စာစဉ် (၅၇)

(၁)

မယ်ပျင်းနှင့် ကဝေသာရဘိုးဘိုးတို့မှာ နန်းဆောင်ကြီးအတွင်းသို့တက်လာခဲ့ကြသည်။ ရွှေရောင်နန်းဆောင်ကြီးထံသို့ရောက်သည့်အခါ ရွှေရောင်နန်းဆောင်အတွင်းမည်သူမှ မရှိဘဲ ရှင်းလင်းနေလေသည်။

“ရှင်ထူးမရှိတာနဲ့ အံကိုက်ပဲ”

ကဝေသာရဘိုးဘိုးမှာ ရွှေရောင်နန်းဆောင်ကြီးတစ်နေရာသို့သွားလိုက်ပြီးနောက် ပေစာများထည့်သည့် အနက်ရောင်စာတိုက်ကြီးတစ်ခုအနီးသို့တိုးကပ်ခဲ့လေသည်။ စာတိုက်ကြီးကို ကျွန်းနက်သားနှင့်ပြုလုပ်ထားပြီး သစ်စေးအနက်ရောင်များဖြင့် ကနုတ်ပန်းများအနုအလှများကိုဆင်ယင်ထားလေသည်။ ကဝေသာရဘိုးဘိုးက မယ်ပျင်းထံမှ သော့တံကိုတောင်းယူလိုက်သည့်အခါ မယ်ပျင်းက အနက်ရောင်သော့ချောင်းကိုလှမ်းပေးလိုက်သည်။

“ဒီစာတိုက်ပုံးက ဘာတွေများထူးခြားနေလို့လဲဘိုးဘိုး”

“အဖိုးတန်တဲ့အရာတစ်ခုကို ထိန်းသိမ်းထားတယ်လို့ပြောလို့ရတယ် မယ်ပျင်းရဲ့”

ကဝေသာရဘိုးဘိုးက သော့ပေါက်အနီးသို့ သော့တံကိုတိုးကပ်လိုက်သည်နှင့် သော့ပေါက်အတွင်းမှ ရေဘဝဲလက်တံကဲ့သို့ အနက်ရောင်လက်တံများထွက်ပေါ်လာကာ သော့တံအားဆွဲယူလျှက် အလိုလိုထည့်သွင်းလိုက်လေသည်။ သော့တံဝင်သွားပြီးသည်နှင့် စာတိုက်ကြီးအပေါ်တွင်ရေးဆွဲထားသည့် အနုအလှကနုတ်ပန်းများမှာ အသက်ဝင်လာသည့်နှယ် ပျော့ပြောင်းလာပြီး သူ့အလိုလိုလှုပ်ရှားကြလေသည်။ ကနုတ်ပန်းများမှာ စာတိုက်အောက်ခြေတွင် သွားရောက်စုစည်းကြီးပြီးသည့်အခါ စာတိုက်အဖုံးကြီးမှာသူ့အလိုလိုပင်ပွင့်ထွက်သွားသည်။ မယ်ပျင်းမှာ အတွင်းတွင် မည်သည့်အရာရှိနေသည်ကို သိချင်လှသဖြင့် စာတိုက်အတွင်းသို့ ငုံ့ကြည့်လိုက်သည့်အခါ အလွန်စေးကပ်ပျစ်ချွဲသည့် အနက်ရောင်အရည်များသာရှိနေလေသည်။

“အနောက်ကိုဆုတ် မယ်ပျင်း၊ ဒီအရည်တွေဟာ လူသားနဲ့ထိတွေ့လိုက်တာနဲ့ အသားအရည်တွေကိုအငွေ့ပျံသွားစေနိုင်လောက်အောင် ပြင်းထန်တဲ့အဆိပ်ရည်တွေပဲ”

“ဒီအထဲမှာ ဒီအရည်တွေပဲရှိတာလား”

ကဝေသာရဘိုးဘိုးက ခေါင်းခါလိုက်ကာ စာတိုက်ပုံးအတွင်းရှိ အရည်များအပေါ်သို့ လက်ကိုဖြန့်ဝဲလိုက်သည့်အခါ အရည်များမှာ လှုပ်ရှားလာပြီးသည့်နောက် အဆိပ်ရည်များအောက်ခြေမှ အနက်ရောင်ပုရပိုက်တစ်ခုက တိုးထွက်လာခဲ့သည်။ ပုရပိုက်မှာ ခပ်သေးသေးသာဖြစ်ပြီး တစ်ထွာခန့်သာရှည်လျားလေသည်။

ကဝေသာရဘိုးဘိုးက ပုရပိုက်ကိုလက်ဖြင့်အသာယူလိုက်ပြီးသည့်နောက် မယ်ပျင်းအားပြသလိုက်လေသည်။ မယ်ပျင်းမှာ ပုရပိုက်အသေးလေးအားလက်ဖြင့်ပွတ်သပ်ကြည့်နေမိသည်။ ပုရပိုက်အဖုံးတွင် စာများရေးသားထားသော်လည်း မယ်ပျင်းမှာ စာမဖတ်တတ်သဖြင့် မည်သည့်အရာများရေးသားထားသည်ကို မသိရပေ။

“ဒီပုရပိုက်က အိမ်ပြန်ဖို့ကူညီပေးနိုင်တယ်ဆိုတော့ ဘယ်လိုပုရပိုက်မျိုးပါလိမ့်”

“အဲဒါ မယ်တော်တွေလိုက်နာရမယ့် စည်းကမ်းနဲ့ တာဝန်တွေကိုရေးသားထားတဲ့ ပုရပိုက်ပဲ”

“အခုဒီပုရပိုက်ကိုရပြီဆိုတော့ ဘာဆက်လုပ်မှာလဲ”

“မင်းကို အရှေ့မယ်တော်က နယ်နှင်ထားတယ်မဟုတ်လား၊ ဒီပုရပိုက်ထဲက စည်းကမ်းတချို့ကို ငါတို့သဘောနဲ့ငါတို့ပြင်လိုက်မယ်ဆိုရင် မင်းအိမ်ပြန်လို့ရနိုင်လောက်မှာပါ”

မယ်ပျင်းမှာအားတက်သွားပြီး

“ဒါဆိုရင်လည်း ဘိုးဘိုးရယ်၊ ခပ်မြန်မြန်ကလေးပြင်ပေးပါတော့”

ကဝေသာရဘိုးဘိုးက ပုရပိုက်ကိုလှမ်းယူလိုက်လေသည်။ ထို့နောက်ပုရပိုက်အားဖွင့်လိုက်ကာ စာသားများကိုလှန်လှောဖတ်ရှုနေလေသည်။ ပုရပိုက်မှာ ပေစာချပ်များကို ဘာဂျာပုံစံတွဲဆက်ထားခြင်းဖြစ်သဖြင့် အတွဲလိုက်လှန်လှောဖတ်ရှုနိုင်ပေသည်။ တစ်နေရာအရောက်တွင် ကဝေသာရဘိုးဘိုးက ပုရပိုက်အားရပ်တန့်လိုက်ကာ လက်ထဲတွင် ကညစ်တစ်ချောင်းကိုဖန်ဆင်းလိုက်လေသည်။ ပုရပိုက်တွင်မရေးမီ မယ်ပျင်းအားတစ်ချက်ကြည့်လိုက်ကာ

“ငါတို့လုပ်နေတဲ့လုပ်ရပ်က အလွန်ကြီးလေးတဲ့ အပြစ်တစ်ခုပဲမယ်ပျင်း၊ တစ်ချိန်မဟုတ်တစ်ချိန် ရှင်ထူးက သိသွားမှာပဲ၊ အဲဒီအခါကျရင် ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေက မသေးဘူးနော်မယ်ပျင်း၊ အခုအချိန်မင်းစိတ်ပြောင်းချင်သေးတယ်ဆိုရင် ဟောဒီပုရပိုက်ကို ပြင်ဆင်တာတွေမလုပ်ဘဲ ဒီအတိုင်းပြန်ထားလို့ရတယ်”

“ကျုပ်စိတ်ကို အသင့်ပြင်ဆင်ပြီးသားပါဘိုးဘိုး၊ ကျုပ်ဒီအထိရောက်နေမှတော့ နောက်ပြန်လှည့်စရာအကြောင်းမရှိတော့ဘူး”

ကဝေသာရဘိုးဘိုးက ခေါင်းတဆတ်ဆတ်ညိတ်ကာ

“လုပ်ပြီးသွားရင် နောက်ပြန်လှည့်လို့လဲမရတော့ဘူး”

ကဝေသာရဘိုးဘိုးမှာ ကညစ်ဖြင့် ပုရပိုက်တွင် တင်လိုက်သည့်အခါ ကညစ်မှာသူ့အလိုလိုလေပေါ်ပျံတက်လျှက်ရှိနေသည်။ ကညစ်ဆိုသည့်အရာမှာ သံဆူးချွန်ကလေးတစ်မျိုးဖြစ်ကာ ပေစာ၊ ပုရပိုက်များပေါ်တွင် စာလုံးများရေးထွင်းရန်အသုံးပြုသည်။ တစ်ဖက်တွင် သံချွန်တပ်ထားပြီး တစ်ထွာခန့်ရှိသည့် လက်ကိုင်တစ်ခုရှိကာ ဆင်စွယ်သားဖြင့်ပြုလုပ်ထားသည်။ လက်ကိုင်၏အဆုံးတွင်တော့ ဒေါင်းမြီးတစ်ခုကိုအလှဆင်ကာ တပ်ထားသေးသည်။

“ဒီကျမ်းကြီးဟာ မယ်တော်တွေလိုက်နာရမယ့်စည်းကမ်း၊ တာဝန်နဲ့ဝတ္တရားတွေကိုရေးသားထားတဲ့ မူရင်းကျမ်းကြီးပဲ၊ ဒီကျမ်းကြီးမှာ ရေးထားပြီးသားအချက်တွေကို ပယ်ဖျက်လို့မရပေမယ့် အခါအားလျော်စွာ စည်းကမ်းချက်အသစ်တွေကို ထပ်ပြီးဖြည့်စွက်ရေးသားနိုင်တယ်၊ ဒီမူရင်းကျမ်းမှာ ရေးသားပြီးစီးတဲ့အခါ အသစ်ရေးသားထားတဲ့အချက်တွေက ဒီကျမ်းကနေပွားထားတဲ့ မူပွားကျမ်းတွေအကုန်လုံးမှာ သွားပြီးပေါ်သတဲ့”

“ဒါဖြင့် မေမေကြီးက မူရင်းကျမ်းကိုထိန်းသိမ်းထားတာပေါ့နော်၊ ဒါနဲ့ ထူးခြားတာတစ်ခုက သူက မူရင်းကျမ်းကို ကိုင်ဆောင်ထားပေမယ့် ဘာဖြစ်လို့သူ့စိတ်ကြိုက်မပြင်တာလဲ”

“ဘာလို့လဲဆိုတော့ ဒီကျမ်းကိုမယ်တော်တွေက ပြင်ဆင်ခွင့်မရှိဘူး”

“ဘယ်လိုပြောလိုက်တယ်ဘိုးဘိုး”

“ဟုတ်တယ်၊ မယ်တော်တွေစတင်ပေါ်ပေါက်လာတဲ့ ဟိုးပုဂံခေတ်ဦးကတည်းက မင်းနဲ့ပုရောဟိတ်တွေက မယ်တော်တွေလိုက်နာရမယ့် စည်းမျဉ်းတွေကိုရေးသားပြီး ထိန်းချုပ်ခဲ့တယ်၊ မယ်တော်အသစ်တင်မြှောက်တဲ့အခါတိုင်း မယ်တော်အသစ်က ဒီကျမ်းကြီးမှာပါတဲ့ စည်းကမ်းတွေကို လိုက်နာပါ့မယ်ဆိုပြီး တိုင်တည်ပြီးကျိန်ဆိုထားရတယ်၊ မယ်တော်တွေရဲ့ စည်းကမ်းကို မယ်တော်တွေကိုယ်တိုင် မပြင်ရပါဘူးဆိုပြီး ဒီကျမ်းထဲမှာ အတိအလင်းရေးသားထားတယ်”

“ဒါဖြင့် ဘယ်သူက ပြင်ဆင်နိုင်တာလဲ”

“မယ်တော်တွေကို နယ်လေးနယ်ခွဲပြီး အုပ်ချုပ်စေတဲ့အခါ အဲဒီမယ်တော်လေးပါးရဲ့ အအုပ်အချုပ်အဖြစ် ကဝေသာရဘိုးဘိုးကြီးဆိုတာကိုခန့်ထားတယ်၊ ကဝေသာရဘိုးဘိုးဆိုတာ ကဝေတွေရဲ့အချုပ်၊ မယ်တော်တွေရဲ့အချုပ်ပဲ၊ ရှေးက ကဝေသာရဘိုးဘိုးဆိုတာ မင်းညီလာခံကိုတက်ရောက်ရပြီး မင်းထံပါးမှာ ခစားရတဲ့ အမတ်ကြီးတစ်ဦးဆိုရင်လည်း မမှားဘူးပေါ့”

“ဒါဆိုရင် ဘိုးဘိုးက မယ်တော်တွေကို နိုင်တာပေါ့နော်”

“အရင်တုန်းကတော့ ဟုတ်တယ်”

မယ်ပျင်းမှာ ကဝေသာရဘိုးဘိုး၏ စကားကိုကြားလိုက်သည့်အခါ မျက်မှောင်ကြုတ်လိုက်ပြီး

“အရင်တုန်းကတော့ ဟုတ်တယ်ဆိုတော့ အခုတော့မဟုတ်ဘူးဆိုတဲ့သဘောလား”

ကဝေသာရဘိုးဘိုးက ခေါင်းကိုညိတ်ရင်း

“ငါက ကဝေသာရဘိုးဘိုး ငါးဆက်မြောက်ဆက်ခံတဲ့သူပဲ၊ ကဝေသာရဘိုးဘိုးတွေဆိုတာ များသောအားဖြင့် ကဝေကြီးတွေဖြစ်တယ်၊ ကဝေအတတ်ကိုတစ်ဖက်ကမ်းခတ် တတ်မြောက်သူတွေပေါ့၊ ဒါပေမယ့် ငါက ကဝေအဆင့်လောက်နဲ့ မရပ်တန့်ချင်ဘူး၊ ဒါကြောင့် ဝိဇ္ဇာဓိုရ်အဖြစ်နဲ့ အသက်အတိုင်းအဆမရှိနေချင်တယ်၊ ကျင့်စဉ်တွေကျင့်ပြီး သိဒ္ဓိရှင် မဟိဒ္ဓိရှင်ဖြစ်ချင်တယ်၊ ဒါကြောင့် ဝိဇ္ဇာဖြစ်မယ့် ကျင့်စဉ်တွေကို ကျင့်ကြံခဲ့တယ်၊ အဲဒီအခါမှာ ရှင်ထူးက ငါ့ကိုအကူအညီအများကြီးပေးခဲ့တယ်”

“ဒါဆို အခုဘိုးဘိုးက ဝိဇ္ဇာဓိုရ်ဖြစ်သွားပြီလား”

“ဖြစ်သွားပြီလို့ပြောလို့ရတယ်၊ သိဒ္ဓိဆယ်ပါးကိုအောင်မြင်ပြီး မဟိဒ္ဓိတစ်ရာနှစ်ဆယ့်ငါးပါးနဲ့ပြည့်စုံပြီး ဈာန်လေးပါးကိုရရှိခဲ့လို့ ဟောဒီစကြာဝဠာတစ်ခွင်ကို စိတ်တန်ခိုးနဲ့လှည့်ပတ်သွားလာနိုင်ခဲ့ပြီ”

“ဘိုးဘိုးက ဒီလောက်စွမ်းတာ မေမေကြီးကိုများ ကြောက်နေရသေးသလား”

“ကြောက်တယ်လို့တော့ပြောလို့မရဘူး၊ တစ်ဦးနဲ့တစ်ဦး ကျေးဇူးပြုနေတယ်လို့ပြောရမယ်၊ ငါဝိဇ္ဇာမဖြစ်ခင်က ရှင်ထူးဆီက ကျင့်စဉ်အကူအညီတွေအများကြီးယူခဲ့ရတယ်၊ မင်းသိတဲ့အတိုင်းပဲ ရှင်ထူးက ကျင့်စဉ်တွေ၊ ထူးခြားတဲ့အရာတွေကို စုဆောင်းရတာ ဝါသနာပါတယ်ဆိုတော့ သူ့ဆီက ကျင့်စဉ်ကျမ်းတွေကို ငှားရမ်းဖတ်ရှုပြီး လေ့လာလိုက်စားခဲ့ရတယ်၊ အပြန်အလှန်အနေနဲ့ သူက ငါ့ကိုတစ်ခုတောင်းဆိုခဲ့တယ်”

“ဘာတောင်းဆိုခဲ့တာလဲ”

“အဲဒါကတော့ ကဝေသာရဘိုးဘိုးက မယ်တော်တွေရဲ့လုပ်ရပ်ကို သိနိုင်သော်လည်း စွက်ဖက်ပိုင်ခွင့်မရှိဆိုတဲ့ စည်းကမ်းချက်ကို ထပ်ဖြည့်ပေးဖို့ပဲ”

“ဟင်၊ ဘိုးဘိုးက အဲဒီစည်းကမ်းကိုတကယ်ပဲ ဖြည့်ပေးခဲ့တာလား”

“အဲဒီတုန်းက ငါက ဝိဇ္ဇာဓိုရ်ဖြစ်ရေးကြိုးစားနေတဲ့အချိန်ဆိုတော့ သူပြောတာကိုလက်ခံခဲ့ရတယ်၊ ဒါနဲ့ပဲ ဟောဒီပုရပိုက်ကြီးထဲမှာ ငါကိုယ်တိုင်ငါ့လက်ရေးနဲ့ အဲဒီစည်းကမ်းကို ဖြည့်စွက်ခဲ့ရတယ်”

“ဒါကြောင့်ကိုး၊ ဒါကြောင့် မေမေကြီးအပါအဝင် မယ်တော်တွေက လုပ်ချင်ရာလုပ်ပြီး ထင်ရာစိုင်းနေကြတာကိုး”

“ကဲ အခုတော့ မင်းအတွက်နဲ့ ဒီကျမ်းကိုနောက်တစ်ခါထပ်ပြင်ရတော့မယ်”

“ဘိုးဘိုးက ဘယ်လိုပြင်မယ်စိတ်ကူးလဲ”

“မယ်တော်တွေက ဆိုးသွမ်းတဲ့သူတွေကို နယ်နှင်ပိုင်ခွင့်ရှိတယ်မဟုတ်လား၊ ဒီအချက်ကို ပြင်လို့မရပေမယ့်၊ မင်းအိမ်ပြန်ဖို့အတွက် အချက်တစ်ခုကိုထပ်ဖြည့်ချင်တယ်၊ အဲဒါကတော့ စုန်းတစ်ယောက်ရဲ့ ဇာတိချက်မြှုပ်မွေးရပ်မြေကနေ နယ်နှင်ခွင့်မရှိဘူးဆိုတာကိုပဲ”

မယ်ပျင်းမှာ သဘောကျသွားကာ ခေါင်းညိတ်လိုက်သည်။

“ကောင်းတာပေါ့ ဘိုးဘိုးရယ်၊ ကျုပ်အိမ်ပြန်ချင်လှပြီ မြန်မြန်သာ ရေးပါတော့”

ကဝေသာရဘိုးဘိုးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး

“စည်းမျဉ်း လေးဆယ့်ခုနစ်အရ မယ်တော်တစ်ဦးသည် စုန်းတစ်ဦးအား ၎င်းနေထိုင်မွေးဖွားခဲ့သည့် ဇာတိချက်မြှုပ်ရာဒေသမှ နယ်မနှင်နိုင်ပေ၊ မည်သည့်မယ်တော်က မည်သည့်အရပ်မှ နယ်နှင်ထုတ်သော်လည်း စုန်းတစ်ဦးအတွက် ဇာတိချက်မြှုပ်မွေးဖွားရာနေရပ်သည် နောက်ဆုံးနားခိုရာအရပ်အဖြစ်နှင့် ငြိမ်းငြိမ်းချမ်းချမ်းနေစေရမည်”

ကဝေသာရဘိုးဘိုးက ပြောဆိုလိုက်သည့်အခါ ဒေါင်းမြီးတပ်ထားသည့်ကညစ်မှာ ပုရပိုက်အတွင်း အလိုလိုရေးသားနေလေတော့သည်။ ပြီးသည့်အခါ ကဝေသာရဘိုးဘိုးမှာ ပုရပိုက်အား ကျွန်းနက်စာတိုက်ကြီးအတွင်းပြန်ထည့်ကာ သိမ်းဆည်းလိုက်လေသည်။

“ငါမင်းကိုကူညီနိုင်သလောက် ကူညီခဲ့ပြီးပြီမယ်ပျင်း၊ ကျန်တာကတော့ မင်းရဲ့ကိစ္စပဲ”

“ကျုပ်မရှင်းတာတစ်ခုမေးချင်တယ်ဘိုးဘိုး၊ ဘိုးဘိုးက ကျုပ်ကိုဘာဖြစ်လို့ လိုက်ပြီးကူညီနေရတာလဲ”

“ငါအမှန်အတိုင်းပဲပြောပါမယ်၊ မင်းက ဒီနေရာမှာရှိမနေသင့်ဘူးမယ်ပျင်း၊ ဒီအရပ်ဟာမင်းနဲ့မအပ်စပ်ဘူး၊ မင်းဒီမှာဆက်နေမယ်ဆိုရင် မင်းရော တခြားသူတွေအတွက်ရော ကောင်းတာတွေထက် ဆိုးတာတွေချည်းဖြစ်လာလိမ့်မယ်၊ အဲဒါကြောင့် ငါမင်းကိုကူညီရတာ”

ကဝေသာရဘိုးဘိုးက ပြောဆိုပြီးနန်းဆောင်အတွင်းမှထွက်ခွာသွားလေသည်။ မယ်ပျင်းလည်း ကဝေသာရဘိုးဘိုးပြောသွားသည့်စကားများကိုတွေးတောကာ ခေါင်းညိတ်လိုက်တော့သည်။

(၂)

မယ်ပျင်းထွက်ခွာသွားသော်လည်း မယ်တော်ယမင်းမှာ နေမထိထိုင်မသာဖြစ်နေလေသည်။ တစ်နေ့တစ်ရက်မှ အေးအေးလူလူအိပ်စက်ရသည်မရှိဘဲ အိပ်မက်ထဲတွင် မယ်ပျင်းကလိုက်လံခြောက်လှန့်နေလေသည်။

“မယ်ပျင်း၊ ညည်းက မသေသေးဘူး၊ ညည်းမသေသေးသရွေ့ ငါ့စိတ်တွေတစ်ရက်မှ အေးချမ်းရတယ်ဆိုတာကိုမရှိဘူး”

မယ်တော်ယမင်းမှာ ရေရွတ်နေမိသည်။

“မယ်ပျင်းမသေသေးသရွေ့ တစ်နေ့ငါ့ဆီကိုပြန်လာမှာပဲ၊ ပြီးတော့ သူ့ကိုလည်း အနောက်မယ်တော်က မွေးစားသွားတယ်မဟုတ်လား၊ တကယ်လို့သာ အနောက်မယ်တော်ဆီကနေ ပညာတွေရပြီး ပြန်လာခဲ့ရင် သူငါ့ကိုအရင်ဆုံးလာရှာမှာပဲ၊ ငါ့ကိုအရင်ဆုံး လာစိန်ခေါ်မှာပဲ”

မယ်တော်မှာ ထိုအတွေးများနှင့် မပျော်မမွေ့နိုင်ဖြစ်နေလေသည်။ ထိုအဖြစ်ကို လက်အောက်ငယ်သားများက ကြားသိသည့်အခါ မယ်တော်အား နှစ်သိမ့်အားပေးလေသည်။

“မယ်မယ်ဘုရား၊ စိတ်မပူပါနဲ့ မယ်ပျင်းကို မယ်မယ်ဘုရားက ဟောဒီအရှေ့နယ်ကနေ နယ်နှင်ထားတာပဲဥစ္စာ သူကဘယ်လိုလုပ်ပြီး ပြန်လာနိုင်မှာလဲ”

“ဟဲ့ သူ့မွေးစားအမေက ပညာအရာမှာတစ်ဖက်ကမ်းခတ်အောင် တတ်မြောက်တဲ့လူဟဲ့၊ ပြီးတော့သူ့ကို ငါ့လက်ထဲကနေ ကယ်ထုတ်သွားတာကိုက ထူးဆန်းနေတယ်”

“မယ်မယ်ဘုရားရယ်၊ တကယ်လို့ သူက ပညာအရာမှာထူးချွန်သွားတယ်ပဲထားပါအုံး၊ မယ်မယ်ဘုရားနယ်နှင်ထားတဲ့အရပ်ကို သူပြန်လာတာဟာ စည်းကမ်းနဲ့မှ မလျော်ညီတာပဲမဟုတ်လား၊ သူ့ဟာသူ ဘာကြီးဖြစ်နေဖြစ်နေ ဒီစည်းကမ်းတွေကို ဖောက်ဖျက်လို့ရှိရင် တစ်လောကလုံးနဲ့တစ်ယောက်ဖြစ်သွားမှာပေါ့”

မယ်တော်ယမင်းက ခေါင်းခါလိုက်ကာ

“ညည်းတို့မသိပါဘူးအေ၊ ငါ့စိတ်ထဲအလိုလိုခံစားမိပြီးသားပါအေ့၊ သူပြန်လာလိမ့်မယ်၊ သူအရှေ့ကိုပြန်လာလိမ့်မယ်”

မယ်တော်အား ဖြောင်းဖျမရသဖြင့် လက်အောက်ငယ်သားများမှာ စိတ်ညစ်ကုန်ကြလေသည်။ မယ်တော်မှာ နန်းဆောင်ကြီးအတွင်းလျှောက်လှမ်းလာရင်း ကြည့်မှန်ကြီးတစ်ချပ်အရှေ့တွင်ရပ်တန့်လိုက်လေသည်။

“ဘထီး၊ မယ်ပျင်းပြန်လာမယ်လို့ ကျုပ်စိတ်ထဲထင်နေမိတယ်၊ ဘထီးတတ်အပ်တဲ့ နက္ခတ်ကိန်းခမ်း ဗေဒင်ပညာတွေအရ နည်းနည်းပါးပါးကြည့်ပေးစမ်းပါအုံး”

မှန်ထဲတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုဏ္ဏားကြီးတစ်ယောက်ပေါ်ပေါက်လာခဲ့သည်။ ပုဏ္ဏားကြီးမှာ အတန်ကြာအောင်စဉ်းစားပြီးသည့်နောက်

“ပြန်လာလိမ့်မယ်၊ သူမကြာခင် အရှေ့အရပ်ကိုပြန်လာလိမ့်မယ်”

ပုဏ္ဏားကြီးစကားမှာ မှားယွင်းရိုးမရှိသည်မို့ မယ်တော်ယမင်းမှာ အလွန်ထိတ်လန့်သွားလေသည်။

ကိုလိုနီခေတ်ဖြစ်သည်မို့ အစစအရာရာတိုးတက်ပြောင်းလဲလာသည်။ မြိုင်သာရွာကလေးမှာလည်း မြို့အဆင့်ဖြစ်လာကာ ကိုလိုနီအုပ်ချုပ်ရေး ယန္တရားများရုံးစိုက်လာသည့် မြို့ကလေးဖြစ်လာသည်။ မြို့ပြအင်္ဂါရပ်ဖြစ်သော အစိုးရအဆောက်အဦများ၊ ကျောင်း၊ ဆေးရုံ၊ ပုလိပ်ဂတ်တဲများတည်ဆောက်လာကာ ကားလမ်းမကြီးတစ်ခုကိုလည်း ဖောက်လုပ်ခဲ့လေသည်။

အင်္ဂလိပ်လက်အောက်ခံဖြစ်သဖြင့် လူမျိုးခြားများမှာလည်း ရေကြည်ရာမြက်နုရာ ပြောင်းရွေ့လုပ်ကိုင်လာခဲ့ကြရာ မြိုင်သာမြို့အတွင်း အိန္ဒိယပြည်မှ ပြောင်းရွှေ့လာသည့် ကုလားလူမျိုးများမှာလည်း လာရောက်အခြေချနေထိုင်ကြသည်။ ထိုကုလားများမှာ ကားလမ်းကြီးဖောက်လုပ်စဉ်က အလုပ်ကြမ်းသမားများအဖြစ်လာရောက်ခဲ့ကြရာမှ ကားလမ်းပြီးသည့်အခါ မြိုင်သာမြို့ပြင်တွင် တဲကလေးများထိုး၍ ကြံရာကျပန်းအလုပ်များလုပ်ကိုင်နေထိုင်ကြသလို အချို့မှာလည်း သူတို့တတ်မြောက်သည့်ပညာဖြင့် အရောင်းအဝယ်လုပ်ငန်းများ၊ အသက်မွေးမှုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် အခြေချနေထိုင်လေသည်။

တစ်ရက်တွင်တော့ မယ်တော်ယမင်းနေထိုင်သည့် နန်းဆီသို့ ကုလားကြီးတစ်ဦးရောက်လာလေသည်။ လက်အောက်ငယ်သားများက ကုလားကြီးကိုနန်းဆောင်အတွင်းသို့ ခေါ်ဆောင်လာကြသည်။ ကုလားကြီးမှာ အောက်တွင်ဒိုတီပတ်ထားပြီး အပေါ်တွင်တော့ ရွှေချည်ငွေချည်များထိုးထားသည့် လက်ပြတ်အင်္ကျီတစ်ထည်ကိုဝတ်ဆင်ထားသည်။ ခေါင်းတုံးကိုပြောင်နေအောင်တုံးထားပြီး ခေါင်းပေါ်တွင် ချည်သားဖြင့်ထိုးထားသည့် ဦးထုပ်ပျော့ကလေးတစ်လုံးကိုဆောင်းထားလေသည်။ မျက်နှာခပ်ရှည်ရှည်ဖြစ်ကာ ထူထဲလှသည့်နှုတ်ခမ်းမွှေးကြီးများလည်းရှိသည်။

မယ်တော်ယမင်းက ကုလားကြီးကို သေချာစိုက်ကြည့်ကာ

“မောင်မင်းကို အရင်က ငါမမြင်ဖူးပါလားဟဲ့”

“မှန်ပါ၊ ကျွန်တော့်နာမည် ရာဂျေးလို့ခေါ်ပါတယ်၊ ကျွန်တော်က ဟိုးအိန္ဒိယနိုင်ငံ အထက်ပိုင်းကနေ လာခဲ့တဲ့လူတစ်ယောက်ပါ၊ အဲဒီဘက်မှာ စီးပွားရေးအဆင်မပြေလို့ အခုမြိုင်သာမှာ မိသားစုနဲ့အတူတူအခြေချပြီးတော့ စီးပွားရေးလုပ်ကိုင်မယ်လို့စိတ်ကူးပါတယ်”

မယ်တော်ယမင်းမှာ ခေါင်းညိတ်လိုက်ရင်း

“စီးပွားရေးလုပ်တာတော့ဟုတ်ပါပြီ၊ မင်းအခုငါ့ဆီကိုလာတာ ဘာကြောင့်များလဲ”

“ကျွန်တော်တို့ဟာ မိရိုးဖလာ မှော်ပညာတွေကို ဆွေစဉ်မျိုးဆက်တတ်မြောက်ခဲ့ကြပါတယ်၊ အခု ဒီနယ်ကိုရောက်တဲ့အခါ ဒီနယ်ကမှော်ပညာရှင်တွေ၊ ဗမာတွေအခေါ်တော့ စုန်းတွေကို အုပ်ချုပ်တဲ့မယ်တော်ရှိတယ်ဆိုတာသိလို့ မယ်တော်ကိုလာရောက်နှုတ်ဆက်ရင်း မုန့်အချိုတွေနဲ့ပူဇော်တာပါ”

ရာဂျူးမှာ လက်အတွင်းကိုင်ဆောင်လာသည့် စက္ကူဘူးကလေးကိုဖွင့်လိုက်လေသည်။ စက္ကူဘူးကလေးထဲတွင် အရောင်အသွေးစုံလင်လှသည့် မုန့်အချိုများကိုတွေ့ရသည်။ မယ်တော်ယမင်းမှာ ထိုမုန့်များကိုမမြင်ဖူးသဖြင့်ကြည့်နေကာ မုန့်တစ်ခုကိုကောက်ယူလိုက်ကာ ကိုက်ဝါးလိုက်လေသည်။ မုန့်အရသာမှာ ချိုအီကာ ဆိမ့်နေသည့်အရသာဖြစ်သည်။

“စားလို့တော့ကောင်းသားပဲ၊ ဒါနဲ့ မောင်မင်းတို့နယ်မှာရော စုန်းတွေ၊ ပညာသည်တွေအများကြီးရှိရဲ့လား”

“မှန်ပါမယ်တော်၊ ကျွန်တော်တို့အရပ်မှာတော့ မှော်ပညာဆိုတာ ရှေးဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းပြီးသယ်ဆောင်လာခဲ့ကြတဲ့ပညာတစ်ခုပါ၊ မိသားစုတိုင်း လူတိုင်းဟာ မှော်ပညာကိုအနည်းနဲ့အများတတ်မြောက်ကြပြီးတော့ မိသားစုတစ်ခုနဲ့တစ်ခုမှာလည်း မတူညီတဲ့ မှော်ပညာတွေကို လက်ဆင့်ကမ်းပြီးသယ်ဆောင်လာခဲ့ကြကြောင်းပါ”

“ဒီလိုလူတိုင်းနီးပါး မှော်ပညာတတ်နေတယ်ဆိုတော့ မောင်မင်းတို့ဆီမှာ ပညာသည်အချင်းချင်း တိုက်တာခိုက်တာ၊ သတ်ဖြတ်တာတွေ အမြဲဖြစ်နေမှာပေါ့”

“ဒီလိုတော့မရှိပါဘူး ကျွန်တော်တို့ဆီမှာ မှော်ပညာတတ်မြောက်တဲ့လူတွေက တစ်ယောက်နဲ့တစ်ယောက် ညီအကိုတွေလိုပဲ အေးအေးလူလူဆက်ဆံပါတယ်”

မယ်တော်ယမင်းမှာ မျက်မှောင်ကြုတ်လိုက်ကာ

“ဒါဖြင့် မောင်မင်းတို့တွေကို ထိန်းကျောင်းအုပ်ချုပ်နေတဲ့လူရှိမှာပေါ့”

“ရှိတာတော့ရှိပါတယ်၊ ဒေဝီဆယ့်နှစ်ပါးက ကျွန်တော်တို့တွေကို အုပ်ချုပ်ပါတယ်၊ ဒါပေမယ့် ဒေဝီဆယ့်နှစ်ပါးအုပ်ချုပ်နေတာထက် ကျွန်တော်တို့တွေရွာသားတွှေအချင်းချင်း၊ နယ်သားတွေအချင်းချင်းဖွဲ့ထားတဲ့ အသင်းအဖွဲ့ကနေ ထိန်းကွပ်အုပ်ချုပ်ပါတယ်”

မယ်တော်ယမင်းမှာ စိတ်ဝင်စားသွားပြီး

“အဲဒီအသင်းအဖွဲ့အကြောင်းပြောပါအုံး”

“ဒီလိုပါမယ်တော်၊ ကျေးရွာကလေးတွေကိုတော့ ရွာတာဝန်ခံတစ်ယောက်က အုပ်ချုပ်ပါတယ်၊ မြို့မှာကျတော့ မြို့ထဲက ဂုဏ်သရေကြီးမားတဲ့ မှော်ပညာတတ်တဲ့မိသားစုတွေကတစ်မိသားစုကို တစ်ယောက်ကိုယ်စားပြုပြီးတော့ ဖွဲ့ထားတဲ့အဖွဲ့ရှိပါတယ် အဲဒါကို ရာတီလို့ခေါ်ပါတယ်၊ အဲဒီရာတီအဖွဲ့ကနေ ဦးဆောင်မယ့်သူတွေရွေးချယ်ပြီးတော့ အဖွဲ့ကနေပဲ မှော်ပညာရှင်တွေကို အဆင့်ဆင့်စည်းကမ်းတွေထုတ်ပြီး အုပ်ချုပ်ပါတယ်”

“ဒီလိုအုပ်ချုပ်တော့ရော လူတွေက လိုက်နာကြသလားကွဲ့”

“များသောအားဖြင့်လိုက်နာကြပါတယ်၊ ရာတီအဖွဲ့ကနေ အပြစ်ကျူးလွန်တဲ့လူတွေကို ခုံရုံးဖွဲ့စစ်ဆေးပြီးတော့ အပြစ်ရှိမရှိကိုသေချာစစ်ဆေးပြီးတော့မှ ပြစ်ဒဏ်ပေးဖို့အတွက် ဒေဝီတွေကို တင်ပြပါတယ်၊ ဒေဝီတွေက ထိုက်သင့်သလိုအပြစ်ပေးပါတယ်၊ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ဒေဝီတွေလဲ အလုပ်မရှုှုပ်တော့သလို မှော်ပညာရှင်တွေအချင်းချင်းထိန်းကျောင်းကြတဲ့အတွက် ဒုစရိုက်မှုတွေမရှိသလောက်နည်းပါးသွားပါတယ်”

မယ်တော်ယမင်းမှာ ထိုအချက်ကိုတွေးရှုကာ ကျေနပ်နေမိသည်။

“ဟုတ်တယ်၊ သူပြောတဲ့အစီအစဉ်ကောင်းတယ်၊ ငါတို့မှာလည်း ဒီလိုအဖွဲ့အစည်းမျိုးကို ဖွဲ့စည်းနိုင်ခဲ့တယ်ဆိုရင် မယ်ပျင်းကို ဒီအဖွဲ့အစည်းကနေ အရင်ဆုံးတားဆီးနိုင်လိမ့်မယ်၊ မယ်ပျင်းတကယ်လို့ အရှေ့အရပ်ကိုပြန်လာပြီး ငါ့ကိုရန်ပြုမယ်ဆိုရင်တောင် ဒီလိုအဖွဲ့အစည်းက အရင်ဆုံးတားဆီးပေးနိုင်လိမ့်မယ်ထင်တယ်”

မယ်တော်ယမင်းမှာတွေးတောပြီး ကုလားကြီးဘက်သို့ကြည့်လိုက်ကာ

“မောင်မင်းတို့အရပ်မှာ အဖွဲ့ဖွဲ့သလို ငါတို့ဆီမှာလည်း အဖွဲ့ဖွဲ့ချင်တယ်၊ ဒီလိုအဖွဲ့အစည်းနဲ့အုပ်ထိန်းတာကို ဆောင်ရွက်ချင်တယ်၊ အဲဒီအတွက် မောင်မင်းအကူအညီပေးနိုင်မလား”

ရာဂျေးက ခေါင်းညိတ်လိုက်ပြီး

“ဒီအတွက်တော့မပူပါနဲ့ မယ်တော်အကောင်အထည်ဖော်ချင်တယ်ဆိုရင် ကျွန်တော်တို့အရပ်က ပုံစံမျိုးဖန်တီးလို့ရပါတယ်”

“အေးကွယ်၊ ဒီကိစ္စကို ငါတို့အမြန်အကောင်အထည်ဖော်ကြမယ်၊ ဒီကိစ္စအောင်မြင်ရင် မောင်မင်းတို့မိသားစုကိုလည်း ချီးမြှောက်မယ်”

“အတိုင်းအထက်အလွန်ပါပဲမယ်တော်၊ ဒါပေမယ့် ကျွန်တော်က ဒီအရပ်မှာ ဧည့်သည်ဖြစ်လေတော့ မယ်တော်တို့အရပ်က စုန်းပညာသည် ရွာခံတွေကိုဖိတ်ခေါ်ပြီးတော့ အရင်တိုင်ပင်ဆွေးနွေးသင့်ပါတယ်”

သို့နှင့် မြိုင်သာမြို့ရှိ ရွာခံစုန်းကဝေများကို မယ်တော်အမိန့်နှင့်ဖိတ်ခေါ်ရသည်။ ထိုမျှသာမကသေး မြိုင်သာမြို့ပတ်ဝန်းကျင်ဒေသများရှိ စုန်းအဖွဲ့များကိုလည်းဖိတ်ခေါ်ပြီး စုန်းအသင်းအဖွဲ့တစ်ခုပေါ်ပေါက်လာရန်အတွက် ကြိုးပမ်းလေသည်။

မြိုင်သာမြို့ပေါ်ရှိ အစဉ်အလာကြီးမားသည့် စုန်းမိသားစုလေးစုနှင့် ရာဂျေးမိသားစုတို့ကို စုပေါင်းကာ အဖွဲ့တစ်ခုဖွဲ့ကြလေသည်။ ရာတီဆိုသည့်အမည်မှာ ကုလားအမည်ဖြစ်သဖြင့် မသင့်လျော်လှသဖြင့် မြိုင်သာမြို့စုန်းအသင်းဟူ၍သာ အမည်ပေးလိုက်သည်။ အသင်းအုပ်ချုပ်ပုံ အသင်းအဖွဲ့တည်ဆောက်ပုံနှင့် အသင်းဝင်များတင်မြှောက်ပုံများကို ရာတီအဖွဲ့၏ပုံစံအတိုင်း တစ်ထေရာတည်းယူကာ ဆောင်ရွက်ခဲ့ကြလေသည်။

(၃)

မယ်တော်နှင့်မယ်ပွင့်မှာ နန်းဆောင်အပြင်ဘက်တွင်စကားပြောဆိုနေကြသည်။ မယ်ပွင့်မှာ မယ်တော်အား မယ်ပျင်းတာဝန်မကျေခဲ့သည်များကို တိုင်တန်းပြောဆိုလေသည်။

“ဘာ၊ မယ်ပျင်းက ငါခိုင်းတာကိုမလုပ်ဘူးတဲ့လား”

“ဟုတ်ပါတယ်မေမေကြီး၊ ကဝေသားပိုက်ကို သူ့လက်နဲ့မသတ်နိုင်ခဲ့ပါဘူး၊ ပြီးတော့ ကျွန်မကိုတောင်မှ ပါးရိုက်သွားပါသေးတယ်”

မယ်တော်မှာ ခေါင်းညိတ်လျှက်

“ဒီကိစ္စကို နင်ဘာမှဝင်မပြောနဲ့မယ်ပွင့်၊ မယ်ပျင်းက အခုမှပြန်လာတာမို့လို့ စိတ်အခြေအနေမတည်ငြိမ်သေးတာဖြစ်မယ်၊ ဒီတော့ ငါသူ့ကိုချော့မော့ပြီး ပြောကြည့်စမ်းမယ်”

သို့နှင့် မယ်တော်နှင့်မယ်ပွင့်တို့မှာ နန်းဆောင်ကြီးပေါ်သို့တက်လာခဲ့ကြသည်။ မနက်ခင်းထမင်းစားချိန်ဖြစ်သဖြင့် ငွေရောင်နန်းဆောင်ကြီးထဲတွင် ထမင်းပွဲတော်အုပ်များကိုပြင်ဆင်ထားလေသည်။ မယ်ပျင်းက ထမင်းဝိုင်းတွင်ထိုင်နေသဖြင့် မယ်ပွင့်မှာဝင်ထိုင်လိုက်ရသည်။ မယ်ပျင်းက မယ်ပွင့်မျက်နှာအားမကြည့်ဘဲ အကြည့်လွှဲနေလေသည်။ မယ်တော်က သလွန်တွင်ထိုင်လိုက်ကာ

“မယ်ပျင်း၊ ညည်းညက မယ်ပွင့်တို့နဲ့လိုက်သွားတာ အခြေအနေဘယ်လိုရှိသလဲ”

မယ်တော်က သိသိကြီးနှင့် တမင်မေးလိုက်ခြင်းဖြစ်သည်။

“အခြေအနေကတော့ ဘာမှမထူးပါဘူး”

“ဒါနဲ့ညည်း ကဝေသားပိုက်ကို မသတ်ခဲ့ဘူးဆို”

“ဟုတ်ပါတယ်မေမေကြီး”

“ညည်းဘာဖြစ်လို့တွန့်ဆုတ်နေတာလဲမယ်ပျင်း”

“ဘာဖြစ်လို့လဲဆိုတော့ ဒီကဝေသားပိုက်က ကျုပ်နဲ့ဘာမှမဆိုင်လို့ပါမေမေကြီး”

“ညည်းနဲ့မဆိုင်ဘူးတဲ့လား”

“ဟုတ်တယ်လေ၊ ဒီကဝေသားပိုက်ကိုသတ်ဖို့က မျက်နှာဖုံးစွပ်ဂိုဏ်းသားတွေရဲ့အလုပ်မဟုတ်လား၊ ဒါကြောင့် ကျုပ်နဲ့ဘာမှမဆိုင်ဘူးလို့ပြောတာပေါ့”

“ညည်းဒီလိုပြောလို့ရမလားအေ့၊ ဘာပဲပြောပြော ညည်းက မျက်နှာဖုံးစွပ်ဂိုဏ်းရဲ့ ပူးတွဲဂိုဏ်းချုပ်ဖြစ်နေပြီပဲလေ၊ ဂိုဏ်းရဲ့အရေးက ညည်းရဲ့အရေးပဲပေါ့”

မယ်ပျင်းက မယ်ပွင့်ပေးထားသည့် မျက်နှာဖုံးကိုထုတ်ကာ မယ်တော်အရှေ့သို့ချပေးလိုက်ရင်း

“ကျုပ်အဲဒီဂိုဏ်းထဲကိုလဲ မဝင်ချင်ဘူး မေမေကြီး”

“မယ်ပျင်း ညည်းဘာဖြစ်နေတာလဲ၊ ကောင်းပြီလေ ညည်းကဒီဂိုဏ်းထဲမဝင်ချင်ဘူးဆိုတော့ ညည်းဘာဆက်လုပ်မယ်စိတ်ကူးထားလို့လဲ”

“ကျုပ်အိမ်ပြန်မယ်၊ အမေ့ဆီပြန်မယ်”

ထိုအခါ မယ်တော်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်လေသည်။

“ရယ်လိုက်ရတာမယ်ပျင်းရယ်၊ ညည်းရဲ့အိမ်ဆိုတာ ဟောဒီနန်းဆောင်ကြီးပဲလေ၊ ညည်းရဲ့အမေဆိုတာလည်း ငါပဲမဟုတ်ဘူးလား၊ ညည်းက ဘယ်ကိုပြန်ချင်တာလဲ”

မယ်ပျင်းမှာ မယ်တော်ကိုစိုက်ကြည့်လျှက်

“ဒီနေရာက ကျုပ်ရဲ့အိမ်မဟုတ်ဘူး၊ ဒီနေရာက နန်းဆောင်ကြီးတစ်ခုပဲ၊ ပြီးတော့ ရှင်ကလည်း ကျုပ်ရဲ့အမေမှမဟုတ်တာ ရှင်ကမိထွေးတစ်ယောက်ပဲ”

မယ်တော်မှာ သလွန်ကိုလက်နှင့်ပုတ်လျှက်

“မယ်ပျင်း၊ ညည်းကိုငါက မြှောက်စားထားလို့ ညည်းကမော်ကြွားနေတာများလား”

“မဟုတ်ပါဘူး မေမေကြီး၊ ကျုပ်ဘာကိုမှ မမော်ကြွားပါဘူး”

“ဒါဖြင့်ရင် ဘာလို့ငါ့ကိုစော်စော်ကားကားပြောဆိုတာလဲ”

“မေမေကြီးကို ဘာမှမစော်ကားပါဘူး၊ ကျုပ်ဆက်လုပ်ချင်မယ့်အရာကို ပြောပြရုံလေးပါ”

မယ်တော်မှာ ဒေါသမပြေသေးပေ။

“ကဲ ညည်းကအိမ်ပြန်ချင်ပါပြီတဲ့ မယ်တော်ယမင်းက ညည်းကိုနယ်နှင်ထားတယ်မဟုတ်လား၊ ညည်းဒီစည်းကမ်းတွေကိုဖောက်ပြီးတော့ ဘယ်လိုအိမ်ပြန်မလဲ”

မယ်ပျင်းမှာ ဘာမှမတုန့်ပြန်တော့ဘဲ ခါးကြားအတွင်းမှ အနက်ရောင်သော့ကလေးကို ထုတ်ကာ မယ်တော်ထံသို့လှမ်းပေးလိုက်လေသည်။ မယ်တော်မှာ သော့ကိုမြင်သည့်အခါ အလွန်အံ့သြသွားလေသည်။

“သြော်၊ လတ်စသတ်တော့ ညည်းကအကြံအစည်ရှိပြီးသားကိုး”

“မှန်ပါတယ်မေမေကြီး၊ အရင်က အိမ်ပြန်လို့မရပေမယ့် အခုတော့ပြန်လို့ရသွားပါပြီ၊ မယ်တော်ရဲ့စည်းမျဉ်းအမှတ် လေးဆယ့်ခုနစ်အရ စုန်းတစ်ယောက်ရဲ့ မွေးရပ်ဇာတိကနေ နှယ်နင်ထုတ်လို့မရနိုင်တော့ပါဘူး”

မယ်တော်မှာ တောက်တစ်ချက်ခေါက်လိုက်သည်။

“ညည်းတော်တော်လူပါးဝလာတာပဲမယ်ပျင်း၊ မပြန်ရဘူး၊ ညည်းဘယ်နည်းနဲ့မှ မပြန်ရဘူး၊ ညည်းဒီကနေ ခြေတစ်လှမ်းတောင်မခွာရဘူး”

မယ်ပျင်းမှာ စိတ်ကိုဒုံးဒုံးချလိုက်ပြီး

“ကျုပ်က မေမေကြီးဆီက ခွင့်တောင်းနေတာမဟုတ်ပါဘူး၊ မေမေကြီးကို အသိပေးနေတာပါ”

“မယ်ပျင်း ညည်းက အဆုံးအစွန်အထိဆက်တိုးမယ်လို့ တွေးထားတယ်ပေါ့”

“ကျုပ်ရဲ့စိတ်ကို မေမေကြီးအသိဆုံးဖြစ်မှာပါ”

မယ်တော်က ခေါင်းတဆတ်ဆတ်ညိတ်လေသည်။ ပြီးနောက် ဘာမှမပြောဘဲ အတန်ကြာအောင်စဉ်းစားနေလေသည်။

“ကောင်းပြီမယ်ပျင်း၊ ညည်းအမေကို ညည်းအောက်မေ့နေမယ်ဆိုတာ ငါနားလည်ပါတယ်၊ ဒီတော့ ဒီလိုလုပ်ပါ၊ ညည်းအမေကို အရှေ့အရပ်ကနေ ငါခေါ်ပေးမယ်၊ ညည်းနဲ့ညည်းအမေနဲ့ ငါ့နယ်ထဲက အေးဆေးတဲ့တစ်နေရာမှာ နေကြပေါ့အေ၊ ညည်းတို့အတွက် အိမ်ကောင်းကောင်းဆောက်ပေးမယ့်အပြင်၊ အိမ်တွင်းပရိဘောဂတွေနဲ့ ခိုင်းဖို့ပြုဖို့ကျွန်တွေဘာတွေလည်း ငါအကုန်စီစဉ်ပေးမယ်၊ ပြောရမယ်ဆိုရင်အေ ညည်းတို့သားအမိနှစ်ယောက်ကို လိုလေသေးမရှိအောင်ငါထားမယ်၊ ဒီလိုဆိုရင် အဆင်ပြေမလား”

“ကျုပ်က မေမေကြီးနဲ့ဆွေးနွေးစရာမရှိပါဘူး မေမေကြီး၊ ကျုပ်ဆုံးဖြတ်ပြီးသားအတိုင်းပဲလုပ်မှာပါ”

“မယ်ပျင်း ညည်းငါ့ကိုကန့်လန့်တိုက်နေတာ ဘာသဘောလဲ”

“ဘာသဘောမှမဟုတ်ပါဘူး၊ ကျုပ်ရဲ့အမေကို ဓါးစာခံအဖြစ်နဲ့မဖြစ်စေချင်ဘူး”

မယ်တော်က ခပ်ယဲ့ယဲ့ပြုံးလိုက်ကာ

“မယ်ပျင်း ညည်းသိထားတာတွေမှားနေပြီ၊ ညည်းကိုဘယ်သူကသွေးထိုးလိုက်တယ်ဆိုတာ ငါသိတယ်၊ ဒီမှာငါပြောမယ် ညည်းကိုငါက အသုံးချဖို့သက်သက် ခေါ်လာခဲ့တာမဟုတ်ဘူးဆိုတာ ညည်းသိထားဖို့ကောင်းတယ်၊ သေခါနီးညည်းအသက်ကို ယမင်းလက်ထဲက ကယ်ထုတ်ခဲ့တာ ငါပါဟဲ့”

“ဒါဆိုရင်ဘာဖြစ်လို့ အဲဒီတုန်းက အမေ့ကိုမကယ်ခဲ့တာလဲ”

မယ်တော်ဖြေစရာစကားမရှိတော့ပေ။

“ဒါဆိုရင် ဘာဖြစ်လို့ အဲဒီတုန်းက ဘွားဘွားကြီးနဲ့ သူကြီးဦးရွှေမောင်၊ ဗိုလ်ကျော်စွာတို့ကို မကယ်တင်ခဲ့တာလဲ”

မယ်တော်မှာ မယ်ပျင်းအားအကြည့်လွှဲလိုက်လေသည်။

“ဖြေစမ်းပါ မေမေကြီးရဲ့၊ ဘာဖြစ်လို့များ သူတို့ကိုမကယ်ဘဲနဲ့ ကျုပ်တစ်ယောက်တည်းကို ကယ်ခဲ့တာလဲ”

“ဘာလဲ သူတို့က အသုံးမကျလို့မဟုတ်လား၊ သူတို့က မေမေကြီးရဲ့လုပ်ငန်းတွေမှာ ဘာအကျိုးမှမပြုနိုင်လို့ သူတို့ကိုမကယ်ဘဲ ကျုပ်ကိုသာ အသုံးချချင်ရုံ သက်သက်နဲ့ကယ်တင်ခဲ့တာမဟုတ်လား”

“တော်စမ်းမယ်ပျင်း၊ ငါ့ကိုဒါတွေဆက်မပြောနဲ့တော့ ညည်းက ငါ့ကိုအမေလို့တောင်မသတ်မှတ်တာ ငါကလည်း ညည်းကို သမီးအဖြစ်မသတ်မှတ်တော့ဘူး၊ ဒီနေ့ဒီအချိန်ကစပြီး ညည်းနဲ့ငါနဲ့ပြတ်ပြီ၊ ညည်းဟာညည်း လုပ်ချင်တာသာလုပ်ပေတော့”

မယ်တော်မှာ ဒေါသထွက်ထွက်နှင့်ထထွက်သွားလေသည်။ မယ်ပျင်းကို မျက်စောင်းထိုးကာ စိုက်ကြည့်နေသူက မယ်ပွင့်ဖြစ်သည်။

“မယ်ပျင်း နင့်လုပ်ရပ်တွေတော်တော်လွန်နေပြီနော်၊ မေမေကြီးက နင့်အပေါ်ဒီလောက်ကောင်းရဲ့သားနဲ့ နင်ဘာဖြစ်လို့ဒီကနေထွက်သွားချင်ရတာလဲ”

“ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာက ငါနေရမယ့်နေရမဟုတ်ဘူး မယ်ပွင့်၊ ငါက နင်နဲ့မတူဘူး၊ ငါ့မှာသက်ရှိထင်ရှားအမေရှိနေသေးတယ်၊ ငါ့အိုး ငါ့အိမ် ငါ့ရွာဆိုတာရှိသေးတယ် မယ်ပွင့်ရဲ့၊ နင့်လိုတကောင်ကြွက်မဟုတ်ဘူး”

မယ်ပွင့်မှာ အလွန်ဒေါသထွက်လျှက်

“အရင်က နင်နဲ့ခင်မင်ဖူးတာတွေကို ထောက်နေလို့ နင့်ကိုပြောချင်တိုင်းပြောခွင့်ပေးထားတာနော် မယ်ပျင်း၊ မဟုတ်ရင် နင်ငါ့လက်ချက်နဲ့အပိုင်းပိုင်းပြတ်ပြီးသေတာကြာပြီဟဲ့”

“ငါကလည်း နင်နဲ့ခင်မင်ဖူးတာကို ထောက်ထားလို့ နင့်ကိုကောင်းကောင်းမွန်မွန်ပြောနေတာပေါ့ မယ်ပွင့်ရဲ့၊ ဒီတော့ ငါလုပ်ရပ်ကို မဝေဖန်ပါနဲ့၊ ငါလုပ်မယ့်အလုပ်ကို နင်မတားပါနဲ့၊ ဘယ်သူဘာခိုင်းခိုင်း ငါနဲ့ပတ်သက်တဲ့အရာဆိုရင် နင်ဝေးဝေးကရှောင်နေလိုက်တာ ကောင်းမယ်၊ မဟုတ်ရင်တော့ နင်နာကျင်ရလိမ့်မယ် မယ်ပွင့်”

မယ်ပွင့်နှင့် မယ်ပျင်းတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အခြေအနေတင်းမာကုန်ပြီဖြစ်သည်။ ထိုအဖြစ်ကိုသိလိုက်သည့် မောင်ပိုမှာ ဟင်းလေးအိုးပိုက်ကာ အနားသို့တိုးကပ်လာသည်။

“ကဲ စကားပြောတာလည်း ပြောတာပေါ့၊ လူမှာ အစားဆိုတာကလည်းအရေးကြီးတယ်မဟုတ်လား၊ အရေးကြီးသုံးပါးမှာ စားဖို့သောက်ဖို့အရေးက ထိပ်ဆုံးကနေရာယူထားတယ်မဟုတ်လား၊ ဒါကြောင့် မဟုတ်တဲ့စကားတွေမပြောဘဲ အေးအေးဆေးဆေးစားသောက်လိုက်ကြစမ်းပါ”

မောင်ပိုက ရယ်ကျဲကျဲနှင့်ပြောသည့်အခါမှ မယ်ပျင်းမှာစိတ်ကိုလျော့ချလိုက်လေသည်။

“ကဲ မယ်ပျင်း နင်ဘာဟင်းနဲ့စားမလဲ”

“ဘူးသီးဟင်းနဲ့စားမယ်”

မယ်ပျင်းပြောလိုက်သည့်အခါ မောင်ပို၏ ပြုံးနေသည့်မျက်နှာမှာ တည်ကြည်သွားသကဲ့သို့ မယ်ပွင့်၏ မျက်နှာမှာလည်း ခက်ထန်ကြမ်းတမ်းလာသည်။

“မယ်ပျင်း မင်းနောက်နေတာမဟုတ်လား”

“နောက်နေတာမဟုတ်ဘူး ဦးမောင်ပို၊ ကျုပ်တကယ်ပြောနေတာ ဒီနေ့တော့ ဘာကြောင့်လဲမသိဘူး ဘူးသီးဟင်း၊ ဘူးသီးကြော်နဲ့ ထမင်းစားချင်တယ်”

ထိုအခါ မယ်ပွင့်က ထမင်းအုပ်ကိုလက်နှင့်ပိတ်ရိုက်လိုက်ရင်း

“မယ်ပျင်း ညည်းတော်တော်မိုက်ရိုင်းနေပါလား၊ မေမေကြီးရဲ့ အသက်ကိုဘူးသီးခြောက်ထဲကိုထည့်ထားလို့ ဒီလိုအချိန်မှာ ဘူးသီး၊ ဘူးညွန့်မစားရဘူးဆိုတာ ညည်းမသိတာလား၊ မသိချင်ယောင်ဆောင်နေတာလား”

“ငါစားချင်တာ ငါပြောတာလေ မယ်ပွင့်ရဲ့၊ နင်က ကြားထဲကနေဘာဖြစ်နေတာလဲ”

မောင်ပိုမှာ မယ်ပျင်းထမင်းအုပ်အတွင်းသို့ ဘူးသီးဟင်းများကိုခပ်ထည့်ပေးလိုက်ရာ မယ်ပျင်းက ဘူးသီးဟင်းများဖြင့် မြိန်ရေရှည်ရည်စားသောက်ပြလိုက်သည်။ မယ်ပွင့်မှာ ထိုအဖြစ်ကိုကြည့်ပြီး ဒေါသထွက်ထွက်နှင့်အပြင်သို့ထထွက်သွားလေတော့သည်။

မောင်ပိုနှင့် မယ်အိုမှာ မယ်ပျင်းအနီးသို့တိုးကပ်လာပြီး

“မယ်ပျင်းရယ်၊ ဘာဖြစ်လို့ မယ်တော်နဲ့အတိုက်အခံတွေလုပ်ရတာလဲ၊ အခုလည်းနောက်မကျသေးပါဘူး၊ မယ်တော်ကို တောင်းပန်လိုက်ရင် မယ်တော်က ပြန်လက်ခံမှာပါ”

မယ်ပျင်းက ခေါင်းခါရင်း

“ကျုပ်ဒီတစ်ခါတော့ တကယ်အတည်ပြောတာပါ၊ ကျုပ်ပြန်မယ် အရှေ့အရပ်ကိုပြန်တော့မယ်”

“တစ်ဦးနဲ့တစ်ဦး တွေ့ဆုံပြီးရင် ခွဲခွာရတာထုံးစံဆိုပေမယ့် ဒီလိုမျိုးတင်းတင်းမာမာနဲ့ခွဲခွာရတာတော့ မကောင်းဘူးမဟုတ်လား မယ်ပျင်းရဲ့”

“မေမေကြီးက သူ့ရဲ့လိုဘကြောင့်သာ တင်းမာနေတာပါ၊ တကယ်တမ်းသူသာ ဖြူဖြူစင်စင်နဲ့ကျုပ်ကိုချစ်တယ်ဆိုရင် အိမ်ပြန်မယ်ဆိုတာကို ကြည်ကြည်ဖြူဖြူနဲ့ခွင့်ပြုပေးရမှာပေါ့”

“ဒါတော့ဟုတ်တယ်မယ်ပျင်း၊ မယ်တော်က မင်းကိုအများကြီးမျှော်လင့်ထားခဲ့တာ၊ အခုသူမျှော်လင့်ထားသလို မဖြစ်လာတော့ ဒေါသလည်းထွက်၊ ရှက်လည်းရှက်သွားပုံရတယ်မယ်ပျင်း၊ ဘာပဲဖြစ်ဖြစ် မင်းရဲ့ဆုံးဖြတ်ချက်ကို ငါတို့မတားနိုင်တော့ဘူးဆိုတော့ မယ်တော်မင်းကိုခွင့်လွတ်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်”

မယ်ပျင်းမှာ မောင်ပိုတို့ကိုနှုတ်ဆက်ပြီးသည့်နောက် နန်းဆောင်ပေါ်မှဆင်းလာခဲ့လေသည်။ နန်းဆောင်အောက်ဘက် စမ်းချောင်းကလေးဆီသို့ရောက်သည့်အခါ နန်းဆောင်ကြီးကိုတစ်ချက်လှည့်ကြည့်လိုက်သည်။

“ဒီတစ်ခါတော့ တကယ်နှုတ်ဆက်ခဲ့ပါတယ် မေမေကြီး၊ မေမေကြီးရဲ့ကျေးဇူးတွေက ကျုပ်အပေါ်အများကြီးရှိတယ်ဆိုတာသိပေမယ့် ဒီအရပ်ဟာ ကျုပ်မနေသင့်တဲ့အရပ်မို့လို့ ထွက်ခွာသွားရတာကို မေမေကြီး နားလည်ပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်”

မယ်ပျင်းက စမ်းချောင်းကလေးဆီသို့ဆက်လျှောက်သွားရင်း နန်းသုံးဆောင်ကိုလှည့်ကြည့်လိုက်သည့်အခါ နန်းသုံးဆောင်မှာတဖြည်းဖြည်းပျောက်ကွယ်သွားကာ မြင့်မားလှသည့် တောင်ကမ်းပါးယံကြီးတစ်ခုကိုသာမြင်တွေ့လိုက်ရတော့သည်။

ကျောက်ဂူကြီးတစ်ခုအတွင်းဝယ် မျက်နှာဖုံးစွပ်ဝတ်ဆင်ထားသည့် မိန်းကလေးများနှင့်ပြည့်နှက်နေလေသည်။ မျက်နှာဖုံးစွပ်ဂိုဏ်းသား အင်အားအကုန်လုံးပေါင်းစည်းထားသည်မို့ ယခင်နေ့များထက် ဂိုဏ်းအဖွဲ့ဝင်အင်အား ပိုမိုများပြားနေလေသည်။

နတ်ရုပ်ကြီးရှေ့တွင်တော့ ဓါးနီတစ်လက်ကိုင်ထားသည့် မယ်ပွင့်က မတ်တပ်ရပ်နေလေသည်။ မကြာခင် နတ်ရုပ်ကြီး၏ လက်ဝါးထံသို့ရွှေရောင်အလင်းလုံးကလေးတစ်လုံးက ပြုတ်ကျလာခဲ့သည်။

“နတ်ဘုရားမက အမိန့်တော်ချမှတ်လိုက်ပြီ”

မယ်ပွင့်က အော်ဟစ်ရင်း ရွှေရောင်အလုံးကလေးကိုဖွင့်ကြည့်လိုက်သည်။ ပြီးနောက် မျက်နှာကိုတစ်ချက် မဲ့ပြုံးပြုံးလိုက်ကာ

“ဒီနေ့ နတ်ဘုရားမအမိန့်နဲ့ ရှင်းလင်းသုတ်သင်ရမယ့်လူကတော့ အရှေ့အရပ်ကိုဦးတည်သွားနေတဲ့ မယ်ပျင်းဆိုတဲ့ မိန်းကလေးတစ်ယောက်ကိုပဲ”

ထိုအခါ မျက်နှာဖုံးစွပ်မိန်းကလေးများက လက်သီးလက်မောင်းတန်းကာ အော်ဟစ်ကြွေးကြော်လိုက်လေသည်။

“ဒီပစ်မှတ်ဟာ အလွန်အဆင့်မြင့်တဲ့အတတ်ပညာတွေတတ်မြောက်ထားတဲ့သူမို့လို့ ပေါ့ပေါ့လျော့လျော့မလုပ်ဘဲ သတိကြီးကြီးထားပြီး ဆောင်ရွက်ရမှာဖြစ်တယ်၊ တကယ်လို့ ဒီလူကိုသတ်နိုင်ပြီး သူ့ခေါင်းကိုယူဆောင်လာနိုင်တဲ့သူကို နတ်ဘုရားမက အဆင့်ငါးဆင့်တိုးမြှင့်ပေးပြီး ထူးဆန်းတဲ့ပညာရပ်တွေကိုလည်း သင်ကြားပို့ချပေးလိမ့်မယ်”

မျက်နှာဖုံးစွပ်ထားသည့်မိန်းကလေးများမှာ ခေါင်းညိတ်လိုက်ကြပြီးနောက် ဝတ်ရုံခေါင်းစွပ်များကို စွပ်ချလိုက်သည့်အခါ အားလုံးပျောက်ကွယ်သွားကြသည်။ မယ်ပွင့်မှာ ဓါးနီကိုထုတ်ဆွဲကိုင်လိုက်ပြီး

“မယ်ပျင်း၊ မေမေကြီးဆီကို ဆန့်ကျင်တဲ့လူဟာ ဘယ်တော့မှ အဆုံးသတ်မလှနိုင်ဘူးဆိုတာ နင်သိစေရမယ်”

ထိုသို့ရေရွတ်လျှက် ကျောက်ဂူကြီးအပြင်ဘက်ဆီသို့ထွက်ခွာသွားလေသည်။