စာစဉ် (၆၇)
(၁)
မယ်ပျင်းလာပို့သည့်ထမင်းကို အားရပါးရစားသောက်ကြပြီးသည့်နောက် မယ်ပျင်းမှာ ထမင်းတောင်းကလေးကိုပြန်သိမ်းကာ ရွာထဲပြန်ရန်အတွက်ပြင်ဆင်နေလေသည်။ ထိုအခါ ကိုလူအေးက ဘကြီးရွှေရိုးအား
“ဘကြီးရေ၊ ယာခင်းထဲသိပ်ပြီးလုပ်စရာမရှိတော့ဘူးဆိုတော့ ကျုပ်လည်း ဖြူဖွေးနဲ့အတူတူအိမ်ပြန်လိုက်သွားတော့မယ်”
ဘကြီးရွှေရိုးက ခေါင်းညိတ်လျှက်
“အေး၊ ပြန်ချင်ပြန်လေကွာ၊ ငါလည်း နေမစောင်းခင်နွားတွေသိမ်းပြီးပြန်လာခဲ့မယ်”
ကိုလူအေးက ထမင်းတောင်းကလေးကိုထမ်းလိုက်လေသည်။ မယ်ပျင်းက ကိုလူအေးအားကြည့်ရင်း
“ကိုလူအေး၊ ယာထဲကပြန်လို့ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်၊ ယာအလုပ်ဆိုတာက စိုက်ချိန်ပျိုးချိန်လောက်ပဲ အလုပ်များတာ၊ ဒီလိုအချိန်ဆိုရင် ပေါင်းလိုက်တာလောက်ပဲရှိတော့တာဆိုတော့ သိပ်ပြီးအလုပ်မများဘူးပေါ့ဟာ၊ ကဲ သွားကြစို့”
ကိုလူအေးနှင့် မယ်ပျင်းတို့မှာ နိဗ္ဗာန်ရွာ အတွင်းသို့လှမ်းလျှောက်လာခဲ့ကြသည်။ ယာခင်းမှအထွက်လမ်းဘေးတွင်တော့ အလေ့ကျပေါက်နေသည့် ပန်းချုံကလေးများက ရှိနေကာ အရောင်အသွေးစုံဖူးပွင့်နေကြလေသည်။ ကိုလူအေးက အဝါရောင်ပန်းပွင့်ကလေးများပွင့်နေသည့် ပန်းချုံကလေးမှ ပန်းပွင့်ကလေးများကို လက်ဖြင့်ချိုးယူပြီးသောအခါ မယ်ပျင်းထံသို့လှမ်းပေးလိုက်သည်။ မယ်ပျင်းမှာ ပန်းပွင့်ကိုမြင်တွေ့လိုက်သည်နှင့် အလွန်ထိတ်လန့်သွားကာ လက်ဖြင့်ပုတ်ချလိုက်လေသည်။ ကိုလူအေးပင် အထိတ်တလန့်ဖြစ်သွားသည်။
“ဘာဖြစ်လို့လဲဖြူဖွေး”
မယ်ပျင်းမှာ ရင်တွေတုန်လာပြီးနောက် ရင်ဘတ်ကိုလက်နှင့်ဖိထားကာ အသက်ကိုအမောတကြီးရှှုရှိုက်နေမိသည်။ ကိုလူအေးက မယ်ပျင်းလက်မောင်းအားပြေးတွဲလိုက်ပြီး
“ဘယ်လိုဖြစ်တာလဲ ဖြူဖွေး”
“ကျုပ်ပန်းတွေကိုမုန်းတယ်၊ ပန်းတွေကို သိပ်မုန်းတယ်”
မယ်ပျင်းမှာ ဒေါသတကြီးနှင့်ပြောလိုက်လေသည်။
“ပန်းဆိုတာ မိန်းကလေးတွေရဲ့အဆင်တန်ဆာပဲ ဖြူဖွေးရဲ့၊ ဖြူဖွေးက ဘာဖြစ်လို့ပန်းတွေကို မုန်းရတာလဲ”
“မသိဘူး၊ ကျုပ်မသိဘူး၊ ကျုပ်ကိုမမေးပါနဲ့တော့၊ ဘာမှထပ်မမေးပါနဲ့တော့”
ကိုလူအေးမှာ အလွန်ထူးဆန်းနေသော်လည်း မယ်ပျင်းအား ကျောကုန်းကိုပွတ်သပ်ပေးရင်း
“ဘာပဲဖြစ်ဖြစ် စိတ်ခိုင်ခိုင်ထားစမ်းပါ ဖြူဖွေးရဲ့၊ သတိလေးထားစမ်းပါ”
ပန်းပွင့်များကိုမြင်သည့်အခါ မယ်ပျင်းစိတ်ထဲ ဖိုးမောင်အကြောင်းက အလိုလိုရောက်လာမြဲဖြစ်သည်။ ဖိုးမောင်မှာလည်း မယ်ပျင်းပန်းပန်သည်ကို နှစ်သက်သည်ဆိုသဖြင့် မယ်ပျင်းမှာ ပန်းများခူးပြီး ချစ်သူအကြိုက်တွေ့စေရန်အတွက် တကူးတကပန်ဆင်ခဲ့ဖူးသည့်အကြောင်းများကို ပြန်တွေးမိလေတိုင်း ဖိုးမောင်အားအလွန်နာကျည်းသည့်စိတ်က ပေါ်ပေါက်လာစမြဲဖြစ်သည်။ မယ်ပျင်းမှာ အချိန်ခဏကြာသည့်အခါ စိတ်ပြေသွားလေသည်။ ကိုလူအေး၏ ပူပန်စိုးရိမ်နေသည့်မျက်နှာကိုမြင်တွေ့လိုက်ရသည်။
“ရပါပြီ၊ ဘာမှမဖြစ်တော့ပါဘူး”
“အကိုတောင်းပန်ပါတယ် ဖြူဖွေး၊ ဖြူဖွေးက ပန်းမကြိုက်တတ်တာကိုမသိဘဲ ပန်းခူးပေးခဲ့မိတယ်”
“မဟုတ်ပါဘူးအကိုရယ်၊ ဒါအကို့အပြစ်မဟုတ်ပါဘူး၊ အကိုနဲ့ဘာမှမဆိုင်ပါဘူး”
မယ်ပျင်းမှာ အရှေ့မှခပ်သွက်သွက်ကလေး လှမ်းသွားလိုက်သည်။ ကိုလူအေးမှာ ထမင်းတောင်းထမ်းရင်း မယ်ပျင်းမျက်နှာကိုအကဲခတ်ကာ အနောက်ခပ်လှမ်းလှမ်းမှ လိုက်လာခဲ့လေတော့သည်။
နိဗ္ဗာန်ရွာအဝင်သို့မရောက်ခင် ကာလသားလေးငါးယောက်က မယ်ပျင်းအရှေ့တွင်ပိတ်ရပ်လိုက်ကြလေသည်။ ထို့နောက်မယ်ပျင်းအား စူးစူးစိုက်စိုက်ဝိုင်းကြည့်နေကြသည်။ ကာလသားများကိုမြင်သဖြင့် ကိုလူအေးမှာ အရှေ့သို့ပြေးလာခဲ့လေသည်။ ကာလသားများက ကိုလူအေးအားကြည့်ရင်း
“ကိုလူအေးကတော့ လူကရိုးရိုးအေးအေးနေပေမယ့် မိန်းမကိုတော့ ချောချောလှလှကလေး ရွေးတတ်သားပဲဗျ”
“ဟုတ်ပါ့ဗျာ၊ ကိုလူအေးမိန်းမ ချောတယ်လှတယ်ဆိုပြီး ရွာထဲသတင်းကြီးနေတာ အမှန်ပဲဗျို့”
“ဒီလောက်လှတဲ့မိန်းကလေးကို ရအောင်ယူနိုင်ခဲ့တာ မဟုတ်မှလွဲရော ကိုလူအေးဆီမှာ ဆေးကောင်းဝါးကောင်း၊ နည်းကောင်းလမ်းကောင်း ရှိတဲ့ပုံပဲဗျ၊ ကျုပ်တို့ကိုလဲ မျှပါအုံးဗျာ”
ကိုလူအေးမှာ အလွန်မျက်နှာပျက်နေလေသည်။
“ဟေ့ကောင်တွေ၊ မင်းတို့ဘာတွေပြောနေကြတာလဲ၊ ဒီမိန်းကလေးက ငါ့မိန်းမမှ မဟုတ်တာ”
ကာလသားများမှာထူးဆန်းသွားပြီး
“မသိပါဘူးဗျာ၊ အရပ်ထဲတော့ ကိုလူအေးမိန်းမယူလာတယ်ဆိုတာပဲ ကြားတာ၊ ဒါနဲ့ ဒီမိန်းကလေးက ကိုလူအေးရဲ့မိန်းမ မဟုတ်ရင် သူနဲ့ကိုလူအေးက ဘာတော်သလဲ”
ကိုလူအေးမှာ မယ်ပျင်းကိုလှည့်ကြည့်လိုက်လေသည်။ မယ်ပျင်းမှာ ခေါင်းကိုသာငုံ့ထားသည်။ ကိုလူအေးက ကြံရာမရတော့ဘဲ
“ဟိုကွာ၊ သူက ငါ့နှမတော်တယ်”
“နှမဆိုပါလား၊ ကျုပ်တို့ကြားဖူးတာ ကိုလူအေးက တစ်ကောင်ကြွက်ဆို”
“နှမအရင်းတော့မဟုတ်ဘူးပေါ့ကွာ၊ သူက ငါနဲ့ဆွေမျိုးနီးစပ်တော်တယ်၊ ဘကြီးနေခဲ့တဲ့ သယောင်းရွာက ငါတို့အမျိုးကွ”
“သြော်၊ ဟုတ်ပြီ၊ သယောင်းရွာဆိုတာ ကိုလူအေးတို့မိဘတွေ နေခဲ့တာမဟုတ်လားဗျ၊ ဒါနဲ့ ကိုလူအေး သူကအပျိုလား”
“ဟာကွာ၊ မင်းတို့ဘာတွေလိုက်မေးနေတာလဲ အပျိုပေါ့ကွ”
ကာလသားများမှာ ရယ်မောလိုက်ကြပြီး
“ကျုပ်တို့ဆုတောင်းတော့ ပြည့်တာပဲဗျာ၊ ကဲ ကိုလူအေး၊ ခင်ဗျားရဲ့နှမကလေးကို ကျုပ်တို့ရွာသူဖြစ်အောင် ခေါ်ထားတော့မယ်ဗျို့”
“မင်းတို့စကားက ဘာစကားလဲကွ”
“အိုဗျာ၊ သူလည်းအပျို ကျုပ်တို့ကလည်း လူပျိုလူလွတ်တွေမဟုတ်လားဗျ၊ ဒီတော့ ကျုပ်တို့ထဲက တစ်ယောက်က သူ့ကိုချစ်ရေးဆိုပြီးတော့ တစ်အိုးတစ်အိမ်ထူထောင်ပြီး ဒီရွာမှာပဲ အခေါ်ထားမယ်လို့ ပြောတာဗျ”
“ဟုတ်တယ် ယောက်ဖကြီးရ”
ကာလသားတစ်ယောက်က ကိုလူအေးကို ယောက်ဖကြီးဟုခေါ်လိုက်သည့်အခါ ကိုလူအေးတစ်ယောက် ထိုလူထံသို့ပြေးကပ်သွားပြီး ဘယ်ဘက်လက်သီးဖြင့်ထိုလူ၏ မျက်နှာအားပစ်ထိုးထည့်လိုက်လေသည်။ ထိုကာလသားမှာလည်း အလစ်အငိုက်မို့ မရှောင်နိုင်တော့ဘဲ လက်သီးချက်ထိမှန်ကာ မြေပေါ်သို့လဲကျသွားသည်။ ကျန်သည့်ကာလသားများမှာ ထိုကာလသားအား တွဲထူလိုက်လေသည်။
မယ်ပျင်းမှာလည်း အလွန်ထိတ်လန့်သွားပြီး ကိုလူအေးလက်မောင်းကို ပြေးဆွဲလိုက်သည်။ ကိုလူအေးမှာတော့ တရှူးရှူး တရှဲရှဲနှင့်ဒေါသထွက်နေလေသည်။ ကာလသားများက ကိုလူအေးအားကြည့်ရင်း
“ဟေ့လူ ခင်ဗျားဘာလုပ်တာလဲ”
“မင်းတို့ပါးစပ်တွေကို ပိတ်ထားကြစမ်း၊ ငါ့ကို ငါ့နှမရှေ့မှာ ယောက်ဖလို့မခေါ်နဲ့ကွ”
ကိုလူအေးက ရန်လိုနေသဖြင့် မယ်ပျင်းကပဲ ဝင်ထိန်းရသည်။
“အကို၊ အကိုလူအေး အဲဒီလိုမလုပ်ပါနဲ့၊ ရန်မဖြစ်ပါနဲ့တော့”
မယ်ပျင်းတားသဖြင့် ကိုလူအေးမှာ ငြိမ်ကျသွားလေသည်။ ကာလသားများကလည်း ဖုတ်ဖက်ခါကာ ထလိုက်ရင်း
“ဒီမှာ ကိုလူအေး၊ ဒီတစ်ခါတော့ ကျုပ်တို့သည်းခံလိုက်မယ်”
ကာလသားများမှာ လှည့်ကြည့်လှည့်ကြည့်နှင့်ထွက်သွားကြသည်။ ထိုအချိန်အထိ ကိုလူအေးမှာ ဒေါသမပြေသေးပေ၊
“ကိုလူအေးရယ်၊ စကားပြောနေရင်း ဘာဖြစ်လို့ လက်ပါရတာလဲ”
“ဟ ဖြူဖွေးရ၊ ဒီကောင်တွေက စသလိုလို နောက်သလိုလိုနဲ့ နင့်ကိုစော်ကားနေတာဟ၊ ယောက်ျားဖြစ်ပြီး ပါးစပ်စည်းကမ်းမရှိတဲ့ ဒီကောင်တွေကို ငါလုံးလုံးကိုကြည့်မရဘူး”
“ကဲပါ၊ သူတို့ကလည်း ကိုလူအေးကိုခင်လို့စကြနောက်ကြတာပါ၊ ကျုပ်တို့ရွာဘက်ဆို ကာလသားတစ်ယောက်နဲ့တစ်ယောက်နဲ့ခင်မင်ရင် ယောက်ဖဆိုပြီးတော့တောင် ခေါ်တတ်ကြတာ”
“ငါ့ကိုတော့ ဒီလိုလာမခေါ်နဲ့၊ ငါမကြိုက်ဘူး၊ ငါ့ကို ကြိုက်သလိုစလို့ရတယ်၊ နောက်ပြောင်လို့ရတယ် ငါစိတ်မဆိုးတတ်ဘူး၊ ဒါပေမယ့် နင့်ကိုစတာနောက်တာ သိက္ခာချတာကိုတော့ ငါမကျေနပ်ဘူး ဖြူဖွေး”
ကိုလူအေးမှာ မျက်မှောင်ကြီးကျုတ်ကာ ဒေါသထွက်နေလေသည်။ မယ်ပျင်းက ရယ်ကျဲကျဲနှင့်
“ကဲပါ ကိုလူအေးရယ်၊ စိတ်လျှော့လိုက်ပါ၊ စနောက်ခံရတိုင်းသာ ထိုးကြိတ်နေရင် နောက်ဆို ကိုလူအေးဆိုတဲ့နာမည်ပျောက်ပြီး ကိုလူမိုက်ဆိုတဲ့နာမည်တွင်သွားအုံးမယ်”
မယ်ပျင်းက ပြုံးရယ်ကာပြောလိုက်တော့မှ ကိုလူအေးတစ်ယောက်စိတ်ပြေသွားကာ ရယ်မောလိုက်လေသည်။ ပြီးသည်နှင့် နှစ်ယောက်သား အိမ်သို့ပြန်လာခဲ့ကြသည်။
(၂)
သူကြီးဖိုးမောင်မှာ အရက်ချည်းသာသောက်၍နေလေသည်။ ရွှေခေါမရှိတော့သဖြင့် လူရမ်းကားများမှာ စားပေါက်မရှိတော့သောကြောင့် နောက်ဆုံး ဖိုးမောင်အနီးသို့ပြန်ကပ်လာကြသည်။ ဖိုးမောင်မှာ သူကြီးမင်းထိုင်သည့် ပွတ်လုံးကြီးများဖြင့်လုပ်ကာ ကနုတ်ပန်းများဖြင့်အလှဆင်ထားသည့် သစ်သားခုံကြီးတွင် ခန့်ခန့်ကြီးထိုင်နေလေသည်။ သူ့နံဘေး ကြမ်းပြင်တွင်တော့ ဇနီးအသစ်စက်စက် ကြာဥက ထိုင်နေလေသည်။ ဖိုးမောင်မှာ ပယင်းရောင်ထနေသည့် အရက်အားမော့သောက်လိုက်ပြီးနောက် ခွက်အလွတ်ကို ကြာဥဘက်သို့ပေးလိုက်ရင်း
“ဟဲ့ကြာဥ၊ အရက်ကုန်ပြီလေ၊ နင်ဘာကြည့်နေတာလဲ၊ နည်းနည်းပါးပါး အလိုက်လေးဘာလေး သိအုံးမှပေါ့ဟဲ့”
ကြာဥအား အော်ငေါက်ပြောဆိုလိုက်သည့်အခါ ကြာဥမှာ မျက်ရည်ကလေးတစမ်းစမ်းဖြင့် နံဘေးမှအရက်ပုလင်းကိုယူကာ ဖိုးမောင်လက်ထဲကိုင်ထားသည့် အရက်ခွက်အတွင်းသို့လောင်းထည့်ပေးလိုက်သည်။ ဖိုးမောင်မှာ မူးယစ်နေသူမို့ ခွက်မှာလှုပ်ယမ်းသွားလေရာ ကြာဥထည့်ပေးသည့်အရက်များက ဖိုးမောင်လက်ပေါ်သို့ဖိတ်စင်ကျသွားသည်။ ဖိုးမောင်က ဒေါသထွက်သွားကာ ကြာဥအားလှည့်ကြည့်ရင်း
“ဟဲ့ကြာဥ၊ နင်ဘယ်လိုလုပ်တာလဲ၊ ဒီအရက်တွေက ဘယ်လောက်တန်တယ်ဆိုတာ နင်သိသလားဟဲ့”
ပြောရင်းဆိုရင်း ဖိုးမောင်မှာ ကြာဥဂုတ်ပိုးအား လက်ဖြင့်ထုထောင်းလေသည်။ ကြာဥမှာ ငိုယိုလေတော့သည်။ ထိုအချိန်မှာပင် သူကြီးလူယုံတစ်ယောက်က အိမ်ပေါ်သို့ပြေးတက်လာလေသည်။
“သူကြီး၊ ဦးငွေတိုးရောက်လာပါတယ်”
ဖိုးမောင်က မျက်မှောင်ကြုတ်လိုက်ရင်း
“ဒီအဘိုးကြီးက ဘာလာရှုပ်တာလဲမသိဘူး၊ အိမ်ပေါ်လွှတ်လိုက်စမ်းကွာ”
မကြာခင် ဦးငွေတိုးတစ်ယောက် အိမ်ပေါ်တက်လာသည်။ ဖိုးမောင်အနီးတွင်ထိုင်ကာ မျက်ရည်တစမ်းစမ်းဖြင့်ရှိုက်ငိုနေသည့် သမီးဖြစ်သူအားတစ်ချက်ကြည့်လိုက်ပြီးသည့်နောက်
“မောင်ဖိုးမောင် မင်းနဲ့ငါနဲ့ပြောစရာနည်းနည်းရှိတယ်”
ဖိုးမောင်က ဦးငွေတိုးကို မော့ကြည့်လိုက်ရင်း
“ခင်ဗျားကျုပ်ကိုဘယ်လိုခေါ်လိုက်တာလဲ အဘိုးကြီး”
“မောင်ဖိုးမောင်လို့ ခေါ်လိုက်တာလေ ဘာဖြစ်လို့လဲ၊ မောင်ရင်က ငါ့သားမက်လေ၊ မောင်ရင့်နာမည်ကိုခေါ်တာ ဘာဖြစ်လို့လဲ”
ဖိုးမောင်က စားပွဲကိုလက်နှင့်ပုတ်လိုက်ရင်း
“ခင်ဗျားသမက်ဆိုပြီး ကျုပ်ကိုခေါ်ချင်တိုင်းခေါ်လို့မရဘူး၊ ကျုပ်က ဒီရွာရဲ့သူကြီး၊ ဒါကြောင့် ကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ် ကျုပ်ကိုသူကြီးလို့ပဲခေါ်ရမယ်”
ဦးငွေတိုးမှာ ဒေါသထွက်သွားပုံရလေသည်။ သို့သော်လည်း စိတ်ကိုထိန်းလိုက်ပြီး
“သူကြီးဆိုလည်း သူကြီးပေါ့ကွာ၊ ဟေ့ သူကြီး မင်းနဲ့ငါနဲ့ပြောစရာစကားရှိတယ်”
“ပြောစရာရှိရင်ပြောလေဗျာ”
ဦးငွေတိုးက ကြာဥကိုကြည့်လိုက်ရင်း
“သမီး နင်အခန်းထဲခဏဝင်နေစမ်း”
ကြာဥမှာ ထထွက်သွားမည်ဟု ပြင်ဆင်လိုက်စဉ် ဖိုးမောင်က ကြာဥကိုလက်ဖြင့်တားလိုက်ရင်း
“ကြာဥ နင်ဘယ်မှသွားစရာမလိုဘူး၊ ကဲ အဘိုးကြီး ပြောစရာရှိတာ ဒီမှာသာပြော”
“ဒါဆိုရင်လည်း ငါပွင့်ပွင့်လင်းလင်းပဲပြောမယ်၊ မင်း င့ါသမီးကို မပေါင်းဘူးဆိုဟေ့ကောင်”
ထိုအခါ ဖိုးမောင်က တခွိခွိနှင့်ရယ်မောလေသည်။
“အဘိုးကြီး ခင်ဗျားအလုပ်မရှိဘူးလား၊ ကြာဥက ကျုပ်မယားပါဗျ၊ ကျုပ်မယားကိုကျုပ် ပေါင်းချင်ပေါင်းမယ်၊ မပေါင်းချင်မပေါင်းဘူးပေါ့ အဲဒါကို ခင်ဗျားက ကြားကနေဘာလိုက်ဖြစ်နေတာလဲ”
“ငါပြောမယ်ဟေ့ကောင်၊ မင်းငါ့သမီးနဲ့ပေါင်းတာမပေါင်းတာအသာထား၊ အခုလိုနှိပ်စက်ပြီး ရိုက်နှက်နေရအောင် ငါ့သမီးမှာ ဘာပြစ်ချက်ရှိလို့လဲ၊ ဘာချို့ယွင်းချက်တွေ ရှိနေလို့လဲကွ၊ ငါတို့သမီးက ငါတို့အိမ်မှာဆိုရင် ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေခဲ့ရတဲ့သူ၊ သူ့ကိုရိုက်နှက်ဖို့မပြောနဲ့ မိဘနှစ်ပါးတောင်မှ လက်ဖျားနဲ့တစ်ချက်မှ တို့ထိခဲ့ဖူးတာမရှိဘူးကွ၊ အခုရွာထဲမှာ မင်းက ကြာဥကိုနှိပ်စက်နေတဲ့အကြောင်းတွေက ပျံ့နှံ့နေတာပဲ၊ မင်းလုပ်ရပ်တွေကို ရပ်တန်းကရပ်နော် ဟေ့ကောင်”
“ဟား၊ ဟား၊ ဟား ဒီမှာ အရင်က ဘယ်လိုပဲနေခဲ့ရနေခဲ့ရ အခုတော့ ကျုပ်မိန်းမဖြစ်ပြီ၊ ကျုပ်ရဲ့ဇနီးမယားဖြစ်သွားပြီဗျ၊ ဒါကြောင့် ခင်ဗျားတို့နဲ့ဘာမှမဆိုင်တော့ဘူး၊ ကျုပ်က သူ့ကိုနှိပ်စက်တယ် ဟုတ်သလား၊ ဒါကတော့ဗျာ လင်နဲ့မယား လျှာနဲ့သွားဆိုပြီးပြောကြတယ်မဟုတ်လား၊ တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ အဖုအထစ်လေးတွေတော့ ရှိတာပေါ့ဗျာ၊ ဒါကိုခင်ဗျားတို့က ရေးကြီးခွင်ကျယ်နဲ့ ပုံကြီးမချဲ့နဲ့”
ဖိုးမောင်မှာ ကြာဥအားစိုက်ကြည့်လိုက်ကာ
“ဟဲ့ကြာဥ၊ ငါနင့်ကို နှိပ်စက်သလား၊ ငါနင့်ကို ရိုက်နှက်နေသလား”
ဖိုးမောင်မှာ မျက်မှောင်ကြီးကျုတ်ပြီးကြည့်နေလေရာ ကြာဥမှာကြောက်လန့်၍ တုန်ယင်နေလေသည်။
“ဖြေစမ်း၊ ငါနင့်ကို နှိပ်စက်နေသလားလို့”
“မ . . .မနှိပ်စက်ပါဘူး သူကြီး”
“ကဲ အဘိုးကြီး၊ ခင်ဗျားသမီးပြောတာကို ခင်ဗျားယုံလိုက်တော့၊ နောက်ဆိုရင် သူများလင်မယားကြားမှာ ဝင်မပါမိအောင်နေစမ်းပါ၊ ဟုတ်ပြီလား”
ဦးငွေတိုးမှာ ဒေါသထွက်ထွက်နှင့်အိမ်ပေါ်မှဆင်းသွားလေတော့သည်။ ထိုအခါ ဖိုးမောင်က ခါးကြားမှသေနတ်ကိုဆွဲဖြုတ်လိုက်ကာ ခပ်ကျယ်ကျယ်အော်လိုက်လေသည်။
“ဟဲ့ မပုနဲ့ ဒေါ်မြင့် ထွက်လာခဲ့ကြစမ်း”
မပုနှင့်ဒေါ်မြင့်မှာ ကြာဥအားအလုပ်အကျွေးပြုရန်အတွက် ဦးငွေတိုးထည့်ပေးလိုက်သည့် မိန်းမများဖြစ်သည်။ ဖိုးမောင်ခေါ်သံကြားသဖြင့် ထိုနှစ်ယောက်မှာ အိမ်နောက်ဖေးမှပြေးထွက်လာကာ ကျုံ့ကျုံ့ကလေး ဝင်ထိုင်လေသည်။
“ညည်းတို့နှစ်ယောက် အိမ်ပေါ်ကနေဆင်း၊ အခုချက်ချင်းဆင်းကြစမ်း”
မပုတို့မှာအံ့သြသွားပြီး
“ဆင်းလို့ဘယ်ဖြစ်မလဲသူကြီးရဲ့၊ ကျုပ်တို့နှစ်ယောက်ကို မမလေးကြာဥကို အလုပ်အကျွေးပြုဖို့ဆိုပြီး ထည့်ပေးလိုက်တာမဟုတ်လား”
“တော်စမ်း၊ ငါက စကားအပို့အကြိုလုပ်တာတွေ သဘောမကျဘူး၊ ငါသူကြီး ငါ့အမိန့်၊ အိမ်ပေါ်ကနေ ဆင်းဆိုဆင်းစမ်းဟာ၊ ဘာလဲ ညည်းတို့က မဆင်းချင်ဘူးလား”
သူကြီးမှာ မပုတို့ဘက်သို့ခြောက်လုံးပြူးကိုချိန်ရွယ်လိုက်သည့်အခါ မပုတို့မှာ အပြေးအလွှားဖြင့်အိမ်ပေါ်မှဆင်းပြေးသွားကြလေသည်။ ကြာဥမှာ တရှုံ့ရှုံ့နှင့်ငိုကြွေးနေလေသည်။ ထိုအခိုက် အိမ်ပေါ်သို့ မမယ်ဖြူတက်လာခဲ့သည်။ ဖိုးမောင်မှာ မမယ်ဖြူအားတွေ့သည့်အခါ အားတက်သရောနှင့်
“ဘယ်လိုလဲ ကြီးဒေါ်၊ မယ်ပျင်းအကြောင်း ဘာကြားသေးလဲ”
မမယ်ဖြူမှာ သက်ပြင်းရှည်ကြီးတစ်ချက်ချရင်း
“အခုထိ ဒီအနီးအနားမှာ ဘာသံမှကို မကြားရသေးပါဘူးကွယ်”
“ကြီးဒေါ်က တကယ်နှံ့နှံ့စပ်စပ်ရှာလို့လား ကျုပ်ပြောတဲ့ ပေတောရွာတို့ လှည်းလမ်းခွရွာတို့ကို သွားမရှာဘူးလား”
“သွားတော့ သွားပါတယ်ကွယ်၊ ပေတောရွာမှာလည်း မယ်ပျင်းအရိပ်အယောင်တောင်မတွေ့သလို လှည်းလမ်းခွရွှာကိုလည်း ရောက်မလာခဲ့ဘူး”
ဖိုးမောင်မှာ စိတ်ပျက်လက်ပျက်နှင့်
“ဒါဆို ဘယ်များထွက်သွားပါလိမ့်၊ ကြီးဒေါ်က ပြောတော့ စုန်းဆို၊ စုန်းပညာနဲ့ မယ်ပျင်းကိုရှာလို့မရနိုင်ဘူးလား”
“လက်လှမ်းမီသလောက်တော့ မေးစမ်းထားပါတယ် သူကြီးရယ်”
“ကျုပ်လည်း ကျုပ်ရဲ့သူကြီးအာဏာနဲ့ ရွာတွေကို လူလွှတ်ပြီးတော့ မယ်ပျင်းရောက်လာရင် ဖမ်းဆီးထားပြီး ကျုပ်ကိုအသိပေးဖို့အတွက် မှာထားလိုက်ရအုံးမယ်၊ ကြီးဒေါ်လည်း မယ်ပျင်းကိုမတွေ့တွေ့အောင်ရှာပေးပါ”
“အေးပါကွယ်၊ အေးပါ”
မမယ်ဖြူမှာ အိမ်ပေါ်မှဆင်းသွားလေသည်။ ဖိုးမောင်မှာ မျက်နှာကြက်ကိုတစ်ချက်ငေးကြည့်လိုက်ရင်း
“မယ်ပျင်း မင်းဘယ်မှာလဲ၊ မင်းဘယ်မှာ သွားပုန်းနေတာများလဲ”
ဟု ရေရွတ်လိုက်လေတော့သည်။
(၃)
ညသန်းခေါင်အချိန်သို့ရောက်ရှိခဲ့ပြီဖြစ်သည်။ မယ်ပျင်းက အိပ်နေရာမှ အသာထလိုက်သည်။ အတူတူအိပ်သည့် ကြီးဒေါ်ခွေမှာ တခေါခေါနှင့်အိပ်ပျော်နေပြီဖြစ်သည်။ မယ်ပျင်းက အိမ်ရှေ့မှမဆင်းတော့ဘဲ အိမ်နောက်ဖေးတံခါးမှသာ ဆင်းလာခဲ့လိုက်သည်။ ထို့နောက် ရွာအပြင်သို့ဦးတည်ကာ ထွက်လာခဲ့လေသည်။
လူခြေတိတ်ချိန်ဖြစ်သည်မို့ တစ်ရွာလုံးတိတ်ဆိတ်နေလေသည်။ ခွေးဟောင်သံ၊ ကြက်တွန်သံပင်တစ်ချက်မကြားရပေ၊ မယ်ပျင်းက ရွာလယ်လမ်းဆီသို့ထွက်လာခဲ့သည့်အခါ အရောင်အသွေးစုံလင်လှသည့်မီးလုံးကြီးများမှာ မယ်ပျင်း၏ ဦးခေါင်းအထက်မှ တရွှီးရွှီးဖြင့်ပျံသန်းသွားကြလေသည်။ မီးလုံးကြီးများမှာ အနီရောင်မီးလုံးများလည်းရှိသကဲ့သို့၊ အစိမ်းရောင်၊ အဝါရောင်၊ အပြာရောင်မီးလုံးကြီးများလည်းရှိပေသည်။ မယ်ပျင်းက ထိုမီးလုံးများမှာ စုန်းကဝေများ ခရီးတိုပျံလွှားသွားလာကြသည့် စုန်းမီးလုံးများဖြစ်မှန်းသိလိုက်လေသည်။
စုန်းမီးလုံးများမှာ အလုံးရေရာနှင့်ချီရှိပြီး ရွာအပြင်မြောက်ဘက်အရပ်ဆီသို့ ဦးတည်သွားနေကြသည်။ မယ်ပျင်းမှာ တစ်ရပ်တစ်ကျေးဖြစ်သည်မို့ ပညာထုတ်မသုံးတော့ဘဲ လမ်းလျှောက်၍သာလာခဲ့သည်။ မယ်ပျင်း၏ဦးခေါင်းပေါ်မှ ဖြတ်သန်းသွားကြသည့် စုန်းမီးလုံးကြီးများမှာ မယ်ပျင်းအားတွေ့သည့်အခါ လှောင်ပြောင်ရယ်မောသွားကြလေသည်။
“မြေလျှောက်စုန်းလေးပါလား”
“လျှောက်ထားစမ်းဟေ့ ဟား ဟား”
အသံသေးအသံကြောင်များဖြင့်ရယ်မောလျှက် ရွာအပြင်သို့ထွက်သွားကြသည်။ မယ်ပျင်းက လမ်းလျှောက်၍ထွက်လာခဲ့သည့်အခါ ရွာအပြင်အရောက်တွင် မီးလုံးကြီးများမှာ ယာခင်းအားဖြတ်သန်းသွားကြပြီးနောက် ကိုလူအေးညွှန်ပြသည့် ထွန်ပြန်ကုန်းဟုခေါ်သည့် တောတန်းကလေးအပေါ်တွင် ဝေ့ဝိုက်ကာ ပျံသန်းနေကြသည်။
အချို့မီးလုံးကြီးများမှာတော့ ကောင်းကင်ပေါ်သို့တိုးထက်ပျံသန်းကာ အထက်အောက်ပျံသန်းနေကြပြန်သည်။ တစ်ခါတစ်ရံ မီးလုံးကြီးနှစ်လုံးပူးကာ တက်သွားသလို၊ တစ်ခါတစ်ရံတွင်တော့ မီးလုံးလေးငါးလုံးတို့မှာ ကောင်းကင်ပေါ်သို့တပြိုင်နက်တည်း တက်သွားပြီး ပူးချည်ခွာချည်ပြုလျှက် လေထုအတွင်းဆော့ကစားနေကြလေသည်။
မယ်ပျင်းမှာ လမ်းလျှောက်လာရင်း ထွန်ပြန်ကုန်းအစပ်ဆီသို့ရောက်လာခဲ့သည်။ ထိုအခါ ဒူးခေါင်းနှင့်ရင်ဘတ်ထိမတတ် ခါးကိုင်းကျနေပြီး ကျောကုန်းတွင် ဘုကြီးတစ်ဘုပါသည့် လူကြီးတစ်ဦးက တောင်ဝှေးတစ်ချောင်းထောက်ကာ မတ်တပ်ရပ်နေလေသည်။ မယ်ပျင်းရောက်သွားသည့်အခါ ထိုလူကြီးက မယ်ပျင်းအား အကဲခတ်ကြည့်ပြီး
“လတ်စသတ်တော့မင်းကိုး၊ ဘာဘာကြီးက မင်းကိုစောင့်နေတယ်၊ မင်းငါနဲ့လိုက်ခဲ့”
ထိုလူကြီးက ပြောဆိုပြီး ချုံအတွင်းသို့တိုးဝင်လေသည်။ မယ်ပျင်းလည်း အနောက်မှလိုက်တိုးဝင်သွားမိသည်။ ချုံတောမှာ တဖြည်းဖြည်းပို၍ပို၍ နက်ရှိုင်းထူထပ်လာလေသည်။ တစ်နေရာအရောက်တွင် ချုံပုတ်များပေါ်တွင် ခွေလဲရစ်ပတ်နေကြသည့် မြွေများကိုတွေ့ရလေသည်။ ထိုမြွေများမှာ အဆိပ်ပြင်းထန်သည့် မြွေဆိုးများဖြစ်ကြကာ သစ်ကိုင်းများအပေါ်တွင် တစ်ကောင်နှင့်တစ်ကောင်ရစ်ပတ်လျှက် အထွေးလိုက်တည်ရှိနေကြသည်။
ခါးကုန်းကြီးက တစ်နေရာအရောက်တွင် ဆူးချုံပုတ်ကြီးတစ်ခုကို ညာဘက်လက်နှင့်ရိုက်ထည့်လိုက်ပြီး တစ်ခုခုကိုရွတ်ဖတ်လိုက်သည့်အခါ ချုံကြီးမှာနံဘေးသို့ တဖြည်းဖြည်းလိပ်သွားပြီးနောက် မြေပြန့်တစ်ခုကိုလှမ်းမြင်တွေ့လိုက်ရလေသည်။ ထိုမြေကွက်လပ်မှာ ပြန့်ပြူးနေပြီး ခလုပ်ကန်သင်းများမရှိပေ၊ မြေပြန့်ကွင်းပြင်အတွင်းတွင်တော့ စုန်းမီးလုံးကြီးများက စီတန်းကာတည်ရှိနေကြသည်။ စုန်းမီးလုံးကြီးများအတွင်းတွင် လူမျက်နှာများကိုမြင်တွေ့ရပြီး ဦးခေါင်းပြတ်ကြီးများအသွင်ဖြစ်နေသည်။
အချို့စုန်းမီးလုံးကြီးများမှာ သုံးယောက်တစ်စု လေးယောက်တစ်စု စုစည်းကာ စကားစမြည်ပြောဆိုနေကြလေသည်။ ခါးကုန်းကြီးက တောင်ဝှေးကိုမြှောက်တင်ပြီး
“ဧည့်သည်ရောက်ပြီဟေ့၊ ငါတို့ပွဲစကြမယ်”
ထိုအခါ ကောင်းကင်တွင်ပျံသန်းနေသော စုန်းမီးလုံးကြီးများမှာ အောက်သို့ပြန်ဆင်းလာပြီး ကွင်းပြင်အတွင်းစုဝေးကြလေသည်။ မြေကြီးနှင့်မထိဘဲ လူတစ်ရပ်စာနီးပါးအမြင့်တွင် ပျံသန်းနေကြသည်။
မကြာမီ အဖြူရောင်အလင်းတန်းကြီးတစ်ခုက ရွာအတွင်းမှ တိုးထွက်လာသည်။ အလင်းတန်းကြီးပျံသန်းလာသည့်လမ်းတစ်လျှောက်တွင် အလင်းရောင်များစွာ ကျန်နေရစ်လေသည်။ မသိလျှင် ကြယ်တံခွန်တစ်ခုနှင့်ပင် တူညီလှသည်။ အလင်းတန်းကြီးမှာ ထွန်ပြန်ကုန်းမြေပြင်အလယ်တွင် ထွန်းလင်းနေပြီးနောက် အလင်းတန်းကြီးအတွင်းမှ ဆံပင်ဖြူဖြူနှင့်ဦးခေါင်းပြတ်ကြီးတစ်ခုက တဖြည်းဖြည်းနှင့်ဆင်းသက်လာလေသည်။
“ဘာဘာကြီးကို ကြိုဆိုပါတယ်”
စုန်းမီးလုံးကြီးများက ဝိုင်းဝန်းနှုတ်ဆက်လိုက်ကြသည်။ ဘာဘာကြီးဆိုသော်လည်း ယောက်ျားတစ်ယောက်မဟုတ်ဘဲ အဘွားကြီးတစ်ဦးသာဖြစ်သည်။ အဘွားကြီး၏ ဆံပင်များမှာ ကြာဆန်များကဲ့သို့ ငွေရောင်ဆွတ်ဆွတ်ဖြူနေကာ နားရွက်များမှာလည်း နားဋောင်းအလေးကြီးများဆွဲထားလေ့ရှိပုံရသဖြင့် ပုခုံးသို့ထောက်လုနီးပါးတွဲကျနေလေသည်။ နှာခေါင်းကြီးမှာလည်း ခပ်ချွန်ချွန်နှင့်ရှည်လျားပြီး နှာခေါင်းအလယ်တည့်တည့်တွင်တော့ ခပ်ရွယ်ရွယ်ဆီးသီးအရွယ်အစားခန့်ရှိသည့် အနီရောင်မှဲ့ကြီးတစ်လုံးက ထင်ရှားစွာတည်ရှိနေသည်။ အဘွားကြီး၏ မျက်လုံးများမှာတော့ ဖန်သီးရောင်အလား ဝင်းလက်တောက်ပနေတော့သည်။
“ဘာဘာကြီးဆိုလို့ ယောက်ျားကြီးမှတ်တာ၊ တကယ်တော့ မိန်းမကြီးဖြစ်နေတာကိုး”
မယ်ပျင်းက ပြောဆိုလိုက်သည့်အခါ
“ဟဲ့ စုန်းမ၊ ငါ့ကိုနင်ဘာမှ ပြန်ပြောစရာအကြောင်းမရှိဘူး၊ နင့်ကို ဒီကိုခေါ်လိုက်တာ မေးစရာရှိလို့ခေါ်လိုက်တာပဲ”
“မေးချင်လဲမေးပေါ့၊ ဒါပေမယ့် မြန်မြန်မေး ကျုပ်အချိန်သိပ်မရဘူး”
“အောင်မယ်၊ ညည်းကများ ကြီးကြီးကျယ်ကျယ်နဲ့ အေးပေါ့လေ၊ ညည်းလို မြေလျှောက်တဲ့စုန်းက လမ်းလျှောက်ပြန်ရမှာဆိုတော့ အချိန်ကုန်တာပေါ့အေ့”
ဘာဘာကြီးပြောလိုက်သည့်အခါ စုန်းမီးလုံးကြီးများအကုန်လုံးမှာ တဟီးဟီး တဟားဟားနှင့်ရယ်မောကြလေသည်။ မယ်ပျင်းလည်း ဒေါသထွက်သွားပြီး
“ခေါင်းဖြုတ်မှ ပျံနိုင်တဲ့ အောက်တန်းစားစုန်းတွေကများ ငါ့ကိုလာပြီးတော့ ယှဉ်နေကြသေးတယ်”
“အောင်မယ်၊ ဒီကောင်မက သိပ်ရိုင်းပါလား၊ နင့်ကိုငါမေးမယ် ငါတို့ နိဗ္ဗာန်ရွာကို တခြားအရပ်က စုန်းတွေလာရင် ဒီရွာရဲ့အကြီးအကဲဖြစ်တဲ့ ငါ့ကိုဦးချပြီး ကန်တော့ရတယ်ဆိုတာ မသိဘူးလားဟဲ့”
“မသိဘူး၊ စိတ်လည်းမဝင်စားဘူး”
မယ်ပျင်းက ခပ်ပြတ်ပြတ်သာဖြေလိုက်သည်။
“အရင်ကမသိပေမယ့် အခုသိသွားပြီမဟုတ်လား၊ ကဲ နင်ငါ့ကိုကန်တော့စမ်း”
“အောင်မာ ရာရာစစ ကျုပ်က ရှင့်လိုလူကို ကန်တော့ရမှာတဲ့လား၊ ကန်တော့ခြင်းကန်တော့ ရှင်တို့တစ်ရွာလုံးက ကျုပ်ကိုကန်တော့ရမှာ”
ဘာဘာကြီးမှာဒေါသထွက်သွားပြီး
“ဒီကောင်မတော့ ကောင်းကောင်းပြောလို့မရပါလား၊ မယ်သင်နဲ့ မယ်ယဉ်၊ ဒီကောင်မကို အကြောင်းသိအောင် နည်းနည်းပါးပါးနှိပ်စက်ပြလိုက်စမ်းဟေ့”
စုန်းမီးလုံးများအတွင်းမှ မီးလုံးကြီးနှစ်လုံးက တိုးထွက်လာကာ မယ်ပျင်း၏တစ်ဖက်တစ်ချက်တွင် ဝဲပျံနေကြသည်။
“နင့်လို မြေလျှောက်စုန်းကလေးကို ငါတို့နှိပ်စက်ရင် လွန်ရာများကျနေမလား”
“ဟုတ်တယ်၊ တော်ကြာ ငါတို့စုန်းကြီးတွေက နှိပ်စက်ပါတယ်ဆိုပြီး တိုင်နေတောနေအုံးမယ်”
“ဒီကောင်မက ဘာဘာကြီးပြောသမျှကို ကတ်ကတ်လန်ရန်တွေ့ပြီး လျှာရှည်တဲ့ကောင်မပဲ၊ အကြောင်းသိသွားအောင် ဒီကောင်မလျှာကိုဆွဲထုတ်ပြီး ချည်ထုံးပေးထည့်လိုက်မယ်”
ပြောရင်း မီးလုံးကြီးမှာ မယ်ပျင်းထံပြေးဝင်လာသည်။ မယ်ပျင်းက ဘယ်ဘက်သို့ပျံဝင်လာသည့် မီးလုံးကြီးအား လက်သီးနှင့်ထုချလိုက်သည့်အခါ မီးလုံးကြီးမှာ မြေပေါ်သို့ဘုတ်ခနဲပြုတ်ကျလေသည်။ မြေပေါ်ရောက်သည့်အခါ မီးအရောင်များကွယ်ပျောက်သွားပြီး ခေါင်းပြတ်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ မယ်ပျင်းက ထိုခေါင်းပြတ်ကြီးအား ခြေထောက်ဖြင့်ဖိနင်းထားလိုက်သည်။ တစ်ဖန် ညာဘက်မှပျံဝင်လာသည့် စုန်းမီးလုံးကြီးအား လက်ဝါးဖြင့်ရိုက်ထည့်လိုက်ပြီးနောက် စုန်းမီးလုံးကြီးအတွင်းရှိသည့် ဆံပင်အားလက်ဖြင့်ဆွဲဖမ်းထားလိုက်လေသည်။ ထို့နောက် ထိုစုန်းမီးလုံးကြီးအား စိုက်ကြည့်ကာ
“ညည်းက ငါ့လျှာကို ထုံးချင်တယ်တဲ့လား၊ ဟစမ်း၊ နင့်ပါးစပ်ကိုဟစမ်း”
မယ်ပျင်းပြောလိုက်သည့်အခါ လက်ထဲကိုင်ထားသည့် စုန်းမခေါင်းကြီးမှာ ပါးစပ်အလိုလိုဟလာခဲ့သည်။ မယ်ပျင်းက နောက်လက်တစ်ဖက်နှင့် စုန်းမပါးစပ်ထဲရှိလျှာအား လက်ဖြင့်ဖမ်းဆုပ်ကိုင်ကာ အားဖြင့်ဆွဲထုတ်လေသည်။
လျှာမှာ တဖြည်းဖြည်းရှည်ထွက်လာကာ တစ်တောင်ခန့်ဖြစ်လာလေသည်။ မယ်ပျင်းက လျှာအလယ်ခေါင်တည့်တည့်တွင် လျှာကိုတစ်ပတ်လျှိုကာ အထုံးပြုလုပ်လိုက်ပြီး ခေါင်းပြတ်ကိုလက်နှင့်ပုတ်ချလိုက်လေသည်။
ခြေထောက်ဖြင့်နင်းထားသည့် ခေါင်းပြတ်ကိုလည်း ဘောလုံးတစ်လုံးကဲ့သို့ ခပ်ကန်ထည့်လိုက်ရာ ခေါင်းပြတ်မှာ ဆူးချုံများအတွင်းသို့တိုးဝင်သွားပြီး ဆူးများနှင့်ငြိတွယ်ကာ အော်ဟစ်နေလေသည်။ ဘာဘာကြီးက ဒေါသချောင်းချောင်းထွက်နေသည့် မျက်လုံးများဖြင့် မယ်ပျင်းအားစိုက်ကြည့်သည်။ မယ်ပျင်းက မထေ့တထေ့ပြုံးရင်း
“ရှင့်လူနှစ်ယောက်ကလည်း ညံ့လိုက်တာရှင်”
“ဟဲ့ကောင်မ အဲဒါ ငါ့ရဲ့ဘယ်လက်ရုံးနဲ့ ညာလက်ရုံးဟဲ့”
“ဘယ်လက်ရုံးနဲ့ ညာလက်ရုံးတောင် ဒီလောက်ညံ့နေရင် ကျန်တဲ့လူတွေကတော့ လေနဲ့မှုတ်ထုတ်တာနဲ့တင် လွင့်ထွက်သွားကြမယ့်ပုံပဲ”
ထိုအခါ စုန်းမီးလုံးကြီးများမှာ လှုပ်လှုပ်ရှားရှားဖြစ်လာပြီး
“ဘာဘာကြီး၊ ဒီမိန်းကလေးက ကျုပ်တို့တစ်ရွာလုံးကို စော်ကားလွန်းနေပြီနော်၊ ဒီမိန်းကလေးကို ဆုံးမခွင့်ပေးပါ”
“ဟုတ်တယ် ဘာဘာကြီး၊ စုန်းရွာကိုလာပြီး လူတွင်ကျယ်လုပ်ချင်တဲ့ ဒီစုန်းမကို ကျုပ်တို့တစ်ရွာလုံးကပေါင်းပြီး မှတ်လောက်သားလောက်အောင် ဆုံးမမှရမယ်”
ဘာဘာကြီးက ခေါင်းညိတ်ပြီး
“အေးကွယ်၊ မင်းတို့သင့်သလိုသာလုပ်ကြတော့၊ ငါမင်းတို့ကိုခွင့်ပြုတယ်”
ထိုအခါ မယ်ပျင်းခေါင်းထဲ အတွေးတစ်ခုဝင်လာခဲ့သည်။ ထိုအတွေးမှာ အခြားမဟုတ်ပေ၊ ကိုလူအေးအကြောင်းပင်ဖြစ်သည်။
“ငါသူတို့နဲ့တိုက်ပွဲဖြစ်ရင် သူတို့အဆင့်လောက်ကို အသာကလေးနိုင်မှာ အမှန်ပဲ၊ ဒါပေမယ့် ငါနဲ့ပတ်သက်နေတဲ့ ကိုလူအေးတို့ မိသားစုကို သူတို့အငြိုးထားရင် ဘာပညာမှမတတ်တဲ့ ကိုလူအေးတို့ ဒုက္ခရောက်ကြလိမ့်မယ်”
“ဒါတင်မကသေးပဲ၊ ဒီမိန်းမကြီးက မယ်တော်ကိုတိုင်တန်းမယ်ဆိုရင် နဂိုကတည်းက ငါ့ကိုကြည့်မရတဲ့ မယ်တော်က ဒဏ်ခတ်တော့မှာပဲ၊ မဖြစ်ဘူး၊ ငါ့စိတ်ကိုလျှော့ရမယ်၊ ငါသူတို့ကိုသည်းခံမှဖြစ်မယ်”
ထိုစဉ်မှာပင် စုန်းမီးလုံးကြီးများက မယ်ပျင်းအား စက်လက်နက်အမျိုးစုံတို့ဖြင့်ပစ်ခတ်လေသည်။ မယ်ပျင်းမှာ စိတ်လျှော့လိုက်ပြီဖြစ်သဖြင့် မည်သို့မှ မကာကွယ်လေရာ စက်လက်နက်များက မယ်ပျင်းအားထိမှန်ပြီး မယ်ပျင်းတစ်ယောက် ဝုန်းခနဲပေါက်ကွဲပြီး လွင့်ထွက်သွားလေသည်။ စုန်းမီးလုံးများက မယ်ပျင်းအား မညှာမတာ ထပ်မံတိုက်ခိုက်ကြပြန်သည်။ မယ်ပျင်းမှာ စက်လက်နက်များဒဏ်ကြောင့် လူးလွန့်နေအောင်ခံစားရသည်။
စုန်းများက အငြိုးတကြီးဖြင့် အတန်ကြာအောင်ပစ်ခတ်ပြီးသည့်နောက်
“တော်တော့၊ ရပ်လိုက်ကြတော့၊ နင်တို့လုပ်တာနဲ့ ဟိုကောင်မလေး သေနေပါအုံးမယ်”
ဘာဘာကြီးက တားဆီးလိုက်သည့်အခါမှ စုန်းများမှာရပ်တန့်လိုက်လေသည်။ မယ်ပျင်းတစ်ကိုယ်လုံးတွင် ဝတ်ဆင်ထားသည့် အဝတ်အစားများမှာ စုတ်ပြတ်သတ်နေကာ မီးခိုးငွေ့များမှာ တအူအူနှင့်တက်နေလေသည်။ ခြေလက်မျက်နှာများတွင်လည်း အပွန်းအစင်းများနှင့် ဗရပွဖြစ်နေကာ သွေးစိမ်းရှင်ရှင်ထွက်နေလေသည်။ ဘာဘာကြီးက အနားသို့တိုးကပ်လာပြီး
“မင်း မှတ်ပြီလား ကောင်မလေး”
“မှတ်ပါပြီ”
“တို့ရွာမှာ မင်းထက်ပညာအရာသာတဲ့ စုန်းတွေအများကြီးရှိတယ်၊ ဒီတော့ မင်းဒီရွာမှာလာပြီး မောက်မာလို့မရဘူး”
မယ်ပျင်းမှာ လဲကျလျှက်
“ဟုတ်ကဲ့ပါ ဘာဘာကြီး၊ ကျုပ်မှားပါပြီ”
“ကဲ ငါနင့်ကိုမေးမယ် နင့်နာမည်ဘယ်လိုခေါ်သလဲ”
“ကျုပ်နာမည်က ဖြူဖွေးပါ”
“နင် ငါတို့ရွာကို ဘာလာလုပ်တာလဲ”
“ဟို . . ဟို ဒီအရပ်ဒီဒေသမှာ အခြေချချင်လို့လာတာပါ”
“မဖြစ်နိုင်ဘူးအေ့၊ သာမန်လူတွေဆိုရင် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်၊ တို့ရွာရဲ့စည်းကမ်းအရ တခြားကလာတဲ့စုန်းတစ်ယောက်က ဒီရွာက လူတစ်ယောက်ယောက်နဲ့ အိမ်ထောင်ရက်သားကျတာ မဟုတ်ရင် ဒီရွာမှာ တစ်သက်လုံးနေခွင့်မရှိဘူး”
“ဒါဖြင့် အချိန်ခဏပဲနေခွင့်ရမှာပေါ့နော်”
“သုံးလပဲအချိန်ရမယ် ကောင်မလေး၊ အဲဒါ မင်းနေနိုင်တဲ့အချိန်ပဲ၊ သုံးလပြည့်လို့မှ မင်းထွက်မသွားဘူးဆိုရင်တော့ ငါတို့မင်းကို မောင်းထုတ်ရလိမ့်မယ်”
မယ်ပျင်းမှာ ထိတ်လန့်သွားမိသည်။ သုံးလဆိုသည့်အချိန်မှာ အချိန်ခဏကလေးသာဖြစ်သည်။ သုံးလပြည့်၍ နှင်ထုတ်ခံရသည့်အခါ မည်သည့်နေရာကို သွားရမည်မှန်း မယ်ပျင်းမသိပေ၊ တစ်ဖက်မှလည်း ဦးရွှေရိုးတို့မိသားစုနှင့် မိသားစုသံယောဇဉ်ကို ဖြတ်တောက်ပစ်ရမှာ စိုးရိမ်နေမိသည်။
“မင်းဒီရွာမှာ အေးအေးဆေးဆေးနေပါ၊ ပြဿနာရှာဖို့စိတ်မကူးပါနဲ့၊ ပြီးတော့ မင်းငါ့ကိုလိမ်ဖို့မကြိုးစားပါနဲ့၊ ငါလူတွေရဲ့အကြောင်းကိုသိတယ်၊ လူတွေရဲ့စိတ်ကို ငါကဖတ်နိုင်တယ်”
ဘာဘာကြီးမှာ မယ်ပျင်းအား ခြိမ်းခြောက်ပြီးသည့်နောက် မိုးပေါ်သို့ပျံတက်သွားလေသည်။ အခြားစုန်းကဝေများမှာလည်း မိုးပေါ်သို့ပျံတက်သွားကြသည်။ ထို့နောက် ထွန်ပြန်ကုန်းတွင် မယ်ပျင်းတစ်ဦးတည်းသာကျန်နေခဲ့သည်။ မယ်ပျင်းမှာ လူးလဲထရန်ကြိုးစားလိုက်သည့်အခါ ခါးကုန်းကြီးက မယ်ပျင်းအား လက်ကမ်းကာဆွဲထူလိုက်လေသည်။
“မင်းဘာလို့ မခုခံလိုက်တာလဲ”
မယ်ပျင်းမှာ ဘာမှမဖြေပေ။
“မယ်သင်နဲ့မယ်ယဉ်ဟာ ဘာဘာကြီးရဲ့လက်ရုံးတွေပဲ၊ သူတို့ကို သာမန်စုန်းတစ်ယောက်က လွယ်လွယ်နဲ့တိုက်ခိုက်လို့ရမှာမဟုတ်ဘူး၊ မင်းလုပ်ပုံကိုင်ပုံတွေကိုကြည့်လိုက်တာနဲ့ မင်းက အဆင့်မြင့်တဲ့စုန်းတစ်ယောက်ဆိုတာကို ငါရိပ်စားမိတယ်”
“ရှင်အထင်မှားနေတာဖြစ်မှာပါ၊ ကျုပ်က ဘာပညာမှသိပ်မတတ်တဲ့ သာမန်စုန်းတစ်ယောက်ပါ”
ခါးကုန်းကြီးမှာ မယ်ပျင်းအား မျက်မှောင်ကြုတ်၍ ကြည့်ရင်း
“မင်းသူများကိုပဲလိမ်လို့ရမယ်၊ ငါ့ကိုတော့ လိမ်လို့မရဘူး၊ ငါတစ်ခုထူးဆန်းနေတာက မင်းကဘာဖြစ်လို့များ ဒီလူတွေကိုနိုင်ပါလျှက်နဲ့ အလျော့ပေး အရှုံးပေးလိုက်တာလဲဆိုတာပဲ”
မယ်ပျင်းက စိတ်အတွင်းမှ မှော်နန်းဒေဝီအား ဒဏ်ရာများကိုကုသခိုင်းလေသည်။ မှော်နန်းဒေဝီ၏ ကုသပေးမှုကြောင့် ဒဏ်ရာများမှာ အကောင်းပကတိအတိုင်းပြန်လည်ဖြစ်သွားတော့သည်။ ခါးကုန်းကြီးက ထိုအဖြစ်ကိုအံ့သြစွာကြည့်နေမိသည်။
“ဘာဖြစ်လို့အရှုံးပေးလိုက်တယ်ဆိုတာကို ရှင်သိပ်သိချင်နေတယ်မဟုတ်လား”
ခါးကုန်းကြီးက ခေါင်းညိတ်သည်။
“ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ရင့်ကျက်သွားလို့ပဲ၊ ရင့်ကျက်တယ်ဆိုတာ လူတစ်ဖက်သားအတွက် စာနာပေးတတ်တာ၊ လူတစ်ဖက်သားနေရာကနေ ဝင်ပြီးတွေးပေးတတ်တာတဲ့”
“မင်းပြောနေတာတွေကို ငါနားမလည်ဘူး”
မယ်ပျင်းမှာ ဘာမှမပြောတော့ဘဲ တစ်ချက်ပြုံးကာ ထိုနေရာမှလှည့်ထွက်လာခဲ့သည်။
“ငါ့နာမည် ဘိုထွားတဲ့၊ ဟောဒီထွန်ပြန်ကုန်းကို ငါပိုင်တယ်၊ ဒီသုံးလအတွင်း မင်းပျင်းနေတယ်ဆိုရင် ငါ့ဆီမကြာမကြာလာလည်ပေါ့ကွာ”
ခါးကုန်းကြီးက အနောက်မှအော်ဟစ်လျှက် ကျန်နေခဲ့တော့သည်။
မယ်ပျင်းမှာ အိမ်နောက်ဖေးတံခါးမှ အိမ်ပေါ်သို့အသာကလေးတက်ခဲ့သည့်အခါ အိမ်နောက်ခန်းတွင် ကိုလူအေးကိုတွေ့လိုက်ရသဖြင့် လန့်သွားပြီး ရေရွတ်လိုက်မိသည်။ ကိုလူအေးက မယ်ပျင်းကိုကြည့်ပြီး
“ဖြူဖွေး၊ ညကြီးမိုးချုပ် ဘယ်တွေလျှောက်သွားနေတာလဲ”
“ဟို . . . ဒါနဲ့ ကိုလူအေးက ဒီမှာဘာထိုင်လုပ်နေတာလဲ၊ မအိပ်ဘူးလား”
“အခုကလေးတင် နိုးလာတာပါ၊ အပေါ့သွားချင်လို့ အိမ်နောက်ဖေးထွက်ခဲ့တော့ တံခါးပွင့်နေတာနဲ့ ထူးဆန်းလို့ဆိုပြီးကြည့်နေတာ”
“သွားမှာဖြင့်သွားလေ ကိုလူအေးရဲ့၊ ကျုပ်တောင် ခုနကမှ အိမ်သာသွားချင်တာနဲ့ ဆင်းသွားခဲ့တာ”
ကိုလူအေးက ခေါင်းညိတ်ရင်း
“အင်း အင်း၊ ဒါဆိုရင်လည်း ပြန်အိပ်တော့လေ၊ မိုးလင်းဖို့အဝေးကြီးလိုသေးတယ်”
မယ်ပျင်းမှာ အခန်းအတွင်းသို့ပြန်ဝင်ခဲ့ပြီး ကြီးဒေါ်ခွေနံဘေးတွင်ပြန်လှဲအိပ်ချလိုက်သည်။ ကိုလူအေးမှာ အိမ်နောက်ဖေးသို့ဆင်းသွားပြီး မကြာခင် ပြန်တက်လာလေသည်။ မယ်ပျင်းမှာ ဘာမှမစဉ်းစားတော့ဘဲ အိပ်ချလိုက်တော့သည်။
မနက်မိုးလင်းသည့်အခါ မယ်ပျင်းမှာ အိပ်ရာထနောက်ကျလေသည်။ မယ်ပျင်းနိုးသည့်အချိန်တွင် ကိုလူအေးတို့တူဝရီးနှစ်ယောက် ယာခင်းထဲသို့ဆင်းသွားကြပြီဖြစ်သည်။ မယ်ပျင်းမှာ တံမြက်စည်းကလေးတစ်ချောင်းယူကာ ခြံထဲဆင်းခဲ့သည်။ ခြံရှေ့တွင်ကြွေကျနေသည့် သစ်ရွက်ခြောက်များကိုလှဲကျင်းနေစဉ်တွင် မိန်းမနှစ်ယောက်က အနားရောက်လာကာ မယ်ပျင်းကို စိုက်ကြည့်နေလေသည်။
မိန်းမတစ်ဦး၏ မျက်နှာတွင် ကြောင်ခြစ်ခံထားရသကဲ့သို့ အခြစ်ရာအစင်းရာများဗရပွဖြစ်နေကာ ကျန်မိန်းမတစ်ဦးမှာတော့ ပါးဖောင်းဖောင်းနှင့်ဖြစ်နေသည်ကိုတွေ့ရသည်။ ထိုမိန်းမနှစ်ဦးမှာ မယ်ပျင်းအား အခဲမကျေသည့်မျက်လုံးများဖြင့် စူးစူးစိုက်စိုက်ကြည့်နေသည်ကိုတွေ့ရသည်။ မယ်ပျင်းမှာ ထိုမိန်းမနှစ်ဦးအားအကဲခတ်ရင်း ညက ကြုံတွေ့ခဲ့ရသည့် မယ်သင်နှင့် မယ်ယဉ်ဖြစ်မှန်းသိလိုက်သည်။
“နင်ကြပ်ကြပ်သတိထား၊ နင့်ကို ငါတို့အမြဲစောင့်ကြည့်နေတယ်ဆိုတာ နင်မမေ့နဲ့”
မိန်းမနှစ်ဦးမှာ ပြောဆိုပြီး ဒေါနှင့်မောနှင့်ထွက်ခွာသွားကြသည်။ မယ်ပျင်းမှာတော့ ထိုမိန်းမနှစ်ဦးအားကြည့် စိတ်ထဲမှကြိတ်၍ ရယ်လိုက်မိလေသည်။