စာစဉ် (၆၅)

(၁)

မယ်ပျင်းနှင့် ဖိုးမောင်တို့မှာ ကျောင်းပျက်ကြီးအတွင်း နေထိုင်ကြလေသည်။ ချစ်သူမောင်နှံနှစ်ဦးသား ကြင်နာလျှက် ပျော်တပြုံးပြုံးဖြစ်နေကြသည်။

“အကို၊ ရှေ့လျှောက်ဘယ်လိုဆက်လုပ်မယ်စိတ်ကူးသလဲဟင်”

ဖိုးမောင်က ခေါင်မိုးပေါ်သို့တစ်ချက်ကြည့်ရင်း

“မနက်ကျရင် အကိုတို့လှည်းလမ်းခွဘက်ကိုသွားပြီးတော့ အဲဒီကနေမှတဆင့် တစ်နေရာကိုသွားကြမယ်၊ ရွာကလေးတစ်ရွာမှာ အကိုတို့နှစ်ယောက်လူမသိသူမသိနေပြီးတော့ အကိုက လယ်တွေယာတွေလုပ်မယ်ကွာ၊ မယ်ပျင်းကတော့ အကို့အတွက် သားတွေ၊ သမီးတွေ မွေးပေးပေါ့”

“သွားပါ အကိုက သိပ်စိတ်ကူးယဉ်တာပဲ”

“စိတ်ကူးယဉ်တာမဟုတ်ဘူးမယ်ပျင်းရဲ့၊ တကယ်ပြောတာ၊ မကြာခင် အဲဒီအတိုင်း တကယ်ဖြစ်လာတော့မှာ”

ချစ်သူနှစ်ဦးပြုံးရယ်နေခိုက် အုတ်ဖြင့်ဆောက်လုပ်ထားသည့် ကျောင်းကြီးမှာ သိမ့်ခနဲတစ်ချက် တုန်ခါသွားလေသည်။ ဖိုးမောင်တစ်ယောက် ခေါင်းနားပန်းများကြီးလာပြီး ငုတ်တုတ်ထထိုင်လိုက်သည်။

“ဘာဖြစ်တာလဲ ငလျင်လှုပ်တာလား”

ထိုအချိန် ကျောင်းကြီးအနီးတွင် တဘုတ်ဘုတ်နှင့်လမ်းလျှောက်သံများကိုကြားရလေသည်။ လမ်းလျှောက်သံများဟုဆိုသော်လည်း စပါးအပြည့်ထည့်ထားသည့် ပုပ်တောင်းကြီးတစ်ခုကို မြေပေါ်သို့ကိုင်ဆောင့်ချသကဲ့သို့ အသံကကြီးကြီးမားမားထွက်ပေါ်နေခြင်းဖြစ်သည်။

ကျောင်းဆောင်ကြီးမှာ ပျဉ်ကြွပ်များမိုးထားပြီး ကျောင်းအရှေ့ဘက်တွင် အမိုးများရှိသော်လည်း မယ်ပျင်းတို့ထိုင်နေသည့် ကျောင်းအမိုးအနောက်ဘက်တွင်တော့ ခေါင်မိုးမှာ ကျိုးတိုးကျဲတဲသာရှိလေသည်။ ထိုခေါင်မိုးအပေါ်မှ ဝါဖန့်ဖန့်ကြီးလင်းလက်နေသည့် အလုံးကြီးတစ်လုံးက အနားသို့တိုးကပ်လာသည်။ ဝါဖန့်ဖန့်အလင်းရောင်ကြီးများမှာ ကျောင်းကြမ်းပြင်ပေါ်သို့ ထိုးဆင်းကျလာလေသည်။ ဖိုးမောင်မှာ အလွန်ထိတ်လန့်စွာကြည့်နေသည့်အချိန် ဖိုးမောင်ထိုင်နေသည့်အနားရှိ ကျောင်းပြတင်းပေါက်အပျက်ကြီးမှ အလွန်ကြီးမားသည့် လက်ကြီးတစ်ဖက်ထွက်လာကာ ဖိုးမောင်အား လက်ဖြင့်ဆုပ်ကိုင်လျှက် ဖမ်းဆီးသွားလေသည်။

မယ်ပျင်းမှာ ပြတင်းပေါက်မှ အပြင်သို့ခုန်ချလိုက်လေသည်။ ထိုအခါ အလွန်ကြီးမားသည့် လူကြီးတစ်ယောက်ကိုတွေ့ရသည်။ လူဟုဆိုသော်လည်း ခေါင်းတုံးနှင့်ဖြစ်ကာ တစ်ကိုယ်လုံးအဝတ်အစားကင်းမဲ့နေပြီး ခါးအောက်ပိုင်းတွင် သင်းပိုင်နှင့်တူသည့် အရာတစ်ခုသာ ပတ်ထားလေသည်။ ယခင်က မြင်တွေ့ခဲ့ရသည့် ဝါဖန့်ဖန့်အလုံးကြီးမှာ ထိုလူကြီး၏ ဦးခေါင်းတွင်ရှိသည့် တစ်လုံးတည်းသော မျက်လုံးကြီးဖြစ်သည်။ ဖိုးမောင်မှာ အသံကုန်ဟစ်ကာ အော်လျှက်

“ကယ်ကြပါအုံး၊ ကယ်ကြပါအုံး”

မယ်ပျင်းကအရှေ့သို့တိုးလိုက်ပြီး ထိုလူကြီးအားစက်လက်နက်တစ်ခုဖြင့်ပစ်ခတ်လိုက်သည်။ စက်လက်နက်မှာ ထိမှန်သွားသော်လည်း ထိုလူကြီးမှာစိုးစဉ်းမျှ နာကျင်ခြင်းမရှိဘဲဖြစ်နေလေသည်။

“ဟေ့လူကြီး၊ ရှင်သူ့ကိုလွှတ်ပေးလိုက်”

“အောင်မာ၊ မင်းတို့က ငါ့ကျောင်းကိုလည်းလာသေးတယ်၊ ငါ့ကိုလည်း စော်ကားသေးတယ်ပေါ့”

“ရှင်သူ့ကိုလွှတ်ဆိုရင်လွှတ်လိုက်”

ိ”အောင်မာ မင်းအစွမ်းလောက်နဲ့များ ငါ့ကိုယှဉ်နိုင်မယ်ထင်လို့လား”

ဘီလူးကြီးမှာ မယ်ပျင်းအား လက်သီးများနှင့်ထုနှက်လေသည်။ မယ်ပျင်းမှာ လက်သီးချက်များရှောင်ရှားပြီး ဘီလူးကြီးအားတိုက်ခိုက်သော်လည်း ဘီလူးကြီးမှာ စုန်းပညာတိုက်ခိုက်မှုကို နည်းနည်းမှပင်မဖြုံပေ၊မယ်ပျင်းမှာ တိုက်ခိုက်ရင်းအကြံတစ်ခုရသွားလေသည်။ သို့နှင့် ဘီလူးကြီးအားမတိုက်ခိုက်တော့ဘဲ ကျောင်းတိုက်ကြီးကို စက်လက်နက်ဖြင့်ပစ်ခတ်လိုက်လေသည်။ စက်လက်နက်ထိမှန်သည်နှင့် ကျောင်းတိုက်ကြီးမှာ ဝုန်းခနဲတစ်ချက်ပေါက်ကွဲသွားပြီး အုတ်များ အင်္ဂတေများက တဝေါဝေါနှင့်ကွာကျလာလေသည်။ ဘီလူးကြီးမှာ တောင်းတောင်းပန်ပန်ဖြင့်

“မလုပ်ပါနဲ့ကွာ၊ ငါ့ကျောင်းကြီးကိုတော့ မလုပ်ပါနဲ့”

“ဒါဆိုရှင့်လက်ထဲက လူကိုအရင်လွှတ်၊ မလွှတ်ဘူးဆိုရင် ဟောဒီကျောင်းတိုက်ကြီးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာကွဲထွက်သွားစေရမယ်”

ဘီလူးကြီးမှာ ကြောက်ကြောက်နှင့် ဖိုးမောင်အား မြေကြီးပေါ်သို့ပြန်ချပေးလိုက်လေသည်။ မယ်ပျင်းက ဘီလူးကြီးအားလက်ညှိုးထိုးပြီး

“ငါတို့ ဒီမှာတစ်ညလောက်တည်းခိုမလို့ နင့်ကိုရော နင့်ရဲ့ကျောင်းကိုရော ငါဘာမှမလုပ်ဘူး၊ ငါတို့ကို အေးအေးဆေးဆေးနေခွင့်ပေးပါ”

“ကောင်းပါပြီ၊ နေပါ၊ နေပါ ကျောင်းကိုသာ ဆက်ပြီးမထိခိုက်စေပါနဲ့”

ဘီလူးကြီးမှာထိုသို့ပြောပြီး ကျောင်းဘေးသို့ဆင်းသွားကာ တဖြည်းဖြည်းသေးငယ်သွားရင်း ပျောက်ကွယ်သွားလေတော့သည်။ ဖိုးမောင်မှာ ယခုအချိန်အထိ အကြောက်မပြေသေးပေ။ မယ်ပျင်းက ဖိုးမောင်ကိုပြေးတွဲလိုက်ရင်း

“လာပါအကို ဟိုကောင်ကြီးသွားပါပြီ”

“အကိုတို့ ဒီမှာဆက်နေလို့ ဖြစ်ပါ့မလား”

“မစိုးရိမ်ပါနဲ့အကိုရယ် သူထပ်မလာတော့လောက်ပါဘူး၊ ပြီးတော့ ကျုပ်တို့လည်း မနက်လင်းကြက်တွန်ပြီးတာနဲ့ ဒီကထွက်ပြီး ခရီးဆက်ရမယ်မဟုတ်လား”

ဖိုးမောင်က ခေါင်းညိတ်လိုက်ကာ မယ်ပျင်းနှင့်အတူတူ ကျောင်းပေါ်သို့ပြန်တက်လာခဲ့သည်။ ချစ်သူနှစ်ဦး ကြင်နာစွာဖြင့် ပွေ့ဖက်အိပ်စက်နေရင်း မနက်မိုးလင်းခါနီးအချိန်တွင် မယ်ပျင်းက အိပ်ရာမှထလိုက်သည်။ ထိုအခါ ဖိုးမောင်မှာ ခွေခွေကလေးအိပ်ပျော်နေလေသည်။

“ထတော့လေ အကိုရဲ့ ခရီးဆက်ရအုံးမယ်”

ဖိုးမောင်မှာ တစ်ကိုယ်လုံးတုန်ယင်နေပြီး အယောင်ယောင်အမှားမှားနှင့် ညီးတွားလျှက်ရှိနေလေသည်။ မယ်ပျင်းမှာထိတ်လန့်သွားပြီး

“အကို၊ အကိုဘာဖြစ်တာလဲ”

ဖိုးမောင်မှာ လက်များ၊ နှုတ်ခမ်းများမှာ တဆတ်ဆတ်တုန်ယင်လျှက်

“အကိုမရတော့ဘူး . . . အကိုမရတော့ဘူး”

“အကို အဲဒါဘာဖြစ်တာလဲဟင်”

“အကို အရက်သောက်ချင်တယ်၊ အဲဒါ အရက်ဆိပ်တက်တာနေမှာ၊ အရက်တစ်ပေါက်လောက်မှ ပါးစပ်ထဲမရောက်ရင် အကိုသေရတော့မယ်ထင်ပါတယ် မယ်ပျင်းရယ်”

မယ်ပျင်းမှာ အလွန်စိုးရိမ်သွားပြီး

“ဒါဖြင့်ရင် အကိုဒီမှာခဏစောင့်နေ၊ ကျုပ်ပေတောရွာထဲကိုသွားပြီး အကို့အတွက် အရက်နည်းနည်းရှာဝယ်ခဲ့မယ်”

ဖိုးမောင်မှာ ခေါင်းကိုညိတ်လျှက်

“သွားမှာဖြင့် မြန်မြန်သာသွားစမ်းပါ မယ်ပျင်းရယ်၊ အကိုတော့ သေတော့မယ်ထင်တာပဲ အီးဟီး”

မယ်ပျင်းမှာ ကျောင်းကြီးပေါ်မှဆင်းကာ ပေတောရွာဘက်သို့ဦးတည်ထွက်ခဲ့သည်။ ပေတောရွာနှင့် ကျောင်းပျက်ကြီးမှာ အနည်းငယ်လှမ်းသဖြင့် အတော်သွားရသည်။ မနက်ခင်းလင်းသည့်အချိန်မို့ ပေတောရွာရှိ ရွာသူရွာသားများမှာ လုပ်ငန်းကိုယ်စီလုပ်ကိုင်ရန်အတွက် ပြင်ဆင်နေကြပြီဖြစ်သည်။ ပေတောရွာထိပ်အရောက်တွင် တောင်သူအချို့မှာ ယာခင်းအတွင်းသို့ ဆင်းနေကြလေပြီ၊ မယ်ပျင်းက တစ်ချက်တွေးတောလိုက်ရင်း

“ငါဒီပုံစံအတိုင်းသွားလို့မဖြစ်ဘူး၊ ငါ့ဝတ်ပုံစားပုံက ထူးဆန်းနေတာကို ဒီရွာသားတွေသတိထားမိသွားရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်”

မယ်ပျင်းက တွေးတောလိုက်ပြီးသည့်နောက် သူ့အရှေ့ခပ်လှမ်းလှမ်းမှ ယာခင်းထဲသို့ဆင်းသွားသည့် အဘွားကြီးတစ်ဦးကို သေချာစိုက်ကြည့်လိုက်ကာ မိမိ၏ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ရင်း မန္တန်တစ်ချက်ရွတ်လိုက်သည့်အခါတွင်တော့ မယ်ပျင်း၏နဂိုမူလရုပ်သွင် ပျောက်ကွယ်သွားပြီး ယာခင်းထဲသို့ဆင်းသွားသည့် အဘွားကြီးပုံစံဖြစ်သွားလေတော့သည်။ ထိုနောက်မှ ပေတောရွာအတွင်းသို့ ခပ်တည်တည်နှင့်ဝင်ခဲ့သည်။

ပေတောရွာမှာ ဖက်လိပ်ရွာ၏ ထက်ဝက်ခန့်မျှသာ ရှိသော်လည်း ရွာသူရွာသားများမှာ ပျော်ပျော်ရွှင်ရွှင်နှင့် စည်းစည်းလုံးလုံးရှိကြသည်။ လယ်ထဲ ယာထဲဆင်းသည့် တောင်သူများမှာ လယ်ယာလုပ်ငန်းသုံး ကိရိယာများကို သယ်ဆောင်လာကြကာ သီချင်းကလေးတကြော်ကြော် လေကလေးတချွန်ချွန်ဖြင့် သွားလာလှုပ်ရှားနေကြသည်။

မယ်ပျင်းမှာ အဘွားကြီးအသွင်ဖြင့် ခြံပေါက်ဝရှေ့ တံမြက်စည်းလှဲကျင်းနေသည့် လူတစ်ဦးအနီးသို့တိုးကပ်လာခဲ့သည်။

“ဟဲ့ မောင်ရင်၊ ဒီရွာမှာ အရက်ဘယ်နားဝယ်လို့ရလဲ”

တံမြက်စည်းလှဲနေသည့်လူက အဘွားကြီးအား မျက်မှောင်ကြုတ်၍ကြည့်လိုက်ကာ

“ဒေါ်ဘွားရှင်က အရက်ကိုဘာလုပ်မလို့လဲဗျ၊ ဧကန္တဘုရားဒကာကြီးက အရက်သောက်ချင်တယ်ထင်တယ်”

“မဟုတ်ပါဘူးအေ၊ ဆေးအသုံးလိုလို့ပါ”

“ဒါဖြင့်ရင်လည်း ရွာမြောက်ပိုင်းက မောင်ဆိုင်တို့တဲကလေးမှာ ရှိမယ်ထင်ပါ့”

မယ်ပျင်းမှာ ထိုလူပြောလိုက်သည့်အတိုင်း ရွာမြောက်ပိုင်းသို့ထွက်လာခဲ့သည်။ ပေတောရွာအစွန် ခပ်လှမ်းလှမ်းတွင် တဲကုပ်ကလေးနှစ်လုံးရှိပြီး အနားသို့ရောက်သည့်အခါ တဲကုပ်ကလေးအရှေ့တွင် အညိုရောင်ပုလင်းများတန်းစီထားသည်ကိုတွေ့လိုက်ရသည်။ မယ်ပျင်းလည်း ပျော်ရွှင်သွားပြီး တဲကလေးဆီသို့အပြေးလာခဲ့သည်။

“ဟဲ့ မောင်ဆိုင် ငါ့ကိုအရက်တစ်ပုလင်းလောက် ရောင်းစမ်းပါ”

ထိုင်နေသည့်လူငယ်က မယ်ပျင်းကိုကြည့်ရင်း

“ကျုပ်က မောင်ဆိုင်မဟုတ်ဘူးလေ ဒေါ်ဘွားရှင်ရဲ့”

“သြော်၊ အေး၊ နေပူထဲလာရတော့ မျက်လုံးတွေလည်းပြာပြီး သေချာမမြင်ရဘူးအေ့၊ ငါ့ကိုအရက်ရောင်းပါအုံး၊ ဆေးသုံးလေးလိုချင်လို့”

ထိုလူငယ်က ပုလင်းတစ်လုံးကိုကောက်ကိုင်လိုက်ပြီး

“ဟောဒါကတော့ ချက်အရက်၊ မီးတောက်အရက်ဗျ၊ ဆေးသုံးရင် ဒါမျိုးမှကောင်းတာ”

မယ်ပျင်းမှာ အရက်ပုလင်းကိုဝယ်ယူလိုက်ပြီး ပေတောရွာအတွင်းမှ အမြန်ဖြတ်ပြန်လာခဲ့သည်။ လမ်းတွင်တွေ့သည့်သူများအား မယ်ပျင်းအားနှုတ်ဆက်ကြသော်လည်း မယ်ပျင်းမှာ မချိသွားဖြဲကလေးလုပ်ပြီး ခပ်မြန်မြန်နှုတ်ဆက်ကာ ရွာပြင်သို့ထွက်လာခဲ့သည်။ ရွာပြင်အရောက်တွင်တော့ မိမိအယောင်ဆောင်ထားသည့် ဒေါ်ဘွားရှင်ဆိုသည့်အဘွားကြီးနှင့် ပက်ပင်းတိုးလေတော့သည်။ ဒေါ်ဘွားရှင်မှာ မယ်ပျင်းအား မျက်လုံးပြူးကြီးနှင့်ကြည့်၍ လက်ညှိုးထိုးကာ မူးမေ့လဲကျသွားသည်။ မယ်ပျင်းလည်း အဘွားကြီးကိုကျော်ခွကာ ကျောင်းကြီးဆီသို့အမြန်ပြေးလာခဲ့သည်။

ပေတောရွာမှာ အတန်ငယ်လှမ်းသည်မို့ ကျောင်းကြီးဆီသို့ပြန်ရောက်သည့်အခါ မိုးစင်စင်လင်းနေပြီဖြစ်သည်။ မယ်ပျင်းမှာ ဝမ်းသာအားရနှင့် အရက်ပုလင်းပိုက်ကာ ကျောင်းပေါ်သို့တက်ခဲ့လိုက်သည်။

“အကိုရေ . . . အကိုရေ၊ ဒီမှာရလာခဲ့ပြီ”

မယ်ပျင်းမှာ ကျောင်းပေါ်ပြေးတက်ကာကြည့်လိုက်သော်လည်း ကျောင်းပေါ်တွင်မည်သူတစ်ဦးတစ်ယောက်မှမရှိဘဲ ဟာလာဟင်းလင်းကြီးဖြစ်နေလေသည်။

“ဟင် အကိုဘယ်များသွားတာလဲ”

မယ်ပျင်းမှာ ဖိုးမောင်တစ်ယောက် တပိုတပါးသွားသည်ဟုထင်မြင်လိုက်ကာ ကျောင်းပတ်ဝန်းကျင်တွင်ရှာဖွေကြည့်သော်လည်း ဖိုးမောင်ကိုမတွေ့တော့ပေ။ ၏

“ငါရှာတာ နောက်ကျနေလို့များ အကိုကိုယ်တိုင်သွားရှာတာလား”

မယ်ပျင်းမှာတွေးတောရင်း ကျောင်းပေါ်သို့တက်သည့် အုတ်လှေကားကြီးတွင်ထိုင်ကာ ဖိုးမောင်အားစောင့်မျှော်နေလေသည်။

(၂)

ဖိုးမောင်မှာ အရက်မသောက်ရသဖြင့် တစ်ကိုယ်လုံးအေးစက်တုန်ယင်နေကာ ကယောင်ကတမ်းဖြစ်နေလေသည်။ ရင်ဘတ်အတွင်းမှလည်းတုန်ယင်လှိုက်မောကာ အားအင်ချိနဲ့နေရှာသည်။ အနီးအနားသို့ကြည့်သည့်အခါတွင်လည်း မယ်ပျင်းကိုမတွေ့ရပေ၊ မယ်ပျင်းမှာ ဖိုးမောင်အတွက် အရက်သွားရှာနေခြင်းဖြစ်သည်။ ဖိုးမောင်မှာ ကြမ်းပြင်တွင်လူးလွန့်နေမိသည်။ ထိုစဉ်ကျောင်းပေါ်သို့တက်လာသည့် ခြေသံများကိုကြားလိုက်ရသည်။

ဖိုးမောင်မှာအားတက်သရောနှင့် ထထိုင်လိုက်ပြီး ကျောင်းအဝင်ဝသို့လှမ်းကြည့်လိုက်လေသည်။

“ဟင် ကိုရွှေခေါ”

ကျောင်းအဝင်ဝတံခါးမှ တက်လာသူမှာ မယ်ပျင်းမဟုတ်ဘဲ ရွှေခေါဖြစ်နေသည်ကိုတွေ့ရသည်။ ရွှေခေါက လူယုံများနှင့်အတူ ကျောင်းပေါ်သို့တက်လာကာ

“ဟေ့ကောင်ဖိုးမောင်၊ မယ်ပျင်းဘယ်မှာလဲ”

ဖိုးမောင်မှာ ထိတ်လန့်သွားကာ ခေါင်းကိုခါရမ်းလိုက်ပြီး

“မသိဘူး၊ ငါမသိဘူး၊ ဒါနဲ့ မင်းငါ့ကိုဘယ်လိုရှာတွေ့တာလဲ”

“ဟား၊ ဟား လှည်းယဉ်အိမ်ကြီးက ဒီနားကချုံထဲမှာတွေ့တာလေကွာ၊ နွားနှစ်ကောင်ကလည်း ဒီနားကကွင်းထဲလွတ်နေတာဆိုတော့ လူတွေခိုအောင်းနိုင်တဲ့နေရာကို စဉ်းစားလိုက်တော့ ဟောဒီကျောင်းအိုကြီးပဲရှိတယ်မဟုတ်လားကွ”

ရွှေခေါမှာ ဖိုးမောင်၏ လည်ကုပ်ကိုဖမ်းဆုပ်လိုက်ပြီး

“ငါအေးအေးဆေးဆေးမေးမယ်နော် ဖိုးမောင်၊ မယ်ပျင်းဘယ်မှာလဲ”

“မသိဘူး၊ မသိပါဘူးဆိုနေကွာ၊ ငါရွာကထွက်လာပြီးတော့ ဒီကျောင်းကြီးထဲအိပ်နေရင်း တစ်ညအချိန်ကုန်သွားခဲ့တာပါကွ”

“မင်းပြောတာကို ငါကယုံမယ်များထင်နေသလား ဖိုးမောင်ရဲ့”

ရွှေခေါမှာ ဖိုးမောင်အားလွှတ်ချလိုက်သည့်အခါ ဖိုးမောင်မှာ ကြမ်းပြင်ပေါ်သို့ ပက်လက်လန်လဲကျသွားလေသည်။

“ဟေ့ကောင်တွေ၊ သူကြီးကိုခေါ်လာခဲ့”

လူယုံနှစ်ယောက်မှာ ဖိုးမောင်အားချိုင်းတစ်ဖက်ဆီမှနေ၍ ဆွဲမလိုက်လေသည်။ ဖိုးမောင်မှာ ပြန်လည်ခုခံရန်အားမရှိသဖြင့် တရွတ်တိုက်ပါသွားရသည်။

“နည်းနည်းပါးပါး သားသားနားနားနေစမ်းပါဖိုးမောင်ရာ၊ မနက်ဖြန်ကျတော့ မင်းရဲ့မင်္ဂလာပွဲနေ့ကွ”

ဖိုးမောင်မှာ မျက်လုံးပြူးသွားပြီး

“ဘာကွ၊ ငါဘယ်သူနဲ့မှ မင်္ဂလာမဆောင်နိုင်ဘူး၊ ငါအဲဒီမင်္ဂလာပွဲကို မတက်နိုင်ဘူးကွ”

ရွှေခေါမှာ ရယ်မောရင်း

“ဖိုးမောင် ဖိုးမောင် မင်းကအခုထိ ကိုယ့်အခြေအနေမှန်ကို ကိုယ်မသိသေးဘူးကိုကွ၊ ဒါနဲ့ မင်းငါ့လက်ကလွတ်အောင်ပြေးတော့ရော တစ်ရက်ပြည့်အောင် ပြေးနိုင်ရဲ့လား”

ဖိုးမောင်မှာ အံ့သြသွားပြီး

“ဒါဆို ငါအခုဖြစ်နေတာတွေက ငါဖြစ်နေတာတွေက”

“ဟုတ်တယ်ဖိုးမောင်၊ ဒါက သာမန်အရက်ဆိပ်တက်တာမဟုတ်ဘူး၊ မင်းသောက်တဲ့အရက်ထဲကို ငါကစွဲလန်းစေတတ်တဲ့အဆိပ်ပျော့တစ်မျိုးထည့်ထားတာကြာပြီ၊ အဲဒီအဆိပ်ကို မင်းနေ့စဉ်ရက်ဆက်သောကက်နေရင်တော့ မင်းဘာမှမဖြစ်ပေမယ့်၊ အဲဒီအဆိပ်ကို တစ်ရက်လောက်မသောက်ရတော့ဘူးဆိုရင်တော့ မင်းတစ်ကိုယ်လုံးမှာ အဆိပ်တွေပြန့်သွားပြီး တုန်ယင်လာမယ်၊ နှလုံးခုန်တွေမြန်လာမယ်၊ နောက်ဆုံးတော့ နှလုံးပေါက်ထွက်ပြီး သေဆုံးရမှာပဲ”

“ရွှေခေါ မင်း . . . မင်းတော်တော်ယုတ်မာတဲ့ကောင်ပဲကွ”

“ဟား ဟား ယုတ်မာတာမဟုတ်ပါဘူးကွာ၊ အဲဒါကို ပါးနပ်တယ်လို့ခေါ်တယ်ကွ”

ရွှေခေါက မျက်ရိပ်ပြလိုက်သည်နှင့် လူယုံများက ဖိုးမောင်အားဆွဲခေါ်သွားကြသည်။ ထို့နောက် နွားလှည်းတစ်စီးပေါ်သို့တင်ကာ ဖက်လိပ်ရွာဆီသို့ ခေါ်ဆောင်သွားကြတော့သည်။

ထိုအဖြစ်များကို မသိသည့် မယ်ပျင်းမှာတော့ ကျောင်းပေါက်ဝမှနေ၍ ဖိုးမောင်ပြန်အလာကို စောင့်မျှော်နေမိသည်။ မနက်ခင်းပိုင်းကတည်းက စောင့်မျှော်ရသည်မှာ နေပင်ထန်းတစ်ဖျားကျော်လွန်ပြီးနောက် ဆွမ်းခံပြန်ချိန်သို့ပင်ရောက်လာလေသည်။ မယ်ပျင်း၏ ခေါင်းထဲတွင် သံသယစိတ်ပေါင်းများစွာ၊ အတွေးပေါင်းများစွာတို့နှင့် ဗလောင်ဆူလျှက်ရှိသည်။

“နောက်ဆုံးတော့ ညည်းလဲငါ့လိုပဲ ယောက်ျားအတွက် အရက်ဝယ်ပေးရတာပဲမဟုတ်လား”

အသံကြားသဖြင့် လှည့်ကြည့်လိုက်သည့်အခါ အပေါ်ထစ်လှေကားတွင် ဘွားချမ်းသာကထိုင်လျှက် ဆေးလိပ်ကိုခဲနေလေသည်။

“အကိုက အဲဒီလိုလူစားမျိုးမဟုတ်ဘူး”

“ညည်းအကောင်လည်း ယောက်ျားပဲ၊ ယောက်ျားဆိုတော့ ဒီပုတ်ထဲက ဒီပဲပါပဲအေ၊ လုပ်မနေစမ်းပါနဲ့”

“အကိုက အဲဒီလိုလူမျိုးမဟုတ်ဘူး၊ အကိုပြန်လာလိမ့်မယ်၊ မကြာခင်အကိုပြန်လာမှာပါ၊ အဲဒီအခါကျရင် ကျုပ်တို့အတူတူ လှည်းလမ်းခွရွာကိုသွားကြမယ်၊ အဲဒီကနေတဆင့် ဘယ်သူမှမသိနိုင်တဲ့ ကျေးလက်တောရွာ ဇနပုဒ်ကလေးတစ်ခုကိုသွားကြမယ်၊ အဲဒီမှာ အကိုက ယာခင်းတွေစိုက်ပြီး အတူတူအသက်မွေးကြမယ်လို့ တိုင်ပင်ထားကြတယ်လေ”

“ယောက်ျားတွေရဲ့စကားကို ယုံတဲ့လူကတော့ ခံရမှာပဲပေါ့အေ၊ ယောက်ျားတွေဆိုတာ ပလီပလာစကားတွေ သိပ်ပြောတတ်ကြတယ်မဟုတ်လား”

ဘွားချမ်းသာက ပြောဆိုလိုက်ရင်း မယ်ပျင်းနံဘေးတွင်ထောင်ထားသည့် အရက်ပုလင်းကိုလက်လှမ်းလိုက်လေသည်။ မယ်ပျင်းက ဘွားချမ်းသာကိုကြည့်ရင်း

“မလုပ်ပါနဲ့ဘွားချမ်းသာ အဲဒါက အကို့အတွက်ပါ”

ဘွားချမ်းသာမှာ အရက်ပုလင်းတွင်ဆို့ထားသည့် ဘူးဆို့ကိုဖြုတ်လိုက်ပြီး အရက်ကိုတစ်ကျိုက်မော့သောက်လိုက်လေသည်။

“ငါက မြည်းကြည့်တာပါအေ၊ ဒါနဲ့ ဒီအရက်က ဖက်လိပ်ရွာကထွက်တဲ့အရက်နဲ့ယှဉ်ရင် တော်တော်ညံ့တာပဲ”

မယ်ပျင်းမှာ လည်ပင်းတရှည်ရှည်နှင့် အနီးပတ်ဝန်းကျင်သို့ မျှော်ငေးကြည့်နေမိသည်။ လေတိုက်၍ ချုံပုတ်များလှုပ်ခတ်လာလျှင်ပင် ဖိုးမောင်ပြန်လာသည်များလားဟု တွေးထင်ကာ လိုက်ကြည့်နေမိသည်။ အချိန်မှာ တဖြည်းဖြည်းကုန်သွားပြီး ညနေ နေချိုချိန်သို့ပင်ရောက်လာခဲ့သည်။ ဘွားချမ်းသာမှာ ဖိုးမောင်အတွက်ဝယ်ထားပေးသည့် အရက်ပုလင်းကို တစ်ကျိုက်တစ်ကျိုက်မော့သောက်ရင်း အရက်ပုလင်းပင် ကုန်သွားပြီဖြစ်သည်။

“စောင့်မနေပါနဲ့အေ၊ နင့်အကောင်က နင့်ဆီလာမှာမဟုတ်တော့ပါဘူး”

“မဟုတ်ဘူး၊ အကိုက အဲဒီလိုယောက်ျားမျိုးမဟုတ်ဘူး၊ အကိုက ကျုပ်ကိုရဖို့အတွက် သူကြီးရာထူးကိုရော စည်းစိမ်တွေကိုပါ စွန့်လွှတ်ဝံ့တဲ့လူစားမျိုးရှင့်”

ဘွားချမ်းသာမှာ သက်ပြင်းတစ်ချက်ချရင်း

“လောကကြီးမှာ မိန်းမတွေဒုက္ခရောက်ရတယ်ဆိုတာဟာလေ သူ့ချည်းဒုက္ခရောက်တာကနည်းနည်း၊ ယောက်ျားတွေရဲ့စကားကိုယုံစားမိလို့ ဒုက္ခရောက်သွားကြတဲ့လူတွေက ခပ်များများအေ့၊ ယောက်ျားတွေကို ဘယ်တော့မှ မယုံနဲ့အေ့”

ဘွားချမ်းသာ၏ ယောက်ျားတွေကို မယုံနဲ့ဆိုသည့်စကားမှာ မယ်ပျင်းနားအတွင်းသို့ ပဲ့တင်ထပ်သည့်နှယ် ကြိမ်ဖန်များစွာပြန်လည်ကြားယောင်နေရသည်။ ထို့အတူ အနောက်မယ်တော်မှာလိုက်သည့် စကားတစ်ခွန်းမှာလည်း မယ်ပျင်းနားထဲ ပြန်လည်ကြားယောင်နေမိသည်။

“မယ်ပျင်း၊ ညည်းကိုငါစကားလက်ဆောင်ပေးလိုက်မယ် အဲဒါကတော့ ယောက်ျားတွေကို ဘယ်တော့မှမယုံနဲ့”

ယောက်ျားမကောင်းသည့်စကားများသာ နားအတွင်းပဲ့တင်ထပ်နေသဖြင့် မယ်ပျင်းမှာ နားကိုလက်နှစ်ဖက်နှင့်ပိတ်ကာ အော်ဟစ်လိုက်မိသည်။

“တော်ပါတော့ တော်ကြပါတော့ အဲဒီလိုစကားတွေကို မပြောကြပါနဲ့တော့၊ ထွက်သွား၊ အားလုံးထွက်သွား”

မယ်ပျင်းပြောလိုက်သည့်အခါ ဘွားချမ်းသာမှာ မတ်တပ်ထရပ်လိုက်ပြီး

“လူတစ်ယောက်ကို ဘယ်လိုရှာရတယ်ဆိုတာ ညည်းလဲသိရဲ့သားနဲ့မယ်ပျင်းရယ်၊ အပင်ပန်းခံပြီး စောင့်မနေစမ်းပါနဲ့၊ သွားတဲ့လူက သွားပြီအေ့”

ဘွားချမ်းသာမှာ ပြောဆိုပြီးနောက် လေအဝေ့တွင် ပျောက်ကွယ်သွားလေသည်။ မယ်ပျင်းသာ ခေါင်းထဲအတွေးများစွာဖြင့် ကျန်နေခဲ့သည်။ များသောအားဖြင့် ဘွားချမ်းသာပြောသည့် ယောက်ျားမကောင်းကြောင်းစကားများနှင့် အနောက်မယ်တော်၏ ယောက်ျားမကောင်းကြောင်း စကားများသာဖြစ်သည်။

“မဟုတ်ဘူး၊ အကိုက ဒီလိုလုပ်မှာမဟုတ်ဘူး၊ အကိုဒီနေရာကို ကြိမ်းသေပြန်လာမယ်လို့ ယုံကြည်တယ်၊ ကျုပ်စောင့်မယ်၊ အကိုပြန်လာတဲ့အထိ ဒီအနားမှာစောင့်နေမယ်”

မယ်ပျင်းမှာ လှေကားထစ်တွင်ထိုင်လျှက် ငေးမောကာစောင့်ကြည့်နေလေသည်။

(၃)

မိုးပင်စင်စင်လင်းခဲ့ပြီဖြစ်သည်။ မယ်ပျင်းလည်း တစ်ညလုံးမအိပ်ဘဲ ငိုထားရသဖြင့် မျက်ခွံတွေဖောင်းအစ်နေလေသည်။ နားထဲတွင် ဖက်လိပ်ရွာဘက်မှ ဆိုင်းသံဗုံသံများကိုကြားနေရသည်။ နေထန်းတစ်ဖျားရောက်သည့်အခါမှာတော့ မယ်ပျင်းမှာ စိတ်ကိုဒုံးဒုံးချလိုက်ကာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်လေသည်။ ဖိုးမောင်ပျောက်ကွယ်သွားသည်မှာ တစ်ရက်တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်သည်။ နောက်ဆုံးတော့ မယ်ပျင်းမှာ လှေကားတွင်ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်သည်။

“အကိုနောက်ဆုံးတော့ ကျုပ်ကိုပစ်သွားခဲ့ပြီပေါ့”

မယ်ပျင်းမှာ ထမီကိုပြင်ဝတ်လိုက်ပြီး ကျောင်းပျက်ကြီးအပေါ်မှဆင်းလာခဲ့လေသည်။ ရင်ထဲတွင် တုန်ယီနေရာ အလွန်ဝမ်းနည်းသည့်ဝေဒနာတစ်ခုကိုခံစားရသည်။ မယ်ပျင်းမှာ ပေတောရွာနှင့် ဖက်လိပ်ရွာကို ဆက်သွယ်ထားသည့် လှည်းလမ်းကြီးအတိုင်း လမ်းလျှောက်လာခဲ့ရင်း မကြာခင် လှည်းတစ်စီးက မယ်ပျင်းအနီးမှ သာသာကလေးဖြတ်မောင်းသွားသည်။ လှည်းပေါ်ထိုင်ကာ လိုက်ပါလာကြသည့် လူများအနက်မှ အဒေါ်ကြီးနှစ်ဦးမှာ စကားပြောဆိုနေကြသည်။

“ဒီနေ့က ဖက်လိပ်ရွာသူကြီး ဖိုးမောင်နဲ့ ဦးငွေတိုးသမီး ကြာဥတို့ရဲ့ မင်္ဂလာပွဲမဟုတ်လား”

“ဟုတ်ပါ့တော်၊ ကျုပ်မှာ ဖက်လိပ်ရွာကိုမသွားချင်ပါဘူး၊ ငွေတိုးတို့နဲ့ ဆွေမျိုးမကင်းတော်လို့သာ သွားရတာအေ့”

မယ်ပျင်းမှာ ထိုစကားကြားသည့်အခါ လှည်းအနောက်သို့ပြေးလိုက်ရင်း

“အဒေါ်ကြီး ခုနက ဘာပြောလိုက်တာလဲ ဘယ်သူ့ရဲ့ မင်္ဂလာပွဲကို သွားကြမလို့လဲ”

အဒေါ်ကြီးနှစ်ယောက်က မယ်ပျင်းအားအကဲခတ်ကြည့်ရင်း

“ဖက်လိပ်ရွာသူကြီး ဖိုးမောင်နဲ့ ကြာဥတို့ရဲ့ မင်္ဂလာပွဲဆောင်ပွဲလေ”

မယ်ပျင်းမှာ ခေါင်းခါခါလည်ခါခါနှင့်

“မဖြစ်နိုင်ဘူး၊ အကိုက ဒီလိုလုပ်မှာမဟုတ်ဘူး”

အဒေါ်ကြီးများမှာ ထူးဆန်းသွားလေသည်။ မယ်ပျင်းမှာ ထိုသတင်းအားကြားသည်နှင့် ဖက်လိပ်ရွာဘက်ဆီသို့အပြေးလှမ်းလာခဲ့တော့သည်။

ဖက်လိပ်ရွာအနားရောက်လေလေ ဆိုင်းသံများကို ကျယ်လောင်စွာကြားရလေလေဖြစ်သည်။ မကြာခင် မင်္ဂလာမဏ္ဍပ်ကြီးကို မြင်တွေ့လိုက်ရသည်။ မင်္ဂလာမဏ္ဍပ်ကြီးမှာ ဟိုတစ်နေ့က မယ်ပျင်းတို့ကျင်းပခဲ့သည့် မဏ္ဍပ်ကြီးပင်ဖြစ်သည်။ မဏ္ဍပ်ကြီးအတွင်း ဧည့်ပရိသတ်များဖြင့် ကြိတ်ကြိတ်တိုးစည်ကားနေလေသည်။

“မဟုတ်ပါစေနဲ့၊ တကယ်မဖြစ်ပါစေနဲ့”

မယ်ပျင်းမှာဆုတောင်းရင်း လူအများနှင့်အတူ မဏ္ဍပ်အတွင်းသို့ပြေးဝင်လာခဲ့သည်။ မင်္ဂလာမောင်မယ်မှာ ငွေသင်ဖြူးဖျာပေါ်တွင်ထိုင်လျှက် လာရောက်သူလူအများကို နှုတ်ဆက်ပြုံးပြနေလေသည်။ မယ်ပျင်းက ဖိုးမောင်အားကြည့်လိုက်သည့်အခါ ဖိုးမောင်မှာ အကောင်းစားအဝတ်အစားများကိုဝတ်ဆင်ထားပြီး မျက်နှာမှာလည်း အလွန်ကျေနပ်အားရ ပျော်ရွှင်နေသည့် မျက်နှာထားနှင့် ပြုံးရယ်နေလေသည်။

“အကို . . . အကိုဘယ်လိုဖြစ်တာလဲ၊ လုပ်ရက်လိုက်တာ အကိုရယ်၊ ကျုပ်ကို လုပ်ရက်လိုက်တာ၊ တစ်နေ့ကပဲ ကျုပ်နဲ့အတူတူရှိခဲ့ရဲ့သားနဲ့ အခုတော့ တခြားမိန်းကလေးတစ်ယောက်နဲ့ ပျော်လို့ရွှင်လို့ပါလား အကိုရဲ့”

မယ်ပျင်းမှာ ဒေါသထွက်ထွက်နှင့် ဖိုးမောင်တို့စုံတွဲအား သတ်ဖြတ်လိုက်ရန်ဆုံးဖြတ်လိုက်သည်။ ဧည့်ပရိသတ်များအကြားမှ အကာအကွယ်ယူပြီး မင်္ဂလာမောင်နှံထံသို့ တဖြည်းဖြည်းတိုးကပ်လာခဲ့သည်။ သို့သော် အနီးအနားရောက်သည့်အခါ စိတ်ပြောင်းသွားသည်။ မယ်ပျင်းမှာ ဒေါသထွက်နေသော်လည်း ဖိုးမောင်အားမသတ်ရက်ပေ၊ သို့နှင့် လူအုပ်ကြားထဲမှ တိုးဝှေ့ကာ မဏ္ဍပ်အပြင်သို့ပြေးထွက်လာခဲ့သည်။

မဏ္ဍပ်နှင့်အတော်လှမ်းသည့်နေရာရောက်တော့မှ မဏ္ဍပ်ကိုတစ်ချက်လည်ပြန်ငေးကြည့်မိသည်။

“လုပ်ရက်လိုက်တာ အကိုရယ်၊ အကိုက ကျုပ်နဲ့မပျော်ရွှင်နိုင်ဘူးထင်လို့ တခြားမိန်းကလေးနဲ့ လက်ထပ်တယ်တဲ့လား”

မယ်ပျင်းမှာ ပျော့ခွေကျသွားပြီး အနီးအနားမှ သစ်ပင်ကြီးတစ်ပင်ကို အားပြုကာမှီခိုထားရသည်။

“ကျုပ်နဲ့မပျော်ဘူးဆိုရင်လည်း အဲဒီမိန်းကလေးနဲ့ ပျော်ပါတော့အကိုရယ်၊ ကျုပ် . . . ကျုပ်ထွက်သွားပေးပါ့မယ်”

မယ်ပျင်းမှာတစ်ယောက်တည်း ရေရွတ်ကာ ဝမ်းနည်းပူဆွေးနေစဉ် သစ်ပင်အနောက်မှ လူတစ်ဦးထွက်လာလေသည်။

“ငါပြောခဲ့သားပဲမဟုတ်လား၊ မင်းနာကျင်မှာစိုးလို့ ငါအတန်တန်တားခဲ့တယ်မဟုတ်လား”

ထွက်လာသူကိုကြည့်လိုက်သည့်အခါ ရွှေခေါဖြစ်နေလေသည်။ ရွှေခေါက မယ်ပျင်းအနားသို့တိုးလာရင်း

“ဖိုးမောင်အကြောင်းကို ငါအသိဆုံးပါ၊ ဒီကောင်က အချစ်ဆိုတဲ့အရာတစ်ခုကို ပေါ့ပျက်ပျက်ပဲသဘောထားတယ်၊ မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကို ဆော့ကစားတတ်တဲ့လူတစ်ယောက်ပဲလို့ ငါပြောခဲ့သားပဲ၊ အခုတော့ မင်းခံရပြီမဟုတ်လား”

မယ်ပျင်းမှာ ဒေါသထွက်သွားပြီး လက်အတွင်းစက်လက်နက်များကိုဖန်ဆင်းလိုက်ကာ ရွှေခေါ၏ရင်ဘတ်ကို အားကုန်တွန်းထည့်လိုက်လေသည်။ မယ်ပျင်းရိုက်နှက်လိုက်သည့် ပညာမှာ အလွန်မြင့်မားပြင်းထန်လှပြီး သာမန်လူတစ်ဦးအား ထိရိုက်မိပါက ထိုလူမှာ လူစင်စစ်မှနေ၍ အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲပျက်ဆီး သေဆုံးသွားစေနိုင်သည်အထိ အစွမ်းထက်လှသည်။ မယ်ပျင်း၏ လက်ဝါးရိုက်ချက်မှာ ရွှေခေါ၏ရင်ဝအားရိုက်နှက်မိပြီးသည့်နောက် ဝုန်းခနဲအသံကြီးတစ်ချက်မြည်သွားကာ မီးခိုးငွေ့များအူထွက်လာပြီး ပတ်ဝန်းကျင်တစ်ခွင်ကိုဖုံးလွှမ်းသွားလေသည်။ မင်္ဂလာမဏ္ဍပ်မှ ဆိုင်းတီးနေသည့်အသံကြောင့် ဝုန်းခနဲပေါက်ကွဲသံကြီးအား မည်သူမှ သတိမထားမိလိုက်ကြပေ၊ မယ်ပျင်းက မီးခိုးငွေ့များကိုကြည့်ပြီး

“ရှင်ဒီလို အာချောင်ချင်တိုင်း အာချောင်လို့ရမယ်ထင်လား ရွှေခေါရဲ့”

ထိုအခိုက် မီးခိုးငွေ့များအကြားမှ ရယ်သံတစ်ချက်ကြားလိုက်ရကာ ရွှေခေါတစ်ယောက်တိုးထွက်လာလေသည်။ မယ်ပျင်းက ရွှေခေါအားကြည့်ကာ အံ့အားသင့်နေမိသည်။

“ရှင် . . . ရှင်ဘာမှမဖြစ်ဘူးလား”

ရွှေခေါမှာရယ်လျှက်

“မင်းရဲ့အချစ်ရှုံးကြွေးတွေကြောင့် ငါ့ကိုသတ်ရမှကျေနပ်မယ်ဆိုရင် မင်းငါ့ကိုစိတ်ကြိုက်သတ်ဖြတ်လိုက်စမ်းပါ မယ်ပျင်းရာ”

မယ်ပျင်းမှာ စက်လုံးကြီးတစ်ခုကိုဖန်တီးလိုက်ပြီး ရွှေခေါထံသို့လှမ်းပစ်ထည့်လိုက်သည်။ စက်လုံးကြီးမှာ ရွှေခေါကိုယ်နှင့်ထိတွေ့သည့်အခါ စူးရှသည့်အလင်းရောင်များတိုးထွက်လာလေသည်။ သို့သော် ရွှေခေါမှာ ဘာဆိုဘာမှမဖြစ်ပေ။

“ဟား ဟား ဖိုးမောင်လို ရာထူးစည်းစိမ်မက်တဲ့လူက မင်းလိုစုန်းမကိုများ အတည်ယူမတဲ့လား မယ်ပျင်းရဲ့”

“ရှင့်ပါးစပ်ကို ပိတ်ထားလိုက်စမ်း”

မယ်ပျင်းမှာ ထပ်မံ၍ စက်လက်နက်တစ်ခုဖြင့် ပစ်ခတ်လိုက်ပြန်သည်။ ရွှေခေါမှာ မယ်ပျင်းပစ်ခတ်သမျှကိုရှောင်ရှားခြင်းမပြုဘဲ ခံသာခံနေလေသည်။ သို့သော်လည်း မယ်ပျင်း၏စက်လက်နက်များမှာ ရွှေခေါအား မထိခိုက်စေနိုင်ပေ။

“သူသာမင်းကိုတကယ်ချစ်တယ်ဆိုရင် အရာအားလုံးကိုစွန့်လွှတ်ပြီးတော့ မင်းကိုရွေးချယ်ခဲ့ရမယ်မဟုတ်လား၊ ဒါပေမယ့် ဖိုးမောင်က ဒီလိုကောင်စားမျိုးမဟုတ်ဘူး၊ သူ့ရဲ့ရာထူးကို သူမစွန့်လွှတ်နိုင်ဘူး၊ ဒါကြောင့်လည်း ဦးငွေတိုးသမီး ကြာဥကိုလက်ထပ်လိုက်တာပေါ့၊ ကြာဥတို့က ဆွေကြီးမျိုးကြီး ရွာမျက်နှာဖုံးတွေဆိုတော့ မင်းလိုစုန်းမကိုယူလိုက်တာထက် ဖိုးမောင်အတွက် အများကြီးအကျိုးရှိတာအမှန်ပဲ၊ ဖိုးမောင်က သူ့ဘဝတက်လမ်းကိုတော့ သူရွေးချယ်မှာပဲကွ”

မယ်ပျင်းမှာ အမောက်ခုနစ်ခုကို ခေါင်းပေါ်တွင်ထောင်လိုက်လေသည်။ ထို့နောက် ရွှေခေါအားလက်ညှိုးထိုးကာ

“နာဂဒေဝီ၊ ဒီလူယုတ်မာကို သတ်ပေတော့”

မယ်ပျင်း၏ ဦးခေါင်းအထက်ရှိ အမောက်အတွင်းမှ အနီရောင်အဆင်းရှိသည့် နာဂဒေဝီမှာ ခုန်ပျံထွက်သွားကာ လေပေါ်တွင်အမောက်ထောင်လျှက် ရွှေခေါအား ကိုက်ဖြတ်ရန်ပျံသန်းသွားသည်။ သို့သော်လည်း ရွှေခေါက လက်ဝါးတစ်ဖက်ကိုမြှောက်လိုက်ပြီး ဟိတ်ခနဲအော်လိုက်သည့်အခါ နာဂဒေဝီမှာ မြေပြင်ပေါ်သို့ပြုတ်ကျပြီး ခေါင်းငုံ့လျှက် ခွေခွေကုပ်ကုပ်ကလေးဖြစ်သွားလေသည်။

မယ်ပျင်းမှာ တစ်ဖန် အစိမ်းရောင်အဆင်းရှိသည့် ဘီလူးမင်းကို ခေါ်ထုတ်လိုက်လေသည်။ ဘီလူးမင်းမှာ သစ်ပင်ကြီးတမျှကြီးမားသည့် တင်းပုတ်ကြီးကို ကိုင်စွဲကာ ခုန်ထွက်လာပြီး မဆိုင်းမတွပင် ရွှေခေါဆီသို့ပြေးခုန်အုပ်လျှက် တင်းပုတ်ကြီးကိုမြှောက်ကာ ဦးခေါင်းတည့်တည့်သို့ ထုချထည့်လိုက်လေသည်။ သို့သော် ဘီလူးမင်း၏ တင်းပုတ်ကြီးမှာ ရွှေခေါ၏ဦးခေါင်းမှ သျှောင်ထုံးနှင့်ထိတွေ့သည်နှင့် မှန်တစ်ချပ်ကဲ့သို့ အပိုင်းပိုင်းအစစကွဲကြေထွက်သွားပြီး ဘီလူးမင်းမှာလည်း အနောက်သို့လန်ထွက်သွားတော့သည်။

နောက်ဆုံး မယ်ပျင်းမှာ အစွမ်းတန်ခိုးထက်မြက်သည့် ဂန္ဒဗ္ဗနတ်မင်းအား ခေါ်ထုတ်လိုက်သည်။ တစ်ကိုယ်လုံးရွှေရောင်အဆင်းရှိသည့် ဂန္ဒဗ္ဗနတ်မင်းမှာ ယမထာရွှေကြိမ်လုံးကို ကိုင်ဆောင်ကာ ရွှေခေါအားကြိမ်လုံးနှင့် အချက်ပေါင်းများစွာရိုက်ခတ်လေသည်။ သို့သော် နတ်မင်း၏ ရိုက်ချက်များမှာ ရွှေခေါကိုယ်အား ထိုးဖောက်ထွက်နေသဖြင့် ထင်သလောက်အစွမ်းမထက်ဘဲဖြစ်နေလေသည်။

ထိုအခါမှ မယ်ပျင်းမှာ တော်တော်ဖြုံသွားလေသည်။ ဂန္ဒဗ္ဗနတ်မင်းက မယ်ပျင်းအနားသို့ကပ်ပြီး

“ဒီလူမှာ အဆင့်မြင့်တဲ့ ကာကွယ်မှုတစ်ခုရှိနေတယ် မယ်ပျင်း”

ထိုအခါ ရွှေခေါက ရယ်မောလျှက်

“မင်းလိုစုန်းမကို ငါကအနိုင်ယူဖို့ မပြင်မဆင်ထားဘူးလို့ မင်းကထင်နေတာလားကွ”

ရွှေခေါမှာ သူဝတ်ထားသည့် ပိုးရင်ဖုံးအင်္ကျီကြီးကို ချွတ်လိုက်သည့်အခါ သင်္ကန်းကဲ့သို့ နီညိုရောင်အသွေးဖြင့် ချုပ်လုပ်ထားသည့် အင်္ကျီတစ်ထည်ကို အောက်မှခံဝတ်ထားလေသည်။ အင်္ကျီအသားအပေါ်တွင်လည်း ဆေးနက်၊ ဆေးနီများနှင့်ရေးဆွဲထားသည့် စမရုပ်ပုံများကိုမြင်တွေ့ရသည်။

“ဟောဒါက သံဃာတော်တွေဝတ်တဲ့သင်္ကန်းပဲ၊ အဲဒီသင်္ကန်းပေါ်မှာမှ ဗောဓိစမ တစ်ထောင်ကို အပြန်ပြန်အလှန်လှန်ရေးဆွဲထားတယ်၊ ငါ့ကိုယ်ငါ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်နဲ့ လွှမ်းခြုံကာကွယ်ထားပြီးပြီစုန်းမ၊ ငါ့ကို နင်ကြိုက်သလိုသာ တိုက်ခိုက်ပေတော့”

“ဟုတ်တယ်မယ်ပျင်း၊ သူ့ကာကွယ်မှုအစွမ်းက ကြီးမားတယ်၊ ငါတို့ဘယ်လိုမှ တိုက်ခိုက်လို့ရမှာမဟုတ်ဘူး”

“ဒါဖြင့်ရင်လည်း သွားကြတာပေါ့”

မယ်ပျင်းကတစ်ဖက်သို့လှည့်လိုက်သည့်အခါ ရွှေခေါက လှမ်းတားလိုက်သည်။

“နေအုံးမယ်ပျင်း၊ မင်းဒီတစ်ခါ ဘယ်ကိုမှ မသွားရဘူး၊ မင်းက ငါနဲ့လူသိရှင်ကြားလက်ထပ်ထားတဲ့လူ၊ ဒါကြောင့် ဘယ်လိုပဲဖြစ်နေဖြစ်နေ မင်းကအခုအချိန်မှာ ငါ့ရဲ့မယားပဲ၊ မင်းကိုငါပိုင်တယ်”

မယ်ပျင်းက လှည့်ကြည့်လိုက်ကာ

“ရှင် ကျုပ်နဲ့ပေါင်းဖို့ စိတ်ကူးတောင်မယဉ်စမ်းပါနဲ့”

“မင်းက နောက်ဆုံးအချိန်အထိ ပေကပ်နေတာပဲမယ်ပျင်း၊ ဒါဆိုရင်တော့ ငါလည်း မညှာတော့ဘူးဟေ့”

ရွှေခေါက ပြောဆိုလိုက်ကာ စက္ကူစကလေးတစ်စအားဖြန့်ကျက်လိုက်လေသည်။ ထိုစက္ကူစထဲတွင်တော့ အပ်ကလေးခုနစ်ချောင်းရှိသည်။ အပ်နဖားတွင်တော့ တစ်တောင်ခန့်ရှည်လျားသည့် အပ်ချည်ကြိုးများကိုတွဲဆက်ထားလေသည်။ ရွှေခေါက အပ်ခုနစ်ချောင်းအား လေပေါ်သို့မြှောက်တင်လိုက်ပြီးနောက် မန္တန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်လေသည်။ ထိုအခါ လေပေါ်ပျံနေသည့် အပ်ခုနစ်စင်းမှာ မိုးပေါ်တွင် ဝေ့ဝိုက်ပျံသန်းကာ မယ်ပျင်းထံသို့ဦးတည်ပျံသန်းလာကြသည်။ အပ်ခုနစ်စင်းမှာ မယ်ပျင်း၏ ငယ်ထိပ်တွင်တစ်စင်း၊ လက်ဖျား၊ ခြေဖျားတွင် လေးစင်း၊ နှလုံးသားတည့်တည့်တွင် တစ်စင်း၊ ဝမ်းဗိုက် ချက်တည့်တည့်တွင်တစ်စင်း လာရောက်ထိမှန်ကြလေသည်။

မယ်ပျင်းမှာ အလွန်နာကျင်စွာအော်ဟစ်လျှက် ဒူးထောက်လဲကျသွားလေသည်။

“အဲဒါက သိမ်ဝင်အပ်နဲ့ သိမ်ဝင်အပ်ချည်တွေပဲ၊ ဒီအပ်ခုနစ်စင်းနဲ့တွေ့ရင် ဘယ်စုန်းမှ မခံနိုင်ဘူးဟေ့”

မယ်ပျင်းနဖူးမှ ချွေးသီးချွေးပေါက်များ ကျဆင်းလာလေသည်။ ခန္ဓာကိုယ်အနှံ့တိုးဝင်လျှက်ရှိသည့် အပ်များထံမှ ထူးဆန်းသည့်စွမ်းအင်များက တစ်ကိုယ်လုံးကိုဖြန့်ကျက်နေလေသည်။ ထိုစွမ်းအင်များက မယ်ပျင်းကိုယ်ရှိစွမ်းအင်များနှင့် ပြင်းထန်စွာတိုက်ခိုက်ပြီးနောက် မယ်ပျင်း၏ နှလုံးသားတည့်တည့်ထံသို့စီးဝင်နေသည်။ ရွှေခေါက သူ့ခေါင်းပေါင်းစကိုဖြေလိုက်သည့်အခါ ခေါင်းပေါင်းစအတွင်းမှ မျက်ပါးရွှေပြားဖြင့်ပြုလုပ်ထားသည့် အင်းတစ်ခုထွက်ပေါ်လာလေသည်။

“ဟောဒါက စုန်းဖြတ်အင်းပဲ၊ ဒီအင်းကို အသုံးချပြီးတော့ မင်းရဲ့ပညာတွေကို ဖျက်ဆီးပစ်မယ်၊ မင်းမှာ ဘာပညာမှမတတ်တော့တဲ့အခါမှ ငါ့အိမ်မှာလိုက်နေပြီး ငါ့အတွက် သားသမီးလေးတွေ မွေးပေးစမ်းပါကွ စုန်းမရ ဟား ဟား”

ရွှေခေါမှာ အင်းကွက်ကိုင်ကာ မယ်ပျင်းထံသို့တစ်လှမ်းချင်းလျှောက်လာလေသည်။ မယ်ပျင်းအနီးသို့ရောက်သည့်အခါ အင်းကွက်ကို မယ်ပျင်း၏ နဖူးတွင်ကပ်ရန်အတွက် လက်ဟန်ပြင်လိုက်သည်။ ထိုစဉ် မယ်ပျင်း၏ ငယ်ထိပ်တွင်စိုက်ဝင်နေသည့် သိမ်ဝင်အပ်မှာ သူ့အလိုလိုလှုပ်ရွလာပြီးနောက် အပ်မှာအပြင်သို့ပြန်လည်တိုးထွက်နေလေသည်။ ရွှေခေါမျက်စိရှေ့မှာပင် သိမ်ဝင်အပ်မှာ မယ်ပျင်းငယ်ထိပ်မှ မြေပေါ်သို့ ပြုတ်ကျသွားသည်။ ကျန်ရစ်သည့် သိမ်ဝင်အပ်များမှာလည်း အကုန်ပြုတ်ထွက်သွားသည့်အခါ မယ်ပျင်းက ရုတ်တရက်ကုန်းထလိုက်ကာ သူ့အရှေ့တွင်ရပ်နေသည့် ရွှေခေါ၏ မေးစေ့အောက်သို့ ညာလက်သီးဖြင့် အားကုန်ပင့်ထိုးလိုက်လေသည်။

ရွှေခေါမှာ အလစ်အငိုက်ခံလိုက်ရသည်မို့ ခေါင်းမော့ထွက်သွားသည်။ မယ်ပျင်းက ရွှေခေါ၏ရင်ဘတ်အား ဒူးဖြင့်သုံးလေးချက်ခန့်ဆင့်တိုက်ပေးလိုက်သည့်အခါ ရွှေခေါမှာ အရုပ်ကြိုးပြတ်လဲကျသွားလေသည်။ ထိုတော့မှ မယ်ပျင်းက ရွှေခေါဝတ်ဆင်ထားသည့် သင်္ကန်းတိုက်ပုံကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ဆွဲဖြဲလေသည်။ မယ်ပျင်းလက်နှင့် တိုက်ပုံထိတွေ့လိုက်သည်နှင့် အလွန်ပူလောင်ကာ နာကျင်သည့်ဝေဒနာကိုခံစားရသည်။ သို့သော်လည်း မယ်ပျင်းမှာ ထိုဝေဒနာကို ကြိတ်မှိတ်ခံကာ တိုက်ပုံအင်္ကျီရင်ဘတ် ပွင့်ထွက်သွားအောင် လက်နှစ်ဖက်နှင့်ဆွဲဖြဲလေသည်။ တိုက်ပုံအင်္ကျီ၏ အစွမ်းကြောင့် မယ်ပျင်းလက်နှစ်ဖက်မှ အခိုးအငွေ့များထွက်ပေါ်လာကာ လက်ချောင်းများမှာ အရည်ပျော်ကျတော့မယောင် ပူလောင်နေလေသည်။ မကြာခင် မယ်ပျင်းတစ်ကိုယ်လုံးမှ အခိုးအငွေ့များထိုးထွက်လာသည်။

မယ်ပျင်းက အားခနဲတစ်ချက်အော်လိုက်ပြီးသည့်နောက် လက်နှစ်ဖက်ကိုအားကုန်ဆောင့်ဆွဲလိုက်သည့်အခါ တိုက်ပုံအင်္ကျီရင်ဘတ် ကြယ်သီးမှာပွင့်ထွက်ပြီး ရွှေခေါ၏ ရင်ဘတ်မှာ အတိုင်းသားပွင့်သွားတော့သည်။ မယ်ပျင်းက ညာလက်ဝါးတွင် စက်လက်နက်များကိုတပ်ဆင်လိုက်ကာ ရွှေခေါရင်ဘတ်ကို ရိုက်ချရန်လက်ဖြင့်ရွယ်လိုက်သည်။ ရွှေခေါက ခေါင်းတခါခါနှင့်

“မလုပ်နဲ့မယ်ပျင်း၊ မင်းငါ့ကိုသတ်လို့မရဘူး”

မယ်ပျင်းက ဘာမှမပြောတော့ဘဲ ရွှေခေါ၏ ရင်ဘတ်ကိုသာ လက်ဖဝါးဖြင့်ရိုက်ထည့်လိုက်လေသည်။ မယ်ပျင်းလက်ဝါးနှင့် ရွှေခေါ၏ ရင်ဘတ်ထိသွားသည်နှင့်တပြိုင်နက် ရွှေခေါ၏ကိုယ်ခန္ဓာ ဒွာရအပေါက်များမှ အခိုးအငွေ့များတိုးထွက်လာကာ ရွှေခေါတစ်ယောက် မီးဖုတ်ထားသည့်နှယ် ဖြစ်သွားလေတော့သည်။ ခဏအကြာတွင် ရွှေခေါ၏ အလောင်းကြီးမှာ ပြာမှုန်များအဖြစ်ပြောင်းလဲကာ လေအဝေ့တွင် လွင့်မြောပါသွားလေသည်။ ရွှေခေါဝတ်ဆင်ခဲ့သည့် အဝတ်အစားများသာ ကျန်နေရစ်ခဲ့သည်။ မယ်ပျင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီးသည့်နောက် ထိုနေရာမှလှည့်ထွက်ခဲ့သည်။

မယ်ပျင်းမှာ လှည်းလမ်းကြီးအတိုင်းလမ်းလျှောက်နေသော်လည်း စိတ်နှင့်လူနှင့်မကပ်ပေ၊ စိတ်အတွင်းတွင် ဖိုးမောင်နှင့်ပတ်သက်သည့် ဒဏ်ရာများက တနုံ့နုံ့နှင့် ခံစားနေရသလို ကိုယ်ခန္ဓာမှာလည်း ရွှေခေါနှင့်တိုက်ခိုက်ထားစဉ်က ရရှိထားခဲ့သည့် ဒဏ်ရာများကြောင့် အလွန်မောပန်းကာ နုံးချိနေလေသည်။

မယ်ပျင်းမှာ စိတ်နှင့်လူနှင့်မကပ်ဘဲ ခြေဦးတည့်ရာလမ်းလျှောက်လာစဉ် အချိန်မှာကုန်မှန်းမသိကုန်လာခဲ့သည်။ ညနေ နေညိုချိန်တွင်တော့ ပေတောရွာအကျော် လှည်းလမ်းမကြီးတစ်ခုနံဘေးတွင် တစ်ယောက်တည်းခေါင်းငိုက်စိုက်ကာ လျှောက်လမ်းလာခဲ့သည်။ တစ်ကိုယ်လုံး နုံးချိနေသဖြင့် မကြာခင်မှာပင် ခေါင်းမှာ ချာလပတ်လည်မူးကာ လောကကြီးတစ်ခုလုံးမှာလည်း ချားရဟတ်လည်သကဲ့သို့ လည်ပတ်နေပြီး မယ်ပျင်းတစ်ယောက် လဲကျသွားတော့သည်။

လှည်းလမ်းအတိုင်း မကြာခင် လှည်းတစ်စီးက မောင်းနှင်လာလေသည်။ ထိုအခါ လှည်းလမ်းနံဘေးတွင် လဲကျနေသည့် မယ်ပျင်းအား လှည်းမောင်းနေသူတစ်ဦးကတွေ့လိုက်သည်။

“ဟေ့ လူအေးရေ၊ အရှေ့မှာ မိန်းကလေးတစ်ယောက် လဲနေပါလားကွ”

“ဟုတ်တယ်ဘကြီး၊ သေများသေနေတာလား မသိပါဘူးဗျာ”

“သေသေရှင်ရှင် ဆင်းပြီးတော့ ကြည့်အုံးမှကွ၊ သေသွားတယ်ဆိုရင်လည်း တို့ရွာထိပ်သုဿန်မှာ ကောင်းကောင်းမွန်မွန်မြှုပ်နှံပေးလိုက်တာပေါ့ကွာ”

ကိုလူအေးမှာ လှည်းပေါ်မှလွှားခနဲခုန်ချပြီး မယ်ပျင်းထံသို့သွားလိုက်သည်။ မှောက်လျက်သားလဲကျနေသည့် မယ်ပျင်းအားဆွဲထူလိုက်ကာ မယ်ပျင်း၏လှပသည့်ရုပ်ရည်ကို ခေတ္တမျှ ငေးကြည့်နေမိသည်။

“လူအေးရေ၊ သေနေပြီလားဟေ့”

ထိုတော့မှ ကိုလူအေးက သတိဝင်ပြီး မယ်ပျင်း၏ နှာခေါင်းကိုစမ်းသပ်ကြည့်လိုက်သည်။ မယ်ပျင်းမှာ အသက်ကိုခပ်မျဉ်းမျဉ်းသာရှုရှိုက်နေလေသည်။

“ဟာ မသေသေးဘူး ဘကြီးရေ၊ မသေသေးဘူး”

လှည်းမောင်းနေသည့် ဘကြီးမှာ ခုန်ဆင်းလာပြီး မယ်ပျင်းအားစမ်းသပ်ကြည့်ကာ

“အားနည်းလို့ မူးလဲသွားတဲ့ပုံပဲကွ၊ ဒီနားမှာ ဒီအတိုင်းထားခဲ့ရင် မတော်တဲ့လူတွေနဲ့တွေ့ရင် ဒီကလေးမ ရေတိမ်နစ်သွားနိုင်တယ်ဟေ့၊ ငါတို့ သူ့ကို တို့ရွာခေါ်သွားပြီး သမားတော်လေးဘာလေးနဲ့ ကုသပေးရမယ်၊ သူသတိရလာတော့ သူသွားချင်တဲ့အရပ်ကို သွားပါစေပေါ့ကွာ”

ကိုလူအေးမှာ ခေါင်းညိတ်လိုက်ကာ မယ်ပျင်းကိုပွေ့ချီလျှက် လှည်းပေါ်သို့တင်လိုက်လေသည်။ ဘကြီးဖြစ်သူမှာ နွားကိုကြိမ်ဖြင့်တို့ရင်း

“မိုးချုပ်တော့မယ်ဟေ့ တို့ရွာကို အမြန်ရောက်မှ ဖြစ်မယ်ကွ”

သို့နှင့် လှည်းကိုလျှင်မြန်စွာမောင်းနှင်လာခဲ့ကြလေသည်။