စာစဉ် (၈၇)
(၁)
မယ်တော်မှာ လူအရိုးစုများနှင့်ဖုံးလွှမ်းနေသည့် ဂူတစ်ခုအတွင်းသို့ရောက်လာလေသည်။ ဂူအလယ်ခန့်တွင် ကျောက်သားဖြင့်ပြုလုပ်ထားသည့် ပလ္လင်တစ်ခုရှိသည်။ ထိုပလ္လင်ပေါ်တွင် အဝတ်အစားမပါသည့် မိန်းမကြီးတစ်ယောက်က နောက်ပြန်ကျောပေးကာထိုင်နေလေသည်။
“ကာလီ၊ မင်းလွတ်မြောက်ဖို့အချိန်တန်ပြီ”
မယ်တော်က ပြောလိုက်သည့်အခါ ထိုမိန်းမကြီးမှာ မယ်တော်ဘက်သို့လှည့်ကြည့်လိုက်သည်။ လှည့်ကြည့်သည်ဟုဆိုသော်လည်း ကိုယ်လုံးမှာမလည်ဘဲ ဦးခေါင်းကြီးသာ အနောက်သို့လည်ထွက်လာခြင်းဖြစ်သည်။ ထိုမိန်းမကြီး၏ အသားအရေမှာ မဲနယ်အရောင်ဆိုးထားသကဲ့သို့ ပြာနှမ်းနေကာ မျက်စိနှစ်လုံးထံမှလည်း အပြာလဲ့ရောင်အလင်းရောင်များက တိုးထွက်နေလေသည်။
“နင်ငါ့ကိုဒီအောက်မှာ နှစ်ပေါင်းများစွာပိတ်ဆို့ထားခဲ့ပြီးတော့မှ အခုဒီကိုဘာလာလုပ်ပြန်တာလဲ”
“အောင်မယ် ရှင်က နှစ်ပေါင်းများစွာ ဒီရေတွင်းအောက်မှာပိတ်မိနေတာတောင်မှ နောင်တမရသေးဘူးလား ကာလီ”
ကာလီမှာ မယ်တော်အရှေ့သို့ခုန်ချလိုက်လေသည်။
“နောင်တ . . . ဟုတ်လား၊ ငါ့ဆီမှာ နောင်တဆိုတာမရှိဘူး”
“ဒါဖြင့်ရင် ရေတွင်းအပေါ်ပြန်မတက်ချင်ဘူးပေါ့၊ အပြင်လောကက နေလုံးကြီးကို ရှင်မမြင်ချင်တော့ဘူး ဟုတ်လား ကာလီ”
ကာလီမှာတွေဝေသွားလေသည်။ ထို့နောက်မယ်တော်ကို မျက်လုံးရွဲကြီးဖြင့် အတန်ကြာအောင်စိုက်ကြည့်နေကာ
“ငါက နင့်ကိုဘာလုပ်ပေးရမှာလဲ”
မယ်တော်မှာ ဟက်ခနဲရယ်လိုက်ပြီး
“ရှင်က နှစ်တွေကြာပေမယ့် ထက်ထက်မြက်မြက်ရှိနေတုန်းပဲကိုး၊ ကျုပ်ကလည်း အဲဒီလိုချက်ဆို နားခွက်ကမီးတောက်တဲ့လူကိုမှကြိုက်တာ”
“ရှယ်ရှယ်ဝေးဝေးတွေပြောမနေနဲ့မယ်ယမင်း၊ နင်က ငါ့ကိုလွှတ်ပေးမယ်ဆိုတော့ ငါကနင့်ကိုဘာပြန်လုပ်ပေးရမှာလဲ”
မယ်တော်မှာ မျက်နှာထားတင်းမာသွားကာ ကာလီထံသို့တိုးကပ်သွားပြီး ကာလီ၏လည်ကုပ်ကိုလက်နှင့်ဖမ်းဆုပ်ကိုင်လိုက်သည်။ ထို့နောက်စက်လက်နက်တစ်ချို့ကို လက်ဖျားထိပ်များဆီသို့ပို့လွှတ်ပေးလိုက်ရာ စက်လက်နက်များနှင့်ထိသည့်ကာလီမှာ အော်ဟစ်ညည်းညူပြီး လည်ကုပ်ဆီမှအသားများမှာလည်း ပဲ့ကျကာ မီးခိုးငွေ့များတထောင်းထောင်းထလာသည်။
“နင်က ငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ ကာလီ”
“တောင်းပန်ပါတယ်၊ ထပ်ပြီးမနှိပ်စက်ပါနဲ့မယ်တော်၊ ကျုပ်မှားပါတယ် မယ်တော်”
မယ်တော်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး ကာလီ၏လည်ကုပ်ကိုလွှတ်ပေးလိုက်သည်။ ကာလီမှာ နာကျင်လွန်းလှသဖြင့် လည်ကုပ်ကိုလက်နှင့်ပွတ်သပ်နေလေသည်။
“မင်းလုပ်ရမှာက တစ်ခုတည်းပဲ၊ အဲဒါကိုမင်းလုပ်နိုင်ခဲ့တယ်၊ အောင်မြင်ခဲ့တယ်ဆိုရင် ဟောဒီရေတွင်းအောက်ကနေ တစ်သက်လုံးလွတ်မြောက်ခွင့်ရမယ်၊ အပြင်ကမ္ဘာမှာ မင်းလုပ်ချင်တာလုပ်လို့ရမယ်”
“ပြောစမ်းပါ ဘာလုပ်ရမယ်ဆိုတာကိုသာ ငါ့ကိုပြောစမ်းပါ၊ လျှာမရှည်စမ်းပါနဲ့ မယ်ယမင်း . . . အဲ . . . မယ်တော်”
“ရှင်လုပ်ရမှာက မင်္ဂလာပွဲတစ်ခုကိုဖျက်ရမယ်၊ ပြီးတော့ အဲဒီက သတို့သမီးကိုသတ်ရမယ်”
ကာလီမှာ ပျော်ရွှင်သွားသည့်ပုံစံနှင့်
“ဒါပဲလား၊ ဒါလေးပဲလား၊ ဒီလောက်လွယ်တဲ့အရာကလေးလုပ်ပေးပြီးရင် ငါတကယ်လွတ်ပြီလား”
“ကျုပ်က ကတိတည်တဲ့လူပါ ကာလီ”
ကာလီမှာ ပျော်ရွှင်မြူးတူးသွားပြီး လက်ခုပ်လက်ဝါးများတီးခတ်ကာ
“ခက်ခက်ခဲခဲလုပ်ရမယ်ထင်နေတာ၊ လူလေးတစ်ယောက်သတ်ပေးဖို့တဲ့လား၊ လူသတ်တယ်ဆိုတာ ငါ့အတွက်တော့ ပုရွက်ဆိတ်တစ်ကောင်သတ်ရသလောက်တောင် မခက်ခဲဘူး၊ လုပ်မယ်၊ အခုချက်ချင်းလုပ်ပေးမယ်”
“ရှင် ပေါ့ပေါ့ဆဆမနေပါနဲ့၊ ရှင်သတ်မယ့်လူက သာမန်ပေါ့သေးသေးလူမဟုတ်ဘူး”
“ပေါ့ပေါ့သေးသေးမဟုတ်ဘူးဆိုတော့ လေးလေးကြီးကြီးပေါ့ ဟုတ်လား ဟား ဟား”
“သူက စုန်းတစ်ယောက်ဆိုပေမယ့် ရိုးရိုးတန်းတန်းစုန်းပညာတွေကိုတတ်မြောက်ထားတဲ့လူမဟုတ်ဘူး၊ သူ့အစွမ်းတွေက တော်တော်ပြင်းထန်တယ်နော်”
“သူ့ဖာသာ ဘာစုန်းပဲဖြစ်ဖြစ် ငါ့လိုကဝေကြီးကိုနိုင်မှာတဲ့လား မယ်တော်ရဲ့၊ မယ်တော်စိတ်ချပါ၊ သူ့လောက်ကတော့ ငါ့အတွက်အိပ်နေသလောက်ပဲရှိတယ်”
“အပြောမကြီးနဲ့ကာလီ၊ လူဆိုတာ ကိုယ်ဘယ်လောက်စွမ်းတယ် ကိုယ်ဘယ်လောက်ထက်တယ်ဆိုတာကို လုပ်ရပ်နဲ့သက်သေပြရတယ်”
“နင်သာငါ့ကိုလွှတ်ပေးလိုက်စမ်းပါ၊ ငါဘယ်လောက်စွမ်းတယ်ဆိုတာကို နင့်ကိုသက်သေပြမယ်”
မယ်တော်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် မန္တန်တစ်ခုကိုရွတ်ဆိုလိုက်ကာ ကာလီထိုင်နေခဲ့သည့် ပလ္လင်ကြီးဆီသို့ စက်လက်နက်တစ်ခုကိုပစ်လွှတ်လိုက်လေသည်။ ထိုစက်လက်နက်မှာ ပလ္လင်ကြီးအားထိမှန်သွားကာ ဝုန်းခနဲပေါက်ကွဲထွက်သွားသည်။ ကာလီမှာ ပျော်ရွှင်စွာအော်ဟစ်လျှက်
“လွတ်ပြီ၊ ကျွတ်ပြီဟေ့” ဟု အသံနက်ကြီးနှင့်အော်ဟစ်လိုက်ကာ ရေတွင်းအောက်ခြေမှနေ၍ တဟုန်ထိုးခုန်တက်သွားလေသည်။ မယ်တော်က ကာလီကိုကြည့်ရင်း ကောက်ကျစ်စဉ်းလဲသည့်အပြုံးနှင့် တစ်ချက်ပြုံးလိုက်လေသည်။
(၂)
ဆွေမျိုးများမှာ မယ်ပျင်းနှင့်ရာဂျာအား သဘောတူသွားကြပြီဖြစ်သဖြင့် အိမ်ထဲတွင်စုဝေးနေကြလေသည်။ ထိုအချိန် ရာကူးက အိမ်ရှေ့သို့ထွက်ခဲ့ပြီးနောက်
“ရာမူးရေ မင်္ဂလာမဏ္ဍပ်ဆင်လေကွာ”
ရာမူးမှာ လူတစ်ရပ်ခန့်ရှည်သည့် ဝါးတုတ်တစ်ချောင်းကိုယူလာခဲ့ကာ ထိုဝါးတုတ်ကိုလက်နှင့်ပွတ်သပ်လိုက်လေသည်။ ထိုအချိန် ဝါးတုတ်မှာ နှစ်ချောင်းအဖြစ်ပွားသွားလေသည်။ ဝါးတုတ်လေးချောင်းကို မြေပြင်တွင် လေးဖက်လေးတန်စိုက်လိုက်ပြီးသည့်နောက် မန္တန်များကိုရွတ်ဖက်လိုက်သည့်အခါ ဝါးတုတ်များမှာ သူ့အလိုလိုကြီးထွားလာကြပြီးနောက် အချင်းချင်းယှက်ဖျာရက်တင်လျှင် မဏ္ဍာပ်ကြီးတစ်ခုဖြစ်သွားလေသည်။
စီတာက အနီရောင်၊ အဝါရောင် ဖဲသားပိတ်စကြီးများကိုယူလာကာ ထိုဖဲသားများကို မဏ္ဍပ်ပေါ်သို့ပစ်တင်လိုက်သည်။ ဖဲသားပိတ်စများမှာ မဏ္ဍပ်ပေါ်သို့ မြွေများကဲ့သို့ လိမ်ပတ်ရစ်တက်သွားကြပြီး မဏ္ဍပ်ကြီးကိုအလှဆင်လိုက်လေသည်။ မိန်းလေး လေးယောက်က ပန်းပေါင်းစုံများထည့်ထားသည့် ဆန်ခါခုံးကလေးများကို ကိုင်ဆောင်လာကြကာ မဏ္ဍပ်ကြီးဆီသို့ ကျဲပက်လိုက်သည့်အခါ ပန်းပွင့်များမှာ သူ့အလိုလိုစည်းနှောင်သွားကြပြီး မဏ္ဍပ်တိုင်များ၊ နဖူးစီး၊ မျက်နှာကျက်များတွင် အတွဲလိုက်ချိတ်ဆွဲကာ အလှဆင်ပြီးသားဖြစ်သွားတော့သည်။
“ရာမူးရေ မဏ္ဍပ်ကတော့ ဟုတ်ပါပြီကွ၊ မြေသန့်ရအုံးမယ်မဟုတ်လား”
ရာကူးက ပြောလိုက်သည့်အခါ ရာမူးမှာ နွားနို့အိုးကြီးတစ်အိုးကို ယူဆောင်လာခဲ့ပြီး မဏ္ဍပ်အလယ်မြေပြင်ပေါ်သို့ လောင်းချထည့်လိုက်သည်။ နွားနို့များစီးကျပြီးသည့်အခါ မညီမညာဖြစ်နေသည့် မြေပြင်ကြီးမှာ တဖြည်းဖြည်းညီညာသွားပြီးနောက် အနက်ရောင်ထနေသည့်မြေပြင်မှာ နီကျင်ကျင်အုတ်အရောင်ကဲ့သို့ဖြစ်သွားပြီး မြေပြင်တစ်ခုလုံးမှာ အင်္ဂတေကိုင်ထားသကဲ့သို့ ညီညာပြန့်ပြူးသွားလေသည်။
ဆွေမျိုးများမှာ ရာဂျာနှင့် မယ်ပျင်းကို သပ်သပ်စီခွဲ၍ ထိုင်စေပြီးလျှင် နနွင်းမှုန့်များကို နွားနို့၊ ဒိန်ချဉ်များနှင့်ဖျော်စပ်ထားသည့် ပျစ်ချွဲချွဲအနှစ်များဖြင့် သတို့သား သတို့သမီးကို ပွတ်သပ်ကြလေသည်။ မယ်ပျင်းမှာ ချဉ်စူးစူးအနံ့ကြောင့် ရွံရှာနေမိသည်။ စီတာက မယ်ပျင်းအနီးတွင်ထိုင်နေသည်မို့။
“စီတာ အဲဒါဘာလုပ်တာလဲ”
“နနွင်းက မကောင်းတဲ့အနံ့အသက်ဆိုးတွေ၊ မကောင်းတဲ့အတိတ်နမိတ်တွေကို ဖယ်ရှားပေးနိုင်တယ်ဆိုတဲ့ အယူရှိတယ် ဒေါ်ပျင်း၊ ဒါကြောင့် မင်္ဂလာမဆောင်ခင် ဆွေမျိုးတွေက ဒီလိုပွတ်သပ်ပေးတာက မကောင်းတဲ့အတိတ်နိမိတ်တွေ သန့်စင်သွားပါစေ၊ မကောင်းတဲ့အညစ်အကြေးတွေ သန့်စင်သွားပါစေဆိုတဲ့သဘောနဲ့ပေါ့”
ဆွေမျိုးများမှာ မယ်ပျင်းအား လက်ညှိုးတစ်ကော်ခန့်နှင့် အနည်းငယ်သာ သုတ်လိမ်းကြသော်လည်း ရာဂျာကိုမူ လက်နှင့်ပယ်ပယ်နယ်နယ်ကိုင်ကာ ဆုတ်နယ်လိမ်းကျံပေးလေသည်။ ရာမူးက ထိုအဖြစ်ကိုတွေ့သည့်အခါ ရယ်မောလျှက်
“ဒီကောင့်ကို များများသုတ်ပေးလိုက်ကြဟေ့၊ ဒီကောင်က ပန်းပဲဖိုထဲနေတဲ့ကောင်ဆိုတော့ ချေးတွေကပ်နေတာများတယ်ဟ”
ဆွေမျိုးများမှာ ရာဂျာကို နနွင်းများနှင့်ဝိုင်းသုတ်လိုက်လိမ်းလိုက်ကြရာ ရာဂျာတစ်ကိုယ်လုံး ဝါထိန်ကာ လူရုပ်ပင်ပျောက်သွားသည်။ မယ်ပျင်းမှာ ထိုအဖြစ်ကိုကြည့်ကာ ခွက်ထိုးခွက်လန်ရယ်မောလိုက်လေသည်။
ရေမိုးချိုးပြီးသည့်နောက် စီတာမှာ ဗန်းကလေးတစ်ခုကို ကိုင်လာပြီး မယ်ပျင်းအနားတွင်ထိုင်သည်။ ဗန်းကလေးထဲတွင် ကန်တော့ချွန်ကလေးများကိုတွေ့ရသည်။
“ဒါက ဘာလုပ်မလို့လဲ”
“သတို့သမီးမှန်ရင် မန်ဒီဆွဲပေးရတယ် ဒေါ်ပျင်းရဲ့”
ထို့နောက် ကတော့ချွန်ကလေး၏ ထိပ်ဘက်ကိုအနည်းငယ်ဖွင့်လိုက်ကာ အတွင်းမှအနီရင့်ရောင်အရည်ကလေးများကို ညှစ်ချပြီး မယ်ပျင်း၏လက်ဖမိုးနှင့် လက်ကောက်ဝတ်တွင် အကြောင်းအစင်းများ ပန်းပွင့်ပန်းခက်များကို ရေးဆွဲပေးလေသည်။
“ဒါတွေဆွဲလိုက်လို့ လက်ကပိုပြီးရုပ်ဆိုးသွားတာမဟုတ်လား”
“ဒါတွေကို မန်ဒီလို့ခေါ်တယ်၊ ဒီအရည်လေးတွေကို ဟန်နာလို့ခေါ်တဲ့အပင်ကလေးက သစ်ရွက်တွေကိုထောင်းပြီးလုပ်ထားတာ၊ မိန်းကလေးတွေအတွက်တော့ ဂုဏ်ကျက်သရေတစ်မျိုးပေါ့ရှင်”
ထိုအချိန်အိမ်ဦးခန်းတွင် ဆွေမျိုးများက သီချင်းများဆိုကာ ကခုန်နေကြလေသည်။ မယ်ပျင်းတို့ထွက်လာသည့်အခါ မယ်ပျင်းကိုပါ ကခုန်ခိုင်းသည်။ သို့သော် မယ်ပျင်းမှာ မကချင်သဖြင့် ခပ်တည်တည်နှင့်ထိုင်နေမိသည်။ သာစံမှာတော့ ကလေးပီပီဆွေမျိုးများထဲဝင်ကာ ကခုန်နေလေသည်။ မကြာမီ စီတာက မယ်ပျင်းလက်အားဆွဲလျှက်
“အတူတူကကြမယ်လေ”
“နင်တို့မင်္ဂလာဆောင်ကလဲ ကမှဖြစ်မှာလား”
“မင်္ဂလာပွဲမတိုင်ခင်မှာတော့ ကရမယ်လေ”
စီတာဆွဲခေါ်သွားသဖြင့် မယ်ပျင်းမှာ လူအုပ်အတွင်းသို့ လိုက်ပါသွားရသည်။ ဆွေမျိုးများက တူရိယာမျိုးစုံကိုတီးမှုတ်ကာ မြူးကြွသည့်တေးသံများမှာလွင့်ပျံနေလေသည်။
“ငါ မကတတ်ဘူးစီတာ”
ထိုအချိန် ဆွေမျိုးများက အနောက်သို့ရှဲသွားကြသည်။ စီတာကလည်း အနောက်သို့ဆုတ်ပေးလိုက်သည်။
“သတို့သားလာပြီ”
မယ်ပျင်းအရှေ့သို့ ရုပ်ရည်ချောမောသည့်လူတစ်ဦးလာရပ်လေသည်။ ထိုလူမှာဝတ်ကောင်းစားလှများဝတ်ဆင်ထားပြီး ခန့်ညားသည့်ရုပ်သွင်ရှိလေသည်။ မယ်ပျင်းက ထိုလူကိုကြည့်လိုက်ရင်း
“ရှင်ကဘယ်သူလဲ”
ထိုအခါ ဆွေမျိုးများက ခွက်ထိုးခွက်လန်ရယ်မောကြလေသည်။ ရာကူးက ရယ်ကျဲကျဲနှင့်
“ငါ့ဆေးကတော့ စွမ်းသလားမမေးနဲ့ဟေ့၊ သတို့သမီးက သတို့သားကိုမှတ်တောင်မမှတ်မိတော့ဘူး”
ထိုတော့မှ မယ်ပျင်းမှာ အံ့အားသင့်သွားကာ
“ဒါဆိုရှင်က ရာဂျာပေါ့”
ရာဂျာက ခေါင်းညိတ်လိုက်လေသည်။ ရာကူး၏ ဆေးအစွမ်းကြောင့် ရာဂျာမှာ အသက်သုံးဆယ်ကျော်အရွယ်လူတစ်ယောက်အသွင်ပြောင်းလဲနေပြီး ယခင်တွေ့ခဲ့သည့်ရုပ်နှင့် လုံးဝကွာခြားလွန်းလှသည်။
“ရှင် . . . ရှင်နုပျိုသွားပြီဆိုတော့ ရှင့်ရဲ့အချစ်က တစ်ဖန်မွေးဖွှားလာပြီပေါ့”
မယ်ပျင်းမေးလိုက်သည့်အခါ ရာဂျာက ရှက်ရွံ့သွားပြီး မယ်ပျင်းလက်ကိုလှမ်းဆွဲကာ တစ်ချက်လှည့်လိုက်သည်။
“ကဲ ဘာမှပြောမနေနဲ့ အစဉ်အလာအတိုင်း ကကို ကမှဖြစ်မယ်ဟေ့”
ရာဂျာမှာ မယ်ပျင်းလက်ကိုဆွဲကာ ကခုန်လေသည်။ မယ်ပျင်းမှာ မကတတ်သဖြင့် ကြောင်တောင်တောင်ဖြစ်နေတော့သည်။ သာစံကလေးမှာလည်း မယ်ပျင်းအားကြည့်ကာ လက်ခုပ်လက်ဝါးတီး၍ အားပေးသည်။ ဆွေမျိုးများကလည်း လက်ခုပ်တီးကာအားပေးကြသည်။ သုံးလေးခေါက်ခန့်ကခုန်ပြီးသည့်အခါ မယ်ပျင်းမှာအနည်းငယ်ကခုန်တတ်လာသဖြင့် တေးသွားသံစဉ်နှင့်အတူ လွင့်မြောကာ ကခုန်လိုက်မိသည်။
ထိုသို့တေးသွားသံစဉ်များနှင့် ကခုန်နေကြစဉ် အိမ်ကြီးမှာ သိမ့်ခနဲတစ်ချက်တုန်ခါသွားလေသည်။ အစပထမပိုင်းက သတိမထားမိသော်လည်း နောက်ပိုင်းတွင် အိမ်မှာသိသိသာသာလှုပ်ရမ်းလာသည်။ အိမ်ကိုတစ်ယောက်ယောက်က ဆွဲကိုင်၍ လှုပ်ယမ်းလိုက်သကဲ့သို့ လှုပ်ရှားလာသောကြောင့် ငလျင်လှုပ်သည်အထင်နှင့် အိမ်အတွင်းမှ ပြေးထွက်ကုန်ကြလေသည်။
ဆွေမျိုးများအားလုံး အိမ်အပြင်သို့ရောက်သည့်အခါ မဏ္ဍပ်တိုင်ပေါ်တွင် ခြေတစ်ဖက်ထောက်ကာ ရပ်နေသည့် မိန်းမကြီးတစ်ဦးကို လရောင်အောက်တွင်တွေ့လိုက်ရသည်။ ငွေရောင်ဆံနွယ်များက လေဝှေ့တိုင်း တလှပ်လှပ်နှင့်လွင့်ပျံနေကာ မျက်စိနှစ်လုံးမှာလည်း အပြာလဲ့ရောင်မီးတောက်များသဖွယ် တောက်လောင်နေကြသည်။
ဆွေမျိုးများက ကာလီအားတအံ့တသြနှင့်ကြည့်ကာ
“ဟေ့၊ မင်းဘယ်သူလဲ၊ ဘာကြောင့်ဒီကိုလာရသလဲ”
ကာလီမှာ အသံနက်ကြီးနှင့်ရယ်မောလိုက်ကာ
“ငါ့နာမည်ကာလီ၊ ငါလာရတဲ့အကြောင်းကတော့ ဒီမင်္ဂလာပွဲကိုဖျက်ဖို့ပဲ”
မယ်ပျင်းက အရှေ့သို့တိုးလိုက်သည့်အခါ ဦးပိချေးက မယ်ပျင်းကိုတားမြစ်လိုက်သည်။
“သတို့သမီး အေးအေးဆေးဆေးသာနေပါ၊ ဒီအဖျက်အမှောင့်ကို ကျုပ်တို့ရှင်းလိုက်ပါ့မယ်”
ဦးပိချေးက ကာလီအားလက်ညှိုးထိုးကာ
“မင်းဘယ်သူပဲဖြစ်ဖြစ် ငါတို့မသိချင်ဘူး၊ အခုချက်ချင်း ဟောဒီခြံဝိုင်းထဲက ထွက်သွားပေးပါ၊ မဟုတ်ရင်တော့ ကျုပ်တို့ခင်ဗျားကို ခွေးမောင်းသလို မောင်းထုတ်ရလိမ့်မယ်”
“ဟား၊ ဟား နင်တို့ကပဲ ငါ့ကိုမောင်းထုတ်ရမလား၊ ငါကပဲနင်တို့ကို မောင်းထုတ်ရမလားဆိုတာ သိချင်ရင် အရှေ့တက်ခဲ့”
ဦးပိချေးနှင့် ဆွေမျိုးတစ်ချို့မှာ အရှေ့သို့တိုးကပ်သွားပြီး မဏ္ဍပ်တိုင်ပေါ်တွင် တက်နေသည့်ကာလီထံသို့ စက်လက်နက်များဖြင့်ပစ်ခတ်ကြလေသည်။ ကာလီမှာ စက်လက်နက်များစွာထိမှန်သော်လည်း မည်သို့မျှပင်မနေပေ၊ ဦးပိချေးတို့မှာ အတန်ကြာပစ်ခတ်ကြပြီးသည့်နောက် ရပ်နားလိုက်ကြသည်။ ကာလီက အေးအေးလူလူပင်
“မင်းတို့ပေးတဲ့စက်လက်နက်အစုတ်အပဲ့တွေ ငါမလိုချင်ဘူး၊ မင်းတို့ပဲ ပြန်ုယူသွားကြစမ်း”
ကာလီက ဘယ်ဖက်လက်ကို ကျဲပက်လိုက်သည့်ဟန်လုပ်လိုက်သည့်အခါ ဦးပိချေးတို့လူတစ်သိုက် ပစ်ခတ်ကြသည့် စက်လက်နက်များမှာ မိုးရွာသကဲ့သို့ အမြောက်အများထွက်ပေါ်လာကြပြီး ဦးပိချေးတို့ကိုထိမှန်ကြလေသည်။ စက်လက်နက်နှင့်တစ်ချက်ထိမှန်တိုင်း တဝုန်းဝုန်းနှင့်ပေါက်ကွဲကာ ဦးပိချေးတို့ ဆွေမျိုးများမှာ မြေတွင်လွင့်စင်ကျကုန်သည်။
စီတာက အဖေဖြစ်သူ ရာကူး၏လက်ကို လှမ်းဆွဲရင်း
“အဖေ . . . လုပ်ပါအုံး တစ်ခုခုလုပ်ပါအုံး”
ရာကူးမှာ ကာလီအား အလွန်အံ့သြသည့်မျက်နှာပေးနှင့် ငေးမောကြည့်နေလေသည်။
“ကာလီ . . ဒါတကယ့်ကာလီပဲဖြစ်မယ်”
“အဖေဘာတွေပြောနေတာလဲ”
“သူသာ ကာလီဆိုရင် အဖေမပြောနဲ့ အဖေတို့တစ်မျိုးလုံးတစ်ဆွေလုံး ဝိုင်းတိုက်ရင်တောင်မှ မနိုင်နိုင်ဘူးသမီး”
“ဘာဖြစ်လို့လဲ သူကဘယ်သူမို့လို့လဲအဖေ”
“သူ့နာမည်အရင်းကတော့ ကာလီမဟုတ်ဘူး၊ သူက လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာလောက်ကတည်းက ဒီနယ်မြေမှာ သောင်းကျန်းနေခဲ့တဲ့ ကသည်းလူမျိုး ကဝေမကြီးပဲ၊ သူက လူတွေကိုဖမ်းဆီးနှိပ်စက်ပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့လို့ သူ့နာမည်ကို သေခြင်းရဲ့နတ်ဘုရား ကာလီလို့တင်စားပြီးခေါ်ဝေါ်ခဲ့တာပဲ၊ ဆိုးသွမ်းလွမ်းလို့ သူ့ကိုမယ်တော်လေးပါးက အနိုင်ယူပြီးတော့ ရေတွင်းပျက်ကြီးတစ်ခုထဲပိတ်လှောင်ထားခဲ့တဲ့သူူပဲ၊ ဒီအဖြစ်တွေကို အဖေကိုယ်တိုင်တွေ့မြင်ခဲ့တာတော့မဟုတ်ဘူး၊ မယ်တော်ရဲ့နန်းဆောင်က ရှေးပေစာဟောင်းတစ်ခုထဲက သိခဲ့ရတာ”
“ဒါဆိုသူကဘယ်လိုလုပ်ပြီး အခုမှပေါ်လာရတာလဲ”
“ဘာဖြစ်လို့လဲဆိုတော့ မယ်တော် . . . မယ်တော်ရဲ့လက်ချက်ပဲဖြစ်ရမယ်”
ရာကူးမှာ အတော်ထိတ်လန့်ကာ သွေးပျက်နေလေသည်။
“မယ်တော် . . . မယ်တော်၊ ခင်ဗျားဒီလောက် ရက်စက်လိမ့်မယ်လို့ ကျုပ်ထင်မထားဘူး၊ မယ်ပျင်းကိုအနိုင်ရဖို့အတွက် လူတွေထောင်နဲ့ချီပြီးသတ်ဖြတ်ခဲ့တဲ့ ကာလီဆိုတဲ့ကဝေဆိုးကြီးကို လွှတ်ပေးလိမ့်မယ်လို့ကို ထင်မထားဘူး”
ဆွေမျိုးများမှာ တစ်ယောက်ပြီးတစ်ယောက် အရှေ့သို့တက်ကာ ပညာနည်းပေါင်းမျိုးစုံနှင့် တိုက်ခိုက်ကြသော်လည်း ကာလီအား မည်သူမှမယှဉ်နိုင်ဘဲ ဆွေမျိုးများပင်လျှင် အထိနာကုန်ကြသည်။ ကာလီမှာ မဏ္ဍပ်တိုင်ပေါ်တွင် အေးအေးလူလူရပ်နေကာ
“ဟဲ့ နင်တို့မလောက်လေးမလောက်စားတွေလောက်နဲ့ ငါရန်ဖြစ်ချင်တာမဟုတ်ဘူး၊ ငါလာတာ သတို့သမီးကိုလာရှာတာ၊ ဘယ်မှာလဲ နင်တို့သတို့သမီး၊ ငါ့ကိုကြောက်လို့ အခေါင်းထဲဝင်ပုန်းနေတာလား၊ ညည်းသတ္တိရှိတယ်ဆိုရင် ထွက်လာခဲ့စမ်းဟဲ့”
မယ်ပျင်းလည်း တောက်တစ်ချက်ခေါက်ပြီး အိမ်အတွင်းမှနေ၍ အိမ်ခေါင်မိုးအား ဝုန်းခနဲဖောက်ထွက်ပြီး အိမ်ခေါင်အမိုးပေါ်သို့ ပျံတက်လိုက်လေသည်။ အိမ်ခေါင်အမိုးဖျားပေါ်တွင် မတ်တပ်ရပ်လိုက်သည့်အခါ မဏ္ဍပ်တိုင်ပေါ်တွင် တက်နေသည့် ကာလီနှင့်မျက်နှာချင်းဆိုင်ဖြစ်သွားသည်။
“ဟဲ့ ငါ့ကိုခေါ်နေတာ ဘယ်ကောင်မလဲ”
ကာလီက မယ်ပျင်းအားကြည့်ရင်း
“အံမယ်၊ ညည်းက ရုပ်ကလေးက သနားကမားနဲ့ပဲအေ့၊ ဒါပေမယ့် ငါကနင့်ထက်အသက်အများကြီးကြီးတယ်၊ ငါ့ကိုကောင်မလို့ခေါ်တာတော့ ရိုင်းတယ်ဟဲ့”
“ကျုပ်ခေါ်တာမှားသလား ဟောဒီလောကမှာ အကောင်မဟုတ်ရင် ကောင်မတွေချည်းပဲမဟုတ်လား”
“အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ရိုင်းစိုင်းတဲ့နင့်ကို ယှဉ်ကျေးလာအောင်သင်ပေးရအုံးမယ်”
ကာလီက လက်ကိုမိုးပေါ်မြောက်တင်လိုက်သည့်အခါ သူ့လက်ဖဝါးအပေါ်တွင် အုန်းသီးလုံးခန့်အရွယ်အစားရှိသည့် အပြာရောင်အလင်းလုံးကြီးတစ်ခုပေါ်ပေါက်လာခဲ့သည်။ ထိုအပြာရောင်အလင်းလုံးကြီးအတွင်းတွင် အဖြူရောင်အငွေ့များက ဝိုင်းပတ်ကာပျံသန်းနေကြလေသည်။
“ရော့ ဒါနင့်အတွက်ငါပေးတဲ့လက်ဖွဲ့ပဲ”
ကာလီကပြောဆိုရင်း မယ်ပျင်းထံသို့ ထိုအလုံးကြီးကိုပစ်လွတ်လိုက်လေသည်။ မယ်ပျင်းမှာ ထိုအလုံးကြီးကိုမျက်စောင်းထိုးကာ တားမြစ်လိုက်သော်လည်း တားမရပေ၊ အလုံးကြီးမှာ မယ်ပျင်းအနီးသို့လျှင်မြန်စွာရောက်လာသဖြင့် လက်နှစ်ဖက်ကိုဆန့်တန်းကာ တားမြစ်လိုက်သည်။ သို့သော် ကာလီပစ်လိုက်သည့် စက်လုံးမှာ ပညာအစွမ်းအတော်မြင့်မားသည်မို့ မယ်ပျင်းမှာ မတားမြစ်နိုင်ဘဲ လက်ဝါးနှစ်ဖက်ဖြင့် စက်လုံးကြီးကိုဖမ်းဆုပ်လိုက်လေသည်။
ပြင်းထန်သည့် ပေါက်ကွဲသံကြီးတစ်ခုဖြစ်ပေါ်ကာ မယ်ပျင်းမှာ အနောက်သို့လွင့်ထွက်သွားသည်။ အိမ်ခေါင်မိုးပေါ်မှကျကာ မြေပြင်ပေါ်သို့မတ်တပ်ကျသွားသည်။ သို့တိုင်အောင် အလင်းစက်လုံးကြီးက ထပ်မံတွန်းနေသဖြင့် မယ်ပျင်းမှာ ခြေစုံရပ်ပြီး ပညာဖြင့်ရပ်တန့်သော်လည်း မရပ်တန့်နိုင်ဘဲဖြစ်ကာ အနောက်သို့ တရွတ်တရွတ်နှင့်ရွှေ့လျားသွားလေသည်။
အိမ်အနောက်ခပ်လှမ်းလှမ်းရှိ လူနှစ်ဖက်စာခန့်ရှိသည့် ညောင်ပင်ကြီးနှင့် တိုက်မိသွားကာ မယ်ပျင်းလက်ထဲမှ စက်လုံးကြီးမှာ ဝုန်းခနဲပေါက်ကွဲထွက်သွားသည်။ ပြင်းထန်လှသည့် ပေါက်ကွဲမှုအရှိန်ကြောင့် မြေကြီးများပင်တုန်ခါသွားကာ မဏ္ဍပ်ကြီးမှာလည်း တသိမ့်သိမ့်တုန်ယင်သွားလေသည်။
ဆွေမျိုးများက ပြေးကြည့်ကြသည့်အခါ မယ်ပျင်းတစ်ယောက် ညောင်ပင်ကြီး၏ ပင်စည်တွင်နစ်ဝင်နေကာ မေ့မြောနေလေသည်။ မယ်ပျင်းကိုယ်လုံးမှ အပြာရောင်အခိုးအငွေ့များက တိုးထွက်နေကြလေသည်။ ကာလီက ရယ်မောလိုက်ရင်း
“လူတွေက ချဲ့ကားပြောတတ်တာ သဘာဝပဲကိုး၊ နင့်အကြောင်းတွေငါသိထားပေမယ့် တကယ်တမ်းနင့်အစွမ်းက ငါ့တစ်ချက်စာလောက်ပဲ ရှိတာပါလား”
ကာလီမှာ နောက်ထပ်အလင်းလုံးကြီးတစ်ခုကိုဖန်တီးလိုက်ကာ မယ်ပျင်းထံသို့ပစ်လွှတ်လိုက်သည်။ သစ်ပင်တွင် နစ်ဝင်ကာ မေ့မြောနေသည့် မယ်ပျင်းမှာ ထိုစက်လုံးကြီးကို ကာကွယ်နိုင်စွမ်းမရှိတော့ပေ၊ ရာကူးက အလန့်တကြားနှင့်
“အနောက်ဆုတ်ကြ၊ အားလုံးအနောက်ဆုတ်နေကြ”
ထိုသို့အော်ဟစ်လိုက်သည့်အခါ မယ်ပျင်းအနားတွင်စုဝေးနေကြသည့် ဆွေမျိုးများမှာ မယ်ပျင်းနှင့်ဝေးရာဆီသို့ ပြေးလွားကြလေသည်။ သို့သော် မယ်ပျင်းအနီးတွင် ကျန်နေခဲ့သူတစ်ယောက်ရှိလေသည်။ ထိုလူကတော့ ရာဂျာပင်ဖြစ်သည်။
“ရာဂျာ . . . သူနဲ့ဝေးဝေးနေ”
ရာဂျာမှာ မယ်ပျင်းပုခုံးကိုကိုင်ကာ မယ်ပျင်းကိုလှုပ်နှိုးနေလေသည်။
“မယ်ပျင်း . . . မယ်ပျင်း သတိထားစမ်းပါအုံး”
ရာဂျာလှုပ်နှိုးနေသဖြင့် မယ်ပျင်းမှာ မျက်တောင်များပုတ်ခတ်လာကာ မျက်ခွံမှာလည်း ဖြေးညှင်းစွာပွင့်လာလေသည်။ ထို့နောက်မယ်ပျင်းမှာ အံ့သြသွားပြီး
“ရာဂျာ . . . ရှင့်အနောက်မှာ . . .”
အလင်းလုံးကြီးမှာ ရာဂျာနှင့်တဖြည်းဖြည်းနီးကပ်လာကာ လက်တစ်ကမ်းအကွာသို့ရောက်လာခဲ့သည်။ ရာဂျာက တစ်ဖက်သို့လှည့်လိုက်ပြီး ခါးကြားတွင်ထိုးထားသည့် ငွေရောင်ဓါးမြှောင်ကလေးကို ဆွဲထုတ်လိုက်လေသည်။ အနီးသို့ရောက်လာသည့် အလင်းလုံးကြီးကို ငွေရောင်ဓါးမြှောင်ကလေးနှင့် လှစ်ခနဲခုတ်ချလိုက်သည့်အခါ အလင်းလုံးကြီးမှာ နှစ်ခြမ်းကွဲထွက်သွားပြီး ဘေးဘီဝဲယာသို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ကျဆင်းသွားသည်။
မြေပြင်ပေါ်သို့ထိတွေ့သည်နှင့် ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်သွားကာ မြေပြင်တွင် တစ်လံခန့်နက်သည့် ကျင်းတစ်ခုကျန်နေခဲ့သည်။ ထိုအခြင်းအရာကိုကြည့်ပြီး ကာလီပစ်ခတ်လိုက်သည့် စက်လုံးမှာ မည်မျှပြင်းထန်ကြောင်းကို သိရှိနိုင်ပေသည်။
ကာလီမှာလည်း အံ့သြသွားမိသည်။ သူပစ်ခတ်လိုက်သည့် စက်လုံးအား တားဆီးရန်ခက်ခဲသော်လည်း ယခုလိုနှစ်ခြမ်းခွဲခံလိုက်ရသည့်အဖြစ်မျိုးကို တစ်ခါမှပင်မမြင်ဖူးပေ။ ရာဂျာကိုင်ဆောင်ထားသည့် လက်ထဲမှဓါးကလေးကို ကာလီက စေ့စေ့ကြည့်ရင်း
“ဘယ်လိုလက်နက်မျိုးမို့လို့ ငါပစ်လွှတ်လိုက်တဲ့စက်လုံးကို တားမြစ်နိုင်ရတာလဲ”
ကာလီမှာ လေပေါ်တွင်လက်ကိုဝှေ့ယမ်းလိုက်သည့်အခါ ယခင်ကပစ်လွှတ်ခဲ့သည့် စက်လုံးနှင့်ပုံစံတူညီသည့် စက်လုံးကြီးခြောက်လုံးမှာ လေပေါ်တွင်ပေါ်ပေါက်လာခဲ့သည်။ ထိုစက်လုံးကြီးခြောက်လုံးနှင့် ရာဂျာအားတစ်ပြိုင်နက်တည်း ထပ်မံပစ်ခတ်ပြန်သည်။
ရာဂျာက လက်ထဲတွင်ကိုင်ထားသည့် ငွေရောင်ဓါးကလေးကို မိုးပေါ်သို့ ပစ်တင်လိုက်ပြီးနောက် လက်အုပ်ချီလိုက်ကာ မျက်လုံးကိုစုံမှိတ်လိုက်သည်။
“ဤဓါးကိုစောင့်ကြပ်နေသည့် ဒေဝီကြီး၏ မြင့်မြတ်သန့်စင်သောအပျိုစင်ကို ကျွနု်ပ်ပင့်ဖိတ်ပါ၏ ပင့်ခေါ်ပါ၏၊ ကျွနု်ပ်၏စိတ်ကို ပူးကပ်ပါ၊ ကျွနု်ပ်၏ ရုပ်နာမ်နှင့်စည်းနှောင်ပါ၊ ကျွနု်ပ်အား တန်ခိုးအစွမ်းများပေးသနားတော်မူပါ”
ထိုသို့ရွတ်ဖတ်လိုက်သည့်အခါ ငွေရောင်ဓါးကလေးမှာ ကြယ်ကလေးတစ်စင်းကဲ့သို့ ဝင်းလက်သည့်အလင်းရောင်တစ်ခုထွက်ပေါ်လာလေသည်။ ရာဂျာက မျက်လုံးဖွင့်လိုက်သည့်အခါ သူ၏မျက်လုံးမှာလည်း ကြယ်ရောင်များတောက်ပသကဲ့သို့ တောက်ပနေကာ မျက်လုံးအတွင်းရှိမျက်ဆန်ထဲတွင်တော့ ငွေရောင်ဓါးမြှောင်ကလေး၏ ပုံရိပ်မှာထင်ပေါ်နေလေသည်။
စီတာက ရာကူးအနီးသို့တိုးကပ်လိုက်ရင်း
“အဖေ၊ ဦးလေး ရာဂျာက ဘာဖြစ်သွားတာလဲဟင်”
“အဲဒါ ဓါးနဲ့လူနဲ့တစ်သားတည်းဖြစ်သွားတာ၊ ဓါးမှာရှိတဲ့ ဂျင်နဲ့ထိန်းကြောင်းတဲ့လူနဲ့ တစ်သားတည်းဖြစ်သွားတာ”
“ဦးလေးရာဂျာက ဒီမိန်းမကြီးကို နိုင်ပါ့မလား”
“မပြောတတ်ဘူး၊ ဒီအဖြစ်က ရာဂျာတစ်သက်မှာတစ်ခါပဲဖြစ်ခဲ့တဲ့အဖြစ်မို့ အဖေလည်း ရေရေရာရာမသိဘူး၊ စောင့်ကြည့်မှပဲရမယ်”
ရာဂျာမှာလက်တစ်ဖက်ကိုအရှေ့သို့ဆန့်တန်းလိုက်ရင်း သူ့ထံပျံသန်းဝင်ရောက်လာသည့် စက်လုံးကြီးများကိုလက်ဖြင့်ညွှန်ပြလိုက်လေသည်။ ထိုအခါ ငွေရောင်ဓါးကလေးမှာ မိုးကြိုးတစ်ခုကဲ့သို့ လျှင်မြန်စွာပျံသန်းပြီး စက်လုံးခြောက်လုံးအား ထွင်းဖောက်ဝင်ရောက်သွားလေသည်။ မကြာခင်မှာပင် စက်လုံးခြောက်လုံးမှာ အပိုင်းအစကလေးများအဖြစ်ကွဲကြေသွားကာ လေတွင်လွင့်ပျံပျောက်ကွယ်သွားသည်။
“မင်းက မဆိုးဘူးပဲ၊ ဒီပညာက ဟိုးပါရှားပြည်က ကဝေကြီးတွေပဲ တတ်မြောက်တဲ့ပညာရပ်တစ်ခုပဲ”
ကာလီက ရေရွတ်လိုက်ကာ မဏ္ဍပ်တိုင်ပေါ်မှနေ၍ ရာဂျာအနီးသို့ခုန်ဆင်းလာလေသည်။ ထို့နောက် လက်နှစ်ဖက်ကို စုစည်းလိုက်သည့်အခါ လက်ထဲတွင် ဓါးမောက်ကြီးတစ်ချောင်းက ဘွားခနဲပေါ်ပေါက်လာသည်။
“မင်းရဲ့ဓါးကကောင်းသလား၊ ငါ့ရဲ့ဓါးက ပိုကောင်းသလားဆိုတာ စမ်းသပ်ကြည့်ရသေးတာပေါ့”
ကာလီမှာ ဓါးမောက်ကြီးကိုလက်နှစ်ဖက်နှင့်ကိုင်တွယ်ကာ ဓါးအတွင်းသို့ မှော်စွမ်းအင်များကိုပို့လွှတ်လေသည်။ ဓါးမောက်ကြီးမှာ အပြာရောင်အလင်းရောင်များဖြင့် ဝင်းတောက်လာပြီးနောက် ကာလီမှာ အသံကျယ်ကြီးနှင့်အော်ဟစ်လိုက်ပြီး ရာဂျာထံသို့ တစ်ဟုန်ထိုးပြေးဝင်ကာခုတ်ချလိုက်သည်။
ဓါးမြှောင်ကလေးမှာ ရာဂျာဆီသို့ပျံသန်းဝင်ရောက်လာပြီး ရာဂျာထံခုတ်ဝင်လာသည့် ဓါးမောက်ကြီးကို ကန့်လန့်ဖြတ်ခံကာ တားဆီးလိုက်သည်။ ချွင်ခနဲမြည်သံနှင့်အတူ ဓါးနှစ်စင်းမှာ အသွားချင်းထိကပ်သွားသည်။ ဓါးမြှောင်ကလေးမှာ တစ်ထွာခန့်သာရှိသော်လည်း ဓါးမောက်ကြီးမှာ သုံးတောင်ခန့်ရှည်လျားကာ ကြီးမားလှပေသည်။ ကာလီမှာ စွမ်းအင်များအကုန်စုပေါင်းထည့်လျှက် ဓါးမောက်ကြီးကိုအတင်းဖိချသည်၊ ဓါးသွားနှစ်ချောင်း ထိထားသည့်နေရာတွင် အနီရောင်အလင်းတန်းများထွက်ပေါ်လာပြီး မီးမှုန်မီးပွားများ ခုန်ထွက်လာကြသည့်အနေအထားပင်ဖြစ်နေသည်။
ရာဂျာမှာ ဝမ်းခေါင်းသံကြီးနှင့်အော်ဟစ်လိုက်ပြီး ဓါးမြှောင်ကလေးကို အားကုန်ထည့်တွန်းလိုက်လေရာ ကာလီကိုင်ထားသည့် ဓါးမောက်ကြီးမှာ တိခနဲပြတ်ကျသွားပြီး ကာလီမှာလည်း အနောက်သို့ကျွမ်းထိုးကာ ခုန်ရှောင်လိုက်ရသည်။ ဓါးမောက်ကြီးမှာ မြေပေါ်သို့ကျသည်နှင့် မှန်တစ်ချပ်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကွဲထွက်သွားသည်။
“မင်းကဘယ်ဆိုးလို့လဲကွ၊ ကာလီတဲ့ဟေ့၊ ငါ့ရဲ့ပုံစံ အစစ်အမှန်ကိုပြသမယ်ကွ”
ကာလီမှာ အော်ဟစ်ရင်း နှုတ်မှသက္ကတဘာသာဖြင့် မန္တန်များကိုရွတ်ဖတ်နေလေသည်။ ထိုသို့ရွတ်ဖတ်ရင်း ကာလီမတ်တပ်ရပ်နေသည့်ခြေထောက်အောက်တွင် စက်ဝိုင်းကွင်းကြီးတစ်ခုပေါ်ထွက်လာကာ အနက်ရောင်အခိုးအငွေ့များတိုးထွက်လာကြသည်။ ကာလီကိုအနက်ရောင်မီးခိုးငွေ့များက ဖုံးလွှမ်းသွားပြီးသည့်နောက် ကာလီ၏ချိုင်းကြားမှ လက်လေးဘက်ထွက်ပေါ်လာကာ စုစုပေါင်းလက်ခြောက်ဖက်အဖြစ်ပြောင်းလဲသွားသည်။ ထိုလက်ခြောက်ဖက်တွင်လည်း လက်နက်မျိုးစုံထွက်ပေါ်လာပြန်သည်။
“လက်ခြောက်ဖက်နဲ့ လက်နက်ခြောက်မျိုးရဲ့အစွမ်းကို မင်းခုခံနိုင်ရင် ခုခံစမ်းဟေ့”
ကာလီမှာ လက်ခြောက်ဖက်ဖြင့် ရာဂျာအား အစွမ်းကုန်တိုက်ခိုက်လေသည်။ ဓါးမြှောင်ကလေးကလည်း လေတွင်ပျံဝဲရင်း လက်နက်များကိုတစ်ခုပြီးတစ်ခု ခုခံကာကွယ်နေရသည်။ သို့သော် အချိန်ကြာလာသည့်အခါတွင် မဟန်တော့ပေ၊ လက်နက်ခြောက်ခုနှင့် တစ်ခုရင်ဆိုင်တိုက်ခိုက်ရသည်မို့ ဓါးမြှောင်ကလေးမှာ အပတ်မလည်နိုင်အောင်ဖြစ်နေရသည်။
ထိုစဉ် မယ်ပျင်းက အရှေ့သို့တိုးလာပြီး ဓါးမြှောင်ကလေးအား တစ်ချက်စိုက်ကြည့်လိုက်သည်။ လေပေါ်တွင်ပျံသန်းနေသည့် ဓါးမြှောင်ကလေးမှာ ချက်ချင်းပင် ဓါးနှစ်ချောင်းအဖြစ်ပြောင်းလဲသွားသည်။ ထိုဓါးနှစ်ချောင်းမှ နောက်ထပ် ဓါးနှစ်ချောင်းထပ်ထွက်လာကာ ဓါးလေးချောင်းဖြစ်သွားပြန်သည်။ မယ်ပျင်းက ဓါးမြှောင်ကလေးကို ကဝေပညာဖြင့် ဓါးအလက်များစွာဖြစ်စေရန်အတွက် ပွားပေးနေခြင်းဖြစ်သည်။ မယ်ပျင်းပွားပေးလိုက်သဖြင့် အချိန်တခဏအတွင်း ဓါးတစ်ချောင်းမှနေ၍ ဓါးအစင်းတစ်ထောင်ခန့်အဖြစ်တိုးပွားသွားလေသည်။
တိုက်ပွဲအခြေအနေမှာ ပြောင်းပြန်ဖြစ်သွားသည်။ ယခင်က လက်နက်ခြောက်မျိုးနှင့် ဖိနှိပ်တိုက်ခိုက်နေခဲ့သည့် ကာလီမှာယခုတော့ ဓါးမြှောင်ကလေးများက တဝီဝီမြည်လျှက် ဝင်ရောက်ထိုးနှံတိုက်ခိုက်ကြသည်ကို မထိအောင်အသည်းအသန်ကာကွယ်နေရသည်။
ရာဂျာမှာ မိမိကိုယ်တွင်ရှိသမျှ မှော်စွမ်းအင်များအားလုံးကိုစုစည်းလိုက်သည်။ ရာဂျာ၏ မျက်လုံးကြီးမှာ မီးဝင်းဝင်းတောက်လာခဲ့ပြီး ဝမ်းခေါင်းသံကြီးနှင့်တစ်ဖန်အော်ဟစ်လိုက်ပြန်သည်။
လေပေါ်ပျံဝဲနေသည့် ဓါးအစင်းပေါင်းတစ်ထောင်မှာလည်း ငွေရောင်အလင်းများထွန်းလင်းလာပြီး ကာလီထံသို့လျှင်မြန်စွာဝင်ရောက်ထိုးခုတ်ကြသည်။ ကာလီမှာ ဓါးအစင်းတစ်ထောင်၏ လျှင်မြန်သည့်ခုတ်ချက်များကို မရှောင်ရှားနိုင်တော့ဘဲ အချက်ပေါင်းများစွာ ထိုးနှက်ခံနေရသည်။ နောက်ဆုံးမခံစားနိုင်တော့သဖြင့် အနောက်သို့ခုန်ဆုတ်လိုက်ရသည်။ ကာလီ၏ အသစ်ထပ်မံထွက်လာသည့် လက်လေးဘက်မှာ အပိုင်းပိုင်းပြတ်ကျပြီး တစ်ကိုယ်လုံးတွင်လည်း ဓါးထိုးရာ ဓါးခုတ်ရာများမှ သွေးစိမ်းရှင်ရှင်များ စီးကျနေတော့သည်။
ကာလီမှာ မချိုမချဉ်မျက်နှာပေးနှင့် မဲ့ရွဲ့လိုက်ပြီး
“တွေ့မယ်၊ နောက်တစ်ခေါက် ထပ်တွေ့ကြသေးတာပေါ့”
ထိုသို့ပြောဆိုကာ မိုးပေါ်သို့ခုန်ပျံတက်လျက် လျှင်မြန်စွာပျောက်ကွယ်သွားလေတော့သည်။
(၃)
ရာဂျာမှာ စိတ်ကိုလျှော့လိုက်သည့်အခါ မြေပြင်ပေါ်သို့ပုံလျှက်သားလဲကျသွားတော့သည်။ မယ်ပျင်းက ရာဂျာအားပြေးပွေ့လိုက်ရသည်။ ထိုစဉ် ဓါးမြှောင်တစ်ထောင်မှာ အလိုလိုပျောက်ကွယ်သွားပြီး ဓါးမြှောင်ကလေးတစ်လက်သာ ကျဆင်းလာသည်။ ရာဂျာက ဓါးမြှောင်ကလေးကို ကိုင်လိုက်သည့်အခါ ဓါးမြှောင်ကလေးမှာ ချွင်ခနဲအသံမြည်လျှက် နှစ်ပိုင်းပြတ်ကျသွားလေသည်။
ဓါးမြှောင်အတွင်းမှ တိမ်ခိုးသဏ္ဍာန်အဖြူရောင်အငွေ့တစ်ခုက တိုးထွက်လာလေသည်။ ရာဂျာမှာ ထိုအခိုးအငွေ့ကိုကြည့်လိုက်ရင်း
“မင်းလွတ်လပ်သွားပါပြီ မီရာ၊ မင်းအခုသွားလိုရာကို သွားနိုင်ပါပြီ၊ ငါမင်းကိုဆက်ပြီးဆွဲမထားချင်တော့ဘူး၊ ငါ့ရဲ့အချစ်ဆိုတဲ့ အတ္တတစ်ခုအတွက်နဲ့ မင်းကိုဒီဓါးမြှောင်ထဲမှာ နှစ်ပေါင်းများစွာပိတ်လှောင်ထားမိသလိုဖြစ်သွားတာကို ငါတောင်းပန်ပါတယ်”
ထိုအခိုးအငွေ့က ရာဂျာအနီးတွင် သုံးလေးပတ်ခန့်ဝေ့ဝိုက်ကာပျံသန်းနေပြီးသည့်နောက် မိုးကောင်းကင်ပေါ်သို့ ပျံတက်ကာ ပျောက်ကွယ်သွားသည်။ ရာဂျာမှာ စွမ်းအင်များကုန်ဆုံးသွားသဖြင့် အလွန်ဖျော့တော့လာလေသည်။
“ရှင်မသေရဘူး ရာဂျာ၊ ရှင်အသက်ရှင်နေရမယ်”
ရာဂျာက မယ်ပျင်းမျက်နှာကိုစိုက်ကြည့်ရင်း တဖြည်းဖြည်းအိုမင်းလာလေသည်။
“ငါအသက်ရှင်နေတာထက် မင်းအသက်ရှင်နေဖို့က ပိုပြီးအရေးကြီးပါတယ် မယ်ပျင်း”
ထိုသို့ပြောဆိုပြီး ရာဂျာမှာ ဇက်ကျိုးကျသွားတော့သည်။ ထိုအခါ ရာကူးတို့က ပြေးလာကာ ရာဂျာကိုပွေ့ချီကြသည်။
“သူသေပြီလား၊ သူသေပြီလားဟင်”
မယ်ပျင်းမေးလိုက်သည့်အခါ ရာကူးက စမ်းသပ်လိုက်ပြီး
“သေတော့မသေသေးဘူး၊ ဒါပေမယ့် သေတော့မယ်ထင်တယ်”
ဆွေမျိုးများက ရာဂျာကိုဝိုင်းပွေ့ကာ ပြုစုနေကြရင်း တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသည်။ ထိုစဉ် အိမ်ခေါင်မိုးအပေါ်မှ အလင်းရောင်တစ်ခုကိုဘွားခနဲမြင်တွေ့လိုက်ရသည်။ ထိုအလင်းရောင်ကို ဝိုင်းကြည့်လိုက်သည့်အခါ ရာကူးနှင့် ရာဂျာတို့၏အဖေ ရာဂျူး၏ ရုပ်ပုံဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
“ငါ ဒီအခွင့်အရေးကိုစောင့်နေခဲ့တာပဲ”
ရာဂျူး၏ ပုံရိပ်မှာ လေတွင်လွင့်မျောလာကာ ရာဂျာ၏ ငယ်ထိပ်အနီးတွင်ရပ်တန့်သွားသည်။
“ငါ့သားငယ်ရဲ့ အသက်ဓါတ်ကို ဆက်ပေးရမယ့်လူက ငါဖြစ်နေလို့ပဲ၊ ဒါကြောင့် ငါအခုအချိန်အထိ မသေသေးတာပေါ့”
“မလုပ်ပါနဲ့အဖေ၊ မလုပ်ပါနဲ့”
ရာကူးက တားသော်လည်း
“ငါဒီအသက်အရွယ်အထိ ကောင်းကောင်းနေလာခဲ့ပြီးပါပြီကွာ၊ ငါ့အသက်က တန်ဖိုးမရှိတော့ပါဘူး၊ ဒါပေမယ့် မင်းညီလေးရာဂျာရဲ့အသက်ကတော့ တန်ဖိုးရှိတယ်ကွ၊ သူ့အတွက် ငါ့အသက်နဲ့လဲပြီး အသက်ဆက်ပေးရမယ်”
ထိုသို့ပြောဆိုပြီးနောက် ရာဂျူးမှာ အလင်းလုံးကလေးတစ်ခုအဖြစ်ပြောင်းလဲသွားကာ ရာဂျာ၏နဖူးအတွင်းသို့တိုးဝင်သွားသည်။ ခဏကြာသည့်အခါ ရာဂျာမှာ မျက်ခွံများလှုပ်ခတ်လာပြီး မျက်လုံးကိုဆတ်ခနဲဖွင့်လိုက်သည်။
“အဖေ . . . အဖေ၊ အဖေ့ကိုတွေ့လိုက်တယ်”
ရာဂျာက လူးလဲထပြီး အိမ်ထဲသို့ပြေးဝင်သွားသည်၊ ရာဂျူးနေထိုင်သည့် အခန်းအတွင်းသို့ဝင်ကာ ကြည့်လိုက်သည့်အခါ ဖခင်ဖြစ်သူရာဂျားတစ်ယောက် သေဆုံးနေသည်ကိုတွေ့လိုက်ရလေတော့သည်။ ရာကူးတို့ညီအကိုများမှာ ဖခင်ဖြစ်သူအားဖက်၍ ငိုကြွေးကြလေသည်။ စီတာက ရာဂျူး၏ခေါင်းအုံးကိုဖယ်လိုက်သည့်အခါ ခေါင်းအုံးအောက်တွင် စာရွက်တစ်ရွက်ကိုတွေ့ရသည်။ ထိုစာရွက်တွင်ရေးထားသည့် စာသားများက စီတာက အသံထွက်ကာရွတ်ဖတ်လိုက်သည်။
“ငါ့သားတို့ ငါသေတာကိုဂရုမစိုက်နဲ့၊ မင်္ဂလာပွဲဖြစ်မြောက်ဖို့သာ ဂရုစိုက်ကြ”
ဆွေမျိုးများမှာ ရာဂျူး၏အလောင်းကို နေအိမ်ခြံဝင်းအတွင်း ညောင်ပင်ကြီး၏ အောက်ခြေတွင် ညတွင်းချင်းပင်မြှုပ်နှံလိုက်ကြသည်။ ထို့နောက် နောက်တစ်နေ့မနက်တွင် မင်္ဂလာပွဲကိုကျင်းပကြလေသည်။
သတို့သားသတို့သမီးမှာ လက်ချင်းတွဲကာ ထွက်လာကြသည်။ မင်္ဂလာစင်မြင့်ထက်သို့ရောက်သည့်အခါ သတို့သားက သတို့သမီးအား ငှက်ပျောဖက်တစ်ခုပေါ်တွင် ပန်းမျိုးစုံတင်ထားသည့် ပန်းလက်ဖွဲ့ကိုပေးအပ်လိုက်လေသည်။ ထို့နောက် နှစ်ဦးသား လက်ချင်းတွဲယှက်ကာ မီးပုံကြီးတစ်ခုကို ခုနစ်ပတ် ပတ်ကြပြီး သစ္စာစကားများကို အပြန်အလှန်ရွတ်ဖတ်ကြသည်။
မင်္ဂလာပွဲတွင် ချီးမြှောက်သူအဖြစ် ဦးပိချေးကပင် ဆောင်ရွက်ပေးသည်။
“သင်တို့သည် ယနေ့မှစ၍ နှစ်ဦးသဘောတူ အကြင်လင်မယားများအဖြစ် သက်ဝင်ပေါင်းသင်းကြရမည်ဖြစ်သည်။ ယခုမဏ္ဍပ်ကြီးတွင် တိုင်ကြီးလေးတိုင်ရှိသည့်အတိုင်း အိမ်ထောင်ရေးတစ်ခု၏ ဒေါက်တိုင်လေးတိုင်ဖြစ်သည့် ဓမ္မဆိုတဲ့ အမှန်တရား၊ အာသ ဆိုတဲ့ ချမ်းသာကြွယ်ဝမှု၊ ကာမဆိုတဲ့ သာယာနာပျော်ခြင်းနဲ့ မောက်ရှဆိုတဲ့ လွတ်လပ်ခြင်း စတဲ့ ဒေါက်တိုင်ကြီးလေးတိုင်ကို ညီညီညွတ်ညွတ်နဲ့ မယိုင်မလဲခိုင်ခိုင်မြဲအောင်ဆောက်တည်နိုင်ကြတဲ့ လူတွေဖြစ်ကြပါစေလို့ ကျုပ်ဆုတောင်းပေးလိုက်ရပါတယ်”
ထိုသို့ရေရွတ်လိုက်သည့်အခါ ဆွေမျိုးများက ပန်းပေါင်းစုံများ၊ အရောင်မျိုးစုံပါဝင်သည့် အမှုှုန့်များနှင့်ကကျဲပက်ကာ ကောင်းချီးပေးလိုက်ကြသည်။ ရာဂျာက မယ်ပျင်း၏ လည်ပင်းတွင် ဘယက်ကြီးတစ်ကုံးကိုဆင်မြန်းပေးလိုက်သည်။ ထိုဘယက်မှာ မိန်းမတစ်ယောက်အနေနှင့် အိမ်ထောင်သည်တစ်ဦးဖြစ်ကာ အိမ်ထောင်၏တာဝန်ကိုထမ်းဆောင်ရတော့မည်ဟု အဓိပ္ပါယ်ရသည့် ဘယက်ပင်ဖြစ်သည်။
မယ်တော်၏ နန်းဆောင်အတွင်းတွင် ကာလီမှာ ညှိုးငယ်သောမျက်နှာထားနှင့် ထိုင်နေလေသည်။ မယ်တော်မှာ ဒေါသထွက်နေသည့်အကြည့်များနှင့်ကြည့်ကာ
“ငါမပြောဘူးလား၊ ဒီမိန်းကလေးက မလွယ်ပါဘူးဆိုတာ”
“ဒီမိန်းကလေးက လွယ်ပါတယ်၊ မလွယ်တာက ရာဂျာဆိုတဲ့လူပဲ၊ သူက ရှေးကျတဲ့မှော်ပညာတစ်ခုကို ပိုင်ဆိုင်ထားတယ်၊ သူ့ဓါးထဲမှာရှိနေတဲ့ ဂျင်ကလည်း တော်တော်အဆင့်မြင့်တဲ့ လူတစ်ယောက်ပဲ”
“ဘာပဲဖြစ်ဖြစ် မင်းရဲ့အစွမ်းတွေဆုံးရှုံးခဲ့ပြီမဟုတ်လား”
“အကုန်အစင်တော့မဟုတ်သေးပါဘူး၊ သုံးလေးလလောက် စွမ်းအင်ပြန်လည်ဖြည့်တင်းလိုက်ရင် အဆင်ပြေသွားမှာပါ”
“ငါမင်းကိုစိတ်ဆိုးတယ်၊ စိတ်နာတယ်၊ စိတ်ရှိတိုင်းဆိုရင် မင်းကိုသတ်ပစ်လိုက်ချင်ပေမယ့် မင်းကိုသုံးရမယ့်နေရာရှိသေးလို့ သတ်လို့မဖြစ်သေးဘူး”
ကာလီကခေါင်းညိတ်လျှက်
“မယ်တော်လိုချင်တာ အမိန့်ရှိပါ ကျုပ်လုပ်ပေးပါ့မယ်”
“ဒီလိုမှပေါ့ကာလီရဲ့၊ ဒီတစ်ခါ မင်းကိုခိုင်းမယ့်ကိစ္စက အရေးကြီးတယ်၊ အဲဒီကိစ္စကို မင်းအခုလိုအမှားအယွင်းဖြစ်အောင်လုပ်လို့မရဘူး၊ အမှားအယွင်းတစ်ခုခုဖြစ်လို့ကတော့ မင်းကိုရေတွင်းပျက်ကြီးထဲ ပြန်ထည့်လိုက်မယ်”
ကာလီမှာ ပြာပြာသလဲနှင့်
“ဒီလိုတော့မလုပ်ပါနဲ့ အဲဒီရေတွင်းပျက်ကြီးထဲမှာ ပြန်မနေပါရစေနဲ့၊ မယ်တော် ဘာခိုင်းခိုင်းလုပ်ပါ့မယ်”
မယ်တော်မှာ ကောက်ကျစ်စဉ်းလဲသောအပြုံးနှင့် ပြုံးလိုက်ပြန်သည်။