညာဘက်လက်ကောက်ဝတ်ကိုလည်းကောင်း၊ နောက်တစ်ကောင်မှာ ဘယ်ဘက်လက်ကောက်ဝတ်ကိုလည်းကောင်း အသီးသီးပေါက်ချလိုက်လေသည်။ နောက်ဆုံးကျန်သည့် မြွေဖြူတစ်ကောင်မှာ မမယ်ဖြူ၏ ငယ်ထိပ်ဆီသို့ ဦးတည်သွားကာ ငယ်ထိပ်တည့်တည့်အားပေါက်ချလိုက်သည်။

“နောင်ကြီးက တိုက်မြွေတွေလွှတ်လိုက်တာပဲ၊ သေစမ်းအမ၊ နင်သေစမ်း”

မမယ်ဖြူကြည့်နေသည့်အချိန်မှာပင် မြွေများမှာတဆတ်ဆတ်တုန်ခါလာလေသည်။ ထို့နောက် လက်ကောက်ဝတ်ရှိမြွေနှစ်ကောင်မှာ မှိုင်းကိုင်စက္ကူများအဖြစ်ပြောင်းလဲသွားလေသည်။ ငယ်ထိပ်မှမြွေမှာတော့ မှိုင်းကိုင်စက္ကူအဖြစ်ပင် မပြောင်းလဲတော့ဘဲ တစ်ချီတည်းနှင့် မီးဟုန်းဟုန်းတောက်လောင်ကာ ပြာကျသွားတော့သည်။ မမဲတူမှာ မျက်လုံးပြူးနေချေပြီ၊ အိမ်ရှေ့သို့ပြေးထွက်လာသည့်အခါ အိမ်ပေါက်ဝတွင် နောင်ကြီးနှင့်ဆုံလေသည်။ နောင်ကြီးက ခပ်ပြုံးပြုံးနှင့်

“ဘယ်လိုလဲ မဲတူ၊ နင့်အမသေပြီမဟုတ်လား”

“သေပါ့မလားရှင်၊ ကျုပ်အမမသေဘဲ ရှင့်မြွေသုံးကောင်ပြာြဖ်သွားတာပဲ”

နောင်ကြီးမှာ တအံ့တသြနှင့်

“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ၊ ဒီတိုက်မြွေတွေက နှယ်နှယ်ရရတိုက်မြွေတွေမှမဟုတ်တာ”

“အို ရှင်ကိုယ်တိုင်သာ လာကြည့်လိုက်စမ်းပါ”

နောင်ကြီးမှာ အိပ်ခန်းထဲသို့ ဝင်လိုက်သည့်အခါ မမယ်ဖြူနံဘေးတွင် မီးလောင်ပြာကျနေသည့် အင်းသုံးချပ်အားတွေ့လိုက်ရလေသည်။

“တိုက်မြွေတောင် မနိုင်ဘူးဆိုတော့ နောက်တစ်နည်း စမ်းသပ်ကြည့်မယ်ဟေ့”

နောင်ကြီးမှာ မမဲတူထံမှ ကတ်ကြေးတစ်လက်တောင်းလိုက်လေသည်။ ထို့နောက် သူ့ကိုယ်မှ ချည်လုံးအနီတစ်လုံးကိုဆွဲထုတ်လိုက်ကာ မမယ်ဖြူ၏ ခြေဖျားမှစတင်၍ ဦးခေါင်းထိပ်ဆံဖြားအထိ တိုင်းတာလိုက်သည်။ ထိုနည်းအတိုင်း မမယ်ဖြူ၏ခုနစ်ထပ် ခုနစ်ပြန်တိတိတိုင်းတာပြီးသည့်နောက် ထိုအပ်ချည်ဖြင့် ကြိုးတစ်ကွင်းကိုပြုလုပ်လိုက်သည်။

“ဒီနည်းကတော့ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တဲ့နည်းပဲကွ၊ ဒီနည်းနဲ့သတ်လို့ မသေတဲ့လူဆိုတာ မရှိသေးဘူး”

ထိုအပ်ချည်ကွင်းကို မမယ်ဖြူ၏ ရင်ဘတ်အပေါ်သို့တင်ပေးလိုက်လေသည်။ ကြိုးကွင်းမှာ သူ့အလိုလိုပင် လျှောကျသွားကာ ဆွဲကြိုးတစ်ကုံးသဖွယ် မမယ်ဖြူ၏လည်ပင်းတွင် ချည်နှောင်သွားလေသည်။ ထိုမှတဆင့်ကြိုးမှာ တရစ်ချင်း တရစ်ချင်း သေးငယ်သွားကာ လည်ပင်းအားရစ်ပတ်သွားတော့သည်။

နောင်ကြီးနှင့် မမဲတူမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေစဉ်မှာပင် ထိုကြိုးက တဖြောင်းဖြောင်းနှင့် ပြတ်ထွက်သွားပြန်သည်။ မမဲတူက နောင်ကြီးကိုကြည့်ုလိုက်ရင်း

“ဘာတဲ့ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တယ်တဲ့လား၊ အခုတော့ ဒီနည်းနဲ့မသေတဲ့လူရှိနေပြီမဟုတ်လား”

နောင်ကြီးမှာလည်း ကိုယ့်မျက်လုံးပင် ကိုယ်မယုံနိုင်ပေ၊ သို့နှင့်

“နောက်ဆုံးနည်းတစ်ခုတော့ ကြိုးစားကြည့်ရမယ်ဟေ့”

ပြောပြောဆိုဆိုနှင့် နောင်ကြီးမှာ တစ်ပေပတ်လည်ခန့်ရှိသည့် အင်းချပ်ကြီးများကိုဆွဲထုတ်လိုက်သည်။ ထိုအင်းချပ်ကြီးများတွင် အင်းများရေးဆွဲထားသကဲ့သို့ အလွန်ကြောက်စရာကောင်းသည့် ဘီလူးရုပ်၊ နတ်ရုပ်များကိုလည်း ရေးဆွဲထားပြန်သည်။ နောင်ကြီးက ထိုအင်းချပ်ကြီးများကို မမဲတူ၏ဝမ်းဗိုက်ပေါ်တွင် တင်လွှားလိုက်ပြီး

“ဒီနည်းလမ်းကတော့ ငါတတ်သမျှနည်းတွေထဲမှာ အကြမ်းဆုံးနဲ့ အစွမ်းအထက်ဆုံးနည်းလမ်းပဲ”

“ပြောပါအုံး ဘယ်လိုစွမ်းတာလဲ”

“ဟောဒီအင်းကို နတ်ကြီးလေးပါး ခေါင်းတလားအင်းလို့ခေါ်တယ်ကွ၊ အရှေ့အရပ်က နတ်ရဲ၊ အနောက်အရပ်က ကဝေမ၊ မြောက်အရပ်က ဘီလူး၊ တောင်အရပ်က ဂဠုန် ဒီနတ်မင်းကြီးလေးကောင်ကို ဟောဒီလူသားကို သုံးဆောင်ဖို့အတွက် ယဇ်ပူဇော် ပသတဲ့နည်းပဲကွ”

ပြောဆိုပြီးနောက် နောင်ကြီးမှာ သူ့လက်ဖမိုးကို အလွန်သေးငယ်သည့် ဓါးကလေးတစ်ချောင်းဖြင့် ဖြတ်တောက်လိုက်ပြီးနောက် ထွက်လာသည့်သွေးစက်များကို အင်းကွက်များအပေါ်သို့ တစ်စက်တစ်စက်နှင့် လောင်းချရင်း နတ်ဆိုးကြီးများကိုဖိတ်ခေါ်လေသည်။

“အို အသင်နတ်မင်းအပေါင်းတို့ ကျွနုပ်ဆီကိုလာကြလော့၊ အသင်တို့အတွက် အလွန်အရသာရှိသည့် လူသားယဇ်ကောင်ကို ဆက်သပူဇော်ပါသည်။ နတ်မင်းလေးယောက်က ထိုလူကိုလေးစိတ်ပိုင်းပြီး စားသောက်သုံးဆောင်ကြပါ”

နောင်ကြီးပြောဆိုပြီးသည်နှင့် အရှေ့အရပ်တွင်ကပ်ထားသည့် နတ်ရဲအင်းမှာ အလင်းရောင်များထွက်လာလေသည်။ အင်းရေးဆွဲထားသည့် မှင်များမှာ ရွှေရောင်များတဖိတ်ဖိတ်တောက်လာသည်ကိုတွေ့ရသည်။

“ဟာ နတ်မင်းကြီးတွေ လာပြီဟေ့”

အင်းလေးကွက်စလုံး လင်းထိန်သွားကြပြီးသည့်အခါ မမယ်ဖြူ၏ဗိုက်ကြီးမှာ လင်းလက်လာပြန်သည်။ မမယ်ဖြူ၏ဗိုက်အတွင်းမှ အလင်းရောင်များထွက်နေသဖြင့် အတွင်းမှ သန္ဓေသားငယ်ကလေးကို ထင်ရှားစွာမြင်တွေ့နေရလေသည်။

မမယ်ဖြူဗိုက်လင်းလာသည်နှင့် အင်းချပ်ကြီးများမှ အလင်းရောင်များပျောက်ကွယ်သွားကာ အင်းကွက်များအကုန်လုံး မီးဟုန်းဟုန်းတောက်လောင်ကာ ပြာဖြစ်သွားလေသည်။ နောင်ကြီးမှာ ထိုအဖြစ်ကိုကြည့်ရင်း အရူးကြီးတစ်ယောက်ပမာ ညည်းညူနေလေတော့သည်။ မမဲတူမှာလည်း အောက်လမ်းတွင်အတော်တတ်မြောက်သည့် နောင်ကြီးပင် အမဖြစ်သူအား မနှိမ်နင်းနိုင်သည့်အတွက် စိတ်ထိခိုက်နေမိသည်။

“ဒီမယ်နောင်ကြီး၊ အခုတော့ဘာဆက်လုပ်ကြမလဲ ရှင့်ရဲ့ အောက်လမ်းနည်းတွေအကုန် ကုန်ပြီမဟုတ်လား”

နောင်ကြီးက ခေါင်းခါလိုက်ကာ

“မဟုတ်ဘူး၊ တစ်ခုကျန်သေးတယ်၊ အဲဒီတစ်ခုကတော့ အစွမ်းဆုံးပဲ”

“ရှင့်အစွမ်းဆုံးတွေကလည်း မကုန်သေးပါလားရှင်”

“စိတ်ချ၊ ဒီတစ်ခါတော့ သူသေရမှာပါ၊ ဒီအစီအရင်ကိုလုပ်ဖို့အတွက် ငါတို့အရင်ဆုံး သုဿန်ကိုသွားဖို့လိုတယ်”

“ဟင် ကျွန်မပါ လိုက်ရမှလား”

“လိုက်ရမှာပေါ့ကွ၊ ဒီအစီအရင်ကို သုဿန်မှာစီရင်ပြီးတော့မှ အိမ်ကိုယူလာပြီး မင်းအမကိုတိုက်ကျွေးမှရမှာကွ”

“ဒါဆိုလည်းပြီးရော အခုပဲသွားကြတာပေါ့”

မမဲတူနှင့် နောင်ကြီးတို့မှာ သုဿန်ဆီသို့ချီတက်ခဲ့ကြသည်။

(၃)

သုဿန်အတွင်းတွင် မှောင်မိုက်နေလေသည်။ မမဲတူမှာ နောင်ကြီးအနောက်သို့လိုက်လာရင်း နောင်ကြီးက မမဲတူအားတစ်နေရာသို့လက်ညှိုးထိုးပြလိုက်သည်။

“ဟောဟိုနားမှာ မင်းကသွားနေ၊ ငါက ဒီအစီအရင်ကို စီရင်မယ်”

မမဲတူမှာနောင်ကြီးညွန်ပြသည့်နေရာသို့ သွားရပ်လိုက်လေသည်။ ထိုအခါ နောင်ကြီးက မီးခွက်တစ်ခုကိုထွန်းလိုက်သည်။ သုဿန်မြေပြင်တွင် လင်းချင်းသွားပြီးနောက် မမဲတူမှာ ငါးမြှောင့်ကြယ်ပုံဆွဲထားသည့် ကြယ်တစ်ခုအတွင်းသို့ ရောက်နေသည်ကိုသတိထားမိလိုက်သည်။ မမဲတူက ခြေကိုကြွရန်လုပ်လိုက်သော်လည်း ခြေက မကြွတော့ပေ၊ မမဲတူက နောင်ကြီးကိုတစ်ချက်ကြည့်လိုက်ပြီးနောက်

“နောင်ကြီး၊ ရှင်ဒါဘာလုပ်တာလဲ”

“ဟား၊ ဟား၊ ဟား မင်းမြင်တဲ့အတိုင်းပဲပေါ့ မဲတူရာ”

“ရှင်ပြောတော့ ကျုပ်အမကိုသတ်ပေးမယ်ဆို”

“ငါကြိုးစားခဲ့ပါတယ်ကွာ၊ ငါအများကြီးကြိုးစားခဲ့ပါတယ်၊ ဒါပေမယ့် မင်းအမကိုငါသတ်လို့မရဘူးကွ၊ ဘာဖြစ်လို့လဲဆိုတော့ ငါက အောက်လမ်းစည်းကို ချိုးဖောက်မိသွားလို့ပဲ”

“ဘယ်လိုချိုးဖောက်မိတာလဲ”

“အောက်လမ်းလောကမှာလည်း စည်းတွေဘောင်တွေရှိတယ်မဲတူ၊ အဲဒီစည်းထဲက စည်းတစ်ခုကတော့ ကိုယ့်အပေါ်ကျေးဇူးရှိတဲ့သူကို အောက်လမ်းနည်းနဲ့ ပြန်မပြုစားရဘူးတဲ့ကွ၊ ပြုစားရင် အောက်လမ်းနည်းက မစွမ်းတတ်တော့ဘူး”

“ကျုပ်အမနဲ့ရှင်နဲ့က ဘာကျေးဇူးတွေရှိနေလို့လဲ”

“ဒီလိုပါ၊ ငါမင်းအမကိုသတ်ဖို့ ဖက်လိပ်ရွာထဲကို ထွက်စနည်းနာတော့ မင်းအမမှန်းမသိဘဲ သူကျွေးတဲ့မုန့်ကိုစားခဲ့မိတယ်၊ တစ်လုပ်စားဖူးသူ့ကျေးဇူးဆိုသလို သူ့ရဲ့ကျေးဇူးတရားက ငါ့အပေါ်မှာရှိခဲ့တယ်၊ ဒါကြောင့် ငါ့ရဲ့အောက်လမ်းနည်းက အစွမ်းမထက်တော့တာပဲကွ”

“အဲဒါထားပါတော့ အခုရှင်က ဘာလုပ်တာလဲ”

“ငါလုပ်တိုင်းမဖြစ်တော့ အခုမရရတဲ့နည်းနဲ့ လုပ်ရတော့မှာပေါ့ကွာ၊ ငါဟာ တစ်ချိန်တုန်းက မင်းလိုစုန်းတစ်ယောက်ပဲကွ၊ ဒါပေမယ့် တခြားစုန်းတစ်ယောက်နဲ့ ပညာပြိုင်ရင်း ရှုံးနိမ့်ခဲ့တယ်၊ အဲဒီစုန်းက ငါ့ကိုအခုလိုအနူဖြစ်အောင်လုပ်လိုက်လို့ ငါနူနာစွဲနေခဲ့တာပဲကွ၊ ဒါပေမယ့် ငါအရှုံးမပေးဘူး၊ ဒီနူနာကို ငါ့နည်းငါ့ဟန်နဲ့ပျောက်အောင် ကုသမယ်ဆိုပြီး ငါက အောက်လမ်းပညာကိုလေ့လာလိုက်စားခဲ့တာပဲ”

မမဲတူမှာ ဒေါသထွက်သွားလျက်

“ရှင်ဘာတွေကြောင်နေတာလဲ၊ ကျွန်မကစုန်းနော်၊ ရှင့်ကိုပြုစားလိုက်လို့ ရှင်အနူဘဝထက် ဆိုးတဲ့ဘဝရောက်သွားမယ်၊ ဘာမှတ်သလဲ”

နောင်ကြီးမှာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး

“လုပ်လေကွာ၊ လုပ်ကြည့်လိုက်စမ်းပါကွ၊ မင်းရဲ့စုန်းပညာရပ်တွေကို ထုတ်သုံးလိုက်စမ်းပါ”

မမဲတူက နောင်ကြီးအားလက်ညှိုးထိုးကာ မန္တန်တစ်ခုကိုရွတ်ဖတ်လိုက်လေသည်။ သို့သော် နောင်ကြီးမှာ ဘာမှမဖြစ်သည့်အပြင် အရယ်အပြုံးပင် မပျက်ပေ၊ မမဲတူမှာ အလွန်ထူးဆန်းသွားသည်။

“ဟင်၊ ငါ့အစွမ်းတွေ၊ င့ါပညာတွေ သုံးလို့မရတော့ပါလား”

“ဟား၊ ဟား မဲတူ၊ မဲတူ နင့်ကိုနင်တတ်လှပြီလို့ထင်နေတာကိုးဟ၊ နင်တက်နင်းထားတာက ကြယ်ပုံပါကွ၊ ကြယ်တောင်မှ စုန်းချွေကြယ်လို့ခေါ်တယ်၊ ဒီအစီအရင်က စုန်းတွေကိုဖမ်းတဲ့နည်းလမ်းတစ်ခုပဲ”

“ရှင် ကျုပ်ကိုဖမ်းပြီးဘာလုပ်မလို့လဲ”

“မင်းလိုရုပ်ဆိုးတဲ့လူကို ငါကဘာကြောင့်အလိုရှိနေသလဲဆိုတာ မင်းမသိဘူးလားကွ၊ နူနာကုတဲ့အစီအရင်မှာ အကျည်းတန်တဲ့လူ ခုနစ်ယောက်ရဲ့ မျက်နှာခုနစ်ခုပါရတယ်ကွ”

ပြောပြောဆိုဆိုနှင့် နောင်ကြီးက လူခေါင်းပြတ်ကြီးခြောက်ခုကိုထုတ်လိုက်လေသည်။ ထိုလူခေါင်းပြတ်များမှာ ဖက်လိပ်ရွာမှ သေဆုံးသွားကြသည့် ရွာသားများ၏ ဦးခေါင်းများဖြစ်နေလေသည်။

“ဟင်၊ ဒါရွာထဲက လူတွေရဲ့ခေါင်းတွေမဟုတ်လား”

“ဟုတ်တယ်ကွ၊ ငါဒီကိုရောက်လာရတာကလည်း ဒီအကြောင်းပဲ၊ ဖက်လိပ်ရွာက အကျည်းတန်တဲ့လူတွေကို ငါလိုက်သတ်နေခဲ့တာ ခုနစ်လရှိပြီ၊ အခုနောက်ဆုံးတော့မင်းပဲကျန်တော့တယ်၊ မင်းရဲ့ခေါင်းကိုရရင် ဒီနူနာရောဂါကို ပျောက်ကင်းအောင် ငါလုပ်နိုင်ပြီကွ”

မမဲတူမှာ ကြောက်ရွံ့သွားပြီး

“မလုပ်ပါနဲ့ရှင်၊ ကျွန်မတောင်းပန်ပါတယ်”

“မင်းတောင်းပန်ရုံနဲ့ ငါကလွှတ်ပေးရမှာလားကွ၊ ငါခုနစ်နှစ်လုံးလုံး အနူကြီးဖြစ်ခဲ့တာ မနက်ဖြန်ဆိုရင်တော့ ငါလူကောင်းပကတိ ပြန်ဖြစ်ပြီကွ”

နောင်ကြီးမှာ အကျည်းတန်သည့် လူခေါင်းတစ်ခု၏ နဖူးအား အင်းတစ်ချပ်ကပ်လိုက်ပြီးနောက် မန်းမှုတ်လိုက်လေသည်။ ပြီးနောက် ထိုအင်းပြားကို ပါးစပ်အတွင်းသို့ထည့်၍ ကိုက်ဝါးကာ မြိုချလိုက်သည်။ အင်းချပ်မြိုကျသွားသည်နှင့် နောင်ကြီး၏ တိုပြတ်နေသည့်လက်ချောင်းများမှာ အကောင်းပကတိအတိုင်းပြန်ဖြစ်သွားသလို ခြေတိုခြေပြတ်ကလေးများမှာလည်း ပြန်လည်ရှည်ထွက်လာလေသည်။ နောင်ကြီးက ထိုအဖြစ်ကိုကြည့်ကာ အားရနေမိသည်။

“ကိုင်း နေမထွက်ခင် တစ်ဆင့်ချင်းစီရင်ရမယ်၊ နောက်တစ်ယောက်အလှည့်ဟေ့”

နောင်ကြီးက နောက်ထပ်လူခေါင်းကြီးကို အင်းကပ်ကာစီရင်ပြန်သည်။ ထိုအင်းကိုသောက်ချလိုက်သည့်အခါ ဒူးဆစ်တံတောင်ဆစ်များအထိ အသားများပြန်ပြည့်လာကာ ပုံမှန်လူအတိုင်းဖြစ်သွားပြန်သည်။ ထိုနည်းဖြင့် နောင်ကြီးမှာ လူခြောက်ယောက်တိတိကိုလုပ်ကိုင်ပြီးလေရာ နောက်ဆုံးတော့ မမဲတူအလှည့်ဖြစ်လာခဲ့သည်။ နောင်ကြီးတစ်ကိုယ်လုံးမှာလည်း အကောင်းပကတိပြန်ဖြစ်သွားကာ ဦးခေါင်းနှင့်မျက်နှာသာ ကျန်တော့သည်။ နောင်ကြီးက ခေါင်းတွင်အုပ်ထားသည့် ခေါင်းစွပ်ကြီးကိုဖယ်လိုက်သည့်အခါ ဆံပင်ကွက်တိကွက်ကြားပေါက်ကာ ချိုင့်ခွက်များနှင့်ပြည့်နှက်နေသည့် ဦးခေါင်းကိုမြင်လိုက်ရသည်။ တစ်ဖန် မျက်နှာကို ကွယ်ဝှက်ထားသည့် အဝတ်စကိုဖယ်လိုက်ရာတွင်လည်း တိုပြတ်နေသောနှုတ်ခေါင်းနှင့်အတူ ရိရွဲကျနေသည့် မျက်နှာအသားများနှင့် အလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် မျက်နှာကို မမဲတူမြင်တွေ့လိုက်ရပြန်သည်။

နောင်ကြီးက ဓါးတစ်လက်ကိုင်ကာ မမဲတူအနီးသို့ တိုးလာခဲ့လေသည်။ မမဲတူမှာ ကြံရာမရတော့သဖြင့်

“ကယ်ကြပါအုံး၊ ကျွန်မကို ကယ်ကြပါအုံးရှင်”

“ဟား၊ ဟား နင်အော်မနေစမ်းပါနဲ့ အော်နေလို့လည်း ဘာမှမထူးလာဘူး၊ တစ်ရွာလုံးက ကုလားသေကုလားမော အိပ်နေကြပြီဟ”

ထိုစဉ် မီးလုံးကြီးတစ်လုံးမှာ ကောင်းကင်ယံတွင်ပျံဝဲလာလျှက် သုဿန်အတွင်းသို့ ဝင်ရောက်လာလေသည်။ မမဲတူလည်း ဝါကျင့်ကျင့်မီးလုံးကြီးကိုသာ မြင်တွေ့လိုက်ရပြီး မည်သူမည်ဝါမှန်းမသိပေ။ မီးလုံးကြီးက မမဲတူခေါင်းအနီးတွင် ရစ်ဝဲနေလေသည်။ မမဲတူမှာ အကူအညီရလိုရငြားဖြင့် အော်ဟစ်တော့တယ်။

“ကယ်ကြပါ၊ ကယ်ကြပါရှင်”

နောင်ကြီးမှာ မီးလုံးကြီးအားကြည့်လျှက်

“တောက်၊ ဘယ်ကစုန်းလာရှုပ်ပြန်တာလဲဟေ့၊ ကိုယ့်လမ်းကိုယ်သွားနော် မဟုတ်ရင် နောင်ကြီးနဲ့တွေ့မယ်”

မီးလုံးကြီးမှာ မမဲတူဦးခေါင်းအနီးတွင်ပျံသန်းနေခိုက် မမဲတူခြေထောက်အောက်တွင်ရှိသော စုန်းချုပ်ကြယ်ကြီးမှာ လူတစ်ယောက်က လက်နှင့်ဖျက်လိုက်သကဲ့သို့ ပျက်သွားတော့သည်။ မမဲတူက ကြယ်ကြီးအတွင်းမှ အရှေ့သို့ခုန်ထွက်လိုက်ပြီး

“နောင်ကြီး၊ နင်သေရမယ် နင်သေရမယ်ဟေ့”

ထိုသို့အော်ဟစ်လိုက်ပြီး နောင်ကြီးကိုလက်ညှိုးထိုးကာ စက်လက်နက်များပစ်လွှတ်လိုက်လေသည်၊ စိမ်းဖန့်ဖန့်အလင်းရောင်လုံးကလေးများက နောင်ကြီးရင်ဘတ်ထံသို့ တိုးဝင်သွားကြသည်။ သို့သော် နောင်ကြီးက ဘာမှမဖြစ်ဘဲ စက်လက်နက်များသာ မြေပေါ်သို့ကျဆင်းကုန်လေသည်။

“ဟား၊ ဟား စုန်းမိုက်၊ နင်ငါ့ကိုသတ်လို့ရမယ်တဲ့လား”

နောင်ကြီးက ပြောဆိုရင်း သူဝတ်ဆင်ထားသည့် ခြုံထည်ကြီးကို ချွတ်ချလိုက်သည့်အခါ နောင်ကြီးကိုယ်လုံးတွင် အကျီလက်ပြတ်ကလေးတစ်ထည်ကိုဝတ်ဆင်ထားသည်။ ထိုအင်္ကျီလက်ပြတ်တစ်ခုလုံးတွင် အင်းကွက်များ၊ စမရုပ်များ အပြည့်ရေးသားထားသည်ကိုတွေ့ရသည်။

“ဟောဒါကို ကိုယ်လုံအင်္ကျီလို့ခေါ်တယ်ဟ၊ နင်တို့စုန်းတွေ ငါ့ကိုဘယ်တော့မှ တိုက်ခိုက်လို့မရစေရဘူးဟေ့”

မမဲတူက အမျိုးမျိုးကြိုးစားတိုက်ခိုက်သော်လည်း နောင်ကြီးမှာ ဘာမှမဖြစ်ပေ၊ နောက်ဆုံးတော့ မမဲတူမှာလက်လျော့လိုက်ရသည်။ ထိုစဉ်မီးလုံးကြီးက နောင်ကြီးထံသို့ပျံသန်းလာကာ နောင်ကြီး၏ ဦးခေါင်းထက်တွင် ရပ်နားလိုက်လေသည်။ နောင်ကြီးမှာ မီးလုံးကြီးကိုမော့ကြည့်နေချိန်တွင် သူ့ကိုယ်တွင်ဝတ်ဆင်ထားသည့် ကိုယ်လုံအင်္ကျီမှာ တစ်စစီစုတ်ပြဲထွက်ကာ အပိုင်းပိုင်းအစစဖြစ်သွားတော့သည်။ နောင်ကြီးမှာ ကြောက်လန့်တကြားနှင့်ဟစ်အော်ကာ သုဿန်အတွင်းမှ ထွက်ပြေးရန်ပြင်ဆင်လေသည်။ ထိုအခါ မီးလုံးကြီးက အပြာရောင်မီးတန်းတစ်ခုနှင့် နောင်ကြီးအားပစ်ခတ်လိုက်လေရော နောင်ကြီးမှာ ပြေးလွှားနေရင်းဖြင့်ပင် အသွေးအသားများခမ်းခြောက်ကာ ပြာအတိဖြစ်သွားတော့သည်။ နောင်ကြီးကိုယ်မှထွက်ပေါ်လာသည့် ပြာမှုန်ကလေးများမှာ မြူမှုန်များသဖွယ် လေပေါ်တွင်ဝဲပျံနေလျှက်ရှိသည်။

မမဲတူကြည့်နေခိုက်ပင် မီးလုံးကြီးက မိုးပေါ်သို့ ရွှီးခနဲပျံတက်သွားလေသည်။

“ထူးဆန်းလိုက်တာ၊ ဘယ်သူကများ ငါ့ကိုလာကယ်တာပါလိမ့်”

မမဲတူမှာ ဘေးပတ်ဝန်းကျင်သို့တစ်ချက်ကြည့်လိုက်ပြီးနောက် ကြောက်ကြောက်နှင့် အိမ်သို့ပြန်လာခဲ့သည်။