စုန်းမကြီးဒေါ်ပျင်းနှင့် သာစံမွေးပြီ
စာစဉ်(၇၈)
(၁)
“တို့ရွာသားတွေ ဒီစုန်းမကိုကြောက်နေရတာ အဓိပ္ပါယ်မရှိဘူးဟေ့”
ဖက်လိပ်ရွာသားတစ်ဦးက လက်သီးလက်မောင်းတန်းကာပြောဆိုလိုက်လေသည်။ ထိုသူကတော့ အခြားမဟုတ်ဘဲ ရွာခံကာလသားခေါင်း သံခဲဆိုသူဖြစ်သည်။
“တိုးတိုးပြောစမ်းပါ ကိုသံခဲရယ်၊ တော်ကြာ စုန်းမကြီးကြားသွားလို့ ကျုပ်တို့ပြုစားခံနေရပါအုံးမယ်”
“သူ့ကြောက်လို့တောင် ရွာနားမှာမပြောရဲဘဲ ရေခြားမြေခြားဖြစ်တဲ့ ဟောဒီဇီးပင်ကုန်းမှာလာပြောနေရတာမဟုတ်လား၊ အခုမှလာပြီး လက်သီးလက်မောင်းတန်းမနေစမ်းပါနဲ့ သံခဲရာ”
“ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ မကျေနပ်တာအမှန်ပဲဗျာ၊ ဘယ့်နှယ့်ဗျာ၊ သူကြီးဆိုးရန်က ငြိမ်းရုံကလေးရှိသေးတယ် အခုစုန်းမက ပြန်ရောက်လာပြန်ပြီ၊ ကျုပ်တို့ရွာတော့ ဘယ်အခါမှ ဒီအကြောက်တရားအောက်က လက်လွတ်မယ်မသိဘူးဗျာ”
“ဟုတ်တယ်၊ ပိုဆိုးတာက အဲဒီသူကြီးပဲ၊ သူကြီးက မယ်ပျင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင် မဖြေရှင်းပေးတဲ့အပြင် မသိချင်ယောင်ဆောင်ပြီး ငြင်းထုတ်နေတာ ဆိုးတာပဲဗျာ၊ ကျုပ်တို့ကိုတော့ အရင်က သေနတ်ကလေးတပြပြနဲ့အုပ်ချုပ်ခဲ့ပြီး အခုကျတော့ သူမဟုတ်တဲ့အတိုင်းပဲ၊ သူလဲ အဲဒီစုန်းမကို ကြောက်နေပုံရတယ်”
“မင်းတို့ကောင်တွေမသိဘူးလားကွ၊ သူကြီးဖိုးမောင်က အရင်တုန်းက မယ်ပျင်းနဲ့ချစ်ကြိုက်ခဲ့တာလေကွာ၊ ဒီတော့ သူက သူ့ချစ်သူဘက်လိုက်ပြီး မဖြေရှင်းပေးတာနေမှာပေါ့ကွ”
“သူတို့မရှင်းရင် ကျုပ်တို့ကိုယ့်ဖာသာကိုယ်ရှင်းကြတာပေါ့ဗျာ”
“မင်းက ဘယ်လိုရှင်းမလို့တုန်း သံခဲရာ၊ ရွာထဲက စုန်းပညာတတ်ပါတယ်ဆိုတဲ့လူတွေတောင်မှ ငြိမ်နေကြတာ၊ မင်းလိုပညာမတတ်တဲ့လူက ဘယ်လိုလုပ်မလဲ”
“ဒါက လွယ်ပါတယ်ဗျာ၊ တခြားစုန်းတွေက သူတို့စုန်းဖြစ်မှန်း လူသိမှာကြောက်လို့ ပုန်းလျှိုးကွယ်လျှိုးနေကြပေမယ့် မယ်ပျင်းက ဖက်လိပ်ရွာက စုန်းမမယ်ပျင်းဆိုပြီး ပေါ်ပေါ်ထင်ထင်နေတယ်မဟုတ်လား၊ ဒီတော့ ကျုပ်တို့ကလည်း ဖက်လိပ်ရွာက စုန်းမမယ်ပျင်း သောင်းကျန်းနေတဲ့အကြောင်းကို ရပ်ရွာအသီးသီးက လူတွေ၊ အထက်လမ်းဆရာ၊ ဂိုဏ်းဆရာကြီးတွေသိအောင် သတင်းလွှင့်မယ်ဗျာ၊ ဂိုဏ်းဆရာကြီးတွေအများကြီး ရွာကိုစုပြီးရောက်လာရင် မယ်ပျင်းခံနိုင်မယ်ထင်သလားဗျ”
“မင်းပြောတာလဲ ဟုတ်တာပဲကွ၊ ဒါနဲ့ ဂိုဏ်းဆရာတွေမနိုင်တော့ရော ဘယ့်နှယ့်လုပ်မလဲ”
“ဒါဆိုရင် ဒုတိယအစီအစဉ်လုပ်တာပေါ့ဗျာ”
သံခဲက ထိုနေရာအနီးရှိတောင်ပို့ကြီးတစ်လုံးအတွင်းသို့ လက်နှိုက်ထည့်လိုက်သည်။ ရွာသားများမှာ သံခဲလုပ်ကိုင်နေသည်ကိုကြည့်နေကြသည်။ သံခဲက လက်ကိုပြန်ဆွဲထုတ်လိုက်သည့်အခါ ပုဆိုးပိုင်းဖြင့်ပတ်ထားသည့် ရှည်မျောမျောအရာဝတ္ထုတစ်ခု လက်အတွင်းပါလာခဲ့သည်။ သံခဲက ပုဆိုးစကိုဖြေလိုက်သည့်အခါ သေနတ်တစ်လက်ဖြစ်နေသည်ကိုတွေ့ရသည်။
“အလို သေနတ်ကြီးပါလား၊ မင်းဒီသေနတ်ကိုဘယ်ကရသလဲ”
“ဘယ်ကရမလဲဗျ၊ သူကြီးလူယုံတစ်ယောက်ဆီကနေ တစ်ပတ်လောက်ခဏငှားခဲ့တာပေါ့ဗျာ”
“မင်းက သေနတ်နဲ့ဘာလုပ်မလို့လဲကွာ”
“အိုဗျာ၊ လူဘယ်လောက်စွမ်းစွမ်း သေနတ်ကိုတော့ မယှဉ်နိုင်ဘူးမဟုတ်လား၊ ဒါကြောင့်လဲ သေစေတဲ့နတ်မင်းဆိုပြီး သေနတ်လို့ခေါ်တာပေါ့ဗျ၊ ကျုပ်က ဟောဒီသေနတ်နဲ့ မယ်ပျင်းအလစ်မှာ ချောင်းပြီးပစ်ဖို့ဗျ”
“ဖြစ်ပါ့မလား သံခဲရာ၊ မင်းကသေနတ်ကိုင်ဖူးလို့လား သေနတ်ပစ်တတ်လို့လားဗျ”
“ဖြစ်ပါတယ်ဗျာ၊ ကျုပ်က ဒီသေနတ်ပိုင်ရှင်ကို အပီပေါင်းထားပြီးတော့ သေနတ်ပစ်လေ့ကျင့်နေတာကြာပါပြီဗျ၊ တောထဲမှာတောင် သားကောင်လေးဘာလေးလိုက်ပစ်နေတဲ့ကောင်ပါ၊ သေနတ်ကျည်ကမြန်တော့ မယ်ပျင်းရှောင်ချိန်တောင်ရမှာမဟုတ်လိုက်ပါဘူး၊ ဒိုင်းဆိုတာနဲ့ ဂန့်ပြီလို့သာမှတ်လိုက်တော့”
“အေး၊ မင်းအကြံအစည်အဆင်ပြေပါစေလို့ပဲ ဆုတောင်းပါတယ်၊ ဒီစုန်းမမရှိတော့မှ တို့ရွာလည်း အေးအေးလူလူနေရမှာ”
“ဘာမှမပူပါနဲ့ဗျာ၊ မယ်ပျင်းက မနက်မနက်ဆိုရင် ရွာထိပ်ထွက်ပြီး သူ့ယောက်ျားကိုမျှော်တယ်မဟုတ်လားဗျ၊ ဒီအချိန်ကျုပ်က ချုံကွယ်ထဲကနေပြီးတော့ သေနတ်နဲ့ပစ်သတ်မယ်ဗျာ၊ မနက်ဖြန်မနက် သေနတ်သံကြားလို့ကတော့ ရွာထိပ်ကိုသာ ပြေးလာခဲ့လိုက်တော့ဗျို့”
“မင်းအကြံအစည်အောင်မြင်ပါစေကွာ”
သံခဲက ခါးကြားထိုးထားသည့် စာရွက်များကိုထုတ်လိုက်ကာ
“ခင်ဗျားတို့အခုကူညီရမှာကတော့ မယ်ပျင်းအကြောင်းကို ဂိုဏ်းဆရာကြီးတွေသိသွားအောင်လို့ သတင်းသာဖြန့်ပေးဗျာ”
ရွာသားများမှာ သံခဲပေးသည့် စာရွက်ကလေးများကိုယူလိုက်ကြသည်။ စာရွက်ပေါ်တွင်တော့ မယ်ပျင်းဆိုးပုံဆိုးကွက်များကို ရေးသားထားသည်ကိုတွေ့ရလေသည်။ ရွာသားများမှာ ထိုစာရွက်များယူဆောင်လာခဲ့ပြီး လှည်းလမ်းတွင်အခြားရွာမှလူများနှင့် ဆုံတွေ့သည့်အခါမျိုးတွင် လက်ဆင့်ကမ်းပေးလိုက်ကြသည့်အတွက် မယ်ပျင်းသတင်းမှာ ဖက်လိပ်ရွာအနီးအပါးသာမက မြိုင်သာမြို့နှင့် အနီးအပါး ဆယ့်ရှစ်ရွာအထိပါ သတင်းကြီးသွားလေသည်။
ထိုသတင်းမှာ မယ်တော်၏နားသို့ပြန်ပေါက်သွားသည်။ မယ်တော်မှာ သတင်းကြားကြားချင်းပင် သလွန်ခုံကို လက်ဖြင့်ထုလိုက်ရာ သလွန်မှာ အပိုင်းပိုင်းအစစဖြစ်ကာ ကွဲကျေသွားလေသည်။
“ငါက ရူးအောင်လုပ်ခဲ့တာကို ဒင်းကပြန်ပြီး ပညာတွေသုံးနေတယ်တဲ့လား၊ မကျေနပ်ဘူး၊ ငါဒင်းကိုသွားပြန်လုပ်မယ်”
ထိုအခါ စုန်းအသင်းအကြီးအကဲများက မယ်တော်အားတားမြစ်ကြသည်။
“ဒီအတိုင်းလွှတ်ထားလိုက်ပါမယ်တော်၊ သူ့ဗိုက်ထဲမှာလည်း ရင်သွေးကလေးရှိနေတယ်မဟုတ်လား၊ မယ်တော်ပဲ ရသေ့ကြီးကို ကလေးရှိနေတဲ့အချိန် အနှောက်အယှက်မပေးပါဘူးဆိုပြီး ကတိပေးထားတယ်မဟုတ်လား”
“တောက်၊ ဒီရသေ့စုတ်သာ ဝင်မရှုပ်ရင် အခုလောက်ဆို ဒင်းသေတာကြာပေါ့”
“မယ်တော်က သူ့ဆီက အစောင့်အရှောက်တွေကိုလည်း ပိတ်ပင်ထားခဲ့တာပဲမဟုတ်လား၊ ကျုပ် သူ့အမေဆီက ကြားရသလောက်ကတော့ မယ်ပျင်းက တစ်နေ့သုံးကြိမ်ရူးတယ်ဆိုပဲ၊ ဒီအဆင့်လောက်နဲ့ သူက မယ်တော်ရဲ့ပြိုင်ဘက် ဖြစ်မလာနိုင်ပါဘူးမယ်တော်၊ မယ်တော်စိတ်အေးအေးသာနေပါ”
“မင်းတို့က သူ့အကြောင်းမသိသေးပါဘူး၊ ငါက မယ်ပျင်းရဲ့အကြောင်း ကောင်းကောင်းသိတယ်၊ မယ်ပျင်းဆိုတာက ငါ့ကိုတိုက်ခိုက်သတ်ဖြတ်ဖို့ အမြဲတမ်းကြံစည်နေတဲ့လူပဲ၊ မင်းတို့ပြောသလို သူကြာကြာရူးနေပါစေလို့ပဲ ဆုတောင်းပါတယ်”
မယ်တော်မှာ စုန်းအသင်းမှလူများကို မလွန်ဆန်နိုင်သဖြင့် နန်းဆောင်ကြီးအတွင်းမှထွက်လာခဲ့သည်။ စီးတော်ကျားကို တင်ပါးလွှဲထိုင်ကာ စီးနင်းလိုက်ပြီးသည့်နောက် အကြံတစ်ခုရသွားသည်။
“ငါက သူ့ကိုအန္တရာယ်မပြုပါဘူးလို့ပဲ ကတိပေးခဲ့တာလေ၊ ဒီတော့ ငါ့ရဲ့လက်နဲ့ ဒင်းကိုမသတ်ဘဲ တခြားလူတွေရဲ့လက်ကိုငှားပြီး အသုံးချရမယ်”
မယ်တော်က နှုတ်ခမ်းတွန့်ရုံကလေးပြုံးလိုက်ပြီးနောက် စီးတော်ကျားကို တစ်နေရာသို့ ဦးတည်ခိုင်းလိုက်သည်။ စီးတော်ကျားမှာ လျှင်မြန်လှသည့်အရှိန်ဖြင့် ခုန်ကာ ခုန်ကာ ခရီးဆက်ခဲ့ရင်း မကြာခင် သုဿန်ကြီးတစ်ခုဆီသို့ရောက်လာခဲ့သည်။ သုဿန်ကြီးမှာ မြေပုံများမို့မောက်နေပြိး မှတ်တိုင်များမှာလည်း ထိုးထိုးထောင်ထောင်နှင့်ဖြစ်နေလေသည်။ သုဿန်အလယ်ဇရပ်ကြီးတွင်တော့ လူနှစ်ဦးက ထိုင်ရင်းစကားပြောနေကြသည်။ မယ်တော်က စီးတော်ကျားနှင့် ဇရပ်အောက်တွင်ရပ်လိုက်သည့်အခါ ထိုလူနှစ်ဦးမှာ ထိတ်လန့်တုန်လှုပ်သွားကြလေသည်။
“ငမဲကြီးရေ လာဟေ့”
တစ်ဦးမှာ ကိုးသင်္ချိုင်းပြန်ရသေ့ကြီးဖြစ်သည်။ ရသေ့ကြီးက တပည့်ဖြစ်သူ ငမဲကြီးအားခေါ်လိုက်ပြီး သူ့လက်ထဲတွင်လည်း ဓါးစက်တစ်ခုကိုဖန်တီးလိုက်လေသည်။ ကျန်သည့်သူတစ်ဦးမှာ ခြေလက်များကို ပတ်တီးများဖြင့်ပတ်ထားသည့် အနူကြီးတစ်ယောက်ဖြစ်သည်။ အနူကြီးမှာ ဇရပ်ကြမ်းပြင်တွင်ချထားသည့် ငါးတောင်ခန့်ရှည်သည့် သံဓါးကြီးတစ်ချောင်းကိုဆွဲယူလိုက်ကာ မယ်တော်ကိုတိုက်ခိုက်ရန်အသင့်ပြင်ဆင်လိုက်လေသည်။
“ငါဒီကိုလာတာ မင်းတို့နဲ့တိုက်ခိုက်ဖို့မဟုတ်ဘူး”
“ခင်ဗျားဘယ်သူလဲ”
“ငါက အရှေ့အရပ်က စုန်းတွေကိုအုပ်ချုပ်အပိုင်စားရတဲ့ အရှေ့မယ်တော်ပဲ”
ရသေ့ကြီးတို့ ညီအကိုနှစ်ဦးမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
“အရှေ့မယ်တော်က ဘာဖြစ်လို့ကျုပ်တို့ဆီကိုလာခဲ့တာလဲ”
“မင်းတို့ကို ကူညီဖို့လာခဲ့တာပဲ”
“ကျုပ်တို့ ခင်ဗျားအကူအညီကိုမလိုဘူး”
အနူကြီးမှာ နှုတ်ခမ်းသားများပဲ့နေသဖြင့် စကားပြောသည့်အခါ မပီကလာ ပီကလာဖြင့်ပြောဆိုခြင်းဖြစ်သည်။
“မယ်ပျင်းကို မင်းတို့လက်တုန့်ပြန်ချင်တယ်မဟုတ်ဘူးလား”
“ဟုတ်တယ်၊ အဲဒါခင်ဗျားနဲ့ဘာဆိုင်လဲ”
“ငါက နိုင်မယ့်မြင်းကိုရွေးလောင်းချင်လို့ပါကွ”
အနူကြီးမှာ သူကိုင်ဆောင်ထားသည့် ဓါးကြီးကို မြေပြင်ပေါ်သို့ထိုးစိုက်ချလိုက်ပြီး
“ခင်ဗျားက ဘယ်လိုကူညီမှာလဲ”
“ငါ့ရဲ့တွက်ကိန်းအရတော့ မယ်ပျင်းက လာမယ့်သောကြာနေ့နဲ့ စနေနေ့အချိန်လောက်မှာ ကလေးမွေးမှာသေချာတယ်၊ မင်းတို့က ဒီအချိန်ကိုစောင့်နေကြတယ်မဟုတ်လား”
“အစစ်ပေါ့ဗျာ၊ သူမီးဖွားပြီးတဲ့အချိန်၊ သူ့စွမ်းအားတွေကျဆင်းနေတဲ့အချိန်မှာ ကျုပ်တို့က သူ့ကိုလက်စားချေဖို့စောင့်နေတာပဲ”
“ဟား၊ ဟား ကောင်းတယ် ကောင်းတယ်၊ မင်းတို့သူ့ကိုယှဉ်နိုင်ဖို့အတွက် မင်းတို့ရဲ့အစွမ်းတွေ တိုးမြှင့်နေဖို့လိုအပ်တယ်၊ ဒါကြောင့် မင်းတို့အစွမ်းတွေကို ငါ တိုးပေးမယ်၊ အရှေ့ကိုတိုးလာခဲ့ကြ”
ရသေ့ကြီးနှင့် အနူကြီးမှာ မယ်တော်အနီးသို့တိုးကပ်သွားသည်။ မယ်တော်က ရွှေလွန်းပျံလက်နက်အတွင်းမှ ချည်မျှင်စကိုထုတ်ယူလိုက်ပြီး လက်တံတောင်ဆစ်တွင် ခုနစ်ပတ်ရစ်ပတ်လိုက်ပြီးသည့်နောက် ချည်ကြိုးကိုထုံးဖွဲ့လိုက်ကာ ထိုချည်ကွင်းကို ရသေ့ကြီးနှင့် အနူကြီးတို့လည်ပင်းတွင် တစ်ယောက်တစ်ကြိုးစီ ဆွဲပေးလိုက်လေသည်။
“ဟောဒီချည်ကြိုးတွေကြောင့် မင်းတို့ရဲ့ပညာတွေ ထက်မြက်နေမှာသေချာတယ်”
မယ်တော်က ပြောဆိုပြီး တစ်ဖက်သို့လှည့်လိုက်သည့်အခါ
“နေပါအုံး ခင်ဗျားက ဘာဖြစ်လို့ကျုပ်တို့ကိုကူညီရတာလဲ၊ အခုလိုအစွမ်းတွေပေးတာ ဘာအတွက်များလဲ”
“ရှင်းရှင်းလေးပါ၊ မင်းတို့ကလည်း မယ်ပျင်းကိုသတ်ချင်တယ်၊ ငါကလည်း သူ့ကိုသေစေချင်တယ်၊ ဒါကြောင့် ငါ့ကိုယ်စား မင်းတို့က လက်စားချေပေးပါ”
အနူကြီးမှာ ရယ်မောလိုက်ရင်း
“ဟား၊ ဟား ခင်ဗျားအထင်မှားနေပြီ၊ ကျုပ်တို့က ကြေးစားတွေမဟုတ်ဘူးဗျ၊ မယ်ပျင်းကိုသတ်ချင်တယ်ဆိုတာ ကျုပ်အကိုကြီးရဲ့ရန်ငြိုးကိုဆပ်ချင်ဖို့သတ်ချင်တာ၊ ခင်ဗျားခိုင်းလို့ သတ်ရတာမဟုတ်ဘူး”
မယ်တော်မှာ အနူကြီးကိုလှည့်ကြည့်လိုက်ရင်း
“ဘာပဲဖြစ်ဖြစ်မယ်ပျင်းသေဖို့က အရေးအကြီးဆုံးပဲမဟုတ်လား”
မယ်တော်က အနူကြီးကိုလက်ညှိုးဖြင့်ထိုးလိုက်သည့်အခါ အနူကြီးကိုယ်လုံးတွင်ရစ်ပတ်ထားသည့် အဝတ်စများမှာ ကွာကျသွားပြီး အနူကြီး၏ ရိရွဲပုတ်ပြဲကျနေသည့် အသားများမှာလည်း နဂိုအတိုင်းပြန်ဖြစ်သွားကာ အနူကြီးမှာချောမောလှပသွားလေသည်။ အနူကြီးက ကိုယ့်မျက်နှာကိုယ်ကိုင်ကြည့်ကာ အံ့သြမဆုံးဖြစ်နေရသည်။ ထိုအခိုက် မယ်တော်က လက်ကိုပြန်ရုတ်သိမ်းလိုက်လေရာ အနူကြီးမှာ ပြန်လည်နူဝဲစွဲသွားတော့သည်။
“မယ်ပျင်းသေရင် မင်းအကောင်းပကတိပြန်ဖြစ်စေရမယ်လို့ ငါကတိပေးတယ်”
အနူကြီးမှာခေါင်းညိတ်လိုက်လေသည်။ ရသေ့ကြီးကလည်း အရှေ့သို့တိုးလာပြီး
“ငါ့ကိုရောဘာပေးမှာလဲ”
“ရှင်လိုချင်တဲ့အတိုင်းဖြစ်စေရမယ်ရသေ့ကြီး”
“ကောင်းပြီဗျာ၊ အခုကျုပ်တို့က တစ်လှေတည်းစီး တစ်ခရီးတည်းသွားကြတဲ့လူတွေဖြစ်သွားကြပြီပေါ့”
“မယ်ပျင်းကိုသာ သေအောင်သတ်ပေးပါ၊ ရှင်တို့ဖြစ်ချင်တာ ဘာမဆိုဖြစ်စေရမယ်”
မယ်တော်နှင့် ရသေ့ကြီးတို့မှာ သဘောတူညီလိုက်ကြလေသည်။ မယ်တော်က စီးတော်ကျားကိုစီးရင်း အပြန်လမ်းတွင် စဉ်းစားလာလေသည်။
“မယ်ပျင်း၊ မင်းအမြဲတမ်း ငါ့လက်ကနေ လက်မတင်ကလေး လွတ်လွတ်သွားတာများပြီ၊ ငါအရင် မင်းကိုသတ်ခါနီးတုန်းကရော၊ နိဗ္ဗာန်ရွာက စုန်းတွေနဲ့မင်းကို ရန်တိုက်ပေးခဲ့တာရော၊ နောက်တစ်ခါ ကဝေရှင်ဘိုထွားကို မက်လုံးပေးပြီးတော့ မင်းကိုသတ်ဖို့ကြံခိုင်းတာရော ငါ့အကြံအစည်တွေအားလုံးကနေ မင်းကလွတ်လွတ်သွားခဲ့တယ်”
“ဒါပေမယ့် ဒီတစ်ခါတော မလွတ်စေရတော့ဘူး၊ မင်းသားဖွားပြီးလို့ အားအနည်းဆုံးဖြစ်နေတဲ့အချိန်မှာ ငါပေးလိုက်တဲ့အစွမ်းတွေနဲ့ အောက်လမ်းညီနောင်နှစ်ယောက်လာရင် မင်းခံနိုင်မှာမဟုတ်ဘူး၊ ဒီတစ်ခါတော့ မင်းမလွတ်နိုင်တော့ဘူးမယ်ပျင်း၊ မင်းအသေပဲ”
မယ်တော်မှာတွေးရင်း ကျေနပ်ကာ ရယ်မောလိုက်တော့သည်။
(၂)
မယ်ပျင်းမှာ နောက်တစ်နေ့မနက်တွင် မနက်စာစားသောက်ပြီးသည့်နောက် ကိုလူအေးအားမျှော်ရန်အတွက် ပုဆိုးကလေးပုခုံးပေါ်တင်ကာ ရွာထိပ်သို့ထွက်လာခဲ့သည်။ ရွာထိပ်ညောင်ပင်ကြီးအောက်ရှိ ညောင်မြစ်ကြီးတစ်ခုပေါ်တွင် ငုတ်တုတ်ထိုင်ချလိုက်ကာ မျက်စိတစ်ဆုံးရှည်လျားလှသည့် လှည်းလမ်းကြောင်းကြီးအား ငေးမောကြည့်နေမိသည်။
ညောင်ပင်ကြီးနှင့် မလှမ်းမကမ်းရှိ နဘူးချုံကြီးထဲတွင် သံခဲတစ်ယောက် ပုန်းအောင်းကာဝပ်လျှိုးနေလေသည်။ မယ်ပျင်းအနားရောက်သည်ကိုတွေ့သဖြင့် သေနတ်ကိုအသင့်ပြင်လိုက်ကာ မောင်းဖြုတ်လိုက်ပြီး ကျည်ဆန်တစ်တောင့်ကိုထိုးသွင်းလိုက်သည်။ မယ်ပျင်းထိုင်ပြီးသည့်အချိန် ပစ်မှတ်ငြိမ်သည့်အချိန်ရောက်သည့်အခါမှ သေနတ်ထိပ်တွင်ပါသည့်ချိန်သီးကလေးနှင့် မယ်ပျင်းအား အကျအနချိန်ရွယ်လိုက်လေသည်။ မယ်ပျင်းထိုင်နေသည့်နေရာနှင့် သံခဲပုန်းအောင်းနေသည့်ချုံပုတ်မှာ ဝါးသုံးရိုက်ခန့်သာကွာဝေးသဖြင့် မထိမည်ကိုမပူရပေ။
ပစ်မှတ်တည့်သွားသည့်အချိန် ခလုတ်မောင်းကို လက်နှင့်အသာညှစ်ချလိုက်သည့်အခါ ဒိုင်းခနဲသေနတ်သံတစ်ချက်က ကျယ်လောင်စွာထွက်ပေါ်လာလေသည်။
သေနတ်သံကြားရသည့်အခါ ရွာသားများမှာ သံခဲပစ်ခတ်လိုက်မှန်းသိသဖြင့်ရွာထိပ်ဆီသို့ အပြေးထွက်လာကြသည်။ သူကြီးဦးဖိုးမောင်လည်း သေနတ်သံကြားသဖြင့် နောက်လိုက်များကိုခေါ်ဆောင်ကာ ရွာထိပ်သို့ထွက်ခဲ့သည်။ ရွာထိပ်အနီးသို့အရောက်တွင် နောက်ထပ်သေနတ်သံတစ်ချက်ကိုထပ်ကြားလိုက်ရသည်။ သူကြီးနှင့်ရွာသားများမှာ အပြေးတစ်ပိုင်းနှင့်ရွာထဲမှထွက်လာကြသည်။
ညောင်ပင်ကြီးအောက်တွင် မယ်ပျင်းမှာငုတ်တုတ်ထိုင်နေရာ တစ်နေရာသို့ မမှိတ်မသုန်ကြည့်နေကြလေသည်။ မယ်ပျင်းကြည့်နေရာအရပ်ဆီသို့ ရွာသားများကလှမ်းမျှော်ကြည့်လိုက်သည့်အခါ နဘူးချုံကြီးအတွင်းမှ သံခဲက လွှားခနဲခုန်ထွက်လာကာ သေနတ်ကျည်ဆန်ဖြည့်လိုက်ပြီး မြေပေါ်တွင်မုဆိုးထိုင် ထိုင်ချလျှက် မယ်ပျင်းအား သေနတ်ဖြင့်အကျအနထိုးချိန်လိုက်သည်။
“ဟေ့ကောင်သံခဲမလုပ်နဲ့”
သူကြီးဖိုးမောင်က အော်ဟစ်သော်လည်း သံခဲက နားမဝင်တော့ပေ၊ မယ်ပျင်းအားချိန်ရွယ်ကာ ဒိုင်းခနဲပစ်ချလိုက်ပြန်သည်။ သံခဲပစ်ခတ်လိုက်သည့် ကျည်ဆန်မှာ မယ်ပျင်းထံသို့တန်းတန်းမတ်မတ်ပျံဝင်လာခဲ့ပြီး မယ်ပျင်းအရှေ့ လက်တစ်ကမ်းအလို လေပေါ်တွင်တန့်ခနဲရပ်တန့်သွားသည်။ ထိုရပ်တန့်သွားသည့်နေရာတွင်ပင် အခြားကျည်ဆန်ထိပ်ဖူးနှစ်ခုမှာလဲ လေပေါ်ဝဲပျံနေသည်ကို အံ့အားသင့်ဖွယ်တွေ့လိုက်ရသည်။ သံခဲမှာ အစပထမပိုင်းတွင် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင်ပင်ဖြစ်နေသော်လည်း ခဏကြာသည့်အခါ မယ်ပျင်းအား အော်၍ဆဲနည်းပေါင်းစုံဖြင့် ဆဲလေတော့သည်။
“မင်းက ငါ့ကိုအမှတ်တမဲ့လက်ဆောင်ပေးတယ်ပေါ့ ဟုတ်လား၊ ဒါပေမယ့် ငါကမင်းရဲ့လက်ဆောင်ကို မလိုချင်ပါဘူးကွာ၊ မင်းဖာသာမင်းပြန်ယူစမ်းပါ”
မယ်ပျင်းပြောဆိုပြီးသည့်အခါ ကျည်ဖူးသုံးခုမှာ သံခဲထံသို့အရှိန်ဖြင့်ပြေးဝင်သွားကြသည်။ သံခဲမှာ ထခုန်ရှောင်လိုက်သောကြောင့် ချက်ကောင်းမထိဘဲ ကျည်တစ်ခုမှာ လက်ဖျံသို့ထိမှန်သွားကာ ကျန်သည့်ကျည်ဖူးတစ်ခုမှာ ပေါင်ရင်းသို့ထိမှန်သွားပြီး မြေပြင်ပေါ်သို့လဲကျသွားသည်။ ထိုအခါနောက်ဆုံးကျည်ဆန်တစ်တောင့်မှာ မိုးပေါ်ထောင်တက်သွားပြီး လဲကျသွားသည့် သံခဲ၏ နဖူးတည့်တည့်ဆီသို့ ပြုတ်ကျလာသည်။ သံခဲမှာ ကြောက်ရွံ့တုန်လှုပ်ပြီး အသံကုန်ဟစ်ကာအော်ထည့်လိုက်သည်။
မယ်ပျင်းက မျက်တောင်တစ်ချက်ခတ်လိုက်သည့်အခါ ထိုကျည်ဖူးမှာ သံခဲနဖူးကိုထိမှန်ခါနီး တစ်ထွာခန့်အလိုတွင် တစ်ချက်ရပ်တန့်သွားကာ သံခဲ၏မျက်နှာပေါ်သို့ အရှိန်မပါဘဲ ပြုတ်ကျသွားသည်။ သံခဲမှာ အလွန်ထိတ်လန့်နေပြီး မျက်လုံးပြူးကြီးနှင့်ဖြစ်နေသည်။ ရွာသားများမှာ သံခဲကိုဝိုင်းဆွဲကြသည်။ သူကြီးဖိုးမောင်က မယ်ပျင်းအနီးသို့တိုးကပ်သွားလေသည်။
“သွားကြ၊ ငါဒီမနက် လူမသတ်ချင်သေးဘူး၊ ငါအေးအေးဆေးဆေးဒီမှာထိုင်ပြီး ကိုလူအေးကို မျှော်ကြည့်နေချင်တယ်၊ ငါ့ကိုမနှောင့်ယှက်ကြနဲ့”
သူကြီးဖိုးမောင်က ရွာသားများကိုလက်ကာပြလိုက်ပြီး သူကိုယ်တိုင်လည်း အနောက်သို့တဖြည်းဖြည်းချင်းဆုတ်သွားသည်။ ထိုနေ့မှစ၍ မယ်ပျင်းအား မည်သူမျှ ချောင်းမြောင်းလုပ်ကြံခြင်း မကောင်းကြံခြင်းများမပြုလုပ်ရဲကြတော့ပေ။
မယ်ပျင်းမှာ စုန်းတစ်ယောက်အသွင်ပေါ်သွားသဖြင့် အနီးအပါးရွာများမှာ စုန်းများ၊ အထက်လမ်းဆရာ၊ ဂိုဏ်းဆရာများမှာ မယ်ပျင်းအားလာရောက်စိန်ခေါ်၍ ပညာပြိုင်ကြလေသည်။ မယ်ပျင်းမှာ ညတိုင်းလိုလိုပင် ထိုလူများနှင့်တုန့်ပြန်ကာ ပညာပြိုင်ရသည်။ ပညာပြိုင်သည့်အခါတိုင်းလဲ မယ်ပျင်းသာအနိုင်ရကာ ကျန်သူများမှာ ကစဉ့်ကလျားထွက်ပြေးရမြဲဖြစ်သည်။ သတ္တိကောင်းသည့် ရွာသားအချို့မှာ မယ်ပျင်း၏ ပညာပြိုင်ပွဲများကိုကြည့်ကာ မည်သို့မည်ပုံတိုက်ခိုက်ကြသည်၊ ယှဉ်ပြိုင်ကြသည်ကို ရွာအတွင်းဖောက်သည်ပြန်ချကြသဖြင့် မယ်ပျင်းဂုဏ်သတင်းမှာ နေ့စဉ်နှင့်အမျှ ကျော်ကြားနေလေသည်။
သို့ရာတွင် စကားဆိုသည်မှာ ပြန့်ကားတတ်သည့်သဘောရှိသည့်အတိုင်း ဟိုလူပိုးထိလျှင်လည်း မယ်ပျင်းလက်ချက်၊ အခြားလူတစ်ဦး ရောဂါဖောက်ကာသွေးအန်၍ သေပြန်လျှင်လည်း မယ်ပျင်းလက်ချက်ဟု သမုတ်ကြလေသည်။ ထိုမျှသာမကသေး မယ်ပျင်းမှာ လာရောက်ယှဉ်ပြိုင်သူများအား သတ်ဖြတ်လေ့မရှိဘဲ အရှက်ခွဲ၍ ပြန်လွှတ်တတ်သော်လည်း လူအများမှာမူ မယ်ပျင်းက သတ်ဖြတ်သည်၊ ဂိုဏ်းအလိုက် တစ်ဦးမကျန်သတ်ဖြတ်သည်ဆိုသည့် မဟုတ်မမှန်စွပ်စွဲချက်များကို ပါးစပ်အရသာခံကာ ပြောဆိုကြသဖြင့် မယ်ပျင်းမှာ လူစွမ်းကောင်းတစ်ဦးအဖြစ်ထင်ပေါ်သော်လည်း လူသတ်သမားတစ်ဦးအဖြစ် အများက ကြောက်ရွံ့ကြလေသည်။
(၃)
တစ်ခုသော သောကြာနေ့တွင်ဖြစ်သည်။ ယနေ့တွင် မယ်ပျင်းဗိုက်မှာ ထူးထူးခြားခြား နေမရအောင်နာကျင်နေလေသည်။ ချက်အောက်ပိုင်းမှလည်း စူးအောင့်ကာ ခိုးလိုးခုလုဖြစ်နေသည်။ မယ်ပျင်းမှာ ရွာထိပ်သို့ပင်မထွက်နိုင်ပေ။
“သမီး၊ ဒီနေ့ရွာထဲမသွားဘူးလား”
မမယ်ဖြူမေးသောအခါ မယ်ပျင်းက တကျွတ်ကျွတ်နှင့်စုပ်သပ်လိုက်ရင်း
“ဒီနေ့မှ ဘယ်လိုဖြစ်သလဲမသိဘူးအမေ၊ ဗိုက်က တအားနာတာပဲ”
“ဟဲ့ နင့်ကိုယ်ဝန်က နေ့စေ့လစေ့ဖြစ်နေပြီလေ၊ မဟုတ်မှလွဲရော မွေးချင်ဖွားချင်လို့များလား”
“အဲဒီလိုတော့ ဟုတ်မယ်မထင်ဘူး၊ ဟိုရက်ပိုင်းက ဗိုက်နာကို ဝမ်းဆွဲသည်ပြေးခေါ်လိုက်ပေမယ့် ကလေးမွေးချင်လို့ နာတာမှမဟုတ်ဘဲ၊ အခုလည်း အ ဲဒီလိုပဲနာတာနေမှာပါအမေရာ၊ နေ့လည်လောက်ကျရင် ကောင်းသွားမယ်ထင်တယ်”
မယ်ပျင်းမှာ ဗိုက်နာသဖြင့် တစ်နေ့လုံးခွေနေရလေသည်။ တစ်နေ့လုံးနာနေသည့်ဗိုက်မှာ ညနေစောင်းသည့်အခါတွင် ပိုမိုပြင်းထန်လာသည်။ ဘွားချမ်းသာကြီးပါရောက်နေပြီး မယ်ပျင်းနံဘေးတွင်အဖော်ပြုပေးနေလေသည်။
“ဟဲ့မယ်ဖြူ၊ ညည်းသမီးက ကလေးမွေးတော့မယ်ထင်တယ်”
“အောင်မယ်လေး အမေရဲ့ကယ်ပါအုံး၊ ဗိုက်က ဗိုက်က တအားထိုးထိုးပြီးနာနေပြီ”
“မယ်ဖြူရေ၊ လက်သည်သွားပင့်ထားရင်ကောင်းမယ် မြန်မြန်သွား”
မမယ်ဖြူမှာ အိမ်ပေါ်မှဆင်းသွားကာ လက်သည်သွားပင့်လေသည်။ ဘွားချမ်းသာမှာ မယ်ပျင်းနံဘေးတွင်ထိုင်နေသည်။ မယ်ပျင်းမှာ နာကျင်လွန်းလှသဖြင့် လက်နှစ်ဖက်ကိုဆွဲမိဆွဲရာ ဆွဲနေလေရာ ဘွားချမ်းသာက မယ်ပျင်းလက်အားဆုပ်ကိုင်ထားသည်။
“မွေးတော့မယ်ထင်တာပါပဲအေ၊ မယ်ဖြူရေ မြန်မြန်သွားပါဟ”
ဘွားချမ်းသာက ရေရွတ်လိုက်လေသည်။ ထိုအချိန် မယ်ပျင်းမှာ ဒူးနှစ်ဖက်ထောင်ကာ ရုန်းကန်လေသည်။ ဘွားချမ်းသာကြီးက ထူးဆန်းသွားပြီး မယ်ပျင်းခြုံထားသည့် စောင်ကိုဖယ်ကြည့်လိုက်သည့်အခါ မယ်ပျင်း၏ထမီမှာ ရေများစိုရွှဲနေပြီဖြစ်သည်။
“ဟောတော်၊ ရေတွေပါလား၊ မဟုတ်မှလွဲရော ကလေးက ရေမွှာပေါက်သွားပြီထင်တယ်၊ ဒုက္ခပါပဲအေ၊ မယ်ဖြူရေ . . . ညည်းကလဲကြာလိုက်တာဟ၊ နေအုံးမယ်ပျင်း မယ်ဖြူကို ငါလိုက်ခေါ်အုံးမယ်”
မယ်ပျင်းက ဘွားချမ်းသာလက်မောင်းကို အားနှင့်ဖြစ်ညှစ်ကိုင်ထားရင်း
“မသွားပါနဲ့ ဘွားချမ်းသာကြီးမသွားပါနဲ့ ကျုပ်ကြောက်တယ်၊ ကျုပ်တစ်ယောက်တည်း အားငယ်တယ်တော့”
ဘွားချမ်းသာက ခေါင်းကိုတဗျင်းဗျင်းနှင့်ကုပ်ဖဲ့ရင်း
“အေး . . အေးပါ မယ်ပျင်းရာ ငါဘယ်မှမသွားပါဘူး၊ ဟင်း ငါတော့ သေသာသေလိုက်ချင်တော့တယ်အေ”
မမယ်ဖြူမှာ ဝမ်းဆွဲသည်ထံသို့ ပြေးလာခဲ့လေသည်။ ဝမ်းဆွဲသည်အိမ်မှာ မမယ်ဖြူတို့နေထိုင်သည့်အိမ်နှင့် သိပ်မဝေးလှပေ၊ မမယ်ဖြူက ရွာလယ်လမ်းအတိုင်းပြေးလာရင်း လမ်းလေးခွဆုံနားသို့ရောက်သည့်အခါ လူသုံးဦးမှာ အမှောင်ရိပ်ထဲလမ်းလျှောက်လာသည်ကိုတွေ့လိုက်ရသည်။
မမယ်ဖြူမှာ ဇောကပ်နေပြီမို့ ထိုလူသုံးဦးကို ဂရုမထားဘဲ လမ်းအတိုင်းဆက်ပြေးသွားသည်။ ထိုလူသုံးယောက်အနက် တစ်ဦးက မမယ်ဖြူအားဖမ်းတားလိုက်ကာ မမယ်ဖြူမျက်နှာကို အလင်းတန်းကြီးတစ်ခုဖြင့်ဖမ်းထိုးလိုက်လေသည်။
“မင်းက မယ်ပျင်းရဲ့အမေ မမယ်ဖြူဆိုတာပဲဖြစ်ရမယ်”
မမယ်ဖြူက စက်လက်နက်တစ်ခုထုတ်သုံးရန်ပြင်ဆင်လိုက်သော်လည်း ရသေ့ကြီးက မမယ်ဖြူအား အင်းပြားတစ်ချပ်နှင့် ဖမ်းကပ်ထည့်လိုက်သည့်အခါ မမယ်ဖြူမှာခွေကျသွားလေသည်။
“မင်းရဲ့သမီးက စွမ်းတယ်ဆိုပေမယ့် မင်းကတော့ ဘာမှအသုံးမကျပါလားကွ”
အမှောင်ထဲမှ မဲကြီးကထွက်လာပြီး မမယ်ဖြူအားအနောက်မှ သိုင်းဖက်ကာ ဖမ်းချုပ်ထားလိုက်သည်။
“မလုပ်ပါနဲ့ လွှတ်ပေးပါရှင်၊ ကျွန်မသမီးလေး ဗိုက်အရမ်းနာနေလို့ ဝမ်းဆွဲသည်သွားခေါ်မလို့ပါ”
ရသေ့ကြီးနှင့် ခေါင်းစွပ်ကြီးခြုံထားသည့် အနူကြီးမှာ တစ်ဦးနှင့်တစ်ဦးကြည့်လိုက်ရင်း ရယ်မောလိုက်ကြသည်။ ထို့နောက် အနူကြီးမှာ သူလွယ်ထားသည့်လွယ်အိတ်အတွင်းသို့လက်နှိုက်လိုက်ကာ အတွင်းမှလူခေါင်းပြတ်ကြီးတစ်ခုကိုဆွဲထုတ်လိုက်လေသည်။
“ခင်ဗျားပြောတဲ့ ဝမ်းဆွဲသည်ဆိုတာ သူများလား”
ခေါင်းပြတ်နေသည့် ဝမ်းဆွဲသည်ကြီးကိုမြင်သည့်အခါ မမယ်ဖြူမှာ ထိတ်လန့်စွာဖြင့်အော်ဟစ်လိုက်မိသည်။ သို့သော်မဲကြီးက မမယ်ဖြူပါးစပ်ကို အတင်းဖမ်းပိတ်လိုက်သဖြင့် မမယ်ဖြူအော်သံမှာ ခပ်ကျယ်ကျယ်မထွက်လိုက်ပေ။
“ခင်ဗျားဘာမှမပူနဲ့ ဝမ်းဆွဲသည်ကြီးသေပြီ ခင်ဗျားသမီးကို မီးဖွားပေးမယ့်လူမရှိတော့ဘူး”
“ဟုတ်တယ်၊ ခင်ဗျားသမီး မီးမဖွားနိုင်ဘဲ သေသွားရင်အကောင်းသားဗျ၊ အဲဒီအခါ ကျုပ်တို့တော့ မရွယ်ဘဲ စော်ကဲမင်းဖြစ်ဆိုသလို ခင်ဗျားသမီးကိုလက်သွေးစွန်းစရာမလိုဘဲ ခင်ဗျားသမီးလဲသေ၊ ကျုပ်တို့လဲ ဆုကြေးတွေရ . . . ဟား ဟား ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ”
“ဘရှင်ရေ ညီလေး၊ ဒီမိန်းမကြီးကို ငါတို့ဖမ်းထားကြစို့ကွာ၊ သူ့သမီးမသေလို့ တို့နဲ့တိုက်ခိုက်ရတယ်ဆိုရင် ဒီမိန်းမကြီးက ငါတို့အတွက်အားသာချက်ပဲကွ”
“ကောင်းတာပေါ့အကိုကြီးရာ ဒါနဲ့ ဒီစုန်းမအိမ်ကိုဘယ်တော့သွားမလဲ”
“အခုတော့ မသွားသေးဘူးကွာ၊ မီးဖွားရတဲ့ဝေဒနာက ဘယ်လောက်တောင်အခံရခက်သလဲဆိုတာကို သူသိအောင်ခံစားပါစေအုံး”
ရသေ့ကြီးတို့မှာ မမယ်ဖြူကိုဖမ်းဆီးထားလိုက်ကြသည်။
မယ်ပျင်းအိမ်တွင်လည်း အော်ဟစ်သံများနှင့်ဆူညံနေပြီဖြစ်သည်။ ဘွားချမ်းသာမှာ မယ်ပျင်းတစ်ယောက်နှင့် ခေါင်းမီးတောက်နေပြီဖြစ်သည်။
“ဒုက္ခပါပဲအေ၊ ဝမ်းဆွဲသည်သွားခေါ်တဲ့လူကလည်း ဘယ်သွားသေနေသလဲမသိဘူး၊ ဒီမှာကလေးတောင် ခေါင်းထွက်တော့မယ်ထင်တယ်”
မယ်ပျင်းမှာ အတော်ပင်ရုန်းကန်အော်ဟစ်နေကာ နဖူးတွင်လည်း ချွေးစေးများစို့နေလေသည်။
“မဖြစ်ဘူး၊ ငါမမွေးပေးရင် ဒီကလေးတော့ လူဖြစ်မှာမဟုတ်တော့ဘူး၊ အဲဒီတော့ မယ်ပျင်းရေ ညှစ်ဟ . . . ညှစ်ဟ”
ဘွားချမ်းသာမှာ ပြောဆိုရင်းမယ်ပျင်းဗိုက်အား လက်နှင့်အသာသပ်ချသည်။ သို့သော်မယ်ပျင်းမှာ အကုသိုလ်ဝဋ်ကြွေးကြောင့် ကလေးမီးမဖွားနိုင်ဘဲ အတော်ကြာအောင် ဒုက္ခခံစားနေရလေသည်။
ညနေခင်းကတည်းက ကလေးမီးဖွားနေသည်မှာ ညဘက်သို့ကူးပြောင်းလာလေသည်။ လပြည့်ညဖြစ်သည်မို့ လပြည့်ဝန်းကြီးမှာ ကောင်းကင်ပေါ်သို့လုံးဝန်းစွာဖြင့် တဖြည်းဖြည်းတက်လာလေသည်။ အဝေးမှ သက်ကြီးခေါင်းချအချိန် ကြက်တွန်သံကိုကြားလိုက်ရသည်။ ဘွားချမ်းသာမှာ ချွေးတလုံးလုံဖြင့် ကလေးကိုမွေးဖွားပေးနေစဉ်မှာပင် လပြည့်ဝန်း၏ အလင်းရောင်မှာ ပြတင်းတံခါးပေါက်မှတဆင့် မယ်ပျင်း၏ကိုယ်ပေါ်သို့ မီးမောင်းထိုးလိုက်သည့်နှယ် ထိုးလာလေသည်။
ထိုအခိုက် အဖြူရောင်ကြယ်ကြီးသုံးလုံးမှာ ကောင်းကင်ပေါ်တွင်ထိန်လင်းစွာတောက်ပလျှက် တစ်တန်းတည်းတည်ရှိနေသည်။ ထိုကြယ်ကြီးသုံးလုံးအနက်မှ အလယ်ခေါင်ရှိကြယ်ကြီးတစ်လုံးမှာ များစွာပိုမိုလင်းလက်လာပြီးသည့်နောက် သရဝဏ်နက္ခတ်အတွင်းကျရောက်လာသည့်အခါ ကြယ်ကြီးထံမှ အလင်းတန်းကြီးတစ်ခုက ကြယ်တံခွန်သဖွယ်ကောင်းကင်ပေါ်တွင် ပြေးလွှားမြူးတူးပျံဝဲပြီးသည့်နောက် မြေပြင်ပေါ်သို့ကျဆင်းလာပြီး ဖက်လိပ်ရွှာကောင်းကင်ယံတွင် ခေတ္တခဏမျှ တည်တံ့နေလေသည်။
ကြယ်ကြီး၏ အလင်းရောင်ကြောင့် ရွာကြီးတစ်ရွာလုံးမှာ နေ့လည်မွန်းတည့်ချိန်အလား ထင်ရှားစွာအထူးလင်းလက်နေပြီးသည့်နောက် မယ်ပျင်းအိမ်ဆီသို့ပျံဝဲလာကာ အိမ်ပြတင်းပေါက်မှဝင်လျှက် မယ်ပျင်းဗိုက်အတွင်းသို့ ချင်းနင်းဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။ ဘွားချမ်းသာပင်လျှင် လန့်ဖျပ်ကာ အနောက်သို့လန်ကျသွားသည်။ အလင်းလုံးကြီးဝင်ရောက်ပြီးသည့်နောက် မယ်ပျင်း၏ ဝမ်းဗိုက်မှာ ဖရဲသီးကိုဓါးဖြင့်ခွဲလိုက်သည့်နှယ် အလယ်တည့်တည့်မှနှစ်ခြမ်းပွင့်ထွက်သွားပြီးနောက် ကလေးငယ်ကလေးမှာလည်းတိုးဝှေ့နေလေသည်။
“ဟောတော်၊ မွေးမယ့်မွေးတော့လည်း အဆန်းပါလား”
ဘွားချမ်းသာမှာ ပွင့်နေသည့်ဗိုက်အတွင်းမှ ကလေးငယ်ကိုထုတ်ယူလိုက်လေသည်။ ကလေးငယ်အား ဖုံးလွမ်းနေသည့် အမှေးပါးနှင့် အသွေးအသားများမှာ ရေဖြင့်ဆေးချလိုက်သည့်နှယ် သူ့အလိုလိုသန့်စင်သွားပြီးသည့်နောက် ကလေးငယ်မှာမျက်လုံးနှစ်ဖက်ပွင့်လျှက် ဘွားချမ်းသာအားကြည့်ကာ ငိုယိုလေတော့သည်။
ကလေးငယ်၏ အသံမှာ မွေးကင်းစပင်ဖြစ်သော်လည်း အတော်ဟိန်းထွက်သွားပြီး ဖက်လိပ်ရွာတစ်ရွာလုံးကို လွှမ်းခြုံသွားသည်။ ငိုသံသုံးချက်တိတိကြားရပြီးသည့်နောက်တွင် တစ်ရွာလုံးရှိ နွားကြီး၊ နွားငယ်၊ နွားမအပေါင်းတို့မှာ ပျော်ရွှင်မြူးတူးခုန်ပေါက်ကြလျှက် ချိုသာသောအသံဖြင့် အော်ဟစ်မြည်ကျွေးကြလေရာ တစ်ရွာလုံးဆူညံနေလေသည်။ ထို့နောက် ဖက်လိပ်ရွာတစ်ရွာလုံးရှိ ဆန်များပဲများထည့်သွင်းသိုလှောင်ကြသည့် စပါးကျီများ၊ ပုတ်တောင်းများ၊ ဆန်အိုး၊ စပါးတောင်းများအတွင်းမှ ပိုးစုန်းကြူးကဲ့သို့ အလင်းရောင်အစက်အပျောက်ကလေးများ တိုးထွက်လာကြကာ ခေတ္တခဏမျှ ဝင်းလက်နေလေသည်။
ထရံတွင်ထိုးထားသည့် ဓါးများ၊ ကိုင်းခုတ်ဓါး၊ ငှက်ကြီးတောင်ဓါးနှင့် လှံလက်နက်၊ မှိန်းချွန် အစရှိသည့် လက်နက်များမှာ ဓါးသွားလှံသွားများမှာလည်း စိန်ရောင်ခြည်ကဲ့သို့ ဖြိုးဖြိုးဖြတ်ဖြတ် ဝင်းလက်နေကြသည်။
ဘွားချမ်းသာမှာ မယ်ပျင်းမွေးလိုက်သည့် ကလေးနီတာရဲကလေးအား ပေါင်ကိုဖြဲကာကြည့်လိုက်ရင်း
“မွေးပြီဟေ့၊ သောကြာသားကလေးဆိုတော့ သာစံကလေး မွေးပြီဟေ့”
ဟု အော်ဟစ်ကာ ရေရွတ်လိုက်သည်။ ထို့နောက် မယ်ပျင်းအား ဘွားချမ်းသာက ကလေးကိုပြလိုက်သည်။
“ဘာလေး ဘာလေးမွေးလဲဘွားချမ်းသာ”
“သားကလေးဟဲ့၊ ညည်းနာမည်ပေးမယ်ဆိုရင်တော့ သာစံလို့ပေးရမှာပဲ”
“သာစံ၊ သာစံ သားကလေး . . .သားကလေး”
မယ်ပျင်းက ရေရွတ်လိုက်ပြီးသည့်နောက် မျက်ရည်များစီးကျလာခဲ့သည်။ ကလေးမှာ သုံးချက်ငိုယိုပြီးသည့်နောက် ဆက်လက်မငိုတော့ဘဲ မိခင်ဖြစ်သူမျက်နှာအား ပြုံး၍ကြည့်နေလေသည်။ မယ်ပျင်းမှာ ကလေးအားကြည့်နေရင်း ငြိမ်သက်သွားကာ ဦးခေါင်းမှာလည်း လဲကျသွားသည်။
“ဟောတော်၊ ဒုက္ခပါပဲ၊ မယ်ပျင်း . . . သတိထားပါအုံးဟဲ့”
ဘွားချမ်းသာခေါ်နေသော်လည်း မယ်ပျင်းက ငြိမ်သက်နေပြီဖြစ်သည်။
မယ်တော်မှာ နန်းဆောင်ကြီးအတွင်း စိတ်လှုပ်ရှားစွာဖြင့် လူးလာခေါက်တုန့်လမ်းလျှောက်နေလေသည်။ မကြာခင် ကောင်းကင်တွင်ထွန်းလင်းနေသည့် ကြယ်ကြီးသုံးလုံးကိုမြင်တွေ့လိုက်ရပြီး ကြယ်ကြီးတစ်လုံးက မြေပြင်ထက်တွင်ဝဲပျံနေသည်ကိုမြင်ရသဖြင့် နန်းဆောင်အတွင်းရှိ မှော်မှန်ကြီးဆီသို့လာခဲ့သည်။
မှော်မှန်ကြီးထဲတွင် ပုဏ္ဏာကြီးဘထီးတည်ရှိနေလေသည်။ မယ်တော်က မှန်ကြီးကိုလက်ဖြင့်တစ်ချက်တောက်လိုက်သည့်အခါ ပုဏ္ဏာကြီးအသွင်က ပေါ်ပေါက်လာသည်။
“ဘာထူးခွားသလဲ”
“ကောင်းကင်မှာ ဗိဿနိုးနတ်မင်းကြီးအစိုးရတဲ့ သရဝဏ်နက္ခတ်ကျရောက်နေတယ်၊ ဒီနက္ခတ်ကျရောက်တဲ့လူတွေဟာ ထူးချွန်ထက်မြက်ပြီး လူ့လောကကောင်းကျိုးကို ဆောင်ရွက်တတ်တဲ့လူတွေဖြစ်တတ်တယ်၊ ပြီးတော့ ဖက်လိပ်ရွာမှာ နွားတွေပျော်မြူးတယ်၊ စပါးကျီ၊ စပါးအိုးတွေက မီးလင်းတယ်ဆိုတဲ့အတွက် ဒီကလေးက စိုက်ပျိုးရေးနဲ့ ဆန်ရေစပါးကိုပေါများစေလိမ့်မယ်၊ ဓါးတွေလှံတွေအရောင်လက်တဲ့အတွက် သတ္တိအရာမှာလည်းထူးချွန်တဲ့လူဖြစ်လိမ့်မယ်”
မယ်တော်က မျက်နှာကိုရှုံ့မဲ့လိုက်ကာ
“အဲဒီကလေးအကြောင်းမကြားချင်ဘူး မယ်ပျင်းရော . . . မယ်ပျင်းသေပြီလား”
ဘထီးက ခေါင်းညိတ်ကာ
“မယ်ပျင်းရဲ့ကံကြမ္မာဟာ အမှေးအမှိန်ဆုံးအချိန်ကိုရောက်နေပြီ၊ ပြောရမယ်ဆိုရင်တော့ သူ့အသက်လုနေရတဲ့အချိန်ဖြစ်နေပြီ”
မယ်တော်ကပြုံးလိုက်ကာ
“ကျုပ်ကိုနှစ်ခုထဲပြောစမ်းပါ၊ မယ်ပျင်းက သေပြီလား မသေသေးဘူးလား”
ဘထီးမှာအတန်ကြာအောင် နှုတ်ဆိတ်နေရင်း
“သေပြီ”
ဟု တစ်ခွန်းတည်းပြောလိုက်လေသည်။
(၄)
ကလေးငိုသံကိုကြားလိုက်ရသည့်အခါ ရသေ့ကြီးနှင့် အနူကြီးတို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
“ငါ့အထင် ဟိုစုန်းမတော့ ကလေးမွေးပြီးပြီထင်တယ်ဟေ့”
“ဘာပဲဖြစ်ဖြစ် ဒီအချိန်ဟာ အချိန်ကောင်းပဲအကိုကြီး၊ ကျုပ်တို့ သူ့ကိုသွားသတ်ကြရအောင်”
ရသေ့ကြီးနှင့် အနူကြီးမှာ မမယ်ဖြူအား မဲကြီးကိုဖမ်းချုပ်ခိုင်းပြီး မယ်ပျင်းအိမ်ဆီသို့ထွက်လာခဲ့လေသည်။ အိမ်ခြံတံခါးမှာ အတိုင်းသားပွင့်နေသည်။ ရသေ့ကြီးက အိမ်ခြံဝန်းအတွင်းသို့ ဝင်လိုက်မည်ဟုခြေလှမ်းလိုက်စဉ်မှာပင် တစ်ခြံလုံးတွင်ပေါက်ရောက်နေသည့် မန်ကျည်းပင်၊ သရက်ပင်၊ ဇီးပင်တို့မှာ တဖြန်းဖြန်းနှင့်လှုပ်ခတ်လာကြပြီးသည့်နောက် သူ့အလိုလိုလှုပ်ရှားလာကာ အကိုင်းအခက်များဖြင့် ခြံကြီးတစ်ခုလုံးကို စေ့ပိတ်နေအောင် ဖုံးအုပ်ကာကွယ်လိုက်လေသည်။
ရသေ့ကြီးက ပြောင်းလဲသွားသည့် သစ်ပင်များကိုကြည့်ရင်း
“အောင်မာ၊ ဒီစုန်းမက အိမ်ကိုအစောင့်အကြပ်တွေဘာတွေနဲ့ချထားသကိုးကွ”
ရသေ့ကြီးက စက်လက်နက်ထုတ်မည်ဟုကြံရွယ်လိုက်စဉ်မှာပင် အနူကြီးက ဓါးကြီးမြှောက်ကာ ခုန်တက်လာပြီး ခြံတံခါးဝတွင်ပိတ်နေသည့် မန်ကျည်းကိုင်းများကို ခုတ်ထစ်လိုက်လေသည်။
“ကိုးသင်္ချိုင်း သံဓါးတဲ့ဟေ့ ပြတ်စရာပြတ်၊ ထွက်စရာထွက်စမ်း”
ထိုသို့ဟစ်အော်လိုက်သည့်အခါ ငါးတောင်ခန့်ရှည်သည့် သံဓါးကြီး၏ ဓါးသွားမှာ အပြာရောင်အလင်းများဝင်းလက်လာပြီးသည့်နောက် ခုတ်ထစ်ရခက်သည့် မန်ကျည်းကိုင်း၊ သရက်ကိုင်း၊ တမာကိုင်းများကို ဓါးတစ်ချက်တည်းဖြင့် အကုန်ခုတ်ဖြတ်ထည့်လိုက်သည်။ သစ်ကိုင်းများမှာ တဖြုတ်ဖြုတ်နှင့်ကြွေကျပြီးနောက် လူဝင်နိုင်သည့်အပေါက်ကြီးတစ်ခုဖြစ်သွားသည်။
ရသေ့ကြီးတို့ ခြံအတွင်းဝင်လိုက်သည့်အခါ သစ်ပင်ကြီးများမှာ တဖြန်းဖြန်းလှုပ်ခါသွားကြပြီး အပင်ပေါ်မှ အကောင်ကြီးခုနစ်ကောင်က ခုန်ဆင်းလာလေသည်။ ထိုသရဲကြီးများမှာ မယ်ပျင်း၏ မွေးစားအဖေများဖြစ်ကြသည့် ကဝေကြီးခုနစ်ဦးပင်ဖြစ်သည်။ ကဝေကြီးများမှာ တစ္ဆေကြီးများဖြစ်သည့်အတိုင်း အလွန်ကြောက်မက်ဖွယ်ရုပ်အဆင်းရှိကာ သာမန်လူတစ်ယောက်အဖို့ ၎င်းတို့၏ ရုပ်အဆင်းကိုမြင်တွေ့လိုက်ရသည်နှင့် ထိတ်လန့်ကာ မေ့မြောသွားနိုင်ပေသည်။
ကဝေကြီးတစ်ဦးက ရသေ့ကြီးကိုလက်ညှိုးထိုးရင်း
“မင်းတို့အိမ်ပေါ်ကိုတက်ဖို့မကြိုးစားနဲ့၊ မင်းတို့ငါတို့ပိုင်နက်ခြံဝန်းထဲကနေ အခုထွက်သွား၊ မဟုတ်ရင်တော့ ငါတို့အဆိုးမဆိုနဲ့”
ကိုးသင်္ချိုင်းဓါးသခင် ဘရှင်ကအရှေ့သို့တက်ရန်ကြိုးစားစဉ် ရသေ့ကြီးက လက်ဖြင့်တားလိုက်သည်။
“ဒီတစ္တေတွေကို ငါ့အစွမ်းတွေ ပြပါရစေ ညီလေးရ”
ရသေ့ကြီးက လက်နှစ်ဖက်ကို လက်အုပ်ချီသကဲ့သို့ပြုလုပ်လိုက်လေသည်။ တစ္တေကြီးများကလည်း ရသေ့ကြီးဆီသို့ ပြိုင်တူခုန်ဝင်လာကြသည်။ ရသေ့ကြီးအနားရောက်သည့်အခါ ကြီးမားလှသည့် တစ္ဆေလက်များဖြင့် ရသေ့ကြီးအား ရိုက်ပုတ်ကြသည်။ သို့သော် ရသေ့ကြီးကို ရိုက်ပုတ်ရသည်မှာ လူတစ်ဦးကိုရိုက်ပုတ်ရသည်နှင့်မတူဘဲ ကျောက်တုံး သံတုံးများကို ရိုက်ပုတ်ရသည်နှင့်ပင် ဆင်တူလေသည်။ ရသေ့ကြီးအားရိုက်ပုတ်သည့် တစ္တေကြီးများသာ လက်များနာကျင်သွားရသည်။ ရသေ့ကြီးက မျက်မှောင်ကြုတ်လိုက်ပြီး လက်အုပ်ချီထားသည့်လက်ကို ဖြန့်လိုက်လေရာ လက်အတွင်းမှ ပန်းပွင့်သဏ္ဍာန်အဆင်းရှိသည့် စက်လက်နက်များထွက်လာကာ တစ္ဆေကြီးများကိုထိမှန်လေသည်။
တစ္ဆေကြီးများမှာ စက်လက်နက်များထိမှန်ကာ သေလုမျောပါးခံစားရပြီး မြေပြင်တွင်လူးလှိမ့်နေကြသည်။
“မင်းတို့တစ္ဆေသရဲလောက်တော့ ငါကအပျော့ပေါ့ကွာ”
ရသေ့ကြီးက အိမ်ပေါ်သို့လှမ်းတက်ရန်ပြင်ဆင်လိုက်သည်။ ထိုအခါ ကလေးချီထားသည့် ဘွားချမ်းသာက အိမ်ရှေ့သို့ထွက်လာရင်း
“မင်းတို့မတက်နဲ့ အိမ်ပေါ်မတက်ကြနဲ့”
ဘွားချမ်းသာ တားသော်လည်း ရသေ့ကြီးက လှေကားထစ်များကိုနင်းကာ အိမ်ပေါ်တက်လာလေသည်။ ထိုအချိန် ဘွားချမ်းသာက ခြေဖနောင့်တစ်ချက်ဆောင့်လိုက်သည့်အခါ လှေကားမှာ တဖြည်းဖြည်းအောက်သို့လျှောကျလာသည်။ ငါးထစ်ခန့်ရှိသည့် လှေကားကို ရသေ့ကြီးက တစ်ထစ်ချင်းဆီ နင်းတက်နေသော်လည်း အပေါ်သို့မရောက်ဘဲ လှေကားပေါ်သို့ လှမ်းတက်နေရသည်။ လှေကားကြီးမှာ တစ်ထစ်ပြီးတစ်ထစ်လည်ပတ်နေသဖြင့် အရှေ့သို့တိုးမရပေ။
ဘွားချမ်းသာခေါင်းတွင်စိုက်ထိုးထားသည့် လိပ်ခွံဘီးမှာ တုန်ခါလာလေသည်။
“ဟာ ၊ အချိန်ကိုက်ပါလား၊ နတ်မင်းကြီးက ငါ့ကိုအချိန်ကိုက်ပဲခေါ်နေပါလား၊ ငါဘယ်လိုလုပ်ရပါ့မလဲ”
ဘွားချမ်းသာမှာ ကလေးကိုချီထားရင်း သွားရခက်နေလေသည်။ နတ်မင်းကြီးခေါ်ဆိုသည့်အချိန် ရောက်မလာလျှင် နတ်မင်းကြီးက ဒဏ်ခတ်ပေမည်၊ သို့သော် ထွက်သွားလိုက်လျှက်လည်း မွေးကင်းစကလေးနှင့် အသိစိတ်ပျောက်နေသော မယ်ပျင်းကို အောက်လမ်းညီနောင်က သတ်ဖြတ်တော့မည်ဖြစ်သည်။
ဘွားချမ်းသာ စိတ်ထဲလွန်ဆွဲနေပြီဖြစ်သည်။ နတ်မင်းကြီးများ ပြစ်ဒဏ်ခတ်မည့်အရေးကို တွေးမိလိုက်သည်မို့ နောက်ဆုံး မယ်ပျင်းအနီးသို့ပြန်လာခဲ့သည်။ ဗိုက်နှစ်ခြမ်းကွဲနေသည့်မယ်ပျင်းမှာ သွေးများ၊ ရေများအကြားတွင် ငြိမ်သက်စွာလဲလျောင်းနေသည်။ ဘွားချမ်းသာက မွေးကင်းစ သာစံကလေးအား မယ်ပျင်းနံဘေးတွင်ချပေးလိုက်ပြီး
“ငါမင်းကိုတောင်းပန်ပါတယ်မယ်ပျင်း၊ ငါအခုသွားရတော့မယ်”
ဘွားချမ်းသာမှာ မယ်ပျင်းနှင့်ကလေးအား တစ်ချက်ကြည့်လိုက်ရင်း မျက်ရည်များစီးကျလာသည်။
“ကလေးရေ မင်းရဲ့ကံကြမ္မာကိုပဲ ယုံစားရတော့မယ်ထင်ပါရဲ့”
ထိုအချိန် ရသေ့ကြီးနှင့် အနူကြီးတို့မှာ အိမ်ပေါက်ဝသို့ရောက်လာခဲ့သည်။ ဘွားချမ်းသာကြီးက လှည့်ကြည့်လိုက်သည့်အခါတွင်
“ကဲ အမေဂျမ်းကြီး၊ ဒီကိစ္စက ခင်ဗျားနဲ့မဆိုင်ဘူး၊ ခင်ဗျားဘေးဖယ်လိုက်၊ ခင်ဗျားကိုနတ်မင်းကြီးက ခေါ်နေပြီမဟုတ်လား၊ အဲဒီကိုသွားလိုက်၊ ကိုယ့်အလုပ်ကိုယ်သာ အာရုံစိုက်စမ်းပါဗျ”
အနူကြီးမှာ အပြာရောင်လင်းလက်နေသည့် ဓါးရှည်ကြီးကိုဝှေ့ယမ်းကာ ခုတ်မည့်ဟန်ပြင်ဆင်နေလေသည်။ ဘွားချမ်းသာက မတ်တပ်ရပ်လိုက်ပြီး
“အောင်မာ၊ နင်တို့လူဆိုးနှစ်ယောက် ပြောတိုင်းငါကလိုက်နာရမှာလား”
“ခင်ဗျားကိုနတ်မင်းကြီးက ခေါ်နေပြီလေဗျာ”
ဘွားချမ်းသာမှာ ခေါင်းတွင်ထိုးစိုက်ထားသည့် လိပ်ခွံဘီးကိုဖြုုတ်လိုက်ကာ ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်ပြီး ခြေထောက်ဖြင့်တက်နင်းလိုက်သည်။ လိပ်ခွံဘီးမှာ အပိုင်းပိုင်းအစစကွဲထွက်သွားသလို ဘွားချမ်းသာ၏ ငွေရောင်ဆံပင်ချည်များမှာလည်း ဖားလျားကျသွားလေသည်။ ရသေ့ကြီးမှာ အံ့အားသင့်လျှက်
“အမေဂျမ်းကြီး၊ ခင်ဗျားဒါဘာလုပ်တာလဲ၊ နတ်မင်းကြီးရဲ့အမိန့်ကိုဖီဆန်တာလား”
“မဟုတ်ဘူးဟေ့၊ ငါကလူသားဆန်တာ”
“ဘယ်လိုဗျ”
“ဟုတ်တယ်၊ ငါ့ရဲ့မိတ်ဆွေတစ်ယောက်၊ ငါ့ရဲ့လက်အောက်ငယ်သားတစ်ယောက်ကို သေမှာမှန်းသိသိကြီးနဲ့ မသိကျိုးကျွန်ပြုပြီးထွက်မသွားနိုင်ဘူး”
“ကျုပ်တို့ ခင်ဗျားနဲ့ရန်မဖြစ်ချင်ဘူးနော် အမေဂျမ်း”
ဘွားချမ်းသာက ရယ်မောလိုက်ရင်း
“ငါ့နာမည် မိဂျမ်းပါဟဲ့၊ စုန်းလောက နတ်လောကမှာ ငါကလူဆိုးထိန်းပါ၊ နင်တို့လိုဆိုးသွမ်းနေတဲ့အကောင်တွေကို ထိန်းရတဲ့လူပါဟဲ့၊ နင်တို့ထက်မိုက်လို့ လူဆိုးထိန်းလုပ်နေတာ၊ နင်တို့ငါ့ကိုနိုင်မယ်ထင်ရင် အရှေ့တိုးလာခဲ့”
ကိုးသင်္ချိုင်းဓါးသခင်မှာ ဓါးကြီးကိုမြှောက်လိုက်ပြီး ဘွားချမ်းသာအား အုပ်မိုးကာခုတ်ထည့်လိုက်သည်။ ဘွားချမ်းသာ၏ ငွေရောင်ဆံပင်များက လေပေါ်တွင်စုစည်းသွားပြီး ဓါးတစ်ချောင်းအသွင်ပြောင်းသွားကာ ကိုးသင်္ချိုင်းဓါးအား ခုခံလိုက်လေရာ ချွင်ခနဲအသံကြီးမြည်ထွက်သွားပြီး မီးမှုှုန်မီးပွားများမှာ ဖွာခနဲထွက်ပေါ်လာသည်။
ရသေ့ကြီးက ဓါးစက်တစ်ခုကိုဖန်တီးလိုက်ပြီး ဘွားချမ်းသာအား ညာဘက်မှဝင်ရောက်ခုတ်ဖြတ်လေသည်။ ဘွားချမ်းသာက ပြောင်းဖူးဖက်ဆေးလိပ်ကြီးနှင့် ဓါးစက်ကိုခံထားလိုက်ရာ ဓါးစက်မှာခုတ်ဖြတ်မရဘဲဖြစ်နေသည်။
ထိုသို့ဖြစ်နေစဉ် ဘွားချမ်းသာပါးစပ်အတွင်းမှ ဆေးလိပ်ငွေ့များက မီးခိုးခေါင်းတိုင်ကြီးတစ်ခုမှ မီးခိုးများထုတ်လွှတ်လိုက်သက ဲ့သို့ ဖွားခနဲထွက်ပေါ်လာလေရာ အောက်လမ်းညီနောင်ကို မီးခိုးငွေ့များထိမှန်သွားသည်။ မီးခိုးငွေ့များထိသည့်အခါ မျက်စိများစပ်ဖျဉ်းလှသဖြင့် အောက်လမ်းညီနောင်မှာ အနောက်သို့ဆုတ်သွားသည်။ ဘွားချမ်းသာမှာ အောက်လမ်းညီနောင်အား မီးခိုးငွေ့များနှင့်ရစ်ပတ်ဖုံးလွှမ်းလိုက်ရင်း
“ငါ့ဆေးလိပ်မီးခိုးငွေ့ကို ရှူရိုက်မိတဲ့လူက အတိတ်မေ့သွားမယ်၊ မသေမရှင်ဖြစ်သွားမယ်၊ မင်းတို့ဘာမှတ်နေသလဲ”
ရသေ့ကြီးနှင့် အနူကြီးမှာ တဟွပ်ဟွပ်နှင့် ချောင်းဆိုးနေကြသည်။ ဘွားချမ်းသာက တစ်ဆက်တည်းမှာပင် ထိုသူနှစ်ဦးအား အယုတ်တ အနတ္တစကားလုံးများဖြင့် ဆဲရေးတိုင်းထွာလေသည်။
“ငါ့အဆဲကိုခံရရင် နားစည်ကွဲပြီး စိတ်ဖောက်သွားမယ်၊ ရူးသွားမယ်ဟဲ့”
ဘွားချမ်းသာမှာ ထိုလူများအား ပက်ပက်စက်စက်ဆဲလေရာ အောက်လမ်းညီနောင်မှာ ကြမ်းပြင်ပေါ်သို့ဒူးထောက်ကာ ထိုင်ကျသွားသည်။
“ဘယ်လိုလဲဟဲ့ မင်းတို့ငါ့ကိုနိုင်ပြီလို့ထင်နေတာလား”
ဆေးလိပ်မီးခိုးငွေ့များ ကွယ်ပျောက်သွားသော်လည်း ရသေ့ကြီးတို့မှာ ဘာမှမဖြစ်သဖြင့် ဘွားချမ်းသာတစ်ယောက်အံ့သြနေလေသည်။ ထိုအခိုက် ရသေ့ကြီးတို့လည်ပင်းတွင်ဆွဲထားသည့် ရွှေချည်မျှင်ခုနစ်ထွေးကို မြင်လိုက်ရသည့်အခါမှ မယ်တော်လက်ချက်မှန်းသိလိုက်သည်။
“သြော်၊ လတ်စသတ်တော့ မင်းတို့မှာက ကျောထောက်နောက်ခံတွေရှိနေတာပဲကိုး”
ရသေ့ကြီးတို့မှာ မတ်တပ်ပြန်ရပ်လိုက်ကာ
“အမေဂျမ်းကြီးဘေးဖယ်နေလိုက်ပါ၊ ဒီတစ်ခါဆိုရင် ကျုပ်တို့မညှာတော့ဘူး”
ထိုအခိုက် ဘွားချမ်းသာအနောက်မှ အသံသဲ့သဲ့တစ်သံကိုကြားလိုက်ရသည်။
“ဟုတ်တယ်၊ ဘွားချမ်းသာဘေးဖယ်လိုက်ပါ၊ ဒီကိစ္စက ဘွားချမ်းသာနဲ့မဆိုင်ဘူး”
ဘွားချမ်းသာမှာ အံ့အားသင့်ပြီးအနောက်သို့လှည့်ကြည့်လိုက်သည့်အခါ မယ်ပျင်းတစ်ယောက် ထရံကိုလက်နှင့်ကိုင်ကာ မတ်တပ်ရပ်နေသည်ကိုတွေ့ရသည်။
“ဟင် . . . မယ်ပျင်းပါလား”
မယ်ပျင်းမှာ ထမီကို ဘိုသီဘတ်သီဝတ်ထားကာ ကွဲထွက်နေသည့်ဗိုက်ကို ပုဆိုးစတစ်ခုနှင့်ရစ်ပတ်ထားလေသည်။ ထို့နောက် လက်တစ်ဖက်က ဗိုက်ကိုထိန်းကိုင်ကာ ကျန်သည့်လက်တစ်ဖက်က ထရံကိုအမှီပြုလျှက် ဖျော့တော့စွာရပ်နေလေသည်။
“မယ်ပျင်း၊ ညည်း ဖြစ်ရဲ့လား”
မယ်ပျင်းက ခပ်ထေ့ထေ့ပြုံးရင်း
“ကျုပ်နာမည် မယ်ပျင်း၊ ဖက်လိပ်ရွာက မယ်ပျင်းပါ၊ ဒီလောက်နဲ့ကျုပ်မသေဘူး၊ ဒီလောက်ကလေးနဲ့ ကျုပ်ဘာမှမဖြစ်ဘူး”
မယ်ပျင်းမှာ ခြေထောက်ကိုအားယူကာ အရှေ့သို့လှမ်းလာခဲ့သည်။ ဘွားချမ်းသာကြီးမှာ အနောက်သို့တဖြည်းဖြည်းဆုတ်ပေးလိုက်လေသည်။
မယ်ပျင်းထံသို့ရသေ့ကြီးက စက်လက်နက်များဖြင့် ပစ်ခတ်လိုက်သည်။ မယ်ပျင်းက လက်တစ်ဖက်ဖြင့်ပုတ်ချလိုက်ပြီးနောက် ရသေ့ကြီးထံသို့ ပုဝါတစ်စကိုပစ်လိုက်သည်။ မယ်ပျင်းပုခုံးမှပုဝါစမှာ ရသေ့ကြီး၏လည်ပင်းကို မြွေတစ်ကောင်ကဲ့သို့ရစ်ပတ်သွားလေသည်။
ထိုအခါ ကိုးသင်္ချိုင်းဓါးသခင်က မယ်ပျင်းကို ဓါးကြီးနှင့်ဝင်ပိုင်းပြန်သည်။ မယ်ပျင်းက ဓါးကိုလက်တစ်ဖက်နှင့်ကာလိုက်ကာ ဆံပင်များဖြင့် ဓါးသခင် ဘရှင်အား ဆွဲပတ်ထားလိုက်သည်။ ရသေ့ကြီး၊ ဘရှင်နှင့် မယ်ပျင်းတို့ သုံးဦးသားမှာ အချင်းချင်းလုံးထွေးပြီး ရစ်ပတ်နေကြသည်။
“သေမယ့်သေ၊ ကျုပ်တစ်ယောက်တည်းတော့မသေဘူး၊ ကျုပ်တို့သုံးယောက်လုံးအတူတူသေကြမယ်၊ ရှင်တို့နှစ်ယောက်စလုံးကိုပါ ကျုပ်နဲ့အတူ ငရဲပြည်ကိုအတူတူခေါ်သွားမယ်”
မယ်ပျင်းက အော်ဟစ်လိုက်ပြီး စက်လက်နက်များကို တစ်ကိုယ်လုံးဆီသို့ဖြန့်ကျက်လိုက်လေသည်။ မယ်ပျင်း၏ ကိုယ်ခန္ဓာတွင် စီးဆင်းနေသည့် သွေးစက်တိုင်း သွေးစက်တိုင်းမှာ စက်လက်နက်များအဖြစ်ပြောင်းလဲသွားကာ မယ်ပျင်းကိုယ်ခန္ဓာအတွင်းမှတိုးထွက်လာကြသည်။ ထိုစက်လက်နက်များမှာ ရသေ့ကြီးထံသို့လည်းကောင်း ဆံပင်မှတဆင့် ဓါးသခင်ဘရှင်ထံသို့လည်းကောင်း စီးဆင်းသွားကြပြီး မယ်ပျင်းထံသို့တစ်ပတ်လည်ကာ ပြန်လည်လာသည်။ ပြင်းထန်သောစွမ်းအင်များကြောင့် မယ်တော်တပ်ဆင်ပေးလိုက်သည့် ရွှေချည်ကြိုးများပင်လျှင် တစ်ပင်ချင်းပြတ်ထွက်ကာ အငွေ့ပျံပျောက်ကွယ်သွားလေသည်။
“မယ်ပျင်း ညည်းလုပ်နေတဲ့ပညာကိုငါသိတယ်၊ အဲဒါ သွေးပညာစက်နဲ့တခြားလူတွေကို ဖြတ်သန်းစီးဆင်းစေပြီး တခြားလူတွေရဲ့ကိုယ်ထဲက စွမ်းအင်တွေကိုပါ စက်လက်နက်တွေအဖြစ်ပြောင်းလဲဖောက်ခွဲပစ်တဲ့ အသေခံတိုက်ကွက်တစ်ခုပဲ၊ ညည်းဒီလိုမလုပ်ပါနဲ့၊ ဒီလိုလုပ်ရင် ညည်းပါသေသွားလိမ့်မယ်”
ဘွားချမ်းသာက နံဘေးမှအော်ဟစ်နေမိသည်။ မယ်ပျင်းကိုလည်း ဝင်မဆွဲရဲပေ၊ အကယ်၍ မယ်ပျင်းအသားနှင့်ထိတွေ့လိုက်ပါက မိမိပါ စက်လက်နက်များကူးစက်ပြီး ပေါက်ကွဲထွက်သွားမည်ဖြစ်သည်။
“ဘွားချမ်းသာ၊ သားလေးကိုခေါ်သွားပါ၊ ဘွားချမ်းသာကိုအပ်ပါတယ်၊ ဒီကအမြန်ထွက်သွားပါတော့”
ထိုအခါ ဘွားချမ်းသာက သာစံကလေးကိုကောက်ယူလိုက်ကာ အိမ်ပေါ်မှဆင်းလိုက်လေသည်။ မယ်ပျင်းတို့ကိုယ်လုံးမှထွက်သည့် အလင်းရောင်များကြောင့် အိမ်ကြီးတစ်ခုလုံးတောက်ပနေသည်။ ဘွားချမ်းသာမှာ အလွန်ပြင်းထန်သည့်စွမ်းအားများကိုမြင်တွေ့လိုက်ရသည်မို့ ခြံအတွင်းမှထွက်ကာရွာလယ်လမ်းပေါ်သို့ပြေးတက်လိုက်သည်။
ထိုစဉ် ဝုန်းခနဲအသံကြီးတစ်ချက်မြည်ဟီးသွားပြီး အိမ်ကြီးတစ်ခုလုံး တစ်စစီဖြစ်ကာ ပေါက်ကွဲထွက်သွားသည်။ ပြင်းထန်သည့်အပူလင်းကြီးတစ်ခုပင်ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးကိုရိုတ်ခတ်ပြီး ငလျင်လှုပ်သည့်နှယ် လှုပ်ရှားသွားလေသည်။
ဘွားချမ်းသာမှာ အိမ်ကြီးကိုလှမ်းကြည့်လိုက်သည့်အခါ အိမ်ကြီးလည်းမရှိတော့သလို မယ်ပျင်းတို့သုံးယောက်မှာလည်း အစအနပင်မရှိတော့ပေ။
ပုဏ္ဏာကြီးဘထီးက လက်ဖျောက်တစ်ချက်တီးလိုက်ပြီး
“သေပြီ၊ ဒီတစ်ခါတော့ မယ်ပျင်းတကယ်သေသွားပြီ၊ မယ်တော်ရဲ့တစ်သက်တာအကြံအစည်အောင်မြင်သွားခဲ့ပြီ”
မယ်တော်မှာ အားရပါးရရယ်မောလျှက် နန်းဆောင်အတွင်းမှထွက်ခွာသွားတော့သည်။