စာစဉ် (၈၁)

(၁)

“ဟဲ့ပေတိုး၊ ထမင်းစားနေတာမပြီးနိုင်သေးဘူးလား၊ ဟိုမှာ နင့်အမေလင်တွေက ခြံထဲကထွက်ကုန်ကြပြီ”

ထမင်းစားသောက်နေသည့်ပေတိုးမှာ ထမင်းသုံးလုပ်ခန့်သာစားရသေးသည်။ ကြီးဒေါ်ဖြစ်သူ ဒေါ်မှုန်တစ်ယောက်က နွားခြံအားပိတ်ထားသည့် သစ်သားတန်းများကိုဖွင့်ပေးလိုက်လေရာ နွားများက ခြံအတွင်းမှ ကဆုန်ပေါက်၍ပြေးထွက်ကုန်ကြလေသည်။ ပေတိုးလည်း စားလက်စထမင်းပန်းကန်ကိုချလိုက်ကာ လက်ပင်မဆေးတော့ဘဲ တိုင်တွင်ချိတ်ထားသည့် လွယ်အိတ်စုတ်ကလေးကိုပြေးဖြုတ်လွယ်လိုက်ကာ နွားတင်းကုပ်အဝင်ဝတွင်ထောင်ထားသည့် နွားရိုက်သည့် သဗျာကြိမ်လုံးကိုကောက်ယူလိုကင်ပြီးသည့်နောက် နွားများနှင့်အတူပြေးထွက်လာခဲ့သည်။

ဒေါ်မှုန်က ခြံပေါက်ဝတွင်ခါးထောက်လျှက်

“ဒီကောင်လေးနှယ်၊ အလုပ်ဆိုရင် သိပ်ပြီးခိုကပ်တာပဲ၊ သွားစမ်း မြန်မြန်သွက်သွက်လုပ်”

“လုပ်ပါတယ်ကြီးဒေါ်ရ၊ ကျုပ်တစ်မနက်လုံး နွားချေးကျုံး၊ နွားတွေရေတိုက်ပြီးပြီ အခုမှထမင်းစားမယ်ဆိုပြီး သုံးလုပ်ပဲစားရသေးတာ”

“ထမင်းစားတာအရေးကြီးလား နွားကျောင်းတာအရေးကြီးလားဟဲ့၊ နွားဆိုတာ အချိန်ရှိတုန်းကျောင်းရတာ၊ သွားတော့ မြန်မြန်သွား”

ပေတိုးတစ်ယောက် ရွာလမ်းပေါ်တွင်ဒုန်းစိုင်းပြေးလွှားနေသည့် နွားများအနောက်သို့အပြေးလိုက်လာခဲ့သည်။

ဖက်လိပ်ရွာတွင် နွားများများစားစားမွေးမြူသူမှာ ဒေါ်မှုန်တို့ဖြစ်သည်။ ဒေါ်မှုန်တို့နွားခြံတွင် နွားအကောင်ရေ ရာနှင့်ချီကာရှိကာ ထိုနွားများကို နွားကျောင်းရသူမှာ ပေတိုးသာဖြစ်သည်။ ပေတိုးမှာ အသက်ဆယ်နှစ်ခန့်ရှိပြီဖြစ်ကာ မိဘမဲ့တစ်ဦးဖြစ်သည်။ မိဘနှစ်ပါးမှာ သူကြီးဖိုးမောင်၏လူယုံများလက်ချက်ကြောင့် မတရားအသတ်ခံခဲ့ရခြင်းဖြစ်သည်။ စင်စစ်အားဖြင့် ထိုနွားခြံကြီးမှာ ပေတိုး၏မိဘများပိုင်ဆိုင်သည့်ခြံဖြစ်သော်လည်း လောဘကြီးက စိတ်ထားယုတ်သည့် ကြီးဒေါ်ဖြစ်သူ ဒေါ်မှုန်က သူကြီးအားလာဘ်ထိုးကာ နွားခြံကြီးကိုအပိုင်စီးလိုသဖြင့် ပေတိုး၏မိဘများကို လုပ်ကြံခိုင်းလိုက်ခြင်းဖြစ်သည်။

မိဘများသေဆုံးသည့်အခါ ထိုနွားခြံကြီးကို လက်လွှဲယူကာဆက်လက်လုပ်ကိုင်သည်။ တစ်ဦးတည်းသောသားဖြစ်သူ ပေတိုးကိုလည်း နွားကျောင်းသားအဖြစ် နှိမ်ကာဆက်ဆံသည်။ ပေတိုးမှာ နွားခြံပိုင်ရှင်သားဆိုသော်လည်း ယခုတော့တောက်တိုမယ်ရ အလုပ်သမားအဖြစ်နေထိုင်ရသည်။ အိမ်တွင်ပင်မနေရဘဲ နွားခြံအနောက်ရှိ တင်းကုပ်ထဲတွင်ပင် နွားများနှင့်ဖက်ကာနေရသည်။ ကြီးဒေါ်မှုန်တို့စားကြွင်းစားကျန်အသိုးအကျိများကို စားသောက်ရပြီး အဝတ်အစားမှာလည်း ဟောင်းနွမ်းစုတ်ပြတ်ကာ အရှက်လုံရုံသာ ဝတ်ဆင်ရသည်။ နေ့ရှိသရွေ့ အိမ်မှာနေရသည်မရှိဘဲ ထိုနွားအုပ်ကြီးကို တစ်ယောက်တည်းထိန်းကျောင်းရင်း ညနေမိုးချုပ်ခါမှသာ အိမ်သို့ပြန်ရသည်။

ပေတိုးဘဝကလည်း နွားကျောင်းသားတစ်ယောက်ဖြစ်လာရန် ကံကြမ္မာပါသည်ဟုပင်ပြောရမည်ဖြစ်သည်။ ပေတိုးမှာ နွားကျောင်းရာတွင် အလွန်တော်ပြီး နွားများမှာလည်း ပေတိုးစကားကိုနားထောင်ကြသည်မို့ ကောင်ရေရာနှင့်ချီသည့်နွားများကို ပေတိုးတစ်ယောက်သာ ထိန်းကျောင်းရလေသည်။ ရွာသူရွာသားများက ပေတိုးအားမြင်လျှင် ဂရုဏာသက်ကာ ပေးကမ်းကြသကဲ့သို့ ပေတိုး၏ နွားကျောင်းသည့်စွမ်းရည်ကိုလည်း ချီးကျူးကြလေသည်။ မနေနိုင်ကြသည့်ရွာသားအချို့မှာ ပေတိုးအားမွေးစားရန်အထိ ကြံရွယ်ကြသော်လည်း ကြီးဒေါ်မှုန်နှင့် သူကြီးဖိုးမောင်တို့မှာ လက်ဝါးရိုက်ထားကြသဖြင့် ပေတိုးအား မည်သူ့ထံမှမပေးဘဲ ဒေါ်မှုန်ကြီးအိမ်တွင်သာ ကျွန်ခံနေရလေတော့သည်။

သာစံမှာ မည်သူကမှ အဖော်လုပ်ကာ ပေါင်းသင်းမည့်သူမရှိသဖြင့် ရွာပြင်သစ်ပင်ရိပ်အောက်တွင်ထိုင်ကာ ငေးမှိုင်နေရသည်ကများသည်။ မမယ်ဖြူက သာစံနှင့်ဆော့ကစားရန်အတွက် တစ္ဆေကြီးများဖြစ်နေသည့် ကဝေကြီးခုနစ်ယောက်အား တာဝန်ပေးထားသော်လည်း သာစံမှာ တစ္ဆေကြီးများနှင့်မဆော့ချင်သဖြင့် ထိုကဲ့သို့ရွာပြင်ထွက်ကာ ငေးမှိုင်နေရခြင်းဖြစ်သည်။

ရွာအရှေ့ဘက် မြေလွှွတ်မြေရိုင်းစားကျက်ကွင်းကြီးအတွင်း ပြေးလွှားလှုပ်ရှားနေကြသည့် နွားအုပ်ကြီးကို သာစံက ဘာရယ်မဟုတ်ဘဲ ငေးကြည့်နေမိသည်။ နွားအုပ်ကြီးရှိ နွားကောင်များကို အပျင်းပြေရေတွက်နေလေသည်။ ထိုအခိုက် နံဘေးသို့လူတစ်ယောက်လာထိုင်သည်။

“ဟေ့ . . . ငါမင်းကိုကြည့်ကြည့်နေတာကြာပြီ၊ မင်းတစ်ယောက်တည်း ဟိုသစ်ပင်အောက်ထိုင်လိုက်၊ ဒီသစ်ပင်အောက်မှာ လှဲနေလိုက်နဲ့ မင်းအဲဒီလိုနေရတာ မပျင်းဘူးလားကွ”

သာစံက ထိုလူအားမော့ကြည့်လိုက်သည့်အခါ ပေတိုးဖြစ်နေလေသည်။ ထိုစဉ်က သာစံမှာအသက်ခြောက်နှစ်ခန့်ရှိပြီဖြစ်သဖြင့် ပေတိုးမှာသူ့ထက် အသက်ကြီးကာ လူကောင်လည်းအနည်းငယ်ကြီးသည်။ ပေတိုးက သာစံနံဘေးတွင်ဝင်ထိုင်လိုက်သဖြင့် သာစံမှာအထူးအဆန်းဖြစ်သွားသည်။

“မင်း . . . မင်းငါ့ကိုမကြောက်ဘူးလား”

သာစံမေးလိုက်သည့်အခါ ပေတိုးက စပ်ဖြဲဖြဲနှင့်

“မင်းလည်းလူပဲ ငါလည်းလူပဲလေကွာ၊ ငါကမင်းကိုဘာဖြစ်လို့ကြောက်ရမှာလဲကွ”

“မဟုတ်ဘူးလေ၊ ငါ့အမေက စုန်းမကြီးကွ၊ ရွာထဲကလူတွေဆိုရင် ငါ့ကိုဘယ်သူမှအပေါင်းအသင်းလုပ်ကြတာမဟုတ်ဘူးကွ၊ ငါ့အမေပြုစားမှာကြောက်လို့တဲ့”

ထိုအခါ ပေတိုးကရယ်မောရင်း

“ငါကနွားကျောင်းသားကွ၊ စုန်းလဲမကြောက်ဘူး၊ သရဲလဲမကြောက်ဘူး၊ သရဲတွေစုန်းတွေကတောင်မှ ငါ့ကိုပြန်ကြောက်ရအုံးမှာ၊ အဲဒါအသာထားပါအုံး မင်းကအခုဘာလုပ်နေတာလဲ”

“ဒီနွားတွေဘယ်နှကောင်ရှိသလဲဆိုတာ ရေနေတာကွ”

“အလုပ်မရှိအလုပ်ရှာလို့ကွာ၊ ကဲပြော အခုနွားဘယ်နှကောင်ရှိသလဲ”

“စုစုပေါင်းဆိုရင် ကိုးဆယ့်ကိုးကောင်ကွ”

ထိုအခါ ပေတိုးကရယ်လိုက်ရင်း

“ဒါဆို မင်းရေတွက်တာမှားပြီကွ၊ နွားအကောင်စုစုပေါင်းက တစ်ရာ့တစ်ကောင်ရှိတယ်၊ ဟိုနေ့က ကြီးဒေါ်မှုန်က နွားသိုးတစ်ကောင်ထပ်ဝယ်လိုက်တာကွ”

“မဟုတ်ဘူး ငါတွက်တာမှန်ပါတယ်၊ တစ်ကောင်မှကိုမကျန်ခဲ့ဘူး၊ မင်းမယုံရင်ပြန်တွက်ကြည့်စမ်း”

ပေတိုးက နွားများကိုရေတွက်ရင်း

“ဟာ၊ ဟုတ်တယ်ဟေ့၊ နွားနှစ်ကောင်ပျောက်နေပါလား”

ပေတိုးက ထထွက်သွားရန်ပြင်ဆင်လိုက်သည့်အခါ သာစံက

“မင်းဘယ်သွားမလို့လဲ”

“ဘယ်သွားရမလဲကွ ပျောက်သွားတဲ့ နွားသားအမိနှစ်ကောင်ကိုရှာရမှာပေါ့၊ မင်းရော လိုက်မလား”

သာစံလည်းပျင်းနေသဖြင့် ပေတိုးအနောက်သို့လိုက်သွားမိသည်။

“ဒါနဲ့နေပါအုံး နွားနှစ်ကောင်ပျောက်နေတာကို မင်းကဘယ်လိုလုပ်ပြီး နွားသားအမိဆိုတာသိတာလဲကွ”

“သိတာပေါ့ကွ၊ ငါက ဒီနွားတွေကိုနေ့တိုင်း ခြံထဲအသွင်းအထုပ်လုပ်ရတယ်၊ နွားထွက်ကျောင်းရတယ်၊ ရေတိုက် ချေးကျုံးလုပ်ရတယ်လေကွာ၊ ဒါကြောင့် ဒီနွားအုပ်ထဲက နွားတိုင်းကိုမှတ်မိနေတာပေါ့၊ အခုပျောက်သွားတဲ့နွားနှစ်ကောင်က သားအမိကွ၊ သူ့အမေက မိရွှေမလို့ခေါ်တဲ့ အဝါရောင်မှာ ငွေရောင်လိုအမွှေးလေးတွေနဲ့ကွ၊ နောက်တစ်ကောင်က သူ့သားကွ၊ အသက်က နှစ်နှစ်လောက်ပဲရှိသေးတာ၊ သူ့နာမည်က ခေါင်းဖြူတဲ့ကွ”

သာစံနှင့် ပေတိုးမှာ စကားတပြောပြောနှင့် ကုန်းကလေးတစ်ခုဆီသို့ရောက်လာခဲ့သည်။ သာစံမှာထိုကုန်းကိုမြင်သည်နှင့်ထိတ်လန့်သွားကာ

“ဒီကုန်းအကြောင်းကို မင်းသိတယ်မဟုတ်လား ကောင်လေး”

“သိတယ်၊ ဒီကုန်းကို လင်ပျောက်ကုန်းလို့ခေါ်တယ်မဟုတ်လား”

“အေးလေ၊ ဒီကုန်းမှာ လူတွေသေထားတာမနည်းဘူးကွ၊ အခုတောင်မှ လူသေအရိုးခြောက်တွေရှိသေးတယ်”

လင်ပျောက်ကုန်းဆီသို့ နှစ်ယောက်သားရောက်လာခဲ့ကြသည်။ ထိုနေရာတစ်ဝိုက်တွင် မည်သည့်အပင်မှ မပေါက်ရောက်ဘဲ ကျပ်တီးလွင်ပြင်ကြီးအဖြစ်တည်ရှိနေသည်။ ယုတ်စွအဆုံး မြက်ပင်ပေါင်းပင်များပင် မရှိပေ၊ ထိုကျပ်တီးမြေပြင်ကြီးပေါ်တွင် ပုံစံအမျိုးမျိုးနှင့်သေဆုံးနေကြသည့် လူအရိုးစုများက ပြန့်ကျဲနေလေသည်။

လင်ပျောက်ကုန်းအလယ်ခန့်တွင်တော့ ပျောက်ဆုံးနေသည့် နွားနှစ်ကောင်ကိုတွေ့ရသည်။ ပေတိုးက နွားများကိုခေါ်ဆောင်လိုက်သော်လည်း နွားများက မလိုက်လာဘဲ တည်တည်ငြိမ်ငြိမ်ရပ်နေလေသည်။ သာစံက နွားကိုကြည့်ရင်း

“ဟိုမှာ နွားကျောကုန်းပေါ်မှာ ဘာအကောင်ကြီးလဲမသိဘူးကွ၊ မဲမဲညစ်ညစ်နဲ့”

ပေတိုးက သာစံလက်ညှိုးထိုးပြသည့်နေရာကိုကြည့်ကာ

“မင်းပြောတဲ့အကောင်ကြီးကို ငါမတွေ့ပါလားကွ”

“ဟုတ်တယ်၊ မင်းမမြင်ပေမယ့် ငါမြင်တယ်ကွ၊ ငါ့စိတ်ထင် တစ္ဆေကြီးတစ်ကောင်ဖြစ်မယ်ကွ၊ နွားရဲ့လည်ကုပ်ပေါ်မှာစီးထားတာ၊ မင်းရဲ့နွားကို ဒီကောင်က စားချင်နေတာဖြစ်မယ်”

ပေတိုးက လွယ်အိတ်အတွင်းမှ လေးခွတစ်လက်ကိုထုတ်လိုက်ကာ လက်တစ်ဖက်တွင်လည်း လောက်စာလုံးလေးငါးလုံးကို ကိုင်စွဲလိုက်သည်။

“မင်းတွေ့ရတဲ့နေရာကိုပြောစမ်းကွာ၊ ငါဒီတစ္ဆေကို ငါ့အကြောင်းသိအောင် ပြရသေးတာပေါ့၊ နွားကျောင်းသားလက် ဘယ်လောက်တည့်တယ်ဆိုတာ ဒင်းသိစေရမယ်”

“နွားမကြီးရဲ့ လက်ပြင်တည့်တည့်နားမှာကွ တစ်ကိုယ်လုံး မည်းမည်းညစ်ညစ် ခြောက်ကပ်ကပ်နဲ့ ဆောင့်ကြောင့်ကြီးထိုင်နေတာ”

သာစံပြောသည့်နေရာသို့ ပေတိုးက လောက်လေးဖြင့်ပစ်ထည့်လိုက်သည်။

“ထိလားကွ”

“မထိဘူး ခေါင်းပေါ်ကနေ ဖြတ်ကျော်သွားတယ်ကွ၊ အောက်ကိုနည်းနည်းစိုက်ပြီးပစ်”

ပေတိုးက လောက်လေးဖြင့်ထပ်မံပစ်ခတ်သည်။ ထိုအခါ လောက်စာလုံးမှာ တစ္ဆေ၏ နဖူးတည့်တည့်ကိုထိမှန်သွားပြီး တစ္ဆေကြီးမှာ နွားကျောကုန်းပေါ်မှခုန်ဆင်းကာပြေးလေသည်။ တစ္ဆေကြီးပြေးသည်နှင့် နွားမကြီးမှာ ပေတိုးထံသို့ပြေးလာသည်။

“နွားကလေးကျောကုန်းပေါ်မှာတစ်ကောင်ကွ”

သာစံအကူအညီဖြင့် ပေတိုးက တစ္ဆေကို လောက်လေးဖြင့်ပစ်ခတ်ရာ တစ္ဆေများထွက်ပြေးကြလေသည်။ နွားနှစ်ကောင်ပြန်လာသည့်အခါမှ ပေတိုးက လင်ပျောက်ကုန်းဆီသို့မျက်နှာမူလိုက်ကာ လက်ခမောင်းခတ်လိုက်ရင်း

“ဟေ့ ငါ့နာမည်ပေတိုးကွ၊ နွားကျောင်းသားပေတိုးဆိုတာငါပဲ၊ မင်းတို့တွေ ငါ့လောက်လေးကိုမကြောက်ရင် ဒါမျိုးထပ်လုပ်ကြ”

ပေတိုးစိန်ခေါ်သည်ကို သာစံက ပြုံးကာကြည့်နေသည်။

“နေစမ်းပါအုံး မင်းနာမည်က ပေတိုးတဲ့လား”

“အေးလေကွာ၊ ဒါနဲ့မင်းနာမည်က သာစံမဟုတ်လား”

“မင်းက ငါ့ကိုသိနေတာလား”

“စုန်းမကြီးဒေါ်ပျင်းရဲ့သား သာစံဆိုတာ ရွာမှာနေတဲ့လူတိုင်းသိပါတယ်ကွ၊ လာလာ ငါတို့နွားကိုပြန်တွေ့တဲ့အနေနဲ့ မင်းကိုလှို့ဝှက်ချက်တစ်ခုပြမယ်”

ပေတိုးမှာ သာစံအားကုန်းတန်းကလေးတစ်ခုဆီသို့ခေါ်ဆောင်သွားသည်။ ထိုကုန်းကလေးကို ချုံပုတ်များဖြင့်ကာရံထားပြီး အတွင်းသို့ဝင်လာခဲ့သည့်အခါ သစ်ပင်ငယ်များကိုတွေ့ရသည်။ ထိုသစ်ပင်ငယ်များအလယ်တွင်တော့ ဆီးဖြူသီးပင်ကြီးတစ်ပင်က မားမားမတ်မတ်တည်ရှိနေလေသည်။ ဆီးဖြူသီးများမှာ အလုံးကြီးမားပြီး အပင်ပေါ်တွင်ပြွတ်ခဲကာ သီးပွင့်နေကြသည်။

“ဆီးဖြူသီးတွေက အကြီးကြီးတွေပါလားကွ”

“ဒါက ငါတွေ့ထားတဲ့အပင်ကွ၊ မင်းသူများတွေကိုလျှောက်မပြောနဲ့နော်”

ပေတိုးက ဆီးဖြူသီးပင်ပေါ်သို့တက်လိုက်ကာ ဆီးဖြူသီးများကိုခူးဆွတ်ပေးသည်။ မြေခံရေခံကောင်းသည့်နေရာမို့ ဆီးဖြူသီးအလုံးများမှာ အတော်ကြီးမားပြီး အရည်လည်းရွမ်းသဖြင့် သာစံမှာ အားရပါးရကိုက်စားလိုက်တော့သည်။ ထိုနေ့မှစ၍ သာစံနှင့် ပေတိုးတို့မှာ သူငယ်ချင်းများဖြစ်သွားကြလေသည်။

(၂)

သူကြီးဦးဖိုးမောင်မှာ မကြာဥနှင့် သားကလေးတစ်ယောက်ဖွားမြင်နိုင်လေသည်။ သားကလေးမှာ ယခင်လိုမဟုတ်ဘဲ မွေးကတည်းက မသေဆုံးဘဲ ယခုဆိုလျှင် အသက်သုံးလပင်ကျော်ခဲ့ပြီဖြစ်သည်။ သာစံပြောသဖြင့် မယ်ပျင်းမှာ သူကြီးဦးဖိုးမောင်အား ရင်သွေးမရစေရန် ပိတ်ပင်မထားတော့သောကြောင့် ကလေးမွေးဖွားနိုင်ခြင်းဖြစ်သည်။

မိမိရင်သွေး သားဦးကလေးကိုမွေးသည်မို့ သူကြိးဦးဖိုးမောင်မှာ ထိုကလေးအား ငုံထားမတတ်ချစ်မြတ်နိုးသည်။ သို့သော် တစ်ရက်တွင် ကံဆိုးမိုးမှောင်တစ်ခုက သူကြီးဖိုးမောင်၏ သားဦးကလေးထံသို့ရောက်လာခဲ့သည်။

မကြာဥမှာ မနက်လင်းသည့်အခါ အိပ်ခန်းထဲမှပြေးထွက်လာကာ ဦးဖိုးမောင်အနီးသို့ ကလေးချီကာရောက်လာလေသည်။

“အကို၊ အကို သားလေးကျောကုန်းကိုကြည့်ပါအုံး”

မကြာဥက ကျောကုန်းကိုလှန်ပေးလိုက်သည့်အခါ ကလေးကျောကုန်းတွင် အနက်ရောင်အကွက်ကြီးတစ်ခုဖြစ်နေသည်ကိုတွေ့ရသည်။ သူကြီးဦးဖိုးမောင်မှာ အံ့သြသွားပြီး

“ဟင်၊ ဒါ . . ဒါဘာဖြစ်တာလဲ”

“ပြောရရင်တော့ စုန်းစုပ်ခံရတာပဲအကိုရဲ့”

“ဘာ . . . စုန်းစုပ်ခံရတာတဲ့လား”

“စုန်းစုပ်ခံရတဲ့အခါ အဲဒီကလေးကို အမြန်ကုရင်ကု မဟုတ်ရင်တော့ ကလေးက သေတတ်တယ်တဲ့အကိုရဲ့”

သူကြီးဦးဖိုးမောင်မှာ လှုပ်လှုပ်ရှားရှားဖြစ်သွားကာ

“ကုရမှာပေါ့၊ ကုရမှာပေါ့၊ ဟေ့ကောင်တွေ အခုလာကြစမ်း၊ ငါ့သားကို ကုသနိုင်မယ့်လူကို ရှာကြစမ်း”

ထိုအခါ သူကြီးအိမ်တွင် လက်တိုလက်တောင်းခိုင်းသည့် အဒေါ်ကြီးက

“သူကြီး . . . အခုတလော ပေတောရွာကိုရောက်နေတဲ့ ဆရာမောင်ကြီးဆိုတဲ့ဆရာကြီးက စုန်းတိုက် နတ်တိုက်တွေကို ကုသရာမှာ သိပ်စွမ်းတာပဲတဲ့သူကြီးရဲ့၊ သူ့ကိုခေါ်ကြည့်မလား”

သူကြီးဖိုးမောင်က ခေါင်းကိုဆတ်ခနဲညိတ်လိုက်ကာ

“ခေါ်ရမှာပေါ့၊ ဟေ့ကောင်တွေ အခုချက်ချင်း မြင်းလှည်းပြင်ပြီး ဆရာကြီးကို အိမ်ကိုပင့်လာခဲ့စမ်း၊ ဘယ်လောက်ပေးရပေးရ ပင့်လာခဲ့စမ်းကွာ”

သူကြီးလူယုံများက မြင်းလှည်းပြင်ကာ အိမ်အပြင်သို့ထွက်သွားသည်။ သူကြီးမှာ သားကလေးအားချီရင်း စိတ်ပူပန်နေရသည်။ စုန်းစုပ်သည့်အနက်ရောင်အကွက်မှာ အစပထမပိုင်းတွင် ကျပ်စေ့ခန့်သာရှိသော်လည်း တဖြည်းဖြည်းကြီးထွားလာကာ ကျောကုန်းတစ်ခုလုံးကိုပင် ပြန့်နှံ့နေလေသည်။ သူကြီးဦးဖိုးမောင်မှာ လေသာပြတင်းမှနေ၍ အိမ်သို့ဆိုက်လာမည့် မြင်းလှည်းကိုမျှော်နေမိသည်။

မကြာခင်မြင်းလှည်းတစ်စီးက ခြံထဲသို့ထိုးစိုက်လာခဲ့ပြီး အရပ်အမောင်းကောင်းကောင်းနှင့်လူကြီးတစ်ဦးက အိမ်ပေါ်သို့တက်လာခဲ့သည်။ သူကြီးလူယုံများက ထိုဆရာကြီးအား ခရီးဦးကြိုပြုပြီးသည့်နောက်

“ဆရာကြီး ကျုပ်သားလေးကိုကယ်ပါ”

ဆရာမောင်ကြီးမှာ အသက်ခုနစ်ဆယ်ခန့်ရှိပြီး ဗမာဆန်သည့်ရုပ်ရည်ရှိသူတစ်ဦးဖြစ်ကာ တိုက်ပုံအင်္ကျီကြီးကိုဝတ်ဆင်ထားပြီး ခေါင်းပေါင်းကြီးတစ်ခုကိုပေါင်းထားသည်။ နှုတ်ခမ်းမွှေးကားကားကြီးများရှိကာ ဆရာတစ်ဦးအသွင် ခန့်ညားလှပေသည်။ သူကြီးဦးဖိုးမောင်က သားကလေးကိုလှမ်းပေးလိုက်သည့်အခါ ဆရာမောင်ကြီးက ကလေးကိုလှမ်းယူလိုက်ပြီး ကျောကုန်းကိုလှန်ကြည့်လိုက်သည်။

“စုန်းစုပ်ထားတာပဲ”

“ဆရာကြီး အဲဒီရောဂါကို ကုသနိုင်ပါသလား”

“ဒီလောက်တော့ ကျုပ်ကအပျော့ပေါ့ဗျာ၊ သူကြီးရဲ့ကလေးကို ကျုပ်ရဲ့လျှာပွတ်ဆေးနဲ့ ကုသပေးရမယ်”

ဆရာမောင်ကြီးက တိုက်ပုံအင်္ကျီအတွင်းအိတ်ထဲသို့ လက်နှိုက်လိုက်သည့်အခါ အတွင်းမှ အနက်ရောင်ဆေးမဲတောင့်ကလေးတစ်ခုကထွက်လာခဲ့သည်။ ဆရာမောင်ကြီးက ကလေးအားငိုယိုစေရန် အသာရိုက်လိုက်ပြီး ကလေးငိုသည့်အခါမှ ထိုဆေးတောင့်ကလေးဖြင့် ကလေး၏လျှာကိုပွတ်သပ်ပေးကာ ပါးစပ်မှလည်း မန္တန်များကိုရွတ်ဆိုနေလေသည်။

“ဘုရားဆေး၊ တရားဆေး၊ သံဃာ့ဆေး၊ အထက်ဝိဇ္ဇာတွေပေးတဲ့ဆေး၊ ဟောဒီဆေးအစွမ်းကြောင့် ဒီကလေးမှာရှိတဲ့ မကောင်းတဲ့အတိုက်အခိုက် အပိတ်အပင် အချုပ်အနှောင်တွေအကုန်လုံး ပြေပျောက်ပါစေကွယ်”

ဆရာမောင်ကြီးရွတ်ဖတ်ပေးပြီးသည့်အခါ နောက်ကျောတွင်ရှိသည့် အမဲကွက်မှာ တဖြည်းဖြည်းလျော့ပါးလာလေသည်။ ကလေးမှာလည်း အနှီးအတွင်းသို့ မစင်အနက်ရောင်များစွန့်လိုက်လေသည်။ သူကြီးဦးဖိုးမောင်မှာ ဆရာမောင်ကြီး၏ အစွမ်းကိုကြည့်ကာ အလွန်လေးစားသွားမိသည်။ ဆရာမောင်ကြီးက ခေါင်းညိတ်လိုက်ရင်း

“အားလုံးကောင်းသွားပါပြီသူကြီး၊ ကလေးကို ဒီရွာကစုန်းတစ်ယောက်က ပြုစားထားတာပဲ၊ ဒါနဲ့ ဒီရွာမှာ စုန်းတွေဘာတွေရှိသလား”

“ရှိတာပေါ့ ဆရာကြီးရယ်၊ ဒါနဲ့ဆရာကြီးက စုန်းပြုစားတာကို ကုသနိုင်တယ်ဆိုတော့ စုန်းတွေ ဘာတွေကိုရော နိုင်ရဲ့လား

သူကြီးမေးသည့်အခါ ဆရာမောင်ကြီးက တဟားဟားနှင့်ရယ်မောလိုက်ရင်း

“ဘယ်လိုပြောလိုက်ပါလိမ့်သူကြီးရယ်၊ စုန်းဆိုတာ မကောင်းတဲ့လူတွေပဲ၊ ကျုပ် နယ်တကာလှည့်ပြီးတော့ ဆေးကုသရင်း စုန်းတွေ၊ ကဝေတွေကို မောင်းထုတ်နှိမ်နင်းခဲ့တာများပြီ၊ တချို့ကိုလည်း ပညာခန်းဖြတ်၊ တစ်ချို့ကိုတော့ ပညာတွေအလှူခံပြီးတော့ ငြိမ်ဝပ်စေခဲ့တာများပြီသူကြီးရဲ့”

“ဒါဖြင့်ရင် ကျုပ်တို့ရွာက စုန်းမတစ်ယောက်ကိုလည်း ဆရာကြီးနှိမ်နင်းပေးနိုင်မလား၊ အခုကျုပ်သားကို လုပ်တာလည်း သူပဲနေမှာ၊ ပြီးတော့ ကျုပ်အရင်က မွေးသမျှသားတွေကိုလည်း သူပဲသတ်ဖြတ်ပစ်ခဲ့တာ၊ သူ့ကိုဆရာကြီးရဲ့ပညာနဲ့ နှိမ်နင်းမောင်းထုတ်ပေးပါ ဆရာကြီးရယ်၊ ကျုပ် ဆရာကြီးရဲ့ကျေးဇူးကို မမေ့ပါဘူး”

“ဟုတ်ပါတယ်ဆရာကြီး၊ ဟောဒီရွာမှာ အဲဒီစုန်းမကြောင့် ရွာသားတွေခံရပေါင်းလည်းများလှပါပြီဆရာကြီး၊ ဒါကြောင့် ဆရာကြီးက စုန်းကို မှတ်လောက်အောင်ဆုံးမပေးပါ”

ရွာသူရွာသားများကလည်း တောင်းပန်သဖြင့် ဆရာမောင်ကြီးက ခေါင်းညိတ်လိုက်လေသည်။

“ကောင်းပြီ၊ မင်းတို့တောင်းဆိုလွန်းလို့ လူတွေကိုဒုက္ခပေးတဲ့ အဲဒီစုန်းမကို ငါနှိမ်နင်းပေးမယ်”

သူကြီးက လူယုံများကိုလှည့်ကြည့်ရင်း

“ဟေ့ကောင်တွေ၊ မင်းတို့ မယ်ပျင်းကိုသွားခေါ်ကြစမ်း”

သူကြီးအမိန့်ပေးသော်လည်း လူယုံများမှာ မသွားရဲကြပေ။

“သူကြီးကလည်း ကျုပ်တို့သွားခေါ်တော့ ဒေါ်ပျင်းက ကျုပ်တို့ကိုသတ်ပစ်မှာပေါ့ဗျ”

ဆရာမောင်ကြီးက လက်ကာပြပြီး

“မလိုပါဘူး၊ အဲဒီစုန်းကို ကျုပ်ရဲ့ပညာစက် အာဏာစက်နဲ့ခေါ်လိုက်မယ်”

ဆရာမောင်ကြီးက လက်မောင်းကို လက်ဖြင့်သပ်လိုက်ပြီးနောက်

“ဟဲ့စုန်းမ၊ နင့်ကိုငါခေါ်တယ်၊ ငါ့ရဲ့အာဏာစက်ကြောင့် မင်းအခုချက်ချင်းဒီကိုလာရမယ်”

ဆရာမောင်ကြီးလုပ်ကိုင်နေသည်ကို ရွာသားများက တအံ့တသြဖြင့်ကြည့်နေကြသည်။ ကွမ်းတစ်ယာညက်ခန့်ပင်မကြာလိုက်ပေ မယ်ပျင်းမှာ ထမီစွန်တောင်ဆွဲကာ အိမ်ပေါ်သို့တက်လာလေသည်။ လှေကားအနီးမှလူများမှာ မယ်ပျင်းကိုဘေးဖယ်ပေးလိုက်ကြသည်။ မယ်ပျင်းက လှေကားထိပ်တွင်မတ်တပ်ရပ်လိုက်ကာ ဆရာမောင်ကြီးအား လက်ညှိုးထိုးလိုက်ပြီး

“ဟဲ့ဆရာစုတ်၊ နင်ဘာဖြစ်လို့ ငါ့ကိုခေါ်လိုက်တာလဲ မှန်မှန်ပြောစမ်း”

“အောင်မယ်၊ စုန်းမကများ ငါ့ရှေ့မှာအသံမာနေသေးတယ်၊ ဟဲ့ စုန်းမ၊ နင်သူကြီးရဲ့သားကလေးကို ပြုစားထားတာမဟုတ်လား မှန်မှန်ပြော”

“အိုတော်၊ ကျုပ်မသိဘူး ကျုပ်နဲ့ဘာမှမဆိုင်ဘူး”

ထိုအခါ သူကြီးဦးဖိုးမောင်က

“နင်ဗြောင်လိမ်ဗြောင်စားမလုပ်နဲ့မယ်ပျင်း၊ နင်ငါ့ကို သွေးသားမရစေချင်လို့ မွေးလာသမျှကလေးတိုင်းရဲ့ အူတွေကလီစာတွေကိုဖောက်စားပြီး သတ်ပစ်ခဲ့တာကြာပြီ၊ အခုသားကလေးလည်း ကံကောင်းလို့နင့်လက်က လွတ်လာတာကို နင်ကအခုထပ်ပြီးသတ်ဖို့ကြံတာမဟုတ်လား”

“ကိုဖိုးမောင် ရှင်ဘာတွေပြောနေတာလဲ”

“ဟဲ့မယ်ပျင်း၊ နင်ငါ့ကို ကိုဖိုးမောင်လို့မခေါ်နဲ့၊ ငါဟာသူကြီး၊ ဖက်လိပ်ရွာရဲ့သူကြီးဟဲ့”

မယ်ပျင်းက မျက်နှာကိုမဲ့လိုက်ကာ

“ဒီမှာသူကြီး၊ ကျုပ်အမှန်အတိုင်းပဲပြောမယ်၊ သူကြီးသားကိုပြုစားခဲ့တာ ကျုပ်မဟုတ်ဘူး”

“မင်းမဟုတ်ရင် ဘယ်သူရှိသေးလို့လဲကွ”

“သြော်၊ ဒီရွာမှာ စုန်းက ကျုပ်တစ်ယောက်တည်းရှိတာကျလို့၊ သူကြီးရဲ့သားကိုလုပ်တာ ရွာထဲက ငတ်ပြတ်နေတဲ့စုန်းစုတ်စုန်းပဲ့လုပ်တာဖြစ်မှာပေါ့ ကျုပ်မလုပ်ဘူး”

ထိုအခါ ဆရာမောင်ကြီးက

“တိတ်စမ်းစုန်းမ၊ အခုကိစ္စက နင်လုပ်တာ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ အရင်က နင်လုပ်ခဲ့တာတွေအတွက် နင်ပြန်ပေးဆပ်ရမယ်”

မယ်ပျင်းက တဟားဟားနှင့်ရယ်လိုက်ကာ

“ဆရာစုတ် ဆရာပဲ့၊ နင်က ငါ့ကိုဘာလုပ်ချင်လို့လဲ”

“နင့်ပညာတွေ ငါ့ကိုလှူရင်လှူ၊ မဟုတ်ရင်တော့ နင့်ကို ခွေးသေဝက်သေ သေအောင်လို့ ငါလုပ်ရလိမ့်မယ်”

“ဟား ဟား သူများပညာတွေကို နင်ကအလကားလိုချင်နေတာမဟုတ်လား၊ ငါက နင့်ကိုဘာဖြစ်လို့လှူရမှာလဲ မလှူဘူး မလှူနိုင်ဘူး”

“နင်စကားပြောတာ မိုက်ရိုင်းလှချည်လားဆုံးမ၊ အေး၊ ငါကလည်း အဲဒီလိုကြမ်းကြမ်းလေးမှ ကြိုက်တာဟေ့”

ဆရာမောင်ကြီးမှာ အိပ်ကပ်အတွင်းသို့လက်နှိုက်လိုက်ကာ ငရုတ်ကောင်းစေ့ခန့်အရွယ်ရှိသည့် အနက်ရောင်အစေ့ကလေးများကို မယ်ပျင်းထံသို့လှမ်းပက်လိုက်လေသည်။ ထိုအစေ့ကလေးများနှင့် ထိတွေ့သည့်အခါ မယ်ပျင်းမှာအော်ဟစ်လျှက် ရုန်းကန်နေလေတော့သည်။ ဆရာမောင်ကြီးမှာ အားတက်သရောနှင့်

“တွေ့ပြီမဟုတ်လား စုန်းမ၊ အဲဒါစုန်းပြေးဆေးလို့ခေါ်တယ်၊ နင်မပြောနဲ့ နင့်ထက်အစွမ်းထက်တဲ့ ဇော်ဂနီ ဇော်ဂနက်တွေတောင်မှ ပြေးရတဲ့ဆေးဟဲ့”

မယ်ပျင်းမှာ လူးလိမ့်နေသည့်အခိုက် ဆရာမောင်ကြီးက ဆေးလုံးများနှင့်ထပ်မံပစ်ခတ်ပြန်သည်။ မယ်ပျင်းတစ်ယောက် လှေကားထိပ်တွင် လူးလိမ့်နေလေရာ ရွာသားများက ကြောက်လန့်တကြားနှင့်ဖယ်ရှားပေးကြသည်။ ဆရာမောင်ကြီးက အိပ်ကပ်အတွင်းမှ ဆေးနီတောင့်ကလေးတစ်ခုကိုထုတ်လိုက်လေသည်။

“ဟောဒီ ဆေးနီတောင့်ကို နင့်ပါးစပ်ထဲထည့်လိုက်လို့ကတော့ နင်ဟောဒီရွာတစ်ပတ်ကို ခွေးပြေးဝက်ပြေးပြေးပြီးမှ သေရမယ်ဟဲ့”

ထိုအခါ မယ်ပျင်းက ကုန်းထလာလေသည်။

“ခွေးကြီး၊ နင့်ကိုယ်နင်စွမ်းလှပြီလို့မှတ်နေတယ်ပေါ့ဟုတ်လား၊ ငါက တမင်အလျှော့ပေးထားတာကို နင့်ကိုနင်သိပ်တတ်လှပြီထင်နေသလား”

“အောင်မာ၊ စုန်းမက ခံနေရတာတောင်မှ လေသံမာနေသေးတယ်”

ဆရာမောင်ကြီးက အိပ်ကပ်အတွင်းမှ အနက်ရောင်အစေ့ကလေးများကို ထုတ်ကာ လက်တစ်ဆုပ်ခန့်လှမ်းပက်လိုက်ပြန်သည်။ သို့သော် ယခုတစ်ခါတွင်တော့ မယ်ပျင်းတစ်ယောက် မည်သို့မျှပင်မနေပေ၊ ဆရာမောင်ကြီးမှာထူးဆန်းသွားပြီး ဆေးလုံးကလေးများနှင့် လက်သုံးဆုပ်ခန့်ထပ်မံပစ်ခတ်ပြန်လေသည်။ ဆေးလုံးကလေးများမှာ မယ်ပျင်းအားထိမှန်ပြီး ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေလေသည်။ မယ်ပျင်းက ဆရာမောင်ကြီးကိုစိုက်ကြည့်နေကာ

“ကဲ ရှင့်ဆေးအစွမ်းက ဒါအကုန်ပဲလား”

“ငါ့ပညာက ကုန်မလားဟ စုန်းမရ၊ နင့်ကိုငါ ဆေးစောင့်တွေထုတ်ပြီး တိုက်မယ်၊ လာလေရော့”

ဆရာမောင်ကြီးမှာ လက်ခမောင်းများထခတ်ပြီး မယ်ပျင်းအားလက်ညှိုးထိုးကာ

“သူ့ကိုချုပ်လိုက်ကြစမ်း၊ အထက်ဆရာတွေအမိန့် ငါ့အမိန့်”

ထိုသို့ပြောလိုက်သော်လည်း မယ်ပျင်းမှာ ဘာမှမဖြစ်ပေ။

“သူ့ကို ဝိုင်းရိုက်ကြစမ်း၊ ငါ့အမိန့် ဆရာ့အမိန့်ဟဲ့”

ဆရာမောင်ကြီးမှာ အရူးကြီးတစ်ယောက်နှယ် အမျိုးမျိုးပြောဆိုနေသော်လည်း မယ်ပျင်းမှာ မည်သို့မျှပင်မနေပေ။ နောက်ဆုံးတော့ ဆရာမောင်ကြီးမှာ သူ့လက်ဝါးများကို သူဖြန့်ကြည့်ပြီး

“ဘာဖြစ်တာလဲ၊ ငါဘာဖြစ်နေတာလဲ”

ထိုအခါမှ မယ်ပျင်းက အသံကွဲကြီးနှင့််ရယ်မောလျှက်

“ရှင့်ဆေးတွေဘယ်ရောက်သွားသလဲဆိုတာ ရှင်ကြည့်လိုက်စမ်းပါအုံး”

ဆရာမောင်ကြီးမှာ အလွန်ထူးဆန်းသွားပြီး သူဝတ်ထားသည့် တိုက်ပုံအင်္ကျီကြီးကို ဆွဲချွတ်လိုက်လေသည်။ ထိုအခါ လက်မောင်း၊ လက်ဖျံနှင့် ရင်အုပ်များတွင် ထိုးနှံထားသည့် ဆေးများမရှိတော့ဘဲ အသားအရေမှာ ပြောင်ရှင်းနေလေသည်။

“ဟင်၊ ငါ့ဆေးတွေဘာဖြစ်သွားတာလဲ”

“ကိုယ့်ဆေးကိုယ် ဖင်ခုထိုင်ထားမှတော့ အဲဒီဆေးက စွမ်းပါတော့မလား”

ဆရာမောင်ကြီးမှာ ဖျာပေါ်မှထလိုက်သည့်အခါ သူထိုင်နေသည့်ဖျာတွင် အင်းကွက်များ၊ စမဆေးရုပ်များမှာ အတိုင်းသားပေါ်နေလေသည်။

“မင်း . . . မင်းဘယ်လိုလုပ်လိုက်တာလဲ”

“ရှင်ကျုပ်ကို နှိပ်စက်နေတဲ့အချိန်တုန်းက သိပ်ပြီးအားရနေတယ်မဟုတ်လား၊ ကျုပ်က တစ်ဖက်သားကိုအရင်ဆုံးအလျော့ပေးပြီး ရှင်မာန်တက်နေတဲ့အချိန်မှာ ရှင်မသိအောင်လို့ ရှင့်ကိုယ်ကဆေးတွေကိုခွာထုတ်ပြီး ဖျာမှာကပ်ပေးခဲ့တာကို ရှင်မသိဘူးမဟုတ်လား”

ဆရာမောင်ကြီးမှာ တုန်တုန်ယင်ယင်နှင့်ဖြစ်နေလေသည်။ မယ်ပျင်းက ဆရာမောင်ကြီးကိုလက်ညှိုးထိုးပြီး

“ဟဲ့ဆရာစုတ်၊ နင့်ကိုငါအခွင့်အရေးတစ်ခုပေးလိုက်မယ်၊ နင်သာ လူတွေရှေ့မှာ ငါ့ခြေဖမိုးကိုထိပြီး ရှိခိုးမယ်ဆိုရင် နင့်ကိုငါမသတ်ဘူး၊ မဟုတ်ရင်တော့ နင်ခွေးတစ်ကောင်လို သေရလိမ့်မယ်”

ဆရာမောင်ကြီးကလည်း ဆေးဆရာဆိုသည့်မာန်ရှိသဖြင့်

“ဟဲ့စုန်းမ၊ မင်းကိုငါက ကန်တော့စရာလား၊ ငါ့မှာထိုးဆေးတွေမရှိတော့ပေမယ့်၊ တခြားဆေးတွေရှိသေးတယ်”

ဆရာမောင်ကြီးမှာ ဆေးလုံးအနက်များ၊ ဆေးတောင့်အနီများထုတ်ကာ ထပ်မံပစ်ခတ်ပြန်သည်။ မယ်ပျင်းကိုယ်ခန္ဓာတစ်ခွင်သို့ ထိုဆေးတောင့်များက ထိမှန်သော်လည်း မည်သို့မျှပင်မဖြစ်ဘဲ ဆန်စေ့နှင့်ပေါက်နေသကဲ့သို့ဖြစ်နေလေသည်။

“နင့်လမ်းကို နင်ရွေးချယ်လိုက်တာပဲ ဆရာစုတ်၊ ကိုင်း လေးဖက်ထောက်စမ်း”

ဆရာမောင်ကြီးမှာ ထိုင်နေရာမှ တစ်ကိုယ်လုံး ကတုန်ကယင်ဖြစ်လာပြီးသည့်နောက် အရှေ့သို့လက်နှစ်ဖက်ထောက်ကာကုန်းချလိုက်လေသည်။ ကြည့်နေကြသည့် ရွာသူရွာသားများအားလုံးမှာလည်း ထိတ်လန့်သွားကြသည်။ မယ်ပျင်းက ရွာသားများကိုတစ်ချက်ကြည့်ပြီး

“ကဲ တွေ့ပြီမဟုတ်လား၊ နင်တို့ခေါ်လာတဲ့ဆရာစုတ်၊ ဘာဖြစ်သွားတယ်ဆိုတာကို မြင်တယ်မဟုတ်လား၊ ဟဲ့ခွေးကြီး နင်ခွေးလိုအူစမ်း”

မယ်ပျင်းပြောလိုက်သည့်အခါ ဆရာမောင်ကြီးမှာ ဦးခေါင်းအားမိုးပေါ်ထောင်လိုက်ပြီး ခွေးတစ်ကောင်အူသကဲ့သို့ ဆွဲဆွဲငင်ငင်နှင့်အူလေသည်။ ရွာသားများမှာ အလွန်ထိတ်လန့်ကာ တုန်ယင်နေကြသည်။

“မယ်ပျင်းကို ဘာမှတ်နေသလဲ၊ ဟဲ့ ခွေးကြီး၊ နင်ပြောသလိုမျိုး ရွာတစ်ပတ်ကို ခွေးလိုပတ်ပြေးပြီးတော့ သေစမ်းဟဲ့”

မယ်ပျင်းပြောဆိုပြီးသည့်အခါ ဆရာမောင်ကြီးမှာ လေးဖက်ထောက်လျှက် လှေကားအတိုင်းပြေးဆင်းသွားလေတော့သည်။ ရွာသူရွာသားများမှာ တုတ်တုတ်မျှမလှုပ်ရဲဘဲ မယ်ပျင်းအားငေးကြည့်နေကြသည်။ မယ်ပျင်းက သူကြီးကိုကြည့်လိုက်ပြီး

“သူကြီး၊ ရှင်က ကျုပ်ကိုသတ်ဖို့ ဆရာတောင်ပင့်တယ်ပေါ့ ဟုတ်သလား၊ ရှင်တို့ခေါ်လာတဲ့ဆရာစုတ် ခွေးသေသေရသလို၊ ရှင့်သားလေးလည်း ဝက်သေ သေရစေမယ်”

မယ်ပျင်းက ဒေါနှင့်မောနှင့်ပြောလိုက်ကာ အိမ်ပေါ်မှဆင်းသွားလေသည်။ မယ်ပျင်းအိမ်အောက်သို့ရောက်သည်နှင့် သူကြီးဦးဖိုးမောင်၏ သားကလေးမှာ ဝက်အော်သကဲ့သို့ တစီစီနှင့်အော်ဟစ်နေတော့သည်။ ကလေးအမေဖြစ်သည့် မကြာဥမှာ ကလေးအားပွေ့ထားရင်း အရူးမီးဝိုင်းသကဲ့သို့ဖြစ်နေလေသည်။

“လုပ်ပါအုံး၊ ကယ်ကြပါအုံးရှင်၊ သားကလေးကို ကယ်ပေးကြပါအုံး”

ရွာသားများမှာ မည်သူမှမတတ်နိုင်ကြသဖြင့် မကြာဥအဖြစ်ကို သနားကာငေးကြည့်နေရုံသာ တတ်နိုင်လေသည်။ မကြာဥနှင့် သူကြီးမှာ ကလေးအားဝိုင်းဝန်းပွတ်သပ်ချော့မြူနေစဉ်မှာပင် ကလေးမှာ ဇက်ကျိုးကျသွားကာ သေဆုံးသွားလေတော့သည်။

“သား . . . သားလေး”

မကြာဥမှာ ကလေးသေကိုရင်ခွင်ပိုက်ကာ ပက်လက်လန်လဲကျသွားလေတော့သည်။ သူကြီးဦးဖိုးမောင်မှာ ကလေးအသေကိုကြည့်ပြီး ဒေါသတဖွားဖွားထွက်လာကာ ဝုန်းခနဲမတ်တပ်ထရပ်လိုက်သည်။

“ဒီစုန်းမကိုမှ ဒီရွာက မနှင်ထုတ်နိုင်ရင် ငါဒီရွာရဲ့သူကြီးမလုပ်တော့ဘူးဟေ့”

သူကြီးက လက်သီးလက်မောင်းတန်းလိုက်ပြီးနောက် နံရံမှဓါးကိုပြေးဆွဲကာ အော်ဟစ်လိုက်လေသည်။

“ဟေ့ကောင်တွေလာ၊ ဒီစုန်းမအိမ်ကိုသွားမယ်၊ သူတို့မိသားစုကို တို့ရွာကနေ နှင်ထုတ်ကြမယ်”

လူကြီးလူယုံများမှာလည်း မခံချင်စိတ်ဖြင့် ထလိုက်လာကြသကဲ့သို့ မယ်ပျင်းတို့အား မလိုလားသည့် ရွာသူရွာသားများမှာလည်း သူကြီးအနောက်သို့လိုက်လာကြသည်။ ရွာသူရွာသားများ၏လက်တွင်လည်း မီးတုတ်များ မီးကွင်းများကို ကိုင်ဆောင်လာကြသည်။

မယ်ပျင်းအိမ်ရှေ့သို့ရောက်သည့်အခါ အိမ်ကလေးမှာ တိတ်ဆိတ်နေလေသည်။ သူကြီးဦးဖိုးမောင်မှာ အိမ်ရှေ့တွင်မတ်တပ်ရပ်လိုက်ပြီး မီးတုတ်တစ်ခုကိုလှမ်းယူကာ အိမ်အတွင်းသို့ပစ်သွင်းလိုက်လေသည်။ ထိုအခါ ရွာသားများမှာလည်း မီးတုတ်များ မီးကွင်းများကို အိမ်ပေါ်သို့ဝိုင်းပစ်တင်ကြရာ မကြာခင်မှာပင် အိမ်ကြီးတစ်အိမ်လုံးကို မီးများစွဲလောင်လေသည်။

မီးမှာအရှိန်ပြင်းပြင်းနှင့်တောက်လောင်သဖြင့် ခြံအတွင်းရှိနေသည့် သရက်ပင်၊ ဥသျှစ်ပင်များသို့ပါ မီးများကူးစက်စွဲလောင်လေရာ ထိုသစ်ပင်များပေါ်မှ မည်းမည်းအကောင်ကြီးများကလည်း မီးများလောင်လျှက်ပြေးဆင်းလာကြရင်း ဖက်လိပ်ရွာအပြင်ဘက်သို့ ပြေးလွှားသွားကြသည်ကို တွေ့ရသည်။ သူကြီးဦးဖိုးမောင်က မီးများတောက်လောင်နေသည့် မယ်ပျင်းအိမ်အားကြည့်ကာ

“မယ်ပျင်း၊ မင်းကိုငါ တစ်ချိန်ကချစ်ခဲ့ဖူးတဲ့ သံယောဇဉ်ကြောင့် မင်းလုပ်သမျှကို ငါခွင့်လွှတ်ခဲ့ပေမယ့် ဒီတစ်ခါတော့ ငါခွင့်မလွှတ်နိုင်တော့ဘူး၊ မင်းက ဒီအချိန်ကစပြီး ငါ့ရင်ထဲမှာသေဆုံးသွားပြီ၊ မင်းကငါ့ရဲ့ရန်သူ၊ မင်းက ငါ့ရဲ့ရန်သူပဲ”

ထိုသို့စိတ်ထဲမှရေရွတ်လိုက်လေတော့သည်။

(၃)

ရွာတစ်ပတ်လုံးကို လေးဖက်ထောက်ပြေးခဲ့ရသည့် ဆရာမောင်ကြီးမှာ ရွာတစ်ပတ်ပြည့်ချိန်တွင် အဝတ်အစားပင်မပါဘဲ ကိုယ်လုံးတီးဖြင့် ရွာထိပ်ညောင်ပင်ကြီးအောက်တွင် လဲကျသွားလေသည်။ ချက်ချင်းမသေသေးဘဲ အမောဖောက်ကာ လျှာတန်းလန်းကြီးထွက်လျှက် အသက်ငင်နေသည်။ မယ်ပျင်းက ဆရာမောင်ကြီး၏ ကိုယ်လုံးအား ခြေထောက်ဖြင့်အချက်ပေါင်းများစွာ ကန်ကြောက်နေလေသည်။

“သေစမ်း၊ ခွေးကြီး၊ ငါ့ကိုများ ခွေးသေသလိုသေအောင်သတ်မယ်တဲ့လား”

ထိုအချိန် သာစံက ရွာအတွင်းမှပြေးထွက်လာပြီး မယ်ပျင်းလက်ကိုလှမ်းဆွဲလိုက်သည်။

“တော်ပါတော့ အမေရာ တော်ပါတော့”

“ဟဲ့ ငါကဘာကြောင့် တော်ရမှာတုန်း”

“တော်ရုံတန်ရုံ ပွန်းပဲ့ကျိုးပဲ့အောင် ဆုံးမလိုက်ရင်ပြီးပြီပေါ့အမေရာ ဘာဖြစ်လို့အသေသတ်ရမှာလဲ”

မယ်ပျင်းမှာ ဒေါသထွက်သွားပြီး

“ဟဲ့ကောင်လေး နင့်ပထွေးက ငါ့ကိုဘယ်လိုလုပ်တယ်ဆိုတာ နင်သိရဲ့လား”

“သူဘယ်လိုလုပ်လုပ်ပေါ့အမေရာ၊ အခုပွဲမှာ အမေသူ့ကိုနိုင်နေပြီပဲ၊ ဒီလောက်အထိလုပ်စရာမလိုပါဘူး သူ့ကြည့်ရတာ အသက်ကြီးနေပြီ၊ သနားဖို့ကောင်းပါတယ်”

“ဟဲ့သာစံ၊ လာပြန်ပြီလား သနားတယ်ဆိုတဲ့စကား၊ ငါဘာပြောထားသလဲ၊ သန်မာတဲ့လူဆိုတာ သနားစရာမလိုဘူးဟဲ့၊ ရန်သူကို ရန်သူလိုဆက်ဆံရတယ်၊ နင့်ပထွေးသာ ငါ့ကိုနိုင်သွားတယ်ဆိုရင် သူငါ့ကိုသနားမယ်လို့ထင်နေသလား၊ သူမျက်နှာပန်းလှဖို့အတွက် လူတွေရှေ့မှာ ငါ့ကိုအမျိုးမျိုးနှိပ်စက်အုံးမှာဟဲ့”

“ဒါတော့ဒါပေါ့အမေရာ၊ ဒါပေမယ့် အမေသူ့ကိုအခုနိုင်နေပြီပဲ၊ သူ့ကိုသတ်စရာမလိုပါဘူး”

မယ်ပျင်းက ခေါင်းခါလိုက်ကာ ရွာအတွင်းသို့လှမ်းဝင်သွားလေသည်။ သာစံကလေးမှာ အမောဆို့ပြီးပါးစပ်မှ အမြှုပ်များထွက်နေသည့် ဆရာမောင်ကြီးအား ပြေးထူလိုက်ကာ အမြှုပ်များကို အင်္ကျီအဝတ်စနှင့်သုတ်ပေးလိုက်သည်။ ဆရာမောင်ကြီးက သာစံကလေးအား မျက်လုံးရွဲကြီးများဖြင့်ကြည့်နေပြီးနောက် ခဏအကြာတွင်ငြိမ်သက်သွားလေသည်။ ဆရာမောင်ကြီးကို မယ်ပျင်းက မသတ်လိုက်သော်လည်း အသက်အရွယ်ကြီးပြင်းနေပြီမို့ လေးဖက်ထောက်ကာ ရွာပတ်ပြေးထားရသည့် အမောဒဏ်ကိုမခံနိုင်ဘဲ သေဆုံးသွားရခြင်းဖြစ်သည်။ သာစံက သက်ပြင်းတစ်ချက်ကိုချလိုက်ပြီး ဆရာမောင်ကြီး၏ ပွင့်နေသည့်မျက်လုံးများကို လက်ဖြင့်ဆွဲအုပ်ကာ မျက်ခွံများကိုပိတ်ပေးလိုက်လေသည်။

“နောက်ဘဝဆိုတာများရှိခဲ့ရင် ဆရာကြီး ကျုပ်အမေလက်ထဲမှာ မသေပါစေနဲ့ဗျာ”

ခပ်လှမ်းလှမ်းရောက်နေသည့် မယ်ပျင်းမှာ သာစံအားလှည့်ကြည့်လိုက်ပြီး

“ဟဲ့ကောင်လေး၊ အဲဒီမှာဘာလုပ်နေတာလဲ၊ နင့်ပထွေးနဲ့အတူတူ မြေကျင်းထဲလိုက်သွားမလို့လား”

သာစံမှာ ဦးမောင်ကြီးအလောင်းကိုချလိုက်ပြီး မယ်ပျင်းအနောက်သို့ပြေးလိုက်သွားသည်။ ထိုအချိန် ရွာထဲမှ မီးခိုးလုံးကြီးများ အူတက်လာသည်ကိုတွေ့လိုက်ရသည်။

“အမေ၊ ရွာထဲမှာ မီးလောင်နေပြီထင်တယ်အမေရ”

ထိုအချိန် မမယ်ဖြူမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ရွာပြင်သို့ပြေးထွက်လာလေသည်။

“မသွားနဲ့သမီး၊ ငါ့မြေးလည်း ရွာထဲကိုမသွားနဲ့တော့”

“ဘာဖြစ်လို့လဲ ဘွားဘွားကြီး”

“သူကြီးဖိုးမောင်နဲ့ရွာသားတွေက ငါတို့အိမ်ကို မီးရှို့လိုက်ကြပြီကွဲ့”

မယ်ပျင်းက တောက်တစ်ချက်ခေါက်လိုက်ကာ

“ဒီတစ်ရွာလုံးတော့ ငါသတ်လို့သေတော့မယ်”

မယ်ပျင်းက ဒေါသတကြီးဖြင့်ရွာထဲသို့သွားရန်ပြင်ဆင်လိုက်သည့်အချိန် သာစံက မယ်ပျင်းကိုအနောက်မှပြေးဆွဲလိုက်သောကြောင့် မယ်ပျင်းမှာချော်လဲမလိုဖြစ်သွားသည်။

“ဟဲ့ကောင်လေး ဘာလုပ်တာလဲ ငါ့ကိုလွှတ်စမ်း၊ ဒင်းတို့အကုန်သေအောင် ငါသတ်ပစ်မယ်”

“မလုပ်ပါနဲ့အမေ၊ အမေဒီလိုမလုပ်ပါနဲ့၊ အမေကျုပ်မျက်နှာကိုကြည့်ပါအုံးဗျာ”

“ဟဲ့ ဒင်းတို့ကိုငါသတ်မှာ ဘာ့ကြောင့်နင့်မျက်နှာကိုကြည့်ရမှာလဲ”

“အခုလိုဖြစ်တာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူးအမေ၊ အားလုံးက အမေ့ကြောင့်၊ အမေက ရွာကိုမချစ် ဒီရွာမှာနေပြီး ဒီရွာကလူတွေကို အမျိုးမျိုးဒုက္ခပေးခဲ့တယ်မဟုတ်လား”

“ဟဲ့၊ ငါလုပ်လိုက်ရ နင်နာတော့မယ်သာစံ၊ ဒီရွာကလူတွေကရော ငါတို့အပေါ်ကောင်းလို့လားဟဲ့”

“တော်ပါတော့အမေရာ၊ အဲဒါတွေမပြောပါနဲ့တော့၊ မကောင်းရင် သားတို့ကင်းအောင်နေကြမယ်၊ ဟောဟိုရွာအပြင် ကွင်းအလယ်ခေါင်မှာ တဲထိုးပြီးနေမယ်အမေရာ၊ အမေထပ်ပြီးတော့ လူတွေကိုသတ်တာဖြတ်တာတွေ မလုပ်ပါနဲ့တော့”

“နင်တော်တော်ပျော့ညံ့တဲ့ကောင်ပဲ သာစံ”

မမယ်ဖြူကလည်း မယ်ပျင်းလက်အားဆွဲလိုက်ကာ

“ဟုတ်တယ်သမီး၊ ဒါတော့ သာစံလေးပြောတာမှန်တယ်၊ သမီးဒီတစ်ခါ ရွာသားတွေကိုထပ်ပြီးသတ်လို့မဖြစ်ဘူး၊ သမီးစိတ်ထင်တိုင်းလုပ်မယ်ဆိုရင် ဟိုတစ်ခါ နိဗ္ဗာန်ရွာအဖြစ်တုန်းကလို ထပ်ကြုံတွေ့ရလိမ့်မယ်၊ မယ်တော်က ဒီတစ်ခါ သမီးကိုလာသတ်ရင် အမေတို့လည်း ကယ်နိုင်မှာမဟုတ်ဘူး”

မမယ်ဖြူပြောသည့်စကားကိုနားထောင်လိုက်ပြီး မယ်ပျင်းမှာစိတ်လျှော့လိုက်လေသည်။

“ဟုတ်တယ်၊ ငါမယ်တော်ကိုနိုင်ဖို့မသေချာသေးသရွေ့ သူနဲ့ထပ်ပြီးရင်ဆိုင်လို့မဖြစ်ဘူး”

မယ်ပျင်းမှာစိတ်ကိုလျှော့ချလိုက်ပြီး

“ကောင်းပြီလေ၊ အမေနဲ့ သာစံရဲ့မျက်နှာကြောင့် ကျုပ်ဒီတစ်ခါ စိတ်လျော့လိုက်တော့မယ်၊ ကဲ သားရေ ငိုမနေနဲ့တော့၊ သားပြောသလို အမေတို့ဒီရွာကလူတွေနဲ့ ကင်းအောင်နေကြမယ်၊ ဟောဟိုကွင်းအလယ်ခေါင်တည့်တည့်မှာ အမေတို့သွားနေကြမယ်ဟုတ်ပြီလား”

မယ်ပျင်းတို့သားအမိသုံးယောက်မှာ ရွာအရှေ့ဘက်သို့ထွက်လာခဲ့သည်။ ထိုစဉ် တစ္တေကြီးများမှာ မီးများစွဲလောင်လျှက် ရွာထိပ်ရေချိုတွင်းအနီးသို့ရောက်လာလေသည်။ မယ်ပျင်းက တစ္ဆေကြီးများကိုကြည့်ရင်း

“ကျုပ်အဖေကို မီးနဲ့တိုက်တဲ့ဟာတွေ၊ ဒင်းတို့ကိုလည်း ရေနဲ့ပတ်သက်ပြီးတော့ ဒုက္ခရောက်အောင်လုပ်ရမယ်၊ ကဲအဖေတို့ ဟောဒီရေတွင်းမှာနေပြီးတော့ ဒီရွာကလူတွေရေလာခပ်ရင် အမျိုးမျိုးခြောက်လှန့်လွှတ်ပေတော့”

တစ္ဆေကြီးများမှာ ရေတွင်းထဲသို့ခုန်ဆင်းကြသကဲ့သို့ အချို့မှာလည်း ရေတွင်းအပေါ်တွင်တင်ထားသည့် ပြဿဒ်ပေါ်တွင် ဖက်တွယ်ကာနေထိုင်နေကြလေတော့သည်။

ပေတိုးတစ်ယောက်ကုပ်ချောင်းချောင်းနှင့် သူကြီးအိမ်ပေါ်သို့တက်လာခဲ့သည်။ သူကြီးလူယုံတစ်ယောက်က ပေတိုးအားအိမ်ပေါ်သို့ခေါ်သွားသည်။ သူကြီးမှာ အိမ်ရှေ့ခန်းတွင် ထိုင်ခုံကြီးဖြင့်ထိုင်လျှက် ယမကာများကို သောက်သုံးကာ မူးယစ်နေသည်။

“သူကြီး၊ ပေတိုးရောက်ပါပြီ”

သူကြီးဖိုးမောင်က ပေတိုးကိုကြည့်လိုက်ပြီး လက်ယပ်ခေါ်လိုက်လေရာ ပေတိုးက သူကြီးအနီးတွင်ဝင်ထိုင်သည်။

“ပေတိုး၊ မင်းအခုတလော သာစံနဲ့ပေါင်းသင်းနေတယ်ဆိုကွ”

“ဟုတ်ပါတယ်သူကြီး သာစံက ကျုပ်ရဲ့သူငယ်ချင်းပါ”

သူကြီးဖိုးမောင်က ကောက်ကျစ်စဉ်းလဲသည့်အပြုံးနှင့်ပြုံးလိုက်ကာ

“မင်းကိုငါအကူအညီတစ်ခုတောင်းချင်တယ်ကွာ၊ အကူအညီဆိုတာထက် အပေးအယူလို့ပြောရင်လည်းရတယ်”

“ဟုတ်ကဲ့ပြောပါသူကြီး”

“မင်းမိဘတွေသေသွားတော့ မင်းမိဘတွေပိုင်တဲ့နွားခြံကို ကြီးဒေါ်မှုန်က မောင်ပိုင်စီးလိုက်တာ မင်းသိတယ်မဟုတ်လား”

“သိပါတယ်သူကြီး၊ ဒါပေမယ့် ကျုပ်က အဲဒီတုန်းက ကလေးဆိုတော့ သူတို့က မိဘမဲ့သွားတဲ့ကျုပ်ကို အုပ်ထိန်းမယ်ဆိုပြီးတော့ အကုန်အပိုင်စီးပြီး ကျုပ်ကိုကျွန်တစ်ယောက်လို ကျွေးမွေးထားတာပါ”

“အေးပါ၊ ဒါတွေငါနားလည်ပါတယ်၊ အခုငါခိုင်းတာကို မင်းလုပ်မယ်ဆိုရင် မင်းမိဘတွေထားခဲ့တဲ့ အမွေပစ္စည်းတွေထဲက တစ်ဝက်တိတိကိုမင်းပိုင်ရအောင်လုပ်ပေးမယ်ကွာ၊ အဲဒီနွားခြံတစ်ဝက်ကို မင်းပိုင်မယ်၊ မင်းမိဘတွေနေခဲ့တဲ့အိမ်ကိုမင်းရမယ်၊ မင်းအခုလိုနွားကျောင်းသား ဘဝကနေ နွားခြံပိုင်ရှင်သူဌေးသားလေးတစ်ယောက်ဖြစ်သွားမယ်ကွာ ငါပြောတာမင်းနားလည်တယ်မဟုတ်လား”

ပေတိုးမှာ နားလည်တတ်သည့်အရွယ်ရောက်နေပြီမို့ ခေါင်းညိတ်လိုက်ကာ

“ကျုပ်က ဘာလုပ်ပေးရမှာလဲသူကြီး”

“တခြားတော့မဟုတ်ပါဘူးကွာ၊ မင်းက သာစံကိုသတ်ပေးရမယ်ကွ”

“ဗျာ . . . သာစံကို ကျုပ်က ဘယ်လိုသတ်ရမှာလဲ၊ သာစံက ကျုပ်ရဲ့သူငယ်ချင်းလေသူကြီးရဲ့”

“အဲဒါကြောင့်ပြောတာပေါ့ကွာ၊ သူစိမ်းဆိုရင် သာစံကိုအယုံသွင်းပြီး သတ်ဖို့မလွယ်ဘူးကွ၊ အခုမင်းက သာစံရဲ့သူငယ်ချင်းဆိုတော့ သူအနားကပ်ရတာလွယ်တယ်၊ သူ့ကိုအယုံသွင်းရတာ လွယ်တယ်မဟုတ်လားကွ”

“လူသတ်ချင်တာများသူကြီးရယ်၊ သူကြီးမှာလည်း သေနတ်တွေရှိတာပဲ သူ့ကိုပစ်သတ်လိုက်ပေါ့ဗျ”

“ခွေးကောင်ပေတိုးရာ မင်းကလည်း ငါသူ့ကိုသတ်ချင်ပေမယ့် ငါသတ်တယ်ဆိုတာလည်း လူတွေမသိစေချင်လို့ မင်းကိုပြောတာပေါ့ကွ၊ ဘယ်လိုလဲ မင်းလုပ်မှာလား မလုပ်ဘူးလား၊ အခွင့်အရေးက နှစ်ခါမရဘူးနော်”

ပေတိုးမှာတွေဝေနေလေသည်။

“မင်းစဉ်းစားကြည့်စမ်းပေတိုး၊ သာစံသေရုံနဲ့ မင်းက နွားတွေရဲ့ပိုင်ရှင်လည်းဖြစ်မယ်၊ အဝတ်ကောင်းတွေဝတ်ရမယ်၊ အစားကောင်းတွေလည်းစားရမယ်၊ မင်းရဲ့ဘဝဟာ လုံးဝကိုပြောင်းလဲသွားတော့မှာကွ၊ မင်းစိတ်ကူးတော့ မမှားနဲ့ဟေ့”

နောက်ဆုံးတော့ ပေတိုးမှာခေါင်းညိတ်လိုက်ပြီး

“လုပ်မယ်ဗျာ၊ လုပ်မယ်”

“ဟား၊ ဟား ဒါမှပေါ့ကွ၊ ဒါဆိုရင် မင်းနဲ့ငါနဲ့ကတိလုပ်ကြမယ်ဟေ့၊ မင်းသာ သာစံကလေးကိုသေအောင်သတ်ပေး၊ ငါကမင်းကို သူဌေးဖြစ်အောင်လုပ်ပေးမယ် ဟုတ်ပြီလား”

ပေတိုးမှာ ခေါင်းညိတ်ပြီးနောက် အိမ်ပေါ်မှဆင်းသွားလေသည်။ သူကြီးလူယုံတစ်ယောက်က သူကြီးအနားသို့ကပ်လာပြီး

“တကယ်လို့ ပေတိုးက သာစံကိုသတ်လိုက်ပါပြီတဲ့၊ သူကြီးက သူ့ကိုတကယ်ပဲ စည်းစိမ်တွေကို ဒေါ်မှုန်ဆီက ယူပေးမှာလား”

သူကြီးဖိုးမောင်မှာ ခေါင်းခါလိုက်ကာ

“ပေးစရာလားကွ၊ သာစံကိုပေတိုးသတ်တယ်ဆိုတာသိရင် မယ်ပျင်းက ပေတိုးကို အလွတ်ပေးပါ့မလားကွ၊ တကယ်လို့ ပေတိုးက မယ်ပျင်းလက်နဲ့မသေရင်တောင်မှ ငါတို့က ပေတိုးကို နှုတ်ပိတ်ပေးရမှာပေါ့ကွ ဟား ဟား”

သူကြီးဦးဖိုးမောင်မှာ ရယ်မောလိုက်ကာ အရက်ခွက်ကိုမော့သောက်ချလိုက်လေတော့သည်။