စာစဉ် (၅၂)

(၁)

မယ်ပျင်းမှာ ဟော်နန်းကြီးအတွင်းသို့ဝင်လိုက်သည်နှင့် ဟော်နန်းဆောင်ကြီးအတွင်း စားသောက်နေကြသည့် လူအများကိုတွေ့မြင်လိုက်ရသည်။ လူအများဆိုသော်လည်း လူများသာပင်မဟုတ်ဘဲ ဘီလူးကြီးများ၊ ဂဠုန်ကြီးများလည်းပါဝင်သည်။ မယ်ပျင်းမှာ ထိုအချင်းအရာကို မမြင်ဖူးသဖြင့် အံ့သြကာငေးကြည့်နေမိသည်။ ဟော်နန်းကြီးအတွင်း သင်ဖြူးဖျာကြီးများခင်းကျင်းထားကာ ထိုဖျာပေါ်တွင် စားသောက်သူများက ထိုင်နေကြလေသည်။ သူတို့အရှေ့တွင်လည်း ငါးတောင်ခန့်အကျယ်အဝန်းရှိသည့် စားပွဲဝိုင်းကြီးများကိုခင်းကျင်းထားကာ စားသောက်ဖွယ်ရာများကိုတင်ဆောင်ထားလေသည်။

စားပွဲဝိုင်းတွင်တစ်ယောက်တည်းစားသောက်နေကြသည်ထက် အစုအဖွဲ့နှင့်စားသောက်နေကြသူများ ပိုမိုများပြားကာ ထိုသူများမှာလည်း သူတို့အချင်းချင်းစကားပြောဆိုနေကြလေသည်။ မယ်ပျင်းမှာ သူဖုန်းစားကြီးအနောက်သို့လိုက်လာရင်း လျှောက်လမ်းနံဘေးတွင်ရှိသည့် စားပွဲဝိုင်းတစ်ခုထံသို့ကြည့်မိလိုက်သည်။ ထိုစားပွဲဝိုင်းတွင် ဘီလူးကြီးငါးကောင်ထိုင်နေကြကာ ထူးဆန်းသည့်အစားအသောက်များကို စားသောက်နေကြသည်။ အနီရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူများက ဟော်နန်းကြီးအတွင်းပြေးလွှားကာ စားသောက်သူများကို ဖြည့်ဆည်းပေးနေကြသည်။

ဘီလူးကြီးငါးဦးအနက် ဘီလူးကြီးတစ်ကောင်က စိတ်မရှည်စွာဖြင့် သူ့အရှေ့မှစားပွဲဝိုင်းကြီးကို တဘုန်းဘုန်းထုရင်း အာလုပ်သံပါသည့် အသံဖြင့်အော်ဟစ်နေလေသည်။ မကြာခင်မှာပင် အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် လူတစ်ယောက်က သံဒယ်အိုးကြီးတစ်လုံးကို ယူဆောင်လာသည်။ သံဒယ်အိုးကြီးမှာ မိုးပြဲဒယ်အိုးကြီးတမျှကြီးမားလှသည်။ ထိုဒယ်အိုးကြီးကို စားပွဲဝိုင်းပေါ်တင်ပေးလိုက်သည့်အခါ ဒယ်အိုးအတွင်းတွင် သံတိုသံစများ၊ သံချောင်းသဲခဲများကိုတွေ့ရကာ ပူပြင်းသည့်အငွေ့များ တိုးထွက်နေလေသည်။

ထိုလူတင်ပေးလိုက်သည့်အခါ ဘီလူးကြီးက ဒယ်အိုးအတွင်းမှ သံတိုသံစများကို လက်တစ်ဖက်နှင့်ခပ်ယူလိုက်ကာ ပါးစပ်အတွင်းသို့ပစ်ထည့်ကာ တဂျွတ်ဂျွတ်နှင့်ဝါးစားနေလေသည်။ သံတိုသံစများကို ဘီလူးကြီးက အစွယ်ကြီးများဖြင့်ကြိတ်ဝါးလိုက်တိုင်း ပါးစပ်အတွင်းမှ မီးမှုန်မီးပွားများက တဖွားဖွားနှင့်ထွက်နေသည်မှာ တစ်မျိုးပင်ကြည့်ကောင်းလှပေသည်။ သူဖုန်းစားကြီးက မယ်ပျင်းအနားသို့တိုးကပ်လာရင်း

“အဲဒါ သံစားတဲ့ဘီလူးတွေပေါ့ကွဲ့”

“ထူးဆန်းလိုက်တာနော် သံက ဘာအရသာများရှိလို့လဲ”

“မင်းက အဲဒီလိုတွေးသလိုဘဲ သူတို့ကလည်း မင်းတို့စားတဲ့ထမင်းက ဘာအရသာရှိလို့လဲဆိုပြီး ပြန်တွေးကြမှာပဲ၊ ကဲ လာ ဆက်လိုက်ခဲ့”

တစ်နေရာရောက်သည့်အခါတွင်တော့ ဂဠုန်ကြီးနှစ်ကောင်မှာ အတောင်ပံများကိုဖြန့်၍ ဖြဲကားလျှက်ထိုင်နေကြသည်။ ဂဠုန်ကြီးများမှာ အလွန်ကြီးမားကြပြီး နှစ်ကောင်တည်းနှင့် နေရာအတော်များများကို သိမ်းပိုက်ယူထားသည်။ ဂဠုန်ကြီးများအရှေ့ စားပွဲဝိုင်းအပေါ်တွင်တော့ ငွေရောင်ပြောင်လက်နေသည့် လင်ဗန်းကြီးတစ်ခုကိုချထားသည်။ အနီရောင်လူနှစ်ဦးက သစ်သားစည်ပိုင်းကြီးတစ်ခုကို မနိုင်မနင်းနှင့် သယ်ဆောင်လာပြီး လင်ဗန်းကြီးအတွင်းသို့ လောင်းထည့်ပေးလိုက်လေရာ အတွင်းမှ ရှည်မြောမြောအရာများက အထွေးလိုက်ပြုတ်ကျလာလေသည်။ မယ်ပျင်းမှာ သိချင်စိတ်ဖြင့် စားပွဲဝိုင်းအနီးသို့ တိုးကပ်ကြည့်လိုက်သည့်အခါ လင်ပန်းကြီးအတွင်းတွင် နဂါးကလေးများက လူးလွန့်ကာ လုံးထွေးနေကြသည်မှာ ငါးရှဉ့်များ၊ မြွေများနှင့်ပင်တူလှသည်။ နဂါးကလေးများဟုဆိုသော်လည်း အရွယ်အစားမှာ လူကြီးလက်မောင်းလုံးခန့်ရှိကာ အရှည်မှာလည်း သုံးလေးလံခန့်ရှည်လျားမည်ထင်ရသည်။

ဂဠုန်ကြီးတစ်ကောင်က နဂါးတစ်ကောင်အား အမြှီးမှကိုင်ထည့်လိုက်ပြီး နှုတ်သီးနှင့်ကိုက်လိုက်သည်။ ပြီးသည့်အခါ နဂါး၏အမြှီးကို အားနှင့်အသာဆက်တိုက်ဆွဲလိုက်လေရာ နဂါးကောင်၏ ကိုယ်ခန္ဓာရှိ အသားများမှာအလွှားလိုက်ကွာကျပြီး ဂဠုန်ပါးစပ်အတွင်းသို့ရောက်သွားသည့် နဂါး၏အလယ်ရိုးမှာတော့ ဂဠုန်၏လက်အတွင်းကျန်နေခဲ့လေသည်။ ဂဠုန်ကြီးက ခေါင်းပိုင်းနှင့်ကျောရိုးသာကျန်သည့် နဂါးကို သင်ဖြူးပေါ်သို့ပစ်ချလိုက်သည့်အခါ နဂါးမှာလူးလှိမ့်လျှက် မသေမရှင်ဖြစ်နေသည်ကိုတွေ့ရသည်။ ဂဠုန်ကြီးနှစ်ကောင်မှာ လင်ပန်းကြီးအတွင်းရှိ နဂါးများအား ထိုနည်းအတိုင်း တစ်ကောင်ပြီးတစ်ကောင် ကောက်ယူကာစားသောက်နေလေသည်။

မျက်လုံးအပြူးသားနှင့်ကြည့်နေသည့်မယ်ပျင်းအား ဂဠုန်ကြီးက မျက်စောင်းထိုးကာကြည့်လိုက်သည်။ ပြီးသည့်နောက် နှုတ်သီးကိုဖြဲလိုက်ကာ ကြက်ဖတွန်သံနှင့်ဆင်တူသည့် အသံကြီးဖြင့်အော်လိုက်သည့်အခါမှ မယ်ပျင်းမှာထိတ်လန့်တုန်လှုပ်သွားလေသည်။ သူဖုန်းစားကြီးက မယ်ပျင်း၏လက်ကိုဆွဲကိုင်ရင်း

“ဂဠုန်တွေက သူတို့အစာစားတာကို သူများကြည့်တာ မကြိုက်ဘူးကွ၊ လာစမ်းပါ သွားကြည့်မနေနဲ့”

သူဖုန်းစားကြီးကဆွဲခေါ်လိုက်သည့်အခါ မယ်ပျင်းမှာဆက်လိုက်လာခဲ့ရသည်။ ဟော်နန်းဆောင်ကြီးအလယ်သို့ရောက်လာသည့်အခါတွင် အရပ်ခုနစ်မျက်နှာသို့ထိုးထားသည့် လှေကားကြီးခုနစ်ခုကိုတွေ့ရသည်။ လှေကားကြီးကိုရွှေပိန်းချထားပြီး အပေါ်ထပ်သို့တက်ရောက်နိုင်ရန်စီစဉ်ထားသည်။ လှေကားအရင်းတွင်တော့ အနီရောင်ဝတ်စုံနှင့်လူတစ်ဦးရှိနေလေသည်။

“အပေါ်ထပ်တက်မယ်ဟေ့၊ ထုံးစံအတိုင်း ငါ့အတွက် အကောင်းဆုံးအစားအစာတွေယူလာပေး၊ အဲ . . . အသောက်လည်းမမေ့နဲ့နော်”

သူဖုန်းစားကြီးကပြောဆိုကာ လှေကားတစ်စင်းပေါ်တက်သွားသည်။ ရှည်လျားလှသည့် လှေကားကြီးကိုတက်ပြီးသည့်နောက် အပေါ်ထပ်သို့ရောက်လာခဲ့သည်။ အပေါ်ထပ်တွင် တင်းတိမ်လိုက်ကာ အနီရောင်များဖြင့် ကာရံထားသည့် အခန်းများကိုတွေ့လိုက်ရလေသည်။ လူမရှိသည့်အခန်းများကိုတော့ လိုက်ကာများကာရံထားခြင်းမရှိဘဲ ဖွင့်လှစ်ထားကာ လူရှိနေသည့်အခန်းများမှာ လိုက်ကာဖြင့်အလုံပိတ်ကာရံထားသည်။ သူဖုန်းစားကြီးက တစ်နေရာသို့သွားလိုက်ကာ သင်ဖြူးဖျာတစ်နေရာတွင်ထိုင်ချလိုက်လေသည်။ ထိုအခါ တင်းတိမ်လိုက်ကာအနီရောင်ကြီးမှာ သူ့အလိုလိုပင် ကာရံသွားကြပြီး အခန်းကြီးတစ်ခုသဖွယ်ဖြစ်သွားလေသည်။

“ထူးဆန်းလိုက်တာ၊ ဒီနေရာက ဘယ်လိုနေရာများလဲ”

“ဒါတွေကိုမင်းအာရုံစိုက်နေစရာမလိုပါဘူးကွာ”

“ကောင်းပြီလေ၊ ဒါဖြင့်ရင်လည်း လာရင်းကိစ္စကိုပြောတာပေါ့၊ ရွှေပြားတွေ ဘယ်လိုရနိုင်သလဲ”

“ငါကတော့ တောင်းစားပြီးရတာပဲဟေ့”

မယ်ပျင်းက မျက်နှာကိုရှုံ့မဲ့လိုက်ပြီး

“သူတောင်းစားကလည်း အစွမ်းရှိတာပဲလား”

ထိုအခါ သူဖုန်းစားကြီးကရယ်မောလိုက်ကာ

“လူတိုင်းလူတိုင်းမှာ မတူညီတဲ့ပါရမီတွေ၊ ဖြည့်ကျင့်ဆည်းပူးမှုတွေရှိတယ် မိန်းကလေးရဲ့၊ တစ်ချို့က တင်ပလ္လင်ခွေထိုင်ပြီးကျင့်ကြတယ်၊ တစ်ချို့ကတော့ မှောက်ခုံကြီးကျင့်ကြတယ်၊ တစ်ချို့က ခြေထောက်တစ်ချောင်းထောက်ပြီးတော့ ကျင့်ကြတာမျိုးတွေရှိတယ်၊ တစ်ခါ တစ်ချို့ကျတော့ နေလုံးကြီးကိုမျက်စိနဲ့ မမှိတ်မသုန်ကြည့်ပြီး ကျင့်ကြတဲ့လူတွေရှိသလို တစ်ချို့ကျတော့ ရေထဲငုပ်ပြီး ကျင့်စဉ်တွေကျင့်ကြတဲ့လူရှိတယ်၊ ငါကတော့ ရှေးအတိတ်ပါရမီကြောင့် သူတောင်းစားလုပ်ပြီး ကျင့်စဉ်ကျင့်ရတဲ့လူပဲ မယ်ပျင်း”

မယ်ပျင်းမှာ မျက်မှောင်ကြုတ်လိုက်ကာ

“နေပါအုံး ကျုပ်နာမည်ကို ရှင်ဘယ်လိုသိတာလဲ”

သူဖုန်းစားကြီးမှာ မျက်နှာပျက်သွားကာ ဘာပြောရမှန်းမသိအောင်ဖြစ်သွားသည်။ ထိုအချိန် ခန်းဆီးလိုက်ကာကြီးပွင့်ထွက်သွားကာ အနီရောင်အဝတ်အစားနှင့်လူတစ်ယောက်ဝင်လာလေသည်။ လက်ထဲတွင်ကိုင်ထားသည့် ဖန်ပြာရောင်ရေတကောင်းကလေးကို သူဖုန်းစားကြီးအရှေ့တွင်ချပေးလိုက်ကာ နောက်လက်တစ်ဖက်တွင်ကိုင်လာသည့် လင်ပန်းကြီးတစ်ခုကိုစားပွဲပေါ်တင်ပေးလိုက်သည်။ လင်ပန်းကြီးအပေါ်တွင်တော့ ဖားကောင်များ၊ ဖရုံသီးများ၊ ဖရဲသီးများကို ရေပြွန်းချက်ပြုတ်ထားသည့် ဟင်းတစ်မျိုးမှာ အပြည့်အလျှံပါလာခဲ့သည်။ သူဖုန်းစားကြီးက ထိုဟင်းများကိုကြည့်လိုက်ကာ နှုတ်ခမ်းတစ်ချက်သပ်လိုက်သည်။

“ဟင်းကတော့ ကောင်းတယ်ဟေ့၊ ကဲ စကားပြောမနေနဲ့တော့ ငါတို့စားရအောင်ဟေ့”

သူဖုန်းစားကြီးမှာ ပူပူနွေးနွေးဟင်းပွဲကြီးအတွင်းမှ ဖားကောင်တစ်ကောင်ကိုကောက်ယူကာ ပါးစပ်အတွင်းသို့ပစ်ထည့်လိုက်သည်။

“စားလေ၊ မင်းဗိုက်မဆာဘူးလား”

မယ်ပျင်းမှာ ခေါင်းညိတ်လိုက်ပြီး ဟင်းပွဲကိုကြည့်လိုက်သည်။ ဗိုက်ဆာနေပြီဖြစ်သော်လည်း ထိုဟင်းများကိုကြည့်ရသည်မှာ မသတီပေ။ ဖရုံသီးတစ်တုံးစားလိုက်မည်ဟုတွေးကာ လှမ်းယူစဉ် ဟင်းပွဲအတွင်းမှ ဖားပြုပ်ကဲ့သို့ ဖားကြီးတစ်ကောင်က မသေမရှင်ဖြစ်ကာ လူးလွန့်နေသဖြင့် မယ်ပျင်းက လက်ကိုရုတ်သိမ်းလိုက်တော့သည်။ သူဖုန်းစားကြီးမှာ မြိန်ရည်ရှက်ရေနှင့် စားသောက်နေသော်လည်း မယ်ပျင်းကတော့ စားချင်စိတ်မဖြစ်ဘဲ အန်ချင်စိတ်သာဖြစ်ပေါ်နေလေသည်။

“နေပါအုံး ရှင်က နေ့တိုင်းဖားတွေပဲစားတာပဲလား”

“နေ့တိုင်းတော့မဟုတ်ဘူး၊ ဒီနေ့ဓါတ်သဘောအရ ကြာသပတေးနံဟင်းကိုစားရမှာ ဒါကြောင့် ဖားရယ်၊ ဖရုံ၊ ဖရဲရယ်ပေါ့”

ထိုသို့ကြည့်နေစဉ်မှာပင် နံဘေးဘက်အခန်းတစ်ခုမှ အသံဗလံများကိုကြားလိုက်ရသည်။ ပြီးသည့်နောက် ဝုန်းခနဲအသံကြီးမြည်ကာ အမြီးကြီးတစ်ခုတိုးထွက်လာသည်။ မယ်ပျင်းမှာ အံ့သြသွားပြီး ခန်းစီးစကိုဖွင့်ကြည့်လိုက်ရာ နဂါးနှစ်ကောင်မှာ တစ်ကောင်နှင့်တစ်ကောင် လုံးထွေးရစ်ပတ်လျှက် အပေါ်ထပ်ကြမ်းပြင်တွင် တဝုန်းဝုန်းနှင့်တွန့်လိမ်နေလေသည်။

“အဲဒါ ဘာဖြစ်တာလဲ”

“နဂါးတွေ မေထုန်မှီဝဲနေကြတာလေ”

“အို . . . နဂါးတွေလည်း ဒါမျိုးလုပ်တာပဲလား”

“နဂါးတွေက စိတ်ကြီးတယ်၊ အမျက်ဒေါသကြီးတယ်၊ ဒီလိုပဲ အလိုရမ္မက်လည်းပြင်းထန်တယ်၊ သူတို့စိတ်ဆန္ဒပြင်းပြလာရင်း အချိန်မရွှေးဘူး နေရာမရွေးဘူး ဟီး ဟီး”

အခြားလူများက ဝိုင်းကြည့်နေကြသော်လည်း နဂါးနှစ်ကောင်ကတော့ မည်သူ့ကိုမှပင်အရေးမစိုက်ဘဲ တစ်ကောင်နှင့်တစ်ကောင်လုံးထွေးနေလျှက်ရှိသည်။ အနီရောင်ဝတ်စုံနှင့်လူများက နဂါးများထံသို့ပြေးလာကြကာ

“ဧည့်သည်တော်များ၊ ဒီနန်းဆောင်ထဲမှာ သံဝါသပြုခွင့်မရှိပါဘူး”

ထိုအခါ နဂါးအထီးက ခေါင်းထောင်လိုက်ကာ ထိုလူများကိုကြည့်လိုက်သည်။ ပြီးသည့်နောက် စိတ်ဆိုးမာန်ဆိုးဖြင့်တစ်ချက်ဟစ်အော်လိုက်ပြီး မျက်လုံးမှာအရောင်များဝင်းလက်သွားကာ အနီရောင်အလင်းတန်းများထွက်ပေါ်လာပြီး အနီရောင်ဝတ်စုံဝင်ဆင်ထားသည့် လူငါးဦးကို ထိမှန်သည့်အခါ ထိုလူများမှာ မီးကင်ခံရသည့် ဖယောင်းတိုင်သဖွယ် အရည်များပျော်ကျသွားလေသည်။ မယ်ပျင်းပင် လွန်စွာမှထိတ်လန့်သွားမိသည်။

“ဒီနဂါးတော့ ပြဿနာရှာပြီဟေ့”

သူဖုန်းစားကြီးက ရေတကောင်းအတွင်းမှ နတ်ယမကာများကိုသောက်သုံးရင်းပြောဆိုလိုက်သည်။ နဂါးများထံသို့ အနီရောင်ဝတ်နှင့်လူများက ပြေးလွှားလာကြကာ ထိုလုပ်ရပ်မလုပ်ရန် ပြောဆိုနေကြသည်။ နဂါးထီးကလည်း ဒေါသတကြီးဖြင့် အော်ဟစ်ကာ ပြန်လည်တိုက်ခိုက်နေကြသည်။

ထိုစဉ် ဝုန်းခနဲအသံကြီးတစ်ချက်ကြားလိုက်ရပြီး နန်းဆောင်ကြီးတစ်ခုလုံးတုန်လှုပ်သွားသည်။ အလွန်အရုပ်ဆိုးအကျည်းတန်လှသည့် မိန်းမကြီးတစ်ယောက်မှာ နဂါးများထံသို့တစ်လှမ်းချင်းလျှောက်လာလေသည်။ ထိုမိန်းမကြီး၏ မျက်နှာတွင် ဆီးဖြူသီးကင်းခန့်ရှိသည့် အဖုအထစ်ကြီးများက မျက်နှာအပြည့်နီးပါး ဖုံးလွှမ်းနေပြီး မျက်နှာကြီးကိုမြင်လိုက်ရသည်နှင့် အလွန်မသတီစရာကောင်းလှပေသည်။

အနီရောင်ဝတ်ထားသည့်သူများက ဘေးသို့ရှဲပေးလိုက်သည့်အခါ နဂါးစုံတွဲက ထိုမိန်းမကြီးကိုကြည့်လိုက်သည်။ နဂါးထီးက မကြောက်ရွံ့သော်လည်း နဂါးမမှာမူ နဂါးထီးထွေးပတ်ထားသည်ကိုရုန်းထွက်လိုက်ကာ ကြမ်းပြင်ပေါ်တွင်ခွေခွေကလေးခွေလိုက်ပြီး ကိုယ်လုံးအခွေပေါ်သို့ ဦးခေါင်းတင်ကာ ဝပ်ထားလိုက်သည်။ နဂါးထီးက ထိုအဖြစ်ကိုတွေ့သည့်အခါ နဂါးမကိုကြည့်လိုက်ရင်း

“မင်းက ဘာဖြစ်နေတာလဲ၊ ဒီမိန်းမကြီးကို ဘာဖြစ်လို့ဒီလောက်တောင် ကြောက်နေရတာလဲ”

နဂါးမမှာ ဘာမှမပြောသေးဘဲ ခွေလျှက်သာနေသည်။ မိန်းမကြီးက နဂါးကြီးအနားသို့တိုးကပ်ခဲ့ပြီး

“မင်းကိုငါအရင်က မမြင်ဖူးပါဘူး၊ မင်းဘယ်ကနေလာတာလဲ”

နဂါးထီးက ဒေါသတကြီးနှင့်

“ငါက ဘောဂဝတီနဂါးပြည်ကနေလာခဲ့တာပဲ၊ ငါက နဂါးပြည်က တံခါးမှူးတစ်ယောက်ပဲ”

မိန်းမကြီးက ခေါင်းတဆတ်ဆတ်ညိတ်လျှက်

“ထင်ပါတယ်၊ ဒီလိုတောကြိုအုံကြားကနေ တက်လာလို့ ဒီနေရာက စည်းကမ်းကိုမသိတာဖြစ်မယ်၊ ဒါနဲ့ မင်းတို့ရဲ့ ဘောဂဝတီနဂါးပြည်မှာ နဂါးမတွေမရှိတော့ဘူးလား၊ မျိုးတုန်းကုန်ကြပြီလား”

နဂါးထီးမှာဒေါသထွက်သွားပြီး

“အောင်မာ ခင်ဗျားဘာစကားပြောတာလဲ၊ ကျုပ်လုပ်ရင်တော့ နာတော့မယ်”

မိန်းမကြီးက လက်ညှိုးသုံးချောင်းထောင်လိုက်ရင်း

“ငါ့ရဲ့ဟော်နန်းဆောင်မှာ စည်းကမ်းသုံးခုပဲရှိတယ်၊ တစ်အချက်ကတော့ ကိုယ့်ကြောင့်တခြားလူတွေကို အနှောင့်အယှက်မဖြစ်စေနဲ့၊ နှစ်အချက်ကတော့ ဒါဟာစားသောက်ဆောင် သံဝါသပြုလို့မရဘူး၊ နောက်ဆုံးအချက်ကတော့ ဒီကငါ့ရဲ့အမှုထမ်းတွေကို လက်လွန်ခြေလွန်မလုပ်ရဘူး”

မိန်းမကြီးမှာ နဂါးထီးအားမျက်စောင်းထိုး၍ ကြည့်လိုက်ရင်း

“မင်းကတော့ ငါ့ရဲ့စည်းကမ်းသုံးချက်စလုံးကို ဖောက်ဖျက်ပြီးသားဖြစ်နေတယ်၊ ဒါကြောင့် မင်းကိုငါအပြစ်ပေးရမယ်”

“ခင်ဗျားက ဘယ်လိုအပြစ်ပေးမှာလဲ”

“ငါ့ရဲ့ပိုင်နက်မှာ ငါ့ရဲ့စည်းကမ်းက အတည်ပဲ၊ စည်းကမ်းတစ်ချက်ဖောက်ရင် လျော်ကြေးပေးရမယ်၊ စည်းကမ်းနှစ်ချက်ဖောက်ရင် ဒီထဲကနေနှင်ထုတ်ခံရမယ်၊ စည်းကမ်းသုံးချက်စလုံးဖောက်ရင်တော့ သေရမယ်”

“အောင်မာ၊ သေရမယ်လေး ဘာလေးနဲ့ခင်ဗျားစွမ်းရင် လုပ်ကြည့်လိုက်လေ စုန်းမကြီးရဲ့”

နဂါးထီးက စုန်းမကြီးဟုခေါ်လိုက်သည့်အခါ မိန်းမကြီးမှာအလွန်စိတ်ဆိုးသွားပြီး

“မခေါ်နဲ့၊ မခေါ်နဲ့ ငါက စုန်းမကြီးမဟုတ်ဘူး”

နဂါးထီးက ဘာမှပြန်မပြောတော့ဘဲ မိန်းမကြီးထံသို့ မျက်စောင်းထိုးကာစိုက်ကြည့်လိုက်သည်။ ပြီးသည့်အခါ သူ၏မျက်ဝန်းများမှာ ဝင်းခနဲလက်ခနဲဖြစ်သွားလေသည်။ ပြီးသည့်အခါ မျက်ဝန်းအတွင်းမှ သွေးရောင်ကဲ့သို့ နီစွေးသောအရောင်ရှိသည့် အလင်းတန်းများက တိုးထွက်လာကာ မိန်းမကြီးထံသို့လာရောက်ထိမှန်လေသည်။ မိန်းမကြီးမှာ ခါးထောက်ကာ အလင်းတန်းများကိုရင်ကော့ခံလေသည်။ ယခင်က အလင်းတန်းများနှင့်ထိတွေ့သည့်သူများမှာ မီးအပူနှင့်ထိတွေ့သည့် ဖယောင်းကဲ့သို့ အရည်ပျော်ကျသွားသော်လည်း ယခုမိန်းမကြီးမှာတော့ အရည်ပျော်ဖို့နေနေသာသာ ဘာမှပင်မဖြစ်ပေ၊ နဂါးထီးက အတန်ကြာသည့်အခါ နဂါးမျက်စောင်း စက်လက်နက်များလွှတ်ခတ်နေသည်ကို ရပ်တန့်လိုက်သည်။

“ခင်ဗျားက ဘာမှမဖြစ်ပါလား”

“နင့်လိုနဂါးစုတ်နဂါးပဲ့လောက်ကိုမှ မနိုင်ရင် ဒီနေရာမှာ ဆိုင်ဖွင့်မစားဘူးဟဲ့”

မိန်းမကြီးက နဂါးထီးဆီသို့ခုန်ဝင်လိုက်ပြီး နဂါး၏ဦးခေါင်းအား ပါးတစ်ချက်ရိုက်ထည့်လိုက်လေသည်။ ဖြောင်းခနဲအသံကြီးမြည်သွားပြီးသည့်နောက် နဂါးကြီးမှာ ပျော့ခွေကျသွားသည်။ မိန်းမကြီးက နဂါး၏လည်ကုပ်ကိုကိုင်ပြီး ထပ်မံရိုက်ရန် လက်ပြင်လိုက်သော်လည်း နဂါးကြီးမှာ ကြိုးတစ်ချောင်းအလား ပျော့ခွေနေလေသည်။

“ဟင်း ဟင်း၊ နင့်လိုနဂါးက လက်တစ်ချက်စာတောင်မခံနိုင်ပါ့လား၊ ငါက ဒီထက်ခံနိုင်မယ်မှတ်တာ”

မိန်းမကြီးက နဂါးအားလည်ကုပ်မှာကိုင်ဆွဲမြှောက်လိုက်ပြီး လေပေါ်တွင်သုံးလေးချက်ခန့်ဝှေ့ယမ်းလိုက်ကာ နန်းဆောင်ကြီးအောက်ထပ်သို့ပစ်ချလိုက်လေသည်။ နန်းဆောင်အောက်ထပ်တွင် မှောင်အတိကျနေသည့် တံခါးပေါက်တစ်ခုရှိကာ နဂါးကြီးက ထိုတံခါးပေါက်အတွင်းသို့ အလုံးအထွေးလိုက်ဝင်သွားတော့သည်။ မိန်းမကြီးက ခါးထောက်လျှက် နဂါးမကိုကြည့်လိုက်ကာ

“ဟဲ့ နဂါးမယ်၊ ညည်း ငါ့စည်းကမ်းသိတယ်မဟုတ်လား”

နဂါးမယ်မှာ တစ်ကိုယ်လုံးတုန်ယင်နေလေသည်။

“သိ . . သိပါတယ် မမကြီး”

မိန်းမကြီးက လက်ဝါးကိုဖြန့်လိုက်သည့်အခါ လက်ဝါးအတွင်း ဆန်မုန့်ပေါင်းတစ်ခု ထွက်ပေါ်လာလေသည်။

“စားစမ်း၊ ဒီမုန့်ကို နင်စားလိုက်စမ်း”

နဂါးမမှာ ကြောက်ကြောက်နှင့် ထိုမုန့်ပေါင်းကိုယူကာ တစ်ချက်တည်းမြိုချလိုက်လေသည်။

“နဂါးမယ်၊ နင်က ဒီမှာစားသောက်နေတဲ့လူတွေကို အနှောင့်အယှက်ဖြစ်စေတယ်၊ ပြီးတော့ ငါ့ရဲ့ဆိုင်ထဲမှာလည်း မေထုန်အမှုကိုပြုတယ်၊ နင့်က ငါထုတ်ထားတဲ့စည်းကမ်းနှစ်ချက်ကိုဖောက်ဖျက်တဲ့အတွက် နင့်ကို ငါ့ဆိုင်ထဲကနေနှင်ထုတ်မယ်၊ ခုနက မုန့်ပေါင်းထဲမှာ စက်လက်နက်ပါတယ်၊ နောက်တစ်ခါ ငါ့ဆိုင်ကိုခြေချရင် စက်လက်နက်က ပေါက်ကွဲထွက်ပြီး နင်သေရမယ်”

မိန်းမကြီး၏အသံမှာ သြဇာအာဏာသံအပြည့်ပါလေသည်။ တစ်ဆိုင်လုံးမှလူများမှာ မိန်းမကြီးကိုကြောင်ငေးကြည့်နေကြသည်။

“ကဲ အမြန်ထွက်သွားလေ၊ ဘာလဲ ငါပါးရိုက်ပြီးဆွဲထုတ်တာခံချင်လို့လား”

နဂါးမယ်မှာ ကြောက်ကြောက်လန့်လန့်နှင့်လှေကားကြီးအတိုင်း ဒရောသောပါး ပြေးဆင်းသွားလေသည်။ မယ်ပျင်းမှာ ထိုမိန်းမကြီးကိုကြည့်ပြီး စိတ်ထဲထူးဆန်းနေမိသည်။ နဂါးကဲ့သို့ သတ္တဝါကိုပင် ပါးတစ်ချက်ရိုက်ကာ အသေသတ်နိုင်သည်မို့ ထိုမိန်းမကြီး၏ အစွမ်းမှာ မသေးလှဟု စိတ်ထဲတွေးနေမိသည်။ မိန်းမကြီးက ဆိုင်အတွင်းမှ ဧည့်သည်တော်များကိုကြည့်ရင်း

“အနောင့်အယှက်ဖြစ်သွားတဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်၊ အားလုံး အေးအေးဆေးဆေးနဲ့ ပြန်ပြီးစားသောက်ကြပါ”

ထိုအခါမှ ခန်းဆီးလိုက်ကာများမှာ အလိုလိုပိတ်ကျသွားသည်။ အနီရောင်ဝတ်စုံနှင့် အမှုထမ်းများက နဂါးစုံတွဲစားသောက်ခဲ့သည့်နေရာကို သန့်ရှင်းနေကြသည်။ ထိုမိန်းမကြီးမှာ တစ်ဖက်သို့လှည့်လိုက်ရင်း သူဖုန်းစားကြီးကိုတွေ့သည့်အခါ ခါးထောက်လိုက်ပြန်သည်။

“ဒီနေ့တော့ အထူးအဆန်းတွေချည်း မြင်နေတွေ့နေရတာပဲဟေ့၊ ဘယ့်နှယ့် သူတောင်းစားက ဒုတိယထပ်တက်ပြီး စားသောက်နေရတယ်လို့”

အမှုထမ်းတစ်ဦးက အနီးသို့ကပ်လာကာ

“သူ့မှာ လုံလောက်တဲ့ငွေပမာဏ ပါလာတယ်လို့ပြောပါတယ်”

မိန်းမကြီးက မယ်ပျင်းကိုတစ်ချက်ကြည့်လိုက်ကာ

“သူတောင်းစားထမင်းဝရင် အကြောထောင်တယ်တဲ့၊ ဘယ်လောက်တောင် တောင်းစားလို့ရလာလို့ အပေါ်ထပ်ကိုတက်လာရတာလဲ”

သူဖုန်းစားကြီးမှာ ရယ်မော၍သာနေလေသည်။ ပြီးနောက် အပြာရောင်ရေတကောင်းအိုးကလေးကို ပါးစပ်အနားသို့တိုးကပ်၍ သောက်လိုက်သည်ကို မိန်းမကြီးကတွေ့လိုက်သည့်အခါ မျက်မှောင်ကြုတ်ရင်း

“အလို သူတောင်းစားသောက်နေတာကလည်း နတ်ဒေဝါတွေအတွက် အထူးဖော်စပ်ထားတဲ့ မုယောယမကာပါလား၊ ဒီသူတောင်းစား တော်တော်စီးပွားဖြစ်လာတယ်ထင်တယ်၊ ပြောစမ်းပါ၊ ဒီလောက်တောင်းလို့ကောင်းရင် ငါလည်းဆိုင်ပိတ်ပြီးတော့ တောင်းပဲတောင်းစားတော့မယ်”

သူဖုန်းစားကြီးက ရယ်လျှက်

“ကျုပ် ခင်ဗျားနဲ့အပေးအယူတစ်ခုလုပ်ဖို့လာတာ”

“ဘာတုန်း”

သူဖုန်းစားကြီးက မယ်ပျင်းအားမျက်စပစ်ပြလိုက်ပြီးနောက်

“ဒီမိန်းကလေးက ရွှေတွေအရမ်းလိုချင်နေတယ်ဆိုပဲ အဲဒါခင်ဗျားဆီကို လာအပ်တာ”

မိန်းမကြီးက မယ်ပျင်းကိုသေချာကြည့်ပြီး

“ရုပ်ကလေးကတော့ သနားကမားလေးပါအေ့၊ နေပါအုံး နင်ကဘာဖြစ်လို့ ရွှေပြားကိုဒီလောက်လိုချင်နေရတာလဲ”

မယ်ပျင်းမှာ ပြောသင့်မပြောသင့်စဉ်းစားနေမိသည်။ သို့သော် ထုတ်မပြောချင်းက ပိုကောင်းမည်ဟုတွေးမှတ်လိုက်ကာ

“ဒီလိုပါပဲ အကြောင်းတစ်ခုရှိလို့ပါ၊ ဒါနဲ့ ဒီနန်းဆောင်ကြီးထဲမှာ လှို့ဝှက်ချက်တွေဘာတွေ မထားရဘူးဆိုတဲ့ စည်းကမ်းတော့မရှိပါဘူးနော်”

“မရှိပါဘူး၊ ငါလည်း စီးပွားရေးသမားပါ၊ လူတိုင်းမှာ ပြောမပြနိုင်တဲ့ အရာတွေရှိတယ်ဆိုတာ ငါနားလည်ပါတယ်”

မိန်းမကြီးက သူဖုန်းစားကြီးဘက်ကိုကြည့်ပြီး

“အလုပ်လုပ်မှာနောက်ထား၊ အခုရှင်စားတဲ့ဟင်းက ရွှေတပြားကျတယ်၊ နတ်ယမကာကတော့ နှစ်ဆယ့်ငါးပြားကျတယ်၊ ဘယ်သူက ရှင်းပေးမှာလဲ”

သူဖုန်းစားကြီးက ရွှေပြားတစ်ပြားကို စားပွဲပေါ်ချပေးလိုက်သည်။

“ကျန်တဲ့ရွှေရော”

“သူပေးလိမ့်မယ်”

သူဖုန်းစားကြီးက မယ်ပျင်းအားလက်ညှိုးထိုးပြလိုက်သည့်အခါ မယ်ပျင်းမှာ အံ့သြသွားပြီး

“မဟုတ်ဘူး၊ ကျုပ်မှာ ရွှေပြားတစ်ပြားမှတောင်မရှိဘူးလေ”

သူဖုန်းစားကြီးက မတ်တပ်ထရပ်လိုက်ပြီး

“ကဲပါ မယ်ပျင်းရယ်၊ မင်းငါ့ကို ကူညီလိုက်တယ်လို့ပဲသဘောထားပါ၊ မင်းရဲ့လုပ်အားနဲ့ဆို ငါသောက်ထားတဲ့ ယမကာကြေးတွေသာမက မကြာခင် မင်းလည်းရွှေပြားတွေစုမိဆောင်းမိဖြစ်လာမှာပါ မယ်ပျင်းရဲ့၊ ကဲ ငါကတော့ နတ်ယမကာအစွမ်းနဲ့ နှစ်ဆတိုးပြီးစွမ်းသွားပြီဟေ့”

သူဖုန်းစားကြီးကပြောဆိုလိုက်ရင်း ကိုယ်ကိုတစ်ပတ်လှည့်လိုက်သည့်အခါ ရုတ်ချည်းပျောက်ကွယ်သွားလေသည်။ မယ်ပျင်းက အံ့သြစွာနှင့်ကြည့်လိုက်ရင်း

“သူဘယ်ရောက်သွားတာလဲ”

မယ်ပျင်းကပါ မတ်တပ်ထရပ်လိုက်ပြီး ထွက်ခွာရန်ပြင်လိုက်စဉ်မှာပင် မိန်းမကြီးက မယ်ပျင်းလက်ကိုဆုပ်ကိုင်လိုက်လေသည်။ ထိုမိန်းမကြီး၏ လက်နှင့်ထိတွေ့သည့်အခါ မယ်ပျင်းတစ်ကိုယ်လုံးတွင် ထူးဆန်းသည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

“ဒါက ဘယ်သွားမှာလဲ”

“သူ့အနောက်ကို လိုက်ဖို့ပေါ့”

“နေအုံးလေ၊ ဒါဆို ဒီဟင်းတွေနဲ့ ခုနက ယမကာဖိုးကို ဘယ်သူကပေးမှာလဲ”

“အို၊ ဒါက ကျုပ်သောက်တာမှမဟုတ်တာ၊ ကျုပ်ပေးစရာမလိုပါဘူး”

မိန်းမကြီးမှာ ခပ်မျဉ်းမျဉ်းရယ်မောလိုက်ရင်း

“ငါ့ဆိုင်မှာ ငွေကြေးနဲ့ပတ်သက်တဲ့စည်းကမ်းတစ်ခုရှိတယ်၊ အဲဒါကတော့ ငွေမရှင်းရသေးဘဲ ဘယ်သူမှထွက်သွားလို့မရဘူး”

“ပြောပြီးပြီလေ ကျုပ်စားသောက်တာမှမဟုတ်တာ”

“ဒါက မင်းတို့ကြားက ကိစ္စ၊ ငါနဲ့မဆိုင်ဘူး၊ ငါနဲ့ဆိုင်တာကတော့ ဒီစားပွဲဝိုင်းကို ဘယ်သူရှင်းမှာလဲဆိုတာပဲ”

မယ်ပျင်းက မိန်းမကြီးကိုတစ်ချက်ကြည့်လိုက်ကာ လက်ဝါးမှတဆင့် စက်လက်နက်တစ်ခုဖန်တီးလိုက်ပြီး မိန်းမကြီး၏ ရင်ဘတ်ကိုရိုက်ထည့်လိုက်သည်။ သို့သော် မိန်းမကြီးက မယ်ပျင်း၏လက်ကို သူ့လက်ဝါးဖြင့်အသာခံလိုက်ရင်း

“မင်းက ခေါင်းကြောမာတာပဲကွ”

မယ်ပျင်းလက်မှာ မိန်းမကြီးလက်ဖဝါးမှ ခွာ၍မရတော့ပေ၊ မိန်းမကြီးက မယ်ပျင်းလက်အတွင်းသို့စက်လက်နက်များကိုပစ်ထည့်လိုက်ပြန်သည်။ မယ်ပျင်းမှာ မိန်းမကြီး၏ စက်လက်နက်များကိုမတားဆီးနိုင်သဖြင့် တစ်ကိုယ်လုံးအားပျော့ကာ ခွေလဲကျသွားသည်။

“မင်းရဲ့အစွမ်းနဲ့ နောက်ထပ်နှစ်တစ်ရာလောက် ကြိုးစားရင်တောင် ငါ့ကိုထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်ဘူး ကောင်မလေးရဲ့၊ ကဲ မင်းရဲ့လုပ်အားနဲ့ မင်းတို့စားသောက်ထားတဲ့ အဖိုးအခကို ရှင်းလင်းပေးရမယ်”

မယ်ပျင်းမှာ တစ်ကိုယ်လုံးနာကျင်နေပြီး

“ဘယ်လောက် . . . ဘယ်လောက်တောင် လုပ်ပေးရမှာလဲ”

“တစ်နှစ်ကိုရွှေတပြားနှုန်းနဲ့ နှစ်ဆယ့်ငါးပြားအတွက် နှစ်အစိတ်လုပ်ပေးရမယ်၊ ဒါပြီးလို့ မင်းဆက်လုပ်ချင်တယ်ဆိုရင်တော့ အဲဒါမင်းသဘောဖြစ်သွားပြီ”

မယ်ပျင်းမှာ ကြမ်းပြင်ပေါ်သို့ ဒူးထောက်လဲကျသွားသည်။ မိန်းမကြီးက လက်ဖဝါးအားလွတ်ပေးလိုက်သောအခါ မယ်ပျင်း၏ လက်ဖဝါးတွင် အနီရောင်ပန်းပွင့်ပုံစံ အမှတ်အသားကလေးတစ်ခုဖြစ်ပေါ်သွားသည်။

“ရှင်ဘာလုပ်လိုက်တာလဲ”

မိန်းမကြီးမှာ တစ်ဖက်သို့လှည့်လိုက်ရင်း

“မင်း ငါ့ဆိုင်ထဲကနေ အပြင်ကိုခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ မင်းရဲ့တစ်ကိုယ်လုံးလောင်မီးကျသွားပြီးတော့ မင်းသေရမယ်”

မိန်းမကြီးက ကြမ်းပြင်အတိုင်း တဒေါက်ဒေါက်နှင့်လျှောက်သွားလေသည်။

(၂)

အနီရောင်ဝတ်စုံဝတ်ထားသည့် လူကြီးများက မယ်ပျင်းအားခေါ်ဆောင်သွားကြလေသည်။ အောက်ထပ်သို့ဆင်းလိုက်ကာ နဂါးထီးကိုပစ်ထည့်လိုက်သည့်အခန်းကြီးအတွင်းသို့ ခေါ်ဆောင်သွားသည်။ ထိုအခန်းကြီးအတွင်းမှ ဝန်ထမ်းများက ပျားများကဲ့သို့ ပြေးထွက်လိုက် ပြေးဝင်လိုက်နှင့်အလုပ်ရှုပ်နေကြသည်။

“ဒါဘယ်နေရာလဲ ကျုပ်ကိုဘယ်ခေါ်သွားတာလဲ”

“မင်းကအတွေ့အကြုံမရှိသေးဘူးဆိုတော့ စားပွဲထိုးတဲ့အတတ်က မင်းအတွက်အလွယ်ဆုံးဖြစ်မှာပဲ”

ထိုလူကြီးက အနီရောင်လက်ကိုင်ပုဝါစလေးတစ်ခုကိုထုတ်လိုက်ပြီး မယ်ပျင်းရင်ဘတ်ပေါ်တွင်ကပ်ထည့်လိုက်သည်။ အဝတ်စလေးမှာ သူ့အလိုလိုကြီးမားလာပြီး မယ်ပျင်းတစ်ကိုယ်လုံးအား လွှမ်းခြုံသွားကာ မကြာခင်မှာပင် အနီရောင်အဝတ်အစားများ ဝတ်ဆင်ပြီးဖြစ်သွားသည်။ အနီရောင်အဝတ်အစားမှာ အင်္ကျီနှင့်ထမီတစ်ဆက်တည်းဖြစ်ကာ သင်တိုင်းအင်္ကျီကဲ့သို့ ခြေမျက်စိအနားအထိ အရှည်ကြီးဖြစ်သည်။ သွားလာရ လွယ်ကူစေရန်အတွက် သင်တိုင်း၏ နံဘေးတွင် ပေါင်လယ်ခန့်အထိ ခွဲကြောင်းတစ်ခုရှိလေသည်။

တရုတ်မ ဗီယက်နမ်မများဝတ်ဆင်တတ်သည့် အင်္ကျီရှည်တစ်မျိုးပင်ဖြစ်သည်။ ပြီးသည့်အခါ ထိုလူကမယ်ပျင်းကိုဆွဲခေါ်သွားသည်။ နံရံကြီးတစ်ခုတွင် အပေါက်ကြီးများရှိလေသည်။ အပေါက်များမှာ တန်းစီလျက်တည်ရှိနေလေသည်။ မကြာခင် အပေါက်တစ်ခုအတွင်းသို့ လင်ဗန်းတစ်ခုကျလာသည်။ လင်ဗန်းကြီးအား ဆေးအလှကွက်များဖြင့် ပုံဖော်ထားသည့် ယွန်းအုပ်ဆောင်းတစ်ခုနှင့် အုပ်ထားလေသည်။

“စားပွဲနံပါတ် နှစ်ဆယ့်ခုနစ်”

ထိုကဲ့သို့အော်သံကိုလည်း ကြားလိုက်ရသည်။ အမှုထမ်းက မယ်ပျင်းကျောကုန်းကိုတွန်းလိုက်ကာ

“ကဲ အဲဒီအပေါက်ထဲက လင်ဗန်းကိုယူပြီးတော့ စားပွဲနံပါတ် နှစ်ဆယ့်ခုနစ်ကိုသွားပို့လိုက်”

မယ်ပျင်းမှာ အပေါက်ကြီးအနားသို့ တိုးကပ်ခဲ့သည်။ လင်ဗန်းကြီးမှာ အချင်းလေးတောင်ခန့်ရှိကာ အလွန်ကြီးမားလေသည်။ မယ်ပျင်းက လင်ဗန်းကြီးအားကြည့်ကာ စိတ်ပျက်သွားသည်။

“ဒီလောက်ကြီးတာကို ငါနိုင်ပါ့မလား”

အနောက်မှအော်နေသဖြင့် မယ်ပျင်းက လင်ဗန်းကိုလက်ဖြင့်ကောက်ယူလိုက်သည်။ ကြီးမားသောလင်ဗန်းကြီးဖြစ်သော်လည်း မယ်ပျင်းမယူလိုက်သည့်အခါ သာမန်လင်ဗန်းအလွတ်တစ်ခုကို ကိုင်တွယ်ရသကဲ့သို့ ပေါ့ပါးနေလေသည်။

“အမြန်လုပ်၊ ဟင်းတွေအေးကုန်ရင် ဧည့်သည်တွေက ကြိုက်မှာမဟုတ်ဘူး”

အခြားသူများမှာလင်ဗန်းအား လက်တစ်ဖက်နှင့်ကိုယ်တွင်ကြသော်လည်း မယ်ပျင်းက ပြုတ်ကျမည်စိုးရိမ်သဖြင့် ခေါင်းဖြင့်ရွက်ကာ ဆိုင်ကြီးအတွင်းထွက်လာခဲ့သည်။ ဆိုင်ကြီးအတွင်းလှည့်လည်ရှာဖွေနေရာမှ ဆိုင်ကြီးမှာအလွန်ကြီးမားမှန်းကို မယ်ပျင်းက သတိထားမိတော့သည်။ အောက်ထပ်တွင်မှာပင် စားပွဲဝိုင်းများမှာ အလွန်များပြားလှကာ မျက်စိတစ်ဆုံးရှိနေလေသည်။ မယ်ပျင်းက စားပွဲဝိုင်းများကိုလိုက်လံကြည့်ရှုရင်း ဝင်္ကပါကြီးတစ်ခုအတွင်းသို့ ရောက်သွားသည့်နှယ်ထင်နေမိသည်။

“ဟိုလေ စားပွဲနံပတ် နှစ်ဆယ့်ခုနစ်က ဘယ်နားမှာလဲ”

အနားမှဖြတ်သန်းသွားသည့် အမှုထမ်းတစ်ဦးကိုမေးလိုက်ရာ အမှုထမ်းက မယ်ပျင်းအားကြည့်ရင်း

“စားပွဲတွေမှာ စာတွေရေးထားတယ်လေ၊ မင်း စာမဖတ်တတ်ဘူးလား”

မယ်ပျင်းက ခေါင်းညိတ်လိုက်ကာ

“အမှန်ပဲ၊ ကျုပ်စာမဖတ်တတ်ဘူး”

ထိုစားပွဲထိုးမှာ သက်ပြင်းတစ်ချက်ချလိုက်သည်။ စားပွဲထိုး၏ ရုပ်ရည်သွင်ပြင်မှာ လူခန္ဓာကိုယ်နှင့်ဖြစ်သော်လည်း ခေါင်းပိုင်းမှာ ငါးကြီးတစ်ကောင်၏ ဦးခေါင်းဖြစ်နေသည်။ ထိုလူက အနားကိုဝေ့ဝိုက်ကြည့်ရင်း

“ဟောဟို တောင်ဘက်လမ်းကိုဆက်သွား၊ လေးဝိုင်းမြောက် ညာဘက်အခြမ်းက စားပွဲက စားပွဲနံပတ် နှစ်ဆယ့်ခုနစ်ပဲ”

မယ်ပျင်းမှာ ထိုလူအား ကျေးဇူးတင်စကားပင် မပြောတော့ဘဲ စားပွဲဝိုင်းဆီသို့သာပြေးလာခဲ့သည်။ ထိုလူညွန်ပြထားသည့် စားပွဲဝိုင်းအရောက်တွင်တော့ လင်ဗန်းကြီးကိုစားပွဲပေါ်သို့ချပေးလိုက်သည်။ လင်ဗန်းကြီးအတွင်း ကြွေဇလုံကြီးဖြင့်ထည့်ထားသည့် ဟင်းရည်တစ်မျိုးပါရှိလေသည်။ စားပွဲဝိုင်းတွင်ထိုင်နေသူမိန်းမနှစ်ဦးမှာ ထိုဟင်းရည်ကိုကြွေဇွန်းဖြင့်ခပ်ကာ သောက်ချလိုက်သည်။ ထို့နောက် ရပ်ကြည့်နေသည့် မယ်ပျင်းအားတစ်ချက်စိုက်ကြည့်ကာ

“သွားစရာရှိတာသွားလေ၊ ဒီမှာ ဘာရပ်ပြီးစောင့်ကြည့်နေတာလဲ”

မယ်ပျင်းမှာ ထိုစားပွဲဝိုင်းမှထွက်လာခဲ့သည်။ သုံးလှမ်းခန့် လှမ်းပြီးသည့်အခါ မယ်ပျင်းချပေးခဲ့သည့် စားပွဲဝိုင်းမှ အမျိုးသမီးမှာ တဝေါ့ဝေါ့နှင့်ထိုးအန်လေသည်။ ပြီးသည့်အခါ လက်သီးလက်မောင်းဆန့်တန်းကာ

“မကျေနပ်ဘူး၊ ဆိုင်ရှင်၊ ဆိုင်ရှင်ဘယ်ရောက်သွားသလဲ”

ထိုအခါ မမကြီးဆိုသည့် မိန်းမကြီးမှာ ဆိုင်အပေါ်မှလွှားခနဲခုန်ချလာကာ အနားသို့ရောက်လာလေသည်။ ထိုမိန်းမကိုကြည့်ရင်း

“ဘာများအဆင်မပြေဖြစ်လို့ပါလဲ ဧည့်သည်”

“ဘာဖြစ်ရမလဲ ဟောဒီဟင်းရည်က ဘာဟင်းရည်လဲ”

မမကြီးက ဟင်းရည်ကိုတစ်ချက်ကြည့်လိုက်ကာ

“ဒါကတော့ သီတာခုနစ်တန်ထဲမှာ ကျက်စားနေထိုင်တဲ့ မကန်းရ်ငါးနဲ့လုပ်ထားတဲ့ ငါးစွပ်ပြုတ်ပါ”

“ရှင်ရူးနေလား၊ ကျုပ်တို့က သားသက်လွတ်စားပြီး ကျင့်စဉ်တွေကျင့်နေကြတဲ့ တပသီတွေ၊ အခုရှင့်ရဲ့ ငါးစွပ်ပြုတ်ကိုသောက်လိုက်လို့ ကျုပ်ကျင့်ထားတဲ့တန်ခိုးအစွမ်းတွေကျဆင်းသွားပြီ၊ ဒါကိုရှင်ဘယ်လိုတာဝန်ယူမှာလဲ”

မမကြီးမှာ လက်များတုန်တုန်ယင်ယင်ဖြစ်လာကာ

“ဒီစားပွဲဝိုင်းကို ဘယ်သူဟင်းလျာချပေးတာလဲ”

ထိုအခါ အနီရောင်ဝတ် ဝန်ထမ်းများက မယ်ပျင်းအားလက်ညှိုးထိုးပြလိုက်ကြသည်။

“သြော် ဘယ်သူများလဲလို့ ခုနက ကောင်မလေးပဲ၊ မင်းဒါသက်သက်မဲ့ ငါ့ကိုအရွဲ့တိုက်ချင်လို့ လုပ်တာမဟုတ်လား”

“မဟုတ်ပါဘူး၊ အဒေါ်ကြီးရယ် တမင်လုပ်တာမဟုတ်ပါဘူး”

မိန်းမကြီးမှာ ဒေါသထွက်သွားပြီး

“ဘာ၊ နင်ငါ့ကိုဘယ်လိုခေါ်လိုက်တယ်”

“အဒေါ်ကြီးလို့ခေါ်လိုက်တာပါ”

“မခေါ်နဲ့ ငါ့ကိုအဒေါ်လို့မခေါ်နဲ့ ငါဒီလောက်အသက်မကြီးသေးဘူး၊ ငါ့နာမည် မမကြီး၊ မမကြီးလို့ခေါ်စမ်းပါ”

မယ်ပျင်းမှာ ခေါင်းညိတ်ပြလိုက်သည်။

“နေစမ်းပါအုံး၊ ညည်းချရမယ့်ဟင်းပွဲက စားပွဲနံပါတ်နှစ်ဆယ့်ခုနစ်လေ၊ အခုစားပွဲက နှစ်ဆယ့်ခြောက်ပဲရှိတယ်၊ ညည်းဒါလေးတောင် မမြင်ဘူးလား”

“ဟိုလေ၊ ကျုပ်က စာမဖတ်တတ်လို့ပါ မမကြီး”

မမကြီးမှာ သက်ပြင်းတစ်ချက်ချလိုက်ပြီး

“ဒါဆို ဒီစားပွဲကို ဘယ်သူလမ်းညွှန်ပေးတာလဲ”

“ဟိုလေ ငါးခေါင်းနဲ့လူကိုယ်ရှိတဲ့ လူတစ်ယောက်ပါ”

မမကြီးက နဖူးကိုလက်ဝါးနှင့်ရိုက်လိုက်ကာ

“သွားတာပဲအေ၊ လမ်းမေးတာ ငမျက်ပြူးကိုမှ မေးရတယ်လို့”

“ဘာဖြစ်လို့လဲ မမကြီး”

“ငမျက်ပြူးက ဘယ်နဲ့ညာနဲ့အမြဲလွဲတယ်ဟ၊ သူ့မျက်လုံးက ဘယ်ဘက်ကိုကြည့်ရင် ညာဘက်မြင်ရသလို ညာဘက်ကိုကြည့်ရင် ဘယ်ဘက်ကိုမြင်ရတဲ့သူ”

မမကြီးက ထိုတပသီအမျိုးသမီးများဘက်သို့လှည့်လိုက်ကာ

“ကျုပ် အနူးအညွတ်တောင်းပန်ပါတယ်၊ ဧည်သည်ကြီးတို့ ကုန်ခမ်းသွားတဲ့စွမ်းအင်တွေအတွက် သိဒ္ဓိဝင်ဆေးပေါင်း တစ်ခုကို အလျော်ပြန်ပေးပါ့မယ်၊ ဒါဆိုရင် အဆင်ပြေတယ်မဟုတ်လား”

မိန်းမနှစ်ယောက်မှာ ခေါင်းကိုပြိုင်တူညိတ်လိုက်ကြသည်။

“ကဲ ဒီဟင်းပွဲကို ယူသွားလိုက်တော့”

မယ်ပျင်းက ဟင်းပွဲကိုကောက်ယူလိုက်သည်။

“ဒါနဲ့ သိဒ္ဓိဝင်ဆေးပေါင်းက ဘယ်လောက်တန်တယ်ဆိုတာ သိသလား”

မယ်ပျင်းခေါင်းခါပြလိုက်သည့်အခါ

“ဆေးပေါင်းက ရွေပြားငါးဆယ်တန်တယ်ဟဲ့၊ အဲဒါကို နင့်ရဲ့လုပ်အားထဲက ပြန်လျှော်ရမယ်၊ ခုနက နှစ်ဆယ့်ငါးပြား၊ အခုက ပြားငါးဆယ်ဆိုတော့ စုစုပေါင်း ခုနစ်ဆယ့်ငါးပြား၊ နင်ဒီမှာ လုပ်ရမယ့်ခုနစ်က ခုနစ်ဆယ့်ငါးနှစ်ဖြစ်သွားပြီ”

မယ်ပျင်းမှာ အလွန်စိတ်ပျက်သွားသည်။

“လမ်းမှားညွှန်တဲ့ဟိုအကောင်က ငါးပြားလျော်ရမယ်”

ငမျက်ပြူးဟုခေါ်သည့်သူက သူ့ငါးခေါင်းရှိ အကြေးခွံများကို တဗျင်းဗျင်းနှင့် ကုပ်ဖဲ့နေလေသည်။

“ဟဲ့ ငမျက်ပြူး၊ ဒီကောင်မလေးကို စားပွဲထိုးခိုင်းရင် ငါတစ်နေ့လုံး လျော်နေရတာနဲ့ ဒင်းဒီမှာ နှစ်တစ်ထောင်လောက် ကျွန်ခံပြီးဆပ်နေရမယ်၊ သူ့ကို စားပွဲမထိုးခိုင်းနဲ့၊ စားဖိုဆောင်ထဲကိုခေါ်သွားပြီး အလုပ်ကြမ်းတွေခိုင်းထားလိုက်”

မယ်ပျင်းကို ငမျက်ပြူးက ခေါ်ထုတ်လာခဲ့သည်။ စားဖိုဆောင်အတွင်းသို့ ဝင်သည့်လမ်းကြီးအတိုင်း ဝင်လာခဲ့သည့်အခါတွင်တော့ မီးတောက်မီးလျှံများက တဟုန်းဟုန်းတောက်နေကြသည်။ စားဖိုဆောင်အလယ်တွင်တော့ လူကြီးတစ်ယောက်ရှိပြီး ထိုလူကြီး၏ လက်ချောင်းများမှာ အများအပြားရှိကာ ပင့်ကူလက်တံကြီးများကဲ့သို့ ရှည်လျားလှသည်။ ထိုလက်များနှင့် ဟင်းလျာမျိုးစုံတို့ကို တစ်ယောက်တည်း ချက်ပြုတ်နေလေသည်။

ထိုလူကြီးက မယ်ပျင်းကိုတစ်ချက်ကြည့်လိုက်သည်။ ထိုလူကြီး၏ မျက်နှာမှာ လူမျက်နှာပင်ဖြစ်သော်လည်း ဦးခေါင်းမှာ ဘူးသီးကြီးကဲ့သို့ ရှည်ရှည်မြောမြောကြီးဖြစ်ကာ မျက်နှာတစ်ဖက်ခြမ်းစီတွင် မျက်လုံးဆယ့်နှစ်လုံးစီ ပါဝင်လေသည်။ ထိုလူကြီး၏ လက်ချောင်းများမှာ စက်ရုပ်များကဲ့သို့ပင် မြောက်များလှစွာသော မီးဖိုများအပေါ်တွင် သူ့အလိုလို ချက်ပြုတ်ကြော်လှော်နေကြသည်။

ဟင်းလျာတစ်မျိုးချက်ပြီးသည့်အခါ လင်ပန်းတစ်ခုအတွင်းသို့ လောင်းထည့်လိုက်ပြီး အပေါက်တစ်ခုမှနေ၍ အပြင်ဘက်သို့တွန်းပို့ပေးလိုက်သည်။ ပါးစပ်မှလဲ စားပွဲနံပါတ်အား အော်ဟစ်လိုက်လေသည်။

“သူပဲကိုး လက်စသတ်တော့ ခုနက အပေါက်ကနေထွက်လာတဲ့ ဟင်းလျာတွေကိုချက်နေတဲ့သူက သူပဲကိုး”

မယ်ပျင်းမှာ ရေရွတ်လိုက်သည့်အခါ ထိုလူကြီးက မယ်ပျင်းအသံကိုကြားပြီး မယ်ပျင်းတို့အနီးသို့တိုးကပ်လာလေသည်။ ကိုယ်လုံးကြီးက တိုးကပ်လာသော်လည်း လက်များမှာတော့ သူ့အလိုလိုပင်ချက်ပြုတ်လျှက်ရှိသည်။

“သူက ဘယ်သူလဲငမျက်ပြူး”

“သူက ဟောဒီစားဖိုဆောင်မှာ ကူညီပေးမယ့် အကူတစ်ယောက်ပါ ဘိုးတူး”

ထိုလူကြီးက ကျေနပ်စွာရယ်မောလိုက်ရင်း

“အတော်ပဲ၊ အမှန်အတိုင်းပြောရရင် ငါလည်းစားဖိုဆောင်မှာ အကူလိုနေတာကြာပြီ”

မယ်ပျင်းက စားဖိုဆောင်အတွင်းတစ်ချက်ကြည့်လိုက်ရာ ဘိုးတူးအမည်ရ ထိုလူကြီးမှာ တစ်ယောက်တည်းပင် ချက်ပြုတ်ကျော်လှော်နေသည်ကိုတွေ့ရသည်။ စားဖိုဆောင်နံရံတစ်ဖက်တွင်တော့ အံဆွဲကြီးများ များစွာတပ်ဆင်ထားသည့် နံရံကြီးတစ်ခုရှိသည်။ ဘိုးတူး၏လက်တစ်ခုက အံဆွဲကိုဖွင့်လျက်အတွင်းသို့နှိုက်လိုက်ရာ အံဆွဲအတွင်းမှ ငါးကြီးတစ်ကောင်က လက်ထဲသို့ပါလာခဲ့သည်။ ထိုငါးကြီးကို ဘိုးတူး၏လက်က စဉ်းတီတုံးပေါ်တွင်တင်လိုက်သည်။ အခြားလက်တစ်ဖက် ဓါးမကြီးတစ်ခုကိုကိုင်လာပြီး ထိုငါးအား တဒေါက်ဒေါက်နှင့် ခုတ်ဖြတ်ထည့်လိုက်ရာ ငါးမှာအကွင်းများဖြစ်သွားသည်။ ထိုငါးအကွင်းများကို လက်နှစ်ဖက်နှင့်သိမ်းကြုံးယူလိုက်ပြီး ဒယ်အိုးတစ်ခုအတွင်းသို့ ပစ်ထည့်လိုက်သည်။

ရာနှင့်ချီသော လက်ပေါင်းများစွာနှင့် တစ်ဦးတည်းကြော်လှော်ချက်ပြုတ်နေသည်ကိုကြည့်ပြီး မယ်ပျင်းမှာ သဘောကျနေမိသည်။ ထိုအခါ ဘိုးတူးက မယ်ပျင်းအားကြည့်ကာ

“ဘာလုပ်နေတာလဲ လုပ်စရာရှိတာလုပ်တော့လေ”

“ဘာလုပ်ပေးရမလဲ”

“ခုနက မမကြီးက နဂါးတစ်ကောင်ပို့ထားတာရှိတယ်၊ အဲဒီနဂါးကို ချက်ပြုတ်ဖို့အတွက် ရေနွေးဖျောပြီး အကြွေးခွံတွေထိုးပေးရမယ်”

မယ်ပျင်းက စားဖိုဆောင်ထောင့်သို့လာခဲ့လိုက်သည့်အခါ မမကြီးပါးရိုက်ထားသည့် နဂါးကြီးမှာ ခွေပျော့နေလေသည်။ မယ်ပျင်းအနီးတွင် အလွန်ကြီးမားကာ လူများကိုပင် အစုလိုက်အပြုံလိုက်ထည့်ပြုတ်နိုင်သည့် အိုးကြီးတစ်ခုရှိကာ ထိုအိုးကြီးအတွင်း ရေများကဆူပွက်နေလေသည်။

မယ်ပျင်းမှာ နဂါးကြီးအားအမြှီးမှကိုင်စွဲလိုက်ကာ ရေနွေးအိုးကြီးဆီသို့တွန်းပို့ယူလာခဲ့သည်။ ရေနွေးအိုးကြီးထံရောက်ရန်ကိုပင် နဂါးကြီးအားမနည်းတွန်းယူရသည်။ ရေနွေးအိုးကြီးအတွင်း တွန်းချလိုက်သည့်အခါ နဂါးကြီးမှာတွန့်လိမ်လှုပ်ရှားနေသဖြင့် ရေများမှာ တဗွမ်းဗွမ်းနှင့်ဖြစ်နေတော့သည်။

“ဟေ့ကောင်မလေး အိုးအဖုံးကိုပိတ်လိုက်စမ်း”

မယ်ပျင်းက အိုးအဖုံးအား ဆွဲယူပြီး ပိတ်ချလိုက်ရသည်။ နဂါးကြီးမှာ လူးလွန့်နေသေးသဖြင့် အိုးအဖုံးမှာ တဂွပ်ဂွပ်နှင့်အသံမြည်နေသည်။

“ဒီနဂါးကြီးက မသေ . . မသေသေးဘူး”

“အေးလေ၊ နဂါးဆိုတာ သေသွားရင်စားလို့မှမကောင်းတာကွ၊ ချက်ချင်းသတ် ချက်ချင်းစားမှ ချိုတာကွ”

မကြာခင် အိုးအဖုံးမှာငြိမ်သက်သွားလေရာ ဘိုးတူးက အိုးအဖုံးကို လက်ဖြင့်ဖွင့်လိုက်ကာ နဂါးကြီးကိုဆွဲယူလိုက်သည်။ ပြီးသည့်နောက် စဉ်းတီတုံးတစ်ခုပေါ်သို့တင်လိုက်ကာ

“ကဲ ဒီနဂါးကို အကြေးခွံဖြုတ်ပြီး အရေခွံဆုတ်စမ်း”

မယ်ပျင်းမှာ နဂါးအကြေးခွံတစ်ခုကို လက်နှင့်ကိုင်ကြည့်လိုက်သည်။ ပြီးနောက် အားဖြင့်ဆွဲဖြုတ်လိုက်လေရာ ပန်းကန်ပြားအရွယ်အစားရှိသည့် အကြေးခွံကြီးတစ်ခုက လက်အတွင်းပါလာသည်။ မယ်ပျင်းက ထိုအကြေးခွံအားလွှင့်ပစ်လိုက်ကာ နောက်ထပ်အကြေးခွံတစ်ခုကို ထပ်ဖြုတ်ယူပြန်သည်။ ထိုအဖြစ်ကို ဘိုးထူးကတွေ့သည့်အခါ

“အောင်မယ်လေး ကလေးမရယ်၊ နင်ဒီလိုမျိုးသာဆက်လုပ်နေရင် နဂါးကို ညသန်းခေါင်လောက်တောင် စားရမယ်မထင်ဘူး၊ ကဲ ဒီမှာကြည့်”

ဘိုးတူးက လက်တစ်ဖက်နှင့် နဂါးကြီး၏ အမြှီးဖျားကို ကိုင်လိုက်ကာ သားလှီးဓါးကြီးတစ်ခုဖြင့် အမြီးဖျားအားခုတ်ထစ်လိုက်ပြီးနောက် လက်တစ်ဖက်မှ အရေခွံကိုကိုင်လိုက်ကာ အားဖြင့်ဆွဲထုတ်လိုက်လေရာ အကြွေးခွံများအရေခွံများမှာ အလွှားလိုက်ကွာကျကုန်လေသည်။ မယ်ပျင်းမှာ ဘိုးတူးလုပ်ကိုင်နေသည်ကို ကျေနပ်ကာ စောင့်ကြည့်နေမိသည်။

“ဒီလိုကျတော့လည်း မြန်လိုက်တာနော်”

“ဘယ်အရာမှာမဆို နည်းစနစ်ဆိုတာရှိတယ် ကလေးမရဲ့၊ နည်းစနစ်မှန်ရင် လွယ်ပေမယ့် နည်းစနစ်မှားတဲ့အခါ ခက်ခဲတာပေါ့ကွယ်”

“ဒါနဲ့ အဘိုးနာမည်က ဘယ်လိုခေါ်သလဲ”

“ငါ့ကိုတော့ မမကြီးက လက်တစ်ထောင်ဘိုးတူးလို့ခေါ်တယ်”

“နာမည်ကလည်း အဆန်းပါလား၊ ကျွန်မနာမည်ကတော့ မယ်ပျင်းပါ”

ထိုအခါ ဘိုးထူးက မယ်ပျင်းအနီးသို့တိုးကပ်လာကာ

“တိုးတိုးနေကလေးမရဲ့၊ ဒီဆိုင်ကြီးထဲမှာ နာမည်အရင်းကို မသုံးရဘူး”

“ဘာဖြစ်လို့လဲ”

“ဒီဆိုင်ထဲက လူတွေအကုန်လုံးကို မမကြီးက နာမည်ပေးထားတယ်၊ ငါတို့မှာကိုယ်ပိုင်နာမည်တွေရှိပေမယ့် မမကြီးက သူပေးထားတဲ့နာမည်ကိုခေါ်မှကြိုက်တယ်၊ အခုမင်းကို မမကြီးက နာမည်မပေးရသေးတော့ မင်းရဲ့နာမည်ကိုမခေါ်ဘဲ ငါက ကလေးမလို့ပဲခေါ်တာ”

မယ်ပျင်းမှာ ခေါင်းကုတ်လျှက်

“ထူးဆန်းပြန်ပြီ၊ ဘာဖြစ်လို့သူက နာမည်တွေလိုက်ပေးတာလဲ”

“ကျွန်နာမည်လို့တော့ပြောတာပဲ၊ သူ့ဆိုင်မှာနေတော့လဲ သူ့စည်းကမ်းပေါ့ ကလေးမရဲ့”

လက်တစ်ထောင်ဘိုးတူးမှာ ပြောနေရင်းပင် နဂါးကြီးအား အပိုင်းပိုင်းလှီးဖြတ်ကာ ကြော်တန်သည်ကိုကြော်၊ ချက်တန်သည်ကိုချက်ပြုလုပ်လိုက်လေသည်။

“ဒါနဲ့ အရင်ကရော စားဖိုဆောင်မှာတစ်ယောက်ထဲပဲလား၊ အကူတွေဘာတွေမရှိဘူးလား”

“ရှိခဲ့ဖူးတယ်ကလေးမ၊ တစ်ယောက်ကတော့ မီးဖိုကိုထင်းထိုးနေတုန်း မီးဖိုထဲပြုတ်ကျပြီး ပြာဖြစ်သွားတယ်၊ အဲ နောက်တစ်ယောက်ကတော့ ဟင်းရွက်တွေခူးရင်း သေသွားတယ်၊ နောက်တစ်ယောက်ကျတော့ စွပ်ပြုတ်အိုးထဲကို ခုန်ချသွားတယ်”

“ဟင်၊ သူကဘာဖြစ်လို့ ခုန်ချသွားတာလဲ”

“ဒီမှာလုပ်နေရတာထက် သေသွားတာက ပိုပြီးလွယ်မယ်ထင်လို့ပေါ့”

မယ်ပျင်းမှာ ဆိတ်ဆိတ်သာနေမိသည်။

“ဘာပဲဖြစ်ဖြစ် မင်းနဲ့ငါနဲ့က ဟောဒီဆိုင်ကြီးထဲ အတူတူပိတ်မိကြပြီဆိုတော့ မိတ်ဆွေတွေဖြစ်သွားပြီလို့ပဲ မှတ်လိုက်ပေါ့၊ ဒါပေမယ့် မင်းရောက်လာတာ ကံဆိုးတယ်လို့ငါထင်တယ်၊ ဟောဒီဆိုင်ကြီးဆိုတာ ဒီမြို့ကြီးထဲမှာ အလုပ်အရှုပ်ဆုံးနဲ့ အပင်ပန်းဆုံးဆိုင်ကြီးပဲကွဲ့”

မယ်ပျင်းမှာ သက်ပြင်းတစ်ချက်သာ ချလိုက်မိတော့သည်။