စုန်းမကြီးဒေါ်ပျင်းနှင့် မယ်ပျင်းရဲ့ချဉ်ခြင်း
စာစဉ်(၇၂)
(၁)
အချိန်က တစ်လပြီးတစ်လကုန်ဆုံးလာခဲ့သည်။ မယ်ပျင်းကိုယ်ဝန်မှာ ငါးလကျော်လာခဲ့ချေပြီ၊ ရွှေအိုးရထားသည့်ငွေဖြင့် ကိုလူအေးတို့မှာ အိမ်ကိုပြန်ပြင်ဆောက်ကြသည်။ ယခုနေထိုင်သည့်အိမ်ကလေးမှာ အခန်းတစ်ခန်းသာပါပြီး ရေရှည်နေထိုင်ရန်မသင့်သည်မို့ အခန်းသုံးခန်းပါသည့် အိမ်တစ်လုံးကိုတည်ဆောက်ကြသည်။
အိမ်သစ်တက်မင်္ဂလာပွဲတွင် ကိုလူအေးတို့မှာ ရပ်ရွာလူကြီးများနှင့် အနီးပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများကို အကျွေးအမွေးများဖြင့်ဧည့်ခံလေသည်။ ညဘက်ရောက်သည့်အခါ ထွန်ပြန်ကုန်းတွင် စုန်းများကို မယ်ပျင်းက ရွာစာချ၍ ဧည့်ခံလေသည်။
စကောကြီးများအတွင်း မုန့်ဆီကြော်များ၊ ကောက်ညှင်းထမင်းများနှင့် ငါးကြော်၊ ငှက်ပျောသီး စသည့် စားသောက်ဖွယ်ရာများကိုထည့်ကာ ပြင်ဆင်ထားလေသည်။ သန်းခေါင်ရောက်သည်နှင့် မီးလုံးကြီးများပျံဝဲလာပြီး ထွန်ပြန်ကုန်းအနီးတွင်ပျံဝဲကာ ဆင်းသက်လာကြသည်။ ဘာဘာကြီးက မယ်ပျင်းဗိုက်အားကြည့်ပြီး
“ငါဝမ်းသာပါတယ် ဖြူဖွေးရယ်၊ ဒါနဲ့ ညည်းဗိုက်ထဲက ကလေးလေးက ယောက်ျားလေးအေ့”
“အောင်မယ် ဘာဘာကြီးက ဘယ်လိုသိတာများလဲ”
“ငါလည်း ငါ့နည်းငါ့ဟန်နဲ့ သိတာပေါ့အေ၊ ဒါနဲ့ နင့်သားက လူမဟုတ်ဘူးအေ့”
ဘာဘာကြီးပြောလိုက်သဖြင့် မယ်ပျင်းမှာထိတ်လန့်သွားမိသည်။
“လူ . . . လူမဟုတ်ဘူးဆိုတော့ ဘီလူးလား၊ ဒါမှမဟုတ် လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းလား”
“ဘယ်ကဟုတ်ရမှာလဲ မယ်ပျင်းရာ၊ လူမဟုတ်ဘူးဆိုတာ ဘုန်းကြီးကိုပြောတာဟဲ့၊ နင့်သားက ဘုန်းကြီးသေလို့ဝင်စားတဲ့ကလေးပဲ”
“ဘုန်းကြီးဝင်စားတယ်ဟုတ်သလား”
မယ်ပျင်းမှာ အတိတ်ကဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကိုပြန်တွေးနေမိသည်။ ဖိုးမောင်နှင့် မယ်ပျင်းတို့မှာ သရဲအလွန်ခြောက်သည်ဆိုသည့် ဘုန်းကြီးကျောင်းအိုကျောင်းပျက်ကြီးပေါ်တွင် တစ်ညတာအတူဖြတ်သန်းခဲ့ဖူးလေသည်။ ထိုကျောင်းအိုကြီးတွင် ဘုန်းကြီးဘသက်ကြီးတစ်ကောင်နေထိုင်ကျက်စားသည့်နေရာဖြစ်သည်။ မယ်ပျင်းပင်လျှင် ထိုသဘက်ကြီးအား ခြောက်လှန့်မောင်းထုတ်ခဲ့ဖူးလေသည်။ ဘုန်းကြီးသဘက်မှာ မယ်ပျင်းမောင်းထုတ်သည့်အခါ ခပ်လွယ်လွယ်နှင့် ထွက်ပြေးသွားခဲ့ဖူးသည်ကို သတိရမိသွားလေသည်။
“မဟုတ်မှလွှဲရော ဒီကလေးက အဲဒီဘုန်းကြီးသဘက်ကြီးများ ဝင်စားခဲ့တာလား”
မယ်ပျင်းမှာ ခပ်တိုးတိုးကလေးရေရွတ်လိုက်မိသည်။
“ဘုန်းကြီးတောင်မှ ရိုးရိုးဘုန်းကြီးမဟုတ်ဘူးတော်၊ တရားတွေတော်တော်အားထုတ်ခဲ့ဖူးတဲ့သူပဲ၊ ဒါပေမယ့် တရားထူးရအံ့ဆဲဆဲမှာ အနှောင့်အယှက်တွေ့ပြီး ပျံလွန်တော်မူသွားတာအေ့၊ သူ့မှာလည်းအစွဲအလန်းတစ်ခုတော့ရှိတယ်၊ ဘာပဲဖြစ်ဖြစ် ဒီဘုန်းကြီးလူပြန်ဝင်စားတာက ကောင်းတယ်ပဲပြောရမယ်”
“ကောင်းတယ်ဆိုရင် ပြီးတာပါပဲ ဘာဘာကြီးရယ်”
“ကဲ စုန်းတွေ၊ နင်တို့အတွက် ဖြူဖွေးက ကောင်းကောင်းမွန်မွန်ရွာစာချတယ်နော်၊ နင်တို့စားပြီးနားမလည်မလုပ်ကြနဲ့အုံး၊ တစ်လုပ်စားဖူး သူ့ကျေးဇူးတဲ့၊ သူနဲ့ သူ့ရဲ့မွေးလာမယ့်ကလေးလေးကို နင်တို့စောင့်ရှောက်ကြရမယ်”
စုန်းများမှာ ခေါင်းညိတ်လိုက်ပြီး မယ်ပျင်းတည်ခင်းဧည့်ခံသည့် အစားအသောက်များကိုစားသောက်လေသည်။ စုန်းများမှာ အခြားလူတစ်ဦးတစ်ယောက်က ယုံကြည်၍ဖြစ်စေ၊ ကြောက်လန့်၍ဖြစ်စေ ကျွေးမွေးသည့် အစားအသောက်များကို စားသောက်ရပါက စုန်းအစွမ်းများပိုမိုရရှိသည်၊ စွမ်းအင်များတိုးပွားသည်ဟု အယူရှိသည်။ အချို့စုန်းဂိုဏ်းများဆိုလျှင် ဂိုဏ်းတက်ဂိုဏ်းဆင်းလုပ်ရန်အတွက် ရွာစာဘယ်နှခါစားထားဖူးသည်ဆိုသည့် မှတ်တမ်းပင်လိုအပ်လေသည်။
(၂)
မယ်ပျင်းမှာ ယခုတလော စားသောက်ချင်စိတ်မရှိပေ၊ ယခင်က သစ်သီးသစ်ဥများဆိုလျှင် မက်မက်စက်စက်စားသောက်သော်လည်း ယခုတွင် သစ်သီးကိုပင် မစားချင်တော့ပေ၊ အစားအသောက် သိပ်မဝင်သဖြင့် မယ်ပျင်းမှာ ပိန်လှီကာ အားနည်းနေလေသည်။ နောက်ဆုံးအိပ်ရာထက်တွင် ဘုန်းဘုန်းလဲလေတော့သည်။
“ဟဲ့လူအေး၊ နင့်မိန်းမက ဘာမှမစားချင်မသောက်ချင်ဖြစ်နေတယ်ဆိုတော့ ငါထင်တာ ချဉ်ခြင်းတက်နေတယ်ထင်တယ်ဟဲ့”
“ဗျာ၊ ချဉ်ခြင်းတက်တယ်ဆိုတာ ဘာလဲကြီးဒေါ်”
“မိန်းကလေးတွေ ကိုယ်ဝန်ဆောင်တဲ့အခါမှာ တစ်စုံတစ်ခုကိုပြင်းပြင်းထန်ထန်စားသောက်ချင်စိတ်ဖြစ်တယ်ဆိုပဲ၊ အဲဒီအရာကို မစားရဘူးဆိုရင် ဘယ်လိုမှစားမဝင်အိပ်မပျော်ဘဲ အခုလိုပိန်လှီသွားတတ်တယ်၊ အဲဒါကို ချဉ်ခြင်းတက်တယ်လို့ခေါ်တယ်တဲ့၊ ငါလည်း မကြုံဖူးတော့ မသိပါဘူးအေ၊ ဘေးအိမ်က မိန်းမပြောလို့သိတာ”
“အဲဒါဆို ကျုပ်ဘယ်လိုလုပ်ရမလဲ ကြီးဒေါ်”
“မင်းမိန်းမကို ချော့မော့ပြီး ဘာစားချင်သလဲဆိုတာ မေးပေါ့အေ၊ ပြီးရင် သူစားချင်တဲ့အရာကို ရှာဖွေပေးပေါ့”
ကိုလူအေးမှာ အိပ်ရာထဲလဲနေသည့် မယ်ပျင်းအနီးသို့တိုးကပ်လာခဲ့သည်။
“ညီမ ဘယ်လိုနေသေးလဲ”
မယ်ပျင်းမှာ ခေါင်းကိုခပ်ယဲ့ယဲ့သာ ခါလိုက်မိသည်။
“ဒါနဲ့ ညီမဘာများစားချင်တာရှိသလဲဟင်၊ တစ်ခုခုစားချင်ပြီး ချဉ်ခြင်းတက်လို့ ဒီလိုဖြစ်နေတာများလား”
မယ်ပျင်းမှာ တစ်ချက်ငြိမ်ကျသွားလေသည်။ ကိုလူအေးက သူ့မှန်းဆချက်မှန်သွားမှန်း သိလိုက်သဖြင့်
“စားချင်တာရှိရင်ပြောပါ ဖြူဖွေး၊ အကိုရအောင် ရှာပေးပါ့မယ်”
“အကိုမလုပ်နိုင်ပါဘူး အကိုရယ်”
“ပြောမှာသာပြောစမ်းပါ ညီမရယ်၊ ရတယ်မရဘူးက ညီမဆုံးဖြတ်ရမှာမှ မဟုတ်တာ၊ အကိုရအောင် ရှာဖွေပေးပါ့မယ်”
“ကျုပ်စားချင်တာက ပုံမှန်အရာမဟုတ်ဘူးအကိုရဲ့၊ အကိုသိရင် ကျုပ်ကိုစိတ်ဆိုးမှာထင်တယ်”
“ပြောမှာသာပြောစမ်းပါ ညီမရယ်၊ လူသားပင်ဖြစ်နေပါစေအုံးတော့ အကို့လက်မောင်းသားကို လှီးဖြတ်ပြီး ကျွေးစမ်းပါ့မယ်”
ကိုလူအေးက အားနှင့်မာန်နှင့်ပြောလိုက်တော့မှ မယ်ပျင်းမှာ အားတက်သရောဖြစ်သွားသည်။
“ကျုပ်စားချင်တာကို အကိုတစ်ယောက်ပဲသိပါစေနော်၊ တခြားသူတွေ လုံးဝသိလို့မဖြစ်ဘူး”
“ပြောပါညီမ၊ အကို ဘကြီးတို့ ကြီးဒေါ်တို့ကိုတောင် မပြောပါဘူး”
“ကျုပ်စားချင်တော မြေလေးမျိုး၊ ရေလေးမျိုး အကို”
ကိုလူအေးက အံ့သြသွားပြီး
“မြေလေးမျိုး ရေလေးမျိုးဆိုတာဘာလဲညီမ”
“ကျုပ်လည်းသေချာမသိဘူး၊ ဒါပေမယ့် ကျုပ်စိတ်ထဲအဲဒီအရာတွေကို စားချင်နေတယ်၊ သောက်ချင်နေတယ်”
“ပေါက်ပေါက်ရှာရှာ မြေကြီးခဲကိုမှ စားချင်သတဲ့လား ညီမရယ်”
မယ်ပျင်းက မျက်နှာကလေးအောက်ချလိုက်ပြီး
“ဒါကြောင့် သူများတွေကိုမပြောပါနဲ့လို့ အကို့ကိုအတန်တန်မှာတာပေါ့”
ကိုလူအေးက မယ်ပျင်းစိတ်ဓါတ်ကျသွားမှန်းသိလိုက်သဖြင့်
“ရတယ်၊ အကိုရအောင်ရှာမယ်၊ ရအောင်ရှာပေးမယ်ညီမ၊ ဘာမှမပူနဲ့”
ကိုလူအေးမှာ ကြံရာမရတော့သဖြင့် ဘကြီးရွှေရိုးနှင့်တိုးတိုးတိတ်တိတ် တိုင်ပင်ရလေသည်။ ဘကြီးရွှေရိုးက ထိုအကြောင်းအရာကိုကြားလိုက်သည့်အခါ အလွန်အံ့သြသွားလေသည်။
“ဘာကွ လူအေးရ၊ ဖြူဖွေးက မြေလေးမျိုး၊ ရေလေးမျိုး စားချင်သောက်ချင်သတဲ့လား”
“ဟုတ်တယ်ဘကြီး၊ အဲဒီမြေလေးမျိုး ရေလေးမျိုးကို ဘကြီးသိသလား”
ဘကြီးရွှေရိုးက ခေါင်းကိုတဆတ်ဆတ်နှင့်ညိတ်ကာ
“ကြားတော့ကြားဖူးတယ်ကွ၊ မြင့်မြတ်ထူးဆန်းတဲ့လူတွေကို ကိုယ်ဝန်ဆောင်ထားရတဲ့အခါ အဲဒီလိုမျိုး ထူးထူးဆန်းဆန်းချဉ်ခြင်းတွေတက်တယ်တဲ့ကွ၊ အင်းဝဘုရင်မင်းခေါင်ရဲ့သား စစ်ဘုရင်မင်းရဲကျော်စွာဆိုတာ သူမမွှေးခင်က သူ့အမေ မိဖုရားရှင်မိနောက်က ဟံသာဝတီကမြေစေး၊ မုတ္တမက မြေသင်းခဲနဲ့ ပင်စလိုင်းကျွန်းက ရေအေးကိုသောက်ချင်တယ်ဆိုပြီးတော့ ချဉ်ခြင်းတက်သတဲ့ကွ၊ ခုလည်း ဖြူဖွေးက မြေလေးမျိုး ရေလေးမျိုးကိုတောင်းပုံထောက်ရင်တော့ ငါ့မြေးကလေးက ထူးခြားတဲ့လူတစ်ဦးဖြစ်မှာကွ”
“အဲဒါအသာထားပါ ဘကြီးရာ၊ မြေလေးမျိုးဆိုတာ ဘာလဲဗျ”
“လူကြီးတွေပြောတာ ကြားဖူးတာကတော့ ဝတ္တကမြေ၊ သိမ်မြေ၊ လမ်းမြေ၊ သုဿန်မြေဆိုတဲ့ မြေလေးမျိုးပဲကွ၊ အမြင့်မြတ်ဆုံး ဘုရားမြေကနေ အနိမ့်ကျဆုံးဆိုတဲ့ သုဿန်မြေအထိပါတယ်”
ကိုလူအေးက စဉ်းစားလိုက်ရင်း
“ဒါက သိပ်တော့မခက်ပါဘူးဗျာ၊ ဒါနဲ့ ရေလေးမျိုးဆိုတာကရော ဘာလဲဗျ”
“တွင်းရေ၊ ချောင်းရေ၊ ကန်ရေ၊ လက်ဆေးရည်တဲ့ကွ”
“ဗျာ၊ လက်ဆေးရည်က ဘာဖြစ်လို့ပါတာလဲဗျ”
“ငါလည်းမသိဘူး၊ ရှေးလူကြီးတွေပြောဖူးတာပဲ၊ လက်ကိုစတိဆေးပြီး တိုက်လိုက်ပေါ့ကွာ”
ကိုလူအေးက တောင်းတစ်တောင်းနှင့် ရေအိုးကလေးတစ်အိုးကို ဆွဲယူလိုက်လေသည်။
“ရပြီဗျာ၊ အဲဒီမြေလေးမျိုး ရေလေးမျိုးကို ကျုပ်ရအောင်ဖန်တီးပေးမယ်”
ကိုလူအေးမှာ အပြေးတပိုင်းနှင့် အိမ်ပေါ်မှဆင်းချသွားလေတော့သည်။ ထို့နောက် ရွာထိပ်ရှိ ရွှေစေတီကြီးဆီသို့ပြေးလာခဲ့သည်။ ရွှေစေတီမှာ နိဗ္ဗာန်ရွာထိပ်တွင် တည်ထားသည့် ရှေးစေတီကြီးတစ်ခုဖြစ်သည်။ စေတီဝတ္တကမြေသို့ရောက်သည့်အခါ တောင်းကိုချလိုက်ပြီး မြေပြောင်ပြောင်သန့်သန့် တစ်နေရာတွင် အပေါ်ယံမြေသားများကို လက်နှင့်ရှပ်ဖယ်လိုက်ပြီး လက်တစ်ဆုပ်စာမြေကြီးများကို ဆုပ်ယူခဲ့လေသည်။ ထိုနည်းအတိုင်းပင် နိဗ္ဗာန်ရွာ ရွာဦးကျောင်းအတွင်း သိမ်အဆောက်အအုံကြီး၏ သိမ်တိုင်များအတွင်းမှ မြေလက်တစ်ဆုပ်ကိုလည်းကောင်း၊ နိဗ္ဗာန်ရွာအလယ် လမ်းလေးခွဆုံရှိ မြေလက်တစ်ဆုပ်နှင့် နိဗ္ဗာန်ရွာအပြင်ဘက် သုဿန်အတွင်းရှိ မြေလက်တစ်ဆုပ်၊ စုစုပေါင်း မြေလေးဆုပ်ကို တောင်းထဲထည့်ကာယူလာခဲ့သည်။
ရေလေးမျိုးအတွက်လည်း နိဗ္ဗာန်ရွာထိပ် ရေချိုတွင်းမှ ရေတစ်ဖလား၊ နိဗ္ဗာန်ရွာအနောက်ဘက်ရှိ ချောင်းရိုးကလေးထံမှ ရေတစ်ဖလား၊ နိဗ္ဗာန်ရွာအရှေ့ ကြာကန်ကြီးမှ ရေတစ်ဖလားနှင့် အိမ်သုံးရေတစ်ဖလားအား လက်ဆေးရည်ဖြစ်စေရန် မိမိလက်ကိုနှစ်ဆေးလိုက်ပြီး ပြန်လည်ယူလာခဲ့လိုက်သည်။
ရေလေးမျိုး၊ မြေလေးမျိုးရသည့်အခါ ထမင်းစားသည့် ဒေါင်းလန်းတစ်ခုကိုယူကာ မြေသားများကိုဖြန့်ထည့်သည်။ ရေအိုးကလေးကို လက်တစ်ဖက်မှဆွဲယူခဲ့ပြီး အိမ်ပေါ်သို့တက်လာခဲ့သည်။
“ညီမ၊ ညီမစားချင်တဲ့ မြေလေးမျိုး၊ ရေလေးမျိုး ရပြီ”
မယ်ပျင်းမှာ အားတက်သရောဖြင့်ကုန်းထလာခဲ့သည်။ ကိုလူအေးမှာ အိမ်တံခါးပေါက်များအကုန်လုံးကိုပိတ်လိုက်ပြီးနောက် ဒေါင်းလန်းနှင့် ရေအိုးကို မယ်ပျင်းအရှေ့တွင်ချပေးလိုက်လေသည်။ မယ်ပျင်းမှာ ရေအိုးအတွင်းမှ ရေအနည်းငယ်ကိုခပ်ယူလိုက်ပြီး မြေခဲများအပေါ်တွင် လောင်းချလိုက်လေသည်။ ထို့နောက် ထိုမြေခဲအား လက်ဖြင့်နယ်ကာ အတုံးကလေးများအဖြစ်ပြုလုပ်ပြီး မြိန်ရည်ရှက်ရေစားသောက်လေတော့သည်။
သာမန်လူဆိုလျှင် မြေကြီးခဲများကို စားရန်မပြောနှင့် ထမင်းစားရင်း ဟင်းထဲတွင် သဲမှုန်၊ ကျောက်ခဲပါလျှင်ပင် ထမင်းစားပျက်တတ်သော်လည်း ယခုတော့ မယ်ပျင်းမှာ စားကောင်းကောင်းနှင့်မြေကြီးများကို အားရပါးရစားသောက်လိုက် ရေအိုးအတွင်းမှ ရေလေးမျိုးကိုခပ်သောက်လိုက်နှင့် မကြာခင်အချိန်မှာပင် မြေကြီးများလည်းပြောင်စင်သွားပြီး ရေအိုးမှာလည်း အကုန်ကုန်သွားတော့သည်။
ထိုတော့မှ မယ်ပျင်းမှာ စိတ်သက်သာရာရသွားပြီး စိတ်ထဲကျေနပ်သွားမိသည်။
“ကျေးဇူးတင်လိုက်တာအကိုရယ်၊ အကိုသာ မကူညီရင် ကျုပ်တော့ အစာရေစာငတ်ပြီး သေမှာပဲတော့”
“ဘာမှမပူပါနဲ့ညီမရယ်၊ နောက်ဆို ညီမစားချင်တဲ့စိတ်ဖြစ်လာရင် အကို့ကိုသာပြောပါ၊ အကိုဇမ္ဗူ့သပြေပင်ပေါ်တက်ရတက်ရ၊ အနောက်ပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ အကိုလုပ်ပေးပါ့မယ်”
“အကို ကျုပ်အတွက်ဆိုရင် ဘာမဆိုလုပ်ပေးမယ်ဆိုတာ ကျုပ်နားလည်ပါတယ်အကို၊ အကို့ရဲ့မေတ္တာကို ကျုပ်သဘောပေါက်ပါတယ်”
ထိုမြေခဲများကို စားသောက်ပြီးသည့်အခါ မယ်ပျင်းမှာ ပုံမှန်အတိုင်းပြန်လည်စားသောက်လာနိုင်လေသည်။ ကိုလူအေးနှင့် မိသားစုများမှာလည်း ထိုတော့မှစိတ်ချရတော့သည်။
(၂)
နောက်တစ်လကြာသည့်အခါ မယ်ပျင်းမှာ တစ်ကိုယ်လုံးယားယံလာလေသည်။ ယားယံသည်ဟုဆိုသော်လည်း မည်သည့်အဖုအပိန့်မျှမထွက်ဘဲ အသားထဲမှနေ၍ ယားယံနေခြင်းဖြစ်သည်။ ယားယံခြင်းပျောက်စေရန်အတွက် အမြဲကုပ်နေရသဖြင့် အပေါ်ယံအရေပြားများစုတ်ပြတ်ကာ အနာများပင်ဖြစ်နေသည်။ ဘကြီးရွှေရိုးနှင့် ကြီးဒေါ်ခွေတို့မှာလည်း တတ်သလောက်မှတ်သလောက်ကုသကြသော်လည်း မရပေ၊ သို့နှင့် ဆေးဆရာကြီး ဦးကြီးငွေကိုခေါ်ကာကုသရသည်။
“ကိုယ်ဝန်ဆောင်နေချိန်ဆိုတော့ သွေးသားပြောင်းလဲနေတဲ့အချိန်ဖြစ်တယ်၊ ဒါကြောင့်မို့ သွေးသားပြောင်းလဲတဲ့အခါ ယားယံတာမျိုးတွေဖြစ်လာတာပဲ၊ ဘာမှစိတ်ပူနဲ့၊ ကျုပ်ကိုယ်တိုင်ဖော်စပ်ထားတဲ့ သွေးသန့်ဆေးရှိတယ်၊ အဲဒီဆေးကို တစ်နေ့သုံးကြိမ်သောက်လည်းသောက်၊ ကရမက်နဲ့သွေးပြီး လိမ်းလဲလိမ်းပေး၊ သုံးလေးရက်ကြာရင်ပျောက်မှာပါ၊ ပြီးတော့ ကန်စွန်းရိုးနီကို ထန်းလျက်နဲ့ကြိုပြီး သောက်ပေး၊ အဲဒါက သွေးသားကိုသန့်စင်စေတယ်”
ဆေးဆရာကြီးပြောသည့်အတိုင်း လိုက်လံလုပ်ဆောင်ကြသော်လည်း မည်သို့မျှပင်မထူးခြားပေ၊ မယ်ပျင်းမှာ တဖြင်းဖြင်းနှင့်ကုပ်နေရလေသည်။ လူခြေတိတ်ချိန် မယ်ပျင်းအိပ်နေသည့်အခိုက် အနီးတွင် အလင်းရောင်များဝင်းလက်လာကာ ဝမ်းတွင်းမှ ဂန္ဓဗ္ဗနတ်မင်းကြီးမှာ ထွက်လာလေသည်။
“မယ်ပျင်း၊ မင်းရဲ့ဗိုက်ထဲက ကလေးငယ်က မြင့်မြတ်စင်ကြယ်တဲ့သူဖြစ်တယ်၊ ဒါပေမယ့် မင်းကတော့ အပြစ်ပေါင်းများစွာကိုပြုလုပ်ခဲ့တဲ့သူဖြစ်တယ်၊ ဒါကြောင့် ဒီကလေးငယ်ရှိနေတဲ့အခိုက် မင်းက နေထိုင်မရလောက်အောင် ယားယံနေတာပဲ”
“ဒါဆို ဘယ်လိုလုပ်ရမလဲ”
“မဇ္ဈိမတိုင်းမှာဆိုရင်တော့ သန့်ရှင်းတဲ့ ဂင်္ဂါမြစ်ရေနဲ့ ရေသန့်စင်ရမယ်၊ ဒါပေမယ့် အခုဒီနေရာမှာတော့ ဂင်္ဂါမြစ်မဟုတ်ရင်တောင် ဝတီလေးစင်းကက ရေနဲ့ကိုယ်လက်တွေကို ဆေးကြောသန့်စင်ရမယ်”
ထိုသို့ပြောပြီးသည်နှင့် မယ်ပျင်းမှာလန့်နိုးသွားလေသည်။ နံဘေးနားကိုကြည့်သည့်အခါ အိပ်မောကျနေသည့် ကြီးဒေါ်ခွေကိုသာတွေ့ရသည်။ မယ်ပျင်းမှာ အစပထမပိုင်းက အိပ်မက်ဟုထင်မြင်လိုက်သော်လည်း နတ်မင်း၏ သတိပေးမှုဟု မှန်းဆလိုက်မိသည်။
နောက်တစ်နေ့ နေ့လည်ခင်းရောက်သည့်အခါ ဘာဘာကြီးဆီသို့ထွက်လာမိသည်။ ဘာဘာကြီးမှာ နံနက်ပိုင်းတွင် အကြားအမြင်ဟောခံသူများနှင့် စည်ကားနေတတ်၍ဖြစ်သည်။ မယ်ပျင်းရောက်လာသည့်အခါ ဘာဘာကြီးက ဖက်လှဲတကင်းကြိုဆိုလေသည်။ မယ်ပျင်းမှာ ယမန်နေ့ညက ကြုံတွေ့ခဲ့သည့်အဖြစ်အပျက်များကိုပြောပြလိုက်သည်။ ဘာဘာကြီးက နားထောင်ကာ ခေါင်းတဆိတ်ဆိတ်ညိတ်နေရင်း
“ငါ့တစ်သက်နဲ့တစ်ကိုယ်တော့ ဒီလိုမျိုးအဖြစ်ကို ပထမဆုံးကြားဖူးတာပဲအေ၊ ဘာပဲပြောပြော ညည်းရဲ့ခန္ဓာကိုယ်ကို ဒီနည်းနဲ့သန့်စင်မှပဲဖြစ်တော့မယ်”
“ဝတီလေးစင်းဆိုတာ ဘာကိုပြောတာလဲ ဘာဘာကြီး”
“ဝတီလေးစင်းကို ဝတီလေးပါးလို့လဲခေါ်ကြတယ်၊ ပထမဆုံးတစ်ခုကတော့ ဧရာဝတီမြစ်၊ နောက် အရှေ့အရပ်က ဒုဋ္ဌဝတီမြစ်၊ နောက်ပြီးတော့ အနောက်အရပ်က သလ္လာဝတီမြစ်၊ တောင်အရပ်က ပန်းမဝတီမြစ် အဲဒီမြစ်လေးမြစ်ကို ဝတီလေးပါးလို့ခေါ်တယ်၊ ဒီမြစ်လေးမြစ်က ရေတွေကို လောကီပညာရပ်ဆိုင်ရာ ဆရာတွေက အသုံးပြုကြတယ်”
“မြစ်တွေက တစ်နေရာနဲ့တစ်နေရာအဝေးကြီးတွေပဲ”
“ကိုယ်လက်မသန့်ရှင်းဘူးလို့ယူဆကြရင် အဲဒီမြစ်ကြီးလေးစင်း ဝတီလေးစင်းမှာ ရေချိုးပြီးတော့ စိတ်နဲ့ကိုယ်က အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားကြတယ်လို့ အယူရှိကြတယ်ကွဲ့”
“ဒီမြစ်တွေကို ဘယ်လိုသွားနိုင်မှာလဲ”
မယ်ပျင်းမှာ ညည်းညူလိုက်ကာ မျက်နှာငိုင်ကျသွားလေသည်။ ဘာဘာကြီးမှာ မယ်ပျင်းအားကြည့်ကာ
“ကဲပါလေ၊ မထူးပါဘူး ကူညီလက်စနဲ့ ညည်းကိုငါကူညီရမှာပေါ့အေ”
ဘာဘာကြီးက စားပွဲခုံအားလက်နှင့်ပုတ်လိုက်သည့်အခါ ဝုန်းခနဲအသံကြီးတစ်ချက်ထွက်သွားသည်။ ထိုသို့အသံထွက်သွားပြီးနောက် နံဘေးတွင်ထိုင်နေသည့် မယ်သင်နှင့် မယ်ယဉ်မှာ ကျောက်ရုပ်ကြီးများကဲ့သို့ရပ်တန့်သွားလေသည်။
“ဘာဘာကြီး ဒါကဘာလုပ်လိုက်တာလဲ”
“အာရုံလွှဲအစီအစဉ်ပဲ၊ ငါ့ရဲ့အသံနဲ့ သူတို့ရဲ့အာရုံကိုလွှဲလိုက်တာ၊ ငါဝုန်းခနဲထုရိုက်လိုက်တဲ့အသံကိုကြားတဲ့သူဟာ အသံကိုနားထောင်ရင်းနဲ့ သူ့အလိုလိုအာရုံလွဲသွားလိမ့်မယ်”
“ဘယ်လိုမျိုးအာရုံလွှဲသွားမှာလဲ”
“ရှုမျှော်ခင်းတွေပဲဖြစ်ဖြစ်၊ ဇာတ်ပွဲအငြိမ့်ပွဲတွေပဲဖြစ်ဖြစ် လူတစ်ယောက်က တစ်စုံတစ်ရာကိုအာရုံစူးစိုက်ပြီး စိတ်ဝင်စားနေတဲ့အချိန်မှာ ကျန်တဲ့တခြားအရာတွေကို မေ့လျော့သွားတတ်တာ သဘာဝပဲမဟုတ်လား အခုလည်း သူတို့က ငါတို့နှစ်ယောက်ဘာလုပ်နေတယ်ဆိုတာကို သတိမကပ်တော့ဘဲ ငါတို့ကိုမေ့မေ့ပျောက်ပျောက်ဖြစ်နေလိမ့်မယ်”
ထို့နောက် ဘာဘာကြီးမှာ လက်နှစ်ဖက်ကိုရင်ဘတ်ပေါ်ရှပ်တင်လိုက်ကာ မျက်စိများကိုမှိတ်လိုက်သည်။ တစ်ခါ မျက်စိများပြန်ဖွင့်လိုက်သည့်အခါ လက်နှစ်ဖက်ကိုအရှေ့သို့ဆန့်တန်းလိုက်လေသည်။ ထိုသို့ဆန့်တန်းပြီးသွားသည့်နောက် ဘာဘာကြီးကိုယ်အတွင်းမှ မမြင်နိုင်သည့်စွမ်းအင်တစ်ခုတိုးထွက်လာကာ တစ်အိမ်လုံးတစ်ခြံလုံးကို စွမ်းအင်က ဖုံးလွှမ်းသွားလေသည်။ ထိုစွမ်းအင်လွှမ်းခြုံလိုက်သည့်အခါ ပတ်ဝန်းကျင်မှာတိတ်ဆိတ်သွားပြီး လေတိုက်သည့်အသံ ကျေးငှက်သာရကာများ အော်ဟစ်ကြသည့်အသံများပင် တိတ်ဆိတ်သွားလေသည်။
“ဒါက ဘာလုပ်ပြန်တာလဲ ဘာဘာကြီး”
“ရပ်ဝန်းတစ်ခုကိုဖန်တီးလိုက်တာ၊ ဘယ်လိုရပ်ဝန်းလဲဆိုတော့ ငါ့အိမ်နဲ့ငါ့ခြံထဲက ရှိသမျှလူတွေ အရာဝတ္ထုတွေအားလုံး ရပ်တန့်သွားစေမယ့် ရပ်ဝန်းတစ်ခုပေါ့”
မယ်ပျင်းမှာ ပြတင်းပေါက်မှလှမ်းကြည့်လိုက်လေရာ ခြံအတွင်းရှိအရာအားလုံးမှာ ရပ်တန့်နေသည်ကိုတွေ့ရသည်။ ယုတ်စွအဆုံးမန်ကျည်းပင်ကြီးပေါ်မှ တဖွဲဖွဲကြွေကျနေသည့် မန်ကျည်းရွက်ကလေးများပင် လေပေါ်တွင်ရပ်တန့်လျှက်ရှိနေသည်။
ဘာဘာကြီးက ဆံထုံးကြားမှ ရွှေရောင်ဝင်းလက်နေသည့် ဓါတ်လုံးကလေးတစ်လုံးကိုထုတ်လိုက်သည်။ ဓါတ်လုံးအရွယ်အစားမှာ ဆီးဖြူသီးအသေးတစ်လုံးခန့်သာရှိသည်။ ဓါတ်လုံးကလေးမှာ ဘာဘာကြီးမျက်စိရှေ့သို့ရောက်သည့်အခါ လေပေါ်တွင်ဝဲပျံနေလေသည်။
“ဒါက ဘာလဲဘာဘာကြီး”
“ဒါက ငါ့ဆရာသခင်က ငါ့အတွက်ဖန်တီးပေးထားတဲ့ မဟိဒ္ဓိဓါတ်လုံးပေါ့၊ လူတွေဆီကနေရတဲ့ အဖိုးတန်သတ္တုပေါင်းတစ်ထောင်နဲ့ တစ်ထပ်ပြီးတစ်ထပ်ဖန်တီးရစ်ပတ်ထားတဲ့ဓါတ်လုံးပေါ့၊ အခုဆိုရင် အထပ်ပေါင်းဆယ့်လေးထပ်တိတိရှိနေပြီ”
မယ်ပျင်းသေချာကြည့်လိုက်သည့်အခါမှ ဓါတ်လုံးမှာ သာမန်အလုံးမဟုတ်ဘဲ အဖတ်ကလေးများ တစ်ထပ်ပြီးတစ်ထပ် ရစ်ပတ်ထားသည့်ပုံစံဖြစ်နေသည်။
“ကဲ ငါလည်းအစွမ်းတွေမသုံးတာကြာတော့ သုံးရတော့မှာပေါ့”
ဘာဘာကြီးက တစ်ချက်ပြောဆိုပြီးသည့်နောက် ဘာဘာကြီးနှာခေါင်းထိပ်မှ အနီရောင်မှည့်ကြီးမှာ ပတ္တမြားကြီးတစ်လုံးကဲ့သို့ ဝင်းလက်လာပြီး အနီရောင်အလင်းတန်းကြီးများထွက်လာလေသည်။
“ကဲ ဓါတ်လုံးအစွမ်းနဲ့ စိတ်ညွှတ်တဲ့နေရာကို တခဏချင်း ရောက်စမ်းဟေ့”
ဘာဘာကြီးက ရေရွတ်လိုက်ပြီးသည့်အခါ မယ်ပျင်းတို့ထိုင်နေသည့်ဖျာကြီးမှာ ဝုန်းခနဲလေပေါ်မြောက်တက်သွားသကဲ့သို့ခံစားရသည်။ ထို့နောက်တစ်ဖန် မိုးပေါ်မှ ဝုန်းခနဲပြုတ်ကျသကဲ့သို့ခံစားလိုက်ရပြီး ပတ်ဝန်းကျင်အသစ်တစ်ခုသို့ရောက်ရှိသွားပြန်သည်။ မယ်ပျင်းက နံဘေးသို့လှည့်ကြည့်လိုက်သည့်အခါ တသွင်သွင်စီးဆင်းနေသည့် မြစ်ပြင်ကြီးတစ်ခု၏ နံဘေးသို့ရောက်ရှိနေလေသည်။
“ဒါ . . . ဒါဘယ်ကိုရောက်နေတာများလဲ”
“ဒုဋ္ဌဝတီမြစ်ဆိုတာ အဲဒါပဲ၊ ကဲ မြစ်ကမ်းကိုဆင်းပြီးတော့ စိတ်ကြိုက်သာရေချိုးပေတော့”
“ဘယ်လိုများလုပ်လိုက်တာလဲဟင် ဘာဘာကြီး”
“ငါ့ရဲ့နှာခေါင်းက မှဲ့နီရှင်နဲ့ ဟောဒီဓါတ်လုံးအစွမ်းနဲ့ပေါင်းစပ်လိုက်တဲ့အခါမှ အခုလိုဖြစ်သွားတာပဲ၊ စိတ်ညွှတ်တဲ့နေရာကို ကိုယ်ကရောက်သွားနိုင်လောက်အောင် အစွမ်းထက်တယ်”
ဘာဘာကြီးက ဆက်ထိုင်နေစဉ်မှာပင် မယ်ပျင်းမှာ မြစ်ကမ်းခြေသို့ဆင်းလာခဲ့သည်။ မြစ်ကမ်းခြေသဲသောင်မှတဆင့် မြစ်ရေပြင်အတွင်းသို့ဆင်းလိုက်ကာ ရေချိုးလိုက်သည်။ မည်သည့်ကြောင့်မှန်းမသိသော်လည်း မယ်ပျင်းမှာ မြစ်ရေကိုချိုးရသည့်အတွက် ပျော်မြူးနေလေသည်။ ကွမ်းတစ်ယာညက်ခန့်အထိရေချိုးပြီးသည့်နောက် ဘာဘာကြီးထံသို့ပြန်လာလေသည်။
“ရေအကြာကြီးချိုးမနေနဲ့ တော်ကြာနေထိုင်မကောင်းဖြစ်နေအုံးမယ်၊ ကိုင်း ဝတီမြစ်တစ်စင်းမှာ ရေချိုးသန့်စင်လိုက်ပြီဆိုတော့ မကောင်းတဲ့အညစ်အကြေးတွေ စင်ကြယ်ကင်းပျောက်ပါစေကွယ်”
ဘာဘာကြီးက နောက်တစ်နေရာသို့စိတ်ညွှတ်လိုက်သည့်အခါ မြစ်ကြီးတစ်စင်းနံဘေးသို့ရောက်သွားပြန်သည်။ သို့နှင့် မယ်ပျင်းနှင့် ဘာဘာကြီးမှာ မြစ်ကြီးတစ်စင်းပြီးတစ်စင်း သွားရောက်ကာ ရေချိုးသန့်စင်ကြပြီး နောက်ဆုံးတွင်တော့ ပန်းမဝတီမြစ်ဆီသို့ရောက်လာခဲ့သည်။ ပန်းမဝတီမြစ်မှာ ပုသိမ်မြစ်အတွင်းသို့စီးဝင်သည့် မြစ်တစ်စင်းဖြစ်ကာ အောက်အကြေအရပ်တွင် တည်ရှိသည်။
မြစ်ရေမှာ ဝါဝါထိန်ထိန်ကြီးဖြစ်နေသည်။ မယ်ပျင်းတစ်ယောက် ထိုမြစ်တွင်ရေဆင်းချိုးပြီးသည့်အခါ ယားယံနေသည့် ဝေဒနာမှာ သက်သာပျောက်ကင်းသွားသည့်အပြင် မွဲခြောက်ကြမ်းတမ်းကာ ဒဏ်ရာအနာတရများရရှိနေသည့် အသားအရေမှာလည်း ပြန်လည်စိုပြေကာ အနာများမှာသူ့အလိုလိုပျောက်ကင်းကုန်လေသည်။
မယ်ပျင်းမှာ ဘာဘာကြီးထံသို့ပြန်တက်လာခဲ့သည်။
“ကျေးဇူးတင်ပါတယ် ဘာဘာကြီး”
“မင်းကိုကူညီခွင့်ရတဲ့အတွက်လည်း ငါဝမ်းသာပါတယ်မယ်ပျင်း၊ ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုတော့ပြောရအုံးမယ်၊ အဲဒါကတော့ ငါကြာကြာမနေရတော့ဘူး၊ ငါသွားရတော့မယ်”
မယ်ပျင်းမှာ ဘာဘာကြီးနှင့်် ဆွေမျိုးအရင်းအခြာတစ်ယောက်ကဲ့သို့ ခင်မင်ရင်းနှီးပြီးခါမှ ဘာဘာကြီးက သွားရမည်ဟုပြောသဖြင့် အနည်းငယ်တုန်လှုပ်သွားလေသည်။
“သွားရမယ်၊ ဘယ်ကိုသွားမှာလဲ ဘာဘာကြီး”
“ငါ့ရဲ့ဓါတ်လုံးက ဆယ့်ငါးထပ်မြောက် ဖိုဝင်ဖို့အချိန်ရောက်လာခဲ့ပြီ၊ ဟောဒီ ဆယ့်ငါးထပ်သာ အောင်မြင်သွားရင် ငါက ဓါတ်လုံးအစွမ်းနဲ့ ထွက်ရပ်ပေါက်ဖို့ကြိုးစားရမယ်၊ ထုံကူးဖို့ကြိုးစားရမယ်ပေါ့အေ”
“ဘာပဲဖြစ်ဖြစ် ဘာဘာကြီးနဲ့ခင်မင်ရင်းနှီးပြီးမှ နှုတ်ဆက်ခွဲခွာရတော့မယ်ဆိုတော့လည်း စိတ်ထဲတစ်မျိုးကြီးတော့ ဖြစ်မိသား”
“ဘာမှဖြစ်မနေပါနဲ့အေ၊ ကောင်းဖို့အတွက်လုပ်တာပဲ၊ လူဆိုတာ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံပြီးပြီဆိုရင် တစ်ချိန်ကျခွဲခွာရမှာ ဓမ္မတာပဲဟေ့၊ ဒါကြောင့် လူတစ်ယောက်နဲ့ဆုံပြီဆိုတာနဲ့ ငါတစ်နေ့သူနဲ့လည်းခွဲရအုံးမှာပါပဲလားလို့ ကြိုတွေးထားတော့ ခွဲခွာတဲ့အခါ သိပ်မခံစားရတော့ဘူးပေါ့”
ဘာဘာကြီးက မယ်ပျင်းအားစိုက်ကြည့်ရင်း
“ဒါနဲ့ ငါမသွားခင် နင့်ရဲ့ကိစ္စကို အဆုံးသတ်နိုင်အောင် ကူညီခဲ့မယ်”
“ဘာကိစ္စများလဲ”
“မယ်တော်ယမင်းကို လက်တုံ့ပြန်မယ့်ကိစ္စလေ”
မယ်ပျင်းမှာ တစ်ချက်ငိုင်ကျသွားလေသည်။
“ဘကြီးရွှေရိုးက တစ်ခါပြောဖူးတယ်၊ ရန်ငြိုးဆိုတာ မရှိတာကောင်းတယ်တဲ့၊ အမုန်းတရားဆိုတာ မီးကျီးခဲနဲ့တူသတဲ့ အမုန်းတရားကို ဆုပ်ကိုင်ထားတဲ့သူဟာ သူ့ကိုယ်သူအရမ်းပူလောင်နေတတ်တယ်တဲ့ ဘာဘာကြီးရဲ့”
“အောင်မယ်၊ ညည်းက ရွှေရိုးတရားတွေနာပြီး တရားပေါက်နေပြီပေါ့လေ”
“အဲဒီလိုတော့မဟုတ်ပေမယ့် သူပြောတာလည်းမှန်တာပဲ၊ ရန်မလိုမှ ရန်ပြိုသတဲ့ ဘာဘာကြီးရဲ့၊ ရန်လိုနေသရွေ့ ရန်မပြိုဘဲ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းတိုက်ခိုက်မုန်းထားနေရတယ်၊ ကျုပ်ပြန်တွေးကြည့်တော့ အဲဒါတွေအကုန်လုံးဟုတ်တယ်၊ မယ်တော်ကိုရန်ငြိုးထားပြီးတော့ နေရတဲ့ကျုပ်ဘဝတစ်လျှောက် ဘယ်လောက်ပူလောင်ရသလဲဆိုတာ ကျုပ်အသိဆုံးပါပဲ ဘာဘာကြီး”
“ဒီတော့နင်က လက်တုံ့မပြန်တော့ဘူးလား”
မယ်ပျင်းက ခေါင်းညိတ်လိုက်ကာ
“ကျုပ်ကိုပျော့ညံ့တယ်လို့ပဲပြောပြော၊ ရောင့်ရဲတတ်တယ်လို့ပဲပြောပြော ကျုပ်ခံနိုင်ပါတယ်ဘာဘာကြီး၊ ကျုပ်အခုအခြေအနေလေးကို သာယာနေမိပြီ၊ ကျုပ်ကို ဂရုစိုက်ပေးမယ့် ကိုလူအေးလည်းရှိတယ်၊ မိဘသဖွယ်စောင့်ရှောက်ပေးတဲ့ ဘကြီးရွှေရိုးနဲ့ ကြီးဒေါ်ခွေတို့လည်းရှိနေတယ်၊ မကြာခင် လူ့လောကထဲကို ကလေးလေးတစ်ယောက်လည်း ရောက်လာမယ်ဆိုတာကြောင့် ကျုပ်ဘဝအခြေအနေလေးကို အရမ်းကျေနပ်နေမိပြီ၊ အခုလိုတည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းရတဲ့ဘဝကလေးကို နှစ်ခြိုက်နေမိပြီ၊ ဒါကြောင့် လက်တုံ့ပြန်တယ် လက်စားချေတယ်ဆိုတဲ့ အတိတ်ကဖြစ်ပြီးခဲ့တဲ့ အရာတွေအတွက် အခုလက်ရှိအေးချမ်းနေတဲ့အချိန်ကလေးကို မဖျက်ဆီးချင်ဘူး၊ မထိခိုက်စေချင်ဘူး”
“ဒါနဲ့ပဲ ညည်းက မယ်ယမင်းကို လက်စားမချေတော့ဘူးဆိုပါတော့”
“ဟုတ်တယ် ဘာဘာကြီး၊ အတိတ်ကပြီးခဲ့တာတွေအားလုံးက ကျုပ်ရဲ့ကံတရားလို့ပဲသတ်မှတ်လိုက်တော့မယ်၊ လက်ရှိတော့ ကျုပ်ကိုလူအေးရဲ့ဇနီးမယားတစ်ယောက်အဖြစ် အေးအေးဆေးဆေးပဲနေထိုင်သွားချင်တယ်”
“ညည်းနှယ်အေ ပျော့ညံ့လိုက်တာ”
“ဘာဘာကြီးပြောတာ ခံရမှာပါပဲ၊ ကျုပ်ငယ်ငယ်ကတော့ ထူးဆန်းတဲ့အတတ်တွေ ထူးဆန်းတဲ့ပညာတွေကို အရမ်းလိုချင်ခဲ့တယ်၊ ဒါပေမယ့် အခုတော့မတူတော့ဘူး၊ ကျုပ်ဘာမှထူးဆန်းတာတွေ မလိုချင်တော့ဘူး မလိုအပ်တော့ဘူး၊ ကျုပ်ဘဝကို ရိုးရိုးရှင်းရှင်းကလေးနဲ့ပဲ ဖြတ်သန်းချင်တော့တယ်၊ ရိုးရှင်းတဲ့ဘဝရဲ့ ပျော်ရွှင်မှုကို ကျုပ်သိခဲ့ပြီ၊ ဒီပျော်ရွှင်မှုနဲ့ ဒီမိသားစုကလေးကို တခြားဘယ်အရာနဲ့မှ မလဲနိုင်တော့ဘူး”
“ကောင်းပြီလေ၊ ဒါကတော့ ညည်းရဲ့ရွေးချယ်မှုပါပဲ၊ ငါက အတင်းအကြပ်လုပ်ခိုင်းလို့မှမရတာ၊ ကဲ အချိန်လင့်နေပြီ ငါတို့ပြန်ကြစို့”
ဘာဘာကြီးမှာ ဓါတ်လုံးကလေး၏စွမ်းအားနှင့် အိမ်သို့ပြန်ခဲ့လေသည်။ အိမ်ရောက်သည်နှင့်တပြိုင်နက် ဝုန်းခနဲအသံတစ်ချက်မြည်ကာ ဖျာမှာလှုပ်ယမ်းသွားလေသည်။ ထိုအခါမှ မယ်သင်နှင့် မယ်ယဉ်မှာ ရင်ဘတ်ဖိလျှက် လန့်သွားကြသည်။
“အောင်မယ်လေး၊ လန့်လိုက်တာ ဘာဖြစ်ကြတာလဲ”
ဘာဘာကြီးက မဖြေဘဲ ပြုံး၍သာနေလေသည်။ ပြတင်းတံခါးပေါက်အပြင်ဘက်တွင်တော့ မန်ကျည်းရွက်ကလေးများက တဖွဲဖွဲနှင့်ဆက်လက်ကျဆင်းနေလေသည်။
(၃)
လပြည့်ညတွင် ထွန်ပြန်ကုန်းတွင် စုန်းများစုစည်းမိကြလေသည်။ ယခုတစ်ခါတွင်တော့ လူဦးရေပိုမိုများပြားသည်၊ ရပ်ရွာအတွင်းရှိ စုန်းများအားလုံး မတက်မနေရတက်ရသည့်ပွဲတစ်ခုဖြစ်သည်။ ယခုပွဲတွင်တော့ စုန်းမီးလုံးကြီးများအနေနှင့် မတက်ရောက်ကြဘဲ လူပုံစံအနေနှင့်သာ တက်ရောက်ရသည်။ ပွဲမစမီ သန်းခေါင်ယံအချိန်တွင် စုန်းများက ရွာကိုလှည့်ပတ်ကာ အမွှေးနံ့သာတိုင်များ၊ မီးရှူးတိုင်များနှင့် သုံးကြိမ်တိုင်တိုင် ဝဲပျံလှည့်ပတ်ကြလေသည်။ ထိုစုန်းများကို ဘာဘာကြီးက ဦးဆောင်သည်။ မယ်ပျင်းကဲ့သို့ ကိုယ်ဝန်ဆောင်သည်များနှင့်် သက်ကြီးရွယ်အိုများမှာတော့ ရွာထိပ်တွင်သာ စောင့်နေကြရသည်။
“ကိုင်း တို့ရွာကြီးကိုတော့ အိပ်မွှေ့ချလိုက်ပြီးပြီဟေ့၊ ကြက်ဦးမတွန်ခင်အချိန်အထိ ဒီရွာက လူမပြောနဲ့ ခွေးတွေ၊ ကြက်တွေတောင်မှ အိပ်ရာကနိုးမှာမဟုတ်ဘူး”
ထို့နောက် စုန်းများမှာ ထွန်ပြန်ကုန်းဆီသို့ မီးတုတ်များကိုင်ဆောင်လျှက် ချီတက်လာခဲ့ကြလေသည်။ ထွန်ပြန်ကုန်းရောက်သည့်အခါ ဘိုထွားက အသင့်စောင့်ကြိုနေလေသည်။ ထွန်ပြန်ကုန်းရှိသဲပြင်ပေါ်တွင် စုန်းများကစီတန်းကာ မတ်တပ်ရပ်လိုက်ကြသည်။ စုန်းများအရှေ့တွင် ဘာဘာကြီးက တောင်ဝှေးတစ်ချောင်းကိုင်ကာ မိန့်မိန့်ကြီးမတ်တပ်ရပ်နေလေသည်။ စုန်းများအားလုံး စုံလင်သည့်အခါ အရှေ့သို့ထွက်လာပြီး
“ဒီနေ့ ငါကြေငြာစရာတစ်ခုရှိလို့ စုန်းတွေအားလုံးကို မဖြစ်မနေခေါ်လိုက်ရတာပဲ”
“အမိန့်ရှိပါ ဘာဘာကြီး”
“မနက်ဖြန်ရောက်ရင် ငါဒီရွာကနေထွက်ခွာသွားရတော့မယ်”
ထိုအခါ စုန်းများမှာ ဟာခနဲဟင်ခနဲထိတ်လန့်ကုန်ကြသည်။
“ဘာဘာကြီးက ဘယ်သွားမလို့လဲ”
“ဟုတ်တယ်၊ ဘာဘာကြီးထွက်သွားတော့ ဒီရွာကို ဘယ်သူကဆက်ပြီးအုပ်ချုပ်မှာလဲ”
“အားလုံးပဲနားထောင်ကြ၊ ငါအခုခေါ်လိုက်ရတာလည်း ဒီအကြောင်းကိုပြောချင်လို့ပဲ၊ ငါအခုထွက်သွားမယ့်ကိစ္စက အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုပဲ၊ အကြောင်းအရာကိုပြောလို့မရပေမယ့် ငါဒီတစ်ခါထွက်သွားပြီးရင် ဒီရွာကိုနောက်ထပ်ပြန်လာစရာအကြောင်း မရှိတော့လို့ပဲ”
“ဒါကြောင့် ဒီရွာရဲ့ထုံးစံအတိုင်း ဒီရွာကို အုပ်ချုပ်ဖို့ ရွာအုပ်စုန်းတစ်ယောက်ကို ရွေးချယ်ပေးခဲ့မယ်၊ ငါ့ရဲ့စကားကို မင်းတို့နားထောင်သလိုမျိုး အသစ်ခန့်အပ်တဲ့ ရွာအုပ်ရဲ့စကားကိုလည်း မင်းတို့နာခံလိုက်နာရမယ်”
စုန်းများမှာ ခေါင်းညိတ်လိုက်ကြသည်။ ဘာဘာကြီးက စုန်းများအရှေ့တွင် ခေါက်တုံ့ခေါက်ပြန်သွားလာကာ စုန်းများကို သေချာကြည့်နေလေသည်။ စုန်းများမှာလည်း မိမိအား ရွာအုပ်အဖြစ် ခန့်အပ်ခံရမလားဟုတွေးတောကာ စိတ်လှုပ်ရှားနေကြသည်။ မယ်ပျင်းမှာတော့ မိမိက ရွာအုပ်ဖြစ်ဖွယ်ရာ အကြောင်းမရှိသဖြင့် ခေါင်းငုံ့၍သာ မဆိုင်သလိုနေလိုက်သည်။
မကြာခင် မယ်ပျင်းအရှေ့တွင် ဘာဘာကြီးကလာရပ်သည်။ ထို့နောက် မယ်ပျင်းကိုလက်ညှိုးထိုးပြီး
“ငါအသစ်ရွေးချယ်လိုက်တဲ့ ရွာအုပ်ကတော့ သူပါပဲ”
မယ်ပျင်းမှာ ကိုယ့်နားကိုယ်ပင် မယုံချင်နိုင်လောက်အောင်ဖြစ်သွားသည်။ အလားတူပင် နိဗ္ဗာန်ရွာမှ စုန်းများမှာလည်း အံ့အားသင့်ကုန်ကြသည်။ စုန်းထီးကြီးတစ်ယောက်က
“မဖြစ်သင့်ဘူး၊ ဒါတော့လုံးဝမဖြစ်သင့်ဘူး၊ သူက ဒီရွာကိုရောက်တာမှမကြာသေးတာ”
“ဟုတ်တယ်ဘာဘာကြီး၊ အမှန်ဆိုရင် ရွာမှာမွေးတဲ့ ငယ်မွေးခြံပေါက်တစ်ယောက်ကို ခန့်အပ်ရမှာ”
“သူ့ထက်ပညာအများကြီးမြင့်တဲ့သူတွေ ရှိပါလျှက်နဲ့ ဘာဖြစ်လို့သူ့ကိုရွေးချယ်လိုက်ရတာလဲ”
ဝေဖန်သံများက စုန်းများအကြားထွက်ပေါ်လာလေသည်။ ထိုအခါ ဘာဘာကြီးက ဟေးခနဲအသံအကျယ်ကြီးနှင့် ဟစ်အော်လိုက်ရာ စုန်းများအားလုံး တိတ်ဆိတ်သွားကြသည်။
“ငါရွေးချယ်တာကို ငါသိတယ်၊ မင်းတို့က ငါ့ရွေးချယ်မှုကို သံသယဖြစ်နေကြတာလား၊ ငါ့ရဲ့အစွမ်းအစကို မယုံကြည်ကြဘူးလား၊ အရင် ရွာအုပ်က ငါ့ကိုရွေးချယ်ခဲ့တုန်းကလည်း ငါကဒီရွာသူဖြစ်တာ မကြာသေးဘူးမဟုတ်လား”
“ကျုပ်တို့က ဘာဘာကြီးရဲ့အစွမ်းကိုယုံပါတယ်၊ သူ့ရဲ့အစွမ်းကိုမယုံတာ”
“ဟုတ်တယ်ဘာဘာကြီး၊ ရွာအုပ်ဆိုတာ ရွာမှာရှိသမျှ စုန်းတွေအားလုံးကို အုပ်စိုးထားရတဲ့လူ၊ ဒါကြောင့် ရွာမှာရှိတဲ့စုန်းတွေအားလုံးထက် စွမ်းနေရမယ်၊ ပြီးတော့ ကိုယ့်ရွာက စုန်းတွေကို ထိပါးလာတဲ့ တခြားရွာက စုန်းတွေ၊ လေလွင့်စုန်းတွေကိုလည်း ယှဉ်ပြိုင်တိုက်ခိုက်ရမယ်မဟုတ်လား၊ သူ့လောက်အစွမ်းနဲ့ ရွာအုပ်ဖြစ်လို့ရပါ့မလား”
မယ်ပျင်းက ဘာဘာကြီးအနားသို့တိုးကပ်လိုက်ပြီး
“ဟုတ်ပါတယ် ဘာဘာကြီး၊ ကျုပ်က အခုမှရွာကိုရောက်တာမကြာသေးပါဘူး၊ ပြီးတော့ ဒီလောက်လည်းအစွမ်းထက်တာမဟုတ်လို့ ကျုပ်ထက် တခြားသူကိုရွေးချယ်တာကောင်းပါတယ်”
ဘာဘာကြီးက မယ်ပျင်းကိုစိုက်ကြည့်လိုက်ကာ
“ဟဲ့ မယ်ပျင်း၊ ငါ့အကြောင်းငါသိတယ်၊ တခြားအရာကသာ မှားရင်မှားမယ်၊ ငါ့ရဲ့မနောအသိကတော့ လုံးဝမမှားနိုင်ဘူးဆိုတာ ငါယုံတယ်၊ ဒီရွာမှာ မင်းသာ ရွာအုပ်ဖြစ်ရမယ်”
ဘာဘာကြီးကပြောဆိုလိုက်ပြီးသည့်နောက် လည်ပင်းတွင်ချိတ်ဆွဲထားသည့် ဆွဲကြိုးတစ်ခုကိုဖြုတ်လိုက်လေသည်။ ဆွဲကြိုးဆိုသော်လည်း ကြိုးမှာ ရွှေငွေများဖြင့်ပြုလုပ်ထားသည်မဟုတ်ဘဲ အနက်ရောင်အဆစ်အဆစ်များဖြင့််ပြုလုပ်ထားသည့် ကြိုးတစ်ခုဖြစ်သည်။ ကြိုးထိပ်တွင်တော့ ဆွဲသီးတစ်ခုပါဝင်သည်၊ ဆွဲသီးမှာလည်း မှန်ဝိုင်းပြားတစ်ချပ်သာဖြစ်သည်။
ဘာဘာကြီးက ထိုဆွဲကြိုးကိုမယ်ပျင်းအားဆွဲပေးရန် လက်မြှောက်လိုက်သော်လည်း မယ်ပျင်းမှာ အကြောက်အကန်ငြင်းဆန်၍ နေလေသည်။
“မလုပ်သင့်ပါဘူး ဘာဘာကြီးရယ်၊ ကျုပ်လက်မခံဝံ့ပါဘူး”
“လုပ်စမ်းပါမယ်ပျင်း၊ မင်းငါ့ကိုကူညီရမယ်၊ မင်းငါ့ကိုကူညီဖို့အတွက် မင်းက ရွာအုပ်ဖြစ်မှရမယ်”
“ဘယ်လိုပြောလိုက်တာလဲ ဘာဘာကြီး”
“ငါ့ရဲ့ထွက်ရပ်လမ်းမှာ ကူညီဖို့လူတစ်ယောက်လိုတယ်၊ အဲဒါကတော့ မင်းပဲဖြစ်ရမယ်၊ မင်းက ငါ့ကိုကူညီဖို့အတွက် ရွာအုပ်ဖြစ်ဖို့အရေးကြီးတယ်၊ ရှည်ရှည်ဝေးဝေးတွေပြောမနေစမ်းပါနဲ့၊ မင်းရွာအုပ် လုပ်ကိုလုပ်ရမယ်”
မယ်ပျင်း ကြောင်စီစီဖြစ်နေစဉ်မှာပင် ဘာဘာကြီးက ဆွဲကြိုးကုံးအား မယ်ပျင်းလည်ပင်းသို့ ဆွဲပေးလိုက်လေသည်။
“ကဲ အားလုံးပဲ ရွာအုပ်အသစ်ကို အရိုအသေပေးလိုက်ကြ”
ထိုအခါ ဘိုထွားက ခေါင်းငိုက်စိုက်ချကာ အရိုအသေပေးလိုက်လေသည်။ ကျန်သည့်စုန်းများမှာတော့ မယ်ပျင်းအား မကျေမနပ်နှင့်ဝိုင်းကြည့်နေသည်။ ဦးလူမွှေးက အရှေ့သို့တိုးထွက်လာပြီး
“မင်းရဲ့အဆင့်လောက်နဲ့ ရွာအုပ်ဖြစ်လို့ရမရဆိုတာ စမ်းသပ်ကြည့်ကြတာပေါ့”
ဦးလူမွေးက အရှေ့သို့ခုန်ထွက်လိုက်ပြီး
“ကဲ ဖြူဖွေး၊ ငါ့ကိုမျက်နှာသိဆိုပြီး ညှာစရာမလိုဘူး၊ ငါကလည်း မင်းနဲ့သိကျွမ်းတယ်ဆိုပြီးတော့ မင်းကိုညှာနေမှာမဟုတ်ဘူး မင်းအစွမ်းရှိသလောက် ငါ့စက်လက်နက်တွေကို ခံနိုင်ရင်ခံပေတော့”
ဦးလူမွှေးက လက်ကိုမြှောက်လိုက်ကာ မိုးကောင်းကင်ပေါ်တွင် ပေါ်ပေါက်နေသည့် ကြယ်စင်များကိုဖမ်းဆုပ်ဟန်ပြုလုပ်လိုက်လေသည်။ ထို့နောက် လက်သီးကိုဆုပ်လိုက်ပြီး
“ဟောဒါကတော့ ဒီစက်လက်နက်နဲ့ထိလိုက်တာနဲ့ ခုနစ်ပိုင်းပြတ်ထွက်သွားစေမယ့် ခုနစ်စင်ကြယ် စက်လက်နက်ဟဲ့”
ဦးလူမွှေးက အော်ဟစ်လိုက်ပြီးသည့်နောက် မယ်ပျင်းထံသို့ စက်လက်နက်များကိုပစ်ခတ်လိုက်လေသည်။ စက်လက်နက်မှာတစ်ခုတည်းဟုထင်ရသော်လည်း အတွင်းတွင် ခုနစ်ခုစုဖွဲ့ထားခြင်းဖြစ်သည်။ သာမန်လူတစ်ယောက်အား ထိမှန်ရုံမျှဖြင့် ဦးခေါင်း၊ ခြေလက်လေးဘက်၊ ခန္ဓာကိုယ်နှစ်ခြမ်းကွဲကာ ခုနစ်ပိုင်းပြတ်၍ သေဆုံးသွားစေမည်ဖြစ်သည်။
မယ်ပျင်းက သူ့ထံပျံသန်းလာသည့် စက်လက်နက်အား လက်ဝါးတစ်ဖက်ဖြင့်ကာလိုက်သည့်အခါ စက်လက်နက်မှာ လေပေါ်တွင်ပင်ရပ်တန့်သွားသည်။ ထိုစက်လက်နက်အား ဦးလူမွှေးထံသို့ခုနစ်ခုခွဲ၍ တစ်ခုချင်းစီပစ်ခတ်လိုက်သည်။ ဦးလူမွှေးမှာ တတ်သည့်ပညာရပ်များနှင့် စက်လက်နက်အား ကာကွယ်သော်လည်း မကာကွယ်နိုင်ဘဲ စက်လက်နက်များမှာ ဦးလူမွှေးအားတစ်ခုပြီးတစ်ခုထိမှန်ကုန်ကြသည်။
ကြည့်နေသူအားလုံးက ဦးလူမွှေးသေဆုံးမည်ဟုသာ ထင်ကြေးပေးကြသော်လည်း ဦးလူမွှေးမှာ မသေဆုံးဘဲ ဦးခေါင်းရှိသျှောင်ထုံးမှာ ခုနစ်ပိုင်းပြတ်ကျပြီး ခေါင်းတုံးကြီးတစ်ယောက်အဖြစ်ပြောင်းလဲသွားလေသည်။
“ကဲ ဦးလူမွှေး၊ ဒီလောက်ဆိုရင် ရှင့်အစွမ်းရှင်သိလောက်ရောပေါ့”
ဦးလူမွှေးအနောက်ဆုတ်သွားသည့်အခါ ထိပ်ပြောင်နေသည့် ဦးပြောင်ကြီးဆိုသူက ထွက်လာပြန်သည်။
“လူမွှေးက ဆေးကုတဲ့အတတ်ကိုပဲတတ်တဲ့စုန်း၊ ငါကတော့ လူအယောက်တစ်ရာလောက်ကို တစ်ချက်တည်းသေသွားနိုင်အောင်လုပ်နိုင်တဲ့ နှာယောင်စုန်းကွ”
ဦးပြောင်ကြီးက နှာခေါင်းအားလက်နှင့်ပွတ်သပ်လိုက်သည့်အခါ နှာခေါင်းထိပ်တွင် အမောက်သဏ္ဍာန်ချွန်ချွန်အရာကြီးတစ်ခုကိုတွေ့ရသည်။ ထိုအချွန်ကြီးက နှာခေါင်းထိပ်တွင်ကော့ပျံလန်တက်နေသည်။ ဦးပြောင်ကြီးမှာ နှာခေါင်းအတွင်းမှ အစိမ်းရောင်အခိုးအငွေ့များကို မယ်ပျင်းထံသို့ထုတ်လွှတ်လိုက်လေသည်။ ထိုအခြင်းအရာကိုမြင်သည့်အခါ အခြားစုန်းများက အနောက်သို့ဆုတ်ကာ ရှောင်ရှားလိုက်ကြသည်။
“ဟာ ဦးပြောင်ကြီးက မရဏအဆိပ်ငွေ့တွေလွှတ်နေပြီဟေ့၊ ရှူမိတဲ့လူ ဘဝပြောင်းမယ်နော် သတိထားကြ”
မယ်ပျင်းက သူ့ထံပြေးဝင်လာသည့် အခိုးအငွေ့များကို ပါးစပ်နှင့်စုပ်ယူကာ သွင်းလိုက်လေသည်။ အခိုးအငွေ့များအကုန်လုံးမှာ မယ်ပျင်းပါးစပ်အတွင်းသို့ ကုန်စင်အောင်ဝင်သွားသည်။
“မရဏအဆိပ်ငွေ့တွေအကုန်လုံးကို ရှူသွင်းလိုက်တယ်ဟေ့၊ ဒီမိန်းကလေးတော့ အသက်ဆယ်သက်ရှိရင်တောင် ရှင်မှာမဟုတ်ဘူး”
စုန်းများက အမျိုးမျိုးမှတ်ချက်ပေးကြသည်။ မယ်ပျင်းက ပါးစပ်အတွင်းမှအခိုးအငွေ့များကို ဦးပြောင်ကြီးထံသို့ပြန်လည်ပို့လွှွတ်လိုက်လေသည်။ ဦးပြောင်ကြီးတစ်ကိုယ်လုံးကို အခိုးအငွေ့များက ထိမှန်သွားကာ ဦးပြောင်ကြီမှာ အော်ဟစ်ညည်းညူနေလေသည်။ မကြာခင် ရှင်းရှင်းပြောင်နေသည့် ဦးပြောင်ကြီး၏ ခေါင်းတွင် ဆံပင်များရှည်ထွက်လာကာ တစ်ခဏအတွင်းကြီးထွားပြီး ခါးစောင်းခန့်မျှရှည်လျားဖြောင့်စင်းလှသည့် ဆံပင်ကြီးဖြစ်သွားသည်။ မယ်ပျင်းက ရယ်မောလိုက်ရင်း
“ဟား ဟား ရှင့်နာမည်ပြောင်းလို့ရပြီ ဦးပြောင်ကြီးကနေ ဦးသန်ကြီးဆိုပြီးတော့ပေါ့”
ဦးပြောင်ကြီးမှာ မကျေမနပ်နှင့်တောက်ခေါက်လိုက်လေသည်။ တစ်ခါ မယ်သင်နှင့်မယ်ယဉ်တို့မှာ ခုန်ဝင်လာပြန်သည်။
“ဘာလဲ ရှင်တို့နှစ်ယောက်က ဟိုတစ်ခါတုန်းက ခံခဲ့ရတာကို မမှတ်သေးဘဲ ထပ်တက်လာပြန်တယ်လား”
“ဟိုတစ်ခါက ငါတို့သတိလက်လွတ်ဖြစ်သွားလို့ပါ၊ အခုတော့ ငါတို့သေချာအာရုံစိုက်ထားတယ်”
မယ်သင်နှင့်မယ်ယဉ်တို့မှာ မယ်ပျင်းထံသို့ စက်လက်နက်များပစ်ခတ်လိုက်ပြန်သည်။ မယ်ပျင်းက ခြေဖနောင့်ကိုတစ်ချက်ဆောင့်လိုက်လေသည်၊ မယ်ပျင်းခြေဆောင့်ပြီးသည့်အခါ စက်လက်နက်အချို့မှာ မြေကြီးအတွင်းမှ တောက်လျှောက်ဖြတ်သန်းသွားကာ မယ်သင်နှင့်မယ်ယဉ်တို့နှစ်ယောက်အားထိမှန်သွားလေသည်။
“ကိုင်း၊ ညည်းတို့တွေကို တလွဲဆံပင်ကောင်းအောင် လုပ်ထည့်လိုက်မယ်၊ လာလေရော့”
မယ်ပျင်းကြိမ်းဝါးလိုက်ပြီးသည်နှင့် မယ်သင်နှင့် မယ်ယဉ်တို့ဦးခေါင်းရှိဆံပင်များမှာ ကတုံးဆံပင်ပေါက်ကဲ့သို့ တိုတိုကလေးဖြစ်သွားကြလေသည်။
မယ်ပျင်းက မယ်သင်နှင့်မယ်ယဉ်တို့ကို လက်ညှိုးနှင့်ထိုးကာ ဂျိုင်း . . ဂျိုင်းဟု အော်ဟစ်လိုက်သည်နှင့်တပြိုင်နက် မယ်သင်တို့၏ ချိုင်းကြားမှ အလွန်ရှည်လျားသည့် ဆံပင်မွှေးများထွက်လာကာ အင်္ကျီလက်ပေါက်မှတဆင့် အောက်သို့တွဲလောင်းထွက်ကျနေလေသည်။ မယ်ပျင်းမှာ တဟားဟားနှင့်ရယ်မောလိုက်သည့်အခါ မယ်သင်တို့မှာ ရှက်လွန်းသဖြင့် အနောက်ဆုတ်သွားကြသည်။
“ငါတို့တစ်ရွာလုံးကို မင်းနိုင်မှာမဟုတ်ဘူး”
မကြာမီ တစ်ရွာလုံးမှ စုန်းများမှာ မယ်ပျင်းထံသို့စက်လက်နက်များပစ်လွှတ်ကြလေသည်။ မယ်ပျင်းမှာ ထမီကိုဖြန့်လိုက်သည့်အခါ စက်လက်နက်မျိုးစုံက မယ်ပျင်းထမီ အတွင်းသို့ တိုးဝင်ပျောက်ကွယ်ကုန်ကြလေသည်။ စုန်းများမှာ စွမ်းအင်များကုန်ဆုံးကုန်သဖြင့် စက်လက်နက်ပစ်ခတ်ခြင်းကို ရပ်တန့်လိုက်ကြသည်။
“နင်တို့တစ်ရွာလုံးရဲ့စက်လက်နက်က ငါ့ထမီကြားတောင် မညပ်ဘူးအေ”
မယ်ပျင်းက ပြောဆိုလိုက်ရင်း ထမီကိုအသာပြန်ဝတ်လိုက်လေသည်။ စုန်းများက ထပ်မံတိုက်ခိုက်ရန်ကြံရွယ်လိုက်ကြစဉ် မယ်ပျင်းက အံကိုဂျလောက်ခနဲနေအောင်ကြိတ်ထည့်လိုက်သည်။ မယ်ပျင်းအံကြိတ်သံကြီးမှာ ကျယ်လောင်စွာထွက်ပေါ်လာကာ ရွာခံစုန်းများအားလုံးမှာ အံ့အားသင့်လျှက် ငြိမ်သက်သွားကြလေသည်။
ဘာဘာကြီးက တစ်ချက်ပြုံးလိုက်ကာ
“မယ်ပျင်းက အာရုံလွှဲတဲ့ပညာကို အသုံးချလိုက်တာပါလား”
ရွာခံစုန်းများမှာ ကျောက်ရုပ်ကြီးများသဖွယ် တောင့်တောင့်ကြီးရပ်နေကြစဉ် မယ်ပျင်းက
“ကဲ ငါဘယ်သူလဲဆိုတာမှတ်ထား၊ ငါက ဟောဒီရွာရဲ့ ရွာအုပ် စုန်းအချုပ်ပဲ၊ ငါ့နာမည် ဖြူဖွေးတဲ့၊ နင်တို့ ငါ့နာမည်ကိုသေချာမှတ်ထားကြ”
စုန်းများမှာ ခေါင်းကိုလေးပင်စွာညိတ်လိုက်ကြသည်။
“ဒီနေ့ကစပြီး နင်တို့အားလုံး ငါခိုင်းတာကိုလုပ်၊ ငါပြောတာကိုနားထောင်၊ ငါ့ကိုစောဒကမတက်ကြနဲ့ ဟုတ်ပြီလား”
စုန်းများမှာ ထပ်မံခေါင်းညိတ်ပြန်သည်။
“မယ်ပျင်းကတော့ စိတ်ကိုညှို့ပြီး စိတ်ထဲစွဲနေအောင်လုပ်လိုက်ပြန်တာပဲ”
ဘာဘာကြီးကမှတ်ချက်ပေးလေသည်။ မယ်ပျင်းက လက်ဖျောက်တစ်ချက်ခေါက်လိုက်သည့်အခါမှ စုန်းများမှာ အသိစိတ်ပြန်ဝင်သွားကြသည်။ ဘာဘာကြီးက မယ်ပျင်းအနီးသို့တိုးကပ်လာပြီး
“ဘာလုပ်နေတာလဲ နင်တို့ရဲ့ရွာအုပ်စုန်းအချုပ်အသစ်ကို အရိုအသေပေးလိုက်ကြ”
ထိုအခါ စုန်းများအားလုံးမှာ ခေါင်းငုံ့လျှက် အရိုအသေပြုလိုက်ကြသည်။ ဘာဘာကြီးမှာ အလွန်ကျေနပ်အားရစွာပြုံးလျှက် မယ်ပျင်းအားကြည့်လိုက်လေသည်။