စာစဉ် (၈၆)

(၁)

ဆွေမျိုးများက ခြံဝန်းထဲတွင် အုံဖွဲ့လျှက်ရပ်နေကြသည်။ စီတာက ဆွေမျိုးများအရှေ့တွင်ရပ်လိုက်ကာ

“အိမ်ထဲဝင်ကြပါအုံး ဦးကြီးတို့ ဦးလေးတို့”

ကုလားကြီးများက မယ်ပျင်းအားမျက်စောင်းထိုးကြည့်ကာ

“ငါတို့ဒီကိုလာတာ မင်္ဂလာပွဲကိုချီးမြှောက်ကောင်းချီးပေးဖို့မဟုတ်ဘူး၊ ငါတို့လာတာ ဒီမင်္ဂလာပွဲကို တားမြစ်မလို့လာခဲ့တာပဲ”

စီတာမှာ မျက်နှာပျက်ကာ ပြာပြာသလဲဖြစ်သွားသည်။ ကျန်သည့်လူများကလည်း

“ဟုတ်တယ်၊ ဒီမင်္ဂလာပွဲကို ငါတို့တားရမယ်၊ မင်းတို့အတင်းအကြပ်လုပ်မယ်ဆိုရင် မင်္ဂလာပွဲကို ပျက်စီးအောင်လုပ်ကြမယ်”

“ဦးကြီးတို့ ဦးလေးတို့ စိတ်လျှော့ကြပါရှင်၊ စိတ်ကိုအေးအေးထားကြပါအုံး”

ထိုအချိန် ခြံဝင်းအတွင်းဆူဆူညံညံဖြစ်နေသဖြင့် အိမ်အတွင်းမှ ရာကူးကထွက်လာခဲ့လေသည်။ ရာကူးက ဧည့်သည်များကိုထူးဆန်းသည့်မျက်နှာပေးနှင့်ကြည့်ကာ

“စီတာ၊ ဧည့်သည်တွေလာတာကို မင်းက အိမ်ထဲမဝင်ခိုင်းဘူးလား”

“ဝင်ခိုင်းပါတယ်အဖေ၊ ဒါပေမယ့် ဦးကြီးတို့က . . .”

“ဟေ့ရာကူး၊ ငါတို့လာတာ မင်္ဂလာပွဲကို ချီးမြှောက်ဖို့လာတာမဟုတ်ဘူး၊ မင်္ဂလာပွဲကို ကန့်ကွက်ဖို့လာတာ”

ထိုအခါ ရာကူးကရယ်မောလိုက်ပြီးနောက် မယ်ပျင်းနှင့်ရာဂျာကိုလှည့်ကြည့်ပြီး

“နေပါအုံး၊ ကာယကံရှင်တွေကတောင် ဘာပြဿနာမှ မရှိတဲ့ဟာ၊ ခင်ဗျားတို့က ကြားထဲကဘာဖြစ်နေတာလဲ”

“ဟေ့ကောင်ရာကူး၊ ငါတို့မင်္ဂလာပွဲကိုတားမြစ်တယ်ဆိုတာ တခြားအကြောင်းအရင်းမဟုတ်ဘူးကွ၊ ဟောဒီမိန်းကလေးက ဗမာမဟုတ်လား၊ တို့မျိုးရိုးက လူမျိုးခြားနဲ့မပတ်သက်ဘူး၊ လူမျိုးခြားရဲ့သွေးနှောမခံဘူးဆိုတာ မင်းသိတယ်မဟုတ်လား”

“ဟုတ်တယ်ရာကူး၊ တို့အမျိုးထဲကို လူမျိုးခြားသွေးနှောတာ မဖြစ်စေရဘူး၊ ဒါကြောင့် ဒီမင်္ဂလာပွဲကို တားမြစ်ရလိမ့်မယ်”

“ဟုတ်တယ်၊ ငါတို့မျိုးရိုးက စင်ကြယ်တဲ့မှော်ပညာမျိုးရိုးပဲ၊ မင်းအလှည့်ကျမှ လူမျိုးခြားနဲ့သွေးနှောတာမျိုးတော့ အဖြစ်မခံဘူးကွ”

ထိုအခါ ရာကူးက ဟက်ခနဲတစ်ချက်ရယ်လိုက်ကာ

“ဘာတဲ့၊ စင်ကြယ်တဲ့မှော်ပညာမျိုးရိုးတဲ့လား၊ ခင်ဗျားတို့ကို ဆူရပ်ရွာကနေနှင်ထုတ်ခံလိုက်ရကတည်းက ခင်ဗျားတို့က စင်ကြယ်သေးလို့လား၊ မြင့်မြတ်သေးလို့လား၊ ကိုယ်ကဖြင့် ဟိုကနှင်ထုတ်ခံရလို့ သူများနိုင်ငံ၊ သူများနယ်မြေထဲကိုရောက်နေပြီးတော့မှ အခုမှလာပြီး မြင့်မြတ်ချင် စင်ကြယ်ချင်နေသေးတာလား”

“အောင်မယ်၊ ဒီလိုပြောကြကြေးဆိုရင် ငါတို့နှင်ထုတ်ခံရတာ ဘယ်သူ့ကြောင့်လဲကွ၊ မင်းတို့ညီအငယ်ဆုံး ရာဂျာရဲ့ တဏှာရူးတဲ့လုပ်ရပ်ကြောင့် ငါတို့ပါ တစ်နွယ်ငင်တစ်စင်ပါပြီးတော့ အခုလိုဖြစ်ရတာမဟုတ်လား”

“ဒါဆို ပြောစမ်းပါအုံးဗျာ၊ ခင်ဗျားတို့က ဒီမင်္ဂလာပွဲကိုဘယ်လိုဖြစ်စေချင်သလဲ”

“ဘယ်လိုမှ မဖြစ်စေချင်ဘူး၊ မင်းတို့မင်္ဂလာပွဲကို အခုချက်ချင်းဖျက်သိမ်းလိုက်ပါ၊ မဟုတ်ရင်တော့ ငါတို့အဆိုးမဆိုနဲ့”

ရာကူးက စိတ်ညစ်သွားသည့်ပုံစံဖြင့်

“ကျုပ်တို့က အတင်းအကြပ်ဆက်လုပ်ပါပြီတတဲ့ ခင်ဗျားတို့က ဘာလုပ်ချင်သလဲ၊ ပြောလေ”

“ငါတို့ကတော့ သတို့သားကိုဖြောင်းဖျမယ်၊ ဖြောင်းဖျလို့မရဘူးဆိုရင်တော့ သတို့သမီးကိုသတ်ပစ်မယ်”

ရာကူးက အားရပါးရရယ်မောလေသည်။

“ခင်ဗျားတို့လုပ်ချင်သလိုသာလုပ်၊ ဒါပေမယ့် ကျုပ်တစ်ခုပြောလိုက်မယ်၊ သတို့သမီးက နှယ်နှယ်ရရတော့မဟုတ်ဘူး၊ သူလည်း စုန်းပညာမှော်ပညာတတ်တဲ့လူတစ်ယောက်ပဲ”

“အောင်မာ၊ ငါတို့ကလည်း မှော်ပညာကိုမွေးကတည်းက တတ်မြောက်ထားတဲ့လူတွေပါကွ၊ သူ့ကိုကြောက်စရာလား”

“လုပ်ကြဗျာ၊ ခင်ဗျားတို့လုပ်ချင်သလိုသာလုပ်ကြ၊ နောက်မှ ကျုပ်မတားဘူးလို့မပြောနဲ့နော်”

ရာကူးကပြောဆိုလိုက်ပြီး အိမ်ပေါက်ဝအနီးသို့သွားလိုက်ကာ ဆေးတံအတွင်းသို့ ဆေးစာများထည့်ကာ အေးအေးလူလူလုပ်နေသည်။ စီတာက ရာကူးအနီးသို့ပြေးသွားကာ

“အဖေ၊ သူတို့ကိုဒီအတိုင်းလွှတ်ထားမလို့လား၊ နည်းနည်းပါးပါးပြေလည်ရာပြေလည်ကြောင်းလေး ပြောပါအုံး”

“အဖေက ပြေလည်အောင်ပြောပေမယ့် သူတို့ကမှ မပြေလည်တာပဲသမီးရာ၊ သူတို့လုပ်ချင်သလိုလုပ်ကြပါစေ”

“ဒါဆိုသူတို့က ဒေါ်ပျင်းကိုသတ်ကြမှာပေါ့”

“ဒါကတော့ သူကိုယ်တိုင်ဖြေရှင်းရမယ့် ကိစ္စဖြစ်သွားပြီသမီး”

ဆွေမျိုးများက ရာဂျာကိုလက်ညှိုးထိုးလိုက်ပြီး

“ရာဂျာ မင်းကိုငါမေးမယ်၊ မင်းအမှန်အတိုင်းဖြေပါ၊ မင်းသူ့ကိုတကယ်စိတ်ဝင်စားသလား”

ရာဂျာမှာ ဘာမှမဖြေဘဲတွေဝေနေလေသည်။

“မင်းသူ့ကိုစိတ်ဝင်စားတယ်ဆိုရင်တောင်မှ မင်းတို့နှစ်ယောက်က လူမျိုးမတူလို့ပေါင်းစပ်ဖို့မဖြစ်နိုင်ဘူးရာဂျာ၊ ဒါကြောင့် မင်္ဂလာပွဲကိုရပ်တန့်လိုက်ပါ”

“မရပ်တန့်နိုင်ဘူး၊ သူ့ကိုကျုပ်ချစ်တယ်၊ ကျုပ်တို့မင်္ဂလာပွဲကို ဘယ်သူကန့်ကွက် ကန့်ကွက် ကျုပ်ဆက်လုပ်မယ်”

ထိုအခါ ဆွေမျိုးများက စိတ်တိုသွားကြပြီး မယ်ပျင်းဘက်သို့လှည့်လိုက်ကာ

“ဒါဆိုရင်လည်း မိန်းကလေးကိုသတ်ဖို့ပဲရှိတော့တာပေါ့”

ရာဂျာက ခါးကြားမှဓါးမြှောင်ကလေးကိုထုတ်လိုက်ကာ ပြန်လည်ခုခံရန်ပြင်ဆင်လိုက်စဉ် မယ်ပျင်းက လက်ပြကာရာဂျာကိုတားမြစ်လိုက်လေသည်။

“ရှင်ဝင်မပါနဲ့ သူတို့အားလုံးကို ကျုပ်ကိုင်တွယ်နိုင်ပါတယ်”

“ဖြစ်ပါ့မလား မယ်ပျင်း၊ သူတို့တွေက သာမန်လူတွေမဟုတ်ဘူးနော်၊ မှော်ပညာကျွမ်းကျင်ပိုင်နိုင်ကြတဲ့လူတွေချည်းပဲ၊ သူတို့အားလုံးကို မင်းတစ်ယောက်တည်းရင်ဆိုင်နိုင်မှာမဟုတ်ဘူး”

“ရပါတယ်၊ ရှင်စောင့်ကြည့်နေလိုက်ပါ”

မယ်ပျင်းက အရှေ့သို့တိုးလိုက်ပြီး ဆွေမျိုးများကိုကြည့်လိုက်ကာ

“ဒီပြဿနာရဲ့ မူလအစက ကျုပ်မဟုတ်လား၊ ဒါကြောင့် ရှင်တို့မကျေနပ်ဘူးဆိုရင် ကျုပ်နဲ့ရှင်းကြတာပေါ့”

“ကောင်းပြီမိန်းကလေး၊ မင်းဘယ်သူလဲ ဘာလဲဆိုတာ ငါတို့စိတ်မဝင်စားဘူး၊ ဒါပေမယ့် မင်းငါတို့မျိုးရိုးနဲ့သွေးမနှောပါနဲ့၊ ငါတို့ လက်လွန်ခြေလွန်တွေမဖြစ်ခင် မင်းကိုယ့်ခြေထောက်နဲ့ကိုယ် ဟောဒီခြံဝန်းထဲက ထွက်သွားတာကောင်းလိမ့်မယ်”

“ကျုပ်က မသွားဘူးဆိုရင်ရော”

“ငါတို့က မင်းကိုသတ်ဖို့ဝန်လေးနေမှာမဟုတ်ဘူးနော် မိန်းကလေး”

မယ်ပျင်းက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ကာ

“ရှင်တို့လိုအနုတ်စုတ်ဂုတ်စုတ် မှော်ပညာရှင်တွေလောက်တော့ ကျုပ်က လက်နှစ်ဖက်တောင် သုံးစရာမလိုပါဘူးရှင်၊ ရှင်တို့စွမ်းသမျှပညာတွေထုတ်ပြီး တက်လာခဲ့ကြ၊ ကျုပ်က ရှင်တို့ကို လက်တစ်ဖက်တည်းနဲ့ခုခံပြမယ်”

မယ်ပျင်းက ညာဘက်လက်ကို ကိုယ်အနောက်သို့ပို့လိုက်ကာ လက်နောက်ပစ်ထားလိုက်သည်။

“လာကြလေ၊ ကျုပ်ကိုသတ်ချင်တာ ဘယ်သူလဲ”

“ဒါဆိုရင်လည်း မိန်းကလေး မင်းကိုငါတို့မညှာတော့ဘူး”

ခေါင်းတွင်ဦးထုပ်အနီကိုဆောင်းကာ ရှည်လျားသည့်အဖြူရောင်အင်္ကျီကြီးကိုဝတ်ဆင်ထားပြီး တုတ်ကောက်ကြီးတစ်ချောင်းကိုင်ထားသည့် ကုလားကြီးက

“ညီအမခြောက်ဖော်ထွက်ခဲ့စမ်းဟေ့”

ထိုအခါ ဆာရီအနီများဝတ်ဆင်ထားကြသည့် မိန်းကလေးခြောက်ယောက်မှ လူအုပ်ကြားမှထွက်လာခဲ့သည်။ မိန်းကလေးခြောက်ယောက်စလုံးမှာ တစ်ပုံစံတည်းနီးပါး ရုပ်ဆင်တူကာ ပုပု၀၀ပုံစံများဖြစ်သည်။

“ဓါးချက်တစ်ထောင်ပန်းပွင့်အစွမ်းကို တို့ညီမတွေ ပြကြစို့ဟေ့”

မိန်းကလေးများက ခေါင်းတွင်ပန်ဆင်ထားသည့် ဂန္ဓမာပန်းပွင့်များကိုဖြုတ်လိုက်ကြသည်။ ဂန္ဓမာပန်းပွင့်များကို လေပေါ်သို့မြှောက်တင်လိုက်သည့်အခါ ပန်းပွင့်ခြောက်ပွင့်မှာ လေပေါ်တွင်သွားရောက်စုံစည်းကြပြီးနောက် ပန်းပွင့်ချပ်များမှာ ငွေရောင်ဝင်းလက်ကာ ပန်းပွင့်တစ်ခုလုံးမှာ သံဖြင့်ပြုလုပ်ထားသည့် ပန်းပွင့်များအဖြစ်သို့ပြောင်းလဲသွားသည်။ ထိုပန်းပွင့်ခြောက်ပွင့်မှာ မယ်ပျင်းထံသို့ပြေးသွားကြပြီးနောက် ပန်းပွင့်များမှာ ရဟတ်ကဲ့သို့ချာလပတ်လည်ရမ်းကာ ရေတွက်၍မရနိုင်သည့် ပန်းပွင့်ချပ်များမှာ မယ်ပျင်းထံသို့တိုးဝင်လာကြသည်။ ပန်းပွင့်ချပ်များမှာ သံဖြင့်ပြုလုပ်ထားသည့် ဓါးငယ်ကလေးများနှင့်တူညီကာ အလွန်ထက်မြက်လှပေသည်။ ပျံသန်းလာသည့်အရှိန်မှာလည်း လူတစ်ဦးတစ်ယောက်ကို ထုတ်ချင်းခတ်ပေါက်ထွက်သွားစေနိုင်လောက်အောင် ပြင်းထန်လှသည်။

မယ်ပျင်းက သူ့ထံပြေးဝင်လာသည့် ပန်းပွင့်ချပ်များကို မျက်စေ့ဖြင့် စေ့စေ့ကြည့်လိုက်လေသည်။ ထိုအခါ သံပန်းပွင့်ချပ်များမှာ မယ်ပျင်းအနားသို့ရောက်သည့်အခါ အရောင်အသွေးစုံလင်လှသည့် ပန်းပွင့်ချပ်များအဖြစ်ပြောင်းလဲသွားပြီး မယ်ပျင်းဦးခေါင်းပေါ်မှ ကျဲချလိုက်သည့်နှယ် ဝေ့၀ဲကာကျဆင်းလာသည်။

မယ်ပျင်းက ပန်းခြောက်ပွင့်ကိုလက်ညှီုးဖြင့်ထိုးလိုက်သည့်အခါ ပန်းခြောက်ပွင့်မှာလည်း ဂန္ဓမာပန်းပွင့်များအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး ဝုန်းခနဲပေါက်ကွဲကာ ပန်းပွင့်ချပ်များမှာ ပန်းကျဲသကဲ့သို့ လေပေါ်မှဝဲကျလာကုန်သည်။ ညီအမခြောက်ယောက်မှာ မယ်ပျင်း၏အစွမ်းကိုကြည့်ကာ အံ့အားသင့်နေကြသည်။

ဦးထုပ်အနီဆောင်းထားသည့် ကုလားကြီးက

“ဗာကု ကိုခေါ်ခဲ့ဟေ့”

ထိုအခါ ဆွေမျိုးများအားလုံး အံ့သြထိတ်လန့်သွားကြသည်။ လူအုပ်အတွင်းမှ လူကောင်ညှက်ညှက်နှင့် လူငါးယောက်ထွက်လာလေသည်။ ထိုလူငါးယောက်မှာ လူပုကလေးများဖြင့်ပင်တူညီသည်။ အရပ်မှာလေးပေခန့်ပင်ပြည့်ပုံမရဘဲ ပုပုကွကွနှင့် ခြေလက်များမှာ ပုပုတိုတိုကလေးများဖြစ်သည်။ ထိုလူပုကလေးငါးယောက်က ရိုးရိုးတန်းတန်းမလာဘဲ မြေပြင်တွင်ခုန်ပေါက် ကျွမ်းထိုးလျှက် အရှေ့သို့ထွက်လာကြလေသည်။

“ဟား ဟား နင်တို့လို လူစဉ်မမီတဲ့ဟာလေးတွေက ငါ့ကိုယှဉ်နိုင်မှာတဲ့လား”

မယ်ပျင်းက လူပုကလေးများကိုကြည့်၍ ပြောဆိုလိုက်သည့်အခါ လူပုကလေးများမှာ အလွန်ဒေါသထွက်သွားကြသည်။ မယ်ပျင်းအား မျက်ထောင့်နီကြီးနှင့်ကြည့်လိုက်ကြပြီး

“အောင်မာ၊ ငါတို့ကိုများလူစဉ်မမီဘူးလေး ဘာလေးနဲ့၊ ကဲ ညီအကိုတို့ ငါတို့တွေလူစဉ်ဘယ်လောက်မီသလဲဆိုတာ ပြလိုက်ရအောင်ဟေ့”

လူပုကလေးနှစ်ယောက်က ကျွမ်းထိုးလာကြပြီး မယ်ပျင်းအရှေ့မြေပြင်တွင် တစ်ဦးနှင့်တစ်ဦး ရင်ဘောင်တန်းရပ်လိုက်ကြကာ လက်ကိုပိုက်ထားလိုက်ကြသည်။ ထိုအချိန် အခြားလူပုကလေးတစ်ယောက်မှာ ထိုလူနှစ်ဦးထံသို့ ခုန်ဝင်လာပြီး ထိုလူနှစ်ဦး၏ ပုခုံးပေါ်တွင် ခြေတစ်ဖက်စီတင်ကာ ရပ်လိုက်လေသည်။ ထိုအခါ ကျန်သည့်လူပုကလေးနှစ်ယောက်မှာ ခုန်ပျံလာပြီး လူနှစ်ယောက်အပေါ်မတ်တပ်ရပ်နေသည့် လူပုကလေး၏ နံဘေးဝဲယာသို့ခုန်တက်လိုက်ကာ ထိုလူပုကလေး၏ လက်ကိုဆွဲလျှက် တွဲထားကြသည်။

ထိုသို့လူပုလေးများ တစ်ဦးနှင့်တစ်ဦး ဆင့်ထပ်လိုက်ကြပြီးသည့်နောက် မယ်ပျင်းအား မျက်မှောင်ကြုတ်၍ ကြည့်ကာ ပါးစပ်မှလည်း အလျှင်အမြန်ရွတ်ဆိုရသည့် တေးသီချင်းတစ်မျိုးနှင့်တူသည့် စာသားများကိုသံပြိုင်ရွတ်ဆိုကြလေသည်။ ရွတ်ဆိုပြီးမကြာခင်မှာပင် လူပုကလေးများ၏ အသားအရေများမှာ ဖယောင်းအရည်ပျော်ကျသကဲ့သို့ ပျော့တွဲကျလာကာ အချင်းချင်းထိစပ်ကုန်ပြီး လူကြီးတစ်ယောက်အသွင်သို့ပုံပြောင်းသွားလေသည်။

လူပုကလေးငါးယောက်မှာ အရပ်ရှစ်ပေခန့်ရှိကာ ထွားကျိုင်းသန်မာလှသည့် လူသန်ကြီးတစ်ယောက်အသွင်သို့ပြောင်းလဲသွားသည်၊ လူသန်ကြီးမှာ ခန္ဓာကိုယ်ထွားကျိုင်းလှပြီး အနီရောင်အသားအရေရှိသည်။ ကြွက်သားများမှာလည်း အဖုအထစ်များထနေကာ ဦးခေါင်းထက်တွင်တော့ ရှည်လျားသည့် ကျစ်ဆံမြီးတစ်ချောင်းရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် အဝတ်အစားမပါဝင်ဘဲ ကိုယ်လုံးတီးကြီးဖြစ်သည်။

မယ်ပျင်းက ထိုဘီလူးကြီးကိုကြည့်လိုက်ပြီး

“လတ်စသတ်တော့ ရှင်တို့က ငါးယောက်ပေါင်းမှ လူစဉ်မီတဲ့လူတွေကိုး”

ဘီလူးကြီးမှာ ဒေါသထွက်သွားပြီး လက်သီးကြီးနှစ်ဖက်နှင့် ရင်အုပ်ကြွက်သားကြီးများကို တဘုန်းဘုန်းဖြင့်ထုနှက်လေသည်။ စီတာမှာ ရပ်ကြည့်နေရင်းအလွန်အံ့သြသွားကာ ဖခင်ဖြစ်သူ ရာကူးအားကြည့်လိုက်ပြီး

“ဦးလေးငယ်ငါးယောက်က ဒီအစွမ်းတွေရှိတယ်ဆိုတာ သမီးမသိခဲ့ဘူးအဖေ”

“ဗာကုဆိုတာ ဒေဝီကြီးရဲ့ကျောင်းတော်စောင့် ဘီလူးကြီးပဲ၊ ဦးလေးငယ်ငါးယောက်က ငါးမွှာပူးမွေးခဲ့ကြတယ်ဆိုပေမယ့် ကံမကောင်းအကြောင်းမလှလို့ လူပုလေးတွေလိုသေးသေးညှက်ညှက်ကလေးဖြစ်နေခဲ့တယ်၊ အဲဒါသူတို့ရဲ့အမေက ဒီငါးယောက်ကို ဗာကုရဲ့မှော်သွင်းပေးလိုက်တော့ ငါးယောက်ပေါင်းရင် ကျောင်းစောင့်ဘီလူးကြီး ဗာကုရဲ့ပုံစံတူကို ဖန်တီးနိုင်တယ်သမီး”

စီတာတို့ပြောနေစဉ်မှာပင် ဗာကုက မယ်ပျင်းအား လက်သီးတစ်လုံးဖြင့်ပြေးထိုးလိုက်လေသည်။ မယ်ပျင်းက ထိုလက်သီးကို ဘက်ဖက်လက်ဖဝါးဖြန့်ကာ တားလိုက်သည်။ လက်သီးမှာ မယ်ပျင်းလက်ဝါးနှင့်ထိတွေ့ပြီးသည့်အခါ တန့်ခနဲရပ်တန့်သွားသည်။ မယ်ပျင်း၏ ခန္ဓာကိုယ်မှာလည်း တစ်ချက်ယိုင်သွားလေသည်။ လက်သီးမှာအရှိန်ပြင်းထန်လွန်းသဖြင့် မယ်ပျင်းအနောက်တွင်ရှိနေသည့် သစ်ပင်ပန်းပင်များမှာ ယိမ်းထိုးကုန်သလို အသုံးအဆောင်ပစ္စည်းများမှာလည်း လွင့်ထွက်ကုန်ကြလေသည်။

မယ်ပျင်းက ဘယ်လက်ဝါးဖြင့် ဘီလူးကြီး၏ လက်သီးကိုတွန်းထည့်လိုက်သည့်အခါ ဘီလူးကြီးမှာ အနောက်သို့ ခြေသုံးလှမ်းခန့်ဆုတ်လိုက်ရသည်။ အားအင်ကြီးမားလှသည့် ဗာကုကိုပင်လျှင် ခြေသုံးလှမ်းဆုတ်သွားအောင် တွန်းထုတ်နိုင်သည့် မယ်ပျင်း၏အစွမ်းကို အားလုံးကအံ့သြသွားကြသည်။ ဗာကုမှာ အသံကျယ်ကြီးနှင့်တစ်ချက်အော်ဟစ်လိုက်ပြီးနောက် မိုးပေါ်သို့ စွေ့ခနဲခုန်တက်သွားသည်။ ဝါးတစ်ပြန်ခန့်ရောက်သည့်အခါ လက်ဝါးနှစ်ဖက်ကိုပူးလိုက်ပြီး လက်သီးဆုပ်အကြီးကြီးတစ်ခုအဖြစ်ဖန်တီးလိုက်သည်။ ထို့နောက် ထိုလက်သီးကြီးဖြင့် မယ်ပျင်းအားချိန်ရွယ်ကာ မိုးပေါ်မှခုန်ချ၍ အားကုန်ထုနှက်လိုက်လေသည်။

မယ်ပျင်းက ဘယ်ဖက်လက်ကို မိုးပေါ်သို့ဆန့်တန်းလိုက်ပြီး လက်ဝါးဖြန့်လိုက်ကာ ဗာကု၏ ထုနှက်ချက်ကိုခံလိုက်လေသည်။ ဗာကု၏လက်သီးနှင့် မယ်ပျင်းနှင့်လက်ဝါးတို့ ထိတွေ့သွားကြကာ ဂျိန်းခနဲအသံကြီးတစ်ချက်ကြားလိုက်ရပြီး ပတ်ဝန်းကျင်တစ်ခွင်ကို မြေမှုန့်များဖြင့် ဖုံးလွှမ်းသွားသည်။ မြေမှုန့်များရှင်းလင်းသွားသည့်အချိန်တွင် ဗာကုက လေပေါ်မှရပ်တန့်နေပြီး မယ်ပျင်းအား လက်သီးကြီးဖြင့်အားကုန်ဖိချနေသည်။ မယ်ပျင်းမှာ လက်ကိုဆန့်တန်းကာ ပြန်လည်ခုခံထားရင်း မယ်ပျင်းအနီးမြေကြီးမှာ ဘီလူးကြီး၏ ဖိအားကြောင့် မြေကြီးအတွင်းသို့ တဖြည်းဖြည်းကျွံဝင်သွားသည်ကိုတွေ့လိုက်ရသည်။

“အဖေ ဒေါ်ပျင်းတော့ သေတော့မှာပဲ”

“အဲဒီလက်သီးချက်သာ ငါတို့ကိုထိသွားရင် ငါတို့အရိုးတွေအသားတွေ စိစိညက်ညက်ကြေပြီးတော့ အမှုန့်ဖြစ်သွားနိုင်တယ် စီတာရဲ့”

“ဒေါ်ပျင်းတစ်ယောက်တည်းကို သူတို့တွေဝိုင်းပြီးတိုက်ခိုက်နေကြတာကို သမီးတို့တွေ နည်းနည်းပါးပါး ဝင်ထိန်းသင့်တယ်မထင်ဘူးလား”

“မယ်ပျင်းက ဒီအခက်အခဲကိုသူတစ်ယောက်တည်းကျော်လွှားနိုင်မှာပါ၊ မကျော်လွှားနိုင်ရင်လည်း သူသေမှာပေါ့”

စီတာက ထိတ်လန့်သွားပြီး

“ဒေါ်ပျင်းသေမှာကို အဖေက ဒီအတိုင်းရပ်ကြည့်နေမှာတဲ့လား”

“ရပ်မကြည့်လို့ ဘာလုပ်ရမလဲ စီတာရဲ့၊ ဒါဆို နင်ရောသူတို့ကိုကြားဝင်ပြီး ဖြောင်းဖျနိုင်မယ်ထင်လို့လား”

စီတာက ခေါင်းခါပြလိုက်သည်။ မယ်ပျင်းက လက်ဝါးကိုလေပေါ်သို့ အားကုန်တင်မြှောက်လိုက်ပြီး ဗာကုအား တွန်းထုတ်လိုက်သည့်အခါ ဗာကုမှာ လေပေါ်မှလွင့်ကာ ခပ်လှမ်းလှမ်းဆီသို့ ဘုန်းခနဲပြုတ်ကျသွားလေသည်။

ဦးထုပ်အနီနှင့်လူကြီးက တောင်ဝှေးကိုမြေပေါ်တွင် ဒေါက်ခနဲထောက်လိုက်ကာ

“ဗာကုအတွက်လက်နက်လိုတယ်ဟေ့ ရမ်ဂျာ မင်းထွက်လာခဲ့စမ်း”

ထိုအခါ လူအုပ်အတွင်းမှ အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးနှင့် လူတစ်ယောက်ထွက်လာခဲ့သည်။ ထိုလူမှာ အရပ်ရှစ်ပေခန့်ရှိကာ ခါးပင်အနည်းငယ်ကိုင်းနေလေသည်။ အသက်အရွယ်ကြီးနေသူတစ်ယောက်ဖြစ်ကာ ခေါင်းမွှေးများဆွတ်ဆွတ်ဖြူနေလေသည်။ ပါးစပ်ထဲတွင် သွားများပင်စုံအောင်မရှိတော့ပေ။

မယ်ပျင်းက ထိုလူကြီးအားကြည့်လိုက်ပြီး

“လာပြန်ပြီ၊ ရှင်တို့ဆွေမျိုးတွေထဲမှာ လူစဉ်မမီတဲ့လူတွေသိပ်များပါလား၊ အခုလည်း အရပ်ရှည်ရှည် ခါးကိုင်းကိုင်း သက်ကြားအိုကြီးနဲ့ ကျုပ်ကိုတိုက်ခိုက်မှာတဲ့လား”

မယ်ပျင်းက ခပ်ထေ့ထေ့ပြောလိုက်သည်။ ရမ်ဂျာဆိုသည့်အဘိုးကြီးက ဦးထုပ်အနီဆောင်းထားသည့်လူကြီးဘက်သို့လှည့်ကာ လက်အုပ်ချီလျှက် ဂါရဝပြုလိုက်လေသည်။ ဦးထုပ်အနီနှင့်လူကြီးမှာ လက်ကာပြရင်း

“ရတယ် ရမ်ဂျာ၊ မင်းရဲ့အစွမ်းတွေကို ငါအကုန်အစင်သုံးခွင့်ပြုတယ်၊ မင်းလုပ်စရာရှိတာသာလုပ်ပေတော့”

ရမ်ဂျာမှာ အင်္ကျီအတွင်းမှ အိတ်ရှုံကလေးတစ်ခုကိုထုတ်လိုက်ကာ လက်ဖြင့်နှိုက်လိုက်သည်။ အိတ်ရှုံ့ကလေးအတွင်းမှ အဝါရောင်အမှုန့်များထွက်ပေါ်လာလေသည်။ ထိုအဝါရောင်အမှုန့်များကိုလက်ဖြင့်တို့ထိကာ နဖူးအပေါ်တွင် စာလုံးတစ်လုံးကိုရေးသားလိုက်လေသည်။ ပါးစပ်မှလည်း မန္တန်များကိုရွတ်ဖတ်နေကာ မကြာခင်အချိန်မှာပင် ထိုစာလုံးမှာရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး အဘိုးကြီးရမ်ဂျာမှာလည်း ကုလားစစ်သည်များကိုင်တွယ်လေ့ရှိသည့် ဖရုံသီးပုံစံ တင်းပုတ်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။

စီတာမှာ တစ်ခါမှမမြင်ဖူးသည့် အဖြစ်အပျက်ကိုမြင်တွေ့လိုက်ရသဖြင့် အံ့သြသွားမိသည်။

“အဘိုးလေးရမ်ဂျာက လူကနေ လက်နက်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပါလားအဖေ”

စီတာမှာ အလွန်ထူးဆန်းနေသော်လည်း အဖေဖြစ်သူ ရာကူးမှာ ဆေးတံကိုအရသာခံကာ ဖွာရှိုက်လျှက်ရှိသည်။

“အဘိုးလေး ရမ်ဂျာကလည်း ဒေဝီကြီးရဲ့ လက်နက်ခြောက်ပါးမှော်ကို အောင်မြင်ထားတဲ့သူပဲ စီတာ၊ ဒါကြောင့်သူက သူ့ကိုယ်သူ လက်နက်ခြောက်မျိုးအဖြစ်ပြောင်းလဲနိုင်တယ်”

“ဒါဆိုရင် ခုနက ဗာကုနဲ့ပေါင်းလိုက်တဲ့အခါ တော်တော်စွမ်းသွားမှာပဲအဖေ၊ ဒေါ်ပျင်းတော့ သူတို့နှစ်ယောက်ပေါင်းတိုက်တာကို နိုင်ပါ့မလား”

စီတာမှာ စိုးရိမ်စိတ်များစွာဖြင့် မယ်ပျင်းအားလှမ်းကြည့်လိုက်သည်။ ခပ်လှမ်းလှမ်းတွင်လဲကျနေသည့် ဗာကုမှာ ကုန်းထလာပြီးသည့်နောက် အဘိုးကြီးရမ်ဂျာတစ်ဖြစ်လဲ တင်းပုတ်ကြီးကို ကောက်ကိုင်လိုက်လေသည်။ တင်းပုတ်ကြီးကို လေပေါ်တွင်တဝှီးဝှီးနှင့်လွှဲကာ အားယူပြီးမယ်ပျင်းအား ထုနှက်ရန်ပြေးလာခဲ့လေသည်။

ထိုတင်းပုတ်ကြီးနှင့် ထုနှက်ခံလိုက်ရလျှင် မယ်ပျင်းတစ်ယောက် လွယ်ကူမည်မဟုတ်ပေ၊ ထို့ကြောင့် စက်လက်နက်များထုတ်လိုက်ပြီး တင်းပုတ်ကြီးအားပစ်ခတ်လိုက်လေသည်။ မယ်ပျင်းပစ်လွှတ်လိုက်သည့် စက်လက်နက်များက တင်းပုတ်ကြီးအားထိမှန်သွားသည့်အခါ တင်းပုတ်ကြီးမှာ လူတစ်ဦးအော်သံထွက်ပေါ်လာပြီး တင်းပုတ်အဖြစ်မှ လူတစ်ဦးအဖြစ်ပြောင်းလဲသွားသည်။ ရမ်ဂျာက မန္တန်တစ်ခုကိုထပ်မံရွတ်ဖတ်လိုက်သောအခါ တင်းပုတ်အဖြစ်မှ လေးကြီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။

ဗာကုမှာ အနားသို့မကပ်တော့ဘဲ ထိုနေရာမှပင်ရပ်တန့်ကာ မယ်ပျင်းအား လေးနှင့်ထိုးချိန်လိုက်သည်။ လေးကြီးတွင်ပါဝင်သည့် ပန်းပွားများဖြင့်အလှဆင်ထားသည့် လေးကြိုးကြီးကိုဆွဲလိုက်သည့်အခါ လေးညှို့ပေါ်တွင် ရွှေရောင်မြားကြီးတစ်စင်းက အလိုလိုပေါ်ပေါက်လာခဲ့သည်။ ထိုမြားကြီးဖြင့် မယ်ပျင်းအားပစ်လွတ်လိုက်သည့်အခါ မယ်ပျင်းက သူ့ထံပျံသန်းလာသည့် မြားတံအား မျက်စိဖြင့် စေ့စေ့ကြည့်လိုက်လေသည်။

“ငါ့ကိုပစ်လွှတ်တဲ့အရာမှန်သမျှကို တားမြစ်နိုင်စွမ်းရှိတဲ့ ကဝေမျက်စောင်းအတတ်ကို ငါတတ်မြောက်ထားတာ နင်မသိဘူးလားဟဲ့”

မယ်ပျင်းက ရေရွတ်လိုက်လေသည်။ မြားတံကြီးမှာ မယ်ပျင်းထံပျံသန်းလာရင်း လမ်းတစ်ဝက်အရောက်တွင် သူ့အလိုလိုရပ်တန့်သွားလေသည်။ ထို့နောက်မြားတံမှာ အနောက်သို့တဖြည်းဖြည်းလည်ထွက်သွားပြီး ပစ်ခတ်လိုက်သည့် ဘီလူးကြီးဗာကုထံသို့ အရှိန်ဖြင့်ပြေးဝင်သွားလေသည်။ ဝုန်းခနဲအသံကြီးတစ်ချက်မြည်ဟီးပြီး ပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားကာ လူပုကလေးငါးယောက်မှာ မြေပြင်ပေါ်သို့ တဘုတ်ဘုတ်နှင့်ပြုတ်ကျလေသည်။ လေးကြီးအဖြစ်နှင့် ရမ်ဂျာမှာလည်း မြေပေါ်သို့ကျကာ လူးလိမ့်နေရသည်။

နောက်ဆုံးတော့ ဦးထုပ်အနီဆောင်းထားသည့် လူကြီးက အရှေ့တိုးလာခဲ့သည်။

“သူတို့တွေလောက်နဲ့ မရဘူးဆိုတော့ မင်းနဲ့ငါနဲ့တွေ့ပြီပေါ့ကွာ”

ထိုလူကြီးက တောင်ဝှေးကိုမြေတွင်ဆောင့်ချလိုက်သည့်အခါ တောင်ဝှေးမှာ မြေကြီးအတွင်းနစ်ဝင်သွားသည်။ ထို့နောက် လက်နှစ်ဖက်ကိုကောင်းကင်ပေါ်သို့ဆန့်တန်းကာ ဆွဲဆွဲငင်ငင်အသံတစ်ခုဖြင့်ဟစ်အော်လေသည်။ စီတာက ထိုအဖြစ်ကိုကြည့်ကာ အံ့သြသွားရင်း

“ဒါနဲ့အဖေ ဦးကြီးပီချေးက မှော်ပညာတတ်လို့လား၊ သမီးတစ်သက်တော့ သူမှော်ပညာသုံးတာကို တစ်ခါမှမတွေ့ဖူးဘူးနော်”

ရာကူးက ဆေးတံအတွင်းရှိဆေးစာအဟောင်းများကို ခေါက်ချနေရင်း

“ဘာမှမတတ်ဘူးလို့ထင်ရတဲ့လူတွေဆိုတာ တစ်ခါတလေတော့ ပညာအကျွမ်းကျင်ဆုံးလူတွေဖြစ်နေတတ်တယ်သမီးရဲ့၊ ဦးပိချေးရဲ့ ပညာအစွမ်းက အဖေတောင်မယှဉ်နိုင်ဘူး”

“သမီးတော့ယုံတောင်မယုံနိုင်တော့ဘူးအဖေ”

“ဦးပိချေးက ရှေးကျတဲ့ရိုးရာမှော်ပညာတစ်ခုကိုပိုင်ဆိုင်ထားတယ်၊ သူ့ရဲ့မှော်ပညာနဲ့လူတွေကိုဖမ်းစားပြီးတော့ သူတို့ရဲ့အတွေးအာရုံထဲကိုဝင်သွားပြီး အာရုံတွေကို မှောက်မှားသွားအောင်ပြုလုပ်နိုင်တယ် စီတာရဲ့”

ထိုစဉ် တောင်ဝှေးကြီးထိပ်မှာ အဖြူရောင်အလင်းလုံးကြီးတစ်ခုထွက်လာကာ ဝင်းခနဲလက်သွားလေသည်။ ထိုအလင်းလုံးကြီးကိုကြည့်လိုက်မိသူအားလုံးမှာ မျက်စိများကျိန်းစပ်သွားကြကာ မည်သည့်အရာကိုမျှမမြင်ရဘဲဖြစ်နေလေသည်။ အလင်းရောင်များပြန်လည်မှိန်သွားသည့်အခါတွင်တော့ မြေပြင်အလယ်တွင် ငူငူကြီးရပ်နေသည့် မယ်ပျင်းနှင့် ဦးပိချေးကိုတွေ့မြင်လိုက်ကြရသည်။

မယ်ပျင်းလည်း အလင်းလုံးကြီးကိုကြည့်လိုက်မိသဖြင့် အမြင်အာရုံတွင်အဖြူရောင်များကိုသာ မြင်တွေ့လိုက်ရသည်။ ပြီးသည့်နောက် မီးတောက်မီးလျှံများကဲ့သို့ နီရဲနေသည့် ပတ်ဝန်းကျင်တစ်ခုဆီသို့ရောက်သွားသည်။ ထိုပတ်ဝန်းကျင်တစ်ခုလုံး မီးများလောင်ကျွမ်းနေကာ ပြာပူများဖြင့်ဖုံးလွှမ်းနေသည်။

မယ်ပျင်းအရှေ့တွင် ဦးပိချေးကမတ်တပ်ရပ်နေလေသည်။

“မိန်းကလေး၊ မင်းကိုငါနောက်ဆုံးအနေနဲ့ မေတ္တာရပ်ခံတယ်၊ မင်း ဒီမင်္ဂလာပွဲကိုလက်လျော့လိုက်ပါ”

“ကျုပ်ကဘယ်တော့မှ လက်မလျော့ဘူး၊ လက်ရောခြေရော လျော့ရမှာရှင်တို့ပဲ”

မယ်ပျင်းကပြောဆိုလိုက်ကာ ဦးပိချေးထံသို့ စက်လက်နက်များကိုပစ်လွှတ်လိုက်သည်။ သို့သော် မယ်ပျင်းမည်မျှပင်ကြိုးစားပစ်ခတ်စေကာမူ စက်လက်နက်များမှာ မထွက်ဘဲဖြစ်နေလေသည်။ ထို့အတူပြင်းထန်သည့် စွမ်းအင်များကိုလည်း ထုတ်သုံးမရဘဲ မည်သည့်ပညာမှမတတ်သည့်လူတစ်ယောက်နှယ်ဖြစ်နေသည်။ ထိုအခါ ဦးပိချေးက တဟီးဟီးနှင့်ရယ်မောလိုက်ပြီး

“မင်းအစွမ်းတွေမရှိတော့ဘူးမဟုတ်လားကွ၊ ကဲ ဒီတစ်ခါငါ့အလှည့်ဟေ့”

ဦးပိချေးက မယ်ပျင်းထံသို့ မိုးကြိုးကဲ့သို့ လျှင်မြန်လှသည့်အလင်းတန်းကြီးများနှင့်ပစ်ခတ်လေသည်။ အနီရောင်၊ အဝါရောင်နှင့် အရောင်အဆင်းမျိုးစုံရှိသည့် အလင်းတန်းကြီးများမှာ မယ်ပျင်းအားတစ်ချက်ပြီးတစ်ချက်လာရောက်ထိမှန်ကြလေသည်။ မယ်ပျင်းမှာ အနောက်သို့လွင့်စင်ထွက်ကာ လူးလိမ့်နေရလေသည်။

“ငါ့ကိုလက်တစ်ဖက်တည်းနဲ့ခုခံမယ်ဆို၊ ဘယ်လိုလဲကွ”

ဦးပိချေးက ပြောဆိုပြီးသည့်နောက် မြေကြီးပေါ်သို့လက်နှင့်ညွှန်ပြလိုက်သည့်အခါ မြေကြီးအောက်မှာ အလွန်ကြီးမားလှသည့် ကင်းမြီးကောက် ကောင်ကြီးများမှာ တိုးထွက်လာကြပြီး မယ်ပျင်းထံသို့ပြေးဝင်လာကြသည်။ တစ်ဖန် နောက်လက်တစ်ဖက်ဖြင့် မြေကြီးကိုထပ်ညွှန်ပြလိုက်သည့်အခါ တစ်တောင်ခန့်ရှိသည် ကင်းခြေများကြီးများက အကောင်ရာထောင်ချီကာထွက်ပေါ်လာကြပြီး မယ်ပျင်းထံသို့ပြေးလာကြပြန်သည်။ ထိုကင်းမြီးကောက်ကြီးများ ကင်းခြေများကြီးများမှာ မယ်ပျင်းကိုယ်ပေါ်သို့အုံခဲတက်ကြကာ မယ်ပျင်းအား ကိုက်ဖြတ်ထိုးဆိတ်ကြသဖြင့် မယ်ပျင်းမှာလူးလွန့်အော်ဟစ်နေရသည်။

“မင်းပဲ စွမ်းတယ်ဆိုကွ၊ လုပ်အုံးလေ၊ လုပ်စမ်းပါအုံးကွ”

မယ်ပျင်းက ကင်းများတက်နေသည့်ကြားထဲမှ ဦးပိချေးကိုစိုက်ကြည့်လိုက်ကာ

“အောင်မာ၊ အဘိုးကြီး ရှင်စွမ်းရင် ရှင့်လက်နဲ့ကျုပ်ကိုလာသတ်လှည့်၊ ရှင့်ရဲ့ ညစ်ပတ်တဲ့အကောင်တွေနဲ့ ကျုပ်ကိုဘယ်တော့မှသတ်လို့ရမှာမဟုတ်ဘူး”

“မင်းကတောင်းဆိုနေမှတော့ ငါကမင်းကိုသတ်ပေးရတော့မှာပေါ့ကွာ”

ဦးပိချေးလက်အတွင်း အဖျားကော့ညွှတ်နေသည့် ဓါးကောက်ကြီးတစ်ခုပေါ်ပေါက်လာလေသည်။ ဦးပိချေးက ထိုဓါးကောက်ကြီးကိုကိုင်ကာ မယ်ပျင်းအနီးသို့ တစ်လှမ်းချင်းတိုးလျှောက်လာခဲ့သည်။ မြေပြင်ပေါ်ရှိ ကင်းများမှာ ဦးပိချေးလာသည့်အခါ နံဘေးသို့ရှဲကာ ရှောင်ပေးကြသည်။ နောက်ဆုံး ဦးပိချေးက မယ်ပျင်းနှင့်လက်တစ်ကမ်းအကွာတွင် ရောက်လာခဲ့လေသည်။

“ဒါမင်းရဲ့အဆုံးသတ်ပဲမယ်ပျင်ငး”

ဦးပိချေးမှာ လက်ထဲမှဓါးကြီးဖြင့် မယ်ပျင်းရင်ဝကိုထိုးစိုက်လိုက်လေသည်။ ဓါးကောက်ကြီးမှာ မယ်ပျင်းရင်ဝမှတိုးဝင်သွားပြီး နောက်ကျောဘက်မှဖောက်ထွက်သွားသည်။ မယ်ပျင်းက တစ်ချက်ပြုံးလိုက်ကာ ဦးပိချေး၏ ဓါးကိုင်လက်အား သူ့ဘယ်လက်ဖြင့်အသာဖမ်းဆွဲလိုက်သည်။ ဦးပိချေးမှာ ထိတ်လန့်သွားလေသည်။

“မင်းဘာလုပ်တာလဲ”

“ဟောဒါကမ္ဘာအစစ်မဟုတ်ဘူး၊ ရှင့်စိတ်ကူးထဲမှာ ဖန်တီးထားတဲ့နေရာတစ်ခုပဲမဟုတ်လား၊ ဒါပေမယ့် ရှင်တစ်ယောက်တည်း ဒီလိုဖန်တီးတတ်တယ်လို့တော့ မထင်လိုက်နဲ့ အခုကျုပ်ရဲ့ကမ္ဘာထဲကိုလိုက်ခဲ့”

မယ်ပျင်းက ပြောဆိုလိုက်ပြီး ဦးပိချေး၏လက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်သည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံးကို သွေးများစီးကျသကဲ့သို့ ဖြစ်ပျက်သွားပြီး သွေးရောင်များလွှမ်းသွားလေသည်။ ဦးပိချေးမှာ အကြောက်အကန်နှင့် မယ်ပျင်းလက်အားရုန်းထွက်လိုက်သည့်အခါ တောင်ကုန်းကလေးတစ်ခုပေါ်မှလိမ့်ကျသွားသကဲ့သို့ ဒလိမ့်ခေါက်ကွေးပြုတ်ကျသွားသည်။

တောင်ကုန်းအောက်ခြေသို့ရောက်သည့်အခါ ဦးပိချေးက လူးလဲကုန်းထလိုက်သည်။ ထိုအခါ တောင်ကုန်းအထက်ဆီမှရယ်သံကြားသဖြင့် မော့ကြည့်လိုက်မိသည်။ မယ်ပျင်းက တောင်ကုန်းပေါ်တွင် ခါးထောက်ရပ်လျှက် ဦးပိချေးကိုကြည့်နေလေသည်။

“ဟား၊ ဟား ဒါကျုပ်ကမ္ဘာပဲ ကျုပ်ကမ္ဘာဆိုတော့ ကျုပ်ရဲ့စည်းကမ်းပေါ့”

မယ်ပျင်းပြောဆိုပြီးသည့်အခါ ဦးပိချေးထိုင်နေသည့်နံဘေးနားမှ မြေပြင်မှ မြေအောက်မှ တစ်စုံတစ်ရာတိုးနေသကဲ့သို့ ပွစိပွစိဖြစ်လာပြီးနောက် မြေကြီးအတွင်းမှ လူကြီးလက်မလုံးခန့်ရှိသည့် တီကောင်ကြီးများထွက်လာကြလေသည်။ ထိုတီကောင်ကြီးများမှာ ဦးပိချေးကိုပတ်ပတ်လည်ဝိုင်းလိုက်ကာ တွန့်လိမ်နေလျှက်ရှိသည်။ ဦးပိချေးမှာ တီကောင်များကိုကြည့်ရင်း အလွန်ထိတ်လန့်ကာ ဇောချွေးများပင်ပြန်နေသည်။

“ကဲ ဘယ်လိုလဲ ရှင့်ရဲ့အကြောက်ဆုံးအရာကို ရှင်တွေ့ပြီမဟုတ်လား”

ထိုအခါ ဦးပိချေးက ခေါင်းကိုခါလိုက်ပြီး

“မဟုတ်ဘူး၊ ဒါတွေက အစစ်မဟုတ်ဘူး၊ ဒါတွေက မင်းစိတ်ကူးထဲကအရာတွေပဲ၊ ငါမကြောက်ဘူး၊ ငါမကြောက်ဘူးကွ”

မယ်ပျင်းက ခပ်ထေ့ထေ့ပြုံးလိုက်ကာ

“ကြောက်တယ်ဆိုတာက ထိတွေ့ကိုင်တွယ်လို့မရဘူး အဘိုးကြီးရဲ့၊ ကြောက်တယ်ဆိုတဲ့အရာက ရှင့်စိတ်ထဲမှာရှိနေတာ၊ ကဲပါ ရှင်တကယ်ကြောက်မကြောက် စမ်းသပ်ကြည့်ရသေးတာပေါ့”

မယ်ပျင်းပြောဆိုလိုက်သည့်အခါ တီကောင်ကြီးများမှာ ဦးပိချေးဆီသို့တိုးဝင်လာကြလေသည်။ ဦးပိချေးမှာ သူ့ကိုယ်ပေါ်တက်လာသည့် တီကောင်ကြီးများကို လက်ဖြင့်ပုတ်ခါချသော်လည်း တီကောင်များမှာ များပြားလွန်းသဖြင့် ပုတ်ချ၍မနိုင်ဘဲရှိနေလေသည်။ နောက်ဆုံးတီကောင်ကြီးများမှာ ဦးပိချေးကိုယ်လုံးပေါ်သို့အလုံးအထွေးလိုက်တက်ရောက်ကာ ဦးပိချေး၏ ပါးစပ်ပေါက်၊ နှာခေါင်းပေါက်များအတွင်းသို့တိုးဝင်ကြလေသည်။

“တော်ပါတော့ တော်ပါတော့၊ ငါကြောက်ပါပြီ ရပ်လိုက်ပါတော့”

နဂိုကတည်းက တီကောင်ကိုရွံကြောက်ဖြစ်နေသည့် ဦးပိချေးမှာ သူအကြောက်ဆုံးအရာများနှင့်ထိတွေ့ရသဖြင့် မနေနိုင်တော့ဘဲ အော်ဟစ်ကာအရှုံးပေးတော့သည်။ မယ်ပျင်းက

“ခင်ဗျားကြီး ကျုပ်ကို မနိုင်ပါဘူး ရးပါပြီလို့ သုံးခါတိတိတောင်းပန်တော့မှ ကျုပ်လုပ်ပေးမယ်”

“ကျုပ်ရှုံးပါပြီ၊ မင်းကိုရှုံးပါပြီကွာ၊ မင်းငါ့ကိုလွှတ်ပေးပါတော့၊ ဒီအကောင်ကြီးတွေနဲ့ ငါဆက်မနေနိုင်တော့ဘူး”

မယ်ပျင်းက အသံပြဲကြီးနှင့်ရယ်မောလိုက်သည့်အခါ ပတ်ဝန်းကျင်တစ်ခွင်လုံး အလင်းရောင်များကဖုံးလွှမ်းသွားပြီး အပြင်လောကသို့ပြန်လည်ရောက်ရှိသွားကြသည်။ မယ်ပျင်းနှင့် ဦးပိချေးတို့ တစ်ယောက်နှင့်တစ်ယောက်စိတ်အာရုံအတွင်း တိုက်ခိုက်နေကြသည်မှာ အချိန်ကြာမြင့်သည်ဟုထင်ရသော်လည်း အပြင်လောကတွင်မူ တဒင်္ဂအဖြစ်အပျက်သာ ဖြစ်ပျက်သွားခြင်းဖြစ်သည်။ ဦးပိချေးမှာ မြေပြင်ပေါ်သို့ဒူးထောက်ထိုင်ကျသွားကာ တောင်ဝှေးကိုလက်နှင့်အားပြုကာ ဆွဲထောက်ထားရသည်။

ထိုအချိန် ကျစ်ဆံမြီးကျစ်ထားသည့် မိန်းမကြီးတစ်ယောက်ထွက်လာပြီး မယ်ပျင်းထံသို့ နောက်ချေးခဲတစ်ခုနှင့်လှမ်းပစ်ထည့်လိုက်သည်။

“ဟဲ့ကောင်မ၊ ငါ့ရဲ့မှော်နောက်ချေးခဲနဲ့ထိပြီး နင်နွားမကြီးဖြစ်သွားစမ်းဟဲ့”

ထိုမိန်းမကြီးက ရုတ်တရက်ပစ်ခတ်လိုက်သည်မို့ မယ်ပျင်းမှာ ရှောင်ချိန်မရှိတော့ဘဲ ဘယ်ဘက်လက်နှင့်သာ ပုတ်ထုတ်ထည့်လိုက်သည်။ နွားချေးခဲမှာ မယ်ပျင်းလက်နှင့်ထိကာ ပြန်လွင့်စင်သွားပြီး မယ်ပျင်းအားပစ်ခတ်သည့် မိန်းမကြီး၏မျက်နှာတွင် သွားကပ်လေသည်။ ထိုမိန်းမကြီးမှာ အော်ဟစ်လျှက် လက်နှစ်ဖက်ခြေနှစ်ဖက်မှ လက်ချောင်းခြေချောင်းများက အချင်းချင်းပူးကပ်သွားပြီး ခွာများအဖြစ်ပြောင်းလဲသွားသည်။ ထို့နောက် မြေပြင်ပေါ်သို့လဲကျသွားကာ မျက်စိရှေ့မှာပင် နွားမကြီးတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားတော့သည်။

ရာကူးက တစ်ချက်ရယ်မောလိုက်ပြီး

“ရာမူးရေ မင်းအတွက်နွားတစ်ကောင်တော့ အလကားရပြီဟေ့”

နွားမကြီးမှာ လေးဖက်ထောက်ရပ်လိုက်ရင်း ထိုလူများကိုကြည့်ကာ ရှက်ရှက်နှင့်ခြံအပြင်သို့ပြေးထွက်သွားသည်။

“ကဲ ရှင်တို့ထဲက ကျုပ်ကိုယှဉ်ချင်တဲ့လူရှိရင် ထပ်ထွက်ခဲ့ကြ”

ဆွေမျိုးများအားလုံးမှာနှုတ်ဆိတ်နေလေသည်။ ဆွေမျိုးများ၏ ခေါင်းဆောင်ဖြစ်သည့် ဦးပိချေးတစ်ယောက်ပင် မယ်ပျင်းအရှေ့တွင် ဒူးထောက်နေရပြီဖြစ်သည်။

“ဘယ်လိုလဲ ထွက်ရဲတဲ့လူမရှိတော့ဘူးလား”

အမျိုးအဆွေများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျှက် သူထွက်နိုးနိုးငါထွက်နိုးနိုးနှင့် ငြိမ်ကုပ်နေကြလေသည်။ ဦးပိချေးက တောင်ဝှေးကိုအားပြုကာမတ်တပ်ရပ်လိုက်ရင်း

“မင်းနိုင်ပါတယ် မိန်းကလေး၊ ဒီပွဲမှာ မင်းနိုင်ပါတယ်”

ကျန်သည့်ဆွေမျိုးများကလည်း ခေါင်းများငိုက်စိုက်ကျသွားလေသည်။ ထိုအခါမှ ရာကူးက အရှေ့သို့တိုးလာပြီး

“ကဲပါ၊ ခင်ဗျားတို့အခုရှုံးပြီဆိုတော့ ဒီမိန်းကလေးရဲ့အစွမ်းက ပေါ့သေးသေးမဟုတ်ဘူးဆိုတာ သိကြပြီပေါ့၊ ကျုပ်တို့မင်္ဂလာပွဲကျင်းပရတယ်ဆိုတာကလည်း ဒီမိန်းကလေးမှာရှိတဲ့အစွမ်းတွေနဲ့ ကျုပ်တို့တတ်မြောက်ထားတဲ့မှော်ပညာတွေကို နှီးနှောဖလှယ်ပြီး ပညာအဆင့်တွေတိုးတက်စေချင်တဲ့ရည်ရွယ်ချက်လဲတစ်ခုအပါအဝင်ပါပဲ”

ပိန်ပိန်ပါးပါးနှင့် ရမ်ဂျာက အရှေ့သို့တိုးလာပြီး

“ဒီမိန်းကလေးအစွမ်းက အတော်အဆင့်မြင့်တာပဲ၊ ကျုပ်တို့ကိုမပြောနဲ့ အရှေ့မယ်တော်ကိုတောင်မှ စိန်ခေါ်အနိုင်ယူနိုင်လိမ့်မယ်ထင်တယ်”

ထိုအခါ ရာကူးက

“ရမ်ဂျာ မင်းစကားကိုဆင်ဆင်ခြင်ခြင်ပြောရင် ကောင်းလိမ့်မယ်ထင်တယ်”

“ကျုပ်က တင်စားပြီးပြောတာပါဗျာ၊ ဘာပဲဖြစ်ဖြစ် ဒီလိုပညာအဆင့်မြင့်တဲ့မိန်းကလေးနဲ့ ကျုပ်တို့ဆွေမျိုးတော်ရတာ ကျုပ်တော့ဂုဏ်ယူပါတယ်”

ရမ်ဂျာက ပြောဆိုပြီး လက်မနှစ်ဖက်ထောင်ပြလိုက်သည်။ ဆွေမျိုးများအားလုံးက ရမ်ဂျာကို ထူးဆန်းသည့်မျက်နှာပေးနှင့် လှမ်းကြည့်ကြသည်။ ရမ်ဂျာက မျက်လုံးပြူးကြီးနှင့်

“ကျုပ်ထောက်ခံတာကို ကျုပ်ပြောတာလေ၊ ခင်ဗျားတို့ရဲ့ အခုထိသဘောမတူသေးဘူးလား”

ဆွေမျိုးများမှာ ခေါင်းညိတ်ကြသော်လည်း ခေါင်းဆောင်ဖြစ်သည့် ဦးပိချေး၏မျက်နှာအရိပ်အခြည်ကိုကြည့်နေလေသည်။ ဦးပိချေးက မယ်ပျင်းအနီးသို့တိုးကပ်လာကာ မယ်ပျင်းကို လက်ကမ်းပေးလိုက်သည်။

“ငါတို့မိသားစုကနေ မင်းကိုကြိုဆိုပါတယ်မိန်းကလေး”

မယ်ပျင်းက ပြုံးလိုက်ကာ ဦးပိချေး၏လက်ကိုဆွဲယူကာ မြှောက်လိုက်သည်။ ထိုတော့မှ အမျိုးများအားလုံးက လက်ခုပ်လက်ဝါးတီးကာ သောင်းသောင်းဖြဖြအားပေးကြသည်။ ရာကူးက ထိုအဖြစ်ကိုရယ်မောလျှက်ကြည့်နေရင်း

“အောင်မြင်ပြီ၊ မယ်ပျင်းတော့ ပထမဆုံးစာမေးပွဲကို အောင်မြင်သွားပြီ”

ထိုစကားကိုကြားလိုက်သည့် စီတာမှာ

“ဘာစာမေးပွဲလဲအဖေ၊ မဟုတ်မှလွဲရော ဒီအမျိုးတွေနဲ့ရန်တိုက်ပေးထားတာက အဖေ့ရဲ့လက်ချက်လား”

“မယ်ပျင်းအစွမ်းကို သိချင်လို့စမ်းသပ်ကြည့်တာပါ၊ ဘာပဲဖြစ်ဖြစ် သူပထမအဆင့်အောင်မြင်သွားတာကိုတော့ ငါဝမ်းသာပါတယ်”

စီတာမှာ မျက်လုံးပြူးသွားပြီး

“အဖေ . . . အဖေက စာမေးပွဲစစ်တယ်ဆိုပေမယ့် မတော်လို့ ဒေါ်ပျင်းက ကျရှုံးသွားရင် ဟိုလူတွေလက်ချက်နဲ့ သေမှာမဟုတ်လားအဖေရဲ့၊ အဖေဘာဖြစ်လို့ ဒီလိုလုပ်ရက်တာလဲ”

“စာမေးပွဲကိုမအောင်မြင်ဘူးဆိုမှတော့ သူကဘာကြောင့်အသက်ဆက်ရှင်နေရအုံးမှာလဲသမီးရဲ့”

ရာကူးက ရယ်မောကာ အိမ်အတွင်းသို့ပြန်ဝင်သွားသည်။ စီတာမှာ အဖေဖြစ်သူကို အံ့သြထိတ်လန့်စွာဖြင့် ငေးမောကြည့်နေလေသည်။

(၃)

“ဘာ . . . မယ်ပျင်းက မယ်ပျင်းက မင်းတို့အိမ်ကလူနဲ့ မင်္ဂလာဆောင်တော့မယ်တဲ့လား”

မယ်တော်၏ အသံမှာနန်းဆောင်အတွင်းပျံ့လွင့်သွားလေသည်။ ရာကူးက အလွန်ချိုသာသည့်အပြုံးကိုပြုံးလျှက် လက်ထဲမှဖိတ်စာရွက်ကလေးကို မယ်တော်ထံသို့လှမ်းပေးလိုက်သည်။

“ဟုတ်ပါတယ်မယ်တော်၊ ကျုပ်ရဲ့ညီအငယ်ဆုံးနဲ့ မယ်ပျင်းနဲ့ ဘယ်လိုကဘယ်လိုတွေ့ဆုံပြီး ချစ်ကြိုက်သွားကြတယ်မသိပါဘူး၊ အဲဒါသူတို့အတူတူ နှစ်ယောက်တစ်ဘဝကိုတည်ထောင်ကြမယ်ဆိုတာနဲ့ မနက်ဖြန်မင်္ဂလာဆောင်ဖို့ အမြန်စီစဉ်လိုက်ရပါတယ်၊ မယ်တော်က ကျွန်တော်တို့ကိုချီးမြှောက်တဲ့အနေနဲ့ မင်္ဂလာအခမ်းအနားကို တက်ရောက်စေချင်ပါတယ်”

ရာကူးလှမ်းပေးသည့်စာရွက်ကလေးကို မယ်တော်က ဆွဲယူလိုက်ကာ လက်ဖြင့်ပွတ်ချေလိုက်သည့်အခါ စာရွက်မှာ ပြာမှုန့်များအဖြစ် လွင့်ပျံသွားလေသည်။

“မင်းက တော်တော်မျက်နှာပြောင်တိုက်တဲ့လူပဲ ရာကူး၊ မယ်ပျင်းနဲ့ငါနဲ့ ဘယ်လိုဆက်ဆံရေးဆိုတာကို မင်းသိရက်နဲ့ ဒီမင်္ဂလာပွဲကို ငါ့ကိုလာဖိတ်ရသလား”

“မယ်ပျင်းနဲ့ မယ်တော်နဲ့မတည့်တာက တစ်ပိုင်း၊ မင်္ဂလာပွဲက တစ်ပိုင်းလေမယ်တော်ရဲ့၊ မြိုင်သာစုန်းကောင်စီက လက်ရှိဥက္ကဋ္ဌရဲ့လူမှုရေးကိစ္စ သာရေးအခမ်းအနားကို ကောင်စီရဲ့အကြီးအကဲဖြစ်တဲ့ ကျုပ်ကဖိတ်တာ မှားသွားသလားမယ်တော်”

ရာကူးမှာ မချိုမချဉ်မျက်နှာဖြင့်ပြုံးလျှက် မယ်တော်အားမေးလိုက်သည့်အခါ မယ်တော်မှာ မျက်စိမျက်နှာပျက်သွားသည်။

“မနက်ဖြန်ငါမအားဘူး၊ သွားစရာတစ်ခုရှိတယ်”

“မယ်တော်ရဲ့သဘောပါပဲမယ်တော်၊ အလုပ်တွေအရမ်းများတဲ့ မယ်တော်ရဲ့အချိန်ကို ကျုပ်တို့က လေးစားပေးရမှာပေါ့ မဟုတ်ဘူးလား”

ရာကူးမှာပြောဆိုပြီး တစ်ဖက်သို့လှည့်လိုက်သည်။

“ဒါနဲ့မယ်တော် စုန်းကောင်စီရဲ့ ကာကွယ်ရေးဌာနက ကြီးကြပ်ရေးမှူးနေရာ တစ်နေရာလစ်လပ်နေပါသေးတယ်”

“စုန်းကောင်စီရဲ့ စီမံအုပ်ချုပ်ရေးက မင်းတို့ကိစ္စဆို၊ အဲဒီနေရာ လစ်လပ်နေတာ ငါနဲ့ဘာဆိုင်သလဲ”

“ကြီးကြပ်ရေးမှူးဆိုတဲ့နေရာက မိသားစုကြီးငါးခုက အမျိုးအနွယ်တွေပဲဖြစ်ခွင့်ရတာဆိုတော့ . . .ဒီနေရာကို ဘယ်သူ့ကိုများခန့်ရမလဲဆိုပြီး နည်းနည်းစဉ်းစားရကြပ်နေပါတယ်”

ရာကူးပြောချင်သည့်စကားကို မယ်တော်ကရိပ်စားမိလိုက်သည်မို့ မျက်လုံးပြူးသွားသည်။

“မဟုတ်မှလွဲရော မင်းက မယ်ပျင်း . . . မယ်ပျင်း”

ရာကူးက လက်ခုပ်တစ်ချက်တီးလိုက်ကာ

“သြော်၊ ဟုတ်သားပဲ၊ မယ်တော်ပြောမှသတိရတယ်၊ မယ်ပျင်းက နဂိုကတည်းကလည်းစုန်းပညာထက်တယ်၊ ပြီးတော့ မနက်ဖြန်မင်္ဂလာဆောင်ပြီးရင် ကျုပ်တို့မိသားစုဝင်ဖြစ်သွားတော့မှာဆိုတော့ မယ်ပျင်းနဲ့ကြီးကြပ်ရေးမှူးနေရာနဲ့ အံကိုက်တော့ကျမှာပဲ မယ်တော်ရ၊ မယ်တော်အခုလိုအကြံပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ရာကူးကပြောဆိုပြီး ခြေလှမ်းကျဲကြီးများနှင့်ထွက်သွားလေသည်။ မယ်တော်မှာ ဒေါသအလွန်ထွက်ကာ ဆွေ့ဆွေ့ခုန်နေလေသည်။

“ရာကူး . . . ရာကူး၊ မင်းက ငါ့ရန်သူကို ငါနဲ့အနီးကပ်ဆုံးနေရာကိုခေါ်ထားပြီးတော့ ငါ့ကိုစိန်ခေါ်လိုက်တာပေါ့လေ၊ မင်းလောက်မှမလည်ရင် ငါမယ်တော်မလုပ်တော့ဘူးရာကူးရေ”

မယ်တော်က မတ်တပ်ရပ်လိုက်ကာ ဆံပင်ကိုလက်နှင့်သပ်တင်လိုက်ပြီး

“ဘာပဲဖြစ်ဖြစ် သူတို့ကိုငါတားရမယ်၊ ဒီမင်္ဂလာပွဲကို ငါတားမြစ်ရလိမ့်မယ်”

မယ်တော်က ပြောဆိုကာ နန်းဆောင်အတွင်းမှဆင်းသွားလိုက်သည်။ ထို့နောက် စီးတော်ကျားကိုစီးနင်းကာ တစ်နေရာသို့ဦးတည်ထွက်လာခဲ့သည်။

ရွာပျက်ကြီးတစ်ခုအနီးတွင် လူအသုံးမပြုတော့သည့် ရေတွင်းကြီးတစ်တွင်းရှိသည်။ ထိုရေတွင်းမှာ အလွန်နက်ရှိုင်းပြီး လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာကတည်းက တူးဖော်ခဲ့သည့်ရေတွင်းမို့ အောက်ခြေကိုပင် မမြင်ရပေ၊ မယ်တော်မှာ ရေတွင်းအနီးသို့ရောက်သည့်အခါ စီးတော်ကျားအပေါ်မှနေ၍ ရေတွင်းထဲသို့ခုန်ချလိုက်သည်။

အလွန်နက်ရှိုင်းလှသည့်ရေတွင်းအတိုင်းမယ်တော်က ပြုတ်ကျသွားပြီးသည့်နောက် ရေတွင်းအောက်ခြေမြေပြင်ပေါ်သို့ ခပ်သာသာကလေးကျလေသည်။ ရေတွင်းအောက်ခြေတွင် မှောင်မိုက်နေသဖြင့် လက်ညှိုးကိုထောင်လိုက်ကာ စုန်းမီးတောက်တစ်ခုကိုဖန်တီးလိုက်ရသည်။ ထိုအခါ ရေတွင်းအောက်ခြေမြေသားပြင်နှင့် ဘေးဘီဝဲယာရှိမြေသားနံရံများတွင် မရေမတွက်နိုင်လောက်သည့် လူရိုးစုများမှာ ပြန့်ကျဲကာ မြေပြင်တစ်ခုလုံးကိုဖုံးလွှမ်းနေလေသည်။

လူအရိုးစုများအလယ်တွင် ကျောက်သားပလ္လင်တစ်ခုရှိပြီး ထိုပလ္လင်ပေါ်တွင် အဝတ်အစားမပါသည့် မိန်းမကြီးတစ်ယောက်က ကျောပေးကာ နောက်ပြန်ထိုင်နေလေသည်။ မယ်တော်က အနားသို့ရောက်သည့်အခါ

“ကာလီ . . . မင်းထွက်ခဲ့ဖို့အချိန်ရောက်ပြီ”

ကာလီဆိုသည့်မိန်းမကြီးမှာ မယ်တော်အသံကိုကြားသည့်အခါတစ်ဖက်သို့လှည့်ကြည့်လိုက်သည်။ ထိုမိန်းမကြီး၏ အသားအရေမှာ ပြာနှမ်းနေကာ မျက်လုံးကြီးနှစ်လုံးမှာလည်း အပြာရောင်အလင်းရောင်များနှင့် ဝင်းလက်တောက်ပနေလေသည်။