စာစဉ်(၅၆)
(၁)
မယ်ပျင်းမှာ ဟိမဝန္တာတောင်ပေါ်မှပြန်ဆင်းလာခဲ့လေသည်။ နေ့အချိန်တွင်တော့ သာမန်အရပ်သူတစ်ဦးအသွင်ဖြင့် လမ်းလျှောက်ခရီးဆက်သော်လည်း ညအချိန်ရောက်သည့်အခါတွင် ပညာဖြင့်ပျံသန်းကာ ခရီးဆက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင်လည်း ပညာသည်များနှင့်တွေ့ဆုံကာ ပညာသည်များက မယ်ပျင်းအား အနောက်အရပ်ဆီသို့ လမ်းညွှန်ပေးကြသည်။ ကျေးရွာကလေးများရှိ ပညာသည်များမှာ အများအားဖြင့် အနောက်မယ်တော်၏ အထောက်တော်များဖြစ်သည်မို့ မယ်ပျင်းအမည်ရမိန်းကလေးတစ်ဦးပြန်လာကြောင်းကို အနောက်မယ်တော်ထံသို့သတင်းပေးကြလေသည်။
မယ်ပျင်းမှာ နေ့အချိန်သို့ရောက်သည့်အခါ ခရီးသွားများအသုံးပြုလေ့ရှိသည့် ဇရပ်တစ်ဆောင်တွင်ထိုင်ကာ စုန်းပညာရပ်များကိုဆည်းပူးလေ့ကျင့်နေမိသည်။ ထိုစဉ် မယ်ပျင်း၏ ဝမ်းဗိုက်အတွင်းမှ ခေါ်သံများကိုကြားရသည်မို့ စိတ်ကိုဝမ်းဗိုက်အတွင်းသို့စူးနှစ်ဝင်လိုက်သည့်အခါတွင်တော့ နတ်မင်းခုနစ်ပါးနေထိုင်ကြသည့် နန်းဆောင်ကြီးများအလယ်သို့ရောက်သွားသည်။ နတ်မင်းများမှာ နန်းဆောင်အတွင်း ပလ္လင်အသီးသီးနှင့်ထိုင်နေကြလေသည်။
“ကျုပ်ကိုဒီကိုခေါ်တာ ဘာအကြောင်းရှိလို့လဲ”
“မင်းကိုယ်ထဲမှာ ငါတို့နေထိုင်ကြတယ်ဆိုတော့ မင်းရဲ့စိတ်နဲ့ မင်းရဲ့ဘဝဖြစ်စဉ်တွေတော်တော်များများကို ငါတို့သိပြီးပြီ”
“အဲဒါဘာဖြစ်လဲ”
“အနောက်မယ်တော်ဆိုတာလည်း မင်းကိုသိပ်ကောင်းနေတယ်လို့မထင်လိုက်နဲ့ တကယ်က သူက မင်းကိုအသုံးချချင်နေတာ”
“ရှင်တို့က နတ်မင်းတွေဖြစ်ပြီး ကုန်းတိုက်တတ်သားပဲ”
“ငါတို့က မင်းရဲ့ကိုယ်ထဲမှာနေတဲ့အတွက် ဘယ်သူ့ဘက်မှမလိုက်ဘဲ မင်းရဲ့ဘက်ကိုပဲလိုက်ပြီးတော့ ပြောတာပဲ၊ ငါတို့ပြောရတယ်ဆိုတာ မင်းကောင်းဖို့ပဲ”
“မေမေကြီးက ကျုပ်အပေါ်ကောင်းပါတယ်၊ ဘာဖြစ်လို့ ရှင်တို့က စွပ်စွဲချင်တာလဲ”
“ပထမဆုံးကတော့ မင်းကိုသူခေါ်လာခဲ့တဲ့အကြောင်းအရင်းကနေ စတင်ရလိမ့်မယ်၊ မင်းအရှေ့မယ်တော်နဲ့ တိုက်ခိုက်ရင်း သေမလိုဖြစ်နေတဲ့အချိန် သူကမင်းကိုကယ်တင်ခဲ့တယ်မဟုတ်လား”
“ဟုတ်တယ်လေ အဲဒါဘာဖြစ်လဲ”
“သူရောက်လာတာ အချိန်ကိုက်လွန်းတယ်လို့မထင်ဘူးလား၊ ဆိုလိုချင်တာက မင်းကိုသူက တကယ်ချစ်မြတ်နိုးတယ်ဆိုရင် မင်းရဲ့ချစ်မြတ်နိုးတဲ့လူတွေကိုလည်း ကယ်တင်ရမှာမဟုတ်လား၊ သူသာစောစောရောက်လာခဲ့တယ်ဆိုရင် သူကြီးတို့၊ ဗိုလ်ကျော်စွာတို့၊ မင်းသိပ်ချစ်တဲ့ မင်းရဲ့ဘွားဘွားတို့ကို အရှေ့မယ်တော်က ရက်ရက်စက်စက်သတ်ဖြတ်လိုက်တာကို ကယ်တင်နိုင်မယ်မဟုတ်လား”
မယ်ပျင်းမှာ ထိုအဖြစ်အပျက်များကိုပြန်လည်တွေးတောမိသွားသည့်အခါ စိတ်အားငယ်သွားသကဲ့သို့ စိတ်ထဲဒေါသလဲဖြစ်မိသွားသည်။
“နောက်တော့ မင်းအမေကျန်တယ်လေ၊ တကယ်မင်းကိုချစ်လို့ကယ်တင်ချင်တယ်ဆိုရင် မင်းအမေကိုလည်း အနောက်အရပ်ကိုသူ့သြဇာအာဏာနဲ့ ခေါ်ယူလို့ရတယ်မဟုတ်လား၊ ဒါပေမယ့် သူကမင်းတစ်ယောက်တည်းကို ရွေးချယ်သွားခဲ့တယ်၊ မင်းရဲ့အမေကို အရှေ့မယ်တော်လက်ထဲမှာပဲထားခဲ့ပြီး မင်းတစ်ယောက်တည်းကိုပဲ ကယ်ထုတ်သွားခဲ့တယ်မဟုတ်လား”
“သူက အမေ့ကိုကယ်ထုတ်ဖို့ မစွမ်းဘူးလို့ပြောခဲ့တာပဲလေ”
“အလကားပါ၊ သူ့လိုလူတစ်ယောက်က မင်းရဲ့အမေကို အရှေ့အရပ်ကနေ အနောက်အရပ်ကိုခေါ်လို့မရဘူးဆိုတာ ဖြစ်နိုင်ရဲ့လား၊ သူ့စကားကိုမင်းယုံရဲ့လား”
မယ်ပျင်းစိတ်ထဲ သံသယများက ကြီးထွားလာလေသည်။
“အဲဒါဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့ သူက ကျုပ်ကိုပဲကယ်တင်ခဲ့တာလဲ”
“ရှင်းရှင်းကလေးပါမယ်ပျင်းရယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူလိုချင်တာ မင်းတစ်ယောက်ပဲလေ၊ သူအသုံးချချင်တာမင်းပဲ၊ ဒါကြောင့် မင်းနဲ့ပတ်သက်တဲ့ တခြားသူတွေကို သူမလိုအပ်ဘူး၊ တခြားလူတွေကို သေသေကျေကျေဆိုပြီး သူကရပ်ကြည့်နေခဲ့တယ်”
“သူက ဘာကိုအသုံးချချင်တာလဲ”
“ငါတို့ထင်သလောက်တော့ သူ့မှာလည်း သူမကြိုက်တဲ့လူတွေ၊ စုန်းတွေ၊ ပညာသည်တွေရှိလိမ့်မယ်၊ ဒါပေမယ့် သူကမယ်တော်တာဝန်ကိုယူထားရတာဆိုတော့ အဲဒီလူတွေကို ပြင်းပြင်းထန်ထန်အပြစ်ပေးတာမျိုးလုပ်လို့မရဘူး၊ ဒါကြောင့် သူမဟုတ်တဲ့လူတစ်ယောက်လိုတယ်၊ အဲဒါကမင်းပဲ၊ သူကမင်းကိုအသုံးချပြီး သူနဲ့ရန်ငြိုးရန်စရှိတဲ့လူတွေ၊ သူမကြိုက်တဲ့အဖွဲ့အစည်းတွေကို မင်းကိုရှင်းခိုင်းမှာပဲ”
“အဲဒါတော့ သူလည်းတစ်ခါပြောဖူးတယ်”
“မင်းသာ သူ့အကြိုက်လိုက်နေမယ်ဆိုရင် မင်းကသူ့အတွက် လူပေါင်းများစွာကိုသတ်ဖြတ်သုတ်သင်ပေးရလိမ့်မယ်၊ အနောက်အရပ်ရဲ့စုန်းလောကမှာ မင်းကြောင့်အရှုပ်အထွေးတွေအများကြီးဖြစ်ရလိမ့်မယ်၊ နောက်ဆုံးသူမင်းကို မလိုအပ်တဲ့အခါမှာ စုန်းလောကရဲ့အမှိုက်တစ်ခုကို ရှင်းထုတ်ရပါတယ်လို့ခေါင်းစဉ်တပ်ပြီးတော့ မင်းကိုသူ့လက်နဲ့ပဲဖမ်းဆီးပြီးတော့ ဖျက်ဆီးပစ်မှာ အမှန်ပဲမယ်ပျင်း”
“မဖြစ်နိုင်ဘူး၊ ရှင်တို့ပြောတာတွေ မဖြစ်နိုင်ဘူး”
“မဖြစ်နိုင်ဘူးထင်ရင် မင်းဆက်စောင့်ကြည့်လိုက်ပေါ့မယ်ပျင်းရာ၊ ဒါပေမယ့် အချိန်အကြာကြီးတော့စောင့်လို့မရဘူး၊ တကယ်လို့ မင်းက သူရိုက်သွင်းထားတဲ့အတွေးတွေ ခေါင်းထဲရောက်ပြီး သူ့လူဖြစ်သွားတယ်ဆိုရင်တောင် မင်းကိုငါတို့က နည်းမျိုးစုံနဲ့တားဆီးရလိမ့်မယ်”
“တော်စမ်းပါ၊ ရှင်တို့ဆက်မပြောကြပါနဲ့တော့”
မယ်ပျင်းမှာ နားနှစ်ဖက်ကိုလက်ဖြင့်အုပ်ကာ အော်ဟစ်လိုက်လေသည်။
“မင်းလုပ်ရမှာကတော့ အရှေ့အရပ်ကိုပြန်ရမယ်၊ အဲဒီမှာ မင်းအမေရှိတယ်၊ မယ်ယမင်းရဲ့လက်ထဲမှာ မင်းအမေဘာဖြစ်နေပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးမဟုတ်လား”
မယ်ပျင်းမှာ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး
“ဟုတ်တယ်၊ အရင်က မပြီးပြတ်ခဲ့သေးတဲ့ ကိစ္စတစ်ခုကိုပြန်အကောင်အထည်ဖော်ရမယ်”
မယ်ပျင်းမှာ ဟိမဝန္တာတောင်ပေါ်မှပြန်ဆင်းလာခဲ့ရင်း အနောက်အရပ်အဝင် ချောင်းကလေးတစ်ခုကိုဖြတ်ကျော်ခါနီးအချိန်တွင် ကျားစီးထားသည့် အနောက်မယ်တော်က တစ်ဖက်ကမ်းတွင်ဆီးကြိုနေလေသည်။ မယ်ပျင်းအား တွေ့သည့်အခါ အနောက်မယ်တော်က နှစ်လိုဖွယ်အပြုံးနှင့် ပြုံးပြလေသည်။
“မယ်ပျင်း၊ ညည်းပြန်လာပြီလား”
မယ်ပျင်းမှာ အသက်မပါသည့်အပြုံးတစ်ခုနှင့်ပြုံးလိုက်ကာ ချောင်းကိုခုန်ကျော်လိုက်ကူးလိုက်လေသည်။ မောင်ပိုနှင့် မယ်အိုကပါ မယ်ပျင်းအားပွေ့ဖက်ကာကြိုဆိုကြသည်။ မယ်အိုက မယ်ပျင်းအားပွေ့ဖက်လိုက်ကာ
“မယ်ပျင်းလေး၊ ညည်းတောင်တော်တော်ကြီးလာပါပေါ့ အခုဆိုအပျိုကြီးလုံးလုံးဖြစ်နေပါပေါ့လား”
မောင်ပိုက မယ်ပျင်းအားပွေ့ဖက်ချင်သော်လည်း လက်တွန့်သွားလေသည်။
“မယ်ပျင်း ညည်းကိုငါဖက်တော့ဖက်ချင်တယ်ဟ၊ ဒါပေမယ့် အခုညည်းက မိန်းမပျိုဖြစ်သွားပြီဆိုတော့ ဖက်လို့သင့်တော်ပါ့မလား”
ထိုအခါ မယ်ပျင်းက မောင်ပိုကိုပွေ့ဖက်လိုက်လေသည်။
“ဦးမောင်ပိုက သမီးအတွက်တော့ ဦးကြီးတစ်ယောက်လိုပါပဲ၊ ဘာဖြစ်လို့ မပွေ့ဖက်စရာအကြောင်းရှိမှာလဲ”
အနောက်မယ်တော်က မယ်ပျင်းအားကြည့်ပြီး
“မယ်ပျင်း၊ ညည်းက သူများတွေကိုဘဲ ပွေ့ဖက်နေတာပဲ၊ ဟောဒီက မေမေကြီးကိုရော အရင်လိုမပွေ့ဖက်တော့ဘူးလား”
မယ်ပျင်းမှာ မယ်တော်ဘက်သို့လှည့်လိုက်ပြီးနောက် မယ်တော်အားတင်းကျပ်စွာပွေ့ဖက်လိုက်သည်။ မယ်တော်နှင့်အတန်ကြာအောင်ပွေ့ဖက်နှုတ်ဆက်ပြီးသည့်နောက်
“သြော်၊ ဒါနဲ့ ကျန်တဲ့လူတွေရောမတွေ့ပါလား”
မယ်ပျင်းပြောလိုက်သည့်အခါ မောင်ပိုက ထူးဆန်းသွားသည်။
“နန်းဆောင်ကြီးမှာ မယ်တော်ရယ်၊ ငါရယ်၊ မယ်အိုရယ်ပဲရှိတာလေ တခြားသူက ဘယ်သူရှိရမှာလဲ”
ထိုအခါ မယ်အိုက မောင်ပိုခေါင်းကိုခေါက်လိုက်ပြီး
“သူမေးချင်တဲ့တခြားသူဆိုတာ မယ်ပွင့်ကိုပြောတာဟဲ့ မောင်ပိုရဲ့”
မောင်ပိုက ဦးခေါင်းကိုလက်နှင့်ပွတ်သပ်ကာ ရယ်မောနေရင်း
“မယ်ပွင့်က ငါတို့နဲ့အတူတူမနေတော့ဘူး၊ သူက စုန်းဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်သွားပြီဟ”
မယ်ပျင်းမှာ ကိုယ့်နားပင်ကိုယ်မယုံနိုင်လောက်အောင်ဖြစ်သွားသည်။ ယခင်က ပညာအရာတွင်အလွန်ညံ့ဖျင်းခဲ့သည့် မယ်ပွင့်မှာ ယခုအချိန်တွင် စုန်းဂိုဏ်းကြီးတစ်ခုကို ထိန်းကျောင်းထူထောင်နိုင်သည့် ဂိုဏ်းချုပ်တစ်ဦးဖြစ်သွားသည်ကို မယုံကြည်ချင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် မယ်တော်ထံသို့လှည့်ကြည့်လိုက်လေရာ မယ်တော်က ခေါင်းကိုအသာညိတ်ပြသည်။
“ကဲပါ မဟုတ်တာတွေပြောမနေနဲ့တော့၊ မယ်ပျင်းပြန်လာတာကို ကြိုဆိုတဲ့အနေနဲ့ ဒီနေ့ နန်းသုံးဆောင်မှာ ပျော်ပွဲရွှင်ပွဲကျင်းပမယ်၊ မယ်ပွင့်ကိုပါ အကြောင်းကြားပြီး ခေါ်လိုက်အေ”
မောင်ပိုမှာလက်ခုပ်လက်ဝါးတီးကာ ပျော်ရွှင်နေသည်။ မယ်တော်နှင့်မယ်ပျင်းမှာ မယ်အိုကိုစီးနင်းလျှက် ငယ်ငယ်ကနေထိုင်ခဲ့သည့် နန်းသုံးဆောင်ကြီးဆီသို့ပြန်လာခဲ့ကြသည်။
(၂)
နန်းသုံးဆောင်ကြီးဆီသို့ရောက်သည့်အခါ မယ်တော်မှာ လက်တစ်ချက်ဝှေ့ယမ်းလိုက်လေသည်။ ထိုအခါ ငွေရောင်နန်းဆောင်ပေါ်သို့ တက်ရောက်သည့်လှေကားကြီးတွင် အရောင်အသွေးစုံလင်လှသည့် နွယ်ပန်းပင်များက ချက်ချင်းပင်ပေါက်ရောက်ကြီးပြင်းလာကာ ပန်းပွင့်များဖူးပွင့်နေကြလေသည်။ ပန်းပွင့်များထံမှလည်း မွှေးပျံ့သင်းကြိုင်သည့် ပန်းရနံ့များစွာကလည်း ပျံ့သင်းထုံမွှေးနေလေတော့သည်။
နန်းဆောင်ကြီးလှေကားအတိုင်းတက်လာရင်း မယ်ပျင်းမှာတစ်ချိန်က ကလေးငယ်များနှင်စည်ကားခဲ့ဖူးသည့် အဖြစ်များကိုပြန်လည်တွေးနေမိသည်။ ငွေရောင်နန်းဆောင်ကြီးမှာလည်း ယခင်လိုမဟုတ်ဘဲ တိတ်ဆိတ်ခြောက်ကပ်နေလျှက်ရှိသည်။ မယ်ပျင်းက ငွေရောင်နန်းဆောင်ကြီးအလယ်သို့ရောက်သည့်အခါ ယခင်က အတူတူနေထိုင်ခဲ့သည့် ညီအမများကို ပြန်လည်သတိရလွမ်းဆွတ်လာမိသည်။
“ဘာလဲအရင်အတူတူနေခဲ့တဲ့ညီအမတွေကို ပြန်သတိရအောက်မေ့နေပြီမဟုတ်လား”
မယ်တော်မေးသည့်အခါ မယ်ပျင်းကခေါင်းညိတ်လိုက်လေသည်။
“အဲဒါဒေဝီဆိုတဲ့ကလေးမကြောင့်ပဲ၊ အဲဒီနောက်ပိုင်းကစပြီး ငါလည်းဘယ်ကလေးကိုမှ မွေးစားဖို့ဆန္ဒမရှိတာ အခုထိပဲ”
မယ်တော်က နန်းဆောင်ညာဘက်သို့ဝင်သွားသည့်အခါ မယ်ပျင်းလည်း နန်းဆောင်အတွင်းသို့လိုက်ဝင်ခဲ့လေသည်။ ထမင်းစားခန်းကြီးအတွင်းသို့အရောက်တွင် အလွန်ချောမောလှပသည့် မိန်းကလေးတစ်ဦးက မယ်ပျင်းအား စူးစူးစိုက်စိုက်ကြည့်နေလေသည်။ ထိုမိန်းကလေးမှာ ရွှေရောင်နှင့်အနက်ရောင်ခြုံထည်ကြီးကိုဝတ်ဆင်ထားပြီး ရုပ်ရည်ချောမောကာ ကိုယ်လုံးကိုယ်ပေါက်မှာလည်း အချိုးအစားပြေပြစ်လေသည်။
မယ်ပျင်းက သူ့အားစိုက်ကြည့်နေသည့် မိန်းကလေးကိုကြည့်ကာ
“နေပါအုံး နင်ကငါ့ကိုသိလို့လား”
ထိုမိန်းကလေးက မယ်ပျင်းအားရယ်ပြရင်း
“ဟဲ့ မယ်ပျင်း၊ နင်ငါ့ကိုမမှတ်မိတော့ဘူးလား”
မယ်ပျင်းမှာ ထိုမိန်းကလေး၏ရုပ်ရည်အားမျက်မှောင်ကြုတ်ကာ သေချာပုံဖမ်းကြည့်နေရသည်။ ကြည့်နေရင်း ထိုမိန်းကလေး၏ မျက်နှာမှာ တစ်ချိန်က မယ်ပွင့်၏မျက်နှာနှင့် ဆင်တူသည်ဟု ထင်လာမိလေသည်။ ထို့နောက် ထိုမိန်းကလေးကို လက်ညှိုးထိုးလိုက်ကာ
“နင် . . . နင် မယ်ပွင့်မဟုတ်လား”
“ကြည့်စမ်းမယ်ပျင်း နင်က မျက်မှောင်ကြီးကြုတ်ပြီး သေချာကြည့်တော့မှ ငါ့ကိုမှတ်မိတော့တာပဲ”
မယ်ပျင်းမှာ မယ်ပွင့်ထံသို့ပြေးသွားကာပွေ့ဖက်လိုက်လေသည်။ အတန်ကြာအောင်ပွေ့ဖက်ပြီးသည့်အခါမှ နှစ်ဦးသားတစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း
“မယ်ပွင့်၊ နင်တော်တော်ပြောင်းလဲသွားတာပဲ၊ တစ်ချိန်က ငါနဲ့သိတဲ့မယ်ပွင့်က ၀၀တုတ်တုတ်နဲ့ အချိန်ပြည့် စားဖို့လောက်ပဲခေါင်းထဲရှိနေတဲ့မယ်ပွင့်မဟုတ်လား”
“နင်လည်းပြောင်းလဲသွားတာပဲ မယ်ပျင်းရဲ့၊ တစ်သွေးတစ်မွေးနဲ့ လှလိုက်တာမယ်ပျင်းရယ် ငယ်ရုပ်တောင်မနည်းဖမ်းယူရတယ်”
မောင်ပိုက ပွဲတော်အုပ်ကြီးနှစ်ခုကို မယ်ပျင်းတို့အရှေ့တွင်ချပေးလိုက်သည်။
“ကဲ စကားပြောတာလည်းပြောတာပေါ့၊ စားတာလည်းစားကြအုံး၊ မယ်ပျင်းကြည့်ရတာ ဗိုက်ဆာနေပုံရတယ်”
“စားမှာပေါ့ ဦးမောင်ပိုရဲ့”
မောင်ပိုက ဟင်းလေးအိုးကြီးကိုင်ရင်း
“ကဲ မယ်ပျင်း၊ နင်ဘာစားချင်သလဲဆိုတာငါသိတယ်”
မောင်ပိုက အိုးကြီးအတွင်းနှိုက်လိုက်သည့်အခါ ကြက်ဥပြုတ်များထွက်လာလေသည်။ မယ်ပျင်းက ရယ်မောလျှက်ကြက်ဥများကိုစားသောက်လေသည်။ ထိုအဖြစ်ကို မောင်ပိုတို့ကကြည့်ရင်း
“မယ်ပျင်းက လူသာကြီးသွားပေမယ့် ကြက်ဥပြုတ်ကြိုက်တာကတော့ မပြောင်းလဲသေးပါလားဟေ့ ဟား ဟား”
မောင်ပိုရယ်မောလိုက်သည့်အခါ မယ်ပျင်းတို့လည်း ရယ်မောလိုက်ကြတော့သည်။
စားသောက်ပြီးစီးသည့်အခါ မယ်တော်မှာ မယ်ပျင်းနှင့် မယ်ပွင့်တို့နှစ်ယောက်အား ရွှေရောင်နန်းဆောင်ကြီးဆီသို့ခေါ်ဆောင်သွားလေသည်။ မယ်တော်က သလွန်တွင်ထိုင်လိုက်သည့်အခါ မယ်ပျင်းတို့မှာ မယ်တော်အရှေ့တွင် ဒူးတုပ်၍ ထိုင်လိုက်ကြသည်။
“မယ်ပျင်းပြန်လာတာ ငါသိပ်အားရတယ်ဟေ့၊ ဟဲ့ မယ်ပွင့် မယ်ပျင်းကို ညည်းရဲ့မျက်နှာဖုံးစွပ်ဂိုဏ်းမှာ ပူးတွဲဂိုဏ်းချုပ်အနေနဲ့ တာဝန်ပေးမယ်ဆိုရင် ညည်းဘယ်လိုသဘောရသလဲ”
မယ်ပွင့်က ခေါင်းညိတ်လျှက်
“သင့်မြတ်လှပါတယ်မေမေကြီး၊ မယ်ပျင်းလိုပညာထက်တဲ့လူတစ်ယောက်ကို မျက်နှာဖုံးစွပ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို ခန့်အပ်မယ်ဆိုရင်တောင်မှ ကျုပ်က ကြည်ကြည်ဖြူဖြူနဲ့လက်ခံမှာပါ”
မယ်ပျင်းမှာ ပြာပြာသလဲနှင့်
“ဒီလိုတော့ဘယ်ဟုတ်ပါ့မလဲ၊ မယ်ပွင့်တည်ထောင်ထားတဲ့ဂိုဏ်းကို ကျုပ်ကအခန့်သားတက်ပြီး ဂိုဏ်းချုပ်ရာထူးမလုပ်ချင်ပါဘူးမေမေကြီး”
“အေးပါ၊ လောလောဆယ်တော့ ညည်းပူးတွဲဂိုဏ်းချုပ်လုပ်ပြီး ဂိုဏ်းရဲ့ဓလေ့တွေ၊ ဂိုဏ်းပညာအဆင့်တွေနဲ့ ဂိုဏ်းသားတွေအချင်းချင်းရင်းနှီးကျွမ်းဝင်လာအောင် လေ့လာလိုက်စမ်းပါ၊ ဂိုဏ်းချုပ်ကိစ္စကတော့ နောက်မှတို့တွေဆက်ပြောကြတာပေါ့”
မယ်ပျင်းမှာခေါင်းညိတ်လိုက်လေသည်။ မယ်တော်ထွက်ခွာသွားသည့်အခါ မယ်ပျင်းနှင့်မယ်ပွင့်မှာ စကားစမြည်ပြောဆိုရသည်။
“နေပါအုံးမယ်ပွင့်ရဲ့ နင်ကဘယ်လိုရည်ရွယ်ချက်နဲ့များ ဂိုဏ်းတစ်ခုကိုထူထောင်လိုက်ရတာလဲ”
“ဒါကတော့ မေမေကြီးရဲ့ ကူညီမှုကြောင့်ပါပဲ၊ တကယ်တော့ မျက်နှာဖုံးစွပ်ဂိုဏ်းဆိုတာ မေမေကြီးတည်ထောင်ခဲ့တဲ့ ဂိုဏ်းလို့ပြောရင်လည်းမမှားဘူး”
“ဒါဆို ဂိုဏ်းမှာ ဂိုဏ်းသားအင်အားဘယ်လောက်ရှိသလဲ”
“ဂိုဏ်းသားအင်အားကတော့ နည်းပါတယ်၊ ဆယ်ဂဏန်းသာသာပဲရှိတယ်၊ ဒါပေမယ့် ဂိုဏ်းအဖွဲ့ဝင်တွေကတော့ မေမေကြီးကိုယ်တိုင်ရွေးချယ်ခန့်ထားတဲ့ ပညာထူးချွန်ထက်မြက်တဲ့လူတွေပဲ၊ ဂိုဏ်းရဲ့ထုံးစံအရ ဂိုဏ်းသားက ဘယ်သူဘယ်ဝါဆိုတာကို မသိနိုင်အောင်လို့ ဂိုဏ်းသားတွေက မျက်နှာဖုံးအမျိုးမျိုးကိုစွပ်ထားကြရတယ်၊ ဂိုဏ်းအဖွဲ့ဝင်တွေအချင်းချင်း ဂိုဏ်းတက်တဲ့အချိန်မှာ ဘယ်သူဘယ်ဝါဆိုတာကို မသိနိုင်သလို၊ ဂိုဏ်းအဖွဲ့ဝင်တွေကလည်း ငါတို့ဘယ်သူဆိုတာကို မသိနိုင်ကြဘူး”
“တော်တော်လှို့ဝှက်တဲ့ ဂိုဏ်းတစ်ခုပဲနော်၊ ဒါနဲ့ ဂိုဏ်းရဲ့ရပ်တည်ချက်က ဘာလဲ”
“ငါတို့မျက်နှာဖုံးစွပ်ဂိုဏ်းက ရပ်တည်ချက်တစ်ခုထဲရှိတယ်၊ အဲဒါကတော့ စုန်းနတ်ဘုရားမရဲ့အမိန့်ကိုနာခံရတာပဲ”
“စုန်းနတ်ဘုရားမ ဟုတ်သလား”
“ဟုတ်တယ်၊ ငါတို့ကိုးကွယ်တဲ့နတ်ဘုရားမက အမိန့်တစ်ခုချပေးတယ်၊ အဲဒီအမိန့်အတိုင်း ဂိုဏ်းဝင်တွေက လိုက်လုပ်ကြရတယ်၊ အမိန့်တော်အောင်မြင်သွားတဲ့အခါ စုန်းနတ်ဘုရားမက ငါတို့ကို သိဒ္ဓိတွေနဲ့ မှော်အစွမ်းတွေ၊ အတတ်ပညာအဆန်းတွေချီးမြှင့်တယ်”
“အဲဒီစုန်းနတ်ဘုရားကို ငါမကြားဖူးပါလား၊ ဒါနဲ့ အမိန့်မအောင်မြင်ဘူးဆိုရင်ဘာဖြစ်နိုင်သလဲ”
“တကယ်လို့အမိန့်မအောင်မြင်ဘူးဆိုရင် ဂိုဏ်းဝင်တွေက ကိုယ့်ရဲ့သွေးနဲ့စတေးပြီး နတ်ဘုရားမကိုပူဇော်ရတယ်”
“ကိုယ့်ရဲ့သွေးနဲ့စတေးတယ်ဆိုတာ ဘာကိုပြောတာလဲ”
“ကိုယ့်ရဲ့အသက်နဲ့ ပူဇော်တာကိုပြောတာပါ၊ ဒါပေမယ့် အခုအချိန်အထိတော့ အမိန့်တော်မအောင်မြင်ဘူးဆိုတာ မရှိသေးပါဘူး”
“နတ်ဘုရားမဆိုတာ မယ်တော်ပဲမဟုတ်လား၊ အမိန့်တော်ဆိုတာက သူခိုင်းချင်တဲ့အရာကို ခိုင်းနေတာမဟုတ်လား”
မယ်ပျင်းက ဒဲ့တိုးမေးလိုက်သည့်အခါ မယ်ပွင့်မှာ မျက်နှာတစ်ချက်ပျက်သွားသည်။ ထို့နောက် ခေါင်းညိတ်လိုက်ကာ
“တကယ်တော့အဲဒီလိုပဲ”
“ဘာဖြစ်လို့လဲ၊ မယ်တော်ကို ကိုးကွယ်တယ်ဆိုရင်ပြီးနေတာကို ဘာဖြစ်လို့ နတ်ဘုရားမတွေ အမိန့်တော်တွေဆိုပြီးလုပ်ထားတာလဲ”
“ဒါကတော့ မယ်ပျင်းရယ်၊ မေမေကြီးရဲ့ အသိဉာဏ်ဆိုတာ အင်မတန်နက်ရှိုင်းပြီးကျယ်ပြန့်လွန်းတော့ ငါတို့လည်း ဘယ်လိုလုပ်ပြီးနှိုင်းဆနိုင်မှာလဲ၊ ဂိုဏ်းတစ်ခုဖွဲ့တယ်ဆိုတော့လည်း ဂိုဏ်းအယူအဆတစ်ခု လမ်းစဉ်တစ်ခုအနေနဲ့ အသစ်လုပ်ထားတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့”
မယ်ပျင်းမှာ မယ်တော်၏အကြံအစည်များကို ရိပ်မိနေသော်လည်း မယ်ပွင့်မှာတော့ မယ်တော်၏အယုံသွင်းခြင်းကို ခံထားရသူမို့ ဖက်ပြိုင်ပြောဆိုရန်မသင့်မှန်းသိလိုက်လေသည်။
“ကဲပါ နောက်ဆို နင်လည်း ဂိုဏ်းချုပ်ဖြစ်တော့မှာဆိုတော့ ဒီနေ့တော့ တို့ဂိုဏ်းကိုလိုက်ခဲ့ပြီး နည်းနည်းပါးပါးလေ့လာကြည့်ပေါ့”
(၃)
မယ်ပျင်းမှာ မယ်ပွင့်ခေါ်ဆောင်သွားသည့်အနောက်သို့ လိုက်ပါသွားလေသည်။ နက်ရှိုင်းလှသည့် တောအုပ်ကြီးကိုဖြတ်သန်းခဲ့ပြီးသည့်အခါ တောင်ကမ်းပါးယံကြီးတစ်ခုထံသို့ရောက်လာခဲ့သည်။ မယ်ပွင့်က ခါးကြားအတွင်းမှ တံဆိပ်အဝိုင်းပြားကလေးတစ်ခုကိုထုတ်ယူလိုက်ပြီး ကျောက်ထရံချပ်ကြီးတစ်နေရာသို့ထိုးသွင်းလိုက်သည့်အခါ တံဆိပ်အဝိုင်းပြားကလေးမှာ ကျောက်ထရံကြီးအတွင်းသို့နစ်ဝင်သွားလေသည်။ မကြာမီ တုန်ဟီးမြည်သံကြီးတစ်ခုကြားရကာ ကျောက်ထရံကြီးမှာ တဖြည်းဖြည်းမြေကြီးအောက်သို့ နိမ့်ဆင်းသွားပြီး ကျောက်ဂူအပေါက်ဝကြီးတစ်ခုပေါ်ပေါက်လာခဲ့လေသည်။
ကျောက်ဂူကြီးအတွင်းသို့ဝင်လာခဲ့ပြီး မယ်ပွင့်က လက်ဖျောက်တစ်ချက်တီးလိုက်သည့်အခါ ကျောက်သားအိုးများအတွင်းမှ မီးတောက်မီးလျှံများတိုးထွက်လာကာ ကျောက်ဂူကြီးမှာ ထိန်လင်းသွားလေသည်။ အတွင်းတွင် လျှောက်လမ်းမကြီးတစ်ခုရှိကာ လျှောက်လမ်းကြီးနံဘေးတွင်တော့ ရုပ်လုံးရုပ်ကြွများကိုထွင်းထုထားကြသည်။ လျှောက်လမ်းမကြီးအဆုံးတွင် ကျောက်သားဖြင့်ထုဆစ်ထားသည့် ဆောင့်ကြောင့်ထိုင်နေသည့် နတ်ရုပ်တုကြီးတစ်ခုရှိကာ နတ်ရုပ်တုကြီး၏ လက်ဖဝါးနှစ်ဖက်မှာ ပက်လက်လှန်ထားကာ လက်ဖဝါးတစ်ဖက်တွင် ဓါးတစ်ချောင်းကိုတင်ထားပြီး ကျန်သည့်လက်ဖဝါးတစ်ဖက်မှာတော့ အလွတ်ဖြစ်သည်။
မယ်ပွင့်က မယ်ပျင်းအနီးသို့ကပ်လာကာ ယွန်းနှင့်ပြုလုပ်ထားသည့် အနက်ရောင်ပြောင်လက်နေသော မျက်နှာဖုံးကလေးတစ်ခုကိုလာပေးသည်။
“မကြာခင် ဂိုဏ်းသားအဖွဲ့ဝင်တွေ စုဝေးရောက်လာကြတော့မယ်၊ ဒါကြောင့် မျက်နှာဖုံးတပ်ထားတာ ပိုကောင်းလိမ့်မယ်”
မယ်ပျင်းမှာ မယ်ပွင့်လှမ်းပေးသည့် မျက်နှာဖုံးကိုတပ်ထားလိုက်ရသည်။ မယ်ပွင့်မှာတော့ မျက်နှာကိုလက်တစ်ဖက်နှင့်သပ်လိုက်သည့်အခါ အနက်ရောင်မျက်နှာဖုံးတစ်ခုက လွမ်းခြုံပြီးသားဖြစ်သွားလေသည်။
ကျောက်ဂူအဝကြီးတွင် တပ်ဆင်ထားသည့် ခြူကလေးများမှာ တချွင်ချွင်မြည်သွားကြလေသည်။ လေမတိုက်သော်လည်း ကျောက်ဂူထိပ်ရှိခြူကလေးများမှာ မြည်သံမစဲတော့ပေ။
“သူတို့တွေလာကြပြီ မယ်ပျင်း”
မယ်ပျင်းမှာ ကျောက်ဂူကြီးအတွင်းသို့ကြည့်လိုက်သော်လည်း မည်သူမှရှိမနေပေ။
“ဘယ်သူမှ မရှိပါဘူးမယ်ပွင့်ရဲ့”
မကြာခင်ကျောက်ဂူအတွင်းသို့ရောက်လာသူများမှာ သူတို့ကိုယ်ပေါ်တွင်လွှမ်းခြုံထားသည့် အနက်ရောင်နှင့်ရွှေရောင်ရောစပ်ထားသည့် ခြုံထည်ကြီးများကိုဖယ်ရှားလိုက်ကြသည်။ ထိုခြုံထည်ကြီးများဝတ်ထားသည့်အတွက် မည်သူမည်ဝါမှ မမြင်ရဘဲ ကိုယ်ပျောက်နေခြင်းဖြစ်သည်။ ခြုံထည်ကြီးများဖယ်ရှားလိုက်သည့်အခါ အရောင်အသွေးစုံသည့် မျက်နှာဖုံးမျိုးစုံကိုဝတ်ဆင်ထားသည့် မိန်းကလေးများကိုတွေ့လိုက်ရသည်။
မိန်းကလေးများမှာ နတ်ရုပ်တုကြီးရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ အရိုအသေပေးပြီးသည့်နောက် လျှောက်လမ်းမကြီးတစ်ဖက်တစ်ချက်တွင် မတ်တပ်ရပ်ကာ နေရာယူလိုက်ကြလေသည်။ မျက်နှာဖုံးများဝတ်ဆင်ထားသဖြင့် မည်သူမည်ဝါမှန်း မသိနိုင်အောင်ဖြစ်နေလေသည်။ လူစုံသည့်အခါ မယ်ပွင့်က လက်တစ်ဖက်ကိုမိုးပေါ်ထောင်လိုက်ပြီး
“ညီအမများအားလုံးနားထောင်ပါ၊ ဟောဒါကတော့ ငါ့ရဲ့ပညာအမတစ်ယောက်ဖြစ်တယ်၊ သူဟာ အခုငါနဲ့အတူတူ ဂိုဏ်းကိုပူးတွဲပြီးအုပ်ချုပ်မယ်၊ နောက်များဆိုရင် ဒီဂိုဏ်းကိုသူတစ်ယောက်တည်း အုပ်ချုပ်ချင်အုပ်ချုပ်လိမ့်မယ်၊ ကဲ ညီအမအပေါင်းတို့ ငါ့ရဲ့ပညာအမကို အရိုအသေပြုပြီးနှုတ်ဆက်ကြလော့”
မယ်ပျင်းအော်လိုက်သည့်အခါတွင် မိန်းကလေးများမှာ ဒူးတစ်ဖက်ထောက်လျှက်အရိုအသေပေးလိုက်ကြသည်။ မယ်ပွင့်ခိုင်းစေသည့်အတိုင်း လိုက်လုပ်နေကြသည့်မိန်းကလေးများကိုကြည့်ရင်း မယ်ပျင်းက ထူးဆန်းနေမိသည်။ မယ်ပွင့်က နတ်ဘုရားရုပ်တုအရှေ့တွင် မတ်တပ်ရပ်လိုက်ပြီးနောက် လက်နှစ်ဖက်ကိုမိုးပေါ်သို့ဆန့်တန်းကာ
“အို အမိနတ်ဘုရားမ၊ ယနေ့အတွက် အမိန့်ကိုချမှတ်ပေးတော်မူပါ၊ အမိနတ်ဘုရားမ၏ ပညာဉာဏ်ကိုလေးစားရှိခိုးပါ၏ ယနေ့အတွက် အမိန့်တော်ကို ချမှတ်ပေးတော်မူပါ”
မယ်ပွင့်က ပြောဆိုသည့်အခါ မိန်းကလေးများကလည်း အနောက်မှသံယောင်လိုက်၍ ရွတ်ဆိုကြလေသည်။ ထိုသို့ရွတ်ဆိုသည့်အခါ နတ်ရုပ်ကြီး၏ နဖူးမှအလင်းရောင်များဝင်းလက်လာပြီး ရွှေရောင်ဝင်းလက်နေသည့် အလုံးကလေးတစ်လုံးက ကျဆင်းလာလေသည်။ ထိုအလုံးကလေးမှ နဖူးမှတဆင့် ပက်လက်လှန်ထားသည့် လက်ပေါ်သို့ကျဆင်းသွားတော့သည်။ မယ်ပွင့်က လက်ပေါ်မှ ရွှေရောင်အလုံးကလေးကိုယူ၍ ဖွင့်လှစ်လိုက်သည့်အခါ အတွင်းတွင်ပေရွက်လိပ်တစ်ခုကိုတွေ့ရသည်။
“အနောက်တောင်အရပ်မှာ စုန်းတွေက ကဝေသားပိုက်တစ်ခုကိုဖန်တီးပြီး ဂိုဏ်းဖွဲ့နေကြတယ်၊ အဲဒီကဝေသားပိုက်ကို ငါတို့သုတ်သင်ရှင်းလင်းရလိမ့်မယ်၊ ဒါအမိန့်ပဲ၊ ဒါက နတ်ဘုရားမပေးတဲ့အမိန့်ပဲ”
ထိုအခါ ခန်းမကြီးအတွင်းရှိ မိန်းကလေးများမှာ သံပြိုင်အော်ဟစ်လိုက်ကြလေသည်။ မယ်ပွင့်က နတ်ရုတ်တုကြီးညာဘက်လက်အတွင်းထည့်ထားသည့် ဓါးရှည်တစ်လက်ကိုယူလိုက်ကာ ဓါးအိမ်မှာချွတ်လိုက်လေသည်။ ထိုဓါးကိုမယ်ပျင်းက ကြည့်လိုက်သည့်အခါ ဓါးတစ်ချောင်းလုံးနီရဲနေသည့် မယ်တော်၏ ဓါးနီတော်ဖြစ်နေသည်ကိုမြင်တွေ့လိုက်ရသည်။
“ကဲ တို့ညီအမတွေအားလုံးချီတက်ကြစို့ဟေ့၊ နတ်ဘုရားမရဲ့ အမိန့်တော်ကိုဖြည့်ဆည်းကြ”
မိန်းကလေးများမှာ ဝတ်ရုံကြီးများကို ပြန်လည်ခြုံလွှမ်းလိုက်သည့်အခါ ကိုယ်ယောင်ပျောက်သွားလေသည်။ ထို့နောက် မယ်ပွင့်က ဦးဆောင်ကာ ချီတက်လာခဲ့ကြသည်။
အနောက်တောင်အရပ်တွင် လယ်ကွင်းစိမ်းစိမ်းများပြည့်နှက်နေသည့် ကွင်းပြင်ကြီးတစ်ခုအလယ်တွင် ရွာကလေးတစ်ရွာရှိသည်။ ရွာဟုဆိုသော်လည်း အိမ်ခြေမှာဆယ်အိမ်ခန့်သာရှိမည်ထင်ရသည်။ ညမှောင်မိုက်နေသည့်အချိန်ဖြစ်သည်မို့ အိမ်ကလေးများမှာတိတ်ဆိတ်ငြိမ်သက်နေလေသည်။
မယ်ပျင်းက ရွာကလေးကိုတစ်ချက်ဝေ့ကြည့်လိုက်ရင်း
“မယ်ပွင့်၊ ဒီနေရာဟုတ်ရဲ့လား၊ ငါ့အထင်တော့ ဒီရွာကလေးက တောင်သူလယ်သမားတွေနေထိုင်ကြတဲ့ရွာကလေးဖြစ်မယ်ထင်တယ်အေ့”
“နတ်ဘုရားမရဲ့အမိန့်က မှားတယ်ဆိုတာမရှိဘူး မယ်ပျင်း”
ထိုစဉ် အိမ်ကလေးများဆီမှ ကလေးငိုသံတစ်ချက်ကြားရလေသည်။ မယ်ပွင့်က လက်ထောင်ကာအချက်ပေးလိုက်သည့်အခါ ဝတ်ရုံခြုံထားသည့်မိန်းကလေးများမှာ လယ်ကွင်းများကိုဖြတ်သန်းလျှက် ပေါ့ပါးစွာပြေးလွှားကြလေသည်။ ထို့နောက် ရွာငယ်ကလေးတွင် အသင့်နေရာယူထားလိုက်ကြသည်။ မယ်ပွင့်နှင့် မယ်ပျင်းမှာ ပြောင်ပြောင်တင်းတင်းပင် လမ်းလျှောက်ကာ ရွာထဲဝင်ခဲ့သည်။
မယ်ပွင့်ကိုတွေ့သည့်အခါ အိမ်တစ်အိမ်အောက်မှ ခွေးတစ်ကောင်တိုးထွက်လာပြီး ထိုးဟောင်လေတော့သည်။ မယ်ပွင့်က ခွေးကိုစူးစိုက်ကြည့်လိုက်သည့်အခါ ခွေးမှာအသံတိတ်သွားပြီးနောက် တအစ်အစ်နှင့်အသံထွက်လျှက် ဘေးတိုက်လဲကျသွားကာ မျက်လုံးကြီးပြူး၊ လျှာကြီးတစ်လစ်ထွက်လျှက် သေဆုံးသွားလေတော့သည်။
မယ်ပွင့်မှာ မျက်စောင်းဖြင့်ပင် စက်လက်နက်များကိုပစ်ခတ်လိုက်နိုင်သည်ကိုကြည့်ရင်း မယ်ပွင့်ပညာမည်မျှအဆင့်မြင့်မားနေမှန်း မယ်ပျင်းကသိလိုက်သည်။ ကလေးငိုသံကြားသည့်အိမ်ရှေ့သို့လမ်းလျှောက်လာကြပြီး မယ်ပွင့်မှာ အိမ်ပေါ်သို့တက်ကာ အိမ်တံခါးအား လက်အတွင်းမှဓါးဖြင့် လေးငါးချက်ခန့် ဝှေ့ယမ်းကာ ခုတ်ထည့်လိုက်သည်။ အိမ်တံခါးကြီးမှာ အပိုင်းပိုင်းပြတ်ထွက်သွားပြီး ဝုန်းခနဲပြိုကျသွားလေတော့သည်။
အိမ်ဦးခန်းတွင် မိန်းမတစ်ယောက်ရှိနေပြီး ထိုမိန်းမလက်ထဲတွင် တစ်နှစ်ကျော်ခန့်အရွယ်ရှိသည့် ကလေးလေးတစ်ယောက်ကို ချီပွေ့ထားလေသည်။ ထိုမိန်းမက အိမ်အတွင်းဝင်လာသည့် မယ်ပျင်းနှင့် မယ်ပွင့်တို့ကိုတွေ့သည့်အခါ အလွန်ထူးဆန်းသည့်မျက်နှာပေးနှင့်ကြည့်နေသည်။
“ရှင် . . .ရှင်တို့က ဘယ်သူတွေလဲ”
မယ်ပွင့်ကအရှေ့သို့တိုးသွားကာ
“ကဝေသားပိုက်ဆိုတာ ညည်းမဟုတ်လား၊ ညည်းလက်ထဲချီထားတဲ့ကလေးလေးက ကဝေလေးမဟုတ်လား”
ကလေးမိခင်မှာ မျက်လုံးများအရောင်ပြောင်းလဲသွားပြီး မယ်ပွင့်အားစက်လက်နက်များဖြင့် ပစ်ခတ်လေသည်။ မယ်ပွင့်က စက်များကိုလက်ထဲမှဓါးဖြင့်ခုတ်ဖြတ်ဖယ်ရှားလိုက်ပြီး အရှေ့သို့တိုးလိုက်သည်။ ထိုမိန်းမက ကလေးကိုချီပွေ့ကာ အနောက်သို့ခုန်ဆုတ်လိုက်ပြီး ထူးဆန်းသည့်အော်သံတစ်ခုဖြင့် အော်ဟစ်လိုက်သည့်အခါ အိမ်ကလေးများအတွင်းမှ လူအများက ဓါးလှံလက်နက်များကိုင်ဆောင်ကာ ခုန်ထွက်လာကြသည်။
သို့သော်ထိုလူများကို အသင့်နေရာယူထားပြီးဖြစ်သည့် မျက်နှာဖုံးစွပ်ညီအမများက ထိုးခုတ်သတ်ဖြတ်လိုက်ကြသည်။ မယ်ပွင့်က ကဝေသားပိုက်မိန်းမအနားသို့တိုးကပ်သွားပြီး
“ရှင် တို့သားအမိသေရမယ်”
ထိုမိန်းမမှာ ပြာပြာသလဲနှင့်
“ကျုပ်တို့သားအမိကိုချမ်းသာပေးပါ အမတို့ရယ်၊ ကျုပ်တို့မှာ ဘာများအပြစ်ရှိလို့လဲ”
“ဘာအပြစ်ရှိရမလဲဟဲ့၊ ကဝေသားပိုက်ဆိုတာ ကောင်းတဲ့ကိစ္စမှမဟုတ်တာ၊ ညည်းသားကို ကဝေတွေနဲ့ပေါင်းပြီး မွေးကတည်းက အစီအရင်တွေလုပ်ခဲ့တာမဟုတ်လား၊ ညည်းကလေးက ကြီးလာရင်ကဝေကလေးဖြစ်လာပြီး လူသားတွေကို ဒုက္ခပေးမယ်မဟုတ်လား”
“မှန်တာတော့ မှန်ပါတယ် အမတို့ရယ်၊ ဒါပေမယ့် ကျုပ်ရဲ့သားကို ကဝေသားပိုက်လုပ်ရတဲ့အကြောင်းအရင်းက တစ်စုံတစ်ယောက်ကို လက်တုံ့ပြန်ဖို့ပါ အမတို့၊ ကျုပ်သားလေးက တခြားလူတွေကို ဒုက္ခမပေးစေရပါဘူးဆိုတာကို ကျုပ်အသက်နဲ့လဲပြီး အာမခံပါတယ်အမတို့ရယ်”
မယ်ပွင့်က မယ်ပျင်းကိုတစ်ချက်ကြည့်လိုက်ကာ လက်ထဲမှဓါးနီကိုလှမ်းပေးလိုက်လေသည်။
“မယ်ပွင့် ဒါဘာလုပ်တာလဲ”
“မယ်ပျင်းရယ်၊ အခုနင်က ပူးတွဲဂိုဏ်းချုပ်ဖြစ်နေပြီမဟုတ်လား၊ ဒါကြောင့် ဒီကဝေသားပိုက်ကို နင်ရှင်းရမယ်မယ်ပျင်း”
မယ်ပျင်းမှာ တစ်ဖက်သို့လှည့်လိုက်ကာ
“ငါမလုပ်နိုင်ဘူး မယ်ပွင့်”
“ဘာလဲ၊ နင်က လူသားတွေကိုအနှောင့်အယှက်ဖြစ်လာမယ့် ဒီကဝေသားပိုက်ကို ဘာကြောင့်မရှင်းလင်းနိုင်ရတာလဲ”
“ဒီမှာ မယ်ပွင့်၊ လူသားတွေကို နှောင့်ယှက်တာတွေ ထိခိုက်တာတွေ ငါနဲ့ဘာမှမဆိုင်ဘူး၊ သူ့ဖာသာသူ ကဝေသားပိုက်မကလို့ ဘာဖြစ်ဖြစ် ငါ့ကိစ္စမဟုတ်ဘူး၊ ဒီတော့ ငါမသတ်နိုင်ဘူး”
မယ်ပွင့်က ခပ်မျဉ်းမျဉ်းရယ်လိုက်ကာ
“မယ်ပျင်းရယ်၊ အရင်ကတော့ နင်စိတ်တိုလာရင် လူ့အသတ်တွေကို ကြက်ကလေးငှက်ကလေးသတ်သလို သတ်နေကျပဲမဟုတ်လား၊ အခု ဒီကလေးအမေကိုမှ မသတ်နိုင်ရအောင် ဘာလဲ ဒီကလေးအမေက နင့်လိုကဝေသားပိုက်ဖြစ်နေတာမဟုတ်လား၊ ဒီကလေးလေးက နင်နဲ့အဖြစ်ချင်းတူနေလို့မဟုတ်လား”
မယ်ပျင်းမှာ ဒေါသထွက်သွားကာ မယ်ပွင့်ဘက်သို့လှည့်ကာ ပါးရိုက်ထည့်လိုက်သည်။ မယ်ပွင့်က မယ်ပျင်း၏လက်ကို ဖမ်းဆွဲထားလိုက်သည်။ သို့သော် အရိပ်သခင်က မယ်ပျင်း၏လက်မှအရိပ်ကိုခွဲထုတ်လိုက်ကာ အရိပ်လက်ဖြင့် မယ်ပွင့်၏ပါးအားရိုက်ထည့်လိုက်သဖြင့် မယ်ပွင့်မှာတစ်ဖက်သို့လည်ထွက်သွားသည်။
“နင်ငါ့ကို ဘယ်တော့မှတားဆီးလို့မရဘူးမယ်ပွင့်၊ နင့်ပညာလောက်နဲ့ ငါ့ကိုအရင်တုန်းကလည်း ယှဉ်လို့မရခဲ့သလို၊ နောက်လည်းယှဉ်လို့ရမယ်လို့မထင်လိုက်နဲ့”
မယ်ပျင်းက ပြောဆိုပြီးအိမ်ပေါ်မှဆင်းသက်သွားလေသည်။ မယ်ပွင့်အား ပါးရိုက်လိုက်သဖြင့် မယ်ပျင်းအနီးသို့ မျက်နှာဖုံးစွပ်ထားသည့်မိန်းကလေးများက တိုးကပ်လာလေသည်။ သို့သော် မယ်ပွင့်က လက်ကာပြလိုက်ပြီး
“သူ့ကိုဘာမှမလုပ်ကြနဲ့၊ သွားခွင့်ပေးလိုက်ကြ”
ထိုအခါမှ မိန်းကလေးများမှာ ရှဲသွားကြလေသည်။ မယ်ပျင်းလည်း စိတ်ဆိုးဆိုးနှင့်ခြေဦးတည့်ရာအတိုင်းလျှောက်လာမိသည်။ လယ်ကွင်းများကိုဖြတ်သန်းသည့်အချိန်တွင် ကလေးငိုသံတစ်ချက်ကိုကြားလိုက်ရသည်။ ပြီးသည့်နောက် အလွန်နာကျင်စွာအော်ဟစ်လိုက်သည့် မိန်းမတစ်ယောက်၏ အသံကိုကြားလိုက်ရပြန်သည်။
“မင်းသိပြီမဟုတ်လား”
အရိပ်သခင်၏ အသံကမယ်ပျင်းနားအတွင်းထွက်ပေါ်လာခဲ့သည်။
“မျက်နှာဖုံးစွပ်ဂိုဏ်းဆိုတာ မယ်တော်ဖန်တီးထားတဲ့ ဂိုဏ်းတစ်ခုပဲ၊ ဂိုဏ်းထဲက မိန်းကလေးတွေကိုလည်း မယ်တော်က ဦးနှောက်ဆေးပေးထားတဲ့ပုံရတယ်၊ သူတို့ဂိုဏ်းရဲ့လှုပ်ရှားမှုမျိုးကလည်း တစ်သွေးတစ်သံတစ်မိန့်နဲ့လှုပ်ရှားနေတာဆိုတော့ မှန်တယ်မှားတယ်ဆိုတာမရှိဘဲ အမိန့်အတိုင်းလိုက်လံသတ်ဖြတ်နေကြတဲ့ လူသတ်သမားတွေလို့ပြောရင်လည်းမမှားဘူး”
“ဒါပေမယ့် ဒီအကြောင်းတွေက ဒီအတိုင်းနေမှာမဟုတ်ဘူး မျက်နှာဖုံးစွပ်ဂိုဏ်းအကြောင်းကို တစ်နေ့ကျရင် စုန်းဂိုဏ်းတွေအချင်းချင်းသိသွားကြလိမ့်မယ်၊ မျက်နှာဖုံးစွပ်ဂိုဏ်းနဲ့ ရန်ငြိုးတွေဖြစ်လာနိုင်တယ်၊ နောက်ဆုံးတော့ မယ်တော်က မျက်နှာဖုံးစွပ်ဂိုဏ်းကိုထိန်းသိမ်းတယ်ဆိုပြီး အပြစ်ပေးမှုတွေလုပ်လာနိုင်တယ်၊ သူဖန်တီးထားတဲ့ ဂိုဏ်းဝင်တွေအကုန်လုံးကို သူပြန်ပြီးဖျက်ဆီးလိမ့်မယ် မယ်ပျင်း”
“ကျုပ်သိတယ်၊ ဒါကြောင့် သူများရဲ့ဓါးအဖြစ်မခံတော့တာ၊ ကျုပ်သာ ဒီသားအမိကိုသတ်ပေးလိုက်ရင် နောက်ထပ်သတ်ဖြတ်မှုတွေကိုလည်း ဦးဆောင်ရတော့မှာပဲ”
“မင်းဘာလုပ်ရမလဲဆိုတာ မင်းသိမှာပါမယ်ပျင်း၊ လူတိုင်းက တွေ့ဆုံပြီးကြရင် တစ်ချိန်ခွဲခွာကြရမှာထုံးစံပဲ၊ ဒါပေမယ့် ကောင်းကောင်းမွန်မွန်ခွဲခွာမလား အပျက်ပျက်နဲ့ခွဲခွာကြမလားဆိုတာကတော့ ကွဲပြားသွားလိမ့်မယ်”
မယ်ပျင်းမှာ ငွေရောင်နန်းဆောင်ကြီးဆီသို့ ပြန်လာခဲ့လေတော့သည်။ ငွေရောင်နန်းဆောင်ကြီးအပေါ်သို့ တက်ရန်ပြင်ဆင်လိုက်ချိန်တွင် အဘိုးကြီးတစ်ယောက်က မယ်ပျင်းအလာကို မတ်တပ်ရပ်စောင့်နေလေသည်။
“မတွေ့တာတောင်ကြာပေါ့ ကဝေသာရဘိုးဘိုးရဲ့”
“ဟုတ်တယ်မယ်ပျင်း၊ ဘာပဲပြောပြော မင်းပြန်လာတာကို ငါဝမ်းသာပါတယ်”
“ဒါနဲ့ အရင်က ဘိုးဘိုးပြောခဲ့ဖူးတာတွေကို မမေ့သေးပါဘူးနော်”
“မင်းအမေဆီပြန်နိုင်အောင် ငါကူညီပေးမယ်ဆိုတာလား မမေ့ပါဘူးကွာ၊ ငါက တစ်ခါပြောပြီးရင် မေ့သွားတတ်တဲ့လူမဟုတ်ပါဘူး၊ ဒါပေမယ့် ဒီကိစ္စအကောင်အထည်ဖော်ဖို့ လိုအပ်ချက်လေးတွေရှိတယ်မဟုတ်လား၊ အဲဒါကိုရော မင်းမေ့သွားပြီလား”
မယ်ပျင်းက ခါးပိုက်ဆောင်အတွင်းမှ သော့တစ်ချောင်းကိုထုတ်ယူလိုက်ကာ ကဝေသာရဘိုးဘိုးကိုထောင်ပြလိုက်သည်။
“ဘိုးဘိုးလိုတာဟောဒီသော့နက်မဟုတ်လား”
ကဝေသာရဘိုးဘိုးမှာ အံ့သြသွားပြီး
“ရှင်ထူးခါးပိုက်ဆောင်ထဲက သော့ကို မင်းဘယ်လိုလုပ်ပြီးရခဲ့တာလဲ”
“မနက်က မေမေကြီးနဲ့ပွေ့ဖက်ရင်း သူမသိအောင်ယူလိုက်တာပါ၊ ကဲ သော့ရပြီဆိုတာ ဘာဆက်လုပ်ရမလဲ”
“အနက်ရောင်ပုရပိုက်ကိုဖွင့်ရမယ်၊ ပြီးရင်တော့ မင်းအရှေ့အရပ်ကိုပြန်နိုင်ဖို့အတွက် ပြောင်းလဲတာလေးတွေလုပ်ရမယ်”
“အဲဒါတွေကို ဘိုးဘိုးပဲကူညီပေးပါ”
ကဝေသာရဘိုးဘိုးက ခေါင်းညိတ်လိုက်ကာ
“ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်၊ အခုငါတို့လုပ်နေတာတွေကို ရှင်ထူးက ကြိုက်မှာတော့မဟုတ်ဘူး၊ တကယ်လို့ တစ်နေ့နေ့ရှင်ထူးက ဒီအကြောင်းတွေသိသွားတဲ့အခါကျရင် မင်းနဲ့ရှင်ထူးနဲ့ထိပ်တိုက်တွေ့လာနိုင်တယ်”
“လုပ်မှာသာလုပ်စမ်းပါ ဘိုးဘိုးရယ်၊ ကျုပ်ဆိုတဲ့မယ်ပျင်းက ရှင်ကြီးဝမ်းထဲလည်း ဝင်ခဲ့ပြီးပြီ၊ ရှင်ငယ်ဝမ်းထဲလည်းဝင်ခဲ့ဖူးပြီးပြီ၊ ကျုပ်က ဘယ်အရာကို ဘယ်သူ့ကိုမှ ဂရုစိုက်နေမှာမဟုတ်ဘူး”
“ကောင်းပါပြီ၊ မင်းဆုံးဖြတ်ချက်ကိုငါလေးစားပါတယ်”
ကဝေသာရဘိုးဘိုးနှင့် မယ်ပျင်းတို့မှာ နန်းဆောင်ကြီးဆီသို့တက်လှမ်းလာခဲ့ကြလေသည်။