စာစဉ် (၆၆)
(၁)
ကိုလူအေးတို့လှည်းကလေးမှာ ညအတော်မိုးချုပ်သည့်အခါမှ နိဗ္ဗာန်ရွာ သို့ရောက်လာခဲ့ကြသည်။ ကိုလူအေးမှာ ၎င်းတို့နေထိုင်သည့် အိမ်ကလေးဆီသို့ရောက်သည့်အခါ လှည်းပေါ်မှမယ်ပျင်းကို ချီပွေ့ကာ အိမ်ပေါ်သို့ခေါ်လာခဲ့သည်။ အိမ်ပေါ်မှဆင်းလာသည့် ကိုလူအေး၏ ကြီးဒေါ်ကြီးက
“ဟယ်၊ လူအေး၊ နင်တို့တူဝရီး စပါးသွားစပ်တာ ဘယ်ကနေဘယ်လိုလုပ်ပြီးတော့ မိန်းကလေးတစ်ယောက် ရလာတာတုန်းဟဲ့”
ကိုလူအေးမှာ မယ်ပျင်းအား အိမ်ရှေ့ခန်းရှီ ဖျာပေါ်တွင်ချလိုက်ရင်း
“အသာနေစမ်းပါ ကြီးဒေါ်ရာ၊ ဒီမိန်းကလေးက ဘာဖြစ်မှန်းမသိပဲနဲ့”
ကိုလူအေး၏ ဘကြီးမှာ အိမ်ပေါ်ပင်မတက်တော့ဘဲ
“လူအေးရေ၊ ငါတော့ ဆေးဆရာကြီး ဦးကြီးငွေကို သွားပင့်လိုက်အုံးမယ်ဟေ့”
ဘကြီးမှာ အိမ်လှေကားအတက်မှပင် ခြံအပြင်သို့ပြေးထွက်သွားလေသည်။ ကြီးဒေါ်ကြီးမှာ မယ်ပျင်းအားကြည့်ရှုလျှက် ရေပတ်ဝတ်တစ်ခုဖြင့် မျက်နှာကိုပွတ်သပ်ပေးနေမိသည်။ ကိုလူအေးမှာလည်း စိတ်ပူပန်ကာ မယ်ပျင်းအားစိုက်ကြည့်နေလေသည်။
“ဟဲ့လူအေး၊ မှန်မှန်ပြောစမ်း နင်ဒီမိန်းကလေးကို ခိုးလာခဲ့တာမဟုတ်လား”
ကိုလူအေးမှာ ပြာပြာသလဲနှင့်
“ဟာ ကြီးဒေါ်ကတော့ ကြံကြီးစည်ရာဗျာ၊ ကျုပ်က သူများသားပျိုသမီးပျိုကို ခိုးတာဝှက်တာ လုပ်မလားဗျ၊ ဒီမိန်းကလေးက လမ်းဘေးမှာလဲကျနေလို့ ခေါ်ယူလာခဲ့တာ”
ကြီးဒေါ်ဖြစ်သူက မျက်နှာကိုတစ်ချက်မဲ့လိုက်ပြီး
“ငါ့တူအကြောင်း ငါသိပြီးသားပါအေ၊ ဒီလိုချောမောလှပတဲ့မိန်းကလေးကို မင်းက ရနိုင်မယ်လို့ကို ငါမထင်ပါဘူး၊ ဒါပေမယ့် ဟုတ်များဟုတ်မလားဆိုပြီး မေးကြည့်တာပါ”
မယ်ပျင်းမျက်နှာကိုရေပတ်ဝတ်နှင့်ပွတ်သပ်ရင်း
“ဒါနဲ့ မိန်းကလေးက ချောတာတော့ တော်တော်ချောချောလှလှပဲဟေ့၊ ငါ့ကတော့ မင်းနဲ့ဖူးစာဖက်ဖို့အတွက်များ နတ်သိကြားတွေက ပို့လိုက်လေသလားလို့ ထင်နေမိတယ်”
“ဟာ ကြီးဒေါ်ကတော့ ပေါက်ပေါက်ရှာရှာပြောတော့မယ်၊ ကြီးဒေါ်အဲဒီလိုစွပ်စွဲနေတာအသာထား ဒီမိန်းကလေးက ကာမပိုင်လင်ယောက်ျားရှိတဲ့ မိန်းကလေးဆိုရင် ကျုပ်က သက်သက် ကာမေသုကံကို ချိုးဖောက်သလိုဖြစ်နေမှာပေါ့”
“အေးပါဟယ်၊ အေးပါ၊ ဘုရားဖြစ်မယ့်အုတ်နီခဲကြီးရေ”
ကိုလူအေးတို့ ပြောဆိုနေကြသည့်အချိန်မှာပင် ဘကြီးဖြစ်သူနှင့်် ဆေးဆရာကြီးတို့မှာ အိမ်ပေါ်သို့အပြေးအလွှားတက်လာကြလေသည်။ နှစ်ဦးသားမှာ မယ်ပျင်းနံဘေးတွင်ထိုင်ချလိုက်ကြသည်။ ဘကြီးက
“ဆရာကြီးငွေ ကျုပ်ပြောတာ ဒီမိန်းကလေးပါပဲ”
ဆေးဆရာကြီးက ခေါင်းညိတ်လိုက်ကာ မယ်ပျင်း၏ လက်ဝဲဘက်လက်ကောက်ဝတ်ကို သူ့လက်နှင့််စမ်းသပ်ကြည့်လိုက်သည်။ စမ်းသပ်နေသည့်အချိန်တွင်လည်း မျက်စိကိုစုံမှိတ်ထားကာ အာရုံစူးစိုက်ထားလေသည်။ ထို့နောက် ခေါင်းတဆတ်ဆတ်ညိတ်ကာ လက်ယာဘက်လက်ကောက်ဝတ်အား ထပ်မံစမ်းသပ်ပြန်သည်။ ပြီးသည့်အခါ နဖူးပေါ်တွင် လက်ဝါးဖြန့်တင်လျှက် စမ်းသပ်စစ်ဆေးနေပြန်သည်။ ကိုလူအေးတို့မှာ ဆေးဆရာကြီးစမ်းသပ်နေသည်ကို မျက်တောင်မခတ်ဘဲ စိတ်ဝင်တစားကြည့်ရှုနေကြသည်။ ဆေးဆရာကြီးမှာ အတော်ကြာအောင်စမ်းသပ်စစ်ဆေးပြီးသည့်နောက် လက်ကိုရုတ်သိမ်းလိုက်လေသည်။
“ဘာဖြစ်တာလဲဆရာကြီး”
“သွေးအားနည်းနေတယ်၊ ဓါတ်သဘောနဲ့ပြောရရင်တော့ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောဆိုတဲ့ ဓါတ်ကြီးလေးပါးအပြင် အာကာသဓါတ်ပါ ချို့တဲ့နေလေတော့ အခုလိုလူက နုံးချိပြီး မထနိုင်ပဲဖြစ်သွားတော့တာပေါ့”
“ဒါဖြင့် ဘယ်လိုကုသရမလဲဆရာကြီး”
“လောလောဆယ်တော့ အမောလုံနှလုံးအားတိုးဆေးရယ်၊ သွေးဆေးရယ် ပေးထားခဲ့မယ်၊ အဲဒါကိုရေနဲ့ဖျော်ပြီး သူ့ကိုဝင်အောင်တိုက်၊ ပြီးတော့ ဓါတ်စာတွေရေးပေးထားမယ်၊ နောက်နေ့တော့ အဲဒီဓါတ်စာတွေအတိုင်း ချက်ပြုတ်ကျွေးလိုက်ရင် တစ်ပတ်လောက်ဆို ထူထူထောင်ထောင်ဖြစ်လာမှာပါ”
“ကျေးဇူးတင်ပါတယ်ဆရာကြီးရယ်၊ ဒါနဲ့ ဆရာကြီးကို ဘယ်လောက်ကန်တော့ရမလဲ”
“နေပါစေ လူအေးရယ်၊ မင်းတို့နဲ့ငါနဲ့က ဆွေရင်းမျိုးရင်းတွေလိုဖြစ်နေတာပဲကို၊ ဒါတွေမလိုပါဘူး၊ ပြီးတော့ ငါလည်း လူတစ်ယောက်အသက်ကို ကယ်ခဲ့ရတဲ့အတွက် ဇီဝိတဒါနမြောက်ပါတယ်”
ဆေးဆရာကြီးမှာ ဆေးမှုန့်များကို မှိုင်းကိုင်စက္ကူနှင့်ထုပ်ပိုးပေးခဲ့ပြီးနောက် အိမ်ပေါ်မှဆင်းသွားလေသည်။ လှေကားအတက်အဆင်းသို့အရောက်တွင်
“မောင်လူအေး၊ ငါနဲ့ခဏလိုက်ခဲ့ပါအုံး”
“ဟုတ်သားပဲလူအေးရယ်၊ ပင့်တုန်းက လူကိုယ်တိုင်သွားပင့်ထားပြီးတော့ ပြန်တော့ လိုက်ပို့ရမှာပေါ့ကွဲ့”
ဘကြီးပြောသဖြင့် ကိုလူအေးမှာ ဆေးဆရာကြီးအနောက်သို့ပြေးလိုက်သွားလေသည်။ အိမ်ပေါ်တွင် ဘကြီးတို့လင်မယားနှစ်ယောက်သာ ကျန်နေခဲ့လေသည်။
“ဒါနဲ့ ကိုရွှေရိုး ဒီမိန်းကလေးက အပြစ်ပြောစရာမရှိအောင် ချောချက်လှချက်တော်”
ဘကြီးရွှေရိုးက ပြုံးလျှက်
“အောင်မှာ မယ်ခွေ၊ ဘာလဲ ညည်းက ဒီမိန်းကလေးကို သဘောကျပြီး နင့်တူလူအေးနဲ့ ပေးစားမလို့ကြံစည်နေပြီမဟုတ်လား၊ ညည်းနဲ့ငါနဲ့ ပေါင်းလာတာ နှစ်ပေါင်းလေးဆယ်လောက်ရှိပါပြီဟ၊ ညည်းအကြံကို ငါမသိဘူးများမှတ်နေသလား”
“အိုတော် သိတော့လဲသိပေါ့၊ ကျုပ်ကတော့လေ မိဘမဲ့တစ်ကောင်ကြွက်ဖြစ်နေတဲ့ ကျုပ်တူလေးကို အိမ်ထောင်ရက်သားကျပြီး မိသားစုတွေနဲ့သိုက်သိုက်ဝန်းဝန်းနေတာမျိုး သိပ်မြင်ချင်တာပဲ”
“မင်း ထင်တဲ့အတိုင်းဖြစ်မလားကွ၊ အခုဒီမိန်းကလေးက ဘယ်သူလဲ၊ ဘယ်ကလဲဆိုတာတောင်မသိသေးဘူး၊ တကယ်လို့ သူက သူ့နေရပ်ကိုပြန်မှတ်မိပြီး တစ်နေ့ပြန်သွားတဲ့အခါမှ မင်းရဲ့မျှော်လင့်ထားသမျှတွေ ခဲလေသမျှ သဲရေကျဖြစ်ပြီး မင်းပဲနာကျင်နေရပါအုံးမယ်ကွ”
ကြီးဒေါ်ခွေမှာ လက်အုပ်ချီလိုက်ကာ အရှေ့အရပ်သို့ကြည့်လိုက်ပြီး
“သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များကို တိုင်တည်ပါတယ်၊ ကျေးဇူးပြုပြီး ဒီမိန်းကလေးက အိမ်ထောင်ရက်သားမရှိဘဲ အရှုပ်အရှင်းကင်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါစေ”
ဘကြီးရွှေရိုးမှာ တဟားဟားနှင့်ရယ်မောလိုက်ကာ
“အောင်မယ်လေး မယ်ခွေရယ်၊ ညည်းကတော့ မြင်းကမလှုပ် ခုံကလှုပ်ဆိုသလိုဖြစ်နေပါပြီ၊ သူ့တူကဖြင့်တော်တော် ညည်းကခပ်ကဲကဲဖြစ်နေပါလား”
“အိုတော်၊ ကျုပ်လုပ်တာကရော မကောင်းတာဟုတ်လို့လား၊ ရှင်ပဲစဉ်းစားကြည့်၊ မိဘမဲ့ကျုပ်တို့တူကလေးက ကျုပ်တို့မရှိရင် ဆွေမျိုးသားချင်းဆိုတာလည်းမရှိဘဲ လောကအလယ်မှာ တစ်ယောက်တည်း နေရတော့မယ်မဟုတ်လား၊ ဒီလိုတစ်ယောက်တည်းနေရမယ့်အတူတူ သားထောက်သမီးခံနဲ့ ဆေးပေးမီးယူ မိန်းမတစ်ယောက်လောက်ရှိတော့ ကျုပ်တို့လည်း သူ့အတွက်မပူမပင်ရဘဲ အေးအေးလူလူခေါင်းချနိုင်တာပေါ့တော်၊ ဘာလဲ ရှင်ကရော အဲဒီလိုမဖြစ်စေချင်ဘူးလား”
“ဒီလိုတော့မဟုတ်ပါဘူးကွာ၊ ငါလည်း သူ့ကိုမိသားစုကလေးနဲ့ သိုက်သိုက်ဝန်းဝန်းဖြစ်စေချင်ပါပြီကွ”
ထိုအချိန်မှာပင် ကိုလူအေးတစ်ယောက် ပြန်ရောက်လာခဲ့သည်။ မယ်ပျင်းမှာ သတိလစ်နေဆဲဖြစ်သည်။ ဘကြီးရွှေရိုးက လက်ဖက်ရည်အကြမ်းဖန်ခွက်အတွင်း ရေနွေးထည့်ကာ ဆေးဆရာကြီးပေးခဲ့သည့် ဆေးမှုန့်များကို ရေဖျော်လိုက်ကာ မယ်ပျင်းပါးစပ်အတွင်းသို့ ထည့်တိုက်လိုက်လေသည်။ ညမှာ တဖြည်းဖြည်းညည့်နက်လာခဲ့လေသည်။ မကြာခင် သန်းခေါင်ကြက်တွန်သံကိုပင်ကြားရသည်။
“ဟဲ့လူအေး၊ ဒီမိန်းကလေးကို ဘယ်လိုလုပ်မှာလဲ”
“ဘယ်လိုလုပ်ရမှာလဲကြီးဒေါ်ရာ၊ ကြီးဒေါ်တို့အိပ်ကြပေါ့၊ ကျုပ်သူ့ကို ထိုင်စောင့််နေမယ်”
မကြာခင် ဘကြီးရွှေရိုးနှင့် ကြီးဒေါ်ခွေတို့မှာ အိပ်ခန်းအတွင်းသို့ဝင်သွားကြသည်။ ရွှေရိုးတစ်ယောက်သာ မယ်ပျင်းအား ခြင်၊ ယင်များမကပ်စေရန်အတွက် ယပ်တောင်တစ်ချောင်းနှင့် ယပ်ခပ်ပေးရင်း ညလုံးပေါက်သွားလေတော့သည်။
(၂)
မယ်ပျင်းနားထဲတွင် လင်းကြက်တွန်သံခပ်စူးစူးတစ်ချက်ကြားလိုက်ရသည်။ မယ်ပျင်းမှာ ထိတ်လန့်သွားပြီး မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။ သို့သော် မျက်ခွံများပွင့်ရန်ကိုပင် အတော်အားယူနေရလေသည်။ မျက်လုံးခပ်မှေးမှေးပွင့်သွားသည့်အခါ ပတ်ဝန်းကျင်တွင် အလင်းရောင်များဖြန့်ကျက်နေပြီဖြစ်သည်။ မယ်ပျင်း၏ ခေါင်းမှာ တရိပ်ရိပ်မူးဝေနေလေသည်။ ပတ်ဝန်းကျင်ကို အသေအချာလိုက်ကြည့်သည့်အခါ တဲအိမ်တစ်ခုအတွင်းရောက်ရှိနေသည်ကိုတွေ့လိုက်ရသည်။
မယ်ပျင်းက ထူးဆန်းအံ့သြသွားပြီး အားယူကာ ထရန်ကြိုးစားသည်။ သို့သော် မထနိုင်ဘဲ ဖျာပေါ်သို့သာပြန်လဲကျသွားသည်။ ထိုအခိုက်သူ့နံဘေးနားတွင် ထရံကိုမှီလျှက် အိပ်မောကျနေသည့် လူတစ်ဦးကိုတွေ့လိုက်ရသဖြင့် အံ့သြကာ ထိတ်လန့်မိသွားလေသည်။
မယ်ပျင်းမှာ ထိုလူအားအသံပြုမေးမြန်းချင်သော်လည်း ပါးစပ်မှအသံမထွက်ပေ၊ လည်ချောင်းတစ်လျှောက်လုံး ချောက်သွေ့ကာ နာကျင်နေသဖြင့် တအစ်အစ်အသံသာ ပြုနိုင်လေသည်။ မယ်ပျင်း၏ တအစ်အစ်အသံအားကြားသည့်အခါ ကိုလူအေးမှာ လန့်နိုးလာလေသည်။
“အလို မင်းနိုးလာပြီကိုး”
မယ်ပျင်းက ထထိုင်ရန်အားယူနေသဖြင့် ကိုလူအေးက မယ်ပျင်းကို ပြန်လည်လှဲနေစေသည်။
“မင်းအားသိပ်နည်းနေတယ်၊ လှုပ်လှုပ်ရှားရှားမလုပ်ပါနဲ့အုံး”
မယ်ပျင်းမှာ ပါးစပ်ပွစိပွစိလုပ်နေသဖြင့် ကိုလူအေးက အလိုက်တသိပင် ရေကျက်အေးတစ်ခွက်ကို မယ်ပျင်းပါးစပ်အတွင်းသို့ ညင်သာစွာလောင်းထည့်ပေးလိုက်သည်။ ရေသောက်ရလိုက်သည့်အခါမှ ပူလောင်နေသောမယ်ပျင်းရင်မှာ အေးချမ်းသွားလေသည်။
“ရှင် . . .ရှင်ဘယ်သူလဲ”
“မင်းငါ့ကိုစိတ်ပူစရာမလိုပါဘူး၊ ငါ့နာမည်လူအေးပါ၊ မနေ့က မင်းလှည်းလမ်းဘေးမှာ မေ့လဲနေတာတွေ့လို့ မင်းကိုခေါ်လာခဲ့တာ”
“ဒါ . . .ဒါ ဘယ်နေရာလဲ”
“ဒါက နိဗ္ဗာန်ရွာပါ”
မယ်ပျင်းမှာ ခေါင်းကိုအသာညိတ်လိုက်လေသည်။ ကိုလူအေးက မယ်ပျင်းအားကြည့်ရင်း
“မင်းကရော ဘယ်သူလဲမိန်းကလေး”
ကိုလူအေးက မယ်ပျင်းအားမေးသည့်အခါ မယ်ပျင်းမှာ အတော်အတန်ကြာအောင်စဉ်းစားနေမိသည်။ မယ်ပျင်းတစ်ယောက် ကြုံဆုံလာခဲ့ရသည့် ကိစ္စရပ်များကို ပြန်မတွေးချင်တော့ပေ၊ ထို့အတူ အခြားသူအားလည်း စီကာပတ်ကုံးရှင်းမပြချင်တော့၊ အတိတ်မှအကြောင်းအရာများကို အကုန်မေ့ပစ်လိုက်ပြီး ဘဝကိုအသစ်ပြန်လည်စတင်ချင်သည်။ မယ်ပျင်းအတန်ကြာအောင်စဉ်းစားနေသဖြင့် ကိုလူအေးမှာ မျက်မှောင်ကြုတ်လျှက်
“မင်း ဘာကိုမှ မမှတ်မိဘူးလား”
မယ်ပျင်းမှာ ခေါင်းအသာညိတ်ပြလိုက်သည်။
“မင်းဘယ်သူလဲ၊ ဘယ်ရွာကလာတယ်ဆိုတာတောင်မှ မသိတော့ဘူးလား”
မယ်ပျင်းမှာ ခေါင်းကိုဖြေးညှင်းစွာခါပြလိုက်လေသည်။ ကိုလူအေးမှာ စိတ်ညစ်ညစ်နှင့်ခေါင်းကို တဗြင်းဗြင်းကုပ်လေတော့သည်။ ကိုလူအေး၏ စကားပြောသံကိုကြားရသဖြင့် နွားစာကျွေးနေသည့် ဘကြီးရွှေရိုးမှာ အိမ်ပေါ်သို့ပြေးတက်လာသည်။
“ဘယ်လိုလဲ လူအေး၊ ကောင်မလေးက ဘယ်သူလဲ၊ ဘယ်ကတဲ့လဲ”
ကိုလူအေးမှာ ခေါင်းခါပြလိုက်ပြီး
“ဘယ်ကဆိုတာ သိဖို့နေနေသာသာဗျာ၊ သူ့နာမည်ကိုတောင် သူမမှတ်မိဘူးတဲ့ဗျာ”
ဘကြီးရွှေရိုးမှာ ထူးဆန်းသွားပြီး
“အေးကွ၊ ဒါတော့ထူးဆန်းတယ်၊ နေအုံး ငါဆေးဆရာကြီးကိုသွားခေါ်လိုက်အုံးမယ်”
မကြာမီ ဆေးဆရာကြီးရောက်လာလေသည်။ ဆေးဆရာကြီးမှာ မယ်ပျင်းကိုစမ်းသပ်ပြီးသည့်နောက်
“ဒါမျိုးတွေက ဖြစ်တတ်ပါတယ်၊ သည်းခြေမကောင်းရင်ပဲဖြစ်ဖြစ်၊ ဦးနှောက်တစ်ခုခုထိခိုက်တာမျိုး၊ နောက်တော့ ပြင်းထန်တဲ့စိတ်ဒဏ်ရာ ရသွားတာမျိုး၊ ဒီလိုမျိုးအကြောင်းတွေနဲ့ဆိုရင် အခုလိုအတိတ်ကို ပြန်သတိမရတော့တာဖြစ်နိုင်ပါတယ်”
“ဒါဖြင့် ဘယ်တော့လောက်ပြန်သတိရနိုင်မလဲဟင်ဆရာကြီး”
“ဒါကတော့ ငါလည်းမပြောတတ်ဘူးကွ၊ သူ့ကံအပေါ်မှာပဲမူတည်တယ်၊ ကံကောင်းရင်တော့ တစ်ပတ်၊ တစ်လလောက်နဲ့ ပြန်သတိရနိုင်သလို ကံမကောင်းရင်တော့ တစ်သက်လုံးသတိမရနိုင်တော့ဘူး”
ဘကြီးရွှေရိုးနှင့် ကိုလူအေးမှာ သက်ပြင်းပြိုင်တူချလိုက်ကြသည်။ သို့သော် ကြီးဒေါ်ခွေမှာတော့ လက်ခုပ်လက်ဝါးတီးမတတ်ပျော်ရွှင်နေလေသည်။ ဆေးဆရာကြီးပြန်သွားသည့်အခါ ဘကြီးရွှေရိုးက ကြီးဒေါ်ခွေအား အိမ်နောက်ဖေးသို့ဆွဲခေါ်သွားရင်း
“မယ်ခွေ ညည်းအကြံငါမသိဘူးများမှတ်နေသလား”
ကိုလူအေးမှာလည်း အနောက်မှလိုက်ပါလာကာ
“ကြီးဒေါ်က ဘာအကြံတွေကြံနေလို့လဲ”
ကြီးဒေါ်ခွေမှာ ဝမ်းသာအားရနှင့်
“အဲဒါ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေ ကူညီတာပဲဖြစ်မှာတော့၊ ဒီမိန်းကလေးက အတိတ်ကိုပြန်သတိမရဘူးဆိုတော့ ကောင်းတာပေါ့တော်၊ သူ့ကို နာမည်တစ်ခုပေးပြီးတော့ သူက လူအေးရဲ့ချစ်သူပါ၊ မကြာခင် လက်ထပ်ထိမ်းမြားယူကြတော့မှာလို့ပြောလိုက်ပြီး လူအေးနဲ့ပေးစားကြမယ်လေ မကောင်းဘူးလား”
ကြီးဒေါ်ခွေစကားကြားသည့်အခါ ကိုလူအေးမှာ မျက်စိမျက်နှာပျက်သွားလေသည်။
“ကြီးဒေါ်ခွေ ဘယ်လိုပြောလိုက်တာလဲ၊ သူများဝေဒနာကို ခုတုံးလုပ်ပြီးတော့ သူ့ကိုလိမ်လည်လှည့်ဖျားပြီးတော့မှ ကျုပ်က သူနဲ့ယူရမှာတဲ့လား၊ ကျုပ်ဒီလိုအလုပ်မျိုး ဘယ်တော့မှမလုပ်နိုင်ဘူး၊ ဒီလိုနည်းအသုံးချပြီးတော့မှလည်း အိမ်ထောင်မပြုချင်ဘူး”
“ဟဲ့ ဒါဆိုလည်း လုပ်လေ လူအေးရဲ့၊ မင်းရဲ့အစွမ်းအစနဲ့ မိန်းမတစ်ယောက်ကို ရအောင်ယူကြည့်ပါလား၊ အသက်ပဲလေးဆယ်ပြည့်တော့မယ် အခုအချိန်အထိ မိန်းမတစ်ယောက်ကို အဖြစ်ရှိအောင်မယူနိုင်သေးဘူး၊ မင်းမစွမ်းလို့ ငါကစေတနာနဲ့ မင်းအတွက်လုပ်ပေးနေတယ်ဆိုတာ မင်းသိရဲ့လား”
ဘကြီးရွှေရိုးက ကြားဝင်ဟန့်လိုက်ပြီး
“ကဲ တော်ကြပါတော့ကွာ၊ မယ်ခွေရေ လူအေးပြောတာမှန်တယ်၊ သူတစ်ဖက်သားရဲ့ အားနည်းချက်ကို အသုံးချပြီးတော့ ဒီလိုခုတုံးမလုပ်သင့်ဘူး၊ ဒီလိုလုပ်တာဟာ လူကောင်းတစ်ယောက်ရဲ့လုပ်ရပ်မဟုတ်ဘူး မယ်ခွေရဲ့”
ကြီးဒေါ်ခွေမှာ မျက်နှာကိုမဲ့ရွဲ့လိုက်ပြီး
“တူဝရီးတွေ လိုက်လဲလိုက်ပါပေတယ်၊ တစ်ယောက်ကလည်း ရွှေရိုး၊ တစ်ယောက်ကလည်း လူအေးတဲ့၊ လူရိုးနဲ့လူအေးနဲ့တွေ့မှတော့ ဒီလိုပဲဖြစ်လာတော့မှာပေါ့”
ကြီးဒေါ်ခွေက ရေရွတ်ရင်း အိမ်နောက်ဖေးပေါက်မှတဆင့် ဆင်းသွားလေတော့သည်။ ဘကြီးရွှေရိုးနှင့် ကိုလူအေးတို့မှာ ခေါင်းချင်းဆိုင်ပြီးတိုင်ပင်ရပြီဖြစ်သည်။
“ဘကြီး ဒီမိန်းကလေးကိစ္စကို ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ၊ ရွာကလူတွေကို ဘယ်လိုရှင်းပြကြမလဲ”
“သူကြီးကိုတော့ အမှန်အတိုင်းပြောထားမှဖြစ်မယ်ကွ”
“နေတာကျတော့ရောဗျာ”
“သူကမိန်းကလေးဆိုတော့ မသင့်တော်ဘူးမဟုတ်လားကွ၊ ဒီတော့ မယ်ခွေနဲ့သူနဲ့ကိုတစ်ခန်းသိပ်၊ တို့တူဝရီးနှစ်ယောက်ကတော့ အိမ်ဦးခန်းထွက်အိပ်ရမှာပေါ့ကွာ”
ကိုလူအေးမှာ ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် ကိုလူအေးက ဦးထုပ်ကလေးတစ်လုံးဆောင်းကာ အိမ်ပေါ်မှဆင်းရန်ပြင်သည်။ ဘကြီးရွှေရိုးက
“ဟေ့ကောင်လူအေး၊ ယာထဲမဆင်းဘဲ ဒါကဘယ်တုန်းကွ”
“ဘကြီးကလဲဗျာ၊ ဆေးဆရာကြီးပြောထားတယ်မဟုတ်လား၊ ဒီမိန်းကလေးကို တေဇောနဲ့ဝါယောဓါတ်လွန်ကဲတဲ့ တောကြက်ကိုစွပ်ပြုတ်လိုက်ပြီးတိုက်ရမယ်လို့ဆိုတယ်မဟုတ်လားဗျ၊ အဲဒါ တောကြက်လေး ရလိုရငြား သွားကြည့်မလို့”
“ဒါဆိုမင်းက တောကြက်သွားထောင်မလို့ပေါ့”
“မထောင်ပါဘူး ဘကြီးရာ၊ ကျုပ်က အဲဒီလိုသူများအသတ် သတ်ဖြတ်ရတာမျိုးကို လုပ်မှမလုပ်ချင်တဲ့ဟာ၊ အခုသွားမှာက တောကြက်တွေဘာတွေထောင်ပြီး ရောင်းတတ်တဲ့ ကိုငှက်ခါးဆီသွားပြီး တောကြက်လေးဘာလေးရှိမလား သွားဝယ်မလို့ဗျို့”
ကိုလူအေးမှာ ပြောဆိုပြီး အိမ်ပေါ်မှအပြေးတစ်ပိုင်းနှင့််ဆင်းသွားလေသည်။ ဘကြီးရွှေရိုးမှာ ကိုလူအေး၏ နောက်ကျောကိုကြည့်ကာ ပြုံးနေလိုက်လေသည်။
“လူအေးရေ ကြိုးစားထားကွ၊ အိုးချင်းထားရင် အိုးချင်းထိဆိုသလို ဒီမိန်းကလေးတို့အိမ်မှာနေရင်း မင်းသူ့အပေါ်ထားတဲ့ ဂရုစိုက်မှုတွေကို တစ်နေ့နားလည်နိုင်ပါစေလို့ပဲ ငါဆုတောင်းလိုက်ပါတယ်ကွာ”
ဘကြီးရွှေရိုးမှာ ခပ်တိုးတိုးကလေးရေရွတ်လိုက်လေသည်။
ကိုလူအေးမှာ ကြီးဒေါ်ခွေချက်ပေးသည့် တောကြက်စွပ်ပြုတ်ကို မယ်ပျင်းအားခွံ့ကျွေးနေလေသည်။ မယ်ပျင်းမှာ ဓါတ်စာလေးဝင်သွားသဖြင့် အနည်းငယ်ထူထူထောင်ထောင်ရှိလာသည်။ ထိုနေ့က ကိုလူအေး ယာခင်းထဲမဆင်းဖြစ်သဖြင့် ဘကြီးရွှေရိုးသာဆင်းရသည်။ ကိုလူအေးက မယ်ပျင်းအား ကြက်စွပ်ပြုတ်ခွံ့ကျွေးနေသည်ကို ကြီးဒေါ်ခွေက ချောင်းကြည့်ရင်း ပီတိများဖြစ်နေမိသည်။
ညနေ ဘကြီးရွှေရိုးပြန်ရောက်လာသည့်အခါ မယ်ပျင်းမှာ ငုတ်တုတ်ပင်ထိုင်နိုင်နေပြီဖြစ်သည်။ ဘကြီးရွှေရိုးတို့သုံးယောက်မှာ ဒေါင်းလန်းကြီးအတွင်း ထမင်းဟင်းများကိုထည့်ကာ လက်ရည်တပြင်တည်းစားသောက်ကြလေသည်။ မစားသောက်ခင် ကိုလူအေးက ဟင်းများအတွင်းမှ ကြက်ပေါင်တစ်ချောင်းအား ကောက်ယူလိုက်ကာ ဘကြီးရွှေရိုးထမင်းပုံအပေါ်သို့ တင်ပေးလိုက်လေသည်။
“ဘကြီးကို ဦးချတာဗျ၊ တောကြက်က ရခဲတယ်၊ မနက်က နှစ်ကောင်ရတာနဲ့ တစ်ကောင်ကို စွပ်ပြုတ်လုပ်၊ တစ်ကောင်ကိုတော့ ဘူးသီးနဲ့ရောပြီး ကာလသားချက်ကလေးချက်ထားတာ”
ဘကြီးရွှေရိုးက ကြက်ပေါင်ကိုကောက်ယူလိုက်ပြီး ကြီးဒေါ်ခွေထမင်းပုံပေါ်သို့တင်ပေးလိုက်ကာ
“မယ်ခွေ မင်းကြည့်ရတာ အခုတလောပိန်သွားသလိုပဲ၊ ကြက်သားစားပြီး အားမွေးလိုက်အုံးဟေ့”
ကြီးဒေါ်ခွေက ကြက်ပေါင်ကိုယူပြီး ကိုလူအေးထမင်းပုံပေါ်သို့တင်လိုက်ကာ
“ကျုပ်တို့က ကျလူတွေပါတော်၊ ဒါတွေစားလို့လည်း အားသိပ်မဖြစ်တော့ပါဘူး၊ လူအေးရေ များများစား၊ မင်းက ယာထဲလည်းဆင်းရ အလုပ်ကြမ်းတွေလည်းလုပ်ရဆိုတော့ အားရှိမှဖြစ်မှာ”
ကိုလူအေးက ကြက်ပေါင်ကိုဖဲ့လိုက်ကာ
“တစ်ယောက်တည်းတော့မစားဘူးဗျာ၊ ဟောဒီလိုသုံးယောက်ခွဲစားလိုက်တော့ အဆင်ပြေသွားပြီမဟုတ်လား”
ကြက်ပေါင်တစ်ချောင်းကို ဟိုလူ့ပေး ဒီလူ့ပေးနှင့် ပေးနေသည်မှာ အခြားလူများအတွက်တော့ သိပ်မထူးခြားသော်လည်း မယ်ပျင်းမှာတော့ ထိုမြင်ကွင်းကိုကြည့်ပြီး ပြုံးနေမိသည်။ ကိုလူအေးတို့ မိသားတစ်စု တစ်ဦးအပေါ်တစ်ဦးထားရှိသည့် မေတ္တာတရားကို ခံစားမိကာ ကြည်နူးမိ၍ ပြုံးနေခြင်းဖြစ်သည်။ မယ်ပျင်းဘဝတစ်လျှောက် မိသားစုဆိုသည့် သိုက်သိုက်ဝန်းဝန်း နွေးနွေးထွေးထွေး အဖြစ်ကို ကြာရှည်စွာမခံစားခဲ့ရပေ၊ ထို့ကြောင့် ယခု ကိုလူအေးတို့မိသားစု သိုက်ဝန်းစည်းလုံးသည်ကိုကြည့်ကာ အားကျနေမိသည်။ ခဏကြာသည့်အခါ မိမိဘဝဖြစ်အင်များကိုတွေးကာ မျက်ရည်များကျဆင်းလာလေသည်။
စားသောက်ပြီးစီးသည့်အခါ ဘကြီးရွှေရိုးတို့မိသားစုမှာ မယ်ပျင်းအနီးသို့စုဝေးလာကြလေသည်။ ကိုလူအေးက ဆေးတစ်ခွက်ကို ရေနှင့်ဖျော်စပ်ကာ မယ်ပျင်းထံသို့လှမ်းပေးသည်။ အမှန်စင်စစ်အားဖြင့် မယ်ပျင်းမှာ မိမိတတ်မြောက်ထားသည့်ပညာဖြင့် မိမိကိုယ်မိမိကုသပြီးဖြစ်၍ လူကောင်းပကတိနည်းပါး ပြန်လည်ကောင်းမွန်နေပြီဖြစ်သည်။ သို့သော်လည်း ကိုလူအေးတို့မိသားစုကို အကဲခတ်ချင်သဖြင့် လူမမာဟန်ဆောင်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ကိုလူအေးတိုက်သည့် သွေးဆေးကိုသောက်ချလိုက်ရသည်။
ဘကြီးရွှေရိုးက မယ်ပျင်းအားကြည့်ရင်း
“ဒါနဲ့ သူ့ကိုနာမည်တစ်ခုပေးရမယ်ထင်တယ်၊ လူမှန်ရင်တော့ နာမည်တစ်ခုရှိရမယ်မဟုတ်လား”
“နာမည်ပေးဖို့ကလည်း သူမွေးတဲ့နေ့နံကိုသိမှ ပေးလို့ရမှာပေါ့တော်”
“ဟုတ်ပါ့ ဘကြီးရယ်၊ အခု သူ့မွေးနံမသိဘဲ ဘယ်လိုပေးမလဲ”
ဘကြီးရွှေရိုးက ခေါင်းခါလိုက်ကာ
“တို့ရှေးဗမာအယူအဆအရ မွေးနံမသိရင် ဒီလူကိုစတွေ့တဲ့ နေ့ကိုပဲ မွေးနေ့ မွေးနံဆိုပြီးတော့ ကောက်ယူရတယ်တဲ့ကွ”
“ဒါဖြင့် မနေ့က ကြာသပတေးနေ့မဟုတ်လား၊ ရှင်ပြောတဲ့အတိုင်း ကောက်ရမယ်ဆိုရင် သူက ကြာသပတေးသမီးပေါ့”
ဘကြီးရွှေရိုးက ခေါင်းညိတ်လိုက်ကာ
“ကြာသပတေးဆိုတော့ ပ၊ ဖ၊ ဘ၊ ဗ၊ မ၊ ဒါဆိုရင် သူ့ကိုနာမည်ဘယ်လိုပေးရမလဲ”
ကြီးဒေါ်ခွေက
“ရှည်ရှည်ဝေးဝေး စဉ်းစားမနေစမ်းပါနဲ့တော်၊ သူက ကြာသပတေးသမီးလဲဖြစ်၊ လူကလည်း ဖြူဖြူဖွေးဖွေး ချောချောလှလှကလေးဆိုတော့ သူ့နာမည်ကို ဖြူဖွေးလို့ပေးလိုက်မယ်၊ ဘယ်လိုလဲ မကောင်းဘူးလား”
ဘကြီးရွှေရိုးမှာ ဖြူဖွေးဆိုသည့်အမည်ကို တတွတ်တွတ်ရွတ်ကာ ခေါင်းညိတ်လိုက်လေသည်။
“ဘယ့်နှယ့်လဲကွ ဒီနာမည်ကောင်းရဲ့လား လူအေး”
“ဘကြီးကလည်းဗျာ၊ ဒီနာမည်က ကျုပ်နာမည်မှမဟုတ်တာ၊ ကာယကံရှင်ကြိုက်သလားဆိုတာကို မေးအုံးမှပေါ့”
ကိုလူအေးတို့ သုံးယောက်မှာ မယ်ပျင်းအားလှည့်ကြည့်လိုက်ကြသည်။ မယ်ပျင်းက ခေါင်းညိတ်လိုက်ပြီး
“ဖြူဖွေး . . . ဖြူဖွေး၊ ဒီနာမည်ကို ကျုပ်ကြိုက်ပါတယ်”
“မင်းကြိုက်ဖို့ပဲအရေးကြီးတာပဲ၊ ဒါဆို ဒီနေ့ကစပြီး မင်းကိုဖြူဖွေးလို့ပဲခေါ်တော့မယ်”
ဘကြီးရွှေရိုးမှာ ခပ်ရွတ်ရွတ်နေသူဖြစ်သဖြင့် စကားစမြည်ပြောသည့်အခါ ဟာသများ၊ ပုံတိုပတ်စလေးများကို ပြောပြတတ်ရာ မယ်ပျင်းတို့မှာ စကားဝိုင်းဖွဲ့ရင်း တသောသောနှင့်ပွဲကျနေလေသည်။ အခြားသူများရယ်သကဲ့သို့ မယ်ပျင်းမှာလည်း လိုက်လံရယ်မောနေမိသည်။ ရယ်မောရင်း ကိုလူအေးနှင့်အကြည့်ချင်းဆုံသွားသည့်အခါ ကိုလူအေးက မယ်ပျင်းအား ရွှန်းရွှန်းစားစားမျက်လုံးကြီးများဖြင့် စိုက်ကြည့်နေလေသည်။ ထို့နောက် ကိုလူအေးက ကပြာကယာနှင့် မျက်နှာလွှဲလိုက်သည်ကိုတွေ့လိုက်ရသည်။
(၃)
ကိုလူအေးမှာ နိဗ္ဗာန်ရွာဇာတိမဟုတ်ပေ၊ ယခုဒေသနှင့် အလွန်ဝေးကွာသည့် သယောင်းရွာအမည်ရ ရွာမှဖြစ်သည်။ အင်္ဂလိပ်အစိုးရအုပ်ချုပ်ရေး လက်လှမ်းမမီသည့် သယောင်းရွာကဲ့သို့ ရွာကလေးများမှာ ခိုးသားဓါးပြများအလွန်ပေါများလေသည်။ သို့နှင့် ကိုလူအေးနှင့် မိဘနှစ်ပါးမှ သယောင်းရွာမှ ထွက်ခွာလာကြပြီး နိဗ္ဗာန်ရွာတွင် အခြေချနေထိုင်ရန်အတွက် လာရောက်ခဲ့ကြသည်။ နိဗ္ဗာန်ရွာတွင် ဦးရွှေရိုးနှင့် ဒေါ်ခွေတို့ရှိပြီး ဦးရွှေရိုးမှာ ကိုလူအေးနှင့်ဘကြီးတော်စပ်လေသည်။
လူကြုံဖြင့် ကြိုတင်အကြောင်းကြားထားသဖြင့် ဦးရွှေရိုးမှာ နိဗ္ဗာန်ရွာမှ လှည်းဖြင့်ထွက်လာကြကာ နှစ်ဖွဲ့ဆုံမှတ်ဖြစ်သည့် ညောင်ညိုပင်စခန်းဆီသို့ အကြိုထွက်ခဲ့လေသည်။ သို့သော် ညောင်ညိုပင်ဆီသို့ရောက်သည့်အခါ မထင်မှတ်ထားသည့် မြင်ကွင်းမျိုးကို မြင်တွေ့လိုက်ရသည်၊ လှမ်းအိမ်များမှာ ပျက်စီးပြီးမီးလောင်နေကာ နွားများမှာလည်း သေကြေနေကြသည်။ ထို့အတူ လူသေအလောင်းများမှာလည်း ပြန့်ကျဲနေကြလေသည်။ ဓါးပြအဖွဲ့တစ်ဖွဲ့က ခရီးသွားများအား ဓါးပြတိုက်ကာ ပစ္စည်းယူ လူသတ်ခဲ့ခြင်းဖြစ်မည်ဟု ဦးရွှေရိုးက ယူဆလိုက်မိသည်။ ဦးရွှေရိုးက ဆင်းကြည့်သည့်အခါ လူသေအလောင်းများအတွင်းမှ ဓါးဒဏ်ရာဖြင့်သေဆုံးနေသည့် ညီဖြစ်သူလင်မယားအားတွေ့လိုက်ရလေသည်။
ကျန်သည့်လူသေအလောင်းများကိုရှာဖွေသည့်အခါ တူဖြစ်သူ၏ အလောင်းကိုမတွေ့ရပေ၊ သို့နှင့် အနီးပတ်ဝန်းကျင်တွင်လိုက်ရှာသည့်အခါ ချုံပုတ်တစ်ခုအတွင်းပုန်းအောင်းနေသည့် ကိုလူအေးကိုတွေ့ရသည်။ ထိုစဉ်က ကိုလူအေးမှာ အသက်ခြောက်နှစ်ခန့်မျှသာရှိသေးသည်။ သို့နှင့် ဦးရွှေရိုးတစ်ယောက် သေဆုံးသူများကို ကောင်းမွန်စွာ မြှုပ်နှံသဂြိုဟ်ပေးပြီးသည့်နောက် ကိုလူအေးကိုခေါ်ကာ နိဗ္ဗာန်ရွာသို့ပြန်လာခဲ့သည်။
ဦးရွှေရိုးမှာ အမည်အတိုင်းပင် ရိုးရိုးသားသားလုပ်ကိုင်စားသူဖြစ်သည်။ သယောင်းရွာတွင် စီးပွားမဖြစ်သဖြင့် ဆိုင်းထမ်းကြီးဖြင့် ကုန်စည်များကိုသယ်ဆောင်ကာ နယ်အရပ်ရပ်သို့ရောင်းချသူအဖြစ် လုပ်ကိုင်ဆောင်ရွက်နေစဉ်တွင် နိဗ္ဗာန်ရွာသို့ရောက်လာပြီး နိဗ္ဗာန်ရွာသူ မယ်ခွေဖြင့် အိမ်ထောင်ရက်သားကျလေသည်။ သို့နှင့် ဈေးရောင်းသည့်အလုပ်ကို စွန့်လွှတ်လိုက်ပြီး မယ်ခွေတို့၏ လယ်ယာမြေများကို လုပ်ကိုင်ဆောင်ရွက်ကာ နိဗ္ဗာန်ရွာတွင်ပင် အခြေချနေထိုင်လေသည်။
ကိုလူအေးမှာ အစက ထိုနာမည်မဟုတ်ပေ၊ သို့သော် နိဗ္ဗာန်ရွာသို့ ဦးရွှေရိုးခေါ်လာခဲ့ပြီးနောက် အနေအေးကာ ခပ်ကုပ်ကုပ်နေတတ်သဖြင့် ရွာသားများက လူအေး လူအေး ဟုခေါ်ဆိုရာမှ ထိုနာမည်တွင်သွားကာ လူအေးဟုသာ လူအများကသိတော့သည်။ ဦးရွှေရိုးနှင့် ဒေါ်ခွေတို့မှာလည်း သားသမီးမထွန်းကားသဖြင့် ကိုလူအေးကိုသာ သားသမီးအမှတ်နှင့် ကျွေးမွေးပြုစုဆောင်ရွက်လာခဲ့ကြရာ ကိုလူအေးမှာ တူဟုဆိုသော်လည်း သားတစ်ယောက်နှင့်မခြားပေ။
ကိုလူအေးမှာ အသက်သုံးဆယ့်ခြောက်နှစ်ခန့်ရှိကာ မေးရိုးကားကားနှင့် ယောက်ျားပီသသည့်ရုပ်ရည်ရှိသည်။ ကိုယ်လုံးကိုယ်ထည်မှာလည်း တုတ်တုတ်ခိုင်ခိုင်နှင့် သန်စွမ်းကျန်းမာလှသည်။ အသားအရည်မှာတော့ ခပ်ညိုညိုပင်ဖြစ်သည်။ ဦးရွှေရိုးမှာတော့ အသားအနည်းငယ်ဖြူပြီး ပိန်ပိန်ပါးပါးနှင့်ဖြစ်ကာ အသက်ခြောက်ဆယ်ကျော်ပြီဖြစ်သည်။ ဒေါ်ခွေမှာ အရပ်ပုပုနှင့်ဖြစ်ပြီး ဦးရွှေရိုးနှင့် သက်တူရွယ်တူပင်ဖြစ်လေသည်။
မယ်ပျင်းမှာ ဖြူဖွေးအဖြစ်နှင့် ထိုအိမ်တွင်နေထိုင်လာခဲ့ရင်း တစ်ပတ်ခန့်ကြာသည့်အခါ အိမ်မှုကိစ္စများကိုပါ ကူညီလုပ်ကိုင်ပေးတတ်နေပြီဖြစ်သည်။ ယခင်က အိမ်မှုကိစ္စမနိုင်နင်းသည့် မယ်ပျင်းအား ကြီးဒေါ်ခွေက အချက်အပြုတ်အလုပ်အကိုင်များကို သင်ကြားပေးရလေသည်။ မယ်ပျင်းမှာ ယခုဆိုလျှင် ထမင်းဟင်းများပင်ချက်ပြုတ်တတ်နေပြီဖြစ်သည်။
ထိုနေ့ညနေစာကို မယ်ပျင်းက တာဝန်ယူကာချက်ပြုတ်သည်။ ဒေါင်းလန်းကြီးအတွင်း ထမင်းများဖြန့်ထည့်လိုက်သည့်အခါ ထမင်းအောက်ခြေတွင် တူးကပ်နေပြီး ထမင်းအပေါ်ပိုင်းမှာတော့ မနပ်သေးဘဲ ခပ်ဆတ်ဆတ်ဖြစ်နေလေသည်။ ချဉ်ရည်ဟင်းများ လောင်းထည့်လိုက်သည့်အခါ ကိုလူအေးက ဟင်းရွက်တစ်ဖတ်ကို ပါးစပ်ထဲကောက်ထည့်လိုက်လေသည်။ ကိုလူအေး၏ မျက်နှာမှာ အနည်းငယ်ရှုံ့မဲ့သွားပြီးနောက် မယ်ပျင်းအားပြုံးပြလေသည်။
“ကျုပ်ချက်ထားတာ ဘယ်လိုနေလဲ ကိုလူအေး”
“ကောင်းတယ်၊ စားလို့ကောင်းတယ်”
“ဒါဖြင့်် ခုနက မျက်နှာကြီးက ဘယ်လိုဖြစ်လို့ စူပုတ်သွားတာလဲ”
“ဟိုလေ၊ အဲဒါက . . . အဲဒါက ကောင်းလွန်းလို့ဖြစ်သွားတာပါ”
မယ်ပျင်းချက်ထားသည့် မနူးမနပ် တူးကျက်နေသည့်ထမင်းနှင့် ငန်ကျိကျိချဉ်ရည်ဟင်းကို ဘကြီးရွှေရိုးတို့သုံးယောက်မှာ ခေါင်းမဖော်တမ်းစားသောက်လေသည်။ မယ်ပျင်းမှာ ထမင်းတစ်လုပ်စားကြည့်လိုက်သည့်အခါ ထမင်းမှာစားမကောင်းသလို ဟင်းရည်မှာလည်း ငန်နေလေသည်။ ထိုတော့မှ မယ်ပျင်းက အားနာသွားမိသည်။
“ထမင်းတွေကလည်း မကောင်းဘူး၊ ဟင်းကလည်း ငန်တူးနေတာပဲ၊ ဒါကို ဘကြီးတို့က စားလို့ကောင်းတယ်တဲ့လား”
ဘကြီးရွှေရိုးမှာ ပလုပ်ပလောင်းဖြင့်
“စားလို့ကောင်းပါတယ်ကွယ်၊ ဘကြီးတို့အကြိုက်နဲ့ကွက်တိပါပဲ”
“မဟုတ်တာပဲ၊ ဒီထမင်းကို ဆက်မစားကြပါနဲ့တော့ စားလို့လည်းမကောင်းဘူး၊ ဒါနဲ့ ကိုလူအေးတို့က မကောင်းတဲ့ထမင်းကို ကောင်းတယ်လို့ပြောပြီး ဘာဖြစ်လို့ကြိတ်မှိတ်စားနေကြတာလဲ”
ကိုလူအေးမှာ ထမင်းတစ်လုပ်အားခပ်ယူလိုက်ရင်း
“ထမင်းကသိပ်မကောင်းပေမယ့် မင်းရဲ့မေတ္တာတွေကြောင့် ချိုပါတယ် ဖြူဖွေးရဲ့”
“ဘယ်လို၊ ဘယ်လိုပြောလိုက်တယ် ကိုလူအေး”
“ဟုတ်တယ်လေ ဖြူဖွေးရဲ့၊ ဟင်းကငန်တယ်ဆိုပေမယ့်လည်း ဒီထမင်းဟင်းတွေကို ဖြူဖွေးကိုယ်တိုင်ပဲ သေသေချာချာကြိုးကြိုးစားစားနဲ့ချက်ပြုတ်ပေးထားရတာမဟုတ်လား၊ ဒီလိုမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ထမင်းကို အကိုတို့က မကောင်းဘူးလို့ပြောလိုက်ရင် ဖြူဖွေးစိတ်မကောင်းဖြစ်သွားမှာပေါ့”
“မကောင်းတဲ့အရာကို မကောင်းဘူးလို့ပြောရင်ပြီးတာပဲလေအကိုရဲ့၊ ဘာလို့ သူတစ်ဖက်သား စိတ်မကောင်းဖြစ်သွားမလားဆိုတာကို ဂရုစိုက်နေမှာလဲ”
ကိုလူအေးက ခေါင်းခါပြီး
“ရင့်ကျက်တယ်ဆိုတာ သူတစ်ဖက်သားအပေါ် ဂရုစိုက်နားလည်ပေးပြီး ကိုယ်ချင်းစာတတ်တာကို ခေါ်တာပဲတဲ့ ဖြူဖွေးရဲ့၊ ဒါဆို ဖြူဖွေးအမှန်အတိုင်းဖြေနော် ဖြူဖွေးချက်ပေးတဲ့ထမင်းကို အကိုတို့က တစ်လုပ်လောက်စားကြည့်ပြီး စားမကောင်းဘူး၊ ထမင်းတွေက တူးနေတာပဲ၊ ဟင်းတွေက ငန်နေတာပဲဆိုပြီး သွန်ပစ်လိုက်ရင် ဖြူဖွေးစိတ်ထဲနေလို့ကောင်းပါ့မလား”
“ဒါကတော့ ဘယ်နေလို့ကောင်းပါ့မလဲ”
ဘကြီးရွှေရိုးက
“မိသားစုဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကူညီရတယ်၊ ရိုင်းပင်းရတယ်၊ တစ်ယောက်အမှားကိုတစ်ယောက် နားလည်ပေးရတယ်ဖြူဖွေးရဲ့၊ ဒါမှ ရေရှည်ခိုင်မြဲပြီး နွေးထွေးတဲ့မိသားစုကလေးဖြစ်မှာပေါ့ကွဲ့”
မယ်ပျင်းမှာ ဘကြီးရွှေရိုးတို့၏စကားများ၊ ကိုလူအေးတို့၏ စကားများကိုနားထောင်ပြီး ရင်ထဲတလှပ်လှပ်နှင့် ခံစားရသည်။ ဝမ်းသာမိသည်လား၊ ဝမ်းနည်းမိသည်လားတော့ မပြောတတ်ပေ၊ ထိုနောက်ပိုင်းမှစတင်ကာ မယ်ပျင်းမှာ ထမင်းဟင်းချက်ပြုတ်ရာတွင် သတိထားချက်ပြုတ်လေသည်။ ယခုဆိုလျှင် မယ်ပျင်းတစ်ယောက် မနက်စောစောစီးစီးထကာ ဦးရွှေရိုးနှင့် ကိုလူအေးတို့ ယာထဲမဆင်းခင် စားဖို့သောက်ဖို့အတွက် ချက်ပြုတ်ပေးတတ်ပြီဖြစ်သည်။ ညနေဆိုလျှင်လည်း ကိုလူအေးတို့ပြန်အလာကို ထမင်းဝိုင်းပြင်ဆင်ကာ မျှော်နေတတ်ပြီဖြစ်သည်။ ဘကြီးရွှေရိုး၊ ကြီးဒေါ်ခွေတို့နှင့်လည်း နွေးထွေးသည့် မေတ္တာသံယောဇဉ်များနှင့် ချည်နှောင်မိနေပြီဖြစ်သည်။
သို့သော် ကိုလူအေးမှာ နာမည်အတိုင်းအနေအေးလေသည်။ မယ်ပျင်းအား တစ်ချက်တစ်ချက်ခိုးကြည့်နေတတ်သည်မှလွဲ၍ မောင်နှမသားချင်းသဖွယ် သဘောထားကာ အခွင့်အရေးမယူဘဲ ဆက်ဆံတတ်သည်။ မယ်ပျင်းမှာ ဦးရွှေရိုးနှင့် ကိုလူအေးပြောတတ်သည့် ကိုယ်ကျင့်တရားများ၊ အတွေးအခေါ် ဒဿနများကို နားထောင်ကာ
“သြော်၊ လောကမှာ ဒီလိုဖြောင့်မတ်တဲ့ ယောက်ျားတွေလဲ ရှိပါသေးလား” ဟုတွေးနေမိသည်။
“ကြီးဒေါ်ခွေ၊ ဒီနေ့ယာခင်းထဲမဆင်းနဲ့၊ နေပူတယ် ကျုပ်ပဲဆင်းလိုက်မယ်”
နေ့လည်စာစားချိန်မတိုင်မီ ယာခင်းထဲရှိ ဘကြီးရွှေရိုးတို့ တူဝရီးကို နေ့လည်စာထမင်းပို့ရသည်က ကြီးဒေါ်ခွေ၏ ပုံမှန်အလုပ်ဖြစ်သည်။ သို့သော် ယနေ့တွင်တော့ မယ်ပျင်းက အိမ်ထဲတွင်နေထိုင်ရသည်မှာ ပျင်းရိညည်းငွေ့လာပြီဖြစ်သဖြင့် ထမင်းပို့ရင်း ယာခင်းထဲလိုက်သွားမည်ဟုဆုံးဖြတ်လိုက်လေသည်။
“ဟဲ့ ဖြူဖွေး၊ နင်က ယာခင်းထဲကိုသွားတတ်လို့လား”
“သွားတတ်ပါတယ် ကြီးဒေါ်ခွေရဲ့၊ ဟိုနေ့က ကိုလူအေးက ယာခင်းထဲကိုသွားတဲ့လမ်းကို ညွှန်ထားပါတယ်”
“အေးအေး၊ ကောင်းတာပေါ့၊ ညည်းထမင်းလာပို့တယ်ဆိုရင် လူအေးတစ်ယောက် ဝမ်းသာရှာမှာ”
ကြီးဒေါ်ခွေပြောပြီးသည်နှင့် မယ်ပျင်းက ထမင်းဟင်းအိုးခွက်ပန်းကန်များကို ခံတောင်းကလေးအတွင်းသို့ထည့်ခဲ့ပြီး တောင်းကလေးရွက်ကာ ရွာလမ်းအတိုင်းထွက်လာခဲ့လေသည်။ နိဗ္ဗာန်ရွာမှာ ရွာကြီးတစ်ရွာဖြစ်ကာ ဖက်လိပ်ရွာ၏ နှစ်ဆခန့်ရှိမည်ဖြစ်သည်။ အိမ်ခြေအားဖြင့်လည်း ငါးရာကျော်၊ တစ်ထောင်နီးပါးမျှ ရှိမည်ထင်ရသည်။
နိဗ္ဗာန်ရွာမှာ စီးပွားရေးအဆင်ပြေသည့်ရွာကြီးဖြစ်ကာ အိမ်ကြီးအိမ်ကောင်းပေါများသည်။ ထူးဆန်းသည်က နိဗ္ဗာန်ရွာရှိရွာသားများမှာ တောင်သူလယ်သမားများပင်မကဘဲ လက်မှုအတတ်ပညာရှင်များ၊ ရက်ကန်းရုံ၊ အိုးဖုတ်၊ နွားမွေးသူများ၊ ပန်းထိမ်၊ ပန်းပု၊ ပန်းတဉ်းလုပ်ကိုင်သူများသာမက အနုပညာရှင်များ၊ ဆိုင်းအဖွဲ့၊ ဇာတ်အဖွဲ့များပါ နေထိုင်လုပ်ကိုင်စားသောက်နေကြခြင်းပင်ဖြစ်သည်။
နိဗ္ဗာန်ရွာအလယ်တွင် ဈေးကလေးတစ်ခုရှိသည်။ ဈေးဆိုသည်ထက် ဈေးဆိုင်ကလေးများ ခင်းကျင်းထားကြခြင်းဖြစ်သည်။ မယ်ပျင်းမှာ ထမင်းတောင်းကလေးရွက်ကာ လမ်းလျှောက်လာရင်း ထိုဈေးနားသို့အရောက်တွင် ဈေးသည်မိန်းမကြီးများက မယ်ပျင်းအား မျက်စောင်းထိုးကာ စိုက်ကြည့်ကြလေသည်။ မယ်ပျင်းမှာ ထိုမိန်းမကြီးများက မိမိအား အကြောင်းမရှိဘဲ မျက်စောင်းထိုးကြည့်သဖြင့် ပြန်လည်မျက်စောင်းထိုးကြည့်သည်။ ထိုမိန်းမကြီးများမှာ မယ်ပျင်းအား ခြေဆုံးခေါင်းဆုံးကြည့်ကာ လူကိုမမြင်ဖူးသည့်နှယ် စူးစူးစိုက်စိုက်ကြည့်နေကြသည်။
မယ်ပျင်းမှာ ခေါင်းကိုမော့လိုက်ပြီး
“ငါ့လိုလှတဲ့လူကို မမြင်ဖူးလို့ ကြည့်ကြတာနေမှာ”
ထိုသို့ဖြည့်တွေးလိုက်ပြီး ဆက်လက်လမ်းလျှောက်လာခဲ့သည်။ ရွာလမ်းကြီးအတိုင်းဖြတ်လာခဲ့သည့်အခါ အချို့အိမ်များအတွင်းမှ ယောက်ျားကြီးများမှာ မယ်ပျင်းအားခါးထောက်ကြည့်ကြသည်။ အချို့မှာ မယ်ပျင်းဖြတ်သွားလျှက် ထွီခနဲ တံတွေးထွေးတတ်ကြသည်။ အချို့မှာလည်း လမ်းသွားရင်း ရန်စောင်သည့်အကြည့်ဖြင့် ကြည့်နေကြလေသည်။ ထိုသို့ကြည့်ကြသည်မှာ တစ်ရွာလုံးဖြစ်ပြီး နောက်ဆုံးရွာပြင်သို့ရောက်သည့်အခါမှသာ ထိုလူများ၏အကြည့်မှကင်းလွတ်လေတော့သည်။
ရွာပြင် ယာခင်းထဲဆင်းသည့်လမ်းအတိုင်းဆင်းလာရင်း တောင်းကြီးတစ်ခုရွက်လာသည့် အဒေါ်ကြီးတစ်ယောက်နှင့်တွေ့တော့သည်။ ထိုအဒေါ်ကြီးမှာ မယ်ပျင်းအားတွေ့သည့်အခါ ပြုံးရက်လျှက် အနားသို့ကပ်လာသည်။
“ဒီမယ်ကလေးမ”
မယ်ပျင်းက အဒေါ်ကြီးကိုကြည့်လိုက်ရင်း
“နေပါအုံး အဒေါ်ကြီးက ကျုပ်ကိုပြုံးပြရအောင် ကျုပ်နဲ့သိလို့လား”
“သိတော့မသိဘူးပေါ့အေ၊ ဒါပေမယ့် တို့ရွာရဲ့ထုံးစံအရ ပညာသည်တွေရွာကိုလာရင် ရွာခံပညာသည်တွေကို နှုတ်ဆက်ရတယ်အေ့”
ထိုတော့မှ မယ်ပျင်းက ထိုအဒေါ်ကြီးမှာ စုန်းမကြီးတစ်ဦးဖြစ်မှန်းသိသွားလေသည်။
“ရှင်က ဘာလိုချင်လို့လဲ”
“မင်းရောက်နေတာ တစ်ပတ်ကျော်ပြီ၊ ငါတို့ကို နှုတ်မဆက်သေးဘူးဆိုတော့ မင်းကို ဘာဘာကြီးက တော်တော်စိတ်ဆိုးနေတယ်”
“သူက ဘာ့ကြောင့်စိတ်ဆိုးရတာလဲ”
“ဘာဘာကြီးက ဒီရွာရဲ့စုန်းအချုပ်ပဲဆိုကြပါတော့၊ တခြားစုန်းကိုမနှုတ်ဆက်ချင်ရင်တောင်မှ သူ့ကိုနှုတ်ဆက်ရတယ်လေ”
“အဲဒါတွေ ကျုပ်မသိဘူး”
“မရှိတာထက် မသိတာခက်တဲ့၊ အခုငါ မိန်းကလေးကိုပြောလိုက်မယ်၊ ဒီညသန်းခေါင်အချိန်လောက် ဟောဒီရွာပြင်က ထွန်ပြန်ကုန်းကို လာခဲ့ပါ၊ မဟုတ်ရင်တော့ ဘာဘာကြီးက မင်းကိုဒဏ်ခတ်တော့မယ်”
ထိုအဒေါ်ကြီးမှာ ပြောချင်ရာပြောပြီး ဆက်လျှောက်သွားလေသည်။ မယ်ပျင်းမှာ ထူးဆန်းစွာနှင့် ဆက်လျှောက်လာခဲ့ရင်း မကြာခင် ကိုလူအေးတို့ ယာခင်းအနီးသို့ရောက်ခဲ့သည်။ ယာခင်းထဲတွင် ယာတဲမရှိဘဲ ယာခင်းအစပ်ရှိ သစ်ပင်အုပ်အုပ်ကြီးတစ်ပင်အောက်တွင် ကိုလူအေးတို့ တူဝရီးထိုင်ကာ အမောဖြေနေကြပုံရသည်။ ကိုလူအေးက မယ်ပျင်းအားတွေ့သည့်အခါ အံ့သြသွားပြီး သစ်ပင်အောက်မှ ပြေးထွက်လာလေသည်။ မယ်ပျင်းအနီးရောက်သည့်အခါ ခေါင်းပေါ်မှခံတောင်းအား လှမ်းယူပြီး
“ကြီးဒေါ်ခွေကတော့ လုပ်တော့မယ်၊ နေမကောင်းတဲ့လူကို ဘာလို့ယာခင်းထဲ ထမင်းပို့ခိုင်းတာလဲမသိဘူး”
“ကြီးဒေါ်ခွေကိုအပြစ်မပြောပါနဲ့ ကိုလူအေးရယ်၊ အခုက ကျုပ်ကိုယ်တိုင်လာပို့ချင်လို့ လာပို့တာပါ”
“နေလဲကောင်းသေးတာမဟုတ်ပဲနဲ့ အိမ်မှာပဲ နားနားနေနေနေပေါ့ ဖြူဖွေးရဲ့”
ကြီးဒေါ်ခွေပြောသည့်အတိုင်း ကိုလူအေးမှာ ပျော်တပြုံးပြုံးဖြစ်နေလေသည်။ ထမင်းစားသောက်ပြီးသည့်နောက် ကိုလူအေးမှာယာခင်းများကိုလက်ညှိုးထိုးပြကာ သူတို့ပိုင်သည့်ယာခင်းများနှင့် အခြားလူများပိုင်သည့်ယာခင်းများကို ပြောပြပေးနေလေသည်။
“ဒါနဲ့ ကိုလူအေး၊ ဒီအနားမှာ ထွန်ပြန်ကုန်းဆိုတာ ရှိသလား”
မယ်ပျင်းမေးလိုက်သည့်အခါ ကိုလူအေးမှာထိတ်လန့်သွားလေသည်။
“ထွန်ပြန်ကုန်းအကြောင်း ဖြူဖွေးကိုဘယ်သူပြောလိုက်တာလဲ”
“ဒီလိုပဲ သူများပြောတာကြားဖူးတာပဲ၊ အဲဒီနေရာက ဘာလဲဟင်”
ကိုလူအေးမပြောခင်မှာပင် ဘကြီးရွှေရိုးက
“ထွန်ပြန်ကုန်းဆိုတာ မြေအရမ်းကြမ်းတဲ့ ကုန်းတစ်ခုကိုပြောတာကွဲ့၊ ကုန်းဆိုပေမယ့် ယာခင်းတစ်ခုပေါ့၊ အဲဒီယာခင်းကို ယာလုပ်တဲ့လူမရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ယာလုပ်ဖို့ ထွန်ရက်ဖို့သွားကြတဲ့အခါတိုင်း ယာထွန်တဲ့လူရော ယာထွန်တဲ့နွားတွေရော အကြောင်းအမျိုးမျိုးနဲ့တစ်မျိုးမဟုတ် တစ်မျိုးဖြစ်ပြီး သေကြတာပဲ၊ နောက်ဆုံးတော့ ယာထွန်ဖို့သွားရင် ထွန်တုံးကြီးပဲ အိမ်ကိုပြန်ရောက်လာတတ်လို့ ထွန်ပြန်ကုန်းလို့ လူတွေခေါ်တာကွဲ့”
“အဲဒီကုန်းက ဘယ်နားလေးမှာလဲဟင်”
“ဖြူဖွေး မင်းအဲဒီကိုယောင်လို့တောင်မသွားရဘူးနော်”
“စိတ်ချပါ ကိုလူအေးရဲ့၊ ကျုပ်က သိချင်လို့မေးကြည့်တာပါ”
ကိုလူအေးမှာ ခပ်လှမ်းလှမ်းတစ်နေရာမှ တောတန်းကလေးပုံစံဖြစ်နေသည့် နေရာကိုလက်ညှိုးညွှန်ပြပြီး
“ထွန်ပြန်ကုန်းဆိုတာ အဲဒီနေရာပဲ၊ ဒီနောက်ပိုင်း ဘယ်သူမှ အသွားအလာမလုပ်ကြလို့ တောတောင်ဖြစ်နေပြီ”
မယ်ပျင်းမှာ ထိုတောတန်းကလေးကိုကြည့်ကာ ခေါင်းညိတ်လိုက်လေသည်။