စာစဉ်(၅၅)

(၁)

နတ်မင်းကြီးခုနစ်ပါးက စားပွဲခုံကြီးတွင် ဝိုင်းထိုင်လိုက်ကြသည်။ သို့သော် စားပွဲခုံကြီးပေါ်တွင် မယ်ပျင်းထိုင်ရန်နေရာမရှိသည်မို့ မယ်ပျင်းက စားပွဲပေါ်တွင်ပင် တင်ပါးလွှဲထိုင်ချလိုက်သည်။ အရိပ်သခင်က မယ်ပျင်းအားလက်ညှိုးထိုးပြီး

“ကိုင်း နတ်ကြွေအန်ခုနစ်နည်းထဲက မင်းကြိုက်တဲ့နည်းကိုသာပြော”

“ရှင်နဲ့ကျုပ်နဲ့ ပဆစ်ပစ်ကြမယ်”

“ဘာကွ၊ ပဆစ်ကစားနည်းဆိုတာ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်တယ်နော်ကလေးမ၊ တော်ကြာ မင်းချည်းတစ်ဖက်သတ်ရှုံးလို့ ငါကမင်းကိုအနိုင်ကျင့်တယ်ဆိုပြီးဖြစ်နေပါအုံးမယ်ကွ”

“အပိုတွေပြောမနေပါနဲ့ရှင်၊ ရှင်ဆော့မှာလား မဆော့ဘူးလားဒါပဲပြော”

အရိပ်သခင်က စားပွဲဝိုင်းကြီးကို လက်ဝါးဖြင့်ရိုက်ထည့်လိုက်သည့်အခါ စားပွဲဝိုင်းကြီးအပေါ်မှ ကစားကွက်များမှာ သူ့အလိုလိုပြောင်းလဲကုန်ကာ ပဆစ်ပစ်ကစားသည့် လမ်းကြောင်းများထွက်ပေါ်လာခဲ့သည်။ စားပွဲဝိုင်းအလယ်တွင်တော့ ကြွေအန်များပစ်ထည့်ရန်အတွက် ခွက်တစ်ခုပေါ်ပေါက်လာလေသည်။ အရိပ်သခင်က သူ၏ခါးပိုက်ဆောင်အတွင်းမှ ကြွေအိုးကလေးကိုထုတ်ယူလိုက်ကာ စားပွဲပေါ်သို့တင်လိုက်သည်။

“မင်းနိုင်ရင် မင်းလိုချင်တဲ့အရိပ်ကိုပြန်ရမယ်၊ မင်းရှုံးရင်တော့ မင်းကိုငါ့ရဲ့အခိုင်းအစေအဖြစ်နဲ့ သိမ်းသွင်းမယ်”

“အောင်မာ၊ လောင်းကြေးက တော်တော်တရားဖို့ကောင်းပါလား၊ ကျုပ်နိုင်ရင်တော့ ရှင်က ကျုပ်ဆီကမတရားယူထားတဲ့အရိပ်ကိုပြန်ပေးပြီး ကျုပ်ရှုံးရင်တော့ ရှင့်ရဲ့လက်အောက်ခံအစေအပါးအဖြစ်နဲ့ နေရမှာတဲ့လား”

“ဒါဆိုမင်းကဘယ်လိုဖြစ်ချင်လို့လဲ”

“လောင်းကြေးက ညီညီမျှမျှဖြစ်ရမှာပေါ့၊ ရှင်နိုင်ရင် ကျုပ်ရှင့်ဆီမှာကျွန်ခံမယ် ကျုပ်နှိင်ရင် ရှင်ကျုပ်ဆီမှာကျွန်ခံရမယ်”

အရိပ်သခင်က ရယ်မောနေလေသည်။ ထို့နောက်မှခေါင်းညိတ်ပြီး

“ရတယ်လေ၊ မင်းပြောတာသာ အတည်ဖြစ်ပါစေ”

ထိုအခါ နံဘေးတွင် ထိုင်နေသည့် နာဂဒေဝီသခင်မက အရိပ်သခင်ကိုကြည့်လိုက်ကာ

“အရိပ်သခင်၊ အရိပ်သခင်ရဲ့လောင်းကြေးက သိပ်ပြီးအရဲကိုးလွန်းနေတယ်မထင်ဘူးလား”

အရိပ်သခင်က ရယ်ကျဲကျဲနှင့်

“ကျုပ်နဲ့ကြွေအန်ပြိုင်ရင် ဟောဒီကလေးမ မပြောနဲ့ မင်းတို့တောင်မှနိုင်ကြလို့လား၊ မင်းတို့အသာစောင့်ကြည့်နေပါ၊ ဒီနေ့က ငါ့အတွက်ကျွန်တစ်ယောက်ရတဲ့နေ့ပဲဟေ့”

နတ်မင်းကြီးများမှာ စိုးရိမ်ခြင်းမရှိဘဲ ပြုံးရယ်လိုက်ကြသည်။

သို့နှင့် ကစားပွဲစကြသည်။ အရိပ်သခင်နှင့် မယ်ပျင်းက ကစားမည်ဖြစ်ပြီး ကျန်သည့်နတ်မင်းများမှာ ကစားပွဲကိုရှုကြည့်နေကြလေသည်။ ပဆစ်ပွဲအစတွင် မယ်ပျင်းမှာ တာထွက်မကောင်းလှသော်လည်း အရိပ်သခင်မှာတော့ အပွင့်ကောင်းများကျလေသည်။ ကစားပွဲအစပိုင်းမှာပင် အရိပ်သခင်၏ ပိုများက မယ်ပျင်း၏ ပိုသုံးကောင်ကို သတ်ဖြတ်လိုက်ကာ အိမ်သို့သုံးကောင်တိတိပြန်ဝင်သွားနိုင်လေသည်။ အရိပ်သခင်က တစ်ချက်ပြုံးကာ မယ်ပျင်းအားကြည့်ရင်း

“ငါ သုံးကောင်တိတိအိမ်သွင်းပြီးပြီနော် ကလေးမ၊ နောက်နှစ်ကောင်ထပ်သွင်းနိုင်ရင် ငါနိုင်ပြီ၊ နည်းနည်းပါးပါး အားစိုက်ထုတ်ပြီးကစားစမ်းပါကွာ၊ မင်းကိုလွယ်လွယ်အနိုင်ယူရတာ ပျင်းလွန်းလို့ပါကွ”

မယ်ပျင်းမှာ ကြွေအန်များကိုကောက်ကိုင်လိုက်ပြီး

“ရှင်ဘာမှဟန်ရေးပြမနေပါနဲ့၊ ကစားပွဲက အခုမှစတာ”

မယ်ပျင်းက ကြွေစေ့များကိုလက်တွင်ကိုင်ကာ လက်သီးဆုပ်ထဲတွင်လှည့်လည်ကစားနေလေသည်။ အမှန်စင်စစ်အားဖြင့် ကြွေစေ့များကို မမကြီးသင်ပေးထားသည့်နည်းလမ်းများဖြင့် လိုသည့်အပွင့်ရအောင် တွက်ချက်နေခြင်းဖြစ်သည်။

ကစားပွဲအခြေအနေမှာ တစ်ဆစ်ချိုးပြောင်းလဲသွားသည်။ မယ်ပျင်းက နောက်ပိုင်းတွင် မိမိ၏ပိုများနှင့် အရိပ်သခင်၏ပိုများကို လိုက်လံသတ်ဖြတ်ကာ ပိုသုံးကောင်တိတိကိုအိမ်သို့ပြန်သွင်းလိုက်နိုင်သည်။ အခြားနတ်မင်းများမှာမယ်ပျင်းဆော့ကစားမှုကိုကြည့်ကာ အံ့အားသင့်ကုန်ကြသည်။ အရိပ်သခင်အတွက် အနည်းငယ်လည်းစိုးရိမ်လာသည်။ အရိပ်သခင်ကတော့ ရယ်ကျဲကျဲသာလုပ်နေသည်။

“မင်းကလည်း မင်းအစွမ်းကို မင်းထုတ်ပြတယ်ပေါ့ဟုတ်လား၊ ငါကလည်း ဒီလိုမျိုးပွဲမှကြိုက်တာဟေ့”

ထိုနောက်ပိုင်းတွင် ကစားပွဲမှာပိုမိုပြင်းထန်လာသည်။ မယ်ပျင်းက အရိပ်သခင်၏ပိုများကို လိုက်လံသတ်ဖြတ်သကဲ့သို့ အရိပ်သခင်ကလည်း မယ်ပျင်း၏ပိုများကိုလိုက်လံသတ်ဖြတ်ကြသည်။ ထို့နောက်တွင်မူ တစ်ယောက်လျှင်တစ်ကောင်ကျစီ အိမ်အတွင်းသို့ပြန်လည်ပို့ဆောင်နိုင်သဖြင့် ကစားပွဲမှာလက်ရည်တူနေလေတော့သည်။

“နောက်ဆုံးတစ်ကောင်ပဲ ကျန်တော့တယ်ကလေးမ၊ အဲဒီတစ်ကောင်သာ အိမ်ပြန်ဝင်ပြီဆိုရင် မင်းရှုံးပြီ”

“ဒါဖြင့်ရင်လည်း ရှင့်ကို နန်းထိုင်ကွက်ဆိုတဲ့ အကွက်အကြောင်းသင်ပေးရတာပေါ့”

မယ်ပျင်းမှာ ကြွေစေ့များကိုပစ်ထုတ်လိုက်လေသည်။ ပဆစ်အိမ်လက်တံတစ်ဖက်စီတွင် အထိုင်ကွက်ဟုခေါ်သည့် အကွက်သုံးကွက်ဆီရှိသည်။ အချို့ကလည်း အိမ်ဟုခေါ်သည်။ ထိုအကွက်တွင် ပိုကောင်ကျနေပါက အခြားပိုကောင်မှာ သတ်၍မရဘဲ အကွက်ကိုကျော်ခွသွားရလေသည်။ ယခုလည်း မယ်ပျင်းမှာ မိမိ၏ပိုကောင်ကို အထိုင်ကွက်များဆီသို့ရောက်စေရန် ကြွေစေ့များကိုလိုသလိုပစ်ခတ်နေလေရာ အရိပ်သခင်မှာ သူ၏ ပိုနှစ်ကောင်နှင့် မယ်ပျင်း၏ပိုအား လိုက်လံသတ်ဖြတ်သော်လည်း မယ်ပျင်းမှာအထိုင်ကွက်တွင်သာ ရောက်နေသဖြင့် သတ်၍မရဘဲဖြစ်နေလေသည်။

မယ်ပျင်းအလှည့်တွင် အမြဲအထိုင်ကွက်ချည်းကျနေသဖြင့် အရိပ်သခင်မှာ သတ်မရဘဲဖြစ်နေကာ ဒေါသချောင်းချောင်းထွက်နေမိသည်။

“ဘယ်လိုဖြစ်တာလဲ၊ ဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ”

မယ်ပျင်းက ရိသဲ့သဲ့ရယ်မောလိုက်ပြီး

“နန်းထိုင်ကွက်ဆိုတာ ကိုယ့်အလှည့်ပစ်လိုက်တိုင်း အထိုင်ကွက်ချည်းကျနေအောင် ပစ်ရတာမျိုးကိုဆိုလိုတာရှင့်၊ ကဲ ရှင်စွမ်းတယ်ထင်ရင် ကျုပ်ရဲ့ပိုကို ရအောင်စားကြည့်လိုက်ပါ”

“ဟား၊ ဟား တစ်ဖက်လူရဲ့ပိုကို မသတ်ဘဲနဲ့လည်း မင်းရဲ့အိမ်ကိုပြန်ဝင်လို့မရဘူးဆိုတာ မမေ့နဲ့အုံးနော် ကလေးမ”

စကားအဖြစ်သာပြောရလွယ်သော်လည်း တကယ်တမ်းလက်တွေ့တွင်မလွယ်ကူပေ၊ အရိပ်သခင်မှာ မယ်ပျင်းအထိုင်ကွက်မှလွတ်လျှင် စားမည်ဟုအကြံဖြင့် သူ့ပိုနှစ်ကောင်ကို အနောက်မှလိုက်ခိုင်းနေရသော်လည်း အကယ်၍မယ်ပျင်း၏အရှေ့ကွက်များသို့ ပိုများရောက်သွားပါကလည်း မယ်ပျင်းမှာ အထိုင်ကွက်မှထွက်လာကာ အရိပ်သခင်၏ ပိုများကိုစားပြီး အိမ်သို့ပြန်ဝင်နိုင်သည့် ဘေးရန်ကလည်းရှိသေးသည်။ ပိုများမှာလည်း နောက်ပြန်သွားခိုင်း၍မရသဖြင့် အရိပ်သခင် အကြီးအကျယ်အကြပ်ရိုက်နေလေသည်။

မယ်ပျင်းက ကြွေအန်ပစ်ခါနီးပါးစပ်အနီးသို့ ကြွေအန်စေ့များကိုကပ်လိုက်လေသည်။ မမကြီးလည်း မယ်ပျင်းနှင့်ကစားသည့်အခါ ယခုကဲ့သို့ပြုမူတတ်သည်။

“မမကြီး ကြွေအန်ကိုပါးစပ်နားကပ်ပြီးတော့ ဘာလုပ်တာလဲ”

“ကြွေလွဲမန္တန်ရွတ်တာလေ”

“အလို၊ မမကြီးကိုယ်တိုင်ရွတ်တော့ မမကြီးပဲလွဲမှာပေါ့”

“မဟုတ်ဘူး၊ ဒီမန္တန်ကိုရွတ်ရင် ကိုယ်ပစ်ပြီးနောက်တစ်လှည့်ပစ်တဲ့လူရဲ့ကြွေက အမြဲတစ်လုံးတစ်လုံးလွဲတတ်တယ်”

“ဒါဆို ဒီမန္တန်ကို ကျုပ်ကိုသင်ပေးပါလား”

“ညည်းတတ်ချင်ရင်သင်ပေးရတာပေါ့၊ ဒီမန္တန်က နှယ်နှယ်ရရတော့မဟုတ်ဘူးနော်၊ ငါ့ကိုအနိုင်ယူသွားခဲ့တဲ့ ကြွေသမားပုရဗိုဇ်ကြီးတွေရဲ့နည်းလမ်းပဲ၊ ငါက ဒီနည်းလမ်းကိုသိချင်လွန်းလို့ အပူတပြင်းစုံစမ်းလေ့လာခဲ့ရတာ”

“သင်ပေးပါဆို မမကြီးကလည်း ဟန်လုပ်နေပြန်ပြီ”

“အေးပါ၊ ကဲ အနောက်ကနေလိုက်ဆို”

ယခုလည်း မမကြီးသင်ပေးထားသည့်အတိုင်း မယ်ပျင်းက ကြွေလွှဲမန္တန်ကိုရွတ်ဆိုလိုက်ကာ ကြွေကိုပစ်ချလိုက်သည်။ တစ်ဖက်အရိပ်သခင်အလှည့်သို့ရောက်သည့်အခါ အရိပ်သခင်မှာ ကြွေအန်များကိုကစားနေရင်း အလယ်ရှိပန်းကန်အတွင်းသို့ပစ်ထည့်လိုက်လေသည်။

အရိပ်သခင်ပစ်လွတ်လိုက်သည့် ကြွေအန်များမှာ ပန်းကန်ပြားအတွင်းသို့ကျသော်လည်း ကြွေအန်တစ်လုံးမှာ ပန်းကန်ပြားအတွင်းလိမ့်ကာ လည်နေပြီးသည့်နောက် မှောက်ခုံကျသွားလေသည်။ အရိပ်သခင်မှန်းထားသည့် အပွင့်ထက် တစ်ပွင့်ပိုကြီးသွားလေရာ အရိပ်သခင်၏ ပိုကောင်မှာ မယ်ပျင်းပိုကောင်၏ ပြေးလမ်းအရှေ့တည့်တည့်သို့ကျသွားလေတော့သည်။ အရိပ်သခင်မှာ နောင်တအကြီးအကျယ်ရသွားပြီး မိမိနဖူးကိုလက်နှင့်ပုတ်လိုက်တော့သည်။

မယ်ပျင်းက ပြုံးလျှက် ကြွေအန်စေ့များကို ကောက်ယူလိုက်ကာ

“ကိုင်း၊ ဒီတစ်ခါပြမယ့်အကွက်ကတော့ အကောင်စားပြီး အိမ်တန်းပြန်မယ်ဆိုတဲ့အကွက်ပဲ”

မယ်ပျင်းက ကြွေစေ့များကိုပစ်ချလိုက်သည်။ ထို့နောက် ကြွေစေ့အပွင့်များအတိုင်း အကွက်ကျော်နေသည့် အရိပ်သခင်၏ ပိုကောင်ကိုသတ်ဖြတ်လိုက်ကာ တစ်လှည့်တည်းနှင့် အိမ်သို့ပြန်ဝင်ပြလိုက်လေသည်။ အရိပ်သခင်မှာ အလွန်ဒေါသထွက်လျှက် စားပွဲခုံကိုလက်သီးနှင့််ထုနှက်နေလေတော့သည်။

“ကဲ ရှင်ရှုံးပြီ”

“ကောင်းပြီလေ၊ ဒါဆိုရင် ကတိစကားအတိုင်း မင်းရဲ့အရိပ်ကိုပြန်ယူပါ”

အရိပ်သခင်က အရိပ်အိုးကိုခွဲလိုက်သည့်အခါ အရိပ်အိုးအတွင်းမှ အရိပ်တစ်ခုပြေးထွက်လာပြီး မယ်ပျင်းကိုယ်ခန္ဓာဆီသို့ပြေးလွှားလာကာ မယ်ပျင်းထိုင်နေသည့်အောက်ဘက်သို့ပြေးဝင်သွားလေသည်။ ထိုတော့မှ မယ်ပျင်းကိုယ်တွင် အရိပ်ပြန်ထွက်တော့သည်။ မယ်ပျင်းက အရိပ်သခင်ကိုကြည့်ပြီး

“လောင်းကြေးက အရိပ်တစ်ခုတည်းမဟုတ်ဘူးနော်”

မယ်ပျင်းပြောဆိုလိုက်သည့်အခါ အရိပ်သခင်က ခေါင်းညိတ်လိုက်ပြီး လက်အုပ်ကိုချီလိုက်လေသည်။ ထိုအခါ အနီးတွင်ထိုင်နေသည့် နာဂဒေဝီက အရိပ်သခင်၏လက်ကိုဆွဲကိုင်လိုက်ကာ

“အရိပ်သခင်၊ တကယ်ပဲဒီလိုလုပ်တော့မလို့လား”

“တို့စတုမဟာရာဇ်နတ်တွေဆိုတာက ကတိတစ်လုံး စကားတစ်ခွန်းကို ဘယ်လောက်အလေးအနက်ထားတယ်ဆိုတာ မင်းသိမှာပါ နာဂဒေဝီ၊ ဘာပဲဖြစ်ဖြစ် ငါသူ့ကိုကစားပွဲမှာ ရှုံးနိမ့်ခဲ့ပြီမဟုတ်လား”

“ဘာပဲဖြစ်ဖြစ် အရိပ်သခင်လို နတ်မင်းအနေနဲ့ဒီမိန်းကလေးရဲ့အစေအပါးဖြစ်သွားမှာကို ကျုပ်လက်မခံနိုင်ဘူး”

အရိပ်သခင်နှင့် နာဂဒေဝီတို့စကားပြောဆိုနေသည်ကို မယ်ပျင်းက ကြည့်ကာ

“ဘာလဲ ရှင်တို့တွေက ရှင်တို့ရှုံးတဲ့အခါကျတော့ စကားမတည်ဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေတာလား၊ ကျုပ်သာရှုံးတယ်ဆိုရင် ရှင်တို့တစ်ခဏတောင်စောင့်ကြပါ့မလား”

ထိုအခါ နာဂဒေဝီက မယ်ပျင်းကိုမျက်စောင်းထိုးလိုက်ပြီး

“ဟဲ့ကလေးမ နင့်ကိုငါစိန်ခေါ်တယ်၊ နင်နဲ့ငါနဲ့ ကြွေပစ်ကစားကြမယ်”

“တစ်ပွဲတောင်မပြီးသေးဘူး တစ်ပွဲကစချင်ပါလား၊ဒါဖြင့်ရင်လည်း လောင်းကြေးကဘာလဲ”

“လောင်းကြေးကတော့ ငါနိုင်ရင် အရိပ်သခင်ကို အခိုင်းအစေကျေးကျွန်အဖြစ်လုပ်မယ့်အဖြစ်ကနေ ရပ်တန့်ပေးရမယ်”

“ကောင်းပြီလေ၊ တကယ်လို့ ရှင်ရှုံးရင်ရော”

“ငါရှုံးရင် ငါ့ကိုပါ နင့်ရဲ့အခိုင်းအစေအဖြစ် ဖမ်းစမ်း”

မယ်ပျင်းမှာရယ်မောလိုက်လေသည်။ အရိပ်သခင်မှာ သူကိုယ်တိုင်မယ်ပျင်းနှင့်ဆော့ကစားခဲ့သူမို့ နာဂဒေဝီအတွက်စိတ်ပူပန်မိသည်။

“ဖြစ်ပါ့မလား နာဂဒေဝီ၊ ဒီမိန်းကလေးကို မင်းအနိုင်ယူနိုင်ပါ့မလား”

“ကြွေတစ်လက် ကြက်တစ်ခုန်ဆိုတဲ့စကားရှိတာပဲ အရိပ်သခင်ရယ်၊ လောင်းကစားဆိုတာ ဖောင်းတစ်လှည့်ပိန်တစ်လှည့်မို့ ဒီမိန်းကလေးအမြဲနိုင်တယ်ဆိုတာရှိပါ့မလား”

အရိပ်သခင်မှာ ဘာမှမပြောနိုင်တော့သဖြင့် သက်ပြင်းတစ်ချက်သာချလိုက်တော့သည်။ ထို့နောက် မယ်ပျင်းနှင့် နာဂဒေဝီတို့မှာ ကြွေအန်ကစားပွဲကစားရန်အတွက်ပြင်ဆင်ကြလေသည်။

(၂)

နာဂဒေဝီမှာ ဘောဂဝတီနဂါးပြည်မှ မျိုးရိုးအဆင့်အတန်းမြင့်မားသည့် နဂါးမင်းသမီးတစ်ပါးဖြစ်သည်။ ဘောဂဝတီနဂါးပြည်ကြီးတွင် နဂါးဦးရေမှာအစဉ်မပြတ်တိုးပွားလျှက်ရှိသည်မို့ နဂါးပြည်ကြီးအတွင်းတွင် ကျဉ်းမြောင်းကျပ်ပိတ်စွာနေထိုင်ကြရသည်ဖြစ်ရာ ထိုတိုင်းပြည်မှနဂါးများမှာလည်း အရွယ်ရောက်သည်နှင့် လူ့ဘုံလူ့ရွာလူ့တိုင်းပြည်သို့လာရောက်ကြ၍ နေထိုင်ရာနေရာကောင်းရှာဖွေလေ့ရှိကြသည်မှာ ထုံးစံဖြစ်သည်။

နာဂဒေဝီအမည်ရ စောမြထွဋ်မှာလည်း အသက်အရွယ်ကြီးပြင်းလာသည့်အခါ ဖခမည်းတော်၊ မယ်တော်တို့ထံခွင့်ပန်ကာ ဘောဂဝတီနဂါးပြည်ကြီးမှထွက်လာခဲ့လေသည်။ ရှာဖွေကျက်စားနိုင်သည့်နေရာသစ်တစ်ခုကိုရှာဖွေရင်း ယခုမြို့တော်ကြီးထံသို့ရောက်လာခဲ့ခြင်းဖြစ်သည်။ နဂါးများထဲတွင် လူ့ဘုံလောက သမုဒ္ဒရာအတွင်းနေထိုင်သည့်နဂါးများမှာ မြင်းမိုရ်တောင်နှင့် သီတာခုနစ်တန်တွင်နေထိုင်သည့် နဂါးများထက် များစွာတန်ခိုးအဆင့်အတန်းနိမ့်ကျသည်ဖြစ်ရာ ဟိမဝန္တာတောင်တန်းကြီးထံသို့ရောက်သည့်အခါ အထက်နဂါးများဟုခေါ်သည့် နတ်နဂါးများကို ခစားရကာ လုပ်ကိုင်ပြုစုရလေသည်။

အပြန်အလှန်အားဖြင့် နတ်နဂါးများမှာ နဂါးအခြွှေအရံများကို နဂါးများတတ်အပ်သည့် ပညာစဉ်များကိုသင်ကြားပို့ချပေးလေရော စောမြထွဋ်မှာ နဂါးအကြီးကဲကိုးဆက်ပြောင်းသည်အထိ နဂါးပညာရပ်များကိုသင်ကြားခဲ့လေရာ အမောက်ကိုးခုပေါက်လာခဲ့သည့် နဂါးကြီးတစ်ကောင်ဖြစ်လာခဲ့သည်။ သာမန်နဂါးတိရစ္ဆာန်အဖြစ်မှလည်း နတ်နဂါးကိုယ်ခန္ဓာကို ရရှိလာခဲ့ကာ တစ်ကိုယ်လုံးရှိအကြေးခွံတို့မှာ အနီရောင်အဖြစ်သို့ပြောင်းလျှက် အနီရောင်နဂါးဒေဝီအဖြစ်ကိုရရှိခဲ့သည်။ မိမိခစားခဲ့ရသည့် နဂါးအကြီးအကဲရာထူးကိုလည်း ရရှိလာခဲ့လေသည်။

ဟိမဝန္တာတောင်တန်းကြီးအနောက်ဘက် နဂါးရစ်တောင်ကို အပိုင်စားရကာ အခြွေအရံနဂါး ကိုးကျိပ်နှင့်အတူနေထိုင်လျှက် နဂါးပညာများကိုလက်ဆင့်ကမ်း ဖြန့်ဖြူးသင်ကြားပေးနေရသူဖြစ်သည်။

ကစားပွဲစရန်အတွက် မယ်ပျင်းက ကြွေစေ့များကိုကောက်ယူလိုက်သည့်အခါ နာဂဒေဝီက မယ်ပျင်းကိုဟန့်တားလိုက်သည်။

“နေအုံး၊ ငါတို့ကစားတဲ့အခါ ဒီအတိုင်းမကစားဘူး၊ မင်းလက်တွေနဲ့ ကြွေအန်တွေထိတာ ငါမမြင်ချင်ဘူး”

မယ်ပျင်းမှာအံ့သြသွားလေသည်။

“ဒါဖြင့် ကျုပ်က ကြွေအန်ကိုလက်နဲ့မထိဘဲ ကစားရမယ်ပေါ့ အဓိပ္ပါယ်မရှိလိုက်တာရှင်”

ထိုအခါ နာဂဒေဝီက ဝါးဖြင့်ပြုလုပ်ထားသည့်ခွက်ကလေးတစ်ခုကို စားပွဲပေါ်သို့တင်လိုက်ကာ မယ်ပျင်းထံသို့ လှမ်းတွန်းပေးလိုက်သည်။ မယ်ပျင်းက ဝါးခွက်ကလေးကို ကောက်ယူလိုက်လေသည်။

“ငါတို့ကစားတဲ့အခါ ကြွေအန်တွေကို ဒီ ဂရို့ထဲထည့်ပြီးတော့ ကစားကြမယ်၊ ဒါစည်းကမ်းပဲ”

မယ်ပျင်းမှာတစ်ချက်ပြုံးလိုက်လျှက် ဝါးခွက်ကိုကောက်ယူလိုက်လေသည်။ ပြီးနောက် အတိတ်အကြောင်းအရာများကို ပြန်လည်တွေးတောနေမိသည်။

မယ်ပျင်းမှာ ဆေးရည်ခွက်ကိုင်ကာ မမကြီးအခန်းသို့ရောက်လာခဲ့လေသည်။ ဆေးရည်ဗန်းကို မမကြီးကိုပေးလိုက်ကာ လောင်းကစားပြုလုပ်သည့်စားပွဲတွင်ဝင်ထိုင်လိုက်သည်။ မမကြီးက မယ်ပျင်းကိုတွေ့သည့်အခါပြုံးလျှက်

“မင်းက ဒီနေ့တော့ ကြွေအန်ကစားဖို့တက်ကြွနေပါလားကွ”

“ဟုတ်တယ်၊ ကျုပ်ကြွေအန်ပစ်နည်းတွေသိခဲ့ပြီ မမကြီး”

မမကြီးက ဆေးရည်ခွက်ကိုမော့သောက်ရင်း ထိုင်ခုံတွင်ထိုင်ချလိုက်သည်။ မယ်ပျင်းက စားပွဲခုံပေါ်တွင်ကြွေအန်စေ့များကိုရှာဖွေလိုက်ပြီး လက်တွင်ဆုပ်ကိုင်လိုက်လေသည်။ ထိုအခါ မမကြီးက မယ်ပျင်းထံသို့ ဝါးဆစ်ပိုင်းကလေးတစ်ခုလှမ်းပစ်ပေးလိုက်သည်။

“ဒါက ဘာလဲ”

“အဲဒါက ဂရို့လို့ခေါ်တယ်”

မယ်ပျင်းက ဝါးဆစ်ပိုင်းကလေးကိုကြည့်လိုက်သည့်အခါ တစ်ဖက်ပွင့်ဝါးဆစ်ပိုင်းကလေးထဲတွင် ဝါးဖြင့်ပြုလုပ်ထားသည့် အချောင်းကလေးများကို တစ်ချောင်းနှင့်တစ်ချောင်း ချဲကာရိုက်ထားသေးသည်ကိုတွေ့ရသည်။

“ဒါက ဘာလုပ်တာလဲ”

“ကြွေအန်သမားတွေသုံးကြတာပေါ့၊ တကယ်လို့ကြွေအန်ကိုလက်နဲ့ပစ်တာပျင်းရင်ပဲဖြစ်ဖြစ်၊ ကြွေအန်သမားအချင်းချင်းသင်္ကာမကင်းဖြစ်တာပဲဖြစ်ဖြစ် အဲဒီလိုအခြေအနေမျိုးဆိုရင် ဟောဒီဂရို့လို့ခေါ်တဲ့ ဝါးခွက်ကလေးထဲကို ကြွေအန်တွေထည့်ပြီးခေါက်ကြတယ်”

“ဒါကတော့ မမကြီးညစ်ပတ်တာပဲ၊ လက်နဲ့ကြွေအန်ကို လိုသလိုပစ်နိုင်တဲ့နည်းသင်ပေးပြိးတော့ အခု ဒီဟာကြီးနဲ့လုပ်ရမယ်ဆိုတော့ မတရားတာပဲ”

မယ်ပျင်းမှာ ကြွေစေ့ကလေးများကို ဝါးခွက်အတွင်းသို့ထည့်လိုက်ကာ ဝါးခွက်ကိုလှုပ်ယမ်းလိုက်လေသည်။ ဝါးခွက်အတွင်း တုတ်ချောင်းကလေးများလည်းထည့်ထားသည်မို့ ကြွေစေ့ကလေးများလှုပ်ရှားမှုကို မခန့်မှန်းတတ်နိုင်အောင်ဖြစ်နေမိသည်။ ဝါးခွက်ကိုစိတ်ကြိုက်လှုပ်ခတ်ပြီးသောအခါ ကြွေပန်းကန်အတွင်းသို့မှောက်လျှက်ချလိုက်လေသည်။ ကြွေများငြိမ်သွားသည့်အခါမှ ဝါးခွက်ကိုဖယ်လိုက်သည့်အခါ ကြွေပွင့်များမှာ ကျချင်သလိုကျနေလေသည်။

“တွေ့လား၊ အပွင့်တွေက ကိုယ်လိုချင်တာမကျတော့ဘူး”

မယ်ပျင်းက ပြောဆိုကာစိတ်ညစ်သွားသည်ကို မမကြီးက ဆေးလိပ်ကြီးကိုင်ကာ ခွက်ထိုးခွက်လန်ရယ်မောနေလေသည်။

“ဒီခွက်နဲ့ပစ်တော့ ကျချင်တဲ့အပွင့် မကျတော့ဘူးတဲ့လားမယ်ပျင်းရဲ့”

မမကြီးက ဝါးခွက်နှင့် ကြွေစေ့ကလေးများကိုကောက်ယူလိုက်ကာ လက်အတွင်းခလောက်နေလေသည်။

“ကဲ ဘာအပွင့်ရအောင်ငါချပြရမလဲ”

“လေးလုံးကျအောင်ချပြ”

မမကြီးက ဝါးခွက်ကိုမျက်နှာအနီးတွင် တချောက်ချောက်နှင့်ခေါက်လိုက်ပြီးသည့်နောက် ကြွေပန်းကန်ပေါ်သို့အုပ်ချထည့်လိုက်လေသည်။ ပြီးသည့်နောက် ဝါးခွက်အားဖယ်လိုက်ရာ မယ်ပျင်းချခိုင်းသည့် လေးလုံးကျနေသည်ကိုတွေ့ရသည်။

“မဖြစ်နိုင်ဘူး တခါတလေတိုက်ဆိုင်သွားတာဖြစ်မှာ ဒီတစ်ခါ တစ်ဗာရာကျအောင်ချ”

“ညည်းက မယုံသေးဘူးကိုးအေ့”

မမကြီးမှာ ဝါးခွက်ကိုကောက်ယူလိုက်ပြီး ထပ်မံလှုပ်ခတ်ပြန်သည်။ အထက်ပါအတိုင်းလှုပ်ခတ်ပြီးသော် ကြွေပန်းကန်အတွင်းသို့ဝါးခွက်ကိုမှောက်ချလိုက်သည်။

“ဒီတစ်ခါတော့ ညည်းဟာညည်းဖွင့်ကြည့်စမ်း”

မယ်ပျင်းမျာ ဝါးခွက်ကလေးအားဖွင့်ကြည့်လိုက်သည့်အခါ သူချခိုင်းသည့်အတိုင်း တစ်ဗာရာအပွင့်ဖြစ်နေလေသည်။ မယ်ပျင်းမှာ ဆေးလိပ်ကြီးခဲနေသည့် မမကြီးအား မချီးကျူးဘဲမနေနိုင်တော့ပေ။

“မမကြီး၊ ဒီဝါးခွက်ကြီးနဲ့တောင်မှ မမကြီးက ကိုယ်လိုချင်တဲ့အပွင့်ရအောင် ချနိုင်သေးတယ်တဲ့လား”

“ငါကလောင်းကစားသမားပါအေ့၊ လောင်းကစားသမားဆိုတာက ကိုယ်ကဘယ်နည်းလမ်းနဲ့နိုင်နိုင်သလဲဆိုတာ အမြဲတွေးနေပြီ ကိုယ်ဆော့ကစားတဲ့ကစားနည်းကိုလည်း ထုံးလိုချေ ရေလိုနှောက်ပြီး သိရတယ်အေ့”

“ဒါနဲ့ လက်နဲ့ကြွေအန်ပစ်တော့ ကြွေစေ့ကလေးတွေကို လက်သီးဆုပ်ထဲမှာပုံဖော်ရင်း ကိုယ်ကျချင်တဲ့အပွင့်ရအောင်ပစ်ရတယ်မဟုတ်လား၊ ဒါကြီးနဲ့ကျတော့ ဘယ်လိုလုပ်တာလဲ”

“နည်းသိသွားရင်မခက်ပါဘူးအေ၊ ဝါးခွက်နဲ့ပစ်တဲ့အခါ အသံကအရေးကြီးတယ်၊ မျက်နှာနားမှာကပ်ပြီး ဝါးခွက်ကိုခေါက်တယ်ဆိုတာ အထဲကအသံကိုနားထောင်တာ၊ ဘယ်လိုအသံကျရင် ဘာအပွင့်ကျမယ်၊ ဘယ်လိုအသံဆိုရင်တော့ ဘာအပွင့်ဆိုတာကို မှတ်မိသွားရင် လွယ်သွားပါပြီအေ”

“ခက်လိုက်တာ မမကြီးရယ်၊ လက်နဲ့ပဲ ဒီအတိုင်းကစားလို့မရဘူးလား”

“ရတာတော့ ရတာပေါ့အေ့၊ ဒါပေမယ့် တစ်ချို့က လက်နဲ့မကစားချင်ဘူးဆိုရင် ညည်းဘယ့်နှယ့်လုပ်မလဲ၊ အဲဒီပွဲမှာ ညည်းရှုံးမှာပေါ့အေ့၊ လာစမ်းပါ ဂရို့နဲ့ဆော့ရတာကလည်း တစ်မျိုးပျော်စရာကောင်းပါတယ်”

ယခုတော့ မယ်ပျင်းတစ်ယောက် မမကြီးကိုအလွန်ကျေးဇူးတင်နေမိသည်။ ဝါးခွက်ကိုအသာစိုက်ကြည့်နေသည့်မယ်ပျင်းကို နာဂဒေဝီက တစ်ချက်ကြည့်လိုက်ရင်း

“ဘာလဲ ကလေးမ၊ ဂရို့တွေ့တော့ မဆော့တတ်တော့ဘူးလား၊ ဒါဆိုရင်လည်း အစကတည်းက အရှုံးပေးလိုက်တော့”

မယ်ပျင်းက ခေါင်းခါလိုက်ကာ ဝါးခွက်ကိုကောက်ယူလိုက်သည်။ ထို့နောက်ကြွေစေ့များကိုထည့်ကာ မမကြီးသင်ပေးထားသည့်နည်းလမ်းအတိုင်း ဝါးခွက်ကိုခေါက်လိုက်ပြီး ကိုယ်လိုချင်သည့်အသံကိုရသည့်အခါမှ ကြွေပြားပေါ်သို့ဝါးခွက်ကိုအုပ်ချလိုက်သည်။

“ကဲ ဒါဆိုကျုပ်အရင် ပိုနှိုးလိုက်တာပေါ့၊ လာလေရော့ တစ်ဆယ်”

မယ်ပျင်းက ပြောဆိုပြီး ဝါးခွက်ကိုဖွင့်လိုက်သည့်အခါ သူရေရွတ်ထားသည့်အတိုင်း တစ်ဆယ်ပွင့်ကျနေလေသည်။ နာဂဒေဝီပါမက အခြားနတ်မင်းကြီးများပါမျက်လုံးပြူးကုန်ကြသည်။ သို့နှင့် နာဂဒေဝီနှင့် မယ်ပျင်းတို့မှာ ဆက်လက်ဆော့ကစားကြလေသည်။

နာဂဒေဝီ၏ တက်လာသော ပိုမှန်သမျှကို မယ်ပျင်းကချည်းသတ်နေလေရာ နာဂဒေဝီမှာဒေါသထွက်နေမိသည်။

“ဒီပွဲမရိုးဘူးအေ၊ ညည်းဆော့တာမရိုးဘူး”

“အော်၊ ခုံကလည်းရှင်တို့ခုံ၊ ကြွေကလည်းရှင်တို့ကြွေ၊ ပစ်တာလည်းရှင်တို့ချပေးတဲ့ ဂရို့နဲ့ပစ်တာ ဒါကိုတောင်မရိုးဘူးဆိုတော့ ကြားလို့မှကောင်းကြသေးရဲ့လားတော့”

မယ်ပျင်းမှာ နာဂဒေဝီဒေါသထွက်နေသည်ကိုသိလိုက်သည်သဖြင့် မိမိအကွက်အတွင်းဝင်လာမှန်းကိုသိလိုက်လေသည်။ ထိုအချိန်မှာပင် ယခင်က မမကြီးနှင့်ပြောဆိုခဲ့ဖူးသည့်အကြောင်းအရာများမှာ ရေးတေးတေးပြန်ပေါ်လာသည်။

“မယ်ပျင်း၊ လောင်းကစားသမားတစ်ယောက်ရဲ့ အားနည်းချက်ဆိုတာ ဘာလဲညည်းသိလား”

“လောင်းစကားသမားရဲ့အားနည်းချက်ကတော့ . . . ကျုပ်အထင် လောဘပဲဖြစ်မယ်ထင်တယ်”

“မှားတယ်မယ်ပျင်းရဲ့၊ လောင်းကစားဆိုတာ အားလုံးက ရလိုချင်စိတ်လောဘနဲ့ပဲ ဆော့ကြတာမဟုတ်လား၊ အဲဒါမဟုတ်ဘူး ဒိပြင့်ဟာရှိသေးတယ်”

မယ်ပျင်းက မတွေးတတ်တော့ပေ။

“ဒိပြင့်ဟာဆိုရင်တော့ အတွက်အချက်ညံ့တာပဲဖြစ်မှာပေါ့”

“ဒါလည်းမဟုတ်သေးပြန်ဘူး၊ လောင်းကစားဆိုတာ အတွက်အချက်ကောင်းရမယ်ဆိုတာမှန်ပေမယ့် တကယ့်အားနည်းချက်တစ်ခုရှိတယ်”

“မမကြီးရယ် စကားပြောတာ ဝေ့ဝိုက်မနေပါနဲ့ ပြောချင်ဒဲ့သာပြောချလိုက်စမ်းပါ”

“အဲဒါကတော့ ဒေါသပဲမယ်ပျင်းရဲ့”

“ဒေါသဟုတ်လား”

“ဟုတ်တယ်၊ တကယ်တော့ လောင်းကစားဆိုတာ ဟောဒီလိုပစ္စည်းလေးတွေနဲ့ ကစားကြတယ်ဆိုပေမယ့် တကယ်တမ်းအရေးကြီးတာကတော့ ကစားသူတွေရဲ့စိတ်ဓါတ်ပဲ၊ ကိုယ်နဲ့ကစားတဲ့လူရဲ့စိတ်ဓါတ်ကိုသိတယ်ဆိုရင် ကစားပွဲနိုင်ဖို့ ကိုယ်ကတစ်ပန်းသာပြီပေါ့ကွဲ့၊ လောင်းကစားသမားတစ်ယောက်ဟာ ဒေါသထွက်ရင်မှားတော့တာပဲ၊ စာဆိုတောင်ရှိသေးတယ်၊ ဒေါသထွက်တဲ့အချိန်မှာ လောင်းကစားမလုပ်ပါနဲ့တဲ့”

မယ်ပျင်းက ခေါင်းကုပ်လိုက်ကာ

“ကျုပ်ကြားဖူးတာကတော့ ဒေါသထွက်နေတဲ့အချိန် ဆုံးဖြတ်ချက်မချနဲ့ဆိုတာထင်တယ်”

“ဆုံးဖြတ်ချက်ချတာကလည်း လောင်းကစားမှာအကျုံးဝင်တယ်၊ ဒါကြောင့် ငါကတော့ ဒေါသထွက်နေတဲ့အချိန် လောင်းစကားမလုပ်နဲ့လို့ပဲ မှတ်ထားတယ်”

“ကိုယ်သန်ရာသန်ရာဆွဲတွေးကြတာပေါ့ မမကြီးရယ် မဟုတ်ဘူးလား”

“ဒေါသထွက်တဲ့အခါ အဲဒီလူမှာ သတိဆိုတာလွတ်သွားတယ်၊ သတိလွတ်သွားတဲ့အတွက် လောင်းကစားလုပ်ရင် ကိုယ်နိုင်မယ့်နည်းလမ်းကို လက်လွတ်ဆုံးရှုံးသွားသလို တစ်ဖက်လူရဲ့နည်းလမ်းတွေကိုလည်း အဆက်ပြတ်သွားတတ်တယ်၊ ဒီလိုဒေါသနဲ့ဆက်ပြီး လောင်းကစားလုပ်လေလေ အဲဒီလူက အနိုင်နဲ့အလှမ်းဝေးသွားလေလေဆိုတာပဲ”

ယခုလည်း နာဂဒေဝီမှာ ကိုယ်လိုချင်သည့် အပွင့်မကျသဖြင့် ဒေါသထွက်နေသည်ကိုတွေ့လိုက်ရသည်။ မယ်ပျင်းက ခပ်ယဲ့ယဲ့ကလေးပြုံးလိုက်ကာ

“ကျုပ်သိပြီ နာဂဒေဝီ၊ ကျုပ်ရှင့်ရဲ့ အားနည်းချက်ကိုတွေ့ပြီ၊ ရှင်က နဂိုကတည်းက နဂါးဆိုတော့ စိတ်ဆတ်တယ်၊ ဒေါသထွက်လွယ်တယ်၊ ဒါတွေက ရှင့်ရဲ့အားနည်းချက်တွေပဲ”

မယ်ပျင်းမှာစိတ်အတွင်းမှရေရွတ်လိုက်လေသည်။ ထိုအလှည့်တွင် နာဂဒေဝီ၏ ပိုမှာ အိမ်သို့ပြန်ဝင်ရန်အတွက် ပဆစ်ကွက်များပေါ်တွင် ပြေးလွှားလာခဲ့ရာ ပန်းဝင်ရန်အလွန်နီးကပ်နေပြီဖြစ်သည်။ သို့သော် မယ်ပျင်းမှာ နာဂဒေဝီ၏ ထိပိုကို သတ်စားလိုက်သဖြင့် နာဂဒေဝီမှာ စားပွဲခုံအားလက်နှင့်ထုကာ ဆွေ့ဆွေ့ခုန်နေလေတော့သည်။

“အသုံးမကျ၊ သုံးစားလို့ကိုမရဘူး”

နာဂဒေဝီမှာ သေဆုံးသွားခဲ့သည့် ပိုရုပ်အား ထုနှက်နေလေသည်။ မယ်ပျင်းက နာဂဒေဝီအားတစ်ချက်ကဲကြည့်လိုက်ပြီး

“ကိုယ်အသုံးမကျတာကို ပိုအရုပ်အပေါ် အပြစ်ဖွဲ့မနေပါနဲ့ရှင်”

“ဘာ၊ ဟဲ့ကောင်မ ညည်းငါ့ကိုဘာပြောတယ်”

“မှန်တာပြောတာပဲလေ၊ ရှင်အစွမ်းရှိတယ်ဆိုရင် ကျုပ်ကိုနိုင်အောင်ကစားပေါ့၊ ရှင်ရှုံးတာ ပိုရုပ်နဲ့ဘာမှမဆိုင်ဘူး”

နာဂဒေဝီမှာ ထိုင်နေလျှက်ပင် နဂါးကြီးတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားတော့သည်။ တစ်ကိုယ်လုံးအနီရောင်အဆင်းရှိသည့်နဂါးကြီးမှာ ဦးခေါင်းတွင်လည်း အနီရောင်မီးတောက်မီးညွှန့်နှင့်သဏ္ဍာန်တူသည့် အမောက်ကြီးကိုးခုရှိလေသည်။ နာဂဒေဝီက စားပွဲခုံကို ပါးပျဉ်းကြီးနှင့်အုပ်မိုးလိုက်ကာ မယ်ပျင်းအား စူးစိုက်ကြည့်လေသည်။ မယ်ပျင်းကတော့ မထုံတတ်တေး မျက်နှာပေးနှင့်

“လောင်းကစားမနိုင်တာနဲ့ လူမိုက်တွေရဲ့ထုံးစံအတိုင်း လက်ပါပြီးဖြေရှင်းချင်တယ်ပေါ့၊ ကဲ နာဂဒေဝီ ရှင်ကျုပ်ကိုသတ်ချင်တယ်ဆိုရင်လည်း ကျုပ်ရှင်သတ်လို့သေမှာပါပဲ၊ ဒါပေမယ့် ဟောဒီဟိမဝန္တာတောင်ကြီးတစ်ခွင်မှာတော့ အလွန်ဖြောင့်မတ်လှတဲ့ နာဂဒေဝီက ကြွေမနိုင်လို့ ကလေးမတစ်ယောက်ကို သတ်လိုက်တယ်ဆိုတဲ့သတင်းပြန့်သွားမှာ ဧကန်ပဲ”

နာဂဒေဝီမှာ စိတ်ကိုလျှော့ချလိုက်သည်။ နဂါးအမြီးဖြင့် ဝါးဆစ်ခွက်ကိုကောက်ယူလိုက်ကာ လှုပ်ယမ်းနေလေသည်။

“ရှင့်ရဲ့လက်တွေက အသုံးမကျဘူးထင်လို့ နဂါးအမြီးနဲ့ကြွေပစ်လည်း မထူးပါဘူး၊ မတတ်တာက မတတ်တာပဲ၊ မစွမ်းတာက မစွမ်းတာပဲ”

မယ်ပျင်းက နာဂဒေဝီ၏ ဒေါသကိုအမျိုးမျိုးဆော့ကစားနေသည်မို့ နာဂဒေဝီမှာ ဒေါသတကြီးဆော့ကစားလေရာ အယောင်ယောင်အမှားမှားဖြစ်ကုန်ပြီး နောက်ဆုံး နာဂဒေဝီမှာ အရှုံးကြီးရှုံးရတော့သည်။ မယ်ပျင်းကို ရှုံးသွားသည့်အခါ နာဂဒေဝီမှာ သည်းထန်စွာငိုကြွေးလေသည်။ အရိပ်သခင်က နာဂဒေဝီကိုဖြောင်းဖျသည်။

“မင်းရဲ့ဒေါသကြောင့် မင်းကရှုံးနိမ့်သွားတာပဲ နာဂဒေဝီ၊ မင်းသူနဲ့ ကြွေမကစားဖို့ ငါအတန်တန်တားခဲ့ပါတယ်၊ အခုတော့ ကျွန်ဝယ်ရာအဆစ်ပါဆိုသလို မင်းပါသူ့ရဲ့အခိုင်းအစေဖြစ်ရတော့မှာလား”

ထိုအခါ ကျန်သည့်နတ်မင်းနှစ်ပါးက မတ်တပ်ထရပ်သည်။

“ဒီလိုတော့အဖြစ်မခံနိုင်ဘူး၊ ကျုပ်တို့ မင်းကိုစိန်ခေါ်တယ်ကလေးမ”

မယ်ပျင်းက နတ်မင်းနှစ်ပါးအား ကြည့်လိုက်ကာ

“အခုကျတော့ ရှင်တို့ကနှစ်ယောက်တောင်ပါလား၊ ကဲ ကြိုက်ကြေးခေါ်လိုက်စမ်း”

“ငါတို့နှစ်ယောက်နိုင်ရင် အရိပ်သခင်နဲ့ နာဂဒေဝီကို မင်းလွတ်ပေးရမယ်”

“သြော်၊ ရှင်တို့တွေက နတ်မင်းတွေဖြစ်ပြီး အရှုံးကိုလက်မခံနိုင်ကြသေးဘူးပဲ၊ ကဲ ထားပါတော့ အဲဒီပွဲမှာ ကျုပ်နိုင်ပါပြီတဲ့ ရှင်တို့ဘာလုပ်ကြမလဲ”

“ငါတို့နှစ်ယောက်ပါ မင်းရဲ့အစေအပါး၊ အခိုင်းအစေအဖြစ် လိုက်ခဲ့မယ်”

“ကောင်းပြီ၊ ရှင်တို့ဟာ နတ်မင်းကြီးတွေမို့လို့ ရှင်တို့ရဲ့စကားတည်ပါစေနော်၊ မဟုတ်လို့ကတော့ နောက်မှကျုပ်နဲ့တွေ့မယ်”

သို့နှင့် မယ်ပျင်းနှင့် နတ်မင်းနှစ်ပါး နှစ်ယောက်တစ်ယောက် ပဆစ်ထပ်ပစ်ကြပြန်သည်။ လောင်းကစားဂုရုကြီးဖြစ်သည့် မမကြီးထံမှ နည်းလမ်းများကိုရရှိထားခဲ့သည့် မယ်ပျင်းကို နတ်မင်းနှစ်ပါး နိုင်အောင်မဆော့နိုင်ကြသဖြင့် နတ်မင်းနှစ်ပါးပါ ရှုံးနိမ့်သွားရသည်။ နောက်ဆုံးတော့ကျန်သည့်နတ်မင်းသုံးပါးနှင့် ထပ်မံဆော့ကစားပြန်သည်။ အကျဉ်းချုပ်၍ဆိုရသော် မယ်ပျင်းနှင့်နိုင်အောင်မကစားနိုင်ကြသဖြင့် နတ်မင်းခုနစ်ပါးစလုံး မယ်ပျင်းအောက်သို့ရှုံးနိမ့်ကုန်ကြသည်။

မယ်ပျင်းမှာ ကစားဝိုင်းခုံကြီးတွင် တင်ပါးလွှဲထိုင်လျှက် အောင်နိုင်သူအပြုံးနှင့် ထိုင်ကြည့်နေလေသည်။ နတ်မင်းခုနစ်ပါးမှာ မျက်စိမျက်နှာပျက်နေကြသည်။ ထိုအထဲမှ ကြေးနီရောင်အဆင်းရှိသည့် ဝရုအမည်ရ ဘီလူးမင်းမှာ သံလျက်ဓါးကိုဆွဲထုတ်လိုက်လေသည်။

“ဟေ့၊ မင်းလိုမလောက်လေးမလောက်စား လူသားတစ်ယောက်ရဲ့ အခိုင်းအစေတော့ အဖြစ်မခံနိုင်ဘူးကွ၊ အဲဒီအစား မင်းရဲ့အသည်းကိုခွဲ အူကိုဖောက်ပြီး မင်းကိုအစိမ်းလတ်လတ်ကိုက်သတ်စားပစ်မယ်”

ဘီလူးမင်းက အကြမ်းနည်းဖြင့်ဖြေရှင်းရန်ကြံစည်လိုက်သည့်အခါ ကျန်သည့်နတ်မင်းများမှာလည်း နတ်လက်နက်များကို အသီးသီးထုတ်လိုက်ကာ မယ်ပျင်းထံသို့ချိန်ရွယ်လိုက်လေသည်။

“နတ်မင်းတွေအပြစ်ပေးတာ ခံချင်ခံရပါစေတော့၊ ငါတို့အရှက်သိက္ခာကိုခွဲတဲ့ မင်းကိုငါတို့အရင်သတ်မယ်ဟေ့”

နတ်မင်းများမှာ မယ်ပျင်းထံသို့နတ်လက်နက်များဖြင့် ပစ်ခတ်လေသည်။ မယ်ပျင်းမှာ စားပွဲကြီးအပေါ်မှခုန်ရှောင်လိုက်သည့်အခါ စားပွဲကြီးအား နတ်လက်နက်များထိမှန်ကာ စားပွဲကြီးမှာအစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားလေသည်။

ထို့နောက်မယ်ပျင်းအား လိုက်လံပစ်ခတ်တိုက်ခိုက်ကြလေရာ မယ်ပျင်းက လှို့ဝှက်ဥယျာဉ်ကြီးအတွင်းလှည့်ပတ်ပြေးလွှားနေရသည်။ နတ်မင်းများ၏တိုက်ခိုက်မှုများက လှို့ဝှက်ဥယျာဉ်ကြီးအတွင်းရှိ ပန်းပင်များ၊ သစ်ပင်များကိုထိခတ်လေရာ ပန်းပင်များမှာ အစိတ်စိတ်အပိုင်းပိုင်းပျက်စီးကုန်ကြလေသည်။

“တော်ကြစမ်း၊ အားလုံးရပ်လိုက်ကြစမ်း”

လရောင်ကဲ့သို့ဖြူစင်ဝင်းလက်သည့်အလင်းရောင်ရှိသည့် နတ်မင်းကြီးတစ်ပါးမှာ မိုးကောင်းကင်မှဆင်းသက်လာလေသည်။ ထိုနတ်မင်းကြီးကိုတွေ့သည့်အခါ နတ်မင်းခုနစ်ပါးမှာ အရိုအသေပေးကြလေသည်။

“မောင်မင်းတို့ကို လှို့ဝှက်ဥယျာဉ်ကိုစောင့်ခိုင်းထားတာမဟုတ်လား ဘာဖြစ်လို့ လှို့ဝှက်ဥယျာဉ်ကိုဖျက်ဆီးနေကြတာလဲ”

ထိုအခါ ရွှေရောင်အဆင်းရှိသည့်နတ်မင်းက အရှေ့သို့တိုးသွားပြီး

“မှန်ပါနတ်မင်း လှို့ဝှက်ဥယျာဉ်ထဲကို ခိုးဝင်တဲ့အပြစ်သားကို အပြစ်ပေးနေကြတာပါ”

မယ်ပျင်းက ပုန်းအောင်းနေရာမှထွက်လာပြီး

“မဟုတ်ပါဘူးနတ်မင်းကြီး၊ ဒီနတ်မင်းတွေက ကျုပ်နဲ့ရှုံးတဲ့လူ အခိုင်းအစေဖြစ်ကြေးဆိုပြီး ပဆစ်ပစ်ကစားကြရင်း သူတို့ရှုံးတဲ့အတွက် ရှုံးမဲမဲပြီးအခုလိုလုပ်နေကြတာပါ”

လရောင်အဆင်းနှင့် နတ်မင်းကြီးမှာ လှို့ဝှက်ဥယျာဉ်ကြီးကို တစ်ချက်ကြည့်လိုက်လေသည်။ နတ်မျက်စိ နတ်နားနှင့် သုံးသပ်လေ့လာကြည့်ရှုသည်မို့ မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကို နတ်မင်းကြီးက အတိုင်းသားပြန်လည်မြင်တွေ့လိုက်လေသည်။

“မောင်မင်းတို့နှယ်၊ မိုက်လိုက်ကြတာ”

နတ်မင်းကြီးက ထိုသို့ရေရွတ်ပြီးသည့်နောက်

“ဘာပဲပြောပြော လောင်းကစားဆိုတာ ကြိုက်ကြေးကစားကြတာပဲ၊ မင်းတို့ လောင်းကြေးကိုမကြိုက်ရင် ကစားပွဲကိုမဆော့ဘဲနေခွင့်ရှိတယ်၊ အခုက ကြိုက်ကြေးဆော့ကြပြီး မင်းတို့ရှုံးခါမှ ဟောဒီမိန်းကလေးကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်ဖို့ကြိုးစားတယ်ဆိုတာ ရှက်ဖွယ်အတိဖြစ်တယ်၊ တကယ်လို့ ဒီမိန်းကလေးသာ ဒီအမှုကိုနတ်မင်းတွေဆီတိုင်တန်းရင် မင်းတို့ဘာဖြစ်ကြမယ်ထင်ကြသလဲ”

နတ်မင်းကြီးက ငေါက်ငမ်းလိုက်သည့်အခါမှ ကျန်သည့်နတ်မင်းများမှာ ငြိမ်ကျသွားသည်။

“ဒီတော့ မင်းတို့ရဲ့စကားတည်ကြဖို့ ငါမေတ္တာရပ်ခံချင်ပါတယ်၊ ဘယ်သူမပြုမိမိအမှုဆိုသလို မင်းတို့လုပ်ရပ်ရဲ့အကျိုးကို မင်းတို့ပြန်ခံစားရတာပဲ”

နတ်မင်းခုနစ်ပါးမှာ ထိုနတ်မင်းကြီးကို ကန်တော့လိုက်ကြလေသည်။ ပြီးသည့်နောက် အရိပ်သခင်မှာမိုးပေါ်သို့တစ်ချက်ကြည့်လိုက်ပြီးနောက် ခုန်ပျံတက်သွားလေသည်။ မိုးပေါ်အရောက်တွင် အနက်ရောင်အခိုးအငွေ့များအဖြစ်သို့ပြောင်းလဲသွားကာ မယ်ပျင်းထံသို့တန်းတန်းမတ်မတ်ပျံသန်းလာပြီး မယ်ပျင်း၏ ဝမ်းဗိုက်ကိုထိုးဖောက်ဝင်ရောက်သွားသည်။ မယ်ပျင်း၏ ချက်အလယ်တည့်တည့်ဝမ်းကြာတိုက်ဝယ် အရိပ်နန်းဆောင်တည်ဆောက်ပြီးထိုအရိပ်နန်းဆောင်အတွင်း စံမြန်းနေလေတော့သည်။ အရိပ်သခင်ဝင်သွားပြီးသည်နှင့် မယ်ပျင်း၏ ညာဘက်နားရွက်တွင် အနက်ရောင်အဆင်းရှိသည့် အမောက်ချွန်ကြီးတစ်ခုပေါ်ပေါက်လာလေသည်။

ထိုနည်းအတိုင်း ကျန်သည့်နတ်မင်းခြောက်ပါးတို့သည် မယ်ပျင်း၏ ဝမ်းကြာတိုက်တွင် နန်းဖွဲ့ကာ နေထိုင်ကြလေရာ နတ်မင်းတစ်ပါးဝင်ရောက်သွားသည့်အခါတိုင်း မယ်ပျင်း၏ဦးခေါင်းပေါ်တွင် အမောက်များပေါ်ပေါက်လာခဲ့သည်။ နတ်မင်းခုနစ်ပါး ဝင်ရောက်သွားပြီးသည့်အခါ မယ်ပျင်း၏ ဦးခေါင်းပေါ်တွင် အမောက်ငါးခုရှိကာ နားရွက်နှစ်ဘက်တွင် အမောက်တစ်ခုစီနှင့် စုစုပေါင်းအမောက်ခုနစ်ခု ပေါက်သွားတော့သည်။

လရောင်အဆင်းနှင့် နတ်မင်းက ဝမ်းဗိုက်ထဲတွင်နေထိုင်ကြသည့် နတ်မင်းများကိုကြည့်လိုက်ကာ

“အခုဆိုရင် အမောင်တို့ဟာ ဟောဒီမိန်းကလေးရဲ့ ဝမ်းကြာတိုက်မှာ နန်းဆောင်ဆောက်နေထိုင်ပြီး ဟောဒီမိန်းကလေးနဲ့ မခွဲခြားနိုင်ဘဲတစ်သားတည်းဖြစ်သွားကြပြီ၊ ဒီမိန်းကလေးရဲ့ ကောင်းကျိုးဆိုးမွေကို မင်းတို့အေးအတူပူအမျှခံစားကြရမယ်၊ မင်းတို့ဟာ ဒီမိန်းကလေးနဲ့ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလိုတစ်ယောက်နဲ့တစ်ယောက် မှီခိုနေကြရပြီ၊ ပြီးတော့ မင်းတို့ပေးထားတဲ့ ကတိစကားအရရော ဒီမိန်းကလေးတစ်သက်လုံး မင်းတို့စောင့်ရှောက်ကြရမယ်”

နတ်မင်းကြီးက မှာကြားသွားပြီးသည့်နောက်တွင် မယ်ပျင်းကအရှေ့သို့တက်လိုက်ပြီး

“နောက်ပြီး နတ်မင်းကြီးဆီကတစ်ခုလောက်တောင်းဆိုစရာရှိတယ်”

နတ်မင်းကြီးက ခေါင်းညိတ်ပြသည်။ မယ်ပျင်းက ပျက်စီးနေသည့် ဥယျာဉ်အတွင်းမှ ပန်းသာကီနွယ်ပင်ကိုလက်ညှိုးထိုးပြလိုက်ကာ

“အဲဒီအပင်ရဲ့ဥလေးလိုချင်ပါတယ်”

နတ်မင်းကြီးက ခေါင်းညိတ်လိုက်သည့်အခါ မယ်ပျင်းက ပန်းပင်ဥကိုတူးယူလိုက်ပြီး ဘေးဘီသို့တစ်ချက်ကြည့်လိုက်ကာ ဒေါက်ဒေါက်ဒေါက်ဟုသုံးချက်ရေရွတ်လိုက်သည့်အချိန် လက်ကြီးတစ်ဖက်က မယ်ပျင်း၏လည်ကုပ်အားဆွဲခေါ်သွားကာ မယ်ပျင်းကိုင်လာသည့် အံဆွဲပုံးကလေးအတွင်းသို့ ဆွဲထည့်သွားလေတော့သည်။

“မယ်ပျင်း အောင်မြင်ပြီ၊ ညည်းလုပ်တာ အောင်မြင်ခဲ့ပြီ”

မမကြီးမှာ တဖွဖွရွတ်ဆို၍မဆုံးတော့ပေ၊ ဘိုးတူးက မယ်ပျင်းယူလာသည့်ဆေးပင်ဥနှင့် ဆေးတစ်ခွက်ကိုချက်ချင်းပင်ဖော်စပ်နေလေသည်။ ထိုသို့ဖော်စပ်ပြီးသည့်အခါ ထိုဆေးရည်ကို မမကြီးကကောက်ယူလိုက်သည်။

“မမကြီး၊ ဆေးရည်ကိုသောက်မယ်ဆိုရင် ကြည့်မှန်ကြီးရဲ့အရှေ့မှာ သောက်သုံးရမယ်လို့ ဆေးညွှန်းထဲမှာပါပါတယ်”

မမကြီးက နံရံပေါ်မှ ကြည့်မှန်ကြီးအရှေ့တွင်မတ်တပ်ရပ်လိုက်ပြီးသည့်နောက် ဆေးခွက်ကိုသောက်သုံးလိုက်လေသည်။ ဆေးသောက်သုံးပြီးမကြာခင်မှာပင် ကြည့်မှန်အတွင်းမြင်တွေ့နေရသည့် အလွန်လှပကျော့ရှင်းသည့် မမကြီးပုံရိပ်က အပြင်သို့တိုးထွက်လာပြီးနောက် ကြည့်မှန်အတွင်းတွင်တော့ အလွန်ရုပ်ဆိုးသည့် မမကြီး၏ပုံရိပ်မှာထင်ကျန်နေလေသည်။ မမကြီးမှာ မိမိကိုယ်ကိုမယုံနိုင်သေးသဖြင့် မျက်နှာများကိုပွတ်သပ်ကြည့်နေလေသည်။

“ဟဲ့ မယ်ပျင်း ဘယ်လိုလဲဟဲ့ ငါကြည့်ကောင်းရဲ့လား”

မယ်ပျင်းမှာ အံ့အားသင့်နေသဖြင့် ပြန်မဖြေမိပေ။

“ဘိုးတူး ကြည့်စမ်းပါအုံး ငါ့ရုပ်ဘယ်လိုဖြစ်သွားပြီလဲ”

ဘိုးတူးမှာ ပါးစပ်အဟောင်းသားနှင့်ကြည့်နေရာမှ

“မမကြီးရဲ့ရုပ်ရည်ဟာ ကျုပ်တို့တစ်ခါမှ မမြင်ဖူးအောင်ကိုပဲ လှပကျော့ရှင်းပြီး ရှုမငြီးဖွယ်ဖြစ်နေကြောင်းပါ”

မမကြီးမှာ ပျော်မြူးပြီးအခန်းအတွင်းလှည့်ပတ်ကခုန်နေလေသည်။

“လွတ်ပြီ၊ ငါလည်းရုပ်ဆိုးဘဝကလွတ်ပြီ၊ နင်လဲကျွန်ဘဝကလွတ်ပြီ၊ အားလုံးလည်းလွတ်မြောက်သွားပြီ”

ထို့နောက် မမကြီးမှာ စားသောက်ဆိုင်ကြီးအတွင်းသို့ဆင်းသက်လာသည်။ စားသောက်ဆိုင်အတွင်းမှ ဝန်ထမ်းများကိုတစ်ချက်ကြည့်လိုက်ပြီးနောက် စုဝေးခိုင်းလိုက်လေတော့သည်။ ဝန်ထမ်းများမှာ မမကြီးအနားတွင် လာရောက်စုဝေးကြသည်။

“ဒီနေ့ကစပြီး မင်းတို့အားလုံးလွတ်လပ်သွားပြီ၊ ငါ့ဆိုင်မှာ မတရားအလုပ်လုပ်နေစရာမလိုတော့ဘူး မင်းတို့သွားချင်တဲ့အရပ်ကိုသွားကြတော့”

ဝန်ထမ်းများမှာ မယုံကြည်နိုင်သေးဘဲ ငေးကြောင်ကြည့်နေလေသည်။ ဘိုးတူးက ဝန်ထမ်းများကိုကြည့်လိုက်ရင်း

“မင်းတို့ဘာငေါင်နေတာလဲ ဒါအိပ်မက် မက်နေတာမဟုတ်ဘူးကွ၊ မမကြီးကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ကြလေ”

ထိုတော့မှ ဝန်ထမ်းများမှာ ဝမ်းသာအားရအော်ဟစ်ကြကာ ဆိုင်အပြင်သို့ပြေးထွက်ကုန်ကြလေသည်။ သို့သော် ငမျက်ပြူးနှင့်ဝန်ထမ်းအချို့မှာတော့ ကျန်နေရစ်ခဲ့လေသည်။ မယ်ပျင်းက ထိုလူများကိုကြည့်လိုက်ရင်း

“မင်းတို့က မသွားဘူးလား”

“ငါတို့မှာ ဒီနေရာကလွဲလို့ သွားစရာမရှိဘူး၊ ဒီကနေ ငါတို့ဘယ်ကိုသွားရမှာလဲ”

ဘိုးတူးကလည်း ခေါင်းညိတ်လိုက်လေသည်။

“ဟုတ်တယ်မမကြီး၊ မမကြီးကသာ သွားဆိုပေမယ့် ဟောဒီဆိုင်ကြီးက ကျုပ်ရဲ့အိမ်ဖြစ်နေပြီ၊ ဟောဒီဝန်ထမ်းတွေက ကျုပ်ရဲ့ဆွေမျိုးသားချင်းတွေလိုဖြစ်နေပြီ၊ မမကြီးထွက်သွားခိုင်းပေမယ့် ကျုပ်ကတော့ ဒီမှာပဲနေဖို့ဆုံးဖြတ်လိုက်ပြီ၊ ကျုပ်ဒီကနေ လုံးဝထွက်မသွားဘူး”

“ဟဲ့အရူးတွေ၊ နင်တို့နေချင်ရင်လည်း နေခဲ့ကြ”

မမကြီးမှာ အခန်းပေါ်သို့ပြန်တက်ရန်လုပ်နေရာ မယ်ပျင်းက မမကြီးလက်ကိုဆွဲထားသည်။

“ဒါနဲ့ မမကြီးက ဘယ်ကိုသွားမလို့လဲ”

“ဘယ်ကိုသွားရမလဲ ငါ့ရုပ်ငါ့ရည်ကို ပြန်ရပြီဆိုတော့ ငါနေခဲ့တဲ့ ဝိနာသကတောင်ကြီးအခြေက သမုဒ္ဒရာကြီးဆီပြန်သွားမယ်၊ ပြီးတော့ ငါ့တိုင်းပြည်ငါပြန်သွားပြီး ငါရပိုင်ခွင့်ရှိတဲ့အဆောင်အယောင်ရာထူးတွေကို သွားပြီးပြန်သိမ်းရမှာပေါ့အေ့”

မမကြီးမှာအခန်းအပေါ်သို့တက်သွားလေသည်။ မယ်ပျင်းက တားဆီးချင်သော်လည်း ဘိုးတူးက မယ်ပျင်းလက်ကို လှမ်းဆွဲထားသည်။

“မတားနဲ့မယ်ပျင်း၊ မမကြီးတကယ်လုပ်ချင်တဲ့အရာကို မင်းတားဆီးလို့မရဘူး”

“ဒါပေမယ့်လည်း ဆိုင်နဲ့ဒီလူတွေရှိနေသေးတဲ့ဥစ္စာ ဒီလိုထွက်သွားလို့ကောင်းပါ့မလား”

“သူလည်း သူ့အတွေးနဲ့သူပေါ့မယ်ပျင်းရဲ့၊ ဒါနဲ့ မင်းရောဘယ်အချိန်သွားမလဲ၊ ဘယ်ကိုသွားမလဲ”

မယ်ပျင်းမှာ အနောက်မယ်တော်ကိုသတိရလိုက်သည်။

“အနောက်မယ်တော်ဆီပြန်မယ်၊ အဲဒီမှာလုပ်စရာလေးတွေရှိနေသေးတယ်၊ မနက်ဖြန် မနက်စောစောလောက် ကျွန်မဒီကနေထွက်သွားတော့မယ်”

မမကြီးဦးစီးမှုမရှိတော့သော်လည်း ထိုညက စားသောက်ဆိုင်ကြီးကို ပုံမှန်အတိုင်းဖွင့်လှစ်ခဲ့သည်။ နောက်တစ်နေ့မနက်ရောက်သည့်အခါ မယ်ပျင်းက စားသောက်ဆိုင်မှ ဝန်ထမ်းများကိုနှုတ်ဆက်ပြီးထွက်ခွာရန်ပြင်ဆင်နေလေသည်။ ထိုအချိန် လှေကားခုနစ်စင်း၏ အလယ်အကျဆုံးလှေကားမှ မမကြီးက ဆင်းသက်လာသည်။ မမကြီး၏လက်တွင်လည်း အထုပ်အပိုးများကိုလက်နှစ်ဖက်အပြည့်ဆွဲကိုင်လာသည်။

“နောက်ဆုံးတော့ မမကြီးထွက်သွားတော့မှာပေါ့”

မမကြီးက ဝန်ထမ်းများကိုပင်တစ်ချက်လှည့်မကြည့်ဘဲ လမ်းသာဆက်လျှောက်လာခဲ့သည်။ ဟော်နန်းစားသောက်ဆိုင်ကြီး၏ အဝင်ဝသို့ရောက်သည့်အခါ လက်ထဲမှအထုပ်နှစ်ထုပ်ကို အပြင်သို့ပစ်လွတ်လိုက်လေသည်။ ပြီးနောက် မမကြီးက ပြန်လှည့်လာသည်။ မယ်ပျင်းတို့မှာကြည့်နေရင်း

“မမကြီး မသွားဘူးလား”

“ဟဲ့ ငါကဘယ်ကိုသွားရမှာလဲ”

“မမကြီးပဲ ကိုယ့်တိုင်းပြည် ကိုယ်ပြန်မယ်ဆို”

“အောင်မာ၊ ဒီနေရာက ငါ့နေရာ၊ ဒီဆိုင်ကငါ့ဆိုင်၊ ဒီဆိုင်ကိုငါပိုင်တယ်လေ၊ ငါကဘယ်ကိုထွက်သွားရမှာလဲ”

မမကြီးကိုကြည့်ကာ မယ်ပျင်းတို့မှာ ဝိုင်းဝန်းရယ်မောလိုက်ကြလေသည်။ မမကြီးက မယ်ပျင်းကိုပွေ့ဖက်လိုက်ကာ

“မယ်ပျင်း မင်းက ငါတွေ့ဖူးသမျှမိန်းကလေးတွေထဲမှာ သတ္တိအကောင်းဆုံးနဲ့အရဲရင့်ဆုံးမိန်းကလေးပါပဲကွယ်”

မယ်ပျင်းအားနှုတ်ဆက်ပြီးသည့်အခါ မယ်ပျင်းမှာ ဟော်နန်းစားသောက်ဆိုင်ကြီးထံမှ ထွက်ခွာလာခဲ့လေသည်။ မယ်ပျင်းမှာ အနောက်မယ်တော်ထံသို့ ချက်ချင်းမပြန်သေးဘဲ မမူရာနေထိုင်သည့် ရေခဲဖန်လှိုဏ်ဂူကြီးဆီသို့ရောက်လာခဲ့သည်။ မမူယာမှာ မယ်ပျင်းအားတွေ့သည့်အခါ အလွန်ထိတ်လန့်သွားသည်။

“ဘယ်လိုလဲ မင်းရွှေပြားတစ်ရာရလာခဲ့ပြီလား”

“ရွှေပြားမလိုတော့ဘူး အခုတော့ ကျုပ်ရဲ့အရိပ်ရော၊ စွမ်းအားတွေပါ ရလာခဲ့ပြီမမူယာ၊ တကယ်ဆိုရင် အဲဒီကတည်းက ရှင်ကျုပ်ကို အမှန်အတိုင်းပြောခဲ့ရမှာ”

မယ်ပျင်းက အရှေ့ကပ်လာသဖြင့် မမူယာမှာ အလွန်ထိတ်လန့်နေလေသည်။

“ရှင်ဟာ လောင်းကစားသမားပဲ၊ ကျုပ်ရဲ့အရိပ်ကို အပေါင်အနေနဲ့အပေါင်ထားရင်း အရိပ်သခင်ဆီမှာဆုံးသွားခဲ့တာမဟုတ်လား”

“ငါ . . .ငါတောင်းပန်ပါတယ်”

“ပြီးတော့ ကျုပ်ကိုလိမ်ပြီး ရွှေပြားတွေရှာခိုင်းတယ်၊ ဟိုသူဖုန်းစားကိုအသုံးချပြီး ကျုပ်ကိုတစ်သက်လုံး ဟော်နန်းမှာပိတ်မိနေအောင် ရှင်လုပ်တာမဟုတ်လား”

မမူယာမှာတုန်ယင်နေလေသည်။

“ရှင့်ကိုကျုပ်အရှင်မထားဘူး”

“မင်း . . မင်းစိတ်ကိုထိန်းပါ၊ မင်းငါ့ကိုသတ်လို့မရဘူး၊ မင်းငါ့ကိုသတ်လိုက်ရင် ဟောဒီဂူကြီးထဲကလူတွေကိုဘယ်သူက စောင့်ကြည့်တော့မှာလဲ”

“ကျုပ်မသတ်ပါဘူး မမူယာ၊ ကျုပ်က ရှင့်ရဲ့လိမ်ပြောတတ်တဲ့အရာကလေးကိုပဲ ဖျက်ဆီးဖို့လာတာ”

မယ်ပျင်းက မမူယာကိုလက်ညှိုးထိုးလိုက်ရင်း

“ကဲ ကျုပ်ရဲ့ကိုယ်တွင်းက နတ်မင်းတွေထွက်လာခဲ့၊ မမူယာကိုဖမ်းချုပ်ပြီး နောက်နောင်ဘယ်သောအခါမှ လိမ်မပြောနိုင်အောင်လို့ သူ့ရဲ့လျှာကို ယတိပြတ် ဖြတ်ပေးလိုက်ကြစမ်း”

မယ်ပျင်းပြောလိုက်သည်နှင့် မယ်ပျင်းခန္ဓာကိုယ်အတွင်းမှ နတ်မင်းများက ပျံဝဲထွက်ပေါ်လာကာ မယ်ပျင်းပြောသည့်အတိုင်း မမူယာကို စီရင်ကြလေတော့သည်။

ပဆစ်ပစ်ကစားနည်းမှာ ယခုအခါတွင် အနောက်နိုင်ငံမှ ဖဲကစားနည်းများ၊ ဂျင်ကစားနည်းများကြားတွင် တိမ်ကောသွားပြီဖြစ်သော်လည်း ယခင်က မြန်မာပြည်အလယ်ပိုင်းဒေသ ကျေးရွာများရှိ ဒေသခံများမှာ မက်မက်မောမောဆော့ကစားခဲ့ကြသည့်အရာဖြစ်သည်။ ပဆစ်ပစ်ကစားနည်းကို ယောက်ျားများထက် မိန်းမများက ပိုမိုဆော့ကစားလေ့ရှိသည်။ ထိုသို့ပဆစ်ဆော့ကစားရာတွင် အနိုင်ရရှိလိုသူများသည် ပဆစ်ကစားနည်းတွင် တစ်ဖက်ကမ်းခတ်တတ်သည့် ဒေါ်ပျင်းအား ကိုးကြသည်ဟုဆိုသည်။

အလောင်းအစားကြေးများသည့် ပွဲမျိုးမဆော့ခင်တွင် အိမ်တွင်ကြက်ဥနှင့်မြှောက်၍ဖြစ်စေ၊ ပြောင်းဖူးဖက်ဆေးလိပ်၊ အိမ်လုပ်ဆေးလိပ်များဖြင့် တင်မြှောက်၍ဖြစ်စေ ပဆစ်ကစားပွဲတွင်အနိုင်ရစေရန် ကိုးကြသည်။ ထိုသို့တင်မြှောက်ထားသည့် ဆေးလိပ်အား ခဲ၍ဆော့ကစားခြင်း၊ တင်မြှောက်ထားသည့်ဆေးလိပ်အား နားရွက်ကြားညှပ်ထားခြင်းအားဖြင့် ဒေါ်ပျင်းကြီးစောင့်ရှောက်သည်ဟုယူဆကြကာ ပဆစ်ပွဲများတွင် အနိုင်ရလေ့ရှိသည်ဟု ယုံကြည်သူများက ယုံကြည်တတ်ကြလေသည်။