စာစဉ်(၄၉)
(၁)
မယ်ပျင်းမေ့လဲကျသွားသဖြင့် မောင်ပိုမှာ မယ်ပျင်းအားပွေ့ကာ ရွှေရောင်နန်းဆောင်ကြီးအတွင်းသို့ သယ်လာခဲ့သည်။ ရွှေရောင်နန်းဆောင်ကြီးအတွင်း သလွန်ကြီးတစ်ခုအပေါ်တွင် အနောက်မယ်တော်ထားခဲ့သည့် ကိုယ်ပွားပုံတူမှာ အသာထိုင်နေလေသည်။ မောင်ပိုက မယ်ပျင်းအား ချီလျှက် ကိုယ်ပွားအရှေ့တွင်ထိုင်ချလိုက်ပြီး
“မယ်တော်၊ မယ်ပျင်းကလေးကို ကြည့်ရှုပေးတော်မူပါ”
မယ်တော်၏ကိုယ်ပွားမှာ မယ်ပျင်းနဖူးအားလက်ဖြင့်တစ်ချက်သပ်ကြည့်လိုက်ရင်း
“ဘာမှတော့ထွေထွေထူးထူးဖြစ်တာမဟုတ်ပါဘူး၊ သူ့ရဲ့စွမ်းအင်တွေစုဆောင်းထားတဲ့ ဝမ်းတွင်းက စွမ်းအင်အိုးထဲက အစွမ်းတွေကမောက်ကမဖြစ်နေတာပါ၊ ဆိုလိုတာကတော့မယ်ပျင်းက သူမတတ်တဲ့ မကျွမ်းကျင်တဲ့ပညာတစ်ခုကိုအသုံးပြုခဲ့တာကြောင့် စွမ်းအင်တွေ ကမောက်ကမဖြစ်ကုန်တာပဲ”
“ဒါဆို ဘယ်လိုလုပ်ရမလဲမယ်တော်”
“သူ့ကိုပြည့်ပြည့်၀၀ အနားယူခိုင်းလိုက်ရင် ကောင်းသွားမှာပါ”
မောင်ပိုက မယ်ပျင်းအား မယ်ပျင်းနေထိုင်သည့်အခန်းအတွင်းသို့ ပွေ့ချီလာခဲ့သည်။ မယ်ပျင်းအိပ်စက်လေ့ရှိသည့် ညောင်စောင်းပေါ်တွင် မယ်ပျင်းကိုတင်ချလိုက်လေရာ မယ်ပွင့်ကလည်း မယ်ပျင်းလက်ကိုဆုပ်ကိုင်ထားလေသည်။ မောင်ပိုက မယ်ပျင်း၏နဖူးမှ ဆံစများကိုလက်နှင့်သပ်ရင်း
“မင်းပြန်ကောင်းသွားမှာပါ မယ်ပျင်းရေ၊ ဒီနေ့ မင်းသာမရှိရင် ငါအခုလောက်ဆို အသက်နဲ့ကိုယ် အိုးစားကွဲနေလောက်ပါပြီ”
မောင်ပိုက အခန်းအတွင်းမှပြန်ထွက်သွားရန်ကြံရွယ်လိုက်ကာ မယ်ပွင့်လက်ကိုဆွဲလိုက်သည်။
“မယ်ပွင့်၊ လာ တို့တွေ ငွေနန်းဆောင်ကိုပြန်ရအောင်”
မယ်ပွင့်က မောင်ပိုလက်ကိုပုတ်ချလိုက်ကာ
“မလိုက်ဘူးဦးမောင်ပို၊ မယ်ပျင်းက သမီးရဲ့အသက်ကိုကယ်တင်ထားတာ၊ တကယ်လို့ မယ်ပျင်းအိပ်နေရင်း တစ်ခုခုဖြစ်သွားရင်ဘယ့်နှယ့်လုပ်မလဲ”
မယ်ပွင့်စကားကြားသည့်အခါ မောင်ပိုမှာ တစ်ချက်တွေဝေသွားသည်။
“ဒါကြောင့် ဒီညတော့ မယ်ပျင်းကို သမီးစောင့်ပေးပါရစေ ဦးမောင်ပို”
မောင်ပိုမှာ ဆုံးဖြတ်ရခက်နေလေသည်။
“ရွှေနန်းဆောင်ဆိုတာ မယ်တော်ခွင့်ပြုတဲ့လူပဲ ဝင်ရတာဟ၊ အင်းလေ ဒါပေမယ့်လည်း အခုမယ်တော်မရှိဘူးဆိုတော့ ဒီတစ်ညတော့ ရှိစေတော့ မယ်ပွင့်၊ ညည်းမအိပ်ဘဲနဲ့ မယ်ပျင်းကိုသေချာစောင့်ကြည့်နော်၊ မယ်ပျင်းတစ်ခုခုဖြစ်ပြီး ထူးခြားလာတယ်ဆိုရင် ငါ့ကိုလာပြော ဟုတ်ပြီလား”
မယ်ပွင့်က ခေါင်းညိတ်ပြလိုက်လေသည်။ မောင်ပိုထွက်ခွာသွားသည့်အခါ မယ်ပွင့်မှာ မယ်ပျင်း၏အေးစက်နေသည့် လက်ချောင်းကလေးများကို ဆုပ်ကိုင်ကာ
“မယ်ပျင်း၊ နင်ဘာမှမဖြစ်ဘူး၊ နင်ဘာမှမဖြစ်ရဘူးနော်”
ဟု တိုးတိုးကလေးရေရွတ်လိုက်လေသည်။ မယ်ပျင်းမှာတော့ တခူးခူးနှင့်အိပ်မောကျလျှက် လောကကြီးနှင့်အဆက်အသွယ်ပြတ်နေလေသည်။
(၂)
ဗဟိုရ်စည်ကြီးမှ စည်သံနှစ်ချက်တိတိ တီးခတ်သံကိုကြားရသည်။ ရွှေနန်းဆောင်၊ ငွေနန်းဆောင်နှင့် နန်းသုံးဆောင်စလုံးမှာ တိတ်ဆိတ်နေလေသည်။ လမိုက်ညဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေကာ အမှောင်ထုကလွှမ်းခြုံထားသည်။ ကောင်းကင်တွင် ထွန်းလင်းနေကြသည့် ကြယ်ကလေးများ ကြယ်ရောင်တမှိတ်မှိတ်ထွန်းလင်းနေလျှက်ရှိသည်။
ထိုစဉ် စမ်းချောင်းကလေးအတိုင်း လှေတစ်စင်းက တဖြည်းဖြည်းလှော်ခတ်လာလေသည်။ လှေပေါ်တွင်တော့ အနက်ရောင်ခြုံထည်ကြီးများ ဝတ်ဆင်ထားကြသည့် လူများက ထိုင်လျက်သားလိုက်ပါလာခဲ့ကြသည်။ စမ်းချောင်းကွေ့ကလေးအရောက်တွင် လှော်တက်ကိုင်ကာ လှော်ခတ်နေသည့် လူကြီးက လှေဦးထိပ်တွင်ထိုင်ကာ လိုက်ပါလာသည့် လူတစ်ယောက်ကိုလှမ်းကြည့်လိုက်ကာ
“မင်းတို့နန်းသုံးဆောင်က ဘယ်မှာလဲ”
“ဒီစမ်းချောင်းဘေး တောင်နံရံမှာကပ်ဆောက်ထားတာပေါ့”
လူကြီးများက လှမ်းကြည့်လိုက်ကာ
“တောင်နံရံမှာ ဘာမှမရှိပါဘူးကွ”
“ဟင်း ဟင်း လှို့ဝှက်နန်းဆောင်တွေပါဆိုမှ ရှင်တို့မြင်သာအောင် လုပ်ထားပါ့မလား၊ လှေကိုကမ်းကပ်လိုက်တော့”
ဝတ်ရုံနက်ကြီးကို ခေါင်းမြီးခြုံထားသည့် မိန်းကလေးက ပြောလိုက်သည့်အခါ လောင်းလှေကြီးမှာ ချောင်းကမ်းဘေးရှိ ကျောက်စရစ်ခဲများရှိသော ကမ်းစပ်သို့ထိုးကပ်သွားသည်။ ပြီးသည့်နောက် လှေဦးမှမိန်းကလေးမှ ကုန်းပေါ်သို့ခုန်ဆင်းလိုက်သည်။ အနောက်မှ လူဆယ်ဦးခန့်ကလည်း လှေပေါ်မှခုန်ဆင်းလာကြလေသည်။ လူကြီးတစ်ဦးက အရှေ့တိုးသွားသည့်အခါ မိန်းကလေးက ထိုလူကြီးကို လက်ဖြင့်တားဆီးလိုက်ရင်း
“အရှေ့မတိုးနဲ့ အရှေ့တစ်လှမ်းဆက်တိုးရင် ရှင်သေသွားလိမ့်မယ်”
မိန်းကလေးက ပြောဆိုလိုက်ပြီး လေထဲသို့လက်နှင့်ပုတ်လိုက်သည့်အခါ မီးတောက်မီးလျှံများက ဟုန်းခနဲထွက်ပေါ်လာပြီး မီးတံတိုင်းကြီးတစ်ခုက အလိုလိုပေါ်လာကာ တားဆီးထားလေသည်။ ထိုလူကြီးများမှာ အလွန်ထိတ်လန့်သွားကာအနောက်သို့ ဆုတ်လိုက်ကြသည်။
“ငါတို့ ဘယ်လိုသွားရမလဲ”
“မပူပါနဲ့ ကျုပ်တစ်ယောက်လုံး ပါပါတယ်”
ထိုမိန်းကလေးက လက်ကိုဘယ်ညာဝှေ့ယမ်းလိုက်ပြီး ထူးဆန်းသည့်မှော်မန္တန်များရွတ်ဆိုလိုက်သည့်အခါ မီးတံတိုင်းကြီးမှာ ကွယ်ပျောက်သွားပြီးသည့်နောက် တောင်နံရံတွင်တည်ဆောက်ထားသည့် နန်းသုံးဆောင်မှာ ဘွားခနဲပေါ်ပေါက်လာလေသည်။ လူကြီးများမှာ နန်းဆောင်ကြီးအားကြည့်ရှုကာ အံ့သြမှင်သက်နေကြသည်။
“ဟာ နတ်ဘုံနတ်နန်းကြီးတွေလို ခမ်းနားလှပါလား”
“အနောက်အရပ်ကိုပိုင်တဲ့ မယ်တော်နေတဲ့ နန်းဆောင်တွေပဲရှင် ဒီလောက်တော့ရှိမှာပေါ့”
ထိုလူကြီးများမှာ နန်းဆောင်ပေါ်သို့တက်သည့် လှေကားကြီးကိုတက်မည်ပြုလိုက်သည့်အချိန်တွင် မိန်းကလေးက ထပ်မံတားမြစ်ပြန်သည်။
“ရှင်တို့တက်လို့မရသေးဘူး၊ ဒီနန်းဆောင်ပေါ်ကို အခွင့်မရှိတဲ့လူတွေ မတက်လာနိုင်အောင်လို့ နန်းဆောင်ကြီးကို စည်းသုံးတန်တားထားတယ်၊ ပြီးတော့ စက်လက်နက်တွေကိုလည်း တပ်ဆင်ထားသေးတယ်၊ ရှင်တို့ချည်း ဒီအတိုင်းဆိုရင် ဒီနန်းဆောင်တွေပေါ်ကို ခြေချလို့တောင်ရမှာမဟုတ်ဘူး”
ထိုအခါ လူကြီးတစ်ယောက်က ရယ်မောလျှက်
“ဒါကတော့ မင်းငါတို့ကိုအထင်သေးရာကျသွားပြီ မိန်းကလေးရဲ့၊ ငါတို့ကလည်း သာမန်လူတွေမှမဟုတ်ဘဲ၊ တို့အဖွဲ့ဝင်တွေကြားထဲမှာ ပညာအထက်ဆုံးဆိုတဲ့လူတွေချည်းပဲမဟုတ်လား”
ထိုလူကြီးက ပြောဆိုလိုက်ပြီးသည့်အခါ ငွေရောင်လှေကားကြီးကို ခြေထောက်ဖြင့်နင်းတက်လိုက်လေသည်။ ထိုအခိုက် လှေကားအထက်ဘက်မှ စက်လက်နက်လေးငါးခုက ပျံသန်းလာလေသည်။ ထိုလူကြီးကလည်း အိတ်အတွင်းမှ ငွေရောင်ကြယ်ပွင့်ကလေးများကို ထုတ်ယူကာ ပစ်ခတ်လိုက်လေရာ စက်လက်နက်များမှာ လေပေါ်တွင်ပင် ကွဲကြေကုန်ပြီး ပျက်စီးသွားသည်။
ထိုလူကြီးက တစ်ချက်ရယ်လိုက်ကာ လှေကားပေါ်သို့ နောက်ခြေထောက်တစ်ဖက် ထပ်မံတက်လိုက်သည်။ ထိုအခါ လှေကားကြီးအတွင်းမှ ငွေရောင်အလင်းတန်းများထွက်ပေါ်လာကာ ထိုလူကြီးခြေထောက်အားဆွဲငင်လိုက်ကြသည်။ ငွေရောင်အလင်းတန်းများနှင့်ထိတွေ့သည့်အခါ ထိုလူကြီးမှာ တစ်ကိုယ်လုံးတုန်ယင်လာပြီး အရေပြားမှ မီးခိုးငွေ့များတိုးထွက်လာကာ နှလုံးသွေးများဆူပွက်ကြပြီးနောက် ချက်ချင်းပင် ခြောက်သွေ့နေသည့် အရိုးခြောက်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ထိုတော့မှ ကျန်သည့်သူများလည်း ထိတ်လန့်သွားသည်။
“အနောက်မယ်တော်က သူနေတဲ့နန်းဆောင်ကြီးကို တခြားသူတွေမလာနိုင်အောင်လို့ ခံတပ်ကြီးတစ်ခုလို စက်လက်နက်ပေါင်းစုံ တပ်ဆင်ထားတာပဲ၊ ရှင်တို့ပညာဘယ်လောက်စွမ်းစွမ်း ဒီစက်လက်နက်တွေကို ကာကွယ်တားဆီးနိုင်မှာမဟုတ်ဘူး”
ထိုအခါ မျက်လုံးများအတွင်းမှ အနီရောင်မီးအလင်းရောင်များထွက်ပေါ်နေသည့်လူကြီးက အရှေ့သို့တိုးလာကာ
“ကိုင်း အားလုံးပဲနားထောင်ကြ၊ မင်းတို့ဘယ်လောက်စွမ်းစွမ်း နယ်မြေကျွမ်းကျင်တဲ့ ဟောဒီမိန်းကလေးမပါရင် မရဘူးဆိုတာ မမေ့ကြနဲ့၊ ဒါကြောင့် အားလုံးပဲ ဒီမိန်းကလေးရဲ့ဦးဆောင်ရာအနောက်လိုက်နာကြပါ၊ ဒါငါ့အမိန့်ပဲ”
ကျန်လူကြီးများက ခေါင်းညိတ်ကာအရိုအသေပေးလိုက်ကြသည်။
“ကဲ ဒေဝီ ငါတို့ကိုလမ်းပြတော့”
မိန်းကလေးမှာ အနက်ရောင်ခေါင်းစွပ်ကိုချွတ်လိုက်သည့်အခါ ထိုမိန်းကလေးမှာ တစ်ချိန်က မယ်တော်၏မွေးစားသမီးဖြစ်ခဲ့သည့် ဒေဝီဖြစ်နေလေသည်။
“စည်းသုံးတန်ကိုဖျက်ဖို့က စက်ခြောက်ခုကိုဖျက်ရမယ် အဲဒီစက်တွေကတော့ မြေအောက်စက်သုံးစင်းနဲ့ မြေပေါ်စက်သုံးစင်းပဲ”
ဒေဝီက ပြောဆိုရင်း မြေကြီးတစ်နေရာကိုခြေထောက်နှင့်ဆောင့်လိုက်သည့်အခါ မြေကြီးအတွင်းမှ ဘောလုံးကြီးတစ်လုံးက ဝုန်းခနဲထွက်ပေါ်လာသည်။ ထိုအခါ မျက်လုံးအနီရောင်နှင့်လူကြီးက ငွေရောင်စြက်ာကလေးတစ်ခုကို ဘောလုံးကြီးဆီသို့ပစ်ခတ်လိုက်သည့်အခါ ဘောလုံးကြီးမှာနှစ်ခြမ်းကွဲထွက်သွားသည်။ ထိုနည်းအတိုင်း ဒေဝီမှာ မြှုပ်နှံထားသည့် စက်လက်နက်များကိုဖော်လိုက် ထိုလူများက ဖြိုဖျက်လိုက်နှင့် နောက်ဆုံးစက်လက်နက်များကုန်စင်သွားသည်။
ဒေဝီက ငွေသားနန်းဆောင်ကြီးဆီသို့တက်လာသည့်အခါ ထိုလူကြီးများက အနောက်မှလိုက်လာကြသည်။ ငွေသားနန်းဆောင်တံခါးမကြီးမှာ အလွန်ကြီးမားပြီး ကနုတ်ပန်းများ ပန်းပွင့်ပန်းခက်များဖြင့်အလှဆင်ထားလေသည်။ လူကြီးတစ်ယောက်က ထိုတံခါးကြီးအားလက်နှင့်တွန်းကြည့်သော်လည်း တုတ်တုတ်မျှပင်မလှုပ်ပေ။
“ငွေနန်းဆောင်တံခါးက အပြင်ကလူဆိုရင်ဖွင့်ဖို့မလွယ်ဘူး”
ဒေဝီက ငွေနန်းဆောင်တံခါးတွင် ပုံဖော်ရေးဆွဲထားသည့် ကနုတ်ပန်းများအတွင်းမှ ပန်းပွင့်တစ်ပွင့်၏ ဝတ်ဆံနေရာကိုလက်ဖြင့်အသာထောက်ကာ မန္တန်တစ်ပုဒ်ရွတ်ဖတ်လိုက်သည့်အခါ တံခါးကြီးမှာ ဂျိန်းခနဲပွင့်ထွက်သွားသည်။
“ဝင်လို့ရပါပြီ ဦးဒီပ”
မျက်လုံးမှအရောင်ထွက်နေသည့်လူကြီးက အနက်ရောင်ခြုံထည်ကြီးကိုချွတ်ချလိုက်သည့်အခါ အလွန်ကြောက်မယ်ဖွယ်ကောင်းသည့် ရုပ်သွင်ကိုမြင်လိုက်ရသည်။ ဦးဒီပ၏ မျက်နှာတစ်ခြမ်းမှာ အရိုးများမရှိတော့ဘဲ ဟောင်းလောင်းကြီးပွင့်ထွက်နေလေသည်။ အသစ်ဖြစ်ပေါ်နေသည့် အသားစိုင်များမှာလည်း ပုံသဏ္ဍာန်မကျဘဲ ဟိုတစ်စုဒီတစ်စုဖြစ်နေလေရာ လူတစ်ယောက်နှင့်မတူဘဲ ပြိတ္တာကြီးတစ်ကောင်ကဲ့သို့ အရုပ်ဆိုးလှပေသည်။
“ဒီအတိုင်းဝင်လို့ဖြစ်ပါ့မလား”
“နှစ်စဉ်နှစ်တိုင်း ဒီအချိန်ဆိုရင် မယ်တော်နဲ့ဘိုးဘိုးကြီးက နတ်မင်းကြီးတွေစည်းဝေးပွဲကိုသွားရတာထုံးစံပါပဲ၊ ဝေးဝေးလံလံသွားရတာဖြစ်လို့ မယ်တော်က မြွေနဂါးမယ်အိုကိုခေါ်သွားလိမ့်မယ်၊ ဒီတော့ ထုံးစံအတိုင်း နန်းဆောင်မှာ မောင်ပိုတစ်ယောက်ပဲကျန်နေခဲ့လိမ့်မယ်၊ မောင်ပိုဆိုတဲ့လူကလည်း ဘာမှအစွမ်းသိပ်မရှိတဲ့ စီးတော်ကျားတစ်ကောင်ထက်မပိုပါဘူး”
“မင်းက ဒီနန်းဆောင်ကြီးအကြောင်းကို ကောင်းကောင်းသိတာပဲဒေဝီ”
“သိတာပေါ့၊ ဘာလို့လဲဆိုတော့ ကျုပ်ဒီနန်းဆောင်မှာနေတာ ဆယ်နှစ်မကတော့ဘူးလေ”
“အခုငါတို့ဘာလုပ်ကြမှာလဲ”
“ကျုပ်တို့သဘောတူထားတဲ့အတိုင်းပေါ့၊ နန်းဆောင်ထဲကိုဝင်မယ်၊ ကလေးတွေကိုဖမ်းပြီး တစ်နေရာကိုခေါ်သွားကြမယ်၊ မယ်တော်ပြန်လာတဲ့အခါ သူမွေးထားတဲ့ကလေးတွေမတွေ့ရင် ဘယ်လိုခံစားရမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
“ကောင်းတယ်၊ ကလေးတွေရတဲ့အခါ ငါတို့ဌာနချုပ်ကျောက်ဂူကြီးကိုခေါ်သွားမယ်၊ မယ်တော်ဆိုတဲ့မိန်းမ ကျောက်ဂူကိုလိုက်လာတယ်ဆိုရင်တော့ သူ့သေတွင်းကိုသူတူးတာပဲ”
“မယ်တော်က သူ့အသက်ဘူးကို တောင်ဘက်သမုဒ္ဒရာအောက်မှာ မြှုပ်နှံထားလေတော့ လွယ်လွယ်နဲ့သေမှာတော့မဟုတ်ဘူး”
“သိပါတယ်ကွာ၊ ငါတို့ကလည်း သူ့ကိုသေအောင်မသတ်ပါဘူး၊ သူ့ကိုကလေးတွေနဲ့အကြပ်ကိုင်ပြီးတော့ သူ့ဆီကနေ လိုချင်တာကလေး နည်းနည်းပါးပါးလောက်ယူမှာပါကွ ဟား ဟား”
ဒေဝီမှာ ငွေရောင်နန်းဆောင်ကြီးအပေါ်သို့တစ်လှမ်းချင်းတက်လာလေသည်။ စိတ်ထဲမှလည်း
“ငါပြန်လာပြီ၊ ငါ့ကိုစော်ကားပြီး ငါ့အရှုက်ကိုခွဲခဲ့တဲ့ အကြွေးတွေအကုန်လုံး ပြန်ပြီးယူဖို့ ငါပြန်လာခဲ့ပြီ”
ထိုသို့ရေရွတ်လျက် လက်သီးကိုကျစ်နေအောင်ဆုပ်ထားလိုက်လေသည်။
ငွေနန်းဆောင်ကြီးသို့ဝင်လိုက်ပြီးသည်နှင့် မောင်ပိုက အိပ်မှုန်စုံမွှားနှင့်ထွက်လာလေသည်။ ထိုအခါ ဒေဝီကိုမြင်လိုက်သည့်အခါ မောင်ပိုမှာအလွန်အံ့သြသွားမိသည်။
“ဟင် ဒေဝီပါလား၊ မင်းကဘယ်လိုလုပ်ပြီးတော့ ဒီကိုပြန်ရောက်လာတာလဲ”
ထိုအခါ ဒေဝီက မောင်ပိုအား စက်လက်နက်တစ်ခုဖြင့်ပစ်ခတ်လိုက်လေသည်။ လျှင်မြန်ပေ့ါပါးသည့်မောင်ပိုက ဒေဝီပစ်ခတ်လိုက်သည့် စက်လက်နက်ကိုကျွမ်းတစ်ချက်ထိုး၍ ရှောင်ရှားလိုက်ကာ လေပေါ်မှပြန်အကျတွင် ကျားကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။
ထိုအခါ ဦးဒီပက သူ့လူများကိုလှည့်ကြည့်လိုက်ပြီး
“ကဲ ကဝေရှင်တို့ လုပ်ငန်းစကြတော့ဟေ့”
ကဝေရှင်များမှာ လွယ်အိတ်များအတွင်းမှ သံကြိုးများကိုထုတ်ယူလိုက်ကြသည်။ ကျားကြီးမောင်ပိုက သုံးချက်တိတိဟိန်းဟောက်လိုက်လေရာ ငွေနန်းဆောင်အတွင်း အိပ်မောကျနေသည့် မိန်းကလေးများမှာ နိုးကုန်ကြလေသည်။ ဦးဒီပက အရှေ့သို့တက်လာပြီး ကျားကြီးမောင်ပိုအား ခုန်အုပ်ကာ နပမ်းဖက်သတ်တော့သည်။ မောင်ပိုက ဦးဒီပ၏ နံစောင်းကို လက်ဖြင့်ပုတ်ခတ်တိုက်ခိုက်သော်လည်း လက်သည်းချွန်ကြီးများမှာ ဦးဒီပအသားအရေကို မဖောက်ထွင်းနိုင်ဘဲရှိနေသည့်အပြင် ဦးဒီပကိုလည်း မောင်ပိုက ဖက်ပြိုင်မတိုက်ခိုက်နိုင်ပေ၊ ခဏကြာသည့်အခါတွင် ဦးဒီပမှာ မောင်ပို၏လည်ကုပ်ကိုလက်နှင့်ညှစ်ထားလိုက်လေရာ မောင်ပိုမှာ ကြောင်တစ်ကောင်နှယ်ခွေခွေကလေးဖြစ်ပြီး မလှုပ်မရှားနိုင်ဘဲဖြစ်နေတော့သည်။
“ဟား၊ ဟား မင်းလိုကျားလည်း ကျားမနိုင်ဆေးအစွမ်းနဲ့တွေ့တော့ ဘာဟုတ်သေးလို့လဲကွ၊ ဟေ့ကောင်တွေ၊ ဒီကျားကိုဖမ်းချုပ်လိုက်ကြစမ်း”
ထိုအခါ ကဝေရှင်များက အထူးပြုလုပ်ထားသည့် သံကြိုးများဖြင့် မောင်ပို၏ခြေလက်များကိုချည်နှောင်လိုက်ကြလေသည်။ သံကြိုးများနှင့် တစ်ကိုယ်လုံးချည်ပတ်ခံရသည့်မောင်ပိုမှာ တုတ်တုတ်မျှပင်မလှုပ်နိုင်တော့ပေ။
ထိုအချိန် ငွေနန်းဆောင်အတွင်းမှ မိန်းကလေးများက ပြေးထွက်လာကြသည်။ ပြီးသည့်နောက် ကြမ်းပြင်ပေါ်တွင်ဖမ်းခံထားရသည့် မောင်ပိုအားကြည့်ကာ ဒေဝီကိုလည်း စိုက်ကြည့်လိုက်ကြသည်။
“မမဒေဝီ ဘာပြန်လာလုပ်တာလဲ”
“ငါ့ကိုနန်းဆောင်ကနေ နှင်ထုတ်ခဲ့တဲ့လူကို ပြန်ပြီးလက်စားချေမလို့ဟေ့”
“မမဒေဝီ လုပ်ရပ်တွေကို ရပ်တန်းကရပ်လိုက်ပါ၊ မမဒေဝီအစွမ်းနဲ့ မေမေကြီးကိုယှဉ်လို့ရမယ်လို့ထင်နေတာလား”
ဒေဝီက တစ်ချက်ရယ်မောရင်း
“ငါကမယှဉ်နိုင်ပေမယ့် သူတို့ကဝေရှင်တွေကတော့ ယှဉ်နိုင်မှာပါ”
“ဒါဆိုရင်လည်း မမဒေဝီကို ကျုပ်တို့တားရလိမ့်မယ်”
“ဟား၊ ဟား၊ နင်တို့အသားမနာချင်ရင် အညံ့ခံလိုက်ကြ၊ မဟုတ်ရင်တော့ ငါ့အဆိုးမဆိုနဲ့”
ထိုအခါ မိန်းကလေးဆယ်ယောက်က ဒေဝီထံသို့ ပုဝါများဖြင့်ပစ်ခတ်လိုက်ကြသည်။ ပုဝါစများမှာ မြွေတစ်ကောင်ကဲ့သို့ရှည်လျားပျံသန်းထွက်လာကာ ဒေဝီအားလာရောက်ထိမှန်သည်။ ဒေဝီက လက်ဝါးထောင်လိုက်ကာ ပုဝါစများကိုတားဆီးလိုက်သည်။ သို့သော် ပုဝါစများက ဒေဝီ၏လက်ဝါးကိုရစ်ပတ်သွားကြလေသည်။ မိန်းကလေးဆယ်ယောက်မှာ ပုဝါစများအတွင်းသို့ စက်လက်နက်အစွမ်းများကိုထည့်လိုက်ကြပြီး ဒေဝီထံသို့ ပစ်လွှတ်လိုက်ကြသည်။ ဒေဝီကလည်း မှော်အစွမ်းများကိုလက်မှထုတ်ကာ ထိုမိန်းကလေးများပို့လွှတ်လိုက်သည့် စက်လက်နက်များကိုဖြတ်တောက်ပစ်လိုက်တော့သည်။
ယခင်က နန်းဆောင်တစ်ခုလုံးတွင် အစွမ်းအထက်ဆုံးဖြစ်ခဲ့သည့် ဒေဝီကို ကျန်သည့်မိန်းကလေးများက မယှဉ်နိုင်ကြပေ၊ ထို့ကြောင့်စက်လက်နက်များအကုန်လုံး ပျက်ဆီးကုန်ကြပြီး ဒေဝီပို့လွှတ်လိုက်သည့် စက်လက်နက်များက သူတို့ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ဓါတ်လိုက်ခံရသည့်နှယ် တဆတ်ဆတ်တုန်ယင်ကုန်ကြသည်။ ဒေဝီက ပုဝါများဖြင့်ချည်နှောင်ခံထားရသည့် လက်ကိုတအားဆောင့်ဆွဲလိုက်ရာ ထိုမိန်းကလေးဆယ်ဦးမှာ အရှေ့သို့လဲပြိုကျလျက် ကြမ်းပြင်တွင်လူးလှိမ့်နေကြသည်။
တစ်ဖန် မိန်းကလေးငါးယောက်က ထပ်မံထွက်လာပြန်သည်။ ထိုအခါ ဒေဝီက အနက်ရောင်ပုဝါတစ်ထည်ကိုလေပေါ်ပစ်တင်လိုက်သည့်အခါ ထိုပုဝါမှ ပုဝါငါးထည်အဖြစ်ပြောင်းလဲသွားပြီး ပြေးထွက်လာသည့်မိန်းကလေးများ၏ ခန္ဓာကိုယ်များကို ရစ်ပတ်တုတ်နှောင်သွားလေတော့သည်။ ကျန်သည့်မိန်းကလေးများမှာ ကလေးများသာဖြစ်သည်မို့ ကြောက်လန့်တကြားနှင့်အော်ဟစ်နေကြသည်။
ဦးဒီပက ကဝေရှင်များကိုကြည့်ပြီးသည့်နောက်
“ကဲ ကဝေရှင်တွေ၊ မင်းတို့လုပ်စရာရှိတာ လုပ်ကြတော့ဟေ့”
ကဝေရှင်အချို့မှာ လွယ်အိတ်များအတွင်းထည့်လာသည့် ကဝေထောင်ချောက်များကို နန်းဆောင်ကြီးအနှံ့ပစ်သွင်းလိုက်ကာ ထောင်ချောက်များဆင်ထားလေသည်။ ကျန်သည့်ကဝေများကတော့ မိန်းကလေးများကိုဖမ်းဆီးကာ တစ်နေရာတွင်စုဝေးထိုင်နေစေသည်။ ဒေဝီက မိန်းကလေးများကိုကြည့်လိုက်ကာ
“နေအုံး မိန်းကလေးနှစ်ယောက်ပျောက်နေတယ်၊ မယ်ပွင့်နဲ့ မယ်ပျင်းကိုမတွေ့ဘူး”
ဦးဒီပက ရယ်မောလိုက်ကာ
“မိန်းကလေးနှစ်ယောက်လောက်ကတော့ ငါတို့အတွက် အသာကလေးပါ၊ ကဲ ဒီမိန်းကလေးတွေကို ဖမ်းဆီးကြမယ်ဟေ့”
ဦးဒီပက သူ့ခေါင်းတွင်ပေါင်းထားသည့် ခေါင်းပေါင်းကြီးကို ချွတ်ချလိုက်သည့်အခါ ဦးဒီပခေါင်းမှာ ဦးခေါင်းခွံမရှိဘဲ ခပ်ပျော့ပျော့အရည်ပြားသာဖုံးအုပ်ထားလေသည်။ ထိုအရေပြားကြီးအောက်မှ ဦးနှောက်ကြီးကို အတိုင်းသားမြင်နေရသည်။ ဦးဒီပက ပါးစပ်ကိုဟလိုက်ပြီး မန္တန်တစ်ခုကို ရွတ်ဖတ်လိုက်သည့်အခါ ထိုဦးနှောက်ကြီးမှာ တဖြည်းဖြည်းစိမ်းဖန့်ဖန့်အလင်းရောင်ကြီးများလင်းလက်လာလေသည်။ တစ်ချိန်တည်းမှာပင် စုဝေးထိုင်နေကြသည့် မိန်းကလေးများမှာ လည်ချောင်းများကိုလက်နှင့်ဖိရင်း ပါးစပ်များအလိုလိုပွင့်ကုန်ကြသည်။ ထိုမိန်းကလေးများ၏ ပါးစပ်အတွင်းမှ အစိမ်းရောင်အလင်းတန်းများက တိုးထွက်လာကာ ဦးဒီပ၏ ဦးနှောက်ကြီးဆီသို့ အလင်းတန်းများအဖြစ် စီးဝင်ကုန်လေသည်။
ဒေဝီက ထိုအဖြစ်ကိုကြည့်ပြီး
“ရှင်ဘယ်လိုလုပ်တာလဲ ဦးဒီပ၊ ရှင်ပြောတော့ မိန်းကလေးတွေကိုဖမ်းမှာဆို”
“ဟား၊ ဟား ငါတို့ကဝေရှင်တွေက ဒီလိုပဲဖမ်းတာလေကွာ”
“မဟုတ်ဘူး၊ ရှင် ကျွန်မနဲ့ အပေးအယူလုပ်ခဲ့တုန်းက ဒီကိစ္စမပါဘူးလေ”
ဦးဒီပက ဒေဝီအား မျက်မှောင်ကြုတ်၍ ကြည့်လိုက်ပြီး
“ကဝေရှင်ဆိုတာ စုန်းမတွေနဲ့ ဘယ်တော့မှအပေးအယူမလုပ်ဘူး”
ဒေဝီ အံ့သြနေသည့်အချိန်မှာပင် ဦးဒီပက ဒေဝီအား လက်ညှိုးဖြင့်တောက်လိုက်လေရာ ဒေဝီမှာအနောက်သို့ ဆယ်လံခန့်လွှင့်ထွက်သွားလေသည်။ ဒေဝီမှာ မကျေမနပ်နှင့် ပြန်ကုန်းထလိုက်ပြီး
“ရှင်က သစ္စာဖောက်တဲ့လူပဲ၊ ကတိမတည်တဲ့လူပဲ”
“ငါပြောပြီးသားပဲ၊ ငါတို့ ကဝေရှင်တွေဆိုတာ စုန်းမတွေနဲ့ အပေးအယူမလုပ်ပါဘူးဆို”
“ရှင်သေရမယ် ဦးဒီပ၊ ရှင့်ကို ကျွန်မသတ်မယ်”
ဒေဝီက စက်လက်နက်တစ်ခုဖြင့် ဦးဒီပအားပစ်ခတ်လိုက်လေသည်။ ထိုအချိန် ကဝေများချထားသည့် ထောင်ချောက်များမှာ အစိမ်းရောင်အလင်းတန်းကြီးများထွက်ပေါ်လာကာ ဒေဝီကျောပြင်အား ထိမှန်ကုန်သည်။ ဒေဝီမှာ နာကျင်စွာအော်ဟစ်လျှက် အရှေ့သို့ဒူးထောက်ထိုင်ကျသွားသည်။ ဦးဒီပနှင့် ကဝေရှင်များက အားရပါးရ ရယ်မောလျှက်
“ဟုတ်ပြီ၊ ဒီညတော့ ငါတို့အောင်ပွဲခံရတဲ့ညပဲကွ၊ မနူးမနပ်စုန်းမလေးရဲ့ လမ်းပြမှုနဲ့ ငါတို့စုန်းသိုက်ကိုဝင်မွှေပြီးတော့ သူတို့ဆီကစွမ်းအားတွေကိုယူမယ်၊ သူတို့ရဲ့ ဝိညာဉ်တွေကိုလည်း ဖမ်းချုပ်ကြမယ်ဟေ့”
ဦးဒီပက အော်ဟစ်ပြီး လက်နှစ်ဖက်ကို နံဘေးသို့ဆန့်တန်းလိုက်သည့်အခါ မိန်းကလေးများထံမှ အစိမ်းရောင်အလင်းတန်းများက သူ့ဦးနှောက်အတွင်းသို့ အဆတ်မပြတ်စီးဆင်းကြလေသည်။ မိန်းကလေးများမှာ လူးလွန့်အော်ဟစ်ကြရင်း တဖြည်းဖြည်းနှင့်အသားအရေများခြောက်ခမ်းလာပြီး ဆံပင်များမှာလည်း ဆွတ်ဆွတ်ဖြူလာကြသည်။ အစိမ်းရောင်အလင်းတန်းများမှာ တဖြည်းဖြည်းလိမ္မော်ရောင်အလင်းတန်းများဖြစ်သွားကြပြီးသည့်နောက် မိန်းကလေးများအားလုံးမှာ ခြောက်သွေ့ကာ အရိုးခြောက်များအဖြစ် ကြမ်းပြင်ပေါ်သို့ လဲကျသေဆုံးကုန်ကြသည်။
ထိုအခါ အရိုးခြောက်များအတွင်းမှ စုန်းဝိညာဉ်များတိုးထွက်လာကာ နန်းဆောင်ကြီးအတွင်း ဆောက်တည်ရာမရ ပျံသန်းနေကြသည်။ ကဝေရှင်များက သူတို့အသင့်ယူလာကြသည့် အိုးကလေးများကို ထုတ်ယူလိုက်ကြသည်။ အိုးကလေးများမှာ လက်တစ်ဝါးစာခန့်အရွယ်ရှိကာ အဝကျဉ်း၍ လည်ပင်းရှည်သည့် ရေတကောင်းများနှင့်ပင် ဆင်တူကြသည်။ ထိုအိုးကလေးများ၏ နံဘေးပတ်ပတ်လည်နှင့် အောက်ဘက်တွင် ကဝေရှင်များစီရင်ထားသည့် စမအင်းများကိုရေးသားထားကြကာ၊ ကဝေရှင်များက ထိုအိုးကလေးများကိုဖွင့်၍ ပြေးလွှားနေသည့် စုန်းဝိညာဉ်များအား ချိန်ရွယ်လိုက်သည်နှင့် စုန်းဝိညာဉ်များကို အိုးအတွင်းမှ စွမ်းအင်တစ်ခုက စုပ်ယူသွင်းကာ ဖမ်းဆီးလိုက်လေသည်။ ကဝေရှင်က ထိုအိုးအား ပိတ်စထုံးဖြင့်ပြုလုပ်ထားသည့် အစို့နှင့်ဆို့ကာ အိုးကိုပိတ်လိုက်သည်။ ထိုနည်းဖြင့် ကဝေရှင်များက မယ်တော်မွေးစားထားသည့် ကလေးငယ်များကို တစ်ယောက်မကျန် ဖမ်းဆီးကြလေရာ ငွေနန်းဆောင်အတွင်းမှ မိန်းကလေးများအကုန်လုံး သေဆုံးကြကာ ကဝေရှင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ကြရသည်။
ဦးဒီပက ကျေနပ်စွာရယ်မောလျှက်
“မဆိုးဘူး၊ ဒီစုန်းသိုက်ကိုမွှေလိုက်တာ ငါ့အတွက် စုန်းစွမ်းအင်တွေ တော်တော်များများရလိုက်တာပဲဟေ့”
ဒေဝီက အံကြိတ်ကာကြည့်နေရင်း
“ရှင်လူယုတ်မာ၊ ရှင်က လူယုတ်မာတစ်ယောက်ပဲ”
“ဒေဝီ၊ မင်းကဖြူစင်တာကိုးကွ၊ ဒါ မင်းဘဝနဲ့ရင်းပြီး ရလိုက်တဲ့သင်ခန်းစာလို့ မှတ်ယူလိုက်၊ နောက်ဆိုရင် စုန်းတစ်ယောက်က ကဝေရှင်တစ်ယောက်ရဲ့စကားကို ဘယ်တော့မှ မယုံမိစေနဲ့”
ကဝေရှင်တစ်ဦးက အရှေ့သို့တက်လာကာ
“ဆရာကြီး၊ ဒီမိန်းကလေးကိုရော မဖမ်းချုပ်ဘူးလား”
ဦးဒီပက ခေါင်းခါလိုက်ကာ
“ဒေဝီကိုတော့ ထားလိုက်အုံး၊ ဘာပဲဖြစ်ဖြစ် သူက ငါတို့လက်ထဲက ရေဖြစ်နေပြီ၊ ပြီးတော့ သူ့ရုပ်ကလေးက သနားကမားနဲ့ပါကွ၊ သူ့ကိုဒီအတိုင်းသတ်ရမှာ နမြောစရာကြီး၊ ငါတို့သူနဲ့ နည်းနည်းပါးပါးဆော့ကစားပြီးမှ ဖမ်းတာပေါ့ကွာ ၊ ဟား၊ ဟား”
ဦးဒီပက ရွှေနန်းဆောင်ကြီးဆီသို့တစ်ချက်ကြည့်လိုက်ကာ
“ဒေဝီအပြောအရဆိုရင် အဲဒီရွှေနန်းဆောင်ကြီးထဲမှာ အဖိုးတန်ပစ္စည်းတွေ အများကြီးရှိတယ်ဆိုပဲ၊ ကဲ အခုစုန်းတွေကိုဖမ်းပြီးပြီ စွမ်းအင်တွေကိုလည်း ရပြီးပြီဆိုတော့ ရွှေနန်းဆောင်ကြီးထဲက ရတနာတွေယူဖို့ပဲကျန်တော့တယ်”
ဦးဒီပက ကဝေရှင်နှစ်ဦးအား မျက်ရိပ်ပြလိုက်သည့်အခါ ကဝေရှင်နှစ်ဦးက ရွှေတံခါးကြီးဆီသို့ပြေးသွားကြကာ တံခါးအားဖွင့်နိုင်မည့်နည်လမ်းကိုရှာဖွေကြသည်။ ရွှေတံခါးကြီးကို လက်နှင့်ပွတ်သပ်ကိုင်တွယ်လိုက်ရင်း ရွှေတံခါးကြီးမှာ ရွှေရောင်တစ်ချက်လင်းထွက်သွားပြီး ကဝေရှင်နှစ်ဦး၏ လက်များမှာ တံတောင်ဆစ်မှ တိခနဲပြတ်ကျကာ ကဝေရှင်နှစ်ဦးလည်း အနောက်သို့ပက်လက်လန်ကာ လဲကျသွားသည်။
“ဆရာကြီး လုပ်ပါအုံး၊ ကျုပ်တို့ကို ကယ်ပါအုံး”
ဦးဒီပက ထိုလူနှစ်ယောက်ကို ခါးထောက်ကာကြည့်လိုက်ရင်း
“မင်းတို့က လက်နှစ်ဖက်ပြတ်သွားပြီပဲကွ၊ လက်ပြတ်သွားတဲ့ ကဝေရှင်က ဘာအသုံးကျတော့မှာမို့လို့လဲ”
ထိုသို့ပြောဆိုပြီးသည့်နောက် ကဝေရှင်များနှစ်ဦးထံမှ အစွမ်းများကို ဦးဒီပက စုပ်ယူလိုက်လေသည်။ ကဝေရှင်နှစ်ဦး သေဆုံးသွားသည့်အခါ သူတို့၏ ဝိညာဉ်များကိုလည်း အိုးတစ်လုံးနှင့်ဖမ်းဆီးလိုက်သည်။ ထိုအဖြစ်ကိုကြည့်ကာ ဒေဝီမှာ အလွန်အံ့သြနေမိသည်။
“ရှင်ဟာ လူမဟုတ်ဘူး၊ လူစိတ်မရှိဘူး၊ ကိုယ့်အဖွဲ့ထဲကလူကိုတောင်မှ ကိုယ်ပြန်ပြီးသတ်တယ်ဆိုတော့ ရှင်ဟာ မိစ္ဆာကောင်ကြီးတစ်ကောင်ပဲ”
“မင်းထင်ချင်သလိုထင်နိုင်တယ်ဒေဝီ၊ ဒါပေမယ့် ဒါက ကဝေရှင်တွေလိုက်နာရမည့် စည်းတစ်ခုပဲ၊ ကဝေရှင်တစ်ယောက်က သုံးစားလို့မရတဲ့အခြေအနေဖြစ်သွားပြီဆိုရင် သူတို့စွမ်းအင်တွေ၊ သူတို့ရဲ့ဝိညာဉ်တွေ အလဟဿမဖြစ်အောင်လို့ အခြားကဝေရှင်တစ်ယောက်က အခုလိုအဆုံးစီရင်ပေးရတာ တို့ကဝေရှင်တွေအားလုံးသိတယ်”
ဦးဒီပက ရွှေရောင်တံခါးကြီးကို သေသေချာချာစူးစူးစိုက်စိုက်ကြည့်လိုက်လေသည်။ ထိုအခါ ဦးဒီပ မျက်လုံးနှစ်လုံးမှ အစိမ်းရောင်အလင်းတန်းကြီးတစ်ခုထွက်ပေါ်လာကာ ရွှေရောင်တံခါးကြီးကိုထိမှန်သွားသည်။ အစိမ်းရောင်အလင်းတန်းများနှင့် တံခါးကြီးထိတွေ့မိသည့်အခါ တံခါးကိုပြုလုပ်ထားသည့် ရွှေစင်ရွှေသားများမှာ တဖြည်းဖြည်းအရည်ပျော်ကျလာသည်။ နောက်ဆုံးတွင်တော့ လူတစ်ကိုယ်စာဝင်နိုင်လောက်သည့် အပေါက်ကြီးတစ်ခုဖြစ်သွားလေတော့သည်။
“ငါ့ကို ဘယ်အရာကမှ မတားဆီးနိုင်ဘူးကွ”
ကဝေရှင်များက ရွှေနန်းဆောင်ကြီးအတွင်းဝင်လာကြသည့်အခါ သလွန်ပေါ်တွင်ထိုင်နေသည့် မယ်တော်ကိုယ်ပွားကိုတွေ့လိုက်ကြရသည့်အတွက် ထိတ်လန့်သွားကြသည်။ မယ်တော်ကိုယ်ပွားမှာ မတ်တပ်ထပြီး ဦးဒီပထံသို့ စက်လက်နက်များဖြင့်ပစ်ခတ်လေသည်။ ဦးဒီပက မယ်တော်ကိုယ်ပွားအား လက်ညှိုးထိုးလိုက်ပြီး ပါးစပ်ကြီးကိုဖြဲလိုက်ကာ စွမ်းအင်များကိုစုပ်ယူလိုက်သည်။ မယ်တော်ကိုယ်ပွားမှ စွမ်းအင်များကုန်ခမ်းသွားသည့်အတွက် မြူခိုးတစ်ခုနှယ် ကွယ်ပျောက်သွားတော့သည်။
“ဒါအစစ်မဟုတ်ဘူး၊ မယ်တော်က ကိုယ်ပွားထားခဲ့တာပဲဟေ့၊ ဒါပေမယ့် ကိုယ်ပွားဆိုတာက စွမ်းအင်သက်သက်နဲ့ ဖန်ဆင်းခဲ့တာဆိုတော့ ငါ့ကိုယှဉ်လို့ရမှာမဟုတ်ဘူး”
ဦးဒီပက နန်းဆောင်ကြီးအတွင်းသို့ဝေ့ကြည့်ုလိုက်ကာ
“အထဲမှာတော့ အဖိုးတန်တဲ့အရာတွေချည်းပဲဟေ့၊ ကဲ တပည့်တို့ ဒီအရာတွေအကုန်လုံးကို မင်းတို့စိတ်ရှိလက်ရှိသာ ယူကြပေတော့”
ကဝေရှင်များကလည်း နန်းဆောင်အတွင်းရှိ ပစ္စည်းများကိုကြည့်ရင်း
“ကြည့်စမ်း ယုတ်ညံ့တဲ့စုန်းမက အကောင်းစားပစ္စည်းအသုံးအဆောင်တွေနဲ့ နေရပြီး၊ ငါတို့လို ကဝေရှင်တွေကတော့ တဲစုတ်နဲ့နေရတာ တရားသလားကွ”
“မပူစမ်းပါနဲ့ကွာ၊ အခု ငါတို့အလှည့်ရောက်လာပါပြီကွ၊ ဒီပစ္စည်းတွေမပြောနဲ့ ဟောဒီက ရွှေရေကရား တစ်ခုကိုရောင်းစားရင်တောင်မှ ငါတို့တစ်သက် စားမကုန်နိုင်လောက်အောင် ချမ်းသာကြမှာကွ၊ ကဲ မင်းတို့စိတ်ကြိုက်ယူကြဟေ့”
ထိုသို့ပြောပြီး ဦးဒီပမှာ မယ်တော်ထိုင်ခဲ့သည့် သလွန်တွင် အေးအေးလူလူထိုင်ချလိုက်သည်။ ကဝေရှင်များမှာတော့ မယ်တော်သိမ်းဆည်းထားသည့် ပစ္စည်းများကို လေ့လာကာ စိတ်ကြိုက်ယူငင်နေကြသည်။ ဦးဒီပက လက်သီးဆုပ်လိုက်ပြီး
“ရှင်ထူး၊ မင်းနဲ့ငါနဲ့ ဒီတစ်ခါ ထပ်တွေ့ကြပြီပေါ့ကွာ၊ ဟား ဟား”
(၃)
်မယ်ပွင့်မှာ နန်းဆောင်ကြီးအတွင်းမှ စကားပြောသံများကြားသဖြင့် အပြင်သို့ပြေးထွက်လိုက်လေသည်။ ထိုအခါ ကဝေရှင်များက မယ်ပွင့်အားတွေ့သွားကာ ဂုတ်မှဖမ်းဆွဲခေါ်သွားကြသည်။
“လွတ်၊ ရှင်တို့ ကျုပ်ကိုလွှတ်”
မယ်ပွင့်မှာ ယက်ကန်ယက်ကန်ဖြင့် ကဝေရှင်များလက်သို့ပါသွားရသည်။ ကဝေရှင်များက မယ်ပွင့်အား ဦးဒီပထံသို့ခေါ်ဆောင်သွားသည်။
“ဆရာကြီး ဒီကလေးလေးကို ဒီနန်းဆောင်ထဲက ဖမ်းမိပါတယ်”
ဦးဒီပက မယ်ပွင့်အားကြည့်လိုက်ပြီး
“မင်းဒီမှာ ဘာလုပ်နေတာလဲ ဝက်မလေးရဲ့”
ဦးဒီပက မယ်ပွင့်လည်ပင်းအား လက်နှင့်ညှစ်လိုက်ပြီး သူ့ခေါင်းကြီးက အစိမ်းရောင်များလင်းလက်လာလေသည်။ မယ်ပွင့်ကိုယ်ထဲမှ အစိမ်းရောင်အလန်းတန်းများထွက်ပေါ်လာသည့်အခါ မယ်ပွင့်မှာ အသံကုန်ဟစ်ကာ အော်လေတော့သည်။
“အော်စမ်း၊ မင်းကြိုက်သလောက်အော်စမ်း၊ ဒီအချိန်မှာ မင်းကိုဘယ်သူမှ မကယ်နိုင်တော့ဘူး၊ မင်းရဲ့အမတွေသွားတဲ့လမ်းကို မင်းလိုက်သွားရတော့မှာပါကွ”
“ရှင်လုပ်နေတာတွေ အခုရပ်လိုက်စမ်း”
ထိုအချိန်အသံကြားရသဖြင့် ဦးဒီပကလှည့်ကြည့်လိုက်သည့်အခါ နန်းဆောင်အခန်းအဝင် တံခါးဘောင်ကို မှီလျှက်မတ်တပ်ရပ်နေသည့် မယ်ပျင်းကိုတွေ့လိုက်ရသည်။
“မယ်ပွင့်ကိုလွှတ်လိုက်လို့ပြောနေတယ်နော်”
မယ်ပျင်းမှာ ပြောရင်းအရှေ့သို့ ခြေကိုလှမ်းလိုက်သော်လည်း စွမ်းအင်များကုန်ခမ်းနေသဖြင့် ဒယိမ်းဒယိုင်ဖြစ်နေလေသည်။ ဦးဒီပမှာ မယ်ပျင်းအားကြည့်လိုက်ပြီးသည့်နောက် မယ်ပွင့်ကိုလက်ထဲမှလွတ်ချလိုက်ရာ မယ်ပွင့်မှာ ခွေခွေကလေး လဲကျသွားသည်။
“မယ်ပျင်းဆိုတာ မင်းပဲဖြစ်ရမယ်”
“ရှင် ကျုပ်ကိုဘယ်လိုသိတာလဲ”
“ဒေဝီက မင်းအကြောင်းတွေအကုန်လုံး ငါ့ကိုပြောပြပြီးသားပါကွ၊ ငါကလည်း မင်းနဲ့တွေ့ချင်နေတာ၊ ဒါနဲ့ မင်းဆီမှာ အဆုံးအစမဲ့စွမ်းအင်တွေရှိတယ်ဆိုကွ”
“ရှင် ဘာတွေလုပ်လိုက်ပြီလဲ”
ဦးဒီပက ကဝေရှင်နှစ်ယောက်ကို မျက်ရိပ်ပြလိုက်သည့်အခါ ကဝေရှင်နှစ်ယောက်က မယ်ပျင်းအားဖမ်းချုပ်ရန်အတွက် အရှေ့သို့တိုးသွားသည်။ ကဝေရှင်တစ်ဦးက မယ်ပျင်း၏ လက်မောင်းကိုဆွဲလိုက်သည့်အခါ မယ်ပျင်းက စက်လက်နက်တစ်ခုဖြင့် ကဝေရှင်လက်ကို ရိုက်ချလိုက်သည်။ ထိုအခါ ငွေရောင်နန်းဆောင်ကြီးအတွင်း တပ်ဆင်ထားသည့် ကဝေထောင်ချောက်များမှာ အစိမ်းရောင်အလန်းတန်းများထွက်လာကာ မယ်ပျင်းအားထိမှန်သွားသဖြင့် မယ်ပျင်းမှာ မှောက်လျက်သားလဲကျသွားသည်။ မယ်ပျင်းပါးစပ်အတွင်းမှလည်း သွေးများက အန်ကျလာလေသည်။
“ကဲ ဘာမှကြိုးစားမနေနဲ့ကောင်မလေး၊ မင်းက ဒီထဲနေတာဆိုတော့ ဘာတွေဖြစ်နေသလဲဆိုတာ သိမှာမဟုတ်ဘူးပေါ့၊ ကဲ ဟေ့ကောင်တွေ ဒီကောင်မလေးကို ဆွဲခေါ်လာခဲ့ကြ”
ကဝေရှင်နှစ်ဦးက မယ်ပျင်းအား ဆွဲခေါ်လာသည်။ မယ်ပျင်းမှာ လမ်းပင်မလျှောက်နိုင်တော့သဖြင့် ထိုသူများဆွဲခေါ်လာသည့်အနောက်သို့ တရွတ်တိုက်ပါလာရသည်။ ငွေရောင်နန်းဆောင်ကြီးဆီသို့ရောက်သည့်အခါ မယ်ပျင်းတစ်ယောက် စွမ်းအင်များကုန်ခမ်းခြောက်သွေ့ကာ သေဆုံးနေကြသည့် မိန်းကလေးများကိုတွေ့လိုက်ရသည်။
“ရှင် . . ရှင်တို့ ဘာလုပ်ကြတာလဲ”
ဦးဒီပက
“ကဲ မင်းရဲ့ မမဒေဝီနဲ့ နှုတ်ဆက်လိုက်ပါအုံး”
မယ်ပျင်းမှာ ကြမ်းပြင်တစ်နေရာတွင်ထိုင်နေသည့် ဒေဝီအားကြည့်လိုက်ပြီးနောက်
“မမဒေဝီ . . . မမဒေဝီဘာလုပ်တာလဲ”
ဒေဝီမှာ မျက်ရည်များကျဆင်းလာပြီး
“ဒါတွေအားလုံးက မမရဲ့အပြစ်တွေပါ မယ်ပျင်းရယ်၊ မမကို မေမေကြီးက ဒီနန်းဆောင်ကြီးက နှင်ထုတ်ခဲ့တာကို မခံချင်စိတ်ဖြစ်ပြီးတော့ မေမေကြီးကိုပြန်ပြီးလက်စားချေဖို့တွေးခဲ့မိတယ်၊ အဲဒါနဲ့ ကဝေရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီးတော့ ကဝေရှင်အကြီးအကဲဖြစ်တဲ့ ဦးဒီပနဲ့တွေ့ဆုံခဲ့တယ်၊ ဖြစ်ချင်တော့ ဦးဒီပကလည်း လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်လောက်တုန်းက မေမေကြီးနဲ့တစ်ခါရင်ဆိုင်တွေ့ပြီး ရှုံးနိမ့်ခဲ့တဲ့လူတစ်ယောက်ပဲ၊ ငါကလည်း မေမေကြီးကိုမကျေနပ်ဘူး ဦးဒီပကလည်း မေမေကြီးကိုလက်စားချေချင်တယ်ဆိုတော့ ငါတို့နှစ်ယောက်ပူးပေါင်းပြီး ဒီနန်းသုံးဆောင်ကို ဖောက်ထွင်းဝင်ရောက်လို့ ကလေးတွေကိုထိန်းချုပ်ပြီး မေမေကြီးကို အကြပ်ကိုင်ဖို့စီစဉ်ခဲ့တာပဲ”
မယ်ပျင်းမှာ အံ့အားသင့်လျှက်
“မမဒေဝီရယ်၊ မမဒေဝီက မေမေကြီးရဲ့အရင်ဆုံးမွေးစားခဲ့တဲ့သမီးပါ၊ မေမေကြီးနဲ့အတူတူဆယ်နှစ်ဆယ်မိုးလောက် နေခဲ့တဲ့လူပါ၊ ဘာဖြစ်လို့များ မေမေကြီးကို ဒုက္ခပေးချင်ရတာလဲ၊ မေမေကြီးက မမဒေဝီရဲ့ပညာတွေအကုန်လုံးကို မဖျက်ဆီးလိုက်တာကိုပဲ ကျေးဇူးတင်သင့်တာ”
“ငါမှားပါတယ် ငါမှားပါတယ် မယ်ပျင်းရယ်၊ အခုတော့ ငါ့ကြောင့် ကလေးတွေအားလုံးသေရပြီ၊ ငါ့အပြစ်တွေပါ၊ ဒါတွေအားလုံးက ငါ့အပြစ်တွေပါ”
ဦးဒီပက ဒေဝီအနီးသို့ တိုးသွားလိုက်ကာ
“ကဲ ငိုနေတာတွေ မျက်ရည်ကျနေတာတွေ တော်လောက်ပြီ၊ အခုအချိန်က ပျော်ပျော်နေရမယ့်အချိန်ဖြစ်နေပြီ ဒေဝီရဲ့”
ဦးဒီပမှာ ဒေဝီအားဆွဲထူလိုက်ကာ ဒေဝီကိုယ်လုံးအား တင်းကြပ်စွာပွေ့ဖက်လိုက်ရင်း သူ့လက်ကြမ်းကြမ်းကြီးဖြင့်ကိုယ်လုံးအနှံ့ကိုပွတ်သပ်နေလေသည်။
“မယ်တော်ကို ဒီအတိုင်းစောင့်နေရတာ ပျင်းစရာကြီး၊ ခုနက ရွှေသလွန်ပေါ်မှာ မင်းနဲ့ငါနဲ့ ပျော်ကြမယ်ဟေ့”
ထိုအခိုက် မယ်ပျင်းမှာ ခါးကြားတွင်ထိုးထားသည့် ဓါးမြှောင်ကလေးကိုထုတ်ယူလိုက်ကာ အနီးတွင်ရပ်နေသည့် ကဝေရှင်၏ ဝမ်းဗိုက်အား ထိုးစိုက်ချလိုက်သည်။ ကဝေရှင်မှာ ဗိုက်ကိုဓါးစိုက်သဖြင့် ကုန်းလာသည့်အခါ မယ်ပျင်းက မတ်တပ်ထရပ်လိုက်ပြီး ကဝေရှင်၏ နောက်စေ့အား ဓါးမြှောင်ဖြင့်ထိုးစိုက်ထည့်လိုက်ရာ ကဝေရှင်မှာ လှေကားကြီးအတိုင်း ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားလေသည်။
နောက်ကဝေရှင်တစ်ဦးမှာ မယ်ပျင်းထံသို့ပြေးဝင်လာပြန်သည်။ ထိုအခါ မယ်ပျင်းက ကဝေရှင်၏ လက်ဝါးချက်ကိုရှောင်တိမ်းလိုက်ပြီးနောက် ကဝေရှင်၏ ချိုင်းအောက်မှငုံ့ရှောင်ရင်း နောက်ကျောဖက်ကို ဓါးမြှောင်ဖြင့် လေးငါးချက်ခန့် ဆက်တိုက်ထိုးနှံလိုက်လေရာ ထိုကဝေရှင်မှာလည်း လဲကျသွားတော့သည်။
ဒေဝီက ဦးဒီပ၏ ကိုယ်လုံးအား သူ့လက်များဖြင့် တင်းကြပ်စွာပွေ့ဖက်ပြီး ချုပ်နှောင်ထားလိုက်သည်။ ပြီးနောက် မယ်ပျင်းထံသို့ကြည့်လိုက်ကာ
“မယ်ပျင်း သူ့ကိုစက်လက်နက်နဲ့ပစ်ခတ်လိုက်တော့”
ထိုသို့ပြောဆိုရင်း ဒေဝီက လက်နှစ်ဖက်တွင် စက်လက်နက်များကိုဖန်တီးလိုက်လေသည်။ ထိုအခါ ကဝေရှင်များထောင်ထားသည့် ထောင်ချောက်များဆီမှ အလင်းတန်းများထွက်ပေါ်လာကာ ဒေဝီအားလာရောက်ထိမှန်သည်။ တစ်ချိန်တည်းမှာပင် မယ်ပျင်းက ဦးဒီပ၏ ရင်ဘတ်တည့်တည့်ဆီသို့ စက်လက်နက်တစ်ခုဖြင့်ပစ်ခတ်လိုက်လေသည်။ ကဝေထောင်ချောက်များက အလင်းတန်းများမှာ ဒေဝီအားထိမှန်နေသဖြင့် မယ်ပျင်းထံသို့ ရောက်မလာခဲ့ပေ၊ စက်လက်နက်မှာ ဦးဒီပ၏ရင်ဘတ်ကိုထိမှန်သည့်အခါ ဦးဒီပရော ဒေဝီပါလွင့်ထွက်သွားလေသည်။
သို့သော် မယ်ပျင်း၏ စက်လက်နက်မှာ ဦးဒီပအား ကြီးကြီးမားမားမထိခိုက်စေပေ၊ မြေပြင်တွင်လဲကျသွားသည့် ဒေဝီက မယ်ပျင်းအားကြည့်ပြီး
“မယ်ပျင်း၊ ပြေး . . . ပြေးတော့”
ဦးဒီပက ကုန်းထပြီး ဒေဝီ၏လည်ပင်းအား လက်ဖြင့်ဖမ်းဆုပ်ကိုင်လိုက်ကာ ဒေဝီကိုဘယ်ပြန်ညာပြန် ပါးများလှိမ့်ရိုက်လေသည်။
“ခွေးမ၊ ငါက ကောင်းကောင်းမွန်မွန်ဆက်ဆံတာကိုတောင် နင်ကငါ့ကိုပြန်ပြီးလုပ်ကြံရဲတယ်ပေါ့ ဟုတ်လား”
ပါးရိုက်ခံရသဖြင့် ဒေဝီ၏ သွားဖုံးများကြားမှ သွေးများကစီးကျလာလေသည်။ ဒေဝီမှာ ဦးဒီပအား နာကျဉ်းသည့်အကြည့်ဖြင့်ကြည့်လိုက်ကာ ဦးဒီပမျက်နှာကို တံတွေးဖြင့်ထွေးလိုက်သည်။ သွေးများရောထွေးနေသည့် တံတွေးများက ဦးဒီပမျက်နှာကိုစင်လေရာ ဦးဒီပမှာ ထိုတံတွေးများကိုလက်ဖြင့်သုတ်လိုက်ပြီး
“မင်းက ဆက်မနေချင်တော့ဘူးဆိုတော့လည်း တစ်ခါတည်း ဇာတ်သိမ်းပေးရတာပေါ့”
ဦးဒီပမှာ ဒေဝီ၏မျက်နှာကိုလက်နှစ်ဖက်ဖြင့်ကိုင်လိုက်ကာ ဒေဝီ၏နှုတ်ခမ်းကို သူ့ပါးစပ်ဖြင့်စုပ်ထည့်လိုက်သည်။ ထိုအခါ ဒေဝီကိုယ်လုံးမှာ အကြောများစွဲလာပြီးသည့်နောက် အသားအရည်များခြောက်ခန်းလာကာ မကြာမီအချိန်မှာပင် အရိုးခြောက်ကောင်တစ်ခုအဖြစ်သို့ပြောင်းလဲသွားလေသည်။ ဦးဒီပက မယ်ပျင်းအားတစ်ချက်မော့ကြည့်လိုက်ပြီး
“ဒီတစ်ခါတော့ မင်းအလှည့်ပဲ မယ်ပျင်း”
မယ်ပျင်းမှာ ကြောက်ကြောက်လန့်လန့်နှင့် ရွှေရောင်နန်းဆောင်ကြီးအတွင်းသို့ပြေးဝင်လာခဲ့သည်။ ရွှေရောင်နန်းဆောင်အဝသို့ ကဝေရှင်တစ်ယောက်ထွက်လာသည့်အခါ မယ်ပျင်းက ထိုကဝေရှင်၏ ရင်ဝသို့ ဓါးမြှောင်နှင့်တစ်ချက်စိုက်သွင်းလိုက်ပြီး ကျောကုန်းကို ပုတ်ထည့်လိုက်ရာ ကဝေရှင်မှာလှေကားအတိုင်း ကျွမ်းထိုးကျသွားပြီး ဇက်ကျိုးသေသွားလေသည်။ မယ်ပျင်းက ရွှေနန်းဆောင်ကြီးအတွင်းရှိ မယ်တော်စုဆောင်းထားသည့် ပစ္စည်းများအကြားတွင် ပုန်းအောင်းနေလေသည်။
ဦးဒီပက ရွှေနန်းဆောင်ကြီးပေါ်သို့တက်လာပြီးသည့်နောက် တစ်လှမ်းချင်းလှမ်းလျှောက်လာရင်း
“မင်းပုန်းမနေစမ်းပါနဲ့ကွာ၊ ငါ့လက်က မလွတ်တော့ပါဘူး”
ဦးဒီပမှာ နန်းဆောင်ကြီးအတွင်း တစ်လှမ်းချင်း လျှောက်လာလေသည်။ မယ်ပျင်းမှာ နန်းဆောင်အတွင်းရှိ တိုင်လုံးကြီးများကို အကာအကွယ်ပြုကာ ပြေးလွှားပုန်းအောင်းနေရသည်။ တစ်နေရာအရောက်တွင်တော့ ဦးဒီပမှာ မယ်ပျင်းရှိနေသည့်နေရာကိုမမြင်ဘဲ ကျော်လွန်သွားလေသည်။ ထိုအခါ မယ်ပျင်းက အခွင့်ကောင်းရပြီဖြစ်သဖြင့် ဦးဒီပနောက်ကျောထံသို့ ပြေးဝင်သွားလိုက်ကာ ဓါးမြှောင်ဖြင့် ထိုးစိုက်ချလိုက်သည်။ သို့သော် ဦးဒီပက ချက်ချင်းလှည့်လိုက်ကာ မယ်ပျင်းထိုးသည့်ဓါးချက်ကို လက်ဖြင့်ဖမ်းဆုပ်လိုက်ပြီး မယ်ပျင်းရင်ဘတ်အား ခြေထောက်ဖြင့်ကန်ထည့်လိုက်ရာ မယ်ပျင်းတစ်ယောက် အနောက်သို့လွင့်ထွက်သွားရသည်။ ဦးဒီပက အရှေ့တိုးလာသဖြင့် မယ်ပျင်းမှာ ပစ္စည်းများအကြားသို့ခုန်ဝင်လိုက်ကာ လှည့်ပတ်ပုန်းအောင်းရပြန်သည်။ မယ်တော်စုဆောင်းထားသည့် မြောက်များစွာသော ပစ္စည်းများမှာ မယ်ပျင်းအတွက် လှည့်ပတ်ပုန်းအောင်းစရာနေရာတစ်ခုဖြစ်နေလေသည်။
“မင်းဒီထဲမှာ တစ်သက်လုံးပုန်းနေလို့မရဘူးနော်၊ ထွက်လာခဲ့စမ်းပါကွ”
ဦးဒီပမှာ ပစ္စည်းများကိုလက်နှင့် ရိုက်ထုတ်လိုက်ပြီး မယ်ပျင်းကြောက်လန့်စေရန်အတွက် ခြောက်လှန့်နေလေသည်။ ယခုတစ်ခါတွင်လည်း ဦးဒီပမှာ မယ်ပျင်းကိုအနည်းငယ်ကျော်လွန်သွားသည်။ မယ်ပျင်းက ယခုတစ်ခါတွင်တော့ မတူထူးခြားသည့် ဗျူဟာကိုအသုံးပြုလိုက်သည်။ နန်းဆောင်အတွင်းရှိ ရွှေပြားကလေးတစ်ပြားကိုကောက်ယူလိုက်ပြီး ဦးဒီပအရှေ့သို့လှမ်းပစ်လိုက်လေသည်။ ဦးဒီပမှာ ရွှေပြားကျသည့်နေရာကိုကြည့်နေစဉ်တွင် မယ်ပျင်းက ဦးဒီပအနောက်မှ ရုတ်တရက်ပြေးခုန်ထွက်လိုက်ကာ ဦးဒီပအား ဓါးမြှောင်ဖြင့်ထိုးနှက်ပြန်သည်။
ဦးဒီပမှာ အနောက်သို့ချက်ချင်းလှည့်လိုက်ပြီး မယ်ပျင်းဓါးကိုင်လက်ကို သူ့လက်တစ်ဖက်နှင့်ဖမ်းဆွဲလိုက်ကာ အခြားလက်တစ်ဖက်ကိုလည်း နောက်လက်တစ်ဖက်ဖြင့် ဖမ်းချုပ်လိုက်သည်။
“မင်း ဒီလိုနည်းနဲ့ ငါ့ကိုလှည့်စားလို့ရမယ်လို့ ထင်နေတာလား”
မယ်ပျင်းမှာ လက်နှစ်ဖက်စလုံး အချုပ်အနှောင်ခံထားရသည်မို့ ဦးဒီပ၏ ဦးခေါင်းအား သူ၏နဖူးဖြင့် ပစ်တိုက်ထည့်လိုက်သည်။ ဦးဒီပခေါင်းတွင် ဦးခေါင်းခွံမရှိသည်မို့ မယ်ပျင်းခေါင်းတိုက်ချက်မှာ ဦးဒီပ၏ ဦးနှောက်အားထိသွားပြီး ဦးဒီပမှာ တစ်ဖက်သို့လဲကျသွားသည်။ ထိုအခါမှ မယ်ပျင်းမှာ ဦးဒီပလက်မှ ရုန်းထွက်လျှက် ပစ္စည်းများအကြားတွင် ထပ်မံပုန်းအောင်းနေပြန်သည်။
တစ်ဖက်တွင်လည်း မယ်ပွင့်က သတိရလာခဲ့သည်။ ကဝေရှင်အချို့မှာ နန်းဆောင်အတွင်းမှ ရွှေထည်ပစ္စည်းများ၊ နန်းဆောင်တိုင်လုံးများတွင် စီခြယ်မြှုပ်နှံထားကြသည့် ကျောက်သံပတ္တမြားများကို ခွာယူနေကြသဖြင့် မယ်ပွင့်နိုးလာသည်ကို သတိမထားမိပေ၊ မယ်ပွင့်က ငွေရောင်နန်းဆောင်ကြီးအတိုင်းဆင်းပြေးလာသည့်အခါ သံကြိုးများဖြင့်အတုပ်အနှောင်ခံထားရသည့် မောင်ပိုက မယ်ပွင့်ကိုလှမ်းခေါ်သည်။
“မယ်ပွင့်၊ လာအုံး ငါ့ဆီကိုလာအုံး”
“ဦးမောင်ပို ဘာဖြစ်နေတာလဲ”
“ငါ့ကိုချုပ်ထားတဲ့ သံကြိုးတွေကို ဖြုတ်ပေးစမ်းပါ”
ထိုသံကြိုးများမှာ မောင်ပိုအားချုပ်နှောင်ဖမ်းဆီးရန်အတွက် အထူးပြုလုပ်ထားသည့် ကျားမနိုင်ဆေးစီရင်ထားသည့် သံကြိုးများဖြစ်နေလေရာ မောင်ပိုက မလှုပ်ရှားနိုင်ဘဲရှိနေခြင်းဖြစ်သည်။ မယ်ပွင့်က သံကြိုးများကိုပြေးကိုင်လိုက်ကာ အသေအချာဆွဲဖြုတ်နေလေသည်။
(၄)
ဦးဒီပမှာ အတော်ဒေါသထွက်နေလေသည်။ မယ်ပျင်းရှိနိုင်မည့် နေရာမှားဆီသို့ ငွေစြက်ာများဖြင့် မှန်းသမ်းပစ်ခတ်နေလေသည်။ ငွေစြက်ာများမှာ အရာဝတ္ထုများနှင့်ထိတွေ့သည်နှင့် တဖောင်းဖောင်းနှင့်ပေါက်ကွဲနေလေရာ မယ်ပျင်းပင်ကြောက်ရွံ့နေမိသည်။ နောက်ဆုံး မယ်ပျင်းပုန်းအောင်းနေသည့်အနီးသို့ ဦးဒီပရောက်လာသည်။ မယ်ပျင်းက ဦးဒီပအား ဓါးမြှောင်ဖြင့်အရှေ့မှ ဝင်ရောက်ထိုးနှက်တိုက်ခိုက်လေသည်။ သို့သော် ဦးဒီပမှာ မယ်ပျင်းတိုက်ကွက်များကို ကြိုသိနေသည့်အလား ပြန်လည်ကာကွယ်နိုင်သဖြင့် တစ်ချက်မှပင်မထိပေ၊ နောက်ဆုံး ဦးဒီပက မယ်ပျင်း၏ လည်ပင်းကို လက်ဖြင့်ချုပ်ကိုင်ကာ လေပေါ်မြှောက်တင်လိုက်သည့်အတွက် မယ်ပျင်းမှာ တွဲလောင်းကြီးဖြစ်နေလေသည်။
“မင်းက ငါ့ကိုသိုင်းပညာနဲ့တိုက်ခိုက်ချင်တယ်ပေါ့လေ၊ ဒါပေမယ့် ခက်တာက ငါကလည်း သိုင်းဆိုရင်နှောကြေနေတဲ့ကောင်ကွ”
မယ်ပျင်းမှာ အသက်ရှူကြပ်လာလေသည်။ ထိုအခိုက် လက်ထဲကိုင်ထားသည့် ဓါးမြှောင်ကလေးအား တစ်နေရာသို့လှမ်းပစ်လိုက်လေသည်။ ဓါးမြှောင်ကလေးမှာ ပျံသန်းသွားရင်း တိုင်လုံးတစ်ခုထံသို့ ဒေါက်ခနဲစိုက်ဝင်သွားသည်။ မယ်ပျင်းက ကဝေသာရဘိုးဘိုးသင်ပေးထားသည့်အတိုင်း ကိုယ်ကိုဖော့လိုက်ကာ ဓါးမြှောင်ပျံသန်းသွားသည့်အနောက်သို့ အာရုံစိုက်လိုက်သည့်အချိန်တွင် မယ်ပျင်းကိုယ်လုံးမှာ လေကဲ့သို့ပေါ့ပါးသွားပြီး အဝတ်စတစ်ခုနှယ်လွင့်ပါးသွားကာ ဦးဒီပလက်ထဲမှလွတ်ထွက်သွားလေသည်။ ပြီးနောက် တိုင်လုံးတွင်စိုက်ဝင်နေသည့် ဓါးမြှောင်ထံတွင် သွားပေါ်လေသည်။
မယ်ပျင်းမှာ မိမိကိုယ်တိုင်ပင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေမိသည်။ ဦးဒီပလည်း သူ့လက်အတွင်းမှ လွတ်ထွက်သွားသည့် မယ်ပျင်းကို အံ့သြကာ လှည့်ကြည့်သည်။
“မင်း . . . မင်းဒီအစွမ်းကို ဘယ်ကရတာလဲ”
မယ်ပျင်းက ဦးဒီပနောက်ကျောဘက်သို့ ဓါးမြှောင်ကိုပစ်သွင်းလိုက်ပြီး ဓါးမြှောင်အနောက်သို့အာရုံစူးစိုက်လိုက်ကာ လေအဟုန်ဖြင့်ပျံသန်းလိုက်ပါသွားသည်။ ဦးဒီပနောက်ကျောသို့ရောက်သည့်အခါ လေပေါ်ရောက်နေသည့် ဓါးမြှောင်ကိုလက်နှင့်ဖမ်းလိုက်ပြီး ဓါးမြှောင်ဖြင့်နောက်ကျောကိုတစ်ချက်ထိုးနှက်လိုက်သည်။ ဦးဒီပက တစ်ဖက်သို့လှည့်လာသည့်အခါ ဓါးမြှောင်ကိုအခြားတစ်ဖက်သို့ပစ်လွှတ်လိုက်ပြီး ရှောင်တိမ်းလိုက်လေသည်။ ထိုအဖြစ်အပျက်များမှာ မျက်စိတစ်မှိတ်အတွင်းဖြစ်ပေါ်နေခြင်းကြောင့် ဦးဒီပအနေဖြင့် မယ်ပျင်းထိုးနှက်ချက်များကို ရှောင်ရှားနိုင်ခြင်းမရှိဘဲ ဓါးမြှောင်ဖြင့် တစ်ချက်ပြီးတစ်ချက်ထိုးစိုက်ခံနေရသည်။
နောက်ဆုံး ဓါးချက်များစွာထိုးစိုက်ခံရပြီးသည့်အခါ ဦးဒီပမှာဒူးထောက်ထိုင်ကျသွားသည်။ မယ်ပျင်းက ဦးဒီပအထက်မှခုန်ဆင်းလာပြီး ဦးဒီပ၏ ဦးခေါင်းကို ဓါးမြှောင်နှင့်ထိုးထည့်လိုက်သော်လည်း ဦးဒီပက ထိုဓါးမြှောင်ချက်ကို ဖမ်းဆီးလိုက်နိုင်သည်။
“မင်းကိုငါ ကလေးဆိုပြီးအလျှော့ပေးနေတာကို မင်းက အကောင်းမှတ်နေတာလားကွ”
တစ်ချိန်တည်းမှာပင် ဦးဒီပ ဦးနှောက်ကြီးမှာ အစိမ်းရောင်ကြီးများလင်းလက်လာကာ မယ်ပျင်းထံမှာ စွမ်းအင်များကိုစုပ်ယူလေသည်။ မယ်ပျင်းက လက်ထဲမှဓါးမြှောင်ကိုအဝေးတစ်နေရာသို့ ပစ်ပေါက်လိုက်ပြီး အာရုံစူးစိုက်မည်ကြံလိုက်သော်လည်း မှော်အစွမ်းများကို အသုံးပြု၍ မရတော့ပေ။ ဦးဒီပက ရယ်မောလျက်
“မင်းအတွက် သင်ခန်းစာပေါ့ကွာ၊ ကဝေရှင်တွေ စွမ်းအင်စုပ်နေတဲ့အခါ စုန်းပညာကို ထုတ်မသုံးနဲ့ကွ၊ စုန်းပညာထုတ်သုံးလိုက်တဲ့အချိန်မှာ မင်းရဲ့ကိုယ်ထဲက စွမ်းအင်တွေက ပွင့်ပြီးထွက်လာတာမို့ ငါတို့စွမ်းအင်စုပ်တဲ့လုပ်ငန်းကို ပိုပြီးအထောက်အကူဖြစ်စေတယ်ကွ”
မယ်ပျင်းမှာ ပညာသုံးလိုက်သဖြင့် ကိုယ်အတွင်းမှ ချက္ကရ စွမ်းအင်တံခါးပေါက်များကို ဖွင့်လှစ်လိုက်သကဲ့သို့ ဖြစ်သွားကာ စွမ်းအင်များခပ်မြန်မြန်ကုန်ဆုံးသွားလေသည်။ မယ်ပျင်းတစ်ကိုယ်လုံး မျော့ကျသွားကာ ကြမ်းပြင်ပေါ်လဲကျသွားသည့်အချိန်တွင် ဦးဒီပမှာ ရယ်မောနေသည်။
“တကယ်ပဲ၊ မင်းက တကယ်ပဲ အဆုံးအစမဲ့တဲ့ စွမ်းအင်တွေရှိနေတာကိုးကွ”
မယ်ပျင်းကိုယ်အတွင်းမှ ထွက်နေသည့်အစိမ်းရောင်အလင်းတန်းကြီးမှာ တဖြည်းဖြည်းနှင့် အပြာရောင်အလင်းတန်းကြီးအဖြစ်ပြောင်းလဲသွားသည်။ ထိုအပြာရောင်အလင်းတန်းကြီးမှာ နောက်ပိုင်းရောင်စုံအလင်းတန်းများအဖြစ် သက်တံ့ကြီးတစ်ခုနှယ် ပြောင်းလဲသွားပြန်သည်။ ဦးဒီပမှာ ထိုအလင်းတန်းကြီးကိုကြည့်ရင်း အံ့သြနေမိသည်။
ပြီးသည့်အခါ ဦးဒီပခေါင်းအတွင်း အလွန်ကိုက်ခဲလာသဖြင့် စွမ်းအင်စုပ်ယူခြင်းကိုရပ်တန့်လိုက်သည်။ ဦးဒီပ၏ ဦးနှောက်ကြီးမှာ အရောင်မျိုးစုံလင်းလက်နေပြီး ရေနွေးများဆူပွက်သကဲ့သို့ ဆူပွက်နေသည်။ ဦးဒီပမှာ နားထင်ကိုလက်နှင့်ထောက်ကာ အော်ဟစ်နေမိသည်။
“ဘာဖြစ်တာလဲ ဘာတွေဖြစ်ကုန်တာလဲ”
ဦးဒီပမှာ အော်ဟစ်နေရင်း ဦးနှောက်ကြီးမှာ လေပူဖောင်းကြီးတစ်ခုနှယ် အဆမတန်ကြီးထွားလာပြီးသည့်နောက် နောက်ဆုံးတွင် ဝုန်းခနဲပေါက်ကွဲထွက်သွားသည်။ ဦးဒီပမှာလည်း ဦးခေါင်းကြီးတစ်ခုလုံးပွင့်ထွက်သွားပြီး အရုပ်ကြိုးပြတ်လဲကျသွားသည်။ မယ်ပျင်းက ထိုအဖြစ်အား ပြုံးကာကြည့်နေရင်း လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားပြန်သည်။
မယ်ပွင့်က သံကြိုးတစ်ကြိုးကိုဖြုတ်ပေးလိုက်သည့်အခါ မောင်ပိုမှာ ထိုသံကြိုးအတွင်းမှ လက်ထွက်၍ရသွားသည်။ ထိုအခါ သံကြိုးများကို လက်ဖြင့်ပုတ်ကာ ဖြတ်တောက်လိုက်ပြီး အတင်းရုန်းထလိုက်လေရာ သံကြိုးများမှာ အပိုင်းပိုင်းအစစဖြစ်ကာ မောင်ပိုလည်းလွတ်မြောက်သွားသည်။
ရွှေများသယ်ဆောင်နေကြသည့် ကဝေရှင်များမှာ မောင်ပိုကိုတွေ့သည့်အခါ အလွန်ထိတ်လန့်သွားကြသည်။ မောင်ပိုကလည်း ဟိန်းဟောက်လိုက်ပြီး ကဝေရှင်များအား ဝင်ရောက်တိုက်ခိုက်တော့သည်။ ကဝေရှင်များမှာ မောင်ပို၏လက်သည်းကုပ်ချက်များအောက်တွင် အပိုင်းပိုင်းပြတ်ကာ သေဆုံးကုန်ကြသည်။
မယ်တော်ပြန်ရောက်လာသည့်အခါ ထိုအဖြစ်ကိုတွေ့ပြီး များစွာစိတ်မကောင်းဖြစ်သွားရလေသည်။ ယခုအခါ နန်းဆောင်ကြီးအတွင်းတွင် ကလေးဟူ၍ မယ်ပျင်းနှင့် မယ်ပွင့်တို့နှစ်ယောက်သာ ကျန်နေခဲ့တော့သည်။ သေဆုံးသွားသည့် ကလေးများ၏ အလောင်းများကို ကောင်းမွန်စွာသဂြိုဟ်ပေးလိုက်သည်။ မောင်ပိုက အနားသို့တိုးကပ်လာကာ
“ဒီလူကြီးက ဘယ်သူလဲ မယ်တော်”
“ဒီပဆိုတာ တစ်ခါကလည်း ငါ့ကိုအလစ်အငိုက်တိုက်ပြီး ဖမ်းဖူးတယ်၊ ဒါပေမယ့် ငါ့ကိုဖမ်းမရဘဲ သူပဲရှုံးသွားတယ်၊ ဒါကြောင့်ငါက သူ့ကိုစက်လက်နက်နဲ့ပစ်လိုက်တဲ့အခါ ဦးခေါင်းခွံကျွတ်ထွက်သွားတဲ့အပြင် မျက်နှာတစ်ခြမ်းလည်း စုတ်ပြတ်သွားတယ်၊ ငါက သူ့ကိုသေသွားပြီတောင်ထင်တာ၊ ဒီကောင်က မသေဘဲကိုး”
“အခုတော့ သေသွားပြီမယ်တော်”
“ကဝေရှင်ဆိုတာ စုန်းတွေရဲ့ကိုယ်ထဲမှာရှိတဲ့ အိုးထဲက စွမ်းအင်တွေကိုအကုန်စုပ်ယူပြီးတော့ စုန်းဝိညာဉ်တွေကို ဖမ်းဆီးတတ်တဲ့လူတွေပဲ၊ အခုသူသေသွားတဲ့အကြောင်းကို ငါခန့်မှန်းရသလောက်ကတော့ မယ်ပျင်းက စွမ်းအင်မတည်မငြိမ်ဖြစ်တဲ့ရောဂါရနေတယ်၊ အဲဒီအချိန် သူ့ဆီကအစွမ်းကိုစုပ်ယူလိုက်တော့ မယ်ပျင်းရဲ့စွမ်းအင်မတည်ငြိမ်တာတွေက ဒီပရဲ့ရှိပြီးသားစွမ်းအင်တွေကိုပါ မတည်မငြိမ်ဖောက်လွဲဖောက်ပြန်ဖြစ်စေပြီး ဒီပသေသွားခဲ့တာပါပဲ”
“ဒါဆို အခုမယ်ပျင်းကရောဘာဆက်ဖြစ်မှာလဲ”
“သူ့အိုးထဲက စွမ်းအင်တွေအကုန်လုံး ကုန်ဆုံးသွားခဲ့ပြီ၊ မယ်ပျင်းကို ကုသဖို့က နည်းလမ်းတစ်ခုပဲရှိတယ်၊ အဲဒါကတော့ ဟိမဝန္တာတောင်ပေါ်က မှော်ကျောက်ဂူကြီးထဲမှာထည့်ထားပြီး သူ့ရဲ့စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းရလိမ့်မယ်”
“ကြားဖူးတယ်မယ်တော်၊ ရှေးအတည်အတေ နှစ်ထောင်ပေါင်းများစွာကတည်းက မှော်ဆရာကြီးတွေက အဲဒီဂူကြီးထဲကိုသွားပြီး စွမ်းအင်တွေစုစည်းတာတော့ ကြားဖူးပါတယ်”
မယ်တော်က မယ်ပျင်းအားပွေ့ချီလိုက်ပြီးသည့်နောက် နဂါးစီးကာ ဟိမဝန္တာတောင်ကြီးဆီသို့ချဉ်းကပ်လာခဲ့သည်။ ထိုတောင်ကြီးပေါ်အရောက်တွင် တောင်စဉ်ခုနစ်ထပ်ဖြတ်ကျော်ပြီးသည့်အခါ နတ်ရေကန်ကြီးတစ်ခုထံသို့ရောက်ရှိသည်။ ထိုရေကန်ကြီးအောက်သို့ ကူးခတ်ဆင်းသွားသည့်အခါ အတော်လှမ်းလှမ်းကူးခတ်ပြီးသည့်အချိန်တွင် ကျောက်ဂူကြီးတစ်ခုထံသို့ရောက်လာခဲ့သည်။ ထိုဂူအတွင်း ရေခဲတုံးများက ဖန်တုံးဖန်သားများကဲ့သို့ ဝင်းလက်ကာ တောက်ပြောင်နေလေသည်။ ထိုရေခဲတုံးများအတွင်းတွင်လည်း ကျောက်သံရတနာမျိုးစုံတို့က တဖိတ်ဖိတ်ဝင်းလက်နေလေသည်။
ကျောက်ဂူကြီးအတွင်းရှိ ကျောက်ဖျာတစ်ချပ်ပေါ်တွင် မယ်ပျင်းအားတင်ခဲ့ကာ မယ်တော်က မယ်ပျင်းနဖူးကိုလက်ဖြင့်ပွတ်သပ်ပေးလိုက်သည်။
“မင်းရဲ့ စွမ်းအင်တွေ အမြန်ပြန်ပြည့်ပါစေလို့ ငါဆုတောင်းပေးပါတယ်”
ထို့နောက် မယ်ပျင်း၏နဖူးပေါ်တွင် ပယင်းကျောက်တုံးတစ်တုံးကို တင်လိုက်ကာ မယ်တော်မှာပြန်လည်ထွက်ခွာသွားလေတော့သည်။