စာစဉ် (၆၀)

(၁)

ဖိုးမောင်နှင့် လူမိုက်တပည့်များမှာ သေနတ်များကိုင်ဆောင်လျှက်ရွာအတွင်းသို့ဝင်လာခဲ့ကြလေသည်။ ဖိုးမောင်တို့အဖွဲ့ကိုတွေ့သည်နှင့် ရွာသူရွာသားများမှာကြောက်လန့်ကာ ပုန်းအောင်းကြသည်။ သေနတ်တကားကားနှင့်ဖိုးမောင်တို့မှာ သူကြီးဦးရေချမ်းအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်သွားကြလေသည်။

“ဗျို့ဦးရေချမ်း”

ထိုအခါ ဦးရေချမ်း၏ သားဖြစ်သူ ကိုအေးချမ်းမှာ ဖခင်ဖြစ်သူကိုယ်စား မခံမရပ်နိုင်ဖြစ်သဖြင့် လှံရှည်တစ်ချောင်းဆွဲကာ အိမ်ပေါ်မှပြေးဆင်းလာလေသည်။ သို့သော် ဦးရေချမ်းက သားဖြစ်သူကိုတားဆီးထားလိုက်သည်။

“မင်းတို့ကောင်တွေ ငါ့အိမ်ကိုဘာလာလုပ်ကြတာလဲကွ”

“ဘာလာလုပ်ရမလဲဗျာ၊ ခင်ဗျားကြီးပဲ ခုနတုန်းကပြောခဲ့တယ်မဟုတ်လား၊ ကျုပ်အုပ်ချုပ်တဲ့ရွာမှာ မနေနိုင်ဘူးဆို၊ မနေနိုင်ဘူးဆိုရင်လည်း ခင်ဗျားတို့မိသားစု ဒီအိမ်ပေါ်ကနေမြန်မြန်ဆင်းကြပေတော့၊ ကျုပ်တို့အတွက်အိမ်လိုတယ်၊ သူကြီးမင်းနေဖို့အတွက် ဒီအိမ်ကြီးကိုလိုတယ်”

ဖိုးမောင်ပြောလိုက်သည့်အခါ အေးချမ်းမှာ လှံဆွဲ၍အရှေ့သို့တိုးထွက်လာလေသည်။

“ဟေ့ကောင်ဖိုးမောင်၊ မင်းဒီလိုလက်နက်ပြပြီး အကြမ်းဖက်အုပ်ချုပ်လို့ရမယ်ထင်သလားကွ၊ ဟောဒီရွာကလူတွေက မင်းကိုချစ်လွန်းလို့ ထောက်ခံကြတယ်မထင်နဲ့ကွ၊ မင်းလက်ထဲက သေနတ်ကိုကြောက်လို့သာ မင်းကိုထောက်ခံကြတာ၊ မင်းတကယ်သတ္တိရှိတယ်ဆိုရင် မင်းလက်ထဲကသေနတ်ကိုချလိုက်စမ်း၊ မင်းနဲ့ငါနဲ့ ယောက်ျားချင်း၊ ဓါးဓါးချင်း လှံလှံချင်း ယှဉ်ပြီးတိုက်ကြမယ်ဟေ့”

ထိုအခါ ဖိုးမောင်ကရယ်မောလိုက်ပြီး

“ကျုပ်လက်ထဲမှာ သေနတ်ရှိနေတာကို ဘာဖြစ်လို့သေနတ်ချပြီးတော့ ဓါးချင်းယှဉ်ခုတ်နေရမှာလဲ၊ ကျုပ်တစ်ခွန်းထဲပြောမယ်ဟေ့လူ၊ ခင်ဗျားသတ္တိတကယ်ရှိရင် အရှေ့ကိုတစ်လှမ်းလောက် တိုးလာခဲ့စမ်းပါ”

ဖိုးမောင်က ပြောဆိုလိုက်ပြီး အေးချမ်းအား သေနတ်နှင့်ထိုးချိန်လိုက်လေသည်။ အခြေအနေများက တင်းမာလာသဖြင့် ဦးရေချမ်းက အရှေ့သို့ထွက်လာကာ အေးချမ်းလက်မောင်းကိုဖမ်းဆွဲလိုက်သည်။

“အေးချမ်း၊ မင်းမိုက်ရူးရဲမဆန်စမ်းနဲ့၊ မင်းမှာသားနဲ့မယားနဲ့ရှိသေးတယ်၊ ဒီကောင်တွေနဲ့ပြိုင်ပြီးမမိုက်စမ်းပါနဲ့ကွာ”

အေးချမ်းမှာ ကြိတ်မနိုင်ခဲမရနှင့် တောက်တစ်ချက်ခေါက်လိုက်လေသည်။

“ကဲသား၊ အဲဒီလှံကိုအခုချထားလိုက်၊ ပြီးတော့ နွားလှည်းချက်ချင်းပြင်စမ်း၊ ချွေးမလေးကိုလည်း အရေးကြီးတဲ့ပစ္စည်းတွေ သိမ်းဆည်းခိုင်းထားလိုက်”

“အဖေ၊ အဖေဘာတွေပြောနေတာလဲ၊ ပစ္စည်းတွေသိမ်းပြီးတော့ ကျုပ်တို့ဘယ်ကိုသွားမလို့လဲ”

“သူတို့က ငါတို့ကိုဖယ်ခိုင်းနေပြီမဟုတ်လား”

“ဟာဗျာ၊ ဒီကောင်တွေဖယ်ဆိုတိုင်း ဖယ်ပေးစရာလားဗျ”

“ငါ့သား၊ လူ့အသက်ထက် ဘယ်အရာမှတန်ဖိုးမရှိဘူး၊ ခန္တီစ သည်းခံခြင်းဆိုတာ သူတော်ကောင်းတို့ရဲ့လက်နက်ပဲသား၊ သည်းခံခြင်းသည် အောင်မြင်ခြင်းတဲ့၊ ဒီလို လူမိုက်တွေနဲ့သွားပြီးဖက်ပြိုင်ဖြစ်မနေပါနဲ့သားရယ်၊ အဖေတို့ ပစ္စည်းတွေသိမ်းဆည်းပြီးတော့ ဒီရွာကနေထွက်သွားကြတာပေါ့၊ လောလောဆယ်တော့ ရွာပြင်က ယာတဲထဲမှာပဲ နေကြတာပေါ့ကွဲ့”

အေးချမ်းမှာ မကျေနပ်သော်လည်း ဖခင်ဖြစ်သူ၏ တရားစကားကြောင့် ဒေါသကိုမြိုချလိုက်ရသည်။ ထို့နောက် နွားတင်းကုပ်အတွင်းသို့ဝင်ကာ နွားနှစ်ကောင်ကိုဆွဲယူလာပြီး လှည်းဆင်လေသည်။ ဦးရေချမ်း၏ မိန်းမနှင့် ချွေးမမှာလည်း ပစ္စည်းဥစ္စာအနည်းအကျဉ်းကို ထန်းခေါက်ဖာများနှင့်ထည့်ကာ ငိုမဲ့မဲ့ဖြင့်လှည်းပေါ်သို့တက်ကြသည်။ လှည်းထိပ်တွင်ထိုင်နေသည့် ဦးရေချမ်းက

“သားတို့သမီးတို့ ဘာမှစိတ်မကောင်းမဖြစ်ကြနဲ့၊ လောကမှာ ဘယ်အရာမှ မမြဲဘူးကွဲ့၊ ဥစ္စာဆိုတာ မျက်လှည့်မျိုးဆိုပြီးတော့ ဘုရားဟောထားတယ်မဟုတ်လား၊ ဒီပစ္စည်းတွေဆိုတာ တစ်နေ့တစ်ချိန်မှာ ပြန်ရှာလို့ရပါတယ်”

ထိုစကားကြားသည့်အခါ ဖိုးမောင်မှာ ကျေနပ်အားရစွာပြုံးလိုက်ရင်း

“ကောင်းတယ်၊ ကောင်းတယ် ခင်ဗျားတို့လိုသူတော်ကောင်းတွေများရင် ကျုပ်တို့အတွက် တွက်ခြေကိုက်တာပဲ၊ သည်းခံကြ၊ သည်းခံကြ၊ သည်းခံတယ်ဆိုတာ တကယ်ကောင်းတယ်”

အေးချမ်းမှာ လှည်းအားမောင်းထွက်လိုက်တော့သည်။ ထိုအခါ ဖိုးမောင်က သူ့လူများဘက်သို့ကြည့်လိုက်ပြီး

“ဟေ့ကောင်တွေ၊ ငါတို့ဒီညတော့ အောင်ပွဲခံတဲ့အနေနဲ့ အောင်သေအောင်သားစားမယ်ဟေ့၊ ဟောဒီအိမ်နဲ့ခြံထဲက နွားတွေ့ရင်နွားကိုသတ်၊ ကြက်တွေ့ရင်ကြက်ကိုသတ်ကွာ၊ ငါတို့စားလို့မကုန်ရင် အကုန်ခွေးကျွေးပစ်မယ်ဟေ့”

အေးချမ်းမှာ တောက်တစ်ချက်ခေါက်ပြီး လှည်းကိုမောင်းထွက်သွားလေသည်။ ရွာသူရွာသားများမှာ ညတွင်းချင်းပင်ရွာမှ မောင်းထုတ်ခံရသည့် သူကြီးဟောင်းဦးရေချမ်းတို့မိသားစုကိုကြည့်ကာ သနားဂရုဏာသက်မိကြလေသည်။ ဦးရေချမ်း၏ မိန်းမမှာ သည်းထန်စွာငိုကြွေးကာ အော်ဟစ်သွားလေသည်။

“ဒီလိုကောက်ကျစ်ယုတ်မာတဲ့လူ အုပ်ချုပ်တဲ့ရပ်ရွာမှာ နေမယ့်အစား၊ လယ်ထဲနေတာက ပိုပြီးမြတ်ပါသေးတယ်၊ ရှင်တို့လည်းတစ်နေ့ ဒီလူယုတ်မာရဲ့လက်က လွတ်မှာမဟုတ်ဘူးဆိုတာ သတိထားကြပါတော့”

ဖိုးမောင်မှာ ဦးရေချမ်း၏ နှစ်ထပ်အိမ်ကြီးအပေါ်မှနေ၍ ခါးထောက်ကာကြည့်နေလေသည်။ ဖိုးမောင်၏အနောက်တွင်တော့ ရွှေခေါကမတ်တပ်ရပ်ကာ ထွက်ခွာသွားသည့်လှည်းအား မျက်စိတစ်ဆုံးကြည့်နေလေသည်။

“သြော်၊ သူတော်ကောင်းတွေပါလား၊ တော်တော်စိတ်ကောင်းရှိတဲ့လူတွေပါလား”

“ကိုရွှေခေါ ခင်ဗျားကပါ သူတို့ကိုသနားနေတာလား”

“မဟုတ်ပါဘူး ဖိုးမောင်ရာ၊ သူတော်ကောင်းတွေများတော့ တို့များများယုတ်မာနိုင်တာပေါ့ကွာ၊ တစ်ရွာလုံးသူတော်ကောင်းကြီးတွေ ဖြစ်ကြပါစေကွာ”

“ဒီအဘွားကြီးက ထွက်သွားတာတောင်မှ ရိုးရိုးတန်းတန်းထွက်မသွားဘူးဗျာ၊ ပါးစပ်ကလည်း အော်ချင်တာအော်သွားသေးတယ်၊ ဘာပဲဖြစ်ဖြစ် ဟိုအေးချမ်းဆိုတဲ့ကောင်ကိုရော၊ သူတော်ကောင်းပုံစံဖမ်းနေတဲ့ သူ့အဖေကြီးပါ ကျုပ်ကြည့်မရဘူး”

“အေးဆေးနေစမ်းပါဖိုးမောင်ရာ၊ မင်းသူကြီးဖြစ်တဲ့ရက်မှာ သွေးမြေကျလွန်းတာ မကောင်းပါဘူးကွ၊ ငါသူတို့ကိုကြည့်ရှင်းလိုက်ပါ့မယ်”

ဦးရေချမ်းတို့မိသားစုမှာ ယာတဲကလေးထဲတွင် သွားရောက်နေထိုင်ကြလေသည်။ ဦးရေချမ်းတို့ယာခင်းများမှာ ရွာနှင့်အတော်အတန်ဝေးကွာလေသည်။ အေးချမ်းမှာ တောက်တခေါက်ခေါက်နှင့် အခဲမကျေနိုင်ဖြစ်နေသည်။

“အဖေတို့မို့လို့ နေနိုင်တယ်ဗျာ၊ ကျုပ်ကတော့ ဒီကောင်တွေနဲ့အသက်ချင်းသာလဲလိုက်ချင်တယ်”

“လူမိုက်တွေနဲ့သွားပြီး ရန်ဖက်မဖြစ်ရဘူးငါ့သားရဲ့၊ ဒီကောင်တွေက မိုက်လဲမိုက်ကန်းတဲ့အပြင် ယုတ်လည်းယုတ်မာတယ်၊ သူသာသူကြီးဖြစ်နေရင်တော့ ဖက်လိပ်ရွာရဲ့ရှေ့ရေးက မတွေးရဲစရာပဲ”

“ဒါဖြင့် အဖေက ဒီအတိုင်းပဲအရှုံးပေးလိုက်တော့မှာလား”

“မဟုတ်ဘူး ငါ့သား၊ မင်းရဲ့နွားတွေကို အစာဝအောင်ကျွေးထား၊ မနက်ဖြန်မနက်အာရုဏ်တက်တာနဲ့ အဖေတို့ မြိုင်သာမြို့ကိုသွားကြမယ်၊ ဒီကောင်တွေ လက်နက်အားကိုးနဲ့လူတွေကိုသတ်နေတဲ့အကြောင်းတွေကို မြိုင်သာမြို့ကိုအစိုးရတဲ့ အရေးပိုင်မင်းနဲ့ မြို့အုပ်မင်းကို တိုင်တန်းရလိမ့်မယ်၊ အင်္ဂလိပ်မင်းတွေက ဒီလူမိုက်ကို ဒီအတိုင်းလွှတ်ထားမှာမဟုတ်ဘူး”

“ကောင်းတယ်အဖေ၊ ကျုပ်တို့ မိုးမလင်းခင်ပဲသွားကြတာပေါ့”

“ခင်ဗျားတို့သားအဖ ဘယ်ကိုသွားမလို့လဲဗျ”

ထိုစဉ်ယာတဲရှေ့တွင် လူတစ်ယောက်လာရပ်လေသည်။ ဦးရေချမ်းတို့သားအဖမှာ ထိုလူအားပြိုင်တူကြည့်လိုက်ကြရာ ဖိုးမောင်နှင့်တတွဲတွဲလုပ်နေသည့် ရွှေခေါဖြစ်နေသည်ကိုတွေ့လိုက်ရသည်။

“ဟေ့ကောင် မင်းသေချင်လို့ ဒီကိုလာတာလားကွ”

အေးချမ်းမှာလှံဆွဲကာ အိမ်ရှေ့သို့ခုန်ဆင်းလိုက်သည်။ အေးချမ်းမြေကြီးနှင့်ထိတွေ့သွားသည်နှင့် ဒိုင်းခနဲသေနတ်သံတစ်ချက်ပေါ်ထွက်လာကာ အေးချမ်းမှာ မြေပြင်ပေါ်သို့အရုပ်ကြိုးပြတ်လဲကျသွားသည်။ ထိုအခါ ဦးရေချမ်းနှင့် ဇနီးဖြစ်သူမှာ အိမ်ပေါ်မှပြေးဆင်းလာသည်။ အေးချမ်း၏ ရင်ဘတ်တွင် သေနတ်ဒဏ်ရာတစ်ချက်ရှိကာ ကျောကုန်းမှာလည်းပွင့်ထွက်နေပြီး သွေးများက မြင်မကောင်းအောင်စီးကျနေလေသည်။

“သားလေး၊ သားလေး . . . မသေရဘူး”

ဦးရေချမ်းမှာ အနီးရှိလှံတံကိုကောက်ယူလိုက်ပြီး

“မင်းတို့တော်တော်ယုတ်မာတဲ့ကောင်တွေပဲကွာ၊ မင်းတို့သူကြီးဖြစ်ချင်တယ်ဆိုလို့ ငါအသာတကြည်ဖယ်ပေးခဲ့တယ်၊ ငါတို့အိမ်မှာနေချင်တယ်ဆိုလို့ ငါတို့မိသားစု အေးအေးလူလူပဲ အိမ်ပေါ်ကဆင်းပေးခဲ့တယ်မဟုတ်လားကွ၊ အခုမင်းတို့က ဘာဖြစ်လို့ဒီအထိလိုက်လာရတာလဲ”

ရွှေခေါက ပြုံးလျှက်

“ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက ကျုပ်တို့ရဲ့ရန်သူဖြစ်နေလို့ပေါ့”

“ဟေ . . . ငါကမင်းတို့ရဲ့ရန်သူတဲ့လား”

“ဟုတ်တယ်၊ ခင်ဗျားကြီးရှိနေသရွေ့ ကျုပ်တို့ရန်အေးရမှာမဟုတ်ဘူး၊ ခင်ဗျားတို့ တစ်မိသားစုလုံးကို အပြတ်ရှင်းမှ ရန်တစ်ရန်အေးသွားမှာမို့လို့ပါ၊ ကျုပ်တို့လည်း မတတ်သာလွန်းလို့သာ ဒီလိုလုပ်ရတာပါဗျာ”

သေနတ်သံသုံးချက်ထွက်ပေါ်လာပြီး ဦးရေချမ်းမှာပစ်လဲကျသွားသည်။ ဦးရေချမ်း၏ ဇနီးမှာ ဦးရေချမ်းအားပြေးပွေ့လိုက်လေသည်။

“ချွေးမနဲ့ ငါ့မြေးကို ပြေး . . . ပြေးခိုင်းတော့”

ဦးရေချမ်း၏ ဇနီးမှာ အိမ်ဘက်သို့တစ်ချက်လှည့်ကြည့်ပြီး

“ချွေးမလေးရေ၊ ပြေးတော့ . . . ဒီလူတွေရဲ့လက်က လွတ်အောင်ပြေးပေတော့”

အဘွားကြီးအော်ဟစ်ပြီးသည့်အခါ အဘွားကြီး၏ရင်ဘတ်ကိုလည်း သေနတ်တစ်ချက်ထိမှန်ကာ အဘွားကြီးမှာလဲကျသွားလေသည်။ အေးချမ်း၏ မိန်းမမှာ ပုခက်အတွင်းအိပ်နေသည့် ကလေးကိုပွေ့ချီကာ ယာတဲအနောက်ဘက်မှဆင်းပြေးလေသည်။ ကျယ်ပြောလှသည့် ယာခင်းပြင်ကြီးကို ဖြတ်သန်း၍ ပြေးနေစဉ် ရွှေခေါက သေနတ်တစ်လက်ဖြင့် အေးချမ်း၏မိန်းမကို ထိုးချိန်ထားလိုက်သည်။

“ပစ်လေ ကိုရွှေခေါ”

အနားမှလူမိုက်တစ်ဦးက ပြောဆိုသောအခါ ရွှေခေါမှာ ခေါင်းကိုအသာလှုပ်ယမ်းလိုက်သည်။

“ပြေးပါစေအုံးကွာ၊ သူလွတ်လောက်ပြီလို့ ထင်ရတဲ့အချိန်အထိ ပြေးပါစေအုံး”

အေးချမ်းမိန်းမမှာ ယာခင်းတစ်ခင်းအားဖြတ်ကျော်ပြေးပြီးသည့်နောက် လွတ်လောက်ပြီအထင်နှင့် အနောက်သို့တစ်ချက်လည်ပြန်ကာလှည့်ကြည့်လိုက်သည်။ ထိုအခါ သေနတ်သံတစ်ချက်ကြားလိုက်ရပြီး ရင်ဝသို့သေနတ်ထိမှန်သွားကာ ယာကန်သင်းပေါ်သို့ ခြေပစ်လက်ပစ်လဲကျသွားတော့သည်။ ရင်ခွင်အတွင်းပိုက်ထားသည့် ကလေးမှာလည်း ယာခင်းမြေပေါ်သို့ကျကာ ငိုယိုနေလေသည်။

“သား . . . အမေ့ရဲ့သား”

အေးချမ်းမိန်းမမှာ သေငယ်ဇောဖြင့် ကလေးဆီသို့တရွေ့ရွေ့ တရွတ်ဆွဲကာ သွားနေလေသည်။ ရွှေခေါတို့မှာ ထိုအချိန်အနားသို့ရောက်လာပြီးနောက် ကလေး၏လည်မြိုအားခြေထောက်ဖြင့်တက်နင်းကာ နင်းသတ်လိုက်လေသည်။ အေးချမ်းမိန်းမမှာ သားဖြစ်သူ မိမိမျက်စိအရှေ့တွင်သေဆုံးသွားသည်ကိုတွေ့လိုက်ရသည့်အခါ အလွန်နာကျည်းစွာဖြင့်အော်ဟစ်လိုက်ကာ

“နင်တို့ကိုငါမကျေနပ်ဘူး၊ ငါသေသွားတယ်ဆိုရင်တောင် နင်တို့တွေအကုန်လုံးကို လိုက်ပြီးဂုတ်ချိုးသတ်ရမယ့် သရဲကြီးဖြစ်ပါစေသား”

အေးချမ်းမိန်းမမှာ သေနတ်ဒဏ်ရာဖြင့်မကြာခင်သေဆုံးသွားလေသည်။ ရွှေခေါတို့မှာ ယာတဲကို မီးဝိုင်းရှို့လိုက်ကြပြီး ရွာအတွင်းသို့ပြန်ဝင်လာကြသည်။ သေနတ်သံများ မီးရောင်များကြားသဖြင့် ရွာသားအချို့မှာ ရွာပြင်သို့ပြေးထွက်လာကြသည်။ ထိုအခါ ရွှေခေါတို့နှင့် ထိပ်တိုက်တွေ့လေသည်။ ရွှေခေါမှာ အလွန်စိတ်မသက်မသာဖြစ်နေသည့် မျက်နှာပေးနှင့်

“စိတ်မကောင်းစရာပဲဗျာ၊ ရွာပြင်ထွက်နေတဲ့ ဦးရေချမ်းတို့မိသားစုကို တောပုန်းဓါးပြတွေကို တိုက်ခိုက်ပြီးတစ်မိသားစုလုံးကိုသတ်သွားတယ်ဗျာ”

ရွှာသားများမှာ မယုံကြည်နိုင်သေးပေ။

“သေနတ်သံတွေလည်းကြားတယ်ဆိုတော့ တောပုန်းဓါးပြတွေမှာ သေနတ်တွေရှိလို့လား”

ရွာသားတစ်ဦးက အရဲစွန့်ပြီးဆိုလေသည်။ ထိုအခါ ရွှေခေါက

“ဓါးပြတိုက်လို့ သေပြီဆိုသေပြီပေါ့ဗျ၊ ဘာလဲ ခင်ဗျားတို့က မယုံလို့လား၊ မယုံတဲ့လူသွားကြည့်ကြပါလား၊ အခုနက တောပုန်းဓါးပြတွေနဲ့တွေ့မတွေ့ကတော့ ခင်ဗျားတို့ရဲ့ကံပေါ့ဗျာ”

ရွှေခေါပြောလိုက်သည့်အခါ သေနတ်ကိုင်ထားသည့် လူမိုက်များမှာ သေနတ်မောင်းများကို တချောက်ချောက်နှင့်တင်ကာ အသံပေးလိုက်ကြသည်။ ရွာသားများမှာ အားမတန်မာန်လျှော့ကာ ရွာအတွင်းသို့လှည့်ပြန်ခဲ့ကြလေသည်။ ရွာပြင်ရှိ ယာတဲကလေးမှာတော့ မီးတောက်မီးလျှံများက ဝါးမြိုကာလောင်ကျွမ်းနေလျှက်ရှိသည်။

(၂)

နောက်တစ်နေ့မနက်လင်းသည့်အခါ ဖိုးမောင်မှာ နိုးထလာလေသည်။ ရွှေခေါက ဖိုးမောင်ကိုအကြံပေးလိုက်သည့်အတိုင်း သူကြီးအိမ်မှ မောင်းကြီးကိုထုကာ ရွာသူရွာသားများကိုစုစည်းလိုက်လေသည်။

“ညက တောပုန်းဓါးပြဖြစ်စဉ်က အလွန်ကြောက်စရာကောင်းတယ်၊ ဒီတောပုန်းဓါးပြတွေက ကျုပ်တို့ရွာကို အချိန်မရွေးဝင်ရောက်တိုက်ခိုက်နိုင်တယ်၊ ဒါကြောင့်မို့လို့ ကျုပ်တို့ရွာကို စည်းရိုးကာမှဖြစ်မယ်၊ ဒါကြောင့် နီးစပ်ရာတောတောင်တွေထဲက သစ်ဝါးတွေခုတ်ပြီး တစ်အိမ်ကိုအလံနှစ်ဆယ်နှုန်းနဲ့ ရပ်ရွာလုံခြုံအောင်လို့ စည်းရိုးကာကြရမယ်၊ မကာတဲ့အိမ်ကို ကျုပ်က ပြင်းပြင်းထန်ထန်အရေးယူမယ်”

သူကြီးအမိန့်ကြောင့် ရွာသားများမှာ ကြောက်ကြောက်လန့်လန့်နှင့်မလုပ်ချင်သော်လည်း လုပ်ကြရလေသည်။ ဖိုးမောင်က ကိုရွှေခေါဘက်သို့လှည့်လိုက်ပြီး

“ကဲ ခင်ဗျားအကြံအတိုင်း ရွာကိုစည်းရိုးကာလိုက်ပါပြီ၊ ဒါနဲ့ ဘာဖြစ်လို့များ စည်းရိုးကာခိုင်းရတာလဲ”

ရွှေခေါက သွားခေါခေါကြီးများငေါထွက်အောင်ပြုံးရင်း

“ကြက်တွေကို ခြံခတ်လိုက်ပြီဆိုတော့ စားချင်တဲ့ကြက်ကို အသာကလေးလက်နဲ့နှိုက်ပြီး စားရုံပေါ့ကွ မဟုတ်ဘူးလား”

ရွှေခေါက ရယ်မောလိုက်သဖြင့် ဖိုးမောင်လည်း လိုက်လံကာရယ်မောလေသည်။

ဖိုးမောင်မှာ အဘိုးဖြစ်သူအားဆက်သွယ်လေတော့သည်။ ဖိုးမောင်သူကြီးဖြစ်သည်ကိုပင် ဦးဖောမှာ မယုံနိုင်သေးပေ။

“ကဲ အဘိုး၊ ကျုပ်သူကြီးဖြစ်ပြီဆိုတော့ ဒီတစ်ခါ အဘိုးကထောက်ခံပေးဖို့အချိန်ကျပြီ”

“ကောင်းပြီငါ့မြေး၊ ငါ့မြေးဆန္ဒအတိုင်းဖြစ်စေရမယ်၊ ငါ့မြေးတို့ရွာမှာ အမဲသား ဝက်သားကို အလျှံပယ်ချက်ပြီးတော့ အင်္ဂလိပ်မင်းတွေအတွက် စားဝိုင်းကြီးတစ်ခုသာပြင်ဆင်ထားဟေ့”

ဦးဖောနှင့်အချိန်းအချက်ပြုထားသည့်နေ့သို့ရောက်သည့်အခါ ဦးဖောမှာ မြိုင်သာမြို့အရေးပိုင်မင်း၊ မြို့အုပ်နှင့် အခြားမျက်နှာဖြူအင်္ဂလိပ်အရာရှိများကို ဖက်လိပ်ရွာဆီသို့ခေါ်ဆောင်လာခဲ့သည်။ ဖိုးမောင်မှာ အင်္ဂလိပ်များအား စားသောက်ဝိုင်းကြီးဖြင့်ဧည့်ခံလေသည်။

ဦးဖော၏ ပြောဆိုပေးမှုကြောင့် အင်္ဂလိပ်များမှာ ဖိုးမောင်အားသူကြီးအဖြစ်အသိအမှတ်ပြုပေးကြသည်။ စားသောက်ဝိုင်းကြီးနှင့်စားသောက်ပြီးစီးသောအခါ အရေးပိုင်မင်းမှာ ဖိုးမောင်ကိုကြည့်လျှက်

“ဖက်လိပ်ရွာ ဘုန်းကြီးကျောင်းမှာ ရှေးဟောင်းပစ္စည်းတွေ၊ အနုလက်ရာတွေ တော်တော်စုံတယ်လို့ကြားဖူးတယ် မောင်မင်း”

ထိုအခါ ဦးဖောက ဖိုးမောင်အနီးသို့ကပ်လိုက်ပြီး

“အရေးပိုင်မင်းက စကားဆိုနေပြီဖိုးမောင်၊ အရေးပိုင်မင်းလိုချင်တာ မှန်သမျှဖြည့်ဆည်းပေးဖို့သာပြင်ထားနော်၊ အရေးပိုင်မင်းက မင်းကိုကြိုက်သွားပြီ ချစ်ခင်သွားပြီဆိုရင် မင်းလိုချင်တာ အကုန်ဖြစ်နိုင်ပြီ”

ဖိုးမောင်က မျက်နှာကိုအချိုသာဆုံးဖြစ်အောင်ပြုံးလိုက်ကာ

“ဟုတ်ကဲ့ပါ အရေးပိုင်မင်းကြီးများ၊ ဒါဖြင့်ရင် ဘုန်းကြီးကျောင်းကို သွားကြည့်ကြတာပေါ့”

ဖိုးမောင်ဦးဆောင်သည့် အင်္ဂလိပ်အရာရှိတစ်သိုက်မှာ ဖက်လိပ်ရွာဘုန်းကြီးကျောင်းသို့ရောက်လာခဲ့လေသည်။ ဘုန်းကြီးကျောင်းအတက်တွင် အင်္ဂလိပ်များက ဖိနပ်မချွတ်ဘဲ ဒီအတိုင်းတက်သည်ကို ကပ္ပိယကြီးက သဘောမတွေ့ပေ။

“ဒါဘုန်းကြီးကျောင်းမြေ ကျောင်းအောက်မှာ ဖိနပ်မစီးရသလို ကျောင်းပေါ်တက်ရင်လည်း ဖိနပ်ချွတ်ပြီးမှတက်ရမယ်”

ထိုအခါ ဖိုးမောင်က ကပ္ပိယကြီးကို တံတောင်နှင့်ထုထောင်းလိုက်ပြီး

“ခင်ဗျားလို နိမ့်ကျတဲ့အစေအပါးတွေပဲ ဖိနပ်မစီးတာ၊ ဟောဒီက မြင့်မြတ်တဲ့သခင်ကြီးတို့က စီးတယ်ဗျာ၊ ဘာဖြစ်လဲ၊ ခင်ဗျားပါးစပ်ပိတ်ထားနော်၊ မဟုတ်ရင် ထမင်းမစားနိုင်အောင် ကျုပ်လုပ်ထည့်လိုက်မယ်”

ကပ္ပိယကြီးမှာ ပါးစပ်ပိတ်သွားလေသည်။ အင်္ဂလိပ်အရာရှိများမှာ ဘုန်းကြီးကျောင်းပေါ်သို့တက်ကာ ဘုရားဆင်းတုများနှင့် ရှေးလူကြီးများလှူဒါန်းထားခဲ့ကြသည့် ပစ္စည်းများကိုလေ့လာကြည့်ရှုနေလေသည်။

“ဟိုဘုရားအနောက်က တံကဲကြီးက ထုဆစ်ထားတာ သိပ်ပြီးအနုလက်ရာမြောက်တာပဲ သူကြီးရာ”

မြို့ပိုင်မင်းက စကားဆိုသဖြင့် ဖိုးမောင်က ခေါင်းညိတ်လိုက်လေသည်။

“မြို့ပိုင်မင်းလိုချင်လို့လား လိုချင်ရင်လည်း ဖြုတ်ပြီးယူသာသွားစမ်းပါ”

မြို့ပိုင်မင်းမျက်လုံးများမှာ အရောင်လက်သွားလေသည်။

“ဖြစ်ပါ့မလားသူကြီးရဲ့၊ ကျုပ်က တံကဲကြီးယူသွားတော့ ရွာသားတွေက ပြောဆိုနေပါအုံးမယ်”

“ဟား၊ ဟား ဘာမှမပူပါနဲ့ မြို့ပိုင်မင်းရာ၊ ဟောဒီရွာမှာ သူကြီးဖိုးမောင်ဟေ့ဆိုရင် အားလုံးပြီးပါတယ်ဗျ၊ ဟေ့ကောင်တွေ အဲဒီတံကဲကြီးကိုဖြုတ်ပြီး မြို့ပိုင်မင်းအတွက် လှည်းနဲ့တင်ပေးလိုက်စမ်းဟေ့”

ထိုအခါ အရေးပိုင်မင်းကလည်း

“ဟောဟိုက ဘုရားရုပ်တုကလည်း ရှေးလက်ရာပဲ သူကြီးမင်း၊ တော်တော်ရှေးကျနေပြီမို့လို့ တန်ဖိုးအတော်ရှိပုံရတယ်”

“အရေးပိုင်မင်းက အဲဒီဘုရားရုပ်တုကိုလိုချင်လို့လား”

အရေးပိုင်မင်းမှာ ခေါင်းကိုအသာညိတ်လျှက်

“သိပ်လိုချင်တယ်လို့တော့လည်းမဟုတ်ပါဘူး၊ ကျုပ်က ရှေးဘုရားရုပ်တုတွေကို အိမ်မှာစုဆောင်းထားတာမို့လို့ ဒီဘုရားရုပ်ကလေးရရင်တော့ဖြင့် ကျုပ်သိပ်ဝမ်းသာမိမှာပါ”

ဖိုးမောင်မှာ ပလ္လင်ပေါ်တွင်တင်ထားသည့် ဘုရားဆင်းတုအားပြေးယူလိုက်လေသည်။ ထိုအခါ ဆရာတော်က ဖိုးမောင်အားစူးစူးစိုက်စိုက်ကြည့်လိုက်ပြီး

“ဒကာ ဖိုးမောင်၊ ဟောဒီဘုရားဆင်းတုတော်က ကျောင်းပစ္စည်းပဲ၊ ဘုရားပစ္စည်းပဲ၊ ပြီးတော့ ဦးဇင်းတို့တစ်ရွာလုံး ကိုးကွယ်နေကြတဲ့ ဆင်းတုတော်ပဲ”

“ဟာဗျာ၊ ဦးဇင်းကလည်း ဘုန်းကြီးဖြစ်ပြီးတော့ နှမြောတွန့်တိုနေပြန်ပါပြီ၊ ဒီကျောင်းမှာ ဘုရားရုပ်တုတွေ အများကြီးရှိတာပဲ၊ ဒီရုပ်တုမရှိတော့လည်း တခြားဘုရားရုပ်တုကို ဒီအပေါ်တင်ပြီး ကိုးကွယ်ကြပေါ့ဗျာ၊ ဘာခက်တာမှတ်လို့လဲ”

ဖိုးမောင်က တစ်ပေခန့်ရှိသည့်ရှေးဟောင်းဘုရားဆင်းတုတော်အား ယူဆောင်လိုက်ကာ အရေးပိုင်မင်းလက်အတွင်းသို့ ထိုးထည့်ပေးလိုက်သည်။ အရေးပိုင်မင်းမှာ အလွန်ကျေနပ်စွာပြုံးလျှက် ဘုရားဆင်းတုအား လေ့လာကြည့်ရှုနေလေသည်။

“ကဲ အရေးပိုင်မင်းတို့ မြို့အုပ်မင်းတို့၊ သခင်ကြီးတို့ လိုအပ်တဲ့အရာတွေကို ကျုပ်ဖြည့််ဆည်းပြီးပြီဆိုတော့ ကျုပ်လိုအပ်တာလေးတွေကိုလည်း သခင်ကြီးတို့က ပြန်လည်ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

“ပြောနေစရာလိုသေးလို့လားသူကြီးရာ၊ ဒီရွာအတွက် ခင်ဗျားရဲ့စီရင်ပိုင်ခွင့်ကို ကျုပ်တို့အာဏာကုန်အပ်နှင်းထားပါတယ်၊ နောက်လည်း ကျုပ်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီးဆက်ဆံသွားကြမယ်၊ တစ်ယောက်နဲ့တစ်ယောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလိုပေါ့”

အရေးပိုင်မင်းက ပြောရင်း ရယ်မောလိုက်လေသည်။ အင်္ဂလိပ်အရာရှိများပြန်သည့်အခါ ဖိုးမောင်က တံစိုးလက်ဆောင်များလည်း ထည့်ပေးလိုက်သဖြင့် အင်္ဂလိပ်အရာရှိများမှာ အလွန်အားရကျေနပ်ကြသည်။ ဖိုးမောင်မှာလည်း အင်္ဂလိပ်မင်းများက ခန့်အပ်သည့် တရားဝင်သူကြီးတစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်သည်။

ဖက်လိပ်ရွာအရှေ့ဘက်အနီးတွင် ရေချိုတွင်းတစ်တွင်းရှိလေသည်။ ရေချိုတွင်းမှာ ရွာပြင်ဘက်တွင်ကျရောက်နေသည်။ ညနေခင်းရေခပ်ဆင်းသည့် ရွာသူများမှာ ရေချိုတွင်းတွင် ဆုံတွေ့ကြကာ စကားစမြည်ပြောဆိုနေကြသည်။

“တို့ရွာအခြေအနေကတော့အေ၊ ပြောမပြောချင်တော့ပါဘူး၊ ဟိုသူကြီးရူးလက်ထဲရောက်သွားကတည်းက ကမောက်ကမတွေဖြစ်ကုန်တာပဲ”

“ဟုတ်ပါ့၊ ဒင်းနဲ့အတူတူပါလာတဲ့ လူရမ်းကားတွေကလည်း ရွာအဝင်အထွက် ထွက်ပေါက်တွေမှာနေရာယူထားပြီးတော့ ဟိုကြေးဒီကြေးဆိုပြီး တောင်းရမ်းနေကြတာဖြင့် သိပ်စိတ်ပျက်စရာကောင်းတာပဲ”

“ဟုတ်ပါ့အေ၊ ယာထဲဆင်းလည်း ဟိုစစ်ဒီစစ်၊ နွားကျောင်းထွက်လည်း စစ်လားမေးလားနဲ့တော်၊ တောထဲကနေ မှိုကောက်ပြီးပြန်လာပါတယ်ဆိုရင်တောင်မှ မှိုတွေတောင်းယူထားလိုက်သေးတာ၊ တစ်နေ့ကလည်း ကိုရင်သာထူးကြီး မြို့သွားမယ်ဆိုပြီး လှည်းနဲ့ထွက်တာကို လှည်းကြေးဆိုပြီး ငွေလေးပဲကောက်သတဲ့အေ၊ ကြားလို့မှကောင်းကြသေးရဲ့လား”

“အဲဒါတော်သေးတာပေါ့အေ့၊ တစ်လတစ်လလည်း ကောက်လိုက်တဲ့အကောက်၊ ပေးလိုက်ရတဲ့ကြေးဆိုတာပြောမနေပါနဲ့၊ ဘာတဲ့ ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး ကြေးကောက်သတဲ့၊ တို့ရပ်တို့ရွာဆိုတာ ဟိုတုန်းကတည်းက သူခိုးသူဝှက်မရှိဘဲ လုံခြုံပြီးသားပါအေ၊ ဒင်းတို့ရောက်လာမှသာ ဟိုအိမ်က ကြက်ပျောက်၊ ဟိုအိမ်က ဆိတ်ပျောက်နဲ့၊ ဒင်းတို့က မထင်ရင်မထင်သလို ထမီပါဝင်ခိုးသေးတာအေ့”

အဘွားကြီးတစ်ယောက်က ပြောဆိုလိုက်သည့်အခါ မိန်းကလေးများက တသောသောနှင့်ရယ်မောကြလေသည်။

“အရီးထမီအစုတ်ကို သူတို့က ဘာလုပ်ဖို့ခိုးမှာလဲတော့”

“မသိပါဘူးအေ၊ ခေါင်းပေါင်းလုပ်ဖို့ အဝတ်စမရှိလို့ နေမှာပေါ့အေ”

ထိုအခါ ရေအိုးရွက်ထားသည့် မိန်းမကြီးတစ်ယောက်က

“ကဲ သိပ်ပြီးပြောမနေကြနဲ့အုံး၊ နေကဝင်နေပြီ၊ တော်ကြာ ကျုပ်တို့ရွာထဲဝင်တာနောက်ကျလို့ နောက်ကျကြေးဆိုပြီး သူတောင်းစားတွေက တောင်းနေအုံးမလားဘဲ”

“ဟုတ်တယ်၊ မြန်မြန်သွားကြစို့”

မိန်းကလေးများမှာ ရေအိုးကိုယ်စီရွက်ကာ ရွာအတွင်းသို့ပြန်ဝင်လာခဲ့ကြသည်။ ရွာဝင်ရွာထွက်တွင် တံခါးကြီးတစ်ခုလုပ်ထားကာ သူကြီးဖိုးမောင်၏ လက်မရွံ့လူမိုက်များက လက်နက်များကိုင်ဆောင်ကာ ရွာတံခါးတွင် အလှည့်ကျစောင့်ကြပ်ကြလေသည်။

ယခုလည်း ညနေစောင်းနေပြီဖြစ်သဖြင့် ထန်းရည်မူးကာ အတော်ထွေနေပြီဖြစ်သည်။ ရေခပ်ဆင်း၍ ပြန်လာသည့် ရွာမှ လှပျိုဖြူတစ်သိုက်အားမြင်တွေ့လိုက်သည့်အခါ လူမိုက်များမှာ တံခါးစောင့်နေရာမှထွက်လာခဲ့ကြသည်။

“ဟာ နတ်သမီးလေးတွေ ရေအိုးကလေးတွေရွက်ပြီးလာကြတာပါလား”

မိန်းကလေးများမှာ လူရမ်းကားများကို မျက်နှာရှုံ့မဲ့ပြလိုက်ကြလေသည်။

“မျက်မှောင်မကြုတ်လိုက်ပါနဲ့ နှမတို့ရယ်၊ မျက်မှောင်ကြုတ်ရင်အလှပျက်မှာစိုးလို့ပါ”

“ဟဲ့ ငမူးကောင်တွေ၊ ငါတို့ကအလုပ်လုပ်နေတာ ဖယ်ကြစမ်း”

မိသဲဆိုသည့် မိန်းကလေးတစ်ဦးက လူရမ်းကားများကိုပြောဆိုလိုက်လေသည်။ လူရမ်းကားများမှာ မိသဲအနီးသို့တိုးကပ်သွားပြီး

“ကဲ ကျန်တဲ့လူတွေသွားချင်သွားနိုင်ပြီ၊ မိသဲ မင်းကတော့ အကိုကြီးတို့နဲ့နေခဲ့ရမယ်ကွဲ့”

“ဘာဖြစ်လို့နေရမှာလဲ”

လူရမ်းကားတစ်ဦးမှာ မိသဲ၏လက်တစ်ဖက်အားလှမ်းဆွဲလိုက်လေသည်။

“အကိုကြီးတို့က နှမကလေးကို ချစ်ကြောင်းကြိုက်ကြောင်းတွေ ပြောပြချင်လို့ပါ”

ကျန်သည့်လူရမ်းကားကလည်း မိသဲ၏နောက်လက်တစ်ဖက်ကိုဆွဲလိုက်ပြန်သည်။

“အကိုကြီးကလည်း မိသဲကိုချစ်လွန်းလို့ပါ”

ထိုလူနှစ်ယောက်ဝိုင်းဆွဲသဖြင့် မိသဲခေါင်းပေါ်တွင်ရွက်ထားသည့် သဲအိုးကလေးမှာ မြေပေါ်သို့ကျကွာ ကွဲသွားလေတော့သည်။ မိသဲမှာလည်း ဒေါသထွက်သွားကာ လူရမ်းကားတစ်ဦးအားလှည့်၍ ပါးရိုက်ထည့်လိုက်သည်။

လူရမ်းကားမှာ တစ်ဖက်သို့မျက်နှာလည်ထွက်သွားသော်လည်း မိသဲရိုက်ချက်ကိုမဖြုံပေ၊ မိသဲဘက်သို့လှည့်ပြီး

“နှမကလေးက လက်ပါချင်တယ်ပေါ့၊ ဒါဆို အကိုကြီးကလည်း နှမကလေးကို လက်ပါရမှာပေါ့”

ထိုလူရမ်းကားမှာ မိသဲကိုယ်လုံးအားသိမ်းကြုံးကာပွေ့ဖက်လိုက်သည်။

“လူယုတ်မာတွေ ရှင်တို့လွှတ်နော်၊ ကျွန်မကိုလွှတ်”

“မလွှတ်ဘူး၊ အကိုကြီးတို့ ချစ်ပြီးရင် လွှတ်ပေးမယ် ဟား ဟား”

ထိုအခါ မိသဲနှင့်အတူပါလာကြသည့် မိန်းမကြီးများ၊ မိန်းမငယ်များမှာ ဝိုင်းဝန်းအော်ဟစ်ကြလျှက် ထိုလူရမ်းကားများကို ရေနှင့်ဝိုင်းပက်ကြလေသည်။ ရွာထိပ်တွင် ဆူညံဆူညံဖြစ်သွားသည်မို့ လူရမ်းကားများမှာလည်း ထွက်ပြေးသွားကြတော့သည်။ မိသဲမှာမကျေမနပ်နှင့်

“နေနှင့်အုံးပေါ့၊ နင်တို့ကို နင်တို့ရဲ့သူကြီးနဲ့တိုင်ပြောအုံးမယ်”

မိသဲက ကြိမ်းဝါးလိုက်လေသည်။

ညနေစောင်းသည့်အခါတွင် ဖိုးမောင်တစ်ယောက် ပက်လက်ကုလားထိုင်ကြီးပေါ်တွင် ထိုင်ကာ ဆက်ရက်မင်းစည်းစိမ်ကိုခံစားနေပြီဖြစ်သည်။ ယခင်လို ထန်းရည်သောက်သည်မဟုတ်ဘဲ ခေတ်မီချက်အရက်များ၊ နိုင်ငံခြားမှတင်သွင်းလာသည့် အရက်အကောင်းစားများကိုသာ သောက်သုံးလေ့ရှိသည်။ တပည့်များကလည်း ကြက်သား၊ ဝက်သား၊ အမဲသားများကို ရအောင်ရှာဖွေပြီး အမြည်းမျိုးစုံကိုပြင်ဆင်ပေးလေသည်။

ထိုအချိန်တွင် မိသဲနှင့် မိခင်ဖြစ်သူမှာ အိမ်ပေါ်သို့တက်လာလေသည်။

“သူကြီး၊ သူကြီးကို တိုင်စရာရှိလို့လာတာ”

ဖိုးမောင်မှာ လျှာလေးအာလေးနှင့်

“ဘာအရေးကြီးလို့လဲ၊ အရေးမကြီးရင် မနက်မှလာခဲ့”

“အရေးကြီးတယ်ရှင့်၊ သူကြီးကိုအခုတိုင်မှရမှာ”

ဖိုးမောင်မှာ ခေါင်းကုပ်လျှက်

“နင်တို့ကလည်း အတိုင်အတောထူလိုက်တာဟာ ပြောစမ်း၊ ဘယ်သူက နင်တို့ကိုဘာလုပ်လိုက်လို့လဲ”

“ဘယ်သူမှမဟုတ်ဘူး၊ သူကြီးရဲ့လူယုံတွေက ညနေက ရေခပ်ဆင်းပြီးပြန်လာတဲ့ ကျုပ်သမီး မိသဲကို ဆွဲလားရမ်းလားလုပ်လို့ပါ”

သူကြီးက သူ့အရှေ့တွင် ကျုံ့ကျုံ့ကလေးထိုင်နေသည့် မိသဲအားတစ်ချက်ငုံ့ကြည့်လိုက်ပြီး

“ဆွဲလားရမ်းလားလုပ်တာပဲ မိသဲရာ အသားပဲ့ပါသွားတာကျနေတာပဲ နင်တို့ကဘာဖြစ်နေတာလဲ”

မိသဲအမေမှာ အလွန်ဒေါသထွက်သွားပြီး

“အလိုတော်၊ သူကြီးက ဘယ်လိုစကားပြောလိုက်တာလဲ၊ ဒီမိန်းကလေးက ဒီရွာက မိန်းကလေးပါသူကြီးရဲ့၊ ဒီရွာသူမိန်းကလေးတစ်ယောက်ကို ကာကွယ်စောင့်ရှောက်ပေးဖို့က သူကြီးမှာတာဝန်ရှိတယ်၊ ဗမာမိန်းကလေးတွေဆိုတာ ယောက်ျားတစ်ယောက်က စွဲလားရမ်းလားလုပ်ဖို့နေနေသာသာ အကြည့်ရိုင်းရိုင်းနဲ့စိုက်ကြည့်ရင်တောင် သိက္ခာကျတယ်ရှင့် သူကြီးနားလည်လား”

“အောင်မာ၊ ဒီမှာ ကျုပ်တစ်ခါတည်းပြောလိုက်မယ်၊ ဒီရွာမှာ ကျုပ်လူတွေလုပ်သမျှ အမှန်၊ ကျုပ်လူတွေလုပ်သမျှ အကောင်းပဲဗျ၊ သူတို့ခင်ဗျားတို့အပေါ် ဘာလုပ်လုပ် သူတို့လုပ်တာတရားတယ်”

သူကြီးဖိုးမောင်က ထိုသို့ပြောလိုက်သဖြင့် မိသဲအမေမှာ ဘာစကားမှမပြောနိုင်ဘဲ ဆွံ့အသွားလေသည်။ သူကြီးက မိသဲဘက်သို့ကြည့်လိုက်ပြီး

“နောက်ပြီးတော့ မိသဲ၊ ညည်းကလည်း ညည်းပဲ၊ ညည်းလို လုံးကြီးပေါက်လှ ရေဆေးငါးကြီးလိုလှတဲ့လူကို ငါ့လူတွေက ချစ်ချင်တာ သူတို့အပြစ်လား၊ သူတို့မပြောနဲ့ ငါတောင်မှ ညည်းကို ဆွဲလားရမ်းလား လုပ်ချင်လာပြီဟေ့”

မိသဲအမေမှာ မတ်တပ်ထရပ်လိုက်ပြီး

“သူကြီးဖြစ်ပြီး သူကြီးစကားမပြောဘူး၊ ကျုပ်ရှင့်ဆီကိုလာခဲ့တာ ခြေညောင်းတာပဲအဖတ်တင်တယ်၊ အလကားသူကြီး”

“ဟဲ့မိသဲ၊ နင့်အမေက သိပ်ပြီးသတ္တိကောင်းနေပါလား၊ နင့်အမေကို သတိပေးထားလိုက်အုံးနော်၊ တော်ကြာနင်တို့မိသားစု ဦးရေချမ်းတို့လိုမျိုး ရွာပြင်ထွက်နေရပြီးတော့ ဓါးပြတွေနဲ့ တွေ့သွားအုံးမယ်”

မိသဲတို့သားအမိမှာ သူကြီးဖိုးမောင်အား အလွန်စက်ဆုပ်မုန်းတီးသည့်အကြည့်များနှင့်ကြည့်ကာ အိမ်ပေါ်မှဆင်းသွားလေသည်။ သူကြီးဖိုးမောင်က အရက်ကိုတစ်ကျိုက်မော့ချလိုက်ပြီး

“နောက်ဆိုမှတ်ထားကြ၊ ငါ့လူတွေနဲ့ပတ်သက်ပြီး ငါ့ကိုလာမတိုင်ကြနဲ့၊ ငါ့လူတွေလုပ်တာအမှန်၊ ငါ့လူတွေလုပ်တာ အကုန်အကောင်းချည်းပဲ၊ ဟား ဟား”

မိသဲတို့သားအမိဆင်းသွားပြီးသည့်အခါ ရွှေခေါမှာအိမ်အခန်းအတွင်းမှထွက်လာခဲ့လေသည်။ ဖိုးမောင်က ရွှေခေါအားကြည့်လိုက်ရင်း

“ဘယ်လိုလဲ ကိုရွှေခေါ၊ ကျုပ်အဖေရဲ့သူကြီစံအိမ်ကြီးကို ပြန်ပြင်ဆောက်ဖို့ ဖြစ်နိုင်တယ်မဟုတ်လား”

“ဖြစ်နိုင်ပါတယ်ဖိုးမောင်၊ ဒါပေမယ့် အဲဒီအိမ်ကြီးကိုဆောက်ဖို့ဆို ငါတို့ငွေတော်တော်လိုအပ်တယ်”

“ဒါဆိုရင်လည်း ငွေရကြောင်းနည်းလမ်းလေးဘာလေး ကြံစမ်းပါအုံး ကိုရွှေခေါရာ”

“ငွေရကြောင်းနည်းလမ်းကတော့ ရွာထဲမှာရှိတဲ့ နွားမွေးထားတဲ့အိမ်တွေကနေ အခွန်ကောက်ဖို့ပါပဲ၊ နွားတစ်ကောင်ကို ဆယ်ပြား၊ နွားတစ်ရှဉ်းကို နှစ်ဆယ်ကောက်မယ်ဆိုရင် ကျုပ်တို့လိုအပ်တဲ့ငွေတွေအများကြီးရမှာ အမှန်ပါပဲ”

“ဒါဆိုရင်လည်း ဘာတွေစဉ်းစားနေတာလဲ ကိုရွှေခေါရာ ခင်ဗျားကြိုက်သလိုသာ ကောက်စမ်းပါ”

“အဲဒီငွေတွေကောက်ပြီးရင် ကျုပ်အတွက်လည်း တစ်ဝက်လိုချင်တယ် ဖိုးမောင်”

“အောင်မယ်လေး ကိုရွေခေါရယ်၊ ကျုပ်ကိုသူကြီးဖြစ်အောင် ခင်ဗျားပဲလုပ်ပေးခဲ့တာမဟုတ်လား၊ ဒီတော့ ခင်ဗျားကြိုက်သလိုကောက် ကြိုက်သလောက်သာယူ၊ ခင်ဗျားစိတ်ကြိုက်ဖြစ်စေရမယ်လို့ ကျုပ်ကတိပေးပြီးပြီပဲမဟုတ်လား”

“ဒါနဲ့ ကျုပ်ခင်ဗျားကိုတစ်ခုမေးပါရစေဖိုးမောင်၊ ဒီအိမ်ကြီးက သစ်ကြီးဝါးကြီးနဲ့ ခိုင်ခိုင်ခန့်ခန့်ဆောက်ထားပြီး ကျုပ်တို့လည်း နေလောက်ပါရဲ့သားနဲ့ ဘာဖြစ်လို့ သူကြီးအိမ်ဟောင်းကို ပြီးအောင်ဆက်ပြီးဆောက်ချင်တာလဲ”

သူကြီးဖိုးမောင်မှာ လက်ထဲကိုင်ထားသည့် အရက်ခွက်အတွင်းမှ ပယင်းရောင်အရက်များကို ကုန်စင်သွားအောင်မော့သောက်လိုက်ပြီး

“ကျုပ်ဒီအိမ်မှာနေရတာ ကြောက်နေရတယ် ကိုရွှေခေါ”

“ဘာကိုကြောက်နေရတာလဲ”

“ညညဆိုရင် ကလေးချီထားတဲ့မိန်းမတစ်ယောာက်က ကျုပ်ကိုသတ်မယ် ဖြတ်မယ်ဆိုပြီးတော့ ခြံထဲမှာလျှောက်သွားနေတယ်၊ ညသန်းခေါင်လောက်ဆိုရင် သူက ကျုပ်ဆီတက်လာပြီး ကျုပ်အိပ်နေတဲ့အိပ်ရာခြေရင်းကနေ ကျုပ်ကိုစိုက်ကြည့်နေတတ်တယ်”

“ခင်ဗျားစိတ်ခြောက်ချားနေလို့ဖြစ်မှာပါ ဖိုးမောင်”

“မဟုတ်ဘူး၊ ကျုပ်တစ်ခါတလေဖြစ်တာမဟုတ်ဘူး၊ အခုအဲဒီမိန်းမက ညတိုင်းရောက်ရောက်လာတယ်၊ ကျုပ်လည်းသူ့ကိုကြောက်တာနဲ့ အခုလိုညနေစောင်းဆိုရင် လူမှန်းမသိအောင် မူးရူးအောင်သောက်ပြီး အိပ်လိုက်ရတယ်၊ မူးရူးပြီးအိပ်ပျော်နေတာဆိုတော့ သူလာခြောက်လှန့်တဲ့အခါ ကျုပ်မနိုးဘူးလေဗျာ၊ ဒီလိုနည်းနဲ့ ကျုပ်အိပ်ပျော်အောင်အိပ်နေရတာ ကြာပြီကိုရွေခေါ”

ရွှေခေါက ထိုမိန်းမမှာ သေခါနီးအချိန်ကျိန်စာတိုက်သွားသည့် အေးချမ်း၏မိန်းမနှင့် ကလေးဖြစ်နိုင်သည်ဟု ယူဆလိုက်မိလေသည်။ ဖိုးမောင်က ဆက်လက်ပြီး

“ဒီအိမ်က သူများအိမ်လေ၊ သူများအိမ်ကိုကျုပ်တို့က မောင်ပိုင်စီးထားတာဆိုတော့ သူတို့မကျေနပ်ဘူးထင်ပါတယ်၊ အိမ်ပြောင်းသွားလိုက်ရင်တော့ အဲဒီမိန်းမက လိုက်ပြီးမနှောင့်ယှက်နိုင်တော့ဘူး ထင်ပါရဲ့”

ဖိုးမောင်၏ ရုပ်မှာအရက်သမားရုပ်လုံးလုံးဖြစ်နေပြီး ရုပ်ရည်လည်းအတော်ကျနေလေသည်။ သူကြီးဖိုးမောင်မှာ ဖက်လိပ်ရွာကို လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အုပ်ချုပ်လာခဲ့သည်မှာ ငါးနှစ်ခန့်ပင်ကြာမြင့်ခဲ့ပြီဖြစ်သည်။

(၃)

တစ်ခုသောနေ့လည်ခင်းတွင် ဖက်လိပ်ရွာအဝင် တံခါးဝသို့ အရူးမကြီးတစ်ယောက် ရောက်လာခဲ့လေသည်။ အရူးမကြီး၏ အဝတ်အစားများမှာ စုတ်ပြတ်နေပြီး ဆံပင်မှာလည်း ဖွာလန်ကျဲနေလေသည်။ အရူးမကြီးရွာတံခါးအနီးသို့ရောက်သည့်အခါ ရွာတံခါးကိုစောင့်ကြပ်နေသည့် သူကြီးဖိုးမောင်၏ လူရမ်းကားများမှာ အရူးမကြီးကိုတားဆီးလိုက်လေသည်။

“ဟေ့ကောင်၊ ဒီအရူးမကြီးက ရွာအပြင်သစ်ပင်အောက်မှာနေတဲ့အရူးမကြီးမဟုတ်လား၊ ပေးသွားလိုက်စမ်းပါကွာ၊ ရွာထဲတောင်းရမ်းစားသောက်ပြီးရင် ပြန်ထွက်သွားမှာပါ”

“ဟ ငါကအလကားတားတာမဟုတ်ဘူးကွ၊ ဒီမိန်းမကြီးက အရူးမကြီးဆိုပေမယ့် အသားကခပ်ဖြူဖြူ၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း တောင့်တောင့်တင်းတင်းနဲ့ကွ”

“ဟာ မင်းက အရူးမတောင်အလွတ်မပေးတော့ဘူးလား”

“ငါတို့လည်း မိန်းမတွေနဲ့ကင်းကွာနေတာကြာပြီမဟုတ်လား၊ အရူးမဖြစ်ဖြစ် ဘာဖြစ်ဖြစ် မိန်းမက မိန်းမပါပဲကွာ၊ မင်းတို့မပျော်ရင်နေ ငါကတော့ ဒီအရူးမကြီးနဲ့ နည်းနည်းပျော်လိုက်အုံးမယ်ဟေ့”

ထိုလူမှာ အရူးမကြီးကိုဆွဲဖက်လိုက်လေရာ အရူးမကြီးက ရုန်းကန်လေသည်။ ထိုလူက ရွာတံခါးအပြင်ဘက်ရှိ ချုံကွယ်တစ်ခုသို့အရူးမကြီးကိုခေါ်သွားပြီးနောက် တွန်းလှဲလိုက်လေသည်။ သူ့အဖော်နှစ်ယောက်မှာလည်း ချုံကွယ်သို့လိုက်လာကာ ရယ်မောနေလေသည်။

“ကဲ အရူးမအရသာဘယ်လိုလဲဆိုတာ မြည်းစမ်းလိုက်အုံးမယ်ဟေ့”

ထိုလူက ပြောဆိုပြီး အရူးမကြီးဝတ်ထားသည့် စုတ်ပြဲနေသည့် ထမီအားဆွဲချွတ်လေသည်။ အရူးမကြီးမှာ ငိုယိုလျှက် ထမီကိုပြန်လည်လုယူထားသည်။ အဖာအထေးများနှင့် ဆုတ်ပြဲနေသည့်ထမီမှာ ထိုလူဆွဲသဖြင့် ပြဲစုတ်ကာပါသွားလေသည်။

“နင်တို့အကုန်လုံးရပ်လိုက်ကြစမ်း”

ထိုအခိုက် ချုံကွယ်အနောက်သို့ မိန်းကလေးတစ်ဦးရောက်လာလေသည်။ လူရမ်းကားသုံးယောက်က ထိုမိန်းကလေးကိုခြေဆုံးခေါင်းဆုံးကြည့်ရင်း

“မင်းဘယ်သူလဲ၊ မင်းကိုအရင်က ဒီရွာမှာမမြင်ဖူးပါဘူး”

“ကျုပ်နာမည် မယ်ပျင်းပဲ”

လူရမ်းကားသုံးဦးမှာ မျက်မှောင်ကြုတ်ကာ စဉ်းစားတွေးတောနေကြလေသည်။

“အခုရှင်တို့ မတရားကျင့်ဖို့လုပ်နေတဲ့လူဟာ ကျုပ်အမေ မမယ်ဖြူပဲ”

လူရမ်းကားသုံးဦးမှာ မတ်တပ်ရပ်ထလိုက်ပြီးနောက်

“မင်းကလည်း မိန်းမချောလေးပဲ၊ ငါတို့တော့ ပွတာပဲဟေ့၊ ကံကောင်းချင်တော့ အမေကိုရော သမီးကိုရော ငါတို့ပျော်ကြတာပေါ့”

လူရမ်းကားတစ်ဦးက မယ်ပျင်း၏လက်ကောက်ဝတ်အား ဖမ်းဆုပ်ကိုင်လိုက်လေသည်။ မယ်ပျင်းက ထိုလူရမ်းကားအား မျက်စောင်းထိုး၍ စေ့စေ့ကြည့်လိုက်လေရာ ထိုလူရမ်းကား၏ သျှောင်ထုံးမှာ မီးဟုန်းဟုန်းတောက်လောင်လာခဲ့လေသည်။ ကျန်သည့်လူရမ်းကားနှစ်ဦးက ထိုလူအားလက်ညှိုးထိုးပြီး

“ဟေ့ကောင်၊ မင်းရဲ့ခေါင်း . . . မင်းရဲ့ခေါင်းမှာ မီးတွေလောင်နေတယ်ကွ”

ခေါင်းမီးလောင်နေသည့် လူရမ်းကားမှာ ကြောက်လန့်တကြားအော်ဟစ်လျှက် ကွင်းပြင်အတွင်းပြေးလွှားနေလေသည်။ ထိုသို့ပြေးလွှားရင်းမှာပင် ခေါင်းပေါ်တောက်လောင်နေသည့် မီးတောက်မှာ တစ်ကိုယ်လုံးသို့ကူးစက်လောင်ကျွမ်းကာ တစ်ကိုယ်လုံးမီးဟုန်းဟုန်းတောက်လောင်တော့သည်။ ထိုလူမှာ ပြေးလွှားရင်း ခဏကြာသည့်အခါ မြေပြင်တွင်လူးလှိမ့်နေသည်။ ထိုလူများဝိုင်းကြည့်နေစဉ်မှာပင် မီးလောင်သည့်သူမှာ ပြာအဖြစ်သို့ပြောင်းလဲသွားတော့သည်။

ထိုအခါမှ လူရမ်းကားနှစ်ဦးမှာ ကြောက်လန့်သွားကာ အနောက်သို့ခုန်ဆုတ်လိုက်သည်။

“မင်းဘယ်သူလဲ၊ မင်းဘာလုပ်လိုက်တာလဲ”

“မင်းတို့ရွာသူကြီးကိုပြောလိုက်၊ မယ်ပျင်းပြန်လာပြီ၊ ဖက်လိပ်ရွာကို မယ်ပျင်းပြန်လာပြီဟေ့”

မယ်ပျင်းက ဟစ်အော်လိုက်သည့်အခါ ထိုလူနှစ်ဦး၏ ခြေထောက်များမှာ မီးများစွဲလောင်လာသည်။ ထိုလူနှစ်ဦးမှာ ကြောက်လန့်တကြားနှင့်အော်ဟစ်ကာ ရွာထဲသို့ပြေးဝင်သွားကြသည်။ မယ်ပျင်းက လဲကျကာ ငိုယိုနေသည့် မိခင်ဖြစ်သူအားဆွဲထူလိုက်လေသည်။

“အမေ၊ အမေဘယ်လိုဖြစ်လို့ ဒီလိုဖြစ်နေရတာလဲ”

မယ်ပျင်းမှာ ငိုယိုလျှက် မမယ်ဖြူအားပွေ့ဖက်ထားလိုက်သည်။ မမယ်ဖြူက မယ်ပျင်းအားပြည်လည်ပွေ့ဖက်ရင်း ငိုယိုနေတော့သည်။

“မှော်နန်းဒေဝီ၊ ဒီအရူးရောဂါကို ပျောက်ကင်းအောင်ကုသနိုင်သလား”

မယ်ပျင်းမှာ ဝမ်းတွင်းတွင်နေထိုင်သည့် မှော်နန်းဒေဝီအားမေးမြန်းလိုက်သည်။

“ဒီအရူးရောဂါက သာမန်မဟုတ်ဘူး၊ စုန်းပညာနဲ့ လူတစ်ယောက်ကို ရူးသွားအောင် သည်းခြေပျက်သွားအောင် ပိတ်ဆို့ထားတာပဲ”

“ရှင်ကုသနိုင်သလား”

“ဒီလောက်ကတော့ အလွယ်ကလေးပါ”

မယ်ပျင်းက လက်ဝါးတစ်ဖက်အား မမယ်ဖြူ၏နဖူးပေါ်တွင်တင်ပေးလိုက်သည့်အခါ မှော်နန်းဒေဝီက သူတတ်မြောက်ထားသည့် ပညာများဖြင့် မမယ်ဖြူအားကုသပေးလေသည်။ လက်အတွင်းမှ အစိမ်းရောင်အလင်းများက တဖြန်းဖြန်းထွက်ပြီးသည့်အခါ မကြာခင်မှာပင် မမယ်ဖြူတစ်ယောက် ခွေလဲကျကာ မေ့မြောသွားတော့သည်။

“ဒါက ဘယ်လိုဖြစ်တာလဲ မှော်နန်းဒေဝီ”

“သူပြန်နိုးလာရင် အားလုံးသတိရသွားမှာပါ၊ သူ့ကိုလုပ်ခဲ့တဲ့လူက နှယ်နှယ်ရရတော့မဟုတ်ဘူး၊ သည်းခြေကို ခုနစ်ချက်၊ ခုနစ်ထပ် ပိတ်ထားခဲ့တာ၊ တော်ရုံပညာတတ်ရုံနဲ့တော့ ပြန်ပြီးဖွင့်တတ်မှာမဟုတ်ဘူး၊ ထူးဆန်းတာက ဘယ်သူကများ သူ့ကိုဒီလိုရူးသွပ်သွားအောင်ပြုလုပ်ခဲ့တာများလဲ”

မယ်ပျင်းက တောက်တစ်ချက်ခေါက်လိုက်ပြီး

“ဘယ်သူရှိမလဲ မယ်ယမင်းပဲနေမှာပေါ့”

ထိုစဉ် ချုံပုတ်အား သေနတ်ကိုင်ထားသည့်လူအများက ဝိုင်းရံလိုက်ကြလေသည်။ သူကြီးဦးဖိုးမောင်က ခြောက်လုံးပြူးသေနတ်ကိုစွဲကိုင်ကာ ချုံကွယ်သို့တိုးဝင်လာလေသည်။

“ဘယ်သူလဲကွ၊ ငါ့လူကို အရှင်လတ်လတ်မီးတိုက်သတ်ပစ်တာ ဘယ်သူလဲ”

ထိုအခါ မယ်ပျင်းက မတ်တပ်ရပ်လိုက်ကာ သူကြီးဦးဖိုးမောင်ကိုစိုက်ကြည့်လိုက်လေသည်။ သူကြီးဖိုးမောင်ကလည်း မယ်ပျင်းအား စူးစူးစိုက်စိုက်ကြည့်နေရင်း

“နင် . . . နင် မယ်ပျင်းမဟုတ်လား”

“ဟုတ်တယ်၊ ဒါနဲ့ ရှင်ကဘယ်သူလဲ”

“ငါဖိုးမောင်လေဟာ၊ မယ်ဖော့ရဲ့သား ဖိုးမောင်လေ နင်မမှတ်မိတော့ဘူးလား”

မယ်ပျင်းမှာ ဝမ်းသာသွားလေသည်။

“ဖိုးမောင်၊ နင်တောင်တော်တော်အသက်ကြီးပြီး လူအိုကြီးဖြစ်နေပါပေါ့လား”

“ပြောပါတော့ မယ်ပျင်းရာ၊ ဒါနဲ့နင်ကတော့ ဒီနှစ်တွေအတွင်း တော်တော်ချောလှလာတာပဲနော်”

ရန်တွေ့ရန်လာသည့် သူကြီးမှာ မယ်ပျင်းနှင့်ခင်မင်ရင်းနှီးစွာပြောဆိုဆက်ဆံနေသဖြင့် သူကြီးလူယုံများမှာ အံ့သြနေကြလေသည်။

“ဒါနဲ့ နင်အခုဘယ်ကိုလာတာလဲ မယ်ပျင်း”

“ဘယ်ကိုလာရမှာလဲ ငါ့ရွာကိုငါပြန်လာတာပေါ့၊ ပြီးတော့ ငါ့အမေနဲ့ငါ ဒီရွာမှာပြန်နေမယ်”

“နေပါ၊ နေစမ်းပါ၊ ငါက အခုဒီရွာရဲ့သူကြီးဖြစ်နေပြီ နင်စိတ်ကြိုက်နေလို့ရပါတယ် ငါခွင့်ပြုပါတယ်”

မယ်ပျင်းက ဖိုးမောင်ကိုစိုက်ကြည့်လိုက်ရင်း

“ငါက နင့်ဆီကခွင့်တောင်းနေတာမဟုတ်ဘူး ဖိုးမောင်၊ ငါလုပ်မယ့်အကြောင်းကို အသိပေးတာ”

ဖိုးမောင်မှာ ခေါင်းညိတ်လိုက်ပြီး

“ဟေ့ကောင်တွေ ဘာလုပ်နေတာလဲ၊ အရီးမယ်ဖြူကိုတွဲပြီး ရွာထဲကိုပို့ပေးလိုက်ကြလေ”

ထိုအခါ မယ်ပျင်းက လက်ကာပြလိုက်ကာ

“မလိုပါဘူး၊ အမေ့ကိုရှင်တို့ထိစရာမလိုပါဘူး”

မယ်ပျင်းက မမယ်ဖြူအား စွေ့ခနဲပွေ့ချီလိုက်ပြီးသည့်နောက် ရွာအဝင်လမ်းအတိုင်းလျှောက်လှမ်းသွားလေသည်။ သူကြီးဦးဖိုးမောင်နှင့် နောက်လိုက်များမှာ မယ်ပျင်းအားမျက်စိတစ်ဆုံးငေးမောကြည့်နေကြသည်။ ထိုစဉ် ရွှေခေါက ဖိုးမောင်အနီးသို့ တိုးကပ်လာပြီး

“အဲဒါဘယ်သူလဲ ဖိုးမောင်”

“သူ့နာမည် မယ်ပျင်းလို့ခေါ်တယ်၊ ပြီးတော့ သူက စုန်းမတစ်ယောက်ပဲ”

“စုန်းမတဲ့လား”

ရွှေခေါကရေရွတ်လိုက်လေသည်။

“ဘယ်လိုလဲကိုရွှေခေါ၊ စုန်းမတစ်ယောက် ကျုပ်တို့ရွာကိုရောက်လာတဲ့အပေါ် ခင်ဗျားဘယ်လိုမြင်သလဲ၊ ဒီစုန်းမက ကျုပ်ရဲ့သူကြီးလုပ်အုပ်ချုပ်တဲ့အရေးမှာ အနှောင့်အယှက်ဖြစ်လာနိုင်သလား”

ရွှေခေါက မုတ်ဆိတ်မွှေးများကိုပွတ်သပ်နေရင်း

“ကျုပ်ကတော့ ဒီလိုမထင်ဘူး၊ စုန်းဆိုတာ လူတွေကြောက်ကြတဲ့အရာပဲ၊ ကျုပ်တို့မှာလက်နက်တွေရှိလို့ လူတွေကြောက်နေကြတယ်ဆိုပေမယ့် လက်နက်တွေကိုမကြောက်ကြတော့တဲ့အခါ ကျုပ်တို့အတွက် အန္တရာယ်ရှိလာနိုင်တယ်၊ ဒီအတွက်ကြောင့် ဒီရွာကလူတွေအတွက် နောက်ထပ်အကြောက်တရားတစ်ခုကို ဖန်တီးထားဖို့လိုအပ်တယ်”

“ကျုပ်နားလည်ပြီ၊ ဒါဆို ဒီစုန်းမကိုအသုံးချပြီး ရွာကလူတွေကို ကြောက်အောင်လုပ်မယ်ပေါ့၊ ဟုတ်လားကိုရွှေခေါ”

“ဖိုးမောင်၊ ခင်ဗျားတောင်မှ ကျုပ်နဲ့ပေါင်းပြီး တော်တော်တွေးတတ်လာပြီပဲ၊ ဟုတ်တယ်၊ ဒီစုန်းမကို ကျုပ်တို့အသုံးချနိုင်မယ်ဆိုရင် ဟောဒီရွာကလူတွေက ခင်ဗျားကိုဖင်တုန်အောင်ကြောက်နေကြတော့မှာဗျ”

ဖိုးမောင်နှင့် ရွှေခေါတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးနောက် တဟားဟားနှင့် ကျေနပ်စွာရယ်မောလိုက်ကြလေသည်။