စာစဉ်(၈၃)
(၁)
မယ်ပျင်းမှာ ဖက်လိပ်ရွာအတွင်းမှပြန်လာပြီး ခြံထဲသို့ပြန်ဝင်လာသည်။ အိမ်တွင်မမယ်ဖြူနှင့် သာစံတို့၏ အရိပ်အယောင်ကိုမတွေ့ရပေ။ သို့နှင့် ကွပ်ပျစ်တွင်ထိုင်နေပြီး ဆေးလိပ်သာဖွာရှိုက်နေမိသည်။ ထိုစဉ် ခြံဝန်းအပြင်ဘက်တွင် တရှပ်ရှပ်နှင့်အသံများကိုကြားလိုက်ရသည်။ ခြေသံမဟုတ်ဘဲ တစ်စုံတစ်ခုက ပျံသန်းဝေ့၀ဲနေသည့်ပုံစံမျိုးဖြစ်သည်။ မယ်ပျင်းက ထိုအရာကိုအရေးမစိုက်ဘဲ ဆက်ထိုင်နေစဉ် ထိုအရာမှာ ခြံဝန်းအတွင်းသို့ပျံသန်းဝင်ရောက်လာခဲ့သည်။ ပျံသန်းဝင်ရောက်လာသည့်အရာမှာ အခြားမဟုတ်ဘဲ အနက်ရောင်အဝတ်စတစ်ခုသာဖြစ်သည်။ ထိုအဝတ်စမှာ သာမန်လေလွင့်လာသည့် အဝတ်စတစ်ခုမဟုတ်မှန်း သိလိုက်ရပြီမို့ မယ်ပျင်းက အဝတ်စကိုစိုက်ကြည့်လိုက်ကာ မျက်လုံးအတွင်းမှ စက်လက်နက်နှစ်ခုကိုပစ်လွှတ်လိုက်လေသည်။
စိန်ရောင်ခြည်ကဲ့သိုက ဝင်းလက်နေသည့်စက်လက်နက်တစ်ခုမှာ အဝတ်စထံသို့ပျံသန်းသွားသည်။ ထိုအခါ အဝတ်စအတွင်းမှလည်း စက်လက်နက်တစ်ခုထွက်လာကာ မယ်ပျင်းပစ်ခတ်လိုက်သည့် စက်လက်နက်တစ်ခုကို လေပေါ်မှာပင်ဖြိုခွင်းလိုက်လေသည်။ သို့သော် နောက်ထပ်စက်လက်နက်တစ်ခုမှာတော့ အဝတ်စအား တည့်တည့်ထိမှန်ကာ အဝတ်စမှာ မြေပြင်ပေါ်သို့အရှိန်ဖြင့် ဘုတ်ခနဲပြုတ်ကျလေသည်။
“သေချင်လို့ ငါ့ဆီလာတာလား၊ ငါစိတ်သိပ်မကြည်ဘူးနော်”
ထိုအဝတ်စမှာမြေပေါ်ရောက်သည့်အခါ ပုဆိုးစအသွင်သို့တဖြည်းဖြည်းကြီးမားလာပြီးနောက် လူကြီးတစ်ဦးကလည်း အဝတ်စကြီးအတွင်းမှ တိုးထွက်လာလေသည်။ တစ်ခဏအတွင်းမှာပင် ဝတ်ရုံနက်ကြီးဝတ်ကာ ခမောက်နက်ကြီးတစ်ခုဆောင်းထားသည့် လူတစ်ဦးအဖြစ်ပြောင်းလဲသွားသည်။
“ကျုပ်က ခင်ဗျားကိုရန်ပြုဖို့လာခဲ့တာမဟုတ်ပါဘူး မယ်ပျင်း”
“ဒါဆိုရင်လည်း ခြံတံခါးရှိတယ်၊ ဝင်မယ်ဆိုရင်ခွင့်တောင်းပေါ့၊ ရှင်ဒီလောက်လေးတောင် လူမှုရေးနားမလည်ဘူးလား”
“ကျုပ်စိတ်လောသွားလို့ပါမယ်ပျင်း၊ ခင်ဗျားကိုတောင်းပန်ပါတယ်”
ဒေါ်ပျင်းက ဆေးလိပ်ကိုတစ်ချက်ဖွာလိုက်ပြီးသည့်နောက် မီးခိုးငွေ့များကိုမှုတ်ထုတ်လိုက်ရင်း
“ပြောပါအုံး၊ ရှင်ကဘယ်သူလဲ ဘာကြောင့်ခိုးကြောင်ခိုးဝှက်နဲ့ မျက်နှာကိုအုပ်ထားရတာလဲ”
“ဒါကတော့ ကိစ္စမပြီးခင် လူမသိစေချင်တဲ့သဘောပါ၊ ပြီးတော့ ကျုပ်လာရတာက ခင်ဗျားကိုတစ်ခုကမ်းလှမ်းချင်လို့ လာခဲ့တာပါပဲ”
“ပြောကြည့်ပါအုံး နားထောင်ကြည့်ရတာပေါ့”
“ကျုပ်က မြိုင်သာမြို့စုန်းကောင်စီက စုန်းတစ်ယောက်ပဲ၊ ခင်ဗျားဆီကိုလာရတဲ့အကြောင်းကတော့ ခင်ဗျားရဲ့အကူအညီကို ကျုပ်လိုအပ်တယ်၊ ကျုပ်တင်မကဘူး ကျုပ်တို့ကောင်စီတစ်ခုလုံးက ခင်ဗျားကိုလိုအပ်တယ်”
“မြိုင်သာစုန်းအသင်းဆိုတာက မယ်တော်ယမင်းရဲ့လက်ပါးစေတွေပဲမဟုတ်လား၊ ကဲ ပြောစမ်းပါအုံး အဲဒီကောက်ကျစ်တဲ့မိန်းမယုတ်က ရှင့်ကိုလွှတ်ပြီးတော့ ဘာတွေကြံစည်အုံးမှာလဲ”
ထိုလူကြီးက ခြံဝိုင်းအတွင်း ဟိုဟိုဒီဒီလမ်းလျှောက်နေရင်း
“ကျုပ်ပွင့်ပွင့်လင်းလင်းပဲပြောတော့မယ်ဗျာ၊ မယ်တော်ယမင်းက စုန်းအသင်းကိုစတင်တည်ထောင်တာ ဘာလို့လဲဆိုတာခင်ဗျားသိသလား”
“ရှင်တို့တွေပြောပြောနေကျစကားရှိတယ်လေ၊ ဘာတဲ့ စုန်းတွေကောင်းစားဖို့၊ စုန်းတိုင်းအတတ်ပညာတွေတတ်မြောက်ဖို့နဲ့ လူတန်းစေ့နေနိုင်ဖို့ဆိုလား ဘာလားပဲ”
ထိုလူကြီးက ခေါင်းခါကာ
“မဟုတ်ဘူး၊ ဒါတွေက လူကြားကောင်းအောင်ပြောတာ၊ အမှန်က ဒါတွေတစ်ခုမှမဟုတ်ဘူး”
“ဒါဖြင့်ရင် ဘာရည်ရွယ်ချက်နဲ့လဲ”
“ကျုပ်အဖေက အိန္ဒိယကနေ ဒီမြိုင်သာမြို့ကိုရောက်တဲ့အချိန်မှာ မယ်တော်နဲ့တွေ့ပြီးတော့ အိန္ဒိယကလို စုန်းအသင်းအဖွဲ့တွေ ဖွဲ့စည်းချင်လာတယ်၊ ဘာဖြစ်လို့ဖွဲ့စည်းတာလဲဆိုတော့ အချက်နှစ်ချက်ရှိတယ်၊ တစ်ခုကတော့ မြိုင်သာတစ်ဝိုက်က စုန်းတွေကိုထိန်းချုပ်ဖို့နဲ့ နောက်တစ်ခုကတော့ လူတစ်ယောက်ကို တားဆီးနိုင်ဖို့၊ အဲဒီလူက သူ့ကိုရန်မူလာပြီဆိုရင် စုန်းအသင်းရဲ့အကူအညီနဲ့ စစ်ကူရနိုင်ဖို့ ဒီအတွက်ဖွဲ့စည်းခဲ့တာလို့ ကျုပ်အဖေကပြောတယ်”
“မယ်တော်က စုန်းတွေကို ထိန်းချုပ်ချင်တာ မဆန်းပါဘူး၊ ဒါပေမယ့် လူတစ်ယောက်ကိုတားဆီးဖို့ဆိုတော့ အဲဒါဘယ်သူများလဲ”
ထိုလူကြီးက မယ်ပျင်းဘက်ကိုလှည့်လိုက်ပြီး မယ်ပျင်းအားလက်ညှိုးထိုးလိုက်ကာ
“အဲဒါခင်ဗျားပဲမယ်ပျင်း”
“ဘယ်လို၊ မယ်တော်က ကျုပ်ကိုတားဆီးဖို့ကိုတောင်မှ အသင်းအဖွဲ့တစ်ခုလိုအပ်တယ်တဲ့လား”
“သူ့ဆီမှာ မှော်မှန်ကြီးတစ်ချပ်ရှိတယ်၊ အဲဒီမှန်ထဲမှာ ပုဏ္ဏားကြီးတစ်ယောက်ရှိတယ်၊ အရင်က မြိုင်သာနယ်မှာ နာမည်ကြီးခဲ့တဲ့ ပုဏ္ဏားကြီး ဘထီးဆိုတဲ့လူပဲ”
“အဲဒီလူကြီးက ကျုပ်ငယ်ငယ်ကသတ်ခဲ့တဲ့လူကြီးပဲ”
“ထားပါတော့၊ သူကအခုမသေဘဲ မယ်တော်ရဲ့မှော်မှန်ကြီးထဲကိုရောက်နေတယ်၊ သူ့ရဲ့ရှေ့ဖြစ်ဟောကိန်းအရတော့ မယ်တော်ကိုအဆုံးသတ်ပေးနိုင်မယ့်လူက မင်းပဲတဲ့၊ ဒါကိုသိလို့ မယ်တော်က မင်းကိုရန်ငြိုးထားနေတာပဲ မယ်ပျင်း”
မယ်ပျင်းမှာအံ့သြသွားလေသည်။
“ပြီးတော့ မင်းမှာဖြစ်ပျက်ခဲ့သမျှက အားလုံးအစီအစဉ်တကျဖြစ်ပျက်ခဲ့တာပဲ၊ မတော်တဆဖြစ်ပျက်ခဲ့တာမျိုးမဟုတ်ဘူး၊ မင်းဟိုးငယ်ငယ်ကတည်းက မယ်ဖော့ကိုပညာတွေပေးခဲ့တာလည်းသူပဲ၊ ပြီးတော့ နိဗ္ဗာန်ရွာက ကဝေရှင်တွေက မင်းကိုမယ်ပျင်းမှန်းသိသွားတာလည်း ဘယ်သူ့လက်ချက်လို့ထင်သလဲ၊ သာစံကိုမွေးတုန်းက ရောက်လာတဲ့ ရသေ့ကြီးနဲ့အနူကြီးကို ဘယ်သူလမ်းညွှန်လိုက်တယ်လို့ ထင်သလဲ မယ်ပျင်း”
မယ်ပျင်းမှာ ဒေါသထွက်သွားပြီး အသားများပင်တဆတ်ဆတ်တုန်ယင်လာသည်။
“ဒါတွေအားလုံးက မယ်တော်ရဲ့စနက်တွေပဲမယ်ပျင်း၊ မင်းဘယ်လိုပဲ အေးအေးချမ်းချမ်းနေမယ်ပြောပြော မယ်တော်က မင်းကိုလိုက်သတ်နေမှာပဲ၊ မင်းကိုလိုက်ပြီး ဒုက္ခပေးနေမှာပဲ၊ မယ်တော်ကြောင့် မင်းရဲ့ငြိမ်းချမ်းတဲ့မိသားစုဘဝကလေးပျက်စီးခဲ့ရတယ်၊ မင်းချစ်တဲ့လူတွေ၊ မင်းကိုသိပ်ချစ်တဲ့လူတွေ သေဆုံးခဲ့ရတယ်၊ တကယ်တော့ မင်းနဲ့ပတ်သက်ဆက်နွယ်မိတဲ့လူတွေ အသေဆိုးနဲ့သေကြရတာက သူတို့ကံဆိုးလို့မဟုတ်ဘူး၊ မင်းရဲ့ကံကြမ္မာကြောင့်လဲမဟုတ်ဘူး၊ ဒါတွေအားလုံးက မယ်တော်ရဲ့လက်ချက်တွေကြောင့်ပဲမယ်ပျင်း”
မယ်ပျင်းမှာ ကိုလူအေးတို့အသတ်ခံရသည့်အကြောင်းအရင်းများကို ပြန်လည်တွေးတောမိကာ အလွန်နာကျည်းနေမိသည်။
“တောက်၊ အယုတ်တမာမ၊ တကယ်ပဲ ဒါတွေအားလုံးကိုနင်ကလုပ်ခဲ့တာဆိုရင် နင်အဲဒါတွေအတွက်ပြန်ပြီးပေးဆပ်ရလိမ့်မယ်”
“ဒါတွေက ရပ်တန့်သွားမှာမဟုတ်ဘူးမယ်ပျင်း၊ မယ်တော်က မင်းကိုအမြဲတမ်းမကောင်းကြံနေတဲ့သူဆိုတော့ အခုမင်းရဲ့သားကလေးကိုလည်း သူမယုတ်မာဘူးလို့မပြောနိုင်ဘူးလေ၊ ဒါကြောင့် ဒါတွေအားလုံးကိုရပ်တန့်ဖို့က နှစ်နည်းပဲရှိတယ်”
ထိုလူကြီးက လက်ချောင်းနှစ်ချောင်းထောင်လိုက်ပြီး
“တစ်နည်းက မင်းသေသွားတာ၊ နောက်တစ်နည်းကတော့ မယ်တော်သေသွားတာ၊ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်သေသွားတော့မှ ဒီရန်ငြိုးကြီးက ကျေအေးသွားနိုင်မယ်”
“ဟင်း၊ ကျုပ်ကတော့ အသေခံနိုင်ပါ့မလား၊ သေချင်းသေ ဒင်းပဲသေရမှာပေါ့”
“မယ်ပျင်း မင်းကသိပ်လေကြီးလေကျယ်ပြောတာပဲ”
မယ်ပျင်းမှာဒေါသထွက်သွားကာ ထိုလူအားလက်ညှိုးဖြင့်ထိုးချိန်လိုက်သည်။
“ရှင့်ရဲ့စကားကို ရှင်ဆင်ခြင်သင့်တယ်”
“ငါပြောတာအမှန်ပဲ၊ မင်းရဲ့အခုအခြေအနေနဲ့ မယ်တော်ကိုအနိုင်ယူဖို့ဖြစ်နိုင်တယ်လို့ မင်းထင်နေသလား၊ မင်းနဲ့သူနဲ့ နှစ်ယောက်တည်း ပညာပြိုင်လို့ မင်းသူ့ကိုနိုင်မယ်လို့ထင်နေသလား”
ထိုတော့မှ မယ်ပျင်းမှာငိုင်ကျသွားကာ လက်ကိုပြန်ချလိုက်လေသည်။ အမှန်တကယ်လည်း မယ်ပျင်းမှာ မယ်တော်ကိုမယှဉ်နိုင်ပေ၊ စုန်းပညာများတစ်ဖက်ကမ်းခတ်တတ်သော်လည်း အစောင့်အရှောက်နတ်မင်းခုနစ်ပါးကို အပိတ်ပင်ခံထားရခြင်းကြောင့် မယ်တော်ကိုယှဉ်နိုင်ရန်မဖြစ်နိုင်ပေ။
“ဒီတော့ ငါတို့နဲ့ပူးပေါင်းမယ်ဆိုရင် မယ်တော်ကိုနိုင်ရာနိုင်ကြောင်းဖြစ်မယ့်နည်းလမ်းတွေကို ငါပြောပြမယ်၊ ပြီးတော့ မယ်တော်ကိုမင်းယှဉ်နိုင်ဖို့အတွက် လိုအပ်တဲ့အရာတွေအားလုံးကိုထောက်ပံ့ပေးမမယ်”
“ရှင်ကဘာလိုချင်တာလဲ၊ မယ်တော်သေပါပြီတဲ့ ရှင့်အတွက်ဘာအကျိုးရှိမှာလဲ”
“မင်းအကျိုးရှိသလို ငါတို့လည်းအကျိုးရှိမှာပေါ့ကွာ၊ ငါအခုတော့ ဒီလောက်ပဲပြောနိုင်သေးတယ်၊ ဒီတေတာ့ မင်းငါတို့နဲ့ပူးပေါင်းမလား ဒီအတိုင်းရွာမှာနေပြီး မယ်တော်အကောက်ကြံတာကို ခံမလားဆိုတာ မင်းပဲဆုံးဖြတ်ပါ”
မယ်ပျင်းက စဉ်းစားရင်း ဆေးလိပ်ကိုဖွာနေမိသည်။ ထိုအခိုက် ပေတိုးအားမြှုပ်နှံပေးပြီး သာစံနှင့်မမယ်ဖြူတို့မှာ ခြံဝန်းအတွင်းသို့ဝင်လာကြသည်။ အနက်ရောင်ဝတ်ထားသည့်လူကြီးမှာ မမယ်ဖြူတို့ရောက်လာသဖြင့် လှည့်ပြန်ရန်ပြင်ဆင်လိုက်သည်။
“ငါတို့ပြောတာကို မင်းအသေအချာစဉ်းစားပါမယ်ပျင်း”
ထို့နောက် ထိုလူကြီးက ခြံဝန်းအပြင်သို့လှမ်းထွက်သွားသည်။ သူဝတ်စုံထားသည့် ဝတ်ရုံနက်ကြီးနှင့် ကိုယ်လုံးကိုဖုံးအုပ်လိုက်သည့်အခါ ရုတ်ချည်းပျောက်ကွယ်သွားလေသည်။ မမယ်ဖြူက မယ်ပျင်းအနားသို့တိုးကပ်လာပြီး
“အဲဒါဘယ်သူလဲသမီး”
“အလကား အရေးမပါတဲ့လူတစ်ယောက်ပါအမေ”
သာစံက မယ်ပျင်းအား အလွန်စိတ်ပျက်သည့် မျက်လုံးများဖြင့်စိုက်ကြည့်နေလေသည်။
“ဟဲ့ကောင်လေး၊ နင်ဘာဖြစ်နေတာလဲ၊ ကိုယ့်အမေကိုယ် နင်ဒီလိုကြည့်စရာလား”
“အမေသာကယ်ပေးရင် ကိုပေတိုးသေမှာမဟုတ်ဘူး”
“လူတိုင်းကို ကယ်လို့ရမယ်လို့မတွေးနဲ့ ငါ့သားရဲ့၊ သတ္တဝါတစ်ခု ကံတစ်ခုပဲ၊ သူ့သေချိန်ရောက်လို့ သေရတယ်လို့ပဲမှတ်လိုက်ပေါ့သားရယ်”
“အမေ့ရဲ့ပညာအရည်အချင်းနဲ့ ကိုပေတိုးကိုကယ်ဖို့ ဘယ်လောက်မှမခက်ခဲဘူးဆိုတာ ကျုပ်သိပါတယ်အမေ”
“မင်းငါ့ကိုဘာမှလာပြိး ဖြောင်းဖျနေစရာမလိုဘူး၊ အမေက လူတွေကိုဒုက္ခပဲပေးချင်ပေးမယ်၊ ဘယ်တော့မှမကယ်ဘူး၊ ဘယ်တော့မှထပ်ပြီးမကယ်တော့ဘူး”
မမယ်ဖြူက သာစံကလေးကိုဆွဲရင်း
“လာပါမြေးရယ်၊ သားဗိုက်ဆာပြီမဟုတ်လား ဘွားဘွားကြီးနဲ့ထမင်းစားရအောင်နော်”
သာစံမှာ မမယ်ဖြူခေါ်ရာအနောက်သို့ ယက်ကန်ယက်ကန်နှင့် လိုက်ပါသွားရသော်လည်း မိခင်ဖြစ်သူအားမကျေနပ်ပေ။ ထိုအချိန်မှစ၍ သာစံမှာ မိခင်ဖြစ်သူနှင့် ခပ်စိမ်းစိမ်းဖြစ်လာခဲ့သလို စိတ်ထဲတွင်လည်း စုန်းပညာမှာ မကောင်းသည့်ပညာရပ်တစ်ခုအဖြစ်သတ်မှတ်ကာ ရွံ့ရှာမုန်းတီးသွားတော့သည်။
(၂)
သူကြီးဦးဖိုးမောင်မှာ မယ်ပျင်းတို့အားမောင်းထုတ်၍မရသည့်အပြင် သူပင့်ခေါ်လာသည့် အထက်လမ်းဆရာများ၊ အောက်လမ်းဆရာများပါ သေဆုံးသွားကြသဖြင့် အလွန်အမင်းစိတ်ရှုပ်ထွေးနေလေသည်။ မယ်ပျင်းကလည်း တစ်ချိန်ချိန်တွင် မိမိအား ပညာဖြင့်ပြုစား၍ သတ်ဖြတ်မည်ကိုစိုးရိမ်နေရသဖြင့် ညညဆိုလျှင် ကောင်းကောင်းပင်အိပ်မပျော်ပေ။ ညလုံးပေါက် မျက်လုံးပြူးကြီးနှင့် တောင်တွေးမြောက်တွေး တွေးကာစဉ်းစားတွေးတော့ရင်း မိုးလင်းပိုင်းရောက်ခါနီးမှ အိပ်ပျော်သွားတော့သည်။
ထိုစဉ်မယ်တော်မှာ ကျားစီးလျှက် သူကြီးအိပ်ခန်း ပြတင်းပေါက်အနားသို့ရောက်လာခဲ့သည်။ မိန်းမသုံးယောက်နှင့်အတူဖက်ကာ အိပ်မောကျနေသည့်သူကြီးအားကြည့်ပြီး တစ်ချက်ပြုံးလိုက်သည်။ ထို့နောက် လက်ဝါးကိုဖြန့်လိုက်ကာ ပါးစပ်မှလေဖြင့် ထိုလက်ဝါးကိုမှုတ်လိုက်လေသည်။ ထိုအခါ လက်ဝါးအတွင်းမှ ငွေရောင်တောက်ပစွာဝင်းလက်နေသည့် အမှုန့်ကလေးများမှာ သူကြီးထံသို့ပျံသန်းသွားပြီး သူကြီး၏နားရွက်ပေါက်နှစ်ဖက်မှတဆင့် နားအတွင်းသို့တိုးဝင်သွားလေသည်။
မကြာမီ သူကြီးမှာ အိပ်နေရာမှယောင်ယမ်းပြီး ငေါက်ခနဲငုတ်တုတ်ကောက်ထိုင်လိုက်သည်။ ပါးစပ်မှလည်း “မတစ်လုံးဆရာကြီး မတစ်လုံးဆရာကြီး”ဟုရေရွတ်နေလေရာ အနားတွင်အိပ်စက်နေသည့် သူကြီးမိန်းမများက လန့်နိုးကုန်ကြသည်။ မိန်းမတစ်ဦးက ဇောချွေးများပြန်နေသည့် သူကြီး၏ နဖူးအား ချွေးသုတ်ပေးသလို ကျန်မိန်းမတစ်ဦးက ထန်းလက်ယပ်တောင်ဖြင့် ယပ်ခတ်ပေးကာ နောက်မိန်းမတစ်ဦးမှာ ရေတကောင်းအတွင်းမှ ရေတစ်ခွက်ခပ်ယူလိုက်ပြီး သူကြီးအားတိုက်လေသည်။ သူကြီးက မောမောနှင့်ရေခွက်ကိုမော့သောက်ချလိုက်သည်။
“အကိုကြီး ဘာဖြစ်တာလဲ အိပ်မက်ဆိုးတွေများမက်တာလား”
“အိပ်မက်ဆိုးတော့မဟုတ်ဘူးဟေ့၊ အိပ်မက်ကောင်းမက်တာဟ”
“ဘယ်လိုအိပ်မက်မျိုးပါလိမ့်အကိုကြီးရယ်၊ အိပ်မက်ကောင်းမက်တာ လန့်နိုးရတယ်လို့”
“ဟုတ်တယ် နှမတို့ရဲ့၊ အိပ်မက်ထဲမှာလေ အကိုကြီးက ရွာကြီးတစ်ရွာကိုရောက်သွားတာ၊ ရွာနာမည်က ဘာတဲ့ ဆီမီးခုံ . . . ဟုတ်တယ်၊ ဆီမီးခုံရွာဆိုပဲ၊ အဲဒီရွာကြီးမှာ စုန်းမတွေအများကြီးက မိုးပေါ်ပျံပြီးတော့ လူတွေကိုလိုက်လံသတ်ဖြတ်နေတာဆိုပဲ”
“အကိုကြီးနှယ် စုန်းမက လူတွေကိုသတ်တာ အိပ်မက်ကောင်းဖြစ်ပါ့မလား”
“သေချာနားထောင်စမ်းပါအုံး၊ အဲဒီစုန်းမတွေကြားထဲမှာလူကြီးတစ်ယောက်ပေါ်လာတယ်၊ အဲဒီလူကြီးက ခေါင်းမှာလည်း သျှောင်ထုံးကြီးနဲ့ နှုှုတ်ခမ်းမွှေးကလည်း ခပ်ရှည်ရှည်ကြီးပဲ၊ သူ့နာမည်က ဆရာဇေယျတဲ့ အဲဒီဆရာကြီးက သူတစ်ယောက်တည်းနဲ့ စုန်းတွေကိုသုတ်သင်နှိပ်စက်လိုက်တာများ အားရစရာကြီးပဲ၊ စုန်းတွေအကုန်လုံး သေတဲ့လူကသေ ပြေးတဲ့လူကပြေးနဲ့၊ နောက်တော့ အကိုကြီးကိုဆရာကြီးကလှည့်ကြည့်တယ်၊ ပြီးတော့ သူ့နာမည်ကိုထပ်ပြောသေးတယ်၊ သူက မတစ်လုံးဆရာကြီး ဦးဇေယျတဲ့၊ အကိုကြီးကတော့ဖြင့် ဒီအိပ်မက်တွေက သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေက အကိုကြီးကိုလမ်းညွှန်တယ်လို့ပဲထင်တယ်”
“အကိုကြီးရယ်၊ အိပ်မက်က အိပ်မက်ပဲမဟုတ်လား”
သူကြီးက ခေါင်းခါလိုက်ပြီး
“အကိုကြီးသိနေတယ်နှမတို့၊ ဒါရိုးရိုးအိပ်မက်မဟုတ်ဘူး၊ အကိုကြီးကိုလမ်းပြတာပဲ၊ ဆီမီးခုံရွာဆိုတာ အကိုကြီးတို့ရွာနဲ့ နေ့တစ်ပိုင်းလောက်သွားရင်ရောက်တယ်မဟုတ်လား၊ မနက်ရောက်တာနဲ့ ဆီမီးခုံရွာကိုလူလွတ်ပြီး အဲဒီဆရာကြီးရှိသလားလို့ စုံစမ်းခိုင်းရမယ်”
“ကဲပါအကိုကြီးရယ်၊ မနက်ကိစ္စမနက်မှပြောပါ၊ အခုက ကြက်ဦးတောင်မတွန်သေးဘူး၊ ပြန်အိပ်ကြပါစို့ အကိုရယ်”
သူကြီး၏ မိန်းမများမှာ ပြန်လည်အိပ်ပျော်သွားသော်လည်း သူကြီးမှာ ဆရာကြီးဇေယျအကြောင်းတွေးကာ အိပ်မပျော်ပေ၊ သူအရမ်းစိတ်ပူပန်နေရသည့် စုန်းမမယ်ပျင်းအား ဆရာကြီးက နှိမ်နင်းနိုင်လိမ့်မည်ဟု တထစ်ချယုံကြည်နေလေသည်။
“သူကြီးရေ၊ အဟုတ်ဗျို့၊ သူကြီးအိပ်မက် မှန်တယ်ဗျို့”
နေ့လည်ခင်းတွင် ရွာမှလွတ်လိုက်သည့်လူယုံမှာ အိမ်ပေါ်သို့ပြေးတက်လာပြီး အားရဝမ်းသာနှင့်ပြောကြားလေသည်။ သူကြီးဦးဖိုးမောင်လည်း အားတက်သရောနှင့် မတ်တပ်ထလိုက်ကာ
“ဘယ်လိုမှန်တာလဲကွ၊ ဆရာကြီးဇေယျဆိုတာ တကယ်ရှိတယ်တဲ့လား”
“တကယ်ပေါ့ဗျ၊ ဆရာကြီးဇေယျဆိုတာ မတစ်လုံးဂိုဏ်းဆိုတဲ့ ဂိုဏ်းရဲ့ဂိုဏ်းချုပ်ဆရာကြီးဗျ၊ စုန်းတွေ ကဝေတွေကို နိုင်ချက်ကတော့ ပြောမနေပါနဲ့တော့ဗျာ”
“ဟကောင်ရ အဲဒါမင်းက ဆရာကြီးကိုပင့်မလာခဲ့ဘူးလား”
“ပင့်လာတာပေါ့သူကြီးရာ အခုဆရာကြီးရော သူ့တပည့်မတစ်လုံးဂိုဏ်းသားငါးဆယ်လောက်ရော ရွာထိပ်မှာလှည်းတွေနဲ့ရောက်နေပြီဗျ၊ အဲဒါ သူကြီးကိုလာအကြောင်းကြားတာ”
“ဟာကွာ၊ စောစောကမပြောဘူး၊ တို့ရွာကိုလာတာ ငါကထွက်ကြိုမှပေါ့ကွ၊ ပေးစမ်း တိုက်ပုံ”
သူကြီးမှာ အဝတ်အစားကပြာကယာလဲလှယ်လိုက်ပြီး နောက်လိုက်များနှင့်အတူ ရွာထိပ်သို့ပြေးလာခဲ့ကြသည်။ ရွာထိပ်ညောင်ပင်ကြီးအောက်တွင် လှည်းဆယ်စီးခန့်ရပ်နေပြီး လှည်းပေါ်တွင်လည်း လူအများအပြားကိုတွေ့ရသည်။ လှည်းများအနက် ထိပ်ဦးမှလှည်းကိုသူကြီးဖိုးမောင်က ချဉ်းကပ်လိုက်သည့်အခါ လှည်းပေါ်ထိုင်နေသည့် ဆရာကြီးဇေယျကိုတွေ့လိုက်ရသည်။
“အလို ဆရာကြီး၊ အိပ်မက်ထဲကအတိုင်း တထေရာတည်းပါလားဆရာကြီးရယ်”
“အိမ်း၊ ငါ့ကိုလည်းညတုန်းက မနက်ကျရင်လာပင့်တဲ့လူနဲ့လိုက်သွားပါဆိုပြီးတော့ အိပ်မက်မက်သကွ၊ အထက်ပုဂ္ဂိုလ်တွေရဲ့ စေ့ဆော်ချက်ကြောင့်လို့ ငါကထင်နေတဲ့အချိန်မှာ မင်းတို့ရွာက လာပင့်တာပဲ”
“တိုက်ဆိုင်လိုက်တာဗျာ၊ ဆရာကြီးတို့ရွာထဲကိုလိုက်လာခဲ့ကြပါ၊ ကျုပ်အိမ်မှာပဲ တည်းခိုကြပါဆရာကြီးတို့၊ ဆရာကြီးတို့ ဂိုဏ်းသားတွေ စားဖို့သောက်ဖို့နဲ့ လိုလေသေးမရှိအောင်ကျုပ်က တာဝန်ယူပါတယ်”
ဆရာကြီးဇေယျမဆင်းခင် ရှမ်းဝတ်စုံအနက်ရောင်ဝတ်ဆင်ထားသည့် လူကြီးက လှည်းပေါ်မှခုန်ဆင်းလိုက်လေသည်။ ထိုလူကြီးလက်ထဲတွင် နှစ်လံခန့်ရှိသည့် တောင်ဝှေးကြီးတစ်ခုကို ကိုင်ဆောင်ထားသည်။ သစ်သားတောင်ဝှေးပေါ်တွင် အင်းကွက်များကိုထွင်းထုထားကြကာ ဆေးနီဆေးနက်များဖြင့်ရေးသားထားသည့် စာသားများကိုလည်းတွေ့ရသည်။ ထိုလူကြီးက လှည်းအောက်တွင် ဒူးတစ်ဖက်ထောက်လျှက်ထိုင်ချလိုက်သည်။ ထိုတော့မှ ဆရာကြီးဇေယျက လှည်းပေါ်မှဆင်းကာ အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူကြီး၏ ဒူးခေါင်းပေါ်သို့လှေကားတစ်ခုသဖွယ်နင်းလျှက် ဖြေးညှင်းစွာဆင်းသက်လိုက်သည်။
ဆရာကြီးဇေယျမှာ ဆရာတစ်ဦး ပုဂ္ဂိုလ်ထူးတစ်ဦးအသွင်အပြင်ရှိကာ ရှည်မျောမျောမျက်နှာနှင့် ကြီးမားသည့်သျှောင်ထုံးကြီးရှိသည်။ မုတ်ဆိတ်များမှာ ရှည်လျားလှပြီး ပိုမိုထူးခြားသည်ကတော့ မျက်ခုံးမွှေးများမှာ ရှည်လျားကာ ကော့ပျံလန်တက်နေခြင်းဖြစ်သည်။
ဆရာကြီးဇေယျနံဘေးတွင် မိုးပြာရောင်တိုက်ပုံဝတ်ထားသည့် လူကြီးတစ်ဦးနှင့် အစောပိုင်းကတွေ့ခဲ့သည့် ရှမ်းအင်္ကျီနှင့်လူကြီးမှာ ဝင်ရပ်လိုက်လေသည်။
“သူကြီးနဲ့မိတ်ဆက်ပေးရအုံးမယ်၊ ဟောဒီအပြာရောင်နဲ့လူကတော့ ကဝေနိုင်ဆရာကောင်းတဲ့ဗျ၊ ကျုပ်ရဲ့ညာလက်ရုံးပေါ့၊ ဟောဒီဘေးကလူကတော့ စုန်းနိုင်တုတ်ပိုင်ရှင် ရှမ်းဆရာကြီး ဦးစိုင်းလုံကျောက်တဲ့ဗျ သူက ကျုပ်ရဲ့ဘယ်လက်ရုံးပါ၊ ကျုပ်ကတော့ မတစ်လုံးဂိုဏ်းကိုတည်ထောင်ထားတဲ့ ဆရာကြီးဇေယျပါ”
ထိုအခါ သူကြီးက မြေပေါ်တွင်ဒူးထောက်ချလိုက်ကာ လက်အုပ်ချီလိုက်ပြီး
“ကျုပ်တောင်းပန်ပါတယ်ဆရာကြီးတို့ရယ်၊ ဒီစုန်းက ကျုပ်တို့ရွာသားတွေကို ဒုက္ခပေးတာများလှပါပြီ၊ ဒီစုန်းကို နှိမ်နင်းပေးဖို့ ကျုပ်တောင်းပန်ပါတယ်”
“ရပါတယ်သူကြီး၊ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး၊ အခုဒီစုန်းတော့ ကျုပ်တို့နဲ့တွေ့ပြီပေါ့၊ ဒါနဲ့ စုန်းက ဘယ်နှယောက်မို့လို့လဲသူကြီးရဲ့”
“တစ်ယောက်တည်းပါဆရာကြီး”
ထိုအခါ ဦးဇေယျမှ နံဘေးတွင်ရပ်နေသည့် ဘယ်လက်ရုံးနှင့်ညာလက်ရုံးကိုတစ်ချက်ကြည့်လိုက် သုံးဦးသားပြိုင်တူရယ်မောလိုက်ကြလေသည်။ ဘယ်လက်ရုံးက
“ခင်ဗျားဗျာ၊ စုန်းတစ်ယောက်ကိုများ စကားထဲထည့်ပြောနေသေးတယ်၊ ကျုပ်တို့ဂိုဏ်းက တစ်လောကပဲ ရှမ်းပြည်ဘက်က စုန်းသိုက်တစ်ခုကိုဝင်မွှေလာခဲ့တာပါဗျ”
“စုန်းသိုက်ဆိုတာဘာလဲဆရာကြီးရဲ့”
“တစ်ရွာလုံးစုန်းတွေဖြစ်နေတဲ့ရွာကိုပြောတာပါသူကြီးရယ်၊ ဒီစုန်းသိုက်ဆိုရင်လည်း တော်ရုံဆရာတစ်ယောက်က ထိရဲတာမဟုတ်ဘူး၊ ကျုပ်တို့ဂိုဏ်းကသွားရောက်ဖြေရှင်းပေးလို့သာ ပညာတွေအပ်ပြီး ငြိမ်သွားတော့တာပဲ”
“အားကိုးပါတယ်ဆရာကြီးတို့ရယ်၊ လောလောဆယ်တော့ ရွာထဲကိုကြွပါ၊ လိုအပ်တာရှိရင်လည်း ကျုပ်ကိုအားမနာတမ်းပြောပါ”
သူကြီးကဖိတ်ခေါ်လိုက်သည့်အခါ ဆရာကြီးဇေယျက ဦးဆောင်ကာ ရွာထဲသို့ဝင်လာခဲ့ကြသည်။ အနောက်မှ မတစ်လုံးဂိုဏ်း၏ တပည့်တပန်းများကလည်း တန်းစီလျှက် လိုက်ပါဝင်လာခဲ့ကြသည်။
ရွာသူရွာသားများအလွန်ထူးဆန်းကာ ဆရာကြီးဦးဇေယျနှင့်တပည့်များအား အိမ်တိုင်းလိုလိုထွက်ကြည့်ကြလေသည်။
မမယ်ဖြူမှာ သုတ်သီးသုတ်ပြာနှင့် ရွာထိပ်မှပြန်လာခဲ့သည်။ အိမ်တွင်တော့ မယ်ပျင်းတစ်ယောက်ငုတ်တုတ်ထိုင်နေလေသည်။ သာစံမှာ ပေတိုးသေသွားစဉ်ကတည်းက တစ်ယောက်တည်းသာဆော့ကစားလေ့ရှိသည်မို့ အိမ်တွင်မရှိပေ။
“ဟဲ့ သမီးရွာထဲကို အထက်လမ်းဆရာတွေရောက်လာကြတာအများကြီးပဲဟဲ့၊ မတစ်လုံးဂိုဏ်းဆိုလား အဲဒါတစ်ဂိုဏ်းလုံးရောက်လာကြတယ်”
“အဲဒီသေနာကောင်တွေလာတာ ကျုပ်နဲ့ဘာဆိုင်လို့လဲအမေရဲ့”
“သူတို့လာတာ အကြောင်းမဲ့မဟုတ်ဘူးသမီးရဲ့၊ သမီးကိုနှိမ်နင်းဖို့ဆိုပြီး သူကြီးဦးဖိုးမောင်က သွားပင့်လာခဲ့တာလို့ပြောတယ်”
မယ်ပျင်းက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီးနောက် ကွပ်ပျစ်မှထကာ ထမီကိုပြင်ဝတ်နေလေသည်။
“ဟဲ့သမီး၊ ဒါက ဘယ်သွားမလို့လဲ”
“ဘယ်သွားရမလဲအမေရဲ့၊ ဒီလူတွေကိုသွားပြီးနှုတ်ဆက်မလို့ပေါ့”
မယ်ပျင်းမှာ ခြံထဲမှခြေလှမ်းကျဲကြီးများနှင့်ထွက်သွားလေသည်။ မမယ်ဖြူက မယ်ပျင်း၏နောက်ကျောကိုကြည့်လိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်ကာ
“မယ်ပျင်းရယ် ညည်းကတော့ ဘာတွေမွှေအုံးမလဲမသိပါဘူးအေ”
ဟုရေရွတ်လိုက်လေတော့သည်။
မယ်ပျင်းတစ်ယောက်ရွာထဲသို့ဝင်လာသည့်အခါ ရွာသူရွာသားများမှာ ပုန်းအောင်းကြလေသည်။ သူကြီးအိမ်ဆီသို့ရောက်သည့်အခါ သူကြီးခြံထဲတွင် လူအတော်များများရောက်ရှိနေကြသည်။ ထိုလူများက မယ်ပျင်းကိုတွေ့သည့်အခါ အံ့သြထိတ်လန့်သွားကြလေသည်။ မယ်ပျင်းက အိမ်ပေါ်သို့ခြေလှမ်းကျဲကြီးနှင့် လှမ်းတက်သွားသည့်အခါ အိမ်ဦးခန်းတွင်ဖျာခင်းကာထိုင်နေသည့် သူကြီးနှင့်အထက်လမ်းဆရာကြီးများကိုတွေ့လိုက်ရလေသည်။
သူကြီးက မယ်ပျင်းကိုတွေ့သည့်အခါ ထိတ်လန့်သွားပြီး
“မယ်ပျင်း . . . မင်း . . မင်းဘာလာလုပ်တာလဲ”
မိုးပြာရောင်တိုက်ပုံဝတ်ထားသည့် ဆရာက သူကြီးအားကြည့်လိုက်ရင်း
“သူက ဘယ်သူမို့လို့လဲသူကြီးရဲ့”
“သူက ကျုပ်ပြောတဲ့ စုန်းမပေါ့”
ထိုအခါ စုန်းနိုင်တုတ်သခင် ရှမ်းဆရာကြီးက မယ်ပျင်းအားလက်ညှိုးနှင့်ထိုးလိုက်ကာ
“အောင်မာ၊ စုန်းမ၊ နင်ကဒီကိုဘာလာလုပ်တာလဲ”
“ဘာလုပ်ရမလဲ ရွာကိုဧည့်သည်တွေရောက်တယ်ဆိုလို့ လာကြည့်တာပေါ့ရှင်”
“နင်စကားပြောတာ တယ်စွာနေပါလား၊ ငါလုပ်လိုက်ရရင်တော့ နင်သေတော့မှာပဲ”
မယ်ပျင်းက ရှမ်းဆရာကြီးကိုမျက်စောင်းထိုးလိုက်ကာ
“ရှင့်အဆင့်လောက်နဲ့ ကျုပ်ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီး စကားပြောချင်သေးတယ်ပေါ့၊ ရှင့်လိုလူက ကျုပ်ကိုလက်ညှိုးထိုးဖို့မတန်ဘူး”
မယ်ပျင်းပြောဆိုလိုက်သည့်အခါ ရှမ်းဆရာကြီး၏လက်ညှိုးမှာ အထက်သို့လန်ကာ ခေါက်ခဲကျိုးထွက်သွားပြီး လက်ဖမိုးပေါ်တွင် သွားကပ်နေလေသည်။ ရှမ်းဆရာကြီးမှာ နာကျင်လှသော်လည်း လူအများရှေ့မို့ အောင့်အည်းကာသည်းခံထားသည်။ ထိုအခါ တိုက်ပုံအပြာဝတ်ထားသည့် ကဝေနိုင်ဆရာကောင်းက မယ်ပျင်းအားဒေါနှင့်မောနှင့်ကြည့်လိုက်ရင်း
“ဟဲ့စုန်းမ၊ နင်ကငါတို့အလျော့ပေးနေလို့ ရောင့်တက်ချင်တယ်ပေါ့ ဟုတ်သလား”
ပြောဆိုရင်း သူ့လည်ပင်းတွင်ဆွဲထားသည့် ပုတီးအနက်တစ်ကုံးကိုဖြုတ်လိုက်ကာ မယ်ပျင်းထံသို့လှမ်းပစ်လိုက်သည်။ မယ်ပျင်းက ထိုပုတီးအားစိုက်ကြည့်လိုက်သည့်အခါ ပုတီးမှာ လေပေါ်မှာတွင်ပင် ဖြောင်းခနဲပြတ်ထွက်သွားပြီး ပုတီးစေ့များက ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲကျသွားလေသည်။
ဆရာကြီးဇေယျက မယ်ပျင်းအားစိုက်ကြည့်လိုက်ပြီး
“ဟဲ့စုန်းမ၊ ခရီးရောက်မဆိုက်မို့လို့ ငါကမင်းကိုအလျော့ပေးထားတာကို အကောင်းမှတ်နေသလားကွ၊ မင်းရဲ့အစွမ်းတွေကို ဒီမှာမပြနဲ့အုံး၊ ငါနဲ့ပညာပြိုင်တဲ့အခါကျတော့မှ မင်းငါ့ကိုနိုင်အောင်လုပ်စမ်းပါ”
“ကဲပါလေ၊ ခရီးရောက်ခိုက်ဆိုတော့ နားနားနေနေနေလိုက်ကြပါအုံး၊ ကျုပ်နဲ့ပညာပြိုင်ချင်တယ်ဆိုရင်လည်း လာခဲ့ကြပါတော်၊ ကျုပ်က ရှင်တို့လိုမျိုး အချိန်မရွေးဘူး နေရာမရွေးဘူးရှင့်”
မယ်ပျင်းက ပြောဆိုကာ အိမ်ပေါ်မှဆင်းသွားလေသည်။ ဆရာကြီးဇေယျက ရှမ်းဆရာကြီး၏လက်ညှိုးကို လက်ဖြင့်ပွတ်သပ်ပေးလိုက်သည့်အခါ ရှမ်းဆရာကြီး၏ ကွေးကောက်နေသည့်လက်ညှိုးမှာ အကောင်းပကတိအတိုင်းဖြစ်သွားလေသည်။
သူကြီးမှာ ဂိုဏ်းဆရာကြီးများအဖြစ်ကိုကြည့်ကာ စိတ်ထဲဘဝင်မကျဘဲဖြစ်သွားသည်။ မယ်ပျင်းနှင့်တွေ့သည့်အခါ ဂိုဏ်း၏လက်ရုံးဆရာကြီးများပင် ခံလိုက်ရသည်မို့ ဘဝင်မတွေ့လှပေ၊
“ဒီအတိုင်းဆိုရင် ဆရာကြီးဇေယျက နိုင်ချင်မှတောင်နိုင်မယ်၊ နည်းနည်းပရိယာရ်ကလေး သုံးမှဖြစ်တော့မမယ်”
သူကြီးမှာစဉ်းစားရင်းအကြံထုတ်နေမိသည်။
(၃)
သာစံမှာ တစ်ယောက်တည်းသစ်ပင်အောက်တွင်ထိုင်နေလေသည်။ ထိုစဉ်သူကြီးတစ်ယောက် မြင်းစီးကာ သူ့အနားရောက်လာခဲ့သည်။ သာစံမှာ သူကြီးကိုကြောက်လန့်သဖြင့် ပြာပြာသလဲထကာ သစ်ပင်အနောက်တွင် ပုန်းအောင်းလိုက်တော့သည်။ သူကြီးမှာ မြင်းကိုသစ်ပင်အောက်တွင်ရပ်လိုက်ပြီးနောက် မြင်းပေါ်မှဆင်းလာခဲ့လေသည်။
“သာစံ မကြောက်ပါနဲ့ကွ၊ ငါပါကွ”
“ကြောက်တယ်ဗျာ၊ သူကြီးက ဟိုနေ့က ကျုပ်ကိုပဲချောင်းကျွေးတယ်ဆိုပြီး အဲဒီအထဲမှာ အပင်းထည့်ပြီး သေအောင်သတ်ခဲ့တာမဟုတ်လား”
“ဒါက ငါလုပ်တာမဟုတ်ပါဘူးကွာ၊ ဟိုဆရာကြီးတွေလုပ်တာပါကွ၊ မင်းကိုကျွေးတဲ့ပဲချောင်းထဲမှာ အပင်းပါသလား မပါသလားဆိုတာတောင် ငါမသိဘူးကွ၊ ကဲ အဲဒါတွေထားလိုက်ပါ အခုငါမင်းဆီကိုလာတာ မင်းအမေကိစ္စကို တိုင်ပင်ချင်လို့ကွ”
သာစံမှာသူကြီးပြောဆိုသည်ကို ယုံကြည်သွားကာ သစ်ပင်အနောက်မှထွက်လာလေသည်။ သူကြီးက သာစံအားလက်ယပ်ခေါ်လိုက်ပြီး သာစံပုခုံးကိုဆွဲဖက်လိုက်လေသည်။
“မင်းအမေက အားအားရှိလူတွေသတ်တယ်၊ လူတွေကို ဒုက္ခပေးတယ်၊ ဒါတွေက ကောင်းတဲ့လုပ်ရပ်တွေမဟုတ်ဘူးဆိုတာ မင်းသိမှာပေါ့ သာစံရ”
သာစံမှာသက်ပြင်းတစ်ချက်ချလိုက်ပြီး
“ဟုတ်တယ်ဗျ၊ အမေက ကောင်းတဲ့အလုပ်ကိုမလုပ်ဘဲ မကောင်းမှုချည်းရွေးလုပ်နေတာ”
“မင်းအမေကို ကောင်းတဲ့လူတစ်ယောက် မဖြစ်စေချင်ဘူးလား”
“ဘယ်လိုပြောလိုက်တာလဲသူကြီးရာ ဖြစ်စေချင်တာပေါ့”
“ဒါဆိုရင် ငါပြောတဲ့အတိုင်းလုပ်စမ်းကွာ၊ မင်းအမေ အခုလိုလူတွေလျှောက်သတ်နေတာ မကောင်းတဲ့စုန်းပညာရပ်တွေကို တတ်နေလို့မဟုတ်လား”
“ဟုတ်တယ်၊ ဒီပညာတွေက ကောင်းတာမဟုတ်ဘူး”
“မင်းအမေသာ မကောင်းတဲ့ပညာတွေမတတ်ရင်း အခုလိုမကောင်းမှုတွေကို လုပ်နိုင်တော့မှာမဟုတ်ဘူးကွ”
“ဒါတော့ကျုပ်လည်းသိပါတယ်သူကြီးရယ်၊ ဒါပေမယ့် အမေ့ကိုဘယ်လိုဖြောင်းဖျရမလဲကိုမသိဘူး”
“ငါ့မှာ အကြံရှိပါတယ်ကွ၊ ဒီအတွက်မပူပါနဲ့၊ အခုရွာကိုရောက်နေတဲ့လူကြီးက နှယ်နှယ်ရရမဟုတ်ဘူးကွ၊ နယ်တကာလှည့်ပြီး အဲဒီလိုစုန်းပညာတတ်နေတဲ့လူတွေကို စုန်းပညာတွေပပျောက်အောင်လုပ်ပေးပြီးတော့ လူကောင်းသူကောင်းတွေဖြစ်အောင် ဆုံးမတတ်တဲ့ဆရာကြီးပဲကွ၊ ဒီဆရာကြီးက မင်းအမေရဲ့ပညာတွေကို ပျောက်ကွယ်သွားအောင်လုပ်ပေးနိုင်တယ်၊ ပညာတွေမရှိတော့ မင်းအမေလည်း မကောင်းမှုတွေမလုပ်နိုင်တော့ဘူးပေါ့ကွာ”
သာစံမှာတွေးရင်း ခေါင်းညိတ်လိုက်လေသည်။
“မင်းလုပ်ရမှာက တစ်ခုပဲသာစံရ၊ မင်းအမေက ဆေးလိပ်သောက်တတ်တယ်ဆိုတော့ ဟောဒီပြောင်းဖူးဖက်ဆေးလိပ်ကို သူသောက်နေကျဆေးလိပ်နဲ့လဲပေးထားလိုက်၊ ပြောရရင်တော့ သူသောက်ပါစေပေါ့ကွာ၊ ကျန်တာကို ဆရာကြီးကဆက်လုပ်ပေးလိမ့်မယ်”
“ဒါပေမယ့် သူကြီးကျုပ်ကို ကတိတစ်ခုတော့ပေးရမယ်သူကြီး”
“ဘာလဲကွ”
“အမေ့ကိုမသတ်ရဘူး၊ အမေ့ကိုနာကျင်အောင်မလုပ်ပါဘူးဆိုတဲ့ကတိပဲ”
“အေးပါကွာ၊ ငါကလည်း မင်းအမေကို မုန်းတီးလို့မဟုတ်ပါဘူးကွ၊ တကယ်ဆိုငါက သူ့ကိုတောင်သနားနေတာ၊ ဒီပညာတွေသာမရှိရင် မင်းအမေက သာမန်အရပ်သူတစ်ယောက်လို အေးအေးဆေးဆေးနေနိုင်တယ်မဟုတ်လား၊ အခုလိုမျိုး ရွာအပြင်ထွက်ပြီးတော့လည်း နေစရာမလိုဘူးလေ”
သာစံက သူကြီးလက်ထဲမှာ ပြောင်းဖူးဖက်ဆေးလိပ်ကိုယူလိုက်ပြီး
“ဟုတ်ပြီဗျာ၊ ကျုပ်ကူညီပေးမယ်”
“လုပ်စမ်းပါသာစံရ၊ မင်းအမေသာ မကောင်းမှုတွေဆက်မလုပ်တော့ဘူးဆိုရင် မင်းတို့အတွက်ငါ ရွာထဲမျာအိမ်တစ်လုံးဆောက်ပေးမယ်ကွာ၊ မင်းကိုလည်း စုန်းမကြီးရဲ့သားဆိုပြီး ဘယ်သူမှမကြောက်ကြတော့ဘူးဆိုတော့ မင်းလည်း ရွာထဲကလူတိုင်းနဲ့ ဆော့လို့ရတာပေါ့ကွ”
သာစံမှာ ခေါင်းညိတ်လိုက်ပြီး အိမ်သို့အမြန်ပြန်လာခဲ့လိုက်သည်။ အိမ်ရောက်သည့်အခါ မိခင်ဖြစ်သူကိုမတွေ့ရပေ၊ ထို့ကြောင့် ကွပ်ပျစ်ဆီသို့အသာကပ်ခဲ့လိုက်ပြီး မယ်ပျင်းသောက်တတ်သည့် ဆေးလိပ်ပြာခွက်ကို လက်လှမ်းလိုက်သည်။ ထိုဆေးလိပ်ပြာခွက်မှ သောက်လက်စဆေးလိပ်ကို လွှင့်ပစ်လိုက်ပြီး သူကြီးထံမှရလာခဲ့သည့် ဆေးလိပ်ကိုထည့်ထားလိုက်တော့သည်။
မကြာခင် မမယ်ဖြူပြင်ဆင်ပေးသည့်ထမင်းကို သားအမိသုံးယောက် စားလိုက်ကြလေသည်။ ထမင်းစားနေစဉ်မှာပင် ခြံရှေ့တွင် လူတစ်ယောက်က လာရပ်သည်။ မမယ်ဖြူကကြည့်ရင်း
“ဘယ်သူပါလဲ၊ ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ”
“ကျုပ်ကို ဆရာကြီးကလွှတ်လိုက်တာပါ၊ စုန်းမမယ်ပျင်းနဲ့ ဒီနေ့ညနေ နေဝင်ရီတရောအချိန် ရွာအနောက်ဘက်က ကွင်းထဲမှာ ပညာပြိုင်ကြမယ်ဆိုပြီး မှာလိုက်လို့ပါ”
“နင့်ဆရာကိုနင်ပြန်ပြောလိုက် ငါအဲဒီကိုဆက်ဆက်လာခဲ့မယ်လို့”
ထိုလူငယ်မှာ ကြောက်ကြောက်လန့်လန့်နှင့်ပြန်လှည့်ပြေးလေတော့သည်။ ထမင်းစားပြီးသည့်အခါ မယ်ပျင်းက ဆေးလိပ်အသစ်ကို မီးညှိကာ ဖွာရှိုက်နေလေသည်ကိုတွေ့လိုက်ရလေသည်။
ညနေ နေဝင်ရီတရောအချိန်သို့ရောက်သည့်အခါ မမယ်ဖြူနှင့်မယ်ပျင်းမှာ ရွာအနောက်ဘက်ကွင်းဆီသို့လမ်းလျှောက်လာကြသည်။ သာစံကို အိမ်တွင်သာနေရန်မှာထားသော်လည်း သာစံကသိချင်လှသဖြင့် အနောက်မှခိုးလိုက်လာခဲ့သည်။ ရွာအနောက်ဘက် ကွင်းစပ်တွင်တော့ ရွာသူရွာသားများက တန်းစီကာ အလုအယက်တိုးဝှေ့ကာ ကြည့်နေကြသည်။ ကွင်းအလယ်ခေါင်တည့်တည့်တွင်တော့ ဆရာကြီးဇေယျက မတ်တပ်ရပ်နေလေသည်။
မမယ်ဖြူမှာ ကွင်းစပ်သစ်ပင်အောက်တစ်ခုတွင်ရပ်နေခဲ့သည်။ မယ်ပျင်းတစ်ယောက်သာ ကွင်းထဲသို့လှမ်းဝင်သွားလေသည်။ ဆရာကြီးဇေယျနှင့် မယ်ပျင်းတို့မှာ တစ်ဦးနှင့်တစ်ဦး ဆယ်လံခန့်အကွာအဝေးတွင်ရပ်တန့်လိုက်ကြကာ မျက်နှာချင်းဆိုင်ထားကြသည်။ ဆူညံပွက်လောရိုက်နေသည့် ရွာသားများမှာလည်း မီးကိုရေနှင့်ငြိမ်းလိုက်သည့်အလား ငြိမ်သက်သွားတော့သည်။ ဆရာကြီးဇေယျက မယ်ပျင်းအားလက်ညှိုးထိုးလိုက်ပြီး
“ဟဲ့စုန်းမ၊ မင်းကိုငါသနားလို့ အခွင့်အရေးတစ်ခုပေးလိုက်မယ်၊ အဲဒါကတော့ မင်းရဲ့ပညာတွေ ငါ့ကိုလှူပြီး ငါ့ကိုရှိခိုးတောင်းပန်မယ်ဆိုရင် မင်းအသားတစ်ချက်မနာစေရဘူးလို့ ငါအာမခံတယ်”
“ဟား၊ ဟား စမ်းကြည့်လိုက်လေ ဆရာစုတ်ရဲ့”
ဆရာကြီးဇေယျမှာ လက်နှစ်ဖက်ကိုလေပေါ်မြှောက်တင်လိုက်ပြီး လက်အုပ်ချီလိုက်ကာ နဖူးပေါ်တွင်တင်လျှက် တစ်ခုခုကိုရေရွတ်နေလေသည်။ ပြီးသည့်အခါ ထိုလက်အုပ်ချီနှင့်မယ်ပျင်းအား ချိန်ထိုးလိုက်သည့်အခါ စက်လက်နက်တစ်ခုက တလက်လက်ဖြင့် မယ်ပျင်းထံသို့ပျံဝင်လာသည်။ မယ်ပျင်းက ထိုလက်နက်အား လက်ဝါးဖြင့်ကာလိုက်သော်လည်း လက်နက်မှာ ဘာမှမဖြစ်ဘဲ မယ်ပျင်းရင်ဘတ်ကိုထိမှန်ကာ မယ်ပျင်းမှာအနောက်သို့လွင့်ထွက်သွားသည်။ မယ်ပျင်းမှာ လူးလဲထကာ သူ့လက်ဝါးနှစ်ဖက်အားကြည့်ရင်း
“ဘာဖြစ်တာလဲ . . . ငါဘာဖြစ်တာလဲ”
ဟုအံ့အားသင့်နေစဉ်မှာပင် ရှမ်းဆရာကြီးက လွှားခနဲခုန်ဝင်လာပြီး မယ်ပျင်းအားတောင်ဝှေးဖြင့်ရိုက်လေတော့သည်။ တောင်ဝှေးတစ်ချက်ထိတိုင်း မယ်ပျင်းမှာ လွင့်လွင့်ထွက်သွားပြီး အလူးအလဲခံနေရသည်။
ရှမ်းဆရာကြီးက ရယ်မောလိုက်ရင်း
“ဟား ဟား စုန်းနိုင်တုတ်အစွမ်းကို မင်းအခုတော့သိပြီမဟုတ်လား စုန်းမရဲ့”
ရှမ်းဆရာကြီးက စုန်းနိုင်တုတ်နှင့် မယ်ပျင်းအား ကျောကုန်းများ ရင်ဘတ်များကိုစိတ်ကြိုက်ရိုက်နှက်ပြီးသောအခါ ထိုတုတ်တံဖြင့် မယ်ပျင်းအား ကလော်တင်လိုက်ရာ မယ်ပျင်းမှာ လေပေါ်မြောက်တက်သွားတော့သည်။
ထိုအချိန်မှာပင် ကဝေနိုင်ဆရာကောင်းက ထွက်ပေါ်လာကာ ပုတီးသုံးကုံးကို လေပေါ်ပစ်တင်လိုက်လေသည်။ ပုတီးသုံးကုံးမှာ လေပေါ်ရောက်သည့်အခါ ကြီးမားကျယ်ပြောလှသည့် ပုတီးကုံးကြီးများအဖြစ်ပြောင်းလဲသွားပြီး လေပေါ်မြောက်တင်နေသည့်မယ်ပျင်းအား ရစ်ပတ်လေတော့သည်။ ပုတီးလုံး တစ်လုံး တစ်လုံးတိုင်းတွင် စမအက္ခရာများရေးသားထားပြီး အစီအရင်များစီရင်ထားသည်မို့ မယ်ပျင်းမှာ အလွန်နာကျင်စွာခံစားရလေသည်။ မယ်ပျင်းလေပေါ်မှပြုတ်ကျပြီး ဆရာကြီးဇေယျအရှေ့တည့်တည့်သို့ကျသွားသည်။ ဆရာကြီးဇေယျက မယ်ပျင်းနဖူးကိုလက်ညှိုးနှင့်တောက်ထည့်လိုက်သည့်အခါ မယ်ပျင်းမှာ ဆန့်ဆန့်ကြီးလဲကျသွားလေတော့သည်။
“မယ်ပျင်းသေပြီ . . . မယ်ပျင်းသေပြီဟေ့”
ရွာသားများက အော်ဟစ်လိုက်ကြကာ လက်ခုပ်လက်ဝါးတီးလိုက်ကြလေသည်။ သူကြီးမှာလည်း အလွန်ပျော်ရွှင်သွားမိသည်။ မတစ်လုံးဂိုဏ်းသားများက ဝါးကပ်တစ်ခုပေါ်တွင် မယ်ပျင်းအားတင်ထားလိုက်ကြသည်။ သာစံကလည်း လူအများကြားမှပြေးထွက်လာကာ မယ်ပျင်းအနီးတွင်ငိုယိုနေလေသည်။
“ကဲသူကြီး စုန်းမကိုတော့ ကျုပ်တို့နိုင်ခဲ့ပြီ သူ့ကိုဘာဆက်လုပ်မလဲ”
“ဒီလောက် လူ့လောကကို ကောင်းကျိုးမပေးတဲ့စုန်းကို သတ်ပစ်လိုက်တာပဲ ကောင်းပါတယ်ဆရာကြီး၊ အပြတ်သာရှင်းလိုက်ပါ”
“ကျုပ်တို့ဂိုဏ်းက အထက်လမ်းဂိုဏ်းဆိုတော့ လူသတ်လို့မရဘူးသူကြီးရဲ့၊ သူ့ကိုသေစေချင်တယ်ဆိုရင် သူကြီးကိုယ်တိုင်လုပ်မှရမယ်”
ထိုအခါ သာစံကလေးက သူကြီးဆီသို့ပြေးလာကာ သူကြီးအားဆွဲဖက်ရင်း
“ဟေ့လူကြီး၊ ခင်ဗျားပြောတော့ ကျုပ်အမေကိုမသတ်ပါဘူးဆို၊ ကျုပ်အမေကို နောက်မဆိုးတော့အောင် လုပ်ပေးမှာဆိုဗျ”
“အဲဒါက အဲဒီတုန်းက၊ အခုက အခုပဲသာစံရ၊ မင်းအမေသေမှ ဒီရွာမှာတောက်နေတဲ့ မီးတစ်စက အေးသွားမှာကွ၊ မင်းအမေကိုသတ်မှရမယ်”
သူကြီးက လူယုံများကိုမျက်စပစ်လိုက်သည့်အခါ သူကြီးလူယုံများက သာစံအားဖမ်းချုပ်ထားလိုက်ကြလေသည်။ ဆရာကြီးဇေယျက သူကြီးအား မျက်ပါးရွှေဆိုင်းကလေးတစ်ပြားကိုထိုးပေးလိုက်သည်။
“ဟောဒီရွှေဆိုင်းပြားကလေးကို စုန်းမချက်မှာကပ်လိုက်တာနဲ့ သူသေဆုံးသွားလိမ့်မယ်”
သူကြီးက ရွှေဆိုင်းအပြားကလေးကို လက်ဝါးထဲတွင်ထည့်ကိုင်ကာ မယ်ပျင်းဆီသို့လှမ်းလျှောက်လာခဲ့သည်။ အနားရောက်သည့်အခါ မယ်ပျင်းအင်္ကျီကိုလှန်လိုက်ပြီး ချက်ပေါ်သို့လက်ကိုမှောက်ချလိုက်ကာ ရွှေဆိုင်းအပြားနှင့်ကပ်လိုက်လေတော့သည်။
“မယ်ပျင်းရေ၊ နင်နဲ့ငါနဲ့ ဒီဘဝတော့ ဒီမျှပါပဲဟာ သွားတော့ဟ”
ရွှေဆိုင်းပြား ကပ်ပြီးသည့်အခါ မယ်ပျင်းမှာ လက်များခြေများတစ်ချက်တုန်ခါသွားပြီးနောက် ငြိမ်ကျသွားလေတော့သည်။ သာစံကလေးမှာလည်း လူများလက်မှရုန်းထွက်ပြီး မိခင်အားဖက်ကာ ငိုယိုလေတော့သည်။
“ဘယ်လိုလဲဆရာကြီး ကျုပ်အကြံပိုင်တယ်မဟုတ်လား”
“ဟုတ်ပါတယ်သူကြီး၊ သူကြီးအကြံကြောင့် ကျုပ်လုပ်ပေးလိုက်တဲ့ ပညာပိတ်အင်းပါတဲ့ ဆေးလိပ်ကို သူသောက်မိလိုက်တာမို့လို့ ဒီလောက်လွယ်လွယ်နဲ့နှိမ်နင်းလို့ရနိုင်ခဲ့တာပါ”
“ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဆရာကြီးရာ၊ အခုလို အထိအခိုက်နည်းနည်းနဲ့ ရန်တစ်ရန်အေးသွားတာ မကောင်းဘူးလားဗျ”
ကာလသားများက သူကြီးအနားတွင်ဝိုင်းအုံလာကြကာ
“သူကြီး၊ ဒီအလောင်းကြိးကိုဘယ်လိုလုပ်မလဲဗျ”
သူကြီးက ဆရာကြီးဇေယျကိုကြည့်လိုက်လေသည်။
“စုန်းမအလောင်းဆိုတာ မြေမမြှုပ်ကောင်းဘူးကွ၊ သူ့ကိုမီးတင်ရှို့မှရမယ်၊ မီးတင်ရရအောင်ကလည်း အခုက နွားရိုင်းသွင်းချိန်နေဝင်ပြီးချိန်ကြီးဖြစ်နေတဲ့အတွက် မကောင်းတဲ့မိစ္ဆာ၊ လမိုင်းတွေ ပျော်ကြတဲ့အချိန်ဖြစ်လို့ အခန့်မသင့်ရင် ဒီစုန်းကို လမိုင်းဝင်သွားမှ အခက်ဖြစ်နေမယ်၊ ဒါကြောင့် သူ့ကိုလောလောဆယ်ရွာအပြင်မှာထားပြီးတောတ့ မနက်ခင်းရောက်တော့မှ မီးတင်ရှို့တာအကောင်းဆုံးပဲ”
“ဖြစ်ပါ့မလားဆရာကြီးရဲ့၊ မတော်လို့ သူ့ကိုတစ်ယောက်ယောက်က လာကယ်နေမှ ဒုက္ခရောက်နေပါအုံးမယ်”
“မလိုပါဘူးသူကြီးရာ၊ လူကလည်းသေပြီ၊ ပုတီးသုံးကုံးကလည်း စွပ်ဖမ်းထားတာဆိုတော့ ဘယ်သူမှသူ့ကိုပြန်ကယ်လို့မရတော့ပါဘူး”
သူကြီးက ကာလသားများကိုကြည့်လိုက်ပြီး
“ဒီလိုလုပ်ကွာ၊ သူ့အလောင်းကို ရွာနဲ့နီးနီးမှာမထားနဲ့ ရွာနဲ့ဝေးတဲ့ ကုန်းကလေးတစ်ခုမှာပို့ထားလိုက်၊ မနက်ကျမှ ရွာကနေထင်းတွေစုပြီး မီးတင်ရှို့ကြတာပေါ့ကွာ”
ထိုအခါ ကာလသားများမှာ ရွာနှင့်ခပ်လှမ်းလှမ်းရှိ ကုန်းပြောင်ပြောင်ကလေးတစ်ခုပေါ်တွင် လေးတိုင်စင်ကလေးဆောက်ခဲ့ပြီး မယ်ပျင်းအလောင်းအား တင်ထားခဲ့ကြသည်။ မမယ်ဖြူနှင့် သာစံတို့မှာ မယ်ပျင်းနံဘေးတွင်ငိုယိုနေကြသည်။
“သမီးရယ်၊ သမီးအမေတို့ကို ဒီလိုခွဲသွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး”
သာစံကလည်း
“အမေသေရတာ ကျုပ်ကြောင့်ပါ၊ ကျုပ်မကောင်းခဲ့လို့ အမေသေခဲ့ရတာပါ”
မမယ်ဖြူနှင့်သာစံမှာ ထိုကုန်းကလေးပေါ်တွင် တစ်ညလုံးထိုင်ကာ ငိုယိုနေကြလေတော့သည်။ ရွာထဲတွင်တော့ လူသံများကဆူညံနေသည်။ စုန်းမမယ်ပျင်းသေဆုံးသွားပြီမို့ ရွာသူရွာသားများမှာ ချက်ပြုတ်စားသောက်ကာ ပျော်ပွဲဆင်နေကြလေသည်။
(၄)
မယ်ပျင်းအလောင်းစင်အနီးတွင် သာစံနှင့် မမယ်ဖြူတို့မှာ ငိုယိုနေကြလေသည်။ ညသန်းခေါင်ကျော်လာသည့်အခါ မမယ်ဖြူက သာစံကိုနှစ်သိမ့်ချော့မော့လေတော့သည်။
“မြေးရေ ဘွားဘွားကြီးတို့ အိမ်ပြန်ရအောင်ကွဲ့၊ မိုးချုပ်နေပြီ ငါ့မြေးအိပ်ရေးပျက်နေပါ့မယ်”
“မအိပ်ဘူးဘွားဘွားကြီး၊ အမေ့ဘေးမှာ ကျုပ်နေချင်သေးတယ်၊ မိုးလင်းရင် သူကြီးနဲ့ရွာသားတွေ အမေ့ကိုမီးလာရှို့ကြမယ်မဟုတ်လား၊ အဲဒီအချိန်မတိုင်ခင်ကလေး ကျုပ်အမေ့အနားမှာနေချင်တယ် ဘွားဘွားကြီး”
မမယ်ဖြူမှာ တားမရတော့သဖြင့် ခေါင်းညိတ်လိုက်လေသည်။ သာစံမှာ မယ်ပျင်း၏လက်ကို ကိုင်ဆွဲထားကာ ငိုယိုနေတော့သည်။
တစ်နေ့လုံးပြေးလွှားထားရသဖြင့် သာစံမှာပင်ပန်းနေပြီဖြစ်သည်။ မိခင်အလောင်းအနီးတွင် ကပ်နေရင်း ညသန်းခေါင်ကျော်ပြီးသည့်အခါ မှေးခနဲအိပ်ပျော်သွားတော့သည်။
“ဟဲ့ သာစံ၊ ထစမ်း၊ ထစမ်း”
နားထဲတွင်အသံကြားရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ မယ်ပျင်းက အလောင်းစင်ပေါ်တွင်ငုတ်တုတ်ထိုင်နေလေသည်။ သာစံမှာထိတ်လန့်သွားပြီး အနောက်သို့ခုန်ဆုတ်လိုက်မိသည်။
“ဟင် အမေ . . . အမေမသေဘူးလား”
“မသေပါဘူးသားရဲ့”
“မဖြစ်နိုင်ဘူး၊ အမေက သေပြီးပြီ၊ သူကြီးသတ်လို့သေပြီးပြီပဲ၊ ကျုပ် . . . ကျုပ်အိပ်မက်မက်နေတာများလား”
သာစံက ပြောပြောဆိုဆိုနှင့် ကိုယ့်ပါးကိုယ် ခပ်ပြင်းပြင်းရိုက်ထည့်လိုက်သည်။ ဖြန်းခနဲအသံကြီးထွက်လာပြီးနောက ်သာစံပါးမှာနာကျင်လာသည်။
“ဒါဆို ငါ . . . ငါအိပ်မက် မက်နေတာမဟုတ်ဘူးပဲ၊ အမေ၊ အမေတကယ်မသေဘူးလား”
ထိုတော့မှ သာစံမှာ မယ်ပျင်းဆီသို့ပြေးကာ လှမ်းဖက်လိုက်သည်။ ငိုက်မြည်းနေသည့် မမယ်ဖြူမှာလည်း လန့်နိုးလာကာ အံ့သြသွားလေသည်။
“သမီး၊ မယ်ပျင်း သမီးမသေဘူးနော်”
“မသေပါဘူးအမေရာ၊ ကျုပ်ကဒီလောက်လွယ်လွယ်နဲ့သေစရာလား”
“ဒါဖြင့် ရွာကလူတွေပြောတော့အမေက သေသွားပြီတဲ့၊ အခုထိတောင် ရွာထဲမှာ ဆူညံသံတွေ တီးမှုတ်သံတွေကြားနေရသေးတယ်အမေရဲ့”
မယ်ပျင်းက သာစံ၏ခေါင်းကိုပွတ်သပ်ရင်း
“အမေ ဆေးခတ်ခံလိုက်ရတယ်သား၊ အဲဒါကြောင့် အမေ့စွမ်းအင်တွေ ပိတ်သွားခဲ့တာ”
သာစံက မျက်နှာအောက်ချလိုက်ပြီး
“အဲဒါသားလုပ်တာပါအမေ”
“ဘာပြောတယ်သာစံ”
“ဟုတ်ပါတယ်၊ သူကြီးက နေ့လည်က သားကိုလာပြောတယ်၊ အမေက လူတွေသတ်ဖြတ်ပြီး မကောင်းမှုှုတွေကျူးလွန်နေတာ အဲဒီစုန်းပညာတွေကို တတ်နေလို့တဲ့၊ အမေသာ ပညာမတတ်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူးလို့ပြောတယ်၊ သားလည်း အဲဒီလိုပဲယူဆမိတယ်အမေ၊ ဒါနဲ့သူကြီးက သားကိုဆေးလိပ်တစ်လိပ်ပေးပြီးတော့ အမေ့ကိုတိုက်လိုက်ဖို့ပြောတယ်”
မယ်ပျင်းမှာ မျက်နှာမဲ့လိုက်ကာ
“ဟင်း၊ သိပြီးသားပါ၊ နေ့လည်က ဆေးလိပ်အသစ်က သားအဘွားဝယ်လာတယ်လို့ပဲ အမေကထင်နေတာ”
မမယ်ဖြူကလည်း
“ဟုတ်တယ်၊ အဲဒီဆရာကြီးဇေယျ သူကြီးနဲ့ပေါင်းပြီးတော့ ပညာပိတ်အင်းဆိုလား အဲဒီအင်းကို ဆေးလိပ်ထဲကိုထည့်ထားခဲ့တာတဲ့၊ သမီးက ဆေးလိပ်သောက်လိုက်တော့ အဲဒီအင်းက သမီးရဲ့ပညာတွေကို ပိတ်သွားခဲ့တာဖြစ်မယ်”
“ဟုတ်တယ်အမေ၊ ဒင်းတို့က ယောက်ျားကြီးတွေတန်မဲ့ သိပ်အောက်တန်းကျတယ်၊ သူတို့ကိုယ်သူတို့ လူကြီးလူကောင်းတွေယောင်ဆောင်ပြီးတော့ ကောက်ကျစ်ယုတ်မာကြတယ်အမေ”
မယ်ပျင်းက အလောင်းစင်ပေါ်မှခုန်ချလိုက်ကာ လက်နှစ်ဖက်ကိုမိုးပေါ်မြှောက်တင်လိုက်ပြီး လက်ခုပ်သုံးချက်တီးလိုက်လေသည်။ ထိုအခါ မယ်ပျင်း၏လည်ကုတ်အတွင်းမှ အနီရောင်၊ အစိမ်းရောင်၊ အရောင်စုံရှိသည့် မီးလုံးကြီးများက ထိုးတက်သွားကြကာ ကောင်းကင်ယံတွင် တဝုန်းဝုန်းနှင့်ပေါက်ကွဲကြလေသည်။
“သမီး . . . သမီးပညာတွေ ပြန်ရပြီလား”
“ပညာပိတ်အင်းဆိုတာ တစ်ပွဲတိုးပဲထင်တယ်၊ အခုညသန်းခေါင်ကျော်တော့ သူ့အစွမ်းပျက်သွားတဲ့အချိန်မှာ ကျုပ်ကထလာခဲ့တာ”
“အခုရော ဘာလုပ်တာလဲသမီး”
“ရွာထဲက အထက်လမ်းဂိုဏ်းကို ဒဲ့စိန်ခေါ်လိုက်တာလေအမေရဲ့၊ အမေကြည့်နေပါ၊ မကြာခင် အဲဒီလူရှုပ်တစ်သိုက် ကျုပ်အရှေ့ကိုရောက်လာကြလိမ့်မယ်။
မယ်ပျင်းပစ်လွှတ်လိုက်သည့် မီးလုံးများမှာ ကောင်းကင်ထက်တွင်ပေါက်ကွဲကုန်ကြသည့်အခါ ကျေးရွှာအတွင်းမှလူအများမှာ ထိုမီးလုံးများကိုအထူးအဆန်းနှင့်ထွက်ကြည့်ကြလေသည်။ သူကြီးနှင့်အတူ ဆရာကြီးဇေယျမှာလည်း မီးလုံးများကိုထွက်ကြည့်ကြသည်။ အနီရောင်မီးလုံးကြီး မိုးပေါ်ပျံတက်သွားကာ ဝုန်းခနဲမြည်လျှက် ပေါက်ကွဲသွားသည့်အချိန်တွင် ပတ်ဝန်းကျင်တစ်ခွင်ကို အနီရောင်အလင်းတန်းများက ဖုံးလွှမ်းသွားပြီး အပြာရောင်အလင်းတန်းကြီး ပေါက်ကွဲသွားသည့်အချိန်တွင်တော့ အပြာရောင်အလင်းတန်းများက လွှမ်းခြုံသွားလေသည်။
“ဒါဘာဖြစ်တာလဲဆရာကြီး”
“နေရာက စုန်းမကိုထားတဲ့နေရာကနေလာနေတာပဲ၊ ပြီးတော့ ဒါမျိုးအတတ်ဆိုတာ စုန်းတွေက အရပ်ကိုစိန်ခေါ်တဲ့အခါသုံးတဲ့အတတ်ပဲ၊ ဆိုလိုတာကတော့ စုန်းတစ်ယောက်ယောက်က ငါတို့ကိုစိန်ခေါ်နေပြီထင်တယ်”
“ဘယ်သူဖြစ်နိုင်သလဲဆရာကြီး”
“ဒီစုန်းမသေတာကို မကျေနပ်တဲ့လူဖြစ်မယ်”
“ဒါဆို သူ့အမေ မမယ်ဖြူကြီးများလား”
“ဒါလည်းမဖြစ်နိုင်ဘူး၊ မမယ်ဖြူက စုန်းဆိုပေမယ့် အမြှီးပေါက်စစုန်းလိုပညာနည်းတယ် သူ့သမီးပညာရဲ့ အပုံတစ်ရာပုံလိုက်ရင် တစ်ပုံတောင်မတတ်ဘူး၊ ဒီတော့သူမဖြစ်နိုင်ဘူး”
“ဒါဆိုဘယ်လိုလုပ်မလဲဆရာကြီး”
“ဟား ငါတို့ဂိုဏ်းကို တရားဝင်စိန်ခေါ်တဲ့စုန်းကို ထွက်ပြီးဆုံးမပေးရုံရှိတာပေါ့”
ဆရာကြီးဇေယျက စားသောက်နေကြသည့် ဂိုဏ်းသားများဘက်သို့ကြည့်လိုက်ပြီး
“ကဲ ပွဲတောင်းနေတဲ့လူက တောင်းနေပြီဆိုတော့ ငါတို့တွေပညာပြဖို့အချိန်ရောက်ပြီဟေ့”
ဂိုဏ်းသားများမှာ မတ်တပ်ရပ်လိုက်ကာ တစ်ဦးနှင့်တစ်ဦးရင်ဘောင်တန်းလျှက် တန်းစီလိုက်ကြသည်။ ဂိုဏ်းသားများအရှေ့မှ ဆရာကြီးဇေယျဦးဆောင်ကာ ရွာသူရွာသားများပါခြံရံလျှက် ထွက်လာခဲ့ကြသည်။ သူကြီးက သေနတ်တစ်လက်ကိုစွဲကိုင်ကာ လိုက်ပါလာခဲ့သည်။
ကုန်းကလေးအနီးသို့ရောက်သည့်အခါ မယ်ပျင်းမှာ မြေပြင်နှင့်ထန်းတစ်ဖျားအကွာလောက်တွင် ကိုယ်ရောင်ကိုယ်ဝါများထိန်လင်းကာ လေပေါ်ပျံဝဲနေသည်ကိုတွေ့လိုက်ကြရသည်။ သူကြီးအပါအဝင် ရွာသားများအကုန်လုံး လန့်ဖျပ်သွားကြလေသည်။
“ဟင်၊ မယ်ပျင်းမသေဘူး၊ မယ်ပျင်းမသေပါလား”
သူကြီးက ဆရာကြီးဇေယျအနီးသို့တိုးကပ်လာပြီး
“ဘယ်လိုဖြစ်တာလဲဆရာကြီးရာ”
ဆရာကြီးဇေယျကလည်း အံ့သြသည့်ပုံစံဖြင့် မုတ်ဆိတ်မွှေးများကိုလက်နှင့်ပွတ်သပ်နေရင်း
“ဒါတော့ ငါလည်းမပြောတတ်တော့ဘူးဟေ့”
မယ်ပျင်းမှာ တဖြည်းဖြည်းနိမ့်ဆင်းလာကာ ကုန်းတန်းကလေးအပေါ်တွင်ခြေချလိုက်လေသည်။ ဂိုဏ်းသားများမှာ ကြောက်ရွံ့နေကြသော်လည်း ဆရာကြီးဇေယျမှာ တည်ငြိမ်အေးဆေးနေသည်။ ကဝေနိုင်ဆရာကောင်းက အရှေ့သို့တိုးသွားပြီး
“ဟဲ့စုန်းမ နင်မသေဘူးလား”
“ဒီလောက်လွယ်လွယ်နဲ့သေမှတော့ မယ်ပျင်းဘယ်ဟုတ်တော့မလဲ၊ ခုနက ရှင်တို့ခပ်ထားတဲ့ အစီအရင်ကိုမိထားလို့သာ ရှင်တို့ကိုလွယ်လွယ်နဲ့ရှုံးသွားခဲ့တာ၊ အခု ညသန်းခေါင်ကျော်ပြီဆိုတော့ ရှင်တို့ဆေးပြယ်ပြီ၊ အခုရှင်တို့သေဖို့အလှည့်ရောက်ပြီ”
“အောင်မာ၊ စုန်းမကများ ကြီးကြီးကျယ်ကျယ်နဲ့ နင့်ကိုတော့ ငါမှတ်လောက်အောင်ပညာပေးမှရတော့မယ်”
မယ်ပျင်းက မြေကြီးကိုလက်ညှိုးနှင့်ထိုးလိုက်သည့်အခါ မတစ်လုံးဂိုဏ်းသားများရပ်နေသည့်အရှေ့တွင် အနက်ရောင်မျဉ်းကြောင်းတစ်ခုက ပေါ်ပေါက်လာခဲ့သည်။
“ဟဲ့ဆရာ နင်စွမ်းရင် အဲဒီစည်းကိုကျော်ပြီးတော့ဖြတ်ခဲ့ဟဲ့”
ကဝေနိုင်ဆရာကောင်းက စည်းကိုလွှားခနဲခုန်ကျော်လိုက်ပြီး မယ်ပျင်းအရှေ့တွင်ရပ်တန့်လိုက်သည်။ ထို့နောက် လည်ပင်းမှ ပုတီးတစ်ကုံးကိုဖြုတ်လိုက်ကာ လက်တွင်တပ်လိုက်ပြီး ပုတီးကိုဝှေ့ယမ်းကာ ချာလပတ်လည်အောင် ဝှေ့ယမ်းနေလေသည်။ ပါးစပ်မှလည်း မန္တန်များကိုရွတ်ဖတ်နေသေးသည်။ ထိုသို့ရွတ်ဖတ်နေရင်း ဆရာကောင်းမှာ မျက်နှာတစ်ချက်ပျက်သွားသည်။ ထို့နောက် ပါးစပ်အတွင်းမှ သွေးများက ရေအိုးသွန်ချလိုက်သကဲ့သို့ ဝေါခနဲထွက်ကျလာကာ မြေပြင်တွင်ဒူးထောက်ကျသွားလေသည်။
သွေးများတပွက်ပွက်နှင့်အန်ထွက်ရင်း နောက်ဆုံး ဆရာကောင်းမှာ သွေးအိုင်ကြီးအတွင်းလဲကျသေဆုံးသွားသည်။ မယ်ပျင်းက ရယ်မောလိုက်ကာ
“နင်တို့ထဲက ဒီစည်းကိုဖြတ်ဝံ့တဲ့လူရှိရင် ဖြတ်ခဲ့ကြ၊ ဖြတ်တဲ့လူအားလုံး သူ့လိုမျိုးသေရမယ်ဟဲ့”
ထိုအခါ ဒေါသထွက်နေသည့် ရှမ်းဆရာကြီးမှာ တောင်ဝှေးကိုထောက်ကာ စည်းကိုခုန်ကျော်လိုက်ပြီး မယ်ပျင်းအရှေ့တွင်ရပ်လိုက်သည်။
“နင့်ကို ငါ့ရဲ့စုန်းရိုက်တုတ်အစွမ်းကို ပြရမယ်ဟဲ့ စုန်းမရဲ့”
ရှမ်းဆရာကြီးမှာ လက်ထဲမှစုန်းရိုက်တုတ်ကို ဟန်ပါပါနှင့်ဝှေ့ယမ်းကာ သိုင်းကွက်များပြသနေလေသည်။ ထို့နောက် မယ်ပျင်း၏ လေပေါ်သို့ခုန်တက်လိုက်ကာ မယ်ပျင်း၏ ငယ်ထိပ်တည့်တည့်ကို စုန်းရိုက်တုတ်ဖြင့် အုပ်မိုးကာရိုက်ချထည့်လိုက်သည်။ မယ်ပျင်းမှာ ရှောင်ပင်မရှောင်ဘဲ ခေါင်းကိုအရှေ့တိုးကာ ထိုးခံလိုက်လေသည်။ စုန်းရိုက်တုတ်ချက်မှာ မယ်ပျင်း၏ငယ်ထိပ်တည့်တည့်သို့ကျသော်လည်း မယ်ပျင်းမှာ မည်သို့မှပင်မနေပေ။
ရှမ်းဆရာကြီးမှာ ထိတ်လန့်သွားပြီး အနောက်သို့ပြန်ခုတ်ဆုတ်လိုက်သည်။ ထို့နောက် စုန်းရိုက်တုတ်အားလက်ဖြင့်ပွတ်ကာ မန္တန်များကိုရွတ်ဖတ်၍ တုတ်ကိုခပ်သာသာလေးပုတ်လိုက်လေသည်။ ထိုသို့လှုပ်နှိုးလိုက်သည့်အခါ စုန်းရိုက်တုတ်မှာ ရွှေရောင်အဆင်းဝင်းလက်လာပြီး တုတ်ပတ်ပတ်လည်တွင်ရှိသည့် အင်းကွက်များ၊ မန္တန်စာသားများမှာလည်း ဝင်းလက်၍လာခဲ့သည်။
ရှမ်းဆရာကြီးက သိဒ္ဓမြှင့်တင်ထားသည့် စုန်းရိုက်တုတ်ဖြင့် မယ်ပျင်းတစ်ကိုယ်လုံးကို နေရာမလပ်အောင် ရိုက်ချထည့်လိုက်သည်။ မယ်ပျင်းမှာ နာကျင်မှုတစ်ခုပင်မဖြစ်ပေါ်ပေ၊ အတော်ကြာအောင်ရိုက်ပြီးသည့်အခါ ရှမ်းဆရာကြီးမှာမောပန်းသွားလေသည်။ မယ်ပျင်း၏ နံကြားသို့ တုတ်တစ်ချက်ထပ်ရိုက်လိုက်သည့်အခါ မယ်ပျင်းက စုန်းရိုက်တုတ်အား လက်တစ်ဖက်ဖြင့်ဖမ်းဆုပ်ကိုင်လိုက်သည်။
ရှမ်းဆရာကြီးက အားကုန်သုံးကာ တုတ်အားပြန်ဆွဲသော်လည်း မယ်ပျင်းလက်မှ မလွတ်နိုင်ဘဲရှိနေလေသည်။ မယ်ပျင်းက တစ်ချက်ဆောင့်ဆွဲလိုက်သည့်အခါ စုန်းရိုက်တုတ်မှာ မယ်ပျင်းလက်သို့ပါလာပြီး ရှမ်းဆရာကြီးမှာ အားလွန်ကာ အရှေ့သို့ကျွမ်းတစ်ပတ်ပစ်ကာ မြေပေါ်တွင်ဖင်ထိုင်လျှက်သားကျသွားသည်။
“ရှင့်ရဲ့ တောင်ဝှေးအစုတ်က စုန်းမပြောနဲ့ လမ်းဘေးက ချေးစားခွေးကိုရိုက်ရင်တောင် ခွေးကပြေးပါ့မလား”
မယ်ပျင်းမှာ စုန်းရိုက်တုတ်အားလက်ဖြင့် ဖျစ်ညှစ်ကာချိုးလိုက်သည့်အခါ စုန်းရိုက်တုတ်မှာ အစိတ်အပိုင်းကလေးများအဖြစ် တစ်စစီကွဲထွက်သွားသည်။ ရှမ်းဆရာကြီးမှာ မြေပေါ်တွင်ပက်လက်လန်နေရင်း အလွန်ထိတ်လန့်တုန်လှုပ်နေသည်ကိုတွေ့ရသည်။ မယ်ပျင်းအား မနိုင်တော့မှန်းသိလိုက်ပြီမို့ လဲကျနေရာမှ ကုန်းထလိုက်ပြီး ဆရာကြီးဇေယျတို့ဘက်သို့လှည့်ပြေးလေသည်။ ထိုအခါ မယ်ပျင်းက လျှင်မြန်သောအရှိန်ဖြင့် အနောက်မှလိုက်လာကာ ရှမ်းဆရာကြီး၏ ကျောကုန်းအား လက်ဝါးတစ်ဖက်နှင့်ရိုက်ချလိုက်တော့သည်။
မယ်ပျင်းလက်ဝါးရိုက်ချက်က ရှမ်းဆရာကြီး၏ ကျောမှထောက်ဝင်သွားကာ ရင်ဘတ်မှပြန်လည်ပွင့်ထွက်သွားသည်။ လက်ဝါးရိုက်ချက်နှင့်အတူ ရှမ်းဆရာကြီး၏ အတွင်းကလီစာများမှာလည်း ရင်ဘတ်အပေါက်မှလွင့်စင်၍ အရှေ့မှကြည့်နေကြသည့် မတစ်လုံးဂိုဏ်းသားများထံသို့ လွင့်စင်ထိမှန်ကုန်လေသည်။ ရှမ်းဆရာကြီးမှာကိုယ့်ရင်ဘတ်ကိုယ် ငုံ့ကြည့်လိုက်သည့်အချိန် ရင်ဘတ်ကြီးမှာ ထုတ်ချင်းခတ်ပွင့်ထွက်နေသည်ကိုမြင်ရပြီး ဒူးထောက်ထိုင်ကျကာ မြေပေါ်တွင် မှောက်ခုံကြီးလဲကျသေဆုံးသွားတော့သည်။
မတစ်လုံးဂိုဏ်း၏ ဘယ်လက်ရုံးနှင့် ညာလက်ရုံးနှစ်ယောက်စလုံးသေဆုံးသွားပြီဖြစ်သဖြင့် ဂိုဏ်းသားများမှာ အလွန်ထိတ်လန့်နေကြသည်။ ရွာသားများဆိုလျှင် ပြောဖွယ်ရာမရှိတော့ပေ၊ မယ်ပျင်းက ဆရာကြီးဇေယျကိုကြည့်လိုက်ရင်း
“ဒီတစ်ခါ ရှင့်အလှည့်ပဲ အဘိုးကြီး”
မယ်ပျင်းက ဦးဇေယျထံသို့ စက်လက်နက်များကိုပစ်လွတ်လိုက်သည်။ ဦးဇေယျမှာ သူဝတ်ဆင်ထားသည့် တိုက်ပုံကိုကမန်းကတန်းချွတ်လိုက်ကာ ထိုတိုက်ပုံဖြင့်မယ်ပျင်းပစ်ခတ်လိုက်သည့် စက်လက်နက်များကိုရိုက်ခတ်ပုတ်ချနေရလေသည်။ မယ်ပျင်းမှာ စက်လက်နက်များပစ်ခတ်ရင်းအ နောက်သို့ဆုတ်သွားသည်။
“ရှင်က ဘယ်ဆိုးလို့လဲဆရာစုတ်ရဲ့”
“ငါ့များ ဆရာစုတ်တဲ့၊ မတစ်လုံးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ငါက မင်းကိုမှမနိုင်ရင် ဒီလောကမှာ မနေတော့ဘူးကွ”
ဦးဇေယျမှာ သျှောင်ထုံးကိုဖြေလိုက်သည့်အခါ တစ်လက်မခန့်ရှိသည့် ဘော်ငွေဖြူရောင်အဆင်းရှိသည့် မြေမီးဖုတ်အုတ်ခွက်ဘုရားကလေးတစ်ခုထွက်လာလေသည်။ ထိုဘုရားကလေးကို မိုးပေါ်သို့ပစ်တင်လိုက်ရင်း
“နင်ငါ့ကိုနိုင်ရင်နိုင်မယ် ဒါပေမယ့် ဘုရားစက်ကိုတော့ နင်နိုင်မှာမဟုတ်ဘူး”
ဦးဇေယျက မယ်ပျင်းထံလက်ညှိုးထိုးကာ ချုပ်ကြဟေ့ ဟုအော်ဟစ်လိုက်လေသည်။ ထိုအခါ မယ်ပျင်းခြေလက်များကို တစ်စုံတစ်ယောက်က ချုပ်ကိုင်လိုက်သကဲ့သို့ဖြစ်သွားကာ မယ်ပျင်းမှာ လက်ကားယားခြေကားယားကြီးဖြစ်သွားသည်။ မယ်ပျင်းက တတ်သည့်ပညာစွမ်းများဖြင့် ရုန်းထွက်ရန်ကြိုးစားသော်လည်း ဖမ်းချုပ်ထားသည့်စွမ်းအင်မှာ ကြီးမားလှသဖြင့် ချက်ချင်းရုန်းကန်၍ မရသေးပေ။
“တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်ကွ”
ဦးဇေယျက ထိုသို့ရေရွတ်ကာ အုတ်ခွက်ဘုရားကလေးကို မယ်ပျင်းထံသို့ပစ်လွှတ်လိုက်လေသည်။ ဘုရားဆင်းတုကလေးမှာ ဘော်ငွေဖြူရောင်အဆင်း ရောင်ခြည်များကွန့်မြူးကာ မယ်ပျင်းထံသို့ တန်းတန်းမတ်မတ်ပျံသန်းဝင်ရောက်လာသည်။
ထိုအချိန် မမယ်ဖြူက မယ်ပျင်းအရှေ့သို့ပြေးဝင်လိုက်ပြီး မယ်ပျင်းအားပြေးဖက်လိုက်လေရာ ဘုရားဆင်းတုမှာ မမယ်ဖြူကျောကုန်းသို့ပြေးကပ်သွားလေသည်။ မမယ်ဖြူမှာ အော်ဟစ်လျှက် ဒူးထောက်ထိုင်ကျသွားလေသည်။ မမယ်ဖြူမှာ တစ်ကိုယ်လုံးမီးတဟုန်းဟုန်းတောက်လောင်လာကာ အသားအရည်များမှာ ဖယောင်းတိုင်ကို မီးဟပ်သကဲ့သို့ အရည်ပျော်ကျကာ မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် အရိုးစုကြီးအဖြစ်ပြောင်းလဲသွားလေတော့သည်။ သာစံမှာ အဘွားဖြစ်သူအဖြစ်ကိုမြင်တွေ့လိုက်ရသဖြင့် လန့်ဖျပ်ကာ အသံကုန်ဟစ်အော်နေလေတော့သည်။
မယ်ပျင်းမှာ မိခင်ဖြစ်သူ၏ အဖြစ်ကိုမျက်လုံးအပြူးသားနှင့် ပြူးကြောင်ကြည့်နေမိသည်။
“အမေ၊ အမေဘယ်လိုလုပ်လိုက်တာလဲ”
ခပ်တိုးတိုးရေရွတ်လိုက်ပြီးသည့်နောက် မယ်ပျင်း၏မျက်လုံးများမှာ မီးတောက်မီးလျှံများတိုးထွက်လာသကဲ့သို့ အရောင်များဝင်းလက်လာလေသည်။ ထို့နောက် မယ်ပျင်းမှာ မိမိလက်များခြေများကိုချုပ်နှောင်ထားကြသည့် စွမ်းအင်များကိုခြေဖျက်လိုက်ကာ ဆရာကြီးဇေယျထံသို့ လျှင်မြန်သောအရှိန်ဖြင့်ပြေးလွှားသွားလိုက်သည်။ ရုတ်တရက်မို့ ဆရာကြီးဇေယျမှာ ရှောင်ချိန်မရတော့ပေ၊ မယ်ပျင်းက ဦးဇေယျ၏ လည်ပင်းကို လက်ဖြင့်ဆုပ်ကိုင်လိုက်ကာ ဦးဇေယျကို လေပေါ်သို့မြှောက်တင်လိုက်သည်။ ဦးဇေယျမမှာ မယ်ပျင်းလက်တွင် ကို့ရို့ကားယားကြီးပါသွားပြီးသည့်နောက် တစ်ကိုယ်လုံးရှိမျက်စိ၊ နား၊ နှာခေါင်း၊ ဒွာရအပေါက်များမှ အခိုးအငွေ့များတိုးထွက်ကာ ကျပ်တင်ခံရသည့်အသားခြောက်ကဲ့သို့ ခြောက်ကပ်သွားကာ သေဆုံးသွားလေတော့သည်။
“ဆရာကြီးသေပြီ၊ ပြေးကြ . . . ပြေးကြဟေ့”
မတစ်လုံးဂိုဏ်းသားများမှာ ကစဉ့်ကလျားနှင့်ထွက်ပြေးကုန်ကြလေသည်။ မယ်ပျင်းက ထိုလူများကိုကြည့်လိုက်ရင်း
“နင်တို့လည်း အလိုတူအလိုပါပဲ၊ မပြေးနဲ့ နင်တို့မပြေးကြနဲ့”
မယ်ပျင်းက မြေပြင်ကိုဖနောင့်နှင့်ပေါက်လိုက်သည့်အခါ မြေပြင်ကြီးမှာ သဲဝဲတစ်ခုကဲ့သို့ပြောင်းလဲသွားပြီး အလယ်တွင်ချိုင့်နက်ကာ နံဘေးမှမြေသားများကိုစုပ်ယူလေသည်။ မြေပြင်ပေါ်တွင်ပြေးလွှားနေကြသည့် ဂိုဏ်းသားများမှာ အရှေ့သို့ပြေးနေသော်လည်း မြေကြီး၏စုပ်ယူမှုကြောင့် အနောက်သို့ပြန်ရောက်ကုန်ကြကာ မယ်ပျင်းအနီးသို့ ရွေ့လျားကုန်လေသည်။ မယ်ပျင်းက သာစံကိုပွေ့ချီလိုက်ပြီးသည့်နောက် ခြေထောက်ဖျားမနေ၍ မီးစက်လက်နက်များကို အရပ်လေးမျက်နှာတစ်ခွင်သို့ ဖြန့်ကျက်ထုတ်လွှတ်လိုက်သည့်အခါ မြေပြင်ပေါ်ရှိလူများအားလုံးကို မီးတောက်မီးလျှံများက ဝါးမြိုသွားကြကာ မတစ်လုံးဂိုဏ်းသားများအကုန်သေဆုံးကုန်ကြလေသည်။
ရွာသူရွာသားများမှာ ကြောက်ကြောက်လန့်လန့်နှင့်ရွာထဲသို့ဝင်ပြေးကြသည်။
“အေး၊ နင်တို့လည်းအလိုတူအလိုပါပဲ၊ နင်တို့တစ်ရွာလုံးကိုလည်း ငါအကုန်သတ်ပစ်မယ်”
မယ်ပျင်းက အရှေ့သို့ဆက်တိုးသည့်အခါ သာစံကမယ်ပျင်းအားတားဆီးလိုက်လေသည်။
“အမေတော်ပါတော့”
“ဟဲ့သား၊ မင်းဒီတစ်ခါတော့ ငါ့ကိုမတားနဲ့၊ ငါဒီရွာကလူတွေကို သည်းခံပေးတာများပြီနော်၊ အခုတော့ ငါ့သည်းခံနိုင်စွမ်းလွန်သွားပြီ”
“မလုပ်ပါနဲ့အမေရာ၊ ရွာကလူတွေက အမေ့ကိုကြောက်တယ်ဆိုတာ အမေကဒီလိုဖြစ်နေလို့ ကြောက်ကြတာဗျ”
“တော်စမ်းသာစံ၊ မင်းအဘွားဘယ်လိုသေတယ်ဆိုတာ မင်းတွေ့တယ်မဟုတ်လား၊ ငါသေတယ်ဆိုလို့ ဒီရွာကလူတွေ ဘယ်လောက်တောင်ပျော်ရွှင်နေတယ်ဆိုတာ မင်းသိတယ်မဟုတ်လား”
“ဒါပေမယ့် အဲဒါက အဲဒါပဲအမေ၊ အမေ့ရဲ့စိတ်ကိုလျော့ထားရမယ်၊ ရွာသားတွေဆိုတာ အပြစ်ကင်းတဲ့လူတွေပါအမေ”
မယ်ပျင်းမှာ လက်ထဲပွေ့ချီထားသည့် သာစံအား လွှင့်ပစ်ထည့်လိုက်သည်။ သာစံမှာမြေပေါ်တွင်ကျသွားလေတော့သည်။
“ဟဲ့သာစံ၊ မင်းက သူတို့ကိုကာကွယ်ပေးချင်နေရအောင် သူတို့က မင်းကိုထမင်းဘယ်နှစေ့ကျွေးထားဖူးလို့လဲ၊ မင်းကိုဘယ်နှပြားပေးခဲ့ဖူးလို့လဲဟဲ့”
သာစံမှာ ကုန်းထရင်း မယ်ပျင်းအရှေ့တွင်ရပ်လိုက်ကာ လက်နှစ်ဖက်ကိုဆန့်တန်းလိုက်ပြီး
“ကျုပ်တားရမယ်အမေ၊ အမေဒီလိုမလုပ်ရဘူး”
ထိုအချိန် အနက်ရောင်ခမောက်ဆောင်းထားကာ ဝတ်ရုံကြီးတစ်ခုဝတ်ဆင်ထားသည့်လူကြီးတစ်ယောက်က အနားတွင်ပေါ်လာပြီး
“သူပြောတာမှန်တယ်မယ်ပျင်း၊ မင်းစိတ်ကိုလျော့ထားသင့်တယ်”
“ကျုပ်အမေတစ်ယောက်လုံး အသတ်ခံထားရတာတောင်မှ ကျုပ်ကဒီလူတွေကို ဒီအတိုင်းလွှတ်ပေးထားရမှာလား”
“မင်းခေါင်းအေးအေးထားပြီး စဉ်းစားစမ်းပါ၊ မင်းအမေက ဘာဖြစ်လို့သေသွားခဲ့တာလဲ”
“ဒင်းတို့သတ်တာလေ၊ ဒင်းတို့ကျုပ်အမေကို သတ်လိုက်ကြတာ”
ထိုလူကြီးက ခေါင်းခါလိုက်ပြီး
“မဟုတ်ဘူးမယ်ပျင်း၊ မင်းသေမှာစိုးရိမ်လို့ အမေတစ်ယောက်ရဲ့သတ္တိနဲ့ ကိုယ်သေမယ်မှန်းသိတာတောင်မှ ကာကွယ်ပေးခဲ့တာပဲ၊ မင်းသေမှာစိုးလို့ ကာကွယ်ပေးခဲ့တာ၊ ဒါကိုမင်းက ရွာသားတွေကိုသတ်ဖြတ်မယ်၊ ဒုက္ခပေးမယ်ဆိုရင် မင်းအသက်ရှင်ဖို့မလွယ်ဘူးမယ်ပျင်း”
“ဘာဖြစ်လို့လဲ၊ ဒီရွာသားတွေက ကျုပ်ကိုဘာပြန်လုပ်နိုင်မှာမို့လို့လဲ”
“ဒီရွာသားတွေက ဘာမှပြန်မလုပ်နိုင်ပေမယ့် မယ်တော်တစ်ယောက်ရှိသေးတယ်၊ မင်းဒီရွာသားတွေကို သတ်ရင်မယ်တော်ရောက်လာလိမ့်မယ်”
မယ်ပျင်းမှာ အနည်းငယ်တွေဝေသွားသည်။
“မင်းသေချာစဉ်းစားကြည့်မယ်ပျင်း၊ နိဗ္ဗာန်ရွာမှာတုန်းက မင်းမှာနတ်မင်းခုနစ်ယောက်ရဲ့အစွမ်းတွေအပြည့်အနှက်ရနေတဲ့အချိန်ပဲ အဲဒီအချိန်မှာတောင် မင်းက မယ်တော်ကိုနိုင်အောင် ယှဉ်မတိုက်နိုင်ခဲ့တာ၊ အခုလိုအခြေအနေမှာ မင်းသူ့ကိုနိုင်ပါ့မလား”
မယ်ပျင်းမှာ ခေါင်းကိုဖြေးညှင်းစွာခါလိုက်လေသည်။
“နဂိုကတည်းကမှ မင်းကိုသတ်ဖြတ်ချင်နေတဲ့မယ်တော်က ဒီတစ်ကြိမ်လည်း မင်းကိုအမျိုးမျိုးစွပ်စွဲပြီးသတ်ဖြတ်လိုက်တာပဲ၊ အရင်တစ်ခေါက်က မင်းဗိုက်ထဲမှာ ဟောဒီကလေးလေးရှိနေလို့ မင်းကိုမသတ်ခဲ့ပေမယ့် အခုတော့ မယ်တော်က မင်းကိုသတ်ချင်ရင် လွတ်လွတ်ကျွတ်ကျွတ်သတ်လို့ရတယ်ဆိုတာ မင်းနားလည်တယ်မဟုတ်လား”
ထိုလူကြီးပြောစကားကို မယ်ပျင်းမှာ တဖြည်းဖြည်းနားဝင်လာခဲ့သည်။
“မင်းကိုမယ်တော်သတ်လို့ သေသွားတယ်ဆိုရင် မင်းအမေသေခဲ့ရတာက တန်ဖိုးမဲ့သွားမှာပေါ့ မယ်ပျင်းရ၊ မင်းနည်းနည်းပါးပါးစဉ်းစားစမ်းပါ”
ထိုတော့မှ မယ်ပျင်းမှာခေါင်းငိုက်စိုက်ချလိုက်လေသည်။
“ပြီးတော့ ဒီကိစ္စက အပေါ်ယံကြည့်ရင် မတစ်လုံးဂိုဏ်းက ဆရာကြီးဇေယျလုပ်တယ်ထင်ရပေမယ့် တကယ်က ထင်သလောက်မရိုးရှင်းဘူးမယ်ပျင်း၊ ဒီအဖြစ်တွေအကုန်လုံးဖြစ်လာအောင်က မင်းရဲ့ရန်သူတော်ကြီးလုပ်ခဲ့တာ”
မယ်ပျင်းက အလွန်အံ့သြသွားကာ ထိုလူကြီးအားစိုက်ကြည့်ပြီး
“ဒါဆို မယ်တော်လုပ်ခဲ့တာပေါ့”
“မှန်တယ်၊ မတစ်လုံးဂိုဏ်းက ဆရာကြီးကိုပင့်လာခဲ့ဖို့ကို မယ်တော်က သူကြီးဦးဖိုးမောင်ကို အိပ်မက်ပေးခဲ့တာပဲ”
မယ်ပျင်းမှာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်လေသည်။
“ဒီကောင်မကတော့ . . .ဒီကောင်မကို ငါမသတ်နိုင်သေးသရွှေ့ ငါဘယ်တော့မှ ကမ္ဘာကြေမှာမဟုတ်ဘူး”
“ဒါဆိုရင်ကျုပ်တို့နဲ့ပူးပေါင်းလိုက်စမ်းပါ၊ ခင်ဗျားကို ကျုပ်အရင်က ကမ်းလှမ်းခဲ့တာကို ခင်ဗျားလက်ခံလိုက်စမ်းပါ”
ထိုစဉ် အနီးတွင်သာစံမရှိတော့မှန်းသိလိုက်ရသည်။
“ကဲ မယ်ပျင်း ဒီကိုကြည့်လိုက်စမ်း”
အသံကြားသဖြင့်လှည့်ကြည့်လိုက်သည့်အခါ သာစံကိုဖမ်းချုပ်ကာ သေနတ်ဖြင့်ထောက်ချိန်ထားသည့် သူကြီးဦးဖိုးမောင်ကိုတွေ့လိုက်ရလေသည်။
“ကိုဖိုးမောင် ရှင်ဘာလုပ်တာလဲ”
“ဒီမှာမယ်ပျင်း၊ မင်းငါတို့ရွာကို ဆက်ပြီးနှောင့်ယှက်နေတာ ငါမမြင်ချင်ဘူး၊ ဒီတော့ မင်းရဲ့သားလေးမသေစေချင်ရင် မင်းအခုပဲ ငါတို့ရွာကနေ အပြီးအပိုင်ထွက်သွားပါ၊ ငါ့ရွာကို လုံးဝပြန်မလာပါနဲ့”
“ရှင်ရူးနေလား၊ ဒီရွာကနေ ကျုပ်ကဘာဖြစ်လို့ထွက်သွားရမှာလဲ”
“မသွားဘူးဆိုရင်တော့ မင်းရဲ့သား သေရမယ် မယ်ပျင်း”
သာစံမှာ သေနတ်ဖြင့်ချိန်ခံထားရသောကြောင့် ကြောက်ရွံ့နေလေသည်။ ထိုအခါ မယ်ပျင်းက အရှေ့သို့တစ်လှမ်းချင်းတိုးလာခဲ့သည်။ သူကြီးဦးဖိုးမောင်မှာ ထိတ်လန့်သွားပြီး
“မယ်ပျင်း၊ မင်းရပ်လိုက်နော်၊ မဟုတ်ရင် ငါမင်းရဲ့သားကို ပစ်ထည့်လိုက်ရလိမ့်မယ်ကွ”
မယ်ပျင်းမှာ မရပ်ဘဲအရှေ့သို့တစ်လှမ်းချင်းတိုးလာခဲ့သည်။ သူကြီးဦးဖိုးမောင်နှင့် အလွန်နီးကပ်လာသည်မို့ သူကြီးမှာ သေနတ်မောင်းခလုပ်ကိုညှစ်ချလိုက်သည်။ သို့သော် ဒိုင်းဆိုသည့် သေနတ်သံမထွက်ပေါ်လာဘဲ ချောက်ခနဲအသံတစ်ခုသာ ထွက်ပေါ်လာလေသည်။
သူကြီးက အံ့သြသွားကာ သေနတ်မောင်းတင်ပြီးထပ်မံပစ်ခတ်သည်။ ထိုတစ်ချက်တွင်လည်း ကျည်ဆန်ထွက်မလာခဲ့ပေ၊ မယ်ပျင်းက သူကြီးအနားရောက်လာခဲ့သည်မို့ သူကြီးကိုင်ထားသည့် သေနတ်ကို ပြောင်းမှဆွဲယူလိုက်ကာ လှန်ချိုးထည့်လိုက်ရာ သေနတ်ပြောင်းမှာ ကောက်ကောက်ကြီးဖြစ်သွားလေသည်။
သူကြီးဦးဖိုးမောင်က ကြောက်အားလန့်အားနှင့် သေနတ်ကိုလွှတ်ချလိုက်သည်။
“ဒီမှာကိုဖိုးမောင်၊ ဒါတွေအကုန်လုံးက ရှင့်လက်ချက်တွေဆိုတာ ကျုပ်မသိဘူးများမှတ်နေသလား”
သူကြီးမှာ မေးငေါ့လိုက်ပြီး
“ဟုတ်တယ်၊ ငါလုပ်တာ၊ ဒါတွေအားလုံးက ငါလုပ်တာကွာ ဘာဖြစ်သလဲ၊ မင်းငါ့ကိုသတ်ချင်တာလား၊ ဒါဆိုရင်လည်း ထွေထွေထူးထူးတွေမပြောဘဲ သတ်ပစ်လိုက်စမ်းကွာ”
သူကြီးကပြောဆိုပြီး ခေါင်းကိုမော့ ရင်ကိုကော့ပေးထားလိုက်သည်။ မယ်ပျင်းက လက်သီးဆုပ်လိုက်ပြီး သူကြီးအားထိုးနှက်ရန်အတွက်ရွယ်ထားလိုက်လေသည်။ သို့သော် သူကြီးမျက်နှာကိုတစိမ့်စိမ့်ကြည့်ရင်း မသတ်ရက်တော့ပေ။
မယ်ပျင်းက သူကြီးလက်အားဆွဲယူလိုက်ပြီး လက်သီးဆုပ်အတွင်းမှ ကျည်ဆန်များကို သူကြီးလက်ထဲသို့ထည့်ပေးလိုက်သည်။
“နောက်တစ်ခါ ကိုယ်ပစ်တဲ့သေနတ်ထဲမှာ ကျည်ဆန်ပါမပါဆိုတာ သေချာကြည့်စမ်းပါ ကိုဖိုးမောင်”
မယ်ပျင်းက ပြောဆိုလိုက်ပြီးနောက် သာစံလက်အားလှမ်းဆွဲလိုက်သည်။
“လာသား၊ အမေတို့သွားမယ်”
မယ်ပျင်းနှင့်သာစံမှာ အနက်ရောင်ဝတ်ထားသည့်သူကြီးဆီသို့လမ်းလျှောက်သွားရင်း မယ်ပျင်းက သူကြီးဖိုးမောင်ဘက်သို့လည်ပြန်လှည့်ကြည့်လိုက်ကာ
“ဒီမှာကိုဖိုးမောင်၊ ကျုပ်တို့သားအမိ ဒီရွာကနေထွက်သွားတယ်ဆိုတာ ရှင့်ကိုကြောက်လို့တော့မဟုတ်ဘူးဆိုတာ ရှင်မြဲမြဲမှတ်ထား”
ထိုသို့ပြောဆိုပြီးနောက် အနက်ရောင်ဝတ်ဆင်ထားသည့်လူကြီးနှင့် အတူတူ သုံးဦးသားထွက်ခွာသွားကြလေတော့သည်။