စာစဉ်(၅၃)
(၁)
မကြာခင်ပြတင်းပေါက်များအတွင်းမှ ရွှေရောင်အလင်းတန်းများကလင်းချင်းလာခဲ့လေသည်။ ဘိုးတူးက ထိုအလင်းတန်းများကိုတစ်ချက်မော့ကြည့်ပြီးသည့်နောက်
“အင်း သိပ်မကြာခင် ဆိုင်ပိတ်ချိန်ရောက်တော့မယ်ဟေ့”
မယ်ပျင်းမှာ ပြတင်းပေါက်ဆီသို့တက်ကြည့်လိုက်ရင်း
“အဲဒါနေထွက်လာတာမဟုတ်လား”
“ဟုတ်တယ်၊ တို့ဆိုင်က နေထွက်ရင်ပိတ်တယ် လထွက်မှစဖွင့်တယ်ကွဲ့”
“ဒါလည်းတစ်မျိုးထူးဆန်းတာပဲ”
“နတ်တွေ၊ နဂါးတွေ၊ မဟိဒ္ဓိရှင်တွေဆိုတာ ညဘက်ရောက်မှလှုပ်ရှားကျက်စားတယ်မဟုတ်လား၊ နေ့ဘက်ရောက်တော့သူတို့လည်း အလျိုအလျိုပြန်ပြီးနားကြတာပေါ့ကွဲ့”
ဘိုးတူးက ဒယ်အိုးခုံးတစ်ခုအတွင်း စွပ်ပြုတ်ရည်တစ်မျိုးကိုချက်ပြုတ်နေလေသည်။ မယ်ပျင်းသတိထားမိသလောက် ကျန်သည့်ဟင်းလျာများကိုလက်စသတ်နေပြီး အသစ်ထပ်မချက်တော့ပေ၊ ဆေးဖက်ဝင်ပစ္စည်းများ၊ မယ်ပျင်းတစ်ခါမှမမြင်ဖူးသည့် အပွင့်များ အရွက်များကိုထိုစွတ်ပြုတ်ထဲသို့ထည့်ချက်ပြီးသည့်နောက် ပန်းကန်လုံးကလေးတစ်လုံးအတွင်းသို့ ထိုစွပ်ပြုတ်အရည်များကိုစစ်၍လောင်းချလိုက်လေသည်။ စွပ်ပြုတ်အရည်၏ အရောင်မှာရွှေမှုန်များကျဲပက်ထားသည့်နှယ် ရွှေရောင်ထနေလေသည်။
ဘိုးတူးက လင်ပန်းတစ်ချပ်အတွင်းသို့ ထိုပန်းကန်လုံးကိုထည့်ပေးလိုက်ပြီးသည့်နောက် မယ်ပျင်းအားလှမ်းထိုးပေးသည်။
“ဒါက ကျွန်မသောက်ဖို့လား”
“မင်းသောက်လို့ရမလား၊ ဒါက မမကြီးအတွက် မနက်စာဆေးရည်ပဲ မင်းကိုသွားပို့ခိုင်းတာ”
“ဘာလို့ ကျွန်မကိုမှ သွားပို့ခိုင်းတာလဲ”
“မင်းက နာမည်အသစ်မှ မရသေးတာ ကလေးမရဲ့၊ ကဲ သွားလိုက်၊ လှေကားခုနှစ်ခုရဲ့ အလယ်ဆုံးလှေကားကနေတက်သွားရင် မမကြီးအခန်းကိုရောက်နိုင်တယ်၊ လမ်းကတစ်လမ်းတည်းရှိတာဆိုတော့ မင်းမမှားနိုင်ပါဘူး”
မယ်ပျင်းမှာ လင်ပန်းကလေးယူကာ အပြင်သို့ထွက်လာခဲ့သည်။ ဘိုးတူးပြောသည့်အတိုင်းပင် ဆိုင်အတွင်းစားသောက်သူများမှာ တဖွဲဖွဲနှင့်ထပြန်နေကြသည်။ ကျန်သည့်ဝန်ထမ်းများမှာ သန့်ရှင်းရေးလုပ်နေကြကုန်သည်။ အပေါ်ထပ်သို့တက်သည့်လှေကားကြီးခုနစ်စင်းအရောက် အလယ်ရှိလှေကားအတိုင်း မယ်ပျင်းတစ်ယောက်ပြေးတက်သွားလိုက်သည်။ လှေကားအဆုံးတွင်တော့ တံခါးတစ်ချပ်ပိတ်ထားသည်။ တံခါးဝတွင်လည်း စာများရေးသားထားသေးသည်။ မယ်ပျင်းက တံခါးကိုအသာတွန်းကြည့်ရာ တံခါးကအလိုလိုပွင့်သွားပြီး တံခါးအနောက်တွင် အပေါ်သို့ထိုးထောင်တက်သွားသည့် ကြောင်လိမ်လှေကားအခွေကြီးကိုမြင်တွေ့လိုက်ရသည်။
ကြောင်လိမ်လှေကားအခွေကြီးကို ကွေ့ပတ်တက်ရသည်မှာ မျက်လုံးများလည်လာကာ ခေါင်းပင်မူးသလိုဖြစ်လာသည်။ နောက်ဆုံးလှေကားအပေါ်ထိပ်အရောက်တွင် အရက်မသောက်ရဘဲ မူးနေသကဲ့သို့ဖြစ်နေသည်။ ရွှေရောင်တံခါးတစ်ခုကိုတွေ့သဖြင့် တံခါးအားအသာထုလိုက်ရာ တံခါးမှာအလိုလိုပွင့်သွားသည်။ အတွင်းသို့ဝင်လိုက်သည့်အခါ ခမ်းနားလှသည့် ခန်းဝင်ပစ္စည်းများဖြင့် အလှဆင်ထားသည့် အိပ်ခန်းတစ်ခန်းကိုတွေ့ရသည်။ မယ်ပျင်းမှာ အခန်းအတွင်းလှည့်ပတ်ကြည့်နေချိန်တွင် သူ့အနောက်သို့ မမကြီးကရောက်လာခဲ့သည်။
“ပုံမှန်ထက်ဆေးပို့နောက်ကျနေပါတယ်ထင်တာ၊ လတ်စသတ်တော့ ညည်းလာနေတာကိုးအေ့”
မယ်ပျင်းမှာ အနောက်မှအသံကြားလိုက်သဖြင့် လန့်သွားကာ အနောက်သို့ရုတ်ခြည်းလှည့်လိုက်စဉ် လင်ပန်းအတွင်းရှိ ဆေးခွက်ကလေးမှာ မှောက်ကျသွားကာ ဆေးရည်စက်များမှာ ကြမ်းပြင်ပေါ်သို့ ဖိတ်စင်ကျကုန်သည်။ သို့သော် မမကြီးမှာ ဆေးရည်စက်များကိုလက်ညှိုးနှင့်ထိုးလိုက်သည့်အချိန် ကြမ်းပြင်နှင့်ထိလုနီးပါးဖြစ်နေသည့် ဆေးရည်စက်များမှာ အနောက်သို့တဖြည်းဖြည်းလေပေါ်ပျံတက်သွားပြီးသည့်နောက် မှောက်ကျနေသည့်ခွက်မှာလည်း သူ့အလိုလိုပြန်ထောင်သွားကာ ဆေးရည်များမှာ အလိုလိုပြန်လည်ဝင်ရောက်သွားသည်။
“ညည်းနောက်ဆို ဒီထက်ပိုပြီးသတိထားသင့်တယ်၊ ဒီဆေးရည်က ပေါပေါပဲပဲမဟုတ်ဘူး”
မမကြီးက လင်ပန်းအတွင်းမှ ဆေးရည်ခွက်ကို ကောက်ယူလိုက်ကာ မော့သောက်ချလိုက်သည်။
“ဒါနဲ့ ညည်းနာမည်က ဘယ်သူလဲ”
“မယ် . . . မယ်ပျင်းပါ”
မမကြီးက အလွန်ရုပ်ဆိုးသောမျက်နှာကြီးဖြင့်ရယ်မောလိုက်ရင်း
“မယ်ပျင်း . . . မယ်ပျင်းတဲ့လား၊ ဟင်း ဟင်း၊ ညည်းအခုင့ါဆိုင်ရောက်တော့ မပျင်းနိုင်တော့ဘူးမဟုတ်လားအေ့”
မမကြီးက မယ်ပျင်းအားလှည့်ပတ်ကြည့်ရှုရင်း နှုတ်ခမ်းအားလက်နှင့်ပွတ်သပ်ကာ တွေးတောနေလျှက်
“ညည်းကို ငါနာမည်ဘယ်လိုပေးရမလဲ၊ ညည်းကို ကျွန်နာမည်ဘယ်လိုပေးရင်ကောင်းမလဲ”
“ပေးချင်သလိုသာပေး၊ ကျုပ်နာမည်မယ်ပျင်း မယ်ပျင်းဆိုတာ ကျုပ်ဆိုတာကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး”
“အောင်မယ်၊ ညည်းက လာလာချေသေး”
မယ်ပျင်းမှာ အခန်းအတွင်းမှ အပြင်ထွက်သွားရန် အခန်းတံခါးဆီသို့လျှောက်လှမ်းသွားသော်လည်း အခန်းတံခါးအနီးသို့ရောက်သည့်အခါ အခန်းကြီးမှာ တပတ်လည်သွားသကဲ့သို့ဖြစ်ကာ မမကြီးအရှေ့သို့သာပြန်ရောက်လာသည်။
“ဒီအခန်းက ငါ့အခန်းပဲ၊ ငါ့အခန်းထဲကနေ ငါထွက်သွားဆိုတော့မှ ထွက်သွားလို့ရမယ်အေ့”
သို့နှင့်နောက်ဆုံးတော့ မယ်ပျင်းမှာလက်လျှော့လိုက်ရသည်။
“ရှင်က အရုပ်ဆိုးသလောက် အကျင့်လည်းပုပ်တဲ့လူပဲ”
“ဟား ဟား ဒီဟော်နန်းကြီးထဲမှာ ငါ့ရုပ်ရည်ကို ဝေဖန်ရဲတဲ့လူက မင်းတစ်ယောက်ပဲရှိသေးတယ်”
မမကြီးက ရယ်မောရင်း စားပွဲခုံဝိုင်းကြီးတစ်ခုနံဘေးတွင်ဝင်ထိုင်ချလိုက်သည်။
“လာစမ်းပါအေ၊ ငါက တစ်ယောက်တည်းပျင်းနေလို့ပါအေ့၊ ငါနဲ့ နတ်ကြွေအန်တစ်ပွဲလောက် အတူတူဆော့ကြရအောင်”
“အဲဒါတွေ မဆော့တတ်ပါဘူး”
“ညည်းမဆော့တတ်ရင် ငါသင်ပေးမယ်လေ၊ လုပ်စမ်းပါ၊ ငါတစ်ယောက်တည်း နေ့နေ့ညညဆော့နေရတာဆိုတော့ ပျင်းတယ်အေ့၊ ပြိုင်ဘက်လေးရှိတော့ သာကောင်းတာပေါ့”
မယ်ပျင်းမှာ မလှုပ်မယှက်လုပ်နေသဖြင့် မမကြိးကလက်ညှိုးထိုးလိုက်သည့်အခါ လေပေါ်မြောက်တက်သွားပြီး သူ့အရှေ့မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံတစ်လုံးတွင် အလိုလိုထိုင်ကျပြီးသားဖြစ်သွားသည်။
“ငါက ဂျစ်ကန်ကန်လေးတွေကိုချစ်တယ်ဆိုပေမယ့် သိပ်ပြီးဂျစ်ကန်ကန်တော့မလုပ်နဲ့အေ့”
“ဒါကဘယ်လိုဆော့ရတာလဲ”
“ရှင်းရှင်းလေးပါအေ ဒီလိုဟဲ့၊ နတ်ကြွေအန်ကစားနည်း ခုနစ်နည်းရှိတဲ့အနက် ဒီနည်းလမ်းကိုတော့ ပဆစ်ပစ်တယ်ခေါ်တယ်အေ့၊ အဆင့်မြင့်တဲ့ကစားနည်းတစ်မျိုးပေါ့အေ၊ ဟောဒါကိုတော့ ပဆစ်အိမ်လို့ခေါ်တယ်”
မမကြီးကပြောဆိုရင်း စားပွဲပေါ်တွင်တင်ထားသည့် သစ်သားပြားဖြင့်ပြုလုပ်ထားသော အရပ်လေးမျက်နှာသို့ သစ်သားလေးချပ်ဖြင့်ထိုးထွက်ထားကာ ထိုသစ်သားတွင်လည်း ကျားကွက်ကဲ့သို့ အကွက်ကလေးများရေးဆွဲထားသည့် အပြားကြီးကိုပြသည်။ ထိုသစ်သားလေးခုဆုံသည့် အလယ်ချက်တွင် ပန်းကန်လုံးကလေးတစ်လုံးကိုတင်ထားလေသည်။
“ဟောဒီ အကောင်လေးတွေကိုတော့ ပိုလို့ခေါ်တယ်၊ ပိုတွေကို တစ်ကောင်နဲ့တစ်ကောင်ပုံစံလေးတွေမတူအောင်လုပ်ထားတယ်”
မယ်ပျင်းက ဆင်စွယ်ဖြင့်ပြုလုပ်ထားသည့် အရုပ်ကလေးများကိုကောက်ယူကြည့်ရာ မိန်းကလေးကညာအရုပ်၊ ရေအိုးရွက်ထားသည့် မိန်းမကြီးအရုပ် စသဖြင့်ကွဲပြားခြားနားလေသည်။
“ကြွေအန်ခြောက်လုံးနဲ့ပစ်ပြီးတော့ ရလာတဲ့အပွင့်အပေါ်မူတည်ပြီး ပိုက ဟောဒီအကွက်ကလေးတွေအတိုင်း သွားရတယ်၊ သွားရင်းနဲ့ တစ်ဖက်ကစားသူရဲ့ပိုကို သတ်ရအောင်ကြံရတယ်၊ တစ်ဖက်လူရဲ့ပိုကိုသတ်နိုင်တော့မှ ကိုယ့်ပိုက ကိုယ့်အိမ်ထဲကိုပြန်ဝင်လို့ရတယ်၊ ဒီလိုမျိုး ပိုငါးကောင်တိတိ ကိုယ့်အိမ်ထဲဝင်နိုင်တဲ့လူက အနိုင်ပေါ့”
“သိပ်တော့မခက်ပါဘူး၊ ဒါနဲ့ ကြွေပစ်ရတာကျတော့ရော”
“ကြွေပစ်လို့ တစ်စေ့လှန်ပြီး ငါးစေ့မှောက်ရင် တစ်ဆယ်လို့ခေါ်တယ်၊ ဆယ်ကွက်ရွှေ့လို့ရတယ်၊ နှစ်စေ့လန်ပြီး လေးစေ့မှောက်ရင် ပါလို့ခေါ်တယ်၊ နှစ်ကွက် ရွှေ့ရတယ်၊ သုံးစေ့လန်ပြီး သုံးစေ့မှောက်ရင်တော့ သုံးလုံး၊ လေးစေ့လှန်ပြီး နှစ်စေ့မှောက်ရင်တော့ လေးလုံးပေါ့၊ ငါးစေ့လှန်ပြီး တစ်စေ့မှောက်ရင် တစ်စိတ်ခေါ်တယ်၊ နှစ်ဆယ့်ငါးကွက်ရွှေ့လို့ရတယ်၊ ခြောက်စေ့လုံးလန်ခဲ့ရင်တော့ တဗာရာတဲ့ ဆယ့်နှစ်ကွက်ရွေ့လို့ရတယ်၊ ခြောက်စေ့လုံးမှောက်တော့ တခြောက်တဲ့ ခြောက်ကွက်ရွှေ့ရတယ်”
မယ်ပျင်းမှာ ခေါင်းသာကုပ်နေမိသည်။
“ကဲပါ စကားနဲ့ပြောရင်ရှုပ်တယ်၊ ငါတို့စမ်းပြီးကစားကြည့်မယ် ရော့ ညည်းအရင်ပစ်”
မယ်ပျင်းမှာ ကြွေစေ့ကလေးများကို လက်အတွင်းထည့်လိုက်ကာ အလယ်ရှိပန်းကန်လုံးကလေးအတွင်းသို့ ပစ်ထည့်လိုက်လေသည်။ ထိုအခါ ကြွေစေ့တစ်စေ့မှာ ပန်းကန်နှင့်ထိကာ အပြင်သို့ပြုတ်ကျသွားသည်။ ထိုအဖြစ်ကို မမကြီးက ကြည့်ကာရယ်မောလျှက်
“ဟား ဟား အဲဒါကြွေအန်သွားတယ်ခေါ်တယ်၊ ညည်းအလှည့်တစ်လှည့်အောက်ပြီ”
ဆော့ရင်း ဆော့ရင်း မယ်ပျင်းမှာ တဖြည်းဖြည်းနားလည်လာသည်။ သို့သော်လည်း မမကြီးမှာ လက်အတွင်းမှကြွေစေ့ကို မိမိလိုသည့်အကွက်ရအောင် ကွက်တိကျအောင်ပစ်နိုင်သည်။ ဆိုလိုသည်မှာ မယ်ပျင်း၏ ပိုကိုစားရန်အတွက် နှစ်ကွက်သာလိုလျှင် ပါကျအောင်ပစ်သည်။ သုံးကွက်လိုလျှင် သုံးချွန်းရအောင်ပစ်နိုင်သည်။ မယ်ပျင်း၏ ပိုများမှာ အိမ်မှထွက်လာလိုက် မမကြီး၏ ပိုများက စားလိုက်နှင့် ပထမဆုံးပွဲကို မမကြီးကသာ နိုင်လေသည်။ မယ်ပျင်းကတော့ မကျေနပ်ပေ။
“ဟား၊ ဟား၊ တစ်ပွဲ တစ်ပွဲ ဒီလောက်လွယ်လွယ်ပြီးလိမ့်မယ်လို့ မထင်ထားဘူး မယ်ပျင်းရဲ့”
“လာစမ်းပါ နောက်တစ်ပွဲလောက်ထပ်နွှဲကြတာပေါ့”
“အောင်မယ် ညည်းက အရှုံးကို လက်မခံနိုင်သေးဘူးကိုးအေး၊ အဲဒါလောင်းကစားသမားစိတ်ဓါတ်လို့ခေါ်တယ်၊ ကဲ နောက်တစ်ပွဲထပ်ကစားကြတာပေါ့”
ယခုတစ်ပွဲတွင်တော့ မယ်ပျင်းမှာအနည်းငယ်လက်ရည်တက်လာသည်။ မိမိပိုအစားမခံရအောင် မည်သည့်အိမ်တွင်အထိုင်ထားမည်၊ တစ်ဖက်လူ၏ပိုကို စားနိုင်ရန် ဘယ်နှကွက်လိုသည် စသည်များကိုတွက်ချက်တတ်လာသည်။ သို့သော် မမကြီးနှင့်တော့မယှဉ်နိုင်သေးပေ။ မမကြီးမှာ ကြွေပစ်တိုင်းလိုသည့်အရေအတွက်ရအောင်ပစ်နိုင်လေသည်။
မယ်ပျင်းက မမကြီးကြွေပစ်သည်ကိုအကဲခတ်ကြည့်သည့်အခါ ကြွေအန်များကိုလက်သီးဆုပ်အတွင်းထည့်ကာ လက်သီးဆုပ်ကို ဆုပ်လိုက်နုယ်လိုက်ပြုလုပ်နေသည်ကိုတွေ့ရလေသည်။
“ရှင်ကြွေပစ်တာ လိုချင်တဲ့အပွင့်ချည်းကျတာ မတရားဘူး၊ ရှင့်လက်ကိုတစ်ခုခုလုပ်ပြီးတော့ အကြံအဖန်လုပ်နေသလားဘဲ”
မမကြီးက ရယ်မောလိုက်ကာ
“လောင်းကစားမှာ ကံဆိုတာမရှိဘူးမယ်ပျင်းရဲ့၊ လောင်းကစားဆိုတာ ဉာဏ်သမားတွေချည်းကစားတဲ့ ကစားပွဲပဲ၊ ဘယ်လိုပစ်ပစ် ကိုယ်လိုချင်တဲ့အပွင့်ရဖို့က ပြီးရောမဟုတ်လား”
မမကြီးက ပြောဆိုရင်း ကြွေပန်းကန်ထဲသို့ ကြွေစေ့ကလေးများကိုပစ်ချလိုက်ပြန်သည်။ ကြွေစေ့အပွင့်များမှာ သူလိုချင်သည့်အတိုင်းချည်းသာဖြစ်နေလေသည်။ ဒုတိယပွဲတွင်လည်း မယ်ပျင်းသာရှုံးပြန်သည်။
“မယ်ပျင်းရေ ညည်းသာလောင်းကစားသမားဆိုရင် အိမ်တိုင်ပါချွတ်ရောင်းရမယ့်ကိန်းပဲ”
“မကျေနပ်သေးဘူးရှင် နောက်တစ်ပွဲဆက်ဆော့ကြမယ်”
“ညည်းက အရှုံးကိုလက်မခံသေးဘူးကိုး၊ ဒါဆိုရင်လည်းနောက်တစ်ပွဲပေါ့”
မယ်ပျင်းနှင့် မမကြီးတို့မှာဆက်လက်ဆော့ကြရင်း မယ်ပျင်းမှာတဖြည်းဖြည်းကျွမ်းကျင်လာသည်။ မမကြီးက မယ်ပျင်းအား သနားလာသည့်အတွက် ကြွေစေ့များကို မည်သို့ပစ်ရမည်ဆိုသည်ကိုသင်ကြားပေးလေသည်။ တစ်ပွဲပြီးတစ်ပွဲဆော့ရင်းနှင့် မည်မျှအချိန်ကြာသွားသည်မသိတော့ပေ။ မမကြီးက အိပ်ချင်သည်ဟုဆိုကာ ရပ်နားလိုက်သည့်အခါမှသာ ကစားပွဲကိုရပ်နားလိုက်တော့သည်။
“ညည်းမှာလောင်းကစားစိတ်ဓါတ်အပြည့်ပါတာပဲ မယ်ပျင်းရဲ့”
“ကဲ ရှင်အိပ်ချင်တယ်ဆိုရင်လည်းအိပ်တော့ ကျုပ်လည်းဗိုက်ဆာတယ် ပြန်တော့မယ်”
“ငါ့ဆိုင်မှာလုပ်နေတဲ့လူက ဗိုက်ဆာတယ်လို့ဆိုတာဟာ ငါ့သိက္ခာကိုစော်ကားလိုက်တာပဲမယ်ပျင်း၊ မင်းစားဖိုဆောင်ထဲပြန်သွားပြီး စားချင်တဲ့အစားကိုသာစားပေတော့”
“စားချင်တာစားတော့ အဲဒီအစားအသောက်တန်ဖိုးကို တွက်ချက်ပြီး ပြန်လုပ်ရမယ်မဟုတ်လား”
“ညည်းက ငါ့ကိုအထင်သေးတာပဲ၊ ငါက အစားအသောက်တော့ရက်ရောပါတယ်၊ င့ါအလုပ်သမားတွေကို ဗိုက်ဟောင်းလောင်းနဲ့မထားပါဘူးအေ့”
“ဒါနဲ့ နာမည်ပေးမယ်ဆိုတာကရော”
“ညည်းနာမည် မယ်ပျင်းဆိုတာကိုပဲ သဘောကျတယ်၊ မယ်ပျင်းဆိုတဲ့နာမည်က ကျွန်တစ်ယောက်အနေနဲ့ သိပ်လိုက်ဖက်တဲ့နာမည်တစ်ခုပဲ”
မယ်ပျင်းမှာ အခန်းအတွင်းမှပြန်လည်ထွက်ခွာလာခဲ့သည်။
“မင်းစားသောက်ပြီးရင် ကောင်းကောင်းအနားယူလိုက် ညကျရင် နတ်မင်းကြီးတွေရဲ့ အထူးစားတော်ပွဲတစ်ခုရှိတယ်ကွဲ့”
(၂)
ဟော်နန်းဆောင်ကြီးတစ်ခုလုံးတိတ်ဆိတ်နေလေသည်။ အရာအားလုံးမှာ တိတ်ဆိတ်နေသဖြင့် အပ်ကျသံပင်ကြားရသလောက်ဖြစ်နေသည်။ စားဖိုဆောင်ကြီးအတွင်းသို့ ဝင်ခဲ့သည့်အခါ လက်တစ်ထောင်ဘိုးတူးမှာလည်း အိပ်မောကျနေပြီဖြစ်သည်။ မယ်ပျင်းက ဗိုက်ဆာနေသည့်အတွက် တစ်ခုခုစားသောက်ရန်ရှာဖွေလိုက်သည်။
“ကြိုက်တဲ့အရာကိုစားဆိုပဲ ငါကဘာစားရမှာလဲ”
မယ်ပျင်းမှာရှာဖွေရင်းနောက်ဆုံးတော့ ပန်းကန်လုံးတစ်ခုနှင့်အုပ်ထားသည့် ကြက်ဥနှစ်လုံးကိုတွေ့လိုက်ရသည်။ ကြက်ဥများကိုခွဲလိုက်ရာ ပြုတ်ပြီးသားဖြစ်နေသဖြင့် အခြားစားစရာများလိုက်ရှာမနေတော့ဘဲ ကြက်ဥပြုတ်နှစ်လုံးသာ ခွဲ၍ စားသောက်လိုက်တော့သည်။ သို့သော်ထိုကြက်ဥမှာ အလွန်ဆိမ့်ကာ ချိုလည်းချိုသဖြင့် စားကောင်းလှပေသည်။
“အင်း၊ နတ်ကြက်ဥဆိုတာများလားတော့မသိဘူး စားလို့သိပ်ကောင်းချက်ပဲ”
မယ်ပျင်းမှာ ကြက်ဥပြုတ်များကိုပလုပ်ပလောင်းစားရင်းတွေးနေမိသည်။ ထို့နောက်တွင်တော့ လူတစ်ကိုယ်လုံးငိုက်မြည်းလာကာ အိပ်ချင်လာသဖြင့် စဉ့်အိုးကြီးတစ်လုံးဘေးတွင် ထိုင်လိုက်ကာ စဉ့်အိုးကိုအသာမှီလျှက် အိပ်ချလိုက်လေတော့သည်။
မည်မျှကြာကြာအိပ်ပျော်သွားသည်မသိ ရှဲခနဲအသံကြီးကြားလိုက်ရသည့်အချိန်မှ မယ်ပျင်းတစ်ယောက်လန့်နိုးသွားမိသည်။ လက်တစ်ထောင်ဘိုးတူးမှာ ဟင်းလျာများကိုပင် ပြင်ဆင်ချက်ပြုတ်နေပြီဖြစ်သည်။
“မင်းကိုလန့်နိုးသွားစေဖို့ မရည်ရွယ်ပါဘူး ကလေးမ”
“စားသောက်ဆိုင်အလုပ်တွေစနေပြီလား”
“စတာ အတော်တောင်ကြာပေါ့၊ ဒါနဲ့ မင်းပြင်ပြင်ဆင်ဆင်လေးနေအုံး၊ ဒီနေ့က နတ်မင်းတွေစားသောက်ဆိုင်မှာလာပြီး ပျော်ပွဲကျင်းပမယ့်နေ့ပဲ”
မယ်ပျင်းလည်းအလုပ်များလုပ်ကိုင်ရလေသည်။ မကြာခင်အချိန်တွင် နန်းရှေ့မှစည်တီးသံကြီးများကိုကြားလိုက်ရသည့်အခါ ဆိုင်အလုပ်သမားများအားလုံးမှာ ဆိုင်လျှောက်လမ်းဘေးသို့ပြေးလွှားကာ တန်းစီကြည့်ကြသည်။ တောက်ပပြောင်လက်သည့် အဝတ်အစားများကိုဝတ်ဆင်ထားကြသည့် နတ်မင်းများမှာ ဟော်နန်းအတွင်းသို့ ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာဖြင့် ဝင်ရောက်လာကြသည်။ မယ်ပျင်းမှာ နတ်မင်းများကိုကြည့်နေရင်း နံဘေးမှ ငမျက်ပြူးကိုမေးကြည့်ရသည်။
“အဲဒါဘယ်သူတွေလဲ”
“ဟောဒီ ဟိမဝန္တာတောင်ကြီးနဲ့ အနီးအပါးကတောင်တွေကိုပိုင်တဲ့ နတ်မင်းတွေပေါ့၊ ဟောဟိုက အနီရောင်နဲ့က နာဂဒေဝီတဲ့၊ ဟောဟိုအနက်ရောင်နဲ့က အရိပ်သခင်ဆိုသူပဲ”
မယ်ပျင်းမှာ အရိပ်သခင်ကိုသေချာစိုက်ကြည့်လိုက်ရင်း
“သြော်၊ လတ်စသတ်တော့ အရိပ်သခင်ဆိုတာ သူကိုး”
မယ်ပျင်းက ရေရွတ်လိုက်လေသည်။ နတ်မင်းကြီးများရောက်လာကြသဖြင့် တစ်ဆိုင်လုံးအလုပ်များနေကြသည်။ ထိုထဲမှ အလုပ်အများဆုံးမှာ ဘိုးတူးပင်ဖြစ်သည်။ မယ်ပျင်းက စားဖိုဆောင်အတွင်းသို့ဝင်သွားသည့်အခါ ဘိုးတူးမှာ တစ်ခုခုကိုရှာဖွေနေပုံရသည်။
“ဘိုးတူး ဘာတွေရှာနေတာလဲ”
“ငါမနေ့က ပန်းကန်လုံးနဲ့အုပ်ထားတဲ့ ကြက်ဥနှစ်လုံးရှာနေတာ”
“အော် အဲဒါလား၊ အဲဒီပန်းကန်က ဒီမှာလေ”
မယ်ပျင်းက စဉ့်အိုးအဖုံးပေါ်တင်ထားသည့် ပန်းကန်ကိုပြလိုက်သည်။ ဘိုးတူးက ပန်းကန်ကိုယူပြီးဖွင့်ကြည့်လိုက်သည့်အခါ ကြက်ဥနှစ်လုံးမတွေ့တော့ဘဲ ကြက်ဥခွံများကိုသာတွေ့တော့သည်။
“ဟိုက်၊ ဒီကကြက်ဥတွေ ဘယ်ရောက်သွားတာလဲ”
“ဘယ်ရောက်သွားရမှာလဲ စားလို့ကုန်ပြီပေါ့”
“ဘယ်သူစားလိုက်တာလဲ”
“ကျုပ်စားလိုက်တာလေ”
ဘိုးတူးမျက်နှာကြီးမှာ ရှုံ့တွပြီးအလွန်စိတ်ပျက်သွားသည့်မျက်နှာကြီးဖြစ်သွားသည်မို့
“မမကြီးကပြောတယ် သူ့ဆိုင်မှာလုပ်တဲ့လူတွေက စားဖိုဆောင်ထဲက ကြိုက်တဲ့အစားအစာကိုစားခွင့်ရှိတယ်တဲ့”
“စားခွင့်ရှိတာတော့ ဟုတ်တာပေါ့၊ ဒါပေမယ့် ဒီကြက်ဥတွေက ရှာရခက်တယ်ကွဲ့၊ ဘယ်လိုလုပ်ရပါ့မလဲ ပြဿနာတော့ တက်ပါပြီ”
ဘိုးတူးမှာ ကြိုးတစ်ချောင်းကိုဆွဲလိုက်သည့်အခါတွင် မကြာခင် မမကြီးမှာ စားဖိုချောင်အတွင်းသို့ရောက်လာသည်။
“မင်းက င့ါကိုဘာကိစ္စနဲ့ခေါ်တာလဲ ဘိုးတူး”
“ပြဿနာတော့တက်ပါပြီ မမကြီး၊ နာဂဒေဝီအတွက် စီမံထားတဲ့ကြက်ဥကို မယ်ပျင်းက စားလိုက်လို့ပါ”
“ဒုက္ခပဲ ဒီကြက်ဥတွေမပါရင် နာဂဒေဝီက ငါတို့ကို ရန်ရှာတော့မှာပဲ၊ မင်းက သေသေချာချာမထိန်းသိမ်းဘူးကိုးကွဲ့”
မမကြီးနှင့် ဘိုးတူးတို့မှာတစ်ယောက်နှင့်တစ်ယောက်ပစ်တင်ပြောဆိုနေကြလေရာ မယ်ပျင်းက နံဘေးမှကြည့်နေရင်း
“ကြက်ဥလေးနှစ်လုံးအတွက်နဲ့ ဘာဖြစ်နေကြတာလဲ”
“ဒီကြက်ဥက ရိုးရိုးကြက်ဥမဟုတ်ဘူးကွဲ့၊ ဟိမဝန္တာတောင်ကြီးရဲ့ အရှေ့ဘက် ဝါးတောကြီးထဲမှာ ကြက်စားတဲ့ ဂဲလက်ခေါ်တဲ့ ကြက်မျိုးရဲ့ကြက်ဥပဲ အဲဒါကြက်ဥကရှာရရှားသလို ဝယ်လို့လဲမလွယ်ဘူး”
“ရှင်တို့မရှာချင်နေ၊ ဒါဖြင့် ကျုပ်လိုက်ရှာပေးမယ်”
ဘိုးတူးက ခေါင်းကိုပွတ်သပ်လျှက်
“လွယ်ပါ့မလား”
မမကြီးက မယ်ပျင်းအား မီးဝင်းဝင်းတောက်သကဲ့သို့ ဝင်းလက်နေသည့်မျက်လုံးများဖြင့်စိုက်ကြည့်လိုက်ကာ
“မင်းတကယ်သွားရှာမလားမယ်ပျင်း”
“ကိုယ်စားလိုက်လို့ဖြစ်ရတယ်ဆိုတော့ ကိုယ်ပဲပြန်ရှာပေးရတော့မှာပေါ့”
“ကောင်းပြီ၊ အခုအချိန်က ညအချိန်ဆိုတော့ ကြက်တွေအိပ်တန်းတက်နေပြီ မင်းရှာရတာသိပ်ခက်မှာမဟုတ်ဘူး၊ ကဲ ဘိုးတူး သူ့ကိုပို့ပေးလိုက်”
ဘိုးတူးက မယ်ပျင်းအား ကောက်ချီလိုက်ပြီးနောက် နံရံကြီးဆီသို့မျက်နှာမူလိုက်သည်။ နံရံကြီးတွင် စာများရေးသားထားသည့် အံဆွဲပေါင်း မြောက်များစွာရှိနေလေရာ ထိုအံဆွဲများအတွင်းမှ အံဆွဲတစ်ခုအားဆွဲဖွင့်ပြီး မယ်ပျင်းကိုအတွင်းသို့ပစ်ချထည့်လိုက်သည်။ မယ်ပျင်းမှာ လေဟာနယ်ကြီးအတွင်း လွင့်မြောပြုတ်ကျနေသကဲ့သို့ ခံစားနေရသည်။ မကြာမီ မြေကြီးတစ်နေရာသို့ ဖုတ်ခနဲပြုတ်ကျလေသည်။
“မယ်ပျင်းရေ မင်းလိုချင်တာများ ရလာခဲ့ပြီဆိုရင်တော့ ဒေါက် ဒေါက် ဒေါက်လို့ သုံးချက်သာအော်လိုက်ဟေ့”
မယ်ပျင်းမှာ နံဘေးကိုဝေ့၀ဲကာကြည့်လိုက်သည်။ အမှောင်ထုက ဖုံးလွှမ်းနေသည်မို့ ပတ်ဝန်းကျင်အား ကောင်းစွာမမြင်ရပေ၊ အသေအချာစိုက်ကြည့်သည့်အခါမှ ကြခတ်ဝါးရုံကဲ့သို့ ဝါးရုံများအကြားသို့ရောက်နေသည်ကို သိလိုက်ရသည်။ အောက်ခြေမြေပြင်မှာလည်း ဝါရွင့်ကြွေကျနေသည့် ဝါးရွက်ခြောက်များနှင့် ဖုံးလွှမ်း၍နေလေသည်။
မယ်ပျင်းမှာ ပတ်ဝန်းကျင်တစ်ခွင် ထွန်းလင်းသွားစေရန်အတွက် မီးတောက်တစ်ခုကိုဖန်တီးလိုက်လေသည်။ ကြခတ်ဝါးရုံတောကြီးအတွင်း ကြက်တစ်ကောင်မှမတွေ့ရဘဲ ကျောက်တုံးကျောက်ခဲကြီးများ လူတစ်ရပ်ခန့်ရှိသည့် ကျောက်တုံးများကိုသာတွေ့ရလေသည်။ ထိုအခိုက် ဝါးရုံတစ်နေရာမှ လူသံတစ်ချက်ကြားလိုက်ရသည်။
“ဟေ့ကလေးမ မင်းဘာဖြစ်လို့မီးထွန်းထားတာလဲ”
“သေချင်ရင်လည်း တောင်စွန်းကနေ ခုန်ချလိုက်စမ်းပါကွာ၊ ဘာဖြစ်လို့ ဒီနေရာမှာမီးထွန်းတာလဲ”
လူနှစ်ယောက်က ဘေးဘယ်ညာတစ်ဖက်တစ်ချက်စီမှ ထွက်ပေါ်လာကာ ပြောဆိုသဖြင့် မယ်ပျင်းမှာ ထိုမီးတောက်ကို ငြိမ်းသတ်လိုက်ရသည်။ လူနှစ်ဦးမှာ ပိန်ပိန်ပါးပါးနှင့်ဖြစ်ကာ လွယ်အိတ်များအလျိုလျိုလွယ်ထားကြပြီး လေးနှင့်မြှားကိုလည်း အသီးသီးကိုင်ဆောင်ထားကြသဖြင့် မုဆိုးများဟု မယ်ပျင်းက ယူဆလိုက်ကြသည်။
“နေပါအုံး ရှင်တို့က ဒီမှာဘာလုပ်နေတာလဲ”
“မင်းကရော ဒီကိုဘာလာလုပ်တာလဲ”
“ဒီကိုလာရတဲ့အကြောင်းက ဂဲလက်ဆိုလား အဲဒီကြက်ရဲ့ဥကိုလာရှာတာ”
“ဒါဖြင့်ငါတို့နဲ့အတူတူပဲပေါ့”
“ဒါပေမယ့် မင်းဒီလိုလုပ်တာကတော့ အန္တရာယ်များလွန်းတယ်”
“အောင်မာ၊ ကြက်လာရှာတာ ဘာဖြစ်မှာမို့လို့လဲ”
“ကြက်လာရှာတာတော့ဟုတ်တယ်၊ ဒါပေမယ့် ဒီတောကိုအစိုးရတဲ့ ကြက်မင်းဆိုတာရှိတယ်၊ အဲဒီကြက်မင်းက တန်ခိုးရှိတဲ့ ဝါးသီးစေ့ကိုစားမိပြီးတော့ တန်ခိုးရှိနေတယ်လို့ပြောလို့ရတယ်၊ ဒီတောထဲ ကျန်တဲ့ကြက်ကိုမကြောက်ရပေမယ့် အဲဒီကြက်မင်းကိုတော့ ကြောက်ရတယ်”
“ကျန်တဲ့ကြက်ဆိုပေမယ့် တခြားကြက်လဲမတွေ့ပါလား”
“ဘယ်တွေ့မှာလည်း ဒီကြက်တွေက ညမှောင်ချိန်ရောက်တဲ့အခါ သစ်ပင်သစ်ရိပ်နဲ့ပျောက်ကွယ်နိုင်တဲ့တန်ခိုးရှိနေလို့ကွ”
“အကိုကြီး၊ သူလည်းကြက်ဥလာနှိုက်တဲ့လူ ကျုပ်တို့လည်း ကြက်ဥလာနှိုက်တဲ့လူပဲ၊ ဘာဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက်ရင်းရင်းနှီးနှီး ပေါင်းသင်းနေတာလဲ၊ လုပ်ငန်းတူရင် ရန်သူတဲ့ဗျ၊ သူူ့ကိုရိုက်ပုတ်ပြီးခြောက်လှန့်လွှတ်လိုက်စမ်းပါ၊ ကျုပ်တို့ဥရတော့ သူ့ကိုခွဲပေးနေရပါအုံးမယ်”
“ငါ့ညီ မင်းကတော့ ဉာဏ်နည်းလို့ ငါ့ညီဖြစ်တာပဲဟေ့၊ ဒီမှာ လုပ်ငန်းတူရန်သူမဟုတ်ဘူးကွ၊ လုပ်ငန်းတူရင် အကျိုးတူပေါ့၊ ဒီကြက်တွေက လုံးဝန်းနေတဲ့ကြခတ်ဝါးရုံတွေထဲ အသိုက်တွေလုပ်ထားကြတာဆိုတော့ တို့နှစ်ယောက် တိုးရဝှေ့ရ နှိုက်ရပြုရမလွယ်ဘူးမဟုတ်လားကွ၊ ဒီကလေးမလေးက ကိုယ်လုံးသေးတော့ သူ့ကိုတိုးခိုင်းပြုခိုင်းရင် အရင်ထက်ပိုပြီး ဥတွေအများကြီးရမယ်မထင်ဘူးလား”
ထိုတော့မှ ကျန်မုဆိုးက ခေါင်းညိတ်လေသည်။
“အကိုကြီးစကားက သဘာဝတော့ကျပါတယ်”
“နှိုက်ပြီးတော့မှ တို့တွေ ဝေပုံကျခွဲကြမယ်လေကွာ၊ ကဲ ငါ့အကြံကိုမင်းလည်း သဘောကျတယ်ဆိုရင် မင်းငါတို့နဲ့လိုက်ခဲ့၊ မဟုတ်ရင်တော့ ဟောဒီကြက်ပျောက်တောကြီးထဲမှာ မင်းတစ်ယောက်တည်း လိုက်ရှာပေတော့”
မယ်ပျင်းကလည်း မုဆိုးများနှင့် လိုက်လံသွားရသည်က ပိုမိုလွယ်ကူမည်ဖြစ်မှန်း သိလိုက်ကာ မုဆိုးများနှင့်အတူ လိုက်လာလေသည်။ ကြခတ်ဝါးရုံများမှာ အချို့မှာ မြေနှင့်ကပ်ထိလျှက် လူတိုး၍ မပေါက်အောင်ပင်ရှိနေလေသည်။ မုဆိုးအကြီးမှာ တုတ်တံတစ်ချောင်းနှင့် ဝါးရုံအတွင်းသို့ထိုးထည့်ပြီး လိုက်လံစမ်းသပ်နေလေသည်။ ထိုသို့စမ်းသပ်ရင်း သုံးချုံအရောက်တွင်တော့ ခေါင်းညိတ်လိုက်ကာ
“ဒီအထဲမှာအသိုက်ရှိတယ်ဟေ့၊ ကဲ ကလေးမ ငါတို့နှစ်ယောက် ကြခတ်ဝါးရုံကိုဖြဲပေးမယ်၊ မင်းမျက်လုံးထဲ ဘာမှကိုမြင်ရမှာတော့မဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ ကြက်တွေက ကိုယ်ရောင်ပျောက်ပြီးနေလို့ပဲ၊ အထဲကိုရောက်တာနဲ့ မင်းက ငါတို့ပြောတဲ့အတိုင်းလိုက်လုပ်ရမယ်၊ မဟုတ်ရင် ကြက်မတွေကို တိုက်မိပြီးတော့ ကြက်မတွေလန့်နိုးကုန်မယ်”
မုဆိုးနှစ်ယောက်မှာ ကြခတ်ဝါးရံုံတစ်နေရာကို တစ်ယောက်ကဘယ်ဘက်သို့ဆွဲ၍ လည်ကောင်း နောက်တစ်ယောက်က ညာဘက်သို့ဆွဲ၍ လည်းကောင်း ဆွဲဖြဲပေးလိုက်ကြသည်။ ထိုအခါ လူတစ်ဦးတွားသွားဝင်စာ နေရာကလေးပေါ်ပေါက်လာသည်။ ထိုနေရာကလေးအတိုင်း မယ်ပျင်းက လေးဖက်ထောက်၍ ဝင်သွားလိုက်သည်။ လေးဖက်ထောက်ရင်းအထဲရောက်သည့်အခါ မုဆိုးအကြီး၏ ခပ်အုပ်အုပ်အသံကထွက်လာသည်။
“ရပ်လိုက် ဆက်မသွားနဲ့”
မယ်ပျင်းကရပ်တန့်လိုက်သည်။
“အရှေ့ဘက် သုံးလှမ်းသွားလိုက်”
မယ်ပျင်းမှာ မုဆိုးပြောသည့်အတိုင်း သွားနေရသော်လည်း ဝါးရုံအောက်တွင် ဝါးရွက်ခြောက်များမှာလွဲ၍ မည်သည့်အရာကိုမှ မမြင်ရပေ။
“တောင်ဘက်ကိုခြောက်လှမ်းသွားလိုက်”
မယ်ပျင်းကသွားရပြန်သည်။
“ဟုတ်ပြီ အရှေ့ကိုသုံးလှမ်းတိုးပြီးရင် မြေကြီးအထက်တစ်တောင်လောက်နေရာကိုမှန်းပြီး လက်နဲ့နှိုက်ပေတော့”
မယ်ပျင်းမှာအရှေ့တိုးသွားပြီး ဘာမှမရှိသည့်နေရာကိုလက်နှင့်မှန်းကာ နှိုက်လိုက်သည်။ သို့သော် မြေကြီးအထက်တစ်တောင်ခန့်နေရာတွင် သစ်ရွက်ခြောက်များကိုစမ်းသပ်မိသည်။
“ဆက်နှိုက်၊ သာသာကလေး ဆက်နှိုက်”
မယ်ပျင်းတစ်ယောက်ဆက်နှိုက်လိုက်လေရာ မကြာခင်မှာပင် ပြောင်ချောချောအရာများကိုစမ်းသပ်မိသည်။
“တွေ့ပြီမဟုတ်လား၊ အဲဒါကြက်ဥတွေပဲ၊ နှိုက်ခဲ့ မင်းသယ်နိုင်သလောက်သာ နှိုက်ခဲ့”
မယ်ပျင်းက ကြက်ဥများနှိုက်ယူပြီး ခါးပိုက်ဆောင်အတွင်းသို့ထိုးထည့်နေမိသည်။ ထိုသို့ထိုးထည့်ရင်း ခြောက်လုံးခန့်ရပြီးသော် ကြက်ဥများကုန်စင်သွားလေသည်။
“ကုန်ပြီ”
“ဒါဆိုရင်လည်း ပြန်ထွက်လာခဲ့တော့၊ တို့နောက်တစ်မြုံသွားနှိုက်ရအောင်”
မယ်ပျင်းမှာ ကြက်ဥများယူပြီး မုဆိုးပြောသည့်အတိုင်းပြန်ထွက်လာခဲ့သည်။ အပြင်ရောက်သည့်အခါ ဝေပုံကျခွဲကြသည်။
“ရော့ တစ်ယောက်နှစ်လုံးယူကြမယ်”
ထိုအချိန် အနောက်မှ ဝါးများမှာတရှဲရှဲနှင့်လှုပ်ခါသွားကာ နဂါးကြီးတစ်ကောင်ထွက်ပေါ်လာလေသည်။
“ဟေ့လူသားတွေ၊ မင်းတို့လက်ထဲက ကြက်ဥကို ငါတို့ကိုပေးရင်ပေး၊ မပေးရင် မင်းတို့အကုန်သေရမယ်”
မုဆိုးနှစ်ယောက်မှာ စိတ်ပြတ်လက်ပျက်ဖြစ်သွားကြပြီး
“သြော်၊ နောင်ကြီးနဂါးရယ်၊ ဥစားချင်မှတော့ ကျုပ်တို့လို ဥမြုံကိုနှိုက်ပြီး စားပေါ့ဗျ၊ ဘယ့်နှယ့် သူများလက်က အတင်းလိုက်လုနေရတာလဲ”
“မလိုချင်ဘူး မင်းတို့လက်ထဲက ဥတွေပေးမလား မပေးဘူးလား ဒါပဲပြော”
“နောင်နဂါးရယ်၊ ခင်ဗျားစားချင်တယ်ဆိုရင်လည်း တစ်လုံးတော့ယူဗျာ”
“မရဘူး ငါကအကုန်ယူမှာ”
ထိုအခါ မုဆိုးငယ်က ဒေါသထွက်သွားပြီး
“ဟ၊ သူများဆီက အကုန်လုံးလိုချင်တယ်ဆိုတော့ ဒါခင်ဗျား ကျုပ်တို့ကို ဓါးပြတိုက်တာပဲ”
“အေး ဓါးပြတိုက်တယ်ကွာ မင်းတို့ဘာလုပ်ချင်သလဲ၊ ငါ့လိုနဂါးတစ်ကောင်နဲ့ မင်းတို့လိုတန်ခိုးနည်းနည်းပါးပါးရှိတဲ့ကောင်လေးတွေနဲ့ ယှဉ်နိုင်မယ်ထင်လို့လားကွ”
မယ်ပျင်းမှာဒေါသထွက်ထွက်နှင့် အရှေ့သို့တိုးလာပြီး
“ရှင်လွယ်မယ်ထင်ရင် အရှေ့တိုးလာခဲ့လိုက်လေ”
မုဆိုးနှစ်ဦးမှာ ပြာပြာသလဲနှင့်
“ကလေးမ၊ နဂါးတွေနဲ့သွားပြီးရန်မဖြစ်တာကောင်းတယ်”
“လာစမ်းပါ၊ ကျုပ်ကလည်း မြေမှာတွေ့တဲ့တီကောင်ကိုတောင် ရွံ့ပြီးကြောက်ရင်ကြောက်မယ် နဂါးဆိုတဲ့အကောင်ရှည်လောက်ကိုတော့ ကြောက်ကိုမကြောက်တတ်တာ”
နဂါးကြီးမှာ အလွန်ဒေါသထွက်သွားပြီး မယ်ပျင်းအား မျက်စောင်းကြီးခဲကာလှမ်းကြည့်လိုက်လေသည်။ မယ်ပျင်းမှာ ရပ်နေရာမှာ ရုတ်ခြည်းပျောက်ကွယ်သွားပြီး တစ်နေရာတွင်သွားပေါ်သဖြင့် နဂါးကြီး၏ မျက်စောင်းစက်လက်နက်မှာ မယ်ပျင်းအားမထိမှန်ပေ။
နဂါးကြီးက ယခုတစ်ကြိမ်တွင် ပါးစပ်ကိုဖြဲလိုက်ကာ အာခံတွင်းမှ မီးတောက်မီးလျှံများဖြင့် မယ်ပျင်းအားမှုတ်ထုတ်တိုက်ခိုက်ပြန်သည်။ မယ်ပျင်းက မီးတန်းကြီးကိုရှောင်ရှားလိုက်သည့်အခါ မီးတန်းကြီးမှာ အနောက်ဘက်ရှိ ဝါးရုံတောတစ်ခုကိုထိမှန်သွားတော့သည်။ ထိုအခါ ဝါးရုံတောအတွင်းမှ ကြက်မအော်သံများကိုကြားလိုက်ရကာ ကြက်များမှာကစဉ့်ကလျားနှင့်ပြေးလွှားကုန်ကြသည်။
မယ်ပျင်းတို့ကြည့်နေဆဲမှာပင် အလွန်ကျယ်လောင်သည့် ကြက်ဖတွန်သံကြီးကိုကြားလိုက်ရသည်။ ထိုအခါမုဆိုးနှစ်ဦးမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
“ကြက်မင်းလာပြီ၊ ကြက်မင်းလာပြီ ပြေးကြ . . . မသေချင်ရင် အမြန်ပြေးကြ”
မုဆိုးနှစ်ဦးမှာထွက်ပြေးတော့သည်။ မကြာမီ အိမ်တစ်လုံးအရွယ်အစားခန့်ရှိသည့် ကြက်ဖကြီးတစ်ကောင်မှာ ဝါးရုံတောအတွင်းသို့ခုန်ဝင်လာသည်။ နဂါးကြီးကိုတွေ့သည့်အခါ ကြက်မင်းက မျက်လုံးအတွင်းမှ ရွှေရောင်အလင်းတန်းများနှင့်ပစ်ခတ်လိုက်သည့်အခါ နဂါးကြီး၏ကိုယ်ခန္ဓာကို အလင်းတန်းများထိမှန်သွားပြီး အလင်းတန်းနှင့်ထိတွေ့သည့်နေရာမှာ ကျောက်တုံးကျောက်စိုင်ခဲကြီးများအဖြစ် ပြောင်းလဲသွားလေတော့သည်။
နဂါးကြီးမှာ အလွန်နာကျင်စွာအော်ဟစ်လျှက် မြေပြင်တွင်လူးလိမ့်နေလေသည်။ ကြက်ကြီးအနားသို့ကပ်လာသည့်အခါ မီးတောက်မီးလျှံများဖြင့် ပစ်ခတ်တိုက်ခိုက်သော်လည်း ကြက်ကြီး၏ အမွှေးအတောင်များကို မီးမစွဲဘဲရှိနေလေသည်။ ကြက်ကြီးက နဂါး၏လည်ကုတ်ထက်သို့ ထိုးခုန်တိုက်ခိုက်လိုက်ပြီးနောက် လည်ကုပ်ကိုခြေဖြင့်နင်းကာ ဝမ်းတွင်းသားကို နှုတ်သီးဖြင့်ဆိတ်၍ ကလီစာများကိုဖောက်ယူစားသောက်လေသည်။ မယ်ပျင်းမှာ ကြက်ကြီးကိုကြည့်နေရင်း အလွန်ထိတ်လန့်နေမိသည်။ ကြက်ကြီးက နဂါးကြီးအားဗိုက်ဖောက်စားသောက်နေရင်း ငူငူကြီးရပ်တန့်နေသည့် မယ်ပျင်းထံသို့တစ်ချက်လှည့်ကြည့်လိုက်သည်။ မယ်ပျင်းလည်း ထိုတော့မှ သတိရသွားပြီး
“ဒေါက် ဒေါက် ဒေါက်” ဟု ပါးစပ်မှရေရွတ်လိုက်သည့်အခါတွင် ဘိုးတူး၏လက်ကြီးတစ်ဖက်က ကောင်းကင်ပေါ်မှပေါ်ထွက်လာခဲ့ပြီး မယ်ပျင်း၏လည်ကုပ်ကိုဆွဲချီကာ မြှောက်တင်သွားသည်။ များမကြာမီအချိန်အတွင်း မယ်ပျင်းမှာ အံဆွဲကြီးအတွင်းမှပြန်ထွက်လာနိုင်ခဲ့သည်။
“ဘယ်လိုလဲမယ်ပျင်း ကြက်ဥရလာခဲ့ရဲ့လား”
မယ်ပျင်းက ခါးပိုက်ဆောင်တွင်ထည့်ထားသည့် ကြက်ဥနှစ်လုံးကိုထုတ်ပေးလိုက်သည်။ ထိုမှသာ မမကြီးနှင့် ဦးဘိုးတူးမှာ သက်ပြင်းပြိုင်တူချနိုင်ကြလေသည်။ မယ်ပျင်းကလည်း ခြေပစ်လက်ပစ်ထိုင်ချလိုက်ကာ
“ဒီနေရာမှာ ကြက်ဥကို ဒီလောက်ပင်ပင်ပန်းပန်းရှာဖွေစားသောက်ရမယ်ဆိုတာသိရင် ဒီကြက်ဥစားကိုမစားပါဘူး”
စားဖိုဆောင်အတွင်းမှလူများမှာ ရယ်မောလိုက်ကြသည်။
“ဒါပေါ့မယ်ပျင်းရဲ့ ငါတို့ဆိုင်မှာရှိတဲ့ ဟင်းအမည်လျာတွေနဲ့ ပါဝင်ပစ္စည်းတွေဆိုတာ နှယ်နှယ်ရရပစ္စည်းတွေသုံးထားတာမှမဟုတ်တာ၊ အကောင်းစား ထိပ်တန်းပစ္စည်းတွေချည်းသုံးထားတာကြောင့် အဖိုးတန်တာပေါ့”
ထိုညတွင် နတ်မင်းကြီးများ၏ စားသောက်ပွဲကိုကျင်းပကြသည်။ နတ်မင်းကြီးများမှာ ကိုယ်ရောင်ကိုယ်ဝါတောက်ပနေကြပြီး အလွန်ဆန်းကြယ်သည့် အဝတ်အစားများကိုလည်း ဝတ်ဆင်ထားကြသည်။ သို့သော် နတ်မင်းကြီးများမှာ အခြားသူများကဲ့သို့ အစားအသောက်မလွန်ကြူးကြဘဲ နတ်ယမကာတစ်မျိုးကိုသာ သောက်သုံးကြသည်။ အစားအရာတွင်လည်း ဦးဘိုးတူးပြင်ဆင်ပေးသည့် တစ်လုပ်စာခန့်ရှိသည့် မုန့်ကလေးများကိုသာ စားသောက်ကြလေသည်။
“သူတို့သောက်နေတာ ဘာတွေလဲဟင်”
“အဲဒါ တာဝတိသာနတ်ပြည်က ကသစ်ပင်ရဲ့အပွင့်နဲ့ဖောက်ထားတဲ့ နတ်ယမကာတစ်မျိုးဆိုပဲ အလွန်ဈေးကြီးသလို သိဒ္ဓိတန်ခိုးနဲ့လည်းပြည့်စုံတယ်ဆိုပဲ”
“ဒါဖြင့် ဟိုမုန့်ကလေးတွေကရော”
“အဲဒီမုန့်ကလေးတွေက မုန့်ပေါင်းတစ်ထောင်လို့ခေါ်ကြတယ်၊ မုန့်သေးတယ်ဆိုပေမယ့် မုန့်မျိုးပေါင်းတစ်ထောင်ရဲ့ ရနံ့အရသာနဲ့ အကျိုးအာနိသင်တွေပါဝင်နေတာမို့ အဲဒီမုန့်တစ်တုံးစားရတာက မုန့်မျိုးပေါင်းတစ်ထောင်စားရသလို အရသာထူးကဲလှသတဲ့”
မယ်ပျင်းက ပါးစပ်ကိုသပ်လိုက်ပြီး
“စားချင်လိုက်တာ”
“အဲဒီမုန့်ကိုစားရဖို့ဆိုရင် မင်းဒီမှာ နှစ်ပေါင်းတစ်ထောင်လောက် ကျွန်ခံရမယ်ဆိုရင်တောင်မှ စားရလောက်မယ်မထင်ဘူးဟေ့”
မနက်မိုးလင်းခါနီးတွင် နတ်စည်နတ်မောင်းများတီးဆိုကြပြီး နတ်မင်းများအလျိုလျိုပြန်သွားကြလေသည်။ ဟော်နန်းစားသောက်ဆိုင်ကြီးလည်း ပိတ်ချိန်နီးပြီမို့ စားသုံးသူများ ခပ်ကျဲကျဲသာရှိတော့သည်။
“မယ်ပျင်း မင်းကိုဘိုးတူးခေါ်နေတယ်”
ထိုစကားကြားသဖြင့် မယ်ပျင်းမှာ စားဖိုဆောင်အတွင်းသို့ပြေးဝင်လာခဲ့သည်။ အတွင်းသို့ရောက်ရောက်ခြင်းပင် ဘိုးတူးက မယ်ပျင်းအားလင်ဗန်းကလေးလှမ်းထိုးပေးရင်း
“မမကြီးဆီကို ဆေးရည်သွားပို့ပေးရမယ်”
“ဒီနေ့ရော သွားရအုံးမှာပဲလား၊ ကျုပ်ကို နာမည်မှည့်ပြီးပြီလေ”
“ဘာကြောင့်လဲတော့မသိဘူး မမကြီးက ဒီနေ့လည်း မင်းကိုပဲ အပို့ခိုင်းပါလို့မှာထားလို့၊ ကဲ နောက်မကျခင်သွားပို့လိုက်အုံး”
မယ်ပျင်းက ဆေးရည်လင်ဗန်းကလေးကိုင်ကာ ထွက်လာခဲ့သည်။ အခန်းတံခါးဝဆီသို့ရောက်သည့်အချိန်မှာပင် တံခါးမှာအလိုလိုပွင့်ထွက်သွားသည်။
“ဒီနေ့တော့ မနေ့ကထက် နည်းနည်းစောပါလား”
မယ်ပျင်းက ဆေးရည်ဗန်းကိုလှမ်းပေးပြီး ပြန်ထွက်မည်အလုပ်တွင် အခန်းတံခါးကြီးက ပတ်ပြေးနေပြန်သည်။ မယ်ပျင်းတစ်ယောက် မမကြီးဆီသို့လှမ်းကြည့်လိုက်ရာ မမကြီးက စားပွဲခုံတွင်အသင့်ထိုင်နေရင်း
“ဒီအတိုင်းပြန်တော့မလို့လားအေ၊ တစ်ပွဲတစ်လမ်းလောက်တော့ ဆော့သွားပါအုံး”
မယ်ပျင်းမှာ ငြင်းဆန်၍မရမှန်းသိလိုက်သဖြင့် မမကြီးအရှေ့ထိုင်ခုံတွင်ထိုင်ချလိုက်ပြီး ကြွေအန်ကစားပွဲကို အတူတူဆော့ကစားကြလေတော့သည်။