စာစဉ်(၅၄)
(၁)
မမကြီးနှင့်မယ်ပျင်း ကြွေအန်ကစားကြရာ မယ်ပျင်းမှာ အတော်အတန်ပင်ကစားတတ်နေပြီဖြစ်သည်။ သို့သော်လည်း ကြွေအန်ကစားနည်းကိုတစ်ဖက်ကမ်းခတ် အရည်ကျိုသောက်ထားသည့် မမကြီးနှင့်ပြိုင်ဘက်မဟုတ်သေးပေ၊ မမကြီးမှာ ဆော့ကစားရင်း မယ်ပျင်းကိုလည်း ကြွေပစ်ခတ်နည်းများကိုသင်ကြားပေးသည်။
“ဒါနဲ့တစ်ခုလောက်မေးလို့ရမလား မမကြီး”
“မေးပေါ့အေ”
“မမကြီးက ဟောဒီနတ်ဘုံနတ်နန်းမှာနေတယ်၊ အစွမ်းတန်ခိုးတွေကိုလည်း ပိုင်ဆိုင်ထားတဲ့အပြင် ဆေးကောင်းဝါးကောင်းတွေလည်းရှိပါလျှက်နဲ့ ဘာကြောင့်အရုပ်ဆိုးအကျည်းတန်နေရတာလဲ”
မမကြီးမှာ မျက်နှာတစ်ချက်ပျက်သွားလေသည်။ ဆော့လက်စကြွေအန်များကိုပစ်ချလိုက်ပြီးနောက် တစ်နေရာသို့ထထွက်သွားသည်။ နံရံရှိကြိုးကြီးတစ်ကြိုးကိုဆွဲလိုက်သည့်အခါ ခန်းစီးလိုက်ကာစကြီးများမှာ အလိုလိုရွေ့လျားသွားပြီးနောက် နံရံပေါ်တွင် ကြည့်မှန်ဝိုင်းကြီးတစ်ချပ်ပေါ်ပေါက်လာလေသည်။ ကြည့်မှန်ကြီး၏ ဘောင်ကိုနဂါးကိုယ်လုံးသဖွယ်ပြုလုပ်ထားပြီး နဂါးကြီးနှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင်လိမ်ဖယ်ကာ တိုက်ခိုက်နေသည့်နှယ် ထွင်းထုထားလေသည်။ ကြည့်မှန်ကြီးမှာတော့ မှန်ဟူ၍ပင်မထင်ရလောက်အောင် ကြည်လင်နေလေသည်။ မမကြီးက ကြည့်မှန်အရှေ့တွင်ရပ်လိုက်သည့်အခါ ကြည့်မှန်ထဲရှိပုံရိပ်တွင် အလွန်ချောမောလှပသော မိန်းကလေးတစ်ယောက်၏ ပုံရိပ်သွင်ကို မြင်တွေ့လိုက်ရသည်။
မယ်ပျင်းမှာ အံ့သြသွားကာ ပါးစပ်ဟောင်းလောင်းပင်ဖြစ်သွားရသည်။ အဘယ့်ကြောင့်ဆိုသော် ကြည့်မှန်အပြင်တွင်ရပ်နေသည့် မမကြီးမှာ အလွန်အရုပ်ဆိုးအကျည်းတန်လှသလောက် ကြည့်မှန်အတွင်းထင်ဟပ်နေသည့်ပုံရိပ်မှာတော့ ချောမောလှသည့်မိန်းကလေးတစ်ဦးဖြစ်နေသောကြောင့်ဖြစ်သည်။ မယ်ပျင်းက မှန်အတွင်းမှ ပုံရိပ်ကိုလက်ညှိုးထိုးပြီး
“ဒါ . . .ဒါက ဘယ်သူ့ပုံရိပ်လဲ”
“မှန်ဆိုတာ အမြဲအမှန်ပေါ်တယ်တဲ့ မယ်ပျင်းရဲ့”
“ဒါဆိုဒီမှန်ထဲက ပုံရိပ်က မမကြီးရဲ့ပုံရိပ်ပေါ့နော်၊ ဒါဖြင့်ရင် မှန်ထဲမှာ ချောမောလှပနေသလောက် အပြင်မှာတော့ဘာကြောင့်ဒီလိုအရုပ်ဆိုးအကျည်းတန်နေရတာလဲ”
မမကြီးက သက်ပြင်းတစ်ချက်ချလိုက်ပြီး
“ဒီဇာတ်ကြောင်းတွေ ပြန်ပြောရမယ်ဆိုရင်တော့ ရှည်တာတော့ရှည်တယ်အေ့”
“ပြောပြစမ်းပါ၊ ကျွန်မစိတ်ဝင်စားလွန်းလို့ပါ”
“ကဲ ဒါဖြင့်ရင်လည်း သေသေချာချာနားထောင်ပေတော့ ဒီအကြောင်းတွေကို ငါမပြောဖြစ်တာ တော်တော်တောင်ကြာနေပါပေါ့”
မမကြီးက ပြောဆိုလိုက်ကာ မွှေ့ရာကြီးပေါ်သို့လှဲအိပ်ချလိုက်ရင်း သူ့ဘဝအကြောင်းအရာများကို ပြန်ပြောင်းပြောပြလေသည်။
ဝိနသကတောင်ကြီးအနီးတွင် ယူဇာနာတစ်ထောင့်သုံးရာတစ်ဆယ့်နှစ် ယူဇနာနက်ရှိုင်းကျယ်ဝန်းသည့် သမုဒ္ဒရာတစ်စင်းရှိလေသည်။ ထိုသမုဒ္ဒရာအတွင်းတွင် ဒိဌဝိသအမည်ရနဂါးပြည်တစ်ပြည်ရှိကာ အဿတရနဂါးမင်းကြီးက နဂါးအပေါင်းတို့ကို အုပ်ချုပ်နေထိုင်လေသည်။ ထိုနဂါးတိုင်းပြည်တွင် နဂါးမင်းက နဂါးထီးများကိုအုပ်ချုပ်သကဲ့သို့ နဂါးမယ်တော်က နဂါးမများကိုအုပ်ချုပ်ရလေသည်။
အဿတရနဂါးမင်းကြီးထံတွင် သမီးတော်နှစ်ပါးရှိသည်။ သမီးတော်အကြီးမှာ စောမြနှစ်ဖြစ်ကာ သမီးတော်အငယ်မှာ စောမြသစ်ဟုအမည်ရလေသည်။ အမတော် စောမြနှစ်မှာ နဂါးကျင့်စဉ်ပေါင်း နှစ်တစ်ထောင်ခန့်ကျင့်ပြီးဖြစ်သည်။ နဂါးများတတ်မြောက်အပ်သည့်ပညာရပ်များပြီးစီးကာ နဂါးမယ်တော်အသစ်အဖြစ်လျာထားခြင်းခံရသူဖြစ်သည်။ ညီမတော် စောမြသစ်မှာတော့ နဂါးကျင့်စဉ်ပေါင်း နှစ်ငါးရာခန့်သာကျင့်ကြံရသေးသည်။
စောမြနှစ်မှာ ရုပ်ရည်ရူပကာအလွန်ချောမောလှပပြီး အလှဂုဏ်၊ တန်ခိုးစွမ်းအင်ဂုဏ်များကြောင့် နန်းတော်အတွင်းမောက်မာရိုင်းစိုင်းလေ့ရှိသည့်အတွက် နန်းတွင်းသူ နန်းတွင်းသားနှင့် အမှုထမ်းများမှာ စိတ်အနှောင့်အယှက်ဖြစ်ကြရသည်။ ထိုမျှသာမကသေး စောမြနှစ်မှာ လောင်းကစားကိုခုံမင်ပြီး အလောင်းအစားအလုပ်များနှင့်သာ နေ့နေ့ညညအချိန်ကုန်နေလေ့ရှိသည်။
ညီမငယ်စောမြသစ်မှာတော့ ယဉ်ကျေးချိုသာကာ သနားကြင်နာတတ်သည့်စိတ်ရှိသဖြင့် နန်းတွင်းသူများသာမက မူးကြီးမတ်ရာများပါ နှစ်ခြိုက်ချီးမွမ်းကြလေသည်။
နဂါးနှစ်၏ နှစ်ပေါင်းကိုးဆယ်ပြည့်သည့်နှစ်တွင် နဂါးမယ်တော်အသစ်ခန့်အပ်ရန်ဖြစ်လာလေသည်။ ပုံမှန်ထုံးစံအတိုင်းဆိုပါလျှင် အမကြီးဖြစ်သည့် စောမြနှစ်သာ နဂါးမယ်တော်ရာထူးကို ရမည်ဖြစ်သော်လည်း စောမြနှစ်မှာလောင်းကစားအမှုကိုသာ အာရုံစိုက်နေသဖြင့် နဂါးမယ်တော်ရာထူးနှင့် သင့်လျော်မည်မဟုတ်ကြောင်း မူးကြီးမတ်ရာများက တိုင်ပင်ကြသည်။ ထို့ကြောင့် စောမြနှစ်အားရှင်းလင်းပစ်ပြီး ညီမဖြစ်သူ စောမြသစ်ကို နဂါးမယ်တော်ခန့်အပ်ရန်အတွက် ပရိယာရ်ဖြင့်ကြံဆောင်ကြတော့သည်။
တစ်နေ့တွင် ညီမဖြစ်သူ စောမြသစ်မှာ ငိုကြွေးလျှက်နန်းဆောင်အတွင်းသို့ပြေးဝင်လာလေသည်။ ထိုအဖြစ်ကို စောမြနှစ်မြင်သော် ညီမတော်ငိုကြွေးရသည့်အကြောင်းအရင်းကို မေးမြန်းသည်။
“ညီမတော် မနက်စောစောစီးစီး ဘာဖြစ်လို့ငိုကြွေးနေရတာလဲ”
“ညီမတော်ဘဝတော့ ရေစုန်မြောပါပြီ အမတော်ရဲ့”
“ဘာဖြစ်လို့ရေစုန်မြောရမှာလဲ”
“ဒီလိုပါအမတော်၊ မနေ့ကညက ဝိနာသကတောင်ကြီးအနားကိုရောက်သွားတော့ တောင်စောင်းမှာထိုင်နေတဲ့ ပုရဗိုဇ်ရသေ့ကြီးတွေနဲ့ နဂါးတွေနဲ့ကြွေအန်ကစားနေကြပါတယ်၊ အဲဒါ ညီမတော်လည်း စိတ်ဝင်စားပြီး ကစားရာကနေ လက်ဝတ်လက်စားတွေပါရှုံးသွားပြီးတော့ နောက်ဆုံး ရှုံးတဲ့လူက ပုရဗိုဇ်ရသေ့ကြီးတွေကို ပြုစုရမယ်ဆိုပြီး ကစားတဲ့အခါမှာ အခုရှုံးသွားခဲ့လို့ ကတိအတိုင်း ပုရဗိုဇ်ရသေ့ကြီးတွေဆီကို အလုပ်အကျွေးပြုဖို့ သွားရပါတော့မယ် အမတော်၊ ဒါအတွက်ကြောင့် ညီမတော် ငိုကြွေးနေရခြင်းဖြစ်ပါတယ်”
စောမြနှစ်မှာ ထိုအဖြစ်ကိုကြားသည့်အခါ ဒေါသအမျက်ချောင်းချောင်းထွက်သွားလေသည်။
“တယ် ရာရာစစ ပုရဗိုဇ်ကများ နဂါးကိုလိုချင်သတဲ့လား၊ ဟဲ့ မြသစ် ဒင်းတို့အခုအဲဒီမှာ ရှိသေးရဲ့လား”
“ရှိပါသေးတယ်အမတော်၊ ဒီတစ်ညတော့ ညီမတော်လာတာကိုစောင့်မယ်လို့ပြောနေကြပါတယ်”
“ရှိသေးရင် ဒင်းတို့တော့ ငါနဲ့တွေ့ကြသေးတာပေါ့”
“အမတော်စိတ်လျော့ပါ၊ ပုရဗိုဇ်တွေကို အကြမ်းနည်းနဲ့ဆုံးမလိုက်ရင် ဖခမည်းတော်သိတဲ့အခါ စိတ်ဆိုးအမျက်ထွက်နေပါအုံးမယ်”
“ညီမတော် ဘာမှမပူနဲ့၊ အမတော် ဒီကိစ္စကိုရှင်းပေးမယ်၊ ညီမတော်သာ သေသေချာချာဖြီးလိမ်းပြင်ဆင်ပြီး လိုက်လာခဲ့”
ထိုနေ့ညနေစောင်းသည်နှင့် ညီအမနှစ်ယောက်နန်းတွင်းထဲမှ တိတ်တဆိတ်ထွက်ခွာလာခဲ့ကြသည်။ ဝိနာသကတောင်ကြီးနှင့် သမုဒ္ဒရာရေစပ်တွင် ကြီးမားလှသည့် လမုပင်ကြီးရှိပြီး လမုပင်ကြီးအောက်တွင် ပုရဗိုဇ်များက ထိုင်နေကာ ကြွေအန်များကိုဆော့ကစားနေကြသည်။
စောမြနှစ်မှာ သမုဒ္ဒရာရေပြင်ထက် လမ်းလျှောက်၍လာလေသည်။ နဂါးညီမနှစ်ယောက်ကိုတွေ့သည့်အခါ ပုရဗိုဇ်များ မှာရယ်မောကြလေသည်။
“မိန်းကလေး၊ မင်းကြွေရှုံးလို့ ငါတို့ကိုပြုစုရမှာကို ဘာကြောင့်လူအပိုခေါ်လာတာလဲ”
“ဟဲ့ ပုရဗိုဇ်တွေ၊ နင်တို့ပါးစပ်ကိုပိတ်ထားလိုက်စမ်း၊ အခုငါလာတာ ငါ့ညီမကို ငါလာပြန်ရွှေးတာ”
“အခုအချိန်မှ ရွှေးလို့မရတော့ဘူး နင့်ညီမက မနေ့ကတည်းက ငါတို့ဆီမှာ ဆုံးခဲ့ပြီဟ”
“ဒါဆိုအခုကျုပ်နဲ့ထပ်ပြိုင်မယ်၊ ကျုပ်နိုင်ရင် ကျုပ်ညီမကို ကျုပ်ပြန်ခေါ်သွားမယ်၊ ကျုပ်ရှုံးရင် ရှင်တို့ကျုပ်ကိုလုပ်ချင်တာလုပ်”
“ကောင်းပြီလေ၊ လောင်းကစားနဲ့ရှုံးတာကို လောင်းကစားနဲ့ပဲပြန်ပြီးအနိုင်ယူကြေးပေါ့”
သို့နှင့် စောမြနှစ်နှင့် ပုရဗိုဇ်များကြွေအန်ကစားကြလေသည်။ စောမြနှစ်ကတစ်ပွဲနိုင်လိုက် ပုရဗိုဇ်များတစ်ပွဲနိုင်လိုက်နှင့် အခြေအတင် အကျိတ်အနယ်ဖြစ်နေကြရာ နောက်ဆုံးခုနစ်ပွဲမြောက်သည့်အခါ ပုရဗိုဇ်များက ကြွေအန်ကိုလိမ်လည်ကစားသဖြင့် စောမြနှစ်နှစ်ပွဲဆက်တိုက်ရှုံးနိမ့်သွားလေတော့သည်။
စောမြနှစ်မှာ ထိုအခါမှ ကြီးစွာသောနောင်တရလေတော့သည်။
“ဒီလိုဖြစ်စရာအကြောင်းမရှိဘူး ရှင်တို့လိမ်ကစားတယ်၊ ကြွေအန်ကို ရှင်တို့လိုချင်သလို လုပ်ပြုပြီးကစားတယ်”
ပုရဗိုဇ်များက ရယ်မောလျှက်
“လောင်းကစားမှာ ကံဆိုတာမရှိဘူး မိန်းကလေးရဲ့၊ ကစားနည်းတွေအားလုံးက ဉာဏ်နဲ့ကစားရတာချည်းပဲ”
“ကိုင်း မင်းရှုံးပြီဆိုတော့ မင်းရဲ့ကတိကိုတည်ပါမိန်းကလေး၊ မင်းဟာ ဟောဒီနဂါးပြည်က နဂါးမင်းကြီးရဲ့သမီးအကြီးဆိုတာငါသိတယ်၊ မင်းကတိဖောက်မယ်ဆိုရင် နဂါးမင်းရဲ့သမီးက ကိုယ်ပေးထားတဲ့ကတိကိုမတည်ဘဲ ဖောက်ဖျက်ပါတယ်ဆိုပြီး ငါတို့က နဂါးပြည်ခုနစ်ပြည်စလုံးသိနိုင်အောင်လို့ ပြောချပစ်လိုက်မယ်၊ မင်းအဖေနဂါးမင်းကြီးလည်း မင်းကြောင့် ဂုဏ်ကျက်သရေညှိုးနွမ်းသွားမယ်ကွဲ့”
စောမြနှစ် ဘာမှမလုပ်နိုင်တော့သဖြင့် ခေါင်းသာညိတ်လိုက်ရတော့သည်။
ပုရဗိုဇ်များက မှော်ပညာများဖြင့် စောမြနှစ်အားဝိုင်းဝန်းပစ်ခတ်ကြသည်။
“အရင်ဆုံး မင်းရဲ့အလှတရားကိုသိမ်းဆည်းရမယ်၊ မင်းကိုဘယ်သူမှ မမှတ်မိနိုင်တော့လောက်အောင်ကို မင်းက အရုပ်ဆိုးအကျည်းတန်သွားရလိမ့်မယ်”
ပုရဗိုဇ်များလုပ်ရပ်ကြောင့် စောမြနှစ်မှာ အော်ဟစ်ငိုကြွေးနေရလေသည်။ ထို့နောက် စောမြနှစ်အား အထူးပြုလုပ်ထားသည့် ပခြုပ်တောင်းအတွင်းသို့ထည့်ကာ ချုပ်နှောင်လိုက်လေသည်။ အားလုံးပြီးစီးသွားသည့်အခါမှ နဂါးအမတ်၊ ပုရောဟိတ်များက ပုန်းအောင်းနေရာမှ ထွက်လာကြကာပခြုပ်ကိုယူလိုက်ကြသည်။
“တော်တယ်၊ ခင်ဗျားတို့တော်တယ်၊ ကျုပ်တို့ကတိပေးထားတဲ့အတိုင်း ခင်ဗျားတို့အတွက် ကျောက်သံပတ္တမြားနဲ့ နဂါးဓါတ်လုံးတွေပေးမယ်”
နဂါးမူးမတ်များက ပုရဗိုဇ်များကို ရတနာများပေးလိုက်ကြလေသည်။ ထိုအဖြစ်ကို ပခြုပ်အတွင်းမှကြည့်နေသည့် စောမြနှစ်က မြင်တွေ့သွားသည်။
“အလို ဘိုးဘိုးတို့ပါလား၊ ဘိုးဘိုးတို့ ကျုပ်ကိုပြန်လွှတ်ပေးကြပါ”
မူးမတ်များက ပခြုပ်အတွင်းမှ စောမြနှစ်ကိုခေါင်းခါပြလိုက်ကြပြီး
“ဒီမယ်စောမြနှစ်၊ မင်းက ဘုရင့်သမီးကြီးဖြစ်ပြီး တန်ခိုးစွမ်းရည်တွေတိုးတက်နေပါလျှက် မကောင်းတဲ့လောင်းကစားအလုပ်မှာသာပျော်မွေ့နေတယ်၊ မင်းလိုလူကို မယ်တော်ကြီးရာထူးခန့်လိုက်မယ်ဆိုရင် တို့နဂါးတိုင်းပြည်တော့ လောင်းကစားသမားလက်ထဲရောက်ပြီး ပျက်စီးမှာကြိမ်းသေပဲ၊ ဒါကြောင့် မင်းကိုငါတို့တစ်ဖက်လှည့်နဲ့ အခုလိုကြံစည်ရတာပဲ စောမြနှစ်၊ မင်းက မယ်တော်မဖြစ်ထိုက်ဘူး၊ မင်းမှာ မယ်တော်ဖြစ်ဖို့အရည်အချင်းမရှိဘူး”
“အခုမင်းရဲ့ရုပ်ရည်ကလည်း လူတွေမှတ်မိစရာမရှိအောင်ပြောင်းလဲသွားပြီဆိုတော့ မင်းကိုဒီတိုင်းပြည်ကနေ ဝေးရာအရပ်ကိုပို့လွှတ်လိုက်တော့မယ်”
မူးမတ်များက ပခြုပ်တောင်းကို ဝိနသကတောင်ကြီးထိပ်ပေါ်သို့ယူသွားကာ တောင်ထိပ်မှနေ၍ ဟိုးတောင်အောက်ဘက် ချောက်ကမ်းပါးကြီးအတွင်းသို့ပစ်ချလိုက်လေတော့သည်။ ပခြုပ်တောင်းမှာ အထက်နတ်ပြည် ဝိနာသကတောင်ကြီးအပေါ်မှနေ၍ အောက်လူ့ပြည်ဟိမဝန္တာတောင်ကြီးပေါ်သို့ ကျရောက်လေတော့သည်။
မယ်ပျင်းမှာ စိတ်ဝင်စားစွာနားထောင်ရင်း
“ဒါနဲ့ ပခြုပ်တောင်းကလွတ်တော့ ဒီမှာစားသောက်ဆိုင်ကြီးဖွင့်ခဲ့တာလား”
“မဟုတ်ဘူး၊ ဖြစ်ချင်ရာဖြစ်ဆိုပြီး လောင်းကစားပဲဆက်လုပ်ရာကနေ ဟောဒီစားသောက်ဆိုင်ကြီးကိုလည်း လောင်းကစားနဲ့နိုင်ခဲ့တာ၊ ဟင်းချက်တဲ့ဘိုးတူးကိုလည်း လောင်းကစားနဲ့ရခဲ့တာပဲ၊ ဒါကြောင့် ဟောဒီမြို့တော်ကြီးမှာ ငါနဲ့ပြိုင်ပြီးလောင်းကစားလုပ်ရဲတဲ့လူမရှိတာပေါ့၊ အဲ . . . မင်းကတော့ ခြွင်းချက်ပေါ့လေ”
ပြောဆိုရင်း မမကြီးမှာ ပြောင်းဖူးဖက်ဆေးလိပ်ကြီးတစ်လိပ်ကို လှဲအိပ်ရင်းဖွာရှိုက်လိုက်လေသည်။ ဆေးလိပ်ကြီးမှာ မီးမညှိရဘဲ ပါးစပ်တွင်ခဲလိုက်ကာ ဖွာရှိုက်လိုက်သည်နှင့် သူ့အလိုလိုမီးစွဲလာခဲ့ကာ မီးပွားများမှာလည်း အောက်သို့မကျဘဲ အထက်လေပေါ်သို့ တဖွားဖွားနှင့်လွင့်ပျံတက်သွားသည်။
မယ်ပျင်းက
“ဒါကြောင့် မမကြီးက နဂါးတွေကိုသိပ်မုန်းတာဖြစ်မယ်”
မမကြီးက ဘာမှပြန်မပြောဘဲ မီးခိုးငွေ့များကိုသာ လေပေါ်မှုတ်ထုတ်နေလေသည်။ မီးခိုးငွေ့များမှာ ဆင်ပုံ၊ ကျားပုံအဖြစ်ပြောင်းလဲသွားကာ လေထဲတွင်ပြေးလွှားဆော့ကစားနေလေသည်။
“ဒါနဲ့ မမကြီး အဲဒီဆေးလိပ်ကြီးသောက်တာ ဘာအရသာရှိလို့လဲဟင်”
“ချိုလဲချိုတယ်၊ ခါးလဲခါးတယ်၊ ပူလည်းပူတယ်၊ စပ်လည်းစပ်တယ်၊ ငန်တန်တန် ဖန်တန်တန်အရသာလဲရှိတယ်”
“ဒါဖြင့် မမကြီးဆေးလိပ်က အရသာစုံပေါ့”
“ဟုတ်တယ်၊ ဒါကြောင့် ငါစိတ်ညစ်တဲ့အခါ ဆေးလိပ်သောက်တယ်၊ ဆေးလိပ်သောက်ရတာက လူတွေနဲ့ဆက်ဆံရသလိုပဲ ချိုလည်းချို ခါးလည်းခါးသလို လူတွေဆိုတာကလည်း တစ်ယောက်တစ်မျိုးနဲ့ လူအမျိုးမျိုးစိတ်အထွေထွေမဟုတ်လား”
မမကြီးမှာ မယ်ပျင်းအား စကားဆက်မပြောတော့ဘဲ ဆေးလိပ်ကိုသာဖွာရှိုက်နေလေသည်။ မယ်ပျင်းမှာလည်း ပျင်းရိလာသဖြင့် အခန်းအတွင်းမှပြန်ဆင်းလာခဲ့သည်။
(၂)
“ဘိုးတူး မမကြီးပြောတော့ ရှင့်ကိုသူက လောင်းကစားလုပ်ရင်းနိုင်လာတာတဲ့”
ဟင်းလျားများကိုချက်ပြုတ်နေသည့် ဘိုးတူးမှာ တစ်ချက်ငြိမ်သွားပြီးနောက ်ခေါင်းညိတ်လိုက်လေသည်။
“မင်းပြောတာဟုတ်တယ်၊ ငါက ပြိုင်ဖက်ကင်းတဲ့စားဖိုမှူးဆိုပေမယ့် တစ်ချိန်မှာတော့ မမကြီးကိုရှုံးနိမ့်သွားခဲ့တယ်၊ အဲဒီကတည်းကစပြီး ငါဒီဆိုင်ကြီးမှာ စလုပ်ခဲ့ရတာပဲ”
“ဒါနဲ့ ဘိုးတူးက ဟင်းလျာတွေရော ဆေးနည်းတွေကိုပါ ကျွမ်းကျင်တယ်ဆိုတော့ မမကြီးအတွက် ရုပ်ရည်ချောမောဖို့ ဆေးရည်လေး ဟင်းလျာလေးများမရှိဘူးလား”
“မယ်ပျင်း၊ မင်းမနက်တိုင်း ယူယူသွားတဲ့ ဆေးရည်က ဘာတွေနဲ့လုပ်ထားတာလို့ထင်သလဲ”
မယ်ပျင်းက ခေါင်းခါပြလိုက်သည်။
“အဲဒီဆေးစွပ်ပြုတ်ရည်က ဟောဒီ ဟိမဝန္တာတောင်ကြီးနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ ရုပ်ရှည်အဆင်းကို ချောမောလှပစေတတ်တဲ့ သစ်ဥသစ်ဖုပါဝင်ပစ္စည်းတွေနဲ့ချည်း ပြုလုပ်ထားတဲ့ ဆေးစွပ်ပြုတ်ရည်ပဲ၊ သာမန်လူတစ်ယောက်သောက်ရင် သူ့ရဲ့ရုပ်ရည်ဟာ အသက်ခုနစ်နှစ်လောက်ငယ်သွားတယ်ထင်ရသလို သူ့ရဲ့ရုပ်သွင်ဟာလည်း ကြည့်လို့မငြီးငွေ့နိုင်အောင် စက်စက်ယိုပြီးလှပလိမ့်မယ်ကွဲ့”
“ဒီလိုဆေးကို မမကြီးက နေ့တိုင်းသောက်ရတာလား”
“ဆေးအစွမ်းကြောင့်မို့ သူဒီလောက်ကြည့်ပျော်ရှုပျော်ဖြစ်နေတာပေါ့၊ ဆေးရည်သာတစ်ရက်မသောက်လို့ကတော့ သူက ဒီထက်အဆတစ်ရာလောက်အရုပ်ဆိုးသွားမှာ မယ်ပျင်းရဲ့”
မယ်ပျင်းမှာ သက်ပြင်းချလိုက်ပြီး
“ဒီလိုဆိုတော့လည်း မမကြီးက သနားစရာပဲနော်၊ သူ့ရုပ်သွင်ပြန်ကောင်းဖို့ နည်းလမ်းမရှိတော့ဘူးဆိုတာသိရတော့ စိတ်မကောင်းစရာပဲ”
“ဟား ဟား မင်းကိုမမကြီးက သူ့ဘဝဖြစ်ရပ်တွေပြောလိုက်တဲ့ပုံပဲ”
ဘိုးတူးက ဒယ်အိုးတစ်ခုအတွင်းသို့ အသားများကိုပစ်ထည့်ကြော်လှော်နေရင်း
“ဆေးက မရှိတာတော့မဟုတ်ဘူးကွ၊ ဆေးနည်းတစ်ခုတော့ရှိတယ်”
“ဘာဆေးနည်းလဲ”
“အဲဒီဆေးနည်းအတိုင်းသာ သောက်သုံးလိုက်ရင် မမကြီးဟာ နဂိုသူ့ရုပ်သွင်ကို ပြန်ရနိုင်တယ်ဆိုတာ သေချာတယ်”
“ဟင်၊ ဒါဖြင့်ရင် ဘာဖြစ်လို့များ ဒီဆေးနည်းကို မဖော်တာလဲ”
“ဖော်ချင်တာပေါ့ မယ်ပျင်းရယ်၊ ဒါပေမယ့် ဒီဆေးနည်းကိုဖော်စပ်ဖို့အတွက် အထူးသီးသန့် ဆေးပင်တစ်ပင်လိုတယ်၊ အဲဒီဆေးပင်က အရှာရခက်လို့ပေါ့”
“အဲဒီဆေးပင်က ဒီမှာမရှိဘူးလား”
“ရေကန်အထက်နားမှာ မိုးပေါ်ပျံဝဲနေတဲ့ ဘုံခုနစ်ဆင့်နန်းဆောင်ကြီးကို မင်းမြင်ဖူးတယ်မဟုတ်လား မယ်ပျင်း”
မယ်ပျင်းက ခေါင်းညိတ်ပြလိုက်သည်။
“အဲဒီနန်းဆောင်ကြီးဆိုတာ နတ်မင်းကြီးတွေပဲ စံစားရတဲ့ မိုးပျံနန်းဆောင်ကြီးပဲ၊ အဲဒီနန်းဆောင်ကြီးရဲ့ ခုနစ်ထပ်မြောက်မှာတော့ နတ်ရေကန်တစ်ခုနဲ့ လှို့ဝှက်ဥယျာဉ်လို့ခေါ်တဲ့ ဥယျာဉ်ကြီးရှိတယ်၊ ငါတို့လိုချင်တဲ့ဆေးပင်က အဲဒီလှို့ဝှက်ဥယျာဉ်ထဲမှာ ပေါက်ရောက်နေတယ်”
“အဲဒါများ အဲဒီဆေးပင်ကို နတ်မင်းကြီးတွေဆီက တောင်းပြီးယူပေါ့”
“မဖြစ်ဘူးလေ မယ်ပျင်းရဲ့၊ အဲဒီဥယျာဉ်ထဲက လိုချင်တာတောင်းလို့ရတယ်ဆိုရင် ဘာဖြစ်လို့ လှို့ဝှက်ဥယျာဉ်လို့ခေါ်မလဲ မဟုတ်ဘူးလား၊ အဲဒီလှို့ဝှက်ဥယျာဉ်ထဲက ပန်းမာန်တွေ သစ်ဥသစ်ဖု ဆေးပင်တွေကို နတ်မင်းခုနစ်ပါးက စောင့်ကြပ်ရတယ်၊ အဲဒီဆေးပင်တွေဟာ အထက်နတ်မင်းတွေအတွက်ပဲဖြစ်တယ်၊ ကျန်တဲ့လူဘယ်သူမှ မသုံးစွဲရဘူး”
“ဒါ့ကြောင့် ဆေးပင်ဖော်မရတာကိုး၊ ဒါနဲ့ တောင်းမရရင်လည်း ခိုးယူကြည့်မယ်ဆိုရင်ရော”
ဘိုးတူးမှာ မျက်လုံးများအရောင်လက်သွားပြီး
“ဒါဆိုရင်တော့ မင်းမမကြီးနဲ့တိုင်ပင်မှရမယ်”
ထိုနေ့မနက်တွင် ဆေးရည်ပို့သောအခါ ဘိုးထူးပါလိုက်ပါသွားခဲ့သည်။ လူစုံတက်စုံလာသဖြင့် မမကြီးမှာ အံ့သြနေလေသည်။
“မယ်ပျင်းလွှတ်လိုက်ပါဆို ဘယ့်နှယ့်ကြောင့် မင်းပါလိုက်လာရသလဲဘိုးတူးရဲ့”
“အကြောင်းရှိပါတယ်မမကြီး၊ မယ်ပျင်းက မမကြီးအတွက် ကလျာဏရူပသိဒ္ဓိဆေးတော်ကြီးဖော်စပ်ဖို့အတွက် သူ့မှာအကြံတစ်ခုရှိတယ်လို့ပြောပါတယ်”
“ဆေးတော်ကြီးဖော်စပ်ဖို့က ဆေးဘက်ဝင်အပင်တစ်မျိုးမရှိလို့ မဖော်စပ်နိုင်တာမဟုတ်လား၊ အဲဒီဆေးဖက်ဝင်အပင်ဆိုတာကလည်း နတ်ဘုံနတ်နန်းမှာသာပေါက်ရောက်ပြီးတော့ နတ်မင်းတွေသာ သုံးခွင့်ရှိတဲ့အပင်လေ”
မမကြီးပြောသည့်အခါ မယ်ပျင်းက
“အဲဒါအပင်က လှို့ဝှက်ဥယျာဉ်မှာလဲ ရှိတယ်ဆို မမကြီးရဲ့”
မမကြီးက ရယ်မောလိုက်ကာ
“အောင်မယ်လေး မယ်ပျင်းရယ်၊ ဒီအကြောင်းတွေကို ငါကမသိဘဲနေပါ့မလား၊ အဲဒီဆေးပင်ကိုရဖို့ ငါနည်းလမ်းပေါင်းစုံနဲ့ကြိုးစားပြီးပြီ၊ နတ်မင်းတွေကို ရွှေစင်ရွှေသားတွေလည်း ပုံအောပြီးတော့ ပေးခဲ့ဖူးပြီ၊ ဒါပေမယ့် ခက်တာက အဲဒီလှို့ဝှက်ဥယျာဉ်ကို စောင့်ရှောက်နေတဲ့အစောင့်အရှောက်နတ်မင်း ခုနစ်ပါးက ဒီဆေးပင်ကိုအထက်နတ်တွေရဲ့လက်ထဲကလွဲပြီး ဘယ်သူ့လက်ထဲကို ဘယ်အကြောင်းနဲ့မှ မထည့်ဘူးအေ့”
“ဒါဖြင့်ရင် ခိုးယူကြည့်မယ်ဆိုရင်ရော”
“ခိုးယူတယ်ဆိုတာ ကောင်းမွန်တဲ့လုပ်ရပ်မဟုတ်ဘူးမယ်ပျင်း”
“မကောင်းဘူးဆိုတာ အခိုးခံရတဲ့လူက မကောင်းတာပါ၊ ကိုယ့်အတွက်ကျတော့ ကောင်းတယ်မဟုတ်လား၊ ဘာပဲဖြစ်ဖြစ် ခိုးယူတာအောင်မြင်ခဲ့ရင် မမကြီးက အရင်ကလို မိန်းမလှကလေးတစ်ယောက်ပြန်ဖြစ်နိုင်မယ် မဟုတ်လား”
မမကြီးမှာတွေဝေသွားလေသည်။ နောက်တော့မှ ခေါင်းကိုတွင်တွင်ကြီးညိတ်ရင်း
“မိုးပျံနန်းဆောင်ထဲကို ခိုးဝင်ရမှာလွယ်တော့မလွယ်ဘူး၊ လှို့ဝှက်ဥယျာဉ်ထဲကို ခိုးဝင်ဖို့ဆိုတာ ပိုလို့တောင်မလွယ်သေးတယ်”
ထိုအခါ ဘိုးတူးက
“ထင်သလောက်လည်းမဟုတ်ပါဘူး မမကြီး၊ ဒီလ လပြည့်နေ့မှာ နတ်မင်းကြီးခုနစ်ပါးက မိုးပျံနန်းဆောင်ကြီးထဲမှာ စုဝေးပွဲကျင်းပမယ်မဟုတ်လား၊ အဲဒီလိုကျင်းပတဲ့အခါ ကျွန်တော်တို့ဆီကနေ နတ်ယမကာတွေ နတ်မုန့်တွေမှာယူလို့ ကျွန်တော်တို့တောင်သွားသွားပို့ပေးရတယ်မဟုတ်လား”
“အေးလေ၊ အဲဒါကိုငါသိသားပဲ”
“မုန့်ပို့တဲ့အခါ ဘယ်သူ့ကိုမှဝင်ခွင့်မပေးပေမယ့် ကျွန်တော်နဲ့အဖော်တစ်ယောက်ကိုတော့ နန်းဆောင်အတွင်းအထိဝင်ခွင့်ပေးတယ်လေ”
“ဟုတ်ပြီ၊ မင်းဆိုလိုချင်တာက ဒီတစ်ကြိမ် စုဝေးပွဲမှာ မင်းနဲ့မယ်ပျင်းက မုန့်သွားပို့မယ်ဆိုတဲ့သဘောလား”
“ဟုတ်ပါတယ်၊ အဲဒီလိုသွားပို့ရင်းနဲ့ မယ်ပျင်းကို ချန်ထားခဲ့လိုက်မယ်၊ မယ်ပျင်းက လှို့ဝှက်ဥယျာဉ်ထဲက ဆေးပန်းပင်ကို ခိုးယူရုံပါပဲ”
“ခိုးတာကတော့ လွယ်သား၊ ခိုးပြီးဘယ်လိုပြန်ထွက်ကြမလဲ”
“ဒါကတော့ ပဒေသာအံဆွဲတွေကို အသုံးပြုရမှာပါပဲ”
“ပဒေသာအံဆွဲကို မင်းဘယ်လိုသုံးမှာလဲ”
“ပဒေသာအံဆွဲတစ်ခုကို မယ်ပျင်းက ယူသွားရမယ်၊ ပန်းပင်ရတာနဲ့ အံဆွဲထဲခုန်ဝင်ပြီး ဒေါက် ဒေါက် ဒေါက် လို့အချက်ပေးလိုက်တာနဲ့ ကျွန်တော်က မယ်ပျင်းကို ဟောဒီဘက်ကနေဆွဲယူပြီး ကယ်တင်လိုက်မယ်၊ ပြီးတာနဲ့ အဲဒီအံဆွဲပေါက်ကို ဖျက်ဆီးလိုက်မယ်ဆိုရင် တစ်ဖက်ကနတ်မင်းတွေ အံဆွဲကိုတွေ့ပါစေအုံးတော့၊ သူတို့ဘယ်လိုလုပ်ရတယ်ဆိုတာ သိမှာမဟုတ်ဘူး မမကြီးရဲ့”
“အတွက်အချက်ကတော့ တယ်ပိုင်ပါ့လား၊ မင်းတို့အကြံအစည်နားထောင်ရတာ အားတက်စရာပဲ၊ ငါ့ဘက်ကနေလည်း တောင်းဆိုစရာရှိတယ်”
“မမကြီးပြောပါ”
“တကယ်လို့ မအောင်မြင်ခဲ့ပဲ မယ်ပျင်းအဖမ်းခံခဲ့ရရင် ဒီကိစ္စက ငါတို့နဲ့မဆိုင်ပါဘူး၊ ငါတို့မသိပါဘူးဆိုပြီး မင်းတစ်ယောက်တည်း အပြစ်တွေကိုဝန်ခံရမယ်”
မယ်ပျင်းမှာတစ်ချက်စဉ်းစားလိုက်ကာ ခေါင်းညိတ်လိုက်သည်။
“မမကြီးပြောတဲ့အတိုင်းပဲဖြစ်စေရပါမယ်၊ တကယ်လို့ အောင်မြင်ခဲ့တယ်ဆိုရင်ရော”
“မင်း လှို့ဝှက်ဥယျာဉ်က ဆေးပန်းပင်ကိုသာ ယူလာနိုင်ခဲ့ရင် မင်းငါ့ဆိုင်အကြွေးတွေကနေ လွှတ်မြောက်ရမယ့်အပြင် ငါ့ဆိုင်ကိုလည်း ဒီတစ်သက်တံခါးမရှိဓါးမရှိဝင်ထွက်ပြီး ကြိုက်သလောက်စားသောက်နိုင်တယ်”
မယ်ပျင်းမှာခေါင်းညိတ်လိုက်သည်။
“ဘိုးတူး မင်းက မယ်ပျင်းပေးတဲ့ဆေးနဲ့ ငါ့အတွက် ကလျာဏရူပသိဒ္ဓိဆေးတော်ကြီးဖော်စပ်ပေးရမယ်၊ အဲဒီဆေးသောက်ပြီးလို့ ငါ့နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားတယ်ဆိုရင် မောင်မင်းလည်း ငါ့ဆီကနေထာဝရလွတ်မြောက်ခွင့်ရမယ်၊ ပြီးတော့ မောင်မင်းတင်မကဘူး ဒီဆိုင်ကြီးက ဝန်ထမ်းတွေအားလုံးလည်း လွတ်မြောက်ခွင့်ရမယ်”
“ဘယ်လိုလဲမယ်ပျင်း မင်းလုပ်မှာသေချာလား၊ တကယ်လို့ ဒီကိစ္စက မအောင်မမြင်ဖြစ်သွားရင်တော့ နတ်မင်းတွေပေးတဲ့ဒဏ်ကို မင်းတစ်ယောက်တည်းခါးစီးခံရမယ်၊ တကယ်လို့မင်းသာအောင်မြင်ခဲ့ရင် ငါအပါအဝင် ဟောဒီကဝန်ထမ်းတွေ လွတ်မြောက်ခွင့်ရကြမယ်”
ဘိုးတူးပြောသည်ကိုမယ်ပျင်းက သေချာစဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်တော့သည်။ သို့နှင့်မယ်ပျင်းတို့မှာ ကြိုတင်စီမံမှုများကိုပြုလုပ်ရင်း လပြည့်ညရောက်မည့်အချိန်ကို စောင့်မျှော်နေကြသည်။ မမကြီးမှာလည်း မပျော်စဖူးအပျော်ထူးနေလေသည်။ မယ်ပျင်းနှင့် နေ့တိုင်း ကြွေအန်ကစားရင်း မယ်ပျင်းအား ကစားနည်းကစားကွက်များကို သင်ကြားပေးလေသည်။
ခုနစ်ရက်ပြည့်မြောက်ပြီးသည့်အခါ လပြည့်ညသို့ကျရောက်ပြီဖြစ်သည်။ လက်တစ်ထောင်ဘိုးတူးမှာ တိုက်ပုံအင်္ကျီကြီးဝတ်လိုက်ကာ ကျန်သည့်လက်များကိုပိတ်သိမ်းလိုက်ပြီး လက်နှစ်ဖက်သာထုတ်ထားလေသည်။ မယ်ပျင်းကိုတော့ အံဆွဲတစ်ခုအားဟင်းထည့်သည့် ချိုင့်တစ်ခုနှယ်ပုံစံဖျက်လိုက်ပြီး လက်မှဆွဲကိုင်လာစေသည်။ ရေကန်အစပ်တွင် ရွှေလောင်းလှေကြီးများရှိကာ ဘိုးတူးနှင့်မယ်ပျင်းတို့ရောက်သွားသည်နှင့် နတ်စစ်သည်အစောင့်များက စစ်ဆေးကြလေသည်။
“နေအုံးအဘိုးကြီး ခင်ဗျားလက်ထဲကဘာတွေလဲ”
“ဒါကနတ်မင်းတွေကြိုက်တတ်တဲ့ မုန့်တွေပါ”
ဘိုးတူးကပြောလိုက်ကာ သူကိုင်ထားသည့်အုပ်ကိုအသာဖွင့်ပြလိုက်လေသည်။ အတွင်းတွင်တော့ သက်တံ့ရောင်စဉ်ကဲ့သို့ ရောင်စုံဖြာလျှက်ရှိသည့် မုန့်မျိုးစုံကိုတွေ့လိုက်ရသည်။ မုန့်များမှထွက်နေသည့် အမွှေးအကြိုင်ရနံ့များမှာလည်း အလွန်မွှေးကြိုင်လှပေသည်။
“ဒါနဲ့ ဟိုကောင်မလေးလက်ထဲက ဘာလဲ”
“အဲဒါကတော့ နတ်မင်းတွေသောက်သုံးဖို့ နတ်ယမကာတွေပါ”
“ငါတို့ဖွင့်ကြည့်စမ်းမယ်”
နတ်စစ်သည်များမှာ အနားသို့တိုးကပ်လာပြီဖြစ်သဖြင့် မယ်ပျင်းမှာအကြံအိုက်သွားတော့သည်။ ထိုအခိုက် ဦးဘိုးတူးက
“ဖွင့်လို့မဖြစ်လို့ပါ ရဲမက်များ၊ အဲဒီအဖျော်ယမကာတွေဆိုတာ အလွန်နူးညံ့သိမ်မွှေ့တဲ့ရနံ့ရှိတဲ့အတွက် အလုံပိတ်ပြီးသယ်ဆောင်ရပါတယ်၊ ရဲမက်တို့ဖွင့်ကြည့်လိုက်လို့ အပြင်လေသွေးသွားရင်ဖြင့်် အနံ့အရသာပျက်စီးမှာကို ကျွန်တော်မျိုးစိုးကြောက်လှပါတယ်”
ရဲမက်များမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြကာ
“ဒါဖြင့်ရင်လည်း ရှိစေတော့၊ ကဲ ဒီနှစ်ယောက်ကို အပေါ်ကိုတင်ပေးလိုက်ကြဟေ့”
ဘိုးတူးနှင့်မယ်ပျင်းတို့မှာ ရွှေရောင်လောင်းလှေကြီးပေါ်တွင် အသီးသီးထိုင်လိုက်ကြသည်။ နတ်စစ်သည်များက လောင်းလှေကြီးအား ချည်နှောင်ထားသည့်ကြိုးကိုဖြုတ်လိုက်သည့်အခါ လောင်းလှေကြီးမှာ လေပေါ်သို့တဖြည်းဖြည်းမြင့်တက်သွားတော့သည်။ မယ်ပျင်းမှာ အသည်းအေးခနဲခံစားလိုက်ရသည်။ လှေကြီးမှာ အထက်သို့မြင့်တက်သွားလေရာ အောက်တွင်တော့ မီးရောင်များတဖိတ်ဖိတ်လက်နေသည့် မြို့တော်ကြီးနှင့် ရေကန်ကြီးကို လရောင်အောက်တွင်ထင်ရှားစွာမြင်နေရသည်။ လောင်းလှေကြီးမှာ ပျံသန်းလာရင်း မိုးပျံနန်းဆောင်ကြီး၏ အောက်ဆုံးအထပ်ဆီသို့ထိုးကပ်သွားသည်။
ထိုနေရာတွင်လည်း နတ်စစ်သည်အများအပြားက စောင့်ကြပ်နေပြန်သည်။ အောက်မှစစ်လာသည်ဆိုသဖြင့် သိပ်မစစ်ဆေးတော့ဘဲ နန်းဆောင်အတွင်းဝင်ခွင့်ပြုလိုက်သည်။ နန်းဆောင်လမ်းမကြီးအတိုင်းသွားလာနေရင်း ဘိုးတူးက
“မယ်ပျင်း၊ ငါတို့ကိုဒီအထပ်အထိပဲတက်ခွင့်ပေးမှာပဲ၊ မင်းခဏနေလို့ တိုင်လုံးတွေအနားကဖြတ်ရတဲ့အချိန် တိုင်လုံးတွေကြားထဲမှာပုန်းအောင်းနေလိုက်ပါ၊ ပြီးရင်တော့ အပေါ်တက်တဲ့နည်းလမ်းကိုရှာဖွေပါ၊ လှို့ဝှက်ဥယျာဉ်ထဲမှာ ပန်းသာကီလို့အမည်ရတဲ့ နတ်ပန်းတစ်ပင်ရှိလိမ့်မယ်၊ သူ့ရဲ့အရွက်က မီးတောက်မီးလျှံတစ်ခုနဲ့တူတယ်၊ အနီရောင်အဆင်းရှိတယ်၊ မီးတောက်မီးလျှံလိုတောက်လောင်ပြီးလှုပ်ရှားနေလိမ့်မယ်၊ အဲဒီဆေးပင်ကို အရွက်ကနေမကိုင်ရဘူး၊ သူ့ရဲ့အောက်ခြေကိုနှိုက်ပြီးတော့ ဥကနေ ကိုင်တွယ်ရမယ်၊ အဲဒီဆေးဥ တစ်ဥရရင် ငါတို့အတွက်လုံလောက်ပြီ”
မယ်ပျင်းမှာ အသေအချာမှတ်သားထားလိုက်သည်။ မကြာခင် အရှေ့တွင် ရွှေရောင်တိုင်လုံးကြီးများကိုဖြတ်သန်းရလေသည်။ မယ်ပျင်းက ဘိုးတူးပြောသည့်အတိုင်း တိုင်လုံးများအကြားတွင် ဝင်ရောက်ကာပုန်းအောင်းနေလိုက်သည်။ နန်းဆောင်အတွင်း နတ်စစ်သည်များကို ဖြန့်ကျက်ချထားသော်လည်း စစ်သည်များမှာ မယ်ပျင်းအားမမြင်တွေ့လိုက်ကြပေ။ မယ်ပျင်းမှာ တိုင်လုံးများအကြားပြေးလွှားနေရင်း အပေါ်အဆင့်သို့တက်နိုင်ရန်နည်းလမ်းရှာဖွေနေမိသည်။
နတ်နန်းဆောင်ကြီးတစ်ထပ်မှတစ်ထပ်သို့ တက်ရောက်နိုင်သည့်ကျောက်ဖြူလှေကားကြီးရှိသည်။ မယ်ပျင်းလည်း ထိုလှေကားကြီးအတိုင်းပြေးတက်လာခဲ့သည်။ နန်းဆောင်အထပ်များမှာ တထပ်နှင့်တထပ်ပုံစံမတူအောင်ဆောက်လုပ်ထားပြီး ထူးခြားချက်ဝိသေသများလည်းရှိပေသည်။ အထက်နန်းဆောင်များထံသို့ ရောက်သွားလေလေ အစောင့်ရဲမက်များမှာ နည်းပါးသွားလေလေဖြစ်သည်။ သို့နှင့်ခုနစ်ထပ်မြောက်အထပ်သို့ရောက်သည့်အခါ ရဲမက်တစ်ဦးတစ်ယောက်မှပင် မရှိတော့ပေ။
ခုနစ်ထပ်မြောက်အထပ်မှာ အခြားအထပ်များနှင့်မတူဘဲ အမိုးတစ်ခြမ်းပွင့်အနေအထားတည်ဆောက်ထားသည်။ အခင်းကြမ်းပြင်မှာ မြေကြီးသဏ္ဍာန်ဖြစ်ကာ နန်းဆောင်တစ်ထပ်လုံးတွင်လည်း အလွန်ထူးခြားလှပသည့် ပန်းပင်များ၊ ဆန်းပြားသည့် သစ်ပင်သစ်ခက်များကို စိုက်ပျိုးထားလေသည်။ ထိုအပင်များကို မယ်ပျင်းအနေနှင့်တစ်ခါမှပင် မမြင်ဖူးပေ၊ လခြမ်းကွေးသဏ္ဍာန်အရွက်များရှိသည့် အပင်ကြီးတစ်ပင်မှာ လူတစ်ရပ်စာခန့်ပင်မြင့်မားလေသည်။ အပင်ထိပ်ဖျားတွင် ပွင့်နေသည့်ပန်းမှာ ရွှေစင်ရွှေသားအတိဖြင့် ပြုလုပ်ထားသည့် ယမင်းရုပ်ကလေးနှင့်ဆင်တူလှသည်။
တစ်ခြမ်းဖွင့်ထားသည့် အမိုးပေါ်မှ လရောင်များကျဆင်းလာသောအခါ ထိုယမင်းရုပ်တုကလေးမှာ ပျော့ပြောင်းသွယ်လျစွာဖြင့် ကခုန်နေသည်မှာ အလွန်ရင်သပ်ရှူမောဖွယ်ကောင်းလှသည်။ လူတစ်ရပ်ခန့်ရှိသည့် သစ်ခွပင်ကြီးတစ်ပင်မှလည်း ရိုးတံကြီးတစ်ချောင်းထွက်နေကာ ထိုရိုးတံတွင် အပွင့်ကလေးများရှိပြီး ရွှေရောင်နန်းကြိုးကဲ့သို့ ကြိုးကလေးများမှာ အပွင့်ကလေးများထံမှ အောက်သို့တွဲလောင်းကျနေသည်။ လေပြေညှင်းတစ်ချက် ဝေ့၀ဲတိုက်ခတ်လိုက်သည့်အချိန်တွင် ထိုရွှေကြိုးကလေးမှာ လေနှင့်ပေါင်းစပ်ထိပြီး အလွန်သာယာငြိမ့်ငြောင်းသည့် စောင်းသံတစ်ခုထွက်ပေါ်လာပြန်သည်။ စောင်းအတတ်တွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သည့် စောင်းသမားတစ်ဦး တီးမှုတ်နေသည့်တေးသံအလား သံစဉ်မှာငြိမ့်ငြောင်းလျှက် စီးချက်ညီညီထွက်ပေါ်နေလေသည်။
စောင်းသံနှင့်အတူ အခြားထူးခြားစွာပွင့်လန်းနေကြသည့် ပန်းများမှလည်း တူရိယာသံစုံများထွက်ပေါ်လာကြလေရာ သံစုံတီးဝိုင်းကြီးတစ်ခုက တီးမှုတ်ဖျော်ဖြေနေသကဲ့သို့ ဖြစ်နေလေတော့သည်။ မယ်ပျင်းမှာ လှို့ဝှက်ဥယျာဉ်အတွင်းမှ သစ်ပင်များ၏ ဆန်းပြားမှုကို ငေးမောကြည့်နေမိရာမှ မကြာခင်သတိပြန်ဝင်လာသည်။
“မဖြစ်ဘူး ငါမိန်းမောနေလို့မဖြစ်ဘူး၊ ငါ့အလုပ်တာဝန်ကရှိသေးတယ်”
မယ်ပျင်းမှာ လှို့ဝှက်ဥယျာဉ်ကြီးအတွင်း လိုက်လံရှာဖွေသည့်အခါ မကြာခင် မီးတောက်မီးလျှံများစုပေါင်းတောက်လောင်နေသည့် မီးပုံကြီးတစ်ခုကိုတွေ့လိုက်ရသည်။ မီးပုံကြီးဆိုသော်လည်း ထိုမီးတောက်များမှာ သာမန်မီးတောက်နှင့်မတူဘဲ သစ်ပင်သစ်ရွက်များယိမ်းထိုးသကဲ့သို့ ယိမ်းထိုးနေလေသည်။
“တွေ့ပြီ လတ်စသတ်တော့ ဒီအပင်ပဲဖြစ်ရမယ်”
မယ်ပျင်းမှာ အပင်ကိုကိုင်တွယ်ရန်ကြိုးစားသော်လည်း မီးတောက်မီးလျှံတစ်ခုကိုကိုင်ရသည့်နှယ် ပူလောင်လှသဖြင့် ဘိုးတူးမှာလိုက်သည့်အတိုင်း အပင်၏အမြစ်ကိုတူးယူပြီး ဥကိုဖြုတ်ယူရန်အကြံရလိုက်သည်။
“ဟိတ် ရပ်စမ်း၊ မင်းဘယ်သူလဲ”
မယ်ပျင်းက အသံကြားသဖြင့်လှည့်ကြည့်လိုက်ရာ နတ်မင်းကြီးခုနစ်ပါးက သူ့အနောက်တွင်မတ်တပ်ရပ်နေလေသည်။ ထိုနတ်မင်းခုနစ်ပါးမှာ တချိန်က သူတို့ဟော်နန်းဆောင်ဆီသို့ လာရောက်ခဲ့ကြသည့် နတ်မင်းများဖြစ်နေလေသည်။
“မင်းဒီကို ခိုးကြောင်ခိုးဝှက်နဲ့ဘာလာလုပ်တာလဲ”
အရိပ်သခင်က မယ်ပျင်းအားလက်ညှိုးထိုးကာမေးမြန်းနေသည်။ မယ်ပျင်းမှာလည်း မမကြီးနှင့်ကတိပေးထားသည့် ကတိစကားများကို နားအတွင်းပြန်ကြားယောင်နေရသည်။
“တကယ်လို့ ဒီကိစ္စလုပ်တာ မအောင်မြင်ဘူးဆိုရင် ဒီကိစ္စဟာ ငါတို့နဲ့မဆိုင်ပါဘူးလို့ မင်းပြောရမယ်”
ထို့အတွက်ကြောင့် မယ်ပျင်းမှာ တခြားဘက်သို့လှည့်တွေးရလေသည်။ ခေါင်းထဲကြံရာမရဖြစ်နေစဉ်မှာပင် အရိပ်သခင်ကို လက်ညှိုးထိုးချလိုက်သည်။
“ကျုပ်ရှင့်ဆီကိုလာခဲ့တာ”
“အောင်မာ၊ မင်းက ဘာကိစ္စငါ့ဆီကိုလာတာလဲ”
“ကျုပ်ရဲ့အရိပ်ကို ရှင်က မတရားတဲ့နည်းလမ်းနဲ့ လုယူထားတယ်၊ ကျုပ်အခု ဒီကိုလာတာက ရှင့်ဆီက ကျုပ်အရိပ်ကိုလာပြန်တောင်းတာ”
အရိပ်သခင်က စဉ်းစားလိုက်ရင်း
“မင်းရဲ့အရိပ်ဟုတ်လား၊ သြော် လတ်စသတ်တော့ မင်းက မမူယာဆီကနေ လာတာကိုး၊ ဒါပေမယ့် ငါဆိုတဲ့အရိပ်သခင်က သူများအရိပ်ကို နိုင်ထက်စီးနင်းလုပ်ပြီးတော့ မစုဆောင်းဘူးကွ၊ မင်းသိထားတာတွေက တစ်ခုခုတော့မှားနေပြီ”
“ရှင်လျှောက်မပြောနဲ့ မမူယာက ကျုပ်အရိပ်ကအဖိုးတန်မှန်းသိလို့ ရှင်ကယူဆောင်သွားခဲ့တာဆိုပဲ”
ထိုအခါ အရိပ်သခင်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်လေသည်။
“မင်းက အဲဒီကြောင်မစကားကိုယုံတာကိုးကွ၊ ဒီမှာ မင်းရဲ့အရိပ်ကို ငါကမတရားယူခဲ့တာမဟုတ်ဘူး၊ အဲဒီ မူယာဆိုတဲ့ကြောင်မက မင်းရဲ့အရိပ်ကို ငါ့ဆီမှာ ပေါင်ခဲ့တာကွ၊ နောက်တော့လောင်းကစားရှုံးပြီး မင်းရဲ့အရိပ်ကိုပြန်မရွေးယူနိုင်ဘဲ ဆုံးခဲ့တာပဲ”
“ဟင် ရှင်ပြောတာတကယ်လား”
“ငါလိုနတ်မင်းက မင်းကိုဘာကြောင့်လိမ်ပြောရမှာလဲကွ”
“တောက်၊ မမူယာ ရှင်နဲ့ကျုပ်နဲ့တော့ တွေ့ကြသေးတာပေါ့၊ ကဲ အရိပ်သခင် အခုကျုပ်ရဲ့အရိပ်ကိုပြန်ပေးပါ”
အရိပ်သခင်က ခါးကြားသို့လက်နှိုက်လိုက်ပြီးနောက် ဘူးသီးခြောက်ပုံစံအိုးကလေးတစ်လုံးကိုထုတ်ယူလိုက်လေသည်။
“ငါအမှတ်မမှားဘူးဆိုရင် ဟောဒါမင်းရဲ့အရိပ်အိုးပဲ”
မယ်ပျင်းက လက်ဝါးဖြန့်လိုက်သည့်အခါ အရိပ်သခင်က အိုးကိုလှည့်ပတ်ကစားလိုက်ပြီး
“လောင်းကစားနဲ့ဆုံးထားတဲ့ပစ္စည်းကို လောင်းကစားနဲ့ပဲ ပြန်ယူရတယ်တဲ့ ကလေးမရဲ့”
မယ်ပျင်းက ခပ်ထေ့ထေ့ပြုံးလိုက်ရင်း
“ကောင်းပြီလေ၊ ဒါဆိုရင်လည်း အရိပ်သခင်နဲ့ကျုပ်နဲ့ ပဆစ်ပစ်ကြတာပေါ့”
“ဟား ဟား စိန်လိုက်လေ၊ မင်းကိုငါနိုင်ရင် မင်းရဲ့အရိပ်တင်မကဘူး မင်းကိုပါဖမ်းချုပ်ပြီး င့ါရဲ့နံဘေးနားမှာ အမြဲခစားနေရမယ့် ကျွန်အဖြစ်သိမ်းသွင်းမယ်”
“ကောင်းပြီလေ၊ ကျုပ်နိုင်ရင် ကျုပ်ရဲ့အရိပ်ကိုပြန်ပေးရမယ်”
အရိပ်သခင်က နတ်မင်းများဘက်သို့ကြည့်လိုက်ကာ
“ဒီတစ်ခေါက်စုဝေးပွဲက ပျင်းဖို့ကောင်းမယ်ထင်တာ၊ အခုတော့ စိတ်ဝင်စားစရာကောင်းလာပြီ နတ်မင်းတို့ရဲ့”
ထိုသို့ပြောဆိုပြီး နတ်မင်းများမှာ စားပွဲဝိုင်းကြီးတွင်ထိုင်လိုက်ကြသည်။ မယ်ပျင်းကစားပွဲခုံပေါ်မှာပင် တင်ပါးလွှဲကာထိုင်ချလိုက်တော့သည်။