စာစဉ်(၆၁)

(၁)

မယ်ပျင်းရွာထဲသို့ဝင်ခဲ့သည့်အခါ အဘွားဖြစ်သူကြီးဒေါ်ရှင်နေခဲ့ဖူးသည့် ခြံဝိုင်းဆီသို့ရောက်လာခဲ့သည်။ ခြံဝိုင်းတစ်ခုလုံး ချုံနွယ်ပိတ်ပေါင်းများဖြင့် ပြည့်နှက်နေကာ သစ်သားအိမ်မှာလည်း ပျက်စီးယိုယွင်းနေလေသည်။ မယ်ပျင်းက ခြံဝိုင်းအတွင်းသို့ဝင်လာခဲ့ပြီး သတိလစ်နေသည့် မမယ်ဖြူအား အိမ်လှေကားအတက်အဆင်းတွင်ချထားလိုက်သည်။ သူကြီးဖိုးမောင်မှာ နောက်လိုက်နောက်ပါများနှင့် မယ်ပျင်းအနောက်သို့လိုက်လာကြသည်။

“မင်းရဲ့ခြံနဲ့အိမ်ကြီးက ပျက်စီးပြီးရှုပ်ပွနေတာပါပဲလား၊ ဒီလိုလုပ်ပါလားမယ်ပျင်းရဲ့ မင်းနဲ့မင်းအမေ ဒီနေ့တော့ ငါ့ရဲ့သူကြီးအိမ်မှာအိပ်ကြပါလား၊ နောက်နေ့ကျတော့ ငါ့လူတွေနဲ့မင်းရဲ့ခြံကိုရှင်းပေးပါ့မယ်၊ မင်းရဲ့အိမ်ကိုလည်း ပြန်ပြင်ပေးပါ့မယ်”

“မလိုပါဘူးဖိုးမောင်၊ ဒီလောက်ကတော့ ငါလုပ်နိုင်ပါတယ်”

မယ်ပျင်းမှာ ပါးစပ်မှပွစိပွစိရွတ်ရင်း ခြေဖနောင့်ကိုသုံးချက်ဆောင့်နင်းလိုက်သည့်အခါ မြေကြီးတွင်ပေါက်ရောက်ကာ တောထနေသည့် ချုံနွယ်ပင်များမှာ တဖြည်းဖြည်းလှုပ်ယမ်းလာကြပြီး သူ့အလိုလိုပင်သေးငယ်သွားကြကာ အကိုင်းများ၊ အခက်အလက်များမှာလည်း ကျုံ့ဝင်သွားလျှက် နောက်ဆုံးအပင်ငယ်လေးအဖြစ်မှ မြေကြီးအတွင်းသို့တိုးဝင်ကာ ကွယ်ပျောက်သွားကြလေသည်။ ချုံပင်၊ နွယ်ပင်၊ ပေါင်းပင်များမှာ ထိုနည်းဖြင့် မြေကြီးအတွင်းသို့ပြန်လည်ဝင်ရောက်သွားကြလေရာ မကြာမီအချိန်မှာပင် တောဖြစ်နေသည့် ခြံဝိုင်းကြီးမှာ ချုံပင်ပေါင်းပင်များကင်းစင်သွားလျှက်ရှင်းလင်းသွားလေသည်။

တစ်ဖန် မယ်ပျင်းတို့ခြံထဲတွင်စိုက်ပျိုးထားသည့် မန်ကျည်း၊ သရက်နှင့် သစ်ပင်ကြီးများမှာလည်း ထိန်းသိမ်းမည့်သူမရှိသဖြင့် အကိုင်းအခက်များက ဖြစ်ချင်တိုင်းဖြစ်နေကာ တစ်ပင်နှင့်တစ်ပင် တစ်ကိုင်းနှင့်တစ်ကိုင်းယှက်နွယ်လျှက် အမှောင်ပိတ်ဖုံးနေလေသည်။ မယ်ပျင်းက သစ်ပင်ကြီးများ၏ ပင်စည်များကိုလက်ဝါးနှင့်တစ်ချက်စီလိုက်ရိုက်လိုက်သည့်အခါ ထိုအပင်ကြီးများမှာ သူ့အလိုလိုလှုပ်ယမ်းသွားကြပြီးနောက် သစ်ပင်သစ်ကိုင်းများမှာလည်း လှုပ်ရှားယိမ်းနွဲ့လာကာ တစ်ပင်နှင့်တစ်ပင် သီးခြားစီဖြစ်တည်သွားလေသည်။ တိမ်းစောင်းရွဲ့ကာ ပေါက်နေသည့် သစ်ပင်ကြီးများမှာလည်း သူ့အလိုလိုပင်ထောင်မတ်သွားကြကာ တန်းစီစိုက်ထားသကဲ့သို့ အစီအရီဖြစ်သွားကြလေသည်။

သူကြီးဦးဖိုးမောင်နှင့်လူယုံများမှာ သစ်ပင်ကြီးများတဖြောင်းဖြောင်းနှင့် လှုပ်ယမ်းနေကြသည်များကို အလွန်အံ့သြကာငေးကြည့်နေကြလေသည်။ သစ်ပင်များရှင်းလင်းသွားသည့်အခါတွင်တော့ နှစ်ကာလများစွာ ကြွေကျထားသည့် သစ်ရွက်ခြောက်များက မြေပေါ်တွင်ပုံအောနေလေသည်။ မယ်ပျင်းက ထိုသစ်ရွက်များကိုလက်ညှိုးထိုးလိုက်သည့်အခါ လေပွေလှိုင်းတစ်ခုက ခြံအတွင်းဖြစ်ပေါ်လာပြီး မြေပေါ်တွင်ပုံအောပြန့်ကျဲနေသည့် သစ်ရွက်ခြောက်များနှင့် အမှိုက်သရိုက်များကို သိမ်းကြုံးတိုက်ခတ်သွားကာ ခြံအနောက်ဘက်တစ်နေရာတွင် စုပြုံသွားလေသည်။ သစ်ရွက်ခြောက်ပုံကြီးမှာ အတော်ကြီးမားပြီး လူတစ်ရပ်စာမျှပင်ရှိသည်။ မယ်ပျင်းက ထိုသစ်ရွက်ပုံကြီးကိုလက်ညှိုးထိုးလိုက်သည့်အခါ သစ်ရွက်ပုံကြီးအတွင်းမှ မီးတောက်မီးလျှံများက ဟုန်းခနဲတောက်လောင်လာပြီး သစ်ရွက်ခြောက်များကိုလောင်ကျွမ်းသွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သစ်ရွက်ခြောက်ပုံကြီးမှာ ပြာပုံကြီးအဖြစ်သို့ပြောင်းလဲသွားတော့သည်။

တစ်ဖန်မယ်ပျင်းက ပြိုပျက်နေသည့်် အိမ်ကြီး၏ အိမ်တိုင်ကြီးကိုလက်ညှိုးနှင့် သုံးချက်ခန့်တောက်လိုက်သည့်အခါ အိမ်ကြီးမှာ တကျွီကျွီအသံများမြည်ဟီးလာပြီးနောက် ပျက်စီးယိုယွင်းနေသည့် နေရာများမှာ သူ့အလိုလိုပြန်လည်တပ်ဆင်ပြီး အိမ်ကြီးမှာ လူနေထိုင်၍ရသည့် အခြေအနေပြန်ဖြစ်သွားသည်။ အိမ်အသစ်မဖြစ်သော်လည်း အိမ်မှာအတော်အတန်နေထိုင်နိုင်သည့် အနေအထားဖြစ်သွားတော့သည်။

သူကြီးဖိုးမောင်မှာ မယ်ပျင်းအနီးသို့တိုးကပ်သွားကာ

“ဘာပဲဖြစ်ဖြစ် နင်လိုအပ်တာရှိရင် ငါ့ကိုပြောပါမယ်ပျင်း၊ ဟောဒီရွာက ငါပြီးရင် အားလုံးပြီးတယ်”

မယ်ပျင်းက ခေါင်းညိတ်ကာ မိခင်ဖြစ်သူအားပွေ့ချီပြီး လှေကားမှတဆင့်အိမ်ပေါ်သို့တက်သွားလေသည်။ အိမ်ပေါ်သို့ရောက်သည်နှင့် အိမ်ရှေ့ကြမ်းပြင်ကိုလေဖြင့်တစ်ချက်မှုတ်လိုက်သည့်အခါ ကြမ်းပြင်ပေါ်တွင်ရှိနေသည့် ဖုန်နှင့်အမှုန်အမွှားများမှာ လေနှင့်ပါသွားပြီး ကြမ်းပြင်မှာသန့်ရှင်းသွားလေသည်။ ထိုအခါ မယ်ပျင်းက မိခင်ဖြစ်သူအား ကြမ်းပြင်ပေါ်တွင်ချထားလိုက်သည်။ မမယ်ဖြူ၏လက်ကို မယ်ပျင်းကဆုပ်ကိုင်လိုက်ကာ

“အမေ၊ အမေဘယ်လိုဖြစ်ရတာလဲ၊ သမီးမရှိတဲ့အတောအတွင်းမှာ အမေတော်တော်ဒုက္ခရောက်ရမှာပေါ့နော်”

မယ်ပျင်းပြောဆိုရေရွတ်နေစဉ်မှာပင် မမယ်ဖြူ၏မျက်ခွံများမှာလှုပ်ရှားလာလေသည်။ မကြာခင် မမယ်ဖြူမှာ မျက်တောင်များပွင့်လာလေတော့သည်။ သူ့အနီးတွင်ထိုင်နေသည့် မယ်ပျင်းကိုမျက်မှောင်ကြုတ်၍ စူးစူးစိုက်စိုက်ကြည့်လိုက်ပြီးသည့်နောက်

“သမီး၊ အောင်မယ်လေး၊ ဒါ သမီးမယ်ပျင်းလား”

မယ်ပျင်းမှာ မျက်ရည်များစီးကျလာကာ ခေါင်းညိတ်ပြလိုက်လေသည်။

“သမီးလေးသေသွားပြီလား၊ တစ်ခုခုဖြစ်ပြီး ဘဝပြောင်းသွားပြီလားဟင်၊ ဒါကြောင့် အမေ့ကိုလာနှုတ်ဆက်တာလား”

“မဟုတ်ပါဘူးအမေ၊ သမီးမသေပါဘူး၊ သမီးအရှင်လတ်လတ်ကြီးရှိပါသေးတယ်”

ထိုအခါ မမယ်ဖြူမှာအလွန်ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ငေါက်ခနဲကောက်ထိုင်လိုက်ကာ

“သမီးမသေသေးဘူးဆိုရင်လည်း ဒီနေရာက သမီးရှိနေသင့်တဲ့နေရာမဟုတ်ဘူး၊ မယ်တော်မသိခင် သမီးဒီကနေ အမြန်ထွက်သွားတာကောင်းလိမ့်မယ်သမီးရဲ့”

“မလိုအပ်တော့ပါဘူးအမေ၊ သမီးဒီရောက်နေတာကို မယ်တော်ယမင်းလည်းသိပြီးပါပြီ”

“မယ်တော်ယမင်းက သမီးကိုနယ်နှင်ထားတာကို သမီးကဘယ်လိုဖြစ်ပြီး ပြန်လာတာလဲ”

မယ်ပျင်းမှာ ဖြစ်ကြောင်းကုန်စင်ကို အတိုချုံးကာပြောပြလိုက်လေသည်။ ထိုအခါမှ မမယ်ဖြူမှာသက်ပြင်းချနိုင်တော့သည်။ ပြီးသည်နှင့် မမယ်ဖြူမှာ မယ်ပျင်းအားပွေ့ဖက်ကာ သည်းထန်စွာငိုကြွေးပြန်သည်။ မယ်ပျင်းက မမယ်ဖြူ၏ကျောကုန်းကို လက်နှင့်သပ်ပေးရင်း

“အမေရယ်၊ သမီးတစ်ယောက်လုံးပြန်ရောက်နေပြီပဲ ဘာဖြစ်လို့ငိုနေတာလဲ”

“သမီးကိုအမေက ဒီတစ်သက်ပြန်မတွေ့ရတော့ဘူးလို့တောင် ထင်နေတာသမီးရဲ့”

“အမေရယ် ငိုမနေပါနဲ့ အခုပြန်တွေ့နေပြီပဲမဟုတ်လား”

မယ်ပျင်းပြောဆိုသည့်တိုင်အောင် မမယ်ဖြူမှာ တရှုံ့ရှုံ့ငိုကြွေးနေလေသည်။

“ဒါနဲ့ သမီးထွက်သွားတဲ့နောက်ပိုင်းမှာ အမေဘာတွေဖြစ်ခဲ့သေးလဲ၊ ဘာဖြစ်လို့အမေက အရူးမကြီးလုံးလုံးဖြစ်နေခဲ့ရတာလဲ”

မမယ်ဖြူမှာသက်ပြင်းတစ်ချက်ချရင်း

“အခုအမေပြောမယ့်အဖြစ်တွေက သမီးသိအောင်သက်သက်ပြောပြတာပါပဲ၊ သမီးအနေနဲ့အမေဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေနဲ့ပတ်သက်ပြီးတော့ ဒေါသထွက်စရာမလိုဘူး၊ မုန်းတီးစရာမလိုဘူး၊ အမေကံဆိုးခဲ့လို့ ဒီလိုဖြစ်ရတာလို့ပဲတွေးပေးပါသမီးရယ်”

“ပြောစရာရှိတာပြောစမ်းပါအမေရယ်”

“ဖြစ်ပုံကတော့ဒီလိုကွဲ့”

မမယ်ဖြူမှာ ထိုသို့အစချီလျှက် သူ့ဘဝဖြစ်အင်များကို မယ်ပျင်းအားပြောပြလေသည်။

(၂)

မမယ်ဖြူမှာ မယ်ပျင်းအား အနောက်မယ်တော်က ခေါ်ဆောင်သွားပြီးသည့်နောက်တွင် ဖက်လိပ်ရွာအတွင်းတွင် မနေတော့ဘဲ ဖက်လိပ်ရွာနှင့် မန်ကျည်းကိုးပင်ရွာအကြားရှိ ထန်းတောတစ်ခုအနီးတွင် တဲထိုးကာနေထိုင်လေသည်။ ထိုထန်းတောတွင် ကိုရင်သြအမည်ရ လူကြီးနှင့်မိသားတစ်စုက လုပ်ကိုင်ကြလေသည်။ ကိုရင်သြ၏ မိန်းမ မမင်းဆိုသူမှာလည်း စုန်းမကြီးတစ်ယောက်ဟု အများက စွပ်စွဲပြောဆိုနေသူဖြစ်သည်။

မမယ်ဖြူရောက်လာသည့်အခါ ကိုရင်သြတို့မိသားစုမှာ နွေးထွေးစွာကြိုဆိုကြသည်။ မမယ်ဖြူနေထိုင်ရန်အတွက် ထန်းလက်တဲကလေးကိုလည်း ကိုရင်သြကိုယ်တိုင် တည်ဆောက်ပေးခြင်းဖြစ်သည်။ မမယ်ဖြူအတွက် စားရေးသောက်ရေးကိုမူ မမင်းက ထမင်းဟင်းများချက်ပြုတ်ကာ မိသားစုနှင့်မခြား ဆက်ဆံလေသည်။

တစ်ပတ်ခန့်ကြာသည့်အခါ မမယ်ဖြူမှာ သူများ၏ထမင်းကို အလကားစားနေရသဖြင့် အားနာလာလေသည်။

“ကျုပ် မမင်းတို့ကိုအားနာပါတယ်၊ ကျုပ်လည်း အလုပ်လေးတစ်ခုဖြစ်ဖြစ် စီးပွားတစ်ခုဖြစ်ဖြစ် လုပ်နိုင်ရင် မမင်းတို့အပေါ်တင်နေတဲ့ ကျေးဇူးအကြွေးတွေကို ပြန်ဆပ်ပါ့မယ်”

“လုပ်မနေစမ်းပါနဲ့ မယ်ဖြူရယ်၊ ဘာပဲပြောပြော တို့ထန်းတောကို ညည်းရောက်လာတာကိုပဲ ငါတို့က ကျေးဇူးတင်နေရတာပါ၊ ညည်းလည်းသိတဲ့အတိုင်း မန်ကျည်းကိုးပင်ရွာက ရွာသားတွေက ငါတို့မိသားစုကို စုန်းတွေလို့စွပ်စွဲထားကြလို့ ဟောဒီထန်းတောမှာ တစ်မိသားစုတည်း ခွဲထွက်ပြီးနေရတာမဟုတ်လားအေ့”

“ဒါပေမယ့် ကျုပ်ကတော့ မမင်းတို့ထမင်းကိုအလကားမစားချင်ပါဘူးရှင်”

မမင်းဆိုသည့် မိန်းမကြီးမှာ တစ်ချက်စဉ်းစားရင်း

“ဒါဖြင့် ညည်းဒီလိုလုပ်ပါလား မယ်ဖြူရဲ့၊ ငါတို့ထန်းတောကထွက်တဲ့ ထန်းရည်တွေ၊ ထန်းလျက်တွေကို ညည်းတောင်းထဲထည့်ပြီးတော့ ရွာစဉ်လှည့်ရောင်းပါလား၊ ငါတို့ကို စုန်းလို့သတ်မှတ်ထားလို့ လူတွေက အဆက်အဆံမလုပ်ချင်ပေမယ့် ညည်းက ရုပ်ရည်လည်းရှိ၊ လူတွေလည်း သိပ်မသိသေးဘူးဆိုတော့ ရောင်းတော့ရောင်းကောင်းမှာအေ့”

မမင်းစကားကို မမယ်ဖြူက အလေးအနက်ထားကာ စဉ်းစားလိုက်လေသည်။ စင်စစ်အားဖြင့် ကိုရင်သြမှာ ထန်းတက်ကာ ထန်းတဲထိုးထားသော်လည်း ကိုရင်သြတို့အကြောင်း မသိသေးသူတစ်ချို့သာ ထန်းရည်လာသောက်တတ်ပြီး အကြောင်းသိသူများက စုန်းများဟုဆိုကာ ရှောင်ကွင်းသွားတတ်လေရာ ထန်းရည်မှာထင်သလောက် မရောင်းရပေ။

ထို့ကြောင့် ထန်းရည်များကို ထန်းလျက်ချက်လေသည်။ ထန်းလျက်ချက်ပြီးသော်လည်း အကြောင်းသိသူများက ကိုရင်သြထန်းလျက်အား မဝယ်ကြသဖြင့် ထင်သလောက်စီးပွားမဖြစ်ဘဲရှိနေလေသည်။ အကယ်၍ မမယ်ဖြူသာ ကိုရင်သြထန်းလျက်များကို ခေါင်းရွက်ဗျက်ထိုး ရောင်းချပါက ကိုရင်သြထန်းလျက်များဟု မပြောလျှင် လူမသိနိုင်ပေ၊ ကိုရင်သြထန်းလျက်များမှာလည်း အရည်အသွေးမှာပြောစရာမလိုအောင် ကောင်းမွန်သဖြင့် ရောင်းရမည်မှာ အမှန်ဖြစ်သည်။

“မမင်းအကြံကောင်းတယ်၊ ကျုပ်ရှင်တို့ဆီက ထန်းလျက်တွေယူပြီး ပြန်ရောင်းကြည့်မယ်”

“လုပ်လိုက်စမ်းပါအေ့၊ ညည်းလုပ်ရင်ဖြစ်မှာ ငါသိပါတယ်”

သို့နှင့် မမယ်ဖြူမှာ ထန်းခေါက်တောင်းကြီးဖြင့် ထန်းလျက်များကိုထည့်ကာ လှည့်လည်ရောင်းချလေသည်။ အနီးစပ်ဆုံး မန်ကျည်းကိုးပင်ရွာသို့သွားရောက်ရောင်းချလေသည်။ မန်ကျည်းကိုးပင်ရွာသားများမှာ ထိုထန်းလျက်များမှာ ကိုရင်သြထန်းတောမှထွက်သည့် ထန်းလျက်များဟု မသိသဖြင့် ဝယ်ယူကြလေရာ အတော်ပင်ရောင်းရလေသည်။

မမယ်ဖြူမှာ အရင်းအနှီးငွေများကို မမင်းထံသို့အပ်လိုက်ရာ ကိုရင်သြနှင့်မမင်းမှာ အလွန်ကျေနပ်ဝမ်းသာသွားကြသည်။ သို့နှင့် မမယ်ဖြူမှာ ကိုရင်သြတို့ထွက်သမျှ ထန်းလျက်များကို ရောင်းချကာ ထန်းလျက်သည်အဖြစ် အသက်မွေးနေလေတော့သည်။

တစ်ရက်တွင် မမယ်ဖြူတစ်ယောက် ဈေးရောင်းကာပြန်လာသည့်အချိန် မမင်းမှာ ထန်းရည်တစ်အိုးနှင့် မြေခွက်တစ်ခုကိုကိုင်ထားလေသည်။ မြေပန်းကန်ထဲတွင်တော့ ပဲကြီးလှော်နှင့် ပြောင်းဖူးဖက်ဆေးလိပ်ကြီးတစ်ခုကို တင်ထားလေသည်။ ထိုအိုးနှင့်မြေခွက်ကို ကိုင်ဆောင်ပြီး မမင်းမှာ ထန်းပင်တစ်ပင်အောက်ခြေသို့သွားကာ တဖွဖွရွတ်ဆိုနေလေသည်။

“မမင်း အဲဒါဘာလုပ်တာလဲ”

အနောက်မှလိုက်လာသည့် မမယ်ဖြူကမေးလိုက်သည့်အခါ မမင်းက လန့်ဖျပ်သွားပြီး

“လန့်လိုက်တာ မယ်ဖြူရယ်၊ ဟောဒါက ဘွားချမ်းသာကြီးအတွက် ထန်းရည်မြှောက်တာဟဲ့”

“ဘွားချမ်းသာတဲ့လား”

“ထန်းအလုပ်လုပ်တဲ့လူတိုင်း ဘွားချမ်းသာနဲ့မကင်းကြဘူးအေ့၊ ပြီးတော့ ဘွားချမ်းသာက ငါ့ရဲ့ခေါင်းစွဲအမေကြီးလို့လည်းပြောလို့ရတယ်၊ ဘွားချမ်းသာက ထန်းရည်ကြိုက်တော့ သူ့အကြိုက်လေးတွေ တင်မြှောက်ပြီး ထန်းလုပ်ငန်းမှာအဆင်ပြေ အောင်မြင်စေဖို့ ဆုတောင်းရတာပေါ့”

မမယ်ဖြူမှာ မမင်းလုပ်ကိုင်နေသည်များကို ရပ်ကြည့်နေလေသည်။

“ဟဲ့ မယ်ဖြူ၊ ညည်းလဲအခု ထန်းအလုပ်နဲ့အသက်မွေးနေတာဆိုတော့ ဘွားချမ်းသာကြီးကို တင်မြှောက်စမ်း၊ ဘွားချမ်းသာကြီး ကူညီဖို့ဆုတောင်းစမ်းအေ”

မမယ်ဖြူက သိပ်တော့မယုံကြည်နိုင်သေးပေ။

“အို ဘွားချမ်းသာကြီး တကယ်စွမ်းရင်တော့ဖြင့် မနက်ဖြန်ထန်းလျက်ဆယ်တင်းလောက် ကုန်အောင် ရောင်းရပါစေတော်”

“ဟဲ့ မယ်ဖြူ၊ ညည်းက ဆုတောင်းတာလဲ တောင်းတာပေါ့အေ၊ ဆယ်တင်းဆိုတာ နည်းတာမှတ်လို့၊ မတော်လို့ တကယ်ရောင်းရခဲ့ရင် ညည်းဘယ်လိုလုပ်မလဲ”

“အိုတော်၊ ရောင်းရတော့လည်း ဘွားချမ်းသာကို ထန်းရည်ကြက်ကြော် မြှောက်လိုက်မှာပေါ့တော်”

မမယ်ဖြူမှာ တမင်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ထန်းလျက်ရောင်းရသည်မှာ အဆင်ပြေနေသည်ဟုဆိုသော်လည်း တစ်ရက်လျှင် ထန်းလျက်တစ်တင်းပင် ကုန်အောင်ရောင်းရန်မလွယ်ကူပေ။ နောက်တစ်နေ့မနက်ခင်းတွင် လှည်းလမ်းခွအမည်ရ ရွာငယ်ကလေးတွင် ဈေးနေ့ရှိသဖြင့် မမယ်ဖြူမှာ ထန်းလျက်တောင်းရွက်ကာ ထွက်လာခဲ့လေသည်။ လှည်းလမ်းခွရွာကလေးမှာ လှည်းလမ်းများတွေ့ဆုံကြသည့် ရွာကလေးဖြစ်သည်မို့ ဈေးနေ့အချိန်တွင်အလွန်စည်ကားလှပေသည်။

ယနေ့တွင်တော့ မမယ်ဖြူမှာ ဈေးရောင်းနေသော်လည်း နေ့တစ်ဝက်ပင်ကျိုးတော့မည် ထန်းလျက်တစ်ပြည် နှစ်ပြည်ခန့်သာ ရောင်းရသေးသည်။ သာမန်နေ့များထက် အရောင်းထိုင်းသည့်နေ့တစ်နေ့ဟုပင်ဆိုနိုင်သည်။ ထိုအခိုက် ခေါင်းတွင်ဆံပင်ဖြူများနှင့် ဆံပင်မည်းများရောထွေးနေကာ ဘီးဆံပတ်ဆံထုံးကြီးထုံးထားသည့် အဘွားကြီးတစ်ယောက်က မမယ်ဖြူထံသို့ရောက်လာခဲ့လေသည်။

“ဟဲ့ကလေးမ ညည်းထန်းလျက်တွေက ချိုရဲ့လားအေ့”

“ချိုပါတယ် ကြီးဒေါ်ရယ်၊ ထန်းဖိုထန်းလျက်အစစ်ပါ မယုံရင်မြည်းကြည့်လှည့်ပါ”

အဘွားကြီးက တောင်းအတွင်းမှ ထန်းလျက်တစ်လုံးကို ကောက်ယူလိုက်ကာ ပါးစပ်ထဲပစ်ထည့်ကာ ဝါးစားလိုက်သည်။ ထို့နောက် ခေါင်းတညိတ်ညိတ်နှင့်

“မဆိုးဘူး ညည်းထန်းလျက်က ချိုသားပဲအေ့၊ ပေးစမ်းနောက်တစ်လုံး”

အဘွားကြီးက နောက်ထပ်ထန်းလျက်တစ်လုံးကို ကောက်ယူကာ ဝါးစားလိုက်ပြန်သည်။ ထိုနည်းနှင့် ထန်းလျက်လေးငါးခဲကောက်ယူပြီး စားသောက်နေလေရာ မမယ်ဖြူက ထိုအဘွားကြီးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ အဘွားကြီးက မမယ်ဖြူအား ဘုကြည့်ပြန်ကြည့်ရင်း

“ဘာလဲ ညည်းက ငါနှိုက်စားနေတာ မကြိုက်ဘူးလားအေ့”

“စားပါ ကြီးဒေါ်ရယ်၊ ကြီးဒေါ်အမြည်းစားနေတာနဲ့တင် ငါးကျပ်သား တစ်ဆယ်သားရှိလောက်ပါပြီ”

“ညည်းထန်းလျက်က ချိုလို့စားကောင်းလို့ စားကြည့်တာပါအေ”

အဘွားကြီးက ပြောဆိုပြီး မတ်တတ်ထရပ်လိုက်လေသည်။

“ဟင် ကြီးဒေါ်၊ ထန်းလျက်က ကောင်းတယ်လဲပြောသေးတယ်၊ မဝယ်ဘူးလား”

“ငါမှ ထန်းလျက်အသုံးမလိုတာအေ၊ နောက်တော့ ဝယ်သူရောက်လာပါလိမ့်မယ်အေ့”

အဘွားကြီးက ပြောပြောဆိုဆိုနှင့် လူအုပ်ကြားထဲသို့တိုးဝင်ကာပျောက်ကွယ်သွားလေသည်။ မမယ်ဖြူမှာ မျက်နှာကိုရှုံ့မဲ့လိုက်ရင်း

“ဈေးရောင်းမကောင်းပါဘူးဆိုနေမှ၊ ဒီအဘွားကြီးကတစ်မှောင့်၊ ထန်းလျက်ကိုသူ့စိတ်ကြိုက်မြည်းပြီးတော့ ဝယ်လဲမဝယ်ဘူး”

မမယ်ဖြူမှာ ညည်းညူလိုက်စဉ် ရှမ်းအင်္ကျီအနက်ရောင်ဝတ်ကာ ရှမ်းခေါင်းပေါင်းပေါင်းထားသည့် ရှမ်းကြီးတစ်ဦးက မမယ်ဖြူအရှေ့တွင်လာရပ်လေသည်။

“ထန်းလျက်ဝယ်အုံးမလားဦးကြီး”

ရှမ်းကြီးက ထန်းလျက်တစ်ခဲအားဖဲ့ယူစားသောက်လိုက်ပြီးနောက်

“မင်းထန်းလျက်ကိုငါကြိုက်တယ်၊ ငါ့ကို ဒီထန်းလျက်ဆယ်တင်းလောက် ရောင်းနိုင်မလား”

မမယ်ဖြူမှာ အံ့သြသွားလေသည်။

“အခုတော့ ဆယ်တင်းမပါဘူးဦးကြီး၊ ဒါပေမယ့် ဦးကြီးလိုချင်တယ်ဆိုရင် ကျုပ်တို့ထန်းတောမှာ လိုက်ယူလို့ရပါတယ်”

ရှမ်းကြီးမှာ မမယ်ဖြူကိုခေါ်ဆောင်ကာ လှည်းတစ်စီးကိုမောင်းနှင်လာခဲ့လေသည်။ မမယ်ဖြူလမ်းညွှန်သည့်အတိုင်း ထန်းတောသို့လိုက်ပါလာပြီး ထန်းလျက်ဆယ်တင်းကို လှည်းနှင့်တိုက်ကာ ဝယ်ယူသွားလေတော့သည်။ ထိုနေ့လည်တွင်ပင် မမယ်ဖြူမှာ ကြက်တစ်ကောင်ကိုဝယ်ကာ ကြော်ယူလေတော့သည်။ မမင်းက မမယ်ဖြူလုပ်နေသည်များကို တအံ့တသြနှင့်ကြည့်နေသည်။

“မယ်ဖြူ၊ ညည်းဘာလုပ်နေတာလဲ”

“မနေ့က ဘွားချမ်းသာနဲ့အလောင်းအစားလုပ်ခဲ့တယ်မဟုတ်လားတော့”

မမင်းက နဖူးကိုလက်နှင့်ပုတ်ပြီး

“ဟုတ်ပါရဲ့၊ ညည်းပြောတာမှန်သား၊ ညည်းကို ဘွားချမ်းသာကချစ်တယ်၊ ဘွားချမ်းသာက စောင့်ရှောက်တယ်ဟဲ့”

မမယ်ဖြူမှာ နောက်ပိုင်းတွင် ဘွားချမ်းသာအား အမြဲတင်မြှောက်ပသလေသည်။ ထန်းလျက်လုပ်ငန်းလည်း အောင်မြင်လာခဲ့ကာ မမယ်ဖြူတစ်ယောက်မှာ ထန်းလျက်ပွဲစားကဲ့သို့ပင်ဖြစ်လာသည်။ ကိုရင်သြတို့ထန်းတောမှမဟုတ်ဘဲ အခြားအနီးပတ်ဝန်းကျင်ထန်းတောများမှ ထန်းလျက်များကို ဝယ်ယူကာ ဝယ်လက်ကြီးများနှင့်တွေ့ဆုံ၍ ရောင်းချနေရပြီဖြစ်သည်။

မမယ်ဖြူမှာ ပြင်ပြင်ဆင်ဆင်နေထိုင်သည့်အခါ နဂိုချောမောလှပသည့်ရုပ်ခံကြောင့် အပျိုကလေးတစ်ယောက်နီးပါးမျှ ချောမောလှပလေသည်။ ထိုအခါ လွတ်လပ်နေသည့် မမယ်ဖြူအားလိုချင်ကြောင်းလမ်းသူများလည်းရှိခဲ့သည်။ သို့သော် မမယ်ဖြူမှာ ထိုလူများကို ငြင်းဆန်ကာ တစ်ဦးတည်းနေထိုင်ခဲ့သည်။

မမယ်ဖြူအား စိတ်ဝင်စားသူများထဲတွင် မန်ကျည်းကိုးပင်ရွာမှ လူကုံထံတစ်ဦးလည်းပါဝင်လေသည်။ ထိုလူမှာ ပွဲစားကြီးဦးတိုးဆိုသူဖြစ်သည်။ ဦးတိုးမှာ မမယ်ဖြူနှင့်စီးပွားဖက်လည်းဖြစ်သည့်အတွက် မမယ်ဖြူနှင့် အမြဲတစေတွေ့ဆုံနေရလေသည်။ မမယ်ဖြူအား မိမိဆန္ဒကိုဖွင့်ပြောပြသော်လည်း မမယ်ဖြူမှာ အလိမ္မာကလေးနှင့် ငြင်းဆန်လိုက်သဖြင့် အခက်တွေ့နေရသည်။ သို့သော် စီးပွားဖက်များဖြစ်သဖြင့် မမယ်ဖြူနှင့်လုံးဝကင်းကွာ၍လည်းမဖြစ်နိုင်ပေ၊ ဦးတိုးမှာနောက်ဆုံး မမယ်ဖြူအား မရရသည့်နည်းနှင့် ကြံစည်ရန်ဆုံးဖြတ်လိုက်လေသည်။

“မြိုင်သာမြို့မှာ အောက်ပြည်အောက်ရွာကလာတဲ့ ကုန်သည်ပွဲစားတွေရောက်နေကြတယ် မယ်ဖြူ၊ သူတို့က ထန်းလျက်တွေဝယ်ချင်တယ်ဆိုလို့ မင်းနဲ့တွေ့ပေးဖို့ချိန်းဆိုထားလိုက်တယ်၊ အဲဒါ မြိုင်သာမြို့ကို မင်းနဲ့ငါနဲ့အတူတူ သွားမှဖြစ်မယ်”

မမယ်ဖြူမှာ ပွဲစားကြီးဦးတိုး ပြောသည့်စကားများကိုကြားသည့်အခါ စဉ်းစား၍နေလေသည်။

“သိပ်ပြီးစဉ်းစားမနေနဲ့ မယ်ဖြူ၊ ဒီလူတွေက ဝယ်လက်ကြီးသမားတွေ၊ သူတို့နဲ့သာ အရောင်းအဝယ်ဖြစ်လို့ကတော့ မင်းဒီတစ်ရာသီလုံး အေးအေးဆေးဆေး ဘာအလုပ်မှမလုပ်ဘဲနဲ့ကို နေလို့ရတယ် မယ်ဖြူရဲ့”

စီးပွားရေး ကိစ္စဖြစ်သဖြင့် နောက်ဆုံးမမယ်ဖြူလည်း ခေါင်းညိတ်လိုက်ရသည်။ နောက်တစ်ရက်တွင် မမယ်ဖြူနှင့်ဦးတိုးတို့မှာ မြိုင်သာမြို့သို့ မြင်းလှည်းဖြင့်ထွက်ခဲ့ကြသည်။ မြိုင်သာမြို့ တောင်ကုန်းကလေးပေါ်ရှိ သစ်သားအိမ်ကြီးတစ်အိမ်၏ အရှေ့တွင် မြင်းလှည်းကိုရပ်တန့်လိုက်သည်။

“ပွဲစားတွေက ဒီမှာတည်းနေကြတာ မယ်ဖြူရဲ့၊ သူတို့နဲ့တွေ့ဖို့ အိမ်ထဲဝင်မှရမယ်”

ဦးတိုးမှာ မမယ်ဖြူအား သစ်သားအိမ်ကြီးအတွင်းသို့ ခေါ်ဝင်လာခဲ့လေသည်။ သစ်သားအိမ်ကြီးအတွင်းသို့ရောက်သည့်အခါ မည်သည့်လူတစ်ဦးတစ်ယောက်မှ မတွေ့ရဘဲ ကုတင်ကြီးတစ်လုံးကိုသာတွေ့ရသည်။ မမယ်ဖြူမှာ အံ့သြသွားပြီး

“ပွဲစားတွေဘယ်မှာလဲ”

ဦးတိုးမှာ ရယ်မောလိုက်ကာ

“ပွဲစားဆိုတာမရှိဘူး၊ တကယ်တော့ ကျုပ်က မမယ်ဖြူကို လီဆယ်ပြီးတော့ ဒီကိုခေါ်လာတာ”

မမယ်ဖြူမှာ ဦးတိုး၏ အကြံအစည်ကိုသိသွားပြီဖြစ်သည်။ မမယ်ဖြူက အိမ်ကြီးပေါ်မှပြန်ထွက်ရန်အတွက် တံခါးကိုဆွဲဖွင့်လိုက်သော်လည်း တံခါးအားဆွဲဖွင့်၍ မရပေ၊ ထိုနည်းတူ ပြတင်းပေါက်များကိုတွန်းဖွင့်သော်လည်း ပြတင်းပေါက်များပါ ဖွင့်မရပေ။ ဦးတိုးက ရယ်မောရင်း

“မင်းထွက်ပြေးဖို့မကြိုးစားပါနဲ့ မယ်ဖြူရယ်၊ ဟောဒီအိမ်ကြီးတစ်ခုလုံးက တံခါးတွေမဖွင့်နိုင်အောင်လို့ ကုလားပညာသည်တစ်ယောက်ကို ငါကငွေပေးပြီးခိုင်းထားပြီးပြီ”

ဦးတိုးက ပြောဆိုရင်း ပုလင်းကလေးတစ်လုံးကိုထုတ်လိုက်လေသည်။

“ဟောဒီ မှော်အချစ်ဆေးငွေ့ကို ရှုရိုက်လိုက်ပြီးပြီဆိုရင် မင်းက ငါ့အချစ်ကို လွန်ဆန်နိုင်မှာမဟုတ်တော့ပါဘူး မယ်ဖြူရာ”

မမယ်ဖြူမှာ ဒေါသထွက်သွားပြီး ဦးတိုးအား စက်လက်နက်တစ်ခုဖြင့်ပစ်ခတ်လိုက်လေသည်။ ဦးတိုးမှာ မမယ်ဖြူစုန်းပညာတတ်သည်ကို မသိသည်မို့ စက်လက်နက်ထိမှန်သွားကာ တစ်ကိုယ်လုံးအကြောများတုံ့ဆိုင်းသွားပြီး လဲကျသွားလေသည်။ ပါးစပ်မှလည်း ဝူးဝူးဝါးဝါးများကို အော်ဟစ်နေလေသည်။ ထိုအသံများကြားသည့်အခါ ဦးတိုးခိုင်းစေထားသည့် စုန်းပညာတတ်သည့်ကုလားတစ်ယောက်မှာ တံခါးကိုဖွင့်ဝင်လာပြီး ဝင်ကြည့်သည်။ မမယ်ဖြူက ထိုလူကိုလည်း စက်လက်နက်ဖြင့်ပစ်ခတ်လိုက်ရာ ထိုလူမှာမရှောင်တိမ်းနိုင်ဘဲ နှလုံးခုန်ရပ်ကာ သေဆုံးသွားတော့သည်။

မမယ်ဖြူတစ်ယောက် ကြောက်ကြောက်လန့်လန့်နှင့်အိမ်ပေါ်မှပြေးဆင်းလာခဲ့သည်။ မြိုင်သာမြို့မှ ထွက်ခါနီးအချိန်တွင် မမယ်ဖြူအား လူစိမ်းခြောက်ယောက်က ဝန်းရံလိုက်လေသည်။

“မင်းက တို့စုန်းအသင်းက ချမှတ်ထားတဲ့စည်းကမ်းကိုဖောက်တယ်၊ စုန်းတစ်ယောက်ကို အကြောင်းမဲ့သတ်ဖြစ်တဲ့အတွက် မင်းအပြစ်ကိုမင်းခံရမယ်”

ထိုလူများက မမယ်ဖြူအားဖမ်းချုပ်ကြလေသည်။ မမယ်ဖြူက ထိုလူများအား စက်လက်နက်များဖြင့်ပစ်ခတ်သော်လည်း ထိုလူများ၏ စုန်းပညာမှာ မမယ်ဖြူထက်ပိုမိုမြင့်မားသဖြင့် နောက်ဆုံးတွင်တော့ မမယ်ဖြူတစ်ယောက် အဖမ်းဆီးခံလိုက်ရသည်။

“ဒီလူတွေက ဘယ်သူလဲအမေ”

“သမီးမသိသေးလို့ပါ၊ သမီးထွက်သွားပြီး သိပ်မကြာခင်မှာပဲ မယ်တော်က မြိုင်သာစုန်းအသင်းဆိုပြီး အသင်းတစ်ခုဖွဲ့စည်းခဲ့တယ်၊ အဲဒီအသင်းက မယ်တော်ရဲ့လက်ကိုင်တုတ်ပဲ၊ သူတို့က အမေ့ကိုဖမ်းဆီးသွားပြီးတော့ သူတို့ရေးထားတဲ့အချက်တွေနဲ့ ဖောက်ဖျက်တယ်ဆိုပြီး အမေ့ကိုအပြစ်ပေးဖို့ မယ်တော်ကိုတင်ပြကြတယ်၊ ဒါနဲ့ မယ်တော်က အမေ့ကို ရူးသွပ်အောင်အပြစ်ပေးလိုက်တာပါပဲ”

မယ်ပျင်းမှာ ဒေါသထွက်သွားမိသော်လည်း စိတ်ကိုထိန်းချုပ်ထားလိုက်သည်။

“ဘယ်လိုလဲသမီး၊ အမေ့အဖြစ်ကိုနားထောင်ပြီးတော့ သမီးမယ်တော်ကို ဒေါသထွက်သွားတယ်မဟုတ်လား”

မယ်ပျင်းက ခေါင်းခါလိုက်ကာ

“ဒေါသမထွက်ပါဘူးအမေ”

“ဒေါသမထွက်တာပဲကောင်းမယ်သမီး၊ ဘာပဲဖြစ်ဖြစ် မယ်တော်ဆိုတာ သမီးယှဉ်နိုင်တဲ့လူတစ်ယောက်မဟုတ်ဘူး၊ သမီးနဲ့အမေနဲ့ အကြာကြီးဆက်ပြီးနေချင်တယ်ဆိုရင်တော့ မယ်တော်နဲ့မပတ်သက်မှရမယ်သမီး၊ အခုအမေ့ကို မယ်တော်က ရူးသွပ်အောင်လုပ်ခဲ့တာကို သမီးစိတ်ထဲ ဘယ်လိုမှသဘောမထားနဲ့ ရန်ငြိုးမထားနဲ့နော်သမီး”

မယ်ပျင်းမှာ ခေါင်းညိတ်ရင်း

“ဟုတ်ပါပြီအမေ၊ သမီးကတော့ အမေနဲ့ပြန်တွေ့ရတာကိုပဲ ဝမ်းသာလှပါပြီ”

မယ်ပျင်းမှာ ထိုသို့သာပြောဆိုလိုက်သော်လည်း မယ်တော်အားလက်တုံ့ပြန်အနိုင်ယူမည့်အရေးကို လုံးဝမေ့မပစ်နိုင်ပေ၊ မိခင်ဖြစ်သူအား ရူးအောင်လုပ်ခဲ့သည့်အဖြစ်ကိုလည်း စိတ်ထဲနာကျင်ကာ တေးမှတ်ထားသည်။ သို့သော် အနောက်မယ်တော်မှာလိုက်သည့်အတိုင်း ကိစ္စမအောင်မြင်ခင် လူမသိစေရန်အလို့ငှာအတွက် ဘာမှမဖြစ်ချင်ယောင် ဆောင်ထားလိုက်ခြင်းဖြစ်သည်။

ထိုညတွင် သားအမိနှစ်ယောက် အတူတူအိပ်စက်ကြလေသည်။ မမယ်ဖြူမှာ အိပ်မောကျနေသော်လည်း မယ်ပျင်းမှာ မယ်တော်ယမင်းအားအနိုင်ယူနိုင်မည့် နည်းလမ်းကိုစဉ်းစားရှာဖွေရင်း အိပ်မပျော်ခဲ့ပေ၊ ထိုအခိုက် အိမ်ရှေ့တံခါးဝတွင် ဝူးဝူးဝါးဝါးနှင့် အသံနက်ကြီးများကိုကြားရသည်။

“သမီး၊ သမီးလေး ငါတို့ဆီကိုလာခဲ့ပါ”

မယ်ပျင်းမှာ ထိုအသံများကြားသဖြင့် အိမ်ရှေ့သို့ထကြည့်လိုက်သည့်အခါ လှေကားအတက်အဆင်းတွင် ဦးခေါင်းပြောင်ပြောင် နားရွက်ချွန်ချွန်ရှည်ရှည်ကြီးများနှင့် ပိန်ရိုးနေသည့် ကိုယ်ခန္ဓာရှိသည့် ပြိတ္တာကြီး ခုနစ်ကောင်ကိုတွေ့လိုက်ရသည်။

“ရှင်တို့ဘယ်သူတွေလဲ ဘာကိစ္စ ကျုပ်ကိုလာနှောင့်ယှက်နေကြတာလဲ”

မယ်ပျင်းက ပြောဆိုလိုက်သည့်အခါ ပြိတ္တာကြီးများမှာ သူတို့မူလရုပ်သွင်များပျောက်ကွယ်သွားကာ ယောက်ျားကြီးခုနစ်ဦးအဖြစ်သို့ပြောင်းလဲသွားလေသည်။

“ဟင်၊ ဦးတီ၊ ဦးကြီးဇော်ဆိုင်းနဲ့ ဦးကြီးစိုင်းနော်တို့ပါလား”

ထိုလူကြီးများမှာ မယ်ပျင်း၏ အဖေများဖြစ်ကြသည့် ကဝေကြီးခုနစ်ဦးပင်ဖြစ်လေသည်။ ကဝေကြီးများမှာ ရုပ်အဆင်းက အိုမင်းနေပြီး ခန္ဓာကိုယ်မှာလည်း မှေးမှိန်နေကာ ဝတ်စားထားသည့် အဝတ်အစားများမှာလည်း အရောင်အဆင်းများ မွဲခြောက်ကာ စုတ်ပြတ်နေလေသည်။

“ငါတို့တွေ မင်းကိုစွဲလန်းတဲ့စိတ်နဲ့ သေလွန်ပြီးတဲ့နောက် မကျွတ်မလွတ်နိုင်ဘဲ သရဲတစ္တေကြီးတွေ ဖြစ်နေကြပါတယ်သမီးရယ်”

“ဟုတ်ပါတယ် သမီးလေးရယ်၊ သမီးလေးပြန်လာမယ့်နေ့ရက်ကို အဖေတို့စောင့်နေတာကြာခဲ့ပါပြီ”

“အဖေတို့ ရွာပြင်ဇရပ်ပျက်ကုန်းမှာ ချို့ချို့တဲ့တဲ့နဲ့နေကြရပါတယ်၊ အခုသမီးလေးပြန်လာတာသိလို့ ရွာတော်ရှင်ကို ခွင့်တောင်းပြီး သမီးလေးမျက်နှာကို လာကြည့်တာပါ”

“ကဲ ဒီလောက်ဆိုကျေနပ်ကြပါတော့၊ ညသန်းခေါင်မတိုင်ခင် ရွာထဲကပြန်ထွက်မယ်လို့ ရွာတော်ရှင်ကို ကတိပေးထားလေတော့ အဖေတို့လည်း ပြန်ရတော့မယ်သမီး”

ကဝေကြီးများမှာ တစ်ဖက်သို့လှည့်သွားကြလေသည်။

“နေကြပါအုံးအဖေတို့”

မယ်ပျင်းက လှမ်းအော်လိုက်သဖြင့် ကဝေကြီးများက လည်ပြန်လှည့်ကြည့်ကြသည်။

“အဖေတို့ ဘယ်မှသွားစရာမလိုပါဘူး၊ ဟောဒီခြံမှာပဲနေကြပါ”

“သမီးဆိုလိုချင်တဲ့သဘောက . . .-

“ဟောဒီခြံထဲမှာရှိတဲ့ သစ်ပင်ကြီးတွေမှာ အဖေတို့အဆင်ပြေသလိုနေထိုင်ကြပါ၊ သမီးခွင့်ပြုပါတယ်”

“ဝမ်းသာလိုက်တာ သမီးလေးရယ်၊ အဖေတို့က ဟိုမှာ သူများသစ်ပင်မှာ ခိုကပ်နေကြရတာသမီးရဲ့”

ကဝေကြီးများမှာ မယ်ပျင်းတို့အိမ်ခြံဝန်းအတွင်းရှိသည့် သစ်ပင်ကြီးများပေါ်သို့ အလျှိုလျှိုခုန်တက်ကြလေသည်။ သစ်ပင်ကြီးများမှာ ကဝေကြီးများခုန်တက်သွားသဖြင့် တရှဲရှဲနှင့်အသံမြည်ကာ လေမတိုက်ဘဲ တဖြန်းဖြန်းနှင့်တုန်လှုပ်နေကြတော့သည်။

(၃)

သူကြီးဖိုးမောင်မှာ အကြံပေးကောင်းသူ ရွှေခေါ၏ အကြံဖြင့် ရွာတွင်မဟုတ်သည့်လုပ်ငန်းများလုပ်ကာ အကြီးအကျယ်ငွေရှာဖွေနေလေသည်။ ရွာတွင် လောင်းကစားဝိုင်းများ၊ ကြက်ဝိုင်းများထောင်ပေးကာ အခွန်အကောက်များကောက်လျှက် လောင်းကစားလုပ်ငန်းကိုတိုးပွားစေသည်။ ထိုမျှသာမကသေး အရက်ခိုးချက်သည့် လူများကိုလည်း ရွာအတွင်းအကာအကွယ်ပေးထားသောကြောင့် ယမကာများပေါများနေကာ ဖက်လိပ်ရွာမှာ လူဆိုးလူမိုက် လူရမ်းကားများပျော်စံ စုဝေးရာနေရာကြီးတစ်ခုဖြစ်နေလေသည်။

ဖက်လိပ်ရွာသားများမှာလည်း ပေါများလှသည့်ယမကာများ၊ လောင်းကစားဝိုင်းများတွင်သာ အချိန်ဖြုန်းနေကြပြီး စိတ်ဓါတ်ပျက်စီးယိုယွင်းနေကြလေသည်။

တစ်ညတွင်ဖြစ်သည်။ သူကြီးဦးဖိုးမောင်၏ လူယုံများမှာ မီးတုတ်များကိုင်စွဲအော်ဟစ်ကာ ရွာပြင်သို့ပြေးထွက်ကြလေသည်။ ရွာပြင်ခပ်လှမ်းလှမ်းသို့ရောက်သည့်အခါ မိသားစုတစ်စုအား သေနတ်နှင့်ထိုးချိန်ထားသည်။ သူကြီးဦးဖိုးမောင်က သေနတ်တကားကားနှင့်ထွက်လာခဲ့လေသည်။

“ဟေ့ကောင်တွေ ဘာဖြစ်ကြတာလဲ”

“ဒီကောင် ငဖွဲတို့မိသားစုက ရွာကနေတိတ်တဆိတ်ခိုးထွက်လို့ပါသူကြီး”

သူကြီးလူယုံများက ပြောဆိုရင်း ငဖွဲဆိုသည့်လူအား ရိုက်နှက်ကြလေသည်။ ပြီးနောက် သူကြီးအရှေ့တွင်ဒူးထောက်ထိုင်ခိုင်းလိုက်သည်။ သူကြီးဦးဖိုးမောင်က ငဖွဲကိုကြည့်ကာ

“ဟေ့ကောင် ငဖွဲ၊ မင်းက ငါ့ရွာမှာမနေချင်တော့ဘူးလား”

ငဖွဲက တံတွေးတစ်ချက်ထွီခနဲထွေးလိုက်ကာ

“ဟုတ်တယ်၊ မင်းလိုယုတ်မာအောက်တန်းကျတဲ့ကောင်အုပ်ချုပ်ပြီး လူဆိုးလူမိုက်တွေနဲ့ပြည့်နှက်နေတဲ့ ဟောဒီရွာကြီးမှာ ငါတို့ဆက်ပြီးမနေနိုင်ဘူး၊ မနေနိုင်လို့ ငါတို့ခြေထောက်နဲ့ငါတို့ ထွက်ပြေးတယ်ကွာ၊ အဲဒါဘာဖြစ်သလဲ”

သူကြီးဖိုးမောင်က ခေါင်းတညိတ်ညိတ်လုပ်နေရင်း

“ငဖွဲ၊ ငဖွဲ မင်းက ငါအုပ်ချုပ်တဲ့ရွာမှာ မနေချင်ဘူးကိုး၊ ကောင်းပြီလေ၊ ဒါဆိုရင်လည်း မင်းကိုရွာပြင်ပို့ပေးရတာပေါ့”

သူကြီးဖိုးမောင်က သူ့လူများကိုကြည့်ရင်း

“ဟေ့ကောင်တွေ၊ ငါ့ရွာမှာ မနေချင်တဲ့ ငဖွဲကို ရွာပြင်ထုတ်၊ ကားစင်တင်ပြီး နေခြောက်လှန်းထားကြ၊ သူ့ကိုအစာကျွေးတဲ့လူ၊ ရေတိုက်တဲ့လူမှန်သမျှ သူ့လိုပဲကားစင်တင်ခံရမယ်”

“မလုပ်ပါနဲ့ သူကြီးရယ်၊ ကျုပ်ယောက်ျားကို မလုပ်ပါနဲ့”

“ညည်းတို့က ငါ့ရွာမှာအေးအေးဆေးဆေးမနေဘဲ ထွက်ပြေးချင်တာကိုးဟ၊ နင်လည်း သိပ်ငိုမနေနဲ့၊ နင်တို့သားအမိကို သနားလို့ နင့်ယောက်ျားကိုပဲ ကားစင်တင်လိုက်တာ၊ ငါ့စိတ်အတိုင်းဆိုရင်တော့ နင်တို့တစ်မိသားစုလုံးကို ကားစင်တင် နေခြောက်လှမ်းပြီး လူခြောက်လုပ်ပစ်မယ်”

ဖိုးမောင်က ငဖွဲမျက်နှာအား သေချာကြည့်လိုက်ကာ

“မင်းဘယ်နှရက်လောက် တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့ငဖွဲရာ”

သူကြီးဖိုးမောင်က ရွာသားများဘက်သို့လှည့်လိုက်ပြီး

“ဒီရွာမှာ ငါ့အမိန့်မပါဘဲ ဘယ်သူမှ ထွက်သွားလို့မရဘူး၊ အေး ထွက်သွားတယ်ဆိုရင်တော့ ငဖွဲလိုဖြစ်ကြမယ်ဆိုတာသာ မှတ်ထားကြပေတော့”

သူကြီးဖိုးမောင်မှာ ဒေါသထွက်ထွက်နှင့် အိမ်သို့ပြန်လာခဲ့လေသည်။ အိမ်ရောက်သည့်အခါ ရွှေခေါက အသင့်စောင့်ကြိုနေလေသည်။

“ဘာဖြစ်တာလဲ ဖိုးမောင်”

“ဘာဖြစ်ရမလဲ ကိုရွှေခေါရာ ငဖွဲက ကျုပ်တို့ရွာမှာမနေချင်လို့ မိသားစုလိုက်ထွက်ပြေးသတဲ့ဗျာ”

ရွှေခေါက သက်ပြင်းချရင်း

“ဒါတောင်ဖမ်းမိကြလို့ ဖိုးမောင်ရဲ့၊ ကျုပ်တို့ဖမ်းမမိလိုက်လို့ ရွာကိုစွန့်ခွာထွက်ပြေးသွားတဲ့လူတွေအများကြီးပဲ၊ ဒီအတိုင်းသာဆို ရွာမှာလူတွေကုန်သွားရင် ခင်ဗျားအုပ်ချုပ်ဖို့လူ ကျန်မှာမဟုတ်တော့ဘူး”

ဖိုးမောင်မှာလည်း ကြံရာမရဖြစ်နေလေသည်။

“စည်းရိုးကာထားရဲ့သားနဲ့ ဒီကောင်တွေ ဘယ်ကထွက်ပြေးကြလဲမသိဘူးကွာ၊ တောက်”

“ကျုပ်တို့ ခင်ဗျားရဲ့သူငယ်ချင်းလေးကို အသုံးချဖို့အချိန်ရောက်ပြီ ဖိုးမောင်”

“ဘယ်သူ့ကိုလဲ”

“မယ်ပျင်းဆိုတဲ့ စုန်းမကလေးကိုလေ”

“မယ်ပျင်းက ရွာကလူတွေထွက်ပြေးတာကို တားနိုင်မှာတဲ့လား”

“သူလုပ်နိုင်မှာပါ၊ သူလုပ်ဖို့အတွက်ကတော့ ခင်ဗျားစည်းရုံးမှပဲရမယ်”

ဖိုးမောင်မှာတစ်ချက်တွေးလိုက်ကာ ခေါင်းညိတ်လိုက်လေသည်။

နောက်တစ်နေ့မနက်လင်းသည်နှင့် ဖိုးမောင်တစ်ယောက် ထမင်းဟင်းများချက်ပြုတ်သယ်ဆောင်ကာ မယ်ပျင်းတို့အိမ်သို့ရောက်လာခဲ့လေသည်။ မယ်ပျင်းမှာ ထမင်းချက်ရန်အတွက် ပြင်ဆင်နေချိန်ဖြစ်သည်။

“ဟဲ့ သမီးမယ်ပျင်း၊ ဒီမှာ သူကြီးဖိုးမောင်ရောက်လာတယ်ဟဲ့”

အိမ်ရှေ့မှ မိခင်ဖြစ်သူက အော်ပြောသဖြင့် မယ်ပျင်းမှာအိမ်ရှေ့သို့ထွက်လာခဲ့လေသည်။ ဖိုးမောင်က မယ်ပျင်း၏မျက်နှာအားကြည့်ရင်း ရယ်မောလိုက်ကာ

“ထမင်းတွေ ဟင်းတွေ အပင်ပန်းခံပြီးချက်မနေစမ်းပါနဲ့မယ်ပျင်းရာ၊ နင့်ကြည့်ရတာ ပင်ပန်းပါတယ်”

“အောင်မယ်ဖိုးမောင်၊ နင်က ဘယ်လိုလုပ်ပြီး ငါထမင်းဟင်းချက်နေတာကိုသိတာလဲ”

“သိတာပေါ့ဟ နင့်ပါးမှာ ပြာတွေချည်းပေနေတာပဲကို၊ စားဖို့သောက်ဖို့ကတော့ ဘာမှမပူပါနဲ့၊ ငါတစ်နေ့တစ်မျိုးပို့ပေးမယ်ဟုတ်ပြီလား”

ဖိုးမောင်က ပြောဆိုရင် ထမင်းဟင်းများထည့်ထားသည့် အုပ်ကိုဖွင့်လိုက်လေသည်။

“ဟောဒါက ကြက်ကြော်၊ ဟောဒါက အမဲကင်၊ ဒါကတော့ နင်ကြိုက်တဲ့ ကြက်ဥပြုတ်ပေါ့ မယ်ပျင်းရဲ့”

“ဟင်းတွေကလည်း စုံလှချည်လား၊ ပြောမယ့်သာ ပြောရတာ ငါလည်းထမင်းဟင်းကို တစ်ခါမှမချက်ဘူးလို့ ဘယ်လိုစချက်ရမယ်ကိုမသိဘူး”

“ငါပြောပြီးသားပဲ၊ နင်တို့သားအမိလောက်ကတော့ ငါကျွေးနိုင်ပါတယ်ဟ”

ဖိုးမောင်က ပြောဆိုရင်း မမယ်ဖြူအားတစ်ချက်ကြည့်လိုက်ကာ

“သြော်၊ ဒါနဲ့မယ်ပျင်း ငါနင်နဲ့စကားနည်းနည်းပြောစရာရှိလို့”

ဖိုးမောင်က ပြောဆိုကာအိမ်ပေါ်မှဆင်းသွားလေသည်။ မယ်ပျင်းကလည်း ဖိုးမောင်အနောက်သို့ဆင်းလိုက်လာခဲ့သည်။ အိမ်နှင့်ဝေးသည့်ခြံဘေးတစ်နေရာသို့ရောက်သည့်အခါ ဖိုးမောင်က စကားစပြောလေသည်။

“ငါနင့်ဆီက အကူအညီနည်းနည်းလိုလို့ မယ်ပျင်းရဲ့”

“အောင်မယ်၊ နင့်လို နေဝင်ဘုရင်ဖြစ်နေတဲ့သူကြီးတစ်ယောက်က ငါ့ဆီက ဘာအကူအညီလိုမှာလဲ”

ဖိုးမောင်မှာ သက်ပြင်းတစ်ချက်ချလိုက်ရင်း

“ဒီလိုဟ ဒီရွာကလူတွေက ရွာကိုစွန့်ပြီး ထွက်ပြေးနေကြတယ်ဟ၊ အဲဒီကိစ္စက ငါခေါင်းခဲစရာဖြစ်လာတယ်၊ တကယ်လို့ တစ်ရွာလုံးက လူတွေကုန်သွားရင် ငါဘယ်သူ့ကိုသွားပြီးအုပ်ချုပ်ရတော့မှာလဲဟ”

“ဒီတော့ နင်ကဘာဖြစ်ချင်တာလဲ”

“ဟိုလေ နင်ကစုန်းဆိုတော့ နင့်တတ်တဲ့စုန်းပညာနဲ့ ဒီလူတွေကို ရွာအပြင်ကိုထွက်ပြေးလို့မရအောင် တားလို့မရဘူးလားဟင်”

“ငါသိပြီဖိုးမောင်၊ ဒါကြောင့် နင်က ငါတို့သားအမိကို စားသောက်စရာတွေလာပေးတာကိုး”

ဖိုးမောင်မှာရယ်လျှက်

“လူဆိုတာက ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် အမှီသဟဲပြုပြီးနေကြရတာမဟုတ်လားမယ်ပျင်းရ”

“ဒါပေမယ့် ငါတတ်ထားတဲ့ပညာမှာ ဒါမျိုးပညာတော့ မရှိဘူးထင်တယ်”

“မလိုပါဘူးမယ်ပျင်းရာ၊ နင်လုပ်တယ်ဆိုတာနဲ့ကို ရွာကလူတွေက ယုံကြည်ကြမှာဟ”

“ငါက ဘယ်လိုလုပ်ရမှာလဲ”

“ဒါကတော့ နင်အဆင်ပြေသလိုလုပ်ပေ့ါဟာ”

“အေး၊ ဒါဖြင့်ရင်လည်း ငါစည်းသုံးစည်းတားပေးမယ်”

ထိုနေ့ညနေမှာပင် မယ်ပျင်းနှင့်သူကြီးဖိုးမောင်တို့လူစုမှာ ရွာပတ်လည်တွင် ထုံးမှုန့်များဖြင့် စည်းတားလေသည်။ စပ်စုသည့် ရွာသားအချို့မှာလည်း လာရောက်ကြည့်ရှုကြသည်။ မယ်ပျင်းက စည်းသုံးစည်းကိုလက်ညှိုးထိုးလိုက်ရင်း

“ကဲ ဟောဒီရွာသားတွေက ဒီရွာကိုစွန့်ခွာထွက်ပြေးမယ်ဆိုတဲ့အကြံနဲ့ ဟောဒီစည်းသုံးစည်းကိုကျော်လိုက်ရင် ချက်ချင်းနှလုံးသွေးရပ်ပြီး သေဆုံးရလိမ့်မယ်၊ ယာထဲဆင်း၊ နွားကျောင်း၊ တောတိုး တောခုတ် ရိုးဖြောင့်တဲ့အကြံနဲ့စည်းကိုဖြတ်ရင်တော့ အသက်ရှင်နိုင်လိမ့်မယ်”

ရွာသားများမှာ မယ်ပျင်းစကားကြားသည့်အခါ ထိတ်လန့်သွားကြသည်။

“ရပြီမဟုတ်လား ဖိုးမောင်”

ဖိုးမောင်မှာ ခေါင်းညိတ်လိုက်လေသည်။ မယ်ပျင်းမှာ စုန်းမဟူသည့်သတင်းမှာ ရွာအတွင်းပြန့်နှံ့နေသဖြင့် ရွာသားများမှာ မယ်ပျင်းတားသည့်စည်းသုံးစည်းကိုကြောက်ရွံ့ကာ မည်သူမှထွက်ခွာမပြေးရဲကြတော့ပေ။

“ဒါနဲ့ နင်ရုပ်တွေအိုစာလိုက်တာ ဖိုးမောင်”

“နင်မေးတော့လည်း ပြောရတော့မှာပါပဲ၊ ငါ့ကို သရဲတွေကလိုက်ပြီးခြောက်လှန့်နေတယ်မယ်ပျင်း၊ ညညဆို ငါအိပ်မရတာနဲ့ အရက်တွေမူးအောင်သောက်ရင်း ငါတောင်အရက်သမားကြီးလုံးလုံးဖြစ်နေတာကြာပေါ့”

“အစိမ်းသရဲလောက်ကတော့ ငါကစာမဖွဲ့ပါဘူး ဖိုးမောင်ရာ၊ မှန်းစမ်း၊ နင့်အိမ်ကိုငါလိုက်ကြည့်ပေးမယ်”

မယ်ပျင်းမှာ ဖိုးမောင်အိမ်ခြံဝန်းဆီသို့ရောက်လာခဲ့လေသည်။ အိမ်ခြံဝန်းသို့လှမ်းဝင်လိုက်သည့်အခါ အိမ်အောက်တွင် လှံသွေးနေသည့် အစိမ်းသရဲတစ်ကောင်ကိုမြင်တွေ့လိုက်ရလေသည်။ မယ်ပျင်းက ထိုလူအားကြည့်ရင်း

“နင့်ကိုသတ်မယ်ဆိုပြီး လူတစ်ယောက်လှံသွေးနေပါလား ဖိုးမောင်ရဲ့”

“ဟုတ်တယ်၊ အဲဒီလူက ညညဆိုရင် ခြံထဲပတ်ပြီး ငါ့ကိုသတ်မယ်ဖြတ်မယ်ဆိုပြီး စိန်ခေါ်နေလို့ ငါဖြင့် အိမ်ပေါ်ကနေ အိမ်အောက်တောင် သိပ်မဆင်းရဲဘူးဟာ”

မယ်ပျင်းက အိမ်အားဆက်ကြည့်ရာ လှေကားရင်းနားတွင် ဦးခေါင်းပြားချပ်နေသည့် ကလေးတစ်ယောက်အားပိုက်ထားသည့် သရဲမတစ်ကောင်ကိုမြင်တွေ့လိုက်ရပြန်သည်။

“ဟိုမှာလည်း ကလေးပိုက်ထားတဲ့ သရဲမတစ်ကောင်ပါလား”

“ဟုတ်တယ်၊ အဲဒီသရဲမက အိမ်ပေါ်တက်လာပြီးတော့ ငါ့အခန်းထဲဝင်လာပြီး ငါ့ကိုအမျိုးမျိုးခြောက်လှန့်နေတာ”

ထိုသရဲများမှာ ဦးရေချမ်း၏ မိသားစုများပင်ဖြစ်သည်။ မယ်ပျင်းက အစိမ်းသရဲများကို ပညာနှင့်ရိုက်ပုတ်ထုတ်ကာ မောင်းနှင်ပေးလိုက်လေသည်။

“ရပြီ ဖိုးမောင်၊ နင့်အိမ်မှာ သောင်းကျန်းနေတဲ့သရဲတွေကို ငါရှင်းထုတ်လိုက်ပြီ”

ထိုအခါ ဖိုးမောင်မှာ ရီဝေေ၀မျက်လုံးများဖြင့် မယ်ပျင်းအားစူးစိုက်ကြည့်နေလေသည်။

“ဟဲ့ဖိုးမောင် ငါ့ကိုဘာဖြစ်လို့ဒီလောက်တောင်ကြည့်နေတာလဲ”

“ငါအမှန်အတိုင်းပြောရရင် နင်က ငယ်ငယ်တုန်းက ရုပ်ဆိုးပေမယ့်၊ အခုကြီးလာတဲ့အခါကျတော့ နင့်ရုပ်က ရွာကကွမ်းတောင်ကိုင်မိန်းကလေးတွေထက်တောင်မှ ချောနေပါလား မယ်ပျင်းရဲ့”

မယ်ပျင်းမှာ ရှက်ပြုံးကလေးတစ်ချက်ပြုံးလိုက်ပြီး

“သွားစမ်းပါဖိုးမောင်ရာ၊ နင်ကတော့ မဟုတ်တာတွေပြောတော့မယ်”

“ငါပြောနေတာ တကယ်ပါ မယ်ပျင်းရာ၊ ခုနက ငါနင့်ကိုခဏကြည့်ရင်း နင့်ရဲ့အလှမှာ နစ်မြောသွားမိတယ်”

မယ်ပျင်းမှာ ဖိုးမောင်စကားကြားသည့်အခါ ရှက်သွားကာ အိမ်ပေါ်မှပြေးဆင်းသွားလေသည်။ ထိုအခါ အခန်းအတွင်းမှချောင်းကြည့်နေသည့် ရွှေခေါကထွက်လာသည်။ ဖိုးမောင်မှာ မယ်ပျင်းအား မျက်စိတစ်ဆုံးငေးမောကြည့်နေမိသည်။

“ဘယ်လိုလဲဖိုးမောင်ရဲ့ စုန်းမလေးကို ရင်ခုန်သွားပြီလား”

“အမှန်ပဲကိုရွှေခေါရာ၊ မယ်ပျင်းက စုန်းဆိုပေမယ့် လှရက်လေခြင်းဗျာ၊ ကျုပ်ဖြင့် သူ့မျက်နှာကလေးကြည့်ရင်း စိတ်ထဲချစ်တာလိုလို ကြိုက်ချင်တာလိုလို တစ်မျိုးကြီးဖြစ်လာတယ်”

“ခင်ဗျားလည်း လူပျိုလူလွတ်ဆိုတော့ မိန်းမချောမြင်ရင် ရင်ခုန်မိမှာပေါ့ ဖိုးမောင်ရာ၊ ဒါပေမယ့် ခင်ဗျားသူ့ကိုလက်ထပ်လို့မရဘူး၊ ခင်ဗျားသူ့ကို ယူလို့မရဘူး”

“ဟင်၊ ဘာဖြစ်လို့လဲ”

“သူက စုန်းမလေဗျာ၊ ခင်ဗျားလိုသူကြီးက စုန်းမကိုယူတယ်ဆိုရင် ဘယ်ကြားကောင်းတော့မှာလဲဗျ”

“ဒါဖြင့် ကျုပ်က ဘယ်သူ့ကိုယူရမှာလဲ”

“ခင်ဗျားအတွက် ကျုပ်အားလုံးစီစဉ်ပြီးသားပါ ဖိုးမောင်၊ ခင်ဗျားက သူကြီးဆိုပေမယ့် ရွာကလူတွေနဲ့ စိမ်းနေသေးတယ်၊ ခင်ဗျားအနေနဲ့ ရွာနဲ့ပတ်သက်ပြီး ဆက်နွယ်မှုတစ်ခုလုပ်ဖို့လိုအပ်တယ်၊ ဒါကြောင့် ရပ်မိရပ်ဖလည်းဖြစ် ရွာခံလည်းဖြစ်တဲ့ ဦးငွေတိုးရဲ့သမီးကို ခင်ဗျားယူရမယ်”

“ဟာဗျာ၊ အဲဒီမိန်းကလေးက ရုပ်မှသိပ်မချောတာပဲမဟုတ်လား”

“ရုပ်ချောတာထက် ကျုပ်တို့အကြံအစည်က ပိုပြီးအရေးကြီးတယ် ဖိုးမောင်၊ ဦးငွေတိုးက ရပ်မိရပ်ဖလည်းဖြစ်၊ ဆွေကြီးမျိုးကြီးလည်းဖြစ်၊ ရွာထဲမှာလည်း သာရေးနာရေးဆိုရင် သူ့သြဇာရှိသေးတာကြောင့်မို့ သူ့သမီးကိုသာ ခင်ဗျားယူလိုက်ရင် သူတို့မိသားစုနဲ့ ဆွေမျိုးတွေဖြစ်သွားမယ်၊ တစ်နည်းပြောရရင်တော့ ဦးငွေတိုးရဲ့အရှိန်အဝါတွေ သြဇာတွေက ခင်ဗျားဆီကိုရောက်လာမှာပါ၊ ခင်ဗျားက ဦးငွေတိုးသမက်ဖြစ်သွားရင် ဦးငွေတိုးကိုယ်တိုင်က ခင်ဗျားဘက်ပါသွားပြီပေါ့ဗျာ”

ဖိုးမောင်မှာ ရွှေခေါအကြံအစည်ကြောင့် ခေါင်းညိတ်လိုက်ရသော်လည်း မျက်စိထဲတွင်တော့ မယ်ပျင်း၏ ရုပ်ပုံများသာ ဓါတ်ပုံရိုက်ထားသည့်နှယ် စွဲမြဲစွာမြင်ယောင်နေမိသည်။