စာစဉ်(၈)

(၁)

မမဲတူမှာ မိမိအားကယ်တင်ခဲ့သည့် မီးလုံးကြီးအကြောင်းကိုတွေးနေမိလေသည်။ ထိုအခိုက်သူ့အနောက်မှ အသံတစ်ခုကိုကြားရသည်။ မမဲတူလှည့်ကြည့်လိုက်လေရာ မမဲတူ၏ ကိုယ်အစောင့်အကြပ်ဖြစ်နေလေသည်။

“ရှင့်ကိုမတွေ့တာတောင် ကြာပေါ့ရှင်”

“ဟုတ်တယ်၊ ငါမင်းကိုပြောစရာတစ်ခုရှိလို့လာတာ”

“ဘာများပါလိမ့်”

“မင်းကိုကယ်လိုက်တဲ့လူက တခြားလူမဟုတ်ဘူး၊ မင်းအမရဲ့ဗိုက်ထဲက မင်းရဲ့တူမ ကလေးလေးပဲကွ”

မမဲတူမှာ မျက်လုံးပြူးသွားကာ

“ကလေးက ကယ်နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ပြီးတော့ မွေးလည်းမမွေးသေးဘူးနော်”

“ဟုတ်တယ်၊ ဒီကလေးက ဝမ်းတွင်းပါကလေးပဲ”

” မဟုတ်ဘူးနော်၊ ကျွန်မကြားဖူးတဲ့ ဝမ်းတွင်းပါဆိုတာကတော့ အမိဝမ်းထဲကထွက်ပြီး အသက်ငါးနှစ်ကျော်မှသာ စုန်းအစွမ်းတွေသိသတဲ့၊ အသက်ဆယ်နှစ်ကျော်မှသာ စုန်းပညာရင့်လာပြီး အသက်ဆယ့်ခြောက်နှစ်မှ စုန်းမလုံးလုံးဖြစ်တယ်မဟုတ်ဘူးလား”

“ဟုတ်တယ်၊ ဒါပေမယ့် ဒီကလေးက ထူးဆန်းနေတယ်၊ ဝမ်းတွင်းပါတွေထဲမှာမှ သာမန်ဝမ်းတွင်းပါတွေနဲ့မတူဘဲ မမွေးခင်သန္ဓေသားအဆင့်ကတည်းက ပညာတွေကိုအသုံးပြုလို့ရတယ်၊ ခုနက အောက်လမ်းနောင်ကြီးရဲ့ အင်းတွေချထားတဲ့ ကိုယ်လုံအင်္ကျီကိုတောင် တစ်စစီလုပ်ပစ်နိုင်တာကိုကြည့်ရင် သူ့ရဲ့အဆင့်က အလွန်မြင့်မားတယ်ဆိုတာ သိနိုင်တယ်”

“ပေါက်တတ်ကရတွေလာပြောမနေပါနဲ့ရှင်၊ ကျွန်မကတော့ ရှင့်စကားကိုမယုံဘူး”

“ယုံတာ မယုံတာ မင်းရဲ့အပိုင်းပဲ၊ ငါက ပြောစရာရှိလို့ ပြောရတာ”

“ရှင့်ဖာသာနေစမ်းပါ၊ ဒါပေမယ့် ရှင့်ကိုကျွန်မခိုင်းစရာတစ်ခုရှိတယ်”

“ဘာခိုင်းမလို့လဲ”

“ကျွန်မ အမကို မှော်နည်း၊ စုန်းနည်း၊ အောက်လမ်းနည်းတွေနဲ့ သတ်တာ ဘယ်လိုမှသတ်မရဘူးဆိုပေမယ့် သူလည်း သွေးသားနဲ့တည်ဆောက်ထားတဲ့လူမဟုတ်လားရှင့်၊ ကိုယ်ဝန်သည်က ချော်လဲတာတို့၊ ပြင်းပြင်းထန်ထန် ထိခိုက်တာတို့ဆိုရင် သားလျှောတာ ဓမ္မတာပဲမဟုတ်လား”

“မင်းက တော်တော်စိတ်ကောင်းမရှိတဲ့လူပဲ၊ ဒါကြောင့် မင်းစုန်းဖြစ်တာ”

“အပိုတွေမပြောနဲ့၊ ဒီတော့ ကျွန်မအမ ဒုက္ခရောက်အောင် ကျွန်မကြံမယ်၊ ရှင်ကျွန်မကို ကူညီမှရမယ်”

“ငါမကူညီချင်ဘူးမဲတူ”

မမဲတူမှာ အစောင့်အရှောက်ကို မျက်စောင်းထိုးပြီး

“ဘာလဲ စုန်းမှာကပ်နေရတဲ့ အစောင့်အရှောက်က သခင်ဖြစ်တဲ့စုန်းရဲ့စကားကို အာခံချင်တာလား၊ ရှင့်ကို ကျွန်မဘယ်လိုအပြစ်ပေးလို့ရတယ်ဆိုတာ ရှင်မသိဘူးလား”

အစောင့်အရှောက်မှာ မျက်နှာငိုင်ကျသွားသည်။

“ရှင် ဘာမှလုပ်စရာမလိုပါဘူး၊ ကျွန်မပြောတဲ့အတိုင်းသာလုပ်၊ အားလုံးအဆင်ပြေစေရမယ်”

မမဲတူက ပြောဆိုပြီးနောက် တဟင်းဟင်းနှင့် အားရအောင်ရယ်နေလေသည်။ မမဲတူ၏ စုန်းအစောင့်အရှောက်မှာလည်း လေထဲတွင်မှုန်ဝါးကာ ပျောက်ကွယ်သွားတော့သည်။

မမဲတူမှာ အိမ်သို့ပြန်လာရင်း ဟန်မပျက်နေလေသည်။ မနက်ခင်းရောက်သည့်အခါ မမဲတူက ရွာထဲထွက်ကာ မမယ်ဖြူကြိုက်နှစ်သက်သည့် ခံပန်းများကိုဝယ်ယူလာကာ အိမ်သို့ပြန်လာခဲ့သည်။ မမဲတူတို့အိမ်မှာ ခြေတံရှည်သစ်သားအိမ်ကြီးဖြစ်သဖြင့် အိမ်မှာ လူတစ်ရပ်မရှိတရှိမြင့်လေသည်။ အိမ်ပေါ်တက်သည့်အခါတွင်လည်း လှေကားငါးထစ်ခန့် တက်ရသည်။ မမဲတူက အိမ်ရှေ့တွင်ရပ်တန့်လိုက်ပြီးနောက် အိမ်ကိုတစ်ချက်ကြည့်လိုက်ကာ

“ဟဲ့၊ အစောင့်၊ ငါ ငါ့အမကိုခေါ်လိုက်မယ်၊ သူလှေကားက ဆင်းတဲ့အခါ နင်က သူ့ကိုအနောက်ကနေတွန်းချဟဲ့”

ထို့နောက် မမဲတူက အိမ်ဘက်သို့ကြည့်ကာ

“အမဖြူ၊ အမဖြူ ဒီကိုလာကြည့်ပါအုံး အမရဲ့”

မမဲတူက ခေါ်လိုက်သည့်အခါ မမယ်ဖြူမှာအိမ်ထဲမှပြေးထွက်လာသည်။

“အမဖြူကြိုက်တဲ့ ခံပန်းလေးတွေဝယ်လာတယ်အမ”

မမယ်ဖြူက အားရဝမ်းသာနှင့် လှေကားမှဆင်းလိုက်သည့်အခါတွင် မမဲတူ၏ အစောင့်အရှောက်မှာ မမယ်ဖြူအနောက်မှပေါ်ပေါက်လာပြီးနောက် မမယ်မဖြူအားတွန်းချလိုက်လေသည်။ မမယ်ဖြူမှာ သတိလက်လွတ်ဖြစ်သွားသည်မို့ လှေကားအတိုင်း ဒလိမ့်ခေါက်ကွေးနှင့်လိမ့်ကျတော့သည်။ လှေကားအောက်ခြေရောက်သည့်အခါ နာကျင်လွန်းသဖြင့် ညည်းညူနေလေသည်။ မမဲတူက မမယ်ဖြူလှေကားမှပြုတ်ကျသည်ကို ပြုံးရင်းကြည့်နေမိသည်။ ခဏကြာမှ သတိရပြီးနောက် မမယ်ဖြူအားပြေးဆွဲလေသည်။

“အမဖြူ၊ ဘယ်လိုဖြစ်တာလဲ အမဖြူရယ်”

“ထူးဆန်းတယ်ညီမရေ၊ အမလှေကားကနေဆင်းမလို့လုပ်တော့ အနောက်က တစ်ယောက်ယောက်က တွန်းချလိုက်သလိုပဲ”

“မဟုတ်တာပဲအမရယ်၊ အမစိတ်များပြီး လှေကားထစ်ကျော်ဆင်းမိလို့နေမှာပါ”

မမဲတူက မမယ်ဖြူကိုတွဲကာ ဆွဲထူလိုက်လေသည်။ မမယ်ဖြူမှာ ကိုယ်တွင်ပေကျံနေသည့် မြေမှုန့်များကိုပွတ်သပ်နေလေရာ မမဲတူက သိချင်လှသဖြင့်

“ဒါနဲ့အမ၊ အမချော်လဲတော့ ဘာဖြစ်သွားသေးလဲ၊ အမဗိုက်ကရော နေလို့ကောင်းရဲ့လား”

“အေး၊ ဘာမှတော့မဖြစ်ဘူးဟ၊ နေရတာလည်း အရင်လိုပါပဲ”

မမယ်ဖြူမှာ ဗိုက်ကိုပွတ်ကြည့်နေပြန်သည်။ လှေကားပေါ်မှ လိမ့်ကျသော်လည်း ကလေးမှာ ဘယ်လိုမှမနေပေ။

“တော်သေးတာပေါ့၊ နောက်ဆိုရင် ငါအသွားအလာ သတိထားမှဖြစ်မယ်”

မမဲတူမှာတော့ အံကိုကြိတ်လျှက် မကျေမနပ်ဖြစ်နေမိသည်။

(၂)

နေ့လည်ရောက်သည့်အခါ ကြီးဒေါ်ရှင်တစ်ယောက် အိမ်သို့အပြေးဝင်လာလေသည်။ မမယ်ဖြူက ကြီးဒေါ်ရှင်ကိုတွေ့သည့်အခါ

“ကြီးဒေါ်၊ မျက်နှာကြည့်ရတာလည်း ခပ်ပြုံးပြုံးနဲ့ပါလား၊ ဘာဖြစ်လို့လဲ”

“ဘာဖြစ်ရမလဲအေ၊ ဆီမီးခုံရွာဘက်မှာ ဘုန်းကြီးပျံလို့ ပွဲခင်းနေတယ်တဲ့တော်၊ လောင်တိုက်ဆိုရင် ဆင်ဖြူရုပ်ကြီးလုပ်ထားတာ နည်းတာကြီးမဟုတ်ဘူးအေ့”

ဘုန်းကြီးပျံပွဲဆိုသဖြင့် မမယ်ဖြူတစ်ယောက် ပျော်ရွှင်သွားမိသည်။

“ဘုန်းကြီးပျံဆိုတော့ ဇာတ်တွေပွဲတွေလည်း ပါမှာပေါ့နော်”

“ပါတာပေါ့ မယ်ဖြူရယ်၊ မြေဝိုင်းဇာတ်တစ်ခုသွင်းတယ်၊ အငြိမ့်လဲပါတယ်လို့ပြောကြတယ်၊ ဒီနေ့တောင် အမြင့်စင်ဆောက်နေတယ်တဲ့၊ ညပိုင်းလောက်တော့ ရုပ်သေးပွဲသွင်းမလားပဲ”

“ကြီးဒေါ်ရှင်က အဲဒီကိုသွားမလို့လား”

“ဒါပေါ့အေ့၊ ဘေးခြံက ထွန်းမောင်တို့လှည်းနဲ့လိုက်သွားမလို့၊ ညည်းတို့ညီအမနှစ်ယောက် အိမ်မှာနေခဲ့နော်”

“ကြီးဒေါ်ရှင်ရယ် ဘုန်းကြီးပျံပွဲဆိုတော့ သမီးလည်းလိုက်ချင်တယ်”

ကြီးဒေါ်ရှင်က မျက်မှောင်ကြုတ်လိုက်ကာ

“ဟဲ့၊ ဆီမီးခုံရွာက နည်းနည်းလှမ်းတယ်နော်၊ ပြီးတော့ လှည်းနဲ့သွားမှာ၊ ညည်းက ကိုယ်ဝန်ကြီးနဲ့ဆိုတော့ လိုက်လို့ဖြစ်ပါ့မလား”

“ကိုထွန်းမောင်ကို လှည်းကိုခပ်သာသာမောင်းခိုင်းတာပေါ့ ကြီးဒေါ်ရဲ့၊ သမီးလည်းလိုက်ချင်လို့ပါ၊ ဘုန်းကြီးပျံဆိုတာကလည်း တစ်နှစ်တစ်ခါဖြစ်တာတောင်မဟုတ်ဘူးမလား”

မမယ်ဖြူပြောလည်း ပြောချင်စရာပင်၊ ခေတ်ကာလအခြေအနေမကောင်းသည်မို့ ပွဲလမ်းသဘင်ကိစ္စရပ်များ သိပ်မလုပ်ကြသည်မှာ ကြာပြီဖြစ်သည်။ ဘုန်းကြီးပျံပွဲမို့ မလုပ်မဖြစ်လုပ်ကြရ၍သာ ပွဲခင်းကြခြင်းဖြစ်သည်။ ကျေးလက်တောရွာများမို့ ဘုရားပွဲ၊ ဇာတ်ပွဲဆိုသည်မှာလည်း ရှားလှပေရာမမယ်ဖြူ ကြည့်ချင်သည်မှာ အဆန်းမဟုတ်ပေ၊ ဖက်လိပ်ရွာတစ်ရွာလုံးပင် ဆီမီးခုံဘက်သို့ ကလေးအစခွေးအဆုံး သွားနေကြပြီဖြစ်သည်။

“အေးပါအေ၊ ညည်းလိုက်ချင်တယ်ဆိုရင်လည်း လိုက်ခဲ့ပေါ့၊ မဲတူကိုပါခေါ်အေ့၊ သွားမယ့်သွားတော့ တို့တွေအတူတူသွားကြတာပေါ့”

မမယ်ဖြူမှာ ပျော်ရွှင်သွားလေသည်။ မမဲတူကတော့ ပွဲကြည့်ရမည်ဆိုသော်လည်း မပျော်မရွှင်နိုင်ပေ၊ မမယ်ဖြူအား မည်သို့အကောက်ကြံရမလဲဟူ၍သာ အမြဲတွေးတောရင်း စိတ်လေးနေမိသည်။

ခြေရင်းအိမ်မှ ကိုထွန်းမောင်က လှည်းကိုပြင်ဆင်ပြီး ခြံဝိုင်းအတွင်းသို့ မောင်းသွင်းလာခဲ့သည်။ ကြီးဒေါ်ရှင်နှင့် မမဲတူတို့မှာ အိမ်ပေါ်မှဆင်းသွားကြသည်။ မမယ်ဖြူလည်း သူ့ထံတွင်ရှိသည့် လက်ဝတ်လက်စားတစ်ချို့ကို ကြီးဒေါ်ရှင်တို့မသိအောင် ခိုးဝှက်ယူလာခဲ့ပြီး ပွဲခင်းအတွင်းရောက်မှ ထုခွဲရောင်းချရန် အကြံအစည်ရှိသည်။

“မယ်ဖြူရေ၊ မြန်မြန်လာဟ၊ တို့နေမဝင်ခင် ရောက်မှဖြစ်မှာ”

“လာပါပြီကြီးဒေါ်ရှင်ရယ် လိုအပ်တာလေးတွေ ယူနေလို့ပါ”

မမယ်ဖြူက ခြုံပုဝါတစ်ထည်ကို ခေါင်းတွင်ခြုံလိုက်ပြီးနောက် လှည်းအနောက်တွင်တက်ထိုင်လိုက်သည်။ ကိုထွန်းမောင်က နွားများကိုကြိမ်တို့မည်အလုပ်တွင် ကြီးဒေါ်ရှင်က

“ထွန်းမောင်၊ လှည်းကိုခပ်သာသာမောင်းနော်၊ တို့မှာလည်း သိတဲ့အတိုင်း ကိုယ်ဝန်ဆောင်နှစ်ယောက်နဲ့မဟုတ်လားကွဲ့”

“ဟုတ်ကဲ့ပါဒေါ်ဒေါ်၊ ကျုပ်က ဒီလမ်းတွေကိုသွားနေကျမို့ ဘယ်နားမှာ ချိုင့်ရှိတယ်၊ ဘယ်နားမှ ကုန်းတက်ရှိတယ်ဆိုတာကို နောကျေနေပါပြီ ဒေါ်ဒေါ်ရဲ့၊ စိတ်ချပါ အချိန်ကလည်း စောသေးတာဆိုတော့ ခပ်သာသာလေးမောင်းရင်တောင် ဆီမီးခုံကို ပွဲထွက်အမီရောက်နိုင်ပါတယ် ဒေါ်ဒေါ်”

ကိုထွန်းမောင်က နွားများကိုတစ်ချက်ငေါက်လိုက်ပြီးနောက် လှည်းကိုမောင်းထွက်လာခဲ့သည်။ ခပ်သာသာမောင်းသည်ဆိုသော်လည်း လမ်းကကြမ်းသဖြင့် လှည်းမှာ အနည်းငယ်ဆောင့်လေသည်။ မမဲတူမှာ လှည်းပေါ်တွင် ထိုင်စဉ်းစားလာရင်း လှည်းဆောင့်သည့် ဒဏ်ကိုစဉ်းစားမိသွားသည်။

“လှည်းဆောင့်တယ်၊ လှည်းဆောင့်မယ်၊ ဟုတ်ပြီ၊ လမ်းကြမ်းရင် လှည်းဆောင့်မယ်၊ လှည်းဆောင့်ရင် ဗိုက်ထဲက ကလေးက ထွက်ကျမယ်၊ ဟင်း၊ ဟင်း ဟုတ်သားပဲ”

မမဲတူမှာ ရွာအပြင်တစ်နေရာသို့ရောက်သည့်အခါ

“အား၊ ကိုထွန်းမောင်ရေ၊ ရှေ့နားကျရင် ခဏရပ်ပေးပါအုံးတော်၊ ကျွန်မ အပေါ့သွားချင်လို့”

“မဲတူရာ၊ နင်က လမ်းခရီးဆိုရင်လုပ်ပြီ”

“အို ကြီးဒေါ်ရှင်ကလည်း ကိုယ်ဝန်ဆောင်ဆိုတာ ဆီးမထိန်းနိုင်ဘူးမဟုတ်လားတော့”

“မသိဘူးလေဟယ်။ ငါက ကိုယ်ဝန်မှမဆောင်ဖူးတာ၊ ကဲပါ ထွန်းမောင်ရယ် လှည်းပေါ်ထွက်ကျနေလို့ ဖျာတွေစိုကုန်ပါအုံးမယ်၊ ဟိုအရှေ့ ချုံတန်းကလေးအနားရောက်ရင် ရပ်ပေးလိုက်”

ကိုထွန်းမောင်မှာ လှည်းကိုဆက်လက်မောင်းနှင်လာရင်း တောချုံတန်းကလေးတစ်ခုအနီးအရောက်တွင် လှည်းကိုရပ်တန့်လိုက်လေသည်။ ထိုအခါ မမဲတူက လှည်းပေါ်မှဆင်းလိုက်ကာ

“ကြီးဒေါ်ရှင်ရော လိုက်အုံးမလား”

“အေး၊ ငါလည်း နင်ပြောမှ ဆီးသွားချင်သလိုလိုဖြစ်လာတယ်ဟာ၊ လိုက်မယ်၊ လိုက်မယ်၊ ဒါထက် မယ်ဖြူ နင်ရောလိုက်အုံးမလား”

မမယ်ဖြူက ခေါင်းခါပြသည်။ သို့နှင့်မမဲတူနှင့် ကြီးဒေါ်ရှင်မှာ ချုံတန်းအတွင်းသို့ပြေးဝင်သွားလိုက်သည်။ မမဲတူမှာ ချုံကွယ်မှနေ၍ လှည်းကိုချောင်းကြည့်ရင်း

“ဟဲ့ အစောင့်အရှောက်၊ နင့်ကိုငါခေါ်တယ် နင်ထွက်လာခဲ့”

အစောင့်အရှောက်မှာ တဖြည်းဖြည်းပေါ်လာလေသည်။

“နင်ဒီအချိန် လှည်းနားကိုသွား၊ အဲဒီနွားတွေကို ရိုင်းအောင်လုပ်ပြီး ကွင်းထဲကိုလှည့်ပြေးစမ်းဟေ့”

အစောင့်မှာ ပေကပ်ကပ်လုပ်နေလေသည်။

“အောင်မာ၊ ငါပြောတာကို ပေကပ်ကပ်လုပ်နေသေးတယ်၊ ဒီမှာ နင်ကငါ့ကို မှီခိုပြီးနေရတာကိုမမေ့နဲ့၊ ငါနင့်ကိုမောင်းထုတ်လိုက်ရင် နင်နေစရာမရှိဘဲ လေလွင့်နေတဲ့ အစိမ်းသရဲဖြစ်သွားလိမ့်မယ်ဟဲ့ နားလည်လား”

အစောင့်မှာ လှည်းဆီသို့ပြေးသွားလေသည်။ ကြီးဒေါ်ရှင်က ချုံပုတ်တစ်ခုအတွင်မှ ထမီပြင်ဝတ်ရင်းထွက်လာကာ

“ဟဲ့ မဲတူ၊ နင်ဘယ်သူနဲ့ ဘာတွေပြောနေတာလဲ”

“ဘာမှမဟုတ်ပါဘူးကြီးဒေါ်ရယ်၊ ဟိုလေ ပုရွက်ဆိတ်ကိုက်လို့ ပုရွက်ဆိတ်တွေကို ကျိန်ဆဲနေတာပါ”

နှစ်ယောက်သား ချုံတန်းမှအထွက်တွင် လှည်းဆွဲထားသည့်နွားများမှာ နှာတရှူးရှူးမှုတ်လျှက် ဂနာမငြိမ်ဖြစ်လာကြသည်။ ကိုထွန်းမောင်မှာ နွားများကိုရိုက်နှက်ကြိမ်းမောင်းသော်လည်း နွားများမှာ ငြိမ်ကျမသွားဘဲ ကွင်းပြင်ကြီးအတွင်းသို့ ပြေးထွက်သွားလေသည်။

လယ်ကွင်းပြင်ကြီးအတွင်းဖြတ်ပြေးသည်မို့ မညီညာသည့် ကန်သင်းရိုးများနှင့်တိုက်မိကာ လှည်းမှာအလွန်ခုန်ဆောင့်နေလေတော့သည်။ မမယ်ဖြူမှာ လှည်းပေါ်မှပြုတ်မကျစေရန်အတွက် လှည်းနံဘေးရှိ သစ်သားတိုင်များကို ဆုပ်ကိုင်ထားရသည်။ သို့သော်လည်း မညီညာသည့်မြေအနေအထားကြောင့် မမယ်ဖြူတစ်ယောက်မှာ စကောအတွင်းထှည့်လှိမ့်ခံရသည့် ဆီးဖြူသီးပမာ ခလောက်ဆန်နေတော့သည်။

ကြီးဒေါ်ရှင်မှာ အသံကုန်ဟစ်ကာအော်လျှက် နွားများကိုကြိမ်းမောင်းနေလေသည်။ ကိုထွန်းမောင်မှာလည်း နွားများကို ရိုက်ပုတ်ကာ ထိန်းသိမ်းသော်လည်း မရေပေ၊ မမဲတူကတော့ ဖုန်တထောင်းထောင်းနှင့် ကွင်းအတွင်းလှည့်ပတ်ပြေးနေသည့် နွားလှည်းကိုကြည့်ကာ တဟင်းဟင်းနှင့်ကျေနပ်စွာရယ်နေတော့သည်။

အတန်ကြာသည့်အခါမှ နွားများမှာ ငြိမ်သက်သွားလေသည်။ ကိုထွန်းမောင်မှာလည်း နွားများကိုကြိမ်နှင့်အသားကုန်ရိုက်နှက်တော့သည်။ လှည်းရပ်သွားသည်နှင့် ကြီးဒေါ်ရှင်က လှည်းဆီသို့ပြေးသွားသည်။

“ဟဲ့ မယ်ဖြူ၊ ညည်းအဆင်ပြေရဲ့လား”

မမယ်ဖြူမှာ မချိသွားဖြဲလေးနှင့်

“ဖင်ညှောင့်ရိုးအောင့်တာကလွဲရင် အဆင်ပြေပါတယ် ကြီးဒေါ်”

“ဟယ်၊ ဒီလောက်လှည်းဆောင့်တာ ညည်းကလေးက တစ်ခုခုဖြစ်မသွားဘူးလား၊ သွေးတွေဘာတွေ ဆင်းလာသလားဟဲ့ ကြည့်ပါအုံး”

“ဘာမှမဖြစ်ပါဘူး ကြီးဒေါ်ရယ်၊ သမီးအကုန်ကောင်းပါတယ်”

“ငါတို့ ပွဲဆက်သွားလို့ရောဖြစ်ပါ့မလားအေ့”

မမဲတူမှာထိုတော့မှ မျက်စိပျက်မျက်နှာပျက်နှင့်ပြေးလာကာ

“တော်သေးတာပေါ့ အမဖြူရယ်၊ မသေကောင်းမပျောက်ကောင်းပဲ၊ ကလေးဘာမှမဖြစ်တာ ပဲ ကျေးဇူးတင်ရမယ်”

မမဲတူ လှည်းပေါ်တက်ထိုင်လိုက်သည့်အခါ ကိုထွန်းမောင်က လှည်းကိုမောင်းနှင်လိုက်လေသည်။

“ဟဲ့ထွန်းမောင်၊ နင့်နွားတွေက ဘာဖြစ်တာတုန်း၊ နောက်တစ်ခါထပ်ဖြစ်လို့ကတော့ နင်မလွယ်ဘူးမှတ်”

“ကျုပ်လည်းမသိပါဘူး ကြီးဒေါ်ရှင်ရာ၊ နောက်တစ်ခါတော့ ထပ်မဖြစ်စေရပါဘူး၊ ဒီကောင်တွေလည်း ဒီနားရောက်မှ ဘယ်လိုဖြစ်တယ်မသိပါဘူး”

သူတို့လှည်းကလေးမှာ တရွေ့ရွေ့နှင့် ဆက်လက်မောင်းနှင်လာကြလေသည်။

(၃)

ဆီမီးခုံရွာအပြင် ကွင်းထဲတွင် ဘုန်းကြီးပျံပွဲကျင်းပနေကြသည်။ စက္ကူချိုးသည့်ပညာရပ်ဖြင့် လောင်တိုက်အား ဆင်ဖြူတော်သဏ္ဍာန်ပြုလုပ်ထားပြီး ထိုအပေါ်တွင် ပျံလွန်တော်မူသွားသည့် ဆီမီးခုံရွာဆရာတော်၏ ရုပ်ကလာပ်ကိုတင်ဆောင်ထားလေသည်။ ဆီမီးခုံရွာဆရာတော်မှာ မင်းတုန်းမင်းလက်ထက်ကတည်းက ဘွဲ့တံဆိပ်ရထားသည့် ဆရာတော်ကြီးဖြစ်သည်မို့ အနီးအပါးရွာများအထိ ကျော်ကြားပေရာ လာရောက်ဖူးမျှော်သူ ဒကာ၊ ဒကာမများမှာ အလွန်များပြားလှသည်။

ကွင်းအတွင်း ပွဲဈေးကြီးခင်းထားသည်မှာလည်း ကြက်ပျံမကျစည်ကားလှသည်။ မမယ်ဖြူတို့ညီအမှာ ဘုန်းကြီးပျံအားသွားရောက်ကြည့်ရှုပြီးသည့်နောက် ပွဲခင်းအတွင်းဝင်ရန်ပြင်ဆင်လိုက်သည်။ ထိုအခိုက်မမဲတူက

“အမဖြူရေ၊ ရောက်တုန်းရောက်ခိုက် တောင်ပေါ်ဘုရားတက်ဖူးချင်တယ်၊ တောင်ပေါ်ဘုရားက ဆုတောင်းပြည့်တယ်ဆိုတော့ ညီမမွေးမယ့်သားလေး အန္တရာယ်ကင်းအောင် ဆုတောင်းချင်လို့ပါ”

“အင်း၊ သွားလေညီမ၊ ဒါနဲ့ ကြီးဒေါ်ရှင်ရော လိုက်အုံးမလား”

“အို၊ ငါကအဆစ်မကောင်းဘူး၊ တောင်မတက်နိုင်ဘူးအေ့”

သိုနှင့် မမဲတူနှင့် မမယ်ဖြူတို့မှာ ဆီမီးခုံရွာရှိ တောင်ကုန်းကလေးပေါ်သို့တက်လာခဲ့ကြသည်။ တောင်ကုန်းကလေးမှာ ပေသုံးရာခန့်သာမြင့်ပေသည်။ တောင်ကုန်းထိပ်တွင် ဆုတောင်းပြည့်စေတီတစ်ဆူတည်ထားသည်။ ပွဲခင်းနေသည့်အချိန်ဖြစ်သဖြင့် တောင်တက်လမ်းတွင်လူသူရှင်းနေလေသည်။ အမှန်စင်စစ်အားဖြင့် မမဲတူမှာ ဘုရားဖူးချင်၍မဟုတ်ပေ၊ ထိုတောင်တက်လမ်းထိပ်ပိုင်းတွင် မတ်စောက်လှသည့် ချောက်ကမ်းပါးတစ်ခုရှိသည်။ ထိုချောက်ကမ်းပါးအနီးအရောက်တွင် မမယ်ဖြူအား တောင်ပေါ်မှတွန်းချရန်အတွက် ကြံရွယ်ထားခြင်းဖြစ်သည်။

တောင်တက်လမ်းအတိုင်းတက်လာခဲ့ပြီးနောက် မကြာခင် တစ်ဆစ်ချိုးအကွေ့ကလေးတစ်ခုဆီရောက်လေသည်။ ထိုအကွေ့ကလေးနံဘေးတွင်တော့ ပေတစ်ရာခန့်မြင့်သည့် ချောက်ကမ်းပါးတစ်ခုရှိသည်။ ညီအမနှစ်ယောက် တက်လာကြရင်း ထိုနေရာအရောက်တွင်တော့ မမဲတူက

“အစောင့်ရေ ထွက်လာခဲ့ဟေ့”

မမဲတူအစောင့်က ပေါ်ပေါက်လာပြန်သည်။

“ငါ့အမကို ချောက်ထဲကနေတွန်းချလိုက်တော့”

ထိုအခါ အစောင့်ကအပြေးထွက်သွားကာ မမယ်ဖြူအားအရှိန်ဖြင့်ဝင်တိုက်လိုက်လေသည်။ မမယ်ဖြူမှာ အစောင့်၏ အတိုက်ခံရမှုကြောင့် ဟန်ချက်ပျက်သွားပြီး နံဘေးရှိချောက်ကမ်းပါးအတွင်းသို့ ပြုတ်ကျသွားလေသည်။ မမယ်ဖြူက ပြုတ်အကျတွင် ချောက်ကမ်းဘေးနားတွင်ပေါက်နေသည့် ချုံပင်တစ်ခုကိုဆွဲကိုင်ထားလေရာ အောက်သို့တန်းတန်းမကျဘဲ ရှိနေလေသည်။

“အား၊ ကယ်ပါအုံး ညီမလေး”

မမဲတူက ရယ်မောရင်း တစ်လှမ်းချင်းလျှောက်လာကာ

“ကယ်မယ်အမ၊ အမကို ညီမကယ်မယ်”

ထိုသို့ပြောဆိုပြီး ချုံပင်အားလက်ညှိုးထိုးလိုက်သည့်အခါ ချုံပင်မှာ မြေမှကျွတ်ထွက်သွားကာ မမယ်ဖြူတစ်ယောက် အသံကုန်ဟစ်အော်လျှက် ချောက်ကမ်းပါးအတွင်းသို့ ကျသွားလေတော့သည်။

“ဟား၊ ဟား သေပြီ၊ အခုတော့နင်သေပြီ ဟား ဟား”

မမဲတူရယ်မောနေသည့်အချိန်မှာပင် ချောက်အတွင်းမှ မမယ်ဖြူမှာ မိုးပေါ်ဝဲပျံလျှက် ပြန်တက်လာလေသည်။ မမယ်ဖြူ၏ဆံပင်များမှာ လေပေါ်တွင်ဝဲပျံနေကြသည်။ မမဲတူက ထိုအဖြစ်ကိုကြည့်ပြီး အလွန်အံ့သြသွားသည်။

“ဟင်၊ ဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုဖြစ်လို့မကျသွားတာလဲ”

မမယ်ဖြူ၏မျက်လုံးများမှာ ရွှေရောင်အလင်းရောင်များတိုးထွက်နေလေသည်။

“ဒါတွေအားလုံး နင်လုပ်နေတယ်ဆိုတာ ငါသိပြီးသားပါ၊ ငါကတော့ ငါ့အဒေါ်ဆိုပြီးတော့ သည်းခံနေလိုက်တာ၊ အခုတော့ နင်လုပ်သမျှကို ငါမခံတော့ဘူး၊ နင်ဟာ အကျင့်ပုတ်တဲ့မိန်းမ၊ နင်ဟာ မိန်းမယုတ်ပဲ”

“အောက်လမ်းကောင်ကိုနင်ခေါ်ပြီးလုပ်ခိုင်းတာ ငါသိတယ်၊ နင့်ကို အဲဒီအောက်လမ်းကောင်က ပြန်ဒုက္ခပေးတာကိုတောင် ငါကကယ်တင်ပေးခဲ့ရတယ်၊ ဒါကိုမှ မထောက် နင်ကဆက်ပြီးယုတ်မာရဲသေးတယ်”

မမယ်ဖြူအသံက ကလေးတစ်ယောက်အသံကဲ့သို့ သေးသေးကလေးဖြစ်နေပြန်သည်။ မမဲတူက မမယ်ဖြူကိုလက်ညှိုးထိုးလိုက်ပြီး

“ကောင်းပြီအမ၊ သိသွားမှတော့ ကျွန်မတို့ ဗြောင်ပဲရှင်းရတာပေါ့၊ ကျွန်မက အမကိုမကျေနပ်ဘူး၊ အမသေရမယ်၊ ငယ်ငယ်ကတည်းက အမနဲ့အခိုင်းနှို်င်းခံရတယ်၊ ရုပ်ဆိုးလို့ဆိုပြီး အမြဲအနှိမ်ခံရတယ်၊ အမက ကျွန်မအတွက်တော့ မကောင်းဆိုးဝါးပဲ၊ အမသေရမယ်၊ အမကို ကျွန်မသတ်မယ်”

မမဲတူက အပြာရောင်အလင်းလုံးကလေးများဖြင့် မမယ်ဖြူအားပစ်ခတ်လိုက်လေသည်။ မမယ်ဖြူက ထိုအလင်းလုံးကလေးများကို လက်နှင့်ပုတ်ချလိုက်သည်။ နောက်ဆုံးကျန်သည့်အလင်းလုံးကလေးကိုတော့ လက်ဝါးဖြင့်ပုတ်ကာ မမဲတူထံသို့ ပုတ်ထည့်ပေးလိုက်သည်။ ထိုအလင်းလုံးကလေးက မမဲတူကိုထိမှန်သွားသည့်အခါ မမဲတူတစ်ယောက် မြေပေါ်တွင်ထိုင်ကျသွားကာ ပါးစပ်ဖျားမှသွေးများစီးကျလာလေသည်။

“နင့်လိုအကျင့်ယုတ်တဲ့ကောင်မကို ငါအရှင်မထားဘူး”

မမဲတူက အစောင့်အရှောက်ကိုကြည့်လိုက်ပြီး

“အစောင့် နင်သူ့ကိုရအောင်တိုက်တော့”

မမဲတူ၏အစောင့်မှာ အရှေ့သို့ပြေးတက်သွားလေသည်။ ထိုအခါ မမယ်ဖြူက ထိုအစောင့်ကို မျက်စောင်းထိုးကြည့်လိုက်လေရာ ထိုအဆောင့်မှာ တစ်ကိုယ်လုံးတုန်ယင်လျှက်

“အား၊ ပူတယ် . . . ပူတယ်၊ ကယ်ကြပါ”

ဟု ဟစ်အော်ကြွေးကာ ပြာမှုန့်များကဲ့သို့ အမှုန်ကလေးများအဖြစ်ပြောင်းလဲသွားသည်။ မမဲတူက ထိုအဖြစ်ကိုမျက်လုံးပြူး မျက်ဆန်ပြူးနှင့်ကြည့်လိုက်ကာ

“နင်၊ နင် ငါ့အစောင့်ကို ဘာလုပ်လိုက်တာလဲ”

“နင့်ရဲ့ ကောက်ကျစ်တဲ့အစောင့်အရှောက်ကို ငါသတ်ပစ်လိုက်တာပဲဟေ့၊ အခုဒီကောင်သေပြီဆိုတော့ နင့်အလှည့်ပဲကျန်တော့တယ်”

မမယ်ဖြူက မမဲတူထံသို့ လက်ကိုချိန်ရွယ်လိုက်သည့်အခါ မမဲတူမှာ မတ်တပ်ရပ်ကာ ဆန့်ဆန့်ကြီးဖြစ်သွားလေသည်။ မမဲတူ၏ ခေါင်းတွင်ထုံးထားသည့် ဆံထုံးမှာ ပြေကျသွားပြီးနောက် ဆံပင်များမှာ လေနှင့်မှုတ်လိုက်သကဲ့သို့ လန်နေတော့သည်။ ထိုဆံပင်များအကြား ဦးခေါင်းငယ်ထိပ်တည့်တည့်ရှိ ဆံပင်တစ်ချောင်းမှာ ရွှေရောင်ဝင်းလက်နေလေသည်။ မမယ်ဖြူက မိုးပေါ်ပျံရင်းနှင့်ပင် တဖြည်းဖြည်းအနီးသို့တိုးကပ်လာခဲ့သည်။

“နင့်ရဲ့ ပညာစက်ကြိုးတွေကို ငါအကုန်နှုတ်ပစ်မယ်ဟေ့”

မမယ်ဖြူက ထိုရွှေရောင်ဆံပင်ကလေးကို လက်ဖြင့်ဆုပ်ကိုင်လိုက်သည်။ မမဲတူမှာ ကြောက်လန့်တကြားနှင့်

“မလုပ်ပါနဲ့၊ မလုပ်ပါနဲ့ အမဖြူ၊ ညီမလေးတောင်းပန်ပါတယ်။ ဖြစ်ခဲ့သမျှတွေကို ညီမလေး တောင်းပန်ပါတယ်၊ နောက်ဆို အမဖြူကို ညီမလေး သေကြောင်းမကြံတော့ပါဘူး”

“နင်အစောကတည်းက တောင်းပန်ခဲ့သင့်တာ၊ အခုတော့ နောက်ကျသွားပြီကောင်မရေ၊ ငါ့အမေက နင်လုပ်ခဲ့တာတွေအကုန်လုံးကို မသိဘူးလို့များနင်ထင်နေသလား၊ ပြီးတော့ ငါ့အမေကိုရေချခါနီးမှာ နင်ပြောသွားတာတွေကို သူလွယ်လွယ်နဲ့ မေ့သွားမယ်လို့ နင်ထင်နေတာလား၊ ငါ့အမေက နင့်လိုစိတ်ဓါတ်အောက်တန်းမကျလို့ ကိုယ့်ညီမအရင်းဆိုပြီး သည်းခံနေတာကို နင်က တဖြည်းဖြည်းပိုပြီးဆိုးလာတယ်၊ အမေက ခွင့်လွှွတ်ပေမယ့် နင့်ကိုငါခွင့်မလွှတ်ဘူး၊ ခွင့်မလွှတ်ဘူးဟဲ့”

မမယ်ဖြူက ဆံပင်ကိုလက်ဖြင့်ဆွဲနှုတ်လိုက်သည့်အခါ မမဲတူတစ်ယောက် ဓါတ်လိုက်သကဲ့သို့ တကိုယ်လုံးတုန်ယင်နေလေသည်။ မမဲတူ၏ ဦးခေါင်းမှ ရွှေရောင်ဆံချည်မျှင်ကလေးက မမယ်ဖြူလက်အတွင်းတွင် မြွေတစ်ကောင်နှယ် တွန့်လိမ်လှုပ်ရှားနေသည်။ မမယ်ဖြူက တစ်ချက်ပြုံးလိုက်ပြီး ထိုဆံပင်ကို သူ့ခေါင်းတွင်စိုက်ထည့်လိုက်သည်။

“နင်ဒီလိုဖြစ်တာ ငါ့ကိုအပြစ်မတင်နဲ့ကောင်မ၊ နင်လုပ်ထားတဲ့အပြစ်တွေ နင်ပြန်ခံစားရတယ်လို့သာ မှတ်လိုက်ပေတော့”

မမယ်ဖြူက လက်ကိုဝှေ့ယမ်းလိုက်သည့်အခါ မမဲတူတစ်ယောက် ချောက်ကမ်းပါးကြီးဆီသို့ တဖြည်းဖြည်းရွေ့လျားသွားလေသည်။ မမဲတူမှာ ချောက်ကမ်းပါးထိပ်သို့ရောက်သည့်အခါ

“မလုပ်ပါနဲ့အမ၊ ညီမလေး တောင်းပန်ပါတယ်၊ ညီမလေး မှားမှန်းသိပါပြီ”

မမယ်ဖြူက လက်ကိုနောက်တစ်ချက်ဝှေ့ယမ်းလိုက်သည့်အချိန်တွင် လေပြင်းတစ်ချက်တိုက်ခတ်လာပြီးနောက် ချောက်ကမ်းပါးအစွန်းရောက်နေသည့် မမဲတူမှာ ချောက်ကမ်းပါးအတွင်းသို့ ပြုတ်ကျသွားလေတော့သည်။ မမယ်ဖြူမှာ ချောက်ကမ်းပါးအတွင်းငုံ့ကြည့်ရင်း

“ကောင်းတယ်၊ ကောင်းတယ်၊ မကောင်းတဲ့လူက မကောင်းတဲ့လမ်းသွားရမှာပဲ၊ ငါကတော့ အဒေါ်တွေ ညီမတွေနားမလည်ဘူး၊ ခြေမမကောင်းရင်ခြေမ၊ လက်မမကောင်းရင် လက်မပဲဟေ့”

မမယ်ဖြူက ကလေးအသံလေးနှင့် ရယ်မောနေသေးသည်။ ခေတ္တမျှကြာသည့်အခါ မမယ်ဖြူမှာ အသိပြန်ဝင်လာလေသည်။

“အလို၊ ငါဘာတွေလုပ်မိပါလိမ့်၊ ညီမလေး . . . ညီမလေး မဲတူ”

မမယ်ဖြူက ချောက်အတွင်းသို့ အော်ခေါ်သော်လည်း မမဲတူ၏ တုန့်ပြန်သံကိုမကြားရတော့ပေ။ တောင်ပေါ်လမ်းအတိုင်း မမယ်ဖြူတစ်ယောက် တစ်လှမ်းချင်းဆင်းလာမိသည်။

“ဘယ်လိုဖြစ်တာလဲ၊ ဘာဖြစ်လို့ ငါက ငါ့ညီမလေးကို သတ်လိုက်ရတာလဲ”

ထိုအခါ မမယ်ဖြူခေါင်းအတွင်းဝယ် အသံတစ်ခုကြားလိုက်ရသည်။

“အမေသတ်တာမဟုတ်ပါဘူး၊ ကျုပ်သတ်လိုက်တာပါ”

“ဟင်၊ အသံ၊ အသံ ငါ့ကိုဘယ်သူပြောနေတာလဲ”

“ဘယ်သူမှမဟုတ်ဘူး၊ ကျုပ်က အမေ့ဝမ်းထဲက ကလေးပါ”

“ဟင်၊ နင်က နင်က ဘာဖြစ်လို့ မဲတူကိုသတ်လိုက်ရတာလဲ၊ သူက မသေခင်တောင်းပန်နေသေးတယ်မဟုတ်လား၊ တကယ်ဆိုရင် နင်ခွင့်လွှတ်လိုက်သင့်တယ်”

“အမေ၊ အမေ့စိတ်က ဒီလိုမပြတ်မသားဖြစ်နေလို့ အမေခံနေရတာ၊ ကျုပ်ကတော့ မခံနိုင်ပါဘူး၊ ကျုပ်အပေါ်ကိုမကောင်းဘူးဆိုလို့ကတော့ အဒေါ်ဖြစ်ဖြစ်ဘာဖြစ်ဖြစ် သတ်ပစ်ဖို့ဝန်မလေးဘူးအမေရဲ့”

မမယ်ဖြူမှာ ကြောက်ကြောက်လန့်လန့်နှင့် ပွဲခင်းအတွင်းသို့ဝင်လာခဲ့တော့သည်။

“ဟဲ့ မယ်ဖြူ၊ မဲတူရော ဘယ်ရောက်သွားလဲ”

ပွဲခင်းထဲတွင်ကျန်ခဲ့သည့် ကြီးဒေါ်ရှင်က မမယ်ဖြူအားမေးမြန်းလေသည်။ မမယ်ဖြူက

“ပွဲကြည့်ချင်လို့ဆိုပြီးတော့ တောင်ပေါ်က အရင်ဆင်းပြေးသွားတာပဲ ကြီးဒေါ်ရဲ့၊ သူဒီကိုမလာဘူးလား”

“အေးဟယ်၊ ဒီကောင်မလေးက ခြေကိုရှည်တယ်၊ ဘယ်ရောက်သွားသလဲမသိပါဘူး”

သို့နှင့် မမဲတူတစ်ယောက် ပွဲခင်းအတွင်း လူစုကွဲကာပျောက်သွားသည်ဟု မှတ်ယူလိုက်ကြသည်။ ကြီးဒေါ်ရှင်နှင့် ကိုထွန်းမောင်တို့မှာ ပွဲခင်းအတွင်းသုံးရက်ခန့်ကြအောင် လိုက်လံရှာဖွေကြသော်လည်း မမဲတူကိုရှာမတွေ့သည်မို့ နောက်ဆုံးတော့ လက်လျော့လိုက်ကြလေတော့သည်။

(၄)

ကိုယ်ဝန်ကိုးလပြည့်သည့်အခါ မမယ်ဖြူတစ်ယောက် ဗိုက်နာလာတော့သည်။ ကလေးမီးဖွားချင်လာ၍ဖြစ်သည်။ သို့နှင့် ဝမ်းဆွဲသည်အဘွားချိုကို သွားခေါ်ရသည်။ အဘွားချိုမှာ ဖက်လိပ်ရွာ၏ ပင်တိုင်ဝမ်းဆွဲလက်သည်ဖြစ်သည်။ စုန်းပညာများကို တတ်မြောက်သော်လည်း သိုသိုသိပ်သိပ်နေထိုင်သူတစ်ဦးဖြစ်သည်။ ဖက်လိပ်ရွာတွင် ဝမ်းဆွဲသည်လုပ်လာသည်မှာ နှစ်ပေါင်းသုံးဆယ်မက ကြာမြင့်ခဲ့ပြီဖြစ်ကာ ဖက်လိပ်ရွာတွင်မွေးဖွားသူ အားလုံးလိုလိုမှာ အဘွားချိုမွေးပေးထားသည့် လူများဖြစ်သည်။

အဘွားချိုက ဝမ်းဆွဲလက်သည်ဆိုသော်လည်း ရွာတွင် သြဇာအာဏာရှိသူဖြစ်သည်။ ထိုရှေးခေတ်အချိန်အခါက သားဖွားရန်မှာ အရပ်လက်သည်များကိုသာ အားကိုးရသောကြောင့်လည်းကောင်း၊ ရွာရှိ စုန်းကဝေများအကြားတွင် မိခင်ကြီးသဖွယ်ဖြစ်နေသည်ကတစ်ကြောင်းမို့ ရွာသူရွာသားများသာမက စုန်းကဝေများကိုပါမကျန် အဘွားချိုက သြဇာညောင်းလေသည်။

စုန်းကဝေများအပေါ် သြဇာညောင်းရသည့်အကြောင်းမှာ အဘွားချိုက ကလေးများမွေးဖွားပေးပြီးသည့်အခါ ကလေးအချင်းလက်တစ်လုံးခန့်ကိုသိမ်းဆည်းထားခြင်းဖြစ်သည်။ ထိုအချင်းအား အိမ်ရောက်သည့်အခါ စုန်းပညာဖြင့် စီမံစားသောက်ပြန်သည်။ ထိုသို့စီမံစားသောက်ထားခြင်းကြောင့် ထိုလူ့အပေါ် အဘွားချိုက သြဇာညောင်းရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် မွေးကတည်းကပင် အချင်းကိုစားထားသည်မို့ ထိုလူအား အနိုင်ရခြင်း၊ စကားအောင်ရခြင်းဖြစ်ပေသည်။ စုန်းကဝေများကိုလည်း ထိုအချင်းချုပ်သည့်နည်းဖြင့် ချုပ်ကိုင်ထားသဖြင့် စုန်းကဝေများမှာလည်း အဘွားချိုအား မလွန်ဆန်ရဲပေ။

မမယ်ဖြူတို့အိမ်တွင် မီးဖွားခန်းပြင်ဆင်ပြီး အခန်းအတွင်းသို့ သွင်းရသည်။

“မယ်ဖြူရေ၊ နင်အားသုံးပြီးတော့ ညှစ်စမ်းပါဟဲ့၊ မယ်ရှင် နင်ကသူ့ဗိုက်ကို အပေါ်ကနေတွန်းဟယ်”

ကြီးဒေါ်ရှင်က ဗိုက်အားတွန်းချရသည်။ အဘွားချိုကမူ ကလေးခံရန်အတွက် ပြင်ဆင်နေသည်။ သို့သော်လည်း အချိန်သာကြာမြင့်လာသည် ကလေးကမူမထွက်ပေ။ အဘွားချိုလည်း အလွန်မောပန်းနေလေသည်။ သောကြာနေ့ည မွေးဖွားသော်လည်း မမွေးနိုင်ဘဲရှိနေလေသည်။ နောက်ဆုံးတော့ အဘွားချိုက စုန်းပညာကိုအသုံးပြုပြီး မွှေးဖွားပေးရန်အတွက်စီစဉ်ရသည်။

အဘွားချိုမှာ သာမန်မွေးဖွားရမလွယ်သည့် မိန်းမများအား စုန်းပညာဖြင့် ဗိုက်ခွဲကာ မွေးဖွားပေးခြင်းဖြစ်သည်။ ဗိုက်ခွဲပြီးပါကလည်း စုန်းပညာဖြင့် ဗိုက်ကိုအကောင်းပကတိအတိုင်းဖြစ်အောင် ပြန်လည်ချုပ်လုပ်ပေးနိုင်သည်။ သို့သော် အခန်းအတွင်း ကြီးဒေါ်ရှင်ရှိသည်မို့ ပထုတ်ရန်လိုမည်ဖြစ်သည်။

“မယ်ရှင်၊ ရေနွေးလိုတယ်ဟဲ့ ရေနွေးတစ်အိုးသွားတည်လိုက်စမ်းပါ”

ကြီးဒေါ်ရှင်က မွေးခန်းအတွင်းမှပြေးထွက်သွားသည်။ ထိုအချိန်တွင် ကြက်ဦးတွန်သံကိုကြားလိုက်ရသည်။ အဘွားချိုက သက်ပြင်းတစ်ချက်ချလိုက်ပြီး

“ကြက်ဦးတွန်ပြီဆိုတော့ စနေနေ့ရောက်နေပြီပေါ့”

အဘွားချိုက ထိုကဲ့သို့ရေရွတ်လိုက်ကာ မမယ်ဖြူ၏ ဝမ်းဗိုက်ကိုလက်ညှိုးဖြင့်ထောက်လိုက်လေသည်။ ပြီးနောက် ဝမ်းဗိုက်အလယ်တည့်တည့်အတိုင်း လက်ညှိုးကိုဆွဲချကာ ဗိုက်ကိုဖွင့်လိုက်တော့သည်။

“အလိုလေး၊ ဘာကြီးလဲဟ”

မမယ်ဖြူ၏ ဗိုက်အတွင်းတွင် အသားလုံးကြီးတစ်လုံးကိုသာတွေ့ရသည်။ အသားလုံးကြီးမှာ ဖြူဖွေးဆွတ်နေပြီး အနီရောင်သွေးကြောကြီးများက သစ်မြစ်များကဲ့သို့ လွှမ်းခြုံရစ်ပတ်ထားလေသည်။

“ငါ့သက်တမ်းတစ်လျှောက် ဒါမျိုး အခုမှမြင်ဖူးတာပဲ”

အဘွားချိုက ထိုအသားလုံးကြီးအား လက်ညှိုးဖြင့်ထိလိုက်လေသည်။ ထိုအခါ ပြင်းထန်သည့်တွန်းကန်မှုတစ်ခုကိုခံလိုက်ရပြီးနောက် အဘွားချိုတစ်ယောက်လွင့်ထွက်သွားကာ အခန်းနံရံနှင့် ဆောင့်မိသွားသည်။

“ဘာကြီးလဲ၊ ဘာဖြစ်လို့ ခွဲမရတာလဲ”

ထိုအချိန်မှာပင် အသားလုံးကြီးရှိ သွေးကြောကြီးများမှာ တဖြည်းဖြည်းဖောင်းပွလာပြီးနောက် အသားလုံးကြီးမှာ လှုပ်ရှားလာရင်း တဖြည်းဖြည်းကွဲအက်သွားလေသည်။ အတွင်းမှ ကလေးတစ်ဦး၏ လက်က တိုးထွက်လာခဲ့သည်။ အဘွားချိုမှာ ထိုအဖြစ်ကိုကြောက်လန့်တကြားနှင့်ကြည့်လျှက်

“ဒါ၊ ဒါ ငါကြားဖူးတဲ့ သန္ဓေလူဥဆိုတာပဲ၊ သနွေ္ဓလူဥကနေပေါက်လာတဲ့ကလေးဟာ ကောင်းရင်လည်း သူတော်ကောင်း၊ ဆိုးရင်လည်း ကမ်းကုန်အောင်ဆိုးတတ်တဲ့လူဖြစ်တတ်တယ်ဆိုပဲ၊ အခုအချိန်က စနေအချိန်ပဲ၊ စနေဆိုတော့ ပါပဂြိုလ်စိုးမိုးနေတဲ့အချိန်ပဲ၊ ပါပဆိုတာ အဆိုး၊ အကြမ်းဆိုတော့ ဒီကလေးက ဆိုးတဲ့လူတစ်ယောက်ဖြစ်မှာပဲ”

အဘွားချိုမှာ လက်ညှိုးကိုထောင်လိုက်ကာ

“မဖြစ်ဘူး၊ လူဆိုးလူသွမ်းတစ်ယောက် ဒီလောကကိုရောက်လာလို့မဖြစ်ဘူး၊ ငါတားရမယ်၊ ဒီကလေးကို ငါသတ်ရမယ်”

ကလေးမှာ တဖြည်းဖြည်းအပြင်သို့ထွက်လာလေသည်။ အဘွားချိုက ကလေးအားလက်ညိုးဖြင့်ထိုးလိုက်ရင်း

“အကျိုးမပေးတဲ့ ဒီကလေး၊ ငါ၏ပညာစွမ်းကြောင့် ငှက်ပျောပင်ကို ဓါးနဲ့ခုတ်သလို လည်ပင်းအပိုင်းပိုင်းပြတ်ပြီးတော့ သေပါစေသား”

အဘွားချိုက လက်ညှိုးညွန်လိုက်သည့်အခါ ကလေးမှာ ဘာမှမဖြစ်ဘဲ ဒီအတိုင်းရှိနေလေသည်။ ထိုစဉ်အဘွားချို၏ ဦးခေါင်းမှာ လည်ပင်းမှပြတ်လျှက် အရှေ့သို့ငိုက်၍ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။ မမယ်ဖြူသမီးမှာ အော်ဟစ်ရုန်းကန်ရင်း ငိုကြွေးလေသည်။ ထို့နောက် မိမိထွက်လာသည့် သန္ဓေလူဥနှင့် အချင်းကိုပါမကျန် မိမိပါးစပ်နှင့်ကိုက်ကာ တဖြည်းဖြည်းမြိုချလေတော့သည်။

ကြီးဒေါ်ရှင်မှာ ရေနွေးကျက်ပြီဖြစ်သဖြင့် ရေနွေးကရားကိုကိုင်ကာ မီးဖွားခန်းအတွင်းပြေးဝင်လာသည်။ အခန်းတွင်းအရောက် ငုတ်တုတ်ထိုင်ကာ ခေါင်းပြတ်နေသည့် အဘွားချိုအားမြင်တွေ့လိုက်သည့်အခါ အလွန်ထိတ်လန့်သွားသည်။

“ဘုရားရေ၊ မချိုဘယ်လိုဖြစ်တာပါလိမ့်”

ကြီးဒေါ်ရှင်ကြည့်နေရင်း မမယ်ဖြူ၏ ကလေးမှာ ငိုယိုတော့သည်။ ကြီးဒေါ်ရှင်ကြည့်လိုက်သည့်အခါ ကလေးလေးမှာ ချက်ကြိုးဖြတ်ပြီးသားဖြစ်နေသည်သာမက မမယ်ဖြူမှာလည်း သတိရနေပြီဖြစ်သည်။ အဘွားချိုခွဲထားသည့် ဗိုက်ဟောင်းလောင်းကြီးမှာလည်း နဂိုအတိုင်းပြန်ဖြစ်နေပြီဖြစ်သည်။

“ဟောတော်၊ မွေးပြီတော့၊ မယ်ဖြူကလေးမွေးပြီ မှန်းစမ်း၊ ကလေးလေးက ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာလေးပါလား၊ မိန်းကလေးတော့ . . . မိန်းကလေး”

ကြီးဒေါ်ရှင်မှာ ကလေးကိုထွေးပွေ့ချီလိုက်လေသည်။

မမယ်ဖြူအခန်းထဲတွင် ကြီးဒေါ်ရှင်ခေါင်းပြတ်လျှက် သေဆုံးနေသည်မှာ အထူးအဆန်းဖြစ်နေသည်၊ ရွာသူရွာသားများမှာ ထင်ကြေးအမျိုးမျိုးပေးကြပြန်သည်။ သို့သော် မည်သူကမှ တိတိပပမပြောဆိုနိုင်ပေ။ ကလေးအသက် ခုနစ်ရက်ပြည့်သည့်အခါ ကလေးအား ငယ်မည်ပေးကြလေသည်။ ကြီးဒေါ်ရှင်က

“ညည်းသမီးက စနေသမီးဆိုပေမယ့် သူ့အသားက ဖြူဖြူကလေးဟဲ့၊ ညည်း ဘယ်လိုနာမည်ပေးမယ်စိတ်ကူးသလဲ”

“သမီးနာမည်လည်း ပါသွားအောင်လို့ ကလေးလေးကို ဖြူစင်လို့နာမည်ပေးချင်တယ်၊ ဖြူဖြူစင်စင်ရိုးရိုးသားသားရှိမယ့် သဘောပေါ့ ကြီးဒေါ်ရယ်”

ကြီးဒေါ်ရှင်က ခေါင်းညိတ်လျှက်

“ဖြူစင် . . . ဖြူစင်၊ ဒီနာမည်ကလေးလဲ ကောင်းတာပဲဟဲ့”

မွေးခင်းစကလေးလေးကို မမယ်ဖြူသာမက ကြီးဒေါ်ရှင်ပါ တုန်နေအောင်ချစ်ကြသည်။ စင်စစ်အားဖြင့် ထိုကလေးမှာ မမယ်ဖြူ၏ အချစ်ဦး မောင်ကံတင့်နှင့် ရရှိခဲ့သည့် ကလေးဖြစ်မှန်းကို မည်သူမှမသိကြပေ။