စာစဉ် (၇၃)

(၁)

ခါးကုန်းကြီးဘိုထွားမှာ မယ်ပျင်းကွန်ချာအတွင်းမိနေသည်ကိုကြည့်ကာ အားရပါးရရယ်မောနေလေသည်။ မယ်ပျင်းက ထူးဆန်းစွာဖြင့်

“ဘိုထွား၊ ရှင်ဒါဘာလုပ်တာလဲ”

“ဘာလုပ်ရမှာလဲ မင်းကိုဖမ်းမလို့ပေါ့ကွ”

“ကျုပ်ကိုဖမ်းမယ်ဆိုတော့ ရှင်က မဟုတ်မှလွဲရော ကဝေရှင်များလား”

မယ်ပျင်းမှာ ဘိုထွားသုံးသည့်ပညာရပ်များကိုကြည့်ကာ သုံးသပ်လိုက်ခြင်းဖြစ်သည်။ ဘိုထွားက ရယ်မောရင်း ခေါင်းတညိတ်ညိတ်လုပ်ကာ

“မှန်လိုက်လေ၊ မင်းကတော့ မင်းရဲ့ပုံစံအတိုင်း ထက်ထက်မြက်မြက်ပါပဲလားမယ်ပျင်းရဲ့”

“လတ်စသတ်တော့ရှင်က ကဝေရှင်ကိုး၊ ကဝေရှင်တစ်ယောက်က စုန်းရွာမှာလာနေနိုင်တယ်ဆိုတော့ ရှင်က တော်တော်ဟန်ဆောင်ကောင်းခဲ့ပုံပဲ”

“ဒါပေါ့ကွာ၊ ဒါပေမယ့် ငါကရွာထဲနေတာမှမဟုတ်တာ၊ ဟောဒီရွာမှာနေရင်း စုန်းတွေအလစ်မှာ တစ်ယောက်ပြီးတစ်ယောက် ဖမ်းနေခဲ့တာ လူမှမသိတာ၊ အခုမင်းရောက်လာတော့ ငါအကောင်ကြီးကြီး မိပြီပေါ့”

“ရှင်က ဘာဖြစ်လို့ကျုပ်ကိုသိနေတာလဲ”

“သိပ်သိတာပေါ့ကွာ အနောက်အရပ်က ကဝေရှင်ဆရာကြီး ဦးဒီပကို မင်းသတ်လိုက်တယ်မဟုတ်လားကွ”

“သြော်၊ ရှင်က အဲဒီသတင်းကိုကြားထားတာကိုး”

“ကြားခဲ့တာမဟုတ်ဘူးကွ၊ မင်းက ဆရာကြီးဦးဒီပကို ဘယ်လိုသတ်ခဲ့တယ်ဆိုတာကို ငါ့မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတာ”

မယ်ပျင်းမှာအလွန်အံ့သြသွားမိသည်။

“မင်းကိုစတွေ့တုန်းက ငါ့စိတ်ထဲဇဝေဇဝါတော့ဖြစ်နေမိသား၊ ဒါပေမယ့် မင်းက မယ်သင်နဲ့မယ်ယဉ်ကို ခပ်လွယ်လွယ်အနိုင်ယူလိုက်ကတည်းက မင်းပဲဖြစ်ရမယ်ဆိုပြီး ငါတွေးလိုက်မိတာ၊ ပြီးတော့ မင်းက အသက်ကြီးလာတယ်ဆိုပေမယ့် ငယ်ရုပ်မှသိပ်မပျောက်ဘဲကိုးကွ”

“ရှင်ပြောတာတွေ ကျုပ်တစ်ခုမှ နားမလည်တော့ဘူး”

“အေးလေ၊ ဒါဖြင့်ရင်လည်း ဇာတ်ရည်လယ်အောင်ပြောပြရသေးတာပေါ့”

ဘိုထွားမှာ မယ်ပျင်းအား အတိတ်ဖြစ်ရပ်များကိုပြန်လည်ပြောပြလေသည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်အချိန်ကဖြစ်သည်။ ဘိုထွားမှာ အရှေ့အရပ်သားမဟုတ်၊ အနောက်အရပ် ကျောက်ထူးမြို့ (ယခုကျောက်ထုမြို့) အနီးရှိ ကျေးရွာကလေးတစ်ရွာတွင်နေထိုင်သူတစ်ဦးဖြစ်သည်။ အမည်ရင်းမှာ မြကြိုင်ဖြစ်သည်။ ငယ်စဉ်ကပင် အဘိုးဖြစ်သူထံမှ ကဝေရှင်ပညာရပ်များကို လှို့ဝှက်စွာ ဆည်းပူးလေ့လာခဲ့ပြီး အသက်ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ကဝေရှင်တစ်ဦးဖြစ်လာလေသည်။ သို့သော် သူ့ကိုယ်သူ ကဝေရှင်အဖြစ်လူသိမခံဘဲ လောကီပညာရပ်များတက်မြောက်သည့် အထက်လမ်းဆရာတစ်ဦးဟု အမည်ခံကာ တတ်မြောက်ထားသည့် ကဝေရှင်ပညာရပ်များဖြင့် စုန်းတိုက်၊ ကဝေတိုက်များကို ကုသပေးနေသူတစ်ဦးဖြစ်သည်။

နှစ်ပေါင်းသုံးဆယ်ခန့် ကဝေရှင်ပညာများနှင့် စုန်းပြုစားသည်များကိုကုသရင်း တစ်ဖက်မှလဲ စုန်းများကိုလိုက်လံဖမ်းဆီးနေခဲ့ရာ ဦးမြကြိုင်မှာ အနီးအပါးရွာများတွင် နာမည်ကောင်းတစ်လုံးနှင့်ရပ်တည်နိုင်ခဲ့သည်။ အများက ဆရာမြဟုခေါ်တွင်လေသည်။

တစ်နံနက်ခင်းတွင် ဆရာမြတစ်ယောက် ဆေးကုသထွက်ရန်ပြင်ဆင်နေစဉ်မှာပင် လူငယ်တစ်ဦးက အိမ်ပေါ်သို့တက်လာလေသည်။ ထိုလူငယ်မှာ ရဲတင်းပြီး သွက်လက်သည့်အမူအရာရှိသည်။ ထိုလူငယ်က ဆရာမြအားတွေ့သည့်အခါ နဖူးပေါ်တွင် လက်နှစ်ချောင်းတင်ကာ နှစ်ချက်ခန့်ပုတ်ခတ်လိုက်ပြီးသည့်နောက် နှလုံးသားတည့်တည့်ပေါ်သို့ လက်နှစ်ချောင်းတင်ကာ တစ်ချက်ပုတ်ခတ်လိုက်သည်။ ထိုအမူအရာမှာ ကဝေရှင်များအချင်းချင်းဆက်သွယ်သည့် လက်အမူအရာဖြစ်သည်မို့ ထိုလူငယ်မှာ ကဝေရှင်တစ်ယောက်ဖြစ်မှန်း ဆရာမြက သိလိုက်လေသည်။

“ဘာကိစ္စထူးလို့လဲ”

“ဆရာကြီးဒီပက ဒီညနေ ကဝေရှင်ကိုးဆင့်အောင်မြင်တဲ့ ဆရာတွေကို ကျောက်ထူးမြို့ပေါ်ကို လာခဲ့ဖို့ဆင့်ခေါ်ထားပါတယ်”

လူငယ်ကပြောဆိုရင်း လက်ထဲမှ စာရွက်တစ်ခုကိုပေးလိုက်လေသည်။ စာရွက်မှာ ရှေးနည်းအတိုင်း ဝါးပျော့ဖတ်နှင့်ပြုလုပ်ထားသည့် ကတ်ထူစက္ကူကဲ့သို့ ထူထဲသည့် စာရွက်ဖြစ်သည်။ စာရွက်ပိုင်းကလေးမှာ လက်ဖဝါးတစ်ဖဝါးစာမျှသာရှိသည်။ ထိုစာရွက်ပိုင်းကလေးတွင် မည်သည့်အရာများကို ရေးသားမထားဘဲ ဗြောင်သာဖြစ်လေသည်။

ဆရာမြက လူငယ်ကိုပြန်လွှတ်လိုက်ပြီးနောက် အိမ်အတွင်းခန်းထဲသို့ဝင်လာခဲ့သည်။ အိမ်ပြတင်းပေါက်များကိုပိတ်ထားသည်မို့ အိမ်အတွင်းခန်းမှာ မှောင်မိုက်နေလေသည်။ ထရံပေါက်ကြားမှ နေပျောက်ကလေးများသာ အခန်းအတွင်းသို့တိုးဝင်နေသည်။ ဆရာမြက လက်မောင်းအား လက်ညှိုးထိပ်ဖြင့်ပွတ်သပ်လိုက်သည့်အခါ လက်မောင်းတွင်ပြတ်ရှဒဏ်ရာတစ်ခုဖြစ်ပေါ်သွားပြီး သွေးများယိုစိမ့်ကျလာလေသည်။ စာရွက်ပိုင်းကလေးပေါ်သို့ ထိုလက်မောင်းသွေး လေးငါးစက်ချလိုက်ပြီးသည့်နောက် လက်မောင်းအား အခြားလက်ဖြင့်ပြန်လည်ပွတ်ထည့်လိုက်ရာ ပြတ်ရှဒဏ်ရာမှာ အမာရွတ်ပင်မကျန်အောင် ပျောက်ကွယ်သွားလေသည်။

သွေးစက်ကလေးများမှာ စာရွက်ပိုင်းအပေါ်သို့ကျဆင်းပြီးနောက် သူ့အလိုလိုရွှေ့လျားကုန်လေသည်။ အရပ်မျက်နှာလေးဘက်သို့ရွှေ့လျားပြီးသည့်အခါ စာရွက်ပိုင်းကလေးပေါ်တွင်စာသားများပေါ်ပေါက်လာခဲ့သည်။ ထိုနည်းမှာ ကဝေရှင်များအသုံးပြုသည့် လှို့ဝှက်စာပို့နည်းတစ်ခုဖြစ်သည်။ ထိုစာရွက်ပိုင်းကို စာလက်ခံရရှိမည့်လူ၏ လက်မောင်းသွေးဖြင့် ပက်ဖြန်းလိုက်သည့်အခါမှသာ စာလုံးအက္ခရာများပေါ်ပေါက်လာနိုင်ပေသည်။ အခြားသူများ၏ သွေးစက်များထိလျှင် စာရွက်မှာအလိုလိုပျက်ဆီးသွားနိုင်သည်။

စာလုံးများကို ဆရာမြက နေပျောက်ထိုးသည့်အလင်းရောင်ဖြင့် ခပ်တိုးတိုးကလေးရွတ်ဖတ်လိုက်လေသည်။

“သို့ ဆရာမြ၊ ဒီညနေ နေမဝင်ခင် ကျောက်ထူးမြို့က ကဝေရှင်စုရပ်ကိုလာခဲ့ပါ၊ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုရှိတယ်၊ ဖိတ်ခေါ်စာရလို့မှ မလာတဲ့သူကို ကဝေရှင်ဂိုဏ်းက အပြစ်ဒဏ်ပေးမယ်၊ ပုံ ဦးဒီပ၊ ဗမာပြည်အထက်ပိုင်း ဒုတိယကဝေရှင် ဦးစီးချုပ်”

ထိုစာအားဖတ်ကြည့်ပြီးသည့်အခါ ဆရာမြမှာ စာရွက်ကိုလုံးချေလိုက်ပြီး ပါးစပ်အတွင်းထည့်ကာ ဝါးစားလိုက်လေသည်။ ထို့နောက် လွယ်အိတ်ကိုလွယ်ကာ လိုအပ်သည့် ပစ္စည်းများကိုထည့်ယူလျှက် အိမ်ပေါ်မှဆင်းလာခဲ့သည်။ ခြံနောက်ရှိ မြင်းဇောင်းအတွင်းမှ စီးတော်မြင်းကိုထုတ်ယူလိုက်ကာ မြင်းဒုန်းစိုင်းစီးလျှက် ကျောက်ထူးမြို့ဆီသို့လှမ်းလာခဲ့လေသည်။

ကျောက်ထူးမြို့ကလေးမှာ မြို့ဟုသာဆိုသော်လည်း ကျေးရွာကြီးတစ်ရွာမျှသာဖြစ်သည်။ ယခင်က မြို့ဟောင်းအဖြစ်တည်ဆောက်ခဲ့ဖူး၍သာ မြို့ဟုခေါ်တွင်ကြခြင်းဖြစ်သည်။ ရှေးက ကျောက်အင်းဟုခေါ်သည့်မြို့ဟောင်းကြီးတစ်ခုဖြစ်သည်။ ကျောက်အင်းဟု ခေါ်ရခြင်းအကြောင်းမှာ ထိုနေရာတွင် ကျောက်ခွက်တစ်ခုမှ ဥတုသုံးပါးစလုံးရေခမ်းခြောက်ခြင်းမရှိပဲအစဉ်အမြဲထွက်နေသောကြောင့် ကျောက်အင်းဟုခေါ်ဆိုကြခြင်းဖြစ်သည်။ ထိုနေရာကိုအစွဲပြု၍ ရှေးလူသားများက မြို့ကြီးတစ်မြို့တည်ကာ တည်ထောင်နေထိုင်ကြသည်။ သို့သော် မည်သည့်အကြောင်းအရင်းကြောင့်မှန်းမသိဘဲ ထိုမြို့ကြီးမှာ တိမ်ကောသွားခဲ့သည်။

ခရစ်နှစ် ၁၈၄၀ ခုနှစ်ရောက်သည့်အခါ ပုပါ္ပးနယ်မှ ဘိုးပန်းသားဦးဆောင်သည့် ရှမ်းတိုင်းရင်းသားတစ်ချို့မှာ ရေကြည်ရာမြက်နုရာပြောင်းရွှေ့လုပ်ကိုင်ကြရင်း ကျောက်အင်းမြို့ဟောင်းအနီး ဝက်လူးအိုင်အရပ်တွင် စုဝေးနေထိုင်ကြသည်။ မြေဆီသြဇာကောင်းမွန်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအဆင်ပြေလှသလို၊ ယောချောင်းကလည်း ဖြတ်သန်းစီးဆင်းနေသဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ငါးဖမ်းလုပ်ငန်းများလုပ်ကိုင်နိုင်သည့်အတွက် ထိုနေရာတွင် အမြောက်အများအခြေချကြလေသည်။ ဘိုးပန်းသာမှာ ချောင်းနှင့်နီးသည့်အရပ်တွင် ရွာတည်ကာ ထိုအရပ်တွင် ထူးဆန်းသည့် ကျောက်ခွက်ကြီးတစ်ခုလဲတည်ရှိလေသည်။ ထို့ကြောင့် ရွာသစ်အား ကျောက်ထူးဟုခေါ်ဆိုရင်း အင်္ဂလိပ်အစိုးရလက်ထက်တွင် ကျောက်ထုဟူ၍ ဖြစ်ပေါ်လာခဲ့သည်။

ချောင်းကမ်းနံဘေးတွင် တည်ထားသည့် မြို့လယ်လမ်းကလေးအတွင်းမှ ဆရာမြမှာ မြင်းစီးလျှက်ဖြတ်သန်းလာခဲ့သည်။ မြို့ခံမျက်နှာသိများက ဆရာမြအားနှုတ်ဆက်ကြလေသည်။ မြို့ကလေးကိုဖြတ်သန်းခဲ့ပြီး မြောက်ဘက်သို့ဆက်လက်တက်ခဲ့သည့်အခါ ကျောက်အင်းမြို့ဟောင်းအားတွေ့မြင်ရသည်။ မြို့ဟောင်းဟုဆိုသော်လည်း မည်သည့်ရှေးဟောင်းအဆောက်အဦမှ မရှိဘဲ ကျောက်တုံးများနှင့်တည်ဆောက်ထားသည့် လူကြီးခါးစောင်းခန့်ရှိသည့် မြို့ရိုးအပျက်အစီးသာကျန်ရှိသည်။

မြို့ဟောင်းထဲတွင် လူနေထိုင်သူသိပ်မရှိဘဲ လူနေကျဲပါးလှသည်။ နေထိုင်သူများမှာလည်း သိုး၊ ဆိတ်များ မွှေးမြူကြသူများဖြစ်ကာ မြို့ဟောင်းကြီးအတွင်း ဖြန့်ကျက်ကာ နေထိုင်ကြသည်။ ဆရာမြက မြင်းကိုဒုန်းစိုင်းစီးနင်းခဲ့ပြီး တစ်နေရာအရောက်တွင် မို့မို့မောက်မောက်ကုန်းရိုးကြီးတစ်ခုကိုမြင်တွေ့လိုက်ရသည်။ ကုန်းရိုးကြီးမှာ အိမ်ကြီးတစ်လုံးအလား ကြီးမားလှပေသည်။ ထိုကုန်းရိုးကြီးအခြေသို့ရောက်သည့်အခါ ဆရာမြမှာ မြင်းပေါ်မှဆင်းလိုက်သည်။ ကုန်းရိုးအတိုင်းလမ်းလျှောက်လာစဉ် တစ်နေရာအရောက်တွင် အခြားလူနှစ်ဦးအားဆုံတွေ့သည်။ ထိုသူများမှာ ဆရာမြနှင့် မျက်နှာသိနေသည့် ကဝေရှင်များဖြစ်သည်။ ကဝေရှင်များအချင်းချင်းတွေ့ဆုံကြသော်လည်း ကဝေရှင်နှုတ်ဆက်သည့်အတိုင်းနှုတ်ဆက်ကာ မည်သည့်စကားမှမပြောဘဲ ခပ်တည်တည်နေကြသည်။ များသောအားဖြင့် ကဝေရှင်များမှာ လှို့လှို့ဝှက်ဝှက်နေကြရသဖြင့် အများမြင်တွေ့နိုင်သည့်အချိန်မျိုးတွင် တစ်ဦးနှင့်တစ်ဦး သိကျွမ်းသည့်ပုံစံ မပြုလုပ်ကြဘဲ သူစိမ်းများကဲ့သို့ပင် မသိကျိုးကျွန်ပြုနေကြသည်။

မကြာမီ အနောက်အရပ်တောင်တန်းများဆီသို့ နေလုံးက တိုးဝင်ပျောက်ကွယ်သွားသည်။ ကုန်းတန်းကြီးအနီးတွင်လည်း လူကိုးယောက်မှာ စုံလင်နေပြီဖြစ်သည်။ မကြာမီ ဝတ်ရုံနက်ကြီးကိုဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်က တဖြည်းဖြည်းလမ်းလျှောက်လာလေသည်။ ထိုလူကြီး၏မျက်လုံးများမှာ ညနေခင်းအချိန်တွင် ဝင်းလက်နေလေသည်။ ကုန်းတန်းကြီးအနီးသို့အရောက်တွင် ထိုလူကြီးက မျက်လုံးအတွင်းမှ အလင်းရောင်တန်းအချို့ကိုပစ်လွှတ်လိုက်လေသည်။ ထိုအခါ ကုန်းတန်းကြီးတစ်ခွင်တွင် မြေငလျှင်လှုပ်သကဲ့သို့ လှုပ်ရှားလာပြီးနောက် ကုန်းတန်းကြီးတစ်နေရာမှာလည်း သိသိသာသာနိမ့်ကျသွားကာ အပေါက်တစ်ခုပေါ်ပေါက်လာလေသည်။

“ဆရာကြီး ကြွပါ”

ကဝေရှင်တစ်ဦးက ထိုသို့ပြောလိုက်သည့်အခါ ဆရာကြီးဦးဒီပက ထိုကဝေရှင်ဘက်သို့လှည့်ကြည့်လိုက်ပြီး ကဝေရှင်အား ငွေရောင်ကြယ်ပွင့်ကလေးတစ်ခုဖြင့်ပစ်ခတ်လိုက်ရာ ကဝေရှင်မှာ ဝုန်းခနဲပေါက်ကွဲပြီး အနောက်သို့လွင့်ထွက်သွားလေသည်။ ထို့နောက် ထင်းမီးငုတ်ကဲ့သို့ မြေပြင်ပေါ်တွင်လောင်ကျွမ်းနေလေသည်။

“လူမြင်ကွင်းမှာ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းသယောင်မပြုမူရဘူးဆိုတာ ကဝေရှင်တွေရဲ့ စည်းကမ်းကြီးကိုးချက်ထဲက တစ်ခုပဲ၊ ဒီကောင်က စည်းဖောက်တဲ့အတွက် ငါအပြစ်ပေးလိုက်ရတာပဲ”

ဦးဒီပမှာ တံခါးပေါက်ကြီးအတွင်းသို့ဝင်ရောက်သွားလေသည်။ ကျန်သည့်ကဝေရှင်များမှာ ကြောက်ကြောက်လန့်လန့်နှင့် အနောက်မှလိုက်ကာဝင်ခဲ့ကြသည်။ တံခါးပေါက်မှဝင်လိုက်သည့်အခါ လျှောက်လမ်းတစ်ခုကိုတွေ့ရသည်။ လျှောက်လမ်းအတိုင်းဝင်ခဲ့သည့်အခါ ခန်းမကြီးတစ်ခုဆီသို့ရောက်လာခဲ့သည်။ ခန်းမကြီးတစ်ခုလုံးကို လေးထောင့်ကျောက်တုံးကြီးများဖြင့် ညီညီစီကာတည်ဆောက်ထားပြီး ရှေးခေတ်လူများ၏ လက်ရာဖြစ်သည်။ ခန်းမအလယ်တွင် ကျောက်ခွက်ကြီးတစ်ခုရှိပြီး ဦးဒီပက ကျောက်ခွက်အတွင်းသို့ အနက်ရောင်အမှုန်များဖြူးထည့်လိုက်သည့်အခါ ကျောက်ခွက်အတွင်းမှ အပြာရောင်မီးတောက်များထွန်းလင်းတောက်ပလာကာ လင်းထင်းသွားသည်။

“ကိုင်း ငါ့တပည့်တို့ ဒီအတောအတွင်းအဆင်ပြေကြရဲ့လား”

ဦးဒီပက စကားစလိုက်သည့်အခါမှ ကျန်သည့်လူများမှာ စကားပြောရဲတော့သည်။

“အဆင်ပြေပါတယ် ဆရာကြီး၊ ဒါနဲ့ အခုဒီအထိရောက်လာရတာ ဘာကိစ္စများလဲဆရာကြီး”

“ငါမပြောခင် အထူးဧည့်သည်တစ်ယောက်ကိုခေါ်ရမယ်၊ ကဲ မိန်းကလေး ဝင်လာခဲ့တော့”

ဦးဒီပပြောလိုက်သည့်အခါ အခန်းအတွင်းသို့ မိန်းကလေးတစ်ဦးဝင်လာလေသည်။ ဆရာမြနှင့် ကဝေရှင်များက မိန်းကလေးအားကြည့်လိုက်ကြရင်း

“သူက စုန်း . . .သူက စုန်းတစ်ယောက်ပဲ၊ စုန်းတစ်ယောက်ကို ဘာဖြစ်လို့ ကဝေရှင်တွေရဲ့လှို့ဝှက်စုဝေးတဲ့အရပ်ကို ခေါ်လာခဲ့တာလဲ”

“မင်းတို့အေးအေးနေစမ်းပါ၊ ကိုယ့်ရန်သူရဲ့ရန်သူက ကိုယ့်ရဲ့မိတ်ဆွေပဲတဲ့၊ ဒီမိန်းကလေးက စုန်းပေမယ့် ငါတို့ရဲ့မိတ်ဆွေကွ”

“ဆရာကြီးက ဘာကိုများကြံစည်နေလို့လဲ”

“ဒီတစ်ခေါက် ငါတို့လုပ်မယ့်အကြံအစည်က တကယ့်အကြံအစည်ကြီးကွ၊ ကဲ မိန်းကလေး မင်းပဲပြောပြလိုက်တော့”

ထိုမိန်းကလေးမှာ မယ်တော်၏နှင်ထုတ်ခြင်းကိုခံရသည့် ဒေဝီဖြစ်သည်။

“ကျုပ်တို့အကြံကတော့ အနောက်မယ်တော်ရဲ့နန်းဆောင်ကိုဖောက်ထွင်းဝင်ရောက်ပြီးတော့ အဲဒီက အဖိုးတန်ပစ္စည်းတွေကိုယူကြမယ်၊ ပြီးရင် အဲဒီက စုန်းမတစ်ယောက်ကိုဖမ်းဆီးကြမယ်”

ကဝေရှင်များက အံ့သြသွားကြသည်။

“အနောက်မယ်တော်ရဲ့နန်းဆောင်ဆိုတာ ငါတို့လွယ်လွယ်နဲ့မှ ဝင်လို့မရတာ၊ ဘယ်နားရှိသလဲဆိုတာတောင် သိတာမဟုတ်ဘူး”

ဦးဒီပက

“မပူပါနဲ့ အဲဒါတွေကို ဟောဒီမိန်းကလေးက ဖြေရှင်းပေးမှာပါ၊ သူက အရင်က အနောက်မယ်တော်ရဲ့မွေးစားသမီးဖြစ်ခဲ့တဲ့သူ၊ အနောက်မယ်တော်ကိုယ်တိုင်က ချစ်မြတ်နိုးပြီးတော့ ပညာတွေသင်ပေးခဲ့တဲ့လူပဲ”

“ဒါဆိုမင်းရဲ့မွေးစားအမေပေါ့၊ မင်းရဲ့မွေးစားအမေကိုတောင် မင်းကပြန်ပြီးဒုက္ခပေးချင်နေရတာ ဘာဖြစ်လို့များလဲ”

ဒေဝီက မျက်မှာကိုရှုံ့မဲ့လိုက်ပြီး

“မယ်တော်ဆိုတာ အသစ်မြင်ရင်အဟောင်းမေ့ချင်တဲ့လူပဲ၊ အခုသူ့မှာ သိပ်စွမ်းတဲ့သမီးအသစ်တစ်ယောက်ရှိတော့ ကျုပ်ကိုစွန့်ပစ်လိုက်တာပဲ၊ ဒီအတွက် သူပြန်ပေးဆပ်ရမယ်၊ သူကြိမ်းသေပေါက်ပြန်ပြီးပေးဆပ်ရလိမ့်မယ်”

“ဆရာကြီး၊ ဒီကိစ္စက သူပြောသလောက်လွယ်ပါ့မလား”

“လွယ်ပါတယ်၊ မနက်ဖြန်ကျရင် မယ်တော်က နှစ်စဉ်တက်ရတဲ့ နတ်မင်းတွေလုပ်တဲ့အစည်းအဝေးညီလာခံကိုသွားတက်ရလိမ့်မယ်၊ အဲဒီအခါ တစ်ရက်တိတိကြာလိမ့်မယ်၊ သူမရှိတဲ့အချိန် ငါတို့သူ့နန်းဆောင်ကိုဝင်စီးမယ်၊ နန်းဆောင်ထဲကိုဝင်ဖို့ပြုဖို့ကိုတော့ ဟောဒီမိန်းကလေးက ကူညီပေးလိမ့်မယ်၊ နန်းဆောင်ထဲရောက်တဲ့အခါ မင်းတို့က မယ်တော်ရဲ့မွေးစားသမီးတွေကိုဖမ်းချုပ်ပြီးတော့ မယ်တော်စုဆောင်းထားတဲ့ အဖိုးတန်လောကီပစ္စည်းတွေကို နိုင်သလောက်ယူကြ၊ ငါကတော့ မယ်ပျင်းဆိုတဲ့ မိန်းကလေးကို ရအောင်ဖမ်းမယ်”

“ဆရာကြီး၊ လောကီပစ္စည်းတွေက အဖိုးတန်တာတော့ဟုတ်ပါပြီ၊ ဒါပေမယ့် အဲဒီမယ်ပျင်းဆိုတဲ့ကလေးမအတွက် ဆရာကြီးကိုယ်တိုင်လှုပ်ရှားဖို့ လိုအပ်လို့လား”

“လိုအပ်တယ်၊ လုံးဝကိုလိုအပ်တယ်ကွ”

“ဒါနဲ့ဆရာကြီး ဆရာကြီးအခုလိုမယ်တော်နန်းကို ဖောက်ထွင်းဝင်ရောက်မယ်ဆိုတာ အရင်က အငြိုးအတေးကြောင့်များလား”

ကဝေရှင်တစ်ဦးက မေးလိုက်သည့်အခါ ဦးဒီပမှာ အလွန်စိတ်ဆိုးသွားလေသည်။

“ဘာကွ၊ မင်းဘာပြောတာလဲ”

“ဟုတ်တယ်လေဆရာကြီး၊ တစ်ချိန်တုန်းက ဆရာကြီးက အနောက်မယ်တော်နဲ့အားပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့လို့ အခုလိုမျက်နှာတစ်ခြမ်းပျက်စီးခဲ့တာမဟုတ်လား၊ အခု အနောက်မယ်တော်ကို ရန်ပြုမယ်ဆိုတဲ့အကြောင်းကလည်း တစ်ချိန်ကရန်ငြိုးအတွက် လက်စားချေဖို့ပြုလုပ်ခဲ့တာလား၊ ဒါဆိုရင်တော့ ကျုပ်သဘောမတူနိုင်ဘူး၊ ကဝေရှင်တွေဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ရန်ငြိုးအတွက် အလုပ်လုပ်ကိုင်ပေးစရာအကြောင်းမရှိဘူး၊ တကယ်လို့ ဆရာကြီးသာ ကိုယ့်ရန်ကြွေးအတွက်နဲ့ ကျုပ်တို့ကိုပါခေါ်ပြီး ခိုင်းစေတယ်ဆိုရင် ကျုပ်က အထက်ကဝေရှင်ကြီးတွေကို တိုင်တန်းရလိမ့်မယ်”

ဦးဒီပမှာ ထိုလူ၏လည်ပင်းအား လက်ဖြင့်ချုပ်ကိုင်လိုက်ပြီး မျက်လုံးနီနီကြီးမှ အနီရောင်အလင်းတန်းကြီးများကိုထုတ်လွှတ်လိုက်သည့်အခါတွင် ထိုလူတစ်ကိုယ်လုံးမှာ စက္ကူစအား မီးလောင်ကျွမ်းသွားသကဲ့သို့ ကျွမ်းလောင်သွားကာ ပြာအတိကျသွားလေတော့သည်။ ဦးဒီပမှာ ဒေါသထွက်ထွက်နှင့် အခြားကဝေရှင်များဘက်သို့လှည့်လိုက်ပြီး

“ကဲ ကျန်တဲ့လူတွေ၊ မင်းတို့တွေကိုလည်း ငါတစ်ခုပြောရအုံးမယ်၊ ဒီကိစ္စမှာ မလိုက်ချင်တဲ့လူတွေ၊ ဒီကိစ္စကို သဘောမတူတဲ့လူတွေက ဟောဒီကလူလို ဒီနေရာမှာတင် သေခဲ့လို့ရတယ်၊ မင်းတို့အားလုံးနားလည်လား”

ကဝေရှင်များမှာ ဦးဒီပအားကြောက်လန့်ကြသဖြင့် မည်သို့မှ စောဒကမတက်ရဲတော့ဘဲ ငြိမ်နေလိုက်ရလေသည်။

“ကဲ ဒါဆိုရင် မနက်ဖြန်ညမှာ လုပ်ငန်းစကြမယ်”

ဒေဝီက

“ဒါပေမယ့် ကျုပ်ကိုတစ်ခုတော့ကတိပေးရမယ် ဦးဒီပ”

“ဘာများလဲ မိန်းကလေး၊ မင်းဘာလိုချင်လို့လဲဆိုတာပြောပါ”

“ရှင်တို့ ရန်ပြုရမယ့်လူက မယ်ပျင်းဆိုတဲ့ကလေးမတစ်ယောက်ပဲ၊ ကျန်တဲ့ လူတွေကို ဖမ်းချုပ်ရုံပဲဖမ်းချုပ်ရမယ် မသတ်ဖြတ်ရဘူး”

ဦးဒီပက ခေါင်းညိတ်လိုက်ကာ

“ဟုတ်ပါပြီ ကျုပ်ကတိပေးပါတယ်၊ ဒါနဲ့ မယ်ပျင်းဆိုတဲ့ကလေးမက တော်တော်အစွမ်းထက်တယ်ဆို”

“စွမ်းတာတော့ တော်တော်စွမ်းတယ်၊ ပြီးတော့ သူ့ဆီက မှော်စုန်းအိုးမှာလည်း အဆုံးအစမဲ့တဲ့ မှော်စွမ်းအင်တွေကို ပိုင်ဆိုင်ထားတယ်”

“ကြိုက်ပြီ၊ ငါကလည်း ဒါမျိုးသားကောင်ကို စောင့်နေတာကြာပြီကွ၊ ဟား ဟား”

ကုန်းတန်းကြီးကိုလာခဲ့စဉ်က ကဝေရှင်ကိုးဦးရှိသော်လည်း ယခုအခါ ကဝေရှင်ခုနစ်ဦးသာကျန်တော့သည်။

(၂)

ချိန်းဆိုထားသည့်နေရာသို့ ကိုယ့်အစီအစဉ်နှင့်ကိုယ် သွားရောက်ကြလေသည်။ ထိုနေရာတွင် စမ်းချောင်းကလေးတစ်ခုရှိပြီး ထိုချောင်းကလေးမှာ ပုံတောင်ပုံညာတောင်တန်းကြီးပေါ်မှ မြစ်ဖျားခံကာ စီးဆင်းလာသည့် ချောင်းကလေးဖြစ်သည်။ ကဝေရှင်များက ကိုယ်ယောင်ဖျောက်ချုံထည်ကြီးများကို ဝတ်ဆင်လိုက်ကြပြီး လောင်းလှေတစ်စီးဖြင့် ချောင်းရိုးကလေးအတိုင်းဆန်တက်လာခဲ့ကြသည်။

ဒေဝီ၏ကူညီမှုဖြင့် နန်းဆောင်ကြီးအတွင်းသို့ လွယ်လွယ်ကူကူဝင်ရောက်နိုင်ခဲ့သည်။ ဦးဒီပက ကတိဖောက်ဖျက်ပြီး နန်းဆောင်အတွင်းရှိနေကြသည့် စုန်းကလေးများအားလုံးအား ဖမ်းဆီးကာ သတ်ဖြတ်လိုက်လေသည်။ ရွှေရောင်နန်းဆောင်တံခါးကြီးအားဖွင့်ပြီးသည့်နောက် ကဝေရှင်များက နန်းဆောင်အတွင်းရှိ ပစ္စည်းများကိုယူငင်ကြသည်။

ဆရာမြမှာ အခြားကဝေရှင်များကဲ့သို့ အဖိုးတန်ပစ္စည်းများကို မယူငင်ဘဲ၊ ပညာရပ်နှင့်ဆိုင်သည့် အရာများကိုသာ လေ့လာနေမိသည်။ နတ်မင်းကဲ့သို့ အစွမ်းများရရှိနိုင်သည့် ဒိဗ္ဗကျမ်းကိုတွေ့သည့်အခါ အလွန်မက်မောသွားပြီး ထိုကျမ်းကိုယူကာ အင်္ကျီအတွင်းသို့ထည့်ကာ လုံခြုံအောင် ကြိုးတစ်ချောင်းဖြင့်စည်းနှောင်လိုက်လေသည်။

ဆရာမြအနေနှင့် ဦးဒီပကို မယုံကြည်ပေ၊ အကြောင်းမှာ ဦးဒီပမှာ လုပ်ငန်းမစခင်ကတည်းက သူ့အားဆန့်ကျင်သည့်သူများကို ကဝေရှင်ပင်ဖြစ်ပါစေ လက်စတုံးသတ်ဖြတ်တတ်သောကြောင့်ဖြစ်သည်။ ကဝေရှင်များမှာ အချင်းချင်းသတ်ပိုင်ခွင့်မရှိသော်လည်း အထက်ရာထူးမြင့်သည့်ကဝေရှင်များမှာတော့ လက်အောက်ငယ်သားများကို ဆုံးမပိုင်ခွင့်ရှိသည်။ သို့သော် ဦးဒီပမှာ သူ့အားဆန့်ကျင်လျှက် အကြောင်းမဲ့သတ်ဖြတ်တတ်သည်ကို ဆရာမြက မယုံကြည်ခြင်းဖြစ်သည်။

တစ်ဖန် နန်းဆောင်အတွင်းသို့ထိုးဖောက်ဝင်ရောက်စဉ်ကလည်း ကဝေရှင်များကို ဦးဒီပက သတ်ဖြတ်လိုက်သဖြင့် အကယ်၍ ယခုလုပ်ငန်းအောင်မြင်ခဲ့သည်ရှိသော် ဦးဒီပက ကဝေရှင်များကို နှုတ်ပိတ်သတ်ဖြတ်မည်ကို စိုးရိမ်နေမိသည်။ ထို့ကြောင့် မိမိလိုချင်သည့်အရာရသည့်အခါ နန်းဆောင်အတွင်းမှ ထွက်ပြေးရန်စဉ်းစားလိုက်သည်။

သို့သော် ရွှေရောင်နန်းဆောင်အတွင်း မယ်ပျင်းနှင့် ဦးဒီပတို့တိုက်ခိုက်နေသည်ကိုတွေ့ရသဖြင့် တစ်နေရာမှပုန်းအောင်းကာ ချောင်းကြည့်နေမိသည်။ ဦးဒီပသေဆုံးပြီး မယ်ပျင်းလဲကျသွားသည့်အခါမှသာ နန်းဆောင်အတွင်းမှဆင်းပြေးလာခဲ့သည်။ မိမိနှင့်အတူပါလာသည့် ကဝေရှင်များမှာ အတုံးအရုံးနှင့်သေဆုံးကုန်ကြပြီဖြစ်သည်။ သို့နှင့် ငွေနန်းဆောင်လှေကားကြီး အတိုင်းဆက်ပြေးလာစဉ် ကျားကြီးတစ်ကောင်က ဆရာမြအနောက်သို့ ပြေးလိုက်လာလေသည်။

ကျားကြီးက လက်နှင့်ပုတ်လိုက်သဖြင့် ဆရာမြကျောကုန်းပေါက်ပြဲထွက်သွားကာ ဟက်တက်ကြီးကွဲထွက်သွားသည်။ ကျားပုတ်သည့်အရှိန်ကြောင့် ဆရာမြမှာ လွင့်စင်ထွက်သွားပြီး ချောင်းကလေးအနီးသို့ပြုတ်ကျသွားသည်။ ကျားကြီးက ဆက်၍လိုက်လာသဖြင့် ချောင်းအတွင်းသို့ခုန်ချလိုက်ကာ ရေစီးအတိုင်း ကူးခတ်လျှက် လိုက်ပါသွားလိုက်သည်။

ချောင်းကမ်းစပ်တစ်နေရာသို့ရောက်သည့်အခါ ဆရာမြမှာအလွန်မောပန်းနေပြီဖြစ်သည်။ ကျောကုန်းရှိဒဏ်ရာကြီးမှာလည်း ရေများဝင်ကာ ဆရာမြတစ်ယောက် သေလုမျောပါးဖြစ်နေသည်။

“မဖြစ်ဘူး၊ ငါမသေခင် ဒိဗ္ဗကျမ်းကိုကျင့်ရမယ်၊ အခုပဲ ကျင့်ရမယ်”

ဆရာမြက ရင်ဘတ်တွင်ကြိုးနှင့်သေချာချည်နှောင်လာခဲ့သည့် ဒိဗ္ဗကျမ်းကိုထုတ်ယူလိုက်ကာ ပေစာထုပ်ကိုအမြန်ဖြေလိုက်သည်။ ပေစာထုတ်ပြေသွားသည်နှင့် အတွင်းမှ အစိမ်းရောင်အလင်းများထွက်လာကာ ဆရာမြအားထိမှန်သွားလေသည်။ ထိုသို့ထိမှန်ပြီးသည်နှင့် ဆရာမြတစ်ကိုယ်လုံးရှိ အရိုးအကြောများမှာ ပုံသဏ္ဍာန်များပြောင်းလဲလာကာ ခါးကုန်းကြီးတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားသည်။

အမှန်စင်စစ်အားဖြင့် ဆရာမြရခဲ့သည့် ဒိဗ္ဗကျမ်းမှာ အတုကြီးဖြစ်ကာ ထိုကျမ်းအားဖွင့်သူသည် လူစဉ်မမီသည့် ခါးကုန်းကြီးတစ်ယောက်အဖြစ်ပြောင်းလဲသွားစေရန် စက်လက်နက်ကျိန်စာထည့်သွင်းထားခြင်းဖြစ်သည်။

“ငါရခဲ့တဲ့ကျမ်းက အတုကြီးကွ၊ အဲဒါကြောင့် ငါအခုလိုဖြစ်ရတာ”

ဘိုထွားမှာ ထိုသို့အော်ဟစ်လိုက်ပြီးနောက် မျက်ရည်များစီးကျလာလေသည်။

“ဒီရုပ်ကြီးဖြစ်ပြီးမှတော့ ငါ့ရဲ့မိန်းမ၊ ငါ့ရဲ့ကလေး အားလုံးက ငါ့ကိုမမှတ်မိကြတော့ဘဲ ငါ့ဘဝပျက်ခဲ့ရတယ်၊ ဒါပေမယ့် ကံတရားက အခုတော့ ငါ့ကိုအလှည့်ပြန်ပေးလာခဲ့ပြီမယ်ပျင်း”

ဘိုထွားမှာ ကွန်ချာအနီးသို့တိုးကပ်လာရင်း

“မင်းရဲ့စွမ်းအင်တွေကိုစုပ်မယ်၊ ပြီးတော့ မင်းကိုငါသတ်မယ်”

“ဟား၊ ဟား ရှင်စွမ်းတယ်ထင်ရင်လုပ်ကြည့်လိုက်လေ၊ ဒါပေမယ့် လွယ်လွယ်တော့ရတယ်မထင်နဲ့၊ ကျုပ်က ဒီရွာကစုန်းတွေရဲ့ ရွာအုပ်၊ ဒီရွာက စုန်းတွေရဲ့အချုပ်ပဲ”

မယ်ပျင်းမှာတောင်ဝှေးကိုမြေပေါ်သို့ဆောင့်ချလိုက်ပြီးနောက် ရွာအုပ်လည်ဆွဲပြားကလေးကို သုံးချက်ပွတ်သပ်လိုက်လေသည်။ ထိုသို့ပြုလုပ်ခြင်းမှာ အရေးပေါ်အခြေအနေတွင် ရွာမှစုန်းများအားလုံးကို ထွက်လာစေရန်စုဝေးလိုက်ခြင်းဖြစ်သည်။ မယ်ပျင်းပွတ်သပ်လိုက်ပြီး မကြာခင်မှာပင် ရွာမှစုန်းများမှာ ထွန်ပြန်ကုန်းဆီသို့ လမ်းလျှောက်ကာချီတက်လာကြလေသည်။ ထွန်ပြန်ကုန်းမြေပြင်တွင် မယ်ပျင်းနှင့်ဘိုထွားကို ဝိုင်းကာ မတ်တပ်ရပ်လိုက်ကြသည်။ မယ်ပျင်းက ဟန်ပါပါဖြင့်

“ရွာခံစုန်းတွေ ဘာလုပ်နေကြတာလဲ၊ ဟောဒီလူဟာ စုန်းတွေရဲ့ရန်သူ ကဝေရှင်တစ်ယောက်ပဲ၊ သူ့ကိုရှင်တို့အစွမ်းနဲ့တိုက်ခိုက်သတ်ဖြတ်ကြပါတော့လား”

မယ်ပျင်းပြောသော်လည်း ရွာခံစုန်းများမှာ ငြိမ်သက်နေလေသည်။

“ရှင်တို့ဘာလုပ်နေကြတာလဲ၊ ရှင်တို့ကျုပ်ပြောတာမကြားဘူးလား”

ထိုအခါ ဦးလူမွှေးက အရှေ့သို့သုံးလှမ်းခန့်တက်လာပြီး

“မင်းကို ငါတို့က ဘာဖြစ်လို့ကယ်ရမှာလဲ မယ်ပျင်း”

“ကျုပ်ကရွာအုပ်၊ ဘာဘာကြီးရွေးချယ်ပေးခဲ့တဲ့ ရွာအုပ်လေ”

“မင်းကို ငါရော တို့တစ်ရွာလုံးက စုန်းတွေကရော ရွာအုပ်ဖြစ်စေချင်ကြတာမှမဟုတ်တာ”

ထိုတော့မှ မယ်ပျင်းမှာ ရွာခံစုန်းများ၏ မျက်နှာကိုတစ်ချက်ကြည့်လိုက်မိသည်။ ရွာခံစုန်းများအားလုံးမှာ မယ်ပျင်းအား အလွန်မုန်းတီးသည့်မျက်နှာဖြင့် ဝိုင်းဝန်းကြည့်ရှုနေကြလေသည်။ မယ်ပျင်းက သူအသက်ကယ်ပေးထားခဲ့ဖူးသည့် စုန်းအဒေါ်ကြီးတစ်ယောက်အားကြည့်လိုက်လေသည်။

“ရှင့်အသက်ကို ကျုပ်ကယ်ပေးထားခဲ့တယ်လေ”

စုန်းအဒေါ်ကြီးမှာ မျက်စိမျက်နှာထားတည်တည်ဖြင့်

“အသက်ကယ်လဲဘာဖြစ်သလဲ၊ ငါက နင့်ကိုသေစေချင်တာကြာပြီ”

တစ်ဖန်မယ်ပျင်းက သူကုသပေးထားခဲ့သည့် မိန်းကလေးကိုကြည့်လိုက်ကာ

“ဟဲ့ နင့်ကိုရော ငါကယ်တင်ပေးထားတာလေ၊ နင် အဲဒီကျေးဇူးတွေကိုမေ့နေပြီလား”

“သွားစမ်းပါ၊ အသက်တစ်ခါကယ်ဖူးတာနဲ့ပဲ ကျေးဇူးရှင်ကြီးဖြစ်ရောလား”

မယ်ပျင်းမှာ ရွာခံစုန်းများ၏ စိတ်သဘောထားကိုသိလိုက်ရပြီမို့ တောက်တစ်ချက်ခေါက်လိုက်လေသည်။

“သြော်၊ ရှင်တို့က ဒီလိုပေါ့၊ ဟုတ်သလား”

“ဟုတ်တယ်၊ ငါတို့က ဒီလိုပဲ၊ မင်းကိုသေစေချင်တာ ငါတို့တစ်ရွာလုံးရဲ့ဆန္ဒပဲ”

“ဒါပေမယ့် ဒီလူ . . ဒီလူက ကဝေရှင်နော်၊ ကဝေရှင်ဆိုတာ စုန်းတွေနဲ့အပေးအယူလုပ်တာမဟုတ်ဘူး၊ စုန်းတွေရဲ့စကားကို နားထောင်မှာမဟုတ်ဘူး”

“ဘိုထွားကြီး မင်းကိုအရင်သတ်ပါစေအုံး၊ မင်းသေသွားမှ ကျန်တဲ့ကိစ္စကို ငါတို့ဆက်ရှင်းမယ်”

ဦးလူမွှေးက ဘိုထွားအားလှည့်ကြည့်လိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။ ဘိုထွားမှာ သူဝတ်ဆင်ထားသည့် အင်္ကျီကြီးကိုဆွဲချွတ်လိုက်ကာ ကျောကုန်းဘုကြီးအပေါ်မှ အလင်းတန်းကြီးများတိုးထွက်လာလေသည်။ ထို့နောက် ထိုအလင်းတန်းကြီးများမှာ မယ်ပျင်းနှင့်ချိတ်ဆက်သွားပြီး မယ်ပျင်းထံမှ စွမ်းအင်များကိုစုပ်ယူလေတော့သည်။ မယ်ပျင်းမှာ စုန်းပညာမသုံးမိအောင်နေလိုက်ပြီး စုန်းစွမ်းအင်များမထွက်စေနိုင်ရန်အတွက် ဒွါရအပေါက်များကိုပညာဖြင့်လုံခြုံအောင်ပိတ်ပင်ထားလိုက်သည်။ ထို့ကြောင့်စွမ်းအင်များမှာ ထင်သလောက်မြန်မြန်စုပ်ယူ၍ မရဘဲဖြစ်နေလေသည်။

“ဒါကြောင့် မင်းကိုငါက ရွာအုပ်အဖြစ်ခန့်အပ်ခဲ့တာပေါ့ မယ်ပျင်းရဲ့”

မယ်ပျင်းနားထဲတွင် ဘာဘာကြီး၏ အသံကိုကြားနေရသည်။

“မင်းရဲ့လည်ပင်းမှာဆွဲထားတဲ့ ရွာအုပ်လည်ဆွဲကလေးက မှန်ချပ်က ပညာစွမ်းတွေကို တန်ပြန်စေနိုင်တယ်ကွဲ့၊ စုန်းတွေမှာ တန်ပြန်ပညာဆိုတာ အလွန်ရှားပါးတဲ့ပညာရပ်တစ်ခုပဲ၊ ဒါကြောင့် ရွှာအုပ်တွေသာ ဒီလည်ဆွဲကိုရတာ”

မယ်ပျင်းက လည်ဆွဲကလေးအတွင်းသို့စိတ်နှစ်လိုက်ကာ နဖူးပေါ်ကျရောက်နေသည့်အလင်းတန်းများကို တဖြည်းဖြည်းဆွဲရွှေ့လိုက်လေသည်။ အလင်းတန်းများမှာ လည်ဆွဲကလေးပေါ်သို့ တဖြည်းဖြည်းရွှေ့လျားသွားပြီးသည့်နောက် အလင်းတန်းများမှာ ပြောင်းပြန်စီးဆင်းလေသည်။ ဘိုထွားဆီမှ စွမ်းအင်များကို မယ်ပျင်းကစုပ်ယူမိသည့်အခါ ဘိုထွားမှာ ချက်ချင်းပင်ရပ်တန့်လိုက်လေသည်။ သို့သော်လည်း စွမ်းအင်အချို့ပါသွားသဖြင့် ဘိုထွားတစ်ယောက် အားအင်ချိနဲ့လာလေသည်။

“မင်း . . . မင်းဘာလုပ်တာလဲ”

“ရွာအုပ်တစ်ယောက်ရဲ့အစွမ်းကို အသုံးချလိုက်တာလေ”

“မင်း . . .မင်းဆီက အစွမ်းတွေမရလဲနေပါစေတော့၊ မင်းသေရမယ်”

ဘိုထွားက မန္တန်တစ်ခုရွတ်ဆိုလိုက်သည့်အခါ မှော်ကွန်ချာမှာ တဖြည်းဖြည်းကျုံ့လာခဲ့လေသည်။

“မှော်ကွန်ချာကျုံ့သွားပြီးတော့ ကွန်ချာနဲ့ထိမိတဲ့မင်းရဲ့ အသွေးတွေ အသားတွေဟာ အပိုင်းပိုင်းပြတ်ပြီး မင်းက မရှုမလှနဲ့သေရမှာပဲကွ”

မှော်ကွန်ချာမှာ ဘိုထွားပြောသည့်အတိုင်း တဖြည်းဖြည်းကျုံ့ဝင်လာလေသည်။ မယ်ပျင်းအသားနှင့်ထိတွေ့သည့်အခါ အလွန်ပူလောင်သည့်ဝေဒနာကိုခံစားရပြီး မှော်ကွန်ချာပိုက်များက အသားကိုဖြတ်တောက်ကာ တိုးဝင်လာလေသည်။ ထိုအခိုက် တောင်ဝှေးကြီးမှာ တဆတ်ဆတ်တုန်ယင်လာခဲ့ကာ မယ်ပျင်းမှာလည်း ရုတ်ခြည်းပျောက်ကွယ်သွားတော့သည်။

ကျယ်ပြောလှသည့် လေဟာနယ်ကြီးတစ်ခုအတွင်း မယ်ပျင်းလွင့်မြောနေမိသည်။ မကြာခင် သူ၏အရှေ့တွင် ဘာဘာကြီး၏ရုပ်ပုံလွှာက ပေးထွက်လာလေသည်။

“မင်းကိုအဲဒါကြောင့် ငါကရွာအုပ်အဖြစ်ခန့်အပ်ခဲ့ပြီးတော့ ဟောဒီတောင်ဝှေးနဲ့ လည်ဆွဲကိုပေးအပ်ခဲ့တာပေါ့”

“ဒီလူတွေက သိပ်တရားလွန်တာပဲ ဘာဘာကြီး”

“လူဆိုတာ ဒီလိုပါပဲ၊ လူတွှေအကြောင်းကို ငါတော်တော်သိခဲ့ပြီးပြီ မယ်ပျင်းရဲ့၊ ကဲ အခု ငါ့ပစ္စည်းတွေပြန်ပေးတော့”

ဘာဘာကြီးပြောဆိုလိုက်သည့်အခါ မယ်ပျင်းလက်ထဲကိုင်ထားသည့် တောင်ဝှေးမှာ လွင့်ထွက်သွားပြီး လည်ပင်းတွင်ဆွဲထားသည့် လည်ဆွဲမှာလည်း သူ့အလိုလိုကျွတ်ထွက်သွားလေသည်။

“အခုမင်းကိုငါ အန္တရာယ်ကင်းတဲ့ တစ်နေရာကိုပို့ပေးလိုက်မယ်”

မယ်ပျင်းက ခေါင်းခါလိုက်ကာ

“မဟုတ်ဘူး ဘာဘာကြီး၊ မပို့ပေးပါနဲ့၊ နိဗ္ဗာန်ရွာကိုပဲ ပြန်ပို့ပေးစမ်းပါ”

“ဘာကြောင့်များလဲမယ်ပျင်း”

“ကျုပ် ဒီလူတွေကို ကောင်းကောင်းဆုံးမရမှ ကျေနပ်နိုင်မယ်”

“မင်းပဲတစ်ခါကပြောတော့ ရန်မလိုမှ ရန်ပြိုမှာဆို မယ်ပျင်းရဲ့”

“အဲဒီစကားက အလကားပါ၊ လူတွေဆိုတာ ငြိမ်ခံနေရင် ကြောက်တယ်ထင်ပြီး ခေါင်းပေါ်ချေးတက်ပါချင်ကြတယ်၊ နဂါးမှန်းသိအောင် အမောက်ထောင်ထားမှ ဒင်းတို့ကကြောက်မှာ”

“ကောင်းပြီမယ်ပျင်း၊ မင်းဆုံးဖြတ်ချက်အတိုင်းပဲ မင်းကိုပို့ပေးလိုက်မယ်”

မယ်ပျင်းမှာ ရုတ်ခြည်းပြန်လည်ပျောက်ကွယ်သွားပြီးသည့်နောက် ထွန်ပြန်ကုန်းကွင်းပြင်အလယ်တွင် ဘွားခနဲပေါ်ထွက်လာသည်။ စုန်းများက မယ်ပျင်းအားတွေ့သည့်အခါ ဝိုင်းရံလိုက်ကြသည်။

“ကဲ နင်တို့တွေငါ့ကိုယှဉ်လို့ရမယ်ထင်ရင် ယှဉ်ကြစမ်းဟေ့”

မယ်ပျင်းအော်လိုက်သည့်အခါ ရွာခံစုန်းများက မယ်ပျင်းထံသို့ စက်လက်နက်များဖြင့်ပစ်လွှတ်ကြသည်။ ထိုအခါ ထွန်ပြန်ကုန်းပတ်ပတ်လည်ရှိ ဆူးချုံပုတ်များအတွင်းမှ အစိမ်းရောင်အလင်းတန်းကြီးများတိုးထွက်လာကာ ရွာခံစုန်းများ၏ရင်ဘတ်ကိုထိမှန်ကုန်ကြသည်။ ရွာခံစုန်းများမှာ မြေပေါ်တွင်မရှုမလှလူးလိမ့်ခံစားနေကြရသည်။

“ကဲ မှတ်ပလား၊ အဲဒါ ကဝေရှင်တွေရဲ့ ကဝေထောင်ချောက်ဆိုတာပဲဟဲ့”

စက်လက်နက်ထုတ်သုံးသမျှ စုန်းအားလုံးကို ကဝေထောင်ချောက်များမှ အလင်းတန်းများက ထိမှန်သဖြင့် စုန်းများအထိနာကုန်သည်။ မယ်ပျင်းက မြေကွက်လပ်အလယ်တွင် ခါးထောက်၍သာ ကြည့်နေလေသည်။ ဦးလူမွှေးက ဘိုထွားအားကြည့်လိုက်ရင်း

“ဘိုထွား၊ ခင်ဗျားထောင်ထားတဲ့ထောင်ချောက်တွေ ပြန်သိမ်းပေးပါ၊ ကျုပ်တို့ ဒီစုန်းမကို အပြတ်ရှင်းရအောင်”

“ဟား ဟား ကျုပ်ကဘာဖြစ်လို့ ခင်ဗျားတို့ကိုလွှတ်ပေးရမှာလဲ”

ဦးလူမွှေးမှာ အလွန်အံ့သြသွားလေသည်။

“ဘာကွ၊ မင်းငါတို့ကို ကတိပေးထားတယ်လေကွာ၊ မယ်ပျင်းကိုသတ်ပြီးရင် ငါတို့တွေရွှာအုပ်အသစ်ပြန်ရွေးကြမယ်ဆိုကွ”

“ဟား၊ ဟား ကဝေရှင်တွေဆိုတာ စုန်းတွေနဲ့ဘယ်တော့မှ အပေးအယူမလုပ်ဘူးဗျ၊ ဘာလဲ ခင်ဗျားမကျေနပ်ဘူးလား၊ မကျေနပ်ရင် ကျုပ်ကိုစက်လက်နက်နဲ့ပစ်လေဗျာ၊ ပစ်ခတ်လိုက်စမ်းပါဗျ”

ဦးလူမွှေးတို့ စုန်းတစ်သိုက်မှာ ကြံရာမရဖြစ်နေလေသည်။

“ခင်ဗျားတို့ ဘာမှလုပ်လို့မရတော့ဘူး၊ ဒီနေ့ဟာ ခင်ဗျားတို့ရဲ့နောက်ဆုံးနေ့ပဲ၊ ကျုပ် အနီးအပါးက ကဝေရှင်တွေအကုန်လုံးကိုဆင့်ခေါ်ထားပြီးပြီ၊ ဟောဒီကုန်းတစ်ခုလုံးကိုလည်း ကဝေထောင်ချောက်တွေ ထောင်နဲ့ချီပြီးမြှုပ်နှံထားတာမို့လို့ မင်းတို့ဘယ်လိုမှ ပြေးလို့လွတ်မှာမဟုတ်ဘူးကွ”

ကောင်းကင်တွင်ရောင်နီများထွက်ပေါ်လာပြီး တဖြည်းဖြည်းနှင့်လင်းလာပြီဖြစ်သည်။ နိဗ္ဗာန်ရွာအတွင်းမှ လင်းကြက်တွန်သံများကို ကြားလိုက်ရသည်။ ဦးလူမွှေးနှင့် ရွာခံစုန်းများက မယ်ပျင်းအနီးသို့တိုးကပ်လာကြသည်။

“မယ်ပျင်း”

“ဘာတုန်း”

“ငါတို့ကိုကယ်ပါ၊ မင်းက တစ်ချိန်ကသူတို့ရဲ့ကဝေရှင်အကြီးအကဲကြီးကိုတောင် အနိုင်ယူနိုင်တယ်ဆိုတော့ ဘိုထွားကိုလည်း မင်းအနိုင်ယူနိုင်မှာသေချာပါတယ်၊ ငါတို့ရွာခံစုန်းတွေကို ကယ်တင်ပေးပါ”

“အလိုလေးတော်၊ အခုကျမှ ကယ်တင်ပေးပါတဲ့လား၊ ကျုပ်အသက်ကယ်ထားတဲ့လူတွေတောင် ကျေးဇူးတရားကိုမထောက်ဘဲ နေကြပြီးတော့ အခုအခက်အခဲတွေ့တော့မှ ကျုပ်ကိုကယ်ပါတဲ့လား၊ မကယ်ဘူး၊ ဒီလိုလူကို ကျုပ်နိုင်တယ်ဆိုရင်တောင်မှ ရှင်တို့ကိုမကယ်ဘူး”

မယ်ပျင်းမှာ ပြောဆိုပြီးထွက်ပြေးရန်စီစဉ်လိုက်သည်။ သို့သော် ဦးလူမွှေးက မယ်ပျင်းလက်ကိုဆွဲထားသည်။ ပြီးနောက် မယ်ပျင်းအရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကာ

“မင်းကိုငါတို့က လက်သင့်မခံပေမယ့် မင်းက ဘာဘာကြီးခန့်အပ်ခဲ့တဲ့ရွာအုပ်ပါ မယ်ပျင်း၊ ရွာအုပ်တစ်ယောက်အနေနဲ့ ရွာခံတွေကို ကယ်တင်ရမယ့်တာဝန်ရှိတယ်မဟုတ်လား၊ ငါတို့အားလုံးသေကြေပျက်စီးတာကို မင်းကမြင်ချင်လို့လား”

“သေသေပေါ့တော်၊ ဘာအရေးလဲ”

ထိုအခါ ရွာခံစုန်းများအားလုံးမှာ မယ်ပျင်းအရှေ့တွင်ဒူးထောက်ထိုင်ချလိုက်ကြသည်။

“ကျုပ်တို့အားလုံး မှားခဲ့တာတွေကို တောင်းပန်ပါတယ်၊ ကျုပ်တို့ကိုကယ်တင်ပါ”

ထိုစဉ် ထွန်ပြန်ကုန်းဆီသို့ လူအများရောက်လာကြပြန်သည်။ ထိုလူများရောက်လာသည့်အခါ ဘိုထွားရရယ်မောလိုက်ပြီး

“ကဲ ညီနောင်တို့ရောက်လာပြီဆိုတော့ ကျုပ်တို့အတူတူဒီစုန်းတွေကို ဖမ်းလိုက်ကြစို့ဗျာ”

ကဝေရှင်များမှာ မယ်ပျင်းထံသို့ ငွေစြက်ာလက်နက်များကိုပစ်ခတ်လိုက်ကြသည်။ မယ်ပျင်းက ပုခုံးတွင်လွှမ်းခြုံထားသည့် သဘက်တစ်ထည်ကိုဖြုတ်၍ ထိုလက်နက်များကိုပုတ်ထုတ်ပစ်လိုက်သည်။

“ကဝေမျှော့ကြိုးတွေပစ်လိုက်ကြဟေ့”

ကဝေရှင်များက အိတ်အတွင်းမှ တစ်တောင်ခန့်ရှည်သည့်ကြိုးကလေးများကို မြေပေါ်သို့ပစ်ချလိုက်ကြသည်။ ကြိုးများမှာ သားရေကြိုးသုံးချောင်းဖြင့် ကျစ်ထားသည့် ကြိုးများဖြစ်သည်။ မြေပေါ်သို့ရောက်သည်နှင့်တပြိုင်နက် ကြိုးများမှာ မြွေများကဲ့သို့ လူးလွန့်သွားလာရင်း မယ်ပျင်းထံသို့ဦးတည်လာခဲ့သည်။ မယ်ပျင်းက သူ့ထံခုန်ပျံလာသည့် ကြိုးများကို လက်နှင့်ပုတ်ထုတ်သည်။ ကဝေထောင်ချောက်များရှိသဖြင့် စုန်းပညာကိုထုတ်မသုံးဘဲ လက်ချည်းတိုက်ခိုက်နေရသည်။ တစ်ချီတွင်တော့ ကြိုးတစ်ချောင်းက မယ်ပျင်းလက်အားရစ်ပတ်မိသွားသည်။ ထိုအခါ ကျန်သည့်ကြိုးကလေးများမှာ ထိုကြိုးကလေးများအားရစ်ပတ်ချိတ်ဆက်ကြပြီး ကြိုးအရှည်ကြီးအဖြစ်ပြောင်းလဲသွားသည်။ ဘိုထွားက ထိုကြိုးစကိုကိုင်ကာ သူ့လက်ထဲမှကြိုးတစ်စနှင့်ချိတ်ဆက်လိုက်လေသည်။

“ကဝေထောင်ချောက်ပေါင်းတစ်ထောင်ရဲ့အစွမ်းကို မင်းခံနိုင်ရင်ခံပေတော့”

ဘိုထွားက ကြိုးကိုချိတ်ဆက်လိုက်သည့်အခါ ကဝေထောင်ချောက်များအတွင်းမှ စွမ်းအင်များက စီးမြောလာကာ မယ်ပျင်းကိုယ်လံုံးကိုထိုးဖောက်ဝင်ရောက်သွားလေသည်။ မယ်ပျင်းမှာ နာကျင်လှသဖြင့် အော်ဟစ်နေမိသည်။ မယ်ပျင်းက စုန်းပညာရပ်တစ်ခုကိုသုံး၍ ကြိုးများကိုအပိုင်းပိုင်းပြတ်အောင်ပြုလုပ်လိုက်လေရာ ကဝေထောင်ချောက်များဆီမှ အလင်းတန်းများက မယ်ပျင်းကိုယ်အားထိမှန်ကာ လွင့်ထွက်သွားလေသည်။ မယ်ပျင်းက အံကြိတ်ကာ မတ်တပ်ထရပ်လိုက်သည်။

“ကဲ သူ့ရဲ့အားနည်းချက်ကို ခေါ်လာခဲ့ကြဟေ့”

ကဝေရှင်များမှာ ကိုလူအေး၊ ဘကြီးရွှေရိုးနှင့် ကြီးဒေါ်ခွေတို့ကို ဓါးဖြင့်ထောက်ကာ ဖမ်းခေါ်လာခဲ့ကြသည်။ ထိုလူများကိုတွေ့သည့်အခါ မယ်ပျင်းမှာအလွန်အံ့သြသွားပြီး

“မလုပ်နဲ့၊ သူတို့ကို ဘာမှမလုပ်ပါနဲ့”

ဘိုထွားက ကိုလူအေးကိုကြည့်ကာ

“လူအေး၊ မင်းကတော့ စုန်းမလှလှကလေးတစ်ယောက် ရထားတာပဲကွ”

ဘကြီးရွှေရိုးနှင့် ကြီးဒေါ်ခွေတို့မှာ မယ်ပျင်းအား အထူးအဆန်းပုံစံဖြင့်ကြည့်နေလေသည်။ မယ်ပျင်းက အသံကုန်အော်ဟစ်လျှက်

“ရှင်တို့မယုတ်မာကြနဲ့ ဒီကိစ္စက သူတို့နဲ့မဆိုင်ဘူး၊ သူတို့ကိုလွှတ်ပေးလိုက်”

“ဟား ဟား မင်းကိုနိုင်ဖို့အတွက်တော့ ငါတို့နဲ့ဆိုင်တယ်လေကွာ၊ ကဲ မယ်ပျင်း မင်းကိုရွေးချယ်စရာနှစ်ခုပေးလိုက်မယ်၊ တစ်ခုကတော့ မင်းအေးအေးလူလူအဖမ်းခံလိုက်မယ်ဆိုရင် ငါသူတို့ကိုလွှတ်ပေးလိုက်မယ်၊ နှစ်အချက်ကတော့ မင်းတစ်ခုခု ခုခံတာနဲ့ သူတို့သေပြီသာမှတ်ဟေ့”

မယ်ပျင်းမှာ ရွေးချယ်ရခက်နေပြီဖြစ်သည်။ မိမိအတွက်ကြောင့်နှင့် ဘကြီးရွှေရိုးတို့ အသက်အန္တရာယ်ထိခိုက်မည့်အရေးကို မဖြစ်စေချင်ပေ၊ မယ်ပျင်းက ကိုလူအေးမျက်နှာကိုလှမ်းကြည့်လိုက်သည့်အခါ ကိုလူအေးက ဘာကြောင့်မှန်းမသိ မယ်ပျင်းကိုခေါင်းညိတ်ပြလိုက်လေသည်။

ထို့နောက် ကိုလူအေးမှာ လက်တစ်ဖက်ကိုမိုးပေါ်သို့မြှောက်တင်လိုက်သည်။ ပြီးသည့်နောက် မန္တန်တစ်ခုကိုရွတ်ဆိုလိုက်သည့်အခါ ကောင်းကင်ပေါ်မှ မိုးကြိုးကြီးတစ်စင်းက ကိုလူအေးခေါင်းပေါ်သို့ ဂျိန်းခနဲပစ်ချလိုက်လေသည်။ မိုးကြိုးစက်ကွင်းကြောင့် ကိုလူအေးအနားတွင်ရှိနေသည့် ကဝေရှင်များမှာ မီးသွေးတုံးများကဲ့သို့ ကျွမ်းလောင်သွားကြကာ အနောက်သို့လွင့်ထွက်သွားကြသည်။

လူအားလုံးမှာ ကိုလူအေးအားအထူးအဆန်းအနေနှင့် ဝိုင်းကြည့်နေကြသည်။ ထိုအထဲတွင် မယ်ပျင်းလည်းပါဝင်သည်။

“ကိုလူအေး . . . ရှင် . . .ရှင်က”

“ဟုတ်တယ် ငါကသင်းကွဲစုန်းတစ်ယောက်ပဲ”

ကိုလူအေးက လက်နှစ်ဖက်ကိုမြှောက်တင်လိုက်ကာ လျှပ်စီးလုံးကြီးတစ်ခုကိုဖန်တီးလိုက်လေသည်။ ထိုအခါ ကဝေထောင်ချောက်များမှ အလင်းတန်းများမှာ ကိုလူအေးကိုလာရောက်ထိမှန်ကြသည်။

“ညီမရေ၊ လုပ်လိုက်တော့ . . . အမြန်လုပ်လိုက်တော့”

ကိုလူအေးက ဝမ်းခေါင်းသံကြီးနှင့်အော်ဟစ်လိုက်လေသည်။ မယ်ပျင်းက ခြေဖနောင့်ကို မြေကြီးပေါ်သို့စုံပေါက်ချလိုက်ကာ စုန်းပညာစက်ကွင်းတစ်ခုကိုမြေကြီးအတွင်းသို့ ဖြန့်ကျက်ပို့လွှတ်လိုက်လေသည်။ ထိုစက်ကွင်းနှင့် ထိတွေ့မိသောအခါ မြေကြီးအတွင်းမြှုပ်နှံထားသည့် ကဝေထောင်ချောက်များမှာ တဝုန်းဝုန်းနှင့်ပျက်စီး၍ မြေပေါ်သို့ခုန်ထွက်လာကြလေသည်။

ဘိုထွားက အလွန်ဒေါသထွက်သွားပြီး

“ဟာ ဒီလောက်တောင်ရှိလှတာ သေကြစမ်းဟာ”

ဘကြီးရွှေရိုးနှင့် ကြီးဒေါ်ခွေထံသို့ ငွေစြက်ာလက်နက်များနှင့်ပစ်ခတ်လိုက်သည့်အခါ ဘကြီးရွှေရိုးတို့နှစ်ယောက်မှာ နေရာတွင်ပင်လဲကျသေဆုံးသွားကြသည်။

ကိုလူအေးမှာ ဘိုထွားနှင့် ကဝေရှင်များဘက်သို့ လက်အတွင်းမှ လျှပ်စီးလုံးကြီးကို ပစ်သွင်းထည့်လိုက်သည်။ ဖြူစင်ဝင်းလက်တောက်ပြောင်သည့် စိန်ရောင်ခြည်ကဲ့သို့ အလင်းရောင်များထွက်ပေါ်လာပြီးသည့်နောက် ထိုအလင်းရောင်ကိုကြည့်မိကြသူများအားလုံး မျက်စိကြိမ်းကုန်ကြသည်။ လျှပ်စီးလုံးကြီးမှာ ဘိုထွားအားထိမှန်ပြီးသည့်အခါ အနီးအနားမှကဝေရှင်များထံသို့ ဘောလုံးကြီးတစ်လုံးကိုပုတ်သကဲ့သို့ လိုက်လံထိမှန်ကာ ကဝေရှင်များမှာ လျှပ်စီးဓါတ်ရိုက်ခံရပြီး နှလုံးပေါက်ကွဲထွက်ကာ နေရာတွင်ပင်သေဆုံးကုန်ကြသည်။ ကိုလူအေးမှာလဲ လဲကျသွားလေတော့သည်။

မယ်ပျင်းက ကိုလူအေးထံသို့ပြေးသွားကာ ကိုလူအေးအားပွေ့ဖက်ထားလိုက်သည်။

“အကိုမသေရဘူး အကို့ကို ကျုပ်ကယ်မယ်၊ ကျုပ်ရအောင်ကယ်မယ်”

ကိုလူအေးက မယ်ပျင်းလက်အားဖမ်းဆွဲထားရင်း

“မလုပ်နဲ့ညီမ၊ ကဝေထောင်ချောက်တွေရဲ့အစွမ်းကြောင့် အကို့အတွင်းကလီစာတွေ၊ အရိုး၊ အကြောတွေအားလုံးကို အပိုင်းပိုင်းပြတ်ကုန်တာ အကိုသိပါတယ်၊ ညီမအပင်ပန်းမခံပါနဲ့တော့”

“ဖြစ်မှဖြစ်ရလေအကိုရယ်”

“ညီမက စုန်းတစ်ယောက်ဆိုတာကို အကိုအရင်ကတည်းကသိပါတယ်၊ ဆေးဆရာ ဦးကြီးငွေက ညီမအိမ်ကိုပထမဆုံးစရောက်လာတဲ့အချိန်ကတည်းက အကို့ကိုအိမ်အပြင်ကိုခေါ်ပြီး ညီမက စုန်းဆိုတာကိုပြောခဲ့တာပါ၊ ပြီးတော့ ညီမညဘက်ညဘက်အပြင်ထွက်သွားတာကိုလည်း အကိုသိတယ်၊ ထွန်ပြန်ကုန်းကိုသွားတာကိုလည်း အကိုသိပါတယ်”

မယ်ပျင်းမှာ ကိုလူအေး၏ မျက်နှာကိုကြည့်ကာ မျက်ရည်များကျဆင်းလာလေသည်။

“အကိုမနေရတော့ဘူးဆိုတော့ ရှေ့လျှောက်ထပ်ပြီးတော့ ညီမကို ကာကွယ်နိုင်မှာမဟုတ်တော့ဘူး၊ ညီမနဲ့ ဟောဒီဗိုက်ထဲက ကလေးလေးနဲ့ ပိုပြီး ဂရုစိုက် . . . စိုက်”

ကိုလူအေးမှာ ပြောဆိုရင်း ဇက်ကျိုးကျသွားလေသည်။ ထို့နောက် ကိုယ်လူအေးတစ်ကိုယ်လုံးမှာ ကျောက်စရစ်အခဲကလေးများအလား ကွဲထွက်ကာ ပျက်စီးသွားလေသည်။

“အကိုရယ် . . . အောင်မယ်လေး အကိုရဲ့ ဖြစ်မှဖြစ်ရလေ သူတော်ကောင်းကြီးရဲ့”

မယ်ပျင်းမှာ ကိုလူအေးဝတ်ဆင်ထားသည့် အင်္ကျီကလေးကိုဖက်ကာ ငိုယိုနေလေသည်။ ထိုသို့ငိုနေစဉ် ဦးခေါင်းတစ်ခုလုံး ပူရှိန်းလာသကဲ့သို့ခံစားရသည်။ ဦးခေါင်းတစ်ဖက်ခြမ်းမှာ အေးစိမ့်လာပြီး ကျန်သည့်ဦးခေါင်းတစ်ဖက်ခြမ်းမှာတော့ ပူလောင်အိုက်စက်လာလေသည်။ ထို့နောက် မယ်ပျင်းမှာ မိုးပေါ်သို့မော့ကြည့်ပြီး အသံကုန်ဟစ်ကာ ရယ်မောလိုက်လေသည်။ ထိုအဖြစ်ကို နိဗ္ဗာန်ရွာခံစုန်းများကကြည့်ကာ

“မယ်ပျင်းရူးသွားပြီ၊ မယ်ပျင်းရူးသွားပြီဟေ့ . . .”

ဟု အော်ဟစ်လိုက်ကြတော့သည်။