စာစဉ် (၆၄)
(၁)
မယ်ပျင်းမှာ လဲကျသွားသည့်ဖိုးမောင်ကို ဆွဲပွေ့လိုက်ကာ ဖိုးမောင်ခေါင်းရှိ ဒဏ်ရာအားလက်ဖြင့်ပွတ်သပ်ပေးလိုက်လေသည်။ ထိုအခါ ဖိုးမောင်၏ဦးခေါင်းမှာ သွေးစိမ်းရှင်ရှင်ကျနေသည့် ဒဏ်ရာမှာ ယူပစ်သလိုပျောက်ကင်းသွားလေသည်။ တစ်ဖန် ဖိုးမောင်၏လက်မောင်းတွင်ရရှိထားသည့် ဒဏ်ရာကိုလက်ဝါးနှင့်အုပ်လိုက်လေသည်။ ဟက်တတ်ကွဲနေသည့် ဓါးချက်ဒဏ်ရာမှာ သူ့အလိုလိုပြန်စေ့သွားကာ အသားစများမှာ အချင်းချင်းပူးကပ်သွားပြီးနောက် အမာရွတ်ပင်မကျန်ဘဲ သူ့အလိုလိုပြန်ကောင်းသွားလေသည်။
ြုပင်ပဒဏ်ရာများသက်သာသွားသော်လည်း တုတ်ဖြင့်အရိုက်ခံရသည့်ဒဏ်ရာကြောင့် ဖိုးမောင်မှာ လူမှန်းမသိအောင်မေ့မြောနေသေးသည်။ မယ်ပျင်းက ဖိုးမောင်၏နားထင်အားလက်ညှိုးနှင့်ထောက်လိုက်ပြီး ဖိုးမောင်စိတ်ကို စိတ်နှင့်ကုသပေးလိုက်ပြီးသည့်နောက် ဖိုးမောင်မှာ မျက်လုံးများပွင့်လာကာ မျက်တောင်မှာပုတ်ခတ်ပုတ်ခတ်ဖြစ်လာသည်။
ဖိုးမောင်က သတိရလာသည်နှင့် မယ်ပျင်းအားမော့ကြည့်လိုက်ရင်း ကုန်းထလိုက်လေသည်။
“ဘယ်လိုလဲ အကို၊ ကိုရွှေခေါနဲ့ ကျုပ်နဲ့ မင်္ဂလာကိစ္စကို အကိုတားခဲ့နိုင်တယ်မဟုတ်လား”
ဖိုးမောင်မှာ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာပြီးနောက် ခေါင်းခါပြလိုက်သည်။ မယ်ပျင်းမှာ ဖိုးမောင်အားကြည့်ရင်း စိတ်အားငယ်သွားသည်။
“ဘယ်လိုများဖြစ်ရတာလဲ အကိုရယ်”
“အကိုမတားနိုင်တော့ဘူးမယ်ပျင်း၊ အကိုတစ်ချိန်က ပေးခဲ့ဖူးတဲ့ကတိတစ်ခုကြောင့် ဒီမင်္ဂလာကိစ္စကို အကိုမတားဆီးနိုင်တော့ဘူး၊ အကိုက သူကြီးမဖြစ်ခင်မှာ ကိုရွှေခေါက အကို့ကိုသူကြီးဖြစ်အောင်ကူညီမယ်လို့ပြောခဲ့တယ်၊ အကိုသူကြီးဖြစ်တဲ့အခါ သူလိုချင်တဲ့အရာကို ပေးမယ်ဆိုပြီး ကတိပေးခဲ့ဖူးတယ် မယ်ပျင်း”
“ဒါဆို သူလိုချင်တဲ့အရာက . . .”
“ဟုတ်တယ်မယ်ပျင်း၊ သူလိုချင်တဲ့အရာက မင်းပဲ၊ အဲဒီကတိကိုအသုံးချပြီး သူအကို့ကိုအကြပ်ကိုင်တယ်မယ်ပျင်း၊ ပြီးတော့ အကို့ဘဝကလည်း သူ့လက်ထဲကရေ၊ သူကြိုးဆွဲရာ ကပြနေရတဲ့ ရုပ်သေးရုပ်ဆိုတော့ အကိုဒီမင်္ဂလာပွဲကို မတားဆီးနိုင်ခဲ့ဘူး”
မယ်ပျင်းမှာ တွေဝေငေးမောနေရင်း တစ်ချက်တည်ငြိမ်သွားလေသည်။
“ဒါဖြင့်ရင် ကျုပ်က အဲဒီကိုရွှေခေါနဲ့ လက်ထပ်ရတော့မှာပေါ့နော်”
“ဒီလိုတော့မဖြစ်စေရဘူးမယ်ပျင်း၊ အကို မယ်ပျင်းကိုဒီလူ့လက်ထဲကို ထည့်မပေးလိုက်နိုင်ဘူး၊ အကိုမယ်ပျင်းကို အဆုံးရှုံးမခံနိုင်ဘူး”
မယ်ပျင်းမှာ မတ်တပ်ထရပ်လိုက်ပြီးနောက်
“သွားစမ်းပါအကို၊ အကိုသာ မယ်ပျင်းကိုတကယ်ချစ်တယ်ဆိုရင် ကိုယ့်ချစ်သူ သူများလက်ထဲရောက်သွားမယ့်အရေးကို ရအောင်တားဆီးနိုင်ခဲ့ရမှာပေါ့”
ဖိုးမောင်မှာ တွန့်ဆုတ်နေလေသည်။ ရွှေခေါက မယ်ပျင်းအားလိုချင်လျှက် သူကြီးရာထူးနှင့် စည်းစိမ်များကိုစွန့်လွှတ်ရမည်ဟု ဆိုသော်လည်း ဖိုးမောင်မှာ မစွန့်လွှတ်နိုင်ခဲ့ပေ၊ မယ်ပျင်းကို ရင်ထဲအသည်းထဲက ချစ်မြတ်နိုးလွန်းသော်လည်း ခက်ခက်ခဲခဲရယူထားရသည့် သူကြီးရာထူးနှင့် စည်းစိမ်ကို မစွန့်လွှတ်နိုင်ပေ။
မယ်ပျင်းက အမှောင်ထုအတွင်းသို့လှမ်းလျှောက်သွားရင်
“တော်ပြီ အကို့ကိုကျုပ်စိတ်ပျက်သွားပြီ၊ အကိုဟာ အသုံးမကျတဲ့လူတစ်ယောက်ပဲ”
မယ်ပျင်းမှာ ထိုသို့တစ်ချက်ပြောလျှက် အမှောင်ထုအတွင်းဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ဖိုးမောင်မှာ နာကျင်စွာအော်ဟစ်လျှက် အိမ်သို့တစ်ယောက်တည်း ခေါင်းငိုက်စိုက်ချကာ ပြန်လာခဲ့လေတော့သည်။
ဖိုးမောင်မှာ အိမ်ပေါ်သို့တစ်လှမ်းချင်းလှမ်းတက်လာပြီး အိမ်ပေါ်ရောက်သည့်အခါ ဗီရိုပေါ်တွင်တင်ထားသည့် နိုင်ငံခြားဖြစ်အရက်ပုလင်းများအတွင်းမှ အရက်ပုလင်းတစ်ခုကိုကောက်ယူလိုက်ကာ နှုတ်ခမ်းဝတွင် တေ့လျှက်မော့သောက်ချလိုက်လေသည်။ ထို့နောက် ဒေါသထွက်ထွက်နှင့် အရက်ပုလင်းများကို လက်နှင့်တွန်းတိုက်ချလိုက်ကာ နံရံကိုလဲ လက်သီးနှင့်သုံးလေးချက်ခန့်ထိုးချလိုက်လေသည်။
“ဟုတ်တယ် ငါဟာအသုံးမကျတဲ့လူ၊ ငါဟာ အသုံးမကျတဲ့လူတစ်ယောက်ပဲ”
ဖိုးမောင်မှာ ထိုသို့ရေရွတ်ရင်း အရက်ပုလင်းများအကြားသို့ လဲကျသွားလေတော့သည်။
ထိုညတွင် မယ်ပျင်းမှာ အိမ်ခန်းထဲသို့ဝင်ခဲ့ပြီး ငိုကြွေးနေလေသည်။ မယ်ပျင်းမှာ မိခင်ဖြစ်သူ မရိပ်မိစေရန်အတွက် အခန်းထဲသို့ဝင်ကာ သဘက်တစ်ထည်ကိုပါးစပ်တွင်ကိုက်ပြီး ကြိတ်ငိုသော်လည်း မိခင်ဖြစ်သူ မမယ်ဖြူမှာ မယ်ပျင်းအား အရိပ်တကြည့်ကြည့်နှင့် ကြည့်နေတတ်သူမို့ ယခုလည်း မယ်ပျင်းငိုနေသည်ကို အကဲခတ်ကြည့်ရင်း စိတ်မကောင်းဖြစ်မိသည်။
“ငါလုပ်မိတာ မှားသွားပြီလား၊ ငါလုပ်မိတာ သမီးလေးကိုနာကျင်သွားစေမိပြီးလား”
မမယ်ဖြူမှာ တွေဝေနေမိသည်။ ထိုအခိုက် ဘွားချမ်းသာတစ်ယောက် မမယ်ဖြူအနောက်သို့ရောက်လာကာ
“ညည်းတို့သားအမိကြားထဲတော့ ငါဝင်မပါချင်ပါဘူး မယ်ဖြူရယ်၊ ဒါပေမယ့် တစ်ခါတလေတော့ ကိုယ်က သူ့အတွက်စေတနာထားပြီး ကောင်းပါစေတော့ဆိုပြီး လုပ်လိုက်တဲ့အလုပ်တစ်ခုဟာ တစ်ဖက်သားအတွက်တော့ ဝေဒနာဖြစ်ပြီး နာကျင်စေရတာမျိုး ဖြစ်တတ်တယ်မဟုတ်လား”
မမယ်ဖြူမှာ ဘွားချမ်းသာကိုမျက်စောင်းတစ်ချက်ထိုးလိုက်ပြီး
“သမီးလေးက နာကျင်ရတယ်ဆိုပေမယ့် အဲဒီနာကျင်မှုက တစ်ခဏပါပဲ ဘွားချမ်းသာရယ်၊ ကျုပ်လုပ်လိုက်တဲ့အလုပ်က သမီးကလေးတစ်ဘဝလုံးစာကောင်းစားဖို့အတွက် ရွေးချယ်လိုက်တဲ့လုပ်ရပ်ပဲ၊ ကျုပ်လုပ်တာ မိဘတစ်ယောက်အနေနဲ့ အမှန်ကန်ဆုံးပါပဲ ဘွားချမ်းသာ”
ဘွားချမ်းသာမှာ ဘာမှမပြောတော့ဘဲ ဆေးလိပ်ကြီးကိုသာ ဖွာနေလေသည်။ မမယ်ဖြူက အခန်းအတွင်းငိုနေသည့် မယ်ပျင်းအားတစ်ချက်ကဲကြည့်လိုက်ရင်း
“ငိုလိုက်စမ်းပါသမီးလေးရယ်၊ သမီးလေး စိတ်ရှိလက်ရှိသာ ငိုလိုက်စမ်းပါ၊ သမီးအခု ငိုကြွေးခဲ့ရတဲ့အရာတွေက တစ်ချိန်ကျရင် သမီးလေးပျော်ရွှင်ဖို့ သမီးလေးကောင်းစားဖို့အတွက်ပဲဆိုတာ တစ်နေ့သမီးနားလည်မှာပါ”
မယ်ပျင်းမှာ တစ်ယောက်တည်း ကြိတ်၍ တစ်ညလုံးငိုနေရှာတော့သည်။
နောက်တစ်နေ့မနက်အစောတွင် ရွှေခေါမှာ တပည့်တပန်းများနှင့်အတူ မယ်ပျင်းအိမ်သို့ရောက်လာလေသည်။ မမယ်ဖြူမှာ ရွှေခေါအား ဖျာခင်းကာကြိုဆိုလိုက်သည်။
“ကြီးဒေါ်၊ ဒါနဲ့ မယ်ပျင်းကိုရောမတွေ့ပါလား”
“ရှိပါတယ် မောင်ရင်ရယ်၊ ဟဲ့ သမီး မယ်ပျင်းရေ၊ ဒီမှာဧည်သည့်အတွက် အကြမ်းရည်လေး လာချပေးပါအုံးကွယ်”
မယ်ပျင်းမှာ မျက်နှာစူပုတ်ကာ ရေနွေးကြမ်းကရားအိုးထည့်ထားသည့် လင်ပန်းကလေးတစ်ခုကိုကိုင်လျှက် အိမ်နောက်ဖေးမှထွက်လာခဲ့လေသည်။ ရွှေခေါအရှေ့သို့ရောက်သည့်အခါ လင်ပန်းကို ဆောင့်အောင့်ကာချပေးလိုက်လေသည်။
“ဟဲ့ သမီး ဘယ်လိုဖြစ်နေတာလဲ ဧည့်သည်ကိုအားနာစရာကြီး”
ရွှေခေါမှာ မယ်ပျင်းအား စူးစူးရဲရဲစိုက်ကြည့်နေသဖြင့် မယ်ပျင်းမှာ ရွှေခေါအားမျက်မှောင်ကြုတ်ရင်းပြန်ကြည့်နေလေသည်။ ရွှေခေါမှာပြုံးလျှက်
“မျက်မှောင်ကြုတ်ရင် အလှပျက်နေပါအုံးမယ် မယ်ပျင်းရယ်၊ ဒီလိုသုန်သုန်မှုန်မှုန်ကြီးလုပ်မထားပါနဲ့”
“ကျုပ်ဟာကျုပ် ဘယ်လိုမျက်နှာလုပ်လုပ်ပေါ့ ရှင့်အပူပါသလား”
မမယ်ဖြူမှာ မယ်ပျင်းပေါင်အားလှမ်းကုတ်လျှက်
“ဟဲ့သမီး ဘယ်လိုပြောလိုက်တာလဲ၊ မောင်ရွှေခေါဟာ နောက်ဆိုသမီးရဲ့လင်ယောက်ျားဖြစ်တော့မှာမဟုတ်လား တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံစမ်းပါ”
မယ်ပျင်းမှာ မျက်နှာလွှဲလိုက်ပြီး ရှုံ့မဲ့နေလေသည်။
“သြော် ဒါနဲ့မောင်ရင် ခုမနက် အိမ်ကိုလာတာ ဘာကိစ္စများပါလိမ့်”
“ကိစ္စကတော့ မင်္ဂလာကိစ္စပါပဲ ကြီးဒေါ်၊ ကျုပ်နဲ့မယ်ပျင်းအတွက် မင်္ဂလာနေ့ကောင်းရက်ကောင်းကို ရွေးချယ်ကြည့်လိုက်တော့ လာမယ့် သောကြာနေ့က အခါကောင်း၊ ရက်ကောင်းကျနေတာနဲ့ အဲဒီနေ့မှာ မင်္ဂလာပွဲကို စီစဉ်မယ်ဆိုတာ ကြီးဒေါ်ကိုလာပြီးအသိပေးတာပါ”
မမယ်ဖြူမှာ လက်ချောင်းများကိုချိုးရေလိုက်ရင်း
“လာမယ့်သောကြာနေ့ဆိုတော့ သန်ဘက်ခါပေါ့ မောင်ရင်ရဲ့”
“ဟုတ်ပါတယ် ကြီးဒေါ်၊ သိပ်ပြီးဆန္ဒစောတယ်လို့တော့ မထင်ပါနဲ့၊ ဗေဒင်ကိန်းခန်းအလိုအရ အဲဒီလိုနေ့ကောင်းဟာ သုံးလနေမှတစ်ခါကျတယ်လို့ပြောပါတယ်၊ ကျုပ်လည်း ထပ်ပြီးအချိန်မဆွဲချင်တော့တာနဲ့ ခပ်မြန်မြန်လုပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ”
“အေးကွယ်၊ စောစောပြီးတော့လည်း စောစောအေးတာပေါ့၊ ဒါနဲ့ အဒေါ်တို့ဘက်က ဘာများပြင်ဆင်ပေးရအုံးမလဲကွဲ့”
ရွှေခေါမှာလက်ကာပြလျှက်
“မလိုပါဘူးကြီးဒေါ်၊ ခုဆို ကျုပ်ရဲ့တပည့်တွေက ရွာထိပ်မှာ မင်္ဂလာမဏ္ဍပ်ကြီးကို စပြီးတည်ဆောက်နေကြပါပြီ၊ အကျွေးအမွေးကတော့ အသားဟင်း၊ ထမင်းနဲ့ တစ်ရွာလုံးကို မီးခိုးတိတ်ကျွေးပါမယ်၊ မင်္ဂလာပွဲအတွက် ဆိုင်းနဲ့ဒိုးပတ်ဝိုင်းလည်းထည့်ဖို့စီစဉ်ထားပါတယ်၊ ကြီးဒေါ်တို့လုပ်စရာရှိတာကတော့ ဝတ်ကောင်းစားလှတွေဝတ်ဆင်ပြီးတော့ မင်္ဂလာပွဲကိုတက်ရောက်ပေးဖို့ပါပဲ”
ရွှေခေါက ပြောဆိုလိုက်ပြီး ဝတ်ကောင်းစားလှများကိုထုတ်ပေးလိုက်လေသည်။
“ဟောဒါက မင်္ဂလာပွဲကျရင် ကြီးဒေါ်နဲ့ သတို့သမီးဖြစ်တဲ့ မယ်ပျင်းဝတ်ဖို့အတွက် အဝတ်အစားတွေပါ”
မမယ်ဖြူမှာ ရွှေခေါပေးသည့် ကြိုးကြီးချိတ်ထမီများကိုကြည့်ကာ ဝမ်းသာအားရဖြင့်
“သမီးရေ ကြည့်ပါအုံး၊ အချိတ်ဆင်တွေ ဘယ်လောက်လှသလဲ၊ အမေတို့တစ်သက် ဒီလိုအချိတ်ဆင်တွေကို ဝတ်ဖို့မပြောနဲ့ မြင်လည်းမမြင်ဖူးဘူး၊ ကိုင်လည်း မကိုင်ဖူးခဲ့ဘူး”
မမယ်ဖြူမှာ ဝမ်းသာအားရပြောသော်လည်း မယ်ပျင်းမှာ ခပ်ဆိတ်ဆိတ်သာနေလေသည်။ ရွှေခေါက မယ်ပျင်းအားတစ်ချက်ကြည့်လိုက်ပြီး
“ကဲ မယ်ပျင်း၊ မင်္ဂလာပွဲနေ့ကျရင်တော့ ဒီလိုစူပုတ်ပုတ်ကြီးလုပ်နေလို့မရဘူးနော်”
ရွှေခေါက ပြောဆိုလိုက်ပြီးမတ်တပ်ထရပ်လိုက်လေသည်။
“ကြီးဒေါ်ကို ကျုပ်စိတ်ချမယ်နော်”
မမယ်ဖြူက ခေါင်းညိတ်လျှက်
“အေးပါကွယ်၊ စိတ်သာချစမ်းပါ”
ရွှေခေါနှင့်လူတစ်သိုက်မှာ အိမ်ပေါ်မှပြန်ဆင်းသွားလေသည်။ ရွှေခေါမှာ လှေကားဝအရောက်တွင် မယ်ပျင်းကိုလည်ပြန်ကြည့်၍ သွားခေါခေါကြီးများပေါ်အောင် ပြုံးပြလိုက်လေရာ မယ်ပျင်းက နှုှုတ်ခမ်းစူလျှက် တစ်ချက်မဲ့ပြလိုက်လေသည်။
(၂)
ဖိုးမောင်မှာ အိမ်အတွင်းအရက်များသောက်ကာ လူမှန်းသူမှန်းမသိအောင်မူးဝေနေလေသည်။ တပည့်များကလည်း ဖိုးမောင်အား အိမ်ထဲထည့်ကာ သော့ခတ်ပိတ်ထားကြသည်။ မကြာမီ အိမ်တံခါးပွင့်လာပြီးနောက် ရွှေခေါတစ်ယောက် လက်နှစ်ဖက်အနောက်ပစ်ကာ အိမ်ပေါ်သို့တက်လာခဲ့လေသည်။ ပြန့်ကျဲနေသောအရက်ပုလင်းများနှင့် ပုဆိုးမနိုင်ပုဝါမနိုင်ဖြစ်နေသည့် ဖိုးမောင်အဖြစ်ကိုကြည့်ကာ ရွှေခေါက ရယ်မောလိုက်လေသည်။
“ဖိုးမောင် အိပ်မနေစမ်းပါနဲ့၊ ထစမ်းပါအုံးကွ၊ ငါမင်းကိုအရေးကြီးတာ ပြောစရာရှိလို့”
ဖိုးမောင်မှာ ရီဝေနေသည့်မျက်လုံးများကိုဖွင့်ကြည့်လိုက်ပြီးနောက်
“ဘာလဲ၊ ခင်ဗျားကျုပ်ကို ဘာအမိန့်ပေးအုံးမှာလဲ”
“အမိန့်မဟုတ်ပါဘူးကွာ၊ ငါလာတာ မင်္ဂလာကိစ္စကွ၊ ငါနဲ့မယ်ပျင်းနဲ့ သန်ဘက်ခါကျရင် မင်္ဂလာဆောင်ကြဖို့ ရက်သတ်မှတ်လိုက်ပြီ”
ဖိုးမောင်မှာ အံကိုကြိတ်လျှက်နားထောင်နေလေသည်။
“အဲဒါ မင်းက ဒီရွာရဲ့သူကြီးတစ်ယောက်အနေနဲ့ ငါတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကို ကြွရောက်ပြီး ချီးမြှင့်ပေးပါအုံးလို့ ငါလာဖိတ်တာပါကွ”
ဖိုးမောင်မှာ ထွီခနဲတံတွေးတစ်ချက်ထွေးလိုက်ရင်း
“မလာဘူး၊ မင်းတို့ဆီကို ငါမလာဘူးကွာ၊ အဲဒါဘာဖြစ်လဲ”
ရွှေခေါက ခေါင်းတညိတ်ညိတ်နှင့်
“လာမယ်၊ မလာဘူးကတော့ မင်းကိစ္စပေါ့ကွာ၊ သြော်၊ ဒါနဲ့ ငါတို့မင်္ဂလာပွဲအပြီး နောက်သုံးရက်ကြာတဲ့အခါ မင်းနဲ့ ဦးငွေတိုးရဲ့သမီးနဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနားကြီးကြီးကျယ်ကျယ် ကျင်းပမယ်”
ရွှေခေါက လဲကျနေသည့် ဖိုးမောင်၏ ပုခုံးအားခြေဖျားဖြင့် ခပ်ဆတ်ဆတ်ကန်လိုက်ရင်း
“ငါတို့မင်္ဂလာပွဲကို မလာချင်ပေမယ့် မင်းရဲ့မင်္ဂလာပွဲကို မင်းမတက်လို့မရဘူးနော် ဖိုးမောင်၊ မင်္ဂလာပွဲကို သတို့သားမလာဘူးဆိုလို့ကတော့ ဦးငွေတိုးကြီး ယမ်းပုံမီးကျဖြစ်ပြီး ဒေါပွမှာကွ၊ ဒီအခါကျတော့ မင်းအတွက်၊ မင်းရဲ့သူကြီးရာထူးအတွက်လည်း မကောင်းဘူးပေါ့ကွာ”
ဖိုးမောင်မှာ ဘာမှမပြောနိုင်တော့ပေ၊ ရွှေခေါက အရက်ပုလင်းများကို ရှောင်တိမ်းသွားရင်း အိမ်ပေါ်မှဆင်းသွားရန်ပြင်သည်။ လှေကားဝရောက်သည့်အခါ လည်ပြန်လှည့်ကြည့်လိုက်ကာ
“အရက်တွေချည်းသိပ်သောက်မနေနဲ့ဖိုးမောင်ရ၊ အစားလေးဘာလေးလည်းစားအုံး၊ မင်္ဂလာပွဲမှာ သတို့သားက မျက်တွင်းဟောက်ပက်နဲ့ ပိန်ညှောင်နေရင် ဘယ်ကြည့်ကောင်းမှာလဲကွ၊ ဟား ဟား”
ရွှေခေါပြန်ဆင်းသွားသည့်အခါ လူယုံများက ဖိုးမောင်အားတံခါးပြန်ပိတ်ထားလိုက်ကြသည်။
လပြည့်နီးပြီမို့ ညမိုးချုပ်သည့်အခါ လရောင်က မယ်ပျင်းတို့အိမ်ပြတင်းပေါက်ဆီမှ အိမ်အတွင်းသို့ တိုးဝင်ဖျာကျနေလေသည်။ မယ်ပျင်းမှာ အိမ်ရှေ့ခန်းတွင်ထိုင်လျှက် ကောင်းကင်ပေါ်တွင်လှမ်းမြင်တွေ့နေရသည့် လခြမ်းကိုကြည့်ကာ ငေးမောနေမိသည်။ မမယ်ဖြူမှာတော့ ရွှေခေါပေးထားသည့် အဝတ်အစားများကို ခေါက်ကာသိမ်းဆည်းနေလေသည်။
“မောင်ရွှေခေါက ရွေးတတ်လိုက်တာသမီးရယ်၊ ဟောဒီအဆင်ကလေးက သမီးနဲ့ဆိုရင် သိပ်လိုက်မှာပဲ”
မယ်ပျင်းမှာ ငေးမောလျှက်
“အမေရော အချစ်ဆိုတဲ့အရာနဲ့တွေ့ကြုံခဲ့ဖူးသလား”
အဝတ်ခေါက်နေသည့် မမယ်ဖြူမှာ တစ်ချက်ရပ်တန့်သွားလေသည်။
“တွေ့ဖူးခဲ့တာပေါ့ သမီးရဲ့”
“အမေရော ချစ်ရတဲ့သူနဲ့ ပေါင်းသင်းခဲ့ရဖူးသလားဟင်”
မမယ်ဖြူမှာ အဝတ်များကိုဆက်ခေါက်နေရင်း
“အချစ်ဆိုတဲ့အရာက ဆန်းကြယ်တယ်သမီးရဲ့၊ ပြီးတော့ ဆိုရိုးစကားတစ်ခုရှိတာက အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးရာလမ်းမရှိဘူးတဲ့၊ ပြောချင်တဲ့အဓိပ္ပါယ်ကတော့ကွယ်၊ အချစ်စစ်အချစ်မှန်နဲ့ချစ်ကြိုက်ကြတဲ့အခါ အနှောင့်အယှက်အတားအဆီးပေါင်းများစွာက ချစ်ကြသူနှစ်ဦးကို ဖျက်ဆီးနှောင့်ယှက်ကြသတဲ့”
“ဒါဆိုရင် အမေရော ချစ်တဲ့သူနဲ့မပေါင်းဖက်လိုက်ရဘူးပေါ့”
“အချစ်ဆိုတာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုပဲ သမီးရဲ့၊ ဘဝဆိုတဲ့အရေးအခြေအနေ တွေ့ကြုံလာတဲ့အခါမှာ အချစ်ဆိုတဲ့အရာက နောက်ဆုတ်စွန့်ခွာသွားရစမြဲပဲမဟုတ်လား၊ သမီးကို အမေကိုယ်ချင်းစာပေမယ့် တကယ်တော့ အချစ်ဆိုတဲ့အရာက စိတ်ကူးယဉ်သက်သက်ပဲ ကောင်းတဲ့အရာမျိုးပါသမီးရဲ့၊ တကယ်တမ်းတော့ ဘဝဆိုတဲ့အရာက လက်တွေ့ရှင်သန်နေရတာမဟုတ်လား၊ အချစ်လို စိတ်ကူးယဉ်လို့ကောင်းတဲ့အရာမဟုတ်ဘူး၊ ဒါကြောင့် အချစ်ရေးအခြေအနေကောင်းဖို့ထက် ဘဝပေးအခြေအနေကောင်းဖို့က ပိုပြီးအရေးကြီးတယ်လို့အမေထင်တယ်”
“ဒါကြောင့်အမေက သမီးရဲ့အချစ်ကို လျစ်လျူရှုပြီး သမီးကို ဟိုလူကြီးနဲ့ပေးစားလိုက်တာပေါ့နော်”
“အမေကတော့ အချစ်ဆိုတာကိုမယုံဘူး၊ အချစ်ဆိုတာ ဘဝမှာ ဘာမှအရေးပါတဲ့အရာတစ်ခုမဟုတ်ဘူး၊ လူတစ်ယောက်ရဲ့ဘဝမှာ စားဝတ်နေရေးလို့ခေါ်တဲ့ အရေးကြီးသုံးပါးပြည့်စုံဖို့ကသာ အရေးအကြီးဆုံးပဲ၊ အမေစီစဉ်တယ်ဆိုတာ သမီးကောင်းဖို့အတွက်ပါ သမီးရယ်၊ ဘဝဆိုတာ အချစ်မပါဘဲနဲ့လည်း ပြည့်ပြည့်စုံစုံနေထိုင်နိုင်ပါတယ်”
“ဘဝမှာအချစ်မရှိဘဲနေထိုင်သွားရင် ပျော်နိုင်မယ်လို့အမေထင်သလား”
မယ်ပျင်းမေးခွန်းကို မမယ်ဖြူက မကြားချင်ယောင်ဆောင်ကာ အဝတ်များကိုဆက်ခေါက်နေလေသည်။ မယ်ပျင်းက မမယ်ဖြူကိုကြည့်လိုက်ကာ
“အမေရော ဘဝမှာပျော်ရွှင်ခဲ့ရရဲ့လား”
“တိတ်စမ်းသမီး၊ မဟုတ်တာတွေ မေးမနေနဲ့၊ အမေ့ဘဝရဲ့ပျော်ရွှင်မှုက သမီးပဲ၊ ငါ့သမီးလေး မဆင်းမရဲဘဲ ချမ်းချမ်းသာသာပြည့်ပြည့်စုံစုံ ဂုဏ်ရှိရှိနဲ့အဆင်ပြေပြေနေထိုင်သွားနိုင်ဖို့က အမေ့ရဲ့ရည်မှန်းချက်ပဲ၊ အမေ့ရဲ့ပျော်ရွှင်မှုပဲ”
မယ်ပျင်းမှာ ဘာမှဆက်မပြောတော့ပေ။
“ဒါကြောင့် အမေတစ်ခုမှာချင်တယ်သမီး၊ မင်္ဂလာပွဲမှာ သမီးမဟုတ်တာတွေ မကြံစည်ရဘူး၊ သမီးအမေ့မျက်နှာကို အိုးမဲမသုတ်ရဘူး၊ တကယ်လို့သာ သမီးမဟုတ်တာလုပ်ခဲ့မယ်ဆိုရင် သမီးဒီတစ်သက် အမေ့ကို အမေလို့မခေါ်နဲ့တော့၊ သမီးသာ မောင်ရွှေခေါနဲ့လက်ထပ်ဖို့ကိစ္စကို ငြင်းဆန်တားဆီးခဲ့မယ်ဆိုရင် သမီးဒီတစ်သက် အမေနဲ့ ရှင်ကွဲလည်းကွဲသွားနိုင်တယ်၊ သေကွဲလည်း ကွဲသွားနိုင်တယ်ဆိုတာ သမီးသိထားစမ်းပါ”
မမယ်ဖြူက ခေါက်ပြီးသားအဝတ်များကိုယူလျှက် အိမ်ခန်းအတွင်းသို့ဝင်သွားလေသည်။ မယ်ပျင်းမှာ လရောင်အောက်တွင်ထိုင်လျှက် တစ်ယောက်တည်းမျက်ရည်ကျနေမိသည်။
“ရက်စက်လိုက်တာအမေရယ်၊ အမေသိပ်ရက်စက်တာပဲ၊ အမေ့ကိုချစ်လို့ အားလုံးနဲ့ဆန့်ကျင်ပြီး ပြန်လာခဲ့တဲ့သမီးကို အမေက အကြပ်ကိုင်ပြီး ဒီလူနကြီးနဲ့ပေးစားတယ်၊ အမေရက်စက်တယ်၊ အမေသိပ်ရက်စက်တယ်”
မင်္ဂလာပွဲမှာ တဖြည်းဖြည်းနီးကပ်လာပြီဖြစ်သည်။ ရွာထိပ်တွင် ဆောက်ထားသည့် မဏ္ဍပ်ကြီးမှာ ကြီးမားလှပြီး ရွာသူရွာသားများကလည်း မင်္ဂလာပွဲတွင်ကျွေးမွေးရန်အတွက် ချက်ပြုတ်ပြင်ဆင်နေကြလေသည်။ မင်္ဂလာဧည့်ခံဆိုင်းကလည်း လက်သံကောင်းကောင်းနှင့် ဖျော်ဖြေနေလေရာ ဖက်လိပ်ရွာရှိ ရွာသားများပျော်ရွှင်ကြရသည့်အချိန်ဖြစ်ပေသည်။
မင်္ဂလာပွဲနေ့သို့ရောက်သည့်အခါ ကျေးရွာအတွင်း အုန်းအုန်းထစည်ကားကနေလေသည်။ မယ်ပျင်းအား အလွန်လှပသည့် ပိုးသားမင်္ဂလာဝတ်စုံကို ဝတ်ဆင်ပေးပြီးသည့်အခါ မြိုင်သာမြို့မှ ငှားရမ်းခေါ်ဆောင်ထားသည့် တရုတ်မကြီးများက မယ်ပျင်းအား မျက်နှာချေများဖြင့် ဖြီးလိမ်းပြင်ဆင်ပေးကြသည်။
နဂိုကတည်းက ချောမောလှပသည့် မယ်ပျင်းမှာ ဝတ်ကောင်းစားလှများဝတ်ဆင်ပြီး ဖြီးလိမ်းပြင်ဆင်လိုက်သည့်အခါ အလှတွင် အယဉ်ဆင့်ဆိုသလို နတ်သမီးလေးတမျှ ချောမောလှပနေလေသည်။ သို့သော်လည်း မယ်ပျင်းမျက်နှာတွင် ပျော်ရွှင်မှုဆိုသည့် အရိပ်အယောင်မှာ မြူတစ်မှုန်စာမျှ မတွေ့ရဘဲ တွေဝေငေးမောနေလေသည်။ အလှပြင်ပေးသည့် တရုတ်မကြီးများကပင်
“သတို့သမီးရယ်၊ နင့်မျက်နှာဒီလောက်လှတာကို တစ်ချက်ကလေးတော့ ပြုံးစမ်း၊ ရယ်စမ်းပါအုံးအေ့”
ထိုအခါ မမယ်ဖြူကလည်း အနားသို့တိုးကပ်လာကာ
“သမီး၊ နင့်ကိုငါဘာပြောထားသလဲ၊ နင့်မျက်နှာကို စူပုတ်မနေနဲ့”
မမယ်ဖြူပြောဆိုလိုက်သည့်အခါမှသာ မယ်ပျင်းမှာ သွားဖွေးဖွေးကလေးများပေါ်အောင် ပြုံးလိုက်လေသည်။ သို့သော်လည်း အပြုံးမှာ အသက်မပါသည့်အပြုံးတုတစ်ခုမျှသာဖြစ်သည်။ မကြာမီ ပန်းခက်ပန်းနွယ်များဖြင့် အလှဆင်ထားသည့် ခြောက်စထောင်လှည်းယဉ်ကျော့တစ်စီးမှာ ခြံဝန်းအရှေ့တွင်လာရပ်လေသည်။ ထိုလှည်းယဉ်မှာ သတို့သမီးအား လာကြိုဆိုသည့်လှည်းယဉ်ဖြစ်သည်။ ရွှေခေါ၏ လူများက မယ်ပျင်းအားလှည်းယဉ်ပေါ်သို့တင်ကာ ရွာထိပ်ဆီသို့ခေါ်ဆောင်သွားသည်။
ရွှေခေါမှာ မင်္ဂလာပွဲသို့ ကြွရောက်လာကြသည့် လူကြီးများကို တပြုံးပြုံးနှင့်ဧည့်ခံနေလေသည်။ ထိုစဉ် မဏ္ဍပ်အရှေ့သို့ လှည်းယဉ်က ထိုးစိုက်လာခဲ့ပြီး လှည်းယဉ်ပေါ်မှ မယ်ပျင်းက ဆင်းသက်လာလေသည်။ မယ်ပျင်း၏ အလှအပကို တွေ့မြင်ကြသည့် မဏ္ဍပ်အတွင်းမှ လူများမှာ အလွန်အံ့အားသင့်စွာနှင့်ငေးကြည့်နေကြလေသည်။ ရွှေခေါမှာလည်း ပါးစပ်အဟောင်းသားဖြင့် မယ်ပျင်းအားငေးကြည့်နေမိသည်။ မယ်ပျင်းမှာ လှည်းယဉ်ပေါ်မှဆင်းသက်လာပြီး ရွှေခေါအနီးသို့ရောက်လာခဲ့သည်။
“အားပါးပါး၊ မိုးပေါ်က ဆင်းလာတဲ့နတ်သမီးလေးများလားလို့ အထင်မှားပြီး မယ်ပျင်းရဲ့အလှအပမှာ နစ်မြောသွားမိတယ်”
ရွှေခေါပြောလိုက်သည့်အခါ မယ်ပျင်းက တစ်ချက်ပြုံးရယ်လိုက်ပြီးသည့်နောက် ရွှေခေါ၏ လက်မောင်းတစ်ဖက်အား ဆွဲချိတ်လိုက်လေတော့သည်။ ရွှေခေါမှာ မယ်ပျင်းလက်တွဲလိုက်သဖြင့် မြောက်ကြွမြောက်ကြွဖြစ်သွားကာ မင်္ဂလာမောင်နှံစုံတွဲနှစ်ယောက်သား လူကြီးလူကောင်းများကို ဧည့်ခံလေတော့သည်။
(၃)
ရွာအတွင်းမှ ဆိုင်းသံဗုံသံများကြားသည့်အခါ ဖိုးမောင်တစ်ယောက် အသည်းခိုက်မတတ်နာကျည်းလှပေသည်။ ဒေါသထွက်ထွက်နှင့် အိမ်တံခါးကိုဖွင့်ရန်ထုနှက်သည့်အခါ အိမ်တံခါးကို အပြင်ကပိတ်ထားလေသည်။ ပြတင်းတံခါးများကိုလည်း အိမ်အပြင်မှ တန်းများဖြင့်ရိုက်ကာ ပိတ်ထားသဖြင့် ပြတင်းတံခါးများလည်း ဖွင့်မရပေ၊ သို့နှင့် ဖိုးမောင်မှာ အိမ်တံခါးအား လက်သီးဖြင့်တဘုန်းဘုန်းထုလိုက်လေသည်။
“ဟေ့ကောင်တွေ တံခါးဖွင့်စမ်း၊ ငါ့ကိုတံခါးဖွင့်ပေးစမ်း”
သို့သော်လည်း လူယုံများမှာ ရွာထိပ်ရှိ မင်္ဂလာမဏ္ဍပ်သို့သွားကာ သောက်စားမူးယစ်နေကြသဖြင့် ဖိုးမောင်အိမ်တွင် တစ်ဦးတစ်ယောက်မှ ကျန်မနေခဲ့ပေ။ ဖိုးမောင်မှာ တံခါးကိုတဝုန်းဝုန်းထုနေရင်းနှင့် မည်သူမှမရှိမှန်းသိလိုက်ကာ တံခါးအနီးတွင်ထိုင်ချလိုက်လေသည်။
“မယ်ပျင်း၊ ငါဒီလိုအဖြစ်မခံဘူး၊ ငါ့ရဲ့သူကြီးရာထူးကို စွန့်ဆိုရင်လည်း စွန့်ပါ့မယ်၊ ငါ့ရဲ့စည်းစိမ်တွေကို စွန့်ဆိုရင်လည်း စွန့်ပါ့မယ်ကွာ၊ ငါ့ကို မယ်ပျင်း . . မယ်ပျင်းကလေးသာ ပေးစမ်းပါကွ”
ဖိုးမောင်မှာ ငိုကြွေးနေစဉ် အနီးရှိတံခါးမကြီးမှာ တဝုန်းဝုန်းနှင့်လှုပ်ရှားလာလေသည်။ ဖိုးမောင်မှာ လက်သီးကိုအသင့်ဆုပ်ထားလိုက်ကာ တစ်စုံတစ်ဦးတက်လာမည်အထင်နှင့် အသင့်ပြင်ထားလိုက်လေသည်။ သို့သော် တံခါးမကြီးမှာ ကျွီခနဲပွင့်ထွက်သွားပြီးနောက် မည်သူတစ်ဦးတစ်ယောက်မှမတွေ့ဘဲ ဖြစ်နေလေသည်။
“ကိုဖိုးမောင်”
ဖိုးမောင်နားထဲ မယ်ပျင်းအသံကိုကြားလိုက်ရလေသည်။ ဖိုးမောင်မှာ အနီးပတ်ဝန်းကျင်သို့ကြည့်ရင်း
“မယ်ပျင်း . . . မယ်ပျင်းလား”
ထိုစဉ်မယ်ပျင်းမှာ ဖိုးမောင်အရှေ့တွင် ဘွားခနဲပေါ်လာခဲ့လေသည်။ ဖိုးမောင်မှာ ဝမ်းသာအားရနှင့် မယ်ပျင်းအားပွေ့ဖက်လိုက်လေသည်။
“ဝမ်းသာလိုက်တာ မယ်ပျင်းရယ်၊ ဒါနဲ့ မင်္ဂလာပွဲကိုရော ဘယ်လိုလုပ်မှာလဲ”
“ကျုပ် အကိုနဲ့မခွဲနိုင်ဘူးတော့၊ ဒါနဲ့ပဲ ကျုပ်မင်္ဂလာပွဲက ထွက်ပြေးဖို့ဆုံးဖြတ်လိုက်တယ်၊ ကျုပ်အကိုနဲ့အတူတူ ဒီရွာကနေထွက်သွားကြမယ်၊ အကိုလိုက်ခဲ့မလား”
ဖိုးမောင်မှာ တစ်ချက်တွေဝေသွားလေသည်။
“ကျုပ်နဲ့အကိုနဲ့ ဒီရွာကနေထွက်သွားကြမယ်၊ ပြီးတော့ ဒီကနေတော်တော်ဝေးတဲ့နေရာတစ်နေရာမှာ အခြေချပြီးတော့ နှစ်ယောက်သား ဘဝတစ်ခုကိုထူထောင်ကြမယ်လေ”
ဖိုးမောင်မှာ ထိုင်ရခက် ထရခက်အနေအထားမျိုးဖြစ်နေလေသည်။ မယ်ပျင်းမှာ ဖိုးမောင်အားစိုက်ကြည့်ရင်း
“ကျုပ်လိုမိန်းကလေးတစ်ယောက်တောင်မှ မိဘနဲ့အတိုက်အခံလုပ်ပြီး ထွက်ပြေးဖို့ပြောနေပြီပဲ အကိုရယ်၊ အကိုက သတ္တိမရှိဘူးလား၊ အကိုက ဒီရာထူးတွေ စည်းစိမ်တွေကိုစွန့်လွှတ်ဖို့ သတ္တိမရှိဘူးလား”
ဖိုးမောင်မှာ စိတ်ကိုဒုံးဒုံးချလိုက်ပြီး မယ်ပျင်း၏လက်ကိုဆွဲလိုက်လေသည်။
“ကဲ သွားမှာဖြင့်ရင်လည်း မြန်မြန်သွားကြစို့မယ်ပျင်း”
မယ်ပျင်းက တစ်ချက်ပြုံးလိုက်ကာ ပုခုံးပေါ်မှ ဇာတဘက်ကို ဖိုးမောင်၏ဦးခေါင်းနှင့် သူ၏ဦးခေါင်းပေါ်မှ နှစ်ဦးစလုံးလုံခြုံစေရန် လွှမ်းခြုံလိုက်လေသည်။
“ဒီအတိုင်းဖြစ်ပါ့မလား မယ်ပျင်းရဲ့”
“မပူပါနဲ့အကိုရယ်၊ အကို့ရဲ့ခေါင်းကို ဒီတဘက်လွှမ်းခြုံနေသရွေ့ အကို့ကို ဘယ်သူမှ မမြင်ရနိုင်ပါဘူး”
မယ်ပျင်းနှင့် ဖိုးမောင်တို့မှာ နှစ်ဦးသားလက်တွဲကာ အိမ်ပေါ်မှဆင်းခဲ့လေသည်။ ရွာထိပ်သို့အရောက်တွင်တော့ ကြီးကျယ်ခမ်းနားသည့် မဏ္ဍပ်ကြီးထဲတွင် ရွှေခေါလက်အားတွဲထားသည့် မယ်ပျင်းကိုတွေ့လိုက်ရလေသည်။ ဖိုးမောင်တစ်ယောက် မျက်လုံးပြူးသွားကာ
“အလို၊ ဟိုမှာလည်း မယ်ပျင်းတစ်ယောက်ပါလား”
“အဲဒီမယ်ပျင်းက ကျုပ်ဖန်တီးထားတဲ့မယ်ပျင်းကိုယ်ပွားပါ၊ ညသန်းခေါင်မတိုင်ခင်မှာ သူ့အလိုလိုပျောက်ကွယ်သွားလိမ့်မယ်၊ လာအကို”
မယ်ပျင်းမှာ မဏ္ဍပ်အနီးသို့သွားနေသဖြင့်
“မယ်ပျင်း ဘာလုပ်မလို့လဲ”
“ကျုပ်တို့လမ်းလျှောက်သွားနေရင် တော်တော်နဲ့ရောက်မှာမဟုတ်ဘူး၊ ဟောဟိုက လှည်းယဉ်ကလေးကိုတွေ့တယ်မဟုတ်လား၊ အဲဒီလှည်းယဉ်က ပေါ့တော့ ကျုပ်တို့မြန်မြန်ရောက်နိုင်မှာ အကိုရဲ့”
မယ်ပျင်းနှင့် ဖိုးမောင်တို့မှာ လှည်းပေါ်သို့တက်လိုက်ကြလေသည်။ မယ်ပျင်းတို့ လှည်းပေါ်တက်လိုက်ကြသည်ကို မည်သူမှ မမြင်လိုက်ပေ၊ နှစ်ဦးသား လှည်းပေါ်သို့ရောက်သည့်အခါ မယ်ပျင်းက လှည်းဒေါက်ကိုလက်ညှိုးထိုးပြီး ဖြုတ်ထည့်လိုက်လေသည်။ ထို့နောက် နွားနှစ်ကောင်အား လက်ညှိုးထိုးလိုက်ကာ
“ကဲ အမြန်ဆုံးနှုန်းနဲ့သာ သွားကြပေတော့ဟေ့”
နွားနှစ်ကောင်မှာ မယ်ပျင်းပြောလိုက်သည်နှင့် ရွာအပြင်သို့ဦးတည်ကာ ခေါင်းထောင်လျှက် ခပ်ကြော့ကြော့ပြေးလေတော့သည်။
“ဟာ လုပ်ကြပါအုံး၊ လှည်းယဉ်က သူ့အလိုလိုပြေးကုန်ပြီ လိုက်ကြပါအုံး”
မဏ္ဍပ်အတွင်းမှလူများက အပြေးထွက်လာကြကာ လှည်းယဉ်အနောက်သို့လိုက်ကြသော်လည်း လှည်းယဉ်မှာအရှိန်နှင့်ပြေးထွက်သွားသဖြင့် လိုက်မမီပဲကျန်နေခဲ့ကြသည်။ လူအများအမြင်တွင်တော့ လှည်းယဉ်မှာ နွားမပါဘဲ လူချည်းသာ ပြေးထွက်သွားသည်ကိုမြင်လိုက်ရသော်လည်း အမှန်စင်စစ်အားဖြင့် လှည်းပေါ်တွင် မယ်ပျင်းနှင့်ဖိုးမောင်တို့နှစ်ဦးမှာ လိုက်ပါသွားကြသည်ကို မည်သူမှ မမြင်တွေ့လိုက်ကြပေ။
လှည်းမှာ အရှိန်အဟုန်ပြင်းစွာနှင့် ပြေးလွှားလာရင်း ပေတောရွာအလွန်သို့ရောက်သည့်အခါ မယ်ပျင်းက လှည်းကိုရပ်တန့်လိုက်သည်။ နွားနှစ်ကောင်မှာလည်း အမောဖောက်နေပြီဖြစ်သည်။
“ဒီလောက်ဆိုရင်တော့ ဟိုလူတွေလိုက်လာနိုင်မှာမဟုတ်တော့ဘူး အကို”
“အကိုတို့ ဒီလှည်းကို လက်စဖျောက်ပစ်ရမယ်”
ဖိုးမောင်မှာ နွားနှစ်ကောင်အား လှည်းထမ်းပိုးမှချွတ်လိုက်ကာ ကွင်းထဲလွှတ်ပေးလိုက်လေသည်။ လှည်းယဉ်အိမ်ကြီးကို အနီးရှိချုံတောကြီးတစ်ခုအတွင်းသို့ ထိုးထည့်လိုက်ကြသည်။
“အကိုတို့ ပေတောရွာကိုသွားကြမလား”
“သွားလို့ဘယ်ဖြစ်အုံးမလဲအကိုရဲ့၊ ပေတောရွာနဲ့ ဖက်လိပ်ရွာဆိုတာ သိပ်လှမ်းတာမဟုတ်ဘူး၊ ပေတောရွာကိုသွားရင် အကို့ကိုတချို့လူတွေက သိကြတယ်မဟုတ်လား”
“ဒါဆိုရင် အကိုတို့ဘယ်လိုလုပ်ကြမလဲ”
“ပေတောရွာနဲ့ ဖက်လိပ်ရွာကြားမှာ ဘုန်းကြီးကျောင်းအို ကျောင်းပျက်ကြီးတွေရှိတယ်မဟုတ်လား၊ အဲဒီမှာ တစ်ရက်နှစ်ရက်လောက်နားရင်း အခြေအနေစောင့်ကြည့်ကြမယ်အကို၊ နောက်တော့မှ ဒီထက်ဝေးလံတဲ့နေရာကို ဆက်ပြေးကြတာပေါ့”
“ညီမအကြံကောင်းသားပဲ၊ ကဲ ဒါဆိုလည်း သွားကြတာပေါ့”
ပေတောရွာနှင့် ဖက်လိပ်ရွာအကြားတွင် ဘုရားပျက်ကုန်းဟု အများကခေါ်တွင်သည့် ကုန်းကြီးတစ်ခုရှိသည်။ ထိုကုန်းကြီးတွင် ဘုရားပျက်တစ်ဆူနှင့်အတူ ရှေးအင်းဝခေတ်က တည်ဆောက်ခဲ့သည့် အုတ်ကျောင်းကြီးတစ်ခုရှိသည်၊ နှစ်ကာလကြာရှည်စွှာ အသုံးမပြုခဲ့သဖြင့် ကျောင်းကြီးတစ်ဝိုက်တွင် ချုံနွယ်ပိတ်ပေါင်းများဖြင့် ပြည့်နှက်ကာ တောထနေလေသည်။ ဘုန်းကြီးကျောင်းဝန်းခြံအတွင်း စိုက်ပျိုးထားကြသည့် အပင်ကြီးများမှာလည်း ထိန်းသိမ်းမည့်သူကင်းမဲ့နေသဖြင့် ကြီးချင်တိုင်းကြီးထွားကာ အဝေးကလှမ်းကြည့်လျှင် တောအုပ်ကြီးတစ်ခုသဖွယ် မြင်တွေ့နေရသည်။
ဖိုးမောင်မှာ ထိုကျောင်းအိုကြီးအပေါ်သို့တက်လာရင်း ကျောချမ်းနေမိသည်။ အဘယ့်ကြောင့်ဆိုသော် ထိုကျောင်းကြီးမှာ သရဲအလွန်ခြောက်သည်ဟု နာမည်ကြီးသောကြောင့်ဖြစ်သည်။ ဖိုးမောင်မှာ ကျောင်းပေါ်သို့မတက်ဝံ့ဘဲ လှေကားအနီးတွင်သာရပ်နေလေသည်။ မယ်ပျင်းမှာ ကျောင်းပေါ်သို့တက်သွားပြီးနောက် ကြမ်းပြင်အားလေနှင့်တစ်ချက်မှုှုတ်လိုက်သည့်အခါ ကြမ်းပြင်ပေါ်ရှိ ဖုန်မှုန့်နှင့် အမှိုက်သရိုက်များမှာ လွင့်ပါးသွားလေသည်။
“ကိုဖိုးမောင် လာလေ ဘာလုပ်နေတာလဲ”
ဖိုးမောင်မှာ ကျောင်းပေါ်သို့ ကြောက်ကြောက်လန့်လန့်နှင့်တက်လိုက်ရင်း
“ကျောင်းကြီးက တကယ့်ကိုအုတ်နဲ့ဘာနဲ့သေသေချာချာဆောက်ထားတာပဲနော်၊ ဒါနဲ့ မယ်ပျင်း ဒီကျောင်းမှာ ဘာဖြစ်လို့ ဘုန်းကြီးတွေမနေတော့တာလဲဆိုတာသိလား”
မယ်ပျင်းက ခေါင်းခါလိုက်လေသည်။
“လူတွေပြောကြတာကတော့ ဒီကျောင်းမှာ ဘုန်းကြီးတစ္ဆေကြီးတစ်ကောင်ရှိသတဲ့၊ အဲဒီတစ္ဆေကြီးရဲ့ ခေါင်းကြီးက လှည်းဘီးလောက်ရှိပြီးတော့ ကိုယ်လုံးကြီးကလည်း ဟောဒီကျောင်းဆောင်ကြီးလောက် ကြီးမားတယ်ဆိုပဲ”
မယ်ပျင်းက ရယ်မောလိုက်ရင်း
“အကိုကလည်း လူကြီးဖြစ်ပြီး အဲဒါတွေကြောက်နေရသေးတယ်လား”
“အိုကွာ၊ ဘုန်းကြီးတွေတောင်မှ ကြောက်လို့ ကျောင်းမထိုင်ဝံ့တာ၊ အကိုက ဘာသားနဲ့ထုထားတာမို့လို့လဲ”
“သွားစမ်းပါအကိုရာ၊ အဲဒီအကောင်ကြီးလာရင်လည်း မပူပါနဲ့ မယ်ပျင်းတစ်ယောက်လုံးရှိပါတယ်”
“မယ်ပျင်းက တစ္ဆေကြီးကို နိုင်သတဲ့လား”
“သူတို့လို နာနာဘာ၀ ဝိနာဘာဝတွေလောက်တော့ မယ်ပျင်းက အပျော့ပါအကိုရဲ့”
ဖိုးမောင်မှာ မယ်ပျင်းမျက်နှာကိုသေချာစိုက်ကြည့်ရင်း
“မယ်ပျင်းက အခုလိုပြင်ဆင်ထားတော့လည်း နတ်သမီးလေးတစ်ယောက်လိုပဲ လှလိုက်တာ”
ဖိုးမောင်မှာ ပြောဆိုရင်း မယ်ပျင်းအားဆွဲဖက်လိုက်လေသည်။ မယ်ပျင်းမှာ ရှက်ရှက်ဖြင့် ဖိုးမောင်ရင်ဘတ်အားတွန်းရင်း
“ဘာလုပ်တာလဲအကိုရာ လွှတ်စမ်းပါ”
“မလွှတ်ဘူး၊ မလွှတ်ဘူး၊ ဒီလောက်ခက်ခက်ခဲခဲနဲ့ ရယူခဲ့ရတဲ့မိန်းကလေးကို ဘယ်တော့မှမလွတ်ဘူး”
မယ်ပျင်းမှာ လွတ်ဟုသာပြောဆိုနေသော်လည်း ဖိုးမောင်ရင်ခွင်အတွင်း ကျေနပ်စွာပြုံးနေမိလေသည်။ ဖိုးမောင်မှာ မယ်ပျင်းအားသေချာစိုက်ကြည့်ပြီးနောက်
“မယ်ပျင်း အကို့ကို လင်ယောက်ျားတစ်ယောက်အဖြစ် လက်ထပ်နိုင်ရဲ့လား”
“အကိုကလည်း ဘယ်လိုမေးနေတာလဲ အကို့အနောက်ကို ဟောဒီက ကောက်ကောက်ပါအောင်လိုက်ခဲ့ပြီပဲဥစ္စာ၊ ဒါနဲ့ အကိုရော မယ်ပျင်းကို သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းသင်းပါ့မယ်လို့ ကတိပေးသလား”
“ပေးတယ်၊ သိပ်ကတိပေးတယ်၊ အကိုက သူကြီးရာထူးရော စည်းစိမ်တွေကိုရော စွန့်ခဲ့ပြီမဟုတ်လား မယ်ပျင်းရဲ့၊ ဟောဒီအချိန်ကစပြီး မယ်ပျင်းရဲ့အနားမှာ အကိုက လင်ယောက်ျားတစ်ယောက်အဖြစ်နဲ့ မားမားမတ်မတ်ရပ်တည်ပေးမယ်၊ ဟုတ်ပြီလား”
“ဒါဆို အကိုက မယ်ပျင်းကိုနောက်ပိုင်းကျရင် ရိုးသွားပြီဆိုပြီး ပစ်မသွားရဘူးနော်”
“ပစ်မသွားပါဘူးတဲ့ဗျာ၊ အကိုကတိပေးပါတယ်”
ဖိုးမောင်က မယ်ပျင်းကိုပွေ့ဖက်လိုက်လေသည်။ မယ်ပျင်းမှာ မရုန်းကန်တော့ဘဲ ဖိုးမောင်ရင်ခွင်ထဲ ခေါင်းလေးတိုးဝှေ့ကာ ချစ်သူနှစ်ဦးပျော်မြူးနေကြသည်။
မမယ်ဖြူမှာ မင်္ဂလာပွဲတွင်ရှိနေသည့် မယ်ပျင်းကိုကြည့်ကာ အနည်းငယ်ထူးဆန်းနေလေသည်။
“မဟုတ်ဘူး၊ ငါ့သမီးကြည့်ရတာ မှိုင်မှိုင်တွေတွေနဲ့ရယ်၊ အခုများကျတော့လည်း သူမဟုတ်သလိုဘဲ ပြံုံးလို့ရွှင်လို့ပါပဲလား”
သို့သော်လည်း မမယ်ဖြူမှာ ဖြည့်တွေးလိုက်ရလေသည်။
“သြော်၊ ငါ့မျက်နှာမပျက်အောင် တမင်ပြုံးရွှင်ထားတာလားမှမသိတာ”
နေ့လည်ခင်းရောက်သည့်အခါ မင်္ဂလာအခမ်းအနားမှာ ပြီးစီးသွားလေသည်။ သို့သော်လည်း ရွှေခေါ၏ တပည့်များက ဆရာဖြစ်သူအား ဝိုင်းဝန်းမြှောက်ပင့်ကာ အရက်ဝိုင်းဖွဲ့ကြလေသည်။ ရွှေခေါလည်း ပျော်ရွှင်စွာဖြင့်သောက်စားနေလေရာ ညအတော်မိုးချုပ်သည့်အခါမှ အိမ်သို့ပြန်လာခဲ့လေသည်။ ရွှေခေါအိပ်သည့် အခန်းကြီးထဲတွင် မင်္ဂလာကုတင်ကြီးကိုပြင်ဆင်ထားကာ မယ်ပျင်းက ထိုကုတင်ကြီးပေါ်တွင်ထိုင်လေသည်။ ရွှေခေါမှာ အလွန်ပင်ရေချိန်ကိုက်နေကာ ပါးစပ်တွင်လည်း ကွမ်းတစ်ယာဝါးလျှက် အိမ်ခန်းအတွင်းသို့ဝင်လာခဲ့သည်။
“အို အလှလေး၊ နှမလေး ကြည့်စမ်းပါအုံး အကို့ကိုစောင့်နေရတာ တော်တော်ကြာနေပြီလား”
မယ်ပျင်းက တစ်ချက်ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။ ရွှေခေါက မယ်ပျင်း၏ မေးစေ့ကိုကိုင်ကာ မယ်ပျင်းမျက်နှာကလေးကို သေသေချာချာစိုက်ကြည့်ရင်း
“လှရက်လိုက်တာ နှမလေးရာ၊ အိမ်က ဟိုမိန်းမလေးယောက်နဲ့တော့ အပုံကြီးကွာတာပဲ၊ နှမကလေးနဲ့ယှဉ်လိုက်ရင် ဟိုမိန်းမလေးယောက်က သစ်ငုတ်တိုပေါ်မှာ ဆောင့်ကြောင့်ထိုင်နေတဲ့ မျောက်အိုမကြီးတွေလိုပဲ”
ရွှေခေါမှာပြောဆိုရင်း မယ်ပျင်းပါးပြင်များကိုတရွတ်ရွတ်နှင့် နမ်းရှုပ်နေလေသည်။ ထို့နောက် မယ်ပျင်း၏ ပုခုံးဝိုင်းဝိုင်းကလေးကို လက်နှစ်ဖက်နှင့်အသာဆွဲကိုင်လိုက်ကာ မယ်ပျင်းကိုပွေ့ဖက်လိုက်ပြီး ကုတင်ကြီးပေါ်သို့နှစ်ဦးသားလှဲချလိုက်လေသည်။ သို့သော် ကုတင်ပေါ်ရောက်သည့်အခါ မယ်ပျင်းမရှိတော့ဘဲ ရွှေခေါတစ်ယောက်သာ ကျန်နေခဲ့သည်။ ရွှေခေါမှာ အလွန်ထိတ်လန့်သွားပြီး အမူးပင်ပြေသွားသည်။
“ဟောတော်၊ ခုနက ငါဖက်ထားတာအကောင်းပါ၊ အခုဘယ်ရောက်သွားတာလဲ”
အခန်းတံခါးမှာလည်း ပိတ်လျှက်သားရှိနေသဖြင့် ရွှေခေါမှာ အလွန်ထူးဆန်းကာ ကြောင်အမ်းအမ်းဖြစ်နေလေသည်။ ကုတင်ပေါ်သို့ သေချာကြည့်လိုက်သည့်အခါ အလွန်ရှည်လျားသည့် ဆံပင်တစ်ချောင်းသာ တွန့်လိမ်ခွေခေါက်လျှက်ရှိနေတော့သည်။ ထိုတော့မှ ရွှေခေါမှာ မယ်ပျင်းသူ့ကိုပညာသုံးပြီး လိမ်သွားမှန်းကိုသိလိုက်ရပြီး ဝမ်းခေါင်းသံကြီးနှင့် အော်ဟစ်လိုက်လေတော့သည်။