စုန်းမကြီးဒေါ်ပျင်းနှင့် အရှေ့အရပ်သို့အဝင်
စာစဉ်(၅၈)

(၁)

မယ်ပျင်းမှာ အရှေ့အရပ်သို့ဦးတည်လျှက် ထွက်ခွာလာခဲ့သည်။ နံနက်ခင်းဝေလီဝေလင်းအချိန်ခန့်တွင် ကျေးရွာကလေးတစ်ရွာဆီသို့ရောက်လာခဲ့သည်။ ထိုရွာကလေးမှာ အရှေ့အရပ်သို့သွားရောက်ကြသည့် ခရီးသွားများ၊ မြင်းလှည်း၊ နွားလှည်းများနှင့် ကုန်သည်အဖွဲ့များစတည်းချရာ ရွာကလေးဖြစ်သည်နှင့်အညီ မိုးမလင်းသေးသော်လည်း အကြော်တဲများ မုန့်ဖိုများနှင့်စည်ကားနေလေသည်။ မိုးကောင်းကင်မှာ အုံ့မှိုင်းလျက်ရှိကာ အချိန်အခါမဟုတ်ဘဲ မိုးကတဖွဲဖွဲနှင့်ရွာလာလေသည်။ မကြာခင်မှာပင် မိုးမှာသည်းထန်လာသဖြင့် မယ်ပျင်းမှာမိုးခိုရန်စိတ်ကူးရသွားလေသည်။

မယ်ပျင်းမှာ အနီးရှိ အကြော်ဖိုကလေးတစ်ခုအတွင်းသို့ဝင်ထိုင်လိုက်လေသည်။ အကြော်ဖိုထဲတွင် စားသုံးနေသူများနှင့်ပြည့်နှက်လျှက်ရှိသည်။ သစ်သားဖြင့်ရိုက်ထားသည့် စားပွဲဝိုင်းတွင် မယ်ပျင်းက ထိုင်ချလိုက်သည့်အခါ အကြော်ဖိုမှ အမေအိုကြီးက မယ်ပျင်းအရှေ့တွင် ရေနွေးခရားအိုးနှင့် မြေခွက်တစ်ခုကိုချပေးလိုက်သည်။ မယ်ပျင်းမှာ မောပန်းနေသည်မို့ ရေနွေးကရားအိုးအတွင်းမှ ရေကိုမြေခွက်အတွင်းသို့ငှဲ့ထည့်လိုက်လေသည်။ သင်းပျံ့မွှေးကြိုင်သည့်လက်ဖက်ခြောက်ရနံ့မှာ နှာခေါင်းအတွင်းသို့တိုးဝင်လာသည်။

အကြော်သည်မှာ ပူပူနွေးနွေးကြော်ထားသည့် မုန့်ဆီကြော်များကို စကောကလေးတစ်ချပ်နှင့်ထည့်ကာ မယ်ပျင်းအရှေ့သို့လာချပေးလေသည်။

“စားလေ မိန်းကလေးရဲ့ ဒီအကြော်တွေက ပူနေတုန်း၊ ရွနေတုန်းစားမှ စားလို့ကောင်းတာ”

မယ်ပျင်းမှာ အကြော်သည်အဘွားကြီးကိုတစ်ချက်ကြည့်ုလိုက်ပြီး ဘယ်လက်ဝါးနှင့်လက်ပြန်ရိုက်ချထည့်လိုက်သည်။ အကြော်သည်အဘွားကြီးမှာ အနောက်သို့လွင့်ထွက်သွားကာ အကြော်ကြော်သည့် မီးဖိုကြီးအပေါ်သို့မှောက်လျက်သားလဲကျသွားသည်။ ဆီပူများ မီးတောက်မီးလျှံများက အဘွားကြီး၏ ဦးခေါင်းအားလောင်ကျွမ်းလေတော့သည်။ ထိုအခါ အဘွားကြီးရုပ်သွင်ပျောက်ကာ မျက်နှာဖုံးစွပ်ထားသည့် မိန်းကလေးတစ်ယောက်၏ ရုပ်သွင်အဖြစ်ပြောင်းလဲသွားလေသည်။

တစ်ဖက်စားပွဲတွင် ထိုင်စားနေကြသည့် ယောက်ျားကြီးများမှာ မယ်ပျင်းထံသို့ခုန်ဝင်လာကြသည်။ လေပေါ်ရောက်သည့်အခါ ယောက်ျားကြီးများအသွင်မှ မျက်နှာဖုံးစွပ်ထားသည့် မိန်းကလေးများအသွင်သို့ပြောင်းလဲသွားလေသည်။ မိန်းကလေးများမှာ တစ်တောင်ခန့်ရှိသည့် ဓါးကောက်များကို ကိုင်ဆွဲကာ မယ်ပျင်းအားထိုးခုတ်ရန်အတွက် ခုန်ပျံဝင်ရောက်လာကြသည်။

မယ်ပျင်းမှာ အရှေ့စားပွဲပေါ်တွင်တင်ထားသည့် မုန့်ဆီကြော်များထည့်ထားသည့် စကောကို လက်တစ်ဖက်ဖြင့်ပုတ်ထည့်လိုက်လေသည်။ မုန့်ဆီကြော်သုံးခုမှာ လေပေါ်သို့ပျံတက်လာသည့်အခါ ထိုမုန့်ဆီကြော်များကို လက်ညှိုးဖြင့်တောက်ထည့်လိုက်သည်။ မုန့်ဆီကြော်သုံးခုမှာ ခုန်ပျံဝင်လာသည့် မိန်းကလေးသုံးယောက်၏ ရင်ဘတ်အားထိမှန်သည့်အခါ မီးစကိုရေနှင့်လောင်းလိုက်သကဲ့သို့ ရှဲခနဲအသံများထွက်ပေါ်လာပြီး မိန်းကလေးသုံးယောက်မှာ အနောက်သို့လွင့်ထွက်သွားလေသည်။

ထိုမုန့်ဆီကြော်များက မိန်းကလေးများ၏ ရင်ဘတ်ရှိအသားများကို ဝါးမြိုဖောက်စားပစ်လေသည်။ အမှန်စင်စစ်အားဖြင့် ထိုမုန့်ဆီကြော်များမှာ လက်နှင့်ထိကိုင်မိလိုက်သည်နှင့်ပင် ခန္ဓာကိုယ်တစ်ခုလုံးကို လောင်မြိုက်လှိုက်စားသွားစေနိုင်သည့် စက်လက်နက်များလှို့ဝှက်ထည့်သွင်းထားသည့် မုန့်များပင်ဖြစ်သည်။ မယ်ပျင်းသာ ထိုမုန့်များကိုလက်နှင့်တို့ထိလိုက်မိပါက စက်လက်နက်များက မယ်ပျင်း၏ အသားအရေများကို ဝါးမြိုစားသောက်သွားမည်ဖြစ်သည်။

မြေကြီးပေါ်သို့ကျသွားသည့် မိန်းကလေးသုံးယောက်မှာ လူးလွန့်ကာအော်ဟစ်နေကြလေသည်။ မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် စက်လက်နက်များက ထိုမိန်းကလေးများ၏ အသားအရည်များကိုစားသောက်ကြပြီးနောက် မိန်းကလေးသုံးယောက်မှာ အရိုးစုများအဖြစ်ပြောင်းလဲသွားကြလေသည်။

ထိုအချိန် မယ်ပျင်းအနောက်ခုံတွင်ထိုင်နေသည့် လူနှစ်ဦးမှာ မျက်နှာဖုံးစွပ်မိန်းကလေးနှစ်ဦးအဖြစ်ပြောင်းလဲသွားပြီး မယ်ပျင်းအား ဓါးဖြင့်ဝင်ပိုင်းတော့သည်။ မယ်ပျင်းက ညာဘက်မှခုန်ဝင်လာသည့်မိန်းကလေးအား ရေနွေးထည့်ထားသည့် မြေခွက်ဖြင့်ကောက်ပေါက်ထည့်လိုက်ကာ ဘယ်ဘက်မှ ဓါးဖြင့်ခုန်ဝင်လာသည့် မိန်းကလေးကိုလည်း ရေနွေးကရားအိုးဖြင့် လှမ်းပေါက်ထည့်လိုက်သည်။

ညာဘက်မှဝင်လာသည့် မိန်းကလေး၏ ရင်ဘတ်နှင့်လည်ပင်းများကို ရေနွေးကြမ်းရည်များထိမှန်ပြီး ထိုမိန်းကလေး၏ ကိုယ်မှ မီးခိုးငွေ့များထွက်လာကာ ထိုမိန်းကလေးမှာ လူးလွန့်အော်ဟစ်နေလေသည်။ ဘယ်ဘက်မှ ခုန်ဝင်လာသည့်မိန်းကလေးမှာတော့ သူ့ထံသို့ပြေးဝင်လာသည့် ရေနွေးကရားအိုးကို ဓါးဖြင့်ခုတ်ထည့်လိုက်ရာ ကရားအိုးမှာနှစ်ခြမ်းကွဲထွက်သွားပြီး သူ့တစ်ကိုယ်လုံးကို ရေနွေးကြမ်းများထိမှန်သွားလေသည်။ ထိုမိန်းကလေးသည်လည်း ညာဘက်မှမိန်းကလေးနည်းတူ တစ်ကိုယ်လုံးအခိုးအငွေ့များ ထွက်ပေါ်လာပြီးနောက် အသားအရေများမှာ ဖယောင်းတိုင်အရည်ပျော်ကျသကဲ့သို့ အရည်ပျော်ကျလာပြီး မြေကြီးတွင်လူးလိမ့်လျှက် သေဆုံးသွားလေတော့သည်။ သေဆုံးသွားသည့်အခါ အလောင်းပင်မကျန်ဘဲ ပူနွေးဆူပွက်နေသည့် အရည်အိုင်ကြီးသာ ကျန်နေခဲ့တော့သည်။

“မင်းက ဘယ်လိုဖြစ်ပြီးကြိုသိနေတာလဲမယ်ပျင်း”

ထိုအချိန် ဆိုင်အတွင်းသို့ မျက်နှာဖုံးစွပ်ထားသည့် မိန်းကလေးတစ်ယောက်က လှမ်းဝင်လာခဲ့သည်။ ထိုမိန်းကလေး၏လက်တွင် မယ်တော်ကိုင်စွဲသည့် ဓါးနီတော်ကို ကိုင်စွဲထားသည်ဖြစ်ရာ ထိုမိန်းကလေးမှာ မယ်ပွင့်မှန်းကို မယ်ပျင်းကရိပ်စားမိလိုက်သည်။

မယ်ပွင့်က မယ်ပျင်း၏ မျက်စောင်းထိုးတွင်ဝင်ထိုင်လိုက်ကာ ဓါးဦးကိုစားပွဲခုံတွင်ထိုးစိုက်ချလိုက်လေသည်။ မယ်ပျင်းက ခပ်မျဉ်းမျဉ်းရယ်မောရင်း

“နင်တို့ပညာလောက်နဲ့ ငါ့ကိုလှည့်စားလို့ရမယ်လို့ ထင်နေတာလား မယ်ပွင့်ရဲ့၊ နင်တို့လုပ်တာ ပိရိတယ်ဆိုပေမယ့် အများကြီးလိုအပ်နေသေးတယ်”

“ဘာတွေလိုအပ်နေတာလဲ”

“အယောင်ဆောင်တယ်ဆိုတာ တူအောင်အယောင်ဆောင်ရတယ်ဟ၊ ငါဆိုင်ထဲဝင်ပြီးထိုင်လိုက်တော့ အဘွားကြီးရောက်လာတယ်မဟုတ်လား၊ အဘွားကြီးက ရုပ်သွင်တွေအိုမင်းနေပေမယ့် ခရားအိုးကိုင်လာတဲ့သူ့လက်တွေက ပျိုမြစ်နုနယ်နေတယ်၊ ဒါကိုကြည့်ချင်းအားဖြင့် ဒီအဘွားကြီး မူမမှန်ဘူးဆိုတာ ငါသိလိုက်တယ်၊ နောက်တစ်ခုကတော့ ရေနွေးကြမ်းပဲ၊ ဒီလိုတောကျပြီး နိမ့်ပါးတဲ့အရပ်မှာ သောက်ရမယ့်ရေနွေးက လက်ဖက်နံ့သင်းပြီးမွှေးကြိုင်နေပုံထောက်တော့ ရေနွေးမှာလည်း တစ်ခုခုခပ်ထားတယ်ဆိုတာ ငါသိလိုက်တယ်၊ ပိုဆိုးတာကတော့ အဘွားကြီးက မုန့်တွေလာချပေးပြီး ငါ့ကိုစားဖို့တိုက်တွန်းတဲ့အချိန်မှာ ဒီဆိုင်တစ်ခုလုံးက မူမမှန်ဘူးဆိုတာကို ငါရိပ်မိသွားခဲ့တာ”

မယ်ပွင့်က မဲ့ပြုံးပြုံးလိုက်ပြီး

“မဆိုးပါဘူး နင်က အကဲခတ်တာတော့ တော်သားပဲ”

“ဒါပေမယ့် နင်တို့မသိတာတစ်ခုရှိတယ်၊ အဲဒါကတော့ နင်တို့ရဲ့စက်လက်နက်တွေက ငါ့ကိုမထိခိုက်စေဘူးဆိုတာပဲ”

မယ်ပျင်းက ပြောဆိုရင်း စကောအတွင်းကျန်နေခဲ့သည့် မုန့်ဆီကြော်တစ်ခုကို လက်ဖြင့်ကောက်ယူလိုက်ကာ ကိုက်ဝါးစားပြလိုက်လေသည်။ မယ်ပွင့်မှာ ထိုအဖြစ်ကိုကြည့်ကာ အလွန်တုန်လှုပ်သွားမိသည်။ ထိုမုန့်ဆီကြော်များမှာ ဝါးမြိုစားသောက်ရန်မပြောနှင့် လက်နှင့်ထိလိုက်သည်နှင့်ပင် စက်လက်နက်များက တစ်ကိုယ်လုံးကိုဖျက်ဆီးဝါးမြိုမည်ဖြစ်သော်လည်း ယခုတော့ မယ်ပျင်းက အေးအေးလူလူနှင့်စားသောက်ပြနေလေသည်။

မုန့်ဆီကြော်တစ်ခုကုန်သွားသည့်အခါ မယ်ပျင်းက လက်တွင်ပေကျံနေသည့် ဆီများကိုလျှာနှင့်လျက်လိုက်ရင်း

“ဒီတစ်ခါ နင်တို့ရဲ့အမိန့်တော်က ငါ့ကိုရှင်းလင်းဖို့မဟုတ်လား”

“ဟုတ်တယ်မယ်ပျင်း၊ နင်အရှေ့အရပ်ကိုမပြန်ရဘူး၊ နင်ဟာ ဒီမှာပဲနေရမယ်၊ သေရင်တောင် ဒီအရပ်မှာပဲ သေရမယ်”

မယ်ပွင့်က ဒေါသတကြီးပြောသော်လည်း မယ်ပျင်းမှာရယ်ကျဲကျဲလုပ်နေသည်။

“ဒီမှာမယ်ပွင့်၊ နင်နဲ့ငါတစ်ချိန်က ခင်မင်ခဲ့ကြတဲ့မျက်နှာကိုထောက်ထားပြီး ငါနောက်ဆုံးအကြိမ်သတိပေးမယ်၊ အဲဒါကတော့ ငါ့ရဲ့လုပ်ရပ်တွေမှာ နင်ဝင်မပါစမ်းပါနဲ့၊ ငါသွားမယ့်လမ်းမှာ နင်ဝင်မရပ်ပါနဲ့၊ အဲဒီလိုလုပ်နေမယ်ဆိုရင် နင်နာကျင်ရလိမ့်မယ်”

“ငါလည်း နင့်နဲ့ခင်မင်ခဲ့တဲ့မျက်နှာကိုထောက်ပြီး တစ်ခုအကြံပေးမယ် မယ်ပျင်း၊ နင်မေမေကြီးကိုပြန်တောင်းပန်လိုက်ပါ၊ သူ့အလိုကိုလိုက်ပြီး သူ့စိတ်ကြိုက်လုပ်ပေးမယ်လို့ တောင်းပန်လိုက်စမ်းပါ၊ မေမေကြီးက နင့်အပေါ်စိတ်မကုန်သေးဘူး၊ နင်အခုတောင်းပန်မယ်ဆိုရင် အချိန်မီပါသေးတယ်ဟာ”

“ငါအဲဒီလိုမလုပ်နိုင်ဘူးမယ်ပွင့်”

“ဒါဆိုရင် ငါလည်းအမိန့်အတိုင်းလုပ်ရတော့တာပေါ့”

မယ်ပွင့်က စားပွဲဝိုင်းအစွန်းနားကို လက်နှင့်ပုတ်လိုက်လေသည်။ မယ်ပွင့်လက်ဝါးအတွင်းမှ အရောင်အသွေးစုံသည့် စက်နက်များမှာ စားပွဲကြီးမှတဆင့် မယ်ပျင်းထံသို့ပြေးဝင်လာလေသည်။ မယ်ပျင်းကလည်း စားပွဲထောင့်စွန်းကို လက်ဝါးဖြင့်အသာပြန်တွန်းပေးလိုက်လေသည်။ မယ်ပျင်းလက်ဝါးအတွင်းမှလည်း စက်လက်နက်များကိုပြန်လွှတ်ကာ မယ်ပွင့်လွတ်လိုက်သည့်စက်လက်နက်များနှင့်တွေ့ဆုံပေးလိုက်လေသည်။

နံဘေးမှကြည့်လျှက် စားပွဲဝိုင်းတွင်ထိုင်ကာ တစ်ယောက်နှင့်တစ်ယောက် စူးစူးစိုက်စိုက်ကြည့်နေသည်ဟုသာ ထင်ရသော်လည်း အမှန်တကယ်အားဖြင့် မယ်ပျင်းနှင့် မယ်ပွင့်တို့မှာ စက်လက်နက်အားဖြင့် သူနိုင်ကိုယ်နိုင်ပြိုင်ဆိုင်နေကြခြင်းဖြစ်သည်။ ခဏကြာသည့်အခါ မယ်ပျင်းပို့လွှတ်လိုက်သည့် စက်လက်နက်များမှာ မယ်ပွင့်အနီးသို့တဖြည်းဖြည်းချင်းတိုးကပ်လာသည်။ မယ်ပွင့်မှာ အခြေအနေမဟန်တော့ပေ၊ ထိုစက်လက်နက်များသာ သူ့လက်ဝါးကိုထိမှန်မည်ဆိုလျှင် ကြိမ်းသေပေါက်ထိခိုက်မည်ဖြစ်သည်။ မယ်ပွင့်နဖူးမှ ဇောချွေးများက စီးကျလာလေသည်။ မယ်ပွင့်က မယ်ပျင်းအားကြည့်လိုက်သည့်အခါ မယ်ပျင်းမှာ သွေးအေးသည့်မျက်နှာပေးနှင့် မယ်ပွင့်အားရယ်ပြနေလေသည်။

နောက်ဆုံးမယ်ပွင့်မှာ မဟန်တော့သဖြင့် ဓါးနီကို ကိုင်ဆွဲလိုက်ကာ စားပွဲခုံကြီးကိုခုတ်ချထည့်လိုက်သည်။ မယ်ပျင်းက စားပွဲခုန်ကြီးကိုပုတ်ထည့်လိုက်ရာ စားပွဲခုံကြီးမှာ ဝုန်းခနဲပေါက်ကွဲသွားပြီး သစ်တိုသစ်စ သစ်မှုန်ကလေးများအဖြစ်သို့ပြောင်းလဲသွားသည်။ ထိုအချက်ကိုအခွင့်ကောင်းယူကာ မယ်ပွင့်က ဓါးနီဖြင့် မယ်ပျင်းအားပြေးထိုးလေသည်။ မယ်ပျင်းမှာ ဆောင့်ကြောင့်ထိုင်နေလျှက်ပင် သစ်မှုန်များအကြားမှတိုးဝင်လာသည့် မယ်ပွင့်ကိုတွေ့မြင်လိုက်သည်။ မယ်ပွင့်၏ ဓါးနီချက်မှာ မယ်ပျင်းရင်ဝတည့်တည့်သို့တိုးဝင်လာသဖြင့် မယ်ပျင်းက ဓါးနီကိုလက်ဖဝါးဖြင့်အုပ်ကာ ဖမ်းဆုတ်လိုက်လေသည်။

မဏိစည်သူမင်းကြီး၏ ဓါးနီတော်မှာ မည်မျှပင်အစွမ်းတန်ခိုးရှိသည့် စုန်း၊ ဖုတ်၊ ကဝေ၊ မှင်စာ၊ ဘီလူး၊ သရဲပင်ဖြစ်လင့်ကစား ဓါးနီတော်နှင့်ပိုင်းလျှင် အပိုင်းပိုင်းပြတ်ကာ သေဆုံးလေ့ရှိသော်လည်း ယခုတော့ မယ်ပျင်းက ဓါးနီတော်၏အသွားကို လက်ဖြင့်ဆုပ်ကာဖမ်းဆီးထားလိုက်လေသည်။ ထိုအဖြစ်ကိုမြင်သည့်အခါ မယ်ပွင့်မှာအံ့သြသွားမိသည်။ မယ်ပွင့်က ဓါးနီတော်အား လက်နှစ်ဖက်ဖြင့်အသေအချာကိုင်လိုက်ကာ မယ်ပျင်းထံသို့ အားကုန်ထည့်၍ ထိုးနှက်လေသည်။

အခြားစုန်းများဆိုလျှင် ဓါးနီတော်အသွားနှင့်ထိတွေ့သည့်လက်မှာ အပိုင်းပိုင်းပြတ်ကျရမည်ဖြစ်သော်လည်း မယ်ပျင်းမှာတော့ ဓါးနီတော်၏အသွားကို လက်ဖြင့်ဖမ်းဆုပ်ကိုင်ထားရင်း မယ်ပွင့်အားပြန်လည်တွန်းနေလေသည်။

“မယ်ပျင်း ညည်းသေရမယ်၊ ဓါးနီတော်နဲ့ နင့်ရဲ့လည်ပင်းကို အပိုင်းပိုင်းဖြတ်ပစ်မယ်”

“နင်စွမ်းရင် လုပ်လိုက်စမ်း မယ်ပွင့်၊ ဓါးနီတော်က တခြားသူကိုပဲဖြတ်လို့ရမယ်၊ ငါ့ကိုတော့ ဖြတ်လို့ရမှာမဟုတ်ဘူး”

မယ်ပွင့်မှာ ဓါးနီတော်ကို ပြန်ဆွဲထုတ်လိုက်ကာ အနောက်သို့ခုန်ဆုတ်လိုက်သည်။ ထို့နောက် လေပေါ်မှပြန်အကျတွင် မယ်ပျင်းအား ဓါးချက်များဖြင့်ခုတ်ယမ်းထည့်လိုက်သည်။ မယ်ပျင်းကလည်း ဓါးချက်များကို မြေတွင်လှိမ့်ကာ ရှောင်ရှားလိုက်သည့်အခါ ဓါးချက်များက အကြော်တဲဆောက်လုပ်ထားသည့် သစ်သားတိုင်လုံးများကိုထိမိပြီး အကြော်တဲမှာပြိုကျတော့သည်။ မယ်ပျင်းက အပြင်သို့ပြေးခုန်ထွက်လိုက်သည့်အခါ မယ်ပျင်းပတ်ပတ်လည်တွင် မျက်နှာဖုံးစွပ်ထားသည့် မိန်းကလေးများက ဝိုင်းရံထားကြလေသည်။ မိန်းကလေးအယောက်သုံးဆယ်ခန့်ပင်ရှိမည်။

“ညီမတို့ ပစ်မှတ်ကိုသုတ်သင်ပြီး နတ်ဘုရားမရဲ့အမိန့်တော်ကို ဖြည့်ဆည်းကြလော့”

အကြော်တဲခေါင်မိုးပေါ်တွင်ရပ်နေသည့် မယ်ပွင့်က အော်ဟစ်ပြောဆိုလိုက်သည့်အခါ မျက်နှာဖုံးစွပ်မိန်းကလေးများက မယ်ပျင်းအားဝန်းရံလိုက်ကြလေသည်။ မိုးကလည်း သည်းကြီးမည်းကြီးရွာနေသည်ဖြစ်ရာ မယ်ပျင်းတစ်ကိုယ်လုံးရေများရွှဲစိုနေသကဲ့သို့ အနက်ရောင်ခြုံထည်ကြီးများကို ဝတ်ဆင်ထားကြသည့် မျက်နှာဖုံးစွပ်မိန်းကလေးများမှာလည်း ရေများရွှဲစိုနေလေသည်။

မိန်းကလေးများအားလုံးမှာ မယ်ပျင်းထံသို့ တစ်ပြိုင်တည်းပြေးခုန်ဝင်ကာတိုက်ခိုက်ကြလေသည်။ မယ်ပျင်းမှာစိတ်ကိုစုစည်းထားလိုက်ပြီး

“ဟိမဝန္တာတောင်တန်းကြီးရဲ့ အနောက်မြောက်အရပ်က ရေခဲတောင်ထွဋ်ကိုအပိုင်စားရတဲ့ ရေခဲဒေဝီသခင်မ၊ သင့်အစွမ်းကိုပြလေရော့”

မယ်ပျင်းက အော်ဟစ်လိုက်သည်နှင့် ဦးခေါင်းအပေါ်တွင် ဖန်ပြာရောင်အလင်းတန်းကြီးလင်းလက်လာကာ အဖြူရောင်အဆင်းရှိသည့် ရေခဲဒေဝီမှာတိုးထွက်လာလေသည်။ ရေခဲဒေဝီမှာ လေထုအတွင်းသို့ရောက်သည်နှင့် လက်ဝါးနှစ်ဖက်ကိုလက်ခုပ်တီးထည့်လိုက်လေရာ ထိုလက်ခုပ်အတွင်းမှ အလွန်အေးမြသည့် ရေခဲလှိုင်းများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခွင်သို့ ရေခဲမှုန် ရေခဲလှိုင်းများက ဖြန့်ကျက်သွားလေသည်။

မယ်ပျင်းထံသို့ပြေးခုန်ဝင်လာကြသည့် မျက်နှာဖုံးစွပ်မိန်းကလေးများမှာ ရေခဲလှိုင်းများနှင့်ထိတွေ့ပြီးသည့်နောက် ချက်ချင်းပင် တစ်ကိုယ်လုံးအေးစက်တောင့်တင်းကာ ရေခဲရုပ်တုများအသွင်သို့ပြောင်းလဲသွားလေသည်။ ရွာကျနေသည့် မိုးရေမိုးစက်များပင် ရေခဲများအဖြစ်ပြောင်းလဲသွားကာ မိုးသီးမိုးပေါက်များအဖြစ်ကျဆင်းနေလေတော့သည်။ လေထုအတွင်းအေးခဲကာ ရေခဲရုပ်ဖြစ်သွားသည့်မိန်းကလေးများမှာ မြေပြင်ပေါ်သို့ပြုတ်ကျသည့်အခါ ရေခဲတုံးများကိုရိုက်ခွဲသည့်နှယ် တဝုန်းဝုန်းနှင့်ကွဲကြေကာ ကိုယ်ခန္ဓာအစိတ်အပိုင်းများမှာလည်း အပိုင်းအစများ အတုံးအတစ်များအဖြစ်ပြောင်းလဲကာ ပဲ့ကြွေကုန်လေတော့သည်။

အကြော်တဲခေါင်မိုးပေါ်မှ မယ်ပွင့်မှာ မယ်ပျင်းထံသို့ ဓါးဝင့်လျှက်ခုန်ဝင်လာလေသည်။ မယ်ပျင်းက စိတ်အာရုံကိုစုစည်းလိုက်ပြီး

“အရှေ့အရပ်မြင်းခေါင်းတောင်ကို အစိုးရတဲ့ ဂေါလနတ်မင်း၊ အသင့်အစွမ်းကို ပြသဖို့အချိန်ကျရောက်ပြီ”

ဂေါလနတ်မင်းမှာ နွားခေါင်းလူကိုယ်ရှိသည့် နတ်မင်းတစ်ပါးဖြစ်ကာ ပထဝီမြေဓါတ်ကိုကျွမ်းကျင်ပိုင်နိုင်သူဖြစ်လေသည်။ ဆင်ပြောင်ငါးစီးအားမာန်ရှိသည်။ မယ်ပွင့်မှာ ဓါးနီတော်ဖြင့် မယ်ပျင်းအားခုတ်ပိုင်းလေရာ မယ်ပျင်းက ဓါးချက်များကိုလက်ဖျံဖြင့်ခံယူလေသည်။ ဂေါလနတ်မင်း၏ အစွမ်းကြောင့် မယ်ပျင်းကိုယ်ခန္ဓာရှိအသားအရည်များမှာ ကျောက်သား၊ မြေသားများကဲ့သို့ မာကျောကျစ်လျစ်နေသဖြင့် ဓါးသွားနှင့်တွေ့သည့်အခါ မီးတောက်မီးပွင့်များဖြစ်ပေါ်သော်လည်း ဓါးကမပြတ်ရှဘဲရှိနေလေသည်။

“ဟဲ့ စုန်းမ၊ နင်ကဘာဖြစ်လို့ ဓါးနီတော်နဲ့ခုတ်တာတောင် မပြတ်တာလဲ”

မယ်ပွင့်မှာ အော်ဟစ်ရေရွတ်ပြီး ဓါးဖြင့်လွှဲလွှဲခုတ်လေသည်။ သို့သော်လည်း ဓါးချက်တစ်ချက်မှ မယ်ပျင်းကိုယ်ခန္ဓာအား မပြတ်တောက်သဖြင့် အလွန်ထူးဆန်းကာ ဒေါသပိုထွက်လာလေသည်။

“မယ်ပွင့်၊ နင့်ကိုငါပြောခဲ့သားပဲ၊ နင်က အရင်တုန်းကလဲ ငါ့ကိုမယှဉ်နိုင်သလို၊ အခုလဲ ငါ့ကိုယှဉ်နိုင်မှာမဟုတ်ဘူး”

မယ်ပျင်းက မယ်ပွင့်၏ ဓါးနီတော်ကို ကျောက်လက်ဝါးတစ်ဖက်ဖြင့်ဆွဲဖမ်းယူလိုက်ကာ ကျောက်အဖြစ်ပြောင်းလဲနေသည့် နောက်လက်တစ်ဖက်ဖြင့် မယ်ပွင့်၏ ရင်ဘတ်အား လက်ဝါးဖြင့်ဆောင့်တွန်းထည့်လိုက်သည်။ မယ်ပွင့်မှာ ကျောက်လက်ဝါးချက်ထိမှန်သည်သာမက ဆင်ပြောင်ကြီးတစ်ကောင် ဆောင့်တွန်းလိုက်သကဲ့သို့ အားထိမှန်ခံရပြီး အဝေးသို့လွင့်ထွက်သွားတော့သည်။ မယ်ပျင်းဖမ်းဆုပ်ထားသည့် ဓါးကိုင်လက်မှာ အရင်းမှပြုတ်ထွက်ကာ မယ်ပျင်းလက်အတွင်းကျန်နေခဲ့သည်။

ကျောက်လက်ဝါးရိုက်ချက်ခံလိုက်ရသဖြင့် မယ်ပွင့်ရင်ဘတ်ရှိအရိုးများမှာ စိစိညက်ညက်ကြေကုန်ကာ မယ်ပွင့်မှာသစ်ပင်ကြီးတစ်ပင်နှင့်ရိုက်မိပြီးခွေခနဲလဲကျသွားသည်။ မယ်ပျင်းက မယ်ပွင့်အနီးသို့တိုးကပ်လာပြီး

“ငါပြောခဲ့သားပဲမဟုတ်လားမယ်ပွင့်၊ ငါသွားမယ့်လမ်းကို နင်တားရင် နင်နာကျင်ရလိမ့်မယ်ဆိုတာ”

မယ်ပျင်းက ရေရွတ်ပြီး မယ်ပွင့်၏လက်တစ်ဖက်ပြတ်ကို မယ်ပွင့်ထံသို့လှမ်းပစ်ပေးလိုက်သည်။ ထို့နောက် မိုးထဲရေထဲမှာပင် အရှေ့အရပ်သို့ဦးတည်၍ ထွက်ခွာသွားလေသည်။

(၂)

မယ်တော်မှာ ရွှေရောင်သလွန်ကြီးပေါ်တွင်ထိုင်ကာ စိတ်လှုပ်ရှားနေလေသည်။ မကြာမီရွှေရောင်နန်းဆောင်တံခါးကြီးပွင့်ထွက်သွားကာ လက်တစ်ဖက်ပြတ်နေသည့်မယ်ပွင့်က ဓါးနီတော်ကိုလက်တွင်ကိုင်ဆွဲလျက် နန်းဆောင်ကြီးအတွင်းသို့ လေးပင်သောခြေလှမ်းများဖြင့် လှမ်းဝင်လာခဲ့လေသည်။ မယ်တော်အရှေ့သို့ရောက်သည့်အခါ ဓါးနီတော်ကိုမြေတွင်ထောက်ပြီး ခွေလဲကျသွားသည်။

“ဘယ်မလဲ မယ်ပျင်းရဲ့ဦးခေါင်း”

“ကျုပ် . . . ကျုပ် မအောင်မြင်ခဲ့ဘူး မေမေကြီး၊ မယ်ပျင်းက ကျုပ်ထက်အများကြီးစွမ်းလွန်းနေတယ်”

မယ်တော်၏ မျက်နှာမှာတင်းမာသွားသည်။

“မင်းဦးဆောင်တဲ့ မျက်နှာဖုံးစွပ်ဂိုဏ်းက လုပ်ငန်းမအောင်မြင်ဘူးဆိုရင် ဘယ်လိုပေးဆပ်ရတယ်ဆိုတာ မင်းသိတယ်မဟုတ်လား”

“အသက်နဲ့ရင်းပြီး ပေးဆပ်ရတယ်ဆိုတာကို သိပါတယ်မေမေကြီး၊ ဒါပေမယ့် ကျုပ်ကိုနောက်တစ်ခေါက် အခွင့်အရေးထပ်ပေးပါ၊ ကျုပ်ကိုအစွမ်းတွေထပ်ပြီး ဖြည့်ဆည်းပေးပါ၊ ကျုပ်မယ်ပျင်းကိုမကျေနပ်ဘူး၊ ဒီတစ်ခါတော့ မေမေကြီး မျှော်လင့်တဲ့အတိုင်း ဖြစ်စေရမယ်လို့ ကတိပေးပါတယ်”

“မင်းကိုငါအတော်စိတ်ပျက်သွားပြီ မယ်ပွင့်၊ မင်းက ငါနဲ့လက်ပွန်းတတီးနေပြီး ငါသင်ပေးတဲ့ပညာတွေအများကြီးရထားတာတောင်မှ မင်းကသူ့ကိုရှုံးနိမ့်တယ်တဲ့လား”

မယ်ပွင့်မှာ မယ်တော်ဆီသို့တွားသွားကာ မယ်တော်၏ခြေထောက်ကိုဖက်လိုက်ပြီး

“နောက်တစ်ခါပဲ အခွင့်အရေးထပ်ပေးပါ မေမေကြီး”

မယ်တော်က မယ်ပွင့်မျက်နှာအားခြေထောက်ဖြင့်ကန်လိုက်လေရာ မယ်ပွင့်မှာနံဘေးသို့လဲကျသွားသည်။

“ငါ့နန်းဆောင်မှာ အရှုံးသမားတွေအတွက်နေရာမရှိဘူးမယ်ပွင့်၊ မင်းဟာ ငါ့ရဲ့အမိန့်ကိုအောင်မြင်အောင် မထမ်းရွက်ခဲ့တဲ့အတွက် မင်းရဲ့အသက်နဲ့စတေးပြီး ပြန်ပေးဆပ်ရမယ်”

မယ်ပွင့်မျက်လုံးများပြူးကြောင်သွားလေသည်။ မယ်တော်က မယ်ပွင့်မျက်လုံးများကိုတစ်ချက်စိုက်ကြည့်လိုက်သည့်အခါ မယ်ပွင့်မှာ ညို့ယူခံလိုက်ရသည့်အလား ကုန်းကုန်းကြီး ကုန်းထလေသည်။

“အသက်နဲ့ပြန်ပေးဆပ်ရမယ်၊ အသက်နဲ့စတေးပြီး ပေးဆပ်ရမယ်”

မယ်ပွင့်နှုတ်မှတဖွဖွရွတ်ဖတ်ပြီးသည့်နောက် အနားတွင်ကျနေသည့် ဓါးနီတော်ကို လက်တစ်ဖက်ဖြင့်ကောက်ယူလိုက်လေသည်။ ထို့နောက် ဓါးနီတော်၏ အသွားကိုလည်ပင်းတွင်တင်လိုက်၏ ခပ်သာသာလှီးဖြတ်လိုက်သည့်အခါတွင် မယ်ပွင့်၏ ဦးခေါင်းကြီးမှာ လည်ပင်းမှတိခနဲပြတ်ထွက်သွားပြီး ရွှေရောင်နန်းဆောင်ကြီး၏ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။ ပြူးကြောင်နေသည့် မယ်ပွင့်မျက်လုံးများမှ မျက်ရည်များစီးကျလာပြီးနောက် မယ်ပွင့်မှာ သေဆုံးသွားလေတော့သည်။

မယ်တော်မှာ သလွန်တော်လက်ရမ်းကို လက်သီးနှင့်ခပ်ဖွဖွထုကာ မတ်တပ်ရပ်လိုက်လေသည်။

“အသုံးမကျဘူး၊ ငါ့လူတွေ တစ်ယောက်မှအသုံးမကျဘူး၊ အသုံးကျတဲ့လူကလည်း ငါ့ကိုစွန့်ခွာသွားတယ်”

မယ်တော်က မယ်ပွင့်ရုပ်အလောင်းအနီးသို့သွားလိုက်ကာ ဓါးနီတော်ကိုကောက်ယူလိုက်သည်။ ပြီးသည့်နောက် မယ်ပွင့်၏ ဦးခေါင်းပြတ်ကြီးအား ခြေထောက်ဖြင့်နင်းခြေနေမိသည်။

“မဖြစ်ဘူး၊ ငါတားရမယ်၊ မယ်ပျင်းကို ငါရအောင်တားရမယ်၊ သူဒီနယ်ကနေ ထွက်သွားချင်တယ်ဆိုရင် အသေထွက်ပဲ ထွက်သွားရလိမ့်မယ်”

မယ်တော်က တစ်ချက်ရေရွတ်လိုက်ပြီးသည့်နောက်

“မောင်ပို၊ မယ်အို ငါ့ဆီကိုအခုချက်ချင်း အခစားဝင်စမ်း”

မောင်ပိုနှင့် မယ်အိုမှာ မယ်တော်အရှေ့သို့ ပြာပြာသလဲနှင့်ပြေးလာကြလေသည်။

“မောင်ပိုနဲ့မယ်အို၊ မင်းတို့နှစ်ယောက် မယ်ပျင်းဆီကိုလိုက်သွားပြီး မယ်ပျင်းကိုတားဆီးရလိမ့်မယ်၊ လိုအပ်ရင် မယ်ပျင်းရဲ့အသက်ကိုပါ နှုတ်ယူခဲ့ရလိမ့်မယ်”

မောင်ပိုနှင့် မယ်အိုမှာ အံ့သြသွားလေသည်။ မောင်ပိုက

“မဖြစ်နိုင်ဘူးထင်တယ်မယ်တော်၊ ကျုပ်တို့နဲ့လက်ပွန်းတတီးနေခဲ့တဲ့မယ်ပျင်းကို ကျုပ်က ဘယ်လိုလုပ်ပြီးသတ်ဖြတ်နိုင်မှာလဲ၊ သတ်ဖြတ်ရက်မှာလဲ၊ မယ်တော်သေချာပြန်ပြီး စဉ်းစားတော်မူပါ”

မယ်တော်က မောင်ပိုကိုတစ်ချက်စိုက်ကြည့်လိုက်သည့်အခါ မယ်တော်နှင့်မောင်ပိုမှာ မျက်လုံးချင်းဆုံတွေ့သွားလေသည်။

“မောင်ပို ပြန်စဉ်းစားရမှာက ငါမဟုတ်ဘူး၊ မင်းသေချာပြန်စဉ်းစားရမှာ၊ မင်းကိုငါအမိန့်ပေးနေတယ်နော်၊ မင်း မယ်ပျင်းကိုသတ်ပြီး သူ့ရဲ့ရုပ်အလောင်းကို ငါ့ဆီကိုကိုက်ချီခဲ့ရမယ်”

မယ်တော်ပြောဆိုသည့်အခါ မောင်ပို၏မျက်လုံးကြီးများမှာ အနီရောင်ကြီးများလင်းလက်လာလျှက်

“မယ်ပျင်းကိုသတ်ရမယ်၊ မယ်ပျင်းကို သတ်ရမယ်”

ဟု တွေတွေကြီးပြောဆိုနေလေသည်။ ပြီးသည်နှင့်တပြိုင်နက် ရင်ဘတ်ရှိကျားရုပ်ကိုပုတ်ကာ ရှေ့ကျွမ်းတစ်ပတ်ပစ်ထိုးလိုက်သည့်အခါ ကိုးတောင်အရှည်ရှိသည့် ကျားကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားကာ ကျယ်လောင်စွာ ဟိန်းဟောက်ပြီး နန်းဆောင်အတွင်းမှထွက်သွားလေသည်။

“ဟဲ့ မယ်အို ညည်းလဲဘာလုပ်နေတာလဲ”

မယ်အိုမှာလည်း မယ်တော်အားတစ်ချက်ကန်တော့လိုက်ပြီးသည့်နောက် မြွေနဂါးကြီးအသွင်ပြောင်းလိုက်ကာ နန်းဆောင်အပေါ်မှဆင်းသက်လာလေတော့သည်။

မယ်ပျင်းမှာ တစ်ယောက်တည်းခရီးဆက်လာရင်း ပိတ်ချင်းတောင်ဟုအမည်ရသည့်တောင်ကြီးတစ်တောင်ဆီသို့ရောက်လာခဲ့လေသည်။ ထိုတောင်ကြီးမှာ အရှေ့အရပ်နှင့် အနောက်အရပ်ကိုပိုင်းခြားထားသည့်တောင်ကြီးတစ်တောင်ပင်ဖြစ်သည်။ ထိုတောင်ကြီးအားကျော်လွန်ပြီးသည်နှင့် အရှေ့အရပ်သို့စတင်ဝင်ရောက်နိုင်ပြီဖြစ်သည်။

မယ်ပျင်းမှာ ပြန်လိုဇောဖြင့် ညအချိန်မတော် တောင်ကြီးပေါ်သို့တစ်ဦးတည်းတက်လာခဲ့သည်။ ပိတ်ချင်းတောင်ရှိ တောတောင်များမှာထူထပ်လှသည်မို့ သားကောင်ကြီးများ၏ အော်ဟစ်သံ၊ ဟိန်းဟောက်သံများကိုကြားနေရလေသည်။

ကောင်းကင်တစ်ခွင်တွင်လည်း တိမ်စိုင်တိမ်လိပ်များက ဖုံးအုပ်လျှက်ရှိကာ တိမ်စိုင်တိမ်လိပ်များအတွင်းမှ ထွက်ပေါ်လာသည့် လျှပ်ရောင်ခြည်များမှာလည်း တဖြန်းဖြန်းနှင့် ဝင်းလက်လျှက်ရှိသည်။ မယ်ပျင်းမှာ တောင်ကြီးပေါ်သို့တက်လာရင်း တောင်ခါးပန်းတစ်နေရာတွင်တော့ ကျယ်လောင်သည့်ကျားဟိန်းသံကြီးနှင့်အတူ လမ်းအရှေ့တွင်အလျားလိုက် ပိတ်ရပ်နေသည့် ကျားကြီးတစ်ကောင်ကိုမြင်တွေ့လိုက်ရသည်။

“အလို ဦးမောင်ပိုပါလား”

ကျားကြီးကိုကြည့်လိုက်သည်နှင့် မယ်တော်၏ စီးတော်ကျား မောင်ပိုဖြစ်မှန်းသိလိုက်လေသည်။

“ဦးမောင်ပိုက သမီးကိုလာနှုတ်ဆက်တာလား”

မယ်ပျင်းက အရှေ့သို့တိုးကပ်သွားလိုက်ရာ မောင်ပို၏ ကျားမျက်လုံးကြီးမှာ အနီရောင်ဝင်းလက်သွားပြီး မယ်ပျင်းအားခုန်အုပ်ကာတိုက်ခိုက်လေသည်။ ရုတ်တရက်မို့ မယ်ပျင်းက ရှောင်ချိန်မရလိုက်သဖြင့် မောင်ပိုက မယ်ပျင်းကိုခုန်အုပ်လိုက်ကာ မယ်ပျင်း၏ ရင်ဘတ်အားလက်သည်းကြီးဖြင့် ကုတ်ဖဲ့လိုက်လေသည်။ သင်တုန်းဓါးကြီးများကဲ့သို့ ချွန်ထက်နေသည့် လက်သည်းကြီးများက မယ်ပျင်း၏ ရင်သားများကို ဓါးနှင့်လှီးဖြတ်လိုက်သကဲ့သို့ အသားစိုင်များပြတ်ထွက်သွားပြီး အတွင်းမှ နလုံးခုန်နေသည်ကိုပင် အတိုင်းသားမြင်နေရလေသည်။

မယ်ပျင်းမှာ မောင်ပို၏ ကျားဝမ်းဗိုက်ကို ဒူးဖြင့်ဆောင့်တိုက်လိုက်သည့်အခါမှ မောင်ပိုမှာ အနောက်သို့လွင့်ထွက်သွားလေသည်။ မယ်ပျင်းက ကမန်းကတန်းထလိုက်ကာ ရင်ဘတ်ကိုငုံ့ကြည့်လိုက်သည့်အခါ ရင်ဘတ်တစ်ခုလုံးရစရာမရှိအောင် ပျက်စီးနေသည်ကိုတွေ့ရသည်။

“မယ်ပျင်း၊ ဘာမှမပူနဲ့ ငါရှိတယ်”

နားထဲတွင်အသံတစ်ချက်ကြားလိုက်ရပြီးသည့်နောက် အစိမ်းနုရောင်အဆင်းရှိသည့် မှော်နန်းဒေဝီက မယ်ပျင်း၏ ဝမ်းကြာတိုက်အတွင်းမှ တိုးထွက်လာပြီး မယ်ပျင်း၏ရင်ဘတ်ရှိ ဒဏ်ရာများကိုလက်နှင့်ပွတ်သပ်နေလေသည်။ မှော်နန်းဒေဝီ လက်ဖြင့်ပွတ်သပ်ပြီးသည့်အခါ မယ်ပျင်းရင်ဘတ်မှ ဒဏ်ရာများမှာ သူ့အလိုလိုအသားများပြန်တက်လာပြီး အမာရွတ်ပင်မကျန်ခဲ့ပဲ အကောင်းပကတိအတိုင်း ပြန်လည်ဖြစ်ပေါ်သွားတော့သည်။

မောင်ပိုမှာ မယ်ပျင်းကိုကြည့်၍ ဟိန်းဟောက်လေသည်။

“သြော်၊ ဦးမောင်ပိုက ကျုပ်အသက်ကိုရန်ရှာဖို့ တမင်လုပ်တာပေါ့လေ၊ ဒါဆိုရင်တော့ ဦးမောင်ပိုကို မညှာတော့ဘူး”

မယ်ပျင်းမှာ ကျားကြီးထံသို့ခုန်ဝင်လိုက်ကာ ကျားကြီးနှင့် နပမ်းဖက်လုံးတော့သည်။ မောင်ပိုအား ဂုတ်ခွစီးကာ ပါးပြင်များကိုလက်သီးနှင့်ထုနှက်လေတော့သည်။ မောင်ပိုက အမျိုးမျိုးလူးလှိမ့်ကာ ကြိုးစားသော်လည်း မယ်ပျင်းကိုခွာမချနိုင်ဘဲဖြစ်နေသည်။ မယ်ပျင်းက မောင်ပို၏ ကျားပါးစပ်အား လက်တစ်ဖက်က အပေါ်မေးရိုးကိုကိုင်၍ ကျန်လက်တစ်ဖက်က အောက်မေးရိုးကိုကိုင်ကာ ဆွဲဖြဲပြန်သည်။ မောင်ပိုမှာ အလွန်ခံရခက်ပြီး နာကျင်လွန်းလှသဖြင့် အော်ဟစ်၍သာ နေတော့သည်။

မယ်ပျင်းနှင့် နပမ်းဖက်လုံးပြီးသည့်အခါ မယ်ပျင်းမှာ ဘာမှမဖြစ်သော်လည်း မောင်ပိုမှာ အလွန်အထိနာနေပြီဖြစ်သည်။ မယ်ပျင်းက ထိုးထားကြိတ်ထားကန်ထားသဖြင့် အရိုးများမှာလည်း ကျိုးကျေကုန်လေသည်။ နောက်ဆုံးတော့ မောင်ပိုက မြေတွင်လဲလျှောင်းချလိုက်ကာ မယ်ပျင်းအားဆက်လက်မတိုက်ခိုက်ရန်တောင်းပန်တော့သည်။

“ဦးမောင်ပိုကိုလည်း တစ်ခါတည်းမှာထားလိုက်မယ်၊ နောက်ကျုပ်ရဲ့လမ်းမှာ မရပ်နဲ့၊ ကျုပ်လုပ်တာတွေကို မတားဆီးနဲ့”

မယ်ပျင်းက မြေပေါ်ခွေကျနေသည့် မောင်ပိုအား အမြှီးမှဆောင့်ဆွဲယူလိုက်ပြီး လေပေါ်တွင်သုံးလေးပတ်ကိုင်မြှောက်လိုက်ပြီး အနောက်အရပ်သို့ဦးတည်ရည်မှန်းကာ အားကုန်လွင့်ပစ်လိုက်လေသည်။ ထို့နောက် လက်ကိုဖုတ်ဖက်ခါပြီး တောင်ပေါ်သို့ပြန်တက်ခဲ့သည်။

တောင်ထိပ်ရောက်သည့်အခါ လျှပ်ရောင်ခြည်တစ်ချက်ဝင်းလက်သွားပြီး မယ်ပျင်းအရှေ့တွင် အလွန်ကြီးမားသည့် မြွေနဂါးကြီးတစ်ကောင်က ပေါ်ပေါက်လာခဲ့လေသည်။

“မယ်ပျင်း နင့်ရဲ့ခြေလှမ်းတွေကို ရပ်တန့်လိုက်”

နဂါးကြီးကိုကြည့်လိုက်သည်နှင့် မယ်အိုဖြစ်မှန်း မယ်ပျင်းကသိလိုက်သည်။

“ဘွားမယ်အို ကျုပ်သွားမယ့်လမ်းကို မတားဆီးပါနဲ့”

“မတားလို့မရဘူးမယ်ပျင်း၊ ငါအခုလာတာ မယ်တော်ရဲ့အမိန့်အရ နင့်ကိုလာပြီးတားဆီးရတာပဲ”

မယ်အိုမှာ ထိုသို့ပြောပြီးသည်နှင့် ပြင်းထန်သည့်နှာမှုတ်သံကြီးတစ်ချက်ပေးကာ မယ်ပျင်းထံသို့ခုန်ဝင်ကာ အတင်းဝင်ရောက်တိုက်ခိုက်လေသည်။ မယ်ပျင်းအား ပါးစပ်ဖြင့်လိုက်ပေါက်သော်လည်း မယ်ပျင်းက ရှောင်ရှားလိုက်သဖြင့် မထိမိလိုက်ချေ၊ ထိုအခါ မယ်ပျင်းအား သူ့အမြှီးနှင့် ရိုက်ခတ်ကာ တိုက်ခိုက်လိုက်လေရာ မယ်ပျင်းမှာ အမြှီးဖျားနှင့်ခတ်မိပြီး အနောက်ခပ်လှမ်းလှမ်းသို့လွင့်ကျသွားလေသည်။

“ဒါတော့ ငါ့တာဝန်ထားလိုက်မယ်ပျင်း”

နားထဲတွင်အသံကြားလိုက်ရပြီးသည့်နောက် မယ်ပျင်းနဖူးပေါ်တွင်နီရဲသည့် အမောက်ကြီးတစ်ခုထွက်ပေါ်လာလေသည်။ ထိုအမောက်ကြီးမှတဆင့် အမောက်ကိုးခုပါဝင်သည့် နာဂဒေဝီမှာ နဂါးအသွင်ဖြင့်တိုးထွက်လာခဲ့ကာ မယ်ပျင်းအရှေ့တွင် ခွေခွေကြီးဝပ်စင်းကာ ရပ်တန့်လိုက်သည်။ နာဂဒေဝီ၏ ကိုယ်ခန္ဓာမှ အနီရောင်အဆင်းရှိသည့်အလင်းရောင်များတိုးထွက်နေကာ အနီးပတ်ဝန်းကျင်တွင် အနီရောင်အလင်းများဖြင့်ထိန်လင်းနေလေသည်။

မယ်အိုတစ်ဖြစ်လဲ မြွေနဂါးကြီးမှာ အလျော့မပေးသေးဘဲ မယ်ပျင်းထံသို့ ပြေးဝင်လာပြန်သည်။ ထိုအခါ နာဂဒေဝီကလည်း မယ်အိုအရှေ့တွင် ပါးပျဉ်းကြီးထောင်လိုက်ပြီး နှစ်ဦးသားတိုက်ခိုက်ကြလေတော့သည်။ နဂါးနှစ်ကောင်မှာ တစ်ကောင်နှင့်တစ်ကောင် ကိုယ်လုံးချင်းလိမ်ပတ်ကာ ခေါင်းအချင်းချင်းမှလည်း အခိုးအငွေ့များ၊ အဆိပ်ငွေ့များမှုတ်ထုတ်လျှက် အပြင်းအထန်တိုက်ခိုက်ကြလေသည်။ တောင်ထိပ်ရှိ တောအုပ်အတွင်းမှ သစ်ပင်ကြီးများကို နဂါးကိုယ်လုံးကြီးများနှင့် ရိုက်ခတ်မိသည့်အခါ သစ်ပင်ကြီးများမှာ သစ်ခေါက်များဖွာထွက်ကာ တိမ်းစောင်းကုန်သကဲ့သို့ ထွာဆိုင်ခန့်ရှိသည့် သစ်ပင်ငယ်များမှာမူ နဂါးကိုယ်လုံးနှင့်ရိုက်ခတ်မိသည့်အခါ အပိုင်းပိုင်းပြတ်ကာပြိုလဲကျကုန်သည်။

နဂါးကြီးနှစ်ကောင်တိုက်ခိုက်နေသည်မှာ တဝုန်းဝုန်းနှင့် တစ်တောလုံး တစ်တောင်လုံးတုန်ဟီး၍ နေလေသည်။ နဂါးကြီးနှစ်ကောင် အချိန်အတန်ကြာအောင် တိုက်ခိုက်ကြပြီးသည့်နောက် မကြာမီ နာဂဒေဝီမှာ မြွေနဂါးကြီး၏ ဦးခေါင်းကို ပါးစပ်ဖြင့်ကိုက်ချီကာ သယ်ဆောင်လာခဲ့ပြီး မယ်ပျင်းအရှေ့သို့ပစ်ချလိုက်လေသည်။ မြွေနဂါးကြီးမှာ မြေပြင်ပေါ်မှ ခေါင်းပင်မထောင်နိုင်တော့ဘဲ ခွေခွေကလေးလဲကျနေလေတော့သည်။

နာဂဒေဝီက အာခံတွင်းအတွင်းမှ အနီရောင်မီးတောက်မီးလျှံများကိုဖန်တီးလိုက်ကာ မယ်အိုအား မီးနှင့်မှုတ်သတ်မည်ဟု ကြံရွယ်နေသဖြင့် မယ်ပျင်းက တားဆီးလိုက်လေသည်။

“မလုပ်ပါနဲ့ နာဂဒေဝီ၊ သူ့ကိုမသတ်ပါနဲ့”

“မယ်ပျင်း၊ ရန်စွယ်ဆိုတာ အရှင်မထားဘဲ မီးများလို အပြီးတိုင်ငြိမ်းသတ်နိုင်ခါမှ တော်ကာကျမယ်မဟုတ်လား”

“မယ်အိုက ကျုပ်ရဲ့ရန်သူမဟုတ်ဘူး၊ သူ့ကို ကျုပ်မသတ်ချင်ဘူး၊ ဒီအတိုင်းပဲလွှတ်ပေးလိုက်ပါ”

မယ်အိုမှာ မြေတွင်လဲကျလျှက် မယ်ပျင်းအား မျက်လုံးဝါဝါကြီးဖြင့် ကြည့်လိုက်ကာ

“မယ်ပျင်း ပြေးတော့၊ ဟောဒီတောင်ကြီးကိုကျော်ဖြတ်ပြီး အရှေ့အရပ်ကို အမြန်ပြေးပေတော့၊ မယ်တော်က နင့်ကိုမကျေနပ်ဘူး၊ ငါနဲ့မောင်ပိုကို နင့်ရဲ့အသက်ကိုနှုတ်ယူဖို့ဆိုပြီးလွှတ်လိုက်တာ၊ ငါတို့မအောင်မြင်မှန်းသိရင် သူနင့်ဆီကိုလာလိမ့်မယ်၊ နင်နဲ့သူက ပြိုင်ဘက်တွေမဟုတ်ဘူးမယ်ပျင်း၊ ဒါကြောင့် အရှေ့အရပ်ကို အမြန်ပြေးပေတော့”

မယ်အိုစကားကြားသည်နှင့် မယ်ပျင်းက တောင်ကြီးပေါ်မှဆင်းပြေးလာခဲ့သည်။ ပိတ်ချင်းတောင်ကြီး၏ အောက်ခြေတွင် မြောင်ကြားကြီးတစ်ခုရှိသည်။ ထိုမြောင်ကိုကျော်လွန်ပြီးသည်နှင့် အရှေ့အရပ်သို့ရောက်ပြီဖြစ်သည်။ မယ်ပျင်းက မြောင်ကြီးအတွင်းဆင်းပြေးလာခဲ့သည်။ မြောင်အောက်ခြေအလယ်ခန့်တွင် တောင်ကျစမ်းချောင်းကလေးတစ်ခုက တသွင်သွင်စီးဆင်း၍ နေလေသည်။

မယ်ပျင်းမှာ ထိုစမ်းချောင်းကလေးအတွင်းသို့ဆင်း၍ ဖြတ်ကျော်လိုက်လေသည်။ စမ်းချောင်းရေမှာ ခြေသလုံးသားခန့်သာ နက်ရှိုင်းကာ ကြည်လင်စွာစီးဆင်းနေလေသည်။ မယ်ပျင်းတစ်ယောက် ချောင်းကိုဖြတ်ကူးနေစဉ်မှာပင် ချောင်းအထက်ဆီမှ တဝေါဝေါနှင့်စီးဆင်းလာသည့် ရေသံများကိုကြားလိုက်ရသည်။ ရေလုံးဖြူဖြူကြီးများမှာ ချောင်းအထက်မှစီးဆင်းလာပြီးသည့်နောက် မယ်ပျင်းအားတိုက်စားဝါးမြိုရန်အရှိန်ပြင်းပြင်းနှင့် စီးဆင်းလာလေသည်။ မယ်ပျင်းမှာ ချောင်းအလယ်တွင်ရောက်နေသဖြင့် အံ့အားသင့်ကာစိုက်ကြည့်နေစဉ်မှာပင် ရေလုံးကြီးက မယ်ပျင်းအနီးသို့ရောက်လာခဲ့သည်။ သို့သော် မယ်ပျင်းအား မတိုက်ဘဲ လက်တစ်ကမ်းအလိုတွင်ရပ်တန့်နေလေသည်။

မယ်ပျင်းက ရေလုံးကြီးအားကြည့်လိုက်သည့်အခါ ရေလုံးကြီးထိပ်ဖျားအပေါ်ဘက်တွင် အနောက်မယ်တော်က ဓါးနှစ်လက်ကိုဆွဲကိုင်ကာ ရေလှိုင်းများအပေါ်တွင် ပုံတော်ဖိနပ်စီး၍ နင်းလျှောက်လာလေသည်။ အနောက်မယ်တော်မှာ နဂါးခြုံပုဝါကို စုံချထားပြီး လက်တစ်ဖက်တွင် ဓါးနီတော်နှင့် နောက်လက်တစ်ဖက်တွင်တော့ ဓါးနက်ကျောက်စီကို အလွတ်ကိုင်ဆောင်ထားလေသည်။

“မယ်ပျင်း ဘာလို့ဒီလောက်တောင် စိတ်တွေလောနေရတာလဲ”

မယ်တော်က ကျယ်လောင်သည့်အသံဖြင့် မယ်ပျင်းအားမေးမြန်းလေသည်။

“အိမ်ကိုပြန်မယ့်လူတိုင်းက စိတ်လောနေတတ်ကြတာ ထုံးစံပါပဲ မယ်တော်”

“ညည်းကို ဘယ်အရာမှတားဆီးမရဘူးဆိုပြီး ညည်းမာန်တက်နေတယ်မဟုတ်လား၊ မပူနဲ့ အခုညည်းကိုတားဆီးဖို့ ငါလာခဲ့ပြီ၊ ညည်းမှာယှဉ်နိုင်တဲ့အစွမ်းရှိရင် ငါ့ကိုယှဉ်လိုက်စမ်း”

မယ်တော်က ရေလှိုင်းများနှင့်အတူ မယ်ပျင်းအနီးသို့တိုးကပ်လာသည်။ မယ်ပျင်းက လက်နှစ်ဖက်ကိုဘေးသို့ဆန့်တန်းလိုက်ပြီး လည်ပင်းကိုမော့ကာ မျက်လွှာကိုချပေးထားလိုက်သည်။

“ဟဲ့ မယ်ပျင်း ညည်းငါနဲ့မတိုက်ခိုက်ဘူးလား”

“ကျုပ်အပေါ်မှာ မယ်တော်ရဲ့ကျေးဇူးတွေရှိနေတဲ့အတွက် ကျုပ်က မယ်တော်ကို အခုပဲဖြစ်ဖြစ် နောင်ပဲဖြစ်ဖြစ် တိုက်ခိုက်မှာမဟုတ်ပါဘူး၊ ပြီးတော့ ကျုပ်ကလည်း မယ်တော်ရဲ့ပြိုင်ဘက်တစ်ဦးဖြစ်မလာနိုင်ပါဘူး၊ ဒါကြောင့် မယ်တော်ကျုပ်ကိုသတ်ချင်တယ်ဆိုရင်လည်း သတ်သာသတ်လိုက်ပါ၊ ဒါပေမယ့် ကျုပ်ကိုသတ်ပြီးရင် ကျုပ်ခေါင်းကို အရှေ့အရပ်ကိုစွန့်ချပေးပါ၊ ကျုပ်က သရဲဖြစ်သွားတယ်ဆိုရင်တောင်မှ အရှေ့အရပ်ကိုသွားတာက သွားမှာပါပဲ”

“ကောင်းပြီ၊ ညည်းဆန္ဒတွေ ပြည့်စေရမယ် မယ်ပျင်းရဲ့”

မယ်တော်မှာ ရေလင်းထိပ်မှနေ၍ မယ်ပျင်းအားခုတ်ဖြတ်ရန်အတွက် ဓါးကိုမြှောက်ကာ အရှိန်ယူလိုက်လေသည်။ မယ်ပျင်းမှာ စိတ်ဆုံးဖြတ်ထားပြီးသည်မို့ ကြောက်ရွံ့မနေတော့ဘဲ မယ်တော်အားလည်စင်းပေးကာ မျက်စိအစုံကို မှိတ်ထားပြီး အံကိုတင်းနေအောင်ကြိတ်ထားလိုက်သည်။ မယ်တော်မှာ ဒေါသကြောင့် မယ်ပျင်းအားခုတ်ထစ်မည်ကြံရွယ်လိုက်သော်လည်း သူ့လက်များမှာ တုန်ယင်လာလေသည်။ ဓါးကိုခုတ်ဖို့ရန်အတွက်ပင် အားမရှိဘဲဖြစ်နေသဖြင့် နောက်ဆုံးဓါးကိုင်လက်ကို ပြန်လည်ချလိုက်တော့သည်။

“ညည်းကိုခုတ်ရမှာ ငါနှမြောတယ်အေ၊ ညည်းကိုငါ မခုတ်ရက်ဘူးအေ့”

မယ်တော်မှာ ဝမ်းခေါင်းသံကြီးနှင့်ပြောကာ တစ်ဖက်သို့လှည့်လိုက်လေသည်။ မယ်တော်၏ မျက်လုံးအစုံတွင် မျက်ရည်စများနှင့် ဆို့နင့်နေလေသည်။ မယ်ပျင်းက မျက်လုံးကိုဖွင့်လိုက်ကာ

“မယ်တော်ဘာကြောင့် ကျုပ်ကိုမခုတ်သတ်တာလဲ”

“ညည်းကိုငါမုန်းတာမှန်ပေမယ့် ညည်းကိုငါသတ်လိုက်ရင် ညည်းသင်ယူထားတဲ့ပညာ၊ တတ်မြောက်ထားတဲ့ပညာတွေ တိမ်မြုပ်ပျောက်ကွယ်သွားမှာ ငါနှမြောတယ်၊ ညည်းကိုငါ့စိတ်ထဲက သတ်ချင်ပေမယ့် ငါ့နှလုံးသားထဲက မသတ်ရက်ဘူးဖြစ်နေတာ ညည်းကံကောင်းတယ်မယ်ပျင်း”

မယ်တော်က ဓါးနှစ်လက်ကိုပြန်သိမ်းလိုက်ပြီးနောက်

“ညည်းကိုငါနောက်ဆုံးအနေနဲ့ တစ်ခုပဲမေးတော့မယ်၊ ညည်းဒီအရပ်မှာနေမလား အရှေ့အရပ်ကိုပဲပြန်မလား၊ တစ်ခုပဲပြော”

“မယ်တော်ကိုအားနာပေမယ့် ကျုပ်က အနောက်အရပ်နဲ့မအပ်စပ်ပါဘူးမယ်တော်၊ ဒါကြောင့် အရှေ့အရပ်ကိုပဲပြန်ပါ့မယ်”

“အရှေ့အရပ်မှာ မင်းရဲ့ရန်သူတွေရှိတယ်၊ မင်းကိုရန်ရှာမယ့်လူတွေရှိတယ်၊ ဒီတစ်ခါသူတို့ရန်ရှာရင် ငါမင်းကိုလာကယ်လို့မရတော့ဘူးဆိုတာ မင်းသိတယ်မဟုတ်လား”

“သိပါတယ်မယ်တော်၊ သိပေမယ့်လည်း အရှေ့အရပ်ကိုပြန်ပါ့မယ်”

“မင်းအနောက်အရပ်ကနေထွက်သွားရင် နောက်လုံးဝပြန်လာလို့မရတော့ဘူးနော်မယ်ပျင်း”

“ကျုပ်နားလည်ပါတယ်မယ်တော်”

“ကောင်းပြီ၊ ဒါဖြင့်ရင်လည်း ဒီချောင်းကိုမြန်မြန်သာဖြတ်ကူးလိုက်တော့”

မယ်ပျင်းမှာ ချောင်းတစ်ဖက်ကမ်းသို့ ခပ်မြန်မြန်ဖြတ်ကူးလိုက်လေသည်။ မယ်ပျင်းတစ်ဖက်ကမ်းသို့ရောက်သွားသည်နှင့် မယ်တော်က မယ်ပျင်းအားကြည့်ကာ

“ကျွနု်ပ် အနောက်အရပ်ကိုပိုင်စိုးတဲ့ အနောက်မယ်တော်အနေနဲ့ အသင့်ကိုအမိန့်ပေးတားမြစ်သည်။ အသင့်အား အနောက်အရပ်မှ မယ်တော်အမိန့်နှင့် နှယ်နှင်ထုတ်လိုက်သည်၊ နောက်နောင်မည်သည့်အကြောင်းကိစ္စနှင့်မှ အနောက်နယ်သို့ခြေမချရ၊ ခြေချလျှင်သင့်အား မယ်တော်မှပြင်းထန်စွာစီရင်မည်”

မယ်တော်ရွတ်ဖတ်လိုက်သည့်အခါ မယ်ပျင်းက ခေါင်းညိတ်လိုက်ကာ

“ကျေးဇူးတင်ပါတယ်မယ်တော်”

“ကဲ မယ်ပျင်း အပိုတွေပြောမနေနဲ့ ညည်းသွားချင်တဲ့အရပ်ကိုသာ သွားပေတာ့”

မယ်တော်က တစ်ဖက်သို့လှည့်လိုက်သည့်အခါ မယ်ပျင်းက ချောင်းကမ်းစပ်တွင် ဒူးထောက်ထိုင်ချလိုက်ကာ လက်အုပ်ချီလိုက်ပြီး

“အနောက်အရပ်က မထွက်ခင် မယ်တော့်ကို ကျုပ်နောက်ဆုံးအနေနဲ့ ကန်တော့ခဲ့ပါရစေ”

မယ်ပျင်းမှာ မယ်တော်၏နောက်ကျောကိုကြည့်ကာ သုံးကြိမ်တိတိဦးခိုက်ကန်တော့လေသည်။ အနောက်မယ်တော်မှာ မယ်ပျင်းဘက်သို့လှည့်ကြည့်လိုက်ပြီး

“ညည်းအတွက် ငါစကားလက်ဆောင်တစ်ခုပါးလိုက်ချင်တယ်မယ်ပျင်း”

“အမိန့်ရှိပါမယ်တော်”

“မပြီးခင်လူမမြင်စေနဲ့ဆိုတဲ့စကားရှိသလို၊ မင်းရဲ့ရည်မှန်းချက်တွေ အထွဋ်အထိပ်ရောက်ပြီး မအောင်မြင်ခင်မှာ မော်မော်ကြွားကြွားမနေဘဲ သိုသိုသိပ်သိပ်နေရမယ်၊ ဒီလိုမှသာ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်က အောင်မြင်မှာပဲမယ်ပျင်း”

“ကျုပ်မှတ်သားထားပါ့မယ် မယ်တော်”

“နောက်ထပ်စကားတစ်ခွန်းကတော့ ယောက်ျားတွေကို ဘယ်တော့မှ မယုံနဲ့အေ့”

မယ်တော်က ပြောဆိုပြီးသည်နှင့် တဖြည်းဖြည်းမှိန်ဝါးကာ ပျောက်ကွယ်သွားလေသည်။ မယ်ပျင်းမှာ ချောင်းကမ်းနံဘေးမှထကာ တောင်ကြီးကိုဖြတ်ကျော်ခဲ့လေသည်။

မနက်ဝေလီဝေလင်းအချိန်သို့ရောက်သည့်အခါ အရှေ့အရပ်သို့ခြေချမိပြီဖြစ်သည်။ ထနောင်းပင်ကြီးနှစ်ပင်ခွပေါက်နေသည့် ရွာတစ်ရွာအနီးသို့ရောက်သည့်အခါ ကျားဟိန်းသံကိုကြားရပြီး ကိုးတောင်ကျားစီးထားသည့် မယ်တော်ယမင်းမှာ မယ်ပျင်းအရှေ့ဆီသို့ရောက်လာခဲ့သည်။

“ကိုင်း ကြည့်စမ်းပါအုံး ဘယ်သူများလဲလို့ မယ်ပျင်းပါလား၊ ညည်းတောင် တော်တော်အရွယ်ရောက်နေပါလားအေ့၊ ဒါနဲ့ ညည်းကိုငါနယ်နှင်ထားတာကိုတောင် ညည်းကအရှေ့အရပ်ကိုခြေချတယ်ဆိုတော့ ညည်းက ငါတို့ကိုမလေးမစားလုပ်တာပဲ၊ ညည်းကို ငါဒဏ်ခတ်ရလိမ့်မယ်”

မယ်ပျင်းက ပြုံးလိုက်ကာ

“မဟုတ်သေးပါဘူးမယ်တော်၊ မယ်တော်တွေလိုက်နာရမယ့် စည်းမျဉ်းနံပတ်လေးဆယ့်ခုနစ်အရ စုန်းတစ်ယောက်ရဲ့ ဇာတိမွေးရပ်မြေကနေ နယ်မနှင်နိုင်ဘူးလို့ ရေးထားတယ်မဟုတ်လား မယ်တော်ရဲ့”

မယ်တော်ယမင်းမှာ အလွန်ထူးဆန်းသွားပြီး

“ဟဲ့ မယ်တော်တွေလိုက်နာရမယ့် စည်းမျဉ်းက လေးဆယ့်ခြောက်ခုပဲရှိတာပါ”

“ဟုတ်ရဲ့လားမယ်တော်ရဲ့၊ အနက်ရောင်ပုရပိုက်ကို ပြန်ကြည့်စမ်းပါအုံး”

မယ်တော်ယမင်းမှာ ထူးဆန်းစွာနှင့် ခါးပိုက်ဆောင်အတွင်းထည့်ထားသည့် အနက်ရောင်ပုရပိုက်ကလေးတစ်ခုကိုထုတ်ယူလိုက်လေသည်။ ပုရပိုက်အား လှန်လှောကြည့်လိုက်သည့်အခါ အသစ်ထပ်ရေးထားသည့် စည်းမျဉ်းတစ်ခုကိုတွေ့လိုက်ရသဖြင့် မျက်လုံးပြူးသွားလေတော့သည်။ မယ်ပျင်းက မယ်တော်အားကြည့်ရင်း

“ဘယ်လိုလဲမယ်တော်၊ ကျုပ်ရဲ့မွေးရပ်ဇာတိကို ကျုပ်ပြန်လာတာ စည်းကမ်းဖောက်ရာ မကျပါဘူးနော်”

မယ်ပျင်းရိသဲ့သဲ့ပြောလိုက်သည့်အခါ မယ်တော်မှာအလွန်ဒေါသထွက်သွားသော်လည်း စိတ်ကိုချုပ်တည်းထားလိုက်သည်။

“ဒါဆိုလည်း အရှေ့အရပ်က ကြိုဆိုပါတယ်မယ်ပျင်း၊ ဒါပေမယ့် ညည်းဘာလုပ်တယ် ဘာကိုင်တယ်ဆိုတာကို ငါမျက်စိဒေါက်ထောက်ကြည့်နေတယ်၊ ညည်းမဟုတ်တာလုပ်မယ် မကြံနဲ့နော်”

မယ်တော်ယမင်းမှာ ပြောဆိုပြီးနောက် ကျားစီးကာ မြူနှင်းမှုန်များအကြားတိုးဝင်၍ ကွယ်ပျောက်သွားတော့သည်။ မယ်ပျင်းမှာ အရှေ့အရပ်သို့မျှော်ကြည့်လိုက်ရင်း

“အမေ၊ သမီးပြန်လာပြီ၊ သမီးပြန်လာပြီလေ အမေရဲ့”

ဟုရေရွတ်လိုက်ကာ ခြေလှမ်းများကိုခပ်သွက်သွက်လှမ်းလျှောက်လိုက်လေသည်။