စာစဉ်(၆၂)
(၁)
“တို့ရွာတော့ ဒုက္ခပါပဲတော်၊ အရင်ကတော့ သူကြီးဆိုးကိုကြောက်နေရတာ အခုတစ်ပူပေါ်တစ်ပူဆင့်ပြီး စုန်းမကိုပါကြောက်နေရပြီ”
ရွာလယ်သုံးရေတွင်းအနီးတွင် အဝတ်လျှော်နေကြသည့် မိန်းမကြီးများက စကားစမြည်ပြောဆိုနေကြခြင်းဖြစ်သည်။
“ဟုတ်ပါရဲ့၊ ဒါနဲ့ အဲဒီစုန်းမက တော်တော်စွမ်းတယ်ဆို”
“မယ်ပျင်းဆိုတာ ငယ်ငယ်ကလေးတည်းက စွမ်းတာအေ့၊ အထက်လမ်းဆရာကြီးတွေကို သတ်ခဲ့တာသူပေါ့အေ”
“ခုလည်း ဒီစုန်းမက ရွာပြင်မှာ စည်းသုံးစည်းတားထားသတဲ့တော်၊ ရွာကနေထွက်ပြေးမယ်ဆိုတဲ့စိတ်နဲ့ စည်းသုံးစည်းကိုဖြတ်ရင် သေမတဲ့တော့”
“ဟုတ်ချင်မှလည်းဟုတ်မှာပါ ညည်းတို့ကလည်း”
“အို မယုံရင်လည်း တစ်ခါလောက်ဖြတ်ကြည့်ကြပေါ့တော်၊ အဲဒီအခါကျရင် သေမလားရှင်မလားဆိုတာ သိရပြီမဟုတ်လား”
“ဟဲ့ သူများကိုမပြောနဲ့ ညည်းဖြတ်ကြည့်ပါလားဟဲ့”
“ကျုပ်က ယုံတယ်တော့၊ မယုံတာ ရှင်တို့မဟုတ်လား ရှင်တို့ယောက်ျားတွေကိုဖြတ်ခိုင်းပါလား”
“ယောက်ျားတွေဆိုလို့ ငါ့ယောက်ျားအခုတော်တော်ပျက်စီးနေတယ်၊ အရင်ကဆိုရင် ညနေလောက်ရောက်မှ အရက်ကလေးတမြမြနဲ့နေတတ်တာအေ့၊ အခုဆို မနက်မိုးလင်းတာနဲ့တင် သူကြီးဖွင့်ထားတဲ့အရက်ဆိုင်ကို တန်းပြီးပြေးတာပဲ”
“ကျုပ်လင်ရော ဘာထူးလို့လဲ၊ ညညဆိုရင် သောက်လိုက်တဲ့အရက်၊ ဘာအရသာရှိလို့သောက်မှန်းတော့မသိပေမယ့် မနက်ဆိုရင်ခေါင်းကိုက်တယ်ဆိုပြီး ယာခင်းထဲဆင်းဖို့ကိုတောင်မှ တော်တော်ပြောယူနေရတယ်”
ထိုအခါ အဝတ်အထည်များကို လက်ရိုက်တုတ်နှင့်ရိုက်နေသည့် မိန်းမကြီးတစ်ယောက်က
“ညည်းတို့လင်တွေကတော်သေးတာပေါ့၊ သောက်ပဲ သောက်တတ်တာ၊ ငါ့လင်ဆိုရင် အရက်သောက်ရုံမကဘဲ ကြက်ဝိုင်း လောင်းကစားဝိုင်းတွေဘက်ပဲ ခြေဦးလှည့်နေလို့ ယာခင်းထဲမဆင်းနိုင်တာကြာပေါ့၊ လောင်းကစားလုပ်ရင်း ရှုံးလာတဲ့အခါကျရင် ငါ့ကိုမူးပြီးရိုက်သေးတယ်၊ မနေ့ကလည်း လောင်းကစားလုပ်ဖို့အရင်းအနှီးမရှိလို့ဆိုပြီး ငါ့နားရွက်က နားဋောင်းကို အတင်းချွတ်ယူသွားတာ၊ အခုနားပေါက်ဟောင်းလောင်းဖြစ်နေပါပေါ့လား”
အဝတ်လျှော်နေသည့်မိန်းမများမှာ ထိုမိန်းမကြီးကိုကြည့်ကာ စုတ်တသပ်သပ်ဖြစ်နေကြလေသည်။
“ဒါတွေအားလုံး ဘယ်သူ့ကြောင့်ဖြစ်ရတယ်ဆိုတာ သိကြတယ်မဟုတ်လားတော့”
“သိပါ့တော်၊ အဲဒါ ဟိုသူကြီးစုတ်ကြောင့်ပဲ၊ ရွာထဲအရက်ခိုးချက်ပြီး အရက်တွေဖောချင်းသောချင်းဖြစ်နေမှတော့ ရွာကလူတွေ အရက်သမားမဖြစ်ပဲနေမလား၊ လောင်းကစားရုံတွေပေါ်ပေါ်တင်တင်ဖွင့်ထားပြီး နေ့ရှိတိုင်းလောင်းကစားပွဲတွေလုပ်နေမှတော့ မမွဲတဲ့လူရှိမလားအေ့”
“ဟုတ်ပါ့၊ ဒါတွေအားလုံးဒင်းကြောင့်ပဲ၊ ဒင်းမြန်မြန်သေတော့မှ ငါတို့အားလုံးအေးချမ်းသွားမှာ”
“ဟုတ်ပါ့တော်၊ သာသနာစောင့်နတ်မင်းကြီးများ ဒီလူယုတ်မာကို ဒီအတိုင်းကြည့်မနေကြပါနဲ့ ဝရဇိန်လက်နက်လွှတ်ပြီး ဒင်းခေါင်းကိုရှစ်စိတ်ကွဲသွားအောင် မိုးကြိုးပစ်ချလိုက်စမ်းပါတော်”
“အောင်မယ်လေး သူ့ကိုတော့ မိုးကြိုးကပစ်မလား၊ အခုသူက ဘုရားဒကာဘွဲ့ခံချင်လို့ ရွာထိပ်မှာ ဘုရားကြီးတည်နေတာမမြင်ဘူးလား”
“ဒင်းက ဘုရားဒကာဘွဲ့ခံလည်း မထူးပါဘူးအေ၊ ငရဲအိုးချိုးကပ်မယ့်အကောင်က ချိုးကပ်မှာပဲ၊ ဘုရားတည်တာကိုက သူကြီးဘုရား ရွာသားကောင်းမှုဆိုသလိုပါ၊ ယောက်ျားတွေကို ချောဆွဲပြီးတော့ အုတ်ဖုတ်ခိုင်းတယ်၊ တစ်အိမ်တစ်ယောက် မထွက်မနေရဆိုပြီး လုပ်အားလည်းပေးရသေးတယ်၊ နောက်တော့ ဘုရားအတွက်အလှူငွေဆိုပြီး ဓါးပြတိုက်သလို တစ်အိမ်တက်ဆင်းကောက်နေတာမဟုတ်လား၊ ဒင်းရဲ့အလှူပစ္စည်းက မဖြူစင်တော့ ဒင်းလည်းကုသိုလ်ရမယ်မထင်ပါဘူး”
ထိုမိန်းမကြီးများစကားပြောနေကြသည်ကို ရွှေခေါက ကြားသွားလေသည်။ ရွှေခေါထွက်လာသည့်အခါ မိန်းမကြီးများမှာ တစ်ယောက်နှင့်တစ်ယောက် မျက်စပစ်ပြပြီး စကားလမ်းကြောင်းလွှဲလိုက်ကြလေသည်။ ဖိုးမောင်သူကြီးဖြစ်ပြီးသည့်နောက် ရွှေခေါမှာလည်း သူဌေးတစ်ဦးသဖွယ်ဖြစ်သွားလေသည်။ ရွာထဲတွင် အိမ်ကြီးရခိုင်ဆောက်လုပ်နေထိုင်ပြီး ကျေးကျွန်များ၊ လူယုံများ၊ အခြွေအရံများနှင့် နေထိုင်လေသည်။ ဖိုးမောင်က ငွေကြေးကိစ္စများကို ရွှေခေါအားလွှဲအပ်ထားသည်မို့ ရွှေခေါမှာ ရွာမှအကောက်များကောက်ကာ ချမ်းသာကြွယ်ဝနေလေသည်။ ဖက်လိပ်ရွာသူ လေးဦးနှင့်အိမ်ထောင်ရက်သားကျကာ သားသမီးများနှင့် ပြည့်ပြည့်စုံစုံနေထိုင်လေသည်။ ဝတ်စားသည့်အခါတွင်လည်း ပိုးသား၊ ဖဲသားများကိုသာ ဝတ်ဆင်ပြီး ရွာထဲသို့ထွက်သည့်အခါတွင်လည်း ထီးဝိုင်းကြီးကို မိုးကာလမ်းလျှောက်ထွက်တတ်လေသည်။
ဖိုးမောင်မှာတော့ အကောင်းစားအဝတ်အစားများကိုဝတ်ဆင်သော်လည်း ဘိုသီဘတ်သီနှင့် သူကြီးတစ်ယောက်၏ ရုပ်ပုံစံမထွက်သော်လည်း ရွှေခေါမှာတော့ သူကြီးမင်းတစ်ယောက်၏ ဆိုက်ဂိုက်မျိုး ဖမ်းယူထားလေသည်။
ဖိုးမောင်မှာ အရက်ပုလင်းကြီးကိုင်ဆောင်လျှက်ပင် ရွာထိပ်တွင်တည်နေသည့် ဘုရားကြီးကိုထွက်ကြည့်လေသည်။ ရွာသူရွာသားများကို အတင်းအဓမ္မလုပ်အားပေးကာ ခိုင်းစေသည်မို့ ရွာသားများမှာ မလုပ်ချင်လုပ်ချင်နှင့်လုပ်နေကြလေသည်။ သူကြီးကိုယ်တိုင် ကြိမ်လုံးကြီးလက်တစ်ဖက်က ကိုင်ကာ ရွာသားများအလုပ်လုပ်နေသည့်နေရာသို့ဆင်းခဲ့လေသည်။ အုတ်သယ်နေသည့် ရွာသားများကို ကြိမ်လုံးနှင့်ဝင်ရိုက်နှက်ကာ
“အပါးမခိုကြနဲ့ သွက်သွက်လက်လက်လုပ်ကြပါဟ၊ မင်းတို့လုပ်နေတာ ကောင်းမှုကုသိုလ်လုပ်နေတာနော်၊ မင်းတို့ကုသိုလ်တွေအများကြီးရမယ့်အရေးကို တက်တက်ကြွကြွလုပ်ကြစမ်းပါကွ”
သူကြီးမှာ ကြိမ်လုံးတစ်ချောင်းဖြင့် ရွာသားများကိုရိုက်နှက်နေလေသည်။ သူကြီးလူယုံများကလည်း ကြိမ်လုံးများဖြင့် ရိုက်နှက်ကာ ခိုင်းစေကြသည်။ ထိုအခိုက် ရွှေခေါရောက်လာလေသည်။
“ဒီဘုရားကြီးပြီးသွားရင်တော့ တော်တော်ခန့်ညားပြီးထည်ဝါမှာပဲ ဖိုးမောင်”
“ကျုပ်အမေအတွက်ရည်စူးပြီး တည်တဲ့ဘုရားက ဟောဒီဒေသက ဘုရားတွေထက်ပိုပြီးကြီးရမယ်၊ ပိုပြီးမြင့်ရမယ်ဗျ ဟား ဟား”
“ဒါနဲ့ ရွာထဲကလူတွေက ခင်ဗျားရဲ့မကောင်းကြောင်းတွေကို ပြောဆိုနေတဲ့အပြင် ခင်ဗျားကိုလည်း မြန်မြန်သေပါစေဆိုပြီး ကျိန်စာတိုက်နေကြတယ်”
“ဟင်၊ ဟုတ်လား ဘယ်သူပြောတာလဲ၊ ပြောတဲ့လူကို ကျုပ်သတ်ပစ်မယ်”
“ခင်ဗျားသတ်မယ်ဆိုရင် တစ်ရွာလုံးကုန်သွားမှာပေါ့၊ ဒီကိစ္စကို မပေါ့နဲ့ဖိုးမောင်၊ ခင်ဗျားတစ်ယောက်လောက်ကိုဖြစ်ဖြစ် မှတ်လောက်သားလောက်အောင် ဆုံးမထားရမယ်”
ဖိုးမောင်မှာ ခေါင်းညိတ်လိုက်ပြီး အရက်ပုလင်းကိုမော့သောက်လျှက် နောက်လိုက်နောက်ပါများနှင့်အတူ ရွာထဲသို့ဝင်သွားကြလေသည်။ ထိုအချိန် ရွှေခေါ၏ လူယုံမှာ အနားသို့တိုးကပ်လာပြီး
“ဒါနဲ့ သခင်ကြီးကိုတစ်ခုမေးပါရစေ၊ သခင်ကြီးက အကြံကောင်းပေးတယ်ဆိုပြီးတော့ ဘာဖြစ်လို့သူကြီးကို အဆိုးဘက်ကိုပဲ တွန်းပို့နေရတာလဲ”
ထိုအခါ ရွှေခေါက သွားခေါခေါကြီးများပေါ်အောင်ရယ်မောလိုက်ကာ
“လူဆိုတာ လူဆိုးလူယုတ်မာတွေနဲ့ တွေ့ကြုံကြရတော့မှ လူကောင်းတွေကို တမ်းတမိကြတာ ထုံးစံပဲမဟုတ်လား”
“ကျွန်တော့်နားထဲသိပ်မရှင်းဘူးသခင်ကြီး”
“ဖိုးမောင်ကို အဆိုးဘက်ကိုတွန်းပို့တယ်ဆိုတာက ဒီရွာကလူတွေက ဖိုးမောင်ရဲ့ဆိုးရွားတဲ့စရိုက်တွေကို ကြုံတွေ့ပြီး ဖိုးမောင်ကိုစက်ဆုပ်လာကြမယ်၊ ရွံ့ရှာလာကြမယ်၊ ဖိုးမောင်လို သူကြီးဆိုးအုပ်ချုပ်တဲ့အချိန်မှာ သူကြီးကောင်းတစ်ယောက်ပေါ်ထွန်းလာဖို့ကို မျှော်လင့်ကြမယ်မဟုတ်လား”
“ဒါဆို သခင်ကြီးဆိုလိုချင်တာက အဲဒီသူကြီးကောင်းက သခင်ကြီးပဲပေါ့”
“မှန်လိုက်လေကွာ၊ အခုအချိန်အထိ ငါဒီရွာမှာနေပြီး မကောင်းတာဘာလုပ်ခဲ့လို့လဲကွ၊ ငါက ရွာသားတွေရဲ့စိတ်ထဲမှာ လူကောင်းတစ်ယောက်လို့ထင်အောင်နေထိုင်ခဲ့တယ်မဟုတ်လား၊ ရွာသားတွေထဲက လယ်သမား၊ ယာသမားတွေကို စိုက်ဖို့ပျိုးဖို့အတွက် အရင်းအနီးတွေထုတ်ပေးတယ်၊ မရှိဆင်းရဲသားတွေကို တတ်နိုင်သလောက်လှူဒါန်းနေတယ်ဆိုတာ တခြားကြောင့်မှ မဟုတ်တာပဲ”
“ဒါဆိုသခင်ကြီးက သူကြီးဖိုးမောင်သေသွားတဲ့အခါ ဒီရွာမှာသူကြီးတက်လုပ်ဖို့ စိတ်ကူးထားတယ်ထင်ပါ့”
“ဟား၊ ဟား ဖိုးမောင်သေဖို့မလိုပါဘူးကွာ၊ ဖိုးမောင်ဆိုတာ ငါ့လက်နဲ့သူကြီးနေရာကို ဆွဲတင်ပေးထားရတဲ့လူပါကွ၊ သူ့လိုလူကိုငါက အချိန်မရွေးဆွဲချလို့ရပါတယ်”
“ဒါဆိုရင် မကြာခင်သူကြီးတစ်ယောက် ကြမ္မာငင်မယ့်အချိန်ကိုရောက်လာတော့မှာပေါ့နော်”
“သူအဆိုးတွေအများကြီးလုပ်တာကို လူတွေသဲညည်းမခံနိုင်တဲ့နေ့ကျရင် သူအဆုံးသတ်တော့မှာပါကွာ၊ ဘယ်အချိန်လောက်လဲဆိုရင် ဒီဘုရားကြီးပြီးလောက်တဲ့အချိန်ပေါ့”
“ဘုရားပြီးတာနဲ့ သူကြီးနဲ့ဘာဆိုင်လို့လဲသခင်ကြီး”
“ဗမာတွေဆိုတာ အတိတ်တဘောင်တွေကို ယုံကြည်ကြတယ်မဟုတ်လား၊ ဘုရားပြီးရင် သူကြီးကောင်းပေါ်မယ်ဆိုတဲ့ စာချိုးကို ကလေးတွေကို မုန့်ပေးပြီးရွတ်ခိုင်းမယ်၊ ဒီဘုရားကြီးကလည်း သိပ်ပြီးခိုင်ခံ့မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ဘုရားကိုတည်ဆောက်တဲ့တာဝန်ကို ငါကပဲယူထားရတာ၊ ဖိုးမောင်က ဘာနားလည်လို့လဲ”
“သခင်ကြီးအကြံကိုကျုပ်သိပြီ၊ ဘုရားကြီးပြိုတဲ့နေ့ ရွာသားတွေလည်း အတိတ်တဘောင်မှန်တယ်ဆိုပြီး သူကြီးကိုရန်ရှာတဲ့နေ့မှာ သခင်ကြီးက အချိန်ကိုက် နေရာကောင်းဝင်ယူပြီး သူကြီးမင်းလုပ်မယ် ကြံရွယ်ထားတယ်မဟုတ်လား”
“သိပ်ဟုတ်တာပေါ့ကွာ၊ အခုငါယူထားတဲ့ မယားလေးယောက်ဆိုတာကလည်း ရပ်မိရပ်ဖလိုဖြစ်နေတဲ့ ရွာထဲကဆွေကြီးမျိုးကြီးတွေရဲ့ သမီးတွေပဲမဟုတ်လား၊ မင်းစောင့်ကြည့်နေစမ်းပါ၊ ဖိုးမောင်ပြုတ်ကျသွားတဲ့နေ့မှာ ငါ့ကိုရွာခံတွေက ထောက်ခံပြီး ငါက သူကြီးတစ်ယောက်ဖြစ်ကိုဖြစ်စေရမယ်ကွ”
“သခင်ကြီးအကြံအစည်ကတော့ ပိုင်ပါပေတယ်ဗျာ”
ရွှေခေါနှင့် လူယုံတို့မှာ ကြည်နူးစွာဖြင့် ပြုံးလိုက်ကြလေသည်။
(၂)
မယ်ပျင်းမှာ အိမ်ရှေ့ခန်းတွင်ထိုင်နေလေသည်။ မမယ်ဖြူမှာ ရေအိုးတစ်ခုကိုယူဆောင်လာခဲ့သည်။
“သမီးရေ အိမ်မှာသုံးဖို့ သုံးရေမရှိဘူး၊ အမေအဲဒါ ရွာထဲသွားပြီး ရေသွားငင်လိုက်အုံးမယ်”
“အမေရယ်၊ ရေကိုဘာဖြစ်လို့ငင်နေမှာလဲ ပင်ပန်းပါတယ်”
“ဟဲ့ ရေမငင်တော့ အမေတို့ဘယ်ကရေကိုသုံးမလဲ”
မယ်ပျင်းမှာ အိမ်အောက်သို့ဆင်းလာခဲ့သည်။ အိမ်ဘေးဘက်တွင်ရှိသည့် ရာဝင်အိုးကြီးနှစ်လုံးနှင့် ရေအိုးကလေးတစ်လုံးမှာ ရေမရှိဘဲခြောက်ကပ်နေလေသည်။ မယ်ပျင်းက ရေအိုးကလေးကို လက်ဖြင့်ထိကိုင်လိုက်ပြီးနောက် ရေမုဒြာပုံစံလက်ကိုပြုလုပ်လိုက်သည်။ ထို့နောက် ရေချက္ကရတံခါးကိုဖွင့်လိုက်ပြီး စွမ်းအင်များကို ရေအိုးကလေးဆီသို့လက်အတွင်းမှတစ်ဆင့်ပို့လွှတ်လိုက်လေသည်။ ထိုအခါ ရေအိုးကလေးမှာ ရေများတဖြည်းဖြည်းပြည့်ထွက်လာကာ အိုးနှင့်အပြည့်ဖြစ်သွားလေသည်။ ရေအိုးကလေးနှုတ်ခမ်းပေါ်သို့ပင် ရေများမှာကျော်လွန်သွားကာ လျှံကျလာလေသည်။
“ကဲ အမေ၊ ရေလိုရင် အဲဒီအိုးကလေးထဲကသာ ခပ်ပြီးသုံးပေတော့”
“သမီးရယ်၊ နင့်အိုးက သေးသေးလေးဟဲ့ အမေတို့သားအမိ ဘယ်လိုလုပ်ပြီးသုံးလောက်မှာလဲ”
“အမေကလည်း သုံးမှာသာ သုံးစမ်းပါ၊ ဟောဒီရေအိုးက ရေလျှံအိုးဖြစ်သွားပြီအမေရဲ့၊ အမေသုံးရင်သုံးသလောက် ရေဟာကုန်သွားတယ်မရှိဘဲ ပြန်ပြီးပြည့်လာလိမ့်မယ်”
မမယ်ဖြူမှာ လက်အတွင်းမှရေအိုးနှင့် ရေအိုးကလေးထဲမှ ရေတစ်အိုးခပ်ယူလိုက်လေသည်။ ထိုအခါ ရေအိုးကလေးထဲတွင် ရေများလျော့ဆင်းသွားသော်လည်း မကြာခင်မှာပင် ရေများမှာအလိုလိုပြန်ပြည့်လာကာ ရေအိုးကလေးနှုတ်ခမ်းသို့တိုင်ပြည့်လျှံကာ အပြည့်ပြန်ဖြစ်သွားလေသည်။
“ထူးဆန်းလိုက်တာ သမီးရယ်၊ ဒါနဲ့ သောက်ရေသွားငင်စရာမလိုအောင် သောက်ရေအိုးကလေးကိုလည်း အဲဒီလိုလုပ်ပေးစမ်းပါ”
မယ်ပျင်းမှာ အိမ်ပေါ်သို့တက်လာသည့်အခါ အိမ်ဦးခန်းတွင် အဘွားကြီးတစ်ယောက် ဆောင့်ကြောင့်ထိုင်နေသည်ကိုတွေ့ရလေသည်။ မယ်ပျင်းက ထူးဆန်းသွားပြီး
“အလို ဘယ်ကအဘွားကြီး ဒီကိုရောက်လာတာလဲ”
မမယ်ဖြူမှာ အိမ်ပေါ်သို့တက်လာရင်း
“အို ဘွားချမ်းသာကြီးတောင်ရောက်နေပါလား”
“အေးဟယ်၊ ဒီကောင်မလေးက ငါ့ကိုမသိဘူးတဲ့”
မမယ်ဖြူမှာ ဘွားချမ်းသာအနီးတွင်ဝင်ထိုင်လိုက်ပြီး
“ဟောဒါ ဘွားချမ်းသာပေါ့သမီးရဲ့၊ အမေ့ကိုစောင့်ရှောက်ပေးခဲ့တယ်ဆိုတာလေ”
မယ်ပျင်းက ဘွားချမ်းသာကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး
“စောင့်ရှောက်တယ်ဆိုရင်လည်း မရူးအောင်စောင့်ရှောက်ပါတော့လား”
“ဒါကတော့ သူများကိစ္စထဲ ဓါးခုတ်ရာ လက်ဝင်မလျှိုချင်ဘူးအေ့၊ ဒါပေမယ့် မယ်ဖြူ့ကိုတော့ ငါစောင့်ရှောက်ခဲ့တာအမှန်ပဲ၊ မယ်ဖြူသွက်သွက်ခါအောင်ရူးနေတဲ့အချိန် တွေ့တဲ့လူတွေက ပေးချင်ကမ်းချင်လာအောင်၊ တောင်းစားစရာမလိုအောင် ငါကူညီပေးခဲ့တာပဲ”
“အခုရော ကူညီထားတာတွေကို ကျေးဇူးပြန်ဆပ်တာခံချင်လို့ အိမ်ကိုလာခဲ့တာလား”
ထိုအခါ မမယ်ဖြူက မယ်ပျင်းအားတားမြစ်လိုက်လေသည်။ ဘွားချမ်းသာက ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို မီးရဲနေအောင်တစ်ချက်ဖွာလိုက်ပြီးနောက်
“မတားစမ်းပါနဲ့မယ်ဖြူရယ်၊ ညည်းသမီးက စကားကို ဒိုးဒိုးဒေါက်ဒေါက်ပြောတတ်တာပဲ၊ ငါကလည်း အဲဒါမျိုးမှကြိုက်တာအေ့”
“ဒါနဲ့ အခုဘာကိစ္စနဲ့အိမ်ကိုရောက်လာတာလဲ ဘွားချမ်းသာ”
“ညည်းသမီးက တယ်စွမ်းတယ်လို့ကြားလို့ လာကြည့်တာပါအေ၊ ရေလျှံအိုးလုပ်တာကိုတော့ ငါသဘောကျသဟေ့”
“ဘွားချမ်းသာတောင် ဒါမျိုးလုပ်တတ်ရဲ့လား”
“ညည်းက ငါ့ကိုစိန်ခေါ်နေတာပဲမယ်ပျင်းရဲ့၊ ကိုင်း ဟောဟိုက သောက်ရေအိုးယူလာခဲ့ဟေ့”
မမယ်ဖြူက သောက်ရေအိုးကလေးကို ပြေးယူလိုက်လေသည်။ သောက်ရေအိုးမှာ သဲအိုးကလေးဖြစ်ကာ ခပ်ရွယ်ရွယ်အနေအထားရှိသည်။ အိမ်သားများသည့် အိမ်တွင်သောက်ရေအိုးအကြီးကြီးများကို ထားတတ်ကြသော်လည်း အိမ်သားနည်းသည့် မယ်ပျင်းတို့အိမ်တွင်တော့ သောက်ရေအိုးမှာ ခပ်သေးသေးသာဖြစ်သည်။
ဘွားချမ်းသာမှာ သောက်ရေအိုးဖင်ဘက်အား လက်ညိုးတစ်ချောင်းဖြင့်ထိုးလိုက်ကာ သောက်ရေအိုးကိုစွေ့ခနဲဆွဲတင်လိုက်လေသည်။ ဘွားချမ်းသာ၏ လက်ညှိုးပေါ်တွင် သောက်ရေအိုးမှာ ဟန်ချက်ညီစွာဖြင့် တည်ရှိနေသည်မှာ အံ့သြစရာပင်ကောင်းလှသည်။ ဘွားချမ်းသာက သောက်ရေအိုးကိုတစ်ချက်ကြည့်လိုက်ပြီး
“ဟဲ့ စောက်အိုးထဲ စောက်ရည်တွေပြည့်စမ်း”
ကြမ်းကြမ်းတမ်းတမ်းပြောဆိုလိုက်သည့်အခါ သောက်ရေအိုးထဲတွင်ရေများပြည့်လာပြီး သောက်ရေအိုးနှုတ်ခမ်းဝအထိပြည့်လျံသွားတော့သည်။
“ညည်းလောက်ကတော့ ငါလည်းလုပ်နိုင်ပါတယ်မယ်ပျင်းရဲ့”
“ဟဲ့ သမီးဘာလုပ်နေတာလဲ၊ ဘွားချမ်းသာကြီးကို လက်အုပ်ချီပြီးတောင်းပန်လိုက်လေ”
မယ်ပျင်းမှာ အမေဖြစ်သူတိုက်တွန်းသဖြင့် လက်အုပ်ချီလိုက်ကာ
“ဘွားချမ်းသာကို ပြောမှားဆိုမှားရှိရင် တောင်းပန်ပါတယ်”
“ရပါတယ်အေ၊ ငါက အပြစ်မယူပါဘူး၊ ငါလည်း ပြောစရာရှိရင်ပြောတယ်၊ လုပ်စရာရှိရင်လုပ်တယ်၊ ဒါနဲ့ ငါအခုလာရတာက နင်က ပဆစ်ပစ်တဲ့နေရာမှာ တော်တော်ကျွမ်းကျင်တယ်လို့ကြားဖူးတယ်”
မယ်ပျင်းမှာခေါင်းညိတ်လိုက်လေသည်။
“ငါလည်း ပဆစ်ပစ်တာဝါသနာပါတယ်၊ အခုလည်း ပျင်းနေတာနဲ့အတော်ပဲ၊ နင်နဲ့ငါနဲ့တစ်ပွဲတစ်လမ်းလောက် ဆော့ကြည့်ကြမလား”
“ဘွားချမ်းသာက ပြောနေမှတော့ ဆော့ကြတာပေါ့ရှင်”
ဘွားချမ်းသာမှာ ကြမ်းပြင်ကိုလက်နှင့်ပွတ်သပ်လိုက်သည့်အခါ အကွက်အကွက်များဖော်ထားသည့် သစ်သားပဆစ်အိမ်တစ်ခုပေါ်ပေါက်လာခဲ့သည်။ ထိုပဆစ်အိမ်ပေါ်တွင် မြေခွက်တစ်ခုကိုတင်လိုက်ကာ မယ်ပျင်းအားကြည့်လိုက်လေသည်။
မယ်ပျင်းကလည်း လက်သီးကိုဆုပ်လိုက်ရင်း လေနှင့်မှုတ်လိုက်ပြီးနောက် လက်သီးဆုပ်အားပြန်ဖွင့်လိုက်သည့်အခါ ကြွေအန်စေ့ကလေးများ လက်အတွင်းပေါ်ပေါက်လာလေသည်။ သို့နှင့် မယ်ပျင်းနှင့် ဘွားချမ်းသာတို့မှာ ပဆစ်ဆော့ကစားကြလေသည်။ မမယ်ဖြူမှာတော့ နံဘေးမှထိုင်သာကြည့်နေလေသည်။
မယ်ပျင်းနှင့်ဘွားချမ်းသာတို့ ပဆစ်ဆော့ကစားကြသည်မှာ လက်ရည်တူသည်ဟုဆိုနိုင်ပေသည်။ ထိုသို့ဆော့ကစားနေရင်း အိမ်ပေါ်သို့ဖိုးမောင်က တက်လာခဲ့သည်။
“ကြီးဒေါ် မယ်ပျင်းရှိသလား”
မယ်ပျင်းက ဖိုးမောင်ဘက်သို့လှည့်ကြည့်လိုက်သည့်အခါ ဖိုးမောင်က အိမ်ရှေ့ခန်းတွင်ဝင်ထိုင်လိုက်လေသည်။ မယ်ပျင်းက ဘွားချမ်းသာဘက်သို့လှည့်ကြည့်လိုက်သည့်အခါ ဘွားချမ်းသာလည်းမရှိတော့သလို ပဆစ်အိမ်နှင့်ပဆစ်ဆော့ကစားသည့် ပစ္စည်းများလည်းမရှိတော့ပေ။
“အေး ဖိုးမောင်၊ နင်ဘာပြောချင်လို့လဲ”
“ဒီလိုပါ ငါသူကြီးဖြစ်လာတော့ ရွာကလူတွေက ငါ့မကောင်းကြောင်းတွေကို သားပုပ်လေလွင့်ဆိုသလို ပြောဆိုကြတယ်ဟ”
“ဖိုးမောင်ရယ်၊ လူဆိုတာက တစ်ယောက်မကောင်းကြောင်း တစ်ယောက်ပြောတာ ဘာဆန်းလို့လဲ”
“သာမန်လူဆိုရင်တော့ မဆန်းပေမယ့် ငါကဒီရွာကိုအုပ်ချုပ်နေတဲ့ သူကြီးဆိုတော့ ဒီလိုစကားတွေ များများပြောလာရင် ငါ့ဂုဏ်သိက္ခာကိုထိခိုက်နိုင်တယ်မဟုတ်လား”
“ဟုတ်တာပေါ့သမီးရဲ့၊ သူကြီးဆိုတာ သိက္ခာက အရေးကြီးတယ်မဟုတ်လား”
“ဒီတော့နင်ကဘယ်လိုဖြစ်ချင်တာလဲဖိုးမောင်”
“ဒီကိစ္စနဲ့ပတ်သက်ပြီး နင်တစ်ခုခုကူညီနိုင်မယ်လို့ ငါထင်တယ် မယ်ပျင်း”
မယ်ပျင်းမှာ အတန်ကြာအောင်စဉ်းစားလိုက်ပြီးမှ ခေါင်းညိတ်လိုက်လေသည်။
“အင်းလေ၊ ငါကူညီပေးပါ့မယ်”
ဖိုးမောင်မှာ ပျော်ရွှင်သွားလေသည်။ မယ်ပျင်းက ညနေစောင်းသည့်အခါ ရေတွင်းဆီသို့လာခဲ့လေသည်။ ရေတွင်းတွင် ရေခပ်နေသူများမှာ ရွာအတွင်းမှအကြောင်းများကို ပြောဆိုနေကြသည်။ အများအားဖြင့် သူကြီးဖိုးမောင်၏ ယုတ်မာရိုင်းစိုင်းမှုများနှင့် စုန်းမ မယ်ပျင်းတို့သားအမိအကြောင်းကို ဟုတ်တာရော မဟုတ်တာများပါဖြည့်စွက်ပြီး ပါးစပ်အရသာခံကာ ပြောဆိုကြခြင်းဖြစ်သည်။
မယ်ပျင်းရောက်လာသည့်အခါ ရေခပ်နေသူများမှာ ကြောက်ရွံ့သွားသဖြင့် အနောက်သို့ဆုတ်ပေးလိုက်ကြသည်။ မယ်ပျင်းက ရေခပ်နေသည့်မိန်းမများကိုတစ်ချက်ကြည့်လိုက်ကာ
“ညည်းတို့ဘာအကြောင်းတွေပြောဆိုနေကြတာလဲအေ့”
“ဘာမှ မဟုတ်ပါဘူး မယ်ပျင်းရယ်”
မယ်ပျင်းက မိန်းမများကိုလက်ညှိုးထိုးပြီး
“ညည်းတို့ကို တစ်ခုပြောထားရအုံးမယ်ဟေ့၊ ဒီနေ့ကစပြီး သူကြီးမကောင်းကြောင်းပဲဖြစ်ဖြစ်၊ ငါနဲ့ ငါ့အမေအကြောင်း မကောင်းပြောတာပဲဖြစ်ဖြစ် ညည်းတို့ပြောရဲရင်ပြောကြည့်လိုက်စမ်း”
မယ်ပျင်းက ပြောဆိုလိုက်ပြီး ရေအိုးရွက်ထားသည့် မိန်းမတစ်ယောက်၏ ခေါင်းပေါ်မှ ရေအိုးအားလက်ညှိုးထိုးလိုက်လေသည်။ ထိုအခါ ရေအိုးမှာ မိုးပေါ်သို့မြောက်တက်သွားပြီး လေပေါ်တွင်ချာလပတ်လည်ကာ ဝဲပျံနေလေသည်။ ပြီးသည့်နောက် ဝုန်းခနဲအသံကြီးမြည်သွားကာ ရေအိုးမှာအစိတ်စိတ်အမွှာမွှာကွဲထွက်သွားပြီး ရေအိုးအပိုင်းအစများမှာလည်း ပတ်ဝန်းကျင်တွင်ပြန့်ကျဲသွားလေသည်။ ရွာသူမိန်းမများမှာ ကြောက်လန့်သဖြင့်အော်ဟစ်ကုန်ကြသည်။
“မကောင်းကြောင်းပြောတဲ့လူမှန်သမျှ ဟောဒီရေအိုးလို ခံစားရမယ်ဆိုတာ မှတ်ထားကြစမ်းဟဲ့”
မယ်ပျင်းမှာ ပြောဆိုလိုက်ပြီး ရေတွင်းဆီမှပြန်လာခဲ့လေသည်။
(၃)
အိမ်သို့ပြန်ရောက်သည့်အခါ မယ်ပျင်းမှာ ထမင်းစေ့ကလေးများကိုလက်နှင့်ဆုပ်ကိုင်လိုက်ပြီးနောက် မန္တန်တစ်ခုရွတ်ဖတ်လိုက်လေသည်။ ပြီးသည့်အခါ အိမ်နောက်ဖေးသို့ထွက်သွားလိုက်ရင်း
“မှင်စာကလေးတွေလာ၊ မှင်စာကလေးတွေ လာကြ”
ထိုသို့ရွတ်ကာ ထမင်းစေ့ကလေးများကို မြေပေါ်သို့ဖြန့်ကျဲလိုက်သည့်နောက် ဦးခေါင်းချွန်ချွန်၊ အရပ်ပုပုနှင့် မှင်စာကလေးများမှာ အပြေးအလွှားရောက်ရှိလာကြကာ မယ်ပျင်းကျွေးသည့် ထမင်းလုံးများကို ကောက်ယူစားသောက်ကြလေသည်။ မယ်ပျင်းက မှင်စာကလေးများကိုကြည့်ရင်း
“စားကြ စားကြ၊ ပြီးရင်ငါခိုင်းတာလည်းလုပ်ကြ၊ နင်တို့အိမ်တွေ ခြံဝန်းတွေထဲ လှည့်ပတ်သွားလာနေရင်း သူကြီးမကောင်းကြောင်းပြောတဲ့လူ၊ ငါ့မကောင်းကြောင်းပြောတဲ့လူတွေတွေ့ရင် သူတို့ဘယ်သူလဲဆိုတာနဲ့ သူတို့ဘာအကြောင်းပြောသလဲဆိုတာကို နားထောင်ပြီးတော့ ငါ့ဆီသတင်းပို့ရမယ် ဟုတ်ပြီလား”
မှင်စာကလေးများမှာ ခေါင်းတညိတ်ညိတ်နှင့် ထမင်းစေ့များကို ဝါးမြိုစားသောက်နေကြလေသည်။
ညလသာသည့်အခါ မိန်းမကြီးများမှာ ဗိုင်းငင်ခြင်း၊ ဝါကြိတ်၊ ဝါဖတ်ခြင်းလုပ်ငန်းများကို စုဝေးလုပ်ကိုင်ကြလေသည်။ လရောင်သာသာအောက် ကွပ်ပျစ်တွင်ထိုင်ကာ ဟိုဟိုဒီဒီစကားစမြည်ပြောဆိုကြရင်း အလုပ်လုပ်ကိုင်ကြလေသည်။ မနက်ခင်းအကြော်တဲထွက်သည့် ဒေါ်ကြင်မှာ ဗိုင်းငင်နေရင်း
“ငါကတော့ မယ်ပျင်းပြောတာကိုမယုံဘူးအေ၊ ဘယ့်နှယ့် စကားပြောတာပဲ သူကလိုက်ပြီးပိတ်ပင်ချင်နေသေးတယ်”
“မယ်ပျင်းနဲ့ဖိုးမောင်က တစ်ချိန်တုန်းက တစ်အိမ်တည်းနေခဲ့ပြီး တော်တော်ရင်းနှီးခဲ့တယ်မဟုတ်လားအေ့၊ ဒါကြောင့် ဟိုကသူကြီးဖြစ်တော့ သူကလည်းကူညီပြီး ဆိုးဖော်ဆိုးဖက်ဖြစ်နေတယ်မဟုတ်လား”
“စကားပဲအေ၊ ငါတို့အခုလိုနောက်ကွယ်မှာပြောတော့ သူသိတာကျလို့”
“အဲဒီလိုတော့မပြောနဲ့ မကြင်ရဲ့၊ ကျုပ်ကြားဖူးတာက စုန်းမတွေက ရွာထဲမှာ သူတို့အကြောင်းပြောတယ်ဆိုရင် ကြားတတ်တယ်တဲ့”
“မိရွှေစာရယ် ညည်းမှာလဲ ကြောက်တတ်ရန်ကော၊ ငါတို့အိမ်က အနောက်ပိုင်း သူတို့အိမ်က အရှေ့ပိုင်းပါဟဲ့ အဝေးကြီးပါ၊ ညည်းပြောသလိုတကယ်ကြားရပါ့မလား”
“ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ ခပ်လန့်လန့်ပဲ”
“ဟား ဟား ဘာမှကြောက်မနေစမ်းပါနဲ့၊ အဲဒီမယ်ပျင်းဆိုတဲ့စုန်းမက အရူးမ၊ အရူးတောင်မှ ဝမ်းတွင်းရူးနေတဲ့အရူးမဟဲ့၊ ညည်းတို့မပြောရဲလဲ ငါပြောတယ်ဟယ် ဘာဖြစ်သလဲ”
ဒေါ်ကြင်ပြောလိုက်သည့်အခါ မိရွှေစာနှင့် မိန်းမတစ်သိုက်မှာ ဒေါ်ကြင်အား ကြောက်လန့်စွာဖြင့် ဝိုင်းဝန်းကြည့်ရှုနေကြလေသည်။ ဒေါ်ကြင်မှာ အေးအေးလူလူဗိုင်းငင်နေရင်း
“ကဲ တွေ့ပြီလား၊ ငါသူ့မကောင်းကြောင်းပြောတာ ဘာဖြစ်လို့လဲ၊ အလကား ညည်းတို့ကိုဟိုက ဖြဲခြောက်တိုင်း ညည်းတို့ကြောက်နေကြတာပါ”
“ဟုတ်တယ်နော်၊ ဒါဆိုကျုပ်လည်း ပြောကြည့်အုံးမှပဲ၊ ဒီစုန်းမက ချေးစားစုန်းမ၊ တို့အိမ်နောက်လာပြီးတော့ ငါတို့ပါထားတဲ့ချေးတွေကို လာစားစမ်းပါတော်”
“ဟဲ့ မိရွှေစာ ညည်းပါထားတဲ့ချေးတော့ သူကစားရဲမှာမဟုတ်ဘူးအေ့”
“အို မကြင်ကလည်း ဘာဖြစ်လို့တုန်းတော့”
“ညည်းက ငရုတ်သီးသိပ်စားတော့ ညည်းချေးကိုသူလာစားရင် သူ့ပါးစပ်တွေ နှုတ်ခမ်းတွေ စပ်ကုန်မှာစိုးလို့ပါအေ့”
မိန်းမကြီးများမှာ ပြောဆိုရင်း အာပေါင်အာရင်းသန်သန်နှင့်ရယ်မောလိုက်ကြလေသည်။
နောက်တစ်နေ့မနက်ခင်း အကြော်တဲတွင် လူစည်ကားနေပြီဖြစ်သည်။ မယ်ပျင်းက ထမီစွန်တောင်ဆွဲလျှက် အကြော်တဲအတွင်းသို့ဝင်လာခဲ့သည်။ ဒေါ်ကြင်နှင့် မိရွှေစာတို့မှာတစ်ယောက်နှင့်တစ်ယောက် မျက်စပစ်ပြလိုက်ပြီး ခပ်တည်တည်နေထိုင်ကြလေသည်။ မယ်ပျင်းက ခါးထောက်လိုက်ရင်း
“ဒေါ်ကြင်၊ ရှင်မနေ့ညက ကျုပ်ကိုဝမ်းတွင်းရူးလို့ပြောတယ်ဆို”
ဒေါ်ကြင်မှာ အလွန်ထိတ်လန့်သွားပြီး
“မပြောပါဘူး၊ ညည်းကိုဒီလိုမပြောပါဘူးအေ၊ ညည်းကိုဘယ်သူပြောတာလဲ”
“ဘယ်သူပြောရမလဲ ကျုပ်နားနဲ့ဆတ်ဆတ်ကိုကြားတာ”
ှ
ဒေါ်ကြင်မှာ မျက်စိမျက်နှာပျက်နေလေသည်။
“ဒေါ်ကြင် ရှင်အခုမှ ဗြောင်လိမ်ဗြောင်စားမလုပ်နဲ့”
ဒေါ်ကြင်က မတ်တပ်ရပ်လိုက်ပြီး ထမီကိုဆွဲတင်လိုက်ကာ
“အေး၊ ပြောတယ်ဟယ်၊ နင့်ကို ဝမ်းတွင်းရူးလို့ပြောတယ်ဟယ်၊ အဲဒီတော့ နင်ဘာဖြစ်ချင်လဲ”
မယ်ပျင်းက ဒေါ်ကြင်အားမျက်စောင်းထိုးကာ တစ်ချက်စိုက်ကြည့်လိုက်လေသည်။ ဒေါ်ကြင်မှာ မတ်တပ်ရပ်လျှက်နှင့််ပင် တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်လာကာ မျက်ခွံများတွဲကျလာပြီး ပါးစပ်မှာလည်းတဖြည်းဖြည်းရွဲ့စောင်းလာလေသည်။ ထို့နောက် မြေပြင်သို့လဲကျသွားရာ ဆိုင်အတွင်းမှရွာသားများက ဒေါ်ကြင်အားပြေး၍ ပွေ့ဖက်လိုက်ကြသည်။
“ဟာ လုပ်ကြပါအုံး ဒေါ်ကြင်ကြီးလေသင်တုန်းဖြတ်သွားလို့၊ ကိုယ်တစ်ခြမ်းရွဲ့သွားပြီ”
ဒေါ်ကြင်မှာ မယ်ပျင်းအား မျက်စောင်းထိုးကြည့်ရင်း တဝူးဝူးတဝါးဝါးနှင့် အသံစုံအော်ဟစ်နေလေသည်။ မယ်ပျင်းက ဒေါ်ကြင်အားခါးထောက်ကြည့်ရင်း
“ကောင်းတယ်၊ ရှင်အခုတော့ ဘာပြောချင်သေးလဲ”
လူအများမှာ မယ်ပျင်းအားကြောက်ရွံ့သွားကြလေသည်။ မယ်ပျင်းက တစ်နေရာသို့လှမ်းကြည့်လိုက်ရင်း
“ဒါနဲ့ ကျုပ်ကို ချေးစားစုန်းဆိုပြီးပြောထားတဲ့လူရှိသေးတယ်နော်”
မိရွေစာမှာ လက်များတုန်ယင်လျှက် အရှေ့သို့တိုးထွက်လာလေသည်။
“ငါ . . . ငါ နင့်မကောင်းကြောင်း ပြောမိပါတယ် မယ်ပျင်းရယ်၊ ငါ့ကိုခွင့်လွှတ်ပေးပါ”
“ပြောချင်တာပြောပြီးမှ ခွင့်လွှတ်ရမယ်တဲ့လား မိရွှေစာ”
မိရွှေစာမှာ မယ်ပျင်းအားတောင်းပန်နေရင်း ပါးစပ်မှ တဝူးဝူးနှင့်အော်ဟစ်လေသည်။ မိရွေစာပါးစပ်အတွင်းမှ လျှာပြတ်ကြီးမှာ မြေပေါ်သို့ပြုတ်ကျပြီး မြေကြီးပေါ်တွင်ခုန်ပေါက်နေလေသည်။ မိရွှေစာမှာ အော်ဟစ်လျှက် မူးမေ့လဲကျသွားတော့သည်။
မယ်ပျင်းက ဆိုင်အတွင်းမှရွာသားများကိုတစ်ချက်ကြည့်ပြီး
“ကိုင်း၊ နောက်ပြောရဲတဲ့လူ ပြောကြည့်စမ်း၊ ငါ့အကြောင်းတစ်ခွန်းပြောတာနဲ့ တစ်သက်လုံးစကားမပြောနိုင်အောင် လုပ်ပစ်လိုက်မယ်၊ မှတ်ထားကြ”
ရွာသားများမှာ လေသင်တုန်းဖြတ်သွားသည့် ဒေါ်ကြင်နှင့် လျှာပြတ်ကျသွားသည့် မိရွှေစာတို့အားကြည့်ကာ မယ်ပျင်းအားအလွန်ကြောက်ရွံ့သွားကြလေသည်။
ထိုနေ့ညနေတွင် သူကြီးဖိုးမောင်မှာ မယ်ပျင်းထံသို့ရောက်လာလေသည်။ မမယ်ဖြူမှာ ရွာအတွင်းသွားလာနေသဖြင့် အိမ်တွင်မရှိပေ၊ မယ်ပျင်းက အိမ်လှေကားအတက်ခြေနင်းခုံတွင် တင်ပါးလွှဲထိုင်နေလေသည်။
“နင့်ကိုငါကျေးဇူးတင်ပါတယ်မယ်ပျင်း၊ မနက်က နင့်လုပ်ရပ်ကြောင့် အခုဆိုရွာထဲကလူတွေ ပါးစပ်ပိတ်သွားကြပြီ”
“သူတို့က ငါ့အကြောင်းပြောတာကိုး”
ဖိုးမောင်က မယ်ပျင်းနံဘေးတွင်ဝင်ထိုင်လိုက်လေသည်။ ယနေ့မှ ဖိုးမောင်ကိုကြည့်ရသည်မှာ သပ်သပ်ရပ်ရပ်ဖြစ်နေလေသည်။ ယခင်က အရက်နံ့များမွှန်ထူနေသည့်ဖိုးမောင်မှာ ယခုတော့ မွှေးကြိုင်နေလေသည်။ ယခင်က ညှင်းသိုးသိုးနှင့် မျက်တွင်းဟောက်ပက်ဖြစ်နေသည့််ရုပ်ရည်မှာလည်း ယခုတော့ အနည်းငယ်ပြေပျစ်နေလေသည်။
“ဘယ်လိုလဲဖိုးမောင်ရဲ့ နင့်ကြည့်ရတာ သန့်ပြန့်နေသလိုပါပဲလား၊ လူတောင် နည်းနည်းဝလာသလားလို့”
“ဒါကလည်း နင့်ကျေးဇူးပါပဲ၊ ငါ့အိမ်က သရဲတွေကို နင်မောင်းထုတ်ပြီးတဲ့အခါမှာ ငါလည်းကောင်းကောငင်းအိပ်လို့ရသွားတယ်”
“ဒါနဲ့ နင်အရင်ကသူကြီးအိမ်အဟောင်းကြီးကို ပြန်ဆောက်နေတာကြာပြီဆို၊ အခုထိမပြီးသေးဘူးလား”
“ပြီးတော့ပြီးမှာပါ အိမ်ဆောက်ရင်းငွေလိုလို့ ခဏရပ်ထားတာ”
“ဒါနဲ့ နင့်အနားက သွားခေါခေါနဲ့လူက ဘယ်သူလဲ”
“သူ့နာမည် ကိုရွှေခေါ်လို့ခေါ်တယ်ဟ၊ သူက ငါ့ရဲ့ကျေးဇူးရှင်တစ်ယောက်ဆိုရင်လည်း မမှားဘူး”
“နင်လည်း သပ်သပ်ရပ်ရပ်နေစမ်းပါအုံးဖိုးမောင်ရာ၊ ဟို ရွှေခေါကတောင် နင့်ထက်သားနားနေသေးတယ်၊ ရွာထဲထွက်ရင်လည်း ထီးဝိုင်းကြီးဆောင်းလို့၊ မသိတဲ့လူကကြည့်ရင် သူကသူကြီးလို့ထင်ရတယ်”
“အဲဒါတွေပြောမနေပါနဲ့ဟာ၊ ရော့ ဒါကနင့်အတွက်ယူလာခဲ့တာ”
ဖိုးမောင်မှာ ပြောဆိုပြီး အိတ်အတွင်းထည့်ယူလာသည့် ပန်းတစ်ပွင့်ကိုထုတ်ပေးလိုက်လေသည်။ မယ်ပျင်းမှာ ပန်းကိုတွေ့သဖြင့် အံ့သြသွားမိသည်။
“ဒီပန်းက ဘာလုပ်ရမှာလဲ ဖိုးမောင်”
“ရထားရဲ့အဆင်တန်ဆာက တံခွန်ဆိုရင် မိန်းကလေးတစ်ယောက်ရဲ့ အဆင်တန်ဆာက ပန်းပဲမယ်ပျင်းရဲ့၊ နင့်ကိုငါကြည့်နေတာ နင်က မိန်းကလေးဖြစ်ပြီး ပန်းလဲမပန်ဘူးနော်”
“ငါက ပန်းတွေဘာတွေ စိတ်ဝင်စားတာမှမဟုတ်တာ ဖိုးမောင်ရ”
“ဟောဒီပန်းကလေးက လှပတယ်ဆိုပေမယ့် သူ့ရဲ့အလှအပက မပြီးပြည့်စုံပါဘူး မယ်ပျင်း၊ ဟောဒီပန်းကလေးကို နင်သာပန်ဆင်လိုက်မယ်ဆိုရင် နင့်ရဲ့အလှအပနဲ့ပေါင်းစပ်ပြီး ပန်းကလေးရဲ့အလှအပက ပြည့်စုံသွားမှာ မယ်ပျင်းရဲ့”
“နင်တော်တော်စကားတတ်တာပဲဖိုးမောင်”
“ငါပေးတဲ့ပန်းကလေးကို လက်ခံပါနော် မယ်ပျင်း၊ ဟောဒီပန်းကလေးကို နင့်ဆံထုံးမှာပန်ပြီးတော့ သူ့ရဲ့အလှအပကို ပြည့်စုံခွင့်ပေးလိုက်ပါ”
မယ်ပျင်းမှာ ဖိုးမောင်လက်ထဲမှ ပန်းပွင့်ကိုယူလိုက်ပြီး ဆံထုံးတွင်ထိုးပန်လိုက်လေသည်။
“ဘယ်လိုလဲ ပန်းကလေးရဲ့အလှက ပြီးပြည့်စုံသွားပြီလား”
ဖိုးမောင်က ကျေနပ်စွာပြုံးလျှက် ခေါင်းညိတ်လိုက်ရင်း
“ပန်းကလေးရဲ့အလှလည်း ပြီးပြည့်စုံသွားသလို နင့်ရဲ့အလှကလည်း ပြီးပြည့်စုံသွားပြီမယ်ပျင်း”
ဖိုးမောင်မှာ မယ်ပျင်းအားစူးစူးစိုက်စိုက်ကြည့်နေသဖြင့် မယ်ပျင်းမှာရှက်ရွံ့ကာ ခေါင်းကလေးငုံ့ထားမိသည်။ ဖိုးမောင်မှာ ရုတ်တရက်မယ်ပျင်းလက်အားကိုင်လိုက်သည့်အခါ မယ်ပျင်းတစ်ကိုယ်လုံးတုန်ယင်သွားမိသည်။
“နင်ဘာလုပ်တာလဲဖိုးမောင်”
ဖိုးမောင်က မယ်ပျင်းလက်ကိုဆွဲလိုက်ကာ သူ့ရင်ဘတ်ပေါ်သို့တင်လိုက်ရင်း
“နင်ဒီနားကိုစမ်းကြည့်စမ်း မယ်ပျင်း”
မယ်ပျင်းမှာ ဖိုးမောင်ရင်ဘတ်အားလက်နှင့်ဖိထားရင်း
“အေးလေ၊ နင့်နှလုံးတွေ တဒုတ်ဒုတ်နဲ့ခုန်နေတယ်မဟုတ်လား”
“နင်နဲ့တွေ့ရင် ငါ့ရင်ထဲက အဲဒီလိုပဲ အရမ်းခုန်နေတယ်ဟာ၊ အဲဒါငါဘာဖြစ်တာလဲမသိဘူး နင်ရော အဲဒီလိုခုန်သလားဟင်”
မယ်ပျင်းက လက်ကိုရုန်းလိုက်ကာ
“တော်စမ်းပါဖိုးမောင်ရာ၊ နင်အဲဒါနှလုံးရောဂါဖြစ်ချင်လို့ ရင်တွေခုန်နေတာနေမှာပေါ့၊ နင်ရောဂါဖြစ်တိုင်း ငါရောဖြစ်မယ်လို့ထင်နေတာလား”
“ဒါဆိုနင်ရော ငါနဲ့တွေ့ရင် ရင်မခုန်ဘူးလား”
မယ်ပျင်းမှာ ခေါင်းကိုခပ်သွက်သွက်ခါရမ်းလိုက်လေသည်။
“ငါကတော့ နှလုံးရောဂါဖြစ်လို့ ရင်တွေခုန်တယ်မထင်ဘူးမယ်ပျင်း၊ အဲဒါ လူတွေပြောပြောနေတဲ့ အချစ်ဆိုတဲ့ရောဂါများလား”
မယ်ပျင်းမှာ ဘာမှပြန်မပြောတော့ပေ။
“ငါနင်နဲ့တွေ့တိုင်း အဲဒီလိုရင်တွေခုန်ခုန်နေတယ်၊ ငါ့အထင်တော့ ငါနင့်ကိုချစ်မိနေပြီထင်တယ်မယ်ပျင်း”
“နင်ဘာတွေလျှောက်ပြောနေတာလဲဖိုးမောင်ရာ၊ နင်ပြန်တော့၊ နင်မပြန်ဘူးဆိုရင် နင့်ရဲ့ခုန်နေတဲ့နှလုံးကို ရပ်သွားအောင်ငါလုပ်ပေးလိုက်မယ်”
ဖိုးမောင်က ရင်ကိုကော့လျှက်
“လုပ်စမ်းပါ မယ်ပျင်းရာ၊ နင်လုပ်လို့ ငါ့ရင်ခုန်တာရပ်သွားမယ်ဆိုရင် လုပ်လိုက်စမ်းပါ”
“ဟာ . . . နင်တော်တော်ပြောရခက်တာပဲ ဖိုးမောင်”
မယ်ပျင်းမှာ အိမ်ပေါ်သို့ပြေးတက်လိုက်တော့သည်။ ထိုအခါ ရွာအတွင်းသွားလာနေသည့် မမယ်ဖြူပြန်လာသဖြင့် ဖိုးမောင်လည်း မမယ်ဖြူကိုနှုတ်ဆက်ကာ ပြန်သွားလေတော့သည်။ အိမ်တွင်းခန်းထဲ ဝင်ရောက်ပုန်းအောင်းနေသည့်မယ်ပျင်းမှာ စိတ်အလွန်လှုပ်ရှားနေမိသည်။ သူ့ရင်ဘတ်သူ စမ်းကြည့်ရာ သူ့နှလုံးခုန်သံများမှာလည်း တဒိတ်ဒိတ်နှင့်အလွန်မြန်ဆန်နေသည်ကို ခံစားမိသည်။
“ငါ့ရင်တွေလည်း ခုန်လို့ပါလား၊ ရင်ခုန်တာအချစ်ဆိုရင် ငါကရော ဟိုကောင်ဖိုးမောင်ကို ချစ်နေမိတာများလား”
မယ်ပျင်းမှာ တွေးလျှက် ပြုံးလိုက်လေတော့သည်။
နောက်ရက်များတွင် ဖိုးမောင်တစ်ယောက ်မယ်ပျင်းအိမ်သို့ချောင်းပေါက်မတတ်လာလေသည်။ ညနေခင်းအချိန်မျိုးဆိုလျှင် ကျော့မော့စွာဖြီးလိမ်းပြင်ဆင်ကာ အိမ်လာလည်တတ်သည်။ ရွာအတွင်းတွင်လည်း ဖိုးမောင်နှင့်မယ်ပျင်း ချစ်ကြိုက်နေသည်ဆိုသည့် သတင်းစကားမှာလည်း ထွက်ပေါ်လာလေသည်။
ဘွားချမ်းသာကြီးမှာလည်း နေ့လည်နေ့ခင်းအချိန်တွင် မယ်ပျင်းနှင့်ပဆစ်လာပစ်လေ့ရှိသည်။ သို့သော် ပဆစ်ပစ်တိုင်းလည်း မည်သူမှမနိုင်ဘဲ သရေပွဲအဖြစ် ဖြစ်စမြဲပင်။ တစ်ရက်တွင် ပဆစ်ကစားနေရင်း မမယ်ဖြူမရှိသဖြင့် မယ်ပျင်းက ဘွားချမ်းသာအား စကားစလိုက်သည်။
“အချစ်ဆိုတာဘာလဲဟင် ဘွားချမ်းသာ”
ဘွားချမ်းသာမှာ အလွန်အံ့သြသည့်မျက်နှာပေးနှင့်
“ငါပြောထည့်လိုက်ရင် ကွက်ကွက်ကွင်းကွင်းတွေဖြစ်ကုန်လို့ ကျော်မကောင်းကြားမကောင်းတွေဖြစ်တော့မယ်၊ အချစ်ဆိုတာ ရှင်းရှင်းပြောရရင်အေ ယောက်ျားနဲ့မိန်းမနဲ့ ပေါင်းကြတယ် ဒါပဲ”
“ဘွားချမ်းသာကတော့ မဟုတ်တာတွေပြောတော့မယ်၊ အချစ်ဆိုတာ အဲဒီလိုမဟုတ်ပါဘူး ဘွားချမ်းသာရဲ့”
ဘွားချမ်းသာမှာ ပဲကြီးလှော်သုံးလေးစေ့ကို မြုံ့နေလိုက်ရင်း မယ်ပျင်းအားကြည့်ကာ
“ညည်းကတော့ ဆေးမမီတော့ဘူးအေ့၊ ပြောစမ်းပါအုံး ညည်းရဲ့အချစ်ဒဿနတွေ”
မယ်ပျင်းက ကြွေအန်ကလေးများကိုလက်ထဲတွင် ခေါက်နေရင်း
“အချစ်ဆိုတာ တစ်ခါတလေကျတော့ ပျော်ဖို့ကောင်းတယ်၊ တစ်ခါတလေကျတော့လည်း ဝမ်းနည်းဖို့ကောင်းတယ်၊ တစ်ခါတလေကျတော့လည်း စိတ်တိုဖို့ကောင်းပြီးတော့ တစ်ခါတလေကျတော့လည်း စိတ်ထဲကြည်နူးရတယ် ဘွားချမ်းသာရဲ့”
ဘွားချမ်းသာက မျက်မှောင်ကြုတ်လိုက်ပြီး
“ညည်းအကောင်လာတော့ ညည်းပျော်တယ်မဟုတ်လား၊ ညည်းအကောင်မလာတော့ ဝမ်းနည်းသလိုလိုဖြစ်လာရော၊ ဟော တစ်ခါ ညည်းအကောင်က ညည်းအနားကပ်ပြီး ချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့ဆိုပြိးပြောရင်တော့ စိတ်တိုသလိုလို၊ ရှို့တိုးရှန်းတန်းဖြစ်ပြီး၊ ညည်းအကောင်ပြန်သွားပြီး ညအိပ်ခါနီးဆိုရင် ဟိုကောင်ပြောတဲ့စကားတွေ ပြန်တွေးပြီး ကြည်နူးနေရတယ်မဟုတ်လား”
မယ်ပျင်းမှာတစ်ချက်ပြုံးလိုက်ရင်း
“ဘွားချမ်းသာကတော့ ကျုပ်စိတ်ကိုသိတဲ့အတိုင်းပဲ ဘွင်းဘွင်းကြီးပြောချလိုက်တာပါလား”
“ဒါတွေက ငါတို့လည်းကြုံခဲ့ပြီးသားပါအေ၊ ယောက်ျားတွေဆိုတာ ဒီလိုပဲ၊ လျှာအရိုးမရှိတိုင်း ပတ်ချွဲနှပ်ချွဲနဲ့ပြောတတ်ကြတာချည်းပဲအေ့၊ ဒင်းတို့စကားကို ဘာမှသွားမယုံနဲ့ အလိမ်အညာတွေချည်းပဲအေ့”
“ဟာ ဘွားချမ်းသာကလည်း ကိုဖိုးမောင်ကတော့ အဲဒီလိုဟုတ်မယ်မထင်ပါဘူး”
ဘွားချမ်းသာမှာ ရယ်မောရင်း မယ်ပျင်းကိုလက်ညှိုးထိုးလိုက်ကာ
“အောင်မယ်၊ ညည်းကပြောရင်း နာမည်တွေဘာတွေတောင်ထုတ်ပြောလာပါရောလား၊ မှတ်ထား ယောက်ျားဆိုတာ ဖြူတာ မဲတာ၊ ပိန်တာ၊ ဝတာပဲ ကွဲချင်ကွဲမယ် စိတ်ကတော့ အကုန်တထေရာချည်းပဲအေ့၊ ယောက်ျားတွေဆိုတာ မိန်းမတွေကို မရခင်တော့ ဖျာလိုလိပ်ပြီး ခေါင်းပေါ်တင်ထားတတ်ကြပေမယ့် ရပြီးတဲ့အခါကျတော့ ဖျာလိုချနင်းပြီးတော့ နိုင်စားချင်တဲ့အမျိုးချည်းပဲ၊ ငါ့လင်ဆိုရင်လည်း ဘာထူးလည်း မရခင်ကတော့ ချစ်လှပါချေရဲ့ ငုံထားမတတ်ချစ်ပါတယ်ဆိုပြီး၊ ဒင်းနဲ့ညားလည်းညားပြီးရော ဒင်းသောက်ဖို့ထန်းရည်ဝယ်မထားလို့ဆိုပြီး ထုထောင်းပြီး ထန်းရည်ဝယ်ခိုင်းလို့ ငါပါ ထန်းရည်သမကြီးဖြစ်ခဲ့ရတာအေ့”
ဘွားချမ်းသာက သူ့ရင်ဘတ်ကိုသူပုတ်ကာ အားရပါးရပြောဆိုလေသည်။
“ဘွားချမ်းသာကတော့ ပြောရော့မယ်၊ ယောက်ျားတိုင်းတော့ ဒီလိုဟုတ်မယ်မထင်ပါဘူး”
“ညည်းတို့ကောင်မတွေက အယုံလွယ် အညှာလွယ်ချက်ပဲအေ၊ ဒါကြောင့် ဟိုကောင်တွေက ညည်းတို့ကိုရပြီးတဲ့အခါ တစ်သက်လုံးခိုင်းစားနေတာပေါ့အေ့”
မယ်ပျင်းမှာ ပဆစ်ကစားရင်း အိမ်ပေါက်ဝမှနေ၍ အပြင်သို့လှည့်ကြည့် လှည့်ကြည့်လုပ်နေလေသည်။ ဘွားချမ်းသာမှာ စိတ်မရှည်တော့သဖြင့်
“ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာ၊ မိန်းမကြိုက်တော့ မျှော်လိုက်တာတဲ့၊ ညည်းလည်း ညည်းအကောင်လာမလားဆိုပြီး မျှော်မျှော်ကြည့်နေတယ်မဟုတ်လား၊ ငါမပြောလိုက်ချင်ဘူး၊ တော်ပြီအေ ညည်းနဲ့ကစားရတာ ဘာမှပျော်ဖို့မကောင်းဘူး၊ ငါပြန်တော့မယ်”
ထိုအချိန်မှာပင် ခြံထဲသို့ဖိုးမောင်တစ်ယောက်ဝင်ရောက်လာလေသည်။ မယ်ပျင်းမှာ ဖိုးမောင်ကိုတွေ့သည့်အခါ စိတ်ထဲပျော်ရွှင်သွားမိသည်။ ဘွားချမ်းသာက မျက်နှာကိုရှုံ့မဲ့လိုက်ပြီး
“ဟော ဟိုမှာညည်းအကောင်ပြောရင်းဆိုရင်းပေါက်ချလာပါပြီ၊ ညည်းအကောင်ညည်းကိုလိမ်တာတွေ ပလီပလာပြောတာတွေကို သိသိကြီးနဲ့ယုံလိုက်အုံး မယ်ပျင်းရေ”
ဘွားချမ်းသာမှာ ပြောဆိုရင်း မတ်တပ်ထရပ်လိုက်ကာ ထမီကိုပြင်ဝတ်လိုက်စဉ်မှာပင် လေအဟုန်ကဲ့သို့ပျောက်ကွယ်သွားလေသည်။ ဖိုးမောင်မှာ ဘင်ဂျိုကလေးကိုင်ကာ လက်ကွက်စမ်းတီးရင်း ခြံထဲသို့ဝင်လာလေသည်။
“အဲဒါဘာကြီးတုန်း ကိုဖိုးမောင်ရဲ့”
“ဘင်ဂျိုလို့ခေါ်တယ်၊ သီချင်းတွေတီးလို့ရတယ်လေ၊ ဒါနဲ့မယ်ပျင်း နင့်အတွက်ငါ သီချင်းတစ်ပုဒ်စပ်ထားတာရှိတယ်၊ အဲဒါဘင်ဂျိုနဲ့တီးပြမလို့ နင်နားထောင်မလား”
“အံမယ်၊ တီးစမ်းပါအုံး နားထောင်ရတာပေါ့”
“ဒီခြံထဲမှာတီးလို့ကတော့ ဘေးခြံတွေက အသံဆူတယ်ဆိုပြီး ခဲနဲ့ဝိုင်းပေါက်လို့ ငါထိပ်ပေါက်နေပါအုံးမယ် မယ်ပျင်းရဲ့၊ လူသူရှင်းတဲ့ ရွာပြင်က ရေကန်ကြီးအနားသွားပြီး တီးရင်ဟုတ်သေးတယ်”
“ဟုတ်တယ်နော်၊ ဒါဖြင့်သွားကြတာပေါ့”
မယ်ပျင်းနှင့်ဖိုးမောင်မှာ ရွာအပြင်သို့ထွက်လာခဲ့ကြသည်။ ဖက်လိပ်ရွာအပြင်ဘက်တွင် ရှေးကတူးဖော်ခဲ့သည့် ရေကန်ကြီးတစ်ကန်ရှိသည်။ ရေကန်ထဲတွင် ရေစပ်စပ်ရှိနေသေးကာ ကြာဖြူ၊ ကြာညိုပန်းများက ပွင့်လန်းနေလေသည်။ ညနေစောင်းအချိန်မို့ ကောင်းကင်တွင် တိမ်တောက်ကာ နီညိုရောင်သမ်းနေလေသည်။ အိပ်တန်းတက်မည့် ငှက်ကလေးများမှာလည်း အစုအဖွဲ့အလိုက် ကောင်းကင်တွင်ပျံသန်းနေကြသည်။ ကန်ရေပြင်ကြီးကိုဖြတ်တိုက်လာသည့် လေနုအေးများကြောင့် မယ်ပျင်းဆံစလေးများက ဝဲပျံလှုပ်ရှားနေလေသည်။ ညနေခင်းနေရောင်ခြည်က မယ်ပျင်းမျက်နှာကိုရိုက်ခတ်နေသည်မို့ မယ်ပျင်းမှ လှချင်တိုင်းလှနေလေတော့သည်။
ဖိုးမောင်က မယ်ပျင်းအားကြည့်ကာ သူရေးစပ်ထားသည့် သီချင်းတစ်ပုဒ်ကို တီးခတ်ကာသီဆိုလိုက်လေသည်။ ဖိုးမောင်၏ ဘင်ဂျိုလက်သံမှာ တဒေါင်ဒေါင် တဒင်ဒင်နှင့်ဖြစ်နေသော်လည်း နားထောင်လေ့မရှိသည့် မယ်ပျင်းနားတွင်တော့ သာယာနာပျော်ဖွယ်ဖြစ်နေလေသည်။
“နားထောင်ကောင်းတယ်မဟုတ်လား မယ်ပျင်း”
မယ်ပျင်းမှာခေါင်းညိတ်ပြလိုက်သည်။
“အကိုကတော့ မယ်ပျင်းအကြောင်းတွေကို သီချင်းတွေရေးစပ်ပြီး နေ့တိုင်းမယ်ပျင်းကို တီးခတ်ပြချင်တယ် မယ်ပျင်းရယ်”
“သွားပါ ကိုဖိုးမောင်ရဲ့၊ ကိုဖိုးမောင် ဒီလိုပုံစံမျိုးနဲ့ မိန်းကလေးတွေဘယ်နှယောက်ကိုများ လှည့်စားခဲ့ပြီးပြီလဲ”
“ဘုရားစူးရပါစေရဲ့မယ်ပျင်းရယ်၊ အကို့ဘဝမှာ မိန်းကလေးတွေအများကြီးနဲ့တွေ့ကြုံခဲ့ရပါတယ်၊ အကိုက သူကြီးတစ်ယောက်ဖြစ်တဲ့အတွက် အကိုနဲ့လက်ဆက်ချင်တဲ့ မိန်းမပျိုလေးတွေအများကြီးရှိပါတယ်၊ ဒါပေမယ့် အကိုအဲဒီမိန်းကလေးတွေကို တစ်ယောက်မှရင်မခုန်ခဲ့ဘူး၊ မယ်ပျင်းနဲ့တွေ့တော့မှ အကို့နှလုံးသားက နိုးထလာပြီး မယ်ပျင်းတစ်ယောက်ထဲကိုပဲ ချစ်ခဲ့မိတယ်ဆိုတာ ယုံပါမယ်ပျင်းရယ်”
ဖိုးမောင်က ပြောဆိုပြီး မယ်ပျင်းပုခုံးဝိုင်းဝိုင်းကလေးကို လက်နှင့်ဆွဲဖက်လိုက်လေသည်။ မယ်ပျင်းမှာ မျက်လုံးများဝိုင်းစက်သွားပြီး
“ဟာ၊ အကိုဘာလုပ်တာလဲ လွှတ်ပါ”
“မယ်ပျင်းကိုချစ်လွန်းလို့ မြတ်နိုးလွန်းလို့ပါမယ်ပျင်းရယ်”
“လွှတ်ပါဆို၊ သူများတွေမြင်သွားတော့မယ် အကိုရဲ့”
“အို မလွတ်နိုင်ပါဘူး၊ လူတွေမြင်တော့လဲ ဘာဖြစ်သလဲ မယ်ပျင်းကို အကိုချစ်တယ်၊ မယ်ပျင်းက အကို့အတွက်ဆိုတာကို လူတွေသိသွားကြပါစေ၊ မြင်သွားကြပါစေ ဟား ဟား”
မယ်ပျင်းမှာ ဖိုးမောင်လက်အတွင်းမှ မရုန်းကန်တော့ဘဲ ဖိုးမောင်ရင်ခွင်ထဲသို့ ခေါင်းကလေးတိုးဝှေ့ကာ ပြန်လည်မှီတွယ်ထားလိုက်လေသည်။