စာစဉ် (၇၉)
(၁)
“စုန်းမအိမ်မီးလောင်ပြီ၊ စုန်းမကြီးအိမ် မီးတွေလောင်နေပြီဟေ့”
ရွာသားများမှာ မယ်ပျင်းအိမ်ထံသို့ပြေးလာကြသည်။ သို့သော် ခြံဝင်းအတွင်းသို့မဝင်ဘဲ အပြင်မှငေးကြည့်နေကြသည်။ မယ်ပျင်းအိမ်မှာ ပေါက်ကွဲသည့်အရှိန်ကြောင့် တစ်စစီဖြစ်သွားပြီး ကျန်ရစ်နေခဲ့သည့် အိမ်တိုင်များနှင့် အိမ်အနီးရှိနေကြသည့် သစ်ပင်ကြီးများမှာ မီးများလောင်ကျွမ်းနေသည်။ မီးလောင်ကျွမ်းသည့်အပူရှိန်မှာ အလွန်ပူပြင်းသည်မို့ ရွာသားများမှာ အနားသို့မကပ်ရဲကြပေ၊ ဘွားချမ်းသာက လူအုပ်ကြားထဲမှ ကလေးပိုက်လျှက် အိမ်ကိုလှမ်းကြည့်နေသည်။ မကြာခင် သူကြီးဖိုးမောင်နှင့် နောက်လိုက်နောက်ပါများက အိမ်ဆီသို့ရောက်လာကြသည်။
“ဟေ့လူတွေ ခင်ဗျားတို့ဘာလုပ်နေကြတာလဲ၊ မီးလောင်နေတာကို ဝိုင်းမငြိမ်းကြဘူးလား”
“ဟာ၊ သူကြီးရာ စုန်းမအိမ်မီးလောင်တာကို ကျုပ်တို့က ငြိမ်းပေးစရာလား တစ်အိမ်လုံးပြာကျသွားမှ အေးမှာ”
သူကြီးဖိုးမောင်သာ အသည်းအသန်ဖြစ်နေသော်လည်း ရွာသားများမှာ မီးလောင်နေသည့်အိမ်ကိုကြည့်ကာ ကျေနပ်အားရနေကြသည်။
“မယ်ပျင်းက မီးဖွားနေတာမဟုတ်လား၊ ကလေးရောမအေပါ မီးထဲပါသွားပြီး သေသွားရင် တစ်ခါတည်းအေးရော”
“ဟုတ်ပ၊ ဒီမကောင်းတဲ့အမေက မွေးတဲ့ကလေးက မကောင်းတဲ့မိစ္ဆာကောင်လေးပဲဖြစ်မှာပဲ၊ အခုတော့ တစ်ရန်မဟုတ်ဘူး နှစ်ရန်ရှင်းသွားတာပေ့ါ”
ထိုအခါ လမ်းဘေးနားတွင်မေ့လဲကျနေသည့် မမယ်ဖြူမှာလန့်နိုးလာခဲ့သည်။ မမြယ်ဖူအား မဲကြီးက ဖမ်းချုပ်ထားသော်လည်း ရသေ့ကြီးနှင့်အနူကြီးသေသွားသည့်အခါ မဲကြီးမှာလည်း ထွက်ပြေးလွှတ်မြောက်သွားကာ ဘယ်ရောက်သွားမှန်းပင် မသိတော့ပေ၊ မမယ်ဖြူနိုးလာသည့်အခါ မီးဟုန်းဟုန်းတောက်လောင်နေသည့် အိမ်ကြီးကိုကြည့်ကာ အိမ်အတွင်းသို့ပြေးဝင်ရန်ဟန်ပြင်သည်။ သို့သော် သူကြီးဖိုးမောင်နှင့် လူယုံများက မမယ်ဖြူလက်မောင်းအား ဝိုင်းဆွဲထားကြသဖြင့် မမယ်ဖြူမှာ အိမ်ထဲသို့ဝင်မရဘဲဖြစ်နေသည်။
“လွှတ်ပါ၊ ငါ့ကိုလွှတ်ပါ၊ အိမ်ထဲမှာငါ့ရဲ့သမီး၊ ငါ့ရဲ့မြေးလေးရှိတယ်”
“စိတ်လျှော့လိုက်ပါ ဒေါ်ဒေါ်ရယ်၊ မီးကဒီလောက်ပြင်းနေတာ ဒေါ်ဒေါ်ဝင်သွားရင် ဒေါ်ဒေါ်ပါရောပြီး သေသွားမှာပေါ့”
မမယ်ဖြူက ရုန်းကန်ရင်း မြေပြင်ပေါ်သို့ထိုင်ကျသွားကာ မီးတောက်မီးလျှံများကိုကြည့်လျှက် ရင်ထုကာအော်ဟစ်ငိုယိုနေလေသည်။ ထိုစဉ်ဘွားချမ်းသာကြီးမှာ ကလေးကိုပိုက်ရင်းလူအုပ်ကြားမှထွက်လာကာ မမယ်ဖြူအရှေ့တွင်ရပ်တန့်လိုက်သည်။ ရွာသားများမှာ ဘွားချမ်းသာအား မတွေ့ဖူးသဖြင့် အထူးအဆန်းနှင့်ကြည့်နေသည်။ ဘွားချမ်းသာလက်ထဲတွင် ကိုင်ထားသည့်ကလေးကိုတွေ့တော့မှ မမယ်ဖြူက မတ်တပ်ရပ်လိုက်ပြီး
“ဒီကလေးက ကျုပ်မြေးလေးလား”
ဘွားချမ်းသာက ခေါင်းညိတ်ပြလိုက်သည်။ မမယ်ဖြူမှာ လက်တွင်ပေကျံနေသည့် မြေမှုန်များကို ထမီနှင့်သုတ်လိုက်ပြီးနောက် သာစံကလေးကိုပွေ့ယူကာချီလိုက်လေသည်။ သာစံကလေးမှာ မျက်လုံးကလေးများကလယ်ကလယ်နှင့်လိုက်လံကြည့်ရှုနေပြီး ကိုယ့်လက်မကိုယ်စုပ်ကာ ငြိမ်သက်စွာနေလေသည်။
“ကလေးကိုပဲရလိုက်တယ်၊ မယ်ပျင်း . . . မယ်ပျင်းကိုတော့ မကယ်ထုတ်လိုက်နိုင်ဘူးအေ”
ဘွားချမ်းသာက ပြောဆိုရင်း အသံကတိမ်ဝင်သွားသည်။ မယ်ပျင်းသေဆုံးသွားသည့်အပေါ် ဘွားချမ်းသာလည်း စိတ်မကောင်းဖြစ်နေပုံရသည်။ မမယ်ဖြူက မျက်ရည်များကျဆင်းရင်း ပြုံးရယ်လိုက်ကာ
“ကြည့်ပါအုံးဘွားချမ်းသာ ကျုပ်မြေးလေးက လူအေးလေးပဲရှင့်၊ တစ်ချက်မှမငိုဘဲ သူ့လက်ကိုသူစို့နေရှာတာ”
သူကြီးဖိုးမောင်မှာလည်း ကလေးလေးအားကြည့်ရင်း ပျော်ရွှင်ကာ ပြုံးနေမိသည်။
“ကြည့်စမ်း၊ မယ်ပျင်းသားလေးက လူအေးနဲ့ရတယ်သာပြောတာ မျက်လုံးမျက်ခုံးတွေက ငါနဲ့တော်တော်တူတာပါလား၊ နှာခေါင်းဆိုရင်ပြောစရာမရှိလောက်အောင်ကိုတူတာ၊ ငါတို့ မျိုးရိုးက ဒီလိုနှာခေါင်း၊ ဒီလိုနှာတံချည်းပဲ၊ သေချာကြည့်တော့ ငါနဲ့တောင်သိပ်မတူဘဲ ငါ့အဖေဦးရွှေမောင်ကြီးနဲ့ တော်တော်တူတာပါလား၊ ဒီလောက်တူတဲ့ကလေးက တန်တော့ ငါ့ကလေးပဲဖြစ်ရမယ်”
ဘွားချမ်းသာက
“ဟဲ့မယ်ဖြူ၊ ကလေးကိုကြည့်ပြီးကြည်နူးမနေနဲ့၊ ကလေးက လက်ကိုစုပ်နေတာ နို့ဆာနေတာဟဲ့၊ ထုံးစံအတိုင်းဆိုရင် မိခင်ရဲ့နို့ဦးရေကို တိုက်ရမယ့်ဥစ္စာ”
မမယ်ဖြူမှာ တွေဝေသွားကာ
“နို့ . . . ဟုတ်ပါ့၊ ကလေးကိုနို့တိုက်ရမယ်”
မမယ်ဖြူမှာဝတ်ထားသည့် အင်္ကျီရင်ဘတ်ကိုဖွင့်လိုက်ကာ နို့ကိုထုတ်ပြီး ကလေးအားတိုက်သည်၊ သို့သော် သားဆက်ဝေးနေသည့် မမယ်ဖြူနို့မှ နို့ရည်တစ်စက်ပင် ထွက်မလာခဲ့ပေ။ ဘွားချမ်းသာက မျက်မှောင်ကြုတ်ရင်း
“ဟဲ့မယ်ဖြူ၊ နို့မထွက်တဲ့ နင့်ရဲ့နို့ပျဉ်းကြီးကိုတိုက်လို့ ကလေးက ဗိုက်ဝပါ့မလားဟဲ့၊ လူနို့တိုက်မှပေါ့”
မမယ်ဖြူက ရွာသားများဘက်သို့တစ်ချက်ကြည့်လိုက်လေသည်။
“ဖက်လိပ်ရွာထဲမှာနေထိုင်ကြတဲ့ ရွာသားအပေါင်းကို ကျုပ်မေတ္တာရပ်ခံပါတယ်၊ ကျုပ်မြေးလေးအသက်ဆက်နိုင်ဖို့ ကျုပ်မြေးလေးကို နို့မျှတိုက်ပါရှင်၊ ကျုပ် ရှေ့မျက်နှာ နောက်ထားပြီးတောင်းပန်ပါတယ်”
ရွာသားများမှာ တုတ်တုတ်ပင်မလှုပ်ကြပေ။
“ရွာထဲမှာ သားသည်မိခင်တွေရှိတာ ကျုပ်သိပါတယ်၊ သားသည်မိခင်တွေလည်း မိခင်ချင်းကိုယ်ချင်းစာတဲ့အနေနဲ့ ကျုပ်မြေးလေးကို နို့လေးတစ်ပေါက်နှစ်ပေါက် တိုက်ပေးကြပါလား”
ကလေးချီထားသည့် သားသည်မိခင်များမှာ မမယ်ဖြူအားမကြည့်ဘဲ မျက်နှာလွှဲလိုက်ကြသည်။ သို့နှင့် မမယ်ဖြူမှာ ကလေးချီကာ မီးလောင်နေသည်ကိုလာကြည့်သည့် သားသည်မိခင်တစ်ယောက်အနားသို့တိုးကပ်သွားပြီး
“ကျုပ်မြေးလေးကို နို့ပေးတိုက်ပါရှင်၊ ကျုပ် ရှိခိုးဆိုရင်လည်း ရှိခိုးပါ့မယ်”
ထိုအခါ ကလေး၏ ဖခင်ဖြစ်သူက မမယ်ဖြူကိုတွန်းထုတ်လိုက်ကာ
“အောင်မာ၊ အခုမှ တောင်းပန်ပါတယ်တို့ ရှိခိုးပါတယ်တို့ လာမလုပ်နဲ့ဗျ၊ ခင်ဗျားသမီး မာနထောင်လွှားနေတုန်းက ခင်ဗျားမျက်နှာကလည်း ခပ်မော့မော့ပဲမဟုတ်လား၊ ခင်ဗျားမြေးကို ကျုပ်တို့နို့မတိုက်နိုင်ဘူးဗျာ၊ တစ်စက်တောင်မတိုက်နိုင်ဘူး၊ ခင်ဗျားမြေးကိုနို့တိုက်တာက တစ်ချိန်မှာ တစ်ရွာလုံးကိုဒုက္ခပေးလာနိုင်တဲ့ အဆိပ်ပင်ကိုရေလောင်းလိုက်တာနဲ့အတူတူပဲ၊ နောက်ထပ် တောက်လောင်လာမယ့် မီးစကို လောင်စာထိုးပေးလိုက်တာနဲ့တူတူပဲဗျ၊ မတိုက်ဘူးဗျာ မတိုက်နိုင်ဘူး”
ရွာသားများမှာ ထိုလူစကားကိုထောက်ခံကာ အော်ဟစ်ကြသည်။
“ဟုတ်တယ်၊ မတိုက်နဲ့၊ ဒီကလေးကို ဘယ်သူမှနို့မတိုက်ကြနဲ့”
မမယ်ဖြူမှာ မျက်နှာငယ်ကလေးနှင့် သူကြီးဖိုးမောင်အားကြည့်ကာ အကူအညီတောင်းလိုက်သည်။ ထိုအခါရွာသားများမှာ သူကြီးဖိုးမောင်၏ ဆုံးဖြတ်ချက်ကိုသိချင်ကြသဖြင့်သူကြီးအား စူးစူးစိုက်စိုက်ဝိုင်းကြည့်နေလေသည်။ ဖိုးမောင်မှာ ရွာသားများကို လက်နက်ပြကာအုပ်ချုပ်နေသည်ဆိုသော်လည်း နောက်ပိုင်းတွင် ရွာသားများအကြိုက်၊ ရွာသားများဆန္ဒကိုသာ အလေးအနက်ထားကာ ဆုံးဖြတ်ခဲ့သည်ကများသည်။ ထို့ကြောင့်လည်း ရွာသားများက ဖိုးမောင်သူကြီးလုပ်သည်ကို အနည်းငယ်လက်ခံလာကြခြင်းဖြစ်သည်။
ယခုလည်း ရွာသားများနှင့်မမယ်ဖြူအကြားတွင် ဖိုးမောင်အကြပ်ရိုက်နေမိသည်။ မမယ်ဖြူ၏ မြေးမှာ မိမိနှင့်ရထားသည့် ရင်သွေးဟုထင်မြင်မိသဖြင့် မမယ်ဖြူအားကူညီပေးချင်သော်လည်း ရွာသားများအားလုံးက ထိုကလေးအား မလိုမုန်းထားဆက်ဆံကြသဖြင့် မမယ်ဖြူအားကူညီပေးလျှင် တစ်ရွာလုံးက ကျေနပ်မည်မဟုတ်မှန်းသိလိုက်သည်။
သူကြီးဖိုးမောင်မှာ စဉ်းစားနေရင်းအကြံတစ်ခုရသွားသည်။
“ဟုတ်ပြီ၊ ဒေါ်ဒေါ် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို လွန်ခဲ့တဲ့သုံးရက်လောက်ကပဲ ကျုပ်တို့အိမ်က နွားမကြီးက သားဖွားထားတာဗျ၊ သူ့နို့ကိုတိုက်ကြည့်မလား”
မမယ်ဖြူမှာတွေဝေနေမိသည်။
“အရင်က နို့မထွက်တဲ့မိခင်တွေက ကလေးအတွက် နို့တိုက်ဖို့ရှာမရဘူးဆိုရင် ဆိတ်နို့တို့ နွားနို့တို့တိုက်ပြီး မွေးခဲ့ကြတဲ့လူတွေရှိတယ်လို့ ကျုပ်ကြားဖူးပါတယ်၊ အခုကလေးကလည်း နို့ဆာလှပြီဆိုတော့ ကျုပ်ရဲ့နွားတင်းကုပ်ထဲခေါ်သွားပြီး သူ့ကိုနွားမကြီးနို့တိုက်ခိုင်းကြည့်မယ်”
မမယ်ဖြူမှာမြေးဖြစ်သူ၏ မျက်နှာအားငုံ့ကြည့်လိုက်လေသည်။ သူ့လက်မကိုသူ အသဲအမဲစုပ်ကာ မျက်နှာမှာလည်း ငိုမဲ့မဲ့ဖြစ်နေသည်။ သို့နှင့်နောက်ဆုံးတော့ ဖိုးမောင်၏အကြံအစည်ကို လက်ခံလိုက်ရသည်။ သူကြီးဖိုးမောင်နှင့်အတူတူ သူကြီးအိမ်သို့ပြန်လာကြကာ အိမ်နောက်ဘက်တွင်ရှိသည့် နွားတင်းကုပ်ထဲသို့အပြေးလိုက်လာခဲ့သည်။
နွားတင်းကုပ်ထောင့် တစ်နေရာတွင် ကောက်ရိုးများခင်းထားပြီး နွားမကြီးတစ်ကောင်က လေးဖက်ထောက်လျှက်သားရှိနေသည်။ နွားကလေးတစ်ကောင်ကလည်း နို့ကိုသဲကြီးမဲကြီးစို့နေသည်။ မမယ်ဖြူက နွားတင်းကုပ်အတွင်းသို့ဝင်လိုက်သည့်အခါ သာစံကလေးမှာ နို့ဆာသဖြင့် တကျီကျီအော်ငိုလေသည်။ သာစံကလေးငိုသံကိုကြားလိုက်ရသည့် နွားမကြီးမှာ သာစံကလေးဆီသို့လှမ်းလျှောက်လာပြီး သာစံ၏ငယ်ထိပ်အား လျှာဖြင့်သုံးလေးချက်ခန့်လျက်လိုက်သည်။ ပြီးသည့်နောက် နံဘေးသို့ ဘေးတစ်စောင်းလဲချကာ ခွေအိပ်ပေးလိုက်လေသည်။ သဘောကတော့ ကလေးကို နို့တိုက်ချင်သည့် သဘောပင်ဖြစ်သည်။
“ဟဲ့ မိနီ၊ ဒီကလေးကို နင့်နို့နည်းနည်းတိုက်စမ်းဟာ၊ ဟုတ်ပြီလား”
သူကြီးဖိုးမောင်က အမိန့်ပေးလိုက်ပြီး မမယ်ဖြူအား နွားနီမကြီးအနားသို့ ကပ်ခိုင်းလိုက်သည်။ မမယ်ဖြူက နွားမကြီးအနီးတွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး
“ငါ့မြေးလေးကို နို့တိုက်ပေးပါ မိနီမရယ်၊ နင့်ကိုငါ အနူးအညွတ်တောင်းပန်ပါတယ်”
မမယ်ဖြူစကားကို နွားနီမကြီးက နားလည်သည့်အလား မျက်လုံးကလေး ပေကလပ် ပေကလပ်ဖြင့်ကြည့်နေလေသည်။ မမယ်ဖြူက နွားမကြီးနို့အား သာစံကလေးပါးစပ်နှင့်အပ်ပေးလိုက်သည့်အခါ သာစံကလေးက နွားမနို့သီးကြီးကိုပါးစပ်နှင့်စုပ်ကာ ဆာဆာနှင့်အားရပါးရစို့လေတော့သည်။
(၂)
မယ်ပျင်းမှာ အလွန်နက်မှောင်နေသည့်နေရာတစ်ခုသို့ရောက်ရှိသွားလေသည်။
“မင်းရှုံးပြန်ပြီမယ်ပျင်း၊ မင်းကိုငါယုံစားမိတာမှားပြီ”
အသံကိုကြားလိုက်ရသဖြင့် မယ်ပျော့အသံဖြစ်မှန်း မယ်ပျင်းသိလိုက်ရသည်။
“ငါအနှစ်နှစ်အလလကြိုးစားရက်လုပ်ထားတဲ့ ဝိညာဉ်ခြုံလွှာထည်ကိုလဲ မင်းဖျက်ဆီးလိုက်တယ်”
အသံသာကြားနေရပြီး မယ်ပျော့၏ရုပ်သွင်ကိုမမြင်ရပေ။
“ဒါနောက်ဆုံးပဲမယ်ပျင်း၊ တကယ်လို့သုံးခါမြောက်ကျရှုံးတယ်ဆိုရင်တော့ မင်းနဲ့ငါနဲ့လမ်းခွဲရလိမ့်မယ်၊ အဲဒီလိုလမ်းခွဲတဲ့အခါ မင်းလည်းလွယ်မယ်လို့မထင်နဲ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ မင်းအသက်ကိုငါပေးထားခဲ့တာ၊ ငါမရှိရင် မင်းလည်းဒီလောကကြီးမှာဆက်ပြီးရှိနေနိုင်မှာမဟုတ်ဘူး”
မယ်ပျော့အသံကြီးမှာ တဖြည်းဖြည်းနှင့်ဝေးသထက်ဝေးသွားလေသည်။
မနက်မိုးလင်းသည့်အခါ မမယ်ဖြူမှာ မီးလောင်ပြင်ကြီးဆီသို့ပြန်လာခဲ့သည်။ ဖိုးမောင်၏ လူယုံအချို့လည်းလိုက်ပါလာကာ အိမ်ကိုရှင်းလင်းနေကြသည်။ ထိုအခိုက်မီးတစ်ပိုင်းတစ်စစွဲလောင်ထားသည့် ပျဉ်ပုံအပျက်အစီးများကို ဖယ်ရှားကြည့်သည့်အခါ အပျက်အစီးများအောက်တွင် ပက်လက်လန်လဲကျနေသည့် မယ်ပျင်းကိုတွေ့လိုက်ရသည်။ မမယ်ဖြူမှာ အလွန်အံ့သြသွားပြီး
“ဟောတော်၊ မယ်ပျင်း . . . သမီးဒီမှာရှိနေတယ်”
မယ်ပျင်းကိုယ်လုံးမှာ မီးများစွဲလောင်မနေဘဲ အကောင်းပကတိအတိုင်းတည်ရှိနေသည်။ မမယ်ဖြူက ပြာပုံထဲမှမယ်ပျင်းကိုပွေ့ဖက်လိုက်ကာ နှိုးနေသော်လည်း မယ်ပျင်းမှာ မနိုးလာပေ၊ သူကြီးလူယုံများအကြောင်းကြားမှုနှင့် သူကြီးဖိုးမောင်တစ်ယောက်လည်း မယ်ပျင်းဆီသို့ရောက်လာခဲ့သည်။ မမယ်ဖြူက မယ်ပျင်းကိုအတင်းလှုပ်နှိုးနေသဖြင့် ဖိုးမောင်က မယ်ပျင်းကိုစမ်းသပ်ကြည့်လိုက်သည်။
“ကြိုးစားမနေပါနဲ့တော့ ဒေါ်ဒေါ်ရယ်၊ မယ်ပျင်းက သေနေပြီဗျ”
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ ငါ့သမီးလေး မသေဘူး”
“ကျုပ်က ဆေးဆရာတော့မဟုတ်ပေမယ့် လူတစ်ယောက် သေသလားရှင်သလားဆိုတာတော့ သိနိုင်ပါတယ် ဒေါ်ဒေါ်ရဲ့၊ မယ်ပျင်းက အခုသေပြီ သေလို့ တောင့်တောင်တောင့်နေပြီပဲဒေါ်ဒေါ်ရာ”
အမှန်တကယ်တွင်လည်း မယ်ပျင်း၏ ခြေလက်များမှာ နံဘေးသို့ကပ်နေကာ သစ်သားရုပ်တုကြီးတစ်ခုကဲ့သို့ တောင့်တင်းခိုင်မာနေလေသည်။ နောက်ဆုံးတော့ မမယ်ဖြူက လက်လျော့လိုက်ပြီး မယ်ပျင်းနာရေးအတွက်ပြင်ဆင်ရသည်။ စုန်းအသင်းထံသို့အကြောင်းကြားပြီး မယ်ပျင်းနာရေးကို ပြင်ဆင်သည်။ ရွာသားများက ရွာတွင်မထားလိုသဖြင့် ရွာအပြင်တွင် အလောင်းစင်ပြင်ကာထားရသည်။ မယ်ပျင်း၏ နာရေးမှာ ဖက်လိပ်ရွာတွင်ဖြစ်ခဲ့ဖူးသမျှ နာရေးအားလုံးတွင် အခြောက်ကပ်ဆုံးနာရေးတစ်ခုလည်းဖြစ်သည်။ အလောင်းစောင့်မည့်သူလည်း တစ်ဦးတစ်ယောက်မှမရှိသကဲ့သို့ လာရောက်လုပ်ကိုင်ကူညီပေးသူလည်း မည်သူမှမရှိပေ၊ သူကြီးဖိုးမောင်အမိန့်ကြောင့်သာ သူကြီးလူယုံများက ဝိုင်းဝန်းကူညီပေးသည်သာရှိသည်။
မြိုင်သာစုန်းအသင်းက စုန်းကိုယ်စားလှယ်အချို့က လာရောက်ကြည့်ရှုကြသည်။ ညအချိန်မြေချရန်အတွက် စီစဉ်ကြသည်။ စုန်းအချို့က ဖက်လိပ်ရွာသုဿန်သို့ဝင်သွားကာ ပညာစက်ဖြင့်မြေကြီးအားလက်ညှိုးထိုးကာ မြေကျင်းနက်နက်တစ်ကျင်းကိုဖန်တီးလိုက်ကြသည်။ စုန်းများသေလျှင် စုန်းအသင်းများ ရပ်ရွာမှစုန်းများက တာဝန်ယူမြှုပ်နှံပေးရစမြဲဖြစ်သည်။ ထိုသို့မြှုပ်နှံရာတွင်လည်း စုန်းအဖြစ်လူသိများသူဖြစ်လျှင် မှတ်တိုင်တပ်ခွင့် အမှတ်အသားပြုထားခွင့်မရှိပေ၊ အကြောင်းမှာ စုန်းအလောင်းကိုပြန်ဖော်ကာ အသုံးချမည့်အောက်လမ်းဆရာ၏ ရန်စွယ်ကိုကြောက်ရသောကြောင့်ဖြစ်သည်။
မယ်ပျင်းအလောင်းကိုဖျာလိပ်နှင့်ပတ်လိုက်ပြီး စုန်းလေးဦးက လက်ညှိုးနှင့်ပင့်တင်လိုက်ကာ သယ်ဆောင်လာခဲ့သည်။ စုန်းအလောင်းအားမြေချရာတွင် ညသန်းခေါင်မချရဘဲ ညနှစ်ချက်တီးအချိန် မကောင်းသောနက္ခတ်ကင်းလွတ်သည့်အချိန်မှသာ မြေချရသည်။ မကောင်းသောနက္ခတ်နှင့် တိုက်ဆိုင်သွားပါက မကောင်းဆိုးဝါး မိစ္ဆာများဝင်ရောက်နိုင်သည့်အတွက်ဖြစ်သည်။
မယ်ပျင်းအလောင်းကိုယူလာပြီး ကျင်းနှုတ်ခမ်းဘေးတွင်ချလိုက်သည်။ မြေချရန်အတွက် အချိန်အနည်းငယ်လိုနေသေးသည်ဖြစ်ရာ စုန်းများကစောင့်ဆိုင်းနေကြသည်။ မမယ်ဖြူမှာ မြေးကလေးအားထွေးပိုက်ရင်း ဖျာလိပ်အနီးသို့ကပ်လာခဲ့သည်။
“ကျုပ်သမီးလေးမြေမချခင် သူ့မျက်နှာကလေးကို တစ်ခါလောက်ကြည့်ပြီး နှုတ်ဆက်ချင်ပါတယ်”
စုန်းများက ဂရုဏာသက်သွားသဖြင့် ဖျာလိပ်ထိပ်ပိုင်းကိုဖွင့်ပေးလိုက်သည့်အခါ မယ်ပျင်းမျက်နှာပေါ်လာသည်။ မမယ်ဖြူမှာ မယ်ပျင်းမျက်နှာအားပွတ်သပ်ရင်းငိုကြွေးနေလေသည်။ ထိုအခိုက် မယ်တော်မှာလည်း ကျားစီးကာရောက်ရှိလာသည်။ သေဆုံးနေသည့်မယ်ပျင်းမျက်နှာကိုကြည့်နေရသည်မှာ စိတ်ထဲဝမ်းသာပြီး အားရကျေနပ်ဖြစ်နေမိသည်။
မယ်တော်က စုန်းများအားကြည့်ပြီး
“မင်းတို့တွေ သူ့ကိုမမြှုပ်ကြသေးဘူးလား”
“ဟုတ်ပါတယ်မယ်တော်၊ နက္ခတ်တာရာခွင်အရ ပါပဂြိုလ်စီးနင်းနေတဲ့အချိန်ဖြစ်လို့ စောင့်ဆိုင်းနေတာပါ”
“သေတဲ့လူက သေပြီပဲ၊ သူ့ကိုမြန်မြန်သာမြှုပ်လိုက်ကြအေ”
မယ်တော်မှာ မယ်ပျင်းအားထပ်မံမမြင်တွေ့လိုသဖြင့် ခပ်မြန်မြန်မြှုပ်ခိုင်းလိုက်ခြင်းဖြစ်သည်။ စုန်းများမှာလည်း မယ်တော်အမိန့်မို့ မလွန်ဆန်နိုင်တော့ဘဲ ခေါင်းညိတ်လိုက်ကြသည်။ ဖျာလိပ်အားပြန်လည်ပိတ်ပြီးသည့်နောက် မယ်ပျင်းအလောင်းအား မြေကျင်းထဲသို့ချလိုက်သည်။ စုန်းများက မြေကျင်းအား မြေသားများနှင့်ဖြည့်နေကြစဉ် မယ်တော်က အရှေ့တက်လာပြီး မြေကြီးတစ်ခဲကို ကောက်ကိုင်လိုက်ကာ ကျင်းနှုတ်ခမ်းဝနားသို့တိုးကပ်လာသည်။
“ကဲ သွားတော့မယ်ပျင်းရေ၊ ငါ့ကိုအမြဲတမ်း စိတ်တထင့်ထင့်ဖြစ်အောင်လုပ်နိုင်တဲ့မယ်ပျင်း၊ ဒီဘဝတော့ ဒီမျှနဲ့ပဲ ကျေနပ်လိုက်ပါတော့ဟာ”
မယ်တော်က မြေကြီးခဲကို ခြေမွကာဖြူးချလိုက်သည့်အခါ မယ်တော်၏လက်အတွင်းမှ မြောက်များလှစွာသော မြေမှုန်မြေစိုင်မြေခဲများထွက်ကျလာပြီး တစ်ခဏအတွင်းမှာပင် ကျင်းကြီးမှာပြည့်လျှံသွားတော့သည်။ စုန်းများက သေချာစွာမြှုပ်နှံပေးပြီးသည့်နောက် မြေနေရာအပေါ်တွင် ချုံပင်ချုံနွယ်များကိုဖန်တီးလိုက်လေရာ လူသေမမြှုပ်ဖူးသည့် မြေကြီးတစ်ခုအလားဖြစ်ပေါ်သွားတော့သည်။ မမယ်ဖြူမှာ ငိုယိုရှုံ့မဲ့ရင်း ရွှာအတွင်းသို့ပြန်ဝင်လာခဲ့သည်။
မယ်ပျင်းမှာ အေးစက်စက်အထိအတွေ့တစ်ခုကိုခံစားလိုက်ရသည်။ မျက်စိဖွင့်ကြည့်လိုက်သည့်အခါ မှောင်အတိကျနေပြီး မျက်နှာအရှေ့တွင်လည်းအရာတစ်ခုက ဖုံးကွယ်ထားလေသည်။ ပူလောင်အိုက်စပ် မွန်းကြပ်သည့်ခံစားချက်ကိုခံစားရသည်မို့ ထိုင်ရန်ကြံရွယ်လိုက်သော်လည်း တစ်ကိုယ်လုံးလှုပ်ရှား၍ မရတော့ပေ။
“ဟုတ်ပြီ၊ ငါ့ကိုသေပြီဆိုပြီးတော့ မြေမြှုပ်ထားကြတာဖြစ်မယ်”
မယ်ပျင်းမှာ မျက်လုံးအတွင်းအားအင်များကိုစုဆောင်းလိုက်ပြီး စက်လက်နက်ကိုမျက်စောင်းမှလွှတ်ထည့်လိုက်ရာ ကျယ်လောင်သောပေါက်ကွဲသံကြီးနှင့်အတူ ကြီးမားသည့်အပေါက်ကြီးတစ်ခုလည်းဖြစ်ပေါ်သွားသည်။ တစ်ကိုယ်လုံးကို အားကုန်ရုန်းထလိုက်ပြီး ထိုအပေါက်ကြီးပေါ်မှတဆင့် မြေပြင်အပေါ်သို့ကုပ်ဖက်တက်လိုက်သည်။ ပတ်ဝန်းကျင်ဘေးဘီကိုကြည့်လိုက်သည့်အခါ မှတ်တိုင်များ၊ မြေပုံမို့မို့မောက်မောက်များနှင့် ပြည့်နှက်နေသည့် သုဿန်တစပြင်ကြီးကိုတွေ့မြင်လိုက်ရသည်။ ပတ်ဝန်းကျင်တွင် နံနက်ခင်းနေအလင်းရောင်များက ဖုံးလွှမ်းဖြန့်ကျက်ထားသဖြင့် လင်းချင်းနေလေသည်။
မယ်ပျင်းမှာ အသက်၀၀ရှူလိုက်ပြီး နံနက်ခင်းပတ်ဝန်းကျင်အလှအပကိုခံစားလိုက်လေသည်။ ထို့နောက် ဖက်လိပ်ရွှာဆီသို့ တဖြည်းဖြည်းလျှမ်းလျှောက်လာခဲ့သည်။ မနက်ခင်းပိုင်းမို့ ရွာအဝင်လမ်းမှာ ရွာသူရွာသားများနှင့်စည်ကားနေလေသည်။ ရွာသားတစ်ချို့မှာ လယ်ယာလုပ်ငန်းခွင်ဝင်ရန်အတွက် ပစ္စည်းကိရိယာများကို ကိုင်ဆောင်ကာ ရွာထိပ်သို့ထွက်လာကြသည်။ ထိုအခိုက် ရွာဆီသို့တစ်လှမ်းချင်းလှမ်းလျှောက်လာသည့် မိန်းကလေးတစ်ဦးကိုတွေ့လိုက်ရသည်။
“ဟာ၊ ဟေ့ကောင် ဟိုမှာကြည့်စမ်း၊ အဲဒါ စုန်းမမယ်ပျင်းမဟုတ်လား”
“မင်းကလဲကွာ၊ မယ်ပျင်းကသေသွားပြီလေ၊ မင်းအထင်မှားနေတာဖြစ်မှာပါ”
ရွာသားနှစ်ဦးမှာ သေချာစွာစိုက်ကြည့်နေစဉ်မှာပင် အနားသို့တဖြည်းဖြည်းရောက်လာသူမှာ မယ်ပျင်းဖြစ်မှန်းသိလိုက်ရသည်။ မယ်ပျင်းက ထိုလူနှစ်ဦးအနီးသို့ရောက်လာသည့်အခါ
“ဟဲ့ကောင်တွေ နင်တို့ဘာငေးကြည့်နေတာလဲ မိန်းမ မမြင်ဖူးဘူးလားဟဲ့”
ရွာသားနှစ်ယောက်မှာ တစ်ကိုယ်လုံးတုန်ယင်လျှက် လက်ထဲမှပစ္စည်းများကိုပစ်ချကာ ရွာအတွင်းသို့ပြေးဝင်ကြလေသည်။ ပါးစပ်မှလည်း
“မယ်ပျင်း . . . စုန်းမ မယ်ပျင်းမသေဘူးဟေ့”
ဟု အော်ဟစ်ကာ ပြေးလွှားသွားကြသည်။ မယ်ပျင်းကိုမြင်တွေ့သည့်အခါ အခြားရွာသားများမှာလည်း ထိတ်လန့်သွားကြသည်။ မယ်ပျင်းက ထိုလူများကိုခါးထောက်ကြည့်ရင်း အားရပါးရရယ်မောလိုက်ကာ
“ဟုတ်တယ် ငါမသေဘူး၊ ငါမသေဘူးဟေ့ . . . ငါပြန်လာပြီ၊ မယ်ပျင်းပြန်လာပြီဟေ့”
မယ်ပျင်းက အသံနက်ကြီးနှင့်အော်ဟစ်လိုက်သည့်အခါ ရွာထိပ်ရှိရွာသားများမှာ ကစဉ့်ကလျားနှင့်ပြေးလွှားကုန်ကြလေသည်။
နွားတင်းကုပ်ထဲတွင် သာစံကလေးအား နွားနို့တိုက်နေသည်ကို မမယ်ဖြူနှင့် သူကြီးဖိုးမောင်က ဘေးမှထိုင်ကြည့်နေကြသည်။ ဖိုးမောင်က ပြုံးလျှက်
“ဒါနဲ့ဒေါ်ဒေါ့်ကို တစ်ခုမေးရအုံးမယ်၊ သာစံကလေးကိုကျုပ်သေချာကြည့်တော့မှ ဆုံးသွားတဲ့ ကျုပ်အဖေ ဦးရွှေမောင်ကြီးနဲ့တူသလားလို့”
မမယ်ဖြူကလည်း သာစံကလေးကိုကြည့်ကာ ခေါင်းညိတ်လိုက်လေသည်။
“အဒေါ်လည်း မနေ့ကသေချာကြည့်ရင်း သတိထားမိတယ်၊ သူ့နှာခေါင်းတွေ မျက်လုံးမျက်ခုံးတွေက အကိုကြီးနဲ့တော်တော်ကိုတူတာ၊ အဒေါ့်စိတ်ထင် သေသွားတဲ့ အကိုကြီးများပြန်ဝင်စားသလားလို့”
“ဟာဗျာ၊ ကျုပ်ပြောချင်တာ ဒီလိုသဘောမဟုတ်ဘူးဗျ၊ ဘမျိုးဘိုးတူဆိုတဲ့စကားရှိလို့ ဒီကလေးက ကျုပ်တို့မျိုးရိုး ကျုပ်ရဲ့အဖေနဲ့တူနေတာနေမှာ”
“ပေါက်ပေါက်ရှာရှာတွေပြောတော့မယ်သူကြီးရယ်၊ သူကြီးတို့မျိုးရိုးနဲ့တူရအောင် သူကြီးနဲ့ငြားပြီးရထားတဲ့ကလေးမှမဟုတ်တာ”
ဖိုးမောင်မှာ ရှက်ပြုံးပြုံးရင်း
“တကယ်တော့ အဒေါ်တို့မသိသေးတာတစ်ခုရှိသေးတယ်၊ ကျုပ်မယ်ပျင်းနဲ့ထွက်ပြေးတဲ့အချိန် ပေတာရွာအနားက ကျောင်းပျက်ကြီးပေါ်မှာ တစ်ညတာအတူနေမိကြသေးတယ်၊ မှားမိကြသေးတယ်ဗျ”
မမယ်ဖြူမှာ အံ့သြသွားလေသည်။
“ဒါဆိုရင် သူကြီးပြောချင်တဲ့သဘောက”
“ဟုတ်တယ်၊ ကျုပ်သေချာတွက်ချက်ကြည့်တော့ ဒီကလေးက မယ်ပျင်းပြောသလို လူအေးဆိုတဲ့ကောင်နဲ့ရတဲ့ကလေး ဘယ်လိုမှမဖြစ်နိုင်ဘူး၊ သေချာပေါက် ကျုပ်နဲ့မယ်ပျင်း ကျောင်းပေါ်မှာအိပ်ကြရင်း ရသွားတဲ့ကလေးပဲဖြစ်မှာ”
“ဟုတ်လို့လား သူကြီးရယ်၊ ဟုတ်ရင် သမီးကပြောမှာပေါ့”
ဖိုးမောင်က သက်ပြင်းတစ်ချက်ကိုချလိုက်ကာ
“မယ်ပျင်းက ကျုပ်ကိုစိတ်နာနေတာဗျ၊ ကျုပ်က သူ့ကိုစွန့်ပစ်ပြီး အိမ်ထောင်ပြုလိုက်တာကို စိတ်နာနေတာ၊ တကယ်က ကျုပ်ဘာကြောင့်အိမ်ထောင်ပြုရတယ်ဆိုတာကို အဒေါ့်ကိုရှင်းပြပြီးသားပါ၊ သူ့ကိုလည်း ရှင်းပြချင်တယ်၊ ဒါပေမယ့် သူက ကျုပ်ကိုမသိသလိုလို မမှတ်မိသလိုလိုဖြစ်နေတယ်မဟုတ်လား အဒေါ်ရဲ့”
“ဒါဆိုရင်တော့ သူကြီးနဲ့သမီးနဲ့တစ်ခါလောက်တွေ့ပြီးတော့ ဆွေးနွေးမှကိုဖြစ်တော့မယ်၊ ဒါနဲ့ သူကြီးရဲ့သားဖြစ်နေတယ်လို့ သမီးက ဝန်ခံရင် သူကြီးဘာဆက်လုပ်ရမလဲ”
“ဟ၊ ဘာဆက်လုပ်ရမလဲဗျ၊ တကယ်လို့ ဒီကလေးသာ ကျုပ်ရဲ့သားအရင်းဆိုရင်တော့ ကျုပ်ရဲ့သားဦးဖြစ်တဲ့အတွက် သူ့ကိုကျုပ်သေသေချာချာမွေးမယ်၊ ပြီးတော့ သူကြီးရာထူးလည်းသူ့အတွက်ဖြစ်စေရမယ်ဗျာ”
မမယ်ဖြူမှာ သာစံကလေးကောင်းစားမည့်အရေးကိုတွေးကာ ခေါင်းညိတ်လိုက်မိသည်။
“သူကြီးပြောတဲ့အတိုင်း ဟောဒီကလေးက သူကြီးကလေးဖြစ်နေရင် သိပ်ကောင်းမှာပဲ”
ဟုလည်း စိတ်ထဲမှရေရွတ်လိုက်မိသည်။ ထိုအခိုက် သူကြီးလူယုံတစ်ဦးမှာ နွားတင်းကုပ်အတွင်းသို့ ဒရောသောပါးနှင့်ပြေးဝင်လာလေသည်။
“သူကြီး . . .သူကြီး ပြဿနာတော့ တက်ပြီဗျာ”
သူကြီးဖိုးမောင်က ထိုလူအားမော့ကြည့်လိုက်ရင်း
“အမေတကောနဲ့ဘာဖြစ်လာပြန်တာလဲကွ၊ ဘာ ပြဿနာတက်တာလဲ”
“စုန်းမမယ်ပျင်း မသေဘူးတဲ့ဗျ”
သူကြီးဖိုးမောင်က မျက်မှောင်ကြုတ်သွားပြီး
“ဟေ့ကောင်၊ မင်းဘာတွေလာပြောနေတာလဲ မယ်ပျင်းက သေပြီးလို့ မြေတောင်မြှုပ်ပြီးပြီလေကွာ”
မမယ်ဖြူကလည်း
“ဟုတ်ပါတယ်ကွယ်၊ သမီးလေးကို ညတုန်းကပဲ မြေမြှုပ်သဂြိုဟ်ခဲ့တာပါ၊ သူက ဘယ်လိုလုပ်ပြီးတော့ မသေဘဲရှိရပါ့မလဲ ဒီလိုအရာမျိုးက နောက်ပြောင်ကောင်းတဲ့အရာမဟုတ်ပါဘူးကွယ်”
သူကြီးဖိုးမောင်မှာ စိတ်ဆိုးသွားလေသည်။ ထိုလူမှာလည်း ခေါင်းကုပ်ရင်း
“ဟုတ်ပါတယ်ဆိုမှဗျာ၊ ကျုပ်က ဒီကိစ္စကို စနောက်စရာလားဗျ၊ အခု စုန်းမမယ်ပျင်း အသက်ရှင်ပြီး ရွာထဲကိုလမ်းလျှောက်ဝင်လာတယ်ဆိုလို့ တစ်ရွာလုံးကို ဗြောင်းသတ်ပြီး ဆူညံနေတာပဲ”
သူကြီးဖိုးမောင်နှင့် မမယ်ဖြူတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီးနောက် သာစံကလေးကိုဆွဲချီလိုက်ကာ ရွာအတွင်းသို့အပြေးထွက်ခဲ့ကြသည်။ လူယုံပြောသည့်အတိုင်း ရွာလယ်လမ်းတွင် အုတ်အုတ်ကျက်ကျက်ဖြစ်နေကြသည်။ သူကြီးဖိုးမောင်ရောက်လာသည်ကိုမြင်သဖြင့် ရွာသားများက ဘေးဖယ်ပေးလိုက်ကြသည်။ ရွာသားများအရှေ့ ခပ်လှမ်းလှမ်းတွင်တော့ မယ်ပျင်းတစ်ယောက် ခြေလှမ်းကိုတစ်လှမ်းချင်းလှမ်းကာ ရွာထဲသို့ဝင်လာသည်ကိုတွေ့လိုက်ရသည်။
မယ်ပျင်းကိုမြင်လိုက်ရသဖြင့် သူကြီးဖိုးမောင်က ပြုံးလိုက်မိသလို မမယ်ဖြူမှာလည်း အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။
“သမီး၊ သမီးပြန်လာပြီလား”
မယ်ပျင်းမှာ မမယ်ဖြူချီပိုးလာသည် ကလေးလေးအား သေချာစိုက်ကြည့်ရင်း
“အမေ ဒီကလေးလေးက ဘယ်က ကလေးလေးလဲ”
“သြော် သမီးရယ်၊ ဘယ်က ကလေးလေးရှိရမှာလဲ၊ သမီးရဲ့ကလေးပေါ့၊ သမီးမသေခင်တုန်းက မွေးထုတ်ပေးခဲ့တဲ့ သမီးရဲ့ရင်သွေးလေးပေါ့”
မယ်ပျင်းမှာ ကလေးအားကြည့်ရင်း မျက်ရည်များစီးကျလာသည်။ မမယ်ဖြူလက်ထဲမှ ကလေးကိုဆွဲယူလိုက်ပြီး ပွေ့ချီလိုက်လေသည်။ ကလေးမှာ မယ်ပျင်းကိုမြင်သည့်အခါ ပြီတီတီမျက်နှာထားနှင့် ပြုံးပြလေသည်။
“ကလေးလေး သားလေး၊ အမေ့ရဲ့သားလေး”
မယ်ပျင်း ရေရွတ်လိုက်ပြီး ကလေးလေးပိုက်ကာငိုတော့သည်။ မမယ်ဖြူက ဘေးဘီသို့ကြည့်လိုက်ရင်း
“ကဲပါသမီးရယ်၊ အခုတော့ သူကြီးတို့အိမ်ကိုသွားကြတာပေါ့၊ လမ်းမကြီးမှာငိုနေတာ မြင်မကောင်းဘူးကွဲ့”
“ဘာဖြစ်လို့ သူကြီးအိမ်သွားမှာလဲအမေ၊ ကျုပ်တို့အိမ်ကို ကျုပ်တို့ပြန်မယ်လေ”
မမယ်ဖြူက ခေါင်းခါပြလိုက်ပြီး
“တို့အိမ်က မရှိတော့ဘူး၊ ဟိုနေ့က မီးလောင်ပြီးတော့ ပြာကျသွားပြီသမီးရဲ့”
သို့နှင့် သူကြီးဖိုးမောင်အိမ်သို့ချီတက်ခဲ့ကြလေသည်။ သူကြီးအိမ်ရောက်သည့်အခါ မယ်ပျင်းစားသောက်ရန်အတွက် အစားအသောက်များစီစဉ်ပေးသည်။ မယ်ပျင်းက သာစံကလေးကို နို့လှန်တိုက်သော်လည်း နို့ရည်တစ်စက်မှပင်မထွက်ပေ။
“သမီးက အားနည်းနေတော့ နို့ရည်မထွက်ဘူးထင်ပါတယ်ကွယ်၊ သာစံကလေးကို လောလောဆယ်တော့ နွားမကြီးတစ်ကောင်က နို့တိုက်ပြီးမွေးနေတယ်ကွဲ့၊ သမီးကောင်းကောင်းအိပ် ကောင်းကောင်းစားပြီး သုံးလေးရက်လောက်အားမွှေးလိုက်ပါအုံး”
မယ်ပျင်းမှာ သူ့အရှေ့လာချသည့် ရေတကောင်းအား လည်ပင်းမှဆွဲကိုင်လိုက်ပြီး အားကုန်မော့ချလိုက်လေသည်။ အပြည့်နီးပါးရှိသည့် ရေတကောင်းမှာ ရေများကုန်ခမ်းသွားသည်။ ထို့နောက် အရှေ့ရှိစားပွဲဝိုင်းမှာ အသီးအနှံများနှင့် စားသောက်ဖွယ်ရာများကို စားသောက်လေတော့သည်။ စားသောက်ပြီးစီးသည့်အခါ ဖိုးမောင်က မယ်ပျင်းအနီးသို့ထိုင်လိုက်ရင်း မမယ်ဖြူကို မျက်စပစ်ပြလိုက်သည်။
“ဒါနဲ့ အရေးကြီးတဲ့ကိစ္စတစ်ခုကို သမီးနဲ့တိုင်ပင်စရာရှိတယ်”
“ဘာကိစ္စလဲအမေ”
“အမေမေးတာကို သမီးမှန်မှန်ဖြေရမယ်နော်၊ ဟောဒီက သူကြီးပြောတာကတော့ သမီးနဲ့သူနဲ့ထွက်ပြေးကြရင်း ပေတောရွာအနားက ဘုန်းကြီးကျောင်းပျက်ကြီးမှာ တစ်ညတာအိပ်စက်ခဲ့ဖူးကြသတဲ့”
မယ်ပျင်းမှာ ရှက်ရွံ့သွားသဖြင့် ခေါင်းငိုက်စိုက်ချလိုက်သည်။
“အမေလည်း ငယ်ရာကနေကြီးလာတာမို့လို့ ဒီကိစ္စတွေကို နားလည်ပြီးသားပါကွယ်၊ ဒါနဲ့ အမေသိချင်တာတစ်ခုရှိတယ်၊ ဟောဒီက သူကြီးဖိုးမောင်ပြောတာကတော့ ဒီကလေးက လူအေးနဲ့ရတဲ့ကလေးမဖြစ်နိုင်ဘူးတဲ့၊ ဟောဒီကလေးက သူနဲ့ရတဲ့ကလေးပဲဖြစ်ရမယ်တဲ့သမီးရဲ့”
“အမေက ဘာကိုသိချင်တာလဲ”
“ကလေးက သူကြီးဖိုးမောင်နဲ့ရတာ ဟုတ်မဟုတ်ဆိုတာ ကာယကံရှင်ဖြစ်တဲ့ သမီးအသိဆုံးဖြစ်မှာပါ၊ ဒါကြောင့် ဒီကလေးက သူကြီးဖိုးမောင်နဲ့သမီးနဲ့ရခဲ့တဲ့ ကလေး တကယ်ဟုတ်သလားဆိုတာ အမေ့ကိုမလိမ်ဘဲ ပြောပြပါ”
မယ်ပျင်းက အနည်းငယ်တွေဝေသွားသည်။ ထိုအခါ မမယ်ဖြူက ဖိုးမောင်အားမျက်စပစ်ပြလိုက်ရာ ဖိုးမောင်က မယ်ပျင်းအနီးသို့ကပ်လာပြီး
“တကယ်လို့ ဒါသာ အကို့ရဲ့သားအရင်းဆိုရင် အကိုက သူ့ကိုသားဦးအနေနဲ့ ကောင်းကောင်းမွန်မွန်မွေးမှာပါ၊ သူ့ဘဝကို လိုလေသေးမရှိအောင် ပံ့ပိုးပေးပြီးတော့ အကို့ရဲ့သူကြီးအရိုက်အရာကိုလည်း သူ့ကိုဆက်ခံခိုင်းဖို့အတွက် ရည်ရွယ်ထားပါတယ်”
ဖိုးမောင်က မယ်ပျင်းအားမက်လုံးများပေးနေပြီဖြစ်သည်။ မမယ်ဖြူကလည်း မယ်ပျင်းပေါင်အားလက်ဖြင့်ကုပ်ရင်း
“အမှန်အတိုင်းပြောပြပါသမီးရယ်၊ ဒီအခြေအနေတောင်ရောက်နေမှတော့ ကွယ်ဝှက်ထားလို့လဲမကောင်းပါဘူး၊ အမေလဲ သမီးကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မဆူမဟောက်ပါဘူးကွဲ့”
မယ်ပျင်းက ခေါင်းခါလိုက်ရင်း
“မဟုတ်ဘူးအမေ၊ အမေတို့ထင်သလိုမဟုတ်ဘူး၊ ဒီကလေးက ကိုဖိုးမောင်နဲ့ရတဲ့ကလေးမဟုတ်ဘူး”
ဖိုးမောင်ရော မမယ်ဖြူမှာ ထိတ်လန့်ကာအံ့အားသင့်သွားကြသည်။ မမယ်ဖြူက ခေါင်းခါရင်း
“မဟုတ်ဘူး၊ သမီးလိမ်တာ၊ ဒါ သမီးလိမ်နေတာမဟုတ်လား”
ဖိုးမောင်ကလည်း မယ်ပျင်းအရှေ့တွင်ဒူးထောက်ချလိုက်ပြီး
“မင်းမလိမ်ပါနဲ့မယ်ပျင်းရာ၊ မင်းအကို့ကို စိတ်နာနေတယ်ဆိုတာ အကိုသိပါတယ်၊ အကို့လုပ်ရပ်တွေကလည်း မလွှဲသာမရှောင်သာမို့ လုပ်ရတာတွေပါ၊ ဒါတွေကို မင်းနားလည်အောင်လို့ အကိုအကုန်ရှင်းပြချင်တယ် မယ်ပျင်း၊ ဒီကလေးကိုလည်း အကိုက တကယ်ကိုမေတ္တာအပြည့်နဲ့ မွေးမှာပါ”
“အမေတို့ဘယ်လိုဖြစ်နေကြတာလဲ၊ အမေတို့က ကာယကံရှင်ဖြစ်တဲ့ကျုပ်ထက်ပဲ ပိုပြီးသိနေကြသလား”
“ဒါဆို ဒီကလေးက လူအေးနဲ့ရတဲ့ကလေးအစစ်ပေါ့”
မယ်ပျင်းက ခေါင်းညိတ်ပြလိုက်သည်။ ဖိုးမောင်မှာ အလွန်ဒေါသထွက်သွားကာ ငေါက်ခနဲမတ်တပ်ရပ်လိုက်ရင်း
“မဖြစ်ဘူး၊ ဒါလုံးဝမဖြစ်နိုင်ဘူး၊ ဒီကလေးက ကျုပ်ကလေးဆိုတာသေချာတယ်၊ ကျုပ်တို့မျိုးရိုးဆိုတာ ဘယ်လိုမှမလွဲနိုင်ဘူး”
“ဒီမယ်ကိုဖိုးမောင် ဒီကလေးက ရှင်နဲ့ရတဲ့ကလေးမဟုတ်ပါဘူးလို့ အတန်တန်ပြောနေတာတောင်မှ ရှင်က မယုံသေးဘူးလား”
“မယုံဘူး၊ ငါလုံးဝမယုံနိုင်ဘူး၊ ဒါကြောင့် ဒီကလေးက ငါနဲ့ရတဲ့ကလေးဟုတ်မဟုတ် သွေးစပ်ပြီးတော့ စမ်းသပ်ကြည့်ရမယ်”
မယ်ပျင်းမှာထိတ်လန့်သွားသည်။
“မဖြစ်ဘူး၊ ရှင်မစမ်းသပ်ရဘူး”
ထိုသို့ပြောကာ မမယ်ဖြူချီထားသည့် သာစံအားပြေးဆွဲသည်။ မမယ်ဖြူက အနောက်သို့ဆုတ်လိုက်ကာ တိမ်းရှောင်လိုက်ရင်း
“မဖြစ်ဘူးသမီး၊ အမေလည်းဒါကိုသိပ်သိချင်တယ်၊ အမေတို့ သွေးစပ်ပြီးတော့ စမ်းသပ်ရလိမ့်မယ်”
“မလုပ်ပါနဲ့အမေရာ တောင်းပန်ပါတယ်၊ ကျုပ်ကို ကလေးပြန်ပေးပါ”
ဖိုးမောင်က မယ်ပျင်းအဖြစ်ကိုကြည့်ကာ ရိပ်စားမိသဖြင့် တဟင်းဟင်းနှင့်ရယ်လျှက်
“ဒီမှာမယ်ပျင်း၊ ဒီကလေးက အကို့ကလေးမဟုတ်ဘူးဆိုတာ မင်းအရမ်းသေချာနေတယ်ဆိုရင် သွေးစပ်တာကို မင်းအေးအေးဆေးဆေးလက်ခံလိုက်စမ်းပါကွ၊ မင်းဘာတွေကိုဖုံးကွယ်ထားချင်လို့ အရှေ့ကနေ ကာဆီးကာဆီးလုပ်နေတာလဲ”
မယ်ပျင်းမှာ တုန်တုန်ယင်ယင်ဖြင့် အနောက်သို့ဆုတ်လိုက်သည်။ ဖိုးမောင်က သူ့လူယုံတစ်ယောက်အား အကြမ်းဖန်ခွက်တစ်လုံးတွင် ဆီတစ်ဝက်ခန့်ထည့်ခဲ့ရန်အတွက် မှာကြားလိုက်လေသည်။ မကြာမီ အကြမ်းပန်းကန်လုံးရောက်လာသည့်အခါ ဖိုးမောင်က သူဆောင်ထားလေ့ရှိသည့် ဓါးမြှောင်ကိုထုတ်လိုက်ကာ လက်ညှိုးထိပ်ကိုထိုးခွဲလိုက်လေသည်။ ထက်မြက်လှသည့် ဓါးဦးချွန်ကြောင့် လက်ညှိုးထိပ်မှာပေါက်ပြဲသွားကာ သွေးများစီးကျလာသည်။ ဖိုးမောင်က သွေးတစ်စက်အား ဆီပန်းကန်လုံးထဲသို့ထည့်လိုက်သည့်အခါ သွေးစက်မှာ ပန်းကန်လုံးအခြေတွင်သွားရောက်စုပြုံကာ အလုံးလိုက်ကလေးတည်ရှိနေသည်။
ဖိုးမောင်က ဓါးမြှောင်ကိုင်ရင်း သာစံအနားသို့တိုးကပ်လာခဲ့ပြီး
“တကယ်လို့ ဒီကလေးနဲ့ငါနဲ့က သွေးသားစပ်ခဲ့တယ်ဆိုရင် သူ့သွေးနဲ့ငါ့သွေးဟာ ပန်းကန်လုံးအောက်ခြေမှာ ရောစပ်သွားလိမ့်မယ်၊ တကယ်လို့များ သွေးသားမတော်စပ်ခဲ့ဘူးဆိုရင်တော့ သူ့ရဲ့သွေးနဲ့ငါ့ရဲ့သွေးဟာ မရောစပ်ဘဲ အလုံးအတိုင်းဆီထဲမှာရှိနေလိမ့်မယ်”
မမယ်ဖြူမှာသိချင်လွန်းသဖြင့် ရင်တွေခုန်နေသည်။ မယ်ပျင်းမှာလည်း တုန်တုန်ယင်ယင်နှင့်တုန်လှုပ်နေသည်ကိုတွေ့ရသည်။ မမယ်ဖြူက သာစံကလေး၏ လက်တစ်ဖက်ကို ဖိုးမောင်ထံသို့တိုးပေးလိုက်သည့်အခါ ဖိုးမောင်က ဓါးဦးချွန်ကလေးဖြင့် သာစံ၏လက်ချောင်းထိပ်ကို ထိုးဖောက်လိုက်လေသည်။
သာစံကလေးမှာ အဲ့ကလေးအော်ကာ ငိုယိုတော့သည်။ ဖိုးမောင်က သာစံလက်ထိပ်မှသွေးတစ်စက်ကိုညှစ်ယူကာ ဆီပန်းကန်လုံးထဲသို့ ညှစ်ချလိုက်တော့သည်။ သာစံကလေး၏ သွေးစက်မှာ ဆီမျက်နှာပြင်ပေါ်တွင် ဝေ့ဝိုက်နေပြီးမှ တဖြည်းဖြည်းအောက်သို့နစ်မြုပ်သွားလေသည်။ ဖိုးမောင်မှာလည်း ရင်တွေအလွန်ခုန်နေမိသည်။
“စပ်လိုက်စမ်းပါကွာ၊ သွေးနှစ်ခုက ထိသွားစမ်းပါကွ”
ဖိုးမောင်မှာ အားမလိုအားမရနှင့် နှုတ်မှထွက်ကာ ရေရွတ်နေမိသည်။ သာစံ၏သွေးစက်ကလေးမှာ ဖိုးမောင်၏ သွေးစက်နှင့်ထိတွေ့သော်လည်း သွေးချင်းမစပ်ယှက်ဘဲ အလုံးကလေးအတိုင်းသာရှိနေလေသည်။ ဖိုးမောင်မှာ မကျေနပ်သေးဘဲ ဆီပန်းကန်ထဲသို့ ဓါးဦးချွန်ဖြင့်ထိုးကာ မွှေနှောက်လိုက်သော်လည်း သွေးနှစ်စက်မှာ မထိစပ်ဘဲ သူ့ချည်းအတိုင်းသား နေနေကြသည်ကိုတွေ့ရသည်။
ဖိုးမောင်မှာ စိတ်ဓါတ်ကျသွားတော့သည်။ မယ်ပျင်းက အနားသို့တိုးကပ်လာပြီး
“ဘယ်လိုလဲ ကိုဖိုးမောင်၊ ဒီကလေးက ရှင်နဲ့သွေးမတော်သားမစပ်ဘူးဆိုတာ ရှင်အခုယုံပြီလား”
ဖိုးမောင်မှာ မယ်ပျင်းအား ဒေါသတကြီးနှင့်ကြည့်ုလိုက်ရင်း
“ဒါဆို မင်းငါ့ကိုသစ္စာဖောက်တာပေါ့ မယ်ပျင်း၊ မင်းက ငါ့ကိုချစ်ပါတယ်ကြိုက်ပါတယ်လို့ပြောပြီးတော့ လူအေးဆိုတဲ့ကောင်နဲ့တွေ့ပြီး ဘယ်လောက်မှမကြာသေးဘဲ မင်းရဲ့အချစ်နဲ့နှလုံးသားကို ဒီကောင့်ကိုပေးလိုက်တာပေါ့လေ”
“သူခိုးက လူပြန်ဟစ်မနေနဲ့ ကိုဖိုးမောင်၊ ကျုပ်ကိုတစ်ယောက်တည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားခဲ့ပြီးတော့ အသိုင်းအဝိုင်းကြီးကျယ်တဲ့ ဆွေကြီးမျိုးကြီးထဲက မိန်းကလေးတစ်ယောက်နဲ့ အရင်လက်ထပ်လိုက်တာ ဘယ်သူလဲ”
“မင်းကွာ . . . အဲဒါတွေအကုန်လုံးက ငါစိတ်ပါလို့လုပ်တာမဟုတ်ဘူး၊ ရွှေခေါရဲ့အကြံအစည်တွေကွ၊ ငါစိတ်မပါဘူးဆိုတာ အားလုံးသိတယ်”
“အားလုံးသိတယ်တဲ့လား”
မယ်ပျင်းက ပြောဆိုကာ တဟားဟားနှင့်ရယ်မောနေလိုက်သည်။
“ကျုပ်မျက်စိနဲ့တပ်အပ်မြင်ခဲ့တာတောင်မှ ရှင်က ကျုပ်ကိုလိမ်ချင်သေးတာလား၊ စိတ်မပါတဲ့လူတစ်ယောက်က ဒီလောက်ပျော်ပြီး ပြုံးနေတာကို ကျုပ်တစ်သက်မှာတစ်ခါမှ မမြင်ဖူးခဲ့ဘူး ကိုဖိုးမောင်”
ဖိုးမောင်က မယ်ပျင်းလက်မောင်းကိုဆွဲလိုက်ကာ
“ကိုယ်အားလုံးရှင်းပြပါ့မယ်ကွာ၊ အကို အားလုံးကိုရှင်းပြပါ့မယ်၊ မယ်ပျင်းမကျေနပ်ဘူးဆိုရင်လည်း အကို့ကိုပေးချင်တဲ့အပြစ်ပေးပါကွာ၊ အကိုခံယူပါ့မယ်”
“တော်ပြီအကို၊ ပြီးခဲ့တာတွေပြီးပါစေတော့၊ ကျုပ်ဘယ်လိုမှစိတ်ထဲမထားတော့ဘူး၊ ပြီးတော့ အကိုနဲ့လည်း ဘယ်လိုမှရှေ့မဆက်ချင်ဘူး၊ သူကြီးဖြစ်တဲ့အကိုနဲ့ စုန်းဖြစ်တဲ့ကျုပ်ရဲ့ဘဝက မိုးနဲ့မြေလို မဆုံနိုင်လောက်အောင်ဝေးကွာပါတယ်၊ အကိုကျုပ်ကိုမေ့လိုက်ပါ၊ ကျုပ်ကတော့ အကို့ကိုရင်ထဲက ထုတ်လိုက်တာကြာပြီ”
“တကယ်ပဲလားမယ်ပျင်း၊ မင်းတကယ်ပြောတာလား”
“အကိုအခုလိုဆက်ပြီးလုပ်နေမယ်ဆိုရင် ကျုပ်ဒီရွာကနေထွက်သွားရလိမ့်မယ်”
မယ်ပျင်းပြောလိုက်သည့်အခါ ဖိုးမောင်မှာ မယ်ပျင်းလက်ကိုလွှတ်ချလိုက်လေသည်။
“အကိုဆက်ပြီးရှေ့မတိုးပါနဲ့တော့၊ ကျုပ်ကိုအနေရခက်အောင်မလုပ်ပါနဲ့တော့၊ ကျုပ်က ဘယ်နည်းနဲ့မှ အပျော်အပါးထပ်ရှာမှာမဟုတ်တော့သလို၊ အကိုလည်းအခု မိန်းမတွေအများကြီးနဲ့ စိုစိုပြေပြေဖြစ်နေပြီပဲ၊ အကို့အရည်အချင်းမျိုးနဲ့ ကျုပ်လိုမိန်းမကို တစ်ယောက်မဟုတ်ဘူး ဆယ်ယောက်၊ အယောက်နှစ်ဆယ်လောက်အထိ ယူနိုင်ပါတယ်အကိုရယ်”
“မဟုတ်ဘူးလေ မယ်ပျင်း၊ တခြားမိန်းမတွေဘယ်လောက်များများ မင်းနဲ့တော့ဘယ်တူမှာလဲကွ၊ သူတို့တွေကို အကိုက တကယ်ချစ်ခဲ့တာမှမဟုတ်တာ၊ အကိုတကယ်ချစ်တာမင်း၊ အကိုတကယ်မြတ်နိုးခဲ့တာ မင်းပဲရှိတယ်မယ်ပျင်း”
“အကိုကျုပ်ကိုတကယ်ချစ်တာလား”
မယ်ပျင်းက ပြန်မေးလိုက်သည့်အခါ ဖိုးမောင်က ခေါင်းညိတ်လိုက်လေသည်။
“အကိုကျုပ်ကို တကယ်ချစ်တယ်ဆိုရင် ကျုပ်ကိုလွှတ်ပေးလိုက်ပါတော့”
“ဘာကွ”
“ဟုတ်တယ်အကို၊ အကိုကျုပ်ကိုတကယ်ချစ်တယ်၊ တကယ်မြတ်နိုးတယ်ဆိုရင် အကိုကျုပ်ကိုထွက်သွားခွင့်ပေးလိုက်ပါ၊ တစ်ချိန်က မပေါင်းဖက်လိုက်ရတာကို အခုမှ ကလေးအကြောင်းပြပြီးတော့ မပေါင်းဖက်ချင်ပါနဲ့တော့အကို၊ အခုအချိန်မှာ အကိုက အကို၊ ကျုပ်ကလည်း ကျုပ်ဘဝနဲ့ကျုပ်ဖြစ်နေပါပြီ၊ အကိုကျုပ်ကို ထပ်ပြီးမနှိပ်စက်ချင်ပါနဲ့တော့”
ဖိုးမောင်မှာမျက်ရည်များဝဲကျလာသည်။
“နှိပ်စက်တယ်တဲ့လား မယ်ပျင်းရယ်၊ အကိုက မင်းကိုနှိပ်စက်နေတာမဟုတ်ပါဘူး၊ အကိုက မင်းကိုချစ်နေတာပါ”
“ချစ်တယ်ဆိုတဲ့စကားလုံးအကြောင်းပြတာကိုက နှိပ်စက်တာပဲအကို၊ အကိုက ကျုပ်ကိုချစ်တယ်လို့ တစ်ခွန်းပြောလိုက်တိုင်း ကျုပ်ရဲ့ရင်ထဲကို ဓါးနဲ့တစ်ချက်ထိုးလိုက်သလိုခံစားရတယ်၊ ကျုပ်သဘောအတိုင်း စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်းပြောပြီးပြီဖြစ်လို့ အကိုနားလည်မယ်လို့မျှော်လင့်ပါတယ်၊ လာအမေ . . . အိမ်ပြန်ကြမယ်”
မမယ်ဖြူမှာ ကလေးချီရင်း
“ဟဲ့သမီး၊ အမေတို့အိမ်က မရှိတော့ဘူးလေ သမီးရဲ့”
“အိမ်တစ်လုံးဆောက်ရတာ ကျုပ်အတွက်ဘာမှ မခက်ခဲပါဘူးအမေ၊ အိမ်မဆောက်နိုင်သေးရင် ကိုယ့်ခြံထဲမှာကိုယ် တဲထိုးပြီးနေမယ်၊ ဒါပေမယ့် ဒီလိုလူမျိုးရဲ့အိမ်မှာ တစ်မိနစ်တောင်ဆက်ပြီးမနေချင်တော့ဘူး”
မယ်ပျင်းက ဖိုးမောင်အိမ်ပေါ်မှ ဆင်းသွားလေသည်။ မမယ်ဖြူလည်း ကလေးအားချီပိုးရင်း ဖိုးမောင်ကို အားနာနာနှင့်ကြည့်လိုက်သည်။ ဖိုးမောင်က ဒေါသထွက်နေသည့်မျက်လုံးများဖြင့် ကလေးကိုကြည့်လိုက်ကာ
“ခေါ်သွား၊ ဒီကလေးကို ကျုပ်အရှေ့ကနေခေါ်သွား၊ ဒီကလေးရဲ့မျက်နှာကို ကျုပ်မမြင်ချင်ဘူး၊ သူ့အသံကိုလည်းမကြားချင်ဘူး”
မမယ်ဖြူမှာ အိမ်ပေါ်မှဆင်းသွားတော့သည်။ ဖိုးမောင်က တောက်တစ်ချက်ခေါက်လိုက်ပြီး
“ဖောက်ပြားတဲ့မိန်းမ၊ မင်းရဲ့ကလေးကို ငါကမျက်နှာသာပေးမယ်မထင်နဲ့၊ ဒီကောင်လေးကို ငါကအချိန်ရှိသရွေ့ ဒုက္ခတွေချည်း ပေးနေမှာကွ၊ မင်းစောင့်ကြည့်လိုက်စမ်းပါ မယ်ပျင်းရာ၊ မင်းစောင့်ကြည့်နေလိုက်စမ်းပါ”
ဖိုးမောင်မှာ အံကြိတ်ရင်း လက်ထဲတွင်ကိုင်ထားသည့်ဓါးကလေးဖြင့် သစ်သားနံရံအား အချက်ပေါင်းများစွာထိုးနှက်နေမိတော့သည်။
မယ်ပျင်းမှာ လမ်းလျှောက်ရင်း ရင်ဘတ်ကိုလက်နှစ်ဖက်နှင့်ဖိကာ ငိုကြွေးနေမိသည်။ အမှန်စင်စစ်အားဖြင့် မယ်ပျင်းမှာလည်း ဖိုးမောင်အပေါ် သံယောဇဉ်ကုန်သေးသည်မဟုတ်၊ ဖိုးမောင်အပေါ် အချစ်လျော့သေးသည်မဟုတ်ပေ။
“တောင်းပန်ပါတယ်အကို၊ အကို့ကိုတောင်းပန်ပါတယ်၊ ကြမ်းတမ်းတဲ့ကျုပ်ဘဝထဲကို ဘယ်သူ့ကိုမှထပ်ပြီးဆွဲမထည့်ချင်တော့ဘူး၊ ကျုပ်လုပ်ဖို့အလုပ်တွေအများကြီးကျန်နေသေးတယ်၊ ကျုပ်လက်စားချေစရာတွေအများကြီးရှိသေးတယ်၊ အကို့အချစ်ကိုလက်ခံပြီး အကိုနဲ့ဆက်ပေါင်းသင်းနေမယ်ဆိုရင် တစ်ချိန်ကျရင် အကိုလည်း ကိုလူအေးတို့မိသားစုကြုံသလိုမျိုး အဖြစ်ဆိုးမကြုံရဘူးလို့ မပြောနိုင်ဘူးအကို၊ ကျုပ် အကို့ကို အခုအချိန်အထိ သိပ်ချစ်ခဲ့တယ်ဆိုပေမယ့် သားလေးအကြောင်းပြပြီး အကိုနဲ့ထပ်ပြီးမပတ်သက်ချင်တော့ဘူး၊ ဒီလိုဆုံးဖြတ်ရတာ အကို့ကိုချစ်လို့၊ အကို့အပေါ် အန္တရာယ်တွေဖြစ်မှာစိုးလို့ သွေးနှစ်စက်မရောအောင် ပညာနဲ့လုပ်ခဲ့ရတာပါအကိုရယ်၊ အကိုကျုပ်ကို ခွင့်လွှတ်နိုင်မယ်လို့ထင်ပါတယ်”
မယ်ပျင်းကထိုသို့တွေးရင်း ကြိတ်ငိုနေမိတော့သည်။