စာစဉ်(၆၃)
(၁)
သူကြီးဖိုးမောင်က ဘင်ဂျိုကလေးကိုင်ကာ သီချင်းတညည်းညည်းဖြင့် အိမ်ပေါ်သို့တက်လာခဲ့သည်၊ အိမ်ပေါ်ရောက်သည့်အခါ ရွှေခေါက သူကြီးထိုင်သည့်ထိုင်ခုံတွင် အခန့်သားထိုင်နေလေသည်။ ဖိုးမောင်က ရွှေခေါကိုမြင်သည်နှင့်
“ကိုရွှေခေါ၊ ဘာအကြောင်းရှိလို့ အိမ်ကိုရောက်လာတာလဲ”
ရွှေခေါက ဖိုးမောင်အားစူးစူးစိုက်စိုက်ကြည့်ရင်း
“ရွာထဲမှာ သတင်းတွေကြားနေရတယ်ဖိုးမောင်၊ မင်းနဲ့စုန်းမမယ်ပျင်းနဲ့ ချစ်ကြိုက်နေကြတယ်ဆိုကွ”
ဖိုးမောင်မှာ ရယ်ပြုံးလျှက်ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ ရွှေခေါက တောက်တစ်ချက်ခေါက်လိုက်ပြီး
“မကြိုက်ရဘူး၊ မင်းတို့မချစ်ကြရဘူးကွ”
ရွှေခေါက ထပြောသဖြင့် ဖိုးမောင်တစ်ယောက်ဒေါသထွက်သွားမိသည်။
“ဘာလို့မဖြစ်ရမှာလဲ ကျုပ်တို့ဘာဖြစ်လို့ချစ်လို့မရတာလဲကိုရွှေခေါ၊ ဒီမှာ ကိုရွှေခေါ ခင်ဗျားက ကျုပ်ကိုသူကြီးဖြစ်အောင်လုပ်ပေးထားတဲ့မျက်နှာနဲ့ ကျုပ်အမြဲတမ်းခင်ဗျားစကားကိုနားထောင်ခဲ့တယ်၊ ဒါကိုခင်ဗျားက ရောင့်တက်ပြီး ကျုပ်ရဲ့အချစ်ရေးကိစ္စတွေကိုပါ ဝင်ပြီးစွက်ဖက်မယ်မကြံပါနဲ့၊ ဒီကိစ္စမှာတော့ ခင်ဗျားဝင်ပါလို့မရဘူး”
ဖိုးမောင်စကားကြားသည့်အခါ ရွှေခေါလည်းဒေါသထွက်သွားလေသည်။
“အောင်မာ၊ ဟေ့ကောင်ဖိုးမောင် မင်းက အခုတော့သူကြီးဖြစ်နေပြီဆိုပြီး ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်ချင်တာလားကွ၊ ဒီမှာ ငါပြောလိုက်မယ်၊ ငါသာမင်းအတွက် မကြံစည်ပေးဘူးဆိုရင် မင်းဆိုတဲ့ကောင်က တစ်သက်လုံးထန်းတောထဲမှာ ထန်းရည်သောက်လိုက် ကြက်တိုက်လိုက်နဲ့ ဘဝဆုံးသွားမယ့်လူတစ်ယောက်ဆိုတာကို မမေ့နဲ့၊ မင်းအခုလိုဖြစ်ခဲ့ရတာတွေက ဘယ်သူ့ကြောင့်လဲဆိုတာ မင်းမမေ့ချင်စမ်းပါနဲ့”
“ခင်ဗျားက ကျုပ်ကိုခွေးလို့ နှိုင်းလိုက်တယ်ပေါ့ ဟုတ်လားကိုရွှေခေါ”
ဖိုးမောင်မှာ ရွှေခေါအားဒေါသထွက်ထွက်နှင့် ခါးကြားတွင်ချိတ်ထားသည့် ခြောက်လုံးပြူးသေနတ်ကိုဖြုတ်လိုက်ကာ ရွှေခေါအားထိုးချိန်လိုက်လေသည်။
“ဒီမှာကိုရွှေခေါ၊ ကျုပ်ကလည်း ခင်ဗျားက ကျုပ်အပေါ်ကျေးဇူးရှိတယ်ဆိုပြီး ခင်ဗျားပြောတာလုပ်၊ ခင်ဗျားလိုချင်တာကို ရအောင်လုပ်ပေးခဲ့တာပဲမဟုတ်လား၊ ခင်ဗျားက ကျုပ်အပေါ်ကျေးဇူးရှိတယ်ဆိုရင်တောင်မှ ကျုပ်ကျေးဇူးတွေလည်း ခင်ဗျားအပေါ်ရှိတာပဲလေဗျာ၊ ကဲ ကျုပ်ရှင်းရှင်းပဲပြောမယ်၊ ခင်ဗျား ကျုပ်ကိုကျုပ်တာလုပ်ခိုင်းလို့ရတယ်၊ ဒီရွာကိုလည်း ခင်ဗျားစိတ်ကြိုက် ကြိုက်သလိုခြယ်လှယ်လို့ရတယ်၊ ဒါပေမယ့် ကျုပ်ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုတော့ ခင်ဗျားဝင်မစွက်ဖက်ပါနဲ့၊ ဒါ ကျုပ်ခင်ဗျားကိုနောက်ဆုံးသတိပေးတာပဲ”
ဖိုးမောင်က ဒေါနှင့်မောနှင့်ပြောသော်လည်း ရွှေခေါမှာ ပြုံးရယ်လျှက် ဖိုးမောင်ကိုကြည့်နေလေသည်။
“ဖိုးမောင် . . . ဖိုးမောင်၊ မင်းက ဘဝင်မြင့်ပြီး အောက်ခြေလွတ်ချင်တဲ့ကောင်ပဲကွ၊ ကဲကွာ မင်းရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စကို ငါဝင်စွက်ဖက်တယ်ကွာ၊ မင်းဘာလုပ်ချင်သလဲ၊ မင်းငါ့ကိုသေနတ်နဲ့ပစ်မှာလား၊ ဒါဆိုရင်လည်း ပစ်ကွာ၊ ပစ်လိုက်စမ်းပါကွာ”
ဖိုးမောင်မှာ သေနတ်နှင့်ထိုးချိန်ထားသော်လည်း လက်များတုန်ယင်လာလေသည်။ ရွှေခေါက ဟန်ပါပါနှင့်ပြုံးရင်း
“လုပ်လိုက်စမ်းပါ ဖိုးမောင်ရ၊ မင်းငါ့ကိုပစ်လိုက်စမ်းပါ၊ မင်းငါ့ကိုသတ်ပြီးရင် မင်းဘာဖြစ်သွားမလဲဆိုတာ မင်းတွေးမိသလား၊ ငါမရှိရင် မင်းက ထန်းတောထဲကထန်းရည်သမားပါပဲကွာ”
ဖိုးမောင်မှာ တွေဝေသွားလျှက် သေနတ်ကိုချလိုက်လေသည်။
“တော်ပြီကိုရွှေခေါ ခင်ဗျားဘာမှဆက်မပြောနဲ့တော့ ခင်ဗျားကျုပ်အိမ်ကနေပြန်တော့”
ရွှေခေါမှာ ထိုင်ခုံတွင်ထိုင်လျက်သားရှိနေသေးသဖြင့် ဖိုးမောင်မှာ သူ့လူများကိုအော်ခေါ်လိုက်လေသည်။
“ဟေ့ကောင်တွေ၊ ကိုရွှေခေါကို သူ့အိမ်ကိုလိုက်ပို့ပေးလိုက်ကြစမ်း”
သူကြီးလူယုံများမှာ ကျောက်ရုပ်များအလား တုတ်တုတ်မျှမလှုပ်ဘဲ ရပ်တန့်နေလေသည်။ ဖိုးမောင်မှာ ဒေါသထွက်သွားပြီး
“ဟေ့ကောင်တွေ၊ မင်းတို့ဘာလုပ်နေတာလဲ၊ ကိုရွှေခေါသူ့ခြေထောက်နဲ့သူမပြန်နိုင်ဘူးဆိုရင် မင်းတို့က ဖမ်းချုပ်ပြီးပို့ပေးလိုက်ကြလေကွာ”
သူကြီးမည်မျှပင်ပြောစေကာမူ လူယုံများမှာ ငြိမ်သက်နေလေသည်။ ထိုအခါ ရွှေခေါက လူမိုက်များကိုကြည့်ပြီး
“ကဲ ကိုယ့်လူတို့ မင်းတို့လွယ်ထားကြတဲ့ သေနတ်တွေဖြုတ်ပြီး သူကြီးကိုထိုးချိန်လိုက်ကြ”
ရွှေခေါအမိန့်ပေးသည့်အခါ သူကြီးဖိုးမောင်၏ လူယုံများမှာ ကျောတွင်လွယ်ထားကြသည့် သေနတ်များကိုဖြုတ်လိုက်ပြီးနောက် သူကြီးဖိုးမောင်အား သေနတ်နှင့်ထိုးချိန်လိုက်ကြသည်။ သူကြီးဖိုးမောင်မှာ အလွန်ထိတ်လန့်အံ့သြသွားကာ
“ဟေ့ကောင်တွေ၊ မင်းတို့ဒါဘာလုပ်ကြတာလဲ၊ မင်းတို့ကောင်တွေ ဘာအချိုးချိုးတာလဲ”
ထိုအခါ ရွှေခေါက ထိုင်ခုံမှမတ်တပ်ရပ်ထလိုက်ပြီး
“ကဲ ဖိုးမောင်၊ ဒီလောက်ဆိုရင် မင်းအခြေအနေကို မင်းသိလိုက်စမ်းပါ၊ မင်းက ငါမရှိရင် ဒီရွာမှာ ဘာကောင်မှမဟုတ်ဘူး”
ရွှေခေါက လူယုံများကို မျက်ရိပ်တစ်ချက်ပြလိုက်သည့်အခါ လူယုံများက သေနတ်များကိုပြန်လွယ်လိုက်ကြလေသည်။ သူကြီးဖိုးမောင်မှာ ငူငူငိုင်ငိုင်ကြီးဖြစ်နေလေသည်။ ရွှေခေါက သူကြီးဖိုးမောင်၏ လည်ကုတ်ကိုလက်နှင့်ပွေ့ဖက်လိုက်ပြီးနောက် ဖိုးမောင်မျက်နှာအနီးသို့ တိုးကပ်လိုက်ကာ
“ငါက သေဆိုရင် မင်းဘုန်းခနဲလဲသေလိုက်၊ ငါက ရှင်လို့ပြောလိုက်ရင် မင်းတစ်ခါတည်းထပြီးပြေးလိုက်စမ်းပါကွ ဖိုးမောင်ရ၊ ဟား ဟား ဟား”
ရွှေခေါမှာ ခပ်မျဉ်းမျဉ်းရယ်မောပြီးနောက်
“ဖိုးမောင် မင်းမယ်ပျင်းနဲ့မချစ်ရဘူး၊ မယ်ပျင်းနဲ့မကြိုက်ရဘူး၊ မယ်ပျင်းကိုလည်း မင်းယူလို့မရဘူူး၊ မင်းယူရမယ့်လူက ရွာထဲက ဦးငွေတိုးရဲ့သမီးနဲ့ပဲ”
“မယူနိုင်ဘူး၊ အဲဒီမိန်းကလေးကို ကျုပ်မချစ်ဘူး”
“ဖိုးမောင်ရာ မင်းငါ့စကားကို အေးအေးဆေးဆေးနားထောင်လိုက်စမ်းပါကွ၊ ငါလုပ်နေတာ ဘယ်သူ့အတွက်လို့မင်းထင်သလဲ၊ ငါလုပ်သမျှအားလုံးဟာ မင်းကောင်းဖို့အတွက်ပဲ၊ မင်းဒီရွာမှာ ရေရှည်သူကြီးလုပ်နိုင်ဖို့အတွက် ဦးငွေတိုးရဲ့သမီးကိုမင်းလက်ကို လက်ထပ်ရလိမ့်မယ်”
“မင်းဘာမှ မပူနဲ့ဖိုးမောင်၊ ဒီကိစ္စကို ငါအားလုံးစီစဉ်လိုက်မယ်၊ မင်းလုပ်စရာရှိတာတစ်ခုကတော့ မျက်နှာကိုပြုံးပြုံးထားပြီး မင်္ဂလာပွဲကို တက်ဖို့ပဲလိုတယ်”
ရွှေခေါက ပြောဆိုပြီးသည့်နောက် အိမ်ပေါ်မှဆင်းသွားလေသည်။ သူကြီးလူယုံများက သူကြီးဖိုးမောင်ကိုဝိုင်းကြည့်နေကြသည်။ ဖိုးမောင်က ဒေါသထွက်ထွက်နှင့် အနီးရှိစားပွဲပေါ်မှ ပုလင်းများ ဖန်ခွက်များကိုလက်ဖြင့်တိုက်ချလိုက်သည်။
“ထွက်သွား၊ မင်းတို့ကောင်တွေ အကုန်ထွက်သွား”
ဖိုးမောင်အော်လိုက်သည့်အခါမှ လူယုံများက အိမ်အောက်သို့ဆင်းသွားလေသည်။ ဖိုးမောင်တစ်ယောက် စိတ်ညစ်ညစ်နှင့်ကြမ်းပြင်ပေါ်တွင် ပက်လက်လှန်ကာ လှဲချလိုက်ရင်း
“ငါ့ဘဝကဘာလဲ၊ ငါ့ဘဝက ဒီကောင့်လက်ထဲက ရေလိုဖြစ်နေပြီပဲ၊ ဒီကောင်လုပ်ချင်တိုင်းလုပ်နေတာကို ငါခံရနေပြီ”
ဖိုးမောင်မှာ တွေးရင်းဝမ်းနည်းလာသည်။ ထို့နောက် မယ်ပျင်းမျက်နှာအား မြင်ယောင်လာပြီး
“မယ်ပျင်း၊ ငါဘယ်လိုလုပ်ရမလဲ၊ အကိုဘယ်လိုလုပ်ရပါ့မလဲ”
ယောက်ျားကြီးတန်မဲ့ ဖိုးမောင်တစ်ယောက် မျက်ရည်များကျဆင်းကာ ငိုကြွေးနေမိတော့သည်။
နောက်တစ်နေ့မနက်တွင် သူကြီးဖိုးမောင်တစ်ယောက် ဖြီးလိမ်းပြင်ဆင်ကာ အိမ်ပေါ်မှဆင်းလာခဲ့သည်။ အိမ်အောက်တွင်တော့ လူယုံခြောက်ယောက်က သူကြီးအားစောင့်နေလေသည်။ ဖိုးမောင်က ခြံအပြင်ထွက်ရန်ပြင်လိုက်စဉ် လူယုံများက ခြံဝတွင်ပိတ်ရပ်လိုက်လေသည်။ ဖိုးမောင်က လူယုံများကိုကြည့်ရင်း
“ဟေ့ကောင်တွေ၊ မင်းတို့ ဒါဘာလုပ်တာလဲ”
“ကိုရွှေခေါကပြောထားတယ်၊ သူကြီးကို ဘယ်မှမသွားစေနဲ့တဲ့”
လူယုံတစ်ယောက်မှာ ခြံစည်းရိုးတံခါးကို ဂျိန်းခနဲပိတ်လိုက်ကာ မင်းတုန်းချလျှက် ပိတ်ဆို့လိုက်လေသည်။
“အောင်မာ၊ မင်းတို့ကောင်တွေကို ငါမွေးထားတာပါကွ၊ အခုတော့ မင်းတို့က ရွှေခေါရဲ့တပည့်တွေဖြစ်နေပြီပေါ့ဟုတ်လား၊ ဒီမှာ ဟေ့ကောင်တွေ၊ ငါဒီရွာကသူကြီးကွ၊ ငါ့ရွာထဲ ငါ့ခြေထောက်နဲ့ငါသွားတာ ဘယ်သူ့ကိုဂရုစိုက်နေရမှာလဲ”
်ဖိုးမောင်က အရှေ့တိုးလိုက်သည့်အခါ လူယုံများကလည်း အရှေ့တိုးလာပြီး ဖိုးမောင်အရှေ့တွင်ပိတ်ရပ်လိုက်ကြသည်။ ဖိုးမောင်မှာ ဒေါသထွက်သွားပြီး
“ဟေ့ကောင်တွေ မင်းတို့ငါ့ရှေ့က ဖယ်မလားမဖယ်ဘူးလား”
“ကိုရွှေခေါက သူကြီးကိုဘယ်မှမသွားခိုင်းပါဘူး”
“တခေါခေါနဲ့ ပြောတဲ့ကောင်တွေ၊ မင်းတို့မဖယ်ရင် မင်းတို့ကို ငါသတ်ပစ်မယ်ကွ”
ဖိုးမောင်မှာ ခါးကြားတွင်ချိတ်ထားသည့် ခြောက်လုံးပြူးသေနတ်ကိုဖြုတ်လိုက်ကာ လူယုံများထံသို့ထိုးချိန်လိုက်သည်။ သို့သော်လူယုံများမှာ ကြောက်ရွံ့သည့်ပုံမရှိပေ။
“ဒီလောက်တောင်ဖြစ်လှတာ ကိုင်းကွာ သေစမ်းကွာ”
ဖိုးမောင်မှာ ခြောက်လုံးပြူးသေနတ်ခလုပ်ကိုဆွဲညှစ်လိုက်သော်လည်း ယမ်းပေါက်ကွဲသံထွက်မလာဘဲ တချက်ချက်အသံသာ ထွက်လာလေသည်။ ဖိုးမောင်မှာ အလွန်အံ့သြသွားပြီးခြောက်လုံးပြူးသေနတ်အား ခါးချိုးကြည့်လိုက်သည့်အခါ သေနတ်ထဲတွင် ကျည်ဆန်တစ်တောင့်မှ မရှိတော့ပေ။
“ဟာ၊ ငါ့ကျည်ဆန်တွေဘယ်ရောက်သွားပြီလဲ”
“ကိုရွှေခေါ အမိန့်အရ သူကြီးအိပ်နေတဲ့အချိန် ကျည်ဆန်တွေအကုန်ထုတ်ထားလိုက်ပါတယ်”
“တောက်၊ မင်းတို့ တော်တော်တရားလွန်နေပြီနော်”
“ဒီမှာသူကြီး၊ ကျုပ်တို့ကို ဖိအားမပေးပါနဲ့၊ ကျုပ်တို့ သူကြီးအပေါ်ကိုလက်မပါချင်ဘူး၊ သူကြီးသာ ရှေ့ဆက်ဖို့အတင်းကြိုးစားရင်တော့ ကျုပ်တို့သူကြီးကို လက်ပါရလိမ့်မယ်၊ ကိုရွှေခေါကလည်း လိုအပ်ရင် သူကြီးကိုရိုက်နှက်ထုထောင်းဖို့အထိ ခွင့်ပြုပြီးသားပါ”
ဖိုးမောင်မှာ အလွန်ဒေါသထွက်စွာနှင့် အိမ်ပေါ်သို့ပြန်တက်သွားလေသည်။ ဖိုးမောင်အား တပည့်များက မျက်စိဒေါက်ထောက်ကြည့်နေသဖြင့် ဖိုးမောင်မှာ နေအိမ်အကျယ်ချုပ်ကျနေသည်နှင့်ပင် ဆင်တူနေလေသည်။
(၂)
မနက်မိုးလင်းသည်နှင့် မယ်ပျင်းမှာ တောင်းကလေးတစ်လုံးယူကာ တောအုပ်ဘက်သို့ထွက်ခဲ့လေသည်။ တောအုပ်အတွင်း တောစံပယ်ရုံများရှိကာ အလွန်မွှေးပျံ့သင်းကြိုင်သဖြင့် မယ်ပျင်းက စံပယ်ပန်းအခူးထွက်ခဲ့ခြင်းဖြစ်သည်။ ယခင်က မယ်ပျင်းမှာ ပန်းပန်လေ့မရှိသော်လည်း ယခုတော့ ချစ်သူဖြစ်သည့် ဖိုးမောင်က မယ်ပျင်းပန်းပန်ထားသည်ကို ကြိုက်နှစ်သက်သည်ဟုဆိုသဖြင့် တကူးတက ပန်းပန်လေတော့သည်။
မယ်ပျင်းအိမ်မှထွက်ခွာသွားပြီးမကြာခင်တွင် ရွှေခေါတစ်ယောက် ထီးဝိုင်းကြီးဆောင်းကာ မယ်ပျင်းတို့ခြံဝန်းအတွင်းသို့ဝင်လာခဲ့လေသည်။ မမယ်ဖြူမှာ ခြံအတွင်းတံမြက်စည်းလှဲနေခိုက်ဖြစ်သဖြင့် ရွှေခေါတို့လူတစ်စုနှင့်် တွေ့ဆုံလေသည်။ ရွှေခေါတို့လူစုတွင် အရှေ့မှ အဒေါ်ကြီးတစ်ယောက်က အုန်းပွဲငှက်ပျောပွဲကိုရွက်လျှက် အနောက်မှ လူများမှာလည်း တောင်းကြီးတောင်းငယ်များကိုထမ်းရွက်လာကြလေသည်။
ရွှေခေါက မမယ်ဖြူအားပြုံးပြပြီး
“ကြီးဒေါ်၊ မယ်ပျင်းရှိသလား”
“မယ်ပျင်းအပြင်ထွက်သွားတယ်ကွဲ့”
“ရပါတယ်၊ လာရင်းကိစ္စက ကြီးဒေါ်နဲ့တွေ့ဖို့လာခဲ့တာပါ”
“ဒါဖြင့်ရင် အိမ်ပေါ်တက်ကြပါအုံးကွယ်”
ရွှေခေါတို့လူတစ်စုမှာ အိမ်ပေါ်သို့တက်ကြလေသည်။ တောင်းကြီးတောင်းငယ်များထဲတွင် ဆန်ဆီနှင့်စားသောက်ဖွယ်ရာများကိုထည့်ထားသကဲ့သို့ ထန်းခေါက်ဖာများအတွင်းတွင်လည်း အဖိုးတန်ပိတ်အုပ်များ၊ ကတ္တီပါစများနှင့်အတူ သစ်သားသေတ္တာကလေးတစ်ခုအတွင်းတွင်တော့ ဒေါင်းဘယက်များ၊ စိန်လည်ဆွဲများ၊ အဖိုးတန်လက်ဝတ်ရတနာများကို တွေ့ရလေသည်။
“ဒါနဲ့ လာရင်းကိစ္စကဘာများလဲကွဲ့”
ရွှေခေါက ပြုံးလိုက်ရင်း
“လာရင်းကိစ္စကတော့ ကျုပ်က ကြီးဒေါ်ရဲ့သမီး မယ်ပျင်းကလေးကို မေတ္တာရှိလို့ တူနှစ်ကိုယ်ပေါင်းဖက်ဖို့အတွက် ကြီးဒေါ်ဆီလာပြီး ကြောင်းလမ်းနားဖောက်ရခြင်းဖြစ်ပါတယ်”
မမယ်ဖြူမှာအလွန်အံ့အားသင့်သွားသည်။ ရွှေခေါက လက်ဝတ်ရတနာပစ္စည်းများကိုလက်ညှိုးထိုးပြပြီး
“ကြီးဒေါ်တို့သားအမိအတွက် ဟောဒီရတနာလက်ဝတ်လက်စားတွေအပြင် စပါးတင်းတစ်ရာ၊ ပဲ တင်းတစ်ရာ၊ ရွာအရှေ့က လယ်မြေ ပယ်ငါးဆယ်နဲ့ နွားအရှဉ်းငါးဆယ်ကိုပါ တင်တောင်းမှာဖြစ်ပါတယ်၊ ကျုပ်နဲ့ မယ်ပျင်းသာ လက်ထပ်ပြီးသွားခဲ့ရင် ကြီးဒေါ်တို့သားအမိက ရွာမှာအချမ်းသာဆုံးဖြစ်သွားစေရပါမယ်”
“ဒါတော့ ဒါပေါ့ငါ့တူရယ်၊ ဒါပေမယ့် သမီးကလေးရဲ့ ဆန္ဒကိုလည်း မေးကြည့်ရပါအုံးမယ်”
“ဗမာမိန်းကလေးတစ်ယောက်ရဲ့ အိမ်ထောင်ရေးကိစ္စကို မိဘတွေကသာ ဆုံးဖြတ်ရိုးထုံးစံဖြစ်လို့ မယ်ပျင်းရဲ့ဆန္ဒက အရေးမကြီးပါဘူး ကြီးဒေါ်၊ ကြီးဒေါ်ရဲ့ဆန္ဒကသာ အဆုံးအဖြတ်ပါပဲ”
မမယ်ဖြူမှာ ခေါင်းကိုတဗြင်းဗြင်းကုပ်ရင်း စဉ်းစားရခက်နေလေသည်။ ရွှေခေါက မမယ်ဖြူအားကြည့်လိုက်ရင်း
“ကျုပ်နဲ့လက်ထပ်ပေါင်းသင်းမယ်ဆိုရင်ဖြင့် မယ်ပျင်းရဲ့ဘဝက အရာအားလုံး ပြည့်ပြည့်စုံစုံနဲ့ နေသွားရလိမ့်မယ်ကြီးဒေါ်၊ မယ်ပျင်းက ရွှေပုံပေါ်မှာစံစားရပြီး ဘယ်အရာမှလိုလေသေးမရှိအောင်နေရမယ့်အပြင် ကျုပ်ကလည်း အိမ်ထောင်ဦးစီးယောက်ျားတစ်ယောက်အနေနဲ့ မယ်ပျင်းအရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးနေမှာဖြစ်လို့ မယ်ပျင်းရဲ့ဘဝမှာ စိုးရိမ်ကြောင့်ကြခြင်းကင်းစွာနဲ့ နေထိုင်သွားရလိမ့်မယ်”
မမယ်ဖြူမှာ ရွှေခေါ၏ ပြောဆိုမှုများကိုနားယောင်သည့်အလား ခေါင်းတဆတ်ဆတ်ညိတ်နေလေသည်။
“တကယ်လို့ ကျုပ်နဲ့သာ လက်မထပ်ဖြစ်ဘူးဆိုရင်တော့ ကြီးဒေါ်နဲ့မယ်ပျင်းတို့ ဟောဒီရွာမှာဆက်နေဖို့အတွက် အခက်အခဲတွေအများကြီးတွေ့ကြုံရပါလိမ့်မယ်”
“မောင်ရင့်စကားက တစ်မျိုးပဲကွဲ့၊ ဘာလဲ မောင်ရင်က အဒေါ်တို့ကို အိမ်ပေါ်တက်ပြီး ခြိမ်းခြောက်နေတာလား”
“မဟုတ်ပါဘူးကြီးဒေါ်၊ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ကြီးဒေါ်နားလည်အောင်ရှင်းပြတာပါ၊ ဟောဒီရွာကို သူကြီးဖိုးမောင်က အုပ်ချုပ်တယ်ဆိုပြီး အမည်ခံထားပေမယ့် ဒီရွာမှာ ကျုပ်ရဲ့စကားသာအမှန်၊ ကျုပ်ရဲ့အမိန့်သာ အတည်ဖြစ်တယ်ဆိုတာ ကြီးဒေါ်တို့သိပြီးဖြစ်မှာပါ၊ ပြီးတော့ ကျုပ်က ဒီရွာက ရပ်မိရပ်ဖ၊ ဆွေကြီးမျိုးကြီးတွေနဲ့ သွေးသားတော်စပ်နေတဲ့လူဖြစ်တဲ့အတွက် ကျုပ်ကသာ ဒီရွာရဲ့ခေါင်းဆောင်အစစ်လို့ပြောရင် မမှားနိုင်ပါဘူးကြီးဒေါ်၊ ကြီးဒေါ်တို့ တစ်ရွာလုံးနဲ့တစ်ယောက် မလုပ်ချင်စမ်းပါနဲ့၊ ကြီးဒေါ်သမီးဘယ်လောက်စွမ်းတယ်ပြောပြော တစ်ရွာလုံးကို ကုန်အောင်သတ်နိုင်မှာတဲ့လား”
မမယ်ဖြူမှာ ရွှေခေါပြောဆိုသည်များကို တွေးတောကာ ဆင်ခြင်နေမိသည်။
“ကဲ ကြီးဒေါ်၊ အခုက ကြီးဒေါ်ဆုံးဖြတ်ဖို့အချိန်ပါပဲ၊ ကြီးဒေါ်လည်း မိဘတစ်ယောက်ပါ၊ မိဘဆိုတာ ကိုယ့်သမီးကိုယ် ဆင်စီးပြီးမြင်းရံတာမြင်ချင်သလား၊ ဆင်နင်းပြီး မြင်းကန်တာကို မြင်ချင်သလားဆိုတာကတော့ ကြီးဒေါ်ရဲ့ဆုံးဖြတ်မှုအပေါ်မူတည်ပါတယ်”
“မောင်ရင်ပြောတဲ့စကားတွေက မှန်ပါတယ်ကွယ်”
ရွှေခေါက ပြုံးရယ်လိုက်ပြီး
“ဒါဖြင့် ဒီနေ့ကြောင်းလမ်းတဲ့ကိစ္စအောင်မြင်သွားတယ်လို့ပဲ မှတ်ယူလိုက်မယ်နော် ကြီးဒေါ်”
မမယ်ဖြူမှာ ခေါင်းသာညိတ်ပြလိုက်သည်။
“ဒါဖြင့် လက်ဆောင်တွေကို ကြီးဒေါ်တို့ယူထားလိုက်ပါ၊ မင်္ဂလာရက်မြတ်ရက်ကောင်းရွေးချယ်ပြီးတဲ့အခါမှာတော့ မယ်ပျင်းနဲ့မင်္ဂလာကိစ္စကို ကျုပ်အမြန်ဆုံးစီစဉ်ပေးပါ့မယ်”
ရွှေခေါနှင့်လူတစ်သိုက်မှာ ပစ္စည်းများကိုထားခဲ့ပြီးနောက် အိမ်ပေါ်မှပြန်ဆင်းသွားလေသည်။ မမယ်ဖြူမှာတော့ အိမ်အပြင်ဘက်သို့တစ်ချက်ငေးကြည့်လိုက်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။
မယ်ပျင်းမှာ ခြင်းတောင်းကလေးထဲ တောစံပယ်ပန်းများထည့်ကာ တောအုပ်အတွင်းမှထွက်လာခဲ့သည်။ ရွာအပြင်တစ်နေရာသို့အရောက် သစ်ပင်အောက်တွင် ရွှေခေါက မတ်တပ်ရပ်နေလေသည်။ မယ်ပျင်းအနားမှဖြတ်သွားသည့်အခါ ရွှေခေါက မယ်ပျင်းအားလှမ်းခေါ်သည်။
“မယ်ပျင်း၊ မင်းကိုငါမေးစရာတစ်ခုရှိတယ်”
ရွှေခေါမှာ ဖိုးမောင်နှင့်ပတ်သက်နေသူတစ်ဦးဖြစ်မှန်း မယ်ပျင်းက သိသဖြင့် ရွှေခေါအရှေ့တွင်ရပ်တန့်လိုက်လေသည်။
“ဘာမေးမှာလဲ”
“နင်နဲ့ ဖိုးမောင်နဲ့ ချစ်နေကြိုက်နေကြတယ်လို့ ငါသတင်းကြားတယ်၊ အဲဒါတကယ်ပဲလား”
မယ်ပျင်းမှာ ခေါင်းငုံ့လျှက်
“ဟုတ်လို့ကျော်၊ ပုပ်လို့ပေါ်တဲ့တော့၊ တကယ်ဟုတ်နေလို့ လူတွေကပြောနေကြတာဖြစ်မှာပေါ့”
“ငါအဲဒီလို ဟုတ်သလိုလို မဟုတ်သလိုလိုကို စိတ်မဝင်စားဘူးမယ်ပျင်း၊ ငါက မင်းရဲ့ပါးစပ်က ဖြေတာကိုလိုချင်တာ”
မယ်ပျင်းမှာ ရွှေခေါအားကြည့်လိုက်ရင်း
“ဟုတ်တယ်၊ ကျုပ်နဲ့ဖိုးမောင်နဲ့ ချစ်နေကြတယ် အဲဒါဘာဖြစ်သလဲ”
“ဖြစ်မှဖြစ်ရလေမယ်ပျင်းရယ်၊ ဖိုးမောင်ကို နင်ချစ်ရင် နင်နာကျင်ရလိမ့်မယ်”
“အို၊ ရှင်က ဘာသိလို့ ကျုပ်တို့ကြားထဲဝင်ပြောနေရတာလဲ”
“သိတာပေါ့ဟာ၊ သိပ်သိတာပေါ့၊ ဖိုးမောင်ဆိုတဲ့ကောင်ကို ငါက အချိန်တော်တော်ကြာအောင်ပေါင်းသင်းခဲ့တာပါဟ၊ ဖိုးမောင်ရဲ့စိတ်နေစိတ်ထား၊ သူ့ရဲ့အတွင်းစိတ်ဘယ်လိုရှိတယ်ဆိုတာကို ငါအကုန်လုံးသိတယ်၊ ဖိုးမောင်က မိန်းကလေးတစ်ယောက်ကို နှစ်နှစ်ကာကာ စွဲစွဲမြဲမြဲချစ်တတ်တဲ့လူမျိုးမဟုတ်ဘူး၊ ဒီကောင်က မိန်းကလေးတွေကို ထမင်းစားပြီးအချိုတည်းတဲ့ အချိုပွဲလိုပဲ သဘောထားတဲ့ကောင်မျိုးဟ”
မယ်ပျင်းမှာ ဖိုးမောင်မကောင်းကြောင်းကိုကြားလိုက်ရသဖြင့် အနည်းငယ်စိတ်တိုသွားမိသည်။
“ငါအခုပြောတာ နင့်ကိုတကယ်ချစ်လို့၊ နင်နာကျင်ရမှာစိုးလို့ သတိပေးတဲ့အနေနဲ့ ပြောတဲ့သဘောမျိုးပါ၊ ဖိုးမောင်က ဒီရွာမှာမှမဟုတ်ဘူး အရင် ငန်းမြာရွာမှာနေကတည်းကိုက မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက်နဲ့ ပုဆိုးထည်လဲဝတ်သလို ပတ်သက်ခဲ့တဲ့ကောင်မျိုး၊ စကားကိုလည်း မိန်းကလေးတွေကြိုက်အောင်လို့ အမျိုးမျိုးပတ်ချွဲနှပ်ချွဲနဲ့ ပလီပလာပြောတတ်တဲ့လူစားမျိုးဟ၊ မိန်းကလေးတစ်ယောက်ရဲ့အချစ်၊ မိန်းကလေးတစ်ယောက်ရဲ့ ကာမကို ရယူပြီးပြီဆိုရင်တော့ ဒီကောင်က အကျင့်ပြောင်းသွားရော၊ ဒီကောင်က အသစ်ကြိုက်တဲ့ကောင်ဆိုတော့ ဟောင်းပြီးသား သူသုံးပြီးသား ပစ္စည်းကို ပြန်လှည့်မကြည့်တတ်တဲ့ကောင်ဆိုတော့ မိန်းကလေးတွေကိုလည်း သူနဲ့ပတ်သက်ပြီးရင် ပြန်လှည့်မကြည့်တော့ဘဲ ပစ်ခွာထားတတ်လို့ အရင်က သူ့အဘိုးလိုက်ရှင်းပေးခဲ့ရပေါင်းမနည်းဘူး မယ်ပျင်းရဲ့”
“ရှင် လျှောက်ပြောနေတာ၊ ရှင်မဟုတ်တာတွေ လျှောက်ပြောနေတာပဲ”
ရွှေခေါက တစ်ဖက်သို့လှည့်သွားရင်း
“အေးပေါ့လေ၊ ငါလည်း မင်းလိုမိန်းကလေးတွေအများကြီးကို တားခဲ့ဖူးပါတယ်၊ ဒါပေမယ့် မင်းတို့က ဖိုးမောင်ရဲ့ပလီပလာစကားတွေကို ယုံစားနေတဲ့အချိန်ဆိုတော့ ငါပြောတာကို နားမဝင်ခဲ့ဘူး၊ မယုံခဲ့ကြဘူးပေါ့၊ ငါပြောတာ သေချာမှတ်ထားမယ်ပျင်း၊ မင်းသိပ်ချစ်လှပါချည်ရဲ့ဆိုတဲ့ဖိုးမောင်က မင်းကိုတစ်နေ့တော့ စိမ်းစိမ်းကားကားနဲ့ စွန့်ပစ်သွားလိမ့်မယ်”
မယ်ပျင်းမှာ ရွှေခေါပြောစကားကို နားမထောင်တော့ဘဲ ရွာထဲသို့သာလှမ်းလာခဲ့လေသည်။
အိမ်သို့ရောက်သည့်အခါ မယ်ပျင်းမှာ လက်ဆောင်ပစ္စည်းများကိုကြည့်ရင်း အလွန်အံ့သြသွားလေသည်။ မမယ်ဖြူက အဆင်အဆန်းစုံလင်လှသည့် ပိတ်အုပ်များကိုဖြေကြည့်နေလေသည်။
“အမေ ဒါတွေဘယ်ကရတာလဲဟင်”
မမယ်ဖြူက မယ်ပျင်းကိုကြည့်လိုက်ရင်း
“သမီး ဒီမှာခဏထိုင်ပါအုံး”
မယ်ပျင်းမှာ ပန်းတောင်းကလေးချကာ ထိုင်လိုက်လေသည်။
“သမီးလည်းအရွယ်ရောက်နေပြီပဲ၊ ဆယ့်ရှစ်နှစ်ကျော်လို့ ဆယ့်ကိုးနှစ်ဆိုတာ အိမ်ထောင်ရက်သားပြုဖို့အတွက် အရွယ်တောင်လွန်ချင်နေပါပြီ၊ ဒီတော့ သမီးကညာအခါမလင့်ဆိုတဲ့စကားအတိုင်း သမီးကိုအိမ်ထောင်ချပေးဖို့ အမေစီစဉ်လိုက်တယ်”
“အမေဘာတွေပြောနေတာလဲ”
“ဟုတ်တယ်သမီး၊ သမီးကို မောင်ရွှေခေါက ချစ်ခင်မြတ်နိုးလို့ စုံမက်ချင်ပါတယ်ဆိုပြီး လာတောင်းရမ်းနားဖောက်သွားတယ်ကွဲ့၊ ဟောဒါကတော့ သမီးအတွက်သူပေးလိုက်တဲ့ တောင်းရမ်းတဲ့ လက်ဆောင်ပစ္စည်းတချို့တဝက်ပဲ”
မယ်ပျင်းမှာ မျက်နှာကိုရှုံ့မဲ့လိုက်ကာ
“ဟာ၊ ဒီပစ္စည်းတွေ သမီးမလိုချင်ပါဘူးအမေ၊ ဒါနဲ့ အမေက အဲဒီသွားခေါခေါနဲ့လူကြီးနဲ့ သမီးကိုသဘောတူလိုက်တာလား”
“အမေပြောတာ သေချာနားထောင်စမ်းပါသမီးရယ်၊ အမေစီစဉ်တယ်ဆိုတာ သမီးကောင်းစားဖို့အတွက်ပဲ၊ မောင်ရွှေခေါက ရုပ်ရည်အရာမှာ ချို့တဲ့တယ်ဆိုပေမယ့် ငွေကြေးဓနဥစ္စာပိုင်းအရရော၊ သြဇာအာဏာအရပါ ဒီရွာမှာ နှစ်ယောက်မရှိတဲ့လူပဲသမီးရဲ့၊ အမေတို့ မိန်းကလေးတွေဆိုတာ တစ်ယောက်တည်း မရှင်သန်ကောင်းဘူး၊ တစ်ယောက်တည်း နေထိုင်တယ်ဆိုတာ မသင့်တော်ဘူးကွဲ့၊ အမှီသဟဲအဖြစ် လင်ယောက်ျားတစ်ယောက်ရှိမှာ သင့်တော်တယ်မဟုတ်လား”
“မလိုပါဘူးအမေရာ သမီးအတွက်တော့ အဲဒီလူကြီးကို လင်တော်ရမယ့်အစား တစ်ယောက်တည်းပဲ နေလို့ဖြစ်ပါတယ်”
“သမီးရဲ့ ထီးမရှိတဲ့ဘုရား၊ တံခွန်မရှိတဲ့ရထား၊ လင်မရှိတဲ့ မိန်းမသားဆိုတာ မတင့်တယ်ဘူးတဲ့သမီးရဲ့၊ သမီးသေချာစဉ်းစားကြည့်စမ်း၊ အခုအမေတို့က စုန်းတွေဆိုပြီး အရပ်ထဲမှာအပြောခံအဆိုခံနဲ့ မျက်နှာအောက်ချပြီးနေရတယ်မဟုတ်လား၊ သမီးသာ မောင်ရွှေခေါနဲ့ညားပြီးရင် သူဌေးကတော်ကြီးဖြစ်သွားပြီး မောင်ရွှေခေါရဲ့ သြဇာကြောင့် သမီးကိုဘယ်သူမှ ပြောရဲဆိုရဲမှာမဟုတ်တော့ဘူး၊ ဒါ့အပြင် မောင်ရွှေခေါရဲ့စည်းစိမ်တွေကလည်း မနည်းတာကြောင့်မို့လို့ သမီးကလေးတစ်သက်လုံး မတောင့်မတ၊ မကြောင့်မကြနဲ့ နေနိုင်စားနိုင်မှာမဟုတ်လားကွဲ့၊ အမေက သမီးလေးကောင်းဖို့အတွက် စီစဉ်လိုက်တာပါကွယ်”
“ဘာပဲဖြစ်ဖြစ်အမေရာ အမေဘယ်လိုစီစဉ်ထား စီစဉ်ထား သမီးကတော့ ဒီလူကြီးနဲ့ မပေါင်းနိုင်ဘူး”
“ဟဲ့သမီး၊ မိဘက လက်နဲ့ရေးတာကို နင်က ခြေနဲ့ဖျက်ချင်တာလား၊ သမီးပြောတော့ အမေ့ကိုချစ်တယ်ဆို၊ အမေ့ကိုချစ်တယ်ဆိုရင် ဒီအမေကြီး မျက်နှာမပျက်အောင်နေ၊ အရှက်မကွဲအောင်နေရတယ်သမီးရဲ့၊ ကြောင်းလမ်းနားဖောက်တာကို လက်ခံပြီးတော့မှ သမီးကထဖောက်ရင် အမေပဲရွာထဲမှာ အရှက်တကွဲအကျိုးနည်းဖြစ်ရမယ်သမီးရဲ့၊ အမေ့စကားကို သမီးဒီတစ်ခေါက်တော့ နားထောင်ပေးပါနော်”
မယ်ပျင်းမှာ ခေါင်းကုပ်လျှက်
“စိတ်ညစ်လိုက်တာအမေရာ၊ ဘာလုပ်ရမှန်းကိုမသိတော့ဘူး”
မယ်ပျင်းမှာ ပန်းတောင်းကလေးဆွဲပြီး အိမ်ထဲသို့ဝင်သွားတော့သည်။ မမယ်ဖြူမှာ မယ်ပျင်း၏ စိတ်ဓါတ်ကိုသိသူမို့ မယ်ပျင်းမှာ မိဘစကားအား ပယ်ရှားမည်မဟုတ်ဟုတွေးကာ ပြုံးလိုက်မိလေသည်။
(၃)
မယ်ပျင်းမှာ စိတ်ပျက်လက်ပျက်နှင့် ပန်းများကိုထိုင်ကာသီနေမိသည်။ ဘွားချမ်းသာတစ်ယောက်လည်း အိမ်သို့ရောက်လာလေသည်။ ဘွားချမ်းသာမှာ မူးနေပုံရလေသည်။
“ဘွားချမ်းသာကြည့်ရတာ မူးနေသလိုပါပဲလား”
“အေးလေ၊ နင်တို့ရွာထဲက အရက်ခိုးချက်တဲ့လူတွေ ငါ့ကိုမြှောက်လိုက်လို့ ငါနည်းနည်းထွေလာတယ်အေ့”
“ဘွားချမ်းသာက အခုတော့ ထန်းရည်တင်မဟုတ်ဘဲ ယမကာအဆင့်မြင့်သွားပါပေါ့လား”
“ထန်းရည်ဖြစ်ဖြစ် ယမကာဖြစ်ဖြစ်ပါအေ၊ ငါက ဒီအရည်ကလေးနည်းနည်းဝင်သွားမှာ လျှာသွက်အာသွက်နဲ့ နေလို့ထိုင်လို့ကောင်းတာအေ့”
မယ်ပျင်းက ပန်းများကိုသီကုံးနေရင်း
“ဒါနဲ့ဘွားချမ်းသာ ယောက်ျားတွေက ပလီပလာပြောတတ်တယ်ဆိုတာ တကယ်လား”
“အစစ်ပေါ့အေ”
“ယောက်ျားတွေက အသစ်တွေ့ရင် အဟောင်းမေ့သွားတယ်ဆိုတာကရော”
“ဒါကပိုလို့တောင်မှန်သေးတယ်အေ့၊ ယောက်ျားတွေရဲ့စိတ်က အသစ်အဆန်းလေးမှ စိတ်ဝင်စားကြတာအေ့၊ ကိုယ်ပိုင်ပြီဆိုရင် အဲဒီအရာကိုတန်ဖိုးမထားတော့ဘဲ အသစ်လေးမှကောင်းတယ်ထင်တာ၊ ငါတို့မိန်းမတွေ ဗိုက်တစ်လုံးနဲ့ဖြစ်နေတဲ့အချိန်တို့ ကလေးတွဲလောင်းနဲ့ဖြစ်နေတဲ့အချိန်မျိုးဆို ဒင်းတို့က လှည့်တောင်ကြည့်ချင်ကြတာမဟုတ်ဘူးအေ့၊ တစ်ချိန်ကတော့ မင်းရဲ့မျက်နှာကလေးကို ကြည့်လို့မဝပါဘူး ရှုလို့မဝပါဘူးဆိုတဲ့လူက နောက်တော့ ကလေးတွဲလောင်းလည်းဖြစ်ရော မင်းရဲ့မျက်နှာကို မြင်ကိုမမြင်ချင်ဘူးဆိုတဲ့အဖြစ်အထိ ဖြစ်သွားကြပါရော”
မယ်ပျင်းမှာ ဘွားချမ်းသာ၏ စကားများကိုနားထောင်ရင်း ကြောက်ရွံ့နေမိသည်။
“ဒါဆို ကိုဖိုးမောင်ကရော ဒီလိုပဲလားမသိဘူးနော်”
“ငါပြောပြီးသားပဲအေ၊ ယောက်ျားဆိုတာမျိုးက ဒီလိုအချိုးတွေချည်းပါပဲ၊ နင့်အကောင်လည်း ဘာသားနဲ့ထုထားတာမို့လို့လဲ၊ အားလုံးက ဒီပုတ်ထဲက ဒီပဲချည်းပဲ၊ ညည်းလည်း ချင့်ယုံပေါ့အေ”
ဘွားချမ်းသာ၏ စကားများက မယ်ပျင်းရင်ထဲဝယ် သံသယများအဖြစ်တိုးပွားလာခဲ့လေသည်။ မယ်ပျင်းမှာ တစ်နေ့လုံးမျှော်နေသော်လည်း ဖိုးမောင်ရောက်မလာသဖြင့် ညနေစောင်းသည့်အခါ ဖိုးမောင်၏အိမ်သို့လိုက်သွားရန်စိတ်ကူးလိုက်လေသည်။ ညနေနေဝင်ရီတရောအချိန်တွင် မယ်ပျင်းမှာ တဘက်ကလေးတစ်ထည်အား ပုခုံးပေါ်တင်လျှက် ဖိုးမောင်၏အိမ်ဆီသို့လာခဲ့သည်။ ခြံစည်းရိုးတံခါးများပိတ်ထားပြီး အိမ်ကြီးမှာ တိတ်ဆိတ်၍နေလေသည်။
“အလို ခြံတံခါးတွေလည်း ပိတ်ထားလို့ပါလား အိမ်ထဲမှာဘယ်သူမှမရှိဘူးလား”
မယ်ပျင်းမှာ ခြံတံခါးကိုအသာတွန်းလိုက်လေသည်။ ခြံတံခါးမှာ အတွင်းမှမင်းတုန်းခံကာပိတ်ထားသဖြင့် တွန်းမရပေ၊ မယ်ပျင်းက ဘေးဘီဝဲယာသို့ကြည့်လိုက်ပြီး ခြံတံခါးအားလက်နှင့်အသာကလေး ပွတ်လိုက်သည့်အခါ လူတစ်ဦးတစ်ယောက်ဖွင့်ပေးလိုက်သည့်နှယ် ခြံတံခါးပွင့်သွားတော့သည်။ ခြံတံခါးပွင့်သွားသည့်အခါ ခြံအတွင်းတွင် လူရမ်းကားများကိုတွေ့လိုက်ရသည်မို့ ပုခုံးပေါ်တင်ထားသည့် သဘက်ကိုမန္တန်ဖြင့်တစ်ချက်မန်းလိုက်၍ ခေါင်းပေါ်လွှမ်းခြုံလိုက်သည့်အခါ မယ်ပျင်း၏ ကိုယ်မှာပျောက်ကွယ်သွားပြီး အခြားသူများက မမြင်တွေ့နိုင်သည့်အနေအထားဖြစ်သွားလေသည်။
မယ်ပျင်းက ခြံထဲသို့ဝင်လာခဲ့သည့်အခါ သေနတ်ကိုင်ထားသည့် လူရမ်းကားများကိုတွေ့လိုက်ရသည်။ ထိုသူများက လှေကားအတက်အဆင်းရှိ ခုံတွင်ထိုင်ကာ စောင့်ကြပ်နေကြလေသည်။ မယ်ပျင်းမှာထိုလူများကိုဖြတ်ကျော်ပြီး အိမ်ပေါ်ထပ်သို့တက်သွားလိုက်ရာ အိမ်ပေါ်ထပ်အရောက်တွင်တော့ ကြမ်းပြင်ပေါ်တွင်လဲကျနေသည့် ဖိုးမောင်ကိုတွေ့လိုက်ရသည်။ မယ်ပျင်းက ဖိုးမောင်ကိုပြေးပွေ့လိုက်ပြီး
“ကိုဖိုးမောင်၊ ကိုဖိုးမောင် ဘယ်လိုဖြစ်တာလဲ”
ဖိုးမောင်မှာ မယ်ပျင်းကိုမမြင်ရသည်မို့ ကြောင်အမ်းအမ်းဖြစ်နေလေသည်။ မယ်ပျင်းမှာ ခေါင်းပေါ်ခြုံထားသည့် တဘက်ကိုဖြုတ်လိုက်တော့မှ ဖိုးမောင်ကမယ်ပျင်းကိုမြင်တွေ့သွားရသည်။
“မယ်ပျင်း၊ နင် လိုက်လာတယ်လား”
“တစ်နေ့လုံးမလာလို့ အကိုဘာများဖြစ်နေသလဲဆိုပြီး စိတ်ပူလို့လိုက်လာတာ”
“ဟိုကောင်တွေ နင့်ကိုတွေ့သွားသေးလား”
“တွေ့တော့ မတွေ့ပါဘူး၊ ကိုယ်ရောင်ဖျောက်ပြီးလာတာကိုး”
ဖိုးမောင်က မယ်ပျင်းလက်ကိုဆွဲလိုက်ပြီး
“ဟိုကောင် ယုတ်မာပြီ၊ ရွှေခေါက ယုတ်မာပြီမယ်ပျင်းရဲ့”
မယ်ပျင်းမှာ ခေါင်းညိတ်လိုက်လေသည်။ ထိုအခါ ဖိုးမောင်က အံ့သြသွားပြီး
“ရွှေခေါယုတ်မာတာကို မင်းကသိတယ်၊ ဟုတ်လားမယ်ပျင်း”
“ဟုတ်တယ်ကိုဖိုးမောင်၊ အခုကိုဖိုးမောင်ဆီကိုလာရတာလဲ အဲဒီကိစ္စကိုပြောမလို့ပါ”
“ဘာလဲ . . . ဘာကိစ္စများလဲ”
“မနက်က ကိုရွှေခေါက ကျုပ်တို့အိမ်ကို ကန်တော့ပွဲတွေ၊ လက်ဆောင်ပစ္စည်းတွေနဲ့ ရောက်ချလာတယ်”
“ဟင်၊ ဒီကောင်က ဘာလာလုပ်တာလဲ”
“ဘာလာလုပ်ရမလဲ၊ ကျုပ်ကိုချစ်လွန်းလို့ မေတ္တာရှိလွန်းလို့ပါဆိုပြီးတော့ ကျုပ်အမေဆီကိုလာပြီး တောင်းရမ်းနားဖောက်တာတဲ့လေ”
ဖိုးမောင် အလွန်ဒေါသထွက်သွားလေသည်။
“ဘာ၊ ဒီကောင်ကများ ရာရာစစ၊ ဒါနဲ့ ကြီးဒေါ်က ခွင့်ပြုလိုက်တာပဲလား”
မယ်ပျင်းမှာ ခေါင်းကိုဖြေးညှင်းစွာညိတ်လျှက်
“အမေက ခွင့်ပြုသဘောတူလိုက်တယ်တဲ့၊ အဲဒါ ကိုရွှေခေါက ကျုပ်နဲ့မင်္ဂလာဆောင်ဖို့ နေ့ကောင်းရက်သာရွေးပြီးရင် မင်္ဂလာအခမ်းအနားကျင်းပတော့မယ်လို့ဆိုတယ်”
“တောက် . . . ဒီကောင် တော်တော်မိုက်ရိုင်းတဲ့ကောင်ပဲကွာ”
“ကျုပ်ကတော့ ဒီလူကြီးနဲ့ ပေါင်းသင်းဖို့နေနေသာသာ ဒီလူကြီးရဲ့မျက်နှာကိုတောင် မကြည့်ချင်ဘူး ကိုဖိုးမောင်၊ ကိုဖိုးမောင်တစ်ခုခုကြံပါအုံး၊ ကိုဖိုးမောင်ပဲ မယ်ပျင်းကိုချစ်ရပါချည်ရဲ့ဆို”
ဖိုးမောင်မှာ မတ်တပ်ရပ်လိုက်ကာ ပုဆိုးပြင်ဝတ်လိုက်ပြီး
“ဒီရွှေခေါဆိုတဲ့ကောင်တော့ ငါနဲ့တွေ့ကြပြီပေ့ါကွာ၊ ဘာမှမပူနဲ့မယ်ပျင်း၊ ဒီမင်္ဂလာပွဲကို အကိုရအောင်တားမယ်၊ သူကြီးတစ်ယောက်လုပ်နေပြီးတော့ ကိုယ့်ချစ်သူ သူများလက်ထဲပါသွားမှာကို မတားဆီးနိုင်ဘူးဆိုရင် အကိုလူမလုပ်တော့ဘူး”
ဖိုးမောင်မှာ အဝတ်အစားများလဲဝတ်လိုက်ရင်း
“မယ်ပျင်းဘာမှမပူနဲ့ အိမ်ကိုပြန်ပြီးတော့ အိမ်မှာသာနေပြီး အကို့ဆီက သတင်းကောင်းကိုသာ စောင့်နေပါ”
မယ်ပျင်းမှာ ခေါင်းညိတ်လိုက်လေသည်။ ဖိုးမောင်မှာ နံရံတွင်ချိတ်ထားသည့် ဓါးရှည်ကြိးကိုဆွဲဖြုတ်လိုက်ပြီး မယ်ပျင်းတက်လာသည့်တံခါးမှခုန်ဆင်းလိုက်သည်။ လှေကားရင်းတွင်စောင့်နေသည့် လူရမ်းကားများမှာ ရုတ်တရက်မို့ ဖိုးမောင်ကိုမဖမ်းဆီးလိုက်နိုင်ကြပေ၊ ဖိုးမောင်မှာ ဓါးကြီးထမ်းလျှက် ပွင့်နေသည့်ခြံတံခါးမှ ရွာလယ်လမ်းအတိုင်းပြေးထွက်လာခဲ့သည်။
“တွေ့ကြသေးတာပေါ့ ရွှေခေါရာ၊ မင်းလုပ်သမျှ ငါခံနေရတာများပြီကွ၊ ဒီတစ်ခါတော့မရတော့ဘူး၊ ဒီတစ်ခါတော့ မင်းအကြံအစည်အတိုင်း မဖြစ်စေရဘူးကွ”
ဖိုးမောင်မှာ ဓါးဆွဲကာ ရွာထိပ်ရှိ ရွှေခေါ၏ စံအိမ်ကြီးဆီသို့လှမ်းလာခဲ့လေသည်။ ရွှေခေါမှာရွာထိပ်တွင်အိမ်ကြီးဆောက်ကာ နေထိုင်ခြင်းဖြစ်သည်။ ခြံရှေ့ရောက်သည်နှင့် ဖိုးမောင်က အိမ်ကိုကြည့်ကာလှမ်းအော်လိုက်လေသည်။
“ရွှေခေါ၊ ဟေ့ကောင် ရွှေခေါ၊ မင်းသတ္တိရှိရင်ထွက်ခဲ့စမ်းကွာ”
ထိုအခါ ရွှေခေါ၏ အိမ်အတွင်းမှ လူယုံများမှာပြေးထွက်လာကြပြီး သူကြီးဖိုးမောင်အား ဓါးလှံလက်နက်များဖြင့်ချိန်ရွယ်ထားကြလေသည်။ ရွှေခေါမှာ အိမ်အရှေ့ဘက်ရှိလေသာပြတင်းပေါက်မှနေ၍ ဖိုးမောင်အားထွက်ကြည့်ရင်း
“ဟာ၊ ဟေ့ကောင်တွေ၊ ဖက်လိပ်ရွာသူကြီးမင်းလာတာကို မင်းတို့က အခုလိုလက်နက်တွေနဲ့ကြိုလို့ဖြစ်မလားကွ၊ သူကြီးမင်းကို အိမ်ပေါ်ကိုပင့်ခေါ်ခဲ့လေကွာ ဟား ဟား”
ရွှေခေါ၏ လူယုံများက ဖယ်ပေးလိုက်သည့်အခါ ဖိုးမောင်မှာ ရွှေခေါအိမ်ပေါ်သို့ပြေးတက်သွားသည်။ ရွှေခေါမှာ အင်္ဂလိပ်အရာရှိများထိုင်လေ့ရှိသည့် သစ်သားပွတ်လုံးများ ကနုတ်ပန်းများနှင့်အလှဆင်ထားသည့် ကုလားထိုင်တစ်လုံးပေါ်တွင်ထိုင်ချလိုက်ကာ အနီးရှိ ငွေကွမ်းအစ်အတွင်းမှ ကွမ်းတစ်ယာထုတ်ကာ ယာနေလေသည်။
ဖိုးမောင်မှာ ဒေါသတကြီးနှင့်အိမ်ပေါ်သို့တက်လာရင်း ရွှေခေါအား ဓါးဖြင့်ထိုးချိန်လျှက်
“ရွှေခေါ၊ ခင်ဗျားတော်တော်ယုတ်မာကောက်ကျစ်တဲ့လူပါလား၊ ကျုပ်နဲ့မယ်ပျင်းနဲ့ ချစ်ကြိုက်နေတာသိရဲ့သားနဲ့ ခင်ဗျားက မယ်ပျင်းကိုသွားတင်တောင်းတယ်ဆိုတော့ ဒါခင်ဗျား ကျုပ်ကိုနိုင်ချင်လို့ သက်သက်လုပ်တာမဟုတ်လား”
ရွှေခေါမှာ ကွမ်းရွက်ကိုထုံးသုတ်နေရင်း အေးအေးလူလူပင်
“မဟုတ်ဘူးဖိုးမောင်၊ ဒါက မင်းနဲ့မဆိုင်ဘူး၊ မယ်ပျင်းဒီရွာကို စရောက်လာကတည်းက သူ့ရဲ့ရုပ်ရည်၊ သူ့ရဲ့မိန်းမအလှအပတွေကိုကြည့်ပြီး ငါသဘောကျခဲ့ရတာကွ၊ အခုတော့ သူ့ကိုငါပိုင်ဆိုင်ချင်လာတာနဲ့ လူကြီးလူကောင်းပီပီတောင်းရမ်းကြောင်းလမ်းခဲ့တာပဲ၊ သူ့အမေကြီးကလည်း ငါနဲ့သူ့သမီးနဲ့ကို သဘောတူတယ်တဲ့ကွ”
“မလုပ်ပါနဲ့ရွှေခေါရာ၊ ငါ့ကိုမင်းလုပ်ချင်တာလုပ်စမ်းပါကွာ၊ ဒါပေမယ့်မယ်ပျင်းကလေးကိုတော့ ချမ်းသာပေးပါကွာ၊ ငါမင်းကိုတောင်းပန်တာပါ”
“မင်းတောင်းပန်လို့လဲ ဘာမှမထူးဘူးဖိုးမောင်၊ ငါ့အကြံအစည်ဆိုတာ ပျက်ရိုးထုံးစံရှိလို့လားကွ”
ဖိုးမောင်မှာ ရွှေခေါအားဓါးဖြင့်ရွယ်လိုက်ရင်း
“မင်းကိုငါ တောင်းတောင်းပန်ပန်ပြောပြီးပြီနော် ရွှေခေါ၊ မင်းသာနောက်မဆုတ်ဘူးဆိုရင်တော့ ငါမင်းကိုသတ်ရလိမ့်မယ်”
ရွှေခေါက ကွမ်းသီးစိတ်များကို ကွမ်းယာအတွင်းသို့ထည့်လိုက်ကာ ဆေးရွက်ကြီးများကိုချေထည့်နေရင်း
“ကောင်းပြီဖိုးမောင်၊ ဒါဆိုရင် မင်းကိုငါတစ်ခုမေးမယ်၊ မင်းပြောသလို မယ်ပျင်းကိုငါအလွတ်ပေးလိုက်မယ်ကွာ၊ ဒါပေမယ့် မင်းလုပ်ရမှာက မင်းရဲ့သူကြီးရာထူးကိုမင်းစွန့်ရမယ်၊ မင်းရဲ့စည်းစိမ်တွေအားလုံးကို စွန့်လွတ်ရမယ်၊ ဒါဆိုရင် မင်းနဲ့မယ်ပျင်းနဲ့ညားမယ်ပေါ့ကွာ၊ ဘယ်လိုလဲဖိုးမောင်၊ မယ်ပျင်းကိုတကယ်ချစ်တယ်ဆိုရင် မင်းမှာအခုရှိနေတဲ့အရာအားလုံးနဲ့ မင်းလဲရဲရဲ့လား”
ဖိုးမောင်မှာ တွေဝေသွားလေသည်။ ရွှေခေါက ကွမ်းယာကိုပါးစပ်အတွင်းသို့ထိုးထည့်လိုက်ပြီး ဖိုးမောင်ကို ပြုံးဖြီးဖြီးနှင့်ကြည့်နေကာ
“ဘယ်လိုလဲဖိုးမောင်၊ မင်း မလဲရဲဘူးမဟုတ်လားကွ”
ဖိုးမောင်မှာ လက်များတုန်ယင်လာသည်။
“ကဲပါဖိုးမောင်ရာ၊ ငါလုပ်နေတာတွေအကုန်လုံးကလည်း မင်းအတွက်ပါပဲကွ၊ မင်းရဲ့အခြေအနေက ငါကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးရုပ်ကလေးပါကွ၊ ဒီတော့ အရင်လို ငါခိုင်းတာကိုလုပ်၊ ငါပြောတာကိုနားထောင် ဟုတ်ပြီလား”
ဖိုးမောင်မှာ လက်ထဲမှဓါးကိုပစ်ချလိုက်ကာ ရွာအတွင်းသို့ ငူငူငိုင်ငိုင်ကြီးထွက်သွားလေသည်။ ညနေ နေဝင်ပြီးသည်မို့ အမှောင်ထုကဖုံးလွှမ်းလာလေသည်။ ဖိုးမောင်မှာ လမ်းအတိုင်းလျှောက်လာစဉ် ရွာသားတစ်ချို့က ဖိုးမောင်ကိုတွေ့မြင်သွားလေသည်၊ ရွာသားများမှာ တုတ်ဓါးများဆွဲကာ ဖိုးမောင်ဆီသို့ပြေးလာကြသည်။
“ဟား ဟား၊ ထင်းခွေမကြုံ၊ ရေခပ်ကြုံပြီပေါ့ သူကြီးစုတ်ရာ၊ မင်း ငါ့ဦးလေးကို ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ မှတ်မိသေးရဲ့လားကွ”
တုတ်ကိုင်ထားသည့် ရွာသားတစ်ဦးကလည်း
“ဟုတ်တယ်ဖိုးမောင်၊ မင်း ငါ့အဖေကိုလည်း မတရားထိုးကြိတ်လွတ်လိုက်တယ်မဟုတ်လား၊ ငါတို့မင်းကိုလက်စားချေဖို့ အခွင့်အရေးစောင့်နေတာကြာပြီ”
“အခုဒီကောင့်ဆီမှာ လူယုံလည်းမရှိတော့ဘူး၊ သေနတ်လည်းမပါတော့ဘူးဆိုတော့ ငါတို့အတွက်မဟာအခွင့်အရေးပဲ၊ ဒီလို သူကြီးဆိုးသူကြီးညစ်ကို ငါတို့ဝိုင်းပြီးသတ်လိုက်ကြရအောင်ဟေ့”
ဖိုးမောင်မှာ ထိုသူများပြောသည့်စကားများကို မကြားဘဲ ချစ်သူကိုဆုံးရှုံးရမည်ဆိုသည့် အပူစိတ်ကြောင့် အရာအားလုံးကို မသိမမြင်နိုင်တော့ပေ။
“ဟာ ဒီကောင်က ငါတို့ပြောနေတာတောင်မှ မထုံတတ်တေးနဲ့ မသိချင်ယောင်ဆောင်နေသေးတယ်၊ ဟေ့ကောင်တွေ ဒီကောင့်ကိုရိုက်ကွာ”
တုတ်ကိုင်ထားသည့် ရွာသားက ဖိုးမောင်အားပြေးရိုက်လေသည်။ ဖိုးမောင်မှာ တုတ်ချက်ကိုမရှောင်နိုင်သဖြင့် ခေါင်းတည့်တည့်ထိသွားကာ ခေါင်းကွဲသွားတော့သည်။ ခေါင်းများမူးဝေသွားသဖြင့် ဖိုးမောင်မှာ မြေပြင်ထက်သို့လဲကျသွားသည်။ ထိုအခါ ဓါးကိုင်ထားသည့်လူက ဖိုးမောင်၏ လက်ကိုဓါးဖြင့်ခုတ်ထည့်လိုက်လေရာဖိုးမောင်၏ လက်မောင်းတွင် ဓါးပြတ်ရှသွားပြီး သွေးများက တသွင်သွင်စီးကျလာလေသည်။
“ဟေ့လူတွေ ရှင်တို့ဘာတွေလုပ်နေကြတာလဲ”
ပြောပြောဆိုဆိုနှင့် မယ်ပျင်းကပြေးလာလေသည်။ ထိုလူသုံးယောက်ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည့်အခါ ထိုလူများကိုင်ထားသည့် လက်နက်များက လေပေါ်သို့မြောက်တက်ကုန်ပြီးနောက် ဓါးများမှာ ထက်ပိုင်းကျိုးကျကုန်ကာ တုတ်မှာလည်း အစိတ်စိတ်အမွှာမွှာဖြစ်သွားတော့သည်။ ထိုတော့မှ ရွာသားသုံးယောက်မှာ အမှောင်ထုအတွင်းသို့ ထွက်ပြေးဝင်ရောက်သွားလေသည်။ မယ်ပျင်းက လဲကျနေသည့် ဖိုးမောင်အားပြေးထူလိုက်ပြီးနောက်
“ကိုဖိုးမောင်၊ ကိုဖိုးမောင် ဘယ်လိုဖြစ်ရတာလဲ”
ဖိုးမောင်မှာ မျက်လုံးများရီဝေလျှက် မယ်ပျင်းအားကြည့်ရင်း
“မယ်ပျင်း . . . မယ်ပျင်း”
ဟု ရေရွတ်ကာ သတိလစ်သွားလေတော့သည်။