စုန်းမကြီးဒေါ်ပျင်းနှင့် နွားကျောင်းသားပေတိုး
စာစဉ် (၈၂)
(၁)
မနက်ခင်းရောက်သည်နှင့် ပေတိုးမှာ နွားအုပ်ကိုမောင်းကာ ရွာထဲမှထွက်ခဲ့သည်။ နွားအုပ်ကြီးလှမ်းလာသည်ကိုမြင်သည်နှင့် သူကြီးဦးဖိုးမောင်က ပြတင်းပေါက်မှထွက်လိုက်ကာ ပေတိုးကိုလှမ်းကြည့်လိုက်လေသည်။ ပေတိုးကလည်း အမှတ်မထင် သူကြီးအိမ်ကိုကြည့်လိုက်ရာ သူကြီးနှင့်ပေတိုးမှာ မျက်လုံးချင်းဆုံသွားသည်။ သူကြီးမှာ ပေတိုးအားတစ်ချက်ကြည့်ပြီး အဓိပ္ပါယ်ပါသည့်အပြုံးတစ်ခုနှင့််ပြုံးပြလိုက်လေရာ ပေတိုးက ခေါင်းကိုအသာညိတ်လိုက်လေသည်။ ပေတိုးမှာ နွားအုပ်ကြီးကို မောင်းနှင်လာရင်း သာစံအားသတ်ဖြတ်နိုင်မည့်နည်းလမ်းကိုတွေးနေမိသည်။
နွားအုပ်ကိုလွှတ်ကျောင်းလိုက်ကာ သစ်ပင်တစ်ပင်အောက်တွင်ထိုင်လျှက် ပေတိုးမှာ ငေးငိုင်နေလေသည်။ အမှန်စင်စစ်အားဖြင့် ပေတိုးမှာ သာစံကိုမသတ်ချင်ပေ၊ အပေါင်းအသင်းမရှိသည့်ပေတိုးအတွက် တစ်ဦးတည်းသော သူငယ်ချင်းမှာ သာစံဖြစ်နေသောကြောင့်ဖြစ်သည်။ သို့သော်လည်း သာစံကိုသတ်ဖြတ်နိုင်ခဲ့လျှက် နေ့ချင်းညချင်းချမ်းချမ်းသာသာနေရမည့်အရေးကလည်း လက်လွှတ်ခံ၍မဖြစ်ပေ၊ ရွာမှလူများက ပေတိုးအားတွေ့တိုင်း မိဘနှစ်ပါးမတရားလုပ်ကြံခံခဲ့ရသည့်အကြောင်းနှင့် ကြီးဒေါ်ဖြစ်သူက ပေတိုးအားငယ်ရွယ်သေးသည်ဟုဆိုကာ ပစ္စည်းဥစ္စာများကို အပိုင်သိမ်းယူသည့်အကြောင်းမှာ နားမဆန့်အောင်ကြားခဲ့ရသည်။ ထိုစဉ်က ပေတိုးမှာ ခြောက်နှစ်သားအရွယ်ခန့်သာရှိသော်လည်း ယခုတော့ ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်သည့်အရွယ်ရောက်ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူကြီးပေးသည့် မက်လုံးမှာလည်း ပေတိုးအတွက် မက်လောက်စရာတစ်ခုဖြစ်နေပြန်သည်။
“ဘာတွေများစဉ်းစားနေတာတုန်း ကိုပေတိုးရဲ့”
သာစံရောက်လာသည့်အခါ ပေတိုးမှာလန့်ဖျပ်သွားသည်။
“ဘာ . . . ဘာမှမဟုတ်ပါဘူး သာစံရာ၊ ငါက ဘာအကြောင်းစဉ်းစားစရာရှိမလဲကွ နွားအကြောင်းပဲရှိတာပေါ့”
နွားအကြောင်းဟုပြောလိုက်သည့်အခါမှ ပေတိုးမှာ သာစံအားသတ်ဖြတ်နိုင်မည့်နည်းလမ်းကို စဉ်းစားမိသွားသည်။ နွားအုပ်ထဲရှိ နွားသိုးကြီးတစ်ကောင်မှာ အနီရောင်ကိုမြင်လျှင် စိတ်ရိုင်းဝင်ကာ လိုက်လံဝှေ့တတ်သည်။ ထို့ကြောင့် သာစံကိုအနီရောင်အဝတ်ကိုင်ခိုင်းပြီး နွားကြီးနှင့်အဝှေ့ခိုင်းမည်ဟု ကြံရွယ်စဉ်းစားမိလိုက်လေသည်။
“ဒါနဲ့သာစံ ဒီနေ့တော့ မင်းနဲ့ငါနဲ့ ရဲမက်တွေလုပ်တိုင်း စစ်တိုက်တမ်းဆော့မယ်ကွာ”
“ဆော့လေ ကိုပေတိုးရဲ့”
“မင်းက ဘုရင့်ရဲမက်လုပ်ကွာ၊ ငါကတော့ တောပုန်းဓါးပြကြီးလုပ်မယ်၊ ပြီးတော့ ငါတို့တွေထနောင်းကိုင်းခြောက်တွေကို ဓါးအမှတ်နဲ့တိုက်ခိုက်ကြတာပေါ့ကွ”
“ကောင်းတယ်ဗျာ”
ပေတိုးက ခါးထောက်လိုက်ပြီး
“ဘုရင့်ရဲမက်တွေက အနီရောင်ဝတ်ရုံကြီးတွေကို ခြုံလွှမ်းကြတယ်တဲ့ကွ၊ မင်းက ဘုရင့်ရဲမက်လုပ်မယ့်ကောင်ဆိုတော့ အနီရောင်ဝတ်ရုံတစ်ခုလိုတယ်၊ မင်းအိမ်မှာ အနီရောင်အဝတ်စဖြစ်ဖြစ် အနီရောင်နဲ့တူတာ တစ်ခုခုသွားယူခဲ့ကွာ”
သာစံက ခေါင်းညိတ်လိုက်ပြီး
“ဟုတ်ပြီ ဘွားဘွားကြီးဆီမှာ အနီရောင်ပုဝါစတစ်ခုရှိတယ်ဗျ”
ပေတိုးက မျက်လုံးများအရောင်လက်သွားပြီး
“အေးအေး၊ ကောင်းတယ်ကွ၊ ဒါဆို အဲဒီပုဝါအနီသွားယူပြီးတော့ မင်းရဲ့လည်ပင်းမှာစည်းပြီး ဝတ်ရုံလုပ်လာခဲ့ကွာ၊ ငါဟောဟိုကွင်းနားကစောင့်နေမယ်၊ မြန်မြန်တော့ပြန်လာနော်သာစံ”
“ဟုတ်ကဲ့ ကိုပေတိုး”
သာစံမှာ အဖြူထည်ကလေးမို့ ပေတိုးကောက်ကျစ်ယုတ်မာသည်ကိုမသိဘဲ ရွာထဲသို့ပြေးဝင်သွားလေသည်။ ပေတိုးမှာ စိတ်ရိုင်းဝင်တတ်သည့် နွားသိုးကြီးကို ရွာပြင်ကွင်းစပ်ဆီသို့ ချော့ခေါ်လာခဲ့သည်။ အရိပ်ကောင်းလှသည့် ချုံတစ်ခုနောက်ကွယ်တွင် နွားသိုးကြီးနှင့်ပေတိုးက ပုန်းအောင်းနေလိုက်ပြီး သာစံထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
သာစံမှာ မကြာခင်အချိန်တွင် ပုဝါစကို အနီရောင်ပုဝါစတစ်ခုကို လည်ပင်းတွင်ချည်နှောင်ကာ ရွာအပြင်ရှိ အိမ်ကလေးထံမှပြေးထွက်လာလေသည်။ ပုဝါစမှာ အနီရောင်ထင်းနေပြီး သာစံကပြေးလွှားလာသည့်အတွက် လေတွင်တလူလူနှင့်လွင့်ပါလာသည်။ နွားသိုးကြီးမှာ ထိုပုဝါနီစကိုမြင်သည်နှင့် မျက်စိနောက်ပြီး ခွာများကိုယက်နေလေသည်။ ပေတိုးက နွားကြီးအနီးသို့တိုးကပ်လိုက်ပြီး
“ဖေ့သားကြီး၊ အဲဒီကောင်လေးကို မင်းစိတ်ကြိုက်ဝှေ့ပြီးသတ်လိုက်စမ်းဟေ့”
နွားကြီးမှာ နှာမှုတ်ပြီးနောက် တရှူးရှူးတရှဲရှဲလုပ်ကာ ချုံပုတ်အတွင်းမှပြေးထွက်လိုက်လေသည်။ နွားသိုးကြီးမှာ သာစံပြေးလာသည့်နံဘေးမှ တဟုန်ထိုးပြေးထွက်လာသည်မို့ သာစံမှာ နွားသိုးကြီးကိုဘွားခနဲမြင်တွေ့လိုက်ရသည့်အချိန်တွင် ရှောင်ချိန်မရလိုက်တော့ပေ၊ နွားသိုးကြီးက သာစံထံသို့ ပြေးဝင်သွားကာ သာစံအားချိုဖြင့်ခတ်လိုက်လေသည်။ ပေတိုးတစ်ယောက် သာစံနွားဝှေ့ခံရသည်ကို ကြည့်ပင်မကြည့်ရက်သဖြင့် မျက်နှာလွှဲထားလိုက်သည်။ ချွန်မြနေသည့် ချိုကြီးနှင့်ထိုးကော်မိလိုက်ပါက အရိုးများကျိုးကြေကာ အူကလီစာများပွင့်ထွက်သွားနိုင်ပေသည်။
နွားသိုးကြီးက တဟုန်ထိုးပြေးလာကာ သာစံအားထိုးဝှေ့လိုက်သည်။ သာစံမှာကြောက်ရွံ့သဖြင့် အနောက်သို့ခုန်ဆုတ်လိုက်ရာ လေပေါ်သို့လူတစ်ရပ်စာခန့်လွှင့်တက်သွားပြီး နွားသိုးကြီး၏ လည်ကုပ်ပေါ်သို့ ခွလျှက်သားပြန်ပြုတ်ကျလေသည်။ ထိုအဖြစ်ကိုပေတိုးကတွေ့မြင်လိုက်သည့်အခါ အလွန်အံ့သြနေမိသည်။ နွားသိုးကြီးမှာ မြေပေါ်တွင်ကဆုန်ပေါက်ကာ သာစံအားကျောကုန်းပေါ်မှခါချနေသော်လည်း သာစံက နွားသိုးကြီးကိုသေချာဖက်ကိုင်ထားသဖြင့် မပြုတ်ကျဘဲဖြစ်နေလေသည်။
“ဟုတ်ပြီ၊ ဒီကောင် နွားသိုးကြီးအပေါ်ရောက်နေတုန်း နွားသိုးကြီးနဲ့ခါချပြီးတော့ နင်းသတ်ခိုင်းရမယ်ကွ”
ပေတိုးမှာအကြံရသွားကာ လွယ်အိတ်အတွင်းမှ လေးခွနှင့်လောက်စာလုံးကိုနှိုက်ယူလိုက်ပြီး နွားသိုးကြီး၏ တင်ပါးတည့်တည့်ကိုပစ်ခတ်လိုက်လေရာ နွားသိုးကြီးမှာ နာကျင်သွားပြီး မြေပြင်ပေါ်တွင်ခုန်ပေါက်ကာ ကွင်းထဲသို့ပြေးလေတော့သည်။ နွားကြီးအပေါ်တွင် လိုက်ပါသွားသည့် သာစံမှာလည်း ကြောက်အားလန့်အားနှင့် အော်ဟစ်ကာလိုက်ပါသွားတော့သည်။
ပေတိုးမှာ အားရဝမ်းသာနှင့်ရယ်မောလိုက်ပြီး
“စိတ်တော့မကောင်းဘူးသာစံရေ၊ ဒါပေမယ့် မင်းသေတော့မှ ငါကကောင်းစားမှာဆိုတော့ မင်းသေသွားတာအကောင်းဆုံးဖြစ်မှာပါကွာ”
ပေတိုးမှာ နွားအုပ်ကြီးဘက်သို့ကြည့်ကာ လက်ခေါက်သုံးလေးချက်မှုတ်လိုက်လေသည်။ ထိုလက်ခေါက်မှုတ်သံမှာ နွားများကိုတဟုန်ထိုးပြေးခိုင်းသည့် အချက်ပေးသံဖြစ်သည်။ ပေတိုးက နွားအုပ်ကြီးကိုနှစ်ရှည်လများထိန်းကျောင်းခဲ့သူမို့ နွားများကလည်း ပေတိုးအချက်ပေးသံကို နားလည်ကာ ပေတိုးဆီသို့အုပ်လိုက်ကြီး ဒုန်းစိုင်းပြေးလာကြသည်။
နွားအုပ်ကြီးအနားသို့ရောက်သည့်အခါ ပေတိုးက နွားအုပ်အရှေ့ဆုံးမှ နွားပြာကြီးတစ်ကောင်၏ ကိုယ်ပေါ်သို့လွှားခနဲခုန်တက်လိုက်ပြီး နွားကြီးကိုယ်ပေါ်တွင် မတ်တပ်ရပ်ကာ စီးနင်းလိုက်ပါလာခဲ့သည်။ သာမန်နွားကျောင်းသားများအဖို့ နွားကျောကုန်းပေါ်တွင် မတ်တပ်ရပ်စီးရန်မလွယ်သော်လည်း ပေတိုးအတွက်တော့ ထမင်းစားရေသောက်သည့်အလား လွယ်ကူလှပေသည်။
ပေတိုးက ရှေ့ဆောင်နွားကြီးပေါ်တွင် မတ်တပ်ရပ်စီးနင်းရင်း နွားအုပ်ကြီးကို အချက်ပေးကာ သာစံအနောက်သို့ ပြေးလိုက်လာခဲ့သည်။ သာစံမှာ နွားသိုးကြီးအားကုပ်ဖက်စီးရင်း လက်အံသေလာကာ အားအင်တဖြည်းဖြည်းကုန်ခမ်းလာသည်။ တစ်ချက်တစ်ချက်ဆိုလျှင် နွားသိုးကြီးပေါ်မှပြုတ်ကျတော့မလိုဖြစ်နေသည်။ ထိုသို့ပြုတ်ကျလိုက်သည်နှင့် ပေတိုးမောင်းနှင်လာသည့် နွားအုပ်ကြီးက သာစံအား စိစိညက်ညက်ကြေသွားအောင် နင်းခြေမိမည်ဖြစ်သည်။ ထိုသို့သာဖြစ်ခဲ့ပါက သာစံတစ်ယောက် အသက်ရှင်ရန်မလွယ်ကူနိုင်တော့ပေ။
“ကျလိုက်စမ်းပါ သာစံရာ၊ မင်းပြုတ်ကျလိုက်စမ်းပါကွ”
နွားသိုးကြီးက ခုန်ပေါက်ပြေးသည့်အခါတိုင်း သာစံမှာနွားသိုးကျောကုန်းနှင့်ဆောင့်မိပြီး တဖြည်းဖြည်းနှင့်လျောကျလာလေသည်။ နောက်ဆုံးတွင်တော့ သာစံမှာနွားသိုးကြီးအားကုပ်ဖက်ထားရာမှ လျောကျကာ အရှိန်ဖြင့်မြေပေါ်တွင် သုံးလေးချက်ခန့်လိမ့်ဆင်းသွားသည်။
ထိုအခါ အနောက်မှလိုက်လာသည့် နွားအုပ်ကြီးမှာ သာစံထံသို့ပြေးဝင်လာသည်။ သာစံမှာ နွားသိုးပေါ်မှကျသည့်အရှိန်ကြောင့် ရုတ်တရက်မထနိုင်ဘဲ မှောက်ခုံကြီးဖြစ်နေသည်။
“ကိုပေတိုး . . . ကျုပ်ကိုကယ်ပါအုံး ကိုပေတိုး”
ပေတိုးမှာ မကြားချင်ယောင်ဆောင်ကာ နွားအုပ်ကြီးကို သာစံထံသို့မောင်းသွင်းလိုက်သည်။ နွားအုပ်ကြီးမှာ အရှိန်ပြင်းစွာပြေးလွှားသွားကြသော်လည်း သာစံအားတွေ့သည့်အခါ တက်မနင်းကြဘဲ နံဘေးသို့တစ်ဖက်တစ်ချက်ဖြန့်ကျက်ကာ ရှောင်လွားသွားကြသည်။ ပေတိုးမှာ ထိုအဖြစ်ကိုအံ့အားသင့်စွာဖြင့်ကြည့်နေရင်း ဒေါသများထွက်လာလေသည်။
“သာစံ မင်းတော်တော်အသက်ပြင်းပါလားကွ၊ ဘယ်လိုလုပ်မှ မင်းသေမှာလဲကွ”
ပေတိုးမှာ သူစီးနင်းထားသည့် နွားလားကြီး၏ ဦးခေါင်းအနောက်ဘက်ကို ခြေဖနောင့်နှင့်ပေါက်လိုက်ကာ
“ဟေ့ကောင်ကြီး၊ အဲဒီကောင်လေးကို တိုက်စမ်းဟေ့”
ပေတိုးစီးထားသည့်နွားကြီးမှာ မြေပြင်ပေါ်တွင်လဲကျနေသည့် သာစံထံသို့ပြေးလွှားလာခဲ့သည်။ ထိုနွားကြီးတွင်လည်း ဦးချိုချွန်ကြီးများရှိသဖြင့် သာစံမပြောနှင့် လူကြီးတစ်ယောက်အဝှေ့ခံလိုက်ရပင်လျှင် ပွဲချင်းပြီးသေဆုံးသွားနိုင်ပေသည်။ သို့သော် ပေတိုးထင်သည့်အတိုင်းမဖြစ်ပေ၊ နွားလားကြီးမှာ သာစံအားဦးချိုနှင့်ထိုးအံ့ဆဲဆဲအချိန်တွင် ခြေစုံရပ်ကာ ကိုယ်ရှိန်သတ်လိုက်လေသည်။ ထိုအခါ နွားလားကြီးကျောကုန်းပေါ်တွင်စီးနင်းနေသည့် ပေတိုးမှာ အရှိန်လွန်ကာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ကျွမ်းပစ်ကျသွားသည်။ သာစံက ကုန်းထကာ ပေတိုးအားပြေးဆွဲသည်။
ပေတိုးက သာစံပြေးဆွဲသည့်လက်ကိုပုတ်ထုတ်လိုက်သည့်အခါ သာစံမှာမျက်နှာငယ်ကလေးနှင့်ဖြစ်သွားသည်။
“ဘာဖြစ်လို့လဲကိုပေတိုး၊ ဘာဖြစ်လို့လဲ”
ပေတိုးက ထိုတော့မှ ဒေါသကိုထိန်းလိုက်ကာ သာစံလက်မောင်းကိုလှမ်းဆွဲလိုက်ပြီး ကုန်းထလိုက်သည်။ နွားပေါ်မှကျွမ်းပစ်ကျသည်မို့ ပေတိုးမှာ ခါးနာသွားလေသည်။
“နွားတွေက ဘယ်လိုဖြစ်မှန်းမသိပါဘူး သာစံရယ်၊ စိတ်ရိုင်းတွေဝင်ပြီးတော့ ထိန်းမရဘူးဟေ့၊ ကံကောင်းလို့ မင်းမသေတာကွ၊ ခုနက နွားသိုးကြီးအဝှေ့ခံရရင် မင်းတော့မလွယ်ဘူးကွ”
သာစံမှာ ထိုဖြစ်ရပ်ကို ပေတိုးလုပ်သည်မှန်းမသိသဖြင့် အမမဲ့အမှတ်မဲ့သာ နေလိုက်လေသည်။ ညနေနွားများပြန်သိမ်းလာသည့်အခါ သူကြီးဦးဖိုးမောင်မှာ ခြံပေါက်ဝတွင်ခါးထောက်ရပ်နေကာ ပေတိုးအား မျက်မှောင်ကြုတ်ရင်းလှမ်းကြည့်နေလေသည်။ ပေတိုးအနားရောက်သည့်အခါ လှမ်းဆွဲလိုက်ပြီး
“ဟေ့ကောင်ပေတိုး မင်းကိုငါခိုင်းထားတာ မင်းမေ့နေပြီလားကွ”
“မမေ့ပါဘူးဗျာ၊ ကျုပ်သာစံကို နွားတွေနဲ့တိုက်သတ်တာပဲ သူကြီးရ၊ ဒါပေမယ့် ဒီကောင်ကလက်မတင်ကလေး လွတ်လွတ်သွားတာဗျ”
“မင်းနွားတွေနဲ့မစွမ်းဘူးဆိုရင် ငါမင်းကိုကူညီပေးမယ်”
“ဘယ်လိုကူညီမှာလဲသူကြီး”
“မင်းက သူ့ကိုတစ်ဖက်လှည့်နဲ့ တောတန်းကလေးထဲကိုခေါ်လာခဲ့ကွာ၊ အဲဒီမှာငါ့လူတွေစောင့်နေမယ်၊ သာစံကို ငါတို့နည်းမျိုးစုံနဲ့သတ်ဖြတ်ကြမယ်”
“ကျုပ်က ဘယ်ကိုခေါ်လာရမှာလဲသူကြီးရ”
“လူတွေနဲ့ နည်းနည်းလှမ်းတဲ့နေရာပေါ့ကွ၊ ငါ့အထင်တော့ လင်ပျောက်ကုန်းကို ဘယ်သူမှမလာရဲကြဘူးဆိုတော့ အဲဒီလင်ပျောက်ကုန်းရဲ့နံဘေးက ကုန်းတန်းကလေးဆီကိုခေါ်လာခဲ့ကွာ”
“ဟုတ်ကဲ့ပါသူကြီး”
“မနက်ဖြန်နေမွန်းမတည့်ခင် သာစံကိုမင်းကခေါ်လာခဲ့၊ ကျန်တဲ့ကိစ္စကို ငါတို့ကြည့်ရှင်းမယ်”
“ကောင်းပါပြီသူကြီး၊ ကျုပ်ခေါ်လာခဲ့ပါ့မယ်”
(၂)
နောက်တစ်နေ့သို့ရောက်လာခဲ့ပြီဖြစ်သည်။ ထုံးစံအတိုင်းပေတိုးမှာ နွားအုပ်ကြီးကိုမောင်းနှင်ကာ ရွာပြင်သို့ထွက်လာခဲ့သည်။ သူကြီးအိမ်ရှေ့မှဖြတ်လျှောက်သည့်အခါ သူကြီးက ပေတိုးကိုမျက်ခုံးတစ်ချက်ပင့်ပြလိုက်လေတော့သည်။ ထိုနေ့မှ သာစံတစ်ယောက် ကွင်းထဲသို့ထွက်မလာခဲ့ပေ၊ ပေတိုးမှာ မနေနိုင်တော့ဘဲ သာစံတို့နေထိုင်သည့် ခြံဝိုင်းကလေးဆီသို့ထွက်လာခဲ့လိုက်သည်။
သာစံတို့နေသည့် ခြံဝိုင်းကလေးမှာ ဇရပ်ပျက်ကြီးတစ်ဆောင် အုတ်ဂူကြီးသုံးခုအနီးတွင်ရှိသည့် သရဲအလွန်ခြောက်သည့်နေရာအနီးတွင်တည်ရှိသည်။ ခြံကလေးကို ဖြောင့်စင်းရှည်လျားလှသည့် ဝါးရုံတန်းကလေးများက ဝန်းရံနေပြီး အဝေးမှလှမ်းကြည့်လျှင် အိမ်ကလေးကိုပင်မမြင်နိုင်ဘဲ တောတန်းကလေးတစ်ခုအလားထင်ရသည်။
ပေတိုးမှာ ခြံဝသို့ရောက်သည့်အခါ သာစံနှင့်ဒေါ်ပျင်းတို့မှာ ခြံထဲတွင်ထိုင်နေကြသည်ကိုတွေ့ရသည်။ ပေတိုးကိုတွေ့လိုက်ရသဖြင့် သာစံက လှမ်းအော်ခေါ်လိုက်လေသည်။
“ကိုပေတိုး လာဗျာ”
ပေတိုးမှာ ခြံထဲသို့ဝင်လိုက်ရင်း
“မင်းကိုမတွေ့လို့ အိမ်လိုက်လာတာကွ သာစံရ၊ ဒါနဲ့ မင်းဘာလုပ်နေတာလဲ”
သာစံမှာ ကွပ်ပျစ်ပေါ်တွင်တင်ထားသည့် သရက်သီးများကိုမေးငေါ့ပြလိုက်လေသည်။ မမယ်ဖြူက သရက်သီးများကို ဓါးဖြင့်ခွဲစိတ်နေကာ မယ်ပျင်းက နံဘေးတွင် ဆေးလိပ်ဖွာနေလေသည်။ မမယ်ဖြူက ပေတိုးကိုတစ်ချက်ကြည့်ပြီး
“ဟော နွားကျောင်းသားလေး ပေတိုးတောင်ရောက်လာပါရောလား၊ အတော်ပဲ အဒေါ်တို့နဲ့တစ်ခါတည်း သရက်သီးစားပါအုံး”
ပေတိုးက သာစံမျက်နှာကိုတစ်ချက်ကြည့်လိုက်သည့်အခါ သာစံက သရက်သီးတစ်စိတ်အားလှမ်းပေးလိုက်သည်။ ပေတိုးက သရက်သီးကိုလှမ်းယူလိုက်ပြီးစားသောက်လိုက်သည့်အခါ အလွန်ချိုမြိန်သည့်အရသာကိုခံစားလိုက်ရသည်။
“သရက်သီးတွေက စားလို့ကောင်းလိုက်တာ သာစံရာ”
“အဲဒီသရက်သီးတွေက ဟိုအပင်ကသီးတာပေါ့ ကိုပေတိုးရဲ့”
သာစံလက်ညှိုးညွှန်ပြလိုက်သည့်နေရာကို ပေတိုးကလှမ်းကြည့်လိုက်သည့်အခါ သရက်ပင်ကြီးတစ်ပင်မှာ သရက်သီးများ ပြွတ်ခဲအောင်သီးနေကြလေသည်။ ပေတိုးက ခေါင်းကုပ်ပြီး
“ဒီရာသီက သရက်သီးပေါ်ချိန်မှမဟုတ်တာ၊ ဒီသရက်သီးတွေက ဘယ်လိုများသီးတာပါလိမ့်”
စားသောက်ပြီးသည့်နောက် သာစံက သရက်စေ့တစ်စေ့ကိုယူလာခဲ့သည်။ မမယ်ဖြူက ကျင်းတစ်ကျင်းတူးလိုက်ပြီး ထိုသရက်စေ့အား ကျင်းထဲသို့ပစ်ထည့်ကာ မြေကြီးများနှင့်ဖုံးအုပ်လိုက်ကြလေသည်။
“အဲဒါဘာလုပ်တာလဲကွ သာစံရ”
“သရက်ပင်စိုက်မလို့လေ”
မမယ်ဖြူက သာစံအားကြည့်ရင်း
“ကဲ ငါ့မြေးရေ၊ ရေတစ်ခွက်ယူပြီးတော့ နင့်အမေကို မန်းမှုတ်ခိုင်းပါအုံး”
သာစံမှာ ရေဖလားတစ်လုံးနှင့် ရေခပ်လိုက်ပြီး မယ်ပျင်းကိုလှမ်းပေးလိုက်သည်။ မယ်ပျင်းက ထိုရေထဲသို့လက်နှစ်လိုက်ပြီး မန်းမှုှုတ်လိုက်ပြီးသည့်နောက် ရေဖလားကို သာစံကကိုင်ဆောင်လာကာ သရက်စေ့မြှုပ်ထားသည့် မြေကြီးပေါ်သို့လောင်းချလိုက်လေသည်။ ပေတိုးမှာ သာစံတို့မြေးအဘွားလုပ်ကိုင်နေသည်ကို အံ့အားသင့်ကာ ငေးကြည့်နေမိသည်။
သာစံရေဖလားနှင့်တစ်ခွက် လောင်းလိုက်ပြီးသည့်အခါတွင်တော့ မြေကြီးမှာ တဖြည်းဖြည်းပွလာကာ မကြာခင် အပင်ပေါက်ကလေးတစ်ခုက မြေအောက်မှတိုးထွက်လာလေသည်။ ထိုအပင်ပေါက်ကလေးမှာ မျက်စိရှေ့မှာတင်ပင် တစ်စတစ်စနှင့်ရှည်ထွက်လာကာ အရွက်များမှာလည်း ပွားထွက်လာပြီးသည့်နောက် တစ်ခဏအတွင်းမှာပင် လူကြီးတစ်ရပ်စာခန့်အရွယ်အစားဖြစ်သွားလေသည်။ ထိုမှစ၍ သရက်ပင်မှာ တဖြည်းဖြည်းကြီးမားလာပြီး အခက်အလက်များဝေဆာကာ သရက်သီးများလည်း သီးလာခဲ့လေသည်။ ပေတိုးက ထိုအဖြစ်ကိုကြည့်ပြီးသည့်နောက် တဝေါ့ဝေါ့နှင့်အန်လေသည်။
“ဘာဖြစ်တာလဲ ကိုပေတိုး”
“မင်းတို့သရက်သီးတွေက စုန်းပညာနဲ့သီးအောင်မှည့်အောင်လုပ်ထားကြတဲ့သရက်သီးတွေပဲကွ၊ မင်းတို့စားရဲပေမယ့် ငါကတော့ မစားရဲဘူးဟေ့”
ပေတိုးက အာခေါင်ကိုလက်ညှိုးနှင့်ထိုးကာ တဝေါ့ဝေါ့အန်နေသည့်အဖြစ်ကို မယ်ပျင်းတို့သားအမိကကြည့်ကာ ခွက်ထိုးခွက်လန်ရယ်မောလေတော့သည်။ နေမွန်းတည့်ခါနီးမှ ပေတိုးမှာ လာရင်းကိစ္စကို သတိရသွားသည်။
“သြော်၊ သာစံ မင်းအလုပ်လုပ်စရာရှိတာပြီးသွားပြီဆိုရင် ငါနဲ့အတူတူထွက်ဆော့ကြရအောင်”
သာစံက အဘွားဖြစ်သူ မမယ်ဖြူအားခွင့်ပန်ပြီး ပေတိုးအနောက်သို့ပြေးလိုက်လာခဲ့သည်။ ပေတိုးက ပြုံးလိုက်ရင်း
“တို့ လင်ပျောက်ကုန်းဘေးနားက ကုန်းတန်းကလေးမှာ ပဒတ်သွားထောင်ကြမယ်ကွာ”
“ပဒတ်တွေက မစားလောက်မသောက်လောက်အရွယ်ကလေးတွေပါ ကိုပေတိုးရာ၊ သွားမနေပါနဲ့”
“အောင်မာ၊ ပဒတ်က အကောင်သေးပေမယ့် အရမ်းချိုတာကွ၊ ဘာလဲသာစံ မင်းကငါ့ကိုမခင်လို့လား”
“လိုက်ခဲ့ဆိုရင်လည်း လိုက်ခဲ့ပါမယ် ကိုပေတိုးရာ၊ အဲဒီလိုစကားတော့ မပြောပါနဲ့”
“ဒါဆိုလည်းလိုက်ခဲ့ကွာ”
သို့နှင့် ကုန်းတန်းကလေးဆီသို့ရောက်လာခဲ့သည်။ ထိုနေရာမှာ ရွာနှင့်အတော်လှမ်းသည်မို့ လူသူအသွားအလာမရှိသည့်အပြင် ထိုနေရာတွင် အသံကုန်အော်ဟစ်သော်လည်း ရွာထဲမှ မကြားနိုင်သည့်နေရာတစ်ခုဖြစ်သည်။ ကုန်းတန်းဆီသို့ရောက်သောအခါ ချုံတိုးသံတရှဲရှဲကိုကြားလိုက်ရသဖြင့် ပေတိုးက သူကြီးလွှတ်ထားသည့်လူများ ရောက်နေမှန်းသိလိုက်ရသည်။
“ဟော သာစံရေ ဟိုမှာ ပဒတ်ကောင်တွေ ချုံထဲဝင်ပြေးပြီကွ၊ လိုက်ဟေ့ လိုက်ဟ”
ပေတိုးက တစ်နေရာသို့လက်ညှိုးထိုးကာပြောသော်လည်း သာစံမှာပဒတ်ကိုမမြင်ရပေ။
“ဘယ်မှာလဲ ကိုပေတိုးရဲ့”
“လိုက်မှာသာလိုက်စမ်းပါကွာ၊ မင်းလုပ်တာနဲ့ ပဒတ်တွေလွတ်ကုန်တော့မယ်၊ မင်းက ဒီချုံထဲတိုးပြီးတော့လိုက်၊ ငါကတော့ ဟိုဘက်ကနေ ပတ်လိုက်မယ်”
ပေတိုးက အားတက်သရောပြောသောကြောင့် သာစံမှာဘုမသိဘမသိဖြင့် ချုံတောအတွင်းသို့ ပြေးဝင်ခဲ့လေသည်။ ချုံတိုးသံများအနောက်သို့လိုက်သွားရင်း တစ်နေရာအရောက်တွင် မျက်နှာဖုံးစွပ်ထားသည့် လူကြီးတစ်ဦးက ဘွားခနဲပေါ်လာပြီး သာစံ၏လည်ကုပ်အား သူ၏လက်ကြီးဖြင့်အုပ်ကိုင်ကာ ဖမ်းချုပ်လိုက်လေသည်။ သာစံမှာ အကြောက်အကန်ရုန်းကန်သော်လည်း ထိုလူကြီးမှာ အားသန်လှသည်မို့ လွတ်အောင်မရုန်းနိုင်ပေ။
“ဟေ့လူကြီး၊ ခင်ဗျားနဲ့ကျုပ်နဲ့ ဘာရန်ငြိုးရှိလို့ ကျုပ်ကိုဖမ်းတာလဲ၊ လွှတ်ဗျာ၊ ကျုပ်ကိုလွှတ်”
“ဟား၊ ဟား မင်းကိုလိုချင်လို့ ဖမ်းပါတယ်ဆိုမှ လွှတ်ပေးစရာလားကွ”
ထိုလူကြီးက သာစံအားလက်နှင့်မြှောက်ကိုင်လိုက်ရာ သာစံမှာ မြေကြီးနှင့်ခြေထောက်လွတ်ထွက်သွားပြီး ထိုလူကြီးလမ်းလျှောက်ရာအနောက်သို့ ယက်ကန်ယက်ကန်ဖြင့်လိုက်ပါသွားတော့သည်။
ပေတိုးမှာ သာစံအဖမ်းခံရသည်ကို ချုံကွယ်တစ်နေရာမှကြည့်နေကာ ကြိတ်ပျော်ရွှင်နေမိသည်။
“သာစံရေ သွားတော့ဟ၊ ငါမင်းကို နှုတ်ဆက်လိုက်ပါတယ်ကွာ”
ထိုအချိန် ပေတိုးအနောက်ရှိချုံအတွင်းမှ ချုံတိုးသံကိုကြားလိုက်ရလေသည်။ ပေတိုးက လှည့်ကြည့်လိုက်သည့်အခါ မျက်နှာဖုံးစွပ်ထားသည့် လူကြီးတစ်ယောက် ရောက်လာပြီး ပေတိုးလက်အားဖမ်းချုပ်လိုက်သည်။
“ဟေ့လူကြီး ခင်ဗျားဘာလုပ်တာလဲ၊ ခင်ဗျားတို့ဖမ်းရမှာ သာစံဗျ၊ ကျုပ်မဟုတ်ဘူး”
ထိုလူကြီးက ဘာမှမပြောဘဲ ပေတိုးအား အတင်းဖမ်းချုပ်လေသည်။ ပေတိုးမှာ ရုန်းကန်ရင်း ထိုလူကြီးကိုလက်သီးဖြင့်ပြန်လည်ထိုးနှက်သည်။ မျက်နှာဖုံးစွပ်လူကြီးမှာ ပေတိုးလက်သီးထိုးချက်ကို လှမ်းဆွဲဖမ်းလိုက်ပြီး ပေတိုးလက်အားလှန်ချိုးလိုက်သည့်အခါ ပေတိုးမှာလက်ကျိုးသွားရသည်။
“ကောင်လေး၊ နောက်လက်တစ်ဖက်မကျိုးချင်ရင် ငါနဲ့လိုက်ခဲ့”
ပေတိုး၏ နောက်လက်တစ်ဖက်အားထိုလူကြီးက ဆွဲဖမ်းချုပ်ထားသောကြောင့် ပေတိုးမှာ ထိုလူကြီးဆွဲရာနောက်သို့ လိုက်ပါသွားရပြန်သည်။
ကုန်းတန်းကလေး၏ အလယ်တွင် မြေပြန့်ကလေးတစ်ခုရှိသည်။ မျက်နှာဖုံးစွပ်လူကြီးလေးယောက်က သာစံနှင့်ပေတိုးတို့အား ဓါးလှံလက်နက်များဖြင့်ချိန်ရွယ်ထားကာ ဒူးထောက်ထိုင်ခိုင်းထားသည်။ သာစံမှာ မျက်စိသူငယ်နားသူငယ်နှင့် ကြောက်အားလန့်အားဖြစ်နေသော်လည်း ပေတိုးမှာတော့ အကြောက်အကန်အော်ဟစ်နေလေသည်။
“မဟုတ်ဘူး ခင်ဗျားတို့လူမှားနေပြီ၊ ဒီထဲမှာ ကျုပ်မပါဘူးဗျ”
လူမိုက်များမှာ အချင်းချင်းကြည့်လိုက်ကြပြီးသည့်နောက်
“ငါတို့ကိုမှာထားတာတော့ နှစ်ယောက်လို့ပြောတာပဲကွ”
“ကဲပါကွာ၊ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် သတ်ရမှာက သတ်ရမှာပဲ၊ ဟိုခပ်ငယ်ငယ်ကောင်လေးကို အရင်သတ်ကြစို့ကွာ”
လူမိုက်တစ်ဦးမှာ နှစ်တောင်ခန့်ရှည်လျားသည့် ဓါးကြီးကိုမိုးပေါ်မြှောက်တင်လိုက်သည်။ သာစံက ယခင်က ကြောက်လန့်နေရာမှ ယခုတော့ မကျေမနပ်ဖြစ်နေသည့်မျက်လုံးများဖြင့် သူ့အရှေ့တွင်ရပ်နေသည့် လူမိုက်အားစိုက်ကြည့်လိုက်လေသည်။
“အောင်မာ၊ မင်းက မကျေနပ်ဘူးလားကွ၊ မကျေနပ်တော့ ငါတို့ကိုဘာလုပ်ချင်သလဲကွ ဟား ဟား”
“ဘွားဘွားကြီးက လူတွေကိုသည်းခံရမယ်ဆိုလို့ ကျုပ်ခင်ဗျားတို့ကို သည်းခံနေတာနော်၊ ခင်ဗျားတို့ ကျုပ်ကိုချက်ချင်းပြန်လွှတ်ပေးပါ၊ မဟုတ်ရင်တော့ ခင်ဗျားတို့ကို ကျုပ်ပြန်ပြီးတုံ့ပြန်ရလိမ့်မယ်”
“အောင်မာ၊ ကောင်လေးကများ လာလာချည်သေး၊ လုပ်ပါအုံးကွ မင်းကငါတို့ကိုဘယ်လိုတုံ့ပြန်မလို့လဲ”
ဓါးကိုင်ထားသည့် လူမိုက်က ပြောပြောဆိုဆိုနှင့် သာစံအားဓါးဖြင့်ခုတ်ပိုင်းထည့်လိုက်သည်။ ဓါးမှာ သာစံ၏ ငယ်ထိပ်တည့်တည့်သို့ကျလာသော်လည်း ကျောက်တုံးတစ်တုံးကိုခုတ်ရသည့်အလား ဒေါင်ခနဲမြည်ကာ ပြန်ကန်ထွက်သွားလေသည်။ ကျန်သည့်လူမိုက်တစ်ယောက်မှာ မယုံနိုင်ဘဲ သာစံ၏နံကြားကို လှံဖြင့်ဝင်ထိုးသည်။ လှံတံမှာလည်း ကျောက်တုံးတစ်ခုကိုထိုးလိုက်ရသည့်အလား ချွင်ခနဲမြည်သွားကာ နံဘေးသို့ချော်ထွက်သွားသည်။
သာစံမှာ ဝုန်းခနဲမတ်တပ်ထရပ်လိုက်သည့်အခါ လူမိုက်လေးယောက်မှာ သာစံအားလက်နက်များဖြင့် ဝိုင်းဝန်းရိုက်နှက်ကြ သတ်ဖြတ်ကြသော်လည်း သာစံအား မထိခိုက်စေနိုင်ပဲဖြစ်နေသည်။ နောက်ဆုံး လူမိုက်များပင်မောပန်းကာ လက်လျှော့လိုက်ကြရသည်။
“ဟေ့ကောင်လေး၊ မင်းက ဒီလောက်စွမ်းနေတာ မင်းကဘာကောင်မို့လဲကွ”
ပေတိုးက နံဘေးမှနေ၍
“သူ့အမေက ဒီရွာကစုန်းမကြီးဒေါ်ပျင်းဆိုတာလေဗျာ ခင်ဗျားတို့မသိဘူးလား”
လူမိုက်များမှာ ကြောင်စီစီနှင့်ဖြစ်နေကြသည်။
“လတ်စသတ်တော့ ခင်ဗျားတို့က ဒီရွာကမဟုတ်ဘူးပဲ”
“ကြာပါတယ်ကွာ၊ ဟေ့ကောင်တွေ နောက်တစ်ချီလောက်ထပ်တိုက်ကြစို့ဟေ့”
လူမိုက်လေးဦးမှာ သာစံအရှေ့သို့ခုန်ဝင်လိုက်သည်။ လူမိုက်တစ်ဦးက သာစံ၏ရင်ဝအား ဓါးဖြင့်ထိုးနှက်လိုက်လေရာ သာစံက ဓါးဦးချွန်ကိုလက်နှင့်ဆုပ်ကိုင်ဖမ်းဆီးလိုက်ပြီး ဓါးဦးကိုလှန်လိုက်သည့်အခါ ဓါးမှာချွင်ခနဲအသံမြည်ထွက်သွားပြီး သုံးပိုင်းပြတ်ကာ ကျိုးကျသွားလေသည်။
ကျန်လူမိုက်တစ်ယောက်က သာစံကိုလှံဖြင့်ပြေးထိုးပြန်သည်။ သာစံမှာ ထိုလူကိုလက်ညှိုးထိုးလိုက်ပြီး မန္တန်တစ်ခုကိုရွတ်ဖတ်လိုက်သည့်အခါ လှံနှင့်ပြေးလာသူ၏လက်မှ လှံတံကလွင့်ထွက်သွားကာ လေပေါ်မြောက်တက်သွားပြီး လူမိုက်များကို လှံရိုးနှင့်လွှဲလွှဲရိုက်နေလေသည်။ လူမိုက်များမှာ လူမပါသည့်လှံတံကြီးက လိုက်လံရိုက်ခတ်နေသည်မို့ ကြောက်အားလန့်အားနှင့် အော်ဟစ်ကာ ထွက်ပြေးကုန်ကြသည်။
သာစံက ပေတိုးအားဆွဲထူလိုက်သည့်အခါ ပေတိုးလက်မှာတွဲလောင်းကျနေလေသည်။
“သာစံ၊ မင်းဘယ်လိုလုပ်လိုက်တာလဲကွာ”
“ငါ့အမေက ငါ့ကိုယ်ငါ ကာကွယ်ဖို့ နည်းလမ်းလေးတွေသင်ပေးထားပါတယ်ကွ၊ အဲဒီ တစ်ပွဲတိုးနည်းလမ်းကလေးတွေသုံးလိုက်တာပါ”
“မင်းက စုန်းမကြီးရဲ့သားလို့မပြောရဘူး စုန်းပညာတွေတတ်နေတာကိုးကွ၊ ကောင်းလိုက်တာကွာ ငါဖြင့်အားရလိုက်တာ”
သာစံက ပေတိုး၏လက်ကိုဆွဲကိုင်ကြည့်လိုက်ပြီး
“မင်းလက်က အဆစ်ကျိုးသွားတာပဲကွ၊ ပြန်ကုမှရမယ်”
“အေးကွာ၊ ပိုက်ဆံကလည်းမရှိ၊ ကြီးဒေါ်မှုန်ကလည်း ငါ့ကိုကုပေးမှာမဟုတ်ဘူးကွ၊ ငါဖျားနေနာနေရင်တောင်မှ ဒီအတိုင်းကွေးပြီးနေလိုက်ရတာ၊ ငါတော့ ဒုက္ခရောက်ပါပြီကွာ”
“ဘာမှမပူပါနဲ့ ကိုပေတိုးရာ ကျုပ်ခင်ဗျားကို ကုသပေးမှာပါဗျ”
“ဘယ်လိုသာစံရ မင်းကငါ့ကိုကုပေးရအောင် မင်းကဆေးဆရာမှ မဟုတ်တာပဲကွာ”
သာစံမှာ သူဝတ်ဆင်ထားသည့် အင်္ကျီကိုချွတ်လိုက်လေသည်။ ထိုအခါ သာစံ၏ကိုယ်တွင် ချည်ကြိုးကွင်းကလေးတစ်ခုကို စလွယ်သိုင်းထားသည်ကိုတွေ့ရသည်။ ထိုကြိုးကွင်းကလေးကိုဖြုတ်လိုက်သည့်အခါ ကြိုးကွင်းတစ်နေရာတွင်တော့ အဝတ်စဖြင့်ထုပ်ပိုးထားသည့် အလုံးကလေးတစ်ခုကိုတွေ့ရသည်။ သာစံက ထိုအလုံးကလေးကိုအသေအချာဖြေလိုက်သည့်အခါ အတွင်းမှ အနီရောင်အမှုန့်ကလေးများထွက်လာလေသည်။
“သာစံ အဲဒါတွေက ဘာတွေလဲကွ”
“ငါ့အမေပေးထားတဲ့ ဆေးမှုန့်ပေါ့ကွာ၊ အရေးကြုံရင် အဲဒီဆေးမှုန့်သုံးတဲ့ကွ”
သာစံက ဆေးမှုန့်ကလေးများကို ပေတိုး၏လက်ပေါ်တွင်ဖြူးလိုက်ပြီးသည့်နောက် အင်္ကျီနှင့်ကြပ်စည်းပေးထားလိုက်လေသည်။
“ဒါနဲ့ကိုပေတိုး ဒီအကြောင်းတွေကို အမေ့ကိုမပြောပါနဲ့နော်ဗျ၊ အမေက သိပ်စိတ်ကြီးတဲ့လူ၊ သူက ဒီလူမိုက်တွေကိုရှာဖွေပြီးတော့ လိုက်သတ်လိမ့်မယ်”
ပေတိုးမှာခေါင်းညိတ်လိုက်လေသည်။ နေ့တစ်ပိုင်းခန့်ကြာသည့်အခါ ကျိုးနေသည့် ပေတိုး၏လက်မှာ အကောင်းပကတိအတိုင်းပြန်ဖြစ်သွားလေတော့သည်။
ထိုညနေပိုင်း ပေတိုးနွားများကိုသိမ်းလာသည့်အခါ သူကြီးဦးဖိုးမောင်က ရွာထိပ်တွင်စောင့်နေလေသည်။ ပေတိုးကိုမြင်သည့်အခါ သူကြီးကထုနှက်လေတော့သည်။
“မင်းတို့လုပ်ရပ်ကောင်းသေးရဲ့လားကွ”
“ဒါတော့သူကြီးရာ၊ ကျုပ်လည်း မတတ်နိုင်ဘူးဗျ၊ သာစံဆီမှာ သူ့အမေလိုစုန်းအစွမ်းတွေရှိနေတယ်ထင်ပါ့ ဟိုလူတွေထွက်ပြေးကုန်ကြတာ အစအနတောင်မမြင်ရဘူးဗျာ”
“အဲဒါမင်းကြောင့်ကွ၊ မင်းအသုံးမကျလို့ဖြစ်တာ၊ ကဲ အခုမင်းဘာဆက်လုပ်မှာလဲပြော”
ပေတိုးက ခေါင်းငိုက်စိုက်ချလိုက်ပြီး
“ကျုပ်ဘာကိုမှ ဆက်မလုပ်တော့ဘူး သူကြီး”
“ဘာကွ”
“ဟုတ်တယ်၊ သာစံကလေးက စိတ်ထားကောင်းတဲ့လူပဲ၊ ဒီနေ့သူသာမကယ်ရင် ကျုပ်လည်း ဟိုလူတွေလူမှားရိုက်လို့သေရမှာပဲ၊ အခုသာစံက ကျုပ်အသက်သခင်ကျေးဇူးရှင်ဖြစ်သွားပြီ ကျုပ်သာစံကိုမသတ်ပေးနိုင်တော့ဘူး သူကြီး”
“ဟေ့ကောင်ပေတိုး မင်းက သူဌေးဖြစ်မယ့်အခွင့်အရေးကို လက်လွှတ်လိုက်တော့မလို့လားကွ”
“သာစံလိုသူငယ်ချင်းကောင်းတစ်ယောက်ကို ကျုပ်ဆက်ပြီး မယုတ်မာချင်တော့ဘူးသူကြီး၊ ကျုပ်သူဌေးမဖြစ်ရရင်နေပါစေ၊ ကျုပ်သူငယ်ချင်းကိုတော့ ထိခိုက်အောင်မလုပ်ချင်တော့ဘူး”
သူကြီးဦးဖိုးမောင်မှာ တောက်တစ်ချက်ခေါက်လိုက်ပြီး ပေတိုးအား ထိုးကြိတ်လေသည်။ လေးငါးချက်ခန့်စိတ်ကြိုက်ထိုးကြိတ်ပြီးတော့မှ ရွာထဲသို့ပြန်ဝင်သွားတော့သည်။ ပေတိုးလည်း ယခုမှ စိတ်ထဲတွင်ပူပန်နေရသည့်အလုံးကြီးတစ်ခု ပျောက်ကွယ်သွားသကဲ့သို့ခံစားရသည်။
(၃)
သုံးရက်ခန့်ကြာသောအခါ ပေတိုးနှင့်သာစံမှာ ဆော့ကစားနေကြလေသည်။ ပေတိုးက သာစံအနားသို့တိုးကပ်လိုက်ပြီး
“ငါမင်းကိုတောင်းပန်ပါတယ် သာစံရာ”
သာစံက တအံ့တသြနှင့်
“ဘာတွေ တောင်းပန်တာလဲ ကိုပေတိုးရဲ့၊ ကိုပေတိုးနဲ့ကျုပ်ရဲ့ကြားထဲမှာ တောင်းပန်စရာလို လို့လား”
“မင်းမသိပေမယ့် ငါမင်းကိုတောင်းပန်ပါတယ်ကွာ”
“ဟာ၊ ကိုပေတိုးကတော့ ကျုပ်အနေရခက်အောင်လုပ်နေပြန်ပါပြီ၊ ကျုပ်မနေတတ်ဘူးဗျ”
“ကဲပါ အဲဒါအသာထားလိုက်စမ်းပါ၊ ငါတို့ဇီးကုန်းဘက်ကိုသွားကြမယ်ဟေ့၊ အဲဒီမှာ ဇီးသီးကြီးတွေ ပြွတ်ခဲနေအောင်သီးနေပြီကွ”
သာစံနှင့် ပေတိုးတို့မှာ ရွာ၏အရှေ့တောင်ဘက်ခန့် အတော်လှမ်းသည့် ကုန်းကလေးဆီသို့လာခဲ့ကြသည်။ ထိုကုန်းကလေးမှာ ကွင်းခေါင်ခေါင်အလယ်တွင်ရှိနေကာ ဇီးပင်လေးငါးပင် စုပေါက်နေကြသဖြင့် ဇီးကုန်းဟုခေါ်တွင်ကြလေသည်။ ဇီးကုန်းအနီးတွင်တော့ လှည်းလမ်းမကြီးတစ်ခုရှိသည်။
နှစ်ဦးသားပြေးလာခဲ့ကြရင်း လှည်းလမ်းမကြီးအတိုင်း နွားလှည်းတစ်စီးက မောင်းနှင်လာသည်ကိုမြင်တွေ့လိုက်ကြရသည်။ အနီးရောက်သည့်အခါ နွားလှည်းအပေါ်တွင် သူကြီးဦးဖိုးမောင်ကလိုက်ပါလာပြီး အနောက်တွင်လည်း ခေါင်းပြောင်ပြောင်နှင့်ဦးလေးကြီးတစ်ယောက်နှင့် တစ်ကိုယ်လုံးအရိုးခြောက်ကဲ့သို့ ပိန်ကပ်နေသည့် လူကြီးတစ်ဦးလည်းပါလာခဲ့သည်။
သာစံတို့အနားရောက်သည်နှင့် နွားလှည်းမှာထိုးရပ်သွားလေသည်။ နွားလှည်းပေါ်မှသူကြီးက သာစံအားကြည့်ရင်း
“သူပေါ့ဆရာကြီးရဲ့ သာစံဆိုတာ”
ထိုအခါ ထိပ်ပြောင်ပြောင်နှင့်လူကြီးက သာစံတို့အားကြည့်ကာ ပြုံးပြလိုက်လေသည်။ သို့သော် သူ့အပြုံးမှာကြောက်မက်ဖွယ်ကောင်းသည့် အပြုံးတစ်မျိုးဖြစ်သည်။
“ကလေးတွေ မင်းတို့ဘယ်သွားကြမလို့တုန်းကွ”
သာစံမှာ ဇီးကုန်းကိုလက်ညှိုးထိုးပြလိုက်ပြီး
“ဟောဟို ဇီးကုန်းကိုသွားမလို့”
ထိုအခါ ထိပ်ပြောင်ပြောင်နှင့်လူကြီးက ရယ်မောလျှက် ပဲချောင်းနှစ်ချောင်းကိုထုတ်ယူလိုက်သည်။ ပဲချောင်းဆိုသည်မှာ ပဲမှုန့်အားအချောင်းဖြစ်အောင်ပြုလုပ်ထားပြီး အပေါ်မှ သကာရည်ဆမ်းထားသည့် စားစရာတစ်ခုဖြစ်သည်။ ပဲချောင်းနှစ်ချောင်းကို လှည်းအောက်သို့လှမ်းပေးလိုက်သည့်အခါ သာစံမှာငေးမောကြည့်နေမိသည်။ သူကြီးဦးဖိုးမောင်က
“ဟေ့ကောင်တွေ၊ လူကြီးက မုန့်ပေးနေတာကို ယူလေကွာ”
ထိုအခါ ပေတိုးက အရှေ့သို့တက်လာသည်။ ထိုလူကြီးက ပေတိုးအား ပဲချောင်းတစ်ချောင်းကိုပေးကာ သာစံကိုလည်း ပဲချောင်းတစ်ချောင်းပေးလိုက်သည်။
“မင်းတို့တွေ ကြိုက်တယ်မဟုတ်လားကွ”
သာစံနှင့်ပေတိုးမှာ မုန့်ရသဖြင့် ပျော်ရွှင်ကာ ခေါင်းညိတ်ပြလိုက်သည်။ သူကြီးတို့စီးနင်းလာသည့် လှည်းကြီးမှာလည်း ဆက်လက်မောင်းနှင်သွားတော့သည်။ နှစ်ဦးသား ဇီးပင်ကြီးတစ်ပင်အောက်တွင်ထိုင်မိကြသည်။ အရသာရှိလှသည့် ပဲချောင်းအား အရိပ်အောက်တွင် ဇိမ်ယူကာ စားမည်ဟုဟန်ပြင်လိုက်စဉ် သာစံက ပဲချောင်းနှစ်ချောင်းကို နှိုင်းယှဉ်ကြည့်လိုက်မိသည်။
“ကိုပေတိုးပဲချောင်းက သေးသေးပိန်ပိန်လေးပါလားဗျ”
ပေတိုးကိုင်ထားသည့်ပဲချောင်းမှာ သာစံကိုင်ထားသည့်ပဲချောင်းထက် သိသိသာသာသေးငယ်လှပေသည်။
“ရပါတယ်ကွာ၊ မင်းပဲကြီးတာစားလိုက်ပါ သာစံရ”
“မဟုတ်တာပဲ ကိုပေတိုးရာ၊ ကိုပေတိုးက အကြီးပဲ ကြီးတာစားစမ်းပါ၊ ကျုပ်ကို သေးတာပေး”
ပေတိုးမှာ မျက်လုံးများအရောင်လက်သွားကာ
“သာစံ မင်းတကယ်ပြောနေတာလားကွ”
“တကယ်ပေါ့ဗျာ၊ ရော့ ကျုပ်ရဲ့အချောင်းကိုယူလိုက်၊ ကိုပေတိုးအချောင်း ကျုပ်ကိုပေး”
ပေတိုးမှာ ကလေးစိတ်မကုန်သေးသည်မို့ ပဲချောင်းကြီးသည်ကို လိုချင်နေခြင်းဖြစ်သည်။ သာစံပေးလိုက်သဖြင့် ထိုပဲချောင်းကြီးကိုယူလိုက်ကာ ဂျွတ်ခနဲကိုက်ဝါးလိုက်သည်။ ထို့နောက်နှစ်ဦးသား ပဲချောင်းကိုအားရပါးရ စားသောက်ကြသည်။
စားသောက်ပြီးစီးသောအခါ သာစံက သစ်ပင်ပေါ်ကိုမော့ကြည့်လိုက်ရင်း
“ဇီးသီးကြီးတွေက ပြောင်ဝင်းပြီးမှည့်နေတာပဲဗျာ၊ ကဲ ကိုပေတိုးက သစ်ပင်ပေါ်တက်ပြီး အသီးတွေကိုပုတ်ချဗျာ ကျုပ်ကတော့ သစ်ပင်အောက်ကနေ ပုဆိုးဖြန့်ပြီးခံမယ်”
ပေတိုးမှာ ပုဆိုးခါးတောင်းကျိုက်လိုက်ပြီး သစ်ပင်ပေါ်သို့ဖက်တက်လိုက်သည်။ သို့သော် အမြင့်သို့မရောက်သေးခင်မှာပင် သစ်ပင်ပေါ်မှလိမ့်ကျလေသည်။
“ကိုပေတိုး ဘာဖြစ်တာလဲ”
“ဗိုက်နာတယ် . . . အား၊ ဗိုက်နာတယ်ကွ”
“ဗိုက်နာတယ်ဆိုရင်လည်း ဒီနားက ချုံကွယ်တစ်ခုမှာ ရှင်းလိုက်ပေါ့ဗျာ”
“မဟုတ်ဘူး သာစံရ ငါ့ဗိုက်ထဲမှာ တစ်ခုခုကထိုးခွေပြီး လှုပ်ရှားနေသလိုပဲကွ၊ အား . . .”
ပေတိုးမှာ ဗိုက်ကိုလက်နှင့်ဖိကာ အော်ဟစ်နေလေသည်။ သာစံလည်းကြံရာမရတော့သဖြင့်
“ကျုပ်အမေပေးထားတဲ့ အရေးပေါ်ဆေးလည်းမရှိတော့ဘူးဗျို့၊ အခုတော့ မတတ်နိုင်ဘူး၊ အိမ်မှာ ဘွားဘွားကြီးရှိတယ်ထင်တယ်၊ ဘွားဘွားကြီးဆီမှာတော့ ဆေးလေးဘာလေးရှိမယ်ထင်တယ်”
သာစံမှာ ပေတိုးကိုတွဲရင်း အိမ်သို့ပြန်လာခဲ့ကြသည်။ ပေတိုးမှာ အစကနဦးပိုင်းက လမ်းလျှောက်နိုင်သော်လည်း အိမ်ခြံအနားရောက်သည့်အခါ ခြေတစ်လှမ်းကိုပင် အနိုင်နိုင်လှမ်းနေရလေသည်။ သာစံတို့ခြံအတွင်းသို့ ခြေလှမ်းလိုက်သည့်အခါ ဒယိမ်းဒယိုင်ဖြစ်ကာ မြေပြင်ပေါ်သို့လဲကျသွားတော့သည်။
“ဘွားဘွားကြီးရေ လုပ်ပါအုံး၊ ကိုပေတိုးဘာဖြစ်သလဲမသိဘူး”
မမယ်ဖြူက အိမ်ထဲမှထွက်လာပြီး ပေတိုးအားဆွဲထူကြည့်လိုက်သည်။
“ဘာဖြစ်တာလဲ မြေးရဲ့”
“ကိုပေတိုးဗိုက်ထဲ တစ်ခုခုက ထိုးမွှေနေသလိုဖြစ်ပြီး ဗိုက်နာနေတာတဲ့ဗျ”
“နင်တို့အစားမှားတာဖြစ်မယ်၊ ဘာတွေလျှောက်စားကြသေးလို့လဲဟဲ့”
“ဘာမှတော့မစားဘူးဘွားဘွားကြီး၊ အဲ . . .ခုနကတော့ သူကြီးက ကျုပ်တို့ဘေးကနေ လှည်းနဲ့အဖြတ်မှာ ပဲချောင်းတွေပေးသွားလို့ စားလိုက်ကြသေးတယ်”
မမယ်ဖြူမှာထိတ်လန့်သွားလေသည်။ ထို့နောက် ပေတိုး၏လက်ကောက်ဝတ်အားစမ်းသပ်ကြည့်ပြီးသည့်နောက် ပေတိုး၏ အင်္ကျီကိုဖွင့်၍ ဝမ်းဗိုက်အားစမ်းသပ်ရန်ကြံရွယ်လိုက်သည်။ ပေတိုးအင်္ကျီကိုဖွင့်လိုက်သည့်အခါ ဝမ်းဗိုက်အတွင်း ခွေခေါက်ကာသွားလာနေသည့် ရှည်မြောမြောအရာကြီးများကို အတိုင်းသားမြင်တွေ့လိုက်ရလေသည်။ သာစံရော မမယ်ဖြူပါ ထိတ်လန့်သွားသည်။
“ဒါ တိုက်မြွေတွေဝမ်းထဲထည့်ထားတာပဲ မြေးရဲ့၊ မှန်မှန်ပြောစမ်း မြေးလေး၊ ခုနက ဘာတွေဖြစ်ခဲ့သေးလဲ၊ သူကြီးပေးတဲ့ ပဲချောင်းတွေကို မင်းရောစားမိသေးလား”
“စားတာတော့စားတယ်၊ ဒါပေမယ့် ကျုပ်စားမယ့်အချောင်းက သေးနေလို့ ကျုပ်ကိုပေးခဲ့တဲ့ ပဲချောင်းအကြီးကြီးကို ကိုပေတိုးနဲ့လဲစားလိုက်တာပဲအဘွား”
“ကံကြီးပေလို့ပေါ့ မြေးရယ်၊ အဲဒီပဲချောင်းတွေထဲမှာ ပညာအတိုက်နဲ့လုပ်ထားတာဟဲ့၊ ဒါမျိုးကိုတော့ ငါကုလို့မရဘူး၊ မင်းအမေကိုပြေးခေါ်စမ်း၊ မင်းအမေ ရေတွင်းဘက်ကိုသွားတယ်”
သာစံမှာ မယ်ပျင်းအားပြေးခေါ်လေသည်။ မယ်ပျင်းလည်း သာစံအနောက်သို့လိုက်လာခဲ့သည်။ မြေပေါ်တွင်လူးလိမ့်နေသည့် ပေတိုးကို မမယ်ဖြူက ကွပ်ပျစ်ပေါ်သို့တင်လိုက်သည်။ မယ်ပျင်းက ပေတိုး၏ဝမ်းဗိုက်ကိုစမ်းသပ်ကြည့်ရင်း
“လူယုတ်မာတစ်ယောက်က ဗိုက်ထဲကို တိုက်မြွေတွေထည့်ပေးသွားခဲ့တာပဲသားရဲ့”
သာစံမှာ ဖြစ်သမျှအလုံးစုံကို ပြောပြလိုက်လေရာ မယ်ပျင်းမှာ သဘောပေါက်နားလည်သွားတော့သည်။
“သြော်၊ သူကြီး သူကြီး၊ ဒင်းက ငါနဲ့တစ်ပွဲတစ်လမ်းတွေ့ချင်လို့ ငါ့ကိုစိန်ခေါ်တယ်ပေါ့ဟုတ်သလား၊ တကယ်က သားကိုအပင်းခတ်ခဲ့တာပဲ၊ ငါ့သားသာ အဲဒီပဲချောင်းကိုစားမိခဲ့ရင် အခုလိုဖြစ်မှာပဲ၊ ပေတိုးနဲ့လဲစားခဲ့လို့ အခုပေတိုးခံရတာ”
မယ်ပျင်းက ပြောဆိုလိုက်ပြီး ထမီပြင်ဝတ်လိုက်ကာ တစ်နေရာထွက်သွားရန်ဟန်ပြင်သည်။ ထိုအခါ သာစံက မယ်ပျင်းလက်ကိုဆွဲလိုက်ပြီး
“နောက်မှသွားပါအမေရာ၊ ဒီမှာ ကိုပေတိုးကို ကယ်ပေးပါအုံးဗျာ”
“အမေက လူမကယ်ဘူးသား”
မယ်ပျင်းစကားမှာ သာစံရင်ဝကိုဆောင့်ကန်လိုက်သကဲ့သို့ဖြစ်သွားသည်။
“လုပ်ပါအမေရာ ကိုပေတိုးက သေတော့မှာဗျ”
“သူ့ကိုသေအောင်လုပ်ထားတာပဲအေ သေမှာပေါ့၊ ဒါပေမယ့် အမေကတော့ ဘယ်သူ့ဘယ်ကိုမှ မကယ်နိုင်ဘူး၊ သူသေတာ မင်းသေတာမှမဟုတ်တာ၊ မင်းတို့ကိုသေကြောင်းကြံခဲ့တဲ့ ဒီလူတစ်သိုက်ကို ငါသွားသတ်လိုက်အုံးမယ်”
မယ်ပျင်းက ပြောဆိုကာ ရွာဆီသို့ထွက်သွားလေသည်။ ရွာထိပ်အရောက်တွင် မယ်ပျင်းလာပြီဟေ့ဟု ကြွေးကျော်ကာ ရွာထဲဝင်သွားတော့သည်။
ပေတိုးမှာ အချိန်ကြာလာသည်နှင့်အမျှ တစ်စတစ်စပိုမိုခံစားရလာလေသည်။ မျက်လုံးကြီးများပြူးကြောင်နေပြီး ခြေလက်များက တုန်ယင်နေလေသည်။ သာစံက မျက်ရည်များကျကာ ပေတိုးအားကြည့်နေလေသည်။
“ဘွားဘွားကြီး၊ အမေမကယ်နိုင်ရင်တောင်မှ ဘွားဘွားကြီးက မကယ်နိုင်တော့ဘူးလားဗျာ”
ထိုအခါ မမယ်ဖြူက သက်ပြင်းတစ်ချက်ချလိုက်ပြီး
“သူ့ဗိုက်ထဲက တိုက်မြွေတွေကိုတော့ ပြန်ထွက်လာအောင် ဘွားဘွားကြီးလုပ်ပေးလို့မရဘူးကွဲ့၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်”
“ဘာများလဲဘွားဘွားကြီး”
“သူဒီလိုဝေဒနာမခံစားရအောင်တော့ ကူညီပေးလို့ရတယ်”
“ဒါဆိုရင်လည်း လုပ်ပါအုံးဘွားဘွားကြီးရယ်၊ ကိုပေတိုး အခုလိုခံစားနေရတာကို ကျုပ်မကြည့်ရက်ဘူးဗျ”
မမယ်ဖြူက ပေတိုးမျက်နှာအပေါ်သို့လက်ဝါးနှင့်ခပ်ဖွဖွကလေးအုပ်လိုက်လေသည်။ ထို့နောက် တစ်ခုခုကိုရွတ်ဖတ်လိုက်လေရာ ပေတိုးမျက်လုံးများမှာ မျက်ဖြူလန်သွားပြီး မျက်နှာတစ်ဝှမ်းတွင်လည်း အနီရောင်သွေးကြောကြီးများကဲ့သို့ အကြောများက ကြွတက်လာလေသည်။ ပေတိုးမှာ တစ်ချက်ရုန်းကန်လိုက်ပြီးနောက် ငြိမ်ကျသွားတော့သည်။
“ကိုပေတိုး ကိုပေတိုး”
သာစံခေါ်နေသော်လည်း ပေတိုးမှာ တုတ်တုတ်မျှပင်မလှုပ်တော့ပေ။
“ဘွားဘွားကြီး ကိုပေတိုးကို ဘာလုပ်လိုက်တာလဲဗျာ”
“သူ့ကိုသတ်လိုက်တာလေ မြေးရဲ့”
“ဗျာ၊ ဘွားဘွားကြီးကို ကူညီခိုင်းတာ ဘွားဘွားကြီးက သတ်ပစ်လိုက်ရသလား”
“ဘွားဘွားပြောတာ ဆုံးအောင်နားထောင်ပါအုံးမြေးရယ်၊ ဘွားဘွားကြီးကလည်း မကယ်တတ်၊ မင်းအမေကလည်း မကယ်ပေးဘူးဆိုတော့ ဒီအတိုင်းသာဆက်ထားရင် ပေတိုးတစ်ယောက် မချိမဆန့်ခံစားရပြီး နေ့တစ်ပိုင်းလောက်ကြာတော့မှ သေသွားမှာကွဲ့၊ သူ့ကိုဝေဒနာပြင်းပြင်းထန်ထန်မခံစားရခင် သတ်ပေးလိုက်တာက သူ့အတွက်အကောင်းဆုံးပါပဲကွယ်”
သာစံမှာ ပေတိုးအလောင်းအားဖက်ကာငိုနေမိသည်။ ထိုစဉ် ပေတိုး၏ရင်ဘတ်မှာအလွန်လှုပ်ရှားလာပြီး ပါးစပ်ကြီးလည်းပွင့်ထွက်သွားကာ ပါးစပ်အတွင်းမှ အနက်ရောင်မြွေကြီးတစ်ကောင်က တိုးထွက်လာလေသည်။ မမယ်ဖြူက ထိုမြွေကြီးကို လက်ညှိုးထိုးလိုက်သည့်အခါ မြွေကြီးမှာ အနက်ရောင်ဆံပင်ကျီကလေးတစ်ချောင်းအဖြစ် ပြောင်းလဲသွားတော့သည်။
“ကဲ ငါ့မြေး၊ လူတိုင်းက တစ်နေ့သေဆုံးရမှာပဲကွဲ့၊ ဆုံတွေ့ပြီးပြီဆိုရင် ခွဲခွာရမှာ ဓမ္မတာပါပဲ၊ ပေတိုးကတော့ ခပ်စောစောခွဲခွာသွားရတာပေါ့လေ၊ ငါ့မြေးက ရွာထဲကိုသွားပြီး ကြီးဒေါ်မှုန်ကိုပြောလိုက်စမ်းပါ၊ ပေတိုးတစ်ယောက်သေပြီဆိုတဲ့အကြောင်းကို သူ့ဆွေမျိုးတွေဆီကို အကြောင်းကြားလိုက်ပါ”
သာစံမှာ ရွာထဲသို့ပြေးဝင်ခဲ့သည်။
မယ်ပျင်းမှာ သူကြီးအိမ်ရှေ့သို့ ရောက်လာပြီး ခါးထောက်ကာ ကုန်းအော်လိုက်သည်။
“ဟဲ့ သူတောင်းစားတွေ၊ ငါ့သားကို သေကြောင်းကြံတဲ့အကောင်တွေ အကုန်ထွက်လာကြစမ်း”
ထိုအခါ သူကြီးနှင့်အတူ ထိပ်ပြောင်ပြောင်နှင့်လူကြီးက ထွက်လာခဲ့လေသည်။ အရိုးခြောက်ကဲ့သို့ ပိန်ညောင်ကပ်နေသည့်လူကြီးမှာ လှေကားရင်းတွင် ဆောင့်ကြောင့်ထိုင်နေသည်။
“ဟေ့ အောင်ဘရေ၊ ဒီစုန်းမကို မင်းနည်းနည်းပါးပါးဆုံးမလိုက်စမ်းပါကွာ”
ထိပ်ပြောင်လူကြီးက အမိန့်ပေးလိုက်သည့်အခါ အောင်ဘအမည်ရ ပိန်ညောင်နေသည့်လူကြီးက ခြံထဲသို့ဆင်းလာလေသည်။ ခြံထဲတွင်ကျနေသည့် သစ်ကိုင်းခြောက်ကြီးတစ်ခုအား ကောက်ယူလိုက်ပြီး လက်ဖြင့်ပွတ်သပ်လိုက်သည့်အခါ ထိုသစ်ကိုင်းခြောက်ကြီးမှာ ဓါးမကြီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ထိုဓါးမကြီးနှင့် မယ်ပျင်းအားဝင်ခုတ်တော့သည်။ မယ်ပျင်းမှာ ဓါးခုတ်ချက်များကို အသာတိမ်းရှောင်လိုက်ပြီး ဓါးမကြီးအား လက်သီးနှင့်ထိုးလိုက်သည့်အခါ ဓါးမကြီးမှာ မှန်သားချပ်တစ်ခုကဲ့သို့ ကွဲကြေကျသွားလေသည်။ မယ်ပျင်းက အောင်ဘကြီး၏ လက်တစ်ဖက်အားဆွဲယူလိုက်သည့်အခါ ထိုလက်မှာ လက်မောင်းအရင်းမှနေ၍ ပြုတ်ထွက်သွားလေသည်။
သို့သော်လည်း လူတစ်ဦးကဲ့သို့ သွေးများထွက်မလာဘဲရှိနေလေသည်။ မယ်ပျင်းက တစ်ချက်ပြုံးလိုက်ပြီး
“ဖုတ်ဆရာရေ၊ နင့်ဖုတ်ကောင်လောက်ကို ငါက မှုကိုမမှုတာဟဲ့”
မယ်ပျင်းမှာ ဖုတ်ကောင်ကြီး၏ ရင်ဘတ်အားလက်သီးဖြင့်ထိုးနှက်ထည့်လိုက်ရာ လက်သီးချက်မှာ ကျောကုန်းမှပေါက်ထွက်သွားလေသည်။ ထိုအခါ လက်သီးပေါက်အတွင်းသို့ လက်နှစ်ဖက်ထိုးသွင်းလိုက်ပြီး ဖုတ်ကောင်ကြီးအား နှစ်ခြမ်းဆွဲဖြဲထည့်လိုက်သည်။
ဖုတ်ကောင်ကြီးမှာ စက္ကူနှစ်ခြမ်းဆွဲဖြဲသကဲ့သို့ နှစ်ခြမ်းပြဲထွက်သွားကာ မြေပြင်ပေါ်တွင်ငြိမ်သက်သွားလေသည်။ မယ်ပျင်းက အိမ်ပေါ်တွင်ရပ်နေသည့် ထိပ်ပြောင်ကိုလက်ညှိုးထိုးပြီး
“ဟဲ့ထိပ်ပြောင်၊ နင်က ငါ့ကိုမနိုင်လို့ ငါ့သားကိုအလစ်အငိုက်ဖမ်းပြီးလုပ်တယ်ပေါ့ဟုတ်သလား၊ နင်ကျွေးတဲ့အပင်းတွေကို ငါ့သားမစားမိဘဲ ပေတိုးစားမိလို့ အခုပေတိုးတစ်ယောက်သေရှာပြီဟဲ့”
သူကြီးနှင့် ထိပ်ပြောင်ကြီးမှာ မျက်နှာပျက်သွားသည်။ ထိပ်ပြောင်ကြီးက မယ်ပျင်းအားလက်ညှိုးထိုးပြီး
“ဟဲ့စုန်းမ၊ အဲဒီကလေးကို ငါကသတ်တယ်ဖြစ်ရမလား၊ နင်ပဲသတ်တာနေမှာပေါ့”
ဖုတ်ဆရာက ထိုအပြစ်အားမယ်ပျင်းကိုလွှဲချလိုက်လေသည်။ ရွာသားများမှာလည်း မယ်ပျင်းသတ်သည်ဟုသာ ယုံကြည်နေကြလေသည်။
“အောင်မယ်ထိပ်ပြောင် နင်ကများ ငါ့ကိုစွပ်စွပ်စွဲစွဲနဲ့ နင်နဲ့ငါနဲ့တစ်ပွဲလောက်နွှဲကြတာပေါ့”
ဖုတ်ဆရာကြီးမှာ အိတ်အတွင်းမှ ကြိုးကြီးတစ်ချောင်းကိုထုတ်လိုက်လေသည်။ ထိုကြိုးကြီးမှာ နှစ်တောင်ခန့်ရှည်လျားပြီး လုံးပတ်မှာလည်း လက်မလုံးခန့်ရှိသည်။ ထိုကြိုးကြီးကို မယ်ပျင်းထံသို့လှမ်းပစ်လိုက်သည့်အချိန်တွင် လေပေါ်မှာပင် မြွေကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။ မြွေကြီးမှာ ပြဒါးရောင်ကဲ့သို့အနီရောင်ရှိကာ အဝါရောင်အစင်းကျားများဖြင့်ဖြစ်ပြီး ကြောက်စရာကောင်းလှပေသည်။ ထိုမြွေကြီးကိုမယ်ပျင်းက လက်တစ်ဖက်နှင့်ဖမ်းဆီးလိုက်လေရာ မြွေကြီးမှာ ကြိုးအဖြစ်သို့ပြန်လည်ပြောင်းလဲသွားသည်။
“နင်ဒီလောက်ပဲစွမ်းတာလားဟဲ့”
မယ်ပျင်းက ထိုကြိုးကိုအိမ်ပေါ်သို့လှမ်းပစ်တင်လိုက်သည်။ ကြိုးစတစ်ဖက်ကိုမူလက်တွင်ကိုင်ထားလေသည်။ ကြိုးမှာသူ့အလိုလိုရှည်ထွက်သွားကာ လေပေါ်ပျံနေသည့်ကြိုးစထိပ်မှာ အနက်ရောင်မြွေခေါင်းကြီးတစ်ခုအဖြစ်ပြောင်းလဲသွားကာ ဖုတ်ဆရာ၏လည်ပင်းအား ရစ်ပတ်နေလေသည်။
ကြည့်နေကြသူများက အလွန်အံ့သြတုန်လှုပ်နေကြသည်။ မယ်ပျင်းက ကြိုးစတစ်ဖက်အား အားဖြင့်ဆောင့်ဆွဲလိုက်သည့်အခါ အိမ်ပေါ်တွင် မတ်တပ်ရပ်နေသည့် ဖုတ်ဆရာမှာ အိမ်အောက်သို့ဒလိမ့်ခေါက်ကွေးပြုတ်ကျလာလေသည်။ လှေကားခြေရင်းရောက်သည့်အခါ ဖုတ်ဆရာက ကြောက်ကြောက်လန့်လန့်နှင့်
“ငါ့ကိုမသတ်ပါနဲ့၊ ငါ့ကိုမသတ်ပါနဲ့ဟာ”
မယ်ပျင်းက မျက်မှောင်ကြုတ်လိုက်ပြီး
“နင့်ကိုငါမသတ်ပါဘူးဟာ”
ထိုသို့ပြောနေစဉ်မှာပင် မယ်ပျင်းထမီအတွင်းမှ မြေကြီးငါးကောင်မှာ ခြေသလုံးကိုပတ်ကာ လျှောခနဲဆင်းလာပြီးသည့်နောက် ဖုတ်ဆရာဆီသို့တန်းတန်းမတ်မတ်လာကြလေသည်။ ဖုတ်ဆရာမှာထပြေးရန်ကြိုးစားသော်လည်း အကြောအချင်များတောင့်တင်းပြီး လှုှုပ်မရဘဲဖြစ်နေလေသည်။ မြွေကြီးငါးကောင်မှာ ဖုတ်ဆရာ၏ ကိုယ်လုံးပေါ်သို့ရစ်ပတ်ကာ တဖြည်းဖြည်းတက်သွားသည်။
ဖုတ်ဆရာ၏မျက်နှာကြီးမှာ အလွန်ထိတ်လန့်နေသည်။ နဖူးတွင်လည်းချွေးစေးများက စီးကျနေသည်။
“ဟဲ့ သူတို့ဝင်ဖို့တံခါးလေး ဘာလေးဖွင့်ပေးလိုက်ပါအုံးဟ”
မယ်ပျင်းပြောလိုက်သည့်အခါ ဖုတ်ဆရာ၏ပါးစပ်မှာ တဖြည်းဖြည်းချင်းပွင့်သွားကာ ဟောင်းလောင်းကြီးဖြစ်သွားသည်။ ဖုတ်ဆရာမှာ ခေါင်းတခါခါဖြင့်ငြင်းဆန်နေလေသည်။ မြွေကြီးငါးကောင်က ထိုပါးစပ်ပေါက်မှတဆင့် ဖုတ်ဆရာ၏ လည်ချောင်းအတွင်းသို့ အသီးသီးတိုးဝင်သွားသည်။ မယ်ပျင်းက တစ်ချက်ရယ်မောလိုက်ရင်း ရွာသားများကိုဝေ့ကြည့်လိုက်ကာ
“နင်တို့က ငါ့ကိုနိုင်ဖို့ ဆရာတွေခေါ်လာကြတယ်ပေါ့၊ ခေါ်ကြစမ်း၊ နင်တို့ဒီနယ်မကလို့ တစ်ကမ္ဘာလုံးက ဆရာတွေခေါ်လာခဲ့စမ်း၊ ဒီရွာက ဒင်းတို့ရဲ့သချိုင်းဖြစ်သွားစေရမယ်၊ ဟား၊ ဟား”
ထိုသို့ကြွေးကြော်ပြီးနောက် ရွာထဲမှထွက်သွားလေသည်။ ဖုတ်ဆရာမှာ ထိုတော့မှ လှုပ်ရှားနိုင်ပြီး လည်ပင်းအားလက်နှင့်ညှစ်ထားလေသည်။ ထို့နောက် သူဝတ်ထားသည့် အင်္ကျီကြီးကိုချွတ်လိုက်သည့်အခါ ဝမ်းဗိုက်အထဲတွင် လျောတိုက်သွားလာနေသည့် မြေကြီးများကို ဝမ်းဗိုက်အပြင်မှပင် အတိုင်းသားမြင်နေရသည်။ ဖုတ်ဆရာမှာ ဝူးဝူးဝါးဝါးနှင့်အော်ဟစ်လျှက် မတ်တပ်ရပ်လိုက်ကာ ခါးကြားတွင်ဆောင်ထားသည့်ဓါးမြှောင်ကလေးကိုဖြုတ်လိုက်သည်။ ထိုဓါးမြှောင်ဖြင့် ကိုယ့်ဝမ်းဗိုက်ကိုယ် ထိုးခွဲလိုက်သည့်အခါ ဝမ်းဗိုက်အတွင်းမှ အူကလီစာများမှာအထွေးလိုက်ကြီးထွက်ကျလာကာ မြေပြင်ပေါ်သို့ကျဆင်းကုန်သည်။
ဖုတ်ဆရာကြီးမှာ ကလီစာများနှင့်အတူ ကျဆင်းလာသည့် မြွေကြီးငါးကောင်အားကြည့်နေပြီးသည့်နောက် လဲကျကာသေဆုံးသွားလေတော့သည်။
(၄)
ပေတိုးသေသည်ကို ကြီးဒေါ်မှုှုန်နှင့် ဆွေမျိုးများက သိကြသော်လည်း အရေးမလုပ်ဘဲ ပိုက်ဆံကုန်ကျမည်စိုးရိမ်သဖြင့် မည်သူကမျှ နာရေးမပြုလုပ်ပေးပေ၊ ထို့ကြောင့် ထိုညနေမှာပင် မမယ်ဖြူနှင့် သာစံတို့မှာ နေ့လည်ခင်းက လူမိုက်များနှင့်တိုက်ခိုက်ခဲ့ကြသည့် ကုန်းကလေးဆီသို့ ပေတိုးအလောင်းကိုသယ်ဆောင်လာခဲ့ကြသည်။ ထိုကုန်းကလေးအလယ်တွင် မြေကျင်းတူးပြီးသောအခါ ပေတိုးအလောင်းကို မြေမြှုပ်သဂြိုဟ်လိုက်ကြလေသည်။
“ကိုပေတိုးရာ ခင်ဗျားသေရတာ ကျုပ်ကြောင့်ပါဗျာ”
ပေတိုးအားမြှုပ်နှံပြီး မြေးအဘွားနှစ်ယောက် အိမ်သို့ပြန်လာခဲ့ကြသည်။ အိမ်ရောက်သည့်အခါ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်ကိုတွေ့ရသည်။ ထိုလူကြီးက အနက်ရောင်ခမောက်ဝိုင်းကြီးတစ်ခုကို ဦးခေါင်းတွင်ဆောင်းထားသဖြင့် သူ့မျက်နှာကိုမမြင်ရပေ။ မမယ်ဖြူနှင့်သာစံတို့က ကွပ်ပျစ်တွင်ထိုင်လိုက်သည့်အခါ ထိုလူကြီးက မတ်တပ်ထလိုက်သည်။
“ခင်ဗျားကျုပ်ပြောတဲ့အရာကို လေးလေးနက်နက်စဉ်းစားပေးပါမယ်ပျင်း၊ ခင်ဗျားသာ ကျုပ်တို့ပြောတဲ့အတိုင်းလုပ်ပေးမယ်ဆိုရင် ခင်ဗျားကိုကျုပ်တို့အားလုံးပံ့ပိုးပေးမယ်၊ ခင်ဗျားရဲ့လက်စားချေတဲ့ကိစ္စကိုလဲ အောင်မြင်အောင်လုပ်ပေးမယ့်အပြင် အခန့်မသင့်ရင် ခင်ဗျားတောင် မယ်တော်ဖြစ်ချင်ဖြစ်သွားနိုင်တယ်”
ထိုလူကြီးမှာပြောဆိုပြီး ခြံအပြင်သို့ထွက်သွားလေသည်။ ခြံအပြင်တံခါးနားရောက်သည့်အခါ သူဝတ်ရုံလာသည့် ဝတ်ရုံနက်ကြီးကို တစ်ချက်ဝှေ့ယမ်းလိုက်ရင်း မျက်စိရှေ့မှောက်မှာတင် ပျောက်ကွယ်သွားတော့သည်။ မမယ်ဖြူက သိချင်လှသဖြင့်
“သမီး၊ အဲဒါဘယ်သူလဲ”
“အလကားလူပါ၊ အမေစိတ်ထဲထားမနေပါနဲ့”
ထိုသို့ပြောလိုက်ပြီး မယ်ပျင်းမှာ ဆေးလိပ်တစ်လိပ်ကို ဟန်ပါပါနှင့်ဖွာရှိုက်နေလေတော့သည်။