စာစဉ် (၆၈)

(၁)

နိဗ္ဗာန်ရွာ အလယ်ခန့်တွင် အလွန်ကျယ်ဝန်းသည့် ခြံဝိုင်းကြီးတစ်ခုရှိသည်။ ထိုခြံဝိုင်းကြီးအတွင်းတွင် သစ်သားဖြင့်အခိုင်အမာဆောက်လုပ်ထားသည့် အိမ်ကလေးတစ်လုံးရှိကာ အိမ်ခေါင်းရင်းဘက်တွင်တော့ အလွန်ကြီးမားသည့် နှစ်ချို့မန်ကျည်းပင်ကြီးတစ်ပင်ရှိသည်။ ထိုအိမ်ကလေး၏ အရှေ့တွင် ခုံတန်းများကိုရိုက်လုပ်ထားကာ ထိုခုံတန်းများတွင် အလွန်များပြားလှသည့်လူများမှာ တန်းစီလျှက်ထိုင်နေကြလေသည်။

ခြံဝိုင်းကြီးအတွင်းတွင်လည်း ထိုလူများစီးနင်းလာကြသည့် နွားလှည်းများ၊ မြင်းလှည်းများနှင့် ပြည့်နှက်နေလေသည်။ မကြာမီ အိမ်ကြီးပေါ်မှ မိန်းမတစ်ယောက်က ဆင်းလာလေသည်။

“နောက်တစ်ယောက်လိုက်ခဲ့ပါ”

ခုံတန်းတွင်ထိုင်နေသည့် အမျိုးသမီးတစ်ဦးနှင့် သပ်ယပ်စွာဝတ်စားဆင်ယင်ထားသည့် အမျိုးသားတစ်ဦးမှာ မတ်တပ်ရပ်လိုက်ပြီးသည့်နောက် အိမ်ပေါ်သို့တက်သွားသည်။ အိမ်ဦးခန်းတွင် မည်သည့်အရာမှမရှိဘဲ စားပွဲခုံတစ်လုံးကို ကြမ်းပြင်တွင်ခင်းထားပြီး ထိုအရှေ့တွင် အနက်ရောင်ဖျာတစ်ချပ်ကိုခင်းထားလေသည်။

စားပွဲခုံပေါ်တွင် သစ်သားရုပ်တုများ၊ အုန်းပွဲငှက်ပျောပွဲများကိုတင်ထားပြီး စားပွဲတစ်ဖက်တွင်တော့ အဘွားအိုတစ်ဦးမှာ တောက်ပြောင်လှပသည့်အဝတ်အစားများကို ဝတ်ဆင်ကာ အခန့်သားထိုင်နေလေသည်။ ထိုအဘွားအိုမှာ ဘာဘာကြီးပင်ဖြစ်သည်။ မယ်သင်က ဘာဘာကြီးကို ဦးညွတ်လိုက်ပြီး

“ဘာဘာကြီး၊ ဒီတစ်ခါအလှည့်ကျတာကတော့ သူတို့ပါ”

ဘာဘာကြီးက လှေကားအတက်အဆင်းတွင်ရပ်နေသည့် အမျိုးသားနှင့်အမျိုးသမီးကိုပြုံးလျှက်ကြည့်လိုက်ပြီးသည့်နောက် သူ့အရှေ့တွင်ခင်းထားသည့် အနက်ရောင်ဖျာကိုလက်နှင့်ထိုးပြလိုက်ကာ

“ထိုင်ကြပါကွယ်၊ ထိုင်ကြပါ”

အမျိုးသားနှင့်အမျိုးသမီးမှာ ဖျာတွင်ထိုင်ချလိုက်သည်။ အမျိုးသမီးမှာ ဘာဘာကြီးအား ယုံကြည်ပုံရကာ ပြုံးပြလိုက်သော်လည်း အမျိုးသားဖြစ်သူမှာတော့ မယုံကြည်သည့်မျက်နှာထားဖြင့် ဘာဘာကြီးအား အကဲခတ်ကြည့်နေလေသည်။ ဘာဘာကြီးမှာ အမျိုးသားကိုကြည့်ကာတစ်ချက်ပြုံးလိုက်ပြီး အနီရောင်ပုဝါစတစ်ခုကို ဦးခေါင်းတွင်ပတ်ကာ ခေါင်းပေါင်းထိုးလိုက်သည့်နှယ် ပတ်ချည်လိုက်လေသည်။

“မောင်ကံထူးက ငါ့ကိုမယုံဘူးကိုကွဲ့”

ဘာဘာကြီးပြောလိုက်သည့်အခါ အမျိုးသားမှာ အနည်းငယ်အံ့သြသွားသည့်ဟန်ရှိသည်။ ထို့နောက် ခေါင်းညိတ်လိုက်ကာ

“ဟုတ်တယ်၊ ရှင်းရှင်းပြောရရင် ကျုပ်က ဗေဒင်တွေ အကြားအမြင်ဆိုတာတွေကို အယုံအကြည်မရှိဘူး၊ အခုလည်း ခင်ခေါ်လို့သာ လိုက်လာခဲ့ရတာ”

“ဘယ်အယုံအကြည်ရှိပါ့မလဲ မောင်ရင်ရဲ့၊ မောင်ရင်က ရန်ကုန်မှာ ဟိုက်စကူးပြီးထားပြီးတော့ အခု အင်္ဂလိပ်အစိုးရလက်အောက်မှာ မင်းမှုထမ်းအဖြစ်နဲ့အလုပ်ဝင်လုပ်နေတဲ့သူမဟုတ်လား”

ခင်ဆိုသည့်အမျိုးသမီးမှာ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

“မှန် . . .မှန်လိုက်တာ ဆရာမကြီးရယ်”

ဘာဘာကြီးက မောင်ကံထူးဆိုသည့်လူအားဆက်ကြည့်ရင်း

“ဒါပေမယ့် ငါက မင်းတို့အတွက် အကျိုးရှိတာတွေကို ဟောပေးမှာပါ၊ မင်းတို့လည်း နီးနီးနားနားက လာခဲ့ရတာမှမဟုတ်တာ၊ တို့ရွာကိုရောက်ဖို့ သုံးညလောက်တည်းပြီးမှလာရတာပဲကိုး”

ထိုတော့မှ မောင်ကံထူးမှာ အနည်းငယ်ယုံကြည်လာပုံရှိသည်။ ဘာဘာကြီးက မျက်စိစုံမှိတ်လိုက်ပြီးနောက် အာရုံခံသည့်ပုံစံပြုလုပ်လိုက်ပြီး

“ကဲ ငါ့တပည့်တွေ၊ ဒီလင်မယားရဲ့နေရပ်ဒေသကို သွားကြည့်ပြီးတော့ မင်းတို့မြင်တာ တစ်ခုမကျန်ပြန်ပြောကြစမ်း”

ဘာဘာကြီးပြောလိုက်သည့်အခါ သူမွေးထားသည့် စုန်းတစ္ဆေများမှာ မောင်ကံထူးတို့နေထိုင်သည့် နေအိမ်ခြံဝိုင်းဆီသို့ စိတ်ညွှတ်ကာရောက်ရှိသွားကြပြီး အိမ်တွင်ဖြစ်ပျက်နေသည်များကို လေ့လာကြည့်ရှုလေသည်။ ထို့နောက် အိမ်အနီးအပါးတွင် နေထိုင်သည့် ပရလောကသားများနှင့် အိမ်ခြံဝန်းအတွင်းရှိ ပရလောကသားများကို အိမ်နှင့်ပတ်သက်သည့်အကြောင်းများကို မေးမြန်းလေသည်။ ထိုသို့မေးမြန်းသည်မှာလည်း မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်ခန့်သာကြာလေသည်။ ပြီးသည့်နောက် ကြုံတွေ့သိမြင်လာရသည်များကို ဘာဘာကြီးအား ပြိုင်တူပြောပြကြလေသည်။

“မောင်မင်းတို့အိမ်မှာ အရှုပ်အထွေးတွေဖြစ်နေတယ်၊ လူမှုရေးအရှုပ်အထွေးတွေရော၊ ပြီးတော့ မောင်ကံထူးရဲ့ ရာထူးအလုပ်ကိစ္စရောဖြစ်နေတယ်”

“ဟုတ်ပါတယ်ဆရာမကြီးရယ်၊ အင်္ဂလိပ်အစိုးရက ကိုကံထူးကို ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ဘက်စေလွှတ်ဖို့လုပ်နေလို့ပါ၊ အဲဒီကိစ္စနဲ့ ခေါင်းကိုက်နေရလို့ ဆရာမကြီးဆီကိုအကူအညီတောင်းဖို့လာခဲ့တာပါ”

“ဟုတ်တယ်၊ ငါသိပြီးပြီ၊ ဒီအတွက်မပူနဲ့၊ မောင်ကံထူးကို အင်္ဂလိပ်အရာရှိတွေ မရွေးနိုင်အောင်လို့ ငါလုပ်ပေးပါ့မယ်”

ဘာဘာကြီးက တစ်ချက်ပြုံးလိုက်ပြီးသည့်နောက် မောင်ကံထူးဆီသို့လက်ကမ်းလိုက်လေသည်။

“မောင်ရင့်လက်ကို ခဏပေးကိုင်စမ်းပါကွယ်”

မောင်ကံထူးက ဘာဘာကြီးအား မျက်မှောင်ကြုတ်ပြီးကြည့်နေလေသည်။ ပြီးသည့်နောက်မှာ ဘာဘာကြီးအား ညာဘက်လက်ကိုထိုးပေးလိုက်သည်။ ဘာဘာကြီးက မောင်ကံထူး၏လက်ဖဝါးကို သူ့လက်ဖဝါးနှင့်အုပ်ကိုင်လိုက်ပြီး

“မင်းက သီရိဆိုတဲ့မိန်းကလေးတစ်ယောက်အတွက်နဲ့ ခေါင်းရှုပ်နေရတယ်မဟုတ်လား”

မောင်ကံထူးတစ်ယောက် ပါးစပ်မစေ့နိုင်အောင် အံ့သြသွားသည်။ ပြီးသည့်အခါ နံဘေးတွင်ထိုင်နေသည့် မိန်းမဖြစ်သူ ခင်အားတစ်ချက်လှည့်ကြည့်လိုက်သည်။ ခင်တစ်ယောက် ထိုစကားများကိုကြားသွားမလားဟူ၍လည်းစိုးရိမ်နေမိသည်။ ဘာဘာကြီးက ပြုံးရင်း

“မပူပါနဲ့ ဒီစကားတွေကို မင်းနဲ့ငါနဲ့နှစ်ယောက်တည်းပဲ ကြားနေရတာပါ”

ဘာဘာကြီးအသံအားကြားရသော်လည်း ဘာဘာကြီးမှာ ပါးစပ်မပွင့်ပဲစကားပြောနေခြင်းဖြစ်သည်။ မောင်ကံထူးမှာ ခေါင်းညိတ်လိုက်လေသည်။

“မင်းစိတ်ညစ်နေတာတွေကို ငါသိပါတယ်၊ မင်းက မင်းမိန်းမမသိအောင်လို့ အဲဒီမိန်းကလေးနဲ့ ဖောက်ပြားခဲ့ပေမယ့် အခုတော့ ဒီမိန်းကလေးက မင်းကအရာရှိတစ်ယောက်ဆိုတာကိုသိပြီး မင်းကိုအကြပ်ကိုင်နေပြီမဟုတ်လား၊ တစ်ဖက်ကလည်း မင်းမိန်းမမျက်နှာကရှိသေးတယ်၊ တကယ်တော့ မင်းဒီရာထူးကိုရတယ်ဆိုတာ မင်းယောက္ခမကြီးရဲ့အရှိန်အဝါမျက်နှာကြောင့်လည်း ပါသေးတယ်၊ ဒါကြောင့်မင်းက ကြံရာမရတဲ့အဆုံး စိတ်ညစ်ညစ်နဲ့ တစ်နေရာရာကိုထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပြီး အရာရှိတွေ လစ်လပ်နေတဲ့ ရခိုင်ဘက်ကိုသွားဖို့ ကိုယ်တိုင်စာတင်ခဲ့တာပဲမဟုတ်လား”

မောင်ကံထူးနဖူးတွင် ချွေးစေးများပြန်လာလေသည်။ မောင်ကံထူးမှာ ဘာမှမပြောရဲဘဲ ခေါင်းသာညိတ်ပြလိုက်သည်။ ခင်တစ်ယောက် မောင်ကံထူးနှင့် ဘာဘာကြီးတို့ကို နားမလည်သလိုနှင့် စိုက်ကြည့်နေလေသည်။

“ပြဿနာတွေရဲ့အစက သီရိဆိုတဲ့မိန်းကလေးပဲ၊ အဲဒီမိန်းကလေးသာ မရှိဘူးဆိုရင် မင်းအခုကြံနေရတဲ့ပြဿနာတွေအကုန်လုံး အေးအေးဆေးဆေးဖြစ်သွားနိုင်တယ်၊ ဒီတော့ အဲဒီမိန်းကလေးကို ငါရှင်းပေးမယ်”

မောင်ကံထူးမျက်လုံးများအရောင်လက်သွားပြီး ခေါင်းကိုဆတ်ခနဲညိတ်လိုက်လေသည်။

“ဒါပေမယ့် မင်းမိန်းမမသိအောင် လုပ်ပေးရမှာဆိုတော့ ကြေးတော့နည်းနည်းများမယ်ကွ”

“များချင်သလောက်များစမ်းပါ ဆရာမကြီးရယ်၊ ကျုပ်တတ်နိုင်ပါတယ်၊ အဆင်ပြေမယ်ဆိုရင် ကျုပ်ဆရာမကြီးကို ထိုက်ထိုက်တန်တန်ကန်တော့ပါ့မယ်”

မောင်ကံထူးမှာ စိတ်မထိန်းနိုင်ဖြစ်ပြီး ပါးစပ်မှဖွင့်ဟ၍ပင်ပြောမိသည်။ ထိုအခါ ဘာဘာကြီးကလည်း

“ကောင်းပြီ၊ မောင်မင်းတို့ ပူပန်နေရတဲ့အရာတွေအကုန်လုံး အားလုံးအေးချမ်းသွားပြီလို့သာမှတ်လိုက်ပေတော့”

ဘာဘာကြီးက ခင်၏လည်ပင်းကိုကြည့်လိုက်ရင်း

“နင့်ရဲ့လည်ပင်းက ဘယက်ကလေးက လှသားပဲအေ့”

ခင်မှာ လည်ပင်းတွင်ဝတ်ဆင်ထားသည့် ပတ္တမြားတပ်ထားသည့် ဒေါင်းဘယက်ကို လက်နှင့်စမ်းမိလိုက်လေသည်။ မောင်ကံထူးက ခင်အားလှည့်ကြည့်ရင်း

“ဆရာမကြီးက ဒီဒေါင်းဘယက်လိုချင်လို့ထင်ပါရဲ့ခင်၊ ဖြုတ်ပေးလိုက်စမ်းပါ”

ခင်မှာ မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွားပြီး

“ဒီဒေါင်းဘယက်က ခင့်ကိုမေမေအမွေပေးခဲ့တဲ့ ဒေါင်းဘယက်လေ အကိုရဲ့၊ ဒီဘယက်ကို ဘာဖြစ်လို့သူများကို လွယ်လွယ်ပေးရမှာလဲ”

“ပေးဆိုပေးလိုက်စမ်းပါခင်ရယ်၊ ဆရာမကြီးက အားလုံးအဆင်ပြေအောင်လုပ်ပေးမယ်လို့ ပြောတယ်မဟုတ်လား”

“ဒီလောက်လေးနဲ့ပေးစရာလားအကိုရဲ့”

မောင်ကံထူးမှာ မျက်နှာထားတင်းတင်းဖြင့်

“ဒါဆို မတည်မငြိမ်ဖြစ်နေတဲ့ရခိုင်နယ်စပ်ကို မောင်သွားရမယ်ပေါ့၊ မောင့်အသက်ထက် ဒီဘယက်က အရေးကြီးတယ်ပေါ့ ဟုတ်လားခင်”

ခင်တစ်ယောက်ဝေခွဲမရဖြစ်နေလေသည်။ ထို့နောက် လည်ပင်းရှိဒေါင်းဘယက်အား ဖြုတ်ယူလိုက်ပြီး လက်အတွင်းထည့်ကာ နောက်ဆုံးအကြိမ်အဖြစ်တစ်ချက်ပွတ်သပ်ကြည့်နေသေးသည်။ မောင်ကံထူးက ခင်၏လက်ထဲမှ ဒေါင်းဘယက်ကိုဆွဲယူလိုက်ကာ ဘာဘာကြီးလက်ထဲသို့ထိုးထည့်ပေးလိုက်သည်။

“အားလုံးအဆင်ပြေသွားမှာပါနော် ဆရာမကြီး”

“စိတ်သာချ၊ အဆင်မပြေဘူးဆိုရင် သေနတ်ယူလာပြီး င့ါကိုပစ်သတ်သွားစမ်းအေ၊ ဒီနယ်မှာ ငါကနာမည်တစ်လုံးနဲ့နေတယ်ဆိုတာ မင်းတို့သိတယ်မဟုတ်လား”

“သိပါတယ်ဆရာမကြီး၊ အားကိုးပါတယ်”

“ကောင်းပြီ၊ မင်းတို့ပြန်ကြတော့ မင်းတို့အိမ်ပြန်ရောက်တဲ့အချိန် ပြဿနာတွေအားလုံးရှင်းသွားလိမ့်မယ်”

မောင်ကံထူးမှာ မုန့်ရသည့် ကလေးလေးတစ်ယောက်လိုပျော်ရွှင်သွားသော်လည်း ခင်တစ်ယောက်ကတော့ ဘာဘာကြီးလက်ထဲတွင်ကိုင်ထားသည့် ဒေါင်းဘယက်အားကြည့်ရင်း နှမြောနေမိသည်။ မောင်ကံထူးက မတ်တပ်ထရပ်လိုက်ကာ ဘာဘာကြီးအားနှုတ်ဆက်ပြီး အိမ်ပေါ်မှဆင်းသွားလေတော့သည်။

မယ်သင်မှာ အနားသို့တိုးကပ်လာပြီးနောက်

“နောက်တစ်ယောက်ခေါ်လာရမလား ဘာဘာကြီး”

“နေအုံး၊ ငါလုပ်စရာရှိသေးတယ်”

ဘာဘာကြီးမှာ ထန်းလက်တစ်ခုပေါ်တွင် ကညစ်ဖြင့် အမည်တစ်ခုကိုရေးလိုက်သည်။ ထို့နောက် အုန်းမှုတ်ခွက်တစ်ခုအတွင်းမှ ပျစ်ချွဲစေးကပ်နေသည့် အနက်ရောင်အရည်များကို လက်နှင့်လှမ်းယူလိုက်ကာ ထန်းရွက်ပေါ်တွင် ပွတ်သပ်လိုက်လေသည်။ ထိုအခါ ဘာဘာကြီးရေးထားသည့် စာလုံးများမှာ အနက်ရောင်စာလုံးများအဖြစ်ထင်ရှားစွာ ပေါ်ပေါက်လာလေသည်။ ရေးသားထားသည့်စာလုံးများမှာ သီရိ၊ သေသေရှင်ရှင်ဟု ရေးသားထားသည့် စမအက္ခရာများဖြစ်သည်။

ထိုထန်းရွက်ကလေးကိုယူခဲ့ကာ အိမ်ခန်းအတွင်းသို့ဝင်ခဲ့သည်။ အိမ်ခန်းထဲတွင်တော့ အရွယ်အစားစုံလင်လှသည့် အရုပ်ပေါင်းများစွာရှိသည်။ ထိုအရုပ်များအတွင်းမှ လူတစ်ဦးအရွယ်ခန့်ရှိသည့် အရုပ်ကြီးတစ်ရုပ်အရှေ့တွင်ရပ်လိုက်သည်။ စင်စစ်အားဖြင့် ထိုအရုပ်မှာ အရုပ်တစ်ခုမဟုတ်ဘဲ သေဆုံးပြီးသည့် လူအလောင်းကောင် အခြောက်ကြီးဖြစ်သည်။ ထိုအလောင်းကောင်ကြီး၏ ပါးစပ်အတွင်းသို့ ဘာဘာကြီးက ထန်းရွက်လေးကိုထည့်လိုက်သည့်အခါ အလောင်းကောင်ကြီးမှာ မျက်လုံးပွင့်လာပြီး ပြူးတူးပြဲတဲနှင့်ကြည့်နေလေသည်။

ဘာဘာကြီးက ထိုအလောင်းကောင်ကြီး၏ နားရွက်အနားသို့ နှုတ်ခမ်းကိုတိုးကပ်လိုက်ပြီး

“သီရိဆိုတဲ့မိန်းကလေးကို သတ်လို့ရရင်သတ်၊ သတ်လို့မရရင် အသက်ရှင်လျှက်နဲ့ သေသွားသလိုဖြစ်အောင်လုပ်ခဲ့”

ဘာဘာကြီးပြောဆိုလိုက်ပြီးသည့်နောက် အလောင်းကောင်ကြီးမှာ မျက်လုံးများပြန်ပိတ်သွားလေတော့သည်။

ညနက်လာပြီဖြစ်သည်။ သီရိဆိုသည့်မိန်းကလေးမှာ သူနေထိုင်သည့် တဲအိမ်ကလေးအတွင်းတွင် အိပ်စက်နေလေသည်။ ထိုအခိုက် တဲအိမ်ကလေးမှာ သိမ့်ခနဲတစ်ချက်တုန်ခါသွားပြီးနောက် တဲအိမ်အတွင်းခြေသံများကိုကြားရလေသည်။ သီရိမှာ သတိကောင်းသူပီပီ ခေါင်းအုံးအောက်ရှိ ဓါးမြှောင်တစ်ချောင်းကိုဆွဲယူလိုက်လေသည်။ ပြီးသည့်နောက် ခြင်ထောင်အတွင်းမှထွက်ကာ မီးခွက်ကိုထွန်းညှိလိုက်သည်။

“ဘယ်သူလဲ၊ အကိုကြီးလား”

သီရိက တဲအခန်းအတွင်းမှ ထွက်လိုက်သည့်အခါ တဲအပြင်ဘက်အိမ်ရှေ့ခန်းတွင် လဲကျနေသည့် အကိုဖြစ်သူအားမြင်တွေ့လိုက်ရသည်။ ထိုအခိုက် ဆီမီးအလင်းရောင်ဖြင့် နံရံပေါ်တွင်ပြေးလွှားနေကြသည့် အရိပ်နက်ကြီးများကိုမြင်တွေ့လိုက်ရပြန်သည်။ တစ်ချိန်တည်းမှာပင် နံရံပေါ်မှအရိပ်နက်ကြီးတစ်ခုက သီရိထံသို့ပြေးဝင်လာကာ လေစိမ်းတစ်ချက်တိုက်လိုက်သကဲ့သို့ စိမ့်ခနဲအေးစက်သွားသည်။ ထို့နောက် သီရိမှာ ဆီမီးခွက်ကို ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်ကာ လက်ထဲတွင်ကိုင်ထားသည့် ဓါးမြှောင်ကို လက်နှစ်ဖက်နှင့်သေချာစွာဆုပ်ကိုင်လိုက်သည်။ ထို့နောက် အသံနက်ကြီးဖြင့် တစ်ချက်ရယ်မောလိုက်ပြီး ဓါးမြှောင်အား ရင်ဝသို့ အားကုန်ထိုးစိုက်ချလိုက်လေသည်။ လေးငါးချက်ခန့် စိတ်ကြိုက်ထိုးနှက်ပြီးသည့်အခါ သီရိမှာ ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ်လဲကျသွားသည်။ ဆီမီးမှာ ကြမ်းပြင်ပေါ်တွင်ခင်းထားသည့် ဖျာအားလောင်ကျွမ်းကာ မီးတောက်မီးလျှံများက တဲအတွင်းထွက်ပေါ်လာလေသည်။

ဘာဘာကြီးမှာ နိဗ္ဗာန်ရွာအတွင်းအလွန်ထင်ရှားသည့် အကြားအမြင်ဟောသူတစ်ဦးဖြစ်သည်။ အခြားကျေးရွှာများမှသာမက တစ်နယ်တစ်ကျေးမှပင် လာရောက်ကာ မေးမြန်းကြသဖြင့် မနက်ပိုင်းတွင် အမြဲလိုလိုဧည့်သည်များနှင့် ပြည့်နှက်နေလေသည်။ ဘာဘာကြီးမှာ နေ့လည်နေကျသွားသည့်အခါမျိုးတွင် ဟောပြောခြင်းကိုရပ်နားလိုက်လေ့ရှိသည်။

အမှန်စင်စစ်အားဖြင့် ဘာဘာကြီးမှာ အကြားအမြင်ဟောစားနေသော်လည်း သူ့လက်အောက်ငယ်သား စုန်းများနှင့် စုန်းအတတ်ပညာများကိုအသုံးချပြီး ဟောစားနေခြင်းဖြစ်သည်။ အိမ်တွင်လက်အောက်ခံအစေအပါး စုန်းတစ္ဆေများကိုမွေးမြူပြီး ထိုစုန်းများနှင့် လာရောက်မေးမြန်းသူများအား စုံစမ်းကာပြောဆိုခြင်းဖြစ်သည်။

(၂)

နေ့လည်နေ့ခင်း အားလပ်သည့်အချိန်မို့ မယ်ပျင်းမှာ ရွာထဲသို့ထွက်ခဲ့လေသည်။ ရွာထဲမှ ပညာသည်များက မယ်ပျင်းအား ဘုကြည့်ကြည့်ကြလေသည်။ နိဗ္ဗာန်ရွာမှာ စုန်းအလွန်ပေါများသည့်ရွာကြီးတစ်ခုဖြစ်သည်။

အိုးလုပ်ငန်းလုပ်ကိုင်သည့် အိမ်များမှာ ဝန်းခြံကြီးများကျယ်ဝန်းပြီး အိမ်ရှေ့မျက်နှာစာတွင် အိုးများကိုစုပုံထားလေသည်။ အိုးကုန်သည်များက အိုးခြံများထံမှ အိုးများကို လှည်းဖြင့်လာရောက်တိုက်ကြသည်။ မယ်ပျင်းက ဘာရယ်မဟုတ်ဘဲ အိုးများကိုတစ်ချက်ကြည့်လိုက်မိသည်။

“အိမ်ကဆားထည့်တဲ့အိုးကလေးက အဖုံးပဲ့နေပါလား၊ ကြုံတုန်း အိုးကလေးတစ်လုံးလောက်ယူသွားမှ”

မယ်ပျင်းမှာ အိုးဆိုင်ဆီသိုချဉ်းကပ်လာခဲ့သည်။ ခြံဝန်းအတွင်းသို့ ဝင်ရောက်လိုက်သည့်အခါ အိုးကုန်သည်နှစ်ဦးက ဆိုင်ထဲတွင်ထိုင်နေကာ ရေနွေးကြမ်းသောက်နေကြသည်။ အလုပ်သမားလေးများက နွားလှည်းများပေါ်သို့ အိုးများကိုစီထပ်ကာ တင်ဆောင်နေကြလေသည်။

“နိဗ္ဗာန်ရွာက အိုးကတော့ သိပ်ကောင်းတာပဲဗျာ၊ ကျုပ်ဖြင့် တခြားရွာကအိုးတွေတောင် မယူတော့ဘဲ ဒီကပဲယူရောင်းနေရတာ”

“တခြားအိုးတွေက နိဗ္ဗာန်ရွာက ဖုတ်တဲ့အိုးတွေလောက် အကြမ်းမှမခံတာကိုးကွ၊ အိုးအလုံးတစ်ရာသယ်ရင် တစ်လုံးနှစ်လုံးကတော့ ကွဲတတ် ပဲ့တတ်တယ်၊ ဒါပေမယ့် ဒီရွာကလုပ်တဲ့အိုးတွေကတော့ အိုးချင်းရိုက်ရင်တောင်မှ တချွင်ချွင်နဲ့ ဒေါင်ဒေါင်မြည်ပဲဗျာ”

“ဟုတ်တယ်ဗျ၊ ကျုပ်ဆိုမယုံလို့ တခြားအိုးနဲ့ နိဗ္ဗာန်ရွာက အိုးကိုယှဉ်ရိုက်တာ တခြားအိုးချည်းကွဲတာပဲ”

မယ်ပျင်းမှာ ထိုလူကြီးများစကားပြောနေသည်ကို နားထောင်ရင်း ဆားအိုးများကိုရွှေးချယ်နေမိသည်။ ထိုစဉ် အိုးတင်ဆောင်နေသည့် လူငယ်ကလေးတစ်ဦးမှာ လက်ချော်သွားကာ သောက်ရေအိုးတစ်လုံးမှာ လက်အတွင်းမှလွတ်ကျသွားလေသည်။ လှည်းပေါ်မှကျသွားသည့် သောက်ရေအိုးမှာ မြေကြီးအမာနှင့်ထိတွေ့သည့်တိုင် ဒေါင်ခနဲအသံမြည်ကာ အက်ရာမထင်၊ တစ်စွန်းတစ်စမျှပင် မပဲ့ပေ။

အိုးကျကွဲသည်ကို မယ်ပျင်းက အမှတ်တမဲ့လှမ်းကြည့်လိုက်သည့်အခါ အိုးမှာ အစိမ်းရောင်အလင်းတစ်ခုဝင်းလက်သွားသည်ကိုတွေ့ရသည်။ မယ်ပျင်းမှာ အံ့သြသွားပြီး

“သြော်၊ လတ်စသတ်တော့ သူတို့က အိုးတွေကို ပညာနဲ့လုပ်ထားတာကိုး”

မယ်ပျင်းမှာ ဆားအိုးကလေးတစ်ခုကိုကောက်ကိုင်လိုက်ပြီး အိုးဖင်ကိုလက်နှင့်ပွတ်ကြည့်သည့်အခါ စုန်းအတတ်ပညာစက်တစ်ခု ထည့်သွင်းထားသည်ကိုတွေ့ရသည်။

“ဟုတ်ပြီ၊ ဒီစက်က အိုးတွေကိုသိပ်ပြီးမကွဲစေတတ်တဲ့ စက်လက်နက်ပဲဖြစ်မယ်”

မယ်ပျင်းက ရေရွတ်လိုက်ပြီးသည့်အခါ အိုးရောင်းသည့် အိုးသည်မလေးတစ်ဦးက ဆိုင်နောက်မှထွက်လာခဲ့သည်။

“ဆားအိုးလေးက ဘယ်လောက်လဲ”

“တစ်အိုးကို တစ်မတ်”

“အလို ဈေးကြီးလိုက်တာ၊ တခြားဆီမှာဝယ်ရင် နှစ်ပဲလောက်ပဲကျမှာကို”

“မဝယ်နိုင်ရင်မဝယ်နဲ့လေ”

မယ်ပျင်းမှာ ဒေါသထွက်မိသွားသည်။ သို့နှင့် လက်ကိုအနောက်ပစ်လိုက်ပြီး သတ္တုနှင့် မြေရိုင်းကိုအစိုးရသည့် ဂေါလနတ်မင်းအား စိတ်ညွှတ်လိုက်လေသည်။

“ငွေပြားတစ်ပြားဖြစ်စမ်း”

မယ်ပျင်းကပြောဆိုလိုက်ရင်း လက်ညှိုးနှင့် လက်မအားပွတ်လိုက်လေရာ မကြာခင်လက်အတွင်း တစ်မတ်စေ့ကလေးတစ်စေ့အဖြစ် ပြောင်းလဲသွားလေသည်။ မယ်ပျင်းက ထိုအကြွေစေ့ကလေးအားပေးလိုက်ပြီး အိုးကိုဝယ်ယူလာခဲ့သည်။

“ပညာနဲ့လုပ်ထားတဲ့အိုးတွေမို့ ဈေးကြီးတာကိုး”

ဟုလည်း ရေရွတ်လာခဲ့သည်။ မယ်ပျင်းက လမ်းလျှောက်လာရင်း ဟိုဟိုဒီဒီလိုက်ကြည့်ရာ ပညာသည်များ၏ အတတ်ပညာများကိုတွေ့ရသည်။ ရွှေပန်းထိမ်လုပ်ငန်း လုပ်ကိုင်သူများမှာလည်း ၎င်းတို့၏ ရွှေထည်များကို အတတ်ပညာများဖြင့်စီမံထားသဖြင့် ရွှေကိုမြင်လိုက်သည်နှင့် မဝယ်ချင်ဘဲ မနေနိုင်အောင် ဆွဲဆောင်နိုင်လွန်းလေသည်။

ယုတ်စွအဆုံး လမ်းဘေးမုန့်သည်ပင်လျှင် ထိုမုန့်အား စားပြီးရင်းစားချင်စေသည့် တမ်းတမ်းစွဲဖြစ်စေသော ပညာစက်တစ်ခုကိုထည့်သွင်းပြုလုပ်ထားသဖြင့် မုန့်ရောင်းအားကောင်းလှပေသည်။ မယ်ပျင်းက လမ်းလျှောက်လာရင်း ခြံဝန်းကျယ်ကြီးတစ်ခုအရှေ့သို့အဖြတ်တွင် ခြံဝန်းထဲသို့အမှတ်မထင်လှမ်းကြည့်လိုက်ရာ မန်ကျည်းပင်အောက်တွင် မတ်တပ်ရပ်နေသည့် ဘာဘာကြီးကိုမြင်တွေ့လိုက်ရသည်။

မယ်ပျင်းမှာ ဆက်သွားရန်ပြင်ဆင်သော်လည်း ဘာဘာကြီးက ပြုံးပြနှုတ်ဆက်သဖြင့် မကောင်းတတ်၍ ပြန်လည်ပြုံးပြလိုက်ရသည်။

“ညည်းနာမည် ဖြူဖွေးမဟုတ်လား၊ လာစမ်းပါအုံးအေ၊ ညည်းနဲ့စကားလေးဘာလေးပြောရအောင်ပေါ့”

မယ်ပျင်းမှာ ခြံဝန်းအတွင်းသို့ဝင်လာခဲ့လိုက်သည်။

“နေကောင်းရဲ့လား ဘာဘာကြီး”

“နေကောင်းလားမေးရအောင် ငါ့ရုပ်က လူမမာရုပ်ပေါက်နေလို့လားဟဲ့”

မယ်ပျင်းမှာ ဘာဆက်ပြောရမှန်းမသိအောင်ဖြစ်သွားသည်။ ဘာဘာကြီးက ရယ်မောလိုက်ရင်း

“လန့်သွားတယ်မဟုတ်လား၊ ကဲလာ အိမ်ပေါ်ကိုတက်ကြစို့”

ဘာဘာကြီးက အိမ်ပေါ်တက်သွားရန်ပြင်သဖြင့် မယ်ပျင်းက အနောက်မှတက်လိုက်လာခဲ့လေသည်။ မယ်ပျင်း အိမ်ပေါ်မတက်ခင်တွင် မန်ကျည်းပင်ပေါ်သို့ တစ်ချက်လှမ်းကြည့်လိုက်သည့်အခါ မြောက်များလှစွာသော နာနာဘာဝများက မန်ကျည်းပင်ပေါ်တွင် ထိုင်နေကြလေသည်။ ထိုနာနာဘာဝများ၏ အဆင့်အတန်းကိုခွဲခြားကြည့်လိုက်ရာ တန်ခိုးအစွမ်း ပေါ့သေးသေးမဟုတ်သည့် နာနာဘာဝများဖြစ်ကြသည်။

မယ်ပျင်း အိမ်ပေါ်တက်လုဆဲဆဲတွင် နံဘေးသို့ စုန်းတစ္ဆေများက ရောက်လာကြပြန်သည်။ စုန်းတစ္ဆေများမှာ ဆံပင်စုတ်ဖွားနှင့် အနက်ရောင်ခန္ဓာကိုယ်ရှိပြီး လက်ခြေများမပါဝင်ဘဲ ခေါင်းကြီးနှင့် အနက်ရောင်အဝတ်စကြီးတစ်ခုလွင့်မြောနေသည်နှင့်ပင်တူညီသည်။ စုန်းတစ္ဆေများတွင် လက်များအစား အပ်ချည်ကြိုးများနှင့်တူညီသည့် အမွှေးအမျှင်များရှိကာ ထိုအမွှေးအမျှင်များကို မယ်ပျင်းထံသို့ပစ်လွှတ်လိုက်ကြသည်။

မယ်ပျင်းကိုယ်လုံးနှင့် ထိသည့်အခါ စုန်းတစ္ဆေများမှာ ဓါတ်လိုက်သကဲ့သို့ တုန်လှုပ်သွားကြပြီး လေပေါ်တွင်ပျံဝဲကာကျန်နေခဲ့သည်။ စုန်းတစ္ဆေများမှာ မယ်ပျင်းထံမှ အတွေးအမြင်များ၊ အကြံအစည်များကိုသိနိုင်ရန်အတွက် ကြိုးစားကြခြင်းဖြစ်မှန်း မယ်ပျင်းကသိလိုက်သည်။

အိမ်ပေါ်ရောက်သည့်အခါ ဘာဘာကြီးမှာ စားပွဲခုံအနောက်တွင်ထိုင်လိုက်ပြီး မယ်ပျင်းအား အနက်ရောင်ဖျာပေါ်တွင် ထိုင်ခိုင်းစေသည်။ မယ်ပျင်းက အနက်ရောင်ဖျာအား ပညာစက်ရှိမရှိစစ်ဆေးကြည့်လိုက်သည့်အခါ အနက်ရောင်ဖျာမှ အမွှေးအမျှင်များထောင်ထနေသည်ကို မြင်တွေ့လိုက်ရပြန်သည်။

ထိုဖျာတွင်ထိုင်လိုက်သည့်အခါ ထိုင်လိုက်သူ၏ အတွင်းစိတ်အကြံအစည်များကို ထိုအမျှင်များမှတဆင့်ဆက်သွယ်၍ ဘာဘာကြီးမှာ အလိုလိုသိရှိနိုင်သည်ဖြစ်မှန်း မယ်ပျင်းက ရိပ်မိလိုက်သည်။

“ထိုင်လေ ကောင်မလေးရဲ့”

မယ်ပျင်းမှာ ထိုဖျာပေါ်တွင်ပင် ထိုင်ချလိုက်လေသည်။ အမွှေးအမျှင်များက မယ်ပျင်းကိုယ်ခန္ဓာအား မျှော့များ၊ ကျွတ်များကဲ့သို့ တွယ်ကပ်လာသည်ကိုခံစားလိုက်ရသည်။ မယ်ပျင်းမှာ ကဝေကြီးများထံမှ သင်ယူထားသည့် စိတ်ပိတ်သည့်အတတ်ပညာဖြင့် မိမိ၏အတွင်းစိတ်အား မလေ့လာနိုင်စေရန်ပိတ်ထားလိုက်လေသည်။ ဘာဘာကြီးက မယ်ပျင်းအား မျက်မှောင်ကြုတ်ကာကြည့်နေရင်း

“မင်းကို ငါဗေဒင်ကြည့်ပေးမယ်၊ မင်းစိတ်ဝင်စားတယ်မဟုတ်လား”

မယ်ပျင်းမှာ ဘာမှမပြောဘဲ ငြိမ်နေလိုက်သည်။

“မိန်းကလေးမှန်ရင် ဗေဒင်စိတ်ဝင်စားရမှာပေါ့အေ၊ မှန်းစမ်း ညည်းလက်ကိုအရှေ့တိုးပေးစမ်း”

ဘာဘာကြီးပြောလိုက်သည့်အခါ မယ်ပျင်းလည်း ငြင်းမနေတော့ဘဲ လက်ကိုအရှေ့သို့တိုးပေးလိုက်သည်။ မယ်ပျင်းလက်ဖဝါးကို ဘာဘာကြီးက သူ၏လက်ဖဝါးနှင့်ထပ်ကြည့်လိုက်ရင်း မျက်လုံးမှိတ်ကာ အာရုံခံနေလိုက်လေသည်။

သို့သော် ဘာဘာကြီးမှာ မယ်ပျင်းစိတ်အတွင်းမှ အတွေးအကြံအစည်များကို ခြေရာခံမရဘဲဖြစ်နေသဖြင့် ထူးဆန်းနေလေသည်။ ထိုအချိန်မှာပင် မယ်ပျင်းက ဘာဘာကြီး၏ အတွင်းစိတ်အား ဖထီးဆီမှသင်ထားသည့် စိတ်ထိုးဖောက်သည့်ပညာနှင့်ထိုးဖောက်လိုက်လေသည်။ ဘာဘာကြီးမှာလည်း မိမိ၏အတွင်းစိတ်တံခါးပေါက်အား ဖွင့်လှစ်ကာ မယ်ပျင်း၏ စိတ်အားဖတ်ရှုရန်ကြိုးစားနေသည့်အချိန်ဖြစ်သည်မို့ မယ်ပျင်းမှာ သိပ်ခက်ခက်ခဲခဲမကြိုးစားလိုက်ရပဲ ဘာဘာကြီး၏ အတွင်းစိတ်ဆီသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့လေသည်။

“နင်ကများ ဝိဇ္ဖာဖြစ်ချင်သတဲ့လားမိမိုး”

မယ်ပျင်းနားထဲတွင် အသံများကိုသာ အရင်ကြားလိုက်ရသည်။ ထိုအသံကိုလည်း ရင်းရင်းနှီးနှီးသိနေလေသည်။

“နင့်အဆင့်နဲ့ ဝိဇ္ဖာဖြစ်နိုင်မယ်ထင်လို့လားဟဲ့”

မကြာခင် ပတ်ဝန်းကျင်မှ ပုံရိပ်များမှာ တဖြည်းဖြည်းနှင့်ရုပ်လုံးပေါ်လာလေသည်။ မယ်ပျင်းရောက်နေသည့်နေရာမှာ နန်းဆောင်ကြီးတစ်ခုအတွင်းဖြစ်နေသည်။ သူ့အရှေ့တွင် မိန်းမတစ်ဦးကငုတ်တုတ်ထိုင်နေလျှက် ကျန်သည့်မိန်းမတစ်ဦးမှာတော့ မယ်ပျင်းအားကျောပေးလျှက် မတ်တပ်ရပ်ထားသည်ကိုတွေ့ရသည်။

ငုတ်တုတ်ထိုင်နေသည့် မိန်းကလေးမှာ ခေါင်းညိတ်လိုက်ပြီး

“ကျုပ် ကဝေအဖြစ်နဲ့ ရပ်တန့်မနေချင်တော့ဘူး၊ ကျုပ် ဝိဇ္ဖာဖြစ်ချင်တယ်၊ အောက်ဝိဇ္ဇာဖြစ်ပြီး အသက်တွေနှစ်ပေါင်းထောင်ချီသောင်းချီပြီးတော့ နေသွားချင်တယ်”

“ညည်းပြောတာလည်း လွယ်လိုက်တာအေ”

“ဝိဇ္ဇာဖြစ်ဖို့က မလွယ်မှန်းသိပါတယ်၊ ဒါကြောင့် ကျုပ်ရှင့်ဆီက အကူအညီတွေလိုချင်တာပါ”

“မင်းငါ့ကိုကူညီပေးရင် မင်းကိုငါက ပြန်ပြီးကူညီပေးပါ့မယ်”

ထိုသို့ပြောပြီးသည့်အခါ မတ်တပ်ရပ်နေသည့် မိန်းမအနောက်သို့ ပေစာထုပ်တစ်ထုပ်ပြုတ်ကျလာလေသည်။ ထိုင်နေသည့် မိန်းမက ထိုပေစာထုပ်အားကောက်ယူလိုက်ပြီး ပေစာထုပ်အဖုံးကို ဖတ်ကြည့်လိုက်လေသည်။ ထို့နောက် အလွန်ဝမ်းသာသည့်မျက်လုံးများဖြင့် ပြုံးလျှက်

“ကျေးဇူးတင်ပါတယ်၊ ရှင့် ကျေးဇူးကို ကျုပ်မမေ့ပါဘူး”

ထို့နောက် အရာအားလုံးမှာ မှောင်ကျသွားပြန်သည်။ မယ်ပျင်း၏ နားထဲတွင် အော်ဟစ်သံများ ငိုယိုသံများကိုကြားနေရသည်။ အသံမှာ မိန်းကလေးတစ်ယောက်၏ အသံဖြစ်သည်။

“နင် ငါ့ကိုလိမ်တယ်၊ နင်ငါ့ကို လှည့်စားတယ်”

“ဟား၊ ဟား၊ ဟား လိမ်တဲ့လူနဲ့ ယုံတဲ့သူ၊ ဘယ်သူ့မှာအပြစ်ရှိတယ်လို့ထင်သလဲ”

“နင် . . . နင်တော်တော်ယုတ်မာတဲ့မိန်းမပဲ”

“ယုတ်မာတယ် ဟုတ်လား၊ အေးလေ၊ ဒီစကားက အရှုံးသမားတွေက တစ်ဖက်သတ်စွပ်စွဲတဲ့စကားတစ်ခုပဲ”

နားထဲတွင် မိန်းမနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် အချေအတင်ပြောဆိုနေကြသည့် အသံများကိုကြားနေရသည်။ တစ်ခါ ပင်လယ်ရေလှိုင်းနှင့်တူသည့် အသံများထပ်ကြားရပြန်သည်။ ကျောက်ဆောင်ကျောက်ကမ်းပါးများကို ရေလှိုင်းများက ရိုက်ပုတ်သည့်အသံများဖြစ်သည်။

“မင်း ဝိဇ္ဇာဖြစ်ဖို့ဆိုရင် အရင်ဆုံး လူတစ်ထောင်က လိုလိုလားလားနဲ့ပေးအပ်ထားတဲ့ ရတနာပစ္စည်းတွေလိုအပ်တယ်၊ ရတနာဆိုပေမယ့် ကျောက်သံပတ္တမြားတော့မဟုတ်ဘူး၊ ငါကျွမ်းကျင်ပိုင်နိုင်တဲ့ သတ္တုတွေကို ရှာဖွေပေးရမယ်”

အောင်မြင်ခန့်ညားသည့် ယောက်ျားကြီးတစ်ယောက်၏ အသံကိုကြားလိုက်ရသည်။ ထို့နောက် တစ်စုံတစ်ဦးက ဆောင့်တွန်းလိုက်သကဲ့သို့ခံစားလိုက်ရပြီး မယ်ပျင်းမှာ အနောက်သို့လန်ကာလဲကျသွားလေသည်။ အပြင်လောကတွင်လည်း မယ်ပျင်းမှာ အနက်ရောင်ဖျာပေါ်မှ အနောက်သို့လန်ကာလဲကျသွားသည်။ မယ်ပျင်းက မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ချွေးများစီးကျနေသည့် ဘာဘာကြီးကိုတွေ့လိုက်ရသည်။ မယ်ပျင်းက ဘာဘာကြီးအားကြည့်ရင်း

“ရှင့်နာမည် ဘာဘာကြီးမဟုတ်ဘူး၊ ရှင့်နာမည် မိမိုးပဲ”

ဘာဘာကြီးကလည်း အလွန်ထိတ်လန့်သည့်မျက်နှာထားနှင့်

“နင့် နာမည်က မယ်ပျင်းပဲ”

တစ်ဦး၏စိတ်အတွင်းသို့ တစ်ဦးရောက်ရှိသွားကာ လှို့ဝှက်ထားသည့် အကြောင်းအရာများကို မြင်တွေ့လိုက်ရသည်မို့ မယ်ပျင်းရော ဘာဘာကြီးပါ နှစ်ယောက်သား အလွန်မောပန်းနေကြလေသည်။ အသက်ကို ခပ်ပြင်းပြင်းရှူနေရင်း နှစ်ယောက်သား အတန်ကြာသည်အထိ အမောဖြေနေမိသည်။

“နင်ငါတို့ရွာကိုလာတာ ဘာရည်ရွယ်ချက်နဲ့လဲ မယ်ပျင်း”

“ရှင်ကရော ဘာဖြစ်လို့ လူတွေဆီက သတ္တုတွေကို စုဆောင်းနေတာလဲ”

ဘာဘာကြီးစကားအရ မယ်ပျင်း၏ အကြောင်းအရာအပြည့်အစုံကို ဘာဘာကြီးမသိလောက်ပေ၊ ထိုနည်းတူ မယ်ပျင်းမှာလည်း ဘာဘာကြီး၏ အတိတ်အကြောင်းအရာများကို အချို့အဝက်သာ သိခဲ့လေသည်။

“နင်နဲ့ငါနဲ့ အပေးအယူတစ်ခုလုပ်မယ် မယ်ပျင်း”

“ဘာအပေးအယူလဲ”

“နင်သိထားတာတွေကို ဘယ်သူ့ကိုမှ နင်မပြောဘူးဆိုရင် ငါလည်း ငါသိထားတဲ့ နင့်အကြောင်းတွေကို ဘယ်သူ့ကိုမှမပြောဘူး”

မယ်ပျင်းမှာ ထိုအကြံကိုသဘောတူလိုက်သည်။

“ကောင်းပြီလေ၊ ရှင်သာနှုတ်လုံပါစေ”

“ငါက အမြဲနှုှုတ်လုံပြီးသားပါ”

“ဒါနဲ့ ခုနက မိန်းမက ဘယ်သူလဲ၊ သူ့အသံကို ရင်းရင်းနှီးနှီးသိနေတယ်”

“ဒီကိစ္စက မင်းနဲ့မဆိုင်ပါဘူး၊ မင်းဘာမှ မသိချင်စမ်းပါနဲ့”

“ကျုပ် ခန့်မှန်းမိထားတဲ့လူတစ်ယောက်တော့ရှိတယ်”

မယ်ပျင်းပြောလိုက်သည့်အခါ ဘာဘာကြီးမှာ မျက်လုံးပြူးသွားသည်။ မယ်ပျင်းက ဘာဘာကြီးမျက်နှာကိုစေ့စေ့ကြည့်ပြီး

“ခုနက ရှင့်အာရုံထဲမှာ မြင်ခဲ့ရတဲ့လူဟာ မယ်တော်ယမင်းမဟုတ်လား”

ဘာဘာကြီးမျက်နှာမှာ သွေးဆုတ်သွားသကဲ့သို့ ဖြူကျသွားသည်။

“မယ်တော်ယမင်းရဲ့အသံကို ကျုပ်ကောင်းကောင်းမှတ်မိတယ်၊ ဒီအသံဟာ သူ့အသံမှ သူ့အသံစစ်စစ်ပဲ၊ ဒီတော့ ရှင်နဲ့ မယ်တော်ယမင်းကြားထဲမှာ ရန်ငြိုးတစ်ခုခုရှိခဲ့ပုံရတယ်”

ဘာဘာကြီးက ထိုတော့မှ မျက်နှာကိုပြန်တည်လိုက်ပြီး

“မင်းနဲ့ မယ်တော်ယမင်းနဲ့ကြားထဲက ရန်ငြိုးတွေလိုပေါ့ မယ်ပျင်းရယ်”

ထိုသို့အစချီကာ သူ့ဘဝအကြောင်းအရာများကို ပြောပြလေသည်။

(၃)

မိမိုးမှာ အညာသူတစ်ဦးမဟုတ်ဘဲ မုတ္တမအရပ်မှ လာရောက်သည့် မွန်လူမျိုးတစ်ဦးဖြစ်သည်။ အောက်ပြည်အောက်ရာမှ ငါးပိ၊ ငါးခြောက်များကို ယူဆောင်ကာ အထက်အညာအရပ်သို့ ရောင်းဝယ်ဖောက်ကားပြီး အထက်အညာမှထွက်သည့် ဆီများကို ပြန်လည်သယ်ဆောင်ကာ ဧရာဝတီမြစ်အတိုင်း အထက်အောက်စုန်ဆန်လျှက် သွားလာရောင်းချနေသူဖြစ်သည်။ မိမိုးမှာ ငယ်စဉ်ကတည်းက စုန်းပညာအချို့ကိုတတ်မြောက်ထားသည်။

အင်းဝခေတ်သို့ရောက်သည့်အခါ အင်းဝနှင့်ဟံသာဝတီတိုင်းနိုင်ငံများ စစ်မက်ဖြစ်ပွားသည့်အတွက် အထက်အောက်သွားလာခွင့်ကို အထူးကြပ်မတ်ပိတ်ပင်လိုက်သည့်အခါ မိမိုးမှာ အထက်ဘက်တွင်ကုန်လာရောင်းနေခိုက်ဖြစ်သဖြင့် အထက်အညာတွင်ပိတ်မိသွားလေသည်။ ထိုအချိန်တွင် ကဝေတစ်ဦးနှင့် အိမ်ထောင်ရက်သားကျပြီး ကဝေကြီးထံမှ ပညာအတော်များများကိုရရှိခဲ့လေသည်။

ထိုကဝေကြီးမှာ အရှေ့မယ်တော်ကို ခစားရသည့်အတွက် မိမိုးမှာလည်း အရှေ့မယ်တော်၏ အပါးတော်မြဲအဖြစ်ခစားရင်း တစ်ဆင့်တစ်ဆင့်နှင့် အရှေ့မယ်တော်က ယုံကြည်ကိုးစားရသည့်လူတစ်ဦးဖြစ်လာခဲ့သည်။ သို့သော် မယ်ယမင်းက အရှေ့မယ်တော်အား လုပ်ကြံသတ်ဖြတ်လိုက်ပြီးသည့်နောက် အရှေ့မယ်တော်အသစ်အဖြစ် ပြောင်းလဲသွားသည့်အခါ မိမိုးမှာ ထုံးစံအတိုင်း အရှေ့မယ်တော်အား ဆက်လက်ခစားရလေတော့သည်။

မိမိုးမှာ ယခင်မယ်တော်အား ခစားခဲ့သည့်အတိုင်း မယ်ယမင်းအား အနီးကပ်ခစားကာ အကြံပေးရလေသည်။ မယ်တော်နေထိုင်သည့် နန်းဆောင်ကြီးတစ်ခုလုံးကိုလည်း စီမံအုပ်ချုပ်ရလေသည်။ အသစ်တက်လာသည့် မယ်ယမင်းမှာ မိမိုးနန်းဆောင်အတွင်း လွှမ်းမိုးနေသည်ကို မနှစ်မြို့ပေ။ မိမိုးနှင့် ကျန်သည့်ကဝေများမှာ ယခင်မယ်တော်နှင့် အလွန်ရင်းနှီးခဲ့သူများဖြစ်သည့်အလျှောက် အခွင့်ကောင်းယူကာ တစ်ချိန်ကျလျှင် မိမိအားဒုက္ခပေးလိမ့်မည်ဟု မယ်ယမင်းက တွက်ဆထားသောကြောင့်ဖြစ်သည်။

“လဆန်းသုံးရက်နေ့နဲ့ ကြာသပတေးနေ့နဲ့ ကြုံကြိုက်တဲ့အခါတိုင်း စားတော်ပွဲပြင်ဆင်ပြီးတော့ လက်အောက်ငယ်သားတွေနဲ့အတူတူ စားတော်ခေါ်ရပါတယ်မယ်တော်၊ ပြီးတော့ လက်အောက်ငယ်သားတွေကိုလည်း အတတ်ပညာတွေ မျှဝေချီးမြှင့်ရပါတယ်၊ ဒါဟာ ထုံးစံပါ”

မိမိုးပြောသည့်အခါ မယ်တော်က မျက်မှောင်ကြုတ်လိုက်ပြီး

“ထုံးစံတွေဘာတွေ ငါနားမလည်ဘူး၊ ငါဒီလိုပွဲကိုမလုပ်ဘူး၊ ပြီးတော့ ကြာသပတေးနေ့ကို ငါမုန်းတယ်”

“မယ်တော်ဘုရား၊ မယ်တော်အဆက်ဆက်ကျင်းပလာခဲ့တဲ့ ဒီပွဲကို မယ်တော်လက်ထက်မှ မကျင်းပရင် မသင့်မြတ်ပါဘူး ဘုရား”

“အောင်မာ၊ မိမိုး ညည်းကငါ့ကိုခြိမ်းချောက်နေတာလားဟေ့၊ မသင့်မြတ်ဘူးလို့ ပြောရအောင် ငါကမလုပ်ဘူးဆိုရင် ညည်းတို့က ငါ့ကိုဘာလုပ်ချင်သေးလို့လဲ”

“ဒီလိုသဘောနဲ့ ပြောတာမဟုတ်ပါဘူး မယ်တော်”

“အပိုတွေမပြောနဲ့၊ နင်တို့လူတစ်သိုက်က အရင်မယ်တော်ရဲ့ ကျေးကျွန်တွေ၊ အရင်မယ်တော်နဲ့ ရင်းနှီးခဲ့တဲ့လူတွေမဟုတ်လား၊ ဒီတော့ ငါအခုလိုမယ်တော်ဖြစ်လာတာကိုလည်း နင်တို့မကျေနပ်လို့ တေးမှတ်ထားမှာပဲ”

မိမိုးမှာ ခေါင်းသာညိတ်နေလေသည်။

“ဒီမှာ မိမိုး နင်တို့အဆင့်လောက်နဲ့ ငါ့ကိုဒုက္ခပေးချင်တယ်ဆိုရင် တစ်ယောက်ချင်းယှဉ်ဝံ့ရင် ယှဉ်စမ်းဟဲ့”

မိမိုးမှာ ထိုနောက်ပိုင်းတွင် မယ်တော်နှင့်ခပ်ခွာခွာနေလာခဲ့သည်။ မယ်တော်ယမင်းက မိမိအားအမြင်မကြည်လင်သည်ကို သိရှိလာခဲ့ပြီးနောက် တစ်ရက်တွင် မယ်တော်ယမင်းထံတွင် ခွင့်တောင်းလိုက်လေသည်။

“မယ်တော့်ကို ဆက်ပြီးမခစားနိုင်တော့တာကို ခွင့်လွှတ်ပါ”

“မင်းဘယ်သွားမလို့လဲ မိမိုး”

“ကျုပ် သာမန်ကဝေတစ်ယောက်ဘဝနဲ့ ရောင့်ရဲပြီးမနေနိုင်ပါဘူး၊ ဒါကြောင့် ကျုပ်က အောက်ဝိဇ္ဇာဖြစ်အောင် ကျင့်ကြံမလို့ပါ”

မယ်တော်ယမင်းမှာ ရယ်မောလိုက်ရင်း

“နင်ပြောတာ လွယ်လိုက်တာ၊ အောက်ဝိဇ္ဇာဖြစ်တယ်ဆိုတာ လွယ်တယ်ထင်လို့လားဟဲ့”

“မလွယ်မှန်းသိပေမယ့် ကြိုးတော့ ကြိုးစားရမှာပဲမဟုတ်လား မယ်တော်”

“ဒါဖြင့် နင်ဘယ်လိုစတင်မယ်စိတ်ကူးသလဲ မိမိုး”

“လောလောဆယ်တော့ မသိသေးပါဘူး၊ ဒါပေမယ့် အောက်ဝိဇ္ဇာဖြစ်စေနိုင်တဲ့နည်းလမ်းတွေကို လိုက်ပြီးစုံစမ်းရမှာပါပဲ”

“ဒီလောက် ပညာရပ်တွေ များပြားနေတဲ့အချိန်မှာ အခုမှလိုက်ပြီးစုံစမ်းမယ်ဆိုတာ ကောက်ရိုးပုံထဲအပ်ပျောက်ရှာတာထက်တောင် ပိုပြီးခက်မယ် မိမိုးရဲ့”

မယ်တော်မှာ ပြောဆိုပြီးသည့်နောက် တစ်ဖက်သို့လှည့်လိုက်သည်။

“နင်က အရင်မယ်တော်တွေကို ကူညီခဲ့ပြီး ငါ့ကိုလည်း အခုထိကူညီပေးခဲ့တယ်ဆိုတော့ နင့်ကိုလည်း ငါပြန်ပြီးကူညီပါ့မယ် မိမိုးရဲ့”

ထိုစဉ် ပေစာထုပ်တစ်ထုပ်ပြုတ်ကျလာလေသည်။ မိမိုးက ကောက်ယူပြီးဖတ်ကြည့်လိုက်သည့်အခါ

“အလို၊ မရွှေတောင်ပြုစုတဲ့ ဝိဇ္ဇာဓရ ကဝေကျမ်းဆိုပါလား”

“အဲဒါ အရင်မယ်တော်စုဆောင်းထားတဲ့ ကျမ်းတွေထဲကတွေ့တာ၊ ဒီကျမ်းက ညည်းရဲ့ ဝိဇ္ဇာဓရလမ်းစဉ်မှာ အထောက်အကူပေးနိုင်မှာပါ”

မိမိုးမှာ ပျော်ရွှင်သွားပြီး

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်မယ်တော်”

မိမိုးပေထုပ်ပိုက်ပြီးထွက်သွားသည့်အခါ မယ်တော်ယမင်းမှာ ခပ်ယဲ့ယဲ့ကလေးပြုံးလိုက်လေသည်။ မယ်ပျင်းမှာ ဘာဘာကြီးပြောသည်များကိုနားထောင်ရင်း

“ဒါဆို ဒီကျမ်းကြီးက အတုကြီးလား”

“အတုကြီးဆိုတာထက် ပုံစံမမှန်တဲ့ ကျမ်းတစ်ခုပေါ့ ဒီကျမ်းအတိုင်း ငါလေ့ကျင့်လိုက်တဲ့အခါ နဂိုရှိပြီးသား စွမ်းအင်တွေထက် စွမ်းအင်တွေတိုးလာခဲ့တယ်ဆိုပေမယ့် လမ်းမှားကြီးကိုလိုက်မိတော့ အခုထိ ဝိဇ္ဇာမဖြစ်ဘဲ ကိုးလို့ကန့်လန့်ကြီးဖြစ်နေတယ်ဆိုပါတော့”

“ဒါနဲ့ ရေတွေနားက လူကြီးကရော”

“အဲဒါက ငါ့ကိုဝိဇ္ဇာအဖြစ်ကူးပြောင်းနိုင်ဖို့ ဆောင်ရွက်ပေးနေတဲ့ လူကြီးပါ၊ သူစုဆောင်းခိုင်းတာတွေကို ငါအခုကြိုးစားပမ်းစားနဲ့စုဆောင်းလာခဲ့တာ နှစ်တွေကြာလှပေါ့”

“ဒါပေမယ့် ဘာဘာကြီးက မယ်တော်ယမင်းကို ရန်ငြိုးဖွဲ့ထားတယ်မဟုတ်လား”

ဘာဘာကြီးက တစ်ချက်ပြုံးလိုက်ပြီး

“ငါ ဝိဇ္ဇာလမ်းစဉ်လိုက်နေပေမယ့် ဒင်းကိုတော့ တစ်ချီတစ်မောင်းစိန်ခေါ်လိုက်ချင်သေးတယ်”

“ဘာဘာကြီးလည်း အစွမ်းတွေရှိနေတာပဲ၊ သူ့ကိုစိန်ခေါ်ပေါ့”

“မလွယ်ဘူးမယ်ပျင်း၊ မယ်တော်ကို စိန်ခေါ်ဖို့က အခုအချိန်မှာ ပိုလို့တောင်မလွယ်ဘူး”

“ဘာဖြစ်လို့လဲ”

“တစ်အချက်၊ သူက စုန်းအသင်းဖွဲ့ပြီးတော့ သူ့အနားမှာ စုန်းတွေကာကွယ်ခိုင်းထားတယ်၊ စုန်းအသင်းဆိုတာ မယ်တော်ရဲ့ခါးပိုက်ဆောင်ထဲက လူတွေပဲ၊ မယ်တော်နဲ့မယှဉ်ပြိုင်ခင် သူတို့နဲ့ရင်ဆိုင်တွေ့ရနိုင်တယ်”

“ဒါတော့ဒါပေါ့”

“နှစ်အချက် မယ်တော်ကိုယှဉ်နိုင်ဖို့ဆိုတာ နတ်လက်နက်တစ်ခုလိုအပ်တယ်၊ အစွမ်းရှိတဲ့လက်နက်တစ်မျိုးပေါ့၊ ဒါတွေမရှိဘဲ မယ်တော်ကိုသွားယှဉ်ပြိုင်လို့မရနိုင်ဘူး”

“ဒါဖြင့် ဘာဘာကြီးကျုပ်ကိုကူညီနိုင်မလား”

“မင်းက မယ်တော်ကိုဘာလုပ်မလို့လဲ”

“သူ့ရဲ့အရိုးတွေအသားတွေအကုန် အမှုန့်ဖြစ်သွားအောင်လို့ အမှုန့်ချေချင်တာ”

ဘာဘာကြီးက ရယ်မောလိုက်ရင်း ခေါင်းတဆတ်ဆတ်ညိတ်လေသည်။

“ကောင်းတာပေါ့၊ ငါက ဝိဇ္ဇာလမ်းစဉ်လိုက်နေလို့ သူ့ကိုမယှဉ်နိုင်ပေမယ့် မင်းအခုပေါ်လာတာ ငါ့အတွက်အားရှိသွားပြီ၊ မပူနဲ့ ငါကမင်းကို မယ်တော်ကိုစိန်ခေါ်အနိုင်ယူနိုင်မယ့် နည်းလမ်းတွေပြောပြမယ်၊ မင်းက အဲဒီနည်းလမ်းတွေအတိုင်း လိုက်လံကျင့်ကြံပြီးတော့ မယ်တော်ကို ငါ့အတွက်ပါ အနိုင်ယူပြီး ခပ်ပြင်းပြင်းကလေးသာ လက်တုံ့ပြန်လိုက်စမ်းဟေ့”

ဘာဘာကြီးနှင့် မယ်ပျင်းတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြိုင်တူပြုံးလိုက်ကြလေသည်။